..............................

Saturday, June 26, 2010

အသွင်ပြောင်းလက်ခံသည့် အပစ်ရပ် SSA တပ်ဖွဲ့အချို့ တောင်ပိုင်းတပ်ဖွဲ့နှင့် ပူးပေါင်း

Friday, 25 June 2010

မြန်မာစစ်တပ်အလိုကျ ပြည်သူ့စစ်အသွင်ပြောင်းရေး လက်ခံထားသော ဥက္ကဋ္ဌ ဦးလွယ်မောဝ်း ဦးဆောင်သည့် ယခင် သျှမ်းပြည် တပ်မတော် SSA တပ်ဖွဲ့ဝင် အချို့ ၄င်းတပ်မှ ထွက်ပြေး နေဆဲ ဖြစ်ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် (မြောက်ပိုင်း) မိုင်းခေး ဋ္ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန် လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းမှူးထံ စာရင်းသွင်း ထားသည့် အထဲမှ တပ်ဖွဲ့ဝင် ၂၀ ဦးခန့် ဂျွန်လအတွင်း ထပ်မံ ထွက်ပြေးခဲ့ကြောင်း အက်အက်အေအ သိုင်းအ၀ိုင်းက သိရသည်။

ယခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဥက္ကဋ္ဌဦးလွယ်မောဝ်း ဦးဆောင်သည့် SSA တပ်ဖွဲ့ဝင်အချို့ ပြည်သူ့စစ်အသွင်ပြောင်း ဖွဲ့စည်းရန် လက်ခံလိုက်ပြီး နောက်ပိုင်း မေလပိုင်းတွင် ၄င်းတပ်မှ တပ်ဖွဲ့ဝင် အမြောက်အများ ထွက်ပြေးခဲ့သည်။

ထွက်ပြေးသွားသူများထဲမှ အင်အား ၄၀ ခန့်မှာ မြန်မာစစ်တပ်အား လက်နက်ကိုင် အံတုနေဆဲဖြစ်သော ထိုင်းနယ်စပ် အခြေဆိုက် စ၀်ယွက်စစ် ဦးဆောင်သည့် သျှမ်းပြည် တပ်မတော်ထံ ပူးပေါင်း ခဲ့သည်ဟု နီးစပ်သူများက ဆိုသည်။

လက်ရှိ အခြေအနေတွင် အက်အက်အေ အနေဖြင့် ပြည်သူ့စစ် အသွင်ပြောင်းရေး လက်ခံ ထားသော်လည်း ပိုနေမြို့ ကျားနေမြို့ ရှိကြောင်း သျှမ်းတပ်မှူး အသိုင်းအ၀ိုင်းက ပြောသည်။

“ပြည်သူ့စစ်အသွင်ပြောင်းရေးကို လက်ခံထားပေမဲ့ အဖွဲ့ကတော့ ဒီအတိုင်း ဆက်ရှိနေတုန်းပါပဲ လက်ရှိ ရှိနေတဲ့ တပ်မဟာ တွေလည်း အားလုံး ပုံမှန်အတိုင်း အဆက်အသွယ် ရှိနေပါတယ်” ဟု ၄င်းအဖွဲ့မှ ပြည်သူ့စစ် အသွင်ပြောင်းရေးကို အာခံနေသည့် တပ်မှူးတစ်ဦးက ဆိုသည်။

သျှမ်းပြည်တပ်မတော်တွင် တပ်မဟာ ၁ ၊ ၇ နှင့် ၃ ဟူသော လက်အောက်ခံ တပ်မဟာ ၃ ခုရှိသည့်အနက် တပ်မဟာ ၁ မှာ ပြည်သူ့စစ်အသွင်ပြောင်းရေးကို ဆက်လက်ငြင်းဆန် နေဆဲဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့အနေဖြင့် ပြည်သူ့စစ်အသွင် ပြောင်းပြီးနောက် ဋ္ဌာနေပြည်သူ့စစ်အဖွဲ့ ၃ ဖွဲ့အထိ ဖွဲ့စည်းရန် ရှိသော်လည်း မည်သည့် အချိန်တွင် စတင် ဖွဲ့စည်းမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဝ နှင့် မိုင်းလားတပ်ဖွဲ့အား မျက်ခြေမပြတ် စောင့်ကြည့်ရန် သျှမ်းပြည် စစ်တိုင်းချုပ် ညွှန်ကြား

Friday, 25 June 2010

ဝ နှင့် မိုင်းလားတပ်ဖွဲ့အား မျက်ခြေမပြတ်စောင့်ကြည့်ရန် သျှမ်းပြည်နှင့် ကယားပြည် စစ်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နယ်ခြားမြို့ ဒေသခံ တပ်ရင်း အရာရှိများအား ညွှန်ကြားခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

“၂၂ ရက်နေ့တုန်းက ဗိုလ်ချုပ်မင်းအောင်လှိုင် လေယာဉ်နဲ့ ကျိုင်းတုံမှာ လာအိပ်တယ်၊ နောက်နေ့ မနက်တော့ မိုင်းယန်းဘက် ခရီးဆက်ပြီး ဒေသခံ စစ်တပ်တွေကို ၂ နာရီကြာ သွားရောက် အားပေးတယ်လို့ သိရတယ်”- ဟု တြိဂံစစ်တိုင်းရုံးနှင့် နီးစပ်သည့် ကျိုင်းတုံသားက ပြောပါသည်။

ဂျွန် ၂၃ ရက် သျှမ်းပြည် နှင့် ကယားပြည် စစ်တိုင်း ၃ တိုင်းချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြးတို့ မိုင်းယန်းမြို့ရှိ နအဖ အရာရှိ/စစ်သည်များအား တွေ့ဆုံ အားပေးစကား ပြောပြီး စခန်းတိုးချဲ့ ပြင်ဆင် မွမ်းမံမှုတို့ကို စစ်ဆေးကာ၊ ၀ နှင့် မိုင်းလားတပ်ဖွဲ့၏ လှုပ်ရှား သွားလာမှု အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်/ သတင်းထောက်လှမ်းရန် ညွှန်ကြား ခဲ့သေးသည်ဟု ဆို၏။

“နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲကာလအထိ လုံခြုံရေးအဓိက ထားရမယ်၊ စစ်အင်အား အသင့် ပြင်ဆင်ထားရမယ် ဆိုတာတွေ ပြောသွားတယ်” - ဟု မိုင်းယန်း အခြေစိုက် နအဖ စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း က ပြောပါသည်။

မိုင်းယန်းမြို့တွင်းရှိတပ်ရင်းများအား ဒု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ ဂျွန် ၂၃ ရက်နေ့ မနက်ပိုင်း၌လှည့် လည်စစ်ဆေးပြီး ကျိုင်းတုံသို့ နေ့ချင်း ပြန်သွားသည်ဟုလည်း မိုင်းယန်းမြို့ခံများက ပြောပါသည်။

မိုင်းယန်းမြို့၌ နအဖ စစ်တပ် ခလရ ၂၇၉ နှင့် ခလရ ၂၈၁ တပ်ရင်း နှစ်ရင်းအပြင် လက်နက်ကြီး ၈၁ မမ ၂ လက် ရှိသည်ဟုလည်း စစ်တပ် အသိုင်းအ၀ိုင်း ကပြောပါသည်။

မိုင်းယန်းမြို့သည် ကျိုင်းတုံအရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာ (၆၃ မိုင်) အကွာတွင်ရှိသည်။ မိုင်းယန်းမြို့ တွင်းမှ လွဲ၍ မြို့ပြင် တခုလုံး ၀ ပြည် သွေးစည်းရေး တပ်မတော် UWSA နှင့် NDAA မိုင်းလား တပ်ဖွဲ့တို့က အသီးသီး ထိန်းချုပ်ထား၏။ အနောက် မြောက်ဘက်တွင် ၀ တပ်မဟာ ၄၆၈ အခြေစိုက်သည့် မိုင်းပေါက်မြို့၊ အရှေ့တောင်ဘက်တွင် မိုင်းလားတပ်ဖွဲ့ NDAA ၏ တပ်မဟာ ၈၉၆ ဌာနချုပ် ဆီလူးဒေသတို့ တည်ရှိသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်

မြင့်မောင်
သောကြာနေ့၊ ဇွန်လ ၂၅ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲ ခံထားရသော သင်္ကြန်တွင်း ကာလ ဗုံးပေါက်ကွဲမှု မြင်ကွင်းကို ရိုက်ကူးခဲ့သူ ဓာတ်ပုံ သတင်းထောက် ကိုစည်သူဇေယျကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ယနေ့ ရုံးထုတ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

ရဲစစ်ကြောရေးစခန်းတွင် ဓာတ်ပုံသတင်းထောက်က ဝန်ခံခဲ့သည်ဆိုသော ထိုင်းနိုင်ငံတွင် ပြုလုပ်သော သတင်းထောက် သင်တန်း တခုကို တက်ရောက်ခြင်းနှင့် ပတ်သက်၍ တရားသူကြီးက ဖတ်ကြားသွားသည်။ ကိုစည်သူဇေယျ၏ ရှေ့နေ ဦးအေးသိန်းက ရဲထံ အစစ်ခံချက်များမှာ တရားမဝင်ဟု ပြန်လည် ချေပခဲ့သည်ဟု သိရသည်။

ကိုစည်သူဇေယျ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းပေးသူက မဇ္ဈိမသို့ ပြောကြားရာတွင် စစ်ကြောရေး ပြုလုပ်စဉ် ရဲက ညှဉ်းပန်းမှု လုပ်ခဲ့သည်ဟု ဆိုသည်။

”ခြေဖျားထောက်ပြီး မတ်တပ်ရပ်ခိုင်းတာ၊ ဒူးထောက်ခိုင်းတာတို့ လုပ်ခိုင်းတယ်။ အဲဒီလို ၃ ရက်လောက် လုပ်ခိုင်းပြီး ၄ နပ်လောက် ထမင်းမကျွေးဘဲ ထားတဲ့အခါ သူက ဖြောင့်ချက်ပေးခဲ့ရတာ။ ဒီဖြောင့်ချက်အရ လဝက က နယ်စပ်ဖြတ်ကျော်မှုနဲ့ တရားလို အဖြစ် တရားစွဲခဲ့တာ’’ ဟု သတင်းပေးသူက ပြောသည်။

ကိုစည်သူဇေယျကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် အက်ဥပဒေ ၁၃ (၁)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ၁၇ (၁) တို့ဖြင့် ရဲက တရားလိုပြုလုပ် တရားစွဲထားသည်။

ထိုင်းနိုင်ငံတွင် မီဒီယာသင်တန်းသို့ သွားတက်ခဲ့ကြောင်းနှင့် ပြည်ပရောက် အတိုက်အခံ ညွန့်ပေါင်းအစိုးရ NCGUB နှင့် ဆက်သွယ်ခဲ့သလို၊ ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) တာဝန်ရှိသူ တဦးထံမှ ဗီဒီယိုကင်မရာ ရယူခဲ့သေးကြောင်း စစ်ကြောရေး စခန်းတွင် ဖြောင့်ချက် ပေးခဲ့သည်ဟု လက်ထောက် တရားသူကြီး တဦးက တရားရုံးတွင် ဖတ်ကြားပြခဲ့သည်ဟု တရားခွင်အနားသို့ သွားရောက် ခဲ့သူတဦးက ပြောသည်။

လူ ၁ဝ ဦးသေဆုံးခဲ့သော ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးအနီး ရေပက်မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားနောက် ဓာတ်ပုံရိုက်နေစဉ် ကိုစည်သူဇေယျကို ရဲက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖခင်ဖြစ်သူ ဦးဇေယျကိုလည်း နောက်တရက်တွင် ဆက်လက်ဖမ်းဆီးပြီး ညွန့်ပေါင်းအစိုးရနှင့် ဆက်သွယ်မှုဖြင့် တရားစွဲထားရာ နောက်တပတ် အင်္ဂါနေ့တွင် ရုံးထုတ်မည်ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ထိုအမှုနှင့် ဆက်စပ်၍ အခြားဖြစ်ထွန်းမှုတခုမှာ စွမ်းအားမြှင့် စစ်သည်တော် ကျောင်းသားအဖွဲ့ လက်ချက်ဟု စစ်အစိုးရက စွပ်စွဲထားသော ဗုံးကွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ လျှပ်စစ်အင်ဂျင်နီယာ ကိုဖြိုးဝေအောင်က “လုံးဝပတ်သက်မှုမရှိ” ဟု ဇွန်လ ၂၃ ရက်နေ့က သွားရောက်တွေ့ဆုံစဉ်က ပြောကြားကြောင်း သူ၏ ရှေ့နေ ဦးကျော်ဟိုးက ပြန်ပြောပြသည်။

ကိုဖြိုးဝေအောင်၏ အမှုကို လာမည့် တနင်္လာနေ့တွင် ရုံးထုတ်မည်ဟု တရားရုံးက ကြေညာထားသော်လည်း မည်သည့် တရားရုံးတွင် အမှု ဆိုင်ရမည်ကို မသတ်မှတ် ထားသေးပေ။

ကိုဖြိုးဝေအောင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် သူကန်ထရိုက် ရယူထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ရှိနေခဲ့သည်ဟု မိသားစုဝင်များက မီဒီယာများကို ပြောထားသည်။

Ref: မဇ္ဈိမ

Read More...

Friday, June 25, 2010

အမေရိကန် လွှတ်တော်အမတ်လက်ထောက် ဒီချုပ်နှင့်တွေ့

ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ ၂၄ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လာမည့် အထွေထွေ ရွေးကောက်ပွဲအပေါ် ထားရှိသည့် ရပ်တည်ချက်ကို ဆွေးနွေးရန် အတွက် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီ၏ လက်ထောက် ရော်ဘင်လားနားသည် အင်္ဂါနေ့က ပါတီ အကြီးတန်း ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ဥပဒေအကြံပေး လာနာသည် မြန်မာနိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့က ရောက်ရှိခဲ့ပြီး ဒီချုပ် ခေါင်းဆောင်များ ဖြစ်ကြသော ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဟံသာမြင့်၊ ဒေါ်မေဝင်းမြင့်နှင့် ဦးဝင်းမြင့်တို့ကို တွေ့ဆုံခဲ့သည်။

ဦးဥာဏ်ဝင်း၏ အပြောအရ တနာရီကြာ ထိုတွေ့ဆုံပွဲကို မြန်မာပြည်ရှိ အမြင့်ဆုံး အမေရိကန် သံတမန်ဖြစ်သော တာဝန်ခံသံမှူး လာရီဒင်းဂါး၏ နေအိမ်တွင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ပါတီ၏ လတ်တလော အခြေအနေ၊ ရှေ့လုပ်ငန်းစဉ်များ၊ စစ်အစိုးရက ယခင်နိုင်ငံရေး ပါတီဟောင်းများ နောက်ဆုံး မှတ်ပုံတင်ရမည့် နောက်ဆုံးရက် အဖြစ် သတ်မှတ်ထားသော မေလ ၆ ရက်နေ့မတိုင်မီ ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့ခြင်း စသည်တို့ကို ဦးတင်ဦးက ရှင်းလင်းတင်ပြခဲ့သည်။

’’စစ်အစိုးရရဲ့ တဖက်သတ် ရွေးကောက်ပွဲ ဥပဒေတွေအရ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနေတဲ့ ပါတီဝင်တွေကို ပါတီက ထုတ်ပစ်ရမယ်။ ဒါ ကျနော်တို့ မလုပ်နိုင်ဘူး ဆိုတာကို ကျနော်တို့ ဒုဥက္ကဋ္ဌ ဦးတင်ဦးက မစ္စလားနားကို ရှင်းပြခဲ့တယ်။ ဒါကို သူသဘောပေါက်ပါတယ်’’ ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

လာမည့် ရွေးကောက်ပွဲပြီးလျှင် ဒီချုပ်အနေဖြင့် မည်ကဲ့သို့ ဆက်လက်ရပ်တည် သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း လားနားက မေးမြန်းရာ အသက်အရွယ် ကြီးရင့်သော်လည်း ပေါ့ပါး ဖျတ်လတ်ဆဲ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းတင်က ထိုအချိန်တွင် အခြေအနေများ မည်သို့ရှိမည်ကို မသိသည့်အတွက် ဤမေးခွန်းကို ယခုဖြေဆိုခြင်း မပြုနိုင် သေးပါကြောင်း ပြန်လည် တုံ့ပြန် ဖြေကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသော အခြားနိုင်ငံရေး ပါတီများ အားလုံးမှာလည်း လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့် မရှိသဖြင့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိနိုင်ကြောင်း ဒီချုပ်ခေါင်းဆောင်များက မစ္စလားနားကို ရှင်းလင်း ပြောပြခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။

’’နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ’’ တွင် စစ်တပ်က ပါဝင်မည်ဆိုသည့် စစ်အစိုးရ၏ အလွန် ဒီမိုကရေစီ မကျသော အချက်ကို သူတို့အနေဖြင့် လုံးဝ လက်မခံနိုင်ကြောင်း ခေါင်းဆောင်များက လားနားကို ပြတ်သားစွာ ပြောကြားခဲ့ကြသည်။

ဤအငြင်းပွားဖွယ် ပြဋ္ဌာန်းချက် စာပိုဒ်သည် အများက မဲလိမ်ခဲ့သည်ဟု ရှုမြင်ကြသော မေလ ၂ဝဝ၈ ခုနှစ်က ကျင်းပခဲ့သည့် စောဒက တက်ဖွယ် ပြည်သူ့ ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပထမဆုံး အခန်းတွင် ပါရှိသည်။ အကြီးအကျယ် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ရက်ပိုင်းအတွင်း သန်းနှင့်ချီသော မြန်မာပြည်သူများ မုန်တိုင်းဒဏ် အလူးအလဲ ခံနေရချိန်တွင် အဆိုပါ ဆန္ဒခံယူပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ ဂျွန်ကယ်ရီ (John Kerry) သည် ၂ဝဝ၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အတွင်းက ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး သမ္မတ ဂျော့ဒဗလျူဘုရှ်ကို ရှုံးနိမ့်ခဲ့သည်။ ဒီမိုကရစ်ပါတီ အခြား လွှတ်တော်အမတ် တဦးဖြစ်သော ဂျင်မ်ဝက်ဘ်လိုပင် စွမ်းရည်ဘွဲ့တံဆိပ်ရ ဗီယက်နမ် စစ်ပြန်တဦး ဖြစ်သည်။

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ်အဖြစ် ၁၉၉၉ ခုနှစ်က ရောက်ရှိခဲ့သော ကယ်ရီကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်နိုင်ပါကြောင်း ပြီးခဲ့သည့်နှစ် သြဂုတ်လက ပြောကြား ကမ်းလှမ်းခဲ့ကြောင်းဖြင့် တွေ့ဆုံ ဆွေးနွေးရေး လိုင်းကို တင်နေသူ Frances Zwenig က ဝါရှင်တန်ပို့စ် သတင်းစာကြီးကို မေလအတွင်းက ပြောကြားခဲ့သည်။ သို့သော် သွားရောက် လည်ပတ်ခဲ့ခြင်း မရှိဘဲ သူ့အစား ဝက်ဘ်သာ သြဂုတ်လအတွင်းက သွားရောက် လည်ပတ်ခဲ့သည်။

Zwenig သည်ဝါရှင်တန်ရှိ အငြင်းပွားဖွယ် ပုဂ္ဂိုလ်တဦးဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ၏ နှာခေါင်းရှုံ့ခြင်းကို ခံရသူလည်း ဖြစ်သည်။ ကယ်ရီထံတွင် လုပ်ကိုင်နေစဉ်က ရရှိခဲ့သော နိုင်ငံရေး အဆက်အသွယ်များကို အသုံးပြုကာ ၁၉၉ဝ စုနှစ်များ အတွင်းက ထိတွေ့ ဆက်ဆံရေးမူဝါဒ ကျင့်သုံးစေရန် ဆော်သြ လှုံ့ဆော်ခဲ့သူ ဖြစ်သည်။

သူမသည် ကော်ပိုရေးရှင်းများထံမှ ငွေကြေးကို အောင်မြင်စွာ ရယူ တောင်းခံနိုင်ခဲ့ကာ ၁၉၉၇ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် စီးပွားရေး လုပ်ဆောင်ရေး ထောက်ခံသူများ၏ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဝင်ကြီးများ ပါဝင်သည့် အချက်အလက် ရှာဖွေရေး ခရီးစဉ်တခုကို ၁၉၉၇ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့ စေလွှတ်နိုင်ခဲ့သည်။ ထိုအဖွဲ့တွင် အကြီးတန်းအစိုးရ အရာရှိဟောင်းကြီး ၃ ဦးလည်း ပါဝင်သည်။ သံတမန်ဟောင်း ၂ ဦးနှင့် ၁၉၈ဝ စုနှစ်များအတွင်းက ဒု ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် နီယိုကွန်ဆာဗေးတစ် ရစ်ချတ်အာမီတေ့ခ်ျ (Richard Armitage) တို့လည်း ထိုအဖွဲ့တွင် ပါဝင်သည်။

နောင်တွင် ကောလင်းပိုးဝဲလ်နှင့် ဘုရှ်တို့ လက်အောက်တွင် ဒုနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာရန် ရှိသော်လည်း နောက်ပိုင်းတွင် Valerie Plame သည် စီအိုင်အေ ထောက်လှမ်းရေး သူလျှို တဦးဖြစ်ကြောင်း ပင်တိုင်ဆောင်းပါးရှင် ရောဘတ်နိုဗတ် (Robert Novak) ကို ထုတ်ဖော် ပြောကြားခဲ့သည့် အတွက် နာမည်ပျက်ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေး ဝါရှင်တန်ရှိ အစိုးရအဖွဲ့ကို ပညာပေးနိုင်ရန် အတွက် Zwenig ၏ ထိတွေ့ ဆက်ဆံရေး အဖွဲ့သည် ယူနိုကယ် ကုမ္ပဏီမှ ဒေါ်လာ ၅ သောင်း လက်ခံ ရရှိခဲ့ကြောင်းဖြင့် ဝါရှင်တန်ပို့စ် သတင်းစာက ၁၉၉၇ ခုနှစ် ဇူလိုင်လက ရေးသား ဖော်ပြခဲ့သည်။ ရတနာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ယူနိုကယ်လည်း ပါဝင်သည်။ ယူနိုကယ် ကုမ္ပဏီသည် ရတနာ စီမံကိန်း အောင်မြင်ရေး အတွက် မြန်မာစစ်အစိုးရကို ငွေပေးခဲ့သည်ဟု မြန်မာ ကျေးရွာသားများက တရားစွဲဆိုရာတွင် ဖော်ထုတ် ဖွင့်ချခဲ့သည်။

အဆိုပါ ကျေးရွာသားများကို ကိုယ်စားပြု ဆောင်ရွက်ပေးသည့် ဥပဒေရေးအစိုးရ မဟုတ်သည့် အဖွဲ့အစည်းတခု ဖြစ်သော Earth Rights International က ယူနိုကယ်နှင့် အခြား စီးပွားဘက်ကုမ္ပဏီများသည် ရွာသားထောင်ပေါင်းများစွာကို အတင်းအကျပ် နေရာပြောင်းရွှေ့စေခြင်း၊ ပိုက်လိုင်း တည်ဆောက်ရေးတွင် အဓမ္မ လုပ်အားပေးများ ခိုင်းစေနိုင်ရန်တို့ အတွက် မြန်မာ စစ်တပ်ရင်းများ ကို ယူနိုကယ်က အခကြေးငွေပေး ငှါးရမ်း ခိုင်းစေခဲ့သည်ဟု အထောက်အထားများဖြင့် တင်ပြခဲ့သည်။ နောက်ပိုင်းတွင် ယူနိုကယ်ကို ရှယ်ဗရွန် (Chevron) က ဝယ်ယူခဲ့ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများကိုလည်း လွှဲပြောင်း ရယူခဲ့သည်။

မြန်မာစစ်အစိုးရနှင့် အကျိုးဖြစ်ထွန်းသည့် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရေးကို ရည်မှန်းချက်အဖြစ် ထားရှိသည့် သမ္မတ အိုဘားမား၏ မူဝါဒအရ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ကတ်ကင်းဘဲလ်နှင့် အမေရိကန် လွှတ်တော် နိုင်ငံခြားရေး ကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်တို့ ၂ ဦးစလုံးသည် အိုဘားမား သမ္မတအဖြစ် တာဝန်ယူပြီးချိန်မှ စ၍ မြန်မာနိုင်ငံသို့ သွားရောက် ခဲ့ကြပြီးဖြစ်သည်။

လွန်ခဲ့သောလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော ကင်းဘဲလ်က လာမည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်သည့် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ရွေးကောက်ပွဲ ရလဒ်များကို ပယ်ချသင့်သည်ဟု ပြောကြားခဲ့သည်။ မြန်မာ စစ်အစိုးရနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား လျှို့ဝှက် သဘောတူညီမှုများ သည်လည်း ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို ချိုးဖောက်နေသည်ဟုလည်း သူက ထုတ်ဖော် ပြောဆိုခဲ့သည်။ ဤဆုံးဖြတ်ချက်က မြောက်ကိုရီးယား နိုင်ငံက ပင်လယ်ရပ်ခြားသို့ စစ်လက်နက် ပစ္စည်းများ တင်ပို့ခြင်းကို တားမြစ်ထားသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် လွန်ခဲ့သော သြဂုတ်လက တွေ့ဆုံခဲ့သည့် ဝက်ဘ်ကလည်း အမေရိကန်က မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူခြင်းကို သူ၏ စာအုပ် A Time to Fight: Reclaiming a Fair and Just America (သမမျှတသည့် အမေရိကန်နိုင်ငံ ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ရမည့်အချိန်) တွင် ထည့်သွင်းရေးသား ဝေဖန်ထားသည်။ အမေရိကန်က မြန်မာစစ်အစိုးရနှင့် ပိုမိုရင်းနှီးထိတွေ့ဆက်ဆံမှု ရှိခဲ့ပါက ၂ဝဝ၇ စက်တင်ဘာလအတွင်း ဆန္ဒပြသံဃာနှင့် ပြည်သူများကို ရက်စက်စွာ ဖိနှိပ်ချေမှုန်းခြင်းကို ကာကွယ်နိုင်ခဲ့လိမ့်မည်ဟု သူက ရေးသားထားသည်။

စစ်အစိုးရသည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည် ဟူသော စွပ်စွဲချက်များ ပေါ်ထွက်လာပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် စီစဉ်ထားခြင်းကို ယခုလအစောပိုင်းက ရုတ်တရက် ဖျက်သိမ်းခဲ့သည်။ ယခုနှစ် အောက်တိုဘာလတွင် ကျင်းပလိမ့်မည်ဟု သူမှန်းဆထားသည့် အထွေထွေ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး ဖြစ်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံ သင့်သည်ဟုလည်း သူက ပြောသည်။

မစ္စတာဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံအပြီး မကြာမီတွင် အကျဉ်းကျနေသော အမေရိကန်လူမျိုး ကမ္ဘာလှည့် ခရီးသည် ဂျွန်ယက်တောကို ခေါ်ထုတ်သွားခွင့် ရရှိခဲ့သည်။ စိတ်မမှန်ဟု သူ့မိသားစုက ပြောကြားထားသော ယက်တောသည် မြန်မာနိုင်ငံကို ၂ ကြိမ် သွားရောက်ကာ အင်းယားကန်ကို ၂ ကြိမ်မျှ ဖြတ်ကူး၍ ကမ္ဘာ့အထင်ရှားဆုံး နိုင်ငံရေး အကျဉ်းသားကို ဝင်ရောက် တွေ့ဆုံခဲ့သည်။

နိုဘယ်ဆုရှင်၏ နေအိမ်သို့ ဒုတိယအကြိမ် ဝင်ရောက်အပြီးတွင် နေအိမ်အကျယ်ချုပ် စည်းကမ်းများကို ဖောက်ဖျက်သည်ဟုဆိုကာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး အကျဉ်းချခဲ့သည်။ မစ္စတာယက်တောသာ ထိုသို့ဝင်ရောက်ခဲ့ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်းမှာ နောက်နှစ်ပတ်အတွင်း စေ့တော့မည်ဖြစ်သည်။ နိုင်ငံတကာက ဝိုင်းဝန်း ကန့်ကွက်ခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင်ကို အကျဉ်းထောင်မှ လွှတ်ပေးကာ နေအိမ်တွင် အထိန်းသိမ်းခံရန် ၁၈ လ ထပ်မံချခဲ့သည်။

(သောမတ်စ်မောင်ရွှေ ဖြည့်စွက်သတင်းပေးပို့သည်။)

Ref: မဇ္ဈိမ

Read More...

