..............................

Friday, June 29, 2012

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တပ်မတော် (၄)

ဇွန်လ ၂၈ ရက် ၂၀၁၂

မာန်လက်
နိုင်ငံတော်သမ္မတရဲ့ နားဝင်ပီယံမိန့်ခွန်းနဲ့ လက်တွေ့ဖြစ်ရပ်များ

မေလ(၁၁)ရက် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးမှာ ပြောကြားတဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ နားဝင်ပီယံ မိန့်ခွန်းဟာ တိုင်း ပြည်ရဲ့ လက်တွေ့ အခြေအနေ ဖြစ်ရပ်တွေကို မီးမောင်း ထိုးပြနေသလားလို့။

သမ္မတ ဦးသိန်းစိန်က အစိုးရသစ် သက်တမ်း အတွင်း တိုင်းရင်းသား လက်နက်ကိုင် အားလုံးနဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖြစ် ပေါ်တဲ့အထိ လုပ်ဆောင် သွားဖို့ ရည်ရွယ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး ဗဟိုကော်မတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့သစ် ကို အခုလ မေ ၃-ရက် က ဖွဲ့စည်း လိုက်ပါတယ်။ ဒီနေရာမှာ အစိုးရ သက်တမ်း မကုန်ခင် အတွင်း ဆိုတော့ သက်တမ်း ကုန်ဆုံး သွားရင်တော့ မီးစင်ကြည့်က ဆိုတာမျိုးလားလို့ မေးစရာ ပေါ် လာရပါတယ်။ ဘာကြောင့်ဆို အရင်ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် တဦးက အင်တာ ဗျူးတခုမှာ ဒီလိုမျိုး ကိစ္စအတွက် အနည်းဆုံး ၃-နှစ်လောက် ကြာဦးမယ် ဆိုတာမျိုး ပြောဆိုသွားဖူး သလို အစိုးရသက် တမ်းကလည်း ၃-နှစ်သာ ကျန်တော့တာ မို့ပါ။

ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင် ၁၂-ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး လုပ်ငန်းကော်မတီ ကိုတော့ ဥက္ကဋ္ဌအဖြစ် ဒု-သမ္မတ ဒေါက်တာစိုင်း မောက်ခမ်းနဲ့ ဒု-ဥက္ကဋ္ဌ ကိုတော့ ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့က ဦးဆောင်ပြီး အဖွဲ့ ၀င် စုစုပေါင်း (၅၂) ဦးနဲ့ အင်ပြည့် အားပြည့် ဖွဲ့စည်းလိုက် တာမို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အထူး အာဏာ အပ်နှင်း ရရှိထားတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင် စီအတွက် လုပ်ကွက် ဘောင်ပိုကျယ် ပိုတောင့်တင်း သွားတယ်လို့ မှတ်ချက်ပြုနိုင်မယ် ထင်ပါတယ်။

တဖက်မှာလည်း မေလ(၁၁)ရက် သောကြာနေ့မနက် နိုင်ငံတော်သမ္မတရုံးမှာ ပြုလုပ်တဲ့ လုပ်ငန်း ညှိ နှိုင်း အစည်းအဝေး မှာ သမ္မတဦးသိန်းစိန်က ပြည်သူဗဟိုပြုဖွံ့ဖြိုးရေးအတွက် ဒုတိယအဆင့် မဟာ ဗျူ ဟာ ရေးဆွဲကာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့၊ ပြည်သူ့ အကျိုးစီးပွား အတွက် ပြည်သူတွေကို မိဘသဖွယ် ကူညီစောင့်ရှောက်ဖို့၊ လာဘ်ပေး လဘ်ယူမှုတွေ၊ အဂတိ လိုက်စားမှုတွေ၊ ဆက်ဆံရေး မပြေပြစ်မှုတွေကို ရှောင်ရှားကြဖို့ ကြပ်မတ်ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ မိန့်ခွန်း ရှည်ကြီးကို ပြောသွားတဲ့ အပြင် ငြိမ်းချမ်းရေး ဆွေးနွေး သဘောတူပြီးတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အတွက် အလုပ် အကိုင် အခွင့်အလမ်း ရရှိရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ၀ိုင်း ၀န်းကူညီ ဆောင်ရွက်ပေးကြဖို့လည်း လမ်းညွှန် မှာကြား သွားပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းအတိုင်း တကယ် ဖြစ်လာရင်တော့ တိုင်းရင်း သားပြည်သူ တရပ်လုံးက သမ္မတကို ကောင်း ချီး ဩဘာပေးသံ ပေးပါ လိမ့်မယ်။

ဒါပေမဲ့ လက်တွေ့မှာက တတိုင်းပြည်လုံး အနှံ့ အပြားမှာ လယ်သိမ်းမြေသိမ်း၊ အတင်း အဓမ္မ မောင်းထုတ် ဖယ်ခိုင်း တာတွေ၊ ပြည်သူပိုင် မြေယာတွေကို စစ်တပ်ပိုင်မြေအဖြစ် အတင်းဝင် ပန္နက်ရိုက်တာ တွေ၊ အာဏာပိုင်တွေက ပြည်သူတွေကို ကိုယ်ထိ လက်ရောက် ရိုက်နှက်ထိုးကြိတ် ကန်ကျောက် တာတွေ၊ အစရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကတော့ အစိုးရသစ် သက်တမ်း ၁-နှစ်ပြည့် အတွင်းမှာကို အမှုပေါင်း (၄၁၅)မှုအထိ ဖြစ်ပွားနေဆဲ ဖြစ်တဲ့အပြင် ကိုဖြိုးဝေအောင် အပေါ် မမျှတတဲ့ သေဒဏ် အပြစ်ပေး လိုက်တာတွေက တရားရေး မဏ္ဍိုင် ပြိုလဲပျက် သုဉ်းနေတယ်ဆိုတာကို အထင် အရှား သက်သေ ခံနေပါတယ်။ ဒါ့ပြင် နိုင်ငံရေး အကျဉ်းသား ရာဂဏန်းကျော် အကျဉ်းထောင် အသီး သီးမှာ ရှိနေသေးတာ ကလည်း တရားဥပဒေ စိုးမိုးရေးပိုင်း လုံးဝ ချွတ်ခြုံကျနေတာရဲ့ ပုံရိပ်ပါပဲ။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFCရဲ့ အခု မေလ ၁၀-ရက်နေ့က ထုတ်ပြန် တဲ့ ကြေညာချက်မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၁၁-ရက်နေ့က အစိုးရနဲ့ KIOအကြား ပြန်လည် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ၁-နှစ်ပြည့်မယ့် အခုဇွန်လ ၁၀-ရက်နေ့မှာ အစိုးရဘက်က ထိုးစစ်တွေ ရပ်ပေးဖို့နဲ့ မရပ်ခဲ့ရင် ပဏာမ သဘောတူထားသော အပစ် အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးရှေ့လုပ်ငန်း စဉ်တွေအပေါ် UNFCအဖွဲ့ဝင်တွေ အနေနဲ့ အလေးအနက် ပြန်သုံးသပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

တိုင်းရင်းသားဒေသတွေအတွင်း ထိုးစစ်တွေ ရပ်တန့် ထားဖို့ နိုင်ငံတော် သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ရုံးကို ၂၀၁၁-ခုနှစ် ဒီဇင်္ဘာလ ၁၀-ရက်နေ့က ညွှန်ကြား ထားပေမဲ့ ကာချုပ်က မလိုက်နာတဲ့ အပြင် စစ်ရေး အရှိန် ပိုတိုးမြှင့် လာတာကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် ၆သောင်းကျော် ၇သောင်း လောက်ထိ တိုးများ လာပါတယ်။ တပ်မတော် ဖက်ကလည်း သေကြေ ဒဏ်ရာ ရသူ ထောင်ဂဏန်းထိရှိ လာနေတဲ့အပြင် ဒီစစ်ပွဲကို ဆက်မတိုက်လိုတော့တဲ့ အမိန့်မနာခံတော့တဲ့ တပ် ရင်းမှူးတွေကိုတောင် စစ်ခုံရုံးတင်ပြီးထောင်ချပစ်ရတဲ့ အခြေ အနေတွ တပ်မတော်တွင်းမှာ ဆိုးဆိုးဝါးဝါး ဖြစ်လာနေ ပါတယ်။

ဒါ့ပြင် အစိုးရတပ်ရဲ့ ထိုးစစ်ရည်ရွယ်ချက် ကလည်း ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် အတွင်း လာ ရောက် ရင်း နှီးမြှုပ်မယ့် တရုတ် စီးပွားရေး ကုမ္ပဏီကြီးတွေကို အကာအကွယ်ပေးဖို့ သက်သက်နဲ့ ယင်း အပေါ်က ရလာမယ့် နိုင်ငံခြား အကျိုးစီးပွားကို ဗိုလ်ချုပ်ကြီး မိသားစုတွေ ခွဲဝေယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုလို ပြင်းထန်တဲ့ ထိုးစစ်ကြီးတွေနဲ့ တိုင်းရင်းသား ညီအကိုအချင်းချင်း သတ်ဖြတ်နေတဲ့ အပေါ် UNFC က ဆန့်ကျင် ကန့်ကွက်ကြောင်းကိုလည်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားသလို အမှန် တကယ်လည်း တိုင်းရင်းသားသွေးစည်း ချစ်ကြည်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ဆုံးရှုံး ပျက်စီးစေ တဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။

ချုပ်ရရင် မေလ(၁၁)ရက်နေ့ နိုင်ငံတော် သမ္မတရုံး အစည်းအဝေးမှာ နိုင်ငံတော် သမ္မတကြီးနဲ့ ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသိန်းစိန် ပြောကြားခဲ့တဲ့ မိန့်ခွန်းက တိုင်းပြည် ဘက်ပေါင်းစုံ ပြန်လည် တည်ငြိမ်အေးချမ်း လာစေရေး ကြိုးပမ်းချက်ဖြစ်ပေမဲ့ တိုင်းရင်းသားဒေသတွေက ထိုးစစ်တွေ အမှန်တကယ် ရပ်စဲသွားဖို့နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး မလွတ်မြောက်သေးဘဲနဲ့တော့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆိုတာ တွေဟာ မစားရ ၀ခမန်း လေလုံး ထွားနေတာသာ ဖြစ်ပါလိမ့်မယ်။

မာန်လက်


Read More...

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် နောက်ဆုံးနေ့

သင်းသီရိ
ကြာသပတေး, 28 ဇွန် 2012

ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ မှာတော့ သမ္မတဟောင်း နီကိုလာ ဆာကိုဇီနဲ့ တွေ့ဆုံ ခဲ့သလို ပြင်သစ် အမျိုးသား လွှတ်တော် ဥက္ကဌအပြင် လွတ်တော် ကိုယ်စားလှယ် တချို့နဲ့လည်း တွေဆုံခဲ့ပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာတော့ ပြင်သစ်နိုင်ငံ နာမည်ကြီး ဆော်ဘွန်း (Sorbonne) တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲ တခု ပြုလုပ်ဖို့ ရှိပါတယ်။ ဒီကနေ့ ပြင်သစ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဇွန်လ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ တတိယမြောက်နေ့ ဖြစ်တဲ့ ဒီကနေ့ ဇွန်လ ၂၈ ရက် ကြာသာပတေးနေ့ ပြင်သစ် စံတော်ချိန် မနက် အစောပိုင်းမှာတော့ ပြင်သစ် သမ္မတဟောင်း နီကိုလာ ဆာကိုဇီနဲ့ တွေဆုံပါတယ်။ အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံ အမျိုးသား လွှတ်တော်ထဲကို သွားခဲ့တဲ့ ဒီကနေ့ အစီအစဉ် တချို့ကိုတော့ ပြင်သစ်အခြေစိုက် လူအခွင့်ရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ လှုပ်ရှားနေတဲ့ CCFD အဖွဲ့က သတင်းနဲ့ ပြန်ကြားရေး ဒါရိုက်တာ Vincent Brossel က ပြောပြပါတယ်။

"ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်သစ် လာလည်တဲ့ ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်ပြီး အစီအစဉ်တွေက တနေ့လုံး အပြည့်ပါပဲ" လို့ ပြင်သစ် ဘာသာစကားနဲ့ ပြောပြသွားတာပါ။

မနက်ပိုင်းက သမ္မတဟောင်း ဆာကိုဇီနဲ့ရော သူ့ဇနီးနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်တို့ မနက်စာ ကော်ဖီ အတူသောက်ကြရင်း တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ် အမျိုးသား လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံ သလို ပြင်သစ် လွှတ်တော်ထဲမှာ မြန်မာ့အရေး အတွက် လှုပ်ရှားနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ရော တခြားလွှတ်တော် ကိုယ်စားလှယ် တချို့နဲ့ပါ တွေ့ဆုံတယ် ဆိုတာတွေ သိထားပါတယ်လို့Vincent Brosselက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းမှာတော့ ပြင်သစ်က နာမည်ကြီး ဆော်ဘွန်း တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ တခု လုပ်ပါ့မယ်။ ညနေပိုင်းမှာတော့ ပဲရစ်မှာလုပ်နေတဲ့ စီးပွားရေး၊ လူမှုရေး အသိုင်းအ၀ိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

မနေ့က ဆိုရင်လည်း ပါရီမြို့တော်သူဆု လက်ခံခဲ့ပြီး ပြင်သစ် နိုင်ငံခြားဌာနမှာ နိုင်ငံခြားရေး ၀န်ကြီး (Laurent Fabius) နဲ့ တွေ့ဆုံ ခဲ့တာတွေ ရှိသလို ဇွန်လ ၂၇ ရက်နေ့ကလည်း ပြင်သစ်သမ္မတ Francois Hollande နဲ့ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ တာတွေလည်း ရှိပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်ကို လာလည်တဲ့ ခရီးစဉ်အတွင်း ပြင်သစ် အစိုးရရဲ့ ကြိုဆိုမှု၊ ပြင်သစ် လူထုရဲ့ ကြိုဆိုမှုဟာ အင်မတန်မှ အားရစရာ ကောင်းသလို နှစ်ပေါင်းများစွာ မြန်မာပြည်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ ပိုရလာတာမျိုး ရှိတွေရတယ်လို့လည်း Vincent ကပြောပါတယ်။

"တကယ့်ကိုအောင်မြင်တဲ့ ခရီးစဉ်ပါပဲ။ နှစ်ပေါင်း များစွာ ပဲရစ်မြို့ ကြီးက လမ်းမကြီးပေါ်တွေ၊ ပဲရစ်မြို့က အထင်ကရ နေရာတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းခဲ့တဲ့ ပုံရိပ်တွေဟာ မနေ့က ကျနော်တို့ အားလုံးအတွက် အစစ်အမှန် ဖြစ်လာခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။ ပါရီမြို့တော်သူအဖြစ် ဆုလက်ခံယူစဉ် ပြုံးရွင်နေတဲ့ သူမျက်နှာနဲ့ လက်ရှိ မြန်မာပြည်က တကယ့် နိုင်ငံရေး အခြေအနေတွေ အကြောင်း ပြောပြခဲ့တဲ့ မိန့်ခွန်းတွေ အားလုံးဟာ ပြင်သစ်နိုင်ငံ အတွက် အမှတ်တရ ရှိနေပါတယ်" လို့ CCFD အဖွဲ့က ပြန်ကြားရေး ဒါရိုက်တာ Vincent Brossel က ပြောသွားတာပါ၊

အခုလို အစီအစဉ်တွေထဲ အစိုးရ အဖွဲ့နဲ့ မဟုတ်တဲ့ နေ့လည်ပိုင်းမှာ ရှိမယ့် ကြားဖြတ် အစီအစဉ် တခု ကိုလည်း ပြင်သစ်နိုင်ငံ မြန်မာအရေး အဖွဲ့က ကိုထွေးကလည်း ပြောပြပါတယ်။

"ပဲရစ် တိုင်းဒေသကြီး အကြံပေးရုံးမှာ တချို့ အစိုးရ အရာရှိတွေနဲ့၊ လွှတ်တော် အမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခု ရှိပါတယ်။ အဲဒါကို ကိုဇေယျာသော် တက်ပါမယ်။ ညနေဖက်မှာတော့ သင်္ဘောပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပဲရစ်ဆိမ်း မြစ်ကမ်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ပွဲတခုလုပ်ဖို့ စီစဉ်ထားတယ်။ အဲဒီကိုတော့ အချိန်ရရင် ဒေါ်အောင်ဆန်းစုကြည်က ၁၅ မိနစ်လောက် ရောက်လာမယ်လို့ ပြောပါတယ်။ ကျနော်တို့ မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ ထပ်ပြီးတော့ တွေ့ဖို့ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်မှာ ရောက်နေတဲ့ မြန်မာ မိသားစုတွေဟာ ရင်းရင်း နှီးနှီးကို တွေ့ဆုံခဲ့ရပါတယ်။"

ပြင်သစ်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့ထဲက အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုထွေး ပြောပြခဲ့တာပါ။ ဥရောပ ၅ နိုင်ငံကို ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန် ဇွန်လ ၂၉ ရက်မှာတော့ မြန်မာပြည်ကို ပြန်မှာဖြစ်ပါတယ်။ ဇွန် ၁၃ ရက်နေ့ကနေ ၂၉ ရက်နေထိ ခရီးစဉ်အတွင်းမှာတော့ ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန် အင်္ဂလန်နဲ့အတူ ပြင်သစ် နိုင်ငံတွေကို သွားခဲ့တာဖြစ်ပြီး အဲဒီနိုင်ငံက ခေါင်းဆောင်တွေ ဒီဥရောနိုင်ငံတွေမှာ ရှိတဲ့ မြန်မာ အင်အား စုတွေနဲ့လည်း တွေဆုံခဲ့တာလည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

2012-06-28

သူ့အနေနဲ့ တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင် လုပ်ကိုင် သွားမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြား ရာမှာ ပြောသွားခဲ့ပါတယ်။

တိုင်းပြည်ကို ဦးဆောင်လုပ်ကိုင်သွားဖို့ အဆင်သင့် ပြင်ထား ပါသလားလို့ အေအက်ဖ်ပီိ သတင်းထောက်က မေးမြန်းတာကို ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ယုံကြည်တဲ့ ဘယ်နိုင်ငံရေးပါတီ ခေါင်းဆောင်မဆို ကိုယ့်ကိုယ်ကို တိုင်းပြည်ကို ဦးဆောင် သွားနိုင်ဖို့ ပြင်ဆင် ထားရမှာ ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုခဲ့ပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ ဒီကိစ္စကိုပဲ အမြဲစဉ်စားပြီး လုပ်နေတာတော့ မဟုတ်ပါဘူး လို့လည်း ပြောကြား ခဲ့ပါတယ်။ ပစ္စုပ္ပန်မှာ လုပ်စရာရှိတဲ့ အကြောင်း ကိစ္စတွေကိုပဲ အဓိက အာရုံထား လုပ်ကိုင်နေကြာင်း၊ ဒါပေမယ့်လည်း ဒီပစ္စုပ္ပန်ဟာ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်နေမှာပဲ ဖြစ်တယ်လို့ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ မြန်မာပြည်ကို ပြန်တော့မှာ ဖြစ်ပါတယ်။

Ref: RFA News

Read More...

ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ် သမ္မတဟောင်း လာရောက်တွေ့ဆုံ

2012-06-28

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ် သမ္မတဟောင်း Nicolas Sarkozy နဲ့ ဇနီးဖြစ်သူ Carla Bruni တို့က ဒီကနေ့ မနက်ပိုင်း တည်းခိုရာ ဟိုတယ်ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံတာနဲ့ ပတ်သက်လို့ ခရီးစဉ် တလျှောက်လုံး လိုက်ပါ သွားတဲ့ NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကိုဇေယျသော်က အခုလိုပြော ပါတယ်။

"ပြင်သစ်သမ္မတဟောင်း Mr. Sarkozy ရယ် သူ့ရဲ့ဇနီး Carla Bruni ရယ်နဲ့ ဟိုတယ်မှာပဲ တွေ့ပါတယ်ခင်ဗျား။ အမေစု အနေနဲ့ အခုကတော့ museum တစ်ခုကို သွားပါတယ်ဗျ။ Museum က အပြီး အခုလောလောဆယ်မှာ ကျွန်တော်တို့က ဆီးနိတ်ကို သွားဖို့ ပြင်ဆင်နေပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြင်သစ် ပါလီမန် ၂ ရပ်စလုံးကို တက်ရောက်ပြီးရင် ဥရောပ ခရီးစဉ် အဆုံးသတ် မယ်လို့ သိရပါတယ်။ ဒီကနေ့ ပြင်သစ် အမျိုးသား လွှတ်တော်နဲ့ အထက် လွှတ်တော် ၂ ရပ်စလုံးကို သွားရောက် မလေ့လာခင်မှာ ပဲရစ်မြို့က ဆောဘွန်း (Sorbone university) တက္ကသိုလ် မှာ ကျောင်းသူ ကျောင်းသားတွေကို စကားပြောမှာ ဖြစ်ပါတယ်။

ပဲရစ်မြို့ကနေ မြန်မာနိုင်ငံကို မထွက်ခွာခင် မနက်ဖြန်မနက်ပိုင်းမှာ နာမည်ကြီး Orsay ပြတိုက်ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း ပဲရစ်မြို့တော်ခန်းမ မှာ ပြင်သစ်ရောက် မြန်မာ့အရေး လှုပ်ရှား သူတွေနဲ့ တွေ့ဆုံ အမှာ စကား ပြောကြား ခဲ့ပါတယ်။

Ref: RFA News

Read More...

ဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနှင့် ဘန်ကောက် မြို့မှာ တွေ့ဆုံဆွေးနွေး

2012-06-28

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Grand Four Wings ဟိုတယ်မှာ မနေ့မနက်ပိုင်း က တွေ့ဆုံ ဆွေးနွေးခဲ့ပါ တယ်။

အဲဒီလိုတွေ့ဆုံရာမှာ အရင်ပြည်နယ် အဆင့် ဆွေးနွေး ခဲ့စဉ်က သဘော တူခဲ့တဲ့ အချက်တွေကို လက်တွေ့ ဆောင်ရွက်တဲ့နေရာ မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ALP အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

"ဥပမာ ဆက်သွယ်ရေးရုံး ဖွင့်တဲ့ကိစ္စတွေမှာ ဆိုလို့ရှိရင် ရဲဘက်ဆိုင်ရာက စောင့်ကြည့်တဲ့ အပိုင်းတွေရှိ တယ်။ ထောက်လှမ်းရေးပိုင်း က စောင့်ကြည့်တဲ့ အပိုင်းတွေ ရှိတယ်။ ဆိုတော့ ရုံးလုပ်ငန်းတွေ အတွက် ကြိုးစားရတဲ့ သူတွေအတွက်ကတော့ စိတ်အနှောင့် အယှက်တွေဖြစ်တယ်။ အဲဒီကိစ္စတွေကို အစိုးရပိုင်းကနေပြီးတော့မှ ကူညီစေချင်တဲ့ အပေါ်မှာ ကျွန်မတို့ ဆက်လက် ဆွေးနွေးတာ ရှိပါတယ်။ ပြီးလို့ရှိရင် မြန်မာ တစ်နိုင်ငံလုံးကို ရခိုင်လွတ်မြောက်ရေး ပါတီနဲ့ ဆိုင်တဲ့ လူပုဂ္ဂိုလ်တွေ၊ ရဲဘော်တွေ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် ရရှိဖို့ ဆိုတဲ့အပေါ်မှာ ကျွန်မတို့ အနေနဲ့ ထပ်မံဆွေးနွေးတာ ရှိပါတယ်"

ဒါ့အပြင် အခုလတ်တလော ရခိုင်ပြည်နယ် တွင်းက ဒုက္ခသည်တွေကို သွားရောက် အကူအညီပေးရေး ကိစ္စတွေလည်း ဆွေးနွေး ခဲ့ ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့ ဘက်က ပြန်လည်ဆွေးနွေးချက် တွေနဲ့ ပတ်သက်ပြီးတော့လည်း -

"ကောင်းပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ အများကြီး ရှိတယ်လို့ ကျွန်မ အနေနဲ့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုလို့ရှိရင် ကျွန်မတို့ ဘက်က အခက်အခဲတွေ တင်ပြတဲ့ အချိန်မှာ သူတို့တွေက နည်းလမ်းတွေပေးတယ်။ တချို့နေရာမှာ ကျွန်မတို့ အနေနဲ့ ဆက်သွယ်ရေးရုံးတွေ ဖွင့်လို့မရတဲ့ နေရာတွေမှာလည်းပဲ စီးပွားရေး ရုံးတို့ ဘာတို့ စတင် လုပ်ဆောင်လို့ ရတယ်။ ပြီးလို့ရှိရင် အနာဂတ် တချိန်ချိန်မှာလည်း စိတ်ကောင်း စေတနာကောင်းတွေနဲ့ နှစ်ဦးနှစ်ဘက် အားလုံး အတတ်နိုင်ဆုံး ကြိုစားပြီးတော့မှ ရခိုင်ပြည်အရေး၊ ရခိုင်ပြည်သူ လူထုတရပ်လုံးရဲ့ သာယာဝပြောရေးနဲ့ မြန်မာနိုင်ငံ တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ ဆွေးနွေးမှု များစွာပါပဲ၊ ဒီနေ့ဆွေး နွေးတာကတော့"

မကြာခင်လပိုင်းတွေက ALP အဖွဲ့ဟာ စစ်တွေမြို့မှာ ရုံးခွဲ သွားရောက် ဖွင့်လှစ်ခဲ့ရာမှာ ဒေသခံတွေက သောင်းသောင်းဖြဖြ ကြိုဆို ခဲ့ကြပါတယ်။ မြန်မာပြည်တွင်းမှာ အခြေ မစိုက်သေးပေမဲ့ ပလက်ဝ၊ ကျောက်တော်နဲ့ တခြားသင့်တော်တဲ့ နယ်တွေဘက်မှာ လည်း ALP ရုံးခွဲတွေ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း၊ ငြိမ်းချမ်းရေး ဆက်သွယ်ရေး တာဝန်ခံ ခိုင်အေးလင်းနဲ့ ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးခင်ရီနဲ့အဖွဲ့တို့ ပါဝင် ကြပါတယ်။ နောက်တစ်ကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို နှစ်ဘက် အသင့်ဖြစ်တဲ့ အချိန်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

Famoso အလုပ်သမားများ လစာ တိုးပေးရေး ပြေလည်မှု မရသေး

နေမျိုး
ကြာသပတေးနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ Fsmoso စက်ရုံ ဆန္ဒပြ အလုပ် သမားများ၏ လစာတိုးပေးရေး ကိစ္စကို ဇွန်လ၂၈ ရက်နေ့က ဗိုလ်တထောင်မြို့နယ် အလုပ်သမား ခုံသမာဓိ ရုံးတွင် ကြားနာခဲ့ရာ ပြေလည်မှု မရရှိသေးကြောင်း သိရသည်။

တောင်းဆိုချက်များအနက် အဓိကကျသည့် အခြေခံလစာနှင့် ရှားပါး စားရိတ် တိုးပေးရေး တောင်းဆိုချက် အား ခုံသမာဓိ ရုံးမှ ဆုံးဖြတ်နိုင်ခြင်း မရှိ၍ ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ်က ပြောသည်။

“ခုံသမာဓိက ၃ ခုပဲကြားနာပေးမယ်ပြောတာလေ။ ပထမ အချက်က Supervisor(အလုပ်သမားကြီးကြပ်သူ) တွေက ကြမ်းတမ်းစွာ ပြောဆိုတာ၊ မပြောဆိုဖို့။ နောက်တချက်က ခွင့်ကိစ္စ။ အဲဒီအချက်တွေ ပြေလည်တယ်။ နောက်ဆုံး အချက် အခြေခံလစာ တိုးပေးရေး ကိစ္စကတော့ သူတို့ ဆုံးဖြတ်လို့မရဘူး ဖြစ်နေတယ်တဲ့။ မင်္ဂလာဒုံမြို့နယ်ရုံးကို ချပေးလိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ အင်္ဂါနေ့က အလုပ်သမားရေးဌာနမှ ညွှန်မှူး ဦးဝင်းရှိန်၏ တိုက်တွန်းချက်ဖြင့် ဆန္ဒပြ အလုပ်သမား များ စက်ရုံအတွင်း ပြန်ဝင်ကာ ပုံမှန် အလုပ်လုပ်ကိုင်ခဲ့ပြီး ခုံသမာဓိ အဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ညွန်ကြားရေးမှူး ဦးဝင်းရှိန် အလုပ်သမားများ၏ သဘော တူညီချက်ဖြင့် ပထမ အဆင့်က အမြင့်ဆုံးလုပ်ခ ၈ သောင်း ကျော်၊ ဒုတိယ အဆင့် ၇ သောင်းကျော်၊ အနိမ့်ဆုံး လုပ်ခလစာ ၆ သောင်းကျော်နဲ့ တိုးမြှင့်ပေးရန် ဇွန်လ ၈ ရက်နေ့က ညှိနှိုင်းခဲ့သော်လည်း လုပ်ငန်းရှင်ဘက်မှ တိုးမပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့၍ ခုံသမာဓိ အဖွဲ့သို့ တင်ပြကြခြင်း ဖြစ်သည်။

“အခြေခံလစာကို တရက် တထောင်နှုန်း တောင်းထားတာ။ သူ ပေးလောက် တယ်လို့ တွက်ထားတာ။ ဘာဖြစ်လို့ မပေးလဲ မသိဘူး။ လူကြီးတွေက သူတို့ ဆုံးဖြတ်လို့ မရဘူး ပြောတယ်။ လူကြီးတွေက ကိုယ့်ဘက်ကနေ ရှင်းပေးမှာလို့ တွက်ထားတာ။ ထင်သလို ဖြစ်မလာတော့ အားလုံးက စိတ်ဓါတ်ကျတယ်။ ဆက်လုပ်သွားမှာပါ။ နောက်ဆုံးအဆင့် နေပြည်တော် ခုံသမာဓိအထိ တက်မှာပါ။ အလုပ်သမား သမဂ္ဂဖွဲ့ဖို့ရှိတယ်။ စာရွက်စာတမ်းတွေ၊ အလုပ်သမား ထောက်ခံချက်တွေ သက်ဆိုင်ရာကို တင်ပြသွားမယ်” ဟု မဟေမန်ချစ်က ဆိုသည်။

စက်ရုံမန်နေဂျာနှင့် အလုပ်သမားများ မင်္ဂလာဒုံမြို့နယ် အလုပ်သမား ရုံးတွင် ဆက်လက် ဆွေးနွေးသွား မည်ဖြစ်ကာ မန်နေဂျာ ဘက်မှ ပြန်လည်တိုင်ပင်ဦးမည်ဟု ပြောဆိုကြောင်း သိရသည်။

အလုပ်သမားများကလည်း အလုပ်သမားရေးရာ တတ်ကျွမ်း နားလည်သည့် အလုပ်သမား များနှင့် တိုင်ပင်ကာ အကြံဉာဏ် ရယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး အလုပ်ရှင်ဘက်မှ အခြေခံလစာ တိုးမြှင့်ပေးမယ်လို့ မျှော်လင့်ကြောင်း မဇ္စျိမကို ပြောဆိုသွားသည်။

ဂျပန်နိုင်ငံသားပိုင် Famoso စက်ရုံတွင် အလုပ်သမား ၆၅၄ ဦး ရှိပြီး လုပ်ခ တိုးမြှင့်ရေး အတွက် ဇွန်လ ၈ ရက်နေ့မှ စတင် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဆောက်လုပ်ရေး လုပ်သားများ တော်ဝင်ကုမ္ပဏီကို ဆန္ဒပြ

မျိုးသန့်
ကြာသပတေးနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ လုပ်အားခ တိုးမြှင့်ပေးရန်၊ လုပ်အားခ အချိန်မှန်ပေးချေ ရန်နှင့် လုပ်ငန်းခွင် သာယာရေး ဆောင်ရွက်ပေးရန်တို့ ပါဝင်သည့် တောင်းဆိုချက် ၁၆ ချက်ဖြင့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီ လုပ်သားများက ကြာသပတေးနေ့တွင် ဆန္ဒပြကြသည်။

အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက် ဖန်စက်လမ်း မုဒိတာအိမ်ယာ အမှတ် ၂ မှ ဆောက်လုပ်ရေးလုပ်သား ၇ဝဝ ခန့်က တော်ဝင် ကုမ္ပဏီသို့ တောင်းဆိုကြခြင်း ဖြစ်သည်။

အလုပ်ရှင်မှ လုပ်အားခ ပုံမှန်မပေးခြင်းကြောင့်လည်း အခက် အခဲများ ဖြစ်ပေါ်နေရသည်ဟု ဆန္ဒပြ အလုပ်သမား တဦး က မဇ္ဈိမကို ပြောသည်။

“သမီးတို့က တနေ့လုပ်မှ တနေ့စားရတာ သမီးတို့မှာ အကြွေးတွေ ဝိုင်းနေပြီ။ အမှန်အတိုင်း ပြောပြတာ။ သမီးတို့ကို မရှင်းပေးတာ သုံးပတ်ရှိပြီ။ သမီးတို့ အခန်းတွေလည်း ပြန်ပြင်ပြီးနေရတာ တသောင်းကျော် ကုန်တယ်။ လိုင်းခန်းကြေး ကလည်း တသောင်းကျော် ပေးရတယ်။ မပေးနိုင်တော့ သမီးတို့ကို လိုင်းခန်းကနေ ဆင်းခိုင်းတယ်” ဟု မဇ္ဈိမကို ပြောသည်။

အလုပ်သမားတို့၏ တောင်းဆိုချက်များတွင် အလုပ်ပိတ်ရက်ကို ကြိုတင် အကြောင်းကြားရန်၊ ကြိုပို့ကားများ စီစဉ် ဆောင်ရွက်ပေးရန်၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခြင်း မပြုရန်၊ သက်ကြီး အလုပ်သမားများနှင့် ကိုယ်ဝန်ဆောင် အလုပ်သမား အမျိုးသမီးများအတွက် ခံစားခွင့်များပေးရန်တို့လည်း ပါဝင်သည်။

အဆိုပါ ဆန္ဒပြပွဲကို အလုပ်သမားညွှန်ကြားမှုဦးစီဌာန ဦးစီး အရာရှိ၊ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ အတွင်းရေးမှူး ဦးတင်နိုင် က အလုပ်သမားနှင့်အလုပ်ရှင်တို့ကြား ညှိနှိုင်းပေးခဲ့ပြီး ဆန္ဒထုတ်ဖေါ်မှုကို ခေတ္တရပ်ဆိုင်းထားလိုက်သည်။

ဆန္ဒထုတ်ဖေါ်ပွဲသို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ရန်ကုန်တိုင်း အလုပ်သမားရေးရာ ဒုတိယ တာဝန်ခံ ဦးအောင်စိုး လည်း လာရောက်ညှိနှိုင်းပေးခဲ့သည်။

“သူတို့ရဲ့ လိုလားချက်တွေကို ငြိမ်းချမ်းစွာ တင်ပြပါ။ အလုပ်သမားနဲ့ ပိုင်ရှင်နဲ့ ပြဿနာ မဖြစ်အောင်၊ အလုပ်သမားတွေ ကလည်း တည်ဆဲဥပဒေတွေ မဖေါက်အောင် ကျနော်တို့ လာရောက် ညှိနှိုင်းတာပါ။ ကျနော်တို့ ပါတီတွေကိုလည်း အလုပ်သမား အလုပ်ရှင် ပြဿနာရှိရင် သွားရောက်ညှိနှိုင်းပေးပါဆိုတဲ့ တာဝန်ပေးချက်ရှိပါတယ်” ဟု ဦးအောင်စိုးက မဇ္ဈိမကို ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဇော်ဇော်မင်းလည်း အဆိုပါ ဆန္ဒထုတ်ဖေါ်ပွဲသို့ ရောက်ရှိ ညှိနှိုင်းပေးခဲ့ပြီး “လောလောဆယ်မှာတော့ ခိုင်မာတဲ့ဥပဒေတရပ် မရှိသေးသရွေ့ ဒီအလုပ်ရှင် အလုပ်သမားပြဿနာတွေ ဖြစ်နေဦး မှာပဲ။ အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ ဥပဒေ မရှိသေးတဲ့အတွက်လည်း ပါတယ်။ လွှတ်တော်ကနေ ဥပဒေတွေကို မြန်မြန်လေး ချမှတ်ဖို့လိုတယ်” ဟု ပြောသည်။

မုဒိတာအိမ်ယာ အမှတ် (၂) ကို ဇန်နဝါရီလမှစ၍ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီမှ စတင်ဆောက်လုပ်ခဲ့ပြီး အခန်းပေါင်း တထောင်ကျော် ပါဝင်ဖွဲ့စည်းထားသည်။ ရှစ်ထပ် အမြင့်ရှိမည်ဖြစ်သည့် အဆိုပါ အဆောက်အဦးကို အဆောင် A နှင့် B ဟူ၍ အဆောင် နှစ်ဆောင် ခွဲထားသည်။

Ref: မဇ္ဈိမ

Read More...

ကချင် ဒုက္ခသည်စခန်းများ အရေးပေါ်အကူအညီ လိုအပ်နေ

ကျော်ခ
June 28, 2012

မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် တရုတ် နိုင်ငံနယ်စပ်ရှိ ကချင်စစ်ပြေး ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ပညာရေး အထောက် အကူ ပစ္စည်းများနှင့် အမိုး အကာများ အရေးပေါ် လိုအပ်နေကြောင်း ကချင် ဒုက္ခသည် စခန်းများ ကော်မတီ က ပြော သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဒုက္ခသည် ၁၀၀၀၀ ဝန်းကျင် အပါအဝင် ကချင်ပြည်နယ် နယ်စပ်က ဒုက္ခသည်စခန်း ၄၀ ကျော်မှ စုစုပေါင်း ဒုက္ခသည် ၅၃၀၀၀ ကျော်အတွက် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) အနေဖြင့် တနှစ်ကျော် ထောက်ပံ့ ပေးခဲ့ပြီး ယခုအခါ ငွေကြေး အကြပ်အတည်း ဖြစ်လာသဖြင့် လုံလောက်သည့် ထောက်ပံ့ပေးနိုင်မှု အားနည်း လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“အခုကျနော်တို့ကလည်း ငွေရေးကြေးရေး အရ အားနည်း လာတော့ ဒုက္ခသည်တွေရဲ့ စားရေးသောက်ရေး အတွက် ရိက္ခာ၊ ဆေးဝါး အဲဒါတွေ လိုနေတယ်၊ နောက်ပြီး မိုးတွင်းရောက်လာတော့ အမိုးအကာတွေ ကလည်း လိုနေတယ်၊ ကျောင်းဖွင့်ချိန် ကလည်း ဖြစ် လာတော့ ကျောင်းဆောက်တာတို့ ကျောင်းသုံး ပစ္စည်းနဲ့ ထိုင်ခုံ ပရိဘောဂတို့ကလည်း တအားလိုလာတယ်လေ”ဟု ကချင် ဒုက္ခသည် စခန်းများ ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆား က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဒုက္ခသည် ၅၃၀၀၀ ကျော်မှာ KIO ထိန်းချုပ်မှုအောက်ရှိ ကချင် ဒုက္ခသည် စခန်းများ ကော်မတီက ပုံမှန်ပေးနေသော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် အမိုးအကာများ ခွဲတမ်းကျ လုံလောက်စွာ မရရှိဘဲဖြစ်နေချိန် လိုင်ဇာမြို့နယ်ထဲတွင် ကိုယ်ထူကိုယ်ထ တဲထိုးနေသူများနှင့် အမိုးအကာမရှိဘဲ ခိုလှုံနေရသည့် ဒုက္ခသည် မိသားစု ၃၀၀ ခန့်ရှိနေ သည်ဟု ဆိုသည်။

ထို့အတူ မိုးညှင်းခရိုင်တွင်လည်း ကူညီရေးစခန်းများ၊ မြို့ပေါ်များ၊ နယ်စပ်ဒေသများနှင့် အလှမ်းဝေးပြီး တောတောင်များ အတွင်း ခြေသလုံး အိမ်တိုင် အခြေအနေများဖြင့် ပုန်းအောင်းနေရသူ ဒုက္ခသည် ၂၀၀၀ ခန့်နှင့် ဗန်းမော်နှင့် ရွှေလီ မြစ်အကြား ရှိ တောင်ကြော များတွင်လည်း ယင်းသို့ ဒုက္ခသည် ၁၅၀၀ ကျော် ခိုလှုံနေရကြောင်း ဦးဒွဲပီဆားက ထပ်လောင်းပြောဆိုသည်။

KIO ထိန်းချုပ်ရာ နယ်စပ်ဒေသအတွင်း ဒုက္ခသည် စခန်းများတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းနေအရွယ်ကလေးများ ပိုမိုတိုးပွားလာပြီး ဘော်ဒါဆောင်နေ၍ ကျောင်းတက်ရမည့် ကျောင်းသားဦးရေ ၁၅၀၀ ကျော်အထိရှိနေသည်ဟု ဆိုသည်။

“ကျနော်တို့ ကော်မတီအနေနဲ့တော့ အခုလောလောဆယ် တချို့နေရာမှာဆိုရင် ကျောင်းဖွင့်လို့ရပြီ၊ တချို့နေရာတွေ မှာတော့ ကျောင်း ဆောက်တာမပြီးလို့ ကျောင်းမတက်ရတာ၊ အဲဒါတွေ ကျနော်တို့ လုံးပန်းနေတာ၊ ဒီနယ်စပ် တလျှောက်မှာ စစ်ပြေး ဒုက္ခသည် ကျောင်းတွေက များလာတယ်၊ အဲဒီတော့ ကျနော်တို့မှာ ဖြေရှင်းဖို့ တာဝန်တွေက များလာတယ်”ဟု ဦးဒွဲပီဆား ကပြောသည်။

ဆေးဝါးလုံလောက်မှု မရှိဖြစ်နေသော ဒုက္ခသည်စခန်းတွင်းရှိ ဆေးပေးခန်းများတွင် ကျန်းမာရေး ဝန်ထမ်းများလည်း လိုအပ်နေ ကြောင်းနှင့် မိုးဥတုဒဏ်ကြောင့် ကလေးငယ်တချို့မှာလည်း ကျန်းမာရေး စိုးရိမ်နေရသော အခြေအနေများရှိနေသည်ဟု ဆိုသည်။

ယခု ရက်ပိုင်းအတွင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ လျော့ကျ သွားပြီးနောက် ဒုက္ခသည် တချို့ နေရပ်ပြန်ခဲ့ကြသော်လည်း တည်ငြိမ်မှုမရှိသေးဟုဆိုကာ စခန်းသို့ ပြန်ရောက်လာကြကြောင်းနှင့် နယ်မြေလုံခြုံမှု အရ ဒုက္ခသည်များ ထပ်မံ ရောက်ရှိ လာကြောင်းလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှု လျော့ကျလာသည်နှင့် တရုတ် အစိုးရက ၎င်းတို့ နယ်စပ်တွင် ခိုလှုံနေသော ဒုက္ခသည် ၁၀၀၀၀ ခန့်ကို နေရပ်ရင်းပြန်ရန် ဖိအားပေးပြောဆိုမှုများ ရှိကြောင်း၊ ထိုဒုက္ခသည်များကိုလည်း တရုတ်အစိုးရအနေဖြင့် ကူညီထောက်ပံ့ မှုများ မရှိကြောင်း ကချင် ဒုက္ခသည် စခန်းများ ကော်မတီ အကြီးအကဲများက ပြောသည်။

ကချင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်မှု မရရှိသေးသည့် အတွက် ဒုက္ခသည်များကို အတင်းအကျပ် ပြန်မပို့ရန် တရုတ် အစိုးရ ကို ကချင် ဒုက္ခသည် စခန်းများ ကော်မတီ က အသနားခံစာ တင်ပြထားကြောင်းလည်း သိရသည်။

ထိုဒုက္ခသည်များကို ပြန်လည် နှင်ထုတ်ခြင်း မပြုရန်၊ စားရေရိက္ခာနှင့် နေစရာ အခက်အခဲများဖြစ်နေသောကြောင့် တရုတ် အာဏာပိုင်များနှင့် ကုလသမဂ္ဂ က အကူအညီ အကာအကွယ်များ ပေးရန် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ (HRW) ကလည်း ယခုလ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါဒုက္ခသည်များကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးထားကြောင်း တရုတ် အစိုးရ ကလည်း ပြန်လည် ပြောဆို လိုက်သည်။ ထို့အပြင် ဒုက္ခသည်များကို ပြန်လည်နှင်ထုတ်သည် ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း၊ မြန်မာပြည်တွင်း ပြန်သွား သူများမှာလည်း ဒုက္ခသည်များ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Hong Lei က ပြောသည်ဟု People’s Daily Online တွင် ရေးထားသည်။

ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIO တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ၍ KIO က တည်ဆောက် ပေးထားသော ဒုက္ခသည် စခန်းများတွင် လာရောက် ခိုလှုံနေကြပြီး နယ်မြေတည်ငြိမ်မှု မရရှိသေး သဖြင့် နေရပ် ရင်း သို့ မပြန်နိုင်ကြသေးကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

Thursday, June 28, 2012

ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရသော ဒေါ်အောင်ဆန်းစု ကြည်၏ ဥရောပ ခရီး

အေးမြကျော်
Wednesday, June 27, 2012

ဗြိတိန်နိုင်ငံအပါအ၀င် ဥရောပ ၅ နိုင်ငံသို့ ၁၇ ရက်ကြာ သွားရောက် နေသော ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပ ခရီးသည် သူမအား ကမ္ဘာ့ခေါင်းဆောင် တစ်ဦးအဖြစ် မှတ်ကျောက်တင် အသိ အမှတ် ပြုခြင်း ခံရသည့် ခရီးစဉ် တစ်ခုဖြစ်ခဲ့သည်။

