..............................

Friday, May 15, 2009

“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကြာသပတေးနေ့၊ မေလ 14 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ အကျယ်ချုပ်မှ အင်းစိန်ထောင်သွင်းသို့ ယနေ့ ပြောင်းရွှေ့ကာ ချုပ်နှောင် ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ စစ်အစိုးရက ယနေ့ စွဲတင်လိုက်သည့် အမှုကို မကျူးလွန်ကြောင်း သူ၏ ရှေ့နေမှတဆင့် ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးသို့ ရုံးထုတ်ရာတွင် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံသည့် အခါ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ပြောဆိုခဲ့ကြောင်း ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “မကျူးလွန်ဘူး ဆိုတာကိုလည်း သူက ဘလိုင်းပြောတာ မဟုတ်ဘူး။ သူက သူ့ကိုစွဲတဲ့ ပုဒ်မကို သိတယ်။ ဖတ်ပြီးပြီ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ သူနှင့်အတူနေထိုင်ကာ ကူညီ စောင့်ရှောက်ပေးနေသည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို ယနေ့တွင် အင်းစိန်ထောင် တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးတွင် အတူတကွ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

ရှေ့နေဦးကြည်ဝင်း၏ လက်ထောက်ရှေ့နေနှင့် ယနေ့ တရားရုံးသို့ ဝင်ရောက်ခွင့် ရရှိခဲ့သူ ရှေ့နေ ဦးလှမျိုးမြင့်က “အမှုနံပါတ် ၄၇/၂၀၀၉ ။ သူတို့ ၄ ယောက် တပြိုင်ထဲ ရုံးထုတ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ယနေ့နံနက်ပိုင်းတွင် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှ အင်းစိန်ထောင်သို့ လုံခြုံရေး အစောင့် အကြပ်များဖြင့် ခေါ်သွားခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ရေး အတွက် တားဆီး ကန့်သတ်ထားသည့် အမိန့်ကို ချိုးဖောက်ခြင်း၊ မလိုက်နာခြင်းတို့ဖြင့် တရားစွဲထားသည်။

ယင်း ဥပဒေ ပြဌာန်းချက်အရ ထောင်ဒဏ်အားဖြင့် အနည်းဆုံး ၃ နှစ်မှ ၅ နှစ်ထိ ကျခံနိုင်ပြီး၊ ငွေဒဏ် ၅၀၀၀ ကျပ်၊ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုစလုံးလည်း ချမှတ်နိုင်သည်။

ပါတီပြောခွင့်ရပုဂ္ဂိုလ်နှင့် ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဟို .. ရေကူးတဲ့ လူက သူ့ဘာသာ သူလာတာ။ လူသားချင်း စာနာ ထောက်ထားမှုနဲ့ ခဏ နေရာပေးတယ် ဆိုတာပဲ ရှိတာ။ ဒီဟာက သူတို့ စည်းကမ်းချက်မှာ ဒါနဲ့ ပတ်သက်ပြီး ဘာမှ မပါဘူးလေ။ ဒါကို စည်းကမ်း ချမှတ်ထားတာမှ မရှိဘဲနဲ့ ဘယ်လိုလုပ် ဖောက်ဖျက်ရမှာလဲ။ အဲဒါကြောင့် ပြစ်မှု မကျူးလွန်ဘူးလို့ ပြောတာပါ” ဟု ပြောဆိုသည်။

နေအိမ်တွင် ထိန်းသိမ်းကြောင်း တားဆီးမိန့်ချစဉ်က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သံရုံးများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး ပါတီများနှင့် ဆက်နွယ်သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှ ပြင်ပသို့ ထွက်ခွာခွင့် လုံးဝ မပြုရန်နှင့် အခြားသို့ စာဖြင့် သော်လည်းကောင်း၊ စကားပြော ကြေးနန်းဖြင့် သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရန် ကန့်သတ် ပိတ်ပင်ထားသည်။

ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ ဒေါ်ဝင်းမမ ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူကို ကူညီမှု - ပုဒ်မ ၂၂/၁၀၉ ဖြင့် တရားစွဲသည်။

နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် အမေရိကန် နိုင်ငံသား ဂျွန် ဝီလီယံ ယက်တော အား နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူကို ကူညီမှု ပုဒ်မ ၂၂/၁၀၉၊ ကန့်သတ်နယ်မြေကို ဝင်ရောက်မှုဖြင့် ရန်ကုန် မြူနီစပယ် အက်ဥပဒေ ပုဒ်မ ၂၈ ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁) ၊ အမှုနံပါတ် ၄၉/၂၀၀၉) ဖြင့် တရားစွဲလိုက်သည်။

မြူနီစပယ်ဥပဒေမှာ အင်္ဂလိပ် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး၊ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ကန့်သတ်နေရာများသို့ ဝင်ရောက်ပါက အရေးယူနိုင်သည့် ဥပဒေ ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူတဦးက မစ္စတာယက်တော ရုံးထုတ်ရာ အင်းစိန်ထောင်သို့ စကားပြန်နှင့် လာရောက်ခဲ့သည်။

ယနေ့ တရားရုံးတွင် တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီး အဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေ အကြံပေး အရာရှိက ဦးမြင့်ကြိုင်တို့ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံး ရမန်ဖြင့် ယခုအခါ အင်းစိန်ထောင်ထဲတွင် ဆက်လက် ထိန်းသိမ်းထားကာ၊ ယခုလ ၁၈ ရက်နေ့တွင် တရားရုံး ထုတ်မည်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အမှုအတွက် ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဦးလှမျိုးမြင့်က လိုက်ပါ ဆောင်ရွက်သွားမည်။

Ref: မဇ္ဈိမ

Read More...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်- ၈/ ၀၅/ ၀၉

Read More...

ပြည်သူလူထုထံ မျက်နှာမူရန် လိုအပ်

မြင့်မောင်
ကြာသပတေးနေ့၊ မေလ 14 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် နေအိမ် အကျယ်ချုပ်မှ အကျဉ်းထောင်အတွင်း ထားရှိခံရကာ တရားစွဲဆို ခံနေရချိန်တွင် ပါတီ၏ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပါတီ၏ အခြေခံ မူဝါဒများအတိုင်း ဆက်လက်၍ ကိုင်စွဲကာ လုပ်ကိုင်သွားမည်ဟု ဆိုသည်။

သူက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်နှင့် ၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ် အသိအမှတ် ပြုရေးများ လိုအပ်နေဆဲ ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုထံ မျက်နှာမူသည့် လှုပ်ရှားမှုများ လုပ်ကိုင် သွားပါရန်နှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူလူထု အနေဖြင့် မတရားမှုကို ရင်ဆိုင်ရန် စိတ်ဓာတ် ရေးရာအားဖြင့် ဖောက်ထွက်ပါရန်လည်း ထပ်မံ ပြောဆိုလိုက်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား တဦး၏ ဖြစ်ရပ်၊ မြန်မာနိုင်ငံ တရား စီရင်ရေးအပေါ် သဘောထား၊ ဖောက်ထွက်ရေး အတွေး အခေါ်နှင့် ညီညွတ်ရေး အမြင်များကို မဇ္ဈိမ သတင်းထောက် မြင့်မောင်က ဆက်သွယ် မေးမြန်းရာတွင် တုံ့ပြန် ဖြေကြားခဲ့သည်များကို တင်ပြလိုက်ပါသည်။

ဒီနေ့ အဖြစ်အပျက်လေးကို ပြောပြပေးပါ ခင်ဗျ။


ဒီနေ့ အဖြစ်အပျက်က ဒီလိုဗျာ။ မနေ့တုန်းကဟာကိုပဲ အခြေခံပြီး ပြောရမှာပဲ။ မနေ့ ညနေ ၅ နာရီ လောက်မှာ ရှေ့နေကြီး ဦးကြည်ဝင်းကို လှမ်းပြီးတော့ ခေါ်တယ်။ မနက်ဖြန် ကျလို့ရှိရင် ဒေါ်စုကို တရားစွဲမယ်၊ ဒေါ်စုကို အင်းစိန်ကို တရားစွဲမယ်၊ တရားစွဲဖို့ အတွက် မနက် ၇ နာရီမှာ ဒေါ်စုကို လာခေါ်မယ်၊ ဒေါ်စုနဲ့အတူ အိမ်မှာနေတဲ့ အမျိုးသမီး နှစ်ဦးကိုပါ ခေါ်သွားမယ်၊ အဲဒီအတွက် အိမ်မှာ အိမ်စောင့်တွေ ဘာတွေ ရှာထားပါ၊ ဘာကြောင့်လဲ ဆိုတော့ ဒေါ်စုကို သူ့အိမ်ကို ပြန်မပို့ဘူး ဆိုပြီးတော့ ပြောတယ်။ ဒါက မနေ့တုန်းက ဖြစ်တဲ့ အဖြစ်အပျက်။

အဲဒီတော့ ဒီနေ့မနက်ကျတော့ ဒေါ်စုကို လာခေါ်သွားတယ်။ အင်းစိန် တရားရုံးမှာ တင်တယ်ပေါ့လေ။ ရှေ့နေတွေကလည်း သူ့ဘာသာသူ သွားရတယ်။ ရုံးမှာကျ ဦးကြည်ဝင်းနဲ့ ဒေါ်စုနဲ့ ခဏတွေ့တယ်။ ဒါပေမယ့် ရုံးရဲ့ အနေအထားက ဘယ်လိုလဲ ဆိုလို့ရှိရင် တရားရုံးမှာ ရှေ့နေတွေက နေပြီးတော့ ပါဝါလွှဲ စာတွေတောင် မတင်နိုင်ဘူး။ တရားသူကြီးက ရုံးခန်းပေါ် တက်လာပြီးတော့ ၁၈ ရက်နေ့မှာ ရုံးချိန်းရှိတယ်လို့ ပြောပြီးတော့ ဆင်းချသွားတယ်။

အန်ကယ် ဦးကြည်ဝင်းနဲ့ အန်တီ စု တွေ့တဲ့အခါမှာ ဘာတွေများ ပြောခဲ့ကြလဲခင်ဗျ။

အပြင်ကိစ္စတွေ ဘာမှ ပြောခွင့် မရခဲ့ဘူး။ သူတို့ဘေးမှာလည်း ထောက်လှမ်းရေး တွေနဲ့။ ပြောတဲ့ဟာကတော့ အမှုကိစ္စပဲ။ ရှေ့နေက ၃ ဦး လုပ်မယ်။ ဦးကြည်ဝင်းရယ်၊ ဦးကြည်ဝင်းရဲ့ လက်ထောက်ရယ်၊ ဦးဉာဏ်ဝင်းရယ်။ ဒါပေမယ့် ဒီနေ့ ဦးဉာဏ်ဝင်းက အတွင်းကို ဝင်လို့မရဘူး၊ ရုံးကို သွားလို့ မရဘူး။ ခွင့်မပြုဘူး။ ဦးကြည်ဝင်းနဲ့ ဦးကြည်ဝင်းရဲ့ လက်ထောက်ပဲ ဝင်လို့ရတယ်။

အဲဒီတော့ ဒီလို ရှေ့နေလိုက်မယ့်ကိစ္စ၊ ပါဝါလွှဲမယ့် ကိစ္စ၊ ဒါလေးပဲ ပြောဆိုနိုင်ခဲ့ပြီး ကျန်တဲ့ ကိစ္စကိုတော့ ဒေါ်စုနဲ့ ပြောရခြင်း မရှိဘူးလို့ ပြောတယ်ခင်ဗျ။

ဘာမှ ပြောဆိုနိုင်တာမျိုး မရှိဘဲ ၁၈ ရက်နေ့ ရက်ချိန်းပေးလိုက်တာနဲ့ စစ်အစိုးရဘက်က တဖက်သတ် သတင်းထုတ်ပြန်တဲ့အပေါ် ဘယ်လိုမြင်လဲဗျ။

ဘာမှ ကျေနပ်စရာကောင်းတဲ့ အနေအထား မရှိဘူးလို့ ကျနော်တော့ ပြောချင်တယ်။ ပထမဆုံး စပြောချင်တာက သတင်းထုတ်ပြန်တဲ့ ပုံသဏ္ဍာန်ပေါ့ဗျာ။ ကျနော်တို့က ဘာလဲဆိုရင် တရားခံ တယောက်ကို ဖမ်း၊ ဖမ်းလို့ ရပါတယ်။ ဥပဒေနဲ့ ငြိတယ်ဆိုရင် တရားရုံးမှာ တင်နိုင်တယ်။ ဒါ သဘောတူတယ်၊ ကျနော်တို့ ဘာမှ ပြောစရာ မရှိဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့၊ သင့်တင့် လျောက်ပတ်တဲ့ သတင်းထုတ်ပြန်မှုတော့ ရှိရမယ်။ တရားခံကို ဘာပုဒ်မနဲ့ ဖမ်းတယ်၊ ဘယ်ရုံးမှာ တရားစွဲမယ်၊ နောက်တခုက ဘယ်နေရာမှာ ထားတယ်ဆိုတာတော့ ပြောရမယ်ဗျ။ အချုပ်နဲ့ ထားသလား၊ အင်းစိန်ထောင်ထဲမှာ ထားသလား၊ ဒါမှမဟုတ် ထောက်လှမ်းရေး စခန်းတခုမှာ ထားသလား။ ဒါက ပြောကို ပြောရမယ်။ နောက်တခါ ဘယ်နေ့ ဘယ်ရက်မှာ ရုံးချိန်းပေးတယ် ဆိုတာတွေကို စနစ်တကျ ပြောရမယ်။ ဒါက သတင်းပြန်ကြားမှုနဲ့ ပတ်သက်တာ။ အဲဒီ ပြန်ကြားမှုမှာလည်း အစိုးရဟာ အများကြီး ပျက်ကွက်နေတယ်။ မပြည့်မစုံ၊ မလုံမလောက်နဲ့၊ တွန့်တွန့် ဆုတ်ဆုတ်နဲ့၊ တွန့်တွန့် တိုတို လုပ်နေတယ်လို့ ပြောချင်တယ်။ ဒါဟာ မှားယွင်းတဲ့ သဘောထား၊ မှားယွင်းတဲ့ အပြုအမူ၊ မှားယွင်းတဲ့ အကျင့်အကြံလို့ ပြောချင်တယ်။

နောက် တရားစွဲတဲ့ကိစ္စ၊ သူတို့ ပြောတဲ့ စကားလုံးက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂၊ အဲဒီအရ တရားစွဲတာကိုး။ ဒီဟာနဲ့ ပတ်သက်လို့ တရားစွဲတာက စွဲ။ ဒါပေမယ့် ကျနော်တို့က တရားစွဲတာ မှားတယ်လို့ ယူဆတယ်လေ။ ဒေါ်စုမှာ ဘာမှ အပြစ်မရှိဘူးလို့ ယူဆတယ်။ ဒါကို ကျနော်တို့ ကြေညာချက်ထဲမှာ အတိအကျ ပြောထားတယ်။

နောက်တခုက ရှင်းရှင်းပြောရရင် တရားစီရင်ရေး တခုလုံးကို ကျနော်တို့က မယုံဘူး။ တရားစီရင်ရေးဟာ သင့်တင့် လျောက်ပတ်တဲ့၊ တရားမျှတတဲ့၊ တရားဥပဒေ စိုးမိုးမှု ရှိတဲ့ တရားစီရင်ရေး မဟုတ်ဘူးလို့ ယူဆတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အရေးကိစ္စ ပေါ်လာမှ ကျနော်တို့ ပြောတာ မဟုတ်ဘူး။ မင်းကိုနိုင်တို့ ကျောင်းသား ခေါင်းဆောင်တွေ၊ ခွန်ထွန်းဦးတို့ တိုင်းရင်းသား ခေါင်းဆောင်များ အရေးကိစ္စတွေ၊ အမှုကိစ္စတွေ အပါအဝင် ကျန်တဲ့ အခြားအခြားသော အန်အယ်ဒီ လူငယ်တွေ၊ သံဃာတော်တွေ၊ ဒါတွေ တလျှောက်လုံး တနှစ်လောက်အတွင်းမှာ ဖြစ်ပျက်နေတဲ့ တရား စီရင်ရေးတွေဟာ ဒီလောက် ကမောက်ကမ ဖြစ်နေတယ်၊ ဒီလောက်အထိ တရားမဲ့နေတယ်၊ ဒီလောက်အထိ ဥပဒေမဲ့ လုပ်နေတယ်၊ ဒီလောက်အထိ ထင်ရာ လုပ်နေတယ်ဆိုတာ ထင်ရှားတယ်။

အဲဒါကြောင့် အမှန်အတိုင်း ပြောရရင် ဒီတရားစီရင်ရေးကို ကျနော်တို့က အယုံအကြည် မရှိဘူးဗျ။ ရှင်းရှင်းပြောရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စ ပေါ်လာလို့ ကျနော်တို့ ပြောတာ မဟုတ်ဘူး။ ခုနပြောသလို လူပေါင်းများစွာ၊ နေရာပေါင်းများစွာ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာ သူတို့ ဘယ်လိုလုပ်မယ် ဆိုတာကိုလည်း ကျနော်တို့ အယုံအကြည် မရှိဘူး။ တရားစီရင်ရေးဟာ မျှတတဲ့ တရားစီရင်ရေး၊ စစ်မှန်တဲ့ တရားစီရင်ရေး မဟုတ်ဘူးလို့ ကျနော်တို့က ထင်နေတယ်။

ကျနော်တို့ သဘောထားကတော့ ဒီကနေ့ ကြေညာချက်ထဲမှာ အတိအလင်း ပါပြီးသား။ ဒေါ်စုမှာ အပြစ်မရှိဘူးလို့ ကျနော်တို့က ယုံတယ်။ နောက်တခုက ဒေါ်စုကို တရားစွဲတာ မှားတယ်လို့ ကျနော်တို့က ယုံတယ်။ နောက်တခုက ဒေါ်စုကို တရားစီရင်မှု မလုပ်သင့်ဘူးလို့ ယူဆတယ်။ အဲဒါပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စစ်အစိုးရက တာဝန်ယူထားတယ် ဆိုတော့ လုံခြုံရေး လစ်ဟာမှုကြောင့်လို့ ပြောချင်တာလားခင်ဗျ။

လွန်ခဲ့တဲ့ တပတ်၊ ကြာသပတေးနေ့မှာ စပြီးတော့ သတင်းကြေညာလိုက်တယ်။ အမေရိကန် နိုင်ငံသားက ရေကူးပြီး ခြံထဲကို ဝင်တဲ့ကိစ္စအတွက် ကျနော့်ကို မီဒီယာတွေက အင်တာဗျူးတဲ့အခါ ကျနော် ပြောခဲ့တဲ့အချက် နှစ်ချက် ရှိတယ်ဗျနော်။

အဲဒါ ဘာလဲဆိုရင် ဒေါ်စု ခြံဆိုတာက ရှင်းရှင်းပြောရရင် ထောင်ပဲဗျ။ ခြံဘေးမှာ အစောင့်တွေရှိတယ်၊ ကန်ဘက်မှာ အစောင့်တွေရှိတယ်၊ အင်းလျားကန်မှာ ချထားတယ်၊ ရဲတွေ ချထားတယ်။ တက္ကသိုလ် ရိပ်သာလမ်းပေါ်မှာ အစောင့်တွေ ချထားတယ်၊ ကင်းတွေ ချထားတယ်။ အိမ်ထဲမှာလည်း ရဲ စခန်းရှိတယ်။ အိမ်ကိုလည်း သော့ခတ်ထားတယ်။ အဲဒီတော့ ဒီလောက်လုပ်ထားတဲ့ ကြားထဲကနေပြီးတော့ ဝင်တယ်ဆိုရင် ဒါဟာ အစိုးရရဲ့ ညံ့ဖျင်းမှုပဲ။ လုံခြုံရေး ပျက်ကွက်မှုပဲ။ အကျဉ်းသားကို စောင့်ရှောက်တဲ့အခါ လုံခြုံရေး ပျက်ကွက်တာက အစိုးရရဲ့ တာဝန်ပျက်ကွက်မှုပဲ။

အမေရိကန်တယောက် ဝင်လာသည်ဖြစ်စေ၊ ဒီပဲယင်းက လူတယောက် ဝင်လာသည်ဖြစ်စေ ဘယ်လို သွားတားမလဲ။ အကျဉ်းသားရဲ့ လုံခြုံရေးဟာ အလွန် အင်မတန်ကို စိုးရိမ်စရာ အန္တရာယ် ရောက်သွားတယ်လို့ ကျနော်တို့ ပြောလို့ ရတယ်။ ဒါကို တချက်အနေနဲ့ ပြောခဲ့တယ်။

နောက်တခုက ဒီလိုဆိုရင် ဒီလိုပျက်ကွက်မှုတွေ ကြားထဲမှာ ဒေါ်စုကို အမှု လုပ်ချင်နေသလားလို့။ ဒေါ်စုက မေလ ၂၇ ရက်နေ့မှာ လွတ်ရက်က စေ့နေပြီ။ အဲဒီ လွတ်မယ့်သူကို အမှုဆင်ဖို့ ကြံတာလား။ ကျနော် ဒီ နှစ်ချက် ပြောခဲ့တယ်ဗျ။ ဒီဗီဘီတို့၊ ဗီအိုအေတို့မှာ ကျနော် ပြောခဲ့တယ်။ ကျနော့်သဘောထားက ရှင်းနေတာပဲ။ ဒီအတိုင်းပဲ သဘောထားတယ်။ လွယ်လွယ်ကူကူနဲ့ ဖြစ်ရိုးဖြစ်စဉ် တရားစွဲတာပဲ ဆိုပြီး လက်မခံနိုင်ဘူး၊ သည်းမခံနိုင်ဘူး။

လွတ်ရက်နီးမှ အခုလို ဖြစ်လာတဲ့အပေါ် ဘယ်လိုခံစားရတယ်၊ ထင်မြင်ရတယ်ဆိုတာလေး ပြောပြပေးပါ ခင်ဗျ။

အမှုကြီးတခုလုံးရဲ့ ဖြစ်ပုံကို ကျနော် ပြောမယ်။ သာမန်အားဖြင့် အစိုးရဟာ အရေးကြီးဖြစ်တဲ့ ဖြစ်ရပ်မျိုး ပေါ်ပေါက်လာရင် ချက်ချင်း သတင်းထုတ်ပြန်သင့်တယ်။ ဥပမာဗျာ - ကေအန်ယူ ခေါင်းဆောင်တယောက် ဖမ်းမိတယ်၊ လက်နက်ချတယ် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ သူတို့က အချိန်ယူ စဉ်းစားတယ်ဗျ။ သတင်းစာရှင်းလင်းပွဲ ဘယ်လို လုပ်ရမလဲ။ စဉ်းစားပြီးတော့မှ ဒီအမှုကို ကြေညာတယ်။ ခေါင်းဆောင်တယောက်၊ သူပုန်ယောက် မိလာလို့ ချက်ချင်း ဘယ်တော့မှ မကြေညာဘူးဗျ။ အခု ဒီကိစ္စမှာက ချက်ချင်း သိ၊ ချက်ချင်း ကြေညာတယ်။ လုပ်ပုံကို ပြောတာက။ နောက် အဲဒါဖြစ်ပြီးတာနဲ့ ချက်ချင်း ဒေါက်တာတင်မျိုးဝင်းကို ဖမ်းတယ်။ ဒေါ်စုကိုလည်း ဖမ်းပြီးတော့ တရားစွဲတယ်။ ထောင်ချတယ်ဆိုတာက ဒီကောက်ချက်တွေက သိပ်မှန်တယ်ဗျ။ --- အဲဒါကို ဆက်ပြီးတော့ ကျနော် ဟောကိန်း ထုတ်ရမယ်ဆိုရင်၊ ပြောရမယ်ဆိုရင် ဒေါ်စုကို ဒီ ၂၇ ရက်နေ့မတိုင်ခင် သူတို့ အမိန့်ချရမယ်ဗျ။ သူတို့ ကြံရွယ်ချက်ကြီး အတိုင်းပဲ တွန်းလုပ်နေတယ်။

ဘာလို့တွန်းလုပ်သလဲဆိုတာ ကျနော် ပြောနိုင်တယ်။ အဲလိုမှ တွန်းမလုပ်ဘူးဆိုရင် ဒေါ်စုကို ၂၇ ရက်နေ့မှာ လွှတ်ပေးရမယ်ဗျ။ အဲဒီတော့ အခုအခါကျတော့ အမှုကိုရင်ဆိုင်နေရတဲ့ အခါကျတော့၊ တရားရင်ဆိုင်ရတဲ့ အခါကျတော့ နေအိမ်ကို ပြန်ပို့ရမယ်။ လွတ်လပ်စွာ တွေ့ရမယ်။ သူဟာ အကျဉ်းသား မဟုတ်တော့ဘူးဗျ။ ၂၇ ရက်နေ့ ကျော်သွားရင် ဒေါ်စုဟာ လွတ်လပ်တဲ့သူ ဖြစ်သွားပြီ။ ပထမ ထိန်းသိမ်းထားတဲ့ အမှုကနေ လွတ်သွားပြီ။ လွတ်လပ်သူသည် လွတ်လပ်စွာ တရားစီရင်ခြင်းကို ရင်ဆိုင်နိုင်ရမယ်။ အဲလို အနေအထားမှာ ရှိတယ်။ အဲဒါကြောင့် ကျနော့် အထင်ကတော့ သူတို့က တွန်းလုပ်ပြီး ၂၇ ရက်နေ့ မတိုင်ခင်မှာ ဒေါ်စုကို ပြစ်ဒဏ် ချလိမ့်မယ်လို့ ထင်နေတယ်ဗျ။

ရေကူးဝင်တဲ့သူက ၂၀၀၈ ခုနှစ်တုန်းကလည်း တကြိမ် ဝင်ခဲ့သေးတယ်လို့ သတင်းတွေ ထွက်တာမျိုးလည်း ကြားရတယ်ဗျ။ အန်ကယ်တို့ရော ဘယ်လိုသိထားလဲခင်ဗျ။

ကျနော်တို့တော့ မသိဘူးဗျ။ ကျနော်က နှစ်ကုန်ခါနီး နောက်ပိုင်းမှ ထောင်ထဲက လွတ်လာတာကိုး။ နောက်တခုရှိတာက ဟုတ်တယ်လည်း မထင်ဘူး၊ သိလည်း မသိဘူး။ အခု ဒေါက်တာတင်မျိုးဝင်းကို ဖမ်းတဲ့နေရာမှာ ဒီကိစ္စဟာ အရင်တုန်းကဟာနဲ့ ပတ်သက်တယ် ဆိုပြီးတော့လည်း သူတို့ ပြောဆို နေကြတယ်။ အဲဒီတုန်းကလည်း ဒီလူဟာ အခုလို လုပ်ခဲ့တယ်ဆိုရင်၊ ပထမ တခါတုန်းကလည်း ဒေါ်စုဟာ အကျယ်ချုပ် ကျခံနေရတာပဲလေ။ ပထမ အကြိမ်တုန်းကလည်း ဥပဒေပုဒ်မ ၇ အရ နိုင်ငံခြားသားနဲ့ မတွေ့ရဘူး၊ နိုင်ငံရေးသမားနဲ့ မတွေ့ရဘူး၊ နေအိမ်မှာ နေရမယ်ဆိုတဲ့ သူ့ရဲ့ ကန့်သတ် ချုပ်ချယ်မှုကလည်း အဲဒီအချိန်တုန်း ကလည်း ရှိတာပဲ။ အဲဒါဆိုရင် ပထမ အကြိမ်တုန်းကလည်း သူတို့ ဘာဖြစ်လို့ အရေးမယူလဲ။ သူတို့ မသိဘဲ ဘယ်နေမလဲ။

သူတို့ မသိဘဲ လွတ်သွားတယ်ဆိုရင်၊ ဒီသတင်းက ရှိနေတယ်ဆိုရင်၊ အခုတောင်မှ အရပ်ထဲမှာ ပြောနေရအောင် ဖြစ်တယ်မှန်တယ်ဆိုရင် ဘာဖြစ်လို့ သူတို့ အရေးမယူသလဲ။ ဘာဖြစ်လို့ နောက်တခါ ဒီလူကို သွင်းလာသလဲ။ အဲလိုဆိုရင် ရိုးရိုးသားသား ဖြစ်တဲ့ဟာလား။ ပထမတခါတုန်းက ဖြစ်ရဲ့သားနဲ့ အရေးမယူဘူး။ အရေးမယူတဲ့အပြင် နောက်တခါ ဒုတိယအကြိမ် ပြန်ဝင်လာတော့လည်း ဘာဖြစ်လို့ ဝင်ခွင့်ပေးလဲ။ အစိုးရက ဗီဇာဝင်ခွင့် မပေးရင် ဒီလူဟာ ဝင်လာလို့ မရဘူး။ သူ့ဟာသူ ပညာရှင် အနေနဲ့ဖြစ်ဖြစ်၊ သတင်းစာဆရာ အနေနဲ့ဖြစ်ဖြစ် တိုးရစ်ဗီဇာနဲ့ ပြည်တွင်း ဝင်လာလို့ရှိရင် အစိုးရ ခွင့်ပြုချက် မရှိရင် ဝင်လာလို့ မရဘူး။ အဲဒါကို ဝင်လာတယ်ဆိုတော့ ဘာသဘောလဲ။ အဲဒီတော့ ဒီဟာကြီး တခုလုံးကို လုပ်ကြံမှု အနေနဲ့လည်း ယူဆတယ်။ ဒါကြီးတခုလုံးကို လက်မခံဘူး။ အဲဒါမျိုး ဖြစ်တာမျိုး မှန်တယ် ဆိုရင်လည်း ဒါဟာ အစိုးရတာဝန်သာ ဖြစ်တယ်။ ပထမတခါ ဖြစ်ခဲ့တယ်ဆိုရင် သင့်တင့် လျောက်ပတ်တဲ့ ပုံစံနဲ့ အရေးယူရမယ်၊ ဒါမှမဟုတ် ပြန်ဝင်လာရင် တားရမယ်။ သူက အကွက်ဆင်ပြီး လုပ်နေတယ်လို့ပဲ ကျနော်က ပြောရမှာပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလို လုံခြုံရေး လစ်ဟာတဲ့ အပြင် တရားစွဲခံရတဲ့ အထိပါ လုပ်လာတာကို ပါတီခေါင်းဆောင် တယောက်အနေနဲ့ ဘယ်လိုခံစားရတယ်၊ အမှုအတွက် ဘယ်လို မျှော်လင့်ထားတယ် ဆိုတာ သိချင်ပါတယ်။