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော

မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ ၂၄ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပြုရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ခွင့်ပြုချက် တောင်းခဲ့ သူများကို ဖွဲ့စည်းခွင့် မပြုကြောင်း ရဲက ယမန်နေ့က ပြောကြားလိုက်သည်။

ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရဲမှူးကြီး အောင်ဒိုင်းက အလုပ်သမား ကိုယ်စားလှယ် ၇ ဦးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ယူ တွေ့ဆုံပြီး ”တရားမဝင်” အသင်း ဖွဲ့စည်းမှုဟု ဆိုကာ ဆက်လက် လုပ်ကိုင်ပါက အရေးယူမည် ဖြစ်ကြောင်း ပြောသည်။

ထင်ရှားသော အလုပ်သမားအခွင့်အရေး အကျိုးဆောင် ကိုဖိုးဖြူ အပါအဝင် ၂၂ ဦးက ”မြန်မာအမျိုးသား စက်မှု အလုပ်သမားများနှင့် လယ်သမားများ အကျိုးစီပွား ကာကွယ်ရေး အလုပ်သမားများ သမဂ္ဂ” ကို တည်ထောင်ကြောင်းနှင့် တရားဝင် ခွင့်ပြုပါရန် နေပြည်တော်ရှိ စစ်အစိုးရ ခေါင်းဆောင်သို့ စာတိုက်မှ တဆင့် အကြောင်းကြား ခဲ့ပြီးနောက် အာဏာပိုင်များက တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“လုံးဝ ဖွဲ့ခွင့်မရှိဘူး။ ဖွဲ့တာကိုက တရားမဝင်ဘူးတဲ့” ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ တဦးဖြစ်သော ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ကိုဖိုးဖြူအပြောအရ ဖမ်းဆီးထောင်ချခံကာ သမဂ္ဂဖွဲ့စည်းခြင်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး အလုပ်သမား၊ လယ်သမားများ အကျိုးအတွက် ကာကွယ်သွားမည်ဟု အလုပ်သမား ကိုယ်စားလှယ်များက အကြောင်း ပြန်ခဲ့သည်ဟု ဆိုသည်။

“ခါးသီးတဲ့ ဒုက္ခကို နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ လုပ်သားပြည်သူတွေ၊ ပြည်သူတွေ ခံစားနေရတယ်။ ဒီလို အခြေအနေမျိုးမှာ သမဂ္ဂ ပေါ်ပေါက်ဖို့ လိုအပ်နေပြီ” ဟု ကိုဖိုးဖြူက ပြောသည်။

ကိုဖိုးဖြူသည် စစ်တပ်က လယ်သိမ်းခံရ၍ ကန့်ကွက်သော လယ်သမားများအတွက် အကျိုးဆောင်ရာက လွန်ခဲ့သည့်နှစ် မတ်လက ထောင်ကျသွားခဲ့ပြီး လွန်ခဲ့သည့် ၃ လကမှ လွတ်မြောက်ခဲ့သည်။

သမဂ္ဂဖွဲ့စည်းမှု ဆက်လက်လုပ်ဆောင်လျှင် မတရားအသင်း ဖွဲ့စည်းခြင်းဖြစ်၍ ဥပဒေ ချိုးဖောက်ကြောင်းနှင့် အဖွဲ့အကြောင်း စာရေးသား ပုံနှိပ်ထုတ်ဝေလျှင် ပုံနှိပ် ထုတ်ဝေသူများ ဥပဒေနှင့် ငြိစွန်း၍ အရေးယူမည်ဟု ရဲမှူးကြီးအောင်ဒိုင်းက အမျိုးသမီး ၃ ဦး ပါသော အလုပ်သမား ကိုယ်စားလှယ်များကို ပြောသည်။

ထိုနေ့အစောပိုင်းတွင်ပင် အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက သမဂ္ဂခေါင်းဆောင် များကို တွေ့ဆုံခဲ့ကာ ရွေးကောက်ပွဲ အပြီး အစိုးရသစ်တရပ် တက်လာချိန်အထိ စောင့်ဆိုင်းရန် ပြောကြားခဲ့သည်။

တံခါးပိတ်ဆွေးနွေးပွဲ ဖြစ်သော်လည်း ထောက်လှမ်းရေး ၂ဝ ခန့်က စောင့်ကြည့်ကာ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။

အဓိက အတိုက်အခံအဖွဲ့ကြီးဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးတင်ဦးက အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်ကို ပိတ်ပင်ခြင်း မပြုသင့်ဟု ပြောကြားလိုက်သည်။

အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သော အခြားသော အလုပ်သမားကိုယ်စားလှယ်များမှာ တောင်တွင်းကြီးမြို့မှ ဦးပါလေးနှင့် ဦးဝင်းနိုင်၊ ဒဂုံမြို့နယ် တောင်ပိုင်းနေ ဦးကြည်လင်း၊ သာယာဝတီမြို့နေ မနွဲ့ရီဝင်း၊ လှိုင်သာယာမှ မခိုင်သဇင်၊ ရွှေပြည်သာနေ မအေးချမ်းပြည့်တို့ ဖြစ်သည်။

ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUB ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်က “အလုပ်သမား သမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ရှိအောင် ဥပဒေပြဋ္ဌာန်း ထားဖို့ရယ်၊ အခက်အခဲ မရှိအောင် စစ်အစိုးရက ခွင့်ပြု လုပ်ဆောင်ဖို့ လိုပါတယ်” ဟု ပြောသည်။

လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်အနက် အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ၁၅ ဦးအထိ ပါဝင်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

စစ်တပ်အုပ်စီးသော အစိုးရဆက်ဆက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို ပိတ်ပင် ထားသည်မှာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်သည်။

သို့သော်လည်း လုပ်ခလစာတိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင် ကောင်းမွန်ရေးတို့ အတွက် စုစည်းမှုရှိသော ပုဂ္ဂလိက စက်ရုံ လုပ်သားများ ဆန္ဒပြမှုများ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ အနည်းဆုံး ၁ဝ ကြိမ် ဖြစ်ပွားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဝန်ကြီးချုပ် ဦးသိန်းစိန်က ကြံ့ဖွံ့ပါတီကို မဲပေးရန် ပြောကြား

NEJ / ၂၄ ဇွန် ၂၀၁၀

ရခိုင်ပြည်နယ်သို့ ရေဘေးကယ်ဆယ်ရေး အကူအညီများပေးရန် သွားရောက်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နအဖ ၀န်ကြီးချုပ် ဦးသိန်းစိန်က နိုင်ငံတော် အစိုးရ ထောက်ခံသော ပါတီကိုသာ မဲပေးရန် ပြောဆို သွားခဲ့ကြောင်း စစ်တွေမြို့ခံ တဦးက ပြောသည်။

ဇွန် (၂၂) ရက် ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်မြို့တော်ခန်းမ၌ ပြုလုပ်သည့် ရခိုင်ပြည်နယ် ရေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ဦးသိန်းစိန်က ယင်းသို့ ပြောကြားခဲ့ကြောင်း စစ်တွေ စည်ပင်သာယာမှ ရခိုင်အမျိုးသား ၀န်ထမ်း တဦးက ပြောသည်။

၎င်းက “သူအဓိကပြောတဲ့ အကြောင်းကတော့ သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး လုပ်နေတဲ့အကြောင်း ပြောတာပဲ။ ဒါပေမယ့် သူပြောတဲ့ အထဲမှာ ရွေးကောက်ပွဲ အတွက်လည်း ပါတယ်။ နိုင်ငံတော်အစိုးရ ထောက်ခံတဲ့ ပါတီကို မဲပေးဖို့နဲ့ အနိုင်ရရှိရေး အတွက် ပါဝင် ကြိုးပမ်းကြဖို့ ပြောဆို သွားတယ်။ ကျနော်တို့ကတော့ ၀န်ထမ်းတွေဆိုတော့ သူပြောတာ နားထောင် ရတာပါပဲ။ အခုလည်း ရေဘေးကြောင့် လူတွေ အတော်များများ အခက်တွေ့နေချိန်မှာ အဲလိုပြောတာတော့ မကြိုက်တာ အမှန်ပဲ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဇွန် (၁၃) ရက် မှ (၁၆) ရက်အထိ မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးကာ မြေပြိုမှုများဖြစ်ပေါ်ပြီး လူသေဆုံးမှုများ၊ နေအိမ် ပျက်စီးမှုများ၊ ရေလွှမ်းမိုးမှုများ ကြုံခဲ့ရပြီး ရေဘေးဒဏ် ခံခဲ့ရသူ များစွာရှိခဲ့သည်။

အဓိက ရေဘေးဒဏ်ခံရသော မြို့နယ်များဖြစ်သည့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မြေပုံမြို့နယ်တို့တွင် လူပေါင်း (၁) သောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်သူလူထု ဒုက္ခရောက်နေချိန်တွင် ၀န်ကြီးချုပ် ဦးသိန်းစိန်က ကယ်ဆယ်ရေး အကြောင်းပြကာ ၎င်းဦးဆောင်သည့် ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန် ပြောကြားခြင်းကို စစ်တွေမြို့ခံများက မကျေနပ်ကြကြောင်း သိရသည်။

“ပွဲလန့်တုန်း ဖျာခင်းတာပေါ့။ သူတို့ပါတီအတွက် ပြောချင်တာလည်းပါတယ်၊ အံကိုက်ပဲပေါ့။ နောက် ပြောသွားသေးတယ်။ လယ်သမား တွေကိုလည်း ထောက်ပံ့မယ်တဲ့။ ဘာပဲပြောပြော ကြံ့ဖွံ့ပါတီက စေတနာပါပါနဲ့ လုပ်ပေးမယ့် အနေအထားတော့ မဖြစ်နိုင်ဘူး” ဟု စစ်တွေမြို့ခံ တဦးက ပြောသည်။

ပြီးခဲ့သည့်မေလအတွင်း ပြုလုပ်ခဲ့သည့် တိုင်းမှူးနှင့် တပ်မှူးများ၏ ပထမ လေးလပတ် အစည်းအဝေးတွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအား ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ကျောထောက်နောက်ခံ ပြုသွားရန် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားခဲ့ကြောင်း သိရသည်။

ယင်းညွှန်ကြားချက်ကို ပြည်သာယာ စစ်ဆင်ရေးညွှန်ကြားချက်ဟု အမည်ပေးထားကြောင်း စစ်ဖက်ဆိုင်ရာ သတင်း ရပ်ကွက် တခုမှ သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နအဖစစ်ခေါင်းဆောင်များနှင့် စစ်တိုင်းမှူးများက ထူထောင်ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ နာမည် ပြောင်းထားခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌ တာဝန်အား လက်ရှိ နအဖဝန်ကြီးချုပ် ဦးသိန်းစိန်က တာဝန် ယူထားသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာနိုင်ငံသားစိစစ်ရေးကဒ် မရှိလည်း ယာယီ နိုင်ငံကူးလက်မှတ် လုပ်ရန်လွယ်ကူ

Thursday, 24 June 2010

ရွှေ့ပြောင်းအလုပ်သမားများ နအဖ ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသော်လည်း မြန်မာ နှင့် ထိုင်းအစိုးရ ပူးပေါင်း အကောင်အထည် ဖေါ်သည့် ယာယီနိုင်ငံကူး လက်မှတ် လုပ်ရန် အခက်အခဲ မရှိကြောင်း သျှမ်းရွှေ့ပြောင်း အလုပ်သမား တဦးက ပြောပါသည်။

“မနေ့က တာချီလိတ်မှာ ကျနော်တို့ ယာယီနိုင်ငံကူးလက်မှတ် သွားလုပ်ကြတယ်၊ မှတ်ပုံတင် မရှိလဲရတယ်၊ အကုန် အကျ တော့များတယ်၊ အားလုံးအပြီးအစီး ၆၅၃၅ ဘတ်။ ကျနော်တို့လို ကျဘမ်း အလုပ်သမားအတွက် မနည်းဘူးလေဗျာ။ ” - ယမန်နေ့က တာချီလိတ်သို့ ယာယီနိုင်ငံကူးလက်မှတ် ပြန်လုပ်သူ တဦးက ပြောပါသည်။

ယာယီနိုင်ငံကူးလက်မှတ်စီမံကိန်းတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသူများ၏ အနာဂတ်အတွက် စိုးရိမ်ရသော်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မှ နေ့ချင်းပြန် သွားလုပ်နိုင်ကြောင်း ပြောပြပါသည်။

“ကျနော်တို့ကို ထိုင်းက ပွဲစားတွေက ခေါ်သွားတာလေ။ သူတို့အကျိုးဆောင် မလုပ်ပေးရင် ဘယ်လွယ်မလဲ။ ဗမာ ဘက်ခြမ်းက ပွဲစားတွေနဲ့ ထိုင်းဘက်ခြမ်းက ပွဲစားတွေ ပူးပေါင်းပြီးလုပ်တာ။ ကုန်ကျ စရိတ်တော့ များတယ်။ ယာယီနိုင်ငံကူးလက်မှတ် လုပ်ပြီးခြင်း ၂၄ နာရီအတွင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးကို အကြောင်းကြားရတယ်။ ထိုင်း အလုပ်သမား ဌာနကိုတော့ အလုပ်ရှင်နဲ့ အတူသွားရင် ပိုလွယ်တယ်။” - ဟု ဆက်ပြော၏။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် မှတ်ပုံတင်မရှိသူများအတွက် မိဘ ဘိုးဘွားနာမည် ခုနှစ်ဆက် ပြောပြရကြောင်း၊ ဘီ၊ ဘင်တို့၏ နာမည် မသိသူများ အတွက် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း၊ သို့သော် တရက်တည်းဖြင့် အပြီး လုပ်နိုင်သဖြင့် ထင်သလောက် ပင်ပန်းခြင်း မရှိကြောင်း ပြောပါသည်။

တရားဝင်အလုပ်သမားဖြစ်ရေး အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းသည့် စီမံကိန်းတွင် (လက်ရှိပေါက်ဈေးအရ) ယာယီ နိုင်ငံကူးလက်မှတ် (ထိုင်းအကျိုးဆောင် ကုမ္ပဏီထံ ပေးရသည့်ငွေ) ဘတ်ငွေ ၄၆၅၀၊ ထိုင်းအလုပ်သမား ရေးရာဌန ဘတ်ငွေ ၁၄၅၀၊ မှတ်ပုံတင်ကြေး (မြန်မာမှတ်ပုံတင်မရှိသည့်သူ) ဘတ် ၃၇၀၊ စာအုပ် (ယာယီနိုင်ငံ ကူးလက်မှတ်) ကြေး ၆၅ ဘတ်၊ စုစုပေါင်း ၆၅၃၅ ဘတ် ကုန်ကျ ကြောင်းသိရပါသည်။

“အနာဂတ် ဘယ်လိုဖြစ်လာမလဲတော့မသိဘူး၊ မြန်မာဘက်က အလုပ်သမားတွေရဲ့ ၀င်ငွေခွန် ထပ်ကောက်ဦး မလား မသိဘူး၊ ဒါပေမယ့် ယာဉ်မောင်းလိုင်စင်တွေ၊ မော်တော်ယာဉ် ပိုင်ဆိုင်တဲ့ အခွင့်အရေးတွေ ရတယ် ဆိုတော့ မဆိုးဘူးပေါ့၊”- ဟု ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ဆောက်လုပ်ရေး အလုပ်သမား ကျိုင်းတုံသား စိုင်းလုံကျောက် ကပြောပါသည်။

“အရင်က ကျနော်တို့ ထိုင်းထဲကို ခိုးဝင် အလုပ်လုပ်တဲ့ သူခိုးတွေ၊ အခုတော့ ကိုယ်ပိုင်နံပါတ်တွေနဲ့ တရားဝင်နယ် စပ်ဂိတ်ကို ခေါင်းမော့ ရင်ကော့ပြီး ဖြတ်သန်းတယ်။ ထိုင်းထဲမှာလည်း ဘယ်သူကိုမှ ကြောက်စရာ မလိုတော့ဘူး၊ ဥပဒေနဲ့ လွတ်ကင်းရင် ပြောတာနော်” - ဟု သျှမ်းပြည်သား ကရင်အမျိုးသား တဦးကလည်း သျှမ်းသံတော်ဆင့် သို့ ပြောပြပါသည်။

ထိုင်း - မြန်မာပူးပေါင်းအကောင်အထည်ဖေါ်သည့် စီမံကိန်း၌ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတိုင်း ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ခွင့် သုံးနှစ်ဆက်တိုက် ရရှိမည်ဖြစ်ပြီး၊ သတ်မှတ်ချိန် ပြည့်လွန်ပါက မိမိနေရပ်/ တိုင်းပြည် သို့ သုံးနှစ် ပြန်နေရမည် ဖြစ်သည်။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်အတွက် နအဖက တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းမြို့တို့တွင် ရုံးဖွင့်လှစ် ပေးထားပြီး တရက်လျှင် အလုပ်သမား ၂၀၀ ခန့် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးလျက် ရှိသည်။ ထိုင်းနိုင်ငံ အတွင်း မြန်မာ အလုပ်သမား ၁.၁ သန်း တရားဝင် အလုပ် လုပ်နိုင်ရေး အတွက် - ၂၀၁၂ ခုနှစ်အထိ စီမံကိန်းချ လုပ်ဆောင်ပေးသွားမည် ဟု သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မြန်မာစစ်တပ်မှ Missile ဒုံးပျံများ အပစ်ရပ်နယ်မြေအနီးသို့ ဖြန့်ကျက်

Thursday, 24 June 2010

မြန်မာစစ်တပ်မှ ဒုံးပျံ အစီးရာပေါင်းများစွာကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အာခံနေသော လက်နက်ကိုင် အဖွဲ့များ ရှိရာ ကချင်ပြည်နယ်နှင့် သျှမ်းပြည် အတွင်းရှိ ဒုံးပျံ တပ်ရင်းများသို့ မေလကုန်ပိုင်းက ပို့ဆောင်လိုက်ကြောင်း စစ်ဘက် သတင်းများအရ သိရသည်။

မေလပိုင်းက ကချင်နှင့်သျှမ်းပြည်အတွင်းရှိ မိုးညှင်း၊ ကျိုင်းတုံ နှင့် နောင်ချိုမြို့နယ်များ၌ မြန်မာစစ်တပ်မှ ဒုံးပျံတပ်ရင်း (၃) ရင်းအား ဖွင့်လှစ်ခဲ့ရာ ၄င်းတပ်ရင်း သစ်များသို့ အတွဲလိုက် ပစ်ခတ်နိုင်သော ၁၂၂ မမ ဒုံးပျံ အစီး တစ်ထောင်ခန့်နှင့် ဒုံးပစ်ရာတွင် အသုံးပြုသည့် ယာဉ်များကို ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

အသစ်ဖွဲ့စည်းထားသည့် ဒုံးပျံတပ်ရင်းများအား ကကဒုံး (ခေါ်) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(ဒုံး) မှ ကွပ်ကဲ အုပ်ချုပ် မည်ဖြစ်ပြီး မြောက်ကိုးရီးယား နိုင်ငံလုပ် ဒုံးများဖြစ်ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလက ရန်ကုန် သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် မြောက်ကိုးရီးယား သဘောင်္ တစ်စီးပေါ်တွင် ဒုံးပျံနှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာကြောင်း သတင်းထွက်ခဲ့သည်။

မြန်မာစစ်တပ်အနေဖြင့် ၁၉၈၈ ခုနှစ်မှစတင်၍ စစ်တပ်အင်အား ကြီးထွားရေးကို အရှိန်အဟုန်မြှင့် တိုးချဲ့လျှက်ရှိရာ ထိုစဉ် က မြန်မာ စစ်တပ်တွင် တိုက်ခိုက်ရေး တပ်ရင်း ၁၈၉ ရင်းခန့်သာ ရှိသော်လည်း ယခုအခါ စစ်သည်အင်အား ၄ သိန်း ကျော်ခန့် ရှိပြီဖြစ်သည်။

ခေတ်နောက်ကျကျန်ပြီး ဆင်းရဲတွင်းနက်နေသည့် မြန်မာနိုင်ငံတွင် စစ်တပ်အင်အား ချဲ့ထွင်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆက်စပ်နေပြီး စစ်တပ် ကျောထောက်နောက်ခံဖြင့် တိုင်းပြည်ကို ပိုင်နိုင်စွာ အုပ်ချုပ်နိုင်ရန် နယ်မြေ စိုးမိုးရေးကို အကွက်ချ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း စစ်ရေး ကျွမ်းကျင်သူများက သုံးသပ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

နေပြည်တော်ဆုံးဖြတ်ချက်လက်ခံရမည်ဟု ၀ တပ်ဖွဲ့အား ထပ်မံခြိမ်းခြောက်

Thursday, 24 June 2010

နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးအတွက် ၀ တပ်ဖွဲ့ခေါင်းဆောင်ပိုင်း အချို့နှင့် နအဖ ကိုယ်စားလှယ်များ ပန်ဆန်း ဌာနချုပ်၌ ထပ်မံတွေ့ဆုံရာ ‘အသွင်ပြောင်းရေး၌ နေပြည်တော်၏ စီမံကိန်း လက်မခံလျှင် အဆိုးဘက် ဦးတည်နိုင်သည်’ - ဟု ၀တပ်ဖွဲ့အား နအဖ ကိုယ်စားလှယ်က ထပ်မံ ဖိအားပေး ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

“၂၁ ရက်တုန်းက လားရှိုးဒုတိုင်းမှူးဦးဆောင်တဲ့ နအဖ ကိုယ်စားလှယ်အဖွဲ့နဲ့တရုတ်အဖွဲ့ မိုင်းလျဲမ်း (ယူနန်နယ်) မှာတွေ့ပြီးပြီးချင်း ပန်ဆန်းကိုပြန်အိပ်တယ်။ မနေ့တုန်းက ၀ ခေါင်းဆောင်ပိုင်းအချို့နဲ့တွေ့တယ်၊ ၀ စစ်ဦးစီးချုပ် နဲ့ ဥက္ကဌကြီးပေါက်ယူချမ်းတို့တော့မတွေ့ဖြစ်ဘူး။”- ဟု ပန်ဆန်းအရာရှိနှင့်ရင်းနှီးသည့် လားရှိုးသားတဦးပြော ပါသည်။

