..............................

Wednesday, December 29, 2010

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၃)

ရော်နီညိမ်း
စနေ, 25 ဒီဇင်ဘာ 2010


တပ်မှူးတပ်သား ပြောစကား (၀၄၀)


မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ် ဆိုတဲ့ အထောက် အထားတချို့ကိုယူဆောင်ပြီး၊ ပြည်ပကို ထွက်ခွါလာခဲ့သူ ကတော့ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှု ဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ စစ်အင်ဂျင်နီယာ အရာရှိ ဗိုလ်မှူး ဟောင်း စိုင်းသိန်းဝင်းပါ။ ကာကွယ်ရေး ပစ္စည်း စက်ရုံမှာ တာဝန် ထမ်းဆောင်စဉ်က ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ အတွေ့အကြုံတွေကို ဒီသီတင်း ပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ် တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူး အနေနဲ့ ဒီ “ကပစ” စက်ရုံတွေ မှာ ဘာတွေ တွေ့ကြုံရသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ကတော့ အရာရှိဖြစ်ပြီးတဲ့အခါမှ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးမှာ ကျနော့်ရဲ့ mother unit (မိခင်တပ်ရင်း) က အမှတ်(၃)ကာကွယ်ရေး ပစ္စည်း စက်ရုံ (ဆင်တဲ) ပါ။ ကျနော်တို့ ammunition (ခဲယမ်း) တွေကို အဓိက ထုတ်လုပ်တာက တော့ ကပစ (၃) ၊ ကပစ (၁၂) ပေါ့၊ အဲဒီ အချိန်တုန်းက။ ကပစ (၃) က ခဲယမ်းတွေကို ထုတ်လုပ်ရာမှာ အဓိက အခု လက်ရှိ တပ်မတော်မှာ အသုံး များနေတဲ့ (၈၁) မမ စိန်ပြောင်း ဗုံးသီးရယ်၊ (၁၂၀) မမ စိန်ပြောင်း ဗုံးသီးတွေကို ထုတ်လုပ်တာပါ။ ဒီ့အပြင် ပိုပြီးတော့ ကျနော်တို့ ထုတ်လုပ်ခဲ့ရတာ ကတော့ (၈၂) မမ နောက်ပွင့်ရိုင်ဖယ် ဒုံးကျည်တွေ ထုတ်ခဲ့ရတာ ရှိတယ်။ ကျနော် ကိုင်ခဲ့တဲ့ အလုပ်ရုံကတော့ RPG (Rocket Propelling Grenade) (ဒုံးကျည်သုံးဗုံးသီး) ဖြစ်ပါတယ်။ အဲဒီ စက်ရုံကတော့ ကျနော် အလုပ်ရုံမှူး အနေနဲ့ ကိုင်တွယ်ခဲ့ရတဲ့ အလုပ်ရုံ ဖြစ်ပါတယ်။ စိန်ပြောင်း ဗုံးသီးတွေက စက်ထဲကို သံတုံး အနေနဲ့ ဖြတ်ပြီးတော့ ထည့်လိုက်တယ်။ ဒါပေမယ့် ထွက်လာတဲ့အချိန်မှာ ဗုံးသီးတွေက တစ်ခြမ်းစောင်းနေတာ မျိုးတို့ ဗုံးသီးရဲ့ အခေါင်းက တစ်ခြမ်း ပါးပြီးတော့ တစ်ခြမ်းထူ နေတာမျိုးတို့ အဲဒီလိုမျိုး ပြဿနာလေးတွေ တွေ့တယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးတို့ ဗုံးခွံလုပ်နေတုန်းမှာ ယမ်းတောင် မထည့်ရသေးတဲ့ အခြေအနေပေါ့။ အဲဒီလိုမျိုး ဗုံးခွံတွေက စောင်းပြီးထွက် လာရတဲ့အကြောင်းက ဘာကြောင့်ပါလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါက ပုံစံသွင်းတဲ့နေရာမှာ သံကိုသံချင်း ကြိတ်စားရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကြိတ်စား ခံရမယ့်သံထည် ကို ကျနော်တို့က အရင်ဆုံး ပျော့အောင် လုပ်ရတယ် ခင်ဗျ။ အဲဒီလို ပျော့အောင်လုပ်တဲ့ နေရာမှာ မီးဖုတ် ရပါတယ်။ မီးဖုတ်တဲ့ အခါမှာ ကျနော်တို့ စက်ရုံမှာရှိတဲ့ မီးဖိုကြီးက ဒီဇယ်သုံးတဲ့ မီးဖိုကြီး ဖြစ်နေတဲ့ အခါကျတော့ ဌာနမှူးတို့ စက်ရုံမှူးတို့ အကြိုက် ဖြစ်သွား တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆို တော့ ဒီသံတုံးကို သတ်မှတ်တဲ့ အချိန် သတ်မှတ်တဲ့ အပူရှိန် မဖြစ်လည်း မီးတောက်က ထွက်နေတာပဲ။ ဒီတော့ ဂါလံ(၄၀၀) ထည့်ရမယ့် နေရာမှာ ဂါလံ (၂၀၀) ထည့်လိုက်လည်း ဒီမီးတောက်က ထွက်နေတာပဲ။ အဲဒီတော့ ဒီသံတုံးတွေက လိုအပ်တဲ့ မီးအပူရှိန်ကို မရဘူး။ လိုအပ်တဲ့ မီးအပူရှိန် မရတော့ မပျော့ဘူးပေါ့ဗျာ။ မပျော့တဲ့ အခါကျတော့ အဲဒီမှာ ရှိသမျှ စက်တွေ အားလုံးဟာ သံတုံး အမာကြီးတွေကိုပဲ ကြိတ်စားရတဲ့ အခါကျတော့ တစ်ခုချင်းစီ တစ်ခုချင်းစီ ထွက်လာတဲ့ အစိပ် အပိုင်းတွေ အားလုံးကလည်း ရွဲ့စောင်း ပြီးတော့ ထွက်လာတယ်။ ဥပမာ ဒုံးကျည်တွေ ဆိုလို့ရှိရင် ပြောင်းထဲ မ၀င်တာမျိုးတို့ နောက်ပြီး အဆိုးဆုံးကတော့ ဒုံးကျည်တွေ ဗုံးသီးတွေရဲ့ အတွင်းနံရံတွေဟာ တစ်ဖက်ထူ တစ်ဖက်ပါး အဲဒီလိုမျိုး မညီ တာမျိုးလေးတွေ ဖြစ်လာတာ တွေ့ရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒါတွေက စက်ရုံတာဝန်ရှိလူကြီးပိုင်း အရာရှိတွေက စက်ရုံမှာ လည်ပတ် သုံးစွဲရမယ့် ဒီဇယ် ဆီတွေကို အပြင် ကို အကြံအဖန် ထုတ်ပြီး ရောင်းချကြလို့ ဖြစ်ရတဲ့ အဖြစ်လို့ ကျနော် အခု နားလည် လိုက်ပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီတပ်မှာ အဲဒီလိုမှ မလုပ်လို့ရှိရင်လည်း ဘယ်လိုမှ စားမလောက်တဲ့ အနေ အထားပါ။ ကျနော်က ဒီပြဿနာ ကို ‘စက်ရုံမှူးမှာလည်း တာဝန်မရှိဘူး။ အောက်က လုပ်နေတဲ့ ရဲဘော်တွေမှာလည်း တာဝန်မရှိဘူး’ လို့ မြင်ပါတယ်။ ကျနော်ကတော့ ဒီပြဿနာ တွေ အားလုံးကို ခေါင်မိုးက မိုးမလုံလို့ မိုးယိုတဲ့ ကိစ္စလို့ပဲ သုံးသပ်ခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီလိုမျိုး ရွဲ့စောင်းပြီးထွက်လာတဲ့ သံကိုယ်ထည်တွေနဲ့ ဗုံးသီးတွေ ဒုံးကျည် rocket တွေ၊ အဲဒါတွေက ယမ်းမထည့် ရသေးခင်တောင် အဲ့ဒီလောက်ဖြစ်နေတော့ ယမ်းထည့်ပြီးတော့မှ စက်ရုံ ထွက် လက်နက်ခဲယမ်း တွေဆိုပြီးတော့ ရှေ့တန်းကို ပို့တဲ့အခါမှာ၊ ဒါတွေ ကိုအသုံးပြုမယ့် တပ်တွေကို ပို့တဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လဲခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီသံထည်ပိုင်းမှာ တစ်ခြမ်းစောင်းပြီးတော့ ဗုံးသီး အထူအပါး မညီတဲ့ ပြဿနာက ဘာဖြစ်နိုင်သလဲ ဆိုတော့ ပြောင်း ထဲမှာပေါက်တာ ဖြစ်နိုင်တယ်။ လမ်းတစ်ဝက်မှာ ပြုတ်ကျတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရန်သူ့ နယ်မြေထဲကို ကျသွားပြီးတော့မှ အပြည့် အ၀ မပေါက်ကွဲဘဲနဲ့ ထက်ခြမ်း ပေါက်သွားတာမျိုး ဖြစ်နိုင်တယ်။ ထက်ခြမ်း ပေါက်သွားတယ် ဆိုတာ အထူအပါး မညီတဲ့ နေရာကနေပြီးတော့ ဗုံးသီးဟာ အစိပ်စိပ် အမွှာမွှာ ကွဲထွက် သွားရမယ့်အစား သူက နှစ်ပိုင်းပဲ ကွဲထွက် သွားတာပေါ့။ ဒါကတော့ ထိရောက်မှု အပိုင်းကို သွားပြီးတော့ effect (အကျိုးသက်ရောက်မှု) ဖြစ်ပါတယ်။ နောက်တစ်ခုက ယမ်းပိုင်းကို ပြောမယ်ဆိုရင် ယမ်းပိုင်းမှာ ထုတ်လုပ်ကတည်းက အရည်အသွေး မပြည့်မှီ တာရှိတယ်။ နောက်ပြီးတော့ ထိန်းသိမ်း ထားသိုတဲ့ နေရာမှာလည်း ပြဿနာရှိတယ်။ ထုတ်လုပ်တာကတော့ ထုတ်လုပ်လိုက်ပြီ၊ ဗုံးသီးတွေကို ယမ်းလည်း ဖြည့်ပြီးသွားပြီ။ အကုန်လုံးကို COD (Central Ordnance Depot) (ပင်မလက်နက် ခဲယမ်း သိုလှောင်ရေးတပ်) ကို သွားပို့လိုက်ပြီ၊ အဲဒီ စစ်လက်နက် ပစ္စည်း သိုလှောင် ထိန်းသိမ်းရေးတပ်က ဒီလက်နက်တွေကို အသေအချာ မထိန်းသိမ်းဘဲနဲ့ ပစ္စလက္ခ ထားလိုက်မယ် ဆိုရင် ဗုံးသီး တွေဟာ အချိန်မတိုင်ဘဲနဲ့ ယိုယွင်း ပျက်စီးသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကတော့ တစ်ကဏ္ဍပေါ့။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲလိုမျိုးကြာရှည်ကြာများ လက်နက်ခဲယမ်းတွေကို သိုလှောင်ထားရှိမယ့် ကိစ္စမှာ စနစ်တကျ သတ်မှတ်ထား တဲ့လုပ်ငန်းစဉ် အဆင့်ဆင့်တို့ ဥပမာ ကျည်ဆံတို့ သေနတ်တို့လို လက်နက်ငယ် အသေးလေးတွေ တောင်မှ ဘယ်လို ထားရမယ်၊ ဆီသုတ်ပြီးမှ ထားရမယ်၊ ဘာကို အခြောက်ခံပြီးမှ ထားရမယ်၊ ကျနော်တို့ ကြားဖူးတာတွေ ရှိတာပေါ့နော်၊ အဲဒီတော့ ခုနကိစ္စမှာကော အဲဒါမျိုးတွေ သတ်မှတ် ပြီးတော့ လုပ်ဆောင်နေကြတာ မရှိဘူးလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ လက်နက်ပစ္စည်းသိုလှောင်ထိန်းသိမ်းရေးတပ်တွေမှာလည်း ပြဿနာ ရှိတယ်။ ဒါကတော့ ဒီတပ်မှာတင် မဟုတ် ပါဘူး။ တပ်တိုင်း တပ်တိုင်းမှာ ဖြစ်နေတာပါ။ ဘာလဲ ဆိုတော့ ရဲဘော် အလုံအလောက် မရှိတာပါ။ ရဲဘော်တွေက နည်းပြီးတော့ အရာရှိက များ နေတဲ့ အခါကျတော့ ကျနော်တို့ ‘ကပစ’ကနေ သေနတ်တွေ ထုတ်လိုက်ပြီ၊ ပြီးတော့ COD ကို သွားပို့လိုက်တယ်။ အဲဒီ COD က ရဲဘော်လေး တစ်ယောက် နှစ်ယောက်က ဘယ်လိုလုပ် သွားပြီး ဆီသုတ်ချိန် ရမှာလဲ၊ အဲဒီတော့ လာပို့တဲ့ သေနတ်တွေကို ထင်းချောင်းတွေလိုပဲ စင်တွေပေါ် ကို ၀ုန်းဝုန်းဆို ပစ်တင်ပြီးတော့ ပြီးသွားတာပဲ။ အဲဒီတော့ ဒီသေနတ်တွေက ဘယ်လိုမှ သုံးလို့ မရ အလိုလို နေရင်းနဲ့ကို ပျက်စီး နေတာပေါ့ ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်မှူးတို့ ကပစစက်ရုံတွေကနေပြီးတော့ အဲဒီလိုမျိုးဖြစ်ပျက်ပြီး တော့မှ ထွက်ရှိလာတဲ့ လက်နက် ခဲယမ်းတွေ နဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်တဲ့ အခါမှာ ရှေ့တန်းမှာ တိုက်နေရတဲ့ တပ်တွေက နောက်ကနေ ရောက်လာတဲ့ ခဲယမ်းတွေ ဒီလိုတွေ ဖြစ်ပျက်ပြီးမှ ရောက် လာတယ်ဆိုတာ သူတို့က မသိကြဘူး။ အဲဒီတော့ မသိဘဲနဲ့ အဲဒါတွေနဲ့ တိုက်ပွဲ ၀င်နေတဲ့အခါမှာ ဘာတွေ ဖြစ်သံပျက်သံတွေ ကြားဖူးပါသလဲ ခင်ဗျ။ ကျနော်တို့ ကြားဖူးတာ တစ်ခုရှိပါတယ်။ မနှစ်ကတုန်းက ၂၀၀၉ ခုနှစ် ဖုန်ကြားရှင်၊ ဖုန်ကြားဖူးကို လောက်ကိုင်မှာ ပြန်တိုက်တုန်းက တပ်မ (၃၃) ကိုယ့်ဘက်က တပ်တွေအပေါ်ကို နောက်ကနေပြီး ပစ်ကူပေးတဲ့ လက်နက်ကြီးကျည်တွေ အမြောက်ကျည်တွေ ကျလို့ တော်တော် များများ သေဆုံးသွားတယ်။ ဒါပေမယ့်လည်း အရေးယူ ခံရတဲ့ အခါကျတော့ လောက်ကိုင်ဒကစမှူး (ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ် (လောက် ကိုင်)၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဒကစ) ဗိုလ်မှူးချုပ် ၀င်းမောင်က အရေးယူခံရတယ်။ ထောင်အချခံရတယ် ဆိုတာမျိုး ကျနော်တို့ ကြားဖူးပါတယ်။ အဲဒီတော့ ဒါတွေက ခုနကလိုအဖြစ် အပျက်မျိုးတွေနဲ့ ဆက်စပ်မှုရှိပါသလား ခင်ဗျ။ နည်းနည်း ရှင်းပြပေးပါလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီကိစ္စတွေက အများကြီးဆက်စပ်မှု ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ စနစ်ကြီး တစ်ခုလုံးက ပျက် စီးနေတာကိုး။ စက်ရုံက ထုတ်ကတည်းကိုက ဒီလက်နက် ပစ္စည်းတွေက အရည်အသွေး မပြည့်မှီဘူး။ နောက်ပြီးတော့ သိုလှောင် ထိန်းသိမ်းရေး တပ်တွေမှာလည်း စနစ်တကျ သိုလှောင် ထိန်းသိမ်းထားခြင်း မရှိဘူး။ သယ်ယူ ပို့ဆောင်တဲ့ နေရာမှာကော စနစ်တကျ ရှိသလားဆိုတော့ စနစ်တ ကျ မရှိဘူး။ ဘာလို့လဲဆိုတော့ အားလုံးက စေတနာမရှိဘူးလို ဖြစ်နေပါတယ်။ အဲဒီ အခါကျတော့ ရှေ့တန်းကို ရောက်သွားတဲ့ အခါမှာ ပစ်လိုက် တဲ့ ကိုယ့်ရဲ့ဗုံးသီးဟာ ကိုက် (၂၀၀၀) ကိုချိန်ပြီး ပစ်တဲ့ အချိန်မှာ ကိုက် (၂၀၀၀) မရောက်ဘဲ ကိုက် (၁၂၀၀) လောက်နဲ့ လမ်း တစ်ဝက်မှာတင် ပြုတ်ကျ တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို ကိုက် (၁၂၀၀) လောက်နဲ့ ပြုတ်ကျ တာမျိုးတွေ ဖြစ်မယ်ဆိုရင် စစ်နည်းဗျူဟာ အရဆိုရင် အမြောက်ကြီးနဲ့ ရန် သူကို ပစ်အားနဲ့ ဖိထားတဲ့ အချိန်မှာ ခြေလျင်တပ်တွေက ၀င်ပြီးလုံးရတဲ့ဟာ မျိုးကိုး။ အမြောက်ကြီး ပစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ ခြေလျင်တပ်က ရန်သူရဲ့ ခြံစည်းရိုးနားကို ရောက်နေရမယ်။ အဲဒီမှာ ကျနော်တို့ရဲ့ ဗုံးသီးက အဲဒီလိုမျိုး မသေချာတဲ့အပြင် ရောက်မယ့် လမ်းကြောင်းကလည်း မသေချာတဲ့ အခါကျတော့ ကိုယ့်တပ်ဖွဲ့ ခေါင်းပေါ် ပြန်ရောက်နိုင်တဲ့ ပြဿနာတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဖြစ်ခဲ့ဖူးတဲ့ နမူနာလေး တစ်ခု နှစ်ခု လောက်ပြောပြပါလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ စက်ရုံမှာတော့ ဘယ်လိုကြုံရသလဲဆိုတော့ အရည်အသွေး စစ်ဆေးရေး ဌာနက ဗိုလ်မှူး တစ်ယောက်ကတော့ 82 mm RCL ဆိုတဲ့ (၈၂)မမ နောက်ပွင့် ရိုင်ဖယ်ကို ပစ်စမ်းကြည့်တာ။ ပထမ တစ်လုံးပစ် မထွက်၊ နှစ်လုံးပစ် မထွက်၊ သုံးလုံးပစ် မထွက်တဲ့ အခါ နောက် လေးလုံးမြောက်မှာ သူက ကြိုးနဲ့ trigger (မောင်းခလုတ်) ကိုဆွဲပြီးတော့ ပစ်စမ်းမယ် ဆိုပြီး စမ်းကြည့်ပါတယ်။ လူကိုယ်တိုင်ကတော့ ကတုတ်ကျင်းထဲ ၀င်ပြီး သေနတ်ကို ကြိုးနဲ့ဆွဲ ပစ်တာပေါ့။ ဒါပေမယ့် ဒုံးကျည်က ပြောင်းထဲမှာတင် ကွဲထွက် သွားတာပေါ့။ ဆိုလိုတာက ကျနော် တို့ ထုတ်တဲ့ ပစ္စည်းတွေဟာ စက်ရုံပြင်ပတောင် မထွက်သေးဘူး။ အဲဒီမှာ အန္တရာယ်က ပေးနေပြီ။ ထိုနည်းတူပဲ ခြေလျင် တပ်တွေကနေ ကပစ ကို ပြန်ပြီးတော့ feedback တွေ ပြန်လာတာပေါ့။ သတင်း ပြန်လာတာတွေ ရှိတယ်။ ပြန် ကြားရတာတွေ ရှိတယ်။ လွယ်တိုက်လျှံ SSA (ရှမ်းပြည် တပ်မတော်) တောင်ပိုင်းကို တိုက်တုန်းက၊ “၀” တပ်ကို ရှေ့က တက်ခိုင်းပြီးတော့ စစ်တပ်က နောက်ကနေ စိန်ပြောင်းနဲ့ ပစ်ကူပေးတော့ “၀” တပ်တွေ ပေါ်ကိုပဲ ကျနော်တို့ရဲ့ စိန်ပြောင်းဗုံးသီးတွေက ကျတာ ရှိတယ်ဗျ။

(သောတရှင် တပ်မတော်သားတစ်ဦး၏ ဖြည့်စွက်ချက်။ ။ အမှန်တကယ်မှာ ဒုံးကျည်ရဲ့အချင်းက (၈၂) မီလီမီတာ ရှိသော်ငြားလည်း အောက်ခြေ ကိုတော့ (၈၁) မမ နောက်ပွင့်လို့ အသိပေး ထားပါတယ်။ တရုတ်လုပ် (၈၂) မမ နောက်ပွင့်ကို ပုံစံတူ ကူးချထားတာ ဖြစ်ပါတယ်။ မူပိုင်ခွင့်ကို ထိ ခိုက်မှာစိုးတဲ့ အတွက် (၈၁) မမ လို့ အမည် ပြောင်းပေးထားရခြင်း ဖြစ်ပါတယ်။)

ဦးရော်နီညိမ်း။ ။ အဲဒါ ဘယ်နှစ်ခုနှစ်ကလဲ ခင်ဗျ။ အဲဒါ အခုလိုမျိုး UWSA (United Wa Solidarity Army ၀ပြည် သွေးစည်းညီညွတ် ရေးတပ်မတော်) နဲ့ စစ်အစိုးရ၊ နယ်ခြားစောင့်တပ် ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ မတက်ခင်ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါ ၂၀၀၂ ခုနှစ်လောက်ကဆိုတော့ တော်တော်ကြာသွား ပါပြီ။ နောက်ပိုင်း သတင်းတွေ ကနေပဲ ပြန်ဖတ်ရတာ ပါ။ UWSA က (၄၀၀) လောက်ကျတယ်။ အဲဒီ (၄၀၀) လောက်ကျတယ် ဆိုတာကလည်း နောက်က ပစ်ကူပေးတဲ့ တပ်မတော်က ဗုံးသီးကြောင့်ပဲ သေတာ။ ထို့နည်းတူပါပဲ ပန်မိုင်စွန် တိုက်ပွဲတို့လို ဖြစ်စဉ်တွေ အားလုံးကို တပ်ခွဲမှူး သင်တန်းတို့ တပ်စုမှူး သင်တန်းတို့မှာ ပြန်သင်တာရှိတယ်။ အဲဒီလို review (ပြန်လည်သုံးသပ်မှု) ပြန်လုပ်တဲ့ အခါကျတော့ ပြန်ကြား ရတာလေးတွေ ရှိပါတယ်။ များသောအားဖြင့် တပ်မတော်သားတွေ အကျ အဆုံးများတာဟာ ကိုယ့်ကျည်နဲ့ကိုယ် သေတာ များပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒါတွေ အပေါ်ပြန်သုံးသပ်ပြီး ကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတာမျိုး လုပ်လေ့ လုပ်ထလည်း မရှိဘူး။ မကောင်းတဲ့ သတင်းဆို ဟိုးအထက်ကို မရောက်အောင် အကုန်လုံး အဆင့်ဆင့် အုပ်ထားကြမယ် ဆိုတဲ့ ဟာနဲ့ သွားနေတာ ဆိုတော့၊ ဗိုလ်မှူးတို့ ဘယ်လောက်ထိ အဲဒါတွေရဲ့ ဒီ ဖြစ်ပျက်မှုတွေကို တိတိကျကျ သိရှိခဲ့ရပါသလဲ။ အထူးသဖြင့် ကိုယ်က တာဝန်ရှိနေတဲ့လူ၊ ဒီပစ္စည်းတွေကို ထုတ် လုပ်နေတဲ့လူတွေ အနေနဲ့ပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုတော့ ဖြစ်စဉ်အားလုံးက အမှန်အတိုင်းပဲ လာပါ တယ်။ ကျန်တဲ့ တပ်ခွဲမှူး သင်တန်း တပ်စုမှူး သင်တန်းတွေမှာ ကတော့ သူတို့ ဒီတိုက်ပွဲကို ကိုယ်တိုင် ကိုယ်ကျ ပါလာခဲ့တဲ့ အရာရှိတွေ ကနေ စင်ပေါ်တက်ပြီး ကျနော်တို့ ကို ပြန်ရှင်း ပြတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် သူတို့ စင်အောက်မှာ ပြောတော့တစ်မျိုး၊ စင်ပေါ် ရောက်သွားတော့ ပြောတာတစ်မျိုး ဖြစ်သွားတာ လေးတွေတော့ ရှိတာပေါ့။ ဒီ ကာကွယ်ရေး ပစ္စည်း စက်ရုံတွေက အရာရှိတွေ အနေနဲ့ကတော့ ဒီဖြစ်စဉ်အမှန်ကို၊ ကျနော်တို့က မဖြစ်ခင်ကတည်း ကလည်း ကြိုသိပြီးသား။ ဖြစ်လာတော့လည်း ဘာမှ မထူးဆန်းဘူး။ ဒါ ဖြစ်မှာပဲဆိုတာ သိနေတဲ့ သဘောပါပဲ။ ကျနော်တို့ အတွက်ကတော့။

ဦးရော်နီညိမ်း။ ။ ဒီလို အမှားကြီးနဲ့ သွားနေတာတွေကို၊ အကုန်လုံးက ဒီအမှားလောကကြီး ထဲမှာ ဒါက ရိုးနေတဲ့ အတွက် ကြောင့်မို့လို့၊ အမှားအတိုင်း သွားနေတာက ဘာမှပြဿနာ မရှိဘဲနဲ့ ထမင်းစား ရေသောက် ကိစ္စမျိုးပဲ သွားနေကြတယ် ဆိုတဲ့ ပုံစံမျိုးလား ခင်ဗျ။ ဒီလောက် အရေးကြီးတဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး လောကမှာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဖြစ်နေတာကတော့ အမှားက အမှန် ဖြစ်နေပြီဗျ။ အများ မိုးခါးရေသောက် ငါလည်း သောက်ရမယ် ဆိုတဲ့လူတွေ က သူတို့အတွက် မိုးခါးရေဆိုတာ မိုးခါးရေ မဟုတ်တော့ဘဲနဲ့၊ မိုးချိုရေ ဖြစ်နေတယ်ဗျ။ အမှားတွေက အမှန်ဖြစ်နေပြီးတော့၊ အမှန်တွေက အမှား ဖြစ်နေတာကတော့ လက်ရှိ ကျနော်တို့ရဲ့ တပ်မတော် ပါပဲ။

ဦးရော်နီညိမ်း။ ။ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင်နီယာအရာရှိအဖြစ်တာဝန်ထမ်းဆောင် ခဲ့တဲ့ ဗိုလ်မှူး ဟောင်း စိုင်းသိန်းဝင်းရဲ့ပြောစကား နောက်ဆုံးအပိုင်းကိုတော့ ရှေ့သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။


Ref: VOA News

Read More...