ကျနော်တို့ ခေါင်းဆောင်တယောက်ဟာ၊ ကျနော်တို့ ခေါင်းဆောင် ဆိုတာက ရိုးရိုး ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ခေါင်းဆောင် မဟုတ်ဘူးဗျ။ မြန်မာပြည်တင် မကဘဲ ကမ္ဘာ့လူထုက ပါ ဝိုင်းရံထားတဲ့ ခေါင်းဆောင်။ ဒီလိုခေါင်းဆောင် တယောက်ဟာ ထောင်ထဲ ဝင်ရမယ်ဆိုတော့ ကျနော်တို့ အနေနဲ့ အလွန်ကို စိတ်ပျက် အားငယ်ခြင်း ဖြစ်ရတယ်ပေါ့ဗျာ။ ခေါင်းဆောင်ကောင်း တယောက် ဆုံးရှုံးတာ။ ဒါက တခု။ နောက်ပြီးတော့ ဒီခေါင်းဆောင်ဟာ အလုပ်မရှိ ထိုင်ပြီးတော့ နေရာကနေ ထောင်ထဲ ရောက်သွားတာ မဟုတ်ဘူး။ နိုင်ငံရေး ဦးဆောင်မှုတွေ ပေးနေရာကနေ ရောက်သွားတာ။ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်။ တကယ်လည်း ဦးဆောင်မှုပေးနိုင်တဲ့ ပုဂ္ဂိုလ်၊ တကယ်လည်း နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်း နိုင်လောက်တဲ့ နိုင်ငံရေး သြဇာရှိတဲ့ ပုဂ္ဂိုလ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ကျနော်တို့ ဆုံးရှုံးတယ် ဆိုတော့ ကျနော်တို့ သွားနေတဲ့ နိုင်ငံရေး လမ်းကြောင်းအနေနဲ့ အလွန်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်၊ တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းမှာ ထိုင်မယ့်သူက ဒေါ်အောင်ဆန်းစုကြည်။ တခြားသူ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်စုကြည်။ ဒီ ပုဂ္ဂိုလ်မျိုးကို ဆွဲထုတ်လိုက်တာက ရှင်းရှင်းပြောရရင် ကျနော်တို့ နိုင်ငံရေး လမ်းကြောင်းက ပျက်သွားသလို ဖြစ်တယ်လို့ ခံစားရတယ်။ ဒါက တခုပေါ့။

ကျနော့်အနေနဲ့ ထောင်ထဲမှာ နှစ်ပေါင်း ၂ဝ ထောင်ထဲမှာ နေခဲ့ဖူးသူ လူတယောက် အနေနဲ့ ကြည့်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပုဂ္ဂိုလ်ရေး ခံစားမှုတွေက သိပ်ပြီးတော့ စာနာမိတယ်။ ဒီအချိန်မှာ ဒီလောက်ထိ လုပ်တာ တရားလွန်ပြီ။ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲမှာ နေရတဲ့ဟာ နှစ်ပေါင်း ရေမယ်ဆိုရင် သူလည်း နှစ်ပေါင်း တော်တော်များပြီ။ အခုလည်း နောက်ထပ် ထပ်ကျမယ်ဆိုရင် နှစ်ပေါင်း ၂ဝ တောင် ကျော်သွားတော့မယ့် အနေအထားတောင် ရှိနေပြီ။ အဲဒါကြောင့် ဒီလို ပုဂ္ဂိုလ်မျိုး၊ လူတယောက် အနေနဲ့လည်း ကျနော် စာနာတယ်။ နိုင်ငံရေးသမား တယောက်အနေနဲ့ မကဘူး၊ လူတယောက် အနေနဲ့ စဉ်းစားတဲ့ အခါကျတော့ သူ့မှာ သားတွေနဲ့၊ သူ့မှာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး လုပ်ငန်းတွေ ရှိတယ်။ သူ့ရဲ့ ပုဂ္ဂိုလ်ရေး အစီအမံတွေ ရှိတယ်။ သူ့ရဲ့ လေ့လာမှုတွေ၊ သူ့ရဲ့ လုပ်ငန်းတွေ ရှိတယ်။ ဒါတွေ အကုန်လုံးကို စွန့်လွှတ်ပြီး ထောင်ထဲမှာ နေရတာ နည်းတာ မဟုတ်ဘူး။ အခုပဲ ကြည့်လေ၊ ၆ နှစ် ပြည့်သွားပြီ၊ ၆ နှစ်စေ့သွားပြီ၊ တရားလွန်တယ်လို့ ထင်တယ်ဗျာ။

ဒေါ်အောင်ဆန်းစုကြည်က သွားတွေ့တာမျိုး မဟုတ်ဘဲ၊ ကိုယ့်အိမ်ထဲမှာ နေနေတာကိုတောင် ခဲမှန်တဲ့ ပုံစံမျိုးဖြစ်ရတဲ့ အပေါ်မှာ ဘယ်လို မြင်ပါသလဲ။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြောမယ်ဆိုလို့ရှိရင် ကိုယ့်အိမ်ထဲမှာ နေတဲ့ လူတယောက် ဒီလိုဟာမျိုး လုပ်တယ် ဆိုတာက တရားဥပဒေ စိုးမိုမှု မရှိတဲ့ နိုင်ငံမှာသာ ဖြစ်နိုင်တာကိုး။ သူလို တိုင်းသူပြည်သား တယောက်အနေနဲ့ ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်လုပ်ငန်း ကိုယ်လုပ်နေတဲ့ လူတယောက်ဟာ ဆိုလို့ရှိရင် ဖြစ်စရာအကြောင်း မရှိဘူး။ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တဲ့ နိုင်ငံတွေမျိုးမှာသာ ဒီလိုဟာမျိုးတွေ ဖြစ်တာ။

ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း အကျဉ်းကျနေတဲ့ သူတဦးဖြစ်တယ် ဆိုသော်ငြားလည်း သူဟာ ရှင်းရှင်းပြောရရင် သူ့ရဲ့အနေအထားက ကိုယ့်အိမ်ထဲမှာ အကျဉ်းကျခံနေတာ၊ လုံခြုံရေး အထပ်ထပ် ချထားတဲ့အထဲ အကျဉ်းကျတာ။ ဒီလိုကိစ္စမျိုး ပေါ်တယ်ဆိုတာဟာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ခြင်း၊ လုံခြုံမှု ကင်းမဲ့ခြင်း၊ လုံခြုံစွာ စောင့်ရှောက်မှု ကင်းမဲ့ခြင်း ဆိုတာတွေတင် မကဘူး။ မတရား လုပ်ကြံ ဖန်တီးမှုတွေရဲ့ တိုးနှက်ချက်တွေ ခံရခြင်း ဆိုတာတွေလည်း ပါလာတယ်။ သူတို့က သူတို့ဘာသာ စီမံချင်သလို စီမံ၊ လုံခြုံမှု ကင်းမဲ့ရုံတင် မဟုတ်ဘူး။ လုပ်ကြံမှုတွေပါ ခံရတယ်လို့ ကျနော်က ထင်မြင်တယ်။ အဲလိုပဲ ခံစားရတယ်။

အခုဖြစ်ရပ်က အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေးရေး အပေါ် ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ယူဆပါသလဲ။

စောစောက ကျနော်ပြောခဲ့သလိုပဲဗျာ။ ဒေါ်စုဟာ တွေ့ဆုံဆွေးနွေးပွဲ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲတွေ၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရေးတွေ အပေါ်မှာ အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်၊ အလွန် စွမ်းရည် ထက်မြက်တဲ့ ပုဂ္ဂိုလ်၊ အလွန် ဦးဆောင်မှု ကြီးမားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဘာပဲပြောပြော ကျနော်တို့မှာ အများကြီး ဆုံးရှုံးသွားတာပေါ့ဗျာ။ ကျနော်တို့ မျှော်မှန်းချက်တွေလည်း ဆုံးရှုံးသွားပြီးပေါ့ဗျာ။ သို့သော် ဒီဟာနဲ့ ပတ်သတ်လို့ စောစောက ကျနော်ပြောတဲ့ အတိုင်းပဲ ကျနော်တို့ကတော့ ဒီလိုင်းကို ကျနော်တို့ မစွန့်ဘူး၊ ဒီမျှော်မှန်းချက်ကိုလည်း ကျနော်တို့ မစွန့်ဘူး။ ဒါတွေက ကျနော်တို့ ဆက်လုပ်သွားမှာပဲ။

သို့သော် ဒေါ်စု မရှိတဲ့အတွက် ရာခိုင်နှုန်း တော်တော်ကြီး၊ များများကြီး ကျနော်တို့မှာ ဆုံးရှုံးသွားတယ်။ ကျနော်တို့မှာ နစ်နာသွားတယ်။ ကျနော်တို့မှာ လျော့ပါးသွားတယ်လို့ ပြောလို့ရတယ်။ အဲလိုပဲ ယူဆလို့ ရတယ်။ ရှေ့ အလားအလာတွေ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပြဿနာများ၊ မြန်မာပြည်ရဲ့ နိုင်ငံရေး ပြဿနာများ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အလား အလာများဟာ အလွန်ကို မှေးမှိန်သွားတယ်။ အလွန်ကို အားနည်း သွားတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ အားလျော့ သွားသော်ငြားလည်းပဲ၊ အားနည်း သွားသော်ငြားလည်းပဲ လုပ်စရာ ရှိတာကို ဆက်ရမှာပဲ။ ဒီလိုင်းကို မစွန့်ဘူး။ တိုင်းပြည်မှာ ဒီနည်းနဲ့ပဲ ဖြေရှင်းမယ်။ တခြားတခြားသော နည်းလမ်းတွေနဲ့ ဖြေရှင်းမယ် ဆိုရင်လည်း ဖြစ်နိုင်ချေ မရှိဘူး၊ ဖြစ်ဖို့လည်း မကောင်းဘူးလို့ ကျနော်တို့ ယူဆတဲ့အတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုတော့ စွန့်မှာ မဟုတ်ဘူး။ အစိုးရက ပျက်အောင်လို့ ဘယ်လိုပဲ ပိတ်ဆို့ ပိတ်ဆို့၊ ဘယ်လိုပဲ နှောင့်ယှက်ဟန့်တား ဟန့်တား၊ ကျနော်တို့က ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက် နေတာနဲ့အတူ ဒေါ်စုလို ပုဂ္ဂိုလ်၊ ကျနော်တို့ရဲ့ ခေါင်းဆောင် လွှတ်ပေးဖို့ ဆိုတာကို ဆက်တောင်းဆိုနေမှပဲ။ ဒေါ်စုနဲ့အတူဖြစ်တဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင် ဦးတင်ဦးတို့၊ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ ပုဂ္ဂိုလ်မျိုးတွေ၊ ကျောင်းသား ခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင်လို ပုဂ္ဂိုလ်မျိုးတွေ ဆက်လွတ်ဖို့ရာ အတွက် ဆက်တောင်း နေမှာပဲခင်ဗျာ။ ကျနော်တို့ လုပ်ငန်းကို ကျနော်တို့ လုပ်သွားမှာပဲ။ ဒါကတော့ ကျနော်တို့ ဒေါ်စုရှိလို့ မရှိလို့ဆိုတဲ့ ဟာပေါ်မှာ မကြည့်ဘူး။ ဒါကတော့ ကျနော်တို့ အား ဘယ်လောက်ပဲ လျော့လျော့ ကျနော်တို့ရဲ့ လုပ်ငန်းကို ကျနော်တို့ ဆက်ကိုင် ထားမှာပဲလို့ ပြောချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အခုလို တရားရင်ဆိုင်နေရတဲ့ အပေါ်မှာ အန်အယ်ဒီကရော ဘယ်လိုမျိုး ရပ်တည်ပြီး၊ ဘယ်လောက် ရုန်းကန်သွားရမယ်လို့ ပြောနိုင်မလဲခင်ဗျ။

ဒါကတော့ ခုန ကျနော် ပြောသလို ကျနော်တို့ လုပ်မြဲ အလုပ်တွေကတော့ ကျနော်တို့ လုပ်မှာပဲ။ ကျနော် အကြိမ်ကြိမ် ပြောသလိုပါပဲ။ ဒီရက်အတွင်းမှာပဲ ကျနော် အများကြီး ပြောပါတယ်။ ကျနော်တို့ရဲ့ အခြေခံမူဝါဒတွေ ဖြစ်တဲ့ ဒီမိုကရေစီရေး မူဝါဒတွေ၊ အခြေခံ မူဝါဒတွေ၊ မူလတရားတွေ ပေါ့ဗျာ။ အာဏာရှင် စနစ် ဆန့်ကျင်ရေးလို ဟာမျိုးတွေ၊ လူ့အခွင့်အရေး မျှော်မှန်းချက်တွေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေး လိုဟာတွေ၊ ခွင့်တူညီမျှရေးလို ဟာမျိုးတွေကို ကျနော်တို့ ဘာမှ စွန့်လွှတ်ခြင်း မရှိဘူး။ လုပ်မြဲလုပ်နေမှာပဲ။ အားပြတ်နေရင်လည်း ကျနော်တို့ လုပ်မြဲအတိုင်း လုပ်နေမှာပဲ။

ခုန ကျနော် ပြောသလိုပဲ။ ဒေါ်စု ကျနော်တို့ ခေါင်းဆောင်ကြီး ဒေါ်စု မရှိတာ နှစ်ပေါင်းများစွာ ကြာပြီဗျာ။ သို့သော် ကျနော်တို့ လုပ်မြဲ လုပ်နေတယ်။ သို့သော် အားကောင်းမောင်းသန် ဖြစ်ချင်မှတော့ ဖြစ်မယ်ပေါ့။ ဒါကတော့ မသိဘူး။ ကျနော်တို့ ကြည့်ရမှာပဲ။ သို့သော် အရှိန်အဟုန်တော့ မပျက်ပါဘူး။ ကျနော်တို့ ဆက်လုပ်ကြမှာပဲ။ ဆက်ပြီးတော့ ဆုံးဖြတ်ချက်တွေ ချသွားမှာပဲ။ အဲဒီတော့ ဒေါ်စု ဒီလို တရားရင်ဆိုင် နေရတဲ့ ကာလအတွင်းမှာ ကျနော်တို့ကတော့ ခုနပြောသလို ဒီတရား စွဲဆိုခြင်းသည် လုံးဝကို မှားယွင်းတယ်။ လုံးဝကို မမှန်ကန်ဘူး။ ဒေါ်စုမှာ လုံးဝကို အပြစ်မရှိဘူးလို့ တစ် ပြောမယ်။ နောက်တခုက ကောင်းပြီ၊ ဒီကြားထဲမှာပဲ သူတို့က တရားစွဲလာလို့ ရှိရင်လည်း ဒီတရားစီရင်ရေးဟာ မှန်ကန်တဲ့ တရားစီရင်ရေး ဟုတ်မှာ မဟုတ်ဘူး။

ကျနော်တို့ကလည်း တရားစီရင်ရေးကို အယုံအကြည် မရှိဘူး။ ရှေ့နေ ရှေ့ရပ်တွေနဲ့ သေချာ ကျကျနန တွေ့ဆုံ ဆွေးနွေးခွင့် ရှိရမယ်။ သတင်းထုတ်ပြန် ခွင့်တွေ မှန်ကန်တဲ့ သတင်း ထုတ်ပြန်မှုတွေ ရှိရမယ်။ နောက်ပြီး အများပြည်သူ ကြားနာနိုင်တဲ့ အနေအထားတွေ ရှိရမယ်ဆိုတာ ကျနော်တို့ ဆက်ပြောသွားမှာပဲ ခင်ဗျ။ ဒါကို ဆက်ပြောသွားမှာပဲ။

အဲဒီကနေတဆင့် ပြောရမယ်ဆိုရင် ကျနော်တို့ဟာ ကျနော်တို့ရဲ့ အလုပ်ကို လုပ်နေတဲ့အတွက် ကျနော်တို့ဟာ ကျနော်တို့ရဲ့ ပါတီလူထုတွေ၊ ကျနော်တို့ရဲ့ ကမ္ဘာ့လူထုတွေ၊ ဗမာပြည်က လူထုတွေ၊ အကုန်လုံးကို ပြောချင်တာက ဘာလဲဆိုရင် ကျနော်တို့က ကျနော်တို့အလုပ် ဆက်လုပ်နေမှာပဲ။ အောင်မြင်အောင်လည်း ဝိုင်းဝန်းကြပါ၊ ကျနော်တို့ကို ဝန်းရံကြပါ။ ဒေါ်စု ထောင်ကျနေတယ်၊ နောက်ထပ် ထောင်ကျ အုံးမယ်ဆိုရင်လည်း မတတ်နိုင်ဘူး။ ဒီလိုပေါ့ဗျာ၊ တိုင်းပြည်မှာ တရားဥပဒေမဲ့နေတဲ့ ခေတ်ကြီးမှာ ဒီလို အဖြစ်မျိုးတွေ ကြုံမှာပဲ။

အဲဒါအတွက် ကျနော်တို့မှာ ဘာမှ အားငယ်မနေဘူး။ ကျနော်တို့ လုပ်နိုင်တဲ့ဟာ လုပ်နေမှာပဲ။ အဲဒါကြောင့် ကျနော်တို့ကို ဝန်းရံကြပါ၊ ကျနော်တို့ကို ကူညီကြပါ၊ ကျနော်တို့ကို အားပေးကြပါ။ ဒါပဲ ကျနော်တို့ ပြောရမှာပဲ။ ပြောဖို့ ရှိတာပဲခင်ဗျ။

ပြည်သူလူထုကို ဝန်းရံကြပါ၊ အားပေးကြပါ ဆိုတဲ့အပေါ်မှာ ရှေ့ဆက်ပြီးတော့ ခြေလှမ်းသစ်ပေါ့နော်၊ နဂိုက ခြေလှမ်း ထပ်တိုးပြီးတော့များ လုပ်ဆောင်ဖို့ရာ ရှိပါသေးသလား ခင်ဗျ။

အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြောရမလဲဆိုတော့ ကျနော်တို့ကို လူတွေက ပြောကြတာပေါ့ဗျာ၊ လုပ်ကိုင်တာတွေနဲ့ ပတ်သက်ပြီးတော့ အားရတယ်တို့၊ အားမရဘူးတို့ ဒါက အများအမြင်။ ပြောခွင့်ပြုတယ်၊ ဝေဖန်ခွင့် ရှိတယ်။ ကျနော်တို့အပေါ်မှာ အားမရတဲ့ အခွင့်အရေးလည်း ရှိတယ်။ အားမရတဲ့ သဘော ရှိတာလည်း ကျနော်တို့ ဘာမှ မပြောလိုပါဘူး။ သို့သော် ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ လုပ်နေတာကတော့ လုပ်သင့်လုပ်ရမယ့် မူဝါဒတွေအတိုင်း ကျနော်တို့ လုပ်နေတာပဲ။

လွယ်လွယ်လေး ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ အခြေခံ ဝါဒက ခုနကပြောတဲ့ ယုံကြည်မှု တည်ဆောက်ရေးတို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ဟုတ်လား၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးတို့ဆိုတဲ့ မူဝါဒတွေ ရှိတယ်၊ အခြေခံ တရားတွေ။ အခြေခံ တောင်းဆိုချက်တွေ ရှိတယ်။ ဥပမာ စုလွှတ်တွေ့ လိုဟာမျိုးတွေ။ ဒေါ်စုနဲ့တကွ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဆိုတဲ့ ဟာမျိုးတွေ။ နောက်တော့ လွှတ်တော် ခေါ်ယူကျင်းပပေးရေး ဆိုတာတွေ၊ နောက်တခါ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရေးဆိုတဲ့ ဒီလို အခြေခံ တောင်းဆိုချက်တွေ ရှိတယ်ဗျ။

ဒါတွေဟာ ကျနော်တင်တယ်၊ လုံလောက်တဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ၊ နိုင်ငံရေး အစီအမံတွေ၊ နိုင်ငံရေး အစီအစဉ်တွေ၊ မူဝါဒ သဘောတရားတွေ၊ ဒါတွေ ကျနော်တို့မှာ အပြည့်အစုံ ရှိတယ်။ အဲဒီတော့ ကျနော်တို့ကို ပြည်သူလူထုက အားရတဲ့ အခါတွေ အားမရတဲ့ အခါတွေ ရှိမယ်လို့ထင်တယ်။ ဒါတွေကို ပြောမယ်ဆိုရင် ကျနော်တို့က ကျနော့်ကို ဥပမာအားဖြင့် လက်ညှိုး ထိုးမယ်ဆိုရင် ကျနော်က နောက်ကို လက်ညှိုးထိုးပြမယ်။ နောက်မှာ ကြည့်ပါအုံးဗျာ၊ နောက်မှာ စစ်အစိုးရကြီးက ကျနော်တို့ကို ဖိနှိပ်နေတယ်၊ ကျနော်တို့ကို ချုပ်ချယ်နေတယ်၊ ကျနော်တို့ကို ဟန့်တားနေတယ်၊ ကျနော်တို့ကို လည်ပင်း ညှစ်နေတယ်ပေါ့ဗျာ။ ဟုတ်လား။ အဲလိုပဲ ကျနော်တို့ ပြောရမှာပဲ။

ကျနော်တို့ လုပ်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာ အားနည်းချက်တွေ ရှိမယ်။ အဲဒီအားနည်းချက်တွေ ထဲမှာ ကျနော်တို့ ညံ့ဖျင်းမှုတွေ၊ ကျနော်တို့ ပျော့ညံ့မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါနဲ့အတူပဲ အစိုးရရဲ့ မတရား ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေကြောင့် ဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ အဲဒီတော့ ရှေ့လျှောက်လုပ်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ကလည်း ပြည်သူလူထု အနေနဲ့ ကျနော်တို့ကို ဝန်းရံကြပါ၊ ကျနော်တို့ကို ကူညီကြပါ၊ ကျနော်တို့ကို အားပေးကြပါလို့ ပြောတဲ့နေရာမှာ အလားတူပဲ ကျနော်တို့ ဝေဖန်ချက်တွေ ပေါ်လာနိုင်တယ်။ ခင်ဗျားတို့ လုပ်ငန်းတွေက၊ ခင်ဗျားတို့ အစီအမံတွေက ပျော့ညံ့တယ်၊ မှားယွင်းတယ်၊ တိမ်းချော်တယ် အဲလိုတွေ ပြောလာမယ်။ အဲလိုပြောလာတိုင်း ပြောလာတိုင်း ကျနော်ပြောတာက မှားလို့ရှိရင် ကျနော်တို့ ဝန်ခံမယ် ပြင်မယ်။ ဟုတ်လား။

ဒါပေမယ့် ကျနော်တို့ သွားနေတာကတော့ ဆက်သွားနေမှာပဲ။ အဲဒီဟာက ဘာလို့ ချို့ယွင်းနေလဲ၊ ဘာဖြစ်လို့ ညံ့ဖျင်းနေလဲ၊ ဘာဖြစ်လို့ ဒီလောက်ထိ တိမ်းချော်နေလဲ ကြည့်ရင် ခုန ကျနော်ပြောသလို နောက်က စစ်အစိုးရကို လက်ညှိးထိုးပြရမှာပဲ။ စစ်အစိုးရ ချုပ်ချယ်နေပါတယ်ဗျာ၊ စစ်အစိုးရ ဖိနှိပ်နေပါတယ်၊ စစ်အစိုးရက နေပြီးတော့ ကွပ်ညပ် နေပါတယ်ပေါ့ဗျာ။ ကျနော်ပြောချင်တာက ကျနော်တို့ လုပ်ငန်းတွေကို ထောက်ခံမှုနဲ့အတူ ဒီစစ်အစိုးရ ဆန့်ကျင်ရေး လုပ်ငန်းတွေကိုလည်း တိုးမြှင့်ပြီး လုပ်ကြပါ။ တိုင်းပြည်ကနေလည်း ပါဝင်ကြပါ။ စစ်အစိုးရကိုလည်း ဆန့််ကျင်ကြပါအုံး။ ကျနော်တို့ ပြောတာလည်း ကျနော်တို့ ခံမယ်။ ကျနော်တို့ မှားရင်လည်း ကျနော်တို့ ပြင်မယ်။

သို့သော် တချိန်တည်းမှာဘဲ စစ်အစိုးရကို ဆန့်ကျင်ဖို့ရာလည်း စဉ်းစားကြပါအုံး။ ပြည်သူလူထုက ဝိုင်းဝန်းကြပါ။ ပြည်သူလူထုက မဆန့်ကျင်ဘဲ ကျနော်တို့ကို ညံ့ဖျင်းလှချည်လားလို့ အပြစ်တင်လို့တော့ သိပ်ပြီးတော့ ပြည့်စုံတဲ့ အဖြေမျိုး ဘာခေါ်မလဲ အင်အားတွေ ရလာမှာ မဟုတ်ဘူး။ လုပ်ရပ်တွေ ပေါ်လာမှာ မဟုတ်ဘူးလို့တော့ ကျနော်တော့ အဲလိုပဲ ပြောချင်တယ်။

ဖောက်ထွက်ဖို့ရာ စဉ်းစားကြပါဆိုတဲ့ အနေအထားမျိုးမှာ အန်အယ်ဒီကရော ဘယ်တွေလုပ်ဖို့ အစီအစဉ်တွေ ရှိပါသလဲလို့ မေးရင်ရောခင်ဗျ။

ဒီဟာနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိနေမှာပါ။ ဒီစစ်အစိုးရဟာ တိုင်းပြည်မှာ အုပ်ချုပ်နေတာ နှစ်ပေါင်း ၂ဝ ကျော်ပြီပေါ့။ နှစ်ပေါင်း ၂ဝ ကျော်ပြီ။ နှစ်ပေါင်း ၂ဝ ကျော် ကာလမှာ ကျနော်တို့ ဖောက်ထွက်တယ် ဆိုတာက ကျနော် အခုမှ ပြောနေတာ မဟုတ်ဘူး။ ကျနော် ဟိုတုန်းကတည်းက ပြောနေတာ။ ဒါက စိတ်ဓာတ်ပဲဗျ။ ဖောက်ထွက်တဲ့ စိတ်ဓာတ် မွေးကြရမယ်လို့ ကျနော် ပြောနေတာ။ တံတားကြီး ရိုက်ချိုးဖို့ ပြောနေတာ မဟုတ်ဘူးဗျ။ အဲလိုပြောတော့ တချို့ အင်တာဗျူးတဲ့ လူတွေက ကျနော့်ကို မေးတယ်။ ခင်ဗျား ဖောက်ထွက်ရမယ်လို့ ပြောတယ်။ ဘယ်တော့ ဖောက်ထွက်မှာလဲ။ သို့သော် ခင်ဗျား ဖောက်ထွက်မယ့်နောက် လူဘယ်နှစ်ယောက် ပါမှာလဲ။ သို့မဟုတ် ခင်ဗျား ဖောက်ထွက်တာ ဘယ်ဘက်က ဖောက်မှာလဲ။ အဲဒီတော့ ကျနော် ပြောတာက မဟုတ်ဘူး။ ကျနော် နောက်ကို လှည့်မကြည့်ဘူး။ ကျနော့် နောက်မှာ လူဘယ်နှစ်ယောက်ပါတယ် မပါဘူးဆိုတာ အရေးမကြီးဘူး။

ကျနော်လုပ်နေတာက ကျနော်တို့ လုပ်နေတာက ပိတ်ဆို့နေတဲ့ အခါမျိုးမှာ လူတယောက်က တံခါးကနေ ဖောက်ထွက်ရမှာပဲ။ အဲဒီစိတ်ဓာတ် မွေးရမယ်။ ဘယ်နားမှာလဲတို့၊ ဘယ်အခန်းမှာလဲတို့၊ ဘယ်နံရံကြီး မှာလဲတို့ ပြောလို့မရဘူး။ တကယ်တော့ ဒါက အဓိကပဲ။ အဲဒီတော့ ကျနော် ပြောချင်တာက ဘာလဲဆိုတော့ ဒေါ်စုကိုယ်တိုင် ပင်လျှင် နံရံကြီးကို အကြိမ်ကြိမ် ဖောက်ထွက်နေတာပဲ။ ဟုတ်တယ်မလား။

