..............................

Saturday, March 7, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း(၆)

မတ်လ(၆) ရက်၊ ၂၀၀၉

ဒီအပိုင်းမှာတော့ နအဖဟာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်မှာ ကိုယ်ကျိုးအသုံးချဖို့အတွက် ဘယ်လိုပုံစံမျိုးနဲ့ နှမ်းဖြူးကာ ပံ့ပိုးမှု ဆောင်ရွက်ပေးခဲ့တယ်။ ရေရှည်မှာ နအဖဟာ တိုင်းရင်းသားတွေအပေါ် ပံ့ပိုးမှု မပေးနိုင်ပုံ၊ နအဖက UWSA ကို အသုံးချပုံ စတာတွေကို တင်ပြပါအုံးမယ်။ နအဖက နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်သာယာရေး ၀န်ကြီးဌာန မဖွင့်လှစ်ခင် စစ်ရုံးမှ နတလ G1 ဒု-ဗိုလ်မှူးကြီး သိန်းဟန်ကို တာဝန်ပေးပြီး “နယ်စပ်ဒေသဖွံ့ဖြိုးရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ” အဖြစ် ဗိုလ်သန်းရွှေ ဦးစီးကာ ပထမတော့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို ယောင်ပြ စတင်လုပ်ပေးပါတယ်။

နတလ G1 ပြုတ်သွားရာ ယခင်က ရမခတိုင်းမှူး ဗိုလ်မောင်သင့်အား နယ်စပ် စည်ပင်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ပေးကာ သီးခြား ဖွင့်လှစ်ပြီးတဲ့အချိန်မှာ တိုင်းရင်းသားတွေကို ပံ့ပိုးပေးမှု အစီအစဉ်ဟာ တိုးတက်မလာဘဲ ပိုမိုဆုတ်ယုတ်လာခဲ့ပါတယ်။ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မောင်အေးကလည်း တိုင်းမှူးတွေကို အပစ်ရပ် တိုင်းရင်းသားအဖွဲ့ ကိစ္စဆိုရင် အားလုံးသိထားရမယ်ဆိုပြီး စွက်ဖက်ခိုင်းလို့ တပ်တွင်း အာဏာအားပြိုင် လွန်ဆွဲမှု ဖြစ်ပွားလာတာကြောင့် တိုင်းမှူးတွေရဲ့  ကွပ်ကဲမှုအောက်ကို နတလ ၀န်ထမ်းတွေ ရောက်ခဲ့ပါတယ်။

နတလ ၀န်ထမ်းတွေဟာ တိုင်းမှူး၊ ၀န်ကြီးနဲ့ ကကလှမ်းတို့အကြား ကြားညှပ်ရတဲ့အဖြစ်မျိုး ရောက်ရှိပြီး နယ်စပ်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးဟာ အိပ်မက်ပမာ ဖြစ်ခဲ့ရပါတယ်။ တိုင်းမှူးတွေကလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ပါ ဘတ်ဂျက် ငွေများကို အလွဲသုံးစား လုပ်ခဲ့လို့ တိုင်းရင်းသားအဖွဲ့တွေရဲ့  ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို ထိထိရောက်ရောက် မလုပ်ပေးနိုင်တာ တွေ့ရပါတယ်။ ဥပမာ ကျောင်းနှင့် ဆေးရုံတို့ဆိုရင် သင်ထောက်ကူပစ္စည်း၊ ဆရာဝန်၊ ဆရာမ၊ ခွဲစိတ်ခန်းနှင့် ခွဲစိတ်ကိရိယာ၊ ကွန်ပျူတာ၊ မီးစက် ဘာဆိုဘာမှ မရှိဘဲ အဆောက်အဦသာ ဟန်ပြရှိတဲ့ အနေအထားဖြစ်နေရပါတယ်။ လုပ်ပိုင်ခွင့်တွေကို တိုင်းမှူးတွေက ချုပ်ကိုင်ထားတာလည်း ပါပါတယ်။

အပစ်ရပ်အဖွဲ့တွေက စစ်သည်အင်အားတွေရဲ့  စားဝတ်နေရေး၊ ရပ်တည်ရေး စတာတွေကို ဖြည့်စွက်ပေးဖို့ တောင်းဆိုပေမယ့် နအဖဟာ ကတိပျက်ခဲ့ပါတယ်။ ဘိန်းလုပ်ငန်း စွန့်လွှတ်ဖို့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရန် နိုင်ငံတကာက ထောက်ပံ့တာကိုလည်း ထိရောက်အောင် နအဖဟာ အကောင်အထည် ဖော်ပေးခြင်းမရှိခဲ့ပါ။ ဒါကြောင့် တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေဟာ စားဝတ်နေရေးအတွက် ဘိန်းလုပ်ငန်းကို လုပ်ရတာမျိုးရှိပါတယ်။ နအဖကလည်း သူတို့အကျိုးစီးပွားနဲ့ အသုံးချဖို့အတွက် မသိဟန်ဆောင်ထားတာမျိုးလည်း ရှိပါတယ်။

ကိုးကန့်၊ “၀” တို့လိုမျိုး အပစ်ရပ် အဖွဲ့တွေဟာ မပခ၊ ရမခ၊ ရပခ၊ ရတခ၊ တြိဂံတိုင်းတို့မှ တိုင်းမှူးများနဲ့ ထိပ်ပိုင်း စစ်အာဏာရှင် မိသားစုတွေအထိ နည်းမျိုးစုံ ချဉ်းကပ် လာဘ်ထိုးပြီး ဘိန်း ကူးသန်းရောင်းဝယ်ခွင့် ကြိုးစားရယူခဲ့ပါတယ်။ ရတခ ဧရိယာ၊ ရေးမြို့နယ် ပင်လယ်ကမ်းစပ်မှ နိုင်ငံတကာ ရေပြင်ကို ထွက်မယ့် စက်လှေတစီးအား သတင်းရလို့ ရှာဖွေခြင်း မဟုတ်ဘဲ အမှုမဲ့ အမှတ်မဲ့ အကောက်လိုချင်လို့ ရဲက ရှာဖွေမိရာမှ ဒေါ်လာသန်း (၇၀) တန်ဖိုး ရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းမိသွားပါတယ်။ အဲဒီ ဘိန်းတွေဟာ ရန်ကုန်၊ မန္တလေး မြန်မာပြည်မလမ်းအတိုင်း ဧရာဝတီမြစ်အတွင်း ရေကြောင်း၊ ကုန်းကြောင်း၊ ဂိတ်တွေကို ပေးကမ်းကာ ဖြတ်ကျော်လာတာ တွေ့ရပါတယ်။ ဘိန်းတွေ ဘယ်နှကြိမ် ထွက်သွားခဲ့တယ် ဆိုတာကိုတော့ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

ထူးဆန်းတာကတော့ ဒီစက်လှေတွေဟာ ဖမ်းဆီးရမိတဲ့ ထိုင်းစက်လှေတွေဖြစ်ပြီး လေလံတင်တယ်ဆိုပေမယ့် ထိပ်ပိုင်းစစ်အာဏာရှင် ဗိုလ်မောင်အေးရဲ့  သမီးအပါအ၀င် စစ်အာဏာရှင် မိသားစုကသာ ပိုင်ဆိုင်သွားခြင်းဖြစ်လို့ ဒီစက်လှေတွေကို “၀” နဲ့ ကိုးကန့် အဖွဲ့ထံ တန်ဖိုးကြီးကြီးရယူကာ ငှားရမ်းထားတာပဲ ဖြစ်ပါတယ်။ ဘိန်းဖြူ သယ်တာကို သိမသိ ဆိုတာကိုတော့ ပိုင်ရှင်တွေသာ အသိဆုံးဖြစ်ပါတယ်။

ဆက်သွယ်ရေး ၀န်ကြီးဌာနမှာ GSM၊ Hand Phone ဒေါ်လာ သန်း (၁၀၀) ကန်ထရိုက်ကို ဦးနေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်းက ရရှိပေမယ့် ငွေမတတ်နိုင်လို့ (၈၀) ရာခိုင်နှုန်း ရှယ်ယာ ထည့်မယ့် UWSA “၀” ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လုပ်လာပါတယ်။ ဖုန်းဖိုးကို ပြည်သူတွေဆီမှာ တဦးလျှင် ကျပ် (၅) သိန်းစီ ကြိုတင်ကောက်ပြီး တော်တော်နဲ့ မလုပ်ဖြစ်တာရယ်၊ လုပ်ဖြစ်ပြန်တော့လည်း ဈေးကွက်ကို ချုပ်ကိုင်ချင်တဲ့ ဒေါ်ခင်စန္ဒာဝင်းက လောဘဇောတိုက်လာလို့ ရယ်ကြောင့် “၀” တွေက မကျေနပ်ကြရာမှ ကကလှမ်း ဒု-ညွှန်မှူး ဗိုလ်ကျော်ဝင်းမှတဆင့် ဗိုလ်သန်းရွှေထံ တိုင်တောလို့ ပြဿနာဖြစ်ကာ ၀န်ကြီး ဗိုလ်ဝင်းတင်လည်း ပြုတ်သွားခဲ့ပါတယ်။

ဒီနေရာမှာ တိုင်းရင်းသားတွေရဲ ငွေကြေးဆုံးရှုံးနစ်နာမှု ကြီးမားသွားခဲ့ပြီး စစ်အာဏာရှင်တွေ အချင်းချင်း လောဘဇောတိုက်မှုမှာ ကြားညှပ်ခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ဒီကိစ္စအတွက် UWSA “၀” ခေါင်းဆောင်တွေဟာ ဗိုလ်သန်းရွှေရဲ့  တပည့်အရင်း ကကလှမ်း ဒု-ညွှန်မှူး ဗိုလ်ကျော်ဝင်းကို ပေးကမ်းစည်းရုံးရတယ်လို့ သိရပါတယ်။

န၀တ တက်ခါစမှာ နိုင်ငံခြားငွေအပါအ၀င် သုံးစွဲငွေ အလုံအလောက် မရှိတာမို့ ဘိန်းစိုက်ပျိုးပြီး ရောင်းဝယ်ခွင့်တွေကို မသိချင်ယောင်ဆောင်ပေးလိုက်သလို အပစ်ရပ်အဖွဲ့ အချို့ရဲ့  တရားမ၀င် ငွေမဲများကို ငွေဖြူအဖြစ် ဖန်တီးပေးကာ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိနေခဲ့ပြန်တယ်။

နအဖဟာ စစ်ရေးအင်အားကိုလည်း တိုးချဲ့ ချင်တာကြောင့် သူတို့ရဲ့  နိုင်ငံခြားငွေ နည်းပါးချိန်မှာ တရားမ၀င် ငွေမဲတွေပိုင်ထားတဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ လျှို့ ဝှက်စွာ ပူးပေါင်းလှုပ်ရှားလာပါတယ်။

UWSA ခေါင်းဆောင်တဦးဖြစ်တဲ့ ဝေရှောက်ခန်းရဲ့  ဟုန်ပန်း ကုမ္ပဏီကို မိုင်းဆတ်၊ တာချီလိတ်နဲ့ ကျိုင်းတုံ ကားလမ်းမကြီးတွေ ဖောက်လုပ်ရေး ကန်ထရိုက် ပေးလာပါတယ်။ အလားတူ သံမဏိစက်ရုံလိုမျိုး စက်မှုလက်မှုလုပ်ငန်း ကန်ထရိုက်တွေ ပေးလိုက်ပြီး “၀” ခေါင်းဆောင်တွေက ဟုန်ပန်းကုမ္ပဏီ ထောင်ကာ စက်မှုလက်မှု ဟန်ပြလုပ်လာပါတယ်။

အဲဒီလုပ်ငန်းတွေနဲ့ ရေနက်ကွင်း စီမံကိန်းလိုမျိုး စီမံကိန်းတွေ အကြောင်းပြပြီး ဂျပန်နိုင်ငံလိုမျိုး နိုင်ငံတကာမှာ ရှိနေတဲ့ သူတို့ရဲ့  မူးယစ်ဆေးဝါး ရောင်းရတဲ့ငွေမဲများကို ငွေဖြူဖြစ်အောင် ဖန်တီးကာ ပြည်ပမှ ဘူဒိုဇာ ထွန်စက်တွေ၊ စက်ပစ္စည်းတွေ တင်သွင်းလာသလို တောင်ကိုရီးယားနှင့် ဒေ၀ူးကုမ္ပဏီမှ စီမံကိန်းပစ္စည်းတွေနဲ့ ရောပြီး စစ်တပ်အတွက် လက်နက်ခဲယမ်းပစ္စည်းများ ရောသွင်းလာလို့ တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်မှာ ပြဿနာတက်ခဲ့ရပါသေးတယ်။

စစ်အာဏာရှင်တွေဟာ စစ်တပ်သုံး ရဟတ်ယာဉ်ကဲ့သို့ အပိုပစ္စည်းများ တင်သွင်းဖို့ နိုင်ငံခြားငွေ ခက်ခဲချိန်မှာ “၀” တွေဆီက ပိုက်ဆံတောင်းစားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ခေတ်ပြိုင်ဝက်ဆိုဒ်မှာ ဖော်ပြချက်အရ ၂၀၀၈ ခုနှစ် ဇွန်လမှာ အမေရိကန် ကွန်ဂရက်သို့ နိုင်ငံခြားရေးရာ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဌာနခွဲမှ တင်သွင်းတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးရောင်းရငွေ တန်ဖိုးမှာ ၁၉၉၀ ပြည့်နှစ်ကတည်းကပင် အမေရိကန် ဒေါ်လာသန်း (၉၀၀) ကျော်ရှိခဲ့ပြီး ယနေ့မှာတော့ ဒေါ်လာသန်း (၂,၀၀၀) ကျော်ရှိကြောင်း သိရပါတယ်။ UWSA အနေနဲ့ ဘိန်းဖြူတခုတည်း ရောင်းရငွေ တန်ဖိုးမှာ ၂၀၀၂ ခုနှစ်က အမေရိကန် ဒေါ်လာသန်း (၃၀၀) ခန့် ရှိတယ်လို့ သိရပါတယ်။

စီးပွားရေး လုပ်ငန်းတွေအတွက် သုံးစွဲတဲ့ ငွေကြေးအများစုဟာ ဝေရှောက်ခန်း၊ ပေါက်ယူချမ်းတို့ရဲ့ ကိုယ်ပိုင်ငွေ ကြေးသာဖြစ်ပြီး “၀” အဖွဲ့အစည်းပိုင် ငွေကြေးမဟုတ်တာ တွေ့ရပါတယ်။

UWSA “၀” ခေါင်းဆောင်တွေရဲ့  စီးပွားရေးလုပ်ငန်းတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတို့အပြင် သိမ်ကြီးဈေး အပေါ်ထပ်က နိုက်ကလပ်၊ အနှိပ်ခန်းတွေကအစ အနှံ့အပြား မြှုပ်နှံထား ရှိတာမို့ နအဖက သူတို့ကို ခြိမ်းခြောက် နိုင်တဲ့ အခြေအနေရှိပါတယ်။

“၀” ခေါင်းဆောင်တွေဟာ သေနတ်ကိုင်ပြီး မန္တလေးမြို့ တော်အထိ သွားလာခဲ့တဲ့ အကြိမ်များမှာ တိုင်းမှူးတွေနဲ့ ပြဿနာတက်ခဲ့ပြီး ဝေရှောက်ခန်းကို စိန်ဝင်း နာမည်နဲ့ မှတ်ပုံတင် နိုင်ငံသားကတ်တခု ကကလှမ်းက လုပ်ပေးရတဲ့အထိ ခြေလှမ်းကြဲခဲ့ပါတယ်။

ရန်ကုန် UWSA ကိုယ်စားလှယ် ကျော်စိန်ဆိုသူဟာလည်း ၀န်ကြီးတွေ ပါးစပ်ဟရင် ခွံ့ပေးရသူ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက သတင်းပေးလာတော့မှ ဇန်န၀ါရီလ (၂၅) ရက်နေ့မှာ ရန်ကုန် အေရှားဝေါပိုင် ဆိပ်ကမ်းမှာ ဘိန်းဖြူကီလိုဂရမ်များစွာကို ရန်ကုန် စင်ကာပူသွား “KOTA TEGET” ကုန်တင် သင်္ဘောထွက်မယ့်ဆဲဆဲ မူးယစ်ဗဟိုက ဖမ်းမိသွားခဲ့ပါတယ်။

သတင်းကွင်းဆက် ဖော်ထုတ်ချက်အရ လှိုင်သာယာ FMI အိမ်ရာမှာ လိုက်လံရှာဖွေခဲ့ရာက ဘိန်းဖြူ ကီလိုဂရမ်ပေါင်း မြောက်မြားစွာကို ထပ်မံဖမ်းဆီးရခဲ့ပြန်ပါတယ်။ အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ကျော်စိန်ကို ဖမ်းထားပေမယ့် အိုက်ဟော့ကတော့ UWSA ဧရိယာအတွင်း ရှောင်တိမ်းပုန်းခိုနေကြောင်း သိရပါတယ်။

စားတုန်းက ပေါင်းစားပြီး ပေါ်တော့မှ အရေးယူဖမ်းဆီးလို့ “၀” တွေဟာ နအဖနဲ့ မကျေမလည် တင်းမာမှု ဖြစ်နေပါတယ်။ ပေါက်ယူချမ်းရဲ့ သမီးနဲ့ မရခင် ၁၉၉၃ ခုနှစ်ကတည်းက အိုက်ဟော့ဟာ မောင်းမောကုမ္ပဏီ၊ Tetkham ကုမ္ပဏီ၊ BME ကလပ်၊ ရန်ကုန်အဲယားဝေး လေကြောင်းနဲ့ ကျောက်မျက်၊ ဟိုတယ်၊ ဆောက်လုပ်ရေး လုပ်ငန်းများပိုင်ဆိုင်မှု အကြောင်းပြကာ မူးယစ်ဆေးဝါး အကြီးအကျယ်လုပ်ကိုင်ခဲ့ပြီး ရမခတိုင်းမှူး အဆက်ဆက် ဘိန်းအကောက်ပေးကာ လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

နအဖက “၀” တွေကို လက်နက်ကိုင် စွန့်လွှတ်ဖို့ ဖိအားပေးနေခြင်းအား “၀” တို့ အနေနဲ့ မလိုက်လျောခဲ့ရင် မူးယစ်ဆေးဝါး အကြောင်းပြကာ “၀” ကို မုန်းတီးနေတဲ့ ဗိုလ်မောင်အေးက “ချ” ဖို့ ဟန်ရေးတပြင်ပြင် စစ်ပြင်လျက် ရှိနေပါတော့တယ်။

ဒါပေမယ့် နအဖဟာ ပိုက်ဆံမရှိလို့ “၀” တွေက တိတ်တိတ်ပုန်း ငွေမဲတွေနဲ့ ပိုက်ဆံ ချေးပေးလိုက်ရပြီး လက်နက်တွေ ခိုးသွင်းရတဲ့ ကိစ္စရယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်တွေကိုယ်တိုင်တနည်းတဖုံ ပါဝင်ပတ်သက်နေတာရယ်ကို “၀” တွေက ဖော်ထုတ်လိုက်ရင်လည်း နိုင်ငံတကာ မျက်နှာစာမှာ အရှက်တကွဲ အကျိုးနည်းဖြစ်သွားမှာကို နအဖ အနေနဲ့ စိုးရိမ်ပူပန်နေရပါတယ်။ ဒါ့ကြောင့် နအဖအနေနဲ့ အခုချိန်မှာ စုပ်လဲစူး စားလဲရူး ဘ၀မျိုးကို ရင်ဆိုင်နေရပါတယ်။

ဒါဟာ ကိုယ်ကျိုးစီးပွားအတွက်သာ ရည်ရွယ်ပြီး အာဏာရှင်စနစ်ကို မှားယွင်းစွာ တည်ဆောက်တဲ့အတွက် နအဖအနေနဲ့ အကျပ်အတည်း တွေ့နေရခြင်း ဖြစ်ပါတယ်။ နယ်စပ်ဒေသ တိုးတက်ဖွံ့ဖြိုးရေးနဲ့ စားဝတ်နေရေး ချောင်လည်ရေးတို့အတွက် လက်ရှိ ကျင့်သုံးနေတဲ့ မူဝါဒကို နအဖဟာ မလွှဲမသွေ ပြောင်းလဲဖို့လိုပါတယ်။

၂၀၀၄- ၂၀၀၅ အမျိုးသားညီလာခံ ကျင်းပခဲ့စဉ် တိုင်းရင်းသားအဖွဲ့တွေ တင်ပြခဲ့တဲ့ တိုင်းရင်းသားအခွင့်အရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတာတွေကို နအဖက အထိုက်အလျောက် မလိုက်လျောသရွေ့  ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းရင်းသားတွေအတွက် ကံကြမ္မာငင်မယ့် ရွေးကောက်ပွဲသာ ဖြစ်ပါကြောင်းနဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး နအဖရဲ့  ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ဖို့လိုကြောင်း တင်ပြလိုက်ရပါတယ်။

နောက်အပိုင်းမှာတော့ UWSA “၀” တွေကို နအဖက နိုင်ထက်စီးနင်းလုပ်ခဲ့ပုံ၊ နအဖဟာ UWSA နဲ့ MTA ဘိန်းဘုရင် ခွန်ဆာတို့အပေါ် နိုင်ငံရေးအမြတ်ထုတ် လှည့်စားအသုံးချသွားပုံတွေကို ဆက်လက်တင်ပြသွားပါအုံးမယ်။

ဗိုလ်ထက်မင်း

Ref: ခေတ်ပြိုင်

....

Read More...

ကိုဗဟိန်းမှသည် ကျော်ကိုကို အထိ (၆)


‘ကျောင်းသားသမဂ္ဂ၊ ရဲဘော်သုံးကျိပ်နှင့် ဖက်ဆစ်တော်လှန်ရေး’
အောင်ဝေး
ဖေဖော်ဝါရီ ၂၁၊ ၂၀၀၉

၁၃ဝဝ ပြည့် အရေးတော်ပုံကြီးပြီးတဲ့အခါ ကမ္ဘာမှာ ဒုတိယအကြိမ် စစ်မီးကြီး ထတောက်လာပါတယ်။ ၁၉၃၉ခုနှစ်ခုမှာ ဥရောပနဲ့ အာရှတိုက်မှာပါ ဒုတိယကမ္ဘာစစ်ဖြစ်လာပါတယ်။ အရှေ့ဖျားမှာ ဂျပန်က အင်္ဂလိပ်တို့ရဲ့ ကိုလိုနီအင်ပါယာကို ခြိမ်းခြောက်လာပါတယ်။

၁၃ဝဝ ပြည့် အရေးတော်ပုံအတွင်းမှာ စုစည်းမိသွားကြတဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား တပ်ပေါင်းစု အင်အားသစ်ဟာ အမျိုးသား လွတ်မြောက်ရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး အတွက် နည်းလမ်းမျိုးစုံကို တွေးတောလာကြပါတယ်။

ဒီအရေးတော်ပုံကြီးအတွင်းမှာ ရန်ကုန်မှာ ကျောင်းသား အာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတယ်။ မန္တလေးမှာ (၁၄)နှစ်အရွယ် ကျောင်းသားက လေးအပါအဝင် ရဟန်းရှင်လူပြည်သူ (၁၇) ဦး အသက်ပေးခဲ့ရတယ်။ မြေကျခဲ့တဲ့ ကျောင်းသားတွေရဲ့သွေး၊ ခွပ်ဒေါင်းသွေးဟာ လွတ်လပ်ရေးကို တိုက်ယူဖို့ ချင်းချင်းနီနေခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂ ထဲက ပညာတတ် လူငယ် ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက ရှေ့တန်း ရောက်လာပါတယ်။ ၁၉၃၉ ခုနှစ်ထဲမှာပဲ အဲဒီ ပညာတတ် လူငယ်တွေဟာ CPB (ဗမာပြည်ကွန်မြူနစ်ပါတီ) ကို ထူထောင်လိုက်ကြပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပထမဆုံး အထွေထွေ အတွင်းရေးမှူးဟာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်မီးကြီး အာရှကိုပါ ကူးစက်လာတော့ မြန်မာနိုင်ငံကို အုပ်စိုးနေတဲ့ ဗြိတိသျှ အစိုးရ အဖို့ အခက်အခဲနဲ့ ကြုံတွေ့လာရပါတော့တယ်။ အရှေ့ဖျားက ဂျပန်ရဲ့ ရန်ကြောင့် နယ်ချဲ့ အစိုးရ အကြပ်ရိုက်နေပါပြီ။

အဲဒီအချိန်မှာ နယ်ချဲ့ကို မောင်းထုတ်ဖို့ နိုင်ငံတကာ အကူအညီ ရဖို့ လိုအပ်တယ် ဆိုတဲ့ အတွေးခေါ်က ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေကြားမှာ ရောက်ရှိနေပါပြီ။

အစောဆုံးအနေနဲ့ ၁၉၃၉ခုနှစ်ကထဲမှာ တကသ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုဗဟိန်းနဲ့ ဆရာ ဒဂုန်တာရာတို့ တရုတ်ပြည် ကွန်မြူနစ်ပါတီ၊ ဥက္ကဌမော်တို့နဲ့ ဆက်သွယ်ဖို့ လားရှိုးကနေ တရုတ်နိုင်ငံ ယူနန်ဘက်ကို လျှို့ဝှက် ခရီးထွက်ကြပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ် နယ်ချဲ့ ပုလိပ်စုံထောက်တွေက ပိတ်ပင်ဟန့်တားလို့ ကိုဗဟိန်းနဲ့ ဆရာဒဂုန်တာရာတို့ရဲ့ တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ဖို့ ကိစ္စဟာ အထ မမြောက်လိုက်ရတော့ပါဘူး။

၁၉၃၉ နဲ့ ၄ဝ တွေမှာ တို့ဗမာအစည်းအရုံးကြီးရဲ့ မော်လမြိုင်နဲ့ သာယာဝတီ ညီလာခံတွေကို ကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံတွေကနေပြီး ‘အင်္ဂလိပ်အခက်၊ ဗမာအချက်’ ဆိုတဲ့ ကြွေးကြော်သံကို ထုတ်ပြန်ခဲ့ကြပါတယ်။

၁၉၄ဝ စက်တင်ဘာမှာ ဗမာ့ထွက်ရပ်ဂိုဏ်း (Burma Freedom Bloc) ကို ဖွဲ့စည်း ထူထောင်လိုက်ကြပါတယ်။

တကသ ခေါင်းဆောင်တွေ၊ ပညာတတ် လူငယ်တွေရဲ့ နိုင်ငံတကာ အကူအညီရရှိရေး အတွေးအခေါ်ဟာ ပျောက်ဆုံး မသွားသေးပါဘူး။ တရုတ်ပြည် ကွန်မြူနစ်ပါတီ ဥက္ကဌမော်တို့နဲ့ အဆက်အသွယ် ရဖို့ ဒုတိယအကြိမ် ကြိုးပမ်းသူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ပါ။ သခင်လှမြိုင်ဆိုတာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်ပါ။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဌမော်နဲ့ တွေဖို့ တရုတ်နိုင်ငံ “ယင်အန်း” ကို သွားတဲ့ ခရီးဟာလည်း အထ မမြောက်ဘဲ ကံအားလျော်စွာ ဂျပန်နဲ့ ဆက်သွယ်မိပြီး ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ဖို့ ဖြစ်သွားခဲ့ရပါတော့တယ်။

