..............................

Friday, September 2, 2011

မျက်နှာနှစ်ခုနဲ့လူ

မောင်စံပေါ
Wednesday, 24 August 2011

တချို့ကပြောကြတယ်။ စစ်တုရင် ကစားနည်းဟာ အတော်ရှုပ်တာတဲ့ ဟုတ်ကဲ့။ စတုရန်း ၆၄ ကွက်။ တစ်ဖက်မှာ ကစားကောင်က ၁၆ ရုပ်စီ။ အမျိုးအမည် ၆ မျိုး။ နယ် ၈ ရုပ်၊ မြင်း ၂ ရုပ်၊ ဘုန်းကြီး ၂ ရုပ်၊ မိဖုရား ၁ ရုပ်၊ မင်းကြီး ၁ ရုပ်။ အနက် ၁၆ ရုပ်၊ အဖြူ ၁၆ ရုပ်။

ကစားတတ်ဖို့က အခြေခံအနေနဲ့ အရုပ်တွေ ရွှေ့ကွက်နဲ့ စားကွက်တွေ နားလည်ရမယ်။ ကစားတတ်ပြီ ဆိုရင် စနစ်တကျ ကစားတတ်ဖို့ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေကို သိရမယ်။ ပြိုင်ပွဲဝင်ဖို့ အတွက်ကျတော့ ပြိုင်ပွဲ စည်းကမ်းတွေ ရှိလာတယ်။

ပြောရရင် စစ်တုရင်ကစားရာမှာ လိုက်နာရမယ့် 'စည်းကမ်း'ရယ် ကျင့်သုံးရမယ့် 'ကျင့်ဝတ်'ရယ် ဆိုတာ ရှိတယ်။ တကယ့် အဖြစ် အပျက်တွေဟာ စိတ်ကူးယဉ်ထက် ဆန်းကြယ်တယ်လို့ ဆိုကြတယ်။ ဒီနေ့ခေတ် ကလေးတွေကို အကြွေစေ့တွေ အကြောင်း ပြောရင် ယုံချင်မှာ မဟုတ်ဘူး။ တစ်လမှာ လစာခြောက်ဆယ် သာသာ ရတဲ့ ရုံးလုလင် တစ်ယောက် ၀င်ငွေဟာ မိသားစု ရှစ်ယောက် လောက်ငတယ်။ မနက်တိုင်း ကော်ဖီကြမ်းနဲ့ ပဲပြုတ် ထမင်းကြော် စားနိုင်တယ်ဆို ပုံပြင်လို့ ထင်မှာ။ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ နှိုင်းယှဉ်မှာကိုး။ သူတို့ခေတ်နဲ့ စားနိုင်တယ်ဆို ပုံပြင်လို့ ထင်မှာ။ သူတို့ခေတ်နဲ့ ထင်ဟပ်ကြမှာကိုး။

မစင်တွင်းထဲမှာ ပေါက်ဖွား ကြီးပြင်းလာတဲ့ သတ္တ၀ါတွေ အတွက် မွှေးရနံ့ထုံတဲ့ စန္ဒကူးတောကြီးဟာ လက်လှမ်း မမီတဲ့နေရာ။ မတော်တဆများ စန္ဒကူးနံ့ ရခဲ့ရင်တောင်မှ 'ဘာနံ့ကြီးလဲဟ' ဖြစ်ချင်ဖြစ်နေမှာ။ စန္ဒကူးတောဟာ မွေ့လျော်စရာ ကောင်းတဲ့နေရာ။ စန္ဒကူးရနံ့ဟာ နှစ်လိုဖွယ်ရာရယ်လို့ ပြောလာတဲ့ မစင်တွင်းသူ၊ မစင်တွင်းသားတွေများ မတော်တဆ ပေါ်လာကြမယ် ဆိုရင်တောင် ကျန်တဲ့သူတွေက အရူးဆိုကြမှာ။

စန္ဒကူးတောသူ၊ စန္ဒကူးတောသားတွေ အတွက် ပြောရရင် မစင်တွင်း အသံကြားတာနဲ့ မူးဝေ ပျို့အန်ကြမှာ။ ထူးထူး ဆန်းဆန်း ထွေထွေပြားပြား အိပ်မက်တွေ မက်တာနဲ့ ကောသလ မင်းကြီး ကြောက်လန့် ခြောက်ခြားစွာ ဘုရားရှင်ဆီကို ပြေးပြီး လျှောက်ထားတော့တာ။ ဘုရားရှင်ရဲ့စကားကို ကြားနာရ ပြီးတော့မှသာ ဆောက်တည်ရာ ရခဲ့တာ။

အယ်လဘတ်တို လို့ ခေါ်တဲ့ စပိန်လူယ် တစ်ယောက် ရှိတယ်။ ၁၁ နှစ်သား အရွယ်မှာ စစ်တုရင်ပြိုင်ပွဲ တစ်ခု ၀င်ပြိုင်စဉ်မှာ သူတစ်သက်တာ မမေ့နိုင်စရာ အတွေ့အကြုံတစ်ခု ရခဲ့တယ်။ သူနဲ့ သူ့ထက် ငါးနှစ်လောက်ကြီးတဲ့ ပြိုင်ဘက် တစ်ယောက် ပြိုင်ပွဲ ကစားတုန်းကပေါ့။ ကစားနေရင်းနဲ့ ပွဲက ရှုပ်ထွေးတဲ့ အနေအထား ရောက်လာတယ်။ လုံးဝ အမှားမခံတဲ့ အခြေအနေ။ ပွဲကလည်း သိပ်ပြီး အရေးကြီးတဲ့ပွဲစဉ်၊ နောက်ဆုံးပွဲ၊ ထပ်ပြောရရင် သူတို့နှစ်ယောက်က အမှတ်အများဆုံး လေးယောက်ထဲက နှစ်ယောက်။ အားလုံးက ၇ မှတ်စီ ရထားကြတာ။ ပြိုင်ပွဲ ပွဲစဉ်ကို ဆွစ်စနစ်နဲ့ တွဲတယ်။ တစ်ပွဲပြီးတစ်ပွဲ ပွဲစဉ် တွဲရာမှာ အမှတ်တူသူ တွေကို ကစားစေတဲ့ စနစ်။ ပွဲစဉ်များလာလေ အမှတ်များသူ နဲလာလေ။ ပိရမစ်လို ဖြစ်လာတယ်။

အယ်လဘတ်တို ပြိုင်နေတဲ့ပွဲမှာ ပြိုင်ပွဲဝင် ၁၅၀ လောက် ရှိတယ်။ ဆုကပေးမှာ ပထမ၊ ဒုတိယ၊ တတိယ ၃ ယောက်ပဲ။ ကျန်တဲ့ နှစ်ယောက်က စောစောစီးစီး သရေကျသွားတယ်။ ၇ မှတ်ခွဲစီ ရသွားပြီး အယ်လဘတ်တို တို့ပွဲရဲ့ အဖြေကို စောင့်နေ ကြတာပေါ့။

အိမ်သာသွားချင်စိတ် ပေါ်လာတဲ့ အယ်လဘတ်တို ဒိုင်လူကြီးကို သတင်းပို့ပြီး အိမ်သာ သွားတက်တယ်။ ရွှေ့လှည့်က သူ့ပြိုင်ဘက်ရဲ့ ရွှေ့လှည့်။ သူကိစ္စ၀ိစ္စ ပြီးလို့ ပြန်ရောက်ပြီး ကစားပွဲမှာလည်း ပြန်ထိုင်ရော သူ့ပြိုင်ဘက်က နာရီကိုရပ်ပြီး လက်ကို ဆန့်ပေးတယ်။ အရှုံးပေးတယ်ပေါ့။ လက်ဆွဲ နှုတ်ဆက်မယ်ပေါ့။

အယ်လဘတ်တို အံ့အားသင့်သွားတယ်။ သူ့အစ်ကိုကြီးနဲ့မှ အသက် အတူတူလောက်ရှိမယ့် ပြိုင်ဘက်လေ။ ဘာဖြစ်ပါ လိမ့်ပေါ့။
''မင်းအိမ်သာ တက်နေချိန်မှာ ငါစဉ်းစားတယ်။ ဒီအကောင်ကို ရွှေ့ရင်တော့ ရှုံးတော့မယ် တွေးရင်းနဲ့ ရွှေ့ကိုရွှေ့ရမှာ။ အဲဒါကြောင့်ပေါ့''တဲ့။ ဒိုင်က နှစ်ယောက်ဘဲရှိတာ။ ဘယ်သူ့မှ မြင်ခဲ့တာ မဟုတ်ဘူး။ ဘယ်မြင်မလဲ။ ဒီလောက်များတဲ့ ကစားသမားတွေကို ဒေါင့်စေ့အောင် မကြည့်နိုင်ဘူးလေ။ ပြဿနာရှိရင် ဖြေရှင်း၊ ဆုံးဖြတ်စရာရှိရင် ဆုံးဖြတ်၊ ဒီလောက်ဘဲ
တတ်နိုင်တာ။ ခပ်တည်တည်နေပြီး ဆက်ကစားလည်း ရသားနဲ့ ပြောချင်တဲ့သူ ရှိမလားဘဲ။ အံ့အားသင့်မှုနဲ့ မင်သက် မိနေတဲ့ အယ်လဘတ်တို လှုပ်ရှားလာခဲ့တယ် ''ဟင့်အင်း၊ ဘာမှဖြစ်တာမှ မဟုတ်တာ၊ ပုံမှန်ဘဲ ဆက်ကစား ကြတာပေါ့။ ဒီလိုမျိုးကြီးနဲ့ ကျွန်တော် အနိုင်မယူ ချင်ပါဘူး'' ပြိုင်ဘက် အစ်ကိုကြီး သူ့ခေါင်းကို ညင်သာစွာ ရမ်းတယ်။ ညာဘက်လက်ကို လေထဲ ဆန့်မြှောက်လိုက်တယ်။ ဒိုင်လူကြီးတစ်ယောက် ရောက်လာတယ်။ ပြိုင်ပွဲရဲ့ အဖြေကို သတင်းပို့တယ်။ ရွှေ့ကွက် မှတ်တမ်းမှာ လက်မှတ် ထိုးတယ်။ ပွဲက ပြီးသွားပြီ။ ရှစ်မှတ်နဲ့ အယ်လဘတ်တို ပထမရသွားတယ်။ သရေကျတဲ့ နှစ်ယောက်က အမှတ် တစ်ဝက်စီ လျော့ပြီး ဒုတိယနဲ့ တတိယ။ ကီလို ၅၀၀ ကျော် ခရီးဘတ်စ်ကား စီးလာပြီး အရှုံးပေးခဲ့တဲ့ အစ်ကိုကြီးတော့ လိပ်ပြာသန့်စွာ ဆုနဲ့ဝေးခဲ့တယ်။

ပထမရတဲ့ အယ်လဘတ်တို၊ ဆုယူစင်မြင့်မှာ မျက်ရည်တွေဝဲလို့။ သူ့ဘ၀ရဲ့ပထမဆုံးရတဲ့ ပထမ အတွက် ၀မ်းသာတဲ့ မျက်ရည်လား။ ရှုံးသွားတဲ့ အစ်ကိုကြီးအတွက် ၀မ်းနည်းတဲ့ မျက်ရည်လား။

အယ်လဘတ်တိုလေးက အသက်ကြီးလာတော့ အယ်လဘတ်တိုကြီး ဖြစ်လာတယ်။ ဂရင်းမာစတာတော့ ဖြစ်မလာဘူး။ အပြည်ပြည် ဆိုင်ရာ စစ်တုရင် ဒိုင်လူကြီး ဖြစ်လာတယ်။ စစ်တုရင် ပြိုင်ပွဲတွေမှာ ဒိုင်လုပ်တယ်။ အပြည်ပြည် ဆိုင်ရာ စစ်တုရင်နည်းပြ ဖြစ်လာတယ်။ ကျောင်းသား လူငယ်လေးတွေကို စစ်တုရင် သင်ပေးတယ်။ ကျောင်းသား လူငယ်ပြိုင်ပွဲ တစ်ခုမှာ ဒိုင်လုပ်ချိန်မှာပေါ့။ ဒါလဲ အိမ်သာနဲ့ ပတ်သက်မှုလေး ရှိတယ်။ အိမ်သာတက်ချင်လွန်းတဲ့ ကလေး တစ်ယောက် ကမန်းကတန်း ထပြီး ဒိုင်လူကြီးကို ခွင့်တောင်းတယ်။ အိမ်သာကို ပြေးသွားခဲ့တယ်။ လမ်းမှာ ပြိုင်ပွဲကစားနေတဲ့ ကစားခုံ တစ်ခုကို ပွတ်တိုက်သွားတယ်။ အရုပ်တွေ လဲကျ မသွားခဲ့ပေမယ့် နဲနဲစီ ရွေ့သွားတယ်။ အဲဒီအချိန်မှာ ရွှေ့လှည့်ကျနေတဲ့ ရွှေ့ရမယ့် ကျောင်းသားကလေးက အရုပ်ကို စနစ်တကျ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်စီတယ်။ ရွှေ့ကာနီးမှာ စားပွဲ လှုပ်သွားတယ်။ အိမ်သာပြေးတဲ့ ကလေးကြောင့် အရုပ်တွေ မလဲပေမယ့် ရွေ့သွားတယ်။ အနားက ကစားခုံတွေလဲ မြင်တယ်။ ဟိုကလေးက ဆောရီးဆိုပြီး ဆက်ပြေးသွားတယ်။ အရုပ်တွေစီတယ်။ ဒါလောက်ဆို ဒီလို ရေးစရာအကြောင်း မရှိဘူး။

အကြောင်းရှိတာက ပြိုင်ဘက် ချာတိတ်။ နာရီကို ရပ်လိုက်တယ်။ ညာလက်ကို လေထဲ ဆန့်တန်းပြီး မြောက်လိုက်တယ်။ အယ်လဘတ်တို ရောက်လာတယ်။
''ဘာဖြစ်လဲ''
''သူအရုပ်တွေ အများကြီးကိုင်တယ်။ မြင်းကို ပထမဆုံး ထိကိုင်တာ။ အဲဒါမြင်းရွှေ့ဖို့ ပြောတာ''
''ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်အရုပ်တွေ ပြန်ညှိတာ'' ကျောင်းသားလေးရဲ့ အဖြေ။ ဟုတ်တယ်။ အယ်လဘတ်တို မလှမ်းမကမ်း ကနေ မြင်ခဲ့တယ်။
''ဟုတ်ပြီ။ မင်းအရုပ်တွေကို မညှိခင် ညှိမယ့်အကြောင်း ပြောခဲ့လား။ ခွင့်တောင်းခဲ့လား''
''မပြောခဲ့မိဘူး။ မတောင်းခံဘူး။''
''သူဘာမှမပြောခဲ့ဘူး''

ရှင်းသွားပြီ။ ဘာတတ်နိုင်မှာလဲ။ စည်းမျဉ်းဥပဒေက ရှိပြီးသား။ အယ်လဘတ်တို အဆုံးအဖြတ် ပေးလိုက်တယ်။ ပထမဆုံး ထိကိုင်မိတဲ့ အကောင်ကို ရွှေ့စေ။ ဟိုချာတိတ်ကတော့ ခပ်တည်တည်ဘဲ။ ကိုင်ကောင်ရွှေ့ရမှာ ရွှေ့ပေါ့ကွ ဆိုတဲ့ မျက်နှာပေးနဲ့။ ငါဘာမှ မဟုတ်တာ မလုပ်ဘူး ဆိုတဲ့ အသွင် ဆောင်လို့။ ကျောင်းသားကလေး မျက်ရည် ၀ဲသွားတယ်။ နှုတ်ခမ်းနှစ်ခုကို တင်းတင်း စေ့လိုက်တယ်။ အကောင်းဆုံး ကြိုးစား ကစားခဲ့တယ်။ ရှုံးသွားခဲ့တယ်။ ရှုံးမှာပေါ့။ အကောင်းဆုံးရွှေ့ဖို့ စဉ်းစားပြီးသား အကွက်ကို မရွှေ့ခဲ့ရဘဲ မြင်းရွှေ့ခဲ့ရတာ။ အဲဒီကတည်းက နိမ့်သွားတဲ့ ကစားကွက်က ဘယ်လိုမှ ပြန်အဖတ်ဆည် မရခဲ့ဘူး။''

လုပ်ရမှာနဲ့ ပတ်သက်ပြီး အဲသလိုပြောတယ်။ မလုပ်ရမှာနဲ့ ပတ်သက်လို့ သူဒိုင်လူကြီး အနေနဲ့ အဆုံးအ ဖြတ်ပေးခဲ့တဲ့ ပွဲကို ဥပမာပေးတယ်။

''ဟိုချာတိတ်သာ ငါ့တပည့်ဖြစ်ခဲ့ရင် ဒီလိုမျိုးအခြေအနေမှာ ဒါမျိုး အရေးဆိုတာမျိုး ရှိမှာ မဟုတ်ဘူး။ ဒါမျိုး မလုပ်ရဘူး။ ၀ံပုလွေကို မကောက်ကျစ်ရဘူး''

မောင်စံပေါ ကျောင်းသားတုန်းက စစ်တုရင်ပြိုင်ပွဲ တစ်ခုကို သတိရမိတယ်။ ရန်ကုန်တက္ကသိုလ် ကောလိပ်ပေါင်းစုံ စစ်တုရင် ပြိုင်ပွဲမှာပါ။ ၁၉၈၀ ပြည့်နှစ် ဆိုတော့ တော်တော်ကြီး ကြာခဲ့ပါပြီ။ အဲဒီမှာ ကိုင်ကောင်ရွှေ့ ပြဿနာ ဘာညာ အကြောင်း ပြောကြရင်းက ကိုအောင်သွင် ပြောပြတဲ့ အဖြစ်ကလေးတစ်ခုကို စွဲစွဲထင်ထင် မှတ်မိနေတယ်။

''မင်းတို့ကွာ ငါပြောပြမယ်။ ဟိုတစ်နှစ် တိုင်းနဲ့ပြည်နယ် စစ်တုရင် ပြိုင်ပွဲမှာကွာ။ မင်းတို့ ခုနကပြောတဲ့ ဆရာကြီးပေါ့။ သူ့ပြိုင်ဘက်က အရုပ်ပေါ်မှာ ပုရွက်ဆိတ်တက်လို့ လေနဲ့မှုတ်လိုက်တာ အရုပ်လဲသွားတယ်ကွာ။ အဲဒါကို အဲဒီအရုပ် ရွှေ့ရမယ် ဆိုပြီး အတင်းရွှေ့ခိုင်းပြီး အနိုင်ယူသွားတာ။ သူတို့ အသင်းလဲ ဒိုင်းရ သွားတယ်ကွ။ သူတို့အသင်းကို ပွဲတွေဘာတွေ တခမ်းတနားနဲ့ ဂုဏ်ပြုတာ မောင်ဗမာ စက်ဘီးတောင် တစ်ယောက်တစ်စီးစီ ရသကွ''တဲ့။

ထူးဆန်းပါပေ့ ဆရာတွတ်ရယ်။ လောကကြီးမှာဗျာ။ ဒီကိစ္စမျိုး ရှိသလား။
ပညာတတ် ဆရာကြီး။ မြန်မာပြည်တွင်း သာမက နိုင်ငံခြားဘွဲ့တွေပါ ရထားတာ။ သူ့ပညာရပ်မှာ တန်းကုန်ပြီ။ ဘွဲ့ကုန်ပြီ။ ထပ်ယူစရာ ထပ်ရစရာ ဘာဘွဲ့မှ မကျန်တော့ဘူး ဆိုသူ။

စစ်တုရင် နည်းပြဆရာ အယ်လဘတ်တို ကျောင်းသား လူငယ်လေးတွေကို စစ်တုရင် သင်ပေးနေရာမှ ဂန္ထ၀င်မြောက် စစ်တုရင်ပွဲတွေကို ပရိုဂျက်တာနဲ့ ထိုးပြီးပြတယ်။

''ဒီပွဲက ၁၈၃၄ မှာ ကစားခဲ့တာ။ ဒီလာဘိုနွန်နိုင်းက မက်ဒေါ်နယ်ကို နိုင်ခဲ့တာ။ ဒါက ၁၉၁၈ မှာ ကာပါဘလင်ကာ ကမာရှယ်ကို ဒီလို အနိုင်ယူခဲ့တာ'' စသဖြင့်ပေါ့လေ။ ပွဲတွေအများကြီး တစ်ပွဲပြီးတစ်ပွဲ ပြတယ်။ ကောင်းကွက်၊ မှားကွက်တွေ သုံးသပ်ပြတယ်။ သင်ခန်းစာ အပြီးမှာ ကျောင်းသားလေးတွေနဲ့ အမေးအဖြေ လုပ်တယ်။

''ပြောင်မြောက်လှပစွာနိုင်တဲ့ စစ်တုရင်ပွဲမှာ နိုင်သူနဲ့တွဲပြီး ရှုံးသူကိုလဲ မှတ်မိ နေတတ်ကြတယ်။ မင်းတို့အနေနဲ့ နိုင်သူအဖြစ် မှတ်တမ်း တင်စေချင်သလား။ ရှုံးသူထဲမှာ စာရင်းဝင်ချင်သလား''

အားလုံးက အနိုင်ရသူဘဲ ဖြစ်ချင်ကြတယ်။

''ညစ်ပြီး ရမယ့်အနိုင်ဆိုရင် ကောကွာ။ ဘယ့်နှယ်လဲ။ ယူကြမှာလား''။ တစ်ဆက်တည်းမှာဘဲ ဥပမာ တစ်ချို့ ပြောပြတယ်။
''ငါမသေမချင်း စစ်တုရင် သင်တဲ့အလုပ် လုပ်နေမှာ။ ဒိုင်လူကြီးလဲ လုပ်နေမှာ။ နောင်လာမယ့် ကျောင်းသားတွေကို စစ်တုရင် အကြောင်း ပြောတဲ့အခါမှာ၊ စစ်တုရင် သင်တဲ့အခါ ဒီကောင်တွေပေါ့ကွာ ဒီလိုညစ်ပြီး အနိုင်ယူခဲ့တာ ပေါ့လို့ ဥပမာ ပေးရာမှာ မင်းတို့ နာမည်တွေ ပါမလာစေဖို့၊ ငါသင်ပေးလိုက်တဲ့ ကျောင်းသားလေးတွေကို လူညစ်လေးတွေ အနေနဲ့ ကဗ္မည်း မတင်စေဖို့ ငါဆုတောင်းတယ်။

အယ်လဘတ်တို ပြောလေ့ရှိတယ်။

''ငါက ဒိုင်လဲလုပ်တယ်။ နည်းပြဆရာလဲ လုပ်တယ်။ ငါ့မှာမျက်နှာ နှစ်ခုရှိတယ်'' တဲ့။

Ref: EMG News

Read More...

ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းရေး လွှတ်တော်က အတည်ပြု


2011-09-01

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ အမျိုးသား လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေး စဉ်းစားရန် အမျိုးသား လွှတ်တော် ဥက္ကဌရဲ့ အဆိုပြု တင်ပြချက်ကို သဘောတူ လက်ခံလိုက်ပြီလို့ သိရပါတယ်။

ဒါ့အပြင် မနေ့က အမျိုးသား လွှတ်တော် အစည်းအဝေးမှာ တင်ပြ ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းရေး အဆိုကို အတည်ပြု ခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဒီအဆို တင်သွင်းရာမှာ အမျိုးသား လွတ်တော် အမတ် ဦးထွန်းလွင်က တင်သွင်းခဲ့တာ ဖြစ်ပြီး ရခိုင် အမျိုးသား အထက် လွှတ်တော် အမတ် ဒေါက်တာအေးမောင် က ငြိမ်းချမ်းရေး ကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်လို အများပြည်သူ လေးစား ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ရေး ကိစ္စကို တင်ပြခဲ့ပါတယ်။ဒါပေမယ့် ဒီအချက်ကို ဆုံးဖြတ်ချက်မှာ ထည့်သွင်း မဆုံးဖြတ်ခဲ့ဘူးလို့ သိရပါတယ်။

ဒီကနေ့ အမျိုးသား လွတ်တော်ဆိုင်ရာ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေး စဉ်းစားရန် သဘောတူချက်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြင်ဆင်ဖို့ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

"အဲဒါတွေကတော့ နဂိုကတည်းက ပြင်ချင်တဲ့ဟာတွေကို သူတို့က မူကြမ်းအဖြစ် ကျနော်တို့ကို ပေးထားတာ တပါတ်လောက် ရှိပါပြီ။ တချို့ စာသား အသုံးအနှုံးတွေ၊ အဓိပ္ပါယ် ပြောင်းစေတဲ့ဟာတွေ ပါပါတယ်။ ဥပဒေကြမ်း ကော်မတီက နေပြီးတော့ စာအနေအထား တွေရော ပါပါတယ်။ စာသား ပြောင်းသွားတယ်။ နောက် နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဆိုတဲ့ စာသားတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဓိပ္ပါယ် နှစ်ခွထွက်နေတာတွေ ပြင်တာတွေပါ။"

ဒီကနေ့ အစည်းအဝေးမှာပဲ တိုင်းရင်းသား ဒေသတွေက အခြေအနေတွေနဲ့ ပတ်သက်ပြီး အဆိုသစ် တစ်ရပ် တင်သွင်း ခဲ့ပါတယ်။ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က လွှတ်တော်အမတ် ဦးနေ၀င်းထွန်းက တိုင်းရင်းသား ဒေသတွေမှာ ပုဂ္ဂလိက ကုမ္ပဏီတွေ ဖွဲ့စည်း တည်ထောင်ခွင့်ပြုဖို့ တင်ပြခဲ့တာပါ။

ဒီကနေ့ လွှတ်တော် ကိုယ်စားလှယ်တွေက မေးခွန်း ၈-ခု မေးမြန်းကြကြောင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က စစ်တပ်ရဲ့ လှုပ်ရှားမှု တွေနဲ့ ပတ်သက်တဲ့ မေးခွန်း ၂-ခု ကို ကာကွယ်ရေး ၀န်ကြီးက ဖြေကြားခဲ့ပြီး ကရင်ပြည်နယ် အပါအ၀င် တိုင်းရင်းသား ဒေသတွေက ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်း ၆-ခု ကိုတော့ ဆက်သွယ်ရေး ၀န်ကြီးက ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးက အဆိုပြုချက်တွေ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိက တင်ပြထား ပါတယ်။

Ref: RFA News

Read More...

