..............................

Friday, August 5, 2011

ဒေါ်စုနှင့် ဦးအောင်ကြည် တွေ့ဆုံမှု CRPP ဆွေးနွေးမည်

မျိုးသန့်
ကြာသပတေးနေ့၊ သြဂုတ်လ ၀၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရသစ် လက်ထက် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်၍ ၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် CRPP များ သောကြာနေ့တွင် ဆွေးနွေးကြမှာ ဖြစ်သည်။

ကာလအတန်ကြာ လှုပ်ရှားမှုပျောက်နေသော CRPP ၏ အစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ပြုလုပ်မှာ ဖြစ်သည်။

ဇူလိုင် ၂၅ ရက်နေ့က ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် နေရာ ချထားရေး ဝန်ကြီးလည်းဖြစ် အလုပ်သမား ဝန်ကြီးလည်း ဖြစ်သူ ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ဆွေးနွေးမှု အကြောင်းအရာနှင့် နောက်ထပ် တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက်လည်း CRPPက ဆွေးနွေးမှာ ဖြစ်ကြောင်း အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု အပြီး ဦးအောင်ကြည်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြည်သူလူထု ကိုယ်စိတ် ချမ်းသာရေး အတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ အများပြည်သူ အကျိုး ဖြစ်ထွန်းရေး အတွက် သင့်တော်သော နေ့ရက်တို့တွင် ထပ်မံ တွေ့ဆုံကြဦးမည် ဖြစ်ကြောင်း ပြောသွားခဲ့သည်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရန် ဆက်ဆံရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သော ဦးအောင်ကြည်နှင့် ၂၀၀၇ ခုနှစ်မှစ၍ ၂၀၀၉ ခုနှစ်အတွင်း ၇ ကြိမ် တွေ့ဆုံ ဆွေးနွေးမှု ပြုခဲ့ပြီး ဖြစ်သည်။

တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပွင့်လင်းရန် လိုအပ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိသည်အထိ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် လိုအပ်ကြောင်းလည်း ဦးအေးသာအောင်က သုံးသပ်သည်။

“ သူတို့ကတော့ အစိုးရသစ်လို့ ကြွေးကြော်တယ် အရပ်သား အစိုးရလို့လည်း ပြောတယ်၊ ရွေးကောက်ပွဲ ကလည်း တက်လာတယ်ပေါ့ ဒါတွေနဲ့ လိုက်လျော ညီထွေတဲ့ ဆွေးနွေးပွဲ တွေကိုတော့ အတိုင်းအတာ တခုအထိ လုပ်လိမ့်မယ် ဒါပေမယ့် ဘယ်လောက် အထိ ပွင့်လင်းမလဲ တကယ်တမ်း တိုင်းပြည်အတွက် ပြည်သူတွေက မျှော်မှန်းတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ရဖို့အထိ ဆွေးနွေးနိုင်ဖို့ လိုတယ်" ဟု ဦးအောင်သာအောင်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် သောကြာနေ့တွင် ပြုလုပ်မည့် CRPP အစည်းအဝေးတွင် ယခုလ ၁၂ ရက်နေ့တွင် စတင်မည့် ဒေါ်အောင်ဆန်း စုကြည်၏ နယ်ထွက် ခရီးစဉ်များနှင့် ပတ်သက်ပြီးလည်း ထည့်သွင်း ဆွေးနွေးမည်ဟု ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

CRPP သည် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အဖြစ် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် လွှတ်တော် မပေါ်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၁၉၉၈ စက်တင်ဘာလ ၁၆ ရက်နေ့တွင် NLD နှင့် ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လက်ရှိတွင် CRPP ကို အမျိုးသား ဒီမိုကရေစီအဖွဲ့မချုပ်မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်၊ NLD ဗဟို အလုပ်အမှုဆောင် ဦးညွန့်ဝေ တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်သည့် ပူးကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်း၊ နိုင်ထွန်းသိန်း၊ ဦးအေးသာအောင် တို့ဖြင့် ပါဝင် ဖွဲ့စည်းထားသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ်ချဲလ် အထက်လွှတ်တော် အတည်ပြု

ကြာသပတေး, 04 သြဂုတ် 2011


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မူဝါဒ ညှိနှိုင်းရေးမှူး တဦးကို အမေရိကန် အထက် လွှတ်တော်က အတည်ပြု ပေးလိုက်ပါတယ်။

အာရှ၊ ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံရဲ့ ပထမဆုံး မူဝါဒ ညှိနှိုင်းရေးမှူး အဖြစ် အမေရိကန် လွှတ်တော်က အတည်ပြု ပေးလိုက်တာပါ။

သူဟာ စစ်တပ်က စိုးမိုးထားတဲ့ မြန်မာနိုင်ငံနဲ့ အမေရိကန် ထိတွေ့ ဆက်ဆံရေးမှာ ဦးစီး လုပ်ဆောင်သွားမှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ် အတွင်း မြန်မာနိုင်ငံမှာ သိပ်မတွေ့ရတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ ဖြစ်ပေါ်ရေး အတွက်လည်း မြန်မာ အစိုးရကို အားပေးမှာ ဖြစ်ပါတယ်။

ဒဲရက်ခ် မစ်ချဲလ်ဟာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သံအမတ်ကြီး အဆင့် တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် တယောက် ခန့်အပ်ဖို့ ၂၀၀၈ ခုနှစ်မှာ ကွန်ဂရက် လွှတ်တော်က ပြဋ္ဌာန်း ခဲ့တာပါ။

မစ္စတာ မစ်ချဲလ်ဟာ တရုတ်ရေးရာ ကျွမ်းကျင်သူ ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန အာရှနဲ့ ပစိဖိတ်ဒေသ လုံခြုံရေးရာ ဒု-လက်ထောက် ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင် ခဲ့ရတာကြောင့် အာရှဒေသ အတွေ့အကြုံ ကောင်းကောင်း ရှိတဲ့သူ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တနှစ်ခွဲကျော် ကာလအတွင်းမှာ အိုဘားမား အစိုးရဟာ မြန်မာနိုင်ငံကို အထီးကျန် ဖြစ်စေတဲ့ မူဝါဒကနေ ထိတွေ့ ဆက်ဆံမယ့် မူဝါဒအဖြစ် ပြောင်းလဲခဲ့ပေမဲ့ ပိတ်ဆို့ အရေးယူရေး မူဝါဒကိုတော့ ဆက်လက် ကိုင်စွဲ ထားခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးတို့ အတွက် ပိတ်ဆို့ အရေးယူရေး မူဝါဒကို တဘက် တလမ်းကနေ ဆက်လက် ကျင့်သုံးတာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

မြန်မာအစိုးရကို ပြစ်ဒဏ်ခတ် အရေးယူတာနဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်ပြီး ထိတွေ့ ဆက်ဆံရေး မူဝါဒကို လက်တွေ့ လုပ်ဆောင်လိုက်တဲ့ အပေါ် မြန်မာ့အရေး လုပ်ဆောင်နေတဲ့ အာဆီယံ ပါလီမန်အမတ်များ အဖွဲ့က ကြိုဆို လိုက်သလို မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်လာအောင် လုပ်ဆောင် နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြား လိုက်ပါတယ်။

Ref: VOA News

Read More...

မြန်မာ့ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေ စုတာထက် မူဝါဒ ပြင်ဖို့လို

ဦးကျော်ထင်
ကြာသပတေး, 04 သြဂုတ် 2011

သမ္မတ ဦးသိန်းစိန်ရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်အတွက် မုံရွာကုန်စည်ဒိုင် အဖွဲ့ဝင် ကုန်သည်ပွဲစား အယောက် ၇၀၀ နီးပါးကို ကျပ် ၂၀၀,၀၀၀ စီ ထည့်ဝင် ကြရမယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရက ညွှန်ကြား လိုက်ပါတယ်။ ကုန်သည်ပွဲစား တချို့က ထည့်ဝင်နိုင်ပေမဲ့ အများစုက မထည့်နိုင်ကြဘူးလို့ ပြောကြပါတယ်။ ဒီလို ချမ်းသာသူတွေ ဆီက အလှူခံပြီး ဆင်းရဲသားကို မျှပေးတဲ့ ယာယီနည်းနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး ဖြေရှင်းလို့ မရနိုင်ဘဲ ရေရှည်အတွက် အစိုးရ အနေနဲ့ မူဝါဒတွေ ပြောင်းလဲ သင့်တယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်အတွက် မုံရွာ ကုန်သည်ပွဲစားတွေက ကျပ်သိန်း ၁,၀၀၀ ထည့်ဝင်ရမှာ ဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင် စာရင်းအရ ကုန်သည်ပွဲစား ၇၀၀ နီးပါးရှိတယ် ဆိုပေမဲ့ တကယ်တမ်း ကုန်စည်ဒိုင်နဲ့ ဆက်စပ် အလုပ်လုပ်သူက ၃၀၀ လောက် ရှိမယ်လို့ ကုန်စည်ဒိုင် တာဝန်ရှိသူတွေကို ကိုးကားပြီး The Voice weekly online သတင်းက ဆိုပါတယ်။

မုံရွာကုန်စည်ဒိုင်နဲ့ နီးစပ်တဲ့ ကုန်သည် အမျိုးသမီးတယောက်က သတ်မှတ်ငွေရဖို့ မသေချာသေးဘူးလို့ ပြောပါတယ်။

“အားလုံး ဖြစ်နိုင်ကြရဲ့လား ဆိုတာက အားလုံးတော့ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ အဖွဲ့အစည်းမှာကတော့ ဦးရေ ၇၀၀ လောက်က မှတ်ပုံ တင်ထားတာ ရှိတာပေါ့ရှင်။ ဦးရေ ၇၀၀ စလုံးကလည်း ပွဲစား ကြီး ငယ် ရွယ်လတ် အားလုံးကလည်း ၂၀၀,၀၀၀ ကို တန်းတူ ထည့်နိုင်တဲ့လူလည်း ရှိတယ်၊ တန်းတူ မထည့်နိုင်တဲ့ လူလည်း ရှိတယ်။ အဲဒီတော့ အခုချိန်ထိ စာရင်း ကောက်တုန်းပဲ ရှိသေးတယ်။ ပြည့်စုံ၊ မပြည့်စုံ ဆိုတာတော့ မသေချာသေးဘူးရှင့်။”

ပြီးခဲ့တဲ့ လကုန်ပိုင်း အစည်းအဝေးမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရနဲ့ ပူးပေါင်း လုပ်ကိုင်ဖို့ ကုန်သည်တွေ ကျပ်သိန်း ၁,၀၀၀ ထည့်ဝင်ရမယ်လို့ ကုန်စည်ဒိုင် ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ အစည်း အဝေးမှာ ၃၀၀,၀၀၀ သတ်မှတ်ပေမဲ့ အဖွဲ့ဝင် ဦးရေအရ နောက်ပိုင်းမှာ လျှော့လိုက်တယ်လို့ အဆိုပါ ကုန်သည် အမျိုးသမီးက ပြောပါတယ်။

“စောစောကတော့ ၃၀၀,၀၀၀၊ ၃၀၀,၀၀၀ ကနေ သူတို့ ညှိလိုက်တဲ့အခါကျ ကုန်စည်ဒိုင်က သူတို့ သိန်း ၁,၀၀၀ ပံ့ပိုး ရမယ်လို့ ပြောပါတယ်ရှင့်။ အဲဒါကို ၃၀၀,၀၀၀ ကနေ ၂၀၀,၀၀၀၊ ဟိုတပတ်လောက်က အစည်းအဝေး ပြီးတော့ ၂၀၀,၀၀၀ သတ်မှတ်တယ်လို့ ပြောပါတယ်ရှင့်။”

The Voice weekly online သတင်းမှာတော့ မုံရွာ ကုန်သည်ပွဲစားတွေ လာမယ့် သြဂုတ်လ ၁၅ ရက်နေ့ကို နောက်ဆုံးထား ထည့်ဝင် ရမှာဖြစ်ပြီး ပျက်ကွက်သူတွေ ကုန်စည်ဒိုင်ဝင်ခွင့် ပိတ်မယ်လို့ ဖော်ပြထားပါတယ်။

မုံရွာ ကုန်သည်ပွဲစား အများစုရဲ့ အခြေအနေကို သူမက အခုလို ပြောပြပါသေးတယ်။

“ပွဲစားတွေက ဒီ ၇၀၀ အားလုံးဟာ ချမ်းသာတဲ့ လူတွေချည်းတော့ မဟုတ်ဘူး။ လက်လုပ်လက်စား ဘ၀က ပွဲစား လုပ်တာ၊ နေရာလေးငှားပြီး ပွဲစား လုပ်ကြတာ။ တောက တက်လာပြီးတော့မှ သူ့ရာသီလေးနဲ့သူ ပဲရာသီလေး လာလုပ်ကြတာ။ ဒီလို ဟာလေးတွေလည်း အများကြီးပါပဲ။ အားလုံး လိုလိုက ဒီ ၂၀၀,၀၀၀ ကို အကုန်လုံး လိုလို တတ်နိုင်ပါတယ် ဆိုတဲ့လူကတော့ အရေအတွက် မပြည့်စုံ နိုင်လောက်ဘူး ထင်ပါတယ်ရှင့်။ တချို့တလေ မထည့်နိုင်တဲ့လူလည်း ရှိပါတယ်။”

အခုလို ငွေကောက်ခံဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ကစပြီး ကုန်သည်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီးရဲ့ ချင်းရေးရာဝန်ကြီး နိုထန်ကပ်ကို မေးကြည့်တော့ သူက အခုလို ပြောပါတယ်။

“ကျနော်လည်း သေချာမသိလို့နော်၊ ဖြေလို့မရဘူး။ ကျနော် နေမကောင်းလို့ အခု ရန်ကုန်မှာ ရှိနေတာ။ သေချာ မသိတဲ့ဟာ ကျနော် ပြောလို့လည်း မသင့်တော်ဘူးလေ။ ကျနော်လည်း စုံစမ်းကြည့်မယ်လေ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ နိုင်ငံခြားရေး ကော်မတီဝင် ဦးညိုအုံးမြင့်က ဆင်းရဲမွဲတေမှု လျှော့ချဖို့ ငွေကောက်ခံတဲ့ အပေါ် အခုလို ဝေဖန်လိုက်ပါတယ်။

“အဲဒီလို ကုန်သည်တွေဆီက ပိုက်ဆံကောက်ပြီး ဆင်းရဲမွဲတေတဲ့၊ ပိုက်ဆံမရှိတဲ့ လူတွေကို ပေးတယ်ဆိုတာ မုန့်ဖိုးပေးတဲ့ သဘောလို့ ထင်ပါတယ်။ တကယ့်တကယ် စီးပွားရေး ပြဿနာက အလုပ်အကိုင် ရှားပါးမှု၊ ရင်းနှီးမြှုပ်နှံမှု မရှိတဲ့ ပြဿနာအပေါ် အခြေခံပြီးတော့ လူတွေ ဆင်းရဲတဲ့ဘ၀ကို ရောက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ တိုင်းပြည်မှာ တကယ်တမ်း ဒီ ဆင်းရဲမွဲတေမှုကို ပပျောက်ချင်တယ် ဆိုရင် အပြည်ပြည်ဆိုင်ရာ၊ ဒါမှမဟုတ် ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဒီ တကျပ်တပြားနဲ့ ဘာမှလုပ်လို့ မရဘူးလို့ ထင်ပါတယ်။

“တကယ်လုပ်ရမယ့် ပြဿနာက အစိုးရရဲ့ ပေါ်လစီ၊ စီးပွားရေး ပေါ်လစီကို ပြုပြင် ပြောင်းလဲပြီးတော့ အလုပ်တွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒီလို မုန့်ဖိုးပေးသလို တယောက်ဆီက တကျပ်ယူပြီး နောက်တယောက်ကို ၁၀ ပြားပေးတဲ့ ပုံစံမျိုးက ဒါ ဆင်းရဲမွဲတေမှု ပျောက်တာ မဟုတ်ဘဲ လူတွေက ဒီလိုပဲ အလှူဒါနကနေပြီး ရတယ်ဆိုတဲ့ မှားယွင်းတဲ့ အတွေးအခေါ်မျိုး ၀င်သွားမှာတောင် စိုးရိမ်စရာ ကောင်းတယ်လို့ ပြောလို့ရပါတယ်။”

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အများဆုံး ဒေသတွေဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ ဖြစ်ပြီး နိုင်ငံ လူဦးရေရဲ့ ၂၆% ဟာ ဆင်းရဲမွဲတေ နေတယ်လို့ ပါရှိပါတယ်။

Ref: VOA News

Read More...

၅၀၀၀ ကျပ်တန် အတု ဖြန့်ဖြူးမှုဖြင့် လူ ၆ ဦး ဂိုဏ်းကို စစ်ဆေး

ကျော်ခ
ကြာသပတေးနေ့၊ သြဂုတ်လ ၀၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ငွေစက္ကူ ကျပ် ၅၀၀၀ တန် အတုများကို ဖြန့်ဖြူးသူဟု ရဲက ယူဆထားသည့် အဖွဲ့ တဖွဲ့ကို မြန်မာနိုင်ငံ မြို့ ၃ မြို့တွင် တပြိုင်တည်း ဖမ်းဆီး ခဲ့ပြီးနောက် ကရင်ပြည်နယ် ဘားအံမြို့ရှိ ခရိုင်အဆင့် တရားရုံးတွင် စစ်ဆေး ကြားနာမှုများ စတင် ပြုလုပ်နေကြာင်း စုံစမ်း သိရှိရသည်။

မန္တလေး၊ မြဝတီ နှင့် သထုံမြို့များတွင် အမျိုးသား ၆ ဦးကို ကျပ် ၅၀၀၀ တန် ငွေစက္ကူ အတုများနှင့် တကွ ဒေသခံ ရဲများက ဖမ်းဆီး ခဲ့ပြီး ဘားအံ ခရိုင် တရားရုံး၌ သြဂုတ်လ ၄ ရက် ကြာသာပတေးနေ့က စစ်ဆေးနေခြင်း ဖြစ်ကြောင်း ဘားအံခရိုင် တရားရုံး ရှေ့နေ တဦးက မဇ္ဈိမသို့ ပြောသည်။

၎င်းတို့ အပေါ် ငွေစက္ကူအတု ဖြန့်ဖြူးမှု၊ သုံးစွဲမှု၊ လက်ဝယ် တွေ့ရှိမှုတို့ဖြင့် တရားစွဲဆို ထားပြီး အဖမ်းဆီးခံ တရားခံများဖက်မှ ရှေ့နေ ငှားရမ်း၍ လိုက်ပါ ဆောင်ရွက်ခွင့် ရှိကြောင်းလည်း ၎င်းက ပြောသည်။

“အမှုက ဒီနေ့ရုံးချိန်းလေ ဖြန့်ဖြူးမှု၊ သုံးစွဲမှု၊ လက်ဝယ် တွေ့ရှိမှုတွေနဲ့ စွဲထားတာပေါ့” ဟု အဆိုပါ ရှေ့နေက မဇ္ဈိမကို ပြောသည်။

မြို့သုံးမြို့တွင် သီးခြားစီ ဖမ်းဆီး ရမိသော်လည်း ၎င်းတို့မှာ အဖွဲ့တဖွဲ့တည်း ဖြစ်သည်ဟု ယူဆသဖြင့်၊ ၎င်းတို့ အားလုံးကို ဘားအံခရိုင် တရားရုံး၌ စုပေါင်း၍ ရုံးထုတ်စစ်ဆေး နေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာ-ထိုင်းနယ်စပ်မြို့ တခုဖြစ်သော မြဝတီမြို့တွင် ဂိုဒေါင်အတွင်းမှ ဂုံနီအိတ်ဖြင့် ထည့်ထားသော ငွေစက္ကူ အတုများ တွေ့ရှိ ခဲ့သည်ဟု လုံခြုံရေး သတင်းရပ်ကွက်များက ပြောသည်။

ဘားအံခရိုင် တရားရေး သတင်း ရပ်ကွက်တခုကတော့ ငွေစက္ကူအတု အမှုတွင် မြဝတီ ကုန်သည်ကြီးများ အသင်းဝင် ဒေါ်သင်းသင်းမြတ် ၏ လက်ရင်း တပည့်တဦး ပါဝင်သည်ဟု ပြောသည်။

မြဝတီ ကုန်သည်ကြီးများ အသင်း ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေး က ဒေါ်သင်းသင်းမြတ် အနေဖြင့် အသင်း၏ အပတ်စဉ် အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသည်မှာ ၃ ပတ်ရှိနေပြီ ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် သုံးစွဲနေသည့် ငွေစက္ကူများတွင် တန်ဖိုး အကြီးဆုံး ဖြစ်သည့် ၅၀၀၀ ကျပ်တန် ငွေစက္ကူများကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် ဖြန့်ဖြူးခဲ့သည်။

ယခုနှစ်ထဲတွင် ၅၀၀၀ ကျပ်တန် ငွေစက္ကူ အတုများ မကြာခဏ ဖမ်းဆီးရမိကြောင်း သတင်း ဖေါ်ပြချက်များတွင် တွေ့ရသည်။ ဇူလိုင်လပိုင်းက ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် မြန်မာ နိုင်ငံသားများ ဘဏ် Myanmar Citizens Bank –MCB ရုံးချုပ်တွင် ၅၀၀၀ တန် ငွေအတုများ တွေ့ရှိခဲ့သလို၊ ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည် စခန်းတွင် ပမာဏ ကျပ်သိန်း ၃ဝ ခန့်ရှိသည့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူ အတုများ ဖမ်းဆီး ရမိခဲ့သည်။

ထို့အတူ ဧပြီလပိုင်း ကလည်း ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန ဥယျာဉ်မြို့တော်တွင် ၅ဝဝဝ တန်အတုများ နှင့် အတူ အတုပြုလုပ်သည့် စက်ပစ္စည်းများပါ ဖမ်းဆီးရမိခဲ့ပြီး စစ်ကိုင်းတိုင်း၊ တန့်ဆယ်မြို့နယ် တွင်လည်း မေလ ပိုင်းက ငွေစက္ကူအတု ဖမ်းဆီးမှုများ ရှိသည်ဟု ပြည်တွင်း သတင်း မီဒီယာများတွင် ဖေါ်ပြထားသည်။

ဇန်နာဝါရီလအတွင်းက ပဲခူးမြို့ မြို့မဈေးတွင် ရဲဝန်ထမ်းတဦးက ၅,၀၀၀ တန်အတုဖြင့် ဈေးဝယ်နေစဉ် ဖမ်းဆီး မိခဲ့ ဖူးသည်။

ငါးထောင်တန် ငွေစက္ကူ အတုတွင် ဖောင်းကြွစာလုံး သုံးမထားပဲ တပြင်တည်း ဖြစ်နေသည်ဟု သိရသည်။ အစစ်၌မူ ဂဏန်းစာလုံး ၅၀၀၀ မှာ ဖောင်းကြွဖြစ်ပြီး လက်ဖြင့် ပွတ်ကြည့်ရုံနှင့် သိနိုင်သည် ဟူ၏။ ထို့အပြင် ငါးထောင်တန် အစစ်တွင် ပါဝင်သော ငွေကြိုးမှာ အပြားကြီးပြီး အတု၏ ငွေကြိုးမှာ အလွန် သေးငယ်သည် ဟုသိရသည်။

ငွေစက္ကူ အတုလုပ်သူသည် ထောင်ဒဏ် တသက်အထိ အပြစ်ပေးနိုင်ပြီး အတုမှန်း သိလျက် သုံးစွဲရန် ကြံရွယ်ကာ လက်ဝယ် ထားပါက ထောင်ဒဏ် ၇ နှစ်အထိ အပြစ် ပေးနိုင်သည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Ref: မဇ္ဈိမ

Read More...

