..............................

Friday, February 26, 2010

ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချုပ် ငြင်းပယ်

ကိုထွေး
Friday, 26 February 2010

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရမှု အယူခံအတွက် ဒီဇင်ဘာလတွင် တင်သွင်း ထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်က ယနေ့ ငြင်းပယ် လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

အယူခံလွှာ တင်သွင်းရန် အဆင့်တခု ရှိသေးသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက “အစိုးရက တက်တဲ့ ပြင်ဆင်မှုကို လက်ခံတယ်၊ ကျနော်တို့ ဘက်က တက်တဲ့ ပြင်ဆင်မှု ၂ ခုလုံးကို ပယ်လိုက် ပါတယ်၊ အထူး အယူခံဝင်ဖို့ ကျနော်တို့ စပြီးတော့ ဆောင်ရွက် တော့မှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းကြည်နှင့် အတူ ထိန်းသိမ်း ခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့၏ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကိုလည်း ငြင်းပယ် လိုက်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် တရားရုံးက စီရင်ချက်ချမှုကို ရန်ကုန်အခြေစိုက် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ နိုင်ငံတို့မှ သံအမတ်ကြီးများက တက်ရောက် နားထောင်ကြသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် စီရင်ချက်သည် အခြေခံဥပဒေနှင့် ကိုက်ညီခြင်း မရှိဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြု ထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နိဒါန်းအရ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ ရပ်ဆိုင်းသွားသည့် အတွက် မည်သူ တဦးတယောက်မှ သုံးခွင့် မရှိတော့ကြောင်း အကိုး အကား များဖြင့် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများက လျှောက်လဲကြသည်။

အစိုးရ ရှေ့နေများက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တရားဝင် ဖျက်သိမ်းကြောင်း မကြေညာသေးသည့် အတွက် သုံးခွင့် ရှိသည်ဟု လျှောက်လဲချက် ပေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အယူခံကို ကိုယ်တိုင် တက်ရောက် ကြားနာခွင့် မရပေ။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်နှစ် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား တဦးကြောင့် တရားစွဲ ခံရပြီး နေအိမ် အကျယ်ချုပ် သက်တမ်း ထပ်မံ တိုးမြှင့် ခံထားရသည်။


Ref: ဧရာဝတီ်

Read More...

ဟာသကြက်ဥကြော်လား

ဘွဲ့ဖြူ
၂၅/ ဖေဖော်ဝါရီ ၂၀၁၀

နွေရာသီရဲ့ ရှေ့ပြေးဖြစ်တဲ့ ဥသြတွန်သံမှ လှိုင်လှိုင် မကြားရသေးဘူး၊ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး အခြေအနေက အတော်ကလေး ဆိုးဆိုးရွားရွား ဖြစ်နေပြီဆိုတဲ့ အသံတွေ ကြားနေရတယ်။ တချို့မြို့နယ်တွေမှာ ဆိုရင် တရက်ကို မီးလာချိန် (၃) နာရီတောင် မပြည့်ဘူးလို့ သိရတယ်။ မြို့ငယ်ကလေးတွေ မပြောပါနဲ့လေ။ ရန်ကုန်မြို့တော် ကြီးမှာတောင် မြို့လယ် တခုလုံးဟာ မီးစက် မောင်းသံတွေနဲ့ နေ့စဉ် ငရဲပွက်နေသလို ပါပဲလို့ ပြောကြတယ် (တချို့ကတော့ အဲဒီ မီးစက်သံတွေကို ဒီမိုကရေစီ တောင်းဆိုသံတွေလို့ တင်စားကြသတဲ့)။

နအဖက သူ့လက်ထက်မှာ ရေအားလျှပ်စစ် ကီလိုဝပ် ဘယ်လောက် ထုတ်လုပ်နိုင်တဲ့ ရေကာတာကြီး ဘယ်နှခု တည်ဆောက် ပြီးစီးခဲ့ပြီ၊ နောက်ထပ်လည်း ဘယ်နှခု တည်ဆောက်ဦးမယ် ဆိုပြီး အမြဲတမ်း ကြွားလုံး ထုတ်လေ့ရှိတယ်။ ရုပ်ရှင် မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေကို ကခိုင်း ဆိုခိုင်း သရုပ်ဆောင်ခိုင်းပြီး အဲဒီဆည်မြောင်း တာတမံ ရေကာတာကြီးတွေကို ‘ပွဲထုတ်’ လေ့ရှိတယ်။

ဒါပေမယ့် သဘာဝဓာတ်ငွေ့တွေ အလျှံပယ်ထွက်ရှိလို့ ထိုင်းတို့၊ တရုတ်တို့ကိုတောင် ရောင်းချပြီး ဒေါ်လာ သန်းထောင်ပေါင်း များစွာ ရရှိနေတဲ့ ငါတို့နိုင်ငံ၊ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်တဲ့ ဆည်မြောင်း တာတမံ ရေကာတာကြီးတွေ အဲသလောက် များများ ရှိနေတဲ့ ငါတို့နိုင်ငံဟာ နွေတောင် မရောက်သေးဘူး၊ တနေ့ (၃) နာရီတောင် မီးမရတော့တဲ့ အခြေအနေကို ဘာကြောင့် ရောက်နေရတာလဲ ဆိုတာကို ပြည်သူတွေ နားမလည်နိုင် ဖြစ်နေကြတယ်။

အဲသလိုပဲ တချိန်က အာရှရဲ့ ‘ဆန်အိုးကြီး’ ဖြစ်ခဲ့ဖူးတဲ့၊ အခုလက်ရှိမှာလည်း (နအဖရဲ့ ထုတ်ပြန် ပြောဆိုချက်တွေ အရ) စပါးစိုက် ဧကတွေ တနှစ်ထက်တနှစ် ကြောက်ခမန်းလိလိ တိုးလာနေတဲ့ ဒီနိုင်ငံမှာ ပြည်သူတွေဟာ အနှစ်အသား သိပ်မပါတဲ့ ဆန်ကြမ်းကိုတောင် ဈေးသက်သက် သာသာနဲ့ ၀၀လင်လင် မစားနိုင်ကြဘူး ဖြစ်နေတယ်။ မကြာသေးမီကလည်း ဆန်ဈေးတွေ ခုန်တက် သွားတယ်လို့ ကြားရတယ်။ အခြေခံ လူတန်းစားက အိမ်ရှင်မတွေရဲ့ ချူသံပါအောင် ညည်းတဲ့ အသံတွေ ပိုမို ကျယ်လောင်လာတာကို သတိပြုမိတယ်။

မြန်မာပြည်သူတွေရဲ့ လူမှုဒုက္ခတွေ အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲ။

ပြည်သူတွေ အဲသလို ‘ချဉ်သီးပင်အောက် ချဉ်သီးရှား’ နေကြချိန်မှာ နအဖကတော့ လူထုဆီက ‘တိုက်ရာပါပစ္စည်း’ ဖြစ်တဲ့ အာဏာကို ထာဝရ သိမ်းပိုက် ထားနိုင်ဖို့ကိုပဲ ‘ဆင်ကြံကြံ’ နေတယ်။ သူတို့ရဲ့ လမ်းပြမြေပုံဆိုတာထဲက အဆင့်တဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ရပ်ကျော်ရွာကျော် ကြေညာထားပြီး ဖြစ်နေပြီမို့ ပြည်သူ လူထုကလည်း လက်မခံ၊ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း အသိအမှတ် ပြုဖွယ်မရှိတဲ့ အဲဒီ ‘ခဲမူးစေ့’ ကို ဘယ်လို ပွဲထုတ်ရမလဲ ဆိုတာ အကြံထုတ်ရင်း အခုဆိုရင် ရွေးကောက်ပွဲ လုပ်မယ် ဆိုတဲ့ ၂၀၁၀ ခုနှစ်ထဲကို တရက်ပြီးတရက် နက်သထက်နက်အောင် ၀င်ရောက် လာခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် ထုတ်ပြန်သင့်တဲ့ အချိန်ထက် အများကြီးတောင် ကျော်လွန် လာခဲ့ပြီဖြစ်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ … စတာတွေကတော့ အခုအထိ ပေါ်မလာသေးဘူး။

ကြားဖြတ်ရုပ်သေးအစိုးရတခုဖွဲ့ပြီး ရွေးကောက်ပွဲကိစ္စ အဲဒီအစိုးရ လက်ထဲကိုပဲ အလုံးစုံ လွှဲအပ် ပေးတော့မယ့်ပုံမျိုး လေသံလွှင့်ရင်း အဲဒီဥပဒေတွေ ထုတ်ပြန်ပေးဖို့ နောက်ကျ နေမှုအတွက် ‘အလီဘိုင်’ ပြနိုင်ဖို့ ကြိုးစားနေတယ်။ တချိန်တည်းမှာ ဗိုလ်သန်းရွှေရဲ့ ‘လူပြက်အလီ’ ဗိုလ်ကျော်ဆန်းက အကယ်ဒမီ ပေးပွဲမှာ ဘာမှ မဆီမဆိုင် ရွေးကောက်ပွဲ အကြောင်း ကြော်ငြာ ၀င်ခဲ့တာကိုကြည့်ရင် ဘယ်လိုမှ မဆီလျော်မှန်း သိပေမယ့် အကြံကုန် ဂဠုန် ဆားချက်ဆိုသလို လမ်းတံတားတွေ၊ တက္ကသိုလ်တွေ၊ ဆည်မြောင်းတာတမံ ရေကာတာတွေလို ‘အနှစ်ဗလာ အကာပြဲ့ပြဲ့’ အဲဒီ ရွေးကောက်ပွဲကိုလည်း ရုပ်ရှင် မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေနဲ့ တွဲပြီး ပွဲထုတ်ဖို့ ကြံစည်နေပုံ ရတယ်။

တချိန်တည်းမှာ နအဖရဲ့ ၂၀၀၈ နာဂစ်အခြေခံဥပဒေ အသက်ဝင်ရေး လုပ်ငန်းစဉ်ကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ သွယ်ဝိုက်တနည်း၊ တည့်တိုးတလမ်း ရှေ့နေ လိုက်ပေးနေကြတဲ့ ‘နိုင်ငံပြု ဂျာနယ်လစ်’ ကြီးများလည်း အခုတော့ နည်းနည်း မောသွားကြပုံရတယ်။ ‘လက်အားလုံး ထုတ်ပြခြင်းသည်သာ’ ဆရာလေးလည်း ခပ်စပ်စပ်ကလေး အတွယ်ခံလိုက်ရလို့ အခုနောက်ပိုင်း ကလောင် သိပ်မရမ်းရဲတော့တာ ပဲလား၊ စကားလုံး ပဉ္စလက်ဆရာ ကွန်မြူနစ် လူထွက်ကြီးလည်း ပစ်လွှတ်စရာ ဝေါဟာရ မီးရှူးမီးပန်း အသစ်တွေ ခန်းခြောက် သွားလို့ပဲလား မသိ၊ ဒါမှမဟုတ် သူတို့က ကန့်လန့်ကာရှေ့က ခွန်းထောက်တွေ၊ ဆိုင်းဆင့်တွေ၊ လေပြည်တွေ ဘယ်လို ဘယ်လောက်ပဲ ထိုးနေပေမယ့် ကန့်လန့်ကာနောက်က သူတို့မင်းသား နအဖက ထွက်ချိန်တွေ အများကြီး လွန်သွားတာတောင် မထွက်သေးတော့ သူတို့ကိုယ်တိုင် ကိုယ့်မင်းသားကိုယ် ဇဝေဇ၀ါ ဖြစ်နေကြလေသလား မသိ။ သူတို့ရဲ့ လိုင်စင်ရ စာမျက်နှာတွေပေါ်မှာ ရွှေဂုံတိုင် ကြေညာချက် ဘက်တော်သားတွေကို ချော့မြှူခြိမ်းခြောက် ကြိမ်းမောင်း တာတွေထက် ယေဘုယျ နိုင်ငံရေး သဘောတရား ဆိုင်ရာ သြ၀ါဒတွေကိုပဲ ပိုပြီး အတွေ့များလာရတယ်။

ဗိုလ်သန်းရွှေကတော့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ မဖြစ်မနေ မပျက်မကွက် ကျင်းပမယ်ဆိုတဲ့ ဂါထာကို လွတ်လပ်ရေးနေ့မှာ တကြိမ်၊ ပြည်ထောင်စုနေ့မှာ တကြိမ် ရွတ်ဆိုပြီး ယောင်တောင်တောင် ဖြစ်နေတဲ့ သူ့လူတွေဘက်က မဲတင်း ပေးနေတယ်။ မြန်မာ ပြည်သူလူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ ရွှေဂုံတိုင် ကြေညာချက် အကြောင်းကိုလည်း တခွန်းမဟ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ပထမဆုံး မဖြစ်မနေ လှမ်းရမယ့် ခြေလှမ်းဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ပျော့ပျောင်း ညွတ်နူးယဉ်ကျေးစွာ ကမ်းလှမ်း ဖိတ်ခေါ်ထားမှုကိုလည်း အကြောင်းမပြန်ဘဲ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ စကားတခွန်းကိုပဲ မျက်စိမှိတ် ပြောနေပုံထောက်တော့ ဗိုလ်သန်းရွှေတယောက် မျက်ကန်း တစ္ဆေမကြောက် ကြမ်းတော့ရမ်းတော့မယ့်ပုံ ရှိနေတယ်။

ဆိုရိုးစကားတခု ကြားဖူးတယ်။ “ပညာရှိများသည် သူတပါး၏ အမှားမှ သင်ခန်းစာယူကြ၏။ သာမန်လူများသည် မိမိအမှားမှ သင်ခန်းစာ ယူကြ၏။ လူမိုက်များသည်ကား မည်သည့် သင်ခန်းစာမျှ ယူနိုင်ခြင်း မရှိကြကုန်” တဲ့။

ဗိုလ်သန်းရွှေဟာ ကျေးဇူးရှင် ဗိုလ်နေ၀င်းကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ သူ့ခေါင်းဆောင် သူ့အထက်အရာရှိ ဗိုလ်စောမောင်ကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ … စသည်ကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ ညာလက်ရုံး ဗိုလ်ခင်ညွန့်ကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့တယ်။ အဲသလို ဖယ်ရှား ရှင်းလင်းခဲ့တဲ့ အတွက် တိုင်းပြည်က စည်ပင်ဝပြော ငြိမ်းချမ်း သာယာပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ဝင့်ဝင့်ကြွားကြွား ရပ်တည် နေနိုင်တယ် ဆိုရင်တော့ အဲဒီ ဖယ်ရှားရှင်းလင်းမှုတွေကို ရင်နာနာနဲ့ လုပ်ခဲ့ရတယ် ဆိုရင်တောင် ထိုက်တန် ပါသေးတယ်။ ရင်နာရကျိုး နပ်ပါသေးတယ်။

အခုတော့ တိုင်းပြည်အခြေအနေက အားလုံးသိကြတဲ့အတိုင်းပဲ။ ဗိုလ်သန်းရွှေ တယောက် သူ့ရဲ့ ‘မှန်ပါ့ဘုရား’ အသိုင်းအ၀ိုင်း အပြင်ဘက်ကို ထွက်ပြီး ကြည့်ရဲ၊ နားထောင်ရဲမယ် ဆိုရင် ဗမာပြည်ရဲ့ ပကတိ အခြေအနေကို မြင်ရကြားရမှာ ဧကန်ဖြစ်တယ်။ သူ့ရဲ့ ကျေးဇူးရှင်ကြီး ဗိုလ်နေ၀င်း အပင်းသွင်း သင်ကြားပေးခဲ့တဲ့ ‘ငါနဲ့မတူ ငါ့ရန်သူ’ မျက်မှန်စိမ်းကို ရဲရဲချွတ်ပြီး ကြည့်မယ်ဆိုရင် ဗမာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အထွေထွေ ဘယ်လို ရှိသလဲဆိုတာကို ဗိုလ်သန်းရွှေ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မှာ ဖြစ်တယ်။

သူ့လူတွေ သူ့ကို တလျှောက်လုံး လိမ်ညာလာခဲ့တယ် ဆိုတာကို (၂၆) နှစ်ကြာမှ သိသွား ခဲ့ရပါတယ်ဆိုတဲ့ ဗိုလ်နေ၀င်းဟာ အဲဒီအမှားကို ပြင်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် သူကျွေးမွေးပြုစု မြေတောင် မြှောက်ပေးခဲ့တဲ့ သရဲတွေရဲ့ ဒဏ်ကို ‘ဖွတ်ကော့ ပတတ်ကော့’ ကော့အောင် ခံစား ခဲ့ကြရပြီးဖြစ်တဲ့ ပြည်သူတွေအတွက် သူ့ရဲ့ ‘ပုံရိပ်ပြင်’ ကုသချက်တွေ ဆေးမမီတော့ဘူး။ နောက်ဆုံးတော့ သူဟာ သူ့ရဲ့နောက်ဆုံး ခရီးကို အထီးကျန်စွာ ထွက်ခွာသွားခဲ့ရပြီး သမိုင်းမှာလည်း နာမည်ဆိုးနဲ့ တွင်ကျန်ရစ်ခဲ့တယ်။ ကမ္ဘာ့သမိုင်းမှာလည်း ဒီလိုဖြစ်ရပ်မျိုးတွေ ရှိခဲ့တယ်။ ဗိုလ်သန်းရွှေ အနေနဲ့ ဒါတွေကို သင်ခန်းစာ ယူနိုင်ခဲ့မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ သိပ်ကောင်းမှာ သေချာတယ်။

နအဖလက်ထက် အနှစ်နှစ်ဆယ်နီးပါး ကာလ အတွင်းမှာရော ဗမာပြည်ရဲ့အခြေအနေဟာ ဘယ်လိုရှိခဲ့၊ ရှိနေသလဲ။ နအဖအစိုးရဟာ ဗမာ့ သမိုင်းတလျှောက် ဘယ်အစိုးရမှ ရင်မဆိုင်ခဲ့ရဖူးတဲ့ နိုင်ငံတကာရဲ့ ဝေဖန်ရှုတ်ချ ဆန့်ကျင် ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရတယ်။ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံ နယ်နိမိတ်အပြင်ကို ရောက်သွားတာနဲ့ တပြိုင်နက် နိုင်ငံတကာ ဆက်ဆံရေး စစ်မျက်နှာမှာ လုံးလုံးလျားလျား ခံစစ်သမားတွေ ဖြစ်သွားကြတယ်။

ဒါဆိုရင် ပြည်တွင်းမှာရော အခြေအနေဘယ်လိုရှိသလဲ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အပစ်အခတ် ရပ်စဲရေးအဖွဲ့ (၁၇) ဖွဲ့တောင် ရှိတယ်ဆိုပြီး ကြုံတိုင်း ကြွားလုံး ထုတ်လေ့ ရှိပေမယ့် အဲဒီငြိမ်းချမ်းရေး ဆိုတာတွေဟာ ‘လက်နက်အသင့် ငြိမ်းချမ်းရေး’ သာဖြစ်တယ်။ အဲဒီ ညီညွတ်ရေး ဆိုတာတွေဟာ ‘တံတွေးနဲ့ ကပ်ထားတဲ့ ညီညွတ်ရေး’ သာ ဖြစ်တယ်ဆိုတာ ဗိုလ်သန်းရွှေရော သူ့ဗိုလ်ချုပ်တွေပါ အကုန်လုံး သိကြတယ်။

‘ပင်လုံခေတ်က ကုန်သွားပြီ’ လို့ ယူဆနေကြတဲ့ စစ်ဗိုလ်ချုပ်တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက် နိုင်စွမ်း မရှိသူတွေ ဖြစ်တယ်ဆိုတာ တိုင်းရင်းသားတွေက ကောင်းကောင်း သိကြတယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့လည်း နအဖခေတ်ဟာ သမိုင်းတလျှောက် နိုင်ငံရေး အကျဉ်းသား အများဆုံးခေတ် ဖြစ်တယ်ဆိုတာ နအဖ ဗိုလ်ချုပ်တွေ ကိုယ်တိုင် မငြင်းနိုင်ဘူး။

နိုင်ငံရေးသမားတွေရဲ့ ဒုက္ခပရိဒေ၀နဲ့ သူတို့မိသားစုတွေရဲ့ သောက ဗျာပါဒတွေဟာ မြန်မာပြည်သူလူထု အများစုကြီးရဲ့ ဘ၀တွေနဲ့ တခြားစီပဲ၊ ဘာမှမဆိုင်ဘူးလို့ ခံယူရင် ပြောဆိုရင် ဆင်သေကောင်ပေါ်က ကျီးမိုက်လို အမှားကြီး မှားသွားလိမ့်မယ်။ အဲဒီ ဒုက္ခပရိဒေ၀ သောကဗျာပါဒ တွေဟာ ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ ရေခဲတောင်ကြီးရဲ့ အဖျားပိုင်းကလေး တပိုင်းသာ ဖြစ်တယ်ဆိုတာ စိတ်ဓာတ် ပုံမှန်ရှိသူတိုင်း သိကြတယ်။ ဒါတွေအားလုံးဟာ နအဖရဲ့ မူဝါဒအမှားတွေရဲ့ အကျိုးဆက်ဖြစ်တယ်။ ဗိုလ်သန်းရွှေဟာ အဲဒီသူကိုယ်တိုင် မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး အခုအချိန်မှာ ဂငယ်ကွေ့ ကွေ့နိုင်မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ အချိန်မီသေးတယ်။

ဒါပေမယ့် အခုအထိတော့ ကံမကောင်း အကြောင်းမလှစွာဘဲ ဗိုလ်သန်းရွှေဟာ သင်္ဘောကြီးကို ဧရာမ ကျောက်ဆောင်ကြီး တခုဆီ ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းနေတယ်။ ကျောက်ဆောင်ပေါ်မှာ မီးပြတိုက်ကြီး ထီးထီးမားမား ရှိနေတာကို ကျန်တဲ့သူ အားလုံး မြင်နေကြပေမယ့် ဗိုလ်သန်းရွှေနဲ့ သူ့လူတသိုက်ကတော့ ‘အင်းသူကြီး ဘုရားမမြင်’ တဲ့ ကိန်း ဆိုက်နေတယ်။

ဒီနေရာမှာ စကားမစပ် ‘သံခင်းတမန်ခင်း’ ဆိုတဲ့ ပရော်ဖက်ရှင် တခုအကြောင်း ပြောချင်တယ်။ အားလုံး သိကြတဲ့အတိုင်း အစိုးရ အကြီးအကဲတွေဟာ အင်မတန် စိတ်ရှည်သည်းခံပြီး အပြောအဆို အမူအရာမှာ အင်မတန့်ကို ထိန်းထိန်း သိမ်းသိမ်း ရှိတဲ့ လူမျိုးတွေကိုမှ သံတမန်အဖြစ် ခန့်ထားလေ့ရှိကြတယ်။ အဲဒီ သံတမန်တွေ ထဲမှာမှ နိုင်ငံခြားရေး ၀န်ကြီး ဆိုတာတော့ အခေါင်အချုပ် အခရာပဲ။ တချို့နိုင်ငံကြီးတွေ ဆိုရင် သူတို့ရဲ့ နိုင်ငံခြားရေး ၀န်ကြီးကို နိုင်ငံရဲ့အဆင့်အမြင့်ဆုံး သံတမန်အဖြစ် တင်စားလေ့ ရှိကြတယ်။

အများလက်ခံထားကြတဲ့ အဆိုတခုက အရှေ့ကမ္ဘာသား (အာရှသား) တွေဟာ အနောက်ကမ္ဘာသား (ဥရောပနဲ့ အမေရိကသား) တွေထက် အပြောအဆို အပြုအမူမှာ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိကြတယ်ဆိုတဲ့ အဆိုဖြစ်တယ်။

ဒါပေမယ့် ခိုင်လုံ လုံလောက်တဲ့ အကြောင်းတွေကြောင့် ဖြစ်မယ်။ မကြာသေးမီကတော့ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဟာ သူ့ရဲ့ သံတမန်ရေး အထိန်းအချုပ် အကန့်အသတ်တွေကို ခွာချပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ မပါဘဲလုပ်တဲ့ နအဖရဲ့ ရွေးကောက်ပွဲဟာ 'ဟာသ' ပဲ ဖြစ်လိမ့်မယ်” လို့ ခပ်ပြင်းပြင်း သတိပေးခဲ့တယ်။ သူ အဲဒီလိုပြောပြီး မကြာမီမှာပဲ မလေးရှား နိုင်ငံခြားရေး ၀န်ကြီးကလည်း အလားတူ သဘောမျိုးဆောင်တဲ့ စကားကို ပြောဆိုခဲ့တယ်။

အရပ်ကတော့ ကြည့်မနေနိုင်လို့ ပြောကုန်ကြပြီ။ နအဖ ဘာလုပ်မှာလဲ။

“ကြက်ဥကို မခွဲဘဲ ကြက်ဥကြော်လုပ်၍ မရနိုင်ပါ” ဆိုတဲ့ စကားတခုရှိတယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး ဆိုတဲ့ ကြက်ဥကြော် လုပ်မယ်ဆိုရင် “နိုင်ငံတော် အချုပ် အခြာအာဏာသည် ပြည်သူလုထုထံမှ ဆင်းသက်သည်” ဆိုတဲ့ ကြက်ဥကို အရင် ခွဲရမှာဖြစ်တယ်။ အဲဒီသဘောတရားကို ၁၉၉၀ ရွေးကောက်ပွဲမှာ မြင်တွေ့ခဲ့ရပြီးဖြစ်တယ်။ အနှစ်နှစ်ဆယ် လွန်မြောက် ခဲ့ပြီးတဲ့နောက် အခုအချိန်မှာ အဲဒီသဘောတရားကို အနှစ်သာရအရ ဆက်လက် ကိုယ်စားပြုနေတာ ကတော့ အဲဒီတုန်းက အနိုင်ရပါတီ ဖြစ်ခဲ့သလို အခုအချိန် အထိလည်း ပြည်သူလူထု အများစုကြီးရဲ့ ထောက်ခံမှုကို ဆက်လက် ရရှိနေဆဲဖြစ်တဲ့ အန်အယ်လ်ဒီ ပါတီက ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာချက်ဖြစ်တယ်။

အဲဒီတော့ အဲဒီရွှေဂုံတိုင်ကြေညာချက် အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း ဆိုတဲ့ ကြက်ဥကို မခွဲဘဲ ရွေးကောက်ပွဲ ကြက်ဥကြော် လုပ်မယ် ဆိုရင်တော့ နအဖရဲ့ ကြက်ဥကြော်ဟာ အလုံး လိုက်ကြော်ထားတဲ့ ကြက်ဥကြော်၊ တနည်းပြောရရင် မြန်မာပြည်သူ လူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြက်ဥကြော်လို့ လက်မခံတဲ့ ကြက်ဥကြော်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး စကားကို ငှားပြီးပြောရရင် ‘ဟာသကြက်ဥကြော်’ ပဲ ဖြစ်လိမ့်မယ်။ ။

Ref: ခေတ်ပြိုင်

Read More...

ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ဦးကို အန်အယ်ဒီ CEC အတည်ပြု

ဖနိဒါ
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ ပါတီဗဟိုဦးစီးအဖွဲ့ (CC) အဖွဲ့ဝင် ဦးရေ ၁ဝဝ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ CEC က ယနေ့ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းများမှ ရွေးချယ်ပေးပို့သည့် ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းများကို CEC အဖွဲ့က ပါတီ စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသူများ ဖြစ်စေရန် ယခုလ ၂၂ ရက်နေ့မှ စတင်၍ စိစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် အတည် ပြုလိုက်ခြင်း ဖြစ်သည်။

သို့သော် အဆိုပါ CC အဖွဲ့ဝင် အမည်စာရင်းများကို ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေထံသို့ မနက်ဖြန်တွင် ပို့ပေးပြီး အတည်ပြုချက် ရယူပြီးနောက် လာမည့်လ ပထမပတ်တွင် အပြီးသတ်စာရင်း ထုတ်ပြန်နိုင်မည်ဟု အဖွဲ့ချုပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။

“ဒီနေ့ အပြီးသတ်သဘောမျိုးတော့ ရွေးပြီးသွားပြီ။ စုစုပေါင်း ၁ဝဝ ကိုတော့ အတည်ပြုလိုက်ပြီ။ ဥက္ကဋ္ဌ သဘောထား ရယူရဦးမယ်။ CEC အနေနဲ့ကတော့ အတည်ပြုလိုက်ပြီ” ဟု CEC အဖွဲ့ဝင်လည်းဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းများကို ယခုလ ၁၆-၁၇ ရက်နေ့တွင် ဗဟိုသို့ တင်ပြခဲ့ကြသည်။

အဖွဲ့ချုပ်ကို CEC အဖွဲ့ဝင် ၂ဝ ဦး၊ ဗဟိုဦးစီးအဖွဲ့ဝင် CC ကို ၁ဝဝ ဦးမှ ၁၂ဝ သာ ထားရှိမည်ဟု သတ်မှတ်ခဲ့ပြီး၊ ဗဟိုဦးစီးအဖွဲ့ လျာထားဦးရေမှာ ၁ဝဝ ကျော် ရှိခဲ့သည်။

ပါတီ ပိုမိုကျစ်လစ် တောင့်တင်းရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် “ဗဟိုဦးစီးအဖွဲ့” ကို ဖွဲ့စည်းခြင်း ဖြစ်သည်ဟု အန်အယ်ဒီ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အဖွဲ့ချုပ်အပေါ် သစ္စာရှိသူ၊ အရည်အချင်းရှိသူ၊ အဖွဲ့ချုပ်နှင့် မကင်းမကွာ တာဝန်ထမ်းဆောင်နေသူ၊ မူဝါဒများ အတိုင်း ရပ်တည်နေသူ၊ အဖွဲ့ချုပ် စည်းကမ်းအရ အရေးယူ ခံနေရသူ မဖြစ်စေရ စသည့် မူအတိုင်း စိစစ် ရွေးချယ်ကြောင်းလည်း ပါတီ တာဝန်ရှိသူများက ပြောကြသည်။

၁၉၉ဝ ခုနှစ်အတွင်း စတင်ဖွဲ့စည်းစဉ်က CC အဖွဲ့ဝင် ဦးရေ ၈ဝ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင် အများအပြားကို အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့် ယနေ့တိုင်ထိ ပါတီလုပ်ငန်းများ ဖော်ဆောင်ရာတွင် ကြံ့ကြာမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ်

NEJ/ ၂၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

စစ်အစိုးရက ယခု ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ရှေ့တိုးဝင်ရောက် စွက်ဖက်လာခြင်း မဟုတ်ဘဲ နောက်တလှမ်း ဆုတ်ခြင်းသာ ဖြစ်ကြောင်း ၀ါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက သုံးသပ်လိုက်သည်။

ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမ အကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ၏ မီဒီယာညီလာခံတွင် ဗွီအိုအေ အသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်၌ ပြောကြား သွားခြင်းဖြစ်သည်။

“ကျနော့်အမြင်တော့ တပ်က နောက်ဆုတ်နေတာ။ ရှေ့တိုးတာ မဟုတ်ဘူး။ တပ်မှူးကောင်းတို့ မည်သည်ကား တပ်ကို ဆုတ်တဲ့ အခါမှာ အစီအစဉ်တကျ ဆုတ်ရပါတယ်။ အခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို နောက်ခံထားပြီး ဆုတ်တာဖြစ်တယ်” ဟု လာမည့် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးသုဝေက ပြောကြားသည်။

“ပြည်သူ့ဆန္ဒ အရင်သုံးသပ်ပါတယ်။ အစိုးရ သဘောဆန္ဒက ဘယ်လိုလဲ သုံးသပ်ပါတယ်။ အဲဒါပြီးတော့မှ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ကျနော်တို့ ဆုံးဖြတ်တာပါ။ လွယ်လွယ်ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး” ဟု ဦးသုဝေက ဆက်လက် ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာ့နိုင်ငံရေး နယ်ပယ်မှ စနစ်တကျ ဆုတ်ခွာခြင်းဟု ပြောကြားလိုက်ပြီး သူ့အနေဖြင့် မြန်မာလူငယ်များ၏ သဘောဆန္ဒအရ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ဦးသုဝေက ထပ်လောင်း ပြောကြားသည်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အတည်မပြု လျစ်လျူခဲ့သော၊ ပြည်သူလူထုကို ဖိနှိပ်နေသော စစ်တပ်အနေဖြင့် ယခု ရွေးကောက်ပွဲသည် စစ်တပ်က နောက်ဆုတ်ခြင်း မဖြစ်နိုင်၊ ရွေးကောက်ပွဲ အမှန်တကယ် ဖြစ်လာပါကလည်း စစ်တပ်အနေဖြင့် အရပ်သား အစိုးရကို အာဏာ လွှဲပြောင်းပေးလိမ့်မည် မဟုတ်ဟု တက်ရောက်လာသည့် သတင်းစာဆရာ တဦးက သုံးသပ် ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် စစ်တပ်က နေရာမရခဲ့သည့်အတွက် အာဏာ လွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ သို့သော် ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က နေရာအခိုင်အမာ ယူထားပြီးဖြစ်ရာ အရပ်သား အစိုးရသစ် တရပ် ထွက်ပေါ် လာနိုင်ပါကြောင်း ဦးသုဝေက တုံ့ပြန်သွားသည်။

မြန်မာနိုင်ငံသို့ ယခုလ (၁၅) ရက်တွင် (၅) ရက်ကြာခရီးစဉ်အဖြစ် လာရောက်ကာ လူ့အခွင့်အရေး အခြေအနေများကို လေ့လာသွားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ယခုနှစ် နအဖစစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ပြောဆိုသွားခဲ့ပြီး မကြာသေးခင်တွင် ဦးသုဝေက ယခုကဲ့သို့ မြန်မာသတင်း သမဂ္ဂ ညီလာခံ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရန် ၀ ခေါင်းဆောင် စတင်လိုက်လျော

Thursday, 25 February 2010

လားရှိုး၌ တွေ့ဆုံရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၏ တောင်းဆိုမှုကို ငြင်းဆန်လိုက်သော်လည်း တရုတ်၏ ဖြန်ဖြေဖြောင်းဖြ မှုကြောင့် တန့်ယန်းမြို့သို့ သွားရောက်တွေ့ဆုံ ဆွေးနွေးရန် ၀ ခေါင်းဆောင် လိုက်လျော သဘောတူလိုက်ပြီဟု ယနေ့မနက်ပိုင်းက သိရသည်။

“တန့်ယန်းအထိဆိုရင် ၆ နာရီ ကားစီးရတယ်၊ လားရှိုးလောက်တော့ မဝေးဘူး၊ တရုတ်က ဖိအား ပေးလာတော့ မသွားလဲ မပြီးဘူး။ ဒီတခေါက် တွေ့ဆုံပွဲက အဖြူအမည်း ဆုံးဖြတ်ပေးမယ့် နောက်ဆုံးအကြိမ်လို့ ကျနော်တို့ ခေါင်းဆောင်တွေ ပြောတယ် ” - ဟု အမည်မဖေါ်လိုသူ ၀ အဆင့်မြင့် အရာရှိ တဦးက ပြောပါသည်။

ယနေ့ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်း ၀ ပြည်သွေးစည်းရေး ပါတီ ဥက္ကဌ ပေါက်ယူချမ်း ဦးဆောင်သည့် အင်အား ၈ ယောက် နအဖ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရေးအတွက် သံလွင်မြစ် အနောက်ဘက်ကမ်းရှိ တန့်ယန်းသို့ ခရီးထွက်ရန် ပြင်ဆင်နေကြောင်း၊ ဒု - စစ်ဦးစီးချုပ် ကျောဝ်ကျုံးတန်းမှာမူ ဌာနချုပ်၌ ကျန်ရစ်မည် ဖြစ်ကြောင်း၊ ဥက္ကဌ နှင့်အတူ ဗိုလ်လာခမ်း၊ တရုတ် - ဗမာစကားပြန် ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် ခေါ် လီဂျူးလျဲ့၊ ၄၆၈ တပ်မမှူး စိုင်းဆာမ် နှင့် အခြားအရာရှိများ လိုက်ပါသွားကြကြောင်း၊ တရုတ် အဖွဲ့တဖွဲ့လည်းကြား ၀င်ညှိနှိုင်းပေးရန် ရန်ကုန်မှ တန့်ယန်းသို့ ရောက်လာမည် ဖြစ်ကြောင်း၊ အဆိုပါ ၀ အရာရှိကပြောပါသည်။

“လားရှိုးအထိ သွားမယ်ဆိုရင် ကျန်းမာရေးအရ မသွားနိုင်ဘူးလို့ ဥက္ကဌကြီး ပြတ်ပြတ်သားသား ငြင်းထားတယ်။” - ဟု UWSA စစ်ရုံးချုပ်မှ တာဝန်ရှိသူတဦးက လည်းပြောပါသည်။

ထိုပုဂ္ဂိုလ်က ဆက်၍ တိုက်ရေးခိုက်ရေးတွင် ၀ ပြည် သွေးစည်းရေး တပ်မတော်အနေဖြင့် စိုးရိမ်ခြင်း မရှိကြောင်း၊ အတွေ့ အကြုံ အရလည်း ရှုံးနှိမ့်ခြင်း မရှိခဲ့ဖူးကြောင်း၊ နအဖ ဘက် ထုံးစံအတိုင်း မရိုးမသား အောက်တန်းကျသည့် နိုင်ငံရေး ဉာဏ်နီဉာဏ်နက် သုံးမည်ဆိုလျှင် ယခုတခေါက်က အဆိုးအကောင်း အဆုံးအဖြတ် ဖြစ်နိုင်ကြောင်း - သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

တရုတ်၏ တိုက်တွန်းမှုကြောင့် ယခုနောက်ဆုံး ကမ်းလှမ်းချက်အား ၀ ဥက္ကဌ ပေါက်ယူချမ်းက လက်ခံသော်လည်း ၀ ပြည်သူလုထု နှင့် ကေဒါ တပ်သားများ၏ ဆန္ဒအရ ၂၀၀၉ နိုဝင်ဘာ ၁၀ ရက်စွဲပါ တောင်းဆိုချက် ၉ ချက် ကိုသာ လက်ကိုင် ပြုထားဆဲ ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပါသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ပြည်နယ် ထူထောင်ရေးအတွက် ၎င်းတို့၏ တောင်းဆိုချက် ၉ ချက်ကို နအဖ ဘက်က လုံးဝ ပါယ်ချထားပြီး ဗမာစစ်အရာရှိ ၃၀ ပါဝင်သည့် တပ်ရင်းတခု အင်အား ၃၂၆ ယောက် ရှိသည့် တပ်ရင်း ၅ ရင်းနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်ကိုသာ နအဖ က တဘက်သတ် ဖိပြောခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဝ ခေါင်းဆောင် ပေါက်ယူချန်း နအဖကိုယ်စားလှယ်နှင့် တွေ့တော့မည်

ပေါက်ပေါက်
၂၅ ဖေဖော်ဝါရီ ၂ဝ၁ဝ


နအဖ၏ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုအား အကြိမ်ကြိမ်ငြင်းပယ်နေသည့် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းသည် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ြကီး ရဲမြင့်နှင့် တွေ့ဆုံရန် ယနေ့နံနက် ဗဟိုဌာနချုပ် ပန်ဆန်းမြို့မှ ထွက်ခွာသွားသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ယနေ့နံနက်မှ ထွက်ခွာသွားသည် ဖြစ်၍ တန့်ယန်းသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ယနေ့ဆွေးနွေးပွဲ လုပ်ဖြစ်မည် မဟုတ်ဘဲ မနက်ဖြန်မှသာ လုပ်မည် ဖြစ်ကြောင်း ဝ ခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။

၎င်းက “ဒီမနက်မှ ထွက်သွားတယ်ဆိုတော့ တန့်ယန်းကို မွန်းလွဲပိုင်းလောက်မှ ရောက်မှာ။ ကားနဲ့ (၇) နာရီလောက် သွားရတယ်။ သူနဲ့အတူ ပေါက်ယူယိနဲ့ ဗဟိုကော်မတီ တချို့ ပါသွားတယ်။ ဒီနေ့လယ် (၂) နာရီလောက်ကတောင် တန့်ယန်း မရောက်သေးဘူး” ဟု ပြောသည်။

စစ်အစိုးရက ဝ တပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ယမန်နှစ်၊ ဧပြီမှ စတင် ကမ်းလှမ်းပြီး ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝ ကိုယ်စားလှယ် အဖွဲ့နှင့် နအဖ ကိုယ်စားလှယ်များ အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့ ဆွေးနွေးခဲ့ရာတွင် ဝ တပ်ဖွဲ့ဝင်များဖြင့်သာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝမ်ဟုန်ဒေသနှင့် မိုင်းပေါက် ဒေသတို့အား ဝ ဒေသအတွင်း ထားရှိရေး စသည့် တောင်းဆိုမှုများကို ၀ ဘက်က တင်ပြခဲ့သည်။

နအဖကမူ ဝတပ်ဖွဲ့၏ တောင်းဆိုချက်အား လက်မခံဘဲ ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာ နောက်ဆုံး အဖြစ်လည်းကောင်း၊ ဒီဇင်ဘာ နောက်ဆုံး အဖြစ်လည်းကောင်း စသဖြင့် ရက်ချိန်းသတ်မှတ်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုသာ ပြောဆိုနေခဲ့သည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးအတွက် အဓိက တာဝန်ယူထားသူ စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ဝ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် လားရှိုးမြို့တွင် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ယခုနှစ် အစောပိုင်းမှစ၍ (၃) ကြိမ် တောင်းဆိုခဲ့ရာ ကျန်းမာရေးအရ မတွေ့နိုင်ကြောင်း ငြင်းပယ်ခဲ့ပြီး ယခု စတုတ္ထအကြိမ် တောင်းဆိုမှုအား လက်ခံခဲ့ခြင်းဖြစ်သည်။

ဝ တပ်ဖွဲ့အနေဖြင့် ၎င်းတို့ရချင်သည့် အခွင့်အရေးများကို မရရှိဘဲနှင့် နအဖ ပြောနေသည့် နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကို လွယ်လွယ်ကူကူဖြင့် လက်ခံမည် မထင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “ဝ တပ်ဖွဲ့ပဲဖြစ်ဖြစ်၊ အခြား အပစ်ရပ်တွေပဲဖြစ်ဖြစ် လက်ခံလိုက်ရင်၊ အဲဒီအဖွဲ့ ပျက်သုဉ်းသွားရင် နောက်ထပ် တိုင်းရင်းသားကို ကိုယ်စားပြုတဲ့ အဖွဲ့တခုကတော့ မုချပေါ်လာမှာပဲ။ ယနေ့ ဝ တပ်ဖွဲ့လို ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ အဖွဲ့အစည်း အနေနဲ့ လွယ်လင့်တကူ တောင်းဆိုတာကို လိုက်လျောမယ်လို့ မထင်ဘူး။ နှစ်ပေါင်း (၄ဝ) ကျော်ကြာ ထိန်းသိမ်းလာခဲ့တဲ့ သူတို့ရဲ့ ဒေသကြီးနဲ့ လက်နက်တွေကို ပေးအပ်လိုက်မှာ မဟုတ်ဘူး။ အိမ်နီးချင်း တရုတ်နဲ့ ဆက်စပ်နေတာက တပိုင်း၊ ဝ လူမျိုး အနေနဲ့ ဗမာပြည်ထဲမှာ (၄) သိန်းကျော်ရှိပြီး တရုတ်ပြည်ထဲမှာ (၃) သိန်းကျော် ရှိတဲ့အတွက် နှစ်နိုင်ငံ အစိုးရနဲ့ ဝ တပ်ဖွဲ့ ညှိနှိုင်း ဆွေးနွေးမှသာ အဖြေမှန် ထွက်လာလိမ့်မယ်” ဟု ပြောသည်။

ဝ တပ်ဖွဲ့သည် ပြည်သူ့စစ် တပ်ဖွဲ့အင်အား အပါအဝင် လက်နက်ကိုင်အင်အား (၃ဝ,ဝဝဝ) ဝန်းကျင် ရှိပြီး အင်အား (၃,ဝဝဝ) အထိ လျှော့ချကာ နအဖ စစ်တပ်အရာရှိနှင့် စစ်သားများ ပါဝင်ဖွဲ့စည်းမည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် နှစ်ဖက်အကြား သဘောတူညီမှု မရသေးဘဲ ဖြစ်နေသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, February 25, 2010

ရန်ကုန် ဝဋ်လည်ခြင်း

မင်းအောင်နိုင်
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၀

ဝဋ်ဆိုသည် လည်တတ်၏။ မကြုံဖူးတုန်းကတော့ မယုံ။ ခုတော့ဖြင့် ကိုယ်တွေ့ကြုံသောအခါ ယုံရလေပြီ။ ကိုယ်တိုင် ကြုံတွေ့ ဝဋ်လည် ခံနေရသည်က ရန်ကုန်လူထု ဖြစ်လေသည်။ ၂ဝဝ၅ ခုနှစ် မတိုင်ခင်က အထိ ရန်ကုန်သားတို့ အခြားမြို့သား နယ်ကလူများအပေါ် မော်ကြွားခဲ့လေသမျှ ခုတော့ ဝဋ်ပြန်ခံနေရလေပြီ။

ရွှေမြို့တော်ကြီးသားဟု သွေးနားထင် ရောက်ကာ နယ်က တောသားများအပေါ် အထင်အမြင် သေးခဲ့သမျှ ဗိုလ်ဂျုတ်ကြီး လုပ်လိုက်မှ ခံရချက် နာကြလေပြီ။ ဗိုလ်ဂျူတ်ကြီး ဟူသည်ကား တိုင်းပြည် ဘဏ္ဍာတော်များကို ရိတ်ရာတွင် နာမည်ကျော်သူ သက်ကြားအိုပင် ဖြစ်တော့သည်။ သူ၏ အစွမ်းကား ရန်ကုန်သားတို့ ဝဋ်လည်အောင် လုပ်နိုင်စွမ်း ရှိ၏။ ယခုပင်ကြည့် နေပြည်တော်ဟု အမည်သညာ တွင်လေသော မြို့တော်သစ်ကြီး ပေါ်ထွန်းလာသည်မှ စတင်ကာ မြို့ရန်ကုန်သည် ဇနပုဒ်လုံးလုံး ဖြစ်ချေပြီ။ မီးမလာ၊ ရေမရ နိမ့်ကျလာသည့် လူမှုဘဝများက နေပြည်တော် ပျဉ်းမနားသားတို့၏ ဘဝများထက် နောက်ဆုံးသို့ ရောက်သွား ရသကဲ့သို့ ဖြစ်ပေသည်။

တချိန်က မြို့ရန်ကုန်သို့ နယ်မှလူများ ရောက်လာပါက အံ့ချီးဘနန်း ရင်သပ်ရှုမော အထင်ကြီး ခဲ့ရလေသမျှ ခုများတော့ နေပြည်တော်ကြီးက အဆ တစ်ရာ မက သာသွားလေပြီ။ ဝန်ကြီးဌာနများ မြို့ရန်ကုန်ကို ကျောခိုင်းနှုတ်ဆက် ထွက်သွားသည့်နောက် ဟိုတချိန်က ရွှေမြို့တော်ကြီးသည် တနေ့ထက် တနေ့ အဆင့် နိမ့်ကျလာခဲ့ သည်မှာ ရန်ကုန်သူ၊ ရန်ကုန်သားတို့ ခံရချက်နာလှပေ၏။

လွန်ခဲ့ပြီးလေသော နှစ်များက အခြေအနေ မဆိုးလှသည့် လျှပ်စစ်မီးသည် ဌာနဆိုင်ရာများ သုံးစွဲမှု လျော့ကျသွားသည် တောင်မှ ကောင်းမလာဘဲ၊ ဆိုးသထက် ဆိုးလာသည်မှာ နားမလည်နိုင် ဖြစ်ကြရသည်။ သည်ရက်ပိုင်း အခြေအနေက အဆိုးဆုံး ဖြစ်နေသည်။ ပို၍လည်း ဆိုးလာဦးမည်ဟု သိရပြန်သည်။ ဂက်စ်လိုင်း ပေါက်သည်လည်း မကြား။ မိမိတို့ စစ်အစိုးရ လက်ထက်တွင် ငြိမ်းချမ်းသာယာ ဝပြောလှပါပြီ ဆိုသည့် အကြားက သောင်းကျန်းသူဟု အမည်သညာ တပ်ခံရသူများကလည်း ဓာတ်အားတိုင်နားတောင် လာနိုင်ဟန် မတူသည့် အခြေအနေ ဖြစ်ပါလျက် ကိုယ်ရွှေလျှပ်စစ်မီးက မလာ။ လာပြန်ရင်လည်း ခဏ။ ဖြစ်ဟယ်၊ ပျက်ဟယ်၊ ပျက်ဟယ်နှင့် သံဝေဂတရားကို ထိုင်ရာမထ ရှုတတ်လျှင် ရအောင် စွမ်းသည်။

