..............................

Saturday, November 13, 2010

SSA-N ကို စစ်အစိုးရတပ် လက်နက်ကြီးဖြင့် ပစ်ခတ်

ဂျိုင်ဝမ်မိုင်
သောကြာနေ့၊ နိုဝင်ဘာလ ၁၂ ရက် ၂၀၁၀

ရှမ်းပြည်မြောက်ပိုင်း ကီစည်မြို့နယ် ဝမ်ဟိုင်းဒေသအနီးတွင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N နှင့် စစ်အစိုးရ စစ်တပ်အကြား ယမန်နေ့ ညနေပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားသည်။

တိုက်ပွဲသည် နယ်လှည့်ကင်းစစ်ကြောင်းအဖြစ် တာဝန်ကျနေသော SSA-N တပ်ရင်း၂၄ စစ်ကြောင်းကို ခမရ ၃၃ တပ်ရင်း စစ်ကြောင်း တကြောင်းက ကြားဖြတ် ဝင်တိုက်ရာမှ ညနေ ၅ နာရီ ၁၅ မှ ၆ နာရီအထိ ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်သည်။ ယခု အစီရင်ခံချိန် အထိ နှစ်ဖက် ထိခိုက်ကျဆုံးမှုကို မသိရသေးပါ။

ရှမ်းသတင်းစဉ်မှ အစီရင်ခံရာတွင် တိုက်ပွဲသည် ဝမ်ဟိုင်းနှင့် SSA-N အခြေစိုက်စခန်းကြား ဝမ်ဆော်ရွာ၏ အနောက်ဘက် ၃ မိုင်အကွာရှိ ကွတ်ကိုင်-ဝမ်လွယ်တွင် ဖြစ်ပွားခဲ့သည်။

“ ကျနော်တို့ပိုင်နက် နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတာပါ။ တိုက်ပွဲကတော့ တောထဲမှာ ဖြစ်တာပါ။ အဝေးပြေး လမ်းမမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို အဝေးပြေး လမ်းမမှာ ကင်းချ ထားပြီးသားပါ ” ဟု သတင်းရင်းမြစ်က ဆိုသည်။

ဤအတောအတွင်း ရှမ်းပြည်တောင်ပိုင်း ကွန်ဟိုင်း၊ မုံးညောင်းမြို့များနှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်လန်နှင့် စီးဖောမြို့များမှ အစိုးရ စစ်သားများသည် ကီစည်မြို့နယ် (SSA-N တပ်ရင်း ၁) ဝမ်ဟိုင်းဒေသသို့ အင်အားဖြည့်ရန် စေလွှတ်လိုက်သည်။

သတင်းရင်းမြစ်အဆိုအရ ဤဒေသအတွင်း အင်အား ၁၅ဝဝ-၂ဝဝဝ ခန့်ရှိ စစ်သားများ ရောက်နေပြီဟု သိရသည်။ တာဝန်ကျ နအဖ စစ်သားများသည် ယခင်က ပြုလုပ်ခဲ့သည့် အတိုင်း အဝေးပြေး လမ်းမ အပေါ်မှ ခရီးသွားလာခြင်း မရှိတော့ပေ။ ၎င်းတို့သည် တောထဲမှနေ၍ ၎င်းတို့ ကိုယ်ပိုင်လမ်းကို ဖန်တီးကာ သွားလာနေကြပြီး၊ တဖက်ရန်သူကို အသာစီးရနိုင်မည့် တောင်ပေါ် များတွင်သာ စခန်းချနေကြသည်။

သူက ဆက်ပြောသည်မှာ ခမရ ၃၃ သည် SSA-N ၏ ပထမ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်သွားခဲ့ပြီး၊ SSA-N ၏ အခြေစိုက် စခန်းသို့ ရောက်ရှိရန် ဒုတိယ စစ်ဆေးရေး ဂိတ်အနီး ရောက်လုနီးပါးဟု ဆိုသည်။ သို့ရာတွင် ကင်းလှည့်နေသော SSA-N မှ တိုက်ခိုက်မှု အတွက် ခရီး အဆုံးသတ်ခဲ့ရသည်။

အပစ်အခတ် မရပ်သေးသော ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA (S) မှ ပြောရေးဆိုခွင့်ရှိသူ စဝ်လောဆန်က “ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်ရင်း ၁ ဆီကို တပ်ချီသွားတဲ့ ရည်ရွယ်ချက် ကတော့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းနဲ့ အပြင်က လူတွေကို ဆက်သွယ်ရေး အဆက်အသွယ် ဖြတ်ဖို့ပါ။ အတိအကျ ပြောမယ်ဆိုရင် ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်ဖွဲ့နဲ့ပါ။ ဒါက အကယ်၍ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းနဲ့ မြန်မာစစ်တပ်တွေ တိုက်ပွဲ ဖြစ်လာမယ်ဆိုရင် အပြင်ဘက်က အကူအညီတွေ ဟန့်တားထားဖို့နဲ့ ကာကွယ်ထားဖို့ အတွက်ပေါ့” ဟု ဆိုသည်။

စစ်အစိုးရ တောင်းဆိုသော နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးနှင့် ပတ်သက်၍ အပစ်အခတ်ရပ် အုပ်စုများမှ ပယ်ချလိုက်ပြီး နောက်ပိုင်းမှစ၍ စစ်တပ်နှင့် အပစ်ခတ်ရပ် အဖွဲ့များ အကြား ပေါက်ကွဲလုနီးပါး သဘောထား တင်းမာ လာခဲ့သည်။

SSA-N နှင့် စစ်အစိုးရတပ်များတိုက်ပွဲသည် စက်တင်ဘာလကတည်းက သိသာစွာ ထင်ရှား လာခဲ့သည်။

အခြားတဖက်တွင်လည်း SSA-N သည် နိုဝင်ဘာလ ပထမပတ်အတွင်းက ထိုင်းနိုင်ငံတွင် အခြားသော လူမျိုးစု လက်နက်ကိုင် ၅ ဖွဲ့နှင့် စစ်ရေး မဟာမိတ်အဖွဲ့ ထူထောင်ခဲ့သည်။ ထိုအဖွဲ့တွင် အပစ်အခတ်ရပ် ကချင် လွတ်မြောက်ရေး အဖွဲ့၊ မွန်ပြည်သစ် ပါတီနှင့် ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော် မြောက်ပိုင်း ပါဝင်ပြီး၊ အပစ်မရပ်သော ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီ တိုးတက်ရေး ပါတီနှင့် ချင်းအမျိုးသား တပ်ဦး ပါဝင်သည်။


Ref: မဇ္ဈိမ

Read More...

Friday, November 12, 2010

G-20 ထိပ်သီးတွေ ကုန်သွယ်ရေးကိစ္စ သဘောကွဲ

ကြာသပတေး, 11 နိုဝင်ဘာ 2010


ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေတဲ့ ကုန်သွယ်ရေး ဘက်မညီမျှမှုတွေ လျော့ကျအောင် ဘယ်လို လုပ်ကိုင် သွားကြမလဲ ဆိုတဲ့အပေါ် အကြီးအကျယ် သဘောထား ကွဲလွဲမှုတွေနဲ့ ကမ္ဘာပေါ်က စီးပွားရေး အင်အားကြီး နိုင်ငံပေါင်း ၂၀ က ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ စတင် ဖွင့်လှစ် လိုက်ပါတယ်။

G-20 အဖွဲ့ ခေါင်းဆောင်တွေ ဆိုးလ်မြို့တော်မှာရှိတဲ့ ကိုရီးယား အမျိုးသားပြတိုက်မှာ အလုပ်သဘော ညစာ စားပွဲ အတွင်း တွေ့ဆုံ ခဲ့ကြပြီး ထိပ်သီး အစည်းအဝေးပွဲ နောက်ဆုံးနေ့အဖြစ် ဒီကနေ့ သောကြာနေ့မှာ ထပ်မံ တွေ့ဆုံကြမှာပါ။ ညစာစားပွဲ မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာတော့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ချိန်ခွင်လျှာ ညီမျှပြီး ရေရှည်ခံမယ့် နည်းနာတခုကို စက်မှု ထွန်းကားတဲ့ နိုင်ငံပေါင်း ၂၀ ရဲ့ ခေါင်းဆောင်တွေ ရှာဖွေသွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စုလို ကုန်ပစ္စည်း တင်သွင်းမှုတွေမှာ အကြီးအကျယ် လိုငွေပြနေတာတွေ၊ တရုတ်နဲ့ ဂျာမဏီ နိုင်ငံတွေလို ပြည်ပကုန်တင်ပို့မှုတွေမှာ ပိုငွေ အမြောက်အမြား ပြနေတာတွေကို ဖြစ်စေတဲ့ ကုန်သွယ်ရေး ဘက်မညီမျှမှုတွေ အပေါ်မှာတော့ သဘောထားတွေ ကွဲလွဲနေကြဆဲပါ။

ပြည်ပပို့ကုန်တွေ အဓိက တင်ပို့တဲ့ နိုင်ငံတွေက ကုန်သွယ်ရေး ပိုငွေပြမှုတွေမှာ သတ်သတ်မှတ်မှတ် ကိန်းဂဏန်း ပြဋ္ဌာန်းရေး အတွက် G-20 အဖွဲ့က သဘောတူဖို့ အမေရိကန်က လိုလားနေတာပါ။ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာခဲလ် (Angela Merkel) ကတော့ ဒီအဆိုကို ပယ်ချခဲ့ပါတယ်။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်ဖို့ NLD ပါတီဝင်တွေ ရန်ကုန်ရောက်လာ

2010-11-11

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာရင် တွေ့ဆုံနိုင်ဖို့ တိုင်းနဲ့ ပြည်နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဝင်တွေ ဒီကနေ့ ရန်ကုန်မြို့ကို ရောက်လာ နေကြပြီလို့ သိရပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း တို့က အဖွဲ့ဝင်တွေ ရန်ကုန်မြို့ကို ရောက်နေကြပြီး စုစုပေါင်း ၁၀၀ နီးပါးလောက် ရှိတယ်လို့ NLD ဗဟို ကော်မတီဝင် မဖြူဖြူသင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ် မေလ လုပ်ကြံ တိုက်ခိုက်ပြီး ကတည်းက ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတာဖြစ်ပါတယ်။

ပြန်လွတ်မြောက်တော့မယ့်အချိန်မှာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲ ၀င်ရောက်မှုကြောင့် နေအိမ် အကျယ်ချုပ် ချိုးဖောက်မှု စွဲချက်နဲ့ အာဏာပိုင်တွေက ထောင်ဒဏ် (၃)နှစ် ထပ် စီရင်ခဲ့ပါတယ်။

ဒါပေမယ့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကို လျှော့ပေးတယ် ဆိုတဲ့ အမိန့် ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီ အမိန့်မှာ မည်သို့ပင် ပြစ်ဒဏ် ချမှတ်ထားသည် ဖြစ်စေ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန်၊ လျှော့ပေါ့ ပြောင်းလဲခဲ့ပြီး၊ ကျန်ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့ ခဲ့ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  လာမယ့် နိုဝင်ဘာလ (၁၃) ရက်နေ့ မှာ သူ့ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်ရဲ့ ထက်ဝက် တင်းတင်း ပြည့်ပြီဖြစ်လို့  ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အမိန့်အတိုင်း လွှတ်ကို လွှတ်ရမယ့် အခြေအနေ ဖြစ်တယ်လို့ NLD အဖွဲ့ဝင်တွေက ပြောဆို ကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်လွတ်ရက်ကို ကြိုဆိုတဲ့ အနေနဲ့ အဖွဲ့ဝင်တွေက မနက်ဖြန်မှာ ဆေးရုံတွေ သွားပြီး သွေးလှူ ကြမယ်လို့လဲ သိရပါတယ်။

Ref: RFA News

Read More...

ဒေါ်အောင်ဆန်းစုကြည်သားငယ် ပြည်ဝင်ခွင့်ဗီဇာရ

2010-11-11

မိခင်ဖြစ်သူကို တွေ့ဆုံနိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းခေါ် ကင်အဲရစ်ကို မြန်မာသံရုံးက ပြည်ဝင် ခွင့်ဗီဇာ ပေးလိုက်တယ်လို့ သတင်း ရရှိပါတယ်။ ကိုထိန်လင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လ၃ရက်နေ့က ဗီဇာ လျောက်ထားခဲ့တာ ဖြစ်ပြီး ဒီကနေ့ မြန်မာ သံရုံးမှာ ဗီဇာ လာရောက် ထုတ်ယူရမှာဖြစ်ပါတယ်။

မနေ့က မြန်မာသံရုံးကို ကိုထိန်လင်းကို ဗီဇာပေးမပေးမေးမြန်းခဲ့ရာမှာ နေပြည်တော်က အကြောင်ြး ပန်ကြားချက် မရသေးဘူးလို့ သံရုံးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့ကလာတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကိုထိန်လင်း ကို မြန်မာနိုင်ငံ ဗီဇာ ပေးလိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကိုထိန်လင်းအနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဗီဇာလာ ရောက်ထုတ် ယူနိုင်ကြောင်း သတင်း ရရှိ ထားတာကြောင့် RFA အပါအ၀င် ထိုင်းနိုင်ငံမှာ ရှိတဲ့ သတင်းထောက်တွေ သံရုံးရှေ့ ဗီဇာဌာန အနီးမှာ တနေကုန် စောင့်နေပေမဲ့ ကိုထိန်လင်း လာရောက်တာ မတွေ့ရပါဘူး။

တချို့ကတော့ ကိုထိန်းလင်းအနေနဲ့ ဗီဇာကို ကိုယ်တိုင် လာရောက် ထုတ်ယူသွားတာ မဟုတ်ဘဲ သူ့ကိုယ်စားလှယ် တယောက်ယောက်က လာရောက် ထုတ်ယူသွားတာ ဖြစ်နိုင်တယ်လို့ ပြောဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ဒီကနေ့မှာ မြန်မာသံရုံးဆီက သီးခြားအတည်ပြုချက်တော့ မရသေး ပါဘူး။


Ref: RFA News

Read More...

ဒေါ်စု စနေနေ့ လွတ်မည်ဟု အန်အယ်လ်ဒီ မျှော်လင့်

နန္ဒာချမ်း
ကြာသပတေး, 11 နိုဝင်ဘာ 2010

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲဟာ လာမယ့် စနေနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြည့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုတခေါက် လွတ်ရက်စေ့ရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာလိမ့်မယ်လို့ တော်တော်များများ က မျှော်လင့် နေကြတာပါ။

ဒေါ်အောင် ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်၊ NLD ပါတီ ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဥာဏ်ဝင်း ကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာ လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့ အကြောင်း အခုလို ပြောခဲ့ပါတယ်။

“ကျနော်တို့ လုံးဝ ယုံကြည်တယ်။ အပြစ်ဒဏ်ကျခံရတဲ့ ပုဂ္ဂိုလ်တဦးဟာ ကျခံရမယ့်ပြစ်ဒဏ် ကုန်ဆုံးသွားရင် လွတ်မြောက်ရမှာ။ ဒါသဘာဝပဲ။ ဘာဥပဒေမှတောင် ညွှန်းစရာ မလိုပါဘူး။ အဲ့ဒါကြောင့် ၁၃ ရက်နေ့မှာ ပြည့်သွားတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုကို ဒီကနေ့ နေပြည်တော် တရားရုံးချုပ်က ပယ်ချ လိုက်တာနဲ့ ပတ်သက်ပြီး ဒါဟာ လာမယ့် စနေနေ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ့် ကိစ္စအပေါ် ထိခိုက်မှု မရှိနိုင်ဘူးလို့လည်း ဦးဥာဏ်ဝင်းက ဆက်ပြောခဲ့ပါတယ်။

“ကျနော်တို့အမြင်တော့ လုံးဝ ထိခိုက်မှုမရှိဘူး။ အယူခံပယ်တာက အောက်ရုံးပြစ်ဒဏ် အတည်ပြုတာ။ ဒေါ်အောင်ဆန်းစုကြည် အခု လွတ်မြောက်ရမယ့် ၁၃ ရက်နေ့က ပြစ်ဒဏ်ကာလ ကုန်ဆုံးတာ။ ဘာမှ မသက်ဆိုင်ဘူးလို့ ကျနော်တို့ နားလည်ပါတယ်။”

အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲ မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို ဦးဥာဏ်ဝင်းတို့က တောင်းဆို ထားပေမဲ့ အခုထိတော့ အာဏာပိုင်တွေ ဘက်က တုံ့ပြန်တာ မရှိသေးဘူးလို့လည်း ဦးဥာဏ်ဝင်း က ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မကြာခင် ပြန်လွတ်လာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ သားအငယ်ဆုံး ကိုထိန်လင်း ဟာ သူ့မိခင်နဲ့တွေ့ဖို့ အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီး မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထား ထားပါတယ်။ ကိုထိန်လင်း ဟာ သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၀၀ ခုနှစ်က နောက်ဆုံး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၁ နှစ်တာကာလအတွင်းမှာ ၁၅ နှစ်လောက်က နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ထိန်းသိမ်း ခံခဲ့တာရတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူ့ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကရော အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံကပါ တောင်းဆို နေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်မှာ တုန်းကတော့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း ကနေ တရားရုံးက ပြဌာန်းထားတဲ့ သက်တမ်း ကုန်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မှာပါလို့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေကို ပြောဆို ခဲ့ဖူးပါတယ်။

Ref: VOA News

Read More...