ကိန်းကြီး ခမ်းကြီးနိုင်သည့် ဗြိတိန်နိုင်ငံက သူမကို ဗြိတိန်ပါလီ မန်တွင် ဘုရင်မကြီး အဲလိဇဘက် ပြီးလျှင် သမိုင်းဝင် ၀က်မင်စတာ ခန်းမတွင် မိန့်ခွန်းပြောကြားခွင့် ရခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီး အဖြစ် မိန့်ခွန်းပြောခွင့်ပြုခဲ့သည်။ ထိုခန်းမ ထိုနေရာတွင် တောင်အာဖရိက သမ္မတ ဟောင်း ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် နယ်လ်ဆင် မင်ဒဲလား၊ ပုပ်ရ ဟန်းမင်းကြီး ဗင်နီဒစ်၊ အမေရိ ကန်သမ္မတ ဘားရက် အိုဘားမားတို့ မိန့်ခွန်းပြောကြား ခဲ့ဖူးပြီး ၆၇ နှစ်ရှိ မြန်မာ့ ဒီမိုကရေစီခေါင်း ဆောင်သည် ထိုနေရာတွင် မိန့်ခွန်း ပြောခွင့်ရခဲ့သော အာရှတိုက်မှ ပထမဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ ၁၇ ရက်တာ ကာလအတွင်း သမိုင်းဝင် မိန့်ခွန်းနှစ်ရပ် အဖြစ် ဗြိတိန် ပါလီမန်တွင် ပြောခဲ့သော မိန့်ခွန်းနှင့် ငြိမ်းချမ်း ရေးနိုဘယ်လ်ဆု ပြန်လည် လက်ခံ ရယူသည့် အခမ်းအနား တို့တွင်ပြောကြား ခဲ့ပြီး ယင်းတို့ကို ကမ္ဘာ့ သတင်း ဌာနများက ထိုမိန့်ခွန်း နှစ်ခုကို တိုက်ရိုက် ထုတ်လွှင့်ခဲ့သ ဖြင့် ကမ္ဘာ့နေရာ တော်တော်များများတွင် ကြည့်ရှုခွင့် ရခဲ့ကြသည်။

ထိုမိန့်ခွန်းနှစ်ရပ်ပြောကြားပြီးချိန်တွင် လန်ဒန်အခြေစိုက် သသတင်း ဌာနများနှင့် ကမ္ဘာ့မီဒီယာ များက ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ခေါင်းဆောင် တစ်ဦး၊ ကမ္ဘာ့စံပြ ပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းဖော်ပြ ခဲ့ကြသည်။ အခြေကြီးသော ဗြိတိန်နိုင်ငံကပင် သူမကို ကော်ဇောနီခင်း ကြိုကာ နိုင်ငံ့ခေါင်း ဆောင်များကိုသာ မိန့်ခွန်းပြောခွင့်ပေးသော ၀က်မင်စတာ ခန်းမကြီးတွင် ဗြိတိန် အထက်၊ အောက်လွှတ်တော်နှစ်ရပ် လုံးသို့ မိန့်ခွန်းပြောခွင့်ပေးခဲ့သည်ဟု ဗြိတိန် သတင်းဌာနမေးလ်အွန်လိုင်းက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့ခေါင်းဆောင်များ ဖြစ်သော ဗြိတိန်ဝန်ကြီးချုပ် ဒေး ဗစ်ကင်မရွန်း အပါအ၀င် နော်ဝေ ဘုရင်မင်းမြတ်၊ ဗြိတိန်အိမ်ရှေ့ မင်းသားချားလ်၊ နော်ေ၀၀န်ကြီး ချုပ် စသူတို့ အပြင် ရောက်ရာနေ ရာမှ ဥရောပသားများက လေး စားချစ်ခင်စွာ ကြိုဆိုခဲ့ကြသည်။ သူမ ပညာသင်ကြားခဲ့သော အောက် စဖို့ဒ်တက္ကသိုလ် ကလည်း ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ပြီး အိုင်ယာလန် နာမည်ကျော် ရော့ခ် အဆိုတော် ဘိုနိုပါဝင်သည့် နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ချီးမြှင့်သော လွတ်ငြိမ်းချမ်း သာခွင့် သံတမန်ဆု အပါအ၀င် ဆယ်နှင့်ချီသော ဆုတံဆိပ်များ စွာကို ခရီးစဉ်အတွင်း လက်ခံ ရရှိခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်နှစ်ဦး တွေ့ဆုံမှု အဖြစ် တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်လည်း မိနစ် ၃၀ ကြာ သီးသန့်တွေ့ဆုံ ခဲ့သည်ဟု လန်ဒန် သတင်းဌာနများက ဖော်ပြသည်။

သူမ၏သမိုင်းဝင်မိန့်ခွန်း အဖြစ် ဇွန်လ ၂၁ ရက်တွင် တိုင်းမ်မဂ္ဂဇင်းက ကမ္ဘာ့ ကိန်းကြီး ခမ်းကြီး နိုင်သော ပရိသတ်ဟု တင်စားရေး သားသော ပရိသတ် ၁၄၀၀ ရှေ့တွင် ပြောကြားခဲ့သည့် ဒေါ်အောင် ဆန်းစုကြည်၏ မိန့်ခွန်းတွင် မြန်မာနိုင် ငံ၏ ပါလီမန်ဒီမိုကရေစီ ကူး ပြောင်းရေး လုပ်ငန်းစဉ်များကို ကမ္ဘာ့ ၀ါအရင့်ဆုံး ပါလီမန်ဒီမိုက ရေစီနိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံ အနေနှင့် ကူညီပေးရန် တိုက်တွန်း ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ကြို ဆိုရန်လည်း သူမ၏ မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။

''အခွင့်အရေးတွေ နှစ်ပေါင်း များစွာ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ ဘ၀နဲ့ အခွင့်အလမ်း တွေအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကူညီထောက်ပံ့ဖို့ ကျွန်မပြောလိုပါတယ်။ ကောင်း မွန်ပြည့်စုံတဲ့ အနာဂတ်ကို ရောက် နိုင်ဖို့ အခုမှ ကျွန်မတို့နိုင်ငံက အစပျိုးနေဆဲပဲ ရှိပါသေးတယ်။ တောင်ကုန်းတွေ ချောက်ကမ်းပါးတွေလို အခက်အခဲတွေကို အများကြီး ကျော်ဖြတ်ဖို့ လိုပါသေးတယ်။ အားလုံးကြိုးစားလို့ ဒီလိုအခြေ အနေအထိ ရောက်လာတာပါ။ ဗြိ တိန်နဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက် ပိုခရီးတွင် ပါလိမ့်မယ်''ဟု သူမ၏ ဗြိတိန်ပါ လီမန် မိန့်ခွန်း အစပိုင်းတွင် ပြော ကြားခဲ့သည်။

နောက်လတွင် ဗြိတိန်သို့ အ လည်အပတ် သွားရောက်မည်ဟု ပြောကြား ထားသော သမ္မတဦးသိန်း စိန်၏ ခရီးစဉ်နှင့် ပတ်သက်၍ ဗြိတိန် ၀န်ကြီးချုပ်နှင့် ပူးတွဲပြုလုပ် သော သတင်းစာ ရှင်းလင်းပွဲတွင် ထိုခရီးစဉ်ကို ထောက်ခံပြောကြား ခဲ့သည်။ ယခု အချိန်သည် သမ္မတကို ဖိတ်ကြားခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး သူမ၏ ပါလီမန် မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ် ပြု လိုပါတယ် အရင်က ပြောခဲ့သ လို နိုင်ငံရေး ကွဲပြားခြားနားမှုတွေ ကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင် ဖြေရှင်းနိုင်မှာပါ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကြိုဆိုဖို့ တိုက်တွန်း လိုပါတယ်''ဟုလည်း မှတ်ချက်ပြုပြောကြား ခဲ့သည်။

ထို့ပြင် ''စစ်မှန်တဲ့ ဒီမိုကရေစီကို မြန်မာနိုင်ငံမှာ ပြန်လည် တည်ထောင်နိုင်မယ့် အခွင့်အရေး ရှိလာပါပြီ။ ဒီအခွင့် အလမ်းကို အသုံးမချနိုင်ရင် ဒီလို အခွင့်အရေးမျိုးပေါ်လာအောင် ဆယ်စုနှစ်နဲ့ ချီပြီး စောင့်ရနိုင်ပါတယ်''ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေး စကားပြောကြားခဲ့သည်။

ဆယ်စုနှစ်အတော်ကြာပျောက်ဆုံးနေခဲ့သော မြန်မာနိုင်ငံ၏ ဂုဏ်ရောင် ဂုဏ်ဝါကို ပြန်လည် အရောင် တင်ပေးခဲ့ပြီး၊ အခါလည်သား သာ ရှိသေးသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးများကို ရှေ့ဆက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်က တွန်းအား တစ်ခုဖြစ်စေ ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ရောက်ရှိချိန်သည် သူမ၏ ၆၇ နှစ်ပြည့်သည့် မွေးနေ့ရက်နှင့် တိုက်ဆိုင်နေသည်။ နှစ်ပေါင်းများစွာ ခွဲခွာနေရသော သားကြီး၊ သားငယ် ကိုထိန်လင်း၊ သူမနှင့် တစ်ခါမှ မဆုံဖူးသော မြေးများနှင့် သီးသန့်မွေးနေ့ပွဲပြုလုပ် ခဲ့သည်ဟု စီအင်န်အင်န် လန်ဒန် သတင်းထောက် ဒန်ရေဗာက သတင်းပေးပို့ သွားသည်။ သို့သော် သူမ၏ မိသားစုနှင့် အထူးသဖြင့် အများ စိတ်ဝင်စားနေသော သားကြီးနှင့်တွေ့ဆုံဖြစ်၊ မဖြစ်ကိုမူ သတင်း ဌာနများတွင် ရေရာသော သတင်းဖော် ပြမှုများ မတွေ့ရပေ။

မည်သို့ပင်ဆိုစေ အတိတ်ကာလများက မြန်မာနိုင်ငံသို့ ပြန်လာ၍ မရမည် စိုးသဖြင့် သွားရောက်ခဲ့ခြင်း မရှိသော ဥရောပသို့နှစ်ပေါင်း ၂၄ နှစ်ကြာ အပြီး ပထမဆုံး သွားရောက်သော သူမ၏ ခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ်တစ်ခု အဖြစ် သမိုင်း တွင်သွားပြီဖြစ်သည်။

Ref: 7 day News Journal

Read More...

မြန်မာသံအမတ်နေရာအတွက် အမေရိကန် အထက် လွှတ်တော်မှာ ကြားနာ

ကိုသိန်းထိုက်ဦး
ဗုဒ္ဓဟူး, 27 ဇွန် 2012

မြန်မာနိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်လာပြီဆိုပေမယ့် စိုးရိမ်ရဆဲ အခြေ အနေနဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် အဆိုပြု ခံထားရတဲ့ အမေရိကန် မူဝါဒ ညှိနှိုင်းရေးမှူး Derek Mitchell က သူ့ကို သံအမတ်ကြီး အဖြစ် အဆိုပြုတာနဲ့ ပတ်သက်ပြီး အထက် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကောက်မတီ ရှေ့မှောက် ကြားနာပွဲမှာ မနေ့က ပြော ဆိုပါတယ်။ အမေရိကန် စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ် ဆိုရင် အမေရိကန်ပြည်ထောင် စုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ဖို့ သူ့အနေနဲ့ အားပေး လုပ်ဆောင်သွားမယ်လို့ ပြောပါ တယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု အကြား ထိတွေ့ ဆက်ဆံရေး မူဝါဒတွေဟာ အကျိုးဖြစ်ထွန်းပြီး ဒီ ထက်ပို ရှေ့ဆက် လုပ်ဆောင်ဖို့ လိုတဲ့ အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် အဆိုပြု ခံထားရတဲ့ မစ္စတာ Derek Mitchell က အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရှေ့မှောက် ကြားနာပွဲမှာ ပြောဆို သွားပါတယ်။

“ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာအစိုးရဘက်က ပြောင်းလဲလာတဲ့ ခြေလှမ်းတွေ တော်တော်များများကို တွေ့နေ ရပါတယ်။ အမေရိကန် ပြည်ထောင်စု ဘက်ကလည်း လှုပ်ရှားမှုတခုချင်းဆီပေါ် တုံ့ပြန် သွားမယ် ဆိုတဲ့အတိုင်း ဆက်ပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ ကျနော်တို့ဘက်က ဆောင်ရွက်ချက်တွေဟာ မြန်မာပြည်သူတွေ အတွက် အကျိုးဖြစ်စေရေးနဲ့ စနစ်အတွင်းက ပြုပြင်ပြောင်းလဲရေးကို လိုလားသူတွေ၊ ပြုပြင် ပြောင်းလဲမှုတွေကို အားကောင်းလာအောင် ရည်ရွယ် လုပ်ဆောင်ခဲ့ကြတာပါ။ ဒီ ထိတွေ့ ဆက်ဆံရေးကို ဆက်လက်ပြီး တိုးချဲ့ ဆောင်ရွက်သင့် ပါတယ်။

“ပြီးခဲ့တဲ့နှစ်အတွင်း အထူးခြားဆုံး ဖြစ်ပေါ်တိုးတက်မှု တခုကို ပြောရရင် သဘာပတိကြီးပြောတဲ့ အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ အကြား လက်တွဲဆောင်ရွက်ဖို့ ပြင်ဆင်လာနိုင် တာကို ပြရပါလိမ့်မယ်။ သမ္မတ ဦးသိန်းစိန်ဟာ ထူးခြားတဲ့ ဦးစီး ဦးဆောင် တယောက် ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ထူးခြာပြောင်မြောက်တဲ့ အမြော်အမြင်နဲ့ ဦးဆောင်မှုကို ကျနော်တို့ ဘယ်လိုမှ အသိအမှတ်ပြုဖို့ မပျက်ကွက် သင့်ပါဘူး။ ပြီးခဲ့တဲ့နှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ သမ္မတဦးသိန်းစိန်၊ သူနဲ့ သူ့ရဲ့ လုပ်ဖော် ကိုင်ဘက်တွေရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ချက်တွေဟာ သန်းနဲ့ချီတဲ့ မြန်မာပြည် သူတွေ နှစ်ပေါင်းများစွာ ပေးဆပ် အနစ်နာခံမျှော်မှန်းခဲ့တဲ့ မျှော်မှန်းချက်တွကို ထင်ဟပ်နေပါတယ်။”

ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ပြောသလို နောက်ကြေင်း ပြန်လှည့် မသွားနိုင်တဲ့ အခြေအနေမျိုး မဟုတ်တဲ့ အတွက် ရှေ့မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရှိမယ်ဆိုတာကို သတိရဖို့လည်း မစ္စတာ Derek Mitchell က ပြောဆို သွားပါတယ်။ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေဆဲဖြစ်သလို လွတ်မြောက် လာသူတွေ အပေါ်မှာလည်း ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်တဲ့ အကြောင်း၊ တရားဥပဒေ စိုးမိုးရေးနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ လူမျိုးစုဒေသ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေရှိတဲ့ အကြောင်း ပြောဆိုသွားတာပါ။ သူသံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခွင့် ရတဲ့အခါ မြန်မာနဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး အခြေနေအပေါ် စိုးရိမ်မှုတွေကို အလေးပေးပြောဆိုမယ်လို့ ဆိုပါတယ်။

“မကြာသေးခင်က ရခိုင်ဒေသအတွင်း အုပ်စု ဂိုဏ်းဂဏတွေ အကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ တာကို ကြည့်ရင် မြန်မာနိုင်ငံမှာ ရေရှည် တည်တန့်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်ဖို့ ရာစုနှစ် မဟုတ်ရင် ဆယ်စုနှစ်ချီ အမြစ် တွယ်ခဲ့တဲ့ ကွဲလွဲချက်တွေကို ပြေလည်အောင် ဖြေ ရှင်းဖို့ လိုနေတယ်ဆိုတာကို ပြသနေပါတယ်။

“မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်ရေး ဆက်ဆံမှုတွေ ထင်သာမြင်သာ မရှိတဲ့ အပေါ် စိုးရိမ်တယ် ဆိုတာကို ကျနော်တို့ ဘက်က လူသိရှင်ကြားရော၊ သီးခြားတွေ့ဆုံပွဲတွေမှာပါ အမြဲတစေ ပြောဆိုခဲ့ပါတယ်။ တိတိကျကျအနေနဲ့ မြန်မာအစိုးရဘက်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ လက်နက် မပြန့်ပွားရေး နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာဖို့ ပြောဆိုခဲ့တာပါ။ သံအမတ်ကြီးအဖြစ် အတည်ပြုချက်ရပြီးရင် မြန်မာအစိုးရနဲ့ ပြောဆိုဆွေးနွေးမှုတွေမှာ ဒီကိစ္စကို အဓိက ဦးစားပေးအဖြစ် ကျနော် ဆွေးနွေးပြောဆိုမှာပါ။ မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ လျို့ဝှက်ဆက်ဆံမှုတွေ ရှိတယ်ဆိုပြီး ကျနော်တို့ဘက်က မကြေမနတ်ဖြစ်နေသမျှ၊ ဒီဆက်ဆံမှုကို ချက်ချင်း အပြီးသတ် အဆုံးမသတ်မချင်း မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အပြည့်အ၀ ပုံမှန်ဖြစ်မှာ မဟုတ်ဘူးဆိုတာ ကျနော် ရှင်းရှင်း လင်းလင်း ပြောဆိုမှာပါ။”

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါဝင် စစ်မှန်တဲ့ အပြောင်းအလဲတွေ မဖြစ်မနေဆောင်ရွက်ဖို့ သံန္နိဋ္ဌာန် ခိုင်မာတဲ့သူတွေ အများအပြားရှိနေပြီး မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အခွင့်အလမ်းတွေ မြင်တွေ့ နေရပြီဆိုပြီး Mr. Derek Mitchell က ပြောသွားပါတယ်။

“သမ္မတအနေနဲ့ရော သူနဲ့လုပ်ဖော်ကိုင်ဘက် ၀န်ကြီးဌာနအရာရှိတွေက အပြောင်းအလဲတွေအတွက် တကယ်ပဲ သံန္နိဋ္ဌာန်ခိုင်မာတဲ့ သူတွေပါ။ သူတို့မှာ ရှေ့ကို တိုးတက်တဲ့ အစီအစဉ်တွေ ချထားပါတယ်။ ဒီ ခေါင်းဆောင်တွေ ဘယ်လောက်ကြာကြာ ဆက်ပြီး ဦးဆောင်နိုင်မလဲ၊ မျှော်မှန်းချက်တွေကပဲ သိပ်ကို မြင့်နေသလား၊ စိန်ခေါ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာ ကျနော်တို့ အတိအကျ မသိပါဘူး။ ဒါပေမယ့် ကျနော်အပါအ၀င် အမေရိကန် အစိုးရအရာရှိတွေဘက်ကတော့ မြန်မာပြည်ရဲ့ အခြေအနေဟာ အခွင့်အလမ်းတွေ ရလာနေပြီ၊ တံခါးတွေ ပွင့်လာနေတဲ့ အနေအထားလို့ မြင်ပါတယ်။”

အမေရိကန် အထက်လွှတ်တော နိုင်ငံခြားဆက်ဆံရေးကော်မတီရှေ့မှောက် ကြားနာပွဲမှာ ဗာဂျီးနီးယား ပြည် နယ်၊ အထက်လွှတ်တော်အမတ် Jim Webb က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တာပါ။ သူက အမေရိကန် စီးပွားရေးကုမ္ပဏီတွေ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေကို အဓိက ဆွေးနွေးပြောဆိုသွားခဲ့ပါယ်။

“ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးစနစ် ဟာ စိန်ခေါ်အကဲစမ်းမှုတွေ အများအပြား ရှိနေဆဲပါ။ ဒါပေမယ့်လည်း အပြု သဘောဆောင်တဲ့ လုပ်ရပ်တွေ အတွက် အပြန်အလှန် တုံ့ပြန်အချက်ပြဖို့ တောင်းဆိုမှုတွေ ရှိနေတာပါ။ ကျနော်တို့အနေနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေနဲ့ လူတဦးချင်းစီရဲ့ အခွင့်အရေးဆိုတာတွေကို ဘေးဖယ် မထားသင့်ပါဘူး။ ဒီလို အချက်တွေကို မြန်မာနိုင်ငံအပါအ၀င် ဘယ်နိုင်ငံတွေနဲ့ ပဲ ထိတွေ့ဆက်ဆံပါစေ၊ ကျနော်တို့အနေနဲ့ အဓိကဦးစားပေးအဖြစ် ထားသင့်ပါတယ်။ ရရှိလာတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ရေရှည် တည်တံ့ဖို့အတွက် ဆိုရင် စီးပွားရေး ဖွံ့ဖြိုးလာအောင် ကျနော်တို့ဘက်က တိုးမြှင့်ဆောင်ရွက်ပေးဖို့ လိုပါတယ်။”

ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်နေသူတွေကို ပံ့ပိုးပေးတာ၊ မြန်မာပြည်သူတွေကို ကူညီပေးတာတွေနဲ့ အပြောင်းအလဲတွေကို စနစ်တကျ ဒီမိုကရေစီအခြေခံပေါ်မှာ ခိုင်မာအောင် ထေက်ပံ့ပေးတာတွေ လုပ်ကိုင်ဖို့ လိုမယ်လို့ မစ္စတာ ဒဲရစ်မစ်ချဲက ပြောဆိုသွားပါတယ်။

Ref: VOA News

Read More...

NLD ဦးဥာဏ်ဝင်းအပေါ် ကော်မရှင်တရား စွဲဆိုမှု သက်သေ ၂၀ ခန့် ထွက်ဆိုမည်

2012-06-27

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို သတင်းမှား ထုတ်ပြန်မှုနဲ့ တရား စွဲထားတဲ့ ကိစ္စ ကို နေပြည်တော်မှာ မနေ့က သက်သေ တစ်ဦး စစ်ဆေး ခဲ့ပါတယ်။

ဒီအမှုမှာ နှစ်ဘက်သက်သေ အယောက် ၂၀ လောက် စစ်ဆေးမှာဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

"သက်သေတစ်ယောက် စစ်တယ်။ မကုန်သေးဘူး။ ၅ နာရီမှ ပြီးပါတယ်ဗျာ။ သက်သေ နှစ်ဘက်ဆိုရင် ၂၀ လောက်ရှိတယ်ဗျ။ ဒါ information ကျွန်တော်ရလို့ ကျွန်တော်ပေးတာ။ ကျွန်တော် intentionally လုပ်တာ သူတို့ဘာမှ သက်သေ မပြနိုင်ပါဘူး။ အလားအလာ ကတော့ ကျွန်တော့် ဘက်ကတော့ တော်တော်ကောင်းတာပေါ့ဗျ။ တရားရုံးက ဘာလုပ်မယ် ဆိုတာတော့ မသိဘူး"

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလက်မှတ်တွေ ဖယောင်း သုတ်ထားလို့ မဲပေးတဲ့ အခါ ဘောလ်ပင်ခြစ်လို့ မရပဲ ချော်နေတဲ့ဖြစ်ရပ်တွေ တွေ့ရတယ်လို့ အနယ်နယ်အ ရပ်ရပ်က သတင်းပေးပို့ လာတဲ့ အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားရတဲ့ ဦးဥာဏ်ဝင်းက ဒီအကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့သလို သတင်း မီဒီယာတွေမှာလည်း ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းမှားထုတ်ပြန်မှုနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို တရား စွဲထားတာဖြစ်ပါတယ်။ ဇူလိုင်လ ၆ ရက်နေ့မှာ နောက်တခေါက် ရုံးချိန်း သတ်မှတ်လိုက်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

Ref: RFA News

Read More...