ဧရာဝတီ ကယ်တင်ရေး စာပေအနုပညာနဲ့ လူမှုရေး ပညာရှင်တွေ တောင်းဆို

မသင်းသီရိ
ကြာသပတေး, 01 စက်တင်ဘာ 2011

မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ ပြောနိုင်တဲ့ ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာ ကချင်ပြည်နယ် အတွင်းမှာ မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ရွှေတူးဖော်ရေး စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကော ပျောက်ပျက်သွားမယ့် အန္တရာယ်ကနေ ၀ိုင်းဝန်း ကာကွယ်ကြဖို့ မြန်မာနိုင်ငံထဲက ထင်ရှားတဲ့ စာပေ အနုပညာရှင်တွေ အပါအ၀င် လူမှုရေး တက်ကြွ လှုပ်ရှားသူတွေက ဒီကနေ့ပဲ သမ္မတဆီ လိပ်မူပြီး တောင်းဆိုစာတွေ ပေးပို့ လိုက်ပါတယ်။ နိုင်ငံတော် သမ္မတ အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ သဘောထားတွေကို လိုက်လျော ဆောင်ရွက် ပေးမယ်လို့လည်း သူတို့ မျှော်လင့်ထားတဲ့ အကြောင်း လက်မှတ်ရေးထိုး တောင်းဆိုသူတွေက ပြောပြကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဧရာဝတီမြစ်မကြီးရဲ့ မြစ်ရေစီးကြောင်းတွေ ပုံမှန် မဟုတ်တော့တာ၊ နေရာ တော်တော်များများမှာ သဲသောင် ထွန်းတာတွေ အပါအ၀င် မြစ်ကမ်းပါးတွေ ပြိုလာတာတွေဟာ အရေးတကြီး အဆင့်မှာ တွေ့နေရတဲ့ ဆိုးကျိုးတွေ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက အဓိက ထောက်ပြ ကြပါတယ်။ ဧရာဝတီ မြစ်ဖျားခံရာ ကချင်ပြည်နယ်အတွင်း မြစ်ဆုံ ရေကာတာ စီမံကိန်းတွေနဲ့အတူ ရွှေတူးဖော်ရေး လုပ်ငန်း တွေကြောင့်လည်း တွေ့နေရတဲ့ သဘာဝ ဘေးအန္တရာယ်တွေဟာ ဧရာဝတီမြစ်အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဧရာဝတီမြစ်အတွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေဟာ တနှစ်ထက်တနှစ် ပိုဆိုး လာနေတာမို့ ဧရာဝတီကို ထာဝရ ရှင်သန်လိုသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီမြစ် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေကို ပြီးခဲ့တဲ့ လကတည်းက စတင် ခဲ့ကြတာပါ။ ဒါကြောင့် နိုင်ငံရဲ့ အစိုးရကလည်း ဧရာဝတီမြစ်ကြီး အတွက် ပူးပေါင်းကာကွယ်ဖို့ အစီအစဉ်မှာ ပါဝင်ဖို့ ဆိုပြီးတော့ ထင်ရှားတဲ့ စာပေ အနုပညာရှင်တွေ၊ လူမှုရေး လုပ်ငန်းတွေမှာ ဦးဆောင် လှုပ်ရှားနေသူတွေက သူတို့ စုပေါင်း လက်မှတ် ရေးထိုးထားတဲ့ လက်မှတ် ပေါင်း ၁,၆၀၀ ကျော်ကို ဒီနေ့ ပထမဆုံးအကြိမ် အဖြစ် သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့ပါတယ်။

အခုလိုမျိုး လူထုရဲ့ ဆန္ဒနဲ့ အသံတွေကို နားထောင်ကာ နိုင်ငံရဲ့ အစိုးရက လိုက်လျော ဆောင်ရွက်ပေးမယ် ဆိုတာကို ယုံကြည်တဲ့ အတွက် တောင်းဆိုမှုတွေမှာ ပါဝင် လက်မှတ်ရေးထိုးတာ ဖြစ်တယ်လို့ မန္တလေးမြို့က စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။

“ဧရာဝတီမြစ်ကြီးပေါ်မှာ ဆည်ကြီးလည်း မဆောက်ရသေးဘူးပေါ့၊ အချိန်မရွေး ဒီဆည်ကြီးကို မဆောက်ဘဲနဲ့ အဲဒီ စီမံကိန်းကို ရပ်တန့် လိုက်လို့ ရပါတယ်။ ဒါကြောင့် ဧရာဝတီကို ကယ်တင်မယ့် လှုပ်ရှားမှုဟာ အချိန်မီ လှုပ်ရှားမှုလို့ ကျနော် မြင်ပါတယ်။ တခုပဲရှိတယ်၊ ဆုံးဖြတ်ရမယ့် နိုင်ငံရဲ့ အကြီးအကဲပိုင်းပေါ့၊ တာဝန် ရှိသူပိုင်းကတော့ အချိန်မီ ဆုံးဖြတ်ဖို့တော့ လိုပါတယ်။

“ဒီနေ့ နိုင်ငံကို စီမံခန့်ခွဲနေတဲ့ အစိုးရကလည်း ပြည်သူလူထု သဘောထားကို အလေးအနက် ထားပြီးတော့ နားထောင် လိမ့်မယ်လို့ မျှော်လင့်လို့ အဲဒီ လှုပ်ရှားမှုမှာ ကျနော် ပါဝင်တာပါ။ ဒါ ပြည်သူလူထုရဲ့ဆန္ဒ၊ အဲဒီဆန္ဒကို သူတို့ လေးလေးစားစားနဲ့ ဆောင်ရွက် လိမ့်မယ်လို့ ယုံကြည်လို့ ကျနော် လက်မှတ်ထိုးတာပါ။”

စာရေးဆရာ ကျော်ရင်မြင့် ပြောပြသွားတာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဟာ ဘိုးဘွားဘီဘင်တွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်တာမို့ အစဉ်အဆက် ထိန်းသိမ်း လာခဲ့တဲ့ ဒီ ရှေး အမွေအနှစ်ကို ကိုယ့်လက်ထက်မှ ပျက်စီးမယ် ဆိုရင်တော့ သမိုင်းမှာ အလွန်ညံ့ရာ ကျနေပြီလို့ စာရေးဆရာ ဦးအောင်သင်းက ဆိုပါတယ်။ ဆရာ ဦးအောင်သင်းဟာလည်း ဒီတောင်းဆိုမှုထဲမှာ လက်မှတ်ရေးထိုး ပါဝင်သူတဦး ဖြစ်ပါတယ်။

“ဘ၀ရှင်သန်ဖို့အတွက် ပတ်ဝန်းကျင်ဆိုတာ အလွန် လုံလောက်ရမှာဗျ။ ဧရာဝတီမှာ ပါဝင်ခဲ့တာပဲ။ ဒီ့ပြင်တိုင်းပြည်မှာ ဒီမြစ်မျိုး ရှိတာ မဟုတ်ဘူး။ အလွန် ရှိဖို့ခက်တယ်။ တကယ် တန်ဖိုးရှိတဲ့ ပစ္စည်းကြီးပါ။ အဲဒါကို မထိန်းသိမ်းတတ်ရင် ကျနော်တို့ ညံ့လို့ပေါ့။ ဟိုးအရင်တုန်းကဆိုရင် မြစ်ရေတင်တဲ့ စိုက်ပျိုးရေး မလုပ်ရဘူးဆိုတာ မြစ်ကို ထိခိုက်မှာစိုးလို့။ နောက်တခုက တံတားတွေ ဘာတွေ ဆောက်ချင်တိုင်း ဆောက်လို့ မရဘူး။ တံတားရဲ့ တိုင်တွေဘာတွေက သဲတွေကို သောင်တွေဘာတွေ ထွန်းစေတဲ့ အတွက် အဲဒါကြောင့် တံတားကို ထိုးချင်တိုင်းထိုးလို့ မရပါဘူး။

“ဒီဘက်မှာတော့ ထိုးချင်တိုင်းထိုး၊ အဲဒီတော့ အားလုံး ပတ်ဝန်းကျင်ကလည်း ၀ိုင်းပြီး ပြောကြ ပြုကြ ဘယ်လို ဖြစ်ကုန်မှန်း မသိဘူး။ ကျနော် ဧရာဝတီမြစ်ကို သိပ်တန်ဖိုးထားပါတယ်။ ကျနော့် အသက်ပဲ၊ ကျနော့်သားသမီးတွေရဲ့ အသက်ပဲ၊ ကျနော့် ဘိုးဘွားတွေရဲ့ အသက်ပဲ။ အများကြီး လုပ်ရလိမ့်မယ်။ နောက်ကျတယ်လို့ထင်တယ်။”

စာရေးဆရာ ဦးအောင်သင်း ဧရာဝတီနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သဘောထားတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီကို ထာဝရ ရှင်သန်လိုသူများဆိုတဲ့ လှုပ်ရှားမှုကို ၈၈ မျိုးဆက် ကျောင်းသားတွေက ဦးဆောင်ခဲ့တာ ဖြစ်ပြီး ဧရာဝတီ မြစ်ကြောင်းပေါ်က စီမံကိန်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်က အချိန်မီ ပြန်လည် စဉ်းစားရေးအတွက် ဆိုပြီးတော့လည်း ပြီးခဲ့တဲ့လက သမ္မတဆီကို စာရေးသား ပေးပို့ထားပါတယ်။

အခုလိုမျိုး စာရေးတောင်းဆိုတဲ့ လှုပ်ရှားမှုတင် မကဘဲ ဧရာဝတီမြစ် ၀န်းကျင်မှာ နေထိုင်ကြသူတွေ အတွက် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းရေး ပညာပေး သင်တန်းတွေနဲ့ပါ သူတို့ရဲ့ လှုပ်ရှားမှုကို စတင်နေပြီလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူထဲက တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုမြတ်သူက ပြောပါတယ်။

“လောလောဆယ်တော့ အစိုးရဘက်က တုံ့ပြန်တာ တစုံတရာ မတွေ့ရသေးပါဘူး။ လက်မှတ်တွေ တင်တာတင် မဟုတ်ဘဲနဲ့ ပြည်သူလူထု ကလည်း ဒီမြစ်ကြီးပေါ်မှာ အာရုံစိုက်မှု ပိုများလာအောင်၊ နောက် ဒီမြစ်ကြီးရဲ့ Effect က ပြည်သူလူထု အပေါ်မှာ ဖြစ်လာနိုင်တယ် ဆိုတာကိုလည်း ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိအောင် ကျနော်တို့ ကြိုးပမ်း ဆောင်ရွက် နေတာတွေ ရှိပါတယ်။ ပြည်သူ လူထုကို ပိုပြီးတော့ အသိပညာပေးတဲ့ လုပ်ငန်းတွေ၊ ကျနော်တို့ လူငယ်တွေနဲ့ ထိတွေ့တာတွေ၊ ပြောဆို စည်းရုံးတာတွေ၊ ဒါမျိုးတွေ ရှိပါတယ်။”

ဧရာဝတီ ထာဝရ ရှင်သန်လိုသူများ လှုပ်ရှားမှုကို ဦးဆောင်သူထဲက တဦးဖြစ်တဲ့ ကိုမြတ်သူ ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒီမြစ်ဆုံ စီမံကိန်းတွေကနေ နိုင်ငံတ၀န်း လျှပ်စစ်ဓာတ်အားတွေ ပေးနိုင်မှာ ဖြစ်သလို ဒီစီမံကိန်း တွေကနေ မြစ်ကို အမှီပြုနေတဲ့ လုပ်ငန်းတွေ မထိခိုက်တဲ့အကြောင်း အစိုးရ သတင်းစာတွေကနေ ရေးသားပါတယ်။

မကြာသေးခင်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း နိုင်ငံတော် အစိုးရဟာ ဧရာဝတီမြစ်ကို ချစ်သလို တန်ဖိုး ထားပါတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဧရာဝတီမြစ်မှာ စနစ်တကျ စီမံကိန်းတွေ ရှိဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ရှောက် လိုက်နာမှုတွေနဲ့ အတူ ဒီမြစ်ကြောင်းကြီးကို အားလုံး ပူးပေါင်း ကာကွယ်ဖို့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သြဂုတ်လက ပန်ကြားချက်တစောင် ထုတ်ပြန်ထားပါတယ်။

Ref: VOA News

Read More...

လစ်ဗျား ယာယီအစိုးရအတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ၀ိုင်းရပ်တည်


ကြာသပတေး, 01 စက်တင်ဘာ 2011

လစ်ဗျားသူပုန်တပ်ဖွဲ့တွေ မြို့တော် ထရီပိုလီ (Tripoli) ကို သိမ်းပိုက်လိုက်ပြီး လစ်ဗျားခေါင်းဆောင်ဟောင်း ဂဒါဖီ (Moammar Gadhafi) ဘယ်ရောက်နေမှန်း မသိဘဲ ဖြစ်နေတဲ့ နောက်ပိုင်း နိုင်ငံအတွင်းက လက်ရှိ အာဏာပိုင်တွေကို အကူအညီတွေ ၀ိုင်းပေးကြဖို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ကတိပြု လိုက်ကြပါတယ်။

ဘဏ္ဍာရေးအရ ဒေါ်လာငွေ ဘီလီယံနဲ့ချီပြီး အကူအညီတွေ ပေးသွားမယ့်အပြင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ တွေလည်း ပေးဖို့ ဆုံးဖြတ် ထားကြပါတယ်။ ပြင်သစ်နိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ လစ်ဗျားဆိုင်ရာ ညီလာခံအပြီး အကူအညီပေးမယ့် အစီအစဉ်ကို ကြေညာခဲ့တာပါ။

အဲဒီညီလာခံမှာ နိုင်ငံပေါင်း ၆၀ က ကိုယ်စားလှယ်တွေနဲ့ လစ်ဗျားနိုင်ငံ အသွင်ကူးပြောင်းရေး အမျိုးသား ကောင်စီ (NTC) က ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့ကြပါတယ်။

လစ်ဗျားနိုင်ငံအပေါ် ထိန်းချုပ် တင်းကျပ်ထားတာတွေကို ကုလသမဂ္ဂဘက်က လျှော့ပေး သင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clintona) က ပြင်သစ် ညီလာခံမှာ ကိုယ်စားလှယ်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်က ထိန်းချုပ်ထားတဲ့ လစ်ဗျားအစိုးရရဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကို ပြန်ပေးမယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောဆိုထားခဲ့ပြီး အခု အဲဒီအထဲကနေ ဒေါ်လာ သန်း ၇၀၀ ကို ပြန်ပေးလိုက်ပြီလို့ ၀န်ကြီး ကလင်တန်က ပြောပါတယ်။

အမေရိကန်၊ နယ်သာလန်နဲ့ ပြင်သစ်နိုင်ငံတွေက မစ္စတာ ဂဒါဖီ အစိုးရလက်ထက် ပိုင်ဆိုင်မှုတွေထဲက ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၅ ဘီလီယံလောက်ကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ် ထားကြပါပြီ။

EU ဥရောပသမဂ္ဂကလည်း သူတို့ ထိန်းချုပ်ထားတဲ့ လစ်ဗျားက ဆိပ်ကမ်းတွေ၊ ဘဏ်တွေနဲ့ စွမ်းအင်ဆိုင်ရာ ကုမ္ပဏီတွေ အပါအ၀င် စုစုပေါင်း ၂၈ ခုကို ပြန်ရုပ်သိမ်း ပေးခဲ့ပြီလို့ ဆိုပါတယ်။

ပြင်သစ်က မနေ့က ကျင်းပခဲ့တဲ့ ညီလာခံမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း လစ်ဗျား အသွင် ကူးပြောင်းရေး ကောင်စီက တင်ပြခဲ့တဲ့ လစ်ဗျားနိုင်ငံက အရေးပေါ် လိုအပ်ချက်တွေကို အာရုံစိုက် ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂရဲ့ အရပ်ဘက် အဖွဲ့အစည်း တခုကိုလည်း လစ်ဗျားနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် အမြန်ဆုံး စေလွှတ်မယ်လို့ ဆိုပါတယ်။


Ref: VOA News

Read More...

လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရေး ကော်မတီ ဖွဲ့မည်

ဦးအောင်လွင်ဦး
ကြာသပတေး, 01 စက်တင်ဘာ 2011

တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေကို ဖြေရှင်းပေးနိုင်ဖို့ ကော်မတီတရပ် ဖွဲ့ဖို့ လက်ရှိ ကျင်းပနေတဲ့ လွှတ်တော်ထဲမှာ ဆွေးနွေး အတည်ပြု လိုက်ပါတယ်။ ကော်မတီအဖြစ် ဖွဲ့စည်းဖြစ်တဲ့ အခါမှာလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို ထည့်သွင်းဖို့ အကြံပြုချက် တွေလည်း ပါဝင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး ကော်မတီ အဖြစ် ဖွဲ့စည်းနိုင်မယ့် အလားအလာတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက အပြည့်အစုံ တင်ပြ ပေးထားပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ကော်မတီ တရပ် ဖွဲ့စည်း သွားနိုင်ရေး နေပြည်တော်မှာ ကျင်းပနေဆဲ လွှတ်တော်တွင်းမှာ ဆွေးနွေး အတည်ပြု လိုက်တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အသေ အပျောက်တွေနဲ့ အရပ်သားတွေ ထောင်သောင်းချီ ဘေးလွတ်ရာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ထဲက လွှတ်တော် ကိုယ်စားလှယ် တဦးရဲ့ ဆွေးနွေးချက်ကို အခြေခံပြီး အခုနောက်ဆုံး အတည်ပြု လိုက်တာလို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့နေ့က ကျနော်တို့ ဒီဘက် အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံတွင်း ထာဝရ ငြိမ်းချမ်းပြီး တည်ငြိမ် အေးချမ်းမှု တည်ဆောက် ထိန်းသိမ်းရေး အမြဲတမ်း ကော်မတီတရပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ဦးထွန်းလွင်ဆိုတဲ့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က ပုဂ္ဂိုလ်က တင်တဲ့ အဆိုပါ။ အဲဒီအဆိုကို ဆွေးနွေး ကြတာလေ။ အဲဒီအဆို အတည်ဖြစ်ဖို့ အတွက်ကို လွှတ်တော်မှာ ပြန်ပြီးတော့ သဘောထား မှတ်ချက် ယူတယ်၊ ပြီးရင် ပြန်ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ဟာက ပြီးခဲ့တဲ့နေ့က ၁၃ ဦးက သူ့အဆိုနဲ့ ပတ်သက်လို့ သူ့အမြင်၊ ကိုယ့်အမြင် ဆွေးနွေးကြတာ ရှိပါတယ်။

“ဆိုတော့ အဲဒီနေ့က ဆွေးနွေးကြတဲ့ အထဲမှာ ၁၃ ဦးပါတယ်၊ ကျနော်အပါအ၀င်ပေါ့။ အဲဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဟာက အမြဲတမ်း ကော်မတီ ဆိုတာကို ကျနော်ကတော့ ကော်မတီအစား ကော်မရှင်အဖြစ် ပြောင်းစေချင်တဲ့ သဘောဘက်က ဆွေးနွေးတယ်။ ဒါပေမဲ့ အကုန်လုံး မဲခွဲတဲ့အခါမှာ အမြဲတမ်းကော်မတီ ဆိုတဲ့ဟာလေးက အတည်ဖြစ်သွားတယ်။”

လွှတ်တော်တွင်းမှာ ဆွေးနွေး အတည်ပြုပြီးတဲ့ ဒီအဆိုကိုတော့ ဥပဒေတရပ်အဖြစ် ပြဋ္ဌာန်းဖို့ ဆက်လက် ဆောင်ရွက် သွားရမှာ ဖြစ်ပေမဲ့ ဘယ်အချိန်မှာ အကောင်အထည် ဖော်နိုင်မလဲ ဆိုတာကိုတော့ လောလောဆယ် တိတိကျကျ မသိရ သေးဘူးလို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။ ဒါပေမဲ့လည်း ကော်မတီအဖြစ် နောက်ဆုံး ဖွဲ့စည်းနိုင်တဲ့ အခါကျရင်တော့ အခြေခံဥပဒေမှာ ခွင့်ပြုထားတဲ့အတိုင်း လွတ်လပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားနိုင်ရေး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့လို အများက ယုံကြည် လက်ခံနိုင်မယ့် သူတွေကို ထည့်သွင်းဖို့ အတွက်ကိုလည်း လွှတ်တော်တွင်း ဆွေးနွေး ဖြစ်တယ်လို့ ဒေါက်တာ အေးမောင်ကပဲ ပြောပါတယ်။

“တကယ် ငြိမ်းချမ်းမှု ရဖို့အတွက် ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်ကို ဆွဲခေါ်ရဲဖို့ လိုတယ်။ ကော်မတီဆိုတာ အခုပေါင်း ၁၀၀၀ လောက်ပဲဖွဲ့ဖွဲ့၊ ဒီလို ဖွဲ့တယ် ဖွဲ့တယ်နဲ့ ပြီးသွားရင်၊ ဆိုတာက နှစ်ဘက် ယုံကြည်မှုက လိုတယ်။ ကြားနေနိုင်တဲ့ ပုဂ္ဂိုလ်တွေ လိုတယ်။ ထိရောက်မှုလည်း လိုတယ်။ တကယ်တမ်း လွတ်လွတ်လပ်လပ်လည်း ဆုံးဖြတ်နိုင်ခွင့် ရှိရမယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိမှာပေါ့၊ သမိုင်းအားဖြင့်။

“ဟိုတုန်းက သခင်ချန်ထွန်းတို့လို ပုဂ္ဂိုလ်မျိုး၊ ဒဂုံတာရာလို ပုဂ္ဂိုလ်မျိုးတွေ ရှိမှာပေါ့။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် တို့လည်း ပါသင့်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာ လေးပိုဒ်စလုံးကို ကျနော် ဖတ်ပြပါတယ်၊ လွှတ်တော်မှာ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတကြီးနဲ့လည်း တွေ့ပြီးပြီလေ။ ဒါ တကယ်တမ်း အုပ်ချုပ်မှု အဖွဲ့အစည်းနဲ့ ဆွေးနွေး ကြတယ်၊ နွေးနွေး ထွေးထွေးပဲ။ အဲဒီတော့ တကယ်တမ်း အုပ်ချုပ်မှု အဖွဲ့အစည်းနဲ့ ဆွေးနွေးတဲ့ အထဲမှာ ဗိုလ်ချုပ်ကြီး သိန်းစိန် (အငြိမ်းစား) နိုင်ငံတော် သမ္မတကြီး ကလည်းပဲ တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တဲ့ အခါမှာ။”

အစိုးရသစ် တက်လာပြီး နောက်မှ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာကို ဖြေရှင်းရာမှာ ပါဝင် ကူညီလိုတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်ထံကို မကြာသေးခင်ကပဲ စာတစောင် ပေးပို့ ကမ်းလှမ်း ထားတာပါ။ အစိုးရသစ်ရဲ့ အကြီးအကဲ ဦးသိန်းစိန်ကတော့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်စေရေး တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး လိုတယ်လို့ ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း တိုင်းရင်းသားတွေဘက်ကတော့ အစိုးရရဲ့ ကမ်းလှမ်းချက်တွေဟာ လုံလောက်မှု မရှိသလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုမျိုးကို လိုလားတယ်လို့ တုံ့ပြန် ထားကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ရွှေညဝါဆရာတော် တရားပွဲ ပြည်ထဲရေးကပိတ်


ကိုဝိုင်း
ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သာသနာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိပြီး ဖြစ်သော်လည်း ပြည်ထဲရေးဝန်ကြီး ဌာနက ပိတ်ပင် သဖြင့် အစိုးရကို ဝေဖန်လေ့ ရှိသော ရွှေညဝါဟု လူသိများသည့် ရန်ကုန် ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်မှ ဆရာတော် အရှင် ပညာသီဟ၏ တရားပွဲ ပျက်ပြားသွားသည်။

မရမ်းကုန်းမြို့နယ်ရှိ သာသနာရေး ဝန်ကြီးဌာနပိုင် ဇမ္ဗူသီရိဗိမာန် အဆောက်အအုံ၌ ကြာသာပတေးနှင့် သောကြာ နေ့များတွင် တရားဟောရန် သက်တော် ၄၆ နှစ် (ဝါတော် ၂၇ ဝါရှိ) ရွှေညဝါဆရာတော်က စီစဉ်ထားခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်မပြုကြောင်း ပွဲစီစဉ်သူများကို ပြောကြားလာသည်ဟု အရှင်ပညာသီဟက အမိန့် ရှိသည်။

ရွှေညဝါ ဆရာတော်သည် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ်၊ စာသင်သားသံဃာ အပါး ၉ဝဝ ကျော်ရှိသည့် ကြည့်မြင်တိုင် သာဓု ပရိယတ္တိ စာသင်တိုက်၏ နာယက တိုက်ကြပ် ဆရာတော်ဖြစ်ပြီး ငြိမ်းချမ်းရေးအကြောင်း ဟောပြောရန် စီစဉ်ထားခဲ့သည်။

“တယောက်နဲ့ တယောက် ပစ်ခတ်သတ်ဖြတ်နေကြတာတွေ ကြားရတာ စိတ်မချမ်းသာဘူး။ သဘောထား ကြီးကြီးနဲ့ နားလည် ခွင့်လွှတ် သည်းခံ ပေးကြပြီးတော့ ညှိနှိုင်းပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးကြပါဆိုတဲ့ ခေါင်းစဉ်နဲ့ ကျုပ်က ငြိမ်းချမ်းရေး တရားတော်ကို ပထမည ဟောမလို့ဗျ” ဟု အရှင်ပညာသီဟက ပြောသည်။

“ဒုတိယညကျတော့ ရန်ဖြစ်လို့ ကောင်းကျိုးပေးတယ်ဆိုတာ ဘယ်ဘုရားမှလည်း မဟောပါဘူး။ ဘယ်ပညာရှိမှလည်း မမိန့်ပါဘူး။ ရန်ဖြစ်ခြင်းကြောင့် ဘေးပဲဖြစ်တတ်ပါတယ်။ အဲဒါတွေကို ဘုန်းကြီးက ဘုရားဟောထားတဲ့ တရားတော်တွေထဲက ဆွဲထုတ်ပြီးတော့ ဟောပြမလို့ပါ။ အဲဒီခေါင်းစဉ်ကြားသွားလို့များ ပိတ်သွားတာလား မသိဘူး” ဟု ဆက်လက်မိန့်ဆိုသည်။

မည်သည့် အတွက်ကြောင့် တရားပွဲ ပိတ်ပင်သည်ကို ဆရာတော် ကိုယ်တိုင်ပင် မသိနိုင်ဘဲ ဖြစ်နေသော်လည်း အတိုက်အခံ နိုင်ငံရေး အင်အားစု များနှင့် နီးစပ်သည့် ဆရာတော်၏ ယခင် တရားပွဲအချို့ ပိတ်ပင်ခံရဖူးသည်။

သာဓုပရိယတ္တိ စာသင်တိုက်ကြီးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး၊ ဂီတ၊ ပန်းချီ၊ စာပေအသိုင်းအဝိုင်းနှင့်၊ လူမှုရေး အဖွဲ့အစည်းဝင်များက သြဂုတ် ၈ ရက်နေ့က ၂၃ နှစ်မြောက် လူထုအုံကြွမှု "ရှစ်လေးလုံး" နှစ်ပတ်လည် နေ့ကို ကျင်းပခဲ့သည်။

“ဒါက ဗုဒ္ဓဘာသာ ဒါယကာ၊ ဒါယိကာမတွေ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ဆွမ်းလာကပ်တာ သံဃိက ဆွမ်း ပုဂ္ဂလိကဆွမ်း မဟုတ်ဘူး။ နောက် သင်္ကန်းလာလှူတယ် သံဃိကလှူတာ ပုဂ္ဂလိက လှူတာ မဟုတ်ဘူး။ အဲဒါ ဘာများ ခွင့်မပြုနိုင်စရာ အကြောင်း ရှိလို့လဲ။” ဟု ဆရာတော်ကမိန့်သည်။

ဆရာတော်၏ “ငါးပါးမမှောက်ကြပါစေနဲ့”၊ “မိုက်ကြွေးမိုက်ပစ်”၊ “ဗုဒ္ဓဘာသာကောင်း တယောက်၏ စွမ်းအား”၊ “မတရား မလုပ်ကြပါနဲ့”၊ “သာသနာတော်ကို စော်ကားသူ တယောက်၏ နောင်တ” စသည့် တရားတော်များမှာ လူကြိုက်များသည်။

ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော နိုင်ငံတွင် အစိုးရကိုဝေဖန်သည်ဟု ယူဆသော သံဃာတော်များကို အများပြည်သူ တရား ဟောခွင့်များ ပိတ်ပင်လေ့ရှိသည်။

ပြည်ပအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက

“ကိုယ့်ရဲ့ တရားဟောတာက တခြားဘာသာတရားကို ပုတ်ခတ်တာတွေ၊ ဘာသာရေး အဓိကရုဏ်း ဖြစ်အောင် ဖန်တီးတာ ရှိရင်တော့ ဒါကို ကန့်သတ် နိုင်တယ်လို့ ပြောထားတယ်။ အခု ဒီဆရာတော် ဟောထားတဲ့ အကြောင်းအရာက ဘယ်တော့မှ တခြားဘာသာကို ပုတ်ခတ်တာ မရှိဘူး။ တရားဓမ္မနဲ့ လူသားတွေရဲ့ ငြိမ်းချမ်းမှုနဲ့ ကိုယ့်ကျင့်တရား ကောင်းရေးကိုပဲ ဟောထားတာ ဖြစ်တယ်။” ဟု ပြောသည်။

Ref: မဇ္ဈိမ

Read More...

