..............................

Friday, April 8, 2011

အပြောင်းအလဲနဲ့ ကျနော်တို့ရဲ့တာဝန်

April 5, 2011

ကိုရဲဇော်

ကျနော့ဆီကို စာရေးတဲ့ အတွက်ကျေးဇူးပါ။ တချိန်က ကျနော်တို့ တတွေ အတူ ရှိခဲ့ဖူးတဲ့ အချိန်မှာ ဟောင်ကောင် (ဟိုင်း ကြီးကျွန်း) ကလူတွေ ပင်လယ် အော်သံကို အဖော်ပြုပြီး နေ့စဉ်နရီမှန်မှန် လှုပ်ရှားမှုတွေ ခုလောက်ဆိုရင် ကာရန် သံစဉ် ပျက်ယွင်း နေလောက်ရောပေါ့။ နာဂစ်နောက်ပိုင်း ပင်လယ်အော်သံ က ဟောင်ကောင်ကျွန်း ပေါ်က လူတွေအတွက် သေမင်း ခေါ်သံလို နားဝင်ရိုင်းနေမှာ သေချာပါတယ်။ ဟိုင်းကြီးတောင်ပေါ် ဘုရားက ဆည်းလည်း တိုးသံတွေရော ချိုလွင် သာယာ နိုင်ပါတော့မလား..။

မင်းရဲကောင်းပုံနဲ့ မင်းရဲနရသိင်္ခ တို့ရဲ့သူ့ကျွန်မခံ နယ်ချဲ့ရန်ကို ခုခံစစ်တိုက်ပွဲ ရနံ့တွေ ထုံလွှမ်းနေတဲ့ ဟိုင်းကြီးမြေကို ကျနော်လည်း အလည် တခေါက်တော့ ပြန်ရောက် ချင်ပါသေးတယ်ဗျာ….။

ကိုယ့်ရဲဘော်တွေ အဆင်ပြေနေတယ်သိရလို့ ၀မ်းသာ ရပါတယ်။ တပ်ထဲမှာသာ ဆက်ရှိနေရင် ကိုယ့်ဘ၀ သာမက ကိုယ့် ကလေးတွေရဲ့ နောင်ရေးလည်း မကောင်းနိုင်ပါဘူး။ အများစု ကတော့ ဒီသံသရာက ရုန်းမထွက် နိုင်သေး တာအမှန်ပဲ ဗျာ။ ခုနောက်ပိုင်းမှာ တပ်ထဲ ၀င်ရတာ လွယ်သလောက် တပ်က ထွက်ဖို့ကျတော့ နှုတ်ထွက်ခွင့် တင်လည်းမရ (ဆေး ဘုတ်နဲ့ ထွက်ဖို့ ကျပြန်တော့ ကုန်လိုက်တဲ့ငွေက သောက်သောက်လဲ ပြန်ပေးဆွဲ ခံထားရသူကို ရွေးယူရ သလိုပါပဲ)၊ ထွက်ပြေးလို့ မိရင်လည်း ထောင်ကျ မိသားစု ဘ၀ကတော့ ကျွန်ဝယ်ရာ အဆစ် ပါနေရတဲ့ အဖြစ်။ နောင်တတော့ မရပါ ဘူးဗျာ ကိုယ်တိုင် ရွေးတဲ့လမ်းပဲ၊ ဆုံးအောင်လျှောက် ကြည့်ရမှာပေါ့။ လမ်းဆုံးရင် ရွာတွေ့ဖို့ပဲ အရေးကြီးပါတယ်။

အကိုမှတ်မိမှာပေါ့။ ဗိုလ်မှူး မောင်မောင်သန်း (ကိုဂျိန်း) လေဗျာ။ နိုင်ငံတကာထုတ် မဂ္ဂဇင်းတွေ ဘာသာ ပြန်ပြီး စစ်ပညာ ဂျာနယ်မှာ ဆောင်းပါးတွေ ရေးတဲ့ ဗိုလ်မှူး။ သူက ကျနော်တို့ကို ပြောဖူးတယ်။ “စစ်သည်တယောက် တပ်မှာ မပျော်တော့ဘူး ဆိုရင် အရွယ်ရှိတုန်း တပ်က ထွက်ခွင့် ပေးသင့်တယ်။ ဆန္ဒမရှိသူကို တပ်မှာ ဆက်ထားတာဟာ စစ်သည် အတွက်ရော တပ်အတွက်ပါ အကျိုး ယုတ်တယ်” တဲ့။ သူ့လို အမြင်ကျယ်တဲ့ လူမျိုးကျတော့ စောစောစီးစီး တပ်က အနားပေးပစ် လိုက်တယ်။

ဘာပဲဖြစ်ဖြစ်ဗျာ ကျနော်တို့ ရေတပ်သားတွေ ချစ်စရာကောင်းပါတယ်။

အရာရှိတွေထဲမှာလည်း ချစ်စရာ လေးစားစရာကောင်းသူတွေ အများကြီး ရှိပါတယ်။ အာဏာ မက်တဲ့ စစ်ခေါင်းဆောင်တွေ အပေါ်မှာ ခံစားလို့ မရပေမယ့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ကိုတော့ ဘယ်အချိန် ဘယ်နေရာ ရောက်ရောက် မေ့လို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့လည်း အားလုံးရဲ့ ရင်ထဲက စကားတွေကို သူတို့ကိုယ်စား ရေးပြနေတာပါ။ ခုလိုစာရေး ဖြစ်သွားတဲ့ အဓိက အကြောင်းတခု ကတော့ ပြည်သူ အများစုက စစ်သားဆိုရင် သိမ်းကြုံးပြီး မကောင်း မြင်နေကြတာ တွေ့နေရလို့ပါ။

ကျနော်တို့တပ်ကလည်း လွန်ကျူးထားတာတွေများနေတော့ ဖြေရှင်းရ ခက်နေတော့ တာပေါ့။ ဒါကြောင့် ပြည်သူတွေ သိအောင် ကိုယ်ကြုံ တွေ့ခဲ့သမျှ အမှန်အတိုင်း ရေးမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး ရေးနေတာပါ။ ကူညီပြီး လုပ်ပေးမယ့် လူလည်း အဆင်သင့် ရှိနေလို့ပဲ။ ကျနော်က ကွန်ပြူတာ မကျွမ်းကျင် ဘူးလေ။ ဖြစ်ချင်တော့ ကျနော် ဒီအကြောင်းတွေ ရေးနေချိန် ကမ္ဘာမှာရော မြန်မာ နိုင်ငံမှာပါ အပြောင်းအလဲ တွေကို ဖြတ်သန်းတဲ့ကာလ ဖြစ်နေတယ်။ ကျနော်တို့နိုင်ငံ မှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ဆိုရင် စစ်ဖက် အရပ်ဖက် ဆက်ဆံရေး ကောင်းမွန်လာဖို့က အခရာ ကျတယ်လို့ ကျနော် မြင်မိတယ်။

အကိုသိတဲ့အတိုင်း ကျနော်တို့နိုင်ငံမှာ စစ်အာဏာရှင်စနစ် ရှိနေတာ တပ်မတော်ရော ပြည်သူလူထုအ တွက်ပါ နစ်နာတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာလည်း စစ်ခေါင်းဆောင်တွေ လုပ်လိုက်ပုံက သိပ်ပြီး အရှက်မဲ့ လွန်းတယ်။ သမိုင်းမှာ သူတို့ လုပ်ခဲ့တဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့ တပ်မတော်ကို အကာအကွယ် ယူထားကြတယ်။ ပြည်သူလူထုနဲ့ တပ်မတော်သား တွေကြားထဲမှာ အမုန်းပွားအောင် စည်းတွေ ကန့်ထားတယ်။

ကျနော်တို့ကို နိုင်ငံရေးနဲ့ ဝေးဝေးနေခိုင်းပြီး သူတို့ကျတော့ နိုင်ငံရေးမှာ စိတ်တိုင်းကျ ခြယ်လှယ်တယ်။ တပ်မတော် သားတွေဟာ စစ်စည်းကမ်း အရ အထက် အမိန့်ကို နာခံရင်း ပြည်သူလူထုနဲ့ ဖီလာ ဆန့်ကျင် ဖြစ်ကြရတယ်။ ပြည်သူလူ ထုမုန်းတာကို ခံနေရတယ်။ တကယ် တွေးကြည့်ရင် အဓိပ္ပါယ် မဲ့တယ်ဗျာ။ တယောက်နဲ့ တယောက် ဘယ်တုန်းကမှ ရန် ငြိုးရန်စ မရှိခဲ့ပါပဲ ရန်သူကြီးတွေလို ဖြစ်နေရတာ၊ သံသယနဲ့ စောင့်ကြည့် နေကြတာတွေဟာ လူ့ဆက်ဆံရေးမှာ မလို လားအပ်တဲ့ ဆုံးရှုံးမှုတွေပဲ မဟုတ်လား။ သူ့မှာရှိတဲ့ အရည်အချင်း ကိုယ့်မှာရှိတဲ့ အရည်အချင်း ပူးပေါင်း လုပ်ဆောင်ကြပြီး ကောင်းတဲ့ ရလဒ်တွေ ဖော်ထုတ် နေကြရမယ့် အစား ခုတော့ တပြည်တည်း သားတွေ အချင်းချင်း ဆက်ဆံရေး ကွာဟ နေတာ ကိုယ့်အတွက်ရော တိုင်းပြည်အတွက်ပါ နစ်နာတယ်။

အကို ခုပြင်ပမှာရှိနေတာဆိုတော့ ကိုယ့်နိုင်ငံနဲ့ နိုင်ငံတကာမှာ လက်ရှိ ဖြစ်ပျက်နေတာတွေကို ပိုပြီး နှိုင်းယှဉ် ကြည့်နိုင်မှာ ပေါ့။ အာဖရိက ဆိုရင် မွတ်ဆလင် အစွန်းရောက် ၀ါဒနဲ့ တွဲပြီး ကျနော်တို့ မြင်ထားကြတာ။ ဒါပေမယ့် သူတို့ တိုင်းပြည်မှာ အပြောင်းအလဲ ဖြစ်လာတဲ့ အခါ တပ်မတော်က ပြည်သူဖက်မှာ ရပ်တည်နေတယ်။ ကျနော်တို့ တတွေလည်း မြန်မာပြည်ဖွား ပြည်သူ့ရင်သွေး အစစ်တွေပါ။ အချို့လူတွေ ပြောကြသလို ယူနီဖောင်းဝတ် တပ်မတော် သားအားလုံး “ဒီပုတ်ထဲက ဒီပဲ အတူတူပါပဲ” ဆိုတဲ့ အမြင်မျိုးကို ကျနော်ဘ၀င် မကျတာ အမှန်ပဲ။ စစ်အာဏာရှင် အရိပ်အောက်မှာ အမှုထမ်းရပေမယ့် လွတ်လပ်မှုကို မြတ်နိုးတဲ့ ကိုယ်ချင်းစာ တရား လက်ကိုင်ထားတဲ့ တပ်မတော်သားတွေ ရှိနေတယ် ဆိုတာကို ကျနော် တို့ ဖြတ်သန်းရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေနဲ့ သက်သေတည် ဖော်ပြကြရမယ်။

အထူးသဖြင့် ရေတပ်နဲ့ လေတပ်က စစ်သည်တွေဟာ ပြည်သူနဲ့ ပိုပြီးနီးစပ်တယ်။ ဒါပေမယ့် တထပ်တည်းတော့ မကျ သေးဘူး။ တချို့နေရာတွေမှာ ပြဒါးတလမ်း သံတလမ်း ဖြစ်နေတာတွေ ရှိနေတယ်။ ဗိုလ်မှူး အောင်လင်းထွတ် ပြောသ လိုပေါ့ .. ရေတပ် ဆိုတာကလည်း တပ်မတော်မှာ ကပ်ပါးအဆင့်ကို ရောက်နေတော့ တပ်မတော်ကြီး တခုလုံးရဲ့ လားရာ ကို ထိန်းကျောင်း တည့်မတ်ဖို့ ဆိုတာ မလွယ်လှပါဘူး။

သို့သော်လည်း မိုင်ပေါင်းထောင်ချီရှည်လျားတဲ့ မြန်မာ့ ကမ်းရိုးတန်း ရေပိုင်နက်ကို အကာအကွယ် ပေးထား သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကို ခါချဉ်ကောင် မာန်ကြီး ထားရမှာပေါ့လေ။ ရေချုပ်ကြီးက မျက်နှာပူလို့ ရေငုံ နှုတ်ပိတ် လုပ်နေချိန်မှာ ကျနော်တို့လို ဘာအဆင့်မှ မရှိတဲ့ ပါမွှား ငမိုက်သားတွေက အမှားတွေ ထောက်ပြ နေတာကိုတော့ ကျနော်တို့ လူကြီး တွေနားလည်မှု ပေးနိုင်လောက်ပါရဲ့။

(ခုလို ကြိုကန်ထားရတာကလည်း ကျနော့အတွက် ပြေးစရာမြေမရှိတော့တဲ့ တနေ့မှာ အပြစ်ဒဏ် လျှော့ပေါ့ ပေးလိုပေးငြား အသနား ခံထားတဲ့ သဘောပါ)

တခါတခါ ကျနော့ အရေးအသားတွေဟာ ရေတပ်ကို အကာအကွယ် ပေးသလို အသားပေးသလို ဖြစ်နေတယ်လို့ မခံ စားမိဘူးလား။ အတ္တနောမတိ မစင်သေးတဲ့ ပုထုဇဉ် လူသား ဆိုတော့လည်း အားလုံးခြုံပြီး တသားတည်း မမြင်မိတာပါ။ စိတ်ထဲမှာ ခံစားချက် တခုခု ၀င်လာပြီဆိုရင် စိတ်လိုက် မာန်ပါ ဆိုသလို ရေးဖြစ် သွားတတ်တယ်။

အချိန်ကာလတခုကြာမှ ကိုယ်ရေးတဲ့စာကိုယ်ပြန်ဖတ်ကြည့်မိတော့ လိပ်ပြာ မသန့် ဖြစ်မိတာလည်း ကြုံရ တတ်တယ်။ ဘာပဲဖြစ်ဖြစ် လူဆိုတာကလည်း ကိုယ့်အတ္တနဲ့ကိုယ် မွေ့လျော် တတ်တာဆိုတော့ ကိုယ်နဲ့ နီးစပ်ရာအသိုင်း အ၀ိုင်းကို သံယောဇဉ် ပိုတတ်တာမို့လား။ နဂိုကတည်းက ရှိနေပြီးသား သံယောဇဉ် အခံပေါ်မှာ ကိုယ်ကျိုးစီးပွား ဆိုတဲ့ လောဘ မောဟတွေ ရစ်ပတ် နှောင်ဖွဲ့လာတဲ့ အခါ လောကမှာ လူဟာ အမိုက်မဲဆုံး သတ္တ၀ါ အဆင့်ကို အော်တိုမက်တစ် ရောက် ရောက်သွားတာပဲ။

တပ်မတော်သားတွေကို Brain wash အလုပ်ခံထားရတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် တာဝန် ထမ်းဆောင်ရတဲ့ အချိန် ကြာမြင့်လာတာနဲ့ အမျှ ကိုယ်လုပ်နေရတဲ့ လုပ်ငန်းခွင် အခြေအနေကို ပြန်လည် ဆန်းစစ်သူတွေ အများကြီးပဲ ရှိပါတယ်။ အရာရှိတွေ ဆိုရင် ဗိုလ်ကြီးအဆင့် ရှိလာသူတွေဟာ တပ်မတော်ရဲ့သဘောထား အမှန်ကို သိလာကြတယ်။ တပ်မတော်မှာ အနေကြာရင် မေဂျာ ဖြစ်တယ် ဆိုပေမယ့် ဒုဗိုလ်မှူးကြီး ရာထူး ကျတော့ ဆန်ကာစစ်ပြီး ရွေးချယ်တာလေ။ ရာထူး ကြီးလာတာနဲ့ အမျှ ကိုယ်ကျိုးစီးပွား မက်လုံးတွေလည်း ပိုပိုရှိလာတော့ ငယ်စဉ်က မဟုတ်မခံစိတ်တွေ တရားမျှ တလိုစိတ်တွေ အရောင်မှိန် လာကြပြန်ရော။ ဒီလိုနဲ့ အာဏာရှင် စနစ်ကြီး ခိုင်မြဲ တာရှည်နေတာ။ ခုလိုချိန်မှာ အာဏာရှင် စနစ် ဆန့်ကျင်ရေး ရေဆန်ခရီးဟာ လွယ်လွယ်နဲ့တော့ အားကောင်း မောင်းသန် ဖြစ်မလာနိုင်ဘူး။ သတ္တိတွေ မွေးကြရမယ်။ အချင်းချင်း တိုက်တွန်း နှိုးဆော်မှုတွေ လုပ်ရမယ်။ တဖက်ကလည်း ပြည်သူလူထုနဲ့ နားလည်းမှု တည်ဆောက်ရ မယ်။ ဒါ့အပြင် ခေတ်အခြေအနေရဲ့ ပံ့ပိုးပေးမှုကလည်း လိုသေးတယ်မို့လား။

အဖက်ဖက်က အားနည်းချက်တွေရှိနေလို့လည်း စစ်အာဏာရှင်စနစ်ကို မဖယ်ရှား နိုင်သေးတာ။ မြန်မာပြည်မှာ စစ် အာဏာရှင် စနစ် ချုပ်ငြိမ်းသွားမှ တိုင်းပြည် မှန်မှန်ကန်ကန် တိုးတက်လာပြီး ကမ္ဘာ့ အလယ်မှာ ၀င်ဆံ့လာမယ်လို့ ကျနော် ယုံ ကြည်မိပါတယ် အကို။

ကျနော်တို့အနေနဲ့ အားတက်စရာမျှော်လင့်ချက်တစ်ခုတော့ ရှိနိုင်တယ်ဗျာ။ အဲဒါက လက်ရှိ တပ်မတော်မှာ ခေါင်းဆောင်ပိုင်းကို ရောက်နေ သူတွေဟာ DSA အပတ်စဉ် (၂၀) နောက်ပိုင်းက များတယ်။ ဦးသန်းရွှေ၊ ဦးမောင်အေးတို့ရဲ့ သားအရွယ်တွေ ဖြစ်ပြီး ၁၉၈၈ မှာ ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်ပဲ ရှိကြသေးတာ။ သူတို့ဟာ မဆလခေတ် နိဂုံးကို အရာရှိ ငယ်ဘ၀နဲ့ ကြုံလိုက်ရတာ။ တချို့ဆိုရင် ၈၈ လူထု ဆန္ဒပြပွဲတွေမှာ တိတ်တဆိတ် မျောပါ ခဲ့သူတွေ ရှိတယ်လို့ ကျနော် သိထားတာ ရှိတယ်။ ကျနော်တို့ ရေတပ်မှာလည်း လက်ရှိ ဦးစီးချုပ်နဲ့ အရာရှိချုပ်တို့ဟာ သိပ်တော့ ခေတဲ့လူတွေ မ ဟုတ်ကြဘူးဗျ။

ကျနော်တပ်ထဲရောက်စက ဗိုလ်ချုပ်သူရ သက်ဆွေတို့ DSA-22nd က တပ်မှူးတွေ ဖြစ်နေပြီ။ အဲဒီအချိန်က ဘီအီးဒီ အောင်သိုက်ရဲ့ ပြဇာတ်တွေ ခေတ်စားနေဆဲ ကာလ၊ မဆလ ခေတ်ရဲ့ ဖေါက်ပြန်မှုတွေကို သရော်ထားတဲ့ ဇာတ်လမ်း တွေကို နားထောင်ရင်း သူတို့ရဲ့ မဆလ အစိုးရအပေါ် ဝေဖန်မှုတွေကို ကြားခဲ့ရတယ်။ နောက်ပြီး ၂၀၀၄ ခုနှစ် ဗိုလ်မှူး အောင်ဇော်မိုး အသတ်ခံရတဲ့ ကိစ္စမှာ ဗိုလ်ချုပ်ကြီး မောင်အေးက တပ်တွင်း ပုန်ကန်မှု လို့ သဘောထားပြီး အကုန်ရှင်း အကုန်ထောင်ချ လုပ်နေချိန်မှာ ဗိုလ်ချုပ် ဥာဏ်ထွန်းရော ဗိုလ်မှူးကြီး သက်ဆွေပါ စစ်သည် မိသားစုတွေ အပေါ် စာနာ ထောက်ထားတဲ့ လုပ်ရပ်တွေကို ကျနော်တို့ တွေ့မြင် ခဲ့ကြရတယ်။

ခုချိန်မှာတော့ သူတို့နှစ်ယောက်လုံး ရေတပ်မှာ ထိပ်ပိုင်း အကျဆုံး ခေါင်းဆောင်တွေ ဖြစ်နေပြီပဲ။ လုပ်ပိုင်ခွင့် တွေက သူတို့ လက်ထဲ ရောက်နေပြီ။ တိုင်းပြည်ကို တကယ်ချစ်ဖို့ပဲ လိုတော့တာ။ အနည်းဆုံး သူတို့ လုပ်နိုင်တာက ရှေ့လူတွေရဲ့ လမ်းကြောင်းကို အဆက်ဖြတ် ပစ်ဖို့။ မျိုးဆက်ဟောင်း ဆိုတာ ဘယ်တော့မှ ပြန်ပြီး သစ်လွင်လာနိုင်မှာမှ မဟုတ်တာ။ သူတို့ တကယ် အလေးထား ရမှာက နောက်တက်လာမယ့် မျိုးဆက်သစ်တွေ အတွက် ကောင်းမွန်တဲ့ အမွေအနှစ်တွေ ချန် ထားရစ်ဖို့ပဲ မဟုတ်လား။ (မျှော်လင့်ကြည့်တာပေါ့လေ)

ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ထဲမှာ ပြောင်းလဲမှုတွေဖြစ်လာဖို့ ဆိုတာက တပ်မတော်သားတွေ ကိုယ်တိုင်ပဲ အဓိက တာဝန် ယူပြီး လုပ်ကြရမှာ။ ဒီအတွက် ကျနော်တို့ အကိုတို့ တတွေ တတ်နိုင်သမျှ ပါဝင် တွန်းအားပေး လုပ်ဆောင်ကြဖို့ တာ ၀န်ရှိတယ်။ တယောက်နဲ့ တယောက် လက်ဆင့်ကမ်း နှိုးဆော် တိုက်တွန်း သွားကြမယ်ဆိုရင် တပ်မတော်အ တွင်းမှာ အနှေးနဲ့ အမြန် ဆိုသလို အရေးပါတဲ့ အင်အားစု တရပ် ပေါ်ပေါက် လာပါလိမ့်မယ်။

အားလုံးကိုလက်ကမ်းကြိုဆိုလျက်

နေမင်းသူ

Ref: နေ့သစ်

Read More...