ဂုဏ်ထူးဆောင် ပါရီမြို့သူဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

ကိုအောင်လွင်ဦး
ဗုဒ္ဓဟူး, 27 ဇွန် 2012

ပြင်သစ်နိုင်ငံကိုရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မှာတော့ ဂုဏ်ထူးဆောင် ပဲရစ် မြို့တော်သူ ဆုကို လက်ခံ ရယူပါတယ်။ အစောပိုင်းက အဝေးရောက် မြန်မာနိုင်ငံသား မိသားစုတွေနဲ့ ပဲရစ် မြို့တော်မှာ တွေ့ဆုံရာ မှာတော့ မြန်မာ့အရေး ညီညီညွတ်ညွတ် ၀ိုင်းဝန်းဆောင်ရွက် ကြဖို့ တိုက်တွန်း သွားခဲ့တာပါ။ ဥရောပ ခရီးစဉ်မှာ နောက်ဆုံး အဖြစ် ပြင်သစ်နိုင်ငံ ရောက်ရှိခိုက် အစိုးရ တာဝန် ရှိသူတွေနဲ့ရော မြန်မာ အသိုင်းအ၀ိုင်း နဲ့ပါ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် နောက်ဆုံး အခြေအနေကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဥရောပ ၅ နိုင်ငံခရီး နောက်ဆုံး အစီအစဉ် အဖြစ် ပြင်သစ်နိုင်ငံမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြို့တော်ဝန် အပ်နှင်းတဲ့ ပဲရစ်မြို့ရဲ့ ဂုဏ်ထူးဆောင် မြို့တော်သူဆုကို လက်ခံ ရယူပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွေ အတွက် ထင်ရှားတဲ့ ပြင်သစ်နိုင်ငံ အနေနဲ့ အခုလို ဂုဏ်ပြုတဲ့ အပေါ် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရတဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆုလက်ခံ ယူချိန်မှာ ပြောသွားခဲ့တာပါ။

လွတ်မြောက်ရေး၊ ညီမျှမှုနဲ့ စုစည်း ညီညွတ်မှုတွေရဲ့ အရသာကို အချိန်အတော်ကြာ ကတည်းက ခံစားနေကြရ သူတွေ အဖြစ်နဲ့ မြန်မာ နိုင်ငံသားတွေ ဒီမိုကရေစီ လိုလားနေကြတဲ့ ဆန္ဒတွေကိုလည်း နားလည်စေလိုတဲ့ အကြောင်း ပြင်သစ် ဘာသာနဲ့ ပြောတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆို သွားခဲ့တာပါ။ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ကြိုးပမ်းမှုတွေနဲ့ အတူ ပြင်သစ်နိုင်ငံလို မိတ်ဆွေတွေနဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ သူအပါအ၀င် မြန်မာနိုင်ငံ လူထု စောင့်စားနေတဲ့ ဒီမိုကရေစီ ခရီးလမ်းမှာ လည်း ပြင်သစ် လူထုက နီးနီးကပ်ကပ် ရပ်တည် သွားလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောသွားပါတယ်။

ပြင်သစ်မြို့တော်ဝန် Bertrand Delanoehe ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ စွမ်းစွမ်းတမံ ကြိုးပမ်းနေသူ တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပဲရစ်မြို့တော်သူ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရာမှာ ပြောခဲ့တာပါ။

ကမ္ဘာကြီးကို သိစေချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲရစ် ဂုဏ်ထူးဆောင် မြို့တော်သူ တဦးဖြစ် တယ်၊ ပဲရစ် မြို့တော်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနဲ့ အတူ လူသားတွေ လွတ်လပ်ရေး အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲ ၀င်ခဲ့သူဖြစ်တယ်၊ အမျိုးသမီး တယောက်မှာ ရှိတဲ့ ကြင်နာမှု၊ ငြိမ်းချမ်းမှုနဲ့ အကြမ်းမဖက် တိုက်ပွဲ ၀င်မှုတွေကြောင့် ပဲရစ် မြို့ကြီးက လေးစား ချစ်ခင်မြတ်နိုး ရတာတာလည်း ဖြစ်တဲ့ အကြောင်း ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ပြောသွားတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်မြို့တော်ဝန် ရုံးမှာ မြန်မာ မိသားစုတွေ နဲ့ တွေ့ဆုံ အားပေး စကားပြောရင်း မြန်မာ့ အရေးမှာလည်း တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်း ကူညီကြဖို့ တိုက်တွန်း သွားတာ ဖြစ်ပါတယ်။ ပြင်သစ်ဒေသ စံတော်ချိန် မနက်ပိုင်းက ၁ နာရီကျော်ကြာ တွေ့ဆုံ ချိန်မှာတော့ သီတင်း သုံးပတ်ကြာ ဥရောပ ခရီးစဉ်တလျှောက် အဝေးရောက် မြန်မာနိုင်ငံသားတွေကို မှာကြားနေသလို ပြင်သစ်နိုင်ငံရောက် မြန်မာတွေ ကိုလည်း ပြောခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သူ တဦးဖြစ်တဲ့ မြန်မာ့အရေး လှုပ်ရှားသူ ကိုထင်ကျော်က ပြောပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာ အဓိက-ကတော့ အားလုံး ညီညီ ညွတ်ညွတ်နဲ့ လုပ်ဖို့၊ တကယ်လို့ တိုင်းပြည်ကို ပြန်မယ် ဆိုလို့ရှိရင်လည်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး ပြန်ကြဖို့၊ ပြန်ပြီးတော့ အလုပ်လုပ်ကြ ဖို့ပေါ့။ နောက်ပြီးတော့ ဒီမိုကရေစီ အရေးအတွက်၊ ဗမာပြည် အပြောင်းအလဲ အတွက် ဝိုင်းဝန်းပြီးတော့ ကူညီကြဖို့ပေါ့နော်။"

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ အကူအညီပေးရေး လုပ်ငန်းတွေက အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဦးမှာ ဖြစ်ပါ တယ်။ ဒီနောက်မှာတော့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး Laurent Fabius နဲ့ တွေ့ဆုံပြီး အမှတ်တရ အဖြစ် လွတ်မြောက်ရေး သစ်ပင် တပင်ကို စိုက်သွားဖို့ ရှိသလို၊ ညနေပိုင်း မှာတော့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တည်ခင်းတဲ့ ညစာစားပွဲကို တက်ရောက်ဦးမှာပါ။

ကြာသပတေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံက နာမည်ကျော် Sorbonne တက္ကသိုလ် မှာ လူငယ်ကျောင်းသားတွေကို တွေ့ဆုံစကားပြောမှာ ဖြစ်သလို၊ သောကြာနေ့ ခရီးစဉ် အဆုံးမသတ်မီ စီးပွားရေး၊ လူမှုရေး အသိုင်း အ၀ိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နှီးနှော ဖလှယ်ပွဲ တခုမှာလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး အကြိမ် ဥရောပ ခရီးစဉ်အဖြစ် ဇွန်လ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံ မတိုင်မီမှာတော့ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်နဲ့ ဗြိတိန်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ၁၉၉၁ ခုနှစ် ကတည်းက ပေးအပ်ထားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆု အပါအ၀င် ဂုဏ်ထူးဆောင်ဆုတွေကို လက်ခံ ရယူခဲ့သလို အစိုးရ အကြီးအကဲတွေ လွှတ်တော် တာဝန်ရှိသူတွေနဲ့လည်း ခရီးစဉ်တလျှောက် တွေ့ဆုံခဲ့တာ ဖြစ်ပါ တယ်။ ပြင်သစ်နိုင်ငံ ခရီးစဉ်အစ အဖြစ် အင်္ဂါနေ့က ရောက်လာချိန်မှာတော့ နိုင်ငံ အကြီးအကဲတွေကို လက်ခံကြိုဆိုလေ့ ရှိသလို Elysee နန်းတော်မှာ သမ္မတ Francois Hollande က ညစာနဲ့ ဧည့်ခံကြိုဆိုခဲ့ တာလည်း ဖြစ်သလို ဗြိတိန်နိုင်ငံ ခရီးစဉ် အတွင်းမှာလည်း လွှတ်တော်မှာ သမိုင်းဝင် မိန့်ခွန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အစိုးရငြိမ်းအဖွဲ့ PNLO နှင့် အပစ်ရပ်မည်၊ မယ်တော်ဆေးခန်း ကူညီမည်

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် တွေ့ဆုံမှုများကို ဆက်လက်ပြုလုပ်နေရာ ဇွန်လ ၂၇ ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်းသို့ ဒုတိယ အကြိမ် သွားရောက်ပြီး အလှူငွေများ ပေးအပ်ကာ ဘန်ကောက်မြို့တွင်လည်း ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO တွေ့ဆုံဆွေးနွေးခဲ့သည်။

PNLO နှင့် ဦးအောင်မင်းတို့ တွေ့ဆုံစဉ် အပစ်အခတ် ရပ်စဲရေးကို မူအားဖြင့် သဘော တူလိုက်သည် ဟု PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ကျနော်တို့ တပ်နယ်မြေ အခြေအနေကိစ္စက ဆက်ညှိဖို့ လိုတာက လွဲလို့ ယေဘုယျ အချက် ခြောက်ချက်က မူအားဖြင့် သဘော တူထားတဲ့ သဘောရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက ပထမအကြိမ် ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ်က ဆွေးနွေး ခဲ့သည့် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်ရေး၊ လူထုစည်းရုံးရေးလုပ်ခွင့်၊ NGO နှင့် ဆက်ဆံခွင့်၊ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ မီဒီယာများကို သင့်တော်သလို သတင်းထုတ်ပြန်ခွင့်ပေးရေး အပါအဝင် အချက် ခြောက်ချက်ကို ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုတွင် မူအားဖြင့် သဘောတူလိုက်ခြင်း ဖြစ်သည်။

ဆက်ဆံရေးရုံးများကို မွန်ပြည်နယ်၊ သထုံမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဖွင့်လှစ်ရန် သဘောတူခဲ့သော် လည်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် အရှေ့ဘက်၊ ဟိုမိန်းမြို့နယ်ခွဲ တောင်ဘက်၊ မောက်မယ်မြို့နယ် တောင်ဘက်
ဒေသများတွင် တပ်နယ်မြေ သတ်မှတ်ရေးကိစ္စနှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်းရန်ရှိသည်ဟု ဆိုသည်။

ဘန်ကောက် ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့နှင့် PNLO ဘက်မှ အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းနှင့် ဦးခွန်ဥက္ကာတို့ ပါဝင်ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

ဦးအောင်မင်း ဦးဆောင်သော အဖွဲ့သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ မယ်တော်
ဆေးခန်း သွားရောက်လေ့လာ ခဲ့ပြီး အလှူငွေ ဘတ် တသိန်းခွဲကို ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင် အား ပေးအပ်ခဲ့သည်။

ထို့ပြင် ဝန်ကြီးဦးအောင်မင်းနှင့် ဝန်ကြီး ခင်ရီတို့က မယ်တော်ဆးခန်းမှ ကလေး လူနာဆောင်ရှိ ကုတင် တလုံးလျှင် ဘတ်ငွေ တထောင်စီ ပေးအပ် ခဲ့သေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့် က ပြောသည်။

“ပြည်ပမှာနေပြီးတော့ ဆောင်ရွက်နေတဲ့ အပေါ်မှာ ဝန်ကြီး ဦးအောင်မင်းက ကူညီတာ ဖြစ်တယ်။ ဒေါက်တာ စင်သီယာမောင်က သူ့အခက်အခဲတွေ ပြောတယ်။ အလှူရှင်တွေ ကြပ်တည်း လာတာတွေကို ဝန်ကြီးကို တင်ပြတာ တွေ့ရတယ်။ ပြည်ပမှာ နေပြီး ၂၃ နှစ်လုံး ကျန်းမာရေး၊ လူမှုရေးတွေ လုပ်ပေးတဲ့အတွက် ကျေးဇူး တင်တဲ့အကြောင်း၊ ဒီအစိုးရ လက်ထက် တတ်နိုင် သလောက် ကူညီဆောင်ရွက်မယ် ဆိုတာ ပြောပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ဝန်ကြီးဦအောင်မင်းက မြန်မာနိုင်ငံကို အကူအညီပေးရေးအဖွဲ့ ခြောက်နိုင်ငံ ကိုလည်း ချက်ချင်း ကူညီပေးရန် တိုက်တွန်း မည်ဟု ဒေါက်တာ စင်သီယာမောင်အား ကတိပေးသွားပြီး မြန်မာပြည်ဘက်ခြမ်းတွင် ဆေးရုံတရုံ ဆောက်ပေးရန် အကြံပြုသည်ဟု ဆိုသည်။

ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းမှ မြန်မာရွှေ့ပြောင်း အလုပ် သမားများ၏ ကလေး ၃,ဝဝဝ ခန့်အား ကျွေးမွေး ထောက်ပံ့ပေးနေပြီး တနှစ်တွင် လူနာ ၃,ဝဝဝ ခန့်အား မျက်စိ အခမဲ့ ကုသပေးနေ ရသည်ဟု သိရသည်။ မယ်တော် ဆေးခန်းအား ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ် စတင် တည်ထောင်ခဲ့ပြီး နှစ်စဉ် လူနာ ၁၂ဝ,ဝဝဝ ကျော် ရှိသည်။

ထို့ပြင် ဦးအောင်မင်းတို့ အဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ် ပူးပေါင်းဆောင် အဖွဲ့ TBBC မှ တာဝန်ရှိသူ များနှင့်လည်း တွေ့ဆုံခဲ့ရာ စစ်ပြေး ဒုက္ခသည်များနှင့် IDP အရေးပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဒုက္ခသည်များ ပြန်လာနိုင်ရေး ဆက်လက် ဆောင်ရွက်ရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး တစိတ်တဒေသ အဖြစ် မူအားဖြင့် ဦးအောင်မင်းက သဘောတူကြောင်း ဦးညိုအုန်းမြင့်က ပြောပြသည်။

ဝန်ကြီး နှစ်ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် လူမှု တရားမျှတရေး အဖွဲ့ ဒါရိုက်တာ ဒေါက်တာ
သောင်းထွန်းနှင့်လည်း တွေ့ဆုံ ခဲ့သည်ဟု သိသည်။

ဇွန်လ ၂၈ ရက်နေ့တွင် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)နှင့် ရခိုင် လွတ်မြောက်ရေး ပါတီတို့နှင့် ဆက်လက် တွေ့ဆုံ ဦးမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဒေါက်တာ စင်သီယာမောင်ကို ဦးသိန်းစိန် အစိုးရ ကျေးဇူးတင်

ကျော်ခ
June 27, 2012

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများ အတွက် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို စဉ်ဆက် မပြတ် လုပ်ဆောင်ပေးနေသည့် ဆရာမ ဒေါက်တာ စင်သီယာမောင်ကို သမ္မတ ဦးသိန်းစိန် အစိုးရ ကိုယ်စား ကျေးဇူးတင်ကြောင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က ပြောကြားသည်။

ကရင် အမျိုးသားအစည်း အရုံး (KNU) အပါအဝင် ထိုင်းနိုင်ငံ အခြေစိုက် အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံရန် ယမန်နေ့က မဲဆောက်မြို့သို့ ရောက်ရှိ လာသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဦးအောင်မင်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်းက “ပညာရေး၊ လူမှုရေး အကုန်လုံးက အစိုးရမှာ တာဝန်ရှိတယ်၊ အစိုးရက မလုပ်ပေးဘူး။ ဒါပေမယ့်လို့ ဆရာမကြီး (ဒေါက်တာ စင်သီယာမောင်) တို့က လုပ်ပေးနေတာ အစိုးရ ကိုယ်စားလည်း ဆရာမကြီးကို ကျေးဇူးတင်တဲ့ အကြောင်း၊ သမ္မတကြီး ကိုယ်စားလည်း ကျေးဇူးတင်တဲ့ အကြောင်း အဲဒါလေး ကျနော်တို့က ပြောပြရတာပေါ့” ဟု ဒေါက်တာ စင်သီယာမောင်နှင့် မဲဆောက်မြို့ပြင်ရှိ Wattana Village Resort တွင် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ဒေါက်တာ စင်သီယာမောင်ကလည်း ထိုပြောကြားချက်နှင့် ပတ်သက်၍ “ကျမတို့ လက်ရှိ လုပ်ငန်းတွေပေါ်မှာ ကျေးဇူး တင်ပါတယ်ပေါ့နော်၊ ဒီလုပ်ငန်းတွေမှာ ဆိုရင်တော့ အစိုးရတွေရဲ့ တာဝန်ရှိမှုပေါ့။ သို့သော်လည်း ပြီးခဲ့တဲ့ကာလ အခြေအနေတွေမှာ လူထုတွေက ထိုင်းနိုင်ငံ ဘက်ကို ဆေးလာ ကုရတာတို့၊ ဒီဘက်မှာ လူမှုရေး အဖွဲ့တွေရဲ့ စောင့်ရှောက်မှုတွေ အပေါ်မှာ ကျေးဇူးတင်ပါတယ် ဆိုတဲ့ အဲဒါမျိုးပေါ့နော်” ဟု ဧရာဝတီသို့ ပြန်ပြောပြသည်။

ဦးအောင်မင်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ ပါဝင်သော အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းသို့ သွားရောက်လေ့လာ ခဲ့ကြပြီး ဆေးခန်းအတွက် အလှူငွေ ဘတ် ၁၅၀၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆေးခန်းသို့ လာရောက်လေ့လာသော ဦးအောင်မင်းနှင့် အဖွဲ့ကို ဒေါက်တာ စင်သီယာမောင်က လူနာများ၏ အခြေ အနေနှင့် ရွှေ့ပြောင်းကျောင်း များတွင် ပညာ သင်ကြားနေရသော မြန်မာ ကလေးများ၏ အခြေအနေများကို ရှင်းပြခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။

ထို့အတူ အစိုးရသစ် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူ လူထု ဘဝ လုံခြုံမှု ရှိစေရန် အတွက် အလုပ် အကိုင်၊ ကျန်းမာရေး၊ ပညာရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ ပါဝင်စေရန် ဒေါက်တာ စင်သီယာမောင်က တိုက်တွန်းပြောဆိုကြောင်း သိရသည်။

“အစိုးရသစ်ရဲ့၊ စစ်တပ်တွေချည်းပဲ မဟုတ်ဘဲနဲ့ပေါ့နော်၊ လူထု အခြေပြု အဖွဲ့ အစည်းတွေရော၊ အိမ်နီးခြင်းနိုင်ငံတွေနဲ့ရော ရေရှည် ပူးပေါင်းဆောင်ရွက် ရမယ့် ကိစ္စတွေကိုပါ တခါတည်း အစီအစဉ် ရှိရှိ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းတွေကို ချသွားပေးဖို့ လိုတယ်ပေါ့နော်။ လူထုဘဝ လုံခြုံရင် လူတွေ အားလုံးက ကိုယ့်မြေ၊ ကိုယ့် အိမ်မှာ အေးအေးဆေးဆေး နေထိုင်နိုင်မယ်လေ” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

အရပ်သားအစိုးရအဖြစ် ပြောင်းလဲလာသည်မှာ တနှစ်ကျော် ကြာမြင့် လာခဲ့ပြီး အစိုးရနှင့် လက်နက်ကိုင်များ အကြား ငြိမ်းချမ်းရေး အစီအစဉ်များ လုပ်ဆောင်နေသည်မှာ နှစ်ဝက်ကျော် ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဆေးခန်းသို့ ပြည်တွင်းမှ လာရောက် ဆေးကုသသူများမှာ လျော့ကျမသွားဘဲ ပိုများလာကြောင်း၊ ထို့ကြောင့် ငွေကြေး အခက်ခဲအချို့ရှိကြောင်း ဒေါက်တာ စင်သီယာမောင်က ဆိုသည်။

“အကယ်၍ နောက်တကြိမ် တွေ့ဆုံကြမယ် ဆိုရင်တော့ နယ်စပ်မှာ ရှိတဲ့ လုပ်ငန်း အဖွဲ့တွေကို ဘယ်လို ကူညီနိုင်မလဲ ဆိုတာမျိုးတော့ ဆက်ဆွေးနွေး သွားမှာပေါ့။ အထဲမှာ ပြန်လုပ်တယ် ဆိုတာကတော့ ဝန်ကြီးက တိုက်ရိုက်ပြောသွား တာတော့ မဟုတ်ပါဘူး။ သတင်းထောက်တွေမေးတဲ့ မေးခွန်း အပေါ်မှာပဲ ပြန်ဖြေ သွားတာပဲရှိတာပါ” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

ယခုအခါ ဒေါက်တာ စင်သီယာမောင် ဦးစီးသည့် မယ်တော်ဆေးခန်းမှ စောင့်ရှောက် ထားသော ကလေး ၃၀၀၀ အတွက်လည်း အရေးပေါ် ထောက်ပံ့ရေး အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ ထိုကလေးများမှာ မဲဆောက်မြို့နယ် အနီးဝန်းကျင်တွင် အိုးအိမ် အခြေတကျ မရှိသော ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ၏ ကလေးငယ်များဖြစ်ကြောင်း သိရသည်။

မယ်တော်ဆေးခန်းကို ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ် အတွင်း စတင် တည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာပြည်သား များကို အခမဲ့ ဆေးကုသပေးနေခြင်းဖြစ်ပြီး နှစ်စဉ် လူနာ ၁၃၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

ဆေးခန်းတွင် မဲဆောက်ရှိ ရွှေ့ပြောင်း မြန်မာ လုပ်သမားများနှင့် ထိုင်း-မြန်မာ နယ်စပ် ဒေသခံများ သာမက ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် သာမက ရန်ကုန်၊ မန္တလေးဘက်မှ အရေးပေါ် လူနာများ၊ နာတာရှည်ရောဂါသည်များ အပါအဝင် လူနာများ လစဉ် လာရောက်၍ ဆေးကုသ ခံယူကြသည်။

Ref: ဧရာဝတီ

Read More...