ကား ၅၀၀၀ အောက်လမ်းမှ ကြံ့ဖွံ့သွင်းခွင့်ရ

Thursday, 04 August 2011

ထိုင်းနိုင်ငံဘက်မှ မော်တော်ယာဉ် အစီးရေ ၅၀၀၀ တင်သွင်းခွင့်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ရရှိ ထားကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီဝင် အလုပ်အမှုဆောင်များကို လစာ ပေးနိုင်ရန် အတွက် အဆိုပါ ကားများကို တင်သွင်းခွင့် ရရှိခြင်း ဖြစ်ကြောင်း၊ ဇူလိုင် ၂၆ ရက်နေ့က အမျိုးအစား စုံလင်သော ကားများ ရန်ကုန်သို့ စတင် ရောက်ရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ အလုပ် အမှုဆောင် တဦးကပြောသည်။

ကားများကို မော်လမြိုင်ဘက်မှ တဆင့် တင်သွင်းလာခြင်းဖြစ်ပြီး စစ်တောင်းတံတား ဖြတ်ခအဖြစ် ယာဉ်အားလုံး အတွက် ကျပ် ၁၂ သိန်းသာ ပေးဆောင် ခဲ့ရကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီမှ ပါတီဝင်များကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအဆင့်များ ခွဲကာ လစာ သတ်မှတ် ပေးမည် ဖြစ်ကြောင်း၊ ပါတီ၏ ဗဟိုအဆင့်ရှိသူများကို လစာ ကျပ် ၃ သိန်း၊ ပြည်နယ်နှင့်တိုင်း အဆင့် ပါတီ အတွင်းရေးမှူး များကို ကျပ် ၁ သိန်း ၂ သောင်း၊ ခရိုင်အဆင့် အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် များကို ကျပ် ၈ သောင်းနှင့် ၇ သောင်း၊ မြို့နယ်အဆင့် အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များကို ကျပ် ၆ သောင်းနှင့် ၅ သောင်း စသည်ဖြင့် သတ်မှတ်၍ လစဉ် ပေးနေကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ အလုပ်အမှုဆောင် တဦးကဆိုသည်။

ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး အဆင့်များ အလိုက် စုစုပေါင်း ၇၂၆ ဦး ကို ဇူလိုင် လဆန်းမှစတင်ကာ လစာပေးနေပြီ ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ကြံ့ဖွံ့ပါတီဝင်များအား လစာပေးနိုင်ရန် အတွက် မော်တော်ယာဉ်များ ပြည်ပမှ တင်သွင်းခွင့် ရရှိသည့် အပေါ် နိုင်ငံရေး အသိုင်းအဝန်း ကြားတွင် ဝေဖန် ပြောဆိုမှုများ ရှိနေသည်။

“လစာပေးတာတော့ သူတို့ပါတီအနေနဲ့ ရန်ပုံငွေ ရှိလို့ ပေးတာ ဘာမှပြောစရာ မရှိဘူးပေါ့။ နိုင်ငံတော်က နေပြီးတော့ ဒီလို အခွင့်အရေး ပေးတယ် ဆိုရင် ပါတီတွေ အားလုံးကို ပေးရင် ပြောစရာ အကြောင်း မရှိပါဘူး။ တပါတီတည်း ခွဲပေးတာ ကတော့ သိပ်မကောင်းဘူးပေါ့။ နိုင်ငံရေး ပါတီတွေက ဝေဖန်စရာ ရှိလာနိုင်တာပေါ့။ နိုင်ငံရေး ပါတီတိုင်းမှာလည်း ရပ်တည်ဖို့ ရန်ပုံငွေ အခက်အခဲ လိုတာပဲလေ” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သူတဦးကလည်း ကားများ အလုံး အရင်းနှင့် တင်သွင်းခွင့်ကို ပုံမှန် ကားတင်သွင်း နေသူများပင် မရနိုင်ကြောင်း ပြောသည်။

ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များ ကားဈေးကွက်အတွင်း အလုံးအရင်း ရောက်ရှိလာမည် ဆိုပါက ကားဈေးကွက် ကမောက်ကမ ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း တဦးကဆိုသည်။

“လက်တလော ဘယ်ကား အမျိုးအစားတွေလဲ ဆိုတာ မူတည်တယ်။ နောက်ပြီး ဒီမှာ ကားလိုအပ်ချက်က တနှစ်ထက် တနှစ် တိုးနေတယ်လေ။ ကားဈေးကွက် မှာတော့ နည်းနည်း လှုပ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ကားဈေးကွက်အတွင်း လိုင်စင်မဲ့ကားများအား လိုင်စင်ခွင့်ပြုပေးမည့် သတင်းနှင့် အတူ ကားမျိုးစုံ တန်ဖိုး သတ်မှတ် ထားသည့် စာရင်း ထွက်ပေါ် လာခဲ့သည်။ ဈေးကွက် အတွင်းတွင်လည်း ကားဈေးနှုန်း အတက်၊ အကျကို စောင့်ကြည့် နေသည့် အနေအထားဖြစ်သွားခဲ့ပြီး အရောင်းအဝယ် အေးသွားသည်ဟု သိရသည်။

“ဇွန်လအတွင်းက လိုင်စင်မဲ့ကားတွေ ပြန်ခွင့်ပြုမယ်ဆိုပြီး ကားဈေးနှုန်းတွေ ထွက်လာတယ်။ အဲဒီလို ထွက်ပြီး ကားဈေးတွေ ငြိမ်သွားတယ်။ အခုရက်ပိုင်း ဈေးပြန်တက်လာတယ်။ လိုင်စင်မဲ့ကားတွေ ပြန်ခွင့်ပြုမယ် ဆိုတဲ့ သတင်းက အခုထိ မသေချာ သေးတော့ ပွဲစားတွေက ပြန်ပြီး ဈေးမြှင့် လာကြတယ်” ဟု မော်တော်ယာဉ် ၀ယ်ရောင်း တဦးကဆိုသည်။

ယခုလက်တလောတွင် မိုဒယ်လ်မြင့် အပေါ်ကားများသည် ကျပ်သိန်း ၁၅၀ မှ ၂၅၀ အထိ ဈေးနှုန်း မြင့်တက် သွားကြောင်း၊ ပြည်ပမှ မော်တော်ယာဉ်များ ပြည်တွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက် လာပါက ဈေးကွက်အတွင်း ဈေးနှုန်း အကျဘက်သို့ ဦးတည်နိုင်ကြောင်း ၎င်းကပြောသည်။

ကြံ့ဖွံ့ပါတီမှ တင်သွင်းခွင့်ရခဲ့သော မော်တော်ယာဉ်များထဲတွင် လိုက်ထရပ်၊ Super Custom၊ Mark II၊ ၂၀၁၁ မိုဒယ်လ် Lexus အပါအ၀င် မိုဒယ်လ်မြင့် ကားများစွာ ပါဝင်ပြီး တင်သွင်း လာသော မော်တော်ယာဉ် စာရင်း အတိအကျကို သတင်း ထုတ်ပြန်၍ မရသေးကြောင်း ယင်းပါတီမှ တာဝန်ရှိသူ တဦးကပြောသည်။

ကြံ့ဖွံ့ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ နယ်အနက် ၂၅၉ နယ်၌လည်းကောင်း၊ အမျိုးသား လွှတ်တော် မဲ ဆန္ဒနယ် ၁၆၈ နယ် အနက် ၁၂၉ နယ်၌ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် မဲဆန္ဒနယ် ၆၆၁ နယ်အနက် ၄၉၄ နယ်၌ လည်းကောင်း အနိုင်ရရှိခဲ့ပြီး စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၁၁၅၄ နေရာ အနက် ၈၈၂ နေရာ၌ အနိုင်ရရှိခဲ့သည်ဟု အစိုးက ကြေညာခဲ့သည်။

Ref: ဧရာဝတီ

Read More...

ဘားအံတွင် အိမ် ရာနှင့်ချီ ရေမြှုပ်

သန်းထိုက်ဦး
Thursday, 04 August 2011

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယမန်နေ့ ညက စတင်၍ လယ်ကွင်း နှင့် လူနေအိမ် အများအပြား ရေနစ်မြှုပ် သွားကြောင်း ဒေသခံများက ပြောသည်။

ရာနှင့်ချီသော မိသားစုများအတွက် အာဏာပိုင်တို့က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ အားကစားကွင်း တို့တွင် ယာယီ ကယ်ဆယ်ရေး စခန်းများ ဖွင့်ပြီး အကူအညီ ပေးထားကြောင်း သိရသည်။

“လူတွေကို လိုက်ကယ်နေတုန်းပဲ။ (နေ့ခင်း) ၁၂ နာရီ မထိုးခင်လေးက ၆၁၉ အိမ်ထောင်စု ရှိတယ်၊ အခုထိ ရေတက် နေသေးတယ်” ဟု ဒေသခံ အမျိုးသမီး တဦးက ဧရာဝတီကို ပြောသည်။

ဒေသခံများ ပြောကြားချက်အရ အမှတ် ၁၊ ၂၊ ၅ ရပ်ကွက်တို့တွင် ရေကြီးမှု ပိုများပြီး အိမ်အများအပြား ခေါင်မိုး အထိ နစ်မြှုပ်လျက် ရှိကြောင်း သိရသည်။

ဘားအံသည် သံလွင်မြစ်ဘေးတွင် တည်ရှိသည်။

“ပြီးခဲ့တဲ့ တပတ်တုန်းက ဒီလောက် ရေမတက်ဘူး၊ ဒီအခု တက်တာက အရင် တခေါက်ကထက် ပိုများ လာတယ်” ဟု ဘားအံတွင် နေထိုင်သူ အမျိုးသား တဦးက ပြောသည်။

သံလွင်မြစ်ရေသည် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း တိုင်းထွာချက်အရ ဘားအံမြို့တွင် ၈၁၈ စင်တီမီတာသို့ ရောက်ရှိ နေကြောင်း၊ စိုးရိမ် ရေမှတ် အထက် ၆၈ စင်တီမီတာ (၂ ဒသမ ၂ပေခန့်) ကျော်လွန် နေခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြ ထားသည်။ ၃ ရက်အတွင်း ၇၅၀ စင်တီမီတာ အထက်တွင် ရှိနေမည်ဟု ဆိုသည်။ ကမ်းရိုးတန်း ဒေသတွင် ယနေ့ မိုးများမည်ဖြစ်ပြီး ပြည်နယ်တိုင်း ၁၄ ခုလုံးတွင်လည်း မိုးထစ်ချုန်း ရွာမည်ဟု ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း ဘားအံအနီး လှိုင်းဘွဲ့မြို့နယ်တွင် မိုးများ၍ ရေကြီးမှု ဖြစ်ပွားခဲ့ရာ စိုက်ခင်းအများ အပြား ရေနစ်မြှုပ် ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

Thursday, August 4, 2011

စစ်တွေ တက္ကသိုလ် ကျောင်းသား ဆန္ဒပြ

2011-08-03

စစ်တွေ တက္ကသိုလ်မှာ ကျောင်းနဲ့ မြို့တွင်း ပြေးဆွဲနေတဲ့ ကျောင်း ကားခတွေ နှစ်ဆ တက်လိုက်တဲ့ အတွက် ကျောင်းသူ ကျောင်းသား အယောက် ၃၀၀ လောက် ပြည်နယ် လွှတ်တော်ကို ချီတက် ဆန္ဒပြ ကြတယ်လို့ သတင်းရရှိ ပါတယ်။

ကျောင်းကားခက အရင်က အသွား ၁၀၀ ကျပ် အပြန် ၁၀၀ ကျပ် ဖြစ်ပြီး၊ မနေ့က စလို့ အသွား ၂၀၀ ကျပ် အပြန် ၂၀၀ ကျပ် တိုးယူတဲ့ အတွက် မနေ့ကတည်းက ကျောင်းသားတွေ မကျေမနပ် ဖြစ်နေကြတာပါ။

ဒါကြောင့် ဒီနေ့ နေ့လည်မှာတော့ ကျောင်းကနေ ပြည်နယ်လွှတ်တော် အဆောက် အအုံ ရှိရာကို လမ်းလျှောက် ချီတက် ကြပြီး ကျောင်းကားခ တက်တာကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖေါ် ပြသ ကြတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

“၁၂ နာရီ ၁ နာရီလောက်ကနေ ကျောင်းသား ကျောင်းသူ အယောက် ၃၀၀ လောက် တန်းစီပြီးတော့ ကျောင်းကနေ မြို့ထဲ လွှတ်တော်ရုံး အထိ လမ်းလျှောက် ဆန္ဒပြကြတာပေါ့။ မနေ့ကတော့ ကျောင်းဝင်းထဲမှာပဲ ဖြစ်ကြတာပေါ့။ အဲဒီ အငှားကား သမားတွေနဲ့ ကျောင်းသာတွေ ဆရာ ဆရာမတွေနဲ့ ပြဿနာ တက်ကြတာပေါ့”

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျောင်းသား ၁၀ ယောက်လောက်နဲ့ ဆရာ၊ ဆရာမတွေ အစည်းအဝေး ထိုင်ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ကြ ပေမယ့်လည်း ပြေလည်မယ့် အဖြေ တစ်စုံတစ်ရာ မထွက် လာသေးဘူးလို့ သိရပါတယ်။

ဆန္ဒပြ ကျောင်းသားတွေ ကတော့ နေ့လည်ပိုင်း ချီတက်အပြီးမှာ အေးအေးချမ်းချမ်း လူစု ခွဲလိုက်ကြ တယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

ကချင်အမတ်များ ပြည်သူ့လွှတ်တော်၌ ငြိမ်းချမ်းရေးကိစ္စ တင်ပြမည်

ဆိုင်းအောင်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သြဂုတ် လ၂၂ ရက်နေ့တွင် ကျင်ပမည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ကိစ္စရပ်ကို ဦးစားပေး တင်ပြသွားမည်ဟု ကချင်ပြည်နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ကချင်ပြည်နယ်တွင် လောလောဆယ် ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ပွဲများ ကိစ္စကို လွှတ်တော်တွင် နိုင်ငံရေး အရ ဆွေးနွေးဖို့ ပြင်ဆင် နေသည်ဟု စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) (UDPKS) ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။

UDPKS ပါတီသည် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျောထောက် နောက်ခံ ပြုထားသော ကချင် ပါတီဟု အများက သိရှိထားကြသည်။

ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်က ကချင်စစ်ပြေး ဒုက္ခသည်များ၏ ဆန္ဒသဘောထားကို ၎င်းတို့ နေထိုင်လျက် ရှိရာ ဘုရားကျောင်း များတွင် UDPKS ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက လိုက်လံ ကောက်ယူခဲ့သည်။

ဒုက္ခသည်များအား “ ငြိမ်းချမ်းရေးကို လိုချင်သလား၊ စစ်ရေးကို လိုချင်သလား” ဟု သဘောထား မေးမြန်းခဲ့ကြောင်း၊ ယင်းသို့ သဘောထား ကောက်ခံခြင်းသည် လာမည့် လွတ်တော် အစည်း အဝေးတွင် တင်ပြရန် ဖြစ်ကြောင်း ဒေါ်ဒွဲဘူက ပြောသည်။ “ မငြိမ်းချမ်းရင် ဘာမှ ဖွံ့ဖြိုးဖို့ မလွယ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယခု လောလောဆယ် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ အကြား ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသော်လည်း အဆိုပါ ဆွေးနွေးပွဲများမှာ လတ်တလော အပစ်အခတ် ရပ်စဲရေးကိုသာ ဦးတည်နေသဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းရေး ကိစ္စရပ်ကို လွှတ်တော်တွင် တင်ပြရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဒေါ်ဒွဲဘူက ပြောသည်။

UDPKS ပါတီ သာမက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်များကပါ ကချင်ပြည်နယ် တစ်ခုလုံး၏ ငြိမ်းချမ်းရေး ကိစ္စရပ်ကို တင်ပြသွားမည်ဟု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေး ကလည်း ပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွတ်တော် အစည်းအဝေးသို့ ကချင်ပြည်နယ်မှ ရွေးကောက်ခံ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ၁၈ ဦး၊ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ၁၂ ဦး စုစုပေါင်း ၃ဝ ဦး တက်ရောက်မည် ဖြစ်သည်။

သို့သော် အသက် ၃ဝ ကျော် ကချင် လူငယ်တဦးကမူ “ကချင်ပြည်နယ် ဝန်ကြီး အနေနဲ့ အခု စစ်ဖြစ်နေ တာတောင် ဘာပြောပိုင်ခွင့် မရှိဘူး။ အခုလွတ်တော် အစည်းအဝေးကို ကချင် ငြိမ်းချမ်းရေး အတွက် တင်ပြမယ် ဆိုရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး”ဟု ဝေဖန်သည်။

ကချင်ပါတီများက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်သာ ပြောနေချိန်တွင် အကြီးဆုံးသော ကချင် လက်နက်ကိုင် အဖွဲ့ ဖြစ်သည့် ကချင် လွတ်မြောက်ရေး အဖွဲ့က ကချင်တွင် သာမက တနိုင်ငံလုံး ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွက် ဖြစ်ပေါ်လာအောင် ကြိုးစားနေသည်။

အစိုးရက ကချင်ပြည်နယ် ကိစ္စကိုသာ သီးခြား ဆွေးနွေးလိုနေရာက အပစ်ခတ်ရပ်စဲရေး သဘော တူညီမှု မရနိုင်ဘဲ ဖြစ်နေသည်။

Ref: မဇ္ဈိမ

Read More...

NLD အမှု ကုလသို့ တင်မည်

လင်းသန့်
Wednesday, 03 August 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်နိုင်ရေး အတွက် ကုလ သမဂ္ဂထံ ရက်ပိုင်း အတွင်း တင်ပြသွားမည်ဟု NLD၏ ဥပဒေ အကြံပေး အဖွဲ့မှ ဦးဉာဏ်ဝင်းက ယနေ့ ပြောလိုက်သည်။

“ဒီကိစ္စက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ တင်ပြဖို့ အတွက် ကျနော်တို့ ဥပဒေ အကြံပေးအဖွဲ့က ရေးသား ပြုစုတာ အားလုံး အဆင်သင့် ဖြစ်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူကြီးတွေ အားလုံး (တက်ရောက်တဲ့) အစည်း အဝေးမှာလည်း တင်ပြ လိုက်ပါပြီ” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

တနင်္လာနေ့က စတင်ပြီး ၂ ရက်တာ ကျင်းပခဲ့သော NLD ခေါင်းဆောင်တို့၏ အစည်းအဝေးတွင် ထိုတိုင်ကြား စာကို သဘော တူကြောင်း ဆုံးဖြတ်ခဲ့ပြီး အနည်းငယ် ပြင်ဆင် ရေးသားနေသည် ဟု ဆိုသည်။

တိုင်ကြားစာတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အချက် ၄ ချက်ကို စုစည်း ပြုစုထားသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ ဖြစ်သော်လည်း နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်ခံနေရခြင်း၊ နိုင်ငံရေးပါတီ တရပ်၏ ရပိုင်ခွင့်များ ချိုးနှိမ် ခံနေရခြင်း၊ ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်း ရန်ပြု တိုက်ခိုက်ခံရခြင်းနှင့် ပါတီဝင်တချို့ သတ်ဖြတ်ခံရခြင်း၊ နိုင်ငံသားများက နိုင်ငံ အုပ်ချုပ်သူကို ရွေးချယ်ခွင့် မရခြင်း စသည့် အချက်များ ပါဝင်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်သစ်က NLD တရားဝင်တည်ရှိမှု ပျက်ပြယ်ကြောင်း ၂၀၁၀ စက်တင်ဘာလ ၁၄ ရက် နေ့စွဲဖြင့် ကြေညာ ခဲ့သည်။

NLD က မြန်မာနိုင်ငံ တရားရုံး အဆင့်ဆင့်တွင် ဥပဒေကြောင်းအရ ရင်ဆိုင်ရာ အောင်မြင်မှု မရခဲ့ပေ။

နိုင်ငံအတွင်း ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်ရန် နည်းလမ်း ကုန်သွားပြီဖြစ်သောကြောင့် ကုလသမဂ္ဂ၊ လူ့အခွင့်အရေး ကောင်စီထံ တင်ပြရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဇွန်လ ၂ ၉ ရက်နေ့တွင် အစိုးရသစ် ပြည်ထဲရေး ၀န်ကြီးက NLD ပါတီ တရားမ၀င်တော့ကြောင်း အကြောင်း ကြားစာ ပေးပို့ခဲ့သည်။

ပါတီ တရားဝင် တည်ရှိမှုနှင့် ပတ်သက်ပြီး NLD နှင့် အစိုးရ ရှုမြင်ပုံ ကွာခြားနေသည့်အတွက် ညှိနှိုင်း အဖြေရှာကြရန် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အကြောင်းပြန်ကြားခဲ့သည်။

ဤအတောအတွင်း NLD ၏ ၂ ရက်ကြာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် ပါတီ စတင် တည်ထောင် ခဲ့စဉ်က စ၍ ယနေ့ အထိ ကြုံတွေ့ရသော အခြေအနေများ အကြောင်းကို ပြန်လည် သုံးသပ်ကြပြီး အနာဂတ်အတွက် ဆွေးနွေးကြကြောင်း ပါတီ NLD ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးအုန်းကြိုင်က ပြောသည်။

Ref: ဧရာဝတီ်

Read More...