၁၉၄ဝ ပြည့်နှစ်ထဲမှာပဲ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံမှာ စစ်ပညာသင်ဖို့ လျှို့ဝှက် ထွက်ခွာသွားကြပါတယ်။ အဲဒီ ရဲဘော် သုံးကျိပ်ဆိုတာမှာ တို့ဗမာ အစည်းအရုံး သခင်ကိုယ်တော်မှိုင်း လက်ဝဲဂိုဏ်းက (၂၁)ဦး၊ သခင်ဘစိန်၊ သခင်ထွန်းအုပ် လက်ယာဘက်ဂိုဏ်းက (၈)ဦးနဲ့ ဂျပန်မှာ အရင်ရောက်နှင့်တဲ့ ကိုဆောင်း ဆိုသူ(၁)ဦး စုစုပေါင်း အယောက်(၃ဝ) ဖြစ်ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း အဖွဲ့က (၂၁)ဦးမှာ သခင်အောင်ဆန်းက ခေါင်းဆောင်၊ ကိုလှဖေ (ဗိုလ်လက်ျာ)က ဒုတိယ ခေါင်းဆောင်ပါ။ သခင်ဘစိန်၊ သခင်ထွန်းအုပ် အဖွဲ့ (၈)ဦးမှာ ခေါင်းဆောင်က သခင်ရှုမောင်(ဗိုလ်နေဝင်း) ပါပဲ။ ဒီနှစ်ဖွဲ့ကြားမှာ ဆက်သွယ်ရေး အရာရှိအဖြစ်က သခင် ကိုယ်တော်မှိုင်း အဖွဲ့က ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်) ဖြစ်ပါတယ်။

အဲဒီလိုသမိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ ရဲဘော်သုံးကျိပ်ဆိုတာ တကယ်တော့ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံ Union ထဲကနေ သန္ဓေ တည်ခဲ့တာ ဖြစ်ပါတယ်။ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး အပြီး နယ်ချဲ့ကို တိုက်ဖို့ နိုင်ငံတကာ အကူအညီ ယူရမယ်ဆိုတဲ့ အတွေးအခေါ်ကို တကသ ခေါင်းဆောင်တွေဟာ ဒီ Union သမဂ္ဂ အဆောက်အအုံ ကြီးထဲမှာပဲ ဆွေးနွေး တိုင်ပင်ခဲ့ကြတာပါ။

ဒါကြောင့်လည်း ရဲဘော်သုံးကျိပ်ထဲမှာ တကသ ခေါင်းဆောင်တွေ အနေနဲ့ (၁) ကိုအောင်ဆန်း (ဗိုလ်တေဇ)၊ (၂) ကိုလှဖေ (ဗိုလ်လက်ျာ)၊ (၃) ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) နဲ့ (၄) ကိုလှမောင် (ဗိုလ်ဇေယျ) တို့ (၄)လေးဦး ပါဝင်နေတာ ဖြစ်ပါတယ်။

၁၉၄၁ မှာတော့ ကျောင်းသား သမဂ္ဂ ယာယီ ရပ်ဆိုင်း သွားခဲ့တယ်လို့ ဆိုရပါမယ်။ တကသ ခေါင်းဆောင်တွေ ဖြစ်တဲ့ သခင်နုနဲ့ ကိုဗဟိန်းတို့ဟာ သခင်သန်းထွန်း၊ သခင်စိုးတို့နဲ့ အတူ ဗြိတိသျှအစိုးရရဲ့ အင်းစိန် အကျဉ်း ထောင်ထဲမှာ ရောက်နေကြတဲ့ အချိန်ပါ။

၁၉၄၂ မှာတော့ ဗမာ့ လွတ်လပ်ရေးတပ်မတော် (BIA) ဖွဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂျပန်ဗိုလ်ချုပ်ကြီး အီးဒါးတို့ မြန်မာနိုင်ငံထဲကို ပြန်ဝင်ရောက် လာခဲ့ကြပါတယ်။ အဲဒီနောက်တော့ BIA ကနေ BDA (ဗမာ့ကာကွယ်ရေး တပ်မတော်) PBF မျိုးချစ် (ဗမာ့တပ်မတော်) အဆင့်ဆင့် ပြောင်းပြီး ဖက်ဆစ်ဂျပန်ကို ပြန်တော်လှန်ဖို့ မြေအောက်တော်လှန်ရေး UGတွေ ဖွဲ့စည်းကြရ ပြန်ပါတယ်။

၁၉၄၄ မှာ ဗမာ့တပ်မတော်ရယ်၊ ဗမာ့ပြည်ကွန်မြူနစ်ပါတီရယ်၊ နောက်ဆုံး ဖွဲစည်းလိုက်တဲ့ ပြည့်သူ့ အရေးတော်ပုံ ပါတီ (BRP) ပူးပေါင်းပြီးတော့ ဖတပလ အဖွဲ့ချုပ် (နောင် ဖဆပလ) ကို ထူထောင် လိုက်ကြပါတယ်။

ဂျပန်ခေတ်မှာ သကသ၊ ဗကသ ရဲ့ ကျောင်းသား လှုပ်ရှားမှုကို တသီးတခြား မတွေ့ကြရပေမဲ့ ဂျပန် ဆန့်ကျင်ရေးအတွက် လှုပ်ရှားကြတဲ့ အဖွဲ့အစည်း အသီးသီး၊ လုပ်ငန်း အသီးသီးမှာတော့ တကသ၊ ဗကသ ကျောင်းသား ခေါင်းဆောင်တွေ အရေးကြီးတဲ့ နေရာက တာဝန်ယူ ခဲ့ကြရပါတယ်။

၁၉၄၅ခုနှစ်၊ မတ်လ(၂၇)ရက် ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲတဲ့ အချိန်မှာတော့ တကသ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊ သခင်စိုးက နိုင်ငံရေး၊ သခင်သန်းထွန်းက နိုင်ငံခြား ဆက်သွယ်ရေး တာဝန်ခံတွေဖြစ်ပြီး ဦးသိန်းဖေမြင့်က အင်္ဂလိပ် အမေရိကန် မဟာမိတ်တပ်တွေနဲ့ ဆက်သွယ်ဖို့ အိန္ဒိယကို သွားတယ်။

ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းက ပဲခူးရိုးမ ကရင်တိုင်းရင်းသားတွေနဲ့ အတူ ဂျပန်ခုခံ ဆန့်ကျင်ရေး ပြောက်ကျားစစ်ပွဲကို ဦးဆောင်ရပါတယ်။

ဖက်ဆစ်တော်လှန်ရေးပြီးတော့မှသာ၊ ၁၉၄၆မှာ အရေးပေါ် ကျောင်းသားသမဂ္ဂ ဆိုပြီး ရွှေတိဂုံကုန်းတော်၊ ဒိုက်ဦးဇရပ်မှာ ကွန်ဂရက် ခေါ်ယူ ကျင်းပနိုင်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ‘မြင်းခွာတချက်ပေါက်ရင်၊ မီးဟုန်းဟုန်း တောက်စေရမယ်’ ဆိုတဲ့ ကျောင်းသား ခေါင်းဆောင် ကိုဗဟိန်း၊ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် သခင်ဗဟိန်းဟာ မန္တလေး ဆေးရုံကြီးပေါ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ ။

Ref: မိုးမခ

Read More...

အရပ်သားအစိုးရသစ်က လက်နက်ချခိုင်းလျှင် အန်ဒီအေကေ ကချင်အဖွဲ့ လက်နက်ချမည်

NEJ / မတ်လ(၆) ရက်၊ ၂၀၀၉

ရွေးကောက်ပွဲအပြီး ရုပ်သေးအရပ်သား အစိုးရတက်လာသည့်အချိန်တွင် လက်နက်ချရေး ပြောလာပါက လက်နက်ချရန်အသင့်ရှိကြောင်း ကချင်အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကချင်နိုင်ငံရေးပါတီဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ကချင်အပစ်အခတ် ရပ်စဲရေးအဖွဲ့တခုဖြစ်သည့် (အန်ဒီအေကေ) ကချင်ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း နှင့် ခေတ်ပြိုင် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် လက်နက်ချရန် အသင့်ရှိသည်ဟု အန်ဒီအေကေအဖွဲ့က ပထဆုံး ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။

ကချင်ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီတွင် ကချင်အတိုင်ပင်ခံကောင်စီမှ (၅၀) ရာနှုန်းကျော် ပါဝင်မည်ဟု ကချင်အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ပြောသည်။

ဖွဲ့စည်းမည့် ကချင်ပါတီမှာ ကေအိုင်အို အပစ်အခတ်ရပ်စဲရေးအဖွဲ့နှင့် အန်ဒီအေကေတို့မှ ကိုယ်စားလှယ်အချို့ ပါဝင်မည်ဖြစ်သည်။ အစိုးရသစ်အပြောင်းအလဲမှာ တိုင်းရင်းသားများကို အလုပ်အကျွေးပြုနိုင်မည့် နိုင်ငံရေး ပါတီတရပ်ဖွဲ့ရေးအတွက် ကချင်အတိုင်ပင်ခံကောင်စီမှ မေတ္တာရပ်ခံသည့်အတွက် ယခုကဲ့သို့ ပါတီဖွဲ့ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဦးဇခုန်တိန့်ယိန်းက ရှင်းပြသည်။

သို့သော် ကချင်အတိုင်ပင်ခံကောင်စီသည် ကေအိုင်အိုအဖွဲ့၏ ထောက်ပံ့မှုကို အများဆုံးရယူထားသည့် အဖွဲ့ဖြစ်သည့်ပြင် ကေအိုင်အိုအဖွဲ့၏ စစ်အစိုးရအပေါ် မပြတ်သားသည့် ပေါ်လစီကြောင့် ကချင်လူထုက စိတ်ဝင်စားမှုနည်းသည်ဟု ကချင်သတင်းအုပ်စု အယ်ဒီတာ နော်ဒင်းက ပြောသည်။

ကချင်နိုင်ငံရေးပါတီသစ်တွင် အန်ဒီအေကေအဖွဲ့ကို ကိုယ်စားပြုမည့် ဦးမန်ရှန်တိန့်ဆောင်သည် အမျိုးသားညီလာခံကာလအတွင်း အန်အယ်လ်ဒီသည် အမျိုးသားညီလာခံပျက်စီးအောင် အမေရိကန်အားကိုးဖြင့် လုပ်ကိုင်နေသလို တွေ့ဆုံဆွေးနွေးရေး အန်အယ်လ်ဒီက တောင်းဆိုနေခြင်းသည်လည်း အမျိုးသားညီလာခံကို ဖျက်လိုဖျက်ဆီး လုပ်နေခြင်းဖြစ်ကြောင်း စွပ်စွဲသည့် စာတမ်းကို ၂၀၀၆ ခု ညီလာခံအဖွင့်မှာ ဖတ်ကြားခဲ့သူ ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Friday, March 6, 2009

ဘာသာရေးနဲ့နိုင်ငံရေး

မောင်စွမ်းရည်/ ၅ မတ် ၂၀၀၉

ဘုန်းကြီးနဲ့နိုင်ငံရေးဆိုတဲ့ ဆောင်းပါးတပုဒ်ကို ခေတ်ပြိုင်မှာ ကျနော်ရေးဖူးတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသား၊ တိုင်းရင်းသား၊ ပြည်သူလူထု အများစုရဲ့ ကောင်းကျိုး ချမ်းသာကို ဆောင်ရွက်ရတာ ဖြစ်လို့ “ပရဟိတ” ဖြစ်တယ်။ တနည်းပြောရရင် နိုင်ငံရေးဆိုတာ လောကကောင်းကျိုး ချမ်းသာကို တိုးမြင့်အောင် ဆောင်ရွက်ရတာ ဖြစ်လို့ “လောကတ္ထစရိယ” ဆိုတဲ့ တရားတော်နဲ့ အလုပ်ဖြစ်တယ်။ သူတော်ကောင်း သူမြတ်ကောင်း တို့ရဲ့ ဦးစားပေး ဆောင်ရွက်ရတဲ့ ကျင့်စဉ်ဖြစ်တယ်လို့ နိဒါန်းချီခဲ့ ပါတယ်။

ပရိတ်ကြီး (၁၁) သုတ်ထဲမှာ ရတနာ့သုတ်ပါရှိတယ်။ ရတနာ့သုတ်ထဲမှာ လောကတ္ထ စရိယ၊ ဉာတတ္ထ စရိယ၊ ဗုဒ္ဓတ္ထ စရိယ ဆိုတဲ့ စရိယ တရားသုံးပါး ပါရှိတယ်။ လောကတ္ထ စရိယဆိုတဲ့ အများလူသားတို့ အကျိုးကို ဆောင်ရွက်ခြင်းဟာ နိုင်ငံရေးနဲ့ အတူတူပါပဲ။ သံဃာတော်များ အများအကျိုး ဆောင်ရွက်တာဟာ ရှုတ်ချစရာ မရှိ။ အပြစ်မရှိ။ ကုသိုလ်ရတဲ့အလုပ်၊ သာသနာပြုတဲ့ အလုပ်၊ တရားတော်နဲ့ညီတဲ့ အလုပ်ဖြစ်ပါတယ်။ သံဃာတော်များဟာ မိမိတို့ရဲ့ ကျောင်း သင်္ကန်း၊ ဆွမ်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါး ဒါယကာတွေ ဒုက္ခရောက်နေတာကို ဘယ်တုန်းကမှ ပစ်ပယ်ထားရိုး မရှိခဲ့ပါ။ အဲသလို အကြောင်းပြချက်များနဲ့ တကွ ဘုန်းကြီးနဲ့ နိုင်ငံရေးဆိုတဲ့ ဆောင်းပါးကို ရေးခဲ့တာပါ။ ပီနန်ဆရာတော်ကြီးရဲ့ အဆိုအမိန့်ကို ကိုးကားရေးသား ခဲ့တာလည်း ဖြစ်ပါတယ်။

ခုတင်ပြ ဆွေးနွေးကြည့်ချင်တာက ဘုန်းတော်ကြီးများနဲ့ နိုင်ငံရေးအကြောင်း မဟုတ်ဘဲ ဘာသာရေးနဲ့ နိုင်ငံရေး အကြောင်းဖြစ်ပါတယ်။ ဘာသာရေး ဆိုရာမှာလည်း ကိုယ်မမွေးခင်ကတည်းက ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓဘာသာ အကြောင်းကို နိုင်ငံရေးနဲ့ ဆက်စပ်ဆင်ခြင် ကြည့်တာပဲ ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ ဘာသာရေးကို ဆက်စပ်ဆင်ခြင်မိတဲ့အခါတိုင်း ဆရာကြီး ရွှေဥဒေါင်း ရေးဖူး၊ ပြောဖူးတာလေး တခုကို အမြဲတမ်း သတိရ မိလိုက်ပါတယ်။ ဆရာကြီးကို သူ့ရဲ့ မိတ်ဆွေတဦးက “ဆရာကြီးခင်ဗျား။ ဆရာကြီးအနေနဲ့ မတ်(က်စ်) ၀ါဒနဲ့ ဗုဒ္ဓ၀ါဒတို့ကို ဘယ်ဟာ ပိုကောင်းတယ် ထင်ပါသလဲ” လို့ မေးဖူးသတဲ့။ ဒီတော့ ဆရာကြီးက “ခင်ဗျားမေးတဲ့ မေးခွန်းက မဟုတ်သေးဘူး ထင်တယ်။ မေးခြင်းမေးရင်း အမျိုးအစား တူတာချင်းပဲ နှိုင်းယှဉ် မေးမြန်းသင့်ပါတယ်။ ဥပမာ သကြားနဲ့ ထန်းလျက် ဘယ်ဟာကို ပိုကြိုက်သလဲ၊ ဒီလိုမှ မဟုတ်ရင် လေယာဉ်ပျံနဲ့ ခရီးသွားတာနဲ့၊ မီးရထားနဲ့ ခရီးသွားတာ ဘယ်သင်းကို ပိုကြိုက်သလဲ ဆိုတာမျိုး၊ စားစရာကို စားစရာနဲ့၊ သွားစရာကို သွားစရာနဲ့ နှိုင်းယှဉ်သင့်ပါတယ်။ ခု ခင်ဗျားမေးတာက သကြားစားတာနဲ့ လေယာဉ် ပျံစီးတာ ဘယ်ဟာက ပိုကောင်းသလဲလို့ အမျိုးအစား မတူတာချင်း နှိုင်းယှဉ်မေးသလို ဖြစ်နေပါတယ်တဲ့။

ခုလည်း ကျနော့်အနေနဲ့ ဘာသာရေးနဲ့ နိုင်ငံရေးတို့ကို နှိုင်းယှဉ်မိသလို ဖြစ်နေပါတယ်။ ကျနော်အနေနဲ့က နှိုင်းယှဉ်ကြည့်တာ မဟုတ်ပါ၊ ဆက်စပ်ကြည့်တာပဲ ဖြစ်ပါတယ်။ လူနဲ့ ဘုန်းကြီး၊ ဆရာနဲ့ ဒကာ ဆက်စပ်နေသလို ဘာသာရေးနဲ့ နိုင်ငံရေးဟာလည်း ဆက်စပ်နေပါတယ်။ မန္တလေးကနေ ရန်ကုန်ကို မီရထားလမ်းနဲ့ ကားလမ်း အတူယှဉ်သွား သလိုပါပဲ။ ဘုန်ကြီးက ရန်ကုန်အထိ သွားမှာ၊ လူ(ဒကာ) က တောင်ငူသွားမှာ။ အတူယှဉ်ပြီး သွားပေမယ့် အဝေးအနီး ကွာသလိုပါပဲ။ သံဃာက လူနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ ဘာသာနိုင်ငံရေး မလုပ်ပါ။ မလုပ်ရပါ။

ဘာသာရေးဆိုတာက လူပုဂ္ဂိုလ်တဦးချင်းရဲ့ ယုံကြည်ကိုးကွယ်မှု ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာက အများပြည်သူရဲ့ အရေးကိစ္စကို ဆောင်ရွက်မှု ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ရှုထောင့်က ပြောရရင် ဘာသာရေး ဆိုတာက လူတဦးချင်းအနေနဲ့ သံသရာ ၀ဋ်ဆင်းရဲက အားထုတ် လုပ်ဆောင်ရတာ ဖြစ်ပြီး နိုင်ငံရေးဆိုတာက လောကီလူသားတွေရဲ့ စားဝတ်နေရေးဘ၀ တိုးတက်အောင် ဆောင်ရွက်ရတဲ့ လောကီဘ၀ လွတ်မြောက်ရေးကို လုပ်ဆောင်ရတာဖြစ်ပါတယ်။ လောကီရေးနဲ့ လောကုတ္တရာရေးလို့ ခွဲခြားပြောရင် ရပါတယ်။ (မတူပေမယ့် မဆန့်ကျင်ပါ)

လောကီရေးနဲ့ လောကုတ္တရာရေးတို့ ရည်မှန်းချက်မတူသလို လုပ်ကိုင် ဆောင်ရွက်ရပုံ ချင်းလည်း မတူပေဘူး။ လောကီသမား ဖြစ်တဲ့ နိုင်ငံရေး သမားတွေက အဖွဲ့အစည်းနဲ့ လုပ်ရပေမယ့် ဘာသာရေး သမားက တဦးချင်း လုပ်ဆောင်ရပါတယ်။ လုပ်ဆောင်ရတဲ့ နေရာချင်းတောင် မတူပါဘူး။ ဗုဒ္ဓဘာသာဝင် တရားအားထုတ်သူ တဦးက သစ်တပင်အောက်၊ ၀ါးတပင်အောက်ကိုပဲ ဖြစ်ဖြစ်၊ အခန်းပိတ်၊ ဂူအောင်းလို့ပဲဖြစ်ဖြစ် ဆိတ်ငြိမ်ရာရှာပြီး ဧကစာ ကျင့်ရပါတယ်။ နိုင်ငံရေး သမားတွေကတော့ ခန်းမကျယ်ကျယ်၊ လမ်းမကျယ်ကျယ်တွေမှာ လုပ်ဆောင်ရတာမျိုးတွေ ရှိပါတယ်။ (ယူဂျီကိစ္စကတော့ သီးခြားပါ။)

ဘာသာတိုင်းမှာ စုပေါင်းဝတ်ပြုကြတာ၊ စုပေါင်းပြီး ဆုတောင်းပွဲတွေ လုပ်ကြတာ ရှိကြပါရဲ့။ စုပေါင်းသီလယူ၊ စုပေါင်းဒါန ပြုကြတာတွေလည်း ရှိကြပါရဲ့။ ဒါပေမယ့် ဒီကိစ္စတွေက အဆုံးစွန် ကျွတ်တမ်းဝင်ရေး မဟုတ်သေးပါ။ သံသရာ ကျင်လည်နေဆဲ ဘ၀တွေမှာ ချမ်းချမ်းသာသာ၊ အဆင့်မြင့်မြင့် နေကြရေး အတွက်သာ ဖြစ်ပါတယ်။ ကျွတ်တမ်းဝင်ဖို့ တရားအားထုတ်ရင် တဦးတည်း ရှုမှတ် ဆင်ခြင်တာမျိုး လုပ်ရမှာပါ။ နိုင်ငံရေးကတော့ အများအကျိုးအတွက် အများက စုပေါင်း အားထုတ်ရတာပါ။ (ရည်မှန်းချက်က နိုင်ငံရေး အာဏာရဖို့ပါ။)

ဒီခေတ်မှာ မကြုံစဖူး ကြုံရတာ တခုရှိပါတယ်။ ဗုဒ္ဓဘာသာ သံဃာတော်များအနေနဲ့ လမ်းမပေါ်မှာ အစုအဝေးလိုက် ထွက်ပြီး မေတ္တာသုတ် ရွတ်ဆို ဆန္ဒပြကြတာဟာ သမိုင်းမှာ မကြုံဖူးခဲ့ပါဘူး။ ဗုဒ္ဓ၀ါဒီများဟာ မေတ္တာဝါဒီ၊ ငြိမ်းချမ်းရေး ၀ါဒီတွေဖြစ်လို့ အကြမ်းဖက်ရိုး ထုံးစံ မရှိပါ။ မိမိတို့ကို အကြမ်းဖက် ဖမ်းဆီးရိုက်နှက်၊ သေနတ်နဲ့ ပစ်ကြပေမယ့် အကြမ်းဖက်ပြီး မတုံ့ပြန်ကြပါ။ မိမိတို့ကို အကြမ်းဖက်လာတဲ့ အခါ၊ သူတို့ကျွေးတဲ့ဆွမ်း၊ ဆေး စတာတွေကို လက်မခံ၊ သူတို့ရဲ့ သာရေးနာရေးကို မသွားဘဲ နေလိုက်ကြပါတယ်။ ဒါကို သံဃာအချင်းချင်း ညှိနိုင်း သဘောတူပြီး ဆောင်ရွက်ကြပါတယ်။ အရပ်စကားနဲ့ ပြောရင် သပိတ်မှောက်တယ်၊ သံဃာတွေ ဝေါဟာရအရ ပတ္တနိက္ကုဇ္ဇနကံ ဆောင်တယ်လို့ ခေါ်ပါတယ်။ အကြမ်းဖက်တဲ့ ဒကာတွေက သံဃာတွေကို တောင်းပန်ရင်လည်း ချက်ချင်း ကျေအေး ခွင့်လွှတ်ရမြဲ ဖြစ်ပေမယ့် မတောင်းပန်ရုံမက ဆက်လက်ဖမ်းဆီး၊ နှိပ်စက်နေတဲ့ အတွက် ဘုန်းကြီးများ ဘက်ကလည်း ဆက်လက် သပိတ်မှောက် ထားပါတယ်။

သံဃာတော်များရဲ့ ဆွမ်းကွမ်းဒါယကာများမှာလည်း ကုန်ဈေးနှုန်းတွေတက်၊ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ ဖြစ်နေကြရလို့ သံဃာတော်များက ဒကာများအတွက်ပါ မေတ္တာရပ်ခံပါတယ်။ ဖမ်းဆီးထောင်ချထားတဲ့ ဒကာတွေကိုလည်း လွှတ်ပါ။ နှိပ်စက်၊ သတ်ဖြတ်တာတွေကိုလည်း ရပ်ပါ။ စားဝတ်နေရေး သက်သာချောင်ချိအောင်လည်း ဆောင်ရွက်ပေးပါ စသဖြင့် မေတ္တာရပ်ခံပါတယ်။ လူမှုကိစ္စနဲ့ သံဃာကိစ္စ တပေါင်းတည်း ဖြစ်သွားခဲ့ပါတယ်။ (သံဃာတွေ နိုင်ငံရေး အာဏာရယူရေးမဟုတ်ပါ။)

လူတွေ ဒုက္ခရောက်ကြတာ၊ ဖမ်းဆီးနှိပ်စက်ခံကြရတာဟာ ဗုဒ္ဓဘာသာဝင်တွေသာ မဟုတ်ပါဘူး။ မွတ်စလင်ရော၊ ခရစ်ယာန်တွေရော ပါဝင်ကြပါတယ်။ လူတွေ ဆန္ဒပြကြရာမှာလည်း ဘာသာစုံ လက်တွဲ ပါဝင်ကြပါတယ်။ သံဃာတော်များကလည်း အများပြည်သူတွေကို ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ ထောက်ခံပြီး တပြေးညီ မေတ္တာပို့ခဲ့ပါတယ်။ ဖမ်းဆီးနှိပ်စက် ပစ်ခတ်နှိမ်နင်းတဲ့ စစ်သားတွေလည်း မေတ္တာပို့ ပါတယ်။ (မတရားဖိနှိပ်မှုကို သတိပေးတာပါ။)

ကွယ်လွန်သူ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ဟာ သူကိုးကွယ် ဆည်းကပ်တဲ့ ဗုဒ္ဓဘာသာမှာ လူမျိုး ခွဲခြားမှု မရှိ၊ လူတန်းစား ခွဲခြားမှု မရှိ၊ ကျားမ ခွဲခြားမှု မရှိ - အားလုံးကို တန်းတူထားကြောင်း ထုတ်ဖော်ပြောဆို ဂုဏ်ယူခဲ့ပါတယ်။ ဗုဒ္ဓ၀ါဒဟာ အစွန်းနှစ်ဖက် လွတ်တဲ့ ၀ါဒ၊ မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ ဖြစ်ကြောင်းကိုလဲ ကြုံတိုင်း ဖော်ထုတ်တယ်။ မေတ္တာ မထားဘဲနဲ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။