Wednesday, June 27, 2012

ကြွေးကြော်သံတွေကို အမှန်တကယ် အကောင်အထည်ဖေါ်နိုင် ပါ့မလား

မင်းဝဏ်
ဇွန်လ ၂၇ ရက် ၂၀၁၂

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ရ သူတွေ အတွက် ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်း ၆၆ ခု ရှိနေပြီး လူဦးရေ ၅၂,၀၀၀ ခိုလှုံနေတယ် လို့ အစိုးရ မီဒီယာတွေက ဖေါ်ပြနေပေမယ့် ဒုက္ခသည် အရေး လက်တွေ့ ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုရေး အဖွဲ့တွေ ကတော့ ဒုက္ခသည် ရှစ်သောင်းကျော် ရှိပြီး စားနပ် ရိက္ခာ၊ အမိုးအကာနဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ စက်ရုံ၊ အလုပ်ရုံ တွေက အလုပ်သမား ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ် နေဆဲဖြစ်ပြီး လယ်မြေ အသိမ်းခံရတဲ့ တောင်သူ လယ်သမားတွေနဲ့ ကုမ္ပဏီတွေကြားက ပြဿနာတွေကလည်း တနိုင်ငံလုံးအနှံ့ ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။ ဇွန်လဆန်းက စပြီး စာပေ စိစစ်ရေး ဖျက်သိမ်းပြီ ဆိုပေမယ့် သတ္တု တွင်း ဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲတာက စပြီး အခု ဇွန်လကုန် ပိုင်းမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က လျှပ်တပြက် ဂျာနယ်ကို တရားစွဲတဲ့ ကိစ္စွရှိလာတဲ့အတွက် အစိုးရ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ မီဒီယာတွေ အပေါ် ထားတဲ့ သဘောထား တင်းမာမှုတွေ ကလည်း အာဏာနဲ့ ပတ်သက်လာရင် ကြံ့ဖွံ့ အစိုးရဟာ စစ်အာဏာရှင် စံနစ် တုန်းက လိုပါပဲလို့ ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။

- ဇူလိုင်လ ၄ ရက်မှာပြန်လည်ကျင်းပမယ့် ပထမအကြိမ်လွှတ်တော် စတုတ္ထ အကြိမ် ပုံမှန်အစည်း အဝေး တွေမှာ ဆွေးနွေးသွားမယ့် ဥပဒေကြမ်းတွေ ထဲမှာ “ အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေကြမ်း ” လည်းပါဝင်မှာ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ရှေ့နေ ဦးသိန်းညွန့်က “ အဂတိလိုက်စားမှုနဲ့ပတ် သက်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ ပြစ်မှုပြစ်ဒဏ်တွေ ရှိပြီးဖြစ်ပေမယ့် အဲဒါတွေနဲ့ မလုံလောက်တော့တဲ့ အတွက် လာမယ့် လွှတ်တော် အစည်းအဝေးမှာ အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေကြမ်းကို တင်မယ်၊ ဌာန ဆိုင်ရာ အကြီးအကဲ တစ်ယောက် ပုံမှန်ထက် ပိုချမ်းသာလာတယ်၊ ပစ္စည်းဥစ္စာတွေပေါများ လာတယ် ဆိုရင် ဘယ်လို နည်းနဲ့ ချမ်းသာလာတယ် ဆိုတာ ပြန်ရှင်းပြရမယ့် အချက်တွေပါမယ်၊ လူတစ်ယောက် အဂတိ လိုက်စားလို့ တိုင်ကြားတဲ့ အခါ တိုင်ကြားတဲ့ သူကိုပြန်ပြီး အကာအကွယ်ပေးရမယ့် အချက်တွေ ထည့်သွင်းရေးဆွဲ ထားတယ် ” ဆိုပြီး Weekly Eleven ဂျာနယ်မှာ ရှင်းပြ ထားတာကို တွေ့ရှိရပါတယ်။

- နအဖ စစ်အစိုးရဆီကနေ အုပ်ချုပ်ရေးအာဏာ အမွေ လွှဲပြောင်း ရယူလိုက်တဲ့ ကြံ့ဖွံ့အစိုးရ ကိုယ်စား သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ပွဲဦးထွက် မိန့်ခွန်းမှာ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး- ကိုပြောခဲ့ပြီး တိုင်းပြည် အတွက် အလျဉ်း သင့်သလိုပြောကြားတဲ့ မိန့်ခွန်း တိုင်းမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး (Anti-corruption) ကိုလည်း သန့်ရှင်းသော အစိုးရ Clean Government ကောင်းမွန်သော အုပ်ချုပ်ရေး Good Governance နဲ့တွဲပြီး ရေပက်မဝင်ပြောတတ်သူ အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် အတွက် အရှိန်အဟုန်နဲ့ အလုပ် လုပ်ကြဖို့ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဒေသ ဥက္ကဌတွေကို မေ လ ၁၁ ရက်နေ့က မှာကြားခဲ့ရာ မှာလည်း အဂတိ လိုက်စားမှုကိစ္စက အရေးကြီး ကိစ္စ တရပ်ဖြစ်နေတာကို တွေ့ရပါတယ်။

- ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း “ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ် လာစေဖို့ နိုင်ငံ ဝန်ထမ်းများရဲ့လုပ်ခ လစာ စရိတ်နဲ့ ချီးမြှင့်ငွေတွေ တိုးပေးဖို့၊ တဖက်က အခွင့်အရေးနဲ့ သက်သာ ချောင်ချိရေး၊ အခြားတဖက်က စည်းကမ်းနဲ့ ဥပဒေ အပြန်အလှန် ထိန်းကျောင်းခြင်း အားဖြင့် သန့်ရှင်း လာမှာဖြစ် ပြီး သန့်ရှင်းတဲ့ အစိုးရဖြစ်လာမှ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး လုပ်လာနိုင်မယ်၊ ဝန်ထမ်းတွေကလည်း လုပ်ခလစာ နည်းတာ အကြောင်းပြပြီး လာဘ်ပေး လာဘ်ယူဆောင်ရွက်တာကို နေရာအနှံ့၊ ဌာန အများစုမှာဖြစ်နေတာကို ဝမ်းနည်းစွာကြားသိနေရတယ် ” ဆိုပြီး ဖေဖေါ်ဝါရီလ ၇ ရက်ကပြောခဲ့ပါတယ်။ မေလ အစောပိုင်းက ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နော်ဝေနိုင်ငံက လွှတ်တော်တွေကို လေ့လာရေး သွားတုန်းကလည်း “ ကျနော်တို့နိုင်ငံမှာ အ ကျင့်ပျက်ခြစားမှုကို အမြစ်ကနေ လှန်နိုင်ဖို့ အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရမှာဖြစ်ကြောင်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဌဖြစ်တဲ့ အတွက်၊ ဥပဒေပြုအဖွဲ့ကဖြစ်တဲ့သူတွေအနေနဲ့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက် တဲ့ ဥပဒေကို မကြာခင် မဖြစ်မနေပြဌာန်းရမှာဖြစ်တဲ့ အကြောင်း ” ပြောခဲ့ပါတယ်။

- ခုလိုပြောဆိုဖြေကြားနေတဲ့စကားတွေကိုကြည့်ရင် အရင် နအဖ စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးဟောင်း တွေ အနေနဲ့ မြန်မာပြည်မှာ အဂတိ လိုက်စားမှု ကြီးကြီးမားမားဖြစ်နေတာကို ဝန်ခံ လိုက်တာဖြစ်ပြီး ဒါကိုတိုက် ဖျက်ရမယ်လို့ သံန္နိဌာန် ချထားပုံလည်းတွေ့ရပါတယ်။ ဒါပေမယ့် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု တွေဖြစ်စေတဲ့ ဇစ်မြစ်၊ ပြဿနာ အရင်းအမြစ် root-causes တွေကိုတော့ စစ်အုပ်စု အဖွဲ့ဝင်ဟောင်းတွေက ထုတ်ပြောသွားတာ မတွေ့ရပါဘူး။ ဝန်ထမ်းတွေ လစာ မလောက်တာလောက်ကို အပေါ်ယံ ရှပ်ပြော သွားပေမယ့် မြန်မာနိုင်ငံဟာ အဂတိ လိုက်စားမှုမှာ ကမ္ဘာ့နိုင်ငံ ၁၉၂ နိုင်ငံမှာ အဆင့် ၁၇၈ ဖြစ်နေတာ ဘာကြောင့် လဲ- ဆိုတဲ့ အရင်းခံ အကြောင်းတရား ကိုတော့ သူတို့နှစ်ဦး သိမှာသေချာပါတယ်။ ဖေါက်ပြန်တဲ့ စစ်အာဏာ ရှင်စံနစ်၊ လွဲမှားတဲ့ အုပ်ချုပ် စီမံခန့်ခွဲမှုတွေကြောင့် ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံး LDC နိုင်ငံဖြစ်နေတဲ့ ကိုယ့် တိုင်းပြည်မှာ ခေါင်က မလုံလို့ မိုးယိုနေတာ၊ အာဏာပိုင် ထိပ်သီးတွေ အနေနဲ့ တရားဝင်လစာနဲ့ မမျှလောက် အောင် ဒေါ်လာသန်းချီ ချမ်းသာနေတာဟာ လာဘ်ယူတဲ့ အလုပ်ကို နံပါတ်တစ်ခေါင်းဆောင်က စပြီး လုပ်ခဲ့ ကြတဲ့ အစဉ်အလာကြောင့် ဆိုတာလည်း သူတို့ သိကြမယ် ထင်ပါတယ်။

- မဆလ တစ်ပါတီလက်ထက်မှာ အာဏာရှင် ဦးနေဝင်းက “ လူကောင်းလူတော် တို့ရည်မျှော် ” ဆိုပြီး ကောင်းတဲ့သူက ရှားတယ်၊ သူ့ကိုတော်အောင် လုပ်ပေးလို့ရတယ်၊ ဒါကြောင့် လူကောင်းဆိုတဲ့ အကျင့်စာရိတ္တ ကောင်းသူကိုရွေးဖို့၊ နေရာပေးဖို့- လမ်းညွှန် ခဲ့ဖူးပါတယ်။ ခုလည်း ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ရဲ့ အဂတိလိုက် စားမှုတားမြစ်ရေး ၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး - ကြွေးကြော်သံတွေကို အမှန်တ ကယ် အကောင်အထည်ဖေါ်နိုင် ပါ့မလား ဆိုတာကို သတိနဲ့ ယှဉ်ပြီး စောင့်ကြည့်နေရမှာဖြစ်ပါတယ်။

မင်းဝဏ်


Read More...

ညောင်မြစ်တူး ပုတ်သင်ဥပေါ်

မင်းဝဏ်
ဇွန်လ ၂၇ ရက် ၂၀၁၂

မြန်မာပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်း တွေမှာ ဒီရက်ပိုင်း အတွင်း လူပြော အများဆုံး ကိစ္စတွေ ကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် စစ်တပ်ရဲ့ဆောင် ရွက်ချက် တချို့၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် ရဲ့ ဥရောပ ခရီးစဉ်နဲ့ နော်ဝေနိုင်ငံမှာ ဇွန်လ ၁၆ ရက်နေ့က ၁၉၉၁ ခုနှစ် အတွက် ရရှိခဲ့တဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု လက္ခံ ရယူတဲ့ သတင်း တွေပဲ ဖြစ်တယ်လို့ ဆိုရမှာပါ။ ရခိုင်ပြည်နယ် နယ်စပ်ဒေသနဲ့ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းရဲ့ အဆို အရ ဇွန်လ ၈ ၇က်နေ့ကနေ ၁၃ ရက်နေ့အထိ ရခိုင်ပြည် နယ်တဝှမ်း ပဋိပက္ခကြောင့် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရရှိသူ ၃၈ ဦး၊ မီးရှို့ ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ၂၅၂၈ လုံး၊ ဗလီ ဝတ်ကျောင်း ၇ လုံး၊ ဘုန်းကြီး ကျောင်း ၉ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ရှိတယ်လို့ သိရပါတယ်။ ဇွန်လ ၁၆ ရက် အစိုးရ သတင်းစာ တွေဖေါ်ပြချက် အရ မေလ ၂၈ ရက်ကနေ ဇွန်လ ၁၃ ရက် အထိ ပဋိပက္ခ အတွင်း သေဆုံးသူ ၅၀ ဦးနဲ့ ဒဏ် ရာရရှိသူ ၅၄ ဦးရှိတယ်လို့ သိရပြီး အခြားသတင်း ဖော်ပြ ချက်တွေအရ ဒုက္ခသည် စခန်း ၃၇ ခုမှာ ဒုက္ခသည် သုံးသောင်းကျော် ရှိနေပြီလို့ ဆိုပါတယ်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဆက်လက်ကြီးထွားမှု မဖြစ်စေဖို့ အရေးပေါ်ကြေညာချက် ထုတ်ထားတဲ့ အချိန်မှာ လုံခြုံရေး တာဝန် ယူထားတဲ့ စစ်တပ်ကလည်း အုပ်ချုပ်ရေး အာဏာပိုင်တွေလိုဖြစ်နေပြီး ပစ်ခတ်မှု တချို့လည်း ရှိခဲ့တယ်လို့ ကြားသိ ရပါတယ်။ ဇွန်လ ၁၇ ရက်က စစ်တွေမြို့ နာဇီရပ်ကွက် မီးလောင်ပြင်ကို နေ့ လည် တနာရီလောက်မှာ ဝင်ရောက် လာတဲ့လူငယ် ၂ ဦးကို လုံခြုံရေး တာဝန် ယူထားတဲ့ စစ်သားတဦးက ပစ် ခတ်လို့ ၁၇ နှစ်အရွယ် ရခိုင်လူငယ် တဦးသေဆုံး သွားတယ်၊ ကျန်တဦးက ဒဏ်ရာရတယ် ဆိုတဲ့အပေါ် လူထု ဘက်က မကျေနပ်သံတွေ ထွက်ပေါ်နေပါတယ်။ ကျောက်တော်က ဖမ်းဆီးထားတဲ့ ရခိုင်အမျိုးသား ၉ ဦး ကိစ္စ နဲ့ပတ်သက်ပြီုး လူထုက မကျေနပ်လို့ ကန့်ကွက် ဆန္ဒပြမှုတွေဖြစ်နေရာ ကနေ စကခ ၉ က အဲဒီလူ ၉ ဦးကို ခေါ်ဆောင် သွားတယ်လို့ သိရတဲ့အတွက် ဒေသခံ လူထုအကြား စစ်တပ်အပေါ် သံသယစိတ်တွေ ပိုကြီးထွား လာနေပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ နဲ့ မလုံလောက်လို့ သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေကြေညာ ပြီးတဲ့နောက် စစ်တပ်ရဲ့ဆောင်ရွက်ချက် တွေအပေါ် မူတည်ပြီး ဒေသခံ လူထုနဲ့ တပ်မတော်အကြား ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု မရရှိပဲ စစ် ဘက်၊ အရပ်ဘက် ဆက်ဆံရေးမှာ ပိုပြီး ခက်ခဲ တင်းမာမှုတွေဖြစ်လာ တာဟာ တိုင်းပြည် အနာဂတ် အတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကတော့ ဥရောပ ခရီးစဉ် မထွက်ခွါမီ ရန်ကုန်မှာ ရှိနေ ကတည်းက ရခိုင်ပြည်နယ် အတွင်းက ပဋိပက္ခတွေဟာ “ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေတာကို ဖေါ်ပြခြင်းဖြစ် ကြောင်း ” အတိအကျပြောဆို ခဲ့ပါတယ်။ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ( ILO ) ညီလာခံမှာ မိန့် ခွန်းပြောအပြီး ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်လို့ သတင်းထောက် တဦးရဲ့အမေးကိုဖြေဆိုတဲ့ အခါ “ ရှင်း လင်းတိကျတဲ့ နိုင်ငံသားဖြစ်မှုဥပဒေ ” လိုတဲ့ အကြောင်းနဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ လာဘ် ပေးလာဘ်ယူခြစားမှုတွေက ပြဿနာရဲ့ ဇစ်မြစ်ဖြစ်နေတာကို ဝေဖန်ထောက်ပြ သွားပါတယ်။ ရခိုင်ပြည်နယ် ကပဋိပက္ခကို ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း “ တရားဥပဒေ စိုးမိုးရေး မရှိလို့ ” ဆိုပြီးပြော သွားပေမယ့် ဒီပဋိပက္ခတွေ သန္ဓေတည်ပေါက်ဖွား လာတဲ့ အရင်း အမြစ် ကိစ္စနဲ့ အာဏာပိုင်တွေရဲ့ ခြစားမှုတွေ ကိုတော့ ထောက်ပြ သွားတာ မကြားသိရပါဘူး။ တရားစီရင်ရေး အပိုင်းမှာတော့ ရခိုင်ပြည်နယ်က သွေးစွန်းတဲ့ ပဋိပက္ခတွေရဲ့မီးပွားလို့ပြောရမယ့် မသီတာထွေးကို အဓမ္မပြုကျင့်ခဲ့သူ ၃ ဦးကိုတော့ ဇွန်လ ၁၈ ရက်မှာ ကျောက်ဖြူခရိုင် တရားရုံးကနေ သေဒဏ် စီရင်ချက် ချမှတ်လိုက်တာ ကြားသိ ရပါတယ်။

- ရခိုင်ပြည်နယ်ကမတည်ငြိမ်သေးတဲ့ အခြေအနေ၊ ကချင်ပြည်နယ် ထဲက တနှစ်ကျော် ကြာမြင့် လာပြီဖြစ်တဲ့ အစိုးရ တပ်နဲ့ KIA တို့ အကြား တိုက်ပွဲများ၊ အစိုးရတပ်နဲ့ SSA တို့အကြားတိုက်ပွဲများ၊ မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး ဆွေးနွေး နေပါတယ် ဆိုတဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများ - စ တဲ့ အခြေအနေတွေ ကြားထဲမှာပဲ ပထမ အကြိမ် လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးတွေကို ဇူလိုင်လ ၄ ရက် မှာ ပြန်စမယ်လို့ကြေညာ လိုက်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း၊ လွှတ်တော် ဆိုင်ရာ ဥပဒေ ကြမ်း များနဲ့ အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေကြမ်းများ ပြဌာန်းနိုင်ဖို့ ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ ရခိုင် ပြည်နယ်ထဲမှာဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ ကိစ္စကိုလည်း တင်ပြဆွေးနွေးမယ်လို့ သိရပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဆွေးနွေးမယ် ဆိုရင်လည်း နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတွေကို ပြင်ဆင် တင်ပြကြရ တော့မှာဖြစ်ပြီး ရိုဟင်ဂျာ အရေး တခုတည်းကွက်ပြီးပြောနေလို့ ရတော့မှာ မဟုတ်ပါဘူး။

နိုင်ငံသားဖြစ်မှုအရေးဆွေးနွေးမယ် ဆိုရင် မန္တလေးမြို့လယ်ခေါင်မှာ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ မဟုတ် တဲ့ တရုတ် လူမျိုးတွေ ကြီးစိုးနေတာက စပြီး သန်းခေါင်စာရင်း ကိစ္စတွေကိုပါ ပြောကြရတော့မှာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး အရာရှိ အဆက်ဆက်ရဲ့ လာဘ်ပေး လာဘ်ယူခြစားမှုတွေနဲ့ စစ်အာဏာသိမ်း နဝတ၊ နအဖ ခေတ်ကာလက တိုင်းမှူး၊ တပ်မမှူး၊ နစကမှူး၊ စကခမှူးတွေရဲ့ အလွဲသုံးစား မှုတွေဟာ ပြဿနာ ရဲ့ဇစ်မြစ်ဖြစ်တယ် ဆိုတာကိုလည်း ရှာဖွေတွေ့ရှိကြမှာ အသေအချာပါပဲ။ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ် တော်လိုနေရာမျိုးမှာ အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေကိုဆွေးနွေးသည်ဖြစ်စေ၊ တရားမဝင် ရောက်ရှိနေ ထိုင်တဲ့ တိုင်းတစ်ပါးသား အရေးတွေဆွေးနွေးသည်ပဲဖြစ်စေ “ညောင်မြစ်တူး ပုတ်သင်ဥပေါ်” ဆိုသလိုမျိုး အကြောင်းကိစ္စရပ် အသီးသီးမှာ အကြောင်းကြောင့် အကျိုးဆက်များဖြစ်လာတာမို့ စံနစ် မကောင်းခဲ့လို့ ဖြစ်ရ တာကို ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့အစိုးရက ရဲရဲကြီး ဝန်ခံပြီး ပြည်သူလူထု လိုလားတဲ့ပြုပြင်ပြောင်းလဲရေးတွေကို တကယ် လုပ်ပြမှသာ သန့်ရှင်းသော အစိုးရနဲ့ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်လာမှာ ဖြစ်ပါတယ်။

မင်းဝဏ်

Read More...

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တပ်မတော် (၃)

မာန်လက်
ဇွန်လ ၂၇ ရက် ၂၀၁၂
အချိန်ဆွဲပေါ်လစီလား


အသစ်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ တို့ကကော စစ်မှန်တဲ့ ထာဝရ ငြိမ်း ချမ်းရေးကို တကယ် လိုလားရဲ့လား ဆိုတာ မေးခွန်း ထုတ်ကြည့် ကြရအောင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ၂၀၁၀ ရွေးကောက်ပွဲ ကနေ ပေါ်ထွက်လာတဲ့ ကြံ့ဖွတ် အစိုးရသစ် ဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေးနဲ့ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ပေါ် တည်ဆောက်ရေး ကြွေးကြော်ပြီး လွှတ်တော်ထဲ ၀င်ရောက်လာ တာပါ။ ဒါပေမဲ့ လက်တွေ့မှာက အခိုင်အမာ ဘာတခု မှ မဖြစ်လာသေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး အတွက် ဦးအောင်သောင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဦးအောင်မင်း ဦး ဆောင်တဲ့ အဖွဲ့တို့ လုပ်ဆောင်နေတာ မှန်ပေမဲ့ တကယ် အနှစ်သာရ ရှိတဲ့ ငြိမ်းချမ်းရေး မျိုးကို မတွေ့မြင်ရသေးဘဲ အပစ်ရပ် ရုံလောက်သာ ဖြစ်နေသေးတာကြောင့် သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ သစ်ကို အခု ရက်ပိုင်းလေးကတင် ဖွဲ့စည်း လိုက်ပါ တယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ပြီး ဒု သမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် အပါအ၀င် ၁၂-ဦးနဲ့ ဖွဲ့စည်း လိုက်တာကြောင့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ-ကာလုံမှာ နိုင်ငံခြားရေး ၀န်ကြီးအစား ရှေ့နေချုပ်နဲ့ သမ္မတရုံး-ညွှန်ချုပ် နောက်ထပ် ၂-ဦးနဲ့ ထပ်အားဖြည့် လိုက်တာပဲ ကွာခြားပြီး တကယ့် အာဏာပိုင်တွေနဲ့ ဖွဲ့စည်း လိုက် တာကို တွေ့မြင် ရပါတယ်။

အကြောင်းက ၂၀၀၈ စစ်ဖွဲ့စည်းပုံ အရ ကာလုံ ဆိုတာဟာ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့် အမိန့် အာဏာထက် အထူး အာဏာ ရှိနေလို့ပါပဲ။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့မှာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းက ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒု-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ကြီး စိုးဝင်း၊ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ အဖွဲ့ ၀င်များအဖြစ် ၀န်ကြီး ၇ ဦး၊ ပြည်နယ်/တိုင်း ၀န်ကြီးချုပ် ၁၀ ဦး၊ ပြည်နယ်/တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၁၀ ဦး၊ နယ်စပ်ရေးရာ ဒု-၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းနှင့် ဒု-ရှေ့နေချုပ် ဦးထွန်းထွန်း ဦး အပါအ၀င်၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် အပါအ၀င် စုစုပေါင်း ၅၂ ဦးနဲ့ ထပ်မံ အားဖြည့် ဖွဲစည်း လိုက်တာကို ကြည့်ရင်လည်း စစ်ဗိုလ် ချုပ်ဟောင်းတွေကသာ အများစု နေရာ ယူထားပြန်တာကြောင့် နောက်တက်တဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုတာလို မျိုးများလားလို့ အတွေး ပိုမိပါတယ်။

သူတို့ အပြောအရတော့ အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးကော်မတီ အဖွဲ့နှစ်ခုက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးနဲ့ ထာဝရ ငြိမ်းချမ်းရေး ရတဲ့ အထိ အစိုးရ သက်တမ်း မကုန်ခင် ငြိမ်းချမ်းရေး အကောင် အထည်ဖော်နိုင် အောင် လုပ်ဆောင် သွားဖို့ ရည်ရွယ် ထားတယ်လို့ မီဒီယာ တွေ မှာ ဖော်ပြထားပါတယ်။

ပြောချင်တာက တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင် ရေးတွေမှာ တပ်မတော်ရဲ့ ပါဝင်ပတ် သက်မှု အခန်း ကဏ္ဍကို ရှေ့တန်း တင်လာလို့ပါပဲ။ အမှန်ကတော့ တိုင်းပြည်တခုမှာ တပ်မတော် တရပ်ဟာ အရေးကြီးသလို တိုင်းပြုပြည်ပြုကိစ္စ ရပ် တွေမှာ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာလည်း အင်မတန်မှ အရေးပါ ပါတယ်။ တပ်မတော်ကသာ တိုင်းရင်း သား ပြည်သူ တရပ်လုံးရဲ့ အလိုလား အတောင့်တဆုံးဖြစ်တဲ့ ပြည်တွင်းစစ် ရပ်စဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို စိတ်ရင်းစေတနာ မှန်နဲ့ ညှိနှိုင်း ဖော်ဆောင်မယ် ဆိုရင် တကယ့်ငြိမ်းချမ်းရေးက မဖြစ်လာစရာ မရှိသလို တပ်မတော်ရဲ့ အစဉ်အလာ ဂုဏ် သိက္ခာလည်း ပြန်လည် ဦးမော့လာမှာ မလွဲပါဘူး။

