..............................

Thursday, November 19, 2009

SSA အပစ်ရပ် နှင့် နအဖ ဆွေးနွေးမှု ညှိနှိုင်းမရ

ဗုဒ္ဓဟူးနေ့၊ 18 နိုဝင်ဘာလ 2009

အသွင်ကူးပြောင်းရေးကော်မတီ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့် မြောက်ပိုင်း SSA အပစ်ရပ် တပ်ဖွဲ့ ခေါင်းဆောင်တို့ ပြီးခဲ့သည့် စနေနေ့က လားရှိုး၌ တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ညှိနှိုင်း၍ မရဟု ရွှေလီ သတင်းရပ်ကွက်က ပြောပါသည်။

“ဒေသကာကွယ်ရေးတပ်ပြောင်းဖို့ ဗိုလ်ရဲမြင့်က စာရင်းအကြိမ်ကြိမ် တောင်းထားတယ်။ တပ်ရင်း ၃ ရင်းအတွက် SSA ဘက်က သတင်း ပေးလိုက်ပေမယ့် လူအင်အား စာရင်း မပြည့်ဘူးဆိုပြီး ငြင်းခုံတဲ့ အဆင့် အထိတောင်ဖြစ်ခဲ့တယ်” - ဟု လားရှိုးမြို့ခံ တဦးက ပြောပါသည်။

နိုဝင်ဘာ ၁၄ ရက် တွေ့ဆုံပွဲတွင် နအဖ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်လှမြင့်၊ ဂျီဝမ်း ဒုဗိုလ်မှူးကြီး မင်းဟိန်း နှင့် သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA အပစ်ရပ်တပ်ဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်၊ ဒုဥက္ကဌ ဗိုလ်ချုပ် ကိုင်ဖ၊ ဗိုလ်မှူးကြီးစိုင်းတူး၊ ဗိုလ်မှူးကြီးဂေါင်တိုင်းတို့ ပါဝင်ခဲ့ကြသည်ဟု ဆို၏။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA အပစ်ရပ်တပ်ဖွဲ့မှ ဒုဗိုလ်ချုပ်ကြီးရဲမြင့် လူသူ လက်နက် စာရင်းပေးရန် တောင်းဆိုသည့် အတိုင်း ပေးပို့ရာ၌ မူဆယ် - နမ့်ခမ်းဘက် အခြေချမည့် ဗိုလ်မှူးယွတ်မောင် ဦးဆောင်သည့် တပ်ရင်းအတွက် လူအင်အား ၆၀၊ သီပေါမြို့နယ် အခြေချမည့် ဗိုလ်မှူး သန်းဌေး ဦးဆောင်သည့် တပ်မဟာ ၃ ၌ လူအင်အား ၇၀-၈၀ အပြင် တပ်မဟာ ၇ အင် အား ၆၀-၇၀ နှင့် ထပ်ပေါင်းသော်လည်း လူအင်အား ၃၀၀ မပြည့်သော ကြောင့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က - “ကျနော်တို့ သိထားတဲ့ သတင်းအရဆို ခင်ဗျားတို့ တပ်ဖွဲ့ရဲ့ လူအင်အားက ၅-၆ ထောင်လောက် ရှိတယ်။ အခုခင်ဗျားတို့ စာရင်းသွင်း လာတာ ၃၀၀ တောင် မပြည့်ဘူး၊ အဲဒါ ဘာကြောင့်လဲ” - ဟု မေးခဲ့ကြောင်း လားရှိုး စစ်တိုင်းရှုံးနှင့် နီးစပ်သူ တဦးက ပြောပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်လွယ်မောဝ်နှင့် အဖွဲ့က -“ဗိုလ်ချုပ်တို့ ပြောတဲ့ အတိုင်း နားလည် လက်ခံတာ ကျနော်တို့ တင်ပြတဲ့ အဖွဲ့တွေဘဲ ရှိတယ်။ ကျန်တဲ့တပ်မှူး တပ်ကဲတွေက အသွင်ပြောင်းရေး အကြောင်းနားလည် သဘောပေါက်ဖို့ ကျနော်တို့ အချိန်ယူ ဆွေးနွေး ရဦးမှာဖြစ်တယ်” - ပြန်ပြောကြောင်း အဆိုပါ အမည်မဖေါ်လိုသည့် ပုဂ္ဂိုလ်က ပြောပြပါသည်။