မြန်မာနိုင်ငံ လွတ်လပ်ရေးရတော့မယ်ဆိုတော့ အခြေခံဥပဒေ ရေးဆွဲကြရတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ကျင့်သုံးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ လူများစုဖြစ်လို့ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် သတ်မှတ်ဖို့ တချို့က အဆိုတင်သွင်း ခဲ့ကြဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင် ကြီးကြီးနဲ့ ဒီအဆိုကို ပယ်ချခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုတာ ဘာသာရေး တခုရဲ့ နိုင်ငံ မဟုတ်ရဘူး။ ဘာသာရေး တခုခုကို ဦးစားမပေးရဘူး။ ဘာသာတိုင်းကို တန်းတူ အခွင့်အရေး ပေးရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အခြေခံဥပဒေအရ တရားမျှတ လွတ်လပ်ခဲ့ပါတယ်။

ကိုလိုနီခေတ်က စပြီးအစိုးရအဆက်ဆက်ဟာ သူတို့အကျပ်အတည်း ဖြစ်ရင် ထွက်ပေါက်အဖြစ် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးလေ့ ရှိပါတယ်။ ဒါပေမယ့် လူထုက ဒီလောက် မအလို့ ဘာသာရေး အဓိကရုဏ်း အကြီးအကျယ် မဖြစ်ခဲ့ပါဘူး။ ကျနော်တို့မှာ ဘာသာရေး အစွန်းရောက်တွေလည်း မရှိပါ။ သံဃာတော်တွေဟာ သူများရဲ့ အသက်ကို သက်ရဖို့ ဝေးရော၊ သတ္တ၀ါတွေကို ထိခိုက်နာကျင်အောင် နှိပ်စက်တာတွေတောင် မလုပ်ရပါ။ လက်နက်ကိုင် တော်လှန်ရေးမှာလည်း မပါရပါ။ မလွှဲသာရင် လူဝတ်လဲပြီး လက်နက်ကိုင်ကြပါတယ်။ (ဖက်ဆစ်ဂျပန်ကို တော်လှန်တုန်းကပါ။)

ဒီခတ်မှာ ထူးဆန်းတာက ဗုဒ္ဓဘာသာအမည်ခံပြီး လက်နက်ကိုင်တပ် ဖွဲ့စည်းနေသူတွေ ရှိနေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ များတဲ့ ဗမာစစ်တပ်က ဗိုလ်ချုပ်တွေကို ကျောထောက်နောက်ခံ ပြုနေပါတယ်။ အဲဒါကတော့ ဒီကေဘီအေခေါ် ကရင်ဗုဒ္ဓဘာသာ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါတယ်။ သံဃာ့နာယက ဆရာတော်ကြီးများက လက်နက်ကိုင် အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာ ဆိုတဲ့ အမည် မသုံးစွဲဖို့ မေတ္တာရပ်ခံတာ မကြားရပါ။ တဖက်က ကေအန်ယူများဟာ ခရစ်ယာန် များချည်း ဖွဲ့စည်းထားတာလည်း မဟုတ်၊ ဘာသာရေးစစ်ပွဲ ဆင်နွှဲနေတာလည်း မဟုတ်။ ဖိနှိပ်တဲ့၊ ဒီမိုကရေစီ မရှိတဲ့၊ ပြည်ထောင်စု စည်းလုံးရေးကို မလုပ်တဲ့ စစ်အာဏာရှင် စနစ်ကို တိုက်ခိုက် တော်လှန်နေတာပဲ ဖြစ်ပါတယ်။ ဒီကေဘီအေက ဗုဒ္ဓဘာသာ နာမည်ယူခြင်းဟာ မရိုးသားမှု ဖြစ်ပါတယ်။ အချင်းချင်း ကွဲကြတာကို ဘာသာရေး ခုတုံးလုပ်တာ ဖြစ်ပါတယ်။ (အာဏာနိုင်ငံရေးမှာရော၊ လက်နက်ကိုင်တပ်ဖွဲ့ မှာရော ဘာသာရေး အမည် မတပ်သင့်ပါ။)

ဗုဒ္ဓဘာသာဟာ အကြမ်းဖက်မှုကို မလိုလားပါ။ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါပေမယ့် ထိပ်တန်း ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် ကြွားဝါ ဂုဏ်ယူလေ့ရှိတဲ့ ဗမာပြည်မှာ အကြမ်းဖက်မှုတွေက မယုံနိုင်အောင် များပြားပါဘိ။ ကြာလေ ကြမ်းလေ ဖြစ်နေပါတယ်။ ဗမာပြည်ရဲ့ ခေတ်သစ် သမိုင်းဟာ အကြမ်းဖက်မှု သမိုင်းကြီး၊ သွေးနဲ့ မျက်ရည်သမိုင်း ကြီး ဖြစ်နေပါတယ်။ ကျနော်တို့ တသက်မှာ ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရတာဟာ တွေးလေကြေကွဲစရာ ကောင်းလေ ပါပဲ။ စစ်ဗိုလ်ချုပ်တစု (လူနည်းစု) က အကြမ်းဖက်ဝါဒကို ဆုပ်ကိုင်ထားသမျှ (လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တွေ မလျှော့သမျှ) တိုင်းပြည်လည်း မငြိမ်းချမ်း၊ သာသနာရောင်လည်း ညှိုးမှိန် နေရမှာပါပဲ။ ခုဆိုရင် စစ်ဗိုလ်ချုပ် တွေကို အောက်ခြေစစ်ဗိုလ်၊ စစ်သားတွေက စိတ်ပျက်လာပါပြီ။ (တပ်နဲ့ပြည်သူ ကြည်ဖြူခွင့် မရလို့ပါ။) ပြည်သူတွေ ဘက်ကလည်း စစ်ဗိုလ်ချုပ်တွေ အပေါ် စိတ်မရှည်ချင်တော့ပါ။ ဒါဟာ မကောင်းတဲ့ အလားအလာပါ။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ တုံ့ပြန်ရင်၊ လက်နက်ကို လက်နက်နဲ့ တုံ့ပြန်ရရင် နောက်ထပ်ပိုပြီး ကြီးလည်းကြီး ကြာလည်း ကြာတဲ့ ပြည်တွင်းစစ် မီးကြီး ဖြစ်ရတော့မှာပါ။ ပြည်တွင်းစစ် မီးကြီး ဟုန်းဟုန်းတောက် မဖြစ်ခင် စစ်ဗိုလ်ချုပ်တွေက ငြိမ်းချမ်းရေးလမ်းကို (ဟန်ပြမဟုတ်၊ အချိန်ဆွဲတာမဟုတ်၊ လှည့်စားတာမဟုတ်ဘဲ) လမ်းဖွင့် လိုက်သင့်ပါတယ်။

သာသနာမညှိုးနွမ်းအောင်၊ တိုင်းပြည်လည်း ငြိမ်းချမ်းအောင် သံဃာရော၊ တိုင်းရင်းသား ပြည်သူတွေရော၊ စစ်တပ်ရော အချိန်မဆိုင်း ကြိုးစားကြရမှာပါ။ သေနတ်ပြောင်းက နိုင်ငံရေးအာဏာပဲ ထွက်ပေါ်ပါမယ်။ သေနတ်ပြောင်းက ငြိမ်းချမ်းရေး မထွက်ပေါ်နိုင်ပါ။ ယမ်းအိုးထဲမှာ ဒီမိုကရေစီရှာလို့မရနိုင်ပါ။

မောင်စွမ်းရည်

Ref: ခေတ်ပြိုင်

Read More...

ဗြိတိန်နိုင်ငံမြောက်ပိုင်း ဂလပ်စကိုမြို့တော်လွတ်မြောက်ရေး ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံ မြောက်ပိုင်းရှိ ဂလပ်စကို မြို့တော် လွတ်မြောက်ရေး ဆုအား ယခု အပါတ် ဗုဒ္ဓဟူးနေ့က ချီးမြှင့်လိုက်သည်။

ထိုဆုအား သူမကိုယ်တိုင် တက်ရောက် မယူနိုင်သော်လည်း အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင် လက်အောက် တိုက်ပွဲများကြားမှ ပြည်သူများထံ လွတ်မြောက်ရေး ဆောင်ကြဉ်း ပေးမည့်သူ ဖြစ်၍ ယခု ဂလပ်စကိုမြို့ လွတ်မြောက်ရေးဆုအား ဒေါက်တာ အောင်ဆန်းစုကြည်အား ချီးမြှင့်ရခြင်း ဖြစ်သည်ဟု ဂလပ်စကိုမြို့တော် အုပ်ချုပ်ရေး အဖွဲ့မှ Lord Provost ဘော့ဘ် ဝင်းတား မှ ချီးကျူး ပြောကြားလိုက်သည်။

၎င်း လွတ်မြောက်ရေး ဆုအား တောင်အာဖရိက လွတ်မြောက်ရေး ခေါင်းဆောင် နယ်လ်ဆင် မင်ဒရဲလ်လားလဲ ရရှိဖူးကာ ညွှန့်ပေါင်းအစိုးရ အဖွဲ့မှ ဒေါက်တာ သောင်းထွန်းမှ ဆုကို ကိုယ်စား လက်ခံယူကာ အမှာစကားပြော ကြားခဲ့သည်ဟု အင်္ဂလန်မှ လာသော သတင်းများအရ သိရှိရသည်။

Ref: လူထုအသံ

Read More...

အာဏာရှင် ဦးနေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်း အထီးကျန်ဖြစ် နိုင်ငံကူး လက်မှတ် လျှောက်ထားမှုကို စစ်အစိုးရ ပယ်ချ

မင်းနိုင်သူ / ၅ မတ် ၂၀၀၉

အာဏာရှင် ဦးနေ၀င်း၏သမီး ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်း နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာသော်လည်း အထီးကျန်နေပြီး ခရစ်ယာန် ဘာသာအတွင်း ၀င်ရန် ထုတ်ဖော် ပြောဆိုမှုများ ရှိသည်ဟု ၎င်းအား သွားရောက် တွေ့ဆုံခဲ့သည့် အမေတူ အဖေကွဲ ညီမ ဒေါ်သော်တာဝင်းနှင့် နီးစပ်သူတဦးက ပြောသည်။

“တချိန်တုန်းကတော့ လူတိုင်း အောက်ကျို့ဆက်ဆံ ခဲ့ရတဲ့သူ။ အခု လာတွေ့မယ့် လူကို မရှိဘူး။ သူရဲ့ အမေတူ အဖေကွဲညီမတွေ သော်တာဝင်းတို့၊ သီတာဝင်းတို့လောက်ပဲ လာတယ်လေ။ ဒါလည်း သုံးလေးခေါက်ပဲ။ သူရဲ့ မောင်အရင်းနဲ့ ညီမတွေကလည်း နိုင်ငံခြားမှာလေ။ အိမ်မှာ သူတယောက်တည်း။ သူ့ရဲ့ သူငယ်ချင်းတွေ၊ သူ့အဖေရှိစဉ်က ၀င်ထွက်နေကြ စစ်အရာရှိတွေ ဘယ်သူမှ မလာဘူး။ သူ့အိမ်နားမှာ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းရှိတော့ အဲဒီက ခရစ်ယာန် ဘုန်းကြီးတွေကပဲ လာလာတွေ့နေတော့ ခရစ်ယာန် ဘာသာထဲပဲ ၀င်ရရင် ကောင်းမလားဆိုပြီး ညည်းတွားနေတယ်တဲ့။ သူ့ညီမ သွားတွေ့တုန်းက အဲလိုပြောလိုက်တယ်” ဟု ဒေါ်သော်တာဝင်းနှင့် နီးစပ်သူ တဦးက ပြောသည်။

ယခင်က ကားကြီး ကားငယ်များ မပြတ်တမ်း ၀င်ထွက်သွားလာခဲ့သည့် ဒေါ်ခင်စန္ဒာဝင်း အိမ်ဝင်းထဲသို့ တနေကုန်၍မျှ ကားတစီး လာသည်ကို မတွေ့ရ တော့ကြောင်း၊ ညနေစောင်းများတွင် အနီးရှိ ခရစ်ယာန် ဘုရားကျောင်းသွားကာ ဘုန်းတော်ကြီးများနှင့် စကားပြောနေသည်ကို တွေ့ရကြောင်း အိမ်နီးချင်းတဦးက ပြောသည်။

ဒေါ်ခင်စန္ဒာဝင်းက နိုင်ငံကူးလက်မှတ် လျှောက်ထားသော်လည်း နအဖအစိုးရက ချပေးခြင်း မရှိဟု အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ ဒေါ်ခင်စန္ဒာဝင်းသည် နအဖ စစ်အစိုးရ၏ (၆) နှစ်ကြာ နေအိမ်အကျယ်ချုပ် ချထားမှုမှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လွတ်လာခဲ့သည်။

နအဖက ဦးအေးဇော်ဝင်း၊ ဒေါ်ခင်စန္ဒာဝင်းနှင့် သားသုံးဦးကို နိုင်ငံတော် အာဏာသိမ်း ရန်ကြံစည်မှုဖြင့် ၂၀၀၂ ခုနှစ်က အရေးယူခဲ့သည်။ ခင်ပွန်းနှင့် သားများကို သေဒဏ်ချမှတ်ခဲ့ပြီး ဒေါ်ခင်စန္ဒာဝင်းကို နေအိမ်အကျယ်ချုပ် ချခဲ့သည်။

“ ဒါတွေကတော့ ဒီလိုပါပဲ။ ဦးခင်ညွန့် ပြန်လွတ်လာလည်း ဘယ်သူမှ လာတွေ့မှာ မဟုတ်ဘူး။ လူဆိုတာ တက်နေတုန်းတာ ၀ိုင်းကပ်ကြတာ။ ကျချိန်မှာ ဘယ်သူမှ မရှိဘူး။ အာဏာရှင်တွေ ကျချိန်ဆိုတာ ပိုဆိုးပြီပေါ့။ ဘယ်သူမှ မကပ်ချင် ကြတော့ဘူး။ သူတို့ကို လူတွေ ရွံသွားတာလည်း ပါမယ်။ လက်ရှိအာဏာရ အစိုးရကို ကြောက်တာလည်း ပါမယ်။ လက်ရှိ အာဏာရ အစိုးရကို ကြောက်တာကတော့ ကျနော်ဆို ရေဒီယိုတွေမှာ အင်တာဗျူးလေးတွေ ပါတတ်တော့ အိမ်မှာ ဆွမ်းကပ်ဖို့ ပင့်တာ မလိုက်ရဲတဲ့ ဘုန်းကြီးက ရှိသေးတယ်။ အဲဒါ နိုင်ငံတော် သံဃာ့ မဟာနာယက တွဲဖက်အတွင်းရေးမှူး ဆရာတော်။ ကျနော်ပင့်နေကြ ဘုန်းကြီးကနေ တဆင့် ပင့်တာကို ပြန်လျှောက်တယ်တဲ့။ တပည့်တော် အဲဒီပုဂ္ဂိုလ်အိမ် ဆိုရင်တော့ မကြွရဲပါ။ ကျောင်းဆိုရင်တော့ ကြွပါတယ်လို့ ပြန်လျှောက်တယ်တဲ့” ဟု ၀ါရင့်နိုင်ငံရေးသမားကြီးတဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာအတွက် မီဇိုများက အပြစ်တင်

ဆလိုင်းပီးပီး
ကြာသပတေးနေ့၊ မတ်လ 05 2009

နယူးဒေလီ (မဇ္ဈိမ) – လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တရပ်အတွက် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပြည်နယ် မီဇိုရမ်မှ အရပ်ဘက် အဖွဲ့အစည်း တရပ်က ဤဒေသအတွင်း နေထိုင်သော ချင်းလူမျိုးများကို သူတို့အား တောင်းပန်ရန် တောင်းဆို လိုက်ကြပါသည်။

မီဇိုရမ်ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်း တရပ်ဖြစ်သော မီဇိုလူငယ်အဖွဲ့ (YMA) က ချင်းအဖွဲ့အစည်း အနည်းဆုံး ၂၃ ခုကို အစည်းအဝေး တက်ရောက်ရန် ဆင့်ခေါ်ကာ ထိုလူ့အခွင့်အရေး အစီရင်ခံစာတွင် မီဇို လူမျိုးများက ချင်းလူမျိုးများကို နှိပ်စက်သည်ဟူသော HRW ၏ စွပ်စွဲ ရေးသားမှုအတွက် ငြင်းဆို ပြောကြားပေးရန် သူတို့ကို တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံမှ ထွက်ပြေး ရောက်ရှိလာသော ချင်းလူမျိုးများကို မီဇိုလူမျိုးများက နှိပ်စက်သည်ဟု HRW က စွပ်စွဲရေး သားခဲ့ခြင်းကို YMA ဗဟိုအဖွဲ့က အလွန် ဒေါသထွက်ခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ချင်းလူမျိုး ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်နယ်အတွင်း ရောက်ရှိ နေထိုင်နေကြသော ချင်းလူမျိုး အသိုင်းအဝိုင်းကို YMA ၏ ဆက်ဆံပုံနှင့် ပတ်သက်၍ တလွဲ သတင်းပေးခဲ့သည်ဟု CYMA ၏ ဥက္ကဌ ဂျေအိပ်ခ်ျဇိုရမ်ထန်းငါ (J. H. Zoremthanga) က ချင်းခေါင်းဆောင် များကို စွပ်စွဲ ပြောကြားခဲ့သည်။

“YMA နဲ့ မီဇိုဒေသန္တရ အာဏာပိုင်တွေရဲ့အကြောင်း HRW အစီရင်ခံစာမှာ ရေးသားထားချက် တွေဟာ မမှန်ဘဲ ပုံကြီးချဲ့ ထားတာသာ ဖြစ်တယ်လို့ သူ (ဇိုရမ်ထန်းငါ) ကပြောတယ်။ သူက ဒီအစီရင်ခံစာ အတွက် တောင်းပန်ရမယ်လို့ ကျနော်တို့ကို တောင်းဆိုတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ကိုယ်စားလှယ်က ဆက်လက် ပြောဆိုသည်။

HRW ၏ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့သော ‘မေ့ပျောက်ခံ ပြည်သူတွေလိုပါဘဲ’ ဟူသော အစီရင် ခံစာတွင် မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်တွင် နေထိုင်ကြသော ချင်းလူမျိုးများသည် စစ်အစိုးရ လက်အောက်တွင် ဆင်းရဲ ဒုက္ခများကို လူမသိသူမသိ တိတ်ဆိတ်စွာ ခံစားခဲ့ကြရကြောင်း၊ စနစ်တကျ နှိပ်စက် ညှဉ်းပန်းမှုများကြောင့် ထောင်ပေါင်းများစွာသည် အိမ်နီးချင်းနိုင်ငံ၊ အထူးသဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက် ပြည်နယ် မီဇိုရမ်သို့ ထွက်ပြေးရောက်ရှိ လာခဲ့ကြကြောင်း ရေးသားထားသည်။

ဤသို့ ရွှေ့ပြောင်းရောက်ရှိလာသော ချင်းလူမျိုးများသည် မီဇိုရမ် ပြည်နယ် အပါအဝင် အိန္ဒိယနိုင်ငံရှိ အိမ်ရှင်လူမျိုး အသိုင်းအဝိုင်းများ၏ ရန်လိုစွာ ဆက်ဆံမှုကို နောက်ထပ် ကြုံတွေ့ရ ပြန်ကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။ အထူးသဖြင့် YMA အကြောင်း ရေးသား ဖော်ပြထားပြီး၊ ချင်းလူမျိုး များသည် ဤအဖွဲ့၏ နှိပ်စက်မှုနှင့် အကြိမ်ပေါင်းများစွာ နှင်ထုတ်ခြင်းကို ခံခဲ့ရကြောင်း ရေးသားထားသည်။

“မီဇိုရမ်ပြည်နယ်ရှိ ချင်းလူမျိုးများသည် လုံခြုံရေးဆိုင်ရာ ကျူးလွန် စော်ကားမှုများ၊ အလွန်အမင်း နှိမ်ချ ဆက်ဆံခြင်းများ၊ အလုပ်အကိုင် မရှိခြင်းများကို ရင်ဆိုင်နေကြရပြီး၊ အိုးအိမ် ပြဿနာနှင့် ဈေးသက်သာသော ပညာရေး ကိုလည်း မရကြ” ဟု အစီရင်ခံစာက ဆိုသည်။

ထို့ပြင် ဒေသခံအိမ်ရှင်များသည် မီဇိုရမ်ပြည်နယ် ရောက်ချင်း လူမျိုးများကို သူတို့တွင် တရားဝင် နေထိုင်ခွင့် အဆင့်အတန်းနှင့် စာရွက်စာတမ်း တစုံတရာ မရှိကြသည့်အတွက် အိမ်ငှါးရန် ချီတုံချတုံ ဖြစ်နေခြင်းသော် လည်းကောင်း၊ ဈေးပိုယူခြင်း သော်လည်းကောင်း ပြုလုပ်ကြသည်ဟုလည်း အစီရင်ခံစာတွင် ဆက်လက် ရေးထားသည်။

ထို့ပြင် ချင်းလူမျိုးများကို သူတို့ကိုယ်ပိုင် ဝတ်ပြုကိုးကွယ်ရေး ဆိုင်ရာ အဆောက်အဦး နေရာ ထိုင်ခင်းများ မပြုလုပ် ကြရန်လည်း ဒေသန္တရ အာဏာပိုင်များက ဖိအား ပေးခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

“YMA ကကြေငြာထားတာ ချင်းလူမျိုးတွေ သူတို့ သီးသန့် ဘုရားကျောင်းမှာ ဝတ်ပြု ဆုတောင်းတာ မလုပ်ရဘူးတဲ့။ မီဇိုရမ်မှာ နေချင်ရင် မီဇိုဘုရားကျောင်းပဲ တက်သင့်တာပေါ့လို့ သူတို့က ပြောတယ်” ဟု ချင်းလူမျိုးတဦးကို ကိုးကားပြီး HRW အစီရင်ခံစာက ရေးသားထားသည်။

သို့သော် CYMA ကမူ HRW အစီရင်ခံစာသည် မီဇိုလူမျိုးများ၏ သူတို့၏ ညီအကိုတော်များ ဖြစ်သော ချင်းလူမျိုး များအပေါ် စိတ်ကောင်း စေတနာ ထားရှိမှုများကို စွပ်စွဲပုတ်ခတ် ရေးသားခြင်းများသာ ဖြစ်သည်ဟု ငြင်းဆို ပြောကြားခဲ့သည်။

မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇော (Aizawl) မြို့တွင် ကျင်းပခဲ့သော အစည်းအဝေး အတွင်း ဇိုးရမ်ထန်းငါ က ဤ အစီရင်ခံစာသည် အခြေအမြစ် မရှိသော၊ ဘက်လိုက်သော သတင်း အချက်အလက်များ အပေါ်တွင် အခြေခံရေးသား ချက်များသာ ဖြစ်သည်ဟုဆိုကာ HRW သို့ ကန့်ကွက် တိုင်ကြားစာများ ရေးသား ပေးပို့ကြရန်နှင့် အစီရင်ခံစာကို ရှုတ်ချကြရန် ချင်းနိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ လူ့အခွင့်အရေး နှင့် အမျိုးသမီး အဖွဲ့များ စုစုပေါင်း ၂၃ ဖွဲ့မှ ခေါင်းဆောင် များကို တိုက်တွန်း ပြောကြားခဲ့သည်။

“သူက ချင်းအဖွဲ့အစည်းနဲ့ လူမျိုးခေါင်းဆောင်တွေကို အစီရင်ခံစာအပေါ် HRW ကို ကန့်ကွက် တိုင်ကြားကြဖို့ တိုက်တွန်း သွားတယ်” ဟု ချင်းလူမျိုး ကိုယ်စားလှယ် တဦးက ပြောသည်။ သူ့လေသံသည် ချင်း ခေါင်းဆောင်များက အစီရင် ခံစာကို ကန့်ကွက် ရှုတ်ချကြရန် ပျက်ကွက်ခဲ့မည် ဆိုပါက ဂယက်ရိုက်ခတ်မှု တခုခု ရှိလာနိုင်ကြောင်း ညွှန်ပြနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့သည် ကီလိုမီတာ ၄ဝဝ ခန့် ရှည်လျားသော စိမ့်ဝင် ကူးသန်းနိုင်သည့် နယ်ခြားရှိနေသည်။ အစဉ်အလာ အားဖြင့် ချင်းနှင့် မီဇိုတို့သည် မိမိတို့ကိုယ် မိမိတို့ ရှေးဘိုးဘွား ဘီဘင်များမှ ဆင်းသက်လာသော ညီအကိုတော် ဆွေမျိုး သားချင်းများဟုပင် ယူဆ ခံယူထားကြပြီး၊ နိုင်ငံတကာ နယ်နိမိတ် ခြားနေသော်လည်း ဤလူမျိုးစု ၂ ခုအကြား ပုံမှန် အပြန်အလှန် ဆက်ဆံမှုများ ရှိခဲ့သည်။

သို့သော် ၁၉၈၈ ခုနှစ်ကတည်းက မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေထိုင် နေသော ချင်းလူမျိုး အရေ အတွက်သည် အဆမ တန်တိုးပွါးလာပြီး ယခုအခါ မီဇိုရမ်ပြည်နယ် အနှံ့အပြားတွင် နေထိုင်နေသော ချင်းလူမျိုးပေါင်း အနည်းဆုံး ၆ သောင်း ရှိမည်ဟု အစိုးရ မဟုတ်သော အဖွဲ့အစည်း အနည်းငယ်၏ အပြောအရ သိရသည်။

ချင်းနှင့် မီဇိုလူမျိုးတို့အကြား အငြင်းပွါးမှုများ ယခင်ကလည်း အခါအားလျော်စွာ ဖြစ်ပွါးခဲ့ပြီး ၂ဝဝ၃ ခုနှစ်ကမူ ချင်းအမျိုးသား တဦးက မီဇို ဆယ်ကျော်သက် မိန်းကလေးတဦးကို မုဒိမ်းကျင့်ခဲ့သည် ဟူသော စွပ်စွဲချက် ပေါ်ထွက်လာခဲ့ ပြီးနောက် YMA က ချင်းလူမျိုးများကို ပြည်နယ်အတွင်းမှ ထွက်ခွါသွားရန် နှင်ထုတ်ခဲ့သည်။

ဤသို့ အငြင်းပွါးမှုများရှိခဲ့လင့်ကစား၊ မီဇိုပြည်သူများက မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ချင်းလူမျိုးများကို ပြည်နယ်အတွင်း ဆက်လက် နေထိုင်ခွင့် ပေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွါး လာသောအခါ လူထု ဆန္ဒပြပွဲများ ကျင်းပပြီး ထောက်ခံမှု ပေးခဲ့သည့် အိန္ဒိယနိုင်ငံ တွင်းရှိ ပထမဆုံး လူမျိုး အသိုင်းအဝိုင်း ဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြ နေသူများကို ရက်စက်စွာ နှိမ်နင်းခဲ့သည့် အတွက် မြန်မာ စစ်အစိုးရကို ရှုတ်ချ ကန့်ကွက်ခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