အစိုးရက ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N)၊ ကရင် အမျိုးသား အစည်း အရုံး (KNU)၊ မွန်ပြည်သစ် ပါတီ၊ (DKBA) ကလို့ထူးဘော အဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) စသဖြင့် ၁၀-ဖွဲ့ ထက်မနည်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ် ထားပြီးဖြစ်ပေမဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နဲ့တော့ အခု လော လောဆယ်ကို နေ့စဉ် ရက်ဆက် ပြင်းထန်တဲ့ တိုက်ပွဲကြီးတွေ ဖြစ်နေသလို အလားတူ ဇန်န၀ါရီလ ၂၈-ရက်နေ့က တောင် ကြီးမြို့မှာ အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၅-ချက်ပါ သဘော တူညီချက်ကို လက်မှတ် ထိုးထားတဲ့ SSA ရှမ်းပြည် မြောက်ပိုင်းတပ်ဖွဲ့ နယ်မြေ အတွင်း အစိုးရ ဘက်က တပ်အင်အား ဖြည့်ဆည်းမှုနဲ့ လှုပ်ရှား စစ်ကြောင်းတွေ ထပ်မံ ၀င် ရောက်လာတာ ကလည်း စစ်ရေး တိုက်ပွဲတွေ ဖြစ်လာဖို့ တာ စူနေတာကြောင့် အပြောနဲ့ မကိုက်ညီဘူး ဖြစ်နေပါတယ်။

ဒါ့ပြင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကလည်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO- ဌာနချုပ်ကို ထိုးစစ် ဆင်မှာ မဟုတ် ကြောင်း ဧပြီလ၂၉ ရက်နေ့ နေပြည်တော် သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုသွားတဲ့ ဒီရက်ပိုင်း အတွင်းမှာကို မြန်မာပြည် မြောက်ပိုင်းဒေသ ဘက်မှာ လက်နက်ကြီးပေါက်ကွဲ သံတွေနဲ့ အတူ စစ်ရဟတ်ယာဉ် သံတွေကလည်း လူးလာခေါက်တုန့် ဖြစ်နေတာက ၀န်ကြီး ဦးအောင်မင်းရဲ့ ပြောဆိုချက်ကို ပျက်ရယ်ပြုသလို ဖြစ်နေပါတယ်။

ချုပ်ကြည့်ရင် နအဖစစ်အစိုးရ တဖြစ်လဲ ဦးသိန်းစိန် အစိုးရ သစ်ဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်း ရေးနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆိုတာကို ပါးစပ်က တတွတ်တွတ်ပြောနေပေမဲ့ လက်တွေ့မှာက မြန်မာပြည် အနှံ့ အပြား တိုင်းရင်းသားဒေသတွေမှာ ရေရှည် အကျိုးစီးပွား ဆိုင်ရာ နယ်မြေသိမ်းပိုက် စစ်ဆင်ရေးတွေကို တပ်မတော်က အပြင်းအထန် ဆင်နွှဲနေတာက အသစ်ဖွဲ့စည်း လိုက်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ ဟာ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို အမှန်တကယ် လိုလားရဲ့လား ဆိုတာ အမေးပုစ္ဆာတခု ဖြစ်နေပါကြောင်း။

Read More...

၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်တွေကို စနစ် တကျ သုံးသပ် သင်ခန်းစာ ထုတ်နိုင်ဖို့

မင်းဝဏ်
ဇွန်လ ၂၇ ရက် ၂၀၁၂

ရခိုင်ပြည်နယ်တွင်းကမြို့နယ်တချို့ မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ ကြောင့် ဇွန်လ ၈ ရက်နေ့က စပြီး ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ ၁၀ ရက်နေ့ မှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းရုံနဲ့ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်လို့ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၂ ပုဒ် မခွဲ (က) အရ ရခိုင်ပြည်နယ် တွင်းမှာ အရေးပေါ် အခြေအနေ (State of Emergency) ကြေညာ လိုက်တယ် ဆို တာကို လေလှိုင်း ပရိသတ်တွေ ကြားသိကြပြီးဖြစ်မှာပါ။ သမ္မတ ဦးသိန်းစိန်ရဲ့  ကြံ့ဖွံ့ အစိုးရ သက်တမ်း တနှစ် ကျော် ကာလအတွင်းမှာ ပထမဦးဆုံး ထုတ်ပြန်တဲ့ ကာဖျူး အမိန့်နဲ့ အရေးပေါ် အခြေ အနေကြေညာချက် ဖြစ်ပြီး သမ္မတ ရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် (၁/၂၀၁၂) ဆိုပြီးဇွန်လ (၁၀) ရက် နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီ အမိန့် ထုတ်ပြန်တဲ့ ရက်မှာပဲ သမ္မတ ဦးသိန်းစိန် ကလည်း မြန်မာပြည်သူ လူထုကို မေတ္တာ ရပ်ခံပြောကြားချက် ဆိုပြီး မိန့်ခွန်း တရပ်ကိုပြောကြား ခဲ့ပါတယ်။

- ၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၁၁ ၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များထဲက ပုဒ်မ ၄၁၂ မှာ ပုဒ်မ ခွဲ (က) နဲ့ (ခ) နှစ်ခု ပါရှိပြီး `တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု တခုခု၊ တစိတ်တ ဒေသမှာ ပြည်သူ လူထု အသက်အိုးအိမ် စည်းစိမ်ကို ထိပါးမယ့် အရေးပေါ် အခြေအနေ ရှိရင် သမ္မတက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညိှိ့နှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့် ထုတ်ပြီး အရေးပေါ် အခြေအနေ ကြေ ညာနိုင်ကြောင်း၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ မစုံရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးတို့နဲ့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေ ကြေညာနိုင်တယ်လို့` ဖေါ်ပြထားပါတယ်။ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၂ လိုလားချက် အရ သမ္မတ ဦးသိန်းစိန် အနေနဲ့ အရေး ပေါ် အခြေအနေကြေညာ ချင်ရင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ် ကြီး လှမင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို - တို့နဲ့တော့ မဖြစ်မနေ ညှိ့နှိုင်းရမယ် ဆိုတဲ့ သဘောပါပဲ။

- ပုဒ်မ ၄၁၃ ပုဒ်မခွဲ (က) မှာလည်း`အရေးပေါ်အခြေအနေ အကျိုး သက်ရောက်တဲ့ နယ်မြေဒေသ အတွင်း မူလ အခြေနေ ပြန်ရောက်ဖို့ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များနဲ့ နယ်ဘက် ဆိုင်ရာ ၀န်ထမ်း အဖွဲ့တွေ တာဝန် ထမ်း ဆောင်ရာမှာ ထိရောက်မှု ရှိစေဖို့ တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်` လို့ဖေါ်ပြ ထားပေမယ့် သမ္မ တရုံး အမိန့်စာ စာပိုဒ် (၃) မှာ ပုဒ်မ ၄၁၃ ၊ ပုဒ်မခွဲ (က) အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မ တော်၏ အကူအညီကို ရယူဆောင်ရွက်ရမည် လို့ရေးသားထားတဲ့ အတွက်`ရယူဆောင်ရွက်နိုင်သည်` နဲ့ `ရယူ ဆောင်ရွက်ရမည်`ဆိုတဲ့ အဓိပါယ် ကွာဟမှု အရ ဒေသဆိုင်ရာ အာဏာပိုင်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် များကနေ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အားလုံးအဆုံး စစ်တပ် အကူအညီနဲ့ လုပ်ငန်းတွေကိုဆောင်ရွက် ရမယ် - ဆိုတဲ့ သဘောဖြစ်နေပါတယ်။ မာရှယ်လောနဲ့ ယဉ်ပါးလာခဲ့တဲ့ စစ်တပ်ကလည်း ကာဖျူး အမိန့် ပုဒ်မ ၁၄၄ နဲ့ မလုံလောက်လို့ အရေးပေါ်ကြေညာချက်တောင် ထုတ်ရပြီးဖြစ်တဲ့ အတွက် အာဏာဟာ ငါတို့ လက်ထဲမှာလို့ တလွဲ ဆံပင်ကောင်း ဖြစ်လာမှာလည်း စိုးရိမ် စရာပါပဲ။

- သာဓကတခုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ နအဖ လက်ထက်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ စရဖမှူး တာဝန် ယူခဲ့သူ ဦးမြင့်ဆွေက ဂျာနယ်လစ်တွေကိုခေါ်ပြီး အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) အရ ထောင်ဒဏ် ၇ နှစ်-ကျခံ ရနိုင်တယ် ဆိုပြီး သတိပေးသလို၊ ခြိမ်းခြောက် သလို လုပ်တာကိုကြည့်ရင် စစ်အုပ်စုခေါင်း ဆောင်ပိုင်းတွေ အနေနဲ့ ဗိုလ်ချုပ်ဟောင်းများကော၊ လက်ရှိ ဗိုလ်ချုပ်များပါ သူတို့ရဲ့ စိတ်ကူး စိတ်သန်း စဉ်းစားတွေး ခေါ်မှုတွေက လမ်းဟောင်းကြီးက မခွဲခွာနိုင်သေးတာတွေ့ရ ပါတယ်။ ရခိုင်ပြည်နယ် အတွင်းကဖြစ်စဉ် သတင်းတွေ ကိုပုံကြီး မချဲ့ ဖို့၊ သွေးထိုး လှုံဆော်သလို မရေးဖို့၊ ဖွဲ့စည်းပုံပုဒ်မ ၃၅၄ အရ လွတ်လပ်စွာရေးသား တင်ပြခွင့် ရှိပေမယ့် နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို မထိပါးဖို့ ၊ ပြန်ကြားရေး ၀န်ကြီးဌာနက ချမှတ်ထားတဲ့ အရေးယူမှု အပြင် ၅ (ည) နဲ့ထောင်ချလို့ ရတဲ့အကြောင်း - ပြောတဲ့အတွက် စာနယ်ဇင်းသမားတွေ အကြီး အကျယ် စိတ်ပျက်သွား ကြပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရ တဖွဲ့ချင်းစီက ဒီလိုခေါ် သတိပေးနေရင် သတင်း လွတ်လပ်ခွင့် အတွက် ဆိုးဝါးတဲ့ အခြေအနေ တရပ်ဖြစ်လာနိုင်တဲ့ အကြောင်းပြောကြပါတယ်။ စာနယ်ဇင်း သမားတွေကို ရန်ကုန်တိုင်းဝန် ကြီးချုပ်က ခေါ်ယူသတိပေး ၅ (ည) နဲ့ခြိမ်းခြောက်တာ၊ အရေးပေါ် အခြေအနေကြေညာတာ၊ သမ္မတ ဦးသိန်းစိန် ရဲ့မိန့်ခွန်းကို ရုပ်မြင် သံကြားကနေ အသံလွှင့်တာတွေ အားလုံးဟာ တဆက်တည်းဖြစ်လို့ အရင် နအဖ စစ်အုပ်စု ဗိုလ်ချုပ်ဟောင်းတွေ အားလုံး ကိုယ်စီ တာဝန်ခွဲဝေယူပြီး ရခိုင်ပြည်နယ်ထဲကဖြစ်စဉ်တွေ အပေါ် တုန့်ပြန် ဆောင် ရွက်ပြလိုက်တာ သာပဲဖြစ်ပါတယ်။ ကျောက်တော်က ဆယ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို မူဆလင် ကုလား လူ မျိုး - လို့ရေးသားဖေါ်ပြခဲ့ပြီး၊ ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ပြင်ဆင် ဖတ်ရှုပေးဖို့ အမှားပြင်ဆင်ချက် လုပ်ခဲ့ရတဲ့ အစိုးရပိုင် သတင်းစာတွေရဲ့ တာဝန်ရှိသူတွေ ကိုတော့ သတိပေး တားမြစ်တာမျိုး ကိုတော့ မကြားမိပါဘူး။

- သမ္မတရဲ့ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ဟာ ဖွဲ့စည်းပုံပုဒ်မ ၄၁၄ အရဆိုရင် အကျိုး သက်ရောက်သည့် နယ်မြေဒေသနှင့် အချိန် ကာလတို့ကို သတ်မှတ်ဖေါ်ပြရမည် လို့ရေးသားထားပေမယ့် ရခိုင်ပြည်နယ်အတွင်းဆို တာကိုသာဖေါ်ပြထားပြီး ရက်ကာလသတ်မှတ်မထားပါဘူး။ နောက်ထပ်အမိန့်မထုတ်မချင်းအတည်ဖြစ်တယ် လို့ရေးထားတဲ့အတွက် ဥပဒေအရလွဲချော်မှုရှိနေပါတယ်။ ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရခိုင် ပြည်နယ်ကျောက်နီမော်က မုဒိန်းမှု၊ လူသတ်မှုဖြစ်စဉ်ကနေ တဖြည်းဖြည်းကြီးထွားလာနေတဲ့ အကြမ်းဖက်မှု တွေကိုထိန်းသိမ်းဖို့ သမ္မတဦးသိန်းစိန်က ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၂) နဲ့အရေး ပေါ် အခြေအနေကြေညာချက် ထုတ်ပြန်တဲ့ ကိစ္စကို ပြည်ထောင်စု လွှတ်တော်တင်ပြီး အတည်ပြုချက် ယူရမယ့် ဖွဲ့ စည်းပုံပုဒ်မ ၂၁၂ ကလည်း ရှိပါသေးတယ်။ ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ကျိုးပမ်းဆောင်ရွက်နေပါတယ်လို့ပြောပြီး ၂၀၀၈ ဖွဲ့စည်းပုံကိုသုံး၊ အရေးပေါ် အခြေအနေ အကြောင်းပြချက်နဲ့ စစ် တပ်ကို လိုသလို အသုံးချနေတာကလည်း အနာဂတ်မှာ စစ်ဖက်နဲ့ အရပ်ဖက်နဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါ တယ်။ ရခိုင်ပြည်နယ် အရေးကြေညာချက် အပေါ် နမူနာယူပြီး လုပ်ထုံး လုပ်နည်းအမှားတွေ၊ တရား ဥပဒေ စိုးမိုးရေး လို့ပြောနေပေမယ့် စစ်တပ်ကိုပဲ ပါဝါအာဏာကုန် ပုံပေးထားရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်တွေကို စနစ်တ ကျ သုံးသပ် သင်ခန်းစာ ထုတ်နိုင်ကြဖို့ လိုအပ်နေပါသေးတယ်။

မင်းဝဏ်

Read More...

ဒေါ်စုနဲ့ ပြင်သစ်သမ္မတ ပူးတွဲသတင်းစာရှင်းလင်းပွဲ

ကိုသားညွန့်ဦး
အင်္ဂါ, 26 ဇွန် 2012

ပြင်သစ်နိုင်ငံကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ စနစ်ကို အထောက် အကူဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ တိုက်တွန်း သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို လန်ဒန်ကနေ အဝေးပြေး ရထားနဲ့ ရောက်ရှိလာတာဖြစ်ပြီး အဲဒီမှာတော့ ပြင်သစ် တာဝန်ရှိသူတွေ က ကြိုဆိုခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ တွေ့ဆုံပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ပါတယ်။ လက်ရှိ မြန်မာ နိုင်ငံရေး အခြေအနေတွေ အပြင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို သွားတာတွေနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက အကျဉ်းချုပ် တင်ဆက်ပေးပါလိမ့်မယ်။

“တကယ့် ဒီမိုကရေစီအခြေခံဆိုတာလူထုပါ၊ ဒါကြောင့် လူထုကို စွမ်းရည် မြှင့်တင်ပေးမယ့် အကူအညီ မျိုးတွေ လိုအပ်ပါတယ်။ ပြည်သူ လူထုရဲ့ လုပ်နိုင်စွမ်းရည်တွေ ဖွံ့ဖြိုး တိုးတက်လာအောင် လုပ်ပေးမယ့် အကူအညီမျိုးတွေ၊ အခွင့်အလမ်းသစ်တွေ ဖန်တီးပေးမယ့် အကူအညီ မျိုးတွေ လိုပါတယ်။”

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ သက်ဆိုင်သူ အားလုံး ပါဝင်ဖို့ လိုသလို စစ်မှန်တဲ့ အပြောင်းအလဲတွေပေါ်ဖို့ ဆိုရင် လူသစ်တွေနဲ့ လမ်းသစ်ဖောက်ဖို့ လိုမယ်လို့ လည်း မြန်မာ့ ဒီမို ကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။ ဖွံဖြိုးရေး အလေးပေးမလာ၊ ဒီမို ကရေစီ အလေးပေးမလား ဆိုတဲ့ ကိစ္စမှာတော့ နှစ်ခုစလုံးဟာ တနွယ်ငယ် တစင်ပါ ဆက်နွယ်နေတယ် ဆိုတာကို ရှင်းလင်း သွားပါတယ်။

“မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလိုအပ်နေတဲ့ တချိန်တည်းမှာ စီးပွားရေးအရ ဖွံ့ဖြိုးဖို့လည်း လိုအပ်ပါတယ်။ ဒီမိုကရေစီ လိုအပ်နေတာကို ဖွံ့ဖြိုး တိုးတက်မှုနဲ့ အစားထိုးခိုင်းလို့ မရပါဘူး။ ဖွံ့ဖြိုး တိုးတက်မှုတွေဟာ ဒီမို ကရေစီ အုတ်မြစ်ကို ခိုင်မာအောင် အသုံးပြု ရပါလိမ့်မယ်။ ကောင်းမွန်ကြံ့ခိုင်တဲ့ လူမှု အဖွဲ့အစည်းတွေ တည်ထောင်နိုင်ဖို့ ဆိုရင် ကျမတို့ နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေဟာ နိုင်ငံရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ တခုနဲ့တခု အပြန်အလှန် ဆက်နွယ်နေရပါလိမ့်မယ်။ ဒါဟာ သိပ်လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျမတို့အနေနဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရလိုပါ။ ဒီလို နှစ်တွေ အကြာကြီးနေခဲ့ရပေမယ့် အဲဒီနှစ်တွေမှာ ကျမတို့ရဲ့ လူငယ်တွေ နိုးထပြီး အနာဂတ်ကို တာဝန်ယူဖို့ ပြင်ဆင်ခဲ့ကြတာတွေကတော့ သိပ်ကို အားရစရာကောင်းတဲ့ အချက်ပါ။”

လူငယ်တွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့လည်း ပြောသွားရာမှာ အနာဂတ်အတွက် လူငယ်တွေရဲ့ စွမ်းရည်မြှင့်တင်ဖို့ လိုအပ်ချက်နဲ့ အထူးသဖြင့် လတ်တလောမှာ လူငယ်တွေအတွက် သက်မွေး ၀မ်းကျောင်း ပညာရပ်တွေလို အကူအညီမျိုးတွေ လိုအပ်ချက်ကိုလည်း ထည့်သွင်း ပြောသွားပါတယ်။

လူကြီးတွေက ဒီမိုကရေစီအခြေခံအုပ်မြစ်ကို ချပေးနေချိန်မှာ ဒီအုတ်မြစ်ကို ခိုင်ခန့်အောင် လူငယ်တွေ ဘက်က ထိမ်းသိမ်း ရမယ်လို့လည်း ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင်း အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆက်ဆံရာမှာတော့ ကိုယ်လိုချင်တာကို ရအောင် လုပ်တာထက် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် အဖြေကို ရှာဖွေ ဆောင်ရွက်နေတယ်လို့ ပြောသွားပါတယ်။ အပေးအယူ စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုရင်တော့ လက်တွေ့ ကျတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို ရွေးချယ်ဆောင်ရွက်နေတယ်လို့ ပြော ပါတယ်။

“ပြုပြင်ပြောင်းလဲရေးမှာ ပါတဲ့သူတွေကို ကျမ ယုံကြည်မှု ရှိပါသလား ဆိုတော့ ဒီအချိန်မှာ ယုံကြည်မှု ဆိုတဲ့ အသုံးအနှုန်းကို ပြောမနေ သင့်ဘူးလို့ ကျမမြင်ပါတယ်။ အလုပ် ဘယ်လောက် လုပ်ကြမလဲ၊ ဒီလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လမ်းကြောင်းမှန်ပေါ် ရှိနေဖို့ အတွက် ကျမတို့တော်တော်လေး ခက်ခက်ခဲခဲ အလုပ် လုပ်ကြရပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ သူတွေ ဘယ်လောက် အထိ ရိုးသားမှု ရှိတယ် ဆိုတာတော့ ကျမ မသိပါဘူး။

သမ္မတ အနေနဲ့ ရိုးသားမှု ရှိတယ် ဆိုတာတော့ ကျမယုံပါတယ်။ တခြား အစိုးရ အဖွဲ့ထဲမှာ ပါတဲ့သူတွေ ကိုယ်စားတော့ ကျမ ဘယ်သူ အတွက်မှ မပြောနိုင်ပါဘူး။ အရေးကြီးတာကတော့ ဒီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် လမ်းကြောင်း လွဲမသွားအောင်၊ နောက်ပြန် လှည့်မသွားအောင်ဘဲ ကျမတို့ ၀ိုင်းပြီး ပံ့ပိုးဖို့ပါ။ စစ်တပ် အနေနဲ့လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ ဒီမိုကရေစီ လိုလားတဲ့ သူတွေ အတွက်တင် မဟုတ်ဘဲ လူ့အဖွဲ့အစည်း တခုထဲက လူတစု အတွက်တင် မဟုတ်ဘဲ တတိုင်းပြည်လုံး အတွက် ဆိုတာ လက်ခံလာဖို့ လိုပါတယ်။”

နိုင်ငံတကာကူညီမှုတွေနဲ့ပတ်သက်လို့ကတော့ အခု ဥရောပ ခရီးစဉ် အတွင်းမှာ အာမခံချက်ပေးတဲ့နိုင်ငံတွေ ပူးပေါင်းဆောင်ရွက် လိုတဲ့ နိုင်ငံတွေ တွေ့ခဲ့ရတယ်လို့ ပြောဆို သွားပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဆိုတဲ့နေရာမှာတော့ ဒီမိုကရေစီ စနစ်ကို အားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုချင်တယ် ဆိုတာကို အဓိက ထောက်ပြပြောသွားပါတယ်။

“ရင်းနှီးမြှုပ်နှံမှုအားလုံးကို ကျမ လက်ခံတယ်လို့တော့ မပြောနိုင်ပါဘူး။ ကျမတို့ လိုချင်တာကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမိုကရေစီကို အထောက်အကူပြုရမယ်၊ လူ့အခွင့်အရေးကို အထောက် အကူပြုရမယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို ထိမ်းသိမ်း ကာကွယ်မယ့် ကျင့်ဝတ် အပြည့်အ၀ စောင့်စည်းမယ့် အခြေခံပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ပါ။”