ဂျွန် ၂၂ ရက်နေ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းသိန်းနှင့် တန့်ယန်း အခြေစိုက်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်တို့ ဦးဆောင်သည့် အင်အား ၄၀ ၀န်းကျင် ကိုယ်စားလှယ်အဖွဲ့ နှင့် ၀ ခေါင်းဆောင်ပိုင်း များဖြစ်သည့် UWSP ဒုဥက္ကဌ ရှောက်မင်လျံ၊ ဒုအတွင်းရေးမှူး ပေါက်ယိုယီး နှင့် ပေါက်ယိုလျံ၊ ကျောက်ကော်အန်း၊ ကျောက်ဝန်ကွမ်း၊ လီဇူးလျဲ့ ခေါ် ဦးအောင်မြင့်တို့ ပန်ဆန်း၌ တနာရီကြာ တွေ့ဆုံခဲ့သည် ဟု ဆို၏။

တွေ့ဆုံပွဲ၌ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေး ကိစ္စသည် ‘နေပြည်တော် ဆုံးဖြတ်ချက် ဖြစ်သဖြင့် လက်မခံလျှင် အဆိုးဘက် ဦးတည်နိုင်ကြောင်း’ နအဖ ကိုယ်စားလှယ်မှ ထပ်မံ ဖိအားပေးခဲ့သော်လည်း ၀ တပ်ဖွဲ့တို့ တစုံတရာ တုန့်ပြန် ဆွေးနွေးခြင်း မပြုကြောင်း ပြောပါသည်။

“နအဖ ကိုယ်စားလှယ်တွေ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးအကြောင်း တနာရီလောက် ပြောသွား ပြီးတဲ့နောက်- ဘာတွေမေးမြန်း/တောင်းဆို လိုက်ပါသလဲလို့ မေးတော့ ၀ ခေါင်းဆောင်တွေက ပြောစရာ မရှိကြောင်း ဖြေကြားတယ်။ အခမ်းအနားမှူးကလဲ တွေ့ဆုံပွဲ ပြီးဆုံးကြောင်း ကြေငြာလိုက်တယ်”- ဟု ၀ အရာရှိတဦးက ပြော၏။

ဂျွန် ၂၀ ရက်နေ့ကတည်းက အဆိုပါ နအဖ ကိုယ်စားလှယ်အဖွဲ့ လားရှိုး - တန့်ယန်းမှ ပန်ဆန်းသို့ရောက်ရှိ နေပြီး ဂျွန် ၂၂ ရက်နေ့ မနက်ပိုင်းမှ လားရှိုးသို့ တပ်ခေါက်ပြန်သွားကြသည်ဟု ဆို၏။

ယခုတွေ့ဆုံမှုသည် ဧပြီ ၂၈ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင် မပြောင်းလျှင် ၀ တပ်ဖွဲ့ အပါအ၀င် အပစ်ရပ်များ အားလုံး တရားမ၀င် အသင်းအဖွဲ့ ဖြစ်သွားမည်ဟု နအဖ မှ ခြိမ်းခြောက် ပြောဆိုပြီး နောက်ပိုင်း ဒုတိယ အကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

ပန်ဆန်းရောက် နအဖ ကိုယ်စားလှယ်အဖွဲ့တိုင်းသည် ပန်ဆန်းမြို့တွင်းရှိ မေရှင်း ဟိုတယ်တွင်သာ တည်းခိုကြရာ နအဖ နှင့် ၀ ဆက်ဆံရေး ပြေလည်စဉ်က ၀ အာဏာပိုင်တို့ ညစာစားပွဲ တည်ခင်း ဧည့်ခံလေ့ ရှိသော်လည်း ယခု လားရှိုး ဒု-တိုင်းမှူး နှင့်အဖွဲ့ ခရီးစဉ်တွင်မူ ဟိုတယ်မှ ကျွေးမွေးသည့် အစားအစာ များဖြင့်သာ ပြီးဆုံးခဲ့ရကြောင်း ပန်ဆန်းမြို့ခံ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ထို့အတူ မိုင်းလားတပ်ဖွဲ့အားလည်း မနက်ဖြန် ဂျွန် ၂၄ ရက်နေ့၌ တြိဂံတိုင်း ဂျီဝမ်းသစ် ပထမဆုံး အကြိမ် သွားရောက် ဆွေးနွေးဖွယ် ရှိသည်ဟုလည်း စုံစမ်း သိရှိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Thursday, June 24, 2010

သာကီနှင့် နာဇီ

ဘိုဘိုလန်းစင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၃

ခုတလော မြန်မာနဲ့ဗမာ ဘာကွာသလဲ၊ မြန်မာပြည်နဲ့ဘားမား ဘယ်စကားလုံးက လက်ရှိ ကျနော်တို့နိုင်ငံကို ကိုယ်စားပြု နိုင်မလဲဆိုတာ ပြောဖြစ်ကြသည်။ ပြောရင်းဆိုရင်း တို့ဗမာဝါဒတွင် နာဇီကဲ့သို့ လူမျိုး သန့်စင်ရေးနှင့် ပတ်သက်တာမျိုးတွေ ပါသလားဆိုတာ မေးသူက ရှိလာသည်။ တို့ဗမာတွေ လက်ဝဲစော် မနံခဲ့ရင် ကုလားမျိုး ဖြုတ်ရေး၊ အဓမ္မ ဗုဒ္ဓသာသနာပြု တာတွေ ပေါ်လာနိုင်မယ်ဟုသာ အတွေး ပေါက်မိသည်။ ဤအမြင်ကို ဗမာပြည်သည် တို့ပြည် ဗမာစာသည် တို့စာ စသည့် ကျောင်းဖတ် စာအုပ်သမိုင်းနှင့် အမျိုးသားရေး ဝါဒကို အထုံ ကူးလာခဲ့သည့် မြန်မာအများစု အနေဖြင့် လက်ခံမည်မဟုတ်။ ဂလိုဘယ်ခေတ်ဟု တကြော်ကြော် အော်နေကြသော်လဲ စစ်အေးလက်ကျန် ဤတိုင်းပြည်ကလေးတွင် ခုထိ သာကီမျိုး ဆိုသည့် တို့ဗမာယုံတမ်း မှန်နန်းထဲက ဒဏ္ဍာရီဇာတ်လမ်းကို မယုံကြည်လျှင်တောင် အသုံးချနေဆဲဖြစ်သည့် ပညာတတ် ဆိုသော ပုဂ္ဂိုလ်အများလဲ ရှိဆဲ မဟုတ်ပါလား။

တို့ဗမာဝါဒနှင့် မှိုင်းစာပေက ကနေ့ မြန်မာအမျိုးသားရေး လက္ခဏာ၏ အမိအဖပမာ

လောလောဆယ်ဆယ် မေ ၃ဝ ဒီပဲယင်းနေ့ကပဲ တို့ဗမာကြေညာစာတမ်းက အနှစ် ၈ဝ ပြည့်သွားသည်။ ပါမောက္ခ ဒေါ်ခင်ရီ ၏ ကောနဲလ်တက္ကသိုလ်မှ ထုတ်သော တို့ဗမာ လှုပ်ရှားမှု စာအုပ်တွင် ၁၉၈၈ထိ မြန်မာနိုင်ငံရေးသမိုင်းကို သခင်များ ကြီးစိုးကြောင်း သုံးသပ်ထားသည်။ ထို့နောက် အဆက်ဖြစ်သော မြန်မာနိုင်ငံရေး လောက တိုက်ပွဲများတွင် တို့ဗမာမျိုးချစ် လက္ခဏာ သွင်ပြင်ဖြစ်သော တော်လှန်ရေး စိတ်ဓာတ်နှင့် နိုင်ငံခြား ဆန့်ကျင်ရေးတို့ ကြီးစိုးဆဲဟု ကျနော် ဖြည့်စွက် ပြောချင်သည်။ ထိုတို့ဗမာ အမျိုးသားရေး ဝါဒသည် အစဉ်အလာ မြန်မာအမျိုးသားရေး လှုပ်ရှားမှုနှင့် ဘာကွာသလဲ မေးလာရင် ပိုပြင်းသည်၊ ပိုကြွသည်၊ ဥရောပ အမျိုးသားရေး ဝါဒပုံစံ လူမျိုး အခြေပြု တိုင်းပြည်စံနစ်ကို ပန္နက်ချခဲ့သည် (တနည်း အနှစ် ၆ဝကျော် ပြည် တွင်းစစ်ကို မီးရှို့ပေးခဲ့သည်) ဟု ဆိုရမည်။ ထိုထက် ဗမာ/မြန်မာ ဆိုသော အနက်တူ စကားနှစ်လုံးကို ကလဖန်ထိုးပီး တိုင်းရင်းသားတွေကို မြန်မာဇာတ်သွင်းဖို့ သခင်/ဦးနု၊ ဗိုလ်ချုပ်ကြီး နေဝင်းနှင့် တပည့်ကြီးများ မြန်မာ အမျိုးသားရေး ဝါဒီကြီးများ ဤဝါဒကို သုံး၍ အနှစ် ၈ဝ လုံးလုံး အကွက်ချ ခဲ့သည်ဟုသာ ယူဆသည်။ မြန်မာပြည်/နိုင်ငံဆိုသည့် စကားရပ်သည် တိုင်းပြည်၏ လူဦးရေ သုံးပုံ နှစ်ပုံနှင့် ကျန်တပုံအကြား တကယ့် လောင်စာ ဖြစ်လာသည်။ “ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ ...တို့ ဗမာပြေကို တိုင်းရင်းသား အကုန်အစင် တို့ပြေလို့ မှတ်ထင်” စသည်ဖြင့် ဝိုင်အမ်ဘီ သခင်တင်က စာပြုစပ်ဆိုခဲ့သည့် သီချင်းမှာ မြန်မာ အများစုကြား သွေးထိုး ပေးနိုင်ခဲ့သော်ငြား အင်ဒိုနီးရှား၊ ဂရိတ်ဗြိတိန်တို့ ကဲ့သို့ တိုင်းရင်းသား အများဆိုင် နိုင်ငံရေး ပုံရိပ်တခု ဖြစ်အောင် မဆောက်တည် နိုင်ခဲ့ပါ။

မိုက်ကယ်အောင်သွင်က ဦးကုလားရာဇဝင်ကို ကိုးကား၍ ၁၈ ရာစု ညောင်ရမ်း ခေတ်ကပင် အဝ ရွှေနန်းကို အခြေပြုပီး မြန်မာနိုင်ငံ ဟူသော နိုင်ငံရေး အမှတ်သညာတခု ပေါ်ထွက်နေပီဟု ရေးဖူးသည်။ ဤသို့ အခိုင်အမာ ဆိုနိုင်ရန် အုပ်စိုးသူ ပဒေသရာဇ်နှင့် နီးစပ်ရာ ပညာရှိများ ပြုစုသည့် စာပေကို ကိုးကားသည်ထက် လက်အောက်ခံ မြန်မာ မဟုတ်သော တပါးလူမျိုးများ အမြင်၊ မြန်မာ ကျေးတော်မျိုးတို့၏ အသံကိုပဲ ပိုရအောင် နားထောင်သင့်သည် ထင်ပါသည်။ အမှန်မတော့ ကုန်းဘောင်ခေတ်နှောင်း နယ်ချဲ့နှင့် နှာခေါင်းချင်း တိုးမိကြချိန်မှ တမ္ပဒီပ သုနာပရန္တ စသည့် တိုင်းကြီးများ၏ သခင်ဘဝမှသည် မြန်မာ ဘုရင့်နိုင်ငံဟူပီး ပေါ်ထွက်လာရန် ကြိုးစားခဲ့ရသော အညာ ပဒေသရာဇ်များသည် မှန်နန်းစသည့် ရာဇဝင်သစ်များ ရေးပီး မြန်မာမင်းကို ဘုရားနှင့် အမျိုးဆက်ရသည်။ ပုဂံမင်းဆက်အစ ပျူစောထီးဟာ နဂါးမနှင့် နေမင်းသားညားပီး ဥ, ဥရာက ပေါက်သည့်သားဆိုသော ယခင်ရာဇဝင် ဟောင်းများကိုလဲ ဝါဒဖြန့် ပုံစံသစ်အတွက် ငြင်းချက် ထုတ်ရသည်။ သို့သော် နန်းလုပွဲများနှင့် နစ်မွန်းပီး တိုင်းပြည်ကို စံနစ်တကျ အခြေမဖွဲ့နိုင်သော ကုန်းဘောင် မင်းဆက်သည် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် မိစ္ဆာဒိဋ္ဌိ ကုလားရန်မှ သာသနာတော်ကို ကာကွယ်ရန်ဟု ဘာသာရေး ဘန်းပြပီး လူထုကို စည်းရုံးခဲ့ရသော်လဲ ဆေးချက်က မမီတော့ပေ။ မန္တလေး ပျက်ချိန်ထိ ဘုရင်နှင့် ဒေသ အကြီးအကဲကို သစ္စာခံမှုမှ အပ လူမျိုးနှင့် နိုင်ငံဟု တသီးတခြား မှတ်စွဲမှု မရှိသေးသောကြောင့် ရှေးဦး လက်နက်ကိုင် ထကြွမှုများမှာ ကန်ရေပြင်ကို ခဲပေါက်သကဲ့သို့ ငါးမမိဘဲ (အာဏာ ဗဟိုချက်ကို မထိပါးနိုင်ဘဲ) နိဂုံး ချုပ်ခဲ့ရသည်။

သုဓမ္မာ သာသနာပိုင်နှင့် တကွ မင်းစိုးရာဇာ အများစုကလဲ ကိုလိုနီအုပ်ချုပ်ရေး အမြစ်တွယ်အောင် အားဖြည့် ထောက်မ ခဲ့ကြသည်။ ဝိုင်အမ်ဘီအေမှ အစ နိုင်ငံရေး ခေတ်ဦး အနှစ် ၂ဝ အတွင်း အမျိုး ဘာသာ, သာသနာ ပညာ ဟူသော ဝံသာနု အမျိုးသားရေး လှုပ်ရှားမှုများမှ ဗုဒ္ဓဘာသာ မြန်မာတည်းဟူသော တိုင်းပြည်တွင် ကြီးစိုးနေသည့် အိန္ဒိယနွယ်ဖွား များနှင့် ကွဲပြားသည့် သီးခြား လက္ခဏာကို ပုံဖော်ရန် အားထုတ်သော်လဲ ပဒေသရာဇ် အငွေ့ မပြယ်နိုင်ဘဲ အုပ်စိုးသူ တိုင်းခြားသားတို့ထံမှ အုပ်ချုပ်ရေးအဆင့် တိုးတက်ဖို့သာ ပဓာန ပြုသည်ကို တွေ့ရသည်။ ဦးဥတ္တမ၏ မကြောက်တရား လှုံ့ဆော်မှု၊ ဝံသာနု ဘူးအသင်းများ၊ အရှင်စိုးသိမ်း ဂျီစီဘီအေ စသည်တို့လောက်သာ ရဲဝံ့မှုတွင် ပြောစမှတ် ရှိလေသည်။ တို့ဗမာ ကြေညာစာတမ်း ထွက်ပီးနောက်မှသာ တိုင်းပြည်၊ လူမျိုး၊ ဘာသာစကားပေါ် အခြေပြုသည့် ဥရောပပုံစံ အမျိုးသားရေး ဝါဒ အိန္ဒိယ လက်နက်နိုင်ငံ အဝင် မြန်မာပြည်နယ်တွင် အခြေတည်ဟု ယူသင့်သည်။ ဤကား တို့ဗမာ၏ လာရာလမ်းဖြစ်သည်။

ပထမ ကုလား-ဗမာ အဓိကရုဏ်း ပီးပီးချင်း ဖြန့်ချိသည့် တို့ဗမာ ကြေညာစာတမ်းမှာ အိန္ဒိယ နွယ်ဖွားများနှင့် လူမျိုးခြားများ လက်မှ စီးပွားရေးကို ဗမာ့လက်ထဲ ပြန်ရောက်ဖို့၊ လုံးဝ လွတ်လပ်ဖို့ကို သံကုန်မြှင့်၍ တောင်းဆိုသည်။ ဗမာဟူသော ရှေးရှေး ကထဲက ပြောစကား၊ တို့ဟူသော နေ့စဉ်ပြောစကား ရိုးရိုးတို့ကို ပေါင်းစပ်၍“ အို အချင်း အမျိုးသား တို့ဗမာတို့” ဟု သခင်ဘသောင်း ကြွေးကြော် လိုက်ချိန်တွင် အိပ်နေကြသော ဗမာများ နိုးကြားလာပီး နှလုံးသည်းပွတ်များ ဆွဆွခုန်လာ သည်ဟု မောင်ထင်က အမှတ်တရစကား ဆိုခဲ့သည်။ ဤမှစပီး နစ်ရှေး၏ ပဲ့တင်သံကို ကြားလိုက်ရသလို နာဇီ ဖက်ဆစ်စသည့် လာတော့မည့် လက်ျာစွန်း အမျိုးသားရေး ဝါဒကြမ်းများကလဲ စီးပွားပျက်ကပ်နှင့် လယ်သမားသူပုန် ထခါနီး နိုင်ငံရေး သေနေသော မြန်မာပြည်ကို အာဠာဝက ဆေးထိုးလိုက်သဖြင့် ရှေ့လျှောက် တိုင်းရေး ပြည်ရေးမှာ ဆူပွက် လာတော့သည်။

ခြစားနေသော သတ္တိကြောင် နိုင်ငံရေး လက်ဟောင်းကြီးများ လက်မှ နိုင်ငံရေး သြဇာသည် လူငယ်လူဆူလေးများ လက်သို့ ပြောင်းရွေ့လာ၏။ ပဒေသရာဇ်သံ ဓနရှင်သံ ပညာတတ်သံ ပါလှသော လွှတ်တော်နှင့် ကလပ်ထဲက လူ့မလိုင် နိုင်ငံရေး ကစားပွဲများထက် လမ်းပေါ် နိုင်ငံရေးဟု ဆိုကြမည့် သပိတ်တွေ အစည်းအရုံးတွေ ကျောမွဲတွေဘက် နိုင်ငံရေး ရေချိန်က လှည့်လာသည်။

ထို့နောက် အားလုံးသိသည့်အတိုင်း ကမ္ဘာစစ်အမှီပြု၍ ဗမာပိုင် စစ်တပ်ဖွဲ့ကာ လွတ်လပ်ရေးလမ်းစပေါ် ရောက်ခဲ့သည်။

သခင်ဘသောင်းမှာ တို့ဗမာတို့၏ ဖန်ဆင်းရှင်ဖြစ်သော်ငြား မစ္စတာမောင်မှိုင်းကဲ့သို့ နိုင်ငံရေးဝါရင့် မျိုးချစ် သတင်းစာ ဆရာ ပညာရှင်ကြီး သခင်ဘွဲ့ခံချိန်မှ စပီး အစည်းအရုံးသိက္ခာ ပိုကြီးလာသည်။ အောင်ဆန်း၊ ဗဟိန်း၊ သန်းထွန်း၊ စိုး စသည့် ကောလိပ် ကျောင်းနှင့် ပြင်ပက လက်ဝဲယိမ်း လူငယ်တွေ ဝင်လာချိန်တွင် ကုလားမုန်း တို့ဗမာဝါဒမှသည် ဘုံဝါဒ လမ်းကြောင်းပေါ် တက်လာသည်။ မှိုင်းဋီကာနှင့် နဂါးနီ စာအုပ်လေးများက စစ်ပီးခေတ်မှ ယနေ့ထိ နိုင်ငံရေး လမ်းကြောင်းကို (လက်ဝဲသံ ပျော့သွားသည်မှ အပ) ရိုက်ခတ်ဆဲဖြစ်သည်။ သို့သော် ဖာနီဗယ် ရေးဖူးသလို မြန်မာ လက်ဝဲသမား ဟူသည် အမျိုးသားရေးဝါဒီ များသာဖြစ်သည်။ ကိုယ်တော်မှိုင်းတွင် ပဒေသရာဇ် အစွဲ မပျောက်သကဲ့သို့ ဂန္ဓီစိန်ဟု တွင်ခဲ့သော သခင်ဗစိန်မှ ဖက်ဆစ် နာဇီကို အားကျသည့် စကားတွေ ပြောလာပီး ဂျပန်နှင့် ပူးပေါင်းရန် လိုလားလာခဲ့သည်။ လူကြီးလူငယ် ပညာမဲ့ ပညာတတ် လက်ျာ လက်ဝဲပဋိပက္ခမှာ အပေါ်ယံ ပုဂ္ဂိုလ်ရေး ပြဿနာမှ အစပြုပီး အသင်း နှစ်ခြမ်း ကွဲခဲ့ရသည်။ လက်ျာခြမ်း ဗစိန်-ထွန်း အုပ်ဂိုဏ်းမှာ ဂျပန်ခေတ်တွင် ဗမော်-အောင်ဆန်း နိုင်ငံရေး သဟာယကို မယှဉ်နိုင်သဖြင့် (တပ်ထဲတွင်တော့ သူတို့တပည့် ဗိုလ်နေဝင်းက တစင်ထောင်နိုင်လာသည်) မဟာမိတ် အဝင်တွင် ဗိုလ်ချုပ်ကို လူသတ်မှုနှင့် တရားစွဲဖို့ နယ်ချဲ့အကြံအစည်ကို ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က သက်သေခံပေးသည်ထိ အရုပ်ဆိုးခဲ့ရသည်။ ဆင်းမလားပြန် ဆာပေါ်ထွန်း၏ အင်္ဂလိပ်နှင့် အလွမ်းသင့်သည့် အစိုးရနှင့် ဘုရင်ခံခန့် လွှတ်တော်တွင်လဲ သခင်ထွန်းအုပ်တို့ တသိုက် ပါခဲ့ကြသည် (သခင်ထွန်းအုပ်နှင့် ဗိုလ်ချုပ်အကို ဦးအောင်သန်းမှာ မယားညီအကိုတည်း)။ နောက် ဗိုလ်ချုပ်အောင်ဆန်း အစိုးရတွင် ပါလာသည့် သခင်ဗစိန်မှာကား ဆရာမှိုင်းကြီး စာချိုးအတိုင်း ဂွကလိန်လုပ်လေရာ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ပီးနောက် ဂဠုန် စော-ဒေါက်တာ ဗမော်တို့နှင့် အတူ စော-စိန်-မော်ဂိုဏ်းဖွဲ့ရာမှ နိုင်ငံရေး သေသွားတော့သည်။ တဖက်က မှိုင်း-အောင်ဆန်း ဂိုဏ်းမှာလဲ ထပ်ဆင့်ထပ်ဆင့် အကွဲအပြဲများ စစ်ပွဲ အာဏာလုပွဲ နိုင်ငံရေး ဖိနှိပ်မှုများဖြင့် လက်ဝဲမျိုးချစ် လမ်းကြောင်းကို အတော်ကျွံသွားရာ ၁၉၈၈မှ ယခုထိ ပြန်ရုန်းလို့ မရပြန်သေး။

“အလို....သမိုင်းကို စစ်လိုက်ရင်ဖြင့်
တို့ဗမာသခင်တွေရဲ့ အစဉ်အလာက
ခင်စရာ မင်စရာ ကြင်စရာငဲ့ပြင်
အင်စရာ ဟင်စရာ ပြင်စရာတွေကလဲ မနည်းပါဘု
ကွဲကြ ပြဲကြ ဆဲကြ ခဲကြသနဲ့
ရဲကြ ကြဲကြ သဲကြ မဲကြတာလဲရှိ၊
ခွဲကြ ချဲကြ၊ ဆွဲကြ လွဲကြ ရှိပါသဗျ
သြော်... အဖွဲ့အစည်းသဘာဝပေပနော”

ဒဂုန်တာရာ-တို့ဗမာအစည်းအရုံးဘွဲ့ မဟာကဗျာလေးချိုးကြီး (မိုးဝေ၊ ၁၉၈၆)