ကေအင်ယူကို ထိုင်းနယ်မြေထဲမှ ထွက်ခွာသွားရန် ဖိအားပေးဟု ဆို

ဆော်လမွန်
ကြာသပတေးနေ့၊ မတ်လ 05 2009 11:50 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ သူတို့၏ ပိုင်နက်နယ်မြေထဲတွင် အခြေမချရန် ထိုင်းနိုင်ငံက သတိပေးပြီးနောက် ကရင် အမျိုးသား အစည်းအရုံး - ကေအန်ယူ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းနေပြီဟု အဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

နယ်စပ်မြို့ မဲဆောက်ရှိ ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ နယ်မြေတွင် မနေဘဲ ထွက်ခွာသွားရန် အေအန်ယူ ခေါင်းဆောင်များကို မကြာမီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ထိုင်းအာဏာပိုင်တွေက အသိပေး အကြောင်းကြားတာကို လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က အလွတ်သဘော ပြောခဲ့တာ။ ထိုင်းစစ်တပ်က ကေအင်ယူကို သူတို့ ပိုင်နက်နေမြေက ထွက်ခွာသွားဖို့ ပြောလို့ အခု ကေအင်ယူ အဖွဲ့ဝင်တွေ ထွက်သွားကြပြီ” ဟု သတင်းရပ်ကွက်က ပြောသည်။

သို့သော် ခေါင်းဆောင် အနည်းငယ်သည် ယခုတိုင် မဲဆောက်မြို့တွင်း၌ ရှိနေဆဲ ဖြစ်သော်လည်း ခပ်လျှိုလျှိုပင် နေကြသည်ဟု သူက ပြောသည်။

“အခုတော့ ကေအန်ယူ ခေါင်းဆောင်တွေ အရင်တုန်းကလို လွတ်လွတ်လပ်လပ် သွားလို့ မရတော့ဘူး။ သူတို့ အရင်ထက် ပိုဂရုစိုက်ရတော့မယ်” ဟု သူက ဆက်ပြောသည်။

မည်သို့ပင်ဖြစ်စေ ကေအန်ယူ ကမူ တရားဝင် ထင်မြင်ချက် ပြောကြားရန် ငြင်းဆန်သည်။

ကေအန်ယူသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် မြန်မာအစိုးရကို သက်တမ်းအရှည်ဆုံး ဆန့်ကျင် တိုက်ခိုက် နေသည့် သူပုန်အဖွဲ့ တခုဖြစ်ပြီး အစောပိုင်းက မြန်မာနိုင်ငံ ကရင်ပြည်နယ် အတွင်းတွင် အင်အား တောင့်တင်းသော အခြေခံစခန်းများ ရှိခဲ့သည်။

သို့သော် ယင်းတို့၏ အခိုင်အမာ စခန်းဖြစ်သော မာနယ်ပလောကို မြန်မာစစ်တပ်နှင့် ကေအန်ယူခွဲထွက် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - ဒီကေဘီအေ ပူးတွဲတပ်ဖွဲ့များက ၁၉၉၅ ခုနှစ်တွင် ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် အကြီးအကျယ် အထိနာခဲ့သည်။

ထိုအချိန်ကတည်းက စတင်၍ ကွယ်လွန်သူ ကေအန်ယူ အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလဖန်း အပါအဝင် ကရင်ခေါင်းဆောင် အများအပြားသည် ထိုင်းနယ်ငံ နယ်စပ်မြို့ မဲဆောက်မြို့တွင် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့ကြသည်။ ကေအန်ယူ ခေါင်းဆောင်များ ထိုသို့ရှိနေခြင်းကို ထိုင်းနိုင်ငံ အာဏာပိုင်များက ကောင်းစွာ သိသော်လည်း ယင်းတို့ကို ထွက်ခွာသွားရန် တရားဝင် အတင်းအကျပ် ဖိအားပေး မောင်းထုတ်ခြင်း မရှိခဲ့ပါ။

မြန်မာစစ်အစိုးရကမူ ရံဖန်ရံခါ ယင်းတို့၏ အာဘော်ထုတ် မြန်မာ့အလင်း သတင်းစာမှနေ၍ သူတို့က ‘အဖျက်သမား’ ဟု ခေါ်သော ကေအန်ယူ သူပုန်များကို ထိုင်းနိုင်ငံက လက်ခံ ခိုလှုံခွင့် ပေးထားကြောင်း စွပ်စွဲ ရေးသားခဲ့သည်။

လတ်တလော ဖိအားပေးမှုများသည် ထိုင်းနိုင်ငံ၏ မူဝါဒ ဟုတ်ပုံ မရသော်လည်း ထိုင်းနိုင်ငံသည် ပြင်ပ ဖိအားကြောင့် ဤသို့ လုပ်နေရခြင်း ဖြစ်နိုင်ကြောင်း သတင်းရပ်ကွက်က ပြောသည်။ ထိုင်းနိုင်ငံသည် မြန်မာ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော သူတို့ပိုင်နက် နယ်မြေပေါ်တွင် ကေအန်ယူ အပါအဝင် အခြား တိုင်းရင်းသား သူပုန် အဖွဲ့များကို တရားမဝင် လက်ခံ ခိုလှုံခွင့် ပေးထားခဲ့သည်။

“ကေအန်ယူကို သူတို့နယ်မြေထဲက ထွက်သွားဖို့ ဖိအားပေးတာ ထိုင်းနိုင်ငံရဲ့ တရားဝင်ဖိအား မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီဖိအားက အပြင်ကလာတာ ဖြစ်နိုင်တယ်” ဟု သတင်းရပ်ကွက်က ဆိုသည်။

သို့သော် ကေအန်ယူနှင့် ယင်း၏ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ကေအန်အယ်အေ အဖွဲ့ဝင်များကို ထိုသို့ ထိုင်းနိုင်ငံပြင်ပသို့ ထွက်ခွာသွားရန် ဖိအားပေးခြင်းသည် ဤအကြိမ်သည် ပထမအကြိမ် မဟုတ်ကြောင်း သူက ပြောသည်။

“ဒါ ပထမအကြိမ် မဟုတ်ပါဘူး။ နောက်တော့လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာပါပဲ” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ၏ မူဝါဒရေးရာကို အစဉ်တစိုက် လေ့လာ အကဲခတ်နေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၏ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံခြားရေးကော်မတီ တာဝန်ခံ ဦးညိုအုန်းမြင့်ကမူ ကေအန်ယူကို ပေးနေသော ဖိအားများနှင့် ပတ်သက်၍ သေချာပေါက် မပြောနိုင်သော်လည်း ဖြစ်နိုင်ခြေ များကိုမူ မဟုတ်ဟု ပြော၍ မရကြောင်း ဆိုသည်။

“ကေအန်ယူကို ထိုင်းနိုင်ငံအတွင်းက ထွက်သွားဖို့ ဖိအားပေး ခံနေရတယ်ဆိုတာ ကျနော်တို့ ကြားပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒါကို အတည် မပြုနိုင်ပါဘူး” ဟု ဦးညိုအုန်းမြင့်က ဆိုသည်။

သို့သော် ကေအန်ယူ ခေါင်းဆောင်များ နယ်စပ်မြို့များနှင့် ထိုင်းနိုင်ငံ ပိုင်နက် နယ်မြေများ အတွင်းမှ ထွက်ခွာ သွားနေကြသည် ကိုမူ သူ သတိ ပြုမိကြောင်းလည်း ဆက်ပြောသည်။

ထိုင်းတပ်မတော် စစ်ဦးစီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကရင် သူပုန်များကို ထိုင်းနိုင်ငံတွင်းမှ မောင်းထုတ်ရန် မြန်မာအစိုးရက တိုက်တွန်းခဲ့ပုံ ရကြောင်းလည်း သူက ပြောသည်။

“ထိုင်းနိုင်ငံက မြန်မာစစ်အစိုးရရဲ့ ဖိအားကြောင့် လုပ်နေရတာ ဖြစ်နိုင်တယ်။ ထိုင်းစစ်တပ် အကြီးအကဲရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒီလို နှစ်နိုင်ငံ သဘောတူညီချက် ရခဲ့တာ ဖြစ်နိုင်တယ်” ဟု သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံ စစ်တပ်စစ်ဦးစီးချုပ် အနုဖုန်း ဖောင်ဂျင်းဒါး - Anupong Paochinda သည် ဖေဖော်ဝါရီ လလယ်က မြန်မာနိုင်ငံသို့ ၂ ရက်ကြာ တရားဝင် အလည်အပတ်ခရီး သွားရောက်ခဲ့ကာ မြန်မာစစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (အပိုင်း ၅)


‘၁၉၃၈ တတိယ တက္ကသိုလ် သပိတ် ၁၃ဝဝ ပြည့် အရေးတော်ပုံ’
အောင်ဝေး
ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉

၁၉၃၆ တက္ကသိုလ် ဒုတိယ သပိတ်ကြီး အပြီးမှာတော့ နဂိုမူလ ကဒေါင်းအလံတွေ နေရာမှာ ရဲရဲနီတဲ့ ခွပ်ဒေါင်းအလံတွေ အစားထိုး လွင့်ပျံလာခဲ့ပါပြီ။

၃၆ သပိတ်ကြီးက မွေးဖွားပေးခဲ့တဲ့ ‘ဗကသ’ ABSU ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက ခွပ်နေတဲ့ ဒေါင်းပုံ ရေးဆွဲပေးဖို့ တောင်းဆိုလို့ ကာတွန်း ဦးဘဂျမ်းက ခွပ်ဒေါင်းပုံ ရေးဆွဲ ပေးခဲ့တာလို့ ဆိုပါတယ်။ လွတ်လပ်ရေးကို ‘က’ ပြီးတော့ မယူဘူး၊ ‘ခွပ်’ပြီးတော့ ယူမယ် ဆိုတဲ့ ခွပ်ဒေါင်း စိတ်ဓာတ် အစဉ်အလာက အဲဒီ အချိန်ကတည်းက စခဲ့တာပါပဲ။

မြန်မာပြည်သူလူထုရဲ့ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု နိုင်ငံရေးဒီရေဟာ တဖြည်းဖြည်း မြင့်တက်လာနေပါပြီ။

၁၉၃၇ မှာတော့ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ လှုပ်ရှားမှုတခု ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ‘နဂါးနီ’ စာအုပ်အသင်း ပေါ်ထွက်လာခြင်းပါပဲ။ သခင်နု၊ သခင်သန်းထွန်း၊ သခင်စိုးတို့ ဦးဆောင်ပြီး နဂါးနီကို ထူထောင်လိုက်ကြပါတယ်။ နဂါးနီစာအုပ်အသင်းဟာ မြန်မာ့လွတ်လပ်ရေး အတွက် တော်လှန်တဲ့ အတွေး အခေါ်တွေ ဖြန့်ချိပေးနိုင်တဲ့ လှုပ်ရှားမှု ဖြစ်လာပါတယ်။

‘ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်’ ဆိုတဲ့ ‘နဂါးနီ’ သီချင်းဟာလည်း ၁၉၃၅ခုနှစ်က ပေါ်ထွက်ခဲ့တဲ့ ‘တို့ဗမာ’သီချင်းလိုပဲ မြန်မာပြည်သူ လူထုရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့ပါတော့တယ်။

၁၉၃၈ ရောက်တော့ ဧပြီလ (၂၅) ရက်နေ့ ပုသိမ်မြို့မှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) All Burma Students Union (ABSU) ရဲ့ တတိယ အစည်းအဝေး ကျင်းပပါတယ်။ ဒီအစည်းအဝေးမှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြမ်းကို ဗြိတိသျှ အစိုးရက သြဂုတ်လ ဥပဒေအထိ ဘာမှ ဖြစ်မလာသေးဘူးဆိုရင် ကျောင်းသားတွေက သပိတ်မှောက်ဖို့ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။

အဲဒီညီလာခံမှာ သဘာပတိဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက – ၁၉၃၆ သပိတ်ဟာ ပထမပိုင်းမှာ အောင်မြင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မိမိတို့ အင်အား ပြန်လည် ဖြည့်တင်းဖို့ အောင်မြင်စွာ သပိတ်လှန်ခဲ့ရကြောင်း၊ ဒီတခါ သပိတ်မှောက်ရင်တော့ အောင်ဆန်းသော်လည်း ပြုတ်ရမယ်၊ တိုက်ပွဲသော်လည်း အောင်ရမယ် လို့ ပြောဆိုသွားပါတယ်။

ဒီအစည်းအဝေးပြီးလို့ မကြာပါဘူး၊ ကိုအောင်ဆန်းက ကျောင်းသားခေါင်းဆောင် ဘဝက ထွက်ပြီး တို့ဗမာအစည်းအရုံးကြီးကို ခြေစုံပစ် ဝင်သွားခဲ့ပါတော့တယ်။ ကိုအောင်ဆန်းရဲ့ နေရာကို ကိုဗဟိန်းက ဆက်ခံပါတယ်။

မြန်မာသက္ကရာဇ် ၁၃ဝဝပြည့်၊ ၁၉၃၈ နိုဝင်ဘာမှာတော့ ချောက်ရေနံမြေက ဘီအိုစီ အလုပ်သမားတွေရဲ့ သပိတ်ကြီးပေါ် ထွက်လာခဲ့ပါတယ်။ ရေနံမြေ သပိတ်တပ်သားတွေဟာ ရန်ကုန်မြို့ကို ချီတက်ဖို့ ထွက်ခွာလာကြပါတယ်။

အလုပ်သမားသပိတ်တပ်ကြီးကို ထောက်ခံဖို့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုဗဟိန်းနဲ့ ကိုဗဆွေတို့ မကွေးမြို့ အထိ တက်ပြီး သွားရောက် ကြိုဆိုကြပါတယ်။ အဲဒီမှာ နယ်ချဲ့ အစိုးရက ကိုဗဟိန်းနဲ့ ကိုဗဆွေတို့ကို ဖမ်းပြီး မကွေးထောင်ထဲ ထည့်လိုက်ပါတော့တယ်။

သပိတ်တပ်ကြီးရဲ့ အရှိန်အဟုန်က ရပ်တန့် မသွားပါဘူး။ မကွေးထောင် အချုပ်ခန်း ခေါင်မိုးကို ဖောက်ပြီး ကိုဗဟိန်းက သပိတ်တပ်ကြီးကို ‘ရဲဘော်တို့ ရှေ့ကို ဆက်ပြီး ချီတက်ကြပါ၊ နယ်ချဲ့ မြင်းစီးပုလိပ်တွေရဲ့ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်’ လို့ ရဲရဲတောက် မိန့်ခွန်း ပြောလိုက်ပါတယ်။

စစ်တောင်းမြစ်ဝှမ်းက တောင်သူလယ်သမား တပ်ကြီးလည်း ရန်ကုန်မြို့ကို ချီတက်လာနေပါပြီ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေ လက်တွဲသွားကြပါပြီ။ ကိုဗဟိန်း အဖမ်းခံနေရတော့ အာဏာရှင်ကိုလှရွှေ လို့ ခေါ်တဲ့ ကိုလှရွှေက တကသခေါင်းဆောင် ဖြစ်လာပါတယ်။ ၁၃ဝဝပြည့် လူထုလှုပ်ရှားမှု တိုက်ပွဲက အရှိန်အဟုန် မြင့်တက်လို့ လာပါပြီ။

၁၉၃၈ ဒီဇင်ဘာ (၂ဝ)ရက်နေ့မှာတော့ ကျောင်းသားတွေက အတွင်းဝန်ရုံး ရှေ့မှာ ဆန္ဒပြကြပါတယ်။ အဲဒီတုန်းက ဆရာဒဂုန်တာရာနဲ့ NLD က အန်ကယ် ဦးကြည်မောင်တို့ဟာ တပ်ဦးက အလံကိုင် တပ်ဖွဲ့ဝင်တွေပေါ့။

ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ တပ်ဦးနောက်မှာ ဆရာဖြစ်သင်ကောလိပ်က ကျောင်းသားတွေ လိုက်ပါ ချီတက်ကြပါတယ်။ ဆရာဖြစ်သင်ကျောင်းသားတွေကို ခေါင်းဆောင်နေတဲ့ သူကတော့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောပါပဲ။

ဆရာဒဂုန်တာရာရေးတဲ့ ‘ဒဂုန်တာရာ၏ ဒဂုန်တာရာ’ စာအုပ်၊ ဦးသိန်းဖေမြင့်ရဲ့ ‘အရှေ့က နေဝန်းထွက်သည့်ပမာ’ စာအုပ်၊ မကြာသေးခင်က ထွက်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ‘ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ’ စာအုပ်တွေကို ကျနော် ပြန်အမှတ်ရလာပါတယ်။

အေးအေးချမ်းချမ်း ဘာလက်နက်မှ မပါဘဲ အကြမ်းမဖက် ဆန္ဒပြပြီးကြလို့ ကျောင်းသားတွေ အတွင်းဝန်ရုံးရှေ့က ပြန်ထွက်လာတဲ့ အချိန်မှာ နယ်ချဲ့ လက်ပါးစေ မြင်းစီးပုလိပ်တွေက နံပါတ်တုတ်တွေနဲ့ တပ်ဦးက ကျောင်းသားတွေကို အတင်းဝင်ရိုက် ဖြိုခွဲပါတော့တယ်။

ဂျပ်ဆင်ကောလိပ်က ကိုအောင်ကျော်ခမျာ နံပါတ်တုတ်နဲ့ ဆင့်ကာဆင့်ကာ အရိုက်ခံရတဲ့ ဒဏ်ရာကြောင့် ဆေးရုံကို ပို့ကြရပါတယ်။ ဒဏ်ရာ ပြင်းထန်လွန်းတဲ့အတွက် ဒီဇင်ဘာ(၂၂)ရက်နေ့မှာတော့ ကိုအောင်ကျော် ကျဆုံးခဲ့ရရှာပါတယ်။ အဲဒီနေ့ ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးတဲ့ နေ့ကို မြန်မာနိုင်ငံ ကျောင်းသားနေ့လို့ သတ်မှတ်ခဲ့တာဖြစ်တယ်။

၁၃ဝဝပြည့် အရေးတော်ပုံကြီးက တပြည်လုံးကို ကူးစက်ပျံ့နှံ့ လို့ သွားပါပြီ။ ဂျာနယ်ကျော်ဦးချစ်မောင် ဦးစီးတဲ့ မြန်မာ့အလင်း သတင်းစာက ‘လွတ်လပ်ရေးတိုက်ပွဲတွင် မျိုးချစ်အာဇာနည် ဗမာပီသည့် ကိုအောင်ကျော်ကား မြတ်သော သေခြင်းဖြင့် သေခဲ့လေပြီ’ လို့ ဂုဏ်ပြု ကမ္ဗည်းတင်ပါတယ်။

ဗိုလ်အောင်ကျော် ဈာပနမှာ ကျောင်းသားအာဏာရှင် ကိုလှရွှေက ‘ဟယ် – နယ်ချဲ့အစိုးရ’ လို့ လက်ညှိုးငေါက်ငေါက်ထိုးပြီး စွပ်စွဲ တိုက်ခိုက် မိန့်ခွန်းပြောပါတယ်။ ကိုအောင်ကျော် မိခင်ကြီး ဒေါ်ရွှေကျော့ကတော့ ‘အောင်ကျော်ရေ - မင်းသေလို့ အမေ ဝမ်းနည်းတာထက် မင်းလို သားမျိုး နောက်ထပ် မမွေးနိုင်မှာကို အမေ ပိုဝမ်းနည်းတယ် သားရေ’ လို့ ယူကျုံးမရပြောခဲ့ပါတယ်။

အင်းစိန်အကျဉ်းထောင်ထဲ ရောက်နေတဲ့ ကိုဗဟိန်း၊ ကိုဗဆွေ၊ သခင်စိုး စသူတို့ကလည်း ‘အာဇာနည် ရဲဘော်အောင်ကျော်၊ သင်ယခုကဲ့သို့ အသက်စွန့်ရခြင်းဖြင့် ကိုယ့်မင်း ကိုယ်ချင်း လောက နိဗ္ဗာန်ကြီး တည်ထောင်ရေးစခန်းသည် မုချဧကန် တိုးတက်စေအံ့’ ဆိုပြီး ဝမ်းနည်းသဝဏ်လွှာ ထောင်ထဲကနေ ရေးပို့ခဲ့ကြပါတယ်။

ဒီ ၁၉၃၈ တတိယ တက္ကသိုလ်သပိတ်၊ ၁၃ဝဝပြည့် အရေးတော်ပုံကြီးရဲ့ အဓိက အောင်မြင်မှုကတော့ ဗြိတိသျှ နယ်ချဲ့တို့ ကြိုးကိုင်းထားတဲ့ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားတာပါပဲ။

ဒီအရေးတော်ပုံကြီးမှာ ကျောင်းသားတွေရဲ့ သွေး စပြီး မြေကျခဲ့ရတယ်။ ဒီသွေးတွေ အခုအထိ မခြောက်သေး၊ မခမ်းသေးပါဘူး။ ။

Ref: မိုးမခ

Read More...

မြန်မာလိုင်းကားဆန့်ကျင်ရေး မဲဆောက်ထိုင်းလိုင်းကား များ ဆန္ဒပြ

NEJ / ၅ မတ် ၂၀၀၉

ယနေ့နံနက်က ထိုင်းဘက်ကမ်း ချစ်ကြည်ရေးတံတားမှ မဲဆောက်သို့ ပြေးဆွဲသည့် ထိုင်း ခရီးသည်တင် လိုင်းကား အသင်းက မဲဆောက်မြို့တွင်း မြန်မာခရီးသည် တင်ကား ပြေးဆွဲမှုကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုကာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို မော်တော်ယာဉ် အစီး (၁၅၀) ခန့်ဖြင့် ပိတ်ဆို့ လိုက်သဖြင့် မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်း ရပ်တန့်သွားသည်။

မြန်မာနိုင်ငံ မြဝတီဘက်မှလာသည့် ခရီးသည်တင်ကား အစီး (၁၀၀) ခန့်သည် နေ့စဉ် မြဝတီမှ မဲဆောက်သို့ ပြေးဆွဲရာတွင် ခရီးသည်များ သွားလိုရာသို့ အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင်ပေးမှုကြောင့် မြန်မာကားများ ခရီးသည် ပိုမိုရရှိပြီး ထိုင်းလိုင်းကား စီးသူဦးရေ ကျဆင်းလာကာ ဝင်ငွေ ထိခိုက်မှုကြောင့် ယခုကဲ့သို့ ဆန္ဒပြခြင်း ဖြစ်သည်ဟု မော်တော်ယာဉ် အစည်းအရုံး ဥက္ကဋ္ဌ နိုင်စုံ ဘွန်းထဝီဖိုင်းဘွန်းစကွန် ကပြောသည်။

၎င်းက “မြန်မာကား ပြေးတာများတော့ ကျနော်တို့လိုင်းကား အစီး (၃၀၀) လောက်ဟာ ဝင်ငွေမရှိတော့ဘူး။ ဒါကြောင့် အခုလို ဆန္ဒပြပြီး တံတားကို ပိတ်လိုက်တာပါ။ ကျနော်တို့ တောင်းဆိုချက် မရမချင်း ပိတ်ထားတဲ့ ကားတွေကို လုံးဝမဖယ်ဘူး။ ထိုင်းလိုင်းကားတွေဟာ သူ့လိုင်းနဲ့သူ ဆွဲရတယ်။ အဲဒါကို ဗမာကားတွေက တွေ့ကရာ နေရာအနှံ့ ခရီးသည် လိုက်တင်တော့ ကျနော်တို့ ဒုက္ခ ရောက်ကုန်တာပေါ့။ အရင်က တောင်းဆိုတာကို ခရိုင်အဆင့် အာဏာပိုင်တွေက ထိထိရောက်ရောက် မဖြေရှင်းပေးဘူး။ အခုကိစ္စကိုတော့ အစိုးရအဖွဲ့က လာပြီး တိုက်ရိုက် ဖြေရှင်းပေးတာကိုပဲ လက်ခံမယ်” ဟုပြောသည်။

မြဝတီခရိုင် မော်တော်ယာဉ်အဖွဲ့မှ တာဝန်ရှိသူတဦးက မြဝတီ-မဲဆောက် ပြေးဆွဲသည့် မြန်မာကား အစီး (၇၀) ခန့်သာ ရှိသည်ဟု ပြောကြားပြီး ထိုင်းကားများမှာ မြဝတီသို့နေ့စဉ် အစီးရေ (၂၀၀) ခန့် ကုန်စည်များ တင်ဆောင်ကာ ဝင်ထွက်လျက်ရှိသည်ဟု ပြောသည်။

ယခုဖြစ်ရပ်ကြောင့် ထိုင်းကုန်သည်ကြီးများနှင့် ဒေသခံများမှာ မြန်မာဘက်မှ ချစ်ကြည်ရေး တံတား ပိတ်လိုက်မည် ဆိုပါက ကုန်သွယ်ရေး လုပ်ငန်းများ ထိခိုက်နိုင်သဖြင့် အထူးစိုးရိမ် ပူပန်နေကြသည်။ ယခင်က အလားတူ ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့စဉ် မြန်မာဘက်မှ ချစ်ကြည်ရေး တံတားကို အကန့်အသတ် မရှိ ပိတ်လေ့ပိတ်ထ ရှိ၍ ထိုင်းကုန်စည်များ နယ်စပ်တွင် ပိတ်မိနေ ပြီး ကုန်စည် စီးဆင်းမှု မရှိသဖြင့် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်ရမှုများ ဖြစ်ခဲ့ကြသည်။

ထိုင်းလိုင်းကားများမှာ ချစ်ကြည်ရေး တံတားထိပ်မှ မဲဆောက်သို့ လူတဦးလျှင် (၁၅) ဘတ် နှုန်းဖြင့် ပြေးဆွဲပြီး မြန်မာ လိုင်းကားများမှာ မြဝတီ-မဲဆောက် လူတဦးလျှင် ဘတ် (၅၀) နှုန်းဖြင့် အစစ်အဆေး မရှိ၊ ချစ်ကြည်ရေး တံတားပေါ်မှ သွားလာ နိုင်ခြင်းကြောင့် လူစီးများခြင်း ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံမှ လာရောက်သူများမှာ ချစ်ကြည်ရေးတံတားထိပ်မှ တဆင့် မဲဆောက်မြို့ သို့ (၄) မိုင်ခန့် လမ်းလျှောက် လာနေရပြီး အငှား မော်တော်ဆိုင်ကယ် များကိုလည်း ခရီးသည်များ မတင်ရန် ဆန္ဒပြသူများက တားဆီးထားသည်။

ယခုဆန္ဒပြမှုကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်း ရပ်တန့်သွားပြီး မြို့တွင်း လိုင်းကား ပြေးဆွဲမှု မရှိတော့သဖြင့် နှစ်နိုင်ငံ ခရီးသည်များနှင့် ကုန်တင်ကားများ၊ လိုင်းကားများ နယ်စပ်တွင် ပိတ်မိလျက်ရှိသည်။ မြဝတီ-မဲဆောက် ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသည် မြန်မာဘက်သို့ လစဉ် ဘတ် သန်း (၁,၀၀၀) တန်ဖိုးရှိ ကုန်စည်များ ပုံမှန် တင်ပို့လျက်ရှိသည်။