၂၀၀၉ ဒီဇင်ဘာဒက်လိုင်းထား အသွင်ပြောင်းရန်၊ နိုဝင်ဘာလ ၂၂ နောက်ဆုံးထား လူသူ လက်နက် အင်အားစာရင်း ပေးပို့ရန် ဗိုလ်ချုပ်ရဲမြင့်က ရာဇဒဏ် ထပ်ပေးထားကြောင်း - “ခင်ဗျားတို့ အသက် ၅၀ အထက် လူကြီးပိုင်း မနားချင်ဘူး ဆိုရင်လည်း အသက် ၆၀ အထိ တာဝန်ထမ်းခွင့် ပြုမယ်၊ ခင်ဗျားတို့ နိုင်ငံတော်ရဲ့ စေတနာကိုလဲ နားလည်မှာပါ” - ဟု ပြောကြား ခဲ့ကြောင်း ဆို၏။

နယ်ခြားစောင့်တပ် BGF နှင့် ဒေသကာကွယ်ရေးတပ် (ပြည်သူ့စစ်) HGF အဖြစ် အသွင်ပြောင်းရန် နအဖမှ အကြိမ်ကြိမ် ခေါ်ယူ ဖိအား ပေးသော်လည်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA-ESS မိုင်းလားတပ်ဖွဲ့၊ ၀ ပြည် သွေးစည်းရေး တပ်ဖွဲ့ UWSA၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA တပ်ဖွဲ့တို့က လက်မခံဘဲ အကြောင်းပြချက် အမျိုးမျိုးဖြင့် အချိန်ဆွဲပြီး ငြင်းဆန် ထားခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဝတပ်ဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့ရေးကို မူအရ လက်ခံသော်လည်း လက်တွေ့တွင် ဘာကြောင့် ငြင်းဆန် နေသနည်း

ဗုဒ္ဓဟူးနေ့၊ 18 နိုဝင်ဘာလ 2009

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို မူအရ လက်ခံထားသော ၀ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSA တပ်ဖွဲ့က လက်တွေ့တွင်မူ သဘော မတူပဲ ငြင်းဆန် နေသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့တွင် နအဖနှင့် ၀တပ်ဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးကြစဉ် ၀တပ်ဖွဲ့ ဘက်မှ ထပ်မံ ငြင်းဆိုထားကြောင်း ၎င်း အဖွဲ့နှင့် နီးစပ်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နအဖဘက်မှ စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ကာကွယ်ရေးနှင့် စစ်ဆင်ရေး အထူး အဖွဲ့မှူး မင်းအောင်လှိုင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး စစ်ဗျူဟာမှူးနှင့် ၀ တပ်ဖွဲ့ဘက်မှ ဒုဥက္ကဌ ရှောက်မီလျှံ ဒု စစ်ဦးစီးချုပ် နိုင်ငံခြား ဆက်ဆံရေး ဌာနမှူးတို့ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင် နအဖကိုယ်စားလှယ်များဘက်မှ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ၀တပ်ဖွဲ့မှ တင်ပြထားသော အချက်များကို ပယ်ချလိုက်သည်။

၎င်း အပြင် ချွင်းချက်မရှိ လက်ခံရေးနှင့် ဒီဇင်ဘာလအတွင်း အကြောင်း ပြန်ကြားရန် ရက် သတ်မှတ်လိုက်ကြောင်း တရုတ် နယ်စပ်မှ စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

ဝတပ်ဖွဲ့မှ ၀ပြည်နယ်သတ်မှတ်ပေးရန် ၊ အစိုးရ လက်အောက်ခံ မဟုတ်ပဲ အထူး လက္ခဏာ ဆောင်သော ဆက်ဆံရေး ထားရှိရန် ၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအား မူအားဖြင့် လက်ခံပြီး ၎င်းတို့တပ်အား ၎င်းတို့ကိုယ်တိုင် အုပ်ချုပ်ရန် စသည့် အခြေခံ အချက်များအား အစောပိုင်းကတည်းက တောင်းဆိုခဲ့ကြောင်း သူက ဆိုသည်။