ဒီပဲယင်းအဓိကရုဏ်း အဓိကတရားလို ဒေါ်အောင်ဆန်းစုကြည် မတရား ထောင်ချခံရမှုက မလွတ်သေးချိန်၊ ရွေးကောက်ပွဲ အမည်ခံ ဒီမိုကရေစီသင်းကွပ်ပွဲ တောခြောက်သံတွေ ညံနေခိုက် ပြန်စဉ်းစားလျှင် သခင်ကိုယ်တော်မှိုင်းကို တုတ်နှင့် ရိုက်သည့် ပုသိမ်က သခင် အမည်ခံ ဘုန်းကြီး လူထွက်ကို သတိရသည်။ တို့ဗမာ အစည်းအရုံး ၂ ခြမ်း မကွဲခင် ရွှေတိဂုံဇရပ် တဆောင်တွင် နောက်ဆုံးစေ့စပ် ကြစဉ်က စားပွဲအောက် သေတ္တာထဲတွင် တုတ်ဓားလက်နက်တွေ ဝှက်ထားတာ ကံကြီး လွန်း၍ မည်သူမှ ကိုယ်ထိလက်ရောက် မဖြစ်လိုက်ဆိုသည့် ဒေါ်ခင်ရီ့ စာအုပ်ပါ အကြောင်းရပ် လေးကိုလဲ အောက်မေ့သည်။ ပါလီမန်ခေတ်က ပဒေသရာဇ်အသွင် ဘုန်းကြီးခဲ့သည့် လယ်ဝေး သခင်ကြည်ရှိန်လို လူသတ်ဘုရင် ဖဆပလ အမတ်များ၏ မားဖီးယား နိုင်ငံရေး လောကကိုလဲ သတိရသေးသည်။ ယခုတလော လျှပ်တပြက် ဂျာနယ်ပါ ဒုနိုင်ငံခြားရေး ဝန်ကြီးဟောင်း စစ်အရာရှိဟောင်း တယောက် ရေးသည့် လွတ်လပ်ရေး မှတ်တမ်းတွေထဲက စစ်ဗိုလ်ကြီးတွေ အတော်များများမှာ သခင် နိုင်ငံရေးသမား၊ သခင် လက်ပါးစေများ ဘဝနှင့် နယ်ချဲ့ ဆန့်ကျင်ရေး နယ်ထဲ ဝင်လာပုံ၊ ထိုမှ လွတ်လပ်ရေး နောက်ပိုင်း နိုင်ငံရေး အုပ်စုချင်း လက်နက်ကိုင် အပြုတ်ဖြုတ်ပွဲများတွင် နိုင်မည့်မြင်း စီးမိပီး စစ်နိုင်ငံရေး သမားကြီးများ ဖြစ်လာကြပုံကို ဖတ်ရင်း အရင်းစစ်တော့ အားလုံး တို့ဗမာတွေပဲ၊ ကမ္ဘာမကြေအောင် အညှိုးကြီးကြတာ သခင်ရှုမောင်တို့ သခင်ဖြိုးတုပ်တွေ ဖြစ်ကုန်တာ အထက်တန်းစိတ် မမွေးနိုင်ကြလို့ ပါလားဟု သံဝေဂ ယူမိတော့သည်။

၁၉၄၁ ဇန်နဝါရီတွင် ကျင်းပသော ဗမာပြည်လုံးဆိုင်ရာ ဗမာတိုင်းရင်းသားများ ပြေးခုန် ကစားပွဲကြီးတွင် တို့ကရင်လို့ အားပေးသံကို တိုင်းရင်းသား သွေးခွဲစကားဟု စွပ်စွဲသော တို့ဗမာအာဘော်ဟု ပြောနိုင်သည့် စနေ နဂါးနီ ဂျာနယ် ဆောင်းပါးကို ဖတ်ရင်း ဒီစကားမျိုးတွေ ဒီကထဲက ပြောတာကိုးဟု ပြုံးမိတော့သည်။ တို့ဗမာ တို့ဗမာဆိုပီး တိုင်းပြည်တွင် ဆယ်နှစ်ကျော် နိုင်ငံရေး သွေးထိုးပေးခဲ့ခြင်း အကျိုးဆက်ကြောင့် တခြား လူမျိုးများကလဲ သီးခြား အမျိုးသားရေး လက္ခဏာ ဆောင်လာသည်ကို ငြူစူသကဲ့သို့ ရှိလှသည်။ တခါဖူးမှ မစုစည်းမိဖူးသည့် ဒတ်ခ်ျအိန္ဒိယ ကျွန်းစုများကို အင်ဒိုနီးရှားဟု စစ်ပီးခေတ်တွင် ပေါ်ထွက်လာစေသည့် ဆူကာနိုလို အားထုတ်မှုမျိုး၊ ဘုရင်ကိုးကွယ်မှု၊ ဘာသာရေး၊ ဘာသာစကား တူညီမှုကို အခြေခံသော ထိုင်းအမျိုးသားရေး သွေးသစ်လောင်းမှုမျိုး ဗြိတိသျှ မြန်မာပြည်တွင် မပေါ်ဖူးခဲ့ဘဲ စစ်ပီး တနှစ် နှစ်နှစ်အတွင်း ကံရာဇာငယ် ဘုရားတည်နည်းနှင့် တိုင်းရင်းသား အရေးကို ချွေးသိပ် စေ့စပ်ခြင်း၏ နောက်ဆက်တွဲ စစ်မီးများမှာ မျိုးဖြုတ်စစ်ပွဲဟု စွပ်စွဲခံ ရသည်ထိ တောက်လောင်နေဆဲ။ တို့ဗမာ မျိုးချစ်ဝါဒကို ထောက်ခံသည့် မြန်မာ မဟုတ်သော အိန္ဒိယနွယ်ဖွား၊ တရုတ်ကပြား တိုင်းရင်းသား သခင်များ ရှိခဲ့သော်ငြား စစ်အတွင်း ဘီအိုင်အေ ရာဇဝတ်မှုများမှ အစ သောင်းကျန်းမှု နှိမ်နင်းရေးကာလ ကရင် ရှမ်း တိုင်းရင်းသားများနှင့် စစ်မြေပြင် ဆက်ဆံရေး၊ ဗိုလ်ချုပ်ကြီးနေဝင်း ဆိုရှယ်လစ်လမ်းစဉ် အရ အိန္ဒိယနွယ်ဖွား၊ တရုတ်ပိုင် စီးပွားရေးများ ထိန်းချုပ်မှု၊ အတင်းအကျပ် ပြန်ပို့မှုများအလယ် ရှိသမျှ တိုင်းရင်းသားအားလုံးကို နယ်ချဲ့လက်ပါးစေ စာရင်းသွင်းကာ ဦးချိုးချင်သည့် မြန်မာစွဲဝါဒ အဆုံး နိုင်ငံတော် သွေးခွဲ အုပ်ချုပ်မှုများက တို့ဗမာဝါဒကို မြန်မာကြီးစိုးရေး ဝါဒအဖြစ် နာမည်ဖျက်ခဲ့သည်။

ပြည်ထောင်စုဆိုသည်ထက် စစ်ကြီးပီးစ မဟာဆွေ၏ “မယ်တို့ပြည်မောင်တို့ပြည်” ဝတ္ထုထဲက အမျိုးသား ဓနရှင် စစ်နိုင်ငံကြီး ပုံစံမျိုးဘက် ယခု နေပြည်တော် ရွေးကောက်ပွဲ လမ်းကြောင်းက တာစူနေသည်။ သိဒ္ဓိ မပေါက်ဘဲ ဒိဋ္ဌိ မြောက်နေသူများက ယခုပင် အဏုမြူ ငန်းဖမ်းနေကြပေပီ တကား။

နယ်ခြားစောင့်တပ် ကိစ္စတွေ၊ တိုင်းရင်းသား ဆိုင်းဘုတ်တပ် ပါတီတွေနှင့် နိုင်ငံရေးစစ်ရေး တိမ်တောင်တွေ ထူနေပြန်ပီ။ မြန်မာပြည် ဆိုသည်မှာ မြန်မာ(ဗမာ)များ၏ လက်နက်နိုင်ငံလော၊ တိုင်းရင်းသားပေါင်းစုံ၏ ခွင့်တူညီမျှသော ပြည်ထောင်စု လော။ တိုင်းပြည်အဝှန်းကို တို့အိမ် တို့ယာမှတ်ကာ လူတစုက ချယ်လှယ် အမြတ်ထုတ်နေမှုများ ဘယ်အချိန် ဆုံးမည်နည်း။ လူမျိုးရေး ဘာသာရေး မှိုင်းတိုက်၍ နိုင်ငံရေး လုပ်သည့် ခေတ်စံနစ် ယဉ်ကျေးမှုတွေကို ပြည်ဖုံးကား ချကြပါစို့။

Ref: မဇ္ဈိမ

Read More...

ပါတီဝင်များ မဲမထည့်ရန် NLD ခေါင်းဆောင်များ လှုံ့ဆော်

သန်းထိုက်ဦး
Wednesday, June 23, 2010

Share/Save/Bookmark အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များကို လာမည့် ရွေးကောက်ပွဲတွင် မဲမထည့်ကြရန် ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

ဦးဝင်းတင်က ယခုလ ၁၉ ရက်နေ့မှ စတင်၍ ကရင်ပြည်နယ် ခရီးစဉ်တွင် NLD ပါတီဝင်များကို သွားရောက် တွေ့ဆုံခဲ့ချိန်၌ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

NLD ပါတီဝင်များ အနေနှင့် မဲမထည့်ကြရန် ပြောကြားခဲ့ သော်လည်း မဲထည့်ရန် လိုအပ်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) တို့ကို မဲမထည့်ကြရန် ပြောကြားခဲ့ကြောင်းလည်း ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

ဦးဝင်းတင် အပါအ၀င် ဖျာပုံနီလုံဦး နှင့် ဦးဟံသာမြင့်တို့ကလည်း လှိုင်းဘွဲ့မြို့နယ်သို့ သွားရောက်ခဲ့ပြီး တောင်ကလေး ဆရာတော်ကို သွားရောက် ဖူးမြော်ခဲ့ကြောင်း သိရသည်။

တောင်ကလေး ဆရာတော်ကို သွားရောက် ဖူးမြော်ရာတွင် ၎င်းတို့က သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အတွက် စစ်အစိုးရကို တိုက်တွန်းပေးရန် မတ္တာ ရပ်ခံခဲ့ကြောင်းလည်း သိရသည်။

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ကျင်းပမည်ဟု ကြေညာထားသည်။ သို့သော် NLD ပါတီက ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ထားသည်။

NLDသည် စစ်အစိုးရ ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ အရ လွန်ခဲ့သည့် မေလ ၆ ရက်နေ့တွင် တည်ဆဲ တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ခဲ့ပြီ ဖြစ်သည်။

NLDက စစ်အစိုးရ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေတွင် တရားမျှတခြင်း မရှိသဖြင့် တရားစွဲဆိုရန် တရားရုံးသို့ သွားရောက် ခဲ့သော်လည်း တရားရုံးက ယင်းကိစ္စ စီရင်ပိုင်ခွင့် အာဏာ ၎င်းတို့တွင် မရှိကြောင်း ပြောဆိုပြီး အမှုကို လက်ခံခြင်း မရှိ ခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က စတင်၍ NLDဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးအုန်းကြိုင်နှင့် ဦးကြည်ဝင်းတို့ ကလည်း မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်း၊ ပုသိမ်ကြီး စသည့် ၂၂ မြို့နယ်ရှိ NLD ပါတီဝင်များကို သွားရောက် တွေ့ဆုံခဲ့ပြီး မကွေးတိုင်း သို့လည်း သွားရောက်ခဲ့သည်။

ယင်းခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ရှေ့နေများနှင့် တွေ့ဆုံခွင့် ရရှိခဲ့စဉ် တိုင်းနှင့်ပြည်နယ်ရှိ NLD ပါတီဝင်များကို သွားရောက် တွေ့ဆုံရန် မှာကြားခဲ့သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

“NLD ဟာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိလို့ နိုင်ငံရေး ပါတီအဖြစ်နဲ့ မရပ်တည်တော့ဘူး ဆိုသော်လည်းပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်အားထုကြီး အဖြစ်နဲ့ ဆက်လက် ရှိနေကြပါ၊ ယုံယုံကြည်ကြည် ရပ်တည်နေကြပါလို့ မှာကြားခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် မြို့နယ် အဖွဲ့ဝင်များ အနေနှင့် ရည်ရွယ်ချက် ရှိသော လူမှုရေး လုပ်ငန်းများ ဖြစ်သော အကျဉ်းသား မိသားစုများကို ငွေကြေး ထောက်ပံ့ပေးရေး၊ HIV/AIDS လူနာများအား ထောက်ပံ့ပေးခြင်း၊ နာဂစ်ဒေသတွင် ပြည်သူများ လိုအပ်သော သောက်သုံးရေ ရရှိရေး စသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။

ယခု ခရီးစဉ် နှင့် ပတ်သက်ပြီး အစိုးရ အာဏာပိုင်များ၏ နှောင့်ယှက် တားဆီး ပိတ်ပင်ခြင်းများ မရှိကြောင်းလည်း ဦးအုန်းကြိုင်က ပြောသည်။

NLDသည် လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်ကတည်းကစပြီး နာဂစ် ဒေသများတွင် ရေတွင်းများ တူးဖော် ပေးခြင်း တို့ကိုလည်း ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

ယမန်နေ့ အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၆ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီး ပါတီ ၃၃ ပါတီ ရှိပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ်

Read More...

တပ်အသွင်ပြောင်းရေးကိစ္စ နအဖနှင့် ထပ်မတွေ့တော့ဟု မွန်ပြည်သစ် ပြော

ဝီရ / ၂၃ ဇွန် ၂၀၁၀

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရ ခေါင်းဆောင်များနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးရန် မလိုအပ်တော့ကြောင်း မွန်ပြည်သစ် ပါတီက ပြောကြားလိုက်သည်။

“BGF (နယ်ခြားစောင့်တပ်) ပြောင်းဖို့ ပါတီက လက်မခံဘူးလို့ နအဖဆီကို အကြောင်းကြားထား ပြီးသားပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နအဖ ခေါင်းဆောင်တွေနဲ့ ထပ်တွေ့စရာ မလိုတော့ဘူးလို့ ကျနော်တို့ပါတီရဲ့ နောက်ဆုံး အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟို အလုပ်မှုဆောင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကျင်းပပြီးစီးသွားသော ပါတီ၏ ဗဟို အလုပ်မှုဆောင် အစည်းအဝေး၌ အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပြီး နအဖစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အကြား ဆက်ဆံရေး အတွက် ဗဟိုကော်မတီဝင် တဦးအား ပြည်တွင်း ဆက်ဆံရေး တာဝန်ခံအဖြစ် မော်လမြိုင်မြို့၌ ထားရှိကြောင်း ၎င်းက ပြောသည်။

“နအဖနဲ့ ဆက်ဆံဖို့ ပါတီရဲ့ ဗဟိုကော်မတီဝင်တဦးကို တာဝန်ပေးထားပါတယ်။ ပြောစရာ ရှိရင်ပဲဖြစ်ဖြစ်၊ မေးစရာ ရှိရင်ပဲဖြစ်ဖြစ် နအဖ အနေနဲ့ အဲဒီလူနဲ့ ဆက်သွယ်လို့ ရပါတယ်” ဟု အဆိုပါ ဗဟို အလုပ်မှုဆောင် တဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း မပြုလျှင် ၂၀၁၀ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို စဉ်းစားပေးမည် မဟုတ်ကြောင်း မွန်ပြည်သစ် ခေါင်းဆောင်တို့က ပြီးခဲ့သည့် ဧပြီလ (၇) ရက်၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နောက်ဆုံး တွေ့ဆုံစဉ်တွင် အတိအလင်း ပြောဆိုခဲ့ပြီး ဖြစ်သည်။

“တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာတွေအတွက် အဖြေရှာသွားဖို့ နအဖကိုရော၊ နောင်တက်လာမည့် အစိုးရကိုပါ မွန်ပြည်သစ်က ဆက်လက် တောင်းဆိုသွားမှာပါ။ မွန်အမျိုးသားတွေ အတွက် အာမခံချက် တစုံတရာ မရှိဘဲနဲ့ လက်နက်စွန့်ခိုင်းတာ၊ တပ်အသွင် ပြောင်းတာတို့၊ တပ်နဲ့ ပါတီကို ခွဲခြားတာတို့ ပါတီက လက်ခံမှာ မဟုတ်ဘူး။ ဒါက မွန်ပြည်သစ်ရဲ့ ရှေ့ရပ်တည်ချက်တွေပါ” ဟု အဆိုပါ ဗဟို အလုပ်မှုဆောင်က ဆက်လက်ပြောသည်။

ထိုသို့ တပ်အသွင်ပြောင်းရေး လက်မခံကြောင်း မွန်ပြည်သစ်မှ ပြောဆိုခဲ့ပြီးသည့်နောက် နှစ်ဦးနှစ်ဖက် အခြေအနေ တင်းမာ လာနေသော အနေအထားများကြောင့် ဧပြီလကုန်ပိုင်း၌ မွန်ပြည်သစ်ပါတီက ပြည်တွင်းရှိ ပါတီရုံးများနှင့် ပါတီဝင်များကို ၎င်းတို့၏ ထိန်းချုပ်နယ်မြေများသို့ ပြောင်းရွှေ့မှုများ ရှိခဲ့ပြီး မွန်ပြည်သစ် ဗဟိုဌာနချုပ် တည်ရှိရာ ရေးချောင်းဖျားနှင့် နယ်စပ်ဒေသရှိ ရွာသား (၁,၀၀၀) ကျော်တို့သည် ဘေးလွတ်ရာ နယ်စပ်သို့ ခေတ္တ တိမ်းရှောင်ခဲ့ကြသည်။

ယခုအချိန်၌ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တို့က ပါတီထိန်းချုပ်ရာ ဒေသများမှလွဲ၍ အခြားနယ်မြေများသို့ သွားလာ လှုပ်ရှားခြင်း မပြုကြတော့ကြောင်း သိရသည်။

မွန်ပြည်သစ် ခေါင်းဆောင်တို့နှင့် နီးစပ်သူတဦးက “ပြည်တွင်းကို ပါတီခေါင်းဆောင်တွေ မသွားလာတော့တာ အချက် (၂) ချက် ရှိတယ်။ အခြေအနေ တင်းမာတဲ့ နောက်ပိုင်းမှာ နှစ်ဦးနှစ်ဖက် အယုံအကြည် ပိုပြီးမဲ့လာကြတယ်။ အချိန်မရွေး အဖမ်းအဆီး ခံရနိုင်တယ်။ နောက်တချက်က ပါတီက ကန့်သတ်လိုက်တာလည်း ဖြစ်နိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် နအဖစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

နိုင်ငံရေးပါတီများ ကြွေးကျော် ချီတက်ခြင်း မလုပ်ရ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၀

ချင်းမိုင်(မဇ္ဈိမ)။ ။ နိုင်ငံရေးပါတီများ အလံများကိုင်ဆောင်၍ စီတန်းလှည့်လည်ခြင်းနှင့် ကြွေးကျော် ချီတက်ခြင်း မပြုရန်နှင့် အစိုးရကို ဆန့်ကျင် ဆန္ဒပြအောင် ဟောပြောခြင်းမပြုရန် ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ချက် ယနေ့ ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အချက် ၁၄ ချက်ပါ ဇွန် ၂၁ ရက်နေ့စွဲတပ် ညွှန်ကြားချက်တွင် ယခုအချက်များမှာ တစိတ်တဒေသသာ ဖြစ်သည်။

နိုင်ငံအဝှမ်း ဝင်ပြိုင်မည့် ပါတီများမှာ မှတ်ပုံတင်ကျပြီးသည့်နေ့မှ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင် အနည်းဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ဒေသဆိုင်ရာ ပါတီမှာ အနည်းဆုံး ပါတီဝင် ၅၀၀ ရရှိရန် လိုအပ်သည်။

ပါတီရုံးပြင်ပတွင် စုဝေး ဟောပြောလိုလျှင် ခန့်မှန်းခြေ တက်ရောက်နိုင်သည့် အင်အားကို တင်ပြ၍ ကော်မရှင်ထံမှ အနည်းဆုံး ရက်သတ္တပတ် တပတ်ကြိုတင်၍ ခွင့်ပြုချက်ရယူရန်လည်း ညွန်ကြားချက်တွင် ပါရှိသည်။

ပါတီများအနေဖြင့် အစိုးရရုံးများ၊ အဖွဲ့အစည်းများ၊ စက်ရုံ အလုပ်ရုံနှင့် အလုပ်ဌာနများ၊ ဈေးများ၊ အားကစားကွင်းများ၊ သာသနာရေးနှင့် ဆိုင်သော နေရာများ၊ စာသင်ကျောင်းများနှင့် ပြည်သူ့ဆေးရုံ တို့ကို အနှောက်အယှက် မဖြစ်စေရဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ညွန်ကြားချက်တွင် နိုင်ငံရေးပါတီများ ဟောပြော ရေးသားရာတွင် ” နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သိုမဟုတ် ဂုဏ်သိက္ခာ ထိပါးစေရန် ဟောပြောခြင်း၊ ရေးသားပုံနှိပ် ထုတ်ဝေခြင်း” မပြုရန် တားမြစ်ထားသည်။

အစိုးရကို ဆန့်ကျင်ဆန္ဒပြရန် ဟောပြောခြင်းနှင့် တပ်မတော်ကို ဂုဏ်သိက္ခာ ထိခိုက်စေရန် ရေးသားမှုနှင့် ဟောပြောမှု မလုပ်ရန်လည်း ပါရှိသည်။

ကော်မရှင်၏ ကန့်သတ်မှုများကို ချိုးဖောက်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ယူဆလျှင် ပါတီကို ဖျက်သိမ်းနိုင်ကြောင်း မတ်လ အတွင်းက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများက ပြဌာန်းထားသည်။

ယနေ့အထိ ပါတီမှတ်ပုံတင်လျှောက်ထားသော ပါတီပေါင်း ၄၂ ခု ရှိနေပြီး ၃၃ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

ကော်မရှင်၏ ညွှန်ကြားချက်သည် ထိုးနှက်ချက်တခုဖြစ်ပြီး နိုင်ငံရေး ပါတီဝင်များ စုဆောင်းရ ခက်စေသည်ဟု ဝေဖန်သူများတွင် စစ်အစိုးရနှင့် ရင်းနှီးသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင်လည်း ပါဝင်သည်။

“ကလေးဆန်တယ်လို့ ထင်တယ်။ သာရေးနာရေး အသင်းတွေ၊ ဘောလုံးအသင်းတွေတောင် အလံတွေ ဝှေ့ရမ်းပြီး လုပ်နေတာပဲ။ နိုင်ငံရေးပါတီက တရားဝင်ပါတီဗျာ၊ တရားဝင် ခွင့်ပြုလိုက်ပြီ ဆိုရင် ပါတီရဲ့ အလံက လွတ်လွတ်လပ်လပ် သုံးခွင့် ရှိရမှာပေါ့”ဟု ဦးအေးလွင်က ပြောသည်။

ညွှန်ကြားချက်က ၂ဝ၁ဝ ခုနှစ်အတွင်း မည်သည့်နေ့ရက်တွင် ပြုလုပ်မည်ဟု မကြေညာသေးသည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်လိုသော နိုင်ငံရေးပါတီများကို အားယုတ်သွားစေသည်ဟု သူက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖြိုးမင်းသိန်းက “အလှူခံတောင် အလံလွှင့်ပြီး သွားလို့ရတယ်” ဟု ဆိုကာ ကော်မရှင်၏ ညွှန်ကြားချက်ကို နားမလည်နိုင်ကြောင်း ပြောသည်။

ကော်မရှင်၏ ညွန်ကြားချက်တွင် အဆောက်အအုံ၊ ခန်းမထဲတွင် စုဝေး ဟောပြောခြင်းလုပ်လျှင် အဆောက်အအုံ၊ ခန်းမ အပြင်ဘက်တွင် လူစုလူဝေး မရှိစေရဟုလည်း ထည့်သွင်းပါရှိသည်။

လွန်ခဲ့သည့် နှစ် ၂ဝ က နောက်ဆုံးကျင်းပခဲ့သော ရွေးကောက်ပွဲ အကြိုကာလများတွင် နိုင်ငံရေး ပါတီများကို နိုင်ငံပိုင် ရုပ်မြင် သံကြားနှင့် ရေဒီယိုများမှ ဝေပုံကျ စည်းရုံးဟောပြောခွင့် ပေးခဲ့သော်လည်း ယခု တကြိမ်တွင်တော့ ခွင့်ပြုခြင်း မရှိသေးပေ။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများ ပြင်ဆင်ရန် လိုအပ်သည်ဟု တောင်းဆိုထားပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ထားသည်။

ရွေးကောက်ပွဲ ဥပဒေက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၁၀၀ ကျော်ရှိသော နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် တားမြစ်ထားသည်။

Ref: မဇ္ဈိမ

Read More...

