..............................

Friday, June 8, 2012

မောင်တော အခြေအနေ

မောင်တောဒေသခံ တစ်ဦး၏ ညနေ ၄း၅၀ နာရီတွင် ပြောကြားချက်အရ မောင်တောမြို့ဆေးရုံတွင် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ဆရာဝန်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များ မောင်တောမြို့ကို ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ မီးရှို့ခံခဲ့ရသော ဗိုလ်မှူးရွာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။

==============

စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာ အနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့် ကားနှစ်စီး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

=====================

"ကျွန်တော်လုံးဝ ကန့်ကွက်တယ်။ ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူပေးပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေ အားလုံးကို ပြန်ပြီးတော့ အသစ်တဖန်ဆောက်နိုင်အောင် တာဝန်ယူပေးပါ။ နောက်ပြီး အစိုးရအနေနဲ့ အဲလို ကျူးလွန်တဲ့ သူတွေကို ဥပဒေအရပြင်းပြင်းထန်ထန်အရေးယူပေးပါ။ လုံးဝလက်မခံနိုင်ဘူး။ အင်မတန်မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး။ အဲတော့ ဘင်္ဂါလီနဲ့ ရခိုင်တွေနဲ့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကို အချိန်မဆိုင်းပဲ ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ နောက်တစ်ခုက ဒီကိစ္စဟာ ဘာသာရေးလူမျိုးရေးကို တလွဲအသုံးချပြီးတော့ ကျူးလွန်တဲ့ကိစ္စမို့လို့ ဘယ်လိုမှလက်မခံနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့တိကျခိုင်မာတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ပြဌာန်းသင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ရောထွေးမှုတွေအားလုံးက ဘာလဲဆိုတော့ ဌာနေရဲ့နိုင်ငံသားတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနေတယ်။ ဒီလို ကူးစက်လာပြီးတဲ့ အခါကျတော့ နိုင်ငံသားအချင်းချင်းကြားမှာလဲ ပြဿနာတွေ အများကြီးရှိလာတယ်။ အဲလိုရှိနေတဲ့အခါကျတော့ ပြင်ပက၀င်လာတဲ့ ပရောဂတွေကို ကာကွယ်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ အရေးတကြီးလိုနေပါပြီ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်သားတွေ အားလုံးကို အကာအကွယ်ပေးရမယ့် ဥပဒေတစ်ရပ်ကတော့ ပြဌာန်းဖို့လိုပြီလို့ ကျွန်တော်ထင်တယ်။ ဆိုလိုခြင်းက ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ဘင်္ဂါလီဘက်ကသူတွေကို ညွှန်းနေတာမဟုတ်ဘူးနော်။ ရခိုင်ပြည်နယ်မှာ ဘာသာ ပေါင်းစုံရှိပါတယ်။ ဆိုလိုတာက အပြင်ကနေ၀င်လာတဲ့သူတွေကိုကာကွယ် တားဆီးဖို့အတွက် ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို အစိုးရကို တပ်လှန့်လိုက်တာပါ။" ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားခဲ့ပါသည်။

=======================

ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။

"ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ် မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့ သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။ အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။ အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။

================

ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသော သတင်းများအရ မောင်တောမြို့နယ် ဘိုမင်းရွာကို ဘင်္ဂါလီ ရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။

မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။

လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။

မောင်တောမြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ၊ အခြေအနေကို အလျင်အမြန် ထိန်းသိမ်းနိုင်ရန် လိုအပ်နေ

မောင်တောမြို့တော်ခန်းမ အနီရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။

နောက်ဆက်တွဲအခြေအနေများကို ဆက်လက်ဖေါ်ပြသွားပါမည်။

Ref: EMG Facebook


Read More...

တားမရတဲ့ ဒီလှိုင်းလုံးများ

Thursday, June 7, 2012

ရဲဘော်ဖိုးသံချောင်း

ဗမာပြည်မှာ အလုပ်သမား သပိတ်၊ လယ်သမား တိုက်ပွဲနဲ့ လျှပ်စစ် ရရှိရေး မြို့နေ လူထု လှုပ်ရှားမှုများ တခုပြီးတခု၊ တနေရာပြီး တနေရာ ပေါ်ပေါက်နေပါတယ်။ တားမနိုင် ဆီးမရ ဆိုရင် မမှားပါဘူး။ ဒါ့အပြင် ဖျောင်းဖျလို့လည်း မရဆိုတဲ့ စကားကိုတောင် ထပ်ဖြည့်လိုက်ဖို့ ကောင်းပါတယ်။ (လုပ်ငန်းရှင်တွေကို မဖျောင်းဖျဘဲ အလုပ်သမားတွေ ကိုပဲ ဖျောင်းဖျနေသူတွေ ရှိနေလို့ပါ)။

ဒါပေမယ့် တကယ့်အခြေအနေက ကြည့်သောသူမြင်၏ လို့ ပြောရမလို ဖြစ်နေပါတယ်။ ဗိုလ်ချုပ် သိန်းစိန် အစိုးရက မျက်နှာ လွှဲနေပါတယ် (သူတို့နှင့် မဆိုင်လေဟန်)။ မကြည့်လို့ မမြင်ဘူးပေါ့။ တချို့ကတော့ မြင်ပါတယ်။ ဒါကြောင့် အဝေးက ရှောင်ကြပါတယ်။ တချို့ရဲ့ မျက်စိထဲမှာ မြင် မမြင်တော့ မသိရပါ။ သူတို့ ပြောတဲ့ အထဲမှာတော့ ဒီအကြောင်းတွေ တခွန်းမှ မပါပါ၊ တချို့က မြင်လည်းမြင် ခေါင်းထဲမှာလည်း လက်ခနဲ အကြံပေါ်လာ ပါတယ်။ ထမင်းထုတ်ပေး၊ ရေသန့်ဘူးပေး ပရောဂျက် အမြတ်ထုတ်ကွက်လို့ တန်းမြင်တယ်။ အားလုံးနဲ့မတူ တချို့ကတော့ ဒီလှုပ်ရှားမှုတွေကို ဗမာပြည်ရဲ့ပစ္စုပ္ပန်၊ အနာဂတ်အဖြစ် ကြည့်မြင်ကြပါတယ်။ အားတက်ကြပါတယ်။ အားပေးကြပါတယ်။

မှန်ပါတယ်။ ဒီတိုက်ပွဲတွေ အဆက်မပြတ် ပေါ်ပေါက်နေတာ အချို့သော မျက်စေ့တိမ်ကွယ်နေသူတွေအတွက်တော့ အရေးစိုက်စရာမလိုတဲ့ အသေးအမွှားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြင်တတ်သူတွေအတွက်တော့ တကယ့်ကို အမှောင်ထဲမှာ ပေါ်ထွက်လာတဲ့ အားတက်စရာ အလင်းရောင်တွေ ဖြစ်နေပါတယ်။ ဒီလို အားတက်ကြတယ်ဆိုရာမှာ ဒို့အမျိုးသားတွေကို လိမ်ညာလို့ မရဘူး၊ ခြောက်လှန့်လို့ မရဘူး၊ ငါတို့ မျက်စေ့ မလည်ဘူးဆိုတဲ့ အသံများကိုပါ ကြားနေရသကဲ့သို့ ရှိပါတယ်။

တကယ်ကျတော့ အခု ဗမာပြည် တနံတလျားမှာ တွေ့မြင်နေရတာဟာ ဗမာပြည်မှာ နိုင်ငံရေးသင်တန်းတခုလို့ မှတ်သားသင့်တယ်လို့ ထင်ပါတယ်။ ဒီနေ့အခါ ဗမာပြည်နိုင်ငံရေးမှာ လမ်းမပေါ်တက်တဲ့ နိုင်ငံရေးခေတ်ကုန်ပြီလို့ ဆိုချင်သူ၊ ငါတို့မှ ဦးမဆောင်ရင် လူထုလှုပ်ရှားမှု မပေါ်နိုင်ဘူးလို့ အထင်ရှိနေသူ၊ လူထုကြီးဟာ ကြောက်နေတယ်လို့ ထင်နေ၊ ပြောနေသူတွေကို လုံးဝ မှားကြောင်း ဒီတိုက်ပွဲတွေက ထောက်ပြလိုက်တာဖြစ်ပါတယ်။ လူထုရဲ့ တကယ့်လက်တွေ့ အနေအထားကို ဆုပ်ကိုင်မိပါမှ လုပ်ငန်းစဉ်၊ လမ်းစဉ်တွေချမှတ်တာ မှန်ကန်နိုင်ပါတယ်။ ဒါတွေဟာ ဗိုလ်သိန်းစိန်အစိုးရ ဖန်တီးထားတဲ့ ‘အပြောင်းအလဲ’ အောက်မှာ ပထမဆုံးပေါ်ပေါက်တဲ့ လူထုတွေရဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းပေါ်လာတော့ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများရော မီဒီယာသမားများပါ အံ့အားသင့်ခြင်းမက သင့်သွားကြရပါတယ်။ နောက်ပြီး ကိုယ် မစဉ်းစားမိကြောင်းလည်း ဝန်ခံကြရပါတယ်။ အခုလည်း ‘အပြောင်းအလဲ’ ဖြစ်ပေါ်နေချိန်မှာ ၁၈ ရာစုနှစ်က လစာအရေအတွက်မျိုးကနေ မပြောင်းလဲတဲ့အတွက် ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်လာမယ်လို့ မျှော်လင့်မထားကြောင်း ဝန်ခံရမယ်ထင်ပါတယ်။ တခြားမပြောနဲ့ ဗိုလ်သိန်းစိန်အစိုးရတောင်မှ ဒါလောက် ဇွဲနဲ့မာန်နဲ့ တိုက်ပွဲဝင်ကြလိမ့်မယ်လို့ မမျှော်မှန်းနိုင်ခဲ့လို့ ဘယ်လို အရေးယူလုပ်ကိုင်ရမှန်း မသိဘဲဖြစ်နေပြီး အကျပ်တွေ့နေတယ် မဟုတ်ပါလား။ ဒီလို အနေအထားတွေမှာ ပြောလေ့ရှိတဲ့ သူတို့ရဲ့ လက်သုံးစကား “ဗကပ လက်ချက်” ဆိုတာမျိုးတောင် အခု မပြောနိုင်ဘူးဖြစ်နေပါတယ်။

ဒီနေ့အချိန်အခါမှာ ဒီ ‘အပြောင်းအလဲ’ ကို အကြောင်းပြုပြီး တိုး၍ ချမ်းသာကြဦးမှာဟာ နဝတ-နအဖ လက်ထက်မှာ ကောင်းစားချမ်းသာနေခဲ့သူတွေသာ ဖြစ်တယ်၊ တိုး၍ ဆင်းရဲဦးမှာဟာလည်း နဝတ-နအဖ လက်ထက်မှာ တလျှောက်လုံး ဆင်းရဲမွဲတေနေခဲ့သူတွေသာဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါကို ‘အပြောင်းအလဲ’ လို့ သမုတ်နေကြတာသာ ဖြစ်ပါတယ်။ တကယ်ပြောင်းလဲတာက အဲဒီ တိုး၍ ဆိုတဲ့ စကားလုံးလေး တလုံးသာ ဖြစ်ပါတယ်။ နောက်မကြာခင်မှာဆိုရင် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်လာနိုင်စရာ အကြောင်းတွေရှိနေပါတယ်။ နောက်ပြီး အဲဒီလို ဝင်လာပြီဆိုရင် ဗမာပြည်သားတွေထဲက ဘယ်သူတွေသာ အကျိုးအမြတ်ရှိမယ်ဆိုတာ အထူးပြောနေစရာ မလိုပါဘူး။ အနောက်တိုင်းက လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေအကြား ပြဿနာပေါ်ရင်လည်း ဗိုလ်ချုပ်သိန်းစိန် စစ်အစိုးရက ဘယ်သူ့ဘက် ပါမယ်ဆိုတာ ဗေဒင် မေးစရာမလိုဘူးထင်ပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲ ဇာတ်လမ်းဟာ ငွေရောင်ပိတ်ကားကြီးပေါ်မှာ ဆက်လက်ရှုစားပါလို့ ပြောရမလိုဖြစ်ပါတယ်။

မျက်မှောက် ဗမာပြည်ရဲ့ အဓိက ပဋိပက္ခဟာ ဒီ ဆန္ဒပြလူထုနဲ့ တပြေးတည်း ခံစားနေရတဲ့ ပြည်သူ လူထုကြီးက တဖက်၊ ဗိုလ်ချုပ်သိန်းစိန် အစိုးရက တဖက်၊ ဒီနှစ်ဖက်အကြားက ပဋိပက္ခဖြစ်တယ် ဆိုတဲ့ အကြောင်း အခု ဒီ အရေးအခင်းတွေက အတည်ပြု ဖော်ပြနေပါတယ်။ စစ်အစိုးရက ကျယ်ကျယ်လောင်လောင် ဝါဒဖြန့်နေတဲ့ လွှတ်တော်ထဲက ပဋိပက္ခ ဆိုတာတွေဟာ အဓိက ပဋိပက္ခ မဟုတ်ပါဘူး။ စစ်အစိုးရဟာ အဲဒီ လွှတ်တော်ထဲက အတိုက်အခံပြုမှုကို သေနတ်နဲ့ ပစ်လူစုခွဲခဲ့တဲ့ ရခိုင်စစ်တွေက ဆန္ဒပြမှုလောက် မစိုးရွံ့တာလည်း သေချာပါတယ်။

အခုအထိတော့ ဒီ သပိတ်တွေကို ဦးသိန်းစိန် စစ်အစိုးရက ဘယ်လို သဘောထားတယ် ဆိုတာ တခွန်းမှ တရားဝင် ပြောကြားခြင်း မရှိသေးပါဘူး။ နှာစေး ဟန်ဆောင်နေခြင်းဟာ ဒီနေ့ သူတို့ရဲ့ နည်းဗျူဟာဖြစ်ပြီး နိုင်ငံရေး သမားတွေကို ဒီ လှုပ်ရှားမှုတွေထဲ ဝင်မပါဖို့ သတိပေးတာ၊ တချို့နေရာတွေမှာ ဆန္ဒပြသူတွေကို ရိုက်တာ - ဖမ်းတာ တို့ကတော့ သူတို့ရဲ့ တကယ့် ပေါ်လစီ သဘောထားဖြစ်တယ်လို့ ဆိုရပါမယ်။ လက်ရှိ အချိန်မှာ ဖွတ်မြီးနဲ့ ဖွတ်ကို ချည်ထားသလို ဗိုလ်သိန်းစိန် စစ်အစိုးရကို သူ့ဝါဒဖြန့်ချက်တွေနဲ့ ပြန်တုပ်နှောင် ထားနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ဒင်းတို့တတွေ ငါးရိုးမျက် လက်တို ဖြစ်နေတာ အမှန်ပါပဲ။

ဦးသိန်းစိန် စစ်အစိုးရက ဘယ်လိုပဲ အကြောင်းပြပြ ဒီနေ့ အလုပ်သမား၊ လယ်သမား၊ စားသုံးသူ ပြည်သူတွေ နစ်နာဆုံးရှုံးတာတွေ အားလုံးဟာ နဝတ - နအဖ အပါ ဒီနေ့ ဗိုလ်သိန်းစိန်တို့အထိ စစ်အစိုးရ အဆက်ဆက်ရဲ့ တာဝန်ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ နိုင်ငံရေးသာမက စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေမှာပါ သူတို့ ထိပ်သီးတွေနဲ့ သူတို့နဲ့ အမြီးစား ခေါင်းစား မိုက်ဖော်ဆိုးဖက်တွေချည်း အခေါင် အညွန့် စားရအောင် ဖန်တီးထားတဲ့စနစ်ကြောင့် ဒီနေ့ ဒီပြဿနာတွေ ပေါ်နေတာဖြစ်ပါတယ်။

ဒီလို ဗိုလ်သိန်းစိန်အစိုးရ တဖြည်းဖြည်း ပွင့်သထက် ပွင့်ကျလာနေချိန်မှာ သူတို့ဟာ ပြည်သူလူထုအကြားမှာ လူမျိုးရေး ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ဖန်တီးဖော်ထုတ်ပြီး ကိုယ်လွတ်ရုန်းထွက်သွားမယ့် အန္တရာယ်ကို သတိပြုရပါမယ်။ အားလုံးသိကြတဲ့အတိုင်း ဗိုလ်နေဝင်း အပါ စစ်အစိုးရ အဆက်ဆက်ဟာ ဒီလို ညစ်တီးညစ်ပတ်လုပ်ကြတဲ့ အစဉ်အလာ အထင်အရှား ရှိပါတယ်။

ဒါပေမယ့် တဖက်ကပြန်စဉ်းစားကြည့်လိုက်တော့ ရှစ်လေးလုံး အရေးတော်ပုံစတင် အရှိန်ယူနေချိန်မှာ စစ်အစိုးရက တောင်ကြီးလို မြို့တွေမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးလိုက်တော့ ရှုပ်ထွေးမှုဟာ မဆိုစလောက် ခဏလေးသာဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အရေးအခင်းကြီး အရှိန်ရ ကြီးထွားခဲ့ပါတယ်။ ဗမာပြည်သားတွေရဲ့ နိုင်ငံရေးအသိကို ကျွန်တော်တို့ ယုံပါတယ်။ ။


Read More...

မြန်မာအပေါ် ပစ်မှတ်ထားအရေးယူမှုများ သြစတြေးလျ ရုပ်သိမ်းမည်

ကြာသပတေး, 07 ဇွန် 2012

ဒီမိုကရေစီရေး အပြောင်းအလဲတွေ ပိုမိုတိုးတက်အောင် အားပေးတဲ့အနေနဲ့ Australia က မြန်မာ အစိုးရ အပေါ် ခရီးသွားနဲ့ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးမှာဖြစ်တယ်လို့ Australia နိုင်ငံခြားရေး ၀န်ကြီး Bob Carr က မနေ့က ပြောဆို လိုက်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အထက်လွှတ်တော်အမတ် Bobb Carr ဟာ သမ္မတ ဦးသိန်းစိန်၊ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရ၊ လွှတ်တော်နဲ့ အရပ်ဘက် လူမှု အသိုင်းအ၀ိုင်းက ဦးဆောင် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံအပြီး အခုလိုကြေညာ လိုက်တာပါ။

ဒီအချိန်အခါဟာ မြန်မာပြည်သူတွေအတွက် အခွင့်အလမ်းတွေ ပွင့်လန်းလာတာ တွေ့မြင်နေရပြီး Australia လို နိုင်ငံမျိုးအနေ နဲ့ မြန်မာ့ဒီမိုကရေစီရေးအပြောင်းအလဲ အရှိန်အဟုန်ကိုမြှင့်တင်ပေး သင့်ကြောင်း၊ ဒါ့ကြောင့် ရုပ်သိမ်းဖို့ ကျန်နေသေးတဲ့ ခရီးသွားနဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပြီး ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ၀န်ကြီး Bobb Carr ကပြောပါတယ်။

မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ Australia နိုင်ငံကအပြုသဘော၊ တာဝန် သိစွာနဲ့ ယိုင်းပင်းကူညီ ဆက်ဆံသွားမှာဖြစ်ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးဟာ ၂ နိုင်ငံ ဆက်ဆံရေး အတွက် အဓိကကျတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့ပညာရေး အရည်အသွေးတိုးတက်အောင်၊ အလုပ် အကိုင်တွေ များနိုင်သမျှများအောင် ဖန်တီးရေး၊ နိုင်ငံတကာ စံချိန်မီရေး၊ အကောင်းဆုံးစံပြလက်တွေ့ ကျင့်သုံးရေး တာဝန်သိသိ၊ ပွင့်လင်းထင်သာစွာ ကူညီပံ့ပိုးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါ တယ်။

၂၀၁၅ ခုနှစ်ကျရင် Australia က မြန်မာနိုင်ငံကိုပေးနေတဲ့ အကူ အညီဟာ ၂ ဆကျော် တိုးသွားမှာဖြစ်ပြီး တနှစ်ကို ဒေါ်လာ သန်း ၁၀၀ နှုန်း ပံ့ပိုးမှာ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၄၈.၈ သန်းနဲ့ နောက်နှစ် ၂၀၁၃ ခုနှစ်မှာ ၃၀% တိုးပြီး ဒေါ်လာ ၆၃.၈ သန်း အထိ ထောက်ပံ့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးသဘောတူညီမှုတွေပိုမို တိုးတက်ရေးအတွက် ကနဦး အနေနဲ့ Australia နိုင်ငံက ဒေါ်လာ ၅ သန်းကူညီမယ် လို့လည်း အဲဒီ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ပဋိပက္ခတွေကြောင့် ပြည်တွင်းအခြေအနေမဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေ ပြန်လည်နေရာချထားရေး အတွက် နော်ဝေး နိုင်ငံလို နိုင်ငံတကာအလှူရှင်နဲ့ ပူးပေါင်းကူညီမှာဖြစ်တယ်လို့ Australia နိုင်ငံခြားရေး ၀န်ကြီး Bobb Carr ရဲ့ မနေ့က ကြေညာချက်မှာဖော်ပြထားပါတယ်။

Ref: VOA News

Read More...