“အခြေခံအားဖြင့်တော့ ဖွဲ့စည်းပုံကိုပြန်လည်ပြင်ဆင်ရေးပဲ အခြေခံ အချက်တွေကတော့ ၃ ချက်လောက်ပါပဲ အဲဒါ
ကိုရဲမြင့်က ပြတ်ပြတ်သားသား ပြောလိုက်တာ ဖွဲ့စည်းပုံကို မပြင်နိုင်ဘူးပေါ့ မပြင်နိုင်တော့ အဲဒါတွေ မဖြစ်နိုင်ဘူးပေါ့ အဲဓိက ကျတာတော့ ဒီဇင်ဘာလထဲမှာ အဖြေပေးဖို့ ပြောတယ်” လို့ သူက ပြောသည်။

ဝတပ်ဖွဲ့ပိုင် လက်နက်စက်ရုံပိတ်ပစ်ရန် မူးယစ်ဆေးဝါး မလုပ်ရန် စစ်သားသစ် စုဆောင်းရေး မလုပ်ရန်တို့လည်း သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့်အရေးတွင် တင်းခံနေသည့် ငြိမ်းချမ်းရေး တပ်ဖွဲ့များနှင့် နှစ်ဘက် ဆက်ဆံရေး အဆင်ပြေ ချောမွေ့မှု မရှိပဲ တင်းလျှင် တင်းသလောက် နအဖဘက်မှ အလျှော့ပေး နေရကြောင်း အခြေအနေတွင် ရှိခဲ့သည်။

“ငြိမ်းအဖွဲ့တွေက တင်းရင်တင်းသလောက် နအဖက အလျှော့ပေးခဲ့ရတာပဲ ၈ လ ၊ ၁၀ လ ၊ အခု ဒီဇင်ဘာလ အထိ သူရွေ့ပေး ခဲ့ရတာပဲ အခုတော့ အချိန်သိပ်များများ စားစားတော့ မကျန်တော့ဘူး ” လို့ ပြော သည်။

မူအရအလျှော့မပေးလိုသော နအဖက ငြိမ်းအဖွဲ့များ အတွင်းပိုင်း ချိနဲ့သွားစေရန် အချိန်များစွာ ပေး၍ အခွင့်ကောင်း စောင့်လျှက်ရှိသလို ငြိမ်းအဖွဲ့များ ကလည်း မူအရ ရသမျှ အခွင့်အရေးကို ယူမည်ဆိုကာ တောင်းဆိုနေခြင်း ဖြစ်ကြောင်း သုံးသပ်သူများက ဆိုသည်။

နအဖဘက်မှ ရပ်ခံထားသော မူအရ အလျှော့မပေးသမျှ လက်တွေ့တွင် နှစ်ဘက် ပြေလည်နိုင်ရေးမှာ အလှမ်း ဝေးနေအုံး မည်သာ ဖြစ်ကြောင်း ဆိုကြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Wednesday, November 18, 2009

နယ်ခြားစောင့်တပ်များအား ကြိုဆိုပွဲပြုလုပ်

ခိုင်လင်း / ၁၇ နိုဝင်ဘာ ၂၀၀၉

ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေ-ကေ) မှ အသွင်ပြောင်း ဖွဲ့စည်း လိုက်သည့် နယ်ခြားစောင့် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အင်အား (၁ဝဝ) ကျော်အား ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ မြို့တော် ခန်းမတွင် အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