ဝီကီလိခ်ပါ မြန်မာ့ နျူကလီးယားအရေး IAEA စိုးရိမ်

ဦးသားညွန့်ဦး
အင်္ဂါ, 28 ဒီဇင်ဘာ 2010


မြန်မာစစ်အစိုးရဟာ နျူကလီးယား အစီအစဉ်တွေ လျှို့လျှို့ဝှက်ဝှက် ဆောင်ရွက်နေတယ် ဆိုတဲ့ သတင်းတွေဟာ စိုးရိမ်စရာ ရှိပြီး တကယ်လို့ မြန်မာ စစ်အစိုးရက နျူကလီးယား စက်ရုံ ဆောက်မယ် ဆိုရင် ဒါဟာ အရပ်ဘက်သုံး ဟုတ်မဟုတ် IAEA ရဲ့ စစ်ဆေးမှု ခံယူရမှာ ဖြစ်တယ်လို့ IAEA ခေါ် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက ပြောပါတယ်။ အပြည့်အစုံကို စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

မြန်မာစစ်အစိုးရဟာ နျူကလီးယား အစီအစဉ်ကို လျှို့လျှို့ဝှက်ဝှက် ဆောင်ရွက်နေပုံ ရတယ်ဆိုတဲ့ ၀ီကီလိခ်မှာ ပေါက်ကြား လာတဲ့ အမေရိကန် သံတမန် လျှို့ဝှက်မှတ် တမ်းတွေကြောင့် မြန်မာနိုင်ငံမှာ တကယ်ပဲ နျူကလီးယား အစီအစဉ် ရှိနေပြီလား စိုးရိမ်မှုတွေ ရှိလာတဲ့ အထဲ IAEA အပြည်ပြည် ဆိုင်ရာ အဏုမြူ အေဂျင်စီလည်း ပါဝင်ခဲ့ပါတယ်။ ဗီယင်နာကလာတဲ့ AFP သတင်း တရပ်မှာတော့ ဒီအတွက်ကြောင့် IAEA အနေနဲ့ မြန်မာနိုင်ငံ အတွင်းက သံသယရှိတဲ့ နေရာအချို့ကို သွားရောက် စစ်ဆေးခွင့် မြန်မာ အာဏာပိုင်တွေကို တောင်းခံတယ်လို့ ဖော်ပြပါတယ်။

အထူးသဖြင့် မြန်မာအစိုးရဟာ နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယား အစိုးရနဲ့ နီးနီး ကပ်ကပ် ဆက်ဆံ လွန်းနေတာကြောင့် နျူကလီးယား အစီအစဉ်မှာလည်း နှစ်နိုင်ငံ ပတ်သက်မှု ရှိနိုင်တယ်လို့ သတင်းတွေ ထွက်လာတာပါ။ IAEA ပြန်ကြားရေး အရာရှိ ဂရက် ၀က်ဘ် (Greg Webb) ကတော့ သတင်းတွေ အပေါ် စိုးရိမ်ရပေမဲ့ အတည် မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ သွားရောက် စစ်ဆေးဖို့ မြန်မာအာဏာပိုင်တွေကို IAEA ဘက်က စာပို့တယ်ဆိုတဲ့ သတင်း အပေါ်မှာတော့ အတည်ပြု ပြောကြားဖို့ ငြင်းပါတယ်။

“ဒီကိစ္စက နျူကလီးယားလက်နက် ပြန့်ပွားရေးမှာ ဖြစ်နိုင်ချေရှိပြီး အလွန်သိမ်မွေ့တဲ့ ကိစ္စ ဖြစ်တာကြောင့် ပွင့်ပွင့်လင်းလင်း မပြောလိုပါဘူး။”

၁၉၉၅ ခုနှစ်တုန်းက မြန်မာနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ မဖြစ်မနေ လိုက်နာရမယ့် protocol သဘော တူညီချက်အရ IAEA ဘက်က အချိန်မရွေး မြန်မာနိုင်ငံကို သွားပြီး စစ်ဆေးနိုင်တဲ့ အခြေ အနေ မျိုးတော့ မရှိဘူးလို့ မစ္စတာ ဂရက် ၀က်ဘ်က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ small qualities လို့ခေါ်တဲ့ ပမာဏ အနည်းအကျဉ်းနဲ့ ပတ်သက်တဲ့ သဘော တူညီချက်ပဲ ရှိတာမို့ အခြား နိုင်ငံတွေလို ဘေးကင်း လုံခြုံရေး စနစ်အတွက် လိုအပ်တဲ့ သဘော တူညီချက်တွေ မရှိပါဘူး။ ဒါကြောင့် အခြား နိုင်ငံတွေလိုမျိုး IAEA က သွားရောက် စစ်ဆေးရမယ့် အခြေအနေမျိုး မရှိပါဘူး။ အခုနက ပြောသလို သတင်းတွေကတော့ အမျိုးမျိုး အများအပြား ကြားရပါတယ်။ ဒါပေမဲ့ ဒါကို အတည်ပြုလို့ မရပါဘူး။ ဒါမျိုးတွေက အလွန်သိမ်မွေ့တဲ့ ကိစ္စရပ်တွေပါ။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံဟာ တရားဝင် နျူကလီးယားစက်ရုံ လုပ်မယ် ဆိုရင်တော့ IAEA ရဲ့ အဆုံး အဖြတ် စစ်ဆေးမှု ခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် မပြန့်ပွားရေး MPT စာချုပ်ပါနိုင်ငံ ဖြစ်ပါတယ်။ ဒီသဘော တူညီချက် အတိုင်း နျူကလီးယား လက်နက် ထုတ်လုပ်တာ မလုပ်ပါဘူးလို့ ကတိပြု လက်မှတ် ထိုးထားပါတယ်။ နျူကလီးယား စက်ရုံ၊ နျူကလီးယား ဓာတ်ပေါင်းဖို တခု လုပ်တော့မယ် ဆိုရင် သဘောတူညီချက်အရ IAEA ရဲ့ စစ်ဆေးမှု ခံရပါမယ်။ ဒီ နျူကလီးယား အစီအစဉ်ဟာ လက်နက်ထုတ်ဖို့ မဟုတ်ဘဲ အရပ်ဘက်သုံး ဟုတ်မဟုတ် IAEA က စစ်ဆေးပြီး အဆုံးအဖြတ် အတည်ပြု ပေးရပါတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာလက ဗီယင်နာမြို့မှာ လုပ်ခဲ့တဲ့ IAEA နှစ်ပတ်လည် အစည်းအဝေး အတွင်း မြန်မာဘက်က ကိုယ်စားလှယ် ဦးတင်ဝင်းက မြန်မာနိုင်ငံဟာ လက်နက် မပြန့်ပွားရေး သဘောတူညီချက်ကို ထောက်ခံပေမဲ့လို့ နိုင်ငံတိုင်းဟာ အရပ်ဘက် အတွက် နျူကလီးယား စွမ်းအင် အသုံးပြုခွင့် ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ နျူကလီးယား လက်နက် ထုတ်ဖို့ ကြိုးပမ်းတယ် ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ် မရှိဘဲ မြန်မာနိုင်ငံ အနေနဲ့ အရပ်ဘက် ဖွံ့ဖြိုးရေးအတွက် နျူကလီးယား သိပ္ပံနဲ့ နည်းပညာကို အသုံးပြုနေခြင်းပဲ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံနဲ့ IAEA အကြားမှာ ဖွံ့ဖြိုးရေး ကိစ္စတွေအတွက် နျူကလီးယား နည်းပညာ အသုံးချမှု ပိုင်းမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပါတယ်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်ပါနိုင်ငံ ဖြစ်သလို နျူကလီးယား စမ်းသပ်မှု တားဆီးရေးကိုလည်း လက်မှတ် ထိုးထားပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှဒေသ နျူကလီးယားမဲ့ ဇုန် ဖြစ်ရေး သဘောတူညီချက် မှာလည်း လက်မှတ် ထိုးထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Saturday, December 25, 2010

လွတ်လပ်ရေး ရွှေသားမီးတိုင် နှင့်ကိုလိုနီခေတ် ကာလ ၂၀ ရာစု ၏ အလယ်ပိုင်း နှစ်များ

Dec 25, 2010

မင်းကိုခါး (ကွမ်းခြံကုန်း)

အသက် ၃၂ နှစ်သာ ရှိသေးသော လူငယ်တဦးသည် တတိုင်းတပြည်လုံးကို ကတိ ပေးထားသည်။

၁၉၄၇ ခုနှစ်။

ထိုလူငယ်၏ ကတိကိုလည်း တတိုင်းတပြည်လုံးက ယုံကြည်ကိုးစား နိုးကြားတက်ကြွ နေကြသည်။ သူ၏ ကတိမှာ “တနှစ်အတွင်း လုံးဝ လွတ်လပ်ရေးရစေရမယ်”ဟူ၍ ဖြစ်သည်။ ကတိပေးသူ လူငယ်ကား . . .
သူ့ခေတ်သည် ကျွန်ဘ၀ကိုလိုနီခေတ်နှင့် ထိုကိုလိုနီခေတ်မှ လွတ်မြောက်ရန် “လွတ်လပ်ရေး” ကြိုးပမ်းမှု ခေတ်ကာလဖြစ်သည်။ သူဖြတ်သန်းရသော အချိန်အားလုံးသည် ထိုခေတ်ကြီး အဖြစ် အပျက်များနှင့်သာ လုံးထွေး ရောပြွမ်း နေခဲ့ရလေသည်။ လွတ်လပ်ရေး ရရှိချိန်ကိုကား သူ မတွေ့မမြင်ခဲ့ရပေ။



သူ့အဖို့ တသက်တာကား အကျပ်အတည်းများကို ကျောခိုင်းနောက်လှည့်၍ ရှောင်လွှဲသွားရန် လမ်းကြောင်းများ မရှိပေ။ အဘယ့်ကြောင့်နည်း။ သူသည် ကိုလိုနီ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေး သမားတယောက် ဖြစ်သောကြောင့်ပင်။ “ လွတ်လပ်ရေး ” “ နိုင်ငံ၏ ပုံရိပ်သစ် ” နေ့တိုင်းပင် သူ စိတ်ကူးမျှော်မှန်းခဲ့သည်။ သူ့ခေတ်က မြန်မာအမျိုးသားစာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်း က ပြောခဲ့သည်။ ကျွန်ခေတ်မှာ လူရာ မ၀င်ချင်ဘူးတဲ့။ ကိုအောင်ဆန်း (သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း)သည် ထိုလူစားဖြစ်သည်။ သူ့ ခေတ်ပြိုင်များက ဆန်းစစ်တွေ့ရှိသော လူငယ် ကိုအောင်ဆန်းသည် ကိုလိုနီ ကျွန်ခေတ်တွင် လူရာဝင်ရေး အတွက် အပေါင်းအသင်း အဆက်အသွယ် အခွင့်အလမ်း တက်လမ်းတွေ လိုက်ရှာဖွေသူ မဟုတ်။ တကိုယ်ရေ ကောင်းစား ကြီးပွါးရေး အတွေးအခေါ်တွေ သူ့မှာမရှိ။

သူ့အတွေးက နိုင်ငံနှင့်ချီ၍ “ လွတ်မြောက်မှု ” ။

ကိုလိုနီသူ့ကျွန်ဘ၀တွင် ပြည်သူလူထုက “ဘုရားကျွန်တော်မျိုး” ဟု လက်အုပ်ချီပြီး “မှန်ပါ့ ဘုရား” ဟု နယ်ချဲ့ အုပ်စိုးသူ လူမျိုးခြားကို ဘုရားထူး ဒူးထောက်ခဲ့ရ၊ နိမ့်ကျညှိုးငယ်၊ ဒုက္ခအသွယ်သွယ်က ၁၉၃၀ ပြည့်လွန် နှစ်များတွင် လူငယ် တဦးသာဖြစ်သော ကိုအောင်ဆန်းကို စူးစူးရှရှ နာကျည်း ထန်ပြင်းစေခဲ့ပြီးပြီ။ ဘုရင်ခံတဲ့။ ကိုလိုနီ ယန္တရားကြီးကား ပဒေသရာဇ်ခေတ် နယ်စားမြို့စား အုပ်ချုပ်ရေးပုံစံနှင့် မဝေးလှသော ၀တ်ရုံဟောင်းကြီးကို ခပ်တင်းတင်း လွှမ်းခြုံလျက်။ နိုင်ငံကို ကျွန်ပြု စိုးမိုးထားသော ကိုလိုနီနယ်ချဲ့နှင့် နယ်ချဲ့ အလိုတော် ရိများက နန်းရင်းဝန်ကြီး၊ အမတ်ချုပ်ကြီး၊ ၀တ်လုံတော်ရကြီး၊ တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ အရေးပိုင်၊ နယ်ပိုင်၊ မြို့ပိုင်၊ မြို့အုပ်၊ သူကြီး “စေ” တလုံးပိုင်၊ အာဏာဇောင်းထက်မြ၊ ဘုရင်ခံချုပ်၊ ဘုရင်ခံ ဆိုသူတွေ မပြောနှင့် ဗြိတိသျှ နေမ၀င် အင်ပါယာ ယန္တရားကြီးရဲ့ အောက်ဆုံးအဆင့် သူကြီးဆိုသူကပင် မြန်မာနိုင်ငံမှာ “ဘုရား” ထူး ခံချင်၊ အမိန့်တော်မြတ် ချမှတ်ချင် . . . ။

အို . . . သင်တို့ကို ငါ ငြင်းဆိုလိုက်တယ်။

“ မြန်မာပြည်တ၀ှမ်းအကုန်
ဒို့အိမ်မှတ်ပါ ဒို့ယာမှတ်ပါ
အဲဒါ ဒို့ဗမာ ”
“ နောင် ဥဒါန်းဘယ်ကြေစရာ
ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ ၊
ကမ္ဘာတခွင်မှာဖြင့် ၊ ဗမာအထင်အရှား
ဒို့ခေတ်တွင်မှ ညံ့ကြတော့မှာလား ”

အမျိုးအစားသစ် နယ်ချဲ့ဆန့်ကျင်ရေး မြန်မာပြည် လွတ်လပ်ရေး အရေးတော်ပုံ နိုင်ငံရေး အင်အားစုများက ကိုလိုနီ ဖိနှိပ် စိုးမိုးသူတို့ ဆန္ဒနှင့် သီးခြား ကင်းလွတ်စွာ ဖူးပွင့် လာကြပုံမှာ အိပ်မက်မဟုတ်။ သမိုင်း၏ ဖြစ်ပေါ်တိုးတက်မှု အရှိတရားက ၀သန်မိုးဦး တဖြိုက် ရွာလိုက်တဲ့အခါ စိန်ပန်းတွေ ရဲခနဲ လင်းခနဲ လန်းဆတ် တောက်ပ ဖူးပွင့်လိုက်ကြ သလိုပဲ။ မြန်မာစာဆိုများ၊ ဂီတ ပညာရှင်များ ကပင် ကျောခိုင်းနေ၍ မရ။ မျက်နှာမူကာ မြတ်မြတ်နိုးနိုး စာဖွဲ့လွမ်းပွေ့ လိုက်ချင်စရာ။

သမိုင်းရဲ့ အကွေ့။
နိုင်ငံကို စစ်ပွဲကြီးသုံးကြိမ်ပြုပြီး သိမ်းပိုက်အုပ်စိုးခဲ့သော နယ်ချဲ့ ကိုလိုနီ အာဏာရှင်တွေက အရှင်သခင် မဟုတ်။ ဒါ . . . ဒို့မြေ၊ ဒို့ရေ . . . ဒို့ကိုယ်တိုင် အရှင်သခင်။ သူတို့နာမည်ရှေ့မှာ “သခင် ” ဘွဲ့ကို မြင့်မြတ်ခြင်း နိမိတ်ပုံလို တပ်ဆင်လိုက်ကြသည်။


ယုံလိုက်ကြ။ ကိုယ့်ကိုယ်ကို ယုံကြည်လိုက်ကြ။ ကိုယ်သာအရှင်၊ ကိုယ်သာ သခင်။

ကိုလိုနီသမိုင်းခေတ် ၁၉၃၀ ပြည့်နှစ် ဆရာစံတောင်သူလယ်သမား အရေးတော်ပုံကြီး၏ ပြင်းထန်သော ကိုလိုနီ ဆန့်ကျင်ရေး ပုန်ကန်မှုက ထို ၁၉၃၀ ပြည့်လွန် နှစ်များ၏ အလယ်ပိုင်း ကာလများတွင် လွတ်လပ်ရေး တိုက်ပွဲဝင် နိုင်ငံရေး အင်အားစုများ ဖြစ်လာကြတော့မည့် ကိုအောင်ဆန်းတို့ကို ပေါက်ကွဲအား မြှင့်ပေးသော စွမ်းအားပြည့်မြန်မာ့ သမိုင်း ဒီရေ ဖြစ်ခဲ့သည်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . .





“ စံရှားခေါ် ဆရာစံ။ အထက်စွပ်စွဲချက်များကြောင့် သင့်အပေါ်မှာ အပြစ်ရှိကြောင်း။ ဤရုံးတော်က တွေ့ရှိကြောင်း။ ၎င်းအပြင် ဗြိတိသျှ နေမ၀င် အင်ပါယာ၏ ရှင်ဘုရင်နှင့် ဘုရင်၏ အစိုးရတို့အား အသင်က ပုန်စား ပုန်ကန်ပြုလုပ်ကြောင်း ထင်ရှား၏။ ဤသို့ပြုလုပ်ခြင်းကြောင့် တိုင်းပြည်တွင် လူအမြောက်အမြား သေကြေပြီးလျှင် ဥစ္စာစီးပွါးလည်း ပျက်ပြားကြောင်း။ သို့သော် ဤသို့ ပျက်ပြားသော်လည်း သင်သည် ၀မ်းနည်းခြင်းမရှိ။ ၀မ်းနည်းသည့် လက္ခဏာလည်း မပြခဲ့ချေ။
ထို့ကြောင့် သင့်လည်ပင်းကိုကြိုးတပ်၍ မသေမချင်း အသင့်ကို သတ်စေရန် အမိန့်ချမှတ်လိုက်ကြောင်း ” ။

လယ်သမားသူပုန်ကြီး ဆရာစံကမူ “ မှန်ပါ့ဘုရား ” ဟု လက်အုပ်မချီ။ ဘုရားမထူး။ မတရား ဗိုလ်ကျ အုပ်စိုးသူတို့ကို တော်လှန် ပုန်ကန်ခြင်း အမှန်တရားအား စွန့်လွှတ်ရန် လုံးဝ မစဉ်းစားခဲ့။ ကျွန်ခေတ်မှာ လူရာ မ၀င်ချင်ဘူး။

ဆရာစံကို ကိုလိုနီကြိုးစင်ပေါ်သို့ ဆွဲခေါ်လာကြသည်။ အို လူမျိုးခြား ဖိနှိပ်သူတို့ ... မြန်မာ့ရာဇ၀င် ထဲ တရားမ၀င် ကျူးကျော် ခုန်တက် လာစ နှစ်များကပင် သင်တို့ကို ငါ ငြင်းဆိုလိုက်တယ်။ လက်ထိပ်ခတ်လျက်။ ငေးကြည့်နေသူများက “ ဆရာစံ တုန်လှုပ်လေမလား ” စူးစမ်းလျက်။ ကျွန် ဖြစ်ရတာထက် သေရတာက မြတ်တယ်။ မင်းတို့ မလိုပါဘူး။ ဖယ်ကြစမ်း။ ငါ့ဘာသာ တက်နိုင်တယ်။ တွဲခေါ်လာသူများကို ကြိုးစင်ရှေ့မှာ တွန်းဖယ် ထားပစ်ခဲ့ လိုက်လေရဲ့။ ပထမ ခြေတလှမ်း။ အမျိုးအတွက်။ ဒုတိယခြေတလှမ်း။ ဘာသာအတွက်။ တတိယခြေတလှမ်း။ သာသနာအတွက်။ ဆရာစံ၏ ရုပ်ပုံလွှာက သူချစ်လှစွာသော နိုင်ငံကို မြတ်မြတ်နိုးနိုး လှုပ်နှိုး ပစ်ခဲ့သည့် နိမိတ်ပုံ။ ဘယ်သောခါမှ မမေ့နိုင်ဖွယ်ရာ တည်ကြည်လေးနက်စွာ ဦးခေါင်းကို မတ်ထားသည့် မြန်မာ့ သူရဲကောင်း။ ငါ ပြန်လာမယ်။ တနေ့ ပြန်လာမယ်။ သန်းနဲ့ချီပြီး ပြန်လာခဲ့မယ်။ ကြီးမြတ်သော သုပဏ္ဏက ဂဠုဏရာဇာ မြန်မာကြီးသည် ကြိုးစင်ထက် မယိမ်းမယိုင် တက်သွားနေသည်။ သူ့နောက်ကျောမှာ ကိုလိုနီခေတ် သူ့ကျွန်ဘ၀ မြန်မာနိုင်ငံ အနှံ့ဆီ သာယာဝတီထောင် ကိုလိုနီအုတ်ရိုးကို ထွင်းဖောက်ပြီး ယုံကြည်မှု အရောင် တလွင်လွင့် တောက်ပ ထွက်ပေါ်သွားတော့သည်။

အဲဒီယုံကြည်မှုအရောင်တွေသည် ၁၉၃၅ - ၃၆ ခုနှစ်က ကိုအောင်ဆန်းတို့ မျိုးဆက်ရဲ့ ရင်ဘတ်တွေ ထဲဆီ စူးရှမြုပ်ဝင် ပဲ့တင်နေကြသည်။

ကိုလိုနီဘ၀ကြီးကို တို့ ငြင်းဆိုခဲ့ကြတယ်။ ကျွန်ခေတ် သမိုင်းရဲ့အမှောင် အင်အားစုတွေကို တို့ ရွံမုန်းခဲ့ ကြတယ်။
“ သက်သေသာဓကတို့သည် နွေဦးပေါက်လှုပ်ရှားသော သစ်ရွက်များကဲ့သို့ ငါတို့၏ ရင်တွင်းဝယ် ဆထက်ထမ်းပိုး တိုးကာ တဖျတ်ဖျတ် တလူလူ လွှင့်ခတ်၍နေပါအံ့။

ဤနေရာဝယ် အနှစ်တထောင် ကာလပတ်လုံး ရှပ်တိုက်၍နေသော ခြေရာ အပေါင်းတို့ သည်လည်း သင်တို့၏ သွေးကွက်များကို ချေဖျက်နိုင်မည် မဟုတ်။

ဤတိတ်ဆိတ်ခြင်းကို ရေတွက်ခြင်းငှာမစွမ်းနိုင်သော အသံဗလံများသည် ရေပွက်ပမာ ထပွက်သော် ငြားလည်း သင်တို့၏မြတ်သော သေခြင်းကို ထောမနာပြုသော ခေါင်းလောင်းသံသာ သည်ကား ပဲ့တင်ထပ်၍ နေမည်သာတည်း ” ။

ချီလီကဗျာဆရာကြီး ပါဘလိုနီရူဒါ
(ဒဂုန်တာရာ မြန်မာပြန်)
တာရာမဂ္ဂဇင်း၊ ၁၉၄၆ - ခုနှစ်။

* * * * * * * * * * * * * * * * *

ကိုအောင်ဆန်းသည် တွေးနေသည်။ သူ့အဖိုး ဗိုလ်မင်းရောင်သည်လည်း အရေးတော်ပုံတွင် ခေါင်းဖြတ် ခံခဲ့ရသည်။ ဆရာစံ၏ လယ်သမား သူပုန် ရဲဘော်ကြီးများ သည်လည်း ဦးခေါင်းတွေ ဖြတ်ခံခဲ့ရသည်။ (၁၉၃၅ - ၃၆) နှစ်ကာလက သူ၏ ခေတ်ပြိုင်များသည် ကိုအောင်ဆန်းကို မှုန်ဆန်သော လူငယ် တယောက်အဖြစ် စတင်တွေ့ရှိ ကြရသည်။ စာသင်ခန်း ထဲမှာလည်း တွေးသည်။ အင်းလျား ကန်ကြီးဘေး လမ်းလျှောက်ရင်း မှာလည်း တွေးသည်။ ပဲခူးဆောင် အပေါ်ထပ်မှ ဆံပင်စုတ်ဖွားနှင့် လှေကားထစ်များကို နင်း၍ နင်း၍ ဆင်းလာနေရင်း မှာပင် တွေးမိနေ သေးသည်။ “သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏”။ “တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်း သည် ပြုံးသောမျက်နှာကို ထားခဲ၏ ” တဲ့၊ ကဗျာ အနုပညာရှင် ဒဂုန်တာရာက သူတွေ့ရှိသော ကိုအောင်ဆန်းကို ရုပ်ပုံလွှာတွင် ဖွဲ့နွဲ့သည်။ သူ၏ ခေတ်ပြိုင်များကမူ ထိုပုံရိပ်တွေကို နောင်သောအခါ လွမ်းမောဖွယ် တွေအဖြစ် ပြန်လည်အောက်မေ့ သတိ ရခဲ့ကြရသည်။