ကျပ်တသောင်းတန် ငွေစက္ကူ ထုတ်မည်

သင်းသီရိ
ကြာသပတေး, 07 ဇွန် 2012


မြန်မာနိုင်ငံမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူ သစ်တွေကို လာမယ့် ဇွန်လ ၁၅ ၇က်နေ့မှာ စတင်ထုတ်ဝေ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခုလို ငွေစက္ကူသစ် ထုတ်ဝေတဲ့ အတွက် ငွေကြေး ဖောင်းပွလာမှုတွေ ဖြစ်လာနိုင်မလား ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပေမဲ့ ဗဟိုဘဏ် တာဝန်ရှိသူကတော့ နိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေ ဖြစ်မလာအောင် ထိန်းသိမ်း ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထား ပါတယ်။

မြန်မာနိုင်ငံမှာ တန်ဖိုးအကြီးဆုံး ငွေစက္ကူအဖြစ် ကျပ်တစ်သောင်းတန်တွေကို လာမယ့် ဇွန်လ ၁၅ ရက် သောကြာနေ့မှာ စတင် ဖြန့်ချိ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခု တစ်သောင်းတန် ငွေစက္ကူတွေကို ဗဟိုဘဏ် ငွေကြေးဌာနတွေနဲ့ ဘဏ်တွေမှာရော၊ အစိုးရငွေတိုက် ကပါ စတင် သုံးစွဲတော့မှာ ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"ဇွန်လ ၁၅ ရက်နေ့ပါ။ ဗဟိုဘဏ်တွေကို လောလောဆယ် မရောက်သေးပါဘူး။ ဒီကြားထဲမှာပဲ ရောက်လာပြီးတော့၊ ဒီကြားထဲမှာပဲ ကျနော်တို့က သူ့ ရက်အမှီ ဖြန့်ဖို့ စီစဉ်ပါတယ်။"

အခု ငွေစက္ကူသစ် ထွက်မယ်ဆိုတဲ့ အတွက် နိုင်ငံမှာ ငွေကြေး ဖောင်းပွမှုတွေဖြစ်လာနိုင်စရာ မရှိသလို ငွေကြေး ဖောင်းပွမှု ပြသနာမျိုးတွေလည်း မဖြစ်ရအောင် အစိုးရက စီစဉ် ဆောင်ရွက်မှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

"ဒီလောက်ကြီး မရိုက်နိုင်ပါဘူး။ ကျနော်တို့ တိုင်းပြည်ရဲ့ ကုန်ဈေးနှုန်း အခြေအနေ၊ လက်ရှိ မက်ကရို (Micro) စီးပွားရေး အခြေအနေတွေ အရ လောလောဆယ်မှာလည်း ငွေကြေး ဖောင်းပွမှုနှုန်းက နဲနေတဲ့ အနေအထားမှာ ရှိတယ်။ နဲနေတော့ ကျနော်တို့ ဒီလို ရိုက်လိုက်လို့ ဒီ ဖောင်းပွမှု အပေါ်မှာ အများကြီး မထိခိုက်နိုင်ဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်။ ကျနော်တို့ဖက်က ငွေကြေး ဖောင်းပွမှုဖြစ်ရင် အပြင်မှာ ဖြစ်နေတဲ့ ငွေတွေကို ဘဏ်တွေမှာ ပြန်ရောက်အောင် Multi Policy (ပေါ်လစီမျိုးစုံ) နဲ့ လုပ်ရမှာပေါ့။ ငွေကြေး ဖောင်းပွမှုက ကျနော်တို့က ဂဏန်း တလုံးမှာပဲ ရှိပါတယ်။ ဂဏန်း ၂ လုံး မရှိပါဘူး။"

ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော် ပြောပြခဲ့တာပါ။

အခု ကျပ်တစ်သောင်းတန် ငွေစက္ကူ မတိုင်ခင် မြန်မာနိုင်ငံမှာ ကျပ် ငါးထောင်တန် (၅၀၀၀) တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက အစိုးရက အကြီးဆုံး ကျပ်ငါးထောင်တန် ငွေစက္ကူတွေကို ထိန်းထိန်း သိမ်းသိမ်း ထုတ်ဝေခဲ့တဲ့ ပုံစံကို နမူနာယူပြီး အခု ကျပ်တစ်သောင်းတန်ကို ဖြန့်ချိ သွားမယ်ဆိုရင် နိုင်ငံထဲမှာ ငွေကြေးဖောင်းပွ လာမယ့် ပြသနာကို ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဦးလေးညွန့်က သုံးသပ်ပါတယ်။

"ကျနော်တို့ ငါးထောင်တန် ထုတ်လိုက်တုန်းက ထုတ်မယ်လို့ ပြောလိုက်တဲ့ အချိန်မှာ အလုံးအရင်းနဲ့ ထွက်လာတာ မဟုတ်ပဲနဲ့ တဖြည်း တဖြည်း ထွက်လာ လိုက်ပါတယ်။ ထွက်လာတော့ အဲဒီဟာကို သူတို့ နမူနာ ယူပြီးတော့ အခု ဒီဟာကိုလည်း အဲဒီလို လုပ်လိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်။ သူက ဟို Inflation (ငွေကြေး ဖောင်းပွမှု) ကို ချက်ချင်းကြီး ဖြစ်လာနိုင်စရာ မရှိအောင် သူတို့ ငွေကို ထုတ်ပါလိမ့်မယ်လို့ ဒီလိုထင်ပါတယ် ကျနော်တော့လေ။ ဘာလို့လည်းဆိုတော့ သူတို့လည်း အတွေ့အကြုံ ရှိပြီးသား ဆိုတော့လေ ဆိုလိုတာက အရင့် အရင် လုပ်ခဲ့တော့ ချက်ချင်းပဲ တုန့်ပြန်မှုတွေ ဖြစ်လာတယ်၊ အဲဒါကို သူတို့ အတွေ့အကြုံ ရှိကြပါတယ်။ အဲဒီတော့ ဒီအတွေ့အကြုံကို သူတို့ ယူပြီးတော့ လုပ်ရင်တော့ ဆိုးဆိုး ရွားရွား ဖြစ်လာနိုင်စရာတော့ အကြောင်း မရှိလောက်ဘူးလို့ ကျနော်တော့ ဒီလို ယူဆမိပါတယ်။"

လက်ရှိမြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု ပြသနာဟာ သိပ်ပြီး ကြီးကြီးမားမား မရှိဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့်မို့ အလွန်အကျွံ မဟုတ်ပဲနဲ့ ငွေကြေးဖောင်းပွမှု အနည်းငယ် ဖြစ်လာမယ် ဆိုရင်တောင် စီးပွားရေးလုပ်ငန်း တချို့အတွက် အကျိုးရှိလာနိုင်စရာတောင် ရှိတယ်လို့လည်း ဦးလေးညွန့်က သူအမြင်ကို ပြောပြပါတယ်။

"အခု အခြေအနေကတော့ ကျနော်တို့က ငွေကြေး ဖောင်းပွမှု အတော် နဲနေပါတယ်။ နဲနေပါတယ်ဆိုတာ အဓိက Commodities (စားသုံးကုန်) တွေဖြစ်တဲ့ ဥပမာ ဆန်တို့၊ ဆီတို့ စတဲ့ မီးဖိုချောင်သုံး သီးနှံ အချို့ကလွဲရင်ပေါ့လေ၊ အချို့ကဆိုတာ ဆန်ဆိုရင် အောက်ဈေးပါ။ တကယ် ဖြစ်နေတဲ့ ဆန်ဈေးနဲ့က ဆန်ဈေးက နိမ့်နေပါတယ်။ အဲဒီတော့ လယ်သမားကလဲ ဘယ်လိုမှ တွက်ခြေ မကိုက်နိုင်တဲ့ဟာမျိုးပေါ့။ ကျနော့် အမြင်တော့ Inflation ဖြစ်လာပြီးတော့များ Demand တက်လာမယ် ဆိုရင်တော့ ကောင်းတဲ့ အလားအလာလို့ ကျနော်က ဒီလို ယူဆမိပါတယ်။ ဟို တဖက်ကလည်း ပြောကြပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ Inflation ရှိနေတယ်။ အဲဒီတော့ ရှိတာလည်း မှန်ပါတယ်။ ဒီ တသောင်းတန်စက္ကူ ထွက်လို့များ မထိန်းပဲနဲ့ ထုတ်ရင်တော့ အန္တရာယ် ရှိတာပေါ့။ ဒါပေမယ့် ထိန်းပြီးတော့များ အခု ငါးထောင်တန်
လုပ်သလိုမျိုး ထိန်းပြီးတော့ အလွန်အမင်း ငွေကြေး ဖောင်းပွတာ၊ ရုတ်တရက် Hyperinflation မဖြစ်အောင် ထိန်းထားနိုင်တယ် ဆိုရင်တော့ အကျိုးတခု ရလာလိမ့်မယ်လို့ ဒီလို ယူဆနိုင်ပါတယ်။"

စီးပွားရေးပညာရှင် ဦးလေးညွန့်က သုံးသပ်ခဲ့တာပါ။

အခုထုတ်ဝေမယ့် ငွေစက္ကူ တစ်သောင်းတန် အသစ်ဟာ အလျား ၁၅ စင်တီမီတာ၊ အနံ ၇ စင်တီမီတာ ရှိပြီး အပြာရောင်ပေါ်လွင်တဲ့ ငွေစက္ကူ ဖြစ်တယ်လို့ ဖော်ပြထားပြီးတော့ လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ အကြွေတွေဟာလည်း တရားဝင် နိုင်ငံမှာ ဆက်လက်သုံးစွဲခွင့် တည်ရှိနေမှာ ဖြစ်တယ်လို့လည်း အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref: VOA News

Read More...

အကြမ်းဖက် သတ်ဖြတ်မှု စုံစမ်းရေးကော်မရှင် လူအများကြိုဆို

ကိုကျော်ကျော်သိန်း
ကြာသပတေး, 07 ဇွန် 2012

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေကို စုံစမ်း စစ်ဆေးဖို့ ဆိုပြီး အဖွဲ့တဖွဲ့ကို ပြည်ထောင်စု အစိုးရက ဖွဲ့စည်း လိုက်ပါတယ်။ အစိုးရရဲ့ ဒီလုပ်ရပ်ကို ရခိုင် လူမှု အဖွဲ့အစည်း၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဖက် လူမှု အဖွဲ့အစည်းတွေက ကြိုဆိုကြပါတယ်။ စုံစမ်းရေးအဖွဲ့ အနေနဲ့ အခုဖြစ်ရပ်တွေတင် မဟုတ်ဘဲ ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူတွေ အကြား သဟဇာတ ရှိစွာ နေထိုင်နိုင်မယ့် အခြေအနေ တရပ်ကို ဖန်တီးနိုင်ရေး အစိုးရကို အကြံပြုပေးနိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ သဘောထားမျိုးလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြ ထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ရဲအရာရှိကြီးတွေ၊ အုပ်ချုပ် ရေးမှူးတွေ၊ ဥပဒေ အရာရှိတွေ စသည်အားဖြင့် ၁၆ ဦးပါ စုံစမ်းရေး အဖွဲ့ကို ပြည်ထောင်စု အစိုးရက ဇွန်လ ၆ ရက်နေ့မှာ ဖွဲ့စည်း လိုက်တာပါ။ ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြားစေတဲ့ လူစုလူဝေးနဲ့ အုပ်စုဖွဲ့ပြီး ဥပဒေမဲ့ ပြုမူဆောင်ရွက်မှုတွေ၊ မင်းမဲ့စရိုက် ဆန်ဆန် လူအုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တဲ့အပေါ် ဖြစ်ရပ်မှန် ဖော်ထုတ် နိုင်ရေးနဲ့ ဥပဒေနဲ့အညီ အရေးယူနိုင်ရေး တို့အတွက် ဆိုပြီး စုံစမ်းရေး အဖွဲ့ ဖွဲ့စည်း တာဝန်ပေးလိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုဖွဲ့စည်းတာကို ကြိုဆိုပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်က နံပတ်တစ် ပြောချင်တာက စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့လိုက်တယ် ဆိုတဲ့အပေါ်မှာ ကျနော် ကြိုဆိုတယ် ပေါ့နော်။ နောက်တခုက ဘာလဲဆိုတော့ စုံစမ်း စစ်ဆေးရေး ကော်မရှင်အနေနဲ့လည်း အတိအကျ စုံစမ်းပြီးတော့မှ ကျောက်နီမော်မှာ ဖြစ်ခဲ့တဲ့ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရား ပြုကျင့်ပြီး သတ်ဖြတ် ပစ်ထားတဲ့ တရားခံတွေကိုလည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် စေချင်ပါတယ်။ အလားတူပါပဲ၊ တောင်ကုတ်မှာ ခရီးသည်တင် ကားပေါ်ကနေ ဆွဲချပြီး သတ်ခံလိုက်ရတဲ့ ၁၀ ယောက်အတွက်ကိုလည်း ထိထိရောက်ရောက် တရားခံတွေ ရှာဖွေပြီး အရေးယူ ပေးစေချင်ပါတယ်။"

ဒီလိုဖြစ်ရပ်မျိုးတွေ နောက်မဖြစ်အောင် တားဆီးနိုင်ရေးအတွက် အခုလို ဆောင်ရွက်တာမျိုးကို ကြိုဆိုပါတယ်လို့ အစ္စလာ့မ်တံခွန် အဖွဲ့က ကိုဝဏ္ဏရွှေကလည်း ပြောပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ ကြိုဆိုပါတယ်။ ကြိုဆိုပါတယ် ဆိုတာက ကျနော်တို့ ရည်ရွယ်ချက်ကလေ အပြစ်ရှိတဲ့ လူတွေကို အရေးယူဖို့ ဆိုတာထက် ကျနော်တို့က ဒီအပြုအမူမျိုးကို နောက်နှောင် မဖြစ်ပေါ်အောင်ဆိုတာ ဒီလိုတွေပဲ ဆောင်ရွက်ရပါတယ်။ အဲဒီအတွက် ကြိုဆိုပါတယ်။"

မေလ ၂၈ ရက်နေ့က ကျောက်နီမော်ရွာသူ မသီတာထွေးကို လူငယ်သုံးဦးက ပစ္စည်းလုယူ၊ အဓမ္မ ပြုကျင့်ပြီးတော့ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကနေ အခုလို ပြဿနာတွေ စခဲ့တာပါ။ ဇွန်လ ၃ ရက်နေ့မှာတော့ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ စီးလာတဲ့ကားကို လူအုပ်စုတခုက အကြမ်းဖက် တားဆီးပြီး ရိုက်နှက် သတ်ဖြတ်ခဲ့တာကြောင့် ကားပေါ်ပါ လူ ၁၀ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီနောက် ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေထိ ဖြစ်လာမှာကို စိုးရိမ်ခဲ့ကြတာပါ။

အကြမ်းဖက်ဖြစ်ရပ်တွေ ဖြစ်ပြီးပြီးချင်းမှာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေဘက်က အရေးယူ လုပ်ဆောင်ပုံ နှေးကွေးတယ်လို့ ဝေဖန်ကြတာတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်ထောင်စုအစိုးရက အခုလို စုံစမ်းရေးအဖွဲ့ ဖွဲ့လိုက်တာကို ရခိုင် အမျိုးသားကွန်ယက်ကလည်း ကြိုဆိုပါတယ်။

"လက်ရှိအစိုးရအနေနဲ့ ဒီကိစ္စအပေါ်မှာ အလေးထား ဆောင်ရွက်လာတာကို ကျနော်တို့အနေနဲ့ အများကြီး ကြိုဆိုပါတယ်။ ၀မ်းသာပါတယ်လို့ ကျနော်တို့အနေနဲ့ ပထမ ပြောပါရစေ။ လက်ရှိအစိုးရရဲ့ ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ ဒီကိစ္စအပေါ်မှာ ပြည်သူလူထု သဘောထား လက်ခံပြီးတော့ သိမ်မွှေ့စွာ အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့အနေနဲ့ သတိ ပေးခဲ့ပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဒီ ကိုင်တွယ်ပုံမှာ နူးညံ့သိမ်မွှေ့စွာ အမြန်ဆုံး ပြေလည်အောင် မဖြေရှင်းခဲ့နိုင်လို့ ဒီပြဿနာနဲ့ ဒီအကျိုးဆက်တွေ ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည် ယူဆပါတယ်။ အခုတော့ ဒီကြောင့် အခု ပြည်ထောင်စု အစိုးရအနေနဲ့ အမျိုးသား စုံစမ်းရေး ကော်မရှင် ဖွဲ့လိုက်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ အများကြီး ကြိုဆိုပါတယ်၊ လက်ခံပါတယ်၊ ၀မ်းသာပါတယ်လို့ ပြောပါရစေ။"

ရခိုင်အမျိုးသားကွန်ယက်က ကိုတင်ထူးအောင် ပြေပြခဲ့တာပါ။

စုံစမ်းရေးအဖွဲ့အနေနဲ့ အခုဖြစ်ရပ်တွေ အပေါ်မှာသာမက ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူ လူမျိုးစု အသီးသီးရဲ့ အမြင် သဘောထားတွေကို သိရအောင် စုံစမ်းပြီး ရေရှည် ပြေလည်နိုင်ရေး နည်းလမ်းတွေကိုပါ အကြံပေးနိုင်စေချင်တယ်လို့ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

"ရခိုက်ပြည်နယ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက်၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူနဲစုတွေရဲ့ ခံစားချက်ကို အကုန်လုံးကို လေ့လာပြီးတော့မှ သဟဇာတ ဖြစ်နိုင်တဲ့ အခြေအနေတရပ်ကို ဖန်တီးနိုင်ဖို့ အစိုးရကို အစီရင်ခံစာ တင်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ နောက်တခုက ရခိုင် တိုင်းရင်းသားတွေ အနေနဲ့ကလည်း တဖက်က ဘင်္ဂလားဒေ့ရှ်က ပြိုဆင်းလာမယ့် အန္တရာယ်ကို အရမ်း စိတ်ပူနေတာကိုး။ အရမ်း စိတ်ပူနေတယ် ဆိုတဲ့အခါကျတော့ ဒါက ကျနော်တို့ရဲ့ အမျိုးသားရေး ပြဿနာ ဖြစ်လာပြီလေ။ အမျိုးသားရေး ပြဿနာ ဖြစ်လာပြီဆိုတော့ ဒီပြဿနာတွေအတွက် တိကျ ခိုင်မာတဲ့ ပေါ်လစီရေးရာ ကိစ္စတွေ ထုတ်ပေးစေချင်ပါတယ်။ အကြံလည်း ပေးစေချင်ပါတယ်။ အားလုံးအတွက်ကို ကျနော် ပြောတာပါ။"

စုံစမ်းရေးအဖွဲ့အနေနဲ့ မှုခင်းဖြစ်ပွားရတဲ့ အကြောင်းရင်း၊ အုပ်စုဖွဲ့ ကျူးလွန်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေ၊ အုပ်စုဖွဲ့ ကျူးလွန်သူတွေကို ဦးဆောင်သူတွေ၊ ပြစ်မှုကျူးလွန်သူတွေ၊ အခင်း မဖြစ်ပွားမီနဲ့ ဖြစ်ပွားပြီိးတဲ့နောက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာ ဒါမှ မဟုတ် ဆောင်ရွက်နိုင်တဲ့အခြေအနေ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထင်မြင်ယူဆချက်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ သုံးသပ်ချက်နဲ့ အကြံပြုချက်တွေနဲ့အတူ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်ပြ အစီရင်ခံရမယ်လို့ အစိုးရအဖွဲ့က
ညွှန်ကြားထားပါတယ်။

Ref: VOA News

Read More...

ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် အပြစ်မဲ့သူတဦး အာရုံကြော ထိခိုက်သွား

ကွန်းချမ်း
ကြာသပတေးနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ) ။ ။ ရဲ၏ ရိုက်နှက် စစ်ဆေးမှု ဒဏ်ချက်များကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကမာမိုးရွာသား ကိုသက်ပိုင်စိုး အား ဆေးရုံတင် ကုသ ထားရသည်မှာ ရက် ၂၀ ပြည့်ပြီ ဖြစ်သော်လည်း အာရုံကြော များ ထိခိုက်မှုကြောင့် ကိုယ်လက် အင်္ဂါများ လှုပ်ရှား၍ မရတော့ကြောင်း မိသားစုဝင်နှင့် ကူညီဆောင်ရွက်ပေးနေ သူများက ပြောသည်။

ရိုက်နှက်စစ်ဆေးစဉ်တွင် ဦးခေါင်းနှင့် ကြမ်းပြင် ဆောင့်မိခြင်းကြောင့် အာရုံကြောများ ထိခိုက်ကာ ပခုံးဆစ်နှင့် လက်နှစ်ဖက်မှာ လှုပ်ရှား၍ မရတော့ကြောင်း၊ ပေါင်ကြားမှ ဒဏ်ရာများလည်း ကောင်းစွာ မကျက်သေးကြောင်း ကူညီ ဆောင်ရွက်ပေးနေသည့် ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

“မနေ့ကတောင် သူတို့မိသားစုကို ကျနော် ဖုန်းဆက်သေးတယ်။ ဆရာဝန်တွေ ပြောတော့ ပကတိ အခြေအနေကို ပြန်ရဖို့ ဆိုတာ မလွယ်တော့ ဘူးလို့ သူ့အမေက ကျနော့်ကို ပြောတယ်။ အခု ကျနော်လည်း ရန်ကုန် ရောက်ခိုက် ဆိုတော့ မော်လမြိုင်မှာ ကုလို့ မသက်သာရင် ရန်ကုန်ကို တက်လာခဲ့ပါလို့ လှမ်းပြောလိုက်သေးတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ရွာ ဘုရားပွဲတွင် လူငယ်ချင်း ခိုက်ရန် ဖြစ်ပွားရာမှ လူတဦး သေဆုံးမှု တွင် ပါဝင် ပတ်သက်သည် ဟူသော သံသယဖြင့် ကိုသက်ပိုင်စိုး အပါအဝင် ကွမ်ရိုက်၊ ကမာမိုး၊ ဒေါင်းဥရွာများမှ လူငယ် ၁၃ ဦးကို ဧပြီလ ၂၀ ရက်နေ့တွင် ချောင်းဆုံ ရဲများက ဖမ်းဆီး စစ်ဆေးခဲ့သည်။ အပြစ် မရှိသူကိုးဦးကို ပြန်လွှတ် ပေးခဲ့ရာ ကိုသက်ပိုင်စိုးမှာ မေလ ၁၈ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။

သို့သော် ဖမ်းဆီးထားစဉ် တလအတွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသည့် ဒဏ်ကြောင့် ကိုသက်ပိုင်စိုးမှာ ထိုနေ့တွင်ပင် ချောင်းဆုံဆေးရုံသို့ တင်ပို့ခဲ့ရာမှ မေလ ၁၉ ရက်နေ့တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာနှင့် အရိုး အကြောအဆစ် အထူးကုဌာနသို့ ပြောင်းရွှေ့ကုသခဲ့ရသည်။

မေလ ၂၁ ရက်နေ့က ချောင်းဆုံမြို့နယ်သို့ ရောက်ရှိလာသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ရိုက်နှက် စစ်ဆေးသူကို အရေးယူမှု ရှိ/မရှိ မေးမြန်းခဲ့ရာ ရိုက်နှက်စစ်ဆေးသူ ဒုရဲအုပ်ကို ခရိုင်သို့ ပြောင်းပို့ ထားကြောင်း ချောင်းဆုံရဲစခန်းမှ ဒု-ရဲအုပ်တဦးက ဖြေကြားခဲ့သည်။

သို့သော်လည်း ရိုက်နှက်စစ်ဆေးခဲ့သည့် ဒု-ရဲအုပ် ကျော်စွာခိုင်ကို ခရိုင်သို့ ပြောင်းပို့ ထားသည်မှာ မဟုတ်မှန်ဘဲ အရေးယူဆောင်ရွက်ခြင်းလည်း တစုံတရာ မရှိသေးကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ကျနော်လည်း မွန်ပြည်နယ် အစိုးရအဖွဲ့ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေလကတည်းက စာတင် ထားတယ်။ ဒါပေမယ့် အဲဒီ ရိုက်တဲ့ ရဲက အခု ရွာထဲမှာ ပေါ်ပေါ်တင်တင်ပဲ သွားလာတာ ကျနော်တို့ တွေ့နေရတုန်းပဲ။ ဘာမှ
ခေါ်ယူစစ်ဆေး မေးမြန်းတာ မရှိဘူး” ဟု သူက ပြောသည်။

လူနာအား ပြည်နယ် ရဲမင်းကြီးမှ ငွေကျပ် တသိန်းခွဲ တကြိမ်၊ နှစ်သိန်း တကြိမ် လာရောက် ထောက်ပံ့ပေးခဲ့သည်ဟု ကိုသက်ပိုင်စိုး၏ မိခင်က ပြောသည်။

မိသားစုများအနေနှင့် ရိုက်နှက်စစ်ဆေးသူကို အမှုဖွင့် တိုင်ကြားရန် မဝံ့မရဲဖြစ်နေကြောင်း ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

ကွမ်ရိုက်ရွာ ဘုရားပွဲ ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ လူငယ် လေးဦးအား မော်လမြိုင် ရဲစခန်းတွင် ဆက်လက် ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ပွင့်လင်းမှု မရှိဟု စစ်တမ်းဆို

ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့ ခံရမည့် ဒေသခံ များအား လျော်ကြေး များ ပေးရာတွင် ပွင့်လင်းမှု မရှိကြောင်း ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ DDA က ပြောဆိုလိုက်သည်။

“ထားဝယ် အထူးစီးပွားရေးဇုန် ဒေသခံများ၏ နားလည် သဘောပေါက်မှု” (Local People’s Understandings of the Dawei Special Economic Zone) အမည်ရ သုတေသန စစ်တမ်းမှ ရရှိချက်များကို ရန်ကုန်မြို့တွင် DDA က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဓိက မြေယာကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောတယ်။ တချို့နေရာမှာ လျော်ကြေး မပေးတာတွေ ရှိတယ်။ အဓိကတော့ ပွင်းလင်းမြင်သာမှု မရှိဘူး ဒီပရောဂျက်က။ ဘယ်အချိန်မှာ ဘယ်သူ့ကို လျော်ကြေး ဘယ်လောက် ပေးတယ် ဆိုတာ သေသေချာချာ မပြောဘူး” ဟု DDA ရန်ကုန်မြို့ ညွန်ကြားရေးမှူး ကိုဘိုဘိုအောင် က မဇ္ဈိမကို ပြောသည်။

ဒေသခံ ရွာသားများနှင့် ကုမ္ပဏီတို့အကြား ညှိနှိုင်းဖြေရှင်းပေးရန် မက်စ်မြန်မာနှင့် ITD ကုမ္ပဏီတို့ ပူးပေါင်းထားသည့် ထားဝယ်အထူးစီးပွားရေးဇုံ အထောက်ကူပြု ကော်မတီ (Dawei Special Economic Zone Suporting Committee) က ဒေသခံများအား ဆုံးရှုံးမြေယာအတွက် ၁ဝ ရာခိုင်နှုန်း လျော်ကြေး ပေးပြီးဖြစ်ကြောင်း ပြီးခဲ့သည့် တလခန့်က ပြောဆိုသော်လည်း ပွင့်လင်းမှု မရှိကြောင်း ကိုဘိုဘိုအောင် က ပြောသည်။

“ကျနော်တို့ မေးထားတာ၊ ဒေသခံတွေကို။ ဘာမှ မသိကြဘူး။ စိုးရိမ်နေတယ်။ ကုမ္ပဏီတွေက သူတို့ လုပ်ချင်သလို လုပ်တယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ တချို့ ပိုင်ရှင်နဲ့ ရုံးကို ခေါ်ပြီးတော့ တယောက်ချင်း ပေးတာတွေ ရှိတယ်။ တယောက်နဲ့တယောက် ဘယ်လောက်ပေးတယ်ဆိုတာ မသိကြဘူး” ဟု ကိုဘိုဘိုအောင်က ဆက်ပြောသည်။