မကြာသေးခင်က မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ် အတွင်းဖြစ် ခဲ့တဲ့ အဓိကရုန်းတွေနဲ့ ပတ်သက်လို့ အခြေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကိုလည်း မေးမြန်းကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ တရားဥပဒေ စိုးမိုးမှု အားနည်းတာနဲ့ ၀န်ထမ်းအချို့ အကျင့်ပျက်မှု လာဘ်စားမှုတွေကို ဖြေရှင်းဖို့ လိုမယ်လို့ ဖြေဆို သွားပါတယ်။

“အခု လတ်တလော အရင်ဆုံးဆောင်ရွက်ရမှာက တရားဥပဒေ စိုးမိုးမှု ရှိလာစေ ဖို့ပါ။ ရခိုင်ပြည်နယ် မှာဖြစ်နေတဲ့ ကိစ္စမှာ စဉ်းစားစရာ အချက် နှစ်ချက် ရှိပါတယ်။ တခုကတော့ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေ ကိစ္စပါ။ ဒီ နိုင်ငံသားဖြစ်မှု ဥပဒေဟာ နိုင်ငံတကာ စံနှုန်း စံထားနဲ့လည်း ကိုက်ညီရ ပါလိမ့်မယ်။ မျှမျှတတနဲ့ ထိထိရောက်ရောက်ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း ဥပဒေ စိုးမိုးရေး ကိစ္စကို ပြောနေတာပါ။ ကြီးကြီးမားမား ပြဿနာဖြစ်နေတာ တချက်က ဘယ်သူက နိုင်ငံသားလဲ ဘယ်သူက နိုင်ငံသား မဟုတ်ဘူးလဲ ဆိုတာ အငြင်းပွားနေတဲ့ ကိစ္စပါ။ ဒါကို နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေ အချက်အလက် အကောင်အထည်ဖော်ရေး အပိုင်းတွေနဲ့ပဲ ဆုံးဖြတ် ရပါမယ်။

ဝန်ထမ်းတွေရဲ့ အကျင့်ပျက်လာဘ်စားမှုကလည်း ကြီးမားတဲ့ ပြဿနာပါ။ လူဝင်မှု ကြီးကြပ်ရေး ဌာနက နယ်စပ်ဖြတ်ကျော် ကိစ္စရပ်တွေမှာ အကျင့်ပျက် လာဘ်စားမှုတွေ ရှိတယ် ဆိုပြီးတော့လည်း လူပြောများ ပါတယ်။ ၀န်ထမ်းတွေ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နိုင်မယ်၊ ဥပဒေကိုလည်း ထိထိရောက်ရောက် လိုက်နာ ကျင့်သုံးမယ် ဆိုရင် ပြဿနာ အချို့ကို ချက်ခြင်း ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီလို ကိစ္စမျိုးဆိုတာ နေချင်း ညချင်းတော့ ကိုင်တွယ်လို့ မရပါဘူး။ အချိန်ယူရပါမယ်။”

ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ရှိနေတဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်ကတော့ မြန်မာနိုင်ငံရဲ့ ဒီမို ကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်း တွေကို ပြင်သစ် အနေနဲ့ အတတ်နိုင်ဆုံး ကူညီ အားပေးသွားမယ် လို့ ပြင်သစ် ဘာသာ စကားနဲ့ ပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင် ပတ်သက်နေသူတွေ အားလုံးကို ထောက်ခံ သွားမှာဖြစ်ပြီး မြန်မာ သမ္မတ ဦးသိန်းစိန်ကိုလည်း ပြင်သစ်နိုင်ငံကို အလည် လာရောက်ဖို့ ဖိတ်ကြား လိုက်ပါတယ်။ ပြင်သစ် အခြေစိုက် တိုတယ်ရေနံ ကုမ္ပဏီအနေ နဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံရာမှာ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနဲ့ အလုပ်သမား အခွင့်အရေးတွေကို လေးစား လိုက်နာနေပြီး အကယ်လို့ ဒီအပေါ် မကျေမနပ် တိုင်ကြားမှု ရှိရင်လည်း သူသိလိုတယ် လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။

ပြင်သစ်သမ္မတနဲ့အတူ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည်ပြောဆို သွားတာတွေကို အနှစ်ချုပ် တင်ဆက်ပေးသွား တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၇ ရက်ကြာ ဥရောပ ခရီးစဉ် အတွင်း အခု ပြင်သစ်နိုင်ငံကို နောက်ဆုံး ၀င်ရောက်လာခြင်းဖြစ်ပါတယ်။ အရင် ဆွစ်ဇာလန်၊ အိုင်ယာ လန်၊ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေမှာ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံ အကြီးအကဲ တဦးလို နိုင်ငံတွေက ဆက်ဆံ ကြိုဆို သလိုပဲ အခု ပြင်သစ် ခရီးစဉ်မှာလည်း နိုင်ငံအကြီးအကဲ တဦး လာရောက်သလို ပြင်သစ် သမ္မတနဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့သလို မနေ့ညပိုင်းမှာ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း က ဒေါ်အောင်ဆန်းစုကြည်ကို ညစာ သမ္မတရဲ့ Elysee နန်းတော်မှာ ညစာ တည်းခင်း ဧည့်ခံပါတယ်။

လူ့အခွင့်အရေးအတွက် သူမတူအောင် ရုန်းကန်ကြိုးပမ်း တိုက်ပွဲဝင်မှု အတွက် ဒေါ်အောင်ဆန်းစုကြည် ကို ပြင်သစ်နိုင်ငံ အနေနဲ့ ဂုဏ်ပြု ကြိုဆိုမှာ ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဌာနကလည်း ကြေညာခဲ့ ပါတယ်။ ဒီကနေ့မှာတော့ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး Laurent Fabius နဲ့ တွေ့ဆုံပြီး နိုင်ငံခြားရေး အဆောက်အအုံ ၀န်းထဲမှာ လွတ်မြောက်ရေး အမှတ်တရ သစ်ပင်ကိုလည်း စိုက်ပျိုးဖို့ အစီအစဉ်ရှိပါတယ်။ ဒီကနေ့ ညပိုင်းမှာတော့ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးက ညစာ တည်ခင်းဧည်ခံဖို့ ရှိပါတယ်။

ဒါ့အပြင် ပြင်သစ်လွှတ်တော်နှစ်ရပ်က ခေါင်းဆောင်တွေ၊ ပြင်သစ်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိသလို ပြင်သစ်မှာ ရှိတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နောက် မြန်မာ အသိုင်းအ၀ိုင်းကိုလည်း သီးခြားတွေ့ဆုံမှာဖြစ်ပါတယ်။ ပါရီမြို့တော်ဝန် ကလည်း အရင် ချီးမြှင့် ထားတဲ့ ဂုဏ်ထူးဆောင်နိုင်ငံသား ဆုကို ကိုယ်တိုင် အပ်နှင်းပွဲ အထိမ်းအမှတ် ကိုလည်း ပြုလုပ်ဖို့ရှိပါတယ်။ နောက်ဆုံးနေ့မှာတော့ ပြင်သစ်နိုင်ငံ Sorbonne တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ အမေးအဖြေ ဆွေးနွေးခန်း ပြုလုပ်မယ်လို့လည်း သိရပါတယ်။

ဒီကနေ့မှာတော့ တချိန်က နာဇီဖက်ဆစ်တွေကို ခုခံတော်လှန်ခဲ့တဲ့ နာမည်ကြီး ပြင်သစ်တော်လှန်ရေး သမား အသက် ၉၀ ကျော် အရွယ် Stephane Hessel နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ Mr.Hessel ဟာ ဒုတိယ ကမ္ဘာစစ်ပြီးနောက် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ပဋိဉာဉ်စာတမ်းကို တည်းဖြတ် ပြုစုခဲ့သူတဦးလည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

စစ်တွေ ကယ်ဆယ်ရေးစခန်းများတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စု စိစစ်

ကျော်ခ
June 25, 2012

ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများတွင် ပြည်နယ် အစိုးရနှင့် လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ (လဝက) တို့ ပူးပေါင်းကာ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်များ စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

“အိမ်ထောင်စုစာရင်းရော မှတ်ပုံတင်ရော စစ်တာပါ၊ ဒီလူတွေကို စိစစ်ပြီးပြန်သွင်းရမယ့် အခါကြတော့ သေချာအောင် အဲဒီ အတွက် စစ်တာပါ၊ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း မရှိတဲ့ လူတွေကိုတော့ လဝက အဖွဲ့က သူ့တို့ ဥပဒေအတိုင်း သူတို့ လုပ်မှာပါ”ဟု ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်း ထားသော ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီသို့ ပြောသည်။

ယခုလဆန်းပိုင်းက စစ်တွေမြို့ပေါ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မြို့ပေါ်ရှိ ဘင်္ဂါလီ များအား ၎င်းတို့အတွက် မြို့ပြင်တွင် သီးသန့်ပြုလုပ်ပေးထားသော သဲချောင်းနှင့် သက်ကယ်ပြင် ကျေးရွာများရှိ ဒုက္ခသည် စခန်းများကို ဒေသဆိုင်ရာ အာဏာပိုင် များက ပို့ဆောင်ပေးခဲ့သည်။ ထိုစခန်းများတွင် စုစုပေါင်း ဒုက္ခသည် ၃ သောင်းကျော် ရှိကြောင်း သိရသည်။

အလားတူ မကြာမီရက်ပိုင်း အတွင်းကလည်း စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ ဘင်္ဂါလီ လူမျိုးများ နေထိုင်ရာ အိမ်များကို အာဏာပိုင် များက အိမ်ထောင်စု စာရင်းများ ဝင်ရောက် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားစေရန် အတွက် ဘင်္ဂါလီများကို မြို့ပြင်ရှိ စခန်းများသို့ ခေါ်ဆောင် သွားကြောင်း စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော် က ပြောပြ သည်။

“ဒီစစ်တွေမြို့ပေါ် သူတို့နေတဲ့ ရပ်ကွက်က အိမ်တွေမှာဆို အိမ်ရှင် မဟုတ်ဘဲ ဧည့်သည် အဖြစ်နဲ့ ဟိုက၊ ဒီကနေ လာပြီး စုနေတဲ့ လူ တွေ အများကြီး ရှိတယ်၊ ကျနော်တို့ သိတဲ့ အိမ်တအိမ်မှာ ဆိုရင်တောင် တအိမ်တည်း လူ ၇၀ လောက်ကို ရှိနေတာ၊ မြို့ပေါ်မှာ မီးရှို့တာ၊ အကြမ်းဖက် တာတွေဖြစ်တော့ အစိုးရက စစ်လို့ဆေးလို့ မရတော့တဲ့ အတွက်ကြောင့် အိမ်ထောင်စု စာရင်းတွေ စစ်ပြီး အထောက် အထား မရှိတဲ့လူတွေကို ဒုက္ခသည် စခန်းတွေကို ပို့တာပေါ့”ဟု ဦးအောင်မြကျော် က ပြောသည်။

ရခိုင်ပြည်နယ် အခြေစိုက် မြန်မာ မွတ်စလင် အိုလမာ အဖွဲ့ချုပ် တာဝန်ရှိသူ ဦးစိန်ဝင်း ကလည်း“ဆွေမျိုး သားချင်းတွေ၊ အိမ်နီးနားချင်း တွေ အိမ်ကိုရောက်နေတဲ့ လူတွေကို ပြောင်းရွှေ့ပြီးတော့ တပ်က ပို့ပေးနေတယ်လို့ သတင်း ရပါတယ်”ဟု ဧရာဝတီသို့ ပြော သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့ကြီးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီယာ လာရောက်စဉ် တွေ့ဆုံခဲ့ကြပြီးနောက် ရခိုင်ပြည်နယ် ဒုက္ခသည်များ ပံ့ပိုးကူညီရေး ကော်မတီ အဖွဲ့ ကို ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့က ဒုက္ခသည်စခန်းများကို ဆေးဝါး၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် ဆန်များ သွားရောက် လှူဒါန်းပေးရန် အဆင်သင့်ဖြစ် နေပြီဖြစ်ကြောင်း အစိုးရ၏ ခွင့်ပြုချက် ရသည်နှင့် ဒုက္ခသည်များထံ တိုက်ရိုက် သွားလှူမည်ဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့လည်း အလှူငွေတွေစုပြီးတော့ အားလုံးကို သွားပြီးလှူဒါန်းဖို့ ရှိပါတယ်။ မွတ်စလင် ဒုက္ခသည် အရေ အတွက်ကတော့ အတိအကျ ကျနော်တို့ဆီကို သတင်း မရောက်သေးပါဘူး ခင်ဗျ”ဟု ရခိုင်ပြည်နယ် ဒုက္ခသည်များ ပံ့ပိုးကူညီရေး ကော်မတီ အဖွဲ့ အတွင်းရေးမှူး ဦးကိုကိုလတ် က ပြောသည်။

အကြမ်းဖက်မှုများကြောင့် ထွက်ပြေးခိုလှုံနေရသူ ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိကြောင်း အစိုးရ တာဝန်ရှိသူများက ပြောဆို သော် လည်း ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့က စုစုပေါင်း ဒုက္ခသည် ဦးရေ ၉၀၀၀၀ ခန့် ရှိကြောင်း စာရင်း ဖော်ပြခဲ့သည်။

ဇွန်လ ၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ အကြမ်းဖက်မှု များကြောင့် ရခိုင်ပြည်နယ် အတွင်း သေဆုံးသူ စုစုပေါင်း ၆၂ ဦး ရှိသွားပြီဖြစ်ပြီး အများစုမှာ ရခိုင်လူမျိုးများဖြစ်ကြသည်ဟု အစိုးရက ထုတ်ပြန် ထားသည်။

Ref: ဧရာဝတီ

Read More...

မြန်မာဘက်ပို့မယ့် လက်နက်မျိုးစုံ ထိုင်းရဲဖမ်းမိ

2012-06-26

မြန်မာနိုင်ငံဘက်ခြမ်းကို တင်ပို့ရောင်းချမယ်လို့ ယူဆရတဲ့ ထိုင်းဘတ်ငွေ (၅) သန်းခန့် တန်ဖိုးရှိတဲ့ လက်နက်မျိုးစုံ (၄၇) လက်ကို ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ထိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဇွန်လ (၂၅) ရက်နေ့ ညနေပိုင်းက ဖမ်းဆီး မိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေဆီက သတင်း ရရှိပါတယ်။

အဲဒီ လက်နက်တွေဟာ ရွှေတြိဂံနယ်မြေက လာတာဖြစ်ပြီး ထိုင်းလက်နက် ရောင်းဝယ်သူတွေဆီက တဆင့် မြန်မာနိုင်ငံ တာချီလိတ် ဘက်ကို ရောင်းချမယ်လို့ ယူဆရကြောင်း ထိုင်းရဲက ပြောပါတယ်။

RPG လောင်ချာ ၁၂ လက်နဲ့ ဗုံးသီး ၉ လုံး၊ AK 47 မောင်းပြန်ရိုင်ဖယ် ၁၇ လက်၊ M 79 လောင်ချာ ၁၂ လက်နဲ့ M 16 မောင်းပြန် ရိုင်ဖယ် ၆ လက် ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။

အခုလို ဖမ်းဆီးရမိခဲ့တာဟာ လက်နက်ရောင်းဝယ်သူ တချို့ဆီက ရရှိတဲ့ သတင်းအရ နယ်မြေခံ စစ်တပ် အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်တွေက ပြီးခဲ့တဲ့ ရက်ပိုင်း ကတည်းက စောင့်ကြည့်နေခဲ့ တာဖြစ်ပြီး မယ်ဆိုင်မြို့ ပုံဖာရပ်ကွက် အတွင်း မသင်္ကာဖွယ် နေအိမ် တစ်အိမ်ကို ၀င်ရောက် စစ်ဆေးခဲ့ရာက အသက် ၄၈ နှစ်အရွယ် ထိုင်းနိုင်ငံသား တစ်ဦးနဲ့ အတူ လက်နက်တွေ ဖမ်းဆီးရမိခဲ့တာ ဖြစ် တယ်လို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားရဲ့ ထွက်ဆိုချက်အရ ထိုင်း မြန်မာ နယ်စပ် အနီးက ပြောင်းဖူး စိုက်ခင်းဆီကို သယ်ယူ ပို့ဆောင်ပေးဖို့ အတွက် သူ့ရဲ့နေအိမ်မှာ ခေတ္တ သိမ်းဆည်းထားတာဖြစ်ပြီး သယ်ပို့ခ အဖြစ် တစ်ခေါက်ကို ထိုင်းဘတ်ငွေ တစ်သောင်း ရရှိကြောင်း၊ အရင်ကလည်း တစ်ခေါက်သယ်ပို့ ပေးခဲ့ဖူးကြောင်း ထွက်ဆိုခဲ့တဲ့ အတွက် ဥပဒေအရ အရေး ယူထားတယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြော ဆိုပါတယ်။

တဆက်တည်းမှာပဲ တာချီလိတ်နဲ့ မယ်ဆိုင်ကြားက မယ်ဆိုင်ချောင်း အနီးမှာ မြန်မာနိုင်ငံဘက်က ကူးဖြတ်လာသူ တစ်ဦးကို ထိုင်း အမှတ် (၃) မြင်းတပ်က တားဆီး စစ်ဆေးခဲ့ရာမှာ ဟီးရိုးအင်း ဘိန်းဖြူ (၃) ကီလိုကျော် ပါတဲ့ အိတ်ကိုသာ ဖမ်းဆီး ရမိပြီး သယ်ဆောင် လာသူကတော့ ထွက်ပြေး လွတ်မြောက် သွားခဲ့တယ်လို့ ထိုင်း စစ်တပ် အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။

Ref: RFA News

Read More...

ရခိုင်ပြည်နယ် ပဋိပက္ခ သေဆုံးသူ ၇၈ ယောက်ရှိကြောင်း အစိုးရဖော်ပြ

2012-06-26

အစိုးရ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ စာရင်းဇယားအရ - ဌာနေ ရခိုင် တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေကြား ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မေလ (၂၈) ရက်ကနေ ဇွန်လ (၂၄) ရက်အထိ နှစ်ဘက် တိုက်ခိုက်မှုပေါင်း ( ၉၂) ကြိမ် ဖြစ်ပွား ခဲ့ရာမှာ စုစုပေါင်း သေဆုံးသူ (၇၈) ယောက်၊ ထိခိုက် ဒဏ်ရာရသူ အရပ်သား (၈၅) ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် (၂) ယောက်၊ မီးလောင်ကျွမ်း ပျက်စီးခဲ့ ရတဲ့ အိမ်ခြေပေါင်း (၃၁၅၈) လုံး ရှိကြောင်း ဖော်ပြ ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေ ကိစ္စနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးကြဖို့ အမေရိကန် အစိုးရက တိုက်တွန်းကြောင်း လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က မနေ့က ကျင်းပတဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ရာမှာ -

မိမိတို့ အနေနဲ့ နှစ်နိုင်ငံအစိုးရတွေနဲ့ ဆက်သွယ် ထားပါတယ်။ ဒုက္ခသည်တွေ အတွက် နယ်စပ်ကို ဖွင့်ပေးဖို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းနေတာပါပဲ။ အခု အခါ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ ဟာ မြန်မာ အစိုးရနဲ့အတူ ပူးပေါင်း ဆောင်ရွက်နေပြီး ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေတဲ့ အပေါ် ထောက်ခံ အားပေးပါတယ်။ အလားတူ ကုလသမဂ္ဂဟာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့လည်း သွားရောက်တွေ့ဆုံ မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့တွေ့ ဆုံ ဆွေးနွေးကြမယ် ဆိုတာလည်း အင်မတန်ကောင်းပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြ ရတဲ့ ဒုက္ခသည်တွေ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ WFP၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF စတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ ပြင်ဆင်နေ ကြပါတယ်။

Ref: RFA News

Read More...

မြေသိမ်းခံ လယ်သမားများ မရွှေ့ပြောင်း၍ တရားစွဲခံရ

နေမျိုး
အင်္ဂါနေ့၊ ဇွန်လ ၂၆ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ စီမံကိန်းနယ်မြေအတွင်း ကျရောက်၍ လယ်ယာမြေ အသိမ်း ခံရသော်လည်း ဖယ်မပေး ကြသည့် နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ ရွာသစ်ကျေးရွာရှိ လယ်သမား ၁၂ ဦးအား စည်ပင် သာယာ ဥပဒေဖြင့် တရား စွဲဆိုထားကြောင်း သိရသည်။

၎င်းတို့ပိုင် လယ်ယာများအား ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ သိမ်းယူမည် ဖြစ်သော်လည်း ပေးလျော်သည့် ငွေကြေးလည်း မကျေနပ်၍ လက်မခံ၊ နေရာလည်း ရွှေ့ပြောင်း မပေးကြ၍ ဇမ္ဗူသီရိ မြို့နယ် တရားရုံးတွင် စွဲဆိုခြင်း ခံနေရကြောင်း တရားစွဲဆိုခံရသူ လယ်သမား တဦးဖြစ်သည့် ကိုဝင်းအောင် က ပြောသည်။

“ငွေပဲပေးတယ်။ တခြား ရွှေ့ပြောင်းစရာနေရာ မပေးပါဘူးခင်ဗျ။ သူတို့ပေးတဲ့ ငွေကို ကျနော်တို့က ဒီနေ့ ဒီအချိန်ထိ မယူသေး ပါဘူးခင်ဗျ။ သူတို့ပေးတဲ့ ငွေနဲ့ ကျနော်တို့ မိသားစုတွေ အခြားတနေရာမှာ အခြေချဖို့ ဘယ်လိုမှကို မလုံလောက်ပါဘူး ခင်ဗျ။ ကျနော်တို့ တောင်သူ ၁၂ ဦးက သူတို့ဆီက တပြားတချပ်မှ မယူထားပါဘူးခင်ဗျ။ လက်မှတ်လည်း ထိုးမထားပါဘူးခင်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

တဲများ ဖျက်ပေးရန်နှင့် လျော်ကြေးငွေ လာရောက် ထုတ်ယူရန် စည်ပင်သာယာရုံးမှ သုံးကြိမ် အကြောင်းကြားသော် လည်း ထိုလယ်သမား များက သွားထုတ်ခြင်း မရှိသလို တဲများလည်း မဖျက်ကြောင်း သိရသည်။

ရွာသစ်ကျေးရွာမှ လယ်သမား ၉၄ ဦးအတွက် လျော်ကြေးအဖြစ် လယ်တဧကလျှင် နှစ်သိန်း၊ ယာ တဧကလျှင် တသိန်းနှုန်း ပေးသော်လည်း ထိုအထဲမှ ၎င်းတို့ ၁၂ ဦးသည် ရွှေ့ပြောင်းနိုင်သည့်ငွေကြေး မရှိ၍ သမ္မတထံ အသနားခံမည်ဟု သူက ဆက်ပြောသည်။

“လျော်ကြေးရငွေနဲ့ မြေဝယ်ဖို့ကြည့်တာ၊ ဈေးနှုန်းကိုက ကျနော်တို့မိသားစု ရပ်တည်ဖို့ရာ ဘယ်လိုမှ မဖြစ်ပါဘူးဗျ။ ဒါကြောင့် ကျနော်တို့က အသနားခံပြီး တောင်သူတွေကို မြေတနေရာ ချထားပေးဖို့ပြောပါမယ်။ အခြားရွှေ့ပြောင်းစရာ
နေရာ ချထားပေးရင် ကျနော်တို့က ရွှေ့ပြောင်းပေးမှာပါ။ အဲဒီကိစ္စ ကျနော်တို့ တောင်သူ ၁၂ ဦးကိုယ်တိုင် သမ္မတကြီး ဆီ အသနားခံစာ ဖြစ်ဖြစ်၊ သမ္မတကြီးဆီ မရောက်ရောက်အောင် သွားပြီးတော့ အသနားခံပါမယ်” ဟု ကိုဝင်းအောင် က ပြောသည်။