ရှမ်းပြည်အတွင်း တိုက်ပွဲတွေဖြစ်

ဦးဇော်ဝင်းလှိုင်
ကြာသပတေး, 11 နိုဝင်ဘာ 2010


မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘော မတူတဲ့ SSA ရှမ်းပြည် မြောက်ပိုင်း တပ်မတော်နဲ့ မြန်မာစစ်အစိုးရ တပ်ဖွဲ့တွေအကြား ဒီကနေ့ ညနေ ၅ နာရီလောက်က စပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား နေပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အရင် ဖြစ်လေ့ရှိတဲ့ ကြိုးကြား ကြိုးကြား တိုက်ပွဲမျိုး မဟုတ်ဘဲ နှစ်ဘက်စလုံးက အလုံးအရင်းနဲ့ တိုက်ခိုက် နေကြတာကြောင့် တိုက်ပွဲ ရေရှည်ဖြစ်နိုင်တယ်လို့ ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့က တပ်မှူးတဦးက ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနကို ပြောခဲ့ပါတယ်။ အခြေအနေ အပြည့်အစုံ သိရအောင် ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို စပြောပါတယ်။

“ဒီညနေ ၅ နာရီ၊ မိုင်းနောင် ကျေးစီး မိုင်းရှူးကားလမ်းပေါ့၊ အဲဒါ မိုင်းရှူးရဲ့ အနောက်မြောက်ဘက်မှာ ရှိတယ်။ အဲဒီ ကားလမ်းပေါ်မှာ တန်ချောင်းရဲ့ အနောက်ဘက် ကဆော့ရွာမှာ အခြေစိုက်တဲ့ တပ်မ ၃၃ လက်အောက်ခံ နအဖတပ်က အဲဒီကားလမ်းရဲ့ အနောက်ဘက် ၃ မိုင်လောက်မှာ အခြေချထားတဲ့ တပ်ရင်း ၂၄ က SSA မြောက်ပိုင်း အပစ်ရပ်အဖွဲ့က ပြည်သူ့စစ် မလုပ်တဲ့ တပ်မဟာ ၁ တပ်ဖွဲ့ကို သွားတိုက်တယ်။ အခုထိ နှစ်ဘက်စလုံးက သူ့ကို ငါဝိုင်း၊ င့ါကို သူဝိုင်းနဲ့ နှစ်ထပ် သုံးထပ်လောက် ဖြစ်နေတယ်။ တဘက်ကို အင်အား အနည်းဆုံး ၇၀၊ ၈၀ လောက်ရှိတယ်၊ တိုက်နေကြတာ အခုထိ သေနတ်သံက မစဲသေးဘူးဗျ။”

အခုဖြစ်တာ ကရင်ပြည် မြ၀တီဘက်မှာ ဖြစ်တာတွေနဲ့ ဆက်စပ်မှု ဘယ်လိုများ ရှိနိုင်မလဲ။

“ဘယ်လိုရှိမှန်းတော့ မသိဘူး။ သူတို့က နိုဝင်ဘာ လဆန်းပိုင်းလောက်မှာ လေးငါးခြောက်ဖွဲ့ အစည်းအဝေးတွေ အတူ ထိုင်ကြတယ်လို့ သတင်းထဲမှာ ပါတာကိုး။ အဲဒါ SSA မြောက်ပိုင်းလည်း ပါတာပဲ။ အဲဒီ အပစ်ရပ်အဖွဲ့၊ ပြည်သူ့စစ် မလုပ်တဲ့ အဖွဲ့က။ နောက်တခု ရွေးကောက်ပွဲ အကြိုမှာ နအဖတပ်က စေလွှတ်ထားတာ အများကြီး၊ ရွေးကောက်ပွဲ လုံခြုံရေးအတွက် ဆိုပြီးတော့။ အဲဒီတပ်တွေက ရုပ်တော့မလို့၊ ဒါပေမဲ့ မြ၀တီနဲ့ ဘုရားသုံးဆူဘက်မှာ တိုက်ပွဲတွေဖြစ်တော့ သူတို့ မရုပ်သွားဘူး ပြောတယ်။ အခု နှစ်ဘက်စလုံး တပ်အင်အားတွေ ဖြည့်နေကြတယ်။

“SSA မြောက်ပိုင်းက တပ်မှူးတယောက် ပြောတာကတော့ ဒီတိုက်ပွဲက အရင် တလ၊ နှစ်လက ဖြစ်တဲ့ပုံစံမျိုး ခဏတဖြုတ် ဖြစ်ပြီးမှ ငြိမ်သွားတဲ့ ပုံစံမျိုး ဖြစ်ပုံ မရတော့ဘူးတဲ့။ ရေရှည် ဖြစ်သွားနိုင်တယ်ပေါ့၊ ကူးစက် သွားနိုင်တယ်ပေါ့။”

တော်တော်လေးကို ကြီးကြီးမားမား တိုက်နေကြတာပေါ့။

“ဟုတ်ပါတယ်။ အခု တောင်ဘက်မှာ၊ အနောက်ဘက်မှာ၊ အရှေ့တောင်ဘက်မှာ တပ်မဟာ ၁ ထိန်းချုပ် နယ်မြေ အားလုံးကို ၀ိုင်းထားတဲ့ နအဖတပ်က စကခ ၁၊ စကခ ၂၊ နောက် ဒေသခံ တပ်ရင်းတွေ အားလုံးပေါင်း ၁,၇၀၀ လောက်ရှိတယ် အနည်းဆုံး။”

SSA မြောက်ပိုင်းဘက်ကရော တပ်အင်အား ဘယ်လောက်လောက် ရှိပါလဲ။

“သူတို့က အားလုံးပေါင်း အောက်ထစ် ၃,၀၀၀ ကျော်တာပေါ့။”

အခု တိုက်ပွဲဖြစ်နေတဲ့ နေရာက ရှမ်းပြည်ရဲ့ ဘယ်ဘက် ကျမလဲခင်ဗျ။

“ရှမ်းပြည်ရဲ့ အလယ်နဲ့ တောင်ပိုင်း စပ်ကြားပေါ့။ မိုင်းရှူးမြို့နယ်နဲ့ မိုင်းနောင်မြို့နယ်ခွဲ စပ်ကြားမှာပေါ့။”

ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည် ပြောသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မိုင်းရှူးဖက်ရှိ နအဖတပ် SSA တပ်မဟာ ၁ ကိုစတိုက်ပြီ

Thursday, 11 November 2010

ယနေ့ ညနေ ၅ နာရီ တပ်မဟာ ၁ ၀မ့်ဟိုင်း ဌာနချုပ်တောင်ဘက် ကျေးသီး- မိုင်းရှူး ကားလမ်းရှိ ၀မ့်ဆော့မှာ အခြေစိုက်တဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ လောက်ရှိတဲ့ နအဖတပ်က ကားလမ်း အနောက်ဘက်မှာ ရှိတဲ့ အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဦးစွာဝင်ရောက် တိုက် ခိုက်ခဲ့ပါတယ်။

ည ၇ နာရီအထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးတဲ့ ကွန်ကျိုင်းရွာ ကတော့ ကျေးသီး-မိုင်းနောင်-မိုင်းရှူး လမ်းခွဲရဲ့ တောင်ဘက် ၀မ့်ဆော့ရွာ အနောက်ဘက် ၃ မိုင်လောက် အကွာမှာ ဖြစ်ပါတယ်။

ပြည်သူ့စစ်အသွင်ပြောင်းရေးငြင်းဆန်တဲ့ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဗိုလ်ကြီး လောဝ်တိုင်းက ဦးဆောင်နေပြီး ခုခံ တိုက်ခိုက်တာပါ။ အခုချိန်မှာ သျှမ်းတပ်ကို နအဖ တပ်က၀ိုင်းရံ ပစ်ခတ်နေပြီး အဲ့ဒီ တ၀ိုက်မှာ ရှိတဲ့ သျှမ်းတပ်ဖွဲ့ကလည်း နအဖတပ် အပြင် ဘက်ကနေ ထပ်မံ ၀ိုင်းရံနေတယ်လို့ ဆိုပါတယ်။ နအဖ ဘက်ကလည်း မိုင်းရှူး ဘက်က စစ်အင်အားတွေ ပို့ဆောင်နေဆဲ ဖြစ်တယ်။ နှစ်ဘက်စလုံး တပ်ကူတွေ ပို့နေကြလို့ ဒီတိုက်ပွဲဟာ ကြာမြင့် နိုင်တယ်လို့ တပ်မဟာ ၁ က အရာရှိတဦးက သျှမ်းသံတော်ဆင့်ကို သတင်း ပေးပို့ပါတယ်။

ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်မှာစိုးလို့ သျှမ်းတပ်ဘက်က တရှောင်ရှောင် ဝေ့ပတ်နေတဲ့ ကြားက နအဖတပ်က အရင်သွားပစ် ဖြစ်တယ်လို့ SSA-N တပ်မှူးတယောက်က မကျေမချမ်း ပြောပြပါတယ်။

Ref: သျှမ်းသံတော်ဆင့်

Read More...

SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း နအဖတပ် တိုးဖြည့် ဖြန့်ကျက်

Thursday, 11 November 2010

ပြည်သူ့စစ်အသွင်ပြောင်းရန်ငြင်းဆန်သော အပစ်ရပ် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ(၁ ထိန်းချုပ်နယ် မြေသို့ ရွေးကောက်ပွဲ မတိုင်မီ တပ်အင်အား တိုးချဲ့ဖြည့်တင်း ထားသော နအဖတပ်များ ဆုတ်ခွါခြင်း မရှိသေးဘဲ ဖြန့်ကျက်နေရာ ယူထားကြောင်း စုံစမ်း သိရှိရပါသည်။

“အင်အား ၁၈၀၀ လောက်ရှိတယ်။ တပ်မဟာ ၁ ဌါနချုပ်ရဲ့အရှေ့တောင်ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက် တွေမှာ နေရာ ယူထားတယ် ” ဟု မိုင်းရှုး ဒေသခံ တစ်ဦးက ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်-ကျိုင်းတောင်းအခြေစိုက် ခမရ ၅၆၉ ၊ ၅၇၄ တို့က ရွေးကောက်ပွဲ မတိုင်မီ လုံခြုံရေး အကြောင်းပြကာ မိုင်းရှုးနှင့် မိုင်းနန်းဘက်သို့ သွားရောက် ဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။

“နမ့်လောင်းအုပ်စုကနေ သံလွင်မြစ် တာ့ပိန်းဖိဆိပ်အဆင်း ကားလမ်း၊ တိဟုန်းအုပ်စုက တာ့ဝန်းနောင်း ကူးတို့ဆိပ် အသွား ကားလမ်း၊ တိဟုန်း အုပ်စုကနေ မိုင်းရှုးအသွား ကားလမ်း၊ တောင်ဟျိုး အုပ်စုအနား တ၀ိုက်နဲ့ တိဟုန်း အသွား လူသွားလမ်း လှည်းလမ်းတွေမှာ နအဖ တပ်ချ ပိတ်ဆို့ စစ်ဆေးနေတယ်။ နေရာအချို့ ဖြန့်ကျက်စောင့်ဆိုင်းတယ်” ဟု ၎င်းက ဆက်ပြောပါသည်။

နိုဝင်ဘာ ၅ ရက်ကလဲ တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်နှင့် အတူ ကျောက်မဲ အခြေစိုက် စကခ ၁ နှင့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းခမရ ၅၀၅ (နမ့်လန်) နှင့်ခမရ ၁၁၄ (နောင်ချို) တို့ကလည်း လားရှိုးမှတန့်ယန်းမိုင်းကောင်သို့ ရောက်သွားကြပြီး ယနေ့တိုင် တပ်ရုပ်ပြန်ခြင်း မရှိသေးကြောင်း ကျောက်မဲဒေသခံ တစ်ဦးက အခုလို ပြောပါသည်။

“တိုင်းချုပ်အောင်သန်းထွဋ်နဲ့အတူ တပ်ရင်းမှူးတွေ မိုင်းကောင်ဘက်သို့ရောက်သွားကြတာ။ အခုထက်ထိဘဲ။ ရှေ့တန်း ရင်းမှူး တွေ တပ်မဟာ ၁ ထိန်းချုပ် နယ်မြေထဲ ကျေးရွာအုပ်စု ၃-၄ စုရဲ့ ဥက္ကဋ္ဌတွေကို သွားခေါ်တွေ့တယ်။ ထင်းတွေ ၀ါးတွေ ဆင့်ဆိုတယ် ကြာကြာနေမယ့် ပုံဘဲ”

ယမန်နေ့ ရိက္ခာအပြည့်တင်ဆယ်ဘီးကားတစီး မိုင်းကောင် ခလရ ၃၃ ထဲ ရောက်သွားကြောင်း နယ်လှည့် ပြည်သူ့ ဆက်ဆံရေး တပ်ဖျော်ဖြေရေး အဖွဲ့ကား ၄ စီးလည်း ရောက်သွားကြောင်း၊ မိုင်းကောင် ဘောလုံးကွင်း၌ ယမန်ညက အဆိုအက ဖျော်ဖြေပွဲ လုပ်ကြောင်း မိုင်းကောင် ဒေသခံတစ်ဦးက ပြောပါသည်။

မိုင်းကောင်မြို့နယ်ခွဲ တောင်ဘက် ၇ မိုင်အကွာ တောင်ဟျိုးနှင့်နမ့်လောင်းကျေးရွာ အုပ်စုအကြား လွယ်ဇောင့် တောင်ထိပ်ရှိ တပ်မဟာ ၁ တပ်စခန်းမှာမူ တပ်ရုပ် ဆုတ်ခွါခြင်း မရှိသေးကြောင်း သိရှိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဘုရားသုံးဆူ ဒုက္ခသည်များ ဖိအားပေးလို့ နေရပ်ပြန်ရ

နိုင်ကွန်းအိန်
ကြာသပတေး, 11 နိုဝင်ဘာ 2010

စစ်အစိုးရနဲ့ DKBA တို့ တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ဘုရားသုံးဆူမြို့က စစ်ပြေး ဒုက္ခသည် အများစုဟာ နေရပ်ကို ပြန်ကြပြီလို့ ဆိုပါတယ်။ ဒီလို ပြန်ရတာကလည်း ထိုင်း၊ မြန်မာ နယ်ခြား ကော်မတီတွေက ဖိအားပေးလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရေးအခြေအနေ ယာယီ အေးချမ်းနေပြီလို့ ဆိုပေမဲ့ အခြေအနေ ရှုပ်ထွေးလာမယ် ဆိုရင် ပြန်လည် တိမ်းရှောင်မယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ထိုင်းဘက်ခြမ်းမှာ ရှိတဲ့ ဒုက္ခသည်တွေဟာ နေရပ်ကို ပြန်နေပြီ ဆိုပေမဲ့ မွန်ပြည်သစ် ပါတီ အခြေခံစခန်းရှိရာ ကျေးရွာမှာတော့ စစ်ပြေး တိမ်းရှောင်သူတွေ ရှိနေဆဲလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် DKBA တပ်ဖွဲ့တွေ အနေနဲ့ KNU တပ်တွေနဲ့ ပူးပေါင်းပြီး KNU တပ်မဟာ ၆ နယ်မြေတွေမှာ စစ်အစိုးရကို ပြန်လည် တိုက်ခိုက်သွားဖို့ စစ်ရေး ပြင်နေသလို ဒေသခံတွေ အတွက် နေရပ်ကနေ တိမ်းရှောင်ဖို့ ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြ ပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ DKBA တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်သူ ဒုက္ခသည် အများစုဟာ အခုဆိုရင် နေရပ်ကို ပြန်ခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ပြန်ရောက်တဲ့ ဒေသခံ တဦးက အခြေအနေ အေးချမ်းနေပြီ ဆိုပေမဲ့ စိုးရိမ်စရာ အနေအထားမှာလည်း ရှိသေးတယ်လို့ ဆိုပါတယ်။

“ဒီသုံးဆူမှာ အခြေအနေတော့ အခုတော့ တိတ်ဆိတ်နေတာပဲပေါ့။ ပုံမှန် အနေအထားတော့ ရှိနေပြီ။ ဒီအချိန်မှာ သေနတ်သံ ဆူညံ လာမယ်ဆိုရင် ပြေးမှာပေါ့၊ ရှမ်းဘက်ကိုပဲ ပြေးမယ်။ တကယ်လို့ သူချပြီးဆိုရင် ထိုင်းဘက်က လက်မခံရင်တော့ ဒုက္ခပဲ။ ဒီလိုပဲ အသတ်ခံပြီး အဆုံးရှုံးခံရမှာပေါ့။”

ဘုရားသုံးဆူမြို့ ထိုင်းဘက်ခြမ်းမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည် အများစုဟာ မနေ့ညနေပိုင်းက ထိုင်း၊ မြန်မာ နယ်ခြား ကော်မတီတွေရဲ့ ဆွေးနွေးပွဲ အပြီးမှာ ထိုင်းဘက်ကမ်းမှာ ရှိတဲ့ စစ်ပြေး ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင် တွေက ပြန်ခိုင်းတယ် လို့လည်း ထိုင်း အာဏာပိုင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ စစ်ပြေး ဒုက္ခသည်တွေ အနေနဲ့ကလည်း အခြေအနေ အနည်းငယ် အေးချမ်း သွားတာက တကြောင်း၊ ဒုက္ခသည် စခန်းမှာ နေထိုင်ရေးတွေ ခက်ခဲတာကြောင့် ပြန်သွားရတယ်လို့ ပြောပါတယ်။ ထိုင်းဘက်ခြမ်းမှာ ရှိတဲ့ အခြေအနေတွေကို စစ်ပြေးဒုက္ခသည် တဦးက အခုလို ပြောပါတယ်။