ဗမာတွေ ငတုံး၊ ငအ မဟုတ်ပါ

March 26, 2011

တလောက မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေး Democr atisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီ တက္ကသိုလ် ဇခါဟူစိန် ကောလိပ် (Zakir Husain College) မှာ ကျင်းပ တဲ့ပွဲကို ဦးဇင်းတို့ တက်ရောက်ခဲ့ကြတယ်။ မြန်မာပြည် ဒီမိုကရေ စီ ဖော်ဆောင်ရေး ဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေး ဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့ အတိုက်ခံ ဒီမိုကရေစီ ခေါင်းဆောင်တွေ ပြောကြ ဆိုကြတဲ့ ပွဲပါ။

ဖိတ်ကြားခြင်းခံရလို့တော့ မဟုတ်ပါဘူး၊ အတည်ပေါက်နဲ့ ၀င် တက်တာပဲ ဆိုပါတော့။ ကြံကြံဖန်ဖန် ကြော်ညာ ထားတဲ့ ပိုစတာ လေး တခုတွေ့ရလို့ တော်သေးတယ် လို့ပဲ အောက်မေ့မိပါတယ်။ ကိုယ်လိုပဲ ဖိတ်စာ မရတဲ့ အဖွဲ့ ခေါင်းဆောင်တွေ မနဲမနော ပါပဲ။ တချို့ ခေါင်းဆောင်တွေက ဖိတ်စာ မရောက်ပေမယ့် သိတယ် မတက်ဘူးပေါ့။ တချို့ကတော့ သိကို မသိတာပါ။

အံ့သြစရာ တခုက ဒီဖိတ်စာက နိုင်ငံရေးဆိုတာ လူစုပြီး ပါလီမန် နားက ပန်းခြံတခုမှာ အော်ကြ ဟစ်ကြတာ လောက်သိပြီး တတိယ နိုင်ငံ ကူးဖို့ လုပ်နေတဲ့ လူတချို့ စီမှာတော့ တွေ့နေရပြန်ရော။ ဖိတ်စာ မရောက်ပေမယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်းကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက် ပြောမယ် ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ် နေတယ်လို့ သံသယ ရှိထားတာကိုး။ ပြည်တွင်းက သံဃာတွေကို တရားဝင် ဗီဇာတွေနဲ့ ခေါ်ပြီး သင်တန်း တွေ ပေးနေတာတွေ သိနေတော့ ဧရာမ နိုင်ငံရေး မှောင်ခိုဂိုဏ်း ကြီးလို့ သဘောထားတဲ့ အဖွဲ့ပါ။ ဒီလူတွေ ပြောရင်တော့ ပြည်သူ့ ဆန္ဒတော့ ပြောမှာ မဟုတ်ဘူး၊ စစ်တပ် ဆန္ဒပဲ ပြောမှာပါ။ ဒါမှမဟုတ် သခင်ကြီးတွေ ဖြစ်တဲ့ အီးယူတို့ အမေရိကန်တို့ရဲ့ ဆန္ဒတွေ ပြောကြမှာပါ။

အစည်းဝေးခန်းမထဲ ရောက်တော့ ဂိုရှယ်ဆိုတဲ့လူက မြန်မာစစ်အာဏာရှင်တွေကို အထီးကျန် မထားဖို့၊ လက်တွဲ ခေါ်ဖို့ တွေ၊ ဆန်ရှင် ဖြုတ်ဖို့တွေ အတောမသတ် ပြောနေ တော့တာပါ။ အိန္ဒိယက ပညာရှင်တွေ အကုန်လုံး တီးလုံး တိုက်ညှိ ထားတဲ့ အတိုင်း ဆန်ရှင်ဖြုတ်ဖို့ လူတိုင်းလောက် ပြောကြတာပါ။ ထူးထူးဆန်းဆန်း အမျိုးသမီး တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဂတိတရား လေးပါး အကြောင်းနဲ့ မစန္ဒာရဲ့ ခေါက်ထီးလေး မလုံ့တလုံ ၀တ္ထုထဲက ဇာတ်လမ်း တခုကြောင်း ပြောပါတယ်။ ထိုင်းဘက်က မခင်ဥမ္မာ ကတော့ သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး အကြောင်းတွေ သူ လက်ရှိ လုပ်နေတာတွေ ပြောပါတယ်။ တော်တော် နားထောင်လို့ ကောင်းပါတယ်။ အားလည်း တက်မိပါတယ်။

ခဏနေ တော့ မဇ္ဈိမအယ်ဒီတာ ကိုစိုးမြင့် ပြောပါတယ်။ အဲဒီမှာ တကယ့်ကို အကျိုးနဲတွေ ပြောတော့တာပါပဲ။ ဒီလူတွေ ဆိုတာက ပြည်သူ့ ဆန္ဒတွေ ပြောရမှာလေ။ သူပြောတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ညစ်ပတ်မှု မတရားမှုတွေ ရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိ အခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေး အတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ် ကြောင်း။ အကြောင်းကတော့ လူနည်းစု ဒေသများတွင် တိုင်းရင်းသား များလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်း စီးပွားရေး အခြေနေများ အလွန် ဆိုးဝါးနေပြီး အလျှင်အမြန် အရေးယူ ဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းတဲ့။ ဒီစကားတွေ ပြောချင်ရင် အခု နေပြည်တော်မှာ ကျင်းပနေတဲ့ လွတ်တော်ထဲမှာ သွားပြောပေါ့။ ဒီနိုင်ငံ ကလူတွေ စစ်တပ်နဲ့ ပေါင်းဖို့ ပြောတာတွေကို ခင်များတို့ စစ်တပ် လုပ်နေတာတွေ နားမလည်လို့ မှားမှား ယွင်းယွင်းတွေ ပြောနေတာ ဆိုတာကို အတိုက်ခံ လုပ်နေပါတယ် ဆိုတဲ့ လူတွေက ချေဖျက် ပြောရမှာပေါ့။ မီဒီယာသမား ဖြစ်နေလို့ ဒေါနဲ့ မောနဲ့ မပြောချင်နေပေါ့။ သြော်… ခက်ပါရော။

မေးခွန်းတွေမေးကြတဲ့ အချိန်ရောက်တော့ ရဲဘော်ကျော်သန်း ကတော့ အာဘောင် အာရင်း သန်သန်နဲ့ ကုလား ပညာ ရှင်တွေ ပြောတာကို ချေဖျက်တော့တာပဲ။ အခန်းနားမှူး လုပ်တဲ့ အမျိုးသမီးကြီးဆို မျက်နှာတွေ ပျက်လို့၊ ဂိုရှယ်ဆိုတဲ့ လူ တော့ နဖူးနဲ့ ဆံစပ်တွေမှာ ချွေးတွေများတောင် ပြန်လို့။ အမျိုးသမီး တယောက်ကပါ သူ့တင်ပြချက်တွေကို မေးခွန်းထုတ် နေတာကိုး ချွေးပြန် တော့တာပေါ့။ ပြောရရင်တော့ ပွဲကြီးက လုပ်ပွဲကြီးပါ။ တယောက်နှစ်ယောက်က ၀င်ထောက်လိုက် တာနဲ့ အခြေမလှ ဖြစ်သွားတယ်။ ပညာတတ်တွေ ဆိုတော့ ဘာမှ မဖြစ်သလို ခပ်တည်တည်ပဲပေါ့။ ပွဲကမလှတော့ ညနေ ပိုင်း သတင်း နားထောင်တော့ ဘယ်လေဒီယို သတင်းဌာနမှ ပါမလာတော့ဘူး။

မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေးဆိုတဲ့ ဧရာမ ခေါင်းစဉ်ကြီးနဲ့ နိုင်ငံခြားရေး ဌာနက လူကြီးတွေ၊ တက္ကသိုလ် အသီး သီးက ပညာရှင်တွေနဲ့ လုပ်တဲ့ပွဲ၊ ငွေတွေ အများကြီး ကုန်ကျတဲ့ပွဲ၊ တိုးတိုး တိတ်တိတ်နဲ့ ပြီးသွားရတယ်။ ရွာလည်က ကြက်ပွဲကမှ အသံ ထွက်လိမ့်အုန်းမယ်။ နောက်ရက်တော့ ဦးဇင်းတို့လည်း မသွားတော့ဘူး။ ပြီးပြီလေ ဘာဆိုဘာမှ မ ဟုတ်တာကြီး။ ကိုယ်ကပြီးပေမယ့် မပြီးနိုင်တဲ့ သူက ရှိလာပြန်တယ်။

ဒီမှာရှိတဲ့လူတွေ အခမ်းအနားလုပ်တဲ့ BCRC လို့ခေါ်တဲ့ ဗမာ့ရိပ်သာ ခန်းမမှာ အစည်းဝေးပွဲ ထပ်လုပ်တာပေါ့။ ဒီပွဲလည်း ဖိတ်စာ မရောက်ပါဘူး။ သွားတော့ တက်ရတာပေါ့။ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တာတွေ ပြောနေရင် မခက်ပေဘူးလား။ ထင်တဲ့ အတိုင်းပဲ ပြောတာပါပဲ။ ဒေါက်တာတင့်ဆွေ ကနေ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ ပွဲဟာ အိန္ဒိယမှာရှိတဲ့ ပညာရှင်တွေရဲ့ အမြင်တွေကို ပြောကြတာပါတဲ့။ ဒါဟာ ကောင်းပါ တယ်တဲ့ ကျနော်တို့ သူတို့ရဲ့ အမြင်တွေ သိရတာပေါ့တဲ့။ နောင်လည်း ဒီလိုပွဲတွေ ဆက်လုပ် သွားမယ်လို့ ပြောပါတယ်။ ရဲဘော်ကျော်သန်းကြီး ကတော့ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲမှာ သူတင်ပြချက်တွေနဲ့ ပညာရှင်တွေရဲ့ အလွဲအမှားတွေကို ပရိသတ်ကို ပြန်ပြောပြပါတယ်။

ဒီနေရာမှာ ပညာရှင်ဆိုတာကို ယေဘုယျအားဖြင့် (၃) မျိုးလောက် ခွဲပြောချင်ပါတယ်။ မိမိပညာရပ်ကို လေးစားပြီး အမှန်တိုင်း ထုတ်ဖော် ပြောကြားတဲ့ ပညာရှင်၊ မိမိပညာကို အမှန်တိုင်း မပြောမဆိုဘဲ လိမ်ညာပြီး အမှားကိုပြောပြီး နာမည် ရောင်းစားတဲ့ ပညာရှင်၊ သိပေမယ့် ဘာမှမပြောဘဲ ဆွံ့အနေတဲ့ ပညာရှင်တွေပါပဲ။ ပထမ အမျိုးစားကတော့ အိန္ဒိယနိုင်ငံ က အမတြာဆင်း တို့လို လူမျိုးတွေပါ။ ဒုတိယ အမျိုးစားကတော့ အစည်းဝေးတွေမှာ ကိုယ့်စကားနဲ့ကို ပြောပြီး မဟုတ် မမှန်တာတွေ ဆိုတာ သိပြီး မေးခွန်းတွေ တက်လာတဲ့အခါ ချွေးပြန်တတ်တဲ့ ဂိုရှယ်တို့လို လူမျိုးပါ။ နောက်တမျိုးကတော့ ဖေ့ဘုတ်တွေမှာ ဘာမှ မပြောမဆို နေနိုင်ကြတဲ့ မြန်မာပြည်က မဟာ ပညာရှင်ကြီးတွေပါ။

အဲဒီမှာ ၈၈ မျိုးဆက်ထဲက ကျောင်းသားတယောက်က ခင်များတို့ NGO တွေလုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလား၊ ဒေါ်စု လုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလားဆိုပြီး မေးခွန်း ထုတ်ပါတော့တယ်။ ကျနော်တို့ ကတော့ ဘယ်လောက် ငတ်ငတ် ပြတ်ပြတ် ဒေါ်စု နောက်ပဲ လိုက်မယ်လို့ ခပ်ပြတ်ပြတ် ခပ်တင်းတင်းကို ပြောတော့တာပါ။

ထိုင်းဘက်က မခင်ဥမ္မာကတော့ သူတို့က ပြည်တွင်းမှာ လုပ်နေတဲ့ အီးဂရက်က နေ၀င်းမောင်တို့၊ ဒေါက်တာ ခင်ဇော်ဝင်း တို့နဲ့ လိုင်းမတူပါဘူးလို့ ပြောလာ တော့တယ်။ ဦးဇင်းလည်း အခုလို ပြောလာတော့ တခု ပြောချင်ပါတယ်။ ပြည်တွင်းက နေ၀င်းမောင်တို့ အီးမေးတွေနဲ့ အတူ ပြည်ပမှာရှိတဲ့ အဖွဲ့စည်းတွေကို ထောက်ပံ့နေတဲ့ NGO တွေရဲ့ အီးမေးတွေပါတဲ့ ဖော်ဝါဒ့်မေးတွေ ဦးဇင်းတို့ဆီမှာ ရောက်လာတယ်။ NGO တွေရဲ့ အထောက်ပံ့တွေနဲ့ အလုပ် လုပ်ရင်တော့ ဒီကရှေ့ သတိကြီးကြီးထားပြီး မျက်စိကြီး၊ နားကြီးနဲ့ အလုပ် လုပ်ကြပါလို့ သတိပေးခဲ့ပါတယ်။ အခုပဲ လမ်းခွဲဖို့ ပြောနေတာကို ထောက်ဆ ကြည့်ပေတော့လို့ ပြောဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးတာပါ။ ပြည်သူတွေဟာ လက်ရှိ အုပ်ချုပ် သူတွေကို မလိုချင် တော့ပါဘူး။ လက်ရှိ စစ်အာဏာရှင် တွေဟာ ၈၈ မှာ ကျောင်းသားတွေကို သတ်တယ်၊ ၂၀၀၇ မှာ ဘုန်းကြီးတွေကို သတ်တယ်။ နာဂစ်မှာ ပြည်သူတွေ ဒုက္ခ ရောက်နေတာတွေကို အကူညီ မပေးတဲ့အပြင် လာကူညီတဲ့ လူတွေကို ပြဿနာ ရှာတယ်၊ ကူညီခွင့် မပေးဘူး၊ နိုင်ငံတကာက လှူတဲ့ ငွေတွေကို ဖြတ်ယူတယ်။ ပြောမကုန် နိုင်လောက်အောင် ယုတ်မာတဲ့ ဒီအုပ်ချုပ်သူတွေကို ပြည်သူတွေ အလို မရှိတော့ဘူး။ ဒီလူတွေကို နိဂုံးကမ္ပတ် အဆုံးသတ်တဲ့နေ့ကို ရောက်ချင်နေပြီ။

အီးယူတို့၊ အမေရိကားတို့ကလည်း သူတို့ ဒဏ်ခတ်အရေးယူ ထားတဲ့ ဆန်ရှင်ကို ပြန်ဖြုတ် ချင်နေပြီ။ စစ်တပ်ရဲ့ လွတ် တော်ထဲမှာ ၀င်ပလူး ချင်နေပြီ။ လွတ်တော်ထဲမှာ သူ့လူတွေ (proxy) ရောက်နေပြီ ဆိုတော့ ဒီနှစ်ထဲမှာ ပိုပြီး သိသိသာ သာ ပြောလာတယ်၊ လုပ်လာတယ်။ ဇခါဟူစိန် ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲဟာ အိန္ဒိယနဲ့ အမေရိကန် ပေါင်းပြီး ဆန်ရှင်ဖြုတ်ဖို့ ပြောကြ ဆိုကြတဲ့ ပွဲပါ။ မြန်မာ အတိုက်ခံတွေကို ဒီပွဲမှာ စကားပြောခိုင်းတာ အမေရိကန်ပဲ လုပ်နိုင်တာပါ။

မြန်မာ့အရေးကို ပေါ့ပေါ့တွေးပြီး စိတ်ဓာတ်ရေးရာ ပျက်ပြားနေတဲ့ တော်လှန်ရေး သမားတွေ၊ ခပ်ညံ့ညံ့ ပညာရှင်တွေနဲ့ မ လိမ့်တပတ် ၀င်ကစားတဲ့ အီးယူနဲ့ အမေရိကန်တွေဟာ ပေါတောတော ကြောင်ကြောင်တွေလို့ မြန်မာ ပြည်သူတွေက မြင်တတ်ပါတယ်။ မြန်မာ စကားပုံမှာ အပွေးမြင် အပင်သိ ဆိုသလို လယ်ပြင်ဆင်သွား အထင်အရှား မြင်ပါတယ်၊ စကားတခွန်း ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာ သိတယ်၊ ဗမာစကားပုံတွေကို ကြည့်ရင် မြန်မာတွေဟာ ရှေးအစဉ်လာ ကတည်းက အသိဉာဏ် ကိစ္စမှာ ငတုံး ငအတွေ မဟုတ်ဘူး ဆိုတာ လုပ်စား နိုင်ငံရေးသမားတွေ၊ နိုင်ငံကြီးသားတွေကို ပြောလိုက် ချင်ပါတယ်။

အရှင်ပညာဇောတ (ဒေလီ)

၂၅၊ ၃၊ ၂၀၁၁

Ref: နေ့သစ်

Read More...

စီးပွားရေး ပိတ်ဆို့အရေးယူမှု ရုတ်သိမ်းဖို့မသင့်သေးကြောင်း အမေရိကန် ထပ်မံ ပြောဆို

2011-04-07

အမေရိကန်အစိုးရအနေနဲ့ မြန်မာ ခေါင်းဆောင်သစ်နဲ့ ချည်းကပ် ဆက်ဆံဖို့ ကြိုးပမ်းမှာ ဖြစ်သလို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု တွေကိုလည်း ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က မနေ့က ပြောကြား လိုက်ပါတယ်။ လတ်တလော အခြေအနေတွေ အရ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးဖို့ ကိစ္စဟာ မသင့်တော် သေးဘူးလို့ မစ္စတာ Campbell က စင်ကာပူနိုင်ငံမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လတ်တလော အခြေအနေတွေအရ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် ခတ်မှုကို ရုပ်သိမ်းပေးဖို့ ကိစ္စဟာ မသင့်တော်သေးဘူးလို့ မစ္စတာ Campbell က စင်ကာပူနိုင်ငံမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေ ဘယ်လိုရှိသလဲ၊ မြန်မာခေါင်းဆောင်သစ်နဲ့ အပြုသဘော တွေ့ဆုံေ ဆွးနွေးရေး ကြိုးပမ်းမှု ဖြစ်ထွန်းနိုင်မလား ဆိုတာတွေကို လေ့လာ စောင့်ကြည့်နေတယ်လို့ Mr. Campbell က ပြောပါတယ်။

ဒါ့ပြင် Mr. Campbell က မြန်မာခေါင်းဆောင်သစ်တွေနဲ့ ချည်းကပ် ဆက်ဆံရေးအတွက် အမေရိကန် အစိုးရရဲ့ ကြိုးပမ်းမှုတွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလဲ ထောက်ခံ အားပေးကြောင်း ပြောပါတယ်။

တဆက်တည်းမှာဘဲ သူက မြန်မာအစိုးရသစ်ရဲ့ စရိုက်လက္ခဏာကို အကဲဖြတ်ဖို့ စောလွန်းသေးကြောင်း ကိုလည်း ပြောဆို ခဲ့ပါတယ်။

Ref: RFA News

Read More...

မြန်မာနယ်စပ်အနီး တရုတ် တပ်စခန်းသစ်တွေ တည်ဆောက်

2011-04-07

တရုတ် မြန်မာနယ်စပ်နားက ရှမ်းပြည်နယ် မြောက်ပိုင်း မုံဂိုးမြို့ရဲ့တဖက်- တရုတ်နိုင်ငံ ဖက်ခြမ်း (မန်ဟိုင်း) မှာ တရုတ် ပြည်သူ့ လွတ်မြောက်ရေး (PLA) တပ်စခန်းသစ်တွေ တည်ဆောက် နေရာမှာ အခုအခါ ပြီးစီးလုနီးပါး ဖြစ်နေပြီလို့ သတင်း ရရှိပါတယ်။

တရုတ် (PLA) တပ်စခန်းသစ်တွေ တည်ဆောက်နေတာနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေကို စောင့်ကြည့်နေတဲ့ ကချင် သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက အခုလို ပြောပါတယ်။

"အဲဒီနယ်စပ်မှာ နှစ်အတော်ကြာကြာ တိုက်ခိုက်ရေး တပ်ဖွဲ့တွေ မရှိခဲ့ဘူး။ အခုကျတော့ မြန်မာပြည် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု ပေါ်မှာ အဓိက အခြေခံပြီးတော့ ဗမာပြည်မှာ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရတို့ အကြား ပြည်တွင်းစစ် ဖြစ်လာရင် စောင့်ကြည့် နိုင်ဖို့လည်းဖြစ်တယ်။ နောက်တခုက ဗမာပြည် အစိုးရနဲ့ အမေရိကန် အစိုးရတို့ ကြားမှာ ဆက်ဆံရေး ပြေလည် သွားလို့ရှိရင်လည်း တရုတ်ပြည်ရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တဲ့ အတွက်ကြောင့် တိုက်ခိုက်ရေး တပ်ဖွဲ့တွေ ချထားတာလို့ ကျတော်တို့ သိရပါတယ်။"

တရုတ်နိုင်ငံဖက်ခြမ်းမှာ အခုအသစ်ဆောက်လုပ်နေတဲ့ PLA တပ်စခန်းတွေဟာ KIA တပ်မဟာ (၄) စခန်းနဲ့ မိုင် (၂၀) လောက်သာ ဝေးကြောင်း၊ အဲဒီစခန်းဟာ KIA တပ်တွေ တရုတ်နိုင်ငံထဲ ဖြတ်ပြီး ကချင်ပြည်နယ် ဖက်ကို ကူးသန်း သွားလာဖို့ လွယ်ကူတဲ့ လမ်းကြောင်း တခု ဖြစ်သလို၊ UWSA ၀တပ်ဖွဲ့တွေနဲ့ ရှမ်းပြည် တပ်မတော်တို့ အဓိက အသုံးပြုနေတဲ့ လမ်းကြောင်းလည်း ဖြစ်ကြောင်း ကိုနော်ဒင်းက ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ် စစ်ရေးလေ့လာသူတွေကတော့ တရုတ် မြန်မာနယ်စပ် မတည်မငြိမ် ဖြစ်လာမှာကို တရုတ်က မလိုလားတာကြောင့် အခုလို တရုတ် ရှေ့တန်းတပ်တွေ လာချထားတာ ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆို နေကြပါတယ်။

Ref: RFA News

Read More...

သင်္ကြန်အပြီး လမ်းပြန်ခင်းမည်ဟု ကြံ့ခိုင်ရေး ပြော

ကျော်ခ
ကြာသပတေးနေ့၊ ဧပြီလ ၀၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ မတိုင်ခင်က လမ်းခင်းပေးခဲ့သော်လည်း တိုးလို့ တန်းလန်း ဖြစ်နေခဲ့သော လုပ်ငန်း များကို သင်္ကြန်အပြီး ဆက်လက် လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးသာဝင်းက ပြောသည်။

အာဏာရပါတီ၏ ခေါင်းဆောင်များက ဇန်နဝါရီလ ၃၁ ရက်နေ့မှ မက်လ ၃ဝ ထိ နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော် အစည်း အဝေးတွင် တက်ရောက် နေသဖြင့် လမ်းများကို ပြုလုပ်ပေးရန် လစ်ဟင်း ခဲ့သည်ဟု ဦးသာဝင်းက ကာကွယ် ပြောဆိုပြီး ရန်ကုန်တိုင်း အတွင်း အနည်းဆုံး ၁၃ မြို့နယ်တွင် လမ်းများ ပြီးစီးအောင် ခင်းပေးရန် ကျန်ရှိနေသည်ဟု ဆိုသည်။

“တချို့နေရာတွေ နည်းနည်း နည်းနည်းနဲ့ အရှေ့ပိုင်းခရိုင်က ဟာတွေ ကျန်နေတာ ရှိတယ်။ အကုန်လုံး ပြီးဆုံးအောင် ကျနော်တို့ ခင်းမှာပါ။ ကျနော်တို့တွေက လွှတ်တော် တက်နေတာတွေ ကြောင့်ရယ်၊ ပြန်ရောက် တော့လည်း ပါတီလုပ်ငန်း တာဝန် ကိစ္စတွေ ဘာတွေနဲ့ ဆက်နေလို့ပါ။ ဒီသင်္ကြန်ပြီးရင် ဆက်လုပ်ကြမှာပါ” ဟု ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်သူ ဦးသာဝင်းက မဇ္ဈိမကို ပြောသည်။

သာကေတ၊ ဗိုလ်တထောင်၊ ဒေါပုံ၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံ-မြောက်၊ ဒဂုံ-တောင်၊ ဒဂုံ-အရှေ့၊ ဒဂုံ-ဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့များတွင် ကြံ့ခိုင်ရေးက ခင်းပေးသော လမ်းအများစုမှာ ထက်ဝက်သာ ပြီးစီးခဲ့သည်ကို တွေ့ရသည်။

ထို့အတူ ရွေးကောက်ပွဲနီး ကာလများတွင် ပါတီဝတ်စုံများ ဝတ်ဆင်၍ လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊ ဆေးရုံနှင့် လူမှုရေး လုပ်ငန်းများတွင် ကူညီ လုပ်ဆောင်ခဲ့သည့် ကြံ့ဖွံ့ ပါတီဝင်များသည် ၂ဝ၁ဝ နိုင်ဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ နောက်ပိုင်းတွင် အဆိုပါ လုပ်ဆောင်နေခြင်းများ မတွေ့ရ တော့ကြောင်း ရန်ကုန်မြို့ခံများက ဝေဖန်ကြသည်။

တောင်ဥက္ကလာပ ၇ ရပ်ကွက်တွင်နေထိုင်သူ တဦးက “ကျနော်တို့ရပ်ကွက်က ၁၁ လမ်းမှာဆိုရင် မဲမထည့်ခင် တုန်းက တခြမ်း ခင်းပေးထားတယ်။ သူတို့လည်း မဲရပြီးသွားရော ထပ်မခင်းပေး တော့ဘူး။ ကိုယ်တိုင်ပဲ ခင်းရမလား၊ သူတို့ ဆက်ခင်းမလား ဆိုတာ ဒီနေ့ထိ ဘာမှ မသိရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာတဦးက “သူတို့က လုပ်ပေးတဲ့ နေရာမှာလည်း မျက်နှာလိုက်ပြီး လုပ်တာတွေ တွေ့ရတယ်။ မြို့နယ်ကြီးတွေမှာ ဆိုရင်တော့ အဲဒါမျိုး လုပ်တာ နည်းတယ်။ ဆင်ခြေဖုံးမြို့တွေမှာ အခြေခံ လူတန်းစားတွေ နေတဲ့ မြို့နယ်တွေကို အဲလိုမျိုး အများဆုံး လုပ်တာတွေ့ရတယ် မတူဘူး” ဟု ပြောသည်။

တောင်ဒဂုံမြို့နယ်၌ ခင်းရန် ကျန်ရှိနေသေးသည့် လမ်းများကို ထပ်ခင်းရန်အတွက် ရပ်ကွက်တွင်း နေထိုင်သူများ အနေဖြင့် ကြံ့ဖွံ့ပါတီဝင် အဖြစ် လက်မှတ် ထိုးပေးမှသာလျှင် လမ်းများကို ဆက်လက် ခင်းပေးသွားမည်ဟု လာရောက် ပြောဆိုမှုများ ရှိကြောင်း တောင်ဒဂုံ ၁၈ ရပ်ကွက်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

အလားတူ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဗိုလ်ချုပ်လှထွန်း ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း မြို့ပေါ်တွင်လည်း ရွေးကောက်ပွဲ မတိုင်မီ အတိုး သက်သာစွာဖြင့် ငွေတိုး ချပေးခြင်းများ ရှိသော်လည်း ရွေးကောက်ပွဲ ကာလ နောက်ပိုင်းတွင် ထိုသို့ ပြုလုပ်ပေးခြင်းများ မရှိတော့ဟု မြို့ခံများက ပြောသည်။

သို့သော် စည်ပင်သာယာရေးဌာန ဘဏ္ဍာငွေကို အသုံးပြုကာ လမ်းပြုပြင်မှု၊ အသစ်ခင်းမှုများ ပြုလုပ်ပြီး၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးက လှူဒါန်းသည့်ပုံစံ တံဆိပ်ကပ် လုပ်ဆောင်ကာ မဲဆွယ်ခဲ့သည်ဟု လေ့လာသူများက ပြောသည်။

ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ဖြင့် စစ်အစိုးရက ထူထောင်ခဲ့ပြီး၊ ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ် ပြောင်းလဲခဲ့သည်။ ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့ပါတီက ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့သည်။


Ref: မဇ္ဈိမ

Read More...