လစာတိုးပေးရုံဖြင့် အဂတိလိုက်စားမှုကို မတိုက်ဖျက်နိုင်

Wednesday, 03 August 2011

ကုန်ဈေးနှုန်း မြင့်တက်ပြီး ငွေဖောင်းပွမှုက ယှဉ်တွဲလိုက်လာနိုင်သောကြောင့် ဝန်ထမ်းများကို လစာ တိုးပေးခြင်းသည် အဂတိ လိုက်စားမှုကို အမှန်တကယ် တိုက်ဖျက် နိုင်သည့် နည်းမဟုတ်ကြောင်း သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဦးမြင့်က ပြောသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ ရုံးချုပ်တွင် ယနေ့ ကျင်းပသော နိုင်ငံရေး ရက်တို သင်တန်းအတွင်း အဂတိ လိုက်စားမှု ပပျောက်ရေး နည်းလမ်းများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌ ဒေါက်တာ ဦးမြင့်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“၀န်ထမ်းတွေကို လစာတိုးတဲ့ နည်းလမ်းက အဂတိလိုက်စားမှု အမှန်တကယ် တိုက်ဖျက်နိုင်မယ့် နည်းလမ်း တရပ်လို့ မယုံကြည် ပါဘူး။ တကယ်လို့ လစာ တိုးလိုက်မယ်ဆို ပြင်ပ စီးပွားရေးသမားတွေ အခွင့်အရေး ယူပြီး ကုန်ဈေးနှုန်း မြင့်တက်လို့ ငွေဖောင်းပွမှု ဖြစ်လာမယ် ဆိုရင် ဒီဒဏ်ကို ၀န်ထမ်းတွေတင် မကဘဲ ပြည်သူတွေကပါ လိုက်ပါ ခံစားကြရမှာပါ” ဟု ဒေါက်တာ ဦးမြင့်က သင်တန်းတွင် ပြောကြားသည်။

ဒေါက်တာ ဦးမြင့်က သမ္မတ ဦးသိန်းစိန်ထံ တင်ပြထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အဓိက အချက် ၄ ချက် ပါဝင်သည့် စာတမ်းကို သင်တန်းတွင် ချပြ ဆွေးနွေးသွားသည်။

အဂတိလိုက်စားမှု အဓိပ္ပာယ်၊ ဖြစ်ပွားရသည့် အကြောင်းရင်း၊ အကျိုးသက်ရောက်မှုနှင့် ကိုင်တွယ် ဖြေရှင်းမှု တို့ကို အခြေခံပြီး ဒေါက်တာ ဦးမြင့်က ပြောကြားသွားသည်။

အများပြည်သူအကျိုးအတွက်၊ တိုင်းပြည်အတွက် ပေးအပ်ထားသည့် တာဝန်များအား ကိုယ်ကျိုး အတွက် အသုံးပြုမှုကို အဂတိ လိုက်စားမှုဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ခြင်း မရှိဘဲ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုက်တက်မှု လမ်းကြောင်းကို ဖော်ဆောင်နိုင်ခြင်း မရှိဟု ဒေါက်တာ ဦးမြင့်က ထောက်ပြသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းလမ်းများအတွက် ခိုင်မာသည့် စည်းမျဉ်း ဥပဒေများ ရှိရန်လိုပြီး လာဘ်ပေး လာဘ်ယူမှုများ အခြေခံနေသည့် ၀န်ထမ်းပိုင်း ကဏ္ဍကို ကိုင်တွယ် ဖြေရှင်းရာတွင် လုပ်ခလစာ တိုးမြင့် ပေးခြင်းသည် ထိရောက်မှု ရှိမည့် နည်းလမ်းဟု မယုံကြည်ကြောင်း ဒေါက်တာ ဦးမြင့်က သူ့အမြင်ကို ထုတ်ဖော်ပြောသည်။

လက်ရှိအနေအထားအရ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့အနေဖြင့် အဂတိလိုက်စားမှု ပပျောက်ရေး အတွက် ထိရောက်မှု ရှိပြီး အမှန်တကယ် ကျင့်သုံး ဖော်ဆောင်နိုင်မည့် နည်းလမ်းများကို ရှာဖွေလျက် ရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ အမြင်များ ပေါ်တွင် သမ္မတ ဦးသိန်းစိန်ကလည်း စိတ်ဝင်စားမှု ရှိကြောင်း သိရသည်။

ဒေါက်တာ ဦးမြင့်က “မိုက်ခရိုကျတဲ့ အောက်ခြေအဆင့်တွေကနေ စကိုင်ဖို့ သမ္မတကြီးက စိတ်ဝင်စား နေတယ်။ ကျနော်ကတော့ လက်တွေ့မှာ အောက်ခြေကနေ ကိုင်တွယ်တဲ့ အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေ များပြားတာကြောင့် ထိထိ ရောက်ရောက် ကိုင်တွယ်နိုင်မယ့် အထက်ပိုင်းကို ပီပီပြင်ပြင် ကိုင်တွယ် တာမျိုးဖြစ်ဖို့ အကြံပြု ထားပါတယ်” ဟု ဦးမြင့်က ပြောသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကောင်အထည် ဖော်ရာတွင် ဖြစ်ပေါ် လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင် ရဖွယ် ရှိနေကြောင်း၊ အဂတိ လိုက်စားမှုတွင် ပါဝင် ပတ်သက်နေသည့် အစိုးရ အဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများနှင့် အာဏာရ အဖွဲ့များနှင့် ပေါင်းစပ် လုပ်ကိုင် နေသူများ၏ ငြိုငြင်မှုကို တွေ့ကြုံ လာရမည့် အခြေအနေတို့ ဖြစ်ကြောင်း ဦးမြင့်က ဆိုသည်။

NDF ပါတီ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင်ဆွေကမူ အဂတိလိုက်စားမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး အစိုးရ ၀န်ထမ်း လစာများ တိုးမြှင့်ပေးခြင်းအပေါ် ကောင်းသော အခြေအနေ တရပ်အဖြစ် ရှုမြင်ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ဒေါက်တာ ဦးမြင့်က ဟောပြောရန် ကြေညာခဲ့သော်လည်း အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

ဧရာဝတီ သတင်းထောက် ၀င့်နဒီနှင့် ကျော်ကျော်တို့ ပူးပေါင်း ရေးသားသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, August 3, 2011

ဒေါ်စု ကမ်းလှမ်းချက် လက်ခံဖို့ အစိုးရကို သံဃာတွေ တိုက်တွန်း

2011-08-02

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည် ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ပြည်တွင်း ပြည်ပမှာရှိတဲ့ သံဃာ့ အဖွဲ့အစည်းတွေက ဦးသိန်းစိန် အစိုးရကို ဒီကနေ့ တိုက်တွန်း လိုက်ကြ ပါတယ်။

ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ ပြောခွင့်ရ ဆရာတော် ဦးဓမ္မသီရိက တိုင်းရင်းသားတွေ ကြည်ညို လေးစားမှု ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဦးဆောင် ကြိုးပမ်းခွင့် ပေးအပ်ဖို့ လိုအပ်ကြောင်း မိန့်ကြားပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တခြား ပါတီအားလုံးက ဒေါ်အောင်ဆန်း စုကြည်အပေါ်မှာ လေးစား ယုံကြည်မှု ရှိတယ်။ ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ဖို့ တွန်းအားတွေ ပေးနေကြတယ်။ ဦးဇင်းတို့ မြင်တဲ့ အမြင်ကို ပြောရမယ် ဆိုရင် အခု အစိုးရဘက်က တင်းခံနေတဲ့ အနေအထား မြင်တယ်။ အစိုးရ ဘက်ကသာ လက်ခံခဲ့မယ် ဆိုရင် ဒီပြဿနာဟာ အေးအေးဆေးဆေး ပြေလည် သွားမယ်လို့ ဦးဇင်းမြင်ပါတယ်။ အခု လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပစ်ခတ် နေခြင်းဟာ အစိုးရ ဘက်က တင်းမာနေလို့သာ ဖြစ်နေတာလို့ ဦးဇင်း မြင်ပါတယ်”

အလားတူ သာသာနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ မြန်မာ ရဟန်းတော်များအဖွဲ့ရဲ့ ထိုင်းနိုင်ငံ တာဝန်ခံ ဆရာတော် ဦးဇ၀နကလည်း အစိုးရ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ တိုင်းပြည် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အချိန်တန်ပြီလို့ မိန့်ကြား ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အခုလို တောင်းခံလိုက်တာကို တကမ္ဘာလုံးကလည်း လက်ခံတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကလည်း လိုလိုလားလားကို သဘောကျတယ်။ အစိုးရဘက်က လိုက်လျောဖို့ သဘောတူဖို့ပဲ လိုတော့တယ်။ အဲဒီတော့ အစိုးရ အနေနဲ့လည်း တိုင်းပြည် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက် စေချင်တယ် ဆိုရင် အားလုံး လိုလားနေတဲ့ ဘက်ကို မျက်နှာမှုဖို့ စစ်ခေါင်းဆောင် တွေကို ဦးဇင်း တိုက်တွန်း ချင်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့ ကိစ္စဟာ လူသာဓုခေါ် နတ်သာဓုခေါ်တဲ့ ကိစ္စမို့ ဦးဇင်းတို့ အနေနဲ့ ချွင်းချက်မရှိ ထောက်ခံတယ်။ တိုင်းပြည် အုပ်ချုပ်နေတဲ့ အစိုးရ အနေနဲ့လည်း ဒေါ်အောင်ဆန်း စုကြည်ပြောတဲ့ စကားဟာ တကယ် စေတနာပါလို့ ပြောနေတာ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် စေချင်လို့ ပြောနေတယ် ဆိုတာကို လေးလေးနက်နက် သဘောပေါက်ပြီးတော့ လက်တွဲပြီးတော့ ငြိမ်းချမ်းရေးကို လုပ်ကြပါလို့ ဦးဇင်း အနေနဲ့ တိုက်တွန်းချင်တယ်”

၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တကွ ကချင် လွတ်မြောက်ရေး အဖွဲ့၊ ကရင် အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ် ပါတီနဲ့ ရှမ်းပြည် တပ်မတော် တို့ကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အိတ်ဖွင့် ပေးစာ တစောင်ကို ဇူလိုင်လ ၂၈ ရက်နေ့က ပေးပို့ခဲ့ပါတယ်။

ဒီ အိတ်ဖွင့်ပေးစာ ထဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စစ်ရေး နည်းလမ်းနဲ့ ဖြေရှင်းလို့ မရနိုင်ကြောင်း၊ နိုင်ငံရေး အရ ညှိနှိုင်း ဖြေရှင်းမှသာ စစ်မှန်တဲ့ တိုင်းရင်းသား သွေးစည်း ညီညွတ်မှုကို ရရှိမှာ ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ပံ့ပိုးဖို့ သူမအနေနဲ့ ကိုယ်စွမ်းရှိသရွေ့ ပါဝင် ကြိုးပမ်းပေးဖို့ အဆင်သင့် ရှိနေကြောင်း စသဖြင့် ဖော်ပြ ထားပါတယ်။

ဒီပေးစာအပေါ် လောလောဆယ်အထိ အစိုးရဘက်က တုံ့ပြန်မှု မရှိသေးပေမယ့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက ထောက်ခံ ကြိုဆို ထားပါတယ်။

Ref: RFA News

Read More...

အိုင်အယ်လ်အို တိုင်တဲ့ ကလေးစစ်သား မိခင်ကို စစ်တပ်က ခြိမ်းခြောက်

2011-08-02

ကလေး စစ်သား တစ်ဦးကို မိခင်ဖြစ်သူက သက်ဆိုင်ရာ တပ်ရင်း တာဝန်ရှိသူတွေထံ သွားရောက် တောင်းခံရာမှာ သူ့ရဲ့သား အကြောင်း အိုင်အယ်လ်အို ကို တိုင်ကြားခဲ့မှု အတွက် မိဘတွေကို ဖမ်းဆီး ထောင်ချနိုင်ကြောင်း သားဖြစ်သူကိုလည်း သတ်ဖြတ်ပစ်မှာ ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း ရပ်ကွက်မှာ နေထိုင်သူ အသက် ၁၆ နှစ်သား မောင်အောင်အောင်ဟာ ၂၀၀၇ ခုနှစ်အတွင်း ကလေး စစ်သားအဖြစ် အဓမ္မ စုဆောင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် မောင်အောင်အောင်ဟာ ရွှေဘို တပ်ရင်း ၁၂ မှာ တာဝန် ထမ်းဆောင်နေကြောင်း သိရှိတဲ့အတွက် မိသားစုက အခုနှစ် မတ်လ ၂၀ ရက်နေ့က ရန်ကုန် အိုင်အယ်လ်အို ရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ ဒေါ်အကာကြီးက ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့မှာ သားဖြစ်သူကို သွားရောက် တွေ့ဆုံခဲ့ရာမှာ စစ်တပ် အရာရှိတွေရဲ့ ခုလို ခြိမ်းခြောက် ခံခဲ့ရ တာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက RFA ကိုဒီကနေ့ ပြောပါတယ်။

“အဲဒီနောက်ပိုင်း သူ့အမေ လိုက်သွားတဲ့ အခါကျတော့ သူ့သားနဲ့ တရက်ပေးတွေ့တယ်။ တွေ့ပြီး သုံးလေးရက်အ ကြာမှာ အာပီလို့ ခေါ်တဲ့ လုံခြုံရေး ဂိတ်က တပ်ကြပ်ကြီး တယောက်က သူ့အမေကို လိုက်ရှာပြီးတော့ ခင်ဗျား ဘာလိုက် ရှုပ်နေတာလဲ။ ခင်ဗျား ဟိုတိုင် ဒီတိုင် လုပ်နေရင်တော့ ခင်ဗျားကိုရော ခင်ဗျားသားကိုပါ ဖျောက်လိုက်မယ် ဆိုပြီး လာပြီး ခြိမ်းခြောက်နေတယ်”

ဒါ့ပြင် အိုင်အယ်လ်အိုမှာ တိုင်ကြားထားတဲ့ အမှုကိုလည်း ရုပ်သိမ်းပေးဖို့ စစ်တပ် အရာရှိတွေက ခြိမ်းခြောက် ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။

“နောက်တခုက ဘာပြောလဲဆိုတော့ သူ့အမေကို တယ်လီဖုန်းခွက် ထိုးပေးတယ်။ ခင်ဗျား အိုင်အဲလ်အို ရုံးကို ဖုန်းဆက်တဲ့။ ခင်ဗျားသား ကျန်းမာကြောင်း၊ ဒီမှာပျော်ကြောင်း၊ အဆင့်မီမီ နေနေကြောင်း ဖုန်းဆက်ပါတဲ့၊ နောက်တခုက တိုင်ထားတာကို အမှု ပိတ်ပေးပါတဲ့။ သူ့အမေက လုံးဝ မဆက်ဘူး။ သားကတော့ ကြောက်နေတယ်။ အမေ ဆက်ပေးလိုက်ပါ။ အဲသလို နေနေရင် အမေကော သားပါ သေလိမ့်မယ်။ သားတို့ကို ထောင်ချမယ် လို့လည်း ပြောနေတယ် ဆိုပြီးတော့ ကလေးက အသားတွေတုန်ပြီး ငိုပြောနေတယ်လို့ ပြောတယ်”

မိသားစု အနေနဲ့ လောလောဆယ် ကလေးစစ်သားအရေး ကူညီဆောင်ရွက် ပေးနေသူတွေနဲ့ ဆက်သွယ်ပြီး ကလေးစစ်သား မောင်အောင်အောင် တပ်ကနေ ထွက်ခွင့်ရရှိအောင် ကြိုးပမ်း နေတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

NLD ပါတီ ရပ်တည်မှု လူ့အခွင့်အရေးကောင်စီထံ တင်မည်

ဒေါ်ခင်မျိုးသက်
အင်္ဂါ, 02 သြဂုတ် 2011

၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံမတင်ခဲ့လို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိတော့ကြောင်း အစိုးရရဲ့ တဖက်သတ် ကြေညာခြင်း ခံထားရတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တရားဝင် ရပ်တည် ပိုင်ခွင့် အတွက် ရန်ကုန် ကုလသမဂ္ဂ ရုံးက တဆင့် ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။ NLD ဘက်က အယူခံတွေကို လျှောက်ထား ခဲ့ပေမဲ့ အဆင့်ဆင့် ပယ်ချခံခဲ့ရပြီးနောက် အခုလို လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) တရားဝင် ရပ်တည်နေကြောင်းနဲ့ ပါတီရဲ့ နိုင်ငံရေးသမိုင်း တလျှောက် အဖိနှိပ် ခံရမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ဒီသီတင်းပတ် ထဲမှာပဲ တင်သွင်းသွားဖို့ ရှိတယ်လို့ အဖွဲ့ချုပ် ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်မှာ။ ကျနော်တို့ ဒီအပတ်ထဲ ကြိုးစားနေတယ်။ ပြီးပြီးချင်း တင်ပါ့မယ်။ ပါတီ ရပ်တည်ခွင့် ကိစ္စတွေ၊ ပါတီရဲ့ နိုင်ငံရေး သမိုင်းတလျှောက် ဖိနှိပ်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ ဒီအခြေအနေတွေ အားလုံးကို သိရှိအောင် ကြိုးစားပြီးတော့ ဖော်ပြနေတာ။ အချက်အလက်တွေ အရ မှန်တယ် ဆိုတာကို နိုင်ငံရေး အဓိပ္ပာယ်အရ လိုချင်တယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကိစ္စကို အမြဲတမ်း ညှိနှိုင်းပြီး ဆောင်ရွက်နေတာ ကြာပါပြီ။ တလ နှစ်လလောက် ရှိပြီ။ ဒါက ဥပဒေအရ ဆောင်ရွက်သင့်တဲ့ ဟာတွေကို ဆောင်ရွက်တဲ့ သဘောပါပဲ။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပါတီတွေရဲ့ အနေအထား၊ အဖိနှိပ် ခံရမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိသလို လူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာ ထဲမှာလည်း ထည့်သွင်း ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

“ဒီကိစ္စဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူးအဖြစ် တာဝန် ယူထားတဲ့ ကျနော့် အတွက် အထူး စိုးရိမ်ရတဲ့ အချက်ပါ။ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ နိုင်ငံရေး ပါတီတွေ၊ အထူးသဖြင့် NLD ပါတီရဲ့ အခြေအနေတွေ စိုးရိမ်ရတဲ့ အကြောင်း အစီရင်ခံစာ ထဲမှာပါ ကျနော် ထည့်သွင်း ရေးသား ခဲ့တာပါ။ အခုတော့ အစိုးရသစ် အဖွဲ့ တက်လာပြီမို့ အရင်တုန်းက ချမှတ်ထားတဲ့ မူဝါဒတွေကို ပြောင်းလဲပစ်ဖို့ အတွက် တောင်းဆိုနေတာပါ။” လို့ ပြောသွားပါတယ်။

ဒါ့အပြင် မကြာခင်ကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်အဖွဲ့ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တာ တွေ့ရတာမို့ ဒီတွေ့ဆုံ ဆွေးနွေးမှုတွေ ကနေ နောင်မှာ အပြောင်း အလဲတွေ ဖြစ်လာဖို့ အတွက် မျှော်လင့် ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

၂၀၁၀ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီ တရားဝင် ရပ်တည်နေမှု ပျက်ပြယ်ကြောင်း ကြေညာ ခဲ့ပါတယ်။ NLD ပါတီဘက်က တရားစွဲဆိုပြီး အယူခံ အဆင့်ဆင့် လျှောက်ထား ခဲ့ပေမဲ့ အထူး အယူခံကို နေပြည်တော် ဗဟို တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ NLD ပါတီဟာ လူထုရဲ့ ထောက်ခံမှုနဲ့ ဆက်လက် ရပ်တည်နေခဲ့တာမို့ လက်ရှိ အစိုးရသစ် အဖွဲ့ရဲ့ ပြည်ထဲရေး ၀န်ကြီးက မကြာခင်ကမှ NLD ပါတီရဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သတိပေးစာ ပေးပို့ခဲ့ပါတယ်။ NLD ပါတီက တရားဝင် အဖြစ် ဆက်လက် ရပ်တည်နေကြောင်း မကြာခင်မှာပဲ ကုလသမဂ္ဂကို တင်ပြဖို့ ရှိသလို အစိုးရသစ်အဖွဲ့က ပေးပို့တဲ့ စာနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့လည်း စောင့်မျှော် နေတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပြည်ထဲရေးဝန်ကြီးက စာပို့ကတည်းက ကျနော်တို့ အကြောင်းပြန်တယ်။ အကြောင်းပြန်တဲ့ စာထဲမှာ ဥပဒေ အချက် အလက်တွေ ပြောထားတယ်။ အဲဒီအချက်မှာ အဓိက ပြောရရင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်ပြီး နောက်ပိုင်းမှာ ပြဋ္ဌာန်းတဲ့ ဥပဒေတွေအရ ကျနော်တို့ ပါတီကို တရားမ၀င်ဘူးလို့ ပြောတာ။ အဲဒီလို ပြဋ္ဌာန်းတဲ့ ဥပဒေများဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘဲနဲ့ ထုတ်ပြန်တဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက် စကတည်းက ပျက်ပြယ်တယ်။ ဒီဥပဒေတွေဟာ တရားမ၀င်ဘူး ဆိုတဲ့ အချက်အပေါ်မှာ အဓိက တင်ပြထားတာ။ အဲဒါ ကျနော်တို့ရဲ့ ဥပဒေဆိုင်ရာ ရပ်တည်ချက်ပါ။

“အစိုးရဘက်ကတော့ အခုထိ လက်မခံသေးလို့ ပြည်ထဲရေးက အကြောင်းကြားတာ။ သို့သော် ပြည်ထဲရေးကို ပြောတဲ့ အထဲမှာလည်း ကိုယ်မှန်တယ်၊ သူမှန်တယ်ကို အခြေခံ ပြောနေတာ မဟုတ်ဘူး၊ ကျနော်တို့နဲ့ အစိုးရအဖွဲ့ အမြင်နဲ့ မတူဘူး။ မတူတဲ့ ဥပဒေ အချက် အလက်တွေကို လိုအပ်သလို နားလည်မှုရအောင် ဆွေးနွေးကြစို့လို့ ဒါပြောတာပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

NLD ဦးဆောင်၍ လှူဒါန်းမှုများ တိုးမြှင့် လုပ်ဆောင်

လင်းသန့်
Tuesday, 02 August 2011

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး ချိတ်ဆက်ထားသည့် အဖွဲ့များက ရန်ကုန်တိုင်း အတွင်းရှိ လိုအပ် နေသူများ အတွက် အာဟာရ ကျွေးမွေးရေးနှင့် အ၀တ်အထည် ဝေမျှရေး လုပ်ငန်းများကို လုပ်ဆောင် နေကြောင်း သိရသည်။

“ကျမတို့ ဒီနေ့တော့ ဖောင်ကြီးမှာရှိတဲ့ အရေပြားရောဂါ ဝေဒနာသည်တွေဆီကို သွားလှူတာပါ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အစီအစဉ်နဲ့ တနင်္လာနေ့ကနေ စနေနေ့ အထိ အဖွဲ့အသီးသီးက တရက်စီ တာဝန်ယူပြီး လိုအပ်တဲ့ သူတွေကို လှူဒါန်းနေတာပါ” ဟု NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ဧရာဝတီကို ပြောသည်။

ယခင်နှစ်နှောင်းပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက် လာပြီးနောက် NLD ပါတီသည် လူမှုရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။ NLD နှင့် ချိတ်ဆက်ထားသည့် အဖွဲ့အစည်း အသီးသီးကလည်း ဇူလိုင်လ ၅ ရက်နေ့မှ စတင်၍ အစာ အာဟာရများ၊ အ၀တ်အထည်များနှင့် လိုအပ်သည့် ပစ္စည်း တချို့ကို ရန်ကုန်တိုင်းအတွင်းရှိ ဒုက္ခ ခံစားနေရသော ဂေဟာများသို့ လိုက်လံ ဝေငှမှုခဲ့ကြသည်။

NLD ပါတီဝင်များ၊ ပူးပေါင်းပါဝင်ကြသည့် ကွန်ရက်အဖွဲ့ဝင်များနှင့် အလှူရှင်တချို့၏ ထည့်ဝင်မှုများဖြင့် ယခုကဲ့သို့ လိုအပ် နေသူများထံ လှူဒါန်းမှုများ ပြုနေခြင်းဖြစ်သည်ဟု ဒေါ်မေ၀င်းမြင့်က ရှင်းပြသည်။