ဟိုတုန်းက မန္တလာသားတို့ကို “ချမ်းအေးပူအိုက်၊ ဖုန်ထူခြင်ကိုက်မြို့” ဟု ရန်ကုန်သားတို့ နှိမ့်ချ ပြောခဲ့ လေသမျှ ခု ဝဋ်ပြန်လည် ခံနေရပြီ။ ရန်ကုန်သည်လည်း မီးနေသည် ရွှေပေါင်းဖို့ အဆင်သင့် လုပ်ထားပေးသလို ဖြစ်နေပြီ။ လမ်းများလည်း ဇရာထောင်း၊ “ပျက်မပြင် စည်ပင်ခင်ဗျ” ဟု ပြောရမလို မြို့တော် ဝန်ကြီးလည်း ဘယ်ဆီမှန်း မသိသော ရွေးကောက်ပွဲ အတွက်သာ လုံးပမ်း နေတော့ဟန် ရှိသည်။ ရေသည် ပြဇာတ်ထဲမှ မိန်းမ၏ ထမီလို အပေါက် ဗရပွပေါ်က ကားများ ဖြတ်မောင်းလေသော ဖုန်တထောင်းထောင်း ထနေသော ရန်ကုန် လမ်းမများကား သန်းထွန်းလေး၏ မွေးဌာနီကို ကွက်ကွက်ကွင်းကွင်း မြင်ယောင် မိပေတော့သည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဆိုသည်ကြီးကလည်း အခွန်ကောက်ရာတွင် ဘတ်စ်ကားပေါ်က ခါးပိုက်နှိုက်လက်လို မြန်လှသော်လည်း ပြန်လည် ဆောင်ရွက်ပေးရန် ရှိသည်များကျတော့ ကျောက်ရုပ်ကို အဖေခေါ်ရမည့်နှယ် မတုန်မလှုပ် အိနြေ္ဒရလှသည်။

ရန်ကုန်က ရသမျှအခွန်အခတို့က ရန်ကုန်မြို့အတွက် ပြန်မသုံးရဘဲ ဗိုလ်ဂျုတ်ကြီး နန်းတည်လေရာ နေပူတော်မြို့ ခန့်သထက် ခန့်ငြား၊ ထည်သထက် ထည်ဝါစေရေး ပံ့ပိုးပေးရသည်ဟု ကြားသိရပေ၏။

“ကိုယ်ထူကိုယ်ထ” ဆိုသော အသုံးကို မည်သည့်ပညာရှိ ထွင်သွားသည် မသိသော်လည်း ရန်ကုန်သားတို့ ကတော့ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ယဉ်ပါးကာ နေသည်မှာ ကြာကြာချေပြီ။ မီးမလာ ရေမရလျှင်လည်း ကိုယ့်ဘာသာ ကြံဆ၊ ရေမရလည်း ကိုယ့်ဘာသာကြံဆ၊ လမ်းပျက်လျှင်လည်း ကိုယ့်ဘာသာ ကြံဆဖြင့် စခန်းသွားနေ ကြရသည်မှာ ကြာမြင့်လှပေပြီ။

လျှပ်စစ်မီးပျက်ချိန် များလာ၍ မီးစက်ကြီးများ အပြိုင်အဆိုင် နှိုးကြရပုံများကဖြင့် အီရတ် စစ်ပွဲထဲ ရောက်နေသလို အာဖဂန်မှာ တာလီဘန်နှင့် သူနိုင်ကိုယ်နိုင် ကြဲနေသလိုပင် ဆူပွက်လှ၏။ နားများပင် လေးလာသည်ဟု မိမိကိုယ်တိုင် ခံစားမိ၏။ လေထု ညစ်ညမ်းမှုကတော့ ဘယ်လို တိုင်းထွာရမှန်းပင် မသိသောကြောင့် ရန်ကုန်သားတို့ စိတ်မပူလှ။ အက်ဆစ်မိုး ရွာသွန်းရင်ဖြင့် ဇော်ဝင်းထွဋ် နိမိတ်ဖတ်သည် ဟူ၍ အာဏာပိုင်တို့က လမ်းလွှဲ ချဦးမည့်ဟန် ကြိုမြင်ရလေသည်။

အက်ဆစ်မိုး လာမလာ မသေချာသော်လည်း ရန်ကုန်သားများ အကြား အဆုတ်နာ ကတော့ တိုးပွား လာနေသည်ကြောင့် 3D Fund လည်း အပြေးအလွှား ဝင်ရောက် လာရသည်ကတော့ သေချာလှသည်။

ရန်ကုန် ဘဝပျက်နေသော်လည်း နေပူတော်မြို့မှာကတော့ မနာလိုစရာ ကောင်းလောက်အောင် အလျှံ တညီးညီးနှင့် ငရဲမီးများ အလား ဝင်းဝင်းပပ၊ ထိန်ထိန် ပြောင်နေသည်။ ဗိုလ်ဂျူတ်ကြီး သေလွန်သော သွားရာလမ်း အတွက် ကြိုတင်ပြင်ဆင်ပြီး လျှပ်စစ်မီးနှင့် အပူချိန် ခံနိုင်အောင် ကျင့်ကြံ အားထုတ်နေဟန် ရှိသည်။

မြို့တော်ဟောင်း ရန်ကုန်တွင် တချိန်က ချမ်းသာခဲ့သမျှ ကိုလည်း ရွှေမြို့တော်သစ် နေပြည်တော်သို့ ပုံပေး လိုက်ရသဖြင့် ရန်ကုန်မြို့မှာ အခွံဗလာ ချည်းသာ ကျန်ပေတော့သည်။ မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက်၊ အမျိုးသား ယဉ်ကျေးမှု ပြတိုက်များမှ ပစ္စည်း အဖုံဖုံနှင့် နေပြည်တော် တိရစ္ဆာန်ရုံတို့ အတွက် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်က အကောင်မျိုးစုံတို့ အပြင် ရွှေ့ပြောင်းနိုင်သမျှ နေပြည်တော်သို့ သယ်မ သွားကြလေသည်။ ရန်ကုန်မြို့မှ ရှေးဟောင်း အမွေအနှစ် လက်ရာ အဆောက်အအုံ ဟောင်းများကိုလည်း ထိန်းသိမ်းထားရမည်ကို လက်ညှိုးထိုး ရောင်းစား ပစ်လေသည်မှာ မည်သူတွေ သပိတ်ဝင် အိတ်ဝင် ရသွားလေသည် မသိပေ။

ဗိုလ်ဂျုတ်ကြီးသည် မြို့တော်ဟောင်း ရန်ကုန်အပေါ် မည်သည့် အတွက်ကြောင့် အငြှိုးကြီးစွာ နှိပ်ကွပ်နေသည် မပြောတတ်တော့ပေ။ သူစိတ်ဆိုး ရလေသည်ဟု ယူဆရလေသော အချက်မှာ ရန်ကုန် မြို့သားတို့က အာဏာရှင် စစ်အစိုးရ ဆင်းပေးရေး ဆန္ဒ ၄-၅ ခါလောက် ပြဖူးသည်သာ ရှိပါသည်။ ရန်ကုန်မြို့ကို စုတ်သထက် စုတ်၊ နိမ့်ကျသထက် နိမ့်ကျအောင် လုပ်ကာ နေပြည်တော် ရွှေမြို့တော်ကို ပြောင်းနေချင်စိတ် ပေါက်အောင်များ စနစ်တကျ အကွက်ချ စီမံနေသည်လား မပြောတတ်တော့ပေ။ နေပြည်တော် ဒေသဖွံ့ဖြိုးရေး ဗိုလ်ဂျူတ်ကြီး မားကတ်တင်း ဆင်းပုံကတော့ ပြောပြရင် အောချလောက်ပါသည်။ လမ်းနာမည် နှစ်ခု ဆက်တိုက်ကို မှန်မှန်ကန်ကန် ရွတ်ရ ခက်လောက်လေသော ပဝေသနီ ဗာရာဏသီ ခေတ်က အမည်နာမများဖြင့် မြို့ကွက်သစ်များ ထပ်မံ ဖော်ထုတ်ကာ မြို့တော်သစ် နေပြည်တော်ကို ဝန်းရံ စေပြန်သည်။

ရွှေမြို့တော်သစ် နေပြည်တော်ကြီး စည်သထက် စည်ကား၊ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးလာအောင် ဘက်ပေါင်းစုံက မြှင့်တင် ပေးကြရသည့် လုပ်ငန်းရှင်များ ဘဝကလည်း အရှုံးတော့ ရှိနိုင်မည် မဟုတ်ပါ။ နေပြည်တော် ရေပန်းဥယျာဉ်၊ နေပြည်တော် တိရစ္ဆာန်ရုံ၊ နေပြည်တော် အပန်းဖြေ စခန်းသာယာ၊ ရွှေတိဂုံပုံတူ စေတီတော်ကြီးနှင့် မကြာခင်ကမှ ဖွင့်ပြီးလေသော တိုင်းနှင့် ပြည်နယ် အနှံ့ရှိ အထင်ကရ နေရာ အထိမ်းအမှတ် ပြကွက်များဖြင့် နေပြည်တော် Land Mark အပန်းဖြေ ဥယျာဉ်ကြီးတို့က ရန်ကုန်သားတို့ အတွက် အလှမ်းဝေးသွား ပေပြီ။

ရန်ကုန်သူ၊ ရန်ကုန်သားတို့ကို ယနေ့အချိန်တွင် “နယ်က လူတွေ” ဟု ကြပ်ပြေး နေပူတော်သားတို့က နှိမ့်ချ ခေါ်ဝေါ်နေလေပြီ။ သူတို့၏ နေပြည်တော် ရွှေမြို့တော်ကြီးမှာ ကမ္ဘာ့ အလယ်တွင် မကောင်းသတင်းများနှင့် ပိုနာမည်ကျော်လေသော မြန်မာပြည်ကြီး၏ မြို့တော်ကြီး ဖြစ်လေသောကြောင့်ပင်။

နေပြည်တော်တွင် ခေတ်မီနိုင်ငံတကာ လေဆိပ်ကြီးလည်း ဆောက်နေပြန်ရာ ပြီးစီးပြီ ဆိုလျှင်ဖြင့် နိုင်ငံခြား ခရီးသွားမည့် သူများ အဆိုပါ လေဆိပ်ကနေများ ထွက်ရလေမည်လား မပြောတတ်။ မှန်းရခက်သော ဗိုလ်ဂျူတ်ကြီး၏ စိတ်က ထင်ရာမြင်ရာ စွတ်လုပ်တတ်၍ ဖြစ်မလာဘူး မပြောနိုင်။ နေပြည်တော်ထိ တူးမြောင်းဖောက်ကာ နိုင်ငံတကာ ဆိပ်ကမ်း တခုတော့ မတည်ဆောက်လောက်ဟုတော့ တွေးထင်မိပါသည်။ နေပျော်၊ သေပျော်စရာ ကောင်းလောက်အောင်တော့ နေပြည်တော်ကြီးကို ဖန်တီး တည်ဆောက်နေသည်မှာ မြင်သာ လှပေ၏။ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာ လူဖြစ်ခဲ့သမျှ သူတွေမှာတော့ ခုအခါ လူဖြစ်ရှုံးသော ဘဝနှင့် ရင်ဆိုင် နေကြရပေပြီ။

တချိန်က မော်ကြွားခဲ့လေသမျှ ရန်ကုန်သားတို့ ခံစားနေရလေပြီ။ ဝဋ်ဆိုသည် လည်တတ်၏။

Ref: မဇ္ဈိမ

Read More...

ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ

Wednesday, 24 February 2010

မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ဧရာဝတီ မဂ္ဂဇင်းက ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက် ပါသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။

၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။

မေး။ ။ ဒီပဲယင်း အရေးအခင်းပြီးတော့ အဘတို့ အထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါ။

ဖြေ။ ။ သြော်...ဒီပဲယင်းနောက်ပိုင်းမှာ ပထမက ဒီပဲယင်း ရဲအချုပ်ထဲမှာ နေရတာ ပေါ့လေ။ ရဲအချုပ်ထဲမှာ နေလိုက်ပြီးတော့ နောက်သူတို့က ကလေးထောင်ကို ပို့လိုက်တယ်။ ကလေးထောင်ကြတော့ သူတို့တခါတည်း အလုံပိတ် အခန်းထဲ တန်းထည့် လိုက်တယ်။ တယောက်တည်းပေါ့၊ အခန်းပိတ်ပေါ့။ အဲလိုနေရတဲ့ သဘောပေါ့။ အဲတော့ ဘယ်လိုချုပ်တယ်။ ဘယ်လိုဖမ်းတယ် ဆီးတယ်ဆိုတာကတော့ ဘာမှမပြောဘူး။ အဲသူတို့ပြောသံ ကြားတာကတော့ ရမန်ယူပြီးတော့ ချုပ်တယ် ပြောတာပဲ။ အဲတော့ ရမန်ယူမယ် ဆိုရင်လည်းပဲ ရက်ပေါင်း အကုန်လုံး အပြည့် ဆိုရင်လည်း ၃၀ ပေါ့။ ဒါပေမယ့်လို့ ၃၀ ကျော်သွားပြီး နေလိုက်ရတာ အားလုံး ၈ လ နေလိုက်ရတယ်။ အဲတော့ နေတာထိုင်တာ ကျွေးတာ မွေးတာကတော့ ကောင်းကောင်း မွန်မွန်ပါပဲ၊ ကောင်းကောင်းမွန်မွန် ဆိုတာကလည်း အဲဒီမှာ ကျွေးတာကိုပဲ နည်းနည်းကောင်းအောင် ပြုပြင်ပြီးတော့ ကျွေးတာပေါ့လေ။ အဲတော့အဲဒီလို အနေနဲ့တော့ အစားအသောက် အနေနဲ့တော့ မဆိုးပါဘူး။ နောက်ပြီးတော့ လိုတာပြုတာရှိရင် တောင်းရင် ပေးလိုက်ပါလို့ လူကြီးတွေက မှာလိုက်တယ်တဲ့ အဲတော့ တောင်းရင်တော့ ပေးပါတယ်။

ဥပမာပြောရရင် ဟိုစားဖို့သောက်ဖို့ကောင်းတဲ့ အမယ် လေးတွေ ဘာလေးတွေထဲက နည်းနည်းပါးပါး ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ပေါ့လေ ဒါပါပဲ။ ထည့်ပေါင်းစားဖို့ လုပ်ဖို့ အဲဒါလေးတွေ တောင်းပြီး အဲဒါမျိုးလေးတွေ သူတို့ ဖြည့်ဆည်းပါတယ်။ အဲတော့ ဆေးကုသ ပေးတာကတော့ နေ့တိုင်းလိုလို လာပြီးတော့ ဆရာဝန်က သွေးတိုး ကြည့်ပေးတယ်။ ဆိုတော့ အဲဒီမှာ နေတုန်းကတော့ ဘာဖြစ်သလဲ ဆိုတော့က ဗိုက် သိပ်အောင့်တယ် သေကောင်ပေါင်းလဲကို အောင့်တယ်။ အဲဒါတော့ ကိုယ့်မှာပါလာတဲ့ဆေး သောက်လိုက်ရင်းနဲ့ပဲ သက်သာသွားတယ်။ အဲတော့ ဆရာဝန်ကတော့ စောစောပိုင်းကတော့ ထောင်မှာရှိတယ်။ နောက်တော့ ထောင်မှာ တာဝန်ရှိတဲ့ ဆရာဝန်လေးက စာမေးပွဲ အောင်သွားတော့ သူက အဲဒီကနေတဆင့် သီးသန့်သင်တန်း သွားတက်တော့ မလာဖြစ် တော့ဘူး။ အဲလို မလာဖြစ်တဲ့ အချိန်မှာ နောက်တော့ အစားထိုးတော့ လာပါတယ်။ နောက်ပိုင်းကြတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ ဆရာဝန် ခေါ်ပေမယ့်လို့ ခုနကအောင့်တာ ပျောက်သွားပြီးတော့မှ ရောက်ရောက် လာတယ်ပေါ့လေ။ အဲဒီလို အချိန်လေး တွေတော့ ရှိပါတယ်။

စပြီး အထိန်းသိမ်းခံရတာက ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပေါ့လေ။ နောက်ကြတော့ ၂၀၀၄ ခုနှစ် ရောက်သွားတယ်။ ဖေဖော်ဝါရီ လထဲမှာပေါ့။ အဲဒီနေ့ညပိုင်းမှာ သူတို့က ပစ္စည်း ပစ္စယတွေ ထုပ်ဖို့ ပလတ်စတစ်အိတ်တွေ လာပေးတာပေါ့။

နောက်မေးလိုက်တဲ့အခါ အဘ တနေရာသွားဖို့ ရှိတယ်တဲ့ ဒီလောက်ပဲ ပြောတယ်။ မနက် မိုးလင်းတဲ့ အခါကြတော့ အထုတ်တွေ ဘာတွေ ပြင်ပြက်လာထုတ်ပြီးတော့ စောင့်ရင်းနဲ့ နောက်ဆုံး နေ့ခင်းပိုင်း ကျတော့ ထောင်မှာခေါ်ပြီးတော့ တနေရာသွားမယ်။ ပို့မယ် ဆိုပြီးတော့ ပြောခဲ့တယ်။ ဆိုတော့အဲဒီလိုနဲ့ စောင့်ရင်း ညနေပိုင်း လေယာဉ်နဲ့ မန္တလေး၊ နောက်ပြီးတော့မှ အိမ်ရောက်တယ်။ အိမ်ပို့ လိုက်တယ်ပေါ့။ အဲအိမ်မှာတော့ နိုင်ငံတော် နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်း ဥပဒေနဲ့ပေါ့ အဲဒါ ၁၀/ခ နဲ့ အိမ်ချုပ် ချလိုက်တယ်ပေါ့။

မေး။ ။ နေအိမ်အကျယ်ချုပ်နဲ့ အကျဉ်းထောင်အချုပ်နဲ့ ဘယ်လို ကွာခြားပါသလဲ။ တဆက်တည်းမှာပဲ သိချင်တာက အဲဒီလို အချိန် ကာလတွေကို အဘအနေနဲ့ ဘယ်လိုများ ဖြတ်ကျော်ခဲ့ပါသလဲ။

ဖြေ။ ။ အိမ်ချုပ်ချလိုက်တဲ့အခါကျတော့ အိမ်ချုပ်နေတာ ကတော့ အိမ်ချုပ်ပေါ့။ မိသားစုနဲ့ ပြန်ထားတာပဲ ရှိတာပေါ့။ အနှောင်အဖွဲ့နဲ့ နေရတယ်ဆိုတော့ ဘယ်လာ စိတ်ချမ်းသာမလဲ။ အဲတော့အိမ်ချုပ် အိမ်မှာနေရတဲ့ အခါကျတော့ သွားခွင့် လာခွင့် စည်းကမ်းတွေကလည်း အများကြီးလေ။ မတွေ့နိုင်ဘူး။ မလှူနိုင်ဘူး။ ပါတီ အဖွဲ့အစည်းကနေပြီးတော့ မဆက်သွယ်နိုင်ဘူး။ နောက်ပြီးတော့ စကား မပြောနိုင်ဘူး။ ဒါတွေအများကြီး ကန့်သတ်တာတွေ ရှိတယ်။ သတင်းစကား မကြားရဘူး။ မပြောရဘူး။ ဆက်လို့မရဘူး။ နိုင်ငံရေး ပါတီအဖွဲ့အစည်းက လူတွေနဲ့ မဆက်ဆံရဘူး။ အတင်းအကျပ် အချုပ်အနှောင်တွေ ရှိတာပေါ့။ တကယ်တော့ အိမ်ချုပ် ဆိုတာလည်း ချုပ်နှောင်ထားတာပါပဲ။ မထူးပါဘူး။ ဟိုမှာ ကလေးမှာ ချုပ်ချုပ်၊ အိမ်ချုပ် ချုပ်ချုပ်၊ မထူးပါဘူး။ နောက်ဒီကြားထဲမှာပဲ ဘာတွေ ကြားကြားနေရလဲ ဆိုတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပေါ့လေ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတို့ ဆိုလည်းပဲ အင်းစိန်ထောင်ချတယ်။ အဲနောက်ပိုင်းမှာ ကျနော်လိုပဲ အိမ်ချုပ် ချထားတယ် ဆိုတာကြားရတော့ စိတ်မချမ်းသာဘူးပေါ့။ ဒါတွေကတော့ သောက ရှိတာပေါ့လေ။ နောက် အိမ်မှာကလည်း ဘယ်လိုလဲ ဆိုတော့ ဘာမှတော့ ဒုက္ခမပေးပါဘူး။

သို့သော်လည်းပဲ အိမ်မှာကိစ္စ ရှိတယ်၊ လုပ်စရာရှိတယ် ဆိုရင်တော့ အဲသူတို့က သူတို့ကို အကြောင်းကြားရတယ်။ စောစောပိုင်း တုန်းကတော့ နှုတ်နဲ့ အကြောင်းကြားလို့ ရတယ်။ နောက်ပိုင်း ကြတော့ နှုတ်နဲ့တင် မရတော့ဘူး စာရေး တင်ရတယ်။ ဥပမာဆိုလို့ ရှိရင် ဆေးစစ်မယ် ကျန်းမာရေး ကိစ္စဆိုရင်လည်း စာနဲ့တင် ဆိုတော့ အောက်က လူတွေကလည်းပဲ သူတို့က တာဝန်ခံချင်တဲ့ သတ္တိ မရှိဘူးလေ။ သူတို့က တခုခုဆိုရင် သူတို့ အပြစ်လွတ်အောင် ဆိုပြီး အထက်အထက် အဆင့်ဆင့်တွေ အကြောင်းကြားရတော့ ကြာတာပေါ့။ တကယ်လို့ သေကောင်ပေါင်းလဲ ဖြစ်ရင်တော့ ပြဿနာ ရှိတာပေါ့လေ။ ဒါပေမယ့် စိတ်ထဲမှာ ဆုံးဖြတ် ထားပါတယ်။ သေကောင်ပေါင်းလဲ ဖြစ်ရင်တော့ အိမ်ကကားနဲ့ ဖြစ်ဖြစ် တက္ကစီ နဲ့ဖြစ်ဖြစ် ဆေးရုံကို သွားမယ် နောက်မှ မင်းတို့ လိုက်ချင်တာနဲ့လိုက် လုပ်ချင်တာလုပ် ဆိုပြီးတော့လေ။ ဒီလိုတော့ စိတ်တော့ကူး ထားတာပဲ။ ဒါပေမယ့် ကံအားလျော်စွာပဲ နောက်ထပ် နေရထိုင်ရတာကို သတိကြီးမားစွာနဲ့ နေတော့ ရောဂါဘယ ဆိုးဆိုးဝါးဝါးတော့ မဖြစ်ဘူးပေါ့။ ဒါပေမယ့် အိမ်မှာ တခုခုဖြစ်ပြီ ဆိုပါတော့ဗျာ ဟုတ်လား အဲယားကွန်းလေး ပျက်လို့ လုပ်ချင်တယ် ဆိုရင် လူတော့ ခေါ်လို့ရတယ်။ ဒါပေမယ့် ခေါ်ရတဲ့လူကို စစ်လားမေးလား လုပ်ကြတော့ လူတွေက မလာချင်ဘူး။