ဖောက်မထွက်တဲ့လူက အချိန်တန်ရင် ရုံးသွားတက်မယ်။ အချိန်တန်ရင် အစည်းအဝေး ထိုင်မယ်။ အချိန်တန်ရင် ဆုံးဖြတ်ချက်ချမယ်။ အချိန်တန်ရင် သူများဆီပို့မယ် ဆိုတာမျိုး။ ဘာမှကို မလုပ်ဘူးဆိုရင် ဟုတ်လား၊ အသစ်ကြံဆတယ်၊ အသစ်တွေးခေါ်တယ်၊ အသစ်နည်းလမ်း ရှာတယ်။ ဒါဟာ ဖောက်ထွက်ခြင်းပဲဗျ။ ဖောက်ထွက်တယ်ဆိုတာ တံခါးရိုက်ချိုးမှ ဖောက်ထွက်တာ မဟုတ်ဘူးဗျ။ ကျနော် ပြောတာက ဖောက်ထွက်တဲ့ စိတ်ဓာတ်တော့ မွေးရလိမ့်မယ်၊ မွေးပါ။

ကောင်းပြီ၊ ကျနော်တို့ အဖွဲ့ချုပ်မှာ ဖောက်ထွက်တဲ့ စိတ်ဓာတ် ဘယ်လိုရှိလဲ။ ကျနော်တို့ဆီမှာ ဖောက်ထွက်တဲ့ စိတ်ဓာတ် ဒီနေ့အထိ ရှိပါတယ်။ အရမ်းကြာပြီ။ ကျနော်တို့ဟာ အပြုသဘောနဲ့ ဖောက်ထွက်တယ်၊ လိုက်လျောမှုနဲ့ ဖောက်ထွက်တယ်၊ သာယာ ငြိမ်းချမ်းရေးနဲ့ ဖောက်ထွက်တယ်။ အဲဒီတော့ ဆိုလိုတာက ဖောက်ထွက်ခြင်း ဆိုတာက အဲဒါပါ။

အဲဒီတော့ ဒီနေ့ဒီအချိန်မှာ ဖောက်ထွက်ဖို့ အချိန်တန်တဲ့ အချိန်ရောက်နေတယ်လို့ ကျနော် မပြောချင်ဘူး။ ဖောက်ထွက်ဖို့ အချိန်က စစ်အစိုးရက စတင်ပြီး တိုင်းပြည်ကို စက်သေနတ်နဲ့ နင်းတဲ့ အချိန်ကစပြီး ဖောက်ထွက်ဖို့ အချိန်သင့်နေတာပဲ။ အဲတော့ နှစ်တိုင်း နှစ်တိုင်းမှာလဲ ဖောက်ထွက်ဖို့ အချိန်အခါတွေ သင့်နေတာပဲ။ ရှေ့လျှောက်လည်း ဒီဖောက်ထွက်ဖို့ အချိန်အခါတွေ သင့်နေမှာပဲ။ အဲတော့ ကျနော်တို့ လုပ်ငန်းတွေကတော့ ကျနော် လုပ်နေမှာပဲ။ အဲဒီဖောက်ထွက်တယ် ဆိုတာက ကျနော်တို့ တံခါးကြီးတခု ရိုက်ချိုးတယ် ဆိုတာထက် စိတ်ဓာတ်ထဲက လူတိုင်းလူတိုင်းရဲ့ စိတ်ထဲမှာ ငါတို့ သိပ်ကျပ်တည်းနေရင် ဖောက်ထွက်မယ်၊ ငါတို့ သိပ်ဆိုးနေရင် အကြံသစ်တွေ ရှာမယ်၊ ဖောက်ထွက်မယ်။ နည်းလမ်း သဘောထားတွေ ပေါ်မယ်၊ အတွေးအခေါ်တွေ ပေါ်မယ်၊ အယူအဆတွေ ပေါ်မယ်။ အဲဒါ သူတို့ ဖောက်ထွက်တဲ့ စိတ်ဓာတ်ပဲ။ ကျနော် အဲလို မြင်တယ်။ အဲဒီ စိတ်ဓာတ်ဟာ ရှေ့လျှောက်လည်း ရှိအုံးမှာပဲ။ အခုလည်း ရှိနေမှာပဲလို့ ကျနော် ပြောချင်ပါတယ်။

ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးစေလိုပါတယ် ခင်ဗျ။

ရွှေဂုံတိုင် အစည်းအဝေးမှာ ကျနော်လည်း မိန့်ခွန်း ပြောခွင့်ရတယ်ဗျ။ ခုနပြောတဲ့ အချက်တွေ ပါပြီးသားပါ။ ဒါပေမယ့် ထူးခြားချက်က ဘာလဲဆိုတော့၊ ကျုပ်တို့ အခြေအနေက ဘာလဲဆိုရင်၊ ကျနော်ပြောတဲ့ မိန့်ခွန်းမှာ ကျနော်တို့ ပြောခဲ့တာက ထောင်ထဲမှာ ရှိတဲ့ကာလရော၊ အပြင်မှာ ရှိတဲ့ ကာလတုန်းကရော ပြောခဲ့တာက မူလဘူတ မူဝါဒများသို့ ဆိုတဲ့ ကြွေးကြော်သံနဲ့ မူလ မူဝါဒတွေကို မစွန့်နိုင်ဘူး။

မူလ မူဝါဒဆိုတာက မတရားတဲ့ အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ အစိုးရမျိုးကို လက်မခံဘူး၊ အာဏာရှင် စနစ်ကို လက်မခံဘူး၊ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ကျနော်တို့ မျှော်မှန်းတယ်၊ တည်ဆောက်မယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ပြန်လည် တည်ဆောက်မယ်၊ ဒီမိုကရေစီ စနစ်ကို ထူထောင်မယ် စတဲ့ ဒီလိုဟာတွေက အခြေခံမူဝါဒတွေ။ ဒီလို မူဝါဒတွေကို မစွန့်ဘူး။

အလားတူပဲ အခြေခံ မူဝါဒတွေ မစွန့်သလို၊ အခြေခံ တောင်းဆိုချက်တွေ ဖြစ်တဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပါ၊ ပြည်သူ့လွှတ်တော်ကို ခေါ်ပါ၊ တွေ့ဆုံဆွေးနွေးရေး ကျင်းပပါ၊ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပါ၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးပါ ဆိုတဲ့ တောင်းဆိုချက် တွေကိုလည်း ကျနော်တို့ မစွန့်ဘူးဗျ။ ဒါက ကျနော်ပြောခဲ့တဲ့ မိန့်ခွန်း အစိတ်အပိုင်းတခု။ အချက်တစ်ပေါ့ဗျာ။

ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ဒါက အခြေခံပါပဲ။ သို့သော် ဒါတွေကို စိုက်လိုက်မတ်တတ် အတင်းဆုပ်၊ အတင်းညှစ်ပြီးတော့၊ အသေဆုပ်ကိုင်ပြီးတော့ မလွှတ်တမ်း ကိုင်နေတာ မဟုတ်ဘူး။ သင့်တင့်တဲ့ အပြောင်းအလဲနဲ့ အလျှော့အတင်းနဲ့ လုပ်မယ်၊ လုပ်တတ်တယ်။ ကျနော်တို့ လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုတာကို ကျနော်တို့က ပြောတာ။ ဒီအချိန်မှာ ညီညွတ်ဖို့ လိုပါတယ်။ ဒါပေမယ့် တိုင်းပြည်ထဲမှာဗျာ သူတို့ စစ်အစိုးရက အမျိုးမျိုးကို အငြှိုးအတေးနဲ့ ခွဲနေတာ။ ကျနော်တို့ထဲကို ခွဲတယ်ဗျာ၊ လူလူချင်း ခွဲတယ်ဗျာ၊ မြို့နယ် မြို့နယ်ချင်း ခွဲတယ်ဗျာ၊ တိုင်း တိုင်းချင်း ခွဲတယ်ဗျာ စသည်ပေါ့ဗျာ။ တခြားသော ပါတီများနဲ့လည်း ခွဲတယ်၊ တခြားသော လူမျိုးစုတွေနဲ့လည်း ခွဲတယ်။ အဲဒီလို သေးစိတ်မွှားပြီးတော့ သွားရအောင် လုပ်နေပါတယ်။ ဒီအခြေအနေမှာ ကျနော်တို့က ညီညွတ်ရေး လုပ်ကြရမယ်။

ကောင်းပြီ၊ အနိမ့်ဆုံးအားဖြင့် ညီညွတ်ရေး လုပ်နိုင်တဲ့ အနေအထား မရှိဘူး၊ အားမရှိဘူး ဆိုရင်တောင်မှ မကွဲပြဲအောင် လုပ်ကြပါ။ မတူဘူးနော်။ ညီညွတ်ရေး လုပ်တယ်ဆိုတာက ဆက်ပြီးတော့ မြင့်သွားအောင် တည်ဆောက်တာ။ မကွဲပြဲအောင် ဆိုတာက အောက်အခြေခံက နေပြီးတော့ ခိုင်မာနေအောင် လုပ်တာ။ ဒါကြောင့် အကွဲအပြဲ မခံနိုင်ဘူး။ အဲဒါကြောင့် ကျနော် ပြောတာက ညီညွတ်ရေး လုပ်ကြမယ်၊ သို့မဟုတ်ရင် အနိမ့်ဆုံးအားဖြင့် မကွဲပြဲအောင် လုပ်ကြရမယ်။ ဒါက ဒုတိယအချက် ပြောတာ။

နောက်တချက်က ဘာလဲဆိုတော့ ကျနော်တို့ ဗမာပြည်မှာ နှစ်ပေါင်းများစွာ အတွင်းမှာ ကျနော်တို့ နိုင်ငံရေးဟာ ဘယ်လိုဖြစ်လဲဆိုတော့ နိုင်ငံရေးပြဿနာတွေ ပြောကြတယ်၊ ဆိုကြတယ်၊ တောင်းဆိုကြတယ်၊ လုပ်ကြတယ်။ တခါတလေ လူထုကို မေ့မနေနဲ့၊ လူထုရဲ့ အရေးအရာတွေကို လျစ်လျှူရှုမနေနဲ့။ လူထုရဲ့ ဘဝတွေမှာ ပါဝင်ဆင်နွှဲရမှာ၊ ရှေ့ဆောင်ရှေ့ရွက် လုပ်ရမယ့်နေရာမှာ အားနည်းနေတယ်ပေါ့ဗျာ။ ကျနော်တို့ ညီညွတ်ရေး လုပ်မယ်ဆိုတာဟာ ကိုယ့်ရဲ့ အိမ်တွင်း၊ ကိုယ့်ရဲ့ မိသားစု အသိုက်အဝန်းကို ဖျက်ပြီးတော့ လမ်းပေါ်ထွက် ရပ်ကွက်ထဲ ဝင်ပြီးတော့ လုပ်တယ် ဆိုကတည်းက ရပ်ရေးရွာရေးပဲဗျ။ အဲဒီရပ်ရေးရွာရေး ဆိုတာကလည်း အမှန်အတိုင်း ပြောရရင် နိုင်ငံရေးပဲဗျ။ နိုင်ငံရေး လုပ်တယ်ဆိုတာ ဘာအတွက် လုပ်တာလဲ၊ လူတွေအတွက် လုပ်တာဗျ။ လူတွေအတွက် လုပ်ရင်းက နေပြီးတော့မှ ဒါ့ထက်ပိုပြီးတော့မှ နိုင်ငံရေးမှာ အားရှိလာအောင်၊ စနစ်ကျလာအောင်၊ နည်းမှန်လမ်းမှန်တွေ ဖြစ်အောင် စသည်ပေါ့ဗျာ။

အဲဒီအတွက် မူဝါဒတွေ ရှာကြတယ်၊ သဘောတရား တွေ ရှာကြတယ်၊ နည်းလမ်းတွေ ရှာကြတယ်။ အဖွဲ့အစည်းတွေ ထူထောင်ကြတယ်။ နောက်တခါ တခြားသော နိုင်ငံများနဲ့ ကုလသမဂ္ဂနဲ့ စတဲ့ဟာနဲ့ ဆက်ဆံကြတယ်။ သို့သော် အခြေခံအားဖြင့်က လူတွေကိစ္စ။ ကျနော်တို့ ဘယ်လို လဲဆိုတော့ အန်အယ်ဒီ ဆိုလို့ရှိရင် လူထု လူထုလို့ ပြောတဲ့အခါမှာ လူထုက တုံ့ပြန်မှု အားနည်းတဲ့အခါ ရှိတယ်။ လူထုက ကျနော်တို့ ဘက်မှာ အများကြီး ရှိသော်ငြားလည်း၊ တခါတလေ လူထုကလည်း ငြိုငြင်တာ မဟုတ်ရင်တောင်မှ စိတ်ပျက်တဲ့ဟာတွေ ရှိတယ်။ ဘာဖြစ်လို့ ဒီလိုဟာမျိုး ဖြစ်ရလဲ ဆိုတဲ့အခါကျတော့ လူတွေရဲ့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ အခွင့်အရေး အမျိုးစုံ၊ တိုင်းပြည်ကြီးမှာ လူတိုင်းလိုလို ဘဝပျက်နေတယ်ဗျာ။ လူတွေရဲ့ စားဝတ်နေရေး ပြဿနာတွေ၊ လူတွေရဲ့ ကျန်းမာရေး ပညာရေး စတဲ့ ပြဿနာတွေ၊ လူတွေရဲ့ လွတ်လပ်စွာ ကိုးကွယ် ဆည်းကပ်မှုဆိုတဲ့ ပြဿာနာမျိုးတွေ၊ လူတွေရဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှား ပြောဆိုရေးသားခွင့် ဆိုတဲ့ ပြဿနာမျိုးတွေ၊ လူ့အခွင့်အရေး ပြဿနာတွေ။ ဒါတွေအကုန်လုံးမှာ ဆုံးရှုံးနေတယ်ဗျာ၊ ပျက်ပြားနေတယ်ဗျာ။

အဲဒီအခါမျိုးမှာ တခါတလေ ကျနော်တို့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေဟာ လူထုရဲ့ ကိစ္စကို မပြောနိုင်ဘူး။ တခါတလေ ကုလသမဂ္ဂတို့၊ တခါလာ နအဖ၊ တခါလာ အာဆီယံ၊ တခါလာ အီးယူ ဆိုတဲ့ဟာတွေလောက်ပဲ ပြေးနေသလို ဖြစ်နေတဲ့အခါကျတော့၊ အေးနေသလို ဖြစ်နေတဲ့အခါကျတော့ လူထုက နားမလည်နိုင်ဘူး။ ကျနော်တို့ကလည်း ကျနော်တို့ဟာ မှားသလားဆိုတော့ မှားတယ်လို့ မဟုတ်ဘူး။ ဒါတွေလည်း လုပ်ရမှာပဲ။ ကုလသမဂ္ဂနဲ့လည်း လုပ်ရမှာပဲ၊ အာဆီယံလည်း၊ အီးယူနဲ့လည်း၊ တရုတ်နဲ့လည်း၊ အိန္ဒိယနဲ့လည်း၊ ယိုးဒယား၊ အင်ဒိုနီးရှား စသည်အားဖြင့် လုပ်နေရမှာပဲ။

သို့သော် လူထုရဲ့ ဟာတွေမှာ ရှေ့ကနေ မားမားမတ်မတ် ရပ်ပေးရမယ်။ ရှေ့ကနေ ရပ်ပေးရမယ်၊ တိုက်ပွဲဝင်ပေးရမယ်၊ ရှေ့ဆောင်ရှေ့ရွက် လုပ်ပေးရမယ်။ အဲဒါတွေမှာ အားနည်းနေတာကို ကျနော်က ပြောတယ်။ ကျနော့်မိန်းခွန့်မှာ ၃ ချက်ပြောတယ်။ ဘာတွေလဲဆိုတော့ အခြေခံ မူဝါဒတွေ ကိုင်စွဲမယ်ဆိုတာရယ်၊ အခြေခံ တောင်းဆိုချက်တွေ ကိုင်စွဲမယ်ဆိုတာရယ်၊ ညီညွတ်ရေးဆိုတာရယ်နဲ့အတူ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ကြပါလို့ ကျနော်က တိုက်တွန်းချင်တယ်။

အဲဒါကြောင့် လူထုဘက်ကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်မှ လူထုက ကျနော်တို့ကို ပိုပြီးတော့ ဝန်းရံလာမယ်၊ ပိုပြီးတော့ အားဖြစ်လာမယ်လို့ ကျနော်တော့ ထင်တယ်။ အဲဒီ ၃ ချက်ကတော့ ခင်ဗျားမေးတဲ့ မေးခွန်းတွေထဲမှာ ကျနော် ထပ်ဖြည့်ချင်တဲ့ဟာပါပဲ။ ဒါပါပဲ။

Ref: မဇ္ဈိမ

Read More...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်

ကြာသပတေးနေ့၊ မေလ 14 2009

နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ဖြင့် မြန်မာ စစ်အစိုးရက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ တရား စွဲဆိုသည့်အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကန့်ကွက်ကြောင်း ထုတ်ပြန်သည့် ကြေညာချက်ကို တင်ပြလိုက်ပါသည်။

ကြေညာချက်ကို ဦးအုန်းကြိုင် (ဗဟို သုတေသနအဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က ဖတ်ကြားပြခဲ့ခြင်း ဖြစ်ပါသည်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကြေညာချက်။ ၈/၀၅/၀၉

ရက်စွဲ - ၁၄၊ မေ၊ ၂ဝဝ၉ ခုနှစ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပါသည်။ ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မူလကနဦး စတင် ကြိုးပမ်းခဲ့သူဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာရေးကို အစဉ်တစိုက် ကြိုးပမ်းနေသူ ဖြစ်ပါသည်။ နိုင်ငံရေးအရ အပေးအယူ ပြုလုပ်သည့် ပြုပြင် ပြောင်းလဲနိုင်စွမ်းရှိသူ ဖြစ်ပါသည်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများ အားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် တွေ့ဆုံ ဆွေးနွေးရေးမှ တဆင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်ရန် အတွက် တိုက်တွန်း နှိုးဆော်လျက် ရှိပါသည်။

သို့ပါလျက် အာဏာပိုင်တို့က နေအိမ်အတွင်း ထိန်းသိမ်းထားခြင်းမှ အပြီးအပြတ် လွတ်ရက် စေ့ခါနီးနေသော ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်ပြစ်မှုကိုမျှ ကျူးလွန်ရခြင်း မရှိပါဘဲ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ နောက်ဆုံး အင်းစိန်ထောင်အတွင်းရှိ လုံးချင်း အိမ်တအိမ်၌ ထားရှိသည်ဟု ကြားသိရပါသည်။

ယင်းအမှုကို ၂ဝဝ၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ပါသည်။

ထို့ကဲ့သို့ တရားစွဲဆိုခြင်းမှာ မလုပ်သင့်၊ မလုပ်ထိုက်သောကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာလိုက်သည်။

၁၄ ရက်၊ မေလ ၂ဝဝ၉ ခုနှစ်တွင် ကျင်းပသော ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ -

(ဗဟိုအလုပ်အမှုဆောင်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

Ref: မဇ္ဈိမ

Read More...

အမှုမစစ်ဆေးမီ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် အတွင်း ထား

မင်းနိုင်သူ / ၁၄ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီး လိုသော ဘေးအန္တရာယ် ပုဒ်မ (၂၂) ရာဇသတ်ကြီး ပုဒ်မ (၁၀၉) ဖြင့် နအဖ စစ်အစိုးရက အင်းစိန် အထူးတရားရုံးတွင် တရား စွဲဆိုလိုက်ပြီ ဖြစ်ကြောင်း အမှုကိုင် ရှေ့နေ တဦးဖြစ်သူ ဦးအောင်သိန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် (၇) နာရီခန့်တွင် နေအိမ်မှ အင်းစိန်ထောင်ရှိ အထူး တရားရုံးသို့ ခေါ်ဆောင်သွားခဲ့ရာ အတူနေ ဒေါ်ခင်ခင်ဝင်းတို့ သားအမိလည်း လိုက်ပါသွားခဲ့ရသည်။

အမှုကိစ္စအတွက် ယနေ့နံနက် (၉) နာရီတွင် အင်းစိန် အထူးတရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်သော ဦးကြည်ဝင်း၊ ဦးအောင်သိန်း၊ ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ လိုက်သွားကြသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်း သားအမိ၊ နေအိမ်သို့ ရေကူး ၀င်ရောက်ခဲ့သည်ဆိုသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံယက်တော တို့ကို ရုံးတင် ခဲ့သော်လည်း ဒေါက်တာ တင်မျိုးဝင်းကို မတွေ့ရဟု ဦးအောင်သိန်းက ပြောသည်။

၎င်းက “ဒီနေ့ အင်းစိန်အထူးတရားရုံးမှာ နှစ်ပါးထိုင် အဖြစ် တရားသူကြီး ဦးသောင်းထွန်းနဲ့ ဦးညီညီစိုးတို့က အမှုကို စတင်ကိုင်တွယ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ အမှုကို အခုလ (၁၈) ရက်မှာ စတင် ကြားနာမှာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်ခွင့် မပြုဘဲ အင်းစိန်ထောင် ဧည့်ဆောင်မှာ ထိန်းသိမ်းထားတယ်” ဟု ပြောသည်။

ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ပုဒ်မများဖြင့် စွဲဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ၀င်ရောက် နေထိုင်ခဲ့သည်ဆိုသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံယက်တော ကိုမူ ပုဒ်မ(၂၂)အပြင် လ၀က ပုဒ်မ (၁၃/၁) နှင့် စည်ပင်သာယာ ပုဒ်မ (၂၈) တို့ဖြင့် တရားစွဲဆို ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ဒေါ်အောင်ဆန်းစုကြည်အား ယင်းကဲ့သို့ တရားစွဲဆိုမှုမှာ မလုပ်သင့် မလုပ်ထိုက်သောကြောင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် ထောက်ခံသူများကို ၂၀၀၃ ခုနှစ် မေလ (၃၀) ရက် ညပိုင်းတွင် ဒီပဲယင်းမြို့နယ် ကျီစု ကျေးရွာအနီး စစ်အစိုးရ လိုလားသူများက ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ကြ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို နအဖ စစ်အစိုးရက နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၁၀/ခ) ဖြင့် နေအိမ် အကျယ်ချုပ်ချထားခဲ့သည်။

အဆိုပါဥပဒေကို ၁၉၇၅ ခုနှစ် စတင်ပြဋ္ဌာန်းခဲ့စဉ်က တကြိမ်လျှင် ရက်ပေါင်း (၁၈၀) နှင့် အများဆုံး (၃) နှစ်အထိ ဖမ်းဆီး ချုပ်နှောင်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ် ကျခံနေရသည့် ၁၉၉၁ ခုနှစ်တွင် အများဆုံး (၅) နှစ်အထိ ချုပ်နှောင်ထားနိုင်သည်ဟု စစ်အစိုးရက ပြင်ဆင် သတ်မှတ်ခဲ့သည်။

ထို့နောက် ဒီပဲယင်းအရေးအခင်းအပြီး တတိယအကြိမ် ထိန်းသိမ်းခံရချိန်တွင် (၅) နှစ် ပြည့်မြောက်သော်လည်း (၆) နှစ်အထိ ချုပ်နှောင်ပိုင်ခွင့် ရှိသည်ဆိုကာ ၂၀၀၇ ခုနှစ် မေလ (၂၅) ရက်တွင် နအဖ စစ်အစိုးရက အကျယ်ချုပ် သက်တမ်း တနှစ်ထပ်တိုးခဲ့သည်။

ထိုကဲ့သို့ထပ်တိုးခြင်းသည် ဥပဒေနှင့်လျော်ညီမှု မရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက ထောက်ပြ ပြောဆိုခဲ့ပြီး အယူခံလွှာ တစောင်ကိုလည်း ၂၀၀၈ ခုနှစ် အောက်တိုဘာ (၉) ရက်တွင် နအဖ၀န်ကြီးချုပ်ထံ တင်သွင်းခဲ့သည်။

သို့သော် နအဖစစ်အစိုးရဘက်မှ အကြောင်းပြန်ကြားမှု မရှိသဖြင့် အယူခံအမှုကို ကြားနာပေးပါရန် မေတ္တာရပ်ခံစာ လေးကြိမ် ထပ်မံ ပေးပို့ခဲ့သော်လည်း နအဖ ၀န်ကြီးချုပ်ဘက်မှ အကြောင်း မပြန်ခဲ့ပေ။

ထို့နောက် ဧပြီ (၂၈) ရက်တွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက် မေတ္တာရပ်ခံစာကို ပေးပို့ခဲ့သည်။

နအဖစစ်အစိုးရဘက်မှ ဧပြီ (၃၀) ရက်တွင် ယင်းအယူခံမှုကို ပလပ်လိုက်ကြောင်း တရားဝင် အကြောင်း ပြန်ကြားခဲ့သည်။

အယူခံပယ်ချကြောင်း ပြန်ကြားချိန်သည် နအဖ သတ်မှတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားခွင့်မှ ပြန်လွှတ်ပေးရမည့်ရက် (၂၇) ရက်အလိုတွင် ဖြစ်သည်။

ထို့နောက် မေလ (၇) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ အမေရိကန် နိုင်ငံသားတဦး ၀င်ရောက် နေထိုင်ခဲ့ကြောင်း နအဖ သတင်းစာများက ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချထားခွင့် ကုန်ဆုံးရန် (၂၁) ရက်အလိုတွင် ယင်းကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထို့နောက်ပိုင်း ယနေ့နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန် အထူးတရားရုံးသို့ ခေါ်ဆောင်သွားပြီး တရားစွဲဆို လိုက်ခြင်းဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, May 14, 2009

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဖို့ ပြင်ဆင်နေ

Wednesday, May 13, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို တရားစွဲဆိုဖို့ မြန်မာ စစ်အစိုးရက ပြင်ဆင်နေတယ်လို့ NLD က အတည်ပြု ပြောကြားပါတယ်။ အရင်အပတ်က အင်းလျား ကန်ကို ဖြတ်ကူးပြီး သူ့အိမ်ကို ၀င်ရောက်လာတဲ့ အမေရိကန် လူမျိုး John William Yettaw နဲ့ ပတ်သက်ပြီး သူ့ကို တရားစွဲဆိုမှာလို့ ယူဆ ရပါတယ်။

အာဏာပိုင်တွေက သူနဲ့အတူနေထိုင်သူ အမျိုးသမီး နှစ်ယောက်ကိုပါ ဒီကနေ့မနက် အင်းစိန် ထောင်ကို ခေါ်သွားပြီး တရားစွဲဆိုမှာ ဖြစ်တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေက ရှေ့နေကြီး ဦးကြည်ဝင်းကို အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ပြီး ဒေါ်အောင် ဆန်းစုကြည်ကို အရေးယူမယ့်အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘာအမှုနဲ့ အရေးယူမယ်ဆိုတာကိုတော့ တိတိကျကျ မပြောပေမယ့် နိုင်ငံတော် အား နှောက်ယှက်ဖျက်ဆီးမှုများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပေဒချိုးဖောက်မှုနဲ့ တရားစွဲဆိုမယ်လို့ ယူ ဆရကြောင်း ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

Ref: ဒေါက်တာလွမ်းဆွေ

Read More...