NLD အမျိုးသမီးအဖွဲ့က ၂ ရက်၊ ကွန်ယက်အဖွဲ့ဝင်များကက ၂ ရက်၊ HIV လူနာများအား စောင့်ရှောက် နေသည့် မဖြူဖြူသင်း ဦးဆောင်သော NLD လူမှုကူညီရေးအဖွဲ့က ၁ ရက်၊ ဦးအေးသာအောင် ဦးစီးသည့် တိုင်းရင်းသားများ အဖွဲ့က ၁ ရက် စသည်ဖြင့် စီစဉ်၍ ရန်ကုန် ကြည့်မြင်တို်င် မျက်မမြင်ကျောင်း၊ ခ၀ဲခြံ မျက်မမြင်ကျောင်း၊ အမျိုးသမီး ဂေဟာ၊ အမေ့အိမ် ကျောင်းများ စသည့် နေရာများသို့ အလှည့်ကျ အဖွဲ့အလိုက် တာဝန်ယူ သွားရောက်လှူဒါန်းမှုများ လုပ်ဆောင်နေခြင်းဟု ၎င်းကဆိုသည်။

“ခိုကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အို တွေဆီကိုလည်း ဒီလို လိုက်လံလှူဒါန်းမှုမျိုး ကျမတို့ လုပ်နေပါတယ်” ဟု ဒေါ်မေ၀င်းမြင့်က ပြောသည်။

စားဝတ်နေရေး အဆင်ပြေမှုမရှိဘဲ အစစအရာရာ အခက်အခဲရှိသူများမှာ များပြားလှသော်လည်း ၎င်းတို့ အနေဖြင့် ဖြစ်နိုင်သည့် အကူအညီ ပေးမှုများကိုသာ စတင် လုပ်ဆောင် နေရသည်ဟု သူကဆိုသည်။

“အခက်အခဲ အမှန်တကယ်ရှိတဲ့သူတွေကို လိုက်လှူဒါန်းနေတာ တလလောက်ပဲ ရှိသေးတော့ လူသိပ် မသိသေးဘူး။ နောက်ပိုင်း အလှူရှင်တွေ တိုးပွားလာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဒေါ်မေ၀င်းမြင့်က ပြောသည်။

တိုင်းရင်းသား အဖွဲ့များကလည်း ဆွံ့အ နားမကြားကျောင်း၊ ဘုန်းတော်ကြီးသင် ပညာကျောင်း၊ စသည်တို့ကို လှူဒါန်းမှုများ လုပ်ဆောင် နေသည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

နေပြည်တော် စီးပွားရေး ဆွေးနွေးပွဲသို့ NLD မပါဘဲ ဒေါ်စုကို ဖိတ်ရန်ရှိ

အေးလဲ့
အင်္ဂါနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ)။ ။ နေပြည်တော်တွင် ကျင်းပမည့် အမျိုးသားအဆင့် စီးပွားရေးအလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားရန် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မက်ခရိုဘောဂဗေဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် တဦးဖြစ်သည့် ဒေါက်တာ နေဇင်လတ်၏ ပြောဆိုချက်ကို ကိုးကားပြီး RFA မြန်မာပိုင်း အစီအစဉ်က ဖော်ပြထားသည်။

ဖိတ်ကြားချက် နှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ NLD နှင့် တစုံတရာ ဆွေးနွေးခြင်း မရှိကြောင်း NLD ဗဟိုကော်မီတီဝင် ဦးဝင်းတင်က မဇ္ဈိမသို့ပြောသည်။

“ဒီစစ်အစိုးရနဲ့ NLD ပါတီ အနေနဲ့ ပြောလို့မရ၊ ဆိုလို့မရ ဖြစ်နေတဲ့အချိန်မှာ သူက တဦးချင်း ဆောင်ရွက်တာပဲလို့ ကျနော် ယူဆ ပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီသည် တရားဝင်ပါတီ အဖြစ်မှပျက်ပြယ်ခြင်း ရှိမရှိ ဆိုသည့် အချက်တွင် NLD နှင့် အစိုးရ အကြား အချေအတင် ဖြစ်နေသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလော ထုတ်ပြန်ထားသည့် တိုင်းရင်းသားဒေသများရှိ လက်နက်ကိုင် ပဋိပက္ခများ ကို ဆွေးနွေး အဖြေရှာရန် ပန်ကြားချက် တွင် ပါတီအမည်ကို ထည့်သွင်း ထားခြင်း မရှိဘဲ မိမိတဦးတည်း အမည်ဖြင့် လက်မှတ် ရေးထိုးထားသည်။

ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ဖွံ့အစိုးရ တက်ပြီးနောက် နေပြည်တော်တွင် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၂ ကြိမ် ကျင်းပခဲ့သည်။ ပထမတကြိမ်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြီး ဒုတိယ တကြိမ်တွင် E-Government ဖေါ်ဆောင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ခဲ့သည်။

ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ၌ နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ ဦးမြင့်က ‘ ဆင်းရဲ မွဲတေမူ လျှော့ချရေး လမ်းပြ စာတမ်း’ ကို တင်သွင်းခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်အား ပုဂ္ဂိုလ်ရေးအရ ခင်မင်မှု ရှိသည်။

Ref: မဇ္ဈိမ

Read More...

ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ပေးရန် ENC လိုလား

ကျော်ခ
အင်္ဂါနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန်ဆုံး ရပ်ရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်း ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ “အိတ်ဖွင့်ပေးစာ” အပေါ် တိုင်းရင်းသား လူမျိုးများ ကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENC က ထောက်ခံ ကြိုဆိုကြောင်း နှင့် တိုင်းရင်းသားပြဿနာ ပြေလည်စေရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြားဝင်ေ ဆာင်ရွက်ပေးရန် လိုလားကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။

“ဒေါ်စုလို ပြည်သူတွေ က ယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ် တယောက်ကနေ ကြားက ဝင်လုပ်ပေးရင် ကောင်တယ်လို့ ကျနော်တို့ မြင်လို့ ဒါကိုကြိုဆို လိုက်တာပါ” ဟု ENC အထွေထွေ အတွင်းရေးမှူး ဒေါက်တာရွှေခါး ကမဇ္ဈိမကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ဇူလိုင်လ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည့် အိတ်ဖွင့်ပေးစာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကချင် လွတ်မြောက်ရေး အဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီ နှင့် ရှမ်းပြည် တပ်မတော်တို့သို့ လိပ်မူထားပြီး ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန် အတွက် ကျမ အနေဖြင့် ကိုယ်စွမ်း ရှိသမျှ ပါဝင်ကြိုးပမ်းရန် အသင့်ရှိနေပါသည်” ဟု ရေးသားထားသည်။

မိမိတို့၏ ရပိုင်ခွင့်များအတွက် အသီးအသီး လှုပ်ရှားနေသည့် တိုင်းရင်းသား အဖွဲ့များ စုပေါင်းပါဝင်သည့် ENC က ဒေါ်အောင်ဆန်း စုကြည်၏ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်ထောင်စု အရေးတွင် လုပ်ကိုင်နိုင်စွမ်း ရှိမည်ဟု ယုံကြည်ကြောင်း ၎င်းတို့၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

ENC က “မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲနိုင်ရေးအတွက် သော်လည်းကောင်း၊ ပြည်ထောင်စု ကြီး၏ အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရရှိနိုင်ရေးအတွက် သော်လည်းကောင်း ဒေါ်အောင်ဆန်း စုကြည် က တဖက်တလမ်းမှ လုပ်ကိုင် စွမ်းဆောင် နိုင်မည်ဟု ကျနော်တို့ တိုင်းရင်းလူမျိုးများ အနေဖြင့် ယုံကြည်သည်” ဟု ပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူသည့် အစိုးရသစ် လက်ထက် ရက်ပေါင်း တရာ မပြည့်မီပင် နိုင်ငံအတွင်းရှိ နယ်ခြားစောင့်တပ်အဖြစ် လက်မခံသည့် ကရင်၊ ကချင်၊ ရှမ်း စသော တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် အစိုးရတပ်များ အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ စစ်ဖြစ်ရာ ဒေသများ၌ ဒေသခံ စစ်ပြေး ဒုက္ခသည်များမှာ အိုးအိမ်များ လယ်ယာများကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ပွဲ ဒေသတွင်း စာသင်ကျောင်း များလည်း ယခုတိုင် ပိတ်ထားရဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ အိတ်ဖွင့်စာ၌ ပြည်ထောင်စုသား အချင်းချင်း ဖြစ်နေသော ပြဿနာများကို “အပြန်အလှန် ယုံကြည် လေးစားမှုတို့ဖြင့် ဖြေရှင်းရန်” တိုက်တွန်းထားသည်။

ENC ကလည်း မြန်မာအစိုးရသစ်အနေဖြင့် ပြည်တွင်းစစ် ရပ်စဲပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆို ထားသည်။

“လက်နက်နဲ့ စစ်တိုက်တဲ့နည်းနဲ့ကတော့ ဘယ်လိုနည်းနဲ့မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီပြဿနာကို ဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းဖို့ အကြိမ်ကြိမ် တိုက်တွန်း ခဲ့တာပါ” ဒေါက်တာရွှေခါး က ပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသည် ဘုန်းတော်ကြီးများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ဖြိုခွဲမှု နောက်ပိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီမှ တဆင့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများ နှင့် လက်တွဲ ဆောင်ရွက်လိုကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ထိုစဉ်က တိုင်းပြည် အုပ်ချုပ်သည့် စစ်အစိုးရက အပစ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက် အပေါ် ကန့်ကွက်မှုများ ပြုလုပ်စေပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားများ တိုက်ရိုက် ဆက်သွယ်မှု မရှိစေရန် တားဆီးခဲ့ဖူးသည်။

Ref: မဇ္ဈိမ

Read More...

SSC နှင့် Hot News ကျေအေးပြီ

သဲသဲ
အင်္ဂါနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ရှိ ရွှေဂုံတိုင် အထူးကုဆေးရုံ SSC ၏ ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဆေးရုံ ဘက်မှ ဖြေရှင်းချက်ကို Hot News ဂျာနယ်တွင် ဖော်ပြပေးမည့် သဘော တူညီချက်ဖြင့် ဆေးရုံဘက်က ဂျာနယ် အပေါ် စွဲဆို ထားချက်များကို ပြန်လည် ရုပ်သိမ်းကာ ကျေအေး လိုက်ကြသည်။

SSC ဆေးရုံကို အသေရေ ပျက်စေသည် ဆိုသော Hot News ဂျာနယ်ပါ ဆောင်းပါး တပုဒ်ကြောင့် အယ်ဒီတာချုပ် ဒေါ်ဟမာ (ခ) မမနှင့် ဂျာနယ်အား နစ်နာကြေး ကျပ်သိန်းပေါင်း ၂ သောင်း ရလိုသော တရားစွဲဆို မှုကို ပြန်လည် ရုပ်သိမ်း ပေးလိုက်ခြင်း ဖြစ်သည်။

နစ်နာကြေးအတွက် ရန်ကုန်တိုင်း တိုင်းဒေသကြီး တရားရုံးတော်တွင် အမှုကို စတင်ကြားနာရန် ချိန်းဆိုထားသော ဇွန်လ ၂၉ ရက်နေ့တွင်ပင် တရားရုံးတော်သို့ အမှုကျေအေးလွှာ တင်သွင်းကာ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု SSC ၏ အမှုလိုက် ရှေ့နေ ဦးရဲမြင့်က ပြောသည်။

“ကျနော်တို့ နှစ်ဘက်အကျိုးကို လိုလားသူ တယောက် က နေပြီးတော့ စေ့စပ် ညှိနှိုင်းပေးမှုနဲ့ နှစ်ဘက် သဘော တူညီချက် ရလို့ ရုပ်သိမ်း လိုက်တာပါ။ Hot News က ဆေးရုံကို အင်တာဗျူးလုပ်ပြီး ဆေးရုံဘက်က ဖြေရှင်းချက်ကို သူတို့ ဂျာနယ်မှာ ဖော်ပြ ပေးလိမ့်မယ်” ဟု ဦးရဲမြင့်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် ဗဟန်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသော အသရေဖျက်မှု အတွက်လည်း အမှုကြားနာရန် ချိန်းဆို ထားသည့် သြဂုတ် ၅ ရက် နေ့တွင် ကျေအေးလွှာ တင်သွင်းသွားမှာ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

SSC ဆေးရုံ၏ အစုရှယ်ယာဝင် တဦးဖြစ်သော ကမ္ဘောဇဘဏ် သူဌေး ဦးအောင်ကိုဝင်း၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် ဒေါ်မမနှင့် ဆေးရုံ အုပ်ချုပ်ရေး အဖွဲ့တို့ နှစ်ကြိမ်တိုင် တွေ့ဆုံပြီး ပြေလည်မှု ရခဲ့ခြင်း ဖြစ်သည်။

ဒေါ်မမသည် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်မောင်သန်း၏ သမီးဖြစ်ကာ၊ ခင်ပွန်းမှာလည်း စစ်တပ်မှာ အရာရှိဟောင်း တဦး ဖြစ်သည်။ ပေဖူးလွှာ မဂ္ဂဇင်း အမှုဆောင် အယ်ဒီတာချုပ်နှင့် Faces မဂ္ဂဇင်း ထုတ်ဝေသူအဖြစ် လုပ်ကိုင် နေသည်။


Ref: မဇ္ဈိမ

Read More...

Tuesday, August 2, 2011

တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့

လူထုစိန်ဝင်း
Saturday, 30 July 2011

ဒီတစ်ခါအိပ်ရာက မထနိုင်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဘယ်လောက်ထိ ကြာသွားလဲ ဆိုရင် နံပါး နှစ်ဖက်မှာ ဘိုလို bedsore လို့ခေါ်တဲ့ အိပ်ရာပွန်းနာတွေ ရလာတဲ့ အထိပါပဲ။ သုံးလလုံးလုံး နေ့ရောညပါ အိပ်ရာထဲမှာပဲ နေပြီး ညာဖက် နံတောင်းနဲ့ စောင်းအိပ်လိုက်၊ ဘယ်ဖက် နံတောင်းနဲ့ စောင်းအိပ် လိုက်နဲ့သာ နေရတာကိုး။

စိတ်ပူရှာကြ
ရေးနေကျ ဂျာနယ်တွေအတွက် စာမရေးနိုင်တော့ နယ်ပေါင်းစုံက စာဖတ်ပရိတ်တွေ ဖုန်းဆက်ကြ၊ စာရေးကြနဲ့ စိတ်ပူ ရှာကြတယ်။ ရန်ကုန်နဲ့ နီးတဲ့ဒေသက စာဖတ်သူ များကတော့ လူကိုယ်တိုင် ရောက်လာပြီး စုံစမ်း မေးမြန်း ကြတယ်။ နဂိုက ဧည့်မပြတ်ရတာ ထက်တောင်ပိုပြီး အရောက်အလာ များတယ်။ နေမကောင်းဘူး ကြားတော့ စာပေသမား သတင်းသမားတွေ ကလည်း စိတ်ပူပြီး တစ်ယောက်ပြီး တစ်ယောက် ရောက်ရောက်လာ ကြတယ်။ တချို့များဆို ၀ီရိယကောင်းလွန်းလို့ နေမကောင်းတဲ့ ကြားက ပြုံးတောင် ပြုံးမိသေးတယ်။ စာရေး နိုင်ပြီလားဆိုတာ သိချင်လို့ လာတာပါ ဆိုပြီး အိပ်ရာထဲ လှဲနေတဲ့သူကို ထောင့်မျိုးစုံက လှည့်ပြီး ဓာတ်ပုံ ရိုက်သူကရိုက်၊ ဗီဒီယို ရိုက်သူကရိုက်နဲ့ လုပ်ကြတော့ သတင်းသမားချင်း မဟုတ်လား။ သူတို့လာတဲ့ ရည်ရွယ်ချက်ကို မသိဘဲ ဘယ်နေပါ့မလဲ။

မဂိုးသေးပါဘူး
လူငယ်လေးတွေမို့ ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်ပေမယ့် စိတ်ထဲကတော့ ''မဂိုးသေးပါ ဘူးကွယ်၊ တစ်သွေး တစ်သံ တစ်မိန့်ဆိုတဲ့ အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းပြီး ကျောင်းသား လူငယ်တွေ၊ ဆရာတော် သံဃာတော်တွေ၊ တပ်မတော် သားတွေနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတွေ အားလုံး လိုလား တောင့်တနေကြတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို မမြင်ရမချင်း အကြာကြီးကို နေသွားဦးမှာပါ''လို့ ပြောနေမိတယ်။ အနိစ္စမသိ၊ တရားမရှိလို့ ပြောတာ မဟုတ်ဘူး။ ဒုတိယ ကမ္ဘာစစ်ကြီးမှာ မွေးပြီး နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်း စစ်ကြီးနဲ့ တစ်ပါတီ တစ်ဖွဲ့ တစ်စည်း အုပ်ချုပ်မှု အောက်မှာ နှစ်ပေါင်း ၅၀ နီးပါး နေထိုင် ခဲ့ရသူ တစ်ဦးအနေနဲ့ ဒါလောက်ကလေး လိုလား တောင့်တတာဟာ မလွန်လောက်ဘူး ထင်လို့ပါ။

ဒါကြောင့်
''စစ်ဆိုရင်မုန်းလွန်းလို့ ရေတောင်စစ်မသောက်ချင်ဘူး'' လို့ ရှေးလူကြီးတွေ ပြောကြ သလိုတောင် တစ်ခါတစ်ခါ ပြောချင်မိတယ်။ နှစ် ၆၀ ကျော် ပြည်တွင်းစစ်ကြီး အတွင်းမှာ တပ်ထဲဝင်သွားတဲ့ ဦးလေးသားချင်း စစ်ဗိုလ်တွေ တိုက်ပွဲမှာ ကျဆုံးသွားတာ ရှိသလို၊ ရဲဘော်ဖြူတွေထဲ ကွန်မြူနစ်တွေထဲ ရောက်သွားပြီး ကျဆုံးသွားတဲ့ ဆွေမျိုးတွေလည်း ရှိခဲ့တယ်။ ကိုယ်ကြီးလာတော့လည်း ဒီအတိုင်းပဲ။ သူငယ်ချင်း စစ်ဗိုလ်တချို့ ကျဆုံး သွားကြသလို တောထဲ တောင်ထဲ ရောက်သွားပြီး တိုက်ပွဲမှာ ကျသွားတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို ချစ်တာ၊ ဒီမိုကရေစီကို လိုချင်တာ။

အဆုံးအဖြတ် ပြုနိုင်လောက်တဲ့ သတင်း
ဇူလိုင်ကုန်ခါနီးတော့ ဧည့်သည် အ၀င်အထွက် ပိုများလာတယ်။ နည်းနည်း သက်သာသလို မြင်ရရင် စကား ပြောလာ ကြတယ်။ ရူးပတ်မားဒေါ့ရဲ့ မီဒီယာ အင်ပါယာကြီး ကိစ္စအပေါ် ထင်မြင်ချက် မေးချင်လာကြတယ် ''ဇူလိုင် နောက်ဆုံးပတ် ရောက်တော့ မားဒေါ့ ကိစ္စတုန်းက အလိုက်သိစွာနဲ့ ဘာမှမမေးဘဲ နှုတ်ဆိတ် နေခဲ့ကြတဲ့ မိတ်ဆွေ တချို့တောင် မမေးဘဲ မနေနိုင် ကြတော့ဘဲ ''ထင်မြင်ချက်လေး ပေးပါဦး''လို့ ပြောလာကြတယ်။ မားဒေါ့ ကိစ္စလို မဟုတ်ဘဲ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက်တော့ အရေးကြီးဆုံး ထိပ်တန်း သတင်းကြီး မဟုတ်လား။ တိုင်းပြည်ရဲ့ ကံကြမ္မာကို အကောင်းအဆိုး အဆုံးအဖြတ် ပြုနိုင်လောက်တဲ့ အထိ အရေးပါတဲ့ သတင်းကြီးပဲလေ။ အစိုးရ သစ်ရဲ့ ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြတဲ့ သတင်းပေကိုး။

ကောင်းတာတွေ့ရင် ကောင်းတယ်လို့ ရေးသလို၊ မကောင်းတာ တွေ့ရင်လည်း မကောင်းဘူးလို့ ရေးရတယ်။ အစိုးရသစ် ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံတာဟာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ မင်္ဂလာ သတင်းဖြစ်တယ် . . .