ရပ်ကွက်၊ ကျေးရွာအဆင့် ဖြေရှင်းနိုင်သော ကိစ္စများအား လွှတ်တော်တွင်း ဦးစားပေး ဆွေးနွေးနေ


ခင်ဦးသာ
Thursday, 01 September 2011

ကျင်းပနေဆဲ လွှတ်တော် အစည်းအဝေးများတွင် တနိုင်ငံလုံး အတိုင်းအတာနှင့် ပြည်သူ တရပ်လုံး အတွက် အရေးပါသည့် ကိစ္စရပ်များထက် ရပ်ကွက်၊ ကျေးရွာအဆင့်တွင် ဖြေရှင်းနိုင်သော ကိစ္စရပ်များအား ဦးစားပေး ဆွေးနွေးနေကြောင်း နိုင်ငံပိုင် သတင်းစာများတွင် တွေ့ရသည်။

အာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များအပါအ၀င် ကိုယ်စားလှယ် အများစုသည် မိမိဒေသ၏ မော်တော်ကားလမ်း၊ မီးရထား လမ်းပိုင်းများ ပြုပြင်ပေးရန်ရှိ၊ မရှိ၊ ကျေးရွာ၊ ရပ်ကွက်တချို့၌ စာသင်ကျောင်းများ ပြုပြင်ပေးရန် ရှိ၊ မရှိ၊ ဓာတ်မြေသြဇာ စက်ရုံမှ ထွက်သည့် ဓာတ်မြေသြဇာကို လယ်သမားများ သုံးခွင့် ရှိ၊ မရှိ စသည့် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုပြုခြင်းတို့ အပေါ် သက်ဆိုင်ရာဝန်ကြီးများက ဖြေဆိုခြင်းတို့ကို သတင်းစာများက အကျယ်တ၀င့် ရေးသားထားသည်။

တိုက်ကြီး မဲဆန္ဒနယ်မှ ဦးဟန်စိန်က “ရန်ကုန်-ပုဂံ အမြန်ရထားသည် အရင်ကတိုက်ကြီးဘူတာ၌ ရပ်နားခဲ့ သော်လည်း ယခုအခါ မရပ်နားတော့သဖြင့် ၂ မိနစ်ခန့် ရပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးမြန်းရာ ၀န်ကြီး ဦးအောင်မင်းက ရန်ကုန်-ပုဂံ ခရီးစဉ်သည် အမြန်ခရီးစဉ်ဖြစ်၍ ထိုသို့ ရပ်နားရန် မရှိဟု ဖြေဆိုခဲ့သည်။

မြစ်ကြီးနားမြို့၌ မြစ်ရေကြီးလာ၍ ရေထိန်းနံရံတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ မန္တလေး-တကောင်း-ကသာ၊ ဗန်းမော် လမ်းမကြီးအား ကတ္တရာလမ်း ခင်းပေး၊ မပေး စသည်ဖြင့် မေးမြန်းကြရာ နိုင်ငံတော်က နှစ်စဉ် ဆောင်ရွက်ပေးနေကြောင်း သက်ဆိုင်ရာ ၀န်ကြီးများက ဖြေဆိုကြသည်ကို သတင်းစာ၌ တွေ့ရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ ဌာနတွေရဲ့ ပူးပေါင်း ဆောင်ရွက် လိုစိတ် အားနည်းတဲ့ အတွက် အသေးအမွှား ကိစ္စတွေကို လွှတ်တော်မှာ ဆွေးနွေး နေကြရပါတယ်။ တချို့ ကိစ္စတွေ ဆိုရင် ပြည်နယ် ၀န်ကြီးချုပ်ကတောင် ဖြေရှင်းပေးတာ မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။

ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဌာနများက ဗဟိုမှ ညွန်ကြားချက် တစုံတရာ မရှိဟုဆိုကာ ပြည်သူတို့၏ လိုအပ်ချက် များကို ဖြေရှင်းပေးမှု မရှိခြင်း၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် ပူးပေါင်းဆောင်ရွက်ရန် တွန့်ဆုတ် နေခြင်းတို့ ကြုံတွေ့ရကြောင်း ၎င်းက ဆက်ရှင်းပြသည်။

ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက် လာရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ ပီပီ ပြင်ပြင် ဖြစ်ပေါ် လာရေးတို့အတွက် ဆောင်ရွက်ပေးရန် လွှတ်တော်ဥက္ကဋ္ဌထံ စာရေး တောင်းဆို ထားသည်ဟုလည်း ဦးဖေသန်းက ဆိုသည်။

လွှတ်တော်အတွင်း၌ ကိုယ်စားလှယ်တချို့က နိုင်ငံအတွက်၊ ပြည်သူ တရပ်လုံးအတွက် အရေးကြီးသော အကြောင်း အရာများကို ဆွေးနွေး၊ အဆိုပြုခြင်း ရှိသော်လည်း အများစုမှာ အရာမထင်ခဲ့ပေ။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံး၌ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ခန့် ရှိသည့်အနက် နိုင်ငံရေးနှင့် သက်ဆိုင်သော အဆိုတချို့နှင့် မေးခွန်းတချို့ကို သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ကိုယ်စားလှယ် အနည်းငယ်ကသာ မေးမြန်းခြင်း၊ အဆိုပြုခြင်းတို့ ဆောင်ရွက်လျက် ရှိသည်။

ဦးသိန်းညွန့် တင်သွင်းသော အဆိုများအနက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စအကြောင်း ဆွေးနွေးခြင်းကို သတင်းစာ က အနည်းငယ် ဖော်ပြခဲ့ပြီး အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေး၊ တရားရုံးဆိုင်ရာ ဥပဒေပြင်ဆင်ရေးနှင့် အရေးပေါ်ကြေညာ ချက် ဥပဒေ ပြင်ဆင်ရေး အဆိုများကို ပယ်ချခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စကို ပြောဆိုသော်လည်း အသေးစိတ် ဆွေးနွေးချက်များ မတွေ့ရသေးပေ။

ကျပ်ငွေတန်ဖိုး မြင့်တက်နေသည့်အတွက် စီးပွားရေး အကျပ်အတည်း ကြုံတွေ့နေရသဖြင့် ငွေလွှဲနှုန်း ပြင်ဆင်မည့် ကိစ္စရပ်ကို အကောင်အထည် ဖော်ရန် ကြိုးစားနေသည်ဟု ယမန်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောဆို ခဲ့သော်လည်း ထိရောက်သော ဆောင်ရွက်မှုများအား အသေးစိတ် ဆွေးနွေးခြင်း မရှိပေ။

လွှတ်တော်တွင်း၌ ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေဆိုသော ၀န်ကြီးတချို့သည် ထိရောက်ရှင်းလင်းစွာ ဖြေဆိုခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

ကချင်ပြည်နယ် အမှတ် ၁၁ မဲဆန္ဒနယ်မှ ဦးစံထွန်းက “မြန်မာနိုင်ငံ၏ တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများမှာ အိမ်နီးချင်း နိုင်ငံများထက် မြင့်မားနေသဖြင့် သင့်တင့်သည့် နှုန်းထားတခုကို ပြင်ဆင် သတ်မှတ်ပေးရန် ရှိ၊ မရှိ” မေးမြန်းရာ
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းက အိမ်နီးချင်းနိုင်ငံများ၏ နှုန်းထားများကို ဖတ်ပြ၍ မြန်မာနိုင်ငံ၏ လက်ရှိ နှုန်းထားသည်
သင့်တင့်သော နှုန်းထားဖြစ်သည်ဟုသာ ဖြေဆိုသွားသည်။

အလားတူ ဆေးရောင်းချခွင့် မရှိသော ဈေးဆိုင်များက စပ်ဆေးများ ရောင်းချနေခြင်းကြောင့် လူနာအများ ဆေးယဉ်သည့် ပြဿနာ ဖြစ်နိုင်သဖြင့် တားဆီးပေးရန် ရှိမရှိ ဆိုသော မေးခွန်းကို ကိုယ်စားလှယ်တဦးက မေးမြန်းရာတွင်လည်း ရှင်းလင်းစွာ ဖြေကြားခြင်း မတွေ့ရပေ။

တနိုင်ငံလုံးက တောင်းဆိုနေကြသော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို လွှတ်တော်က အတည်ပြုပေးခဲ့သော်လည်း အတိုက်အခံ နိုင်ငံရေးသမားများကို လိုသလို ထောင်သွင်း အကျဉ်းချနိုင်သည့် ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံချက် ဥပဒေ ပယ်ဖျက်ပေးရန် အဆိုတင်သွင်းသည်ကိုမူ ပယ်ချခဲ့သည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက “မေးခွန်းတွေတော့ အစုံတွေ့ရပါတယ်။ ကိုယ့်ဒေသက အကြောင်း အရာတွေတော့များတယ်။ မေးခွန်းတို့၊ အဆိုတို့က ကြိုတင်ပေးရတာ ဆိုတော့ စိစစ်ပြီး မေးသင့်တာတွေကိုပဲ ဦးစားပေးတဲ့ သဘောလားတော့ မသိဘူး” ဟု ဆိုသည်။

ယမန်နေ့က လွှတ်တော်တွင် ပြည်တွင်း ထာဝရ ငြိမ်းချမ်းရေး ကော်မတီ ဖော်ဆောင်၍ ထိုအဖွဲ့၌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရေးကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆွေးနွေးခြင်းနှင့် ငြိမ်းချမ်းရေး မတည်ဆောက် နိုင်သဖြင့် ပြည်တွင်း မငြိမ်းချမ်းသေးဟု စစ်တပ်ကိုယ်စားလှယ် ဗိုလ်မှူးကြီး တဦးက ဆွေးနွေးခြင်းတို့ကိုမူ ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြခြင်းမရှိပေ။

ကိုယ်စားလှယ် တချို့၏ နိုင်ငံရေးနှင့်ဆိုင်သော မေးခွန်းများ၊ အဆိုများကို ကန့်ကွက်သူများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ်များဖြစ်ကြောင်း၊ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များ၏ ပြောဆိုမှုများ၌ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သော စကားလုံးများ ပါဝင်နေသောကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဟန့်တားခဲ့ရကြောင်း သိရသည်။

“မလိုအပ်တဲ့ စကားတွေ ပြောနေကြတာတွေဟာ တဦးအပေါ်တဦး ယုံကြည်မှု၊ လေးစားမှုတွေ ပျက်စေတယ်၊ ငြင်းခုံမှုတွေနဲ့ အချိန် မကုန်စေချင်ဘူး။ တရက်တရက် ကုန်ကျနေတဲ့ငွေတွေဟာ နိုင်ငံတော်ရဲ့ ငွေတွေမဟုတ်ပါဘူး၊ ပြည်သူတွေရဲ့ ငွေတွေပါ။ ပြည်သူတွေရဲ့ ငွေတွေကို ဖြုန်းတီးရာ မရောက်စေချင်ဘူး” ဟု ဦးရွှေမန်းက ဆိုသည်။

လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်ကြသော သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့် တို့က “ပြည်သူ့အသံ - လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက် - လွှတ်တော်ဆောင်ရွက်ချက်” ဆိုသည့် ဆောင်ပုဒ်ကို လွှတ်တော်တွင်း လက်ကိုင် ထားသည်ဟု လွှတ်တော် အစည်းအဝေးအတွင်း မကြာခဏ ပြောလေ့ရှိသည်။

“လွှတ်တော်ဆိုတာ ဥပဒေပြုရေးကိစ္စ၊ ပေါ်လစီတွေ ချမှတ်ရတဲ့ အရေးကြီး နေရာပါ။ ဒီအတိုင်းသွားနေရင် ဟာသ ပြက်လုံးထုတ်တဲ့ နေရာတခုလို ဖြစ်သွားမယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသမား ဦးဖြိုးမင်းသိန်းက ပြောသည်။

Ref: ဧရာဝတီ

Read More...

ဆင်းရဲမှုလျော့ချရေး အထူးဒေသ ဖြစ်လိုတဲ့ ချင်းပါတီ

သဲသဲ
ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်ကို ဆင်းရဲမှုလျော့ချရေး အထူးဒေသအဖြစ် သတ်မှတ်ရန် အပါအဝင် အဆို ၅ ခုကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန် ဘဏ္ဍာငွေခွဲတမ်း ပိုမို ချထားစေလိုသည့် ချင်းတိုးတက်ရေး ပါတီ CPP က တင်ပြထားသည်။

အထူးဒေသ သတ်မှတ်ရေး အပါအဝင် ပြည်နယ် အစိုးရ အုပ်ချုပ်မှု လက်အောက်တွင် ရှိရန် လိုအပ်သည့် ချင်းပြည်နယ် သစ်ထုတ်လုပ်ရေး ဝင်ငွေခွန်ကိစ္စ၊ ပလက်ဝမြို့နယ်ရှိ ကျောက်ပန်းတောင်ဒေသကို ဘေးမဲ့သစ်တော ဧရိယာ သတ်မှတ်ရေး၊ ဖလမ်းမြို့နယ်ရှိ ထုံးကျောက်တောင်တွင် ဘိလပ်မြေ စက်ရုံ တည်ဆောက်ရေး၊ ပြည်နယ် အစိုးရမှ လုပ်ပိုင်ခွင့်ရှိသော အလတ်စားနှင့် အသေးစား ရေးအားလျှပ်စစ် တည်ဆောက်ရေးတို့ကို ဆွေးနွေးသွား မည် ဖြစ်သည်။

“အဆိုတွေကို အထောက်အထားတွေနဲ့တကွ စာရွက်စာတမ်းတွေ တင်ထားပြီးသွားပါပြီ၊ ကျနော်တို့ ပါတီက အလှည့်ကို စောင့်နေတာပါ”ဟု CPP ပါတီမှ အထွေထွေ အတွင်းရေးမှူး ပူးရှိန်းထွန်းက မဇ္ဈိမကို ပြောသည်။

ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အသုံးစရိတ် ပိုမိုရရှိနိုင်မည့် အထူးဒေသအဖြစ် သတ်မှတ်ဆောင်ရွက် မှသာ ချင်းပြည်နယ် တိုးတက်မှုသည် အခြား ပြည်နယ်တိုင်းများကို ရင်ဘောင် တန်းနိုင်မည် ဖြစ်ခြင်းကြောင့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်သည်ဟု CPP ပါတီကပြောသည်။

“ကျန်တဲ့ပြည်နယ်တွေကို သိန်း ၁,ဝဝဝ ချပေးတယ်ဆိုရင် အထူးဒေသဖြစ်တော့ သိန်း ၁,၂ဝဝလောက် ပေးတာ မျိုးပေါ့။ ဒီလိုလုပ်မှပဲ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေနဲ့ ရင်ဘောင်တန်းနိုင်မယ် နောက်မို့ဆိုရင် မလွယ်ဘူး” ဟု CPP ပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ် က မဇ္ဈိမကို ပြောသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ရန် ပြည်နယ်အစိုးရ၏ ဝင်ငွေဖြင့် လုံလောက်မှု မရှိနိုင်သဖြင့် ပြည်ထောင်စု အစိုးရ၏ အကူ အညီ ရနိုင်ရန် CPP ပါတီက မျှော်လင့်သည်။ ဝင်ငွေခွန်နှင့် ပတ်သက်၍ ချင်းပြည်နယ် နယ်နိမိတ်အတွင်းရှိ သစ်ထုတ် လုပ်ငန်းများတွင် ဗဟို အစိုးရနှင့် ပြည်နယ်အစိုးရအကြား လုပ်ပိုင်ခွင့် မရှင်းမလင်း ဖြစ်နေသည့်အပေါ် လွှတ်တော်တွင် မေးမြန်း ဆွေးနွေးသွားမည်ဖြစ်သည်။

“ချင်းပြည်နယ်ဝန်ကြီးလက်အောက်မှာ ချင်းပြည်က သစ်တောတွေ ရောက်လာဘူး၊ စစ်ကိုင်းရောက်လိုက် မကွေးတိုင်း ရောက်လိုက် ဖြစ်နေတာပေါ့။ အခု ခုတ်ပြီးသားပြီတွေကိုလည်း ရောင်းရတာတွေကို အခွန်အဖြစ် ချင်းပြည်နယ် အစိုးရမှာ ဝင်စေ ချင်တာပေါ့၊ ကျနော်တို့ လုပ်ပိုင်ခွင့်လို့ မြင်တယ်” ဟု ဦးနိုထန်ကပ်က ပြောသည်။

ထို့ပြင် ဖလမ်းမြို့နယ်ရှိ ထုံးကျောက်ထွက်ရာ ဒေသတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ပါက ပြည်နယ် အတွင်း ဆင်းရဲ မွဲတေမှု လျော့ချရေးနှင့် အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းရာရောက်သဖြင့် ပြည်ထောင်စု အစိုးရ၏ ထောက်ပံ့မှုဖြင့် တည်ဆောက်ရန် တင်ပြမည်ဟု ဆိုသည်။

လက်ရှိကျင်းပနေသည့် လွှတ်တော်၌ သြဂုတ်လ ၂၄ ရက်နေ့ အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ဝ မှ ကြံ့ခိုင်ရေး ပါတီကိုယ်းစားလှယ် ဦးမနားနိုင်က နိုင်ငံတော် စီမံကိန်းအဖြစ် တည်ဆောက်နေသည့် မဏိပူရနှင့် မြစ်သားမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများမှ ချင်းပြည်နယ် ကန်ပက်လက်မြို့အတွက် လျှပ်စစ် ဓါတ်အားပေး မပေး သိလိုကြောင်း မေးမြန်းခဲ့သေးသည်။

အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က ဂန့်ဂေါမှ မတူပီအထိ ၆၆ ကေဗွီ ဓါတ်အား လိုင်းများကို နောက်နှစ်အတွင်း အပြီး တည်ဆောက် နေကြောင်းနှင့် မဏိပူ နှင့် မြစ်သား ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက ချင်းပြည်နယ်တွင် လျှပ်စစ်ဓါတ်အား ပိုမိုသုံးနိုင်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် CPP ပါတီက “၆ နှစ်ကျော်ပြီ ရေလွှဲတဲ့ ဥမင်လိုဏ်ခေါင်း ဆောက်တာ တဝက်လောက်တောင် မရောက်သေးဘူး”ဟု ချင်းပြည်နယ် ဖလမ်းမြို့အနီး တည်ဆောက်ဆဲ မဏိပူရ ရေအားလျှပ်စစ် စီမံကိန်း အခြေအနေကို ပြောပြသည်။

ပြည်နယ် အစိုးရက သက်တမ်း ၄ လကျော်အတွင်း မည်မည်ရရ လုပ်ဆောင်မှုများ မတွေ့ရကြောင်းနှင့် လက်ရှိ ကျင်းပနေသည့် လွှတ်တော် အပြီးတွင် ပြည်နယ်အစိုးရများကို လုပ်ပိုင်ခွင့် အပြည့်အဝ ရနိုင်မည်ဟု CPP က ရှုမြင်သည်။

ယခင်ကျင်းပခဲ့သော လွှတ်တော်တွင် CPP မှ ဂန့်ဂေါလမ်း ပြုပြင်ပေးရေး၊ ချင်းပြည်နယ်အတွင်း သင့်တော်သည့် ဒေသများတွင် ကောလိပ် ကျောင်းများ ဖွင့်ပေးရေး၊ သင်တန်းဆင်း ချင်းအမျိုးသား ဆရာဝန်များကို ဆမ လိုင်စင် အမြန်ချပေးပြီး ချင်းပြည်နယ် လိုအပ်သည့် ဒေသများသို့ လွှတ်ရေး အဆိုများ တင်သွင်းခဲ့ဖူးသည်။

ပြည်ထောင်စု လွှတ်တော်တွင် CPP ပါတီ၏ အမျိုးသားနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဦးကျောန်ခဲန်၊ ဦးယုံလှေးထန်၊ ဦးဝှေ့ယန်း၊ ဦးပေါလ်လျန်လွင်၊ ဦးခွန်းလိန်၊ ဦးပိုက်လင်း တို့ ပါဝင်သည်။

မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်း ၁၄ ခုအနက် ချင်းပြည်နယ်မှာ အဆင်းရဲဆုံး ပြည်နယ်အဖြစ် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ၏ ၂ဝ၁၁ ခုနှစ် ဇွန်လထုတ် စစ်တမ်းတွင် ဖော်ပြခံခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

Thursday, September 1, 2011

တရားမဝင်ကားလုပ်ငန်း ထိပ်တန်းအာဏာပိုင်များ ပတ်သက်နေ

Wednesday, 31 August 2011

တရားမ၀င် လိုင်စင်မဲ့ ကားများတင်သွင်းပြီး တရားဝင်ကားအဖြစ် လိုင်စင် ချထားပေးသော လုပ်ငန်း အဆင့်ဆင့်တွင် စစ်ဗိုလ်ချုပ် များ၏ ဆွေမျိုးများ၊ အစိုးရ ၀န်ကြီးများနှင့် ဌာနဆိုင်ရာ ညွှန်ချုပ်များ အထိ ပါဝင် ပတ်သက်နေကြောင်း သတင်း ရရှိသည်။

ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ဝန်ကြီး ဦးလှထွန်း၊ စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အပါအ၀င် အစိုးရ အရာရှိများနှင့် စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်များ၏ မိသားစုဝင်များ၊ ဆွေမျိုးများသည် လိုင်စင်မဲ့ကား တင်သွင်းရောင်းချ လိုင်စင်ဝင်သည့် လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေကြောင်း အစိုးရ၀န်ထမ်း အသိုင်းအ၀န်းနှင့် ကား ထုတ်လုပ်ရေး ကုမ္ပဏီများမှ သိရသည်။

“ပြည်တွင်းကို ကားတွေ တရားမ၀င် သွင်းလာတာ ၀န်ကြီးတွေ၊ ညွှန်ချုပ်တွေ အားလုံး သိပါတယ်။ သူတို့က လာဘ်ပေး လာဘ်ယူ ကိစ္စကို တိုက်ရိုက် မပတ်သက်သလို နေတယ်။ ညွှန်ကြားရေးမှူးတွေက တာဝန်ယူ ပိုက်ဆံရှာ၊ အချိန်တန်ရင် ၀န်ကြီးတွေ၊ ညွှန်ချုပ်တွေကို ရလာတဲ့ ဝေစုထဲကနေ သွားကန်တော့တဲ့ ပုံစံမျိုးနဲ့ လာဘ်ပေးလာဘ်ယူ လုပ်နေတာ။ လိုင်စင်မဲ့ ကားတွေ လိုင်စင် ရဖို့ဆိုတာ ကလည်း နောက်ဆုံး ၀န်ကြီးနဲ့ ညွှန်ချုပ်တွေလက်မှတ်ထိုးပြီးမှ တရားဝင်တာ” ဟု နေပြည်တော် အခြေစိုက် အမည် မဖော်လိုသော အစိုးရ အရာရှိကြီးတဦးက ပြောသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးဦးလှထွန်းသည် အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် ၎င်း၏ လူယုံဖြစ်သော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးထွန်းသိန်းကို ညွှန်ကြားရေးမှူးချုပ် အဖြစ် ယခုနှစ် မေလ ကုန်တွင် အစားထိုး ခန့်အပ်ခဲ့သည်။ ယခင် ညွှန်ကြားရေးမှူးချုပ် ဦးစံသောင်းကိုမူ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ခဲ့ပြီး ဦးစံသောင်း လက်ထက်က အကောက်ခွန် ဦးစီးဌာနအတွင်း ဖြစ်ပေါ်ခဲ့သော အကျင့်ပျက် ခြစားမှုများကို တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ဟု သိရှိရသည်။

“ရုံးအဖွဲ့မှူးကို ညွှန်ချုပ်ရာထူးပေးတဲ့ အစဉ်အလာ မရှိသလောက် နည်းတယ်။ ဦးလှထွန်းကတော့ သူရဲ့ လက်ရင်း တပည့်ကို ချက်ချင်း ညွှန်ချုပ်အဆင့် တိုးပေးခဲ့တယ်။ ဦးထွန်းသိန်း လက်ထက် မှာလည်း ဌာနတွင်း အကျင့်ပျက် ခြစားမှုတွေ ထိုးတက် လာတယ်။ ဦးစံသောင်း လက်ထက်မှာလည်း ခြစားမှုတွေ တောက်လျှောက် ဖြစ်ခဲ့တာပဲ” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနမှ အရာရှိကြီး တဦးက ပြောသည်။

အမှတ် ၂ စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးစိုးသိန်းသည် ကားထုတ်လုပ်ရေး ကုမ္ပဏီ မှတ်ပုံတင်ခွင့်နှင့် ထုတ်လုပ်ခွင့် ပြုသည့် ကား အရေအတွက် စသည့် အရေးပါသော လုပ်ပိုင်ခွင့်များ ချထားပေးနိုင်သည့် အခွင့်အာဏာ ရှိပြီး နိုင်ငံခြားဖြစ် ကားများကို စက်မှုဇုန်ထုတ် ကားအဖြစ် လာဘ်ငွေယူကာ အများအပြား ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