Wednesday, May 13, 2009

ကစထ မှူး (၃) နေရာအား အပြောင်းအလဲပြုလုပ်

၂ဝဝ၉ ခုနှစ် မေလ ၁၃ ရက်

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) (၃) ဦးအား နေရာလဲလှယ် ပြောင်းရွှေ့လိုက်ကြောင်း စစ်ဖက် သတင်းများအရ သိရသည်။

လဲလှယ် ပြောင်းရွှေခဲ့သည့် ကစထမှူး နေရာ (၃) နေရာတွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရပ်တည် လှုပ်ရှားနေသည့် ပြည်နယ်၊ တိုင်းများကို ကိုင်တွယ် ကွပ်ကဲရသည့် ကစထ မှူးများ ပါဝင်သည်။ အပစ်ရပ် အဖွဲ့များ၏ လက်နက်ကိုင် တပ်ဖွဲ့များကို အသွင် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာ စစ်အစိုးရက အဆိုပြု ပြောဆိုနေချိန်နှင့် တပြိုင်နက် ကစထ မှူးများကို လဲလှယ် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ယခင် အမှတ် (၄) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး သာအေးကို ကချင် အပစ်ရပ် အဖွဲ့များကို ကိုင်တွယ် ကွပ်ကဲရမည့် အမှတ် (၁) ကစထမှူး အဖြစ် ပြောင်းရွှေ့ခဲ့သည်။ ယခင် အမှတ် (၆) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ကို ကရင်၊ မွန် အပစ်ရပ် အဖွဲ့များကို ကိုင်တွယ် ကွပ်ကဲရမည့် အမှတ် (၄) ကစထ မှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ယခင် အမှတ် (၁) ကစထ မှူး ဗိုလ်ချုပ် အုန်းမြင့်ကို အမှတ် (၆) ကစထမှူး အဖြစ် လဲလှယ် ပြောင်းရွှေ့ခဲ့သည်။


၂ဝဝ၆ ခုနှစ်မှစတင်၍ ကစထမှူး (၄) ဦးအား (၆) ဦးအထိ တိုးချဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၂ဝဝ၁ ခုနှစ် နိုဝင်ဘာလ တွင် “စစ်ဆင်ရေး အထူး အဖွဲ့မှူးများအား ပေးအပ်ထားသည့် စစ်ဆင်ရေး တာဝန်အပြင် ၄င်းတို့အမည် နှင့် ယှဉ်တွဲ ဖေါ်ပြထားသော ဒေသ အသီးသီးတွင် နယ်ဘက် တာဝန်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းများကို အစိုးရအဖွဲ့ ကိုယ်စား လှည့်လည် ကြီးကြပ် ကွပ်ကဲ ဆောင်ရွက်ရန် ဖြစ်သည်” ဟု အမိန့် ကြေငြာစာ အမှတ် ၄၂/၂ဝဝ၁ ဖြင့် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အမှတ် (၁) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး သာအေးသည် ကချင်ပြည်နယ်/ စစ်ကိုင်းတိုင်း/ မန္တလေးတိုင်း၊ အမှတ် (၂) ကစထမှူး ဗိုလ်ချုပ် မင်းအောင်လှိုင်သည် ကယားပြည်နယ်/ ရှမ်းပြည်နယ်၊ အမှတ် (၃) ကစထမှူး ဗိုလ်ချုပ် ကိုကိုသည် ဧရာဝတီတိုင်း/ ပဲခူးတိုင်း၊ အမှတ် (၄) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်သည် ကရင်ပြည်နယ်/ မွန်ပြည်နယ်/ တနင်္သာရီတိုင်း၊ အမှတ် (၅) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ရန်ကုန်တိုင်း၊ အမှတ် (၆) ကစထမှူး ဗိုလ်ချုပ် အုန်းမြင့်သည် ရခိုင်ပြည်နယ်/ မကွေးတိုင်း/ ချင်းပြည်နယ် တို့ကို ကိုင်တွယ် ကွပ်ကဲမည်ဟု သိရသည်။

ကစထမှူးများသည် နအဖ စစ်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြပြီး အပစ်ရပ် အဖွဲ့များ၏ လက်နက်ကိုင် တပ်များ အသွင် ပြောင်းရေးအတွက် “အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီ” အဖွဲ့ဝင်များ ဖြစ်သည်ဟု သိရသည်။

အပစ်ရပ်အဖွဲ့များ၏ လက်နက်ကိုင်တပ်များ အသွင်ပြောင်းရေးတွင် အသွင် ကူးပြောင်းရေး မူဝါဒ ကော်မတီ၊ အသွင် ကူးပြောင်းရေး လုပ်ငန်းကော်မတီ၊ အသွင် ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်းကော်မတီ အဖြစ် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

အသွင်ကူးပြောင်းရေး မူဝါဒကော်မတီ တွင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဥက္ကဌ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ အဖွဲ့ဝင်များအဖြစ် စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်ပြီး အတွင်းရေးမှူး အဖြစ် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၊ တွဲဖက် အတွင်းရေးမှူး အဖြစ် ပြည်သူ့စစ်နှင့် နယ်ခြား တပ်များ ညွန်ကြားရေးမှူး ဗိုလ်ချုပ် သန်းမောင် ဖြစ်သည်ဟု သိရသည်။ အသွင် ကူးပြောင်းရေး လုပ်ငန်း ကော်မတီတွင် ဥက္ကဌ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အဖွဲ့ဝင်အဖြစ် တိုင်းမှူးများနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဦး/ရေး/ထောက် ဆိုင်ရာ တပ်မတော် အရာရှိကြီးများ ပါဝင်ပြီး အတွင်းရေးမှူး အဖြစ် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွန်ကြားရေးမှူး ဗိုလ်ချုပ် သန်းမောင်၊ တွဲဖက် အတွင်းရေးမှူး အဖြစ် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး စစ်ဦးစီးမှူး (ပထမတန်း) ဒု ဗိုလ်မှူးကြီး မျိုးမြင့် ဖြစ်သည်ဟု သိရသည်။ အသွင် ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်း ကော်မတီတွင် ဥက္ကဌ များသည် တိုင်းမှူးများဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဒု တိုင်းမှူး၊ ဗျုဟာမှူး၊ တိုင်းအဆင့် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးဌာန စစ်ဦးစီးမှူး (ပထမတန်း) များနှင့် ဦး/ရေး/ထောက် ဆိုင်ရာ စစ်ဦးစီးမှူး (ပထမတန်း) များ ပါဝင်သည်ဟု သိရသည်။

Read More...

ရင်ဆိုင်တိုက်ပွဲကြောင့် စကခ(၅)မှူး ဗိုလ်မှူးချုပ် ကောင်းမြတ် ကျဆုံး

နန်းထူးစံ၊ ကရင်သတင်းစဉ်
မေ ၁၂၊ ၂၀၀၉

ပဲခူးတိုင်းအရှေ့ဘက် မိုင်(၃ဝ)ခန့် ကွာဝေးသော သံတောင်မြို့နယ်၊ ဘောဂလိ ကျေးရွာအုပ်စုတွင် စခန်းထိုင်သည့် အမှတ်(၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) မှ ဗိုလ်မှူးချုပ် ကောင်းမြတ်သည် မေလ (၁၁)ရက်နေ့က ကရင် အမျိုးအသား အစည်းအရုံး KNU နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကျဆုံးသွားသည်ဟု KNU တောင်ငူခရိုင်မှ လာသည့်သတင်းအရ သိရသည်။

ထိုနေ့ ညနေပိုင်းတွင် ဗိုလ်မှူးချုပ်ကောင်းမြတ်သည် ၎င်းဦးစီးသည့် နည်းဗျူဟာ (၃) တပ်ရင်း နှင့်အတူ ဘောဂလိကြီးမှ နေ၍ ဘူဆာခီး၊ နောဆိုးရှိ လက်နက်ကြီး စခန်းများသို့ သွားရာ လမ်း၌ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ(၂) ဌာနချုပ်၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ ကျဆုံးသွားခြင်း ဖြစ်သည်ဟု KNU တောင်ငူခရိုင်မှ တပ်ဖက် အရာရှိတဦးက ကရင်သတင်းစဉ်ကို အတည်ပြု ပြောဆိုသည်။

“ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ သူ့ကို လုံခြုံရေးယူပေးတဲ့ နည်းဗျူဟာ (၃)တပ်တို့ ဘောဂလိကနေ ထွက်လာတာ။ ဘောဂလိအရှေ့ နည်းနည်းမှာပဲ။ ဒီဘက်က KNLA တပ်မဟာ(၂) ဌာနချုပ် တပ်နဲ့ တပ်ရင်း(၆) ပူးပေါင်း အဖွဲ့နဲ့ တိုးပြီးတော့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲ ဖြစ်တာ သိပ်မကြာဘူး။ မိနစ်ပိုင်းလောက်ပဲ ရှိမယ်။ အဲဒီမှာ နအဖဘက်က ဗိုလ်မှူးချုပ် ကောင်းမြတ် ကျဆုံးသွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဖက်စလုံး၏ ထိခိုက် ကျဆုံးမှု အရေအတွက်ကို အတိအကျ မသိရှိရသေးသော်လည်း နအဖဘက်မှ ဗိုလ်မှူးချုပ် ကောင်းမြတ်၏ အလောင်းကိုမူ ညတွင်းချင်းပင် နေပြည်တော်သို့ ပို့ဆောင်လိုက်သည်ဟု တောင်ငူ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

နအဖ ဌာနချုပ် (၅)တွင် လက်အောက်ခံ တပ်ရင်း (၁ဝ)ရင်း ရှိပြီး KNU တပ်မဟာ (၂)၊ တောင်ငူခရိုင် အတွင်းသို့ ၂ဝဝ၈ခု နှစ်၊ ဒီဇင်ဘာလမှ စတင်၍ ဝင်ရောက် လှုပ်ရှားခဲ့ကြောင်း၊ ထိုဒေသရှိ ပြည်သူများအား ညှင်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အိုးအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း နှင့် လုပ်အားပေး ခိုင်းစေခြင်း စသည့် လုပ်ရပ်များ လုပ်ဆောင်ရန် ဗိုလ်မှူးချုပ် ကောင်းမြတ်က အမိန့်ပေး ညွန်ကြား တတ်ကြောင်း KNU တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ပြောသည်။

သူက “ကျနော်တို့ တပ်မဟာ(၂)နယ်မြေမှာ စကခ(၅)မှူး ကောင်းမြတ်ဟာ တပ်ကုန်း ဆောက်ဖို့ လူထုကို အဓမ္မ လုပ်အားပေး ခေါ်တယ်။ ရေသိုးကြီး၊ ဘူဆာခီး စတဲ့ အိုင်ဒီပီ (ထွက်ပြေး တိမ်းရှောင်နေရသူများ) နေရာတွေမှာ လက်နက်ကြီးနဲ့ ပစ်ချ၊ လူထုရဲ့ကားတွေကို ချောဆွဲ၊ ရွာသားတွေရဲ့ ဒူးရင်းခြံ၊ ဖာလာခြံတွေကို ဖျက်ဆီး၊ တပ် ဘူဒိုဇာကားရှေ့မှာ လူတွေကို လမ်းပြခိုင်းတာ၊ မိုင်းရှင်းခိုင်းတာတွေ လုပ်တယ်။ ဒါ့အပြင် လူထုကို ဆန်၊ ရိက္ခာတွေ ဝယ်ယူ စားသောက်လို့ မရအောင် လမ်းပိတ် တားဆီးဖို့ ညွှန်ကြား လုပ်ဆောင်နေသူ တဦး ဖြစ်တယ်။ အဲဒီခွင်မှာဆို လူထုအပေါ် နှိပ်စက်တဲ့ နေရာမှာ နာမည်ကြီးတဲ့သူပဲ” ဟု ဆိုသည်။

၎င်းအပြင် နယ်မြေချင်း ထိစပ်နေသည့် KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင် ခရိုင်၊ မုန်းမြို့နယ်၌လည်း စကခ(၅) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ (၅၄၂) နှင့် ခမရ (၅၆၆) တပ်များက အခြေစိုက် လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

Ref: မိုးမခ

Read More...

ဝ ထိန်းချုပ်နယ်မြေ၌ စရဖ အရာရှိတဦး ထိုးကြိတ်ခံရ

အင်္ဂါနေ့၊ 12 မေလ 2009
E-mail Print
ဝ နယ်တွင်း သန်းခေါင်စာရင်းဆင်းကောက်သည့် နအဖ ဌာနဆိုင်ရာ ၀န်ထမ်းများ ၀ နယ် ခိုဆုန်ဂိတ်၌ သောင်တင်နေစဉ် မဖွယ်မရာ ကိစ္စကြောင့် အချင်းချင်းခိုက်ရန် ဖြစ်ပွားသဖြင့် ၀ လုံခြုံ ရေးတပ်မှ ၀င်ရောက် ဖြန်ဖြေပေးစဉ် စရဖ အရာရှိ တဦးကို ထိုးကြိတ် လိုက်ခြင်းဖြစ်ကြောင်း တရုပ်နယ်စပ် သတင်းက ဆိုပါသည်။

ဝ နယ်တွင်း သန်းခေါင်စာရင်း ဆင်းကောက်မည့် အဖွဲ့တွင် နေပြည်တော်မှ လာသည့် လ၀က အပြင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယန်းမှ ဌာန ပေါင်းစုံ အင်အား ၄၃ ယောက်ရှိပြီး ဧပြီလ ၄ ရက်နေ့ကတည်းက ယနေ့ အထိ ၀ နယ်ထဲ ၀င်ခွင့်မရသေး ကြောင်း၊ ခိုဆုန်ဂိတ် တောင်ဘက် ကျေးရွာတရွာတွင် သောင်တင်နေစဉ် အချင်းချင်း မဖွယ်မရာကိစ္စ ဖြစ်ပွါးပြီး စကားများ ကြရာမှ ခိုက်ရန်ဖြစ်ပွားကာ ၀ နယ် လုံခြုံရေးအဖွဲ့ ၀င်ရောက် ဖြန်ဖြေပေးစဉ် ယခုကဲ့သို့ ပြဿနာ ဖြစ်ရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

“သူတို့အဖွဲ့ထဲမှာ ကျောင်းဆရာမတွေပါတယ်၊ ဌာနပေါင်းစုံဘဲ မိန်းခလေး ယောကျာ်းလေး အတူနေတော့ မဖွယ်မရာ ကိစ္စဖြစ်ပြီး အချင်းချင်း စကားများကြတယ်။ အဲအချိန် ကင်းလှည့်နေတဲ့ ၀အဖွဲ့ လာတိုးတော့ သူတို့တွေကို ၀င်တားတယ်။ အဲအချိန် စရဖ တဦးက ၀ တွေကို ဒါကျုပ်တို့လူ ခင်ဗျားတို့နဲ့ မဆိုင်ဘူးလို့ တင်းတင်း မာမာ ပြောလိုက်တဲ့ အတွက် သူထိုး ကြိတ်ခံလိုက်ရတာ” ဟု ခိုဆုန်ရှိ ၀န်ထမ်း တဦးက ပြောပါသည်။

“အဲကင်းလှည့်နေတဲ့ ၀ အရာရှိက တော်တော်စိတ်ဆိုးသွားတဲ့ ပုံဘဲ၊ ဒါ ကျုပ်တို့ ထိန်းချုပ်နယ်မြေ၊ ခင်ဗျားတို့ ပြင်ပဧရိယာ မှာဆို ကြိုက်သလိုလုပ် ဆိုပြီး အဲဒီ့ စရဖ အဖွဲ့ဝင် တပ်ကြပ် ရဲလွင်ရဲ့ လည်ကုတ်ကို ဆွဲပြီး ထိုးထဲ့လိုက်တယ်။ တခြား အဖွဲ့ တွေက ပြဿနာ ကြီးသွားမှာကို စိုးရိမ်တဲ့အတွက် အဲ စရဖ ရဲလွင်ကို မိုင်းယန်းကို ညတွင်းချင်း ပို့လိုက်တယ်”ဟု ဆက်ပြောပါတယ်။

စရဖ ရဲလွင် ထိုးကြိတ်ခံရသည့်နေ့ တွင် ၀ ပြည် တည်ထောင်ခြင်း အနှစ် ၂၀ ပြည့်အခမ်းအနား မတိုင်ခင် တရက်က ဖြစ်ကြောင်း၊ ပွဲတော်အတွက် ၀ ဘက်က လုံခြုံရေး အထူး တင်းကြပ်ချိန်လည်း ဖြစ်ကြောင်း၊ ခိုဆုန်ဂိတ် တောင်ဘက် ၀ ထိန်းချုပ် ထားသည့် ရွာတွင်း ဒေသခံ နေအိမ်ထဲ ဖြစ်ခြင်းကြောင့် ၀ အရာ ရှိ ၀င်ရောက် ဖြန်ဖြေပေးခြင်းတာ ဖြစ်ကြောင်း ဆိုပါသည်။

ဌာနပေါင်းစုံ ၀န်ထမ်း ၄၃ ယောက်သည် အထက်အမိန့်အရ ၀ နယ်ထဲ သန်းခေါင်စာရင်း မကောက်ရမခြင်း နောက်တန်း ပြန်ခွင့် မရှိကြောင်း၊ ရှေ့တိုးဖို့လည်း နယ်ခြားစောင့် ၀ တပ်ဖွဲ့က ဌာနချုပ် အမိန့် မရသဖြင့် ၀ ထိန်းချုပ် နယ်မြေထဲဝင် လှုပ်ရှားခွင့် မရှိကြောင်း တားမြစ်ထားသဖြင့် ထိုအဖွဲ့ ရှေ့မတိုးနိုင် နောက် မဆုတ်နိုင်အခြေ အနေ ကြုံတွေ့ နေရကြောင်း ဆိုပါသည်။

ဝ ထိန်းချုပ်နယ် မိုင်းပေါက်တွင်လည်း တပ်ကြပ်ကြီး အေးမင်း ဆိုသူ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တယောက်သာ ၀ က နေခွင့် ပြုထားကြောင်း ဆိုပါသည်။ မိုင်းယန်းမြို့ (နအဖ ထိန်းချုပ်နယ်မြေ) နှင့် ခိုဆုန် ၀ နယ်ခြားဂိတ် (မိုင်းပေါက် တပ်မဟာ ၄၆၈ ၀ ထိန်းချုပ်နယ်မြေ) သည် ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်ကွာဝေးသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

၂ဝ၁ဝ၊ အရာရှိငယ်နဲ့ အသိဂလိုဘယ်

ဂါမဏိ

ရွေးကောက်ပွဲလုပ်မယ်လို့ နအဖ ကြေညာထားတဲ့ ၂ဝ၁ဝ ပြည့်နှစ် ထဲဝင်ဖို့ (၈) လပဲလိုပါတော့တယ်။ ဒါပေမယ့် စစ်အစိုးရဟာ ရွေးကောက်ပွဲဥပဒေ၊ ပါတီ မှတ်ပုံတင် ဥပဒေတွေ ဘာတခုမှ မထုတ်ပြန်သေး သလို ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့တာလည်း မရှိသေးပါဘူး။ ၁၉၉ဝ မေလ ရွေးကောက်ပွဲ အတွက် ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေကို ၁၉၈၈ စက်တင်ဘာမှာ ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေကို ၁၉၈၉ မေလမှာ ထုတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ရက်ကို (၇) လအလို ၁၉၈၉ နိုဝင်ဘာမှာ ကြေညာပြီး စည်းရုံး မဲဆွယ်ခွင့်ကိုတော့ (၃) လအလို ၁၉၉ဝ ဖေဖော်ဝါရီလ ကျမှ ပေးခဲ့ပါတယ်။ ဒါပေမယ့် ၈လေးလုံး အရေးတော်ပုံ ကြီးရဲ့အရှိန်နဲ့ နိုင်ငံရေး ပါတီတွေ ရပ်တည် လှုပ်ရှားခွင့် အတော်အတန် ရထားတဲ့အတွက် ၉ဝ ဖေဖော်ဝါရီ မတိုင်ခင်ကတည်းက စည်းရုံးထားနိုင်လို့ ရွေးကောက်ပွဲကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလည်း နအဖဟာ ရွေးကောက်ပွဲရက်နဲ့ အတူ ရွေးကောက်ပွဲဥပဒေ၊ ပါတီဥပဒေတွေကို (၄-၅) လအလိုမှာ ကြေညာ၊ မဲဆွယ်ခွင့်ကို တလ နှစ်လလောက်ပဲ ပေးမယ့် လက္ခဏာ တွေ့နေရပါတယ်။ တဖက်မှာတော့ ကြံ့ဖွံ့နဲ့ လက်ကိုင်တုတ် သို့မဟုတ် နောက်လိုက် ခွေးအဖွဲ့တွေ ကတော့ ခုကတည်းက စည်းရုံး လှုပ်ရှားခွင့် ရနေပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲ၊ (၁၄) နှစ်ကြာ အမျိုးသားညီလာခံနဲ့ ၂ဝဝ၈ ဆန္ဒခံယူပွဲ အတွေ့အကြုံတွေ ရထားတဲ့ စစ်အုပ်စု ဟာ ၂ဝ၁ဝ ပွဲမှာတော့ အတိုက်အခံတွေ ဘယ်လိုမှ နေရာမရအောင် လုပ်ဖို့ စီစဉ်ပြင်ဆင်ထားမှာ မြေကြီးလက်ခတ် မလွဲပါဘဲ။ နောင်မှာ ယောင်းမ မြင်းစီးထွက်လို့ ပွဲပျက်နိုင်တဲ့ ရူးကြောင်မူးကြောင် လက်ကိုင်တုတ် တွေကိုတောင် နေရာပေးမယ့် အလားအလာ မရှိပါဘူး။ အချိန်တခု အသုံးချ လူမိုက်မွေးတာလောက်ပဲ လုပ်ပြီး ဘုရားပြီး ငြမ်းဖျက်ခံရမှာ မြင်ယောင်ပါသေးတယ်။

စစ်အုပ်စုဆိုတာ ကိုယ့်လူရင်း ကိုယ့်စက်ရုပ်ကလွဲပြီး တခြားဘယ်သူ့ကို မဆို ဦး ၄* စာရင်းထဲထည့်တဲ့ အစွန်းရောက် စစ်အာဏာ မူရင်းစွဲဝါဒီ Military Fundamentalist ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ ဗိုလ်လက်ျာ၊ ဗိုလ်တင်ထွဋ်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်စမစ်ဒွန်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ကြည်မောင်၊ ဗိုလ်စောမြင့်၊ ဗိုလ်တင်ဖေ၊ ဗိုလ်စိန်မြ၊ ဗိုလ်မောင်ရွှေ၊ ဗိုလ်တင်ဦး (ယခု အန်အယ်လ်ဒီ)၊ ဗိုလ်ထွန်းလင်းနဲ့ မဆလ အတွင်းရေးမှူး အဖွဲ့၊ ဗိုလ်တင်ဦး (မျက်မှန်)၊ ဗိုလ်စောမောင်၊ ဗိုလ်ထွန်းကြည် - ဗိုလ်ကျော်ဘနဲ့ နဝတ တိုင်းမှူး တပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်တင်ဦး (တွင်း-၂)၊ ဗိုလ်နေဝင်းနဲ့ မဆလ-တစည တပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်ခင်ညွန့် စသဖြင့် အထင်အရှား ရှိပါတယ်။

အခု ၂ဝ၁ဝ အတွက် ပြဿနာက အတိုက်အခံအဖြစ် ပြည်တွင်းပြည်ပက သိထားကြတဲ့ အန်အယ်လ်ဒီတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ မဟုတ်ပါဘူး။ ဒါတွေကို ဗိုလ်သန်းရွှေရဲ့ကိုယ်ပိုင် အထူးသီးသန့် ကြပ်ပြေး မြို့တော်သစ်ကြီးက မဟာလွှတ်တော် သစ်ကြီးမှာ စတိသဘောတောင် ခြေချခွင့် မပေးဖို့ အငြိုးတကြီးနဲ့ ပြတ်ပြတ် သားသား ဆုံးဖြတ် စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုတော့ ဒီ့ထက်ဆိုးတဲ့ ပြဿနာကို ဗိုလ်သန်းရွှေ တယောက် မရှောင်နိုင်မလွှဲနိုင် ရင်ဆိုင်နေရပါပြီ။

အဲဒါကတော့ တမတ်သားပြဿနာ သို့မဟုတ် (၂၅) ရာခိုင်နှုန်း ကိစ္စဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်မှာ ထည့်ရမယ့် စစ်သား ကိုယ်စားလှယ် အရေအတွက်က (၁၆၆) ယောက် (၅၆ + ၁၁ဝ)၊ ဒေသကြီး-ပြည်နယ် လွှတ်တော် (၁၄) ခုနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေဦးစီးအဖွဲ့ (၆) ခုတို့မှာ ထည့်ရမယ့် စစ်သား ကိုယ်စားလှယ် အရေအတွက် ကလည်း အနည်းဆုံး (၃ဝဝ) လောက်၊ ဗဟို အစိုးရအဖွဲ့ထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေက (၃) နေရာ၊ ဒေသကြီး-ပြည်နယ်အစိုးရ (၁၄) ခုနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ ဦးစီးအဖွဲ့ (၆) ခုတို့မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး (၂) နေရာစီက အယောက် (၄ဝ) ဆိုတော့ စစ်သားအလုပ် မဟုတ်တဲ့ အရပ်သား အလုပ်ကို ယူနီဖောင်း မချွတ်ဘဲ ဝင်လုပ်ရမယ့် စစ်ဗိုလ်တွေက အနည်းဆုံး (၅ဝဝ) လောက်ရှိနေပါတယ်။ နအဖဟာ ဒီလိုနေရာ တွေကို အခြားအဆင့်ဖြစ်တဲ့ တပ်သားတွေ အကြပ်တွေကို တာဝန်ပေးမှာ မဟုတ်ဘဲ အရာရှိတွေကိုသာ ထားမှာလည်း ဖြစ်ပါတယ်။ အခြား အဆင့်တွေကတော့ ထုံးစံအတိုင်း ဖက်တိတ်** နဲ့ လုပ်အားပေးပဲ ရွေးစရာရှိပါတယ်။

ဒါ့အပြင် ကြံ့ဖွံ့ပါတီ သို့မဟုတ် တခြားနအဖပါတီ တခုခုထဲပါပြီး ဗဟိုအစိုးရဝန်ကြီး၊ ပြည်နယ်-ဒေသကြီး အစိုးရ ဝန်ကြီး၊ ပြည်နယ်-ဒေသကြီး ဝန်ကြီးချုပ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ဦးစီးဥက္ကဋ္ဌ စသဖြင့်လုပ်ဖို့ ယူနီဖောင်းချွတ်ရ မယ့် စစ်ဗိုလ်တွေလည်း လိုပါသေးတယ်။

မဆလခေတ်က ပြည်သူ့လွှတ်တော်တွေမှာလည်း တိုင်းမှူး၊ တပ်မမှူး စသဖြင့် တပ်ဖက်က အရာရှိကြီးတွေ ပါဝင်ခဲ့ ကြဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဗြောင်အတိအလင်း တပါတီ အာဏာရှင်စနစ် ကျင့်သုံးတဲ့ အချိန်ဆိုတော့ လွှတ်တော်ဆိုတာ တနှစ်လုံးမှ နှစ်ခါပဲထိုင်ပြီး တခါထိုင်ရင်လည်း အလွန်ဆုံး တပတ်လောက်ပဲ ကြာတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ဗိုလ်တွေဟာ မူလတပ်တာဝန်ကို မစွန့်လွှတ်ဘဲ လွှတ်တော်မှာ ပါလို့ရခဲ့ပါတယ်။ အခုတော့ အများအမြင် မှာ ပါတီစုံ ဒီမိုကရေစီ လွှတ်တော်အဖြစ် ပြရမှာဆိုတော့ တနှစ်ကို နှစ်ခါလောက် (၄-၅) ရက် စတိသဘောထိုင်ပြလို့ မဖြစ်တော့ပါဘူး။ ဒီမိုကရေစီနိုင်ငံက လွှတ်တော်တွေလို အချိန်ပြည့် အလုပ်လုပ်ပြရမှာ ဖြစ်ပါတယ်။

လူဦးရေ သန်း (၂ဝဝ) ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက အရင်ဆူဟာတို အာဏာရှင်ခေတ် လွှတ်တော်မှာ ရွေးကောက်မခံရ တဲ့ စစ်ဗိုလ် အများဆုံး (၁ဝဝ) ပဲပါလို့ စစ်ယူနီဖောင်း မချွတ်ဘဲ တပ်ကထုတ် အမတ်လုပ်ရတဲ့ အရေအတွက်က ဗိုလ်သန်းရွှေ မျှော်မှန်းထားတဲ့ ဗမာပြည်နဲ့ယှဉ်ရင် မပြောပလောက် ပါဘူး။

လွှတ်တော်တွေ၊ အစိုးရတွေထဲမှာ ကိုယ့်အတွက် အပိုင်ဖြစ်အောင် စိတ်ချရတဲ့ တပ်မတော် အရာရှိကြီးတွေ၊ အရာရှိလတ်တွေ ထည့်မှဖြစ်မှာဆိုတော့ တပ်တွင်း အရေးကြီး နေရာတွေကို အောက်ဆင့်က အရာရှိငယ်တွေ တင်ရတော့မှာ ဖြစ်ပါတယ်။ အဲသလို မလုပ်ရင်လည်း အရာရှိငယ်တွေကို လွှတ်တော်တွေနဲ့ အစိုးရတွေထဲ ထည့်ရပါလိမ့်မယ်။ စိတ်ချရတဲ့ တပ်မတော် အရာရှိကြီးတွေ၊ အရာရှိလတ်တွေ ဆိုတာက ဗိုလ်သန်းရွှေ ကောင်းကောင်း သိထားတဲ့လူတွေ၊ ကိုယ် ရင်းမှူးဖြစ်ချိန်မှာ အနိမ့်ဆုံး တပ်စိတ်မှူးလောက် ဖြစ်ခဲ့ဖူးလို့ သစ္စာရှိနိုင် မရှိနိုင် တစုံတရာ အဆင့်အထိ အနီးကပ် တွက်ချက် အကဲခတ် နိုင်သူတွေ ဖြစ်ပါတယ်။