သို့လော၊ သို့လော
သူတို့ အရေးတကြီးနဲ့ အလေးထားကြတာ မလွန်ပါဘူး။ ကိုယ်တိုင်လည်း အိပ်ရာက မထနိုင်ပေမယ့် သတင်း မှန်သမျှ ကိုတော့ မျက်ခြည်မပြတ် စောင့်ကြည့် နေခဲ့ရပါတယ်။ အစိုးရသစ်က ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် အမည်တပ်ပြီး သတိပေးချက် ထုတ်ပြန်လိုက်တော့ လူတိုင်းရဲ့ စိတ်ထဲမှာ သို့လော သို့လော တွေးနေကြခိုက်မှာ မထင်မှတ်ဘဲ အစိုးရ သစ်ရဲ့ ၀န်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်း စုကြည်နဲ့ နှစ်ဦးတည်း တွေ့ဆုံမယ်လို့ ကြေညာ လိုက်တာကိုး။ ဒီတော့ ဘယ်လို ဖြစ်လာနိုင်သလဲ။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်ရေး အတွက် အလားအလာ ကောင်းများ ဖြစ်နိုင်သလား။ စာနဲ့ သတိပေးချက်ကို ပိုပြီး ခိုင်မာစေဖို့ လူကိုယ် တိုင်တွေ့ဆုံ သတိပေးတာလား။ ဒီလို အခြေအနေမှာ ဒီမိုကရေစီ အင်အားစုများ အနေနဲ့ ဘာတွေ လုပ်ဆောင်သင့်ကြ သလဲ စတဲ့စတဲ့ လဲပေါင်းများစွာ၊ လားပေါင်း များစွာကို မေးခွန်း ထုတ်နေကြတယ်။

ထင်မြင်ချက်မျိုးစုံ
''ထင်မြင်ချက်ပေးပါဦး'' ဆိုလာ သူတွေကို ထင်မြင်ချက်မပေးမီ အရင်ဆုံးအနေနဲ့ လာသမျှ ဧည့်သည် မျိုးစုံနဲ့ မီဒီယာ သမားကြီးငယ် မျိုးစုံတို့ရဲ့ ပြောသံ ဆိုသံတွေနဲ့ ထင်မြင် ယူဆချက်တွေ၊ ဆန္ဒစွဲမှန်းဆမှု (wishful speculation) တွေကို စုစည်း ကြည့်လိုက်တယ်။ ဒီလို တွေ့ရတယ်။

(၁) ဘန်ကီမွန်းလို ဒါဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် ကောင်းမွန်တဲ့ လမ်းစ ဖြစ်တယ် ဆိုတဲ့ အကောင်းမြင် ရှုထောင့်က ကြည့်တဲ့သူများ။
(၂) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြောသလို၊ မှန်ကန် ကောင်းမွန်တဲ့ လမ်းကြောင်း ဖြစ်တယ်။ ဒါပေမဲ့ ဒါလောက်နဲ့ မလုံလောက် သေးဘူး။ လက်တွေ့ အလုပ်နဲ့ သက်သေပြဖို့ လိုတယ်ဆိုတဲ့ 'ထောက်ကွက်' လုပ်သူများ။
(၃) အမေရိကန်နဲ့ အာဆီယံ နိုင်ငံတွေက ပရက်ရှာ(ဖိအား) ပေးနေတာတွေ လျော့ကျ သွားစေဖို့နဲ့ အာဆီယံမှာ ဥက္ကဋ္ဌနေရာ ရယူဖို့ အတွက် လှည့်ကွက် သက်သက်မို့ 'အရာကြီးနဲ့ ဘာဘူကြီး'လို ထူးမခြားနား ပါပဲလို့ ဆိုသူများ။
(၄)တွေ့ဆုံကြတဲ့ ဘက်နှစ်ဖက်မှာ ကိုယ်စီကိုယ်စီ ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေရှိနေ၊ တစ်ဖက်နဲ့ တစ်ဖက် ကျောခိုင်း နေတာထက်တော့ မျက်နှာချင်းဆိုင် တွေ့ဆုံတာက ပိုကောင်းတယ်။ ဒါကြောင့် ထောက်ခံသင့်တယ်။ တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲ ဖြစ်အောင် အားလုံးဝိုင်းပြီး တွန်းအား ပေးရမယ်လို့ ဆိုတဲ့သူများ။
 

အကျိုးတော်ဆောင်လုပ်ဖို့
အဓိက အနေနဲ့တော့ အဲဒီလေးမျိုးလေးစား တွေ့ရတယ်။ ဒီကြားထဲမှာ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အတွက် နှစ်ဖက်စလုံးနဲ့ ထိတွေ့မှု အများဆုံး ရရှိနေတဲ့ မီဒီယာကြီးတွေက 'အကျိုးတော်ဆောင်' ၀င်လုပ်ပေးရင် မကောင်းဘူးလားလို့ ပြောလာသူ နှစ်ဦး သုံးဦးလည်း ရှိသေးတယ်။ သူတို့ကတော့ လူနည်းစုလေးမို့ အထက်မှာ ပြောခဲ့တဲ့ လေးမျိုးလေးစားထဲ ထည့်မတွက်ဘဲ ချန်လှပ် ထားခဲ့တာပါ။ မီဒီယာကြီးတွေလို့ ပြောတော့ ကိုယ်နဲ့လည်း ဆက်စပ် နေတာကြောင့် ဖြေတဲ့ အခါမှာတော့ ထည့်သွင်း ဖြေကြား သွားပါမယ်။

ကြိုတင်ပြောပါရစေ
ထင်မြင်ချက်ပေးဖို့ ပြောသူများထဲမှာ နိုင်ငံရေးသမားတွေ ပါသလို၊ မီဒီယာ သမားတွေလည်း ပါပါတယ်။ နိုင်ငံရေး သမား မီဒီယာသမား မဟုတ်တဲ့ ရိုးရိုး လူငယ်တွေလည်း တော်တော်များများ ပါကြတယ်။ ကိုယ်တိုင်က နိုင်ငံရေး ပါတီ တစ်ခုခုမှာ ပါဝင်ပတ် သက်နေသူ မဟုတ်ဘဲ သတင်း မီဒီယာသမား သက်သက်သာ ဖြစ်တာကြောင့် နိုင်ငံရေးသမားလို 'ခွဲခြမ်းစိပ်ဖြာ' (analyse) စဉ်းစားတာမျိုး မလုပ်နိုင်ပါဘူး။ သတင်းသမား တစ်ယောက်ရဲ့ သုံးသပ် ဝေဖန်ချက် ရေးသလိုမျိုးသာ ဖြေတတ်တယ်။ ဒါကြာင့် နိုင်ငံရေး သုံးသပ်ဝေဖန်ချက် စစ်တမ်းတစ်ခုလို မကြည့်ဘဲ၊ ပုံနှိပ်ဖော်ပြဖို့ သတင်းစာ၊ ဂျာနယ်ထဲမှာ ရေးတဲ့ သတင်း သုံးသပ်ချက် ဆောင်းပါး တစ်ပုဒ် အဖြစ်နဲ့သာ ရှုမြင်ပါလို့ ကြိုတင် ပြောထားပါရစေ။

မင်္ဂလာသတင်း
သတင်းသမားဆိုတာ သတင်းဖြစ်လာရင် ဖြစ်လာတဲ့အတိုင်း အပိုအလိုမရှိ အမှန်အတိုင်း အရှိအတိုင်း ရေးရတယ်။ သုံးသပ် ဝေဖန်ရာမှာလည်း ကောင်းတာတွေ့ရင် ကောင်းတယ်လို့ ရေးသလို၊ မကောင်းတာ တွေ့ရင်လည်း မကောင်းဘူးလို့ ရေးရတယ်။ အစိုးရသစ် ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတာဟာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ မင်္ဂလာသတင်း ဖြစ်တယ်။ ဒီလို တွေ့ဆုံမှုမျိုး ထပ်ခါထပ်ခါ ပြုလုပ်ကြဖို့ တိုက်တွန်း နှိုးဆော်ရမယ်။ ဒီတွေ့ဆုံမှု မတိုင်မီက အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့အဖွဲ့ဝင်တွေ ချီတက် အလေးပြုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူချင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက် ခဲ့ကြတယ်လို့ သိရတယ်။ သားအမိ နှစ်ယောက်ရဲ့ ပုဂံဘုရားဖူး ခရီးစဉ်မှာလည်း တာဝန်ရှိသူချင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက် ခဲ့ကြတယ်လို့ သိရတယ်။

တွေ့ဆုံခြင်းရလဒ်
အာဇာနည်နေ့ ကိစ္စရော၊ ပုဂံဘုရားဖူး ကိစ္စပါ မြန်မာနိုင်ငံ သားတွေ သာမက ကမ္ဘာ တစ်ခုလုံးကပါ ရင်တမမနဲ့ စောင့်ကြည့် နေခဲ့ကြပေမယ့် မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စမျိုး တစ်ခုမှ ဖြစ်ပေါ် မလာခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံး သွားခဲ့တယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် တွေ့ဆုံ ညှိနှိုင်းမှုကြောင့် ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်။ ပြည်သူ ပြည်သား အားလုံး ၀မ်းမြောက် ၀မ်းသာ ဖြစ်ကြ ရတယ်။ ကမ္ဘာမှာ အစိုးရသစ်ရဲ့ ဂုဏ်သိက္ခာလည်း တက်သွား စေတယ်။ အစိုးရသစ်ဟာ လုံခြုံရေး ရှုထောင့် တစ်ခုတည်း ကသာ ကြည့်ပြီး လုံခြုံရေး အတွက် စစ်တပ်တွေ ရဲတပ်တွေ အများအပြား ချထားခြင်း မပြုဘဲ နိုင်ငံရေးရှု ထောင့်ကပါ ရှုမြင် သုံးသပ်ပြီး ပါးပါးနပ်နပ် ဆောင်ရွက် ခဲ့တာကြောင့် ဒီလိုရလဒ်မျိုး ရရှိခဲ့တာဖြစ်တယ်။

အာမခံချက်ပေး
ဒီမိုကရေစီနိုင်ငံတိုင်းမှာ တိုင်းသူပြည်သား အားလုံးအတွက် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ စည်းရုံး လှုပ်ရှားခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့်၊ ဆန္ဒပြ စာတမ်း လှည့်လည်ခွင့် တို့ကို ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ထည့်သွင်း ရေးသားပြီး အာမခံချက် ပေးထားကြတယ်။ မြန်မာနိုင်ငံက လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာလည်း ပြဋ္ဌာန်း ပေးထားတယ်။ ဆန္ဒပြတယ် ဆိုတာ ဒီမိုကရေစီ နိုင်ငံတွေမှာ မထူးဆန်းပါဘူး။ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ တောင်ကိုရီးယား လမ်းမတွေ ပေါ်မှာ လူ လေးငါးဆယ် လောက်ကနေ လေးငါးရာနဲ့ လေးငါးထောင်ထိ ဆိုင်းဘုတ်လေးတွေ ကိုင်ပြီး စီတန်း လမ်းလျောက် နေကြတာတွေ ရုပ်မြင် သံကြားမှာ နေ့တိုင်း တွေ့နေ ကြရတာပါ။ ဆန္ဒပြသူ ကပြ၊ လမ်းသွား လမ်းလာတွေက သွားမြဲလာမြဲ၊ ရုံးသူ ရုံးသားတွေက ရုံးတက်မြဲပါပဲ။ ဆန္ဒပြသူတွေ ကလည်း သူတို့ ပြစရာရှိတာပြ၊ တောင်းဆိုချက် ပေးစရာရှိတာ တွေပေးပြီး အေးအေးဆေးဆေး ပြန်သွားကြတာ ပါပဲ။

ပြောမယုံကြုံဖူးမှသိ
လုံခြုံရေး ရှုထောင့် တစ်ခုတည်းက မကြည့်ဘဲ နိုင်ငံရေး ရှုထောင့်ကပါ ရှုမြင်သုံးသပ်လို့ ရလဒ်ကောင်း ရခဲ့တဲ့ 'ဖြစ်ရပ်ဆန်း' တစ်ခု အာဇာနည်နေ့က ကြားသိခဲ့ရတယ်။ မြောက်ဒဂုံက လူပေါင်း နှစ်ဆယ် အစိတ်လောက်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ ချီတက် အလေးပြုမှာကို သွားရောက် ပူးပေါင်းဖို့အတွက် စီတန်း ထွက်ခွာ လာကြတယ်။

အဲဒီမှာ ''မပြောမယုံကြုံဖူးမှသိ'' လို့ ပြောရမယ့် ဖြစ်ရပ်ကို တွေ့ရတယ်။ စီတန်း ချီတက် လာသူတွေကို လုံခြုံရေး တာဝန် ရှိသူတွေက ရင်ဆိုင် တွေ့ဆုံ မေးမြန်းပြီးတော့ သူတို့ သွားလိုရာ အရောက် ကားတွေပေါ် တင်ပြီး လိုက်ပို့ လိုက်သတဲ့။ ကဲအဲဒါထက် ဆန်းတဲ့ သတင်း ရှိသေးရဲလား။ ဒီလုံခြုံရေး အဖွဲ့ဝင်များရဲ့ လုပ်နည်း လုပ်ဟန်ကို မချီးကျူးဘဲ မနေနိုင်ဘူး။ နမူနာကောင်းလေး ဖြစ်ပါစေလို့ အောက်မေ့ လိုက်ရတယ်။

ဗျူဟာတွေလိုတယ်
သတင်းသမားတစ်ယောက် အနေနဲ့ မြင်တာကို မြင်တဲ့ အတိုင်း ပြောတာဖြစ်တယ်။ မမြင်ရတဲ့ ကိစ္စ မဖြစ်သေးတဲ့ ကိစ္စကို ပြောလို့ မရပါဘူး။ အစိုးရက ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ မသိပါဘူး။ သိအောင် လုပ်တဲ့ ကိစ္စက နိုင်ငံရေး ပါတီတွေရဲ့ အလုပ်ပါ။ သတင်းသမား အလုပ် မဟုတ်ဘူး။ နိုင်ငံရေး ပါတီတွေ ဆိုတာက မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ ချမှတ် လုပ်ဆောင်ရတာ ဖြစ်တော့ တစ်ဖက်သားရဲ့ ရည်ရွယ်ချက်နဲ့ တစ်ဖက်သားရဲ့ အခံစိတ်ဓာတ်ကို အသေးစိတ် လေ့လာ တွက်ချက်ပြီး မှန်းဆရတယ်။ အဲဒီလို မှန်းဆရာမှာ မှန်ကန်ဖို့ သိပ်အရေး ကြီးတယ်။ 'ဆန္ဒစွဲမှန်းဆချက်' (wishful speculation) မဖြစ်ဖို့ လိုတယ်။ မြန်မာပြည် နိုင်ငံရေး အသိုင်းအ၀ိုင်း ထဲက ပုဂ္ဂိုလ်အများစု မှားလေ့ရှိတဲ့ အမှားမျိုးထပ် မမှားစေဖို့ သတိ ထားသင့်တယ်။ အမေရိကန်နဲ့ အီးယူက ဖိအားပေးလို့ အာဆီယံက 'ပရက်ရှာ' ပေးလို့ အစိုးရက လိုက်လျောလာတာ ဆိုတဲ့ အမြင်ဟာ အင်မတန် မှားယွင်းတဲ့ အမြင်ဖြစ်တယ်။ နှစ်ပေါင်း ငါးဆယ်နီးပါး လက်တွေ့ မြင်တွေ့ခဲ့ရတဲ့ အချက်ကတော့ မြန်မာ အစိုးရဟာ ဘယ်သူ့ ဖိအားကိုမှ ဂရု မစိုက်ဘူး ဆိုတဲ့ အချက် ဖြစ်တယ်။ သမ္မတ ဘီလ်ကလင်တန်ရဲ့ ဖိအားကိုတောင် အရေး မလုပ်ခဲ့တဲ့ အစိုးရဟာ သူ့မိန်းမ ဟီလာရီလို နိုင်ငံခြားရေး ၀န်ကြီးရဲ့ မိန့်ခွန်းလောက်ကို ဂရုစိုက် နားထောင်မှာတောင် မဟုတ်ပါဘူး။

အပ်နဲ့ ထွင်းလို့မရ
အရေးကြီးတာက ကိုယ့်အားကိုယ်ကိုးဖို့ပဲဖြစ်တယ်။ ကိုယ့်မှာ ခံ့ညားရိုသေ လောက်တဲ့ အင်အားရှိမှ အများက လေးစားမှာ ဖြစ်တယ်။ သတင်းသမား တစ်ယောက်ရဲ့ မျက်စိထဲမှာ လောလောဆယ် မြင်နေရတဲ့ အဖြစ်အပျက်တွေ သတင်းတွေက ကြာရှည် လစ်လျူရှုထားရင် 'အပ်နဲ့ထွင်း' ရုံနဲ့ မရတဲ့ အခြေအနေ အထိ ရောက်လာ နိုင်ပါတယ်။ တိုင်းရင်းသား ဒေသ အားလုံး လိုလိုမှာ စစ်ပွဲတွေ အရှိန်ပြင်းပြင်းနဲ့ ဖြစ်လာ နေတာတွေဟာ အင်မတန် အန္တရာယ် ကြီးလှတယ်လို့ သဘောရတယ်။ စိတ်မချမ်းသာစရာ ဖြစ်တယ်။ တပ်မတော်သား ကျဆုံးလည်း မြန်မာပဲ။ ကေအိုင်အေကကျလည်း မြန်မာပဲ။ ဒီကေဘီအေနဲ့ ကေအင်န်ယူက သေလည်း မြန်မာပဲ။ ရှမ်းဘက်ကကျလည်း မြန်မာ နိုင်ငံသားပဲ။ ကိုယ့်အချင်းချင်း တိုက်နေ သတ်နေရတာ ဘာကောင်းလို့လဲ။

မျက်နှာမလှတဲ့ ကိစ္စ
ခုချိန်မှာ မြန်မာတစ်မျိုးသားလုံး အတွက် အရေးကြီးဆုံးက သေနတ်သံတွေ ရပ်စဲပြီး အသေအပျောက် သတင်းတွေ မကြားရ တော့ဖို့ ဖြစ်တယ်။ ဒီကိစ္စကို အားလုံး ၀ိုင်းဝန်း ကြိုးစား ကြစေချင်တယ်။ နောက်အရေးကြီးတာ တစ်ခုကတော့ အစိုးရ အတွက်လည်း နိုင်ငံတကာမှာ မျက်နှာ မလှဖြစ်နေရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ အပါအ၀င် လူပေါင်း နှစ်ထောင်နီးပါး ကိစ္စဖြစ်တယ်။ ဒီလို ထိန်းသိမ်း ထားမှုတွေဟာ အစိုးရအတွက် မျက်နှာမလှ ဖြစ်ရုံသာမက တိုင်းပြည် အတွက်လည်း စွမ်းအားတွေ အဟောသိကံ ဖြစ်ရာ ရောက်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ဧရာဝတီ မြစ်ကြီး ကယ်တင်ရေး ကိစ္စ၊ လယ်သမားတွေ အကြောင်း အမျိုးမျိုးကြောင့် လယ်မလုပ် နိုင်ကြတော့ဘဲ မြို့တက်ပြီး ရွှေ့ပြောင်း လုပ်သား ဖြစ်ကုန်တဲ့ ကိစ္စ၊ မြန်မာ အမျိုးသမီးတွေ အိမ်နီးချင်း နိုင်ငံတွေဘက် ရောင်းစား ခံနေရတဲ့ကိစ္စ၊ ချမ်းသာသူ တစ်စုက ပိုပို ချမ်းသာနေပြီး ဆင်းရဲသူတွေက ပိုပိုပြီး ဆင်းရဲ လာနေတဲ့ကိစ္စ၊ စတဲ့ စတဲ့ ကိစ္စတွေက မနည်းလှဘူး။

ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာကနေ ဆွေးနွေးတဲ့ အဆင့်ကို ရောက်ရင်တောင် ဖြေရှင်းရမယ့် ပြဿနာတွေ တောင်လို ပုံနေတယ်လို့ ဆိုချင်တယ်။ အဲဒါကြောင့် တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲ ဖြစ်လာအောင် အားလုံး ၀ိုင်းဝန်း ကြိုးစားကြဖို့ မြန်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ကြဖို့ နှိုးဆော် လိုက်ပါတယ်။

ဆက်ရေးပါဦးမယ်

Ref: EMG News

Read More...

၉ဝ နောက်ပိုင်း ပါတီဆောင်ရွက်ချက်တွေ ဒေါ်အောင်ဆန်းစုကြည် သုံးသပ်ဆွေးနွေး

2011-08-01

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ဗဟို ဦးစီး အဖွဲ့ဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး NLD ပါတီရဲ့ ဆောင်ရွက်ချက်တွေ အပေါ် ပြန်လည် သုံးသပ် ဆွေးနွေး ခဲ့ကြကြောင်း သိရပါတယ်။

လစဉ် ပုံမှန်ကျင်းပနေတဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင် ရပြီးနောက်ပိုင်း NLD ပါတီရဲ့ ဆောင်ရွက်ချက်တွေကို အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“ပါတီတွင်းကိစ္စတွေ၊ ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ၊ သမိုင်းတွေကို ဆွေးနွေးကြ တာပါ။ အဲဒီတုန်းက အထွေထွေ အတွင်းရေးမှူးကလည်း နေအိမ် အကျယ်ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကလည်း ထောင်ကျနေတယ်။ ဦးဝင်းတင် ကလည်း ထောင်ကျနေတယ်။ တချို့ပုဂ္ဂိုလ်တွေကလည်း ကျန်းမာရေး မကောင်းတော့ ဦးအောင်ရွှေတို့ ဦးလွင်တို့ကလည်း မလာနိုင်တော့ဘူး။ အဲဒီတုန်းကတည်းက အဖွဲ့ချုပ် ဘယ်လို ရပ်တည်ခဲ့သလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ပြန်ပြီး ဆွေးနွေးကြတာပါ”

ဒီကနေ့ ဆွေးနွေးပွဲကို မနေ့က မျက်စိ ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ကျန်းမာရေး အခြေ အနေကြောင့် ဆေးရုံတက် ကုသနေရတဲ့ ဦးဝင်းတင်တို့လည်း တက်ရောက် လာကြတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

တာချီလိတ်မှာ စာရွက်စာတမ်း ဖြန့်ဝေတဲ့ အမေရိကန် အမျိုးသမီးကို ပြည်နှင်ဒဏ်ပေး

2011-08-01

တာချီလိတ်မြို့မှာ ဒီမိုကရေစီရေး စာရွက်စာတမ်း ဖြန့်ချိခဲ့မှုနဲ့ အမေရိကန် အမျိုးသမီးတဦးကို မြန်မာ အာဏာပိုင် တွေက ဖမ်းဆီးပြီး ထိုင်းနိုင်ငံ ဘက်ကို ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

Joy Agner ဆိုသူ အမေရိကန် အမျိုးသမီးက သူဟာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအပါအဝင် မြန်မာ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ စာရွက် စာတမ်းတွေကို တာချီလိတ်မြို့မှာ ဖြန့်ချိခဲ့တဲ့ အတွက် အဖမ်း ခံရတာလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေကို အငှား မော်တော်ဆိုင်ကယ်တွေမှာ ကပ်ခဲ့တာနဲ့ စားသောက်ဆိုင်တွေမှာ မြန်မာ့ ဒီမိုကရေစီ ရေးနဲ့ ပတ်သက်တဲ့ မဂ္ဂဇင်း စာအုပ်တွေကို ချထား ခဲ့တာတွေကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်ကြောင်း၊ ဘယ်သူ တဦး တယောက်ကိုမှ အန္တရာယ် မဖြစ်စေလိုတဲ့ အတွက် လက်ထဲကို ဝေငှပေးတာမျိုး မလုပ်ခဲ့ကြောင်း၊ သူ့ကို တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့လ ၁၆ ရက်နေ့က ဖမ်းဆီးပြီး ၁၈ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘက်ကို ပြန်လည် နှင်ထုတ်ခဲ့ကြောင်း ပြောပါတယ်။

Joy Agner ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်ပရောက် မြန်မာရဟန်းတော်တချို့ ဖွင့်လှစ်ထားတဲ့ The Best Friend စာကြည့် တိုက်ကနေ မြန်မာ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ စာရွက်စာရွက်တမ်းတွေ ယူဆောင်သွားပြီး ဖြန့်ချီခဲ့တာလို့ ပြောပါတယ်။ သူဟာ ဒီမိုကရေစီရေး လူ့အခွင့်အရေး တွေနဲ့ ပတ်သက်ပြီး ဂွာတီမာလာ၊ ဂါနာနဲ့ လိုင်ဘေးရီးယား စတဲ့ နိုင်ငံတွေက ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။

Ref: RFA News

Read More...