နောက် ဒီအဲယားကွန်းတပ်ဖို့ဆိုရင်လည်းပဲ ရောင်းတဲ့လူကတော့ တပ်မယ်လို့ဆိုပြီးတော့ တပ်ပေမယ့် အိမ်ကို ဒီလို အခြေအနေနဲ့ ကျတော့ ဘယ်သူမှ လာပြီး မလုပ်ပေးနိုင်ဘူးပေါ့။ အဲဒါမျိုး ဆိုလို့ရှိရင်လည်း ကိုယ့်ဆွေးမျိုး သားချင်းထဲက လူလိုက်ရှာပြီးတော့ လုပ်ရ ကိုင်ရတာတွေပေါ့။ ဥပမာ ရေစက်ပျက်တယ်။ ဘာပျက်တယ်၊ ညာပျက်တယ် ဆိုရင်တော့ ပြဿနာတွေကတော့ အခက် အခဲတွေကတော့ အများကြီး ကြုံခဲ့ရတာပေါ့။ ရှိတာပေါ့။ နောက် စိတ်ဒုက္ခ ရောက်တဲ့ အခါများတော့လည်း လူက ဒုက္ခရောက်တယ်ပေါ့ လေ။ အဲဒါလေးတွေတော့ ရှိတာပေါ့လေ။ နောက် အောက်က လုပ်ပေးတဲ့ ကလေးတွေ အနေနဲ့ကတော့ သူတို့ကတော့ တတ်နိုင် သမျှ အမိန့်ရရင်တော့ သူတို့က ပြေပြေလည်လည် ဖြစ်အောင်တော့ လုပ်ကိုင်ပေးပါတယ်။ ဒီကလေးတွေ လုပ်ကိုင် ပေးတာကတော့ ကျေးဇူး တင်ရမှာပေါ့။ တတ်နိုင်သမျှ ကြိုးစား လုပ်ကိုင်ပေးပါတယ်။ နောက်တခုကတော့ ဘာဖြစ်လည်း ဆိုတော့ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာ လို့မရတဲ့ အခါကြတော့ စိတ်ထဲမှာ ညစ်ညူးမှုတွေကတော့ အများကြီး ရှိတာပေါ့။

အဲဒါ အဲဒီလိုပဲ တဖြည်းဖြည်းနဲ့ အဆင်ပြေအောင်နေရင်းကနေ ကိုယ်က နေ့စဉ် ဘာလုပ်လဲ ဆိုတော့ ဒီဒဏ်တွေကို ကျော်လွှားနိုင်အောင် ဆိုပြီးတော့ ၀ိပဿနာ တရားလည်း လုပ်ဖြစ်တယ်။ အရင်တုန်းက မဟာစည်မှာ နှစ်ကြာအောင် နှစ်နှစ်ခြိုက်ခြိုက် လုပ်တယ်။ အားထုတ်ခဲ့ဖူးတယ် ဆိုတော့ အဲဒါကိုပြန်ပြီးတော့ တရား အားထုတ်တယ်ပေါ့လေ။ တရား အားထုတ်တယ် ဆိုတော့လည်း အိမ်မှာ ဆိုတာက ဟိုရိပ်သာတို့လို မဟုတ်ဘူးလေ။ ပြဿနာတွေက သောင်းခြောက်ထောင် ရှိတယ်။ ရှိတော့ သိပ်တော့ သမာဓိအား မကောင်းဘူး။ ဒါပေမယ့် ဒါကိုတော့ နောက်မှ အပြင်ရောက်ရင်တော့ ရိပ်သာ သဘောမျိုးဆက်ပြီး ကျင့်စရာရှိတာ ကျင့်မယ်၊ လုပ်မယ်၊ အားထုတ်မယ် ပေါ့လေ။ အဲ မနက်ကိုတော့ ဘာလုပ်လဲ ဆိုတော့ ဘုရား ၀တ်ပြုတယ်ပေါ့။ အဲနောက်ပြီးတော့ သီလယူ တယ်ပေါ့။ နောက်ဟို ဟိုဒင်းပေါ့ ပဌာန်းအရှည်ပေါ့။ ပဌာန်းရွတ်ပြီး ဘုရားမှာ ပူဇော်တယ်။ နောက်ပြီးတော့ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်တယ်။ နောက်ပြီးတော့ ဓမ္မစကြာ တခါတလေ မဟာသာမရသုတ်၊ နောက်ပြီးတော့ သတိပဌာန်တရား စသည်ဖြင့် ပေါ့လေ ဒါတွေ ရွတ်ဖတ်ပါတယ် နောက်တော့ ဗုဒ္ဓစာပေတွေကိုလည်း အချိန်ရတဲ့အခါမှ အခါအားလျော်စွာ ဖတ်တယ်၊ မှတ်သားတယ် ပြုတယ် ပေါ့လေ။

နောက်တော့ အိမ်ကဇနီးနဲ့ သားသမီးလေးတွေကလည်းပဲ တိုက်တွန်းတယ်ပေါ့။ ကိုယ့်အကြောင်းလေးတော့ ရေးဖို့ ကောင်းတယ် ဆိုတော့ အဲဒါနဲ့ ကောက်ရေးတယ်ပေါ့။ ကောက်ရေးတာကလည်းပဲ တော်တော် စောစောတုန်းကလည်း စိတ်အား တက်ကြွစွာနဲ့ ရေးပါတယ်။ ရေးတော့လည်း ရေးအားလည်း မဆိုးပါဘူး။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ပဲ နောက်ပိုင်းတွေ ကြတော့ ၀မ်းနည်းစရာ လေးတွေက ဖြစ်ဖြစ်လာတယ်။ ၀မ်းနည်းစရာတွေက ပေါ်ပေါ်လာတဲ့ အခါကြတော့ ဆိုပါတော့ အရေးအခင်း တွေဖြစ်လာတယ်။ ဘာတွေ ညာတွေဆိုတော့ ရေးတဲ့အားက နည်းနည်းတော့ စိတ်ကျတယ်ပေါ့။

အဲလိုရေးရင်းနဲ့ ၀မ်းနည်းစရာတွေ ဖြစ်လာတာက ဘာဖြစ်လဲဆိုတော့ ဟို အိမ်က ကလေးကလည်း သူ့မှာ မွေးရာပါ နှလုံးရောဂါဖြစ်တဲ့ အတွက် ဆေးရုံကုသတဲ့ ကိစ္စကလည်း နောက်ဆုံး ကုသတဲ့အချိန် တန်သော်လည်းပဲ ဟိုငွေရေးကြေးရေးပေါ့ ငွေရေးကြေးရေး ဆိုတာကလည်း အကြောင်းကြောင်း တွေကြောင့်ပေါ့လေ နောက်ဆုံးတော့ ကလေးက နောက်ဆုံး အသည်းအသန်ဖြစ်မှ ခေါ်ပြီး သွားပြတော့ ကလေးကလည်း ဆုံးသွားတယ်။ အဲဒီကလေး ဆုံးပြီးတော့ သင်္ဂြိုဟ်တဲ့ နောက်တနေ့မှာပဲ တပ်မတော် တာဝန်ကနေပြီးတော့ နုတ်ထွက်ရတယ်။ နုတ်ထွက်ပြီးတော့ မကြာခင်မှာပဲ အချုပ်ကျတယ်။ အကျဉ်းထောင် အင်းစိန်မှာ နေရတယ်။ အင်းစိန်မှာ အားလုံးပေါင်း ၇ နှစ်ကျတယ်။ နောက်ပြီးတော့ စိတ်ထိခိုက်စရာတွေ အများကြီး ဖြစ်တယ်။ စိတ်ထိခိုက်စရာတွေ အများကြီးပဲ။ စိတ်ထဲမှာ စိတ်မချမ်းသာစရာတွေ စိတ်မချမ်းသာစရာတွေ ဆိုတာက ကိုယ်က ဒီလောက်တောင် လုပ်ကိုင်ပေးရက်သားနဲ့ ပြန်လည်ပြီးတော့ ဆက်ဆံခံရတဲ့ အပိုင်းမှာ တချို့နေရာတွေက ၀မ်းနည်းစရာတွေ အများကြီးဖြစ်ခဲ့တယ်။ အဲတော့ အပြင်ရောက်တဲ့ အခါကြတော့ ဒါဒီအကြောင်းတွေ အခုလို ပြန်ပြီးတော့ ရေးရမယ် ပြုရမယ် ဆိုတဲ့ အခါကြတော့ စိတ်ထဲမှာ စိတ်ထိခိုက်တယ်။ ကလေးဆုံးသွားပြီး အလုပ်က နုတ်ထွက်ရတယ်၊ ထောင်ကျတယ်၊ ဆိုတော့ အဲဒါအခုမရေးဘဲနဲ့ ရပ်ထားတာ တော်တော်လေးပဲ ကြာပြီ။ လချီ နှစ်ချီ နီးပါး လောက်ဖြစ်သွားတယ်။ မရေးဘဲ အဲဒီနေရာမှာပဲ ရပ်ထားတယ်။ အဲတော့စပြီးတော့ မွေးကတည်းက နေပြီးတော့ အဲဒီတပ်မတော်က တာဝန် ပြီးဆုံးပြီးတော့ အင်းစိန် အကျဉ်းထောင်ကျတဲ့ အချိန်ထိ ပထမအပိုင်းပေါ့ အဲဒီမှာရပ်ထားတယ်။

နောက်ရေးမယ်ဆိုတော့ ဆက်ပြီးတော့ဒီနေ့ ဆက်ပြီး အများကြီး ရေးစရာရှိတယ် ပေါ့လေ။ နောက်ပြီးတော့ ရဟန်းဘ၀ နေတာတို့၊ နောက်ပြီးတော့ ကိုယ်တက်လာတဲ့ ကျောင်းနဲ့ ပတ်သက်တဲ့ တက္ကသိုလ် ပညာရပ်နဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး အဲဒါ ဥပဒေပညာ ရဖို့ ဥပဒေပညာနဲ့ ဖြေရှင်းပြီးတော့ အလုပ်လုပ်စားဖို့ ဒါလေးတွေ ကျန်သေးတယ်။ နောက် အရေးအခင်း ဖြစ်ပြီးတော့ အခုလို အကျဉ်းကျ ခံနေရတာတွေ အဲဒါလေးတွေလည်း ရေးဖို့ကျန်တယ်။ ထားပါတော့ အဲတော့ ဘယ်လိုနေရလဲ ဆိုတော့ အိမ်မှာ မိသားစုနဲ့ နေရသော်လည်းပဲ စိတ်ကတော့ အမှန်တိုင်း ပြောရမယ်ဆိုရင်တော့ ဒီအဖွဲ့ချုပ် သတင်းကိုတော့ မပြတ် နားထောင် ပြီးတော့ အမြဲ တမ်းပေါ့လေ အားနာတယ်။ သြော် ဒီလူတွေ ကျန်ရစ်သူတွေက ဒီလောက်တောင် အန္တရာယ်များ ကြားထဲကနေ အကျပ် အတည်းတွေ ကြားထဲကနေ ပါတီကျန်နေခဲ့အောင် ကျူံးကုန်းပြီးတော့ လုပ်ကိုင် နေရရှာတယ်။ မနည်း ရပ်တည်နေရတယ် ဆိုတာ စိတ်ထဲက နေ နားလည်နေတယ်၊ စိတ်မကောင်း ဖြစ်နေရတယ်။ ငါကတော့ ဒီမှာ မလုပ်နိုင်ဘဲနဲ့ အနှောင်အဖွဲ့မှာ နေရတယ်။ အဲဒီ ထဲကနေ သတင်းတွေ ကြားတဲ့ အခါ စိတ်ထဲမှာ မကောင်းဘူး။ အဲတော့လို ဖိဆီးမှုလေးတော့ ရှိတာပေါ့။ စိတ်သောကလေးလည်း ရှိတာပေါ့။

အဲဒီတော့ နေရင်းနဲ့ပဲ နောက်တကြိမ် ထွက်ရမှာလိုလိုနဲ့ နေလာလိုက်တာ အားလုံးပေါင်း ၆ နှစ် ဖြစ်သွားတယ်ပေါ့လေ။ အဲတော့ တပိုင်းကတော့ ဘယ်လိုပဲ ပြောပြော နေရတာ အချုပ်အနှောင်နဲ့ နေရတဲ့အတွက် မိသားစုနဲ့ နေရသော်လည်းပဲ တကယ် စိတ်ထဲမှာတော့ မပျော်ရွှင်နိုင်ပါဘူး။ နော် အခု လွတ်လာတယ် ဆိုလည်းပဲ အရင်တုန်းက ဆိုရိုးစကား ရှိတယ်မို့လား ရှင်လိင်ပြန်လို့ ရှိရင် လည်းပဲ ၀မ်းမြောက်တယ်။ အိမ်ထောင်ကျရင်လည်း ၀မ်းမြောက်တယ်။ အကျဉ်းကျရင်းကနေ လွတ်မြောက်တယ် ဆိုတဲ့ဟာလေ။ ကျနော့် အဖို့တော့ အချုပ်အနှောင် အဖွဲ့အစည်း ကြားထဲမှာ စိတ်သောက အကြီးအမား ဖြစ်တဲ့ဟာကနေ လွတ်လာငြားသော်လည်းပဲ အခုလို အနှောင်အဖွဲ့နဲ့ပဲ နေရတာပါပဲ မထူးပါဘူး။ ဟုတ်လား အိမ်မှာသွားတယ် အပေါက်ဝမှာ အစောင့်နဲ့ ခြံထဲမှာ အစောင့်နဲ့ ခုလို သွားရင်လည်း လိုက်တဲ့ဟာနဲ့ ။ နောက်ပြီးတော့ နေတဲ့ နေရာတွေမှာ ဆိုရင်လည်းပဲ တောက်လျှောက်ကြီး လိုက်နေတာ အနှောင် အဖွဲ့တွေနဲ့ပါ။ တကယ်တမ်းတော့ မလွတ်လပ်ပါဘူး။ နောက်ပြီးတော့ ဒီအလားတူပဲ ပြန်စဉ်းစား ကြည့်လိုက်လို့ရှိရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး လုပ်တဲ့ ပုဂ္ဂိုလ်မှန်သမျှ အကုန်လုံး အကျဉ်းကျနေတဲ့ သဘောရောက်တယ် လို့ပဲခံယူနေတယ်၊ အဲလိုပဲ ခံစားရတာပါပဲ။ အဲလို နေရလို့တောာ့ စိတ်ထဲမှာ ဘ၀င်မကျပါဘူး။ တခါတလေတော့လည်း သိပ်ဒေါသ ဖြစ်တယ်ပေါ့လေ။

တခါတလေတော့လည်းပဲ သိပ်မခံမရပ်နိုင်ဖြစ်တယ်။ တခါတလေတော့လည်းပဲ ဒီဘုရားရဲ့ အဆုံးအမကို နားထောင်ပြီးတော့ ကိုယ့်စိတ်ကို ပြန်ဆုံးမပြီး နေရတာတွေလည်း အများကြီးရှိတာပေါ့။ နောက် အဖွဲ့ချုပ် လုပ်ငန်းနဲ့ ပတ်သက်ပြီး အားလုံးဒီမှာ လုပ်ကိုင် နေတာကို ကူညီချင်တယ်။

ဥပမာလူငယ်တွေအပိုင်း၊ လူငယ်တွေ၊ ပြီးတော့ အပြစ်ချလို့ ရှိရင်လည်းပဲ တခါတည်း ဘာခေါ်မလဲ တပေါင်းတည်း မချဘဲနဲ့ ခုနှစ်ခု ရှစ်ခုနဲ့ အမှုတွေ တင်ပြီးတော့ အပြစ်ဒဏ်တွေကို ချနေတာ၊ နှစ်ပေါင်း ၇၀ တို့ ၈၀ တို့ ၁၀၀ တို့ ဒါတွေက စိတ်ထဲမှာ ဘ၀င်မကျဘူး။ အားလုံး စိတ်ထိခိုက်တယ်။ နောက်ပြီးတော့လည်း ဒီလောက်တောင်ပဲ ရက်စက်လွန်းတယ် ဆိုတဲ့ ခံစားမှုကတော့ တောက်လျှောက် ဖြစ်တာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာ ဆိုရင်တော့ အများကြီးပဲ ဒီဟာ မတရားမှုပဲလို့ ဆိုပြီးတော့ ဒီဟာ တော်တော့်ကို ဘ၀င်မကျဘူး။ ဘာတခုမှ တရားမျှတမှု မရှိဘူး၊ အဲဒီလိုဖြစ်တဲ့အတွက် အဲဒီခံစားမှုကတော့ တရားဥပဒေ အရ ပြန်လည်ပြီးတော့ ဖြောင့်ဖြောင့် မတ်မတ်ဖြစ်အောင် လုပ်ပေးချင်တဲ့ စိတ်က ၀င်လာတယ်၊ ပြန်လည်ပြီး ဖြောင့်ဖြောင့်မတ်မတ် ဖြစ်စေချင်တယ်၊ တရားရေး ကိစ္စတွေကို။ ကိုယ်က တတ်တော့ မတတ်ပါဘူး။ ဥပဒေသမားလည်း မဟုတ်ပါဘူး။ ကိုယ်က ဖတ်ရုံ ဖတ်ဖူးတာ။ ပြောလို့ ကြားရုံကြားဖူးတာပဲ။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကူညီချင်တယ်။

မေး။ ။ ဟုတ်ကဲ့ပါအဘ အဲဒီလို အိမ်မှာနေတဲ့အချိန်၊ အခါအားလျော်စွာ ကျန်းမာရေး စစ်ဆေးဖို့ အတွက်ကော အဆင်ပြေခဲ့ပါ သလား။

ဖြေ။ ။ ဆိုတော့ အဲဒါပြောရဦးမယ်။ အဲတော့ ပထမတခါ အကျဉ်းကျတုန်းက ထွက်လာတော့ အဲသွေးတိုးက ပါလာတယ်။ ဘယ်လောက်ထိ တိုးလည်း ဆိုရင် ကျနော်တောင် မယုံဘူး။ ၁၈၀-၁၁၀ ထိတိုးတယ်။ အဲတုန်းက တခါတည်း ချက်ချင်းဆေးရုံမှာ ကြည့်ပြီးတော့ သူတို့တောင် လန့်ဖျပ်သွားတယ်။ ဆေးရုံရောက်တော့မှ တိုင်းကြည့်လိုက်တော့ ၁၈၀-၁၁၀ ပေါ့။ အဲလိုသွေးတိုးနေတယ်။ နောက် ဒုတိယအကြိမ်မှာ ဆေးစားတယ်။ နည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတယ်။ နောက်တကြိမ်ကြတော့ ဘာဖြစ်လာလဲ ဆိုတော့ အကျဉ်းကျတဲ့ အချိန်မှာ နှလုံးခုန်တာ မမှန်ဘူး ဆီးကျိတ်က ပိုဆိုးလာတယ်။ အဲဒါကုရတယ်။ အခု တကြိမ် အထိန်းသိမ်းခံရတော့ ဘာပါလာလဲဆိုတော့ ကျနော့် မျက်စိ ပျက်သွားတယ်ပေါ့။ ဒါတွေက ဘာကြောင့်လဲဆိုတော့ သွေးတိုး (ပရက်ရှာ) ကြောင့် ဆိုတော့ ဒါအင်မတန်နုတဲ့ နေရာလေးတွေက သွေးကျိတ်ထွက်တယ် ဆိုတဲ့သဘော ဒီကြားထဲမှာလည်း ကျနော်ရဲ့အပြစ်လဲ ရှိပါတယ်။

ခုနပြောတော့ ဘာသာတရားလုပ်တယ်၊ ဘာတွေ၊ ညာတွေရေးတယ်ဆိုပြီးတော့ အပြင်အချိန် ကုန်အောင် ရုပ်ရှင် ကြည့်တယ်ဗျာ။ ရုပ်ရှင်ကလည်း အမှန်တိုင်း ပြောရမယ် ဆိုရင်တော့ ကိုရီးယားကား ကြည့်တယ်ဗျာ။ အဲတော့ ကိုရီးယားကား ကလည်း ကြည့်ရင်း ကြည့်ရင်းနဲ့ပဲ ဆွဲဆောင်မှုလေးတွေ ရှိလာတော့လည်း ကြည့်ဖြစ်တယ် ပေါ့နော်၊ အဲတော့ နောက်တခုက ဒါတင်မကဘဲ ကျနော်က အားကစားလည်း ၀ါသနာပါတော့ အားကစား သတင်း ဆိုလည်း မလွတ်ဘူးဗျာ။ ဆိုပါတော့ဟုတ်လား ပရီးမီးယားလိစ်တို့၊ တင်းနစ်ပွဲတို့ နောက်ပြီးတော့ စပိန်မှာကန်တဲ့ ပွဲဆိုတဲ့ ဘောလုံးအသင်းတွေ အကြောင်းလည်း သိတယ်။ ဘောသမားတွေလည်း သိတယ်။ သိတော့ ဒီကောင် ဟိုပြောင်းသွားပြီ။ ဟိုကောင် ဟိုပြောင်းသွားပြီ ဘယ်ကောင် ဘယ်ရောက်သွားပြီ၊ ဒါတွေလည်း သိတော့ ဘောလုံးပွဲ ကတော့ စိတ်ပါ ၀င်စားပြီးတော့ အဲဒါ အကြည့်များတယ်။ အဲဘောလုံးပွဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့နဲ့ အာဆင်နယ်တို့ လစ်ပါပူး တို့နဲ့ အဲဒါတွေ ကြည့်တာလည်း များတယ်ဗျာ။ အဲဒါကြောင့် ဒီ မျက်စိ ဖြစ်တယ်လို့ပဲ အောက်မေ့ပါတယ်။ အဲတော့ အခုတော့ ဆေးဝါးကုသမှု ခံနေတဲ့ အတွက်ကြောင့်မို့လို့တော့ ပြန်လည် ကောင်းမယ်လို့တော့ ထင်ပါတယ်။ အကျယ်ချုပ် နေရတုန်းကတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း အခက်အခဲတော့ အများကြီးရှိတယ်။

အကြောင်းကြောင်းပေါင်းများစွာ သူတို့ကလည်း ကျနော့် ကိစ္စဆိုရင်အောက်က ဘယ်သူမှ အေးအေးဆေးဆေး မယူချင်ဘူး။ သူတို့က ထစ်ခနဲ ထစ်ခနဲ ဒီလူလာပြောတယ် ဆိုရင်ပဲ စာနဲ့ ပေနဲ့ ပို့တာပဲ။ပို့တော့ သူတို့နည်း သူတို့ဟန်နဲ့ အမြန်ဆုံး ပို့တာပေါ့။ ဒါပေမယ့် ကြာတာပါပဲ။ အနည်းဆုံးကတော့ ရိုးရိုးဆိုရင်တော့ နှစ်ပတ်ပေါ့။ တပတ်နှစ်ပတ် ဆိုတာကတော့ ထုံးစံပဲ။ အဲဒါ အဲလိုဖြစ်တယ် ဆိုတော့ ကျနော်က ခုနပြောသလိုပေါ့။ သေကောင်ပေါင်းလဲ ဖြစ်မယ်ဆိုရင်တော့ ဒါကိုယ့်ဟာကိုယ် ဖြစ်ဖြစ် လုပ်ရမှာပေါ့လေ။ သာမန်အနေနဲ့ကတော့ သူတို့ အချိန်ကိုက်သွားတဲ့ အတွက် သူတို့ကအမိန့် ကျလာပြီးလို့ ရှိရင်တော့ သူတို့က ဒီအောက်က ကောင်တာထိုင်တဲ့ တာဝန်စောင့်တဲ့ ကလေးတွေကတော့ သူတို့ဖြစ်သလောက် တတ်သလောက်ကို အကူအညီ ပေးပြီးတော့ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါတယ်။

မေး။ ။ နောက်တခုက မေးချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ အဘရဲ့ သဘောထား ခံယူချက် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတော်အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ငြိမ်းချမ်းရေးအတွက် တကယ့်ကို အင်မတန်ကို လိုအပ်နေတဲ့ ခေါင်းဆောင်ကောင်း တယောက်။ သူ့မှာ ဒီအရည်အချင်းတွေလည်း ပြည့်နေပြီ။ သူ့ဘက်က အင်မတန် လိုအပ်တဲ့ ခေါင်းဆောင်ပီသတယ်။ သတ္တိကတော့ မပြောနဲ့တော့။ သူရသတ္တိကော၊ ဓမ္မသတ္တိကောရှိတယ်။ သူ့ အဖေဆီက ပါလာတဲ့ ဗီဇ၊ သွေး၊ အား၊ ဖခင်ရဲ့ဆန္ဒ၊ နိုင်ငံအတွက် သူကိုယ်ကျိုးစွန့်တဲ့ လုပ်တဲ့ ကိစ္စတို့ ဘာတို့ ရဲရင့်တာတို့၊ ပြတ်သားတာတို့၊ ဖြောင့်မတ်တာတို့၊ တည်ကြည်တာတို့ နောက်ပြီးတော့ တမျိုးသားလုံးအတွက်ကို ဟုတ်လား ကြီးပွားရာ ကြီးပွားကြောင်း၊ ချမ်းသာရာ ချမ်းသာကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ချင်တဲ့ စိတ်ဓာတ် စေတနာတွေ၊ ဒါတွေက ဗီဇ ပါလာတာတော့ အမှန်ပဲ။ သူဟာ တကယ့်ကို နိုင်ငံအတွက် အိတ်သွန်ဖာမှောက် ရှိသမျှကို ကိုယ်ကျိုးစွန့်ပြီးတော့၊ အနစ်နာခံပြီးတော့၊ သူ့ရဲ့ အသက်သွေးကို စွန့်ပြီး တော့တောင် သူက ဒီနေ့ လုပ်ကိုင်ပေးခဲ့တယ်။ တကယ့် ခေါင်းဆောင်ကောင်းပဲဗျာ။ အဲဒီလိုပဲမြင်တယ်။

