..............................

Saturday, February 21, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း (၄)

၂၀ ဖေဖော်ဝါရီ ၂၀၀၉

UWSA “၀” တွေဟာ ဗကပကို တော်လှန်ခဲ့ပြီးတဲ့နောက် န၀တနဲ့ စတင်ဆွေးနွေး လာပါတယ်။ ထိုစဉ်က ထောက်လှမ်းရေး အကူတပ် တပ်မှူးဖြစ်သူ ဒုဗိုလ်မှူးကြီး တင်ဝင်းဟာ “၀” ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ခဲ့ပါတယ်။ ကက (ကြည်း) က ကျိုင်းတုံရှိ တပ်မ (၈၈) တပ်မမှူးဖြစ်နေတဲ့ ဗိုလ်သိန်းဟန်ကို စေ့စပ် ငြိမ်းချမ်းရေး လုပ်လိုတဲ့ “၀” တိုင်းရင်းသား ခေါင်းဆောင်များအား လက်ခံ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ အထူးသဖြင့် သဘောတူညီချက်တွေထဲမှာ ပါဝင်ရမဲ့ နယ်နိမိတ်၊ ဧရိယာကိစ္စ ပိုင်းခြားရာမှာ ရှေ့တန်း နယ်မြေကို ကိုင်တွယ်ထားတဲ့ တပ်မမှူးတဦးရဲ့  အခန်းကဏ္ဍ အရေးပါလှတာမို့ လိုအပ်တာ လုပ်ပေးရန်ကိုပါ ညွှန်ကြားခဲ့ပါတယ်။

ဒုဗိုလ်မှူးကြီး တင်ဝင်းနဲ့ “၀” အဖွဲ့တွေဟာ ကျိုင်းတုံရှိ တပ်မ ဌာနချုပ်ထံ သွားရောက်ကာ တပ်မမှူး ဗိုလ်သိန်းဟန်ကို တွေ့ခွင့် တောင်းပါတယ်။ ဒါပေမဲ့ ဗိုလ်သိန်းဟန်ဟာ မူလကတည်း က ကွန်မြူနစ် ဗကပဖြစ်တဲ့ “၀” များကို တိုက်ခိုက်နေခဲ့သူ ပီပီ မုန်းတီးမှုကြောင့် အတွေ့မခံဘဲ “ငါးကန်” စစ်ဆေးရန် ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်ထွက် သွားခဲ့ပါတယ်။ အဲဒီ ထောက်လှမ်းရေးအဖွဲ့ စစ်ရုံးကိုပြန်ရောက်ပြီး ကက (ကြည်း) ထံ ကကလှမ်းရဲ့ အစီရင်ခံစာ အဖြစ် ဒီဖြစ်စဉ်ကို တင်ပြလိုက်တဲ့အခါ တပ်ချုပ် ဗိုလ်စောမောင်က ဒေါသတကြီး ပစ်တင်ပြော ဆိုခဲ့ပါတယ်။ အထက်က မူဝါဒနဲ့ လုပ်နေတာကို ဒီကောင်က ပမာမခန့် လုပ်ရသလားဆိုပြီး တပ်မမှူးအား ရာထူးဖြုတ်ပစ်ကာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ချောင်ထိုးရွှေ့ပြောင်းလိုက်ပါတယ်။

အဲဒီအချိန်မှာ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတဲ့ ဗိုလ်သန်းရွှေက လက်တို့ပြီး ဂျပန် သံအမတ်ကြီးအဖြစ် စောင့်ရှောက်ရန် ပြောဆိုစီမံကာ ဗိုလ်သိန်းဟန်ကို နှစ်သိမ့်ဆု ပေးလိုက်ပါတယ်။ အဲဒီအချိန်တုန်းက ရပခ တိုင်းမှူးဖြစ်နေတဲ့ ဗိုလ်မောင်အေးကလည်း တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထား ဟန့်တားမှုတွေနဲ့ တုန့်ပြန်ခဲ့မှုတွေ ရှိခဲ့တာကြောင့် အဆင်မသင့်ရင် သူ့ကိုပါဆက်ပြီး “ဆော်” မယ့် အနေအထား ရှိခဲ့ပါတယ်။ ကံကောင်းချင်တော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကိစ္စနဲ့ ဗိုလ်စောမောင် နပန်းလုံးနေရာက စိတ်ဂယောင်ချောက်ချား ဖြစ်ခဲ့တာမို့ ဗိုလ်မောင်အေး သက်သာရာ ရောက်သွားခဲ့ပါတယ်။

ဗိုလ်မောင်အေး စိတ်နာတဲ့နောက် အပစ်ရပ် တိုင်းရင်းသားအဖွဲ့ကတော့ ကယားတိုင်းရင်းသား အပစ်ရပ် KNPP အဖွဲ့ပဲ ဖြစ်ပါတယ်။ ကယားပြည်နယ်ဟာ ချောင်းရှိသော်လည်း ရေမရှိဘဲ ရေရှားသလို တောင်တွေကလည်း ကျောက်တောင်များ ဖြစ်လို့ မတ်စောက်လွန်းတာရယ်၊ မိုင်းပေါတာရယ်၊ ရိက္ခာ စပါး အသီးအနှံများ ရှားပါးတာရယ်ကြောင့် တစ်ရွာနှင့် တစ်ရွာ ဘာသာစကားမတူတဲ့ အခက်အခဲများနှင့်အတူ ကယားပြည်နယ်ကို စစ်ဆင်ရေး ၀င်ရတဲ့ တပ်တွေအတွက် အင်မတန်ခေါင်းခဲရပါတယ်။ ကယားပြည်နယ် စစ်ဆင်ရေး ၀င်ခဲ့တဲ့ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးကအစ ဗိုလ်မောင်အေး အဆုံး ခေါင်းတွင်တွင်ခါရတဲ့ အထိ လန်ပြန်ထွက်အောင် တပ်များ အထိနာခဲ့လို့ KNPP ကို အငြိုးထား မုန်းတီးခဲ့ပါတယ်။

KNPP အပြင် တာကလယ် ဦးစီးတဲ့ ပအိုဝ်နီ ရလလဖ အဖွဲ့ကလည်း လက်သံပြောင်ပြောင်နဲ့ “ဆော်” လေရာ ကက (ကြည်း) ဟာ ရပခကို ထုတော့တာမို့ ရပခ တိုင်းမှူးဘ၀က ရခဲ့တဲ့ ဒဏ်ရာကို ဗိုလ်မောင်အေး အနေနဲ့ ဒုချုပ် ဖြစ်နေချိန်အထိ မေ့ပျောက်ရန် ကြိုးစားဖို့ ခက်ခဲ ခဲ့ပါတယ်။

အဲဒီနောက် KNPP နှင့် ကကလှမ်းတို့ ညှိနှိုင်းသဘောတူညီချက် အရ ငြိမ်းချမ်းရေး စတင် ယူနေပြီ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ကယားပြည်နယ်အတွင်း ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်းရဲ့ ကုမ္ပဏီနဲ့ ဦးကျော်ဝင်းရဲ့  ရွှေသံလွင် ကုမ္ပဏီတွေကို သစ်ခုတ်လှဲခွင့် ပါမစ်အား စစ်အစိုးရက ပေးခဲ့ပေမယ့် ရှေ့ တန်းအနက်ရောင် နယ်မြေမို့ KNPP ကို အခွန်ပေး လာဘ်ထိုးကာ နားလည်မှုယူ ခုတ်လှဲနေခဲ့ရပါတယ်။ KNPP ကလည်း ငြိမ်းချမ်းရေး ၀င်ရောက် ရမှာဖြစ်လို့ ယခင်လို ကုမ္ပဏီတွေထံမှ ပိုက်ဆံတောင်းဖို့ အခွင့်အရေး မရတော့မှာ စိုးရိမ်နေတဲ့ အတွက် ကုမ္ပဏီများနဲ့ အပြိုင်အဆိုင် သစ်တွေကို ခုတ်လှဲပါတော့တယ်။

ဒါကြောင့် ကုမ္ပဏီတွေက ကကကြည်းကို တိုင်တန်းခဲ့ရာမှာ အခဲမကျေ ဖြစ်နေတဲ့ ဗိုလ်မောင်အေးက ကယားပြည်နယ်အတွင်းသို့ စကခ (၇) တပ်မ တစ်ခုလုံးအား ဖယ်ခုံတွင် အခြေစိုက် ဖွင့်လှစ်စေပြီး ကယားပြည်နယ်ကို မွှေနှောက်ခိုင်း ပါတော့တယ်။ အဲဒီ အခြေအနေ ကို ထိန်းသိမ်းဖို့ လွိုင်ကော်မြို့ က ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးဇော်သက်နိုင်ကို ကကလှမ်း မှ ညွှန်ကြားပြောဆိုခဲ့ပါတယ်။ သို့သော် KNPP က မလုပ်တော့ကြောင်း ပြန်ကြားပေမဲ့ အခြေအနေ တင်းမာနေပြီး စစ်တပ်နဲ့ KNPP တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

ပထမ စောစောပိုင်းကာလ စစ်ဆင်ရေး စတင်ရာမှာ နအဖ တပ်မှရှုံးနိမ့်ခဲ့လို့ စကခ (၇) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးကိုကိုကျော် အဖြုတ်ခံရပြီး စစ်သံမှူးအဖြစ် လွင့်ထွက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့  ပါဝါကုန်သုံးပြီး စစ်တပ် အလုံးအရင်းနဲ့ တပ်မ (၅၅) ကိုပါ ထည့်သွင်းချေမှုန်းတာမို့ အင်အားမမျှလို့ KNPP လည်း တောထဲသို့ ပြန်ဝင် သွားခဲ့ရပါတယ်။ ကကလှမ်းအနေနဲ့ KNPP ကို တွေ့ဆုံ ဆွေးနွေးရေးအတွက် ပြန်လည် ကြိုးစား ကြည့်ခဲ့ပါသေးတယ်။ KNPP ရဲ့  ကိုယ်စားလှယ် ခူအူးရယ် အဖွဲ့ဝင် (၅) ယောက်အား ရန်ကုန်သို့ ခေါ်ယူညှိနှိုင်းရာ KNPP က အရင်သဘောတူညီချက်များအတိုင်း နေထိုင် လုပ်ဆောင်ခွင့်ရရင် ပြန်လည်ဝင်ရောက်မယ်လို့ပြောရာ ကက(ကြည်း) ထံ ကကလှမ်းမှ အကျိုးအကြောင်းပြန်လည် တင်ပြခဲ့ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကကကြည်းဟာ “အင်း မလုပ်၊ အဲ မလှုပ်” ဆိုင်းငံ့ ထားပြန်ပါတယ်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ခရစ်ယာန်သာသနာပြု ဂိုဏ်းချုပ်ဆရာတော် ဆိုတေးရို ဖာရိုမို ဆိုရင် ကယားပြည်နယ် ငြိမ်းချမ်းရေးကို လိုချင်လွန်းတာကြောင့် အခေါက်ခေါက် အခါခါ လွန်းပျံသွားရောက်ညှိနှိုင်းရာ ဒုက္ခကြီးလှတာမို့ ငဲ့ညှာဖို့ ကောင်းလှပါတယ်။

ဒီနေရာမှာ သုံးသပ်ချင်တာက ဗိုလ်သန်းရွှေဟာ ငြိမ်းချမ်းရေးကိစ္စအား ယခင်မူဝါဒအတိုင်း မပြင်ရဲဘဲ ဗိုလ်ခင်ညွန့်ရဲ့  အပစ်ရပ် အဖွဲ့တွေအပေါ် ညှိနှိုင်းတဲ့ အစီအစဉ်တွေကို မဖျောက်ချင် ပေမဲ့ ကကကြည်းအား ကိုင်တွယ်ထားတဲ့ ဗိုလ်မောင်အေးရဲ့  တင်းမာတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် အပေါ် ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်မောင်အေးတို့အကြား မှန်မှန်ကန်ကန် အလယ်အလတ် ရပ်တည် ပေးခဲ့မှုမရှိတာ တွေ့ရပါတယ်။ ဗိုလ်သန်းရွှေကိုယ်တိုင် အပစ်ရပ် အဖွဲ့တွေအပေါ် မူလကတည်း က နှိမ့်ချဆက်ဆံလိုပြီး ယုံကြည်မှုမရှိတဲ့ အတွက်ကြောင့် “ကြားနေ” ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ တိုင်းရင်းသားတွေရဲ့  အရေးဟာပိုပြီးတောင် အလှမ်းဝေးခဲ့ပြီဖြစ်ပါတယ်။

လေးလပတ် အစည်းအဝေးတွေမှာ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးရဲ့  မကြာခဏ လက်သုံး စကားကတော့ “သူပုန်တွေ တို့တပ်ကို လာစော်ကားရင်တော့ ချမယ်ကွာ၊ အတင်အစီးမခံဘူး၊ ဒီကောင်တွေ လူပါးဝတယ်” စသဖြင့် အမြဲပြောနေတာကြောင့် ဗိုလ်ခင်ညွန့် အနေနဲ့ ဟိုစဉ်ကတည်းက ဘေးကျပ်နံကျပ် မျက်နှာပျက်ရတဲ့ကိန်း အမြဲဆိုက်ရောက်ခဲ့ရပါတယ်။

တကယ်တော့ ဗိုလ်သန်းရွှေက ငါးတစ်ကောင်ကို ၀မ်းပျဉ်းသားအဆီဖြိုးဖြိုးကို ယူထားပြီး ခေါင်းပိုင်းကို ဆွေမျိုးပေါက်ဖော် တရုတ်ကိုကျွေးသလို အမြီးပိုင်းကိုတော့ သူ့လက်အောက် ငယ်သား ဗိုလ်ချုပ်အပေါင်းနဲ့ အပေါင်းအပါတွေကို ကျွေးထားတာမို့ အရိုးအရင်း အကျတွေ ကြားက အသားစရှာစားနေရတဲ့ အဖြစ်ကို အပစ်ရပ် တိုင်းရင်းသားတွေ အနေနဲ့ သိမြင်ဖို့ လိုပါတယ်။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးဟာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို နှိမ့်ချ ဆက်ဆံသလို တိုင်းရင်းသားတွေ အပေါ်မှာတော့ အမြတ်ထုတ် အခွင့်အရေးယူ “ဖျံ” ကျတတ်ပုံတွေ၊ နိုင်ထက်စီးနင်းရယူ အမြတ်ထုတ်ခဲ့ပုံတွေကို ဆက်လက် တင်ပြပါဦးမယ်။

ဗိုလ်ထက်မင်း

Ref: ခေတ်ပြိုင်

....

Read More...

မနက်ဖြန် မြန်မာ တနိုင်ငံလုံးရှိ အကျဉ်းသား ၆၃၁၃ ယောက် လွှတ်မည်

မြန်မာ စစ်အစိုးရပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ ယနေ့ သောကြာနေ့ ညပိုင်း အစီစဉ် များတွင် အကြောင်းပြချက် တစုံတရာ မပြုပဲ လွတ်ငြိမ်း ချမ်းသာခွင့် အစီစဉ် များဖြင့် တနိုင်ငံလုံးရှိ အကျဉ်းသား ခြောက်ထောင်ကျော် လွှတ်ပေးမည် ကြေညာ သော်လည်း နိုင်ငံရေး အကျဉ်သားများ မည်၍ မည်မျှ ပါဝင်၊ မပါဝင်ကို သေခြာ ဂဃနဏ ရှင်းလင်းစွာ ပြောဆိုခြင်း မပြုချေ။

စစ်အစိုးရပိုင် မီဒီယာများ၏ ပြောကြားချက်အရ လာမည့် ၂၀၁၀ ခုနှစ် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲအား ကောင်းမွန်စွာ ပူးပေါင်း ပါဝင်မည် ဖြစ်သော အမှု အမျိုးအမည် ပေါင်းစုံ အကျဉ်းသား ၆၃၁၃ ယောက်အား မနက်ဖြန် စနေနေ့မှ စတင်ကာ လွှတ်ပေးသွားမည် ဖြစ်ကြောင်း ကြေညာ လိုက်သည်။

ယမန်နှစ် စက်တင်ဘာလက တနိုင်ငံလုံးရှိ အကျဉ်းသားပေါင်း ၉၀၀၂ ဦး လွှတ်ပေး ခဲ့သော်လည်း ဒါဇင် မျှသာရှိသော နိုင်ငံရေး အကျဉ်းသားများသာ ပါဝင် လွတ်မြောက်ခဲ့သည်။ မကြာသေးမည် လများ ကလဲ ရာနှင့်ချီသော နိုင်ငံရေး လှုပ်ရှားသူများအား ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အချိန်ကျော်အောင် အထိ အချိန်ဆွဲသော ထောင်သက်တမ်း များဖြင့် သတ်မှတ်ချလေ့ ရှိသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက ထောက်ပြ ပြောဆိုလျှက် ရှိသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ကျော်အား ထိမ်းသိမ်းထား သဖြင့် လွန်ခဲ့သော လက ကုလသမဂ္ဂမှ အထူးသံတမန် မစ္စတာ ဂမ်ဘာရီ စေလွှတ်ခဲ့သော်လည်း၊ မြန်မာ စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံခဲသော မစ္စဂမ်ဘာရီမှာ နယူးယောက် သို့ ပြန်ရောက်သော အခါ သတင်းစာ ရှင်းလင်းပွဲ၌ “ ကျနော့် အနေနှင့် နိုင်ငံရေး အကျဉ်းသားများ၊ အခြားသော အကျဉ်းသားများ စစ်အစိုးရမှ ပြန်လွှတ်ပေး မည်ဟု ယုံကြည်ပါတယ် ” သာပြောဆို သွားခဲ့သည်။

ဂမ်ဘာရီ၏ တုန့်ပြန်မှုအား အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး မီရှဲလ် မွန်းတတ်(စ်) အား အေပီ သတင်းဋ္ဌာနမှ မေးမြန်းသောအခါ “ ပြန်လွှတ်ရာမှာ နိုင်ငံရေး အကျဉ်းသားများ ပါ၊ မပါ ရှင်းရှင်းလင်းလင်း မသိရသေး သော်လည်း၊ ဆက်လက် ညှိုနှိုင်း ဆောင်ရွက်နေဆဲ ” ဟုသာ ပြန်လည် ဖြေကြားပါသည်။

Ref: လူထုအသံ

Read More...

ကွင်တားနား ၆ မိနစ်ကြာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

သောကြာနေ့၊ ဖေဖေါ်ဝါရီလ 20 2009 10:09 - မြန်မာစံတော်ချိန်

ရန်ကုန် (မဇ္ဈိမ)။ ။ လူ့အခွင့်အရေး တိုးတက်မှုများနှင့် ပတ်သက်၍ လေ့လာရန် မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့သော ကုလသံတမန် မစ္စတာ တောမတ် အိုဂျီ ကွင်တားနားသည် မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ ယမန်နေ့ ည ၇ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အထူး သီးသန့်ဆောင်၌ မြန်မာနိုင်ငံရှိ နိုင်ငံခြား သတင်းထောက်များ၊ ပြည်တွင်းဂျာနယ်များမှ သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ ကွင်တားနားက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် စိမ်ခေါ်မှုများနှင့် ရင်ဆိုင်နေရာဆဲ ဖြစ်သည်ဟု ၆ မိနစ်တာ ကြာမြင့်သော သတင်းစာ ရှင်းလင်းပွဲ၏ အစမှာပင် ပြောကြားသွားသည်။

ခရီးစဉ်ကို စီစဉ်ပေးသော မြန်မာအစိုးရကို အထူးပင် ကျေးဇူးတင်ပါကြောင်းနှင့် သူ၏ ပြောဆို ဆွေးနွေးမှုများကို မြန်မာအစိုးရ အနေဖြင့် အလေးထား စဉ်းစားပြီး အပြုသဘော ဆောင်သော တိုးတက်မှုများ ရလိမ့်မည်ဟု မျှော်လင့် မိပါကြောင်း အထူး သံတမန်က ပြောပါသည်။

သူသည် တရားသူကြီးချုပ် ဦးအောင်တိုးနှင့်လည်း တွေ့ဆုံခွင့်ရခဲ့ပြီး လွတ်လပ်သော တရားစီရင်ရေး စနစ်ဖြစ်ရန် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ဥပဒေများ ပြန်လည် သုံးသပ်မှု ပြုလုပ်ရန်နှင့် ပြည်သူ ပြည်သားများ၏ အခြေခံ ရပိုင်ခွင့်တို့ကို လေးစားရန် စစ်အစိုးရကို အကြံပြုခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ပါသည်။

"တရားသူကြီးချုပ်၊ ၀န်ကြီးတို့နဲ့တွေ့ပြီး ဆွေးနွေးတော့ သူတို့ဘက်က နိုင်ငံရေး သမားတွေကို ပြစ်ဒဏ် စီရင်တဲ့ ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စတွေ ဆွေးနွေးတော့ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေ ရပါတယ်" ဟု ကွင်တားနားက ပြောသည်။

လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အင်းစိန်ထောင်ရှိ ကျောင်းသား၊ သီလရှင်၊ ရှေ့နေ၊ လွှတ်တော် အမတ်တို့မှ ယုံကြည်ချက်ကြောင့် ထောင်ချခံရသူ နိုင်ငံရေး အကျဉ်းသား ငါးဦးနှင့် တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ပြီး အချိန် လေးနာရီကျော် ကြာမြင့်သည်ဟု သူက ထည့်သွင်း ပြောဆိုသွားသည်။

ကရင်ပြည်နယ် ခရီးစဉ်တွင်မူ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားခဲ့သော ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ကာ ငြိမ်းချမ်းရေး ရယူထားသည့် ဗိုလ်ချုပ် စောဋ္ဌေးမောင် (KNU/KNLA) ငြိမ်းချမ်းရေး ကောင်စီ၊ ပဒိုအောင်ဆန်း၏ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့၊ ဦးသာထူးကျော်၏ DKBA အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Friday, February 20, 2009

အမေရိကန်ပေါ်လစီသစ်နှင့် မြန်မာနိုင်ငံ

(သုံးသပ်ချက်)
သတင်းထောက် ဟန်တင်အောင် / ၁၉ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာစစ်အစိုးရအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု မအောင်မြင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်သည့် အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဖြစ်ဖို့များသည်ဟု နိုင်ငံတကာ သတင်းတွေက သုံးသပ်သည်။

သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ထားသည့် ဥပဒေကို ရုတ်သိမ်းမည် သို့မဟုတ် မည်သည့်ပေါ်လစီနှင့် အစားထိုးမည် ဆိုသည်ကိုမူ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က တိတိကျကျ ပြောမသွားပေ။

မြန်မာအရေး မည်သို့ဖြေရှင်းရမလဲ ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှား အစိုးရနှင့်လည်း တိုင်ပင် ဆွေနွေးနေကြောင်း မစ္စကလင်တန်က အင်ဒိုနီးရှား သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောကြားသည်။ သို့သော် စီးပွားရေး ဒဏ်ခတ်မှုကို လျော့ပါးစေမည့်အချက်သည် အိုဘားမား အစိုးရ စဉ်းစားနေသည့်အထဲမှ တချက်ဖြစ်သည် ဆိုသည်ကိုမူ မစ္စကလင်တန်က ငြင်းဆိုခြင်း မရှိပေ။

“မြန်မာနိုင်ငံအပေါ် ကျမတို့ချမှတ်ခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်မှုက စစ်အစိုးရကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ ကြိုးစားတဲ့ မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေသုံးတဲ့ ပေါ်လစီလဲ စစ်အစိုးရအပေါ် သြဇာမညောင်းခဲ့ပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သို့သော် အိုဘားမားအစိုးရဘက်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ထားမှုကို လျော့ပါးအောင် ကြိုးစားမှုမှန်သမျှ အမေရိကန် ကွန်ဂရက်မှာ အတိုက်အခံနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပို့စ် သတင်းစာကြီးက ထောက်ပြထားသည်။ လက်ရှိ အိုဘားမား အစိုးရ၏ ဒုသမ္မတ ဘိုင်ဒန်သည်ပင် မြန်မာ ကျောက်မျက် ဥပဒေ ဖြစ်ပေါ်ရေးအတွက် တချိန်က တွန်းအားပေးခဲ့သူ ဖြစ်သည်။

သို့သော် ဘရပ်ဆဲ အခြေစိုက် International Crisis Group ကဲ့သို့ သြဇာရှိသည့် လူမှုရေး ကူညီမှု အဖွဲ့တွေကတော့ စီးပွားရေးဒဏ်ခတ်မှု ပေါ်လစီကို မေးခွန်းထုတ်လာကြသည်။ လွန်ခဲ့သည့် အောက်တိုဘာ လမှာ ထုတ်ပြန်ခဲ့သည့် ICG အစီရင်ခံစာအရ ဆိုလျှင် မြန်မာနိုင်ငံတွင်း လူမှုရေး အကူအညီများ ရောက်သင့်သလို အထည်ချုပ်လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ငါးလုပ်ငန်းတွေအပေါ် တားမြစ်ချက်တွေ၊ ခရီးသွား လုပ်ငန်းအပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းသင့်ပြီဟု ရေးထားသည်။

U.S Campaign for Burma အဖွဲ ညွှန်ကြားရေးမှူး Jeremy Woodrum မူ အိုဘားမား အစိုးရအနေနှင့် မြန်မာ အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်မှုကို မရုတ်သိမ်းသင့်ကြောင်း၊ ယင်းအစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေအစိုးရ ပြည်သူတွေအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုများ ရပ်တန့်စေရန်အတွက် မြန်မာစစ်အစိုးရအား တကမ္ဘာလုံးက လက်နက် မရောင်းချရေး ပိတ်ဆို့မှု လုပ်သင့်ကြောင်း ပြောသည်။

စင်စစ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုသည် ရာသက်ပန်မဟုတ်။

မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက် ထားသော အစိုးရဘက် အခြေ အနေ အရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံ လာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေ ပြဋ္ဌာန်းချက်များကို အမေရိကန် သမ္မတအနေဖြင့် ရုတ်သိမ်းနိုင်သည်။

ထိုဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်စေရေး အတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သား အစိုးရအား အာဏာလွှဲပြောင်းပေးရန် အတွက် ဒီမိုကရေစီ အင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါ အချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။

အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးမည့် Smart Power ပေါ်လစီသုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီကလင်တန်က သန္နိဋ္ဌာန်ချထားသည်။ ထိုအချက်သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို ပြန်သုံးသပ်မှုနှင့် တိုက်ရိုက်ပတ်သက်မှု ရှိမရှိ အတိအကျ မသိရပေ။

၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန် သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြသည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ်နည်း များဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း၊ စီးပွားရေးနည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။

ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆိုသည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည်အသွေး ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်ညှဉ်းပန်း အုပ်ချုပ်မှုဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။

ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရာထူး လျာထားခံရသူ မစ္စ ကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။

သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့် နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် ဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။ ထိုအချိန်က မစ္စကွန်ဒါလီဇာရိုက်စ် ပြောသည့်စကားကို အမေရိကန် နိုင်ငံခြားရေးပေါ်လစီသစ် အဖြစ် ကမ္ဘာကလည်း မှတ်ယူခဲ့ကြသည်။

အစောပိုင်းကမူ အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကို မိစ္ဆာအုပ်စုဝင် နိုင်ငံများ (Axis of Evil) ဆိုပြီး အမေရိကန်သမ္မတ ဘွတ်ရှ်က ကင်ပွန်းတပ်ခဲ့သည်။ သို့သော် အီရတ်ကို အမေရိကန်က ၀င်တိုက်ပြီးနောက်ပိုင်း မိစ္ဆာအုပ်စုဝင် နိုင်ငံများစာရင်းမှ အီရတ်ကို ပယ်ဖျက်ခဲ့သည်။

အိုဘားမား၏ သမ္မတ နန်းတက်ပွဲမိန့်ခွန်းမှာမူ သမ္မတဟောင်း ဘွတ်ရှ် ဒုတိယ နန်းတက်ပွဲ မိန့်ခွန်းကဲ့သို့ အာဏာရှင်နိုင်ငံများအပေါ် တိတိကျကျ ကြိမ်းဝါးမှုမရှိသည့်အတွက် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိထိရောက်ရောက် ရှိပါ့မလားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

သမ္မတ ဘွတ်ရှ်လက်ထက်က မြန်မာ့အရေး လုံခြုံရေးကောင်စီ ရောက်အောင် ကြိုးပမ်းခဲ့သည့် Soft power နည်း မအောင်မြင်ခဲ့မှု၊ အီရတ်နှင့် အာဖဂန်အရေးကို hard power နည်းသုံးပြီး မအောင်မြင်ခဲ့မှု တို့ကြောင့် ဟီလာရီ ကလင်တန်၏ smart power နိုင်ငံခြားရေး ပေါ်လစီ သည်လည်း မြန်မာ့အရေးအတွက် အနာနှင့် ဆေး တည့်ပါ့မလား ဆိုသည်မှာလည်း မသေချာပေ။

Ref: ခေတ်ပြိုင်

Read More...