ကားခမြင့်၍ စစ်တွေ တက္ကသိုလ်တွင် ရုန်းရင်း ဆန်ခတ်ဖြစ်

ထွန်းထွန်း
8/1/2011

စစ်တွေ တက္ကသိုလ်တွင် ပြေးဆွဲနေသော သုံးဘီးကားခကို ရုတ်တရက် မြင့်တင် လိုက်သဖြင့် ကျောင်းသားများနှင့် သုံးဘီး သမားများ အကြား စကားများရာမှ ရုန်းရင်း ဆန်ခတ်မူ တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ရုန်းရင်း ဆန်ခတ်မူမှာ ယနေ့ နေ့လည် ၁ နာရီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသား တစ်ဦးက ပြောသည်။

"အခင်းဖြစ်တာက စစ်တွေ တက္ကသိုလ် ကျောင်းရှေ့မှာပါ။ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ ဖြစ်တာပါ။ အမြဲ သွားနေကျ သုံးဘီး ကားခကို ၁၀၀ ကနေ ကျပ် ၂၀၀ ထိ ကောက်ကာ ငင်ကာ တိုးလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ အဲသလို တိုးလိုက်တဲ့ အပေါ် ကျောင်းသား တွေဟာ ဒေါပွပြီး ပြဿနာ စဖြစ်တာ ပါဘဲ" ဟု သူက ပြောသည်။

ပြဿနာ ဖြစ်ပွားသဖြင့် ကျောင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ချက်ချင်း သက်ဆိုင်ရာ အာဏာပိုင်များ ရောက်လာပြီး လူစုခွဲကာ ကျောင်းကိုလည်း ခေတ္တ ပိတ်ထားလိုက်ရသည်ဟု သူက ပြောသည်။

"ကားသမားနဲ့ ကျောင်းသားတွေ ပြဿနာ ဖြစ်နေချိန်မှာ ကျောင်းတံခါးတွေကို ပိတ်ပစ်လိုက်ပါတယ်။ ကျောင်းထဲ ရှိတဲ့ ကျောင်းသား တွေကိုလည်း အပြင်ထွက်ခွင့် မပေးတော့ဘူး။ အခင်းဖြစ်ပွားပြီး တနာရီ ကျော်ကြာမှ ပြဿနာကို ပြေလည်သွားပုံ ရပါတယ်။ နောက်တော့ ကျောင်းသားတွေကို ကားတွေနဲ့ စီစဉ်ပြီး အိမ်ပြန်ပို့ပေးပါတယ်" ဟု သူက ပြောသည်။

သို့သော်လည်း ကျောင်းကားခ တိုးမြှင့်လိုက်သည်ကို မကျေနပ်သော ကျောင်းသား ၃၀ ခန့်က တက္ကသိုလ်မုတ်မှ မီးစက် လမ်းဆုံထိ ခြေကျင် ချီတက်ကာ သူတို့၏ မကျေနပ်ချက်ကို ထုတ်ဖေါ် ပြသခဲ့သည်ဟု တခြားကျောင်းသား တစ်ဦးက ပြောသည်။

" ကျွန်တော်တို့က ကျောင်းကနေ မီးစက်ခွဆုံထိ လမ်းလျှောက်ပြီး မကျေနပ်ချက်ကို ထုတ်ဖေါ် လိုက်ပါတယ်။ မီးစက် လမ်းဆုံ ရောက်တဲ့ အခါ ဆရာ ဆရာမတွေ လိုက်လာပြီး ကားတွေနဲ့ အိမ်တွေကို လိုက်ပို့ပေးပါတယ်။ အခု အခြေအနေက အေးအေး ဆေးဆေးနဲ့ ပီးသွားပါပြီ" ဟု ပြောသည်။

ယခုအခါအဆိုပါ ကားခဈေးကြီးမှုအပေါ် ပြဿနာ ဆက်တက်မည်ကို စိုးရိမ်၍ နေရာတချို့တွင် သက်ဆိုင်ရာမှ ရဲနှင့် ထောက်လှမ်းရေး များကို ချထားပြီး လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု သိရသည်။

ကားခဈေး ကျပ် ၂၀၀ ထိတိုးကောက်မူကို လျော့ချပေးမည် ဖြစ်ကြောင်း ကျောင်းအာဏာပိုင်များက ကတိပြု ပြောကြား ခဲ့သည်ဟု သိရသည်။

Ref: နိရဉ္စရာ

Read More...

လူရွယ် ပေါ်တာ ၄၀ မပေးလျှင် ရွာ မီးရှို့ပစ်မည်ဟု မြန်မာစစ်တပ် ခြိမ်းခြောက်

Monday, 01 August 2011

သြဂုတ် ၁ ရက် ကချင်ပြည်နယ် အနောက်ဘက် ကားမိုင်းမြို့၊ ကထန်ယန်ကျေးရွာ ဆက်သွယ်ရေး မျှော်စင် အောက်တွင် မြန်မာ စစ်တပ်က ပေါ်တာအတွက် ၎င်းရွာမှ လူရွယ် ၄၀ ရွေးထုတ်ပေးရန် ကျေးရွာ လူကြီးများအား အတင်း အဓ္ဓမ အမိန့်ပေးနေသည်။

ထုတ်မပေးပါက ရွာကို ဖျက်ဆီး မီးရှို့ပစ်မည်။ ရွာသားများကို နှိပ်စက်မည်ဟု မြန်မာစစ်တပ်က ခြိမ်းခြောက် နေသည်ဟု ဒေသခံ များမှ တဆင့် သိရသည်။

အင်အား ၄၀ ရှိ အမိန့်ပေးသည့် မြန်မာစစ်သားများမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လက်အောက် ဆားမှော် နယ်မြေခံ ခလရ (၁၀၅)၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက် နောင်ချိုနယ်မြေခံ ခမရ (၁၁၅)နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် (တသခ) လက်အောက် မိုင်းယန်း (Mong Yang) နယ်မြေခံ ခလရ (၂၈၁) မှ ဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီခန့် ပေါ်တာလိုက်စုသဖြင့်ကြောက်လန့်ထွက်ပြေးကြသည့် ရွာသား များကို ၎င်းမြန်မာ စစ်တပ်က ပစ်ခတ်သောကြောင့် အဘ မရစ်ယော်၏ သား အသက် (၁၅) နှစ်အရွယ် မရစ်တန် (Marip Tang) သေဆုံး သွားသည်ဟု ဒေသခံများ ပြောသည်။

Ref: KNG News

Read More...

ကချင်နှင့် ဆွေးနွေးပွဲဆက် အပစ်ခတ်ရပ်ရေး အလှမ်းဝေးဆဲ

ဖနိဒါ
တနင်္လာနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရဘက်က စေလွှတ်လိုက်သော ကိုယ်စားလှယ် အဖွဲ့တို့ လဂျားယန် ကျေးရွာတွင် တနင်္လာနေ့က ဆွေးနွေး ခဲ့ကြသော်လည်း ပြည်နယ်အဆင့်သာ ငြိမ်းချမ်းရေး လုပ်မည် ဆိုသည့် အတွက် အပစ်ခတ် ရပ်ရေး သဘောတူ လက်မှတ်ရေးမှာ မရေမရာပင် ဖြစ်နေသေးသည်။

KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ဦးဆောင်သော ငါးဦးပါအဖွဲ့နှင့် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးစီးသော ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ဝင် ၃ ဦးတို့သည် အပစ်ခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး နှစ်နာရီခွဲ ခန့်ကြာ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင်းရှိ KIO ထိန်းချုပ်ရာ လဂျားယန်တွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

KIO က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ် ရပ်စဲရေး တင်ပြထားချိန်တွင် အစိုးရ ဘက်ကတော့ ပြည်နယ် အဆင့်သာ ငြိမ်းချမ်းရေးကို ဆက်လက် ဆုတ်ကိုင် ထားသည်။

KIO က တင်ပြထားသော တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ် ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရေး တို့နှင့် ပတ်သက်ပြီး ဆက်လက်၍ မျက်နှာချင်းဆိုင် ဆွေးနွေးရန်သာ သဘော တူညီခဲ့ကြသည်ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“ ဒီနေ့ တွေ့ဆုံမှုနဲ့တော့ လက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးဘူး။ ဒီ့ထက်ပိုပြီး တွေ့ဆုံမှုတွေ လုပ်ရအုန်းမယ်။ သူတို့ဘက် အပေါ် မူတည် ပါတယ်။ လက်မှတ် ထိုးဖို့က နိုင်ငံတည်ငြိမ်မှု ဘယ်လောက်ထိ လိုလားတယ်ဆိုတဲ့ အပေါ် မူတည်ပါတယ်”ဟု ဦးလနန်က ပြောသည်။

အစိုးရဘက်ကလည်း ပြည်နယ်အဆင့်သာ အပစ်ခတ် ရပ်စဲရန်သာ ဆက်လက် ဆုတ်ကိုင်ထားကြောင်း တွေ့ဆုံမှုတွင် ပါဝင်သော KIO တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ဆွေးနွေးချက်များ အထက် တင်ပြမည်ဟု အကြောင်းပြန်သွားသော အစိုးရ ကိုယ်စားလှယ် အဖွဲ့များက တနင်္လာနေ့ တွင်ပင် မြစ်ကြီးနားသို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ယနေ့ တွေ့ဆုံမှုတွင်လည်း ဇွန်လ ၂၇ ရက်နေ့ကတည်းက ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ဖွဲ့စည်း ထားသော ငြိမ်းညှိနှိုင်းအဖွဲ့ ၅ ဦးထဲမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ပမခ စစ်ဆင်ရေး ဗိုလ်မှူးကြီး ထွန်းထွန်းအုန်းနှင့် စစ်ဘက်ရေးရာဌာနမှ ဗိုလ်မှူးနိုင်လင်းတို့ ပါဝင်ခြင်း မရှိသေးပေ။

အစိုးရ ကိုယ်စားလှယ်များနှင့် လုံခြုံရေး တပ်ဖွဲ့များကို မြစ်ကြီးနားမြို့မှ လမ်းခရီး တဝက်ခန့်ရှိ ရွှေညောင်ပင်-ဂါးရာယန် ကျေးရွာ အကြားရှိ ချောင်းတဖက်ခြမ်းမှ KIO ၏ လုံခြုံရေး တပ်ဖွဲ့များ လာရောက် ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၈ ရက်နေ့က KIO ဘက်မှ နှစ်ဘက် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ် ရေးထိုးပြီးနောက် ၄၈ နာရီ အတွင်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် တွင်းသို့ မြန်မာတပ်များ ထိုးစစ်ဆင်မှုများကို ရုပ်သိမ်းပေးရန် ညွှန်ကြားချက် ထုတ်ပြန်ပေးရန်နှင့် ၁၅ ရက်အတွင်း တနိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းပေးရေး နိုင်ငံရေး ဆွေးနွေး ဖော်ဆောင်မည် ဆိုသော အချက်များကို မြန်မာ အစိုးရက ထုတ်ပြန်ကြေငြာပေးရန် တောင်းဆို ထားသည်။

အစိုးရနှင့် KIO သဘောတူညီချက် လက်မှတ် ရေးထိုးထားသော စာချုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသား ထားစေလိုပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အပေါ် သမ္မတ ဦးသိန်းစိန် အစိုးရ၏ သဘောထားကို ရှင်းလင်း စေရန် KIO ၏ စာတွင် ပါရှိခဲ့သည်။

Ref: မဇ္ဈိမ

Read More...

မြန်မာ-အိုမန် ပွဲပျက်မှု ဖီဖာ စတင်စစ်ဆေး

ရန်ပိုင် Monday, 01 August 2011 17:55
E-mail Print
မြန်မာ-အိုမန် ကမ္ဘာ့ဖလား ၂၀၁၄ ခြေစစ်ပွဲ ပျက်ပြားခဲ့ရခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်နေစဉ် ပရိသတ်တချို့က အရာဝတ္ထု မျိုးစုံဖြင့် ကွင်း အတွင်းသို့ ပစ်ပေါက်ကြ သဖြင့် ပွဲပျက်သွားခဲ့သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဖီဖာ၏ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက စုံစမ်း စစ်ဆေးမှုများ စတင် ပြုလုပ်နေကြောင်း ဖီဖာ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MNL) ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက “အရေးယူတာတော့ ခံရလိမ့်မယ်။ သက်သက် ညှာညှာ စဉ်းစားပေးဖို့လည်း စာတင် ထားတယ်” ဟု ပြောသည်။

နိုင်ငံပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့ည်းထားသည့် ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရိုက်ကူး ထားသည့် ဗီဒီယို အခွေများ၊ ကွင်းထဲသို့ ကျရောက်ခဲ့သည့် အရာဝတ္ထု ပစ္စည်းများကို သက်သေအဖြစ် ပေးအပ်ခဲ့ကြောင်း ဦးစိုးမိုးက ပြောသည်။

ဖီဖာ၏ ဥပဒေအရ ကွင်းအတွင်း ကျရောက်သည့် အရာဝတ္တုတခု အတွက် ဒဏ်ကြေး အဖြစ် အမေရိကန် ဒေါ်လာ ၅၀၀၀ သတ်မှတ် ထားသည်။

ပစ်ပေါက်ရာတွင် ထီးအလက်ပေါင်း ၂၀ကျော်၊ ဖိနပ်ပေါင်း များစွာ၊ ခဲများနှင့် ကွန်ပါ ဆူးချွန်များလည်း ပါဝင်သည်ဟု ဘောလုံး သတင်းများကို သီးသန့်ဖော်ပြသည့် Soccer Myanmar အင်တာနက် စာမျက်နှာတွင် ရေးသား ထားသည်။

ထိုပစ်ပေါက်မှုတွင် ပါဝင်သည်ဟု မသင်္ကာသူများကို ပွဲအပြီးတွင် ဖမ်းဆီး ထိန်းသိမ်းမှုများ ရှိခဲ့ကြောင်း ဘောလုံးပွဲ သွားရောက် ကြည့်ခဲ့သည့် ပရိသတ်တဦးက ပြောသည်။

“ဘောလုံးကွင်းကအထွက် လုံခြုံရေးတွေက ခြေထောက်ကို ကြည့်တယ်။ ပြီးတော့ ဖိနပ်မပါရင် တခါတည်း ခေါ်ထား လိုက်တယ်။ တော်တော်များများ ခေါ်အထား ခံရတယ်” ဟု ၎င်းကဆိုသည်။

ဆူပူမှုနှင့် ပတ်သက်၍ ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားပြီး ပါဝင်သည့် သူများကို ညပိုင်း အချိန်တွင် ရပ်ကွက်များသို့ လိုက်လံ ဖမ်းဆီး နေကြောင်း ပြည်တွင်းထုတ် The Voice Weekly ဂျာနယ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ ပွဲစဉ်တွင် MNL က အများပြည်သူ ကြည့်ရှုနိုင်စေရန်အတွက် ရိုးရိုးတန်း လက်မှတ်များကို ၀ယ်ယူစရာ မလိုဘဲ အခမဲ့ ၀င်ခွင့်ပြုကြောင်း၊ ကွင်းအတွင်း လူပြည့် သွားချိန်တွင် ကွင်းပြင်ပတွင် ကျန်ရှိနေသည့် လူအများက ၀င်ရောက်နိုင်ရန် ကြိုးစားသည့် အတွက် လုံခြုံရေး တပ်ဖွဲ့များက မထိန်းသိမ်း နိုင်တော့ဘဲ ဖွင့်ပေး လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ယနေ့ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်မှစတင်ပြီး လက်မှတ်များကို စစ်ဆေးခြင်း၊ ပစ္စည်းများ ရှာဖွေခြင်း၊ ရေသန့် ဗူးများကို ကွင်းအတွင်းသို့ ယူဆောင်ခွင့် မပြုခြင်းများ ပြုလုပ်နေသည် MNL ပြောခွင့်ရ ဦးစိုးမိုးက ပြောသည်။

“လက်မှတ်၊ ဖိတ်စာ အကုန်ပါမှ ပေးဝင်မယ်။ ဘယ်သူနဲ့ သိလို့၊ ဘယ်ဝါနဲ့ သိလို့ဆိုတာမျိုး မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းက သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် မြန်မာ-မွန်ဂိုလီးယား ပွဲစဉ် တွင်လည်း မြန်မာ ဘောလုံး အသင်းကို အားပေးရန် အတွက် ပရိသတ်ကို အခမဲ့ ကြည့်ရှုခွင့် ပေးခဲ့သော်လည်း ပြဿနာ တစုံတရာ ပေါ်ပေါက်ခြင်း မရှိခဲ့ပေ။

ယခု မြန်မာ-အိုမန် ပွဲ ဆူပူမှုဖြစ်ကာ ရပ်ဆိုင်းခဲ့ရခြင်းနှင့် ပတ်သက်၍ အစိုးရ သတင်းစာများတွင် ဖော်ပြခြင်း မရှိပေ။

Ref: ဧရာဝတီ်

Read More...

နေပြည်တော် အိမ်ခြံမြေဈေးကွက် ကျဆင်း

စည်သူ
Tuesday, 02 August 2011

လူမနေသည့် အိမ်များကို အိမ်ငှားမချနိုင်ပါက ချိတ်ပိတ်မည် ဆိုသော အမိန့်ကြောင့် နေပြည်တော်ရှိ အိမ်ခြံမြေ ရောင်းဝယ်မှုများ ကျဆင်း လာကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များတွင် ဇွန်လ နောက်ဆုံးရက်များက ဗုံးပေါက်ပွဲမှုများ ဖြစ်ပွား ခဲ့ပြီးနောက် လူမနေသည့် နေအိမ်များကို ချိတ်ပိတ်ရမည် ဆိုသော အမိန့် ထွက်ပေါ် လာခဲ့သည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ လူမနေသည့်အိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ဗုံးပေါက်ကွဲပြီး တပတ် အကြာတွင် အာဏာပိုင်များက လူမနေသည့် နေအိမ်များအား အိမ်ငှား တင်ရန်၊ အစောင့်ထားရန်၊ ထိုသို့ မပြုနိုင်ပါက ချိတ်ပိတ်မည် ဟူသော အမိန့် ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်ထုတ်ပြန်ပြီး တလကျော် အကြာတွင် နေပြည်တော်ရှိ အိမ်ခြံမြေ ရောင်းဝယ်မှုများ ကျဆင်းလာခြင်း ဖြစ်ကြောင်း ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

မူဆယ်နှင့် လားရှိုးဘက်မှ ရတနာကုန်သည်များသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် နေပြည်တော်၌ ကျင်းပသည့် ကျောက်မျက် ပြပွဲမှ စတင်၍ ပြပွဲကျင်းပရာ ကျောက်မျက်ပြတိုက် အနီးရှိ သပြေကုန်း၊ ရွှေကြာပင်၊ ဒက္ခိဏသီရိ အစရှိသည့် မြို့နယ်၊ ရပ်ကွက်များရှိ အိမ်ခြံ မြေများကို စတင် စိတ်ဝင်စားလာကြကြောင်း ပျဉ်းမနား အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် တဦးက ဆိုသည်။

“လားရှိုးတို့၊ မူဆယ်တို့ ဘက်ကလူတွေက နေပြည်တော်မှာ အိမ်တွေခြံတွေ လာဝယ်တာ များတယ်။ သူတို့က ၀ယ်ပြီးရင် ဒီအတိုင်း ထားခဲ့တာလေ။ ကျောက်မျက်ပွဲ နီးမှ လာကြတာ။ အစောင့်လည်း မထားဘူး။ အိမ်ငှားလည်း မတင်ကြဘူး” ဟု ၎င်းက ပြောသည်။

မူဆယ်၊ လာရှိုးဘက်မှ အိမ်ခြံမြေ ၀ယ်လက်များက ဈေးကောင်းပေးကြောင်း၊ ရွှေကြာပင် ရပ်ကွက်မှ ပေ ၆၀၊ ပေ ၄၀ မြေတကွက်ကို မည်သူမျှ မပေးနိုင်သည့် ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ အထိပေးကြကြောင်း၊ ကိုယ်တိုင်ကိုယ်ကျ လာရောက် ဝယ်ယူကြခြင်း ဖြစ်ကြောင်း နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင် များ၏ အဆိုအရ သိရသည်။

ရွှေကြာပင် ရပ်ကွက်သည် ပျဉ်းမနား ကိုးရွာ သပြေကုန်းမှ ဒေသခံများကို အထူးစီမံကိန်း တခုကြောင့် ပြောင်းရွှေ့ နေရာချထား ပေးခဲ့သည့် နေရာဖြစ်ပြီး အစိုးရ ချပေးထားသည့် ဈေးနှုန်းထက် အဆများစွာ ရရှိသောကြောင့် အများစုမှာ ရောင်းချပြီး တခြားသော ဈေးသက်သာသည့် နေရာများသို့ ပြောင်းရွှေ့ နေထိုင်ကြသည်။

သို့သော် ဇူလိုင်လဆန်းမှစ၍ လူမနေသည့် နေအိမ်များအတွက် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်တွင် ထိုဒေသများ၌ အိမ်ခြံမြေ အရောင်း အဝယ် ကျဆင်း လာခြင်းဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။

အိမ်ခြံမြေ အကျိုးဆောင်များ၏ အဆိုအရ ပျဉ်းမနား ပုဗ္ပသီရိမြို့နယ် ဘက်တွင် အရောင်းအ၀ယ် ပုံမှန် ဖြစ်နေကြောင်း၊ ကျောက်မျက် ပြတိုက် အနီးရှိ အိမ်ခြံမြေ များမှာမူ ခဏတာ အရောင်းအ၀ယ် အေးနေဦးမည် ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

၁၀ ကျပ်ဖြင့် မှတ်ပုံတင်ရရန် လဝကကိုယ်စား ကြံ့ဖွံ့ အာမခံ

Monday, 01 August 2011

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က မှတ်ပုံတင် မရှိသူအားလုံးကို ငွေ ၁၀ ကျပ်ဖြင့် မှတ်ပုံတင် ရရှိစေရန် ကူညီ ဆောင်ရွက်ပေးမည်ဟု အာမခံပြီး လူထုကို စည်းရုံးနေကြောင်း သတင်းရရှိသည်။

ရန်ကုန် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ဦးဆောင်သော ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီက တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ပြည်သူများ မှတ်ပုံတင် လွယ်ကူစွာ ရရှိလိုပါက ၎င်းတို့ ပါတီကို တိုက်ရိုက် ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း၊ ထိုသို့ အကူအညီ တောင်းခံလာပါက ၁၀ ကျပ် ခန့်ဖြင့် မှတ်ပုံတင် ရရှိစေရန် ကြံ့ဖွံ့ပါတီက အခမဲ့ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း စသည့် အချက်များ ပါဝင်သော ကြံ့ဖွံ့တံဆိပ်ပါ လက်ကမ်း ကြော်ငြာများကို တောင်ဥက္ကလာပ လိုက်လံဝေငှ နေသည်။

“ရပ်ကွက်တိုင်းမှာ ကြံ့ဖွံ့က လက်ကမ်းကြော်ငြာတွေ ဝေတယ်။ မှတ်ပုံတင်မရှိရင် သူတို့ပါတီက လုပ်ပေးမယ်၊ ကြားပွဲစားနဲ့ မှတ်ပုံတင် မလုပ်နဲ့ ဆိုပြီး သတိပေးထားတယ်” ဟု တောင်ဥက္ကလာပ မြို့နယ် ၇ ရပ်ကွက်မှ ဒေသခံ တဦးက ပြောသည်။

အသက် ၁၀ နှစ်ပြည့် (သို့မဟုတ်) ၁၈ နှစ်ပြည့် မှတ်ပုံတင် လျှောက်ထားမှု အတွက် ငွေ ၆ ကျပ်ဖြင့် လည်းကောင်း၊ အသက် ၁၀ နှစ်ပြည့် (သို့မဟုတ်) ၁၈ နှစ်ပြည့် မှတ်ပုံတင် လဲလှယ်ခြင်းအတွက် ငွေ ၃ ကျပ်ဖြင့် လည်းကောင်း၊ မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးမှုကြောင့် ပြန်လည် လျှောက်ထားမှု အတွက် ငွေ ၁၀ ကျပ် ဖြင့် လည်းကောင်း ကြံ့ဖွံ့ပါတီက ကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။