ဒါကြောင့်မို့ပြည်သူလူထုကိုလည်း ကျနော် ပြောချင်တယ်ဗျ။ ဟုတ်လား အခုလို အချိန်အခါမျိုးမှာ ပြည်သူလူထုရဲ့ ဒီအရင်တုန်းက ထားရှိခဲ့တဲ့ ချစ်တယ်ဆိုတဲ့ စကားလုံး အပြည့်ထားပြီးတော့ သူ့ရဲ့ ကျန်းမာရာ ကျန်းမာကြောင်း လွတ်ရာလွတ်ကြောင်း နောက်ပြီးတော့ ဆောင်ရွက်နိုင်တာကို ချောချောမောမောနဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်းကို ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနဲ့ စိတ်ဓာတ်ကိုရော အားပေး ထောက်ခံ ခဲ့ကြတယ်။ ပြည်သူ တရပ်လုံးအတွက်ကော သူဟာ ခေါင်းဆောင်၊ ဒီနိုင်ငံတော် ဒီမိုကရေစီ အင်အားစုတွေကကော နိုင်ငံတကာ အားလုံးကကော ခေါင်းဆောင်ကောင်း ဆိုတဲ့ နေရာမှာ သတ်မှတ်ခြင်း ခံနေရတဲ့သူပဲ။ အဲတော့ ကျနော့်သဘောက ဒီအဖွဲ့ချုပ်နဲ့ ပတ်သက်တာ အားလုံး ဒေါ်အောင်ဆန်းကြည် ခေါင်းဆောင်ပြီးတော့ လုပ်တဲ့ ကိစ္စအ၀၀က အောင်မြင် စေချင်တယ်ဒါပဲ။ အဲဒီလို အောင်မြင်ဖို့အတွက် မလုပ်ရတဲ့အတွက် လူက နေမထိ ထိုင်မထိ နေနေရတဲ့ သဘောပေါ့။

မေး။ ။ အဘက တချိန်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်ခဲ့တော့ ယနေ့ တပ်မတော် အပေါ်မှာ သဘောထား ခံယူချက် ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ ဒီနိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ ချမှတ်ခဲ့တဲ့ တပ်မတော်ဟာ အစဉ်အလာ ကောင်းတွေ ရှိတယ်။ အစဉ်အလာ ကောင်းတွေ ထိန်းသိမ်းခဲ့တဲ့ တပ်မတော် အနေနဲ့ ဒီအစဉ်အလာ ကောင်းတွေကို ပြန်ပြီးတော့ ထိန်းသိမ်း စေချင်ပါတယ်။ ဟုတ်တယ်မို့လား အကုန်လုံး တပ်မှူးကြီး၊ ငယ်တွေ အားလုံး လိုက်ပြီးတော့ ပြည်သူကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကိုဦးဆောင် ခေါင်းရွက် သွားနေတာသည် ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့ အောက်မှာ တပ်မတော် နေပြီးတော့ တကယ့်ကို မိမိတို့ရဲ့ တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော် ကာကွယ်ရေး၊ အဲဒါကိုတော့ တကယ့် တရားနည်းလမ်း မှန်ကန်စွာနဲ့ ကျင့်သုံးနိုင်အောင် ဖြစ်စေချင်တယ်။ ဒါပါပဲ။

မေး။ ။ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အနာဂတ် အခန်းကဏ္ဍကို ဘယ်လို သဘောထားပါသလဲ။

ဖြေ။ ။ သြော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒါ သူသေသေချာချာကိုပဲ စပြီးတော့ ဖွဲ့စည်းပြီးကတည်းက အဖွဲ့ချုပ်ရဲ့ အဖွဲ့ချုပ် မူကြမ်းတွေမှာ သေချာပါပြီးသားပဲ။ နောက်ပြီးတော့လည်း ရွေးကောက်ပွဲ ရွေးတုန်းကလည်း အဖွဲ့ချုပ်ဟာ သူတို့ရဲ့ ကြွေးကြော်သံတွေကို သူတို့ရဲ့ ရွေးချယ်ထားတဲ့ ဒီနိုင်ငံတော်ကြီးကို ဟုတ်လား အခု လွတ်လပ်ရေး ရရခဲ့ပြီးပြီ။ လွတ်လပ်ရေး ရခဲ့ပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေး အသီးအပွင့်ဟာ ဒီနေ့အထိ ပြည့်ဝအောင် မခံစားကြရသေးဘူး။ အခု တခါထပ်ပြီးတော့ ဒီစစ်အုပ်ချုပ်ရေး စနစ်က လွတ်မြောက်ပြီးတော့မှ ဒုတိယ လွတ်လပ်ရေး အတွက်ကို စွမ်းဆောင်တဲ့ နေရာမှာ အေးချမ်းသောနည်း၊ ငြိမ်းချမ်းသောနည်း၊ ဆွေးနွေးသောနည်း၊ တယောက်နဲ့တယောက် ယုံကြည်မှုရအောင် ဖြစ်အောင် လုပ်တဲ့နည်း အဲလို တွေ့ဆုံ ဆွေးနွေးနည်းလမ်းတွေနဲ့ ဆက်လက်ပြီးတော့ အောင်မြင်အောင် အကောင်အထည် ဖော်သွားနိုင်တယ် ဆိုတဲ့ ယုံကြည်ချက် ကတော့ အဖွဲ့ချုပ်က ဒီနေ့ ဆက်လက်ပြီး ဆုပ်ကိုင် ထားလျက် ရှိပါတယ်။

မေး။ ။ ဟုတ်ကဲ့ တကယ်လို့များ ဒီစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောခွင့် ရမယ် ဆိုလို့ရှိရင် အဘအနေနဲ့ ဘယ်လိုများ ပြောကြားမလဲ။

ဖြေ။ ။ သြော် တယောက်နဲ့တယောက်ဟာ ဒီယုံကြည်မှု တည်ဆောက်ကြဖို့ပဲလို့ ဦးဆုံး ပြောချင်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူ လူထု အတွက် တွေ့ဆုံ ဆွေးနွေးပြီးတော့ ယုံကြည်မှု တည်ဆောက်လို့ ရနိုင်ပါတယ်။ လုပ်နိုင်ပါတယ်လို့။ ယုံယုံကြည်ကြည် လုပ်ပါ ဆိုတာပါပဲ။ ။


Ref: ဧရာဝတီ်

Read More...

ဦးတင်ဦးနှင့် လက်တွေ့ပြဿနာ

ရန်ငြိမ်းအောင် (လူငယ်)
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၀

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြန်လည်လွတ်မြောက်လာပြီး အဖွဲ့ချုပ်၏ မူလ တာဝန်များကို ပြန်လည် ထမ်းဆောင်နေပါပြီ။ လူငယ်များက ဘဘဦးတင်ဦးဟု ခေါ်ကြသော NLD ဒုဥက္ကဋ္ဌ လွတ်မြောက်လာသည့် သတင်းသည် ကိုမင်းကိုနိုင်တို့၊ ဘဘဦးဝင်းတင်တို့ လွတ်စဉ်များကလောက် ဂယက် သိပ်မထလှပါ။ မီဒီယာများကလည်း ယခင် ကိစ္စများတုန်းကလောက် အသားမပေးလှပါ။ ကိုမင်းကိုနိုင်တို့ လွတ်လာကြစဉ်က၊ အမျိုးသား ညီလာခံ ဆိုတာကြီးက ကျင်းပနေဆဲဖြစ်ပြီး၊ အခြေခံ ဥပဒသစ်အတွက် အခြေခံမူများ ဆိုတာတွေကို မချရသေးပါ။ ထို့ကြောင့် နိုင်ငံရေး ရေစီးကြောင်းကို တစုံတရာ ပြောင်းပစ်နိုင်စရာ လမ်းတွေ၊ မျှော်လင့်ချက်တွေ ရှိသေးသည်ဆိုပါစို့။ ထို့ကြောင့် ‘၈၈ မျိုးဆက်’ ကျောင်းသားများအပေါ် အားကိုး မျှော်လင့်ပြီး လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ရပါသည်။

ဘဘဦးဝင်းတင် လွတ်လာချိန်တွင်တော့ ၂ဝဝ၈ အခြေခံဥပဒေ ဆိုတာကို အတင်း ပြဋ္ဌာန်းပြီးနေပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာကိုလည်း ကြေညာပြီးနေပြီ။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ကန့်ကွက် နေဆဲဖြစ်သဖြင့်၊ စစ်အစိုးရ၏ ခြေလှမ်းတွေကို ဟန့်တားရန် အချိန်တွေ ရှိသေးသည်ဟု ထင်ကြပြီး၊ ဘာတွေများ ဖြစ်လာမလဲဟု စိတ်ဝင်စား ခဲ့ကြပါသည်။ ဘဘဦးဝင်းတင်ကလည်း၊ လွတ်လာကတည်းက ယနေ့အထိ အရှိန်အဟုန် မပျက်ဘဲ ရုန်းကန်လှုပ်ရှားရင်း၊ ပြောသင့်သည် ထင်သမျှကို ဘာမှ မငဲ့ကွက်ဘဲ ပြောဆိုနေဆဲ ဖြစ်ပါသည်။ စစ်အစိုးရကလည်း သူတို့စိုးရိမ်သလို ဆူပူအုံကြွမှုတွေ ဖြစ်မလာလေတော့ ပြောပစေဟုများ ပစ်ထားသလား မသိပါ။

ဘဘဦးတင်ဦးသည်လည်း၊ ဘဘဦးဝင်းတင်လိုပင် ခံယူချက်ကို မြဲမြံစွာ ကိုင်ထားပြီး မိမိ အယူအဆကို ရိုးရိုးရှင်းရှင်းနှင့် ပွင့်လင်းစွာ ဖော်ထုတ်ပြောဆိုလေ့ရှိသူ ဖြစ်ပါသည်။ ၈၈ အရေးတော်ပုံကို ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တတန်းတည်း ခေါင်းဆောင်ခဲ့သူ၊ ၁၉၉၅ မှ ၂ဝဝ၃ ခုနှစ်အထိ ၈ နှစ်တိုင်တိုင် အဖွဲ့ချုပ်လူထုနှင့် လက်ပွန်းတတီး တသားတည်းနေခဲ့ပြီး လူငယ်ထု၏ ချစ်ခင်ကြည်ညို ခံရသူဖြစ်ပါသည်။ သို့သော် ယနေ့ မျက်မှောက် နိုင်ငံရေးဖြစ်စဉ်ကို ပြောင်းပစ်နိုင်လိမ့်မည်ဟု မျှော်လင့်၍တော့ မဖြစ်နိုင်ပါ။ မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင်၊ အဖွဲ့ချုပ်အပေါ်တွင် သြဇာအရှိဆုံး၊ အဖွဲ့ဝင်ထု၏ ယုံကြည် အားထား အကြည်ညိုဆုံး ခေါင်းဆောင်တဦးဖြစ်သော၊ ဘဘဦးတင်ဦး၏ တိုက်ရိုက် ခေါင်းဆောင်မှုကို ပြန်လည် ရရှိခြင်းသည်၊ အဖွဲ့ချုပ်အတွက် တအားပင် ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညက လွတ်လာပြီး၊ ၁၅ ရက်နေ့ ရုံးစတက်သည်နှင့် ဘဘဦးတင်ဦး အရင်ဆုံး စတင် ကိုင်တွယ်ရသည့် ပြဿနာမှာ၊ ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်းရန် လူစာရင်း လျာထားခြင်း ကိစ္စပင်။ ထိုနေ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင်ရော၊ ၁၆ ရက်နှင့် ၁၇ ရက်နေ့၌ တိုင်း/ပြည်နယ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင်ပါ၊ ဘဘဦးတင်ဦး၏ ဆွေးနွေးချင့်ချိန် ဆုံးဖြတ်ချက် ချမှုများသည်၊ အကျဉ်းကျရာမှ လွတ်လာသည်နှင့် မတူဘဲ၊ အဖွဲ့ချုပ်၏ ဖြစ်စဉ်ဖြစ်ရပ်များနှင့်၊ အဆက်မပြတ် တထပ်တည်း ရှိနေသည်ဟု ကြားသိရသဖြင့် အားရှိစရာပင် ဖြစ်ပါသည်။ သို့သော် ဗဟိုကော်မတီအတွက် လူရွေးခြင်း ဆိုသည်မှာ အရေးတကြီးကိစ္စ ဖြစ်သော်လည်း၊ အရေးကြီးဆုံး ကိစ္စတရပ်တော့ မဟုတ်ပါချေ။

ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်ဆွဲလျက်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စကို စဉ်းစားရန် အချိန် မကျသေးပါဟု ဆိုနေသော်လည်း၊ အဆုံးအဖြတ် ပေးရမည့် အချိန်က မဝေးတော့ပါ။ ထို့ကြောင့် အဖွဲ့ချုပ် အဖွဲ့ဝင်ထုထဲတွင် ဤရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်၍ အမျိုးမျိုး ဝေဖန်သုံးသပ်လျက်၊ အမြင်အမျိုးမျိုး ရှိနေကြသည်မှာ၊ ပိတ်ပင်တားစီး၍ မရနိုင်သလို၊ ဆန်းသည့်ကိစ္စလည်း မဟုတ်ပါ။ အခုတလောတွင် ကျယ်နေသည့် ဝေါဟာရကိုသုံး၍ ပြောရလျှင် ရီရယ်လစ် (Realist) များနှင့် အိုင်ဒီယယ်လစ် (Idealist) များ သဘောထား ကွဲနေကြသည် ဆိုပါစို့။ မြန်မာလို ရိုးရိုးပဲ ဆိုရလျှင် လက်တွေ့ကျကျ စဉ်းစားသူများနှင့် မူဝါဒကို အထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသူများဟု ကွဲပြားနေပါသည်။ ကဗျာဆန်ဆန် ပြောရလျှင်တော့ ဦးနှောက်နှင့် နှလုံးသား လွန်ဆွဲနေခြင်းပါ။

ဤသို့သော ဒိုင်ယာလက်တစ်သည်၊ သဘာဝလောကကြီးနှင့် လူ့လောက တခုလုံးတွင် ရှိနေသည်သာ ဖြစ်၍၊ အဖွဲ့ချုပ် အထဲတွင် ၎င်းအဖွဲ့ဝင် တဦးချင်း၏ အကြံအစည် စိတ်ကူးထဲတွင် ပါရှိနေပါသည်။ လူတယောက် ထဲတွင်ပင် ဒီနေ့၊ ဒီအခြေအနေ၌ လက်တွေ့ကျကျ စဉ်းစားသော Realist ဖြစ်နေသော်လည်း နောက်တနေ့ နောက်အခြေအနေတွင် ခံယူချက်ကို တစက်မှ အထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသော Idealist ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အဖွဲ့ချုပ်အတွင်း ဖြစ်ပေါ်နေသော ဝိရောဓိများသည်၊ ချေဖျက်၍မရသော၊ သို့မဟုတ် ပျက်စီးမှုကို ဦးတည်သော ကွဲပြားချက်များ မဟုတ်ပါ။ ပြေလည်အောင် ညှိနိုင်သော ဝိရောဓိများသာ ဖြစ်ပါသည်။

သို့သော် ဘဘဦးတင်ဦးကပင်၊ ပဋိပက္ခအသွင်ဆောင်သော ဝိရောဓိ တခုသည် ရှိနေကြောင်းကို ယခုလ ၂ဝ ရက်နေ့တွင် ဖော်ထုတ် သွားခဲ့ပါသည်။ ဝါရင့် နိုင်ငံရေးသမားကြီးများနှင့် တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြုလုပ်သော ဂုဏ်ပြုပွဲတွင်၊ ပြန်လည် ကျေးဇူးတင်စကား ပြောရာ၌ ဒီပဲယင်းကိစ္စ အပြီး အမျိုးသားညီလာခံ ပြန်မခေါ်မီ အခြေအနေများနှင့် ပတ်သက်၍ ယခင် အဖွဲ့ချုပ်ခေါင်းဆောင် မည်သူကမှ မဖော်ထုတ်ခဲ့သည်များကို ဘဘက သူ့ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ပါသည်။ အဓိက အချက်မှာ ထိုစဉ်က ဆွေးနွေးပွဲများ ဖြစ်ခဲ့သည်၊ ထိုဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းကိစ္စကို ခွင့်လွှတ်ကြောင်း နအဖ ဘက်ကို ပြောထားပြီးပြီ၊ ညီလာခံသို့ NLD ပြန်တက်ရန် နှစ်ဖက်သဘောတူပြီးပြီ၊ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး အပါအဝင် တဖက် ကိုယ်စားလှယ်များ၏ အဆိုအရ၊ ထိုစဉ်က ဝန်ကြီးချုပ်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီးပြီ။ တရက်အလိုကျမှ တပ်ချုပ်က အားလုံးကို ဖျက်ပစ်လိုက်သည်ဟူ၍ ဖြစ်ပါသည်။

ဤတွင် NLD က ထည့်သွင်းစဉ်းစားရမည့် ကွယ်ဝှက်နေသော ပြဿနာတခုကို အဖွဲ့ဝင်များ ရှင်းရှင်းကြီး မြင်လာရပါပြီ။ အဖွဲ့ချုပ်က တွေ့ဆုံဆွေးနွေးခြင်းကို အခြေခံမူအဖြစ် ရွှေဂုံတိုင် ကြေညာစာတမ်း အထိ မြဲမြံစွာ ကိုင်ထားဆဲဖြစ်သည်။ သို့သော် တဖက်က အဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်သည် တွေ့ဆုံဆွေးနွေးရန် စိတ်မဝင်စားရုံမျှမက၊ တွေ့ဆုံဆွေးနွေးရေး ရလဒ်ကို ဖျက်ပစ်ပြီး ဝန်ကြီးချုပ်ကို ဖြုတ်ပစ်ဖို့ ဝန်မလေးပါ။ ဤပဋိပက္ခကို မည်သို့ ဖြေရှင်းမည်နည်း။

ဘဘဦးဝင်းတင် ထောင်ထဲက ထွက်လာကတည်းက ပြောနေခဲ့သလိုပင်၊ ဤကိစ္စကို ပြေလည်ရန်မှာ၊ လက်တွေ့ကျကျ လက်နက်ချ အရှုံးပေး ဒူးထောက်ခြင်းနှင့် အဖွဲ့ချုပ်အပျက်ခံပြီး မူဝါဒကို စွဲကိုင်ထားခြင်း နှစ်ခုကိုသာ ရွေးရန်ရှိသည်။ ဤကိစ္စသည် နှလုံးသားနှင့် ဦးနှောက် ဝိရောဓိထက် မြင့်သော အဖွဲ့ချုပ်၏ ဖြစ်တည်မှု ပြဿနာပင် ဖြစ်နေပါသည်။

ဘဘဦးတင်ဦးသည် တပ်ချုပ်ဘဝမှ ထောင်အကြိမ်ကြိမ် ကျခဲ့ပြီးသော ဥပဒေပညာရှင် နိုင်ငံရေးသမား ဘဝသို့ ရောက်လာခဲ့သူ ဖြစ်ပါသည်။ သူ့ဘဝတလျှောက်တွင် လက်တွေ့ကျကျ၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်၍ စဉ်းစားဝေဖန် ဆုံးဖြတ်ခဲ့သည်မှာလည်း များလှပါပြီ။ ထို့အတူ ခံယူချက်ကို ကိုင်ဆွဲ၍ နိုင်ငံနှင့် ပြည်သူတို့အတွက် ခံစားကာ၊ ရုန်းကန်လှုပ်ရှားခဲ့၍ အကျဉ်းကျခံရသော ကာလများမှာလည်း စုစုပေါင်း ဆယ်စုနှစ် နှစ်စုနီးပါး ရှိနေပါပြီ။

မကြာမီတွင် မလွဲမသွေ လုပ်ကြရတော့မည်ဖြစ်သော၊ အဖွဲ့ချုပ်၏ လက်တွေ့လမ်းစဉ် ချမှတ်ခြင်း လုပ်ငန်းစဉ်တွင် ဘဘ၏ ကျယ်ပြန့်သော အတွေ့အကြုံများ၊ ခိုင်မြဲသော ခံယူချက်၊ သန့်ရှင်းသော သီလ၊ မြင့်မြတ်သော ကိုယ့်ကျင့်သိက္ခာတို့အပြင် အစဉ်အလာကြီးသော ခေါင်းဆောင်မှု စွမ်းရည်တို့က ကြီးမားသော အထောက်အပံ့ ဖြစ်ပါစေဟု ရိုးသားစွာ ဆုတောင်းလိုက်ပါသည်။


Ref: မဇ္ဈိမ

Read More...

တွေ့ဆုံရေးအတွက် တရုတ်ကြားဝင်ပေး - ၀ ခေါင်းဆောင်ငြင်းဆန်

Wednesday, 24 February 2010

ယခုလ ၂၆ ရက်နေ့ စရဖ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံရန် တရုတ် ဆက်သွယ်ရေး အရာရှိများ ကြားဝင်ပေးသော်လည်း ၀ ခေါင်းဆောင် ထပ်မံ ငြင်းဆန်ထားသည်ဟု သိရသည်။

“လားရှိုးမှာ ဗိုလ်ရဲမြင့်နဲ့တွေ့ဖို့ ဥက္ကဌကြီးရဲ့ လုံခြုံရေးတာဝန်တွေပါ ယူပေးဖို့ တရုတ်ကို နအဖ က အကူအညီ တောင်းထားတယ်။ မဖြစ် ဖြစ်တဲ့နည်းနဲ့ ဥက္ကဌကြီး ပေါက်ယူချမ်း ကိုယ်တိုင် သွားအောင် ၀ ကို တရုတ်က ဖိအား ပေးဖို့ပေါ့” - ၀ ခေါင်းဆောင်များနှင့် ရင်းနှီးသူ တဦးက ပြောပါသည်။

ယခုလ ၂၂ ရက်နေ့တွင် တရုတ် ဆက်သွယ်ရေး အဖွဲ့တဖွဲ့က လာမည့် ၂၆ ရက် နအဖ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် လားရှိုး၌ ၀ ခေါင်းဆောင် ပေါက်ယူချမ်း သွားရောက်တွေ့ဆုံရန် ဖြောင်းဖြ တိုက်တွန်းပေးခဲ့သည်။ ကျန်းမာရေးကြောင့် ခရီးမသွားနိုင်ကြောင်း ၀ ဘက်က ထိုနေ့၌ပင် အကြောင်း ပြန်ကြားလိုက်သည်ဟု - ၀ အဆင့်မြင့် အရာရှိ တဦးကပြော ပါသည်။

“ကျနော်တို့ရဲ့ ဥက္ကဌ ကြီးက ကျန်းမာရေး သိပ်မကောင်းဘူးလေ၊ နေကောင်းကျန်းမာ သွားလာ လှုပ်ရှားနိုင်သူကို နေမကောင်းတဲ့ သူက သွားတွေ့ရမယ် ဆိုတာ မဟုတ်ဘူးသေးဘူး။ တခြားခေါင်းဆောင်တွေ ကိုယ်စား သွားဖို့ ပြောပေမယ့် သူတို့က ဥက္ကဌကြီးမှ ဥက္ကဌကြီးဆိုတော့ နောက်ကွယ်မှာ ရိုးသားမှု ရှိမရှိ မပြောနိုင်ဘူး” - ဟု အဆို ပါ ၀ အရာရှိက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ လွန်ခဲ့သည့် တစ်ပတ်က နအဖ ၏ စရဖ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ကိုယ်တိုင် အပစ်ရပ် ပြဿနာ ကူညီဖြေရှင်းပေးရန် တရုတ်ပြည်သို့ သွားပြီး အကူအညီ တောင်းခံခဲ့သည် ဟု ဆိုသည်။

၂၀၀၉ နိုဝင်ဘာ ၁၄ ရက်နေ့က ၀ပြည် သွေးစည်းရေးပါတီ ဒုဥက္ကဌ ရှောက်မင်လျဲန် နှင့် အခြားအဆင့်မြင့် ၀ ခေါင်း ဆောင်များ တန့်ယန်းမြို့၌ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နောက်ဆုံး တွေ့ဆုံခဲ့သည်။ ထိုစဉ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ‘စကားပြောတာ အဆင့်မရှိဘူး၊ အောက်တန်း ကျလွန်းတယ်၊ အထက်စီး ပြောလွန်းတယ် ’ - ဟု အဆိုပါ ၀ အရာရှိက ပြောပြသည်။

ထို့နောက်ပိုင်း ၀ ခေါင်းဆောင် ပေါက်ယူချမ်း ကိုယ်တိုင် သွားရောက် တွေ့ဆုံရန် နအဖ ဘက်က ကမ်းလှမ်းခဲ့သည် မှာ ၄ ကြိမ် တိတိရှိပြီဖြစ်၏။ ကျန်းမာရေးကြောင့် သွားမတွေ့နိုင်ကြောင်း ငြင်းဆန် ခဲ့ပြီး စစ်အစိုးရ တွေ့လိုက ဖေဖေါ်ဝါရီ ၂၀ ရက် ၀ ဌာနချုပ် ပန်ဆန်းမြို့သို့ လာရောက် တွေ့ဆုံနိုင်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ထံ ၀ ဘက်မှ ပြန်လည် ဖိတ်ကြား လိုက်သော်လည်း လာရောက် တွေ့ဆုံခြင်းမရှိချေ။


Ref: သျှမ်းသံတော်ဆင့်

Read More...