“နည်းနည်းပဲ ကျန်တော့မယ် ထင်တယ်။ တချို့တွေလည်း မပြန်လာဘူး။ နည်းနည်း ကြောက်တဲ့ လူတွေကျတော့ အပေါ်မှာ နေကြတယ်လေ။ တချို့ လက်လုပ်လက်စားတွေ ကျတော့လည်း မဆင်းလာလို့ မဖြစ်ဘူးလေ။ ဒီမှာကတော့ လုပ်ငန်း ကိုင်ငန်းတွေ ရှိနေတော့ လာလုပ်စား ကိုင်စား နေကြတာပဲ။ ဘုရားသုံးဆူ မြို့မှာကျတော့ အခု ဆိုင် ၁၀ ဆိုင်မှာ တဆိုင်လောက်ပဲ ဖွင့်တယ်။”

ဒါပေမဲ့ မွန်ပြည်သစ်ပါတီ အခြေခံစခန်းကို ရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တွေ ကတော့ တချို့က ပြန်သွားသလို တချို့ကျတော့ မပြန်ရ သေးဘူးလို့ အဆိုပါ စစ်ပြေး ဒုက္ခသည်က ဆက်ပြောပါတယ်။

“အခု ဂျပန်ရေတွင်းမှာ ကျနော်တို့ မိသားစုတွေ ရှိနေတုန်းပဲ။ ကျန်တဲ့ မိသားစုတွေလည်း ရှိနေတယ်။ ဂျပန် ရေတွင်းမှာပဲ ၄၀ဝ လောက် ကျန်ဦးမယ်။ ဒီမနက်က ပြန်ကြတာပဲ။ ကြံတောမှာလည်း မနည်းဘူး ကျန်တယ်။ ကြံတောမှာ ကျနော့် သူငယ်ချင်း တအုပ် မနက်တုန်းက သူတို့ ရောက်လာပြီးတော့ ချက်ချင်း ပြန်ပြေးသွားတယ်။ များတယ် ကြံတောမှာ၊ သူတို့ ခန့်မှန်းခြေ လေးငါးရာလောက် ရှိမယ်။”

မွန်ပြည်သစ်ပါတီ အခြေခံကျေးရွာတွေ ဖြစ်တဲ့ ကြံခင်းကျေးရွာမှာလည်း ပြန်သွားတဲ့သူတွေ ရှိသလို ကျန်ရှိနေတဲ့ စစ်ပြေး ဒုက္ခသည်တွေကို လူမှု ကယ်ဆယ်ရေး အဖွဲ့အစည်း တွေကနေ ကူညီမှုတွေ ပေးနေတယ်လို့ ကြံခင်း ကျေးရွာ အတွင်းရေးမှူးက ပြောပါတယ်။

“မပြန်သေးဘူး၊ ရှိနေပါတယ်။ လူပေါင်း ၃၀ဝ လောက် ရှိတယ်တဲ့၊ ကလေးရော လူကြီးပါနော်။ ရှမ်းဘက် ကလည်း ရှိတယ် ပေါ့လေ၊ အင်္ဂလိပ်လည်း ရှိတယ်၊ မွန်လည်း ပါတာပေါ့လေ။ သူတို့ မမတွေ (ခေါက်ဆွဲခြောက်)၊ ရေဘူးတွေ မုန့်တွေ ထမင်းထုပ်တွေ ဝေနေကြတယ်။ မနက်က သုံးဆူပြန်သွားတဲ့လူ အများကြီးပေါ့လေ။ ကျနော်တို့ တွေ့သလောက် လူ ၁,၂၀ဝ၊ ၁၃၀၀ လောက် ရှိတယ်။ သူတို့ လွန်သွားတဲ့ဟာ။”

ဘုရားသုံးဆူမြို့ရဲ့ လက်ရှိ အခြေအနေကတော့ စစ်အစိုးရနဲ့ DKBA ဘက်က မြို့အပြင်ဘက်မှာ လက်နက်ကြီး တွေနဲ့ ဒီမနက် ဘက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေ ပါသေးတယ်။ အခုဆိုရင် DKBA တပ်တွေနဲ့ KNU တပ်ရင်း ၁၆ နဲ့ ပူးပေါင်းနေပြီး တပ်မဟာ ၆ ရဲ့ မဲကသာ ခွင်မှာ စစ်မြေပြင်လုပ်ပြီး အစိုးရတပ်ကို ခုခံ တိုက်ခိုက်သွားမယ်လို့ KNU နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ အဲဒီ မဲကသာကျေးရွာ ဒေသခံတွေလည်း နေရာပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြပြီလို့ ဒေသခံတဦးက ပြောပါတယ်။

Ref: VOA News

Read More...

Thursday, November 11, 2010

အညံ့ခံဖို့ အကြောင်းမရှိ

Wednesday, 10 November 2010

ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ဖြစ်သော နိုဝင်ဘာလ ၇ ရက်နေ့တွင် ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က မြ၀တီမြို့၌ အစိုးရတပ်ဖွဲ့များကို အလစ်အငိုက် ညတိုက်ပွဲတခုဖြင့် တိုက်ခိုက်ခဲ့ပြီး အစိုးရ အဆောက်အအုံ များစွာကို ယာယီ ထိန်းချုပ်နိုင်ခဲ့သည်။ နောက်တရက်တွင် မြ၀တီ မြို့တွင်းနှင့် မြို့တ၀ိုက်တွင် DKBA နှင့် စစ်အစိုးရ တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ထိုနေ့တွင်ပင် DKBA တပ်ဖွဲ့များသည် ဘုရားသုံးဆူ ဒေသတွင် တပ်စွဲထားသော စစ်အစိုးရ တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး အစိုးရ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည်။ တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ပေါင်း ထောင်သောင်းချီ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် စံခရဘူရီမြို့များသို့ ထွက်ပြေး ခဲ့ကြသည်။

ဗိုလ်မှူးကြီး စောလားပွယ်သည် DKBA တပ်မဟာ (၅) ၏ တပ်မှူးဖြစ်သည်။ DKBA ခေါင်းဆောင်ပိုင်းက စစ်အစိုးရ ဖိအား ပေးသည့် အတိုင်း နယ်ခြားစောင့်တပ် ဖွဲ့ရေး လက်ခံလိုက်ခြင်းကို သဘော မတူသဖြင့် DKBA မှ ခွဲထွက်ခဲ့သော တပ်မဟာ တခုလည်း ဖြစ်သည်။ DKBA တပ်မဟာ (၅) သည် မြ၀တီနှင့် ဘုရားသုံးဆူ ဒေသတ၀ိုက် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် အခြေစိုက်သည်။

လက်ရှိစစ်ရေး အခြေအနေများနှင့်ပတ်သက်၍ ဧရာဝတီသတင်းထောက် စောရန်နိုင်က ဗိုလ်မှူးကြီး စောလားပွယ်အား ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဗိုလ်မှူးကြီးတို့အဖွဲ့ မြ၀တီမြို့ကိုဝင်တိုက်ပြီး အစိုးရအဆောက်အဦ တွေကို သိမ်းယူခဲ့တယ်။ ဘာကြောင့် အဲဒီလို တိုက်ခိုက် ခဲ့ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး သိပါရစေခင်ဗျား။

ဖြေ ။ ။ စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင် ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေး အတွက် မြ၀တီမှာ ကျနော်တို့ တပ်တွေ နေရာ စယူခဲ့တာပါ။

မေး ။ ။ မြန်မာအစိုးရက ဗိုလ်မှူးကြီးအပေါ် ဘယ်လိုမျိုး ဖိအားတွေပေးနေပါသလဲ။

ဖြေ ။ ။ ကျနော်သာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ သဘောတူမယ်ဆိုရင် ကျနော့်ကို ကားအစီး ၅၀၀ နဲ့ စီးပွားရေး လုပ်ခွင့်တွေ ပေးမယ်လို့ အစိုးရ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ကျနော့်ကို ဖျောင်းဖျ ပြောဆိုဖို့ ဆိုပြီး အစိုးရက ဆရာတော် ဦးသုဇနကိုတောင် ခိုင်းခဲ့သေးတယ်။ ဘယ်သူမှ ကျနော်တို့ကို မစည်းရုံးနိုင်တဲ့ အခါကျတော့ အစိုးရက ကျနော်တို့ကို မြ၀တီကနေ ထွက်သွား ခိုင်းပါတယ်။ ကျနော်တို့ကို မတွေ့ချင်တော့ဘူးလို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ ထွက်မပေးနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီနေရာဟာ ကရင့်နယ်မြေ ဖြစ်တယ်။ ဒါ့ကြောင့် ကရင်တိုင်းရင်းသားတွေ နေထိုင်နိုင်ရမယ်။ ဘယ်လို အကြောင်းနဲ့မှ ကျနော်တို့ ထွက်မပေးနိုင်ပါဘူး။ နယ်ခြားစောင့် တပ်ဖွဲ့ဖို့ကိုသာ ကျနော်က လက်ခံမယ်ဆိုရင် ကျနော်လိုတာ ပေးမယ်လို့ စစ်အစိုးရက ပြောပါတယ်။ ပြည်သူလူထု အတွက်ပဲ အလုပ်အကျွေး ပြုမယ်လို့ ပြန်ပြောလိုက်တယ်။ လူထုကို အကာအကွယ် ပေးဖို့ဆိုတာ ကျနော်တို့ တပ်ဖွဲ့တွေရဲ့ တာဝန်ပဲဖြစ်တယ်။

မေး ။ ။ အခုပြီးသွားတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့အမြင်ကို သိပါရစေ။

ဖြေ ။ ။ ဒီရွေးကောက်ပွဲက မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ မဆောင်ကျဉ်းပေးနိုင်သလို တိုင်းရင်းသား ပြည်သူ လူထု အတွက်လည်း တန်းတူညီမျှမှု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ အစစ်အမှန် မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေ အရေခွံလဲတဲ့ သဘောပါပဲ။ ပြည်သူ လူထုကလည်း ရွေးကောက်ပွဲကို မထောက်ခံဘူး။ စစ်မှန်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူး။ တိုင်းရင်းသား ဒေသတွေမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို နိုင်ငံတကာ အသိုင်းအ၀န်းက လာရောက် ကြည့်ရှု လေ့လာဖို့ လိုပါတယ်။ ပြဿနာတွေကို သူတို့လာပြီး ဖြေရှင်း ပေးသင့်ပါတယ်။

မေး ။ ။ တခြား DKBA တပ်မဟာတွေက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်ခံခဲ့ကြတယ်။ ဗိုလ်မှူးကြီးတို့ တပ်မဟာ တခုပဲ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့နဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့ အမြင်ကို သိပါရစေ။

ဖြေ ။ ။ နယ်ခြားစောင့်တပ်ဖွဲ့ဆိုတာ စစ်အစိုးရက ကျနော်တို့ ကရင်ပြည်သူတွေကို ဖိနှိပ် ချေမှုန်းပစ်မယ့် နည်းလမ်းပါ။ ကျနော်တို့ ကတော့ အောင်ပွဲမရမချင်း ကရင့်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီးရဲ့ မူလေးချက်ကို ဆုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ (၁) လက်နက်ချစကား အလျဉ်းမပြောရ (၂) ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည် (၃) ကရင့်ကြမ္မာ ကရင်ဖန်တီးရမည် (၄) ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် ဆိုတာပါပဲ။

မေး ။ ။ ဗိုလ်မှူးကြီးတို့က မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၁၅ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီး ရည်တည် လှုပ်ရှားခဲ့ပါတယ်။ ဒီတော့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်နဲ့ ပတ်သက်ပြီး စစ်အစိုးရရဲ့ သဘောထားက ဘာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ထင်ပါသလဲ။ အပစ်အခတ် ရပ်စဲရေး အပေါ်မှာကော သူတို့အနေနဲ့ အလေးအနက် ရှိပါရဲ့လား။

ဖြေ ။ ။ စစ်အစိုးရက သူတို့နဲ့လာရောက်ပူးပေါင်းဖို့ ကျနော်တို့ကို ဖိတ်ခေါ်ခဲ့တယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ငြိမ်းချမ်းရေး ရရှိဖို့ ရည်မှန်းချက်နဲ့ နှစ်ပေါင်းများစွာ ကြာအောင် ကျနော်တို့ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ငြိမ်းချမ်းရေးကို တကယ် မလိုလားပါဘူး။ စစ်အစိုးရက သဘောတူချက် အပေါ်မှာ အလေးထားခြင်း မရှိသလို အပစ်ရပ် စာချုပ်နဲ့ ပတ်သက်လို့လည်း မရိုးသားပါဘူး။ ပြည်သူလူထု အပေါ်မှာရော တိုင်းရင်းသား လူထုအပေါ်မှာပါ သူတို့တွေ မရိုးသားကြပါဘူး။ ဒီလူတွေ အုပ်ချုပ်မှု အောက်မှာတော့ ကျနော်တို့ အသက်ပဲရှုနိုင်တယ်၊ အသက်တော့ မရှင်နိုင်ပါဘူး။

မေး ။ ။ မြန်မာအစိုးရနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်မှူးကြီးတို့ဘက်မှာက ရဲဘော်အင်အား နည်းနည်းပဲ ရှိတယ်။ ဆိုတော့ ဗိုလ်မှူးကြီးတို့က အစိုးရ တပ်တွေကို ဘယ်လိုတန်ပြန် တိုက်မလဲ။

ဖြေ ။ ။ ကျနော်တို့တပ်တွေကို မြ၀တီကနေ ပြန်ဆုတ်ခိုင်းပြီး မြို့အပြင်မှာ နေရာ ချထားပါတယ်။ ကျနော်တို့ရဲ့ စစ်ဗျူဟာကို ပြောင်းပါမယ်။ ပြောက်ကျား စစ်နည်းဗျူဟာနဲ့ ကျနော်တို့ ပြန်တိုက်ပါမယ်။ ကျနော်တို့ကို စစ်ရေး အကူအညီပေးမယ့် အကူ တပ်ဖွဲ့တွေလည်း ရှိပါသေးတယ်။

မေး ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကရော ဗိုလ်မှူးကြီးတို့အဖွဲ့ကို ကူညီမှာလား။

ဖြေ ။ ။ ကျနော်တို့ KNU နဲ့ ပုံမှန်အဆက်အသွယ်ရှိပါတယ်။

မေး ။ ။ စစ်အစိုးရက ဗိုလ်မှူးကြီးတို့အဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့ထဲပါဖို့ နောက်ထပ် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်လာဦးမယ်လို့ ယူဆပါသလား။

ဖြေ ။ ။ မထင်ပါဘူး။ သူတို့သဘောထားက သိပ်မဟုတ်ဘူး။ အခုအထိ အင်အား ထပ်တိုးနေတုန်း ရှိသေးတယ်။

Ref: ဧရာဝတီ်

Read More...

မြန်မာရွေးကောက်ပွဲ အမေရိကန်အစိုးရ စိတ်ပျက်

အမေရိကန်အစိုးရ
ဗုဒ္ဓဟူး, 10 နိုဝင်ဘာ 2010

မြန်မာစစ်အစိုးရဟာ နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ အပြီးမှာတော့ နိုင်ငံရေး အာဏာကို ဆက်ပြီး ချုပ်ကိုင်ထားမှာဖြစ်ပြီး နိုင်ငံရေး ပြောဆို ဆွေးနွေးမှုတွေ စတင်နိုင်ဖို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ မရဲတရဲ မျှော်လင့်ချက်တွေ၊ တိုင်းရင်းသား လူနည်းစုတွေ သူတို့နယ်မြေတွေမှာ နိုင်ငံရေး အချုပ်အခြာ အာဏာတချို့ ရရှိဖို့ မျှော်လင့်ချက်တွေကို ချေမွ ပစ်လိုက်ပါတယ်။

ရွေးကောက်ပွဲ စည်းမျဉ်းတွေက တင်းကျပ်လှသလို အစိုးရကလည်း ရွေးကောက်ပွဲ ကျင်းပတဲ့ လုပ်ငန်းစဉ်ကို ညွှန်ကြားချက် မျိုးစုံနဲ့ ဖိနှိပ် ခဲ့တာကြောင့် ရွေးကောက်ပွဲရဲ့ ရလဒ်က အံ့သြစရာတော့ မရှိပါဘူး။ ဒါပေမဲ့ အခုဆိုရင် အရင်ကထက် ပိုပြီး ခိုင်ခိုင်မာမာ နေရာ ယူထားလိုက်ပြီ ဖြစ်တဲ့ စစ်အစိုးရ ခေါင်းဆောင်တွေဟာ နိုင်ငံသားတိုင်း အခွင့်အရေး အပြည့်အ၀ ရရှိပြီးတော့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံနိုင်မယ့်၊ ပိုပြီးတော့ တည်ငြိမ်မှုရှိပြီး ပိုပြီးတော့ ချမ်းသာကြွယ်ဝမယ့် မြန်မာနိုင်ငံတော် ထူထောင်ဖို့ သမိုင်းတွင်တဲ့ အခွင့်အရေးကြီး တရပ် ဆုံးရှုံးသွားရတာ စိတ်မကောင်း စရာပါ။

ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ် ထူထောင်ဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်းပါလို့ မြန်မာ ခေါင်းဆောင်တွေက ပြောကြပါတယ်။ တကယ်တမ်းတော့ စစ်အစိုးရကို အရပ်သား အစိုးရ အဖြစ် ပုံစံ ပြောင်းပေး လိုက်တာပါပဲ။

အတိုက်အခံတွေ ချောင်ထိုးခံရပြီး အခြေခံကျတဲ့ အခွင့်အရေးတွေလည်း ချိုးဖောက်ခံရတဲ့ ဒီရွေးကောက်ပွဲ ဖြစ်စဉ်ဟာ အပြစ် အနာအဆာတွေ များလှပါတယ်။ ရလဒ်ကတော့ လွတ်လပ်မှုလည်း မရှိ၊ တရားမျှတမှုလည်း မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်သွားခဲ့တာပါ။

ငြိမ်းချမ်းရေး၊ နိုင်ငံတော် ချမ်းသာကြွယ်ဝရေးနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးရေးတို့ကို လိုလားတဲ့ မြန်မာ လူထုနဲ့အတူ အမေရိကန် ပြည်ထောင်စုက ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်။

အဲဒီရလဒ် ထွက်ပေါ်ဖို့အတွက် အမေရိကန် အစိုးရဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆက်ဆံရေးမူကို ကျင့်သုံးသွားမှာ ဖြစ်သလို တပြိုင်နက် တည်းမှာလည်း နိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ရေး ဖိအားပေးတာတွေလည်း ဆက်ပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ တရားရေး စံနှုန်းတွေအတွက် လိုက်နာရမယ့် ကိစ္စတွေကို လိုက်နာဖို့၊ နိုင်ငံတကာ ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက် နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေအတွက် တာဝန်ယူ ဖြေရှင်းဖို့အတွက် မြန်မာ အစိုးရကို တိုက်တွန်း ရာမှာတော့ အမေရိကန် ပြည်ထောင်စုက ကုလသမဂ္ဂနဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ ဆုံးခန်းတိုင်သည် အထိ အနီးကပ် လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အခုတင်ပြသွားတာကတော့ အမေရိကန် အစိုးရရဲ့ သဘောထား အမြင်ပဲ ဖြစ်ပါတယ်။ ဗွီအိုအေရဲ့အာဘော် မဟုတ်ကြောင်း သိစေအပ်ပါတယ်။

Ref: VOA News

Read More...