နိုဝင်ဘာ (၁၄) ရက်တွင် ရောက်ရှိလာသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအား နံနက် (၉) နာရီတွင် စတင် ကြိုဆိုခဲ့ပြီး ယင်း ကြိုဆိုပွဲသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်းနှင့် အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြပြီး နေ့လယ် (၁၁) နာရီတွင် ပြီးဆုံးသွားကြောင်း အဆိုပါပွဲ တက်ရောက်ခဲ့သည့် မြစ်ကြီးနားမှ ပညာရေး ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “အန်ဒီအေကေ တပ်ဖွဲ့တွေက အားလုံး (၁၀၀) ကျော် (၂၀၀) လောက်ရှိမယ်။ လက်နက်တော့ မပါဘူး။ ယူနီဖောင်းရယ်၊ ဒိုင်းလိုဟာမျိုးမှာ အစိမ်း၊ အဝါ၊ အနီ၊ အလယ်က ကြယ်နဲ့၊ ရဲတံဆိပ်လို ဟာမျိုး လက်မောင်းမှာ တပ်ထားတယ်။ ဘယ်ရီဟက် ဆောင်းထားတယ်။ တရုတ် (FAW) ဖောကားတွေနဲ့ လာကြတာ။ အားလုံးကား (၈) စီးရှိတယ်” ဟု ပြောသည်။

အခမ်းအနားအပြီးတွင် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအား FAW အမှတ်တံဆိပ် တရုတ်လုပ် ခြောက်ဘီး ကားများဖြင့် မြစ်ကြီးနား၊ မြို့သစ်ကြီးသို့ သယ်ဆောင် သွားသည်ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

ကချင်တိုင်းရင်းသားများအကြား အန်ဒီအေကေ အဖွဲ့အပေါ် မျှော်လင့်ချက် ကုန်ဆုံးကာ စိတ်ပျက် နေကြချိန်တွင် ယခုကဲ့သို့ နယ်ခြားစောင့်တပ် ပြောင်းလဲသည့် အပေါ် ပိုပြီး စိတ်ဆိုး ဒေါသ ဖြစ်နေကြသည်ဟု မြစ်ကြီးနားမြို့ခံ ကချင်အမျိုးသား တဦးက ပြောသည်။

၎င်းက “ပထမ ငြိမ်းချမ်းရေးစယူလိုက်ကတည်းက ပြည်နယ်ရဲ့ သယံဇာတတွေကို ကိုယ်ကျိုး စီးပွားလုပ်ပြီး ကချင် တော်လှန်ရေး အပေါ် သစ္စာ ဖောက်လိုက်တယ်။ ဒုတိယအချက်က ခရစ်ယာန် ဖြစ်လျက်နဲ့ ပန်ဝါမှာ ဘုရားတည်တဲ့ ကိစ္စနဲ့ ဘာသာရေး အပေါ် သစ္စာ ဖောက်လိုက်တယ်။ အခုနောက်ဆုံး သွေး၊ ချွေးတွေနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်း တခုလုံးကို ကချင် လူထုတွေ အတွက် ဘာမှ မလုပ် ပေးနိုင်သေးဘဲနဲ့ လူရော၊ လက်နက်ရော စစ်အစိုးရကို ထိုးအပ်ပေးလိုက်တယ်။ ဆခုံတိန့်ယိန်းကို အတော်ကို စိတ်နာနေကြပြီ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်း အန်ဒီအေကေတပ်ဖွဲ့ဝင်များကို မြစ်ကြီးနား မြို့ပေါ်သို့ ခေါ်ယူပြီး ကြိုဆိုပွဲ လုပ်ခြင်းမှာလည်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကို ၎င်းကဲ့သို့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မြူဆွယ်ပြခြင်းမျိုး ဖြစ်သည်ဟု အဆိုပါ ကချင်အမျိုးသားက ပြောသည်။

၎င်းက “မပခတိုင်းမှူးက ကေအိုင်အိုကို ဒီက ဘာသာရေးခေါင်းဆောင်တွေက တဆင့် တဖက်လှည့်နဲ့ စည်းရုံးတာမျိုး တွေလည်း ရှိတယ်။ ဆခုံတိန့်ယိန်းတို့ အဖွဲ့ ဒီ မြစ်ကြီးနားကို ခေါ်လာတာလည်း လူထုတွေ လက်ခံ ကြိုဆိုနေတယ် ဆိုတာမျိုး လုပ်ပြချင်တာ” ဟု ပြောသည်။