ကမ္ဘာ့ဖလားဘောလုံးပွဲ ဇာတ်သမား နှစ်ထောင် အလုပ်လက်မဲ့ဖြစ်

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကမ္ဘာ့ဖလားဘောလုံးပွဲက ဇာတ်သဘင်များမှ လူ နှစ်ထောင်နီးပါးကို တလကြာ အလုပ်လက်မဲ့ ဖြစ်သွားစေသည်။

တောင်အာဖရိကတွင် ဇွန် ၁၁ ရက်မှ စတင်ကာ ဇူလိုင် ၁၁ ရက်အထိ ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို လူအများ အာရုံ စိုက်နေသဖြင့် ပွဲကြည့် ပရိတ်သတ် နည်းကာ အရှုံးပေါ်နိုင်ခြေ ရှိသဖြင့် ဇာတ်ပွဲများ လုံးဝ ရပ်နား ထားရသည့်အတွက် ဇာတ်အဖွဲ့သားများ ထိခိုက်မှုဖြစ်ရသည်။

မြန်မာ့ဇာတ်သဘင် အစည်းအရုံးအောက်တွင် မှတ်ပုံတင်ထားသော ဇာတ်အဖွဲ့ပေါင်း ၄၈ ဖွဲ့ရှိပြီး အစည်းအရုံးက ဇာတ်တဖွဲ့တွင် ပုံမှန်အားဖြင့် ၄၀ ကျော် အသုံးပြုရလေ့ ရှိသည်။

စစ်ကိုင်းမြို့ အခြေစိုက် ပန်တျာမြန်မာ ဇာတ်အဖွဲ့မှ ပန်တျာ ဦးမြကြည်က “ကမ္ဘာ့ဖလားက ကျနော်တို့ ဇာတ်အဖွဲ့တွေ အတွက်တော့ အစဉ်မပြေပါဘူး။ ဝင်ငွေထိခိုက်တယ်” ဟု ပြောသည်။

မန္တလေးမြို့မှ ‘မိုးဝင်း ဟန်ဇာမိုးဝင်း’ ဇာတ်အဖွဲ့သည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ပုလိပ်မြို့တွင် ကပြရန် စီစဉ် ထားခဲ့သော်လည်း လက်မှတ် ရောင်းရနည်းသည့် အတွက် ပွဲရွှေ့လိုက်ရသည်။ ကမ္ဘာ့ဖလား ဘောလုံးပွဲပြီးလျှင် ပြန်ကရန် စီစဉ် ထားသော်လည်း ရက်မသတ်မှတ်ရသေးဟု သိရသည်။

“ကျနော်တို့ ဇာတ်စကားနဲ့ ပြောမယ်ဆိုရင် ဇာတ်ပုံထားလိုက်တာပေါ့။ ကမ္ဘာ့ဖလားရာသီ ပြီးရင်တော့ ပွဲပြန်သွင်းဖို့ ရှိပါတယ်” ဟု မိုးဝင်း ဟန်ဇာမိုးဝင်း ဇာတ်အဖွဲ့ စီမံခန့်ခွဲသူတဦးက မဇ္ဈိမကို ပြောသည်။

သုံးရက်ကပြရန် စီစဉ်ထားခဲ့ရာ ခန့်မှန်းခြေ ၄၂ သိန်း ဆုံးရှုံး သွားခဲ့သည်ဟု သူက ဆိုသည်။

ဆက်စပ်သတင်းတခုမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌ မစ္စတာ ဆပ်ဘလတ္တာသည် မြန်မာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၏ ဖိတ်ကြားချက်ဖြင့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

တောင်အာဖရိကတွင် ကမ္ဘာ့ဖလားပွဲများ သွားရောက်ကြည့်ရှု့ရင်း ဦးဇော်ဇော်က မစ္စတာ ဘလတ္တာ ကို ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ကမ္ဘာ့အဆိုးဆုံး အာဏာရှင် စာရင်းတွင် ဗိုလ်ချုပ်မှူးကြီး တတိယချိတ်

နရီလင်းလက်
Wednesday, June 23, 2010

ယခုနှစ် ကမ္ဘာ့ အဆိုးတကာ့ အဆိုးသွမ်းဆုံး အာဏာရှင် စာရင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တတိယသာ ချိတ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာပေါ်ရှိ ဆိုးရွားသော အာဏာရှင်များနှင့် နိုင်ငံခေါင်းဆောင် ၂၃ ဦးအနက် ပထမ နေရာတွင် မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအီးလ်၊ ဒုတိယတွင် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီတို့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးကို သတ်မှတ်ထားခြင်း ဖြစ်သည်။

ရဲစွမ်း သတ္တိ ရှိကြောင်း ဆုတံဆိပ်ပေါင်း များကို ကိုယ်တိုင် ချီးမြှင့်ပြီး ရင်ဘတ်တွင် တပ်ဆင်ထား သော်လည်း ဗိုလ်ချုပ် မှူးကြီးသည် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲ လုပ်ပေးရန် သတ္တိမရှိသူ ဟုလည်း ဖော်ပြ ထားသည်။

အာဏာရှင်တိုင်း ဆိုးသွမ်းကြ သော်လည်း ယခုထုတ်ပြန် လိုက်သည့် နိုင်ငံ ခေါင်းဆောင် များသည် အဆိုးတကာ့ အဆိုးဆုံး ဖြစ်ကြသည်ဟု Foreign Policy မဂ္ဂဇင်းက မီးမောင်း ထိုးပြ ထားသည်။

၁၈ နှစ်ကြာမျှ အာဏာကို ရယူထားသော ဗိုလ်ချုပ်မှူးကြီး တတိယနေရာ ချိတ်ခြင်းမှာ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ လှုပ်ရှား သူများကို ရက်ရက်စက်စက် နှိမ်နင်းပြီး ဖမ်းဆီးထောင်ချခြင်း၊ ၂၀၀၈ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း တသိန်း လေးသောင်းခန့် သေဆုံးခဲ့ပြီး ၂.၅ သန်းခန့် အတိဒုက္ခ ရောက်ချိန်တွင် နိုင်ငံတကာမှ လူသားချင်း စာနာသော အထောက် အပံ့များကို ငြင်းပယ်ခဲ့ခြင်း၊ သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ရာတွင် မှောင်ခို ငွေကြေးဈေးကွက်နှင့် အစိုးရတရားဝင် ငွေလဲနှုန်း ကွာဟချက် အပေါ်တွင် အကျိုးအမြတ်များ ရယူနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအီးလ်မှာမူ နျူကလီးယားထုတ်လုပ်မှုကိုသာ ကြိုးပမ်းနေပြီး ပြည်သူ လူထုကို ဆင်းရဲ ငတ်မွတ်အောင် ပြုလုပ် ထားသူဖြစ်သည်။ ထို့ပြင် နိုင်ငံသား ၂ သိန်းခန့်ကိုလည်း အကျဉ်း စခန်းများသို့ ပို့ထားသည်။

ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီသည် လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလက နိုင်ငံ၏ လွတ်မြောက်ရေး သူရဲကောင်း ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ရက်စက် ကြမ်းကြုတ်သည့် သက်ဦးဆံပိုင် တဦးဖြစ်သည်။ အတိုက်အခံများကိုလည်း ဖမ်းဆီး၊ နှိပ်စက် ညှဉ်းပန်းခဲ့သည်။ တချိန်တည်းတွင် တိုင်းပြည်၏ စီးပွားရေးကို ချွတ်ခြုံကျစေပြီး ငွေကြေးဖောင်းပွမှုကို ရာနှုန်း ထောင်ဂဏန်း အထိ ဖြစ်စေသူလည်း ဖြစ်သည်။ ပြည်သူလူထု ငတ်မွတ်နေချိန်တွင် ကမ်းလွန် ဒေသမှ ရရှိသော အကျိုး အမြတ်များနှင့် ခမ်းနားကြီးကျယ်စွာ နေထိုင်နေသူလည်းဖြစ်ကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြထားသည်။

Foreign Policy မဂ္ဂဇင်းမှ ထုတ်ပြန်သော ယခုနှစ်အတွက် အဆိုးတကာ့ အဆိုးရွားဆုံး အာဏာရှင်စာရင်းတွင် ယူဂန်ဒါ၊ ရ၀မ်ဒါ၊ ကျူးဘား၊ တရုတ်၊ အီရန်၊ ဗင်နီဇွဲလား၊ ဆူဒန်၊ အီသီရိုးပီးယား၊ အီဂျစ် စသည်တို့လည်း ပါဝင်သည်။

Ref: ဧရာဝတီ်

Read More...

Wednesday, June 23, 2010

မြန်မာ နျူးကလီးယားအရေး တရုတ်လက်ရှောင်

Tuesday, 22 June 2010 21:16

မြန်မာစစ်အုပ်စုနှင့် မြောက်ကိုးရီးယားတို့ ပူးပေါင်း လုပ်ဆောင်နေသည့် နျူးကလီးယား လက်နက် အစီအစဉ်နှင့် ပတ်သက်၍ အယ်ဂျာဇီးယား သတင်းဋ္ဌာနက ဇွန်လ ၃ ရက်နေ့တွင် ရုပ်သံ ထုတ်လွင့် ပြသခဲ့ပြီးနောက် အနုမြူစွမ်းအင် အေဂျင်စီ IAEA က လေ့လာ စုံစမ်းမှု ပြုလုပ်နေရသည့်တိုင် မြန်မာ့ အိမ်နီးခြင်း တရုတ်အနေဖြင့် နှုတ်ဆိတ်လျှက် ရှိသည်။

၁၉ဂ၃ ခုနှစ်က အာဇာနည်ဗိမာန်တွင် ဗုံးဖေါက်ခွဲခဲ့အပြီး သံသမန်အဆက်အသွယ် ပြတ်တောက်ခဲ့သည့် မြန်မာနှင့် မြောက် ကိုးရီးယား နှစ်နိုင်ငံအား တရုတ်က ပြန်လည် ဆက်သွယ်ပေးခဲ့ရာ ယခု နျူးကလီးယား အရေးသည် တရုတ်အပေါ် အဓိက တာဝန်ရှိသူ အဖြစ် လေ့လာသူများက ရှုမြင်ကြသည်။

တရုတ်အစိုးရသည် အနောက်နိုင်ငံများ၏ ဖယ်ကျဉ်ခြင်း ခံထားရသည့် မြန်မာ စစ်အာဏာရှင်များကို သမရိုးကျ စစ်ပွဲသုံး လက်နက်များ ပံ့ပိုး ကူညီနေသည့်တိုင်အောင် နျူးကလီးယား ကိစ္စတွင်မူ မြန်မာနှင့် တိုက်ရိုက် ပတ်သက်မှုကို လက်ရှောင် လိုကြောင်း တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“တရုတ်က မြန်မာပြည်ကို သမရိုးကျစစ်ပွဲအတွက် လက်နက်တွေကို ထောက်ပံ့တယ် သမရိုးကျထက် ကျော်လွန်တဲ့ လက်နက်တွေ ကျတော့ နိုင်ငံတကာနဲ့ မျက်နှာပြနေရလို့ မရောင်းပေးနိုင်တော့ မြောက်ကိုးရီးယားနဲ့ ဆက်ပေးတာဖြစ်တယ် မြောက် ကိုးရီးယားနဲ့ မြန်မာ အစိုးရ ဆက်ဆံမှု အဓိက လက်သည်ဟာ တရုတ်ပဲ ” လို့ သူက ဆိုသည်။

၁၉၈၃ ခုနှစ် ဗုံးဖေါက်ခွဲမှုအပြီး ရန်သူတော်များဖြစ်ခဲ့သည့် မြန်မာနှင့်မြောက်ကိုးရီးယားတို့ ပြန်ပေါင်း ထုတ်ရသည့် အကြောင်း တစ်ခုမှာ အမေရိကန် ဆန့်ကျင်သည့် အုပ်စုကို တရုတ်က တည်ဆောက်လိုခြင်းကြောင့် ဖြစ်သည်။

ထိုအချက်သည် မြန်မာနျူးကလီးယား ကိစ္စအပေါ် တရုတ်က လက်ရှောင်နေသည့် အကြောင်းဖြစ်ပြီး အကယ်၍ မြန်မာသာ မြောက်ကိုးရီးယား အကူအညီဖြင့် နျူးကရီးယား ပိုင်ဆိုင်လာပါက တရုတ်အတွက် မြွေပွေး ခါးပိုက် ပိုက်ထားသကဲ့သို့ ဖြစ်မည်ဟု သူက ဆိုသည်။

“ဗမာစစ်တပ်မှာ ဗိုလ်သန်းရွေကစလို့ တပ်သားအဆုံး တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ် အပြည့်ရှိတယ် မုံဆာလ အရေးအခင်း ကိုးကန့် အရေးအခင်း တုန်းကရော ဒီစိတ်ဓါတ်ကို ပြပြီးပြီ ဒါကိုတရုတ်က သတိမမူဘူး အကျိုးစီးပွားရှိတဲ့ အချိန်မှာ တရုတ် နဲ့ ပေါင်းတယ် အကျိုးစီးပွား မတူရင် သူတို့မှာရှိတဲ့ လက်နက်နဲ့ တရုတ်ကို ပြန်ချမှာပဲ” လို့ ဆိုသည်။

ထို့အပြင် စစ်အုပ်စု၏ နျူးကလီးယားပိုင်ဆိုင်မှုသည် အနောက်အုပ်စုအတွက် သာမက တိုင်းရင်းသား ပြည်သူများအတွက် များစွာ အန္တရာယ်ရှိကြောင်း သူက ဆက်ပြောသည်။

“ဗိုလ်သန်းရွှေတို့က ခေါင်းရှိတာမဟုတ်ဘူး လိုအပ်ရင် ၀နယ်လိုနေရာမျိုးကိုလည်း အနုမြူဗုံး ကျဲရင်ကျဲမှာ သူတို့မှာ ဘာမှ ခိုင်မာတဲ့ အမျိုးသား သွေးစည်း ညီညွတ်ရေးစိတ်ဓါတ် လုံးဝမရှိဘူး သူတို့ကို အာခံလို့ကတော့ ရှမ်းပြည်နယ် ကချင်ပြည် နယ်ကို အနုမြူဗုံးကျဲဖို့ အဆင်သင့်ပဲ” လို့ ဆိုသည်။

မြန်မာစစ်အာဏာရှင်များ နျူးကလီးယားဗုံးပိုင်ဆိုင်လိုသည့် အဓိကကျသည့် အချက် ၂ ခုမှာ စစ်အုပ်စု အာဏာ တည်မြဲရေး အတွက် အနောက်အုပ်စု၏ ၀င်ရောက်စွက်ဖက်မှုကို အာခံနိုင်ရန်နှင့် စစ်တပ်ကို သွေးထိုး မြှောက်ပင့်ရန်အတွက် ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

၂၀၀၀ခုနှစ်ခန့်မှစ၍ မြန်မာစစ်အုပ်စုက နျူးကလီးယားလက်နက် စီမံကိန်းကို စတင်အကောင်အထည် ဖေါ်ခဲ့ရာ ၂၀၀၂ ခုနှစ်တွင် နျူးကလီးယား သုတေသန ပြုလုပ်ရန် အတွက် မြန်မာ သင်တန်းသားများကို ရုရှားနိုင်ငံသို့ စေလွတ်ထားကြောင်း နအဖ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖေါ် ပြောကြားခဲ့သည်။

အိုစမာဘင်လာဒင်၏ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု အမေရိကန် CIA က စွပ်စွဲထားသော ပါကစ္စတန် နျူးကလီးယား ပညာရှင် နှစ်ဦးအား မြန်မာနိုင်ငံက နိုင်ငံရေး ခိုလှုံခွင့် ပေးထားကြောင်း ၂၀၀၁ ခုနှစ်ကုန်ပိုင်းတွင် သတင်းများ ထွက်ပေါ် လာသေးသည်။

မြန်မာစစ်အုပ်စုအား နျူးကလီးယားစီမံကိန်း အကူအညီပေးနေသည့် မြောက်ကိုးရီးယားတွင် နျူးကလီးယား ထိပ်ဖူး ၄ ခုမှ ဂ ခုအထိ ပြုလုပ်နိုင်သည့် ပလူတိုနီယံ အလုံအလောက်ရှိပြီး ၉၉ ရာခိုင်နူန်းသော ပလူတိုနီယံများကို ၂၀၀၂ ခုနှစ်မှစတင်ပြု လုပ်ခဲ့ကြောင်း သိပ္ပံနှင့် နိုင်ငံတကာ လုံခြုံရေး အင်စတီကျု့၏ ၂၀၀ရ ခုနှစ် အစီရင်ခံစာက ဆိုသည်။

ယခုဆိုလျှင် ကမ္ဘာပေါ်တွင် မြောက်ကိုးရီးယားအပါအ၀င် နျူးကလီးယား ထိပ်ဖူးပိုင်ဆိုင်သည့် နိုင်ငံ ၉ ခုရှိပြီး အီရန်နှင့် မြန်မာတို့မှာ နျူကလီးယား ထိပ်ဖူး ပိုင်ဆိုင်ရေးအတွက် ရုန်းကန်နေရဆဲ ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

နျူကလီးယား အစီအစဉ် မြန်မာစတင်၊ IAEA အရာရှိဟောင်း အတည်ပြု

ဦးသိန်းထိုက်ဦး
အင်္ဂါ, 22 ဇွန် 2010

မြန်မာနိုင်ငံဟာ နျူကလီးယား ဖွံ့ဖြိုးရေး အစီအစဉ်တွေ စတင် လုပ်ဆောင်နေပြီ ဆိုတာ သေချာတဲ့အကြောင်း မြန်မာပြည်တွင်းက ထွက်လာတဲ့ အထောက် အထားတွေကို ကိုးကားပြီး IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ အဖွဲ့ကြီးရဲ့ အကြီးအကဲဟောင်း ရောဘတ် ကယ်လီ (Robert Kelley) က ထပ်မံ အတည်ပြု ပြောဆို လိုက်ပါတယ်။ ဒါပေမဲ့လည်း နျူကလီးယား စွမ်းအင် ထုတ်လုပ်နိုင်တဲ့ အဆင့် ရည်မှန်းချက်တွေကို ရောက်ဖို့တော့ အလှမ်းဝေးတဲ့ အဆင့်မှာ ရှိနေသေးတယ်လို့ သုံးသပ် ပြောဆိုပါတယ်။ ၀ါရှင်တန်မြို့မှာ ကျင်းပတဲ့ မြန်မာနဲ့ နျူကလီးယား ဆိုင်ရာ ဆွေးနွေးပွဲအကြောင်း ဦးသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံဟာ နျူကလီးယား အစီအစဉ် စလုပ်နေတယ် ဆိုပေမဲ့ မနက်ဖြန် သန်ဘက်ခါ ဗုံးတွေ ထုတ်တော့မယ် ဆိုတဲ့ အဆင့်တော့ မဟုတ်ပါဘူး၊ တော်တော်လေး အရည်အသွေး နိမ့်တဲ့အဆင့်နဲ့ အစပျိုး လုပ်နေတာ ဖြစ်ပါတယ်လို့ IAEA နိုင်ငံတကာ နျူကလီးယား စွမ်းအင် အေဂျင်စီ အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက ပြောဆိုပါတယ်။

မနေ့က ၀ါရှင်တန်မြို့တော် National Endowment for Democracy (NED) အဖွဲ့ကြီးမှာ ကျင်းပတဲ့ မြန်မာနဲ့ နျူကလီးယား ရည်မှန်းချက်တွေ အကြောင်း ဆွေးနွေးပွဲမှာ သူက အခုလို ရှင်းပြခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ အယ်လ်ဂျာဇီးယား ရုပ်သံတို့ တွဲဖက် ထုတ်လုပ်ခဲ့တဲ့ မြန်မာစစ်တပ် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ထွက်ဆိုချက်တွေနဲ့ မန္တလေးမြောက်ဘက် သပိတ်ကျင်း နျူကလီးယား တပ်ရင်းက အထောက်အထား ဓာတ်ပုံတွေကို ကိုးကားပြီး IAEA အကြီးအကဲဟောင်း ရောဘတ် ကယ်လီက ပြောဆိုသွားတာပါ။ ဒီဓာတ်ပုံပါ စက်ပစ္စည်းတွေကို ကြည့်ရင် မြန်မာနိုင်ငံ အနေနဲ့ နျူကလီးယား ရည်မှန်းချက်တွေ စတင် ခြေလှမ်း လှမ်းနေပြီဆိုတာ သူ့အနေနဲ့ အခိုင်အမာ ပြောနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော့် အမြင်၊ ရှင်းရှင်းလင်းလင်း ခိုင်ခိုင်မာမာ ပြောနိုင်တာက ဒါဟာ နျူကလီးယား အစီအစဉ် ပုံစံတခု ဆိုတာပါ။ ဘာလို့လဲဆိုတော့ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ကောင်းကောင်း နားလည်တဲ့ ပညာတတ် စစ်တပ် အရာရှိတယောက် ကိုယ်တိုင် ပြောဆိုထားတဲ့ အချက်တွေ၊ အထောက်အထားတွေ ရှိနေပါပြီ။ စက်ပိုင်းဆိုင်ရာ နည်းပညာရှင် အင်ဂျင်နီယာ တယောက်ပါ။ မြန်မာ စစ်အစိုးရ ဘက်က ဒီကိစ္စကို အထူး လျှို့ဝှက်ထားတဲ့ အတွက်လည်း ဒါဟာ နျူကလီးယား ဆိုင်ရာ စီမံချက်တခုလို့ ကျနော်က မြင်ပါတယ်။ တကယ်ဆိုရင် သူတို့ လျှို့ဝှက်ထားစရာ အကြောင်း မရှိပါဘူး။”

မြန်မာစစ်အစိုးရဘက်က မြန်မာနိုင်ငံမှာ နျူကလီးယား အစီအစဉ် စတင်နေတယ်ဆိုတဲ့ ထုတ်လွှင့်ချက်တွေဟာ လုပ်ကြံ ၀ါဒဖြန့်တဲ့ အစီအစဉ်တွေသာ ဖြစ်ပြီး ယူရေနီယံ သန့်စင်တာ၊ ထုတ်လုပ်တာ မရှိတဲ့အကြောင်း IAEA ကို ပြန်လည် ငြင်းဆို ထားပါတယ်။ လက်နက်တွေ ထုတ်လုပ်နေတယ်လို့ ယူဆရတဲ့ အဆောက်အဦး တွေကို ၂၀၀၅ ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး စက်ပစ္စည်းတွေကို ၂၀၀၆ ခုနှစ်ကမှ စတင်ခဲ့တာပါ။ ဒါကြောင့် ဒီအစီအစဉ်ဟာ သိပ် ရှေ့ကို မရောက်သေးပါဘူးလို့ ရောဘတ် ကယ်လီက ပြောပါတယ်။

စစ်အစိုးရ နျူကလီးယား တပ်ရင်းတွေမှာ ဂျာမဏီနိုင်ငံက ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်တဲ့ အသေးစိတ် တိတိကျကျ ထုတ်လုပ်နိုင်တဲ့ အရည်အသွေးမြင့် စက်ကြီးတွေ ထားရှိပြီး ဒီစက်ကြီးတွေကို စင်ကာပူနိုင်ငံက ပွဲစားတွေကတဆင့် မြန်မာ စစ်အစိုးရက ရယူခဲ့တယ်လို့ ရောဘတ် ကယ်လီက ပြန်ပြောပြပါတယ်။ ဒီစက်တွေကို နည်းပညာဆိုင်ရာ သင်တန်းကျောင်းတွေမှာ သုံးဖို့ဆိုပြီး မြန်မာ စစ်အစိုးရက အကြောင်း ပြခဲ့ပါတယ်။

ဒါပေမဲ့ လူတွေနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ထားပြီး သင်တန်းတက်ရောက်သူတွေ ထဲမှာ အမျိုးသမီးတွေ မပါတာ၊ ဂျာမန် ပညာရှင်တွေ ကိုယ်တိုင်က စက်တွေကို ဘယ်လိုနေရာတွေမှာ သုံးသလဲဆိုပြီး လာရောက် စစ်ဆေးတဲ့အချိန် စစ်တပ် အရာရှိတွေကို အရပ်အ၀တ် အစားတွေပဲ ၀တ်ခိုင်းခဲ့တာတွေကို ရောဘတ် ကယ်လီက ထောက်ပြပါတယ်။ ဥရောပ နည်းပညာရှင်တွေ လာရောက် စစ်ဆေးတဲ့ အချိန် နံရံတွေမှာ ကပ်ထားတဲ့ စက်ပစ္စည်း ထုတ်လုပ်တဲ့ စာရင်းတွေကိုလည်း မြန်မာ စစ်အစိုးရက ပြောင်းလဲ ထားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

IAEA အနေနဲ့ မြန်မာနိုင်ငံ အတွင်းကို ၀င်ရောက် စစ်ဆေးနိုင်တဲ့ သဘောတူညီချက်မျိုးတွေ ရဖို့ လိုတယ်လို့လည်း ရောဘတ် ကယ်လီက ထောက်ပြပါတယ်။

“IAEA ဟာ မြန်မာနိုင်ငံနဲ့ အရေးကြီးတဲ့ သဘောတူညီချက် ၂ ခု ရှိပါတယ်။ ၁၉၉၂ မှာ နျူကလီးယားဆိုင်ရာ ဘေးကင်း လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ပါ။ တခြား ဘယ်နိုင်ငံမဆို IAEA သဘောတူ လက်မှတ် ရေးထိုးထားတဲ့ သဘော တူညီချက်မျိုးပါ။ မြန်မာ နိုင်ငံဘက်က စစ်ဆေးစရာ ရှိပါတယ်ဆိုပြီး ကြေညာတာမျိုး မရှိတဲ့အတွက် IAEA ဘက်က စစ်ဆေး ခဲ့တာမျိုး မရှိပါဘူး။

“၁၉၉၅ မှာလည်း မြန်မာနိုင်ငံ အနေနဲ့ နျူကလီးယား ထုတ်လုပ်နိုင်တဲ့ စက်ရုံ၊ ပစ္စည်း မရှိတဲ့အတွက် IAEA အနေနဲ့ လာရောက် စစ်ဆေးစရာ မလိုတဲ့အကြောင်း မြန်မာဘက်က အကြောင်းကြား ခဲ့ပါတယ်။ ဒီသဘောတူညီချက် အရ မြန်မာပြည် အတွင်းမှာ နျူကလီးယားနဲ့ ပတ်သက်လို့ ဘေးကင်း လုံခြုံမှု ရှိမရှိ IAEA ဘက်က စစ်ဆေးခဲ့တာ မရှိပါဘူး။”

နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခင် IAEA ဘက်က မြန်မာနိုင်ငံကို ပေးနေတဲ့ နည်းပညာဆိုင်ရာ အကူအညီတွေကို ဖြတ်တောက် ထားသင့်တယ်လို့ ရောဘတ် ကယ်လီက ပြောပါတယ်။ မြန်မာနိုင်ငံက လျှို့ဝှက် နျူကလီးယား အစီအစဉ် စတင်နေချိန်မှာ တနှစ်ကို ဒေါ်လာ ၇၀၀,၀၀၀၊ ၈၀၀,၀၀၀ လောက် နည်းပညာဆိုင်ရာ အကူအညီတွေ ဆက်ပေးနေတာမျိုး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

တချိန်တည်းမှာ ဂျာမဏီနိုင်ငံက တင်ပို့ထားတဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့ စက်ကြီးတွေကို ဂျာမန်ကုမ္ပဏီတွေ ကိုယ်တိုင် ၂၀၀၇ ခုနှစ်က နောက်ဆုံး စစ်ဆေးခဲ့တာ ဖြစ်တဲ့အတွက် နောက်ထပ် သွားရောက်ပြီး စစ်ဆေးဖို့၊ ဒီစက်ကြီးတွေကို စစ်အစိုးရက ဘယ်နေရာတွေမှာ သုံးနေသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဂျာမန်ကုမ္ပဏီတွေကို ဖိအားပေးဖို့ လိုတယ်လို့ ပြောပါတယ်။ နောက် အာဆီယံ အရှေ့တောင် အာရှ နိုင်ငံတွေက တဆင့်လည်း မြန်မာနိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိနိုင်အောင် စစ်အစိုးရကို ဖိအားပေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

မြန်မာ့တပ်မတော်မှာ စစ်ထောက်လှမ်းရေး အရာရှိတဦးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ကတော့ ဒီ နျူကလီးယား ရည်မှန်းချက်တွေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်နဲ့ ဆုံးဖြတ်တာလို့ သူက မြင်ပါတယ်။

“ဒီ နျူကလီးယား ရည်မှန်းချက်ဆိုတာ မြောက်ကိုရီးယားနဲ့ ဆက်စပ်ပြီးတော့ ဖြစ်လာတာ။ အမေရိကန် အပါအ၀င် တခြားနိုင်ငံတွေက မြောက်ကိုရီးယားကို အစာရေစာ ထောက်ပံ့တာတို့ ဘာတို့ ချော့နေရတယ်ဗျာ။ အဲဒါ သွားပြီး မထိရဲဘူး။ အဲဒါက ပါဝါ၊ နျူကလီးယား လက်နက် ရှိလို့ဆိုတဲ့ အမြင်မျိုး ရှိပါတယ်။”

ဓာတ်ပုံပါ အထောက်အထားတွေအရ မြန်မာစစ်အစိုးရဟာ နိုင်ငံတကာနဲ့ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး နျူကလီးယား ထုတ်လုပ်ဖို့ ခြေလှမ်းတွေ လှမ်းနေတဲ့အကြောင်း IAEA အရာရှိဟောင်း တဦးဖြစ်တဲ့ ရောဘတ် ကယ်လီက ပြောပါတယ်။ ဒီအခြေအနေကို တိတိကျကျ ဖော်ထုတ်ဖို့နဲ့ ဟန့်တားဖို့ လိုတဲ့အကြောင်း သူက ပြောဆိုသွားပါတယ်။

Ref: VOA News

Read More...