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဖမ်းဆီးခံရမှု NLD ကူညီမည်

နရီလင်းလက်
Thursday, 07 April 2011

ဖမ်းဆီးထိန်းသိမ်းခံရသည့် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်အား မိသားစုနှင့်တွေ့ဆုံခွင့် ရရှိရန် တရားဥပဒေ လမ်းကြောင်း အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥပဒေပြု အထောက်အကူပြု အဖွဲ့မှ ကူညီသွားမည်ဟု ရှေ့နေ ဦးအောင်သိန်းက ပြောလိုက်သည်။

NLD လူငယ်များ ဖွဲ့စည်းထားသည့် သွေးကူညီပေးရေး အဖွဲ့တွင် လိုက်လံ ကူညီပေးနေသည့် ကိုနေမျိုးဇင်ကို ရဲအထူး သတင်း တပ်ဖွဲ့ (SB) မှ မေးမြန်းဆွေးနွေး စရာများ ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားသည်မှာ ၆ ရက်မြောက် ပြည့်ပြီဟု သိရသည်။

ယခု ဖမ်းဆီးမှုသည် အစိုးရသစ်ဖွဲ့စည်းပြီးချိန်၌ ပထမဆုံး ဖမ်းဆီးမှု ဖြစ်သည်။

“မိသားစုက စိတ်ပူပြီး ဘာလုပ်ရမလဲဆိုတာ အကြံတောင်းတာနဲ့ ကျနော်တို့ဘက်ကနေ အာဏာပိုင် တွေဆီ ကိုနေမျိုးဇင်ကို မိသားစုနဲ့ တွေ့ဆုံခွင့်ပေးဖို့ စာတင်ဆိုပြီး ဥပဒေကြောင်း အရ အကြံပေးထားတယ်။ ဒီအတွက်လည်း ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် နောက်ဆုံး ထားပြီးတော့ ရန်ကုန်တိုင်း ရဲသတင်းတပ်ဖွဲ့မှူး ရုံးရယ်၊ နေပြည်တော် ရဲသတင်းတပ်ဖွဲ့ မှူးရုံးရယ်ကို လိပ်မူပြီး စာတင်မယ်။ ရုံးလက်ခံ တစောင် ယူထားမယ်”ဟု ရှေ့နေ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

သူက ဆက်၍“မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ ၂၄ နာရီ ကျော်နေပြီဆိုတော့ မိသားစုကို တွေ့ခွင့် ပေးဖို့ စာတင်တာကို ပထမဆုံး လုပ်ခိုင်းထားတယ်။ တချို့ တပတ်လောက် ခေါ်မေးပြီးမှ ပြန်လွှတ်တာတွေ ရှိတတ်သလို အခု ဘာကိစ္စကြောင့် ခေါ်သွားပါတယ် ဆိုတာ သေချာမသိရဘူး။ သူကလည်း စစ်တပ်က ထွက်လာတဲ့ လူဆိုတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေများရှိ နေလား။ ဒီနောက်မှာမှ ဖြစ်လာတဲ့ အခြေအနေ ကြည့်ပြီး လုပ်သင့် လုပ်ထိုက်တာ ဆက်လုပ် သွားမှာပေါ့”ဟု ပြောသည်။

ဧပြီ ၂ ရက်နေ့ ညနေ ၄ နာရီတွင် ခေါ်ဆောင်သွားပြီး ၃ ရက်နေ့တွင် အာဏာပိုင်များက အ၀တ်အစားများ လာရောက် ယူဆောင် သွားကာ ဧပြီလ ၄ ရက်နေ့တွင် နေအိမ်နှင့် အတူ တွဲဖွင့်ထားသည့် အင်တာနက် ဆိုင်သို့ ၀င်ရောက်၍ စစ်ဆေးမှုများ ပြုလုပ်ပြီး ကိုနေမျိုးဇင် အသုံးပြုသည့် လက်ပ်တော့ (ခရီးဆောင် ကွန်ပျုတာ) ကို ယူဆောင်သွားသည်ဟု ကိုနေမျိုးဇင်၏ မိခင် ဒေါ်ခင်သီ ကပြောသည်။

“အိမ်ရော ဆိုင်ရော ၀င်လာပြီး စစ်သွားတာ။ သူ သုံးတဲ့ ကွန်ပျုတာကို ယူသွားမယ် ပြောတော့ အန်တီတို့က ဘာတွေပါလဲ ဖွင့်ကြည့် မယ် ဆိုတော့ ဖွင့်ကြည့်တာ ဘာမှ မတွေ့ဘူး။ ဘာမှလည်းမရှိဘူး။ ဒါပေမယ့် သူတို့က ကွန်ပျူတာကို ယူသွားမယ် အထဲက ဒေတာတွေကို စီဒီထဲ ထည့်ပြီး ထားခဲ့ပေးပါမယ် ပြောတယ်။ ဘာမှ မတွေ့ရင်တော့ နောက် ၃ ရက်လောက်နေ လာပို့ပေးပါမယ် ပြောသွားတယ်။ ဒီကနေ့ ဆို ၃ ရက်ပြည့်ပြီ အခုထိ အကျိုး အကြောင်းဘာမှ လာပြောတာ မရှိသေးဘူး။ အန်တီတို့လည်း အရမ်း စိုးရိမ်ပြီး သားကို အမြန်ဆုံး ပြန်တွေ့ချင်တယ်”ဟု ၎င်းက ပြောဆိုသည်။

သွေးကူညီပေးရေးအဖွဲ့ ခေါင်းဆောင် ကိုညီညီက“ဘယ်နေရာမှာထားတယ်။ ဘာအတွက်ကြောင့် ဖမ်းသွားတယ် ဆိုတာ အခုချိန်ထိ မိသားစု ၀င်တွေရော ၊ ကျနော်တို့ပါ ဂဃနဏ မသိရဘူး။ မရမ်းကုန်းက အောင်သပြေ စစ်ကြောရေး စခန်းမှာ ထားတယ် ဆိုတာကလည်း အကြားပဲရှိတယ်။ ဒီလို မသိရတဲ့ အတွက်ကြောင့်လည်း ရန်ကုန်က NLD သွေးကူညီပေးရေး အဖွဲ့ရော၊ အနယ်နယ် အရပ်ရပ်မှာ စည်းရုံးထားတဲ့ အဖွဲ့ဝင်တွေ အကုန်လုံးက အရမ်းကို စိုးရိမ်နေကြတယ်”ဟု ပြောသည်။

ဧပြီလ ၄ ရက်နေ့က အာဏာပိုင်များသည် အိမ်အနှံ့ ရှာဖွေခြင်း ၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်သည့် အပြင် ကိုနေမျိုးဇင် သုံးစွဲခဲ့သည့် ခရီးဆောင် ကွန်ပျုတာကိုပါ သိမ်းဆည်း သွားခဲ့သည်။

“အဲဒီလို ရှာဖွေနေတဲ့ အချိန်မှာ ကျနော်တို့မှာ မျက်မြင် သက်သေအဖြစ်နဲ့ ဥပဒေကြောင်း အရ နေပိုင်ခွင့် ရှိပေမယ့် အပြင်မှာ စောင့်နေတဲ့ SB တယောက်က ၀င်လို့ မရပါဘူး။ အပြင်ကနေ စောင့်နေပါ ဆိုတာနဲ့ မကြည့်လိုက်ရဘူး။ ဒါပေမယ့် သူတို့ လက်ပ်တော့ ယူသွားမယ် ဆိုတော့ မိသားစုဝင်တွေက ဖွင့်ခိုင်းတာနဲ့ ဖွင့်ကြည့်တာ မိသားစုဝင်တွေ ပြောပြချက်အရ ဘာမှ မတွေ့ပါဘူးပေါ့။ ပြည်တွင်းမှာ တရားဝင် ထုတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိလို စာအုပ်တွေ ၊ ဦးသန့် စာအုပ်တွေ ပဲ တွေ့ရတယ် ပြောတယ်”ဟု ကိုညီညီက ပြောသည်။

လက်ရှိ အစိုးရသစ်လက်ထက်တွင် အာဏာပိုင်များပြောခဲ့သည့် Good Goverment ၊ Clean Goverment ကဲ့သို့ အုပ်ချုပ် မှု စနစ်ကောင်းဖြင့် အုပ်ချုပ် သွားမည်ဆိုသည့် အတိုင်း ကိုနေမျိုးဇင်သည် ပရဟိတမှ လွဲ၍ နိုင်ငံတော် ပျက်စီးစေမည့် လုပ်ရပ်မျိုး မတွေ့ရှိပါက ခြွင်းချက်မရှိ ပြန်လွှတ်ပေးမည်ဟု ယုံကြည်ကြောင်း သူက ပြောဆိုသည်။

“ပရဟိတ လုပ်ငန်းဆိုတာကလည်း ဘယ်အစိုးရပဲ တက်တက်ပေါ့ နိုင်ငံသား တယောက်ရဲ့လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပဲ။ ဒီဟာ ပေါ်မှာ အကြောင်းရှာပြီး အရေးယူ ဆောင်ရွက်တာတွေ လုပ်မယ်ဆို လုပ်တဲ့အစိုးရရဲ့ တာဝန်ပဲဖြစ်တယ်။ လက်ရှိ အခြေအနေမှာလဲ အစိုးရသစ်က ပေါ်ထွန်းလာပြီ ဆိုပေမယ့် ပုံသဏ္ဍာန်ကတော့ အစိုးရ အဟောင်း ပုံသဏ္ဍာန် လမ်းကြောင်း ပေါ်မှာပဲ ဆက်လျှောက် နေပြီး အသစ်ဆိုတဲ့ သဘောထားပေါ်မှာ ကောင်းကောင်း မလျှောက်တတ် သေးတာလား သဘော မပေါက် သေး ဘူးလားတော့ မသိဘူး။ အရင်ပုံစံ အဟောင်းမှာပဲ ဆက်လျှောက် နေသေးတယ်”ဟု ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ဥပဒေဆိုင်ရာအရ အစိုးရသစ်ပြောင်းလဲလိုက်ပြီးချိန်တွင် တရားရုံးများ၌ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆိုသည့် အခေါ်အဝေါ် ပုံသဏ္ဍာန်အရ ပြောင်းသာပြောင်းလဲ သွားပြီး တကယ့် အနှစ်သာရ ဖြစ်သည့် အာဏာပိုင်များ ပြောဆိုနေသော ကောင်းမွန်၊ သန့်ရှင်းသည့် အစိုးရသစ် ဆိုသည်ကို ရောက်ရန် မျှော်မှန်း၍ မရနိုင်သေးဟု သူက ပြောသည်။

“ဘာမှ မရှိတာကို တွေ့ပေမယ့် ခရီးဆောင်ကွန်ပျုတာ ထပ်ယူသွားတာကို ကြည့်ရင် အီလက် ထရွန်နစ် ဥပဒေ ၃၃ ဃ ၊ ၃၈ တို့နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လို့ ရတဲ့ အနေအထားတွေ ရှိနေတယ်လေ။ အိမ်မှာ ဖွင့်စစ်တာ မတွေ့ဘူး ဆိုပေမယ့် သိမ်းဆည်းသွားတဲ့ အာဏာပိုင်တွေ အနေနဲ့ ရဲလုပ်ထုံး လုပ်နည်းအရ ရှာဖွေ ပုံစံနဲ့ စနစ်တကျ သိမ်းဆည်းသွားတာ မဟုတ်ဘဲ စာရွက် တရွက်မှာ ယူသွားပါတယ် ရေးသွားတာမျိုး ဆိုတော့ ခရီးဆောင် ကွန်ပျုတာ ပြန်ပေးရင်တောင် အီးမေးလ် ၊ အင်တာနက် နဲ့ ပတ်သက် တာတွေနဲ့ အရေးယူမယ် ဆို ရတာပဲ။ အဲဒီလို ပုံစံက သူတို့ လုပ်နေကျပဲဆိုတော့ စောင့်ကြည့်ရမှာပေါ့”ဟု ဦးအောင်သိန်းက ပြောသည်။

အသက် ၃၆ နှစ် အရွယ်ရှိ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် တောင်ကြီးမြို့ တပ်ထိန်းအဖြစ် တိုင်းမှူး လုံခြုံရေး တာဝန်ယူကာ ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

ဝန်ကြီးဌာန ၂ ခုလိုဟု ချင်းပါတီများ ပြော

သဲသဲ
ကြာသပတေးနေ့၊ ဧပြီလ ၀၇ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ချင်းပြည်နယ် အစိုးရ ဝန်ကြီးဌာနများတွင် ပညာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၂ ခု လိုအပ်နေကြောင်း ဒေသခံ ချင်းပါတီ ၂ ခုက ပြောသည်။

မရှိမဖြစ် လိုအပ်သည်ဟုဆိုကာ ချင်းတိုးတက်ရေးပါတီ CPP က ပညာရေး ဝန်ကြီးဌာနကို လည်းကောင်း၊ ချင်းအမျိုးသား ပါတီ CNP က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို လည်းကောင်း ထပ်မံ တိုးချဲ့ရန် လိုလားနေခြင်း ဖြစ်သည်။

“ချင်းပြည်နယ်အတွက် ဝန်ကြီးစာရင်းမှာ ပညာရေး ပါမလာတော့ အတော်လေး အံ့သြ သွားတယ်။ ချင်းတောင်မှာ ကျောင်းအဂါင်္နဲ့ ညီတဲ့ ကျောင်းရှိဖို့ မပြောနဲ့ ဆရာတွေ တနှစ် တခါတောင် ကျောင်းကို မလာတာရှိတယ်။ ဒါကို သိမြင်နိုင်တဲ့ ပြည်နယ်က တိုက်ရိုက် လုပ်နိုင်မှ ပညာရေးမှာ ကောင်းသွားမှာ” ဟု CPP ဥက္ကဋ္ဌ ဦးနိုးထန်ကပ်က မဇ္ဈိမကို ပြောသည်။

CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က “ချင်းတောင်မှာဆိုရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သစ်တော ဝန်ကြီးဌာနကို တာဝန် ပေးတယ်။ ကဲ.. ပိုက်ဆံယူပြီး၊ ခုတ်ခွင့်ပြုပြီး၊ ယုန်ကို မုန်လာဥ ဂိုဒေါင် စောင့်ခိုင်း သလိုပါပဲ။ စည်းကမ်းမဲ့ အမဲလိုက်တာ၊ တောမီးရှို့တာ၊ မြစ်တွေ ရေခန်းလာတာ၊ ချင်းပြည်နယ်မှာ ဒါတွေလုပ်ဖို့ ဘယ်ဌာနက တာဝန်ယူမလဲ” ဟု ပြောသည်။

ယခုဝန်ကြီးဌာန ထည့်သွင်းရန် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ အဆိုတင်ခဲ့သော်လည်း ပြည်နယ် ဝန်ကြီးချုပ်က နောင်မှ ဆွေးနွေးမည်ဟု ပြောဆို ခဲ့ကြောင်းနှင့် ပထမအကြိမ် လွှတ်တော် အစည်း အဝေးများ၌ အထက်က ပေးပို့သည့် အဆို လွှာများကိုသာ ထောက်ခံခဲ့ရကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနှင့် သစ်တော၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပို့ဆောင်ရေး၊ လူမှုရေး (ရှေးဟောင်း သုတေသန ဦးစီးဌာန) ဟူ၍ ဝန်ကြီးဌာန ၉ ခု ရှိသည်။

ထိုဝန်ကြီးဌာနများအတွက် CNP နှင့် CPP က ဝန်ကြီးတဦးစီ ရွေးချယ်ခံရပြီး၊ ကျန်နေရာများကို ကြံ့ခိုင်ရေး ပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ ရရှိထားသည်။ ဤသည်မှာ ဝန်ကြီးချုပ် ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးဟုန်ငိုင်း (ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ) က ဖေဖော်ဝါရီ ၁၄ ရက်နေ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ပြီး၊ ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့တွင် ချင်းတိုင်းရင်းသားအမတ်များ ပိုမိုပါဝင်သင့်သည်ဟု CNP က ပြောသော်လည်း၊ CPP ကမူ ဝန်ကြီး ၂ နေရာ အတွက် ချင်းပါတီ အမတ်များ ရရှိခြင်းကို ကျေနပ်သည်ဟု ဆိုသည်။

ဝန်ကြီးစာရင်း တင်ရာ၌ ကြံ့ခိုင်ရေးအမတ် ဦးပူးကွီထန်သည် ဝန်ကြီးခန့်ရန် အသက်မပြည့် သဖြင့် ချင်းပါတီ များက ကန့်ကွက် သဖြင့် ပယ်ချ ခံခဲ့ရသေးသည်။ သို့သော် ၎င်းနေရာတွင် အစားထိုး ခန့်အပ်ခြင်း မရှိသေးပေ။

ချင်းပါတီများကမူ အကြီးမားဆုံး လိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးကို ပြည်နယ် အစိုးရက ဦးစားပေး လုပ်ဆောင် သင့်သည်ဟုလည်း ပြောဆိုကြသည်။

ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၄ နေရာ၌ CPP နှင့် CNP က ၅ ဦးစီနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေး ပါတီ ENDP မှ ၁ ဦး၊ ကြံ့ခိုင်ရေးမှ ၇ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၆ ဦးတို့ ဖြစ်သည်။

ဝန်ကြီးများ စာရင်း

၁။ ဦးဟုန်းငိုင်း ဝန်ကြီးချူပ် (ကြံ့ဖွံ့)
၂။ ဦးနိန်းနိုင်း စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု (ကြံ့ဖွံ့)
၃။ ဦးကျင့်လျန်ပေါင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး (ကြံ့ဖွံ့)
၎။ ဦးနန်ဇမုန်း ဘဏ္ဍာရေးနှင့် စီမံကိန်း (ကြံ့ဖွံ့)
၅။ ဒေါက်တာဘမောင် လူမှုရေး (အငြိမ်းစား ညွှန်ချုပ်၊ ရှေးဟောင်းသုတေသန ဦးစီးဌာန)(ရွေးကောက်ခံမဟုတ်)
၆။ ဦးဗန်ထောင် စိုက်ပျိုးရေး (ပြည်နယ်မန်နေဂျာဟောင်း၊ မြန်မာ့ဝါနှင့် ပိုးချည်လုပ်ငန်း) (ရွေးကောက်ခံမဟုတ်)
၇။ ဗိုလ်မှူးကြီးဇော်မင်းဦး လုံခြုံရေးနှင့် နယ်စပ်ရေးရာ (စစ်တပ်)
၈။ ဦးရမ်မန်း စီးပွားရေး (CNP)
၉။ ဦးကျော်ငြိမ်း စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော (CPP)


Ref: မဇ္ဈိမ

Read More...

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်

ဦးမိုးဇော်
ကြာသပတေး, 07 ဧပြီ 2011

ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ ၁ နဲ့ မြန်မာ အစိုးရ တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ တလနီးပါး ရှိလာချိန်အထိ တိုက်ပွဲငယ်လေးတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။ မနေ့က မိုင်းရှူးမြို့နယ် အတွင်းမှာ တိုက်ပွဲငယ် တကြိမ် ဖြစ်ခဲ့ပြီးနောက် ဒုက္ခသည် ရာဂဏန်း လောက်ဟာ မိုင်းရှူးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။ ရှမ်းတပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရတပ်ကြား ဖြစ်ပွားနေတဲ့ ပြောက်ကျား တိုက်ပွဲငယ်တွေဟာ အရင်က မြို့နယ် ၃ ခုလောက်မှာ ဖြစ်ပွားနေရာက အခုအခါ ၁၀ မြို့နယ်လောက် အထိ ကျယ်ပြန့်လာနေပြီလို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။ ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ နောက်ဆုံး အခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်တပ်မတော် (SSA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ အပစ်ရပ် ရှမ်းပြည် တပ်မတော် မြောက်ပိုင်းရဲ့ တပ်မဟာ ၁ တပ်တွေနဲ့ အစိုးရ တပ်ဖွဲ့တွေဟာ မိုင်းရှူးမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က တိုက်ပွဲတွေ စတင် ဖြစ်ခဲ့ရာက အခုချိန်ထိလည်း ငြိမ်းအေး မသွားသေးဘဲ တိုက်ပွဲငယ် လေးတွေဟာ ရက်ခြားဆိုသလို ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေကို ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပြပါတယ်။

“မနေ့ကနဲ့ ဒီနေ့ ထပ်ဖြစ်တာပဲ။ မိုင်းရှူးမြို့နယ် မိုင်းရှူးကနေ ၀မ်ဟိုင်းဌာနချုပ်ကို သွားတဲ့လမ်း ၀မ်ဟိုင်းရဲ့ တောင်ဘက် ၇ မိုင် ၈ မိုင်လောက်ပဲရှိမယ့် ကားလမ်းပေါ်မှာ ရှိတဲ့ ၀မ်ဆော့ရွာကြီးထဲမှာ သူက တိုက်နယ်ရွာပေါ့။ အဲဒီ ရွာကြီးထဲမှာ အခြေပြုနေတဲ့ နအဖတပ် အင်အား ၂၀၀ ကျော်ကို ရှမ်းတပ်ဘက်က သွားပြီးတော့ ပစ်တယ်။ အဲဒါ မနေ့က တမနက်လုံး ချကြတယ်တဲ့။ အသေအပျောက် အတိ အကျတော့ မသိသေးဘူး။ နအဖ တပ်တွေက ခပ်များများက တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် ဘုန်းကြီးကျောင်းက ၂ ကျောင်း ၃ ကျောင်းရှိတယ်။ သူက ၃-၄ ရပ်ကွက် ရှိတာကိုး။ အဲဒီ ၀မ်ဆော့ ရွာကြီးထဲမှာ ဘုန်းကြီးကျောင်း ၀င်းထဲကို အကုန်လုံး ပြေးဝင်ပြီးမှ နေရာယူ ထားကြတာပေါ့။ အဲဒါကြောင့် ရှမ်းတပ် ကလည်း မပစ်တော့ဘူး။ သံဃာတော်တွေ ထိမှာစိုးတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်း ပျက်စီးမှာလည်း စိုးရိမ်တယ်လေ။”

ဒီတိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ရာနဲ့ချီတဲ့ ဒေသခံ ရွာသူရွာသားတွေဟာ မိုင်းရှူးမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင် ကုန်တယ်လို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။ ဒီလို ဒုက္ခသည်တွေ ထွက်ပြေးတဲ့ သတင်းကိုတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

လွန်ခဲ့တဲ့လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ သံဃာတော်တွေနဲ့ ကိုရင်တွေ အပါအ၀င် အနည်းဆုံး အရပ်သား ၁၀ ယောက်လောက် ပျံလွန်၊ သေဆုံးပြီး ဒေသခံရွာသား ၇၀၀ လောက် မိုင်းရှူးမြို့ကို ထွက်ပြေးကြတယ်၊ နောက် ဘုန်းတော်ကြီး ကျောင်းတွေလည်း ပျက်စီး ခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ လလယ်လောက်က စတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ အရင်က မြို့နယ် ၃ ခုလောက်မှာ ဖြစ်ပွား နေရာက ဒီလ အတွင်းမှာတော့ မြို့နယ် ၁၀ ခုလောက်အထိ ပျံ့နှံ့နေပြီလို့ ဦးစိန်ကြည်က ပြောပါတယ်။

“အစကတော့ တိုက်ကြတာက ၃-၄ မြို့နယ်လောက်ပဲ ရှိတယ်လေ။ ဥပမာ တန့်ယန်းမြို့နယ်၊ မိုင်းယိုင်မြို့နယ်၊ ကျေးသီးမြို့နယ်၊ တခါတလေ လားရှိုးမြို့နယ် တစိတ်တပိုင်း၊ အခုဟာက ၁၀ မြို့နယ်လောက်အထိ ပျံ့နှံ့သွားပြီ။ ကျောက်မဲ၊ သီပေါ၊ လားရှိုးကားလမ်းရဲ့ အထက်ပိုင်းဘက်၊ ကားလမ်းရဲ့ မြောက်ဘက်ပိုင်းဘက်ကို အဲဒီဘက်မှာ သွားပြီးတော့ လှုပ်ရှားကြပြီ ရှမ်းတပ်က။ နမ့်ဆန်မြို့နယ်၊ မိုးမိတ်မြို့နယ်၊ သီပေါမြို့နယ် သီပေါရဲ့ မြောက်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၅ ရက်၊ ၆ ရက်က၊ ၂၈ ရက်နောက်ပိုင်းပေါ့။ အဲဒါကြောင့် အခု အားလုံးတွက်လိုက်မယ်ဆိုရင် ၉ မြို့နယ်၊ ၁၀ မြို့နယ်လောက် ပြန့်သွားပြီ၊ ဒီ ရှမ်းပြည်တောင်ပိုင်း၊ အလယ်ပိုင်းကနေ ဟိုးမြောက်ပိုင်းအထိပေါ့။”

ပြီးခဲ့တဲ့လအတွင်းက ဒီတိုက်ပွဲတွေမှာ မြန်မာစစ်အစိုးရဘက်က လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)၊ တောင်ကြီး အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၊ ကျောက်မဲ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နဲ့ မိုင်းနောင်အ ခြေစိုက် စကခ ၂ က တပ်ရင်းတွေသာ ပါဝင် တိုက်ခိုက်ခဲ့ရာက အခုအခါမှာ တပ်မ ၃၃၊ ၅၅ နဲ့ ၉၉ က တပ်ရင်းတွေကိုပါ ထပ်မံ အင်အားဖြည့် လာတာကြောင့် ဒီစစ်ဆင်ရေးဟာ ရေရှည် ဆက်ဖြစ်နိုင်မယ်လို့ ဦးစိန်ကြည်က သုံးသပ်ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အပေါ် အခုလို သုံးသပ်ပါတယ်။

“တိုက်ပွဲတခုလုံး ခြုံပြောရရင်တော့ တိုက်ပွဲက ဖြိုးဖြိးဖြောက်ဖြောက်တော့ ဖြစ်နေတာ။ ပွဲကြီးတွေ မဖြစ်ဘူး။ မိုင်းအောတို့ မိုင်းရှူးတို့ ဆိုတာ မြို့နယ်တွေပါတယ်။ ကျေးသီးကလည်း မြို့နယ်၊ အဲဒီမရောက်ခင် လဲချားဆိုတာလည်း မြို့နယ်ငယ်တွေ အများကြီး ရှိတယ်။ အဲလိုမျိုးပြောရင် ၁၀ မြို့နယ် ကချင်မှတောင် ကမယ်။ သံလွင်မြစ်ရဲ့ အနောက်ဘက် ခြမ်းမှာရော အရှေ့ဘက် ခြမ်းမှာရော ဖြန့်ပြီးတော့ စစ်တွေ ဖြစ်နေတယ်။ ဒီဟာက ဗမာအစိုးရအတွက်တော့ သူ့ဘက်က ဖြေရှင်းနည်း မကောင်းဘူး ဆိုရင်တော့ ရှမ်းမြောက်နဲ့ ရှမ်းအလယ်တို့က မကြာခဏ တိုက်ပွဲတွေ ဖြစ်လာတဲ့ နေရာတွေ ဖြစ်လာတော့မှာ။ ဗမာအစိုးရ အနေနဲ့ ကိုပန်ဖတို့ကို တည်တည် ငြိမ်ငြိမ်နဲ့ ဆွေးနွေးဖို့ ကြိုးစားရင် ကြိုးစား၊ မကြိုးစားရင် ခုနက ကျနော်ပြောတဲ့ ခွင်ကြီး တခုလုံးကတော့ သိပ်တည် ငြိမ်အေးချမ်းမယ့်ပုံ မပေါ်ဘူးဗျ။”

တချိန်တည်းမှာတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၀ ခုက မြန်မာအစိုးရ သစ်ဟာ အသွင် ကူးပြောင်းရေးကို လက်တွေ့ ပြသတဲ့ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားသလို KNU ခေါ် ကရင်အမျိုးသား အစည်းအရုံး ကလည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တောင်းဆို ထားပါတယ်။

Ref: VOA News

Read More...