အန်ဒီအေကေအဖွဲ့သည် ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ အပစ်ခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်နေ့တွင် နယ်ခြားစောင့်တပ် အဖြစ် တရားဝင် အသွင် ပြောင်းလိုက်သည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, November 17, 2009

ဝတပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရ က နောက်ဆုံးရက် သတ်မှတ်

ပေါက်ပေါက် / ၁၆ နိုဝင်ဘာ ၂၀၀၉

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့အား နယ်ခြားစောင့် တပ် အသွင် ပြောင်းရန် ဒီဇင်ဘာ နောက်ဆုံး ထားပြီး အဖြေ ပေးသွားရန် နအဖ စစ်အစိုးရ ကိုယ်စားလှယ်များက သတိပေးလိုက်သည်။

ယခုလ (၁၄) ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ စစ်ဘက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ပါဝင်သော အဖွဲ့နှင့် ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သော ဝ ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ခဲ့ရာတွင် နအဖဘက်က ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်ဟု ဝခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဝတပ်ဖွဲ့က တောင်းဆိုထားတဲ့ ကိုယ့်တပ်ဖွဲ့ကို ကိုယ့်ဘာသာကိုယ် အုပ်ချုပ်မယ် ဆိုတာကို နအဖ ဘက်က လုံးဝ လက်မခံဘူး။ ပြီးတော့ ဝနယ်မြေထဲမှာ ရွာသားတွေ ဘိန်းစိုက် နေတာတွေကို တားဆီးဖို့၊ ပြီးတော့ ဝတပ်ဖွဲ့က လက်နက်ပြင်တဲ့ စက်ရုံကို ပိတ်ပစ်ဖို့၊ အဲလို ပြတ်ပြတ်သားသား ပြောလာတယ်။ ဝခေါင်းဆောင် ဘက်ကလည်း အရင်က မူတွေ အတိုင်း မဖြစ်နိုင် သေးဘူးပေါ့။ နှစ်ဘက် တင်းတင်း မာမာတော့ ရှိနေတယ်၊ အဲဒီမှာ ဒီဇင်ဘာလ မကုန်ခင် ရက်ပိုင်းကို အဖြေပေးဖို့ နောက်ဆုံးရက် သတ်မှတ် လိုက်တယ်” ဟု ပြောသည်။

နအဖဘက်က အောက်တိုဘာ လကုန်ရက်ဟု ယခင် ရက်သတ်မှတ် ထားရာမှ ယခုတဖန် ဒီဇင်ဘာ လကုန်ရက်ဟု ရက်သတ်မှတ် လိုက်ခြင်းသည် နအဖအတွက် အမေရိကန်နှင့် ဆက်ဆံရေး ကိစ္စ အပါအဝင် လေးလပတ် အစည်းဝေးများ ရှိသေးသကဲ့သို့ ဝတပ်ဖွဲ့ အပါအဝင် နယ်ခြားစောင့်တပ် လက်မခံသေးသည့် အပစ်ခတ်ရပ် အဖွဲ့များကို တိုက်ခိုက်ရန် အထိ အဆင်သင့် မဖြစ်သေးသည့် အတွက် ယခုကဲ့သို့ ရက်ရွှေ့ဆိုင်း ထားခြင်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “အမေရိကန်နဲ့ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်နေချိန်မှာ လူမျိုးစုတွေကို သေနတ်ဖောက်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး။ ပြီးတော့ သူတို့ရဲ့ လေးလပတ် အစည်းအဝေး ဆိုတာလည်း ရှိသေးတယ်။ ရွေးကောက်ပွဲ ကိစ္စအတွက် အခုချိန်အထိ ဘာမှ ဥပဒေ ထုတ်တာ မရှိသေးဘူး။ အခုလို ရက်ရွှေ့လိုက်တာ သူတို့ အတွက်လည်း အချိန်ရသွားတယ်။ တကယ် သူတို့သာ တိုက်ရဲရင် တိုက်မှာပေါ့။ အပစ်ခတ်ရပ် အဖွဲ့က တင်းတင်းမာမာ ပြန်လုပ်တော့ သူတို့ဘက်က လျှော့သွားတာ” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဝတပ်ဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရရှိပါ။ ဝတပ်ဖွဲ့ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှ ဝအရာရှိ တဦးက ဝခေါင်းဆောင်များ နအဖ ကိုယ်စားလှယ် များနှင့် သွားရောက် ဆွေးနွေး ခဲ့ကြောင်းကို အတည်ပြု ပြောကြားသော်လည်း အသေးစိတ် ပြောရန်ကိုမူ ငြင်းဆိုခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ
သတင်းစာက
" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း
ဖော်ပြခဲ့

" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " သည်ဟု ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ သောကြာနေ့၊ (၁၃၊ ၁၁၊ ၂၀၀၉)နေ့ထုတ် ရတနာပုံ သတင်းစာ၊ အတွဲ (၁၈)၊ အမှတ် (၁၉၇) နောက်ကျောဖုံး (စာမျက်နှာ- ၁၆) မှာ တရားဝင် ဖော်ပြခဲ့ပါ၏။ (ပူးတွဲပါ ဓာတ်ပုံကို ရှု)



ပုံမှန်အတိုင်း ဆိုလျှင် " ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု စစ်အဆိုးရက ဖော်ပြလေ့ ရှိသော်လည်း ယခုလို " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု မန္တလေးထုတ် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) က ဖော်ပြလိုက်ခြင်းသည် ဗမာပြည်သူလူထုအား " ဒီမိုကရေစီရလိုလျှင် ဆူကြ ပူကြ " ဟု ရတနာပုံ သတင်းစာ (သို့မဟုတ်) စစ်အဆိုးရ ကိုယ်တိုင်က နှပ်ကြောင်းပေးသည့် သဘော ဖြစ်နိုင်ကြောင်း မန္တလေး မြို့ခံများက ပြောဆို သုံးသပ် နေလျက် ရှိကြ၏။


နောက်တစ်မျိုးစဉ်းစားကြည့်မည် ဆိုလျှင် --
ထို (၁၃၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံ သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင် ကိုသန်းရွှေ သီရိလင်္ကာ ထွက်ခွာကြောင်း သတင်းကို ဖော်ပြထားပြီး နောက်ကျောဖုံးတွင် " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု ရေးသား ဖော်ပြထားရာ ၎င်းနှစ်ခုကို ယှဉ်တွဲ အဖြေ ထုတ်ကြည့်မည် ဆိုပါ က ကိုသန်းရွှေ သီရိလင်္ကာမှာ ရှိသခိုက် ဗမာပြည် ဒီမိုကရေစီ ရရှိဖို့ ဗမာပြည်သူ ပြည်သားများ ဆူကြ ပူကြရန် မန္တလေးထုတ် ရတနာပုံ သတင်းစာက တိုက်တွန်း နေဘိသကဲ့သို့ ရှိနေပါတော့သည်။

ကဲ ... ဒီမိုကရေစီရရှိဖို့ ဆူကြပူကြ စို့ !!!

Ref: (ညိုကြီး)

Read More...

Sunday, November 15, 2009

ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ စာပို့

14 November 2009


ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအကျိုးအတွက် စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် လုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဖို့ မေတ္တာရပ်ခံတဲ့ စာတစောင်ကို နိုဝင်ဘာလ ၁၁ ရက်နေ့က ပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ရေးထိုးထားတဲ့ ဒီ မိတ္ထူ စာတစောင်ကို အသံမလွှင့်ခင် အချိန်အနည်းငယ် အတွင်းမှာပဲ ရရှိခဲ့တာပါ။ ဒီစာနဲ့ ပတ်သက်တဲ့ သိရသမျှ အချက်အလက်တွေကိုတော့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