စစ်တပ်လျှို့ဝှက်စီမံကိန်းနယ်မြေ လုံခြုံရေးတိုးမြှင့်

ပေါက်ပေါက်
၂၂ ဇွန် ၂၀၁၀

မကွေးတိုင်း နတ်မောက်မြို့နယ် အရှေ့တောင်ဘက် ပင်းကတော့တောင်ကြောပေါ်တွင် နအဖစစ်တပ်၏ လျှို့ဝှက် တည်ဆောက်ရေး စီမံကိန်း နယ်မြေအား မကြာသေးမီ ရက်ပိုင်းကစ၍ စစ်တပ်အင်အား ပိုမိုတိုးချထားပြီး အနီးတ၀ိုက်မှ ကျေးရွာ သားများအား တောင်ခြေအနီး သွားလာမှုများ ပိတ်ပင်လိုက်သည်။

လွန်ခဲ့သည့် (၄) နှစ်လောက်မှစ၍ အဆိုပါ တောင်ကြောပေါ်သို့ စစ်တပ်မှ လာရောက်အခြေချကာ စက်ယန္တရားများ ပို့ဆောင်ခြင်း၊ မိုးကာ အုပ်ထားသည့် ယာဉ်များနှင့် ဘိလပ်မြေအိတ်များ တင်ဆောင်သည့် ကားများ သွားလာမှု ရှိခဲ့ကြောင်း၊ ယခုအခါ ထိုဒေသတွင် စစ်တပ်အင်အား တိုးချဲ့ချထားသည်ကို တွေ့ရကြောင်း နတ်မောက် ဒေသခံတဦးက ပြောသည်။

၎င်းက “အခုလ အစောပိုင်းလောက်က စစ်သားတွေ ထပ်တိုးထားတယ်။ ကျောက်ပန်းတောင်း၊ ပျဉ်းမနား မီးရထား လမ်းပေါ်က ရွှေပန်းကျေးရွာရဲ့ အရှေ့လောက်မှာ ရှိတယ်။ အဲဒီဘက်မှာ ဂွေးကုန်း၊ ရှမ်းကုန်း၊ ဆင်သေကန်၊ ဒန့်သလွန်ကုန်း၊ ဖျောက်ဆိပ် ကုန်းတို့လို ရွာတွေရှိတယ်။ အခု အဲဒီ တောင်ကြောဘက် ထင်းခုတ်၊ ဝါးခုတ်ကတော့ အရင် (၄) နှစ်လောက် ကတည်းက ပိတ်ထားတာ။ အခုတော့ တောင်ခြေနား စားကျက်တွေဘက် ကျွဲနွားတွေ သွားလွှတ်လို့ မရတော့ဘူး။ စစ်တပ်က ရှေ့ထွက် ကင်းပုန်းဝပ် စောင့်နေတယ်” ဟု ပြောသည်။

နတ်မောက်မြို့နယ်အတွင်းတွင် စစ်လက်နက်ပစ္စည်းစက်ရုံလည်းရှိပြီး ယခု တောင်ကြောပေါ်ရှိ ဆောက်လုပ်ရေး စီမံကိန်းနှင့် အလှမ်းဝေးကာ သီးသန့် ဖြစ်နေကြောင်း၊ ယခုဆောက်လုပ်ရေး စီမံကိန်းသည် ဥမင်လိုဏ်ခေါင်း ဆောက်လုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများအကြား ယူဆ ပြောဆိုနေကြောင်း နတ်မောက် ဒေသခံတဦးက ပြောသည်။

၎င်းက “ဂွေးကုန်းနဲ့ ဆင်သေကန် ဘူတာအကြား သံလမ်းအရှေ့ဘက် (၂) မိုင် လောက်ပဲရှိမယ် ထင်တယ်။ ရထားပေါ်ကနေ အဆောက်အဦးတွေ လှမ်းမြင် နေရတယ်။ ဟိုနှစ်တွေတုန်းကဆို တောင်တွေပေါ် သစ်ပင်တွေ ခုတ်ထားလို့ ပြောင်နေတာ၊ အခုသစ်ပင်တွေ ပြန်စိုက်ထားတယ်။ အစောပိုင်းက မိုင်းခွဲတာတွေ နေ့တိုင်းကြားရတယ်။ ဥမင်လိုဏ်ခေါင်း ဖောက်နေတာ၊ ပျဉ်းမနားအထိ ဖောက်သွားမှာဆိုပြီး ပြောနေကြတယ်။ ကိုရီးယားလို နိုင်ငံခြားသားတွေ ရောက်လာတာကို အချို့ မြင်လိုက်ရတဲ့သူ မြင်လိုက်ရတယ်” ဟု ပြောသည်။

မကြာသေးမီက နအဖ၏ လျှို့ဝှက် နျူကလီးယားစီမံကိန်းနှင့် ဥမင်လိုဏ်ခေါင်းကိစ္စများကို စီမံကိန်းတွင် ပါဝင် ပတ်သက်ခဲ့သူ မြန်မာပြည်မှ ထွက်လာသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြည်ပ သတင်းဌာနများမှ တဆင့် ဖော်ထုတ်ခဲ့သဖြင့် ယခုကဲ့သို့ စီမံကိန်းများရှိရာ ဒေသအား ပြင်ပလူများ လာရောက် စုံစမ်းထောက်လှမ်းမှုများ မလုပ်နိုင်ရန် လုံခြုံရေး တိုးမြင့်လိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု စစ်ရေး အကဲခတ်တဦးက ပြောသည်။

၎င်းက “ဗိုလ်မှူး စိုင်းသိန်းဝင်း ဖွင့်ချလိုက်တော့ မဟုတ်ပါဘူးဆိုပြီး တဖက်က ငြင်းနေသလို ကျန်တဖက်ကလည်း အဲလို လျှို့ဝှက် နယ်မြေတွေကို အခြား ပြင်ပကလူတွေ လာပြီး ဓာတ်ပုံရိုက်တာ၊ သတင်း လာထောက်တာတွေ မဖြစ်ဖို့ လုံခြုံရေး တိုးချထားတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ပါတီတည်ထောင်ခွင့် တရားမမျှတဟု ကချင်ပါတီပြောဆို

သန်းထိုက်ဦး Tuesday, June 22, 2010

ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ တည်ထောင်ခွင့် ချပေးရန် ကြန့်ကြာ နေခြင်းသည် တရားမျှတမှု မရှိကြောင်း ပါတီ အတွင်းရေးမှူး ဦးတူးရော်က ဧရာဝတီသို့ ပြောသည်။

KSPP သည် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ဧပြီလ ၅ ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ခွင့်ပြုချက် မရသေးပေ။

ဦးတူးရော်က “ဘာကြောင့်လဲဆိုတာ သူတို့ပဲ သိတယ်။ တရားမျှတမှု မရှိဘူးလို့ပဲ စိတ်ထဲမှာ ခံစားရတယ်” ဟု ပြောသည်။

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာ မနန်တူးဂျာသည် KIO မှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေး ပါတီ ဖွဲ့စည်း ခဲ့သောကြောင့် ဖြစ်နိုင်သည်ဟုလည်း လေ့လာ စောင့်ကြည့်သူများက ဆိုသည်။

“KSPP ပါတီက KIOနဲ့ လုံးဝ ပတ်သက်မှု မရှိဘူးလို့ပဲ ပြောချင်တယ်။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ သူတို့ပြောတယ် ဆိုတာက မပေးချင်လို့ ဖြစ်ချင် ဖြစ်မယ်။ ဒါမှ မဟုတ်ရင်လည်း ကျနော်တို့ကို ဒုက္ခပေးချင်လို့ ဖြစ်ချင်ဖြစ်မယ်” ဟု ဦးတူးရော်က ဆိုသည်။

စစ်အစိုးရ၏ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၃)၊ အပိုဒ် ၁၂ (က)၊ အပိုဒ်ခွဲ (၃) ၌ နိုင်ငံရေးပါတီ တရပ် အနေဖြင့် နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် မတရား အသင်းအဖြစ် ကြေညာ ခံထားရသော အဖွဲ့အစည်းနှင့် ပတ်သက်မှုရှိပါက နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဟု ဆိုထားသည်။

ယခုလ ၁၆ ရက်နေ့ကလည်း ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက်ကာ ပါတီ တည်ထောင်ခွင့် အမြန်ဆုံး ချပေးရန် တောင်းဆို ခဲ့ကြောင်းလည်း သိရသည်။

“တကယ်လို့ ပါတီ မှတ်ပုံတင်ခွင့် ချပေးမယ် ဆိုရင်တောင် နောက်ကျမှ ရတဲ့ အခါကျတော့ သူများလောက် စည်းရုံးဖို့ အချိန် မရဘူးဆိုတော့ ကျနော်တို့ နစ်နာတာပေါ့ဗျာ” ဟု ဦးတူးရော်က ပြောသည်။

စစ်အစိုးရက ပါတီမှတ်ပုံတင်ခွင့်ကို အချိန်ကပ်ပြီး ပေးခဲ့သည့်တိုင် အစီအစဉ် ချမှတ်ထားသည့်အတိုင်း ဆက်လက်၍ လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ဦးတူးရော်က ဆက်လက် ပြောကြားသည်။

ယခုကဲ့သို့ KSPP က ပါတီတည်ထောင်ခွင့် အတည်ပြုချက်ရရန် ကြန့်ကြာနေချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကိုယ်စား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ကချင်ပြည်နယ် အတွင်း စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

ထိုင်း အခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာ လဖိုင်နော်ဒင်းကမူ KSPP ပါတီကို မှတ်ပုံတင်ခွင့် ချမပေးခြင်းသည် KIO ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်းပြောင်းရန် ဖိအား ပေးခြင်းနှင့် မသက်ဆိုင်ကြောင်း၊ KSPP သည် USDP ထက် ကချင်ပြည်နယ်တွင် မဲနိုင်မည့် အနေအထား ရှိသောကြောင့် ယခုကဲ့သို့ မှတ်ပုံတင်ခွင့် ချမပေးသေးဘဲ နေခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

KSPP သည် မြစ်ကြီးနားမြို့တွင် ရုံးဖွင့်ထားပြီး ပါတီ တည်ထောင်ချိန်မှ စ၍ ကချင်ပြည်နယ်တွင် စည်းရုံးရေး လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ပါတီမှတ်ပုံတင်ပြီး နောက်ပိုင်းမှ စ၍ စည်းရုံးရေး လုပ်ငန်းများ ရပ်ဆိုင်း ခံထားရ ခြင်းဖြစ်သည်။

KSPP ပါတီ ကို ၂၀၀၉ ခုနှစ် မတ်လတွင် ဒေါက်တာ မနန်တူးဂျာက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံရေး ပါတီအဖြစ် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

ပါတီ တည်ထောင်ခွင့် မကျသေးသည့် ပါတီများအနက် ရှမ်းပြည် မြောက်ပိုင်း တိုးတက်ရေး ပါတီနှင့် ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့လည်း ပါဝင်သည်။

ယနေ့အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၆ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ်

Read More...

ချိတ်ပုဆိုးဝတ် ဝန်ကြီးများ သတိဆွဲ၍ ဧည့်ကြို

ခက်ထန်
Tuesday, June 22, 2010

ကြိုးကြီး ချိတ်ရောင်စုံ၊ ခေါင်းပေါင်းစ တလူလူ၊ တိုက်ပုံ တကားကားနှင့် ကတ္တီပါ ခုံမြင့်ဖိနပ်ဆင်တူ ကိုယ်စီ ဆင်ယင်ထားပြီး သတိ ဆွဲနေသည့် စစ်အစိုးရ ဝန်ကြီးများကို မြင်တွေ့ရသည်မှာ အရပ်သား အစိုးရအဖြစ် တမင် ဖန်တီးထား လေသလားဟု လူအများက မေးခွန်း ထုတ်နေကြသည်။

ဇွန်လ ၂၁ ရက်နေ့က လာအို ဝန်ကြီးချုပ် မစ္စတာ ဘိုဝါဆွန်ဘုဖာဝမ်းအား စစ်အစိုးရ ဝန်ကြီးများက ပုံပါအတိုင်း ဝတ်ဆင်ကာ ကြိုဆို နေကြခြင်း ဖြစ်သည်။

ဆယ်စုနှစ် ၂ ခုအတွင်း နိုင်ငံတော်အဆင့် ဧည့်ကြိုပွဲ၌ ယခုကဲ့သို့ ဝတ်စားဆင်ယင်ပုံ မျိုးဖြင့် ကြိုဆိုကြသည်ကို မြင်တွေ့ ခဲကြသည်။

ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် ဝန်ကြီး ၂၇ ဦးတို့သည် ဧပြီ လကုန်ပိုင်းတွင် စစ်ဘက် ရာထူးများမှ အရပ်ဘက်သို့ ပြောင်းလဲ ခဲ့ကြပြီးနောက် ဤသို့ ဝတ်စားဆင်ယင်မှု များဖြင့် ပထမဆုံး အကြိမ် ထွက်ပေါ်လာ ခဲ့ကြခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် အပေါင်းအပါ ဝန်ကြီးများသည် ခေါင်းပေါင်း၊ တိုက်ပုံအပြင် အရောင်ကွဲပြားရန် စီစဉ်ထားသော ချိတ်လုံချည်၊ ပုံစံတူ ခုံမြင့် ကတ္တီပါ ဖိနပ်များ စီးထားပြီး သတိဆွဲလျက် ရပ်နေကြခြင်းကို MRTV ရုပ်/ သံကလည်း ထုတ်လွှင့် သွားခဲ့ပြီး ကြည့်ရှုရသူများ အမြင်ဆန်းလျက် ရှိကြောင်း သိရသည်။

ကြည့်ရှုခဲ့သူ တဦးက “အကယ်ဒမီပွဲမှာ အရောင်းဆိုင်တွေက စပွန်ဆာပေးလို့ မင်းသမီးတွေ ကြိုးကြီး ချိတ်ရောင်စုံကို အပြိုင်အဆိုင် ဝတ်လာ ကြတာနဲ့တူတယ်” ဟု ပြောသည်။

စစ်ဝတ်စုံ၊ စစ်ဖိနပ်၊ ဦးထုပ်များကိုသာ အနှစ် ၂၀ ကျော် ဝတ်ဆင်ခဲ့ရသော စစ်ဝန်ကြီးများမှာ သာမန်လူ မဝတ်သည့် အဝတ်အစားများဖြင့် ကသိကအောင့် ဖြစ်နေပုံရသည်ဟုလည်း ၎င်းက ဆိုသည်။

ဝန်ကြီးများ ဝတ်ဆင်ထားသည့် ချိတ်လုံချည် အဆင်များသည် မြန်မာပြည်၌ မင်္ဂလာဆောင်ချိန်တွင် သတို့သား၊ ရှင်ပြုချိန်တွင် မောင်ရှင်လောင်း၊ ဇာတ်ကနေသည့် ဇာတ်မင်းသားတို့မှ တပါး တခြား ပွဲလမ်းသဘင်များ၌ ဝတ်ဆင်သည်ကို မြင်ရခဲလှသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဧပြီလ ၂၉ ရက်နေ့၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံ တင်ခွင့် လျှောက်ထားခဲ့ကြသည်။

ပြည်တွင်း မီဒီယာများတွင် လက်ရှိ အစိုးရကို တပ်မတော် အစိုးရဟု ခေါ်ဝေါ်သုံးစွဲခြင်း မပြုကြရန် ကာကွယ်ရေးဦးချုပ် (ကြည်း) ၏ ညွှန်ကြားချက် မေလ အစောပိုင်းက ထွက်ပေါ်လာခဲ့သည်။

ဝန်ကြီးများကို တမင်သတ်မှတ်၍ ယခုကဲ့သို့ ဝတ်ခိုင်းသည်မှာ ထင်ရှားကြောင်းလည်း လူအများက ဝေဖန်နေကြသည်။

အဆိုပါ ဝတ်စားဆင်ယင်ပုံများကို လူထုမျက်မှောက်တွင် ဖော်ပြလာခြင်းဖြင့် အရပ်သား အစိုးရအဖြစ် မြင်လာရန် လုပ်ဆောင် နေကြဟန် ရှိကြောင်း ဝေဖန်သူများက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

ရခိုင်ပြည်နယ် လူ ၇ သောင်းခွဲကျော် အိုးအိမ်မဲ့ဖြစ်ဟု ကုလ ပြော

ခိုင်စု
အင်္ဂါနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်း ၄ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှု၊ ရေလွှမ်းမိုးမှုကြောင့် လူဦးရေ ၇၇၀၀၀ ခန့် အိုးအိမ်မဲ့ သို့မဟုတ် နေရာပြောင်းရွှေ့မှု ဖြစ်ခဲ့သည်ဟု လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ကုလသမဂ္ဂ ဌာန ကိုယ်စားလှယ်ရုံး (မြန်မာနိုင်ငံ) က ပြောသည်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦး မြို့နယ်များတွင် ယခုလ ၁၃ ရက်နေ့မှ ၄ ရက်ကြာအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အိုးအိမ်မဲ့ အခြေအနေများကို ကုလရုံးက ၁၉ ရက်နေ့တွင် စာရင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်း ဘေးဒဏ်သင့် ဒေသများသို့ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ၊ နယ်စီးမခြား ဆရာဝန်များအဖွဲ့ MSF (Holland) ၊ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့ ACF နှင့် အခြား NGO အဖွဲ့များက ကွင်းဆင်း၍ စာရင်းပြုစု ခဲ့သည်ဟု ရန်ကုန်ရှိ ကုလရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် အထက်ပါ အဖွဲ့များအနေဖြင့် ရေဘေးလေဘေးသင့်ရာ ဒေသများသို့ အရေးပေါ်အကူအညီ လိုအပ်နေသည့် ခြင်ထောင်၊ အစားအသောက်နှင့် ဆေးဝါး ထရပ်ကား ၅ စီးစာမျှကို မိသားစု ၅ဝဝဝ ခန့်အတွက် စပိတ်ဘုတ်များဖြင့် ယခုလ ၁၉ ရက်နေ့က ပို့ဆောင် ဖြန့်ဝေခဲ့သည်ဟု ပြောသည်။ အသေးစိတ် အချက်အလက်ကိုမူ ပြောဆိုရန် သူက ငြင်းဆိုသည်။

ထိုသို့ သွားရောက်ကူညီနေသော်လည်း လမ်းတံတားများ ကျိုးပဲ့ပျက်စီးခြင်းကြောင့် ဒေသအချို့သို့ သွားရောက် ကူညီရန် ခက်ခဲနေကြောင်း ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ (OCHA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရေဘေးလွတ်ရာ ပြောင်းရွှေ့နေကြသော မိသားစုအချို့မှာ နေရပ်ရင်းကို ပြန်သွားခဲ့ကာ အချို့မှာ ယခုထိ အိုးအိမ်မဲ့ ဖြစ်နေ ကြသေးသည်ဟုလည်း ဖော်ပြထားသည်။

လူ ၁ သောင်းခွဲအတွက် တလစာ အစားအစာများကို ဒေသတွင်းမှပင် ဖြည့်တင်း နိုင်မည်ဖြစ်ပြီး ထပ်မံ လိုအပ်ချက်များ အတွက် စစ်တွေမြို့မှ ဖြန့်ဖြူးနိုင်မည်ဟု OCHA အစီရင်ခံစာက ဆိုသည်။

ထို့အပြင် ထိုဒေသများရှိ HIV ၊ AIDS ဝေဒနာသည်များမှာ ပုံမှန်ကုသမှုများ မရရှိနိုင် သေးကြောင်းနှင့် ရေနှင့် တကိုယ်ရည် သန့်ရှင်းရေး အတွက် မိသားစု ၄ဝဝဝ အတွက် လာမည့် ၁ဝ ရက်အတွက် ရေသန့်ဆေးပြားများ ဖြန့်ဝေပေးမည်ဟု ကုလ ကလေးသူငယ်များ အရေးပေါ် ရံပုံငွေအဖွဲ့ UNICEF နှင့် ကုလဖွံ့ဖြိုးရေး အစီအစဉ် UNDP တို့ကလည်း ဆိုထားကြသည်။

လမ်းတံတား ပျက်စီးမှုများအနေဖြင့် စစ်တွေ-မောင်တော သွားရောက်ရာလမ်းတွင် တံတား ၃ စင်း ပျက်စီးနေကာ Bridge Asia Japan (BAJ) က တံတားတစင်းကို ပြန်လည်ပြုပြင်နေပြီး၊ ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ယခုချိန်ထိ ပြတ်တောက်လျက်ရှိသည်။

ဘူးသီးတောင်မြို့ခံတဦးက “မိုးစကြီးကတည်းက မောင်တောကို ရောက်နေတာ။ အခုထိ မပြန်ရသေးဘူး။ လမ်းတွေက ရွှံ့တွေ ထူပြီး မကောင်းသေးဘူး။ လောလောဆယ်တော့ တနေရာနဲ့ တနေရာကို လမ်းလျှောက်နေရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ပယက ဥက္ကဋ္ဌ နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးမောင်မောင်ဆွေနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေတို့ ယခုလ ၁၉ ရက်နေ့က ဘူးသီးတောင်နှင့် မောင်တောသို့ သွားရောက်ပြီး ဘေးသင့်သူများကို ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ကြောင်း ကြေးမုံ သတင်းစာတွင် ဖော်ပြခဲ့သည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လူသေပျောက်မှုနှင့် ထိခိုက်မှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး ဘူးသီးတောင်တွင် ဒေသဧရိယာ၏ ၃ ပုံ ၂ ပုံ ရေလွှမ်းမိုးခံခဲ့ရသည်ဟု ရန်ကုန် UNDP ရုံး အဆိုအရ မဇ္ဈိမက သိရသည်။

၎ ရက်ကြာ မိုးကြီးလေကြီးဖြစ်ကာ မြေပြိုများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အမျိုးသား ၃၅ ဦး အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ကမ်းနားလမ်းဖောက်ရန် အဆောက်အအုံများ ဖျက်မည်

နရီလင်းလက်
Tuesday, June 22, 2010

ရန်ကုန် ဆိပ်ကမ်းပတ် လမ်းသစ် ဖောက်လုပ်ရန် အတွက် မလွတ်ကင်းသည့် ဌာနဆိုင်ရာ အဆောက်အအုံ ၈၀၀ ကျော်နှင့် လူနေ အိမ်ရာ စီမံကိန်း ၃ ခု ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သိရသည်။

