..............................

Friday, September 18, 2009

အကျဉ်းသား ၇၁၁၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ၊ နိုင်ငံရေး သမား ပါမပါ မသေချာသေး

AP သတင်းဌာန
စက်တင်ဘာ ၁၇၊ ၂၀၀၉

နိုင်ငံအနှံ့ရှိ အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၇၁၁၄ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သည်။ သို့သော်လည်း ထို အထဲတွင် နိုင်ငံရေးအရ ထိန်းသိမ်း ခံနေရသူများ ပါဝင်မှု ရှိမရှိ မသိရသေးပါ။

အစိုးရ ရုပ်မြင်သံကြားက ယနေ့ညနေပိုင်းတွင် လွတ်ငြိမ်း ချမ်းသာခွင့် သတင်းကို ကြေညာခြင်း ဖြစ်သည်။ ကောင်းမွန်စွာ နေထိုင်မှုကြောင့် လည်းကောင်း၊ လူသားချင်း စာနာမှု ရှုထောင့်မှ လည်းကောင်း လွှတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ နှင့် လူ့အခွင့်အရေး အဖွဲ့များက မြန်မာပြည်တွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ထက်မက ရှိသည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း အစိုးရကမူ ထိန်းသိမ်းခံရသူ အားလုံးမှာ ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြောင်း ပြောသည်။

ပြန်လွတ်လာသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရပေ။ ယခင်က အစုလိုက် အပြုံလိုက် လွှတ်စဉ်ကလည်း နိုင်ငံရေး အကျဉ်းသား လက်တဆုပ်စာသာ ပါခဲ့သည်။ ပြန်လည် လွတ်မြောက် လာသူတို့က ဒီမိုကရေစီ အရေး လှုပ်ရှားသူ အဖွဲ့များကို အကြောင်းကြားပါက ထိုအဖွဲ့များမှက ၎င်းတို့ လွတ်မြောက်လာကြောင်း ကြေညာကြသည်။

ဤနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေး အကျဉ်းသားမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ဒေါ်စုသည် နေအိမ် အကျယ်ချုပ်ကျနေသည်။

အစိုးရက အရေးပါသည့် နေ့များတွင် ရာဇ၀တ်သား အများစု ပါဝင်သည့် လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေ့ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက အကျဉ်းသား ၆၃၁၃ ဦး ပြန်လွတ်လာရာ နိုင်ငံရေးသမား ၂၀ ခန့်သာ ပါဝင်သည်။ အကျဉ်းသားများအား လွှတ်ပေးခြင်းမှာ ယနေ့တွင် အစပြုခြင်း ဟုတ်မဟုတ် မသိရပါ။

မနက်ဖန် သောကြာနေ့သည် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကို နှိပ်ကွပ်ပြီး အာဏာ သိမ်းခဲ့သည့် ၂၁ နှစ်မြောက် နှစ်လည်နေ့ ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သွားရောက်မည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

Ref: မိုးမခ

Read More...

ရန်ကုန်မြို့၌ အချိန် (၂) နာရီအတွင်း ဗုံးပေါက်ကွဲမှု (၆) ခုဖြစ်ပွား

မျိုးချစ်သူ/ ၁၇ စက်တင်ဘာ ၂၀၀၉

ရန်ကုန်မြို့တွင် အချိန် (၂) နာရီခန့်အတွင်း ဗုံးပေါက်ကွဲမှု (၆) ခု ဆက်တိုက် ဖြစ်ပွားကြောင်း ရန်ကုန် မြို့ခံများ ထံမှ သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာများမှာ လှိုင်သာယာမြို့နယ်နှင့် ရွှေပေါက်ကံ မြို့နယ်တို့ရှိ စက်မှုဇုန်များတွင် ဖြစ်ကြောင်း စက်မှု လုပ်ငန်းရှင် တဦးက ပြောသည်။