Wednesday, February 24, 2010

နယ်ခြားစောင့်တပ် ပြောင်းရေး ၀နှင့် စစ်အစိုးရ တင်းမာ

သန်းထိုက်ဦး
Tuesday, 23 February 2010

စစ်အစိုးရ တာဝန်ရှိသူ များနှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင် တချို့တို့က နယ်ခြားစောင့် တပ်အသွင် ပြောင်းရေး အတွက် မူအားဖြင့် သဘောတူညီ ထားသော်လည်း ဆက်လက် တွေ့ဆုံ ဆွေးနွေးရန် နှစ်ဘက် တင်းမာ နေကြသည်။

စစ်အစိုးရဘက်မှ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ၀တပ်ဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူချမ်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ လားရှိုးမြို့တွင် လာရောက် တွေ့ဆုံရန် အကြောင်းကြားခဲ့ပြီး ၀ တပ်ဖွဲ့က ငြင်းဆန်ခဲ့သည်။

အလားတူပင် ၀တပ်ဖွဲ့ကလည်း ၎င်းတို့ ဌာနချုပ်ဖြစ်သော ပန်ဆန်းမြို့သို့ ယခုလ ၂၀ ရက်နေ့တွင် လာရောက် တွေ့ဆုံနိုင်ရန် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်အား ပြန်လည် ဖိတ်ကြား ထားသည်ကို ယမန်နေ့ အထိ အကြောင်း ကြားခြင်း မရှိဘဲ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

“အစိုးရ ဘက်က ပန်ဆန်းကို ဖုန်းနဲ့ ပြောတယ်၊ လာရှိုးမြို့ အထိ ဥက္ကဌ ပေါက်ယူချမ်းကို လာတွေ့ဖို့ ပြောတယ်၊ အဲဒါကို ဥက္ကဌ ပေါက်ယူချမ်းက ကျနော် နေမကောင်းဘူး၊ မသွားနိုင်ဘူး၊ ခရီးက ဝေးတယ်၊ လမ်းက ကြမ်းတယ်၊ ဖြစ်နိုင်ရင် ပန်ဆန်းဌာနချုပ်ကို လာပါ ၂၀ ရက်နေ့ လာနိုင်တယ်ပေါ့၊ ဆွေးနွေးမယ်၊ အဲဒါကို ယနေ့ အထိ အစိုးရ ဘက်က တစုံတရာ အကြောင်း မပြန်ဘူး”ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

ယင်းသို့ တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းမှု နှင့် ပတ်သက်ပြီး ၀ တပ်ဖွဲ့ဝင်များက အမေရိကန်နိုင်ငံမှ အလိုရှိနေသည့် ၀ ခေါင်းဆောင် ၈ ဦးထဲတွင် ဥက္ကဌ ပေါက်ယူချမ်း ပါဝင်နေသည့် အတွက် စစ်အစိုးရအပေါ် သံသယ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

အပစ်ရပ် တိုင်းရင်းသား အဖွဲ့များအားလုံး နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရေးကို ယခုလကုန် နောက်ဆုံးထားပြီး ပြုလုပ်ရန် စစ်အစိုးရက ညွှန်ကြားထားကြောင်း သိရသည်။

အပစ်ရပ် အဖွဲ့များတွင် အင်အား အကြီးဆုံးဖြစ်သည့် UWSA တပ်ဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းလျှင် စစ်အစိုးရဘက်မှ ဒုတိယ တပ်ရင်းမှူး ရာထူးတခုသာ ပါဝင်ခွင့် ပြုမည် ဖြစ်ကြောင်း သဘောထား ပေးထားသည်။

ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခု အဖြစ် သတ်မှတ်ပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကို စစ်အစိုးရက ပယ်ချထားသည်။

UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ ယမန်နှစ်က အတည်ပြုခဲ့သည့် “ပြည် ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” တွင်လည်း ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဌာန်းထားပြီး ဖြစ်သည်။

အခြေခံဥပဒေတွင် “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားသည်။ အဆိုပါ သံလွင်မြစ် အရှေ့ ဘက်ခြမ်းမှ မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်သည် ပြီးခဲ့သည်နှစ် ဧပြီလမှ စတင်ခဲ့ပြီး ယခုအချိန်အထိ ကချင်ပြည်သစ် တပ်မတော် (NDA-K)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ) နှင့် ကိုးကန့် အထူးဒေသ(၁) စသည့် အဖွဲ့ ၃ ဖွဲ့သာ နယ်ခြားစောင့် တပ်များအဖြစ် ပြောင်းလဲခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။


Ref: ဧရာဝတီ်

Read More...

မလေးရှား ထိန်းသိမ်းရေးစခန်း၌ မြန်မာ (၁,၀၀၀) ကျော် အစာငတ်ခံဆန္ဒပြ

ဝီရ
၂၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

ပြည့်ကျပ်နေသော ထိန်းသိမ်းရေးစခန်းတွင် အစားအစာနှင့်ရေ လုံလောက်စွာ မရရှိ၍ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် တွေ့ခွင့်ပေးရန် ထိန်းသိမ်း ခံထားရသော မြန်မာနိုင်ငံသား (၁,၀၀၀) ကျော်တို့က ပြီးခဲ့သည့်
တနင်္ဂနွေနေ့မှစ၍ အစာငတ်ခံ ဆန္ဒပြနေကြကြောင်း စုံစမ်းသိရှိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ (KL) မြို့ တောင်ဘက် KL လေဆိပ်အနီးရှိ လန်းခန်း (Lenggeng) ယာယီ ထိန်းသိမ်းရေး စခန်းရှိ လချီ ထိန်းသိမ်း ခံထားရ သူများထဲတွင် UNHCR အသိအမှတ်ပြု ဒုက္ခသည်လက်မှတ် ရရှိထားသူများလည်း ပါဝင်ကြောင်း အလုပ်သမားအရေး ကူညီနေသူများက ပြောသည်။

“စခန်းထဲမှာ အနေအထိုင်၊ အစားအသောက်အတွက် အရမ်းခက်ခဲ ကျဉ်းကျပ်နေလို့ အစာငတ်ခံ ဆန္ဒပြကြတာ ဖြစ်တယ်။ ရေလည်း မလုံလောက်၊ အစားအစာ တွေကလည်း မကောင်းတဲ့အပြင် လူတွေပြည့်ကျပ်လို့ ညအိပ်ချိန်ဆိုရင် တယောက်အပေါ် တယောက် ထပ်ပြီး အိပ်နေရတယ်။ သူတို့ထဲက ကျန်းမာရေး မကောင်းတဲ့သူတွေ ရှိပေမယ့် ဆေးခန်းကလည်း ဆေးမပေးဘူး။ အသည်းအသန် ဖြစ်တော့မှ ခေါ်သွားတတ်တာတဲ့” ဟု ကွာလာလမ်ပူမြို့မှ မြန်မာ အလုပ်သမားများ အရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုမင်းအေးက ပြောသည်။

ယင်းကဲ့သို့ ထိန်းသိမ်းရေးစခန်းအတွင်း အဖြစ်အပျက်များ ပေါက်ကြား ခဲ့ခြင်းကြောင့် အပြင်လူများနှင့် တွေ့ဆုံခဲ့သူတို့အား စခန်း အာဏာပိုင်များက ရိုက်နှက်ခြိမ်းခြောက်မှု လုပ်ဆောင်နေကြောင်း သိရသည်။

မလေးရှားရှိ မြန်မာအလုပ်သမားများအား ကူညီသူ ကိုထက်အောင်က “ဒီလို အစာငတ်ခံ ဆန္ဒပြနေတာကို ရပ်လိုက်ဖို့ အာဏာပိုင်တွေက လာပြောနေတယ်။ ခေါင်းဆောင်လို့ သံသယဖြစ်ခံရတဲ့ ကိုထွန်းမြင့်ကျော် ဆိုတဲ့သူကို ရိုက်တာ၊ အခန်းပြောင်းတာ လုပ်လိုက်တယ်လို့ ကြားရပါတယ်။ အခုလို ဆန္ဒပြရတာက ကပ်ရောဂါလိုမျိုး ထပ်ဖြစ်မှာလည်း သူတို့ကြောက်နေလို့ ရေ လုံလုံလောက်လောက် ရဖို့ တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောကြားသည်။

ဆန္ဒပြနေသော မြန်မာအလုပ်သမားများသည် အလုပ်သမား အခွင့်အရေး ကာကွယ်ပေးနေသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် တောင်းဆိုထားပြီး ၎င်းတို့၏ တောင်းဆိုမှုများကို မရမချင်း ဆက်လက် ဆန္ဒပြသွားမည် ဖြစ်ကြောင်း ကိုထက်အောင်က ပြောသည်။

“မလေးရှား ရဲတွေက ယူအန်ကတ်ရှိတဲ့ သူတွေကိုလည်း ဖမ်းနေတာ ပုံမှန်လိုဖြစ်နေတယ်။ ယူအန်ကလည်း ကတ်ရှိတဲ့သူတွေကို လာထုတ်ဖို့က သိပ်မလွယ်တော့ဘူး။ ဘာသာစကား အခက်အခဲတွေ၊ အဆင့်အဆင့် တင်ပြရတာတွေ ရှိနေတော့ ကတ်ရှိသူတွေကို ထုတ်နိုင်ဖို့က တခါတလေ လနဲ့ချီပြီး ကြာတတ်တယ်။ မလေးရဲတွေက ယူအန်ကတ်ပြားကို အရေးလုပ်တာ မဟုတ်ဘူး။ တခါတလေ ဆုတ်ဖြဲချင် ဆုတ်ဖြဲ လိုက်တာမျိုးတောင် ရှိဖူးတယ်” ဟု စခန်းအတွင်းသို့ ရောက်ခဲ့သူ ကိုမင်းအေးက ပြောသည်။

မလေးရှားနိုင်ငံသည် ဒုက္ခသည်များ ခိုလှုံခွင့်နှင့်ဆိုင်သော နိုင်ငံတကာ သဘောတူညီမှု စာချုပ်တွင် လက်မှတ် ရေးထိုးထားခြင်း မရှိပေ။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း (၈) ခု၌ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်မှုနှင့် ဖမ်းဆီးထားသည့် နိုင်ငံခြားသား အလုပ်သမား (၅,၄၀၀) ကျော်ရှိကြောင်း မလေးရှား အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, February 23, 2010

ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဦးတင်ဦး တိုက်တွန်း

23 February 2010

မြန်မာ့တပ်မတော်အနေနဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းပြီး ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော် အဖြစ် ပြောင်းလဲဖို့ မကြာသေးခင်မှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက် လာခဲ့တဲ့ NLD ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက စစ်တပ် အရာရှိတွေ၊ တပ်မတော်သားတွေကို တိုက်တွန်း လိုက်ပါတယ်။ အဘက်ဘက်က ချို့ယွင်းနေတဲ့ တိုင်းပြည် အခြေအနေကို ပြန်လည် ထူထောင်ဖို့ ယုံကြည်မှု တည်ဆောက်ပြီး သဘောတူညီချက်တွေ ရအောင် ကြိုးစားဖို့ လိုတယ်လို့ ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက သူဟာ ငယ်ရွယ်စဉ် အချိန်ကတည်းက တပ်မတော်မှာ အရာရှိငယ် တယောက်အဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ အကြောင်း၊ တပ်မတော်ဟာ သူ့ရဲ့ အသည်းနှလုံးထဲမှာ ထာဝရ ရှိနေတဲ့ အကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ ဆက်သွယ် မေးမြန်းတဲ့အချိန် ပြောဆိုပါတယ်။ သူဟာ တပ်မတော်သားတွေကို ချစ်တဲ့ အကြောင်းနဲ့ ဒါပေမဲ့လည်း ပြည်သူတွေကို ပိုချစ်တဲ့ အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

လက်ရှိ တပ်မတော်ဟာ ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်ဖို့လိုပြီး လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“ဒီလိုပဲ အစဉ်အလာကောင်းတွေကို ထိန်းစေချင်ပါတယ်။ အကုန်လုံး တာဝန်ရှိနေတဲ့ သူတွေ အားလုံး အလိုက်ပေါ့။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ၊ ပြည်သူတို့ကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကို ဦးဆောင် ခေါင်းရွက် သွားနေတာ ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့ ဦးဆောင်မှု အောက်မှာ တပ်မတော်သည် တကယ့်ကို စံပြကောင်းကောင်းနဲ့ ဖြစ်တဲ့ ၀န်ထမ်းကောင်းကြီး တွေပေါ့၊ ကိုယ့်ရဲ့ လုပ်ငန်းကိစ္စ အ၀၀ကို ကျွမ်းကျင်အောင် လုပ်ပြီးတော့ မိမိရဲ့တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးကို တရားနည်းလမ်း မှန်ကန်စွာနဲ့ ကျင့်သုံးနိုင်အောင်တော့ ဖြစ်စေချင်တယ်၊ ဒါပါပဲ။”

အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် နိုင်ငံရေးအရ သဘော တူညီမှုတွေကို ရှာနိုင်တဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဦးတင်ဦးက ပြောပါတယ်။ ဒီလို ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အနေအထားကို ဖန်တီးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ အဆင်သင့် ရှိတယ်လို့လည်း သူက ပြောပါတယ်။

“တယောက်နဲ့ တယောက်ဟာ ယုံကြည်မှု တည်ဆောက်ကြဖို့ပဲ။ ပြည်သူလူထုတွေဟာ ဒီနေ့အထိ နိုင်ငံရေး အားဖြင့်၊ စီးပွားရေး အားဖြင့်၊ လူမှုရေး အားဖြင့် ချွတ်ခြုံ ကျနေတာ။ အဲဒါကို ညှိနှိုင်းဆွေးနွေးပြီး တခုနဲ့တခု တွေ့ဆုံ ဆွေးနွေးပြီးတော့ ယုံကြည်မှု တည်ဆောက်လို့ ရနိုင်မယ့် နေရာတခု၊ The area of agreement ရောက်အောင် လုပ်မယ်ဆိုရင် လုပ်လို့ ရနိုင်ပါတယ်လို့၊ ယုံယုံကြည်ကြည် လုပ်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ ဒီလိုကိစ္စနဲ့ ပတ်သက်လို့ တစိုက်မတ်မတ် စွဲကိုင်ထားတဲ့ ၀ါဒပါ။”

မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ နိုင်ငံတကာရဲ့ ထောက်ခံ အားပေးမှုတွေကို ကြိုဆိုတဲ့ အကြောင်း၊ ဒါပေမဲ့လည်း တကယ်တမ်း အပြောင်းအလဲတွေ၊ တိုးတက်မှုတွေ ရှိဖို့ ပြည်တွင်းက အင်အားတွေကသာ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့ အကြောင်းကိုလည်း အခုလို ပြောဆို သွားပါတယ်။

“ဒါပေမဲ့ တကယ့်အင်အားကတော့ ကိုယ့် ပြည်သူလူထုပဲ။ ကိုယ့်ဟာကို လုပ်ကြပါ။ ကိုယ့်ဟာကို လုပ်တဲ့ အားကိုပဲ ကိုယ်က ယုံကြည်တာပါ။ အဲတော့ နိုင်ငံတကာက ကူညီနေပြီး ကျနော်တို့အတွက် ပြောကြတယ်၊ ဆိုကြတယ် ဆိုတဲ့ဟာတွေ အပေါ်မှာ၊ အထောက်အပံ့တွေ အပေါ်မှာတော့ ကြိုဆိုတယ်၊ အားရတယ်၊ ဆက်လက်ပြီး တော့လည်း ကြိုဆိုကြပါ၊ ထောက်ခံကြပါ။ သို့သော် တကယ် ဆောင်ရွက်ရမယ့် အင်အားကတော့ ကိုယ့်ပြည်တွင်းက အားပဲ ဖြစ်တဲ့အတွက် ပြည်သူ လူထုတွေက လုပ်ရမယ်လို့ပဲ၊ ကိုယ့်အချင်းချင်း တိုင်းရင်းသားတွေနဲ့ အတူတကွ လုပ်ရမယ်လို့ပဲ ကျနော်တို့က ယုံကြည် တယ်။”

ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့ အချိန် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက လက်ရှိ မြန်မာနိုင်ငံ အခြေ အနေတွေနဲ့ မြန်မာ့ တပ်မတော်အပေါ် သူ့ရဲ့ သဘောထားတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော် အနေနဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့ လိုအပ်သလို အနာဂတ်မှာ တပ်မတော်ရဲ့ သမိုင်းကောင်းအောင် ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ မြန်မာပြည် နိုင်ငံရေးမှာ တပ်မတော် အနေနဲ့ သမာသမတ် ရှိတဲ့ ဒိုင်လူကြီး နေရာက ရပ်တည် စေချင်တဲ့အကြောင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပြသွားပါတယ်။

Ref: VOA News

Read More...

ငြိမ်းချမ်းရေး (၁၆) နှစ်ပြည့် အထိမ်းအမှတ် မနောပွဲ ကျင်းပ

ခိုင်လင်း
၂၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် နအဖအကြား အပစ်ရပ်စာချုပ် ချုပ်ဆိုသည့် (၁၆) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပသည့် မနောပွဲတော်ကို ယနေ့ စတင်ဖွင့်လှစ်သည်။

ကချင်ပြည်နယ်၊ နမ္မတီးမြို့မြောက်ဘက် (၁ဝ) မိုင်ကျော်အကွာရှိ ကေအိုင်အို တပ်ရင်း (၁၁) နယ်မြေ၊ ကဆုန့်ကျေးရွာတွင် မနောပွဲတော်ကို ကျင်းပနေခြင်း ဖြစ်ပြီး ယခုလ (၂၆) ရက်ထိ (၄) ရက်တိုင် ကျင်းပမည်ဖြစ်ကာ ကချင်ပြည်နယ် အတွင်းရှိ ရဟန်းရှင်လူ ပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ဖိတ်ကြားထားသူများ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပွဲတော်အတွင်း ဧည့်ခံကြိုဆိုရေး တာဝန်ယူထားသည့် ကေအိုင်အို အရာရှိတဦးက ပြောသည်။

၎င်းက “မီးရထားသံလမ်းရိုးတလျှောက်က ဘုန်းကြီးတွေလည်း ကြွလာပါတယ်။ အပါး (၈ဝ) ဖိတ်ထားပါတယ်။ ကချင်တွေချည်း မဟုတ်ပါဘူး။ ရှမ်းတွေ၊ ဗမာတွေ၊ နာဂတွေ လူမျိုးစုံလာပါတယ်။ တရုတ်ပြည်ဘက်က ကချင် တိုင်းရင်းသားတွေ၊ ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်က ကချင်တွေလည်း ရောက်နေကြပါတယ်။ လူဦးရေတော့ အတိအကျ မသိနိုင်သေးပါဘူး။ တချို့က လာနေတုန်း၊ လမ်းမှာပဲ ရှိနေလို့ပါ။ လောလောဆယ် သုံးထောင်လောက်တော့ ရှိနိုင်ပါတယ်” ဟု ပြောသည်။

ပွဲတော်ရက်အတွင်း မနောပွဲများကိုသာ အဓိကပြုလုပ်မည်ဖြစ်ပြီး တက်ရောက်လာသည့် ဧည့်သည်များလည်း ပါဝင် ဆင်နွှဲကြမည် ဖြစ်ကြောင်း၊ ညပိုင်းတွင် စတိတ်ရှိုး ပြုလုပ်မည်ဖြစ်ပြီး ခရီးသွားလာရေး၊ ဧည့်ခံ ကျွေးမွေးရေး အစီအစဉ် အားလုံးကို ကေအိုင်အိုက တာဝန်ယူကြောင်း သိရသည်။

ကချင်တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ကေအိုင်အိုအဖွဲ့က ၁၉၆၁ ခုနှစ်တွင် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ (၂၄) ရက်တွင် မြစ်ကြီးနားမြို့၌ နအဖနှင့် ကေအိုင်အို ကိုယ်စားလှယ်များ အကြား အပစ်ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုခဲ့သည်။

နအဖက ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်း နေသော်လည်း ကေအိုင်အိုက တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရှိသေးသရွေ့ နယ်ခြားစောင့် တပ်ဖွဲ့ရန် လက်မခံကြောင်း ငြင်းပယ်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

ရန်ကုန် အကျိုးပြု လုပ်ငန်းများအတွက် ကြံ့ဖွံ့က သန်း ၁၂၀၀ သုံးမည်

အောင်သက်ဝိုင်း
Monday, 22 February 2010

၂၀၁၀ ပြည့်နှစ် အတွင်း ရန်ကုန် မြို့တွင်းရှိ လမ်းများခင်းခြင်း အပါအ၀င် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) အနေနှင့် ကျပ်ငွေ ၁၂ ဘီလီယံ ကျော် သုံးစွဲမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောသည်။

ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်း ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံမည့်သူဟု နာမည် ကြီးနေသူလည်း ဖြစ်သည်။

ရန်ကုန်မြို့နေ ပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများကို ကြံ့ဖွံ့အသင်းက အာရုံစိုက် လုပ်ဆောင် လျက်ရှိကြောင်း၊ လမ်းခင်းခြင်း လုပ်ငန်းများတွင် ပြည်သူများ ငွေကြေး ထည့်ဝင်စရာ မလိုဘဲ ကြံ့ဖွံ့အသင်းက တာဝန်ယူ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့က သတင်းထောက်များအား မြို့တော်ဝန်က အသိပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“စည်ပင်ကစိုက်ထုတ်တဲ့ ငွေနဲ့ ကြံ့ဖွံ့က နာမည်ခံထားတဲ့ လမ်းခင်းတာတို့၊ ရေသွယ်တာတို့၊ တခြား သာရေး၊ နာရေး၊ ကျန်းမာရေး အခမဲ့ ၀န်ဆောင်ပေးတဲ့ လုပ်ငန်းတွေမှာ ငွေကြေးတောင်းခံရင် သူ့ဆီတိုက်ရိုက် တိုင်လို့ ရတယ်ဆိုပြီး ဗိုလ်မှုးချုပ် အောင်သိန်းလင်း က ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြသူ သံဃာများနှင့် ပြည်သူများကို ဖမ်းဆီးနှိပ်စက် စစ်ကြောရာ စခန်းဖြစ်ခဲ့သော အင်းစိန် GTI ကျောင်းကိုလည်း ကြံ့ဖွံ့အသင်း၏ ပြည်သူ့ ဆေးရုံအဖြစ် ပြောင်းလဲ တည်ဆောက် နေကြောင်း မြို့တော်ဝန်က ဆိုသည်။

အခြေခံပညာ အဆင့်မြင့်တန်း (ဆယ်တန်း) စာမေးပွဲများနီးကပ် ချိန်တွင်လည်း ကြံ့ဖွံ့အသင်းက အနီးကပ် ကျုရှင်များ ဖွင့်လှစ်ပြီး အခမဲ့ ပညာသင်ကြား ပေးသည်ဟု မြို့တော်စည်ပင် သတင်း ရပ်ကွက်မှ သိရသည်။

ကြံ့ဖွံ့အသင်းသည် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ၂၀၁၀ ပြည့်နှစ် ရောက်ရှိလာချိန်မှ ပိုမို အရှိန်အဟုန်မြှင့် လုပ်ဆောင် လာသည်ကို ကြည့်ခြင်းဖြင့် ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ချက် ရှိသည်မှာ အလွန်သိသာ ထင်ရှား နေကြောင်း၊ အဆိုပါ အကျိုးပြု လုပ်ငန်းများ သည်လည်း ရွေးကောက်ပွဲတွင် မဲဆွယ်သည့် အနေဖြင့် လုပ်ကိုင် နေခြင်းသာ ဖြစ်ကြောင်း ရန်ကုန်နေ ပြည်သူများက သုံးသပ်နေကြသည်။

“အစိုးရ တရပ် လုပ်ရမယ့် အလုပ်တွေကို ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီဖြစ်လာမယ့် ကြံ့ဖွံ့က နာမည်ခံ လုပ်တယ်ဆိုရင် မမှား ပါဘူး။ ရွေးကောက်ပွဲမှာ ဘယ်သူပဲဝင်ပြိုင်ပြိုင် သူတို့ ကြံ့ဖွံ့တွေပဲ အနိုင်ရအောင် လုပ်ကြမှာ” ဟု အငြိမ်းစား တက္ကသိုလ်ဆရာ တဦးက ပြောသည်။

နအဖ စစ်အစိုးရသည် ၂၀၁၀ ပြည့်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု အကြိမ်ကြိမ် ကြေညာ နေသော်လည်း ကျင်းပမည့် ရက်ကို အတိအကျ ကြေညာခြင်း မရှိသကဲ့သို့ ရွေးကောက်ပွဲ ဥပဒေကိုလည်း ယခု အချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်အစိုးရအနေဖြင့် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများကို ဆက်လက် တင်းကျပ်စွာ ထိန်းချုပ် နေသော်လည်း စစ်အစိုးရ နောက်ခံ ပြုပေးထားသည့် ကြံ့ဖွံ့ အသင်းကမူ နိုင်ငံ အနှံ့အပြား၌ စတင် မဲဆွယ်သည့် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း တွေ့ရသည်။

Ref: ဧရာဝတီ်

Read More...