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် အတိတ်ဘ၀က မြန်မာသတ်ခဲ့သူ ဖြစ်နေ

The Nation / ၁၈ ဖေဖော်ဝါရီ ၂၀၀၉

ကံနိမ့်နေသည့် ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ အတိတ်ဘ၀မှ ၀ဋ်ကြွေး ကံကြွေးများ ကြေစေရန် ရည်ရွယ်သည့် ယစ်ပူဇော် ယတြာချေပွဲကြီးတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တပ်ဆင် ထောက်ခံသူများက တခမ်းတနား ကျင်းပခဲ့သည်။

ဗုဒ္ဓ၀ါဒ၊ မှော်ကိုးကွယ်မှုဝါဒနှင့် တောစောင့်နတ် တောင်စောင့်နတ် ပူဇော်မှုဝါဒတို့ ပေါင်းစပ်ထားသည့် ထိုယတြာ ချေပွဲကြီးကို တပ်ဆင်နှင့် ညီအကိုဝမ်းကွဲ တော်စပ်သူ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ချိုင်းဆစ် ရှင်နာဝပ်ထရက ကြီးမှူးပြီး တပ်ဆင်ထောက်ခံသူ (၃၀၀) ကျော်က ကျင်းပခဲ့ခြင်း ဖြစ်သည်။

တပ်ဆင်ထောက်ခံသူ နတ်ကတော်တဦးအား သက်ဆိုင်ရာက ၀င်ပူးပြီးပြောဆိုချက်အရ တပ်ဆင်သည် အတိတ်ဘ၀မှာ စစ်လိုလားသည့် ထိုင်းဘုရင်တဦး ဖြစ်ခဲ့စဉ်က မြန်မာတွေသတ်ပြီး ငွေနှင့် ဘုရားဆင်းတုတွေ လုယူခဲ့သည့် မကောင်းမှုဒဏ်ကြောင့် ယခုဘ၀မှာ ဤသို့ ဒုက္ခသုက္ခတွေ ကြုံနေရခြင်း ဖြစ်သည်ဟု ဟောခဲ့သည်။

ထို့ကြောင့် တပ်ဆင်အတွက် ယတြာချေသည့်အနေဖြင့် ရှေးမြန်မာ ဘုရင်တပါးအား ရည်စူးပြီး များပြားလှသည့် ပိုက်ဆံအကြွေတွေ၊ အသားတွေ၊ ဆန်တွေ၊ အရက်တွေ၊ သစ်သီးတွေဖြင့် တခမ်းတနား ပူဇော်ပသခဲ့ကြသည်ဆို၏။ သို့သော် မည်သည့် မြန်မာဘုရင်အား ရည်စူးပြီး ပူဇော်ပသခဲ့သည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ထို့ပြင် တပ်ဆင်ကြုံနေရသည့် ဂြိုလ်ဆိုး ကြမ္မာဆိုးတွေကို တပ်ဆင်၏ကိုယ်စား နိုင်ငံရေးရန်သူများက တန်ပြန် ခံကြစေရန်အတွက် တပ်ဆင်အား အာဏာသိမ်းခဲ့သူ ဗိုလ်ချုပ်ကြီး ဆွန်ထီ ဘွန်ယာရတ်ဂလင်းနှင့် ပီအေဒီ အဖွဲ့ခေါင်းဆောင်တဦး ဖြစ်သည့် ဆွန်ထိ လင်ထောင်ကားတို့၏ အမည်တွေကိုပါ အဆိုပါ ယတြာယစ်ပူဇော်ပွဲကြီးမှာ တပ်ဆင်ထောက်ခံသူတွေက ထည့်သွင်း ရွတ်ဆို ခဲ့ကြသည်ဆို၏။

Ref: ခေတ်ပြိုင်

Read More...

Thursday, February 19, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ ပေါ်ထွက်လာမယ့် ပွဲကောင်းတွေ

နအဖရဲ့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဗမာပြည် ပြည်သူလူထုက နည်းနည်းမှ စိတ်မဝင်စားဘူး။ လုပ်ဇာတ်မို့ မဟုတ် မဟတ်သာ ဖြစ်မယ်မှန်း လူတိုင်းသိတယ်။ ဒီရွေးကောက်ပွဲမှာ ဘယ်သူတွေပဲ နိုင်နိုင် နိုင်ငံ့အာဏာဟာ ဗိုလ်သန်းရွှေ ခေါင်းဆောင်တဲ့ စစ်အုပ်စုရဲ့လက်ထဲမှာပဲ ရှိနေမယ်ဆိုတာ ရှင်းနေတယ်။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက စစ်အုပ်စုက နိုင်ငံ့အာဏာရဲ့ ၉ဝ% ကို ရရှိပြီးနေပြီ။ ဒါကြောင့် ပြီးခဲ့တဲ့ ဆန္ဒ ခံယူပွဲတုန်းကလိုပဲ လူထုက ကိုယ်နဲ့ ဘာမှမဆိုင်သလိုပဲ နေတယ်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ တုန်းက လူထုရဲ့တက်ကြွမှုနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီတခါ ရွေးကောက်ပွဲဟာ အာရုံ အစိုက်ခံရမှု အင်မတန်မှ နည်းလှတယ်။ ကြက်ပွဲသာသာနဲ့ ပြီးသွားမယ့် လက္ခဏာတွေ တွေ့နေရ တယ်။

ဒီရွေးကောက်ပွဲကို သာမန်လူထုကတောင် စိတ်မဝင်စား လေတော့ နအဖ ပါးစပ်ဟလိုက် တာနဲ့ သူတို့ဝမ်းထဲမှာ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာ သိနေတဲ့ နိုင်ငံရေး အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေက ဆိုရင် ဘာမှပြောစရာ မလိုတော့ဘူး။ တကယ်ပဲ ဘယ်သူကမှ အယုံအကြည် မရှိဘူး။ မယုံတဲ့ လူတွေထဲမှာ အတွင်းသိဖြစ်တဲ့ နအဖ ကိုယ်တိုင်လည်း ပါတယ်။

ဒီလိုပြောလို့ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားသူတွေ လုံးလုံး မရှိတော့ဘူး ဆိုရင်တော့ မှားတယ်လို့ ပြောရမယ်။ စိတ်ဝင်စား သူတွေ ရှိတယ်။ သူတို့ဟာ စိတ်ဝင်စား လိုက်သမှ ဒီတပွဲမှာ အကုန် ပုံအောဖို့ကို စဉ်းစားပြီး စီမံကိန်းတွေ ချနေကြတယ်။ တချို့လည်း စလှုပ်ရှားနေကြတာ အခု ကြာလေ ထင်ထင်ရှားရှား တွေ့မြင်ရလေလေ ဖြစ်လာနေတယ်။ တခြားမပြောနဲ့၊ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်၊ ရွေးကောက်ပွဲဥပဒေ စတာတွေမှ မကြေညာရသေးဘူး နယ်ဆင်းပြီး စည်းရုံးတယ် ဆိုတာတွေ များသထက် များလာနေတယ်။ ဒါ ဘာကြောင့်လဲ။ ဟုတ်တယ်၊ ဘာကြောင့်လဲဆိုတာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတယ်။

အခုအခါမှာ လူသိရှင်ကြား မဟားဒယား စည်းရုံးရေး ဆင်းနေကြ သူတွေ ကတော့ တစညနဲ့ ကြံ့ဖွံ့တွေ အဓိကပဲ။ သူတို့ကို ဘယ်အာဏာပိုင်ကမှ မတားဘူး၊ မပိတ်ပင်ဘူး။ သူတို့အဖို့ လမ်းကို ဖြူးနေတာ။ ဒါပေမဲ့ သူတို့နဲ့ တချိန်ထဲမှာ လူမသိသူသိ တိတ်တိတ်ပုန်း ခြေပုန်းခုတ် လှုပ်ရှားနေသူ တွေ၊ အစုတွေက ပိုများတယ်ဆိုတာ သိလာနေရတယ်။ သူတို့ဟာ ဗမာပြည် တနံတလျားမှာ အကွက် ချ လုပ်နေကြတာ ဖြစ်တယ်။ ဒါ့အပြင် နအဖနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေဆီကို အကြိမ်ကြိမ် သွားပြီး ဆွယ်တရား ဟောနေကြတာတွေကို ကြည့်ရင် ဒီရွေးကောက်ပွဲအပေါ် နအဖကရော တချို့ လူတွေပါ တကယ် အလေးထားတယ် ဆိုတာ ပေါ်လွင်နေတယ်။

ဒါက ဘာကိုဖော်ပြနေသလဲ။

ဒါကနေ ဘယ်လို ကောက်ချက်ဆွဲနိုင်သလဲ။

အသေအချာပြောနိုင်တာက အုပ်စုချင်း အားပြိုင်မှုတွေ စ’ပေါ်လာနေတယ် ဆိုတာပဲ။

သိကြတဲ့အတိုင်း နအဖကိုယ်တိုင်ရော၊ သူ့ဘေးမှာဝန်းရံနေတဲ့ အင်အားတွေပါ ဘယ်သူမှ အဘိဓမ္မာ တရပ်၊ မူတရပ်၊ ယုံကြည်ချက် တရပ်အပေါ်မှာ စုစည်းနေကြတာ၊ လှုပ်ရှားနေကြတာ မဟုတ်ဘူး။ အားလုံးဟာ ကိုယ်ကျိုး စီးပွားပေါ်မှာ စုစည်းနေ၊ လှုပ်ရှားနေကြတာ ဖြစ်တယ်။ သူတို့ အားလုံးဟာ ကိုယ့် အခွင့်အရေးကိုပဲ အမြဲစောင့်နေ၊ ချောင်းနေကြတာ ဖြစ်တယ်။ ဒီတခါရွေးကောက် ပွဲဟာ သူတို့အထဲမှာ ထိပ်ဆုံး အဆင့်နဲ့ စစ်တပ်အဆင့်က လွဲရင် တခြားအဆင့်တွေမှာ အပိုင်စား နယ်ပယ်တွေ ခွဲဝေမယ့် သဘောဖြစ်တယ်။ ဒါကြောင့် အခုကိုပဲ အဆင့်အသီးသီး၊ နေရာအသီးသီးမှာ ဒီအတွက် နေရာလုပွဲ၊ အာဏာလုပွဲတွေ စပြီး ဖြစ်လာနေတွေ တွေ့ရပြီ။

ရွေးကောက်ပွဲမတိုင်ခင် ကိုယ်စားလှယ်လောင်း ရွေးကတည်းက အတွင်းမှာ ခွက်စောင်း ခုတ်ပွဲတွေ ဖြစ်မှာ သေချာနေတော့ တကယ့် ပွဲကောင်းတွေ ကြည့်ရမှာ သေချာတယ်။ သူ့လူပါတယ်၊ ငါ့လူ မပါဘူးဆိုတဲ့ ကိစ္စတွေနဲ့ မပြောနိုင် မဆိုနိုင်တွေဖြစ်ကြမှာ သေချာတယ်။ အမတ် နေရာဆိုတာ သူကြီးနေရာထက် ကျယ်တယ်။ ဒါကြောင့် အမတ်နေရာတခုမှာ ဝင်အရွေးခံခွင့် ရချင်တဲ့ လူတွေဟာ ကြံ့ဖွံ့ထဲမှာကိုပဲ များမယ်။ ဒီတော့ ဒီဒေသရှိကြံ့ဖွံ့တွေ အတွင်းမှာ ရန်စောင်တာ၊ မကြေလည်တာ တွေ မုချဖြစ်မယ်။ ဟိုရပ်ကွက်က ကြံ့ဖွံ့နဲ့ ဒီရပ်ကွက်ကကြံ့ဖွံ့ စောင်ကုန်ကြမယ်။ ရန်ကုန်လို၊ နေပြည်တော်လို အရေးကြီးတဲ့ နေရာတွေမှာ အထက်ကနေ “ဟေ့ကောင်တွေ၊ စကားများ မနေကြနဲ့၊ ဘယ်သူပဲ ဝင်အရွေးခံလိုက်” လို့ အမိန့်ပေးလို့ ရနိုင်တယ်။ ဒါပေမဲ့ တခြား နေရာတွေမှာ ကျတော့ အထက်က နေရာတကာကို လိုက်ပြီး အသေးစိတ် ညွှန်ကြား နေလို့ မဖြစ်ဘူး။ အရွေးခံရဖို့ တိုင်းမှူးကို လာဘ်ထိုးတာ၊ ဒေသကြံ့ဖွံ့ ခေါင်းဆောင်ကို လာဘ်ပေးတာတွေ ဖြစ်လာရတော့မယ်။ လက်တွေ့ ကျကျ ဆက်တွေးလိုက်ရင် ဘယ်လိုပြဿနာတွေ ပေါ်နိုင်သေးတယ် ဆိုတာ အလွယ်နဲ့ ပေါ်လာတယ်။ ဒါက ကြံ့ဖွံ့တဖွဲ့ထဲ အတွင်းမှာတင် ပြောတာ။

မုချမြင်တွေ့ရအုန်းမယ့် နောက် ပွဲကောင်းတခုက တစညနဲ့ ကြံ့ဖွံ့အကြားမှာ ပေါ်လာမယ့် ပဋိပက္ခပဲ။ မဆလ စစ်အုပ်စု လက်ကျန်နဲ့ နအဖခြံပေါက် တပည့် လက်ကိုင်းတွေ အကြား ဘယ်သူက ပိုထက်တယ်၊ စွမ်းတယ် ဆိုတာ မြင်ရမှာပဲ။ တစညဟာ ကြံ့ဖွံ့လို ကိုယ်စားလှယ်တွေနဲ့ ပြိုင်အရွေးခံ ရမှာလို့ တွက်ထားတာမို့ သူတို့ရဲ့ အခြေအနေကို သူတို့ မျှော်လင့်ချက် ကြီးစွာနဲ့ အားတက်နေကြတာ ဖြစ်တယ်။ ကြံ့ဖွံ့လို ရပ်ရွာရဲ့ အော့ကြောလန် တွေကိုတော့ သူတို့ မုချနိုင်မယ်လို့ ယုံထားကြပုံရှိတယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်မှာက ဒီနှစ်ဖွဲ့ထဲသာ မဟုတ်ဘူး။ တခြားသော အင်အားစု အမျိုးမျိုးလည်း ဝင်ပြိုင်ကြဦ်းမှာ ဖြစ်တယ်။ သဘောရိုးနဲ့ ဝင်ပြိုင်သူတွေ ရှိနိုင်သလို အခွင့်အရေးနဲ့ အာဏာအတွက် ဝင်ပြိုင်တဲ့ တခြား အင်အားစုတွေလည်း ရှိဦးမှာ သေချာတယ်။ ဥပမာဆိုရင် စီးပွားရေး လုပ်ငန်းရှင်ကြီး တွေဟာ ကိုယ့်စီးပွားရေး အခြေခံဒေသကို လက်မလွတ်စေဖို့ အတွက် အဲဒီ နေရာမှာ ကိုယ်ကိုယ်တိုင်၊ ဒါမှမဟုတ် ကိုယ့်လူကို ဝင်အရွေးခံ ခိုင်းမှာ ဖြစ်တယ်။ ဒါ့အပြင် စစ်တပ်က လူဖြစ်ရမယ်လို့ မသတ်မှတ်ဘဲ ချန်ထားတဲ့ ဝန်ကြီးဌာနတွေလည်း ရှိသေးတယ်။ အဲဒီရာထူးတွေ အတွက် အမတ်လောင်းတွေ လိုသေးတယ်။ ဒါတွေဟာ မင်းကြိုက်စိုးကြိုက်၊ ကာလသားများနဲ့ လားလားမှ မထိုက်တဲ့ ရာထူးတွေဖြစ်တယ်။ ဒီတော့ ဒီရာထူးတွေကို မှန်းပြီး ဝင်အရွေးခံတယ် ဆိုတာ မုချရှိလာမယ်။ နောက်ပြီး အဲဒီဝင်ပြိုင် သူတွေဟာ သာမန် အရပ်သား မဟုတ်ဘူး၊ အကောင်တွေပဲ ဖြစ်ရမယ်။ ဒါဆိုရင် အကောင်တွေချင်း ခွပ်ပွဲပါ ကြည့်ကြရဖို့ ရှိနေတယ်။

နအဖရဲ့ ထိပ်သီးကြီးတွေအတွက်ကတော့ ဝင်မပြိုင်ဘဲ အာဏာရအောင် လုပ်ထားမှာ သေချာတယ်။ ဒါပေမဲ့ အထက်မှာပြောခဲ့တဲ့ သူတို့ရဲ့ စီးပွားရေးတွေ၊ သူတို့လူတွေရဲ့ အကျိုးစီးပွားနဲ့ အာဏာ အနေအထားတွေနဲ့ ပတ်သက်နေတဲ့ ပြဿနာတွေ ရှိနေတယ်။ ဒါကို သူတို့ လက်ပိုက်ကြည့် မနေနိုင်ဘူး။ ဒါ ဖော်ပြနေတာ ကတော့ ဂိုဏ်းအုပ်စု တိုက်ပွဲတွေဟာ အောက်ပိုင်းမှာတင် ရှိမှာမဟုတ် ဘူး ဆိုတာပဲ။ အဆင့်အသီးသီး၊ နေရာဒေသ အသီးသီးမှာ ပေါ်လာမှာ သေချာနေတယ်။

အခုကိုပဲ ဘယ်ဗိုလ်ချုပ်ရဲ့လူတွေ(ဂိုဏ်း)က ဘယ်နေရာမှာ စပြီး လှုပ်ရှားနေကြတယ်။ စီမံကိန်းတွေဆွဲ၊ လူတွေ လျာထားနေကြတယ် ဆိုတဲ့ သတင်းတွေ ကြားရလှပြီ။ ဒီရွေးကောက်ပွဲဟာ လက်နက်နဲ့ အဓိက တည်ဆောက်ထားတဲ့ နအဖအာဏာကို ပိုခိုင်မာစေမှာ မဟုတ်ပေမဲ့ သူတို့တွင်းမှာ အက်ကြောင်းတွေ ပိုပေါ်လာစေမှာ ကတော့ မြေကြီးလက်ခတ် မလွဲပဲ။


ဗသြ

Ref: DPNS

Read More...

မြန်မာ့အရေး လုံခြုံရေးကောင်စီဆွေးနွေးမည်

19 February 2009

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လာမယ့် သောကြာနေ့ကျရင် အစီရင်ခံဖို့ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးဟာ မစ္စတာ ဂမ်ဘာရီလောက်နဲ့ မပြီးဘဲ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ၀င်ရောက် ကိုင်တွယ်ရမယ့် အခြေအနေမို့ လုံခြုံရေး ကောင်စီကို မစ္စတာ ဘန်ကီမွန်းသွားဖို့ အခြေအနေတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အအဖွဲ့က ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ဒီလဆန်းမှာ သွားရောက်ခဲ့တဲ့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် အကြံပေး မစ္စတာ ဂမ်ဘာရီဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အစီရင်ခံတော့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရုံးရဲ့ ပြောခွင့်ရ မစ္စ စွန်အာချွိုင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

မစ္စတာ ဂမ်ဘာရီရဲ့ နောက်ဆုံး သွားခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး သောကြာနေ့ လုံခြုံရေး ကောင်စီမှာ တံခါးပိတ် ဆွေးနွေးဖို့ ရှိပါတယ်။ ဆွေးနွေးပွဲ ပြီးရင်လည်း သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ မရှိပါဘူး။ ဒါပေမယ့် သတင်းထောက်တွေ မေးတဲ့ မေးခွန်းတခု နှစ်ခုကိုတော့ သူဖြေချင် ဖြေပါလိမ့်မယ်။

မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ သဘောထားတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားတွေကို ကုလသမဂ္ဂက အကြံပြုထားတဲ့ အချက်အလက်တွေကို သောကြာနေ့က အစီရင် ခံမှာမို လုံခြုံရေး ကောင်စီက အရေးယူ ဆောင်ရွက်လာနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး NCGUBအဖွဲ့ ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းကို မေးကြည့်ပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာမှ ရလာဒ် တိတိကျကျ ထွက်လာတာ မရှိပါဘူး။ လုံခြုံရေး ကောင်စီအနေနဲ့ ဘာ ဆက်လုပ်ကြမလဲဆိုတာတဲ့ အပိုင်းကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ နယူယောက်မှာ ရှိတဲ့ သံတမန် အသိုင်း အ၀ိုင်းမှာ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံ အရေးကိစ္စကို ကြားဝင် ဆောင်ရွက်လာတာ နှစ်အချို့ ရှိလာပြီ၊ ရလာဒ် တစုံတရာ ထွက် မလာတဲ့အပြင် နအဖ ဘက်က ဆက်ပြီး ခေါင်းမာမာနဲ့ ရပ်တည် နေတယ်။ သူတို့ရဲ့ လမ်းပြ မြေပုံအတိုင်း ဆက်ပြီးသွားမယ်ဆိုတဲ့ အပိုင်းတွေမှာ မစ္စတာ ဂမ်ဘာရီတွင် မကဘဲ အထွေထွေ အတွင်းရေးမှူးချုပ ကိုယ်တိုင် သွားပြီး ကြားဝင် ဆောင်ရွက်ရင် ကောင်းမလားဆိုတဲ့ ဆွေးနွေးချက်တွေ ရှိတာပေါ့။ NLDရဲ့ သဘောထားကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်နိုင်မယ့် အခြေအနေရှိမှ မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် လာသင့်တယ် ဆိုတာတွေ သိရတယ်။ ဘယ်လို အခြေအနေအောက်မှာ ဘန်ကီမွန်း သွားသင့်သလဲ ဆိုတာတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်ကြည့်လိုက်တဲ့အခါ မစ္စတာ ဂမ်ဘာရီအနေလောက်နဲ့ ထူးလာမယ့် အခြေအနေကို မတွေ့ဘူး။ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ဆောင်ရွက်ဖို့ ဆိုတဲ့ လမ်းကြောင်းပဲ ကျန်တော့တာပေါ့။ အထွေထွေ အတွင်းရေးမှူးချုပ် ဆိုတာ အကြီးဆုံးဆိုတော့။ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် သွားရင်လည်း နအဖက အပေါ်ယံလောက်နဲ့ လူကြားကောင်းယုံလောက် တွေ့ဆုံမယ်။ ယူအင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် တုန့်ပြန်တာတို့ မဖြစ်ခဲ့ဘူးဆိုရင်၊ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို နအဖက တလွဲသုံးတဲ့ အနေအထားမျိုးတွေကို စိုးရိမ်ကြတာတွေ ရှိပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ဆောင်ရွက် သင့်တာတော့ မှန်တယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ရလာဒ်ရဖို့ လိုတယ်။ ရလာဒ်ဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်လာတာ ရှိမယ်၊ တွေ့ဆုံဆွေးနွေးပွဲ ပြန်ဖြစ်လာတာ တွေ ရှိမယ်။ ဒီလို ရလာဒ် ဖြစ်ဖို့ဆိုရင် မသွားခင်ကတည်းက ပြင်ပြင်ဆင်ဆင်ရှိဖို့လိုတယ်။ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေ တရုတ်တို့ အိန္ဒိယတို့ အာစီယံ ဒေသတွင်းနိုင်ငံတွေဘက်က အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ အပြည့်အ၀ လက်တွဲ ဆောင်ရွက်ဖို့ လိုတယ်။ ယူအင်ရဲ့ အကြံပြုချက်တွေကို နအဖကနေပြီး အပြုသဘော တုန့်ပြန်လာအောင် ဖိအားပေးမှုတွေ ပေးဖို့လိုတယ်။

Ref: VOA News

Read More...