ဖြစ်ပွားမှုနှင့် ပတ်သက်၍ လှိုင်သာယာ မြို့နယ်ရဲစခန်းသို့ ခေတ်ပြိုင်က ဆက်သွယ် မေးမြန်းရာ တာဝန်ကျ ရဲအရာရှိ တဦးက ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ပေါက်ကွဲမှုတွေ ဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ချိန်ကိုက် အသေးစား ဗုံးလေးတွေ ပါပဲ။ ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူး” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် (၃) ရှိ ပုဂ္ဂလိက ကားဝင်းနှင့် ကားနှင့် ဆက်စပ်ပစ္စည်းများ သိုလှေင်ရာဝင်း တို့တွင် စက်တင်ဘာ (၁၆) ရက်နေ့ (၁၁) နာရီ (၅၀) မိနစ်ခန့်နှင့် ည (၁၂) နာရီခန့်တို့တွင် ဆက်တိုက် ပေါက်ကွဲကြောင်း၊ ယင်းအချိန်၌ပင် ရွှေပေါက်ကံ စက်မှုဇုန်ရှိ ဂျိုနာ အထည်ချုပ် စက်ရုံ ၀င်းအတွင်းတွင်လည်း စက်တင်ဘာ (၁၇) ရက်နေ့အကူး ည (၁၂) နာရီခွဲကျော်တွင် ပေါက်ကွဲမှု ဖြစ်ကြောင်း လှိုင်သာယာ ရဲစခန်းနှင့် ရွှေပေါက်ကံ ရဲစခန်း မှတ်တမ်းများ အရ သိရသည်။

“ပေါက်ကွဲမှုကြောင့် ကျနော်တို့စက်ရုံက ဘယ်သူမှ ထိခိုက်မှုဖြစ်တာ မရှိဘူး။ ကျနော်တို့ ထင်တာက ထရန်စဖော်မာ ပေါက်တာထင်လို့ လျှပ်စစ်ကို အကြောင်းကြားတာ။ သူတို့တွေလာမှ ဗုံးပေါက်မှန်း သိရတာပါ။ ပေါက်ကွဲတဲ့ နေရာ အနီးမှာတော့ စက်ရုံနံရံကို ထိသွားတယ်၊ ပြိုကျသွားတယ်” ဟု ရွှေပေါက်ကံ စက်မှုဇုန် ဂျိုနာ အထည်စက်ရုံ ၀န်ထမ်းတဦးက ပြောသည်။

ထို့အပြင် လှိုင်သာယာ စက်မှုဇုန်ရှိ ပုဂ္ဂလိက သစ်အချောထည် စက်ရုံ ဘေးလမ်းနှင့် အမှတ် (၅) ရဲကင်း ဘေးလမ်း တို့တွင်လည်း ပေါက်ကွဲမှု တချိန်တည်း ဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးပေါက်ကွဲသော ဗုံးမှာ စက်တင်ဘာ (၁၇) ရက် (ယနေ့) နံနက် (၁) နာရီခွဲ၌ အိုင်အန်ဂျီအို တခု၏ ရုံးခန်းဘေးတွင် ပေါက်ကွဲခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

လှိုင်သာယာစက်မှုဇုန်၏ တာဝန်ရှိသူက အဆိုပါ ဗုံးပေါက်ကွဲမှုများ အပေါ် အစိုးရက သံသယ ဖြစ်ဖွယ် လူများကို လိုက်လံ စစ်ဆေးနေပြီ ဖြစ်ကြောင်း ပြောသည်။

“ဘယ်သူ့ လက်ချက်လဲဆိုတာတော့ လောလောဆယ် မသိရသေးဘူး။ စက်မှုဇုန်တွေကိုမှ ဘာလို့ အဲဒီလို လုပ်တယ် ဆိုတာကို ကျနော်တို့လည်း စဉ်းစားနေတယ်” ဟု စက်မှုဇုန်၊ စီမံခန့်ခွဲရေး လုပ်ငန်းပိုင်း ဆိုင်ရာ ဆောင်ရွက်သူ အကြီးအကဲ တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