ကန့်သတ်ချက်နဲ့ လွှတ်ပေးရင် ဒေါ်စု လက်ခံမည်မဟုတ်

ဦးသိန်းထိုက်ဦး
ဗုဒ္ဓဟူး, 10 နိုဝင်ဘာ 2010

ဒေါ်အောင်ဆန်းစုကြည် ဒီရက်ပိုင်း လွတ်မြောက်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အတွက် လွှတ်မယ် ဆိုရင် ကြိုတင် အကြောင်းကြား ပေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုံခြုံရေး တပ်ဖွဲ့တွေကို မေတ္တာ ရပ်ခံထားပါတယ်။ ကန့်သတ်ချက်တွေ ထားပြီး ခြွင်းချက်နဲ့ လွှတ်တာမျိုးကို ဒေါ်အောင်ဆန်းစုကြည် ဘက်က လက်ခံမှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြင်ဆင်နေတယ်ဆိုပြီး လုံခြုံရေး တပ်ဖွဲ့ဝင် အရာရှိတချို့ ပြောတာကို ကိုးကားတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။ လာမယ့် နိုဝင်ဘာလ ၁၃ ရက်၊ နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်သွားတဲ့နေ့မှာ လုံခြုံရေး တာဝန် ယူနိုင်အောင် ပြင်ဆင် ခိုင်းတာကလွဲလို့ တခြား တိတိကျကျ ညွှန်ကြားချက် မျိုးတော့ မရှိဘူးဆိုပြီး လုံခြုံရေး အဖွဲ့ဝင်တချို့ ပြောတာကိုလည်း သတင်းတွေက ရေးပါတယ်။

ဒီလို သတင်းတွေ ထွက်နေတဲ့အချိန် NLD ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့အတွက် လွှတ်မယ်ဆိုရင် ကြိုပြီး အသိပေးဖို့ အာဏာပိုင်တွေကို အကြောင်းကြား ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“ကျနော် လုံခြုံရေးအဖွဲ့ကို တရားဝင် စာနဲ့ မေးမြန်းထားပါတယ်။ ကျနော်တို့ သိဖို့လိုအပ်တဲ့အတွက် အဲဒါလေး ခွင့်ပေးပါ၊ ဘယ်နေ့လဲ၊ ဘယ်အချိန်လဲ ဆိုတာ။ အဲဒါ ဘာမှတော့ ပြန်ကြားချက် မရသေးပါဘူး။ အဓိကကတော့ ခုန စာထဲမှာလည်း ကျနော် ဖော်ပြတယ်၊ အခုလည်း ကျနော်တို့ ဆွေးနွေးတယ်။ အရေးကြီးတာက တကယ်လို့ လွတ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ကျနော်တို့ စီမံဖို့၊ အဲဒါ အရေးကြီး ပါတယ်။ ဒီကိစ္စပဲ ကျနော်တို့ ဆွေးနွေးပါတယ်။”

အခုချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှေ့မှာ လုံခြုံရေး အခြေအနေ တိုးချတာမျိုး တစုံတရာ ထူးခြားတဲ့ အခြေအနေ မတွေ့ရဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို ပုံမှန်ထက် ခပ်စိပ်စိပ် စစ်ဆေး ခဲ့တာတွေ ရှိတဲ့အတွက် ဒီရက်ပိုင်းမှာ လွတ်လာနိုင်တယ် ဆိုတဲ့ တွက်ဆချက် မျိုးတွေတော့ ရှိခဲ့ပါတယ်။

“ကျနော်တို့ အဲဒီလို မျှော်မှန်းတာက အောက်တိုဘာ ၁၈ ရက်နေ့ကနေစပြီး ကြားနာတယ်။ ရက်ချိန်းတွေကို စိပ်စိပ်ကလေး သွားတယ်။ ၁၈၊ ၂၀၊ ၂၁၊ ၂၉၊ အဲဒါတွေ အပေါ်မှာ တွက်ပြီးတော့ အမြန်ဆုံး အော်ဒါ ထွက်လိမ့်မယ်လို့ ကျနော်တို့ အဲဒီအပေါ်မှာ ပြောတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

NLD အဖွဲ့ဝင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဘယ်နှစ်ရက်ပဲ လိုတော့တယ် ဆိုတာမျိုး လာမယ့် ၁၃ ရက်နေ့ကို လွတ်ရက် သတ်မှတ်ပြီး ရုံးရှေ့မှာ စာတွေ ရေးနေပါတယ်။ ဒီလို NLD အဖွဲ့ဝင်တွေ မျှော်လင့် ထားပေမဲ့ ကျင်းပပြီးစ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေတဲ့ အချိန်၊ မဲမသမာမှုတွေ အကြောင်း ပြောဆို ဝေဖန်တာတွေ ကြုံနေရတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကန့်အသတ်မရှိ စစ်အစိုးရဘက်က လွှတ်ပေးနိုင်ပါ့မလား၊ ခြွင်းချက်နဲ့ လွှတ်ပေးတာမျိုး မဖြစ်နိုင်ဘူးလား၊ ဦးဉာဏ်ဝင်းကတော့ ဒီလို ကန့်သတ်ချက်နဲ့ လွှတ်တာမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။

“ကျနော် နားလည်သလောက် ပြောရရင် အခုချိန်မှာ ခြွင်းချက်နဲ့ လွှတ်ပေးတာမျိုး လုပ်လို့မရတော့ဘူး၊ ဥပဒေအရ ကုန်သွားပြီ။ ကန့်သတ် ချက်တွေတော့ အစဉ်အလာ အရ ပြောရင် ဘယ်တုန်းကမှ သူ လက်မခံခဲ့ဘူး။ အဲဒီလို ကန့်သတ် တာလည်း ဥပဒေ မရှိဘူး၊ တကယ်က။”

၁၉၈၉ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့အကြိမ် ၁၃ နှစ်ကျော် ရှိသွားခဲ့ပြီလို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ် ဆိုရင်ရော အခြေအနေ ဘာတွေ ထူးလာဦးမလဲ၊ စိတ်ဝင်တစား မေးမြန်းမှုတွေ ရှိနေပါတယ်။ သူ လွတ်မြောက်မှုက တခြား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ ဒီ့ထက်ပိုပြီး မြန်မာပြည်သူတွေ လွတ်မြောက်ဖို့ အတွက် လမ်းစတခု ဖြစ်မယ်၊ မဖြစ်ဘူး၊ ဘယ်သူမှတော့ အတတ် မပြောနိုင်သေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အချိန်မှာပဲ စစ်အစိုးရ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူတို့ တခဲနက် အနိုင်ရတယ်ဆိုပြီး ပြောဆိုနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အချိန် စစ်အစိုးရ အတွက်ရော ရွေးကောက်ပွဲကနေ ပြောင်းလဲဖွဲ့စည်းမယ့် အရပ်သား အစိုးရ အတွက်ရော အမြဲတစေ ခြောက်လှန့်နေမယ့် အတိုက်အခံ နိုင်ငံရေးခေါင်း ဆောင်တယောက် အဖြစ်တော့ ဆက်ရှိနေဦးမယ်လို့ လေ့လာသူတွေက မြင်ပါတယ်။

ရွေးကောက်ပွဲအလွန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို စိတ်ဝင်တစား စောင့်ကြည့် နိုင်ဖို့ လွတ်မြောက်လာမယ့် အချိန်ကို လူတွေ စိတ်ဝင်စား နေကြပါတယ်။

Ref: VOA News

Read More...

နိုင်ငံတကာဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် အဓိကထားမည်

ထက်အောင်
Wednesday, 10 November 2010

ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာပါက နိုင်ငံတကာ ဆက်ဆံရေးကို အဓိကထား လုပ်ဆောင် သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

“နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့် နေပါတယ်။ သူပြန် လွတ်လာတဲ့အခါ ဒေသတွင်း နိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံများနဲ့ သံတမန် ဆက်ဆံရေးကို အဓိကထား လုပ်ဆောင် သွားမယ်လို့ သိရပါတယ်” ဟု NLD နှင့်နီးစပ်သော အမည် မဖော်လိုသူ တဦးက ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့သည့်ကာလတလျှောက် စစ်အစိုးရနှင့်စပ်လျဉ်းသည့် နိုင်ငံရေးပြဿနာများသည် ထင်သာမြင်သာ ရှိနေပြီ ဖြစ်ကြောင်း၊ ယခုတခေါက် ပြန်လွတ်မြောက်သည့် အခါ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲ အတွက် ဆက်လက် ဆောင်ရွက်ရာတွင် နိုင်ငံ တကာ အသိုင်းအ၀န်းနှင့် ပိုမို ဆက်ဆံ ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏အိမ်ကို နိုင်ငံရေးစုဝေးရာနေရာအဖြစ် အသုံးပြုမည် မဟုတ်ကြောင်း၊ နိုင်ငံရေးနှင့် လူမှုရေး ဘ၀ကိုလည်း ခွဲခြားထားမည် ဖြစ်ကြောင်း၊ NLD မှ အသက်အရွယ် ကြီးရင့်ပြီဖြစ်သော ခေါင်းဆောင်များကိုလည်း ထိုကဲ့သို့ နေထိုင်ရန် အကြံပြု ကြောင်းလည်း အဆိုပါ အမည်မဖော်လိုသည့် နီးစပ်သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၈ လ ကြာ နေအိမ်အကျယ်ချုပ် ချခံထားရရာမှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွတ်ရက် စေ့မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ဆိုသည်။

ယခုအခါ အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေး လောကသို့ ၀င်ရောက်စဉ်က အသက် ၄၃ နှစ်သာ ရှိသေးသည်။ ထိုစဉ်ကတည်းက မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲအတွက် မနားမနေ ကြိုးပမ်းခဲ့သည်။ လွန်ခဲ့သည့် ၂၂ နှစ်တာ ကာလအတွင်း နေအိမ်တွင် ၁၅ နှစ်ကြာမျှ အကျယ်ချုပ်ဖြင့် ၃ ကြိမ် ချုပ်နှောင်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွတ်မြောက်လာပြီးနောက် ခရီးသွားလာခြင်းကို ချက်ခြင်းပြုလုပ်မည် မဟုတ်ဟုလည်း သိရသည်။

အကယ်၍ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်အစိုးရက ခြွင်းချက်မရှိ လွှတ်ပေးခြင်းမပြုပါက လက်ခံမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကား၍ Reuters သတင်းဌာနက ယနေ့ ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပြီး ပြည်သူများကိုလည်း မဲမပေးဘဲ နေနိုင်သော အခွင့်အရေးကို အသုံးချရန် တိုက်တွန်းခဲ့သည်။ NLD ကလည်း ရွေးကောက်ပွဲအကြို ကာလ တလျှောက်လုံး မဲမပေးရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲတွင် မဲထွက်ပေးမှုရာခိုင်နှုန်း နည်းပါးသည်ဟု လေ့လာသူများက သုံးသပ်ကြပြီး ထိုသို့ ဖြစ်ရခြင်းတွင် အကြောင်းရင်း ၂ ရပ် ရှိကြောင်း၊ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ မဲမပေးကြရန် တိုက်တွန်းချက်နှင့် စစ်အစိုးရက ရွေးကောက်ပွဲ မတိုင်မီ ကြိုတင် မဲ အများအပြားကို မတရား ကောက်ယူထားခြင်း တို့ကြောင့် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

Ref: ဧရာဝတီ်

Read More...

မဲပေးသူနည်းသည့် ရွေးကောက်ပွဲပေါ်သံသယပိုလာ

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) - ၂ဝ၁ဝ မြန်မာရွေးကောက်ပွဲ၏ ထူးခြားချက်မှာ ပါတီများ အကြောင်းနှင့် ရွေးကောက်ပွဲ မူဝါဒများ အကြောင်း လူတွေ သိပ်မသိကြခြင်း ဖြစ်သည်။

ဆန္ဒမဲပေးခွင့်ရှိသူ ၄,ဝဝဝ ကျော်ကို မေးမြန်းခဲ့သော မဇ္ဈိမ စစ်တမ်းအရ စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမား များနှင့် ဘာသာရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက ပါတီများနှင့် ကိုယ်စားလှယ်များ အကြောင်း ၅ဝ ရာနှုန်း ကျော်သိသည်ဟု ပြောဆိုကြသည်။ ဘာသာရေး အုပ်စုက ဖြေဆိုသူ အရေအတွက်မှာ မပြောပလောက်ပါ။ မည်သည့် အုပ်စုကမှ ၆၃ ရာနှုန်းကျော် နားလည်သည် မပြောကြပေ။

သို့သော် ကိုယ်စားလှယ်များ၏ မူဝါဒများအကြောင်း သိနားလည်မှုမှာ ထိုကိုယ်စားလှယ်များ အကြောင်း သိရှိခြင်း ထက်ပင် နည်းသေးသည်။ မဲဆွယ် မှုအများဆုံးလုပ်ခဲ့သော၊ ဖြေဆိုသူ အများဆုံး နေထိုင်သော ရန်ကုန်လို နေရာမှာပင် ထိုသို့ သိနားလည်မှု ခေါင်းပါးကြောင်း ပြနေသည်။

ထိပ်ဆုံးက ပြေးနေသော ပါတီနှစ်ခုဖြစ်သည့် NDF နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့အနက် အန်ဒီအက်ဖ်ကို ပုဂ္ဂလိကနှင့် နိုင်ငံတကာအန်ဂျီ အိုဝန်ထမ်းများ၊ မှီခိုများ၊ နှင့် အခြားပုဂ္ဂိုလ်များ က ထောက်ခံမှုပိုများကြောင်း တွေ့ ရသည်။

ပုဂ္ဂလိကကဏ္ဍမှ ဖြေဆိုသူ လုပ်သား ၁၉၅ ဦးအနက် ၉၈ ဦးက NDF ကို ထောက်ခံသည် ဆိုသည်။ နိုင်ငံတကာ အန်ဂျီအိုဝန်ထမ်း ဖြေဆိုသူ ၁၂၃ ဦးအနက် ၈၇ ဦး သို့မဟုတ် ၇ဝ ရာနှုန်း ကျော်က ထို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပဲ့ထွက် လာသော ခွဲထွက် NDF အဖွဲ့ကို ထောက်ခံမဲပေးမည် ပြောသည်။

ကြံ့ခိုင်ရေးပါတီကမူ သူတို့ကို အများဆုံး မဲပေးမည့်သူမှာ အစိုးရဝန်ထမ်းများ၊ ပင်စင်စားများ၊ ပျံကျ လုပ်သားများ နှင့် အလုပ် လက်မဲ့များဟု သိထားသည်။ သို့သော် အစိုးရ ဝန်ထမ်းနှင့် အလုပ်လက်မဲ့များသာ ထောက်ခံမဲရရန် စိတ်ချရသည့် အုပ်စုနှစ်ခု ဖြစ်သည်။

ဖြေဆိုသူ အစိုးရဝန်ထမ်း ၁၄၅ ဦးအနက် ၆၅ ရာနှုန်း က ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းများ ကို ထောက်ခံမဲပေးမည် ပြောခဲ့သည်။ ဤပါတီသည် လက်ရှိ မြန်မာစစ်အစိုးရ၏ အရပ်သား မျက်နှာဖုံးစွပ်ထားသော ကိုယ်ပွား ပါတီသာ ဖြစ်သည်ဟု အများက ယုံကြည် နေကြသည်။ မဲဝယ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲ ခံနေရသည့် ကြံ့ခိုင်ရေးပါတီ လာဘ်ထိုးမှုကို တောင့်ခံနိုင်စွမ်း မရှိဟု ယူဆရသည့် အလုပ်လက်မဲ့ ဖြေဆိုသူ တဝက်နီးပါးက အဆိုပါ စစ်အစိုးရ ပါတီကိုထောက်ခံမည်ဟု ထုတ်ဖော် ပြောကြသည်။

အတိုက်အခံဘက်က အမာခံများဖြစ်ကြသော နိုင်ငံရေးသမားများ၊ ကျောင်းသားများ တို့ကြား မဲပေးရေးနှင့် ပတ်သက်၍ အမျိုးကွဲပြား နေကြကြောင်း စိတ်ဝင်စားဖွယ်တွေ့ ရှိရသည်။ ဖြေဆိုသူ ၁၄၁ ဦးအနက် သုံးပုံတပုံ မပြည့်သော ၄၃ ဦးက တသီးပုဂ္ဂလ အမတ်လောင်းများကို မဲပေးမည် ဆိုကြသည်။ စစ်အစိုးရ၏ ကြံ့ခိုင်ရေးကို ထောက်ခံမည့်သူမှာ NDF ကို မဲပေးမည့်သူထက် နှစ်ဆ ရှိသည်။ ကျောင်းသား ၂၄ ဦးက ကြံ့ဖွတ်ကို မဲပေးမည်ဟု ဖြေသည်။