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ်ကို ချုပ်ကိုင်ဆဲ

Thursday, 07 April 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ကို ဖျက်သိမ်း၍ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို လွှဲပြောင်းပေးပြီး ဖြစ်သော်လည်း တပ်မတော်ကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် နီးစပ်သူများက အတည်ပြု ပြောကြားသည်။

မတ်လ ၃၀ ရက်နေ့တွင် နအဖအဖွဲ့ကို ဖျက်သိမ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ သမ္မတသစ် ဦးသိန်းစိန်ကို အာဏာ လွှဲပြောင်းပေးခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့ လွှဲပြောင်း ပေးခဲ့သည်။

ထိုသို့ လွှဲပြောင်းပေးပြီးနောက် ပြည်တွင်းပြည်ပ မီဒီယာများကြားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ရာထူးနှင့် အစိုးရ အကြီးအကဲ ရာထူးများမှ အနားယူ သွားပြီဆိုသော သတင်းများ တွင်တွင် ကျယ်ကျယ် ထွက်ပေါ် ခဲ့ကြောင်း၊ သို့ရာတွင် နေပြည်တော် အခြေစိုက် ကာကွယ်ရေး ၀န်ကြီးဌာနက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာမည်တပ် လိပ်မူထားသော လျှို့ဝှက်ဆိုသည့် စာတမ်းပါ တပ်မတော် ဆိုင်ရာ အစီရင်ခံစာများ တရားဝင် ထွက်ရှိနေကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအဝန်းက ပြောသည်။

နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက “အငြိမ်းစားဖြစ်သွားတဲ့ စစ်ဗိုလ်ချုပ် တဦးဆီ ဘာကိစ္စမှ တပ် အစီရင်ခံစာ ပို့ဖို့ မလိုဘူး။ အခုစစ်ရုံးကပို့တဲ့ အစီရင်ခံစာက ဗိုလ်ချုပ်မှူးကြီးကို လိပ်မူ အမည် တပ်ထားတယ်။ ဗိုလ်ချုပ်မှူးကြီးက ဇေယျာသီရိ စစ်ရုံးတွေ ဘက်မှာ ရုံးမထိုင်တာတော့ သေချာ ပြောနိုင်တယ်။ လောလောဆယ် ပို့နေတဲ့ အစီရင်ခံစာတွေ အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ကို တရားဝင် ချုပ်ကိုင် ထားဆဲပါ၊ အရေးပါနေဆဲပါ။ အငြိမ်းစား သွားတယ်၊ အနားယူတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု ပြောသည်။

အာဏာလွှဲပြီးနောက် မတ်လ ၃၁ ရက်နေ့တွင် အစိုးရသစ် တဖွဲ့လုံးကို ခေါ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားချက် သြဝါဒ ပေးကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရသည် မတ်လ ၃၁ ရက်နေ့မှ စတင်အာဏာတည်နေပြီ ဖြစ်သော်လည်း သမ္မတရုံး၊ ကာကွယ်ရေး ၀န်ကြီးဌာနရုံး အပါအ၀င် နေပြည်တော်ရှိ အစိုးရ၀န်ကြီးဌာန ရုံးများ အားလုံးတွင် ချိတ်ဆွဲထားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံကို ဖြုတ်ချခြင်း မရှိကြောင်း သိရှိရသည်။

“တကယ်ဆိုရင် သမ္မတ ဦးသိန်းစိန်ပုံကို ချိတ်ရမှာ။ အခုထိ ဗိုလ်ချုပ်မှူးကြီးဓာတ်ပုံပဲ ချိတ်ထားတယ်။ ရုံးမှာလည်း ဓာတ်ပုံ လဲချိတ်ဖို့ ပြောဆို ဆွေးနွေးတာမျိုးလည်း မရှိဘူး။ အားလုံး အရင်အတိုင်းပဲ” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနမှ အရာရှိ တဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆေးမှူးများဖြစ်ကြသော ဗိုလ်ချုပ် နေဝင်း၊ ဗိုလ်မှူးချုပ် စိုးရှိန်နှင့် ဗိုလ်မှူးကြီး မြင့်ကြည်တို့ သည်လည်း ဗိုလ်ချုပ်မှူးကြီး အနီးတွင် ဆက်လက် တာဝန် ယူနေကြဆဲ ဖြစ်ကြောင်းလည်း သိရသည်။

စစ်တက္ကသိုလ် အမှတ်စဉ် ၁၉ ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ခန့်သည့် အပြင် စစ်တက္ကသိုလ် အမှတ်စဉ် ၁၇ ကျောင်းဆင်း ကာကွယ်ရေးဦးစီးချုပ် (လေ) ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ကျောင်းဆင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒု ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအောင် တို့ကိုလည်း ဗိုလ်ချုပ်ကြီး ရာထူးသို့ တပြိုင်နက်တည်း အသီးသီး ရာထူး တိုးပေးခဲ့သဖြင့် စစ်တပ်အတွင်း အာဏာ ချိန်ခွင်လျှာ မျှနိုင်ရန် ဗိုလ်ချုပ်မှူးကြီးက လုပ်ဆောင် ထားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ် အသိုင်းအဝန်းက ပြောသည်။

နေပြည်တော် စစ်ဘက်ဆိုင်ရာနှင့် နီးစပ်သူတဦးက “မတ်လကုန်လောက်မှာပဲ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အဖြစ် ရာထူး တိုးတဲ့အချိန်၊ ကာချုပ်-ရေနဲ့ ကာချုပ်-လေတွေလည်း ဗိုလ်ချုပ်ကြီးရာထူး တခါတည်း တိုးပေးလိုက်တယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆိုပေမယ့် တပ်ကိစ္စတွေကို ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအောင်၊ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့နဲ့ အတူ ပူးတွဲ ကိုင်တွယ်ရပုံရှိတယ်” ဟု ဆိုသည်။

ယခင်က တိုင်းမှူး၊ တပ်မမှူးများသည် စစ်ဘက်ဆိုင်ရာ ကိစ္စများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လူကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး သတင်း ပို့ရသော်လည်း ယခု အခါ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထံသို့သာ သတင်း ပို့ရတော့ကြောင်း သိရသည်။

သို့သော် အမှန်တကယ် အာဏာရှိသူမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာဖြစ်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဟန်ပြသာ ဖြစ်သည်ဟု စစ်တပ် အသိုင်းအဝန်း အတွင်းတွင်လည်း ပြောဆိုလျက် ရှိကြောင်း သိရှိရသည်။

ယမန်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဒု ဝန်ကြီးချုပ်များကို သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောကြားရာ၌ ဗဟို ချုပ်ကိုင်မှု စနစ်ကို ဖျက်သိမ်းရမည်ဟု ပြောသွားသော်လည်း လေ့လာ အကဲခတ် သူများကမူ အစိုးရသစ်အပေါ် သံသယ ရှိနေကြသည်။

Ref: ဧရာဝတီ်

Read More...

ဂျပန် အင်အားကြီးငလျင် ထပ်လှုပ်ပေမဲ့ ဆူနာမီ သတိပေးချက် ပြန်ရုပ်သိမ်း

ကြာသပတေး, 07 ဧပြီ 2011

ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့ညက အင်အားကောင်းတဲ့ ငလျင် ထပ်မံလှုပ်ခဲ့လို့ လျှပ်စစ်မီးတွေ ပျက်ပြီး ဂျပန် အရှေ့မြောက်ပိုင်း တလွှားမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန် ထားခဲ့ရပါတယ်။ လှုပ်ပြီး ၂ နာရီလောက် အကြာမှာတော့ အစိုးရက သတိပေးချက်ကို ရုပ်သိမ်းလိုက်ပေမဲ့ သတိရှိရှိ နေကြဖို့ အဲဒီဒေသမှာ နေထိုင်ကြတဲ့ သူတွေကို သတိ ပေးထားပါတယ်။

ပျက်စီးပြီးဖြစ်တဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယားစက်ရုံမှာ အရေးပေါ် အခြေအနေ ထပ်မံ ဖြစ်တယ်လို့ သတင်း မရသလို ထိခိုက် ဒဏ်ရာ ရသူတွေ ရှိတယ်လို့ မကြား သိရကြောင်း တိုကျို လျှပ်စစ်ဓာတ်အား ကုမ္ပဏီ TEPCO က ပြောပါတယ်။

၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်က ဖူကူရှီးမား ဒေသမှာ ဒေသစံတော်ချိန် ည ၁၁ နာရီခွဲက လှုပ်ခဲ့ပြီး စက်ရုံ လုပ်သား တွေဟာ ချက်ချင်းပဲ အကာအကွယ် ရမယ့် နေရာတွေမှာ ခိုလှုံ ခဲ့ကြရပါတယ်။ အန္တရာယ် ကြီးလောက်အောင် အလွန် အကျွံ အပူများနေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ အေးအောင် နိုက်ထရိုဂျင်နဲ့ ရေကို ပက်သွင်း နေတယ်လို့ ဂျပန်နိုင်ငံ နျူကလီးယား စက်မှုလုပ်ငန်းနဲ့ လုံခြုံရေးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။

နောက်ဆုံးငလျင်ကြောင့် တခြား နျူကလီးယား စက်ရုံကို ပေးနေတဲ့ လျှပ်စစ် ဓာတ်အား လိုင်းတွေ အပေါ် သက်ရောက်မှု ရှိခဲ့ပေမဲ့ ဂျပန် အရှေ့မြောက်ပိုင်း မီယာဂျီ ခရိုင်မှာရှိတဲ့ အိုနာဂါဝ (Onagawa) နျူကလီးယား စက်ရုံမှာ ပြဿနာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေတော့ မရရှိပါဘူးလို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ဆက်တွဲ ဒီငလျင်ဟာ ပြင်းအား ၇ ရှိပြီးတော့ ပင်လယ်ရေမျက်နှာပြင်အောက် ၂၄ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိ လေ့လာရေးဌာနက ဆိုပါတယ်။

ငလျင်လှုပ်တာကို တိုကျိုကနေ တော်တော်ကြီး ပြင်းအားကောင်းကောင်း ခံစားလိုက်ရပါတယ်လို့ အဲဒီမှာ ရှိတဲ့ ဗွီအိုအေ သတင်း ထောက်က ပြောပါတယ်။

Ref: VOA News

Read More...

Thursday, April 7, 2011

အစိုးရစစ်တပ်က SSA (မြောက်ပိုင်း) ကို ဆွေးနွေးရေးကမ်းလှမ်း

2011-04-06

တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ထိုးစစ်တွေ မအောင်မြင်တဲ့ အတွက် စစ်အစိုးရ တပ်ဖက်က SSA မြောက်ပိုင်း တပ်ကို စေ့စပ်ဆွေးနွေးရေး ကမ်းလှမ်း လာတယ်လို့ သတင်း ရရှိပါတယ်။

အဲဒီလို စေ့စပ်ညှိနှိုင်းမယ်ဆိုရင် SSA မြောက်ပိုင်းတပ်ရဲ့ တပ်မဟာ (၁) နယ်မြေမှာ ဝင်ရောက် နေရာ ယူထားတဲ့ စစ်အစိုးရ တပ်တွေ အရင်ဆုံး ပြန်ပြီး ရုပ်သိမ်းရမယ်လို့ SSA မြောက်ပိုင်းအဖွဲ့က အကြောင်းပြန် ထားတယ်လို့လည်း သိရှိရပါတယ်။

ဒါ့အပြင် စစ်အစိုးရ ထိုးစစ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေကို ပြန်လျော်ဖို့နဲ့ SSA မြောက်ပိုင်း တပ်ကို သတ်မှတ် ပေးထားတဲ့ အရင်ရှိတဲ့ နယ်မြေ အတိုင်း ပြန်နေခွင့် ပြုရမယ်လို့ ပြန်ကြား ထားတာကိုလည်း SSA မြောက်ပိုင်းနဲ့ နီးစပ်တဲ့ သတင်း ရပ်ကွက်အရ သိရပါတယ်။

“သူတို့ရဲ့ ပျက်စီးဆုံးရှုံးမှုတွေ လျော်ကြေးပြန်တောင်းတယ်။ နောက် ရပ်ရွာတွေ ပျက်စီးတာတို့ ဒီ လက်နက်ကြီးနဲ့ ထုတာ ပေါ့လေနော်၊ ပြန်ပြီးတော့ ပေးဆပ်လျော်ရမယ်။ နောက် သူတို့ရဲ့ SSA လှုပ်ရှားတဲ့ ဂွင်ပေါ့၊ သတ်မှတ်ထားတဲ့ ဂွင်အတိုင်းပဲ သူတို့ နေသွားမယ်။ နဝတက ဘာပြောလဲ ဆိုတော့ နမ့်ပန်ချောင်း အရှေ့ဖက်ပေါ့နော်၊ မကျော်ပါနဲ့တဲ့။ သူတို့ တောင်းဆိုတာပေါ့။ စစ်ရေး ရပ်စဲမယ်၊ SSA က လက်မခံဘူး။”

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံခဲ့တဲ့ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ SSA မြောက်ပိုင်း တပ်ကို စစ်အစိုးရ တပ်က ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကနေ စပြီး ထိုးစစ်ဆင်နေတာပါ။ စစ်ရေး သတင်းတွေအရ မတ်လ ၁၃ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ထိုးစစ်မှာ စစ်အစိုးရတပ်ဖက်က ၁၃ ယောက် ကျဆုံးတယ်လို့ သိရပါတယ်။

ဧပြီလ ၁ ရက်နေ့ကလည်း မိုင်းရယ်ဒေသခံ စစ်တပ်က လူထု အစည်းအဝေး တခု ပြုလုပ်ပြီး SSA မြောက်ပိုင်း တပ်ကို စစ်ကြောင်း မထိုးတော့ဘူးလို့ ပြောဆိုကြောင်း သိရပါတယ်။

ဆွေးနွေးပွဲ ကျင်းပဖြစ်ရင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ကိုယ်တိုင် တက်ရောက်မှာ မဟုတ်ပဲ ကိုယ်စားလှယ်ပဲ လွှတ်မယ် လို့လည်း ဆိုပါတယ်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်ခံထားတဲ့ SSA မြောက်ပိုင်း တပ်မဟာ (၃) နဲ့ တပ်မဟာ (၇) က အင်အား နည်းပြီး၊ အသွင် ကူးပြောင်းရေးကို လက်မခံတဲ့ တပ်မဟာ (၁) ဘက် မှာတော့ အင်အား ပိုများတယ်လို့ တိုင်းရင်းသား အဖွဲ့တွေက ပြောပါတယ်။
စစ်အစိုးရဟာ အပစ် ရပ်ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေထဲမှာ သူတို့ အမိန့်ကို မနာခံတဲ့ အဖွဲ့တွေထဲက အင်အား အနည်းဆုံး ကိုးကန့်အဖွဲ့ကို ထိုးစစ်ဆင် အနိုင်ယူပြီးတဲ့ နောက်မှာ ဒုတိယ အင်အား အနည်းဆုံးလို့ ယူဆတဲ့ ဗိုလ်ချုပ် ပန်ဖ ဦးဆောင်တဲ့ SSA မြောက်ပိုင်း တပ်ကို ထိုးစစ် ဆင်လာတာလို့ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေက သုံးသပ် ပြောဆိုကြပါတယ်။

Ref: RFA News

Read More...

မြန်မာနိုင်ငံကို အမေရိကန် ပိတ်ဆို့မှု ဆက်ထားမည်

ဗုဒ္ဓဟူး, 06 ဧပြီ 2011

မြန်မာပြည်မှာ စစ်အစိုးရကနေ အရပ်သား အစိုးရကို ပြောင်းလဲသွားပြီ ဆိုပေမဲ့လည်း အမေရိကန် ပြည်ထောင်စုက မြန်မာပြည်ကို ချမှတ် ထားတဲ့ အရေးယူ ပိတ်ဆို့မှု တွေကိုတော့ ဆက်ပြီး လုပ်ထားဦးမှာပဲလို့ အမေရိကန်ရဲ့ အရှေ့ အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောလိုက်ပါတယ်။

သူ့ရဲ့ အာရှခရီးစဉ်အတွင်း စင်ကာပူနိုင်ငံမှာ မနေ့တုန်းက သတင်းထောက်တွေကို မြန်မာပြည်နဲ့ ပတ်သက်ပြီး အခုလို ပြောခဲ့တာပါ။

လက်ရှိအခြေအနေတွေအရ အမေရိကန် ပြည်ထောင်စုက မြန်မာပြည်ကို ချမှတ်ထားတဲ့ ပိတ်ဆို့ အရေး ယူမှုတွေကို ပြန်ရုပ် သိမ်းဖို့ မသင့်တော် သေးဘူးလို့ ယူဆတဲ့ အကြောင်း မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောပါတယ်။

မြန်မာအစိုးရက ဘယ်လို လုပ်ဆောင်နေတယ် ဆိုတာကို ကျနော်တို့ စောင့်ကြည့်နေတယ်၊ ခေါင်းဆောင် ပိုင်းနဲ့ ထိရောက်ပြီး အကျိုးရှိတဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတာကိုလည်း လေ့လာ စောင့်ကြည့် နေတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ ခေါင်းဆောင်သစ်တွေနဲ့ အမေရိကန်ဘက်က ညှိနှိုင်းပြောဆိုဖို့ ကြိုးစားမယ့် အရေးကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံ အားပေးတယ်၊ ကျနော်တို့ဘက်ကလည်း အစိုးရ ခေါင်းဆောင် သစ်တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ရှိနေတာပါလို့ မစ္စတာ ကမ်းဘဲလ်က ပြောပါတယ်။

မြန်မာအစိုးရသစ်ရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုဖို့တော့ သိပ်ပြီး စောနေ သေးတယ် လို့လည်း ဆိုပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ မြန်မာပြည်ကို ၂ ကြိမ် သွားခဲ့ ဖူးပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖူးတဲ့ သူပါ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ရော တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် တချို့နဲ့ရော တွေ့ဆုံဖူးပါတယ်။ မစ္စတာ ကမ်းဘဲလ်ရဲ့ အခု အာရှ ခရီးစဉ်မှာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကိုလည်း သွားမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

နိုင်ငံရေး အကျဉ်းသားများ လွတ်လာဖို့ မိသားစုတွေ မျှော်လင့်

ကျော်ကျော်သိန်း
ဗုဒ္ဓဟူး, 06 ဧပြီ 2011

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မကြာခင်မှာ ပြန်လည် လွတ်မြောက် လာကြဖို့ မိသားစုဝင်တွေက မျှော်လင့် နေကြပါတယ်။ နိုင်ငံအုပ်ချုပ်ရေး ပိုင်းမှာ တစုံတရာ အပြောင်းအလဲ ဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီအပြောင်း အလဲဟာ စစ်မှန်တယ်လို့ ပေါ်လွင်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ် ပေးရမှာပဲလို့လည်း ပြောကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။

ကျင်းပပြီးစီးသွားတဲ့ လွှတ်တော် အစည်းအဝေးတွေအတွင်း အကျဉ်းသားတွေကို အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်း ပြောဆိုတာတွေ ရှိခဲ့ပြီးတဲ့နောက် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာလေတော့ မလားဆိုတဲ့ မျှော်လင့်ချက်တွေ ပြန်ပြီး ရှင်သန် လာတယ်လို့ ဆိုရမှာပါ။

မခိုင်ချိုဇော်ဝင်းတင်ဟာ တောင်ကြီးထောင်မှာ အကျဉ်းကျနေတဲ့ အယ်ဒီတာ၊ ဇာတ်ညွှန်းရေးဆရာ ကိုဇော်သက်ထွေးရဲ့ဇနီး ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ပြန်လွတ်လာမယ့် အချိန်ကို အမြဲ စောင့်နေတာပါလို့ သူက ပြောပါတယ်။

“ကျမ တယောက်တည်းရဲ့ အမြင်ကို ပြောရရင် ကျမတို့ မိသားစု တစုလုံးကတော့ အပြည့်အ၀ မျှော်လင့် ထားတာပဲ၊ ဒီအချိန်ကိုပဲ စောင့်နေတာပဲလေ။ ဘာပဲပြောပြော အစိုးရသစ် တရပ်လည်း သူတို့ဘာသာ သူတို့ ပီပီပြင်ပြင် ဖြစ်လာပြီ၊ လုပ်စရာ ရှိတာတွေ ဆက်လုပ်ရမယ် ဆိုရင် ဒီလူတွေကို လွှတ်ဖို့အပြင် ဘာမှ သိပ်မရှိတော့လောက်ဘူးလို့ ထင်တာပဲ။ အခြေအနေ တခုပေါ့၊ ဒီလို ရွေးကောက်ပွဲတွေပြီးပြီ၊ နိုင်ငံရေး အခြေအနေတွေလည်း တည်ငြိမ်သင့်သလောက် တည်ငြိမ်တယ်လို့လည်း ပြောလို့ရမှာပေါ့၊ အဲဒီလိုဆိုတော့ လုပ်မယ်လို့ မျှော်လင့်ထားတာပဲ။ ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့။”

မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ အနိမ့်ဆုံးတော့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ် ပေးရမယ်လို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုးလို သိသာထင်ရှားတဲ့ တိုးတက်မှု တခုခု မရှိဘဲနဲ့တော့ ဒဏ်ခတ် အရေးယူ ထားတာတွေကို ရုပ်သိမ်းပေးရေး စဉ်းစားဖို့ရာ မဖြစ်နိုင်ဘူးလို့ အမေရိကန် အပါအ၀င် အရေးယူထားတဲ့ နိုင်ငံတွေက ပြောကြပါတယ်။

အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကိစ္စဟာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ ထောက်ခံချက်နဲ့ သမ္မတက လုပ်ဆောင်ရမှာ ဖြစ်တာကြောင့် အချိန်စောင့်ပါဦးလို့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အတွင်း အဲဒီတုန်းက ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးက ပြောခဲ့ဖူးပါတယ်။ အခုတော့ လုံခြုံရေး ကောင်စီလည်း ဖွဲ့စည်းပြီး သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့လည်း ပေါ်ပေါက်လာပြီမို့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်ဆိုရင် ပေးလို့ရတဲ့ အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။

မျှော်လင့်ချက်ကတော့ ထားပေမဲ့ အပြောင်းအလဲကလည်း သိပ်မထူးလှတဲ့ အပြောင်းအလဲမို့ အဆုံးစွန် မမျှော်လင့်ရဲ သလို တကယ် ပြောင်းလဲတာဆိုရင် လွှတ်ပေးရမှာပဲလို့ ပြောသူက နိုင်ငံရေး အကျဉ်းသူ ဒေါ်စန်းစန်းတင်ရဲ့ ညီမဖြစ်သူနဲ့ နောက် နိုင်ငံရေး အကျဉ်းသူ တယောက်ဖြစ်တဲ့ မသက်သက်အောင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်စုစုကြည်ပါ။

“အန်တီတို့က မျှော်လင့်ချက် ဆိုတာကတော့ မျှော်လင့်ထားတာပေါ့။ ဒါပေမဲ့ အစိုးရ အပြောင်း အလဲက ကုလားကြီးနဲ့ အရာကြီး ဖြစ်နေတော့ အန်တီတို့က သိပ်လည်း အရမ်းကြီး မမျှော်ရဲဘူး။ မျှော်လင့်ချက်ကတော့၊ သူတို့ပုံစံ တကယ် အမှန်အကန် ဆိုရင်တော့ ဒါ လွတ်ကို လွတ်ရမယ်လို့ အန်တီတို့က တွက်ထားတယ်။ လွှတ်ပေးသင့်တယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံရေးက တကယ် အပြောင်းအလဲ ရှိပြီဆိုရင်၊ သူတို့ တကယ် မှန်ကန်တယ်ဆိုရင် ဒီနိုင်ငံရေးသမားတွေ လွှတ်ကိုလွှတ်ရမယ်။”

အရင် တော်လှန်ရေးကောင်စီ လက်ထက်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွေတုန်းကလည်း ပုံသဏ္ဌာန် တမျိုးမျိုးနဲ့ အကျဉ်းသားတွေကို လွှတ်ပေးတာတွေ၊ ပြစ်ဒဏ် လျှော့ပေါ့ပေးတာတွေ ရှိခဲ့ဖူးပါတယ်။

အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ကိစ္စကို အသစ်ပေါ်လာတဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို ထောက်ခံချက် ပေးမှာလား၊ သမ္မတက တကယ်တမ်း လွှတ်ပေးမှာလား ဆိုတာကတော့ အခုချိန်ထိ မရေမရာ ဖြစ်နေဆဲပါ။ အကျဉ်းသားတချို့ကို လွှတ်ပေးနိုင်ဖွယ်ရှိပြီး အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသား တချို့လည်း ပါလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပေမဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မဲ့ ပြန်လွတ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ရှိသူကတော့ နည်းလှပါတယ်။


Ref: VOA News

Read More...