၃၆ ခုနှစ်က တိုင်းပြည်သည် “ အောင်ဆန်း” ဆိုသော အမည်ကို ထိုခေတ် သတင်းစာများတွင် စတင်တွေ့ရှိ လိုက်ကြချိန်မှာ ထိုလုလင်၏ ရင်အုပ်ထဲတွင် သူတို့ခေတ် တခုလုံး၏ အလွမ်းများ အပြည့်အနင့် သယ်ဆောင် ထားသည်ကို လူတို့က အပြည့်အ၀ မသိနိုင်ကြသေး။ အချိန်က တိုလှသေး၏။ သူ့မှာတော့ ၃၆ ခုနှစ် မတိုင်မီ သူ့နာမည် တိုင်းပြည်နှင့် စတင် မိတ်ဆက်ခြင်း မပြုရသေးချိန် မှာပင် ရင်ထဲ၌ တိုင်းပြည်မနိုးခင် “ ချစ်လှစွာသော ကျွန်ဘ၀ အမိ မြန်မာပြည်ရဲ့ နောက်တနေ့ မနက်ခင်း ဂုဏ်တောက်စွာ လင်းခဲ့ဖို့ အရုဏ်ဦးကို နှလုံးသွေးနဲ့ သယ်ဆောင် နေခဲ့ရပြီ”လေ။ သူ့ရှေ့တွင် မြန်မာပြည်၌ ဆယ်စုတခု၊ နှစ်ခုမက အချိန်မှစ၍ ကိုလိုနီခေတ် ကိုယ်ကျိုးရှာ ၀ါရင့် နိုင်ငံရေးသမား ဟောင်းကြီးများက ရှိနေခဲ့ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာထဲက အတိုင်း “ ငါးထောင် အသပြာစား မာန်ရယ်နဲ့ မာန်ဖီဖီပွား၊ မယားတောင်ညာခံနှင့် စံသည်တကား” အမည် ထိုက်သည့် ပုဂ္ဂိုလ်တွေလည်း မြန်မာနိုင်ငံရေး ပွဲဦး ပွဲကူးထဲမှာ အုတ်အရောရော ကျောက်အရောရော ပါဝင်။ ၃၆ ခုနှစ်တွင် ပေါ်လာသော ကိုအောင်ဆန်းတို့လို အသက် ၂၁ နှစ်အရွယ် လူငယ်များ၏ အမျိုးအစားသစ် အမျိုးသားရေး နိုင်ငံရေး လွတ်လပ်ရေး ရည်မှန်းချက်ကို စိမ်းရိုင်း လတ်ဆတ်စွာ ထိတ်ခနဲ တွေ့ကြရသည်။ မည်သို့ အကဲဖြတ်မလဲ။ သမိုင်းခေတ်က လာနေပြီ။ ၁၉၃၆။ အသက် ၂၁ နှစ်။ သူ ပြောပြောနေသော လုံးဝ လွတ်လပ်ရေး။ မင်း ငယ်ပါသေးတယ်။ ဗြိတိသျှ အလိုတော်ရိ ခေတ် အဆက်ဆက် သော့ကိုင် ထားလိုသူ မင်းတိုင်ပင် နိုင်ငံရေး သမားဟောင်းကြီးတွေရဲ့ မဲ့ပြုံး၊ ကြိတ်ပြုံး၊ မလိုတမာ အပြုံး တွေနဲ့ နဖူးတွန့် မျက်စချီ အကြည့်တွေကလည်း အဲဒီခေတ်ထဲမှာ အပြည့်။

သို့သော် အမှန်တရားကို ရှာပုံတော် ဖွင့်နေကြပြီ။
တလက်မမှ နောက်ပြန်ဆုတ်ပေးလို့ မရတော့။

ခေါင်းမှာ ဆံပင်ပွယောင်းယောင်း။ မျက်နှာက မှုန်ကုပ်ကုပ်။ သပ်ရပ်ချောမွေ့မှု မရှိ။ ကိုလိုနီ ယန္တရား အကြိုက် အိုင်စီအက် အရာရှိကြီးတွေရဲ့ ရှေ့တော်ပြေး ပုံရိပ်ဖြစ်ရမည့် ပညာတတ် တက္ကသိုလ် ကျောင်းသား အသွင်အပြင်ကို သူ့ထံမှာ တွေ့မြင်ရန် ခက်ခဲလှသည်။ ၁၉၃၆ က ရွှေတောင် ပိုးလုံချည်နှင့် ပြည်တွင်းဖြစ် ဖျင်ကြမ်းကို ၀တ်ဆင်ပြီး စင်မြင့်ပေါ်၌ စကားပြောသော သူ့ကို ဂျူဗလီဟောလ်တွင် ထိုခေတ်လူငယ် အများက တွေ့မြင်ဖူး ကြရသည်။ သူ့မှာ လူအလတ်တန်းစား ပညာတတ် စရိုက်ဟန်တွေ မတွေ့ရ။ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင် သူက ဟန်ဆောင် မလုပ်။ ဒါကဖြင့် နာမည်ကျော် ပညာတတ်လူငယ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ပါပဲလေ။ သာမန်လူထဲက လူ . . . လမ်း ပေါ်မှာ နေရာတကာ တွေ့မြင်နိုင်တဲ့ ပုံသွင်ပါပဲလေ။ ဒါပေမယ့် အဲဒီ ရာဇ၀င် ခေတ်ကြီးရဲ့ သွေးခုန်သံများ အားလုံးကို သူဝတ်ဆင်၊ သူ့ခေတ် မျိုးဆက်များရဲ့ ပေါင်းရုံးထားတဲ့ စိတ်ဓာတ် စွမ်းအင်များနဲ့ မျက်နှာက ပိုင်းဖြတ်မှုအပြည့်။

လွတ်လပ်ရေးအတွေးတွေထမ်းလို့ သူ လျှောက်လှမ်းသွားတဲ့ ခြေရာများ
နောက်ရာစုထိ နစ်ကျွံသွားခဲ့တာပါပဲ။
ဒီခြေရာတွေကို ဘယ်အုပ်စိုးသူ ကိုလိုနီမျိုးဆက်ကမှ မဖျက်နိုင်။
သူ့ ခေတ်ပြိုင်ရဲ့ အကောင်းဆုံးတေးသံတွေကို
သူ့နှလုံးအိမ်ရဲ့ နံရံမှာ ကမ္ဘတည်ထွင်းထုထားတယ်။

သူ့ကိုယ်ပေါ် သူ့ခေတ်ရဲ့ အောက်မေ့ဖွယ်တွေက တဖွဲဖွဲဆွတ်ပျံ့ စိမ်းပျံ့  စီးကျလို့ပ . . . ။
စိတ်မရှည်နိုင်
လွတ်လပ်ရေးကို ဒီလုလင်က သူတယောက်တည်း ထမ်းသယ်တော့မယ့်အတိုင်း။
ကိုယ်ရေးကိုယ်တာ နာကျင်မှုတွေကိုမှ သတိမရနိုင်
သူ့ရင်အုပ်ရဲ့  အတွင်းဘက်အမှောင်ထဲမှာ
အသက်ရှင်စွမ်းနေတဲ့အရာ
အခြားသူတွေရဲ့ ရင်အုပ်ထဲမှာ
ပြာဖုံးမီးခဲတွေ . . . မီးလျှံအလင်းထွန်းညှိဖို့
သူလိုက်လို့သာရှာခဲ့။
လေကောင်းလေသန့်တွေ မြန်မာပြည်အနှံ့
ရင်အုပ်တွေထဲဆီ သူအရောက်ပို့ဖို့
ဒုက္ခတရားကိုသာ ဘ၀နဲ့စစ်ခံယူပြီး
ရွှေလို ပြန်သန့်စင်ခဲ့လေပေါ့။
ဒါဟာ ကိုအောင်ဆန်းပေါ့။

၃၆ ခုနှစ်ကိုယ်တိုင်ပင်လျှင် အဲဒီ ၂၁ နှစ်အရွယ် လုလင်ရဲ့ သမိုင်းဆန်တဲ့ သွေးခုန်သံတွေ ဆီက လှပ ခမ်းနားမှုတွေ ပြန်ရခဲ့ပေါ့။ Hell Hound at large (ငရဲခွေးကြီးလွတ်နေပြီ)။ နှစ်ဦးကာလ အိုးဝေမဂ္ဂဇင်းရဲ့ ငရဲခွေး ဆောင်းပါးက ကိုလိုနီ စိုးမိုးသူ အင်္ဂလိပ် အာဏာပိုင်တွေဆီ လေညင်းကလေး ခတ်ပုံက သူတို့ တုန်လှုပ်စရာ။ မဂ္ဂဇင်း စာတည်း မည်သူလဲ။ မင်း . . . ပြောပါ။ သူ့အဖို့ အကျပ်အတည်းများကို ကျောခိုင်း နောက်လှည့်၍ ရှောင်လွှဲ သွားရန် နဂိုကတည်းကပင် သူ မကြိုးစားခဲ့။ အဲဒီ အညာသား မြန်မာလူငယ်က ငယ်ငယ်ကတည်းကပင် ဒါမျိုး မကြိုးစားခဲ့။ နောင်သောအခါ အကြိမ်ကြိမ် ပြန်လည်တသဖို့ ဖြစ်လာခဲ့ရတာပါပဲ။ အားလုံးအကြိုက် ရိုးရိုးစင်းစင်း ပါပဲလေ။ ၁၉၃၆ ခုနှစ်တွင် သူ့အဖြေ။

“ မပြောနိုင်ဘူး ”

ကိုလိုနီခေတ်ရဲ့ တက္ကသိုလ်မျက်နှာဖြူအာဏာပိုင်တွေက ကိုအောင်ဆန်းကို တက္ကသိုလ်မှ ထုတ်ပယ်ကြောင်း ကြေညာ . . . ။ ၁၉၂၀ ပထမ ကျောင်းသားသပိတ်မှ ၁၆ နှစ်အကြာ ကိုလိုနီ ဆန့်ကျင်ရေး ဒုတိယ ကျောင်းသား သပိတ်ကြီး မွေးဖွားလာပုံ အစရဲ့  မဟာသွေးစီးသံသည် သူ၏ ရင်ဘတ်တွင် ပထမ,စပေါက်ကွဲခဲ့တာပါပဲ . . . ။

ပဲခူးဆောင်အလယ်ထပ် သူ့အခန်းမှနေ၍ သူသည် အောက်ထပ်သို့ အတွေးဖြင့် ဆင်းလာ တတ်၏။ (၁၉၃၇ - ၃၈) ခုနှစ်က သူ၏ ကျောင်းနေဘက် များသည် သူ၏ သပ်ရပ်မှုမရှိ၊ သို့သော် စာအုပ်များ ပြည့်နှက် ရှုပ်ပွနေသော သူ့အခန်းကို ပဲခူးဆောင်တွင် တွေ့ဖူးကြသည်မှာ ပြန်တွေးရင် ရာဇ၀င်ကျော် သူရဲကောင်း လုလင်ရဲ့ လွမ်းမောဖွယ်ရာ ကားချပ် တခုပါ။ ကံ့ကော်တွေက ဝေလို့။ ဆွတ်ပျံ့စိမ်းပြာ အင်းလျားရွှေကန်တော်။ မြူမှုန်တွေက ပြာရီရီ။ သက်ငြိမ် ရှုမျှော်ခင်း အလှအပ။ ၁၉၃၈ ခုနှစ် နှစ်လယ်မှာတော့ အိပ်ယာလိပ် ထမ်းပြီး မြန်မာ့ သမိုင်း မုန်တိုင်းထဲဆီ ဇာတ်ဝင်ခန်း တခုလို ရေကျော်ရှိ ဒို့ဗမာ အစည်းအရုံးသို့ သူ ထွက်ခွာလာ ခဲ့လေသည်။ မိုးစက်တွေက ကျလို့။ မဖြီးရသေးသော ဆံပင်။ အင်္ကျီလျော့ရဲ ကြေမွကိုလည်း မပြင်ဆင်ရသေး။ မြန်မာပြည်ရဲ့ ကိုလိုနီ မြေအရိုင်းကို ရင်ဘတ်နဲ့ ထွန်ယက်ဖို့ ဆင်းလာတဲ့ အတိုင်းပါပဲလေ။

အဲဒီခေတ် ဗြိတိသျှကိုလိုနီဥပဒေပြု လွှတ်တော်ထဲမှာတော့ ရာထူးရာခံနှင့် မြန်မာပြည် ကျွန်ခေတ်မှာ လူရာဝင်ရေး ကိုယ်ကျိုးရှာ ကုလားထိုင် လုပွဲမှာ စီးကရက် မီးခိုးငွေ့များ၊ ယမကာ နံ့များဖြင့် ယစ်ဝေကောင်းဆဲပင် ရှိနေသည်။
နောင် . . . ဥဒါန်းဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတခွင်မှာဖြင့်၊
ဗမာ အထင်အရှား၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား . . .

* * * * * * * * * * * * * * * * *




အမျိုးသားရေးကြိုးပမ်းကြပါ၊ အရှေ့ က နေ၀န်းထွက်သည့်ပမာ၊ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ၊

တို့ဗမာဟေ့ . . . တို့ဗမာ . . . ဗမာပြည်တ၀ှမ်း အကုန် တို့အိမ်မှတ်ပါ . . . တို့ယာမှတ်ပါ . . အဲဒါ ဒို့ဗမာ . . .

သမိုင်းခေတ်များရဲ့ အကွေ့အချိုးတွေက မာယာများတဲ့ မြစ်တွေလို မြစ်ကျဉ်းတွေ၊ မြစ်ကွေ့တွေ၊ မှုတ်ဝဲ၊ စုပ်ဝဲတွေ၊ ကျောက်ဆောင်တွေ၊ သောင်တွေ၊ အမှိုက်တွေ၊ ဒိုက်တွေကလည်း များပါပေ့။ သို့သော် ထူးဆန်းသည်မှာ မြစ်တွေက မြစ်ဝှမ်းမှာ နေကြသည့် လူထုရဲ့ ဘ၀တွေနဲ့ ပေါင်းစပ်ထွေပြားကာ အတိုင်းအဆမဲ့ ပိုလို့ နက်ရှိုင်းသွားတတ် ကြသေးသည်။ သမိုင်းခေတ်နဲ့ သူ့လူထုလိုပါပဲ။ ကိုအောင်ဆန်းက မြစ်ကို ဖြတ်ကူးသွားသူ မဟုတ်။ မြစ်ကို အလျားလိုက် စုန်ကူးသူ။ သူ့တမ်းချင်းတွေကို အဲဒီရာဇ၀င် မြစ်ရိုးကြီးအတိုင်း သီဆိုသွားသည်။ မြန်မာ ပြည်သူတွေက နေ့နေ့ညည ကြားနေကြရပြီး စိတ်ထိခိုက်ကာ တမ်းချင်းရှင်ကို ရှာဖွေကြသည်။ သို့သော် ရှာစရာမလိုပါ။ တမ်းချင်းရှင် က သူတို့ ရင်အုပ်တွေထဲဆီအထိ သူ့တမ်းချင်းတွေကို ဒက်ဒက်ထိ လာဆိုလေသည်။

သူ့နာမည်ရှေ့ မှာ
မြန်မာပြည်ရာဇ၀င်ခေတ်ရဲ့  ဂုဏ်ရှိန်မြင့်သည့် “ သခင် ” ဘွဲ့ကို
တော်လှန်ရေးအနုပညာရဲ့  သင်္ကေတလို တပ်ဆင်လို့ . . .
မြင့်မြတ်မှုနဲ့ ရိုးဖြောင့်မှု
သူ့ကိုယ်ပေါ် အရောင်တလွင့်လွင့် . . . ။
အခက်အခဲအကျပ်အတည်း ဆိုတာတဲ့လား
လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်မှာ မလွှဲမရှောင်သာ
တွေ့ရမယ့်
ဖြစ်ရိုးဖြစ်စဉ် သမားရိုးကျကိစ္စတရပ်သာ
သူ ယုံကြည်လေရဲ့ ။
နယ်ချဲ့ သံဖနောင့်အင်ပါယာကြီး
အင်အားကြီးမားတယ်ထင်ရပေမယ့်
ဟောင်းနွမ်းဆုတ်ဆိုင်းနေတဲ့ ကိုလိုနီတရား။
လွတ်လပ်ရေးကြိုးပမ်းခြင်း အင်အားကတော့
နုပျိုပွင့်လန်းတိုးထွက်စ။
သေးငယ်တယ်ထင်ရပေမယ့် သေးငယ်ရာက ရှင်သန်ဖွင့်ထွား
လောကဖြစ်စဉ်တရား။
ဒါ ဒို့မြေ . . . ဒို့ရေ . . . ဒို့ကိုယ်တိုင် အရှင်သခင်။
ကိုယ်ကျိုးရှာ ကိုလိုနီကျွန်ပြုသူတွေရဲ့ 
သံကြိုးကွင်းတွေ
တုန်ခါနေ။
တဆတ်ဆတ်တုန်ခါ . . .
မြန်မာတမျိုးသားလုံး သခင်မျိုးဟေ့လို့
လက်ရုံးဆန့်တန်းကျူးရင့်စေဖို့
အသည့်နှလုံးကို မြေပေါ်ထွန်းညှိစိုက်ချ
အဲဒီ ရွှေသရဖူအလင်းတိုင်ဘေး ညထဲမတ်မတ်ရပ်
“ လွတ်လပ်ရေး သူ ကျူးရင့်ပုံ . . .
သူ့ဘေးမှာ မဟာဧရာဝတီက တလက်လက်စီးလိုက်လို့ . . .
ဒီလုလင်ရဲ့ ရင်ဘတ်နဲ့
ကျွန်ဘ၀ထဲ မသေဆုံးတဲ့ မြန်မာပြည်လွတ်လပ်ရေးအိပ်မက်တို့
ရာဇ၀င်မြောက် သွေးခုန်ပွင့်ဖူးချေသမို့
စိတ်ချလိုက်။

အခက်အခဲများရှေ့ တွင် ကျောခိုင်းပြီး နောက်ပြန်လှည့်မည့် လူမျိုးလည်း မဟုတ်ပေ။

I hope for the best but I am prepare for the worst.
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ။
(နယူးဒေလီ လေဆိပ်၊ ၁၉၄၇ ခုနှစ်)

၁၉၄၇ ခုနှစ်။ သူကွယ်လွန်ခါနီးနေရပေပြီ။ (၇) လ, သာ ကျန်တော့သည်။ ထိုနှစ် ဇန်န၀ါရီလသည် ခိုက်ခိုက် တုန်ချမ်း စိမ့်နေပေသည်။ သူသည် ကမ္ဘာ့ အနောက်ခြမ်း (အင်္ဂလန်) သို့ ခရီးစတင် ထွက်လာခဲ့သည်။ အသက် ၃၂ နှစ်သာ ရှိသေးသော ဦးအောင်ဆန်းသည် တိုင်းပြည်ကို တနှစ်အတွင်း လုံးဝ လွတ်လပ်ရေး ရစေရမယ်ဟု ကတိ ပေးထားသည်။ အသက် ၃၂ နှစ်အရွယ် လူငယ်တဦး၏ ကတိကို (ထိုခေတ်) သူ၏ တိုင်းပြည်ကလည်း မြတ်နိုးမှုတွေ အပြည့်နှင့် ယုံကြည် စွဲလန်း နေကြသည်။ သူ . . . ကိုလိုနီ ခေတ်ကြီးထဲမှာ ထန်ပြင်းရိုင်းစိုင်း မာကျောနေ သလား။ ပင်လယ်ဝါမှာ ခုတ်မောင်းသွားတဲ့ ဟိုင်လီ သင်္ဘောကြီးပေါ်မှာ ရုပ်ဖျက် ပုန်းအောင်းပြီး ချစ်လှတဲ့ တိုင်းပြည်နဲ့ ဝေးရာဆီ လျှို့ဝှက် ထွက်ခွါသွားခဲ့ ရတာတွေကကော။ ထိုသို့ ထွက်ခွါခဲ့ရပုံကို “အရှေ့သို့ ကျွန်ုပ် ထွက်ခွါ လာခဲ့ရသည်မှာ အမှောင်တိုက်တွင်းသို့ သက်ဆင်း လာခဲ့ရသည်နှင့် တူ၏” ဟု နောင်အခါ ပြန်ရေးခဲ့၏။ လူက မှုန်ဆန်ထန်ပြင်း နေမိရပေမယ့် တိုင်းပြည်ပေါ် ချစ်စိတ်ကိုတော့ ရင်ထဲမှာ နူးနူးညံ့ညံ့ ယုယစွာ ထိန်းလို့။ သူ့သစ္စာကို အသက်နဲ့ရင်းပြီး စောင့်ခဲ့တယ်။ သူ့မေတ္တာတရားရဲ့ ချိုမြတဲ့ သင်္ကေတကို ဖော်ပြဖို့တော့ ထွေထွေရာရာ လူ့ဘ၀တ ခုလုံးကိုပဲ အဆုံးတိုင် ပုံပေး ထားခဲ့လေရဲ့ ပ . . . ။


အလှည့်အပြောင်းတွေက များလှရဲ့။ ထိုအတွင်း သူ့သူငယ်ချင်း ကိုအောင်ကျော် (ဗိုလ်အောင်ကျော်) လည်း ဆုံးခဲ့ပြီ။ အဲဒီတုန်းက ၁၉၃၈ ခုနှစ် အမှောင်တိုက်ထဲမှာ။ ကိုအောင်ကျော်လည်း ငယ်ရွယ် လွန်းလှ ပါသေးသည်။ ၂၃ နှစ်။ သူ့ချစ်မိတ်ဆွေ ကိုဗဟိန်း (သခင်ဗဟိန်း) လည်း ၁၉၄၆ ခုနှစ်က မန္တလေးတွင် ကွယ်လွန်ခဲ့ပြီ။ သူသည် လဲလျောင်း ငြိမ်သက်နေသော ရုပ်ကလာပ်ဘေးတွင် စိမ်းစိမ်းမြေ့မြေ့ အောက်မေ့စွာ မိနစ်များစွာ ရပ်တန့်ငေးငိုင် သက်ငြိမ် ရုပ်ဝတ္ထု သဖွယ် နေခဲ့မိသည်။ သူတို့ မျိုးဆက်တွေက ကြွေပွင့်တွေလား။ သူ့စိတ်ထဲမှာတော့ သူ့ရဲဘော်များသည် ကြွေလွင့်ကာမှပင် ပိုလို့ မွှေးမြလာပြန်ရဲ့။ အချိန်တွေက ကြာသလား။ တိုတောင်းသလား။ ထိုအတွင်း ဂျပန်ဖက်ဆစ် တော်လှန်ရေး ကြီးကိုပင် ခေါင်းဆောင် အဖြစ်နှင့် ဖြတ်သန်း ခဲ့ရပြီးပြီ။ တမြေ့မြေ့ အောက်မေ့ဖွယ်တွေက များပြား လှပါဘိသည်။ သူစာရေးချင်သည်။ “ လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာ အဖြစ်နှင့်ပင် သူနေတော့မည် ” ဟု မိတ်ဆွေများကို အကြိမ်များစွာ ပြောမိလေသည်။

အချိန်တွေက သိပ်မရှိတော့ဟု သူထင်နေသည်။ အဆက်မပြတ် သူ လှုပ်ရှားခဲ့သည်။ သမိုင်းမြစ်နဒီကို အလျားလိုက် စုန်ဆန်တုန်း။


ရပ်ကြည့်သူတွေ၊ မဲ့သူတွေ၊ ၁၉၃၆ ခုနှစ်ကလို မလောက်လေး မလောက်စား သူငယ်လေး လို့ မြင်နေကြဆဲ ၀ါရင့် အလိုတော်ရိကြီးတွေ ကတော့ အထင်သေး၊ အမြင်သေး၊ မာတာစိတ်ဓာတ် အညံ့စားတွေနဲ့ ဆန္ဒစွဲ ရှုမြင်ကြတုန်း။


အခွင့်သာတာနဲ့ သမိုင်းဘီးကို နောက်ပြန်လှည့်ရန်။

သို့သော် ၁၉၃၆ ခုနှစ်၊ ၁၉၃၇ ခုနှစ် မဟုတ်တော့။ ၁၉၄၇ ခုနှစ် ရောက်နေပြီ။ ၁၀ နှစ် အတွင်း လူထုက လုလင်ကို သူတို့ရဲ့ သူရဲကောင်း အဖြစ် မမေ့နိုင်ဘဲ ပွေ့ပိုက်ခဲ့ကြရပြီ။

အို . . . သူတို့ မယုံကြည်နိုင်ကြသေးဘူးလား။
ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း (သို့မဟုတ်) ကိုလိုနီခေတ်ထဲက မြန်မာ့နိုင်ငံရေး ဂန္ထ၀င်ရဲ့ ပုံရိပ်သစ်။

* * * * * * * *

၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ။
နယူးဒေလီမြို့ “၀ယ်လင်တန်” လေဆိပ်တွင် ဦးအောင်ဆန်းသည် လောင်းကွတ် ရှည်ကြီးကို ၀တ်ထား ရသည်။ ဆောင်းလေတွေက အရိုးကွဲအောင် တစိမ့်စိမ့် တိုက်ခတ်နေသည်။ နှင်းတွေ တဖွေးဖွေး ကျနေသည်။ သူသည် အင်္ဂလန်သို့ မြန်မာ့ လွတ်လပ်ရေးအတွက် ခရီးထွက်ခဲ့ခြင်း။ လုံးဝ လွတ်လပ်ရေး . . . ။ တိုင်းပြည်ကိုလည်း သူ ကတိပေးခဲ့ပြီ။

အာရှတိုက်ကြီးကို ၀က်ဝံလက်သည်း ဆောင်းရာသီက စူးစူးနစ်နစ် ကုတ်ခြစ်နေသည်။ မြောက်ပြန်လေသည် ကတုန်ကယင်။