ထုတ်ဝေသော စစ်တမ်းမှာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာမှ စတင်၍ ၂ဝ၁၂ ခုနှစ် မတ်လထိ၊ လေးလကြာ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းနေရာဒေသ အတွင်း ကွင်းဆင်း မေးမြန်း လေ့လာခဲ့ခြင်းမှ ရရှိချက်များ ဖြစ်သည်။

လောကအလင်းအဖွဲ့နှင့် DDA အဖွဲ့တို့မှ လူငယ် ၂ဝ ကျော်အား သုတေသန ပညာရပ် သင်ကြားပေး ခဲ့ပြီး ထိုစီမံကိန်း အတွင်း နေရာ ခုနှစ်ခုတွင် ဒေသခံ ရွာသားများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများ၊ ဒေသခံ ၁၅ဝ ကျော်နှင့် အင်တာဗျုး မေးမြန်း ထားထားသည်ဟု ဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ဒေသခံများ အတွက် ဆောက်လုပ်ရေး ကုမ္ပဏီ ကိုးခုက အိမ်ခြေ ၃ဝဝ ကျော်ဆောက် လုပ်ပေးနေပြီ ဖြစ်ပြီး လာမည့် စက်တင်္ဘာလတွင် ရွာ ခြောက်ရွာ ပထမဆုံး ပြောင်းရွှေ့ ဖွယ်ရှိကြောင်း သိရသည်။

စီမံကိန်းကြောင့် ကျေးရွာပေါင်း ၁၉ ရွာ လူဦးရေ ၃၂,၂၇၉ ဦး၊ စာသင်ကျောင်း ၂၁ ကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၂၃ ခု ဖယ်ရှားခံရမည် ဖြစ်ကြောင်း ထားဝယ်ဒေသ DDA အဖွဲ့က ပြုစုထားသော စာရင်းများအရ သိရသည်။

စီမံကိန်းသည် တနင်္သာရီတိုင်း၊ သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့်အကွာရှိ ရေဖြူမြို့နယ်၊ နဖူးလယ်ကျေးရွာအနီးတွင် ရှိသည်။

နအဖ အစိုးရလက်ထက် ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံ Italian-Thai Development Public Co.Ltd နှင့် နားလည်မှု စာချွန်လွာ လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ၇၅ နှစ် လုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။ စီမံကိန်းကို ၂ဝ၁၄ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် ပထမအဆင့်၊ ၂ဝ၁၄ မှ ၂ဝ၁၇ ထိ ဒုတိယအဆင့်၊ ၂ဝ၁၅ မှ ၂ဝ၁၉ ထိ တတိယ အဆင့် ဟူ၍ သတ်မှတ် အကောင် အထည်ဖော်နေခြင်း ဖြစ်သည်။

ITD ကုမ္ပဏီက ၎င်းတို့၏ ရေရှည်ဘဏ္ဍာရေး စီမံကိန်းများကို ၂ဝ၁၂ ခုနှစ် မကုန်မီ အပြီးသတ် ရေးဆွဲနိုင်တော့မည် ဟု ကုမ္ပဏီ ဥက္ကဋ္ဌ Premchai Karnasuta က ဧပြီလကုန်ပိုင်းတွင် ပြောကြားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

အကြမ်းဖက်မှုမှာ မြို့လူထုပါဝင်ခြင်း မရှိလို့ တောင်ကုတ်မြို့ခံပြော

2012-06-07

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဥပဒေမဲ့ မင်းမဲ့စရိုက် ဆန်ဆန် ဖြစ်ပွားသွားမှုမှာ တောင်ကုတ်မြို့ လူထု ပါဝင် ပတ်သက်မှု မရှိဘဲ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ အတွက် ဖြစ်ပွား ရတာလို့ ဒေသခံတွေက ပြောပါတယ်။

လူမြင်ကွင်းမှာ နာရီနဲ့ချီဖြစ်ပွားသွားတဲ့ သတ်ဖြတ်မှုမှာ တာဝန် ရှိသူတွေက ကြိုတင် တားဆီးရင် အခြေအနေ အခုလောက် ဆိုးဝါးမှာ မဟုတ်ဘူးလို့ တောင်ကုတ်မြို့နယ် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်လှက ထောက်ပြပါတယ်။

"သေဆုံးသွားတဲ့လူတွေကို လူသားချင်း စာနာတဲ့အနေနဲ့ ကရုဏာ သက်တယ်ပေါ့ဗျာ။ ဖြစ်မှဖြစ်ရလေ၊ ဒီလိုမျိုး မလုပ်သင့်ဘူး။ ဒါဟာ ဒီလိုပဲ ရှိကြတာပဲ။ ဥပဒေ စိုးမိုးမှု လိုအပ်တယ်။ ဥပဒေ စိုးမိုးမှု မရှိလို့ အဲတာ အဓိကပါပဲ။ ဒီဥပဒေကို ကိုယ်တွယ်တဲ့ သူတွေက တိတိကျကျ တာဝန် သိသိနဲ့ ဆောင်ရွက်လို့ ရှိရင် ဒီလိုဆိုးဆိုးဝါးဝါး အခြေအနေတွေ ဖြစ်မလာပါဘူး"

ဒီလိုဖြစ်သွားတဲ့အတွက် သံတွဲကနေ ရန်ကုန်ကို သွားဖို့ပဲဖြစ်ဖြစ်၊ ရန်ကုန် ကနေ သံတွဲပြန်ဖို့ပဲဖြစ်ဖြစ် လမ်းမှာ တောင်ကုတ်ကို မဖြစ်မနေ ၀င်ရတဲ့ အဝေးပြေး ယာဉ်တွေကို အားကိုးနေရတဲ့ သံတွဲက အစ္စလာမ် ဘာသာဝင်တွေ ခရီး သွားလာရေး အတွက်လည်း အခက်အခဲ ရှိသွားတယ်လို့ ဆိုပါတယ်။

အစ္စလာမ်ဘာသာဝင်တွေဟာ အရင်က ခရီးသွားခွင့်ဗီဇာရဖို့ အခက်အခဲ ရှိခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာ အဆင်ပြေလာကာမှ နောက်ထပ် စိုးရိမ်စရာ ထပ်တိုး လာတယ်လို့လည်း ပြောကြပါတယ်။

တောင်ကုတ်နဲ့ သံတွဲမြို့ခံတွေ အချင်းချင်းလည်း အထင် လွဲစရာတွေ ဖြစ်လာရပြီး သံတွဲ နည်းပညာကောလိပ်ကို ၁၀ ရက် ပိတ်လိုက်တဲ့ အတွက် တောင်ကုတ်က ကျောင်းသားတွေ နေရပ်ပြန်လာ ကြရတယ်လို့ ဦးခင်လှက ပြောပါတယ်။

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမှော်ကျေးရွာအုပ်စု၊ သပြေချောင်းရွာက အမှု၊ တောင်ကုတ်ဖြစ်ရပ်နဲ့ စစ်တွေမြို့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားဥပဒေနဲ့ အညီ အရေး ယူနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေး အဖွဲ့ မနေ့က ဖွဲ့စည်း လိုက်ပါတယ်။ လတ်တလော တောင်ကုတ်မြို့ အခြေအနေ အေးအေးဆေးဆေး ရှိနေတယ်လို့လည်း သိရပါတယ်။

Ref: RFA News

Read More...

ရွှေတွင်းလုပ်သားများ ဆက်လက်ဆန္ဒပြ

2012-06-07

ရမည်းသင်းခရိုင် မိုးထိမိုးမိ တောင်တ၀ိုက်မှာ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ အသေးစား ရွှေတွင်း ကုမ္ပဏီတွေ၊ ရွှေတွင်း လုပ်သားတွေနဲ့ သက်ဆိုင်ရာ မိသားစုဝင် စုစုပေါင်း တစ်သိန်း နီးပါးဟာ ဒီကနေ့ ဆက်လက် ဆန္ဒပြနေကြပါတယ်။

တစ်ချိန်တည်းမှာလည်း ရွှေတွင်းအလုပ်သမား ကိုယ်စားလှယ်တွေ ဟာ လုပ်ငန်းခွင် တခုလုံးကို အပိုင် သိမ်းလိုက်တဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီက အုပ်ချုပ်ရေး တာဝန် ရှိသူတွေနဲ့ သူတို့ တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ ညှိနှိုင်းနေဆဲလို့ ရွှေတွင်း အလုပ်သမားတွေက ပြောပါတယ်။

ရွှေလုပ်သားတွေဘက်က တောင်းဆိုချက်တွေက သိမ်းဆည်း ခံထားရတဲ့ ရွှေတွင်း အင်း-အက်တာတွေ ပြန်ဖွင့်ပေးဖို့၊ ချမှတ်ထားတဲ့ ဇုန်အသီးသီးက ရွှေတူးစက်တွေ ပြန်လည်ပတ်နိုင်ဖို့၊ တပိုင်တနိုင် လုပ်ငန်းရှင် အသေးစားတွေနဲ့ တွဲလုပ်တဲ့ ရွှေလုပ်သားတွေရဲ့ အစုခံစားခွင့်တွေ ပြန်ရဖို့အတွက် တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

မိုးထိမိုးမိတောင် ရွှေတွင်းလုပ်ငန်းမှာ ဇုန် ၁၂ ဇုန်ရှိပြီး အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ အရင်က အကျိုးတူ စီးပွား လုပ်ကြတဲ့ လက်ခွဲကုမ္ပဏီ ရာဂဏန်း အထိ ရှိမယ်လို့ သိရပါတယ်။ အဲဒီ လက်ခွဲ ကုမ္ပဏီ အငယ်တွေဟာ သိန်း ၃၀၀ အနည်းဆုံး ရင်းနှီးမြှုပ်နှံ ထားကြပြီး အစိုးရထံမှာ ၅နှစ် ကန်ထရိုက်ရထားတဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ အကျိုးတူစီးပွား လုပ်ကိုင်နေကြတာပါ။

၇ လလောက်သာ အကျိုးတူစီးပွား လုပ်ကိုင်လာကြရာ ကနေ လုပ်ငန်း အဆင်ပြေ ချောမွေ့စြ ပုချိန်မှာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ရွှေလုပ်ငန်း တစ်ခုလုံးကို အပိုင် သိမ်းလိုက်တဲ့ အတွက် ရွှေတွင်း လုပ်ငန်းငယ်တွေနဲ့ အလုပ်သမားတွေ စုပေါင်း ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ရွှေတွင်းမှာ ဆန္ဒပြနေကြတဲ့ကိစ္စကို ကူညီဆောင်ရွက်ပေးနိုင်ဖို့ အတွက် ရန်ကုန် အခြေစိုက် အိုင်အယ်လ်အို ရုံးက ကိုယ်စားလှယ် ၂ ဦးလည်း ရောက်ရှိနေတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

Thursday, June 7, 2012

အမျိုးသမီးများနဲ့ ခေတ်မီတပ်မတော်

ဇွန်လ ၇ ရက် ၂၀၁၂

ဟန်လင်း

တပ်မတော် တရပ် အတွင်းမှာ အမျိုးသမီး စစ်သည်တွေ ပါဝင်တဲ့ နှုံးထားဟာ စစ်တပ် တခု ပိုပြီး ခေတ်မီလာတဲ့ စံ (သို့မဟုတ်) ပြဒါးတိုင် တခုလို့ ပြောဆို နိုင်ပါတယ်။ ခက်တန်သော စစ်တပ် တခုကို လူထုနဲ့ ပိုနီးစပ် လာစေပြီး ယဉ်ကျေးမှု မြင့်မားသော တပ်မတော် တရပ်ဖြစ်ကြောင်း ဖေါ်ပြချက် နောက်ထပ် တမျိုးလည်း ဖြစ်ပါ တယ်။

ကျနော်တို့ရဲ့ မြန်မာ့ တပ်မတော်ထဲမှာ ဆေးတပ်နဲ့ စစ်ရုံးတွေမှာ အမျိုးသမီး စစ်သည် တချို့ကို တွေ့ရပြီး များသောအားဖြင့် ဆရာဝန် ဗိုလ်မှူး၊ ဗိုလ်ကြီး မမများနဲ့ စာရင်းကိုင် ရုံးအုပ် အဆင့်တာဝန်တွေလောက်မှာ အကြပ် အမျိုးသမီးတွေကို အုပ်ချုပ်ရေးနဲ့ ရုံးလုပ်ငန်းပိုင်း အတွက် တာဝန်ပေးလေ့ ရှိပါတယ်။ ဒီထက် တိုးပြီး ထမ်းဆောင်စရာ တာဝန်တွေလည်း မြန်မာ စစ်တပ်ထဲ မရှိခဲ့လို့ပါပဲ။ လက်ရုံး တပ်တွေဖြစ်တဲ့ ရဲတပ်ဖွဲ့ လူဝင်မှု ကြီးကြပ်ရေး စသုံးလုံး တပ်ဖွဲ့နဲ့ ထောက်လှမ်းရေး တပ်တွေထဲမှာတော့ လုပ်ငန်း လိုအပ်ချက်အရ အမျိုးသမီး ရဲမေတချို့ကို သာမန် တပ်သား အဆင့်လောက် စလို့ တမင် ထည့်သွင်းပြီး ဖွဲ့စည်း ထားရတာ ရှိပါတယ်။ ပြည်တွင်းစစ်တွေ ဖြစ်နေဆဲ မြန်မာပြည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကချင် တပ်ဖွဲ့ထဲမှာ စစ်သည်အင်အား ၁ သောင်း ကျော် အနက် အမျိုးသမီး စစ်သည် အင်အား ၆၀၀ ကျော် ရှိနေကြောင်း သိရပါတယ်။

ကျနော်တို့အိမ်နီးချင်းအိန္ဒိယနိုင်ငံမှာတော့ ၁၉၉၂ ခုနှစ် လောက်ကမှ စစ်တပ် ထဲသို့ အမျိုးသမီး စစ်သည် ပထမ အသုတ်ကို ထည့်သွင်း တာဝန်ထမ်း ခိုင်းခဲ့ တာပါ။ ဘင်္ဂလားဒေ့နဲ့ အိန္ဒိယ နယ်စပ်မှာ နယ်ခြားစောင့် အမျိုးသမီး တပ်ရင်းတွေကို နေရာ ချထား တာဝန် ထမ်းခိုင်း နေတာကိုလည်း တွေ့ရပါတယ်။ အစွန်းရောက် အစ္စလမ် ဘာသာရေး နိုင်ငံဖြစ်တဲ့ ပါကစ္စတန်မှာတော့ အမျိုးသမီး စစ်သည် လုံးဝ မထားရှိပါဘူး။ နောက်ထပ်ခြွင်းချက် တခုအနေနဲ့ စီးပွားရေး ပိုင်းမှာ ဖွံ့ဖြိုး တိုးတက်ပေမဲ့လည်း အမျိုးသမီးတွေ အပေါ် နိမ့်ချ ခွဲခြား ဆက်ဆံလေ့ရှိတဲ့ ဂျပန်နဲ့ တောင်ကိုရီးယား စစ်တပ်ထဲမှာလည်း အမျိုးသမီး စစ်သည်တွေကို သိပ်နေရာ မပေးကြတာ တွေ့ရပြန်ပါတယ်။

အမေရိကန်စစ်တပ်ထဲမှာ ဆိုရင်တော့ အမျိုးသမီး စစ်သည် အင်အားပေါင်း (၂) သိန်းဟာ စစ်ရေး တာဝန် အသီးသီး ထမ်းဆောင်လို့ နေပါပြီ။ အမေရိကန် စစ် အင်အားရဲ့(၂၀%)ပါ။ အီရတ် စစ်ပွဲ အတွင်းမှာ အမေရိကန် အမျိုးသမီး စစ်သည်တွေ အများဆုံး ဆင်နွဲခဲ့ကြောင်းနဲ့ သူရဲကောင်း ဆုတံဆိပ်တွေ ရရှိခဲ့ကြောင်း လည်း သိရပါတယ်။

ဗြိတိသျစစ်တပ်ထဲမှာလည်း ၁၉၉၀ ခုနှစ်လောက်က စပြီး အမျိုးသမီးတွေ တာဝန် ထမ်းခိုင်း ခဲ့တာပါ။ ဗြိတိသျှတပ် စစ်သည် အင်အား (၂၀၆၀၀၀) ရှိတဲ့ အနက် အမျိုးသမီး စစ်သည် အရာရှိ (၁၇၉၀၀) အခြားအဆင့် (၁၄၂၃၀) ယောက် ရှိနေတယ်လို့ သိရပါတယ်။ ကြည်းတပ်ရဲ့ ၇.၁% ရေတပ်မှာ ၉.၄%နဲ့ လေတပ်က ၁၁.၉% ဟာ အမျိုးသမီး စစ်သားတွေပါ။ ဗြိတိသျှ တပ်မတော် တခုလုံးရဲ့ ၉.၁% သော ဦးရေဟာ အမျိုးသမီး စစ်သည်တွေ ဖြစ်ကြပါတယ်။

ဒုတိယ ကမ္ဘာစစ်ကို ရှုံးပြီးနောက် ၁၉၅၅ ခုနှစ် ကျမှ ပြန်ဖွဲ့စည်း တည်ထောင်ခွင့် ရခဲ့တဲ့ ဂျာမဏီ စစ်တပ် ထဲမှာတောင် သူနာပြုတွေ အဖြစ်နဲ့ အမျိုးသမီးတွေ ၁၉၇၅ လောက်က စပြီး ပါဝင်ခဲ့သလို လက်ရှိမှာတော့ အမျိုးသမီး စစ်သည် ၁၂၀၀၀ အင်အားဖြင့် တပ်မတော်ရဲ့ ၆% လောက် ဖြစ်လာခဲ့ပါပြီ။

အရှေ့ဥရောပနိုင်ငံတွေဖြစ်တဲ့ ရုရှားမှာ ဆေး၊ ဆက်သွယ်ရေး ထောက်ပို့ ဆိုင်ရာမှာ အမျိုးသမီး စစ်သည် ဦးရေ ၉၅၀၀၀ လောက် ရှိနေပါတယ်။ ချက်နဲ့ စလိုဗက်လို့ ၂ ပြည် ကွဲသွားတဲ့ ဆလိုဗက် တပ်မတော် ထဲမှာလည်း ၁၉၇၁ ခုနှစ်က စလို့ အမျိုးသမီးတွေ ထည့်သွင်း ခဲ့ပြီး ဒီနေ့ ချက်တပ်မတော်ရဲ့ ၁၈% ဟာ မိန်းမ စစ်သည်တွေပါ။ ထို့အတူ ဘူဂေးရီးယား စစ်တပ်ရဲ့ ၇% ဟာလည်း မိန်းမတွေပါပဲ။

စစ်တပ်ထဲမှာ အမျိုးသမီးတွေ ပါဝင် ဖွဲ့စည်းခဲ့တဲ့ သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော် ရှိခဲ့တဲ့ ကနေဒါ တပ်ထဲမှာတော့ ကနေဒါ စစ်တပ် အင်အားရဲ့ ၁၃% လောက် ဟာ အမျိုးသမီးတွေ ဖြစ်နေပါတယ်။

ဘာကြောင့် အမျိုးသမီးစစ်သည်တွေ တာဝန် ထမ်းခွင့် ပိုရလာ ရသလဲလို့ ဆိုရင်တော့ တရုပ်နဲ့ အိန္ဒိယ နိုင်ငံတို့က အတွေ့အကြုံများနဲ့ နှိုင်းယှဉ်ပြီး ဆက်စပ် သုံးသပ်ကြည့်ရ ပါလိမ့်မယ်။

အမျိုးသမီးတွေကို ဆေး၊ သွားဖက် ဆိုင်ရာနဲ့၊ သူနာပြု စတဲ့ ကဏ္ဍတွေမှာသာ စောစောပိုင်းတုံးက ပါဝင်ခွင့် ပြုထားခဲ့တဲ့ အိန္ဒိယ စစ်တပ်ဟာ ၁၉၉၀ ခုနှစ် လောက်က စလို့ စစ်ရေးဆိုင်ရာ သဘောထားတွေ ပြောင်းလဲ လာခဲ့ပါတယ်။ တိုက်ခိုက်ရေး မဟုတ်တဲ့ဘက် အင်ဂျင်နီယာ၊ ဆက်သွယ်ရေး၊ ထောက်ပို့၊ ပညာရေး၊ ထောက်လှမ်းရေး၊ တရားစီရင်ရေးနဲ့ လျပ်စစ်၊ စက်မှု အင်ဂျင်နီယာလို တတ်သိ ပညာလိုင်းတွေမှာ အမျိုးသမီးတွေကို ပိုပြီး တာဝန် ပေးခဲ့ပါတယ်။ ကြည်း တပ်ရဲ့ (၂.၄၄) % နဲ့ ရေတပ် ထဲမှာ (၃%) လေတပ်မှာ (၆.၇%) တို့ဟာ အမျိုးသမီး စစ်သည်တွေ ဖြစ်ကြပါတယ်။ အဲဒီလိုမျိုး အမျိုးသမီး စစ်သည်တွေကို အိန္ဒိယ စစ်တပ်ထဲ ထည့်သွင်းနိုင်တဲ့ အဓိက အချက်ဟာ နိုင်ငံအနေနဲ့ စီးပွားရေး အရ ဖွံ့ဖြိုး တိုးတက် လာခဲ့သလို အိန္ဒိယ စစ်တပ်က ဒုတိယ မျိုးဆက် စစ်လက်နက် နည်းပညာများ စွဲကိုင်ခဲ့ရာမှ တတိယမျိုးဆက် နည်းပညာသို့ ကူးပြောင်း သုံးစွဲ ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ အနောက်ဖက် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ စတုတ္ထ မျိုးဆက် နည်းပညာ ခေတ်ထဲသို့ ရောက်ရှိ နေချိန်မှာ အိန္ဒိယ နိုင်ငံ တပ်မတော် အနေနဲ့ ခေတ်ကို အမှီနိုင်လိုက်ဖို့ လိုအပ်နေပါပြီ။

တရုပ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထဲမှာလည်း ဒုဗိုလ် အဆင့်နဲ့ အမျိုးသမီး လေယဉ်မှုးများ ပထမ အသုတ်ကို ၂၀၀၉ ခုနှစ် ဧပြီလထဲက သင်တန်း ဆင်းပေး ခဲ့ကြပါတယ်။ တရုပ် တပ်မတော်ရဲ့ လက်ရှိ ကျင့်သုံးတဲ့ ခေတ်သစ် သမရိုးကျ မဟုတ်တဲ့ စစ်သေနင်္ဂ ဗျူဟာမှာ ယခင် လူအင်အား အခြေပြု စစ်ဆင်ရေးမှသည် နောက်ဆုံးပေါ် လက်နက်၊ ထောက်လှမ်းရေး နည်းပညာများနဲ့ သတင်းကွန်ယက် ထိန်းချုပ်နိုင်မှု တွေက ပိုပြီး ရှေ့တန်း ရောက်လာသလို ခေတ်မီ စစ်ဆင်ရေး ကိစ္စ နေရာ အတော်များများမှာ အမျိုးသမီး စစ်သည်တွေ တာဝန် ထမ်းဆောင်လို့ ရတဲ့ အနေအထား ပိုရှိလာခဲ့ပါပြီ။ အရင်တုံးက စစ်သားတွေသာ လုပ်ဆောင်နိုင်တဲ့ တိုက်လေယဉ် မောင်းနှင် တိုက်ပွဲဝင်တာမျိုး လောက်ဟာ ဒီကနေ့ တရုပ်အမျိုးသမီး အရာရှိတွေ အတွက် ထမင်းစား ရေသောက်ဆိုတဲ့ အဆင့်ပါပဲ။ ကွန်ပြူတာ စနစ်ဖြင့် ထိန်းချုပ် မောင်းနှင်တဲ့ တရုပ် တပ်မတော်ရဲ့ ခေတ်ပေါ် စစ်လက်နက်များကြောင့် ခေါင်းအေး တည်ငြိမ်ပြီး ပြော့ပြောင်း ညင်သာလေ့ ရှိသူ မိန်းမသား စစ်သည်တွေနဲ့ ပိုသင့်လျော်ကာ တာဝန် ထမ်းခွင့်တွေ ပိုရလာ စေခဲ့တာလည်း ဖြစ်စေပါတယ်။