မြန်မာ့အရေး အင်ဒိုနီးရှားနှင့်အမေရိကန်ပူးပေါင်း ဆောင်ရွက်မည်

19 February 2009

အမေရိနိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ကမ္ဘာ့အကြီးဆုံး မွတ်ဆလင် နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ပိုမို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးမျိုး ထားရှိဖို့ ဆန္ဒရှိတယ်လို့ ပြောလိုက်ပါတယ်။

စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာ့ အရေးကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် နိုင်အောင်လို့လည်း အင်ဒိုနီးရှား အစိုးရဆီက အကြံဥာဏ်တွေ တောင်းခံ သွားမယ်လို့လည်း ပြောသွားပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ရာထူး လက်ခံခဲ့ပြီး ပထမဆုံး အာရှ လေးနိုင်ငံ ခရီးစဉ်အတွင်း ဒုတိယ တထောက်နားရာ အင်ဒိုနီးရှား နိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့က ရောက်ခဲ့တုန်းမှာ မစ္စက် ကလင်တန်က အခုလို ပြောသွားတာပါ။ ဂျကာတာမြို့က ဗွီအိုအေ သတင်းထောက် ကေဒီဟာမန် က သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ဟီလာရီ ကလင်တန် ဖေဖေါ်ဝါရီ ၁၅ရက်နေ့က စတင်ခဲ့တဲ့ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒုတိယ တထောက်နားရာ အင်ဒိုနီးရှားကို သူသွားရောက်တဲ့ အာရှခရီးစဉ်ကို ထည့်သွင်း ထားတာကို ကြည့်ချင်းအားဖြင့် နှစ်နိုင်ငံခြား ဆက်ဆံရေး ပိုပြီး ရင်းနှီးစေချင်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဆန္ဒကို ထပ်လောင်း အတည်ပြုရာ ရောက်တယ်လို့ ဆိုရပါမယ်။

သမ္မတ အိုဘားမား အတွက်ကတော့ အင်ဒိုနီးရှားနဲ့ သူ ရေစက် ဆုံခဲ့တာ ကတော့ လွန်ခဲ့တဲ့ နှစ်လေးဆယ် နီးပါးကပါ။ သူငယ်စဉ်ဘ၀က ဂျကတာမှာ ကျောင်းသွား တက်ရာကနေ စတင်တာဖြစ်ပါတယ်။ ဒီ သမိုင်းကြောင်း ကြောင့်လည်း အမေရိကန် ပြည်ထောင်စုနဲ့ သာမန် အင်ဒိုနီးရှား နိုင်ငံသားတွေကြား ပိုပြီး နွေးထွေးစေမှု ရှိခဲ့ပါတယ်။ ဒါကို အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး ဟဆန် ၀ီတာယုဒက အခုလို ရှင်းပြခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ သမ္မတ အိုဘားမားက အတော်လေး အားကောင်းတဲ့ မဲဆန္ဒ နယ်မြေရှိတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် မဲပေးခွင့်တော့ မရှိတဲ့ မဲဆန္ဒ နယ်မြေပေါ့ဗျာ။ အစိုးရရော အင်ဒိုနီးရှား ပြည်သူတွေကပါ သမ္မတ အိုဘားမား အလည်ပတ် လာရောက်ခဲ့မယ် ဆိုရင် သိပ်ပြီး သဘောကျ ကြိုဆိုကြမှာပါ။ ကျွန်တော်တို့လည်း အဲဒါကို ကြာကြာ မစောင့်နိုင် ကြတော့ပါဘူး။ ဒီသတင်းစကားကို သမ္မတ အိုဘားမား နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က တဆင့် ပါးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဟီလာရီ ကလင်တန်ရဲ့ လက်ရှိ ၂ရက်ကြာ အင်ဒိုနီးရှား ခရီးစဉ်မှာ ဒေသတွင်း အင်ဒိုနီးရှားရဲ့ အရေးပါမှုကိုလည်း ပိုပြီး သက်သေပြရာ ရောက်စေပါတယ်။ ကမ္ဘာ့ မွတ်ဆလင် လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှား က အစ္စလာမ်၊ ဒီမိုကရေစီနဲ့ ခေတ်မှီတဲ့ စနစ်ဟာ အတူတကွ ယှဉ်တွဲ နေရုံသာမက ကြီးပွား တိုးတက်နိုင်တယ်လို့ လည်း သက်သေပြရာ ရောက်တယ်လို့ မစ္စက် ကလင်တန်က ပြောသွားပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ အင်ဒိုနီးရှားဟာ နှစ်နိုင်ငံ အကျိုးစီးပွား မျှဝေနေရုံသာ မကပါဘူး။ တပြေးညီ ထားရှိတဲ့ စံထားချက်တွေလည်း ရှိကြပါတယ်။ နှစ်နိုင်ငံစလုံးက ဒီမိုကရေစီကို နှစ်ပိုက်ကြတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း အင်ဒိုနီးရှားက အပြောင်းလဲကြီး ပြောင်းလဲလာခဲ့တယ်။ အခိုင်အမာ တိုးတက်တဲ့ အဖွဲ့ အစည်းတွေကို ထူထောင်နိုင်ခဲ့တယ်။ နိုးကြား ရှင်သန်တဲ့ လူနေမှု အဖွဲ့အစည်းတွေကို ကြိုဆိုပြီး ဖွင့်ဖြိုးအောင် လုပ်နိုင်ခဲ့တယ်။ တချိန်တည်းမှာပဲ လူ့အခွင့်အရေး ရိုသေလေးစားပြီး အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို နှိမ်နှင်း နိုင်ခဲ့တယ်။ ဘာသာရေး ဂိုဏ်းကနကွဲတာတွေ၊ ခွဲထွက်ရေး ပဋိပက္ခတွေ ကိုလည်း အဆုံးသတ နိုင်ခဲ့တယ်။ နောက်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေး အတွက် ပိုမို စိတ်ချ လုံခြုံစေတဲ့ ကမ္ဘာကြီး ဖြစ်လာစေဖို့လည်း ကျိုးပမ်းနိုင်ခဲ့တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးနဲ့ ရာသီဥတု အပြောင်းအလဲလို အရေးကြီးတဲ့ ကိစ္စရပ်တွေ ကိုင်တွယ် ဖြေရှင်းရာမှာလည်း သူနဲ့အတူ သမ္မတ အိုဘားမားက အင်ဒိုနီးရှားနဲ့ ပိုပြီး ပြီးပြည့်စုံတဲ့ မိတ်ဘက် ဆက်ဆံရေးကို တည်ဆောက်လိုတယ် လို့လည်း မစ္စက် ကလင်တန်က ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အမေရိကန်ပြည်ထောင်စုနဲ့ အင်ဒိုနီးရှား အစိုးရက မြန်မာ စစ်အစိုးရကို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နိုင်လာစေဖို့ ဦးစီး ဆောင်ရွက်သွား နိုင်လိမ့်မယ်လို့ ယူဆတဲ့ အကြောင်းလဲ မစ္စက် ကလင်တန်က ပြောသွားပါတယ်။

ကျမတို့ လိုက်နာခဲ့တဲ့ လမ်းစဉ်ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုက ချမှတ်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ မြန်မာ စစ်အစိုးရကို ပြောင်းလဲလာစေဖို့ လွှမ်းမိုးမှု မရှိနိုင်ဘူးဆိုတာဟာ သိသာသလို နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကျမတို့ ဆွေးနွေးမှုအတွင်း ထောက်ပြခဲ့သလိုပဲ မြန်မာစစ်အစိုးရကို လက်ကမ်းကြိုဆိုပြီး ဆက်ဆက်ဆံဆံ နေဖို့ ကြိုးပမ်းတဲ့ နည်းဟာလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါ့ကြောင့် ဒါဟာ ပြဿနာပါပဲ။

အင်ဒိုနီးရှားအတွက်သာမက အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်း အတွက် ပါ ပြဿနာ ဖြစ်စေပါတယ်။ ဒါကြောင့် ကျမတို့ နှစ်နိုင်ငံ နီးနီးကပ်ကပ် လုပ်ဆောင်သွားမယ်။ မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲမျိုး ဖြစ်လာစေဖို့ အကောင်းဆုံး ဖေါ်ဆောင်နိုင်မယ့် နည်းလမ်းကို အင်ဒိုနီးရှား နိုင်ငံက အကြံဥာဏ်တွေကို ရယူရ လိမ့်မယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်က ချမှတ်ခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ထိရောက်မှု မရှိဘူးလို့ မစ္စက် ကလင်တန်က ဆိုခဲ့တဲ့ အတွက်ကြောင့်လည်း သူ ရာထူး လက်ခံစဉ်က ပြောသွားခဲ့တဲ့ အပြုသဘော ဆောင်တဲ့ သံတမန်ရေး ဆက်ဆံမှု နဲ့ ဖိအားပေးမှုတို့ ကို ဥာဏ်ရည်နဲ့ ယှဉ်တွဲ အသုံးချသွားမယ် ဆိုတဲ့ နည်းကို ဒီနေရာမှာ သုံးသွားမလား။ အိုဘားမား အစိုးရအနေနဲ့ အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုတ်သိမ်းသင့်လောက် ရုတ်သိမ်းပေးဖို့ ကြိုးပမ်းသွားမလား ၊ ပေါ်လစီအသစ်တွေကို သုံးသပ်သွားမလားဆိုတဲ့ မေးခွန်းတွေကတော့ သတင်းမီဒီယာတွေမှာ ထွက်ပေါ်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး ဟတ်ဆန်ဝီဒါယုဒကတော့ သူ့ရဲ့ အတွေ့အကြုံအရ မြန်မာနိုင်ငံရေး ပြဿနာကို နယ်မြေ အချုပ်အခြာ ပိုင်ဆိုင်မှု ကိစ္စများကတဆင့် ကိုင်တွယ် ဖြေရှင်းသွားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ ခံစားနေရတဲ့ စီးပွားရေး အခက်အခဲနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေကိုလည်း အခြေခံသွားသင့်တယ်လို့ ဆိုပါတယ်။ အာစီယံ ချာတာကို ပြီးခဲ့တဲ့ နှစ် ဂျူလိုင်လက မြန်မာနိုင်ငံကလည်း အတည်ပြု ခဲ့တာကြောင့်လည်း လူ့အခွင့်အရေး ကိစ္စရပ်တွေနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို အဲဒီကတဆင့် ကိုင်တွယ်ဖြေရှင်း နိုင်လိမ့်မယ်လို့ ယူဆကြောင်းလည်း ဟတ်ဆန် ၀ိဒါယုဒက ပြောသွားပါတယ်။

နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်အနေနဲ့ အာစီယံ ဌာနချုပ်ကို သူ့ရဲ့ ခရီးစဉ်အတွင်း သွားရောက် လည်ပတ် ခဲ့ပြီးတော့ ဒေသ လုံခြုံရေး ညီလာခံကိုလည်း တက်ရောက်ဖို့ အမေရိကန် အနေနဲ့ စိတ်ဝင်စားမှု ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Ref: VOA News

Read More...

အမေရိကန်တပ်သား ၂၀,၀၀၀ နီးပါး အာဖဂန်သို့ ထပ်မံစေလွှတ်မည်

18 February 2009

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ အိုဘားမား လွန်ခဲ့တဲ့ ၁ လက သမ္မတ ရာထူး စတင် ထမ်းဆောင် ကတည်းက ပထမဆုံးအကြိမ် အဖြစ်နဲ့ အင်္ဂါနေ့ ညပိုင်း မစ္စတာ အိုဘားမားနဲ့ အာဖဂန် သမ္မတတို့ စကား ပြောခဲ့တယ်လို့ အာဖဂန်သမ္မတ ဟာမစ်ခါဆိုင်းရဲ့ ရုံးခန်းက ပြောပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံကို အမေရိကန် တပ်သား ၁၇၀၀၀ လောက် ထပ်ပြီး ပို့ပေးဖို့ အစီအစဉ်ကို မစ္စတာ အိုဘားမား ကြေညာလိုက်တဲ့ တရက်တည်းမှာပဲ သမ္မတ အိုဘားမားနဲ့ အာဖဂန် သမ္မတတို့ ဖုန်းပြောခဲ့တာပါ။ ၂ဘက် ခေါင်းဆောင်တွေက ၂နိုင်ငံ ဆက်ဆံရေး ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဆိုင်ရာ မူဝါဒ၊ မကြာခင်မှာ အာဖဂန် နစ္စတန်မှာ ကျင်းပတော့မယ့် သမ္မတ ရွေးကောက်ပွဲနဲ့ တခြား ကိစ္စရပ် တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

လာမယ့် လပိုင်းတွေမှာ အာဖဂန်နစ္စတန် နိုင်ငံကို တပ်သား ၁၂၀၀၀ ထပ်ပို့ပေးပြီး၊ နောက်ထပ် တပ်သား ၅၀၀၀ ထပ်ပို့ပေးဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကို ကြိုဆိုကြောင်း အာဖဂန် အရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားသွားပါတယ်။ တပ်တွေကို လုံခြုံရေး လိုအပ်နေတဲ့ နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ချထား စေချင်တယ်လို့ သူတို့က ပြောပါတယ်။ တပ်သား အသစ်တွေ ပို့ပေးလိုက်ရင်တော့ အာဖဂန် နစ္စတန်မှာ ရှိတဲ့ အမေရိကန် တပ်သား ဦးရေက စုစုပေါင်း ၅၅၀၀၀ ဖြစ်သွားမှာပါ။

Ref: VOA News

Read More...

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

ဖေဖေါ်ဝါရီလ 18 2009

၂၀၀၉ ခုနှစ် ဖော်ဖော်ဝါရီလ ၁၁ ရက်နေ့သည်ကား ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ)ကို စတင် ဖွဲ့စည်းပြီး လှုပ်ရှားခဲ့တာ ၂ နှစ်တင်းတင်း ပြည်ခဲ့သော နေ့တနေ့ဖြစ်ခဲ့ပေ၏။

ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ဆိုတဲ့ သံဃာ့ အစုအဖွဲ့ တခုကို လွန်ခဲ့သော ၂၀၀၇ ခုနှစ် ဖော်ဖော်ဝါရီလ ၁၁ ရက်နေ့တွင် လျို့ဝှက်စွာ ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။ ထိုဒေသဆိုင်ရာ အဖွဲ့အစည်း ကိုကား ဦးဂမ္ဘီရ (ရဟန်းပျိုသမဂ္ဂ-ရန်ကုန်) နှင့် ဦးဣဿရိယ တို့မှ လှုံ့ဆော် စည်းရုံးကာ ဦးဣဿရိယ ကိုယ်တိုင် ဦးဆောင်၍ ပါဝင်ဖွဲ့စည်း ခဲ့ကြ၏။

ယခုအချိန်၌မူကား ထိုသို့ ဦးဆောင်စည်းရုံးခဲ့ကြသူ ခေါင်းဆောင် များသည်လည်း နအဖ အကျဉ်းထောင်များ အတွင်း နှစ်ရှည်လများ အကျဉ်းစံ နေကြရပြီဖြစ်ကာ လှုပ်ရှားခဲ့မှု အစိတ်အပိုင်းတချို့ကိုလည်း နအဖ သတင်း တပ်ဖွဲ့မှ ဖော်ထုတ်သိရှိပြီး ဖြစ်ကြောင်း လွန်ခဲ့သော ကာလက တရားရုံးများ၌ တရားလို စွဲဆိုချက်များ အရ ကြားသိခဲ့ရ၏။

ပါဝင်လှုပ်ရှားခဲ့ကြသော သံဃာတော် တချို့လည်း လက်ရှိ အနေ အထား၌ စာရေးသူ အပါအ၀င် လူဝတ်လဲကာ ဆက်လက် တိုက်ပွဲဝင်ဆဲ ရှိကြသလို တချို့ဆိုရင်ဖြင့်လည်း သံဃာဝတ်ဖြင့် စာသင်တိုက် တချို့သို့ ပြောင်းရွှေ့ကာ ရပ်တည် လှုပ်ရှားနေကြဆဲ ဖြစ်၏။

သို့ဖြစ်၍ စာရေးသူအနေဖြင့် တခုသော အချိုးအကွေ့မှာ အာဏာရှင် တော်လှန်ရေး တည်းဟူသော နိုင်ငံ့ အကျိုးစီးပွား အတွက် တထောင့်တနေရာက ပါဝင် အကျိုးပြုခဲ့သော ရဲဘော်ရဲဘက် ရဟန်းပျိုများ၏ ကြိုးစား အားထုတ်မှု အစုစုအား မပျောက်ပျက်စေလို၊ မကျန်ရစ်စေလိုသော စေတနာ စိတ်ဇောဖြင့် တစိတ်တဒေသ အရ မှတ်တမ်းစု ဂုဏ်ပြုရင်း စာရေးသူ ကြုံခဲ့ဆုံခဲ့ရသည့် ရွှေဝါရောင် မတိုင်မီ ကာလက ကိုယ်တွေ့ တစိတ်တဒေသ ကိုလည်း လေ့လာလိုကြသူများအား လေ့လာသုံးသပ် စေလိုသည် ဖြစ်ရကား ဤ ကြုံရဆုံရ ရွှေဝါရောင် အကြိုကာလ ဆိုတဲ့ခေါင်းစဉ်ကို တင်လိုက်ရပါကြောင်းပါ။

(ခြွင်းချက်အားဖြင့်) ဤစာတမ်းပါ အချက်အလက်အချို့နှင့် အမည်၊ လိပ်စာတို့သည်ကား နအဖ စစ်အာဏာပိုင်များ၏ တရားရုံး၌ တရားလို၏ စွဲဆိုချက်များ အတိုင်းပင် ဖြစ်၏။

အချိန်ကား … ၂၅.၁.၂၀၀၇၊ ည ၈ နာရီခန့်

ဦးဣဿရိယသည် စာရေးသူနေထိုင်ရာ စာသင်တိုက်သို့ ရောက်ရှိ လာပါသည်။ ထိုအချိန်၌ ကျောင်းတိုက် တွင်းရှိ စာသင်သား သံဃာတော်များ အားလုံးသည် သိမ်ကျောင်းဆောင်ပေါ်တွင် (ည၀ါ) စာအံ ကျောင်းတက် နေကြ၏။ မိမိမှာမူ ကျန်းမာရေး မကောင်းသဖြင့် စာချ ဆရာတော်များအား လျှောက်ထားကာ တပါးတည်း ကျောင်း(အဆောင်) စောင့်ရင်း အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရေးသား စီရင်အပ်သော သင်္ဂြိုဟ် ဘာသာဋီကာ ကျမ်းစာအုပ်ကြီးကို စိတ်ဝင်တစား လေ့လာနေချိန် ဖြစ်၏။

ဦးဣဿရိယသည် မိမိတပါးတည်းအား အဆင်သင့် တွေ့ရသဖြင့် ၀မ်းသာအားရ နှုတ်ဆက်ကာ သာကြောင်း မာကြောင်း ပြောကြရင်းက မျက်မှောက်နိုင်ငံရေး အခြေအနေ၏ အကျပ်အတည်း၊ အခက်အခဲ များကိုပါ စကားလက်ဆုံကျ ဆွေးနွေးဖြစ်ခဲ့ကြ၏။ ဦးဣဿရိယသည် ထိုစဉ်က ရေနံချောင်းမြို့ ရန်မျိုးအောင် ရိပ်သာတွင် သီတင်းသုံး၍ မိမိတို့ စာသင်တိုက်သို့ မကြာခဏ ရောက်ရှိတတ်သူ ဖြစ်ကာ စာသင်သားများနဲ့လည်း ရင်းနှီး ကျွမ်းဝင်သူဖြစ်၏။

သူအား HIV ဝေဒနာသည်များအား တက်ကြွစွာ ကူညီပေးရင်း ရေနံချောင်း HIV ဆရာတော်ဟုပင် လူသိများ ခဲ့သူဖြစ်၏။ ထို့ကြောင့်ပင် မိမိသည်လည်း သူ့အား ပွင့်လင်းစွာ မိမိ၏ ယုံကြည်ချက်များကို ထုတ်ဖော်ပြောပြရင်းက လက်တွေ့ကျသည့် ရှေ့လုပ်ငန်းစဉ်များကိုပါ ဆွေးနွေး ညှိနှိုင်းဖြစ်ခဲ့ကြသည်။

ဦးဣဿရိယက "တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ လှုပ်ရှားဖို့ စိတ်အားသန်တယ်။ ဖြစ်မြောက်အောင်လည်း ကြိုးပမ်း စီစဉ်နေတယ်" ဟု ရှင်းလင်း ပြောကြားလာပါသည်။ မိမိအနေဖြင့်လည်း ထိုသို့သော အဖွဲ့ အစည်းများမှာ ၀င်ရောက် လုပ်ကိုင်ဖူးသော အတွေ့အကြုံက ရှိလှသည် မဟုတ်။ သို့သော်လည်း ထိုသို့ အဖွဲ့ အစည်းနဲ့ ညီညီညွတ်ညွတ် စုပေါင်း လှုပ်ရှားရသည်ကိုကား နှစ်ခြိုက် အားရမိ၏။

သို့ဖြစ်၍ မိမိက "တပည့်တော် အရမ်းစိတ်ဝင်စားတယ်ဘုရား။ ဒီ စစ်အာဏာရှင်တွေ ပြုတ်ကျဖို့နဲ့ စစ်အာဏာရှင် စနစ်ဆိုးကို ပပျောက်အောင် လုပ်နေကြတဲ့သူ မည်သူ့ကို မဆို တပည့်တော် လေးစားတယ်။ ဒီလို လုပ်နေတဲ့ သူတွေဟာ ဆိုရင်ဖြင့်လည်း ခပ်ညံ့ညံ့လူတွေ မဟုတ်ဘူး ဆိုတာကို တပည်တော် အတွေ့ အကြုံတွေအရ နားလည် သဘောပေါက် စေခဲ့တယ် ဘုရား။ ဒီအတွက် အရှင်ဘုရားတို့ အကူအညီ လိုအပ်တာရှိရင် ပြောပါ။ တပည့်တော်အနေနဲ့ အချိန်မရွေး ကူညီနိုင်အောင် တတ်နိုင်သလောက် ကြိုးစားပါ့မယ်" ဟု အားပေးစကား ပြောကြားလိုက်၏။

ဦးဣဿရိယသည့်ကား အားရ၀မ်းမြောက်စွာဖြင့် "ဟုတ်ပြီဘုရား။ တပည့်တော်လည်း အရှင် ဘုရားတို့လို ရဟန်းပျို လေးတွေကို အားကိုး ယုံကြည်မိတာ အမှန်ပါပဲ။ တပည့်တော်တို့က မြေလတ်အဖွဲ့ ဆိုတာကို အခုမှ စတင်ဖွဲစည်းပြီး လှုပ်ရှားဖို့ စီစဉ်နေကြတာပါ။ တခြား ရန်ကုန်၊ မန္တလေး အစရှိတဲ့ ဆိုင်ရာဆိုင်ရာ ဒေသတွေ အနေနဲ့လည်း လှုပ်ရှားမှုတွေက အထိုင်တကျ ရှိနေကြပြီဆိုတော့ တပည့်တော်တို့က နောက်တောင် ကျနေပြီ။ ဒါကြောင့် တပည့်တော်တို့လည်း အမြန်လှုပ်ရှားနိုင်ဖို့ အလောတကြီး တွန်းလုပ် နေရတာပဲ ဘုရား။ အခု စတင်ဖွဲ့စည်းမယ့် မြေလတ်အဖွဲ့မှာလည်း အရှင်ဘုရား ပါဝင်လှုပ်ရှားလို့ ရပါတယ်။ တပည့်တော် အနေနဲ့လည်း အရှင်ဘုရားကို ပါဝင် လှုပ်ရှားစေချင်ပါတယ် ဘုရား" ဟု စည်းရုံး ပြောကြားလာခဲ့၏။

မိမိအနေဖြင့်လည်း "စိတ်ပါဝင်စားမှု့ အပြည့်ရှိပါတယ်။ ဒါပေမဲ့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ဆိုတဲ့ စကားလုံးလောက်နဲ့ အလုပ်မဖြစ်ဘူးလေ။ လုပ်ငန်းစဉ်တွေ၊ မူဝါဒတွေ၊ ဖွဲစည်းပုံတွေ စသဖြင့် သိသင့်တာ မှန်သမျှကို ဂဃနဏ သိထားပါမှ အလုပ်ဖြစ်မှာပေါ့။ တပည့်တော်အနေနဲ့ အယူဝါဒကတော့ ရှင်းတယ်။ ဘာသာရေး ဆိုရင်လည်း ထေရ၀ါဒ စစ်စစ်ပဲ။ ယုံကြည် ကိုးကွယ်နိုင်အောင် ကြိုးစားတယ်။ နိုင်ငံရေး ဆိုရင်လည်း ဒီမိုကရေစီ စနစ်ကသာ တိုင်းပြည်ကို နည်းမှန်လမ်းမှန် တိုးတက်နိုင်မယ်လို့ မြင်တယ်။ လောလောဆယ်မှာက ပါဠိစာပေကိုပဲ အဓိက လေ့လာ လိုက်စားနေတဲ့ အတွက် မျက်မှောက် နိုင်ငံရေး အခြေအနေကိုတော့ လိုက်မမှီတော့ ဘူးပေါ့။ ဒါကြောင့် အရှင်ဘုရားတို့က သေသေချာချာ ဆွေးနွေးပြဖို့ လိုမယ်။ ဒါမှ တပည့်တော် အလုပ်ဖြစ်မယ် ဘုရား" ဟု ပြောပြခဲ့၏။