ကင်မရာမီးတွေက တဖျတ်ဖျတ်လွင့်နေသည်။ လေဆိပ်တွင် သတင်းစာ ဆရာများ၊ သတင်းထောက်များက မေးခွန်းတွေ အများအပြား မေးကြသည်။ ဦးအောင်ဆန်းကမူ ၁၉၄၇ ခုနှစ်အတွက် ဖြေဆိုရန် စိတ်ထဲမှာ တွေတွေ ဝေေ၀ စဉ်းစားရန် မရှိ။ ရှင်းလင်းပြီးသား ဖြစ်သည်။ တရား ထူထောင်ပြီး ဖြစ်သည်။ သူသည် အနှစ်တရာကျော် ကျွန်ပြု အုပ်စိုးမှုကို အဆုံးသတ်ရန် ရာဇ၀င် အလှည့်အပြောင်းများကို ထိုင်စောင့်နေသူ မဟုတ်ဘဲ ကိုယ်တိုင် ရှာဖွေခဲ့သူ၊ ပြုစုခဲ့သူ၊ ဖန်တီးခဲ့သူ။ တိုက်ပွဲဝင် တော်လှန်ရေးသမား။
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ။
အကျပ်အတည်းများဆီ သူသွားခဲ့တာလား။ အကျပ်အတည်းတွေက သူ့ဆီလာတာလား။

သူက သမိုင်းဖြစ်ပေါ်လှုပ်ရှားမှုဆီ မယိမ်း မယိုင်လာသည်။ သမိုင်းခေတ်က သူ့ကို စူးစူးမက်မက် ပြန်ရှာဖွေ လေသည်။


သူ့အာရုံထဲမှာ တခုတည်းသာရှိသည်။ သူ လုလင်ကျောင်းသားဘ၀ကတည်းက ပဲ့တင်ထပ်အောင် အကြိမ်ကြိမ် အော်ကြီးဟစ်ကျယ် ပြောခဲ့ရသောစကား။ လွတ်လပ်ရေး။ ဒါကဖြင့် မိုးသောက်ရင် သင် ပိုပြီးလှလာလိမ့် မယ်လို့ သူ့တိုင်းပြည်ကို သူလွမ်းဆွတ်ဖွယ် ယုံကြည်မျှော်လင့်ခြင်းပင် ဖြစ်ပေသည်။


မင်းကိုခါး (ကွမ်းခြံကုန်း)

(မှတ်ချက်။ ။ ကွယ်လွန်သူ ပညာရှင်ဆရာသိုက်စိုး၏ သုတေသီ ဆရာသမား ဘ၀ကို လေးစား အားကျ ပညာရှာ ဦးခိုက်သောအားဖြင့် ဤ မြန်မာစကားပြေ ရသ စာတမ်းကို ရေးဖွဲ့ပါကြောင်း။)

စာကိုး
ဦးဘခိုင်(ဖေဘီယန်) - * မြန်မာပြည်နိုင်ငံရေးရာဇ၀င်
ဒဂုန်တာရာ - * ရုပ်ပုံလွှာ
ဒဂုန်တာရာ - * အယ်ဒီတာစားပွဲ၊ စာပေအနုပညာဝေဖန်ရေးနှင့် ပန်းနုရောင်အို
ဒဂုန်တာရာ - * ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ
မောင်ထင် - * ဗမာ့နိုင်ငံရေးသုခမိန်
ဗိုလ်မှူးဘသောင်း - * ဗမာ့တော်လှန်ရေးသမိုင်း
တက္ကသိုလ်နေ၀င်း - * ပြည်ထောင်စုဗိသုကာ
တက္ကသိုလ်နေ၀င်း - * အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း
သုတေသီမြင့်ထွန်း - * အမွိုင်သို့ လျှို့ ဝှက်ခရီး
ဗိုလ်ချုပ်မိန့်ခွန်းများ - *


(အမှတ် ၄။ စက်တင်ဘာ၊ ၂၀၀၇။ ထုတ် စပယ်ဖြူ မဂ္ဂဇင်း
တွင်ပါသော ဆောင်းပါးအား ကူးယူ ဖေါ်ပြပါသည်။)



Read More...

Friday, December 24, 2010

ငါးမည်ရ ဇာတ်သိမ်းခန်း

December 23rd, 2010

အချိန်ကား ၂၀၀၄ ခုနှစ် မတ်လ ၂၇ ရက်နေ့ ညသန်းခေါင်ယံ။

ရခိုင်ကမ်းရိုတန်းဒေသ မာန်အောင် ရေလက်ကြားတွင် ကျောက်ချ ရပ်နားနေသော စစ်ရေယာဉ် တစီးပေါ်ရှိ တာဝန်ကျ စစ်သည်တစု လှုပ်လှုပ်ရှားရှား ရှိနေသည်မှ အပ ပတ်ဝန်းကျင် တခွင်လုံး တိတ်ဆိတ် ငြိမ်သက်လျှက်။ ထိုအချိန်တွင် စစ်ရေယာဉ်ဦးပိုင်း အလယ်ထပ်ဆီမှ သေနတ်သံ နှစ်ချက် ရှေ့ဆင့် နောက်ဆင့် ပေါ်ထွက် လာသည်။ တိုက်တိုက် ဆိုင်ဆိုင် ထိုနေ့သည် ၅၉ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့လည်း ဖြစ်နေသဖြင့် သေနတ်သံ နှစ်ချက်သည် တော်လှန်ရေး နေ့ကို ဂုဏ်ပြု ပစ်ဖောက် လိုက်လေသလော ဆိုသည်ကိုတော့ မည်သူမျှအ တိအကျ ဝေခွဲမရနိုင်။ သေချာသည့် အချက်ကတော့ သေနတ်သံနှင့် အတူ ငါးမည်ရ ပုဂ္ဂိုလ်ထူးကြီး တဦး ဘ၀နိဂုံး ချုပ်သွားခြင်းပင်။

ကျနော်တို့ငယ်ငယ်က အဆိုတော်သန်းထွန်းလေးရဲ့ ငါးမည်ရပြည်ရွှေဘို သီချင်းဖွင့်သံ ကြားရတိုင်း မပီကလာ တပိုင်းတစ လိုက်ဆို တတ်မြဲ။ အဓိပ္ပါယ်ကိုတော့ ရေရေရာရာမသိ ပါ။ ရတနာသိင်္ခ၊ ရန်ကြီးအောင်၊ မုဆိုးဖို ၊ ကုန်းဘောင် ၊ ရွှေဘို စသဖြင့် ရွှေဘိုမြို့ရဲ့ အမည် ခေါ်တွင်ပုံ ငါးမျိုးရှိတဲ့ အကြောင်းလောက်ပဲသိပါတယ်။ အမည် တမျိုးစီမှာ သူနဲ့ပတ် သတ်တဲ့ သမိုင်းကောက်ကြောင်း တခုစီတော့ရှိမှာ အမှန်ပါ။

ကျနော် တပ်မတော် (ရေ) မှာ ၀င်ရောက်အမှုထမ်းတဲ့အခါ ထူးထူးခြားခြား နာမည်ငါးမျိုး ပိုင်ရှင် ပုဂ္ဂိုလ် တဦးကို ကြုံတွေ့ လိုက်ရပါတယ်။ သူ့နာမည်ရင်းက အောင်ဇော်မိုး (ဗိုလ်မှူး အောင်ဇော်မိုး DSA အပတ်စဉ်-၂၉) ဖြစ်ပါတယ်။

တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်အတွင်း သူ့ရဲ့ပြောင်မြောက်တဲ့ လုပ်ရပ်တွေနဲ့ ထူးခြားတဲ့ စိတ်နေ သဘောထားကြောင့် စစ်သည် တွေကသူ့ကို ချစ်စနိုးနဲ့ နာမည်တွေပေး ထားပါတယ်။ နာမည်ရင်း အပြင် နာမည်ပြောင်လေးမျိုး ရှိတာကြောင့် ငါးမည်ရ အောင်ဇော်မိုး လို့ ခေါ်ရတာပါ။ နာမည် တခုစီမှာ လိုက်ဖက်ညီထွေ အကြောင်းရင်းခံလေးတွေ ရှိပါတယ်။

ဥပမာ – စစ်ရေယာဉ် (၄၁၅) စစ်ရေယာဉ်မှူးတာဝန်ကို နောက်အရာရှိတဦးထံ လွှဲပြောင်း ပေးရာမှာ ရုံးကိစ္စ သွားလာဖို့ သုံးတဲ့ မောင်တိန်း အမျိုးအစား စက်ဘီလေးကို ထည့်လွှဲ မပေးဘဲ သူ့အိမ်ကို ယူသွားလို့ “မောင်တိန်း” နာမည် တွင်သွားတာမျိုး။ အလားတူနာမည် ပြောင်တွေကတော့ (သံပါးစပ်၊ ဖင်ကြီးမ၊ ဘာဂျဲ) တို့ ဖြစ်ပါတယ်။

ဗိုလ်မှူး အောင်ဇော်မိုးဟာ မိတ္ထီလာဇာတိဖြစ်ပြီး သူ့ဖခင်ကတော့ စစ်ဗျူရိုကရက် ယန္တရား ထဲက မဟုတ်ဘဲ တိုင်းပြည်ရဲ့အနာဂတ် ပန်းကလေးတွေကို ပြုစု ပျိုးထောင်မြေတောင် မြှောက်ပေးတဲ့ မူလတန်း ကျောင်းအုပ်ကြီး တဦးပါ။ အောင်ဇော်မိုး DSA ကျောင်းဆင်းပြီး မကြာမီမှာ အမြောက် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စိုးမြင့်ရဲ့ သမီး မဥမ္မာမြင့်နဲ့ လက်ထပ်ပါတယ်။ ဒုဗိုလ်မှူးကြီး စိုးမြင့်ရဲ့ နောက်သားမက် တဦးကတော့ နိုင်ငံတော် ကာ ကွယ်ရေး တက္ကသိုလ် (နကတ) ကျောက်းအုပ်ကြီး ဗိုလ်ချုပ်မိုးဟိန်းပါ။ ယောက္ခမ အရှိန် အ၀ါနဲ့ မယား ညီအကို ဖြစ်သူတို့ရဲ့ အရှိန်အ၀ါ ကြောင့်လားမသိ ဆက်ဆံရေး မပြေပြစ်တဲ့ ဗိုလ်မှူးအောင်ဇော်မိုးနဲ့ အလွမ်းသင့်သူ အင်မတန် ရှားပါတယ်။

သူနဲ့ သင်တန်းတပတ်စဉ်တည်း အရာရှိတွေတောင် သူ့ကိုရှောင်ချင်ကြပါတယ်။ ကိုယ့်အဖို့သာ သိပြီး အတ္တကြီးတဲ့ သူ့ အကြောင်းကို အားလုံးက သိထားကြလို့ပါ။

ဒီလိုနဲ့ ၂၀၀၃ ခုနှစ်မှာ ဗိုလ်မှူးအောင်ဇော်မိုး အမှတ် (၁) ဗျူဟာစစ်ရေယာဉ်စုကို ပြောင်းရွှေ့ ရောက်ရှိ လာပြီး စစ်ရေယာဉ် - အင်းတော်ရဲ့ စစ်ရေယာဉ်မှူး တာဝန် ထမ်းဆောင်ပါ တယ်။ အဲဒီ နှစ်ကုန်ခါနီးမှာ သူ တပ်ရင်းမှူး သင်တန်း တက်ရတာကြောင့် ဗျူဟာရုံးရဲ့ G2 ဗိုလ်မှူးသောင်းထွဋ်ကြူ က စစ်ရေယာဉ်မှူး တာဝန်ကို ခေတ္တ လွှဲပြောင်း ယူလိုက်ရပါတယ်။

တချိန်တည်းမှာ ရေယာဉ်လွန်းတင်ပြင်ဆင်ဖို့ အချိန်လည်းရောက်လာပါတယ်။ အဲဒီကိစ္စအတွက် ဘာမှ ကြိုတင် ဆောင်ရွက်မှု မလုပ်ဘဲ ဖုတ်ဖက်ခါ ထွက်သွားတာကြောင့် ဗိုလ်မှူးသောင်းထွဋ်ကြူ အပေါ်မှာ တာဝန် ပိသွားပါတယ်။ ဖြစ်နိုင်သမျှ အကောင်းဆုံး စီစဉ်မှု တွေလုပ်ပြီး ဒုစစ်ရေယာဉ်မှူး ဗိုလ်ကြီးသိန်းအေး ဦးစီးကာ ရေယာဉ်ကို လွန်းတင် ပြင်ဆင်ရပါတယ်။ ပြင်ဆင်မှု မပြီးခင်မှာပဲ ဗိုလ်မှူးအောင်ဇော်မိုး သင်တန်း ဆင်းလာပြီး မူလ တာဝန် ပြန်လည် ထမ်းဆောင်ပါတယ်။

ဒီအခါမှာ သူမရှိမီကာလ အတွင်း ရေယာဉ်ပြင်ဆင်ရေး တာဝန်ကို ဦးစီး ကြီးကြပ်နေတဲ့ ဗိုလ်ကြီးသိန်းအေး အပေါ် အပြစ်မရှိ အပြစ်ရှာ ဆူပူ ကြိမ်းမောင်း တတ်ပေမဲ့ သူကိုယ်တိုင်လည်း တာဝန် အပြည့်အ၀ မယူပါဘူး ရေယာဉ်ပြင်ဆင်မှု အကြမ်းထည်ပြီးလို့ ရေချတဲ့ အခါမှာလည်း ဗိုလ်ကြီးသိန်းအေး ပဲ ဦးစီး လုပ်ဆောင်ရတာပါ။

၂၀၀၄ ခုနှစ် ဇန်န၀ါရီလထဲမှာ ရခိုင်ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေး (SHWE GAS) ရဲ့ လုံခြုံရေးကို စစ်ရေယာဉ်-အင်းတော်က တာဝန်ယူဖို့ အမိန့် ထွက်လာ ပါတယ်။ ပင်လယ်ပြင် ထွက်ရင် ငွေကြေး အတော်အတန် ရတာကို သိပေမဲ့ ရေယာဉ်မှာ ရှိတဲ့ အရာရှိ၊ စစ်သည်များ ဗိုလ်မှူးအောင်ဇော်မိုး နဲ့ အတူ မလိုက်လိုကြပါဘူး။ သင်တန်း အကြောင်းပြသူပြ ဆေးရုံ တက်သူတက်နဲ့ နောက်ဆုံးမှာ အရာရှိ စစ်သည်အင်အား မပြည့်မစုံနဲ့ သင်္ဘော ထွက်သွား ရပါတယ်။

ဗိုလ်မှူးအောင်ဇော်မိုးနဲ့ အဆင်မပြေတာကြောင့် သူ့ကို ရုံးပေါ်မှာ ခေါ်ထားဖို့ ဗိုလ်ကြီး သိန်းအေးက ဗျူဟာမှူးထံ အကြိမ်ကြိမ် ခွင့်ပန်သော်လည်း အဲဒီအချိန်က အရာရှိအင်အား အခက်အခဲ ရှိနေလို့ (တော်လှန်ရေးနေ့ စစ်ကြောင်းများတွင် အရာရှိများ တွဲဖက်ပေး ထားရ၍) သည်းခံပြီး လိုက်သွားရန် ဗျူဟာမှူး ဗိုလ်မှူးကြီး သက်တင်လှိုင် က ချော့မော့ပြီး လွှတ်လို့ ဗိုလ်ကြီးသိန်းအေး ပင်လယ်ပြင်ကို လိုက်ပါသွားပါတယ်။

ပင်လယ်ပြင်ရောက်တော့ ဗိုလ်မှူးအောင်ဇော်မိုးက အုပ်ချုပ်မှု ကိစ္စတွေကို ဗိုလ်ကြီး သိန်းအေး လက်အောက်က ထောက်ပံ့ရေး အရာရှိ ဗိုလ်ခင်ဇော်ဦးနဲ့သာ တိုင်ပင် လုပ်ဆောင်ပြီး ဗိုလ်ကြီးသိန်းအေး ကို သုံးမရသူ တဦးလို သဘောထား ဆက်ဆံပါတယ်။ ဗိုလ်ကြီး သိန်းအေးရော ဗိုလ်ခင်ဇော်ဦး ပါ စစ်သည် ဘ၀ကနေ အရာရှိ ဖြစ်လာကြသူများ ဖြစ်ပြီး ဗိုလ်ကြီးသိန်းအေးက ဗိုလ်မှူးအောင်ဇော်မိုး ထက် အသက် ပိုကြီးပါတယ်။ မကြာမီမှာပဲ စစ် ရေယာဉ်ရဲ့ ကျောက်ဆူးတဖက် ပင်လယ်ကြမ်းပြင်မှာ ပြုတ်ကျ ကျန်ရစ်တဲ့ ကိစ္စပေါ်ပေါက် လာပါတယ်။ ဒီအခါ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတဲ့ ဗိုလ်မှူးအောင်ဇော်မိုးက ကျောက်ဆူး ဆယ်ယူရရှိရေး အပြင်းအထန် ကြိုးစားပေမဲ့ မအောင်မြင်ပါ။ နောက်ဆုံးမှာ ရေငုပ် ကျွမ်းကျင်တဲ့ ဗိုလ်ကြီး သိန်းအေး ကိုယ်တိုင် ဦးစီးမှ ဆယ်ယူ ရရှိပါတယ်။ သို့သော် လည်း ဗိုလ်ကြီး သိန်းအေး ရဲ့ ကြိုးစားမှုကို အောင်ဇော်မိုး က အသိအမှတ် မပြုပါ။ ဗိုလ် ကြီးသိန်းအေးခမျာ စစ်သည်တွေကိုသာ အဖော်ပြုကာ ငြီးငွေ့ဖွယ်ရာ နေ့ရက်တွေကို တ ရွေ့ရွေ့ ကျော်ဖြတ် နေရပါတော့တယ်။ ဒီကြားထဲ စစ်ရေယာဉ်မှူး အပေါ် စစ်သည်တွေ့ရဲ့ မကျေနပ်ချက်တွေကို ကြားကနေ ဖြေရှင်း ပေးရပါသေးတယ်။

အခင်းဖြစ်တဲ့ညက ဗိုလ်ကြီးသိန်းအေး နေမကောင်း ဖြစ်နေပါတယ်။ သို့သော်လည်း စစ်ရေယာဉ် မှူးက သူ့ကို ဂျူတီ (duty) ချထားလို့ မကျေမနပ် ဖြစ်နေချိန်ပါ။ ညသန်းခေါင်ယံ မှာတော့ ဗိုလ်မှူး အောင်ဇော်မိုးက တာဝန်ကျ တပ်ဖွဲ့ကို စစ်ဆေးစဉ် ဗိုလ်ကြီးသိန်းအေး မရှိတာကြောင့် ပြောဆို ကြိမ်းမောင်းပြီး စစ်သည် တယောက်ကို ဗိုလ်ကြီးသိန်းအေး အား သွားခေါ်ခိုင်းပါ တော့တယ်။

ဗိုလ်ကြီးသိန်းအေး လိုက်မလာပါ။ နောက်တကြိမ် သွားခေါ်မှ လိုက်လာပြီး နေမကောင်း ကြောင်း ရှင်းပြတော့ ဗိုလ်မှူးအောင်ဇော်မိုး က လက်မခံ။ ဒီလိုနဲ့ အပြန်အလှန် စွပ်စွဲပြော ဆိုစကားများကြရင်း ဗိုလ်ကြီးသိန်းအေး ပစ်လိုက်တဲ့ Webbly ခြောက်လုံးပြူး ကျည်ဆံ နှစ်တောင့်က ဗိုလ်မှူးအောင်ဇော်မိုးကို ဇီဝိန် ခြွေလိုက်ပါတယ်။ သင်္ဘောပေါ်မှာ ရှိတဲ့ စစ် သည်တွေ ယောက်ယက်ခတ် ဆူပွက်သွားပြီး ဗိုလ်ကြီးသိန်းအေးက အားလုံးကို ရေ ယာဉ်ပဲ့ပိုင်းမှာ စုရုံးစေပြီး အခြေအနေကို ရှင်းပြလိုက်မှ ပြန်ပြီး တည်ငြိမ်မှု ရှိသွားပါတယ်။

အဲဒီနောက်အခြေပြုရာမှ သင်္ဘောစက်နှိုးထွက်ခွာပြီး ကျောက်နီမော်ဖက် အရောက်မှာ ငါး ဖမ်း လှေတစီးကို အကူညီ တောင်းကာ ဗိုလ်ကြီးသိန်းအေး ထွက်ပြေး လွတ်မြောက်သွား ပါတယ်။ စစ်ရေယာဉ်ကိုတော့ ဓည၀တီ ရေတပ် စခန်းဌာနချုပ် (ဓရခ) မှ စစ်ဦးစီးမှူး (ဒုတိယတန်း) G2 ဗိုလ်မှူးနေမျိုးဆက် လာရောက် ဦးစီး မောင်းနှင်ကာ ဗိုလ်မှူးအောင်ဇော်မိုး ရဲ့ အလောင်းကို ကျောက်ဖြူမြို့ (ဓရခ) သို့ သယ်ဆောင်သွားပါတယ်။ ဓရခ ရောက်တဲ့ အခါ ရေယာဉ်ပေါ်မှာ ကျန်ရှိသော အရာရှိ စစ်သည်အားလုံး (အရာရှိ-၁ဦး၊ စစ် သည်-၂၆ ဦး) ကို အချုပ်ထဲ ထည့်ထား လိုက်ပါသည်။

အခင်းဖြစ်တဲ့ သတင်းကြားကြားချင်း ဗိုလ်ချုပ်မိုးဟိန်း ကိုယ်တိုင် ကျောက်ဖြူကို လိုက်သွားပြီး ဗိုလ်ကြီးသိန်းအေးကို ဖမ်းဆီး ရမိဖို့ အပြင်းအထန် ကြိုးစားပါတယ်။ ရခိုင်ပြည် နယ် အတွင်းမှာ ရှိတဲ့ စစ်တပ် အားလုံးကို တပ်လှန့်ပြီး ပိုက်စိပ်တိုက် ရှာဖွေမှုကြောင့် မတ် လ (၂၉) ရက်နေ့မှာ ဂွမြို့ရှိ ခြေမြန်တပ်ရင်း တခုက ဗိုလ်ကြီးသိန်းအေး ကို ဖမ်းမိ သွားပါတယ်။

အမှုကိစ္စဖြစ်ပြီးတဲ့နောက် စစ်သည် (၂၆) ဦးကို အမှုနဲ့ပတ်သက်ပြီး စစ်ဆေး ကြားနာရာ မှာ အုပ်စု (၃) မျိုး ကွဲထွက် လာပါတယ်။ (၁၁) ဦးကို ဗိုလ်ကြီးသိန်းအေး လွတ်မြောက် ရေး အားပေး ကူညီသူတွေ အဖြစ် သတ်မှတ်ပါတယ်။ (၁၃) ဦးကိုတော့ ဗိုလ်ကြီး သိန်းအေးကို ဖမ်းဆီးဖို့ ကြိုးစားသူတွေ အဖြစ် သတ်မှတ်ပါတယ်။ ကျန်တဲ့ (၂) ဦးကတော့ ဘာတခုမှ မသိရှိပဲ သင်္ဘော တနေရာမှာ တညလုံး အိပ်ပျော် နေတာပါ။ သို့သော်လည်း ပြစ်ဒါဏ် ချမှတ်တဲ့ အခါ စစ်သည် (၁၁) ဦးကို ထောင်ဒါဏ် (၇) နှစ်စီ ချမှတ်ပြီး ကျန်တဲ့ (၁၅) ဦး (အိပ်ပျော်နေသူနှစ်ဦး အပါအ၀င်) ကို (၄) နှစ်စီ ပြစ်ဒါဏ်ချမှတ် လိုက်ပါတယ်။

ဗိုလ်ခင်ဇော်ဦးလည်း ထောင် (၇) နှစ်ကျပါတယ်။ ပန်းနာရင်ကြပ်ရောဂါ ခံစားနေရသူ တပ်ကြပ်ကြီးညွန့်ဝေ ဟာ ကျောက်ဖြူထောင်ကို မပို့မီ တပ် အချုပ်ခန်း ထဲမှာပဲ သေဆုံး သွားပါတယ်။ ဒါကြောင့် အရာရှိနှစ်ဦးရဲ့ ရန်ပွဲမှာ မဆီမဆိုင် စစ်သည် မိသားစုများစွာ ဒုက္ခရောက် ဘ၀ပျက်ကြရ ပါတယ်။ ရန်ကုန်မြို့မှာ ဆွေမရှိမျိုးမရှိနဲ့ ခိုကိုးရာမဲ့ ဖြစ်နေတဲ့ မိ သားစုဝင်တွေရဲ့ ဘ၀ကို မြင်တွေ့ရတာ စိတ်မချမ်းသာ စရာပါ။

အဲဒီ့အမှုတွဲကို နိုင်ငံတော်ပုန်ကန်မှုအဖြစ် သဘောထားကာ ဒုတပ်ချုပ်ကြီး ဒုဗိုလ်ချုပ် မှူးကြီး မောင်အေး ကိုယ်တိုင် စီမံ ကိုင်တွယ်တယ်လို့ နောက်ပိုင်းမှာ သိရပါတယ်။ ဒုဗိုလ် ချုပ်မှူးကြီး မောင်အေးက ရေတပ်ကို မကြည်တဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်။

ဗိုလ်ကြီးသိန်းအေး ကိုတော့ စွဲချက် (၆) ခု တင်စစ်ဆေးပြီး စီရင်ချက်မချမီ တရက်အလိုမှာ အချုပ်ခန်းဖောက် ထွက်ပြေးတယ် ဆိုကာ ပစ်သတ် လိုက်ပါတယ်။

တပ်မတော် (ရေ) မှာ ဒီဖြစ်စဉ်မျိုး နှစ်ကြိမ်ပဲကြုံဖူးပါတယ်။ ပထမအကြိမ်က မြိတ်ကျွန်းစု မှာရှိတဲ့ တပ်စခန်း တခုမှာ ဖြစ်ပွား ခဲ့တာပါ။ ငါသာလျှင် အာဏာပိုင် ဖြစ်တယ်ဆိုပြီး လက် အောက်ငယ် သားတွေ အပေါ်မှာ တချက်လွှတ် အာဏာနဲ့ အုပ်ချုပ်တဲ့ အရာရှိ ဆိုးတွေအတွက် သင်ခန်းစာ ဖြစ်ပါတယ်။