ဒါကြောင့် အရေးကြီးစစ်ဘက်ရာထူးတွေကို ကိုယ်နဲ့ တပ်တွင်းမှာ မဆုံဖူးသူတွေ၊ အပတ်စဉ်ချင်း တအားကွာတဲ့ အရာရှိတွေ၊ သစ္စာရှိမှုကို ကြားအဆင့်တွေ အများကြီးခံပြီးမှ အကဲဖြတ်နိုင်သူတွေကို ပေးရတော့မယ့် အခြေအနေ ဆိုက်နေပါပြီ။ အဲဒီတော့ ဒီအရာရှိငယ်တွေမှာ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ၏ တပ်မတော်အတွက်” ဆိုပြီး “အထက်မှ ပေးအပ်သော အမိန့်နှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်” ဖို့ “သစ္စာကို စောင့်သိရိုသေ” မယ့် သစ္စာလေးချက် ခံယူမှုဟာ ဗိုလ်သန်းရွှေရဲ့ အနီးကပ် အရာရှိကြီးတွေနဲ့ တထပ်တည်း ကျနိုင်ပါ့မလား။ ဒါဟာ ဒီကနေ့ ၂ဝ၁ဝ အကြိုမှာ ဗိုလ်သန်းရွှေအတွက် အကြီးအကျယ် ခေါင်းခဲစရာ ဧရာမ ပြဿနာကြီး ဖြစ်နေပါပြီ။

ဒီနေရာမှာ ကနေ့တပ်မတော်တွင်းက အရာရှိငယ်တွေရဲ့ အသိအမြင်ကို အတိုင်းအတာ တခုအထိ ရိုက်ခတ် သြဇာ သက်ရောက်နေတဲ့ အတွေးအခေါ် သို့မဟုတ် အသိအမြင်တခုကို အလေးထားဖို့ လိုလာပါတယ်။ အဲဒါကတော့ ဂလိုဘယ်လိုက်ဇေးရှင်း အသိအမြင်ပါပဲ။ ဗိုလ်သန်းရွှေနဲ့ ထိပ်သီး ဗိုလ်ချုပ်တွေက ၂၁ ရာစု ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ပြီး ဈေးကွက်စီးပွားရေး နာမည်ခံ ဈေးဖျက် စီးပွားရေးနဲ့ တံခါးဖွင့် စီးပွားရေးနာမည်ခံ ကိုယ့်အိမ်တံခါးဖွင့် ကိုယ်ကျိုးရှာ စီးပွားရေး စနစ်တွေ ကျင့်သုံးနေချိန်မှာ သူပုန် လူထွက် စာရေးဆရာ တဦးရဲ့ ကျွမ်းကျွမ်းကျင်ကျင် ဝါဒဖြန့် ပညာပေးမှုကြောင့် အရာရှိငယ်တွေ မှာတော့ ဒီနေ့ကမ္ဘာမှာ တိုင်းပြည် စီးပွားရေးကို တိုးတက်စေတဲ့ ဂလိုဘယ် လိုက်ဇေးရှင်းနဲ့ လစ်ဘရယ် လိုက်ဇေးရှင်း စီးပွားရေး ဘဝတွေကို ယုံကြည်စိတ် အားကျစိတ်တွေ တဖွားဖွား ပေါ်ပေါက်နေတာကို တွေ့နေရပါတယ်။

အဲဒီစာရေးဆရာဟာ နိုင်ငံခြားတက္ကသိုလ် တခုသွားရင်း စာတမ်းတင်ရာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲမှ တပါး အခြား မရှိလို့ အာဘော် အယူအဆ လွှင့်ပြခဲ့ပေမယ့် သူရေးတဲ့ စာအုပ်တွေ ဆောင်းပါးတွေ ဖတ်မိတဲ့ တပ်မတော် အရာရှိငယ် တွေသာမက အလယ်အလတ်ဆင့် တပ်မှူးတွေထဲမှာပါ ဗိုလ်သန်းရွှေရဲ့ နအဖ စစ်အာဏာရှင် ပုံစံဟောင်းနဲ့ ၂ဝ၁ဝ ပုံစံသစ်အောက်မှာ တိုင်းပြည် တိုးတက်စေမယ့် ဂလိုဘယ်လိုက်ဇေးရှင်း လမ်းစ ဘယ်လိုမှ မရှိနိုင်တာကို ကောင်းကောင်း သဘောပေါက်၊ အာဏာရှင်ချင်းတူတူ တရုတ်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားတို့က တိုင်းပြည်စီးပွားနဲ့ လူထုလူနေမှု ဘဝ မြင့်တက်နေတာကို အားကျစိတ်နဲ့ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြပါတယ်။ လက်ရွေးစင် ရွေးလွှတ်လိုက်တဲ့ ရုရှား ပညာတော်သင်တွေတောင် နိုင်ငံတကာ အသိအမြင်တွေအပြင် တပါတီ အာဏာရှင်စနစ် မဟုတ်တော့တဲ့ ရုရှားနိုင်ငံ ပူတင်ခေတ်မှာ တိုးတက်လာပြီး အမေရိကန်ကို ပခုံးချင်း ပြန်ယှဉ်လာနိုင်တဲ့ အကြောင်းတရားတွေကို အသိကြွယ်နေပြီ မဟုတ်ပါလား။

နဝတ-နအဖစစ်အုပ်စုကို တလျှောက်လုံး ထောက်ခံ အားပေးခဲ့တဲ့ သြဇာကြီးလှတဲ့ ဝါရင့် နိုင်ငံခေါင်းဆောင် စင်ကာပူ ဝန်ကြီးချုပ် လီကွမ်ယူ ကိုယ်တိုင် စိတ်ပျက် နှာခေါင်းရှုံ့ပြီး စင်ကာပူ စီးပွားရေးသမားတွေ၊ စင်ကာပူ ကုမ္ပဏီတွေကို ဗမာပြည်သွား စီးပွားရေးမလုပ်ဖို့ တိုက်တွန်းရတော့တဲ့ အခြေအနေက စာအုပ်တွေမှာဖတ်ရတဲ့ ခေတ်မီတိုးတက်သော အပြားကမ္ဘာကြီးနဲ့ သန်းရွှေခေတ် မြန်မာပြည်တို့ ဓမ္မာသောက အင်းဝရာဇာ ဖြစ်နေတာကို ပြနေပြီး တပ်မတော်အရာ ရှိငယ်တွေရဲ့ ခံစားချက်အပေါ် ဂယက်ကြီးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးတို့ခေတ်တုန်းက အထက်က ရိုက်သွင်းသမျှကိုသာ လက်ခံ ယုံကြည်ခဲ့ရပြီး မျိုးချစ်စိတ်တို့၊ တိုင်းချစ် ပြည်ချစ်စိတ်တို့ဆိုတဲ့ တွင်းနက်ကြီးထဲမှာ ခုနစ်ဆွေးရှစ်ဆွေး တဝဲလည်လည် နေခဲ့ရလို့ ဘိန်းစားချင်းတူတူ တမူးပိုရှူနိုင်တဲ့ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်သန်းရွှေ တို့ကို ကျန်တဲ့ လူတွေက သစ္စာစောင့်ခဲ့ ရပါတယ်။ အခု ၂ဝ၁ဝ ကာလမှာတော့ ဂလိုဘယ်လိုက်ဇေးရှင်း မိတ်ဆက် ပညာပေး စာအုပ်တွေနဲ့ နိုင်ငံခြားခရီး အပေါက်အရောက် များလာကြလို့ တိုင်းပြည်နဲ့ လူမျိုးအတွက် မျိုးချစ်စိတ် ဆိုတာထက် ပိုအလုပ်ဖြစ်မယ့် အတွေးအခေါ်အသိအမြင်တွေ အရာရှိငယ်တွေကြား ပျံ့နှံ့ အားကောင်းနေတဲ့ အတွက် ဗိုလ်ချုပ်မှူးကြီးတို့ ငယ်ငယ်တုန်းကလို သစ္စာရှိပုံချင်း တူနိုင်ပါတော့မလား။

တိုင်းပြည်တကယ်တိုးတက်စေတဲ့ လစ်ဘရယ်လိုက်ဇေးရှင်း လူမှု-စီးပွားအသိကို ကျောက်ခေတ်မှာ ကျောက်ချ နေမယ့် နိုင်တီးဂွမ်တီးက မျိုးချစ်စိတ်တို့ သစ္စာရှိမှုတို့က ရေရှည် လွှမ်းမိုးနိုင်ပါ့မလား။ ကြိုက်သလိုသာ လုပ်ပါ ဦးသန်းရွှေ၊ ဘယ်လမ်းမှ အာလူးဘူးသီးကြီး***အတွက် မချောင်ပါဘူး။

အောက်ခြေမှတ်စု။
*ဦး ၄ = တပ်မတော် စစ်ဦးစီးရေးရာဖိုင်တွဲအမျိုးအစား ခွဲခြားမှုမှာ ရန်ဘက် အင်အားစုများ သတင်း
**ဖက်တိတ် = Fatigue အောက်ခြေရဲဘော်များအတွက် တပ်တွင်း အလုပ်ကြမ်း လုပ်အားပေး
***အာလူးဘူးသီးကြီး = အဘကြီး (ဗိုလ်သန်းရွှေကို တပ်တွင်းမှ ခေါ်ရသည့်နာမည်)

ဂါမဏိ

Read More...

Tuesday, May 12, 2009

လုပ်အားပေး ပျက်သည့် ဥက္ကဌ ကိုရာထူးမှဖြုတ်

အင်္ဂါနေ့၊ 12 မေလ 2009

သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ကြက်ဆူပင်စိုက် ချုံခုတ် လုပ်အားပေး ပျက်ကွက်ခဲ့သည့် မိုခမ်း ရပ်ကွက် ဥက္ကဋ္ဌ စိုင်းလှကို မေလ (၇)ရက်နေ့က ရာထူးမှ ဖယ်ရှားလိုက်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မေလ(၄)ရက်နေ့မှစတင်၍ မြို့နယ်မယကဥက္ကဋ္ဌ ဦးအောင်လွင်က မြို့ပေါ်ရပ်ကွက် တစ်ခုလျှင် (၅၀) ယောက်နှင့် ကျေးရွာများ တွင် တစ်အိမ် တစ်ယောက်နူန်း ကြက်ဆူခင်း အတွက် မလာမနေရ လုပ်အားပေး ဆင့်ခေါ် ခိုင်းစေခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့ ရွေလီတံတားအနီးရှိ ကမ်းပါး တလျှောက်တွင် ရပ်ကွက် တစ်ခုလျှင် တစ်ရက်ပေ (ဂ၀) ပတ်လည် အကျယ်အ၀န်း ခုတ်ထွင် ရှင်းလင်းရန် မြို့နယ် မယကက ခိုင်းစေနေခြင်းလည်း ဖြစ်သည်။

ယခုလို လုပ်အားပေးစေခိုင်းမှုတွင် မိုခမ်းရပ်ကွက်က ပထမနေ့၌ ပျက်ကွက်ခဲ့ပြီး နောက်တစ်ရက် မှသာ မယက ဥက္ကဋ္ဌအား နောက်ကျ သတင်းပို့ခဲ့ သဖြင့် အခုလို ရာထူးမှ ဖယ်ရှားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

" အတင်းအဓမ္မလုပ်အားပေးခိုင်းနေတာ အခုဖြစ်ရပ်ကတော့ အဆိုးဆုံးပဲ ကြက်ဆူ စိုက်ခင်းကို တစ်ရက် နောက်ကျပြီး ဆက်သွယ်တဲ့ အတွက် ပေးအပ်ထားတဲ့ တာဝန်ကို မလေးစားလို့ ဆိုပြီး မယကဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ်ထိုးပြီး စာထုတ်ပြန် ထုတ်ပါယ် လိုက်တာဖြစ်တယ် ” လို့ ဒေသခံ တစ်ဦးက ပြောသည်။

မိုခမ်းရပ်ကွက်ဥက္ကဋ္ဌ စိုင်းလှကို ရာထူးမှ ထုတ်ပါယ်လိုက်ပြီး မယက ဥက္ကဋ္ဌက စိတ်ကြိုက် တစ်ယောက်အား ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြောက် လိုက်သော်လည်း ရပ်ကွက်သားများက လက်ခံမှု မရှိကြောင်း သိရသည်။

" ဒီနေ့ပဲ ရပ်ကွက်သူ ရပ်ကွက်သားတွေက သူတို့ကြိုက်တဲ့သူ တစ်ယောက်ကို ကိုယ့်ဖာသာကိုယ် တင်မြောက် လိုက်ကြတယ် အာဏာပိုင်တွေ တင်ထားတာ မကြိုက်လို့ အဲဒါ အာဏာပိုင်တွေ ဘက်ကလည်း လက်ခံလား မခံလား တော့မသိ သေးဘူး ” လို့ သူက ဆက်ပြောသည်။

ယခုဥက္ကဋ္ဌရာထူးမှ ထုတ်ပါယ်ခံလိုက်ရသည့် စိုင်းလှသည် မဟုတ်မခံစိတ် ရှိသူဖြစ်ပြီး ရပ်ကွက်သားများ အတင်း အဓမ္မ လုပ်အားပေး မလိုက်စေလိုသည့် ဆန္ဒကြောင့် ယခုလို ကြက်ဆူခင်း ကိစ္စကို ဘေးဖယ်ခဲ့ခြင်း ဖြစ်ကြောင်း ရပ်ကွက် သားများက ယုံကြည်နေသည်ဟု ဆိုသည်။

နမ့်ခမ်းမြို့တွင် ဒေသခံများက ကြက်ဆူစိုက်ခင်း အပြင် မူဆယ်- နမ့်ခမ်း ကားလမ်းဘေး တစ်လျှောက် ချုံရှင်းခြင်းများ ရွှေလီ ကြိုးတံတား ၀န်းကျင် ချုံရှင်းခြင်း များတွင် ကိုယ့်ထမင်း ကိုယ်ထုတ်၍ အတင်းအဓမ္မလုပ် အားပေး ဆင့်ခေါ်ခိုင်းခြင်း ခံနေရကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

လက်နက်တိုက်ဖောက်မှု စစ်ဆေးရာမှ တပ်ကြပ်ကြီး သေဆုံး၍ ဆန္ဒပြမှု ဖြစ်ပွား

၁၁ မေ ၂၀၀၉

RFA/မကွေးတိုင်း ရေစကြိုမြို့အခြေစိုက် ခလရ (၂၅၆) တပ်ရင်းပိုင် စစ်လက်နက်တိုက် အဖောက် ခံခဲ့ရတာ သိရှိခဲ့တဲ့ မေလ ၄ ရက်နေ့ နောက်ပိုင်းမှာ အဲဒီ လက်နက်တိုက် အဖောက်ခံရတာနဲ့ ပတ်သက်လို့ ခလရ (၂၅၆) တပ်ရင်းက အရာရှိ နှစ်ဦး အပါအဝင် တပ်သား ၁၆ ယောက်ကို စစ်အစိုးရ အဆင့်မြင့် အာဏာပိုင်တွေက ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

အဲဒီလို ဖမ်းဆီး စစ်ဆေးခံနေရသူထဲက တပ်ကြပ်ကြီးတဦး မနေ့က မေလ ၁ဝရက်နေ့မှာ သေဆုံးခဲ့လို့ တပ်တွင်း မိသားစုဝင်တွေ မကျေနပ်ဖြစ်ပြီး မေလ ၁ဝ ရက်နေ့ ညနေပိုင်းမှာ ဆန္ဒပြခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။


ရေစကြိုမြို့ ခလရ (၂၅၆)တပ်ရင်းက လက်နက်တိုက် အဖောက်ခံရတာနဲ့ ပတ်သက်ပြီး စစ်သားတွေကို ဖမ်းဆီး စစ်ဆေးမှု ပြုလုပ်ရာက တပ်ကြပ်ကြီး တဦး သေဆုံး သွားတာကို မကျေနပ်လို့ တပ်ရင်း မိသားစုဝင် အမျိုးသမီး ၃ဝ လောက် မနေ့က ညနေပိုင်းမှာ ဆန္ဒပြခဲ့တာလို့ စစ်တပ်နဲ့ နီးစပ်တဲ့ မျက်မြင် ဒေသခံက အခုလိုပြောပါတယ်။

မျက်မြင် ဒေသခံ။ ။ 'စစ်လက်နက်တိုက် အဖောက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေးခံရတဲ့ ရဲဘော်တွေရဲ့ အမျိုးသမီး ၃ဝ လောက် တန်းစီပြီး မနေ့က ညနေပိုင်းမှာ တပ်ကနေ တမာတန်း အထိ ဆန္ဒပြခဲ့တာ။ သူတို့က ဖမ်းထားတဲ့ သူတွေ လွှတ်ပေးဖို့၊ မတရား အမှုကို အမှန်အကန် လုပ်ပေးဖို့ စစ်ဆေးရင်း သေသွားတဲ့ ကိစ္စဟာ လုံးဝ မတရားဘူး။ သေသွားတဲ့သူ အတွက် ရာဇဝတ်ကြွေး ပြန်ဆပ်ပေးဆိုပြီး အော်ဟစ် ဆန္ဒပြခဲ့တာပါ။'

သေဆုံးသွားသူဟာ လက်နက်တိုက် အဖောက်ခံရတာနဲ့ ပတ်သက်ပြီး အစစ်ဆေး ခံရတဲ့ တပ်ကြပ်ကြီး အဆင့်ရှိ အသက် ၃၅နှစ် အရွယ် ကိုမြင့်စိုး ဖြစ်ပြီး မေလ ၁ဝရက် မနေ့က မနက်ပိုင်းက သေဆုံးတာ ဖြစ်ပြီး သေတဲ့နေ့ နေ့လယ် တနာရီခွဲ လောက်မှာ ရေစကြိုမြို့က သုဿန်မှာ သင်္ဂြိုဟ် ခဲ့တာလို့ ဒေသခံ နောက်တဦးက ပြောပါတယ်။

အခြားဒေသခံ။ ။ '၂ချက်နဲ့ ၄နာရီကြား၊ စစ်သမီးတွေပေါ့၊ ရဲဘော်တွေရဲ့ အမျိုးသမီးတွေ၊ သူတို့ တပ်ကနေ တမာတန်း လမ်းဆုံအထိ။ ၃ဝလောက် ရှိတယ်။ တန်းစီပြီးတော့ ဒီလို ဖမ်းထားတဲ့လူတွေ ထုတ်ပေးဖို့။ မတရား ခံစားရတာတွေ ပေါ့လေ၊ မတရား အမှုကို အမှန်အကန် လုပ်ပေးဖို့။ သေသွားတဲ့လူရဲ့ ဟာကို မကျေနပ်ဖူးပေါ့လေ။ လုံးဝ မတရားဘူး။ သေသွားတဲ့လူရဲ့ ဟာကို ရာဇဝင်ကြွေး ပြန်ဆပ်မယ်။ ဒါမျိုးတွေ လွှတ်ပေါ့လေ။ မကျေနပ်ဖူးပေါ့။ အော်ဟစ်ပြီးတော့ ဆန္ဒပြတာ။'

မကွေးတိုင်း ရေစကြိုမြို့မှာအခြေစိုက်တဲ့ ခလရ (၂၅၆)တပ်ရင်းရဲ့ စစ်လက်နက်တိုက် မေလ ၄ ရက်နေ့ ညနေပိုင်းမှာ အဖောက် ခံခဲ့ရတာ သိရှိပြီး စစ်လက်နက်တွေ ပါသွားတဲ့ သတင်းကို RFA မေလ ၅ရက်နေ့ ညပိုင်း အစီအစဉ်မှာ ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

လက်နက်တိုက် အဖောက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ရေစကြိုမြို့ အခြေစိုက် ခလရ (၂၅၆) တပ်ရင်းက နောက်တန်းကျန် စစ်သားတွေ ဖမ်းဆီး စစ်ဆေးခံနေရတဲ့ အခြေအနေနဲ့ စစ်ဆေးခံရတဲ့ အထဲက တပ်ကြပ်ကြီး တဦး မနေ့က သေဆုံးခဲ့တာကို စစ်တပ်နဲ့ နီးစပ်တဲ့ ဒေသခံကပဲ ဆက်ပြောပါတယ်၊၊

နောက်တန်းမှာကျန်ခဲ့တဲ့ ရဲဘော် ၁၆ယောက်လောက် အဖမ်းခံရတယ်။ အဲဒီ အဖမ်းခံရတဲ့ အထဲမှာ အရာရှိ ၂ ဦး ပါပြီး နမခနဲ့ နေပြည်တော် ထောက်လှမ်းရေး တပ်ခွဲက ဖမ်းဆီး စစ်ဆေးခဲ့တာ။ အဲလိုစစ်ဆေးလို့ လက်လွန်ပြီးတော့ တပ်ကြပ်ကြီးတဦး ရေစကြို ဆေးရုံကြီးအရောက်မှာ သေဆုံးခဲ့တာပါ။

ခလရ (၂၅၆)က တပ်ကြပ်ကြီးတဦး သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိနိုင်ဖို့ ရေစကြိုမြို့နယ် ဆေးရုံကြီးကို RFAက ဆက်သွယ် မေးမြန်းတဲ့ အခါ တာဝန်ကျ ဆေးရုံ အုပ်ကြီးက အခုလို ပြန်ဖြေကြားပါတယ်။

ဆေးရုံအုပ်ကြီး။ ။ 'အဲဒီအကြောင်း သိချင်ရင် (၂၅၆)ကို ဖုန်းဆက်ကြည့်ပါ။ ဘယ်လို တွေ့ရှိတယ် ဆိုတာ သိချင်ရင်လည်း (၂၅၆)ကိုပဲ ဖုန်းဆက်မေးပါ။ တပ်ရင်းဆီကို ဖုန်းဆက်မေးပါနော်။'

ရေစကြိုမြို့နယ် ဆေးရုံကြီးက တာဝန်ကျ ဆေးရုံအုပ်ကြီး ပြောကြားသွားတာ ဖြစ်ပါတယ်။

ရေစကြိုမြို့က ခလရ (၂၅၆)တပ်ရင်းပိုင် လက်နက်တိုက် အဖောက်ခံရလို့ ဖမ်းဆီး စစ်ဆေးခံရစဉ် တပ်ကြပ်ကြီး တဦး သေဆုံးသွားတာ အပါအဝင် တပ်ရင်း မိသားစုဝင် အမျိုးသမီး ၃ဝ လောက် ဆန္ဒပြတာတွေနဲ့ ပတ်သက်လို့ RFA က အသေးစိတ် သိရှိနိုင်ဖို့ ခလရ (၂၅၆) တပ်ရင်းရုံးကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

Ref: RFA News

Read More...

စစ်အစိုးရ၏တောင်းဆိုချက် ၀ ဆွေးနွေးပွဲမှ ရာနှုန်းပြည့် နီးပါး ကန့်ကွက်

တနင်္လာနေ့၊ 11 မေလ 2009

ဧပြီလနှောင်းပိုင်းက ၀ ထိပ်ပိုင်းခေါင်းဆောင် ရှောဝ်းမင်လျှံ အဖွဲ့ - သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံပြီး ဌာနချုပ်အပြန် အစုအဖွဲ့လိုက် ဆက်တိုက် စည်းဝေးပွဲ ပြုလုပ်ခဲ့ရာ စစ်အစိုးရ၏ တောင်းဆိုချက် အပေါ် ၀ ပါတီနှင့် စစ်တပ် အစည်းအဝေးမှ ဆန္ဒ ခံယူခဲ့ရာမှာ ရာနှုန်းပြည့်နီးပါး ကန့်ကွက်ကြောင်း - ၀ ဌာနချုပ် နီးစပ်သော အသိုင်း အ၀ိုင်းက ဆိုသည်။

စစ်အစိုးရတောင်းဆိုထားသည့် အချက်အပေါ် ၀ ပြည် နိုင်ငံရေးပါတီနှင့် စစ်တပ်အတွင်း၏ အမြင် သဘောထားကို အမည် မဖေါ်လိုသည့် ၀ အရာရှိနှင့် နီးစပ်သူ တဦးအား သျှမ်းသံတော်ဆင့်က မေးမြန်းရာ-

“ (၁) အသွင်ပြောင်းမည့် ၀ တပ်မတော်အတွက် ဆန် စားနပ်ရိက္ခာ လက်နက်ခဲယမ်း နှင့် အထွေထွေ အသုံးစရိတ်များ အားလုံး စစ်အစိုးရမှ တာဝန်ယူပေးမည်။ (၂) ၀ တပ်အင်အား ၃၀၀၀ အထိ လျှော့ချ၍ ခေတ်မှီ တပ်မတော် ဖြစ်ဖို့အရေး စစ်အစိုးရမှ လူအင်အား ၃၀ ၀င်ရောက် အားဖြည့်မည်။ (၃) စစ်ပညာနှင့် အခြား ကျွမ်းကျင်မှု ဆိုင်ရာ ဖွံ့ဖြိုးမှု ဆိုင်ရာများကို စစ်အစိုးရက တာဝန်ယူမည်” ဟု ဆိုထားပါတယ်။

“အခုကျနော်တို့အခြေအနေက ဗမာစစ်တပ် စားနပ်ရိက္ခာ နေရာထိုင်ခင်း မစီစဉ်ပေးလဲ ကိုယ့်ဟာကိုယ် လည်ပတ်နိုင်နေ တာဘဲ၊ ပညာတတ် လူ ၃၀ က ကျနော်တို့ တပ်အဖွဲ့အကြား လာဖြည့်ပြီး အဖွဲ့အစည်း မြှင့်တင်ပေးမယ် ဆိုတာက ကျနော်တို့ တတွေ ဗမာစကားမှ မတတ်တာ။ အဲဒါကြောင့် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဒီတော့ကျနော်တို့ အစုအဖွဲ့လိုက်ခွဲပြီး အစည်းအဝေး ထိုင်ကြတယ်။ ၃ ရက် တကြိမ် အထက်ကို ပြန်တင်ပြတယ်။ အစည်းအဝေးက မပြီးပြတ်သေးဘူး။ ဒါပေမယ့် စစ်အစိုးရ၏ တောင်းဆိုချက်အပေါ် ပါတီတွင်း စစ်တပ်အတွင်း သဘောထား ကောက်ယူရာမှာ ၉၈ ရာနှုန်းက လုံးဝ မထောက်ခံဘူး၊ ကန့်ကွက်တယ်၊ ကျန် ၂ ရာခိုင်နှုန်းက ဘာမှ မပြောဘူး”

လက်ရှိ ၀အစိုးရနှင့် ၀ ပြည်သူများက အခက်အခဲ အန္တရာယ် အမျိုးမျိုးကြားမှ ၀ ဒေသကို အသက်နှင့်ရင်းပြီး ကာကွယ်လာ ခဲ့ကြောင်း၊ စစ်အစိုးရက ၀ စစ်တပ် အတွက် တာဝန်ယူမည် ဟူသည့် အချက်မှာလည်း ဗမာ့ တပ်မတော်ကိုယ်ပင် ကိုယ်ထူ ကိုယ်ထ စနစ် ထားနေရသဖြင့် လက်ခံနိုင်ရန် မဖြစ်နိုင်ကြောင်း ဆိုပါသည်။

မိုင်းလားအဖွဲ့က ၂၀၀၉ နှစ် ဂျွန်လ ၃၀ ရက်နောက်ဆုံးထား၍ လူသူ လက်နက်အင်အား စာရင်း၊ ပင်စင်ယူမည့် သက်ကြီးပိုင်း စာရင်းများပေးပို့ရန် စစ်အစိုးရ ရာဇသံ ပေးထားသော်လည်း၊ ရသည့် အချိန်၌ ပါတီအတွင်း စစ်တပ်အတွင်း အစည်းအဝေး ပွဲလုပ်ပြီးလျှင် ပြည်သူ့ဆန္ဒ ဆင်းကောက်မည် ဟုလည်း ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူ အရာရှိက ပြောပါသည်။

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်သည် စစ်အစိုးရ တပ်ဖွဲ့ပြီးလျှင် တပ်အင်အား အတောင့်တင်းဆုံး အဖွဲ့အစည်း ဖြစ်သည့် အားလျော်စွာ ငြိမ်းအဖွဲ့များ၏ အနာဂတ် သည်လည်း ၀ အဖွဲ့အပေါ် အများကြီး တည်မှီနေကြောင်း၊ ကျန်အပစ်ရပ် ငြိမ်းအဖွဲ့များက ၀ တို့၏ ဆုံးဖြတ်ချက်ကို မျှော်လင့် စောင့်ကြည့်နေကြကြောင်း မိုင်းလားအပါအ၀င် အပစ်ရပ် အသိုင်းအ၀ိုင်း များ ပြောဆိုချက်အရ သိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လက်နက် မချနိုင်ဟု ဆို

မိုးမခ အထောက်တော် ၀၀၅
မေ ၁၀၊ ၂၀၀၉

အပစ်ရပ်အဖွဲ့ကြီးတခု ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က လက်နက်ချမည် မဟုတ်ဟု နယူးယောက်တိုင်းမ်စ် သတင်းစာကို ပြောလိုက်သည်။

မြန်မာဗိုလ်ချုပ်ကြီးများက ရှေ့နှစ်ရွေးကောက်ပွဲ မတိုင်မီ ငြိမ်းချမ်းရေး ယူထားသည့် သူပုန် အဖွဲ့များကို လက်နက်ဖြုတ်ရန် သို့မဟုတ် ပြည်သူ့စစ် အဖွဲ့အဖြစ် အသွင်ပြောင်းရန် ညှိနှိုင်း နေချိန်တွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည် အနာဂတ်အတွက် သင့်လျော်တဲ့ လမ်းပြမြေပုံ မရှိသေးဘူး” ဟု ဗိုလ်ချုပ် Gam Shawng Gunhtang က ပြောသည်။ သူသည် ကချင် လက်နက်ကိုင် အဖွဲ့၏ စစ်ဦးစီးချုပ် ဖြစ်သည်။

“ကျုပ်တို့ တိုင်းရင်းသားတွေက ဖယ်ဒရယ် ပြည်ထောင်စု အတွက် ကြိုးစားနေကြတာ။ သူတို့က ဒီအကြောင်း နားထောင်ချင်ကြတာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ် Gam Shawng Gunhtang က ပြောသည်။

လက်နက်ဖြုတ်သိမ်းရန် တောင်းဆိုချက်ကို “လက်မခံနိုင်” ဟု သူက ဆိုသည်။

KIA အရာရှိတဦးကလည်း စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို သဘောမတူဟု ပြောသည်။

“တိုက်ပွဲပြန်ဖြစ်ဖြစ် မဖြစ်ဖြစ် ငါတို့ကတော့ အသင့် ပြင်ထားရမှာပဲ။ ငါတို့ တပ် အင်အား ကောင်းမယ်ဆိုရင်၊ ငါတို့ ငြိမ်းချမ်းရေးက ရေရှည် ခိုင်မြဲမှာပဲ” ဟု ဗိုလ်သင်တန်း ကျောင်းအုပ် ဗိုလ်မှူး Zauja Nhkri က ပြောသည်။

Ref: မိုးမခ

Read More...