ဦးဣဿရိယက "အဲဒီအတွက် မပူပါနဲ့ဘုရား။ တပည့်တော်တို့ စီစဉ်ထားတာ ရှိပါတယ်။ လတ်တလော တပည့်တော်တို့ လုပ်သင့် လုပ်ထိုက်တာတွေကို စနစ်တကျ ဆွေးနွေး ညှိနှိုင်းပေးဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ ဘုရား တပည့်တော် စဉ်းစားတာက အရှင်ဘုရားတို့ စာမေးပွဲကလည်း နီးနေပြီဆိုတော့ လိုက်နိုင် ပါ့မလားဆိုတာ ချင့်ချိန်နေရတယ်။ တပည့်တော်တို့ ဆွေးနွေး ပေးမှာကတော့ ၃ ရက်၊ ၄ ရက်လောက်ပဲ အချိန်ယူရင် ပြည့်စုံသလောက် ဖြစ်သွားမှာပါ။ အသွားအပြန်နဲ့ ဆိုရင် သီတင်း တပတ်လောက် အချိန်ပေးရင် ရပါတယ်" ဟု ဆိုလေ၏။

မိမိလည်း စိတ်ဝင်တစား ရှိလှသည်၊ သို့သော်လည်း မိမိတို့ အားထုတ် မျှော်လင့်ထားသည့် အစိုးရ ပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုရန် အချိန်သည် ၂ လပတ်ဝန်းကျင်သာ လိုတော့၏။ ထို့အပြင် မိမိတို့ ကျောင်းတွင်း (အရည်အချင်းစစ်) စာမေးပွဲ ဖြေဆိုရန် ကာလဟာ ဆိုရင်လည်း ရက်ပိုင်းမျှသာ လိုတော့သည်။ မည်သို့ပင် ဖြစ်ပါစေ "တပည့်တော် လိုက်နိုင်အောင် ကြိုးစားပါ့မယ်။ တခြား သံဃာ တချို့ကိုလည်း လိုက်နိုင်အောင် စည်းရုံး ကြည့်ပါမယ်။ ဘယ်နေရာကို ဘယ်နေ့သွားရမယ် ဆိုတာကိုသာ ပြောထားခဲ့ပါ" ဟု ဆိုတော့ ဣဿရိယက ''ဖေဖော်ဝါရီလ ၃ ရက်နေ့လောက် အထိ အချိန်ရပါတယ်။ တပည့်တော် ညောင်ဦးကို ခရီး ဆက်စရာ ရှိသေးလို့ အေးအေးဆေးဆေးပါပဲ။ ရေနံချောင်းကိုတော့ ၁ ရက်နေ့လောက် အရောက် ပြန်လာခဲ့ပါမယ်။ သွားရမယ့် နေရာက အတိအကျ ပြောလို့ မရဘူး ဖြစ်နေတယ်။ အရှင်ဘုရားလည်း သိတဲ့ အတိုင်းပဲ နည်းနည်းလျှို့ဝှက် ထားတာပါ။ ဒါပေမဲ့ ရန်ကုန်အနီး တ၀ိုက်ပါပဲ'' ဟု ဆိုသဖြင့် မိမိတို့ ဘ၀င်မကျ ဖြစ်ခဲ့ရသေး၏။

အဲဒီနောက် မိမိသည် ရွှေတောင်တိုက်က ဦးသံဝရ ဆိုသူကို မဖြစ်မနေ တာဝန်ခံ စည်းရုံးကာ၊ မိမိတို့ တိုက်အုပ် ဆရာတော်အား ဒါယကာ၊ ဒါယိကာမတို့၏ အရေးတကြီး ကိစ္စကို အကြောင်းပြ လျှောက်ထားပြီး ၂၆ ရက်နေ့ နေ့လယ်ခင်းမှာ ချောက်မြို့သို့ ဦးဝိမလ ဆိုသူနှင့် တွေ့ဆုံရန် ခရီးထွက်ခဲ့ပါသည်။ ဦးဝိမလသည် ချောက်မြို့၌ မနေတော့သည် ဖြစ်၍ ၎င်းနေထိုင်ရာ ပွင့်ဖြူမြို့သို့ ၂၇ ရက်နေ့ မနက်စောစော ထကာ ခရီးဆက်ခဲ့ ရ၏။ ထို့နောက် ဦးဝိမလနေသည့် ကျောင်းကို လိုက်လံစုံစမ်းကာ အရောက် သွားခဲ့ရသည်။ ကျောင်းရောက်သည်တွင် ဦးဝိမလနှင့် အဆင်သင့်တွေ့ရ၍ အလာပသလာပ စကားများပြောကြားရင်း မိမိတို့ ဖွဲ့စည်းလှုပ်ရှားမှု လုပ်ငန်းစဉ်တချို့အား ရှင်းလင်းပြောပြကာ မိမိနှင့်အတူ ဆွေးနွေးပွဲကို တက်ရောက်ရန် စည်းရုံးခဲ့၏။

ဦးဝိမလသည် မိမိနှင့်အတူ စာသင်တိုက်တခုမှာ နေကတည်းက မိမိ၏ နိုင်ငံရေး ခံယူချက်ကို အထိုက် အလျောက် သိထားပြီး ဖြစ်သည်

ဦးဣဿရိယသည် ရေနံချောင်းသို့ ဖေဖော်ဝါရီလ ၂ ရက်နေ့၌ ပြန်လည် ရောက်ရှိလာကာ မိမိနှင့် လာရောက် တွေ့ဆုံပြီး သွားရမည့် ခရီးစဉ်ကို ပြောပြပါသည်။ သူ၏ အမည်ကို ကိုရွှေမဲ ဟု ခေါ်ရန်နှင့် ရန်ကုန်၌ မိမိတို့ကို လာကြိုမည့်သူမှာ ကိုလှိုင်ဘွားဟု ခေါ်ကြောင်း၊ ကိုလှိုင်ဘွားကို ရန်ကုန် ရောက်ရောက်ချင်း ဖုန်းဆက်ခေါ်ရန်နှင့် သူ၏ ဖုန်းနံပါတ်ကို ပေးကာ မိမိတို့အား ဂရုတစိုက် မှာကြားပါသည်။ ကိုလှိုင်ဘွား ဆိုသူမှာ ရဟန်းတော်တပါးပင် ဖြစ်ပြီး နိုင်ငံရေး လှုပ်ရှားမှုများ အကျယ်တ၀င့် ပြုလုပ်နေသည် ဖြစ်၍ လုံခြုံရေး အခြေအနေအရ လူနာမည် များဖြင့်သာ သုံးစွဲ ခေါ်ဝေါ် နေခြင်းဖြစ်ကြောင်းကို ရှင်းပြကာ မိမိတို့လည်း လူအမည်များ သုံးစွဲခေါ်ဝေါ်ဖို့ မှာကြားပါသည်။ ထို့အတူ မိမိတို့နှင့် တပြိုင်တည်းမှာပင် သံဃာနှစ်ပါးလည်း ပါမည်ဖြစ်ပြီး သူတို့မှာ လုံခြုံရေး အခြေအနေကြောင့် ကားတစီးဖြင့် သီးသန့် လိုက်ပါမည် ဖြစ်သည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မိမိတို့သည် ရန်ကုန် အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်သို့ ရောက်ရှိပြီး စိန်တောင်တန်း လ္ဘက်ရည်ဆိုင်ကို ရှာကာ ကိုလှိုင်ဘွားဆီသို့ ဖုန်းဆက်ရန် စီစဉ် ရပါတော့သည်။ ဆိုင်၌ မိမိတို့နှင့် မြို့ချင်းတူသော်လည်း လုံခြုံရေး အခြေအနေကြောင့် လမ်းခွဲကာ လာခဲ့ကြသော ဦးခေမိက၊ ဦးဝေဠုရိယတို့ကို တွေ့ဆုံခဲ့ရ၏။ ၎င်းတို့မှ ကိုလှိုင်ဘွားဆီသို့ ဖုန်း အဆက်အသွယ် လုပ်ပြီးပြီ ဖြစ်ကြောင်း၊ သူ ယခုချက်ချင်းပင် ထွက်လာနေပြီ ဖြစ်ကြောင်း ပြောသဖြင့် မိမိတို့အုပ်စု နံနက်စာ စားရင်း ထိုင်စောင့်နေကြရသည်။

ခဏကြာသော် ဆံပင် တလက်မနီးပါးခန့် ရှည်ပြီး၊ အသားဖြူဖြူ မျက်နှာမှာ ၀က်ခြံအပြည့်၊ အရပ်အမောင်း ကိုယ်နေဟန်က ခပ်တောင့်တောင့်နှင့် (ထိုင်း) ပိုးသင်္ကန်းကို ဂျွတ်တက်အောင် ၀တ်ထားကာ လွယ်အိတ် အ၀ါရောင် ခပ်ညစ်ညစ်ထဲ၌ ပစ္စည်းအပြည့် ထည့်ပြီး လွယ်ထားသည့် ကိုယ်တော်တပါးသည် မိမိတို့ စားပွဲဝိုင်းသို့ အားရ၀မ်းသာသည့် အပြုံးကိုဆောင်ကာ ၀င်ထိုင်သည်။ လမ်းခရီး၌ သာကြောင်း မာကြောင်း မေး၍ ကွမ်းတမြုံ့မြုံ့ ၀ါးကာ မိမိတို့အား တလေးတစား မိတ်ဆက်ပါသည်။

မိမိတို့လည်း ကနဦးအစက မသင်္ကာဖြစ်နေရာမှ သူ၏ စကားပြောပုံ တလေးတစား မိတ်ဆက်နေပုံကို ကြည့်ကာ ကိုလှိုင်ဘွားမှန်း သိသာလာ၍ မိမိတို့လည်း ပြန်လည် မိတ်ဆက်ကာ ရင်းရင်းနှီးနှီး စကားပြော ဖြစ်ခဲ့ပါသည်။

ထို့နောက် မိမိတို့အား အခွင့်တောင်းကာ အခြားစားပွဲဝိုင်းတွင် ထိုင်နေသော ဦးခေမိက တို့အား သွားရောက် မိတ်ဆက်ပြီး ခဏတဖြုတ် သီးခံစောင့်ဆိုင်းရန် ပြောကာ မိမိတို့စားပွဲဝိုင်းသို့ ပြန်လာ၍ စကားလက်ဆုံ ကျခဲ့ပါသည်။ ထို့နောက် မိမိတို့ စုပေါင်းတွေ့ဆုံမည့် နေရာကို မေးရာ ''ရန်ကုန်အနီးနားက မြို့တမြို့မှာပဲ စီစဉ်ထားပါတယ်'' ဟု ပြော၍ မိမိတို့ အားမရခဲ့ပါဘူး။ ထို့အပြင် မယုံသင်္ကာကို ဖြစ်ခဲ့ရပါသေး၏။

အပိုင်း (၁) ပြီးပါပြီ

Ref: မစ္ဖျိမ

Read More...

NLD တောင်းဆိုချက်အပေါ် စစ်အစိုးရ တုန့်ပြန်ရန် လေ့လာသူများ မျှော်လင့်ချက်မထား

နန်းဒေ၀ီ
ဖေဖေါ်ဝါရီလ 18 2009

နယူးဒေလီ။ ။ တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးရှိမည့် တွေ့ဆုံ ဆွေးနွေးခြင်းကို အတိုက်အခံ ခေါင်းဆောင်နှင့် စစ်အစိုးရ ခေါင်းဆောင်တို့ အပေးအယူလုပ် တွေ့ဆုံ ဆွေးနွေးကြရန် တောင်းဆိုချက် အပေါ် စစ်အစိုးရဘက်မှ တုန့်ပြန်ရန် လမ်းမမြင်ကြောင်း မြန်မာ့အရေး သုံးသပ်သူများက ပြောသည်။

ယမန်နေ့က NLD အဖွဲ့ချုပ်မှ အထူးကြေညာချက် တစောင် ထုတ်ဝေခဲ့ရာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦး အပြန်အလှန် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုချက်အပေါ် လမ်းပြ မြေပုံအတိုင်း ဆက်လက် သွားနေသည့် စစ်အစိုးရက တုန့်ပြန်လိမ့်မည် မဟုတ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ကိုအောင်နိုင်ဦးက ပြောသည်။

"နောင်တော့ မပြောတတ်ဘူးပေါ့။ ခုလောလောဆယ်နဲ့ ကျနော်တို့ မြင်နိုင်တဲ့ အနာဂတ်မှာတော့ NLD က တောင်းဆိုတဲ့ တောင်းဆိုချက်တွေကို စစ်အစိုးရက တုန့်ပြန်လိမ့်မယ် မဟုတ်ဘူး။ ခုနပြောသလိုပဲ လမ်းပြ မြေပုံကလည်း ပြီးတော့မယ်။ ရှေ့နှစ်ဆိုရင် ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အနေအထား တွေကလည်း ရှိနေတော့ စစ်အစိုးရဘက်က လုံးဝ တုန့်ပြန်မှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်" ဟု သူကပြောသည်။

သူက ဆက်၍ ပြောဆိုသည်မှာ "အခုအနေထားမှာဆိုရင် အမျိုးသား ညီလာခံလည်း ပြီးခဲ့ပြီ။ လမ်းပြ မြေပုံအတိုင်း ဆက်သွားနေပြီ ဖြစ်တဲ့အတွက် NLD နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဆိုတာလဲ ပိတ်သွားပြီ ခင်ဗျ" ဟု သူကပြောသည်။

NLD ပါတီအနေဖြင့် စစ်အစိုးရအပေါ် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးကို အစဉ်တစိုက် ကမ်းလှမ်းချက်များ ယခင် ကတည်းက ရှိခဲ့သော်လည်း အမျိုးသား ညီလာခံသည် သာလျှင် တွေ့ဆုံ ဆွေးနွေးရန် နေရာဆိုကာ သီးခြား လုပ်ဆောင်ရန် ငြင်းဆန်ခဲ့သည်။

NLD အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို ထပ်မံ တောင်းဆို လိုက်ခြင်းသည် ပါတီတခု အနေဖြင့် တောင်းဆို သင့်သည့် အချက်ဖြစ်ပြီး စစ်အစိုးရ အနေဖြင့် ထည့်သွင်း စဉ်းစားလိမ့်မည် မဟုတ်ကြောင်း FDP (Forum For Democracy in Burma) ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု မှ ဒေါက်တာ အောင်နိုင်က ယခုလိုပြောသည်။

"စစ်အစိုးရက ဒီတောင်းဆိုချက်ကို စိတ်ဝင်စားမှာ မဟုတ်သလို ထည့်စဉ်းစားမှာ မဟုတ်ဘူး။ နိုင်ငံတကာ အမြင်မှာ ပြလို့ကောင်းအောင် လုပ်နေတာ တချို့ပဲရှိမယ်။ တကယ် နားထောင်မှာ မဟုတ်ဘူး" ဟု သူက ပြောသည်။

တွေ့ဆုံဆွေးနွေးရေး ကိစ္စနှင့် စပ်လျင်း၍ မြန်မာ ပြည်သူ လူထုအတွက် အကျိုးပြုမည့် ရလဒ် ကောင်းများ ရရှိရေး အတွက် မြင်သာ ပြောင်းသာစွာဖြင့် တွေ့ဆုံ ဆွေးနွေးမည်ဟု ၂၀၀၂-ခုနှစ်၊ မေလတွင် ဒေါ်အောင်ဆန်းစုကြည်မှ ထုတ်ဖော်ပြောဆိုခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုကို အစမပြုနိုင်ခြင်း၏ အဓိက အတားအဆီးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ ဖြစ်ကြောင်း ကိုအောင်နိုင်ဦးက ပြောသည်။

"အဓိကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲပေါ့။ သူ့ကြောင့် ခုလို ရှေ့မတိုးနိုင် ဖြစ်ရတယ်ဆိုတာ သိကြပေမယ့် ဒါကို ဒေါ်အောင်ဆန်း စုကြည်ကြောင့်လို့ ပြောကြတယ်။ လက်တွေ့မှာတော့ အများ နားလည် ထားတာကတော့ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပြီးတော့ သူ့အနေနဲ့ နည်းမျိုးစုံ ပိတ်ထားတယ်။"

"အုပ်ချုပ်ရေး အနေထားအရ ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး လမ်းတွေ မဖွင့်ဘဲနဲ့ လမ်းတွေ နည်းမျိုးစုံနဲ့ ပိတ်ထားတာဖြစ်တယ်" ဟု သူကပြောသည်။

အစိုးရနှင့် အတိုက်အခံ ညှိနှိုင်းအဖြေရှာခြင်း ပြုလုပ်ရန် သံဃာတော်များ ဦးဆောင်ကာ မေတ္တာသုတ်ရွတ်ဆို လမ်းပေါ် ဆန္ဒပြမှုများကို ပစ်ခတ်နှိမ်နင်းရာမှ နိုင်ငံတကာ ဖိအားများ မြင့်တက်လာပြီးနောက် ၂၀၀ရ-ခုနှစ်၊ အောက်တိုဘာလ တွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ခေါင်းဆောင်တို့ အကြား တွေ့ဆုံဆွေးနွေးရန် ကြားခံဆက်သွယ် လုပ်ဆောင်ပေးမည့် ဆက်ဆံရေး ၀န်ကြီးအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်ခဲ့သည်။

သို့သော်လည်း တွေ့ဆုံဆွေးနွေးမှုများ တကယ်တန်း မဖြစ်လာဘဲ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို လွတ်လပ်စွာ စောင့်ကြည့် လေ့လာခွင့် မပြုဘဲ ပြုလုပ်ကာ အတည်ပြု ပြဌာန်းခဲ့ပြီး နောက်တဆင့်ဖြစ်သည့် ရွေးကောက်ပွဲကို ၂၀၁၀တွင် ကျင်းပမည်ဟု ကြေညာထားသည်။

ထို့အပြင် ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ အများအပြားကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

Ref: မစၹႇၽိမ

Read More...

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေ နိုင်ငံခြားပို့မည့် ပွဲစားခြေချင်းလိမ


ရဲရင့်မြင့်မောင် / ၁၈ ဖေဖော်ဝါရီ ၂၀၀၉

တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ဒုက္ခသည်စခန်းများသို့ ဝင်ရောက် လာသည့် လူသစ်များကို အခကြေးငွေ ယူပြီး နိုင်ငံခြား ထွက်ခွာခွင့် ရရန် စီစဉ်ပေးသူများ ထဲတွင် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ အချို့နှင့် ဝန်ထမ်းအချို့ ပါဝင်ပတ်သက်မှု ရှိသဖြင့် မကြာခင် ကရင် ဒုက္ခသည် ကော်မတီ KRC မှ ဝန်ထမ်းများ လိုက်နာရန် စည်းမျဉ်း စည်းကမ်းချက်များ ထုတ်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု မယ်လ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ တဦးက ခေတ်ပြိုင်သို့ ပြောသည်။

မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌ “စောထွန်းထွန်း” ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့ အပတ်က KRC အစည်း အဝေးမှာ ဆွေးနွေးခဲ့ပြီး ဝန်ထမ်းတွေ လိုက်နာဖို့ စည်းမျဉ်း စည်းကမ်းတွေကို ထုတ်ပြန်ပြီး စည်းကမ်း မလိုက်နာတဲ့ သူတွေကို အရေးယူသွားမှာ ဖြစ်တယ်။ အဓိက အလွဲသုံးစားမှုနဲ့ လာဘ်စားမှု တိုက်ဖျက်ရေး အတွက်ပဲ ဖြစ်တယ်။ ပြဿနာ အများဆုံးရှိတာက နို့ဖိုး၊ အုံးဖျန်နဲ့ မယ်လစခန်းပဲ ဖြစ်တယ်" ဟုပြောသည်။

လက်ရှိ မယ်လစခန်းတွင် တရားဝင်ဒုက္ခသည် (၂၈,၇၀၀) ခန့်ရှိပြီး စာရင်း မဝင်သေးသည့် လူသစ် ဦးရေမှာ (၂၁,၁၁၈) ဦး ရှိသည်။ ၂၀၀၆-၂၀၀၇ ခုနှစ်အတွင်း အသစ် ဝင်ရောက်လာသူ (၁၃,၀၀၀) ထဲမှ (၈,၀၀၀) ခန့်ကိုသာ ရိက္ခာပေးနိုင်မည့် အနေအထား ရှိသည့်အတွက် ဒုက္ခသည် တာဝန်ရှိသူများမှ စခန်းအတွင်း ကွင်းဆင်း၍ ရိက္ခာပေးရန် သင့် မသင့် စီိစစ်သွားမည် ဖြစ်သည်ဟု စောထွန်းထွန်းက ဆက်ပြောသည်။

တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိ လိုက်စားမှု အများဆုံးစခန်း (၃) ခုတွင် ပြည်တွင်းမှ ငွေကြေး တတ်နိုင်သူများကြောင့် စခန်းတွင်း အကျင့်ပျက် ခြစားမှုများ တနေ့ထက် တနေ့ ပိုမိုဆိုးဝါးလာပြီး အဂတိ လိုက်စားမှုနှင့် ပြဿနာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လျက် ရှိနေသည်။ သို့သော် ထိရောက်သည့် အရေးယူမှုများ လုံးဝ မရှိသေးကြောင်း၊ ပြည်တွင်းမှလူများ အိုးအိမ်ခြံမြေ ရောင်းပြီး ငွေထုပ်ပိုက်ကာ ပွဲစားများ အစီအစဉ်ဖြင့် တတိယနိုင်ငံ ထွက်ခွာခွင့်ရ ရေး ကြိုးပမ်းကြရာမှ ဒုက္ခသည်စခန်း သမိုင်းတွင် မဖြစ်ပေါ်ဖူးသည့် အရှုပ်အရှင်းများ ဖြစ်ခဲ့ရ သည်ဟု ဒုက္ခသည် စခန်းတခုမှ ဘာသာရေး ဆရာတဦးက ပြောသည်။

ဒုက္ခသည်စခန်း ဝင်ရန်အတွက် မယ်လနှင့် အုံးဖျန်ဒုက္ခသည် စခန်းများတွင် လူတဦးလျှင် အနည်းဆုံး ဘတ် (၁၀,၀၀၀) ပေးရသည်ဟု စုံစမ်း သိရသည်။ ငွေပေးပြီးစာရင်း မဝင်သူ တဦးက "ကျနော်တို့အဖွဲ့ တယောက် တသောင်းပေးတာ စာရင်းဝင်တဲ့လူ ရှိသလို၊ စာရင်းမဝင်ဘဲ ငွေကုန်ပြီး ဖွတ်မရ ဓားမဆုံး ဖြစ်သူတွေ အများကြီးပဲ။ (၁၀,၀၀၀) ဆိုတာက စာရင်း ဝင်ဖို့ပဲ။ စာရင်းဝင်ပြီး ရိက္ခာစကေး ရရှိဖို့ကျတော့ (၂၀,၀၀၀) ကနေ (၃၀,၀၀၀) အထိ ပေးရတာတွေရှိတယ်။ ကိုယ်ကလည်း ခိုးကြောင်ခိုးဝှက် လုပ်ထားတော့ ဘယ်သူ့ကိုတိုင်လို့ တိုင်ရမှန်းတောင် မသိဘူး" ဟုခေတ်ပြိုင်သို့ပြောသည်။

အထူးသဖြင့် တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိ လိုက်စားမှု အများဆုံး စခန်းများမှာ အုံးဖျန်နှင့် မယ်လ စခန်းများဖြစ်သည်။ မကြာမီ အမေရိကန်သို့ ထွက်ခွာတော့မည့် အုံးဖျန်စခန်းတွင် လူစားထိုး ဒုက္ခသည် စာရင်းဝင်ထားသူ တဦးက "နိုင်ငံခြားထွက်တဲ့ အဆင့်ထိ ရောက်ဖို့ဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ (၅၀,၀၀၀) လောက်ရှိမယ် ဆိုရင် လုပ်ပေးတဲ့ပွဲစားတွေ စခန်းထဲမှာ အရန်သင့်ရှိတယ်။ ငွေရှိဖို့ပဲ လိုတယ်" ဟုပြောသည်။

လူစားထိုးခြင်း ဆိုသည်မှာ ဒုက္ခသည်စခန်းတွင် နှစ်ရှည် နေထိုင်သူအချို့မှာ တတိယနိုင်ငံသို့ ထွက်ခွာလိုခြင်း မရှိသည့် အတွက် ရပ်ကွက်မှူးများနှင့် ပွဲစားများက ငွေပေးပြီး ဒုက္ခသည် အမည် ပေါက်စာရင်းကို မြန်မာနိုင်ငံမှ လာရောက်သည့် ငွေရှင်များနှင့် နေရာ အစားထိုးပေးခြင်းဖြစ် သည်။ တနည်းဆိုရလျင် ဒုက္ခသည် စခန်းတွင် အစောပိုင်းထဲက ရောက်နေသည့် ကရင်ဒုက္ခ သည် အစစ်တဦး၏ စခန်းတွင်းနေသည့် သက်တမ်းကာလကို အရောင်းအ၀ယ်လုပ်သည့် သဘော ဖြစ်သည်။

နှစ်ရှည်ဒုက္ခသည်တဦးဖြစ်သူ စောတကော်က "ငါတို့မိသားစု (၃) ဦး နာမည် ရောင်းဖို့ ရပ်ကွက်လူကြီးက ဘတ် (၁၅,၀၀၀) ပေးတယ်။ လူကြီးပြောတာက ငွေလည်းရမယ်၊ စခန်းက ထွက်စရာမလိုဘူး၊ အရင်လို ရိက္ခာလည်း ဆက်ရမယ်ဆိုလို့ ရောင်းလိုက်တာ။ ရပ်ကွက်လူကြီး ကတိတည်တယ်၊ အားလုံးအဆင်ပြေတယ်။ ကိုယ်ကတော့ နာမည်အသစ်နဲ့ နေရတာတော့ ရှိတယ်" ဟုပြောသည်။

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှတဆင့် အမေရိကန်သို့ ထွက်ခွာခွင့် ရရန် ကြိုးပမ်း နေကြသူများ ထဲတွင် မြန်မာနိုင်ငံ အနှံ့အပြားမှ လာရောက်သူများသာမက စင်ကာပူ၊ မလေးရှား၊ ဂျပန်နိုင်ငံ တို့တွင် အလုပ်လုပ်နေသည့် မြန်မာတိုင်းရင်းသား အချို့လည်း ပါဝင်နေပြီး မြန်မာနိုင်ငံကူး ပတ်စ်ပို့ ကိုင်ဆောင်နေသူများပါ စခန်းအတွင်းမှာ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်ဟု ခေတ်ပြိုင်မှ စုံစမ်းသိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ထိုင်း အာဏာပိုင်များ၏ အစီအစဉ်ဖြင့် မြန်မာ ဒုက္ခသည်များကို တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံ နေရာဒေသ အသီးသီးမှ လူများသည် ငွေထုပ်ပိုက်ကာ တတိယနိုင်ငံ ထွက်ခွာခွင့် ရရေးအတွက် ကြိုးပမ်းကြရာမှ စခန်း တာဝန်ရှိသူများနှင့် ဝန်ထမ်းများကြားတွင် အဂတိလိုက်စားမှုများ တိုးပွားလာခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