လယ်သမားများအနေဖြင့် ကာလပေါက်ဈေးအတိုင်း လျော်ကြေး ရရှိပါက ရွှေ့ပြောင်းပေးမည်ဟုလည်း သိရသည်။

စည်ပင်သာယာမှ စွဲဆိုထားသည့် အမှုကို လယ်သမားများသည် မေ ၃၁ ရက်မှ ဇွန်လ ၂၆ ရက်နေ့အထိ ရုံးချိန်း ၃ ကြိမ် ရင်ဆိုင်ခဲ့ရပြီး ဇွန် ၂၇ ရက်နေ့တွင် ထပ်မံချိန်းဆိုထားသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ရောက်ရှိ

2012-06-26

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကနေ ဒီနေ့ ပြင်သစ် စံတော်ချိန် မွန်းလွဲပိုင်း မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ကို ရောက်ရှိခဲ့ ပါတယ်။

ဒီကနေ့ ညပိုင်းမှာ အယ်လီးဇီ-နန်းတော်မှာ ပြင်သစ်သမ္မတ ဖရန်ဆွာ အိုလန် (ဒ်) Francois Hollande တည်ခင်းတဲ့ ညစာစားပွဲ တက်ရောက်ပြီးနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။

၃ ရက်ကြာ ပြင်သစ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဟာ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် အစိုးရ ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံမှာပါ။ မနက်ဖြန် မနက်မှာတော့ ပြင်သစ်ရောက် မြန်မာ အသိုင်းအဝိုင်းနဲ့ ပဲရစ် မြို့တော်ခန်းမမှာ တွေ့မယ်လို့ သိရပါတယ်။

မြန်မာ အသိုင်းအဝိုင်းနဲ့ တွေ့ဆုံပြီးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၄ ခုနှစ်မှာ ချီးမြှင့်ထားတဲ့ “ပဲရစ် ဂုဏ်ထူးဆောင် မြို့သားဘွဲ့” အပ်နှင်းတဲ့ အခမ်းအနား တက်ရောက်မယ်လို့ မြန်မာ့အရေး လှုပ်ရှားသူ ဦးအောင်ကိုက ပြောပါတယ်။

"ပဲရစ်က ဒေါ်စုကို ဂရဝပြု ကြိုဆိုနိုင်ဖို့ ဗမာလူမျိုး ၁၅၀ ကို သူတို့ခွင့်ပြုတယ်။ မနက်ဖြန်ခါမှာ ဗမာတွေနဲ့ တွေ့ရမယ်။ ပြီးလို့ ရှိရင် နေ့လည်ပိုင်းကျလို့ရှိရင် ဒေါ်စုကို ၂၀၀၄ ခုနှစ်တုန်းက Honorary Citizen ဆိုတာလေ၊ ပဲရစ်ပေါ့။ အဲဒီဆုကို ဒေါ်စုကို ပြန်ပြီးတော့ တိုက်ရိုက်ပေးမယ်။ အဲတာကတော့ ပဲရစ်မြို့တော်ခန်းမမှာ"

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက် ပြင်သစ်နိုင်ငံကို ခရီးမဆက်ခင်မှာ ဗြိတိန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Nick Clegg နဲ့ တွေ့ဆုံ ခဲ့သလို လေဘာပါတီ ဌာနချုပ် ကိုလည်း သွားရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ဦးခွန်သာမြင့်က RFA ကို ဒီကနေ့ ပြောကြားပါတယ်။

Ref: RFA News

Read More...

ဝန်ကြီး ဦးအောင်မင်း တရက်တည်းနှင့် တွေ့ဆုံဆွေးနွေးမှု ငါးခုလုပ်

ဟင်္သာနီ (မွန်မြေ)
အင်္ဂါနေ့၊ ဇွန်လ ၂၆ ရက် ၂၀၁၂ ခုနှစ် ၂၂

စံခလပူရီ (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း အပါအဝင် အဖွဲ့အစည်း ငါးခုနှင့် အင်္ဂါနေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

မဲဆောက်မြို့ပြင်ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်ကြည့်ရှု ခဲ့ပြီးနောက် ဝန်ကြီး ဦးအောင်မင်းနှင့် ဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်သည့် ၇ ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် Wattana Village Resort တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ အတိုက်အခံ အဖွဲ့ လေးခုအား သီးခြားစီ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံမှု အများစုမှာ အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါက်တာနိုင်အောင် ဦးဆောင်သည့် မြန်မာပြည်ဒီမိုကရေစီ အဖွဲ့ချုပ် FDB ကိုယ်စားလှယ် အဖွဲ့နှင့် ဦးအောင်မင်းတို့ တွေ့ဆုံစဉ် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ် ဖြစ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနှင့်
ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

“ဒီအချက်တွေက အရင်တခေါက် ဖေဖော်ဝါရီလမှာ ချင်းမိုင်မြို့မှာ တွေ့တုန်း ကလည်း ကျနော်တို့ တင်ပြ ဖူးပါတယ်။ လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးမှုက တဆင့် အခြေခံ ဥပဒေ အရ ခွင့်ပြုထားတဲ့ သဘောတူနိုင်တဲ့ အချက်တွေကို
ဆွေးနွေးကြဖို့၊ ကျန်တဲ့ အချက်တွေကို လွှတ်တော်မှာ ဆက်လက် တင်ပြဖို့ အဲဒီလုပ်ငန်း စဉ်တွေကို လုပ်ဆောင် နိုင်ဖို့
ဆွေးနွေး ကြတယ်” ဟု ဒေါက်တာနိုင်အောင် က မဇ္ဈိမကို ပြောသည်။

ပြည်ပရောက် အင်အားစုများအား တိုင်းပြည် ထူထောင်ရေး ကိစ္စရပ်များအား ပြည်တွင်းသို့ ပြန်လာ၍ လုပ်ဆောင်ရန် သမ္မတကြီး ဦးသိန်းစိန်က ဖိတ်ခေါ်ကြောင်း ဦးအောင်မင်းမှ တဆင့် ပြောကြားခဲ့သည်။

မတရားအသင်း ကြေညာခြင်း ခံထားရသည့် အဖွဲ့အစည်းများအား ပြန်လည် လက်ခံဖွယ် ရှိပြီး ရာဇဝတ်ပြစ်မှု ကျူးလွန်သူများ ထိုက်သင့်သည့် ပြစ်ဒဏ် ကျခံစေရန်မှ အခြားသူများအား ကင်းလွတ်ခွင့် ပေးနိုင်မည့် အနေအထား ရှိကြောင်း ဝန်ကြီး အဖွဲ့မှ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

သို့သော် ပြည်တွင်း၌ နိုင်ငံရေး လွတ်လပ်ခွင့် မရှိသေးခြင်း၊ လွှတ်တော်၌ စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ရယူထားခြင်း ကိစ္စရပ်၊ ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စရပ်များမှာ ပြည်တွင်းသို့ ပြန်လည်၍ လုပ်ကိုင်ရန် အတွက် အတားအဆီးကြီး အဖြစ် ရှိနေဆဲဖြစ်ကြောင်း FDB မှ တင်ပြခဲ့သည်။

ဆွေးနွေးပွဲတွင် ဦးအောင်မင်းက “ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီးတော့ ပြောင်းလဲ သင့်တဲ့ အပြောင်းအလဲကို လွှတ်တော်ထဲမှာ တင်ပြ လာလို့ရှိရင် တပ်မတော် အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက်တွေဆိုရင် ပူးပေါင်း လုပ်ဆောင် သွားမှာပဲပေါ့။ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ တုန်းကလည်း NLD ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ဥပဒေတွေကို ပြင်ဆင်တဲ့
နေရာမှာလည်း တပ်မတော်က မဲပေးပြီး ထောက်ခံခဲ့တာပဲ” ဟု ပြောကြောင်း ဒေါက်တာနိုင်အောင်က ပြန်လည် ရှင်းပြသည်။

ထို့အတူ NLD-LA မှ ဒေါက်တာအေးကျော် ဦးဆောင်သည့် ငါးဦးပါ ကိုယ်စားလှယ် အဖွဲ့ကလည်း ပြည်တွင်း၌ ဒီမိုကရေစီ လုပ်ငန်းစဉ်များ ပြန်လည် လုပ်ကိုင် နိုင်ရေးနှင့် ပြည်တော် ပြန်နိုင်ရေး ကိစ္စရပ်များအတွက် ညနေ ၄ နာရီ ခွဲခန့်တွင် ဦးအောင်မင်း တို့နှင့် ဆွေးနွေးခဲ့ပြီး NLD-LA အား မတရားအသင်း အဖြစ် ကြေညာထားခြင်း ခံရမှုအား ဖျက်သိမ်းပေးရန် တောင်းဆို တင်ပြခဲ့သည်။

“ဝန်ကြီးတို့ ဘက်ကတော့ အထဲကို ပြန်လာပြီး အထဲမှာ ပြန်လုပ်ဖို့ ပြောပါတယ်။ ကျနော်တို့က ၁၇(၁) တွေ ရှိနေသေး တယ် ဆိုတဲ့ အချက်ကို ထောက်ပြပါတယ်။ ဒါကို ဘယ်လို ကျော်ဖြတ်ကြမလဲပေါ့။ သူတို့ဘက်က ပြန်လည် ဖြေကြားတဲ့ အနေအထား ကလည်း အားရစရာ ကောင်းပါတယ်။ ဒီကိစ္စတွေကို ဥပဒေနဲ့ အညီ ရှင်းလင်း ဆောင်ရွက် သွားမယ်၊ နောက်ဆုံး သမ္မတကြီးဆီ တင်ပြ သွားပြီးတော့မှ ပြန်လာလို့ ရအောင် စီစဉ် ဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်” ဟု NLD-LA ခေါင်းဆောင် ဦးမြင့်သိန်း က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ကချင်စစ်ပွဲ ရပ်ဆိုင်းရေးနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ABSDF အဖွဲ့နှင့် ဦးအောင်မင်းတို့ တွေ့ဆုံပွဲမှာမူ အမြင် ဖလှယ်သည့် အလွတ်သဘော တွေ့ဆုံမှုသာ ဖြစ်ကြောင်းနှင့် တင်ပြတောင်းဆိုမှု မရှိကြောင်း ABSDF ၏ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း က ပြောသည်။

“ကျနော်တို့ ဝန်ကြီးကို နှုတ်ဆက်တယ်။ အမြင်ချင်း ဖလှယ်ကြတဲ့ အဆင့်လောက်ပါပဲ။ ထွေထွေ ထူးထူး တင်ပြပြီး ဆုံးဖြတ် သဘော တူကြတာတော့ မရှိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဒေါက်တာ စင်သီယာမောင်နှင့် မယ်တော် ဆေးခန်း၌ တွေ့ဆုံ ခဲ့ရာတွင်လည်း ဆေးခန်းအား တရားဝင် ဆေးခန်း အဖြစ် သတ်မှတ်နိုင်ရေး အတွက် ကြိုးပမ်း သွားမည်ဟု ဦးအောင်မင်းက ပြောကြောင်း သိရသည်။

နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားများအား ကျန်းမာရေး ကူညီစောင့်ရှောက်မှု ပေးနေသည့် မယ်တော် ဆေးခန်း အခက်အခဲများ၊ ကျန်းမားရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များနှင့် ပညာရေး လူမှုရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၇ ရက်နေ့၌ မယ်တော် ဆေးခန်းသို့ ဦးအောင်မင်း ထပ်မံ သွားရောက်၍ အလှူငွေ ပေးအပ်မည် ဖြစ်သည်။

“မနှစ်က ဆိုရင် မြန်မာပြည်သား တသိန်း နှစ်သောင်းလောက် ကုသ ပေးခဲ့တယ်။ တလကို လူတသောင်းလောက် ရှိပါတယ်။ အဲဒီ လူနာတွေရဲ့ လိုအပ်ချက်တွေ ရှိပါတယ်။ အစိုးရ တဖွဲ့ ဖြစ်လာရင် အားလုံးအတွက် လိုအပ်မယ့် အချက်ကို လုပ်ပေးချင်တဲ့ စေတနာနဲ့ ဒီလို လုပ်တာဖြစ်တယ်” ဟု အကျိုးဆောင် ကိုညိုအုန်းမြင့် က ပြောပါသည်။

KNU နှင့် ဦး အောင်မင်းတို့ တွေ့ဆုံပွဲ၌မူ ဆက်ဆံရေးရုံး ထားရှိရေး၊ အမျိုးသား မှတ်ပုံတင် ကိစ္စ၊ ရွှေတူး လုပ်ငန်းကြောင့် လယ်ယာမြေများ ပျက်စီးရမှု၊ မြေအသိမ်းခံရမှု စသည့်အချက်များကို ဆွေးနွေး ခဲ့ကြသည်။

“ဒီအကြောင်းအရာတွေက အကြောင်းအရာဟောင်းပါပဲ။ ပိုပြီး ခိုင်လုံအောင် တင်ပြဆွေးနွေး တာပါ။ နောက် တပ်မဟာ (၅) ဘက်မှာ ဒေသခံတွေ သွားလာနေတာ စစ်တပ်က ခြိမ်းခြောက် နေတာတွေလည်း တင်ပြခဲ့ပါတယ်။ အစိုးရဘက် က KNU နဲ့ သဘောတူ ထားပြီးသားဖြစ်တဲ့ နေရာတွေမှာ ဆက်ဆံရေး ရုံးသစ်တွေ တိုးချဲ့ ဖွင့်လှစ်ဖို့ တောင်းဆိုထား ပေမယ့် လိုအပ်တဲ့ လူဦးရေနဲ့ အထောက် အပံကြောင့် မြန်မြန် တိုးချဲ့ မဖွင့်နိုင်သေးတာ ရှိတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ KNU အရာရှိတဦးက ပြောသည်။

KNU နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့ နောက်ထပ် တွေ့ဆုံရန် ရှိပြီး သြဂုတ် လလောက်၌ ဖြစ်နိုင်ဖွယ် ရှိကြောင်း အဆိုပါ အရာရှိက ပြောသည်။

ဦးအောင်မင်းနှင့် ဦးခင်ရီတို့ ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တွင် ဦးငွေစိုး၊ ဦးတင်မောင်သန်း၊ ဦးကိုကိုမောင်၊ ဦးလှမောင်ရွှေ၊ မစု နှင့် မစန္ဒာမြင့်သိန်းတို့ ပါဝင်ကြပြီး တနင်္လာနေ့ ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနှင့် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့နှင့်လည်း ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

တွေ့ဆုံပြီးအဖွဲ့များအား နောက်ထပ် တွေ့ရန် အစီအစဉ် ရှိသော်လည်း ရက်သတ်မှတ် ထားခြင်း မရှိသေးကြောင်း သိရှိရသည်။

Ref: မဇ္ဈိမ

Read More...

တောင်ကုတ် လူသတ်မှု ဒေသခံများနှင့် မပတ်သက်ဟု ဆို

ခင်ဦးသာ
June 26, 2012

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဇွန်လ ၃ ရက်နေ့ညက လူ ၁၀ ဦးအား သတ်ဖြတ်ခဲ့ သူများသည် တောင်ကုတ်ဒေသခံများ မဟုတ်နိုင်ကြောင်း သိရသည်။

ထိုလူသတ်မှုနှင့်ပတ်သတ်၍ တောင်ကုတ်မြို့မှ လူ ၅၀ ကျော်အား ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အကြီး အကဲနှင့် မြို့နယ် အာဏာပိုင် အဖွဲ့ဝင် များက အဓိက စစ်ဆေးမေးမြန်း ခဲ့ပြီး မှတ်တမ်း တင်ကြောင်း၊ သို့သော် အမှုအခင်း၌ ပါဝင်ခဲ့သူများ၏ အမည်စာရင်းကို တိတိကျကျ မသိသေးကြောင်း စစ်ဆေး ခံခဲ့ရသည့် တောင်ကုတ်ဒေသခံများက ပြောသည်။

လူသတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို MP-4၊ မိုဘိုင်းဖုန်း စသည့် အီလက်ထရောနစ် ပစ္စည်းများဖြင့် ရိုက်ကူး ထားသည့် မှတ်တမ်း ဓာတ်ပုံများကို အဏာပိုင်များက ရရှိထားကြောင်း၊ ၎င်းဗီဒီယို ရုပ်သံ ဖိုင်တွင် ပါဝင်နေသည့် သူများကို အဓိက ခေါ်ယူစစ်ဆေး မေးမြန်းခြင်းဖြစ်ကြောင်း စစ်ဆေး ခံခဲ့ရသူတဦးက ပြောသည်။

“ဗီဒီယိုဖိုင်မှာ မြင်ရသူတွေက အခင်းဖြစ်နေတာကို ကြည့်နေသူတွေပဲ ဖြစ်နေတယ်။ တကယ် ပြစ်မှု ကျူးလွန်သူတွေက လူအုပ်ကြီးရဲ့ အလယ်မှာ ဆိုတော့ ဘယ်သူ ဘယ်ဝါမှန်း မသဲကွဲဘူး။ ဖြစ်စဉ် တခုလုံးကို ခြုံကြည့်ရင် လူသတ်မှု ကျူးလွန် သူတွေဟာ ကျနော်တို့ တောင်ကုတ်မြို့ခံတွေ မဟုတ်ဘူးလို့ ယူဆ ရပါတယ်” ဟု စစ်ဆေး ခံခဲ့ရသူက ဆိုသည်။

အခင်းဖြစ်ပွားရာသို့ တောင်ကုတ်မြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ စံလှိုင် သွားရောက်၍ တားဆီး ဟန့်တား ခဲ့သော်လည်း မအောင်မြင် ခဲ့သည့် အပြင် ၎င်းအား ရိုင်းစိုင်းစွာ ပြောဆိုသူများပင် ရှိခဲ့ကြောင်း သိရသည်။

“ဒေါက်တာစံလှိုင် ရောက်လာပြီး မလုပ်ကြဖို့ တားပေမယ့် ဆရာကြီးကို ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ တုံ့ပြန်မှု ရှိတယ်လို့ ဆရာကြီးက ပြောပါတယ်။ အဲဒီလူတွေဟာ ကျမတို့ ဒေသခံ မဟုတ်တာတော့ သေချာပါတယ်။ တောင်ကုတ်မြို့မှာ နေရာ အစုံက လာတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ မြို့ပါ” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီး တဦးက ဆိုသည်။

ဒေါက်တာစံလှိုင်သည် တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံ၏ ဆေးရုံ အုပ်ကြီးဖြစ်ပြီး တောင်ကုတ်ဒေသခံ များနှင့် ရခိုင်ပြည်သူ အများစု၏ လေးစားခြင်း ခံရသူဖြစ်သည်။ ၎င်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် အကြမ်းဖက် လိုသော လူတစု၏ ပယောဂများ ပါဝင်ကြောင်း ရန်ကုန် အခြေစိုက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလမ် ဘာသာရေး အဖွဲ့၏ အတွင်းရေးမှူးချုပ် ဦးကျော်ခင်က ပြောသည်။

“လူတယောက် အုပ်စုတစုရဲ့ ဥပဒေမဲ့ ရမ်းကားမှုက ဖြစ်တဲ့ ကိစ္စပဲလေ။ ဥပဒေမဲ့ဖြစ်တဲ့ ကိစ္စကို ပယောဂပေါင်းပြီးတော့ ဆူပူမှုဖြစ်အောင် လုပ်တာပဲ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ ရှုတ်ချတယ်၊ မဖြစ်သင့်ဘူး” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လူသတ်မှုနှင့် ရခိုင်ဒေသ တွင်း လူသတ်မှုများကို ဥပဒေအရ အမြန်ဆုံးဖော်ထုတ်ပြီး အမှုမှန်ကို အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။

တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်း စစ်ဆေးရေး အဖွဲ့သည် တောင်ကုတ်မြို့၌ ရုံးထိုင် စစ်ဆေးပြီး ဖြစ်ကြောင်း၊ စစ်ဆေးမေး မြန်းခဲ့မှုများအား ယခုရက်ပိုင်း အတွင်း သမ္မတ ဦးသိန်းစိန်ထံ တိုက်ရိုက် အစီရင်ခံစာ တင်သွင်း သွားမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရ အာဏာပိုင် အဖွဲ့ဝင် တဦးက ပြောသည်။

“လူသတ်မှုတွေကို အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ဖို့ ဆောင်ရွက်နေပါတယ်။ တရားဥပဒေ အတိုင်း ဖြစ်စေ ရပါမယ်။ ပြီးရင် အများပြည်သူကို ထုတ်ပြန်ကြေညာပေးသွား မှာပါ။ စိစစ်ဆဲဖြစ်လို့ အသေးစိတ် မပြောနိုင်သေးပါဘူး”ဟု ၎င်းက ဆိုသည်။

မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသခံ မသီတာထွေး အဓမ္မကျင့်၊ ပစ္စည်းလု၊ သတ်ဖြတ် ခံရပြီးနောက် တောက်ကုတ်မြို့တွင် ၁၀ ဦး အသတ်ခံရသည့် နောက်ဆက်တွဲဖြစ်ရပ် ပေးပေါက်ခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်လူသတ်မှု ဖြစ်ပွားပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ မြို့များ၌ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး
ရသေ့တောင် မြို့နယ်၌ ရခိုင် အမျိုးသား ၁၂ ဦး ဇွန်လ ၁၉ ရက်နေ့တွင် အသတ်ခဲ့ရသည်။ ထိုလူသတ်မှုနှင့် ပတ်သက်၍ သင်္ကာ မကင်းသူ ၃၈ ဦးအား ဖမ်းဆီး စစ်ဆေးနေကြောင်း ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်း ထားသည့် ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။

တောင်ကုတ်မြို့ လူသတ်မှုနှင့် ပတ်သက်သည့် ပြစ်မှုကျူးလွန်သူ တရားခံများအား ဖော်ထုတ်မည့် စုံစမ်း စစ်ဆေးရေး အဖွဲ့သည် မှုခင်းဖြစ်ပွားရသည့် အကြောင်းရင်း၊ အခင်းဖြစ်ပွားအောင် ဦးဆောင်သူများ၊ အခင်းမဖြစ်မီနှင့် အခင်းဖြစ်ပွားပြီး အခြေအနေများကို စုံစမ်း စစ်ဆေးပြီး နိုင်ငံတော် သမ္မတထံ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး အစီရင်ခံစာ တင်ပြရမည်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၌ ပြည်ထဲရေး ဒု ၀န်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် အထူး စုံစမ်းရေး အဖွဲ့ အကြီးအကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦး ပါဝင်သည်။

ထိုအဖွဲ့သည် တောင်ကုတ်မြို့၌ သီတင်းပတ် ၂ ပတ်ကြာ ရုံးထိုင် စစ်ဆေးခဲ့ကြောင်း၊ သို့သော် ပြစ်မှု ကျူးလွန်သူ မည်သူမည်ဝါ ဆိုသည်ကို မသိရသေးကြောင်း၊ ထိုအမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ မရှိသေးကြောင်း၊ တရားခံ အစစ်အမှန် များသည်လည်း တောင်ကုတ်မြို့၌ မရှိတော့ဟု ယူဆရကြောင်း ခေါ်ယူ စစ်ဆေးမေးမြန်းမှု ခံခဲ့ရသည့် ဒေသခံများက ပြောသည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့