အမေရိကန် သတင်းထောက် ၂ ဦး မြန်မာအစိုးရ ပြည်နှင်ဒဏ်ပေး

11 May 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ၀င်းထဲကို ရေကူး ၀င်ရောက်တဲ့ အမေရိကန် နိုင်ငံသား တဦးကို ဖမ်းဆီးထားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေချိန်မှာပဲ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အမေရိကန် သတင်းထောက်၂ ဦးကိုလည်း နိုင်ငံက နှင်ထုတ် ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် စင်တာက စီစဉ်တဲ့ စာနယ်ဇင်း သင်တန်း တခုကို ပို့ချအပြီး သူတို့ ၂ ဦးကို မန္တလေးမြို့မှာ အာဏာပိုင်တွေက ထိန်းသိမ်းပြီး နိုင်ငံက ထွက်ခွာ ခိုင်းခဲ့တာပါ။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှာ ဒေသခံ သတင်းသမား တချို့အတွက် စာနယ်ဇင်း သင်တန်း ပေးခဲ့ကြတဲ့ အမေရိကန် ဓာတ်ပုံ သတင်းထောက် တဦးဖြစ်တဲ့ ဂျယ်ရီ ရက်ဒ်ဖန်း (Jerry Redfern) နဲ့ ဇနီးသည် ဖြစ်သူ ကာရန်း ကုတ်စ် (Karen Coates) တို့၂ ဦးကို အာဏာပိုင်တွေက နိုင်ငံတွင်းကနေ မောင်းနှင်ထုတ် ခဲ့တာပါ။ မန္တလေးမြို့မှာ ဗုဒ္ဓဟူးနေ့က သူတို့ ၂ ဦးကို ထိန်းသိမ်းပြီး ချက်ချင်း ဆိုသလို နောက်တနေ့ပဲ ရန်ကုန်မြို့ကတဆင့် နိုင်ငံကနေ ထွက်ခွာခိုင်းခဲ့တာလို့ အခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြန်ရောက်နေတဲ့ သူတို့ ၂ ဦးက ကြေညာချက် တစောင် ထုတ်ပြန်ပြီး ပြောလိုက်ပါတယ်။ ဘာအကြောင်းကြောင့် ဆိုတာ အာဏာပိုင်တွေ ဘက်က ရှင်းမပြ ပေမယ့် သူတို့ကို အစိုးရရုံးစိုက်ရာ နေပြည်တော်က တိုက်ရိုက် ညွှန်ကြားချက် အရ ဆိုပြီးတော့သာ ပြောတယ်လို့လည်း ဆိုပါတယ်။

တကယ်တော့ မန္တလေးမြို့မှာ အမေရိကန်စင်တာက စီစဉ်တဲ့ စာနယ်ဇင်း သင်တန်းပေးနေချိန် အထူး ရဲတပ်ဖွဲ့က လာပြီး အကဲခတ်တာတွေ ရှိခဲ့ပေမယ့် အစောပိုင်းမှာ တစုံတရာ အနှောင့်အယှက် ပေးတာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း သင်တန်းအပြီး ဗုဒ္ဓဟူးနေ့ ညပိုင်းကျမှ ပစ္စည်းတွေ သိမ်းဖို့ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက လာပြီး ညွှန်ကြားခဲ့တယ်၊ အဲဒီနောက် ရန်ကုန်ကို ရထားနဲ့ ချက်ချင်းဆိုသလို ခေါ်သွားပြီး လေယာဉ်ပေါ် တင်ပေး ခဲ့တာလို့လည်း သူတို့က ပြောပါတယ်။ သူတို့ ၂ ဦးအနေနဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီ လတုန်းကလည်း အလားတူ သင်တန်းတွေ ပို့ချဘူးပြီးတော့ ဒီတကြိမ်မှာလည်း မြန်မာစစ်အစိုးရရဲ့ ဆင်ဆာအဖွဲ့နဲ့ အထူးရဲ တပ်ဖွဲ့တို့ကလည်း လက်ခံ ထားပြီးသားလို့ ဆိုပါတယ်။

သတင်းလုပ်ငန်းအတွက် အခုလို ရောက်လာပေမယ့်လို့ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိတဲ့ နိုင်ငံတနိုင်ငံ အဖြစ် သတ်မှတ် ခံထားရတဲ့ မြန်မာနိုင်ငံ အနေနဲ့ကတော့ စာနယ်ဇင်း သမားတွေကို လက်ခံလေ့ သိပ်မရှိဘူး လို့လည်း အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက စာနယ်ဇင်းသမား တဦးက မှတ်ချက်ပေးပါတယ်။

“ဘာပြဿနာဖြစ်လဲတော့ မသိရဘူး။ ကျနော်သိသလောက် ဒီဆရာ လင်မယားကတော့ အေးအေးဆေးဆေး ပါပဲ။ သူတို့တည်းတဲ့ မန္တလေး စီးတီးဟိုတယ်ကို ည ၉ နာရီလောက် လာခေါ်သွားပြီး ညတွင်းချင်းပဲ ရထားနဲ့ ရန်ကုန်ကို လိုက်ပို့တယ်။ အမှန်က သူတို့ကနောက်တရက်မှပြန်ရမှာ။ အဲဒါကို လက်မခံဘဲ ခေါ်သွားတာ။ ဒီမှာက ဂျာနယ်လစ်တွေဆို သိပ်ပေးဝင်တာမှ မဟုတ်တာ။”
မြန်မာနိုင်ငံက စာနယ်ဇင်းသမားတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

အခုအဖြစ်အပျက်ဟာဆိုရင် အမေရိကန် နိုင်ငံသားတဦး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ဥပဒေမဲ့ ၀င်ရောက်ခဲ့လို့ ဖမ်းဆီး စစ်ဆေးတာတွေ လုပ်နေတယ် ဆိုပြီး မြန်မာစစ်အစိုးရက ပြောဆို ထားချိန်နဲ့လည်း တိုက်တိုက် ဆိုင်ဆိုင် ဖြစ်ပွားခဲ့တာပါ။ နိုင်ငံက ပြန်လည် ထွက်ခွာလာကြရတဲ့ သတင်းစာသမား ၂ ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်းထဲက ဖြစ်ရပ်ရဲ့ အကျိုးဆက် ဖြစ်ကောင်းလည်း ဖြစ်လိမ့်မယ်လို့ ဆိုပေမယ့် တကယ့် အကြောင်းရင်း မှန်ကို သူတို့ အနေနဲ့ ဘယ်လိုမှ သိခွင့် မရခဲ့ဘူးလို့လည်း ပြောပါတယ်။ ဒါပေမယ့်လို့ သူတို့ ၂ ဦးရဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ရော ဘာအကြောင်းကြောင့် အခုလို ထွက်ခွာခိုင်းရတယ် ဆိုတာမျိုးတွေနဲ့ ပတ်သက်လို့ရော အာဏာပိုင်တွေ ဘက်က တစုံတရာ ပြောတာ ဆိုတာမျိုးတော့ မကြားရပါဘူး။

Ref: VOA News

Read More...

Monday, May 11, 2009

ဒေါ်အောင်ဆန်းစုကြည် ဆေးကုသမှုလိုအပ်၊ မိသားစု ဆရာဝန် အဖမ်းခံရ

မေကျော်
စနေနေ့၊ မေလ 09 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်သည် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေပြီး၊ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း အဖမ်းခံ နေရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုသည်။

ယခုလ ၇ ရက်နေ့ ညနေ ၃ နာရီခန့်က ဒေါက်တာ တင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်း အတွင်း ပုံမှန် ဆေးကုသရန် သွားရောက်သည့်အခါ ဝင်ခွင့်မရရှိဘဲ၊ နေအိမ်သို့ ပြန်လာပြီးနောက် အာဏာပိုင်များက သူ့ကို လာရောက် ခေါ်ဆောင်သွားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၏ ပြောဆိုချက်ကို ပြည်တွင်း သတင်းထောက်တဦးက မဇ္ဈိမကို ပြန်လည် ပြောပြခြင်း ဖြစ်သည်။

သို့သော် ဆရာဝန်၏ ဆေးအကူ မပြုံးမိုးအိ ကို အာဏာပိုင်များက ယမန်နေ့ နေ့လယ်ပိုင်းတွင် အကြောင်းကြား သဖြင့်၊ ဒေါ်အောင်ဆန်းစုကြည်ကို ၃ နာရီခန့်အကြာ ကျန်းမာရေး စစ်ဆေးခွင့် ရရှိခဲ့ပြီး၊ အကြောဆေးလည်း သွင်းပေးခဲ့ကြောင်း သိရသည်။

အဖွဲ့ချုပ် သတင်းပြန်ကြားရေး ကော်မတီဝင် ဦးအုန်းကြိုင်ကလည်း “ဒေါက်တာ တင်မျိုးဝင်းကို ဘာလဲတော့ မသိဘူး။ ခေါ်သွားတယ်လို့ ကြားတယ်။ ဒေါ်စု ကျန်းမာရေး အခြေအနေ နည်းနည်း စောင့်ရှောက်နေရတယ်လို့ ကြားတယ်။ နည်းနည်း အရေးပေါ် ကုသမှု လိုတယ်လို့ ပြောတယ်” ဟု ဆိုသည်။

သို့သော်လည်း ပြည်ပခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေရာ တာဝန်ခံ ဦးညိုအုန်းမြင့်က “ဒေါက်တာ တင်မျိုးဝင်းကို ကြာသပတေးနေ့က ဝင်ခွင့်မပေးဘူး။ ညနေထိ သူ့အိမ်ကို ဖုန်းဆက်တော့ အိမ်မှာ မရောက်လာသေးဘူး။ အိမ်ပြန်မလာသေးဘူးလို့ ပြောတယ်။ အခုလို လုပ်နေတာက ဒေါ်စုကျန်းမာရေးကို သတင်း မပေါက်ကြားဖို့ ထိန်ချန်ဖို့ ထိန်းထားတာလို့ ယူဆရတယ်။ မနေ့က ညနေတော့ အိမ်ပြန်လေ့ရှိတဲ့ လူက အိမ်ပြန်မလာတော့ဘူး ဆိုတော့ ချုပ်နှောင်ထားတယ်လို့ ပြောနိုင်တယ်” ဟု ပြောသည်။

“ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို ပြည်သူတွေလည်း သိသင့်တယ်။ တကမ္ဘာလုံးကလည်း သိသင့်တယ်။ အခုလက်ရှိ သူ ဘာဖြစ်နေတယ်ဆိုတာ ဖော်ပြသင့်တယ်” ဟု သူက ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ခြံဝင်းအတွင်း ကျူကျော်ဝင်ရောက်သူနှင့် တွေ့ခွင့် ရရန် သံရုံးက စောင့်ဆိုင်းနေ

ဆော်လမွန်
စနေနေ့၊ မေလ 09 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းအတွင်း တရားမဝင် ဝင်ရောက်ခဲ့၍ ဖမ်းဆီး ခံခဲ့ရသူ အမေရိကန် လူမျိုးတဦးနှင့် မိမိတို့ တွေ့ဆုံခွင့် မရသေးကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ပြောသည်။

မြန်မာအာဏာပိုင်များက John William Yeattaw ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသူ အထိန်းသိမ်းခံ အမေရိကန် လူမျိုးနှင့် တွေ့ခွင့် တောင်းထားသည့် မိမိတို့၏ မေတ္တာ ရပ်ခံချက်ကို မြန်မာအစိုးရက တုံ့ပြန်မည်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံး၏ ပြောရေးဆိုခွင့် ရှိသူ ရစ်ချတ်မေး (Richard Mei) က ပြောသည်။

“ဒီပုဂ္ဂိုလ်နဲ့ တွေ့ခွင့်ရဖို့ (မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန) ကို ကျနော်တို့ ခွင့်တောင်းထားပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာမှ တုံ့ပြန်မှု မရသေးပါဘူး” ဟု မေး က ပြောသည်။

“ကျနော်တို့ နောက်ထပ် ဘာသတင်းမှ ထပ်မကြားသေးပါဘူး။ ဒီပုဂ္ဂိုလ်နဲ့ တွေ့ရဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အခုထိ ကျနော်တို့ ဘာမှ အောင်မြင်မှု မရသေးပါဘူး” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ တရားဝင် သတင်းစာဖြစ်သော မြန်မာ့အလင်း သတင်းစာ၏ ကြာသပတေးနေ့ ထုတ်တွင် အဆိုပါ Mr. Yeattaw သည် ရန်ကုန်မြို့ အင်းယားကန်ဘေးရှိ နိုဘယ်ဆုရှင် အကျယ်ချုပ် ချခံနေရသည့် နေအိမ်သို့ ရေကူး၍ သွားရောက်ခဲ့သည်ဟု ရေးသား ဖော်ပြထားသည်။ အဆိုပါ နေအိမ်တွင် သူမသည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၂ နှစ်ကျော် နေထိုင်ခဲ့ရသည်။

သူ့အား စစ်မေးရာတွင် Mr. Yeattaw က သူသည် မေလ ၂ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိ ခဲ့ကြောင်းနှင့် မေ ၃ ရက် တနင်္ဂနွေနေ့တွင် အင်းယားကန်ကို ဖြတ်ကူး၍ လုံခြုံရေး ထူထပ်စွာ ချထားသော ဒေါ်အောင်ဆန်းစုကြည်၏ ကိုလိုနီခေတ် ပုံစံ နေအိမ်တွင် မေလ ၅ ရက်နေ့အထိ နေထိုင်ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သတင်းစာက ရေးသားထားသည်။

အင်းယားကန်ကို ဖြတ်ကူး၍ ပြန်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၆ ရက် နံနက်ခင်းတွင် ဖမ်းဆီး ရမိခဲ့သည်ဟု အဆိုပါ သတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။

ကြာသပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေး မေးမြန်းရာတွင် သူမက မိမိထံ လာသော အဆိုပါ ဧည့်သည်၏ ဝင်ရောက်လာမှုသည် ‘တရားမဝင်’ ဖြစ်ပြီး၊ ‘လက်ခံနိုင်ဖွယ်လည်း မရှိကြောင်း’ ပြောဆိုခဲ့သည်ဟု သောကြာနေ့က DPA သတင်းဌာန၏ သတင်းပေးပို့မှုတွင် ဖော်ပြထားသည်။

အမည်မဖော်သော လုံခြုံရေး အရာရှိကို ကိုးကားဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အထပ် ၂ ထပ်ရှိ သူမ၏ နေအိမ်အောက်ထပ်တွင် ထားရှိခဲ့သည်ဟု ရေးသားထားသည်။

ထိုအတောအတွင်း အမေရိကန် သံရုံးကလည်း အမေရိကန် နိုင်ငံသားများနှင့် ပတ်သက်၍ သူတို့ တာဝန်ရှိသည့် အတိုင်း တွေ့ဆုံခွင့် ရရန်နှင့် အချက်အလက်များကို စိစစ်ရန် ကြိုးစားနေကြောင်း ပြောသည်။

“ဒီပုဂ္ဂိုလ်နဲ့တွေ့ပြီး စကားပြောခွင့်ရဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အခုထိတော့ မအောင်မြင်သေးပါဘူး” ဟု ရစ်ချတ်မေးက ပြောသည်။

“သူ ဘယ်မှာရှိတယ်ဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ ကျနော့်စိတ်ထဲ ထင်နေတာကတော့ သူ့ကို စစ်ဆေး မေးမြန်းဖို့ ထိန်းသိမ်းထားတယ် ထင်တာပါပဲ” ဟု သူက ဆက်လက် ပြောကြားသွားခဲ့သည်။

ဤသို့ သွားရောက်တွေ့ဆုံမှု၏ အကြောင်းရင်း စေ့ဆော်မှုကို ရှင်းလင်းစွာ မသိရ သေးသော်လည်း ဤသို့ ပြုလုပ်ခြင်းသည် လူအများ လေးစား ကြည်ညို ခံရသော အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဂုဏ်သိက္ခာကို ထိခိုက် ပျက်စီးစေကြောင်း မြန်မာ အတိုက်အခံများက ရှုတ်ချ ပြောဆိုလိုက်သည်။

မြန်မာကျောင်းသားလူငယ်များ ခေါင်းဆောင်သည့် နိုင်ငံရေးပါတီ တရပ်ဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) ကလည်း ဤဖြစ်ရပ်သည် ဝမ်းနည်းဘွယ် ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး သိက္ခာနှင့် ပုံရိပ်ကို ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

“ဒီအဖြစ်အပျက်ဟာ သာမန် တိုက်ဆိုင်မှု တရပ်ပါလို့ ပြောတာကို ကျနော်တို့က သံသယ ရှိတယ်။ ဒါ ဒေါ်အေင်ဆန်းစုကြည်ကို နိုင်ငံရေးအရရော၊ ပုဂ္ဂိုလ်ရေးအရရော သိက္ခာချဖို့လုပ်တဲ့ အကြံအစည် တရပ်သာ ဖြစ်တယ်” ဟု DPNS ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်း က မဇ္ဈိမကို ပြောသည်။

“ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ စစ်အစိုးရ ပါဝင် ပတ်သက်နေတာ မရှိဘူးလို့လည်း မပြောနိုင်ဘူး” ဟု သူက ပြောသည်။

“ဒီအတောအတွင်း သေချာတာ သက်သေပြလို့ ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်မှာ လုံခြုံမှု မရှိဘူးဆိုတာ ဖော်ပြနေတာပဲ။ ပိုအရေးကြီးတာက စစ်အစိုးရရဲ့ လုံခြုံရေးစနစ်မှာ အားနည်းပျော့ညံ့မှု ရှိတယ်ဆိုတာကို ပြနေတာပဲ” ဟု ကိုငွေလင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ရသူ အနည်းငယ်ထဲမှ တဦးဖြစ်သူ သူမ၏ ရှေ့နေ ဦးကြည်ဝင်းကလည်း သူမ ခြံဝင်းတံခါးဝတွင် လုံခြုံရေးများ ထူထပ်စွာ ချထားသော်လည်း နေအိမ်ဝင်း အတွင်းတွင်မူ လုံခြုံရေး တာဝန်ယူထားသူ အများအပြားကို သူ မတွေ့မြင် ခဲ့ရကြောင်း ပြောသည်။

“ကျနော် သူ့ကို သွားတွေ့တုန်းက အိမ်ဝင်းအပြင်ဘက်မှာ အစောင့်တွေ တွေ့တယ်။ ဒါပေမဲ့ ခြံဝင်းထဲမှာတော့ တယောက်မှ မတွေ့ခဲ့ဘူး” ဟု ဦးကြည်ဝင်းက ပြောသည်။

ဤဖြစ်ရပ်သည် သူမအား ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် စစ်အစိုးရက အကွက်ချ ပြင်ဆင် လုပ်ကိုင်မှု ဖြစ်နိုင်ကြောင်း ကိုငွေလင်းက ပြောသည်။

၂ဝဝ၃ ခုနှစ် မေလက နောက်ဆုံးအကြိမ် ဖမ်းဆီးခြင်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂၇ ရက် နေ့တွင် တဆက်တည်း ထိန်းသိမ်း ခံခဲ့ရသည်မှာ ၆ နှစ် ပြည့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဥပဒေအရ သူမကို တဆက်တည်း ၅ နှစ်ထက်ပို၍ ထိန်းသိမ်းထားခွင့် မရှိပါ။ သူမအား ဖမ်းဆီး ထိန်းသိမ်းထားမှုကို ယမန်နှစ်က နောက်တကြိမ် သက်တမ်း တိုးလိုက်သည့်အတွက် စစ်အစိုးရသည် သူတို့၏ ဥပဒေကိုပင် ပြန်လည် ချိုးဖောက်ခဲ့ကြောင်းဖြင့် နယူးရောက်မြို့ရှိ သူမ၏ ရှေ့နေ နောက်တဦးကလည်း ပြောဆိုထားသည်။

“ဒါ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားချင်လို့၊ ပြန်ဖမ်းထားပြီး စွဲချက် တင်ချင်လို့ လှည့်ကွက် လုပ်တာလဲ ဖြစ်နိုင်တယ်လို့ ကျနော်တို့က သံသယရှိတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းက ပြည့်ခါနီးနေပြီ” ဟု ကိုငွေလင်းက ပြောသည်။

ဤအတောအတွင်း ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) ၏ ဥက္ကဋ္ဌ ဦးသိန်းဦးကလည်း ဤဖြစ်ရပ်က အတိုက်အခံ ခေါင်းဆောင်တွေအပေါ် ကာကွယ်မှုပေးရာမှာ စစ်အစိုးရ၏ တာဝန်မဲ့မှုနှင့် ပေါ့ဆမှုကို သက်သေပြနေကြောင်း ပြောသည်။

“သူ (ဒေါ်အောင်ဆန်းစုကြည်) ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ခေါင်းဆောင်ပါ။ သူ့ကို နေအိမ်အ ကျယ်ချုပ် ချထားပြီး၊ သူ့လုံခြုံရေးကို တာဝန်ယူထားတာကြောင့် သူ့မှာ လုံခြုံရေး အပြည့်အဝ ရှိသင့်ပါတယ်” ဟု ဦးသိန်းဦးက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ပါကစ္စတန်တိုက်ပွဲ ပြင်းထန်၊ ဒေသခံများ ပိတ်မိနေ

10 May 2009

တာလီဘန်တွေ ကြီးစိုးတဲ့ ဆွာ့တ်တောင်ကြားနေဒေသမှာ စနေနေ့က ရဟတ်ယာဉ်နဲ့ စစ်လေယာဉ်တွေ အကူအညီနဲ့ ပါကစ္စတန် စစ်တပ်ကနေ ပစ်ခတ်ခဲ့တာမို့ ဒေသခံ သိန်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် ကြရသလို ထွက် မပြေးနိုင်ဘဲ ပိတ်မိ နေသူတွေလည်း ရှိနေပါတယ်။

အဲဒီဒေသမှာ ကြီးစိုးနေတဲ့ စစ်သွေးကြွတွေကို ရှင်းလင်းဖို့ အတွက် ကြိုးစားတာလို့ ပါကစ္စတန် စစ်တပ်က ပြောကြားခဲ့ပြီး စနေနေ့ တိုက်ပွဲမှာ တာလီဘန် ၅၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မင်ဂိုရာ မြို့တ၀ိုက်မှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်က ရဟတ်ယာဉ်ပေါ်က သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပုန်းအောင်းနေတဲ့ တာလီဘန် ၁၅ ဦး သေဆုံးခဲ့တယ်လို့ ပြောပါ တယ်။

တိုက်ပွဲတွေဟာ ကာဘာ နဲ့ ဒါ ဒေသတွေမှာလည်း ဖြစ်ပွားခဲ့ပြီး အဲဒီမှာ စစ်သားလေးဦး ဒဏ်ရာ ရခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။ ကုလသမဂ္ဂကတော့ ဒီတိုက်ပွဲတွေဟာ ဒီရက်ပိုင်းအတွင်း ဆ၀ပ် နဲ့ ဘာနာ ဒေသတွေက ဒေသခံ ငါးသိန်းလောက်ကို နေအိမ်တွေကနေ စွန့်ခွာ ထွက်ပြေးစေတယ်၊ တချို့လည်း ပိတ်မိနေတယ်လို့ ပြောပါတယ်။ ထွက်ပြေးလာ သူတွေရဲ့ ပြောပြချက်အရ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Ref: VOA News

Read More...

Sunday, May 10, 2009

COIN အကြောင်း တစေ့တစောင်း

Wednesday, April 29, 2009

ညနေက အာဖဂန်စစ်မျက်နှာကနေ ပြန်လာတဲ့ သူငယ်ချင်း မတ်ခ်နဲ့ စားသောက်ဆိုင်တခုမှာ dinner အတူ စားဖြစ်ခဲ့ပါတယ်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အတွက် စကားတွေ တော်တော်များများ ပြောဖြစ် ခဲ့ကြပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အစုံအလင်ပါပဲ။ စစ်ပွဲက ပြန်လာသူ တယောက်နဲ့ ဆုံတွေ့ရင် စစ်ပွဲ စကားတွေဟာ ပြောဖြစ်ကြ စမြဲမို့ မတ်ခ်တို့ ရင်ဆိုင်တိုက်ပွဲဝ င်နေရတဲ့ အာဖဂန်တောင်ပိုင်း အခြေစိုက် တာလီဘန်တွေ အကြောင်း ပြောဖြစ်ကြပါတယ်။

အာဖဂန်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ တာလီဘန် တွေဟာ ဒေသခံ ဘိန်း စိုက်တောင်သူ လယ်သမား တွေနဲ့ သဘောတူညီမှု ယူပြီး လှုပ်ရှား နေတာကြောင့် အာဖဂန်သမ္မတ Karsai ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ နိုင်ငံတကာ တပ်ပေါင်းစုတွေ အတွက် ချေမှုန်းဖို့ ခက်ခဲတဲ့ အကြောင်းတွေ မတ်ခ်က ပြောပြပါတယ်။ သူတို့ကို ချေမှုန်းရေးက တနည်းပဲရှိတယ်။ တာလီဘန် အုပ်စုနဲ့ ဒီတောင်သူ လယ်သမားတွေကို ခွဲထုတ် ပစ်ရမယ်။ ဒီနေရာမှာ ခက်နေတာ က ဘိန်းစိုက် တောင်သူတွေဟာ ဘိန်းစိုက်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတာ ဖြစ်တဲ့အတွက်၊ သူတို့အတွက် တခြား livelihood မလုပ်ပေးနိုင်မချင်း၊ အောင်မြင်နိုင်တဲ့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု အပေါ် ဒေသခံတွေ စိတ်ပါ ၀င်စားလာအောင် မဆွဲဆောင်နိုင်မချင်း၊ လူထုနဲ့ ခွဲထုတ် ချေမှုန်းရမယ် ဆိုတဲ့ နည်းဗျူဟာကို သုံးလို့ မရသေးကြောင်း ဆွေးနွေး ပြောဆိုဖြစ်ကြတယ်။ ဒီလိုပြောကြရင်း စစ်မဟာဗျူဟာ လေ့လာရေး ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းတွေမှာပဲ ဖြစ်ဖြစ်၊ စစ်ဦးစီး တက္ကသိုလ် သင်တန်းတွေမှာပဲ ဖြစ်ဖြစ်၊ အရေးကြီး သင်ရိုးညွှန်းတမ်း အဖြစ် ပြဌာန်းလေ့ ရှိတဲ့ စစ်သုံးစကား အနေနဲ့ဆိုရင် COIN လို့ခေါ်တဲ့ အကြောင်းအရာ အကြောင်း ဆက်ပြောဖြစ်ကြပါတယ်။


COIN ဆိုတာက Counterinsurgency ကို အတိုကောက် ခေါ်တဲ့ စကား ဖြစ်ပါတယ်။ counterinsurgency ဆိုတာက insurgency ဆိုတဲ့ ပုန်ကန်ခြားနားမှု ကို တုန့်ပြန်မှု ဖြစ်ပါတယ်။ ၂၀ရာစု ကာလတလျှောက် ကမ္ဘာတ၀ှမ်းမှာ အတွေးအခေါ်၊ အယူအဆအပေါ် အခြေခံလို့ပဲ ဖြစ်ဖြစ်၊ ပြည်ပ ကျူးကျော်မှုကို တွန်းလှန်မှု အပေါ် အခြေခံလို့ပဲ ဖြစ်ဖြစ်၊ မတရား ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်ဖို့ပဲ ဖြစ်ဖြစ် ပုန်ကန်မှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာစကားမှာ အဓိပ္ပာယ် မှားယွင်းနေတဲ့ စကားတခု ရှိပါတယ်။ “သူခိုးကြီးရင် ဓားပြ၊ ဓားပြကြီးရင်သူပုန်” ဆိုတဲ့စကားပါ။ ဒါက ပုန်ကန် ခြားနားသူတွေဖြစ်တဲ့ သူပုန်တွေရဲ့ သိက္ခာကို စော်ကား ပြောဆိုခြင်း ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ ပုန်ကန်ခြားနားမှု ဆိုတာက လက်ရှိ အစိုးရ (သို့) အာဏာသိမ်း အစိုးရ (သို့) ပြည်ပ ကျုးကျော် အုပ်ချုပ်မှု စတာတွေကို ဆန့်ကျင်ဖို့ စနစ်တကျ စုဖွဲ့ထားတဲ့ နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုန်ကန်ခြားနားမှု ဖြစ်လာတဲ့ အခါကျရင်တော့ တရားဝင် အစိုးရပဲဖြစ်ဖြစ်၊ တရားမ၀င် အစိုးရပဲဖြစ်ဖြစ်၊ ပြည်ပ အစိုးရပဲဖြစ်ဖြစ် Counterinsurgency (COIN) ကို ပြုလုပ် ဆင်နွှဲကြပါတယ်။ ဒီလိုပြုလုပ်ရာမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ဓာတ် စစ်ဆင်ရေး စတဲ့ စစ်မျက်နှာ ပေါင်းစုံကို ဖွင့်လှစ် ဆောင်ရွက်လေ့ ရှိပါတယ်။ စစ်မဟာဗျူဟာ လေ့လာရေး ပညာရှင်များကလဲ COIN ကင်ပိန်းတွေ အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့ လိုအပ်မယ့် အချက်တွေကို ဖော်ထုတ် ရေးသားကြပါတယ်။