သံတွဲထောင်မှ ၈၈ကျောင်းသားများကို ပြစ်ဒဏ်လျှော့မပေး

မင်းနိုင်သူ / ၁၈ ဖေဖော်ဝါရီ ၂၀၀၉

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနား ရောက်ရှိနေခိုက် နိုင်ငံရေး အကျဉ်းသားအချို့ကို ပြစ်ဒဏ် လျော့ပေါ့ပေးခြင်း၊ ပြစ်ဒဏ်တပေါင်းတည်း ကျခံစေခြင်းတို့ လုပ်ပေးနေသော်လည်း ရခိုင်ပြည်နယ် သံတွဲထောင်ရှိ နိုင်ငံရေး အကျဉ်းသားများ မပါဝင်သေးကြောင်း ယမန်နေ့က ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သူ ၈၈မျိုးဆက် ကျောင်းသား ကိုမျိုးရန်နောင်သိန်း၏ အစ်မ မမျိုးပပသိန်းက ခေတ်ပြိုင်သို့ ပြောသည်။

“ကျမတို့ ဘာမှမကြားသေးပါဘူး။ ဒီသံတွဲထောင်မှာတော့ ပြစ်ဒဏ် လျော့ခံရတဲ့ အကျဉ်းသား မရှိသေးပါဘူး။ ကျမတို့ မနေ့က ထောင်ဝင်စာ တွေ့ခဲ့ပါတယ်။ ထုံးစံအတိုင်း (၁၅) မိနစ်လောက် တွေ့ခွင့် ရခဲ့ပါတယ်”ဟု မမျိုးပပသိန်းက ပြောသည်။

ကိုမျိုးရန်နောင်သိန်း၊ စမ်းချောင်းကိုကိုကြီး၊ ကိုဇော်မင်းတို့အပါအ၀င် ၈၈မျိုးဆက် ကျောင်းသား (၁၃) ဦးကို အာဏာပိုင်များက ယခုလ (၆) ရက်တွင် အင်းစိန်ထောင်မှ သံတွဲထောင်သို့ ပြောင်းရွေ့ ခဲ့ပြီးနောက် မိသားစုများအနေဖြင့် ထောင်ပြောင်းပြီး ပထမအကြိမ် အဖြစ် ထောင်ဝင်စာ တွေ့ခဲ့ကြခြင်း ဖြစ်သည်။

“တွေ့တဲ့အချိန်မှာ ထောက်လှမ်းရေးတွေကလည်းစောင့်ပြီး ဘာတွေ ပြောတယ်ဆိုတာ လိုက်မှတ်နေတာ ပဲလေ။ ကျမတို့ သုံးယောက် တွေ့တာ ပေါ့နော်။ အဲဒါထောက်လှမ်းရေးက (၁၅) ယောက်လောက်က စောင့်ကြည့်နေတာပဲ။ သံစကာ နှစ်ထပ်ခြားပြီး တွေ့ခဲ့ကြရတာပါ” ဟု မမျိုးပပသိန်းက ပြောသည်။

ကိုမျိုးရန်နောင်သိန်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ (၁၃) ရက်တွင် အင်းစိန်ထောင် တရားရုံးမှ ထောင် (၂) နှစ် ချမှတ်ခဲ့သည်။ အင်းစိန်ထောင်အတွင်း လမ်းမလျှောက်နိုင်ခဲ့သော ကိုမျိုးရန်နောင်သိန်းသည် ယခု ၀ါးလုံးထောက်ကာ လျှောက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“အထဲရောက်တော့လည်း အဆင်ပြေအောင်တော့နေကြရတာပေါ့။ အဆင်မပြေလည်း ပြေတယ်ပေါ့။ ကိုယ့်ဟာနဲ့ကို စိတ်ချမ်းသာအောင် နေကြတဲ့ လူချည်းပါပဲ။ ထိုင်ပြီးစိတ်ညစ်နေ လို့မှမရတာလေ။ သူတို့ အဆင်ပြေအောင် နေတယ်လို့ ပြောပါတယ်။ ကိုမျိုးကတော့ လမ်းစမ်းလျှောက် နေတယ်။ ဟိုတုန်းကတော့ ၀ါးလုံးတန်း ကိုင်ပြီးတော့ကို မတ်နိုင်တဲ့ အနေအထားမှာ မရှိဘူးလေ။ အခုတော့ ၀ါးလုံးထောက်ပြီးတော့ စမ်းလျှောက်နေပါပြီ။ ဒါကလည်း သူ့ဘာသူ ကြိုးစားတာပါ။ စမ်းချောင်း ကိုကိုကြီးတို့လည်း နေကောင်းကြပါတယ်။ ထောင်ဝင်စာက တရက်တည်း တွေ့ခဲ့ကြတာလေ။ သူတို့ကိုလည်း တွေ့ခဲ့ရပါတယ်” ဟု မမျိုးပပသိန်းက ကျန်းမာရေး အခြေအနေကို ပြောပြသည်။

ထောင်ဝင်စာတွေ့ခွင့် တလတခါအဖြစ် ပြောင်းလဲကန့်သတ်လိုက်စဉ်က ကိုဇော်မင်းသည် အစာငတ်ခံ ဆန္ဒပြခဲ့သော်လည်း ယခုအခါ ပုံမှန် ပြန်လည် နေထိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“ထောင်ဝင်စာတွေ့ခွင့်တွေစပြောင်းတုန်းက သူတို့အထဲက လူတွေက မသိလိုက်ဘူး။ မသိလိုက်တော့ ကိုဇော်မင်းကလည်း သူတဦးထဲလို့ ထင်မှာပေါ့။ အဲဒါကြောင့် အဲလိုဖြစ်သွား တယ်ထင်တာပဲ။ ကျမလည်း ကျမမောင်ကို ပြောခဲ့ရတယ်။ အကုန်လုံး တတိုင်းပြည်လုံးကို အဲလို ပြောင်းလိုက်တာလို့။ သူတို့လည်းအခုတော့ သိသွားကြပါပြီ” ဟု မမျိုးပပသိန်းက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဂြိုလ်တုစလောင်း စာရင်းကောက် ပြည်သူတွေ စိုးရိမ်

NEJ / ၁၈ ဖေဖော်ဝါရီ ၂၀၀၉

ပြီးခဲ့သည့် အပတ်အတွင်း ရန်ကုန်မြို့လည် ဧရိယာတွေမှာ ဂြိုလ်တုစလောင်း တပ်ဆင်မှုနှင့် ပတ်သက်ပြီး လိုက်လံ စာရင်းကောက်ယူမှုတွေ ရှိနေတာကြောင့် ပြည်သူတွေအကြား စိုးရိမ် ထိတ်လန့်မှုများ ရှိနေကြောင်း စုံစမ်း သိရသည်။

ဗိုလ်တစ်ထောင်မြို့နယ် (၄၁) လမ်းအတွင်း နေထိုင်သူ တစ်ဦးက “ကျွန်တော်တို့ ရပ်ကွက်မှာ ဆက်သွယ်ရေးက ဝန်ထမ်း တစ်ယောက်၊ ရပ်ကွက် ရယက က တာဝန်ပေးသူ တစ်ယောက်၊ ကြံ့ဖွံ့ တစ်ယောက် ပါတဲ့ အဖွဲ့က စာရင်း လာကောက်သွားတယ်။ သူတို့ စာရင်းကောက်တာက တစ်အိမ်တက်ဆင်း လိုက်ပြီး ဘယ်အိမ် စလောင်းရှိသလဲ မေးတာမျိုး မဟုတ်ဘူး။ ခေါင်မိုးတွေပေါ် ကြည့်တယ်၊ ဂြိုလ်တု စလောင်း ထောင်ထားရင် တိုက်နံပါတ် ဘယ်လောက် အပေါ်မှာ စလောင်း ဘယ်နှစ်ခု ထောင်ထားသလဲ စာရင်းဖြည့်တယ်။ အဲဒီပုံစံ အဖွဲ့လေးတွေ ခွဲပြီး စာရင်း လိုက်ကောက်တာ၊ ဘာလုပ်ဖို့ လိုက်ကောက်တာလဲလို့ ကျွန်တော်က မေးတော့ အထက်က ကောက်ခိုင်းလို့ ကောက်တာ၊ မသိဘူးလို့တော့ ဖြေတယ်” ဆိုပြီး ပြောပြသည်။

ယခုလို ဂြိုလ်တုစလောင်း တပ်ဆင်ထားမှု စာရင်းလိုက်လံ ကောက်ယူမှုကြောင့် အချို့ စလောင်းကို ဖြုတ်သိမ်းသူများပင် ရှိနေကြောင်းလည်း စုံစမ်းသိရသည်။ ပုဇွန်တောင်မြို့နယ် အတွင်း နေထိုင်သူ တစ်ဦးက ယခုလို စာရင်း လိုက်လံ ကောက်ခံမှုကို တွေ့တာကြောင့် ၄င်းအိမ် မှာ တပ်ဆင်ထားသည့် ဂြိုလ်တု စလောင်းနှင့် ဆက်စပ်ထားသည့် ကြိုးများကို ဖြုတ်ပစ်လိုက်ပြီး ဖမ်းစက်များကိုလည်း သိမ်းထား လိုက်ကြောင်း၊ ခေါင်မိုးပေါ်က စလောင်းပြားကိုတော့ သိမ်းချင် သိမ်းပါစေဆိုပြီး ထားလိုက်ကြောင်း ပြောပြသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များမှာ အိမ်ထောင်စုတွေ၏ ပိုင်ဆိုင်မှု အလုပ် လုပ်ကိုင်မှုတွေနှင့် ပတ်သက်ပြီး စာရင်း ကောက်ခံစဉ် အချိန်ကလည်း ဂြိုလ်တု စလောင်း တပ်ဆင်ထားခြင်း ရှိမရှိ မေးမြန်းပြီး အချက် အလက်တွေ ကောက်ယူ သွားခဲ့ဖူးသည်။

နအဖ စစ်အစိုးရသည် ပြီးခဲ့တဲ့နှစ်က အထိ ဂြိုလ်တုစလောင်း တပ်ဆင်မှုတွေကို လိုင်စင်ဖြင့် ခွင့်ပြုပေးပြီး နှစ်စဉ်ကြေး ကောက်ခံသည်။ ၂ဝဝ၈ နှစ်ဆန်းမှာတော့ ပထမ နှစ်စဉ်ကြေးကို တစ်နှစ် ကျပ်(၁ဝ) သိန်းအထိ တိုးမြှင့် ကောက်ခံရမည် ဆိုပြီး ပြည်နယ်တိုင်းများရှိ မြို့အသီးသီးက ဆက်သွယ်ရေး ရုံးတွေထံ ညွှန်ကြားချက် ပို့ခဲ့သည်။ နောက်ပိုင်း အဆိုပါကိစ္စ ပြင်ပ မီဒီယာတွေကနေ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သည့် အတွက် လိုင်စင် သက်တမ်းတိုးခြင်း ကို လုပ်မပေးတော့ဘဲ နေတာ ယနေ့အထိ ဖြစ်သည်။

လိုင်စင်သက်တမ်း ထပ်တိုးမပေးခြင်းကြောင့် မြန်မာ တစ်နိုင်ငံလုံးမှာ တပ်ဆင် ထားသည့် သိန်းနှင့်ချီ ရှိသည့် ဂြိုလ်တု စလောင်းဖမ်းစက်တွေ သက်တမ်း ကုန်ဆုံးပြီး တရားမဝင် တပ်ဆင်ထားသည့် သဘော သက်ရောက် သွားသည်။

စစ်အစိုးရ ဆက်သွယ်ရေး ဥပဒေအရ တရားမဝင် ဂြိုလ်တုစလောင်း တပ်ဆင်ထားမှုကို တွေ့ရှိပါက ဆက်စပ် ပစ္စည်းတွေကို နိုင်ငံပိုင်သိမ်းမည့်အပြင် တပ်ဆင် ကြည့်ရှုသူကိုလည်း အမြင့်ဆုံး ထောင်ဒဏ် (၇) နှစ်အထိ အပြစ်ပေး နိုင်သည်ဟု ပြဌာန်းထားသည်။

ပြီးခဲ့တဲ့ ၂ဝဝ၈ မေလ နာဂစ်မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားပြီးနောက် မုန်တိုင်းဒဏ် ခံရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ နေအိမ်တွေမှာ တပ်ဆင်ထားသည့် စလောင်းအရွက်တွေ အားလုံးနီးပါး ပျက်စီးကုန်သည်။ နောက်ပိုင်း အလျင်အမြန် ပြန်လည် တပ်ဆင်ကြသည့် အတွက် စလောင်းအရွက် ဈေးနှုန်းတွေ မြင့်တက်ကုန်သည်။

သို့သော် ပြည်သူတွေ စလောင်းပြန်လည်တပ်ဆင်တာကို မလိုလားတဲ့ စစ်အစိုးရ အာဏာပိုင်တွေဟာ ဗိုလ်ဆွန်ပက်လမ်းနဲ့ ဘားလမ်းက ဂြိုလ်တုစလောင်း ရောင်းတဲ့ လျှပ်စစ် ပစ္စည်းဆိုင်တွေကို ဝင်ရောက် ဖမ်းဆီးတာ လုပ်ခဲ့သည်ဟု မြိုခံတွေက ပြောသည်။ ဂြိုလ်တု စလောင်းနှင့် ဆက်စပ် ပစ္စည်းတွေကို သိမ်းဆည်း သွားသည့်အပြင် ဆိုင်ပိုင်ရှင် တွေကိုလည်း ခေတ္တ ထိမ်းသိမ်း ထားခဲ့သေးသည်။ နောက်ပိုင်း ရန်ကုန်မှာ ဂြိုလ်တု စလောင်း ရောင်းချခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းမှာ မှောင်ခို သဘော ဖြစ်သွားသည်။

စစ်အစိုးရ အာဏာပိုင်တွေ ယခုကဲ့သို့ ဂြိုလ်တုစလောင်း စာရင်း ကောက်ယူ နေချိန်သည် အမေရိကန် အခြေစိုက် ဗွီအိုအေ အသံလွှင့် ဌာနက ဂြိုလ်တုစလောင်းမှ တဆင့် ရုပ်သံသတင်း စတင် ထုတ်လွှင့်မည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ မူလက နော်ဝေ အခြေစိုက် ဒီဗွီဘီသာ ဂြိုလ်တု စလောင်းမှ ရုပ်သံလွှင့်မှု ရှိနေခဲ့ပြီး၊ ယခု ဗွီအိုအေ ကပါ ထုတ်လွှင့်လာသည့် အတွက် စစ်အစိုးရက ပိတ်ပင်မည့် သဘောမျိုးလည်း ဖြစ်နိုင်ကြောင်း အချို့ရန်ကုန် မြို့ခံတွေက သုံးသပ်နေကြသည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, February 18, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း (၃)

ဗိုလ်ထက်မင်း / ၁၆ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံများနဲ့ မတူပဲ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြလို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဟာ အလွန် အရေးကြီးပါတယ်။ နအဖ အနေနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဒို့တာဝန် အရေးသုံးပါး အဖြစ် ခိုင်ခိုင်မာမာ ရပ်တည် အော်ဟစ် နေပေမဲ့ လက်တွေ့မှာတော့ လက်နက်နှင့် အာဏာကို ရှေ့ တန်းတင်ကာ စီးပွားရေးနဲ့ လဲလှယ်ပြီး မမှန်မကန် နိုင်ငံရေး အမြတ်ထုတ်ဖို့သာ ကြံစည် ခဲ့တာကြောင့် အစစ်အမှန် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဟာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသား ပါတီ တော်တော်များများဟာ နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ရွေးချယ်ခံခြင်း မပြုဖို့ သဘောထား ရှိခဲ့ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ Ref: အပိုင်း (၁) နဲ့ (၂) ကို ဖော်ပြခဲ့ ပြီးတဲ့နောက် ဒီနေ့မှာတော့ အပိုင်း (၃) ကို ဆက်လက် တင်ပြသွားပါမယ်။ စစ်အာဏာရှင် တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ဘယ်လို နည်းဗျူဟာ သုံးပြီး၊ ဆက်ဆံရေး ချဉ်းကပ်တဲ့ ပုံစံသစ်ကို ပြောင်းလဲ အသုံးပြု လာကြတယ်။ သူတို့ရဲ့  မဟာဗျူဟာ မူဝါဒရော ဘယ်လို ရှိလာတယ်၊ စစ်အာဏာ ရှင်ထိပ်ပိုင်း အချင်းချင်း သဘောကွဲလွဲမှု ရှိပြီး တိုင်းရင်းသားတွေ အပေါ် သဘောထား မှန်ကန်မှု မရှိပုံ၊ ရိုးသားမှု မရှိပုံ စတာတွေကို ဆက်လက် တင်ပြသွားပါမယ်။

ယခင် မဆလ စစ်အာဏာရှင်ဦးနေ၀င်း လက်ထက်က တိုင်းရင်းသား လက်နက်ကိုင် တွေအပေါ် တောက်လျှောက် “အကြွင်းမဲ့ လက်နက်ချရေး” မူကိုသာ တရားသေ ဆုပ်ကိုင်ထားလို့ အပြန်အလှန် ယုံကြည်စွာ ဆက်ဆံမှု တော်တော်များများ ပျက်ပြယ်သွားခဲ့ပါတယ်။ အဲဒီလို အခြေအနေကို သုံးသပ်ပြီး န၀တ စစ်ခေါင်းဆောင် ဗိုလ်စောမောင်က တဆင့်လျော့ကာ၊ ဆက်ဆံရေးချဉ်းကပ် ပုံစံပြောင်းပြီး အခင်းအကျင်း နည်းဗျူဟာ စတင်ပြင်ဆင်ခဲ့ပါတယ်။

“လက်နက်ကိုင်ခွင့် ဆက်လက်ခွင့်ပြုပေးထား သော်လည်း သူတို့ကို စီးပွားရေး အခွင့်အလမ်း မက်လောက်အောင် လုပ်ပေးထားရင် ဇိမ်ခံတတ်လာပြီး ပျော်လာပါက လက်နက်ဟာ တုတ်လောက်မှ တန်ဖိုး မရှိတော့တဲ့ အနေအထား ဖြစ်အောင် ဖန်တီးကာ တဖြည်းဖြည်းချင်း လက်နက်တွေကို သိမ်းဖို့ နည်းဗျူဟာ” ချမှတ် ခဲ့ပါတယ်။ အကြွင်းမဲ့ လက်နက်ချရေးကို လုံးဝ မပြောတော့ပဲ ပထမဦးဆုံး အပစ်ရပ် အဖွဲ့များ ဖြစ်ကြတဲ့ ကိုးကန့်နဲ့ “၀” UWSA၊ ကချင် KIA တို့နဲ့ ဆွေးနွေး ကြတဲ့အခါ န၀တရဲ့  မဟာဗျူဟာ မူဝါဒအရ ဒို့တာဝန် အရေး သုံးပါးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လက်ခံလို၊ မလို အရင်ဆုံး မေးမြန်းပါတယ်။ အဲဒီအပစ်ရပ် အဖွဲ့တွေက သဘောတူ လက်ခံပြီ ဆိုပေမဲ့ တိုင်းရင်းသား ကိစ္စ၊ နိုင်ငံရေး ကိစ္စတွေကို ဆက်တိုက် တောင်းဆို လာခဲ့ပါတယ်။ ကကလှမ်းက တိုင်းရင်း သားအရေးနဲ့ နိုင်ငံရေးကို ပြောခွင့်မပြုခဲ့ပါ။ “ငါတို့ဟာ စစ်သားဖြစ်တယ်၊ နိုင်ငံကို စစ်ဥပဒေနဲ့ အုပ်ချုပ်နေတာ ဖြစ်တယ်။ တိုင်းရင်းသားတွေကို အဲဒီ ကိစ္စတွေ ကတိပေးတယ် ဆိုတာ သဘာဝ မကျဘူး၊ ငါတို့ဟာ ရွေးကောက်ခံထားတဲ့ သူလည်း မဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စ ဆွေးနွေးလို့လည်း တရားမ၀င်ဘူး၊ ဒီကိစ္စတွေကို အမျိုးသား ညီလာခံကျမှ ဆက်လက် ဆွေးနွေးကြပါ” လို့ ပြန်ပြောခဲ့ကြပါတယ်။

အဲဒီနောက် ဒို့တာဝန်အရေး “၃” ပါး ကို တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေက လက်ခံ သဘောတူပြီးနောက် နယ်မြေ သတ်မှတ်မှု အပြန်အလှန် လုပ်ပါတယ်။ မိမိပိုင် နယ်မြေကို ၀င်လာမယ် ဆိုပါက ဆက်ဆံရေးရုံး (ယခင် ထောက်လှမ်းရေးတပ်များ) တွေကို အကြောင်းကြား ခွင့်တောင်းပြီးမှ ၀င်ရန်နဲ့ လက်နက် ကိုင်ဆောင်ပြီး “မ” ၀င်လာရန် ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်များ ထားပါတယ်။

လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေ ဘောင်ကို ၀င်တယ် ဆိုတဲ့ စကားလုံးကိုတော့ အကျေအလည် ရှင်းလင်း ဆွေးနွေး ခဲ့ကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အပစ်ရပ် တိုင်းရင်းသားတွေဟာ လက်နက် ကိုင်ဆောင် ထားတဲ့ အတွက် မြန်မာနိုင်ငံ နယ်မြေအတွင်း ပြည်မ မြို့ တော်တွေကို ၀င်ရောက် လာချင်တယ် ဆိုရင်တော့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ နယ်မြေတရား ဥပဒေသကို လိုက်နာကြမှ ဖြစ်မယ်ဆိုပြီး ဆွေးနွေးကာမှ သူတို့က လက်ခံလာတဲ့ အတွက် လမ်းပွင့် သွားခဲ့ရပါတယ်။

အရင်ဆုံး ၀င်လာတဲ့ အဖွဲ့တွေကို “ရဲ” တပ်ဖွဲ့ရဲ့  ရာထူးနဲ့ အဆင့်မပေးပဲ လစာနဲ့ ရိက္ခာကိုတော့ ထောက်ပံ့ ပေးမယ် ဆိုပေမဲ့ နောက်ပိုင်းမှာ နအဖက မတတ်နိုင်တော့ပဲ ကတိ ပျက်လာကြသလို တိုင်းရင်းသား အဖွဲ့တွေကလည်း စည်းကမ်း ဖောက်လာတာတွေလည်း တွေ့ရပါတယ်။ အပစ်ရပ် အဖွဲ့တွေနဲ့ န၀တဟာ ၁၉၈၉ ခုနှစ်မှာ ငြိမ်းချမ်းရေး စတင် အကောင်အထည် ဖော်ခဲ့ရာ ဗိုလ်စောမောင်က ဗိုလ်ခင်ညွှန့် ကို စတင် တာဝန်ပေးခဲ့ ပါတယ်။ ဗိုလ်ခင်ညွှန့်ရဲ့  ကိုးကန့်အဖွဲ့ကို စတင် တွေ့ဆုံခဲ့စဉ်က ရင်ဆိုင်ရတဲ့ ပြဿနာ တချို့ကို တင်ပြချင် ပါသေးတယ်။

ကိုးကန့် အဖွဲ့ဟာ ဗိုလ်ခင်ညွှန့်ရဲ့  အနီးကပ် လုံခြုံရေး တပ်ဖွဲ့တွေကို အ၀င်မခံပဲ ဖြစ်နေရာ လူကြီး လုံခြုံရေး အတွက် စိတ်ပူကာ ရမခ တိုင်းမှူးကတောင် တင်းမာတဲ့ မူဝါဒ စွဲကိုင်ပြီး မိမိတို့ဘက်က မလျော့ဖို့ တင်ပြ ပါသေးတယ်။ ဒီနေရာမှာ ဗိုလ်ခင်ညွှန့်က ငြိမ်းချမ်းရေး အတွက် စွန့်စားပြီး သူ့လုံခြုံရေး လက်နက်ကိုင်တွေကို ထားခဲ့ကာ သူနဲ့ PA နှစ်ဦးသာ ၀င်သွားခြင်းဖြင့် ယုံကြည်မှုနဲ့ လေးစားမှု စတင် တည်ဆောက်ခဲ့ပါတယ်။ န၀တ ထိပ်ပိုင်း စစ်အာဏာရှင်တွေ အချင်းချင်း အကြား အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေ အပေါ် ထားရှိတဲ့ သဘောထား မူဝါဒတွေ ကွဲလွဲနေတာကိုလည်း တင်ပြပါအုံးမယ်။ ထိုစဉ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်နေ တဲ့ ဗိုလ်စောမောင်ရဲ့  အရှိန်အ၀ါကြောင့် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးနဲ့ ဗိုလ်သိန်းဟန် တို့ဟာ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းမှာကို မလွှဲ မရှောင်သာပဲ ပြန် မပြောရဲလို့ လက်ခံရပေမဲ့ သူတို့ စိတ်ထဲမှာတော့ ဘ၀င် မကျမှုတွေ မယုံကြည်မှုတွေ ပြည့်နှက်လျက် ရှိခဲ့ကြပါတယ်။

ဗိုလ်သန်းရွှေနဲ့ ဗိုလ်သိန်းဟန်တို့ဟာ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်ကြီး အေးကို လက်ထက်က ဗိုလ်အေးကိုရဲ့  တပည့်ရင်းတွေ ဖြစ်ခဲ့ကြပြီး ကက (ကြည်း) စစ်ဦးစီးမှူး (ပထမတန်း) တာဝန်ကို ထမ်းဆောင်ခဲ့သူများ ပီပီ ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ်။

