..............................

Thursday, September 15, 2011

ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲသွားကြည့်

ရန်ပိုင်
Wednesday, 14 September 2011 16:58
E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ပြုလုပ်သော အာဆီယံ ယူ ၁၉ မြန်မာ-လာအို ပွဲစဉ်ကို သွားရောက် ကြည့်ရှုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် ၂၃ နှစ်ဆက်တိုက် နေထိုင်ခဲ့သည့်ကာလ အတွင်း ပထမဆုံး အကြိမ် ဘောလုံးကွင်းသို့ သွားရောက်ပြီး ဘောလုံးပွဲ ကြည့်ခြင်းဖြစ်သည်။

“အခု ပွဲစလို့ ၃ မိနစ် ရှိနေပါပြီ၊ ဒေါ်အောင်ဆန်စုကြည် အနားမှာ ဦးဇော်ဇော်၊ ဒေါက်တာ စိုင်းဆမ်ထွန်း၊ ဦးအောင်ကျော်မိုး တို့လည်း ထိုင်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး တာဝန် ယူထားသည့် ကိုကျော်စိုးနိုင်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုလည်း အာဏာပိုင်များက တာဝန်ယူကြောင်း ဘောလုံးပွဲကို အေးချမ်းစွာ အားပေး နေသည့် ပရိသတ်များ ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ကြောင်း ကိုကျော်စိုးနိုင်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက နေပြည်တော်၌ ကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးပွဲ ကြည့်ရှုရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဘောလုံးပွဲကို မြန်မာ့ရုပ်မြင်သံကြားကလည်း တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)၏ ၂၀၁၁ ခုနှစ် အာဆီယံ အသက် ၁၉ နှစ်အောက် ဘောလုံး ပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်နေ့က စတင် ကျင်းပခြင်းဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှား၊ လာအို၊ ဘရူနိုင်း၊ ဗီယက်နမ်တို့နှင့် အုပ်စု (ခ)တွင် ပတ်လည် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာအသင်း၏ လက်ရှိ အခြေအနေမှာ ဗီယက်နမ်ကို သရေ၊ ဘရူနိုင်းကို ၆ ဂိုးပြတ် အနိုင်ရရှိထားသည်။ လာအိုအသင်းမှာ အင်ဒိုနီးရှား အသင်းကို သရေ ကစားထားသည်။

ဇူလိုင် ၂၈ ရက်နေ့က သုဝဏ္ဏကွင်း ကမ္ဘာဖလားခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် အိုမန် အသင်းတို့ ကစားရာ၊ အိုမန် အသင်းက ၂ဂိုး အနိုင် ရရှိနေချိန်တွင် မြန်မာပရိသတ် တချို့က ရမ်းကားသည့် အတွက် ပွဲပျက်သွားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့