ဒီနေရာမှာ strategic theorists များရဲ့ အခန်းကဏ္ဍကို ထည့်သွင်း ပြောချင်ပါတယ်။ တချို့က သူတို့တွေကို သီအိုရီ သမားတွေ၊ စာအုပ်ထဲက စာတွေဖတ်ပြီး၊ လက်တွေ့နဲ့ ကင်းကွာနေသူတွေလို့ ထင်မြင်လေ့ ရှိကြတယ်။ တကယ်တော့ theorists လို့ သူတို့ကို ခေါ်ဆိုမှုက ဒီအချက်ကို ထောက်ပြ နေပြီးသားမို့ ဘာမှ ထပ်ဆောင်း ပြောစရာ မလိုအပ်တော့ဘူး။ သူတို့အလုပ်က ဘာလဲဆိုတော့ သမိုင်းကြောင်း အချက် အလက်တွေ၊ သဘော တရားတွေ၊ အတွေးအခေါ်တွေနဲ့ သီအိုရီတွေကို ဖော်ထုတ် ရေးသားကြတာ ဖြစ်ပါတယ်။ စစ်ပညာရှင် ကလော့ဝစ် ဆိုခဲ့သလိုပဲ၊ ဒီလိုပေါ်ထွက်လာတဲ့ သီအိုရီတွေဟာ လေ့လာချင်သူတွေ အတွက် guideline တွေ ဖြစ်လာနိုင်တယ်။ ဖတ်ရှု လေ့လာသူတွေကို အတွေးအခေါ်၊ အမြင်သစ်တွေ ပံ့ပိုးပေးလာနိုင်တယ်။ သမိုင်း အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး၊ အမှားအယွင်းတွေကို ရှောင်ရှားနိုင်လာတယ်။ ဒါပေမယ့် သီအိုရီ သမားတွေ ပြောသမျှ အားလုံးလုပ်လို့ ရမယ်လို့လဲ မဆိုလိုနိုင်ပါဘူး။ သီအိုရီအရ ကြည့်ရင်တော့ သီအိုရီနဲ့ လက်တွေ့ဟာ ကွာခြားမှု မရှိဘူး။ ဒါပေမယ့် လက်တွေ့ကျတော့ ကွာခြားမှုတွေ ရှိလာနိုင်တယ်။ ဒါကြောင့် သီအိုရီနဲ့ လက်တွေ့လုပ်ဆောင်သူတွေ အကြား သူတော်တယ်၊ ငါတော်တယ် အငြင်းပွားမှုတွေဟာ အဖိုးတန်တဲ့ အချိန်တွေကို သက်သက်မဲ့ ဖြုန်းပစ်နေတာ ဖြစ်တယ်။ ခန္ဓာဗေဒ မသိပဲ ခွဲစိတ် ကုသမှုလုပ်လို့ မရသလို၊ ခန္ဓာဗေဒ သိပြီးတိုင်းလဲ ခွဲစိတ်ကုသမှု လုပ်လို့ မရဘူး။ အဓိကကတော့ common sense ပါပဲ။

မဟာဗျူဟာရေးဆွဲသူ သီအိုရီသမားတွေဘက်ကလဲ ကိုယ့်ရေးသားထားတဲ့ အတိုင်း လက်တွေ့မှာ အကောင်အထည် ဖော်ဖို့ ဖြစ်တာလဲရှိမယ်၊ မဖြစ်နိုင်တာလဲ ရှိမယ်ဆိုတာ နားလည် သဘောပေါက်ဖို့ လိုအပ်သလို၊ လက်တွေ့ သမားတွေ ဘက်ကလဲ သီအိုရီသမားတွေ ဖော်ထုတ် ရေးသားတာကို လိုတာယူ၊ မလိုတာပယ်ပြီး ကိုယ့်အတွက် အသုံးဝင်မယ့် အချက်တွေကို ရွေးနုတ် အသုံးချလိုက်မယ် ဆိုရင် တယောက်ကို တယောက်၊ လက်ညှိုးထိုးနေကြတဲ့ အချိန်တွေ အလဟဿဖြစ်မှု နည်းသွားပါလိမ့်မယ်။ ကားမောင်းနည်း စာအုပ်ဖတ်ပြီး၊ ကားတက်မောင်းလို့ မရနိုင်သလို၊ သီအိုရီက လီဘာနင်းရင် ဘယ်လိုဖြစ်မယ်၊ ဘရိတ်နင်းရင် ဘယ်လိုဖြစ်မယ် ဆိုတာ မယုံလို့ဆိုပြီး၊ ချောက်ရှေ့မှာ လီဘာနင်းမယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ ဆိုတာကိုလဲ စဉ်းစားရပါလိမ့်မယ်။

အခုဆက်လက်ပြီး COIN နဲ့ ပတ်သက်တဲ့ စစ်မဟာဗျူဟာ လေ့လာရေး ပညာရှင်ကြီးတွေ ဖြစ်တဲ့ David Galula, Robert Thompson တို့ ရေးသား ခဲ့ကြတဲ့ classical literature တွေနဲ့၊ ယနေ့ခေတ် ပညာရှင် Schnaubelt, Daniel Marston, Carter Malkasian တို့ ရေးသားခဲ့တဲ့ literature တွေထဲက အရေးကြီးတဲ့ အချက်တချို့ကို ကောက်နှုတ် တင်ပြလိုပါတယ်။ ဘာကြောင့် ဒီအချက်တွေကို တင်ပြရလဲ ဆိုရင် အခုလက်ရှိ စာရေးသူတို့ ရင်ဆိုင်နေရတဲ့ ရန်သူ စစ်အုပ်စုဟာ စစ်ရေး အတွေးအခေါ်နဲ့ပဲ အရာရာကို ရှုမြင် သုံးသပ်နေလို့ ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ တဘက်ရန်သူ၊ တဘက်ပြိုင်ဘက်ရဲ့ intentions (ရည်ရွယ်ချက်), interests (စိတ်ပါဝင်စားမှု), commitment (ခံယူချက်), value (တန်ဖိုးထားမှု) စတဲ့ အချက်လေးချက်ကို အရင်လေ့လာပြီးမှ၊ သင့်လျော်တဲ့ မဟာဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ရပါတယ်။ အဲဒီလိုမဟုတ်ပဲ ကိုယ့်ဘက်က ကိုယ်ဖြစ်စေချင်တာတွေ၊ ကိုယ်လုပ်နိုင်တာတွေ၊ ကိုယ့်အယူအဆ တွေကိုပဲ ဇောင်းပေး လုပ်ဆောင်နေမယ် ဆိုရင် ခုတ်ရာတခြား၊ ရှရာတခြားနဲ့ လုပ်လိုက်သမျှ တလွဲတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပုန်ကန် ခြားနားသူတွေကိုပဲ ဖြစ်ဖြစ်၊ တော်လှန်ရေး သမားတွေကိုပဲ ဖြစ်ဖြစ်၊ ချေမှုန်းရေး လုပ်ရာမှာ အသုံးပြုတဲ့ စစ်ရေး နည်းဗျူဟာများကို ရေးသား တင်ပြပေးပါမယ်။

(၁) Legitimacy ရရန် ဆောင်ရွက်ခြင်း

ဒေးဗစ်ဂါလုလား အဆိုအရ ဘယ်လိုအသွင်သဏ္ဍာန်ဆောင်တဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊ ပုန်ကန်မှုပဲဖြစ်ဖြစ်၊ အတိုက်အခံတွေဘက်က သုံးတဲ့စကားလုံးက “ပြည်သူ့အတွက်” ဆိုတဲ့ စကားလုံးပဲ ဖြစ်လေ့ရှိပါတယ်။ ကမ္ဘာတ၀ှမ်းလုံးက တော်လှန်ရေးတိုင်း၊ စစ်ပွဲတိုင်းမှာ ဒီစကားလုံးက ထိပ်ဆုံးမှာ နေရာယူလေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူထုတွေအကြား၊ နိုင်ငံတကာ အစိုးရတွေအကြားမှာ legitimacy ရဖို့က အရေးကြီးပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် legitimacy ဟာ အစိုးရနဲ့သာ ထိုက်တန်တယ်။ ပုန်ကန်သူတွေ၊ တော်လှန်ရေးသမားတွေနဲ့ မထိုက်တန်ဘူးဆိုတဲ့ အချက်ကို လူထုလက်ခံလာအောင် လုပ်ဖို့ လိုအပ်တဲ့အကြောင်း၊ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ လိုအပ်တဲ့အကြောင်း COIN နည်းဗျူဟာက ထောက်ပြထားပါတယ်။

အနှစ်နှစ်ဆယ် နအဖ လုပ်ငန်းဆောင်တာတွေကို ကြည့်လိုက်တော့ နအဖဟာ စစ်အစိုးရပီပီ ဒါကို တိတိကျကျ လိုက်နာခဲ့ကြောင်း သိသာပါတယ်။ ကြံ့ဖွတ်၊ စွမ်းအားရှင်တို့လို သူတို့ နောက်လိုက်နောက်ပါ အင်အားစုတွေ မွေးယူတာတွေ၊ သတင်းစာ၊ တီဗွီတွေကနေ ၀ါဒဖြန့်ချိရေးလုပ်တာတွေ၊ ၀န်ထမ်းတွေကို မတက်မနေရ ပြည်သူ့ဝန်ထမ်းသင်တန်းတွေ ခေါ်ပေးတာတွေဟာ ဒီနည်းဗျူဟာနဲ့ ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာ ချက်ချင်းအာဏာပြန်မသိမ်းပဲ၊ လူထုထဲကို သူတို့လူတွေလွှတ်ပြီး၊ ခေါင်းဖြတ်သတ်ပွဲတွေ ဖန်တီးတာတွေ၊ လုယက်မှုတွေ၊ ဖရိုဖရဲတွေဖြစ်အောင် လုပ်တာဟာလဲ ဒီဗျူဟာ အခင်းအကျင်းပုံစံပါပဲ။ သမိုင်းဝင် လူထုတော်လှန်ရေးတရပ်ကို အရေးအခင်းပုံစံအသွင်ဖြစ်အောင် ပြောင်းလဲယူပြီး၊ နိုင်ငံတော်မှာ သူတို့အုပ်ချုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်ကို လူထုထဲ ရိုက်သွင်းတာ ဖြစ်ပါတယ်။

ဒါပေမယ့် အနှစ်နှစ်ဆယ် သမိုင်းကို ကြည့်ခြင်းအားဖြင့် နအဖဟာ ဒီဗျူဟာကို နိုင်နင်းစွာ မကနိုင်ပါဘူး။ ခင်ညွန့်နဲ့ စစ်ထောက်လှမ်းရေးတွေကို အချင်းချင်း ဖြုတ်ထုတ်သတ်လုပ်ပြီး နောက်ပိုင်းမှာ ဒါတွေက ပိုထင်ရှားမြင်သာလာပါတယ်။ အခုလဲ ၂၀၁၀ ရွေးကောက်ပွဲနဲ့ political legitimacy ရယူဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အဓိကကတော့ နိုင်ငံတကာ စစ်မျက်နှာအတွက် ဖြစ်ပါတယ်။ လူထုကြားထဲမှာ legitimacy မရနိုင်တော့ဘူးဆိုတာ စစ်တင်ဘာတော်လှန်ရေးမှာ ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာသွားပါတယ်။ ဒါကြောင့်လဲ ၂၀၁၀ ကို အတင်းတွန်းလုပ်ခဲ့ကြတာပါ။

ဒါကိုတော့ ကျွန်မတို့အတိုက်အခံတွေ ဂရုတချက်စိုက်ရပါလိမ့်မယ်။ ၂၁ ရာစုရဲ့ နိုင်ငံတကာ အခင်းအကျင်းပုံစံတွေကို နားလည်ရပါလိမ့်မယ်။ ကျွန်မတို့ မြန်မာနိုင်ငံက တတိယဒီမိုကရေစီ လှိုင်းလုံးကြီးမှာ ပါမသွားပဲ ကျန်ခဲ့တဲ့ နိုင်ငံတနိုင်ငံပါ။ ၂၁ရာစုသစ်မှာ ဒီလှိုင်းလုံးကြီးက ၂၀ရာစု နှောင်းပိုင်းကလို အင်အားသိပ်မကြီးတော့ပါဘူး။ အီရတ်နဲ့ အာဖဂန်နစ်စတန် ကိစ္စရပ်တွေ နောက်ပိုင်းမှာ Military Intervention ဆိုတဲ့ သဘောတရားအပေါ်မှာ ဝေဖန်မှုတွေ အများကြီး ဖြစ်နေကြပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ economic sanctions ဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီး၊ အပြန်အလှန်ငြင်းခုံမှုတွေ၊ ထင်မြင်ချက်တွေက အမျိုးမျိုးဖြစ်နေကြပါတယ်။ တဘက်က ဒီမိုကရေစီကို ဇောင်းပေးပြောဆိုကြသလို၊ ဒီမိုကရေစီဟာ နိုင်ငံတော်လုံခြုံရေးကို အားနည်းစေတယ်ဆိုတဲ့ စွဲချက်တွေကလဲ ဖြစ်နေကြပါတယ်။ နိုင်ငံတကာ ဇာတ်ခုံကြီးဟာ အတွေးအခေါ်ပေါင်းစုံ၊ အယူအဆပေါင်းစုံ၊ လုပ်နည်းဆောင်တာမျိုးစုံနဲ့ သပွတ်အူကြီးလို ရှုပ်ထွေးနေပါတယ်။

ဒီလိုရှုပ်ထွေးနေတဲ့ နိုင်ငံတကာဇာတ်ခုံကြီးပေါ်မှာ အာရှတိုက်ထဲက နိုင်ငံငယ်လေးတခုဖြစ်တဲ့ (ဖြစ်နေတဲ့ ပကတိတရားကို အမှန်အတိုင်း လက်ခံဖို့လိုပါတယ်) မြန်မာပြည်အရေးလောက်ကို ရေးကြီးခွင်ကျယ် ကိစ္စကြီးတခုအနေနဲ့ နိုင်ငံတကာ အစိုးရများက အသိအမှတ်မပြုပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးကြတဲ့ ပြဿနာတိုင်းသာ အဖြေထွက်လာနိုင်ခဲ့ရင် အခုကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သတင်းဆိုးတွေရဲ့ လေးပုံသုံးပုံလောက်ကို ကြားရမှာတောင် မဟုတ်ပါဘူး။ အီရတ်ကို အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ၀င်နိုင်ဖို့ ဆယ်စုနှစ်တွေ ဘယ်လောက်ကြာခဲ့သလဲဆိုတာ ပြန်တွက်ချက်ကြည့်စေလိုပါတယ်။ သေချာတာတခုကတော့ မြန်မာနိုင်ငံဟာ ဒုတိယအီရတ် လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး။ နိုင်ငံရေးပထ၀ီဝင် အနေအထားအရ ဒုတိယတောင်အာဖရိကလဲ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ ပကတိအခြေအနေမှန်ပါ။

ပြီးတော့ ကမ္ဘာပေါ်မှာ မြန်မာ့အရေးထက် ပိုအရေးကြီးတဲ့ ကိစ္စရပ်များစွာ ကလဲ ရှိနေပါသေးတယ်။ ဒါတွေကို မမြင်လို့ပဲဖြစ်ဖြစ်၊ တမင်တကာ မျက်စိပိတ်ပြီးပဲဖြစ်ဖြစ်၊ မြန်မာပြည်က စစ်အုပ်စုကို နိုင်ငံတကာ ဖိအားတွေပေးပြီး၊ ဒိုင်ယာလော့ခ်လမ်းကြောင်း ပေါ်တက်လာအောင်လုပ်မယ်ဆိုတဲ့ မဟာဗျူဟာကြီးတွေ ချမှတ် အကောင်အထည်ဖော်နေတာကတော့ တလွဲဆံပင်ကောင်း လုပ်နေတာနဲ့ အတူတူပါပဲ။ နိုင်ငံတကာဇာတ်ခုံမှာ legitimacy နဲ့ ပတ်သက်ပြီး state actors နဲ့ non-state actors ပြိုင်ပွဲတွေ ဖြစ်တဲ့အခါ ဘယ်သူကနိုင်ပြီး၊ ဘယ်သူတွေက ရှုံးတတ်တယ်ဆိုတာ ကမ္ဘာ့နိုင်ငံရေး သမိုင်း စာမျက်နှာတွေမှာ အတိအလင်း လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒီမဟာဗျူဟာကြီးနဲ့ပဲ ဆက်လက် တိုက်ပွဲဝင်နေရင်တော့ အဲဒီအတိုင်းတွေပဲ ဖြစ်သွားပါလိမ့်မယ်။ ပြောမထွက်ရက်လို့ ကျွန်မ မပြောချင်ပါဘူး။ အချိန်က စကားပြောလာပါလိမ့်မယ်။ နိုင်ငံတကာ အစိုးရတွေရဲ့ ခြေလှမ်းတွေကို နောက်နှစ်နှစ်အတွင်းမှာ စောင့်ကြည့်လိုက်ပါ။

အဲဒီလိုအဖြစ်မခံပဲ မြန်မာ့နိုင်ငံရေးတိုးတက်မှုကို တကယ်ဖြစ်စေချင်တယ် ဆိုရင်တော့ legitimacy နည်းနဲ့ တိုက်ခိုက်နေတဲ့ စစ်အစိုးရကို အနိုင်ယူအောင်ပွဲခံနိုင်စေတဲ့ အင်အားကြီးတခုကတော့ ရှိနေပါတယ်။ ဒါကတော့ ပြည်သူလူထုပါ။ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကိုပဲ လိုလားကြပါတယ်။ စစ်အုပ်စုရဲ့ မတရားမှုတွေကိုလဲ နေ့စဉ်နဲ့ အမျှ ခံစားနေကြရတာမို့ ခံပြင်းစိတ်တွေ လူတိုင်းရဲ့ရင်ထဲမှာ ရှိနေပါတယ်။ စစ်အုပ်စုရှိနေသရွေ့၊ နောက်ကွယ်က ကြိုးကိုင်နေသရွေ့ မြန်မာပြည်ကြီး တိုးတက်မှာမဟုတ်ဘူး ဆိုတာကိုလဲ အများစုက နားလည်ကြပါတယ်။ ပြည်သူလူထုရဲ့အားကို ယူခြင်းကသာ အောင်ပွဲဆီကို ဦးတည်နိုင်ပါစေလိမ့်မယ်။ စစ်အုပ်စုဟာ COIN နည်းဗျူဟာအတိုင်း Legitimacy ရဖို့အရေးကို အသည်းအသန် ကြိုးစားနေဆဲ ဖြစ်ပေမယ့် ပြည်သူလူထုကြားမှာတော့ အခုအချိန်ထိ legitimacy မရသေးပါဘူး။ ဒီအချက်ကို ဇောင်းပေးပြီး လုပ်သင့်တာလုပ်ကြဖို့ လိုပါတယ်။ ပြင်ဆင်သင့်တာကို တညီတညွတ်တည်း ပြင်ဆင်ကြဖို့ လိုပါလိမ့်မယ်။ စစ်ပွဲဆိုတာ စစ်မြေပြင်မှာပဲ တိုက်ရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်မြေပြင်လို့ ကျွန်မဆိုလိုတာက ပြည်တွင်းကို ပြောတာဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်ရေးနဲ့ လူထုတိုက်ပွဲ ဟန်ချက်ညီ ပေါင်းစပ်နိုင်ဖို့ တော်လှန်ရေးစစ်မျက်နှာ ငါးရပ်ဖြစ်တဲ့ စစ်ရေးစစ်မျက်နှာ၊ နိုင်ငံရေးစစ်မျက်နှာ၊ လူမှုစီးပွားရေး စစ်မျက်နှာ၊ အတွေးအခေါ် ခံယူချက် စစ်မျက်နှာ၊ နိုင်ငံတကာစစ်မျက်နှာစတဲ့ စစ်မျက်နှာအားလုံး လိုအပ်လှပါတယ်။ တနေရာတည်းမှာ အားသာနေတာမဟုတ်ပဲ အားလုံးဟန်ချက်ညီပေါင်းစပ်မှုကို ဆိုလိုတာဖြစ်ပါတယ်။ အမြောက်ပစ်ကူတချက် ပေးဖို့အရေး၊ အမြောက်လုပ်ဖို့ သံတုံးထိုင်သွေးနေသူတွေရဲ့ လက်ထဲကို စစ်ပွဲတခုလုံးရဲ့ ကံကြမ္မာကို မထည့်လိုက်မိပါစေနဲ့။ စခန်းကုန်းလေးတခု သိမ်းပိုက်နိုင်တာနဲ့ပဲ အောင်ပွဲရပြီ။ ဒါလေးကိုပဲ မပျောက်မပျက်အောင် ထိန်းထားမယ်ဆိုသူတွေရဲ့ လက်ထဲကိုလဲ command power မထည့်လိုက်မိပါစေနဲ့။

အဲဒီလို ဖြစ်လာရင် လူထုဟာ သူတို့ လက်မခံနိုင်တဲ့ အစိုးရတရပ်ရဲ့ legitimacy ကို အသိအမှတ် မပြုပေမယ့်၊ ပုန်ကန်ခြားနားသူတွေ၊ တော်လှန်ရေးသမားတွေနဲ့လဲ ကင်းကွာ သွားနိုင်ပါတယ်။ လူထုနဲ့ တသားတည်းမရှိတဲ့ တော်လှန်ရေးဟာ အောင်ပွဲနဲ့ လွဲနေမှာ အသေအချာပါပဲ။ အခုဆက်လက်ပြီး COIN နည်းဗျူဟာတရပ်ဖြစ်တဲ့ လူထုနဲ့ တော်လှန်ရေးကင်းကွာအောင် ပြုလုပ်ခြင်း အချက်ကို ဆက်လက်တင်ပြပါမယ်။ ဒီနည်းဗျူဟာကိုလဲ စစ်အုပ်စုက ကျင့်သုံးနေပါတယ်။

(၂) လူထုနှင့် တော်လှန်ရေးသမားများအား ကင်းကွာအောင် ပြုလုပ်ခြင်း

တော်လှန်ရေးနဲ့ပတ်သက်ပြီး၊ နာမည်ကျော်ကြားလှတဲ့ theorist တဦးဖြစ်တဲ့ မော်စီတုန်းရဲ့ အဆိုအမိန့်ကို ထည့်သွင်းပြောကြားလိုပါတယ်။ မော်စီတုန်းက ပင်လယ်ထဲမှာ ငါးလေးတွေ ကူးခတ်နေသလိုပဲ တော်လှန်ရေးသမားများဟာလဲ လူထုထဲမှာ လှုပ်ရှားရမယ်လို့ ဆိုပါတယ်။ လူထုနဲ့ တော်လှန်ရေးဟာ ကင်းကွာလို့မရပါဘူး။ ဒီနေရာမှာ လူထုနဲ့ တော်လှန်ရေးနီးကပ်မှု၊ တသားတည်းဖြစ်မှုဆိုတာနဲ့ ပတ်သက်ပြီး အတွေးအခေါ်အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုး ရှိနေတတ်ပါတယ်။ တချို့က လူထုထဲမှာပဲ တော်လှန်ရေးသမားက နေရမယ်၊ တချို့ကျတော့လဲ လက်နက်ကိုင်တော်လှန်ရေး စစ်မျက်နှာမှာပဲ နေရမယ်၊ တချို့ကကျတော့လဲ တခြားစစ်မျက်နှာတွေမှာလဲ ပါဝင်ရမယ်စသဖြင့် အမျိုးမျိုး ဆိုတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးစစ်မျက်နှာ ငါးရပ်ဖြစ်တဲ့ စစ်ရေးစစ်မျက်နှာ၊ နိုင်ငံရေးစစ်မျက်နှာ၊ လူမှုစီးပွားရေး စစ်မျက်နှာ၊ အတွေးအခေါ် ခံယူချက် စစ်မျက်နှာ၊ နိုင်ငံတကာစစ်မျက်နှာစတဲ့ စစ်မျက်နှာ တရပ်ရပ်မှာ ပါဝင်နေမှုအားလုံးဟာ တော်လှန်ရေးရဲ့ အင်အားတွေပဲဖြစ်ပါတယ်။ ဒီစစ်မျက်နှာအားလုံးမှာ ဟန်ချက်ညီနေဖို့  အထူး လိုအပ်လှပါတယ်။ ဘယ်လိုစစ်မျက်နှာမျိုးမှာပါတာပဲဖြစ်ဖြစ် အဓိကကတော့ တော်လှန်ရေးအပေါ်မှာ လူထုရဲ့ ထောက်ခံမှု ရှိနေဖို့ပဲ ဖြစ်ပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ရှိနေသရွေ့၊ တော်လှန်ရေးသမားတွေအပေါ်မှာ လူထုက လေးစားမှုရှိနေသရွေ့၊ တော်လှန်ရေးခေါင်းဆောင်တွေ အပေါ်မှာ လူထုက ယုံကြည်မှုရှိနေသရွေ့ တော်လှန်ရေး ချိန်ခွင်လျှာက တော်လှန်ရေးသမားတွေဘက်မှာ ရှိမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်တော့ပဲ လူထုက တော်လှန်ရေးကို ယုံကြည်မှု အားနည်းလာခဲ့ရင်၊ ချိန်ခွင်လျှာက COIN operations ဆင်နွှဲတဲ့ အစိုးရပဲဖြစ်ဖြစ်၊ အာဏာရှင်တွေပဲဖြစ်ဖြစ်၊ သူတို့ဘက်ကို ယိမ်းသွားတတ်ပါတယ်။

ဒါကြောင့်လဲ COIN နည်းဗျူဟာက လူထုနဲ့ တော်လှန်ရေးကို ခွဲထုတ် ရမယ်လို့ ဆိုထားပါတယ်။ ဒီလိုကင်းကွာအောင် လုပ်ရာမှာ ပထမ တနည်းကတော့ တော်လှန်ရေးသမားတွေ အ၀င်အထွက်ရှိတဲ့ ရွာတွေကို ပြောင်းရွှေ့မှုပါ။ ဘိုအင်းစစ်ပွဲကာလ၊ မလေးရှားနိုင်ငံအရေးပေါ်ကာလတွေမှာတုန်းက ဗြိတိသျှစစ်တပ်က ဒီနည်းလမ်းတွေကို အများဆုံးအသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကာလတွေမှာကျတော့ ဒီနည်းလမ်းအသုံးပြုမှုတွေကို နိုင်ငံတကာကရော၊ ပြည်တွင်းပြည်သူလူထုတွေကပါ လက်မခံကြတော့ပါဘူး။ စစ်မဟာဗျူဟာလေ့လာရေးပညာရှင် Kilcullen ကတော့ ဒီဘက်ခေတ်တွေမှာ ဒီနည်းလမ်းတွေ အသုံးမပြုသင့်တော့ဘူးလို့ ဆိုထားပါတယ်။ သူက ဒီလိုလုပ်ခြင်းအားဖြင့် လူထုနဲ့ တော်လှန်ရေးကို လူချင်းကွဲကွာအောင်လုပ်လိုက်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာကျတော့ တော်လှန်ရေးသမားတွေကို လူထုက ပိုမိုထောက်ခံမှုပေးသွားနိုင်တယ်လို့ ဆိုထားပါတယ်။