သူတို့ရည်ရွယ်ချက်က ဘယ်သူ့ဆီမှ လက်နက်မထားချင် တော့ဘူး

NEJ / ၁၇ စက်တင်ဘာ၂၀၀၉

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း ဖုန်ကြားရှင် ဦးစီးသည့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် အပစ်ရပ် တပ်ဖွဲ့ကို နအဖ စစ်အစိုးရက ပြီးခဲ့သည့် သြဂုတ်(၂၇) ရက်တွင် တိုက်ခိုက်ခဲ့သဖြင့် နအဖ တပ်များနှင့် ကိုးကန့် တပ်ဖွဲ့တို့ အကြား (၃) ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့မှု နယ်စပ် အခြေအနေများနှင့် ပတ်သက်၍ တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေး လေ့လာအကဲခတ်သူ ဦးအောင်ကျော်ဇောနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ နအဖစစ်အစိုးရက ကိုးကန့်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ အပေါ် ဘယ်လို ထင်မြင် ယူဆပါသလဲ။

ဖြေ။ ။ တစ်အချက်က ဦးဖုန်ကြားရှင်က နယ်ခြားစောင့်တပ် အသွင်ပြောင်း ဖွဲ့စည်းရေး ကိစ္စကို မာမာတင်းတင်း ဆက်ဆံတာ တခု။ နောက်တခုက သူက တရုတ်ဖြစ်တာ တခု။ သူ့ကို ဘာလို့ ရွေးတယ် ဆိုတာပေါ့။ သူတို့ အဖွဲ့မှာလည်း အက်ကြောင်းက သူများထက် ပိုတယ်။ မြန်မာအစိုးရက စောစောကတည်းက ပိုင်စုံချိန်ကို ၀ယ်ထားနိုင်တယ်။ အဲလို အခြေအနေတွေ အောက်မှာ နအဖက သူတို့ အဖွဲ့ကို ရွေးချယ်လိုက်တာ ဖြစ်တယ်။ အဓိက အချက်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတာ။ အဲဒီမှာ အချိန်ကာလနဲ့ အဖွဲ့အစည်းနဲ့ နေရာကို ရွေးတဲ့အခါမှာ သူတို့အတွက် အင်မတန် ကိုက်ညီတဲ့ဟာကို ရွေးလိုက်နိုင်တယ်။

တရုတ်-မြန်မာ နယ်စပ်မှာရှိနေတဲ့ ဗကပက ခွဲထွက်သွားတဲ့ လက်နက်ကိုင် အဖွဲ့တွေထဲမှာ အနည်းနဲ့ အများဟာ မိသားစု စနစ်လို ဖြစ်နေကြတာ များတယ်။ နဂိုကလည်း ပဒေသရာဇ် အစဉ်အလာရှိတဲ့ လူမျိုးစု ဒေသတွေဖြစ်တယ်။ အဲလိုရှိတဲ့ ဓမ္မတာ အောက်မှာပဲ ဒီမိုကရက်တစ် ခေါင်းဆောင်မှုက နည်းတယ်။ အဲတော့ အနည်းနဲ့ အများဆိုသလို အဲဒီမှာ အက်ကြောင်းတွေ ရှိတယ်။ အဲဒီထဲမှာ အက်ကြောင်း အများဆုံးဖြစ်တဲ့ ကိုးကန့်အဖွဲ့ကို ရွေးလိုက်တာပဲ။ အဲတော့ ကိုးကန့် တရုတ်တွေကို တိုက်တာရှင်းတယ်။

ပြီးခဲ့တဲ့လ (၂၇) နဲ့ (၂၈) ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောရက်သားနဲ့ ထပ်ပြီးတော့ လုပ်တယ်။ ဒါက ဘာကို ပြတာလည်းဆိုရင် သာမန် ကိုးကန့် ကိစ္စ တခုတည်း မဟုတ်ဘူး။ သူတို့မှာ ရည်ရွယ်ချက် နှစ်ခု သုံးခုရှိတယ်။ တခုက ဘော်ဒါကိစ္စကို အကြပ်ကိုင် လုပ်ခိုင်းတဲ့ သဘောဖြစ်တယ်။ မင်းတို့ နယ်ခြားစောင့်တပ် မလုပ်ဘူးလား။ မလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ ပြလိုက်တာပဲ။ နောက်ပြီး သူတို့က ကမ္ဘာကိုလည်း ပြချင်တယ်။ တရုတ်ပြည်နဲ့ ပတ်သက်လို့ ငါတို့လုပ်ချင်တာ လုပ်လို့ ရတယ်ဆိုတဲ့ ဟာကို ပြတာ။ နောက်တခုက အမေရိကန်ကိုလည်း ပြတာ ငါတို့က တရုတ်တပြည့် မဟုတ်ဘူး။ မလွဲသာလို့ ပေါင်းနေတာ ဆိုတာကို ပြတယ်။ ကိုးကန့်ကို တိုက်တာဟာ အဓိက နိုင်ငံရေးအရ တိုက်တာပဲ။