တပ်မ (၈၈) မှာ ဗိုလ်သန်းရွှေ တပ်မမှူး ဖြစ်ခဲ့စဉ် ကလည်း ဗိုလ်သိန်းဟန်က ဒု တပ်မမှူး အဖြစ် အတူတူ နေခဲ့ကြ သူများ ဖြစ်ပါတယ်။ အလားတူ ဗိုလ်မောင်အေးကလည်း “၀” နဲ့ KNPP၊ တာကလယ်ရဲ့  “ရလလဖ” အဖွဲ့ တွေလိုမျိုး အပစ်ရပ် အဖွဲ့များအား မျက်စိ ဆံပင်မွှေး “စူး” နေပြီး “၀” နဲ့ ငြိမ်းချမ်းရေး လုပ်လာချိန်မှာလည်း ဟန့်တားမှုတွေ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။

န၀တ၊ နအဖ ခေတ် အဆက်ဆက်တွေမှာ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ဟာ ဒီ အပစ်ရပ် အဖွဲ့တွေကို သီးခြားစီ လက်ခံ တွေ့ဆုံခဲ့တဲ့ အခမ်းအနားမျိုးကို သတင်းတွေမှာ ဖော်ပြထားတာ မရှိခဲ့ကြောင်း တွေ့ရ ပါလိမ့်မယ်။ ပြည်ထောင်စုနေ့ ကဲ့သို့ မလွှဲမရှောင်သာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဟန်ပြလုပ်ရမဲ့ အခမ်းအနား မျိုးတွေမှာသာ အပစ်ရပ် အဖွဲ့တွေကို စုပေါင်းပြီး “ပြီးစလွယ်” အချိန်တိုတိုနဲ့ လက်ခံ တွေ့ဆုံတဲ့ အကြိမ်မျိုးတောင် အလွန်နည်းပါး ပါတယ်။

ဒါပေမဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ဟာ သူတို့ရဲ့  စစ်ရေး နိုင်ငံရေးနဲ့ ပတ်သက်လို့ အကြပ်အတည်း တွေ့လာပြီ ဆိုရင် အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို လိုရင် လိုသလို အသုံးချ ခိုင်းစေကာ ရပ်တည်ရေး၊ စားဝတ်နေရေး၊ တိုင်းရင်းသား အခွင့်အရေးများ ကိုတော့ ပေးဖို့ လက်တုံ့နှေးကာ ကတိပျက် ပစ်ပယ်ခဲ့ကြတာ တပုံ တပင်ကြီး တွေ့ရှိနိုင်ပါတယ်။

လိုရင်းပြောရရင် စစ်အာဏာရှင်တွေဟာ သူတို့ မနိုင်လို့ တိုင်းရင်းသား အချင်းချင်း အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းတဲ့ နည်းဗျူဟာနဲ့ အခွင့်အရေး တန်းတူ မပေးပဲ သွေးခွဲအုပ်ချုပ် စည်းလုံးညီညွတ်မှု မရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အတွက် ကြိုးစား အားထုတ်ကြရင်း ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ကြဖို့ တိုက်တွန်း တင်ပြလိုက် ရပါတယ်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်စုလွတ်မြောက်ရေး လက်မှတ်တွေ ပဲခူးမှာ ကောက်နေပြီ

ဖနိဒါ
ဖေဖေါ်ဝါရီလ 17 2009

ချင်းမိုင်(မဇ္ဈိမ)။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ် ရေးထိုး လှုပ်ရှားမှုကို ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်များက ယခုလ ၁၄ ရက်နေ့က စတင်လိုက်သည်။

ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ဒိုက်ဦး၊ ကဝ၊ သနပ်ပင်၊ ဝေါနှင့် အနောက်ဘက်ခြမ်း သာယာဝတီ မြို့နယ်များတွင် ပါတီဝင် လူငယ်များက လူထုထဲတွင် လိုက်လံ၍ လက်မှတ်များ ရေးထိုးစေခြင်း ဖြစ်သည်။

"ကျမတို့ လူထုထဲကို လိုက်ထိုးခိုင်းနေပါတယ်။ လူငယ် တာဝန်ခံတွေကနေ လိုက်ထိုးနေပါတယ်။ လူတွေကလည်း စိတ်ဝင်စားကြတယ်။ တချို့လည်း ကိုယ့်ဆန္ဒအတိုင်း မထိုးရဲဘူး။ ကြောက်ကြတယ်လေ။ အမှန်တော့ လူတွေဟာ ကိုယ့်စိတ်ထဲက ဆန္ဒအတိုင်း လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ လူ့အခွင့်အရေးကို လူတိုင်း နားမလည်ကြတော့ ခက်တယ်" ဟု တိုင်း အန်အယ်ဒီအဖွဲ့ဝင် ဒေါ်ခင်ညွန့်မူက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ပါတီအဖွဲ့ဝင်များ၊ အလုပ်သမားများ၊ ဆိုက်ကားဂိတ်၊ ဆရာဝန်နှင့် ရှေ့နေများ အပါအ၀င် လူတန်းစား ပေါင်းစုံက လက်မှတ်ထိုး ကြသည်ဟု သူက ဆိုသည်။

နိုင်ငံရေး လှုပ်ရှားမှုကြောင့် မတရား အကျဉ်းကျခံနေရသည်ကို ပိုမို သိရှိလာရန် အသိပေး ဖြန့်ဝေမှု ဖြစ်ပြီး၊ ပြည်သူများ ပူးပေါင်းပါဝင်သည့် လှုပ်ရှားမှု ဖြစ်ကြောင်း သူက ပြောသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ယနေ့ နံနက်ပိုင်းက ပဲခူးမြို့နှင့် မန္တလေးတိုင်း မိတ္တီလာမြို့နယ် သဲတောရွာတွင် ပါတီဝင်များက ဆုတောင်းပွဲများ ပြုလုပ် ခဲ့သည်။

ဒေါ်ခင်ညွန့်မူက "ဒီမနက်ပိုင်းက ၆ နာရီမှာ ပဲခူး ရွှေမော်တောဘုရား အင်္ဂါထောင့်မှာ ပန်း၊ ဆီမီးတွေ ကပ်လှူပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ ၈ နာရီမှာတော့ သံဃာအပါး ၃ဝ လောက်ကို ဆွမ်းလောင်း ခဲ့ပါတယ်" ဟု ပြောသည်။

မိတ္ထီလာမြို့တွင် သံဃာအပါး ၁၃ဝ ပါးကို ဆွမ်းလောင်းခဲ့သည်ဟု မြို့နယ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

ထို့အပြင် မိတ္ထီလာတွင် ရေနှင့် လျှပ်စစ်မီး ၂၄ နာရီ ရရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လက်မှတ်ထိုး တောင်းဆိုသည့် စာအား ယမန်နေ့က စာတိုက်မှတဆင့် နေပြည်တော်သို့ ပို့ခဲ့သည်။

"ရေမီး အပြည့်အဝ ရရှိရေး တောင်းဆိုတဲ့ လက်မှတ်ပေါင်း ၅၀၀ ကျော်ကို နေပြည်တော်ကို လိပ်မူပြီး ပို့တယ်။ လူထုပါဝင် လှုပ်ရှားနိုင်တဲ့ လမ်းကြောင်းအနေနဲ့ လက်မှတ် ထိုးထားကြတယ်။ ရဲရဲတင်းတင်း ထိုးကြတယ်။ လက်မှတ်ပေါင်း ၅၁၃ ယောက် ကောက်ခံရတယ်" ဟု သူက ပြောသည်။

စာထဲတွင် မိတ္ထီလာမြို့ပေါ် ၁၃ ရပ်ကွက်ကို အေ၊ ဘီ၊ စီ ဟူ၍ ပိုင်းခြားကာ ၆ နာရီခြားတခါ လျှပ်စစ်မီး ပေးဝေသော်လည်း မည်သည့်အခါမှ ၆ နာရီအပြည့် မရကြောင်းနှင့် မိတ္ထီလာ ရေကန်ကြီးကို မြင်နေရသော်လည်း သောက်သုံးရေ မရသဖြင့် အဝီစိတွင်းသာ အားကိုးရကြောင်း သိရှိစေရန် တင်ပြ အပ်ပါသည်ဟု ဆိုထားသည်။

စာကို မိတ္တူကူး၍ မိတ္ထီလာခရိုင် အာဏာပိုင်အဖွဲ့များဖြစ်သည့် ခယက၊ မယက၊ ခရိုင်နှင့် မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးများနှင့် မန္တလေးတိုင်းနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ရုံးများသို့ ပေးပို့ခဲ့ကြသည်။

"ကျီကုန်းဆိုရင် ၁ဝ ရက်တခါ လာတယ်။ အခု တလကျော် မလာဘူး။ သီရိမင်္ဂလာဆို ၄ ရက် တခါလာ။ ၇ ရက်နေ့က လာတာ၊ ဒီနေ့ထိ မလာဘူး။ ဒါ မဖြစ်သင့်ဘူး၊ ဒီလောက် တိုးတက်တဲ့ ကမ္ဘာမှာ ရေလေးတော့ ပုံမှန် လာသင့်တယ်။ ရတနာပုံ တလကျော်ပြီ။ မလာဘူး။ သာယာကုန်း ရပ်ကွက်ဆိုလည်း မလာဘူး။ တကယ်တော့ ရေမီး မလာတာဟာ ၁ဝ စုနှစ် တခုလောက်တောင် ရှိပြီလို့ ပြောလို့ ရပါတယ်" ဟု သူက ဆိုသည်။

ယခု လှုပ်ရှားမှု ပြုလုပ်စဉ် အောင်ဇေယျရပ်ကွက် ဆယ်အိမ်မှူးမှ စာရွက်တွင် ပါရှိသည့် လက်မှတ်ထိုး သူများအား ခေါ်ယူကာ ၎င်းလုပ်ရပ်မျိုး မပြုလုပ်ရန် ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

မကွေးတိုင်း ချောက်မြို့တွင်လည်း အန်အယ်ဒီ ပါတီဝင်များက အလားတူ လက်မှတ်မျိုး ကောက်ခံသည်ကို အာဏာပိုင်များက တန်ပြန်သည့်အနေဖြင့် ရေမီး ရရှိရေး လက်မှတ်ထိုးရာတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း လက်မှတ်မျိုး လိုက်လံ ထိုးခိုင်းနေသည်ဟု ချောက်မြို့ ဒေသခံက မဇ္ဈိမကို ပြောသည်။

ယခုလ ၈ ရက်နေ့က ရေမီး ရရှိရေး လက်မှတ်ပေါင်း ၈ဝဝ ကျော် ရရှိခဲ့ပြီး ဖြစ်ကြောင်းနှင့် လက်မှတ်ပေါင်း တသောင်းထက် မနည်း ရမည်ဟု ခန့်မှန်းထားကာ လက်မှတ်များကို ယခုလ ၂၅ ရက်နေ့တွင် အာဏာပိုင်များထံ ပေးပို့မည် ဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

Ref: မဇ္ဈိမ

Read More...

အလုံပိတ်ကားပေါ်မှ သေဆုံးသွားတဲ့ မြန်မာ အလုပ်သမား ၅၄ ဦး လျော်ကြေးငွေ ရရှိ

Tue 17 Feb 2009, မိမွန်စွန်း

ထိုင်း Liberty Insurance Company ကနေ အလုံပိတ်ကားပေါ်မှ သေဆုံးသွားသော မြန်မာအလုပ်သမား ၅၄ ဦးကို လာမည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် လျော်ကြေး ငွေပေးမည်ဟု သိရသည်။

သေဆုံးသွားတဲ့ မြန်မာအလုပ်သမား ၅၄ ဦးထဲမှာ အလုပ်သမား ၄၆ ဦးကို ထိုင်းအာမခံ ကုမ္ပဏီမှ တစ်ဦးချင်း စီကို ထိုင်းဘတ်ငွေ တစ်သိန်းစီ လျော်ကြေးပေးမည် ဖြစ်ပြီး ယခုလော လောဆယ်တွင် ၃ သောင်းခွဲ အရင် ပေးမည်ဟု ရွှေ့ပြောင်းရေးရာ အလုပ်သမား တာဝန်ခံ (FTUB) ဦးတင်ထွန်းအောင်က ပြောသည်။

သေဆုံးသွားသောအလုပ်သမား ၄၆ ဦးတို့ မိသားစုဝင်များကို ကော့သောင်းမြို့တွင် ရှိသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးတို့ ပူးပေါင်းပြီး ၄င်းအလုပ်သမား မိသားစုဝင်များနှင့် အဆက်အသွယ် ရယူထားပြီး ဖြစ်သည်။ ကျန်ရှိသော အလုပ်သမား ၈ ဦးမှာ သက်သေ အထောက်အထား အခိုင်အလုံ မရရှိ သေးသောကြောင့် လျော်ကြေးပေးရန် အတည် မပြုနိုင်သေးဘူးဟု ဦးတင်ထွန်းအောင်က ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၁၈ နေ့တွင် FTUB, Law Society of Thai နှင့် ရနောင်းမှာ ရှိသော NGOs အဖွဲ့အစည်း တို့နှင့် ပူးပေါင်းပြီး အလုပ်သမားများ လျော်ကြေး ထုတ်ယူရန်အတွက် ကူညီ လုပ်ဆောင်သွားမည် ဖြစ်သည်။

အလုပ်သမား ၄၆ ဦးတို့၏ မိသားစုဝင်များသည် မြန်မာနိုင်ငံ ဘက်ကမ်းရှိ ကော့သောင်းမြို့ ကို ရောက်ရှိနေပြီး ရနောင်းမှာ ရှိတဲ့ ထိုင်းအစိုးရ အာမခံ ကုမ္ပဏီမှာ လျော်ကြေးငွေ ထုတ်ယူ ရမည်ဟု ၄င်းအလုပ်သမား ၄၆ ဦး ကိစ္စကို ကူညီ ဆောင်ရွက်ပေးနေသည့် ရနောင်းမှ NGOs ဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၏ဥပဒေအရ အာမခံကုမ္ပဏီ အနေနှင့် သေဆုံးသွားသော အလုပ်သမားများ အတွက် လျော်ကြေးငွေ ပေးဆောင်ရမည်ဟု ဒီအမှုကို လိုက်လံ ဆောင်ရွက်ပေးနေသည့် (NGOs) အဖွဲ့ အစည်းတို့က ပြောသည်။

မြန်မာအစိုးရအနေနှင့် အလုပ်သမား ၄၆ ဦး၏ အိမ်ထောင်စု စာရင်းကို ရရှိထားပြီး အာမခံ ကုမ္ပဏီကို တင်ပြသည့် အခါ ကုမ္ပဏီက မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးမှာ ထောက်ခံချက် ယူရမည်ဟု ဆိုသောကြောင့် အခုလို လျော်ကြေးငွေပေးတာ နောက်ကျရခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ် ဧပြီလ ၉ ရက်နေ့ တွင် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ဝင်ရောက်လာသော မြန်မာ ရွေ့ပြောင်း အလုပ်သမား ၁၂၁ ဦးတို့သည် ရနောင်းမြို့မှ ဖူးကက်မြို့သို့ အလုံပိတ် ကုန်တင်ကား တစ်စီးဖြင့် ဝင်ရောက်လာစဉ် အလုပ်သမား ၅၄ ဦးတို့သည် ကား၌ တပ်ဆင်ထားသော လေအေးစက် ရပ်ဆိုင်း သွားသောကြောင့် အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

“ထိုင်းအာမခံ ကုမ္ပဏီကတော့ အလုပ်သမား တစ်ဦးစီကို ယခု လောလောဆယ် မှာတော့ ဘတ် ၃ သောင်းခွဲ အရင် ပေးမမယ်၊ ကျန်ရှိနေတဲ့ ငွေတွေကိုတော့ အမှုပြီးမှ အားလုံး ပေးမယ်” ဟု ဦးတင်ထွန်းအောင် က ဆက်ပြောသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ထိုင်းနိုင်ငံ ရနောင်းရှိ Liberty Insurance Company သို့ မြန်မာ အလုပ်သမားများအား လျော်ကြေးငွေ ပေးခြင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၄င်းကိစ္စကို သိသော်လည်း အရေးကြီးသောအမှု ဖြစ်သည့်အတွက် ၄င်းတို့အနေဖြင့် ဖြေဆိုခွင့် မရှိဟု ဆိုသည်။

Ref: မွန်သတင်းအေဂျင်စီ

Read More...

ဂြိုဟ်တုစလောင်းများ ကန့်သတ်ရန် တိုက်တွန်း

နန်းဒေ၀ီ
ဖေဖေါ်ဝါရီလ 17 2009

နယူးဒေလီ (မဇ္စျိမ)။ ။ ပြည်ပမှ လွှင့်ထုတ်သော ရုပ်မြင်သံကြား လိုင်းများကို ဖမ်းယူ ရရှိနိုင်သော ဂြိုလ်တု စလောင်းများကို ကန့်သတ်စေရန် တိုက်တွန်း ရေးသားထားသည့် ဆောင်းပါးတပုဒ် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိလာသည်။

စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် စာရေးသူ ကျော်ရဲမင်းက "အဆိပ်ပင်ကို ဆက်ပြီး ရေ မလောင်းသင့်ပါ" ခေါင်းစီးဖြင့် လက်ရှိ မြန်မာပြည်သူ အများစု တပ်ဆင် အသုံးပြုနေသည့် ဆက်သွယ်ရေး ဂြိုလ်တု စလောင်း အများစုသည် တရားမ၀င် တပ်ဆင်ထားခြင်း ဖြစ်ပြီး နိုင်ငံတကာ အစီစဉ်များကို ဆင်ဆာ အဖြတ် မခံရဘဲ တိုက်ရိုက် ဖမ်းယူကြည့်ရှုနိုင်သည့် အတွက် ပြည်သူများအတွက် အဆိပ်အတောက် ဖြစ်စေနိုင်ကြောင်း ပြောဆိုထားသည်။

"စလောင်းကိစ္စဟာ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် အမျိုးသားရေး အမြင်နဲ့ ကြည့်ရင် အတွင်း ရိုးတွင်းခြင်ဆီ ထိအောင် တဖြည်းဖြည်း လှိုက်စားနိုင်တဲ့ အိုင်းအနာ ကြီးတစ်ခု စွဲကပ်နေခြင်း ဖြစ်တယ်ဆိုတာ မြင်တတ်၊ ကြည့်တတ်၊ နားလည်တတ်ဖို့ လိုသည်" ဟု ရေးသားထားသည်။

သို့သော်လည်း ပြည်ပအခြေစိုက် မြန်မာသတင်း သမဂ္ဂကတော့ ဆောင်းပါးပါ ပြောဆို ထားချက်ကို သဘော မတူကြောင်း ပြောဆိုလိုက်သည်။

သတင်းသမဂ္ဂ -BMA ၏ အတွင်းရေးမှူး ဦးစံမိုးဝေက "နိုင်ငံတကာမှာ Satellite တွေ ချပေးနေတာပဲ။ အဆိပ် အတောက်ဆိုတာ ကြည့်တဲ့ လူအပေါ်မှာ မူတည်တယ်။ နိုင်ငံတကာ အစီအစဉ်တွေကို ပုံစံအမျိုးမျိုးနဲ့ ပိတ်ပင် နေတာက ပြည်သူတွေရဲ့ နား၊ မျက်စိတွေကို လိုက်ပိတ်နေတာပဲ ဖြစ်တယ်" ဟု သူက ပြောသည်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံသည့် ရုပ်မြင်သံကြား အစီအစဉ်များကို ဂြိုလ်တုမှ တဆင့် ထုတ်လွှင့်နေပြီး သတင်း၊ အင်တာဗျူး ကဏ္ဍ၊ စကားဝိုင်း၊ ကျန်းမာရေး၊ အင်္ဂလိပ်စာ ပို့ချချက် စသည့် အစီ အစဉ်များ ပါဝင်သည်။

နော်ဝေအခြေစိုက် DVB ၏ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ကလည်း စစ်အစိုးရသည် လွတ်လပ်သည့် သတင်း မီဒီယာများ အပေါ် စိုးရိမ်လာပြီး ပိတ်ပင်ရန် ကြိုးစားလာခြင်း ဖြစ်သော်လည်း အောင်မြင်မှာ မဟုတ်ဟု ပြောသည်။

"ရုပ်မြင်သံကြားဆိုတာ အသံကော၊ ရုပ်ကော မြင်ရတော့ လူတွေအတွက် ပိုမိုထိရောက်တဲ့ သတင်း အချက်အလက် ပေးတယ်။ ဒါကြောင့် ခုလို လုပ်လာတာပါ"

"သတင်းအချက်အလက် ထွန်းကားတဲ့ခေတ်မှာ နည်းမျိုးစုံ ကြိုးစားပြီး ပိတ်မယ်၊ ထိန်းချုပ်မယ် လုပ်လည်း အောင်မြင်မှာ မဟုတ်ပါဘူး" ဟု သူက ပြောသည်။

ယခုအခါ ဗီအိုအေ မြန်မာပိုင်းကလည်း ရုပ်မြင်အစီအစဉ် စတင် ထုတ်လွှင့်ခဲ့ရာ စစ်အစိုးရ အာရုံ စိုက်လာကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက ယခုလို ပြောသည်။

"ဗီအိုအေ ထပ်လာပြီဆိုတော့ ဒါကို ပစ်မှတ်ထားပုံ ရတယ်။ တနှစ်ကျော်တောင် ရှိပြီ၊ စလောင်းကိစ္စ ငြိမ်နေတာ။ " ဟု သူက ပြောသည်။

မြန်မာ့အလင်း ဆောင်းပါးက "စလောင်းမကြည့်ရရင် နိုင်ငံတကာနဲ့ အဆက်အသွယ် ပြတ်ပါပြီ။ မျက်စိပိတ်၊ နားပိတ် ဖြစ်ကုန်ပါပြီလို့ အော်ချင် ဟစ်ချင်တဲ့ ပုဂ္ဂိုလ်ကျော်များ အတွက် MRTV-4 က အသင့်ရှိနေပါပြီ" ဟု ဆိုကာ ညွှန်းဆိုထားသည်။

MRTV-4 Pay TV အစီစဉ်များတွင် ဆင်ဆာခွင့်ပြုချက် ရထားသော ရုပ်ရှင်၊ National Geographic ၊ Discovery၊ Animal Planet၊ Euro sport စသည့် အစီစဉ်များ ထုတ်လွင့်ပြသပြီး နိုင်ငံခြား ရုပ်ရှင်အများစုကို မြန်မာ စာတမ်းထိုးပေးခြင်း၊ အားကစားများကို နောက်ခံ မြန်မာလို ပြောပေးခြင်းဖြင့် ၀န်ဆောင်မှုပေးသည်။

ဂြိုလ်တုစလောင်းမှတဆင့် နိုင်ငံရေး အမှောင့်ပယောဂပါ ပူးကပ်ပြီး ပစ်မှတ်နိုင်ငံ တနိုင်ငံ၏ ပြည်တွင်းရေး ၀င်ရောက် စွက်ဖက်မှု၊ လူထု ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု၊ ညစ်ညမ်း အစီအစဉ်များမှ အမျိုးသားရေး စရိုက်လက္ခဏာ၊ အမျိုးသားရေး စိတ်ဓာတ်ကိုပါ ရိုက်ချိုး ဖျက်ဆီးမှုအထိ ဖြစ်လာစေသည့်အတွက် အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန် လိုအပ်နေပြီဟုလည်း စာရေးသူ ကျော်ရဲမင်းက ရေးသား ထားသည်။

Ref: မဇ္စျိမ

Read More...

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်စု တွေ့ဆုံဆွေးနွေးရန် ဒီချုပ် ထပ်လောင်းတောင်းဆို

ဖေဖေါ်ဝါရီလ 17 2009

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်တို့ ကြိုတင် စည်းကမ်း သတ်မှတ်ချက် မထားဘဲ တွှေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် အတိုက်အခံ နိုင်ငံရေး ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ထပ်လောင်း တောင်းဆိုလိုက်သည်။

"အပြန်အလှန် ငြင်းခုံရေးသားနေကြမည့်အစား အဆုံးအဖြတ် ပေးနိုင်သည့် အဆိုပါ ပုဂ္ဂိုလ်ကြီး နှစ်ဦးတို့သည် ကြိုတင်၍ စည်းကမ်း သတ်မှတ်ချက်များ မထားဘဲ ကိုယ်တိုင်ကိုယ်ကျ အမြန်ဆုံး တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြခြင်း သည်သာ တိုင်းပြည်အတွက် အထူးတလည် အကျိုးကျေးဇူးများ ပေါ်ပေါက်လာနိုင်ရန် အသင့်လျော်ဆုံး နည်းလမ်းဖြစ်သည်။" ဟု အဖွဲ့ချုပ်၏ အင်္ဂါနေ့က ထုတ်ပြန်သော အထူး ကြေညာချက်တွင် ပါရှိသည်။

ကြေညာချက်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောမတ် အိုဂျေ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ လည်ပတ်နေခိုက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အဖွဲ့ချုပ်အနေဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် "အစဉ်အမြဲ တံခါးဖွင့်ထားသည်" ဟု ပါရှိပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သာ ပြောင်းသာစွာဖြင့် တွေ့ဆုံ ဆွေးနွေးမည်ဟု မေလ၊၂၀၀၂ ခုနှစ် က ပြောခဲ့သည့် စကားကို ထပ်မံကိုးကား ဖော်ပြထားသည်။

ထို့အပြင် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုံးရေး၊ စီးပွားရေး ပိတ်ဆို့မှုတို့သည် တိုင်းပြည်နှင့် ပြည်သူ လူထုကို အကျိုး မရှိကြောင်းနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှ တဆင့် အကြောင်း ကြားထားပြီး ဖြစ်သည်ဟုလည်း ပါရှိသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာ၍ သက်ဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှသာ မြန်မာနိုင်ငံ၏ အခြေအနေသည် တစုံတရာ ပိုမို ကောင်းမွန် လာနိုင်မည် ဖြစ်ကြောင်း အန်အယ်ဒီက ယနေ့ပြောသည်။

"အဓိကကတော့ ဘန်ကီမွန်းကိုယ်တိုင် ဒီကြေညာချက်မှာပါတဲ့ သဘောထားတွေကို အခြေခံ ပြီးတော့ သူကိုယ်တိုင် မြန်မာပြည်လာပြီးတော့ ဆောင်ရွက်မယ်ဆိုရင် မစ္စတာ ဂမ်ဘာရီလာတဲ့ အခြေအနေထက်ကို ပိုပြောင်းလဲ လာနိုင်တယ်။ ဘန်ကီမွန်းရဲ့ သဘောထားကို သူကိုယ်တိုင် မြန်မာပြည်မှာ လာပြီးတော့ အာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်ဆိုရင် ရာနှုန်းပြည့် အောင်မြင်မှုကြီး မရတောင် လက်ရှိ အခြေအနေထက် တစုံတရာ ကောင်းမွန်တဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်မယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်" ဟု အထူးကြေညာချက် အမှတ် ၂ /၀၂/၀၉ ကို ထုတ်ပြန်ပြီးနောက် အဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့ဝင် သင်္ဃန်းကျွှန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မဇ္ဈိမသို့ပြောသည်။

ကုလအထွေထွေအတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် ဇန်န၀ါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်အောင် ထပ်မံနားချ တိုက်တွန်းကြိုးပမ်းခဲ့ သော်လည်း အတိုက်အခံများက မအောင်မြင်သော ခရီးစဉ်ဟု တညီ တညွတ်တည်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

(ကိုဝိုင်း ထပ်မံ သတင်းပေးပို့သည်။)

Ref: မဇ္ဈိမ

Read More...