“သာမန်ဝပ်ရှော့အဆင့်လောက်ပဲ ရှိတဲ့ အလုပ်ရုံတွေကိုလည်း ကားထုတ်လုပ်ရေး ကုမ္ပဏီပိုင် စက်ရုံဆိုပြီး နာမည် တပ်ခွင့် ပြုတယ်။ တရားမ၀င် ကားတွေကို ဇုန်ထုတ်ကားတွေအဖြစ် ခွင့်ပြုခဲ့တာလည်း စက်မှု ၂ ၀န်ကြီး ဌာနပဲ။ နိုင်ငံခြားဖြစ် ကားတွေမှန်း သိရက်နဲ့ စက်မှုဇုန်ကားပါ ဆိုပြီး အသိအမှတ်ပြု ပေးခဲ့တယ်။ အားလုံးက နောက်ကြောင်း ပြန်လိုက်လို့ ရပါတယ်။ တကယ်ခုံရုံးဖွဲ့ စစ်မယ်ဆိုရင် တမှုချင်း ဖော်လို့ရတယ်။ အကောက်ခွန်၊ စက်မှု ၂ ၊ ကညန၊ ကားထုတ်လုပ်ရေး ကုမ္ပဏီ အားလုံးပဲ” ဟု ရန်ကုန် စီးပွားရေးသမား တဦးက ပြောသည်။

ယခုအခါ စက်မှု ၂ ၀န်ကြီးဌာနသည် စက်မှုဇုန်ကားအဖြစ် အမည်ခံထားသော Hi-Ace ကားများ လိုင်စင်ဝင်ပါက တစီးလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၃၀၀၀ မှ ၂၀၀၀၀ အထိ ဒဏ်ရိုက်နေပြီး ထိုသို့ ဒဏ်ရိုက်ခြင်းမှာလည်း ၀န်ကြီးဌာနများ အားလုံး ပတ်သက် ဆက်နွှယ်နေသော အကျင့်ပျက် ခြစားမှုများ မပေါ်ပေါက်စေရန် အချိန်မီ ဆောင်ရွက်သည့် လုပ်ဆောင်ချက် တခု ဖြစ်သည်ဟု ယင်းဌာနများနှင့် နီးစပ်သူများက ဆိုသည်။

ကားလိုင်စင်နှင့် နံပါတ် ထုတ်ပေးရသည့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် အကျင့်ပျက် ခြစားမှုများနှင့် ဆက်နွှယ်လျက် ရှိကြောင်း၊ ကားထုတ်လုပ်ရေး ကုမ္ပဏီများသည် စစ်ဗိုလ်ချုပ်များ၏ မိသားစု ဆွေမျိုးများနှင့် ပတ်သက် ဆက်နွှယ်မှုရှိပြီး ကုမ္ပဏီ များကလည်း အစိုးရ ထိပ်တန်း အကြီးအကဲများ၏ အမည်ကို အသုံးချကာ ကားများ တင်သွင်းခဲ့ကြကြောင်း သိရှိရသည်။

“ကားထုတ်တဲ့ ကုမ္ပဏီတွေက စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း သားတွေနဲ့ ပိုင်တယ်၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (ဒုတိယ သမ္မတ) သားနဲ့ ပိုင်တယ်ဆိုပြီး နာမည်တွေသုံး ကားတွေသွင်းတယ်။ နာမည်လည်း သုံးတယ်၊
လာဘ်ငွေလည်း ပေးတယ်။ ကားထုတ်တဲ့ ကုမ္ပဏီတွေအားလုံးက ဒီနည်းလမ်း နှစ်ခုကို သုံးပြီး ကားတွေ သွင်းခဲ့ကြတာ။ တကယ်တော့ ပြည်တွင်းမှာ အဆင့်တန်းမီတဲ့ ကားထုတ်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ သူများနိုင်ငံက ခိုးသွင်းတာတွေ ဆင်ပြီး ပြန်ရောင်းတဲ့ အဆင့်မှာပဲ ရှိပါတယ်” ဟု ရန်ကုန် အခြေစိုက် စီးပွားရေးသမားက ဆိုသည်။

စက်မှု ၂ ၀န်ကြီးဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီက ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ကားထုတ်လုပ်ရေး ကုမ္ပဏီများကို စက်မှုဇုန်ထုတ်ကား ၉၈၈၈၄ စီးထုတ်လုပ်ခွင့် ပြုခဲ့ပြီး ယခုနှစ် တွင် ၉၅၇၇ စီး ထုတ်လုပ်ခွင့်ပြုထားသည်ဟု သိရသည်။

Ref: ဧရာဝတီ

Read More...

စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဗြိတိန် ပြည်သူတွေ စာပို့


2011-08-31

မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် စေလွှတ်ရေးကိစ္စ ဦးဆောင် ဆွေးနွေးဖို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးကို ဗြိတိန် ပြည်သူ ငါးထောင် သုံးရာက စာရေးသား တောင်းဆိုလိုက်ကြ ပါတယ်။

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ကို ထောက်ခံကြောင်း ပို့စကဒ်နဲ့ စာတွေ၊ လက်မှတ်တွေကို ဗြိတိန် ပြည်သူတွေထံက ပြီးခဲ့တဲ့ ဇူလိုင် သြဂုတ်လတွေ အတွင်း Burma Campaign U.K အဖွဲ့က လိုက်လံ ကောက်ခံ ရရှိခဲ့တာ ဖြစ်တယ်လို့ Burma Campaign U.K အဖွဲ့ဝင် မဇိုယာဖန်းက ပြောပါတယ်။

မြန်မာပြည်အရေး ဆောင်ရွက်ပေးဖို့ ဗြိတိန် ပြည်သူတွေက သူတို့ရဲ့ နိုင်ငံခြားရေး ၀န်ကြီးထံကို ပို့စကပ်နဲ့ စာတွေ ရေးသား ပေးပို့ တောင်းဆိုတာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂကတဆင့် စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံမှာ အာဏာရှင် စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အရေးယူပေးဖို့ ပြည်သူတွေက တောင်းဆိုတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနက William Hague ကိုယ်တိုင်ကလည်း ဒီ စုံစမ်းရေး ကော်မရှင်ရှိဖို့ တကယ် လိုအပ်ကြောင်း ပြောဆို ထားတာ ရှိပြီး ဒါကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ အတွက် ပြည်သူလူထုက တိုက်တွန်းတာလည်း ဖြစ်တယ်လို့ မဇိုယာဖန်းက အာအက်ဖ်အေကို ပြောပါတယ်။

ရှေ့လာမယ့် အပတ်မှာ EU ဥရောပသမဂ္ဂ အဖွဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထား တရပ် ချမှတ်ဖို့ ရှိပြီး၊ အဲဒီ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် စေလွှတ်ရေး ကိစ္စ ဗြိတိန် နိုင်ငံက ဦးဆောင် ဆွေးနွေး စေလိုတာကြောင့် ဗြိတိန် ပြည်သူတွေရဲ့ ထောက်ခံစာနဲ့ ပို့စကဒ်တွေကို ဒီကနေ့မှာပဲ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို Burma Campaign U.K အဖွဲ့က သွားရောက် ပေးပို့ခဲ့ပါတယ်။

EU ဥရောပသမဂ္ဂ အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သဘောထား တရပ် ချမှတ်ပြီးရင်တော့ လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် စေလွှတ်သင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ကလည်း ပြီးခဲ့တဲ့ မတ်လတုန်းက လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့ပါတယ်။

Ref: RFA News

Read More...

သက်မွေးဝမ်းကျောင်း လုပ်ခွင့် ပြန်ရဖို့ NLD ကူညီမည်


2011-08-31

နိုင်ငံရေး ယုံကြည်ချက်ကြောင့် အစိုးရက ဖမ်းဆီး ထောင်ချတာ ခံရပြီး ပြန်လည် လွတ်လာကြ သူတွေအနေနဲ့ မိမိတို့ နဂိုမူလ သက်မွေးဝမ်းကျောင်း မှုကို ပြန်လုပ်ခွင့်ရအောင် NLD ပါတီက ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် သွားမယ်လို့ သတင်းရရှိ ပါတယ်။

အဲဒီကိစ္စကို ရှေ့လာမယ့် အပတ်အတွင်း သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ်လို့ NLD ပါတီ ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

"ကျနော်တို့ NLD က တရားရုံး ရှေ့နေတို့၊ ဆရာဝန်၊ ကျောင်းဆရာ ဆရာမတို့၊ အနုပညာရှင်တို့၊ စာရေးဆရာ သတင်းစာ ဆရာတို့၊ ၀န်ထမ်းတို့၊ သူတို့က နိုင်ငံရေး ယုံကြည်မှုပေါ်မှာ မူတည်ပြီး ပြစ်ဒဏ် ကျခံရတယ်ဗျာ။ သူတို့ ပြန်လွတ်လာတော့ လိုင်စင်တွေ သိမ်းတယ် လုပ်ခွင့် မပေးဘူးဆိုတော့ သူတို့ကို ထပ်မံ ပြစ်ဒဏ်ပေးရာ ကျတာပေါ့ဗျာ။ ပြစ်ဒဏ်ကလည်း ခံပြီးပြီလေ။ သူတို့ သက်မွေးဝမ်းကျောင်း ကတော့ သူတို့ ပြန်လုပ်စား ရမှာပေါ့။ သူတို့ကို တရား ဥပဒေနဲ့အညီ ရခွင့် ရပိုင်ခွင့် ကုစားခံပိုင်ခွင့် ဒါကို ကျနော်တို့က လုပ်ချင်တာပါ။"

NLD ပါတီက အခု ကူညီသွားမယ့် အစီအစဉ်ဟာ NLD ပါတီဝင်တွေ သာမက အခြားသော နိုင်ငံရေး လှုပ်ရှားသူတွေ အတွက်လည်း ပါဝင်ကြောင်း ဦးတင်ဦးက ပြောပါတယ်။

နိုင်ငံရေး ယုံကြည်ချက်ကြောင့် လှုပ်ရှားရင်း အစိုးရက လိုင်စင်ရုပ်သိမ်းခဲ့တဲ့ ရှေ့နေ အနည်းဆုံး (၂၅) ဦးရှိပြီး ဆရာဝန်တွေ အဆိုတော်တွေ သတင်းစာ ဆရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံရေး ၈၈ ခေါင်းဆောင်တို့ တိုက်တွန်း


လင်းသန့်
Wednesday, 31 August 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ၀န်းရံပေးကြရန် အကျဉ်းကျ နေသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက တိုက်တွန်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အစိုးရသစ်၏ အသုံးချခံ မဖြစ်ရေးအတွက် ဂရုစိုက်ရန် သတိပေး လိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအခြေအနေ အချိန်အခါမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင် ဖြစ်တယ်။ ဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည် အခု ဆောင်ရွက် နေတာတွေကို ပိုပြီးအဆင်ပြေ ချောမွေ့စေဖို့ အတွက် ဒီမိုကရေစီ အင်အားစု အားလုံးကို ဆက်လက် ထောက်ခံဖို့ တိုက်တွန်းတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က အမှာစကား ပါးလိုက်ကြောင်း သူ၏ ယောက်ဖ ကိုဖြိုးမင်းသိန်းက ဧရာဝတီကို ယနေ့ ပြောပြသည်။

ကိုဖြိုးမင်းသိန်းသည် မကြာသေးမီက ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက် တွေ့ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်၊ မိုင်းဆတ် အကျဉ်းထောင်ရှိ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသော ပြောဆိုမှုများသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် ပထမခြေလှမ်းဟု မှတ်ယူပြီး သတိနှင့် ကြိုဆိုလိုက်သည်ဟု သိရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအတွက် ထားရှိသည့် ရိုးသားသည့် စေတနာကို အစိုးရသစ်က အသုံးချခြင်း မပြုနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သတိ ရှိသင့်ကြောင်း ကိုကိုကြီးက တိုက်တွန်းလိုသည်ဟု မိုင်းဆတ် အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

၁၉၈၈ လူထုလှုပ်ရှားမှုကာလ ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချို (ကိုဌေးဝင်းအောင်)၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုဉာဏ်လင်းမင်းနှင့် ကိုအောင်နိုင် တို့သည် ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးများ မြင့်တက်မှုကြောင့် ဆန္ဒပြခဲ့သည့် အတွက် ယခင် စစ်အစိုးရက ဖမ်းဆီးခဲ့သည်။

နောက်ပိုင်းတွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ စီ ချမှတ်ခြင်း ခံရပြီး နိုင်ငံ အစွန်အဖျားရှိ ရာသီဥတု ဆိုးရွားသော ထောင်များ အပါအ၀င် နယ်ဘက် အကျဉ်းထောင်များသို့ ရောက်ရှိသွားသည်။

ယခုအခါ မိသားစု ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် ခက်ခဲခြင်း၊ ထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း တို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ဟု သိရသည်။

ယခုအခါ ၎င်းတို့ကို ဖမ်းဆီးထောင်ချခဲ့သော စစ်အစိုးရဟူ၍ မရှိတော့ဘဲ အရပ်သားအစိုးရ ပေါ်ပေါက်လာပြီ ဖြစ်သောကြောင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့ကြသည့် ၈၈ မျိုးဆက် ခေါင်းဆောင်များကို အမြန်ဆုံး ပြန်လွှတ် ပေးသင့်ကြောင်း မိသားစုဝင်များက ပြောသည်။

Ref: ဧရာဝတီ

Read More...

ငြိမ်းချမ်းရေး ကော်မတီဝင်အဖြစ် ဒေါ်စုကို အထက်လွှတ်တော်အမတ် အကြံပြု


မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားလွှတ်တော်၏ ဗုဒ္ဓဟူးနေ့ ပုံမှန် အစည်းအဝေးတွင် အမတ်အချို့က အစိုးရ အဆက်ဆက်သည် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ခြင်း မရှိဟု ဝေဖန်သွားကြသလို ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ကော်မတီတွင် ထည့်သွင်းရန် အမတ်တဦးက အကြံပြုသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉မှ အမတ် ဦးထွန်းလွင် တင်သွင်းသော “မြန်မာနိုင်ငံ အတွင်း ထာဝရ ငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက် ထိန်းသိမ်းရေး အတွက် အမြဲတမ်းကော်မတီ ဖွဲ့စည်းရေး” အဆိုကို ကန့်ကွက်သူ မရှိဘဲ စစ်ဘက် အမတ်တဦး အပါအဝင် အမတ် ၁၃ ဦးက ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြသည်။

ထောက်ခံ ဆွေးနွေးသူ တဦးဖြစ်သည့် ချင်းတိုးတက်ရေး ပါတီမှ ဦးပေါ်လျှံလွင်က “အစိုးရ အဆက်ဆက် က အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အတွက်ပဲ လုပ်တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်လုပ်တာ အားနည်းတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို မတည်ဆောက်နိုင်လို့ ငြိမ်းချမ်းရေးကို မတည်ဆောက် နိုင်တာဖြစ်တယ်။” ဟု ဆွေးနွေး သွားခဲ့ကြောင်း အမတ်တဦးက မဇ္ဈိမသို့ ပြန်ပြောပြသည်။

ကရင်ပြည်သူ့ပါတီ၏ ကရင်ပြည်နယ် မဲဆန္ဒနယ် ၇ မှ ဦးစောတော်ပလဲ၏ ဆွေးနွေးချက်ကို ပြန်ပြောရာ တွင်တော့ “သူ့အိမ်မှာ ညီတွေ၊ အမျိုးတွေကလည်း ခြေတဘက်ပြတ်၊ နှစ်ဘက်ပြတ်တွေ များပါတယ်တဲ့။ မိုင်းနင်းမိပြီးတော့ ပေါ့လေ။ ကရင်ပြည်နယ်က ပြည်သူ တော်တော် များများက လွှတ်တော် ဆိုတာလည်း စိတ်မဝင်စားပါဘူး။ ဒီမိုကရေစီ ဆိုတာလည်း နားမလည်ပါဘူးတဲ့၊ သူတို့ လိုချင်တာက ငြိမ်းချမ်းရေးပဲ လိုချင်တာပါတဲ့။” ဟု ပါရှိသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၃ မှ ဦးအေးမောင်မှ ငြိမ်းချမ်းရေး ကော်မတီတွင် အများ ကြည်ညို လေးစားသည့် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကော်မတီဝင် အဖြစ် ထည့်သွင်း သင့်ကြောင်း အကြံပြု သွားသည်။

စစ်ဘက် ကိုယ်စားလှယ်အမတ် ဗိုလ်မှူးကြီး မောင်မောင်ကြီးကလည်း ငြိမ်းချမ်းရေး မတည်ဆောက် နိုင်ခြင်းကြောင့် တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကျ ရကြောင်း ဆွေးနွေး သွားခဲ့သည်။ အမျိုးသား လွှတ်တော် သမိုင်းတလျှောက် စစ်ဘက် အမတ်တဦး၏ ပထမဆုံး အကြိမ် ဆွေးနွေးခြင်းလည်း ဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ ဗညားအောင်မိုးက ဗမာလူမျိုးကြီး ဝါဒရှိနိုင်ပြီး၊ တိုင်းရင်းသားများ ဘက်မှလည်း လူမျိုးစွဲ ရှိတတ်ခြင်းကြောင့် ယင်းအမြင်များကို လျော့မှ ငြိမ်းချမ်းရေး ရနိုင်မည် ဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့သည်။

ဦးထွန်းလွင်၏ အဆိုကို ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြပြီး အမျိုးသားလွှတ်တော်မှ အတည်ပြု ပေးခဲ့သော်လည်း ကော်မတီကို မည်သို့ ဖေါ်ဆောင်မည်၊ မည်သူများကို ကော်မတီဝင်များ ထားရှိမည် စသည့် လုပ်ငန်းစဉ်များကို အထက်လွှတ်တော် အမတ်များ ကိုယ်တိုင် မသိရှိသေးဘဲ ဖြစ်နေသည်။

ဗုဒ္ဓဟူးနေ့ နံနက် ၁ဝ နာရီတွင် စပြီး ညနေ ၅ နာရီ ၃ဝ မိနစ်မှ ပြီးဆုံးသော အထက်လွှတ်တော်၏ ကိုးရက်မြောက် အစည်း အဝေးတွင် လက်ရှိ အစိုးရကို ချီးကျူးသော အဆိုကို အာဏာရပါတီ ကြံ့ခိုင်ရေးမှ အမတ် ဦးခင်မောင်ဌေးက “ပြည်ထောင်စု အစိုးရနှင့် တိုင်းနှင့် ပြည်နယ်များ၏ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ချက်များကို ချီးကျူးကြောင်း မှတ်တမ်းတင်ပေးရန်” ခေါင်းစဉ်ဖြင့် တင်သွင်း ခဲ့သည်။ ယင်းအဆိုကို ကန့်ကွက်သူလည်း ရှိခဲ့၍ မဲခွဲဆုံးဖြတ်ရာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အများစုဖြစ်သော လွှတ်တော်တွင် အဆိုရှင်မှ အနိုင် ရသွားသည်။

ဦးခင်မောင်ဌေးက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံနိုင်မှု သည်လည်း အစိုးရ၏ အောင်မြင်မှု တခု ဖြစ်သည်ဟု ရည်ညွှန်းသွားခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ ဗညားအောင်မိုးက ကန့်ကွက်သူဖြစ်ပြီး ရက် ၁၀၀ နှင့် မလုံလောက်ဘဲ အနည်းဆုံး ခြောက်လ စောင့်ကြည့်ရန် လိုသည်ဟု ဆိုသည်။

မေးခွန်းအပိုင်းတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ ဦးသိန်းဝင်း၏ “အများပြည်သူတို့ အပေါ် မလျော်သြဇာ ကျင့်သုံးမှု၊ မမှန်မကန် ပြုကျင့်မှုများ အတွက် တိုင်ကြားမှုများကို စုံစမ်း စစ်ဆေးကြသည့် အခါ စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင်များတွင် ထိုရပ်ရွာဒေသမှ ယုံကြည် လေးစား သူများကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းရန်" အဆိုကို ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုမှ ပြန်လည် ဖြေကြားရာတွင် ရွာမိ၊ ရွာဖများကို သက်သေအဖြစ်သာ ထားမည်ဖြစ်ပြီး ဌာနဆိုင်ရာမှ သူများကိုသာ စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင်များအဖြစ် ထားရှိမည်ဟု ပြန်လည် ဖြေကြားသည်။

ယင်းအပြင် ရန်ကုန်တိုင်း မဲဆန္ဒနယ် ၁ဝ မှ ကြံ့ဖွံ့အမတ် ဦးနုမှ အခြေခံ ပညာရေးအဆင့်တွင် အမျိုးသား ဆရာများ ရှားပါးလာခြင်း ပြဿနာကို ဖြေရှင်းရန် မေးမြန်းရာ ပညာရေးဝန်ကြီး ဒေါက်တာမြအေးမှ ပြန်လည် ဖြေကြားရာတွင် ဝန်ကြီးဌာနမှ အမျိုးသား ဝန်ထမ်းများကို ခန့်ထားပေးသော်လည်း ထိုသူများမှ လုပ်ကိုင်လိုစိတ် မရှိခြင်းကြောင့် လစာတိုးပေးခြင်း၊ ရာထူး တိုးပေးခြင်းတို့ လုပ်ဆောင်ကာ ဆွဲဆောင်ရန် ကြိုးစားနေကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံရေးအရ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ မရှိသေး

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 31 သြဂုတ် 2011

မြန်မာအစိုးရသစ် အနေနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေရာမှာ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေး ဆောင်ရွက်နေပြီး နိုင်ငံရေးအရ ကျယ်ပြန်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာရေး အတွက်တော့ လတ်တလော အစီအစဉ် မရှိသေးဘူးလို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေးတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပ ပြုလုပ်ပြီးတဲ့ နောက်ပိုင်း အခြားဆိုင်ရာ ကျန်းမာရေး၊ လူမှုရေး အကြောင်းရပ် တခုချင်းအလိုက် ဆွေးနွေးပွဲတွေကို ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီနေရာမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ အမျိုးသားအဆင့် ဆွေးနွေးပွဲလည်း မကြာခင် ဖြစ်လာဖွယ် ရှိတယ်ဆိုပြီး သတင်းတွေ ထွက်လာပါတယ်။

ဒါပေမဲ့လည်း နိုင်ငံရေးအရ ကျယ်ပြန်တဲ့ ဆွေးနွေးမှုတွေ စတင်ဖို့အတွက် လတ်တလောမှာ အစီအစဉ် မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတ အကြံပေး ဒေါက်တာ နေဇင်လတ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“Political Forum အနေနဲ့ကတော့ ကျနော် မကြားမိသေးဘူး။ သို့သော်လည်း ဖိုရမ် (Forum) တွေကတော့ ကျနော်တို့ တောက်လျှောက် လုပ်မှာပေါ့။ အခု စီးပွားရေးအရ ပြုပြင် ပြောင်းလဲမှုတွေကို နည်းနည်းလေး အလေးအနက် ထားပြီး လုပ်တဲ့ အတွက်ကြောင့် လောလောဆယ်တော့ စီးပွားရေးနဲ့ ဆိုင်တဲ့ ဖိုရမ်တွေ လုပ်တယ်ပေါ့ဗျာ။

“နောက်တခါ ဦးစားပေးက ကျန်းမာရေးလား၊ ပညာရေးလား ကျနော်တို့ မသိသေးဘူး။ ဖိုရမ်တွေတော့ တောက်လျှောက် လုပ်သွားမှာပေါ့။ သို့သော်လည်း Political Forum ရယ်လို့ ခေါင်းစဉ်ကြီးနဲ့တော့ ကျနော် မသိထားသေးဘူး။ ကျနော့် အနေနဲ့ကတော့ Political Forum ရဲ့ ခေါင်းစဉ် အောက်မှာတော့ ရှိလာမယ်လို့ ကျနော် သိမထားသေးပါဘူး။”

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အပါအ၀င် စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေအတွက် အကြံပေး အဖွဲ့ အနေနဲ့ သမ္မတကို တင်ပြထားတာတွေ ရှိပေမဲ့လို့ ဘယ်အကြောင်းရပ်ကို ဦးစားပေး ဆောင်ရွက်မလဲ ဆိုတာကတော့ အကြံပေးအဖွဲ့က ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလို့လည်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

“ကျနော်တို့ အကြံပေး ဆိုတော့ဗျာ Issues တွေ တော်တော်များများ ကျနော်တို့ကတော့ ရေးပြီး သမ္မတကြီးဆီ တင်ပြ ထားတာတော့ ရှိတယ်။ သို့သော်လည်း Priority ရွေးတဲ့ အခါမျိုး၊ ဘယ်ဟာ အရင်လာမယ်၊ ဘယ်ဟာ နောက်မှာလာမယ် ဆိုတာတော့ ကျနော်တို့က ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့သူတွေ မဟုတ်ဘူးလေ။

“ကျနော်တို့ လက်လှမ်းမီတဲ့ Issues တွေ တော်တော်များများကတော့ မခွဲခြားဘဲ ကျနော်တို့က တင်တင် ပေးနေ ရတာတော့ ရှိတယ်။ သို့သော်လည်း ဘယ်ဟာပြီးရင် ဘယ်ဟာလာမယ်၊ ဘယ်ဟာပြီးရင် ဘယ်ဟာလာမယ် ဆိုတာကျတော့ ကျနော်တို့ ဆုံးဖြတ် ပိုင်ခွင့်ထဲမှာ မရှိဘူးလေ။ အဲဒီအတွက်ကြောင့် ကျနော် ပြောလို့တော့ မရဘူးပေါ့။”

ပြည်ပရောက် မြန်မာလူမျိုးတွေကို ပြန်လာခွင့်ပေးမယ်ဆိုပြီး သမ္မတ ဦးသိန်းစိန်က ပြောခဲ့တာကြောင့် မကြာခင် နိုင်ငံရေး အရ တစုံတရာ အပြောင်းအလဲတွေ ပေါ်လာမလား၊ အထူးသဖြင့်တော့ အာဏာပိုင်တွေနဲ့ အတိုက်အခံတွေ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ပေါ်လာမလား၊ မျှော်လင့်သူက မျှော်လင့်ထားပါတယ်။ ပြည်ပရောက်တွေ ပြန်ခေါ်ဖို့ အစီအစဉ် ရှိပေမဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲမျိုး ဖြစ်လာနိုင်ချေ မမြင်သေးဘူးလို့ ဒေါက်တာ နေဇင်လတ်က ဆိုပါတယ်။

“ပြည်ပရောက် အဖွဲ့တွေကိုတော့ အိမ်ပြန်လာရင် ရပါတယ် ဆိုတာကတော့ သမ္မတကြီး ကိုယ်တိုင်က မိန့်ခွန်းထဲမှာ ထည့်ပြော ထားပြီးပြီလေ။ ဒါကိုတော့ ကျနော် ယုံမှားသံသယ မရှိဘူးပေါ့။ သို့သော်လည်း ဖိုရမ်အဆင့်အထိ လုပ်မယ် ကိုင်မယ် ဆိုတာတော့ ကျနော် သိမထားသေးပါဘူး။”

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ သီးခြား တွေ့ဆုံခဲ့သလို ဆွေးနွေးပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် အချိန်ပိုင်း တက်ရောက် ခဲ့ပါတယ်။ မတူညီမှုတွေကို ဘေးဖယ်ပြီး တူညီမှု အခြေခံတွေ အပေါ်မှာ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုပြီး ထုတ်ပြန် ခဲ့ကြပါတယ်။

ဒါကြောင့် မြန်မာအစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်တို့အကြား အရင်ကလို မဟုတ်ဘဲ တင်းမာမှုတွေ အတော်လေး လျော့နည်း သွားခဲ့တာကြောင့် စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်လာတော့မလားဆိုပြီး မျှော်လင့်သူတွေ ရှိသလို လက်တွေ့ကျတဲ့ အပြောင်းအလဲတွေ မမြင်ရသေးဘူး ဆိုပြီး ဒီဆက်ဆံရေး အပေါ်မှာ သံသယထားသူတွေလည်း ရှိတာ တွေ့ရပါတယ်။


Ref: VOA News


Read More...