စစ်တပ်ထဲမှာ အမျိုးသမီးတွေ ပါဝင် ဖွဲ့စည်းရတဲ့ အခြေခံ အချက်ဟာ အမျိုးသား စစ်သည် စုဆောင်းဖို့ မလုံလောက်လို့ ဆိုတဲ့ အကြောင်းတခု အပြင် စစ်တပ် သုံးစွဲတဲ့ နည်းပညာ မြင့်မား လာတာနဲ့ အတူ နိုင်ငံတော်ရဲ့ ပညာရေး၊ လူနေမှုနဲ့ ယဉ်ကျေးမှု မြင့်မား လာခြင်းတို့ကြောင့် လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းစစ်လည်း မရှိ ပြည်ပ တိုင်းပြည်တွေမှာ စစ်တပ်တွေ စေလွှတ်ပြီး နေရာ ချမထားတဲ့ ကနေဒါ၊ သြစတေးလျ တို့လို နိုင်ငံတွေက စစ်တပ်များ အတွင်း အမျိုး သမီး စစ်သည် ပါဝင်နှုံး မြင့်မားနေတဲ့ ထူးခြားချက် တခုကိုလည်း တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ကမ္ဘာပေါ်က ကျား/မ ခွဲခြား ဆက်ဆံမှု နည်းပါးပြီး တန်းတူ အခွင့်အရေး ရရှိနေတဲ့ နိုင်ငံ အတော်များများက စစ်တပ် အသီးသီးမှာ အမျိုးသမီး စစ်သည်တွေ တာဝန် ထမ်းဆောင်ခွင့် ရရှိလို့ နေကြပါပြီ။

ပြီးခဲ့တဲ့မေလ(၁)ရက်နေ့ ဗန်ကောက်မြို့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ အမျိုးသမီး ခွဲခြား ဆက်ဆံမှု မြင့်မားနေဆဲ ဖြစ်ကြောင်း၊ လက်ရှိ အစိုးရ လွှတ်တော် ကိုယ်စားလှယ် ၆၀၀ ကျော်ရှိရာမှာ အမျိုးသမီး ကိုယ်စားလှယ် ၁၅ ဦးလောက်ပဲ ရှိနေ ပါသေးတယ်လို့ မြန်မာပြည်က အမျိုးသမီးတွေရဲ့ လက်ရှိ အခြေအနေ တချို့ကို ထုတ်ဖေါ် တင်ပြ ခဲ့ပါသေးတယ်။

ထောက်လှမ်း၊စစ်ဆင်၊သုတေသနဆိုတဲ့ကဏ္ဍစုံမှာ ခေတ်သစ် စစ်နည်း ပရိယယ်နဲ့ နည်းပညာသစ် တချို့ စတင် အသုံးပြုပြီး နည်းပညာမြင့် ခေတ်မီ တပ်မတော် တရပ် အဖြစ် ထူထောင်နိုင်ဖို့လို့ ဆိုပြီး ပြည်ပ နိုင်ငံတွေကို အထူးသဖြင့် ရုရှားနိုင်ငံသို့ မြန်မာ စစ်တပ်က ပညာတော်သင် စေလွှတ်တဲ့ အထဲမှာ DSA စစ်တက္ကသိုလ်ဆင်း တွေနဲ့ (သ ပ န) (ခေါ်) သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနက စေလွှတ်တဲ့ လူတွေအားလုံး လိုလိုဟာ ယောက်ျားတွေပဲ ဖြစ်နေတာကို တွေ့ရ ပြန်ပါတယ်။ တိုင်းပြည်မှာ အစိုးရသစ်၊ အုတ်ချုပ်မှု စနစ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် အသစ်တွေသာ ပြောင်းသွား ပေမယ့် မြန်မာစစ်တပ် ထိပ်သီးတို့ရဲ့ စိတ်နေ သဘောထား တွေက ဒုံရင်းအတိုင်း ရှိနေသေးဆဲလို့ ဆိုရမလိုပါ။

ကျနော်တို့ တိုင်းပြည်မှာ တပ်မတော်တွင်း အမျိုးသမီး စစ်သည်တွေ ပိုမို ပါဝင် တာဝန် ထမ်းဆောင်ခွင့် မရနိုင်သေးတဲ့ အဖြစ်ဟာ ကျား/မ ခွဲခြားမှု မြင့်မားနေဆဲ ဖြစ်ကြောင်း။ တိုင်းပြည်ရဲ့ ပညာရေးနဲ့ လူနေမှု၊ ယဉ်ကျေးမှု နိမ့်ကျနေဆဲ ဖြစ်ကြောင်းနဲ့ မြန်မာ့ တပ်မတော်ရဲ့ စစ်ရေး အမြင်နဲ့ သုံးစွဲတဲ့ ခေတ်မီ လက်နက် နည်းပညာတွေ ချို့တဲ့ပြီး ခေတ်မမီ တော့တဲ့ ဒုတိယ မျိုးဆက် လက်နက် နည်းပညာတွေကိုပဲ မြန်မာ စစ်တပ်တွင်း ဆက်လက် ကိုင်စွဲ နေကြရဆဲ ဆိုတဲ့ အချက်တွေကို ကမ္ဘာသို့ ဖွင့်ဟ ၀န်ခံနေသလိုပါပဲ။

ချုပ်ပြီး ပြောရမယ် ဆိုရင် ကျနော်တို့ မြန်မာ့ တပ်မတော် အတွင်း အမျိုးသမီး စစ်သည် ဦးရေ ပိုများလာတဲ့ နေ့တနေ့ (ဒါမှမဟုတ်) စစ်တပ်ရဲ့ နေရာ အတော် များများမှာ အမျိုးသမီး စစ်သည်တွေ တာဝန် ထမ်းဆောင်ခွင့်တွေ ပိုရရှိလာတဲ့ တနေ့ဟာဖြင့် ခေတ်မီမီ ကျနော်တို့ မြန်မာ့ တပ်မတော်ကြီး စတင်ဖြစ်ထွန်း ပေါ်ပေါက် လာတဲ့နေ့ တနေ့ပဲလို့ ဆိုရတော့မယ်။

ဟန်လင်း



Read More...

အခြားနိုင်ငံအပေါ် မှီခိုရခြင်းကို မကြိုက်ဟု ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြား

Wednesday, 06 June 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခြားနိုင်ငံများ အပေါ် မှီခိုရခြင်းကို ကြိုက်နှစ်သက်ခြင်း မရှိဟု သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး Bob Carr က သူမ၏ နေအိမ်သို့ လာရောက်တွေ့ဆုံ အပြီးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

''ကျွန်မသဘောပြောရရင် မှီခိုမှုရှိတာကို မကြိုက်ပါဘူး။ စီးပွားရေး ပိတ်ဆို့မှုတွေက နိုင်ငံရေးအရ သက်ရောက်မှု ရှိတယ် ဆိုပေမယ့် ဒီနိုင်ငံ တကယ်ပြောင်းလဲဖို့က စီးပွားရေး ပိတ်ဆို့မှု သာမက ကျန်တဲ့ ဘယ်ကိစ္စ အပေါ်မှာမှ မူတည်နေခြင်း မရှိပါဘူး။ ကျွန်မတို့ နိုင်ငံသားတွေ အပေါ်မှာပဲ မူတည်နေပါတယ်''ဟု သူမကပြောကြားခဲ့သည်။

သူမနှင့် မစ္စတာ Bob Carr တို့က စီးပွားရေးပိတ်ဆို့မှုများ အကြောင်းလည်း ဆွေးနွေး ခဲ့ကြသည်ဟု ဆိုသည်။

''ကျွန်မအမြင်အရတော့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်း တာထက် ရွှေ့ဆိုင်း ထားတာကို ပိုပြီး သဘောကျပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီနိုင်ငံရဲ့ ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြန်လည်ပေးဆပ်တဲ့ အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ရွှေ့ဆိုင်းလိုက်တာပါ။ ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုကို မထိန်းသိမ်းနိုင်ရင် ပြန်လည်ပေးဆပ်မှု ဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr သည် ဇွန် လ ၅ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး အစိုးရနှင့် အတိုက်အခံပါတီတို့မှ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် သြစတြေးလျနိုင်ငံ၏ ပါဝင်မှုကို လမ်း ညွှန်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ၄င်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မြန်မာ့ပညာရေးနှင့်ပတ်သတ်၍ ဆွေးနွေးရာတွင် အသက်မွေးမှုပညာရပ်များ သင်ကြားပေးနိုင်ရေး၊ သင်ရိုးများ၏ အရည်အသွေးနှင့် ပညာရေး၏ အရည်အသွေးမြှင့်တင်ရေး လူမှုအသိုင်းအ၀န်းအတွင်းရှိ လူတိုင်းစေ့ လက်လှမ်းမီနိုင်သည့် ပညာရေးရရှိ စေရေးကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံမှ စီးပွားရေး ပိတ်ဆို့ထားသူစာရင်းကို ၃၉၂ ဦးမှ ၁၂၆ ဦးသို့ လျော့ချပေးခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ ကူညီမည့် ငွေကြေးကို ၃၀ ရာခိုင်နှုန်း (၆၃.၈ သန်း)အထိ တိုးမြှင့်ပေးသွားမည်ဟု သိရသည်။ မစ္စတာ Bob Carr သည် မြန်မာ နိုင်ငံသို့ ရောက်ရှိအပြီးတွင် ရန်ကုန်မြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းသွားရန် ရန်ပုံငွေ ပေးအပ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

Ref: EMG News

Read More...

ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး တိုးတက် ရရှိဖို့ အခြေအနေ ရှိ

2012-06-06

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံအာဏာပိုင်တွေ ရွှေ့ပြောင်း အလုပ်သမားများ အရေးကို ဆွေးနွေးပြီးတဲ့နောက် အခု ရက်ပိုင်းမှာ မြန်မာ အလုပ်သမား အခွင့်အရေး ဆိုင်ရာများ တိုးတက်ရရှိဖို့ အခြေအနေ ရှိတယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို ရောက်ရှိစဉ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ အရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် အပြင် ထိုင်း အလုပ်သမား ဒုတိယ ၀န်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပြီး နောက်ပိုင်းမှာ တိုးတက်မှု အရိပ်အရောင်တွေ ရရှိခဲ့တယ်လို့ ဆိုကြပါတယ်။

ထိုင်းနိုင်ငံ မဟာချိုင်က အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးတိုးက -

"ထူးခြားမှုတစ်ခုကတော့ ကျွန်တော်တို့အလုပ်သမားတွေ ဒီလ ၁၄ ရက်နေ့ ဆိုလို့ရှိရင် ဘတ်သက်တမ်း ကုန်မယ် ဟုတ်လား။ အဲဒါကို လောလောဆယ် ကာလ တိုးပေး လိုက်တယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိအောင် တိုးပေးလိုက်တယ်"

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေအနေနဲ့ တရားဝင်နေထိုင် လုပ်ကိုင်နိုင်ရေးဟာ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလုပ် သမားတွေကို ပြောခဲ့သလို တရားဝင်နိုင်ငံကူး လက်မှတ်နဲ့ အလုပ် လုပ်ကိုင်ခွင့်များ ရှိဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ လုပ်ခ လစာ ရရှိဖို့ အတွက်လည်း ဆောင်ရွက်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်က သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ လုပ်ခ လစာ ရရှိဖို့ ထိုင်းနိုင်ငံ ဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်ပေမဲ့ အလုပ်ရှင်များက လိုက်နာခြင်း မရှိဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမားတစ်ဦးကို အစိုးရသတ်မှတ်ထားတဲ့ အနိမ့်ဆုံး တစ်နေ့ကို ဘတ် ၃၀၀ ရရှိတဲ့ မြို့နယ် ၇ မြို့နယ်သာ ရှိတာကြောင့် ထိုင်းနိုင်ငံသားတွေ ကိုယ်တိုင် အစိုးရသတ်မှတ်ချက်အတိုင်း ခံစားခွင့် မရသေးဘူးလို့ ပြောဆိုပါတယ်။

Ref: RFA News

Read More...

အကြမ်းဖက်မြန်မာ့တပ်မတော်

ဇွန်လ ၇ ရက် ၂၀၁၂

ဟန်လင်း

စစ်တပ်ဆိုတာမျိုးဟာ မတစ်ထောင်သားတွေနဲ့ ဖွဲ့တည် ထားတာမို့ ပရမ်းပတာ မဖြစ်ရ လေအောင် အထက်အမိန့် တခုတည်း အောက်မှာ တင်းကြပ်တဲ့ စည်းကမ်းများနဲ့ ပြတ်သားစွာ အုပ်ချုပ် ကွပ်ကဲ ထားရတဲ့ အဖွဲ့အစည်း တခုပါ။ အထက်က အမိန့်တွေ ဘယ်လောက်ပဲ တင်းကြပ်ပေမယ့် အောက်ခြေမှာ ချိုးဖေါက်မှု မျိုးစုံလည်း ဖြစ်တတ် ပြန်ပါတယ်။

အနိမ့်ဆုံး ဆိုမာလီပင်လယ်ဒါးမြ တပ်တွေ ထဲမှာပဲ ဖြစ်ဖြစ် မြောက်ကိုရီးယားလို အာဏာရှင် တပ်မတော်တွေ ထဲမှာပဲ ဖြစ်ဖြစ် အမေရိကန် ဒီမိုကရေစီ တပ်မတော်မှာပဲ ဖြစ်ဖြစ် အကြမ်းဖက်မှုတွေ ရှိတတ် စမြဲပါ။ ဒါကြောင့် စစ်တပ်ဆို တဲ့ အကြမ်းဖက် အဖွဲ့အစည်း တခုကို ပြည်သူ့ အကျိုးပြု အဖွဲ့အစည်း တခု ဖြစ်လာအောင် တည်ဆောက် ယူရတာမျိုး ဆိုတာ သိပ်ပြီးတော့ မလွယ်လှပါဘူး။

ဂျပန်ခေတ် ကျနော်တို့ မြန်မာ့ တပ်မတော်ရယ်လို့ ရဲဘော် သုံးကျိပ်နဲ့ စတင် အခြေတည်ပြီး ဖွဲ့ခဲ့ကြ တုံးကလည်း တပ်မှူး လုပ်သူတွေ ကိုယ်တိုင် ခပ်မိုက်မိုက် ခပ်ကြမ်းကြမ်း ကိုင်တွယ် အုပ်ချုပ် ခဲ့ရတာပါပဲ။ ယိုးဒယား နယ်စပ်မှ မြန်မာ ပြည်တွင်းသို့ ဂျပန် တပ်မ (၅၅) နဲ့ အတူ တပ်ဦးကနေ ချီတက် ထိုးဖေါက် ၀င်ရောက် လာစဉ် ဗြိတိသျှ အားကိုးဖြင့် လူထု အပေါ် မတရားမှု ပြုလွန်းသူ သထုံခရိုင် ပေါင်မြို့နယ် သဲဖြူကုံး သူကြီး အဗ္ဗဒူရာရှစ် ဆိုသူကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဘက်နက်နဲ့ ထိုး စီရင် ခဲ့ရကြောင်း သမိုင်းသက်သေ ရှိခဲ့ပါတယ်။

၁၉၄၆ ခုနှစ်မေလ ၂၄ ရက်နေ့ အိန္ဒိယ ဘုရင်ခံချုပ်နဲ့ တွေ့ဆုံစဉ် ဘုရင်ခံက မေးမြန်းရာမှာ ဗိုလ်ချုပ်အောင်ဆန်း က ပွင့်လင်း ရိုးသားသူ ပီပီ မကြောက်မရွံ့ ဟုတ်မှန်ရာ အတိုင်း ၀န်ခံ ခဲ့ပါတယ်။ ထို့အတူ ယခင် စစ်ဦးစီးချုပ် ဟောင်း ဗိုလ်ချုပ် ကျော်ဇောကလည်း တပ်ထဲက လူဆိုး လူမိုက် အကြပ် တယောက်ကို အပြစ်အရ သူကိုယ်တိုင် ဘက်နက်နဲ့ထိုး အပြစ်ပေး စီရင်ခဲ့ဖူးကြောင်း ဖွင့်ဟ ဖူးပါတယ်။

မလွှဲမရှောင်သာလို့ အဲဒီလိုစီရင်ခဲ့ကြရ သလို ဖြစ်စဉ်တွေ အပေါ် ခေါင်းဆောင်ပီပီ တာဝန်ယူစိတ် ရှိရှိ ဖွင့်ဟခဲ့တာ တွေကိုကြည့်ရင် မြန်မာ့ တပ်မတော်ရဲ့ နိဒါန်း အဖွင့်မှာ အကြမ်းဖက်မှုတွေနဲ့ စခဲ့ပေမယ့် ပြည်သူ လူထု အများ အတွက် တပ်မတော်ကြီး တခုလုံး အတွက် နောင်စံနမူနာ အဖြစ် ဆုံးဖြတ် စီရင် ခဲ့ကြရတာလို့ ဆိုရ ပါလိမ့်မယ်။

ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော် စစ်စည်းကမ်းတွေ ထဲမှာတော့ ပြည်သူအပေါ် လူထုအပေါ် တပ်မတော် သား အချင်းချင်း အပေါ် အကြမ်းဖက် ဖြေရှင်းဖို့ ချမှတ်ထားတဲ့ စည်းကမ်း တချက် ကလေးမှ မပါရှိခဲ့တာ တပ်မတော်သားတိုင်း အသိပါ။ ခေတ်အဆက်ဆက် စွဲကိုင်ခဲ့တဲ့ တပ်မတော်ရဲ့ ဆောင်ပုဒ် ကိုယ်တိုင်ကလည်း ရန်သူ အပေါ်မှာသာ မီးလိုနေလို ကျင့်သုံးပြီး ပြည်သူ အပေါ်မှာ ရေလိုလလို ဆက်ဆံကြဖို့ မဟုတ်ပါလား။

အရင်တုံးကဖြစ်ခဲ့တဲ့လူထုအုံကြွမှုအမျိုးမျိုးကို စစ်တပ်နဲ့ စစ်တပ် အသွင်ပြောင်း လုံထိန်းတွေ ကိုယ်တိုင် အကြမ်းဖက် ဖြိုခွဲခဲ့ပြစ်လေ့ ရှိခဲ့သလို ဒီကနေ့လို ခေတ်ပြောင်း ကာလမှာလည်း ပြည်သူလူထု အပေါ်မှာ စစ်တပ်ရဲ့ အကြမ်း ဖက် အနိုင်ကျင့်မှု သတင်းတွေ တစ်စ တစ်စနဲ့ တောက်လျောက် ထွက်ပေါ်လို့ လာနေပြန်ပါပြီ။

ကချင်ပြည်ထိုးစစ်အတွင်း မြန်မာ စစ်တပ်က လူထုကို သတ်ဖြတ်တာ မုဒိန်း ကျင့်တာတွေ အထူး ပြုလုပ်ခဲ့လို့ ကချင် မျိုးနွယ်စုအပေါ် လူသားမျိုး ဖျောက်ဖျက်ဖို့ စစ်ဆင်နွဲနေတဲ့ အကြောင်းနဲ့ တားဆီးပေးဖို့ KIA ကချင် တပ်မတော် ကနေ ကုလသမဂ္ဂသို့ တိုင်ကြားခဲ့ပါတယ်။ တနင်္သာရီတိုင်း မော့တောင်ဒေသ အခြေစိုက် ခလရ ၂၂၄ ဆိုရင် အကြမ်းဖက် သတ်ဖြတ် တတ်လွန်းလို့ လူထုက အသေကြောက် ကြပါတယ်။

ယခုမေလအတွင်း ရန်ကုန် ပတ္တမြားမြို့သစ်က လ္ဘက်ရည် ဆိုင်သို့ လုံထိန်းရဲ တပ်ရင်း (၈)က ရဲတပ်ဖွဲ့ဝင် ၅၀ လောက် လက်နက်ကိုယ်စီ ကိုင်ပြီး လ္ဘက်ရည်ဆိုင်နဲ့ ရပ်ကွက်ထဲ အထိ ကို ၀င်ရောက် ရိုက်နှက် ဖျက်ဆီး ခဲ့ပါတယ်။ စစ်တပ် အသွင်ပြောင်း ဖွဲ့စည်းထားတဲ့ လုံထိန်း တပ်ရင်းတွေ အကြမ်းဖက်တာ များလွန်းလို့လည်း လွှတ်တော် အတွင်း လုံထိန်း တပ်ရင်တွေ ဆက်မထား ရှိသင့်တော့ကြောင်း အဆို တင်နေကြပါတယ်။

စစ်သားနဲ့ အသွင်ပြောင်း လုံထိန်းတွေ သာမက စစ်ပြန် စစ်မှုထမ်းဟောင်း တွေနဲ့ ဖွဲ့စည်း ထားတဲ့ ဦးပိုင် ကော်ပိုရေးရှင်း လက်အောက် ရန်ကုန်ရှိ ပါရမီနဲ့ ဗန္ဓုလ ခရီးသည် ပို့ဆောင်ရေး လိုင်းတွေမှာလည်း ခရီးသည် ပြည်သူတွေကို မောက်မာ စော်ကား ရိုင်းပြစွာ ဆက်ဆံရာနေ ရိုက်နှက် သတ်ဖြတ်မှုတွေ အထိ ပြောင်ပြောင် တင်းတင်း လုပ်နေကြတာ ပါပဲ။ လက်ရုံးတပ် တခုဖြစ်တဲ့ ရဲတပ်ဖွဲ့တွေ ထဲမှာလည်း အလားတူ အကြမ်းဖက်မှု တွေကို တွေ့ရပြန်ပါတယ်။

ပြည်သူလူထုအပေါ် အကြမ်းဖက် ဆက်ဆံကြဖို့ တပ်မတော် အက်ဥပဒေ ထဲမှာလည်း မရှိ ရဲလက်စွဲ ဥပဒေတွေ ထဲလည်း မပါပေမယ့် ဒီဖြစ်စဉ်တွေကို ခြုံငုံ သုံးသပ်ပြီး ယခုခေတ် စနစ်နဲ့ အုပ်ချုပ်မှု အသွင်သစ် ပြောင်းနေ ပါပြီလို့ ဆိုနေတဲ့ ဦးသိန်းစိန် အစိုးရ လက်ထက် အတွင်း ဘာကြောင့်များ ခုလိုမျိုး ထူးခြားစွာ ဆက်တိုက် ဖြစ်ပေါ် လာနေရသလဲ ဆို တာကတော့ မေးခွန်း ထုတ်ကြည့် ချင်စရာပါ။

မဆလခေတ်၊ န၀တ-နအဖ တပ်မတော် ခေတ်တုံးက ရှေ့တန်း ထွက်ရတဲ့ စစ်ကြောင်း၊ တပ်ရင်းတိုင်း လိုလိုဟာ တပ်မတော် နည်းဥပဒေထဲလည်း မပါ တပ်တည်မြဲ အမိန့်တွေ အတိုင်း မဟုတ်တဲ့ သွယ်ဝိုက်သော အမိန့်များ အတိုင်း လိုက်နာလို့ လုပ်ဆောင် ခဲ့ကြရ ဖူးပါတယ်။

အမိန့်အများစုဟာ ရန်သူသို့ ရန်သူလို့ ယူဆရသူ အရပ်သားများ ရန်သူ သတင်းပေးများလို့ ထင်ရသူတွေ သို့မဟုတ် ဖမ်းဆီး မိလာတဲ့ သုံ့ပန်းတွေကို အပြတ် ရှင်းခိုင်းတဲ့ အမိန့်တွေပါပဲ။

အထက်အမိန့်ပေးသူကနေ သတ်ပြစ်လိုက်ပါလို့ ဘယ်တုံးကမှ အမိန့် မပေးခဲ့ကြပါဘူ။ လက်အောက် တပ်ရင်း စစ်ကြောင်း တာဝန်ခံတွေကို မင်းတို့ အိပ်ကပ်ထဲက ဘော်လုံးကို လေလျှော့ ပြစ်လိုက်တော့။ ဒါမှမဟုတ် ရိက္ခာစား လျှော့ပြစ်လိုက်လို့ ဆိုတဲ့ ကြေးနန်း စက်ကနေ စကားဝှက်တွေ သုံး ညွန်ကြားလေ့ ရှိပါတယ်။ ဒီလို ကြေးနန်းစာ(သို့) နှုတ်ပြောစကား RT ရပြီးတဲ့နောက် တောတွင်း လမ်းဘေး တနေရာမှာ ဒီလူတွေကို သတ်ဖြတ် လိုက်ကြပါတော့ တယ်။ ပြည်တွင်းစစ်ရှိန် မြင့်မားလာတာနဲ့ အမျှ ဖမ်းဆီးသတ်ဖြတ်မှုတွေ တိုးလာခဲ့ပြီး စစ်တပ်ရဲ့ လက်လွှတ်စပယ် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေဟာ ထမင်းစား ရေသောက် ကိစ္စမျိုးလို မဆန်းလှတော့တဲ့ အထိပါ။