မတ်လ (၄) ရက်နေ့ကလည်း ပြောင်းဖူးစိုက်ပျိုးသည့် ထိုင်းတောင်သူများအား ထိုင်းအစိုးရမှ ထောက်ပံ့ကြေး မပေးနိုင်သည့် ကိစ္စနှင့် ပတ်သက်၍ ပြောင်းဖူးတင်သည့် ထိုင်းကုန်တင်ကား တဒါဇင်ကျော်ခန့် မဲဆောက်မြို့ အ၀င်အထွက် လမ်းများအား ပိတ်ဆို့ ဆန္ဒပြခဲ့သည်။ ထိုဆန္ဒပြမှုကြောင့် ဘန်ကောက်နှင့် ချင်းမိုင်သွားမည့် ကားများ မထွက်နိုင်သည့် အပြင် မြန်မာနိုင်ငံဘက် ကူးမည့် သူများလည်း မကူးနိုင်ဖြစ်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးများ ဘောလုံးသင်းများထောင်ပြီ

NEJ / ၅ မတ် ၂၀၀၉

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ စစ်အစိုးရလက်ထက် အခွင့်ထူးခံ ရရှိနေသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ဘောလုံး ကလပ် အသင်းများကို စတင် တည်ထောင်ပြီး ဖြစ်ကြောင်း မတ်လ (၄) ရက်နေ့ ရန်ကုန် ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ထုတ်ဖော်ပြောကြားသည်။

ဦးဇော်ဇော်အပြင် ကလပ်အသင်း ထောင်ပြီးဖြစ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် စာနယ်ဇင်းသမားများ တက်ရောက်သည့် အဆိုပါပွဲတွင် အသင်း (၈) သင်း စတင်ဖွဲ့စည်းမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရန်ကုန်အခြေစိုက်မည့် ရန်ကုန်ယူနိုက်တက်အသင်းကို ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇ၊ လားရှိုး အခြေစိုက်မည့် ကမ္ဘောဇ အသင်းကို ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း၊ မန္တလေး အခြေစိုက်မည့် ရတနာပုံ အသင်းကို အယ်လ်ပိုင်း သောက်ရေသန့် လုပ်ငန်းရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၊ မကွေး အခြေစိုက်မည့် မကွေး အသင်းကို အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ ထားဝယ်မှာ အခြေစိုက်မည့် Southern Myanmar United အသင်းကို ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်၊ ပဲခူး အခြေစိုက်မည့် ဥဿာ ယူနိုက်တက် အသင်းကို အိုင်ဘီတီစီ အရက်ကုမ္ပဏီ ပိုင်ရှင် ဦးအောင်မိုးကျော်၊ ပုသိမ် အခြေစိုက်မည့် ဒယ်လ်တာ ယူနိုက်တက် အသင်းကို အေဒင် ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်၊ စစ်ကိုင်း အခြေစိုက်မည့် ဇေယျာရွှေမြေ အသင်းကို ရွှေနဂါးမင်း ကုမ္ပဏီပိုင်ရှင် ဦးဝင်းမြင့်တို့က တည်ထောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ ကလပ်အသင်းများတွင် နိုင်ငံခြားသား နည်းပြများ ခေါ်ယူငှားရမ်း ပိုင်ခွင့်ရှိပြီး ဘောလုံးသမားများ အပါအဝင် တသင်းကို အများဆုံး နိုင်ငံခြားသား (၅) ယောက်အထိ ခေါ်ယူနိုင်ကြောင်း သိရသည်။

ကလပ်အသင်းတသင်းကို အနည်းဆုံး ကျပ်သိန်း (၂,ဝဝဝ) ဖြင့် စတင် ရင်းနှီးမြှုပ်နှံရမည် ဖြစ်ပြီး ပါဝင်ကစားမည့် ဘောလုံး ကစားသမားများကို အနည်းဆုံး တလလျှင် လစာ ကျပ် (၃) သိန်းပေးရမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ပရော်ဖက်ရှင်နယ်အသင်းများ ဖွဲ့စည်းခဲ့ပြီး ဖြစ်သည့်အတွက် လက်ရှိ ကျင်းပနေသည့် မြန်မာလိဂ် အပျော်တမ်းပွဲများကို ယခုနှစ် ဘောလုံးရာသီ၌ အဆုံးသတ်တော့မည် ဖြစ်သည်။

လာမည့်နှစ် ဘောလုံးရာသီအစ၌ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် (၄) သင်းစီ အုပ်စုနှစ်စုခွဲပြီး ဖလားလုပွဲ ပုံစံ စတင် ကျင်းပမည်ဖြစ်ပြီး နောက်ပိုင်း ၂ဝ၁ဝ ပြည့်နှစ်တွင် ကလပ်အသင်း (၁၂) သင်းအထိ ဖွဲ့စည်းရန် ရည်ရွယ်ပြီး ဥရောပ ကလပ်အသင်းများ ပုံစံ အိမ်ကွင်း အဝေးကွင်း စနစ်ဖြင့် ပြိုင်ပွဲများ ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ဘောလုံးအားကစားကို ပြည်သူတရပ်လုံးက လှိုက်လှိုက်လှဲလှဲ ဝါသနာ ပါကြသော်လည်း နေရာတကာ စစ်အစိုးရ အာဏာပိုင်များ၏ ဝင်ရောက်စွက်ဖက်မှု၊ တလွဲ စီမံခန့်ခွဲမှု များကြောင့် ဘောလုံးအားကစား အဆင့်အတန်း အလွန် နိမ့်ကျနေကြောင်း အားကစားသမား ဟောင်းကြီးများနှင့် အားကစားဆိုင်ရာ ဆောင်းပါးရှင်များကလည်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြသည်။

ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ကျင်းပရာတွင်လည်းကောင်း၊ နိုင်ငံတကာ ကစားပွဲများ အတွက် လက်ရွေးစင် လူရွေးချယ်ရာတွင် လည်းကောင်း၊ နိုင်ငံတကာသို့ သွားရောက် ယှဉ်ပြိုင်ရာ၌ အားကစားနှင့် မနီးစပ်သည့် အာဏာပိုင် စစ်ဗိုလ်နှင့် စစ်ဗိုလ်ဟောင်းတို့၏ စွက်ဖက်မှုကြောင့် မြန်မာဘောလုံး အသင်းများ၏ စွမ်းဆောင်ရည် နိမ့်ကျခဲ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝါရင့်အားကစား ကလောင်ရှင်ကြီးတဦးက “မြန်မာဘောလုံးလောက တိုးတက် စေချင်ရင် နိုင်ငံအနှံ့က အခြေခံ ပညာကျောင်းတွေနဲ့ တက္ကသိုလ် ကျောင်းတွေမှာ ဘောလုံး အားကစားကို အားပေးဖို့၊ ဘောလုံးကွင်းတွေကို တည်ဆောက် ကစားခွင့်ပြုဖို့၊ ဘောလုံးအားကစား ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို လွတ်လပ်စွာကျင်းပ ပြုလုပ်ခွင့်ပေးဖို့ စတာတွေ လိုအပ်တယ်။ ငွေတွေ အများကြီးသုံး ကလပ် အသင်းတွေ ဖွဲ့ရုံနဲ့ မြန်မာဘောလုံး အားကစား တိုးတက် လာလိမ့်မယ်လို့ မမျှော်လင့် နိုင်ဘူး။ အဓိက အကျဆုံးနဲ့ အခြေခံ အကျဆုံး အချက်ကတော့ ဘောလုံး အားကစားကို စစ်အာဏာပိုင်တွေရဲ့ စွက်ဖက်မှု ကင်းနိုင်သမျှ ကင်းစေဖို့ပဲ ဖြစ်တယ်” ဟု ဝေဖန်ပြောကြားသည်။

အဆိုအပါ သတင်းစာရှင်းလင်းပွဲတွင် ရတနာပုံ ကလပ်အသင်း တည်ထောင်သူ အယ်လ်ပိုင်း သောက်ရေသန့် ကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက သူ့အသင်းအတွက် နည်းပြအဖြစ် ပြင်သစ်လူမျိုးတဦး၊ နည်းစနစ် ဒါရိုက်တာအဖြစ် ဘယ်လ်ဂျီယံ လူမျိုးတဦးကို ခေါ်ယူထားပြီး ကစားသမားများ အဖြစ် နိုင်ဂျီးရီးယားနိုင်ငံသား (၃) ဦးနှင့် အိုင်ဗရီကို့စ် နိုင်ငံသား (၂) ဦးကို ကမ်းလှမ်းထားကြောင်း၊ ၎င်းခေါ်ယူထားသည့် ပြင်သစ်နိုင်ငံသား နည်းပြကို စင်မြင့်ပေါ်ခေါ်ယူပြီး ကြွားဝါခဲ့ကြောင်းလည်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာ အပါအဝင် ၄၂ နိုင်ငံကို ထိုင်းက အလည်အပတ် ဗီဇာခ ကင်းလွတ်ခွင့်ပြု

ဆလိုင်းပီပီ
ကြာသပတေးနေ့၊ မတ်လ 05 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် မြန်မာ အပါအဝင် အခြားနိုင်ငံ အချို့ကို ဗီဇာခ ပေးဆောင်ရခြင်းမှ မတ်လမှ ဇွန်လအထိ ၃ လကြာ ကင်းလွတ်ခွင့်ပြုမည်ဟု ထိုင်းနိုင်ငံက ဆိုသည်။

ပြီးခဲ့သည့်နှစ် ကတည်းကစ၍ ပြည်တွင်းနိုင်ငံရေး မငြိမ်မသက် မှုများနှင့် ကြုံတွေ့ နေရသော ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် အတွက် မြန်မာ အပါအဝင် ၄၂ နိုင်ငံမှ ခရီးသွားဗီဇာ လျှောက်ထား မှုများကို ဗီဇာခ ပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ထိုင်းက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းနဲ့ ကြုံနေရချိန်မှာ ထိုင်းခရီးသွား လုပ်ငန်းကို မြှင့်တင်ဖို့ လုပ်တာပါ” ဟု ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာန - လဝက မှ အရာရှိတဦးက ယမန်နေ့က မဇ္ဈိမကို ပြောသည်။

ယမန်နှစ် နိုဝင်ဘာလက နိုင်ငံတကာလေဆိပ်ကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့မှု အပါအဝင် နိုင်ငံရေး မတည်ငြိမ် မှုများကြောင့် ဆိုးရွားစွာ ထိခိုက်သွားခဲ့ရသော ထိုင်းခရီးသွား လုပ်ငန်းကို ပြန်လည် မြှင့်တင်နိုင်ရေး အစီအစဉ်၏ အစိတ်အပိုင်း တရပ်အနေဖြင့် ဗီဇာခများ လွတ်ငြိမ်းခွင့် ပေးခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ လဝက ဗျူရိုဌာနချုပ်မှ အရာရှိတဦးက ပြောသည်။

လောလောဆယ်တွင် နိုင်ငံ ၂ဝ မှ နိုင်ငံသားများကို နေထိုင်ခွင့် ၁၅ ရက်ပေးသည့် ဆိုက်ရောက် ဗီဇာများ ထုတ်ပေးလျက် ရှိပြီး၊ အခြား ၄၂ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာ မလိုဘဲ ရက်ပေါင်း ၃ဝ အထိ နေထိုင်ခွင့် ပေးထားသည်။

သို့သော် ဤသတ်မှတ်ရက်ထက် ကျော်လွန် နေထိုင်လိုသူများမှာ ဗီဇာ လျှောက်ထားရန် လိုအပ်ပြီး၊ ဗီဇာရရှိပါက စံသတ်မှတ်ချက် အနေဖြင့် ရက်ပေါင်း ၆ဝ နေထိုင်ခွင့် ပေးသည်။ ဗီဇာများကို ထိုင်းနိုင်ငံသို့ မလာခင် သက်ဆိုင်ရာ နိုင်ငံများရှိ ထိုင်းသံရုံးများ၊ ကောင်စစ်ဝန် ရုံးများတွင် လျှောက်ထား ရသည်ဟု အဆိုပါအရာရှိက ပြောသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်အရ ခရီးသွား ဗီဇာများ ဗီဇာခ လွတ်ငြိမ်းခွင့် ပေးခြင်းကို ထိုင်းဝန်ကြီးအဖွဲ့က ဇန်နဝါရီလ အတွင်းက ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ ဤသို့ ကင်းလွတ်ခွင့် ပေးခြင်းသည် မတ်လ ၅ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ အသက်ဝင်နေမည်ဟု ဆိုသည်။

ဤအတောအတွင်း မြန်မာနိုင်ငံသား ကမ္ဘာလှည့် ခရီးသွား တဦးကလည်း ဤထိုင်းအစိုးရ၏ အစီအစဉ်သစ်ကို ကြိုဆို ပြောကြားလိုက်သည်။ သို့သော် စစ်အစိုးရ အုပ်စိုးနေသော သူတို့နိုင်ငံမှာလည်း ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကို ရင်ဆိုင်နေရသဖြင့် ဤအစီအစဉ် သစ်သည် မြန်မာ ခရီးသွားများကိုမူ ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောသည်။

“ဒီလို (ခရီးသွားဗီဇာခ လွတ်ငြိမ်းခွင့်) ပေးတာကို ကျနော်တို့ လက်ခံကြိုဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုနေမလဲ ဆိုတာတော့ စောင့်ကြည့်ရ ပါဦးမယ်” ဟု အဆိုပါ မြန်မာ ကမ္ဘာလှည့် ခရီးသွားက ပြောသည်။

မြန်မာနိုင်ငံသား အနည်းငယ်သာ ဤသို့ ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်ခြင်း ဖြစ်ပြီး၊ အများစုကြီးမှာမူ အလုပ်အကိုင် ရှာဖွေရန်အတွက် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်သည်ဟု သူက ဆက်ပြောသည်။

ယခင်ကမူ မြန်မာနိုင်ငံသား ခရီးသွားများသည် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံ သံရုံးတွင် ဗီဇာ လျှောက်ထားရပြီး ကမ္ဘာလှည့် ခရီးသွားဗီဇာခ အဖြစ် အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာပေးရန် လိုအပ်သည်။

Ref: မဇ္ဈိမ

Read More...

Thursday, March 5, 2009

မြန်မာ့အရေး အမြင့်ဆုံး ရောက်လုချိန် ကုလသမဂ္ဂ တုန့်ဆိုင်းဆိုင်း ဖြစ်နေဆဲ

"ပြီးခဲ့တဲ့ သီတင်းပါတ် အဆုံးမှာတော့ နာမည်အပျက်ဆုံး အင်းစိန် အကျဉ်းထောင် အပါအဝင် တနိုင်ငံလုံး မှာရှိတဲ့ အကျဉ်းထောင်တွေ ထဲက အကျဉ်းသား ၆၃၁၃ ယောက်ကို မြန်မာ စစ်အစိုးရ အာဏာပိုင်တွေက လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပါတယ်။"

ဒီထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် ပါသလဲ? ဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင် သေးပါဘူး။ ဒါပေမယ့် ရှင်းနေတာကတော့ နိုင်ငံရေး အကျဉ်းသားနှစ်ဦး ဖြစ်တဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကတော့ လွတ်ငြိမ်းချမ်းသာခွင့် စာရင်းထဲမှာ ပါမလာခဲ့ ပြန်ပါဘူး။ သူတို့ နှစ်ယောက်ကို ၂ဝဝ၃ ခုနှစ် နှစ်လယ်ပိုင်း အစလောက် ကတည်းက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကွင်တာနာ (Tomas Ojea Quintana) က မြန်မာ နိုင်ငံကို မလာမီ တရက်အလို ၂ဝဝ၉ ဖေဖေါ်ဝါရီလ (၁၄) ရက်မှာ ကြိုတင် သိထားတာ မရှိဘဲ ဦးတင်ဦးရဲ့ နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံသက်တမ်းကို အာဏာပိုင်တွေက နောက်တနှစ် ထပ်တိုးလိုက် ပြန်ပါတယ်။ ဒါဟာ မြန်မာ့ ဒီမိုကရေစီအရေးကို အထူး ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂကို စော်ကား လိုက်တာပါဘဲ။ မကျေမနပ် ဖြစ်စရာပါ။ နောက်ဆက်လုပ်ဖို့ ကိစ္စတွေလည်း တွန့်ဆုတ် သွားရသလို ဖြစ်နိုင်ပါတယ်။

နောက်ထပ် တိုက်ဆိုင် နေတာတခုလည်း ရှိနေပြန်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဂမ်ဘာရီက မြန်မာပြည်မှာ သူဘာတွေ လုပ်ခဲ့သလဲဆိုတာ လုံခြုံရေးကောင်စီကို ရှင်းပြပြီး နောက်တရက် အကြာမှာ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်တိုးတာ လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာကို ကြိုဆိုရပါမယ်။ ဒါပေမယ့် ဒါမျိုး သက်သက်နဲ့တော့ မြန်မာ နိုင်ငံမှာ ပြည်သူတွေ ဒုက္ခရောက်နေတာဟာ အမြဲတမ်း ဖြစ်နေမှာ မဟုတ်တော့ပါဘူးလို့ မယူဆ သင့်ပါဘူး။

“ မြန်မာအရေးဟာ ပက်ကျိလိုဘဲ နှေးနှေးကွေးကွေး ဖြစ်နေပါတယ်။ နိုင်ငံတွင်းမှာ ဖြစ်လာတာတွေကို ဘာဘဲဖြစ်ဖြစ် အတော့်ကို ဂရုတစိုက် သတိထားပြီး ကြည့်ရပါလိမ့်မယ်။”

စစ်အစိုးရ အုပ်စိုးတဲ့ မြန်မာပြည်ကို ဂမ်ဘာရီ သွားရောက်ခဲ့တဲ့ ဒီတခေါက်မှာလည်း အရင် နောက်ဆုံးခရီးစဉ် နှစ်ခေါက်လိုဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြန်ပြောပြစရာ များများစားစား မရှိခဲ့ပါဘူး။ လုံခြုံရေး ကောင်စီက လုပ်ပေးနိုင်စရာတွေလည်း မတင်ပြနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်းဘဲ သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Jean-Maurice Ripert ကဆိုရင် လုံခြုံရေးကောင်စီကို ဂမ်ဘာရီ သတင်းပို့တာ သိပ် သိပ်တိုလွန်းပြီး စိတ်တိုင်း ကျစရာတွေ မရှိပါဘူးလို့ ပြောယူရတဲ့ အထိပါဘဲ။

၂ဝ၁ဝ ခုနှစ်မှာ လုပ်မယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်း မကျပဲနေရင်၊ ပြီးတော့ အတိုက်အခံတွေ အားလုံးကလည်း မပါဝင်နိုင်ဘူးဆိုရင် အဲဒါကို တရားဝင် အသိအမှတ် မပြုဖို့ သူက ပြောပြ ပါတယ်။

ဂမ်ဘာရီ ခရီးစဉ် မအောင်မြင်တာကို ကြိုတွက်ဖို့ သိပ်အခက်အခဲ မတွေ့ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ကို လက်ချည်း သက်သက် မြန်မာပြည်ကို စေလွှတ်လိုက်လို့ ဖြစ်ပါတယ်။ ( လုံခြုံရေးကောင်စီမှ အမှာစကားများ မပါဘဲ စေလွှတ်လိုက်သည်ဟု ဆိုလိုသည်။ )

ဘန်ကီမွန်း မတိုင်မီက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟာ ကိုဖီအာနန် ဖြစ်ပြီး သူ့ရဲ့ မြန်မာ့အရေး သံတမန်ကတော့ ရာဇာလီ အစ္စမေးလ် ဖြစ်ပါတယ်။ ဘန်ကီမွန်း-ဂမ်ဘာရီ အတွဲလိုဘဲ ရာဇာလီ ကလည်း ပေကပ်ကပ်နဲ့ ခေါင်းမာလှတဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ရာမှာ ဘာမှ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ကုလသမဂ္ဂ အထူးသံတမန်တွေကတော့ မြန်မာပြည်ကို သွားလိုက်လာလိုက် လုပ်နေကြတုန်းပါဘဲ။ သူတို့ ခရီးစဉ် အောင်မြင်သွားပြီလားဆိုတာ ဆုံးဖြတ်ဖို့ ကမ္ဘာကလည်း အဆင့်တခုတော့ သတ်မှတ်ထားနေကြ တုန်းပါဘဲ။ ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကုလသမဂ္ဂ သံတမန်တွေက သွားရောက်တွေ့ဆုံတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး အဆင့်တခုခု အောင်မြင်သွားပြီလို့ မပြောနိုင်ပါဘူး။

နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ စောင့်ကြည့်နေသူတွေ ပြောနေတဲ့ “တမျိုးသားလုံး ပြန်လည် သင့်မြတ်ရေး” ၊ “ဒီမိုကရေစီ တည်ဆောက်ရေး” ဆိုတာတွေဟာ သူ့အစီအစဉ်နဲ့ သူ ဖြစ်လာမယ် ဆိုရင်တော့ သူတို့အတွက် သိပ်ကောင်းတာပေါ့။ ဒါပေမယ့် မြန်မာ စစ်အစိုးရ အတွက်ကတော့ ဒီကိစ္စတွေဟာ အမှန်တကယ် ဖြစ်လာ မလားဆိုတာ သိချင်နေကြတဲ့ စကားလုံးတွေပါ။

ဒီကိစ္စတွေကို မျှမျှတတ ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂမှာ မြန်မာ စစ်ဗိုလ်ချုပ်တွေကို ပြစ်ဒါဏ်ခတ် နိုင်စွမ်းလည်း မရှိ၊ ဆွဲဆောင်စရာ မက်လုံးလည်း မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂက အကြံဥာဏ်တွေ ထုတ်ပေးနိုင်ပါတယ်။ အကြံဥာဏ်တွေကိုသာ လက်ခံ ကျင့်သုံးကြမယ် ဆိုရင် အတော်များများ ကိစ္စတွေမှာ အလုပ်ဖြစ်နိုင်ပါမယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အတော်များများမှာ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်နဲ့ မဟာ ဗျူဟာ မရှိပါဘူး။ ဒီလိုနဲ့ဘဲ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးနေတာ အချိန်တွေတောင် လွန်နေခဲ့ရပါပြီ။

နအဖကို သဘောမကျဘူးလို့ ပြောနေရုံ သက်သက်နဲ့တော့ အလုပ် မဖြစ်တော့ပါဘူး။ ဒီ့ထက်ပိုပြီးကို လုပ်ယူ ရပါတော့မယ်။ မြန်မာနိုင်ငံထဲမှာ သက်ဆိုင်သူတွေ အားလုံး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်မယ့် အစီအစဉ် တခုကို ကုလသမဂ္ဂက မရေးဆွဲလို့ မဖြစ်တော့ပါဘူး။

ဆိုလိုတာ ကတော့ မြန်မာ စစ်ဗိုလ်ချုပ်တွေ ထောင်အကျခံမလား? ဒါမှမဟုတ် အရပ်ဘက် အစိုးရအဖွဲ့မှာ ပါဝင် မလား? ဆိုတာပါဘဲ။ တခုခုကတော့ သူတို့ကို စောင့်နေပြီလို့ ဗိုလ်ချုပ်တွေ သိထားဖို့ လိုနေပါတယ်။

မြန်မာရဲ့ ဒေသတွင်း နိုင်ငံတွေ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေး တိုးတက်ပြောင်းလဲစေဖို့ စိတ် မပါ့တပါနဲ့ တခါတလေ ထလုပ် တတ်တာကလည်း အချိန်တွေ သိပ်ကို ကြာလှပါပြီ။ “လမ်းပြမြေပုံ” (Road Map) ဆိုတဲ့ စကားလုံးနဲ့ “အပြုသဘော ဆောင်တဲ့ ချဉ်းကပ် ညှိနှိုင်းမှု” (Constructive Engagement) ဆိုတဲ့ စကားလုံးကို မြန်မာ့အရေးမှာ သုံးစွဲ နေခဲ့ကြပါတယ်။ “လမ်းပြမြေပုံ” ဆိုတာ အရှေ့အလယ်ပိုင်း ပြဿနာ ကနေ ယူသုံးထားတဲ့ စကားလုံးပါ။ “အပြုသဘော ဆောင်တဲ့ ချဉ်းကပ် ညှိနှိုင်းမှု” ဆိုတာ တောင်အာဖရိက နိုင်ငံမှာ အသားအရောင် ခွဲခြားရေးကို အဆုံးသတ် ရေးတုန်းက သုံးခဲ့တဲ့ စကားလုံးပါ။ အရှေ့အလယ်ပိုင်းနဲ့ တောင်အာဖရိကမှာ သုံးခဲ့တဲ့ အဲဒီ စကားလုံးတွေရဲ့ တကယ့် အဓိပ္ပာယ် အမှန်ကို သဘောမပေါက်ပဲ မြန်မာ့ အရေးမှာ အလွယ်တကူ ဆွဲသုံးနေကြပါတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဝန်ကြီးချုပ်ဟောင်း သာ့ခ်ဆင် ရှင်နာ ဝတ္ထရာ (Thaksin Shinawatra) က မြန်မာ့အရေးကို ဖြေရှင်းပေးမယ် ဆိုပြီး “Bangkok Process”လို့ စတန့်ထွင် လိုက်ပေမယ့် ချက်ချင်း ပြုတ်ကျပြီး သူ့ကို ဝိုင်းဟားခဲ့ ကြပါတယ်။ စစ်အစိုးရက သူတို့ နည်းသူတို့ဟန် “လမ်းပြမြေပုံ”သုံးပြီး ဒီမိုကရေစီကို တည်ဆောက်မယ်လို့ ကြေညာ လိုက်တော့ သာခ်ဆင်တို့ လူသိုက်လည်း နောက်ပြန်ဆုတ်လိုက် ကြရပါတယ်။ ၂ဝ၁ဝ ခုနှစ် ရောက်ရင် ရွေးကောက်ပွဲ လုပ်မယ်လို့ မြန်မာ စစ်အစိုးရက ကြေညာလိုက်တာကြောင့် အခုချိန်မှာ အာဆီယံနဲ့ ကမ္ဘာ့ အသိုင်းအဝိုင်း အတွက် တခုခုကို အလေးအနက်ထား မလုပ်ဘူးဆိုရင် အချိန်တွေ သိပ်နှောင်းသွားနိုင် ပါတယ်။

အမေရိကန် ပြည်ထောင်စု သမတသစ် အိုဘားမား (Barack Obama) ရဲ့ အဖွင့် မိန့်ခွန်းမှာ အာဏာရှင်နိုင်ငံ တွေကို အဆိုပြုသွားပါတယ်။ အာဏာရှင်တွေ ဘက်က ဆက်ပြီး တင်းမာချင်စိတ် မရှိတော့ဘူးဆိုရင် အမေရိကန်က ပိုပြီး လက်ကမ်းဖို့ ရှိလာမယ်လို့ ပြောသွားတာပါ။ ("We will extend a hand if you are willing to unclench your fist.")

