..............................

Wednesday, September 14, 2011

ပြုပြင်ပြောင်းလဲရေး နိုင်ငံတကာက အသိအမှတ်ပြုဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

ဦးသားညွန့်ဦး
အင်္ဂါ, 13 စက်တင်ဘာ 2011

မြန်မာနိုင်ငံဟာ အမှန်တကယ်တိုးတက်မှုတွေနဲ့ အပြောင်းအလဲတွေ စတင် လုပ်နေတာမို့ ဒီ လုပ်ငန်းစဉ် တွေကို နိုင်ငံတကာ အနေနဲ့ အားပေး ထောက်ခံခြင်း အားဖြင့် အကူအညီပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့က ဂျီနီဖာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ပြောသွားပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကတော့ နိုင်ငံတွင်းက နိုင်ငံရေး အင်အားစုတွေ အားလုံး ပါဝင်နိုင်တဲ့ အပြောင်း အလဲတွေကသာ မှန်ကန်တဲ့ တိုးတက်မှုဖြစ်ပြီး အခုအချိန်တော့ အစိုးရသစ် အနေနဲ့ လက်တွေ့ထက် အပြော ပိုများနေတယ်လို့ ယူဆကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်း မေးမြန်း ထားပါတယ်။

မြန်မာအစိုးရသစ်အနေနဲ့ စီးပွားရေး လူမှုရေး အပြောင်းအလဲတွေ အစီအစဉ်ချမှတ် စတင် လုပ်နေသလို တဘက်မှာ အမျိုးသား ညီညွတ်ရေး အတွက်လည်း ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့ကလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၁၈ ကြိမ်မြောက် အစည်းအဝေး တတိယ စုံညီ ဆွေးနွေးပွဲမှာ ပြောဆို သွားတာပါ။ ဒီအတွက် ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အစိုးရသစ်ကို အားပေး ထောက်ခံကြဖို့ နိုင်ငံခြားရေး ၀န်ကြီးက နိုင်ငံတကာကို တိုက်တွန်း သွားပါတယ်။

“မြန်မာနိုင်ငံဟာ ပြောင်းလဲနေပါပြီ။ တကယ့်အမှန် တိုးတက်မှုတွေနဲ့ ပြောင်းလဲနေတာပါ။ အခုလို အသွင် ပြောင်းရေး လုပ်ငန်းစဉ်မှာ အခက်အခဲ စိန်ခေါ်မှုတွေကိုတော့ ရှောင်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုလို အရေးတကြီး အခြေအနေမျိုးမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ လိုအပ်တဲ့ အားပေး ထောက်ခံမှုတွေ ပေးတာဟာ အကောင်းဆုံး အကူအညီ ပေးမှု ဖြစ်ပါလိမ့်မယ်။”

နိုင်ငံတကာနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကတော့ မြန်မာနိုင်ငံမှာ နှစ်ထောင်ကျော်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခြင်းကသာ ပြောင်းလဲမှုတွေ အတွက် ကနဦးအစ ဖြစ်မယ်လို့ ယူဆ ပြောနေကြပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ အစိုးရသစ်ရဲ့ ပထမဆုံး ခြေလှမ်းဟာ အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာလို့ ပြောသွားပါတယ်။

“သမတကြီးအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အရ ပထမဆုံး အကြိမ် အဖြစ်နဲ့ မေလ ၁၆ရက်နေ့မှာ သေဒဏ်ကျ အကျဉ်းသားတွေကို ထောင်ဒဏ် တသက်ပြောင်းတာ၊ အခြား ထောင်သားတွေကို ပြစ်ဒဏ် တနှစ် လျော့ပေါ့ ပေးခဲ့ပါတယ်။ ဒါကြောင့် ခန့်မှန်းချေ အကျဉ်းသား နှစ်သောင်းနီးပါးဟာ အကျဉ်းထောင်တွေနဲ့ ရဲဘတ်စခန်း အသီးသီးကနေ ဇူလှိုင်လ အကုန်ပိုင်းမှာ ပြန်လွတ် လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြည်တွင်းပြည်ပက လိုလားတောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ကတော့ အကျဉ်းထောင်တွေ အတွင်းမှာပဲ ရှိနေဆဲပါ။ ဒါကြောင်လည်းပဲ အပြောင်းအလဲတွေကို စကားလုံးတွေနဲ့ ပြောနေမယ့် အစား၊ အနှစ်သာရ ရှိရှိ လုပ်ဖို့ လိုအပ်မယ်လို့ နယူးယောက်အခြေစိုက် Burma Fund အဖွဲ့ ညွန်ကြားရေးမှုး ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

အသံ

ဦးဝဏမောင်လွင်ပြောသွားတဲ့အထဲမှာတော့ အစိုးသစ် တက်လာပြီးနောက် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အရေးယူ စဉ်းစားချက်တွေ ဆောင်ရွက် ချက်တွေကို ထည့်သွင်း ပြောသွားတဲ့ အထဲမှာ၊ မကြာခင်က လွတ်လပ်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းတာကိုလည်း ထည့်သွင်း ပြောသွားပါတယ်။ ဒါပေမယ့်လည်း ဒီကော်မရှင်မှာ ပါဝင် ဦးဆောင်သူတွေဟာ အရင် သံတမန်ဟောင်းတွေ ဖြစ်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို တချိန်က ကုလသမဂ္ဂထဲ ခုခံ ပြောဆိုခဲ့သူတွေ ဖြစ်ကြပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့