သာမန်ကျေးရွာ လူထုလည်းစစ်ရဲ့ သားကောင်များ အဖြစ် သတ်ဖြတ်ခြင်း ခံရပါတော့တယ်။ တောတွင်း ရန်သူ (သို့) သူပုန်လို့ စွပ်စွဲပြီးနောက် သတ်ဖြတ်မှုတွေနဲ့ သတ်ဖြတ် ခဲ့သူတွေ မှန်သမျှ န၀တ-နအဖ ခေတ်မှာ ဘယ်စစ်ခုံရုံး မှာမှ မတက် ခဲ့ရပါဘူး။ လက်စ ဖျောက်ထား ခဲ့ကြတာ ကနေ့ အထိပါ။

၂၀၀၅ခုနှစ်တုံးက ကယားပြည်နယ်တွင်း စကခ(၇)က စစ်ဆင်ရေး ၀င်နေတုံး ခမရ (၂၅၀) တပ်က ကင်းပုန်း ၀ပ်နေ တဲ့ နေရာကို ကရင်နီ လက်နက်ကိုင် အဖွဲ့ ၀င်လာလို့ ပစ်ခတ်တာ ၁ လောင်း၊ ၁ လက် ရကြောင်း အထက်သို့ အစီရင် ခံပါတယ်။ အထက် ဌာနကလည်း အသေအချာ စောင့်ခိုင်းတဲ့ ညွှန်ကြားချက် အောက်မှာ ဒီလောက်ပဲ ရတာကို မကျေနပ်လို့ ရတဲ့ အလောင်းနဲ့ လက်နက်ပြပါလို့ ပြောပါတယ်။ ဒီအလောင်းကို ခေါင်းတခြား ကိုယ်တခြား ဖြတ်တောက် လွှင့်ပြစ် သဂြိုလ်ပြီး ဖြစ်လို့ ပြမရ နိုင်တော့ကြောင်း အောက်ခြေတပ်က ပြန်စောဒက တက်ခဲ့ပါတယ်။ နောက်ဖြစ်ရပ် တခုကလည်း ထိုင်းမြန်မာ နယ်စပ် အနီး အကြံအဖန် လက်နက် ၀ယ်ပြီး တိုက်ပွဲ ဖြစ်စဉ် တင်ပြကာ အလောင်း လက်နက် ရကြောင်း လိမ်ညာပြီး တင်တဲ့ တပ်ရင်း တခုကို အထက် ဗျူဟာမှူးက မကျေနပ်လို့ ရတဲ့ အလောင်း ပြခိုင်းတဲ့ အခါမှာ အလားတူ တစ်စစီ ဖြတ်တောက် လွှင့်ပြစ် သဂြိုလ်ခဲ့ကြောင်း ပြန်လည် တင်ပြခဲ့ပါတယ်။

သူတို့သတ်ဖြတ်ထားသူကို ဘယ်သူဘယ်ဝါမှန်း မသိတော့အောင် သို့မဟုတ် နောက်လူတွေ ကြောက်လန့် သွားအောင်လို့ မြန်မာ စစ်တပ်ဟာ သေဆုံးသူ ကိုယ်ခန္ဓာကို အပိုင်းပိုင်း ဖြတ်တောက်ပြီး အလောင်း ဖျောက်တဲ့ အနေနဲ့ တနေရာစီခွဲ လက်စ ဖျောက်ပြစ် တတ်ပါတယ်။ ခုပြောခဲ့တာ တွေက လူသား မဆန်လွန်းလှတဲ့ အကြမ်းဖက်မှုတွေ ရက်စက်မှုတွေကို အထက်ဌာန ကိုယ်တိုင် သိပေမဲ့ တရားဝင် ခွင်ြ့ပုထားခဲ့တဲ့ နမူနာတွေပါ။

ဒါတင်မက တပ်ရင်းတိုင်းမှာ ဖမ်းမိထားတဲ့ သုံ့ပန်း၊ အရပ်သားနဲ့ မလိုက်ပါ နိုင်တော့တဲ့ ပေါ်တာ မှန်သမျှကို ရဲဘော် သစ်တွနဲ့ သတ်ဖြတ် ခိုင်းပြီး သွေးရဲ လာအောင်လို့ လေ့ကျင့် ပေးတတ် ကြပြန်ပါတယ်။ ဒီလိုနဲ့ လူသား မဆန်စွာ သတ်ရဲ၊ ဖြတ်ရဲ၊ အကြမ်းဖက်ရဲသော တပ်မတော်ကြီး တခု အဖြစ် မဆလ-န၀တ-နအဖ ခေတ်မှာ မျိုးဆက် အလိုက် ဆက်ခံ မွေးမြူခဲ့ကြတာပါပဲ။

စစ်ရာဇ၀တ်သားကောင်များအဖြစ် နံမည်ဆိုး ရှိတဲ့ ဖြစ်စဉ်တွေ ကြောင့်လည်း တောင်အာဖရိက နိုင်ငံမှာ သံအမတ် အဖြစ် ခန့်အပ်ခြင်း ခံရတဲ့ ဦးမြင့်နောင်ဟာ သူအရင် ဗိုလ်မှူးချုပ်မြင့်နောင် ဘ၀က လူ့အခွင့်အရေး ချိုးဖေါက်မှု သံသယဖြင့် တောင်အာဖရိက လွှတ်တော်တွင်း မေးမြန်း စုံစမ်းခြင်း ခံခဲ့ရ ဖူးပါတယ်။ နောင်ကမ္ဘာနဲ့ ဆက်ဆံမှုတွေ တိုးများလာရင် အရင် အတိပ်ဟောင်းက လူသား မဆန်လွန်းခဲ့ သူတွေ အတွက် နေရာ မရှိပါဘူး။

၁၉၉၆ ခုနှစ် တုံးက ဂွာတီမာလာ အရေးမှာ ဂွာတီမာလာ စစ်တပ် အထူးတပ်ဖွဲ့မှ စစ်သားဟောင်း Pimentel Rios (၅၅)နှစ် အပေါ် လူ ၂၀၁ ဦးအား ရက်စက်စွာ သတ်ဖြတ် အလောင်း ဖျောက်ဖျက် ခဲ့မှုကြောင့် မနှစ်ကပဲ အမေရိကန် တရားရုံးမှ ထောင်ဒဏ် (၆၀၆၀) နှစ် ချမှတ်ခဲ့တဲ့ ဖြစ်ရပ်မျိုးကို မြန်မာ့ တပ်မတော်ထဲမှာ မကြားမိဖူး ပါဘူး။ ထွက်ပေါ်လို့ လာခဲ့ရင်လည်း ဖွင့်ဟပြီး တာဝန်ခံမယ့်သူ မြန်မာ့ တပ်မတော် အတွင်း ရှိနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့ ဦးသိန်းစိန် အစိုးရသစ်က မြန်မာပြည်မှာ သမိုင်း စာမျက်နှာ အသစ်ကို ဖွင့်လှစ် လိုက်ပြီလို့ ဆိုပြီး တိုင်းပြည် ရဲ့ အုပ်ချုပ်ရေး စနစ်ကို ပြောင်းလဲကြရာမှာ မြန်မာ့ တပ်မတော်တွင်း ကျူးလွန်ခဲ့သော အကြမ်းဖက် သတ်ဖြတ်မှု သမိုင်း သက်သေခံ အထောက် အထားတွေ မှန်သမျှကို အတင်းအဓမ္မ ကျော်လွှား မေ့ပျောက်ခိုင်း နေတယ် လို့ပဲ သတ်မှတ် နေရဦးမှာပါ။

ဟန်လင်း


Read More...

ရခိုင်ပြည်နယ်အကြမ်းဖက်မှု ဖြစ်ရပ်မှန်စုံစမ်းဖို့ အမေရိကန်တိုက်တွန်း

ကိုသားညွန့်ဦး
ဗုဒ္ဓဟူး, 06 ဇွန် 2012

ရခိုင်ပြည်နယ်က စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ အပေါ် စုံစမ်းစစ်ဆေးပြီး တာဝန် ရှိသူတွေကို အရေးယူ ကိုင်တွယ်ဖို့ အတွက် အမေရိကန်ပြည်ထောင်စုက မြန်မာ အာဏာပို်င်တွေကို တိုက်တွန်းပါတယ်။ ဒါ့အပြင် လူမျိုးရေး အဓိကရုဏ်းတွေ မဖြစ်စေရေး ထိန်းထိန်း သိမ်းသိမ်း လုပ်ကိုင်ကြဖို့နဲ့ တရား ဥပဒေ စိုးမိုးရေးကို အလေးထားကြဖို့လည်း မြန်မာ့ လူ့အဖွဲ့အစည်း အတွင်း အစုအဖွဲ့ အားလုံးကို တိုက်တွန်း ထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ထဲ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု အပေါ်မှာ အပြန်အလှန် မကျေမနပ်ဖြစ် ပြီး နောက်ထပ် မငြိမ်သက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မကင်း ရှိတာကြောင့် အခြေအနေတွေ အပေါ်မှာ နားလည်မှုရှိရှိနဲ့ တရားဥပဒေ စိုးမိုးရေးကို အလေးထားကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း သွားတာပါ။ မတူကွဲပြားတဲ့ အမြင်တွေ၊ နောက်ခံတွေ အပေါ်မှာ နားလည် သည်းခံပြီး ငြိမ်းချမ်းတဲ့ လူ့ အဖွဲ့အစည်းဖြစ်ဖို့ မြန်မာလူမျိုးတွေ ကိုယ်တိုင် အားလုံး ပါဝင်ဆောင် ရွက်ကြရမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှ ပစိဖိတ်ရေးရာ ပြောခွင့်ရသူ Darragh Paradiso က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အပြန်အလှန်နားလည်သည်းခံမှုရှိတဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း၊ လူ့အခွင့်အရေးတွေကို လေးစားတဲ့ လူ့အဖွဲ့အစည်း၊ တရားဥပဒေ စိုမိုးမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အစိုးရနဲ့ အတူ နောက်ခံပေါင်းစုံ အလွှာပေါင်း စုံက မြန်မာ လူမျိုးတွေအားလုံး ပါဝင်ဆောင်ရွက် ကြရမယ် ဆိုတဲ့ အချက်ကို အလေးအနက် ထားရမယ်လို့ ထင်ရပါတယ်။”

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအတွင်း အသက်ဆုံးရှုံးသူတွေအတွက်လည်း ၀မ်းနည်းကြေကွဲမိတယ်လို့လည်း ပြောပါတယ်။

“မူစလင်ဘုရားဖူး ၁၀ ဦးကို လူအုပ်က သတ်ဖြတ်တယ်ဆိုတဲ့ ဒီသတင်းအပေါ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ရပါတယ်။ နယ်စပ်ဘက်မှာ ဇွန်လ ၃ ရက်နေ့က ဘတ်စ်ကားပေါ်မှာ ပါလာတဲ့ အဲဒီ မူစလင်တွေကို အသက် ဆုံးရှုံးတဲ့အထိ ရိုက်နှက် ခဲ့ကြတယ်ဆိုတဲ့ သတင်းကြားရတာ တကယ်တော့ အကြမ်းဖက်မှုပါပဲ။ ဒီ အသက်ဆုံးရှုံးရ သူတွေအတွက် ၀မ်းနည်းကြေကွဲရပါတယ်။”

ဒီလို အကြမ်းဖက်ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ဥပဒေစိုးမိုးရေးအတွက် တာဝန် ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ကိုလည်း Darragh Paradiso က မြန်မာ အာဏာပိုင်တွေကို တိုက်တွန်း သွားပါတယ်။

“ဒီ အကြမ်းဖက်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်။ ဥပဒေ စိုမိုးရေး အတွက် ဒီအဖြစ်အပျက် သတင်းကို စုံစမ်း စစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အစုအဖွဲ့ အားလုံး အနေနဲ့လည်း ထိန်းထိန်း သိမ်းသိမ်း လုပ်ကြဖို့၊ အကြမ်းဖက်မှုတွေ မလုပ်ဖို့၊ ဘာသာရေး လွတ်လပ်ခွင့်ကိုလေးစားပြီး ခွဲခြား ဆက်ဆံမှုတွေ မလုပ်ကြဖို့ ကိုလည်း တိုက်တွန်း လိုပါတယ်။”

ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း လူများစုက လူနည်းစုကို နားလည် ဂရုဏာ ထားနိုင်ကြဖို့နဲ့၊ ပြဿနာ ပိုပြီး ကြီးထွားမလာအောင် ဂရုစိုက်ကြဖို့ တိုက်တွန်း သွားပါတယ်။

“ကျမအမြဲပြောတယ်။ လူများစုဆိုတာဟာ လူနည်းစု အပေါ်မှာ ဂရုဏာ ထားတတ်ရမယ်။ အဲဒါတော့ ကျမ သတိပေးပါရစေ။ ဒီလို ကျမပြောတာကို တချို့က ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမဲ့ ကြိုက်တာ မကြိုက်တာ ထက် ပြောသင့်တာကိုတော့ ကျမ ပြောရမှာပဲ။ လူများစု ဆိုတာဟာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့အများစု အင်အားက ရှိပြီးသားမို့လို့ ပိုပြီးတော့ သဘောထား ကြီးနိုင်ရမယ်။ ပိုပြီးတော့ ဂရုဏာတရား ထားနိုင်ရမယ်။ အဲဒီတော့ ကျမတို့နိုင်ငံမှာ ရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင်နဲ့ အေးအေး ချမ်းချမ်း နေတာကို ကျမမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွားသွားအောင်လို့ လုပ်နေတာမျိုးတော့ ကျမတို့ သတိပြုပြီးတော့ ရှောင်ကျဉ်စေချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကပဲ မူစလင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြဿနာတွေ ကို အေးအေးချမ်းချမ်းဖြေရှင်းနိုင်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ ရခိုင်တောင်ကုတ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ အစိုးရသတင်းစာပါ အသုံးအနှုန်းကို မကျေနပ်လို့ ရန်ကုန် မူစလင်အချို့ တနေ့က ဆန္ဒပြတာ ရှိခဲ့ပေမဲ့ မနေ့ကတော့ အခြေအနေတွေအားလုံး ငြိမ်ငြိမ်သက်သက်ရှိခဲ့ပါတယ်။

ဒီ အဖြစ်အပျက်တွေကြောင့် လူမျိုးရေးအဓိကရုဏ်းပုံစံ ပြဿနာ မကြီးလာအောင် နိုင်ငံရေး အဖွဲ့ အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေကတော့ သက်ဆိုင်ရာလူထုကို တိုက်တွန်းတာတွေ လုပ်နေပါတယ်။ အစိုးရကတော့ ရခိုင်ပြည်နယ်တွင်း ၂၀၁၂ မေလနဲ့ ဇွန်လထဲ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုတွေကို စုံစမ်း ဖော်ထုတ်ဖို့၊ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ၁၆ ဦးပါ အဲဒီ စုံစမ်း စစ်ဆေးရေးအဖွဲ့ဟာ ဖြစ်ရပ်မှန်ပေါ်ရေးအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ သက်သေခံ ဥပဒေတို့နဲ့အညီ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာကို ၂၀၁၂ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား နိုင်ငံတော်သမ္မတထံကို တိုက်ရိုက် အစီရင်ခံမယ်လို့ သိရပါတယ်။

Ref: VOA News

Read More...

ဗကသ များ အဖွဲ့ချုပ်ကို ရန်ကုန် ထွေ/အုပ် ခေါ်ယူသတိပေး

နေမျိုး
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗကသ များအဖွဲ့ချုပ် ပြန်လည်ပေါ်ပေါက်ရေး ကြိုးပမ်းနေ ကြသည့် ကျောင်းသား ခေါင်းဆောင် များအား ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေး မှူးက ခေါ်ယူ၍ အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေအား ဖတ်ပြကာ သတိပေး ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရ လွှတ်တော်တွင် ဗကသ ဗဟိုစည်းရုံးရေး ကော်မတီဝင် ၉ ဦးအား ဖိတ်ကြားကာ ၁၉၈၈ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ အမှတ် ၆/၈၈ နှင့်ပါတ်သက်ပြီး အသိပေးရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေမှာ တရားဝင် ဖျက်သိမ်းခြင်း မပြုရသေးသဖြင့် တည်ဆဲ ဥပဒေအဖြစ် တည်ရှိနေသလို ဗကသများ အဖွဲ့ချုပ် သည်လည်း တရားဝင် အဖွဲအစည်း မဟုတ်ကြောင်း သတိပေးခဲ့သည်ဟု ယင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ သည့် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ကိုစည်သူမောင် က ပြောသည်။

“တရားမဝင် အသင်းအဖွဲ့ ဆိုလို့ရှိရင် ဒီဥပဒေနဲ့ အရေးယူလို့ရတယ်ဆိုတာကို အသိပေးတာပါ။ တရားဝင် အသင်းအဖွဲ့ ဖြစ်ဖို့ဆိုရင် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို အဆင့်ဆင့် တင်ပြပြီးတော့ တရားဝင်ခွင့်ပြုချက် ယူရမယ်ဆိုတာကို အဓိက ပြောတာပါ” ဟု မဇ္ဈိမကို ပြောသည်။

၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ရာတွင် ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့် ဒု-ညွှန်ကြားရေးမှူး ဦးမျိုးအောင်သိန်း တို့က မည်သည့် အသင်းအဖွဲ့ မဆို ဥပဒေနှင့်အညီ ဖြစ်သင့်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် ကျောင်းသားသမဂ္ဂသည် လွတ်လပ်မှုရှိသလို မှတ်ပုံတင်သည့် အစဉ်အလာ မရှိခဲ့ကြောင်းနှင့် ကျောင်းသားထု ကြားတွင် တရားဝင်မှု ရှိကြောင်းကို ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က ပြန်လည်ဆွေးနွေး ခဲ့သည်ဟု ကိုစည်သူမောင် က ပြန်လည်ပြောပြသည်။

“ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းတည်ထောင်ခွင့် ရရှိရေးဟာ အစိုးရ တရပ်ဆီမှာ မှတ်ပုံ တင်စရာ မလိုဘူးလို့ နားလည် ထားပါတယ်။ ခေတ်မီတဲ့ တက္ကသိုလ် ဥပဒေ တရပ် ပေါ်ထွန်းလာတဲ့ အခါမှာ ကျောင်းသား သမဂ္ဂဆိုတာ ကျောင်းတွင်း အဖွဲ့အစည်းဖြစ်တဲ့ အတွက်ကြောင့် ကျောင်းရဲ့ အုပ်ချုပ်ရေးနဲ့ပဲ တိုက်ရိုက် သက်ဆိုင်ပါတယ်။ တက္ကသိုလ် ဥပဒေ ပေါ်ထွက်လာတဲ့ အခါမှာ တက္ကသိုလ် ဥပဒေအရ တရားဝင် ဖွဲ့စည်း တည်ထောင်ခွင့်ကိုပဲ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း ထွေ/အုပ်နှင့် အဖွဲ့ကလည်း တက္ကသိုလ်ကောင်စီ ဥပဒေတရပ် ရေးဆွဲနေကြောင်းနှင့် ထိုဥပဒေ ထွက်မလာမီ အသင်းအပင်း ဖွဲ့စည်းမည် ဆိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြား၊ ခွင့်ပြုချက်ယူရမည် ဟုဆိုကြောင်း ကိုစည်သူမောင်က ပြောသည်။

များမကြာခင်က အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်လာခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်များသည် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟို စည်းရုံးရေး ကော်မတီကို ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။

အဆိုပါ ကျောင်းသား ခေါင်းဆောင်အချို့သည် လွန်ခဲသည့် နှစ်များက မတရားသင်း ဥပဒေ ၁၇(၁)ဖြင့် ထောင်ဒဏ် ကျခံ ခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်သည်။

ဤဥပဒေအရ သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရရှိဘဲ အသင်းအပင်း၊ အဖွဲ့အစည်းများ ဖြစ်သည့် သမဂ္ဂ၊ အစည်းအရုံး၊ ကလပ်၊ တပ်ဦး စသဖြင့် ဖွဲ့စည်း လှုပ်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်။

ဗကသများ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းသည့်နှစ်မှာ ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့ ဖြစ်ပြီး ပထမဆုံး ဥက္ကဋ္ဌမှာ ဦးရာရှစ်ဖြစ် ၍ ဒုက္ကဋ္ဌမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

မြန်မာ့ပြုပြင်ပြောင်းလဲမှု သင်ခန်းစာယူဖို့ မြောက်ကိုရီးယားကို သမ္မတ လီမြောင်ဘတ် တိုက်တွန်း

2012-06-06

မြောက်ကိုရီးယား အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေကို သင်ခန်းစာယူပြီး တိုင်းပြည်ကို အမှောင်ချ ထားရာကနေ ရုန်းထွက်ဖို့ တောင်ကိုရီးယား သမ္မတ Lee Myung-Bak က တိုက်တွန်း ပြောကြား လိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်ပွဲကာလ အတွင်း သေဆုံး သွားကြသူ စစ်သည်တွေ အတွက် အောက်မေ့ဘွယ် အခမ်းအနားမှာ သမ္မတ လီမြောင်ဘတ်က အဲဒီလို မြန်မာနိုင်ငံက အတွေ့အကြုံကို သင်ခန်းစာ ယူဖို့ မြောက်ကိုရီးယားကို တိုက်တွန်း လိုက်တာပါ။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေဟာ "ရှောင်လွှဲလို့မရတဲ့ လမ်းကြောင်းအတိုင်း" သွားနေတာ ဖြစ်တယ်လို့လည်း သမ္မတ လီမြောင်ဘတ်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ အတိတ်မှာတုန်းက မြောက်ကိုရီးယားလိုပဲ နိုင်ငံတကာနဲ့ အဆက်အသွယ် ဖြတ်တောက် ထားတာရယ်၊ ဆိုရှယ်လစ်စနစ် စီးပွားရေး စနစ် ကျင့်သုံး ခဲ့တာရယ်ကြောင့် လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၇၀၀ လောက်သာ ရှိခဲ့ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

အခုအခါမှာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်လာတဲ့ လွတ်လပ်မှု အခွင့်အရေးနဲ့ ပြုပြင်ပြောင်းလဲမှု ရေစီးကြောင်းဟာ မြန်မာနိုင်ငံကိုလည်း ရောက်ရှိနေပြီဖြစ်ပြီး အဲဒီ ရေစီးကြောင်းကို ဘယ်လို အင်အားမျိုးကမှ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ သမ္မတ လီမြောင်ဘတ်က ပြောပါတယ်။

မိမိအနေနဲ့ ပြီးခဲ့တဲ့လ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ပြီး အကူအညီတောင်းခံခဲ့ကြောင်း၊ အဲဒီ တောင်းဆိုချက် ကတော့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ အနေနဲ့ သမိုင်း စာမျက်နှာသစ် ဖွင့်လှစ်ဖို့ တိုက်တွန်း ပေးစေလိုကြောင်း သမ္မတ ဦးသိန်းစိန်ကို ပြောခဲ့တယ်လို့ သမ္မတ လီမြောင်ဘတ်က ပြောကြားသွားပါတယ်။

Ref: RFA News

Read More...