ဒီတော့ ဘာဖြစ်လာမလဲ။ အိုဘားမားက အာဏာရှင် နိုင်ငံတွေကို သူပြောသလို ချဉ်းကပ်တော့မှာ သေချာ နေပါပြီ။ သူ့ချဉ်းကပ်ပုံ မှန်-မမှန် ပထမဦးဆုံး စမ်းသပ် ခံရမှာကတော့ မြန်မာ့အရေး ဖြစ်နိုင်တယ် ဆိုတာက သိသာ လာနေပါတယ်။

၁၉၉ဝ ဝန်းကျင် နှောင်းပိုင်း နှစ်တွေလောက်က စပြီး အမေရိကန်က မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဒါဏ်ခတ် ပိတ်ဆို့မှုတွေ စလုပ်လာခဲ့တာ ခုထိပါဘဲ။ ဒါပေမယ့် ဟိုတလောက အင်ဒိုနီးရှားကို လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာတုန်းမှာ မြန်မာပြည် အပေါ်ထားတဲ့ အမေရိကန် ပေါ်လစီကို သုံးသပ်နေတယ်လို့ ကြေညာ သွားပါတယ်။ စီးပွားရေး ပြစ်ဒါဏ်ခတ် ပိတ်ဆို့ အရေးယူတာတွေကို လျှော့ပေါ့ဖို့ ဒါမှမဟုတ် အခြား သံတမန်ရေး နည်းလမ်းတွေ သုံးဖို့ကို ကလင်တန်က ငြင်းဆို မသွားခဲ့ပါဘူး။

“သိသာတာကတော့ စီးပွားရေး ပြစ်ဒါဏ်ခတ် ပိတ်ဆို့ အရေးယူတာတွေကို မြန်မာ စစ်အစိုးရက မဖြုံပါဘူး” လို့ ကလင်တန်က ပြောသွားပါတယ်။ ပြီးတော့ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေက စစ်အစိုးရနဲ့ ပေါင်းပြီး ညှိနှိုင်းတဲ့ ချဉ်းကပ်ပုံကလည်း အလုပ် မဖြစ်ခဲ့ပါဘူးလို့ ဆက်ပြော သွားပါသေးတယ်။

အိုဘားမား အရင် သမတဘွတ်ရှ် လက်ထက်မှာတုန်းက မြန်မာ စစ်အစိုးရအပေါ် သဘောထား ခပ်တင်းတင်း ဆက်ဆံခဲ့လို့ အတော့်ကို ချီးကျူးခံရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်နေရုံနဲ့ စစ်အစိုးရကြောင့် ပြည်သူတွေ မလှုပ်နိုင်အောင် ဖိနှိပ် ခံနေခဲ့ရတာတွေ ကိုတော့ လျှော့မပစ် နိုင်ခဲ့တာက အမှန်ပါ။ ပြည်သူတွေရဲ့ စားဝတ် နေရေး၊ လုံခြုံရေးတွေလည်း တိုးတက် မလာခဲ့ပါဘူး။

အခုတော့ အိုဘားမား အလှည့်ရောက်ပါပြီ။ မြန်မာ့အရေး အတွက် အမေရိကန် အစိုးရဟာ သူ့ ပေါ်လစီကို ပြန်သုံးသပ် ရမှာကတော့ သေချာနေပါတယ်။ ဒါပေမယ့် သမတ အိုဘားမားဟာ သူ့ရဲ့ သမိုင်းဝင် သမတသစ် အဖွင့် မိန့်ခွန်းမှာ ပြောခဲ့တဲ့ အတိုင်း လုပ်ကို လုပ်ရပါလိမ့်မယ်။ သူပြောခဲ့တာ ကတော့….

“ခင်ဗျားတို့ ပြည်သူတွေ အပေါ် ဖိနှိပ် ချုပ်ချယ်နေတာတွေကို လျှော့လိုက်ပါတော့။ ဒါဆိုရင် ခင်ဗျားတို့ကို အမေရိကန်က ပိုပြီး လက်ကမ်းလှမ်း ပေးလာပါ့မယ်။”

The Korea Herald ၏ အယ်ဒီတာ့ အာဘော် “ Burma nears high noon and still the UN falters ”

(၂၄-၂-၂ဝဝ၉ အင်တာနက် စာမျက်နှာ)ကို မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။

မူရင်း - ကိုရီးယား ဟာရယ် ဝဘ်ဆိုဒ်

လွင်အောင်စိုး

(၂၄-၂-၂ဝဝ၉)


Ref: လူထုအသံ

Read More...

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၄)

‘၁၉၃၆ ဒုတိယ တက္ကသိုလ်သပိတ်’
အောင်ဝေး
ဖေဖော်ဝါရီ ၈၊ ၂၀၀၉

ပထမ တက္ကသိုလ် သပိတ်ကြီး ပြီးလို့ (၁ဝ)နှစ် အကြာ ၁၉၃ဝ ဒီဇင်ဘာမှာ လယ်သမားသူပုန် ဂဠုန် တော်လှန်ရေးကြီး ဖြစ်ပေါ်ခဲ့တယ်။ မရှေးမနှောင်းမှာပဲ ၁၉၃၁ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ‘တကသ’ လို့ ခေါ်တဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ စတင် ဖွဲ့စည်း ပေါ်ထွက်လာခဲ့ပါတယ်။

ဗြိတိသျှနယ်ချဲ့အစိုးရဟာ ၁၉၃၅ခုနှစ်မှာ မြန်မာနိုင်ငံကို အိန္ဒိယကနေ ခွဲထုတ်လိုက်ပြီး (၉၁)ဌာန အုပ်ချုပ်ရေးကို သွတ်သွင်း လာခဲ့ပါတယ်။ အဲဒီအချိန် ၁၉၃၅ မှာပဲ သခင်ဘသောင်းနဲ့ ပညာတတ် မြန်မာလူငယ်တစုဟာ ‘ မြန်မာစာသည် တို့စာ၊ မြန်စကားသည် တို့စကား၊ သခင်မျိုးဟေ့ တို့ဗမာ’ ဆိုတဲ့ ကြွေးကြော်သံနဲ့ တို့ဗမာအစည်းအရုံးကို ထူထောင်လိုက်ကြပါတယ်။

‘အရှေ့က နေဝန်းထွက်သည့် ပမာ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွှဲပါ’ ဆိုတဲ့ ဝိုင်အမ်ဘီအေ ဆရာတင် ရေးတဲ့ ‘တို့ဗမာ’ သီချင်းဟာ ကျောင်းသားတွေ ပြည်သူတွေကြားမှာ ပျံ့နှံ့ လွှမ်းမိုးသွားပါပြီ။

အဲဒီ ၁၉၃၅ ခုနှစ်ထဲမှာပဲ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ)ရဲ့ အာဘော်ဖြစ်တဲ့ သမဂ္ဂ မဂ္ဂဇင်းကြီးကိုလည်း ‘အိုးဝေ’ မဂ္ဂဇင်းလို့ နာမည် ပြောင်းလိုက်ကြပါတယ်။ ဒုတိယ တက္ကသိုလ် ကျောင်းသား သပိတ်ကြီးဟာ အဲဒီ အိုးဝေ မဂ္ဂဇင်းကနေ စခဲ့တာပါပဲ။

၁၉၃၆ ဇန်နဝါရီ (၃၁) တကသ (၅)နှစ်ပြည့် ကျောင်းသား သမဂ္ဂ အဆောက်အဦးမှာ စကားစစ်ထိုးပွဲ လုပ်ပါတယ်။ အဲဒီပွဲမှာ တကသ ဥက္ကဋ္ဌဖြစ်တဲ့ ကိုနု(သခင်နု)က နယ်ချဲ့ အစိုးရကို ခပ်ကြမ်းကြမ်း ထိုးနှက် တိုက်ခိုက်တဲ့ မိန့်ခွန်း ပြောလိုက်ပါတယ်။ ဒီအတွက် တက္ကသိုလ် အာဏာပိုင်တွေက ဥက္ကဋ္ဌ ကိုနုကို ထုချေလွှာ တောင်းပါတယ်။

အဲဒီအချိန်မှာ ထွက်လာတဲ့ အိုးဝေ မဂ္ဂဇင်း အင်္ဂလိပ်စာ ကဏ္ဍမှာ The Hell Hound At Large ငရဲခွေးကြီး လွတ်နေပြီ ဆိုတဲ့ ဆောင်းပါး ပါလာတယ်။ ရေးတဲ့သူက ယမမင်းလို့ အမည်ခံထားတဲ့ ဦးညိုမြပါ။ ဒီ ဆောင်းပါးဟာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချူပ် မစ္စတာ စလော့ ကို ဝေဖန် တိုက်ခိုက်ထားတဲ့ ဆောင်းပါး ဖြစ်နေပါတယ်။

ဒီတော့ တက္ကသိုလ် အာဏာပိုင်တွေက ဒီဆောင်းပါးရေးသူကို နာမည်ဖော်ထုတ်ပေးဖို့ တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ကို အရေးဆိုလာ ပါတယ်။ အယ်ဒီတာ ကိုအောင်ဆန်းက အယ်ဒီတာတို့ စောင့်ထိန်းအပ်သည့် ကျင့်ဝတ်အရ ဖော်ထုတ် မပေးနိုင်ပါလို့ အကြောင်းပြန် လိုက်ပါတယ်။

တကသ ဥက္ကဋ္ဌကိုနုကလည်း ထုချေလွှာ မပေးပါဘူး။ တက္ကသိုလ် အာဏာပိုင် အဖွဲ့က အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်လိုက် ပါတော့တယ်။ ဒါကို မကျေနပ်တဲ့ ဥက္ကဋ္ဌ ကိုနုက နယ်ချဲ့ အစိုးရကို ကန့်ကွက် ရှုတ်ချတဲ့ အနေနဲ့ BA (ဝိဇ္ဇာဘွဲ့) ကို ပြန်အပ် လိုက်ပါတော့တယ်။ အာဏာပိုင်တွေဘက်က ကိုနုကို ကျောင်းထုတ်လိုက်တယ် ဆိုတဲ့စာ ၂၁-၃-၃၆ နေ့မှာ ထုတ်ပြန်လိုက်တယ်။

ဒါတွေဟာ တကသ ကို စော်ကားတာပဲလို့ တက္ကသိုလ် ကျောင်းသားထုကြီးက မကျေမချမ်း ဖြစ်ကုန်ကြပါတယ်။ တ က သ အမှုဆောင်အဖွဲ့က တဖွဲ့လုံး ဖေဖော်ဝါရီလ (၂၈)ရက် စာမေးပွဲကို မဖြေဘဲ သပိတ်မှောက်မယ်လို့ ပထမ စဉ်းစားကြပါတယ်။ ဒါပေမဲ့ ကျောင်းသားထု တရပ်လုံးကပါ မခံမရပ် ဖြစ်နေတဲ့အတွက် ဖေဖော်ဝါရီ (၂၅)ရက်နေ့ သမဂ္ဂ အဆောက်အဦးမှာ ကျောင်းသားထု အစည်းအဝေး ခေါ်ခဲ့ရပါတယ်။

သမဂ္ဂခန်းမကြီး လျှံထွက်သွားတဲ့ ဒီအစည်းအဝေး ကြီးကပဲ သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် ၁၉၃၆ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှာ ဒုတိယ တက္ကသိုလ် သပိတ်ကြီး ပေါ်ပေါက်လာခဲ့ ပါတော့တယ်။ ဂျပ်ဆင်ကောလိပ် အပါအဝင် တပြည်လုံးက အထက်တန်း အလယ်တန်း ကျောင်းသားတွေကလည်း တ က သ ရဲ့ ဦးဆောင်မှုနောက်မှာ သပိတ်ထဲ ပါလာကြပါတယ်။

ရွှေတိဂုံဘုရားမှာ စခန်းချပြီး သပိတ်မှောက်နေတဲ့ ကျောင်းသားတွေထဲမှာ အစိုးရ ဝန်ထမ်း သားသမီးတွေလည်း ပါပါတယ်။ ဒီကျောင်းသားတွေကို သပိတ်စခန်းကနေ ပြန်မခေါ်ရင် သူတို့မိဘတွေကို အလုပ် ဖြုတ်ပစ်မယ်လို့ နယ်ချဲ့ အစိုးရက ခြိမ်းခြောက် အကြပ်ကိုင် လာပါတယ်။ ဒါပေမဲ့ မိဘတွေက ဘယ်လိုပဲ ခေါ်ခေါ် အဲဒီ အစိုးရ ဝန်ထမ်း သားသမီး ကျောင်းသူ ကျောင်းသားတွေဟာ မျက်ရည်စက်လက်နဲ့ မိဘကို ကျောခိုင်းပြီး တကသ ဘက်ကနေ သပိတ်လှန်တဲ့အထိ တိုက်ပွဲ ဝင်သွားခဲ့ကြပါတယ်။

အဲဒီ သပိတ်ကြီးမှာပဲ တပြည်လုံးက ကျောင်းသား လှုပ်ရှားမှုတွေကို စည်းရုံး ဦးဆောင်နိုင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ) – ABSU ကို ထူထောင်ဖို့ အင်းလျားဆောင်က သပိတ်မှောက် ကျောင်းသူ မအမာက အဆို တင်သွင်းတဲ့အတွက် ၁၉၃၆ခုနှစ် မေလ(၈)ရက်နေ့မှာ ကနဦး ‘ဗကသ’ (ABSU) ကို ညီလာခံ ခေါ်ယူ ဖွဲ့စည်း နိုင်ခဲ့ကြပါတယ်။ ပထမဆုံး ၁၉၃၆ ဗကသ ဥက္ကဋ္ဌက မစ္စတာရာရှစ်၊ ဗိုလ်ချုပ်အောင်ဆန်းက အထွေထွေ အတွင်းရေးမှုးပါ။ ၁၉၃၈မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဋ္ဌဖြစ်လာပါတယ်။

ဆရာဒဂုန်တာရာဟာ အဲဒီ ၃၆ ဗကသ ညီလာခံကို ကျိုက်လတ်မြို့ကနေ အထက်တန်း ကျောင်းသား ကိုယ်စားလှယ် အဖြစ်နဲ့ တက်ရောက်ခဲ့ သူပါ။ အဆိုတင်သွင်းတဲ့ အင်းလျားဆောင်က သပိတ်မှောက် ကျောင်းသူ မအမာ ဆိုတာကတော့ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ဖြစ်လာခဲ့ ပါတော့တယ်။

အမေလူထုဒေါ်အမာ ပြန်ပြောပြဖူးတဲ့ ၁၉၃၆ သပိတ်အကြောင်းကို ကျနော် ပြန်အမှတ်ရ မိပါတယ်။ ‘၃၆သပိတ်ကြီး တုန်းက ရွှေတိဂုံ ကုန်းတော်ပေါ်က မော်လမြိုင် ဇရပ်မှာ စခန်းချ နေကြတဲ့ အချိန်။ တနေ့တော့ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ အမေတို့ သပိတ်စခန်းကို ရောက်လာကြတယ်။ အဲဒီတုန်းက ဆရာတို့က ကျောင်းမှာ ကျူတာပေါက်စ လေးတွေပေါ့။ အဲဒီနေ့က ၉-၃-၃၆ နေ့။ အမေတို့ ကျောင်းသားတွေက အော်တိုရေးခိုင်းတော့ ရေးပေးကြပါတယ်။ ဆရာမင်းသုဝဏ်က အမေ့ စာအုပ်ထဲမှာ ‘ အမာသည် အပျော့မဟုတ်၊ အဖြူသည် အမည်းမဟုတ်၊ အဖြောင့်သည် အကောက်မဟုတ် – အမာကို မပျော့စေနှင့်၊ အဖြူကို မမည်းစေနှင့်၊ အဖြောင့်ကို မကောက်စေနှင့်’ လို့ ရေးပေးသွားခဲ့တယ်။

ဒီတက္ကသိုလ် ဒုတိယသပိတ်နဲ့ ပတ်သက်တဲ့ ဆရာ ဦးသိန်းဖေမြင့်ရဲ့ ‘သပိတ်မှောက် ကျောင်းသား’ ဝတ္ထုကြီးကိုလည်း ကျနော် သတိရတယ်။

ဒီ ၁၉၃၆ ဒုတိယ တက္ကသိုလ် ကျောင်းသား သပိတ်ဟာ နောင် ၁၉၃၈မှာ ပေါ်ပေါက်လာမယ် ၁၃ဝဝပြည့် အရေးတော်ပုံကြီးရဲ့ ပဏာမ တိုက်ပွဲပဲ မဟုတ်ပါလား။ ။

Ref: မိုးမခ

Read More...

ဥပ္ပါတသန္တိစေတီ ဌာပနာပိတ်ပွဲနှင့်စိန်ဖူးတင်ပွဲ နေပြည်တော် ၀န်ထမ်းများအတွက် ဆိုင်ကယ်သော့ ကြဲမည်

NEJ /၄ မတ် ၂၀၀၉

မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် ကျင်းပမည့် နေပြည်တော် ဥပ္ပါတသန္တိစေတီ အထက် ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတော် တင်ပွဲများသို့ နေပြည်တော် ၀န်ထမ်းအားလုံးကို မတက် မနေရ အမိန့်ထုတ်ထားပြီး မတက်ရောက်သည့် ၀န်ထမ်းအား အရေးယူရန် အာဏာပိုင်များက ညွှန်ကြားထားသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ များကို ၀န်ထမ်းများ တက်ချင်စိတ် ပေါ်လာရန် တရုတ်နိုင်ငံလုပ် တစီး (၁၂) သိန်းဝန်းကျင် တန်သည့် မော်တော်ဆိုင်ကယ်များကို မဲဖောက်ရန် အာဏာပိုင်များ က စီစဉ်ထားသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

မော်တော်ဆိုင်ကယ် ဘယ်နှစီး မဲဖောက်မည် အတိအကျ မသိရသော်လည်း မော်တော်ဆိုင်ကယ်များကို မဲဖောက်ရာတွင် ဆိုင်ကယ်သော့ကို ပိုက်ဆံ အကြွေ ကြဲသကဲ့သို့ ၀န်ထမ်းများကြား ကြဲမည်ဖြစ်သည့် အတွက် တဦးနှင့်တဦး တက်နင်းပြီး သေကုန်မည်ကို ၀န်ထမ်းများ စိုးရိမ်နေကြသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများ ကျင်းပမည့် မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တို့ တွင် နေပြည်တော် ၀န်ထမ်းအားလုံး မည်သည့်ခွင့်မျှ မယူရန် ညွှန်ကြားထားသည့်ပြင် ခွင့်ယူထားပြီး သူများကို အမြန်ပြန်ခေါ်ရန် ညွှန်ကြားထားသည့် အတွက် ၀န်ထမ်းများ မကျေမနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများ ကျင်းပမည့် နေရာကို ၀န်ကြီးဌာန ပေါင်းစုံမှ ၀န်ထမ်းများအတွက် ကုလားထိုင် ခွဲတမ်းများ ချထားပေးပြီး လူစစ်မည်ဖြစ်သည်။ နေပူကျဲကျဲအောက်မှာ ၀န်ထမ်းများ ယူနီဖောင်းဝတ်စုံနှင့် တက်ရောက်ရမည် ဖြစ်သည့်အတွက် ပိုပြီး မကျေမနပ် ဖြစ်နေသည်ဟု ၀န်ကြီးရုံး အရာရှိ တဦးကလည်း ပြောသည်။

မတ်လ (၁၀) ရက် တပေါင်းလပြည့်တွင် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲကို နိုင်ငံတော် အခမ်းအနား ပုံစံဖြင့် ကျင်းပမည် ဖြစ်သည်။ သို့သော် အဆိုပါနေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သို့မဟုတ် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး ထီးတင်ပါက စစ်အစိုးရ ကျဆုံးမည့်ကိန်း ရှိနေကြောင်း ခေတပြိုင်တွင် မြန်မာ့နိုင်ငံရေး ဟောစာတမ်းများ ရေးသားနေသည့် ပင်တိုင်ဆောင်းပါးရှင် ပညာကျော်က ဟောကိန်း ထုတ်ထားသည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီးကို တည်ဆောက်ရာတွင် ရှစ်မျက်နှာ ပတ်လည်လုံး မြေပြင်ညီ ရှိနေရမည့်အစား (၆) ဖက်သာ ညီပြီး ကျန် (၂) ဖက်က မညီသည့်အတွက် ပေါင်းလောင်းကွက်သစ် ဘက်ကနေ သံလမ်းကျော်၍ ၀င်လာကြည့်မည် ဆိုလျှင် စေတီတော်ကြီး ဘယ်ဘက်ငိုက်နေသည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။

ဥပ္ပါတသန္တိစေတီတော်ကြီး၏ ကွန်ကရစ် စေတီလုံးအတွက် မကွေးကုမ္ပဏီ၊ ညောင်ရမ်းကုမ္ပဏီနှင့် ဆန်းမစ် ကုမ္ပဏီ၊ စေတီထောင့် (၄) ထောင့်မှ ဓာတ်လှေကား (၄) ခုအတွက် OTIS ကုမ္ပဏီ၊ ဓာတ်လှေကား စောင်းတန်းအတွက် ရွှေဗိမာန် ဆောက်လုပ်ရေးနှင့် မြန်မာမှု အဖွဲ့တို့က တာဝန်ယူ ဆောက်လုပ်နေပြီး အမြန်ပြီးစီးနိုင်ရေး အတွက် ၀န်ထမ်း (၅,၀၀၀) ကျော်နှင့် နေ့ရောညပါ လုပ်ကိုင်နေသည်ဟု စုံစမ်းသိရသည်။

ဥပ္ပါတသန္တိစေတီတော်ကြီး၏ ငှက်ပျောဖူးနှင့် ကြာမှောက် ကြာလှန် ရွဲတို့ကို ရွှေပြားကပ်မည် ဖြစ်သည့်အတွက် ငှက်ပျောဖူး အတွက် ရွှေသား (၉၆.၄၃) ပိဿာနှင့် ကြာမှောက် ကြာလှန် ရွဲတို့အတွက် ရွှေသား (၄၂) ပိဿာ စုစုပေါင်း ရွှေပိဿာချိန် (၁၃၈.၄၃) ပိဿာ ကုန်ကျမည်ဟု တာဝန်ရှိသူတဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဦးကျော်တင့်ဆွေ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်ဖို့များ

NEJ /၄ မတ် ၂၀၀၉

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးပေးရန် အလားအလာရှိကြောင်း ရန်ကုန် သံတမန်အသိုင်းအ၀န်းက ပြောသည်။

ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးပေးမည့်ကိစ္စ သေချာသလောက် ရှိသည်ဟု ရန်ကုန် သံတမန်သတင်းရပ်ကွက်က ပြောသော်လည်း ခေတ်ပြိုင်မှ သီးခြားအတည်ပြုချက် မရသေးပေ။

သို့သော် ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးခန့်လျှင် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပတ်သက်သည့် တာဝန် ပေးရန်များသည်ဟုလည်း သံတမန် အသိုင်းအ၀န်းတွင် ပြောဆို နေကြသည်။

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင့်ဆွေအား အသက် (၆၀) ပြည့်ပြီးနောက် (၂) ကြိမ်တိုင် သက်တမ်းတိုး တာဝန်ပေးထားခဲ့သည့် အတွက် စစ်အစိုးရက ပြန်ခေါ်ခဲ့သည်။

နယူးယော့ခ်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ရာထူးမှာ စစ်အစိုးရ သိက္ခာကို ကာကွယ် ပေးရသူဖြစ်သည့် အတွက် စစ်အစိုးရအတွက် အရေးပါသည့် သံတမန် စစ်မျက်နှာ တခုဖြစ်ပြီး ဦးကျော်တင့်ဆွေ နေရာကို မည်သူနှင့် အစားထိုးမလဲ ဆိုသည်ကို သံတမန် အသိုင်းအ၀န်းက စိတ်ဝင်တစား ဖြစ်နေကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် (၈) နှစ်ကြာ တာဝန်ယူခဲ့သည့် ဦးကျော်တင့်ဆွေသည် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းက ယုံကြည်စွာအားထားရသည့် သံတမန်တဦးအဖြစ် ထင်ရှားသည်။

ဦးကျော်တင့်ဆွေကို ၂၀၀၁ ခုနှစ် ဧပြီလမှစပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင်လည်း ဖြစ်သည်။ ၁၉၆၈ ခုနှစ်မှစပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

ရန်ကုန်တွင် တညတည်း ဗုံးနှစ်ကြိမ်ကွဲ

NEJ /၄ မတ် ၂၀၀၉

ရန်ကုန်တွင် မတ်လ (၃) ရက်နေ့ ညက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ခံ များ၏ ပြောပြချက်အရ သိရသည်။

မတ်လ (၃) ရက်နေ့ည (၉) နာရီခွဲအချိန်တွင် ပြည်လမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ပဒုမ္မာပန်းခြံတွင် ပေါက်ကွဲကြောင်း စမ်းချောင်းမြို့နယ် နေထိုင်သူတဦးက ပြောသည်။

“အသံက တော်တော်ကျယ်တယ်။ အစတုန်းကတော့ ဂက်စ်ကားတွေက ကြားနေကျ အသံမျိုး (ဂက်စ်ပေါက်သံ) လို့ထင်တာ။ အဲဒီကားတွေက ဖြစ်နေကျလေ။ ဒါပေမယ့် စိတ်ထဲက သွားကြည့်ချင်လို့ သွားတော့ ဗုံးပေါက်နေတာပဲ” ဟု စမ်းချောင်း ကျွန်းတောလမ်းနေ ပြည်သူတဦးက ပြောသည်။

“ရဲတွေများတယ်။ ပေါက်ပြီး (၁၅) မိနစ်တောင် မကြာဘူး ရောက်လာကြတာပဲ။ လူနာတင်ကားရောက်လာတယ်၊ ပြီးတော့ ပန်းခြံထဲမှာ ထပ်မံရှာဖွေရေးတွေ လုပ်ကြတယ်ဗျ” ဟု မြေနီကုန်း မီးပွိုင့်အနီး နေသူတဦးက ဆိုသည်။

ပဒုမ္မာပန်းခြံတွင် နေ့လယ်ပိုင်း၌ အိမ်သာတက်သူအချို့နှင့် တောင်းရမ်းစားသောက်သူ ကလေးအချို့ ဆော့ကစားတတ်ကြောင်း၊ ရံဖန်ရံခါ စုံတွဲအချို့ ထိုင်တတ်ကြောင်း၊ ညဘက်တွင် မီးရရှိမှု တခါမှ မရှိကြောင်း၊ မှောင်နေသည့်အတွက် တဦးတယောက်မှ အပန်းဖြေလေ့ မရှိကြောင်း စမ်းချောင်းသား တဦးက ပြောသည်။

“ပန်းခြံထဲမှာ ပိုက်ဆံတောင်းတဲ့ ကလေးတချို့ ညဘက်အိပ်လေ့ရှိတယ်” ဟု ပဒုမ္မာ ပန်းခြံအနီး နေသူတဦးက ပြောသည်။