သို့သော် အဆိုပါကျောင်းသားများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆို ထားသော မဲမပေးရေးကို လိုက်နာမည့်သူများ ဖြစ်ဖွယ်ရှိသည်။ ဒီချုပ်ခေါင်း ဆောင်များ၏ အပြင်းအထန် ဝေဖန်ခြင်းကို ခံနေရသော ဒီချုပ်ခွဲထွက် အဖွဲ့ NDF ကို ထောက်ခံသည်ထက် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု နောက်ကို လိုက်ရန် ပိုလိုလားကြသည်။

၅၉ ရာနှုန်းသော လယ်သမား အဖြေရှင်များက ကိုယ်စားလှယ်လောင်းများ၏ မူဝါ ဒများကို သိနားလည်ကြောင်း ဖြေဆိုကြသည်။ ဤသို့ ဝင်စားမှုများခြင်းက ၄င်းတို့ ဆင်းရဲ ကြပ်တည်းမှုကြောင့် နိုင်ငံရေး အပြောင်းအလဲတွင် လူမှုရေးနှင့် ဖွံ့ဖြိုးရေး ပြောင်းလဲမှုကို လိုလား နေကြသောကြောင့် ဖြစ်သည်။

ကျောင်းသားနှင့် စီးပွားရေးလုပ်ငန်းရှင်များမှအပ ကျန်ဖြေဆိုသူအုပ်စုအားလုံးအတွက် ကိုယ်စားလှယ်လောင်း များနှင့် တိုက်ရိုက် ထိတွေ့မှုရခြင်းကသာ သူတို့ဘို့ အထိရောက်ဆုံးဖြစ်နေသည်။ သတင်း အချက်အလက် ဖြန့်ဖြူးရာတွင် လက်ကမ်း ကြော်ငြာများသည် အထိရောက်ဆုံး ဖြစ်ကြောင်း တွေ့ရသည်။

စီးပွားရေးလုပ်ငန်းရှင် ၂၇၉ ဦးအနက် ၁၃၇ ဦးက လူချင်းသိကျွမ်းရင်းနှီးမှုနှင့် အလုပ်အကိုင်ချင်း နီးစပ် ဆက်စပ်မှု တို့ကြောင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ကို မဲပေးမည် ဖြေဆိုကြသည်။

မကြာခင်နှစ်များက မီဒီယာလုပ်ငန်းသိသိသာသာတိုးတက်လာသော်လည်း လက်ကမ်းကြော်ငြာ စာရွက်များကို အားကိုး နေရခြင်း၊ ကိုယ်စားလှယ် လောင်းများနှင့် တိုက်ရိုက် ထိတွေ့ခြင်းတို့က နည်းပညာ တိုးတက်မှု ချို့တဲ့ပြီး သတင်း လွတ်လပ်ခွင့် မရှိသော မြန်မာ့ နိုင်ငံရေးလောက၏ စီးပွားရေး သင်္ကေတ ဖြစ်နေတော့သည်။


Ref: မဇ္ဈိမ

Read More...

ဘုရားသုံးဆူဒေသ နိုဝင်ဘာလ ၁၁ရက်နေ့ မနက်တိုက်ပွဲ

Wednesday, 10 November 2010

နိုဝင်ဘာလ ၁၁ရက်။ ကေအိုင်စီ

(နိုဝင်ဘာလ ၁၁ရက်၊ မနက် ၅နာရီစပြီး ဘုရားသုံးဆူမြို့နယ်၊ နယ်စပ် ရွာသစ်ဘက်မှာ နအဖ ခမရ(၄၀၅)နဲ့ ဒီကေဘီအေ တပ်တွေ အပြန်အလှန် တိုက်ပွဲဖြစ်ကြတယ်လို့ ထိုင်းစစ်တပ် အသိုင်းအ၀ိုင်းက ပြောပါတယ်။

မနက် ၆နာရီကစပြီး နအဖဘက်က လက်နက်ကြီးနဲ့ပစ်တာ အခု ၇နာရီခွဲကျော် အထိ လက်နက်ကြီး အလုံး ၂၀ နီးပါးလောက် ရှိပြီလို့လည်း သိရပါတယ်။

မနက် ၇နာရီကျော်အထိ ဘုရားသုံးဘက်က ဒုက္ခသည်လူထုဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာတာ ခန့်မှန်းခြေ ၁ သောင်းကျော် လောက် ရှိပြီလို့ သိရပါတယ်။ အဲဒီ ဒုက္ခသည်တွေဟာ ထိုင်းဘက်ခြမ်းက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အားကစား ရုံတွေမှာ ရောက်ရှိ နေကြတယ်။ သူတို့ကို ထိုင်းလူမှု ကယ်ဆယ်ရေး တွေကလည်း ကူညီပေးနေတယ်။

ဒီကေဘီအေဘက်က သုံးတာက ၆၀-မမ။ နအဖဘက်က သုံးတာက ၁၂၀ စိန်ပြောင်း။ အဲဒီ နအဖ ခမရ(၄၀၅) တပ်ရင်းဟာ ပြီးခဲ့တဲ့ နှစ်ရက် လောက်ကပဲ ဘုရားသုံးဆူ ဘက်ကို စစ်ကူ ထပ်ရောက်လာတဲ့ တပ်ရင်းဖြစ်တယ်။ ဒီကေဘီအေ ဘက်က အပြောအရ နအဖဘက်က ပစ်ခတ်တာဖြစ်ပြီး ဒီကေဘီအေ ဘက်က ခံပစ်ပုံစံမျိုးပဲ။ ဒါပေမဲ့ နအဖဟာ သူတို့ရဲ့ လက်နက်ကြီးတွေကို ဒီကေဘီအေ ရှိရာ ပစ်ခတ်ထည့်တာ မဟုတ်ဘဲ မဲ့ကသာရွာထဲကို ပစ်ခတ်နေတာ ဆိုတော့ ရွာသားတွေက ထွက်ပြေးရတယ်လို့ ဆိုပါတယ်။

အခု ၈ နာရီ နီးပါးအထိ ထိုင်းဘက်ခြမ်းကို လက်နက်ကြီး ကျလာတာတော့ မရှိသေးဘူး။ ဖြစ်တာက တနေရာထဲ မဟုတ်ဘဲ ဘုရားသုံးဆူ နယ်စပ် တကြောလုံး ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။)

Ref: KIC News

Read More...

ဦးဝင်းတင်နဲ့ မေးခွန်းများ

ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ အရေးတော်ပုံနဲ့ ခွပ်ဒေါင်း အစစ်အမှန်တို့ရဲ့ အောင်ပွဲ ဖြစ်တယ်

မိုးမခ
နိုဝင်ဘာ ၁၀၊ ၂၀၁၀

၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲကို မတ်လကတည်းက သပိတ်မှောက်ထားတဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကို မိုးမခက ဆက်သွယ်ပြီးတော့ လက်ရှိ ရွေးကောက်ပွဲ အရှုပ်အထွေး၊ ပဋိပက္ခများအပေါ် ထင်မြင်ချက်ကို တောင်းခံခဲ့ပါတယ်။

ဆရာက တိုတိုတုတ်တုတ်ပဲ

“အခုအရေးအခင်းမှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေ ရှုံးသွားပြီ၊ ဒေါ်အောင်ဆန်းစု ကြည် အနိုင်ရတဲ့ ပွဲဖြစ်တယ်။ အင်န်အယ်ဒီပါတီ အနိုင် ရသွားတယ်။ ၈၈ အရေးတော်ပုံကြီးနဲ့ ခွပ်ဒေါင်း အစစ်အမှန်တွေ နိုင်တဲ့ ပွဲ ဖြစ်တယ် …” လို့ ပြောလိုက်ပါတယ်။

“လျပ်တပြက်သုံးသပ်ချက်ပဲ ဆိုဆို၊ အကြမ်းသုံးသပ်ချက်ပဲ ဆိုဆို တိုတိုပြောရရင်၊ ရွေးကောက်ပွဲဟာ ပြီးသွားပြီ။ ပြီးသွားတဲ့ အခါကျတော့ ပြဿနာတွေ မီးမွှေးပြီး ကျန်ရစ်ခဲ့တယ်ပေါ့။ တန်းလန်းတွေပေါ့။ ဟုတ်လား။ ဟိုပါတီ ဒီပါတီက မဲခိုးလို့တို့၊ Free & Fair Election မဖြစ်ဘူးတို့။ တကယ်တမ်းကျတော့ ရွေးကောက်ပွဲကို ဓါးမြ တိုက်တာပဲ။ ဒီကိစ္စတွေကတော့ သီးခြား ကိစ္စပါပဲ။ ဒါ့အပြင် နောက်ပိုင်းမှာလဲ အနယ်နယ် အရပ်ရပ်က အမှုပေါင်းများစွာက ဘယ်အချိန်မှာ ဘာတွေ ဘယ်လို ပေါ်လာကြဦးမယ် မသိဘူး။ ဟုတ်လား။ အခုကျတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ကြုံးဝါးတဲ့သူက ကြုံးဝါး။ တချို့ကတော့ အစိုးရကို တရားစွဲမယ်လို့ ကြုံးဝါးတဲ့ သူကလည်း ကြုံးဝါး။ ထားလိုက်ပေါ့ ပြီးပါပြီး။ သူတို့ဖာသာသူတို့ လုပ်ချင်တာ လုပ်မှာပဲလို့ ပြောတဲ့သူကလည်း ပြော။ မျိုးစုံ ဖြစ်ကျန် ခဲ့တာပေါ့ကွာ။

အခုဆိုရင် နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကြားထဲမှာ မကျေနပ်တာတွေ အပြင် ပြည်တွင်းစစ် လိုမျိုး တိုက်ပွဲတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီတော့ ရွေးကောက်ပွဲ အပြီးမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ပြီး သုံးသပ်ဖို့ လိုလိမ့်မယ်။
ကျနော်တို့ အနေနဲ့ တိုတို တုတ်တုတ် သုံးသပ်ရရင် စစ်အစိုးရဟာ ဒီရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးသွားပြီ။ ဒီလိုမျိုး မြင်ကြရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲဟာ အောင်မြင်မှုကြီး တခုအဖြစ် ကမ္ဘာကို ပြချင်တယ်။ သူတို့ကလည်း ကောင်းကောင်း ကျင်းပတယ်။ လူတွေကလည်း ပျော်ပျော်ကြီး ဆင်နွှဲကြတယ်။ သူတို့ရဲ့ ဘ၀သစ် အတွက် ရွေးချယ်ကြတယ်လို့ ကမ္ဘာကို ပြချင်တယ်။ ဒါပေမယ့် ဘာဖြစ်သွားသလဲ ဆိုတော့ သူတို့ ပြစေချင်သလို မြင်စေချင်သလို ဖြစ်မလာခဲ့ဘူး။

ရွေးကောက်ပွဲမှာ မဲပေးသူနှုန်းဟာ အလွန်နဲတယ်။ မဲပေးသူတွေက တတိုင်းပြည်လုံးမှာ ပျမ်းမျှခြင်း ၃၀ % ကနေ ၂၀ %လောက် အထိပဲ ရှိတယ်။ လူတွေက မဲတွေ မပေးကြဘူး။ လူတွေက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀ိုင်းပြီး ထောက်ခံပြီး ဆင်နွှဲခြင်း မရှိဘူး။ ဒါကို စစ်အစိုးရက မပြနိုင်တော့ဘူး။ မအောင်မြင်ဘူး။ ရှုံးသွားတယ်။ အဓိကရှုံးတဲ့ သူဟာ စစ်အစိုးရပဲလို့ ကျနော်တို့က ပြောကြတယ်။ ဒါဆိုရင် နိုင်တဲ့သူက ဘယ်သူလဲလို့ မေးကြရင် နိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ လို့ ပြောချင်တယ်။ ဘာလို့ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သည်ရွေးကောက်ပွဲမှာ မဲမပေးချင် မပေးကြပါနဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ ပါတီက ရွေးကောက်ပွဲမှာ မပါဝင်ဘူး။ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ လှုံဆော်တယ်။ မဲမပေးလဲ နေနိုင်ခွင့် ရှိတယ်လို့ ပြောတယ်။ သည်လှုပ်ရှားမှုဟာ မြန်မာပြည် ကျေးလက် တောရွာတွေအထိ ပြန့်နှံ့ပြီးတော့ တောင်တန်းဒေသ၊ နယ်စွန် နယ်ဖြားတွေ အထိ ဒီသဘောထားဟာ ပြန့်နှံ့ သွားတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ အဓိက နိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ ပါတီ ဖြစ်တယ်လို့ သုံးသပ်တယ်။

နောက်တမျိုး သုံးသပ်တာက ဘာလဲဆိုတော့ - တိုင်းရင်းသားပါတီတွေကနေပြီးတော့ သူတို့ရဲ့ ပြည်နယ် ဒေသကို အခြေခံပြီး အမျိုးသားလွှတ်တော်မှာ ၀င်ရောက်ပြီးတော့ ကြံ့ဖွံ့ပါတီအပေါ်မှာ အောင်ပွဲ ခံမှုတွေကတော့ တပိုင်းပေါ့။ ဒါတွေကို အသာ ထားပြီးတော့ ပြည်မမှာ ကြည့်ကြမယ် ဆိုရင် အင်န်ဒီအက်ဖ်လို ပါတီမျိုးက သူတို့တွေက အစကတော့ နိုင်နေတာ၊ ကြိုတင်မဲတွေကြောင့် ရှုံးသွားတာလို့ ပြောကြတယ်။

ဒါပေမယ့် လူတွေက ဘယ်လို သုံးသပ်သလဲဆိုတော့ အင်န်ဒီအက်ဖ်နိုင်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်း စုကြည်ပဲ နိုင်တာ၊ ဘာကြောင့်လဲ ဆိုတော့ အဲသည်ပါတီက ဒေါ်အောင်ဆန်း စုကြည် ပုံတွေ သုံးတယ်၊ အင်န်အယ်ဒီရဲ့ ခမောက် ပုံတွေကို သုံးတယ်။ ဒါတွေကို သုံးစွဲပြီး လုပ်တာကြောင့် သူတို့ တတွေဟာလည်း ကိုယ်ပိုင် အရည်အချင်းနဲ့ နိုင်တာ မဟုတ်ဘူး။

နောက်တချက်ပြောရရင်လည်း ၈ လေးလုံး အရေးတော်ပုံကြီးက နိုင်တယ်လို့ ပြောချင်တယ်။ အခု ရွေးကောက်ပွဲ ၀င်တဲ့ သူတွေက သူတို့ကိုယ် သူတို့ ၈၈ မျိုးဆက်တို့၊ ဘာတို့၊ ခွပ်ဒေါင်းတို့ ဘာတို့ စသည်ဖြင့် ပြောဆိုပြီး သုံးစွဲပေမယ့် သူတို့ တတွေဟာ အနိုင် မရကြဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့တတွေက အတုအယောင်တွေသာ ဖြစ်တယ်။ အနိုင် မရကြဘူး။ တကယ်တမ်း ကျတော့ မြန်မာပြည်ကြီးရဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ် အစစ် အမှန်တွေကသာ ဒီရွေးကောက်ပွဲကို အနိုင်ယူ လိုက်တယ်လို့ သုံးသပ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ဒီမိုကရေစီအင်အား အစစ်အမှန်တွေက သည်ရွေးကောက်ပွဲ ကြီးမှာ အနိုင် ရလိုက်တယ် ဆိုတာက ဘာနဲ့ အလားသဏ္ဍန် တူသလဲ ဆိုတော့ - ဖဲဝိုင်းတွေမှာ ဆိုရင် ဒီမိုကရေစီ အင်အား အစစ်အမှန် တွေက ၀ိုင်းထဲမှာ အိမ်အပြည့် နေရာယူပြီး ထိုင်ကစား နေတာပါ။ အင်န်ဒီအက်ဖ်လို မျိုးတွေ၊ ၈၈ အတုအယောင်တွေ၊ ခွပ်ဒေါင်း အတုအယောင် တွေက ၀ိုင်းထဲမှာ အပြည့် ၀င်မကစားနိုင်လို့ ဘေးကနေ ၀င်ထိုးတဲ့ သဘော သာသာလောက်ပါ။ ဘေးကနေ တဆယ်ထိုး၊ ငါးကျပ် ထိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည် တို့က ရာနဲ့ ထောင်နဲ့ ချီပြီး ထိုးနေတာကို ဘေးကနေ ၀င်ထိုး နေတာမျိုးပေါ့။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်တွေ၊ ခွပ်ဒေါင်းတွေ အနိုင်ရကြရင် သူတို့လည်း သည်ဟာကို မှီခိုပြီးတော့ စားရမလားလို့ ဘေးထိုး ကြတဲ့သူတွေပါ။

အဲသည်မှာ သည်ရွေးကောက်ပွဲကြီးမှာ ဘယ်လိုပဲဆိုဆို ဘေးထိုးသားတွေ အနေနဲ့ သူများ နံမယ်တွေ ပုံတွသုံးပြီး နိုင်ကြတယ်ပဲ ထား။ သူတို့က အစစ်အမှန် မဟုတ်တဲ့ အခါကျတော့ ဘေးထိုးသားတွေ နိုင်တာကို ဖဲဝိုင်းမှာ လူမိုက်က ၀င်လုသွားတာကို ခံလိုက်ရတဲ့ သဘောပါပဲ။ ဒီလောက်ပဲ ကျနော်တို့က မြင်တယ် လို့ ဆိုချင်ပါတယ်။

ကျနော်တို့တတွေကတော့ အစကတည်းက ပြောထားတဲ့ လမ်းစဉ်အတိုင်းပဲ ပြည်သူတွေနဲ့၊ မြန်မာပြည် တွင်းက တိုင်းရင်းသား အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ဒုတိယ ပင်လုံ ညီလာခံကြီး ကျင်းပပြီးတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းအောင် ဆက်လက် ဆောင်ရွက် သွားကြရမှာပဲ လို့ ပြောချင်ပါတယ်။

(ဆရာဦးဝင်းတင်နဲ့ မိုးမခတို့ နိုဝင်ဘာ ၁၀၊ နံနက်ခင်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရုံး တည်ရှိရာမှာ ပြောဆိုခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။)

Ref: မိုးမခ

Read More...