စစ်တွေဗုံးကွဲ၊ အနည်းဆုံး ၇ ဦးသေ

ဦးကျော်ထင်
ဗုဒ္ဓဟူး, 31 သြဂုတ် 2011

ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းကျေးရွာမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲတာကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံး သွားပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

စစ်တွေမြို့နယ်က မွတ်ဆလင်ကျေးရွာ တခုဖြစ်တဲ့ သဲချောင်းရွာမှာ ဒီနေ့ နေ့လယ် ၂ နာရီခွဲလောက်က ပေါက်ကွဲမှု ဖြစ်တာကြောင့် ၅ ယောက် ပွဲချင်းပြီး သေဆုံးပြီး ကလေးငယ် ၂ ယောက်က ဆေးရုံရောက်ပြီးမှ သေဆုံးတာ ဖြစ်ပါတယ်။ ဆေးရုံမှာ သေဆုံးတဲ့ ကလေးတွေက မာမတ်ယတ်တာ ခေါ် ချမ်းသာ အသက် ၁၀ နှစ်နဲ့ ယာဇူမူဆာ ၁၃ နှစ်တို့ ဖြစ်ပါတယ်။

စစ်တွေဆေးရုံ တာဝန်ရှိသူ တယောက်က လူနာတွေ ရောက်လာပုံကို အခုလို ပြောပါတယ်။

“ဆေးရုံမှာသေတာ ၂ ယောက်ပါ။ ဒီရောက်လာတဲ့ ကလေးတွေကလည်း အခြေအနေ မကောင်းတော့ဘူး။ ကျမတို့ ကလည်း အတိအကျ မသိရလို့ ဘယ်လို ဖြစ်တယ်ဆိုတာ မပြောနိုင်ဘူး။ ရေထဲ မျောလာတဲ့ဟာကို ရွှေထင်ပြီး သွားကိုင်မိလို့ ပေါက်ကွဲတာ ဖြစ်တယ်။”

ညနေပိုင်းမှာတော့ ဗုံးပေါက်ကွဲမှုမှာ သေဆုံးတဲ့ အလောင်း ၅ လောင်း ထပ်ပြီး စစ်တွေဆေးရုံကြီးကို ရောက်လာတယ်လို့ ဆေးရုံ အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အာဏာပိုင်တွေက ဗုံးပေါက်ကွဲမှု အခြေအနေကို သွားရောက် စစ်ဆေး နေတယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ်မှာ အခုလို ဗုံးပေါက်ကွဲတာ အရင်က မရှိခဲ့ဖူးပါဘူး။ ဒါဟာ တိုက်တိုက် ဆိုင်ဆိုင်ပဲ မွတ်ဆလင် ဥပုသ်ရက်လ အလွန် နောက်တရက်မှာ ဗုံးပေါက်ကွဲတယ် ဆိုတာ မေးခွန်း ထုတ်စရာတွေ ဖြစ်နေတယ် လို့လည်း မွတ်ဆလင် အသိုင်းအ၀ိုင်းက ပြောကြပါတယ်။

Ref: VOA News

Read More...

ငွေပြတ်လို့ ရေလှောင်တမံများ ကြန့်ကြာဟု ဝန်ကြီးပြော

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးများအတွင်းရှိ ရေလှောင်တမံနှစ်ခုမှာ ငွေကြေး အခက်အခဲကြောင့် တည်ဆောက် ပြီးစီးရန် ကြန့်ကြာ နေရခြင်း ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဦးမြင့်လှိုင်က အင်္ဂါနေ့ အထက်လွှတ်တော်တွင် ပြောကြား သွားသည်။ ယခင် စစ်အစိုးရလက်ထက် အထူးစီမံကိန်းများ ကဏ္ဍအောက်ရှိ ၂ဝဝ၅ ခုနှစ်တွင် စတင် တည်ဆောက်သည့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် ရေလှောင်တမံနှင့် ယခုနှစ်ဆန်းမှ စတင်သော မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာ ရေလှောင် တမံများသည် ငွေကြေး အခက်အခဲကြောင့် ၃၅ ရာခိုင်နှုန်းနှင့် ၃၆ ရာခိုင်နှုန်း အသီးသီးသာ ပြီးစီးနေသည်ဟု ဦးမြင့်လှိုင်က ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်များ၏ မေးခွန်းကို ဖြေကြားသွားသည်။

စစ်ကိုင်းတိုင်း မဲဆန္ဒနယ် ၈ အမတ် ဦးသိန်းလှိုင်က မေးမြန်းသော ရာဇဂြိုဟ်ရွာအနီးရှိ နေရဉ္ဇရာချောင်းကို ပိတ်ဆောက်သည့် ယင်းတမံ စီမံကိန်းနှင့် ပတ်သက်၍ အင်ဂျင်နီယာ ဆိုင်ရာနှင့် ဘူမိဗေဒ လေ့လာခြင်း၊ တမံ အုတ်မြစ် ပြင်ခြင်း၊ ကုန်းကြောတမံများ တည်ဆောက်ခြင်းတို့သာ ပြီးသေးသည်ဟု ပါရှိသည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များဖြင့် ပူးပေါင်း၍ ၂ဝ၁၃၊၁၄ တွင် ရာနှုန်းပြည့်ပြီးရန် လျာထားသည်ဟုလည်းဆိုသည်။ စီမံကိန်းပြီးပါက လယ်မြေ ဧက ၆,၅ဝဝ အတွက် ရေပေးနိုင် မည်ဖြစ်ပြီး လျှပ်စစ် ဓာတ်အား ၄ မဂ္ဂါဝပ် ထွက်မည်ဖြစ်သည်။

မြစ်သာရေလှောင်တမံအကြောင်း မကွေးတိုင်း မဲဆန္ဒနယ် ၁၂ အမတ် ဦးလှဆွေက မေးမြန်းခြင်းဖြစ်ပြီး ရေအား လျှပ်စစ် မဂ္ဂါဝပ် ၄ဝ ထုတ်ရန် တည်ဆောက်နေသော တမံ စီမံကိန်းအတွက် လိုအပ်ငွေ စောင့်နေသည်ဟု ဆိုသည်။ သို့သော် ၂ဝ၁၃-၁၄ တွင် အပြီး ဆောင်ရွက်မည်ဟု ဦးမြင့်လှိုင်က ပြောသည်။ ထို့ပြင် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ပန်ချောင်းပေါ်ရှိ ရေပမာဏ ၄,၉၁ဝ ဧကပေ သိုလှောင် နိုင်သည့် မြေသား လက်ပန်တမံကို စိုက်ပျိုးဧက ၂,၅ဝဝ ခန့် ရေပေးရန် တည်ဆောက်ခဲ့သော်လည်း ခန့်မှန်းပျှမ်းမျှ စီးဝင်ရေထက် ဧကပေ ၁,၅ဝဝ ကျော် လျော့နည်းဝင်သဖြင့် လျာထားဧက အပြည့် ရေမပေးနိုင်ဘဲ ဖြစ်နေကြောင်း လယ်ဆည် ဝန်ကြီးက ပြောသွားသည်။

လိုအပ်နေသည့် စီးဝင်ရေအတွက် ကူပေးနိုင်ရန် မြင်းမူမြို့နယ်အတွင်း၌ပင် သစ်လိန်ချောင်းမှာ ရေလှောင်တမံ တခု ထပ်မံ တည်ဆောက်ရန် မြေပြင် တိုင်းတာရေး လုပ်ငန်းများကို ၂ဝဝ၈ ခုတွင် စတင် ဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးမြင့်လှိုင်က စစ်ကိုင်း မဲဆန္ဒနယ် ၁ အမတ် ဦးဝင်းတင်ကို ဖြေကြားသွားသည်။ ကရင်ပြည်နယ် ဖာပွန်မြို့တွင်မူ လျှပ်စစ်စက်ရုံကို လုံခြုံရေး မယူပေးနိုင်သဖြင့် တနေ့ ၂ နာရီသာ လျှပ်စစ်ဓာတ် ပေးနိုင်ကြောင်း အမှတ်-၂ လျှပ်စစ် စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက ကရင်ပြည်နယ် မဲဆန္ဒနယ် ၅ အမတ် ဦးစောထွန်းမြအောင်ကို ဖြေကြားသွားသည်။ ဖာပွန်မြို့ ရေအားလျှပ်စစ်စက်ရုံရှိ အင်ဂျင်များကို ပြင်ဆင်ပေးမည့် အစီအစဉ်ရှိမရှိ မေးရာ ၂ဝဝ၈ ခု သြဂုတ်လ အတွင်း ဖာပွန် ရေအား လျှပ်စစ်စက်ရုံ၏ ရေစုကန်၊ နုန်းစစ်ကန်၊ ရေသွယ်မြောင်း နုန်း ရှင်းလင်းရေး လုပ်နေစဉ် သူပုန်များ၏ ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး နောက်ပိုင်းမှစ၍ ဝန်ထမ်းများ စက်ရုံသို့ မသွားနိုင်တော့ဘဲ လုံခြုံရေးအတွက် စီစဉ်နေ ဆဲဖြစ်ကြောင်း သူက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဆည် ၄ ခု ဖောက်ချ၊ ၁၄ ရွာခန့် ရေမြုပ်

ရန်ပိုင်
Wednesday, 31 August 201

မကွေးတိုင်း မြို့သစ်မြို့နယ်၌ ၃ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဒေသအတွင်းရှိ ဆည် ၄ ခုမှ ရေများ ဖောက်ထုတ်ရပြီး ကျေးရွာ ၁၄ ရွာခန့် ရေနစ်မြုပ်၍ နေပြည်တော်သွား ကားလမ်းပေါ်ရှိ ယင်းချောင်း တံတားလည်း ပျက်စီးသွားကြောင်း သိရသည်။ သြဂုတ်လ ၂၈ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းရာ နတ်မောက်၊ ပလင်း၊ စွန်၊ ဆဒ္ဒန် ရေလှောင်တမံများမှ ရေများ ဖောက်ချလိုက်သည့် အတွက် ယင်းချောင်းနံဘေးရှိ ကျေးရွာများ ရေနစ်မြုပ် သွားပြီး ထန်းရင်း ကျေးရွာတွင် အိမ် ၇ လုံးခန့် ရေမျောပါ သွားကြောင်း မြို့သစ်ဒေသခံ တဦးက ပြောသည်။ “ဆည်ကျိုးမှာကြောက်လို့ ယင်းချောင်းထဲကို ညပိုင်းမှာ ဖောက်ချလိုက်တာ။ ကမ်းလုံးပြည့် ရေလျှံနေတာ ရေပြင်ကြီးက မြစ်ပြင် ကျယ်ကြီးလိုပဲ” ဟု ၎င်းက ဆိုသည်။

ဆည်မြောင်းဌာနက ဒေသခံလူထုကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ဖောက်ချခြင်းဖြစ်ကြောင်း၊ လဲလူ၊ တပ်ကုန်း၊ မန်ကျည်းကုန်း၊ ထန်းရင်း၊ ထန်းတပင်၊ မြင်သာ၊ မန်ကျည်းချို စသည့် ကျေးရွာများ ရေနစ်မြုပ် သွားပြီး လူအသေအပျောက် မရှိကြောင်း၊ နွား၊ ၀က်၊ ကြက် အိမ်မွေးတိရိစ္ဆာန်များသာ ရေထဲ မျောပါ သွားကြောင်း အဆိုပါ ဒေသခံက ပြောသည်။ ယနေ့တွင် မိုးစဲသွားသော်လည်း ဆက်လက်ရွာမည့် အရိပ်အယောင်များ ရှိနေသေးသည်ဟု သိရသည်။ ဒေသဆိုင်ရာ အာဏာပိုင်များ ထုတ်ပြန်သည့်စာရင်းတွင် ယင်းချောင်းနံဘေး၌ စိုက်ပျိုးထားသည့် စပါးစိုက်ဧက ၃၀၀ ကျော်လည်း ရေနစ်မြုပ် သွားကြောင်း ဖော်ပြထားသည်။ အဆိုပါ ဆည်များသည် ယင်းချောင်းနှင့် ချောင်းအတွင်းစီးဝင်သည့် ချောင်းလက်တက် များကို ပိတ်ဆို့ကာ ပြုလုပ်ထားခြင်း ဖြစ်သည်။ ယခုနှစ် ဧပြီလအတွင်းက သမ္မတသစ် ဦးသိန်းစိန်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သည့် နေပြည်တော်-တပ်ကုန်း လမ်ပေါ်ရှိ ယင်းချောင်းတံတားမှာ ပေ ၂၀ ခန့် ပျက်စီးသွားပြီး တံတား ချဉ်းကပ်လမ်း ပြိုကျသွားသည့် အတွက် ကား အသွားအလာ ရပ်ဆိုင်း ထားရကြောင်း၊ ပျဉ်းမနား-တောင်တွင်းကြီး လော်ကယ် ရထားလည်း ရပ်ဆိုင်း ထားရကြောင်း သိရသည်။

ရေဘေးဒုက္ခသည်များအား အာဏာပိုင်များက ကယ်ဆယ်ရေး စခန်းဖွင့်ကာ ကူညီဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ နီးစပ်ရာ ရေလွတ်သည့် ကျေးရွာများများသို့ ပြောင်းရွှေ့ နေထိုင်ရကြောင်း မြို့သစ်မြို့ခံက ပြောသည်။ အလားတူ နတ်မောက်မြို့နယ် တောင်ဘက်ရှိ ကန်တော်ဆည် ကျိုးသွားသည့်အတွက် ဆည်အောက်ဘက်ရှိ အင်းကုန်းကျေးရွာမှာ ရေမြုပ်သွားပြီး အိမ်မွေး တိရိစ္ဆာန်များနှင့် ရိတ်သိမ်းပြီး နှမ်းများ ရေထဲ မျောပါသွားသည်ဟု နတ်မောက်မြို့ခံတဦးက ပြောသည်။ ယခင် ဆည်မြောင်းများ မဆောက်လုပ်မီက အဆိုပါ ချောင်းများသည် ရေစီးရေလာကောင်းခဲ့ပြီး ယခုကဲ့သို့ ရေကြီးရေလျှံသည့် အဖြစ်အပျက်များ ဖြစ်ပေါ်ခြင်း မရှိကြောင်း သိရသည်။ ယခုလအတွင်း မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရေကြီးရေလျှံမှုများ နေရာအနှံ့တွင် ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် မင်းရဲဆည်မှ ရေလွှတ်ခဲ့သည့်အတွက် ကြက်မင်းတွန် အပါအ၀င် ရပ်ကွက်ကြီး ၃ ခု ရေနစ်မြုပ် ခဲ့သေးသည်။

Ref: ဧရာဝတီ

Read More...

Wednesday, August 31, 2011

၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့် နှင့် တပ်မှူးဟောင်းများ၏ အတွေ့အကြုံ - အပိုင်း (၂)

ရော်နီညိမ်း
စနေ, 27 သြဂုတ် 2011

တပ်မှူးတပ်သား ပြောစကား (၀၇၅)

၁၉၈၀ ခုနှစ်တုန်းက၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေ၀င်းရဲ့ ညွှန်ကြားချက်နဲ့၊ အဲဒီအ ချိန်က အစိုးရက၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီ လွတ်ငြိမ်း ချမ်းသာခွင့် နဲ့ တိုက်ရိုက် ပတ်သက် ဆက်နွယ်ခဲ့သူ၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဦးရော်နီညိမ်းက ဆက်သွယ် မေးမြန်းပြီး၊ ဒီသီတင်းပတ်မှာ၊ “၁၉၈၀ လွတ်ငြိမ်း ချမ်းသာခွင့် နှင့် တပ်မှူးဟောင်းတို့ အတွေ့အကြုံ - အပိုင်း (၂)” ခေါင်းစဉ်နဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍကို၊ စီစဉ် တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ နောက်တခုက၊ အဲဒီတုန်းက ပြန်လွတ်လာပြီးတော့၊ R.L. (Registered Lawyer) (မှတ်ပုံ တင်ရှေ့နေ) တို့ LL.B. (Bachelor of Law) (၀ိဇ္ဖာဘွဲ့ - ဥပဒေ) တို့ ဥပဒေ သင်တန်းတွေ အန်ကယ် တက်ခဲ့တယ်။ အဲဒီ ကျောင်းတွေပြီးလို့ ဥပဒေဆိုင်ရာ ဘွဲ့လက်မှတ်တွေ ရတဲ့အခါမှာ၊ practice (ရှေ့နေ လိုက်ခွင့်) လုပ်ခွင့် ရခဲ့ပါသလား ခင်ဗျ။

ဦးတင်ဦး။ ။ ဒီလိုဗျ။ အဲဒီတော့ အောင်ပြီးတဲ့ အခါကျတော့၊ ကျနော်က (ရှေ့နေ) လိုက်မလို့ လုပ်တာကိုး။ ဒါပေမဲ့ လုပ်ဖေါ် ကိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ ဦးတင်အောင်ဟိန်း (ထိုစဉ်က အာဏာပိုင် အဖွဲ့အစည်း လေးရပ်ထဲမှ၊ ပြည်သူ့တရား ကြီးအဖွဲ့၏ ဥက္ကဋ္ဌ) တို့၊ အဆင့်ဆင့်သော တိုင်းနဲ့ပြည်နယ် မြို့နယ် တရားရုံးတွေမှာ ရှိနေတဲ့ ဥပဒေ အရာရှိတွေ တရား သူကြီးတွေကလည်း (စစ်မှုထမ်းဟောင်းများ) တပည့်တွေကိုးဗျ။ သူတို့က (ရှေ့နေ) မလိုက်ဖို့ တောင်းပန်ကြတယ်။ သူတို့က upper bench (တရားရုံးတွင် ခုံအမြင့်မှာ ထိုင်ကြရသည့် ပုဂ္ဂိုလ်များ)၊ ကျနော်က lower bench (တရားရုံးတွင် ခုံအနိမ့်ကနေ) လျှောက်လဲချက် ပေးနေတာမျိုးကို၊ မဖြစ်ချင်ဘူး ဆိုပြီး၊ ပြောကြတယ်။ ကျနော်က ဒါဆို ရင်လည်း၊ ဆက်ပြီးတော့ master (မဟာဝိဇ္ဖာ ဥပဒေဘွဲ့) ဖြေမယ်ဆိုပြီး၊ တင်လိုက်တယ်။ အဲဒီအခါကျတော့ နည်းနည်း အကန့်အသတ်က ဖြစ်လာခဲ့ပြီဗျ။ Professor (ရန်ကုန်တက္ကသိုလ် ဥပဒေပါမောက္ခ) ဦးတင်အုံးက ခွင့်ပြုတယ်။ ကျနော်က R.L. မှာ အမှတ်က ဂုဏ်ထူးနဲ့လည်း အောင်ခဲ့တယ်၊ ဒီဘက်က LL.B. ကလည်း၊ အထစ်အငေါ့ မရှိ အမှတ်ကောင်း ကောင်းလေးတွေနဲ့ အောင်ခဲ့တယ်၊ ဒါကြောင့် ကျနော်က LL.M (မဟာဝိဇ္ဖာဥပဒေဘွဲ့) တက်ဖို့ ဆိုပြီး ကြိုးစား လိုက်တော့ (ရန်ကုန် တက္ကသိုလ် ဥပဒေဌာန) က၊ ခွင့်ပြုတယ်။ ဒါပေမဲ့ တက္ကသိုလ် ကောလိပ်တွေက ပညာရေးအတွက် မဆလ (အာဏာရ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ရဲ့၊ ပညာရေး ဌာနကြီးဆိုတာ ရှိတယ်။ မဆလပါတီ ကေဒါမြှုပ်နှံရေး မူအရ၊ မဆလက လာတဲ့ (တက္ကသိုလ်) ဆရာဟောင်းကြီးတွေ၊ ပညာရေးလောက က၊ လာတဲ့ ပုဂ္ဂိုလ် ဟောင်းကြီးတွေနဲ့၊ မဆလ ပါတီရဲ့ ပညာရေး ဌာနကြီး ဆိုတာကို၊ ဖွဲ့ထားတယ်။ အဲဒီလို (အာဏာရ ပါတီကနေ တက္ကသိုလ် ကောလိပ်တွေ ကို) ညွှန်ကြားတဲ့ ဒီအဖွဲ့ကနေ၊ ကျနော် master (မဟာဝိဇ္ဖာ ဥပဒေဘွဲ့) တက်မှာကို၊ အကန့်အသတ်လေးတွေ ပြုလုပ် လာကြတယ်။ အဲဒီတော့ (master အတွက် အရည်အချင်းစစ် စာမေးပွဲကို) ကျနော် ချက်ချင်း ဖြေခွင့်မရဘူး ခင်ဗျ။ ဒီအတွက် ကျနော်က အတော် ကြိုးစား လုံးပမ်း နေတုန်းမှာ Professor ဦးတင်အုံးက ဆုံးသွားတယ်။ အဲဒီနောက်ပိုင်း၊ နောက်တက်လာတဲ့ ပုဂ္ဂိုလ်တွေက ခွင့်မပြုရဲကြဘူး။ ကျနော်က တော်တော်ကို ခွင့်တောင်းတာ။ ကျနော်ဖြေခဲ့တဲ့ R.L.တို့၊ LL.B.တို့က၊ အမှတ်တွေက အားနည်းတယ် ဆိုရင်၊ နိမ့်နေတယ် ထင်ရင်၊ ကျနော် နေ့ကျောင်းကို တက်ပါမယ်၊ ကျနော်ယူချင်တဲ့ ဘာသာရပ်အတွက် နေ့ကျောင်း ကို တက်ခွင့်ပြုပါလို့၊ ကျနော်က ခွင့်တောင်းတယ်။ ဒါပေမဲ့ မရခဲ့ဘူး ခင်ဗျ။ အဲဒီလို ဖြစ်နေရင်းနဲ့ပဲ၊ ၁၉၈၈ အရေးအခင်းကြီး ပေါ်ပေါက် လာတာပေါ့ ခင်ဗျာ။ အဲဒီလို အတားအဆီး အကန့် အသတ်ကတော့၊ ရှိခဲ့တယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ နောက်တခုက၊ ဦးနေ၀င်းက အဲဒီ amnesty ခေါ်တုန်းက၊ မြန်မာ့ ဆိုရှယ်လစ်လမ်း စဉ်ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင်တွေ၊ ဗဟို ကော်မီတီဝင်တွေကို၊ အစည်းအဝေးတခုမှာ သူပြော ခဲ့တာက၊ အခု amnesty ခေါ်လိုက်ပြီ၊ အဲဒီအခါကျတော့၊ တောထဲကကော တိုင်းပြည်ပြင်ပ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေကော၊ ပြန်လာကြတဲ့ အခါမှာ၊ ကိုယ့်ညီအစ်ကို မောင်နှမတွေ ကိုယ့်အိမ်ကနေ စိတ်ဆိုးပြီး ဆင်းသွား ကြပြီး အခု ပြန်လာကြတာကို၊ နွေးနွေး ထွေးထွေး စည်းလုံး ညီညွတ်စွာနဲ့ ကြိုဆိုတဲ့ သဘောမျိုးနဲ့ လုပ်ကြပါ” ဆို ပြီးတော့၊ သူက အပေါ်ကနေ ညွှန်ကြားချက် ပေးခဲ့တယ်။ အဲဒီခေတ်က သတင်းစာတွေမှာ၊ အဲဒီ မိန့်ခွန်းဟာ မျက်နှာဖုံးကနေ ပါခဲ့ပါတယ်။ အဲဒီတုန်းက ဦးနေ၀င်းက၊ အခု ဦးသိန်းစိန်ထက် နိုင်ငံရေးကို ပိုပြီးနားလည်လို့ လားတော့ မပြောတတ်ဘူး။ အဲဒီစကားမျိုး ပြောဖေါ်ရသေးတယ်။ ဦးသိန်းစိန်ကတော့ ပြန်လာချင်တယ် ဆိုလို့ ရှိရင်၊ ကိုယ်က ကျူးလွန်ထားတဲ့ အပြစ်တွေ ရှိရင်၊ အပြစ်ကို ကျခံပါ မယ်ဆိုတဲ့ သဘောနဲ့ ပြန်လာမယ်ဆိုရင်၊ သူက စဉ်းစားပေးမယ် ဆိုတော့၊ နိုင်ငံရေး ကိစ္စတွေနဲ့ တိုင်းပြည်အပြင်ကို ရောက်နေတဲ့ သူတွေကို သူက အပြစ် ရှိသူတွေလို့ သတ်မှတ်သလား၊ အဲဒီလို ၀ိဝါဒ ကွဲစရာတွေ ရှိနေတော့၊ အန်ကယ်က အဲဒီကိစ္စကို ဘယ်လိုမြင်ပါ သလဲ ခင်ဗျ။