မတ်လ (၃) ရက်နေ့ ည (၁၁) နာရီကျော်တွင် လှည်းတန်း မီးပွိုင့်ထောင့်ရှိ ယာဉ်ထိန်းရဲဆောင် အနီး ပန်းခြံထဲတွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားကြောင်း လှည်းတန်း မီးပွိုင့်အနီး အင်းစိန်လမ်းမပေါ်တွင် နေထိုင်သူတဦးက ပြောသည်။

“ဗုံးပေါက်တယ်လည်းပြောရော ချက်ချင်းရောက်လာကြတယ်။ ရဲတွေပေါ့ဗျာ။ ပြီးတော့ သည်းသည်းလှုပ်ပြီး ပန်းခြံထဲကို ဘယ်သူမှ မ၀င်ရ ဆိုပြီး ပိတ်တယ်။ အဲဒီပန်းခြံကို ဘယ်သူမှ ၀င်ပြီး အပန်းမဖြေဘူး အဲဒါအသေ အချာပဲ၊ ဗုံးပေါက်တဲ့ ပန်းခြံဟာ ယာဉ်ထိန်းရဲတွေနဲ့ နီးတဲ့နေရာပဲ” ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ဗုံးပေါက်မှု နှစ်ခုလုံးတွင် သေဆုံးသူ မရှိကြောင်း၊ ထိခိုက်ဒဏ်ရာလည်း မရရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်မှာ စစ်အစိုးရက ထောင်သားပေါင်း ခြောက်ထောင်ကျော်ကို (၂၁.၂.၂၀၀၉) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်း ပထမဦးဆုံး ပေါက်ကွဲသော ဗုံးဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ဘိန်းဖြူမှောင်ခိုဂိုဏ်း နှိမ်နင်းရာမှ ၅ ဦး ထိန်းသိမ်း

မတ်လ 04 2009

ရန်ကုန် (မဇ္ဈိမသတင်း)။ ။ နိုင်ငံတကာ မူးယစ်မှောင်ခို ကုန်သွယ်မှု လုပ်ငန်းကြီးနှင့် ဆက်စပ်ပြီး အနည်းဆုံးလူ ၅ ဦးကို ဇန်နဝါရီလကတည်းက စတင် ဖမ်းဆီးထားခဲ့ကြောင်းဖြင့် စစ်ဘက် အသိုင်းအဝိုင်း သတင်းရပ်ကွက်များမှ ပြောကြားပါသည်။

စင်္ကာပူသို့ ထွက်ခွါမည့် သင်္ဘောပေါ်ရှိ ကွန်တိန်နာများအတွင်းမှ ဘိန်းဖြူ ဘလောက်တုံး ၈၃ တုံးကို ဇန်နဝါ၇ီလ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အထက်တန်းလွှာ ရပ်ကွက်များအတွင်း ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့အပြီး ဖမ်းဆီးမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အကြီးဆုံး စီးပွါးရေးမြို့တော်၏ အလုံမြို့နယ်ရှိ အေးရှားဝေါလ်ဒ် (Asia World) ဆိပ်ကမ်းတွင် ဆိုက်ကပ် ထားသည့် စင်္ကာပူသို့ ထွက်ခွါမည့် စင်္ကာပူအလံ လွှင့်တင်ထားသော Kota Tegap သင်္ဘောပေါ်မှ (Jewellery Lucky Company) JLC ကုမ္ပဏီပိုင် ကုန်သေတ္တာ ၃ လုံးအတွင်း ထည့်သွင်းထားသော သစ်လုံးများ အတွင်းမှ ဘိန်းဖြူထုပ် များကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

ဤဆိပ်ကမ်းမှာ ယခင်ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ထွန်းမြင့်နိုင် ပိုင်ဆိုင်ပြီး အမေရိကန် ဘဏ္ဍာရေးဌာန၏ နာမည်ပျက်စာရင်း သွင်းထားခြင်းခံရသူ ဖြစ်သည်။

ဤသို့ ရန်ကုန်ဆိပ်ကမ်းတွင် စီးနင်း ရှာဖွေအပြီး၊ ရဲတပ်ဖွဲ့က လှိုင်သာယာမြို့နယ်ရှိ FMI City အတွင်း ရှာဖွေဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်ခဲ့ကာ နောက်ထပ် ဘိန်းဖြူ ဘလောက်တုံး ၃၂ဝ ထပ်မံ ဖမ်းဆီး ရမိခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။

ရဲတပ်ဖွဲ့က JLC ကုမ္ပဏီ၏ အကြီးအကဲဖြစ်ဖွယ်ရှိသော ကျော်စိန်ကို ယင်း၏ ယောက်ဖဖြစ်သူ ရှီအန်း၊ ပို့ကုန်တာဝန်ခံ ဦးဝင်းညွန့်၊ တရုတ် အမျိုးသမီး တဦး အပါအဝင် အခြား တရုတ်နိုင်ငံသား ၃ ဦးတို့နှင့်အတူ ဘိန်းဖြူမှုနှင့် ဖမ်းဆီးခဲ့သည်။ သူတို့ကို ယခုအခါ တရားမဝင် မူးယစ်ဆေးဝါး ထိန်းချုပ်မှု ဥပဒေများဖြင့် အရေးယူ တရားစွဲဆိုထားသည်။

သို့သော် ကိုးကန့် တိုင်းရင်းသားဖြစ်သည်ဟု ဆိုသူ ဦးကျော်စိန်ကို တပတ်ခန့်ကြာမျှ ခဏတာမျှသာ ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။

“သူက ရဲအချုပ်မှာ တပတ်လောက်ပဲနေပြီး ပြန်လွတ်သွားတာ။ သူ့ကို စွဲထားတဲ့ အမှုအားလုံးလဲ ခုတော့ပိတ်လိုက်ပြီ” ဟု ထိုသတင်းရပ်ကွက်က ဆက်လက်ပြောဆိုခဲ့သည်။

သို့သော် ကျန်တရားခံများကို ဆက်လက် ထိန်းသိမ်းထားပြီး သူတို့ ပါဝင် ပတ်သက်နေသည်ဟု သံသယရှိသော မူယစ်ဂိုဏ်းကို ဖော်ထုတ်နိုင်ရန် အတွက် စစ်ကြောမှုများ ဆက်လက် ပြုလုပ်နေသည်။

သူတို့ထဲမှ အချို့ကို ရှေးဦးစွာ ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါး ပပျောက်ရေးပြတိုက် နှင့် ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းရှိ နေရာတို့တွင် ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် အမည်မသိနေရာသို့ ပြောင်းရွှေ့ ခေါ်ဆောင်သွားသည်။

သို့သော် Mr. Shell ဟုသိရသူ အခြား တရုတ်အမျိုးသား မသင်္ကာသူ တဦးမှာ ဝ တိုင်းရင်းသားများ ထိန်းချုပ်ရာ ဒေသ အတွင်းသို့ ထွက်ပြေး လွတ်မြောက် ခိုအောင်သွားသည်ဟု ရဲတပ်ဖွဲ့၏ အပြောအရ သိရသည်။

ကနဦး စစ်ကြောမှုများကို ရဲအထူးသတင်းတပ်ဖွဲ့ (SB) နှင့် မှုခင်းတပ်ဖွဲ့ (CID) အမျိုးသမီးတာဝန်ခံ ဒေါ်ရီရီ အပါအဝင် ရဲအရာရှိများက ဆောင်ရွက်ခဲ့ကြသည်ဟု JLC ကုမ္ပဏီနှင့် နီးစပ်သူ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ဤသို့ စစ်ကြောမှုများ ပြုလုပ်အပြီး၊ ဘိန်းဖြူများကို မြန်မာနိုင်ငံ အရှေ့ပိုင်း ပင်လုံနယ်မှ ကုန်ကားဖြင့် ရန်ကုန်မြို့သို့ ရှမ်း ပြည်နယ်မြို့တော် တောင်ကြီးကိုဖြတ်၍ သယ်ဆောင် လာခဲ့ကြောင်းဖြင့် စွပ်စွဲခံရသူတဦးက ထုတ်ဖော်ပြောဆိုပါသည်။

ဘိန်းဖြူများကို ကုန်ကားအတွင်းရှိ အံဝှက်များအတွင်း ထည့်သွင်း သယ်ဆောင်လာခဲ့ပြီး ကုန်ကားမောင်းသူကို ကျပ်ငွေ ၁၃ သန်း ပေးခဲ့ရသည်ဟု ထွက်ဆိုသည်ဟု ရဲတပ်ဖွဲ့၏ ကနဦး စစ်ကြောချက်များအရ သိရကြောင်း ထိုသတင်းရပ်ကွက်က ပြောသည်။

ဝင်းညွန့်က ရန်ကုန်မြို့ရှိ လူချမ်းသာရပ်ကွက် အတွင်းရှိ အိမ်များသို့ သစ်သားပြားများ သွားရောက် ပို့ပေးခဲ့ပြီး၊ သင်္ကာမကင်း ခံရသူ တရုတ် အမျိုးသားများက ဘိန်းဖြူ ဘလောက်တုံးများကို လချေးပြားများ၊ သတင်းစာ စာရွက်များ၊ ပလပ်စတစ်စ များဖြင့် ထုပ်ပိုးပေးခဲ့ကြသည်ဟု စုံစမ်းစစ်ဆေးမှုများ အရသိရသည်။

ယခု ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ကာလပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ရှိသည်ဟု ခန့်မှန်းကြသည်။

ဤဘိန်းဖြူများကို သစ်သားပြားများအတွင်း ဝှက်၍ သယ်ဆောင်ကာ ထိုင်ဝမ်နိုင်ငံသို့ တင်ပို့လိမ့်မည်ဟု နိုင်ငံတကာ မူးယစ်ဆေးဝါး အေဂျင်စီက မြန်မာရဲတပ်ဖွဲ့ကို သတင်းပေးခဲ့သည်ဟု ထိုသတင်းရပ်ကွက်က ပြောပါသည်။ တချိန်တည်းတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူဟု မသင်္ကာ ခံရသူများ၏ အမည်များ၊ သင်္ဘော၏ အမည်နှင့် ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘော ထွက်ခွါမည့် ရက်များကိုပါ ပေးပို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ဤသတင်းကို ရရှိပြီးနောက် ရေတပ်က သင်္ဘောကို Asia World ဆိပ်ကမ်း ပြန်ကပ်ခိုင်းခဲ့ပြီး၊ ဤအမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဤအမှုတွင် စုစုပေါင်း ဘိန်းဖြူ ၁၈ဝ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်။

သို့သော် ကျော်စိန်အား စစ်ကြောနေစဉ်အတွင်း လွှတ်ပေးလိုက်ခြင်း၏ နောက်ကွယ်တွင် တစုံတရာ ရှိသည်ဟု သံသယများ ဖြစ်ပေါ်နေကြသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ ထိုသို့ စစ်ကြောရေး လုပ်ငန်းများ လုပ်နေစဉ်အတွင်း
JLC ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ သောင်းထိုက်မင်းမှာ စစ် ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ် ဆက်သွယ် လုပ်ကိုင်နေသည်ကို တွေ့ခဲ့ရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

“သူ့ (သောင်းထိုက်မင်း) ကို မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ သမီး မင်္ဂလာဆောင်မှာ တွေ့ရတယ်” ဟု ထိုသတင်းရပ်ကွက်က ပြောသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်၏သမီး ယဉ်သူဇာနှင့် သတို့သား ဗိုလ်ကြီး ဟန်ဝင်းအောင်တို့၏ လွန်ခဲ့သော ဇန်နဝါရီ နှောင်းပိုင်းက နေပြည်တော်ရှိ အစိုးရ ဧည့်ဂေဟာတွင် ကျင်းပခဲ့သော မင်္ဂလာ ဧည့်ခံပွဲတွင် စစ်အစိုးရနှင့် နီးစပ်သူ စီးပွါးရေးသမား အများ အပြားက မင်္ဂလာလက်ဖွဲ့များ ပေးအပ်ခဲ့ကြသည်ဟု နေပြည်တော် သတင်းရပ်ကွက်များက ပြောပါသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျရောက်သော တရုတ်နှစ်သစ်ကူး ကာလအတွင်းကလည်း ဦးကျော်စိန်က မြန်မာ ထိပ်တန်းဗိုလ်ချုပ်ကြီး ၁၄ ဦးကို တလုံးလျှင် ကျပ်သိန်း ၁ဝဝ စီတန်သော နာရီများ လက်ဆောင် ပေးခဲ့သည်ဟု ထိုသတင်းရပ်ကွက်များက ဖြည့်စွက် ပြောကြားခဲ့ကြသည်။

JLC ကုမ္ပဏီကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့ပြီး ဟိုတယ်လုပ်ငန်းများ၊ ကာရာအိုကေ ခန်းမများ ဖွင့်လှစ်ခြင်း၊ အနှိပ်ခန်းများ နှင့် ဒစ်စကို ကလပ်များကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လုပ်ကိုင်ခဲ့သည်။ ၂ဝဝ၄ ခုနှစ် နောက်ပိုင်း တွင် ထိုကုမ္ပဏီ သည် သစ်နှင့် သစ်မာများ သွင်းကုန်ထုတ်ကုန် လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။

ဝတိုင်းရင်းသား စီးပွါးရေးသမားတဦးဖြစ်ပြီး၊ စည်းလုံး ညီညွတ်သော ဝ ပြည် တပ်မတော် (UWSA) ဥက္ကဌ ပေါက်ယို ချန်း၏ သားမက်ဖြစ်သူ အိုက်ဟော့ ခေါ် ရှောက်ဟော် သည် JLC ကုမ္ပဏီကို အတူ တည်ထောင်သူ တဦးဖြစ်ပြီး၊ ကုမ္ပဏီမှ ၂ဝဝ၄ ခုနှစ်နှောင်းပိုင်းတွင် ထွက်ခွါသွားခဲ့သည်ဟု အတွင်းလူတဦးက ပြောသည်။

JLC ကုမ္ပဏီ၏ ရုံးချုပ်သည် ရန်ကုန်မြို့လယ်ရှိ ဦးကျော်စိန် ပိုင်ဆိုင်သည်ဟု ယုံကြည်ရသော အိုလံပစ် ဟိုတယ်တွင် တည်ရှိသည်။

ထို့ပြင် JLC ကုမ္ပဏီသည် ဝန်ထမ်းများကို လစာအများဆုံး ပေးသော ကုမ္ပဏီလည်း ဖြစ်သည်ဟု သိရှိ ထားကြပြီး၊ အထွေထွေ မန်နေဂျာတဦးလျှင် လစာတလလျှင် ကျပ် ၅ သန်းမှ ၁ဝ သန်းအထိ ရသည်။ စစ်တပ် ဗိုလ်ချုပ်ကြီးများ နှင့်လည်း အလွန်ခိုင်မာသော ဆက်ဆံရေး ရှိသည်ဟု ထိုသတင်းရပ်ကွက် ဆက်လက် ပြောကြားပါသည်။

(ဆလိုင်းပီးပီးက အချက်အလက်များ ဖြည့်စွက် တင်ပြသည်)

Ref: မဇ္ဈိမ

Read More...

Wednesday, March 4, 2009

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၃)

‘၁၉၂ဝ ပထမ တက္ကသိုလ်သပိတ်’
အောင်ဝေး
ဖေဖော်ဝါရီ ၁၊ ၂၀၀၉

‘သြော် – ဝေးခရီးပေမဲ့၊ အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာ ပါစမြဲပေမို့၊ ဆရာလည်းကွာ မြန်မာ့ ပလ္လင်မှာ၊ သမ္မတ ရှင်ဘုရင် မလူးခင်ပ၊ ထဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့၊ ထီမထင် ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ် ခေါင်းအပေါ်ဖျားမှလ၊ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့’

မြန်မာပြည်မှာ ၁၉၂ဝ ပထမ တက္ကသိုလ် ကျောင်းသား သပိတ်ကြီး ဖြစ်တော့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းက အားပေး ထောက်ခံလိုက်တဲ့ ကဗျာပါ။

‘အမျိုးသားနေ့အစ၊ ၁၉၂ဝ ပထမ တက္ကသိုလ် သပိတ်ကြီးက’ လို့ ဆိုရိုး ရှိတဲ့အတိုင်း နဝမ အကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်ကြီးက အဲဒီသပိတ်ကြီး စခဲ့တဲ့ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁ဝ)ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

အမျိုးသားနေ့၊ တနည်း ၁၉၂ဝ ပထမ တက္ကသိုလ် သပိတ်ကြီးက မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် နိုင်ငံရေး နိုးကြားမှု အုတ်မြစ် ချပေးနိုင်ခဲ့တဲ့ မဟာအောင်ပွဲ ဖြစ်ပါတယ်။

တက္ကသိုလ် သပိတ် မတိုင်မီ မြန်မာပြည် အနေအထားကို ကြည့်ရင်တော့ ၁၉ဝ၆မှာ Young Man Buddhist Association (YMBA) လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးရဲ့ ဝံသာနု အရေးတော်ပုံ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တယ်။ အပေါင်းဘဝင် ချမ်းစေဖို့၊ အကောင်းတမင် မှန်းမှန်းပြီး၊ ဒေါင်းအဆင်ဆန်းတွေနဲ့ ပဝါအလံ ထူတဲ့အချိန်။ ‘အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် စောင့်ရှောက်ကြ’ ဆိုတဲ့ ကြွေးကြော်သံတွေ ကျယ်လောင်လာတဲ့ အချိန်။

ဗြိတိသျှ ကိုလိုနီ လက်အောက်မှာ ၁၉၂ဝ တက္ကသိုလ် သပိတ်ကြီးက ကိုလိုနီ ကျွန်ပညာရေး စနစ်ကို တိုက်ရိုက် ဆန့်ကျင် ရိုက်ချိုးခဲ့တာပါပဲ။ ဒီသပိတ်ကြီးရဲ့ အဓိက ရည်ရွယ်ချက်တွေက (၁) အမျိုးသား လွတ်မြောက်ရေးစိတ်နဲ့ ကိုလိုနီ ဖိနှိပ်မှုကို ဆန့်ကျင်ရေး၊ (၂) အမျိုးသား သခင်ပညာရေး စနစ် တည်ထောင်ရေးတို့ ဖြစ်တယ်။

ကိုလိုနီ ခေတ်ဦးမှာ ဗြိတိသျှအစိုးရဟာ ကိုလိုနီယန္တရားကို အထောက်အကူပြုဖို့ ဂျပ်ဆင်ကောလိပ်နဲ့ ရန်ကုန်ကောလိပ် တို့ကို ဖွင့်ပေးခဲ့တယ်။ ဒါပေမဲ့ သီးခြားကောလိပ်တွေတော့ မဟုတ်ဘူး။ အိန္ဒိယနိုင်ငံ၊ ကလကတ္တား တက္ကသိုလ် အုပ်ချုပ်မှုအောက်မှာပဲ ရှိသေးတယ်။ ၁၉၂ဝပြည့်နှစ် ဒီဇင်ဘာရောက်မှ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေ ပြဌာန်းပြီး ရန်ကုန်တက္ကသိုလ်ကို မြန်မာနိုင်ငံရဲ့ သီးခြား တက္ကသိုလ်အဖြစ် ခွင့်ပြုခဲ့တာပါ။

၁၉၂ဝ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိက မြန်မာပြည်ဘုရင်ခံ ဆာရက်ဂျီနယ် ကရက်ဒေါက်ပါပဲ။ ကျောင်းအုပ်ကြီးက မစ္စတာ အာရ်အယ်လ်ဟောင်းဝပ် လို့ ဆိုပါတယ်။ အဲဒီ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို မကျေနပ်လို့ ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုမြ စတဲ့ ကျောင်းသားကြီးတွေက ဦးဆောင်ပြီး သပိတ်မှောက်ခဲ့ကြတာ ဖြစ်တယ်။

ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေ ပြဌာန်းချက်တွေထဲက တချို့ အချက်အလက်တွေကို ပြင်ဆင်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုကြပါတယ်။ ဒါပေမဲ့ တက္ကသိုလ် အဓိပတိက လျစ်လျူရှုခဲ့ပါတယ်။

အဲဒီမှာပဲ တက္ကသိုလ်ကျောင်းသားကြီးတွေက (၂၁)ဦး ပါဝင်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားထု ကိုယ်စားပြု သပိတ်ကော်မတီကို ဖွဲ့စည်းလိုက်ပြီး သမိုင်းတွင်မယ့် ပထမ တက္ကသိုလ်သပိတ်ကြီးကို စတင်လိုက်ကြပါတော့တယ်။

ဒီတက္ကသိုလ် ပထမသပိတ်ကြီးဟာ မြန်မာတို့ နယ်ချဲ့ လက်အောက် ကျွန်ဘဝ ရောက်ခဲ့ရတဲ့ ကာလတလျှောက် ပြည်သူတရပ်လုံး ပထမဆုံးအနေနဲ့ နယ်ချဲ့ အစိုးရကို ဥပဒေဘောင်အတွင်းက ရင်ဆိုင်အန်တု စိန်ခေါ်ခဲ့တဲ့ နိုင်ငံရေး နိုကြား အုံကြွမှုကြီးပါပဲ။ သပိတ်ကြီးဟာ တပြည်လုံးကို နေ့ချင်းညချင်း ကူးစက် ပျံ့နှံ့သွားခဲ့ပါတယ်။

တက္ကသိုလ် ပထမ သပိတ်ကြီးနဲ့ ဆက်စပ်ပြီး ဆရာဇော်ဂျီ ပြောပြခဲ့ ဖူးတာကို ကျနော် ပြန်အမှတ်ရ မိပါတယ်။ ဆရာဇော်ဂျီက ရန်ကုန်မှာ တက္ကသိုလ် ကျောင်းသားကြီးတွေ သပိတ်မှောက်ကြတဲ့ အချိန်က သူ (ဆရာဇော်ဂျီ) လည်းပဲ ခုနစ်တန်းကျောင်းသား အဖြစ်နဲ့ ဖျာပုံမြို့ကနေ ထောက်ခံ သပိတ်မှောက်ခဲ့တဲ့အကြောင်း ဂုဏ်ယူ ပြောပြခဲ့တာပါ။

နောင်မှာ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတဲ့အခါမှာ ဆရာဇော်ဂျီဟာ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့်တို့လို အမျိုးသားကျောင်းမှာ ဆရာဖြစ်လာ ခဲ့ပါတယ်။ ဒီ အမျိုးသား ကျောင်းတွေကပဲ ဗိုလ်ချုပ်အောင်ဆန်း တို့လို လွတ်လပ်ရေးကို အရယူပေးမယ့် ကျောင်းသား မျိုးဆက်တွေကို မွေးထုတ် ပေးနိုင်ခဲ့တာပဲ မဟုတ်လား။

၁၉၂ဝ ပထမတက္ကသိုလ် သပိတ်ကြီးမတိုင်ခင်က ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ ဝံသာနု လှုပ်ရှားမှုတွေပဲ ရှိခဲ့ရာက သပိတ်ကြီး ပြီးတော့ နိုင်ငံရေး ဒီရေ တဆင့် တက်လာပြီး ၁၉၂၁ မှာ General Council of Burmese Association (GCBA) လို့ ခေါ်တဲ့ မြန်မာ အသင်းချုပ်ကြီးကို ဖွဲ့စည်းနိုင်ခဲ့ပါတော့တယ်။

၁၉၂ဝ သပိတ်ကြီးရဲ့ အရှိန်ဟာ ဘယ်လောက်အထိ ကျယ်ပြန့် ရိုက်ခတ်ခဲ့သလဲ ဆိုရင် ၁၉၂၉မှာ တကမ္ဘာလုံး စီးပွားပျက် ကပ်ကြီး ဆိုက်တဲ့ အချိန် မြန်မာပြည် တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာစေတဲ့ အထိပါပဲ။

၁၉၃ဝပြည့်နှစ် ဒီဇင်ဘာလမှာ ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာကတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ ဆိုတဲ့ ဂဠုန်ဆရာစံ ဦးဆောင်တဲ့ နယ်ချဲ့ ဆန်ကျင်ရေး လက်နက်ကိုင် ပုန်ကန်မှု ဖြစ်ခဲ့ပါတယ်။ ဆရာစံဟာ ဂျီစီဘီအေ အဖွဲ့ဝင်တဦးပါ။ မြန်မာတို့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးဟာ ဥပဒေတွင်း တိုက်ပွဲကနေ လက်နက်ကိုင်တိုက်ပွဲ အသွင်ကို ကူးပြောင်းခဲ့တာပါပဲ။

၁၉၂ဝ ပထမတက္ကသိုလ် သပိတ်ကြီးနဲ့ ပတ်သက်လို့ လေးစားလောက်တဲ့ သမိုင်းဝင် မှတ်ချက်တခုကတော့၊ အင်္ဂလိပ် စာရေးဆရာကြီး မောရစ်ကောလစ်က သူ့ရဲ့ ‘Last and First in Burma’ ဆိုတဲ့ စာအုပ်မှာ ‘မြန်မာနိုင်ငံ သမိုင်းတွင် ၁၉၂ဝ ပြည့်နှစ် နိုင်ငံရေး လှုပ်ရှားမှုသာ မပေါ်ပေါက်ခဲ့လျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ထိုမျှ စောလိမ့်မည် မဟုတ်’ လို့ ရေးသားခဲ့တဲ့ အချက်ပါပဲ။

၁၉၂ဝ တက္ကသိုလ်ကျောင်းသားတွေ ပထမဆုံး သပိတ်မှောက်ခဲ့တဲ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် စနေထောင့်မှာ တည်ထားတဲ့ စေတီနဲ့ ကမ္ဗည်း ကျောက်စာတိုင်ကိုတော့ နအဖ စစ်အုပ်စုက မတရားပိတ်ပင် အမှောင်ချထားလို့ နောက်မျိုးဆက် ကျောင်းသားတွေ ဖူးမျှော်ခွင့်၊ အလေးပြုခွင့် မရတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် အခုဆိုရင် ဒီသပိတ်ကြီးရော၊ အမျိုးသားနေ့ရော၊ ရန်ကုန် တက္ကသိုလ်ကြီးရော (၈၈) နှစ်ပြည့်ရောက်လို့ (၈၈)ကြိမ် မြောက်ခဲ့ပါပြီ။ ဒီနေ့အချိန်မှာလည်း ကျောင်းသားတွေဟာ ပြည်သူလူထုကြီး ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး စစ်အာဏာရှင်စနစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင် အန်တုနေဆဲပဲ မဟုတ်ပါလား။ ။

Ref: မိုးမခ

Read More...