အစိုးရသတင်းပေးများအတွက် ဝေါ်ကီတော်ကီများ ထုတ်ပေး

တက်လူ
၂၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

နအဖစစ်အစိုးရအား ဆန့်ကျင်သည့် လှုပ်ရှားမှုတို့ကို အချိန်မီ သတင်းပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်ရှိ စည်ပင်ဧရိယာ မြို့နယ်များရှိ ဈေးအသီးသီးမှ ဈေးသည်အချို့ကို ဝေါ်ကီတော်ကီ ခေါ် စကားပြော ဆက်သွယ်ရေးစက်များ ချထားပေးကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) မှ သိရသည်။

“လောလောဆယ် ကုန်စိမ်းရောင်းတဲ့သူတွေကို ချပေးထားတယ်။ ဥပမာ ကြက်သားရောင်းတဲ့ သူတွေ၊ ဟင်းသီးဟင်းရွက် ရောင်းတဲ့ သူတွေပေါ့။ ဘယ်လို အကြောင်းပဲဖြစ်ဖြစ် သတင်းပေးဖို့ပါပဲ။ သူတို့အနေနဲ့ အစိုးရ ဆန့်ကျင်တဲ့ သူတွေကို ဖမ်းဆီးခွင့် မရှိပါဘူး၊ သတင်းပေးရုံပါပဲ။ သူတို့ကို လခပေးထားတာဖြစ်တယ်။ အနည်းဆုံး တနေ့ကို (၂,၀၀၀) ကျပ်နဲ့ တွက်ပေးတာဖြစ်တယ်” ဟု တယက၏ ခိုင်လုံသော သတင်းရပ်ကွက်မှ ပြောသည်။

ရန်ကုန်မြို့လယ်ရှိ (၃၈) လမ်းဈေးဟု အများသိသော ဈေးတွင် ကြက်သား ရောင်းချသူတဦး၏ ဆိုင်တွင် ရောင်းချနေသော ကြက်အကောင်များ၏ အောက်တွင် ပလတ်စတစ် အကြည်ရောင် အပါးစားဖြင့် အုပ်ထားသော စကားပြောစက်ကို တွေ့ခဲ့ရကြောင်း ယင်းဈေးတွင် အမြဲတမ်း ဈေးဝယ်နေကျ အိမ်ရှင်မတဦးက ပြောသည်။

၎င်းက “တွေ့နေတာပါပဲ၊ ကျမတို့လည်း အရမ်းကြီး ဂရုမစိုက်ပါဘူး။ သူတို့လည်း ကျမအထင်တော့ စားဝတ်နေရေးကြောင့် လုပ်တာဖြစ်မှာပါ။ ကိုယ့်အလုပ်အပြင် တလကို ကျပ် (၅) သောင်း (၆) သောင်းလောက် ရတာတော့ ဒီခေတ်မှာ လုပ်မယ့်သူ ချည်းပဲလေ” ဟု ပြောသည်။

တယကတာဝန်ရှိသူ၏ ပြောပြချက်အရ စကားပြောစက် အလုံးရေ (၂၀၀) ကျော်ကို မြို့နယ် အလိုက်ရှိသော ဈေးများတွင် ချထားပေးကြောင်း သိရသည်။

ယခုနှစ်တွင် စစ်အစိုးရက ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာထားသည့်အတွက် အစိုးရအနေဖြင့် ပြည်သူတို့၏ သဘောထားများကို လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ပေးရန်လိုကြောင်း၊ သို့သော် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူတို့က လွတ်လပ်စွာ ပြောဆိုမှု ပြုလုပ်သည်ကို မတွေ့ရကြောင်း ပြည်တွင်းမှ သတင်းစာနယ်ဇင်း သမားတဦးက ပြောသည်။

၎င်းက “ကျနော်တို့က မေးတယ်၊ တွေ့တဲ့သူတချို့ကိုပေါ့ဗျာ။ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု ရှိ မရှိပေါ့။ ဒါပေမယ့် တော်တော် များများ မပြောရဲဘူးဗျ။ သူတို့ အဲဒီစကားကို ပြောရင်ပဲ အဖမ်းခံရမှာကို ကြောက်နေတာ တွေ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အတားအဆီးတွေ ရှိနေဆဲဆိုတာ ပေါ်လွင်နေပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအနှံ့တွင်လည်း အစိုးရဆန့်ကျင်သောသူများကို စစ်အစိုးရက သတင်းပေးသင်တန်း ဖွင့်လှစ်ရန်အတွက် လူငယ်များအား စိစစ် ရှာဖွေနေကြောင်း၊ ယင်းသင်တန်းကို “စွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးသင်တန်း” ဟု ညွှန်ကြားချက်ဖြင့် (၁၀) တန်းအောင်ပြီးသော လူငယ်များကို ဦးစားပေးရွေးချယ်နေသည်။

ဆယ်တန်းစာမေးပွဲများ ကျင်းပပြီးစီးပါက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်မည်ဟုလည်း ရန်ကုန်တွင် သတင်းများ ထွက်ပေါ်နေသည်။

Ref: ခေတ်ပြိုင်

Read More...

ရွှေတြိဂံ ဒေသတွင် ပစ်ခတ်မှုဖြစ်ပွား ရဲ ၁၅ ဦးသေဆုံး

သန်းထိုက်ဦး
Monday, 22 February 2010

ရွှေတြိဂံဒေသ မဲခေါင်မြစ် အတွင်း မူးယစ်ရာဇာ နော်ခမ်းအဖွဲ့နှင့် မြန်မာ ရဲတပ်ဖွဲ့ဝင်များ စနေနေ့က အပြန်အလှန် ပစ်ခတ်မှုကြောင့် ရဲစခန်းမှူး ဦးခင်မောင်ရင် အပါအ၀င် တပ်သား ၁၅ ဦး သေဆုံး သွားကြောင်း တာချီလိတ် မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

“မဲခေါင်မြစ် လှည့်ကင်းမှာ လှေသုံးစီးနဲ့ သွားကြတာ၊ အပြန်မှာ သူတို့ စောင့်ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ စက်သေနတ်နဲ့ ပစ်တယ်၊ ရေထဲ ပြုတ်ကျ ကုန်တယ်”ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့ မြောက်ဘက်၌ အခင်းဖြစ်ပွားစဉ် စခန်းမှူး ဦးခင်မောင်ရင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် အင်အား ၁၇ ဦးခန့်ရှိပြီး သေနတ် ဒဏ်ရာများဖြင့် ရေထဲ ကျသွားသော ရဲတပ်ဖွဲ့ဝင် အလောင်းတချို့ကို ဆယ်ယူနိုင်ခဲ့ သော်လည်း နှစ်ဦး ပျောက်ဆုံး နေသေးကြောင်း၊ သေဆုံးသူများ၏ အလောင်းများကို ယနေ့ မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ အာဏာပိုင်များက မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူးယစ် ဆေးဝါး မှောင်ခို ကုန်ကူးနေသူ ဖြစ်ပြီး ၎င်းမှာ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလိုရှိနေသူ ဖြစ်ကြောင်း သိရသည်။

မူးယစ် ဆေးဝါးများကို ရှမ်းပြည်နယ် အတွင်းရှိ တချို့သော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေကြပြီး တာချီလိတ် မြို့ဘက်မှ ထိုင်းနိုင်ငံ အတွင်းသို့ သယ်ဆောင် ရောင်းချမှု များလည်း ရှိကြောင်း သတင်း ဖော်ပြချက်များအရ သိရှိရသည်။

ယင်း ဒေသတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ ဖြစ်သော ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ (UWSA) သည် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို အာရှတွင် အမြောက်အမြား ကျယ်ပြန့်စွာ ထုတ်လုပ်နေသည့် အဖွဲ့တဖွဲ့ ဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ဆိုသည်။

Ref: ဧရာဝတီ်

Read More...

ကလလတမှ နိုင်ငံရေးပါတီ ဖွဲ့စည်းပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းနေ

နှောင်းလှိုင်/ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၀

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး အဖွဲ့မှ နိုင်ငံရေးပါတီ ဖွဲ့စည်း တည်ထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

“စည်းရုံးရေး လုပ်ငန်းကို လုပ်နေပါတယ်။ လွိုင်ကော်မြို့နယ် အနီးတ၀ိုက် ရွာတွေနဲ့ ဒီးမော့ဆို အနောက်ဖက်ခြမ်း ရွာတွေကို စည်းရုံးရေး လုပ်ဆောင်ဆဲပါ” ဟု ကရင်နီပြည်အရေး နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ တဦးက ပြောပါသည်။

ကလလတအဖွဲ့သည် ပါတီ တရားဝင် မရသေးသော်လည်း ဒီးမော့ဆို၊ ဖရူဆိုနှင့် မယ်စဲ့ လွိုင်လင်ဒေသတွင် စည်းရုံးရေး ဆင်းနေပြီ ဖြစ်ပြီး ထိုစည်းရုံးရေး ခရီးတွင် ဇန်န၀ါရီလ နောက်ဆုံးပတ်မှ မတ်လအထိ ၃ လကြာ နေရာဒေသ အလိုက် စည်းရုံးနေမည် ဖြစ်သည်။

“ဘယ်လူထုပဲဖြစ်ဖြစ် နိုင်ငံရေးသမားပဲဖြစ်ဖြစ် သူတို့အနေနဲ့ ကရင်နီလူထုကို တကယ်တမ်း ကိုယ်စားပြုပြီးတော့ ကရင်နီ လူထုအရေးကို လုပ်ချင်သပ ဆိုလို့ရှိရင် သူတို့ အနေနဲ့ နိုင်ငံရေးပါတီတွေ ဖွဲ့ချင်သပ ဆိုရင်လည်း ဖွဲ့ပိုင်ခွင့် ရှိပါတယ်။ ကျနော်တို့ အနေနဲ့ တာမြစ်ပိုင်ခွင့် မရှိဘူး။ ဒါက ကေအဲန်ပီပီ အနေနဲ့ လုပ်ရမယ် မလုပ်ရဘူးဆိုတာ ပြောပိုင်ခွင့်လည်း မရှိဘူး” ဟု ကေအဲန်ပီပီမှ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါသည်။

ထိုစည်းရုံးရေးတွင် အ၀တ်အထည်များနှင့် မုန့်၊ အစားအစာများ ဝေပေးသည့်အတွက် ပြည်သူအများစုသည် နိုင်ငံရေး စိတ်မ၀င်စား ကြသော်လည်း မိမိစားဝတ်နေရေးနှင့် ကလေးပညာရေး ကောင်းလျှင် ထောက်ခံမည်ဟု ပြောသံ ကြားရသည်ဟု ပြောပါသည်။

“ကယားပြည်နယ် ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာအတွေ့အကြုံမှ မရှိဘူး။ ဗဟုသုတလည်း နည်းတဲ့ အပြင် လူမှုအသိုင်းအ၀ိုင်း တစ်ရပ်ဖြစ်နေခြင်း၊ နှစ်ပေါင်းများစွာ လက်နက်ကိုင်အုပ်စုတွေ အကြောက်တရား ကြီးစိုး လာခဲ့တဲ့အတွက် အပစ်ရပ် ပါတီတွေ ကြံ့ဖွံ့တွေရဲ့ နိုင်ငံရေးပရိယာယ်တွေ နားလည်မှာ မဟုတ်ဘူး” ဟု ၎င်းနိုင်ငံရေး စောင့်ကြည့်သူ တစ်ဦးက ဆက်လက်ပြောကြား သွားပါသည်။

အမှန်တကယ် ပြည်သူလူထုများကို အကာအကွယ်ပေးရေးထက် ၂၀၁၀ ရွေးကောက်ပွဲ နှင့်အတူ ကိုယ့်ကျိုးရှာ စီးပွားရေး အမြင်များကို လက်ခံကိုင်စွဲနေသူများမှ နိုင်ငံရေးပါတီ ဖြစ်လာခြင်းကြောင့် ပြည်သူများ ဘ၀သည် ၂၀၁၀ ရွေးကောက်ပွဲပြီးတွင်လည်း မည့်သည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်လာစေမည် မဟုတ်ပါဟု ဆိုပါသည်။

“ကျနော်တို့ကတော့ ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံရေး ပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ၀င်ခွင့်မ၀င်ခွင့် ဒါကတော့ သိပ်ပြီး အရေးကြီးလှတဲ့ ကိစ္စ လို့တော့ ကျနော်တို့ မမြင်ဘူး။ ကျနော်တို့ မြင်တဲ့ အဓိက အရေးကြီးဆုံး အချက်ကတော့ တကယ်လို့များ ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့မယ် ဆိုရင် ဘယ်သူပဲ ရွေးကောက်ပွဲမှာဝင်ဝင်၊ ဘယ်သူပဲ ရွေးကောက်ပွဲမှာ အရွေးခံရခံရ ၊ အရွေး မခံရ မခံရ ၊ အရေးကြီးဆုံးကတော့ ကျနော်တို့က ၂၀၀၈ တုန်းက အခြေခံဥပဒေပဲလို့ ကျနော်တို့ အဲလိုပြောချင်တယ်။ အဲဒီ အခြေခံဥပဒေကို ကျနော်တို့ ပြန်လည်သုံးသပ်ခြင်း ပြင်ဆင်ခြင်း မလုပ်သရွေ့ကတော့ ဘယ်သူပဲ ရွေးကောက်ပွဲမှာ အောင်အောင် ကျနော် ထင်တာကတော့ လူထုအရေးကို သိပ်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ အကြောင်းမမြင်ဘူး။ ဘာဖြစ်လဲဆိုရင် အဲအခြေခံဥပဒေက ဘယ်နိုင်ငံရေး ပါတီ အဖွဲ့အစည်းကိုမှ တစုံတရာ လုပ်ပိုင်ခွင့် ပေးထားတာ မရှိဘူးလေ” ဟု ခူဦးရယ်က ပြောပါသည်။

ပါတီဦးဆောင်သူများမှာ ဦးထွန်းကျော်နှင့် ပါတီအဓိက လှုပ်ရှားမှုတွင် အားဖြည့်ထားသော ဦးတော်ရယ် အငြိမ်းစား(အစိုးရ၀န်ထမ်း ဟောင်း)၊ ဦးရှာမွေအေးလာ (ယခင် မယ့်စဲ့မြို့နယ် ပညာရေးမှူး ယခု လွိုင်ကော်မြို့နယ် ပညာရေးမှူး)၊ ဦးသိန်းအောင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ ၀င်ဟောင်းတို့က အဓိက ပါတီကို ကိုင်တွယ်ရန် ကြိုးပမ်းနေသူများ ဖြစ်သည်။

လူအင်အား ၁၆၀၀ ၀န်းကျင်ခန့် ရှိသော ကလလတ အဖွဲ့သည် ဦးစန္ဒာနှင့် ဦးထွန်းကျော်တို့က ဦးဆောင်ပြီး ၁၉၇၈ ခုနှစ်တွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ခဲ့ကာ ၁၉၉၄ ခုနှစ် မေလတွင် မြန်မာ စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပြီး ၂၀၀၉ခုနှစ် နိုဝင်ဘာလ (၈) ရက်တွင် နယ်ခြားစောင့်တပ် အဖြစ် ပန်းတိန်းနှင့် စွပ်ပိုင်းဒေသ၌ နယ်ခြားစောင့် တပ်ဖွဲ့ ဖွင့်လှစ်သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရပါသည်။

Ref: ကန္တာရဝတီ

Read More...

Monday, February 22, 2010

ရန်ကုန် အကျိုးပြု လုပ်ငန်းများအတွက် ကြံ့ဖွံ့က သန်း ၁၂၀၀ သုံးမည်

အောင်သက်ဝိုင်း
Monday, 22 February 2010

၂၀၁၀ ပြည့်နှစ် အတွင်း ရန်ကုန် မြို့တွင်းရှိ လမ်းများခင်းခြင်း အပါအ၀င် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) အနေနှင့် ကျပ်ငွေ ၁၂ ဘီလီယံ ကျော် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောသည်။

ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်ကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်းကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည့်သူဟု နာမည် ကြီးနေသူလည်း ဖြစ်သည်။

ရန်ကုန်မြို့နေ ပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများကို ကြံ့ဖွံ့အသင်းက အာရုံစိုက် လုပ်ဆောင် လျက်ရှိကြောင်း၊ လမ်းခင်းခြင်း လုပ်ငန်းများတွင် ပြည်သူများ ငွေကြေးထည့်ဝင်စရာမလိုဘဲ ကြံ့ဖွံ့အသင်းက တာဝန်ယူ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့က သတင်းထောက်များအား မြို့တော်ဝန်က အသိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

“စည်ပင်ကစိုက်ထုတ်တဲ့ ငွေနဲ့ ကြံ့ဖွံ့က နာမည်ခံထားတဲ့ လမ်းခင်းတာတို့၊ ရေသွယ်တာတို့၊ တခြား သာရေး၊ နာရေး၊ ကျန်းမာရေး အခမဲ့ ၀န်ဆောင်ပေးတဲ့ လုပ်ငန်းတွေမှာ ငွေကြေးတောင်းခံရင် သူ့ဆီတိုက်ရိုက် တိုင်လို့ ရတယ်ဆိုပြီး ဗိုလ်မှုးချုပ် အောင်သိန်းလင်း က ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြသူ သံဃာများနှင့် ပြည်သူများကို ဖမ်းဆီးနှိပ်စက် စစ်ကြောရာ စခန်းဖြစ်ခဲ့သော အင်းစိန် GTI ကျောင်းကိုလည်း ကြံ့ဖွံ့အသင်း၏ ပြည်သူ့ဆေးရုံအဖြစ် ပြောင်းလဲ တည်ဆောက် နေကြောင်း မြို့တော်ဝန်က ဆိုသည်။

အခြေခံပညာ အဆင့်မြင့်တန်း (ဆယ်တန်း) စာမေးပွဲများနီးကပ်ချိန်တွင်လည်း ကြံ့ဖွံ့အသင်းက အနီးကပ် ကျုရှင်များ ဖွင့်လှစ်ပြီး
အခမဲ့ ပညာသင်ကြား ပေးသည်ဟု မြို့တော်စည်ပင် သတင်း ရပ်ကွက်မှ သိရသည်။

ကြံ့ဖွံ့အသင်းသည် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ၂၀၁၀ ပြည့်နှစ် ရောက်ရှိလာချိန်မှ ပိုမို အရှိန်အဟုန်မြှင့် လုပ်ဆောင် လာသည်ကို ကြည့်ခြင်းဖြင့် ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ချက်ရှိသည်မှာ အလွန်သိသာ ထင်ရှား နေကြောင်း၊ အဆိုပါ အကျိုးပြု လုပ်ငန်းများ သည်လည်း ရွေးကောက်ပွဲတွင် မဲဆွယ်သည့်အနေဖြင့် လုပ်ကိုင်နေခြင်းသာ ဖြစ်ကြောင်း ရန်ကုန်နေ ပြည်သူများက သုံးသပ်နေကြသည်။

“အစိုးရ တရပ် လုပ်ရမယ့် အလုပ်တွေကို ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီဖြစ်လာမယ့် ကြံ့ဖွံ့က နာမည်ခံလုပ်တယ်ဆိုရင် မမှား ပါဘူး။ ရွေးကောက်ပွဲမှာ ဘယ်သူပဲဝင်ပြိုင်ပြိုင် သူတို့ ကြံ့ဖွံ့တွေပဲ အနိုင်ရအောင်လုပ်ကြမှာ” ဟု အငြိမ်းစား တက္ကသိုလ်ဆရာ တဦးက ပြောသည်။

နအဖ စစ်အစိုးရသည် ၂၀၁၀ ပြည့်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု အကြိမ်ကြိမ် ကြေညာနေသော်လည်း ကျင်းပမည့် ရက်ကို အတိအကျ ကြေညာခြင်း မရှိသကဲ့သို့ ရွေးကောက်ပွဲ ဥပဒေကိုလည်း ယခုအချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်အစိုးရအနေဖြင့် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများကို ဆက်လက် တင်းကျပ်စွာ ထိန်းချုပ်နေသော်လည်း စစ်အစိုးရ နာက်ခံပြုပေးထားသည့် ကြံ့ဖွံ့အသင်းကမူ နိုင်ငံအနှံ့အပြား၌ စတင် မဲဆွယ်သည့် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း တွေ့ရသည်။

Ref: ဧရာဝတီ်

Read More...

တပ်မတော်သားအဖြစ် ဂုဏ်မယူလိုတော့သူ...