အိုင်ဗရီကို့စ် သမ္မတအိမ် သူပုန်ဝင်တိုက်

ဗုဒ္ဓဟူး, 06 ဧပြီ 2011

အိုင်ဗရီကို့စ်နိုင်ငံရဲ့ သမ္မတအဖြစ် နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ အလက်ဆန်း ၀ါတာရာ (Alassane Ouattara) ကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေတဲ့ သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) လက်နက်ချရေး ဖိအားပေးတဲ့ အနေနဲ့ သူ့ရဲ့နေအိမ်ကို စီးနင်း တိုက်ခိုက်နေပါတယ်။

အဘစ်ဂျန် (Abidjan) မြို့က ကတုတ်ကျင်းတွေတူးပြီး ပုန်းအောင်းနေတဲ့ နေအိမ်အနီး တ၀ိုက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ ကြားရတယ်လို့ မျက်မြင် တွေ့သူတွေက ပြောကြပါတယ်။

မနေ့တုန်းကတော့ မစ္စတာ ဘက်ဂ်ဘိုက လက်နက်ချမယ့်ပုံ ပေါ်ခဲ့ပေမဲ့ နောက်ပိုင်း တယ်လီဖုန်းက တဆင့် မေးမြန်းခန်းတွေ အတွင်းမှာတော့ ပြီးခဲ့တဲ့နှစ် သမ္မတ ရွေးကောက်ပွဲတွေမှာ သူအနိုင်ရတယ်လို့ ပြောဆိုပြီး အာဏာစွန့်မယ့် အရိပ် အယောင်တွေ မပြခဲ့ပါဘူး။

ပြိုင်ဘက်ခေါင်းဆောင် ၀ါတာရာရဲ့ လက်ထောက်တွေကတော့ မစ္စတာ ဘက်ဂ်ဘိုကို အရှင်လက်ရ ဖမ်းဆီးဖို့ နေအိမ်ကို တိုက်နေတဲ့ တပ်တွေကို ညွှန်ကြား ထားတယ်လို့ ပြောဆို ထားကြတာပါ။ တိုက်ခိုက်မှုတွေ အတွင်း ပြင်သစ်တပ်တွေ ပါဝင်တယ်လို့ မစ္စတာ ဘက်ဂ်ဘိုရဲ့ ပြောခွင့်ရသူက ဆိုပေမဲ့ ပြင်သစ်အစိုးရ တာဝန်ရှိသူတွေ ကတော့ ဒါကို ငြင်းဆန် ထားတာပါ။

နိုင်ငံတကာ အသိုင်းအ၀န်းကလည်း အာဏာစွန့်ဖို့ ငြင်းဆန်နေတဲ့ သမ္မတ ဘက်ဂ်ဘိုအပေါ် ဖိအားတွေ တိုးလာ နေပါတယ်။

ဥရောပသမဂ္ဂ (EU) ကလည်း မစ္စတာ ဘက်ဂ်ဘို အစိုးရဆီကနေ လုံခြုံရေး အာမခံ စာချုပ်စာတမ်းတွေ မ၀ယ်ဖို့နဲ့ ကြွေးမြီ ချေးငှားတာ မလုပ်ဖို့ ဒီကနေ့ပဲ တားမြစ် လိုက်တာပါ။ EU အပြင် ကုလသမဂ္ဂ၊ အာဖရိက ယူနီယံနဲ့ အနောက်အာဖရိက အဖွဲ့ဖြစ်တဲ့ ECOWAS တို့ကလည်း နိုင်ငံတကာက အနိုင်ရ သမ္မတအဖြစ် လက်ခံထားကြတဲ့ ပြိုင်ဘက် ခေါင်းဆောင် ၀ါတာရာကို အာဏာလွှဲပေးဖို့ တောင်းဆို ထားကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ယီမင်သမ္မတ နှုတ်ထွက်ရေး ဆန္ဒပြသူ သောင်းနဲ့ချီ တောင်းဆို

06 ဧပြီ 2011

အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် နှိမ်နင်းခံခဲ့ရပြီးတဲ့နောက် ထောင်သောင်းချီတဲ့ ယီမင် ပြည်သူတွေက သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ကို နှုတ်ထွက်ပေးဖို့ ဗုဒ္ဓဟူးနေ့က ထပ်မံ တောင်းဆို လိုက်ပါတယ်။

ဖေဖော်ဝါရီလ ကတည်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျင်းပခဲ့တဲ့ တောင်ပိုင်း တိုက်ဇ် (Taiz) မြို့ရဲ့ လမ်းတွေ ပေါ်မှာနဲ့ မြို့တော် ဆာနာ (Sana'a) တို့မှာ ဆန္ဒပြသူ ထောင်ပေါင်း များစွာက ဆက်ပြီး ဆန္ဒပြနေကြ ပါတယ်။ ဒီနှစ် အစောပိုင်းက စပြီး ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် လူစုခွဲခဲ့လို့ လူပေါင်း ၁၂၀ ကျော် သေဆုံး ခဲ့ရပါတယ်။

ဆန္ဒပြသူတွေအပေါ် သွေးထွက်သံယို အကြမ်းဖက် နှိမ်နင်းမှုကို အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြစ်တင် လိုက်ပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ တောင်းဆို နေကြပါတယ်။

EU ဥရောပသမဂ္ဂ အဖွဲ့ရဲ့ နိုင်ငံခြားရေးရာဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) က အင်္ဂါနေ့မှာ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ယီမင်မှာ နိုင်ငံရေး အပြောင်းအလဲကို အချိန်မဆိုင်းဘဲ လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း အလားတူ တိုက်တွန်းခဲ့ပါတယ်။

အင်္ဂါနေ့တုန်းက ပင်လယ်ကွေ့ ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကော်မတီရဲ့ အတိုက်အခံ တွေနဲ့ စားပွဲဝိုင်း ဆွေးနွေးဖို့ ဖိတ်ကြားချက်ကို သမ္မတ ဆာလေးက လက်ခံခဲ့ပါတယ်။

Ref: VOA News

Read More...

တာလေအတွက် NLD ၁၇ သိန်းလှူ

ဖနိဒါ |
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ် အရှေ့ပိုင်း ငလျင်ဘေးသင့် ဒုက္ခသည်များ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပထမဆုံး ကျပ် ၁၇ သိန်း စတင်ကူညီမည်ဟု တောင်ကြီးမြို့နယ် အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်မိုးမိုးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ စသည့် NLD အဖွဲ့ဝင်များက ယခင်လ ၃၁ ရက်နေ့မှ ယနေ့ထိ ကောက်ခံရရှိသော လှူဒါန်းငွေများဖြင့် တာလေကျေးရွာ ငလျင် ဒုက္ခသည်များ အတွက် အမိုးအကာကို အဓိက လှူဒါန်းမည်ဟု ဆိုသည်။

“ငွေ ၁၇ သိန်းလှူမယ်၊ ဒီနေ့ ထပ်ရသေးရင်လဲ ထပ်ဖြည့်မယ်။ အရေးပေါ်လိုအပ်တာ အမိုးအကာပေါ့၊ တာပေါ်လင်ဘဲ ဝယ်ပြီးတော့ နှံ့အောင်ပေးမယ်။ အဝတ်အစားနဲ့ အစားအသောက်က လုံလောက် နေတယ်လို့ ပြောတယ်”ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။

ပါတီအဖွဲ့ဝင်များက “တာလေမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ် ခံရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အတွက် အကူအညီ ပေးရေး”ဟူ၍ အဖွဲ့ဝင်များကို စာအိတ် တအိတ်စီ ဖြန့်ဝေ၍ ကောက်ခံခဲ့ကြောင်း သူက ရှင်းပြသည်။

ထိုငွေများကို မနက်ဖြန်မှ စ၍ ငလျင်ခံ ဒေသများသို့ တိုက်ရိုက် သွားလှူမည်ဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း NLD အဖွဲ့ဝင်များ ထံလည်း အလှူငွေ ကောက်ခံ ထားဆဲဟု သိရသည်။

ရန်ကုန် ပါတီရုံးချုပ်ကလည်း ငလျင်သင့်ခံရသော ဒေသများ ပြန်လည် ထူထောင်ရေး အတွက် ထပ်မံ ကူညီသွားရန် စီစဉ်နေသည်ဟု ပါတီပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က ပြောသည်။

“ခုထိတော့ ပြည်နယ်၊ တိုင်းစည်းရုံးရေး ကော်မတီတွေကို မေတ္တာ ရပ်ခံထားပါတယ်။ စုဆောင်း ရရှိထားတဲ့ ငွေတွေ ပို့ပြီးတော့ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။ ပထမ ကယ်ဆယ်ရေး အတွက်ပေါ့။ ကမ္ဘာ့ အဖွဲ့အစည်းတွေ ကူညီတာရှိတယ်။ ဒုတိယက ပြန်လည် ထူထောင်ရေး လုပ်ဖို့ ရှိပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ တာလေကျေးရွာမှ ငလျင် ဒုက္ခသည်များအတွက် အဝတ်အစားနှင့် အစားအသောက် အတွက် လုံလောက်နေပြီး ပြန်လည် ထူထောင်ရေး အတွက် အဓိက လိုအပ်သည်ဟု တာလေ ဒေသကို သွားရောက် ကူညီပေးနေသူ ကျိုင်းတုံမြို့ခံ တဦးက ပြောသည်။

“အိမ်မဆောက်ပေးတဲ့ချိန် အမိုးအကာလိုအပ်တယ်။ အခါတွေ၊ လားဟူတွေကလဲ ရွာတွေမှာ မနေတော့ဘဲ တာလေမှာ လမ်းဘေးထိ ဆင်းလာကြတော့ လူ ပိုများသွားတာပေါ့။ လမ်းဘေးက လူတွေက ကယ်ဆယ်ရေး ပစ္စည်းတွေ လုံလောက်တယ်။ ဒေသခံတွေ ကိုယ်တိုင်က ပြန်လည် ထူထောင်ရေး အတွက် ပိုလိုအပ်နေတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ငလျင်သင့် ဒုက္ခသည်များကို အနီးစပ်ဆုံး လူမှုရေး ဘာသာရေးအသင်းအဖွဲ့များ၊ World Vision, UNHCR, ကြက်ခြေနီ စသည့် အဖွဲ့အစည်း များက ကယ်ဆယ်ရေး လုပ်ငန်းများ အကူအညီ ပေးနေသဖြင့် စားဝတ်နေရေး အတွက် လုံလောက် နေသည်ဟု သိရသည်။

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တာလေမြို့ပေါ် ရပ်ကွက်များမှ ငလျင်ဒဏ်သင့် ဒေသခံ အိမ်ထောင်စု ၂၁၄ စု အတွက် ကျပ်ငွေ ၁ဝ၇ သိန်း၊ တာလေ ဘုန်းတော်ကြီး ကျောင်းများ ပြန်လည် တည်ဆောက်ရန် အတွက် ငွေကျပ်သိန်း ၃ဝဝ နှင့် ဆေးရုံ ပြန်လည် တည်ဆောက်ရန် ကျပ်သိန်း ၃ဝဝ လှူခဲ့သည်ဟု ယခုလ ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ဧပြီလ ၂ ရက်နေ့က ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ငလျင်သင့်ဒေသခံများထံ သွားရောက် လှူဒါန်းခဲ့ခြင်းသည် အစိုးရ အဖွဲ့မှ ပေးအပ်သည်ဟု ဆိုသော်လည်း အလှူရှင်များ လှူဒါန်းသည့် ပစ္စည်းများကိုသာ ပေးခြင်းဟု ကယ်ဆယ်ရေး လုပ်နေသော လူမှုရေး အဖွဲ့ဝင် တဦးက ပြောသည်။

“ကျနော်တို့ လှူတဲ့ ပစ္စည်းကို စုပုံပြီးတော့ ပြန်ပေးသလိုဘဲ။ သူတို့နိုင်ငံတော် အစိုးရက ပေးတာတော့ မဟုတ်ဘူး။ ၂၅၊ ၂၆ မှာလာတဲ့ ပစ္စည်းတွေက ဖြန့်လို့မှ မရတာ။ အဲဒီပစ္စည်းတွေကို ဒုသမ္မတက လှူတဲ့ပုံစံပါဘဲ။ ပေးတဲ့ငွေက နိုင်ငံတော် ဘတ်ဂျက်က ပေးတာ မဟုတ်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

အိန္ဒိယအစိုးရက ဒေါ်လာ ၁ သန်း၊ တရုတ်အစိုးရက ဒေါ်လာ ၅ သိန်း၊ ထိုင်းအစိုးရက ဘတ်ငွေ ၃ သန်း ကူညီမည်ဟု ကြေညာ ထားပြီး တရုတ် ချစ်ကြည်ရေး အသင်း ၂ သင်းကလည်း ဘေဂျင်းရှိ သံအမတ်ကြီး ဦးတင်ဦးထံ ယွမ် ၁ သိန်း သွားလှူခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လှုပ်ခဲ့သော ငလျင်ကြောင့် ကျပ်သန်း ၃ ထောင်ခန့် (အမေရိကန်ဒေါ်လာ ၃.၆ သန်းခန့်) ဆုံးရှုံး သည်ဟု ရန်ကုန် ကုလ လူမှုကူညီ ကွပ်ကဲမှုရုံး (UNOCHA)မှ တာလေမြို့နယ်ခွဲ ငလျင်ကယ်ဆယ်ရေး ကော်မတီကို ကိုးကား၍ ယခင်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

ယခင်လ ၂၄ ရက်နေ့ ညအချိန် လှုပ်ခတ်ခဲ့သော အင်အား ၆.၈ ရစ်ချတာစကေးရှိ ငလျင်ကြောင့် သေဆုံးသူ ၇၄ ဦး၊ ဒဏ်ရာရသူ ၁၂၅ ဦး၊ အဆောက်အဦးနှင့် အိမ် ၃ဝဝ ကျော်၊ ဆေးရုံ၊ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၅၈ ကျောင်း ပျက်စီးကြောင်း အစိုးရက နောက်ဆုံး ကြေညာခဲ့သည်။ ယင်းနောက်ပိုင်း သေဆုံးမှု စာရင်းကို ထပ်မံ ကြေညာခြင်း မရှိခဲ့ပေ။

တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ မိုင်းလင်း (အရှေ့၊ အနောက်)၊ ကျကူနီ၊ နားယောင်းကျေးရွာအုပ်စု၊ မိုင်းကိုး ကျေးရွာများတွင် လူဦးရေ ၁၅ဝ ကျော်သေဆုံးခဲ့ပြီး လူဦးရေ ထောင်ချီကာ အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, April 6, 2011

အင်တာနက် ဆိုင်များ ရှောင်တခင်စစ်ဆေးခံရ

နရီလင်းလက်
Tuesday, 05 April 2011

ပိတ်ပင်ထားသည့် အင်တာနက် အသုံးပြု၍ တယ်လီဖုန်းခေါ်ဆိုမှုများ ဆက်လက် သုံးစွဲမှု ရှိမရှိကို ရန်ကုန်မြို့ တွင်းရှိ အင်တာနက် ဆိုင်များသို့ ယမန်နေ့တွင် အာဏာပိုင်များက ၀င်ရောက် စစ်ဆေးမှုများ ပြုလုပ် သွားသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်းရှိ ဆူးလေ ၊ ပန်းဆိုးတန်း ၊ လှည်းတန်း ၊ တာမွေ ၊ ကျောက်မြောင်း စသည့် နေရာများ အပါအ၀င် မြောက်ဥက္ကလာ မြို့နယ်တွင် ဖွင့်လှစ်ထားသော အင်တာနက် ဆိုင်များကို ယခု ရက်ပိုင်းအတွင်း အထူး စုံစမ်း စစ်ဆေးရေး(စစစ) မှ တာဝန်ရှိသူများ ၀င်ရောက် စစ်ဆေးခဲ့သည်ဟု အင်တာနက်ဆိုင် ၀န်ဆောင်မှု လုပ်ကိုင်သူများက ပြောသည်။

ပြည်ပသို့ ခေါ်ဆိုရာတွင် အများပြည်သူသုံး Public Access Center (PAC) နှင့် ဆိုက်ဘာ ကဖေးများမှ အများဆုံး အသုံးပြု နေသည့် Skype, G-talk, Pfingo, VZO စသည့် VOIP အသုံးပြု ခေါ်ဆိုနေမှုသည် နိုင်ငံခြား ခေါ်ဆိုမှုမှ ရရှိသည့်ဝင်ငွေ ကျဆင်း စေသောကြောင့် ဆက်လက် အသုံးပြု မခေါ်ဆိုရန် ယခင်လက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။

“မနေ့က အရပ်ဝတ်တွေနဲ့ ဆိုင်ထဲဝင်လာပြီး အင်တာနက်သုံး ဖုန်းမခေါ်ဖို့ ၊ ခေါ်နေတာ တွေ့ရင် တရား ဥပဒေအရ အရေး ယူမယ် ဆိုပြီး ပြောတယ်။ သူတို့ ပါးစပ်ကနေ ပြောတဲ့ ဥပဒေ ဆိုတာပဲ သိရတယ်။ ဘယ်လို ဥပဒေနဲ့ ငြိတယ်ဆိုပြီး မပြောသလို ဘာ ဥပဒေမှန်းလဲ မသိရဘူး”ဟု ဆူးလေ ဘုရားအနီး ဖွင့်လှစ် ထားသည့် အင်တာနက်ဆိုင်မှ တာဝန်ရှိသူ တဦးက ဧရာဝတီကို
ပြောပြသည်။

သူက ဆက်၍ “Gtalk တို့ ၊ VZO တို့ ဆိုတာ အလကားခေါ်ပြီး သုံးနေတဲ့ ၀န်ဆောင်မှု၊ သူတို့ ဘယ်လို ပိတ်ပိတ်၊ သုံးလို့ ဖမ်းမ ယ်ဆို အကုန်ပါမှာပဲ။ Pfingo ကတော့ ပိုက်ဆံပေးခေါ်ရတာ၊ ဆက်သွယ်ရေးအနေနဲ့ ဒီလို အင်တာနက်ကနေ အများစု ခေါ်နေ တော့ နိုင်ငံခြားခေါ်ဆိုမှုကရတဲ့ ၀င်ငွေကျတယ်ဆိုပြီး မခေါ်ရဘူးလုပ်လိုက်တာ ၊ ဆိုင်အများစုက ဒီဝန်ဆောင်မှုပေးပြီး ရပ် တည်နေတာ ဆိုတော့ ထုတ်ချင်တာထုတ် ခိုးပြီး ခေါ်ပေးနေတာတွေ ရှိတယ်။ ဒါကို သူတို့က သိတော့ ကွန်ပျုတာတွေ ၀င်စစ် တဲ့ သဘောပါပဲ” ဟုလည်း ပြောသည်။

အင်တာနက်ဖုန်းခေါ်ဆိုမှု မပြုလုပ်ရန် ပိတ်ပင်လိုက်ပြီးနောက် အင်တာနက်ဆိုင်များရှေ့တွင် ခေါ်ဆိုနိုင်သည့် နိုင်ငံနှင့် ကျသင့် ငွေ ပမာဏများ ပါဝင်သည့် ကြော်ငြာများ၊ ဆိုင်တွင်း နိုင်ငံခြားခေါ်ဆိုနိုင်သည်ဟု ကပ်ထားသည့် စာရွက်များကို ဖြုတ်ချလိုက်ရ သည်ဟု သိရသည်။

“CCTV တွေ အင်တာနက်ဆိုင်တိုင်းမှာ တပ်ရမယ်တုန်းကလည်း အပြလောက်ပဲ တပ်ကြတာ။ သုံးစွဲသူတွေ စိတ်အနှောင့် အယှက်ဖြစ်တော့ ကိုယ့်ဆိုင်မလာတော့ရင် စီးပွားပျက်ပြီလေ။ သူတို့ တခုပြီး တခု စိတ်ကူးပေါက်ရာ လျှောက်လုပ်တာကို ခံရ တာ သုံးစွဲသူနဲ့ ဆိုင်ရှင်ပဲ။ သုံးစွဲသူတွေရှိမှ ဆိုင်က ရပ်တည်လို့ ရမှာ။ လောလောဆယ်တော့ Pfingo တွေကို ဒတ်စတော့ ပေါ်မှာ မတင်ဘဲ ခဏ ဖြုတ်ချထားတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ အင်တာနက်ဆိုင် ၀န်ထမ်းတဦးက ပြောသည်။

ပြည်တွင်းရှိ အင်တာနက်ဆိုင် အများစုတွင် ဖုန်းခေါ်ဆိုမှုကို အဓိက ၀န်ဆောင်မှုပေး ရပ်တည်နေသည့်ဆိုင်နှင့် ပုံမှန် အင်တာ နက် သုံးစွဲမှုအတွက် အဓိက ၀န်ဆောင်မှုပေးသည့်ဆိုင် ဟူ၍ ၂ မျိုး ခွဲနိုင်ကြောင်း သိရသည်။

အဆိုပါ အင်တာနက်ဆိုင် ၀န်ထမ်းက ဆက်၍ “Pfingo နဲ့ Skype ကတော့ အဆင်ပြေသလို အခြေအနေ ကြည့်ပြီး ခေါ်ပေး နေတယ်။ ဖုန်းလိုင်းကနေ နိုင်ငံခြားကို ဖုန်းခေါ်ရင် ဈေး ဒီလောက်ကြီးတာ မွဲသွားမှာပေါ့။ ပြည်ပမှာ အလုပ် သွားလုပ်နေတဲ့ သူနဲ့ ပြည်တွင်းက ဆက်သွယ်ဖို့ဆိုတာ အလွယ်ကူဆုံး ၊ အသက်သာဆုံးက အင်တာနက်က ခေါ်တာပဲ။ ဒီထက် အတင်းအကျပ် လုပ်လာရင်တော့ လုံးဝခေါ်မရတော့တဲ့ အခြေအနေဆိုရင် ပြဿနာတွေ အများကြီးရှိလာနိုင်တယ်”ဟု ပြောသည်။

အင်တာနက်ဆိုင်များတွင် အင်တာနက် အသုံးပြု ခေါ်ဆိုခမှာ စင်ကာပူ၊ မလေးရှားနှင့် အာရှ နိုင်ငံများသို့ ၁ မိနစ်လျှင် ၅၀ ကျပ်၊ အမေရိကန်သို့ ၁ မိနစ်လျှင် ၂၀၀ ကျပ်၊ တောင်အာဖရိကနိုင်ငံသို့ ၁ မိနစ်လျှင် ၄၀၀ ကျပ်နှုန်း ရှိသည်ဟု သိရသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းလိုင်း အသုံးပြုခေါ်ဆိုပါက စင်္ကာပူနိုင်ငံသို့ ၁ မိနစ်လျှင် အမေရိကန် ဒေါ်လာ ၁.၇၅ ဒေါ်လာ(၁၆၀၀ ကျပ်ခန့်)၊ ထိုင်းနိုင်ငံသို့ ၁ မိနစ်လျှင် ၁.၄ ဒေါ်လာ(၁၀၀၀ ကျပ်ခန့်)၊ အမေရိကန်သို့ ၁ မိနစ်လျှင် ၄.၅ ဒေါ်လာ(၃၂၀၀ ကျပ်ခန့်) သတ်မှတ်ထားသည်။

မြန်မာအင်ဖိုတက်ခ်နှင့်နီးစပ်သူတဦးက“လက်ရှိ ဥပမာ ပြရရင် ပြည်တွင်းကနေ အခု Facebook ၀င်ဖို့ ကျော်ပြီး ၀င်နေရတယ်။ Gtalk ကိုလည်း နောင် ဒီလို ဖြစ်အောင် လုပ်သွားမယ့် အလားအလာ ရှိနေတယ်။ အင်တာနက်လိုင်း နှေးအောင်လုပ်ပြီး သုံး မရအောင် ၊ အလွယ်တကူ ၀င်မရအောင် လုပ်တာမျိုးတွေပေါ့”ဟု ပြောသည်။

“စနစ်တွေက အခုတမျိုး တော်ကြာတမျိုးဆိုတော့ လူတွေက သူတို့ကို မီအောင်လိုက်နိုင်ဖို့ တော်တော် မလွယ်ဘူး။ ဒီလို ခဏ ခဏ ပြောင်းလို့ လဲ ဘာမှ ဖြစ်မလာတာ။ တခု ပြောင်းလို့ အထိုင် မကျသေးဘူး။ နောက် နည်းစနစ် တခု ပြောင်း။ အရင် က (PAC) လိုင်စင်ထုတ်ပေးတာနဲ့ ပတ်သက်ပြီး မြန်မာအင်ဖိုတက်ခ်ကို လုပ်ခွင့်ပေးထားတာကနေ အကျိုးအမြတ် အများကြီးရနိုင်တယ်ဆိုတာ သိတော့ ဆက်သွယ်ရေးက သူတို့ပဲ လိုင်စင်ချပေးတာ လုပ်တော့မယ်ဆိုပြီး ပြန်ယူသွားပြန်ပြီ”ဟု ၎င်းက ဆက် ၍ ပြောသည်။

မြန်မာအင်ဖိုတက်ခ်မှ ဆောင်ရွက်လျက် ရှိနေသည့် အများသုံး အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း(PAC) လိုင်စင် များနှင့် သက် ဆိုင်သော ကိစ္စရပ်များကို ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ယခုလဆန်းမှ စတင်၍ လွှဲပြောင်း ရယူခဲ့ကြောင်း သတင်းရ ရှိသည်။

မြန်မာအင်ဖိုတက်ခ်နှင့်နီးစပ်သူ နည်းပညာရှင်တဦး က“ဆက်သွယ်ရေးက လွှဲယူလိုက်တယ် ဆိုပေမယ့် မြန်မာ အင်ဖိုတက်ခ် က လက်ခံထားတဲ့ လိုင်စင် တချို့ကို လက်စ သတ်လုပ်ပေးနေတယ်။ အစိုးရသစ် တက်လာပြီး မူဝါဒ အပြောင်းအလဲ ရှိနေတော့ ဆက်လုပ်ခွင့် ပေးသွားမလား မပေးဘူးလား ဆိုတာ မသေချာဘူး”ဟု ပြောသည်။

“သေချာတာတခုကတော့ အင်ဖိုတက်ခ်မှာ ရှယ်ယာဝင်ထားတဲ့ လုပ်ငန်းရှင်တွေက သိပ်မကျေနပ် ကြဘူး။ ဒီနှစ် အတွက် ရှယ်ယာ ၀င်ထားတဲ့ ပိုက်ဆံတွေ အကျိုးအမြတ်ရလို့ ထုတ်တဲ့ အချိန်လည်းဖြစ်တော့ နောက်နှစ် သူတို့ကို လုပ်ခွင့် မပေးတော့ဘူး ဆို ရှယ်ယာတွေ ပြန်ထုတ်ပြီး တခြားလုပ်ငန်း ပြောင်းလုပ်ရတော့မယ်”ဟုလည်း သူက ပြောသည်။

ယခင်က မြန်မာအင်ဖိုတက်ခ် ကော်ပိုရေးရှင်း လီမိတက်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် PAC လိုင်စင်ထုတ် ပေးသည့် ၀န်ဆောင်မှုကို တဦးတည်း လုပ်ကိုင်ခွင့်ရရှိထားပြီး နည်းပညာ နယ်ပယ်တွင် ပထမဆုံးသော အများပိုင်ကုမ္ပဏီ ဖြစ်ပြီး နိုင်ငံတော်အဆင့် စီးပွားရေးလုပ်ငန်းများကို ပါဝင်လုပ်ကိုင်ခွင့် ရနေသည်။

ယမန်နှစ် မတ်လက မြန်မာအင်ဖိုတက်ခ်၏ နှစ်ပတ်လည် အစီရင်ခံစာအရ ကုမ္ပဏီ၏ ဝင်ငွေ ကျပ်သိန်း ၈၀၀၀ ကျော် ရရှိခဲ့ကြောင်း၊ PAC များမှရရှိသည့် ၀င်ငွေသည် ကျပ်သိန်း ၃၅၀၀ ၀န်းကျင်ဖြင့် အများဆုံးရကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ထိ မြန်မာအင်ဖိုတက်ခ်၌ မှတ်ပုံတင်ထားသော PAC စင်တာအရေ အတွက်မှာ စုစုပေါင်း ၈၀၂ ခုရှိပြီး ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်း၌ ၅၅၇ ခု၊ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပြင်ပ၌ ၂၇ ခု၊ မန္တလေးမြို့ ၌ ၂၁ ခုနှင့် အခြားသော မြို့များ၌ ၁၉၇ ခု အစရှိသဖြင့် စုစုပေါင်း ၈၀၂ ခုရှိသည်။

Ref: ဧရာဝတီ်

Read More...