Wednesday, November 10, 2010

မင်းသမီး ၃ ပါးနှင့် NDF အရှုံးနှင့်ကြုံ

နရီလင်းလက်
Tuesday, 09 November 2010 19:31

ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများဖြစ်သော “ မင်းသမီး ၃ ပါး” ဟု မီဒီယာများက ဖော်ပြကြသူများ ပါဝင်သည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခွဲထွက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့သည် မဲမသမာမှုများကြောင့် ရွေးကောက်ပွဲတွင် ဆိုးဆိုးဝါးဝါး ဆုံးရှုံးမှုများ ရင်ဆိုင်ရကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက “နယ်မြေ ၄ ခုမှာ ၃ ခုက ကိုယ့်ကို ထောက်ခံတဲ့မဲ ရခဲ့တယ်။ ဒါပေမယ့် စာရင်းလည်း ပိတ်လိုက်ရော အမှတ်တွေက အရမ်းကို ကွာသွားတယ်။ ကိုယ့်ကိုဘယ်လို ထောက်ခံခဲ့တယ် ဆိုတာ သိပေမယ့် ရှုံးတယ်ဆိုတာက မဲရုံမှာ ကိုယ်စားလှယ်တွေ မထားနိုင်တာ၊ မဲ ရေတဲ့အချိန်မှာ ကိုယ့်ကို မခေါ်တာ။ ဒီလိုဆိုတော့ သူတို့ လုပ်ချင်တိုင်း လုပ်လို့ ရသွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်သန်းသန်းနုသည် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြု အမျိုးသားလွှတ်တော်အတွက် မန္တလေးမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို မဲ အပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

“အခု ကျင်းပသွားတဲ့ ရွေးကောက်ပွဲက မတရားဆုံး ရွေးကောက်ပွဲတခုပဲ။ နိုင်သွားတဲ့ပါတီ အနေနဲ့ သိက္ခာရှိရှိ ဖြစ်ချင်တယ် ဆိုရင်တော့ အရပ်သား အစိုးရ ပီပီပြင်ပြင် လုပ်ပေးခဲ့မယ် ဆိုရင်တော့ ကောင်းမယ်။ ဒီရွေးကောက်ပွဲကို အဖေသာ ရှိနေရင် မတရားဆုံး ရွေးကောက်ပွဲလို့ ပြောမှာပဲ” ဟု ဒေါ်သန်းသန်းနုက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို ကိုယ်စားပြု၍ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်သည့် ဒေါ်ချိုချိုကျော်ငြိမ်းက “နယ်ကလူတွေက ပေးလိုက်တာ ဒေါင်း၊ ထွက်လာတာ ခြင်္သေ့၊ ဘယ်လို ဖြစ်တာလဲတဲ့။ ကြိုတင်မဲတွေ အန်တီ မကြောက်ဘူး။ ဘာလို့လဲဆို ကိုယ့်ကိုယ် ထောက်ခံတဲ့လူ ဘယ်လောက်ရှိနေလဲကို သိနေတယ်လေ။ ဒါပေမယ့် မဲရုံမှူးက မဲပုံးကို အိမ်သယ်သွားပြီး ပက်ပက်စက်စက် မဲခိုးတယ်။ တချို့မဲရုံတွေမှာ ဖွင့်တောင် မဖွင့်ရသေးဘူး မဲပုံးထဲ မဲကရောက်နေပြီ။ ဒီအတွက် မနက်ဖြန် နေပြည်တော်အထိ တက်ပြီး တိုင်ဖို့လုပ်မယ်” ဟု ပြောသည်။

ဒေါ်ချိုချိုကျော်ငြိမ်းသည် ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီး ဒေါ်နေရီဗဆွေ၏ သမီးဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင် ဒီမိုကရက်တစ် ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နရီဗဆွေက “တပါတီက ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အသုံးချ သွားတယ်။ တပါတီက ကြိုတင်မဲကို အသုံးချသွားတယ်။ ပြည်သူလူထုကတော့ မီးပျက်ပြီး အမှောင်ထဲမှာ နေနေရတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲမတိုင်မီ ပါတီကိုယ်စားပြု သတင်းစာရှင်းလင်းပွဲတခုတွင် ၎င်းတို့ ၃ ဦးသည် မြန်မာပြည်၏ မင်းသမီး ၃ ပါးဟု တင်စား ပြောဆိုခဲ့ပြီး စစ်အစိုးရမှာမူ စုန်းမ ၃ ယောက်အဖြစ် မြင်မည်ဟု ပြောခဲ့သည်။

မြန်မာပြည် ပြောင်းလဲမှုအတွက် ရွေးကောက်ပွဲသည် ပထမဆုံးခြေလှမ်းဟု ယုံကြည်ကာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဟု ၎င်းတို့က ပြောကြသည်။

မြန်မာတနိုင်ငံလုံးတွင် NDF ပါတီမှ ကိုယ်စားလှယ်လောင်း ၁၆၁ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရန်ကုန်မြို့တွင် ၁၆ နေရာ၌သာ အနိုင်ရခဲ့သည်ဟု NDF ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ဆိုသည်။

“ပြည်သူပေးတဲ့မဲမှာ ကျနော်တို့ နိုင်တယ်၊ သက်ဆိုင်ရာက ပေးတဲ့မဲမှာတော့ ကျနော်တို့ ရှုံးတာပေါ့။ မဲရေတော့မှ ကြိုတင် မဲထုပ်တွေ ရောက်လာတယ်။ တချို့နေရာတွေမှာဆို အထုပ်တောင် မမြင်ရဘူး။ ဒါ ကြိုတင်မဲ ပေးထားတဲ့ လူစာရင်းဆိုပြီး ပြတယ်။ မဲတွေ ပြခိုင်းတော့ ပြခွင့် မရှိဘူးပြောတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူး ဆိုတာ အစကတည်းက သိပေမယ့် ဒီလောက်အထိ လက်လွတ်စပယ် လုပ်မယ်မထင်ဘူး။ မျှော်လင့်ထားတာထက် ပိုသွားတာပေါ့” ဟု ၎င်းက ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ရွေးကောက်ပွဲရလဒ်နှင့် မဲသမာမှုများအရ ရွေးကောက်ပွဲသည် မသင့်တင့်သော ရွေးကောက်ပွဲ ဖြစ်သော်လည်း ပြည်သူများ နိုင်ငံရေး နိုးကြားမှု အားကောင်း လာစေရန် ပြုနိုင်ခဲ့ခြင်းသည် ဒီမိုကရေစီ အင်အားစုများ ရရှိလိုက်သည့် အမြတ်ဖြစ်သည်ဟု ဆိုသည်။

“တခြားပါတီက မဲမသမာမှုတွေကို တိုင်ဖို့လုပ်ရင်တော့ ၀င်ပါဝင်သွားဖို့ ရှိတယ်။ တိုင်တယ်ဆိုတာ လေးစားတဲ့လူကို တိုင်တာလေ။ ကော်မရှင်က လေးစားစရာ မရှိတော့ ကိုယ့်ပါတီ အနေနဲ့ကတော့ တိုင်လည်း မတိုင်တော့ဘူး၊ ဘာမှလည်း ဒီပေါ်မှာ မမျှော်လင့်ထားဘူး” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီအင်အားစုများကို တယောက်နှင့်တယောက် ကျောချင်း ကပ်ပေးလိုက် ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပြောင်းလဲမှု တစုံတရာအတွက် စောင့်ကြည့် ရဦးမည်ဖြစ်ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

မြန်မာတနိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာ ၁၁၅၇ နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်သည့် ကြံ့ဖွံ့ပါတီက ၈၀ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိနေသည်ဟု ဆိုကြောင်း ယင်းပါတီမှ တာဝန်ရှိသူတဦးကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြထားသည်။

Ref: ဧရာဝတီ်

Read More...

မြ၀တီကို စစ်အစိုးရ ပြန်လည်ထိန်းချုပ်

ဧရာဝတီ
Tuesday, 09 November 2010 18:15

ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်အစိုးရ တပ်များက ယနေ့ ပြန်လည် ရယူထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

နှစ်ဘက် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ သောင်းနှင့်ချီ ထွက်ပြေး တိမ်းရှောင်လာသော ဒုက္ခသည်များကို ထိခိုက်မှုကြောင့် စစ်အစိုးရ တပ်များက မြ၀တီမြို့ပေါ်ရှိ DKBA တပ်များ၏ လက်ထဲမှ ပြန်လည် သိမ်းယူထားခြင်း ဖြစ်ကြောင်း ဧရာဝတီ သတင်း ထောက်က ပြောဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် ခေါ် (နှုတ်ခမ်းမွေး) ကလည်း မြ၀တီမြို့ထဲတွင် ရှိသော ၎င်း၏ တပ်ဖွဲ့ကို ပြန်လည် ထွက်ခွာရန် ညွန်ကြားထားကြောင်း သိရှိရသည်။

သို့သော် စစ်အစိုးရနှင့် DKBA တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်လာသော ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များ ယနေ့ လှေဖြင့် ပြန်ပို့နေကြောင်း၊ ကျန်ရှိ နေသေးသော ဒုက္ခ သည်များကိုမှု ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြို့နယ်အတွင်း ဆက်လက် လက်ခံထားဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာ အာဏာပိုင်များက မြ၀တီမြို့ကို ထိန်းချုပ်ထားနိုင်ပြီဟု ပြောကြားခဲ့သော်လည်း ယနေ့ နံနက် အထိ သောင်ရင်းမြစ် (Moei River)ကို ဖြတ်၍ ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေး လာနေဆဲ ဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်လာသူတဦးက “ဒီကနေ့ မနက်ပိုင်းအထိ အခြေအနေကတော့ ကျနော်တို့အတွက် လုံခြုံမှု မရှိသေးဘူး၊ ထိုင်းလုံခြုံရေး တပ်တွေကလည်း မြန်မာဘက်ကနေ နောက်ထပ် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထပ်ပြီး လက်မခံတော့ ဘူး”ဟု ဆိုသည်။

အလားတူ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင်လည်း စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ဝင်များ ယနေ့ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသူ လူဦးရေ သောင်းနှင့်ချီရှိကြောင်း သိရသည်။

“စစ်အစိုးရက မြို့ထဲကို ပစ်တာ လက်နက်ကြီး အလုံး ၄၀ ကျော်ရှိပြီ၊ ကွဲတာရှိ မကွဲတာလဲရှိ၊ ဖြစ်တာကတော့ အရပ်သား တွေပဲ ထိတယ်၊ အရပ်သားတွေ ဒဏ်ရာရတာကတော့ ၁၀ ယောက်လောက်ရှိပြီ” ဟု မြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသူများသည် တိုင်တရာ ဘုန်းကြီးကျောင်း အနီးပတ်ဝန်ကျင်နှင့် တောင်ဝိုင်းအရပ်မှ ဒေသခံများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBA တပ်ဖွဲ့ ၀င်များက ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ဘုရားသုံးဆူ မြို့နယ်တွင်လည်း ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘော မတူသောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

မြ၀တီတိုက်ပွဲ ငြိမ်သက်ပေမဲ့ စိတ်မချရသေး

မအေးအေးမာ
အင်္ဂါ, 09 နိုဝင်ဘာ 2010

ထိုင်း၊ မြန်မာ နယ်စပ် မဲဆောက်မြို့ရဲ့ တဖက်ကမ်း မြ၀တီမြို့ဘက်က DKBA တွေနဲ့ မြန်မာစစ်အစိုးရ တပ်တွေရဲ့ တိုက်ပွဲတွေ ဒီနေ့မှာ ရပ်နားထားပေမဲ့ ဒေသခံ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့် ထွက်ပြေး နေကြရတုန်းပဲ ဖြစ်ပါတယ်။ တချို့ အေးချမ်းပြီ ထင်ပြီး ပြန်လာကြတဲ့ မိသားစုတွေလည်း ထိုင်းဘက်ခြမ်း သောင်ရင်းမြစ် နံဘေးမှာ ထောင်နဲ့ချီပြီး နေထိုင်နေကြဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြ ပေးထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြ၀တီမြို့မှာ အပျက်အစီးတွေ ဖြစ်နေရပြီး ၉ ရက်နေ့ ညရဲ့ ထူးခြားချက်ကတော့ သေနတ်သံတွေ တချက် နှစ်ချက်လောက်သာ ကြားရပြီး မြို့ထဲမှာ နယ်ခြားစောင့် တပ်တွေ ကင်းလှည့်နေတာကို တွေ့ရကြောင်း မြ၀တီမြို့ခံ တဦးက ပြောပြပါတယ်။

“ညနေတုန်းက မြို့ထဲတော့ လျှောက်ကြည့်လိုက်တယ်။ လျှောက်ကြည့်လိုက်တော့ DKBA ၁ ဂိတ် ဘယ်ဘက် ခြမ်းမှာ ဓာတ်ဆီဆိုင် တဆိုင် ရှိတယ်။ အဲဒီဆိုင်က မနေ့က လက်နက်ကြီးနဲ့ ထုထားလား မသိဘူး၊ မီးတွေ လောင်ထားတာ တွေ့တယ်။ အဲဒီနားမှာ ကားတစီး မီးလောင်ထားတာလည်း တွေ့တယ်။ ကားဘီးလည်း မရှိတော့ဘူး။

“အဲဒါနဲ့ တံတားထိပ်သွားတော့ အဲဒီမှာ စာရေးထားတယ်၊ ကန့်သတ်နယ်မြေ မကျူးကျော်ရ၊ မဖြတ်သန်းရ ဆိုပြီး ရေးထားတာ တွေ့တယ်။ မြို့ထဲမှာတော့ နယ်ခြားစောင့် တပ်တွေက ကား လေးငါးခြောက်စီးနဲ့ ပတ်နေတာ တွေ့တယ်။”

မြ၀တီလူထု သောင်းနဲ့ချီပြီး မဲဆောက်ကို ရောက်လာကြပေမဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ နေရပ်ရင်းမှာ အေးဆေးပြီ ဆိုပြီး ပြန်သွား ကြတာကြောင့် ၉ ရက်နေ့ ညမှာတော့ ထိုင်းနယ်ခြားစောင့်တပ် ၀င်းထဲမှာ ထောင်ဂဏန်းလောက်ပဲ ကျန်ပါတော့တယ်။ နေ့လယ်ပိုင်းက ပြန်သွား ကြသူတွေကတော့ ညနေပိုင်းမှာ မြ၀တီမြို့ထဲမှာ မနေရဲတာကြောင့် ထိုင်းဘက်ကို ပြန်ကူးလာကြ ပြန်ပါတယ်။ သောင်ရင်းမြစ်နံဘေး ဟွေးမုတ် အမှတ် ၆ ဂိတ်နားမှာတော့ လူဦးရေ ၇,၀၀၀ ထက်မနည်း ရှိနေကြပါတယ်။ မြ၀တီမြို့ခံတဦး ပြောပြတာကတော့…

“ထိုင်းစစ်သားတွေ ကားတွေနဲ့ လာပို့ပေးတယ်တဲ့၊ ကမ်းနဖူးကို။ ဘုရင့်နောင်ဈေးနားက လူတွေ ဆိုရင်တော့ မပြန်ကြနဲ့ဦးတဲ့၊ တာဝန် မယူသေးဘူးလို့ အဲဒီလို ပြောတယ်တဲ့။ ကျန်တဲ့ ရပ်ကွက် ၁ တို့၊ ရပ်ကွက် ၃ တို့၊ ရပ်ကွက် ၅ တို့ဆိုရင်တော့ ပြန်လို့ရပြီ ဆိုပြီး ပြန်ခိုင်းတာတဲ့။ သူတို့ကိုယ်တိုင် လိုက်ပို့ တယ်ပေါ့။ တချို့ ထမင်းထုပ်တွေ ပါလာကြတယ်၊ တချို့ဆို ၇ ထုပ်၊ ၈ ထုပ်လောက် တွေ့တယ်။ ရေဘူးတွေလည်း တွေ့ခဲ့တယ်။ သူတို့ကို ဝေတာတဲ့။ အဲဒီလိုပြောတယ်။ သူကတော့ သူများတကာတွေ ပြန်တော့ သူလည်း ရောပြန်တဲ့ သဘောမျိုးနဲ့ တူတယ်။”

ဒီလူတွေကတော့ နောက်တကြိမ် ထိုင်းနယ်ခြားစောင့်တပ် ၀င်းထဲကို ထပ်သွားနိုင်ဖို့ အခွင့်အလမ်း မရှိဘဲ ထိုင်းစစ်ဆေးရေး ဂိတ်တွေက တားမြစ် ထားပါတယ်။ ထိုင်းစစ်တပ် ၀င်းထဲမှာ လုံခြုံပေမဲ့ အိမ်သာပြဿနာက အတော်ကြီးတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ သောင်းနဲ့ချီရှိတဲ့ လူထုကို စားသောက် နေထိုင်ရေး ကိစ္စတွေ လုပ်ပေး နေရတာကြောင့် ထိုင်းဘက်ကလည်း အတော်ကို တာဝန် ကြီးနေပါတယ်။ မနေ့က ရောက်လာကြတဲ့ သူတွေထဲမှာ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်တွေ၊ ရဲမိသားစုတွေတောင် ပါဝင်တယ်လို့ သိရပါတယ်။ ၈ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြ၀တီ ဆေးရုံမှာတော့ ခွဲစိတ် ကုသရတဲ့ လူနာ ၂၀ ကျော် ရှိတာကြောင့် ဘားအံက ဆရာဝန်တွေကို အကူအညီရဖို့ ခေါ်ထားရတယ်လို့ ဆိုပါတယ်။

နေ့လယ်ပိုင်းက စစ်အစိုးရတပ်တွေ ၀ါးလေစခန်းကို သိမ်းလိုက်တာကြောင့် ဒုက္ခသည်တွေ ထွက်ပြေး လာမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ၀ါးလေစခန်းကို မြ၀တီမှာ တိုက်ပွဲဖြစ်ပြီ ဆိုတာနဲ့ DKBA က ဆုတ်ခွာထားတာကြောင့် အထိအခိုက်၊ အကျအဆုံးတွေ မရှိဘူးလို့ DKBA ဘက်က ပြောပါတယ်။ မြန်မာ စစ်အစိုးရရဲ့ ရုပ်သံမှာတော့ မြ၀တီနဲ့ ဘုရားသုံးဆူမှာ ဖြစ်တာတွေက KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။

Ref: VOA News

Read More...