ဦးတင်ဦး။ ။ တိုင်းပြည်ကနေ အပြင်ကို ထွက်သွားတဲ့သူတွေက၊ အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းမှာ နိုင်ငံရေး ကြောင့် ထွက်သွားကြတဲ့ သူတွေက၊ အပြစ် မရှိဘူး ခင်ဗျ။ သူတို့ သွားကြတာဟာ၊ သူတို့ ယုံကြည်ချက် ကြောင့်၊ နိုင်ငံရေး အရ လုပ်ရင်းနဲ့၊ တိုင်းပြည်ထဲ ဆက်နေလို့ မရတော့တာကြောင့်၊ သွားတာတွေလည်း ရှိတယ်။ နောက်ပိုင်းမှာ စီးပွားရေးအရ မပြေလည်လို့ သွားတာတွေလည်း ရှိတယ်။ အပြင်ကို ရောက်တဲ့ အခါကျတော့၊ ကိုယ့်တိုင်းပြည် အရေးကို စိတ်ပါဝင်စားပြီး၊ ဒီမိုကရေစီ အရေးမှာ ၀င်ပါ ကြတာတွေလည်း ရှိတယ်။ ကျနော်က ဒီလို သဘောထားတယ် ခင်ဗျ။ သူက အခု (လွတ်ငြိမ်းချမ်းသာခွင့်) ခေါ်ပြီပေါ့နော်။ အဲဒီပုဂ္ဂိုလ်တွေ ပြန်ရောက် လာနိုင်အောင်အတွက် ယုံကြည်မှုရအောင် အခင်းအကျင်း ကတော့ သေချာ ရှိရမှာပေါ့ ခင်ဗျာ။ ဥပမာ နံပါတ် (၁) ဆိုရင်၊ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးရမှာပေါ့ ခင်ဗျာ။ ဒါက သိပ်အရေးကြီးတဲ့ ကိစ္စ ပဲ။ ဒီလို (နိုင်ငံရေး အကျဉ်းသားတွေကို) လွှတ်လိုက်ပြီးတဲ့ နောက်မှာ၊ ခုနပြောသလို၊ ဒီလူတွေ ဒီပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်နဲ့ သူတို့ လွတ်လပ်စွာ သူတို့ လုပ်ကြတဲ့ ကိစ္စ အ၀၀မှာ၊ ဘာမှ အနှောက်အယှက် မပေးပဲနဲ့ ရှိတယ်ဆိုရင်၊ ဒါက ကောင်းတဲ့ အခင်းအကျင်းပဲ။ ဒီလိုမှ မဟုတ်ပဲနဲ့၊ အတားအဆီး အကန့်အသတ် တွေနဲ့ဆိုရင်၊ အကြောင်းက ဘာမှ မထူးဘူး။ အဲဒီလိုလည်း တွက်လို့ရတာပေါ့။ ကျနော်ကတော့ ဆုတောင်းပါ တယ်။ ဒီလိုဟာမျိုးတွေ မဖြစ်ပါစေနဲ့၊ လွှတ်ရင်လည်း တခါထဲ လွှတ်လိုက်ပြီး၊ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ပတ် သက်ပြီး၊ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပေါ့ဗျာ၊ လုပ်ကိုင် ပေးမယ် ဆိုရင်၊ တပ်ပိုင်း ဆိုင်ရာ ပုဂ္ဂိုလ်တွေ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ပုဂ္ဂိုလ်တွေ ကတောင်၊ ဒီပုဂ္ဂိုလ်တွေကို အန္တရာယ် မရှိအောင် ကြားက ဒိုင်လူကြီးတွေ အနေနဲ့ ကြပ်မတ် စောင့်ရှောက်ပေးဖို့ လိုတယ်။ Law and Order (ဥပဒေစိုးမိုးရေး) ထိန်းဖို့ပဲ လိုတာပေါ့ဗျာ။ အဲဒီလို အကောင်းဆုံး အခြေအနေ ဖြစ်ကြပါစေ ဆိုပြီးတော့၊ ကျနော်ကတော့ ဆုမွန်ကောင်း တောင်းနေတာပဲ လေ။

ဦးရော်နီညိမ်း ။ ။ နောက်တခုက အန်ကယ်တို့ NLD က၊ ပြီးခဲ့တာတွေကို သင်ပုန်းချေဖို့ ဆိုတာကို အန်ကယ်တို့ NLD ရဲ့ မူဝါဒ တရပ် အနေနဲ့၊ အမြဲတမ်း ထုတ်ဖေါ် ပြောကြားနေတယ်၊ ဒေါ်အောင်ဆန်းစုကြည်က လည်း ပြောပြောနေတယ်၊ အန်ကယ်ကလည်း ခဏခဏ ပြောတယ်။ အဲဒီတော့ သင်ပုန်းချေတဲ့ ကိစ္စက၊ အန် ကယ်တို့ တဘက်ထဲကပဲ ချေလို့ မရဘူး၊ သူတို့ဘက်ကလည်း သူတို့ရဲ့ အတိုက်အခံတွေ ပေါ်ကို သူတို့ မကျေ နပ်တာတွေ ရှိနေတာပဲ၊ အဲဒါတွေကို သူတို့ဘက်လည်း သင်ပုန်း ချေရမှာပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကျတော့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးတွေက တဆင့်၊ ငြိမ်းချမ်းရေး လိုချင်ရင် သူတို့ကိုဆက်သွယ် ပါဆိုပြီး၊ ကမ်းလှမ်းလိုက်ပြီ။ လက်နက်ကိုင် တော်လှန်နေတဲ့ လူတွေကိုတောင်မှ သူတို့က သင်ပုန်းချေနိုင်တယ် ဆိုရင်၊ အခုဒီမှာ၊ သမ္မတ ဦးသိန်းစိန်တို့ အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ အလုပ်ကို၊ သူ မလုပ်နိုင်ဘူးလား။ အဲဒီအပေါ်မှာ အန်ကယ် သုံးသပ်ပေးပါ ခင်ဗျ။

ဦးတင်ဦး ။ ။ ဒါပေမဲ့ အဲဒီမှာလည်းပဲ၊ တချို့အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို ဒီနေ့ပဲ၊ ကြားနေရတယ်။ သူတို့ ကလည်း (ငြိမ်းချမ်းရေးကိစ္စကို) သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေက အစိုးရအဖွဲ့အ စည်းတွေနဲ့၊ မလုပ်နိုင်ဘူးတဲ့။ ဘာမှ အဓိပ္ပာယ် မရှိဘူးတဲ့။ အဲဒီ အဖွဲ့အစည်းတွေက ဘာမှ လုပ်ပိုင်ခွင့် အာဏာ ရှိတာ မဟုတ်ဘူးတဲ့။ သူတို့ အဖွဲ့တွေကို တခုစီ ဆွေးနွေးတာထက်၊ တပေါင်းတစည်း ထဲကို အစိုးရဘက်က တာဝန်ခံမဲ့သူနဲ့ ဆွေးနွေးပြီးတော့၊ သက်ဆိုင်ရာ ဗဟိုမှာ ရှိနေတဲ့၊ အစိုးရ (ပြည်ထောင်စု အစိုးရ) အဖွဲ့နဲ့ပဲ လုပ် ချင်တယ်၊ ဆွေးနွေးချင်တယ်လို့၊ ဒီလိုပဲ ပြောဆိုနေကြတယ့် သဘောတွေကိုလည်း၊ ကျနော်တို့ ကြားနေရပါ တယ်။ မှန်တာပေါ့ဗျာ။ ဒီလို (လက်နက်ကိုင်) အဖွဲ့အစည်းတွေ နဲ့တောင် အစိုးရက ဆွေးနွေးနိုင်တယ် ဆိုရင်၊ လက်နက် မရှိပဲနဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ငြိမ်းချမ်းစွာပြောဆို လုပ်ကိုင်နေကြတဲ့ သူတွေအပေါ်မှာ၊ ပိုပြီးး တော့ အမြန်ဆုံး လွှတ်ပေးပြိးတော့ လွတ်လွတ်မြောက်မြောက်နဲ့ နိုင်ငံရေး လုပ်ကိုင်နိုင်အောင် လုပ်ပေးဖို့တော့ ကောင်းတယ်၊ ဆိုတဲ့ အမြင်တော့ ရှိတာပေါ့ဗျာ။

ဦးရော်နီညိမ်း ။ ။ နောက်တခုက အဲဒီကိစ္စ (ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကိစ္စ) နဲ့ပတ်သက်လို့၊ အန်ကယ် က အဲဒီ အချိန်က (၁၉၆၂ တွင် တော်လှန်ရေး ကောင်စီ အမည်နှင့် တပ်မတော်က အာဏာ သိမ်းပြီးချိန်က) တော်လှန်ရေး ကောင်စီဝင် အဖြစ်လည်း၊ ရှိနေခဲ့တော့၊ ၁၉၆၃ ခုနှစ်က ပြည်တွင်း ငြိမ်းချမ်းရေး ဆိုပြီးတော့၊ တောထဲက နိုင်ငံရေး အဖွဲ့အစည်းတွေကို၊ ဖိတ်ခေါ် ခဲ့တုန်းကလည်း၊ အဲဒီတုန်းက တော်လှန်ရေးကောင်စီရဲ့ မူ က အားလုံးနဲ့ တပေါင်းတည်း သူ မလုပ်နိုင်ဘူး။ အဲဒီတုန်းကလည်း သူက တဖွဲ့ချင်းနဲ့ပဲ တွေ့တယ်၊ တဖွဲ့ချင်း စီနဲ့ပဲ ဆွေးနွေးတယ်၊ အားလုံးကို တပေါင်းတစည်းထဲ၊ သူ မတွေ့ဘူး။

ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အလံဖြူလို့ခေါ်တဲ့ သခင်သန်းထွန်းရဲ့ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ကိုယ်စား လှယ်အဖွဲ့နဲ့ သပ်သပ်တွေ့တယ်။ သခင်စိုး ကိုယ်တိုင် ဦးဆောင်တဲ့ အလံနီ ကွန်မြူနစ်ပါတီ အဖွဲ့နဲ့ သပ်သပ်တွေ့ တယ်။ အဲဒါမျိုးတွေ ဖြစ်ခဲ့တယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါက တပ်မတော်ရဲ့ မူလား ခင်ဗျ။ ဘာကြောင့်လဲဆိုတော့၊ တခါ ထပ်တွေ့ရတာ က ၁၉၉၃ ကနေ စခဲ့တဲ့ အမျိုးသား ညီလာခံမှာလည်း၊ အဲဒီအတိုင်းပဲ။ တက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်း တွေ၊ တဖွဲ့နဲ့တဖွဲ့ တဆောင်နဲ့ တဆောင်တောင် မကူးရဘူး၊ မတွေ့ရဘူး၊ စကား မပြောရဘူး၊ အဲဒီလိုတွေ လုပ် ထားတော့၊ အန်ကယ်က တော်လှန်ရေး ကောင်စီ ဘက်မှာလည်း နေခဲ့ဘူးတော့၊ တပ်မတော်ရဲ့အမြင်က ဘယ် လို ရှိနေတာလဲခင်ဗျ။ ဒီအဖွဲ့တွေ တပေါင်းတစည်းနဲ့ လုပ်ကြ ကိုင်ကြမှာကို၊ တပ်မတော်က ဘာဖြစ်လို့ မကြိုက် တာလဲ ခင်ဗျ။ အဲဒီ တပ်မတော်ရဲ့မူကို ကျနော် နားမလည်ဘူး ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒါက စိုးရိမ်စိတ်တွေပေါ့ ဗျာ။ ကျနော်မြင်တာကတော့ အဲဒီ စိုးရိမ်စိတ်တွေကို ဖျောက်ဖို့ လိုတာပေါ့။ တဖွဲ့စီ တဖွဲ့စီ ခေါ်ပြီး၊ ငြိမ်းချမ်းရေး လုပ်ကြတော့လည်း၊ ဒီအဖွဲ့တွေက လာသာ လုပ်ကြရတယ်၊ ယုံကြည် စိတ်ချကြတဲ့ စိတ်က ပါမလာဘူးလေ။ ဘာဖြစ်လာလဲ ဆိုတော့၊ ဒီဘက် (အစိုးရ) ကလည်း၊ သံသယ စိတ်နဲ့ကြည့်နေတယ်၊ တဘက်ကလည်း သူတို့ဟာ သူတို့ (အစိုးရကို) သံသယစိတ်တွေ ၀င်လာတယ်၊ ၀င်လာ ရင်းနဲ့ အခွင့်အရေး ယူပြီးတော့ ကိုယ့်နေရာကို ကျယ်အောင်ချဲ့ဖို့ လုံးပမ်းတဲ့ ဟာတွေနဲ့ စည်းရုံးရေး ၀င်တာတွေ ရှိသလို၊ သံသယစိတ်တွေ ရှိနေသည့် အားလျော်စွာ၊ စောစောစီးစီး ကပဲ (ငြိမ်းချမ်းရေး) ဆွေးနွေးပွဲတွေက မအောင်မြင်ဘူး ဆိုတာတွေ ဖြစ်သွားခဲ့တယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဖြေရှာတာတွေကို ပြေလည်အောင် (အစိုးရက) ကျန်တဲ့ အင်အားစုတွေနဲ့ မလုပ်နိုင်တဲ့ အခါကျတော့၊ မအောင်မြင်ပဲ ဆွေးနွေးပွဲတွေ ပြိုကွဲပျက်စီး သွားပြီး၊ တချို့လည်း မဆလ ပါတီထဲကို ၀င်သွားတဲ့ သူတွေ ရှိတယ်။ တချို့လည်း တောထဲကို ပြန်ဝင်သွားကြ တယ်။ တချို့လည်း ပြန်ပြီး တိုက်ကြ ခိုက်ကြရင်းနဲ့၊ အသက်ဆုံးရှုံး သွားခဲ့တာတွေလည်း၊ ရှိခဲ့တယ်။ အဲဒါတွေ တော့ ဖြစ်ခဲ့ဘူးတယ်လေ။ အဲဒီတော့၊ ဆွေးနွေးမယ် ဆိုရင်၊ စိတ်ရင်း စေတနာ အမှန်နဲ့ “တိုင်းပြည်ကို တကယ်ပဲ အေးချမ်း သာယာသွားအောင် လုပ်ကြတော့မယ် ဟေ့” ဆိုတဲ့ သဘောထားမျိုးနဲ့ လုပ်နိုင်တဲ့ နည်းလမ်းကို၊ ရှာကြံပြီးလုပ်တာ ကောင်းတယ်။ အခု အသံတွေ ကြားနေရတယ်။ မယုံဘူးလို့ ပြောကြတယ်။ အဲဒီလိုတွေ ဖြစ်နေ တာတွေက၊ အရင်တုန်းက ဖြစ်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး ဖြစ်နေတာပဲလေ။ အဲဒီဟာတွေ ပျောက်အောင်၊ ပြေပြေ လည်လည်တော့ လုပ်ကြရမယ် ထင်ပါရဲ့ ခင်ဗျာ။

ဦးရော်နီညိမ်း ။ ။ အဲဒါကို ကျနော် နားလည်လို့ ရပါတယ်။ ခုန အန်ကယ်ပြောပြသလို၊ လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စမှာ၊ ဆွေးနွေးတယ် ဆိုတာက၊ တဘက်နဲ့တဘက် သံသယရှိနေတဲ့ ကာလ ဖြစ်နေတာကြောင့်၊ နှစ်ဘက်လုံးကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲ ကာလကို၊ ပြန် ပြီး ကြည့်လိုက်မယ် ဆိုရင်၊ လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်တဲ့ မြေပေါ်ပါတီတွေ အကုန်ပေါင်းပြီး၊ မနတ (မြန်မာ့နိုင်ငံရေး တပ်ပေါင်းစု) ဖွဲ့တာကိုလည်း၊ တပ်မတော်က လက်မခံခဲ့ဘူး။ ရွေးကောက်ပွဲ မတိုင်ခင်မှာ၊ NLD က၊ ပါတီအသေးလေးတွေနဲ့ အကုန် စုပေါင်းပြီး၊ တပ်ပေါင်းစုကြီး အနေနဲ့ ရွေးကောက်ပွဲ ၀င်မှာကိုလည်း၊ တပ်မတော်က လက်မခံခဲ့ဘူး။ အဲဒါကို နိုင်ငံရေး ခေါင်းဆောင် တယောက်အနေနဲ့၊ အန်ကယ် ဘယ်လို မြင်ပါ သလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ အခု အဲဒါကို အတွေ့အကြုံအရ ပြောနေတာကို၊ အခု ကြားနေကြရ ပြီလေ။ ဒါတွေက တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ဆွေးနွေးယူကြရမဲ့ အရာတွေပဲလို့၊ ကျနော်ကတော့ မြင်ပါတယ်။ အဲဒါနဲ့ ပတ် သက်ခဲ့ဘူးလို့၊ အရင်က ဖြစ်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေ အပေါ် သင်ခန်းစာယူပြီးတော့၊ စိတ်ရင်း စေတနာအမှန် နဲ့ လုပ်နိုင်တာတွေ ဖြစ်နိုင် တာတွေကို၊ အခြေ တည်ပြီးတော့မှ၊ တခုပြီးတခု ဖြေရှင်းသွားနိုင်အောင် လုပ်နိုင်ကြ ဖို့၊ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ လုပ်နိုင်ကြဖို့၊ တွေကိုပဲ လုံးပမ်းကြရမယ်၊ ကြိုးစားကြရမယ် ထင်ပါရဲ့။ အဲဒီ လိုပဲ အောက်မေ့မိပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း ။ ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်နဲ့၊ နိုင်ငံရေး အကျဉ်းသား အဖြစ်ကနေ လွတ်မြောက် လာခဲ့တဲ့ ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ၊ ထိုစဉ်က မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို၊ နိုင်ငံရေး အကျဉ်းသား အဖြစ်ကနေ လွတ်မြောက်လာပြီး အတွေ့ အကြုံတွေကို၊ ဆက်သွယ်မေးမြန်း တင်ပြခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။


အပိုင်း(၁) ပြန်ဖတ်ရန်

Ref: VOA News

Read More...

မြန်မာနိုင်ငံမှာ သိသာတဲ့ ပြောင်းလဲမှု ကင်တားနား မတွေ့ရသေး

ဒေါ်ခင်မျိုးသက်
အင်္ဂါ, 30 သြဂုတ် 2011

မြန်မာအစိုးရဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အပေါ် နှိပ်ကွပ်ရာမှာ ဥပဒေ ကန့်သတ်ချက်တွေ သတ်မှတ် ပြဋ္ဌာန်းပြီး အရေး ယူနေသလို ဥပဒေကို လက်တွေ့ ကျင့်သုံးရာမှာလည်း တရားနည်းလမ်း မကျတဲ့အတွက် မြန်မာ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းနေဆဲပဲလို့ မြန်မာနိုင်ငံကို မကြာခင်က လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ မစ္စတာ ကင်တားနား မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာခဲ့ပြီး နောက်တရက် သြဂုတ်လ ၂၆ ရက်နေ့မှာ အင်းစိန် အကျဉ်းထောင် အထူးတရားရုံးက အီလက်ထရောနစ် အက်ဥပဒေနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ် လိုက်ပြီး နောက်ပိုင်း မစ္စတာ ကင်တားနားက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ ပြုပြင် ပြောင်းလဲဖို့ အတွက် အခွင့်အလမ်းတွေ ရှိနေပေမဲ့ အခုထိ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုတွေ မတွေ့ရသေးဘူးလို့ ပြောပါတယ်။ မစ္စတာ ကင်တားနား မြန်မာနိုင်ငံက ထွက်ခွာခဲ့ပြီးတဲ့ နောက်တနေ့မှာပဲ အစိုးရ ဝေဖန်ရေး ဆောင်းပါးတွေကို အင်တာနက်မှာ ဒေါင်းလုပ် (Download) လုပ်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အင်းစိန် ထောင်တွင်း အထူးတရားရုံးမှာ အီလက်ထရောနစ် ဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာမို့ ဒါဟာ မြန်မာ အစိုးရက တရားဥပဒေကို လိုရာစွဲသုံးပြီး လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ ပြောပါတယ်။

“အဲဒီ ဗိုလ်ကြီးရဲ့ အမှုကို အင်းစိန်ထောင်ထဲမှာ စစ်ဆေးပြီးတော့ ပြစ်ဒဏ် ချမှတ်လိုက်တဲ့ အကြောင်းကို သိရပါတယ်။ ဒီပြဿနာက မြန်မာနိုင်ငံထဲမှာ စနစ်တကျ ချိုးဖောက်နေတဲ့ လူ့အခွင့်အရေး ပြဿနာ တခုပါ။ တရားဥပဒေ ဖော်ဆောင်ရာမှာ နည်းလမ်းတကျ မရှိဘူး ဆိုတာကို တဘက်က တွေ့ရသလို နောက်တဘက်မှာလည်း မြန်မာ အစိုးရဟာ လူတွေကို ဖိနှိပ် အရေးယူနိုင်ဖို့ တရားဥပဒေ ဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေ ပြဋ္ဌာန်းပြီး အရေးယူနေတာ တွေ့ရပါတယ်။”

ဗိုလ်ကြီးဟောင်း နေမျိုးဇင်လို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ရုံတင် မကဘဲ နယ်ဝေး အကျဉ်းထောင်တွေကို ပို့နေတာမျိုးတွေ ရှိနေသလို အင်းစိန်ထောင်မှာ သူသွားရောက်ပြီး တွေ့ဆုံခွင့် ရခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထဲက တချို့ဟာ နိုင်ငံရေးမှာ ကိုယ်တိုင်ပါဝင် လှုပ်ရှားတာမျိုး မဟုတ်ဘဲ မိဘ၊ ဆွေမျိုးတွေရဲ့ လှုပ်ရှားမှုတွေကြောင့် အကျဉ်းကျ နေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါတွေကို ဒီနှစ်ကုန်လောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်တဲ့ အပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနဲ့ လူ့အခွင့်အရေး ကောင်စီကိုပါ တင်ပြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ မစ္စတာ ကင်တားနား အကြံပေးခဲ့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ဖြေရှင်းဖို့အတွက် ပထမဆုံး လုပ်ဆောင်ရမယ့် ခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော့်အတွက် အရေးကြီးတာက တရားဥပဒေ စိုးမိုးရေးနဲ့ တာဝန်ခံမှု အပိုင်းပါပဲ။ ဆိုလိုတာက လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို စုံစမ်း စစ်ဆေးဖို့ပါ။ ဒါက မြန်မာနိုင်ငံ အပါအ၀င် ဘယ်နိုင်ငံမှာမဆို လုပ်ဆောင်ရမယ့် နိုင်ငံတကာရဲ့ တာဝန်ပါ။ သက်ဆိုင်ရာ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒီအချက်ကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ ဆွေးနွေး ကြရမှာပါ။ ကျနော့် အနေနဲ့ မြန်မာ အစိုးရကို ဒီကိစ္စ တင်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာမှာ နှစ်ပေါင်းများစွာ နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးဟာ အရေး ပါတယ်လို့ မစ္စတာ ကင်တားနားက မြင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံခဲ့ရသူပါ။ ဒါကြောင့်လည်း ကျနော့်အနေနဲ့ ဆွေးနွေးနိုင်ဖို့က အရေးကြီးတာပါ။ သူဟာ နိုင်ငံရေး အကျဉ်းသား တယောက်ရဲ့ ဘ၀ကို ရောက်ခဲ့သူ ဆိုတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အကဲဖြတ်တဲ့ နေရာမှာ သူ့ရဲ့အမြင်ကို ကျနော် သိနိုင်ဖို့ကလည်း အရေးကြီး ပါတယ်။ သူနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်မှာ ကျနော့်အတွက် အတော်လေး တန်ဖိုးရှိတဲ့ ရလဒ်ကို ရခဲ့ပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ ၅ ရက် ခရီးစဉ်အတွင်း နိုင်ငံရေး အကျဉ်းသားတွေ၊ လူ့အခွင့်အရေး လှုပ်ရှား သူတွေ၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေအပြင် အစိုးရ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ သဘာပတိ တာဝန်ကို ယူနိုင်ဖို့အတွက် ကမ်းလှမ်းနေတာနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။

“အာဆီယံ ပဋိညာဉ်စာတမ်းအရ အသင်းကြီးကို ဖွဲ့စည်း တည်ထောင်ရာမှာ လူ့အခွင့်အရေး ထောက်ခံ အားပေးရေးနဲ့ ကာကွယ် စောင့်ရှောက်ရေးတွေ ပါဝင်ပါတယ်။ ဒါဟာ အာဆီယံရဲ့ အဓိက ဦးတည်ချက်ပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ခံရေး၊ လက်မခံရေး ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို ထည့်သွင်း စဉ်းစား ကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲတဲ့ ခြေလှမ်းတွေ လှမ်းနေတာ တွေ့ရတာမို့ ဒါဟာ လူ့အခွင့်အရေး အခြေအနေကို တိုးတက်လာစေမှာ ဖြစ်ပေမဲ့ တကယ့် လက်ဆုပ် လက်ကိုင် ပြနိုင်မယ့် အပြောင်းအလဲမျိုးကို မြန်မာ အစိုးရ ဘက်ကနေ လုပ်ပြဖို့အတွက် လိုအပ်နေပြီလို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။


Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး ဖေါ်ပြခွင့်မရသေး


2011-08-30

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ စာတိုတပုဒ် ကို ပြည်သူ့ခေတ် ဂျာနယ်မှာ ပုံနှိပ် ဖေါ်ပြဖို့ တင်ပြ ခဲ့ပေမယ့် စာပေစီစစ်ရေးက ဖေါ်ပြခွင့် မပြုသေးဘူးလို့ သိရ ပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က ပြည်သူ့ခေတ်ဂျာနယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာမူကို ပုံမှန် တင်နေကျ စာမူတွေနဲ့ အတူ စာပေ စီစစ်ရေးကို တင်ပြခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ ခေတ်ဂျာနယ် အယ်ဒီတာ ဆရာဖေမြင့်က ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘယ်လို အကြောင်းအရာ ရေးသားခဲ့သလဲ ဆိုတာကိုတော့ လောလောဆယ် မပြောနိုင် သေးကြောင်း ဆရာဖေမြင့်က ပြောဆိုပေမယ့် ပြည်သူ့ခေတ်ဂျာနယ် အနေနဲ့ စာပေ စီစစ်ရေး ထံမှာ ထပ်မံ တင်ပြပြီး ပုံနှိပ်ဖေါ်ပြခွင့် ရဖို့ ကြိုးစားနေကြာင်း၊ ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အဆင်ပြေမယ် ဆိုရင်တော့ အခုရက်ပိုင်းအတွင်း သိရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံထုတ် Asahi Shimbun သတင်းစာမှာလည်း ရံဖန်ရံခါ ဆောင်းပါးတွေ ရေးသားလေ့ ရှိပါတယ်။

Ref: RFA News

Read More...