အက်စ်အက်စ်အေ မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ စစ်တပ်များ တိုက်ပွဲ ကျယ်ပြန့်

2011-04-05

SSPP/SSA ရှမ်းပြည်တပ်မတော် အက်စ်အက်စ်အေ မြောက်ပိုင်း တပ်တွေနဲ့ မြန်မာ စစ်တပ်တွေ ဟာ အရင်က ရှမ်းပြည် အလယ်ပိုင်း၊ အက်စ်အက်စ်အေ မြောက်ပိုင်း ဌာနချုပ်ရှိရာ ဝမ့်ဟိုင်း ဒေသ အနီးမှာ တိုက်ပွဲတွေ ဖြစ်နေရာက အခုအခါ လားရှိုး၊ သီပေါနယ် အထိ ပျံ့နှံ့လာတယ်လို့ ရှမ်းတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်ကလည်း အခုလို ပြောပါတယ်။

“အစကတော့ လေးငါးမြို့နယ်ပေါ့ ဥပမာ မိန်းမော၊ မိန်းရိုင်၊ တန့်ယန်း၊ မိုင်းရှူး၊ မိန်းနောင်ပေါ့၊ အခုဟာက ၁၀ မြို့နယ် ၁၁ မြို့နယ် အထိ ပြန့်သွားပြီလို့ ပြောနိုင်တယ် ဥပမာ လားရှိုးမြို့နယ် သီပေါမြို့နယ်ပါတယ် အခု နမ့်ဆန် မြို့နယ်လည်း ဖြစ်နေပြီ တပ်မဟာ ၃ လှုပ်ရှားတဲ့ နယ်မြေတွေကို သူတို့ တပ်တွေ ဖြန့်ကျက် လှုပ်ရှားနေတယ်။ အဲဒါကြောင့် နအဖ တပ်က အက်စ်အက်စ်အေ ထိမ်းချုပ် နယ်မြေထဲကို လာပြီးတော့ ကျူးကျော် တိုက်ခိုက်တယ်။ စစ်ဆင်ရေး လုပ်တယ်။ ၃ ရက်နေ့က မန္တလေးဖက်က ကျောက်မဲ၊ လားရှိုးအထိ အစီးပေါင်း ၇၀၊ ၈၀၊ နအဖ တပ်တွေ အသစ်တွေ ဗမာပြည်ကနေ ဖြည့်တင်းနေတယ်။”

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့အနီးမှာလည်း လွန်ခဲ့တဲ့ လကုန်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲတွေ အားလုံးမှာ ရှမ်းတပ်ဖွဲ့တွေက ပြောက်ကျား စနစ်နဲ့ ပြန်လည် တိုက်ခိုက် တာကြောင့် မြန်မာ အစိုးရ တပ်ဖက်က ထိခိုက် ကျဆုံးတာ ပိုများတယ်လို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။

“နမ့်ဆန်မြို့ရဲ့ အရှေ့တောင်ဖက်လောက်မှာ ကျမယ်။ အဲဒါ ၂၈ရက် ၂၉ ရက်နေ့တုံးက ဖြစ်တယ် နအဖဖက်က တော်တော် အသေ အပျောက် များတယ်။ အရပ်သတင်း အရတော့ နအဖဖက်က အနည်းဆုံး ၁၀ ယောက်ကျော်ကျော် ကျတယ် ။ အက်စ်အက်စ်အေ ဖက်ကလည်း ၂ယောက် ၃ ယောက်ကျတယ်။ အဲဒါ တကယ့်ကို တိုက်ပွဲကြီးပဲ။ လေးငါး နာရီလောက် ကြာတယ် ပြောတယ်။ နအဖ ဖက်က အကျအဆုံး များတယ်ဆိုတာ မတ်လ ၁၃ ရက်နေ့ကနေ မနေ့က ဧပြီလ ၄ ရက်နေ့အထိ အားလုံး ခြုံကြည့်လိုက်ရင် အနည်းဆုံး ၅၀ လောက်တော့ ကျဆုံး သေကျေ နိုင်တယ်လို့ သုံးသပ် နိုင်တယ် နအဖ ဖက်ကပေါ့လေ။”

အခုအခါ အက်စ်အက်စ်အေ မြောက်ပိုင်း ဝမ်ဟိုင်းဌာနချုပ်ရဲ့ အနောက်ဖက် ကျေးသီးမြို့၊ တောင်ဖက် ရှိမိန်းနောင်မြို့၊ အရှေ့တောင် ဖက်ရှိ မိုင်းရှူးနဲ့ မြောက်ဖက်က မိန်းရိုင် လာရှိုးဖက်ကနေ ဌာနချုပ်ကို တိုက်ခိုက်ဖို့ မြန်မာ စစ်အစိုးရ တပ်တွေ အလုံးအရင်းနဲ့ အင်အား ဖြည့်တင်း နေတယ်လို့လည်း သိရပါတယ်။

Ref: RFA News

Read More...

ကြံ့ဖွံ့ထိပ်ပိုင်းခေါင်းဆောင်များအကြား မကျေနပ်မှုများရှိ

Tuesday, 05 April 2011

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ထိပ်ပိုင်း ခေါင်းဆောင်များ အကြားတွင် လုပ်ပိုင်ခွင့် အာဏာ ခွဲဝေမှုနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများနှင့် မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ယင်း အာဏာခွဲဝေမှု ပြဿနာတွင် ယခင်ဝန်ကြီးဖြစ်ခဲ့သော ကြံ့ဖွံ့ပါတီခေါင်းဆောင် များသည် အစိုးရ သစ်တွင် ၀န်ကြီး နေရာ ပြန်လည် မရရှိခြင်းလည်း ပါဝင်သည်ဟု ကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းနှင့် လွှတ်တော် အမတ်များက ပြောဆိုကြသည်။

ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသား လွှတ်တော်အမတ် တဦးက “အရင် ၀န်ကြီးဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက လက်ရှိ အခြေအနေကို သိပ်ပြီး ကြိုက်ပုံမရဘူး။ သူတို့က ပါတီမှာပဲ ကျန်ခဲ့တာလေ။ မတ် ၃၀ ရက် အာဏာလွှဲတဲ့ နေ့ကဆိုရင် အစိုးရသစ်မှာ မပါတဲ့ ၀န်ကြီးတွေ အကုန်လုံး မျက်စိပျက်၊ မျက်နှာပျက်နဲ့ လွှတ်တော် တက်ခဲ့ကြတယ်။ သူတို့ ပုံစံတွေ ကြည့်တာနဲ့ကို သိသာပါတယ်” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီတွင် ကျန်ခဲ့သော အစိုးရ ၀န်ကြီးဟောင်းများသည် ပါတီ၏ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများကို ဦးစီး ရမည်ဖြစ်သော် လည်း လက်ရှိ ရင်ဆိုင်နေရသော အခြေအနေကို မရောင့်ရဲ မကျေနပ်နိုင်ဘဲ ဖြစ်နေကြောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် နီးစပ်သည့် ကြံ့ဖွံ့ပါတီ မြို့နယ် ဥက္ကဋ္ဌ တဦးက ပြောဆိုသည်။

“အစိုးရ၀န်ကြီးဘ၀က အဆောင်အယောင်နဲ့ နိုင်ငံတော်ကားစီးခဲ့ရတဲ့ နေရာကနေ ကိုယ်ပိုင် ကားစီးရပြီ ဆိုတော့ အနည်းနဲ့ အများ စိတ်ထိခိုက်တယ်။ ပုံမှန် ရုံးတက်နေတဲ့ ဘ၀ကနေ အရပ်သား ဘ၀ကို ပြန်ရောက်တော့ ဘာလုပ်ရမှန်း မသိ ဖြစ်ကုန်တယ်။ အမိန့်ကို မလွန်ဆန် နိုင်လို့သာ၊ ပြုတ်သွားတဲ့ ၀န်ကြီးတွေက ကျေနပ်ပုံမရဘူး”ဟု ၎င်းက ဆိုသည်။

ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်း တို့သည် ရန်ကုန်မြို့တွင် လူမှုရေး ဆိုင်ရာ အခမ်း အနားများ တက်ရောက် နေကြပြီး ဧပြီလ၂ ရက်နေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပသော ဖျာပုံမြို့မှ ရေလုပ်သားများ အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်ကာ အလှူငွေ ပေးအပ်ခဲ့ကြောင်း၊ ယင်းသို့ အခမ်းအနား အတူ တက်ရောက် ခဲ့သော်လည်း ဦးဌေးဦးနှင့် ဦးအောင်သိန်းလင်းတို့ နှစ်ဦးမှာ စကားပြောဆိုခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် နေပြည်တော်၌ လွှတ်တော်အစည်းအဝေးများ ကျင်းပချိန်တွင် ကြံ့ဖွံ့ပါတီမှ လွှတ်တော် အမတ်များသည် မိမိတို့ တင်ပြ လိုသော အဆိုများ၊ မေးခွန်းများ၊ ဥပဒေများကို လွှတ်တော်တွင် တင်ပြခွင့် မရကြဘဲ ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ကသာ ချထားပေးသည့် မေးခွန်းနှင့် အဆိုများကို မေးမြန်း တင်သွင်းရခြင်း၊ ပါတီ ဗဟိုဦးစီးအဖွဲ့မှ ခွင့်ပြုချက် ယူရခြင်းများ ပြုလုပ်ရကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။

“လွှတ်တော်တက်တာလည်း ရက်ကြာလာတော့ ကြံ့ခိုင်ရေးက အမတ်တွေနဲ့ ရင်းနှီးလာတယ်။ အဲဒီတော့ ကျနော်က မေးကြည့် တယ်။ ကြံ့ခိုင်းရေး အမတ်တွေက အဆိုတွေ၊ မေးခွန်းတွေ မတင်ဘူးလား ဆိုတော့ သူက ပြန်ဖြေတယ်။ ကြံ့ခိုင်ရေးမှာက ဗဟိုဦးစီး စနစ် ကျင့်သုံးတယ်။ အဆိုတွေ၊ မေးခွန်းတွေ တင်ချင်တိုင်း တင်လို့မရဘူး။ ဗဟိုက ချပေးတာကို တင်ချင်တင်၊ ကိုယ်တင်ချင်တာ ဆိုရင် ဗဟိုက ခွင့်ပြုချက် ယူရမယ် ပြောတယ်”ဟု အထက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ်အများစုသည် လွှတ်တော်တွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရခြင်းနှင့် ပါတီတွင်း ဗဟို ဦးစီး စနစ်ဖြင့် အုပ်ချုပ်မှုများ အပေါ် လွန်စွာ စိတ်ပျက်လျက် ရှိကြောင်းလည်း စုံစမ်း သိရှိရသည်။

“ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်ဆိုပေမယ့် တချို့ကစီးပွားရေး လုပ်ငန်းရှင်တွေ၊ ဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေ၊ ဗိုလ်မှူးကြီး
ဟောင်းတွေ ပါတယ်။ တက္ကသိုလ်က ပါမောက္ခဟောင်း တွေလည်း ပါတယ်။ သူတို့ကတော့ လွှတ်တော်မှာ ဘာမှ လုပ်ခွင့်မရတာ စိတ်ပျက်တယ်လို့ ညည်းတယ်။ ပါတီက အရင် မဆလ ပါတီလို ပုံစံမျိုး ဖြစ်နေတယ်လို့ ပြောတယ်။ သူတို့က အဲဒီစနစ်ကို သဘော မတူ၊ မကြိုက်ဘူး”ဟု တိုင်းရင်းသား လွှတ်တော်အမတ် တဦးက ပြောသည်။

Ref: ဧရာဝတီ်

Read More...

နှစ်ခြမ်းကွဲတာမဟုတ်ဟု ဦးခင်မောင်ဆွေပြော

မျိုးသန့် |
အင်္ဂါနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအားစုမှ သင်္ကန်းကျွန်း လွှတ်တော် အမတ် ဦးသိန်းညွန့် ဦးဆောင်သော အင်အားစု အချို့ ပဲ့ထွက် သွားခြင်းသာ ဖြစ်၍ NDF နှစ်ခြမ်းကွဲသည် ဆိုခြင်းအပေါ် မဆီလျော်ကြောင်း ဗဟို ဦးစီး ကော်မတီဝင် ဦးခင်မောင်ဆွေက အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။

“နှစ်ခြမ်းကွဲတယ်ဆိုတာ မျှတူညီတူ ကွဲရမယ်၊ ဗဟိုဦးစီး ကော်မတီ အဖွဲ့ထဲမှာ ၂ဝ ရှိရင် ဟိုဘက်ဒီဘက် ၁ဝ စီ ရှိရမယ်လေ၊ ဟိုဘက် ၁၅ ယောက် ဒီဘက် ၁ဝ ယောက် အဲဒီလို ကွဲမှသာလျှင် ကွဲတယ် ခေါ်တာကိုးဗျ၊ သူ့ဟာသူ ကွဲတယ်လို့ ပြောတဲ့ဟာက အဓိပ္ပာယ် မရှိပါဘူး၊ ကျနော်တို့နဲ့ ကွဲစရာ အကြောင်းလဲ မရှိပါဘူး၊ အဲဒီတော့ NDF နှစ်ခြမ်းကွဲတယ် ဆိုတာ မဟုတ်ဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစုဝင် ၈ ထောင်ကျော်နှင့် ဗဟိုကော်မတီဝင် ၆၁ ဦးအနက် ပါတီဝင် ၁ဝဝ ခန့် ပဲ့ထွက် သွားသည်ဟု ယုံကြည် ရသည်။ သို့သော် ခွဲထွက်အဖွဲ့က အင်အားကို ပြောရန် ငြင်းဆိုသည်။ တိုင်း ၇ ခုနှင့် ပြည်နယ် ၄ ခုရှိ မြို့နယ်များတွင် NDF ပါတီ ရုံးခွဲများ ဖွင့်လှစ်ထားသည့် အနက် သင်္ကန်းကျွန်း အင်အားစုက ဦးသိန်းညွန့်ဘက် ပါသွားသည်။

“NDF အခြေအနေက ဆွေငြိမ်း (ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း) ခေါင်းဆောင်တဲ့ အုပ်စုကတစု သင်္ကန်းကျွန်း အခြေစိုက်တဲ့ ကျနော် ဦးဆောင်တဲ့ အစုက တစု နှစ်စု ဖြစ်သွားပြီ၊ ဆွေငြိမ်း အုပ်စုနဲ့ သင်္ကန်းကျွန်း အုပ်စု မတူတော့ဘူးပေါ့၊ နှစ်ခြမ်း ကွဲတယ်ပဲ ပြောပြော နှစ်အုပ်စုပဲ ပြောပြော ကြိုက်သလို ဘာသာ ပြန်လို့ရတယ်” ဟု ဦးသိန်းညွန့်က ပြောသည်။

ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသားလွှတ်တော်အမတ် ဦးဘုန်းမြင့်အောင်၊ သင်္ကန်းကျွန်း မဲဆန္ဒနယ် ၁ မှ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အမတ် ဦးကျော်၊ သင်္ကန်းကျွန်း မဲဆန္ဒနယ် ၃ မှ ဒေါ်စန်းစန်းမြင့် နှင့် သင်္ကန်းကျွန်း NDF ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ လသာ ပြည်သူ့ လွှတ်တော်အမတ် ဦးကြည်မြင့် တို့လည်း သင်္ကန်းကျွန်း ဦးဆောင်မှု အဖွဲ့တွင် ပါဝင်သည်။

သင်္ကန်းကျွန်းအခြေစိုက် အမျိုးသားဒီမိုကရေစီအင်အားစုဟု ပါတီနာမည် အသစ်ကို သုံးရန် ခွဲထွက် သူများက စီစဉ်ထားသည်။

NDF ဒုတိယ ဥက္ကဋ္ဌဟောင်း ဦးသိန်းညွန့်မှာ ၂ဝ၁ဝ နိုဝင်ဘာ ၁၇ ရက်ကတည်းက ပါတီမှ ထုတ်ပယ် ခံရပြီး ဖြစ်သည်။
ပါတီတွင်း ကိစ္စများကို မီဒီယာသို့ တာဝန်မဲ့ ပြောဆိုခြင်း၊ ပါတီ ဘဏ္ဍာရေး ကိစ္စများကို မီဒီယာများသို့ ပြောဆိုသည့် စွပ်စွဲချက်များဖြင့် ထုတ်ခံရသည်။

ဦးသိန်းညွှန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြန်လည်ပူးပေါင်းလိုကြောင်း လေသံ ပစ်ထား သော်လည်း ရွေးကောက်ပွဲ ဝင်ဖို့ လိုသည်ဟု ဆိုသည်။

“NLD ထဲက ရွေးကောက်ပွဲ လမ်းကြောင်းကို ပြန်ဝင်မယ့် ရဲဘော်တွေ၊ အထူးသဖြင့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်မယ့် ရဲဘော်တွေ အားလုံးကို ကျနော် ပူပေါင်း ကူညီ ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်။ ရွေးကောက်ပွဲ လမ်းကြောင်းကို ရွေးလာမယ် ဆိုရင်လဲ ကျနော့်မှာရှိတဲ့ အင်အားတွေကို ဘာလုပ်ရမယ် ဆိုတာ ပြင်ဆင် ထားပြီးပါပြီ” ဟု သူက ပြောသည်။

ရွေးကောက်ပွဲဝင်ရေး မဝင်ရေး သဘောကွဲပြီးနောက် ပါတီခွဲထောင်သွားကြသော NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ ကတော့ လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြန်လည် ပေါင်းစည်းရေး လောလောဆယ် အနေအထားတွင် ဝေးနေ သေးသည်ဟု ဆိုသည်။

“ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက်မှာတော့ တူသော်လဲပဲ သွားပုံ သွားနည်းမှာ နည်းနည်း ကွာနေတယ်၊ သူတို့က တိုက်ရိုက် သွားတယ်ဗျ၊ ကျနော်တို့က တိုက်ရိုက် မသွားဘူး၊ လူတိုင်းလူတိုင်းဟာ ဆင်းရဲမွဲတေမှု ပညာမတတ်မှု၊ အလုပ်အကိုင် မရှိမှု ဆိုတဲ့ လူမှုရေး နာကျင်မှုတွေကို ဖြည့်စည်း ပြီးတော့မှ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို ရောက်မယ်လို့ ကျနော်တို့ ယူဆတဲ့ အတွက်ကြောင့် အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတဲ့ မူဝါကို ချထားတာဖြစ်တယ်၊ NLD က တန်းပြီးတော့ သွားတာ ဖြစ်တယ်။ ကျနော်တို့က တထောက် နားပြီးတော့မှ သွားတာဖြစ်တယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ညီညွတ်မှုအားနည်းသည်ဟု အပြစ်တင်ခံနေရသော NDF ပါတီတွင် မတ်လ လွှတ်တော်တွင်း ဆွေးနွေးမှုများ အတွင်း ပါတီတူ အမတ် အချင်းအချင်း အဆိုပြုချက်များကို ပြန်လည် ကန့်ကွက်မှုများ ဖြစ်ပေါ် ခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

ရေနံချက်စက်ရုံတည်ရန် ဦးပိုင်နှင့် တရုတ်စာချုပ်ချုပ်

ကိုဝိုင်း |
အင်္ဂါနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ တနှစ်လျှင် ရေနံစိမ်းတန်ချိန် ၅ သန်းချက်နိုင်မည့် ရေနံချက် စက်ရုံနှင့် ဓာတ်ဆီနှင့် ရေနံ ဓာတ်ငွေ့ရည် ဖြန့်ဖြူးရေး ဌာနများ တည်ဆောက်မည့် စီမံကိန်းအတွက် တရုတ် နိုင်ငံနှင့် မြန်မာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ သက်တမ်းတိုး စာချုပ် တနင်္လာနေ့က လက်မှတ် ထိုးသည်။

ဦးသိန်းစိန် အစိုးရသစ်ကို အာဏာလွှဲပြီးနောက် ပထမဆုံးရောက်ရှိလာသော နိုင်ငံခြား ဧည့်သည်တော် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင် ကျာချင့်လင် ခရီးစဉ်အတွင်း Guandong Zhenrong Energy ကုမ္ပဏီ ဥက္ကဋ္ဌ Xiong Shohui နှင့် စီးပွားရေး ဦးပိုင် လီမိတက်၏ အကြီးအကဲသစ် ဗိုလ်မှူးချုပ် ဇာနည်ဝင်းတို့ နေပြည်တော်တွင် လက်မှတ် ရေးထိုးကြသည်။

ထို့အပြင် တရုတ်ယွမ်ငွေ ဘီလျံ ၃ဝ (ဒေါ်လာ ၄.၅ ဘီလျံ) အတိုးမဲ့ချေး ငွေမှ “ပထမအသုတ်” ချေးငွေ သဘောတူ စာချုပ်ကို ဘဏ္ဍာ/အခွန် ဝန်ကြီးဌာန မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တရုတ်အစိုးရ သွင်းကုန်/ထုတ်ကုန် ဘဏ် ဥက္ကဋ္ဌ တို့ လက်မှတ်ထိုးကြသည်ဟု အင်္ဂါနေ့ထုတ် နိုင်ငံပိုင် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်က ချင်းတွင်းမြစ်အနောက်ဖက်ရှိ စပယ်တောင်၊ စပယ်တောင် (တောင်) နှင့် ကြေးစင်တောင် သတ္တု တွင်းများမှ ကြေးနီ ထုတ်လုပ်မှုမှ အချိုးကျ ရယူရန်လည်း သဘော တူညီခဲ့ကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ သန်း ရှစ်ထောင်ကျော်အထိ ရင်းနှီး မြှုပ်နှံထားပြီး ဒေါ်လာသန်း ငါးထောင်တန် ရေအားလျှပ်စစ် စီမံကိန်းများနှင့် ဒေါ်လာ သန်း နှစ်ထောင်ခန့် တန်သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများ ပါဝင်သည်။

ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ဝန်ကြီးများနှင့် နေပြည်တော်၌ သီးခြား တွေ့ဆုံစဉ် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီဝင် နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်နှင့် အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ကျာချင့်လင်က နှစ်နိုင်ငံ ဆက်ဆံရေး တိုးချဲ့သွားမည် ပြောကြောင်း အစိုးရ သတင်းစာက ဖော်ပြသည်။

ကျာချင့်လင်သည် တရုတ်နိုင်ငံတွင် သမ္မတ၊ ဝန်ကြီးချုပ်နှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဥက္ကဋ္ဌ ပြီးလျှင် စတုတ္ထ အရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေး ကိစ္စရပ်များလည်း အလေးထား ဆွေးနွေးခဲ့ကြကြောင်း တရုတ်-မြန်မာ နယ်စပ် အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။


Ref: မဇ္ဈိမ

Read More...