မေး။ ။ နအဖစစ်အစိုးရဘက်က ကိုးကန့်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ အခါ တရုတ်နိုင်ငံ ဘက်က သတင်းပေး ပူးပေါင်း ဆောင်ရွက် ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ နအဖဘက်က တရုတ်ပြည်က ပေးတဲ့သတင်းနဲ့ ကိုးကန့်ကို လုပ်တာပါလို့ ပြောတယ်။ တရုတ်ပြည် ဘက်က လက်နက်ကိစ္စကို နှစ်နိုင်ငံ လုံခြုံရေး ကိစ္စကို ထည့်တွက်တာ ရှိတယ်။ ပြောခဲ့တယ်။ ကျနော်တို့ မေးစမ်းတဲ့အခါ တရုတ်ပြည်က မနှစ်က ပြောတာဖြစ်တယ်။ လုံခြုံရေး ၀န်ကြီးကလည်း ပြောတယ်၊ မန္တလေး ကောင်စစ်ဝန် ကလည်း ပြောတယ်။ ဒီနှစ်နိုင်ငံ နယ်စပ်ကို ကျနော်တို့ သေချာ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရအောင် ဆိုတဲ့ အနေအထားပေါ့၊ သတိထားပြီးတော့ လက်နက် အရောင်းအ၀ယ်တွေ ဆက်ရှိနေသေးရင် မကောင်းဘူး ဆိုတာပေါ့။ နောက်ဆုံးပြောတာက မန္တလေး ကောင်စစ်ဝန် ကနေပြီးတော့ ဒု-ရဲချုပ်ကို မန္တလေးမှာ ထမင်းစားပွဲမှာ တွေ့တော့ ပြောတာက နယ်စပ်ဒေသမှာ လက်နက် အရောင်းအ၀ယ် ကိစ္စတွေကိုတော့ နှစ်ဘက် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ကောင်းတယ်ပေါ့။ ဒါကိုယူပြီး နအဖက ချလိုက်တာ။ တရုတ်ပြည်ကလည်း သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒ အမှားပေါ့နော်၊ အဲဒါကို မြိုးမြိုးမြက်မြက် ခံစားလိုက်ရတယ်။

မေး။ ။ အခု ကိုးကန့်ဒေသအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အခုအခြေအနေကတော့ ဘယ်လိုမှ ပြောလို့ မရသေးဘူး။ ခုတော့ အေးချမ်းတယ်၊ ဒါပေမယ့် အနာရှိန် ကျန်ခဲ့တယ်။ ပြောက်ကျား တပ်ဖွဲ့တွေ ကျန်ရစ်ခဲ့တယ်။ အနီးအနား လက်နက်ကိုင် တပ်ဖွဲ့ အဖွဲ့အစည်း တချို့မှာလည်း ကိုးကန့်ထဲက တပ်ဖွဲ့ဝင်တချို့ ကျန်တယ်။

မေး။ ။ တရုတ်ဘက်မှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေရော နေရပ် ပြန်ကုန်ကြ ပြီလား။