မန္တလေး ရေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းတွင် နေရဆဲ

ဇွဲခန့်
အင်္ဂါနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္စျိမ) ။ ။ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး တပတ် ကျော်လာသည့်တိုင် ရေမကျဘဲ ရှိနေသေးသည့် အတွက် ရာပေါင်းများစွာသော ဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင် နေကြရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိအချိန်ထိ အောင်ချမ်းသာရပ်ကွက်ရှိ ပညာပါရမီ ကျောင်းတိုက်တွင် အိမ်ထောင်စု ၆၆ စု လူဦးရေ ၃၅၇ ယောက်၊ ကုသိုလ်တော် ဘုရားဝင်း အတွင်းတွင် အိမ်ထောင်စု ၁၃၄ စု လူဦးရေ ၅၅ဝ ဝန်းကျင်နှင့် ၁၂ လမ်း အနောက်ဘက်လမ်း ၈၈ နှင့် လမ်း ၉ဝ ကြားရှိ ယာယီ ကယ်ဆယ်ရေး တဲအိမ်များတွင် အိမ်ထောင်စု ၆ဝ ကျော်နှင့် လူဦးရေ ၂၅ဝ ဝန်းကျင် ရှိနေသည်။

ဘဝ အလင်းရောင်အသင်းမှာ ကယ်ဆယ်ရေး စခန်းများသို့ မသွားရောက်နိုင်သည့် ညောင်ကွဲ ရပ်ကွက်ရှိ ရေဘေး ဒုက္ခသည်များ အတွက် အဓိက ကူညီပေးနေခြင်း ဖြစ်ပြီး အဆိုပါရပ်ကွက်တွင် လူဦးရေ ၁ဝ,ဝဝဝ ကျော် ရှိနေကာ ရေဘေးဒဏ်ကို ခံစားနေရ သော လူဦးရေ ၇,ဝဝဝ ကျော်ခန့် ရှိကြောင်း အသင်းဝင် ဆရာတော်ဦးဥတ္တမသာရက အမိန့်ရှိသည်။

“ရေကမရှိဘူးဆိုရင် တချို့နေရာတွေမှာတင် ရင်ညွန့်လောက်ထိ ရှိတယ်ဗျာ့။ ဒီအတိုင်းပဲ သွားလာ နေကြတာပဲ။ ငါးဖမ်းတဲ့ လူလဲ ဖမ်းဗျာ။” ဟုလည်း ဆရာတော်က မိန့်ဆိုသည်။

ရေဘေးဒုက္ခသည်များကို အစိုးရ တာဝန်ရှိဌာနဆိုင်ရာများမှလည်း ထမင်းထုပ်များ လိုက်လံ ဝေငှပေးနေပြီး၊ မြို့ခံ ပရဟိတ အသင်းများ၊ ပုဂ္ဂလိက စေတနာရှင်များ၊ သွေးလှူရှင် အသင်းနှင့် စိမ်းရောင်စို အသင်းတို့မှလဲ ထမင်းထုတ်၊ ဘီစကစ် မှုန့်များနှင့် သောက်ရေသန့်ဗူးများ ဝေငှ ပေးနေကြောင်းသိရသည်။

“ဆေးခန်း ဖွင့်ပြီးဆိုရင် နေ့တိုင်းလိုလို ၁ဝဝ ကျော် ၂ဝဝ လောက်ကတော့ ရှိတယ်။ ကလေးတွေကတော့ ဝမ်းပျော့၊ ဝမ်းလျော ဖြစ်တာများတယ်” ဟု ဆရာတော် ဦးဥတ္တမသာရက အမိန့်ရှိသည်။

ဆရာဝန် ၈ ယောက်၊ သူနာပြုအကူများနှင့် စုစုပေါင်း ၁၆ ယောက်ခန့်ပါဝင်သည့် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ကို ဘဝ အလင်းရောင် အသင်းမှ ရေဘေး ဒုက္ခသည်များ၏ ကျန်းမာရေးကို လိုက်လံ ကြည့်ရှုပေးနေသည်။

တိုင်းဒေသ ကျန်းမာရေးဌာနမှလည်း ကြက်ခြေနီအဖွဲ့များဖြင့် ကယ်ဆယ်ရေးစခန်းများအတွင်း လိုက်လံပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်။

သြဂုတ်လ တတိယပတ် အတွင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေတင်ခဲ့ခြင်းက အချို့ နေရာများတွင် ဆက်လက် ရေဝပ်နေဆဲ ဖြစ်ပြီး စည်ပင်သာယာမှ ရေစုပ်စက် ၁၁ လုံးဖြင့် ညောင်ကွဲ ရပ်ကွက် အတွင်းရှိ ရေများကို ဧရာဝတီမြစ် အတွင်းသို့ စုပ်ထုတ် ပေးနေသော်လည်း အစိုးရပိုင်းမှ စက်မောင်းဆီ မပေးဘဲ အလှူရှင်များမှ လှူသည့် ဆီများဖြင့်သာ စုပ်ထုတ် ပေးခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဆီကိုတော့ ဟိုလူလာလှူ၊ ဒီလူလာလှူပေါ့။ တဂါလံ နှစ်ဂါလံ လှူတာတွေရော ဘာတွေရော အဲဒီလိုရတဲ့ ဆီနဲ့ လည်တာပေါ့။ ဆီပြတ်သွားတဲ့ အချိန် ရပ်တာပဲ။” ဟု ညောင်ကွဲရပ်ကွက်မှ ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

၂ဝ၁ဝ ခုနှစ်တွင်လည်း မိုးကြီးပြီးနောက် ရေကြီးမှုများရှိခဲ့ပြီး နှစ်စဉ်မိုးရာသီကာလအတွင်း ရေကြီးမှုများ မန္တလေးမြို့ တဝိုက်တွင် မကြာခဏ ကြုံတွေ့ရလေ့ ရှိသည်။

ယခုနှစ်တွင် သြဂုတ်လအတွင်း မိုးရွာသွန်းမှုမှာ လွန်ခဲ့သည့် ၂၄ နှစ်အတွင်း ရွာသွန်းခဲ့သည့် မိုးရေချိန်ထက် ၁ လက်မခန့် ပိုကာ သြဂုတ်လ ၂၃ ရက်နေ့တွင် ရွာသွန်းခဲ့သော မိုးရေချိန်မှာ အထက်မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒ တိုင်းထွာချက်များအရ ၇ ဒသမ ၉၉ ရာခိုင်နှုန်းရှိသည်ဟု မန္တလေး အသင်းသတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


Ref: မဇ္ဈိမ

Read More...

နိုင်ငံရေး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပရန် အစီအစဉ်ရှိ


လင်းသန့်
Tuesday, 30 August 2011

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေး ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ရန် အတွက် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်မည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို နေပြည်တော်တွင် ကျင်းပရန် သမ္မတရုံးမှ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“နိုင်ငံရေးဖိုရမ်နဲ့ ပတ်သက်လို့ မူအားဖြင့်တော့ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ သိရပေမယ့် ဘယ်တော့၊ ဘယ်လို ကျင်းပမယ် ဆိုတာတော့ မသိပါဘူး” ဟု သမ္မတ အကြံပေးအဖွဲ့ဝင် တဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ဧရာဝတီကို ပြောသည်။

အဆိုပါ နိုင်ငံရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးတွင် ပါဝင် ပတ်သက် နေကြသူများနှင့် ပြည်ပသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံရေး လှုပ်ရှား သူများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပနိုင်ရန် ပြင်ဆင် နေသည်ဟု နေပြည်တော် သမ္မတရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။

“တကယ်လို့ ဒီနိုင်ငံရေး ဖိုရမ်ကို ဖိတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ လူထု အကျိုးအတွက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်ဆိုတာ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်လို့ တက်လိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထိပ်တန်း ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD) ပါတီက ကိုင်စွဲထားသည့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ် ပြုကာ ပါတီ တရားဝင် တည်ရှိခွင့် ရရှိရေးသည် အရေးကြီးကြောင်း၊ နိုင်ငံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမည် ဆိုလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် အာဃာတ မထားကြဘဲ အားလုံးက အပြန်အလှန် အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ တိုင်းပြည် အမြန်ဆုံး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်း နိုင်ရေးအတွက် အတူလက်တွဲ ဖော်ဆောင်သင့်ကြောင်း ဦးဝင်းတင်က ဆိုသည်။

ယခုကဲ့သို့ ကျင်းပရန်ရှိသည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အကျဉ်းကျ နေကြသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသူများ၊ နှစ်ရှည်နိုင်ငံရေး အကျဉ်းသား ဦးခွန်ထွန်းဦး အစရှိသည့် တိုင်းရင်းသား ခေါင်းဆောင်များ အပြင် လက်နက်ကိုင် တိုက်ပွဲ ၀င်နေကြသည့် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ ပါဝင် ဆွေးနွေးနိုင်ခြင်း ရှိ၊ မရှိ မရှင်းလင်းပေ။

ကျယ်ပြန့်သည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် ပြည်ပရောက် မြန်မာနိုင်ငံအရေး လှုပ်ရှား သူများကို ဖိတ်ကြားမည် ဆိုလျှင် ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လာ နိုင်ရေးအတွက် ခိုင်မာသည့် အာမခံချက်ရှိရန် လိုအပ်ကြောင်း ဝေဖန်သူများက ထောက်ပြသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက ကျင်းပမည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံရေး ဟောပြောပွဲမျှသာ ဆိုလျှင် မသွားလိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း၊ တန်းတူရည်တူ ဖြစ်သည့် ဆွေးနွေးမှုနှင့် ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်မည့် အခြေအနေများ ရှိသင့်ပြီး ပါဝင်သင့် ပါဝင် ထိုက်သည့် လူပုဂ္ဂိုလ် အားလုံးပါဝင်မည့် ဆွေးနွေးပွဲဖြစ်ခဲ့လျှင် သွားရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောသည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွတ်နေရမယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပြီး ရန်လိုတဲ့ အပြုအမူတွေ ရပ်ဆိုင်း ထားဖို့လိုမယ်။ ထစ်ကနဲရှိ ဖမ်းမယ်၊ ၅ (ည) နဲ့ ထောင်ချမယ် ဆိုတာမျိုးတွေလည်း ပယ်ဖျက် ထားဖို့ လိုတာပေါ့။ အခု အကျဉ်းထောင် ထဲမှာ ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့လို တကယ် အရေးပါတဲ့ လူတွေက ဒီလို ဆွေးနွေးပွဲမှာ တန်းတူဆွေးနွေးခွင့် ရှိနေရမယ်” ဟု သူကဆိုသည်။

လွန်ခဲ့သည့် မတ်လကုန်က စတင် တာဝန်ယူထားသည့် မြန်မာအစိုးရသစ်အနေဖြင့် အချိန်တိုအတွင်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တချို့ကို လုပ်ဆောင်လာခဲ့ရာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ၀န်ကြီး ဦးအောင်ကြည်တို့ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ထို့နောက် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော် သမ္မတ ဧည့်ခန်းမ ဆောင်တွင် တွေ့ဆုံ ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူလူထု အကျိုးအတွက် တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကာ မတူ ကွဲလွဲသည့် အရာများကို ရှောင်ရှားပြီး တူညီသည့် ကိစ္စရပ်များကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။

အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်သူ ဦးဌေးဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အလေးအနက် ထားပါကြောင်း မကြာသေးမီက သတင်းထောက် များ၏ အမေးကို ဖြေကြားခဲ့သည်။

Ref: ဧရာဝတီ

Read More...

အရေးပေါ်စီမံမှု အက်ဥပဒေ ဖျက်ရန်အဆို ပယ်ချခံရ

မျိုးသန့်
အင်္ဂါနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အတိုက်အခံများကို ထောင်ချရာတွင် သုံးလေ့ရှိသော ဥပဒေတခု ဖြစ်သည့် “၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ” ကို ဖျက်သိမ်းရန် ဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော်အမတ် ဦးသိန်းညွန့် ပြည်သူ့ လွှတ်တော်တွင် တင်သွင်းရာ စစ်သား အမတ်များနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအမတ်များ၏ ကန့်ကွက်မှုကြောင့် ပျက်ပြားသွားပြီ ဖြစ်သည်။

ဦးသိန်းညွန့် တင်သွင်းသည့် အဆိုကို ၃၈၅ ယောက်တက်သော အောက်လွှတ်တော်တွင် အင်္ဂါနေ့က ဆွေးနွေးရာ ထောက်ခံသူ အမတ် ၇ ဦးသာ ရှိပြီး တပ်မတော်သား လွှတ်တော်အမတ် အားလုံး ၉၉ ဦး၊ ကြံ့ဖွံ့အမတ် ၂၂ဝ ဦးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပါတီငယ်များမှ ၁၆ ဦးက ကန့်ကွက်ကာ ကြားနေ ၄၁ ဦး ရှိခဲ့သည်။

တနင်္လာနေ့ကတည်းက တင်သွင်းထားခဲ့သော အဆိုကို ထောက်ခံသူများမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါက်တာ သန်းဝင်းနှင့် ဦးခိုင်မောင်ရည်၊ ရှမ်းတိုင်းရင်းသားများ ပါတီမှ ဒေါ်နန်းဝါနု၊ ဒီမိုကရေစီ ပါတီသစ်မှ ဦးသိန်းညွန့်နှင့် ဦးကြည်မြင့်၊ ချင်းအမျိုးသား ပါတီမှ ဒေါ်ဇာတလဲမ်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မိမြင့်သန်းတို့ ဖြစ်သည်။

အဆိုကို ကန့်ကွက်ဆွေးနွေးသူ အမတ်လေးဦးမှာ ကြံ့ဖွံ့ပါတီမှ ဖြစ်ကြပြီး ယင်းတို့မှာ မြဝတီ မဲဆန္ဒနယ်မှ ဦးသန်းဦး၊ နတ်မောက် မဲဆန္ဒနယ်မှ ဦးအောင်ကျော်စိုး၊ ဝန်းသို မဲဆန္ဒနယ်မှ ဦးစိုးပိုင်၊ ဆော့လော် မဲဆန္ဒနယ်မှ ဦးဇောင်းခေါင် တို့က ကန့်ကွက် ဆွေးနွေး ခဲ့ကြသည်။

“ဒီဥပဒေ (၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှုဥပဒေ) က မြန်မာပြည်မှာ ရောင်စုံသူပုန်ထတုန်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပေဒ ဖြစ်တယ်၊ အခုဟာက ဒီလို အခြေအနေမျိုး မဟုတ်တော့ဘူး အဲဒါကြောင့် ဒီဥပဒေဟာ ဖျက်သိမ်းသင့်တဲ့ ဥပဒေပေါ့” ဟု ဦးသိန်းညွန့်က မဇ္ဈိမနှင့် အစောပိုင်းက အင်တာဗျူးတခုတွင် ပြောကြားဖူးသည်။

မြဝတီ မဲဆန္ဒနယ်မှ ဦးသန်းဦးက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို ရည်ညွန်းကာ ယင်းအခြေအနေများ ရှိနေခြင်းကြောင့် ၁၉၅ဝ အရေးပေါ် စီမံမှု ဥပဒေသည် ရှိနေသင့်ကြောင်း ဆွေးနွေး သွားသည်ဟု လွှတ်တော်အမတ်များက ပြောသည်။

ထို့အပြင် ဦးဇောင်းခေါင်ကလည်း ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရ တပ်တို့ အကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲများကို ရည်ညွှန်းကာ အရေးပေါ် စီမံချက် အက်ဥပဒေ မရှိ၍ မဖြစ်ကြောင်း ဆွေးနွေး သွားသည်။

၁၉၅ဝ အရေးပေါ် စီမံမှုအက် ဥပဒေသည် လွတ်လပ်ရေးရပြီး ၂ နှစ်အကြာ ပြည်တွင်းစစ်ကြောင့် ထိုစဉ်က အာဏာရ ဦးနု အစိုးရက ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ဥပဒေ ပြဋ္ဌာန်းချက်တွင် နိုင်ငံတော် တည်ငြိမ်ရေး အတွက် ကြိုးပမ်းနေကြသည့် စစ်တပ်နှင့် ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များ၏ တာဝန်များကို နှောင့်နှေးအောင် သို့မဟုတ် နိုင်ငံတော် တည်ငြိမ်ရေး ပျက်ပြားအောင် ကြံရွယ်ပြုမူသူများကို ထောင်ဒဏ် တသက် သို့မဟုတ် သေဒဏ်အထိ ကျခံနိုင်ရန် ပါရှိသည်။

“အရေးပေါ် အခြေအနေအတွက်ကို ရည်ရွယ်ပြီးတော့မှ ၁၉၅၀ တဝိုက်မှာ တိုင်းပြည်က ဆူပူ သောင်းကျန်းမှုတွေ ဖြစ်နေတဲ့ အချိန်မှာ ထုတ်ခဲ့တဲ့ ဥပဒေဖြစ်တယ်။ အခုဟာက အဲဒီလိုမျိုး အရေးပေါ် ကာလလည်း မဟုတ်တော့ဘူး အခုအချိန်မှာ ဒီအရေးပေါ် ပုဒ်မ ဆိုတာကြီးက မဆီလျှော်တော့ဘူး” ဟု ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ ထုတ်ပြန်ချက် အရ လက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ရှိနေသော နိုင်ငံရေး အကျဉ်းသား ၁,၉၉၅ ဦးအနက် ၅၀၀ ဦးမှာ ၁၉၅ဝ အရေးပေါ် စီမံချက် ဥပဒေနှင့် ဆက်နွယ်သော ဥပဒေများချည်း သို့မဟုတ် ဤဥပဒေပါ ပါဝင်စွဲဆို ထောင်ချ ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပထမသက်တမ်း ဒုတိယအကြိမ်မြောက် လွှတ်တော် အစည်းအဝေး ၇ ရက်နေ့မြောက်ဖြစ်သည့် အင်္ဂါနေ့တွင် ပြည်သူ့ လွှတ်တော် အစည်းအဝေး တခုလုံးကို ဦးသိန်းညွန့် တင်ပြချက်အပေါ် အပြန်အလှန် ဆွေးနွေးခြင်းသာ ရှိခဲ့ပြီး နောက်ရက်များ အတွက် ပြင်ဆင်မှုနှင့် အဆုံးသတ်ခဲ့သည်။

လွှတ်တော်၏ ထုံးစံအရ ဆွေးနွေးလိုသော အကြောင်းအရာတွက် အမတ်တဦးက တင်ပြရန်လိုပြီး အနည်းဆုံး ထောက်ခံသူ တဦးရှိမှသာ ဆွေးနွေးရန် အတည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် ကြံ့ဖွံ့ အမတ်ဦးစိုးသာ၏ အမေရိကန် ဒေါ်လာဈေး ကျဆင်း နေမှုကြောင့် အခက်အခဲ ကြုံတွေ့ နေရသည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေး အတွက် နည်းလမ်း ရှာဖွေရေး အဆိုကို တင်သွင်းခဲ့သည်။ တပါတီထဲမှ ဦးညီညီမှ ထောက်ခံသဖြင့် ဆွေးနွေးရန် သေချာသွား ပြီဖြစ်သော်လည်း ရက်မသတ်မှတ်ရသေးပေ။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဟောင်း ဦးစိုးသာ၏ ပြောကြားချက်တွင် ၂ဝ၁ဝ၊ ၂ဝ၁၁ ခုနှစ်အတွင်း သွင်းကုန်ပမာဏ ၇၈ ရာခိုင်နှုန်း တိုးလာခြင်း၊ ကုန်သွယ်မှုတွင် မြန်မာကျပ်ငွေ ၇၉၆ သန်းလိုငွေ ပြနေမှုနှင့် ဆန်၊ ပဲအမျိုးမျိုး၊ ငါးပို့ကုန်များ လျော့နေခြင်းတို့ကို အလေးထား ပြောကြားသွားသည်။

ထို့အပြင် နောက်ရက်တွင် ဆွေးနွေးရေး အတွက် ကြိုးပမ်းမှု တခုဖြစ်သော ငွေတိုက်စာချုပ် ဝယ်ယူ စုဆောင်းငွေ အပေါ်မှ ရရှိသည့် အတိုးအပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိရေး အဆိုကို ကြံ့ဖွံ့၏ ခရမ်းမြို့နယ် မဲဆန္ဒနယ်မှ ဦးမောင်မောင်သိန်းက တင်သွင်းခဲ့သည်။ ယင်းကို ကွန်ဟိန်း မဲဆန္ဒနယ် ကျားဖြူပါတီမှ အမတ် ဒေါ်နန်းဝါနုက ထောက်ခံသောကြောင့် ဆွေးနွေးရန် သဘော တူညီချက် ရသွားပြီ ဖြစ်သည်။ သို့သော် လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဘဏ္ဍာခွန်ကြီးဌာန၊ ဥပဒေကြမ်း ကော်မတီတို့နှင့် ညှိနှိုင်း ဆောင်ရွက်ရန် ဖြည့်စွက် ပြောကြားသွားသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့သည် ညနေ ၃ နာရီတွင် ပြီးဆုံးသည်။ ယခု သီးခြား စီကျင်းပနေသည့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ကို စက်တင်ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်အဖြစ် ပေါင်းစည်း ကျင်းပမည် ဟုလည်း သိရသည်။

Ref: မဇ္ဈိမ

Read More...

လစ်ဗျားသူပုန်တွေ ဂဒါဖီတပ်ကို ရာဇသံပေး

အင်္ဂါ, 30 သြဂုတ် 2011

လစ်ဗျားနိုင်ငံမှာ မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ ဇာတိမြို့ ဆာတဲ (Sirte) မှာရှိတဲ့ ဂဒါဖီသစ္စာခံ တပ်ဖွဲ့တွေ ၄ ရက် အတွင်း လက်နက်ချဖို့ လစ်ဗျားနိုင်ငံရဲ့ ယာယီ အာဏာပိုင် အဖွဲ့အစည်းက ကြေညာသွားပါတယ်။

မိုမာ ဂဒါဖီကို ထောက်ခံတဲ့တပ်တွေ စနေနေ့ရောက်လို့မှ ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ဘူး၊ လက်နက် မချဘူးဆိုရင် သူတို့ တပ်တွေက စစ်ရေးအရ အရေးယူမှုတွေ စလုပ်မယ်လို့ NTC အမျိုးသား အသွင် ကူးပြောင်းရေး ကောင်စီ ခေါင်းဆောင် မူစတာဖာ အက်ဘ်ဒဲလ် ဂျာလေးလ် (Mustafa Abdel Jalil) က အစ်နေ့ နောက်တရက်မှာ ပြောသွားပါတယ်။

ဂဒါဖီကို ဆန့်ကျင်တဲ့ တိုက်ခိုက်ရေးသမားတွေဟာ ဂဒါဖီကို ထောက်ခံတဲ့ ဒေသတွေရဲ့ နောက်ဆုံး ဒေသကို ထိန်းချုပ်နိုင်ဖို့ တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။ ၄ ရက်တာ အပစ်အခတ် ရပ်စဲရေးဟာ ဆာတဲမြို့နဲ့ အဓိက ဆိုင်ပေမဲ့ ဘာနီ ၀ါလစ် (Bani Walid) က သစ္စာခံ တပ်ဖွဲ့တွေရဲ့ အမာခံ ဒေသတွေနဲ့ တောင်ပိုင်းက ဆာဘာ (Sabha) မြို့နဲ့လည်း ဆိုင်ပါတယ်။

ဂဒါဖီကို ဆန့်ကျင်တဲ့ တိုက်ခိုက်ရေးသမားတွေ ထရီပိုလီ (Tripoli) မြို့တော်ကို အရင်တပတ်မှာ သိမ်းလိုက်ပြီး ကတည်းက မစ္စတာ ဂဒါဖီရော၊ သူ့ရဲ့ အရေးအပါဆုံး သားတွေကိုရော ရှာမတွေ့ သေးပါဘူး။ သူဟာ နိုင်ငံတောင်ပိုင်းမှာ ပုန်းအောင်း နေတယ်လို့ တချို့က ယုံကြည် ထားပါတယ်။

တနင်္လာနေ့ကတော့ မစ္စတာ ဂဒါဖီရဲ့ မိသားစုဝင် တချို့ဖြစ်တဲ့ ဇနီး၊ သမီးနဲ့ သား ၂ ဦးကို အယ်လ်ဂျီးရီးယား နိုင်ငံက လက်ခံ ခဲ့ပါတယ်။ မစ္စတာ ဂဒါဖီရဲ့ သမီးဖြစ်တဲ့ အိုင်ဟာ (Aisha) က ဆာဟာရ သဲကန္တာရထဲမှာ အင်္ဂါနေ့က သမီးလေး တဦးကို မွေးဖွား ခဲ့တယ်လို့ အယ်လ်ဂျီးရီးယား အရာရှိတွေက ပြောပါတယ်။

ဒီလို မစ္စတာ ဂဒါဖီရဲ့ သမီးဖြစ်သူ ကိုယ်ဝန်လွယ်ထားရတဲ့ ကိစ္စကြောင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကြောင်းအချက်နဲ့ သူတို့ကို လက်ခံခဲ့တာ ဖြစ်တယ်လို့ အယ်လ်ဂျီးရီးယားက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုမှာတော့ ဂဒါဖီရဲ့ မိသားစုဟာ ကုလသမဂ္ဂရဲ့ ခရီးသွားလာခွင့် ပိတ်ပင် ခံထားရတဲ့ အထဲမှာ ပါဝင်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြား သွားပါတယ်။

အယ်လ်ဂျီးရီးယား နိုင်ငံကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ရှင်းပြစာ ပေးပို့ ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကပဲ ပြောသွားခဲ့ပါတယ်။

Ref: VOA News

Read More...

KNU ခေါင်းဆောင်တဦး မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရ

အင်္ဂါ, 30 သြဂုတ် 2011

ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်ဟာ မြန်မာ အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို့ ဗွီအိုအေက သတင်းရရှိပါတယ်။

တရုတ်နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ ကနဦး ဖမ်းဆီးခံရတာဖြစ်ပြီး နောက်ပိုင်း မြန်မာအစိုးရ လက်ထဲကို တရုတ် အာဏာပိုင်က လွှဲပြောင်း ပေးခဲ့တယ်လို့ အမည် မဖော်လိုတဲ့ ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင်တချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ သီးခြား အတည်ပြု ပြောဆိုချက်တော့ မရသေးပါဘူး။

သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ အတိုက်အခံတွေကြား စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် နေပါတယ်။

မန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို KNU အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှာ KNU ကိုယ်စား ဦးဆောင် လှုပ်ရှားနေသူ တဦးလည်း ဖြစ်ပါတယ်။ သူဟာ အဓိက ထိုင်း၊ မြန်မာ နယ်စပ်မှာ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

မန်းငြိမ်းမောင်ဟာ ၁၉၆၀ ၀န်းကျင် တ၀ိုက်မှာ ကရင်လူငယ် လှုပ်ရှားမှုနဲ့ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရပြီး မြန်မာပြည်မနဲ့ မိုင် ၂၀၀ ကျော်ဝေးတဲ့ ကိုကိုးကျွန်းကို ပို့ဆောင် ခံခဲ့ရပါတယ်။ ကိုကိုးကျွန်းကနေ တခြား နိုင်ငံရေး အကျဉ်းသား ၂ ဦးနဲ့အတူ ပင်လယ်ကိုဖြတ်ပြီး ပြည်မဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ပြည်မ အရောက်မှာ ဒေသခံ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

သူ့ရဲ့ ကျွန်းအတွေ့အကြုံနဲ့ တခြားနိုင်ငံရောက် အတွေ့အကြုံတွေကို ရဲဘော်ရှောင်း ဆိုတဲ့ ကလောင်နဲ့ ပြည်ပ အတိုက်အခံ စာစောင် မဂ္ဂဇင်းတွေမှာ ရေးသားခဲ့သူ ဖြစ်ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ မြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဆိုတဲ့ ၀တ္ထုဟာ မန်းငြိမ်းမောင်ရဲ့ ကိုကိုးကျွန်း အတွေ့အကြုံကို မှီးရေး ခဲ့တာလို့လည်း စာရေးသူ ကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။

မန်းငြိမ်းမောင်ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းထားပြီ ဆိုတာနဲ့ ပတ်သက်လို့တော့ မြန်မာ အစိုးရဘက်က တစုံတရာ ထုတ်ဖော် ပြောဆိုချက် မရသေးပါဘူး။


Ref: VOA News

Read More...