အိုင်ဗရီကို့စ် သမ္မတ အာခံနေဆဲ

အင်္ဂါ, 05 ဧပြီ 2011

အိုင်ဗရီကို့စ်နိုင်ငံမှာ အာဏာကနေ ဆင်းမပေးသေးတဲ့ သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) က သူ့အနေနဲ့ လက်နက်ချဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောလိုက် ပါတယ်။ ဒါပေမဲ့ အခု သူက သူ့ရဲ့ပြိုင်ဘက်က တိုက်ခိုက်မှုတွေကို အကာ အကွယ် ယူထားတဲ့ အနေနဲ့ ကတုတ်ကျင်းထဲမှာ ရောက်နေတာပါ။

ပြင်သစ် ရုပ်မြင်သံကြား LCI က တယ်လီဖုန်းဆက်ပြီး အမေးအဖြေ လုပ်တဲ့ အခါမှာ မစ္စတာ ဘက်ဂ်ဘိုက ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ သူပဲလို့ ပြောနေတုန်းပါပဲ။ သူ့ရဲ့ပြိုင်ဘက် အလက်ဆန်း ၀ါတာရာ (Alassane Ouattara) ကို သမ္မတ အဖြစ် အသိအမှတ် မပြုနိုင်ဘူးလို့လည်း ဆိုပါတယ်။

မစ္စတာ ဘက်ဂ်ဘိုဟာ သူအာဏာကနေ ဆင်းပေးပြီး ညှိနှိုင်းမှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းတွေ သံတမန် အသိုင်း အ၀ိုင်းနဲ့ အစိုးရ အရာရှိတွေဆီက ထွက်လာခဲ့ပြီး နောက်ပိုင်း အခုလို သူ အာဏာစွန့်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ အကြောင်း ထွက်လာတာပါ။ သံတမန်တွေ ပြောကြတာက ညှိနှိုင်းမှုတွေက မနေ့က အင်္ဂါနေ့ ညနေပိုင်းအထိ ရှိနေတယ်၊ မစ္စတာ ဘက်ဂ်ဘိုနဲ့ သူ့ရဲ့မိသားစုက ကတုတ်ကျင်းထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အိုင်ဗရီကို့စ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မစ္စတာ ၀ါတာရာက အနိုင်ရတဲ့ သမ္မတ အဖြစ် နိုင်ငံ အများစုက အသိအမှတ် ပြုထားပါတယ်။ ပြင်သစ်နဲ့ ကုလသမဂ္ဂ အဖွဲ့က အာဏာက မဆင်းပေးသေးတဲ့ မစ္စတာ ဘက်ဂ်ဘိုကို အာဏာ စွန့်ပေးကြောင်း သဘော တူညီချက်နဲ့ မစ္စတာ ၀ါတာရာကို သမ္မတအဖြစ် လက်ခံတယ် ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ် ထိုးပေး စေချင်နေတာပါ။ တကယ်လို့ မစ္စတာ ဘက်ဂ်ဘိုက လက်နက် ချချင်တယ် ဆိုရင် ကုလသမဂ္ဂက အကာအကွယ် ပေးမယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ တပတ်ကျော်ကတည်းက မစ္စတာ ၀ါတာရာကို ထောက်ခံတဲ့သူတွေက အိုင်ဗရီကို့စ် နိုင်ငံတ၀န်း မစ္စတာ ဘက်ဂ်ဘို ထောက်ခံရေး သမားတွေကို ခုခံ တိုက်ခိုက် ခဲ့ကြလို့ တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။ မနေ့ကတော့ အဘစ်ဂျန် (Abidjan) မြို့မှာ တိုက်ပွဲတွေ အရှိန် လျော့သွားပါတယ်။

Ref: VOA News

Read More...

မြန်မာ ၄၀ ကျော် မလေးထိန်းသိမ်းရေးစခန်းက ထွက်ပြေးလွတ်မြောက်

ဦးကျော်ထင်
အင်္ဂါ, 05 ဧပြီ 2011

မလေးရှားနိုင်ငံ၊ နဂရီဆာဘီလန် ပြည်နယ်က လင်ဂန်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းမှာ မနေ့ညက မီးရှို့ ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး စခန်းထဲမှာ ထိန်းသိမ်း ထားတဲ့ မြန်မာလူမျိုးတွေ အပါအဝင် တရားမဝင် နေထိုင်ကြသူတွေ ထွက်ပြေး လွတ်မြောက် သွားပါတယ်။ အဲဒီနောက်မှာတော့ စခန်းတွင်း သောက်သုံးရေ ဖြတ်တောက်တာတွေ၊ လုံခြုံရေး တင်းကျပ်တာတွေ ရှိလာပါတယ်။ ထွက်ပြေး လွတ်မြောက်သွားသူ အများစုဟာ မြန်မာ နိုင်ငံသားတွေ ဖြစ်ကြတာကြောင့် တရားမဝင် မြန်မာတွေရှိတဲ့ ရပ်ကွက်တွေမှာ လုံခြုံရေး တင်းကျပ် လာနိုင်တယ်လို့ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

နဂရီဆာဘီလန်ပြည်နယ်၊ လင်ဂန်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းမှာ မီးရှို့ ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး လူ ၁၀၉ ဦး ထွက်ပြေး လွတ်မြောက် ခဲ့ရာမှာ ထက်ဝက်ကျော်က မြန်မာ နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီစခန်းမှာ မြန်မာနိုင်ငံသား ၄၅၀ အပါအ၀င် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်နဲ့ ဗီယက်နမ် စုစုပေါင်း အကျဉ်းသား ၁,၁၀၀ ကျော် ရှိပါတယ်။

ဆူပူမှု ဖြစ်ခဲ့တာကြောင့် ဒီကနေ့မှာ သောက်သုံးရေ ဖြတ်တောက်ပြီး လုံခြုံရေး တင်းကျပ် ထားတယ်လို့ လင်ဂန်း စခန်းမှာ ထိမ်းသိမ်း ခံနေရတဲ့ ကိုဇူလိုင်က ပြောပါတယ်။

“အခုလောလောဆယ် ရေဖြတ်တာက ဒီနေ့ပေါ့၊ ဒီနေ့ကစတာ။ ဟိုရက်တွေက ပြတ်တော့ ပြတ်တယ်၊ ဒါပေမဲ့ အချိန်ပိုင်းလေး လာတာရှိတယ်။ ခုက လုံးဝကို ဖြတ်ထားတာ။ သောက်ရေလည်း မလာဘူး၊ သုံးရေလည်း မလာဘူး။ အစား အသောက်တွေ ကတော့ ဒီတိုင်းပဲ၊ ထမင်းနဲ့၊ ငါးနဲ့ ဒီတိုင်းပဲ စားရတာပဲ၊ တခြား ဘာမှမပါဘူး။”

ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ထွက်ပြေးသွားသူတွေထဲက အယောက် ၃၀ ကို ပြန်ဖမ်းမိတယ်လို့ ပြည်ထဲရေး ၀န်ကြီး ဌာနက ထုတ်ပြန် ခဲ့ပြီး ထွက်ပြေးသူ အများစုဟာ မြန်မာ နိုင်ငံသားတွေ ဖြစ်တယ်လို့လည်း အစိုးရထုတ် ဘနားမား အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

စခန်းရဲ့ နေထိုင်စားသောက်မှု ညံ့တာရယ်၊ ကာလရှည် ထိန်းသိမ်း ခံရတာတွေ အပေါ် မကျေနပ်တာကြောင့် အခုလို ဆန္ဒ ပြကြတာလို့ ကိုဇူလိုင်က ဆိုပါတယ်။

“ထောင်ထဲမှာ လူတွေက ပြည့်ကျပ်ပြီး ချောင်းဆိုးတာတို့၊ ကျန်းမာရေး ဆိုးဆိုး ၀ါးဝါး ဖြစ်တာတို့ တော်တော် များများ ဖြစ်နေတယ်။ ကျနော်တို့ တောင်းဆိုတာ သောက်သုံးရေလည်း မရဘူးဗျာ၊ တခြား စားသောက် ရတာလည်း အဆင်မပြေဘူး၊ ကျန်းမာရေး စောင့်ရှောက်မှုကလည်း မကောင်းဘူး။ အဲဒါတွေ တောင်းဆိုတာပါ။ နောက် UN နဲ့ပတ်သက်လို့ UN ကတ် ကိုင်ထား သူတွေကလည်း ၁ နှစ်သမားတွေ၊ ၂ နှစ်သမားတွေ၊ အများကြီးရှိတယ်၊ UN စောင့်နေတာ။ အဲဒါတွေ တောင်းဆိုတာ၊ သူတို့က လုံးဝ ထုတ်မပေးဘူး၊ ဒီအထဲထဲမှာပဲ ထည့်ထားတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ပေါက်ကွဲတာပေါ့။”

ထွက်ပြေး လွတ်မြောက်သွားသူတွေကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ အာဏာပိုင်တွေ ဘက်က စခန်း အနီးနား တ၀ိုက်မှာ လုံခြုံရေး တင်းကျပ် ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲမှာလည်း ကွာလာလမ်ပူအနားက စမုန်ညှင်း ထိန်းသိမ်းရေးစခန်းမှာ ဆူပူ ဆန္ဒပြမှုတွေ ဖြစ်ပြီး မြန်မာ နိုင်ငံသားတချို့ လွတ်မြောက် သွားခဲ့ပါတယ်။ အဲဒီတုန်းကလည်း ထွက်ပြေး သူတွေကို ပြန်ဖမ်းမိအောင် တရားမ၀င် နေထိုင်တဲ့ မြန်မာ အသိုင်းအ၀ိုင်းကို လုံခြုံရေး တင်းကျပ်ခဲ့ပါတယ်။ အခု တကြိမ်လည်း အလားတူ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေလည်း ရှိနေပါတယ်။

NLD မလေးရှားဌာနခွဲက ကိုအောင်ကျော်ဆန်းက ဒီကိစ္စကြောင့် အော်ပရာစီလို့ ခေါ်တဲ့ တရားမ၀င် နိုင်ငံခြားသား ဖမ်းဆီးရေး စီမံချက်တွေ တိုးလာ နိုင်တယ်လို့ ဆိုပါတယ်။

“အခု အော်ပရာစီ ငြိမ်နေတာက ဒီ တလနှစ်လအတွင်း တော်တော်ငြိမ်တယ်။ ဒါပေမဲ့ အခု ဒီလို ဖြစ်သွားတယ် ဆိုရင် နောက်ပိုင်း ပိုက်စိတ်တိုက်ပြီးတော့ လုပ်ရင် လုပ်လိမ့်မယ်၊ အကြီးအကျယ် လုပ်လိမ့်မယ်၊ အော်ပရာစီ။ ကျနော်ထင်တယ်၊ လုံခြုံရေး ပိုတင်းကျပ် လာနိုင်တယ်။”

မလေးရှားမှာ တရားဝင်ရော တရားမ၀င်ပါ စုစုပေါင်း မြန်မာနိုင်ငံသား ၈၀၀,၀၀၀ နီးပါးရှိပြီး တရားမ၀င် ကတော့ ၅၀၀,၀၀၀ နီးပါး ရှိမယ်လို့ အလုပ်သမား အရေး လုပ်သူတွေက ခန့်မှန်း ကြပါတယ်။


Ref: VOA News

Read More...

Tuesday, April 5, 2011

ကမ္ဘာတစ်လွှား လူ့စွမ်းအား

လူထုစိန်ဝင်း

Monday, 04 April 2011

ကမ္ဘာပျက်တဲ့နေ့ (dooms day) ဆိုတာ တကယ် ရောက်လာ တော့မှာလား။ ငလျင်ကြီးတွေ လှုပ်လိုက်၊ ဆူနာမီ ဖြစ်လိုက်၊ အခု နောက်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုကြီးတွေ မီးလောင် ပေါက်ကွဲလိုက်နဲ့ ဒီအတိုင်း လက်ပိုက် ကြည့်ရုံက လွဲပြီး ဘာမှ မတတ်နိုင် ကြဘူးလား။

ချောက်ချားစရာတွေ
အခုတလော လာသမျှလူတိုင်းက ဒီမေးခွန်းကိုချည်း မေးကြတယ်။ လစ်ဗျားနဲ့ အရှေ့ အလယ်ပိုင်း ကိစ္စတွေ ကိုတောင် သိပ် စိတ်မ၀င်စား နိုင်ကြဘူး။ ဂျပန်ငလျင်ကြီး ပြီးတာနဲ့ ရှမ်းပြည်နယ် အတွင်းက ငလျင်ကြီးက ဆက်တိုက် ဆိုသလို ၀င်လာတော့ လူတိုင်း စိတ်ထိခိုက် ကြရတယ်။ ဒီကြားထဲ ချောက်ချားစရာ သတင်းတွေကလည်း တစ်မျိုးပြီး တစ်မျိုး ထွက်လာသေးတယ်။ ၁၉၃၀ ခုနှစ်များ အတွင်းက လှုပ်ခဲ့တဲ့ပဂိုး (ပဲခူး)ငလျင်ကြီးမျိုး ဒုတိယ အကြိမ် လာနိုင်သေးတယ် ဆိုတဲ့ ဟောကိန်းကြောင့် ထိတ်ထိတ် လန့်လန့် ဖြစ်နေချိန်မှာ စစ်ကိုင်း ပြတ်ရွေ့ကြောကြီး ကလည်း အချိန်မရွေး အန္တရာယ် ပေးနိုင်တယ် ဆိုတဲ့ သတိပေးချက်တွေ ကြားရ ပြန်တယ်။

အသက်စွန့် တားဆီးကာကွယ်
ဂျပန်က နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပေါက်ကွဲမှုကလည်း ထိန်းချုပ်စရာ နည်းလမ်း မရှိတော့ဘူး ထင်ရတယ်။ ဓာတ်ငွေ့ ပျံ့နှံ့မှုပမာဏ ကြီးသထက် ကြီးလာတာကို ဒီအတိုင်း ကြည့်နေရတယ်။ ဓာတ်ပေါင်းဖိုက စီးထွက်လာတဲ့ ရေတွေ ပင်လယ်ထဲ မရောက်အောင်တော့ အစွမ်းကုန် ကြိုးစားနေကြတာ တွေ့ရတယ်။ ဂျပန် အလုပ်သမား တချို့က ဓာတ်ရောင်ခြည် အန္တရာယ်ကို ရင်ဆိုင်ပြီး ကြိုးစား နေကြတယ်။ သူတို့ အသက်ကို စွန့်ပြီး အစွမ်းကုန် တားဆီးကာကွယ် သွားမယ်လို့ သူတို့အားလုံး သန္နိဋ္ဌာန် အခိုင်အမာ ချထားကြောင်း ကြားသိရတယ်။ ချီးကျူးစရာ ကောင်းလိုက်တာ။ တကယ့် သူရဲကောင်းတွေ ပါပဲ။ ဦးညွှတ် အလေးပြု လိုက်ပါတယ်။

စိတ်ပျက်တာကြာပြီ
ကမ္ဘာပေါ်မှာ ဆက်ဒမ်ဟူစိန်လို၊ ကဒါဖီလို လူတွေချည်း မဟုတ်ဘဲ အများအတွက် အသက်စွန့် ဆောင်ရွက်တဲ့ ဂျပန် နျူကလီးယား စက်ရုံက အလုပ်သမားတွေလို လူကောင်း သူကောင်းတွေလည်း ရှိကြ ပါသေးလား ဆိုပြီး အားတက်ရတယ်။ မှန်တဲ့အတိုင်း ၀န်ခံရရင် လူတွေကို စိတ်ပျက်နေတာ ကြာပြီ။ ကမ္ဘာကြီးကိုလည်း နေချင်စရာ မကောင်းတော့တဲ့ ပစ္စန္တရစ် အရပ်ကြီး အဖြစ် ရှုမြင်ထားခဲ့တယ်။ ဆုတ်ကပ်ကြီးထဲ ရောက်နေပြီလို့ မကြာခဏ စိတ်ပျက် လက်ပျက် ရေးခဲ့ဖူးတယ်။ တစ် ခါတလေများ ဆိုရင် စိတ်ကုန်လွန်းလို့ အားလုံး ပျက်သွားလည်း ကောင်းတာပဲ။ အသစ်က ပြန်စ နိုင်တာပေါ့လို့တောင် အရွဲ့တိုက် ပြောမိတယ်။

စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ
ကြည့်လေ။ ကမ္ဘာကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာမှာများ စိတ်ချမ်းသာစရာ ကောင်းတာ၊ မျှော်လင့်ချက် တွေနဲ့ အားတက် ရွှင်မြူးစရာ ကောင်းတာ တွေ့ရ မြင်ရ ကြားရလို့လဲ။ ရုပ်မြင်သံကြား ကြည့်လိုက်တာနဲ့ အာဖဂန် နစ္စတန်နဲ့ အီရတ်က စစ်ပွဲ သတင်းတွေ၊ ဆူဒန်က လူမျိုးပြုတ်အောင် တိုက်ခိုက်နေတဲ့ စစ်ပွဲတွေ၊ ကမ္ဘာအနှံ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ အသေခံ ဗုံးခွဲ တိုက်ခိုက်တာတွေ၊ ငတ်မွတ် ခေါင်းပါးမှုတွေ၊ ကြက်ငှက်တုပ်ကွေး၊ ၀က်တုပ်ကွေးနဲ့ နွားရူးရောဂါ ဆိုတာတွေ ချည်းပဲ။ အခု လာပြန်ပြီ ၀က်နားရွက်ပြာ ရောဂါတဲ့။ ဘယ်တုန်းကမှ မကြားဖူးခဲ့တဲ့ ရောဂါ အသစ်အဆန်းတွေက များလိုက်တာ။ ဘယ်မှာလဲ ပျော်စရာ ကောင်းတာ။ အဲဒါတွေကြောင့် ကမ္ဘာကြီးနဲ့ လူတွေကိုပါ စိတ်ပျက်နေတာ ဖြစ်တယ်။

လောကကိုပြန်လည်တွယ်တာ
ဓာတ်ရောင်ခြည် သင့်ရုံမကလို့ ချက်ချင်းသေသွားလည်း ကိစ္စမရှိဘူး။ လူသားတွေ အန္တရာယ် မကျရောက် စေဖို့ အတွက် အစွမ်းကုန် တားဆီး ကာကွယ် သွားမယ်ဆိုတဲ့ ဂျပန် အလုပ်သမားတွေ အကြောင်း ကြားလိုက်ရတော့ စိတ်ပျက် နေတာတွေ ပျောက်သွားတယ်။ လေးစား ကြည်ညိုစရာ လူကောင်း သူကောင်းတွေ ရှိနေသေးတာပဲ ဆိုပြီး အားတက်လာတယ်။ လူ့ဘောင်လောကကို တွယ်တာစိတ်တွေ ပြန်ဝင်လာတယ်။

လူတွေနဲ့ကမ္ဘာကြီးကို အကောင်းမြင်စိတ်တွေ ပြန်ဝင်လာတာနဲ့ တစ်ပြိုင်နက် ကမ္ဘာကြီးကို မပျက်စေချင် တော့ဘူး။ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ချင်လာတယ်။ ဒီအတိုင်း လက်ပိုက် ကြည့်ရုံကလွဲပြီး ဘာမှ မတတ်နိုင် ကြဘူးလားလို့ မေးလာတဲ့ လူတွေကိုလည်း ပြန်ပြောစရာ အဖြေ ရှိလာတယ်။

အဆိုးထဲကအကောင်း

ကမ္ဘာကြီး ပျက်မသွားအောင် ကာကွယ်ချင်တဲ့စိတ် အမှန်တကယ်ရှိရင် ကာကွယ် နိုင်ပါတယ်။ လက်ပိုက် ကြည့်ရုံ ကြည့်နေရမယ့် အခြေအနေ မရောက်သေးပါဘူး။ ကျွန်တော်တို့မှာ ကယ်တင်နိုင်တဲ့ စွမ်းအားတွေ ရှိတယ်။ တကယ် ထုတ်သုံးရင် တကယ်ကို ကယ်တင် နိုင်တယ်။ ဂျပန် ငလျင်ကြီးနဲ့ ဆူနာမီကြီးဟာ အဆိုးထဲက အကောင်းရ (blessing in disguise) ဆိုတဲ့ သဘောဖြစ်တယ်။ ဒါကို သင်ခန်းစာ ထုတ်ယူပြီး ကောင်းကောင်း အသုံးချနိုင်ရင် နျူကလီးယား လက်နက်အားလုံး ဖျက်သိမ်းရေး အထိ ဦးတည် ရောက်ရှိ သွားနိုင်တယ်။

မိုးရေထဲဓာတ်ရောင်ခြည်ပါ
ဆူနာမီကြောင့် ဂျပန် နျူကလီးယား ဓာတ်ပေါင်းဖို မီးလောင် ပေါက်ကွဲတော့ ဂျပန်လူမျိုးတွေ သာမက၊ ကမ္ဘာ တစ်ခုလုံးက လူသား အားလုံး ထိတ်လန့် တုန်လှုပ် သွားကြတယ်။ အာရှ နိုင်ငံတွေသာမက ဥရောပ နိုင်ငံများကပါ ဂျပန်က စားသောက်ကုန်တွေ ထဲမှာ ဓာတ်ရောင်ခြည်တွေ ပါဝင်လာမှာကို စိုးရိမ်ပြီး ၀င်မလာအောင် ပိတ်ပင် တားဆီးမှုတွေ ပြုလုပ်ကြတယ်။ အမေရိကန် ဒေသတချို့မှာ ရွာတဲ့မိုးရေထဲ ဓာတ်ရောင်ခြည် ပါလာတာ တွေ့ရတယ်လို့ ကြေညာတာလည်း ကြားလိုက်ရတယ်။ နိုင်ငံတချို့က ပြည်သူများ ကတော့ သူတို့ နိုင်ငံမှာရှိတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပိတ်ပစ်ဖို့ ဆန္ဒပြ တောင်းဆို လာကြတယ်။

ပြည်သူကိုလှုံ့ဆော်စည်းရုံး
ဂျာမနီနိုင်ငံက ဒေသ ရွေးကောက်ပွဲတွေမှာ နျူကလီးယား လက်နက် ဆန့်ကျင်တဲ့ ဂရင်းပါတီက နေရာ အများအပြား အနိုင် ရခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ ၀န်ကြီးချုပ် အင်ဂျလာမာကဲလ်ရဲ့ အာဏာရပါတီ မျက်နှာပန်း မလှခဲ့ဘူး။ ဒီလို အချိန်မှာ ဒီလို အခြေအနေကို အခွင့် အလမ်းတစ်ခု အဖြစ် မိမိရရ ဆုပ်ကိုင် ဆောင်ရွက်နိုင်ရင် အထက်မှာ ပြောခဲ့သလို နျူကလီးယား လက်နက်များ လုံးဝ ဖျက်သိမ်းရေး အထိ ဦးတည် ရောက်ရှိ သွားနိုင်တယ်။ လုပ်ရမှာက ကမ္ဘာတစ်ခုလုံးရှိ ပြည်သူများကို လှုံ့ဆော် စည်းရုံးရမှာ ဖြစ်တယ်။ ပြည်သူ့စွမ်းအားနဲ့ ကမ္ဘာကြီးကို ကာကွယ် စောင့်ရှောက်ရမယ်။

ဘာတစ်ခုမှ မအောင်မြင်ခဲ့
ကမ္ဘာကြီး ငြိမ်းချမ်းသာယာဖို့၊ စစ်ပွဲတွေ ချုပ်ငြိမ်းဖို့၊ နျူကလီးယား လက်နက် အပါအ၀င် လူသတ် လက်နက်တွေ အားလုံး ဖျက်သိမ်းဖို့၊ ဆင်းရဲမွဲတေမှု ပပျောက်ဖို့၊ ကြောက်မက်ဖွယ်ရာ ရောဂါဆိုးကြီးတွေ ပျောက်ကွယ် သွားအောင် တိုက်ဖျက်ဖို့ စတဲ့ လုပ်ငန်းမျိုးစုံကို ကမ္ဘာ့ ကုလသမဂ္ဂကြီးက ဆောင်ရွက်လာခဲ့တာ နှစ်ပေါင်း ခြောက်ဆယ် ကျော်ခဲ့ပြီ။ ဘာတစ်ခုမှ အောင်မြင်တယ်လို့ မရှိခဲ့ဘူး။ အမေရိကန်၊ ဥရောပနဲ့ ကမ္ဘာ့ ချမ်းသာနိုင်ငံကြီးတွေ အားလုံးကလည်း တစ်နိုင်ငံချင်း ဆောင်ရွက် ခဲ့ကြသလို ဂျီအိတ်တို့ ဂျီတွမ်တီး ဆိုတဲ့ အဖွဲ့တွေ ဖွဲ့ပြီးလည်း ဆောင်ရွက်ခဲ့ကြတယ်။ ဒါပေမယ့် ဘာတစ်ခုမှ မအောင်မြင်ခဲ့ဘူး။ ချမ်းသာတဲ့ နိုင်ငံတွေပဲ ပိုပိုပြီး ချမ်းသာသွားကြပြီး ဆင်းရဲတဲ့ နိုင်ငံတွေကတော့ ဒုံရင်း ဒုံရင်းပါပဲ။

ဝါရင်းဘတ်ဖက်ရဲ့ စကား
ဘာကြောင့် ဒီလိုဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံး ဒီအခြေအနေထိ ဘာကြောင့် ရောက်ရသလဲ ဆိုတော့ ချမ်းသာတဲ့ နိုင်ငံကြီးတွေ အားလုံးက ကူညီတယ်၊ ကယ်ဆယ်တယ် ဆိုတဲ့ စကားလုံး လှလှလေးတွေ တွင်တွင်သုံးပြီး သူတို့ အကျိုးစီးပွား အတွက်သာ အထူး အလေးထား လုပ်ကိုင် နေကြလို့ ဖြစ်တယ်။ နိုင်ငံလေးတွေမှာ စစ်ပွဲတွေ များများဖြစ်လေ သူတို့ရဲ့လက်နက်တွေ ရောင်းရလေပဲ။ ကပ်ရောဂါ ဆိုးကြီးတွေ ကျရောက်လေ သူတို့ ဆေးကုမ္ပဏီကြီးတွေ ရောင်းရလေ ဖြစ်တယ်။ ဂျပန် ငလျင်ကြီး လှုပ်ပြီး သုံးရက် အကြာမှာ အမေရိကန် သူဌေးကြီး '၀ါရင်းဘတ်ဖက်'(Warren Buffet) တောင်ကိုရီးယား နိုင်ငံကို ရောက်လာပြီး ဂျပန် ငလျင်ကြီးကြောင့် ဂျပန် နိုင်ငံဟာ အကြီးဆုံး ဈေးကွက်ကြီး ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်တယ်။ သူများတွေ ဒုက္ခ အကြီးအကျယ် ရောက်နေချိန်မှာ ကူညီဖို့၊ ကယ်ဆယ်ဖို့ မပြောနဲ့ ကုန်ပစ္စည်းတွေ ရောင်းရဖို့နဲ့ ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံဖို့ပဲ စဉ်းစားရုံမက မအောင့်နိုင်ဘဲ ထုတ်တောင် ပြောလိုက်သေးတယ်။ ရက်စက်လိုက်တာ။

မီးလောင်အိမ်ဝင်လု
ရက်စက်တာ မဟုတ်ဘူး။ ဒါ စီးပွားရေး သမားများရဲ့ သဘာဝပဲ။ Fishing in the troubled water ဆိုတဲ့ သူတို့ အနောက် နိုင်ငံသားတွေရဲ့ စကား ရှိတယ် မဟုတ်လား။ မြန်မာတွေ ကတော့ ပွဲလန့်တုန်း ဖျာဝင်ခင်းတယ်။ မီးလောင်နေတဲ့ အိမ် ၀င်လုတယ် စသဖြင့် ပြောလေ့ရှိတယ်။ မီးလန့်တုန်း ဖျာဝင်ခင်းတာထက် ဆိုးတာ ရှိသေးတယ်။ တမင်တကာ မီးလှန့်ပြီး ဖျာဝင်ခင်းတာ ဖြစ်တယ်။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ စစ်ပွဲကြီး၊ စစ်ပွဲငယ်တွေ အဆက်မပြတ် ဖြစ်နေတဲ့ အကြောင်းရင်းဟာ စီးပွားရေး သမားတွေက ပွဲလှန့်ပြီး ဖျာဝင်ခင်း နေကြလို့ ဖြစ်တယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ညီညီညွတ်ညွတ် လက်ချင်းတွဲပြီး ဒီလို လုပ်ရပ် အားလုံးကို တားဆီး ကာကွယ် ရပါလိမ့်မယ်။

ဥစ္စာလိုဥစ္စာရင်ခဲ
ကမ္ဘာသူ ကမ္ဘာသားတွေအားလုံး လက်တွဲပြီး ညီညီညွတ်ညွတ်နဲ့ 'ကမ္ဘာတစ်လွှား လူ့စွမ်းအား' (People Power World Wide PPWW) ဆိုတဲ့ အဖွဲ့ကြီးမျိုး ပေါ်ပေါက် လာစေချင်တယ်။ ဒီလို လူထု အဖွဲ့အစည်း မျိုးကသာ စစ်ရပ်စဲရေးနဲ့ ကမ္ဘာ ငြိမ်းချမ်းရေး တို့၊ နျူကလီးယား လက်နက် ဖျက်သိမ်းရေးတို့၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့ အမှန်တကယ် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ကိုယ်နေတဲ့ ကမ္ဘာကြီးကို ကာကွယ် စောင့်ရှောက်ဖို့ ကျွန်တော်တို့ ကိုယ်တိုင် လုပ်မှပဲ ဖြစ်တော့မှာပါ။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတဲ့ စကား အရှိသား မဟုတ်လား။

Ref: EMG News

Read More...