Saturday, 20 February 2010

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အမှတ် ၃၁၂ အမြောက်တပ်ရင်းမှ တပ်စုမှူး ဗိုလ်ရဲထက် ဟာ မေမြို့ စစ်တက္ကသိုလ် မဟာသိပ္ပံ ပထမနှစ်တက်နေရင်း မြန်မာစစ်အစိုးရဲ့ လုပ်ရပ်တွေကို မခံစားလာနိုင်တဲ့ အတွက် ထိုင်းမြန်မာ နယ်စပ်တနေရာကို ဇန်န၀ါရီလလယ် လောက်မှာ ထွက်ပြေးလာပါတယ်။ ယနေ့ မြန်မာစစ်တပ် ထဲမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံ မေးမြန်း ဖော်ပြ လိုက်ပါတယ်။

မေး။ ။ ဗိုလ်ရဲထက် အနေနဲ့ ဘာကြောင့် မြန်မာ့ တပ်မတော်ကနေ ထွက်ပြေးလာရတာလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံတော်မှာ ဖြစ်နေတဲ့အနေအထား စီးပွားရေးအရ ပြည်သူလူထုတွေ အရမ်းကြပ်တည်း နေတယ်။ နောက်ပြီး လူမှုရေး၊ နိုင်ငံရေးအရလည်း နိုင်ငံမှာ အများကြီး ချွတ်ယွင်းနေတယ်။ ဒီလို ကဏ္ဍပေါင်းစုံ ချွတ်ခြုံ ကျနေတဲ့ အနေအထားမှာ စစ်အစိုးရက ကာကွယ်ရေး၊ လက်နက်ပစ္စည်း အတွက်ပဲ ဦးစားပေးပြီး လုပ်နေတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်။ ဒီအပေါ်မှာ တပ်မတော်သား တယောက် အနေနဲ့ကတော့ သုံးမယ့် လက်နက် ပစ္စည်း ခေတ်မီလာတယ်၊ ကမ္ဘာနဲ့ ရင်ပေါင် တန်းလာနိုင်လာတဲ့ အပေါ်မှာ၊ ကာကွယ်ရေး ကဏ္ဍတွေ တိုးတက်လာတဲ့ အပေါ်မှာ ဂုဏ်ယူ သဘောကျတယ်။ ဒါပေမယ့်စစ်ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ တခုတည်း တိုးတက်လာရုံနဲ့ တိုင်းပြည် တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကဏ္ဍပေါင်းစုံ တိုးတက်ရမယ် ပြည်သူလူထုရဲ့ လူနေမှု အဆင့်အတန်း၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး တိုးတက်မှသာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တနိုင်ငံအဖြစ် ရပ်တည်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် မိမိ အဖွဲ့အစည်း တိုးတက်မှု တခုတည်းအတွက် မကြည့်ဘဲနဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ အားလုံးကို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အဲ့ဒီ အပေါ်မှာ အမြင်မတူတဲ့ အနေ အထားနဲ့ အဓိက ထွက်လာရတယ်။

နောက်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ တပ်မတော်ဟာဒီနိုင်ငံ၊ ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ အားထားရာ ဖြစ်တယ်။ ဒီလိုမှ မဟုတ်ဘဲနိုင်ငံသူ နိုင်ငံသားတွေရဲ့ရွံစရာ၊ မုန်းတီးစရာတွေ ဖြစ်လာတယ်ဆိုရင် တပ်မတော် ဖွဲ့စည်းထားတာဟာ အလကားပဲလို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးခင် မှာခဲ့တဲ့ စကားလည်း ရှိတယ်။ ဒီဘက်ခေတ်နောက်ပိုင်း တပ်မတော်ရဲ့ ကဏ္ဍတွေမှာ စစ်သားဆိုတာ အမိန့်အရ လုပ်ဆောင် ရတာတွေ ရှိတယ်။ ဒီအပေါ်မှာ စစ်အစိုးရရဲ့မူဝါဒကို လိုက်လံ အကောင်အထည်ဖော်ပြီး အမိန့်ကို နာခံရတဲ့ စစ်သားနဲ့၊ အောက်ခြေစစ်သည်တွေနဲ့ ပြည်သူ့အကြား ဖြစ်လာတဲ့ အနေအထားမှာ ပြည်သူက အစိုးရရဲ့ လုပ်ရပ်လို့မမြင် ဘဲ တပ်မတော်ရဲ့လုပ်ရပ်လို့ မြင်လာတယ်။ ပြည်သူနဲ့ တပ်မတော်ဟာ တသားတည်း မဖြစ်တော့ဘူး။ ပြည်သူက မွေးထုတ်ပေးလိုက်တဲ့ တပ်မတော်သားတွေဟာ ပြည်သူ့အတွက် မဟုတ်တော့ဘဲ စစ်အစိုးရ အတွက်ပဲလို့ ကျနော့်အနေနဲ့ မြင်တယ်။ ဒီတော့ပြည်သူရဲ့ အော့နှလုံးနာစရာ ဖြစ်နေတဲ့ တပ်မတော်မှာ ကိုယ့်ကိုယ်ကိုယ် တပ်မတော်သား တယောက်လို့ ဂုဏ်ယူပြီး မနေချင်တော့ဘူး။ ဒါကြောင့် ထွက်လာရတာပါ။

မေး။ ။ ဒီကနေ့ တပ်မတော်ထဲမှာ ဘာတွေဖြစ်နေကြလဲ။ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရှင်းပြပေးပါ။ တပ်မတော်မှာ အရာရှိနဲ့ အခြားအဆင့် ရဲဘော် အကြပ်တွေနဲ့ ကွာဟတာတွေ ရှိတယ်ကြားရတယ်။ အဲဒါလည်း ပြောပြပေးပါ။

ဖြေ။ ။ ဥပမာ တရားစီရင်ရေးအာဏာမှာ တပ်ရင်းမှူးတယောက်မှာ တပ်နဲ့ပါတ်သတ်တဲ့ အာဏာသုံးရပ် ကိုင်စွဲ ပိုင်ခွင့်ရှိတယ်။ ဒီနောက်ပိုင်းမှာ မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့်မှာ သူ့ရဲ့အာဏာနဲ့ တပ်ပိုင်းဆိုင်ရာကို အုပ်ချုပ် ပိုင်ခွင့် မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့် တောင်ဒီလို ဖြစ်နေတယ်ဆိုရင် ကျန်တဲ့ ကျနော်တို့လို အရာရှိငယ် တွေမှာလည်း မရှိတော့ဘူး။ ဒါ့အပြင်တချို့ရာခိုင်းနူန်း တော်တော်များများ တပ်ရင်းမှူးတွေက သူတို့ရဲ့လက် အောက်မှာ သူတို့ အကျိုးစီးပွားကို ဖြစ်စေမယ့် စစ်သည် လူတရာမှာ ငါးယောက်လောက်ကို လက်သပ် မွေးတဲ့ ပုံစံမျိုးတွေ လုပ်တယ်။ သူတို့ရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ပြီး ကျန်တဲ့စစ်သည်၊ ရဲမေတွရဲ့ အကျိုးစီးပွားကို မကြည့်တော့ဘူး။ သူတို့ ကိုယ်ကျိုးအတွက်ပဲ ဒီစစ်သည်တွေနဲ့ အလုပ် လုပ်သွားတဲ့ အနေအထားတွေ ရှိတယ်။ ဒီလိုအချိန်မှာ ကျနော်တို့ အရာရှိငယ်တွေနဲ့ ကျန်တဲ့ စစ်သည်တွေဟာ ကြားထဲမှာ ဘာမှ သုံးလို့မရတဲ့ အနေ အထားတွေ ဖြစ်နေတယ်။ ဒီတော့ အထက်လူကြီးတွေက အောက်ခြေရဲ့အခက်အခဲကို နားလည် မပေးနိုင်တော့တဲ့ အနေအထားတွေ၊ အဲ့ဒီလိုအချိန်မှာ အောက်ခြေကလည်း မကျေနပ်ချက်တွေ ရှိတယ်။ ဒါပေမယ့် စစ်သား ဖြစ်နေတဲ့ အတွက် အမိန့်ကို နာခံရမယ်ဆိုတဲ့ ကဏ္ဍတခုတည်းနဲ့ အောင့်အည်း သီးခံပြီး နေရတဲ့ အနေအထား မျိုးတွေရှိတယ်။

မေး။ ။ ယနေ့ မြန်မာ့ တပ်မတော်မှာ တပ်ထဲဝင်ချင်တဲ့သူနဲ့ ထွက်ချင်တဲ့သူဆို ထွက်ချင်တဲ့ သူတွေက များတယ်လို့ ကြားသိ ရပါတယ်။ တပ်ထဲက ထွက်ချင်ရသူတွေ အကြောင်းလည်း ပြောပြပါဦး။

ဖြေ။ ။ ကျနော်တို့ ဒီ တပ်မတော်ကနေ အငြိမ်းစားယူချင်တယ်။ ထွက်ချင်တဲ့ အရာရှိ စစ်သည်တွေ အများကြီး ရှိတယ်။ အသက်ကြီးလို့ ထွက်ချင်တဲ့လူတွေ မဟုတ်ပါဘူး။ ကျနော်တို့ အရာရှိ ငယ်ထဲမှာပဲ တပ်က ထွက်ရရင် ပြီးရော ဆိုပြီးတော့ လုပ်နေကြတဲ့ ကဏ္ဍတွေ အများအပြား ရှိတယ်။ ဟိုတခါတည်းနဲ့ ထွက်လို့ မရရင်တောင် အရပ်ဘက်ကိုပဲ ဖြစ်ဖြစ်ပြောင်းမယ်။ အဓိက ဒီတပ်က ထွက်ရရင်ပြီးရော ဆိုတဲ့ ခံစားချက်တွေ များတယ်။ အခြား အဆင့်တွေ ထဲမှာဆို ပိုဆိုးပါတယ်။ ကျနော်နေခဲ့တဲ့ တပ်မှာဆိုရင် ဆေးဘုတ်ရသူက အနားယူသွားရရင် ဒီ တပ်ကနေ ထွက်ခွင့်ရပြီ။ ထွက်မိန့်လည်း ကျပြီ။ ဒါပေမယ့် တပ်မှာလိုလို့ ဆိုပြီးတော့ ခေါ်သုံးထားတယ်။ အဲ့ဒီလို အနေအထားမျိုးတွေ ရှိတယ် အဲဒီတော့ သူ့ကို ဒီလိုခေါ်သုံးတဲ့ အတွက်ကော လက်ရှိ လစာပေးလား ဆိုတော့ ဒါတွေကလည်း ပြောမယ်ဆို သူ့ကိုအထက်က အမိန့်ချထားတဲ့ အတွက် လစာမရတော့ဘူး။

ဒါပေမယ့် တပ်ရင်းမှူးကနေ ခေါ်သုံးထားတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဲဒီတော့ အားလုံးလိုလိုက ဒီတပ် ကနေ ထွက်ချင်နေကြတဲ့ အနေအထားမျိုးမှာ ထွက်ပြီးသွားတဲ့ လူတောင်မှ လိုအပ်ချက်အရ ဆိုပြီး ဆွဲသုံးခံနေ ရတယ်ဆိုတော့ ကျန်တဲ့ မထွက်ရသေးတဲ့ လူတွေကိုလည်း တော်တော်နဲ့တော့ အခုနောက်ပိုင်းမှာ ထွက်ခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲ ဆိုရင်တော့ ကျနော့် ထင်မြင် ယူဆချက်အရ ဆိုရင် လက်ရှိ တပ်မတော်က တပ်အင်အားတွေ အများကြီး တိုးချဲ့ဖွဲ့စည်းလိုက်ပြီးတော့ နောက်ထပ် တပ်သားသစ် စုဆောင်းရရှိမှုမှာ နည်းတယ်။ အဲ့ဒီပြင် ဒီလို လွယ်လင့်တကူ ထွက်ခွင့် မရတဲ့ အခါကျတော့ ကျနော်တို့ အင်အား ပြုန်းတီးမှုပေါ့။ တပ်ပြေးတွေ ဖြစ်တယ်။ ထောင်တွေကျတယ် အဲ့ဒီလိုမျိုးတွေ ဖြစ်ပြီးတော့ အင်အားပြုန်းတီးမှုနဲ့ ဒီစစ်သည် စုဆောင်း ရရှိမှုက level ကျတယ်။ တခါတလေမှာ ပြုန်းတီးမှုက ပိုများတယ်။

အဲ့ဒီလို အနေအထားမျိုးတွေရှိ တော့ သူတို့ကရှိပြီးသား လူတွေကို ထပ်မထွက်စေချင်ဘူး။ တချို့တပ်တွေ ဆိုရင် ဥပမာ ထွက်ချင်ရင် အသစ် ၅ ယောက်ရှာပေး၊ အဲ့ဒီလို အနေအထား မျိုးတွေနဲ့ ကြုံရတဲ့ ဟာမျိုးတွေ ရှိတယ်။ အဲ့ဒီတော့ သူတို့ကလည်း ရှာပေးဆိုတော့ ထွက်ရရင် ပြီးရောဆိုပြီး ဖြစ်လာကြတယ်။ အဲ့ဒီမှာပဲတွေ့တဲ့ လူကို ခေါ်သွင်း ဘာညာ အဲ့ဒီလို မျိုးတွေပေါ့။ အဲ့ဒီတော့ ဒီတပ်က ထွက်ချင်ကြတာက အဓိက တခြားတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ ရှိတဲ့အဆင့် အတန်းပေါ်မူတည်ပြီးမှ လုပ်ပိုင်ခွင့်တွေ မရှိတော့ဘူး။ လုပ်ပိုင်ခွင့် ဆိုတာက အခုလုပ်နေတဲ့ အစိုးရ ဒီဗိုလ်ချုပ်တွေ လုပ်နေသလိုမျိုး သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ပြောတာ မဟုတ်ဘူး။ ကျနော်တို့ ဒီ တပ်ပိုင်းဆိုင်ရာ အထက် အောက်ကို အာဏာနဲ့လုပ်တာ။ ဒီတပ်တွင်း တကယ့် စည်းကမ်းပြည့်ဝတဲ့ တပ်မတော် တရပ်ရဲ့လုပ်ပိုင်ခွင့်ကို မရှိတော့တဲ့ အနေအထားမျိုး ဖြစ်နေတယ်။

မေး။ ။ မေမြို့စစ်တက္ကသိုလ် တက်ခဲ့တဲ့ အတွေ့ကြုံတွေကို ပြောပြပေးပါ။

ဖြေ။ ။ ကျနော်စစ်တက္ကသိုလ် အပတ်စဉ် ၅၀ က ကျောင်းပြီးခဲ့တာပါ။ ကျောင်းတက်ခဲ့တုန်းက ကျနော်တို့ ဒီဗိုလ်လောင်းဘဝမှာ စီနီယာ၊ ဂျူနီယာ အုပ်ချုပ်မှု စနစ်ရှိတယ်။ စီနီယာ၊ ဂျူနီယာ အုပ်ချုပ်မှုမှာ အပြစ်ပေး၊ အရေးယူတဲ့ ဟာတွေကို သဘောလည်း ကျပါတယ်။ သဘောကျတယ် ဆိုတာက ဘယ်လို သဘောကျလဲ ဆိုရင် ဒီအပြစ်တခု အတွက် ရုံးတင်လိုက်ရင် သူ့ဘဝထဲကနေ ပေးရမှာ။ ဥပမာ ထားပါတော့ ဆေးလိပ် မသောက်ရ ဆိုတဲ့ဟာကို ကျနော်က ဆေးလိပ်သောက်တယ်။ ဒီဟာကို စီနီယာနေ သူက အပြစ်မပေးဘဲနဲ့ ရုံးတင်လိုက်ရင် ကျနော် အမှတ်လျော့မယ်။ အမှတ်လျော့သွားရင် သူများထက် ကျနော် နောက်ကျမယ်။ အမှတ်နည်းသွားမှာ ဖြစ်တဲ့အတွက် ဒါဘဝထဲက ပေးရတယ်လို့ ကျနော်တို့ သုံးနှုန်းတဲ့ အသုံးအနှုန်း ဖြစ်တယ်။ အဲ့လို ဘဝထဲက မပေးရအောင် မြင့်တဲ့ စီနီယာကနေ သူ့ကို ထိုက်သင့်တဲ့ အပြစ်ပေးတယ်။ အဲ့ဒါမျိုးတွေပေါ့။

အဲ့ဒီထဲမှာမှ တချို့က ဘယ်လိုမျိုးတွေ လုပ်လာသလဲ ဆိုတော့ ဥပမာ ကျနော်တို့ တပ်စုရဲ့ အပတ်စဉ် အထက် စီနီယာတွေက ကျနော်တို့ကို စာမေးပွဲ နီးတာကို စာမကျက်ဘူး ပြီးတော့ Position ဒီတပ်စုရဲ့ Transition ကို မထိန်းဘူး ဆိုတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့ စာမေးပွဲပြီးတော့ တပ်စုတစုလုံးကို စီနီယာ အစ်ကိုကြီးတွေ က အပြစ်ပေးတာပေါ့။ အပြစ်ပေးတယ် ဆိုတာလည်း သူတို့က စေတနာနဲ့ အပြစ်ပေးတာပါ။ အဲ့ဒီမှာ တခြားတပ်စုက စီနီယာတွေက မဆီမဆိုင် ဝင်ပြီး အပြစ်ပေးတာတွေ ရှိတယ်။ အပြစ်ပေးတဲ့ အချိန်မှာ ကျနော်ဆိုရင်ပဲ တောလျှောက် နေတဲ့ အချိန်မှာ နောက်ကနေ စတီးရိုးနဲ့ အရိုက်ခံရတယ်။ ဒါမျိုးတွေပေါ့။ ဆိုလိုတာက သူ့ အနေနဲ့ ကျနော့်ကို အမြင်မတော်ဘူး ထင်ရင်တောင် စီနီယာကောင်းစိတ်ဓာတ် အနေနဲ့ ကျနော်တို့ တပ်စုကို အပြစ်ပေးပြီးတဲ့ အချိန်မှ ကျနော့်ကို သီးခြားခေါ်ပြီး အပြစ်ပေးရင် ကျနော် လက်ခံနိုင်တယ်။ တပ်စုက အပြစ်ပေးတဲ့ အချိန်မှာ ဝင်ပြီးတော့ အပြစ်ပေးတာလည်း မဟုတ်ဘူး။ သူများပေးတဲ့ဟာကို ကောင်းကောင်း လိုက်မလုပ်ဘူးလား မင်းက Fighter လားတို့ ဘာတို့ ဆိုတဲ့ အနေအထားမျိုးနဲ့ ရိုက်နှက်တာကြတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။

မေး။ ။ တာဝန်ထမ်းဆောင်စဉ် အခက်အခဲ ကြုံတွေ့ခဲ့တာတွေကိုလည်း ပြောပြပါဦး။

ဖြေ။ ။ စစ်တပ်ထဲမှာ တာဝန်ထမ်းခဲ့တာ မနိုင်ဝန် ထမ်းနေရသလိုပဲ။ လက်ရှိတပ်မတော်မှာက တပ်ခွဲမှူးဆိုတဲ့ ရာထူးက တကယ်တော့ ဗိုလ်မှူးအဆင့်။ စီနီယာကျတဲ့ ဗိုလ်မှူးကမှ ဌာနချုပ် တပ်ခွဲမှူး။ အဲဒီ ဌာနချုပ် တပ်ခွဲမှူး ကမှ တပ်ရင်းမှူး သင်တန်းတွေ တက်ပြီးမှ တပ်ရင်းမှာ 2 IC ခေါ်တဲ့ ဒုတပ်ရင်းမှူးဖြစ်တာ။ တကယ်မှာတော့ နှစ်ပွင့် ဗိုလ်လောက်နဲ့ တပ်ခွဲမှူး ရာထူးတွေ ကိုင်ထားရတယ်။ လူအင်းအား မပြည့်ဘူးပေါ့။ လူအင်းအား အရတော့ ဘာမှ မဖြစ်ပေမယ့် ကိုင်လိုက်တဲ့ ရာထူးကတော့ မမျှဘူးပေါ့။ အခုနောက်ပိုင်းမှာ လေ့ကျင့်ရေး ကျောင်းတွေက စာထုတ်ထားတာရှိတယ်။ ဒါကတော့ လက်ရှိ မိမိအဆင့်ရဲ့ တဆင့်မြင့် တာဝန်ကို ထမ်းဆောင်နိုင်ရမယ် မိမိရဲ့ အထက်နှစ်ဆင့်မြင့် တာဝန်ကို နားလည်နိုင်ရမယ် လိုအပ်ရင် ထမ်းဆောင်ရမယ်လို့ ညွှန်ကြားထားတယ်။ ကျနော်ဆိုရင် တပ်စုမှုး နှစ်ပွင့်ဗိုလ် ကျနော့်ရဲ့ တဆင့်မြင့် တာဝန်က တပ်ခွဲမှူး တာဝန်ကို ထမ်းဆောင် နိုင်ရမှာဖြစ်တယ်။ ဒါ့အပြင် နှစ်ဆင့်မြင့် တာဝန်က ဒု တပ်ရင်းမှူး။ တကယ်လို လိုအပ်လာရင်လည်း ကျနော် နှစ်ပွင့် တပ်စုမှူးက ဒုတပ်ရင်မှူး အဆင့်အထိ တာဝန် ထမ်းဆောင်နိုင်ရမယ်လို့ ဆိုလိုထားတာ။ တချိန်တည်းမှာပဲ လူအင်းအား မပြည့်တော့ ဘာမှ မလုပ်နိုင်ဘူး။ တပ်ခွဲတခွဲမှ လူအင်အား ၃၀ ဆိုတာ အများ ဆုံးပဲ။ တပ်ရင်းတရင်းမှာ လူ ၁၅၀ ဟာ အများဆုံးပဲ။

မေး။ ။ စစ်ပညာတော်သင်တွေ နိုင်ငံခြားကို လွှတ်တယ်လို့ ကြားတယ်။ ဘယ်နိုင်ငံတွေကိုများ လွှတ်ထားတာ ရှိလဲ။

ဖြေ။ ။ စာပေပညာနဲ့တော့ ရုရှားကို လွှတ်တယ်။ စစ်ဘက်ဆိုင်ရာနဲ့တော့ အစ္စရေး၊ ယူကရိန်း၊ တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန် တို့ကို လွှတ်ပါတယ်။ အရာရှိရော အခြားအဆင့် အကြပ်ကြီးတွေလည်း ပါတယ်။ ယူကရိန်းကို သံချပ်ကားတပ်က လူတွေကိုလွှတ်တယ်။ အမြောက်နဲ့ ပတ်သတ်တဲ့ စစ်ပညာကို
တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်တို့ကို လွှတ်ပါတယ်။

မေး။ ။ တပ်မတော်က အရာရှိငယ်တယောက်ရဲ့ ခံစားချက်ကို ပြောပြပါ။

ဖြေ။ ။ ကျနော်တို့က ပင်ပန်းဆင်းရဲတာကို ခံနိုင်တယ်။ အရင်တုန်းက လွတ်လပ်ရေး စယူတုန်းက ကျနော်တို့ ရှေ့က တပ်မတော်သားတွေဟာ လွတ်လပ်ရေး အတွက် တိုက်တယ်။ ဘယ်လိုပဲ ပင်ပန်း ပင်ပန်းခံနိုင်တယ်။ ကျနော်တို့ ဗိုလ်ချုပ်တွေက ပြောတယ်။ မင်းတို့တွေ ကံကောင်းပါတယ်။ ကံကောင်းလားဆိုတော့ အဲဒါ မှန်ပါတယ်။ သူတို့လိုမျိုး အသက်နဲ့ရင်းပြီး လုပ်ခဲ့တာ တိုက်ခဲ့တာ တခါမှ မရှိခဲ့ဘူး။ ကံဆိုးတယ်လို့လည်း ပြောလို့ရတယ်။ ကျနော်တို့ တပ်မတော်ကိုရောက်တဲ့ အချိန်မှာ စစ်တပ်ထဲမှာ အရာရှိဖြစ်တဲ့ အချိန် ပြည်သူက တပ်မတော်ကို မုန်းနေပြီ။ ဘာကြောင့် မုန်းတယ်ဆိုတော့ တပ်မတော်ကို မုန်းတာမဟုတ်ဘူး လက်ရှိ တပ်မတော်ရဲ့ လုပ်ရပ်ကိုမုန်းတာ။ ဒါက ဘာကို သက်ရောက်လည်း ဆိုတော့ စစ်တပ်က အစိုးရခိုင်းတော့ လုပ်ရတယ်။

ကျနော်တို့နိုင်ငံကို ကြည့်တော့ အစိုးရက စစ်ယူနီဖောင်း ၀တ်ထားကြတယ်။ ကျနော်တို့နိုင်ငံက ပြည်သူက အစိုးရနဲ့ စစ်တပ်ကို မခွဲတတ်အောင် လုပ်ထားတယ်။ စစ်တပ်က တိုင်းပြည်ကို အနှစ် ၄၀ လောက် အုပ်ချုပ်နေတယ်။ သူတို့ မျက်စိထဲမှာ စစ်တပ်ကလည်း ယူနီဖောင်း ၀တ်ထားတယ်။ အုပ်ချုပ်သူလည်း ယူနီဖောင်း ၀တ်ထားတယ်။ လုပ်တဲ့လူကလည်း ယူနီဖောင်း ၀တ်ထားတယ်။ အတူတူလို့ ထင်တယ်။ စစ်တပ်ထဲ ကြည့်ပြန်တော့ လည်း အခြားအဆင့် အကြပ်စစ်သည်တွေ စီးပွားရေး ကြပ်တည်းနေကြတယ်။ စစ်သည် တော်တော်များလည်း လစာထုပ်ရင် လစာကို အကုန် မကိုင်ကြရတော့ဘူး။ အရင်လက အကြွေးတွေကို ဆပ်လိုက်ရလို့။ ။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့