Tuesday, March 3, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း(၅)

၂ မတ် ၂၀၀၉

နအဖ စစ်အာဏာရှင်တွေဟာ အပစ်ရပ်လက်နက်ကိုင် တိုင်းရင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ပွဲ ဖြစ်ကြပြီဆိုရင် ဖျန်ဖြေ ပေးသလိုလိုနဲ့ အမြတ်ထုတ် အခွင့်အရေး ယူကြတာတွေ၊ နိုင်ထက်စီးနင်း လုပ်ကြတာတွေ၊ ကိုယ်ကျိုးစီးပွား အဓိကထား အဂတိ လိုက်စား အကျိုးအမြတ် ရယူတာတွေကို တင်ပြသွားပါမယ်။ ကိုးကန့် အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ဟာ နအဖနဲ့ အရင်ဦးဆုံး ငြိမ်းချမ်းရေး ယူလိုက်တဲ့ အဖွဲ့ဖြစ်သလို နအဖရဲ့  နိုင်ထက်စီးနင်း လုပ်ပုံကဖြင့် သူတို့မှာ မရှုမလှ ခံခဲ့ရပါတယ်။ ဖြစ်စဉ်မှာ ကိုးကန့်ခေါင်းဆောင် ဖုံကြားရှင်နဲ့ ဖုံကြားဖူး တို့ဟာ ရန်မိုးလျန် ညီအစ်ကို နှစ်ဦးက ကိုးကန့် ပင်မတပ်ကို စည်းရုံးပြီး အာဏာ သိမ်းလိုက်တာကြောင့် ဦးစိုင်းလင်းတို့ထံ ထွက်ပြေးခဲ့ရတာကို စတင် ပြောပြရမှာ ဖြစ်ပါတယ်။

အထူးဒေသ (၄) အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းဟာ ဖုံကြားရှင်ရဲ့  သမီးကို ယူထားလို့ အမျိုးတော်တာမို့ ယောက္ခမအရေး ရတက် မအေးနိုင်ဘဲ “၀” တပ်အင်အား (၃,၀၀၀) စစ်ကူပေးလိုက်ပါတယ်။ ဖုံကြားရှင်တို့ တပ်ဟာ ရန်မိုးလျန် တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေ ချိန်မှာတော့ မြန်မာတပ်အနေနဲ့ “ကြားနေ” နေဖို့ ပထမတုန်းက မှာထားတယ်လို့ သိရပါတယ်။ ဒီနေရာမှာ ကုန်းကြမ်း၊ ကွမ်းလုံ၊ ချင်းရွှေဟော် တခွင်က အပစ်ရပ် အဖွဲ့တွေဟာ ဘိန်းချက်၊ ဘိန်းရောင်းဝယ်မှုများအပေါ် ချုပ်ကိုင်ထားပါတယ်။ သူတိုရဲ့  လာဘ်လာဘ ထိုးထားမှုကြောင့် ဗျူဟာမှူးမှ ရမခ တိုင်းမှူး အဆက်ဆက် ယခု ထိပ်ပိုင်း စစ်အာဏာရှင်တွေအထိ အဂတိ လိုက်စားကြတာမို့ တိုင်းရင်းသား အဖွဲ့တွေက သူတို့ကို အိတ်ကပ်ထဲ ထည့်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်မောင်သိမ်း တယောက် ကိုးကန့်တွေ အပေါ် ပြောဆိုလို့ မပြီးတော့ဘဲ ဘေးကျပ် နံကျပ် ဖြစ်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်အရ ရမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်း (ယခု ၀န်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန) တွေရဲ့  တပ်တွေဟာ ချင်းရွှေဟော်မှာ ဖုံကြားရှင်တို့ တပ်တွေနဲ့ လမ်းသာခြားပြီး ကပ်နေတဲ့ အနေအထားအတိုင်း ပထမတော့ အေးအေး ဆေးဆေးသာ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မောင်အေးဟာ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ အကြံကြီးစွာနဲ့ ကက (ကြည်း) ကိုအမိန့် ထုတ်ခိုင်းပါတော့တယ်။ အဲဒီနောက် လားရှိုး ရမခမှ (၁၀၅) မမ၊ (၇၆) မမ အမြောက်ကြီးများ တင်ထားတဲ့ ယာဉ်တန်း (၂၀) စီးခန့်ကို ကိုးကန့်နယ်မြေ လုံခြုံရေးအတွက်ဆိုကာ စေလွှတ်ပြီး လောက်ကိုင်ကို ချင်းရွှေဟော်မှတဆင့် ဖြတ်သန်းရန်နဲ့ ဖြတ်ခွင့်မရပါက တားဆီးတဲ့ ကိုးကန့် အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရန်ပါ ညွှန်ကြားလိုက်ပါတယ်။

အပစ်ရပ် အဖွဲ့တွေနဲ့ နအဖတို့ ငြိမ်းချမ်းရေး ညှိနှိုင်းထားချက်အရ ချင်းရွှေဟော်မှ သူတို့ နယ်မြေကို ဖြတ်သန်းမယ်ဆိုရင် လက်နက်ဆိုလို့ အပ်တချောင်းမှ မယူရလို့ ပါရှိလေရာ ဒီအတိုင်းဆိုပါက အခြေအနေမှာ တော်တော် တင်းမာနေကြပြီ ဖြစ်ပါတယ်။ ဒီအတိုင်းဆို လက်အောက်ခံတပ်က ကြားနေလို့ မရတော့ဘဲ ကိုးကန့်နယ်မြေဟာ စစ်တလင်း ဖြစ်မယ့် အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့ (၂) ဖွဲ့ကို ညှိနှိုင်းဖို့ စေလွှတ်ထားတဲ့ စစ်မဟာဗျူဟာ လေ့လာရေးဌာနမှ ဒုဗိုလ်မှူးကြီး သန်းအေးနဲ့ ကကလှမ်းမှ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို ကွမ်းလုံ အရာရှိ ရိပ်သာမှာ ညနက်သန်းခေါင် နှိုးပြီး စကခ (၁) တပ်မမှူး ဗိုလ်မှူးချုပ် သီဟသူရတင်အောင်မြင့်ဦး (ယခု အတွင်းရေးမှူး (၁) ) က သူနဲ့ အရေးပေါ် တွေ့ဆုံဖို့ ခေါ်ယူလိုက်ပါတယ်။

စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်သိမ်းကတော့ ဖုံကြားရှင်တို့ရဲ့  ဘိန်းကရတဲ့ အခွန်အကောက်နဲ့ ပေးကြွေးခွံ့ထားလို့ ကိုးကန့်နယ်မြေ ဖြတ်သန်းခွင့်ကို ပြောဆိုဖို့ မရနိုင်တော့ဘဲ “ချ” တိုက် ရမယ့် အခြေအနေ ရှိနေတာမို့ စေ့စပ်ကူညီပေးရန် တပ်မမှူးက ကကလှမ်း အဖွဲ့အား ပြောရပါတော့တယ်။ ကကလှမ်းအနေနဲ့လည်း ကကကြည်းရဲ့  အကြံ အစည်ကို အကောင်အထည်ဖော်ဖို့ မှာထားတာရှိတဲ့အတွက် ညတွင်းချင်း ကားဖြင့် ကိုသန်းအေးနဲ့ ကိုအောင်လင်းထွဋ် တို့နှစ်ဦး ချင်းရွှေဟော်သို့ ထွက်လာခဲ့ကြပါတယ်။ ဖုံကြားရှင်တို့ကို ကကလှမ်း အဖွဲ့က ယုံကြည်လာအောင် စည်းရုံးသိမ်းသွင်း ခဲ့ပါတယ်။ အဲဒီနောက် တိုင်းရင်းသားတွေဟာ ရိုးသားကြတာမို့ ဖုံကြားရှင်က ကိုသန်းအေးတို့ကို ယုံကြည်လာပြီး ဖုံကြားရှင်က ပြောဆိုရာမှာ “လက်အောက်ခံ ရဲဘော်တွေ အပေါ် အခြားတပ်များ မိမိနယ်မြေသို့ လက်နက်ကိုင်ဆောင် ဖြတ်သန်းခွင့် မပြုရ” ဆိုတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ပြတာမျိုးနဲ့ ကိုးကန့် လူမျိုးတွေရဲ့ တရားခံ အဖြစ်မခံနိုင် တာကြောင့် ဗိုလ်မှူးကြီးတို့ရဲ့  တပ်ကားပေါ်က အမြောက်တွေကို မိုးကာနဲ့ ဖုံးအုပ် ထားဖို့ သိသာသိ မမြင်စေဖို့ ပြောရင်း သူကိုယ်တိုင် ဂိတ်ကို လိုက်ပို့ကာ သူ့ရဲဘော်တွေကို ဖြတ်သန်းခွင့် အမိန့်ပေးခဲ့ပါတယ်။

အဲဒီမှာ ဗိုလ်မှူးကြီး မောင်မောင်သိမ်းဟာ ကိုးကန့်နဲ့ ထိပ်တိုက်မတွေ့ဘဲ အထက် အမိန့်ကိုလည်း အကောင်အထည် မဖော်နိုင်လို့ မျက်ရည်တွေ ကျလာပြီး ၀မ်းသာလို့လား၊ ၀မ်းနည်းလို့လား ဆိုတာကတော့ သူသာ အသိဆုံးဖြစ်တာမို့ ကိုသန်းအေးနဲ့ ဖုံကြားရှင် တို့ကို ဖက်ကာ ငိုပါတော့တယ်။ သူက ဖုံကြားရှင်တို့ရဲ့  ကျွေးမွေးတာကို မျိုဆို့ထားတာမို့ သူ့ရဲ့  ပါးစပ်က “ဆွံ့အ” နေတာကိုတော့ ဆရာဝန်ထံ ပြရမလို ဖြစ်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ စစ်တပ်ယာဉ်တန်းကြီးဟာ လောက်ကိုင်သို့ ရောက်ရှိသွားပြီး အမြောက်လုံခြုံရေး အကြောင်းပြကာ စကခ (၁) မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဌေး ဦးစီး တပ်ရင်း (၃) ရင်းလည်း လိုက်ပါ သွားခဲ့ပါတယ်။ အခုဆိုရင် ကိုးကန့်နယ်မြေကို နအဖက အမြတ်ထုတ် သိမ်းပိုက်လိုက်ပြီး လောက်ကိုင် စစ်ဗျူဟာအဆင့်မှ လောက်ကိုင် (ဒကစ) အဆင့်အထိ တပ်များ တိုးချဲ့ ကာ ခြေကုပ်ယူ အခိုင်အမာ တပ်တွေ တည်ဆောက် နိုင်ခဲ့ပါတော့တယ်။

ဒီသင်ခန်းစာ ရယူပြီး UWSA ဟာ နောက်ပိုင်းမှာ မြန်မာ တပ်တွေကို ယုံကြည်မှု မရှိတော့ဘဲ “၀” ရဲ့  နယ်မြေတွေကို မြန်မာတပ်များအား လုံးဝ အ၀င်မခံတော့တာ တွေ့ရပြီး မြန်မာတပ်တွေ ရွေ့ ပြောင်းတိုင်းလိုလို ပြဿနာ တက်နေတာကို တွေ့ရပါတယ်။ လောက်ကိုင်မှာ မြန်မာတပ် အခိုင်အမာ တပ်စွဲရခြင်းရဲ့  တရားခံဟာ ဖုံကြားရှင် ဖြစ်ပေမယ့် ဖုံကြားရှင်ကို အသုံးချခံ ဘ၀ရောက်အောင် စစ်အာဏာရှင်တွေက စည်းရုံးဖျားယောင်း သိမ်းသွင်းပြီး နိုင်ထက်စီးနင်း လုပ်နေတာတွေ သမိုင်း စာမျက်နှာ တရပ်အနေနဲ့ ဖော်ထုတ်ကာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့များ အားလုံး သုံးသပ်နိုင်အောင် တင်ပြလိုက်ရပါတယ်။

ချင်းရွှေဟော်၊ လောက်ကိုင် ကုန်းကြမ်းနယ်မြေတွေမှာ ဖုံကြားရှင် ကိုးကန့်အဖွဲ့၊ ရန်မိုးလျန် ကိုးကန့်အဖွဲ့၊ ကချင်မှ မုန်ဆာလတို့ အဖွဲ့ဆိုပြီး သုံးဖွဲ့ ရှိရာ မုန်ဆာလက ပထမတော့ ကိုးကန့်နှစ်ဖွဲ့လုံးကို လက်မခံခဲ့ပါ။ ရန်မိုးလျန်ဘက်မှ အားကိုးရတဲ့ ကိုးကန့် တပ်မမှူး ပိန်ဆောက်ချိန်က သစ္စာဖောက်ပြီး ဖုံကြားရှင်ဘက် ပြောင်းသွားလို့ နောက်ပိုင်းမှာ ရန်မိုးလျန်တို့ နေလို့မရတော့ဘဲ ဆရာကြီး ဘိန်းဘုရင် လော်စစ်ဟန်က ရန်ကုန်ကို ခေါ်ယူ စောင့်ရှောက်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကို လေ့လာကြည့်ပါ။ တိုင်းရင်းသားတွေ အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ပွဲ ဖြစ်ကြပြီ ဆိုရင် စစ်အာဏာရှင် တွေဟာ ကြိတ်ပြီး ၀မ်းသာကြပြီး ရတဲ့အခွင့်အရေး နှိုက်ယူကာ နိမ့်ပါးနေတဲ့ တိုင်းရင်းသားတွေအပေါ် နိုင်ထက်စီးနင်း ပြုမူတာကို တွေ့ရပါတယ်။ န၀တဟာ ပထမတော့ စေ့စပ်ဆွေးနွေး ပေးမယ်ဆိုပြီး ပျားရည်နဲ့ ၀မ်းချသလိုနဲ့ သူ့တပ်တွေကို ချော့သွင်းကာ နောက်ပိုင်း ကိုးကန့်တွေက မြန်မာစစ်တပ်ကို ပြန်ဖယ်ခိုင်းပေမယ့် မရတော့တာ တွေ့ရမှာဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နအဖဟာ အခုတော့ ကိုယ့်အတတ်ကိုယ်စူး အရူးမီးဝိုင်းသလို ဖြစ်နေပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့တောင် မ၀ံ့မရဲ ဖြစ်နေပြန်ပါတယ်။ နအဖဟာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ဘယ်လိုပုံစံမျိုးနဲ့ နှမ်းဖြူးကာ ပံ့ပိုးမှု ဆောင်ရွက်ပေးတယ်၊ ရေရှည်မှာ တိုင်းရင်းသားတွေအပေါ် ပံ့ပိုးမှု မပေးနိုင်ပုံ၊ နအဖရဲ့ စုပ်လဲစူး စားလဲရူး ဘ၀၊ UWSA နဲ့ နအဖ အကြား တင်းမာမှု ဖြစ်လာရတဲ့ အကြောင်းရင်းနဲ့ နအဖရဲ့  အကျပ်အတည်း စတာတွေကို ဆက်လက်တင်ပြ သွားပါမယ်။

ဗိုလ်ထက်မင်း

Ref: ခေတ်ပြိုင်

....

Read More...

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂)

‘အိုးဝေကျေးဇူး’
အောင်ဝေး
ဇန်န၀ါရီ ၂၄၊ ၂၀၀၉

အိုးဝေခွပ်ဒေါင်း - ခွပ်ဒေါင်းအိုးဝေလို့ တင်စားကြတဲ့ ကျောင်းသားတွေရဲ့ အမျိုးသားရေး တိုက်ပွဲ၊ ကျောင်းသားတွေရဲ့ လွတ်လပ်ရေး ကျေးဇူးကို ဆရာကြီး မင်းသုဝဏ်က အခုလို ကဗျာတပုဒ်နဲ့ ဂုဏ်ပြု ဖော်ကျူး ခဲ့ဖူးပါတယ်။

‘ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍၊ လွပ်လပ်ရလေ၊ တို့တတွေသည်၊ အိုးဝေကျေးဇူး ပါတကား’ တဲ့။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲ သမိုင်းဟာ ကျောင်းသား တိုက်ပွဲ သမိုင်းနဲ့ ခွဲခြားလို့ မရပါဘူး။ ဒီလိုပါပဲ လွတ်လပ်ပြီးခေတ် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး တိုက်ပွဲ သမိုင်းဟာလည်း ကျောင်းသား တိုက်ပွဲ သမိုင်းနဲ့ ခွဲခြားလို့ ရမှာ မဟုတ်ပါဘူး။

အစောဆုံး ကျောင်းသားတိုက်ပွဲလို့ သတ်မှတ်ကြတဲ့ ၁၉၂ဝ ရန်ကုန် တက္ကသိုလ် ပထမ ကျောင်းသား သပိတ်ကနေ စပြီး ရေတွက်ကြည့်လိုက်ရင် အခု ၂ဝဝ၇-၂ဝဝ၈ ကျော်ကိုကိုတို့ခေတ် ကျောင်းသား တိုက်ပွဲတွေ အထိ မဆုံးနိုင်တဲ့ တိုက်ပွဲစဉ်ကြီးကို တလေးတစား တွေ့ကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှုသမိုင်းဟာ အကြမ်းဖျင်းအားဖြင့်

(၁) လွတ်လပ်ရေးမတိုင်မီ ကိုလိုနီခေတ်၊

(၂) လွတ်လပ်ရေးရပြီး ၁၉၅၈ ပထမ အကြိမ် စစ်အာဏာသိမ်းတဲ့ခေတ်

(၃) တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြိုကွဲပြီး ၁၉၆၂ ဒုတိယအကြိမ် စစ်အာဏာ သိမ်းတဲ့ခေတ်

(၄) ရှစ်လေးလုံးအရေးတော်ပုံ ဖြိုခွင်းခံရပြီး ၁၉၈၈ တတိယအကြိမ် စစ်အာဏာသိမ်းတဲ့ခေတ် နဲ့

(၅) ဒီကနေ့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးဆင်နွှဲတဲ့ခေတ် ရယ်လို့ ခေတ်ပြန် ပိုင်းခြားနိုင်ပါလိမ့်မယ်။

လွတ်လပ်ရေး မတိုင်မီ ကိုလိုနီခေတ် ကျောင်းသား တိုက်ပွဲတွေထဲမှာ ‘အမျိုးသားနေ့အစ ၁၉၂ဝ ကျောင်းသားသပိတ်က’ လို့ ဆိုကြတဲ့၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီးတွေရဲ့ ၁၉၂ဝ ပြည့်နေ့ ဒီဇင်ဘာ ကျောင်းသားတိုက်ပွဲဟာ မြန်မာတနိုင်ငံလုံး နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးကို နိုင်ငံရေးအသိ ရှိရှိနဲ့ ပထမဆုံး စတင် လှုံ့ဆော်လိုက်တဲ့ ဝံသာနု အရေးတော်ပုံကြီး ဖြစ်ပါတယ်။

ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုမြ စတဲ့ တက္ကသိုလ်ကျောင်းသားကြီး (၂၁) ခေါင်းဆောင်တဲ့ ၁၉၂ဝ သပိတ်ကော်မတီဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး တော်လှန်တဲ့ ကျောင်းသား အဖွဲ့အစည်းလို့ သတ်မှတ်နိုင်ပါတယ်။

ဒီနေရာမှာ ၁၉၂ဝ ကျောင်းသားသပိတ် မတိုင်ခင် (၁၇) နှစ် စောပြီး ပေါ်ပေါက်ခဲ့တဲ့ ရန်ကုန်မြို့က ကျောင်းသားတိုက်ပွဲတခုလည်း သမိုင်းမှာ ရှိခဲ့ပါသေးတယ်။

အဖြစ်အပျက်က ၁၉ဝ၃ခုနှစ်၊ စက်တင်ဘာလ(၇)ရက်၊ ရန်ကုန်မြို့ ဟိုက်စကူးကျောင်းမှာ ဖြစ်ခဲ့ပါတယ်။ ဖြစ်ပုံက - တနေ့သားမှာတော့ အဋ္ဌမတန်း၊ ရှစ်တန်း အတန်းပိုင် အင်္ဂလိပ် လူမျိုး ကျောင်းဆရာဟာ ခရိုင်ပညာဝန် မစ္စတာ ကောက်စ်ရဲ့ အမိန့်လို့ ဆိုပြီးတော့ စာသင်ခန်းထဲမှာ ကျောင်းသားတွေကို မတ်တတ်ရပ်ခိုင်းပါတယ်။ ပြီးတော့ အမိန့်စာကို ဖတ်ပြပါတယ်။

‘ယနေ့မှစ၍ သင်တို့ မြန်မာကျောင်းသားများအားလုံး စာမသင်ခင် ကျွန်ုပ်တို့ အင်္ဂလိပ်လူမျိုး ဆရာတွေကို ဦးစွာ ရှိခိုးကန်တော့ ပြီးမှ စာသင်ကြားခြင်းအမှုကို ပြုမည်ဖြစ်ကြောင်း’ ဆိုတဲ့ အမိန့်ပါပဲ။

အဲဒီဆရာက မြန်မာကျောင်းသားတွေကို ထိုင်ပြီး ကန်တော့ဖို့ အမိန့်ပေးပါတယ်။ မတ်တတ်ရပ်နေတဲ့ မြန်မာကျောင်းသားတွေ ဘယ်သူမှ မလှုပ်ပါဘူး။ အတန်းပိုင်ဆရာဟာ စိတ်ဆိုးလာပြီး ထပ် အမိန့်ပေးပါတယ်။ ဘယ်ကျောင်းသားမှ အမိန့်ကို မနာခံကြပါဘူး။ အတန်းပိုင်ဆရာဟာ ဒေါသတကြီးနဲ့ ကြိမ်းမောင်းလာပါတော့တယ်။ ကျောင်းသား တဦးတလေမှ တုပ်တုပ်မလှုပ် မတ်တတ်ရပ်လျက်ပါပဲ။ အင်္ဂလိပ်လူမျိုး ကျောင်းဆရာဟာ ကြီးစွာ အရှက်ရပြီး အော်ဟစ် ပေါက်ကွဲသွားပါပြီ။

အဲဒီအချိန်မှာ အတန်းရှေ့ဆုံးက ‘မောင်တင်’ ဆိုတဲ့ ကျောင်းသားလေးက အတန်းပိုင်ဆရာရှေ့ကနေ အတန်း အပြင်ဘက်ကို စတင် ထွက်သွားပါတော့တယ်။ မောင်တင်ရဲ့ နောက်ကနေ မြန်မာကျောင်းသားတွေ တယောက်ပြီး တယောက် အတန်းပြင်ကို ထွက်သွားလိုက်ကြတာ အတန်းထဲမှာ အဲဒီ ဆရာတယောက်ပဲ အရုပ်ကြိုးပြတ် ကျန်ရစ်ခဲ့ပါတော့တယ်။

ဒီဖြစ်ရပ်က ရန်ကုန် တမြို့လုံး သတင်းပျံ့နှံ့သွားပြီး အင်္ဂလိပ် ကိုလိုနီ အစိုးရအဖို့ အရှက်ရစရာ ဖြစ်သွားတဲ့အတွက် သက်ဆိုင်ရာ အင်္ဂလိပ်ပညာရေး အာဏာပိုင်တွေက မောင်တင်တို့ အားလုံးကို ကျောင်းထုတ်ပစ်လိုက်ပါတယ်။

အဲဒီမှာ မြန်မာနိုင်ငံသား တိုင်းရင်းသား ကျောင်းသား မိဘတွေက မကျေမနပ်ဖြစ်ပြီး အင်္ဂလိပ်အာဏာပိုင်တွေကို တခဲနက် စုပြီး အရေးဆိုကြပါတယ်။ အင်္ဂလိပ်ပညာရေး အာဏာပိုင်တွေရယ်၊ ကျောင်းသားမိဘတွေရယ်၊ ကာယကံရှင် မောင်တင်တို့ ကျောင်းသားတွေရယ် အကြိတ်အနယ် တွေ့ဆုံဖြေရှင်းရတဲ့ ပွဲမှာ အတန်းထဲက ပထမဆုံး ထွက်သွားတဲ့ ကျောင်းသားမောင်တင်က သူ့အတန်းပိုင်ဆရာကို အခုလို ယဉ်ယဉ်ကျေးကျေး ထပြောပါတယ်။

“ဆရာ ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေဟာ ရှေးအတီတေကတည်းက ကြီးမြတ်တဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်လာကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ကျနော်တို့ ယဉ်ကျေးမှုမှာ အာစရိယ ဆရာ၊ ဆရာမတွေကို ဘုရား၊ တရား၊ သံဃာ၊ မိဘနဲ့ တဂိုဏ်းတည်းထားပြီး အနန္တော အနန္တ ငါးပါးအနေနဲ့ ရိုသေ မြတ်နိုး၊ လက်စုံမိုးလို့ ရှိခိုး ပူဇော်ကြတာပါ။

ဒါပေမဲ့ ဆရာ ကျနော်တို့ရဲ့ ရိုသေမြတ်နိုးခြင်း၊ ရှိခိုး ပူဇော်ခြင်းတွေဟာ အမိန့် စာရွက်ပေါ်က လာတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဟောဒီ ရင်ဘတ်ထဲက ၊ အသည်းနှလုံးထဲက လာတာပါ” တဲ့။

အဲဒီပွဲမှာ အင်္ဂလိပ်အစိုးရ အာဏာပိုင်တွေဘက်က လက်လျှော့ အရှုံးပေးလိုက်ရပါတယ်။ မောင်တင်တို့ ကျောင်းသားတွေ အားလုံး ကျောင်းပြန်တက်ခွင့် ရသွားကြပါတယ်။

ဒါဟာ သမိုင်းမှာ ကြီးကြီးကျယ်ကျယ်၊ မှတ်မှတ် ထင်ထင်၊ ထင်ထင်ရှားရှား မရှိခဲ့သော်ငြားလည်း ဒီအဖြစ်အပျက်ကလေးဟာ အင်္ဂလိပ် ကျွန်ပညာရေးစနစ်၊ အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေးကို ပထမဆုံး ကနဦး၊ ဗွေဆော်ဦး စတင် ဆန့်ကျင် လှုံ့ဆော်လိုက်တဲ့ ကျောင်းသားသမိုင်းတခု၊ ကျောင်းသားတိုက်ပွဲတခုလို့ ဆိုလိုက်ချင်ပါတယ်။ အဲဒီအချိန်က YMBA အသင်းကြီးတောင် မပေါ်ပေါက်သေးပါဘူး။

အဲဒီတိုက်ပွဲမှာ ဦးဆောင်ခဲ့တဲ့ အဋ္ဌမတန်း ၈ တန်း ကျောင်းသားလေး ‘မောင်တင်’ ကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောင်သားခေါင်းဆောင် ‘ကျောင်းသားတိုက်ပွဲအစ မောင်တင်က’ လို့ ဂုဏ်ပြုရပါမယ်။

အဲဒီ မောင်တင် ဘယ်သူလဲ။ အဲဒီ မောင်တင်လေးဟာ နောင်တချိန် ကိုလိုနီလက်အောက်မှာ မြန်မာနိုင်ငံသားတွေထဲက ပထမဆုံး ပါမောက္ခဖြစ်လာသူ၊ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး မြန်မာလူမျိုး ကျောင်းအုပ်ကြီး ဖြစ်လာသူ ဆရာကြီး ဖေမောင်တင်ပါပဲခင်ဗျား။ ။

Ref: မိုးမခ

Read More...

အပေါ်သို့