သည်းခံမှုဆိုတာ အတိုင်းအတာရှိသောအရာ မဟုတ်ပါသလော။ စစ်သည်တွေရဲ့ နှလုံး သားမှာတော့ မဟုတ်မခံ စိတ်ဓါတ် ရှိတဲ့ ဗိုလ်ကြီးသိန်အေး လို အရာရှိမျိုးကို သူရဲကောင်း အဖြစ် ကမ္ဗည်းထိုး မှတ်တမ်း တင်လိုက်ပါတယ်။ အဲဒီတုန်းက စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ်ဥာဏ်ထွန်း (ယခု ကာကွယ်ရေးဦးစီးချုပ် (ရေ) ) က “ ဗိုလ်ကြီးသိန်းအေး သာ စိတ်လိုက်မာန်ပါ လုပ်သွားခဲ့ရင် အားလုံး ရှင်းမရအောင် ပြဿနာ ကြီးသွားနိုင်တယ် အခု ဒီလို မလုပ်တာကိုပဲ သူ့ကို ကျေးဇူးတင်နေရတယ် ” လို့ ဆိုပါတယ်။

သူပြောတာက စစ်ရေယာဉ်ကို နိုင်ငံတကာရေပိုင်နက်ရှိရာကို ဦးတည်မောင်းသွားတယ် ဆိုရင် အုန်းကျွန်း၊ အက်ဒမန် ကျွန်းတွေ ဖက်မှာ အမေရိကန် စစ်သင်္ဘောရှိတယ် ဗိုလ်ကြီး သိန်းအေးအနေနဲ့ အမေရိကန် စစ်သင်္ဘောမှာ သွားပြီး ခိုလှုံခွင့် တောင်းမယ်ဆိုရင် ခက်ကောင်း ခက်ရချည်ရဲ့လို့ ဆိုလိုတာပါ။

ဗိုလ်ခင်ဇော်ဦးနဲ့ စစ်သည်တွေကိုပြစ်ဒဏ်စီရင်ပြီးနောက် တလလောက် အကြာမှာ အ မှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုမှူး ဗိုလ်မှူးကြီး သူရသက်ဆွေ (ယခု စစ်ဦးစီး အရာရှိချုပ် (ရေ) က အကျဉ်းကျခံ အရာရှိ စစ်သည်တွေရဲ့ မိသားစုဝင်တွေကို ဗျူဟာရုံးမှာ ခေါ်ယူ တွေဆုံပြီး ဖြစ်ပျက်သွားတဲ့ ကိစ္စအတွက် စိတ်မကောင်း ဖြစ်မိကြောင်း သို့သော်လည်း သူ့ အနေနဲ့ စစ်သည်တွေ ပြစ်ဒဏ် လွတ်အောင် ကူညီဖို့ အခွင့်အရေး မရှိပါကြောင်း ၀န်ခံ ပြောဆိုပါတယ်။ သို့အတွက် အပြင်မှာ ကျန်ရစ်ခဲ့တဲ့ စစ်သည် မိသားစုတွေကို တပ်အနေ နဲ့ ထောက်ပံ့ အကူအညီ ပေးလိုကြောင်း ပြောဆိုကာ မိသားစုတစုကို ငွေကျပ် ငါးသောင်း စီ ထုတ်ပေးပါတယ်။ (ဗိုလ်မှူးအောင်ဇော်မိုး သေဆုံးစဉ်က စစ်ရေယာဉ်ပေါ်မှာ ကျန်ရစ် ခဲ့သော ငွေကျပ် တဆယ့် ငါးသိန်းကို ဗိုလ်မှူး နေမျိုးဆက်မှ ဗိုလ်မှူးကြီး သူရသက်ဆွေ ထံမှာ အပ်နှံထားပါတယ်။ အဲဒီငွေတွေကို ပြန်လည် ခွဲဝေ ပေးတာပါ။)

“အမိန့်ဆိုတာ စဉ်းစားသုံးသပ်အကြံပြုဝေဖန်ရန်မဟုတ်၊ လိုက်နာရန်သာဖြစ်သည်” လို့ စစ်ကျောင်းကြီး တွေမှာ အဓိပ္ပါယ် ဖွင့်ဆို သင်ကြားတာကို နှုတ်မြွက်တော် ကျမ်းစာတ စောင်လို အသေ ဆုပ်ကိုင်ပြီး ငါလုပ်သမျှ အကုန်မှန်တယ်လို့ ခံယူထားတဲ့ ဗိုလ်မှူး အောင်ဇော်မိုး လို ဗျူရိုကရက် အရာရှိဆိုးတွေ တပ်မတော်မှာ ရှိနေသမျှ ကာလပတ်လုံး သည်းမခံနိုင်တဲ့ အဆုံးမှာ သေစာရင်း ရှင်းပြီး တုန့်ပြန်တတ်တဲ့ ဗိုလ်ကြီးသိန်းအေး လို သတ္တိခဲတွေလည်း ပေါ်ပေါက် လာအုံးမှာ မလွဲဧကန် ဖြစ်ပါတယ်။

တပ်ကြပ်ကြီး – နေမင်းသူ


Ref: နေ့သစ်

Read More...

ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၁)

Dec, 24, 2010

စစ်အစိုးရ စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် 
ပြည်တွင်း သတင်းမီဒီယာများ တွေ့ဆုံ မေးမြန်းခန်း အပိုင်း(၁)


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း သတင်းမီဒီယာ ငါးခုဖြစ်သည့် Venus ၊ ပြည်သူ့ခေတ်၊ 7 Day News၊The Voice ၊ ရန်ကုန်တိုင်းမ် တို့က တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့ပြီး အဆိုပါ အင်တာဗျူးများကို သက်ဆိုင်ရာ ဂျာနယ်များတွင် ထည့်သွင်း ဖော်ပြရန် ကြိုးစား ခဲ့ကြသော်လည်း စာပေ စိစစ်ရေး၏ ငြင်းပယ်မှုကို ခံခဲ့ရသည်။


မြန်မာသတင်းသမား ကွန်ရက်သည် အဆိုပါ အင်တာဗျူးများကို ချိတ်ဆက်ထားသော သတင်း သမားများ ထံမှ တောင်းခံခဲ့ပြီး ယင်း အင်တာဗျူးများကို မြန်မာ သတင်းသမား ကွန်ရက်၏ Facebook တွင် ဖော်ပြ ပေးလိုက်ပါသည်။ သို့ရာတွင် မေးမြန်းသော ပြည်တွင်း သတင်း ဂျာနယ်များ၏ အမည်များကို လုံခြုံရေးအရ ထည့်သွင်း ဖော်ပြမည် မဟုတ်ကြောင်း အသိပေး အပ်ပါသည်။ အချို့ နေရာများတွင် မေးခွန်းများကို ဖျောက်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုသမျှကို အမေး၊ အဖြေ ပုံစံ မဖော်ပြတော့ဘဲ ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ တစုတစည်းတည်း ဖော်ပြ လိုက်ပါသည်။


မြန်မာသတင်းသမားများကွန်ရက်(၂၃-၁၂-၂၀၁၀၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်)

စိစစ်ရေးက ပိတ်ပင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာနယ်တစောင်၏ တွေ့ဆုံ မေးမြန်းခန်း

မေး။ ။ ကျွန်တော်တို့က လူငယ်တွေဖြစ်တဲ့ အတွက် လူငယ်နဲ့ ပတ်သက်ပြီး တခုလောက် မေးချင်ပါတယ်။ မျိုးဆက်သစ် မြန်မာ လူငယ်တွေက NLD လူငယ်တွေနဲ့ မတူပဲ သီးခြားပြီး နိုင်ငံရေးကို ပါဝင် လုပ်ဆောင်နေတဲ့ အစု အဖွဲ့ လေးတွေ ရှိပါတယ်။ ဥပမာ - လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်၊ NGO စတဲ့ အစုအဖွဲ့တွေ ရှိပါတယ်။ အဲဒီ အစုအဖွဲ့တွေ အပေါ်မှာ အန်တီစုရဲ့ သဘောထား သိချင်ပါတယ်။ ဘယ်လို ဦးဆောင်သွားမယ် ဆိုတာ သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ Diversity ပေါ့။ အဲဒါကို အန်တီ သဘောကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ပါတီ နိုင်ငံရေးကို အန်တီတို့ လုပ်ချင်တာ မဟုတ်ဘူး။ နောက်ပြီးတော့ အနှစ် ၂၀ အတွင်းမှာ NLD တစ်ဖွဲ့တည်း ရုန်းကန်ရတာ တော်တော်တော့ ပင်ပန်းတယ်။ NLD ကို ပေါ့နော်၊ အမျိုးမျိုး ဝေဖန်ကြတယ်။ ဝေဖန်စရာ အကြောင်းတွေလဲ ရှိပါတယ်။ အဲဒါတော့ မငြင်းပါဘူး။ ဒါပေမဲ့ NLD ကနေပြီး နိုင်ငံရေး လုပ်တဲ့ သူတိုင်းကိုလည်း ဖမ်းပြီး ထောင်ချတယ်။ ကျန်တဲ့ လူတွေကလည်း တက်နိုင် သလောက်တော့ ရုန်းကန်တာပဲ။ ဒါပေမဲ့ အဲဒီမှာ ၀န်းရံမှုက နည်းနည်း အားနည်း သလိုပဲလို့ အန်တီ ထင်မိတယ်။ ထိုင်ပြီးတော့သာ NLD ကို ဝေဖန် နေကြတာ ပေါ့နော်။ ၀န်းရံပြီးတော့ ဘယ်လို ဖြစ်မြောက်အောင် လုပ်ပေးမလဲ ဆိုပြီးတော့ တကယ့် လက်တွေ့ကျကျ လုပ်ပေးတဲ့သူက အင်မတန် နည်းပါတယ်။ အခုမှာတော့ အန်တီ သတိထားမိတာ အရင်က ထက်စာရင် ဒီလို အစုအဖွဲ့တွေက ပိုများလာတယ်။ နိုင်ငံရေးရယ်တော့ မဟုတ်ဘူး။ လူမှုရေး အစုအဖွဲ့ သူတို့ တွေရဲ့ အနုပညာရှင်၊ စာပေ အသိုင်းအ၀ိုင်းပေါ့။ အဲဒီ အစုအဖွဲ့တွေ များလာတယ်။

ဒါဟာ နိုင်ငံအတွက် အလားအလာ ကောင်းတယ်လို့ မြင်တယ်။ နောက်ပြီးတော့ များလာတာတဲ့ အပြင် ဒီအစုအဖွဲ့ လေးတွေက အခု အန်တီ ထွက်လာပြီး အချိန်မှာ မြင်ရတာက “အန်တီမှားရင် လည်းမှားနိုင်တယ်၊ မှားရင် သားတို့ ပြင်ပေးရမှာပေါ့” NLD နဲ့ လက်တွဲပြီး လုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ အန်တီမြင်တယ်။ အရင်တုန်းက ဆိုလို့ရှိရင် ၈၈ တုန်းကတောင်မှ အစု အဖွဲ့တွေက ကိုယ့်ဟာကိုယ် သွားမယ်၊ ကိုယ့်လမ်းကို သွားကြမယ်၊ NLD ကို တချို့က မလိုလားတောင်မှ ရှိသေးတယ်။ NLD ကို အဖွဲ့ကြီး မို့လို့ မလိုလားဘူး။ NLD ကို နည်းနည်း တွန်းရမယ်၊ ဘေးဖယ် ထားရမယ်၊ ဆန့်ကျင်ရမယ် ဆိုတဲ့ အမြင်ရှိ တဲ့ အဖွဲ့ လေးတွေတောင်မှ ရှိတယ်။

အခုကျတော့ အများစုက အန်တီတို့အတွက် အားတက်စေတဲ့ ကိစ္စ လူငယ် အဖွဲ့အစည်းတွေက လက်တွဲပြီး လုပ်စေချင်တဲ့ ဆန္ဒ ရှိတယ်လို့ အန်တီမြင်တယ်။ အန်တီမှားရင် တော့ မှားမှာပေါ့နော်။ အန်တီတို့က ဖိတ်ခေါ်တဲ့ အခါမှာ လိုလို လားလားနဲ့ လက်ခံတာမျိုး မြင်ရတယ်။ အန်တီတို့ လူငယ်တွေ၊ NLD မဟုတ်တဲ့ အခြား လူငယ်တွေကို ဆွေးနွေးပွဲ တခု ဖိတ်ဖို့ အန်တီတို့ အစီအစဉ် တခု လုပ်ထားတယ်။ စပြီးတော့ ဆွေးနွေးမယ်၊ စကားပြောမယ်။ စကားပြောရုံတင် မကဘူး၊ အန်တီတို့က အတူတူ လက်တွဲပြီး လုပ်ချင်တယ်။ အခု ဂီရိမုန်တိုင်း ဒုက္ခသည်တွေကို ကူညီဖို့ ဆိုပြီးတော့ အဖွဲ့တခု လွှတ်လိုက်တယ်။ အဲဒီအဖွဲ့ထဲမှာ ဆိုလို့ရှိရင် NLD တွေ မဟုတ်ပါဘူး၊ CRPP လည်းပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲ မှာ တသီးပုဂ္ဂလ အဖြစ် ၀င်အရွေးချယ် ခံတဲ့ ဦးဝင်းချိုလည်း ပါတယ်။ ဒါ အန်တီတို့က ဖိတ်ခေါ်တာပေါ့။ အရင် ကတည်းကလည်း အန်တီတို့ တွေ့ပြီးပြီလေ။

တသီးပုဂ္ဂလ တော်တော်များများနဲ့ တွေ့ပြီးပြီ။ အန်တီတို့က ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့တယ်။ သပိတ်မှောက် ပေမယ့်လည်း ကိုယ်နဲ့ သဘောချင်း မတူလို့ ရန်သူလို့ အန်တီတို့ စိတ်ထဲမှာ မထားပါဘူး။ တချို့ ကိစ္စတွေမှာ သဘော မတူတာတွေ ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို ၀င်ခဲ့တာကို အန်တီတို့ ဆွေးနွေးတယ်။ ဘယ်လို ရည်မှန်းချက်တွေနဲ့ ၀င်ခဲ့တာလဲ။ သူတို့ တွေကလည်း ရှင်းပြကြတယ်။ ဒီတော့ အန်တီ ပြောချင်တာက ကောင်းပြီ၊ လွှတ်တော်ထဲ မရောက်လို့ ရှိရင်လဲ လွှတ်တော် အပြင်က နေပြီးတော့ ဒီ ရည်မှန်းချက်တွေကို လက်တွဲပြီးတော့ ဖော်ဆောင်လို့ ရတာပဲ ဆိုပြီးတော့ အဲဒီလိုပေါ့။ လက်တွေ့ ကျကျ လုပ်တာပေါ့။

(Facebook တွင် မြန်မာသတင်းသမားများ ကွန်ရက်က တင်ထားသည့် အင်တာဗျူးကို ကူးယူဖော်ပြပါသည်။ ဓာတ်ပုံ - Getty Images)


Read More...

အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ ပြန်သုံးသပ်သင့်

ဦးကျော်ကျော်သိန်း
ကြာသပတေး, 23 ဒီဇင်ဘာ 2010


အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ချမှတ် ကျင့်သုံးနေတဲ့ မူဝါဒကို မြန်မာနိုင်ငံမှာ လက်ရှိ ပြောင်းလဲ နေတဲ့ အခြေ အနေတွေနဲ့ လိုက်လျော ညီထွေဖြစ်အောင် အပြောင်းအလဲ လုပ်ဖို့ သုံးသပ် သင့်ပြီလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ အမေရိကန် အစိုးရရဲ့ လက်ရှိ မူဝါဒကနေ ထင်ရှားတဲ့ အောင်မြင်မှုတွေ မတွေ့ရ သေးဘူး လို့လည်း သူက သုံးသပ်ပါတယ်။ ဗွီအိုအေ မြန်မာဌာနနဲ့ ကြာသပတေးနေ့က သီးခြား ဆက်သွယ် မေးမြန်းခန်း တခုအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

“အခုအချိန်ထိတော့ ဒီဝါဒရဲ့ အောင်မြင်မှု အတိုင်းအတာက သိပ်ပြီး ထင်ထင်ရှားရှားတော့ မရှိပါဘူး။ ဒါပေမဲ့ အခု အချိန်မှာလည်း ပြန်ပြီးတော့ ဒါကို စိစစ်သင့်ပြီလို့ ကျမ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဟာက ၁ နှစ်ကျော်လာလို့၊ ၂ နှစ် ကျော်လာလို့တင် မကပါဘူး၊ အခုအချိန်မှာ ဆိုရင် ရွေးကောက်ပွဲတွေလည်း လုပ်ပြီးပြီ၊ အခြေအနေ တွေကလည်း ပြောင်းလဲတာတွေ မြင်နေရပြီ ဆိုတော့ အဲဒီ ပြောင်းလဲမှုတွေ အပေါ်မှာ အခြေခံပြီး မူဝါဒကိုတော့ ပြောင်းလဲဖို့ စဉ်းစား လာသင့်ပြီလို့ ကျမ ထင်ပါတယ်။”

မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိပြီး ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် သိသာ ထင်ရှားတဲ့ လုပ်ဆောင်ချက်တွေ မရှိတာ၊ ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်တာ၊ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး အကျဉ်းချ ထားတာတွေကြောင့် အမေရိကန် အစိုးရ အဆက်ဆက်က မြန်မာစစ်အစိုးရ အပေါ် ဒဏ်ခတ် အရေးယူမှု အမျိုးမျိုး ချမှတ်ပြီး အပြောင်း အလဲ လုပ်ဖို့ ဖိအား ပေးခဲ့ပါတယ်။

အဲဒီလို ဒဏ်ခတ် အရေးယူပြီး ဖိအားပေးတာတွေကနေ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ မရခဲ့ဘူး ဆိုပြီး အခု အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လက်ထက်မှာတော့ ဖိအားပေးတာရော၊ ထိတွေ့ ဆက်ဆံတာရော မူဝါဒ နှစ်မျိုးလုံးကို ချမှတ် ကျင့်သုံးခဲ့ပါတယ်။

ဒါပေမဲ့လည်း အိုဘားမား အစိုးရရဲ့ မူဝါဒထဲမှာ အချိန်ကာလ ကန့်သတ်ချက်တွေ၊ ဘယ်အချိန် ရောက်ရင် ဘယ်လို ရလဒ်မျိုး ထွက်သင့်တယ် ဆိုတာတွေ တိတိကျကျ မရှိပါဘူး။ သူတို့ရဲ့ အနိမ့်ဆုံး တောင်းဆိုချက်လို့ ဆိုရမယ့် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဆိုတာကို တောင်မှ မြန်မာ စစ်အစိုးရက ခုချိန်ထိ မလိုက်လျော သေးပါဘူး။ ဒါကြောင့် လက်ရှိ မူဝါဒကို ပြန်ပြီး သုံးသပ်တဲ့ နေရာမှာလည်း အချိန်ကာလ ကန့်သတ်ချက်တွေ အလိုက် တိကျတဲ့ ရလဒ်တွေ ထွက်ဖို့ သတ်မှတ် သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

“အဲဒီလို ပြန်ပြီး သုံးသပ်တဲ့အခါကြရင် အချိန်ကာလ သတ်မှတ်ပြီးတော့ မှတ်ကျောက်တွေပေါ့၊ ဒီ အချိန်ကာလ အတွင်းမှာ ဒီအဆင့်ကို ရောက်သင့်တယ် ဆိုတာတော့ သတ်မှတ်ရင် ပိုပြီးတော့ ထိရောက်မှု ရှိမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးတဲ့ ကိစ္စမှာ အချိန်ကာလ သတ်မှတ်ရင် ကောင်းမယ်လို့ ထင်ပါတယ်။ အဲဒီလို မဟုတ်ရင် နိုင်ငံရေး အကျဉ်းသားများဟာ အချိန်ကာလ သတ်မှတ်ချက် မရှိဘဲနဲ့ ဆက်ပြီးတော့ အထိန်းသိမ်း ခံနေရမယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး။

“ဒီလို အပြောင်းအလဲများဟာလည်း ကျမအနေနဲ့တော့ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံက လွှတ်တော်အမတ် အများစုဟာ ကျမတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အပေါ်မှာ အင်မတန်မှ စာနာပြီးတော့ ထောက်ထား တာကြောင့်မို့ ဒီလို ကိစ္စမျိုးတွေဟာ ဖြစ်ပေါ်နိုင်ချေ ရှိတယ်လို့ ကျမတော့ ထင်ပါတယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အသစ်တဖန် စဉ်းစားပြီး မတူကွဲပြားတဲ့ လုပ်ဆောင်ချက် အသစ် ချမှတ်ဖို့ အမေရိကန် အစိုးရကို တိုက်တွန်း ထားတဲ့ စာတမ်း တစောင်ကို အမေရိကန် အကြီးတန်း သံတမန်ဟောင်း ၂ ယောက်ကလည်း မကြာသေးခင် ကပဲ ရေးသား ခဲ့ပါသေးတယ်။

၁၉၉၀ ကနေ ၁၉၉၄ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ လုပ်ခဲ့တဲ့ ဖရန်ကလင် ဟပ်ဒယ်လ် (Franklin Huddle) နဲ့ ၁၉၉၀ ကနေ ၁၉၉၃ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအဖွဲ့ ယာယီ အကြီးအကဲ လုပ်ခဲ့တဲ့ ဒေါ်နယ်လ်ဒ် ဂျိမ်းမ်ဆန် (Donald Jameson) တို့က East-West Center ရဲ့ အာရှ၊ ပစိဖိတ် ဒေသဆိုင်ရာ စာစောင်ထဲမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စာတမ်းတစောင် ပူးတွဲ ရေးသား ခဲ့ကြတာပါ။

အမေရိကန်ရဲ့ ထိပ်တိုက်တွေ့တဲ့ ချဉ်းကပ်မှုကို အပျက်သဘောဆောင်တဲ့ ထိတွေ့ ဆက်ဆံမှု လို့တောင်မှ ASEAN အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ဝင် နိုင်ငံတချို့က နာမည်တပ် ခေါ်ဆိုကြတယ်လို့ သူတို့ ၂ ယောက်က ရေးထားပြီး ထိတွေ့ ဆက်ဆံမှုကို အသစ်တဖန် လုပ်ဖို့ တောင်းဆို ထားပါတယ်။

မြန်မာနိုင်ငံမှာ အနိမ့်ဆုံးတော့ အဆောင်အယောင် အဆင်တန်ဆာ အရပ်သား အုပ်ချုပ်ရေးဆီ ပြောင်းလဲ နေတာမို့ အခု အချိန်ဟာ အချိန်ကောင်း ဖြစ်ဖွယ်ရှိကြောင်း၊ အမေရိကန် အနေနဲ့ ထက်မြက် ပါးနပ်တဲ့ မူဝါဒလို့ ဆိုရမယ့် Smart Power ကနေ တဆင့် မိမိရဲ့ ရည်ရွယ်ချက် ပေါက်မြောက် အောင်မြင်အောင် မတူကွဲပြားတဲ့ ချဉ်းကပ်နည်း တခုကို အလေးအနက် ထားပြီး ကြိုးစား သင့်တယ်လို့ အမေရိကန် အကြီးတန်း သံတမန်ဟောင်း ၂ ယောက်က တိုက်တွန်း ရေးသား ထားပါတယ်။


Ref: VOA News

Read More...