မြန်မာရေလုပ်သား ရာနဲ့ချီ ကပ္ပလီပင်လယ်ပြင်မှာ ပျောက်ဆုံးဆဲ

တနင်္လာ, 04 ဧပြီ 2011

မတ်လ အလယ်ပိုင်းလောက်က မိုးဦးမတိုင်ခင် ပြင်းထန်တဲ့မုန်တိုင်း မြန်မာကမ်းရိုးတန်းမှာ ဖြစ်ပေါ် ခဲ့ပြီးနောက် ကပ္ပလီ ပင်လယ်ထဲမှာ ငါးဖမ်း လုပ်သား ၆၀၀ ကျော် ပျောက်ဆုံး နေဆဲ ရှိတယ်လို့ မြန်မာပြည်ထဲက လာတဲ့ သတင်းတွေအရ သိရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ဆက်တိုက် ဆိုသလို မိုးသည်းထန်စွာ ရွာသွန်း တာကြောင့် ရေကြီး မြေပြိုပြီး လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

မုန်တိုင်းကြောင့် ပျောက်ဆုံးနေတဲ့ ငါးဖမ်း လုပ်သားတွေဟာ ပင်လယ်ထဲမှာပဲ သေဆုံး ကုန်ပြီလား ဒါမှမဟုတ် ကုန်းမြေ တခုခု ပေါ်မှာ အသက်ရှင် ရောက်နေကြလား ဆိုတာကိုတော့ အာဏာပိုင်တွေ အနေနဲ့ မသိနိုင်သေးဘူးလို့ အမည် မဖော်လိုတဲ့ မြန်မာ အရာရှိ တဦးကို ကိုးကားပြီး ပြင်သစ် သတင်းအေဂျင်စီမှာ ရေးသားပါတယ်။

မတ်လတုန်းက မုန်တိုင်းတွေဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အချို့ကို တနာရီကို ကီလိုမီတာ ၁၀၀ နှုန်းကျော် တိုက်ခိုက်ခဲ့ပြီး ငါးဖမ်းလှေတွေနဲ့ ငါးဖမ်းမော်တော်တွေ ထိခိုက် တိမ်းမှောက် ခဲ့ပါတယ်။ မုန်တိုင်းပြီးတဲ့ နောက်တော့ ပျောက်ဆုံးနေတဲ့ ငါးဖမ်း လုပ်သား ၆,၀၀၀ ကျော်ကို အသက်ရှင် ပြန်လည် တွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာတော့ မုတ်သုန်မိုး ဆက်တိုက် ရွာသွန်းတာကြောင့် ရေတွေကြီး မြေတွေပြိုပြီး လူပေါင်း အနည်းဆုံး ၄၅ ဦး သေဆုံး ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မှာကိုပဲ ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ ခုမှာ ၁၀ ခုကျော် ရေလွှမ်းမိုးခံရပြီး လူပေါင်း ၁,၀၀၀,၀၀၀ ၀န်းကျင်လောက် ရေဘေးဒုက္ခ ရောက်ခဲ့ရပါတယ်။

ဘေးဒုက္ခကျရောက်တဲ့ နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ စစ်ဘက် သင်္ဘောတွေ၊ ရဟတ်ယာဉ် တွေကို အသုံးပြု ခဲ့ရပါတယ်။ ရေလွှမ်းမိုး ခံရတဲ့ ဒေသက လူပေါင်း ထောင်နဲ့ချီကို ကယ်ဆယ် ခဲ့ရပါတယ်။

Ref: VOA News

Read More...

အိုင်ဗရီကို့စ်မှာ ကုလတပ်တွေ သမ္မတရဲ့ တပ်စခန်းတွေကို ၀င်တိုက်

တနင်္လာ, 04 ဧပြီ 2011

အိုင်ဗရီကို့စ် နိုင်ငံတွင်း တိုက်ပွဲတွေဟာ တနင်္လာနေ့မှာ အတော်လေး ပြင်းထန် လာပါတယ်။ လက်ရှိ သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) အခြေစိုက် နေရာတွေကို ကုလသမဂ္ဂ တပ်တွေက တိုက်ခိုက်နေသလို သမ္မတ ဘက်ဂ်ဘိုတပ်တွေ ထိန်းချုပ် ထားနိုင်တဲ့ နေရာအချို့ကို အတိုက်အခံတွေက သိမ်းယူနိုင်ဖို့ ကြိုးစား နေပါတယ်။

အဘိုက်ဂျန် (Abidjan) မြို့တွင်းက သမ္မတအိမ်တော်၊ သမ္မတ ဘက်ဂ်ဘို နေထိုင်ရာနေရာနဲ့ ဘက်ဂ်ဘို တပ်စခန်း နှစ်ခုကို ကုလ သမဂ္ဂတပ်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ပန်ကြားချက်နဲ့ ဒီတိုက်ခိုက်မှုမှာ သူတို့တပ် အင်အားတွေ ပါဝင်လာရခြင်း ဖြစ်တယ်လို့ ပြင်သစ်က ပြောပါတယ်။

အရပ်သားတွေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်တွေကို မော်တာတွေ၊ လက်နက်ကြီး တွေနဲ့ ပစ်ခတ် အသုံးပြုတာကို ကာကွယ်ဖို့ အတွက် အခုလို တိုက်ခိုက်ရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ကြေညာချက် ထုတ်ပါတယ်။

ဒါ့အပြင် သမ္မတ ဘက်ဂ်ဘို တပ်တွေဟာ အဘိုက်ဂျန် ဒေသခံတွေကို သတ်ဖြတ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်တွေကို ဒဏ်ရာရအောင် တိုက်ခိုက် ခဲ့တယ်လို့ ကုလသမဂ္ဂ ဘက်က စွပ်စွဲပါတယ်။ လတ်တလော အားဖြင့် မစ္စတာဘက်ဂ်ဘို ဘယ်မှာ ရှိနေတယ်၊ သူ ဒဏ်ရာ ရထားတယ် ဆိုတာ မှန်သလား မှားသလား ဘာကိုမှ တုံ့ပြန်ပြောတာ မရှိသေးပါဘူး။

နိုင်ငံတကာရဲ့ အသိအမှတ်ပြု ခံထားရတဲ့ သမ္မတ အလက်ဆန်း အော့တာရာ (Alassance Ouattara) တပ်တွေဟာ တနင်္လာနေ့မှာတော့ အဘိုက်ဂျန်မြို့ကို အတင်း ၀င်ရောက် ခဲ့ပါတယ်။ မစ္စတာ အော့တာရာရဲ့ ၀န်ကြီးချုပ်ဖြစ်တဲ့ ဆိုရို (Guilaume Soro) ကတော့ ဘက်ဂ်ဘို တပ်တွေကို အပြင်းအထန်ဆုံး ထိုးစစ် ဆင်သွားမယ်လို့ ကတိပြုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မစ္စတာ အော့တာရာ အနိုင်ရခဲ့ပေမဲ့ ၂၀၀၀ ခုနှစ် ကတည်းက စပြီး အာဏာ ယူခဲ့တဲ့ လက်ရှိ သမ္မတ ဘက်ဂ်ဘိုဟာ အာဏာ လွှဲပေးဖို့ ငြင်းဆန်ရင်း နောက်ပိုင်း နိုင်ငံရေးကနေ အကြမ်းဖက်မှုတွေနဲ့ စစ်ရေး တင်းမာ လာခဲ့ပါတယ်။


Ref: VOA News

Read More...

စစ်အစိုးရ အကြီးအကဲ ရာထူးက အနားယူ

ဦးဝင်းမင်း
တနင်္လာ, 04 ဧပြီ 2011

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ် အကြီးအကဲ တာဝန်က အနားယူ သွားပြီလို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်း အ၀ိုင်းက ပြောပါတယ်။ အစိုးရသစ်ကို ပြီးခဲ့တဲ့ လကုန်က အာဏာ လွှဲပြောင်း လိုက်တဲ့နောက် အခုလို ရာထူးက ထွက်လိုက်တယ် ဆိုပေမဲ့လည်း ဒါဟာ အာဏာကို စွန့်လွှတ်ဖို့ ရည်ရွယ် ထားတာလို့တော့ အကဲခတ်တွေက မယူဆကြပါဘူး။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဝင်းမင်းက တင်ပြ ပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ မြန်မာစစ်တပ်ရဲ့ အကြီးဆုံး တာဝန် ဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ် နေရာက အနားယူ သွားခဲ့ပါပြီ။ ၁၉၉၂ ခုနှစ်ကတည်းက ဒီတာဝန်ကို သူယူခဲ့တာမို့ နှစ်ပေါင်း ၂၀ နီးပါး ဒီတာဝန်ကို ယူခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ် ဟောင်းတွေ အများစုပါတဲ့ အရပ်သား အစိုးရကို အာဏာ လွှဲအပြီးမှာ အခုလို အနား ယူလိုက်တာ ဖြစ်ပါတယ်။

အခုလို အနားယူပြီးမှ ကာကွယ်ရေး ဦးစီးချုပ် အသစ်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထက် အသက် ၂၀ ကျော် ငယ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ် လိုက်ပါပြီ။ အလားတူ ဒု-ကာကွယ်ရေး ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း အနား ယူသွားပြီး သူ့နေရာကို ဗိုလ်ချုပ် စိုးဝင်းကို အသစ် ခန့်အပ် လိုက်ပါပြီ။ အခုလို စစ်တပ် ထိပ်ပိုင်းက ဗိုလ်ချုပ် မှူးကြီးနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး ၂ ဦးစလုံး အနားယူသွားတာ ဘာကြောင့် အခုချိန်မှာ ဖြစ်ရပါလဲ ဆိုတာကို ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး အင်အားစု အဖွဲ့က သုတေသနမှူး ဦးဌေးအောင်ကို မေးမြန်းကြည့်ရာမှာ အသက်အရွယ် ကြီးရင့်လာပြီး ကျန်းမာရေး အခြေအနေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“တကယ် တပ်မတော်ရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေကိုသာ တိတိကျကျ လိုက်နာမယ် ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ စွန့်လွှတ်ပြီး အနား ယူသင့်တာ ကြာပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်မတော်မှာ တကယ် ပြဋ္ဌာန်း ထားတာက အသက် ၆၀ ပြည့်ရင် တပ်မတော်ကနေ နှုတ်ထွက် အနားယူရမယ် ဆိုတာမျိုး ပြဋ္ဌာန်းထားတာ ရှိတယ်။ တခြား ကာကွယ်ရေး ဦးစီးချုပ် အဆင့်ဆင့်ပေါ့၊ စစ်အာဏာရှင်ဟောင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းတောင်မှ အသက် ၆၀ ပြည့်တဲ့ အချိန်တုန်းက စစ်တပ်ကနေ အနားယူခဲ့တာ ရှိတယ်။

“ဒါပေမဲ့ သူကတော့ အခုအချိန်မှာ စစ်အာဏာသိမ်းတဲ့ ခေါင်းဆောင်ပီပီ အကြောင်း အမျိုးမျိုး ပြပြီးတော့၊ သူက အခုဆိုရင် အသက် ၇၈ နှစ်တောင် ဖြစ်နေပြီ။ အဲတော့ တွက်ကြည့်မယ် ဆိုရင် ၁၈ နှစ်လောက် အနားယူသင့် နေပြီပေါ့။ အနားယူရမယ့် ကာလထက် အများကြီး ကျော်လွန် နေတာကြောင့် အနားယူ လိုက်တယ်လို့ပဲ ကျနော် ထင်ပါတယ်။”

အခုလို အနားယူပြီးတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့၊ အခုတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလို့ ခေါ်ကြမှာပေါ့၊ ဘာဆက်လုပ်မယ် ထင်လဲဆရာ။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ အများ အမြင်မှာတော့ သူက နောက်မှာ အေးအေးဆေးဆေး သာမန် အရပ်သား ဘ၀နဲ့ပဲ နေမယ်လို့ ယူဆနိုင်ပေမဲ့ လက်တွေ့မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ သူဟာ အာဏာကို တကယ် စွန့်လွှတ်ရဲမယ့် အနေအထား မရှိသေးဘူးလို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ အရင် အာဏာကို စွန့်လွှတ် သွားခဲ့ရတဲ့ စစ်အာဏာရှင် ဟောင်းကြီး ဗိုလ်ချုပ်ကြီး နေ၀င်း တုန်းကလည်း နောက်ဆုံး ဇာတ်သိမ်း မကောင်းခဲ့ဘူး ဆိုတာကို သူကိုယ်တိုင် သိခဲ့ မြင်ခဲ့တာတွေ ရှိတယ်။

“သူ့အနေနဲ့ကတော့ ဒီအသက်အရွယ်အရ တပ်မတော်ကို နုပျိုနေအောင် လုပ်မယ်ဆိုတဲ့ သူ့ရဲ့ ပြောစကားနဲ့ အညီ သူ တပ်မတော်က အနားယူ ပြတယ် ဆိုပေမဲ့ နောက်ကွယ် မှာတော့ တနည်းနည်းနဲ့ တပ်မတော်ကို ဆက်ကိုင်တွယ်ထားနိုင်တဲ့ နေရာမှာ ရှိနေဦးမယ်လို့ ကျနော်ထင်ပါတယ်။ တကယ် တပ်ကို ကိုင်ထားနိုင်မှသာလျှင် အာဏာဟာ သူ့လက်ထဲမှာ ရှိမယ်ဆိုတာကို သိတဲ့ အတွက်ကြောင့် တပ်ကိုတော့ တနည်းနည်းနဲ့ ဆက်ပြီးတော့ ကိုင်ထားနိုင်ဖို့ ကြိုးစားမှာ ကတော့ သေချာတယ်လို့ ကျနော် ယူဆပါတယ်။”

အဲတော့ ဘယ်လိုနေရာမျိုးကနေ ဘယ်လိုပုံစံမျိုးနဲ့ ကိုင်တွယ်မယ်လို့ ဆရာယူဆလဲ။

“အဲဒါကိုတော့ ဗမာ့တပ်မတော်မှာ ပြောရတာ ခက်တယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် နေရာမရှိတော့ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း သူတို့ စစ်တပ်ထဲမှာ၊ သူတို့ အတွင်းစည်းမှာ ဗိုလ်ချုပ်တွေ အချင်းချင်း နားလည်မှုတွေ အရ သူ့အနေနဲ့က ကြံ့ဖွံ့ အဖွဲ့မှာပဲ ဖြစ်ဖြစ် နာယကကြီး အနေနဲ့လည်း ဆက်နေနိုင်တယ်။ အလားတူ စစ်တပ်ရဲ့ နောက်ကွယ်မှာ စစ်ကော်မရှင်လို ဟာမျိုး ဖွဲ့စည်းပြီး တော့လည်း နောက်ကွယ်က ကြိုးကိုင် ထားနိုင်တဲ့ အနေအထားတွေ ရှိတယ်လို့ ထင်ပါတယ်။”

မကြာသေးခင်က အားလုံး စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ တခုပါတာက စစ်တပ်က အနား ယူပြီးရင် ၅ နှစ်အတွင်းမှာ လိုအပ်ရင် စစ်တပ်က ပြန်ပြီး ခေါ်နိုင်တယ်၊ ဆိုလိုတာ ကတော့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တကယ်လို့သာ စစ်တပ်ထဲ ပြန်လာချင်ရင်လည်း ပြန်လာလို့ ရအောင် လုပ်နိုင်တယ် ဆိုတဲ့ အနေအထား မျိုးပေါ့၊ အဲဒါကို သုံးပြီးတော့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ပြန်ဝင်လာနိုင်ဖို့ အလားအလာရော ရှိနိုင်လား။

“ကျနော်တို့လည်း အဲဒါကို သံသယ ရှိပါတယ်။ အဲဒါတွေကလည်း အခုလက်ရှိ တပ်မတော်က အနား ယူသွားပြီ ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး ၂ ယောက်အတွက် နောက်ကွယ်မှာ စစ်ရာထူး အဆင့်အတန်း တွေနဲ့ ဆက်ပြီးတော့ ရပ်တည် နေနိုင်အောင် တမင် သူတို့ ကပ်ပြီး ဖန်တီး ထားတယ်လို့ပဲ ကျနော် ထင်ပါတယ်။”

နောက်တခုက ဘယ်အကြောင်းအရာတွေမှာ ဗိုလ်ချုပ်မှူးကြီးက အဓိက နောက်က ကြိုးကိုင် သွားမယ် ထင်လဲဆရာ။

“အခုလက်ရှိ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရကလည်း အာဏာခွဲဝေမှု အပိုင်းတွေမှာ ရှုပ်ထွေး နေတာတွေ၊ အတွင်းမှာ အချင်းချင်း အားပြိုင်နိုင်တဲ့ အနေအထားတွေ ရှိနေသေးတယ်။ အဲတော့ အဲဒါတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ စိုးရိမ်စိတ် ရှိနေတဲ့ အနေအထားတွေ ကျနော်တို့ တွေ့ရတာ ရှိပါတယ်။ အဲဒီတော့ အဲဒီ အနေအထား တွေကို သူ့အနေနဲ့ တည်ငြိမ် သွားအောင် အရပ်ဝတ် အစိုးရ ဆက်ပြီးတော့ တည်တည် ငြိမ်ငြိမ်နဲ့ အုပ်ချုပ်နိုင်တဲ့ အနေအထားအထိ သူကတော့ နောက်ကွယ်ကနေ စစ်တပ်ကို ချုပ်ကိုင်ရင်းနဲ့ စောင့်ကြည့်နေမယ့် အနေအထားမျိုး ရှိမယ်လို့ ထင်ပါတယ်။”

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး အင်အားစု အဖွဲ့က သုတေသနမှူး ဦးဌေးအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

NDF နှစ်ခြမ်းကွဲ

Monday, 04 April 2011

ဦးသိန်းညွန့် ဦးဆောင်သော အဖွဲ့သည် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) နှင့် လမ်းခွဲလိုက်ပြီ ဖြစ်ပြီး အခွင့်သင့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြန်လည် ပူးပေါင်းမည် ဖြစ်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သော ဦးသိန်းညွန့်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ သင်္ဃန်းကျွန်း မြို့နယ်မှ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့ လွှတ်တော် ကိုယ်စားလှယ် ၄ ဦးက ဧပြီလ ၂ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ဦးသိန်းညွန့်က ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

ဦးသိန်းညွန့်က “အခုအချိန်ကစပြီး တရားဝင်ကြေညာတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက နှစ်ခု ကွဲသွားပြီ။ ကျနော် ဦးဆောင်တဲ့ သင်္ဃန်းကျွန်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီနဲ့ ဆွေငြိမ်း (ဦးခင်မောင်ဆွေနဲ့ ဒေါက်တာ သန်းငြိမ်း) ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဆိုပြီး နှစ်ခု လုံးဝ ကွဲသွားပြီ။ NLD က ပြန်ပြီး မှတ်ပုံတင်ခဲ့မယ်၊ ရွေးကောက်ပွဲ ၀င်ဖို့ ရှိလာခဲ့ရင် NLD နဲ့ ပြန်ပေါင်းမယ်” ဟု ပြောသည်။

ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်း တို့သည် ပြည်ပ နိုင်ငံများမှ အထောက်အပံ့ ရယူခဲ့သော အဖွဲ့ အစည်းများ ထံမှ အကူအညီ ငွေကြေးများ လက်ခံခဲ့ကြောင်း၊ မိမိတို့ အနေနှင့် မည်သူ့ အကူအညီမျှ ယူမည် မဟုတ်ဘဲ နိုင်ငံရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“ဦးတင်အေးက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်တဲ့ အတွက် ဆွေငြိမ်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ကိစ္စကို ကိုင်တွယ် လိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီအခါ ကျလို့ရှိရင် ပြဿနာ ပြေလည်သွားရင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ နှစ်ခုပေါ်လာမယ်။ တကယ်လို့ ပြဿနာ မပြီးဘဲ ဆွေငြိမ်းပါတီ ဖျက်သိမ်းခံရရင် ကျနော်တို့ သင်္ဃန်းကျွန်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက နိုင်ငံရေးကို ဆက်ဦးဆောင်သွားမယ်” ဟု ၄င်းက ဆိုသည်။

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် အဆိုနှစ်ခုကို လွှတ်တော်တွင် ၄င်းက တင်ပြ ခဲ့သော်လည်း လွှတ်တော်က ပယ်ချ ခဲ့ရုံမက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၏ အဆိုဖြစ်သော စီးပွားရေး ပိတ်ဆို့မှုများ ကန့်ကွက်သည့် အဆိုကို ၄င်းက ထောက်ခံ ဆွေးနွေး ခဲ့ရာတွင် ၄င်း ပြောကြားခဲ့သော စကား အများစုကို ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းစာတွင် မဖော်ပြဘဲ ချန်လှပ်ခဲ့ကြောင်း ဦးသိန်းညွန့်က ပြောသည်။

“ဦးဌေးဦးက စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်တဲ့အဆိုလည်းတင်ရော ကျနော်က ကျနော် ပြောချင်တာ တွေကို သူ့ အဆိုကို ထောက်ခံရင်းနဲ့ ထပြောတယ်။ လွှတ်တော် ကိုယ်စားလှယ် တဦးကို မိနစ် ၂၀ ပြောခွင့်ရတော့ ကျနော်က ၁၈ မိနစ် ထပြောတယ်။ ဘာပြောလဲ ဆိုရင် စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းဖို့ဆိုရင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးရမယ်။ နောက်ပြီး အားလုံး ပါဝင်တဲ့ နိုင်ငံရေးစနစ် ဖော်ဆောင် ပေးဖို့လိုတယ် ဆိုတာကို ကျနော်တင်ပြတယ်။ ကျနော်တို့ နိုင်ငံက စီးပွားရေးပိတ်ဆို့မှု တခုတည်းကြောင့် ဆင်းရဲတာ မဟုတ်ဘူး။

တခြားအကြောင်းတွေ ရှိသေးတယ်။ အဲဒီအထဲက တချက်ကို ပြောပြရရင် ‘ဤဌာနတွင် ငွေပေးရန် မလို’၊ သို့သော် ငွေမပါလျှင် ဘာအလုပ်မှ လုပ်မပေးတဲ့ ကိစ္စ။ တရားရုံးတွေမှာ ‘ပုဒ်မ လေး၊ ပေးမှ လုပ်’ ဆိုတဲ့အထိ လူထုရဲ့ အော့နှလုံး နာစရာတွေ ဖြစ်နေပြီဆိုတာ တင်ပြတယ်။ ဒါပေမယ့် အဲဒါတွေကို သတင်းစာထဲမှာ မဖော်ပြဘူး။ ကျနော်က ဦးဌေးဦးရဲ့ အဆိုကို ထောက်ခံတယ် ဆိုတာပဲ ပါတယ်” ဟု ၄င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်အစိုးရကို မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် နအဖ စစ် အစိုးရက တရားဝင် အာဏာ လွှဲပြောင်း ပေးခဲ့သည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့