ဖြေ။ ။ စစ်ပြေးဒုက္ခသည် စုစုပေါင်း (၃၇,၀၀၀) ကျော်ရှိတယ်။ ဒီထက်မက ရှိနိုင်ပါတယ်။ အခုဟာက စာရင်းလုပ်တဲ့ နေရာကပါ။ ဧရိယာက နည်းတဲ့ ဧရိယာ မဟုတ်ဘူး။ ဒါကို မ၀င်နိုင်အောင် သူတို့ဘယ်လို ထိန်းသိမ်းပြီး တားဆီးလို့ ရမလဲ။ အများစုက (၂) သောင်း နီးပါးလောက် အိမ်ကို ပြန်ကြတယ်။ တချို့လည်း မပြန်ကြသေးဘူး။ (၃) သောင်းကျော်ထဲမှာ လူ (၁) သောင်းနီးပါး လောက်ကတော့ ပြန်သွားမှာ မဟုတ်တော့ဘူးလို့ ထင်တယ်။ တရုတ်တွေ ဖြစ်နေလို့။

မေး။ ။ အခုဖုန်ကြားရှင် ဘယ်မှာရှိနေပါလဲ။

ဖြေ။ ။ တရုတ်-ဗမာနယ်စပ်မှာတော့ မဟုတ်တော့ဘူး။ ဗမာပြည်ထဲ မှာပါ။ လုံခြုံတဲ့ တနေရာမှာ ရှိနေပါတယ်။

မေး။ ။ UWSA ၀တပ်ဖွဲ့တွေ ထိန်းချုပ်ရာဟိုပန်နဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား ဒေသမှာလည်း နအဖဘက်က စစ်အင်အားတွေ တိုးချဲ့ ချထားတယ်လို့ သိရပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်ထင်တယ်လေ။ နအဖဘက်ကတော့ ဆက်တိုက်မှာပဲ။ နှစ် (၂၀) အတွင်းမှာ သူတို့ စစ်တပ် အင်အား တည်ဆောက် ခဲ့တာဟာ အင်အားနဲ့ ဖိဖို့ ကြိုးစားတာ။ လက်နက်ကြီးတွေ ဘာတွေ သုံးအုံးမှာပဲ။

မေး။ ။ UWSA ၀တပ်ဖွဲ့တွေနဲ့ ကေအိုင်အိုတို့ အနေအထား ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အများစုက ကျနော်တွေ့တာတော့ ပြင်ထားတာပဲ။ တကယ်တမ်း တိုက်မလား။ သူတို့ တိုက်ရမှာက သူတပြန် ကိုယ်တပြန် တိုက်တဲ့ မျိုးချစ်စိတ်နဲ့ အမျိုးသားစိတ်နဲ့ တိုက်ရမှာ ဖြစ်တယ်။ ဒီလိုတိုက်ဖို့ ဆုံးဖြတ်ချက် ချထားမှ၊ တိုက်မှသာလျှင် တကယ်တမ်း တိုက်နိုင်မယ်။ အဲလိုမှ မဟုတ်ရင်တော့ နအဖက လက်နက် အင်အားတွေ သုံးမှာပဲ။ နအဖဘက်က မတိုက်ခင်မှာ ဒီဘက်က အဖွဲ့တွေက လျှော့မလား၊ မုန်းလားလို အနေအထားက သူတို့ တစုံတရာ အလျှော့အတင်း လုပ်ချင်လုပ်မယ်။ ၀နယ်ကြတော့ ခက်နေတယ်။ သူ့တို့ရဲ့ အမျိုးသား အလံကြီးကို လွှတ်ပစ်ပြီး ဒူးထောက်မလား။ ၀တို့ ကေအိုင်အေတို့ ပေါ့လေ။ ကေအိုင်အေဆို ၁၉၆၀ ခုနှစ် ပတ်ဝန်းကျင်က စပြီး နှစ်ပေါင်း (၅၀) ကျော် ကိုင်စွဲခဲ့တဲ့ ကေအိုင်အေ အလံပေါ့။ ကချင်အမျိုးသားပေါင်း ရာနဲ့ ထောင်နဲ့ ချီတဲ့ သွေးတွေနဲ့ ရင်းထားခဲ့တဲ့ သူတို့ အလံကို ဗမာအစိုးရလက် အပ်မလား။ အပ်ရင် အပ်တဲ့ ခေါင်းဆောင်ဟာ သမိုင်းတရားခံ ဖြစ်လိမ့်မယ်။