Tuesday, November 9, 2010

DKBA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲပြင်းထန်၊ ဒုက္ခသည် သောင်းနဲ့ချီ ထိုင်းဘက် ထွက်ပြေး

By မအေးအေးမာ တနင်္လာ, 08 နိုဝင်ဘာ 2010

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် မြ၀တီမြို့မှာ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ DKBA တပ်သားတွေက ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသတဲ့ အနေနဲ့ စစ်အစိုးရ ရုံးတွေကို မနေ့က ၀ိုင်းခဲ့ကြပြီး ဒီမနက် စောစောမှာတော့ DKBA နဲ့ မြန်မာစစ်တပ် အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အတွက် သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့ကြပါတယ်။ အခုထိဆိုရင် အနည်းဆုံး အရပ်သား ၂၀ သေဆုံးပြီး ဒဏ်ရာရသူ ဦးရေဟာလည်း ၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး လာသူတွေလည်း သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီအခြေအနေတွေကို ထိုင်းနယ်စပ်ကနေ တောက်လျှောက် စောင့်ကြည့် သတင်းယူနေတဲ့ မအေးအေးမာက တင်ပြ ပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် မြ၀တီမြို့မှာတော့ ဒီနေ့မနက် ၈ နာရီကျော် အချိန်လောက်ကစပြီး စစ်အစိုးရ တပ်တွေနဲ့ DKBA တပ်တွေ ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ စိုးရိမ် ထိတ်လန့်မှုတွေ ဖြစ်ရပြီး ပြေးလွှားရင်း သေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိခဲ့ပါတယ်။ ပြေးလွှားနေရတဲ့ မြ၀တီမြို့ခံတဦး ပြောပြတာကတော့…

“မနက်ကတော့ စဖြစ်ပြီး ပစ်ခတ်နေကြတော့ လူတွေက ဆိုင်ကယ်တွေနဲ့ သွားကြ လာကြတာပေါ့။ သွားလာ နေကြတော့ လက်နက်ကြီးတွေက တောကလာလိုက်၊ တောင်ကလာလိုက် ဆိုတော့ မှန်ကြတာပေါ့။ ကြံ့ခိုင်ရေးရုံး ရှေ့မှာတောင် ဆိုက်ကား နင်းနေတဲ့ လူ ၂ ယောက် ပွဲချင်းပြီး သေသွားတယ်၊ အစပါ ပျောက်သွားတယ်။ ရုံးတွေ၊ အဆောက်အဦးတွေ တော်တော်များများလည်း ထိခိုက် ပျက်စီးကုန်ပြီ။ ၁၂ နာရီလောက်တုန်းက ၁၀ မိနစ်၊ ၁၅ မိနစ်လောက် သူတို့တွေ နားလိုက်ပြီး အခု ပြန်ချတယ်။

“အခု ၂ ဂိတ်မှာ တော်တော်လေးကို အခြေအနေ ဆိုးနေတယ်။ လက်နက်ကြီးသံတွေ ကြားနေရတယ်။ တချို့ကလည်း လက်နက်သံတို့၊ တိုက်ပွဲသံတို့ အတွေ့အကြုံ မရှိဘူးလေ။ အခုက လက်နက်ကြီးသံ ဆိုတော့ ပိုပြီးတော့ စိုးရိမ် ကြောင့်ကြ နေကြတာပေါ့။”

မြ၀တီမြို့မှာတော့ ဟေမန်ဦး၊ တောရကျောင်း၊ မွန်ကျောင်း စတဲ့ ဘုန်းကြီးကျောင်းတွေ ရှိရာကို လူထုတွေက ပြေးလွှား ခိုလှုံလာတဲ့ အခါမှာ စစ်တပ်ဘက်က ဘုန်းကြီးကျောင်းတွေရှိရာ နေရာကို တပ်စွဲလာတာကြောင့် လူထုတွေ အနေနဲ့ စိုးရိမ်ပြီး ပြန်လည် ထွက်ပြေး နေရကြောင်း၊ မနက်ပိုင်းမှာလည်း လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲတယ် ဆိုတဲ့ သတင်းတွေကြောင့် လူငယ် အများအပြားလည်း ပြေးလွှား ပုန်းခိုခဲ့ရတယ်လို့ ဆိုပါတယ်။

“ဘုန်းကြီးကျောင်းထဲမှာ စစ်ပြေးဒုက္ခသည်တွေ ရှိတဲ့နေရာကို တပ်ကလာတော့ ပိုပြီး စိုးရိမ်ရတာပေါ့။ သူတို့ရှိတော့ မလုံခြုံ တော့ဘူးပေါ့။ သူတို့ ပစ်ခတ်တဲ့ အခါ လူထုကို ထိနိုင်တာပေါ့။ အဲဒါကြောင့် သူတို့လာတော့ ပိုလန့်တာပေါ့။ သူတို့က အကာအကွယ် လာလုပ်ပေးတာလား၊ ဒါမှမဟုတ် သူတို့ပဲ လာကာကွယ် နေတာလားတော့ မပြောတတ်ဘူး။

“တွေ့ရတာ တချို့ကတော့ ပြေးကုန်ပြီ။ ပထမ ဟေမန်ဦး ဘုန်းကြီးကျောင်းထဲမှာ ဒုက္ခသည် ၂၀၀၊ ၃၀၀ လောက်ရှိတယ်။ အခု တပ်တွေလည်း နေရာယူလာရော ဒုက္ခသည် ၅၀ လောက်ပဲ ရှိတော့တယ်။ မနက် ၁၀ နာရီ၊ ၁၁ နာရီလောက်တုန်းက လူငယ်တွေ ပြေးကြတာ အကြီးအကျယ်ပဲ။ တပ်ကနေ ပေါ်တာဖမ်းတော့ အကြီးအကျယ် ပြေးကြတာ၊ ၂၀ ကျော် ကလေးတွေ။”

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံရာက စလို့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြတဲ့ အနေနဲ့ မနေ့က တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တဲ့ DKBA အဖွဲ့ဟာ ရွေးကောက်ပွဲ အတွင်း မဲမသမာမှုတွေနဲ့ မတရားမှုတွေ ရှိတာကြောင့် သူတို့ဟာ မြန်မာ စစ်အစိုးရကို တိုက်ပွဲတွေ ဆက်ဆင်နွှဲ နေရဦးမှာ ဖြစ်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးက အခုလို ပြောပါတယ်။

“ချနေတုန်းပဲ၊ တပ်တွေကတော့။ ဘယ်လိုလုပ်မလဲ၊ အခု တအောင့်နေရင် ထပ်ဖြစ်လို့ အလားအလာတော့ ရှိတယ်။ ပြည်သူ လူထုလည်း မထောက်ခံဘူးလေ၊ မတရားတဲ့ အလုပ်တွေ၊ ဒီမဲဆန္ဒနယ်မှာ မရိုးမသားနဲ့။ ပြည်သူ့သဘောမှ မတူဘဲဟာ၊ အဲဒီ ရွေးကောက်ပွဲက။ မတရား၊ မစစ်မမှန်ဘူးလေ။ အဲဒီမှာ အာဏာအရှိန်နဲ့ မဲကို ထည့်ခိုင်းတယ်။ တချို့က မထည့်ချင်ဘဲ ထည့်ရတယ်။ ကျနော်တို့ တိုင်းရင်းသား အားလုံးပါ မကဘူး၊ အဲဒီမှာ ကိုယ်ချင်းစာတရား မရှိဘဲနဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတာ၊ အဲဒါလည်း မတရားဘူးလေ။ မတရားတဲ့ ဟာတော့ ကျနော်တို့က ပြည်သူ့ တပ်မတော်ဆိုတော့ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကျနော်တို့က ခုခံ ပြန်တိုက်ရမှာပေါ့။”

မကြာသေးခင်တုန်းကပဲ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့တွေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ ကချင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကရင်နီ စတဲ့အဖွဲ့တွေ စစ်ရေးအရ မဟာမိတ် လုပ်ထားကြပြီး တဖွဲ့ကို စစ်အစိုးရက တိုက်ခိုက် လာမယ်ဆိုရင် တဖွဲ့နဲ့ တဖွဲ့ အကူအညီပေးပြီး တိုင်းရင်းသား နယ်မြေတိုင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်မယ်ဆိုပြီး ကတိက၀တ် ပြုခဲ့ကြပါတယ်။

ဒီဆွေးနွေးမှု ကတိက၀တ် ပြုတဲ့အထဲမှာ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA အဖွဲ့လည်း ပါဝင်ပါတယ်။ သူတို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဖော်ထုတ်မယ် ဆိုပြီး ပြောခဲ့ကြပါတယ်။

ရွေးကောက်ပွဲ လုပ်တဲ့နေ့မှာတော့ တခြား တိုင်းရင်းသား နယ်မြေတွေမှာ သေနတ်သံတွေ မကြားရပါဘူး။ မနေ့ကတော့ ကရင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး DKBA ဘက်ကတော့ သူတို့ရဲ့ သဘောထားကို ပြသခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့ လက်နက်ကြီး ဒဏ်တွေကြောင့် ဒီနေ့မှာတော့ လူ ၂၀ ထက်မနည်း သေဆုံးမှု ရှိခဲ့ပြီး လူ ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း မြ၀တီ ဆေးရုံဘက်က သတင်းရရှိပါတယ်။ အခုအခါမှာတော့ ထိုင်း၊ မြန်မာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၁၀,၀၀၀ နီးပါးရှိပြီ ဖြစ်ပါတယ်။

ဒီကနေ့ ထိုင်း၊ မြန်မာနယ်စပ် မြ၀တီမြို့မှာ DKBA ကရင်စစ်တပ်နဲ့ မြန်မာတပ်တွေအကြား ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံး အခြေအနေတွေကို ထိုင်းနယ်စပ်ကနေ တောက်လျှောက် စောင့်ကြည့် သတင်းယူခဲ့တဲ့ မအေးအေးမာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို ထိုင်း၊ မြန်မာနယ်စပ် မြ၀တီမြို့မှာ ဖြစ်နေတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကိုလည်း ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် လက်နက်ကြီးအချို့ ထိုင်းဘက်ကို ကျရောက်ခဲ့တာကြောင့် ထိုင်းနိုင်ငံသား အချို့ အပါအ၀င် အထိအခိုက်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနယ်ခြား တလျှောက်မှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေ အပြည့် နေရာ ယူထားပါတယ်။ ထိုင်းအစိုးရ အနေနဲ့ကတော့ အန္တရာယ်ရှိနေတဲ့ နေရာတွေကနေ သူ့နိုင်ငံသားတွေကို လွတ်ကင်းရာ ပြောင်းရွှေ့ပေးနေတယ်လို့ ထိုင်းနိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ ပတီနန်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“ထိုင်းနိုင်ငံသားတွေ လုံခြုံ ဘေးကင်းရေးအတွက် ထိုင်းစစ်တပ်နဲ့ ပြည်ထဲရေးဌာနက တာဝန်ရှိသူတွေ ပူးတွဲပြီး ဆောင်ရွက် နေပါတယ်။ အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေက ထိုင်းနိုင်ငံသားတွေကို ရွှေ့ပြောင်း ပေးနိုင်ဖို့ စီစဉ် နေကြပါတယ်။”

တိုက်ပွဲတွေကြောင့် မြ၀တီမြို့ဘက်ကနေ လူပေါင်း သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင် လာကြပါတယ်။ ထိုင်းနိုင်ငံ ဘက်ကတော့ ဒီလူတွေကို ၀င်ရောက်ခွင့် ပေးထားပါတယ်။ လူသားချင်း စာနာမှု အခြေခံပေါ်မှာ ကူညီသွားတာ ဖြစ်ပေမဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ရင်တော့ ဒီလူတွေကို ထိုင်းနိုင်ငံက လက်ခံမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက အခုလို ဆက်ပြီး ပြောခဲ့ပါသေးတယ်။

“တချိန်တည်းမှာပဲ မြန်မာပြည်ဘက်က လူတော်တော်များများ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတာမျိုး နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှု သတင်းတွေလည်း ရနေပါတယ်။ သူတို့ကို နေရာတနေရာမှာ ထားဖို့ အာဏာပိုင်တွေဘက်က စီစဉ်နေပါတယ်။ ဒီလူတွေ လုံခြုံ ဘေးကင်းဖို့လည်း လူသားချင်း စာနာမှု ကူညီရေး အဖွဲ့တွေ စေလွှတ် ထားပါတယ်။ လူသားချင်း စာနာမှု အခြေခံပေါ်မှာ ဒီလူတွေကို ယာယီအားဖြင့် ခိုလှုံနေထိုင်ခွင့် ပေးသွားပါမယ်။ ဒါပေမဲ့လည်း ပုံမှန်အခြေအနေ ပြန်ရောက်သွားရင်တော့ ဒီလူတွေကို နေရပ် ပြန်ပို့မှာပါ။”

ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပတီနန် ပြောသွားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတုန်းပဲ ရှိပြီး ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို ကူညီ ပေးရုံကလွဲလို့ အခြား တုံ့ပြန်မှုတော့ ဘာမှ မရှိသေးပါဘူး။

အခုဆိုရင် ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာဟာ ထိုင်းနယ်စပ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ကြားကို ရောက်နေပါတယ်။ သူ့ကို အခုတွေ့နေရတဲ့ ဒုက္ခသည်တွေရဲ့ မြင်ကွင်းနဲ့ နောက်ဆုံး အခြေအနေတွေကို မေးကြည့်ခဲ့ပါတယ်။

မအေးအေးမာရေ… အဲ့ဒီမှာ အခု ဒုက္ခသည်တွေ ဘယ်လိုပုံစံရှိနေလဲ ပြောပြပါဦးရှင့်။

“အခု ကျမရောက်ရှိနေတဲ့ နေရာက ဒုက္ခသည်တွေကို ထားတဲ့ ထိုင်းနယ်ခြားစောင့်တပ်ရဲ့ ၀င်းထဲမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဒုက္ခသည်တွေက နေ့ခင်း ၁၂ နာရီကျော်က စပြီး နယ်စပ်မှာ လက်နက်ကြီးတွေနဲ့ အရမ်း ပစ်လွန်းအားကြီးတဲ့ အတွက် ထိုင်းနိုင်ငံဘက်ကို ကူးပြောင်းလာတာ အခုဆိုရင် ဒုက္ခသည်ဦးရေဟာ ၃၀,၀၀၀ လောက် ရှိသွားပါပြီ။ အခုလည်း လာနေဆဲပါပဲ။

“ဒုက္ခသည်တွေက အခု ရရာ ဖျာတို့၊ စောင်တို့ ဆွဲပြီးတော့သာ လာနေကြတယ်။ သူတို့မှာလည်း စိုးရိမ်သောက တွေနဲ့၊ နောက်တခါ စားစရာ ဘာညာ ဆိုတာလည်း မရသေးဘူး။ အခုလောလောဆယ် အခြေအနေမှာ ထိုင်းစစ်တပ်ဘက်က သူတို့ကို ထိုင်းစစ်တပ်ဝင်းမှာ နေရာထိုင်ခင်း ပေးနေပါတယ်။ ဒါပေမဲ့ နေရာထိုင်ခင်းကတော့ လုံလောက်မယ်လို့ မယူဆရပါဘူး။ တော်တော်လေး ဒုက္ခသည်တွေ များတဲ့အတွက် ဒီညဆိုရင် အိပ်ဖို့အတွက်တောင် အခက်အခဲ ရှိမယ်လို့ ယူဆရတယ်။”

မအေးအေးမာ ရှင်းပြသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Monday, November 8, 2010