စစ်တပ်ပါဝင်တဲ့ ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်လို

ဦးဇော်ဝင်းလှိုင်
ကြာသပတေး, 23 ဒီဇင်ဘာ 2010


မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို စစ်အစိုးရ အပါအ၀င် သက်ဆိုင်သူ အားလုံးနဲ့ ပြုလုပ်လိုတဲ့ အကြောင်း သူနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးက ပြောပါတယ်။ အင်ဒိုနီးရှား သံအမတ်ကြီးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကပဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဆီဘက်စ်ရှန်နပ်စ် ဆူမာဆိုနို (Sebastianus Sumarsono) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ အင်္ဂါနေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

အင်ဒိုနီးရှား သံအမတ်ကြီး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက် လာပြီး နောက်တနေ့မှာ ပထမ အကြိမ် တွေ့ဆုံပြီး ဖြစ်တာမို့ ဒါဟာ ဒုတိယ အကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အခုတကြိမ် တွေ့ဆုံမှုဟာ မိတ်ဆွေ ၂ ယောက် တွေ့ကြသလို ဆွေးနွေးစရာ ရှိတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောဆို နိုင်ခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်နိုင်ဖို့ စစ်အစိုးရ အပါအ၀င် သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးလိုတဲ့ အကြောင်း သူ့ကို ပြောခဲ့တယ်လို့ သံအမတ်ကြီး ဆီဘက်စ်ရှန်နပ်စ် ဆူမာဆိုနိုက ပြောပါတယ်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ဖို့အတွက် အစိုးရ အပါအ၀င် သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ဖို့ သူမအနေနဲ့ လိုလားတယ် ဆိုတာ ကျနော့်ကို ပြောခဲ့ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်ဖို့ အတွက် တဦး တယောက်တည်းက လုပ်လို့ မရဘဲ အစိုးရ အပါအ၀င် သက်ဆိုင်သူ အားလုံး ပါဝင်မှ ဖြစ်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဘက်က ယုံကြည်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့ နေရာမှာလည်း တယောက်နဲ့ တယောက် သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန် နားလည်မှုနဲ့ တဘက်နဲ့ တဘက် အပေးအယူ လုပ်ပြီးမှ ဖြစ်နိုင်မှာပါ။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှ ရနိုင်မယ် ဆိုတာကို အင်ဒိုနီးရှား အစိုးရက မကြာခဏ ဆိုသလို ပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာစစ်အစိုးရက မူဝါဒချပြီး အကောင်အထည် ဖော်နေတဲ့ လမ်းပြမြေပုံကိစ္စနဲ့ ပတ်သက်လို့လည်း တိုင်းပြည် အတွင်း စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာရေး အတွက် အင်ဒိုနီးရှား အစိုးရ အနေနဲ့ မကြာခဏ ဆိုသလို တိုက်တွန်း ပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရကို ကျနော်တို့ဘက်က မကြာခဏ ဆိုသလို အားပေး ပြောဆိုလေ့ ရှိပါတယ်။ အခုဆိုရင် လမ်းပြမြေပုံ ၇ ချက်ထဲက အဆင့် ၆ ဖြစ်တဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့ အဆင့်ကို ရောက်နေပါပြီ။ မြန်မာအစိုးရ အနေနဲ့ နောက်ကျန် နေတဲ့ အဆင့်ကို အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံ အတွင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာအောင် တဆင့်ချင်းစီ လုပ်သွားဖို့ ကျနော်တို့ဘက်က တိုက်တွန်းပါတယ်။” လို့ ပြောသွားပါတယ်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ကို ရောက်ဖို့ ပထမ ခြေလှမ်း ဖြစ်လိမ့်မယ်လို့ သူ့ထင်တဲ့ အကြောင်း သံအမတ်ကြီးက ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ဖြစ်ထွန်းမှုတွေ အပေါ် ကာလ အတော်ကြာ ကတည်းက အနီးကပ် စောင့်ကြည့် လေ့လာနေခဲ့တဲ့အပြင် မြန်မာနိုင်ငံ အပေါ် အင်ဒိုနီးရှားရဲ့ အတွေ့ အကြုံတွေ မျှဝေပေးပြီး အစဉ်တစိုက် အားပေး လုပ်ဆောင် ခဲ့ပါတယ်လို့ ဆိုပါတယ်။

“ရှေ့နှစ်မှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူတော့မယ့် အင်ဒိုနီးရှား နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ နိုင်ငံတခု ဖြစ်တာနဲ့ အညီ မြန်မာနိုင်ငံက လိုအပ်တဲ့ အကူအညီတွေကို လိုအပ်တဲ့ အချိန်မှာ ပေးနိုင်ဖို့ အင်ဒိုနီးရှားမှာ တာဝန် ရှိပါတယ်။ နောက် မြန်မာ အစိုးရ အနေနဲ့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဆက်လက် ဖိအားပေး ပြောဆို သွားမှာ ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

လက်ရှိ မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံ အတွင်း ဒီမိုကရေစီ အရေး ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ဟာ အာဆီယံ အပါအ၀င် နိုင်ငံတကာက အထူး အာရုံစိုက်နေတဲ့ အကြောင်းအရာ ဖြစ်တဲ့ အတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရင် အမေရိကန် အတွက်လည်း အကျိုးရှိမှာပါလို့ သံအမတ်ကြီးက တုံ့ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက်ပိုင်း NLD ပါတီအပေါ် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက နွေးနွေး ထွေးထွေး ပြောင်းလဲ ဆက်ဆံလာတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေ့စဉ် ဆိုသလို မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ သံတမန်တွေက တွေ့ဆုံနေကြသလို ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း တယ်လီဖုန်းနဲ့ တဆင့် ဆက်သွယ် စကားပြောကြတဲ့အ ထဲ အာဆီယံ နိုင်ငံတွေက ခေါင်းဆောင်တွေလည်း အများအပြား ပါဝင်ပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ အာဆီယံအနေနဲ့ အနာဂတ်မှာ ဘယ်လို အခန်း ကဏ္ဍက ပါဝင်မယ် ဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ အနောက် နိုင်ငံတွေလို မဟုတ်ဘဲ အာဆီယံ အဖွဲ့ဟာ မြန်မာ စစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံရေးမူကို အစဉ်တစိုက် ချမှတ် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

အန်အယ်ဒီက ပြည်ထောင်စု စိတ်ဓာတ် ဟောပြော

ဖနိဒါ
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္စျိမ) ။ ။ ပြည်ထောင်စု စိတ်ဓာတ်မှာ အရေးကြီးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ရန်ကုန် အန်အယ်ဒီ ရုံးချုပ်၌ လူငယ် ၁ဝဝ ကျော်ကို ယနေ့ ဟောပြောခဲ့သည်။

ပြည်ထောင်စု (ပင်လုံ) စိတ်ဓာတ်အကြောင်းကို အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက် များနှင့် အတူ အန်အယ်ဒီ ခေါင်းဆောင်နှစ်ဦးက ဟောပြောရာ သုံးနာရီ ကြာမြင့်ခဲ့သည်။

“ဒီနေ့အခါမှာ ပင်လုံစိတ်ဓာတ်က အရင်က အင်္ဂလိပ်ရဲ့အောက်မှ လွတ်လပ်ဖို့၊ ဒီနေ့က အာဏာရှင် စစ်ကျွန် ဘဝကနေ လွတ်လပ်ဖို့။ ညီညွတ်မှ သာလျှင် ပြည်တွင်းစစ်တွေကို တားဆီးနိုင်မယ်။ ပြည်ထောင်စု စိတ်ဓာတ်မှာ ဟိုတုန်းက လွတ်လပ်ရေး ရအောင်ယူမယ်၊ ပြည်ထောင်စု ဖွဲ့မယ်ဆိုတဲ့ စိတ်ဓာတ်။ ဒီနေ့အခါမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်မယ်ဆိုတာ ရှိတယ်ဆိုတော့ ဒုတိယ ပင်လုံ စိတ်ဓာတ်ကို ရှင်းပြတာပေါ့။ ” ဟု ဦးဝင်းတင်က မဇ္ဈိမသို့ ပြာသည်။

ဇိုမီးအမျိုးသားကွန်ကရက် စစ်ကိုင်းတိုင်း ကလေးမြို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့က အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေး အဆိုပြုခဲ့သည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ၎င်းအဆိုကို အကောင်အ ထည်ဖော်ရန် ဒေါ်အောင်ဆန်းစုကြည်ကို လွှဲပြောင်း တာဝန်ပေးခဲ့သည်။

လုပ်ငန်းအကောင်အထည်ဖော်ရေးနှင့် စစ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရေးတွင် ပင်လုံ စိတ်ဓာတ် အရေးကြီး သဖြင့် လူငယ်များ သိရှိစေရန် ဟောပြောခဲ့ရာ၊ အန်အယ်ဒီ လူငယ်များသာမက နိုင်ငံရေး စိတ်ဝင်စားသူ ကျောင်းသား လူငယ်များပါ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“ဘဘတို့ နှစ်ယောက်ရဲ့ Speech (မိန့်ခွန်း) ကို သေချာ ဂရုစိုက် နားထောင်ချင်လို့ လာတာပါ။ ကျနော်ကလည်း နိုင်ငံရေး အပိုင်းမှာ စိတ်အား ထက်တန်တယ်လေ။ အဓိကတော့ ဖယ်ဒရယ် ပြည်ထောင်စု စိတ်ဓာတ် ဆိုတာပေါ့နော်။ ဖယ်ဒရယ် ဆိုတာက ပြည်ထောင်စု ခွဲထွက်ဖို့ မဟုတ်ဘူး။ တကယ့် ပြည်ထောင်စု စစ်စစ်ဆိုတဲ့ ဟာမျိုးတွေ ပြောတယ်” ဟု ဟောပြောပွဲ တက်ရောက်သူ လူငယ်တဦးက ပြောသည်။

ဟောပြောပွဲ လာရောက်သူများက ရုံးချုပ်အနီး လက်ဖက်ရည်ဆိုင်ထိုင်စဉ် ရဲသတင်း တပ်ဖွဲ့ ဝင်များက ဓာတ်ပုံ ရိုက်ယူသည်များ ရှိခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသားများ တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် အတူ ပြည်ထောင်စု ထဲတွင် အတူတကွ နေထိုင်မည်ဟု ကတိကဝတ် ပြုသော စာချုပ်ကို ရေးထိုးခဲ့ရာက ပင်လုံ စာချုပ်ဟု ခေါ်တွင်ခဲ့သည်။


Ref: မဇ္ဈိမ

Read More...

မတရားအသင်းဟု ဆိုခြင်းပေါ် ဒီဗွီဘီပယ်ချ

မျိုးသိဏ်း
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဓာတ်ပုံသတင်းထောက် ကိုစည်သူဇေယျကို ထောင်ချခဲ့သော အမှုတွင် ရဲက တရားမဝင် အသင်းဟု နော်ဝေး အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံကို ရည်ညွှန်းခဲ့မှုအပေါ် ဒီဗွီဘီ တာဝန်ရှိသူများက ပယ်ချလိုက်သည်။

လူ ၉ ယောက်သေဆုံးသော ရိုးရာသင်္ကြန်တွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်ကွင်းကို မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ယူခဲ့သော ကိုစည်သူဇေယျကို မင်္ဂလာတောင်ညွှန့် တရားရုံးက ဒီဇင်ဘာ (၂၁) ရက်နေ့တွင် ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့သည်။

ထိုင်းနိုင်ငံဘက်သို့ နယ်စပ်မှ ခိုးကူးဖြတ်သန်းမှု လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် အက်ဥပဒေ ၁၃ (၁) ထောင်ဒဏ် (၃) နှစ်နှင့် မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေ ၁၇ (၁) တို့ဖြင့် ထောင် (၅) နှစ်ချကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ရဲက တရားလိုပြုလုပ်သော အမှုတွင် ကိုစည်သူဇေယျမှာ ထိုင်းတွင် သတင်းသင်တန်း တခု တက်ရောက် ခဲ့သလို ဒီဗွီဘီအတွက် သတင်း ပေးပို့ခဲ့သည်ဟု ပါရှိသည်။

နော်ဝေ ဥပဒေအရ မှတ်ပုံတင်ထားသည့် တရားဝင် မီဒီယာ ဖောင်ဒေးရှင်း ဖြစ်၍ ဒီဗွီဘီနှင့် ဆက်သွယ်ခြင်းကို မတရား အသင်းနှင့် ဆက်သွယ်ခြင်းဟု ပြောဆိုခြင်းမှာ မှားယွင်းသည်ဟု ဒီဗွီဘီလက်အောက် အယ်ဒီတာချုပ် ဦးခင်မောင်ဝင်းက ပြောသည်။

“ ဒီဗွီဘီ သတင်းထောက်တွေ၊ ဒီဗွီဘီနဲ့ ဆက်သွယ်တဲ့ သူတွေကို မတရား အသင်းနဲ့ ဆက်သွယ်တယ်လို့ နအဖက အရင်က စွတ်စွဲ ခဲ့တာတွေလဲ ရှိပါတယ်” ဟု သူက ပြောသည်။

ကိုစည်သူဇေယျ၏ ရှေ့နေ ဦးအောင်သိန်းက တရားရုံးဆုံးဖြတ်ချက်မှာ ဥပဒေနှင့် ညီညွတ်မှု မရှိဟု ကန့်ကွက် ပြောဆိုသည်။

’’တရားခံကို စစ်ကြောရေး ပြုလုပ်တဲ့ ထွက်ဆိုချက်တွေ၊ တခြား တရားခံတွေရဲ့ အမှုတွေက ထွက်ဆိုချက်တွေ ပေါ်မှာ မူတည်ပြီးတော့ အမှုကို တည်ဆောက်ပြီး တရားစွဲဆို စီရင်ချက်ချတာပါ။ ဒါဟာ တရားဥပဒေနဲ့ မညီညွတ်ဘူးလို့ပဲ ပြောရမှာပါ’’ ဟု ဦးအောင်သိန်းက ပြောသည်။

“ သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိဘူး။ သို့သော်လည်း သူတို့က ဒီဟာကို ပေါ်လစီ တရပ်အနေနဲ့ ထောင်ချတယ်။ ’’ သူက ထပ်ပြောသည်။

သားဖြစ်သူအတွက် ကိုယ်တိုင် ထွက်ဆိုချက်ပေးခဲ့သည် မိခင် ဒေါ်ရီရီတင့်က တရားရုံး ဆုံးဖြတ်ချက်သည် တရားမျှတမှု မရှိဟု ပြောသည်။

“ သတင်းသမားတယောက် အနေနဲ့ အပြစ်မရှိဘူးလို့ ပြောလို့ရပါတယ်’’ ဟု သူက ပြောသည်။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးရှိ ရေကစား မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲ ပြီးနောက် ဓာတ်ပုံ ရိုက်နေသော ကိုစည်သူဇေယျာကို ဖမ်းဆီးပြီး နောက်တရက်တွင် သူ၏ ဖခင် ဦးမောင်မောင်ဇေယျကိုလည်း ရဲက ထပ်မံ ဖမ်းဆီး ခဲ့သည်။

ဦးမောင်မောင်ဇေယျကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထားပြီး တရားဆိုင်နေရဆဲ ဖြစ်သည်။

ကိုစည်သူဇေယျနှင့် သူ၏ဖခင် ဦးမောင်မောင်ဇေယျတို့သည် ဒီဗွီဘီ၏ သတင်းထောက်များဖြစ်ကြောင်း ဒီဗွီဘီ သတင်း တရပ်၌ ရေးသား ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုလက်သည်များမှာ စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော် များ၏ လက်ချက် ဖြစ်သည်ဟု ရဲချုပ် ခင်ရီက နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် စွပ်စွဲခဲ့သည်။


Ref: မဇ္ဈိမ

Read More...

ရှေ့တန်းစစ်မျက်နှာအတွက် UWSA အထူးတပ်မဟာ တခု တိုးချဲ့ဖွဲ့စည်း

Thursday, 23 December 2010

စက်တင်ဘာ ၁ ရက် နောက်ဆုံးထား၍ လက်နက်ချ ရမည်ဟု နအဖစစ်အုပ်စု ရာဇဒဏ် ပေးပြီးနောက်ပိုင်း ဝ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်တွင် အရေးကြီး ရှေ့တန်း စစ်မျက်နှာအတွက် အထူး တိုက်ခိုက်ရေး တပ်မဟာတခု တိုးချဲ့ ဖွဲ့စည်း ထားခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

“ အရင်တုန်းက ကျနော်တို့ မြောက်ပိုင်း ဝ နယ်မှာ တပ်မဟာ ၃ ခု ရှိတယ်။ စစ်ရေး တင်းမာမှုတွေ ဖြစ်ပြီးနောက်ပိုင်း အရေးကြီးတဲ့ နယ်ခြားမျဉ်း တလျှောက် အထူး တိုက်ခိုက်ရေး အတွက် တပ်မဟာသစ် တခု ထပ်မံ တိုးချဲ့ ဖွဲ့စည်း ထားရတာ ဖြစ်တယ်” - ဟု ယခု ရက်ပိုင်း မိုင်းမော UWSP ပါတီညီလာခံ တက်ရောက်သူ ဝ တပ်မှူးတဦး ကပြောပါ သည်။

မြောက်ပိုင်း ဝ နယ်၌ ရှိရင်းစွဲတပ်မဟာ ၃ ခုအပြင် ထပ်မံတိုးချဲ့ဖွဲ့စည်းသည့် တပ်မဟာ ၆၁၈ သည် အထူးရှေ့တန်း စစ်မျက်နှာ ဖြစ်သည့် မန်းဆိုင် နှင့် နောင်ခစ်မြို့နယ် ဒေသတွင် ထိန်းချုပ် တာဝန် ယူရကြောင်း၊ တပ်မဟာ ၆၁၈ တပ်မဟာမှူးမှာ ပေါက်ဆမ်ရိုင်း ဖြစ်ကြောင်း၊ နအဖ ထိန်း ချုပ်နယ်မြေ (သံလွင်အနောက် ခြမ်း) တန့်ယန်း မြို့နယ်နှင့် မျက်နှာခြင်းဆိုင် ဖြစ်ကြောင်း၊ (သံလွင်အ ရှေ့ခြမ်း) တာ့ကောင်းအက် တံတား အလွန် နအဖ၏ အကြီးဆုံး ခံတပ် လွယ်ပန်လုံတ၀ိုက် ဖြစ်ကြောင်း၊ ထိုခံတပ်နှင့် အပြိုင် အရေးကြီးဆုံး ရှေ့ပြေး လွယ်ပန်ဇုံ ဝ ခံတပ်ကို ဤတိုးချဲ့ဖွဲ့စည်း လိုက်သည့် တပ်မဟာသစ် ၆၁၈ က တာဝန် ယူရကြောင်း ဆိုပါသည်။

“ဒီညီလာခံကနေ ဆုံးဖြတ်ပြီး ဖွဲ့စည်းတာမဟုတ်ဘူး၊ စက်တင်ဘာလ ကတည်းကထပ်တိုးချဲ့ ဖွဲ့စည်းလိုက်တာ၊ စစ်ရေး တာဝန်ယူ လာတာ ၃ လလောက်ရှိပါပြီ” - ဟု ဆက်၍ ပြောပြပါသည်။

လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မဟာ တခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်း ရှိသေးကြောင်း ပန်ဆန်း ဌာနချုပ် ၀ အရှိကြီး တဦးက ယခုကဲ့သို့ ပြောပါသည်။

“မိုင်းမောမှာပြည်သူ့စစ် တပ်မဟာ ၉၁၆ ရှိတယ်၊ လက်အောက်ခံ တပ်ရင်းက ၁၁ ရင်း၊ ၀ိန်းကောဝ်မြို့နယ် တပ်မဟာ ၉၁၇ အောက် မှာ ၅ တပ်ရင်း၊ မိုင်းပေါက်က ၉၁၈ က ၅ ရင်း၊ နောက်ပြီး တောင်ပိုင်း ဝ နယ် မိုင်းယွန်း မှာ လဲရှိသေး တယ်၊ အဲဒါတွေက မိမိရပ် ရွာကို ကာကွယ်တဲ့ ဒေသခံ လူထုတပ်ဖွဲ့တွေဘဲ”

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၏ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့ တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၁၈ တို့ ဖြစ်ကြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

နအဖ တပ်က DKBA ကို ထိုင်းမြေပေါ်မှ တိုက်ရန် ကြိုးစား

Thursday, 23 December 2010

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးဒေသတွင် တပ်စွဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗျူဟာ (၁) နှင့် ဗျူဟာ (၂) တပ်ဖွဲ့ဝင်များကို ချေမှုန်းရန် ထိုင်းနိုင်ငံ တဖက်ကမ်းမှ တဆင့် ၀င်ရောက်လာမည့် နအဖ တပ်ဖွဲ့ဝင် (၅၀) ခန့်ကို ယမန်နေ့ညက လက်ဦးမှုယူ၍ DKBA က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

DKBA ဗျူဟာ(၁)မှူး ဗိုလ်မှူးကြီး ကျော်သက်က"ဖလူးရွာမှာ အခြေစိုက် တပ်က အင်အား(၅၀) မနေ့ည (၈) နာရီမှာ ထိုင်း ဘက်ခြမ်း မဲဆောက်အပိုင် မဲ့ကိုကင်း ရွာကနေ ကူးပြီး ကျနော်တို့ကို တိုက်ဖို့ ဆင်းလာတာကို သိလို့ ပြန်တိုက်ထုတ် လိုက်ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းတိုက်ပွဲကြောင့် နအဖ တပ်ဖွဲ့ဝင် တဦး ဒဏ်ရာရရှိသည်ဟု သိရသော်လည်း မည်သည့် တပ်မှ ဖြစ်ကြောင်းကိုမူ အတိ အကျ မသိရှိရသေးပေ။

နအဖ တပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက်မှ ၀င်ရောက်မည့် အစီအစဉ်မှာ ထိုင်းအာဏာပိုင်များ၏ ခွင်ပြုချက် မရဘဲ ၀င်ရောက် ရန် ဖြစ်နိုင်ခြေ မရှိကြောင်း၊ အလားတူ ၀င်ရောက်မှုမျိုးကို ယခင်က ထိုင်းအာဏာပိုင်များက ခွင့်ပြုခဲ့ဖူးကြောင်း DKBA တပ်မှူး တဦးက ပြောသည်။

မဲဆောက် အခြေစိုက် အမှတ်(၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှူး ဗိုလ်မှူးကြီး ဆူပါချို့ထ၀ပ်ဖိလာချိုင်းက မြန်မာနိုင်ငံ ဘက်မှ မည်သည့်လူမျိုးစု လက်နက်ကိုင် အဖွဲ့ကိုမဆို ထိုင်းနိုင်ငံအတွင်း အခြေချ လုပ်ရှားခွင့်ပြုမည် မဟုတ်ဘဲ တွေ့ရှိ ပါက ဖမ်းဆီး အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဒေသခံ သတင်းထောက်များကို ပြောကြားထားသည်။

ထို့အပြင် ထိုင်းပြည်သူများ လေးစားကြည်ညိုသော အရေးကြီး ပုဂ္ဂိုလ်တဦး ထိုင်း-မြန်မာ နယ်စပ် ခရီးစဉ် ရှိသည့် အတွက် DKBA နှင့် ကရင် အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်များက နအဖ တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်ခြင်းများကို ခေတ္တရပ် နားဖွယ်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံ မင်းသမီး ထိုင်း-မြန်မာ နယ်စပ် သို့ ယခု လကုန်ပိုင်းတွင် အလည်အပတ် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီး ကျော်သက်က"ဒီခရီးစဉ်ရှိတဲ့ အတွက် ဒီရက်ပိုင်း အတွင်းမှာ ကျနော်တို့ဘက်က ဘာစစ်ရေး လှုပ်ရှားမှုကိုမှ လုပ်မှာ မဟုတ်ဘူး၊ ဒီအရေးကြီး ပုဂ္ဂိုလ်ကို ကျနော်တို့လည်း လေးစားပြီးသားပါ၊ နအဖ ဘက်ကသာ လေးစားအားနာရ ကောင်းမှန်း မသိဘဲ အရင် တိုက်ခိုက်လာမယ် ဆိုရင်တော့ ကျနော်တို့ဘက်က သင့်တင့်တဲ့ နည်းတမျိုးမျိုးနဲ့ ကိုင်တွယ်သွား ရမှာ ဖြစ်တယ်"ဟု ဆိုသည်။

ယနေ့ မြ၀တီနှင့် ကော့ကရိတ်မြို့နယ် အတွင်းရှိ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း အချိန်မရွှေး ပြန်လည် ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးကြီး၊ ဖလူလေး၊ မင်းလက်ပံ ရွာမှ ရွာသား ၁၀၀၀ ခန့် ထိုင်းနယ်စပ် အနီးရှိ ကျေးရွာ များတွင် ခိုလှုံ နေကြောင်း ၎င်းတို့ကိုအကူ အညီပေးနေသည့် မယ်တော်ဆေးခန်း(MTC)အဖွဲ့မှ ဆေးမှူးစောနေဦး က ပြော သည်။

နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်း ဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရ တပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။


Ref: ဧရာဝတီ်

Read More...

Thursday, December 23, 2010

ဆင်ဆာထိ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး စစ်ဗိုလ်ချုပ်များ စိတ်ဝင်စား

Thursday, 23 December 2010

စာပေစိစစ်ရေးက ပယ်ချထားသော ပြည်တွင်း သတင်း မီဒီယာများ၏ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ မေးမြန်း ခန်းများကို နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များက စိတ်ဝင်တစား ဖတ်ရှုနေကြကြောင်း သတင်းရရှိသည်။

ပြည်တွင်း မီဒီယာများ ဖြစ်ကြသည့် Venus၊ ပြည်သူ့ခေတ်၊ 7 Day News ၊ ရန်ကုန်တိုင်းမ်၊ The Voice ဂျာနယ်များက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံမေးမြန်းပြီး စာပေ စိစစ်ရေးသို့ မူကြမ်းတင်ပြရာ ပယ်ချခံရကြောင်း၊ သို့သော် မေးမြန်း ခန်းများသည် စာပေစိစစ်ရေးမှ တဆင့် နေပြည်တော် စစ်ဗိုလ်ချုပ်ကြီးများ ထံသို့ ရောက်ရှိပြီး လက်ရှိ မြန်မာ့ နိုင်ငံရေး အပေါ် ဒေါ်အောင်ဆန်း စုကြည်၏ ရပ်တည်ချက် သဘောထားကို လေ့လာနေ ကြကြောင်း သိရှိရသည်။

နေပြည်တော် ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက “ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အင်တာဗျူးတွေကို ပြည်သူတွေ ဖတ်ခွင့် မရပေမယ့် နေပြည်တော်က လူကြီးတွေ (ဗိုလ်ချုပ်တွေ) သေသေချာချာ ဖတ်တယ်။ အဓိက က အဲဒီတွေ့ဆုံ မေးမြန်း ခန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ နိုင်ငံရေးအပေါ် ရှုမြင်ချက်၊ ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေ ပါနေတော့ ဒေါ်အောင်ဆန်းစုကြည် ဘာဆက်လုပ်မလဲ ဆိုတာကို လူကြီးတွေက သိချင်နေပုံပဲ” ဟု ပြောသည်။

ပြည်တွင်း သတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်တည်ချက်၊ ၂၁ ရာစု ပင်လုံညီလာခံနှင့် အမျိုးသား ရင်ကြားစေ့ရေး၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၁၉၉၀ ရွေးကောက်ပွဲအပေါ် သဘောထား အပါအ၀င် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို မေးမြန်းခဲ့ကြသည်။

ဂျာနယ် အယ်ဒီတာတဦးက “ဒေါ်အောင်ဆန်းစုကြည် သဘောထားကို ပြည်ပ မီဒီယာတွေမှာ ရေးကြ၊ ပြောကြ တာတွေကိုပဲ အာဏာပိုင်တွေက ဖတ်နေ၊ နားထောင် နေရတာလေ။ အခုလို ပြည်တွင်း မီဒီယာတွေက ကိုယ်တိုင်ကိုယ်ကျ သွားမေးပြီး မေးခွန်း ပေါင်းစုံကို မေးထားတော့ အာဏာပိုင်တွေ အတွက် အင်မတန်မှ တန်ဖိုးရှိတဲ့ သတင်း အချက်အလက်တွေ
တပွေ့ တပိုက်ကြီး ရသွားတယ် လို့တောင် ပြောလို့ရတယ်” ဟု ပြောသည်။

ဝါရင့် သတင်းစာဆရာ တဦးကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း သတင်းမီဒီယာ များ၏ တွေ့ဆုံ မေးမြန်း ခန်းများကို စစ်အစိုးရက ဖတ်ရှုပြီးနောက် ၄င်းတို့ပိုင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ရပ်တည်ချက် အပေါ် တိုက်ခိုက် ဝေဖန်သော ၀ါဒဖြန့် ဆောင်းပါးများ ထည့်သွင်း လာနိုင်ဖွယ် ရှိသည်ဟု သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်း၊ စာဖတ် ပရိသတ်အားပေးမှုတို့နှင့် ပတ်သက်၍ ဂျာနယ် ဖြန့်ချိရေး လုပ်ကိုင်သူ တဦးက “ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့ အချိန်က ဒေါ်အောင်ဆန်းစုကြည် သတင်းနဲ့ ဓာတ်ပုံပါတဲ့ ဂျာနယ်တိုင်း လိုလို ဈေးကွက်မှာ ပြတ်ကုန်တယ်။ တအား ရောင်းကောင်းတယ်။ အခုတော့ ဂျာနယ် အရောင်းအ၀ယ်က ပုံမှန်လောက်ပဲ ရှိတော့တယ်” ဟု ရှင်းပြသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်၏ သတင်းနှင့် ဓာတ်ပုံများ ခွင့်ပြုသည်ထက် ပိုမို ဖော်ပြသည့်အတွက် ပြည်တွင်းဂျာနယ် ၉ စောင်ကို စာပေ စိစစ်ရေးက ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခဲ့သည်။

Ref: ဧရာဝတီ်

Read More...

စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ

December 22, 2010

ဂါမဏိ

နိုင်ငံရေးချီတက်ပွဲ၊ ဆန္ဒပြချီတက်ပွဲ ... စတာတွေဟာ ဒီကနေ့ခေတ်မှာ ကိုယ့်ဆန္ဒကျင့်သုံးဖို့၊ ကိုယ့်အသံ သူများ ကြားစေဖို့ နည်းလမ်းတခု ဖြစ်နေပြီး အပြောင်းအလဲ ဖြစ်ဖို့ ဖိအားလည်း ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံမှာ ပထမဆုံး အောင်မြင်တဲ့ နိုင်ငံရေးချီတက်ပွဲကို ၁၈၃၄ ခုမှာ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခ လစာ လျှော့မှု ဆန့်ကျင်ရေးအသင်း တည်ထောင်မှုကြောင့် စိုက်ပျိုးရေး အလုပ်သမား (၆) ယောက်ကို သံခြေကျင်း ခတ်ပြီး သြစတြေးလျ ပို့ခဲ့လို့ ဆန္ဒပြ ချီတက်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သြစတြေးလျ ပို့တာဟာ တကျွန်းပို့တဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက် ရှင်လျက်နဲ့ ဘဝ ဆုံးရတဲ့ ပြစ်ဒဏ် ဖြစ်ပါတယ်။ ဒါကြောင့် သောင်းနဲ့ချီ တဲ့ အလုပ်သမားတွေက ပါလီမန်ကို ချီတက် ဆန္ဒပြပြီး ဒီအာဇာနည် (၆) ယောက် ဗြိတိန်နိုင်ငံ ပြန်လာခွင့်ပေးဖို့ ပန်ကြားလွှာကို လူ (၈) သိန်း လက်မှတ်ထိုး တင်သွင်းခဲ့ပါတယ်။ ပါလီမန်က အလျှော့ ပေးလိုက်ပြီး လူ (၆) ယောက်ကို အိမ်ပြန်လာခွင့် ပေးခဲ့ရပါတယ်။

အဲဒီကစလို့ နောက်နှစ် (၁၅၀) အတွင်း ကမ္ဘာပေါ်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်းသူတွေ၊ မတရားမှု ပြေပျောက် စေချင်သူတွေ အတွက် နိုင်ငံရေး ချီတက်ပွဲဟာ အရေးပါတဲ့ လက်နက် ကရိယာ တခု ဖြစ်လာ ခဲ့ပါတယ်။

ချီတက်ပွဲတိုင်း အလုပ်ဖြစ်တာတော့ မဟုတ်ပါဘူး။ ၁၈၈၆ က အမေရိကန်ပြည် ရှီကာဂိုမြို့ ဟေးမားကက် ရင်ပြင်မှာ အလုပ်သမားတွေ အကြမ်းဖက် ခံရပြီး ကျဆုံးခဲ့ကြလို့ နောင်မှာ မေဒေးနေ့ (ကမ္ဘာ့ အလုပ်သမားနေ့) အဖြစ် သတ်မှတ် ခဲ့ရပါတယ်။ ၁၉၀၅ ခု ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ဇာဘုရင်ရဲ့ ဆောင်းရာသီ နန်းတော်ကို ချီတက် ဆန္ဒပြတာလည်း အကြမ်းဖက် သွေးချောင်းစီး အသတ်ခံရမှုနဲ့ အဆုံး သတ်ခဲ့ပါတယ်။ ဗမာပြည်မှာလည်း ၂၀၀၇ စက်တင်ဘာလ သံဃာတော်တွေရဲ့ ချီတက်ပွဲဟာ အကြမ်းဖက် ခံရပြီး ပြိုကွဲ ခဲ့ပါတယ်။

ဒါပေမယ့် စုဝေးချီတက်ပွဲတွေကနေ ထူးခြားတဲ့ အပြောင်းအလဲကို ဦးတည် သွားစေတဲ့ ဖိအား မကြာခဏ ပေါ်ထွက် စေခဲ့ပါတယ်။ အောင်မြင်တဲ့ ချီတက်ပွဲတွေကို လေ့လာတဲ့အခါ တူညီချက်တွေကို တွေ့ရပါတယ်။ အဲဒါတွေ ကတော့ အင်မတန် ရှင်းလင်း တိကျတဲ့ ရည်မှန်းချက် သီးသန့်ရှိတာ၊ အပျက်ဘက် တောင်းဆိုမှုထက် အ ပြုဘက် တောင်းဆိုမှု (ဥပမာ - လွတ်လပ်ရေး၊ လူ့အခွင့်အရေး၊ ထိုက်တန်တဲ့ လုပ်ခရရေး) အပေါ် အလေးထား တာတို့ ဖြစ်ပါတယ်။ (ရေကာတာစီမံကိန်း ဖျက်သိမ်းရေးထက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ပိုထိရောက်တာ) အရေးကြီးဆုံးကတော့ ဆန္ဒပြရတဲ့ အကြောင်းတရားဟာ ဆန္ဒပြ ချီတက် သူတွေ အနေနဲ့ ထောင်ကျ ခံရဲလောက် တဲ့ အကြောင်းတရား ဖြစ်ရပါမယ်။

နောက်လိုအပ်ချက်ကတော့ အသေးစိတ်ကျတဲ့ နည်းပရိယာယ် အစီအစဉ် ဆွဲထားရေး ဖြစ်ပါတယ်။ ဒီနေရာမှာ စံပြုစရာက ၁၉၃၀ ခု အိန္ဒိယနိုင်ငံက ဆားချီတက်ပွဲ ဖြစ်ပါတယ်။ ဒီချီတက်ပွဲဟာ အိန္ဒိယ နိုင်ငံထွက် ဆားကို မတန်တဆ အခွန် ကောက်တာကို ကန့်ကွက်ဖို့ မဟတ္တမဂန္ဒီ ဦးစီးပြီး ချီတက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆားခွန်ကြောင့် အင်္ဂလန်က ဆားကို ဝယ်စားရတာ ဈေးသက်သာ စေခဲ့ပါတယ်။ တနည်းအားဖြင့် ကိုလိုနီ အရှင်သခင် ဗြိတိန်က ကျွန်နိုင်ငံ အိန္ဒိယကို နှောင်ကြိုး တည်းထားတာ ဖြစ်ပါတယ်။

ဒီဆားခွန်ကို ဘယ်လို ကန့်ကွက်ရမယ် ဆိုတာကို ဂန္ဒီက လပေါင်းများစွာ စဉ်းစား စီစဉ်ခဲ့ပါတယ်။ သူဟာ သူ့သီးသန့် ဂေဟာရှိရာ အာမက်ဒဘတ်ဒ် ကနေ ဒင်ဒီ ပင်လယ်ကမ်းခြေကို ချီတက်ပြီး ပင်လယ် ကမ်းစပ်မှာ ဆားချက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရက်ကို (၁၀) မိုင်နှုန်းနဲ့ (၂၄) ရက် လမ်းလျှောက်ဖို့ စီစဉ်ပြီး လမ်းကြောင်းကို ဟိန္ဒူရွာ တွေရော မူဆလင် ရွာတွေကိုပါ ဖြတ်သွားမယ့်လမ်း ရွေးခဲ့ပါတယ်။ ဒီနည်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ညီညွတ်ရေးကို တည်ဆောက် ပြသနိုင်မှာ ဖြစ်သလို နိုင်ငံတကာ မီဒီယာတွေရဲ့ စိတ်ဝင်စားမှု ကိုလည်း ဆွဲယူ အရှိန်မြှင့် သွားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဂန္ဒီဟာ ချီတက်ပွဲမှာ လူတိုင်းပါခွင့် ဖွင့်မပေးပါဘူး။ ဗြိတိသျှ အာဏာပိုင်တွေဟာ ချီတက်ပွဲ ရပ်သွားအောင် အကြမ်းဖက် နိုင်တယ်လို့ ဂန္ဒီက မျှော်လင့် တွက်ဆ ထားပြီး အမာခံ (၇၀) ကျော်ကိုပဲ အကြမ်း မဖက်ရေး အခြေခံမူ အကြောင်း သင်တန်းပေးပြီး သူနဲ့အတူ လိုက်ပါ ချီတက်ခွင့် ပေးခဲ့ပါတယ်။ လမ်းခရီး တလျှောက် သိန်းနဲ့ချီတဲ့ လူထုတွေက ထွက်ကြိုဆို အားပေးကြပေမယ့် ခရီးစဉ် အစအဆုံး ကိုတော့ ဒီလူ လက်တဆုပ်စာပဲ ချီ တက်ခဲ့တာ ဖြစ်ပါတယ်။ ဘာအကြမ်းဖက်မှုမှ မကြုံခဲ့ပေမယ့် ချီတက်ပွဲရဲ့ သီးသန့် ရည်မှန်းချက် ဖြစ်တဲ့ ဆားခွန် ဖျက်သိမ်းရေးလည်း မဖြစ်မြောက်ခဲ့ပါဘူး။

ဒါပေမယ့် ဆားခွန်ထက် ပိုအရေးပါတဲ့ဟာ ဖြစ်မြောက်ခဲ့ပါတယ်။ အဲဒါကတော့ ခိုင်မာ ညီညွတ်တဲ့ လွတ်လပ်ရေး လှုပ်ရှားမှုကို အုတ်မြစ် ချပေးလိုက်တာ ဖြစ်ပြီး ဗြိတိသျှ အင်ပါယာ သရဖူကြီး ထဲက အတောက်ပဆုံးနဲ့ အကြီးဆုံး ရတနာဖြစ်တဲ့ အိန္ဒိယ နိုင်ငံကြီးဟာ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင် အုပ်ချုပ် စီမံနိုင်တဲ့ နိုင်ငံဖြစ်တယ် ဆိုတာ ဗြိတိသျှတွေ စမြင် သွားစေခဲ့ပါတယ်။

နောက်ထပ် (၂၅) နှစ်အကြာမှာတော့ အမေရိကန် နိုင်ငံ တောင်ပိုင်းသား ကပ္ပလီလူငယ် ဓမ္မဆရာ တယောက် ဟာ ဂန္ဒီ့ နည်းနာတွေကို လေ့လာပြီး “ပြည်သူ့အခွင့်အရေး” တွေရဖို့ အဓိက နည်းဗျူဟာ အဖြစ် ချီတက် ဆန္ဒပြပွဲ နည်းကို အသုံးချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန် တောင်ပိုင်းမှာ လူမျိုး ခွဲခြားရေးကြောင့် အခွင့်အရေး မဲ့နေခဲ့တာ နှစ် (၈၀) ကျော် ကြာခဲ့ပြီဖြစ်လို့ ၁၉၆၃ နွေရာသီမှာ မာတင် လူသာကင်းနဲ့ တခြားသော ပြည်သူ့ အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်တွေဟာ ဝါရှင်တန်သို့ ချီတက်ပွဲကြီး ဆင်နွှဲပြီး တောင်ပိုင်းသား လူမည်းတွေ ရဲ့ အခြေခံ ဥပဒေပါ အခွင့်အရေးတွေ အာမခံမယ့် ဥပဒေ ပြုပေးဖို့ သမ္မတ ဂျွန်ကင်နေဒီကို ဖိအား ပေးနိုင်ခဲ့ပါတယ်။

ကနေဒီအစိုးရက အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ်ခဲ့ပေမယ့် ချီတက်ပွဲဟာ ဘာပြဿနာမှ မရှိဘဲ အောင်မြင် ခဲ့ပါတယ်။ မာတင် လူသာကင်းရဲ့ နာမည်ကျော် “ကျနော် အိပ်မက်တခု မက်ခဲ့တယ်” မိန့်ခွန်းနဲ့ တွဲသွားလို့ ဒီချီတက်ပွဲကြီးဟာ အမေရိကန် သမိုင်းမှာ ရာဇဝင် တွင်သွားခဲ့ပါတယ်။

အဲဒီကစလို့ အမေရိကန်နိုင်ငံမှာ ၁၉၆၀ ခုနှစ်များအတွင်း ချီတက်ပွဲတွေကို နိုင်ငံရေး ဆန္ဒပြမှုနဲ့ တောက်လျှောက် တွဲမိ စေခဲ့ပါတယ်။ မကြာခင် မာတင် လူသာကင်းဟာ အယ်လာ ဘားမား ပြည်နယ်ထဲမှာ ဆယ်လ်မာ ကနေ ပြည်နယ်မြို့တော် မောင်ဂိုမာရီကို ချီတက် ခဲ့ပါတယ်။ ဒေသခံ အာဏာပိုင်တွေက ချီတက်သူတွေ အပေါ် အကြမ်းဖက်လို့ နိုင်ငံတကာမှာ ပွက်လော ရိုက်ခဲ့ပြီး ဝါရှင်တန်မြို့တော် လွှတ်တော်ထဲမှာ ပြည်သူ့ အခွင့်အရေး ဥပဒေ အမြန် အတည်ပြုဖို့ တွန်းအား ဖြစ်သွားခဲ့ပါတယ်။

၁၉၆၀ နဲ့ ၇၀ ခုနှစ်များအတွင်း ဗီယက်နမ်စစ် ဆန့်ကျင်ရေး ချီတက်ပွဲတွေလည်း တောက်လျှောက် ဖြစ်ခဲ့ပါတယ်။ တခါတရံ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။ ၁၉၆၈ ခု ရှီကာဂိုမြို့ ဒီမိုကရက်တစ် ပါတီ ညီလာခံကို ကန့်ကွက် ချီတက်ရာက အကြမ်းဖက်တာ၊ အိုဟိုင်းယိုး ပြည်နယ်က ကင့်ပြည်နယ် တက္ကသိုလ်မှာ ၁၉၇၀ တုန်းက အမေရိကန် ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာတို့ ဖြစ်ပါတယ်။ ချီတက်ပွဲ အများစု ကတော့ လူ သိန်းနဲ့ချီပါ ဝင်ပြီး အမှုအခင်း မဖြစ်ဘဲ ပြီးမြောက် ခဲ့ကြပါတယ်။ ဒီချီတက်ပွဲတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမေရိ ကန်နိုင်ငံရေး သမားတွေကို ဗီယက်နမ် စစ်ရဲ့ အကြီးအကျယ် လူကြိုက်နည်းမှု အကြောင်း သတိပေးဖို့ပဲ ဖြစ်ခဲ့ပါ တယ်။

၁၉၆၀ ခုနှစ်များအတွင်း ကမ္ဘာအနှံ့မှာ နိုင်ငံရေးချီတက်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ ခု မေလမှာ ပြင်သစ် ကျောင်းသားတွေ ပါရီမြို့တွင်း ချီတက်တာကို ဒီဂေါ အစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက် ခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ် တပြည်လုံးက ဒီဂေါကို ဆန့်ကျင်လာပြီး အစိုးရ ပြုတ်ကျ ခဲ့ရပါတယ်။

အခုတလော သတင်းတွေထဲမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က တက္ကသိုလ် ကျောင်းသားတွေ ကျောင်းလခ တိုးတာကို ကန့်ကွက် ဆန္ဒပြပြီး ချီတက်နေတဲ့ သတင်းတွေ တောက်လျှောက် ပါနေပါတယ်။ လန်ဒန် တက္ကသိုလ်၊ လန်ဒန် စီးပွားရေး တက္ကသိုလ်ကျောင်း၊ ဘုရင့်ကောလိပ် ... စသဖြင့် တက္ကသိုလ် ပေါင်းစုံက ကျောင်းသား တွေဟာ “ကွန်ဆာဗေးတစ်ပါတီ ချီးထုပ်တွေ၊ ငါတို့လာပြီဟေ့” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ချီတက် ကြပါတယ်။

ချီတက်ဆန္ဒပြပွဲကြောင့် ကားအသွားအလာတွေ ပြတ်တောက်ရပ်ဆိုင်းတာ ဖြစ်ကုန်ပါတယ်။ ဒါပေမယ့် ကျန် တဲ့ ပတ်ဝန်းကျင် လောကကြီးကတော့ အသွားအလာ အလုပ်အကိုင် မပျက်ပါဘူး။ ကျောင်းသားတွေနဲ့ ရွယ်တူ လောက်ရှိမယ့် လူငယ် တယောက်ကတော့ ဈေးကြီးတဲ့ အားကစားရုံ တခုအတွက် အဖွဲ့ဝင်ဖို့ ကြော်ငြာ စာရွက်တွေ ဝေနေပါတယ်။ အသားညှပ် ပေါင်မုန့် ဆိုင်မှာလည်း နေ့လယ်နေ့ခင်း ခါတိုင်းလိုပဲ တန်းစီ နေကြပါတယ်။

ညနေစောင်းမှာတော့ ချီတက်ဆန္ဒပြသူတွေကို အစိုးရရုံးတွေရှိရာ ဝှိုက်ဟော လမ်းပေါ်မှာ ရဲတွေက ပိတ်ဝိုင်း ထားလိုက်ပါတယ်။ ကွန်ဆာဗေးတစ် ညွန့်ပေါင်း အစိုးရရဲ့ ကျောင်းလခ နှစ်ဆတိုးရေး ပေါ်လစီကတော့ အရာမယွင်း ရှိနေဆဲ ဖြစ်ပါတယ်။ ကျောင်းလခ တိုးတာကို ကန့်ကွက် ဆန္ဒပြတာ နှစ်လအတွင်း အကြိမ်ကြိမ် ဆန္ဒပြခဲ့ ကြပေမယ့် ဘာမှ မထိရောက်ခဲ့ပါဘူး။ ဗြိတိန် အိမ်ရှေ့မင်းသားရဲ့ ကားကို မီးရှို့တာ အပါအဝင် အကြမ်းဖက်မှု တွေလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။

ဒီကနေ့ အနောက်နိုင်ငံတွေမှာ ဆန္ဒပြချီတက်ပွဲဆိုတာ ခေတ်ဟောင်းက အလုပ် ဖြစ်သွားပုံ ရပါတယ်။ သီးသန့် အပြောင်းအလဲ တခု ဖြစ်စေမယ့် နည်းနာ မဟုတ်တော့ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံမှာ အပြောင်းအလဲ ဖြစ်ရေး အတွက် မဲပုံးနဲ့ မီဒီယာက အဓိက နည်းနာတွေ ဖြစ်သွားပါပြီ။ ဒါကြောင့် အပြောင်းအလဲ ဖြစ်စေချင်လို့ လမ်းပေါ် ထွက်အော် သူတွေဟာ ဒီထက်ပို စွန့်စားဖို့ စိတ်မပါကြပါ။

လွတ်လပ်တဲ့ နိုင်ငံတွေမှာ စီတန်းလမ်းလျှောက်ခြင်းဆိုတာ အခွင့်အရေး တခု ဖြစ်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင် တွေက လိုက်လျောခွင့် ပြုထားပြီး မစိုးရိမ်ကြပါဘူး။ ၂၀၀၃ ဖေဖော်ဝါရီလမှာ အီရတ် စစ်ပွဲ ဆန့်ကျင်ရေး အတွက် လူတသန်းခွဲ လန်ဒန်မြို့ထဲ ချီတက် ဆန္ဒပြခဲ့တာ ဘာမှ အပြောင်းအလဲ ဖြစ်မသွား ခဲ့ပါဘူး။ အမေရိကန် ပြည်ထောင်စုမှာလည်း မာတင် လူသာကင်းရဲ့ ဝါရှင်တန် ချီတက်ပွဲ ပုံစံမျိုး လူတသန်း ချီတက်ပွဲ (၁၉၉၅)၊ အမျိုး သမီးတသန်း ချီတက်ပွဲ (၁၉၉၇) တွေ လုပ်ခဲ့ ကြပါတယ်။ ဒါပေမယ့် ချီတက် ဆန္ဒပြ သူတွေဟာ တီဗွီသတင်းမှာ ပါဖို့ထက် ပိုပြီး စိတ်မထက်သန် ကြပါဘူး။

ဆန္ဒပြချီတက်ပွဲကို အသုံးဝင်တဲ့ နိုင်ငံရေးနည်းနာတခု ပြန်ဖြစ်စေဖို့ဆိုရင် လမ်းလျှောက်တာထက် ပိုပြီး စွန့်စားဖို့ လိုပါလိမ့်မယ်။ စီတန်း လမ်းလျှောက်မှုရဲ့ နောက်တဆင့်က အာဏာ ဖီဆန်ရေး ဖြစ်ရပါလိမ့်မယ်။ ဗမာပြည် လို အာဏာရှင် တိုင်းပြည်တွေမှာတော့ စီတန်း လမ်းလျှောက်မှု ကိုယ်တိုင်က အာဏာ ဖီဆန်တာ ဖြစ်နေပြီဆို တာ သတိ ပြုရပါမယ်။ ဒါကြောင့် အာဏာဖီဆန်ရေးရဲ့ အကျိုးဆက် အဖြစ် ထောင်နန်း စံရေး အလားအလာကို ထည့်သွင်း စဉ်းစားထားမှ နိုင်ငံရေး အပြောင်းအလဲ အတွက် ချီတက် ဆန္ဒပြပွဲရဲ့ ဖိအား ရလာမှာ ဖြစ်ပါတယ်။ ။

ဂါမဏိ
ရည်ညွှန်း ။ ။ မိုက်ကယ်ဂိုးလ်ဖာ့ဘ်၏ ၂၀၁၀ နိုဝင်ဘာ (၂၇) ရက် BBC ဆောင်းပါး


Ref: နေ့သစ်

Read More...