တကယ်လို့ နအဖက ဖိအားပေးပြီး တိုက်လို့ရှိရင်လည်း သူယာယီပဲ ရနိုင်မယ်။ အမျိုးသား ပြဿနာဟာ ဘယ်တော့မှ မငြိမ်းသွားဘူး။ ဒီနေ့ ကေအိုင်အို မရှိတော့ဘူးဆိုရင် နောက်နေ့မှာ ကေအိုင်အို အသစ်တမျိုး ထွက်လာမှာပဲ။ UWSA က ဘယ်လိုမှ တိုက်မနိုင်လို့ အပ်လိုက်ရရင်လည်း နောက်ဝတပ်ဖွဲ့ တဖွဲ့ ပေါ်လာမှာပဲ။ ဒါမုချဖြစ်တယ်။ ငြင်းလို့မရဘူး။

မေး။ ။ နအဖက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့ပြီး အခုလို အပစ်ရပ် အဖွဲ့တွေ အပေါ် စစ်ရေးအရ တိုက်နေတာ ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ နအဖရဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ မူလသဘောတူညီ ချက်က နောက်တက်လာတဲ့ အစိုးရနဲ့ကျမှ ခင်ဗျားတို့ရဲ့ အုပ်ချုပ်မှုကိစ္စ ဆွေးနွေးပါ။ ခုလောလောဆယ် ခင်ဗျားတို့ တပ်ကို အသိအမှတ် ပြုထားတယ်။ ခင်ဗျားတို့ရဲ့ ဒေသကို အသိအမှတ် ပြုထားတယ်။ အခုကျတော့ နအဖ ထုတ်ပြန်လာတဲ့ နယ်ခြားစောင့်တပ် ပေါ်လစီဟာ ဒီနှစ်ခုနဲ့ လုံးဝ ဆန့်ကျင်တယ်။ အခုလည်း တိုင်းရင်းသား တွေက လက်နက် မအပ်ဘူး ပြောတာ မဟုတ်ဘူး။ ရွေးကောက်ပွဲပြီးမှ တက်လာတဲ့ အရပ်သား အစိုးရနဲ့ တရားဝင် အစိုးရနဲ့ စကားပြောပြီး ကျနော်တို့ အပ်ပါမယ်လို့ ပြောတာဖြစ်တယ်။ ဘာဖြစ်လို့ လက်မခံနိုင်တာလဲ။ သူတို့ကတော့ အလိုမကျရင် လုပ်ချင်တာ လုပ်မှာပဲ။ သူတို့က ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း လုပ်ဖို့ ရည်ရွယ်တာပေါ့။ သူတို့ ရည်ရွယ်ချက်က ဘယ်သူ့ဆီမှ လက်နက် မထားချင်တော့ဘူး၊ တက်လာတဲ့ အစိုးရ လက်ထဲမှာပဲ သေနတ်တွေ ရှိဖို့လိုတယ်။ သူတို့ဘက်က ကြည့်ရင်တော့ အမှန်တရားပေါ့။ သူတို့က အာဏာရှင်ကိုး။

နအဖထုတ်ပြန်ထားတဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ဆိုတာဟာ တချက်တည်းနဲ့ အကုန်လုံးကို အပြီးသတ်တာပဲ။ ဒီ အစီအစဉ် အရဆို သေနတ်တွေ လက်နက်တွေ အားလုံး သူတို့ကို အပ်ရတာ။ ရိုးရိုးသားသား သေနတ် အပ်ပြီး အိမ်ပြန်သွားရမှာ မဟုတ်ဘူး။ စစ်သားလည်း ပေးရမယ်၊ တပ်လည်း ပေးရမယ်။ သူတို့အတွက် လက်နက်ကိုင် အင်အား ထပ်တိုးလာရင် စစ်သား စုဆောင်းနေရတဲ့ အခက်အခဲ အင်မတန် ရှင်းသွားမယ်။ နောက်တခုက လက်နက်တွေ အားလုံးကလည်း သူတို့လက်ထဲ ရောက်လာမယ်။ ကျန်တဲ့ ဒေသတွင်းမှာ ဖွဲ့ထားတဲ့ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်း တွေကိုလည်း ဖျက်ပစ်လိုက်ရမယ်။ ဖျက်ပြီးတော့ ပါတီရုံးတွေ ထောင်ပြီးတော့ ပါတီပဲ လုပ်ရမယ်။ ရွေးကောက်ပွဲမှာ နိုင်မနိုင်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဒါကြောင့် နအဖက တချီတည်းနဲ့ အားလုံးကို တွယ်လိုက်တဲ့ နည်းကို သုံးလိုက်တာ။ ဒါပေမယ့် တိုင်းရင်းသားတွေရဲ့ အနေအထားက သူတို့ ထင်ထားသလို မလွယ်ဘူး။ အဖွဲ့တွေက လက်မခံကြဘူး။