ဒီစာကတော့ - သို့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဆိုပြီးတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့စွဲ တပ်ထားတဲ့စာ ဖြစ်ပါတယ်။ အကြောင်းအရာ ကတော့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုထားမှုများကို ရုပ်သိမ်းရေး ကိစ္စ နောက်ဆက်တွဲ တင်ပြခြင်း ဆိုပြီးတော့ ရေးထားတာ တွေ့ရပါတယ်။

ပထမ စာပိုဒ်မှာတော့ - ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို မစ္စတာ ကာ့တ် ကမ်ဘဲလ် ရောက်ရှိလာ တုန်းမှာ တွေ့ခွင့် ပေးတဲ့ အတွက်ကြောင့် စစ်အစိုးရကို ကျေးဇူးတင်တဲ့ အကြောင်း၊ ဒုတိယ စာပိုဒ်မှာကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သိရှိလိုတယ် ဆိုတဲ့ နိုင်ငံခြားက စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို သိရှိနိုင်အောင် နိုင်ငံတော် ဖွံ့ဖြိုးရေး ကောင်စီက ဆောင်ရွက် စီစဉ်ပေးတဲ့ အတွက် ကျေးဇူးတင်တယ် ဆိုတဲ့ အကြောင်း ဖော်ပြထားပါတယ်။

တတိယ စာပိုဒ်ကတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အကျိုးရှိမယ့် လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက် နိုင်မယ်လို့ ရေးထားပြီးတော့ စတုတ္ထ စာပိုဒ်မှာတော့ - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လုပ်ငန်း များ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံးကို ကျမ၏ နေအိမ်သို့ ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေး လိုပါသည်။ ကျန်းမာရေးအရ မိမိတို့ နေအိမ် အသီးသီးတွင်သာ နေထိုင်လျက် ရှိကြသော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလွန်းတင် တို့ကို ၄င်းတို့၏နေအိမ် အသီးသီးသို့ သွားရောက် ဂါရ၀ပြု ကန်တော့ပြီး - နံပါတ် (၁) ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ နံပါတ် (၂) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွှန့်ဝေ တို့ ပါဝင်သော ဗဟို အလုပ်အမှုဆောင် အဖွဲ့ စုံညီ အစည်းအဝေးကို ကျမ၏ နေအိမ်တွင် ကျင်းပရန် စီစဉ်ခြင်းနှင့် စပ်လျဉ်းပြီး သဘောတူညီချက် ရယူရေးကို စီစဉ် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ ပါသည်လို့ ဖော်ပြထားပါတယ်။

နောက်ဆုံးစာပိုဒ်မှာတော့ - အဲဒီလို ဆွေးနွေးပြီးတဲ့နောက် ဒါဟာ နိုင်ငံတော်နဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စကို ဆွေးနွေး တိုင်ပင်ဖို့ အတွက် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံ တင်ပြခွင့် ပြုပါရန် အထူး မေတ္တာ ရပ်ခံအပ်ပါသည်။ - ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုး ထားတာ တွေ့ရပါတယ်။

ဒီစာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် ဖြန့်ဝေလို့ ရရှိခဲ့တာ မဟုတ်တဲ့အတွက် ဒီစာဟာ အစစ်အမှန် ဟုတ် မဟုတ် authenticity နဲ့ ပတ်သက်ပြီးတော့ သော်လည်းကောင်း၊ ဒီစာကို ကျနော်တို့ သတင်းအဖြစ် ထုတ်လွှင့်ခွင့် ရှိမရှိ ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကျနော် အခုပဲ ဆက်သွယ်မေးမြန်းပါတယ်။

ဦးဉာဏ်ဝင်းကတော့ ၁၁ ရက်နေ့ နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်မှတ် ထိုးပြီး စာတစောင် ပေးပို့ထားတာ မှန်ကန်တယ် ဆိုတဲ့ အကြောင်း၊ ဒီစာ ဟုတ်မဟုတ် အတိအကျ ဆိုတာတော့ သူမပြောနိုင်တဲ့ အကြောင်း သတင်း မလွှင့်ခင်မှာဘဲ လွှင့်နိုင်ပါတယ်လို့ ပြောတဲ့ အတွက် အခုလို ထုတ်လွှင့်လိုက်တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့