“မှတ်ပုံတင်အတွက် ၆ ကျပ်၊ ၃ ကျပ်၊ ၁၀ ကျပ် ဆိုတဲ့ ပိုက်ဆံက လ၀က (လူဝင်မှုကြီးကြပ်ရေးရုံး) ကို သွင်းရမယ့် ငွေပါ။ ပါတီကို တပြားမှ ပေးစရာ မလိုဘူး။ စာရွက်စာတမ်း အပြည့်အစုံနဲ့ဆိုရင် နေ့ချင်းပြီး ဒါမှမဟုတ် တလအတွင်း ရအောင် ဆောင်ရွက် ပေးမယ်” ဟု ကြံ့ဖွံ့ပါတီ ရပ်ကွက် စည်းရုံးရေးမှူး တဦးက ပြောသည်။

လူဝင်မှုကြီးကြပ်ရေး၏ လုပ်ငန်းစဉ်များကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးအဖြစ် အသုံးချနေခြင်းသည် လက်မခံ နိုင်သော လုပ်ရပ် တခု ဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ပါတီဝင်တဦးက ဝေဖန်သည်။

“နိုင်ငံရေး ပါတီတခု အနေနဲ့ နိုင်ငံတော်ပိုင်ပစ္စည်း၊ ငွေကြေး၊ လုပ်ငန်းတွေကို ပါတီပိုင်အဖြစ် အသုံးပြုရင် နိုင်ငံရေး ပါတီ အဖြစ်က ဖျက်သိမ်း ခံရမယ်လို့ ရွေးကောက်ပွဲ ဥပဒေထဲမှာ တရားဝင် ပြဋ္ဌာန်းထားပြီးသား။ လူဝင်မှု ကြီးကြပ်ရေးရဲ့ လုပ်ငန်းကို ပါတီ စည်းရုံးရေး အဖြစ် အသုံးချတာ ရွေးကောက်ပွဲ ဥပဒေကို ဖောက်ဖျက်တာပါပဲ။ ဒါကို ကော်မရှင်က အရေး ယူသင့်တယ်” ဟု ပြည်တွင်း အခြေစိုက် နိုင်ငံရေးသမား တဦးက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဇူလိုင် ၂၇ ရက်နေ့က နေပြည်တော်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် လာမည့် ရွေးကောက်ပွဲတွင် ယခင်ထက် သန့်ရှင်းမျှတစေရန် ဆောင်ရွက်ပေးမည်ဟု ပြောဆို ခဲ့သော်လည်း လက်တွေ့တွင်မူ ကြံ့ဖွံ့ပါတီက အစိုးရ၏ အရှိန်အ၀ါကို အသုံးပြုပြီး တရားမျှတမှုမရှိသော စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲလိမ်၊ မဲခိုးမှုများ ပြုလုပ်ခဲ့သော်လည်း အရေးမယူခဲ့ကြောင်း၊ အခုလည်း အခြေခံ အကျဆုံးသော ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေး များတွင် ကြံ့ဖွံ့ပါတီမှ လူများကို ထည့်ထားကြောင်း၊ ပြည်သူပိုင် လုပ်ငန်းများအား ပါတီ စီးပွားရေး အဖြစ် လုပ်ကိုင်သည်သာမက၊ ပြည်သူပိုင် ငွေကြေးနှင့် ကျောင်းဆောက်၊ ဘုရားတည်ကာ ပြည်သူကို ပြန်လည် စည်းရုံးကြောင်း ရန်ကုန် အခြေစိုက် သတင်း ထောက်တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာအများစုအနိုင်ရရှိခဲ့သော ကြံ့ဖွံ့ပါတီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွှတ်တော် ကိုယ်စားလှယ် လစ်လပ်သွားသော မဲဆန္ဒနယ် ၄၂ နေရာ၌ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီက အပြည့်အ၀ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

Monday, August 1, 2011

စစ်ထောက်လှမ်းရေးဟောင်းများ​ အခမ်းအနားဖြင့်​​ စုစည်းခွင့်မရ

မင်းလွင်
July 31, 2011

ထောင်ဒဏ်နှစ်ရှည် ပြစ်ဒဏ်ခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာတဲ့ ထောက်လှမ်းရေး အရာရှိ ဟောင်းတွေကို အချင်းချင်း ပြန်လည် တွေ့ဆုံတာတွေကို လုပ်ခွင့် မရဘူးလို့ ထောက်လှမ်းရေးဟောင်း တွေနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

ယခင်အမှတ် (၆) တပ်မတော် ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူး စည်သူ အဖွဲ့နှင့် အမှတ် (၇) တပ်မတော် ထောက်လှမ်းရေး တပ်မှူး ဗိုလ်မှူး လှသက်မော်အဖွဲ့က ဘာသာရေး အခမ်းအနားတွေ ပြုလုပ်ဖို့ ကြိုးစားတာကို ပြည်ထောင်စု အစိုးရက ခွင့်မပြုခဲ့တာပါ။

“ထောက်လှမ်းရေး ဟောင်းတွေ စုစည်းပြီးတော့ ၀ါဆို သင်္ကန်းကပ်ဖို့ ရှိတယ်။ အဲဒါ တချို့ လူကြီးပိုင်း တွေက မလုပ်သင့်ဘူး ဆိုပြီးတော့ ပြောတယ်။ အဲဒါ အချေအတင် ဖြစ်နေတာ။ အကယ်၍ တစုတည်း လုပ်လိုက်ရင် ဒီကောင်တွေ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဟန်ပြပြီးတော့ လုပ်တာလား။ စုစည်း ချင်လို့လား ဆိုတဲ့ အကြောင်းလေး တွေပေါ့။ ထောက်လှမ်းရေး ဟောင်းတွေ စုစည်း လာပြီဆိုရင် သူတို့က နည်းနည်း ကြည့်လာပြီလေ။”

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရ လက်ထက် ၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေး အဖွဲ့က အရာရှိချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအ၀င် အရာရှိ အတော်များများကို အာဏာ ဖီဆန်မှု လာဘ်ပေး လာဘ်ယူမှုစတဲ့ ပြစ်ဒဏ် အမျိုးမျိုးနဲ့ အရေးယူ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး တပ်မတော် စစ်ထောက်လှမ်းရေး အဖွဲ့ကိုလည်း အဲဒီနှစ် ကတည်းက ဖျက်သိမ်း ခဲ့ပါတယ်။

တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ စစ်ဦးစီးမှူး ဒုတိယတန်း တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူး အောင်လင်းထွဋ်က စစ်ထောက်လှမ်းရေး ဟောင်းတွေ ပြန်လည် စုစည်းမိပြီး ဦးသိန်းစိန် ခေါင်ဆောင်းတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် စစ် ဗိုလ်ချုပ်ဟောင်း ၀န်ကြီးများရဲ့ အရင် လုပ်ရပ်တွေကို ပြန်လည် ဖော်ထုတ်မှာ စိုးရိမ်တဲ့ အတွက် အခုလို ထောက်လှမ်းရေး ဟောင်းတွေကို ပြန်လည် စုစည်းဖို့ ခွင့်မပြုတာ ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။

“တခုခု လုပ်နိုင်မှု ဆိုတာက သူတို့ စိုးရိမ် ကြောင့်ကြမှုပါဗျာ။ ကျနော်တို့တွေ အချင်းချင်း စုမိတဲ့ အခါမှာတော့ ချက်ဆို နားကွက်က မီးတောက် ဆိုသလိုပေါ့။ ဘယ်ကောင်က ဘာလုပ်နေတယ် ဆိုတာကတော့ အချင်းချင်း ကျနော်တို့ စုစည်းမိတာနဲ့ အခုလည်း အတူတူပါပဲ ဖုန်းနဲ့ ပြောလိုက်တာနဲ့၊ တယောက်နဲ့ တယောက်က ဒီကောင်တွေ ဒီလမ်း သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ သိကြတဲ့ အနေအထားမျိုးတွေ ရှိကြပါတယ်။ အထူးသဖြင့်တော့ သူတို့ မဟုတ်တာ လုပ်ခဲ့တာဟာကို ဖော်မှာ ကြောက်တယ်။ အဓိက ကတော့ ဒါပဲ။ တော်တော် များများကလည်း သူ့ဟာသူ လန့်နေတဲ့ သဘော ဖြစ်တဲ့ အနေအထားမျိုးပါ။”

Ref: DVB News

Read More...

ဆီးရီးယား ဆန္ဒပြပွဲ နှိမ်နင်းမှု လူ ၈၀ ထက်မနည်း သေဆုံး

တနင်္ဂနွေ, 31 ဇူလိုင် 2011

ဆီးရီးယားနိုင်ငံက အချက်အချာမြို့ တမြို့ဖြစ်တဲ့ ဟားမား (Hama) မှာ သံချပ်ကာကားတွေ အကူအညီနဲ့ ရောက်လာတဲ့ စစ်သားတွေက အရပ်သားတွေကို ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၈၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

စက်သေနတ်သံတွေ၊ သံချပ်ကာကားတွေက အမြောက်နဲ့ ပစ်ခတ်သံတွေဟာ တနင်္ဂနွေနေ့မှာ တမြို့လုံး ပဲ့တင် ထပ်နေခဲ့တယ် လို့လည်း ပြောပါတယ်။

ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေပြီး သွေးလှူရှင်တွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆေးဘက် ဆိုင်ရာ တာဝန် ရှိသူတွေက ပြောပါတယ်။

စစ်တပ် ၀င်မလာနိုင်အောင် အရပ်သားတွေက လမ်းပေါ်မှာ ချထားတဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး စစ်သားတွေက ထင်သလို ပစ်ခတ်မှုတွေနဲ့ တနင်္ဂနွေနေ့ အရုဏ် တက်ချိန်မှာ တိုက်ခိုက်မှုတွေ စတင် လုပ်ဆောင် ခဲ့တာလို့လည်း သတင်းတွေက ဖော်ပြ နေကြတာပါ။

ဆီးရီးယားသမိုင်းမှာ အုပ်ချုပ်သူအပေါ် ဆန့်ကျင်ရာမှာ နာမည်ကြီးတဲ့ ဟားမားမြို့ လူထုက သမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar al Assad) အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ် လုပ်ခဲ့ကြတာပါ။

၁၉၈၂ ခုနှစ် လက်ရှိသမ္မတ အာဆတ်ရဲ့ ဖခင်လက်ထက် ဟားမားမြို့မှာ တော်လှန် ပုန်ကန်သူတွေကို စစ်တပ်က နှိမ်နင်း ခဲ့တဲ့ အတွက် ထောင်နဲ့ချီ သေဆုံး ခဲ့ဖူးပါတယ်။

ဟားမားမြို့မှာ စစ်တပ်က တနင်္ဂနွေနေ့က နှိမ်နင်းနေချိန်မှာပဲ နိုင်ငံတောင်ပိုင်းက အယ်လ် ဟီရပ်ခ် (al Hirak) မြို့မှာလည်း လုံခြုံရေး တပ်တွေရဲ့ လက်ချက်ကြောင့် လူ ၃ ယောက် သေဆုံးပြီး တော်တော်များများ ဒဏ်ရာရသွားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်း ဝင်ရောက်စီးနင်းမှုအတွင်း လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့လည်း အယ်လ် ဟီရပ်ခ် မြို့ခံတွေက ပြောပါတယ်။

Ref: VOA News

Read More...

မြန်မာအစိုးရတပ် ၀မ့်ဟိုင်းက ဆုတ်ခွာပေမဲ့ ငြိမ်းချမ်းမယ့်ပုံ မရှိသေး

နိုင်ကွန်းအိန်
တနင်္ဂနွေ, 31 ဇူလိုင် 2011

ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/SSPP) အခြေစိုက်ရာ ၀မ့်ဟိုင်းဒေသကနေ မြန်မာအစိုးရ တပ်တွေ ဆုတ်ခွာ သွားပေမဲ့ နယ်မြေ အေးချမ်းမယ့်အသွင် မဆောင်သေးဘူးလို့ SSPP ခေါင်းဆောင်တွေက ပြောပါတယ်။ ၁၈ ရက်လောက်ကြာအောင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်းမှာ မြန်မာစစ်တပ်ဘက်က အထိအခိုက် များတဲ့အပြင် တပ်ကနေ ထွက်ပြေးတဲ့ စစ်သားတွေ ရှိနေတယ် လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြ ပေးထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်ကို ၀ိုင်းပတ် ပိတ်ဆို့ထားတဲ့ မြန်မာစစ်တပ်တချို့ဟာ ဇူလိုင် ၂၉ ရက်နေ့မှာ တပ်ကို ရုပ်သိမ်း သွားတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါပေမဲ့ အခုလို မြန်မာ စစ်တပ်ကနေ ဆုတ်ခွာ သွားခဲ့ပြီလို့ ဆိုပေမဲ့ နယ်မြေ အေးချမ်းသွားတဲ့ အသွင် မရှိသေးသလို မြန်မာစစ်တပ်တွေ အနေနဲ့ ပြန်လည် ပြင်ဆင်မှု အခြေအနေကြောင့် ဆုတ်ခွာ ရတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“သူတို့ ဆုတ်သွားတာ နယ်မြေအေးချမ်းတာတော့ မဆောင်သေးဘူး။ သူတို့ဘက်ကလည်း နည်းနည်း ပြန်ပြင်ဆင်မှုတော့ ရှိတာပေါ့။ ကျနော်တို့ ဘက်ကလည်း နည်းနည်း ပြန်ပြင်စရာတွေ ရှိတာလည်း ပြင်ဆင် ထားတာရှိတယ်။ လူနာတွေပို့မယ်၊ လူနာတွေ ပို့ပြီးတော့ ဒီတပ်က အထိနာတယ် ဆိုတော့ တခြားတပ်တွေ အစားထိုးပြီး ပြန်လာတိုက်မယ်ပေါ့။ အဲဒီ သဘောမျိုးပဲ ကျနော်တို့ သုံးသပ် ထားတယ်။”

ဝမ့်ဟိုင်းဒေသကနေ ရုပ်သိမ်းသွားတဲ့ တပ်တွေဟာ မိခင်တပ်ရင်းနဲ့ တာဝန်ကျရာ ဒေသကို ပြန်လည် ရောက်ရှိသွားပြီလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ဘက်က ၀မ့်ဟိုင်းဒေသဘက်မှာ ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး မြန်မာ စစ်တပ်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ အကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ရက်သတ္တ ၂ ပတ်ကျော် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ရှမ်းပြည် တပ်မတော်ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်ကနေ ထိခိုက်မှုများသလို တိုက်ပွဲအတွင်း တပ်ပြေးတွေ ရှိနေတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“သူတို့ တပ်ပြေးလည်း များတယ်၊ ဒဏ်ရာရတဲ့သူလည်း များတယ်၊ ကျဆုံးတဲ့သူလည်း များတယ်။ ဒါကြောင့် ရှေ့ဆက် မတိုးနိုင်ဘူး။ နောက် တပ်ပြေးက ၆၀ ကျော် ရှိတယ်ခင်ဗျ။ တချို့လည်း ကျနော်တို့ဆီ ရောက်တယ်။ တချို့လည်း မရောက်သေးဘူးပေါ့။ အဲဒါလည်း ကျနော်တို့ သတင်း မလွှင့်ဘူးလေ။”

မြန်မာစစ်တပ်ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်လို့ ခေါ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ဌာနချုပ်ကို တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ် ဆင်ခဲ့ပေမဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ထိုးစစ်တွေ ရပ်တန့် သွားခဲ့ပါတယ်။ အထိုင်ချ နေရာယူ ပုံစံကနေ အခုလို တပ်တွေ ရုပ်သိမ်း သွားခဲ့ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ တပ်မတော်တွေကလည်း ကျေးသီးမြို့နယ်ထဲကအပြင် မိုင်းယန်၊ မိုင်းပန်၊ သီပေါ၊ ကျောက်မဲမြို့နယ်တွေ ဘက်မှာလည်း တိုက်ပွဲတွေ ပုံဖော်ခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်ကနေ စဖြစ်ပွားခဲ့တဲ့ နှစ်ဘက် တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်အတွင်းက ဒေသခံပြည်သူ ၂,၀၀၀ ခန့် စစ်ဘေး လွတ်ရာကို တိမ်းရှောင်နေရပြီး တချို့ဆိုရင် တောတောင်၊ တောင်ယာတွေထဲမှာ ဖြစ်သလို နေထိုင် နေကြရတယ်လို့ ရှမ်းအမျိုးသား လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ပြောပါတယ်။

ဒီလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကြားကပဲ မြန်မာစစ်အာဏာပိုင်တွေက ဇူလိုင်လ ၂၅ ရက်နေ့မှာ သံဃာတော် ၂ ပါးကို စေလွှတ် ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ရှမ်းပြည် တပ်မတော်ကို ကမ်းလှမ်း လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ တရားဝင်ပုံစံ မဟုတ်ဘူးဆိုပြီး ရှမ်းပြည် တပ်မတော် ဘက်ကနေ ပြောဆိုခဲ့ပါတယ်။ အခုလို မြန်မာ စစ်တပ်တွေ အနေနဲ့ ၀မ့်ဟိုင်းဌာနချုပ်ကို ထိုးစစ်ဆင် နေရာကနေ တပ်ကို ရုပ်သိမ်း သွားတာဟာ မြန်မာ စစ်တပ်ထဲမှာ အပြောင်းအလဲ တခုခု ရှိနိုင်တယ် ဆိုပြီး ပြောဆိုမှုတွေ ရှိနေပေမဲ့လည်း အတည်ပြုချက်တော့ မပေးနိုင် သေးပါဘူး။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို တိုက်တွန်းမှု တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ အစိုးရဘက်ကတော့ ဒီကနေ့ထိတိုင် အကြောင်းပြန်တာ မရှိသေးဘူးလို့ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးက ပြောပါတယ်။

Ref: VOA News

Read More...

ခုံရုံးကြောင့် NLD အာဏာနှင့်လွဲဟု ကော်မရှင်ပြော

လင်းသန့်
Friday, 29 July 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင် များကို နိုင်ငံတကာ နျူရင်ဘတ် ခုံရုံးတင်ကာ အရေးယူရန် ပြောဆိုခဲ့ သဖြင့် အာဏာ အလွှဲမခံရခြင်း ဖြစ်သည်ဟု နေပြည်တော် အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ပြောဆိုလိုက်သည်။

ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေးပါတီ ၃၇ ခု၏ ခေါင်းဆောင်များ တွေ့ဆုံစဉ် ဒု-ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေးက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“သူတို့ အာဏာလွှဲမပေးခဲ့တာ အဲဒါကြောင့် လို့ ကော်မရှင် ဥက္ကဋ္ဌက မိန့်ခွန်းမှာ ထည့်ပြောတာ” ဟု အစည်း အဝေး တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။

နျူရင်ဘတ် ခုံရုံး ဟူသော အသုံးအနှုန်းကို ၁၉၉၀ ရွေးကောက်ပွဲကာလ NLD ကို ခေါင်းဆောင်ခဲ့သူ တဦး ဖြစ်သည့် ဦးကြည်မောင်က သုံးစွဲခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ဟောင်ကောင် အခြေစိုက် Asiaweek မဂ္ဂဇင်းမှ နိုင်ငံခြား သတင်းထောက်တဦး၏ “စစ်တပ်က စစ်ရာဇ၀တ် မှုတွေ ကျူးလွန် ခဲ့တာတွေကို NLD က တရားစွဲဖို့ လိုအပ်သလား” ဟူသော မေးမြန်းချက်ကို ဦးကြည်မောင်က “တို့ မြန်မာပြည်မှာ နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါဘူးကွာ” (“Here in Burma We do not need any Nuremberg-style tribunal”) ဟု ပြန်လည် ပြောဆိုခဲ့သည်။ ထိုအကြောင်း ၁၉၉၀ ဇူလိုင်လက Asiaweek တွင် ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကလည်း သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်စဉ် ဦးကြည်မောင်၏ ပြောဆိုချက်ကို မှားယွင်း ကိုးကားခဲ့သည်ဟု ဦးသုဝေက ထောက်ပြသည်။

“အဲဒီတုန်းက ဦးကြည်မောင် ပြောတာလည်း အဲဒီလို မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်ခင်ညွန့်က သတင်းစာ ရှင်းလင်းပွဲမှာ ဦးကြည်မောင်က အဲဒီလို ပြောခဲ့တယ်ဆိုပြီး အဓိက ပြောခဲ့တာ။ မဟုတ်မှ မဟုတ်တာ” ဟု ဦးသုဝေက ဆိုသည်။

ဦးကြည်မောင်သည် ၂၀၀၄ ခုနှစ်က ကွယ်လွန်ခဲ့သည်။

သူ၏ ပြောဆိုချက်တွင် ပါဝင်သော နျူရင်ဘတ်သည် ဒုတိယ ကမ္ဘာစစ်ကာလ အတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သော ဂျာမန် တို့ကို အပြစ်ပေး အရေးယူသည့် နိုင်ငံတကာ ခုံရုံးတခု ဖြစ်သည်။

မြန်မာဗိုလ်ချုပ်ကြီးများက ဦးကြည်မောင်၏ပြောဆိုချက်ကို နားလည်မှုလွဲခြင်း ဖြစ်သည်ဟု လက်ရှိ NLD ခေါင်းဆောင်များက ဆိုသည်။

“ကျနော်တို့ NLD မှာ အဲဒီလို သဘောထား လုံးဝ မရှိဘူး” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ရှင်းပြသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း “NLD ဟာ ဒီလိုမျိုး သဘောထား မရှိခဲ့ဘူး။ ဦးကြည်မောင်ကလည်း အဲဒီလို ပြောခဲ့တာ မဟုတ်ဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို NLD က ထောက်ခံကြောင်း၊ ထိုကော်မရှင်သည် ခုံရုံး မဟုတ်ကြောင်း၊ အချက်အလက် ပြည့်စုံအောင် စုံစမ်းမည့် အဖွဲ့သာ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

သို့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်သူများဖြစ်သည်ဟု နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီး များက နိုင်ငံတကာ ခုံရုံးနှင့် ပတ်သက်ပြီး လိုလားခြင်း မရှိကြောင်း ထင်ထင်ရှားရှား ပြသခဲ့ပြီး ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က ဦးကြည်မောင်၏ “နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါ” ဟူသော ပြောဆိုချက်အပြီးတွင် အာဏာပိုင် တို့က သူ့ကို ထိန်းသိမ်း လိုက်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက နေပြည်တော်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ၎င်းတို့၏ စိုးရိမ်မှုနှင့် ပတ်သက်ပြီး ထပ်မံ ပြောကြား လိုက်ပြန်သည်။

ထိုစိုးရိမ်ချက်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ NLD ကို စစ်တပ်က အာဏာမလွှဲရခြင်း ဖြစ်ကြောင်း အရပ်သား အစိုးရ ထိပ်တန်း ခေါင်းဆောင်ပိုင်းက ပထမဆုံး အကြိမ် တရားဝင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးတင်အေးက ဆက်လက်ပြောသည်မှာ တပ်မတော်အစိုးရက လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ တွင် NLD အနိုင်ရခဲ့သည်ဟူ၍ ဖြစ်သည်။