မြန်မာစစ်အစိုးရရွေးကောက်ပွဲ ပြဇာတ်သဖွယ်ပြုမူသွားကြာင်း အမေရိကန် ဝေဖန်

တနင်္ဂနွေ, 07 နိုဝင်ဘာ 2010

မြန်မာစစ်အစိုးရရဲ့ ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ကြိုတင်ပြင်ဆင်ထားတဲ့ ပြဇာတ်သဖွယ် အောင်ပွဲ ခံနိုင်ခဲ့ပြီးတော့ စစ်အစိုးရ အနေနဲ့ အနှစ်သာရ ပြည့်ပြည့်၀၀ သရုပ်ဆောင် နိုင်ခဲ့တယ်လို့ သဘောထားမှာ ဖြစ်ကြောင်း အမေရိကန် ကွန်ဂရက် အထက်လွှတ်တော်ရဲ့ Kentucky ပြည်နယ် ကိုယ် စားပြု Republican အထက် လွှတ်တော်အမတ် Mitch McConell က ဒီကနေ့ ပြောဆို လိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ် နိုဝင် ဘာလ (၇) ရက်နေ့ဟာဖြင့် စစ်အစိုးရဖိနှိပ်မှုအောက်မှာ အခက်အခဲ တွေနဲ့ နေကြရတဲ့ ပြည်သူတွေ အတွက်ကတော့ သာမန်နေ့ တနေ့ အဖြစ်သာ ကုန်ဆုံးခဲ့ရတာ ဖြစ်ကြောင်းနဲ့ သမ္မတ အိုဘားမား အစိုးရ အနေနဲ့ မြန်မာပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ အပေါ် ထောက်ခံနေတာကို ပြန်လည် အားသစ် လောင်းစေလိုကြောင်း တို့ကိုလည်း Mr. McConell က တိုက်တွန်း သွားခဲ့ပါတယ်။ ဒီမိုကရေစီ နည်းလမ်း မကျဘဲ ဟန်ဆောင်ပန်ဆောင် ကျင်းပခဲ့တဲ့ ဒီကနေ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲကို နိုင်ငံ တကာ အသိုင်းအ၀ိုင်းက အသိအမှတ် ပြုတဲ့ဘက် ယိမ်း မသွားအောင် အသေအချာ ဂရုတစိုက် လုပ်ဆောင်ပါရန် အမေရိကန် အထက် လွှတ်တော်အမတ် Mitch McConell က သတိပေး ပြောဆို သွားခဲ့ပါတယ်။ မြန်မာနိုင်ငံက ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာ နေတဲ့ ဗွီအိုအေဗျူရိုရဲ့ အင်္ဂလိပ်ပိုင်း အစီအစဉ်က ပေးပို့တဲ့ သတင်းတွေထဲမှာတော့ စမ်းချောင်းမြို့နယ်က မဲရုံ (၃)ရုံမှာ မဲရေတွက်မှုကို စောင့်ကြည့် လေ့လာခွင့် မပြုခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်မှာ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဒေါ်နေရီဗဆွေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ် ကော်မရှင်ရုံးမှာ ကြိုတင် ကောက်ယူထားတဲ့ မဲတွေ ထည့်ထားတဲ့ မဲပုံးကို ဖွင့်ဖောက်တဲ့အခါ မှာ ကြိုတင်မဲ အားလုံးဟာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းကိုပဲ ပေးထားတာကြောင့် ဒီမဲပုံး ရေတွက်မှုကို ကျန်တဲ့နိုင်ငံရေး ပါတီတွေက သဘော မတူခဲ့ကြဘူးလို့လည်း ဘန်ကောက် ဗွီအိုအေဗျူရိုက သတင်းမှာ ဖော်ပြထားပါ တယ်။

Ref: VOA News

Read More...

မြန်မာ့ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပြီးဆုံး

တနင်္ဂနွေ, 07 နိုဝင်ဘာ 2010

မြန်မာနိုင်ငံ တနိုင်ငံလုံးက မဲရုံပေါင်း ၃၀,၀၀၀ ကျော်မှာ ဒီနေ့မနက် ၆ နာရီက စပြီး မဲပေးခဲ့ကြပြီး ညနေ ၄ နာရီမှာ မဲရုံတွေ ပိတ်သွား ခဲ့ပါတယ်။ မြန်မာနိုင်ငံက မဲပေးခွင့်ရှိသူ ၂၉ သန်းထဲက အနည်းစုကသာ မဲရုံတွေမှာ မဲပေး ခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

မဲပေးသူတွေ နည်းပြီး ခြောက်ကပ်နေတဲ့အပေါ် စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြသူတွေက ရန်ကုန်မြို့မှာ စားသောက် ကုန်တွေ ၀ယ်ယူ စုဆောင်း ကြတာကြောင့် အခြေခံစားကုန် ဈေးတွေ တက်သွားခဲ့ပါတယ်။ ဓာတ်ဆီတွေကိုလည်း ၀ယ်ယူ သိုလှောင် နေကြတာကြောင့် ဓာတ်ဆီဈေးက တဂါလံကို ၂,၅၀၀ ကျပ်နဲ့ ၃,၅၀၀ ကျပ်အထိ ဖြစ်သွားခဲ့တယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

နေပြည်တော်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဇေယျာသီရိမြို့နယ်က မဲရုံမှာ မဲသွားပေးခဲ့ပြီး ဇေယျာသီရိ မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီက လက်ရှိ မြန်မာစစ်အစိုးရရဲ့ နံပါတ် ၃ ခေါင်းဆောင် သူရ ဦးရွှေမန်းနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ဦးချစ်စိန်တို့ ၂ ဦးတည်း ယှဉ်ပြိုင် ခဲ့ကြပါတယ်။

ဇေယျာသီရိ မဲဆန္ဒနယ်မှာတော့ မဲပေးနိုင်သူ လူဦးရေရဲ့ ၆၂% က လာပြီး မဲပေးခဲ့ကြတယ်လို့ တာဝန်ရှိသူ တွေက သတင်းထောက် တွေကို ပြောကြားခဲ့ပေမဲ့ နေပြည်တော်ရဲ့ ခရိုင်မြို့နယ် ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၆၀၀,၀၀၀ ကျော်ရဲ့ ၅၀% သာ တကယ်တမ်း မဲ လာပေးခဲ့ကြတာလို့ သတင်းထောက်တွေက ဆိုပါတယ်။

တခြားသော နေပြည်တော်ခရိုင် မဲဆန္ဒနယ်မြေတွေမှာတော့ ဇမ္ဗူသီရိမြို့နယ်မှာ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ ပုဗ္ဗသီရိမြို့နယ်မှာ လက်ရှိ စစ်အစိုးရ အတွင်းရေးမှူး သီဟသူရ ဦးတင်အောင်မြင့်ဦးတို့က ပြည်ခိုင်ဖြိုးပါတီရဲ့ အမတ်လောင်းတွေအဖြစ် ၀င်ပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းမှာ အများက စိတ်ဝင်စားနေကြတဲ့ လက်ရှိ ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း၊ တသီးပုဂ္ဂလ အမတ်လောင်း ဦးကောင်းမြင့်ထွဋ်တို့ရဲ့ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်က ရွေးကောက်ပွဲမှာတော့ အခု တောင်ဥက္ကလာပ ၅ ရပ်ကွက်က မဲရုံတွေမှာ ရေတွက်ပြီးစီးသွားခဲ့တာမှာ ကြိုတင်မဲတွေနဲ့ ပေါင်းပြီး ဦးအောင်သိန်းလင်းက အနိုင် ရသွားခဲ့တယ်လို့ ဦးကောင်းမြင့်ထွဋ်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ မဲရုံပေါင်း ၂၀၃ ရုံရှိပြီး ကျန်တဲ့ရပ်ကွက်တွေက မဲရုံတွေမှာလည်း မဲတွေ ရေတွက်နေဆဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ဒေသခံတွေ အားလုံးက မဲပေး ခဲ့ကြတယ်လို့ ယုံကြည်တဲ့ အကြောင်း ကျားဖြူပါတီလို့ လူသိများတဲ့ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဧရာဝတီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ ဒီ ၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး မြ၀တီမြို့မှာတော့ ဗုဒ္ဓဘာသာ ကရင်တပ်ဖွဲ့ (DKBA) က နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံသူတွေက မဲရုံတွေရှေ့မှာ လက်နက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြမှုတွေ လုပ်ဆောင် ခဲ့ကြပါတယ်။ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေ မရှိသေးဘဲ ဒီသတင်းကိုလည်း အာဏာပိုင်တွေက အတည်ပြုခြင်း မရှိသေးပါဘူး။

Ref: VOA News

Read More...

DKBA ဗိုလ်မှုးချုပ် စောလားပွယ်၏ တပ်ဖွဲ့ဝင်များ မြ၀တီ မြို့သိမ်း တိုက်ပွဲ စတင်

နိုဝင်ဘာ ၈ ရက် ၂၀၁၀


၁၁း၀၀ မြ၀တီ မြို့ တွင်း တိုက်ပွဲ များ ပိုမိုပြင်းထန် လာ နေပြည်တော် မှ ဓာတု လက်နက် တင်ဆောင် လာသည့် ရဟတ်ယာဉ် မြ၀တီမြို့သို့ ရောက်ရှိဟု ထိုင်း ထောက်လှမ်းရေး အရာရှိ တစ်ဦးက FNG သို့ပြော

၁၀း၄၅ မြ၀တီမှာ ယောက်ကျားတွေအားလုံးပြေးရပြီ စစ်တပ်က ပေါ်တာအတွက် လိုက်လံဖမ်းဆီးနေ

နံနက် ၁၀း၃၅ ဒီကေဘီအေ တပ်ဖွဲ့ ဝင်လေးဦး မဲဆောက်ဆေးရုံရောက်-မြ၀တီ ခယက ဥက္ကဌ အား DKBA အဖွဲ့ဝင်များ ဖမ်းဆီးထား (မြ၀တီ – ကော့ကရိတ် ကားလမ်း ရှိ တံတားများကို ချိုး ပြီး စစ်တပ် က ဆုတ်ခွာ)

Updated နံနက် ၁၀း၃၀ မြ၀တီ-မဲဆောက် နှစ်မြို့ လုံး မှ စာသင်ကျောင်းများ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်း

ထိုင်-မြန်မာ နယ်စပ် ကရင် ပြည်နယ် မြ၀တီ မြို့ အား DKBA ဗိုလ်မှုး ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ၏ တပ်များ က ၀င်ရောက် သိမ်းပိုက် မှု ကြောင်း ယနေ့ မနက် ၉း၃၀ အချိန် တွင် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားရာ မြ၀တီ မြို့ မှာ လက်နက်ကြီး ကျဉ် ပေါက်ကွဲ သံများ ၊သေနတ် ပစ်ခတ် သံများ ဖြင့် ဆူညံနေပြီး သင်္ကန်းညီနောင် တွင် မူ နအဖ စစ်တပ် က အပြစ်မဲ့ ပြည်သူများ ကို ဓားစားခံ လုပ်ထား သည် ဟု သိရှိရသည်။

ထိုင်း-မြန်မာ နယ်စပ် အတွင်း မြ၀တီ မြို့ တွင်း ရောက်ရှိနေသည့် နိုင်ငံခြား သတင်းထောက် တစ်ဦးနှင့် FNG က တနင်္လာနေ့  နံနက် ၁၀း၃၀ မိနစ် တွင် ဆက်သွယ်ရာဉ် လက်နက်ကြီး အလုံး လေးဆယ် နှင့် မနည်း ကျရောက် ပေါက်ကွဲ ခဲ့သည် ဟု သိရသည်။ မြ၀တီ မြို့ တွင်းအပြန် အလှန် ပစ်ခတ်သံများ ကို ထိုင်း နိုင်ငံ မဲဆောက် မြို့ မှ ကြားနေရပြီး ထိုင်း စစ်တပ် ကလည်း နယ်စပ် တစ်လျှောက် လုံခြုံရေး တိုးမြင့် ထားသည်။


Ref: FNG News

Read More...

မြ၀တီမြို့တွင် တိုက်ပွဲဖြစ်ပွား

သန်းထိုက်ဦး
Monday, 08 November 2010

နအဖ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှတပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ နံနက် ၉ နာရီခန့်ကစ၍ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရ သည်။

“မနက် ၉ နာရီမှာ ကျနော်တို့ကို စစ်အစိုးရ တပ်တွေက စပစ်တာပါ၊ အဲဒီတော့ ကျနော်တို့ရဲ့ ရဲဘော်တွေကို ပြန်ပစ်ဖို့ အမိန့် ပေးထားတယ်၊ စစ်အစိုးရ တပ်တွေ တဖြည်းဖြည်းနဲ့ ပိုများလာတယ်၊ ကြည့်ရတာ သူတို့က ကျနော်တို့နဲ့ ညှိနှိုင်းပုံမရဘူး”ဟု ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးက ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ကထက် ပိုမို တင်းမာနေကြောင်း သိရသည်။

မြ၀တီမြို့ခံတဦးက“တံတားထိပ်နဲ့ မြို့လယ်မှာ သေနတ်သံတွေ စကြားနေရတယ်၊ လက်နက်ကြီး အသံတွေတော့ မကြားရ သေးဘူး”ဟု ပြောသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ထိုင်းဘက်ထိပ်သို့ လက်နက်ကြီးကျည် တလုံး ကျရောက်သည့် အတွက် ထိုင်း အမျိုးသမီး တဦး ဒဏ်ရာ ရရှိကြောင်း မျက်မြင် တဦးကပြောသည်။ ယင်း ပစ်ခတ်မှုများကြောင့် အနည်းဆုံး ဒေသခံ ၇ ဦး ဒဏ်ရာ ရရှိ ကြောင်းလည်း သိရသည်။

လက်ရှိအခြေအနေအရ မြ၀တီမြို့၏ စစ်ရေးဗျူဟာ အချက်အချာကျသည့် နေရာများတွင် DKBA တပ်ဖွဲ့ ၀င်များက နေရာ ယူထားကြောင်း၊ နေ့လယ်ပိုင်းတွင် နအဖ တပ်များက DKBA ကို တိုက်ခိုက်လာနိုင်ကြောင်း သတင်းများအရ သိရသည်။

အလားတူ ဘုရားသုံးဆူမြို့နယ်ရှိ စစ်အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၈၄ နှင့် DKBA တပ်များ နှစ်ဘက် တင်းမာနေ ကြောင်း ဒေသခံတဦးက ပြောသည်။

“လက်ရှိ DKBA ကတော့ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ သူတို့နေရာမှာ သူတို့ အသင့်နေရယူ ထားတယ်၊ စစ်အစိုးရတပ်တွေ ကလည်း အသင့်နေရာယူထားတယ်”ဟု ၎င်းက ဆိုသည်။ မြ၀တီမြို့အခြေအနေ ဆိုးရွားလာပါက ဘုရားသုံးဆူမြို့ကိုလည်း ၀င်ရောက် တိုက်ခိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ် သည်။ ၎င်းတပ်တွင် ခန့်မှန်းခြေ တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီး မား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ဟု အိုဘားမား ပြော

ဇာနည်မာန်
Sunday, 07 November 2010

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရောက် အမေရိကန် သမ္မတ အိုဘားမား က ယနေ့ ကျင်းပနေသော မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ပြောဆိုလိုက်သည်။

အိန္ဒိယ နိုင်ငံသားများအနေဖြင့် ဒေသတွင်းနိုင်ငံများအတွင်းရှိ ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုကို အားပေးရမည် ဖြစ်ကြောင်း သမ္မတ အိုဘားမား က ပြောသည်။

၎င်းက“အခုအချိန်မှာ မြန်မာပြည်မှာ ရွေးကောက်ပွဲ လုပ်နေပြီး မြန်မာနိုင်ငံသားတွေဟာလည်း မဲပေးနေကြတယ်။ ဒီရွေး ကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူး”ဟု မွန်ဘိုင်းမြို့ စိန့်ဇေးဗီးယား ကောလိပ် ရှိ ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောဆိုသည်။

“ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို ထပ်ပြီး တောင်းဆိုလိုက်ပါတယ်”ဟုလည်း အိုဘားမားက ပြောကြောင်း အေအက်ဖ်ပီ သတင်း တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီ အင်အားကြီး နိုင်ငံဖြစ်သော်လည်း မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများတွင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည်ကို အမြဲသတိရှိ၍ အိန္ဒိယနိုင်ငံသားများ၊ အထူးသဖြင့် လူငယ်များအနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရေး အတွက် ထုတ်ဖော်ပြောဆိုသင့်ကြောင်း အိုဘားမား က တိုက်တွန်းသည်။

“သူများနိုင်ငံရဲ့ အစိုးရအဖွဲ့ကို ပါဝင်ပတ်သက်တယ်လို့ မဟုတ်ပေမယ့် ဒီလိုနိုင်ငံမျိုးတွေက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရေး အတွက် သဘောထားကို အမြဲ ထုတ်ဖော် ပြောဆို သင့်တယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ကျင်းပသော ရွေးကောက်ပွဲမှာမူ ကြိုတင်မဲများ ကောက်ယူရာတွင် တရား မျှတမှု မရှိခြင်း၊ နိုင်ငံတ၀န်းရှိ မဲရုံများတွင် လာရောက်မဲပေးသူ ဦးရေ နည်းပါးခြင်း၊ စစ်အစိုးရ ခေါင်းဆောင်များ ပါဝင်သော ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန် ခြိမ်းခြောက် ပြောဆိုခြင်း၊ မဲရုံများတွင် ကြံ့ဖွံ့ပါတီဝင် များက ၀င်ရောက် မဲဆွယ် နေခြင်းများ ရှိနေကြောင်း သတင်းများက ဖော်ပြထားသည်။

သမ္မတ အိုဘားမားသည် အာရှခရီးစဉ်၏ တစိတ်တဒေသအဖြစ် အိန္ဒိယနိုင်ငံတွင် ၃ ရက်ကြာ ရောက်ရှိနေပြီး မွန်ဘိုင်းမြို့ တွင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံ၍ မေးခွန်းများကို ဖြေကြားခဲ့သည်။ နိုဝင်ဘာ ၈ ရက်နေ့တွင် အန္ဒိယ သမ္မတ ပရာတီဘာ ပတေးလ်နှင့် နယူးဒေလီတွင် တွေ့ဆုံမည်ဖြစ်သည်။ ၎င်း၏ ခရီးစဉ်အတွင်း အမေရိကန် - အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး၊ ပညာရေးနှင့် နည်းပညာ ဖလှယ်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့