Tuesday, August 30, 2011

နောက်လိုက်မှု အနုပညာ

ဇေဝင်းနောင်
Sunday, 28 August 2011

အလက်ဇန်းဒါးဟာ အိန္ဒိယကို အောင်နိုင်ခဲ့တယ်။
သူတစ်ယောက်တည်းနဲ့လား။
ဆီဇာဟာ ဂေါလ်တွေကို အနိုင် တိုက်ခဲ့တယ်။
သူ့တပ်မှာ ထမင်းချက် တစ်ယောက်တောင် မပါဘဲနဲ့လား။
စပိန်ဘုရင် ဖိလစ်ဟာ သူ့ရေတပ်မတော်ကြီး နှစ်မြှုပ် ဖျက်ဆီးခံရချိန်မှာ မျက်ရည် ကျသတဲ့။ အခြားသော မျက်ရည်များရော မရှိခဲ့လေသလား။
ဘားထရော့ ဘရီချက်

၁၉၃၀ ပြည့်နှစ်တွေတုန်းက ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ခ်ျအော်ဝဲလ် ရေးခဲ့သော မြန်မာပြည်အကြောင်း ၀တ္ထုတစ်ပုဒ်။ ထိုစဉ်က ဗြိတိသျှ နေမ၀င်အင်ပါယာ၏ အရာရှိလေး တစ်ဦး ဖြစ်ခဲ့ဖူးသော အော်ဝဲလ်သည် ကိုယ်တွေ့ ကြုံခဲ့ရသော ဖြစ်ရပ် တစ်ခုကို 'ဆင်ပစ်ခြင်း' (Shooting an Elephant) အမည်ဖြင့် ရေးခဲ့ဖူးသည်။

တစ်နေ့မှာ ဂျော့ခ်ျအော်ဝဲလ်ထံ ဖုန်းဝင်လာသည်။ မဝေးလှသော တစ်နေရာမှာ ခိုင်းဆင် တစ်ကောင် စိတ်ရိုင်းဝင်ပြီး ဈေးတစ်ဈေးကို ဖျက်ကာ လူတစ်ယောက်ကို နင်းသတ် သွားခဲ့သည်။ ဒီအခြေအနေကို အော်ဝဲလ် ကိုင်တွယ် ရတော့မည်။

သူရောက်သွားသော အချိန်တွင် လူအုပ်ကြီးက သူ့ကို ၀ိုင်းလာကြသည်။ ရိုင်ဖယ်ကို လွယ်ထားသော သခင်ကြီး၏ ဆင်ပစ်ပွဲကို ကြည့်ဖို့။ဒီအချိန်မှာ ဆင်ကြီးက ပုံမှန် ပြန်ဖြစ်နေပြီ။ ဂျော့ခ်ျအော်ဝဲလ် ရေးထားသည့် အတိုင်း ဆိုလျှင် ''မြက်ဖုတ်ကို ဆွဲဆုတ်ပြီး သူ့ဒူးကို သန့်စင်နေသည်။ ယင်းမြက်တို့ ကိုပင် မြိန်ရည်ယှက်ရည် စားနေပြန်သည်'' ဟူ၍ ဖြစ်သည်။ ပုံမှန် ပြန်ဖြစ်နေသော ခိုင်းဆင် တစ်ကောင်ကို သတ်ပစ်ဖို့ သူ့မှာ အကြောင်း မရှိတော့။

သို့ပေမဲ့ သူ့နောက်က လူအုပ်ကြီး၏ ဆန္ဒက ပြင်းပြလွန်း လှသည်။ လူက နှစ်ထောင်လောက် ရှိလာသည်။ သူတို့ နားလည် ထားသည်က ဒီဆင်ကို ပစ်ရမည်၊ ပစ်မည့်သူက အော်ဝဲလ်။ သူ့မှာ ရွေးချယ်စရာ မရှိ။ ပစ်လိုက်ရသည်။ အာဏာပိုင်သည် ဆိုသော အနေအထားကို ရယူထားသူ၊ ရိုင်ဖယ် သေနတ်ကြီးကို ကိုင်ထားသူ အော်ဝဲလ်သည် ''သူ့ကို ရှေ့ဆက်ရန် ဖိအားပေးနေသော တွန်းလှန် မရနိုင်လောက်အောင် ကြီးမားလှသော လူနှစ်ထောင်၏ ဆန္ဒ'' အောက်တွင် ရောက်သွားခဲ့သည်။

သူလွန်ဆန်ခဲ့လျှင် ဒီလူအုပ်ကြီးကသူ့ကို တစ်စစီ ဆွဲဖြဲပစ်မှာကိုလည်း သူကြောက်မိ ခဲ့သည်ဟု ဆိုသည်။ အော်ဝဲလ် ရေးသွားသော ၀တ္ထု နောက်ဆုံး စာသားမှာ ''သေနတ်ကို ကိုင်ပြီး လက်နက်မဲ့ ဒေသခံတို့ ရှေ့တွင် ရပ်နေသော လူဖြူ ကျွန်တော်သည် ဒီဇာတ်လမ်း၏ ဇာတ်လိုက် ကျော်ကြီးဟု ထင်နေရသည်။ စင်စစ်တွင်ကား နောက်တွင်ရှိသော မျက်နှာဝါတို့ ဆန္ဒအရ ကြိုးဆွဲရာ ကရသည့် ရုပ်သေးရုပ် မျှသာ ဖြစ်နေတော့သည်'' ဟူ၍ ဖြစ်သည်။ ဒီဇာတ်လမ်းသည် မည်သူက နောက်လိုက်၊ မည်သူက ခေါင်းဆောင် ဆိုခြင်းအတွက် တွေးစရာတွေ အများကြီး ပေးနေသည်။ ကျွန်တော်တို့ တစ်တွေက ခေါင်းဆောင်မှု အကြောင်းကိုပဲ ပြောနေကြသည်။ နောက်လိုက်မှု အကြောင်းကိုတော့ မေ့လျော့ ထားကြသည်။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖြစ်သည်။ အားလုံးလိုလို၏ ငယ်ငယ်တုန်းကလည်း ဒီလိုပဲ ဖြစ်မည် ထင်သည်။ စူပါမင်း၊ ဘတ်မင်န်း၊ မျောက်မင်းဝူခုန်း စသော စသော စူပါဟီးရိုးတွေ။ ကျွန်တော်တို့ သိပ်ကြိုက် ခဲ့ကြသည်။ ၀ါးလုံးကလေးကို အချောသပ်၊ တိုအောင်ဖြတ်ပြီး ၀ူခုန်းကြိမ်လုံး လုပ်ကြသည်။

မျက်နှာသုတ်ပ၀ါကိုယူ၊ ကျောမှာချည်ပြီး စူပါမင်းန် လုပ်ကြသည်။ အကုန်လုံး ၀ူခုန်း၊ အကုန်လုံး စူပါမင်းန် ဖြစ်သည်။ မှတ်မိ သလောက်ကတော့ ပါကျဲ လုပ်ချင်သည့်သူက အတော်ရှားသား။ နောက်ပိုင်းမှာ ပါဝါရိန်းဂျားလို အဖွဲ့လိုက်ပါသော သူရဲကောင်းတွေ ပေါ်လာတော့ နည်းနည်း အဆင်ပြေသည်။ အနီကောင်၊ အစိမ်းကောင်၊ အ၀ါကောင် ခွဲလုပ်ရသည်။ ဒါတောင် အနီကောင် လုပ်ချင်သည့်သူက များသည်။ သူက ခေါင်းဆောင်ဖြစ်သည် မဟုတ်ပါလား။ (တစ်ချို့ ဇာတ်လမ်းတွေမှာတော့ ပါဝါရိန်းဂျားက ခြောက်ယောက် ရှိပြီး အဖြူကောင်ပါ ပါလာသည်။ သူက ဟိုငါးယောက်စာလောက် စွမ်းတော့ အဖြူကောင်ပါလျှင် အားလုံးက အဖြူကောင် ဖြစ်ချင်ကြပြန်သည်) သူရဲကောင်းလုပ်တမ်း ကစားခဲ့ဖူးသည်။ ကမ္ဘာကြီးကို ကယ်တင်သော ဇာတ်လိုက်ကျော်ကြီးတွေ ကျွန်တော်တို့ ကလေးဘ၀ အိပ်မက်ထဲမှာ ရှိခဲ့သည်။

စာလေးဘာလေး တူတူတန်တန် ဖတ်လာတော့လည်း သူရဲကောင်း ဖြစ်ခဲ့သော ခေါင်းဆောင်တွေကို ကျွန်တော်တို့ အားကျကြသည်။ ကြည်ညိုကြသည်။ ထို့ထက်ပိုလျှင် သူတို့လို ဖြစ်လိုကြသည်။ ဗိုလ်ချုပ် အောင်ဆန်းမှ စပြီး ဂန္ဒီ၊ လင်ကွန်း၊ အလက်ဇန်းဒါး၊ ဒီကနေ့ခေတ် အိုဘားမား အထိ ဖြစ်သည်။ ယခု ကာလမှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရေးထားသည့် စာအုပ်တွေ အရမ်း ရောင်းကောင်းလှသည်။ ခေါင်းဆောင်မှု၊ အုပ်ချုပ်မှု အကြောင်း ရေးထားတာတွေ ဖတ်ကြသည်။ အဓိကက လူငယ်တွေ ဖြစ်သည်။ ကျွန်တော်တို့ အပါအ၀င် ဖြစ်သည်။ ကျွန်တော်တို့တွေ အားကျကြသည်။ သူတို့လို ဖြစ်လိုကြသည်။ သူတို့လို ခေါင်းဆောင်မျိုးကို တောင့်တကြသည်။ အနာဂတ်အတွက် ကောင်းသည့်လက္ခဏာ ဖြစ်သည်။

တစ်ခုတော့ရှိသည်။လက်တွေ့ဘ၀မှာ ကျွန်တော်တို့အားလုံး ခေါင်းဆောင်လုပ်လို့မရ။ ကြည်ညိုရုံ ကြည်နေရုံနဲ့လည်း မရ။ ခေါင်းဆောင်ဖြစ်ဖို့ အတွက် အနည်းဆုံး နောက်လိုက် တစ်ယောက်တော့ ရှိဖို့ လိုသည်။ ခေါင်းဆောင်မှုသည် နယ်ပယ် အသီးသီးမှာ အဆင့်လိုက် ရှိနေသည်။ ကျွန်တော်က ဒီလူတွေကို ခေါင်းဆောင်ရပေမဲ့ ကျွန်တော့်အထက်မှာ ကျွန်တော်တို့ကို ပြန်ပြီး ခေါင်းဆောင်သူတွေ အဆင့်ဆင့် ရှိနေနိုင်သည်။ နယ်ပယ်စုံမှာ ဖြစ်သည်။ တစ်ခါတစ်ရံ ကျတော့ ကျွန်တော်တို့ နောက်လိုက် လုပ်ဖို့ လိုလာသည်။ ခေါင်းဆောင် ဖြစ်ချင်တာလား၊ ဖြစ်စေချင်တာကို ဖြစ်သွားစေချင်တာလား ဆိုတာကို စဉ်းစားရသည့် အခါမျိုးတွေ ရှိလာသည်။

တကယ်တမ်းကျတော့ နောက်လိုက်တို့၏ အစွမ်းအစကို လျော့တွက်မိကြခြင်း ဖြစ်သည်။ ကမ္ဘာပေါ် မှာတောင် နောက်လိုက်မှုနှင့် ပတ်သက်ပြီး ရေးထားသော စာအုပ်က များများစားစား မရှိလှ။ သိပ်မရှိတာက ဖတ်မဲ့သူ မရှိလို့လည်း ဖြစ်သည်။ ခေါင်းဆောင်မှုကို သရုပ်ခွဲသလောက် နောက်လိုက်မှုကို ကျတော့ သရုပ်ခွဲပြတာက နည်းလှသည်။

လွတ်လပ်သော ခွဲခြမ်းစိတ်ဖြာတတ်သော အတွေးအခေါ်၊ မှီခိုတတ်သော ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်း မရှိသော အတွေးအခေါ် ဆိုသော ပုံစံနှစ်မျိုးကို တက်ကြွသော မတက်ကြွသော ဆိုသော ပုံစံနှစ်မျိုးကို တွဲလိုက်သော အခါ လေးမျိုး ရလာသည်။ ဒါက ရောဘတ်ကယ်လီ၏ပုံစံ ဖြစ်သည်။ လွတ်လပ်သော ခွဲခြမ်း စိတ်ဖြာတတ်သော ဆိုသော နာမ၀ိသေသနနှင့် တက်ကြွသောကို ပေါင်းလိုက်လျှင် စံနမူနာပြ နောက်လိုက်ကောင်း ဟူ၍ ဖြစ်လာသည်။

မှီခိုတတ်သောနှင့် တက်ကြွသောကို ပေါင်းလိုက်လျှင်လည်း ခိုင်းသည့် အတိုင်း လုပ်တတ်သော သစ္စာရှိ နောက်လိုက်ကောင်း ဖြစ်လာသည်။ မတက်ကြွသော ဆိုသော နာမ၀ိသေသနနှင့် လွတ်လပ်သော အမြင်ကိုပဲ ပေါင်းလျှင်လည်း ဘေးလူလို ဖြစ်သွားသည်။ မှီခို တတ်ရသည့်အထဲ မတက်ကြွလျှင်တော့ ခပ်ညံ့ညံ့ပဲ ဖြစ်သွားနိုင်သည်။ ဒီလေးမျိုးစလုံး ဖြစ်သွားနိုင်သော လက်တွေ့ ပဓာန ၀ါဒီများလည်း ရှိသည်။ ရောဘတ်ကယ်လီ၏ ပုံစံ အရ ဖြစ်ပါသည်။ သူ့ပုံစံက နားလည်ဖို့ နည်းနည်းရှုပ်သည်။

ဒီဆောင်းပါး ဖြစ်လာစေသည့် မူရင်းစာအုပ်ကို ရေးသူ ဘာဘရာကဲလားမင်းန် ကတော့ ငါးမျိုး ခွဲပြသည်။ တစ်သီးတခြား ဘေးထွက် ထိုင်နေသူများ(Isolates)၊ မပါဝင်ဘဲဘေးမှ ရပ်ကြည့်သူများ (Bystanders)၊ ပါဝင်သူများ (Participants)၊ တက်ကြွ လှုပ်ရှားသူများ(Activist)၊ ယုံကြည်မှုအရ အဆုံးစွန် စွန့်လွှတ် ရဲသူများ (Diehard) ဟူ၍ ဖြစ်သည်။ ဘယ်လို လူမျိုးတွေက သက်ဆိုင်ရာ လူ့အဖွဲ့အစည်း အတွက် သင့်တော်မည် ဆိုသည်ကတော့ ရှင်းပြစရာ မလိုဟု ထင်သည်။

ပြဿနာက ကျွန်တော်တို့သည် မလုပ်ချင်ဘဲ နောက်လိုက် ဖြစ်လာရသော အခါမှာ ဘေးထွက် ထိုင်ဖို့၊ ရပ်ကြည့်နေဖို့ ရွေးတတ်သည်က များနေသည့် ကိစ္စ ဖြစ်သည်။ သည့်အတွက်ကလည်း အကြောင်း ပြချက်တွေက ခိုင်ခိုင်လုံလုံ ရှိနေတတ်သည်။ နောက်က လိုက်လျှင်လည်း မျက်စိမှိတ်ပြီး လိုက်တတ်ကြသည့် ပြဿနာ ဖြစ်သည်။

နောက်လိုက် မလုပ်ချင်ကြသူများ၏ အကြောင်းကို စပြောရလျှင် ပထမတစ်မျိုးက ငါပါလည်း မထူးပါဘူး။ ဖြစ်လာမှ မဟုတ်တာ ဆိုသော သူမျိုး ဖြစ်သည်။ အစက တို့မပြောဘူးလား ဆိုပြီး ဖြစ်မလာမှု အပေါ် ကျေနပ် တတ်ကြသည်။ မရေရာသော လောကကြီးဝယ် လုပ်မကြည့်ဘဲနှင့် မဖြစ်နိုင်ဟု ဘယ်လိုမှ ပြော၍ မရ။

ငါတတ်ထားသော ပညာတွေနဲ့ ငါ့လောက် မတတ်သူဆီမှာ နောက်လိုက် မလုပ်နိုင် ဆိုသော အတွေးအခေါ် မျိုးကလည်း ရှိသည်။ မှန်ပါသည်။ ကိုယ်ကိုယ်တိုင် ဖြစ်စေချင်တာလည်း မဟုတ်ရင်တော့ ကိုယ့်လောက်မှ မတတ်သူထံမှာ ဘာအကြောင်းနဲ့မှ နောက်လိုက် လုပ်စရာမလို။ သို့ပေမဲ့ ရင်ခုန်သံချင်း တူရင်တော့ လက်တွဲဖို့ လိုကောင်းလိုနိုင်သည်။ကိုယ်တတ်ထားတာ ဘာလဲ ဆိုတာလဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုသည်။ ဒီလူတွေ အသုံးမှ မကျတာ၊ ငါသာ ဆိုရင်တော့ဟု ပြောဖို့က လွယ်ပါသည်။ သူတို့ ပြောသလို အသုံးမကျသည် ဆိုခြင်းကလည်း မှန်သည့်အခါ မှန်ပါသည်။

''ကျွန်တော် ၀င်ပါမယ်။ ထိပ်တန်း တစ်နေရာရဖို့ ကျွန်တော့်မှာ ထိုက်တန်တယ်'' ဆိုတာ မျိုးကလည်း အပြောနှင့် လုပ်လို့မရ။ တရုတ် သိုင်းကားတွေ၊ သိုင်းဝတ္ထုတွေထဲကလို ချောက်ထဲကျ၊ သိုင်းကျမ်းကြီး ရပြီး လူဆိုးတွေကို တစ်ယောက်တည်း ချမယ် ဆိုသော စိတ်ကူးမျိုး ဖြစ်သည်။ အောက်ခံ ဘောင်းဘီ အပြင် ထုတ်ဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် စူပါမင်း ထင်နေကြသူမျိုး ဖြစ်သည်။

နောက်တစ်မျိုးက နောက်လိုက်ကောင်းပင် ဖြစ်သော်လည်း အလုပ်မဖြစ်နိုင်သည့် ပြဿနာ ဖြစ်သည်။ အထက်က ညွှန်ကြားချက်ကို စောင့်သည်။ သစ္စာရှိသည်။ သို့ပေမဲ့ အဖြေထွက်ရေးသည် ကိုယ့်ကိစ္စ မဟုတ်ဟု ခံယူထားသည်။ ဟိုတလောက ကျွန်တော့်အဖေ ပြောဖူးသည်။ သူ့သူငယ်ချင်း အသက် ၆၀ နီးပါး ရှိပြီ။ ကိစ္စတစ်ခု ဖြစ်လာတော့ အဖေက စိတ်ဝင်စားလို့ ဖုန်းဆက်မေးသည်။ ''အဲဒါ လူကြီးတွေ လုပ်နေတယ်၊ ငါတော့ မသိသေးဘူး''လို့ သူပြန်ဖြေတော့ အဖေက ''မင်း ဒီလောက် အသက်ကြီးတာတောင် လူကြီး မဟုတ်သေးဘူးလား''ဟု ပြန်မေးခဲ့ရသည့် အကြောင်း အားမလို အားမရ ပြောပြဖူးသည်။

ဘေးထွက်ထိုင်ပြီး ဘုပြောသည့် လူတန်းစားနှင့် လူဦးရေ မတိမ်းမယိမ်း ရှိသည်က နောက်တစ်မျိုး ရှိသေးသည်။ ငယ်စဉ်ကတည်းက မည်သည့် အချိန်တွင် လက်ညှိုး ထောင်ရမည်ကို ကောင်းစွာ သိရှိပြီး ကြီးပြင်း လာသောအခါ ခေါင်းကို လျင်မြန်စွာ ညိတ်တတ်လာသော လက်ခုပ်တီးရာတွင် ကျွမ်းကျင် လိမ္မာသည့် နောက်လိုက်များ ဖြစ်သည်။

ခေါင်းဆောင်မလုပ်ဘဲ နောက်လိုက်လုပ်ဖို့ပဲ ပြောနေခြင်းဟုတော့ မထင်စေလိုပါ။ အမေရိကန် သမ္မတ စနစ်နှင့် ခေါင်းဆောင်မှု အကြောင်း ဖတ်ဖူးသော စာအုပ်တစ်အုပ် ရှိသည်။ ဆစ်ဒနီမီလ်ကစ်၏ The American Presidency: Origins and Development, 1776-1993 ဆိုသော စာအုပ် ဖြစ်သည်။ ၁၇၈၇ ခုနှစ်တုန်းက အမေရိကန်တို့၏ နိုင်ငံသစ် တစ်ခုကို မွေးဖွားရေး ကြိုးပမ်းမှု အကြောင်း ဒီအထဲမှာ ဖတ်ရသည်။ အဲဒီတုန်းက ခေါင်းဆောင် လုပ်နိုင်သူတွေက များလှသည်။ ပြည်နယ် အသီးသီးမှ တက်လာသော ခေါင်းဆောင်တွေ အားလုံးသည် အမေရိကသစ်ကို ဦးဆောင် နိုင်ကြသူတွေချည်း ဖြစ်သည်။ အသက်အကြီးဆုံး ဘင်ဂျင်မင်ဖရင်ကလင် (၈၁ နှစ်)က လွဲပြီး အားလုံး လူရွယ်တွေ၊ လူငယ်တွေက များသည်။ ဒီအထဲမှ ထင်ရှားသည်က ဗြိတိသျှ တို့ကို တွန်းလှန်ခဲ့ရာတွင် ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ၀ါရှင်တန် ဖြစ်သည်။ သူ့ကို လူပိုသိသည်။ ဒါကြောင့်ပဲ သူ့ကို ပထမဆုံး သမ္မတ အဖြစ် ရွေးကောက် လိုက်ကြသည်။ သမိုင်းတွင်မည့် အခွင့်အရေးကို ၀ါရှင်တန်ကို ပေးလိုက်ကြသည်။ သမိုင်းအတွက် အရေးကြီးသော ကာလတွင် ခေါင်းဆောင်နေရာ လုခြင်းဖြင့် အချိန် မဖြုန်းဘဲ၊ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး မဖောက်ဘဲ ပိုသင့်တော်သူကို ခေါင်းဆောင်နေရာ ပေးခဲ့ကြသည်။

နိုင်ငံရေး၊ သိပ္ပံ၊ ဂီတစွယ်စုံရ သုခမိန် ဖြစ်သော ဘင်ဂျမင်ဖရင်ကလင်လို ပုဂ္ဂိုလ်ကြီးမျိုး ပါသည်။ အမေရိကန် အခြေခံ ဥပဒေ၏ ဖခင်ကြီး၏ သမိုင်းမှတ်တမ်း တင်ခံရမည့် ဂျိမ်းစ်မက်ဒီဆင်လည်း ပါသည်။ လူတော်တွေ များလှသည်။ ထိုစဉ်က အငယ်ဆုံး ကိုယ်စားလှယ်က ၂၆ နှစ် ဖြစ်သည်။ အခြားအခြားသော ခေါင်းဆောင်နိုင်စွမ်း ရှိသူတွေလည်း အမေရိကသစ်ကို တည်ထောင်မည့် စုဝေးမှုမှာ ပါခဲ့ကြသည်။ ၀ါရှင်တန် နှစ်ကြိမ် သမ္မတ လုပ်ပြီး ဆင်းပေးသည့်နောက် အဲဒီတုန်းက လွတ်လပ်ရေး တိုက်ပွဲမှာ ပါခဲ့ကြသည့် ခေါင်းဆောင်တွေ တစ်ယောက်ပြီး တစ်ယောက် သမ္မတ ဖြစ်လာကြသည်။ ဂျွန်အဒမ်၊ သောမတ်စ်ဂျက်ဖာဆင်၊ ဂျိမ်းစ်မက်ဒီဆင်၊ ဂျိမ်းစ်မွန်ရိုး။ ဒီအချိန်တွင်တော့ အချင်းချင်း ပြိုင်ကြရသည် ဆိုတာ ရှိလာခဲ့သည်။

ခေါင်းဆောင်ဖြစ်နိုင်စွမ်း ရှိသူတို့သည် တစ်ချိန်တွင် ခေါင်းဆောင် ဖြစ်လာ နိုင်ပါသည်။ ခေါင်းဆောင်ကောင်း တို့သည် နောက်လိုက်ကောင်းလည်း ဖြစ်ဖူးသည်ကို မေ့မထားရန် လိုပါသည်။

သင်္ချာပုစ္ဆာတစ်ပုဒ်လိုပဲ မသိကိန်းကို ရှာရာမှာ ညီမျှခြင်းချဖို့ လိုပါသည်။ တူရာတွေကိုတွဲဖို့ လိုပါသည်။ ညီမျှခြင်း ဟိုဘက်ဒီဘက် ချေသင့်တာတွေ ချေရပါမည်။ သို့မှသာ မသိကိန်း အဖြေထွက်မည် ဖြစ်ပါသည်။ ဘ၀များနှင့် ဆိုင်သော ပုစ္ဆာ တို့ကို အဖြေထုတ်ရာမှာလည်း ဒီလိုပဲ ဖြစ်သည်။ အဖြေ ထုတ်ရာမှာ ခေါင်းဆောင် အနေဖြင့် ပါဝင်ခွင့် ရချင်မှ ရပါလိမ့်မည်။ သို့ပေမဲ့ နောက်လိုက်လုပ်ခွင့် ဆိုသည်ကတော့ ရှိနေပါသည်။ နောက်လိုက်တို့သည် အပြောင်းအလဲ၏ တမန်များ ဖြစ်သည် ဆိုခြင်းကိုတော့ မေ့လျော့မထားဖို့ လိုပါလိမ့်မည်။ နောက်လိုက်တို့သည် ခေါင်းဆောင် တို့ကို စေ့ဆော်ပြီး အပြောင်းအလဲကို ဖန်တီးနိုင်သည် ဆိုခြင်းကို ယုံကြည်မှုရှိရန် လိုပါသည်။

ကျွန်တော်လည်း ဂျိမ်းစ်မက်ဒီဆင်ကို အားကျပါသည်။ သူ့လို ဖြစ်လိုလှပါသည်။ အခုနေ အခါမှာတော့ နောက်လိုက်ကောင်း ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ပါသည်။

Ref: Follwership: How Followers are Creating Change and Changing Leaders by Barbara Kellerman
(စာကြွင်း။ ဆရာမြသန်းတင့်က အင်ဒရေမော်ရွိုင်း၏ The Art of Living ကို ဘ၀နေနည်း အနုပညာဟု ပြန်သည်ကို နှစ်သက်သောကြောင့် နောက်လိုက်မှုကို အတတ်ပညာဟု မယူဘဲ အနုပညာဟု ယူပါသည်)

Ref: EMG News

Read More...

အပေါ်သို့