အာဏာကို ဆက်လက် ချုပ်ကိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးတို့က ထိုရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များကို အမျိုးသား ညီလာခံ (၁၉၉၃-၂၀၀၇) သို့ တက်စေပြီး အခြေခံဥပဒေ ရေးဆွဲရန် စီစဉ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း အာဏာပိုင်တို့က ကြေညာပြီး ရွေးကောက်ပွဲ တခုကို ထပ်မံ ကျင်းပခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ဖုန်းအခွန်အတွက် AGD ဘဏ် အွန်လိုင်းဝန်ဆောင်မှု စတင်

ရန်ပိုင်
Friday, 29 July 2011

ပထမဦးဆုံး အင်တာနက် အွန်လိုင်းဘဏ်စနစ်ဖြင့် ၀န်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ခွင့်ကို စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) က စတင် အသုံးပြုခွင့် ရရှိသွားပြီ ဖြစ်သည်။

AGD ဘဏ်အနေဖြင့် ယခုလောလောဆယ်တွင် ဖုန်းသုံးစွဲသူများ မြန်မာဆက်သွယ်ရေးရုံးများသို့ အခွန်ငွေကို အင်တာနက်မှ တဆင့် ပေးဆောင်နိုင်ရန် ရတနာပုံ တယ်လီပို့ဖြင့် ဆက်သွယ်ပြီး ၀န်ဆောင်မှု စတင်ပေးနေကြောင်း၊ တခြားသော ATM ငွေထုတ်စက်၊ Debit Card စသည့် ဘဏ်စနစ်နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆက်လက် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း AGD ဘဏ်မှ တာဝန်ရှိသူတဦးက ပြောသည်။

“နိုင်ငံခြားမှာလိုတော့ အခု ချက်ချင်း ခလုတ်နှိပ် အခုချက်ချင်း ဆောင်သလိုမျိုးတော့ မရသေးဘူး။ ဖုန်းဘီလ် မှားသွင်းလို့ ဖုန်းအဖြတ် ခံရသူတွေ၊ အချိန်ယူ တန်းစီရတာကို စိတ်ပျက်နေရသူတွေအတွက် ကောင်းမွန်တဲ့ ၀န်ဆောင်မှုလို့ ထင်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

ထိုစနစ်ကို အသုံးပြုပြီး ဖုန်းအခွန်ငွေ ဆောင်လျှင် ၀န်ဆောင်ခအဖြစ် ကျပ် ၅၀၀ သတ်မှတ်ထားကြောင်း သိရသည်။

အစိုးရပိုင် လုပ်ငန်းများအနက် မြန်မာစီးပွားရေးဘဏ်များတွင်လည်း ယင်းကဲ့သို့သောစနစ်ကို စတင်အသုံးပြုနေသည် ဟု သိရှိရသည်။

ထိုစနစ်ကို အသုံးပြုမည်ဆိုလျှင် ဖုန်းအခွန်ဆောင်သူအနေဖြင့် AGD ဘဏ်တွင် ငွေစာရင်းတခု ဖွင့်ရမည်ဖြစ်ပြီး ဘဏ်မှ အသုံးပြုသူ၏ အမည်နှင့် လျှို့ဝှက် ကုဒ်နံပါတ်ကို ပေးမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် billing.yatarnarpon.com.mm သို့ ၀င်ရောက် အသုံးပြုနိုင်ကြောင်း ယမန်နေ့က လှိုင်မြို့နယ် MICT Park တွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ADG ဘဏ်တာဝန်ရှိသူက ပြောသည်။

ဖုန်းသုံးစွဲသူ မန္တလေးမြို့ခံတဦးကမူ အင်တာနက်မှတဆင့် ဖုန်းအခွန်ဆောင်သည့်စနစ်မှာ ကောင်းမွန်သော်လည်း မြန်မာနိုင်ငံတွင် အင်တာနက် နှေးကွေးခြင်း၊ လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်ခြင်းတို့ကြောင့် အသုံးပြုသူများတွင် အခက်အခဲများ ဖြစ်ပေါ် နေလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်း ဦးတေဇကို AGD ဘဏ်၊ ဦးဇော်ဇော်ကို ဧရာဝတီဘဏ်၊ ဦးချစ်ခိုင်ကို မြန်မာ့ ရှေ့ဆောင်ဘဏ်၊ ဦးနေအောင်ကို အမရာ ယူနိုက်တက်ဘဏ် တို့အား လုပ်ကိုင်ခွင့်များ ချပေးခဲ့ရာ အဆိုပါ စီးပွားရေး အုပ်စုကြီးများသည် ငွေအရင်း အနှီး များစွာဖြင့် ဘဏ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၏ ဧရာဝတီဘဏ်သည် ဘဏ်ခွဲ ၁၂ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ဘဏ်များမှာ ၇ ခုခန့်စီသာ ဖွင့်လှစ်နိုင်ခဲ့သည်။

အဆိုပါ ဘဏ်အသစ် ၄ ခုတွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ မြန်မာရှေ့ဆောင်ဘဏ်မှာ လူကြိုက် အများဆုံးဖြစ်နေပြီး ဦးတေဇ၏ AGD ဘဏ်သည် အပ်ငွေ အများဆုံး လက်ခံရရှိသည့် ဘဏ်ဖြစ်ကြောင်း၊ ဦးဇော်ဇော်၏ ဧရာဝတီ ဘဏ်မှာမူ ဗဟိုဘဏ်၏ တားမြစ်ချက်ကို ကျော်လွန်ကာ ငွေသိမ်းငွေလွှဲ လုပ်ငန်းများကို အိမ်တိုင်ရာရောက် လုပ်ကိုင် ပေးနေသည်ဟု ဘဏ်လုပ်ငန်း အသိုင်းအ၀န်း အတွင်း ပြောဆိုဝေဖန်မှုများလည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှစ၍ ဒေါက်တာ စိန်မောင်ကို ပထမ ပုဂ္ဂလိကဘဏ်၊ မြန်မာနိုင်ငံဖွား တရုတ်လူမျိုး Mr. Surge Pun (ခေါ်) ဦးသိန်းဝေကို ရိုးမဘဏ်၊ ဦးအိုက်ထွန်းကို အာရှဓနဘဏ်၊ ဦးကျော်ဝင်းကို မေဖလားဝါးဘဏ်နှင့် တခြားသော မြန်မာ ယူနီဗာဆယ်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် စသည်တို့ကို ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးခဲ့သည်။

မေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရရှိသည့် တရားမ၀င် ငွေကြေးများကို ခ၀ါ ချသည်ဟု အမေရိကန် ပြည်ထောင်စု၏ စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရက ယင်းဘဏ်များကို လုပ်ကိုင်ခွင့် ပိတ်ပင်ခဲ့ပြီး ပုဂ္ဂလိက ဘဏ်အသစ်များ ဖွင့်လှစ်ခွင့် မပေးတော့ပေ။

ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်မပေးသော်လည်း စစ်အစိုးရ စစ်တပ်ပိုင် မြ၀တီဘဏ်၊ အင်းဝဘဏ်၊ ရတနာပုံ ဘဏ်နှင့် ဝန်ကြီး ဌာနများပိုင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးဘဏ်၊ နယ်စပ်စည်ပင်ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံဖြိုးရေး (မွေး/ရေ) ဘဏ်၊ မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်၊ သမ၀ါယမဘဏ် တို့ကို ဖွင်လှစ်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ကျောက်မဲ ပစ်ခတ်မှု ၃ ဦးသေ

ရန်ပိုင်
Friday, 29 July 2011

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်တွင် ယနေ့နံနက် ၅ နာရီခန့်က အမည်မသိ သေနတ်သ မားများ ၀င်ရောက် ပစ်ခတ်မူကြောင့် လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားသည်။

လက်နက်ကိုင်ဆောင်ထားသည့် လူ ၁၀ ဦးခန့်က ထိုသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ် ကယ်ရီ သမားတဦး၊ ကောက်ညင်းပေါင်းသည် အမျိုးသမီး တဦးနှင့် ကလေးတဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဆိုင်ကယ်ဖြင့် ဈေးရောင်းသူ အမျိုးသမီး တဦးက ၀မ်းဗိုက်တွင် သေနတ်ထိမှန်သည့် ဒဏ်ရာ၊ ကလေးတဦးက ခြေထောက်တွင် ဒဏ်ရာနှင့် တခြားတဦးလည်း ဒဏ်ရာ ရသွားကြောင်း ကျောက်မဲမြို့ခံတဦးက ပြောသည်။

“ပစ်တဲ့သူတွေက အရပ်သားမှန်း သိလျက်နဲ့ ပစ်တာ။ ဈေးသည်တွေ၊ အရပ်ဝတ်တွေနဲ့။ အရင်စစ်တပ်က စောင့်တဲ့ ဘန်ကာမှာ ဆိုင်ကယ် ကယ်ရီသမားက ၀င်အိပ်နေတာကို ပစ်သွားတာ။ တဖောင်းဖောင်းနဲ့ တွေ့တဲ့လူ ပစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

ဝမ်းဗိုက်တွင် ဒဏ်ရာရသူ အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ပြီး ကျောက်မဲဆေးရုံရှိ ဆရာဝန်များက ကုသ ပေးနေကြောင်း၊ အသတ် ခံရသည့် ရုပ်အလောင်းများကို ခွဲစိတ်ခြင်း မပြုရသေး၍ မနက်ဖြန်မှသာ သင်္ဂြိုလ် နိုင်မည် ဖြစ်သည်ဟု အဆိုပါ မြိုခံက ပြောသည်။

တချိန်တည်းမှာပင် ကျောက်မဲမြို့ နောင်အမ်းကျေးရွာတွင် တပ်စွဲထားသည့် တပ်မတော်မှ တပ်စုတစုနှင့် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSA-N) တပ်များ တိုက်ပွဲဖြစ်ရာ စစ်သား ၅ ဦး ဒဏ်ရာ ရသွားသောကြောင့် မေမြို့ စစ်ဆေးရုံသို့ ပို့ဆောင် လိုက်သည်ဟုလည်း အဆိုပါ မြို့ခံက ပြောသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ကျောက်မဲရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျအရာရှိ ဒုရဲအုပ် ကိုကိုလွင်က ဖြေဆိုခြင်း မရှိဘဲ ဖုန်းချသွားသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရော မြောက်ပိုင်း ကပါ ယင်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက SSA- N တပ်ဖွဲများ စိမ့်ဝင်လှုပ်ရှားနေကြောင်း စစ်ဘက်မှ ပြောဆိုမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်အနီးတွင် ည ၉ နာရီခန့်က ဗုံးတလုံး ပေါက်ကွဲပြီး အရပ်သား ၄ ဦး ဒဏ်ရာ ရရှိသွားသေးသည်။

ကျောက်မဲမြို့သည် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁ အခြေစိုက်ရာ မြို့ဖြစ်ပြီး ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ဌာနချုပ် အခြေစိုက်ခဲ့ဖူးသည့် စိန်ကျော့ဒေသနှင့် နီးသည်။

Ref: ဧရာဝတီ်

Read More...

NLD နိုင်ငံရေးသိပ္ပံသင်တန်း အောင်မြင်စွာပြီး

ကိုပေါက်
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရက်သတ္တ တပါတ်ကြာ သင်ကြားပို့ချခဲ့သည့် ပထမဆုံးအကြိမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နိုင်ငံရေး သိပ္ပံသင်တန်းကို ကြာသပတေးနေ့က အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဆက်တိုက် သင်ကြားပို့ချခဲ့သော အဆိုပါ သင်တန်းတွင် အနှောက်အယှက် တစုံတရာ မရှိခဲ့ကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း လုံးဝ အောင်အောင်မြင်မြင် ပြီးဆုံးပါတယ်။ လုံးဝ အနှောက်အယှက် မရှိပါဘူး။ ” ဟု သူက ပြောသည်။

သင်တန်းဆရာ ၂ ဦးအဖြစ် တောင်ကိုးရီးယားနိုင်ငံ Ewha အမျိုးသမီး တက္ကသိုလ်မှ ပါမောက္ခ Dr Brendam Howe နှင့် ပါမောက္ခ Dr Mathias Maas တို့က ပို့ချခဲ့ရာ သင်တန်းသား ၇၀ ကျော် တက်ရောက်ခဲ့ကြသည်။

သင်တန်းပို့ချမှု ပုံစံနှင့် ပတ်သက်၍ ဦးအုန်းကြိုင်က “အလုပ်ရုံ ဆွေးနွေးပွဲပုံစံ ကျင်းပတာဖြစ်တဲ့ အတွက် ကျောင်းသူ/သားများ အရမ်း စိတ်ဝင်စားမှု ရှိပါတယ်။ ပြဿနာတွေကို ဖြေရှင်းကြပါတယ်။ စာတမ်းတွေ ပြုစုပါတယ်” ဟု ပြောသည်။

နေ့စဉ် နံက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပို့ချသည့်သင်တန်းတွင် Human Security and Human Development, State Security and State Development and other prospects, Art of Negotiation, Negotiation Process နှင့် Introduction to International Relations ဘာသာရပ်များ ပါဝင်ပြီး သင်တန်း တာဝန်ခံ ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်နှင့် ကိုမျိုးရန်နောင်သိန်း တို့က ဘာသာပြန်ဆို ပေးခဲ့ကြသည်။

ကြာသတေးနေ့ ညနေက ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲတွင် သင်တန်းဆရာ Dr Mathias Maas က သင်တန်းဆင်း နှုတ်ဆက်စကား ပြောကြား ခဲ့ကြောင်း “အချိန်တိုတိုပဲ ပြောခွင့်ရတဲ့အတွက် အားနာတယ်တဲ့၊ ဒါပေမယ့် သူပြောတာတွေဟာ စပြီး လေ့လာစရာ၊ စဉ်းစားစရာတွေ၊ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်စရာတွေ လမ်းကြောင်း ပွင့်သွားမယ်လို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြန်ပြောပြသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် သဘာပတိအဖြစ် NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ဆောင်ရွက်ပြီး ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဒေါ်မေဝင်းမြင့် စသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များလည်း တက်ရောက်ကြသည်။

အင်္ဂါနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်က သင်တန်းဆရာ နှစ်ဦးအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး တနာရီကြာ စကား လက်ဆုံ ပြောဆိုဖြစ်ခဲ့သေးသည်။

သင်တန်းသို့ ပြည်နယ်နှင့်တိုင်း အသီးသီးမှ ပါတီဝင်များနှင့် ဗေဒါအင်စတီကျုမှ သင်တန်းသား ၃၃ ယောက်လည်း လာရောက် လေ့လာ ခဲ့ကြသည်။

ယခင်က မြန်မာတိုင်းရင်းသား ဆရာများ ပါဝင်သည့် နိုင်ငံရေး သိပ္ပံသင်တန်းများ၊ ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ခဲ့ဖူး သော်လည်း အကြောင်း မညီညွတ်၍ အစီအစဉ် ပျက်ခဲ့ရကြောင်း ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အထူးသဖြင့် လူငယ်များအား ရည်ရွယ်၍ လယ်သမား သင်တန်း၊ ကွန်ပြူတာ သင်တန်း၊ အင်္ဂလိပ်စာ သင်တန်းများကို NLD မှ စီစဉ်ပြုလုပ်လာခဲ့ရာမှ ပြည်ပ တက္ကသိုလ်များမှ ပညာရှင် များအား ဖိတ်ခေါ်၍ ဤကဲ့သို့ နိုင်ငံရေး သိပ္ပံသင်တန်း ပို့ချနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီးလည်း နိုင်ငံရေး သိပ္ပံသင်တန်းများ ပြုလုပ်ဦးမည်ဟု သိရှိရသည်။


Ref: မဇ္ဈိမ

Read More...

ထိုးစစ်ရုပ်ရန်နှင့် တနိုင်ငံလုံး အပစ်ရပ်ရန် KIO ထပ်မံတောင်းဆို

ဖနိဒါ
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ထိုးစစ်ဆင်ထားမှုများ ရုပ်သိမ်းရန်နှင့် တနိုင်ငံလုံး အပစ်ခတ် ရပ်ဆိုင်း ပေးရေးတို့ ပါဝင်သည့် တောင်းဆို ထားသော အကြောင်းပြန်စာကို ကချင် လွတ်မြောက်ရေး အဖွဲ့က မြန်မာ အစိုးရထံ ကြာသပတေး နေ့တွင် ပေးပို့လိုက်သည်။

ဗဟိုအစိုးရက ဇူလိုင်လ ၂၆ ရက်နေ့တွင် ကေအိုင်အိုသို့ ကမ်းလှမ်းခဲ့သော ကချင်ပြည်နယ်တွင်း အပစ်ခတ် ရပ်ရေး အတွက် စာကိုကြားဝင် စေ့စပ်ရေးအဖွဲ့ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ဝင် နယ်စပ်လုံခြုံရေး ဝန်ကြီး ဦးသန်းအောင်ထံသို့ အီးမေလ်ဖြင့် ပြန်ကြား လိုက်သည်ဟု ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်၊

KIO စာထဲတွင် နှစ်ဘက် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ၄၈ နာရီအတွင်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် တွင်းသို့ ထိုးစစ် ဆင်ထားသည့် မြန်မာ အစိုးရတပ်များကို ရုပ်သိမ်းပေးရန် ညွှန်ကြားချက် ထုတ်ပြန် ပေးရန်နှင့် ၁၅ ရက်အတွင်း တနိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းပေးရေး နိုင်ငံရေး ဆွေးနွေးရေး ဖော်ဆောင်မည် ဆိုသော အချက်များကို မြန်မာ အစိုးက ထုတ်ပြန် ကြေငြာပေးရန်တို့ တောင်းဆို ထားသည်ဟု သိရသည်။

“သူတို့က လက်မှတ်ထိုးတယ်ဆိုတာ ဘယ်လို လက်မှတ်ပဲဖြစ်ဖြစ် ထိုးမယ်ဆိုပြီး ပြောတဲ့ ပုံစံဖြစ်လာတယ်။ ကျနော်တို့က ၉၄ ခုနှစ် ကလို မဖြစ်ချင်ဘူး။ အခုတော့ သေချာတဲ့ နိုင်ငံရေး စေ့စပ်သေချာမှု ဖြစ်ရမှု ဖြစ်ရမယ်။ ခိုင်မာတဲ့ အချက် အလက်မျိုးတွေ ပြည့်စုံမှ လက်မှတ် ထိုးမယ်”ဟု တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

၁၉၉၄ ခုနှစ်က KIO နှင့် ယခင် စစ်အစိုးအရ အကြား အပစ်ခတ် ရပ်ရန်သာ ဦးစားပေးခဲ့ကြပြီး နောင် အရပ်ဘက် အစိုးရ တက်လာမှ နိုင်ငံရေး ဆွေးနွေးမှု လုပ်ရန် သဘော တူခဲ့ကြခြင်းကို သူက ရည်ညွှန်းခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတပ်များနှင့် တိုင်းရင်းသား တပ်များ အကြား အပစ်ခတ် ရပ်ရန် ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြာသပတေးနေ့က ပန်ကြားမှုကို "ကောင်းသော လက္ခဏာ" အဖြစ် ကြိုဆိုလိုက်ပြီး KIO ဗဟို ကော်မတီ အနေဖြင့် အသေးစိတ် ဆွေးနွေးမည်ဟု ဦးလနန်က ပြောသည်။

အစိုးရနှင့် KIO သဘောတူညီချက်ရရှိရင် လက်မှတ်ရေးထိုးထားသော စာချုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသား ထားစေလိုပြီး ၁၉၄၇ ခုနှစ် ပင်လုံ စာချုပ်အပေါ် သမ္မတ ဦးသိန်းစိန် အစိုးရ၏ သဘောထားကိုလည်း ရှင်းလင်း ပါစေလိုကြောင်း KIO ၏ စာတွင် ပါရှိသည်ဟု ဆိုသည်။

KIO ပေးပို့သော စာကို လက်ခံရရှိကြောင်း အစိုးရဘက်က ကိုယ်စားလှယ်ဖြစ်သူ ဦးဆင်ဝါးနော်က ပြောသည်။

“သူတို့ (KIO) တောင်းဆိုတဲ့ စာက ပြန်ပြင်လိုက်တယ်။ ကျနော်တို့ စာချုပ်ကို အင်္ဂလိပ်လို ရေးရအောင် ဆိုတာတွေ၊ ပင်လုံ ကတိ ကဝတ် တွေကို မေးတာတွေက နောက်မှပြန် ဆွေးနွေးလို့ ရတယ်လို့ ပြန်ပြောလိုက်တယ်” ဦးဆင်ဝါးနော်က မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် KIO ဘက်မှ ယာယီ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ထိုးမည် ဆိုပါက အစိုးရ ကိုယ်စားလှယ် များနှင့် အတူ ကချင်ပြည်နယ် ခရစ်ယာန် ဘာသာရေး အသင်း ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ကချင်ရိုးရာ စာပေ ယဉ်ကျေးမှု အဖွဲ့များ စုစုပေါင်း လူ ၆ဝ ခန့်မှာ KIO ဘက်မှ ချိန်းဆိုလိုက်သော နေရာသို့ သွား၍ လက်မှတ်ထိုးပွဲ အခမ်းအနား ကျင်းပရန် ပြင်ဆင်ထားသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ထိုအခမ်းအနား အစီအစဉ်သို့ သတင်းယူရေးအတွက် ပြည်တွင်း ဂျာနယ် အချို့နှင့် နိုင်ငံပိုင် သတင်းဌာန များကိုလည်း ဖိတ်ကြား သွားရန် စီစဉ်ထားသည်။

ထို့အပြင် အကယ်၍ အပစ်ခတ်ရပ်စဲရေးကို KIO က လက်မှတ်ရေးထိုးမှုမပြုလုပ်လျှင် မြစ်ကြီးနားမြို့တွင် စစ်ဆန့်ကျင်ရေး လူထု ဆန္ဒပြမှုတခု လုပ်ရန် စီစဉ်ထားသည်ဟု အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအမတ် ဦးသိန်းဇော်က ပြောကြားသည်ဟု ကချင်နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။

ဦးသိန်းဇော်၏ အကြံအစည်နှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရနိုင်သော်လည်း အစိုးရ ကိုယ်စားလှယ် ဦးဆင်ဝါးနော်က KIO အနေဖြင့် လက်မှတ်ထိုးရေး ငြင်းဆန်ပါက လူထုဆူပူမှု ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးလိုက်သည်။

“ကေအိုင်အိုက လက်မှတ်ထိုးရအောင်လို့ ပြောတာ မဖြစ်လာရင်တော့ လုပ်ရမှာပေါ့။ ပြည်သူ လူထုက ကေအိုင်အိုကို အပြစ် တင်လာမှာဘဲ။ KIO ဘက်ကနေ လက်မှတ်ထိုးမယ် ဆိုတဲ့ အဖြေပဲ စောင့်နေတာ။ ကေအိုင်အို ဘက်က လက်မှတ် မထူးဘူးဆိုပြီး ပြောလာတဲ့ အချိန်တော့ ပြည်သူလူထုကလည်း ဆူပူလာမှာပေါ့”ဟု ဦးဆင်ဝါးနော်က ပြောသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် KIO ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို အစိုးရ ကျောထောက် နောက်ခံပေး ကြံ့ခိုင် ဖွံ့ဖြိုးရေး တို့က စီစဉ် ခဲ့ဖူးသည်။ ဒေသခံ အများအပြားက မလွန်ဆန်သာ၍ ဆန္ဒပြမှုကို တက်ရောက်ခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့