နောက်တမျိုးကတော့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ လူထုကို ကင်းကွာအောင် ပြုလုပ်နည်းပါ။ ဒီနည်းကတော့ ပိုမိုသိမ်မွေ့ပြီး၊ ရွာတွေပြောင်းရွှေ့မှုလိုမျိုး လူအများကို ထိခိုက်တာမဟုတ်ပေမယ့် လက်တွေ့မှာ ပိုမိုထိရောက်ပါတယ်။ အရေးပါတဲ့ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှု (targeted assassinations)နဲ့ နှစ်ရှည်လများ ဖမ်းဆီးထောင်ချမှု (long-term imprisonment) နည်းလမ်းတွေနဲ့ လူထုနဲ့ ခေါင်းဆောင်တွေ ကင်းကွာအောင် လုပ်တာတွေကို COIN ဆင်နွှဲတဲ့ အစိုးရတော်တော်များများက ပြုလုပ်လေ့ရှိတတ်ပါတယ်။ ဒီနည်းလမ်းဟာ လူပုဂ္ဂိုလ်ကိုးကွယ်မှု ပြုလုပ်တတ်လေ့ရှိတဲ့ အာရှနဲ့ အာဖရိကနိုင်ငံတချို့မှာ ပိုပြီးထိရောက်ပါတယ်။ ဒီလိုလူ့အဖွဲ့အစည်းတွေမှာဆိုရင် ပေါ်ပေါက်ခဲ့ဖူးတဲ့ ခေါင်းဆောင်တွေအပေါ်မှာပဲ သစ္စာရှိမှု၊ ယုံကြည်ကိုးကွယ်မှုတွေ ရှိနေတတ်တာဖြစ်တဲ့အတွက် ဒီခေါင်းဆောင်တွေ ကျဆုံးသွားရင်၊ အကျဉ်းကျသွားရင် တော်လှန်ရေးတခုလုံးဟာ ဖရိုဖရဲဖြစ်တော့တာပါပဲ။ ဒါတွေကို ပြန်လည်ထိန်းသိမ်းနိုင်မယ့် ခေါင်းဆောင်တွေပေါ်လာဖို့ဆိုတာ အလွန်ပဲ ခဲယဉ်းတတ်သလို၊ ပေါ်ပေါက်လာခဲ့ရင်လဲ အရင်ခေါင်းဆောင်ဟောင်းရဲ့ နောက်လိုက်တွေက သူတို့ခေါင်းဆောင်ကို အစားထိုးတယ်လို့ ယူဆပြီး၊ တိုက်ခိုက်ခွဲထွက်မှုတွေ ဖြစ်လာတော့တာပါပဲ။ အာရှ၊ အာဖရိကတိုက်မှာ COIN operations တွေ အောင်မြင်ခဲ့မှုဟာ အစိုးရတွေရဲ့ အရည်အချင်းဆိုတာထက် ဒီနည်းဗျူဟာရဲ့ ထိရောက်မှုကြောင့်လို့ ဆိုရင် မမှားပါဘူး။ တော်လှန်ရေးအဖွဲ့အစည်း၊ လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ ဒီလိုစိတ်ဓာတ်တွေကို မပြင်နိုင်သရွေ့ တော်လှန်ရေးချိန်ခွင်လျှာဟာ တော်လှန်ရေးသမားတွေဘက်ကို ရောက်ဖို့ မလွယ်ပါဘူး။

နောက်နည်းလမ်းတခုကတော့ လူထုက တော်လှန်ရေးအပေါ် ယုံကြည်မှု ကင်းမဲ့အောင် ပြုလုပ်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒီလိုပြုလုပ်ရမှာ အနိမ့်ဆုံးပုဂ္ဂိုလ်ရေးရာ အပုပ်ချမှုတွေကနေ အမြင့်ဆုံး တော်လှန်ရေး တရပ်လုံးရဲ့ image ကို ပျက်စီးစေတဲ့အထိ အဆင့်ဆင့် ဆောင်ရွက်မှုတွေဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ ပထမဆုံးအနေနဲ့ လူထုရဲ့ တန်ဖိုးထားမှု အသွင်အမျိုးမျိုးကို ဖော်ထုတ်ရပါတယ်။ ပြီးတဲ့အခါမှာကျမှ ဒီတန်ဖိုးထားမှုတွေနဲ့ ပဋ္ဋိပက္ခ ဖြစ်စေနိုင်တဲ့ တော်လှန်ရေးသမားတွေရဲ့ အားနည်းချက်တွေကို ရှာဖွေရပါတယ်။ လူအများနဲ့ စုဖွဲ့ ထားတဲ့ တော်လှန်ရေးအဖွဲ့ အစည်းဖြစ်တဲ့ အတွက်ကြောင့် ဘယ်လိုမှရှောင်လွှဲလို့ မရတဲ့ ပုဂ္ဂိုလ်ရေး အားနည်းချက် တွေကတော့ အများကြီး ရှိနေတတ်တာပါပဲ။ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက် အမှားအယွင်းတွေ လုံးဝကင်းစင်တဲ့ တော်လှန်ရေးဆိုတာ ကမ္ဘာပေါ်မှာ မရှိခဲ့သေးပါဘူး။ အရေးကြီးဆုံး ကတော့ လူနဲ့ စနစ်ကို ခွဲထုတ် မြင်တတ်မှုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအမြင် ခိုင်ခိုင်မာမာ မရှိသေးတဲ့ လူ့အဖွဲ့အစည်း တွေမှာကျတော့ ပုဂ္ဂိုလ်ရေး အားနည်းချက်တွေကို အသုံးပြုပြီး၊ လူထုက တော်လှန်ရေးအပေါ်၊ တော်လှန်ရေး သမားတွေအပေါ် ယုံကြည်မှုကင်းမဲ့အောင် ပြုလုပ်တဲ့နည်းက ထိရောက်လှပါတယ်။ ဒီနည်းကြောင့် လူထုက အစိုးရဘက်မှာ ပါသွားတာ မဟုတ်ရင်တောင်၊ တော်လှန်ရေးဘက်မှာလဲ မရှိတော့ပဲ ကြားနေဆိုတဲ့ လူတန်းစားကြီး တရပ် ထုနဲ့ထည်နဲ့ ပေါ်ပေါက်လာတတ်တော့တာပါပဲ။ ဒါကြောင့် တော်လှန်ရေးတရပ်မှာ ၀ါဒဖြန့်ချိရေးယန္တရားတခု ခိုင်ခိုင်မာမာ ရှိနေသင့်တယ်လို့ တော်လှန်ရေးတွေနဲ့ ပတ်သက်တာတွေကို လေ့လာသူတွေက အဆိုပြုထားခဲ့ကြတာပါ။ ဒီလို တော်လှန်ရေးတရပ်မှာ ၀ါဒဖြန့်ချိရေး ယန္တရားရှိဖို့ လိုအပ်သလို၊ တော်လှန်ရေး သမားတွေဘက် ကလဲ မိမိတို့ တော်လှန်ရေးရဲ့ အတွင်းရေး ကိစ္စတွေကို မပေါက်ကြားအောင် ထိန်းသိမ်း တတ်နိုင်မှုကလဲ လိုအပ်လှပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တချို့က ပွင့်လင်းမှု၊ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ စကားလုံးတွေကို အသုံးပြုပြိး။ အတွင်းရေးရာ ကိစ္စတွေကို ပြောသင့်တယ်လို့ ပြန်လှန် ငြင်းဆိုမှုတွေ ရှိတတ်ပါတယ်။ ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မှန်ပေမယ့်၊ စစ်ရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေး ကိစ္စတွေမှာ အရာအားလုံးကို လွတ်လပ်စွာ ပြောဆိုခွင့် တခုတည်းနဲ့ တိုင်းတာသတ်မှတ်လို့မရပါဘူး။ “ငါတို့ အမေရိကန်တပ်တွေတော့ ဘယ်နေ့ ဘယ်ရက်၊ ဘယ်အချိန်မှာ အီရတ်ကို ကျူးကျော်တော့မယ်ဟေ့” လို့ ဘယ်ပင်တဂွန် အရာရှိကမှ ထုတ်ပြောခဲ့မှာ မဟုတ်ပါဘူး။ စစ်ရေး၊ နိုင်ငံရေး၊ အဖွဲ့အစည်း ရေးရာတွေမှာ လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရပါမယ်။ ရိုးသားပွင့်လင်းမှုဆိုပြီး၊ သမ္မတ ကျမ်းကျိန်ပွဲကျမှ “ငါ လေးတန်းတုန်းကလေ၊ သူငယ်ချင်း တယောက်ဆီက ငွေတမတ်ခိုးဖူးတယ်။ အခုမှ ဒါဟာ မရိုးသားမှုဆိုပြီး နောင်တရနေမိတယ်”လို့ ထပြောတဲ့ သမ္မတတွေလဲ ကမ္ဘာမှာ ရှိမယ် မထင်ပါဘူး။ တချို့သော အကြောင်းအရာ တွေဟာ မလိုအပ်ပဲနဲ့ အကျိုးမရှိပဲ တော်လှန်ရေး ပုံရိပ်ကို ထိုးနှက်ဖို့ ရန်သူ့ လက်နက်တွေ ဖြစ်သွား တတ်ပါတယ်။

COIN နည်းဗျူဟာကတော့ ဒီလိုနည်းမျိုးစုံကို အသုံးချပြီး လူထုနဲ့ တော်လှန်ရေးကို ကင်းကွာအောင်လုပ်ဖို့ လမ်းညွှန်ထားပါတယ်။ ဒီလိုပြုလုပ်ဖို့ အကောင်းဆုံးလူတွေကတော့ လက်နက်ချလာသူတွေပါ။ သူတို့ကို အသုံးပြုရင် ပိုပြီးအောင်မြင်နိုင်တယ်လို့ အဆိုရှိထားပါတယ်။ ဒီနေရာမှာ လက်နက်ဆိုတာနဲ့ ပတ်သက်ပြီး၊ ငြင်းခုန်မှုတွေ ရှိတတ်ပါတယ်။ လက်နက်ဆိုတာက လက်နက်ကိုင်တော်လှန်ရေး၊ စစ်ရေး စစ်မျက်နှာမှာဆိုရင် လက်နက်ခဲယမ်းမီးကျောက်တွေကို ဆိုလိုတာဖြစ်ပြီး၊ နိုင်ငံတကာစစ်မျက်နှာမှာဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ထောက်ခံမှုရယူဖို့ စည်းရုံးလှုံ့ဆော်ရေးဆိုင်ရာ နည်းလမ်းတွေကို ဆိုလိုပါတယ်။ ကိုယ်လုပ်တာကို ထောက်ခံမှုလို့ ကျွန်မဆိုထားပါတယ်။ သူတို့ လုပ်ခိုင်းတာကို လိုက်လုပ်မှု၊ သူတို့ပဲ လုပ်ပေးပါဆိုပြီး အားကိုးမှုကို ကျွန်မဆိုလိုတာ မဟုတ်ပါဘူး။ လူမှု၊ စီးပွား စစ်မျက်နှာမှာဆိုရင်တော့ ရံပုံငွေရှာဖွေရေး၊ ရဲဘော်ရဲဘက်များအချင်းချင်း သာရေး၊ နာရေးကိစ္စရပ်တွေမှာ ကူညီဆောင်ရွက်ရေး၊ တဘက်ရန်သူရဲ့ စီးပွားရေးယန္တရားကို ထိုးနှက်ရေးဆိုင်ရာ နည်းလမ်းတွေကို ဆိုလိုပါတယ်။ နိုင်ငံရေး စစ်မျက်နှာမှာဆိုရင်တော့ လူထုစည်းရုံးရေး၊ မြေအောက် ကလာဘ်စည်းတည်ဆောက်ရေး၊ သတင်းအချက်အလက်စုဆောင်းရေး စတဲ့ နည်းလမ်းတွေကို ဆိုလိုပါတယ်။ အတွေးအခေါ်ခံယူချက် ရေးရာ စစ်မျက်နှာကတော့ ၀ါဒဖြန့်ချိရေး၊ နိုင်ငံရေးအယူအဆအတွေးအခေါ်များ ပြန့်နှံ့ရေး၊ စာပေဖြင့် စည်းရုံးလှုံ့ဆော်ရေးစတဲ့ နည်းလမ်းတွေကို ဆိုလိုပါတယ်။ ဒီလိုစစ်မျက်နှာမျိုးစုံက နည်းလမ်းတွေကို အသုံးပြုပြီး တော်လှန်ရေးမှာ ပါဝင်တာမဟုတ်တော့ပဲ၊ ဘေးထွက်ထိုင်နေတာလဲ မဟုတ်တော့ပဲ၊ မိမိရဲ့ အတွေးအခေါ် ခံယူချက်တွေမှားယွင်းခဲ့ပါတယ်ဆိုပြီး၊ တဘက်ရန်သူထံကို အညံ့ခံလိုက်တဲ့အခါမှာ တော်လှန်ရေး သမားတယောက် လက်နက်ချသွားတယ်လို့ သတ်မှတ်ပါတယ်။ COIN နည်းဗျူဟာကတော့ ဒီလို လက်နက်ချလာသူတွေကို တော်လှန်ရေး ပုံရိပ် ကျဆင်းစေရန် ထိုးနှက်မှုတွေအတွက် အသုံးပြုရမယ်လို့ ဆိုထားပါတယ်။

(၃) အစိုးရအုပ်ချုပ်ရေးယန္တရားခိုင်မာအောင် တည်ဆောက်ခြင်း

တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မထိန်းချုပ်နိုင်တဲ့ အစိုးရဟာ လူထုရဲ့ ထောက်ခံ အားပေးမှုရဖို့ မလွယ်ပါဘူး။ စစ်ရေးပညာရှင် Thompson ဆိုခဲ့သလိုပဲ သင့်လျော်ထိရောက်တဲ့ အစိုးရယန္တရားမရှိပဲ COIN operations အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အစိုးရအုပ်ချုပ်ရေး ယန္တရားကို ခိုင်မာအောင် တည်ဆောက်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေး ယန္တရားမှာ နားလည် တတ်ကျွမ်းတဲ့ အရပ်သား ပညာရှင်တွေ ခန့်အပ်ပြီး၊ bureaucratic routines, fiscal responsibility, legal procedures ဆိုတဲ့ အရေးကြီးလုပ်ငန်း တာဝန်ကြီးတွေကို စနစ်တကျ အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်။

တိုင်းပြည်တခုရဲ့ ဖရိုမရဲဖြစ်နေချိန်တွေမှာ၊ တော်လှန်ရေး ကာလတွေမှာ အုပ်ချုပ်ရေး ယန္တရားက အရေးကြီးဆုံးပါ။ တခါတရံမှာ တော်လှန်ရေး သမားတွေဘက်က အားသာပြီး၊ အစိုးရဘက်က ရှုံးနိမ့်နေတာတွေ ဖြစ်လာတတ်ပါတယ်။ တချို့သော နိုင်ငံတွေမှာ စစ်ရေးနဲ့ လူထုတိုက်ပွဲ ပူးပေါင်း ဖော်ဆောင်မှု ရလာဒ်ကြောင့် အုပ်ချုပ်နေတဲ့ အစိုးရရဲ့ အာဏာသက်ရောက်မှု လျော့နည်းသွားတာမျိုးတွေလဲ ဖြစ်လာတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အုပ်ချုပ်ရေးယန္တရားကို မြန်မြန်ဆန်ဆန် အသက်သွင်းနိုင်တဲ့ဘက်က အနိုင်ရတာပါပဲ။ ဒါကြောင့်လဲ COIN နဲ့ ပတ်သက်တဲ့ ပညာရှင်တွေက political stability မရှိတဲ့ နိုင်ငံတခုရဲ့ အစိုးရဟာ အုပ်ချုပ်ရေး ယန္တရားတခုလုံး တော်လှန်ရေးသမားတွေ လက်ထဲ မကျရောက်နိုင်အောင် မြေပြင်၊ ဝေဟင် အတားအဆီးတွေ ပြုလုပ်ထားရမယ်လို့ အကြံပြုထားကြပါတယ်။ တော်လှန်ရေးသမားတွေ အနေနဲ့ကလဲ အစိုးရ ဖြုတ်ချရုံ ဆိုတာတခုနဲ့ မပြီးသေးပဲ အုပ်ချုပ်ရေး ယန္တရားကို အချိန်တိုအတွင်း မောင်းနှင် အသက်သွင်း နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှ စစ်မှန်တဲ့ အောင်ပွဲက ကိုယ့်လက်ထဲ ရောက်မှာဖြစ်ပါတယ်။ ဒီအထိ မပြင်ဆင်ထားပဲနဲ့ ဆိုရင် အချိန်ကုန်၊ လူပမ်းပြီး၊ ပေးဆပ်ရတဲ့ အသက်နဲ့ ဘ၀တွေ အလဟဿဖြစ်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကားတစီးကို မိမိတို့ ယုံကြည်ရာလမ်းကြောင်းပေါ်မှာ မောင်းနှင်နိုင်ဖို့အရေးမှာ ကားကို ကျောက်ခဲနဲ့ လှမ်းထုရုံ၊ ကားပေါ်တက်ထိုင်ပြီး မောင်းမယ့်သူကို ဆွယ်တရားဟောရုံနဲ့ ရဖို့မလွယ်ပါဘူး။ ကားကိုရပ်တန့်နိုင်အောင် ပြုလုပ်ပြီး၊ driving seat ကို ၀င်ထိုင်နိုင်အောင် ကြိုးပမ်းရပါမယ်။ ၀င်ထိုင်ပြီးလဲ ကားမောင်းတတ်ဖို့တော့ လိုပါသေးတယ်။ သူတပါးမောင်းလာတဲ့ ကားကိုရပ်တန့်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိတိုင်းလဲ ကားကို ကျင်လည်အောင် မောင်းတတ်မယ်လို့ ဘယ်သူမှ မပြောနိုင်သလို၊ ကားမောင်းတတ်သူတိုင်းလဲ သူတပါးမောင်း လာတဲ့ကားကို ရပ်တန့်အောင် လုပ်ချင်မှ လုပ်နိုင်ပါလိမ့်မယ်။ ဒီလိုပဲ အစိုးရပြုတ်ကျအောင် တော်လှန်ရေးလုပ်တတ်တဲ့လူရှိသလို၊ အုပ်ချုပ်ရေး ယန္တရားမှာပဲ ကျွမ်းကျင်သူတွေလဲ ရှိပါတယ်။ အချိန်အခါနဲ့အညီ လူမှန်၊ နေရာမှန် ဖြစ်ဖို့ပါပဲ။

၁၉၅၀ ၀န်းကျင် ကာလတွေမှာတုန်းက ကမ္ဘာနဲ့အ၀ှမ်းမှာ နိုင်ငံ တော်တော်များများ လွတ်လပ်ရေး ရလာပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရစ နိုင်ငံတိုင်းလိုလိုမှာ ပြည်တွင်းစစ်တွေ တောက်လောင် ခဲ့ပါတယ်။ အုပ်ချုပ်ရေး ယန္တရားတွေကို စနစ်တကျ မတည်ဆောက် နိုင်ခဲ့ကြပါဘူး။ အဓိက ပြဿနာကတော့ အချိန်အခါနဲ့အညီ၊ လူမှန်၊ နေရာမှန်ဖြစ်ဖို့ ကိစ္စတွေမှာ သဘောထား ကွဲကုန်ကြတာပဲ။ သူတပါး တိုင်းပြည်အောက်က လွတ်မြောက်ဖို့လွတ်လပ်ရေး ကြိုးပမ်းမှုတွေမှာပဲဖြစ်ဖြစ်၊ မိမိတို့တိုင်းပြည်တွင်းက အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေမှာပဲဖြစ်ဖြစ် အသက်၊ သွေး၊ ချွေး ပေးဆပ်ရတာတွေ ရှိပါတယ်။ ဘ၀တွေ ပေးဆပ်ရတာတွေရှိပါတယ်။ ဒီလိုနဲ့ လွတ်မြောက်လာတဲ့အခါ ပေးဆပ်ခဲ့သူတွေမှာလဲ ဖြစ်စဉ်သမိုင်းအတွက် မိမိကိုယ်ကို ဂုဏ်ယူဝမ်းမြောက်မှုတွေ ရှိနေတတ်သလို၊ အုပ်ချုပ်ရေးယန္တရားမှာ ယခင်အာဏာရှင်တွေလက်ထက်ကတည်းက ပါဝင်နေကြတဲ့ အရာရှိ၊ ၀န်ထမ်းများကလဲ ကောင်းခဲ့သည်ဖြစ်စေ၊ ဆိုးခဲ့သည်ဖြစ်စေ အုပ်ချုပ်ရေးရာယန္တရားမှာ အတွေ့အကြုံရှိသူတွေအဖြစ် မိမိကိုယ်ကို ခံယူထားတတ်ကြပါတယ်။ တခါ နှစ်ဖက်စလုံးမှာ မပါဝင်ခဲ့တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေကလဲ သူတို့ရဲ့ တိုင်းရေးပြည်ရာ အသိဥာဏ်ပညာနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို ဂုဏ်ယူ ၀မ်းမြောက်နေတာတွေ ရှိနေတတ်ပါတယ်။

ဒီနေရာမှာတင် ဒီလူတန်းစားသုံးမျိုး ပဋ္ဋိပက္ခဖြစ်ကြတော့တာပါပဲ။ တော်လှန်ရေးသမားဟောင်းတွေက ယခင်အာဏာရှင်ဟောင်းလက်ထက်က အုပ်ချုပ်ရေးဝန်ထမ်းတွေကို ဗျူရိုကရက်တွေလို စွပ်စွဲမယ်။ ပညာရှင်တွေကိုလဲ တကယ်ပေးဆပ်ရတဲ့ကာလတုန်းက မပါခဲ့ပဲ အခုမှ ရေကန်အသင့် နေရာလာမယူနဲ့လို့ စွပ်စွဲမယ်။ တခါ အုပ်ချုပ်ရေး ၀န်ထမ်းဟောင်းတွေကလဲ အစိုးရ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ရင် လုပ်ဖူးလို့လားလို့ ပြန်လှန်ငြင်းခုံကြမယ်။ ပညာရှင်တွေ ကလဲ ဘယ်သူကဘယ်လောက်တတ်လို့လဲ။ သူတို့က ဘယ်လိုကမ္ဘာကျော်တက္ကသိုလ်တွေက ဆင်းလာတာ၊ ဘာဘွဲ့တွေရလာတာလို့ ပြန်ပြောတာတွေရှိမယ်။ ဒါမျိုးတွေက အကူးအပြောင်းကာလတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ ဒါတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာလဲ ဦး၊ ဗိုလ်၊ သခင် အကွဲအပြဲတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေကို သင်ခန်းစာပြန်ယူပြီး၊ ရှောင်ရှားတတ်ဖို့ အရေးကြီးပါတယ်။ ၁၉၆၀ ပြည့်လွန်ကာလများမှာ လွတ်လပ်ရေးရပြီးစ နိုင်ငံတော်တော်များများမှာ စစ်အာဏာသိမ်းယူမှုတွေ ဖြစ်ပွားခဲ့တဲ့ အဓိက အကြောင်းရင်းဟာ အုပ်ချုပ်ရေးယန္တရားကို စနစ်တကျ အသက်သွင်းနိုင်မှုမရှိပဲ၊ နိုင်ငံရေးလောကမှာ သူဘာလဲ၊ ငါဘာလဲ ငြင်းခုံနေရာလုမှုတွေကြောင့် ဖြစ်ပါတယ်။ အာဖရိကနိုင်ငံများမှာဆိုရင် အုပ်ချုပ်ရေးစနစ်လုံးဝမရှိတော့ပဲ သူတလူ၊ ငါတမင်းဖြစ်ကုန်တဲ့အထိ ဖြစ်ခဲ့ရဖူးပါတယ်။ စစ်အာဏာရှင်တွေအတွက်တော့ ဒါတွေဟာ အာဏာသိမ်းယူဖို့ ဖိတ်ခေါ်နေတဲ့ အပြုအမူတွေပါပဲ။

(၄) အချိန်ယူ၍ သွေးခွဲခြင်း၊ အယူအဆ ကွဲပြားအောင်ပြုလုပ်ခြင်း

COIN နည်းဗျူဟာတွေထဲက နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ အချိန်အတန်ကြာယူပြီး သွေးခွဲခြင်းနဲ့ အယူအဆ ကွဲလွဲအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ စစ်ရေးကျွမ်းကျင်သူတွေက common sense ကို အသုံးပြုဖို့ အကြံပြုကြပါတယ်။ စစ်ပွဲရဲ့ အဆုံးသတ်အောင်ပွဲဆိုတာ ရန်သူကို သတ်ဖြတ်ချေမှုန်းတာ၊ ဖမ်းဆီးလိုက်နိုင်တာတခုပဲ မဟုတ်ရဘူးလို့ သူတို့က ဆိုထားပါတယ်။ အဓိကကတော့ အတွေးအခေါ်၊ အယူုအဆတွေကိုေ၀၀ါးအောင် ပြုလုပ်ပြီး အောင်ပွဲယူရမယ်လို့ ဆိုပါတယ်။ တော်လှန်ရေးခရီးဆိုတာ ကြမ်းတမ်းပါတယ်။ အချိန်ကြာပါတယ်။ မျိုးဆက်တဆက်ကနေတဆက် လက်ဆင့်ကမ်းပြီး လုပ်ကြရတဲ့ အခြေအနေမျိုးအထိလဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မျိုးဆက်တခုနဲ့ တခုကြားက အတွေးအခေါ် လက်ဆင့်ကမ်းမှုတွေကို ဖြတ်တောက်နိုင်ရင် တော်လှန်ရေးခါးဆက်ဟာ ပြတ်သွားတတ်ပါတယ်။ COIN operations ပြုလုပ်မယ့်သူတွေက ဒီအချက်ကို အခွင့်အလမ်းအဖြစ် သတ်မှတ်ရမယ်လို့ သူတို့က ဆိုပါတယ်။

ဒီလို တော်လှန်ရေးခါးဆက်ပြတ်သွားအောင် ပြုလုပ်နိုင်ခဲ့ရင် တော်လှန်ရေးဟာ တစတစ ပိုပြီး အချိန်ကြာပါတယ်။ အချိန်ကြာတာနဲ့အမျှ မျိုးဆက်ဟောင်းတွေအကြားမှာ အယူအဆကွဲလွဲမှုတွေ တစတစ ပိုမိုကြီးထွားလာပါတယ်။ စစ်မျက်နှာအသီးသီးမှာ လှုပ်ရှားနေသူတွေ အချင်းချင်း သူ့စစ်မျက်နှာက ထိရောက်တယ်၊ သူ့စစ်မျက်နှာက မထိရောက် စသဖြင့် အငြင်းပွားမှုတွေ များပြားလာပါတယ်။ ဟန်ချက်ညီလုပ်ဆောင်နိုင်မှုထက် ပြိုင်ဆိုင်မှုတွေ၊ သူမှန်တယ်၊ ငါမှန်တယ် ငြင်းခုန်မှုတွေ၊ အချိန်ကြာနေတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး သူ့အပြစ်၊ ကိုယ့်အပြစ်ပုံချမှုတွေက ပိုမိုကြီးထွားလာပါတယ်။ ဒါတွေဟာ အချိန်ကြာနေတဲ့ တော်လှန်ရေးတိုင်းရဲ့ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတွေပါပဲ။ "Walking the walk” လို့ စစ်မဟာဗျူဟာလောကမှာ ခေါ်ဆိုကြတဲ့ ဒီနည်းလမ်းဟာ အစိုးရတွေအတွက်တော့ အတော်ကို ထိရောက်တဲ့ နည်းလမ်းလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေကို အသုံးပြုပြီး၊ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းတွေအကြားမှာ သွေးခွဲမှုတွေ၊ စိတ်ဓာတ်ကျစေမှုတွေ၊ အယုံအကြည်ကင်းမဲ့မှု ဖြစ်စေနိုင်လို့ပါပဲ။ အာဖဂန်နစ်စတန် စကားပုံတခုက ဆိုထားသလိုပဲ "You have the watches, we have the time” ဆိုတဲ့ အခြေအနေမျိုးပါ။ တော်လှန်ရေးသမားတွေအနေနဲ့ ဒါကို အထူးသတိပြုဖို့ လိုအပ်လှပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် အခုကျွန်မ အထက်မှာ ရေးသားပြထားတဲ့ နည်းလမ်းတွေဟာ စစ်ရေးကျွမ်းကျင်သူများက Counterinsurgency နဲ့ ပတ်သက်ပြီး အသုံးပြုဖို့ ဖော်ထုတ်သုတေသနပြုထားကြတာတွေပါ။ နိုင်ငံပေါင်းများစွာက ဖြစ်ရပ်တွေ၊ သင်ခန်းစာယူစရာ အချက်များစွာဟာ ဒီနည်းလမ်းတွေနဲ့ ဆက်စပ်နေပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက စစ်အုပ်စုဟာ စစ်အစိုးရပီပီ ဒီနည်းလမ်းတွေကို အသုံးပြုခဲ့၊ အသုံးပြုနေဆဲပဲဆိုတာ သမိုင်းဖြစ်စဉ်တွေနဲ့ ယှဉ်ထိုးကြည့်ရင် မြင်သာထင်ရှားလှပါတယ်။ ဒီနည်းလမ်းတွေရဲ့ ထောင်ချောက်တွေထဲကို မကျရောက်နိုင်ဖို့ တော်လှန်ရေးသမားတွေအနေနဲ့ ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာရှောင်ပြီး၊ တော်လှန်ရေးချိန်ခွင်လျှာ ကိုယ့်ဘက်မှာ အလေးပိုသာနိုင်ဖို့အရေးအတွက် ရှေးရှုလုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Ref: ခင်မမမျိုး (၂၉၊ ၄၊ ၂၀၀၉)

Read More...

အပေါ်သို့