လိုင်စင်သိမ်းခံ ရှေ့နေများ ရပိုင်ခွင့် တောင်းဆို

ဝေစန္ဒာ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံရေးကြောင့် လိုင်စင် သိမ်းခံရသော ရှေ့နေများ အနေနှင့် မြန်မာ့နိုင်ငံရေး အပြောင်း အလဲတွင် ရှေ့နေလိုက်ခွင့် ပြန်လည် ရရှိသင့်ကြပြီဖြစ်ကြောင်း ကာယကံရှင်ရှေ့နေ များက အင်္ဂါနေ့က ပြောဆိုလိုက်သည်။

“ရှေ့နေဆိုတာ ပြည်သူ့ဘက်က ရပ်တည်ရတာပါ။ စစ်အုပ်ချုပ်ရေး မတရား ဖိနှိပ်မှုတွေ အတွက် ကျနော်တို့က အမှန်တရား ဘက်က ရပ်တည်တယ်။ ဒီမိုကရေစီကို တောင်းတဲ့လူ ဘက်က ရှေ့နေလိုက်ပေးတာနဲ့ အဖမ်းခံရတယ်။ လိုင်စင် အသိမ်းခံခဲ့ရတယ်။ အခုချိန်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ လုပ်နေပြီ ဆိုတော့ ဒီလူတွေကို လိုင်စင် ပြန်ပေးသင့်ပါတယ်” ဟု လိုင်စင် အသိမ်းခံရသည့် ရှေ့နေကြီး ဦးညွန့်ရှိန် က ပြောသည်။

ရှေ့နေကွန်ယက်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေစဉ် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အဖြုတ်ခံရတဲ့ ရှေ့နေတွေက သတ်မှတ်ပြဋ္ဌာန်း ထားတဲ့ ဥပဒေနဲ့အညီ စစ်ဆေးလို့ ပိတ်သိမ်း ခံရတာ မဟုတ်ဘူး။ ရှေ့နေများ လိုက်နာရမယ့် အက်ဥပဒေ ပုဒ်မ(၄ဝ) မှာ ပြဋ္ဌာန်းထားတဲ့ ရှေ့နေတဦးက ရှင်းလင်း တင်ပြခွင့်၊ ပြန်လည် ချေပခွင့် ရှိတယ်။ ခုံအဖွဲ့ ဖွဲ့ပြီး စုံစမ်းခြင်း၊ စစ်ဆေးခြင်း မရှိဘဲ အလုပ်မှ ရပ်ခြင်း မလုပ်ရဘူး ဆိုတဲ့ဥပဒေ ရှိတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ် ကတည်းက အဲဒီဥပဒေကို မျက်ကွယ် အရေးယူတယ်။ ဒါက နိုင်ငံတော် တရားရုံးကိုယ်တိုင်က စပြီး လက်ခံခြင်း မရှိဘူးလို့ ပြောချင်ပါတယ်” ဟု ရှေ့နေ ဦးသိန်းသန်းဦး က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ကုညီဆောင်ရွက်ပေးဖို့ အတွက် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များအား ရှေ့နေများက သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံရေးအမှုလိုက်၍ ရှေ့နေလိုင်စင် ရုတ်သိမ်းခြင်းခံရေသော ရှေ့နေများ အနက် တရားရုံးချုပ်ရှေ့နေ ၂၅ ယောက်နှင့် အထက်တန်းရှေ့နေ ၇ ယောက်တို့ ပါဝင်ပြီး စာရင်းသွင်းခြင်း မရှိသေးသည့် သူများလည်း ရှိကြောင်း အာရှ ဥပဒေရေးရာ ရင်းမြစ်အဖွဲ့ ALRC က ပြောသည်။

“ဒီ ၃၂ ယောက်အပြင် ဒီလို နိုင်ငံရေးအကြောင်းကြောင့် လိုင်စင် အရုတ်သိမ်း ခံရတဲ့ ရှေ့နေတွေ အများကြီး ရှိနေမယ် လို့လည်း ယုံကြည်ပါတယ်။ အတော်များများ ဟာလည်း အကျဉ်းထောင်တွေ ထဲမှာ အကျခံခဲ့ ရဖူးပါတယ်” ဟု ALRC ညွှန်ကြားရေးမှူး Wong Kai Shing က ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံ တရားသူကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ထံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာ တစောင်တွင် “ရှေ့နေ များ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန်နှင့် အခုလို အရေးကြီးတဲ့ အချိန်ကာလ မျိုးမှာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သူတို့အနေနဲ့ ပါဝင်စွမ်းဆောင်ခွင့်ပြရန်” ALRC က တောင်းဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်၊ ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်သည့် တရားရုံးချုပ် ရှေ့နေကြီး ဦးစောလှိုင် ကလည်း ရှေ့နေလိုင်စင် ရုတ်သိမ်း ခံရခြင်းနှင့်ပတ်သက်၍ နစ်နာ ဆုံးရှုံးရမှုကို မဇ္ဈိမအား ပြောပြသည်။

“ကျနော်တို့ ဒီခေတ်ကြီးတလျှောက်လုံးမှာ နိုင်ငံရေးလုပ်လို့ ကျောင်းသား ဘဝမှာ ကျောင်းထုတ် ခံခဲ့ရတယ်၊ ကျူရှင်ပြ စားတော့ ကျုရှင်ပြခွင့် အပိတ်ခံရတယ်၊ လွှတ်တော် ကိုယ်စားလှယ်ဖြစ်တော့ အာဏာ လွှဲပြောင်းမပေးဘူး၊ ရှေ့နေ လုပ်တော့ ရှေ့နေလိုင်စင် အသိမ်းခံရတယ်။ အင်မတန် နစ်နာပါတယ်” ဟု ပြောဆိုခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကို အများဆုံး အပြစ်ချသည့် ဥပဒေတခုဖြစ်သော ၁၉၅ဝ ခုနှစ် အရေးပါ် စီမံချက် အက်ဥပဒေအား ပြန်လည် ဖျက်သိမ်းပေးစေ လိုကြောင်း၊ ၎င်းဥပဒေ ဖျက်သိမ်းမှသာ အနာဂတ်တွင် နိုင်ငံရေး အကျဉ်းသား ရှိတော့မှာ မဟုတ်ကြောင်း ရှေ့နေများက ပြောသည်။

“ဒီဥပဒေက တကယ်ဆိုရင် နိုင်ငံကို သိက္ခာချတဲ့ ဥပဒေပါ။ ခုလက်ရှိ နိုင်ငံ တည်ငြိမ်နေတယ်။ ဒါကို မတည်ငြိမ်လို့ ဒီဥပဒေ ဆက်ရှိနေတယ်လို့ အဓိပ္ပာယ် သက်ရောက်နေတာပေါ့။ ဒီဥပဒေဟာ စစ်အစိုးရ လက်ထက် နိုင်ငံရေး အကျဉ်းသား အဖြစ် ဖမ်းဆီးထောင်ချရာမှာ အရေးပါတဲ့ ဥပဒေတခုဖြစ်တယ်။ ဒီဥပဒေကို ကျင့်သုံးတာ နှစ် ၆ဝ ရှိပါပြီ။ မူရင်းဥပဒေက ပြစ်ဒဏ် ခုနှစ်နှစ်ပဲ ချတာပါ။ တိုးတက် လာတာနဲ့အမျှ ၁၉၈၈ က စပြီး နှစ် ၂ဝ တသက်ထိ တိုးမြှင့်ထား တဲ့ ဥပဒေ ဖြစ်ပါတယ်” ဟု လိုင်စင် ရုတ်သိမ်းခံရသူ တရားရုံးချုပ်ရှေ့နေကြီး ဦးသိန်းသန်းဦး က ပြောသည်။

Ref: မဇ္ဈိမ

Read More...

ကချင်ဒုက္ခသည် ၂,၆၀၀ ကျော်အတွက် တလစာရိက္ခာ UN လှူဒါန်း

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် မိုင်ဂျာယန် အတွင်းရှိ ကချင် ဒုက္ခသည် စခန်းနှစ်ခုမှ လူပေါင်း ၂,၆ဝဝ ကျော် အတွက် တလစာ စားနပ်ရိက္ခာကို ကုလသမဂ္ဂ၏ စားနပ်ရိက္ခာပေးရေး အဖွဲ့အစည်းများက ထောက်ပံ့နေ သည်ဟု သိရသည်။

အကူအညီပေးရေး လမ်းကြောင်းများကို မေလအတွင်း မြန်မာ အစိုးရက ပိတ်ဆို့ ခဲ့ပြီးနောက် ဇွန်လ ၅ ရက်တွင် ပါကထောင် (Pa Kahtawng) ဒုက္ခသည် စခန်းမှ လူပေါင်း ၂,၄ဝဝ ကျော်အတွက် ထောက်ပံ့ပေးခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင် အုံလုံ (Ung Lung) ဒုက္ခသည်စခန်းရှိ လူပေါင်း ၂ဝဝ ကျော်တို့ အတွက် ထောက်ပံ့ပေးခဲ့သည်ဟု ကချင် လွတ်လပ်ရေး အဖွဲ့ KIO ၏ ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

“မနေ့ကနဲ့ ဒီနေ့။ ဒီနေ့ အုံလုံ (Ung lung) စခန်းမှာ လှူမယ်။ ဒီမှာက ၂ဝဝ ကျော်ပဲ။ ရှမ်းရွာပဲ။ အိမ်လွတ်တွေမှာ စခန်းလုပ်ပြီး နေထိုင်နေကြတာ။ အစားအသောက်က တလစာနဲ့ တခြား မီးဖိုချောင်သုံး ပစ္စည်းတွေ ပါတယ်”ဟု မဇ္စျိမကို ပြောသည်။

ကုလ အဖွဲ့အစည်းများအနေဖြင့် KIO ထိန်းချုပ်ဒေသအတွင်းရှိ အခြား စစ်ပြေး ဒုက္ခသည်များကို ကူညီထောက်ပံ့ရန် ပြင်ဆင်ထားသည်ဟု သိရသော်လည်း အစိုးရဘက်က ခွင့်ပြုချက်အပေါ် မူတည်မည်ဟု သူက ဆိုသည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က မကြာမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ အရ နှစ်ဖက် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ၇၅,ဝဝဝ ခန့်ရှိပြီး အများစုမှာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ် နယ်မြေတွင် နေထိုင်နေသည်ဟု ဆိုထားသည်။

ကုလအဖွဲ့များသည် ကြာသပတေးနေ့တွင် လွယ်ဂျယ်မှ ဗန်းမော်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

လွယ်ဂျယ်နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံတွင်းရှိ လားရိန်း (La Ying) ဒုက္ခသည် စခန်း အတွင်း ခိုလှုံနေသော စစ်ပြေး ဒုက္ခသည် ၁,ဝဝဝ ကျော် ရှိနေပြီး ယင်းတို့အား ကူညီထောက်ပံ့ခြင်း မရှိသေးကြောင်း မိုင်ဂျာယန်မှ ကချင် အမျိုးသမီး အစည်းအရုံး KWAT အဖွဲ့ဝင် ဒေါ်မိုင်းဂျာက ပြောသည်။

“တရုတ်ဘက်ခြမ်းကိုတော့ ကျမတို့ ရတာတွေနဲ့ ကူညီပေးနေတယ်။ ကိုယ့်ပတ်ဝန်းကျင် ကနေ ရသလောက် စုဆောင်း ပြီးတော့ လှူနေတယ် ဆိုတော့ ဘတ်ဂျက်ငွေ မများဘူး။ ဒါပေမယ့် ၁ဝ လ လောက် ကျမတို့ တတ်နိုင်တလောက် ကူညီပေးခဲ့တယ်။ ကျမတို့လည်း သိပ်ပင်ပန်းပြီ။ UN ကနေ လာကူညီတာ ဝမ်းသာတယ်” ဟု မဇ္စျိမကို ပြောသည်။

မတ်လကုန်ပိုင်းကလည်း မိုင်ဂျာယန်အတွင်းရှိ စစ်ပြေးဒုက္ခနယ်များနှင့် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသ အတွင်းရှိ တရုတ်- မြန်မာ နယ်စပ်တွင် ခိုလုံနေသော စစ်ပြေး ဒုက္ခသည် တထောင်ကျော်အတွက် အစားအသောက်နှင့် ရိက္ခာ တလစာကို ကုလအဖွဲ့များက ထောက်ပံ့ပေးခဲ့သည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး UNOCHA၊ ကုလ ပညာရေးနှင့် ကလေး သူငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF၊ ကုလ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လာရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ယင်းအဖွဲ့များ ပထမဆုံးအကြိမ် KIO ဗဟို ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိလာကာ အိမ်တွင်းသုံး ကယ်ဆယ်ရေးပစ္စည်းအစုံ ၈၀၀ လှူဒါန်းပေးခဲ့သည်။

ယခုတကြိမ်မှာ တတိယအကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်သည်။

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ၂ဝ၁၁ ခုနှစ်၊ ဇွန် ၉ ရက်နေ့မှ စတင်ကာ မြန်မာ အစိုးရနှင့် KIO တပ်ဖွဲ့များ တိုက်ပွဲ ပြန်လည်ဖြစ်ပွား ခဲ့သဖြင့် ဒေသခံပြည်သူအများ အိုးအိမ် စွန့်ခွာ၍ ထွက်းပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

စစ်ပွဲ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လိုင်ဇာမြို့ KIO ဗဟိုဌာနချုပ်နှင့် ဒုက္ခသည် စခန်းတိုင်းတွင် ဆုတောင်း ဝတ်ပြုမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဦးဒွဲပီဆားက ပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်စဲရန်နှင့် စစ်ပြေးဒုက္ခသည်များ အတွက် လူမှုဘေးဒုက္ခများ အမြန်ဆုံး ချုပ်ငြိမ်း စေရန် အတွက် ပြည်တွင်းပြည်ပ ကချင် လူငယ်များနှင့် လူမှုအဖွဲ့အစည်းများက ငြိမ်းချမ်းရေး လှုပ်ရှားမှုများ ပြုလုပ် ကြမည် ဖြစ်သည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ ၅ ကြိမ်ထက် မနည်း တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီ မှု မရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

Ref: မဇ္ဈိမ

Read More...

ဒုတိယ၀န်ကြီး နှစ်ဦး ရာထူးမှ နှုတ်ထွက်

2012-06-06

စီးပွားရေးအရ အရေးပါတဲ့ ၀န်ကြီးဌာနနှစ်ခုက ဒုတိယ၀န်ကြီး နှစ်ဦးကို ရာထူးက နှုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ချက် တစ်ရပ် နိုင်ငံပိုင် သတင်းစာတွေမှာ မနေ့က ဖော်ပြ ပါရှိခဲ့ပါတယ်။

ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင့်လွင်နဲ့ စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်တို့ကို မိမိတို့ သဘော ဆန္ဒအလျောက် ရာထူးက နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန် အနေနဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၀န်ကြီး သို့မဟုတ် အဆင့်မြင့် အရာရှိကြီး တစ်ဦး ရာထူးက ဖြုတ်ပယ် ခံရပြီဆိုရင် အစိုးရ သတင်း မီဒီယာတွေမှာ အခုလို “ မိမိသဘော ဆန္ဒအလျောက် ”၊ ဒါမှမဟုတ် “ ကျန်းမာရေး အရ ” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ဖော်ပြလေ့ ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။

အခုလို ဒုတိယ၀န်ကြီးနှစ်ဦး ဘာကြောင့်နှုတ်ထွက်တယ်၊ သူတို့နေရာမှာ ဘယ်သူတွေကို ခန့်အပ်မယ် ဆိုတာ မသိရပါဘူး။ ဒါပေမဲ့ နေပြည်တော်က အမည်မဖော်လိုသူ အကြီးတန်း အရာရှိ တစ်ဦးကတော့ ဒါဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာရေး အတွက် သမ္မတရဲ့ကြိုးပမ်းချက် တစိတ်တပိုင်းဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ၀န်ကြီးဌာနနဲ့ စွမ်းအင် ၀န်ကြီးဌာနတွေဟာ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ဌာနတွေထဲမှာ ပါဝင်ကြောင်း၊ အဲဒီဌာနနှစ်ခုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည့်ကျပ်နေကြောင်း၊ အခု ဒုတိယ၀န်ကြီး နှစ်ဦး နှုတ်ထွက်တဲ့ ကိစ္စဟာ သမ္မတရဲ့ အစီအစဉ်ထဲက တစ်ခု ဖြစ်နိုင်ကြောင်း၊ အစိုးရ အဖွဲ့ထဲမှာ နောက်ထပ် အပြောင်းအလဲတွေ ဖြစ်လာနိုင်ဖွယ် ရှိကြောင်းလည်း အဲဒီ အရာရှိကြီးက ပြောဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နှစ်လလောက်က အစိုးရအဖွဲ့အတွင်း လူပုဂ္ဂိုလ်နဲ့ ရာထူး အပြောင်း အလဲကြီးတွေ ဖြစ်တော့မယ်၊ ၀န်ကြီး ငါးဦး ဖယ်ရှား ခံရနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မနေ့က ကြေညာခဲ့တဲ့ ဒုတိယ၀န်ကြီး နှစ်ဦး ရာထူးက နှုတ်ထွက်တဲ့ ကိစ္စဟာ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ (၁၅) လ သက်တမ်း အတွင်း ပထမဦးဆုံး ဖြစ်ပါတယ်။

အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသာဦး ကိုလည်း မိမိ သဘော ဆန္ဒအလျောက် ရာထူးက နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Ref: RFA News

Read More...

ရခိုင်အဓိကရုဏ်းမျိုး မဖြစ်စေဖို့ ဒေါ်စု သတိပေး

ကိုကျော်ကျော်သိန်း
ဗုဒ္ဓဟူး, 06 ဇွန် 2012

ရခိုင်လူမျိုးတွေနဲ့ မူစလင်လူမျိုးတွေကြားမှာ ရခိုင်ပြည်နယ်ဘက်က စခဲ့တဲ့ အခြေအနေကို တရားဥပဒေ စိုးမိုးရေး အမြင်နဲ့ ထိန်းသိမ်းစေချင်ပြီး လူထု အနေနဲ့လည်း ထိန်းထိန်း သိမ်းသိမ်း လုပ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်း လိုက်ပါတယ်။ ဒါ့အပြင် လူများစု အနေနဲ့ လူနည်းစုပေါ်မှာ ဂရုဏာထားဖို့ ကိုလည်း သတိပေးပြော သွားပါတယ်။ သူ့ရဲ့ မကြာသေးခင်က ထိုင်းခရီးစဉ်၊ မကြာခင်သွားမယ့် ဥရောပ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ NLD ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြော သွားတာပါ။ အပြည့်အစုံကို ဘန်ကောက်ရုံး ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို လူငယ်သုံးဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်ရပ်နဲ့ နောက် ဆက်တွဲ တောင်ကုတ်မြို့မှာ အစ္စလာမ် ဘာသာဝင် ၁၀ ဦးကို လူအုပ်စုက အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ စိုးရိမ်ချက်တွေနဲ့အတူ တိုက်တွန်း ပြောဆိုခဲ့တာပါ။

တရားဥပဒေစိုးမိုးရေးနဲ့ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ လှုံ့ဆော်သူ ရှိနေနိုင်သလားဆိုတဲ့ သူ့ရဲ့ စဉ်းစားချက်တွေကို အကျယ်တ၀ံ့ ပြောဆိုခဲ့ပါတယ်။

ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေက ဖြစ်ရပ်ကို တရားဥပဒေနဲ့အညီ အလျင်အမြန် ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ဥပဒေ စိုးမိုးရေးပိုင်းမှာ ထောက်ပြခဲ့ပါတယ်။ ဒ့ါအပြင် နိုင်ငံအတွက် အကျိုးရှိသလား မရှိသလား မဆင်ခြင်ဘဲ လှုံ့ဆော်တာမျိုးကလည်း မလိုလား အပ်ဘဲ ပြဿနာတွေကို ကြီးထွားနိုင်စေတယ်လို့ ဆိုပြီး လူတိုင်းအတွက် လုံခြုံမှု ရှိတဲ့နိုင်ငံမျိုး ဖြစ်စေ ချင်ကြောင်း ပြောသွားပါတယ်။

“ကျမတို့နိုင်ငံမှာ ဘယ်သူမဆို လုံလုံခြုံခြုံရှိတယ် ဆိုတဲ့ဟာမျိုး ဖြစ်စေချင်တယ်။ နိုင်ငံ တနိုင်ငံရဲ့ သိက္ခဟာ ဒီနိုင်ငံက ပြည်သူ လူထုရဲ့လုံခြုံမှုနဲ့ စိတ်ချမ်းသာမှု အပေါ်မှာ တည်တယ်။ စိတ်ချမ်းသာမှု ဆိုတာ လုံခြုံမှုက စရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီနိုင်ငံမှာ ကျမတို့ရဲ့ပြည်သူပြည်သားတွေ အားလုံး လူမျိုးမရွေး၊ ဘာသာမရွေး ကျမတို့ပြည်သူပြည်သားတွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး လူမျိုးမရွေး၊ ဘာသာမရွေး လုံခြုံမှုရှိတဲ့ နိုင်ငံမျိုးဖြစ်စေချင်တယ်။”

ရာဇ၀တ်မှု စ ဖြစ်ပြီဆိုတာနဲ့ ထိထိမိမိနဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်မယ် ဆိုရင် ပြဿနာမီးဇာ ပိုကြီး လာမှာ မဟုတ်ဘူး ဆိုတာ ကို ထောက်ပြပြီး လူထုအနေနဲ့ ဘယ်လို ရင်ဆိုင် ဖြေရှင်းသင့်တယ် ဆိုတာ ကိုလည်း အကြံပေး တိုက်တွန်းသွားပါတယ်။

“ကျမတို့ဥပဒေစိုးမိုးရေးအမြင်နဲ့ ဒီပြဿနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျမတို့ရဲ့ ပြည်သူလူထု အားလုံး ကလည်း ကိုယ့်လူ အသိုင်းအဝိုင်းရဲ့ အေးချမ်းမှုအတွက်၊ ကိုယ့်နိုင်ငံရဲ့သိက္ခာရှိမှုအတွက် ထိန်းထိန်း သိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့။ နောက်ဆုံးကျတော့ ကျမတို့ဟာ ပုထုဇဉ်လူသားတွေချည့်ပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်၊ ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ်၊ လူတိုင်း လူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာကို ခေါင်းထဲမှာ ထည့်ပြီးတော့ ကျမတို့ ပြည်သူပြည်သားတွေကို ပြေလည်မှု ရှာစေချင်ပါတယ်။”

ရခိုင်ပြည်နယ်ဘက်က အကြမ်းဖက်ဖြစ်ရပ်တွေကနေ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေထိ ကျယ်ပြန့် ဖြစ်ပွားမလာစေဖို့ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေ အပါအ၀င် အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ် အသီးသီးက မေတ္တာရပ်ခံပြီးတော့ ၀ိုင်းဝန်း တိုက်တွန်းနေကြတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီကိစ္စအပေါ် အကျယ်တ၀ံ့ ပြောဆို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမတော့ လူများစုက လူနည်းစုအပေါ်မှာ ဘယ်လို သဘောထားမျိုး ထားသင့်တယ် ဆိုတာနဲ့ သူတို့ အနေနဲ့လည်း ကူညီနိုင်တာ၊ လုပ်ပေး နိုင်တာ မှန်သမျှ လုပ်သွားပါမယ်လို့ ပြောခဲ့ပါတယ်။

“နောက်တခုကတော့ ကျမ ပြောကိုပြောရမယ်။ ကျမအမြဲပြောတယ်။ လူများစု ဆိုတာဟာ လူနည်းစု အပေါ်မှာ ဂရုဏာ ထားတတ်ရမယ်။ အဲဒါတော့ ကျမ သတိပေးပါရစေ။ ဒီလို ကျမပြောတာကို တချို့က ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမဲ့ ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိုတော့ ကျမ ပြောရမှာပဲ။ လူများစု ဆိုတာဟာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့ အများစု အင်အားက ရှိပြီးသား မို့လို့ ပိုပြီးတော့ သဘောထား ကြီးနိုင်ရမယ်။ ပိုပြီးတော့ ဂရုဏာ တရား ထားနိုင်ရမယ်။ အဲဒီတော့ ကျမတို့နိုင်ငံမှာ ရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင်နဲ့ အေးအေး ချမ်းချမ်းနေတာကို ကျမမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ် ဆိုရင် ကျမတို့ ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွား သွားအောင်လို့ လုပ်နေတာမျိုးတော့ ကျမတို့ သတိပြုပြီးတော့ ရှောင်ကျဉ်စေချင်ပါတယ်။”

မေလ ၂၈ ရက်နေ့၊ ကျောက်နီမော်ဖြစ်ရပ်နဲ့ ဇွန်လ ၃ ရက်နေ့၊ တောင်ကုတ်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားနဲ့ အကြံပေး တိုက်တွန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

မေလ ၅ ရက်နေ့က ရန်ကုန်မြို့ နေရာတချို့မှာ အစ္စလာမ် ဘာသာဝင် တချို့ ဆန္ဒပြခဲ့ကြသေးပေမဲ့ ဒီကနေ့ မှာတော့ နိုင်ငံတ၀န်း အခြေအနေက အေးဆေး ငြိမ်သက်နေပါတယ်။ အစိုးရသတင်းစာမှာ မေလ ၅ ရက်နေ့က ဖော်ပြခဲ့တဲ့ အသုံးအနှုန်းကိုလည်း ဒီကနေ့မှာ ပြင်ဆင်ချက် ပြန်လည် ထည့်သွင်း ထားတာ တွေ့ ရပါတယ်။ အကြမ်းဖက် သတ်ဖြတ်တဲ့ဖြစ်ရပ်တွေ အကုန်လုံးကိုလည်း တရားဥပဒေနဲ့အညီဖြစ်စေဖို့ တာဝန်ရှိ အဖွဲ့အစည်းတွေ ကရော သက်ဆိုင်ရာ ရပ်မိရပ်ဖတွေကပါ ၀ိုင်းဝန်း ကြိုးစားနေကြတယ်လို့ ဗွီအိုအေကနေ ဆက်သွယ်မေးမြန်းခဲ့သူတွေက ပြောကြပါတယ်ခင်ဗျား။

Ref: VOA News

Read More...