“ကမ်းနားလမ်းမကြီး တလျှောက် ကပ်ဖောက်သွားမှာဆိုတော့ မလွတ်တဲ့ အဆောက်အအုံတွေ အကုန် ဖျက်ရမယ်။ အဲဒီမှာ နေနေတဲ့ ဝန်ထမ်းတွေလည်း ရှိတော့ သူတို့အတွက် ဘယ်လို စီစဉ်ပေးမလဲဆိုတာ မသိသေးဘူး။ အခုအချိန်ထိတော့ ညွှန်ကြားလာတာ မရှိသေးဘူး” ဟု မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ရုံးမှ အရာရှိတဦးက ပြောသည်။

ဆက်လက်၍ ၎င်းက “လက်ရှိ ကမ်းနားလမ်းပေါ်မှာ အိမ်ရာ ၃ ခုရှိတယ်။ လမ်းကို အဆောက်အအုံ နောက်ကျောက ဖောက်သွားမယ် ဆိုပေမယ့် အခုချိန်ထိ လွတ်မလွတ် မသေချာသေးဘူး။ လမ်း နယ်နမိတ်တွေကတော့ စတိုင်းနေပြီ” ဟု ပြောသည်။

ဆိပ်ကမ်းပတ်လမ်း ပေအရှည်ကို ၅. ၇ မိုင် သတ်မှတ်ထားပြီး ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်တို့အား ဖြတ်သန်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပတ်လမ်းသည် ဗိုလ်တထောင် သန်လျှက်စွန်းဆိပ်ကမ်းမှ ကြည့်မြင်တိုင် မြန်မာ့စီးပွားရေး ကိုအော်ပရေးရှင်း ဆိပ်ကမ်း အထိ ရှည်လျားကာ ကွန်ကရစ်လမ်း ဖြစ်ပြီး လမ်းအကျယ်ကို ၄၈ ပေ သတ်မှတ်ထားသည်။

“နဂို တင်ထားတဲ့ ပိုင်းလော့ပုံစံ (မြေပုံကြမ်း) အရ ဆိုရင်တော့ အိမ်တွေ အများကြီး ပါကုန်မှာ။ ဒါကျတော့လည်း သူတို့ မလုပ်ရဲဘူး။ အခု မြေပုံ နည်းနည်းပြန်ပြင်ပြီး ကွင်းဆင်း တိုင်းတာရေးတွေ စနေပြီ” ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး၊ အင်ဂျင်နီယာဌာန (လမ်းတံတား) မှ အင်ဂျင်နီယာတဦးက ပြောသည်။

ဆိပ်ကမ်းပတ် လမ်းသစ်ဖောက်လုပ်ခွင့်ကို စစ်အစိုးရနှင့် နီးစပ်သော အေးရှားဝေါလ် ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိထားပြီး ကွန်တိန်နာနှင့် သစ်လုံးတင် ယာဉ်များကိုသာ ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြစ်နဲ့ ကပ်လျက် အောင်ဇေယျ ရပ်ကွက်က လှော်ကားလမ်းတော့ တခြမ်းပါမယ်။ အိမ်ရာ စီမံကိန်းက လူတွေကတော့ တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်။ မြန်မာပြည်မှာ လမ်းဖောက်လို့ မလွတ်ရင် ဖျက်ပဲ။ ပြီးရင် အစား ဘယ်တော့မှ ပြန်ရတာ မဟုတ်ဘူး” ဟု လမ်းတံတား အင်ဂျင်နီယာက ပြောသည်။

အဆောက်အအုံများ မဖယ်ရှားသေးသော်လည်း အလုံ သင်္ဘောကျင်း မြေနေရာ ရှင်းလင်းရေးများ ပြုလုပ်နေကြောင်း သိရသည်။

“တချို့ ဌာနဆိုင်ရာ ရုံးတွေမှာ နေပြည်တော် ပြောင်းသွားရလို့ လူမရှိပေမယ့်၊ တချို့ ရုံးတွေမှာတော့ ၀န်ထမ်းတွေ ရှိတယ်။ ဒီအတွက် ဘယ်မှာ သွားနေရမယ် ဆိုတာမျိုး အခုထိ ဘာမှပြောတာ မရှိသေးဘူး” ဟု ဗိုလ်တထောင် ရေတပ်ဝင်းမှ ၀န်ထမ်းတဦးက ပြောသည်။

မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံးပိုင် အဆောက်အအုံ ၅၅ လုံး အပါအဝင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စည်ပင်ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော် (ရေ)၊ သစ်တော ရေးရာ ၀န်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ ပိုင်ဆိုင်သည့် အဆောက်အအုံ စုစုပေါင်း ၈၀၀ ကျော်မှာ ဖျက်သိမ်းခံရမည့် စာရင်းတွင် ပါဝင်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

ချေးငွေအစား စပါးပြန်ဆပ်ရသည်ကို ကျိုက်လတ်တောင်သူတို့ မကျေနပ်

အောင်ထက်
၂၂ ဇွန် ၂၀၁၀

ကျိုက်လတ်မြို့တောင်သူများအား ဦးပိုင်နှင့် ဆန်စပါးအထူးပြုကုမ္ပဏီတို့က မိုးစပါး ချေးငွေများ ထုတ်ချေးလျက် ရှိရာ ပြန်လည် ပေးဆပ်ရမည့် အချိန်၌ ချေးငွေအစား ဆန်စပါးကို ပေးရမည် ဆိုသည့်အတွက် တောင်သူတို့ မကျေမနပ် ဖြစ်နေကြသည်။

ကျိုက်လတ်တောင်သူများအား ချေးငွေထုတ်ပေးရာ၌ တောင်သူ (၅) ဦးတစု၊ (၁၀) ဦးတစုဖြင့် ၀ိုင်းကြီးချုပ်စနစ်၊ (၁) ဧက (၅၀,၀၀၀) ကျပ်နှုန်း ရရှိသည်ဟု သိရသည်။

အုန်းပင်စုကျေးရွာ တောင်သူတဦးက “လယ်ဧကရှိသလောက် ယူလို့ရတယ်။ ဧက (၃၀) ရှိလို့ (၁၀) ဧကအတွက်ပဲ ယူချင်လည်း ရတယ်။ ၀ိုင်းကြီးချုပ် သဘောက တောင်သူတဦး ချေးငွေမဆပ်နိုင်ရင် ကျန်လူတွေက ၀ိုင်းဆပ်ပေးရတယ်” ဟု ဆိုသည်။

ဧရာဝတီတိုင်းအတွင်းတွင် ကုမ္ပဏီ (၂၀) ခန့်က တောင်သူများအား ချေးငွေ ထုတ်ပေးလျက်ရှိရာ ပြန်လည် ပေးဆပ်ချိန်၌ ငွေ သို့မဟုတ် စပါး မည်သည့် အရာသွင်းသွင်း လက်ခံသည်ဟု သိရသည်။

သို့သော် ကျိုက်လတ်တောင်သူတို့ ချေးငွေ ပြန်လည် ပေးဆပ်ချိန်၌ ငွေကြေးအစား စပါးကိုသာ လက်ခံသည့် အတွက် များစွာ အခက်တွေ့လျက် ရှိသည်။

“ကိုယ့်လယ်ထွက်စပါး သွားသွင်းပါတယ်။ မသန့်လို့ မယူဘူးဆိုပြီး ဦးပိုင်က ပြောတယ်။ ဒါနဲ့ တင်း (၁၀၀) ပေါက်ဈေးထက် (၂) သောင်းကျပ် လျှော့ပြီး သွင်းတာကျ လက်ခံတယ်။ တချို့ လယ်သမားတွေ ကိုယ့်စပါး ပြန်ရောင်း၊ အပြင်က စပါးအသန့်ကို ဈေးကြီးပေး ၀ယ်သွင်း နေရတယ်။ တခြားမြို့တွေလို စပါးသွင်းသွင်း၊ ငွေပဲဆပ်ဆပ် လက်ခံသင့်တယ်” ဟု မိကျောင်းအိုင်ကျေးရွာ တောင်သူတဦးက ဆိုသည်။

ကျိုက်လတ်မြို့၏ နွေစပါးစိုက်ခင်းများသည် တဧက ပျမ်းမျှ တင်း (၈၀) ခန့် ထွက်လေ့ရှိရာ မြစ်ရေတင် စားရိတ်၊ မြေဆီဖိုးများနှင့် တွက်သော် အကျိုးအမြတ် နည်းသည်ဟု သိရသည်။

ထို့ပြင် အပူချိန်လွန်ကဲမှုကြောင့် ပြီးခဲ့သည့် နွေစပါးများ နေလောင်ကျွမ်းကာ အထွက်နှုန်းလျော့ခဲ့ရသည်ဟု တောင်သူတို့က ပြောသည်။

“ခုနှစ် နွေစပါးတွေ နေကျွမ်းလို့ အတော်များများ ပျက်ကြတယ်။ တောင်သူတွေ ဘယ်က နာလန်ထူမှာလဲ။ ဒါပေမယ့် ချေးငွေအတွက် ရှာကြံပြီး စပါး ဆပ်ခဲ့ရပါတယ်။ ခု ပေးနေတဲ့ မိုးစပါးချေးငွေကို ဦးပိုင်ကနေ ယူကို မယူချင်တာ။ အစိုးဘဏ်က ချေးတဲ့ တဧက (၂) သောင်း ဆိုတာလည်း မြေဆီဖိုးတောင် ရှိတာမဟုတ်ဘူး။ နောက်ပြီး (၁၀) ဧကအတွက်ပဲ ထုတ်ပေးတာဆိုတော့ တောင်သူတွေက ဦးပိုင်က မဖြစ်မနေ ယူနေရတယ်။ ချေးငွေကို စပါးနဲ့တွက်ပြီး ပေးသွင်းနေရတာ မတရားမှန်းသိပေမယ့် ယူနေကြရတယ်” ဟု တောင်သူများက ပြောသည်။

အဆိုပါ အခြေအနေကို ကျိုက်လတ် အခြေစိုက် ဒဂုန်အင်တာနေရှင်နယ်ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ “ရွာသာကြီး အနီးက ဧက (၅၀၀)၊ ဧက (၁,၀၀၀) စိုက်ကွင်းတွေမှာ ကျနော်တို့ မျိုးသစ်တွေ ထုတ်နေပါတယ်။ အဲဒီမျိုး၊ မြေဆီကိုယူရင် ငွေကိုလျှော့ပြီး ထုတ်ချေးပါတယ်။ တဧက (၅၀,၀၀၀) ကျပ်၊ (၂) ရာခိုင်နှုန်းတိုးနဲ့ပါ။ နိုင်ငံတော်ပေါ်လစီအရ အိတ်စပို့ ဦးစား ပေးနေရတဲ့ အတွက် ချေးငွေအစား စပါးကိုပဲ ယူပါတယ်။ ငွေကို လက်မခံပါဘူး” ဟု တာဝန်ရှိသူတဦးက ဖြေသည်။

ဦးပိုင်ကုမ္ပဏီ၏ တာဝန်ရှိသူတဦးကမူ “ကျနော်တို့က (၂) ရာခိုင်နှုန်းတိုးအနက် (၁.၇၅) ရာခိုင်နှုန်းကို ကုမ္ပဏီအတွက် ယူပါတယ်။ (၀.၇၅) ရာခိုင်နှုန်းအတိုးကို ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ထားပါတယ်။ ဧရာဝတီတိုင်းမှာ လယ်မြေတွေ ဖောင်းပွနေပါတယ်။ စပါးထွက်မလာပါဘူး။ ဒီတော့ အိတ်စပို့စပါး အခက်အခဲ ရှိနိုင်ပါတယ်။ စပါးလိုချင်လို့ တောင်သူတွေကို ချေးငွေ ထုတ်ချေးတာပါ။ ငွေလိုချင်ရင် မြို့ပေါ်မှာ ငွေတိုးချေးစားမှာပေါ့” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်း ဒု-ဥက္ကဋ္ဌ ဦးလှမောင်ရွှေကလည်း “ကျနော်တို့ အထူးပြု ကုမ္ပဏီတွေကတော့ လယ်သမားတွေနဲ့ ယုံကြည်မှု တည်ဆောက်နေတဲ့ အပေါ် စပါးဖြစ်ဖြစ် ငွေဖြစ်ဖြစ် လက်ခံပါတယ်။ ချေးငွေကို စပါးသွင်းသွင်း ငွေသွင်းသွင်း လက်ခံရမယ်လို့ ကျနော်တို့ မူရှိပါတယ်။ သို့သော် ကျိုက်လတ်ချေးငွေကိစ္စ ကိုင်တွယ်နေတာ ဦးပိုင်ဖြစ်နေတဲ့အတွက် ညှိနှိုင်းဖို့ ကျနော်တို့ အခက်အခဲရှိနေပါတယ်” ဟု ဆိုသည်။

မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) ၏ ဥက္ကဋ္ဌမှာ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးဖြစ်ပြီး နိုင်ငံတော်၏ စီမံကိန်းများ၊ လုပ်ကွက် အားလုံးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြရန် အထူးအခွင့်အာဏာ ပေးထားခြင်းခံရသူဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, June 22, 2010

ပြည်သူကို အသိဉာဏ်ဖွင့်တဲ့ လူထုနိုင်ငံရေး

မောင်ဝံသ

Saturday, June 12, 2010, 7:05 (Online Popular New Journal)

‘ဆန်ဖြစ်စေကြောင်း
ဖွဲကိုထောင်းသော်
ပန်းညောင်းကာမျှ
ဆန်မရသို့ …’
(ရှင်မဟာရဋ္ဌသာရ၊ ကိုးခန်းပျို့)

မကြာသေးခင်က ကျွန်တော် ရေးခဲ့တဲ့ဆောင်းပါးအချို့မှာ အသိ ပညာဗဟုသုတ ရှာမှီးခွင့် နည်းပါးရှာတဲ့ တောသူ တောင်သားများဟာ ကိုယ့်တိုင်းပြည် အခြေအနေ၊ ကိုယ့် လူမျိုးအခြေအနေ ဘာမှမသိဘဲ၊ သိအောင်လည်း မကြိုး စားနိုင်ကြဘဲ ထမင်းနပ်မှန်အောင် စားရဖို့ပဲ လုံးပန်း နေကြရတဲ့အကြောင်း၊ သူတို့တွေ မျက်စိပွင့် နားပွင့်အောင် ကျွန်တော်တို့ မီဒီယာသမားတွေမှာ အများကြီး တာဝန်ရှိကြောင်း ရေးခဲ့ပါတယ်။

သည်တုန်းမှာပဲ ဆရာတချို့ကလည်း ကျေးလက်ပြည်သူတွေဟာ ချက်ဆိုနားခွက်က မီးတောက်တယ်၊ နိုင်ငံရေး ရင့်ကျက်ပြီးသား။ ပြည်သူတွေ ဘာမှမသိဘူးလို့ ထင်နေသူတွေဟာ ပြည်သူတွေကို အထင်သေးတာ စော်ကား တာပဲလို့ ပြောလာ ကြပြန်တယ်။ ကျွန်တော့်မှာ ငါများ တကယ် မှားနေသလားလို့ ပြန်လည် ဆန်းစစ်ရတယ်ဗျ။ အဲဒီတော့လည်း ကျွန်တော့်ဘက်က ခိုင်မာတယ်ဆိုတာ ပိုပြီး ယုံကြည်လာတယ်။ ကျွန်တော်က ထင်တာတွေ ပြောနေတာမဟုတ်ဘူး။ မြင်တာတွေကို ပြောနေတာကိုး။ ကျွန်တော့် တစ်ယောက်တည်း အမြင်ကို ပြောနေတာလည်း မဟုတ်ဘူး။ ကိုယ်တိုင် ကွင်းဆင်း သွားလာပြီး ကျွန်တော့် နည်းတူ နယ်အစုံ ရောက်ခဲ့ သူတွေကိုပါ မေးမြန်း စနည်းနာပြီး ပြောခဲ့တာပါ။

ဆိုးတာက နယ်ပယ်အတော် များများမှာ နိုင်ငံရေးအကြောင်း ပြောလို့ မရတာဘဲဗျ။ သတင်းဂျာနယ် တချို့မှာ ဖတ်လိုက်ရတယ်။ အနုပညာသည် လေးငါးယောက်လောက်နဲ့ အင်တာဗျူးလုပ်တော့ နိုင်ငံရေးကို စိတ်မဝင်စား ဘူးလို့ ဖြေကြသတဲ့။ ရုပ်ရှင်မင်းသား လူမင်းကတော့ ခြွင်းချက်ဖြစ်တယ်။ ခုထိတော့ သူတစ်ယောက်ပဲ နိုင်ငံရေးကို စိတ်ဝင်စားတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောသူရှိတယ်။ သူ ယုံကြည်လောက်တဲ့ နိုင်ငံရေးပါတီ တွေ့ရင် နိုင်ငံရေး ဝင်လုပ်မယ်လို့ ပြောတယ်။

အောင့်နိုင်ရမယ်၊ စောင့်နိုင်ရမယ်

ရှာမှရှားတဲ့နိုင်ငံရေးသမားလို့ ကျွန်တော် ရည်ညွှန်းရေးသားခဲ့တဲ့ သခင်ဝတင်က ၁၉၈၈ မှာ ကျွန်တော် နိုင်ငံရေး နယ်ထဲ ဝင်တော့ ပွင့်ပွင့်လင်းလင်း မေးတယ်။

”မောင်ဝံသ ဘာကြောင့် နိုင်ငံရေးထဲ ဝင်သလဲ၊ တိုင်းပြည်နဲ့ လူမျိုး အတွက် လုပ်ချင်လို့ပါလို့ ဖြေမှာပဲ မဟုတ်လား။ တိုင်းပြည်နဲ့ လူမျိုးအတွက် ရာခိုင်နှုန်း ဘယ်လောက်၊ ကိုယ့်အကျိုး အတွက် ရာခိုင်နှုန်း ဘယ်လောက် ချိန်ဆကြည့်၊ ကိုယ့်ဘာသာ အဖြေထုတ်၊ ကိုယ့်ဘာသာ အမှတ်ပေး။ နိုင်ငံရေးသမားကောင်း ဖြစ်ချင်ရင် အောင့်နိုင်ရမယ်၊ စောင့်နိုင်ရမယ်ကွဲ့” အဘ သခင်ဝတင် အဲသလို ပြောခဲ့တုန်းက မှန်တာပြောရရင် ကျွန်တော် အတော်လေး အောင့်သည်း အောင့်သက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်က မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့ အနေနဲ့ ကျွန်တော်ဟာ နိုင်ငံရေးနယ်ထဲ ဝင်ပြီး ကိုယ်ကျိုးရှာဖို့ စိတ်ကူးပင် မရှိကြောင်း သင်္ကာ ရှင်းခဲ့ပါတယ်။ လောလောဆယ်မှာကို မိမိရဲ့ ကြီးပွားရာ ကြီးပွားကြောင်း လမ်းစကို စွန့်လွှတ်ပြီး နိုင်ငံရေးထဲ ဝင်ခဲ့တယ်ဆိုတာ အဘကို ကျွန်တော် ရှင်းပြတော့ကျေနပ် သွားပုံရပါတယ်။ သူကိုယ်တိုင်ကလည်း ဝန်ကြီးရာထူး စိတ်ကြိုက်နေရာကို အချိန်မရွေး ယူလို့ရတဲ့ ဆိုရှယ်လစ် ပါတီ ထိပ်ပိုင်း ခေါင်းဆောင်ဘဝက ကျောခိုင်း ထွက်လာခဲ့သူ ဖြစ်လေတော့ ရာထူး မမက်ဘဲ စွန့်လွှတ်ဝံ့သူကို တန်ဖိုး ထားဟန် တူပါတယ်။ ကျွန်တော် ဟာ အဲဒီအချိန်မှာ သတင်းစာတိုက် မှာ ယာယီ ဒုတိယ အယ်ဒီတာချုပ် တာဝန်ကို ထမ်းဆောင် နေပါတယ်။ အသက်က ၄၄ နှစ်ပဲ ရှိသေးတယ်။ နောက်တက်လမ်းတွေ အများကြီးပေါ့။ အဲဒီခေတ်က နိုင်ငံပိုင် သတင်းစာမှာ အလုပ်လုပ်တဲ့ သတင်းစာ သမားတွေအဖို့ ပင်စင်မသွားခင် အယ်ဒီတာချုပ် ဖြစ်သွားရင်ပဲ ဘဝမှာ ပြည့်စုံလှပြီလို့ ယူဆကြရတာကိုး။ နောင်နှစ် အတော်လေး ကြာသွားပြီး အလှူတစ်ခုမှာ အဲ ဒီတုန်းက ပြန် ကြားရေး ဒုဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးတိုက်စိုး(ဆင်ပေါင်ဝဲ) နဲ့ တွေ့တော့ ကျွန်တော့်ကို ရာထူး တိုးပေးဖို့ သူလက်မှတ်ထိုးပြီးပြီ၊ ဝန်ကြီး (ဦးအောင်ကျော်မြင့်) လက်မှတ်ထိုး ဖို့ပဲ ကျန်တော့တဲ့ အချိန်မှာ ကျွန်တော် ပြဿနာဖြစ်တာလို့ ရှေး ဟောင်းနှောင်းဖြစ် ပြန်ပြောပါတယ်။ ကျွန်တော်က ပြုံးပြီး နားထောင်နေ လိုက်ပါတယ်။ ခုထိလည်း နောင်တ မရပါဘူး။

ပါလီမန်ရဲ့ အပြင်မှာ

အဘသခင်ဝတင်က သူတို့ ခေတ်(ဒုတိယကမ္ဘာစစ် မတိုင်မီ ကစ၍) မြန်မာ့ နိုင်ငံရေး လောကမှာ အရိုးစွဲနေတဲ့ အယူအဆ အချို့ကို ‘ဒို့ဘာဖြစ်နေကြသလဲ’ စာအုပ်မှာ အတည့်အလင်း ဝေဖန်ခဲ့ပါတယ်။

‘ဗမာပြည်နိုင်ငံရေး လောက၌ နိုင်ငံရေး ဆရာကြီးများတို့သည် ၄င်းတို့၏ နောက်လိုက်များကို သင်ကြား ကြရာ၌ နိုင်ငံရေး ဆိုတာ ရွေးကောက်ပွဲကို ဝင်ရတယ်၊ အမတ်လုပ်ရတယ်၊ လွှတ်တော်တွင် အမတ်အများဆုံး ရသောအဖွဲ့က အစိုးရဖွဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်ရတယ်။ ဤကဲ့သို့ တစ်နည်းထဲပင် သင်သွားကြသည်ဟု ယူဆပါသည်။ ထင်ပါသည်။ ပါလီမန်၏ အပြင်တွင် လုပ်ကိုင် ဆောင်ရွက်ရသော တိုင်းသူပြည်သားများကို အသိဥာဏ်ပေးရေး လုပ်ငန်းများ၊ လူမှုဆက်ဆံရေး၊ တိုးတက်ရေး လုပ်ငန်းများ စနစ် ပြောင်းလွှဲရေး လုပ်ငန်းများ၊ လယ်သမားအရေး လုပ်ငန်းများ၊ အလုပ်သမား အရေး လုပ်ငန်းများတို့ကို မိမိတို့၏ နောက်လိုက် နိုင်ငံရေး ပေါက်စများအား သင်ကြား၍ မပေးကြဟု ထင်ပါသည်။ ကျွန်တော်၏ တွေးတောချက်များ မှန်ကောင်းမှန်ပါမည်။ ယနေ့ တိုင်အောင်ပင် နိုင်ငံ ရေးသမား အချို့နှင့် တိုင်းသူပြည်သား အချို့တို့ သည် အမတ်များ၊ ဝန်ကြီးများကိုမှ နိုင်ငံရေး တိုင်းရေး ပြည်ရေးကို ရွက်ဆောင် နေသူများဟု ၄င်းတို့စိတ်တွင် အောက်မေ့ နေကြသည်။ အထင်ကြီး နေကြသည်။ ဓနရှင်စနစ်၊ အရင်း ရှင်စနစ်၊ နယ်ချဲ့စနစ် တို့ကို တော်လှန် ချင်ကြတာထက်၊ အမတ် လုပ်ချင်ကြတာက ပိုကဲနေသည်ဟု ထင်ပါသည်။ ဤအချက်များကို သက်သေခံသည်ကား ယနေ့မြန်မာပြည် အရပ်ရပ်တွင် ရှိသော နိုင်ငံရေး သမားဆိုသူများသည် လာမည့်ရွေး ကောက်ပွဲကြီး၌ ယှဉ်ပြိုင်ကြရန် တစ်မတ်နှင့် နှစ်မတ် လုနေကြသည် ဟု သိရပါသည်။ မဖြစ်ရသေး သောသူကလည်း တစ်လှည့်တစ်ခါစီ ဖြစ်ချင်သည်။ အမတ်ဖြစ်ပြီး သူများကလည်း နောက်တစ်ခါ ထပ်၍ ဖြစ်ချင် ကြသည်။ ဆက်၍ တွေးပြန်သည်။