နှင်းဆီ လှုပ်ရှားမှုလုပ်သူ ၃ ဦး အဖမ်းခံရ

ကိုဝိုင်း
ဖေဖေါ်ဝါရီလ 17 2009


ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်သူများ အကြောက်တရားဖယ်ရှား တိုက်ပွဲဝင်ရေး အတွက် မြောက်ဥက္ကလာပ မြို့နယ်အတွင်း ''နှင်းဆီ'' လူထုလှုံ့ဆော်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သူ လူငယ် ၃ ဦး ယခုလ ၁၄ ရက်၊ ချစ်သူများ နေ့က အဖမ်းခံခဲ့ရသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရေးထားပြီး၊ အကြောက်တရား ဖယ်ရှား၍ အခွင့်အရေး အတွက် တိုက်ပွဲဝင်ရန် နှိုးဆော်ထားသည့် "နှင်းဆီ" လှုံ့ဆော်မှုမှ စာရွက်များအား ထိုနေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပ ရှိ အထက ၅ ၊ ၃ နှင့် ရဲစခန်းရှေ့ နံရံများတွင် လိုက်ကပ်ခဲ့သည့် အကောင်းဆုံး မြေသြဇာ အဖွဲ့ဝင် ၃ ဦးအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

"မနက် ၆ နာရီလောက်လည်းကျရော ကိုဖိုးတုတ် (စွမ်းအားရှင်အဖွဲ့ဝင်) က တိုင်လိုက်လို့ ရဲ ၂ ယောက်ရယ်၊ မီးသတ်ရယ်၊ စွမ်းအားရှင်ရယ်၊ ဖိုးတုတ်လည်း ပါတယ်၊ ရဝတ လည်း ပါတယ်။ ဒီ ၃ ယောက်ရဲ့ အိမ်ပေါ်ကို အတင်း တက်လာပြီးတော့ ရှာတယ်။ ကင်မရာတလုံး မိသွားတယ်ပေါ့။ မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ စာရွက်တွေ မိသွားတယ်။ ပို့စ်ကဒ်လေး တွေလည်း ပါသွားတယ်" ဟု လျို့ဝှက် လှုပ်ရှား နေသော မြေသြဇာအဖွဲ့ တာဝန်ခံလူငယ်က မဇ္ဈိမကို ပြောသည်။ အဖမ်းခံရသူများမှာ ကိုအောင်ထက်မင်း၊ ကိုစိုးမင်းထိုက်၊ ကိုကျော်ဇင်နိုင်တို့ ဖြစ်သည်ဟု ဆိုသည်။

အဖမ်းအဆီး ကိစ္စနှင့် ပတ်သက်၍ မြောက်ဥက္ကလာ ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ရဲစခန်း၌ မရှိကြောင်းနှင့် စာကပ်သည်ကိုပင် မသိရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ဖြေကြားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) - အေအေပီပီ ၏ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်ကမူ မြေသြဇာအဖွဲ့ဝင် ၃ ဦး အဖမ်းခံရသည်ကို ကြားသိသော်လည်း အမည်များကို မသိသေးကြောင်း ပြောသည်။

ယခုလှုပ်ရှားမှုကို မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြေလည်ပြီး ငြိမ်းချမ်းသော အနာဂတ်သစ် ပေါ်ထွန်းလာရန် ရည်ရွယ်၍ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave - GW)၊ အထက် ဗမာပြည် ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ၊ အကောင်းဆုံး မြေသြဇာအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

ယခုအဖွဲ့များသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလက သံဃာဦးဆောင် ရွှေဝါရောင် လှုပ်ရှားမှုအပြီး တက်ကြွ လှုပ်ရှားသူ လူငယ်များ စုပေါင်းကာ အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

ဗိုလ်တထောင်၊ ကျောက်တံတားမြို့နယ်၊ သမိုင်းလမ်းဆုံ၊ မန္တလေးနှင့် ပဲခူးမြို့တို့တွင်လည်း လှုံ့ဆော်စာများ ကပ်ခဲ့ကြောင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးများ လုပ်ဆောင်သဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အဖွဲ့ဝင် ၁၇ ဦး အဖမ်းခံခဲ့ရကြောင်း မြေသြဇာအဖွဲ့က ဆိုသည်။

GW အဖွဲ့ဝင်များကလည်း "မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက်" ဟု ဆိုကာ ဘတ်စ်ကားများ၊ တန်ခိုးကြီး ဘုရားများပေါ်တွင် နှင်းဆီပန်းများ ဝေခြင်း၊ စာကပ်ခြင်း၊ ပို့စ်ကဒ် ကျဲခြင်းကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင် မြို့များတွင် ထိုနေ့က လုပ်ဆောင်ခဲ့ကြ သော်လည်း ဖမ်းဆီးခံရမှု မရှိကြောင်း အဖွဲ့၏ ပြောခွင့်ရသူ ကိုမိုဃ်းသွေးက ပြောသည်။

ပြီးခဲ့သည့်နှစ် မတ်လမှစ၍ စစ်အစိုးရ၏ ဖမ်းဆီးခြင်း ခံထားရသူ GW အဖွဲ့ဝင် ၂၀ ဦးခန့်ရှိသည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာ့အရေး ပိုမိုထိရောက်တဲ့နည်းလမ်း အမေရိကန်အစိုးရ ရှာဖွေနေ

17 February 2009


မြန်မာစစ်အစိုးရကို စည်းရုံးဆွဲဆောင်ရေး နည်းလမ်းတွေ ရှာဖွေဖို့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒကို အမြင်သစ် တမျိုးနဲ့ ကြည့်ရှုနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက် ပါတယ်။ ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်မှာ အင်္ဂါနေ့က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲ တခုအတွင်း မစ္စစ်ကလင်တန်က အဲဒီလို ပြောခဲ့တာပါ။

မြန်မာလူထုအပေါ် စိုးရိမ်စိတ်နဲ့ ဂရုတစိုက်ရှိတဲ့အတွက် မိမိတို့ရဲ့ မူဝါဒကို ပြန်သုံးသပ် နေပါတယ်လို့ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မစ္စစ်ကလင်တန်က ပြောသွားပါတယ်။

လက်ရှိ မြန်မာအစိုးရကို ဆွဲဆောင်စည်းရုံးဖို့ ဘယ်လို လုပ်ဆောင်ရင် ရမယ် ဆိုတာ သုံးသပ် နေကြောင်းနဲ့ မြန်မာလူထုကို ပိုပြီး ထိထိရောက်ရောက် ကူညီနိုင်အောင် နည်းလမ်းတွေ ရှာဖွေ နေတယ်လို့လည်း ပြောသွားပါတယ်။ အဲဒီလို ထိရောက်မှုရှိမယ့် မူဝါဒတခု ရလာလိမ့်မယ်လို့ မျှော်လင့်ပါကြောင်းလည်း မစ္စစ်ကလင်တန်က ပြောသွားပါသေးတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သူတို့ရဲ့ ကိုယ်ပိုင် တိုင်းပြည်မှာ လွတ်လွတ် လပ်လပ် နေထိုင်နေကြတဲ့နေ့ကိုလည်း မြင်တွေ့လိုကြောင်း ပြောသွားပါတယ်။

Ref: VOA News

Read More...

လေပြင်းမုန်တိုင်းသတင်း မှားယွင်းကြောင်း မိုး/ဇလ ငြင်းဆို

17 February 2009

တနာရီ မိုင် ၁၀၀ ကျော်အထိ တိုက်ခတ်နိုင်တဲ့ စိုက်ဆင်း လေပြင်းတခု ဒီလ အတွင်းမှာ ဖြစ်ပေါ်နိုင်ဖွယ် မရှိဘဲ မိုးဦးကျ ကာလဖြစ်တဲ့ ဧပြီလကုန်နဲ့ မေလဆန်းပိုင်း လောက်မှာမှ ဖြစ်နိုင်ဖွယ် ရှိကြောင်း မိုးလေ၀သနဲ့ ဇလ ဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်က ဒီကနေ့ ဗွီအိုအေကို ပြောပါတယ်။ မကြာမီ ရက်တွေအတွင်းက ဖြန့်ချိခဲ့တဲ့ ပြည်တွင်းထုတ် ဂျာနယ်တစောင်မှာ ဒီလအတွင်း ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြတာဟာ နားလည်မှု လွဲမှားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မြန်မာပြည်မှာ ထုတ်ဝေခဲ့တဲ့ ဂျာနယ် တစောင်မှာ ဒီလအတွင်း မိုင် ၁၀၀ ကျော် ပြင်းအားရှိတဲ့ စိုက်ဆင်းလေပြင်း ဖြစ်ပေါ်နိုင်တာကြောင့် လေကြောင်းရေကြောင်း ခရီးသွားသူတွေ သတိထားဖို့ ဖော်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်ကို မေးမြန်း ကြည့်တဲ့အခါ ဒီလအတွင်း မဖြစ်နိုင်ဘူးလို့ သူက အခုလိုပြောပါတယ်။

“ဒီဂျာနယ်မှာပါတဲ့ စိုက်ဆင်းလေပြင်း ဒီလထဲမှာ ဖြစ်နိုင်တယ်ဆိုတာ မှားယွင်း ရေးသားခြင်း ဖြစ်တယ်။ အဲဒီဂျာနယ်က သူ့ဟာသူ တောင်းပန်ပါလိမ့်မယ်။ အမှားပြင်ဆင်ချက် ထည့်ပေးပါမယ်။ အဓိပ္ပာယ်ကောက် လွဲတာ ဖြစ်ပါတယ်။ စိုက်ဆင်းလေပြင်းက မိုးကြို ရာသီ၊ အကြမ်းဖျင်း ပြောရရင် ဧပြီ ၁၅ မှ မေ ၁၅ လောက်အတွင်း မိုးတိမ်တောင်တွေ ဖြစ်ရာက ဖြစ်တတ်တဲ့ သဘာဝ ဖြစ်ပါတယ်။”

မိုးဦးကျကာလတွေမှာ ဖြစ်တတ်တဲ့ စိုက်ဆင်း လေပြင်းဟာ မြန်မာပြည် နေရာအနှံ့မှာ ဖြစ်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ဆက်ပြောပါတယ်။

“ဖြစ်တတ်တဲ့နေရာကတော့ မြန်မာပြည် အနှံ့ပဲဗျ။ တနည်းအားဖြင့်တော့ ပူပြင်းတဲ့ ဒေသတွေ အဖြစ် များပါတယ်။ မြစ်ဝကျွန်းပေါ်လည်း ဖြစ်ဖူးတယ်၊ မန္တလေးနားမှာလည်း ဖြစ်ဖူးတယ်၊ မွန်ပြည်နယ်မှာလည်း ဖြစ်ဖူးပါတယ်။ ရာသီကတော့ မိုးဦးကျ၊ နေရာဒေသကတော့ အဲဒီဒေသပေါ့။ ဒီဟာတွေဖြစ်ရင် အများအားဖြင့် လေကတော့ မုန်တိုင်းလောက် မပြင်းပါဘူး။ မပြင်းပေမယ့် ပြည်တွင်း ရေကြောင်းသွားတဲ့ သင်္ဘောတွေ အတွက်တော့ အန္တရာယ်ရှိနိုင်တယ်။ အန္တရာယ်ရှိခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။အဲဒါကို ကျနော်တို့က ကြိုတင်ပြောခြင်း ဖြစ်ပါတယ်။ ပင်လယ်တို့ ဘာတို့မှာ ပြဿနာမရှိဘူး၊ ဒီကောင်က ပြည်တွင်း ရေကြောင်းပဲ။ မြစ်တွေ ဘာတွေထဲ သွားတဲ့ လှေတို့ သင်္ဘောတို့ပဲ ရှိတယ်။ ရေစူး မများတဲ့ သင်္ဘောတွေ အတွက် အန္တရာယ် ရှိပါတယ်။”

ဒီလအတွင်းမှာ စိုက်ဆင်းလေပြင်း ကျရောက်နိုင်တယ် ဆိုတဲ့သတင်းကြောင့် ပြည်သူတွေ အကြားမှာ အထိတ် တလန့် ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့်တော့ အရင်နှစ် မေလက နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်က ဒေသခံ ပြည်သူတွေ အထိတ်တလန့် ဖြစ်နေကြရကြောင်းကို ဒေသခံတွေက အခုလိုပြောပါတယ်။

“ကျနော်က စက်ကျွန်းကပါ။ ကျနော်လည်း အခု ထိတ်လန့်နေပါတယ်။ အိပ်လို့မရ၊ စားလို့မရ ဖြစ်နေပါတယ်။ မြို့ကို တက်လာမယ့် အခြေအနေကတော့ တောတွေမှာ အကုန်လုံး စုစည်းကုန်ပြီ။ အခုလို နောက်ထပ် မုန်တိုင်း တခု ဖေဖော်ဝါရီလထဲမှာ ကျမယ်ဆိုတော့ လူတွေကလည်း ငိုတာတွေရော၊ ရယ်တာတွေရော ဖြစ်ကုန်ကြပြီ။ မြို့ပေါ်တက်တဲ့ လူတွေကလည်း ရောက်လာကုန်ကြပြီ။ ကျနော်လည်း ဒီညနေပြန်မှာပဲ။ ကျနော့်မိသားစု မြို့ကိုခေါ်တော့မှာပဲ။ နေစရာ မရှိတော့လည်း ဘုန်းကြီးကျောင်း တည်းရမှာပေါ့။”

“အခုက အရပ်ထဲမှာ သူတို့က သေသေချာချာလည်း မဖတ်ကြဘူးလေ။ မုန်တိုင်း ကြေညာထားတယ်၊ ဖေဖော်ဝါရီ လ ထဲမှာ ကျမယ်ဆိုပြီးတော့ အထိတ်တလန့်၊ ကောလာဟလ ပုံစံမျိုးနဲ့တော့ ဒီရက်ထဲမှာ ပျံ့နှံ့နေတယ်။ ကျနော်တို့ကို မေးတော့ ကျနော်တို့လည်း ရှင်းပြရတာပေါ့။ ဘယ်မှာဖြစ်မယ်ဆိုတာ အတိအကျတော့ မသိဘူးပေါ့။ ဒီရာသီမှာ ဒီလိုဟာမျိုးတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သဘောပေါ့။ သူတို့ကတော့
ဒီ ဖေဖော်ဝါရီလထဲမှာ ကြိမ်းသေပေါက် ကျမယ့်ပုံစံမျိုး ရေးထားတယ်၊ ဖြစ်မယ်ပေါ့။ ကျနော်တို့ကလည်း ပထမ တကြိမ်တုန်းကလည်း နာဂစ်မုန်တိုင်း ကျခဲ့ဖူးတော့ အကုန်လုံးက ခံစားထားရတော့ ဒီရာသီ မိုးတွင်း ပြန်ရောက်မှာတောင် အားလုံးက ကြောက်နေကြတာ။”

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနကတော့ စိုက်ဆင်း လေပြင်း ကျရောက် တတ်တဲ့ ရာသီမှာ အထူးသတိထား ပြေးဆွဲဖို့နဲ့ လေပြင်းကျလာရင် ရေယာဉ်တွေကို အရေးပေါ် ပြောင်းရွှေ့ ခိုလှုံဖို့အတွက် ပြင်ဆင် ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူ ၁၄၀,၀၀၀ လောက် ကွယ်လွန် ပျောက်ဆုံး ခဲ့ပြီး ၅,၀၀၀,၀၀၀ ကျော်လောက် မုန်တိုင်းဒဏ် ခံခဲ့ရ ပါတယ်။

Ref: VOA News

Read More...

Monday, February 16, 2009

တတိယလှိုင်းခေတ် ပြောက်ကျားစစ် (၂)

ဂါမဏိ

၂ဝဝ၃ ဇွန်လ၊ ၂၄ ရက်မှာ အမေရိကန်သမတ ဘွတ်ရှ်က အယ်လ်ကေဒါ ခေါင်းဆောင်ပိုင်းဟာ လုံးဝနီးနီး အစွယ် ကျိုးသွားပြီလို့ ကြေညာခဲ့ပါတယ်။ ဘင်လာဒင်ကို မဖမ်းမိသေးပေမဲ့ အမေရိကန်ကိုရော၊ ကမ္ဘာကိုပါ အန္တရာယ် ပေးနိုင်တဲ့ အနေအထား မရှိတော့ဘူးလို့လည်း ဆက်ပြောခဲ့ပါတယ်။ ဥရောပတိုက်နဲ့ အရှေ့ အလယ်ပိုင်းက ဗုံးခွဲမှု တွေဟာ ဘင်လာဒင်ကြောင့် မဟုတ်ဘဲ ဒေသခံ စစ်သွေးကြွတွေကြောင့်သာ ဖြစ်ခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။

အခုတော့ အယ်လ်ကိုင်ဒါဟာ အမေရိကန်၊ ဥရောပနဲ့ ပါကစ္စတန် ထောက်လှမ်းရေး အရာရှိတွေ ထင်ခဲ့သလို အားပျော့ ချိနဲ့သွားတာ မဟုတ်ဘူးဆိုတာကို လက်ခံလာကြပါပြီ။ ဥပမာ တခုအနေနဲ့ ပြရရင် ဘင်လာဒင်ဟာ ၂ဝဝ၃ ခုမှာ ဆော်ဒီအာရေးဗျ နိုင်ငံထဲ “အိပ်ခိုင်းထားတဲ့”ကလပ်စည်းတွေကို နှိုးထ လှုပ်ရှားစေခဲ့ပြီး ကားဗုံးခွဲမှုတွေ လုပ်ကြံ သတ်ဖြတ်မှုတွေ တသီကြီး လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ၂ဝဝ၅ ခု လန်ဒန် မြေအောက်ရထား လိုင်း ဗုံးခွဲမှုတွေဟာ ပါကစ္စန်-အာဖဂန် နစ္စတန် နယ်စပ်က ဘင်လာဒင့် လက်ထောက်တွေ ညွှန်ကြားမှုအရ ဖြစ်ခဲ့တာ ကို အခုမှ သိလာရပါတယ်။

ပါကစ္စတန်သမတ မူရှာရပ်ဖ်ကို ၂ဝဝ၃ ခုနှစ်နှောင်းပိုင်းမှာ လုပ်ကြံခဲ့ရာမှာလည်း အောင်မြင်လုနီး ဖြစ်ခဲ့ပါသေး တယ်။ ၂ဝဝ၆ မှာ ဗြိတိန်နိုင်ငံက အမေရိကန်ကို ပျံသန်းတဲ့ ခရီးသည်လေယာဉ်ကို ဖောက်ခွဲဖို့လည်း လုပ်ခဲ့ပါ တယ်။

တကယ်တော့ အယ်လ်ကိုင်ဒါဟာ ဆိုဗီယက်စစ်တပ်နဲ့ ကေဂျီဘီ ထောက်လှမ်းရေး၊ ဆော်ဒီအာရေဗျ ပဒေသရာဇ် အာဏာရှင်စနစ်၊ စီအိုင်အေ ထောက်လှမ်းရေးနဲ့ အမေရိကန်- နေတိုးစစ်တပ် တို့ကို နှစ်ပေါင်းများစွာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့၊ ကတုံးပေါ်ထိပ်ကွက်နိုင်ခဲ့တဲ့ အတွေ့အကြုံတွေ ကနေ သင်ခန်းစာတွေ ထုတ်ယူနိုင်ခဲ့ပြီး မိမိရှင်သန် တည်တန့်ရေးနဲ့ ဆက်လက်တိုက်ပွဲ ဝင်ရေးအတွက် အသုံးချနိုင်ခဲ့ပါတယ်။

၂ဝဝ၁ ခု၊ စက်တင်ဘာ (၁၁) ရက်နောက်ပိုင်း အမေရိကန် ဝင်တိုက်တာကို တိမ်းရှောင်နိုင်ခဲ့တဲ့ အိုစာမာ ဘင်လာဒင်နဲ့ အယ်လ်ကိုင်ဒါ ဗဟိုအဖွဲ့ဟာ စောစောပိုင်းတုန်းက ခေါင်းဆောင်ပိုင်းတွေ ဖမ်းမိ ကျဆုံးခဲ့ တာတွေကို အခုအခါ ပြန်လည် အစားဖြည့် နိုင်ခဲ့ရုံမက ရန်ပုံငွေရှာ၊ လူသစ်စု၊ သင်တန်း ပေးတာတွေလည်း တိုးချဲ့ လုပ်လာနိုင်ပါ တယ်။ ဒါ့အပြင် မြေအောက် ပြောက်ကျားတပ်ဖွဲ့တွေ ထဲမှာ အကောင်းဆုံး ဝါဒဖြန့်ချိရေး ယန္တရားကိုလည်း တည်ဆောက် နိုင်ခဲ့ပါတယ်။

အယ်လ်ကိုင်ဒါအဖွဲ့ကို ဦးစီးကောင်စီတခုက ကိုင်တွယ် အုပ်ချုပ်နေပါတယ်။ ဒီကောင်စီဟာ လျော့လျဲလျဲ စုစည်း ထားတဲ့ လူအုပ်စုပုံစံ မပေါက်ဘဲ အဖွဲ့အစည်း ပုံစံကျကျနဲ့ ပုံမှန် အစည်းအဝေးတွေ ထိုင်ကြပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဘင်လာဒင်ဆီ အစီရင်ခံ တင်ပြရပါတယ်။ အရေးကြီး ဆုံးဖြတ်ချက် တချို့ကိုတော့ ဘင်လာဒင်က အတည်ပြုရပါတယ်။ ဗဟိုအဖွဲ့မှာ အင်အား (၂ဝဝ) လောက်ရှိပြီး အတော်များများက ပုံမှန် လစာ တွေရကြပါတယ်။ လက်အောက်ခံ အဖွဲ့တွေကိုတော့ ရန်ပုံငွေ ရှာဖွေရေး၊ ထောက်ပို့ စတဲ့လုပ်ငန်း တာဝန်အလိုက် ကလပ်စည်းတွေ ဖွဲ့ထားပါတယ်။ ဒီအဖွဲ့ဝင်တွေဟာ ဒေါင်လိုက် ဖွဲ့စည်းပုံအရ ကိုယ့်အစုထဲက လူတွေကိုပဲ သိကြပါ တယ်။ တခြားအစုတွေကို သိခွင့်မရှိပါဘူး။

အယ်လ်ကိုင်ဒါရဲ့ နံပတ် ၂ ခေါင်းဆောင် ဇာဝါဟီရီက ၂ဝဝ၇၊ ဒီဇင်ဘာလမှာ အင်တာနက် ပေါ်ကနေ မေးသမျှဖြေ ပေးမယ့် ချက်တင် ကဏ္ဍတခု ဖွင့်ခဲ့ပါတယ်။ အဲဒီမှာ သတင်းစာဆရာ တွေနဲ့ သာမန်လူတွေက မေးခွန်းပေါင်း ၁၈၈၈ ခုကို ချက်တင်ရိုက် မေးခဲ့တဲ့အခါ ဇာဝါဟီရီက ၂ ပတ်-၃ ပတ်အကြာမှာ ငါးပုံ တပုံလောက်ကို သေသေ ချာချာ ဖြေပေးခဲ့ပါတယ်။ အိဂျစ်က ဘာသာရေး အခြေခံဝါဒီ တယောက်မေးတဲ့ ထောက်လှမ်းရေး တွေဟာ မိစ္ဆာဒိဋ္ဌိ တွေ ဟုတ်မဟုတ်၊ သူတို့ကိုသတ်လို့ ပါဏာတိပါတာကံ ထိုက်မထိုက်မေးခွန်းကို ဟုတ်ကြောင်း၊ ဒါကြောင့် တယောက်မကျန် သတ်၍ရကြောင်း ဖြေပေးခဲ့သလို အယ်လ်ကိုင်ဒါရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို စိန်ခေါ်ရှုတ်ချ မေးခွန်း ထုတ်ထားတွေကိုလည်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ဒီလိုလုပ်ငန်းတွေကို တာဝန်ယူစီစဉ်ပေးရတဲ့ အယ်လ်ကိုင်ဒါရဲ့ ပြန်ကြားရေးဌာန (ဝါ) ဝါဒဖြန့်ချီရေး မီဒီယာဌာနကို အယ်လ်ဆာဟာ့ဘ် (ဗမာလို တိမ်တိုက်များ) လို့ ခေါ်ပါတယ်။ ဒီမီဒီယာ အဖွဲ့ဟာ ၂ဝဝ၅ ခု မတိုင်မီက ကိုယ့်ဗီဒီယို အခွေတွေ ဖြန့်နိုင်ဖို့ အယ်လ်ဂျာဇီးယားရား ရုပ်သံ သတင်းဌာနလို တခြား မီဒီယာ ထွက်ပေါက်တွေ အပေါ် မှီခိုခဲ့ရပါ တယ်။ အင်တာနက်ပေါ်မှာလည်း ဗီဒီယို အပိုင်းတိုလေးတွေပဲ တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်ဂျာဇီးယားရား ကလည်း ဒီကနေ့ မြန်မာလိုလွှင့်တဲ့ အသံလွှင့် ဌာနတွေလိုပဲ ဘင်လာဒင် မိန့်ခွန်းတွေကို ဖြတ်ချင်သလိုဖြတ် လွှင့်ချင်သလိုလွှင့်လို့ ဆိုလိုရင်း အဓ္ပိာယ် တလွဲတချော် ဖြစ်ရတာတွေ၊ အကြမ်းဖက်ဝါဒအားပေးတယ်လို့ ဥရောပနဲ့ အမေရိကန်က စွပ်စွဲမှာကိုစိုးရိမ်ပြီး မီဒီယာရဲ့ဘက်မလိုက်မှုဆိုတဲ့ စိတ်ကူးယဉ်ဝါဒကို ကျင့်သုံးတာတွေကြောင့် အယ်ကိုင်ဒါ အဖွဲ့သားတွေက မကျေလည်ကြပါဘူး။ ၂ဝဝ၅ ခု မှာဆိုရင် အယ်လ်ဂျာဇီးယားရားဟာ ဘင်လာဒင် မိန့်ခွန်းတွေကို လုံးဝ လွှင့်မပေးတော့ပါဘူး။ တဖက်မှာ အင်တာနက် ဝန်ဆောင်လုပ်ငန်းတွေ အနေနဲ့ အစ္စလမ် အစွန်းရောက် ဝက်ဘ်ဆိုက်တွေကို ပိတ်ပစ်ပေးဖို့လည်း အမေရိကန် အစိုးရနဲ့ မဟာမိတ်တွေက အောင်အောင် မြင်မြင် စည်းရုံး ဖျောင်းဖျနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက အစ္စလာမ် ကွန်ပျူတာပါရဂူ တော်တော်များများ ကိုလည်း အရှင် သို့မဟုတ် အသေဖမ်းမိခဲ့ပါတယ်။