Wednesday, June 6, 2012

သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့မည်


2012-06-05

မနေ့ ညက မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Bob Carr ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လြုံခုံရေး အရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

အလားတူ မစ္စတာ Carr ဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ မနက်ဖြန်မှာတော့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဟာ နေပြည်တော်မှာ မြန်မာ အစိုးရ ၀န်ကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖွယ် ရှိပါတယ်။ တွေ့ဆုံတဲ့အခါ လက်ရှိ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု လမ်းကြောင်း အတိုင်း ဆက်လက်လျှောက်လှမ်းဖို့ ဦးသိန်းစိန်ကို တိုက်တွန်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြေးလျ အစိုးရဟာ မြန်မာအပေါ် ပိတ်ဆို့အရေးယူ ထားခဲ့ရာမှာ မူလက ပိတ်ဆို့ အရေး ယူထားတဲ့ ပုဂ္ဂိုလ် အမည်စာရင်း (၃၉၂) ယောက် ရှိခဲ့ရာက၊ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာ အပြီးမှာတော့ အဲဒီ ပိတ်ဆို့ခံ အမည်စာရင်းထဲမှာ (၁၂၆) ယောက်သာ ကျန်တဲ့အထိ လျှော့ပေါ့ခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ဘဏ္ဍာရေးနှစ်မှာ မြန်မာအတွက် ကူပံ့ငွေ (၃၀) ရာနှုန်း တိုးတက် ကူညီမှာဖြစ်လို့ အမေရိကန်ဒေါ်လာ (၆၄) သန်းနီးပါး မြန်မာက ရရှိမှာဖြစ်ပါတယ်။

မြန်မာအစိုးရ ခေါင်းဆောင်တွေ အားလုံးဟာ ပိတ်ဆို့မှုတွေ ပြန်လာစေချင်ကြမှာ မဟုတ်ဘူးဆိုတာ မိမိ ယုံကြည်ကြောင်း၊ မြန်မာအပေါ် ပိတ်ဆို့မှုတွေကို အခြေအနေတွေနဲ့ ကိုက်ညီအောင် မိမိတို့ ပြန်လည်သုံးသပ် ကြရမှာဖြစ်ကြောင်း၊ အစိုးရအဖွဲ့၊ အတိုက်အခံအဖွဲ့တွေနဲ့ မိမိတွေ့ဆုံပြီးတဲ့အခါ ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မိမိ ဆုံးဖြတ်မှာဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr က ပြောဆိုပါတယ်။

Ref: RFA News

Read More...

VOA နဲ့ MRTV သဘောတူညီချက်

အောင်လွင်ဦး
အင်္ဂါ, 05 ဇွန် 2012

မြန်မာနိုင်ငံမှာ ဗွီအိုအေ အမေရိကန်အသံရဲ့ သတင်းမီဒီယာ လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ခွင့်ပြု သွားမှာ ဖြစ်တဲ့ အကြောင်း ပြန်ကြားရေး ၀န်ကြီး က ပြောလိုက်ပါတယ်။ ဗွီအိုအေ ညွှန်ကြားရေးမှူး ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဒုတိယမြောက်နေ့အဖြစ် နေပြည်တော်မှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း နဲ့ တွေ့ဆုံချိန်မှာ အခုလို လက်ခံသွားမယ့် အစီအစဉ်ကို လက်မှတ်ရေးထိုး သဘောတူလိုက်တာ ဖြစ်ပါ တယ်။ အပြည့်အစုံ ကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက သတင်းအချက်အလက်တွေကို ပြည်တွင်းမှာ စုဆောင်း ရယူနိုင်ဖို့ ဗွီအိုအေ အမေရိကန် အသံ မြန်မာပိုင်းရဲ့ သတင်းထောက် တွေ ပြည်တွင်းမှာ သတင်း ယူခွင့်ပြုဖို့နဲ့ ဗွီအိုအေ က ထုတ်လွှင့်တဲ့ အစီအစဉ် တချို့ကို မြန်မာနိုင်ငံမှာ ပြန်လည် ထုတ်လွှင့်ဖို့ စတာတွေကို မြန်မာ အစိုးရဘက်က လက်ခံ လိုက်တာ ဖြစ်ပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အင်္ဂါ နေ့မှာ လက်မှတ်ရေးထိုး သဘောတူညီချက် ရရှိခဲ့တာလို့ ဗွီအိုအေ မြန်မာပိုင်းကို ညွှန်ကြားရေးမှူး David Ensor က ပြောပြပါတယ်။

“မြန်မာအစိုးရ ရုပ်မြင်သံကြားနဲ့ ရေဒီယိုဌာန ညွန်ကြားရေးမှူးချုပ်နဲ့အတူ ဒီကနေ့ လက်မှတ်ရေးထိုးကြ တာ ဖြစ်ပါတယ်။ သဘောတူညီချက် မှာတော့ ဗွီအိုအေက ထုတ်လုပ်တဲ့ အင်္ဂလိပ်စာ သင်ခန်းစာတို တချို့ကို မြန်မာရေဒီယိုတွေကတဆင့် ပြန်လည် ထုတ်လွှင့်ဖို့နဲ့ ရုပ်မြင်သံကြား မှာလည်း အလားတူ ပြသနိုင်ဖို့တွေ ပါဝင်ပါတယ်။ ဒါဟာ တိုးတက်မှု တခုပါ၊ ကြီးကြီးမားမား မဟုတ်ပေမဲ့ အရေးကြီးတဲ့ ဖြစ်ထွန်းမှု တခု ဖြစ် သလို၊ ဒီထက် ကြီးကြီးမားမား အခြေအနေတွေ ပေါ်ပေါက်လာဖို့လည်း မျှော်လင့်ထားပါတယ်။ ဒုတိယ အနေနဲ့ကတော့ မြန်မာပြန်ကြားရေး ၀န်ကြီးနဲ့ တွေ့ချိန်မှာ ဗွီအိုအေ မြန်မာပိုင်းဌာန အနေနဲ့ ပြည်တွင်းကို အကြိမ်ကြိမ် ၀င်ပြီး အလုပ်လုပ်ခွင့် ရနိုင်မယ့် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေး ရေး အစီအစဉ်ကို အားပေးတဲ့အကြောင်း ပြောကြားသွားတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ဗွီအိုအေ အနေနဲ့ တရားဝင် ရုံးခွဲတခု ဖွင့်လှစ်ပြီး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိရေးအတွက်လည်း မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ညွန်ကြားရေးမှူး David Ensor က ပြောပါတယ်။ ဒီလို အခြေအနေတွေ ပေါ်ပေါက်လာမယ် ဆိုရင်တော့ ဒါဟာ မီဒီယာ လုပ်ငန်း အပါအ၀င် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း လည်း သူက ပြောခဲ့တာပါ။ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ဌာနမှူး ဦးသန်းလွင်ထွန်း ကတော့ ရုံးခန်းဖွင့်လှစ်ပြီး လုပ်ကိုင်နိုင်ဖို့ ကိစ္စအတွက် လိုအပ်တဲ့ ဥပဒေရေးရာ ပြင်ဆင်မှုတွေ ရှိနေသေး တာမို့ လတ်တလောမှာ မဖြစ်နိုင်သေးတဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးက ရှင်းပြတယ်လို့ ပြောပါတယ်။

“VOA ရုံးခန်းဖွင့်ဖို့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဒီ ၀န်ကြီး ဦးကျော်ဆန်းက ပြောတာက ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ အခု လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ အသံလွှင့်မီဒီယာ ဥပဒေကြမ်းတခုကို တင်သွင်းဖို့ ရှိတယ်၊ အဲဒါက ဇူလိုင်လထဲမှာ ဖြစ်မယ်လို့ သူတို့ ပြောပါတယ်။ အဲတော့ ဇူလိုင်လအတွင်းမှာ ဒီ အသံလွှင့်မီဒီယာဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးလိုက်ပြီးတဲ့အခါကျလို့ ရှိရင်တော့ VOA အပါအ၀င် တခြား မြန်မာ့မီဒီယာတွေ အနေနဲ့ ရုံးခန်းဖွင့်ဖို့ ကိစ္စတွေ အတော်လေး တရားဝင် အားဖြင့် ပြေပြေ လည်လည်ဖြစ်သွားမယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ ပြောတဲ့သဘောက ဇူလိုင်၊ သြဂုတ် လ အလွန်ဆုံးပဲပေါ့။ အဲဒီနောက်ပိုင်းမှာတော့ ရုံးခန်းတွေ တရားဝင် ဖွင့်ဖို့ ကိစ္စ တွေက ဖြစ်လာနိုင် ပါတယ်လို့ သူ ပြောပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ခုလောလောဆယ်မှာ ၀န်ကြီးအနေနဲ့ အသေ အချာ ပြောလိုက်တဲ့ VOA သတင်းထောက်တွေ မြန်မာနိုင်ငံထဲကို အကြိမ်ကြိမ် ၀င်ခွင့်ရမယ့် ဗီဇာမျိုး ကို ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ ထောက်ခံချက်နဲ့ ရရှိအောင် ဆောင်ရွက်ပေးမယ် ဆိုတာလောက်နဲ့ပဲ ကျနော်တို့အနေနဲ့ တော်တော်လေး ကျေနပ်ရမယ်ဆိုတဲ့ သဘော ရှိတာပေါ့။”

ဗွီအိုအေ တာဝန်ရှိသူတွေရဲ့ မြန်မာနိုင်ငံခရီးစဉ် ကြာသပတေးနေ့ အဆုံးမသတ်မီမှာတော့ နိုင်ငံရေး ပါတီတွေနဲ့လည်း ရန်ကုန်မြို့မှာ တွေ့ဆုံ သွားဖို့ ရှိသလို၊ အသံလွှင့်လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံက မီဒီယာ လုပ်ငန်းက သက်ဆိုင်သူတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဦးသန်းလွင်ထွန်း က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အရပ်သား အစိုးရတရပ်အဖြစ် တက်လာပြီးတဲ့နောက် နိုင်ငံရေး အပြောင်း အလဲတွေ နဲ့အတူ သတင်းမီဒီယာ အပေါ် ထိန်းချုပ်မှု တချို့ကိုလည်း လျှော့ပေါ့လာရာမှာတော့ ဗွီအိုအေ အပါအ၀င် ပြည်ပသတင်းဌာနတွေရဲ့ အင်တာနက် ၀ဘ်ဆိုဒ်တွေကို အရင်က ပိတ်ပင် ထားတာတွေကို လည်း ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဘင်္ဂါလီ ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်များ တောင်ကုတ်ကိစ္စ ကန့်ကွက် ဆန္ဒပြ

ကိုပေါက်
အင်္ဂါနေ့၊ ဇွန်လ ၀၅ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး ဘင်္ဂါလီဗလီရှေ့တွင် အင်္ဂါနေ့ နေ့လည်ပိုင်းက အစ္စလာမ် ဘာသာဝင်များ ဆန္ဒပြမှု တရပ် ဖြစ်ပွားခဲ့သည်။

ဇွန်လ ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ခရီးသွား အစ္စလာမ် ဘာသာဝင် ၁ဝ ဦးအား ဒေသခံ လူအုတ် က သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ တရားမျှတမှု လိုချင်ကြောင်း၊ ထို့ပြင် နိုင်ငံပိုင် မီဒီယာများမှ အသုံးပြုလိုက်သည့် “မွတ်ဆလင် ကုလား” ဟူသည့် စကားလုံးနှင့် ပတ်သက်၍လည်း ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု မဇ္ဈိမသတင်းထောက် လင်းဘိုဘို က ပြောသည်။

ဗလီရှေ့တွင် ဆန္ဒပြ အစ္စလာမ် ဘာသာဝင် အယောက် ၅ဝ ခန့်နှင့် လာရောက် ကြည့်ရှုသူ စုစုပေါင်း ၃ဝဝ ခန့်အား အခြေအနေ အေးချမ်းစွာ ဖြစ်စေရန် အတွက် အစ္စလာမ် ဘာသာဝင် တဦးဖြစ်သူ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေး က နှစ်ကြိမ်တိုင် လာရောက်အားပေး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

“ခုတော့ လူစုကွဲသွားပါပြီ။ ကိုမြအေး ဒုတိယအခေါက် ပြန်ရောက် မလာခင်က အခြေအနေ တော်တော် တင်းနေတယ်။ ကိုမြအေးလည်း တော်တော် မောနေတယ်။ တော်တော် ကြိုးစားပမ်းစား ထိန်းသွားရှာပါတယ်။ အလ္လာက မှာ ထားချက်တွေ၊ ငြိမ်းချမ်းရေး ရှေးရှုဖို့တွေ ရှင်းပြသွားတယ်ဗျ။ အဓိက က မလိုလားအပ်တဲ့ ပြဿနာတွေထဲကို၊ လူတစုက ဖန်တီးနေတဲ့ လှည့်ကွက်ထဲကို ဝင်မသွားမိဖို့ လိုပါတယ် လို့ပြောတယ်” ဟု လင်းဘိုဘို က ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ တရားမျှတမှုမှာ ဧကန်လိုအပ်ကြောင်း လည်း ကိုမြအေး က တောင်းဆိုသွားပြီး နိုင်ငံပိုင် မီဒီယာများ၏ သုံးနှုန်းခေါ်ဆိုမှုနှင့် ပတ်သက်၍လည်း ကန့်ကွက် သွားသည်။

“ခရီးသွား ၁ဝ ယောက်ကို ရက်ရက်စက်စက် သတ်ပစ် တာကိုလည်း တရားမျှတမှု လိုချင်ပါတယ်။ အစိုးရက ကြေညာ တဲ့အခါမှာ ကျနော်တို့ကို မွတ်ဆလင် ကုလားတွေလို့ ကြေညာတယ်။ အဲလိုဆိုရင် တိုင်းပြည်အတွက် အသက်စွန့်သွား တဲ့ ဆရာကြီး ဦးရာဇတ်ကို မွတ်ဆလင် ကုလားကြီးလို့ ခေါ်မလားဗျာ” ဟု နိုင်ငံပိုင် မီဒီယာများအား ကိုမြအေး က ဝေဖန်ပြောဆို လိုက်သည်။

ထို့ပြင် မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုအားလည်း အမှုမှန်ပေါ်ပေါက်ပြီး တရားမျှတစွာ အရေးယူပေးရန် လိုလားကြောင်း ကိုမြအေး က တောင်းဆိုသွားသည်။

“အစိုးရပိုင် သတင်းမီဒီယာတွေ သုံးတာက discriminate လုပ်တာပေါ့။ လူမျိုးရေး ပဋိပက္ခကို ဖြစ်ပွားလာအောင် ဖန်တီးနေတဲ့ အသုံးအနှုန်းမျိုးဖြစ်နေတယ်လို့ ကိုမြအေးက ပြောသွားတယ်။ ကိုမြအေးရဲ့စကားကို အတော်များများ က လေးစားကြတာ တွေ့ရတယ်။ သူရောက်မလာခင်တုန်းက တော်တော်ကြီးကို ကြမ်းကြမ်းတမ်းတမ်းတွေ ဖြစ်နေ တာကိုး။ ပွက်လောရိုက်နေတာ” ဟု မဇ္ဈိမ သတင်းထောက်က ပြောသည်။

တောင်ကုတ်မြို့ သတ်ဖြတ်မှုတွင် တောင်တွင်းကြီးမြို့မှ ဆွေမျိုးသားချင်း ၃ ဦး သေဆုံးခဲ့သည့် ဒေါ်ခင်နှင်းလှ ကလည်း “ကျမတို့ဟာ နိုင်ငံရေးတွေလည်း နားမလည်ပါဘူး။ ဒီကိစ္စကို အမှုမှန် ပေါ်ပေါက်စေချင်တယ်။ အစိုးရကို မဝေဖန် လိုပါဘူး။ ကုလားဆိုတာ အရင်တုန်းက အစိုးရအနေနဲ့ သုံးနှုန်းခဲ့တာ မတွေ့ပါဘူး။ ခုကျမှ ဘာလို့ ဒီစကားလုံးသုံးလဲ မသိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ထို့နောက် ကိုမြအေးက “အစ္စလာမ်ဘာသာဝင်များ ကိုယ်စား တရားမျှတမှုရအောင် ကျနော် ကြိုးစားပါမယ်။ ကျနော် ကတိပေးပါတယ်” ဟု ပြောဆိုကာ ဆန္ဒပြသူ လူအုပ်အား အေးချမ်းစွာ လူစုခွဲစေခဲ့သည်။

လာရောက်ကြည့်ရှုနေကြသည့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများနှင့် တစုံတရာ ကတောက်ကဆ မဖြစ်ပွားခဲ့ဘဲ ဗလီလူကြီးများ၏ ထိန်းသိန်းမှုဖြင့် ဆန္ဒပြပွဲ ပြီးဆုံးသွားကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, June 5, 2012

နိုင်ငံရေးအပြောင်းအလဲ အချိန်ယူရမည်ဟု မြန်မာကာကွယ်ရေး ဝန်ကြီး တုံ့ပြန်

ကိုသားညွန့်ဦး
တနင်္လာ, 04 ဇွန် 2012

မြန်မာနိုင်ငံမှာ စစ်တပ်က နေရာယူအုပ်ချုပ်ထားတာ အထူးသဖြင့် လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း စစ်တပ်က ပါဝင်နေတဲ့အပေါ် တဖြည်းဖြည်းနဲ့ လျှော့ချသွားမယ်၊ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ကိုလည်း စစ်တပ်က ၁၀၀% ထောက်ခံပါတယ်လို့ မြန်မာနိုင်ငံ ကာကွယ်ရေး ၀န်ကြီးက ပြောဆိုခဲ့ပေ မယ့် နိုင်ငံရေးလေ့လာသူတွေ ကတော့ ဒီအပေါ်မှာ သံသယ ရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ လက်ရှိနိုင်ငံရေး အပြောင်း အလဲတွေဟာ ခိုင်ခိုင်မာမာ မရှိသေးသလို လူပုဂ္ဂိုလ်တွေ အပေါ်မှာ တည်နေ သလိုဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက ဆက်ပြီး တင်ဆက်ပေးမှာပါ။

စင်ကာပူနိုင်ငံမှာ ပြုလုပ်နေတဲ့ အာရှဒေသ၊ လုံခြုံရေး ညီလာခံမှာ မြန်မာ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း တက်ရောက် ခဲ့ရာမှာ မြန်မာနိုင်ငံ အတွင်း အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ မြန်မာ စစ်တပ်ရဲ့ သဘောထားကို တတ်ရောက်လာသူ အချို့က မေးခွန်း ထုတ်ခဲ့ကြပါ တယ်။ စစ်တပ် အနေနဲ့ လက်ရှိမြန်မာ အစိုးရပြုလုပ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ၁၀၀% ထောက်ခံ ပါတယ်လို့ ပြောခဲ့ သလို လက်ရှိ လွှတ်တော်တွင်း စစ်တပ်က ၂၅ % နေရာ ယူထားတာကိုလည်း တဖြည်းဖြည်း လျှော့ချ သွားဖွယ် ရှိတယ်လို့လည်း စကားပြန်က တဆင့် ပြောသွားပါတယ်။

လွှတ်တော်ထဲ ၂၅ % ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ ဥပမာ အားဖြင့် ရေချိုထဲက ငါးကို ရုတ်တရက် ရေငန်ထဲကို ထည့်လို့ မရသလို အသွင် ကူးပြောင်းရေး အတွက် အချိန်တော့ ယူရပါမယ်၊ အခုဖွဲ့စည်းပုံပါ ၂၅ % တပ်က နေရာ ယူထားတာဟာ အသေ ဆုပ်ကိုင်ထားဖို့ မဟုတ်ပါဘူး၊ ဖွဲ့စည်းပုံပါ အချက်အလက်တွေကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်၊ သင့်လျော်တဲ့ အချိန် ကျရင်တော့ ၂၅ % ပါဝင်မှုကို လျှော့ချပြီး အပြောင်းအလဲတွေ ရှိလာမှာပါ ဆိုပြီးတော့ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက ဖြေဆိုသွားတာပါ။

ဒါပေမယ့်လည်း မြန်မာစစ်ဘက် အရပ်ဘက် ဆက်ဆံရေး သုံးသပ်လေ့လာသူ တဦးဖြစ်တဲ့ ဦးဌေးအောင် ကတော့ အခုလို ကတိပေး ပြောဆိုမှုတွေ အပေါ်မှာ သံသယ ရှိပါတယ်။ အထူးသဖြင့်တော့ အပြောင်း အလဲတွေ၊ ဒီလို ပြောဆိုချက်တွေဟာ တစ်ခုလုံးကို တကယ် ကိုယ်စားပြုရဲ့လား၊ လူပုဂ္ဂိုလ်တွေ အပေါ်မှာ တည်သလိုဖြစ်နေသလားဆိုတာ သူက မေးခွန်းထုတ်ပါတယ်။

“ကျနော်တို့ သတိထားပြီးတော့ စောင့်ကြည့်ရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ် မှူးကြီးစောမောင် ကလည်းပဲ အလားတူပဲ ဦးစီးချုပ်ဖြစ်စဉ် ကာလ န၊ ဝ၊ တ ဥက္ကဋ္ဌဖြစ်စဉ် ကာလက ဒီရွေးကောက်ပွဲ ပြီးလို့ရှိရင် စစ်တန်းလျားကိုပြန်ပါမယ်လို့ ကတိတွေပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ သူ့ကို ဖယ်ရှားလိုက်တဲ့ အခါကျတော့ ဒီကတိတွေက သူနဲ့အတူ ပျောက်ကွယ် သွားတာမျိုးတွေ ရှိတယ်။ အခုလည်းပဲ ဗိုလ်ချုပ်ကြီး လှမင်းပဲဖြစ်စေ၊ ဒါမှမဟုတ် သမ္မတကြီး ဦးသိန်းစိန်ပဲဖြစ်စေ- နောက်ပြီးတော့ ဦးရွှေမန်းပဲဖြစ်စေပေါ့လေ- သူတို့က ခေါင်းဆောင်တွေ ပီပီပေါ့နော် ကတိကဝတ်တွေ ပေးထားပေမဲ့ တချိန်ချိန် ကျလို့ရှိရင် တပ်မတော်က အမျိုးမျိုးကြောင့် အာဏာပြန်သိမ်းဖို့၊ နောက်ကြောင်းပြန် လှည့်ဖို့ ဖြစ်လာမယ် ဆိုလို့ရှိရင် သူတို့ကို ဖယ်ရှား လိုက်တာနဲ့ သူတို့ရဲ့ကတိစကားတွေက သူတို့နဲ့ အတူတူ ပါသွားတဲ့ သဘောမျိုးပဲဖြစ်သွားမှာပဲ။”

ရှမ်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်ထွန်းဦးကတော့ အာဏာပိုင်တွေ အတွင်းမှာကို တဦးနဲ့တဦး အပြော အဆိုတွေ မညီညွတ်သေးတာကြောင့် အခု အပြောင်းအလဲ ဆိုတာဟာလည်း ခိုင်မာပါ့မလား စိုးရိမ်တယ်လို့ ပြောပါတယ်။

“ကျနော့်အထင်ပြောရရင်တော့ စိတ်ချရလောက်တဲ့အနေအထားမျိုးတော့ မရောက်သေးဘူးဗျ။ အထူး သဖြင့် တိုင်းရင်းသားတွေ ဆွေးနွေးတာဟာ တကြောင်း၊ တဂါထာ၊ တရွာ၊ တပုဒ်ဆန်းဖြစ်နေ တယ်။ ပြောတာ ဆိုတာတွေက မညီညွတ်သေးဘူးဖြစ်နေတယ်။ ငြိမ်းချမ်းရေးက စိတ်ချရတဲ့ ငြိမ်းချမ်းရေး ရမှသာလျှင် ပြီးပြည့်စုံ လိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒီတော့ အခုလို ငြိမ်းချမ်းရေး တည်ဆောက် ယူတဲ့နေရာမှာ စိတ်မချနေရလို့ ရှိရင် အမေရိကန်ဆီက လက်နက်တွေယူပြီးတော့ ဒီတိုင်းရင်းသားတွေကို ပြန်တိုက်နေရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ အဲဒါက စဉ်းစားစရာဖြစ်နေပါတယ်။”