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၂)

ရော်နီညိမ်း
စနေ, 18 ဒီဇင်ဘာ 2010


တပ်မှူးတပ်သား ပြောစကား (၀၃၉)

မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယား စီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထား တချို့ကို ယူဆောင်ပြီး၊ ပြည်ပကို ထွက်ခွါလာခဲ့သူကတော့ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင် နီယာအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းပါ။ တပ်မတော် နည်းပညာ တက္ကသိုလ် DSTA ဗိုလ်သင်တန်း အပတ်စဉ် (၁) က ကျောင်းဆင်း ခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှု ဘာသာရပ် နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြားချက် ဒုတိယပိုင်းကို ဒီသီတင်းပတ်ရဲ့ “တပ် မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးတို့က DSTA အပတ်စဉ်(၁)က ဆင်းတာဆိုတော့ ရုရှနိုင်ငံကို ဒီလို တပ်ကစစ် အင်ဂျင်နီယာ တွေကို နျူကလီးယား ဘာသာရပ်တွေ ဒုံးကျည် ဘာသာရပ်တွေ တက်ဖို့ လွှတ်တာဟာ ဘယ်တုန်း လောက်က စခဲ့ပြီးတော့ ဗိုလ်မှူးက ဘယ်အသုတ် လောက်မှာ သွားရတာပါလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်က ပထမဆုံး အသုတ်နဲ့ သွားရတာပါ။ ၂၀၀၁ခုနှစ် မေလကနေ စပြီး တော့ တက် ရပါတယ်။ ကျနော်တို့ ရုရှမှာ စာသင်လာခဲ့ရတဲ့ ပုံစံက project လုပ်တယ် ဆိုတာက ကိုယ်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်မှာ၊ ဥပမာ rocket engine design လုပ်တယ်ဆိုရင် ကျနော်လုပ်တဲ့ project ဟာ ရုရှ rocket company တွေက design တွေမို့လို့ သူက မြန်မာပြည် ပြန်ရောက်တဲ့ အချိန်မှာ ဆက်လက် စမ်းသပ် ပြီးတော့ အသုံးချလို့ ရနိုင်တဲ့ project အပြည့်အစုံ ဖြစ်ပါတယ်။ အဲဒါတွေကို ကျနော်တို့ ကျောင်းပြီးလို့ ပြန်လာတဲ့ အချိန်မှာ ‘သသန’ ရောက်တဲ့အ ချိန်မှာ ကျနော်တို့ ကိုယ့် project ကိုယ် အကုန်အင်္ဂလိပ်လို ပြန်လုပ်ပြီး တော့ သိပ္ပံနှင့် သုတေသနဌာန ဌာနချုပ်မှူးဆီမှာ ကျနော်တို့ တင်ပြရတာပါ။ အဲဒါတွေက ကျနော်တို့ လက်တွေ့ လုပ်မယ်ဆိုရင် စမ်းသပ် သုတေသန လုပ်နိုင်တဲ့ project တွေဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့ခင်ဗျ၊ ဌာနချုပ်မှူးဆိုတာက ‘သသန’ ဌာနချုပ်မှူးပေါ့နော်။ ဘယ်သူပါလဲ မသိ ဘူးခင်ဗျ။ ဗိုလ်မှူးတို့ အချိန်တုန်းက။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဗိုလ်ချုပ်စိန်ဝင်း ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အခုတော့ သူက ‘လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်’ ဖြစ်သွားပါပြီ။ ဗိုလ်မှူးတို့ က ပထမဆုံး အသုတ် လွှတ်တာ ဆိုတော့ လူကြီးတွေက ပထမဦးဆုံး အသုတ်သွားမယ့် သင်တန်းသားတွေကို မှာကြားတာမျိုး ရှိပါသလား ခင်ဗျ။ ဗိုလ်မှူးတို့ကို ဘယ်လိုများ မှာကြား လိုက်ပါသလဲ။ ဒီလိုမျိုးပညာတွေ တတ် ပြီး ပြန်လာရင် ဘာလုပ်ဖို့လို့ ပြောပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့မသွားခင် (၂) ရက် အလိုမှာ ဗိုလ်ချုပ်မှူးကြီးမောင်အေး “နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်” ကို ရောက်လာပြီးတော့ ကျနော်တို့ တပ်မတော် အရာရှိတွေချည့်ပဲ စုပြီးတော့ မိန့်ခွန်း ပြောပါတယ်။ သိပ္ပံနှင့် နည်းပညာ ၀န်ကြီး ဦးသောင်းလည်း ပါပါတယ်။ ကျနော်တို့ကို ပြောတဲ့ အထဲမှာ တော့ ဒီနေ့ခေတ် မြန်မာ့တပ်မတော် အနေနဲ့ ခေတ်မှီ လက်နက်တွေ ပိုင်ဆိုင်ဖို့ လိုအပ်ကြောင်း ဒါကြောင့်မိုလို့ nuclear ၊ rocket နဲ့ဆိုင်တဲ့ ပညာရပ်တွေ သွားသင်ဖို့ ကျနော်တို့ကို ရုရှကို လွှတ်မယ် ဆိုတဲ့အကြောင်း ကျနော် တို့ကို ပြောပါတယ်။ ပထမ စစချင်းမှာ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းက ကျနော်တို့ကို နျူကလီးယား ပညာရပ် တစ်မျိုးအတွက် တရုတ်ပြည်ကို သွားပြီးတော့ ညှိနှိုင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တရုတ်က ငြင်းလိုက်တယ်။ အိန္ဒိယကို သွားတယ်၊ အိန္ဒိယက လက်ခံတယ်။ ဒါပေမယ့် ရုရှသွားတဲ့အခါ ရုရှကလည်း လက်ခံတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ကို ရုရှကို ပို့လိုက်တယ်ပေါ့။ သပိတ်ကျင်း စီမံကိန်း ဆိုတာတွေက အားလုံး လုပ်ပြီးသွားတဲ့ အချိန်လောက်ကျမှ ကျနော်တို့ကို အသိပေးတဲ့ပုံစံ တွေ့ရပါတယ်။ သပိတ်ကျင်းကို ၂၀၀၆ နှစ်လယ်ပိုင်းလောက် ကျမှ ကျနော်တို့ ရုရှပြန် အရာရှိတွေကို စုစည်းပြီး သိပ္ပံနှင့် နည်းပညာတပ် အမှတ်(၁) ဆိုပြီး ဖွဲ့စည်းပြီးတော့ လွှတ်လိုက်တာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ရုရှနိုင်ငံကကော နျူကလီးယားပညာရပ် ဒုံးကျည် ပညာရပ်တွေကို တကယ် ပဲ သူတို့ဆီက ပညာရှင်တွေကို သင်ကြား မွေးထုတ်ပေးသလို ဗိုလ်မှူးတို့ကိုကော စံချိန်အပြည့် စံချိန်မှီ သင်ကြား ပေးပါသလား ခင်ဗျ။ သွားတက်ရတဲ့ ကျောင်းတွေကကော ကမ္ဘာ့ အဆင့်နဲ့ အညီ သတ်မှတ်ထားတဲ့ ဥပမာ အင် ဂျင်နီယာပိုင်းဆိုရင် အမေရိကားမှာ MIT (Massachusetts Institute of Technology) တို့ အိန္ဒိယက IIT (Indian Institutes of Technology) တို့လိုမျိုး ထိပ်တန်း အင်ဂျင်နီယာ ဘာသာရပ်သင် တက္ကသိုလ်ကြီးတွေနဲ့ ယှဉ်ရင် ဘယ်လို အနေအထား ရှိပါသလဲခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ သွားတက်လာခဲ့တဲ့ Bauman University (Bauman Moscow State Technical University) က မြန်မာပြည် အနေနဲ့ ပြောမယ်ဆိုရင်တော့ စက်မှု တက္ကသိုလ်ကြီးပဲပေါ့။ သူ က University ဖြစ်ပြီးတော့ ကျနော်တို့ မြန်မာပြည်မှာ ဆောက်ခဲ့တဲ့ RIT - Rangoon Institute of Technology ဆိုတာကတော့ Institute အဆင့်ပဲ ရှိတာကိုး။ University အောက်မှာမှ Institute တွေရှိတာ ကိုး။ သဘောက မြန်မာပြည်မှာ ရှိတဲ့ RIT ဆိုတာ ကျနော်တို့ Bauman University ကြီးရဲ့ အခွဲတစ်ခု လိုမျိုး ပေါ့၊ အဲဒီလို ရှိပါတယ်။ ရုရှားမှာလည်း main ပင်မ တက္ကသိုလ် ရှိတယ်။ သူ့ကို အမ်ဂယ်(လ်)တဲအူး (ရုရှဘာ သာနှင့် М.Г.Т.У - Московский Государственный Технический Университет имени Н.Э. Ба¬умана – အင်္ဂလိပ်ဘာသာ MSTU- Moscow State Technical University) လို့ခေါ်တယ်။ ဆိုလိုတာက မော်စကို စက်မှု တက္ကသိုလ်ပေါ့ ခင်ဗျာ။ ကျနော် တက်ခဲ့တာ က အဲဒီ မော်စကို စက်မှု တက္ကသိုလ်မှာပါ။ သူတို့ သင်တဲ့ ပုံစံကတော့ ရုရှ ကျောင်းသားတွေကို သင်တာနဲ့ အနည်းအကျဉ်း ကွာခြားမှု ရှိပါတယ်။ ဥပမာ ကျနော်တို့ rocket engine design ဌာနမှာဆိုရင် ကျနော်တို့ကို liquid fuel (လောင်စာအရည်) နဲ့ အသုံးချတဲ့ rocket engine design ကိုပဲ သင်ပေးတယ်။ solid fuel (လောင်စာခဲ) သုံးတဲ့ rocket engine design ကို သင်မပေး ပါဘူး။ နောက်ပြီးတော့ project လုပ်တဲ့ အခါမှာလည်း ကျနော်တို့ကို First Stage Rocket Engine Design ကို project မလုပ်ခိုင်းဘဲ Second Stage Rocket Engine Design ကိုပဲ လုပ်ခိုင်းတာ ရှိပါတယ်။

(မှတ်ချက်။ ။ liquid fuel (လောင်စာအရည်) - ဒုံးကျည်တွေမှာ လောင်စာအရည် အဖြစ် စသုံးဖို့ ၁၉၀၃ ခုနှစ်မှာ ရုရှ သိပ္ပံပညာရှင် Konstantin Tsiolkovsky လမ်းညွှန်မှု ပေးခဲ့ပြီး အမေရိကန် ပါမောက္ခ Robert H. Goddard က ၁၉၂၆ မှာ စတင် ဆောင်ရွက်ခဲ့ပါသည်။ solid fuel (လောင်စာခဲ) – (၁၃)ရာစုကနေ (၂၀) ရာစု မတိုင်ခင် (သို့မဟုတ်) လောင်စာရည်သုံး ဒုံးကျည်တွေက efficiency နှင့် control ပိုမို ကောင်းမွန်ကြောင်း မဖော်ထုတ်နိုင်ခင် အထိ၊ ဒုံးကျည်တွေမှာ လောင်စာခဲ အဖြစ် ယမ်းမှုန့်များကို သုံးခဲ့ပါသည်။ Multistage Rocket ဆိုသည်မှာ အဆင့် နှစ်ဆင့်ထက် ပိုပြီး ပါဝင်တဲ့ ဒုံးကျည် အမျိုးအစားတွေပါ။ ပုံမှန်အားဖြင့် First Stage ဆိုတာ အောက်ဆုံးက အကြီးဆုံး အပိုင်းဖြစ်ပြီးတော့ Second Stage ဆိုတာကတော့ တွဲဆက်ပါနေ တဲ့ အပေါ်က အပိုင်းကို ဆိုလိုပါသည်။)

ဦးရော်နီညိမ်း။ ။ အဲဒီတော့ဘယ်လိုပဲပြောပြော၊ ဒီတက္ကသိုလ်ကြီး ကမ္ဘာ့ထိပ်တန်း အင်ဂျင်နီယာ တက္ကသိုလ်တွေ ထဲမှာ စာရင်းဝင်တဲ့ တက္ကသိုလ်ကြီး တစ်ခုမှာ ဗိုလ်မှူးတို့ သွားရောက် ပညာသင်ကြားခဲ့တဲ့ သဘောပဲ ပေါ့။ နောက်ပြီးတော့ နျူကလီးယား ပညာရပ်ကို သွားသင်တယ်ဆိုတာ ဘာမှတော့ ပြဿနာမရှိဘူး။ ငြိမ်းချမ်း တဲ့ ကိစ္စမှာသုံးဖို့ အရပ်ဘက်သုံး ဘာညာ ဆိုလို့ရှိရင် သူတို့ တည်ဆောက်မယ့် nuclear reactor တွေကိုလည်း သူတို့က IAEA ရဲ့အစစ်မခံနိုင် လို့ ဗိုလ်မှူးတို့လို တပ်မတော် အရာရှိတွေကို ပြန်လာရင်လည်း တောထဲမှာပဲ ကြိတ်ပြီး စက်ရုံတွေဆောက်ပြီး လုပ်တယ် ဆိုတဲ့ သဘောမျိုးပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ အသုတ်တွေမှာ အရပ်ဖက်အင်ဂျင်နီယာ တွေလည်း ပါပါတယ်။ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက GTI (Government Institute of Technology) ကျောင်းအုပ်တွေ ဆရာတွေ ပေါ့။ ဆရာတွေ ပါပါ တယ်။ ထူးခြားတာ တစ်ခု ကတော့ ကျနော် တွေ့ခဲ့တာက ကျောက်ဆည်က ကြံ့ခိုင်ဖွံ့ဖြိုး ရေး စည်းရုံးရေးမှူး တစ်ယောက် ပါတယ်။ သူက မြန်မာစာ အဓိကနဲ့ ပြီးထားတဲ့လူ။ သူ့ကို MEPhI (Moscow Engineering Physics Institute) ဆိုတဲ့ Nuclear Physics ကျောင်းကို စာသင်ဖို့ လွှတ်ခဲ့တာ ကျနော် တွေ့တယ်ဗျ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ကျောက်ဆည်မြို့ ကျောက်ဆည်နယ်ထဲက မြန်မာစာ အဓိကနဲ့ ကျောင်း ပြီးထား တဲ့ ပုဂ္ဂိုလ်ကို ရုရှမှာ နျူကလီးယား ဘာသာရပ် သင်ဖို့ စေလွှတ်တယ် ဆိုတော့၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီး တွေရဲ့ ကိုယ့်ဒေသခံ လူမို့လို့ ဆိုတဲ့ သဘောလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီလို ယူဆလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်ထဲမှာ အခု အသင်း အဖွဲ့ မဖွဲ့ရ ဆိုပေမယ့် ‘ကျောက်ဆည်အသင်း’ ဆိုပြီးတော့ ဦးသန်းရွှေကို နာယက ခန့်ပြီးတော့ လုပ်နေခဲ့တာ တွေကလည်း ရှိတယ်။ အမျိုးမျိုး အဖုံဖုံပဲ။ ကျနော်တို့ တပ်မတော် အစဉ်အလာတွေလည်း တော်တော်တော့ ပျက်နေပြီခင်ဗျ။

ဦးရော်နီညိမ်း။ ။ နောက်ပြီးတော့ ဒီလိုပညာရှင်တွေပေါ့နော်။ ဗိုလ်မှူးတို့လို အင်ဂျင်နီယာ အရာရှိတွေကို သီးသန့် DSTA လို ကျောင်းတွေ ထောင်ပြီးတော့မှ မွေးထုတ် လာခဲ့တာလည်း နှစ်တွေ ကြာလာခဲ့ပြီ၊ တခါ ဗိုလ်မှူးတို့ ဆိုရင်လည်း RIT လိုဟာမျိုးကို သွားပြီးတော့ Master တက်ခဲ့ရသေးတယ်။ နောက်တခါ နိုင်ငံခြားကို လည်းသွားပြီးတော့ အခုလို မျိုးဘွဲ့လွန်တွေ ထပ်ပြီး တက်ရတယ်။ အဲဒီတော့ (၁၅) နှစ်လောက် ကြာလာခဲ့တဲ့ အချိန်မှာ အခုချိန်ထိ မအောင်မြင်တဲ့ ကိစ္စ၊ အောင်မြင်ဖို့ အလှမ်းဝေးနေတဲ့ ကိစ္စလို့ နိုင်ငံတကာက ပညာရှင် တွေက သုံးသပ်နေရတဲ့ အဖြစ်ကို ဗိုလ်မှူး ဘယ်လို ထင်ပါသလဲခင်ဗျ။ ဒီ စစ်အစိုးရ ကြိတ်ပြီး လုပ်နေတဲ့ နျူကလီးယားစီမံကိန်း မအောင်မမြင် ဖြစ်နေရတဲ့ အပေါ်ကို၊ ဗိုလ်မှူး ဘယ်လို ခံစားမိပါသလဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ စီမံခန့်ခွဲမှု အပေါ်မှာပဲ မူတည်ပါတယ်။ ပြီးတော့ လူမှန် နေရာမှန် မရောက်တာ၊ အဲဒီ ပြဿနာက အဓိက ပါပဲ။ ကျနော်တို့ nuclear ၊ rocket စီမံကိန်းတွေမှာ ဆိုလျှင်လည်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက တာဝန် ယူပြီးတော့ စီစဉ်ပေမယ့် ရုရှကို ရောက်သွားတဲ့ အချိန်ကျတော့ ကိုယ်သင်ရမယ့် subjectနဲ့ ကိုယ့်ရဲ့ အခြေခံ knowledge နဲ့ မကိုက်တာတွေ အများကြီး ရှိပါတယ်။ ကွန်ပျူတာ ဘာသာရပ်နဲ့ ကျောင်းပြီးလာတဲ့ DSA က ညီတွေဆိုရင် Nuclear Physics သွားတက်ရတဲ့ အခါ ကိုးလို့ကန့် လန့်နဲ့ ဒုက္ခ ရောက်ကုန် ကြတာရှိတယ်။ တချို့ကျ တော့ ဒီ entrance စာမေးပွဲမှာတင် ပြန်ခဲ့ရတာတွေ ရှိတယ်၊ အဲဒီလိုပေါ့ ကျနော်တို့ စကတည်းကိုက လူ့ အရင်းအမြစ်ကို တည်ဆောက်တဲ့ အချိန်မှာ ကတည်းကိုက လွဲ ချော် နေတာလေးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ နောက်ပြီးတော့ နည်းပညာပိုင်း ဆိုင်ရာမှာလည်း ဒီနိုင်ငံကြီးတွေ ကတောင်မှ မအောင် မြင်နိုင်လို့ စွန့်လွှတ် ထားတဲ့ နည်းပညာမျိုးကိုပဲ အသုံးပြုတယ်၊ အဲဒါကလည်း ဒီကိစ္စ မအောင်မြင်ရ တဲ့ အကြောင်းရင်း တစ်ခု ဖြစ်နေတယ်လို့ ကျနော်တို့ ပြောသံ ကြားဖူးပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါကတော့ Carbon Monoxide Laser Beam ကိုသုံးပြီးတော့ isotopes တွေကိုခြား ပြီးတော့ uranium သန့်စင်တာ ပေါ့။ အဲဒီနည်းလမ်းကို အမေရိကား ကတောင်မှ အကုန်အကျများ လို့ ဆိုပြီးတော့ စွန့်လွှတ်ခဲ့တာ ကြာပါပြီ။ အဲဒါကို သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနက လုပ်တယ်။ အဲဒီမှာ သူတို့ က presentation တစ်ခု လုပ်တယ်၊ ဗိုလ်ချုပ်ကြီး မောင်အေးကို ခေါ်ပြီးတော့။ အဲဒီမှာ သံပြားကို ဖောက်သွား တယ်ပေါ့ သူတို့ရဲ့ laser beam က။ ဒါပေမယ့် အဲဒီအဆင့်ထက် ပိုပြီးတော့ သူတို့ ဆက်မလုပ်နိုင်ပါဘူး။ အဖျားရှူး သွားတာပါပဲ။

(မှတ်ချက်။ ။ Carbon Monoxide (CO) Laser = Carbon Dioxide (CO2) Laser ထက် အရည်အသွေး efficiency ပိုကောင်းသည်။ Carbon Dioxide (CO2) Laser = ၁၉၆၄ မှာ တီထွင်ခဲ့သော အစောဆုံး Gas Lasers တွေထဲက တစ်ခု ဖြစ်ပါငည်။ Carbon Monoxide (CO) Laser ကို ၁၉၆၉ မှာ တီထွင်ခဲ့ပြီး isotopes separation ကို ၁၉၇၀ နှစ်ကုန် ပိုင်းမှာ ပြုလုပ်နိုင်ခဲ့ပါသည်။)

ဦးရော်နီညိမ်း။ ။ ဆိုတော့ တခြားနိုင်ငံ မြောက်ကိုရီးယားနဲ့ကော လုပ်တာ ရှိပါသေးလားခင်ဗျ။ ‘သသန’ က။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြောက်ကိုရီးယားနဲ့လုပ်တဲ့ ဟာတွေက သမရိုးကျ လက်နက် အစီအစဉ်တွေပဲ ရှိပါတယ်။ ဒီ နျူကလီးယားနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ မြောက်ကိုရီးယားတွေကို ကျနော် မတွေ့ခဲ့ရပါဘူး။

ဦးရော်နီညိမ်း။ ။ ဥမင်လှိုင်ခေါင်းတွေ ကိစ္စကတော့ ဒီ ‘သသန’ နဲ့ မဆိုင်ဘူးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဥမင်လှိုင်ခေါင်းကိစ္စကို ကကယာ (ကာကွယ်ရေးဝန်ကြီးဌာန စစ် အင်ဂျင်နီယာ ညွှန်ကြားရေး မှူးရုံး) လုပ်တာပါ။ သူတို့မှာ ဌာန တစ်ခုရှိပါတယ်။ အဲဒီက နေပြီးတော့ မြန်မာအရာရှိ တွေကို မြောက်ကိုရီးယား အင်ဂျင်နီယာ ဥမင်လှိုင်ခေါင်း ဘာသာရပ် တွေ လာသင်ပေးပါတယ်။ နောက်ပြီး တော့ FCCS (Fire Control Computer System) 'အမြောက် ဒုံးကျည် ပစ်မှတ်လမ်းညွှန် ကွန်ပျူတာစနစ'် ဆိုတဲ့ သင်တန်းကိုလည်း မြောက်ကိုရီးယားတွေက လာ သင်ပေးပါတယ်။ အဲဒါကတော့ လက်ရုံးတပ် (တိုက်ခိုက်ရေး တပ်များ အတွက် အထောက်အကူ ပေးရသောတပ်) တွေက အရာရှိတွေကို ခေါ်ပြီးတော့ သင်ပေးတာပါ။ နောက် ရေဒါသင်တန်း တစ်ခုကလည်း ရှိပါသေး တယ်၊ အဲဒါလည်း မြောက်ကိုရီးယားတွေပဲ လာသင်ပေးတာ ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးက မြိုင်မြို့နယ် စက်ရုံက ဆိုတော့ နောက်ထပ် ‘သနလ’ ရှိသေးလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်စက်ရုံက သနလ(၂) ဖြစ်ပါတယ်။ သနလ(၁) က ပြင်ဦးလွင် စက်ရုံပါ။ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးက ပြောထားတာ ကတော့ သနလ (၁)၊(၂)၊(၃)၊(၄)၊(၅) အထိ ဆက်ပြီးတော့ ဖွဲ့စည်း သွားဖို့ရှိတယ်လို့ ပြော ပါတယ်။ ဒါပေမယ့် (၂)မှာပဲ သူတို့ ဆုံးသွားတယ်။ သနလ(၃) ရဲ့နေရာကိုတော့ အလောင်းတော် ကဿပ ဥယျဉ်နားက 'ပုထိုးလုံ'ဆိုတဲ့ ရွာနားလေးမှာ လုပ်ဖို့ လျာထားတယ် လို့တော့ ကြားလိုက် ပါတယ်။ ဒါပေမယ့် စီမံကိန်းက ပျက်သွားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးလုပ်ခဲ့တဲ့ ဒီ သနလ(၁) က ကာကွယ်ရေးဝန်ကြီးဌာန အောက်က မဟုတ်ဘူးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ် ခင်ဗျ၊ ဒီနေရာမှာ အင်မတန် ရှုပ်ထွေးပါတယ်။ ကျနော် သေသေ ချာချာ ရှင်းပြမှ ရမှာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ပြောပါဦး။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီစက်ရုံတွေကို စပြီးတော့ found လုပ်တာ (တည်ထောင်တာ)က စပြီးတော့ အခြေချတာက သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ကလုပ်တာပါ။ ပြီးသွားတဲ့ အချိန်မှာ အဲဒီစက်ရုံတွေမှာ ၀င်ပြီး တော့ နေရာယူမယ့် လူတွေကျတော့ ကျနော်တို့ ဖြစ်ပါတယ်။ ကျနော်တို့ကို ရုရှက ပြန်လာတဲ့ အချိန်မှာ အဲဒီ စက်ရုံတွေထဲကို ထည့်လိုက်ပါတယ်။ ပြင်ဦးလွင် စက်ရုံကို သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံ အမှတ်(၁) ဆိုပြီး တပ် ဖွဲ့စည်းလိုက်ပြီးတော့ ကျနော်တို့ကို အဲဒီကို လွှတ်လိုက်တယ်။ နောက်ပြီးတော့ မြိုင်စက်ရုံကို ကျတော့ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံ အမှတ်(၂) ဆိုပြီး တပ်တစ်တပ် ဖွဲ့ပြီး တပ်မှူး တစ်ယောက်နဲ့ ကျနော်တို့ကို လွှတ်လိုက်ပြန်ပါတယ်။ နောက်ပြီး သပိတ်ကျင်း စီမံကိန်းက ဆောက် ပြီးသွားပြီ။ အဲဒီမှာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက သိပ္ပံပညာရှင်တွေကလည်း အဲဒီကို ရောက်နေပြီပေါ့။

ဦးရော်နီညိမ်း။ ။ Nuclear Physics ပညာရှင်တွေ ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့။ အဲဒီအချိန်မှာမှ ကျနော်တို့ဆီက ရုရှက ပြန်လာတဲ့ နျူကလီးယား ဘာ သာရပ် နဲ့ ကျောင်းပြီး လာတဲ့ အရာရှိတွေကို၊ တခါ တပ်မှူးတစ်ယောက်နဲ့ တပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့ပြီးတော့ အဲဒီအထဲ ကို ထည့်လိုက်ပါ တယ်။ အဲဒီမှာ….

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်မှူးက နောက်ဆုံး သနလ(၁) ကနေ ပြည်ပကို ထွက်ခွါလာတာလား၊ သနလ (၂) ကနေ ကို ထွက်ခွါလာတာလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော် သနလ (၁) ကနေ ထွက်လာတာပါ။

ဦးရော်နီညိမ်း။ ။ ပြင်ဦးလွင်က နေပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ ဒါပေမယ့် အများကသိနေတာက ဗိုလ်မှူးကို မြိုင်ကလို့ပဲ သိနေတာ။ မြိုင်လည်း သွားပြီး တာဝန် ထမ်းဆောင်ဖူးတယ် ပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် မြိုင်ကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၀ဇန်န၀ါရီ အထိ ကျနော် မြိုင်မှာ ရှိနေ ခဲ့ပါတယ်။ (၃) နှစ်လောက် ပေါ့။ အဲဒီအချိန်မှာ ၂၀၁၀ ဇန်န၀ါရီမှာ ကျနော် ပြင်ဦးလွင်ကို ပြန်ပြောင်းရပါတယ်။ သနလ(၁) ကို ပြန်ပြောင်းပြီး အဲဒီမှာ (၁)လလောက် နေပြီးမှ ကျနော် ထွက်လာတာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါဆို ဗိုလ်မှူး ဒီဓါတ်ပုံတွေနဲ့ ဂျာမဏီက စက်ကြီးတွေနဲ့ ပုံတွေကတော့ မြိုင် က ပုံတွေ ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်က ပုံတွေလည်း ပါပါတယ်။ ပြင်ဦးလွင်က ပုံတွေလည်း ပါပါတယ်။ ရုရှက နေ ၂၀၀၅ နိုဝင်ဘာမှာ ကျနော် ရောက်ပါတယ်။ ပြန်လာခဲ့ပြီးတဲ့ အချိန်မှာ ကျနော်တပ် (၃) တပ်လုံးမှာ နေပြီး သွားခဲ့တဲ့ သဘောရှိပါတယ်။

ဦးရော်နီညိမ်း။ ။ မြန်မာစစ်အစိုးရရဲ့ နျူကလီးယားလက်နက်စီမံကိန်း အကြောင်း ဖော်ထုတ်တင်ပြပေး နေတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောစကား အပိုင်း(၃)ကိုတော့ ရှေ့သီတင်းပတ် ဗီအိုအေ မြန်မာပိုင်း အစီ အစဉ် စနေ၊ တနင်္ဂနွေ နံနက်တွေမှာ ဆက်လက် တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။


Ref: VOA News


Read More...

အပေါ်သို့