အယ်လ်ကိုင်ဒါဟာ ဒီနောက်ပိုင်းမှာတော့ နည်းပညာ ခုန်ပျံ ကျော်လွှားသွားနိုင်ပြီး ဗီဒီယို ခွေတွေကို အင်တာနက်ပေါ် တိုက်ရိုက် အပြည့် တင်နိုင်လာပါတယ်။ အယ်လ်ဆာဟာ့ဘ် မီဒီယာဌာနရဲ့ အယ်ဒီတာတွေနဲ့ ထုတ်လုပ်သူ တွေဟာ ဆိုနီ ဗေယို အမျိုးအစား လက်ပ်တော့ ကွန်ပျူတာတွေနဲ့ ထိပ်တန်း ဗီဒီယို ကင်မရာတွေသုံး၊ မိမိတို့ဖိုင်တွေ ကို ပီဂျီပီ ပရိုဂရမ်နဲ့ ဝှက်စာ သွင်းပြီးထားပါတယ်။ ၂ဝဝ၅ခုမှာ အယ်လ်ဆာဟာ့ဘ်က ဗီဒီယို (၁၆)ခွေ ထုတ်ခဲ့တယ်။ ၂ဝဝ၇ ခုမှာတော့ (၉၇) ခွေအထိ ခြောက်ဆ တိုးထုတ်လာပါတယ်။ အခုဆို သုံး-လေးရက် တခွေနှုန်းလောက် ထွက်နေပါတယ်။ အရည်အသွေးကလည်း သိသိသာသာ တိုးတက်လာပြီး ဗီဒီယိုအများစုမှာ ဘာသာပေါင်းစုံနဲ့ စာတန်းထိုးတာတွေ ပါလာသလို တချို့ အခွေတွေမှာ သုံးဖက်မြင် ကာတွန်း ရုပ်ရှင် သရုပ်ဖော်ပုံတွေလည်း ထည့်လာ နိုင်ပါတယ်။ သတင်းကား အဆင့် ရှိတဲ့ ဗီဒီယိုခွေ၊ အိုင်ပေါ့ဒ်ဖိုင်၊ လက်ကိုင်ဖုံးအတွက် ဗီဒီယိုဖိုင်၊ အမ်ပီသရီး အတွက် အသံ သက်သက်ဖိုင် စသဖြင့် အမျိုးအစားစုံစုံ ထုတ်လုပ်နေပါတယ်။

အမေရိကန်နဲ့ ဥရောပက အယ်ကိုင်ဒါ နောက်လိုက်တွေ၊ လိုလားသူတွေကို စည်းရုံး နိုင်ဖို့အတွက် ကာလီဖိုးနီးယား ဇာတိ လူဖြူ ဘာသာပြောင်းသမား အဒမ်ဂါဒန်ကို အသုံးချပြီး အမေရိကန်လေ၊ အမေရိကန်စရိုက်နဲ့ ကိုက်မယ့် ဗီဒီယို ရိုက်တာ၊ စကားအသုံးအနှုံး ထည့်တာမျိုးလည်း လုပ်ပါတယ်။ (ခရစ်ယာန် ဘာသာကနေ အစ္စလာမ်ဘာသာ ကို ကူးပြောင်းတဲ့ အမေရိကန်၊ သြစတြေးလျနဲ့ ဥရောပတိုက်သား လူဖြူတွေဟာ ဘာသာရေး ထက်သန်မှု ပိုပြလေ့ ရှိတဲ့အတွက် အစ္စလာမ် အကြမ်းဖက် အုပ်စုတွေထဲမှာ လုပ်ပိုင်ခွင့် ပိုရလာ၊ ရာထူး ပိုကြီးလာတတ်တယ်)။

အယ်လ်ကိုင်ဒါ-အယ်လ်ဆာဟာ့ဘ်ဟာ ကိုယ့်ကို အင်တာနက် ပေါ်ကနေ ခြေရာခံ မလိုက်နိုင်အောင်လည်း အယ်လ်ဖာဂျာ (အရုဏ်ဦး) လို့ခေါ်တဲ့ ကမ္ဘာအနှံ့က လူမသိ သူမသိ ဝက်ဘ်မာစတာ ကွန်ယက်ကြီးတခုကို တည်ထောင် သုံးစွဲလာပါတယ်။ ဒီထဲမှာ ဝက်ဘ်မာစတာ ၃ဝ-၄ဝ ပါဝင်ပါတယ်။ အယ်ဖာဂျာဟာ အယ်ကိုင်ဒါ ဗဟိုရဲ့ ဖိုင် တွေသာမက ဌာနခွဲတွေ၊ တာလီဘန်နဲ့ တခြားအစွန်းရောက် အစ္စလာမ်အဖွဲ့ ၄-၅-၆ဝ ရဲ့ ဝါဒ ဖြန့်ချိရေးကိုပါ အကျိုးဆောင်ပေးပါတယ်။ ဗီဒီယိုတွေကို အင်္ဂလိပ်၊ ဂျာမန်၊ အီတလီ၊ ပြင်သစ်၊ ပါ့ရှ်တူ၊ တူရကီနဲ့ တခြားဘာသာ စကားတွေနဲ့ စာတမ်းထိုးတာလည်း သူတို့ပဲ လုပ်ပေးပါတယ်။

အယ်လ်ဖာဂျာ ဖြန့်ချိရေးကွန်ယက်ဟာ ဗဟိုချုပ်ကိုင်မှု မရှိသလောက် ဖြစ်ပြီး လုံခြုံရေး အတွက် ဝက်ဘ်မာစတာ တယောက်နဲ့ တယောက် ပေးမသိပါ။ ကွန်ပျူတာ ဖောက်ထွင်းအလုပ် (ဟက်ကင်း)၊ မာလ်တီမီဒီယာ၊ ကွန်ပျူတာနဲ့ အင်တာနက် လုံခြုံရေးနဲ့ ဖြန့်ချိရေး လိုင်းတွေအတွက်လည်း “တပ်မဟာ”တွေ သီးခြား ဖွဲ့ထားပါတယ်။ အကြမ်းဖက် အဖွဲ့တွေဆီက ဝါဒဖြန့်ချိရေး ဖိုင်တွေရောက်လာရင် အယ်လ်ဖာဂျာ ကွန်ယက်က အင်တာနက်ပေါ် တင်ပေးပါတယ်။ တင်ထားတဲ့ အကြောင်းကိုလည်း လူသုံးများတဲ့ အစ္စလာမ် ဖော်ရမ်ဝက်ဘ်ဆိုက် တွေမှာ ကြေညာပေးတဲ့အတွက် ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေက ဗီဒီယိုတွေကို ကော်ပီကူး၊ တခြားဝက်ဘ်ဆိုက်တွေကို ထပ်ဖြန့်တာ၊ ယူတျူ့ဘ်တင်တာ လုပ်ကြပါတယ်။ ဖော်ရမ် ဝက်ဘ်ဆိုက်တွေ၊ ဂရုတွေကို ပါ့စ်ဝါ့ဒ် စကားဝှက်နဲ့ ကာကွယ်ထားပြီး တင်းတင်းကြပ်ကြပ် ထိန်းချုပ် ထားပါတယ်။ ဂရု တော်တော်များများမှာ အဆင့်မြင့် ဂရုမော်ဒရေတာ တွေကပဲ တင်ခွင့် ဖြုတ်ခွင့် ရှိတဲ့အတွက် ဘင်လာဒင် ဗီဒီယို အတုတင်တာမျိုး မဖြစ်ရအောင် ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် စီအိုင်အေက ဖောက်ဝင် ပုံမှားရိုက်ဖို့ အင်မတန် ခက်ခဲနေပါတယ်။ အယ်လ်ဖာဂျာဟာ လုံခြုံရေးကို ဦးထိပ်ထားတဲ့ အတွက် “နည်းပညာ မူဂျာဟစ်စစ်သည်” Technical Mujahid ဆိုတဲ့ လက်စွဲစာအုပ် တအုပ်တောင် ထုတ်ထားပြီး အင်တာနက်နဲ့ ကွန်ပျူတာမှာ ကိုယ့်ခြေရာလက်ရာ သူများ မလိုက်နိုင်စေဖို့၊ စိမ့်ဝင်ထိုးဖောက် မခံရစေဖို့နည်းနာတွေ၊ ဆောင်ရန် ရှောင်ရန်တွေဖော်ပြပေးထားပါတယ်။ လိုအပ်ရင် လိုအပ်သလို အစားထိုးနိုင်ဖို့ ဝက်ဘ်မာစတာ အသစ်တွေ အလွယ်တကူ စုဆောင်းနိုင်အောင်လည်း တည်ဆောက်ထားပါတယ်။ ဒါကြောင့် ကိုယ့် ကွန်ယက်ထဲ က လူ ၂ဝ လောက် အဖမ်းခံရရင် ခဏတဖြုတ်ပဲ အနှောင့်အယှက် ဖြစ်သွားပြီး သူတို့နေရာ အစားထိုးဖို့ လူ ၅ဝဝဝဝ ထဲကရွေး ဆက်လည် ပတ်နိုင်ပါတယ်။

အယ်လ်ကိုင်ဒါ ပြန်ကြားရေးဌာနဟာ ဘင်လာဒင်မိန့်ခွန်း သို့မဟုတ် တခြား အယ်လ်ကိုင်ဒါ ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေကိုရိုက်ကူးပြီး တပတ်အတွင်း အင်တာနက်ပေါ် တင်နိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့် ၂ ပတ်-၃ ပတ် အေးအေးဆေးဆေး အချိန်ယူ တည်းဖြတ်ပြီးမှ ထုတ်လွှင့်လေ့ ရှိပါတယ်။ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘာ့ဒ် မြို့ ဗလီနီကို အစိုးရတပ်တွေ ဝင်စီး နင်းတိုက်ခိုက်ခဲ့တုန်းက နောက်တနေ့မှာပဲ အယ်ကိုင်ဒါ ခေါင်းဆောင်ရဲ့ တုန့်ပြန် ရှုတ်ချတဲ့ မိန့်ခွန်းကို အင်တာနက်ပေါ် တင်နိုင်ခဲ့ ပါတယ်။ ပက် ငြိမ်းချမ်းရေး၊ လေ့လာရေးဌာနက ညွှန်ကြား ရေးမှူး မိုဟာမက်ရာနာက အယ်လ်ကေဒါကို ချိနဲ့အောင် လုပ်ချင်ရင် ဘင်လာဒင်ထက် သူ့ရဲ့အိုင်တီ မန်နေဂျာကို အဓိကဦးတည် အမိဖမ်းသင့်တယ်လို့ ကောက်ချက်ချ ပါတယ်။

အယ်လ်ကိုင်ဒါဟာ ဗီဒီယိုခွေတွေ ထုတ်လွှတ်လွှင့်တင်ရာမှာ ရန်သူ့ ထောက်လှမ်းရေး အဖွဲ့တွေရဲ့ အပိတ်ပင် မခံရဖို့ နဲ့ မူလ ထုတ်လွှတ်တဲ့ ဇာစ်မြစ်ကို ခြေရာ မကောက်နိုင်စေဖို့ ရိုးရိုးသာမန် နည်းနာတွေရော အဆင့်မြင့် နည်းပညာ တွေပါ ရောမွှေ သုံးစွဲပါတယ်။ ပထမဆုံး ဗီဒီယိုခွေတွေကို သမ်းဒရိုက် သေးသေးလေးထဲထည့်၊ ဆက်သားအဆင့် ဆင့်နဲ့ လူကိုယ်တိုင် မြွေလိမ်မြွေကောက် သယ်ယူလာပြီး အစ္စလာမ် ကွန်ပျူတာ ပါရဂူတွေဆီ ပို့ပေးပါတယ်။ ဒီ ပါရဂူတွေက အင်တာနက် ကဖီးဆိုင်တွေက တဆင့် ကမ္ဘာအနှံ့ အယ်လ်ဖာဂျာ ကွန်ယက်က တခြားအစ္စလာမ် ပါရဂူ တွေဆီ ပို့ပေးပြီးမှ အဲဒီလူတွေက အခမဲ့ ဝက်ဘ်ဆိုက်တွေ ဒါမှမဟုတ် ဖောက်ယူထားတဲ့ Hijacked ဝက်ဘ်ဆိုက် တွေကို နိုင်ငံပေါင်းစုံက ဆာဗာတွေ သုံးပြီး တင်ပါတယ်။

နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေဟာ ဘင်လာဒင် ဗီဒီယိုတွေရဲ့ မူလ ဇာစ်မြစ် နေရာကို ခြေရာခံလို့ မရသေးပါဘူး။ ဒါပေမယ့် အီရတ်နိုင်ငံက အယ်လ်ကိုင်ဒါ တာဝန်ခံ ဇာကာဝီက တော့ ၂ဝဝ၇ မေလအတွင်း ဗီဒီယို တခုမှာ သူ့ မျက်နှာကို ပြခဲ့ပြီး နှစ်လအကြာမှာ အမေရိကန် လေတပ်က တိုက်ခိုက် သုတ်သင်တာ ခံခဲ့ရပါတယ်။ တာလီဘန် တပ်မှူး မူလာဒါဒူလာလည်း တီဗီ အင်တာဗျူးတခု ပေးအပြီး ၃၆ နာရီအကြာမှာ နေတိုးတပ်တွေရဲ့ ချေမှုန်း သုတ်သင်မှုကို ခံသွားရပါတယ်။

အင်တာနက်စစ်မျက်နှာအပြင် လက်တွေ့ပထဝီမြေပြင် စစ်မျက်နှာမှာလည်း အစ္စလာမ် ပြောက်ကျား တွေက ထိုးထွင်း တီထွင်မှုတွေ လုပ်နေပါတယ်။ အဲဒီထဲက တခုကတော့ အီရတ်နိုင်ငံက ရှီအာ အစ္စလာမ် အစွန်းရောက်တွေ ၂ဝဝ၇ ခုနှစ်ကုန်ပိုင်းမှာ စသုံးလာတဲ့ လက်လုပ် ဒုံးအားသုံးဗုံး (သို့မဟုတ်) လက်လုပ် ဒုံးအားသုံးမော်တာ Improvised Rocket Assisted Munitions (IRAM) တွေ ဖြစ်ပါတယ်။ အဲဒါတွေက ဂက်စ်အိုး အလွတ်ထဲကို ယမ်းအချိန် ပေါင် ၂ဝဝ-၃ဝဝ နဲ့ သံတိုသံစတွေ ဘောစေ့တွေထည့်၊ ပိုက်လုံး(ဝါ) သံပြောင်းကြီးကြီး တခုထဲ ဒီဂက်စ်အိုးထည့်ပြီး ၁ဝ၇ မမ ဒုံးကျည်တွန်းအားနဲ့ ပစ်တာဖြစ်ပါတယ်။ ၁ဝ၇ မမ ဒုံးကျည်ဟာ မီတာ ၈၅ဝဝ ပြေး ပြီး ယမ်းအား တီအန်တီ ၃ ပေါင်လောက်ဘဲ ရှိပါတယ်။ အလေးချိန်များတဲ့ ဂက်စ်အိုးကို တွန်းရတဲ့ အခါကျတော့ ကိုက် ၁၅ဝ-၂ဝဝ လောက်ဘဲ သွားနိုင်ပါတော့တယ်။ ဒါပေမယ့် ဂက်စ်အိုးထဲ ထည့်ထားတဲ့ ယမ်းအား တအားများ တာရယ်၊ ဂက်စ်အိုး အခွံထူကြီး အစိတ်စိတ် အမွှာမွှာ ကွဲတာရယ်ကြောင့် ထိခိုက်နှုန်း များသွားစေပါတယ်။

ဒီဗုံးပျံတွေက ပစ်မှတ်မတိကျပေမဲ့ လမ်းဘေးထောင်ဗုံးတွေ၊ သာမန် မော်တာထုတာ၊ ဒုံးကျည် ပစ်တာတွေထက် ပိုပြီး ရန်သူများများကို တပြိုင်ထဲ သေစေနိုင်ပါတယ်။ ဒုံးပျံအား သုံးပေမဲ့ မော်တာလိုဘဲ ဒေါင့်မြင့် လမ်းကြောင်း ခုံးသွားတဲ့အတွက် အုတ်နံရံ အမြင့်တွေ၊ အဆောက်အဦးတွေကို ကျော်ပစ်လို့ ရပါတယ်။ အများအားဖြင့် ကုန်ကား နောက်ခန်းပေါ်တင်ပြီး အဝေးထိန်း ခလုတ်ဖြုတ် ပစ်လွှတ်ပါတယ်။ ကုန်ကားတစီးမှာ ဒုံးကျည် ၄-၅ လုံးကနေ ၁ဝ လုံး-၁၅လုံးအထိ တင်ပြီး အတွဲလိုက် ပစ်ပါတယ်။ အဝေးထိန်း ခလုတ်ကိုတော့ လက်ကိုင်ဖုံး ဒါမှမဟုတ် အဝတ်လျှော်စက် အချိန်ထိန်း ကိရိယာနဲ့ လုပ်ပါတယ်။ တခြား ဒုံးကျည်တွေထက် သာတာက အနီးကပ် ပစ်လို့ရပြီး ပေါက်ကွဲမှုအားလည်း ပိုကြီးပါတယ်။ အခုလို ဗုံးပျံနဲ့ တိုက်ခိုက်မှုကို ပြောက်ကျားတွေက ဗီဒီယို ရိုက်ထားပြီး လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘူလာ အဖွဲ့ပိုင် ရုပ်သံ လွှင့်ရုံကနေ ပြသခဲ့ပါတယ်။ ဒါပေမယ့် ဒီဗုံးပျံတွေကို ပထမဆုံး စ တီထွင်သုံးစွဲခဲ့တဲ့ ပြောက်ကျား တွေကတော့ အိုင်အာရ်အေ (မြောက်အိုင်ယာလန် ကက်သလစ်ပြောက်ကျား) တွေနဲ့ ကိုလမ်ဘီယာ နိုင်ငံက ပြောက်ကျားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဗုံးပျံတွေနဲ့ တတန်းတည်းလောက်ထိရောက်တဲ့ ဝါဒဖြန့်ချိရေး ဗီဒီယိုခွေကို ၂ဝဝ၇ စက်တင်ဘာမှာ အယ်လ်ကိုင် ဒါ ဒုခေါင်းဆောင် ဇာဝါဟီရီက ထုတ်လွှင့်ခဲ့ပါတယ်။ ရေပက် မဝင်အောင် ပိုင်ပိုင်နိုင်နိုင် ချည်ပြီးတုတ်ပြီး စကား ပြောတတ်တဲ့၊ မွတ်ဆလင်တွေရဲ့အဓိက မကျေနပ်ချက် (အရှေ့အလယ်ပိုင်း ဆိုင်ရာ အမေရိကန် ပေါ်လစီ) ကို ဦးတည် ပစ်မှတ်ထား နှိုးဆွလှုံ့ဆော် နိုင်စွမ်းရှိတဲ့ ဇာဝါဟီရီ တင်ဆက်တဲ့ “သစ္စာခွန်အား”လို့ နာမယ်ပေးထားတဲ့ ဒီ မှတ်တမ်းတင် သတင်းကား ဗီဒီယိုခွေဟာ မိနစ် ၈ဝ ကြာပြီး မွတ်ဆလင်တွေ အပေါ် အမေရိကန် အစိုးရရဲ့ ‘စော်ကား ထိုးနှက်မှု’တွေကို ရှည်ရှည်ဝေးဝေး ဇာတ်ကြောင်း လှန်ထားပါတယ်။ အမေရိကန် အစိုးရခေါင်းဆောင်တွေရဲ့ စကားတွေ၊ ရုပ်ပုံတွေ၊ အမေရိကန် သတင်းထောက်တွေရဲ့ သတင်းပေးချက်တွေနဲ့ အင်မတန် အနုပညာမြောက် ထိရောက်စွာ ဖြတ် ညှပ် ကပ် ချယ်သ တန်ဆာဆင်ထား ပါတယ်။ ဒါကြောင့် အမေရိကန် ဝက်စ်ပွိုင့် စစ်တ္ကသိုလ် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဌာနမှူး ဂျားရက်ဘရာချမ်က “ဒီ ဗွီဒီယိုဟာ အင်မတန့်ကို အဆင့်မြင့်ပြီး ဟတ်ထိ အောင် ရိုက်ထားလို့ ကျုပ်တို့အတွက် ဧရာမ ပြဿနာကြီး ဖြစ်နေတယ်။ ကြည့်ပြီးရင် ခေါင်းတငြိမ့်ငြိမ့်နဲ့ သူတို့ ပြော တာ ဟုတ်နိုင်တယ်လို့ကို ဖြစ်သွားရတယ်”လို့ ကောက်ချက်ချ ခဲ့ရပါတယ်။

ရည်ညွှန်း။ ဝါရှင်တန်ပို့စ် သတင်းစာ

ဂါမဏိ

Read More...

ဂျပန်သတင်းဌာန၏ဆု မြန်မာသတင်းထောက်ရရှိ

Monday, 16 February 2009 18:32 အေးလဲ့

သတင်းရယူစဉ် ဖမ်းဆီးခံရသည့် မြန်မာ လူငယ် သတင်းထောက် မအိမ့်ခိုင်ဦးအား ဂျပန်နိုင်ငံ အခြေစိုက် APF သတင်းဌာနက ဆု ချီးမြှင့်မည်ဟု သိရသည်။ APF သတင်းဌာနက၂၀၀၇ခုနှစ် ရန်ကုန်မြို့ ရဟန်း သံဃာများ၏ ဆန္ဒပြပွဲတွင် ဓာတ်ပုံရိုက်နေစဉ် သေနတ်ကျည်ဆံ ထိပြီး သေဆုံးခဲ့သည့် ၎င်းတို့၏ သတင်းထောက် မစ္စတာ ကန်ဂျီး နာဂအိ (Kanji Nagai)ကို ဂုဏ်ပြုသော အားဖြင့် အဆိုပါ ဆုကို စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဆုရရှိသူ မအိမ့်ခိုင်ဦးသည် ရန်ကုန်မြို့တွင် အပတ်စဉ် ထုတ်ဝေသော အီကိုဗွီးရှင်း (Eco Vision) ဂျာနယ်၏ သတင်းထောက် တဦး ဖြစ်ပြီး နာဂစ် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူ များနှင့် ပတ်သက်သည့် သတင်း လိုက်နေစဉ် ဖမ်းဆီးခံခဲ့ရသည်။

မအိမ့်ခိုင်ဦးသည် APF သတင်းဌာနက နှစ်စဉ် ချီးမြှင့်မည့် အဆိုပါ ခန်းဂျိနာဂအိ ဆုကို ပထမဦးဆုံး ရရှိသူဖြစ်သည်။

အဆိုပါဆုကို ယခုလအတွင်း ပြုလုပ်မည့် မြန်မာသတင်းသမဂ္ဂ (BMA)၏ ညီလာခံတွင် ချီးမြှင့်မည်ဟု BMAအဖွဲ့၏ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

“မြန်မာနိုင်ငံမှာ သေဆုံးသွားရှာတဲ့ ဂျပန်လူမျိုး ဓာတ်ပုံ သတင်းထောက်ကို လေးစား ဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုပေးဖို့ စီစဉ်တာ ဖြစ်ပါတယ်။ သူ့(မအိမ့်ခိုင်ဦး) ကိုယ်စား တစုံ တယောက်က လက်ခံ ရယူမှာဖြစ်တယ်။ ငွေသားဆု အနေနဲ့ အမေရိကန် ဒေါ်လာ ၁၀၀၀ ပေးမှာ ဖြစ်ပါတယ်” ဟု ဦးစံမိုးဝေက ဧရာဝတီ ကို ပြောပြသည်။

မအိမ့်ခိုင်ဦးအား ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ၂၀၀၈ ခုနှစ် စက်တင်ဘာလက ပြုလုပ်သည့် စစ်အစိုးရ သတင်းစာ ရှင်းလင်းပွဲ တခုတွင် Eco Vision ဂျာနယ် အယ်ဒီတာက မအိမ့်ခိုင်ဦး ထိန်းသိမ်းခံရသည်မှာ ၃လခန့်ရှိပြီ ဖြစ်သောကြောင့် အခြေအနေ သိလိုကြောင်း မေးခွန်း ထုတ်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက စစ်ဆေးဆဲဖြစ်သည် ဟုသာ ဖြေကြား ခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် အာဏာပိုင်တို့က မအိမ့်ခိုင်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ် ခဲ့သည်။ ယခုအခါ အင်းစိန် အကျဉ်းထောင်တွင် ရောက်ရှိနေသည်ဟု သိရသည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့