အာရှလုံခြုံရေးညီလာခံကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တာလည်း တက်ရောက်နေ တာပါ။ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ လက်တွေ့ အကောင်အထည်ဖော်ပြီး နိုင်ငံရေး လွတ်လပ်ခွင့် ပိုပေးလာမယ် ဆိုရင် အမေရိကန်နဲ့ မြန်မာကြား စစ်ဘက် ဆက်ဆံရေး တိုးတက်စေမဲ့ နည်းလမ်းတွေ ကို ဆွေးနွေးသွားဖို့ အမေရိကန် ဘက်က လိုလိုလားလား ရှိတယ်လို့ မစ္စတာ Panetta က ပြောခဲ့ပါတယ်။ ဦးဌေးအောင် ကတော့ မြန်မာစစ်တပ်ဟာ အမေရိကန်နဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလိုတဲ့ သဘောထား ရှိနေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် အမေရိကန်က မြန်မာစစ်တပ်ကို အပြောင်းအလဲဖြစ်အောင် လုပ်နိုင်မယ်လို့ပြောပါတယ်။

“သူတို့အနေနဲ့ အစကတည်းကကို မြန်မာစစ်ခေါင်းဆောင်တွေက အနောက်နိုင်ငံတွေမှာ သွားပြီးတော့ စစ်ပညာသင်ချင်တာ မျိုးတို့၊ အနောက်နိုင်ငံတွေ မှာပဲ သွားပြီးတော့ အနောက်နိုင်ငံတွေက စစ်လက်နက် ပစ္စည်းတွေ တင်မကဘဲနဲ့ အနောက်နိုင်ငံထုတ် ပစ္စည်းတွေကို ဝယ်ယူချင်တာ မျိုးတို့၊ သူတို့ရဲ့ သားသမီးတွေကိုလည်း အနောက်နိုင်ငံတွေမှာပဲ ပညာ သင်စေချင်တာမျိုးတို့ ဒါမျိုး အနောက်နိုင်ငံတွေကို သူတို့ အနေနဲ့ အထင်ကြီးလေးစားတဲ့ စိတ်ဓာတ်တွေလည်း ရှိတယ်။ အဲဒါကြောင့် အခု အမေရိကန်နိုင်ငံက လာပြီး ဗမာ အစိုးရခေါင်းဆောင်တွေကို အခုလိုပေါ့ ကမ်းလှမ်းမှုတွေ လုပ်လာမယ် ဆိုရင်တော့ ဒါ အများကြီးကောင်းတယ် လို့ပဲ ကျနော်က ယူဆပါတယ်။”

လက်ရှိ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ စစ်အုပ်စုအတွင်း အပြောင်းအလဲကို လက်မခံတဲ့ သဘောထား တင်းမာသူတွေ ရှိနေဆဲပဲလို့ လေ့လာသူတွေက ယူဆနေကြတာပါ။ ဒါကြောင့်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်နိုင်မလဲဆိုပြီးတော့ နိုင်ငံတကာကလည်း စူးစမ်းနေပုံရပါတယ်။ အထူးသဖြင့် ကချင်ဒေသ မှာ အပစ်ရပ်ဖို့ သမ္မတက ညွှန်ကြားချက်ထုတ်ပေမဲ့ စစ်တပ်ကလိုက်နာမှုမရှိဘူးလို့ ယူဆချက်တွေကြောင့် စစ်တပ်ဟာ အပြောင်းအလဲမှာ အဟန့်အတားဖြစ်နိုင်တယ်လို့ မြင်နေကြတာပါ။ ဒါပေမယ့်လည်း ကာကွယ်ရေးဝန်ကြီးကတော့ စစ်တပ်အနေနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေကို အပြည့် အ၀ထောက်ခံပါတယ်၊ မြန်မာ့စစ်တပ်ဟာ ဘယ်တုန်းကမှ အစိုးရကို ပုန်ကန်တာမျိုး မရှိခဲ့ဘူး လို့ ပြောဆိုသွားပါတယ်။

Ref: VOA News

Read More...

ရခိုင်အဓိကရုဏ်း အစိုးရသတိပေး

ကိုမိုးဇော်
တနင်္လာ, 04 ဇွန် 2012

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်းမှာ ဒီရက်ပိုင်း ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေ အတွင်း လူ ၁၀ ဦးအထိ သေဆုံး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာတော့ တရားဥပဒေ စိုးမိုးမှု အားနည်းချက် အဖြစ် နိုင်ငံရေးခေါင်းဆောင်တွေက ထောက်ပြနေကြ တာပါ။ ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အဝေးပြေး ကားပေါ်မှာ လိုက်ပါလာသူ အစ္စလာမ် ဘာသာဝင်တွေကို တနင်္ဂနွေနေ့ ညနေပိုင်းက တောင်ကုတ်မြို့ခံတွေက သံတွဲ၊ တောင်ကုတ် ကားလမ်း ဆုံမှာ တားဆီး သတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ အာဏာပိုင်တွေ ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အခင်းဖြစ်ပွားပုံကို တောင်ကုတ်မြို့ခံတယောက်က အခုလို ပြောပါတယ်။

“ညနေ လေးနာရီခွဲလောက်က သံတွဲကရောက်တဲ့ကား၊ ရိုးမသစ္စာ ကားပေါ်မှာ မွတ်စလင် ဗလီဆရာ ၇ ယောက် ပါလာတယ်။ အဲဒါ သူတို့ကို တောင်ကုတ်က အဖွဲ့တွေ ကားထဲမှာပဲ သတ်မယ်၊ ဖြတ်မယ်ဆိုလို့ ကားဂိတ်က အတင်း ကားကို ထွက်ခိုင်းတာနဲ့ ကားက ထွက်သွားတယ်၊ ထွက်သွားလို့ လမ်းမှာ ဆိုင်ကယ်နဲ့ လိုက်သွားကြပြီးတော့ သံတွဲ လမ်းဆုံမှာ ကားကို ရပ်ခိုင်းပြီး ဗလီဆရာတွေကို ဝိုင်းပြီး ရိုက်သတ် ပစ်လိုက်ကြ တယ်။ ဗလီဆရာတွေက ၇ ယောက်၊ ကားမောင်းတဲ့ ဒရိုင်ဗာနဲ့ စပယ်ယာ ၂ ယောက်ပေါ့နော်။ ”

နောက်ဆုံးရတဲ့ သတင်းအရဆို သတ်ခံရသူ စုစုပေါင်း ၁၀ ယောက်ဖြစ်ပါတယ်။ ဒီသတ်ဖြတ် ခံရသူတွေ ထဲမှာ ကားမောင်းသူနဲ့ ယာဉ်နောက်လိုက် ၂ ယောက် အပါအ၀င် တောင်တွင်းကြီးမြို့က ၆ ယောက်၊ မြောင်းမြမြို့ က ၂ ယောက်တို့ ဖြစ်တယ်လို့ တခြားဒေသခံတွေက ပြောပါတယ်။

ဒီသတ်ဖြတ်မှုဟာ ရမ်းမြဲမြို့နယ် ကျောက်နီမော်ရွာက မသီတာထွေးခေါ် ရခိုင် အမျိုးသမီး တယောက် ကို မေလ ၂၈ ရက်နေ့က အစ္စလာမ် ဘာသာဝင် လူငယ် ၃ ယောက်က အဓမ္မပြုကျင့် သတ်ဖြတ်မှုနဲ့ ဆက်စပ်ဖြစ်ပေါ် လာတာဖြစ်ပါတယ်။ မသီတာထွေး သတ်ဖြတ် ခံခဲ့ရပြီးတဲ့နောက်မှာ ကျောက်နီမော်ရွာ၊ ရမ်းဗြဲမြို့နဲ့ ကျောက်ဖြူမြို့က လူထုက ကန့်ကွက် ဆန္ဒပြတာတွေ တောက်လျှောက်ဖြစ်ခဲ့ပါတယ်။

တောင်ကုတ်မြို့မှာ သတ်ဖြတ်မှု မဖြစ်ပွားခင် မနက်ခင်းကလည်း လူမျိုးရေး အရ လှုံ့ဆော်တာတွေ ဖြစ်ပွားခဲ့ တယ်လို့ တောင်ကုတ်မြို့ခံက ပြောပါတယ်။

“မိုးလင်းကာစကနေပြီးတော့ တောင်ကုတ်မြို့ရဲ့ဈေး ပတ်ဝန်းကျင်မှာ စာတွေဖြန့်ကြတယ်၊ လှုံ့ဆော်ကြ တယ်။ ကုလားတွေ မြို့ဝင်တာ၊ ထွက်တာတွေကို လက်မခံဖို့၊ တွေ့ရင် သတ်ကြဖို့ အဲဒါတွေကို လှုံ့ဆော်တဲ့ စာတွေ - အဲဒီ ကျောက်နီမော်မှာဖြစ်တဲ့ ကလေးမလေးရဲ့ ဓာတ်ပုံတွေနဲ့ ပူးပြီးတော့ လှုံ့ဆော် ထားတာတွေ ရှိတယ်။”

ဒီတိုက်ခိုက်မှုမှာ လူ ၂၀၀ လောက် ပါဝင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ အခုချိန်ထိတော့ တစုံ တရာ ဖမ်းဆီး အရေးယူတာ မရှိသေးပါဘူး။ သေဆုံး သွားသူတွေရဲ့ ရုပ်အလောင်းတွေ ကိုတော့ ဒီကနေ့ သံတွဲမြို့မှာ သင်္ဂြိုဟ်တယ်လို့ ပြောပါတယ်။

တောင်ကုတ်မြို့၊ အစ္စလာမ်ဘာသာဝင်တွေ သတ်ဖြတ် ခံရတာဟာ တရားဥပဒေ စိုးမိုးမှုရဲ့ အားနည်း တာကြောင့်ဖြစ်တယ်လို့ တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးခင်လှက ပြောပါတယ်။

“ကျနော့အနေနဲ့ပြောရမယ် ဆိုရင်တော့ တရားဥပဒေ စိုးမိုးမှု မရှိလို့ ဖြစ်တာလို့ မြင်တယ်။ ဘာလို့လဲ ဆိုတော့ အချိန်က စောစောကြီးပဲ၊ လေးနာရီခွဲ လောက်ပဲ ရှိတယ်။ ဖြစ်တဲ့ ကိစ္စမှာလည်း တချက်တည်း ခုတ်၊ ထိုး၊ သတ်ပြီးတော့ လူတယောက်ကို ထွက်ပြေး သွားတာမျိုး မဟုတ်ဘူးပေါ့နော်။ တိုင်းပြည်ကို ငြိမ်ဝပ် ပိပြားဖို့ ဥပဒေစိုးမိုးဖို့ ကိုင်တွယ်နေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ တာဝန်ရှိတယ်လို့ ကျနော်ထင်တယ်။”

ဦးခင်လှက ဒီမိုကရေစီနိုင်ငံထူထောင်နေချိန် မှာတော့ လူမျိုးရေး၊ ဘာသာရေး အမုန်း တရားတွေ၊ အာဃတတွေနဲ့ လုပ်ဆောင်လို့ မရနိုင်ကြောင်းလည်း ထောက်ပြပါတယ်။ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကလည်း အခုလို သုံးသပ်ပါတယ်။

“တောင်ကုတ်မှာ ဖြစ်သွားတဲ့ကိစ္စကလည်းပဲ ဒါ လူအုပ်စုနဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီးကာမှ၊ တရားဥပဒေ စိုးမိုးမှု၊ ဆင်ခြင်စွာ ထိန်းသိမ်းနိုင်မှု အင်္ဂါရပ်တွေမှာ တစုံတခု အတိုင်းအတာ အထိ ယိုယွင်း သွားတယ်လို့ သုံးသပ် ပါတယ်။ နောင် ဒါမျိုး ဖြစ်စဉ်တွေ မဖြစ်ပေါ်နိုင်အောင် ဘာသာ အသီးသီးက ပုဂ္ဂိုလ်ကြီးတွေနဲ့ လူထုကို ချပြ၊ ဘာသာရပ် ဆိုင်ရာအရ ဆွေးနွေး၊ ညှိညှိနှိုင်းနှိုင်းနဲ့ ထိန်းထိန်း သိမ်းသိမ်းဖြစ်ဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။”

မနေ့ညပိုင်းကလည်း စစ်တွေမြို့မှာ နာဇီဈေး ဈေးကောက်နှုန်းမြင့်တက် လာတာကို ဦးဆောင် ဆန္ဒပြခဲ့ သူ ပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး ရဲစခန်းကို ၀ိုင်းဝန်း ဆန္ဒပြရာက လူထုနဲ့ ရဲတပ်ဖွဲ့ အကြားမှာ အခင်းဖြစ်ပွား ခဲ့ပါတယ်။ ဆန္ဒပြလူထုက ရဲစခန်းကို ပုလင်းတွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ ဘက်ကလည်း မိုးပေါ်ကို သေနတ်ပစ်ဖောက် သတိပေးပြီး နောက်ပိုင်းမှာ လူအုပ်အကြား ပစ်ခတ်ဖြိုခွင်း ခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် ကတော့ ထိခိုက် ဒဏ်ရာရသူ ၁၃ ယောက်ရှိပြီး ဒဏ်ရာ ကြီးမားတာ မရှိကြောင်း ပြောပါတယ်။

ဒီနေ့မှာတော့ တောင်ကုတ်ရော စစ်တွေမြို့မှာပါ ပုံမှန်အခြေအနေတိုင်း ငြိမ်သက်နေခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာ မှာတော့ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေတဲ့ အခြေ အနေတွေကို အစိုးရက တရား ဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေ အနေနဲ့ တည်ငြိမ်အေးချမ်း မှုနဲ့ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေမယ့် အပြုအမှုတွေကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်ကြဖို့ တိုက်တွန်း ထားပါတယ်။

Ref: VOA News

Read More...

Monday, June 4, 2012

ထိုင်းနိုင်ငံ ခရီးစဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုရှိ

2012-06-03

(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ခရီးစဉ် ပြီးဆုံးသွားပြီး ဒီကနေ့ မနက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပါတယ်။

ထိုင်းနိုင်ငံမှာ (၆) ရက်ကြာ နေထိုင်စဉ် ကာလအတွင်း ထိုင်း အာဏာပိုင်တွေရဲ့အစီအစဉ်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ နယ်စပ် ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ နိုင်ခဲ့ပါတယ်။

ထိုင်းခရီးစဉ် တခုလုံးပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ကျေနပ်မှု ရခဲ့တယ်လို့ သူနဲ့အတူ ထိုင်းနိုင်ငံကို လိုက်ပါသွားတဲ့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက RFA ကို ပြောပါတယ်။

"ကျွန်မတို့ ရာသီဥတုမကောင်းလို့ နဲနဲ နောက်ကျပါတယ်။ ၁၀ နာရီလောက် ပြန်ရောက်ပါတယ်။ ခရီးစဉ်အပေါ်မှာ ကျွန်မတို့ အားရကျေနပ်မှု ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အထူးပဲ ကျေနပ်ပါတယ်။ ဒီထိုင်းအစိုးရ စီစဉ်ပေးတဲ့ ခရီးစဉ်အတိုင်းပဲ ဒီ မယ်လ၊ မဲဆောက်ကို သွားတာပါ။ သူတို့ စီစဉ်ပေးတဲ့ အတိုင်းပဲ ဒုက္ခသည်စခန်းကို ၀င်ခဲ့ရတယ်။ သူတို့စီစဉ်ပေးတဲ့ သူတွေနဲ့ပဲ တွေ့ခဲ့ရတယ်။ ဒါပေမယ့် ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အားရ ကျေနပ်မှုရှိပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဟာ နော်ဝေနိုင်ငံ ဖြစ်ရမယ်လို့ ပြောကြားခဲ့ဖူးပေမယ့် အခုတော့ ထိုင်းနိုင်ငံ ခရီးစဉ် ပေါ်ပေါက်ခဲ့ရပါတယ်။ ဒီလအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပကို ခရီးဆက်ဖို့ရှိပြီး နော်ဝေ၊ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

Ref: RFA News

Read More...

ဒုက္ခသည်များ၏ အခက်အခဲ ဒေါ်အောင်ဆန်းစုကြည် စုံစမ်းလေ့လာ

လင်းသန့်
June 2, 2012

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်းသို့ ယနေ့နံနက် ထိုင်းစံတော်ချိန် ၁၀ နာရီခွဲခန့်က လာရောက်ခဲ့ပြီး ထိုင်း တာဝန်ရှိသူများ၊ ဒုက္ခသည် ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ မြန်မာ ဒုက္ခသည်များအရေး မေးမြန်းစုံစမ်း လေ့လာသွားကြောင်း သတင်းရရှိသည်။

“ဒုက္ခသည်တွေရဲ့ တ၀က်ကျော်ကျော်လောက်က မှတ်ပုံ မတင်ရသေးဘူးပေါ့လေ။ မှတ်ပုံ မတင်ရသေးတဲ့ ဒုက္ခသည်တွေ အနေနဲ့ ထိုင်းနိုင်ငံ အစိုးရဘက်က ဘယ်လို စီစဉ်နေလဲ၊ ဘယ်လိုကြောင့် သူတို့ကို မှတ်ပုံ မတင်ရလဲ၊ မှတ်ပုံတင်ဖို့ အစီအစဉ်တွေ ရှိသလား၊ ဘယ်လို ပုံစံမျိုးနဲ့ မှတ်ပုံ တင်မှာလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းသွားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ ကိုစောထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

ထို့အပြင် စခန်းတွင်းရှိ ကလေးငယ်များ ကျောင်းမတက်ဖြစ်ခြင်း၊ ကျောင်းပညာ တပိုင်းတစဖြစ်ခြင်းများနှင့် အဖက်ဖက်က အခက်အခဲများ ရင်ဆိုင်နေရသည်မှာ နိုင်ငံတကာ အကူအညီ အထောက်အပံ့ နည်းသွားခြင်းကြောင့် လားဟု ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းရာ ထိုင်းတာဝန်ရှိသူများ၊ NGO များက ပြန်လည် ဖြေကြားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မယ်လဒုက္ခသည် စခန်းတွင်းရှိ ဆေးရုံတွင် လှည့်လည်လေ့လာ ခဲ့ပြီးနောက် စခန်းတွင်း ရိုးရာ ၀တ်စုံများနှင့် စောင့်ကြိုနေကြသော ဒုက္ခသည်များကို ကားပေါ်မှပင် နှုတ်ခွန်းဆက် စကား ပြောကြားပြီး နေ့လယ် ၁ နာရီကျော်တွင် မယ်လ ဒုက္ခသည်စခန်းမှ မဲဆောက်မြို့သို့ ယာဉ်တန်းဖြင့် ဆက်လက် ထွက်ခွာခဲ့သည်။

မယ်လဒုက္ခသည်စခန်းမှ အသက် ၃၉ နှစ်အရွယ် ကိုချစ်ဦးက “အရမ်းပျော်တာပေါ့နော်။ ကျနော်နဲ့အတူတူ ဒီက ပြည်သူတွေလည်း အားလုံး ထပ်တူထပ်မျှ ခံစားရ တယ်ပေါ့၊ ဒေါ်စုကို တွေ့ရတာ။ ဒေါ်စုပြောတာက ပြည်တွင်းကို အားလုံး အမြန်ပြန်နိုင်ဖို့ အတွက် သူကြိုးစားပေးမယ်ပေါ့။ အာဏာပိုင်တွေကို သူပြောခဲ့တယ်ပေါ့” ဟု ဆိုသည်။

ဒုက္ခသည်တဦးဖြစ်သူ မမြင့်ချိုက “အခုလို ဒေါ်အောင်ဆန်းစုကြည် လာလို့ ကျမတို့ ကျေးဇူးတင်ပါတယ်။ ကျမ ဒုက္ခသည် စခန်းမှာ နေလာတာ အနှစ် ၂၀ လောက်ရှိပါပြီ။ ကျမတို့ အမေမိဘတွေရော၊ မောင်နှမတွေရော အားလုံးက အမေရိကန် ရောက်ကုန်ကြပြီ။ ဒီမှာ ကျမတဦးတည်း ကျန်တယ်။ ကျမတို့ မြန်မာပြည်ပြန်ဖို့ ကတော့ ဘယ်လို ဆုံးဖြတ်ရမှန်း ကျမတို့လည်း မသိတော့ဘူး” ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းသို့ ဒေါ်အောင်းဆန်းစုကြည် လာရောက်သည်မှာ ကောင်းသည့် လက္ခဏာနှင့် မြန်မာ ဒုက္ခသည်များ အတွက် ခွန်အားဖြစ်သော်လည်း ဒုက္ခသည်များ၏ အခက်အခဲ အခြေအနေများကို အသေးစိပ် တင်ပြနိုင်ရန် အခွင့်အရေး မရခဲ့ကြောင်း စခန်းဥက္ကဋ္ဌ ကိုစောထွန်းထွန်းက ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းကို လေဆိပ်နှင့် မယ်လ ဒုက္ခသည် စခန်းသို့ သွားရာလမ်း တလျှောက်တွင် မဲဆောက်ရှိ ထောင်နှင့်ချီသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ ကျောင်းသားကျောင်းသူများ၊ မဲဆောက်ဒေသ တခွင်ရှိ မြန်မာနိုင်ငံသားများက ကြိုဆိုကြသည်။

မယ်လဒုက္ခသည်စခန်းမှ မဲဆောက်သို့ အပြန်လမ်းတွင် မယ်တော်ရှိ ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းနှင့် ပညာသင်ကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လေ့လာမည် ဆိုသည့် သတင်းများ ထွက်ပေါ် လာသော်လည်း ရောက်ရှိလာခြင်း မရှိဘဲ မဲဆောက်လေဆိပ်သို့ တန်းသွားကာ လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ကြောင်း သိရသည်။

“ကျမတို့အားလုံးကတော့ ဒီမှာ မျှော်လင့်ကြတယ်ပေါ့နော်။ ဒီ ကျောင်းသူ ကျောင်းသားတွေရော၊ ကျန်းမာရေး၊ ပညာရေး လူမှုရေး ၀န်ထမ်းတွေ အားလုံး ဒီမှာ စုံစုံညီညီနဲ့ ကြိုဆိုကြချင်တယ်လေ။ ဒေါ်စုရဲ့ အားပေး စကားတွေလည်း ကြားချင်ကြတယ်ပေါ့နော်။ နောက် နယ်စပ်ဒေသ အခြေအနေ အားလုံးကိုလည်း ကျမတို့ ဆွေးနွေး တင်ပြချင်တယ်။ အဲဒီလိုမျိုး အခြေအနေမှာ ဒေါ်စု မလာနိုင်တဲ့ အတွက်ကြောင့် ကျမတို့ အားလုံး ၀မ်းနည်းကြတယ်” ဟု ဒေါက်တာ စင်သီယာမောင်က ဧရာဝတီကို ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နယ်စပ်ဒေသ အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းများနှင့် အင်အားစု များ၏ ပူးပေါင်းဆောင်ရွက်နေမှု၊ နယ်စပ်ဒေသရောက် မြန်မာများ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အခြေအနေများကို လေ့လာ သိရှိသွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်နော်စီဖိုးရာစိန်က “တိုင်းရင်းသား ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ အင်အားစုတွေပဲဖြစ်ဖြစ် အခု သူက နယ်စပ်မှာ လာပြီ ဆိုတော့ တွေ့ချင်တာပေါ့။ ဒါပေမယ့် လာမယ့် အစီအစဉ်လည်း ကျမတို့ မသိဘူး။ ဘယ်သူက စီစဉ်ပေးတာလဲ၊ ဘယ်သူက လုပ်ပေးတာလဲ ကျမတို့ မသိဘူးပေါ့နော်။ မသိတဲ့ အတွက်ကြောင့် အဆင်ပြေမှု တခုမှ မရှိဘူး။ မြန်မာပြည်သူ ပြည်သားတွေကတော့ မျှော်လင့်ချက်ကြီးကြီးနဲ့ စောင့်နေတာ၊ တွေ့ရတော့ စိတ်မကောင်းဖြစ်ကြတာပေါ့” ဟု ပြောသည်။

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကိုမိုးဆွေကလည်း “မဲဆောက်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ဘာပဲ ပြောပြော ကိုယ့်ခေါင်းဆောင် ဆိုတော့ သူတို့ တွေ့ချင်ကြတယ်ပေါ့။ အခုဟာက လေယာဉ်ကွင်းကနေ ကားက တရှိန်ထိုး မောင်းထွက် သွားတယ်။ မျက်နှာလေးတောင် မြင်ခွင့် မရလိုက်ဘူးဆိုတော့ စိတ်မကောင်းကြဘူး” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ အရေး၊ မြန်မာဒုက္ခသည်များ အရေးကို ထိုင်း အာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်း ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့