ဘုရားအလောင်းများ သတိရပါသည်။ ဘုရားအလောင်းများသည် ပါရမီ ဖြည့်ကြပါသည်။ ဘုရား ဖြစ်ချင်လို့လား၊ သတ္တဝါတွေ ကယ်ချင်လို့လား၊ အဘယ် စေတနာက စပါသလဲ၊ ကယ်ချင်တာက ပထမ၊ ဘုရားဖြစ်ဖို့ က ဒုတိယ ဖြစ်သည်ဟု ယူဆပါသည်။ ကယ်ချင်၍ ဘုရားဖြစ်ရန် ပါရမီ ဖြည့်ရပါသည်။ ဘုရား အရမ်း ဖြစ်ချင်၍ အောင့်သည်း အောင့်သက်နှင့် ပါရမီကို ဖြည့်ရခြင်း မဟုတ်ဟု ယူဆပါသည်။ ဤနမူနာများကို ယူ၍ ခေါင်းဆောင်များသည် နောက်လိုက် တပည့်များကို သင်ကြား သင့်သည်ဟု ယူဆပါသည်။’ (သခင် ဝတင်၊ ဒို့ဘာဖြစ်နေကြသလဲ၊ စာ ၁၂-၁၃)

တောင်ပုလု ဆရာတော်ကြီးရဲ့ စကား

အဘသခင်ဝတင်ရဲ့ ဤအယူအဆကို အားဖြည့် ထောက်ခံတဲ့ သည်ဘက်ခေတ် အမြင်တစ်ရပ်ကို အတွေးအမြင် စာစောင် တစ်ခုမှာ တင်ပြထားတာ တွေ့လိုက်ရတယ်။ မိတ္ထီလာ တက္ကသိုလ်ရဲ့ လက်ရှိ ပါမောက္ခချုပ် ဒေါက်တာ မောင်သင်းရေးတဲ့ ဆောင်းပါး တစ်ပုဒ်မှာ ‘ပြည်သူကို အသိဥာဏ် ဖွင့်တဲ့ လူထု နိုင်ငံရေး’ အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်။ (အတွေးအမြင်၊ ၂၁၅၊ ဖေဖော်ဝါရီ ၂ဝ၁ဝ)

ဒေါက်တာမောင်သင်း ဆောင်းပါးမှာ လွန်ခဲ့တဲ့ ၃၅ နှစ်လောက်က လုပ်ပိုင်ခွင့် အာဏာရှိသူ ပုဂ္ဂိုလ်တစ် ယောက်က တောင်ပုလု ဆရာတော် ကြီးကို လိုအပ်တာ မိန့်ကြားပါလို့ လျှောက်ထားတော့ ဆရာတော် ကြီးက “ကူနိုင်မယ် ဆိုရင်တော့ တို့နယ်သားတွေ စရိုက် ကြမ်းကြတယ်ကွဲ့၊ အဲဒီလို ကြမ်းတမ်းကြတာဟာ ပညာမတတ်လို့၊ ပြီးတော့လည်း ဆုံးမတတ်တဲ့ ပညာတတ်တွေ နည်းနေသေးလို့၊ ပညာတတ်ရင်၊ ပညာတတ်တွေပေါရင် ကြမ်းတမ်းမှု ကင်းကြပြီး ယဉ်ကျေးကြမှာ၊ ဒါကြောင့်မို့ တို့အရပ်မှာ ကျောင်းကောင်းကောင်းလေး ဖွင့်နိုင်အောင်တော့ ကူပေးပါ” ဆိုတဲ့ အချက်ရယ်၊ “တို့အရပ် ရေရှားတာမို့ ရေတွင်း တူးနိုင်ရင် တူးပေးခဲ့ပါ” ဆိုတဲ့ အချက်ရယ် တောင်းဆို လိုက်သတဲ့။

လုပ်ပိုင်ခွင့်အာဏာရှိတဲ့ ဒကာကြီးရဲ့ကျေးဇူးနဲ့ သဲတောဝမ်းတွင်း နယ်က တောင်ပုလု ကျောင်းအနီး က ပင်းတလဲ တဲစုရွာမှာ အထက် တန်းကျောင်း ဖြစ်လာတယ်။ အဲသလိုနဲ့ ပညာတတ်သူတွေ များလာတဲ့အခါ လူတွေလည်း ကြမ်းတမ်းတဲ့စရိုက် ကင်းလာ ကြတယ်တဲ့။

ပြည်သူတွေ အသိညဏ်မြင့်မှ

ဒေါက်တာမောင်သင်းက ခုလို ကောက်ချက်ဆွဲပါတယ်။

‘ပညာတတ်တဲ့ ပြည်သူတွေ ပေါများလာရင်၊ ငြိမ်းချမ်းရေးတို့ တိုးတက် ဖွံ့ဖြိုးမှုတို့ ဆိုတာ ‘ကျွဲကူး ရေပါ’ ဆိုသလို သူ့အလိုလို ပါပြီးသားပါ။ ဘာလို့လဲ ဆိုတော့ ပညာပြည့်ဝတဲ့ ပြည်သူဆိုတာ အစွန်းရောက်မှုတွေ တစ်ယူသန်မှု ပယ်ပြီး ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုကို မြတ်နိုး ကြသူတွေ ဖြစ်လို့ပါပဲ။ အဲဒီအလုပ်ကို ဘယ်သူမှ ခိုင်းစရာမလိုဘဲ ကိုယ့် အသိကိုယ်စီနဲ့ ဆောင်ရွက်ကြမှာပါ။ ရေမြင့်မှ ကြာတင့်တာမို့ ပြည်သူတွေ အသိဥာဏ်မြင့်မှ ငြိမ်းချမ်းမှု၊ သာယာ မှု၊ ဖွံ့ဖြိုးမှု၊ တိုးတက်မှုတွေနဲ့ ပြည့်စုံပြီး နိုင်ငံနှင့် လူမျိုးလည်း ကမ္ဘာ့အလယ် တင့်တယ်နိုင်မှာပါ’ တဲ့။

ဒေါက်တာ မောင်သင်းက သူ့ရဲ့ ကျေးဇူးရှင်ဆရာကြီး ဒေါက်တာ ကျော်စိုး (ဟားဗတ် ရွှေတံဆိပ်ဆုရှင်) ရဲ့ အဆုံး အမတွေကို ကိုးကား တင်ပြ သွားတာလည်း အလွန်မှ မှတ်သားဖွယ် ကောင်းလှပါတယ်။

နိုင်ငံရေးလုပ်ချင်တယ် ဆိုတာ

တစ်နေ့ညနေမှာတော့ အဘက လှည်းတန်းမှာရှိတဲ့ စားသောက်ဆိုင် ခေါ်ပြီး မေးပါတယ်။ “မင်းနိုင်ငံရေးကို စိတ်ဝင်စားတုန်း ပဲလား” တဲ့၊ ကျွန်တော်က “ဟုတ်ကဲ့” လို့ ဖြေတော့ အဘက နိုင်ငံရေး လုပ်ချင်တယ် ဆိုတာ ပြည်သူ တွေရဲ့ ဘဝတိုးတက်ဖို့၊ နိုင်ငံဖွံ့ဖြိုးဖို့ လုပ်ချင်တာ မဟုတ်လားလို့ ထပ်မေးပါတယ်။ ကျွန်တော် က “ဟုတ်ပါတယ်” လို့ ပြန်ဖြေတော့” နိုင်ငံဖွံ့ဖြိုးဖို့၊ ပြည်သူ တိုးတက်ဖို့ လုပ်မယ် ဆိုရင် လူတွေကို အရင်ဆုံး ပညာမျက်စိပွင့်၊ ပညာနား ပွင့်အောင် လုပ်ပေးရမယ်။ လူတွေကို ပညာ ပြည့်ဝအောင် အရင်လုပ်ရမယ်။ ဖွံ့ဖြိုးမှု၊ တိုးတက်မှု ဆိုတာ လူတွေရဲ့ အရည်အသွေး တက်လာမှဖြစ်မှာ။ အရည်အသွေး နိမ့်တဲ့ လူတွေနဲ့ နိုင်ငံ ဖွံ့ဖြိုး ဖို့တိုးတက်ဖို့ မလွယ်ဘူး။ မင်း ကြည့်လေ။ တို့ဆီကို စစ်အတွင်းက လာတဲ့ ဂျပန်တွေ ကို မြန်မာတွေက ငပုတဲ့၊ အရိုင်း အစိုင်းတဲ့။ အခု တခြားစီပဲ ဂျပန်နိုင်ငံ ဆိုတာ ကျွန်းပင်လည်း မပေါက်။ ရေနံလည်းမရှိ။ ကျောက်သံပတ္တမြား နတ္ထိ။ သဘာဝ အရင်းအမြစ် ဆင်းရဲတဲ့ နိုင်ငံပါ။ အဲဒီငပုတွေ တိုးတက် နေလိုက်ကြတာ ကမ္ဘာ့ထိပ် ရောက်နေပြီ။ ဘာလို့လဲဆိုတော့ ‘သဘာဝ အရင်းအမြစ် ဆင်းရဲပေမယ့် ပညာတတ်တဲ့ သူတွေ ပေါကြွယ်ဝလို့’ ကွ။ လူတွေ ပညာတတ်လာရင် တိုးတက် အောင်လုပ်တတ်တာပဲ” (ကျွန်တော်တို့ စကားပြောနေတဲ့ အချိန်က ၁၉၇၈ ခုနှစ်၊ ဆရာကြီး ဂျပန်မှာ ဧည့်ပါ မောက္ခ တစ်နှစ်လုပ်ပြီး ပြန်လာခါစပါ။)

အသိဥာဏ်မြင့်အောင် ပညာ တတ်အောင်

”မင်းက ထင်လိမ့်မယ်။ နိုင်ငံ ရေးဆိုတာ ပါတီတွေဝင်၊ လုပ်ပိုင်ခွင့် ရအောင်လုပ်တော့မှ နိုင်ငံရေးလို့ ထင်လား။ မင်းတို့ ပြောပြောနေတဲ့ ပြည်သူ ကောင်းစားဖို့၊ ပြည်သူတိုး တက်ဖို့ဆိုတော့ ပြည်သူတွေကို အသိဥာဏ်မြင့်အောင် ပညာတတ် အောင်လုပ်တာလည်း (အဲဒီတုန်းက လူ့စွမ်းအား အရင်းအမြစ်ဆိုတဲ့ စကား မသုံးကြသေးပါ) နိုင်ငံရေး ပါပဲကွာ”

ကျွန်တော့်ရဲ့ ကလျာဏမိတ္တ အဘ သခင်ဝတင်၏ အာဘော်များ နှင့် ဒေါက်တာမောင်သင်းရဲ့ ဆရာကြီး အဘ ဒေါက်တာကျော်စိုး၏ အာဘော်များ မတိုင်ပင်ဘဲ တူညီနေတာ တွေ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဘ နှစ်ယောက်လုံးဟာ အမှန်တရားတွေကို ဟောခဲ့ကြတာ ဖြစ်သောကြောင့်ပါ။

မောင်ဝံသ

Read More...

နျူကလီးယား စွပ်စွဲချက် မဟုတ်မှန်ကြောင်း IAEA သို့ စစ်အစိုးရ ပြန်ကြား

တနင်္လာ, 21 ဇွန် 2010

မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့အထိ ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်များနဲ့ ပတ်သက်ပြီး IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက စုံစမ်း မေးမြန်းလာတာမို့ ဒီ နျူကလီးယား ဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အစီအစဉ် မရှိကြောင်း IAEA ဆိုင်ရာ မြန်မာကိုယ်စားလှယ်က ပြန်ကြား ပေးပို့ခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

IAEA အဖွဲ့ရဲ့ နျူကလီးယား လုံခြုံစိတ်ချရရေးဆိုင်ရာ စီမံဆောင်ရွက်နေတဲ့ Department of Safeguard ရဲ့ ညွှန်ကြားရေးမှူး မစ္စတာ မာကို မာဇိုက ဇွန်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံက ယူရေနီယံသတ္တုကို သန့်စင် ပုံစံပြောင်းပြီး အင်အား ကောင်းမွန်အောင် လုပ်ဆောင်မှု ရှိမရှိ၊ နောက် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးစားမှု ရှိမရှိ စုံစမ်း မေးမြန်းခဲ့ကြောင်းနဲ့ IAEA ဆိုင်ရာ မြန်မာ ကိုယ်စားလှယ် သံအမတ်ကြီး ဦးတင်ဝင်းက မြန်မာနိုင်ငံမှာ ယူရေနီယံ ပြောင်းလဲထုတ်လုပ်မှု၊ နျူကလီးယား လောင်စာ အဆင့်မြင့် သန့်စင်မှုနဲ့ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေကို အရင်ကလည်း မလုပ်ခဲ့သလို လက်ရှိမှာရော၊ နောင်မှာပါ လုပ်ဆောင်ဖို့ စီစဉ် မထားကြောင်း ဇွန်လ ၁၈ ရက်နေ့က ပြန်ကြားချက်ကို စနေနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံက ၅ နှစ်ကြာ လေ့လာပြီး မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယား အကူအညီနဲ့ နျူကလီးယား လက်နက်တွေ၊ ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ကြံစည်နေတယ်လို့ စွပ်စွဲခဲ့တဲ့အပြင် အယ်လ်ဂျာဇီးယား ရုပ်သံကပါ ဒီသတင်းကို ထုတ်လွှင့် ခဲ့တာကြောင့် အမေရိကန် အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝက်ဘ် (Mr. Jim Webb) က မြန်မာနိုင်ငံ ခရီးစဉ်ကိုပါ ရွှေ့ဆိုင်းခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့ကတော့ မြန်မာ့ရုပ်သံကနေ ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိကြောင်း၊ ဒါဟာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနဲ့ တိုက်ရိုက် ဆက်ဆံမှု လုပ်ဆောင်လာချိန်မှာ နိုင်ငံရေးအရ သိက္ခာကျစေဖို့ ထိုးနှက်မှုတခုဖြစ်ကြောင်း မြန်မာ စစ်အစိုးရက ကြေညာ ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်နေပြီး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ကျန်းမာရေးနဲ့ ပညာရေး တိုးတက်ဖို့အတွက် နျူကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ဖို့ လုပ်နေပေမဲ့ နိုင်ငံတကာက နားလည်မှု လွဲမှားနေတဲ့ အတွက် လက်တွေ့ မလုပ်ဆောင်နိုင်ကြောင်း ကြေညာခဲ့တဲ့ အပြင်…

“နျူကလီးယားလက်နက် ထုတ်လုပ်ရန် မြန်မာနိုင်ငံ အနေဖြင့် အခြေခံ အဆောက်အအုံနှင့် နည်းပညာအရ လည်းကောင်း၊ ငွေကြေး အရင်းအမြစ်အရ လည်းကောင်း၊ လုံလောက်မှု မရှိသည့် ဖွံ့ဖြိုးဆဲ နိုင်ငံတခုသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား လက်နက် ထုတ်လုပ်နိုင်သည့် အခြေအနေ မရှိဟု ကျွမ်းကျင်သူ အချို့က သုံးသပ်ကြပါသည်။ ယင်း အကြောင်းရင်း များကြောင့် မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်မှုများ ရှိကြောင်း စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်းနှင့် နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်းမှုများ အလျဉ်းမရှိကြောင်း ထပ်လောင်း ဖော်ပြအပ်ပါသည်။” လို့ မြန်မာ့ရုပ်သံက ကြေညာသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေ၊ ယူရေနီယံသတ္တု တူးဖော်မှုတွေနဲ့ နျူကလီးယား တပ်ရင်းကိုပါ ထားရှိကြောင်း ရုရှားနိုင်ငံကနေ ဒုံးပျံအင်ဂျင်နီယာ အထူးပြု ဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူ မြန်မာ့တပ်မတော် အရာရှိဟောင်း ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ ထုတ်ဖော်ချက် အထောက်အထားတွေနဲ့ ပတ်သက်ပြီး IAEA စုံစမ်း စစ်ဆေးရေးမှူးဟောင်း ရောဘတ် ကယ်လီက စစ်ဆေးခဲ့ပြီး ဒီ အထောက်အထားတွေ အရ မြန်မာနိုင်ငံမှာ နေ့ချင်းညချင်း အန္တရာယ်ရှိစေတဲ့ နျူကလီးယား လက်နက် မထုတ်နိုင်တာ သေချာပေမဲ့ အရပ်ဘက်သုံး နျူကလီးယား လုပ်ငန်းစဉ်တွေ လုပ်နေပါတယ်ဆိုတဲ့ ပြောကြားချက်တွေကို ယုံရ ခက်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံက သုတေသန ပညာရှင် တဦးကတော့ သိပ္ပံ၊ နည်းပညာ၊ ကျန်းမာရေးနဲ့ ပညာရေး တိုးတက်ဖို့အတွက် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေ၊ စွမ်းအင်ထုတ်ဖို့ ကြိုးစားမှုတွေကနေ ထွက်လာတဲ့ ဘေးထွက် ပစ္စည်းတွေဟာ လက်နက် ထုတ်နိုင်တဲ့ အဆင့်အထိ လုပ်ဆောင်နိုင်ပေမဲ့ နည်းပညာ ကျွမ်းကျင်မှုကတော့ သိပ်ကို လိုအပ်တယ်လို့ ပြောပါတယ်။

“လျှပ်စစ်ထုတ်တဲ့ အဏုမြူ ဓာတ်ပေါင်းဖိုကနေပြီးတော့ သူ့ရဲ့ ဘေးထွက်ပစ္စည်းက ဆီရီယံ ၁၄၄ တို့၊ ယူဒီယံ ၁၀၆၊ နောက် ရေဒီယို အက်တစ် ဖြစ်နေတဲ့ အဏုမြူ တွေလည်း ဘေးထွက် ပစ္စည်းဖြစ်တယ်။ အဲဒီအပြင် ယူရေနီယံ ၂၃၈ လည်း ပါလာတယ်လေ။ ယူရေနီယံ ၂၃၈ ပါလာရင် သူက နျူထရွန်တလုံးကို၊ လျှပ်စစ်ဓာတ်မဲ့တဲ့ ပထမ အဏုမြူတလုံးကို စုပ်လိုက်ရင် သူက ပလူတိုနီယံ ၂၃၉ ပြောင်းသွားတယ်။ အဲဒါမျိုး ပြောင်းတဲ့ဟာတွေ အများကြီး ပြောင်းနိုင်ရင်တော့ အဏုမြူဗုံး သုံးဖို့အတွက် လိုအပ်တဲ့ ပလူတိုနီယံ ၂၃၉ ကို ရနိုင်တယ်။ ဘေးထွက်ပစ္စည်း အနေနဲ့ ပေါ်လာတဲ့ဟာပေါ့။ ဒါပေမဲ့ ယူရေနီယံ ၂၃၈ ကို အများကြီး စုထားတယ်ဆိုရင် နောက်သုံးမယ့် နျူကလီးယား ဓာတ်ပေါင်းဖိုမှာ လိုအပ်တဲ့ လောင်စာတွေကို ထပ်ပြီး သုံးလို့ရတာပေါ့။

“ဒီဘေးထွက်ပစ္စည်းတွေကနေပြီးတော့ အဏုမြူဗုံးအတွက် လိုအပ်တဲ့ လောင်စာကို လုပ်ယူလို့လည်း ရနိုင်ပါတယ်။ ဒါပေမဲ့ ချက်ချင်း ရမလားဆိုတော့ မရဘူး။ အချိန်အများကြီး ယူရပါလိမ့်မယ်။ အဏုမြူ ဓာတ်ပေါင်းဖိုနဲ့ ပတ်သက်တဲ့ Technology ကို နားလည်တဲ့ လူတွေလည်း အများကြီး လိုတယ်။ အဏုမြူ လောင်စာတွေကို သိုလှောင်ထားနိုင်တဲ့ ပစ္စည်းတွေ လိုတယ်။ သိုလှောင်ထားနိုင်တဲ့ နေရာတွေ လိုတယ်။”

အမေရိကန်နိုင်ငံက သိပ္ပံပညာရှင် တဦးက သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ကြံ့ဖွံ့ပါတီ အဓမ္မ လူသစ် စုဆောင်း

Monday, 21 June 2010

ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီသည် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဟန်းတဲ ကျေးရွာသား ၂၀ ကျော်ကို ၄င်းပါတီဝင်အဖြစ် အတင်းအဓမ္မ စုဆောင်းခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဗန်းမော်ဒေသအတွင်း ကြံ့ဖွံ့ပါတီဝင် စုဆောင်းနေရာတွင် မြို့နယ်နှင့်ကျေးရွာ အာဏာပိုင်များ ပူးပေါင်း၍ ပါတီဝင်လက်ခံ လျှောက်လွာတွင် ဖိအားပေး လက်မှတ်ထိုး စေခဲ့ကာ စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း ဟန်းတဲ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဗန်းမော်မြို့နယ် မယကအဖွဲ့တွေရွာထဲ ရောက်လာပြီးတော့ ဟန်းတဲရွာအုပ်စု ဥက္ကဋ္ဌ ဦးသန်းထွန်း အတင်းအဓမ္မ ပေါ့နော် သူတို့ ကြံ့ဖွံ့ပါတီထဲ ၀င်ခိုင်းတယ် ဖေါင်ဖြည့် ခိုင်းတာပေါ့ လူ ၂၀ ကျော် ၃၀ လောက်ကို ပါတီဝင် ဖေါင်ဖြည့် ခိုင်းသွားတယ်” ဟု သူက ဆိုသည်။

ယခုကြံ့ဖွံ့ပါတီဝင် အဖြစ်စုဆောင်းခံရသည့် သူများအနေဖြင့် လျှောက်လွာ ဖေါင်ဖြည့်လိုက်ရသော်လည်း အခြေအနေကို ဘာမျှ မသိရှိရကြောင်း ကိုယ်တိုင် ဖေါင်ဖြည့်ခဲ့သူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘာမှ မသိရပါဘူး သူတို့ဖေါင်ဖြည့်ခိုင်းလို့ဖြည့်လိုက်တာပဲ ရှိတယ် မ၀င်ချင်ဘူးလို့လည်း မပြောရဲကြတော့ ဒီအတိုင်းပဲ လက်ခံ လိုက်တယ် ” ဟု သူကဆိုသည်။

ထို့အပြင် အဆိုပါရွာနီးချုပ်စပ် ကျေးရွာများဖြစ်သော သစ်စက်ရပ်ကွက်နှင့် ရွာမကြီး ဘက်တွင်လည်း ကြံ့ဖွံ့ပါတီက ထိုကဲ့ သို့ ပါတီဝင် စုဆောင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဟန်းတဲပြီးတော့ အုပ်စုထဲမှာပါတဲ့ သစ်စက်ရပ်ကွက်ဘက်လည်း ပါတီဝင် ကောက်မယ်လို့ ပြောတယ်လေ မနက်ဖြန် ကြရင်လည်း ရွာမကြီးဘက် သွားမယ်လို့ ပြောတယ် ” ဟု စောစောက ဒေသခံက ပြောသည်။

နအဖကကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် ဆိုင်းပြင်းနေသည့် နိုင်ငံရေးပါတီများအား စည်းရုံးရေး လုပ်ငန်းများ တရားဝင် ခွင့် မပြုသေးခင် ကြံ့ဖွံ့ပါတီ အနေဖြင့် ပါတီဝင် အဓမ္မ စုဆောင်းမှုများကို သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် အတွင်း၌လည်း လွန်ခဲ့သည့် လပိုင်းက ပြုလုပ် ခဲ့သေးသည်။

ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ပါတီ၏ ပါတီဝင်စုဆောင်းမှုများကို အာဏာပိုင်များ ကိုယ်တိုင် ကူညီ ပံ့ပိုးနေသော်လည်း ရွေးကောက်ပွဲ ၀င်ရန် ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကချင်ပါတီ ၃ ခုမှာ ယနေ့ထက်တိုင် ပါတီ မှတ်ပုံတင်ခွင့် မရရှိသေးပဲ ဖြစ်နေသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ရွှေ့ပြောင်း အလုပ်သမား ဖမ်းပွဲ ဘန်ကောက်တွင် စပြီ

သန်းထိုက်ဦး
Monday, June 21, 2010

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီး နှိမ်နင်းရန် ညွှန်ကြားချက် ထွက်ပေါ် ပြီးနောက် ဘန်ကောက်မြို့တွင် ဇွန်လ ၁၆ ရက်မှ ၁၉ ရက်နေ့ အတွင်း၌ လူဦးရေ ၈၃၀ ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီး ခံရသူ လူဦးရေ ၈၃၀ တွင် မြန်မာ နိုင်ငံသား ၃၄၆ ဦး ပါဝင်ပြီး တခြား နိုင်ငံသားများမှာ လာအိုနှင့် ကမ္ဘောဒီးယား တို့ဖြစ်ပြီး လတ်တလောတွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးတွင် ထိန်းသိမ်း ထားကာ မူရင်း နိုင်ငံသို့ ပြန်ပို့ဖွယ် ရှိကြောင်း ထိုင်းဘာသာဖြင့် ရေးသား ထားသော Manager Online အင်တာနက် သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန၏ ဗဟို စီမံခန့်ခွဲရေး ကော်မတီကို ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ဦးဆောင်၍ အလုပ်သမား ရေးရာဌာနမှ ဒုတိယ အထွေထွေ ညွှန်ကြားရေးမှူးက ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ဌာနက တရားမ၀င် အလုပ်သမားများကို လက်ခံထားသော အလုပ်ရှင်ကိုပါ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

ထိုင်းတွင် နှစ်ပေါင်းများစွာ လာရောက် အလုပ်လုပ်နေသူများအတွက် အခွင့်အလမ်း ရှိစေရန် သီးခြား အစီအစဉ် တရပ်ကို ထိုင်းအစိုးရ အနေဖြင့် ဖန်တီးပေးသင့်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပအလုပ်သမားများအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ ခုနှစ် တွင် စတင်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းကြသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့