မေး။ ။ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ နအဖတို့ အကြား ရှေ့ အနာဂတ်မှာ ဘာဖြစ်နိုင်ပါသလဲ။

ဖြေ။ ။ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒူးမထောက်ဘဲနဲ့ သူတို့ ရသင့် ရထိုက်တဲ့ အကျိုး စီးပွားအတွက် ဆက်လက် ခုခံ ကာကွယ်ကြမယ် ဆိုရင် ပြည်တွင်းစစ် အကြီးစားတခု ထပ်ဖြစ်လာမှာပဲ။ အခုလည်း ဖြစ်နေတာပဲ။ ပိုပြီး အဆင့်မြင့်တဲ့ ပြည်တွင်းစစ် ဖြစ်လာမှာပဲ။ ပြည်တွင်းမှာရှိတဲ့ အမျိုးသားတွေကို ချေမှုန်းနေတာပဲ။ ပြည်တွင်းစစ် အသစ် ဖြစ်လာမှာ မဟုတ်ဘူး၊ ဒီထက် ပြင်းထန်တဲ့ ကျယ်ပြန့် ပြည်တွင်း စစ်ကြီးကို မြင်ရမှာဖြစ်တယ်။ ပြည်သူပေါင်းများစွာ သေကျေ ပျက်စီး ကြအုံးမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီမီးက ငြိမ်းမသွားဘူး၊ ဗမာအစိုးရက ၀တွေကို ရချင်ရမယ်။ အေအိုင်အို အမြစ်ပြုတ်အောင် လုပ်ချင် လုပ်လို့ရမယ်။ ဒါပေမယ့် သူတို့ ကချင် အမျိုးသားတွေရဲ့တန်းတူရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေး လွတ်လပ်ခွင့် ရရေးနဲ့ ၀ပြည်သူတွေရဲ့ ၀ပြည်နယ် ရရေး၊ ၀ပြည်နယ် တန်းတူညီတူ နေထိုင်ခွင့် ရရေးတွေ အတွက် ဆက်တိုက်မယ့် မျိုးဆက်တွေ ထပ်ခါထပ်ခါ ပေါ်လာအုံးမှာပဲ။ သမိုင်းကြောင်းမှာ မြေကြီး လက်ခတ် မလွဲတဲ့ ကိစ္စတွေပဲ။ တရုတ်-မြန်မာနယ်စပ်က လက်နက်ကိုင် အဖွဲ့အစည်း အမျိုးသား ခေါင်းဆောင်တွေ အားလုံးဟာ သူတို့ ဘာမှ မရသေးဘဲနဲ့ နအဖ အလိုလိုက်ပြီး ဒူးထောက်မယ် ဆိုရင်တော့ သမိုင်းမှာ သူတို့ တရားခံတွေ ဖြစ်ကြမှာပဲ။ ဒါကြောင့် တကယ်တမ်း တိုက်ဖို့ ဆုံးဖြတ်ချက် ရှိရင်လည်း ပြတ်ပြတ်သားသား ပြင်ပါ။ နိုင်ငံတကာနည်းနဲ့ ၀င်နိုင်ပြောနိုင် ပြောသင့်တာပြော၊ ကိုယ့်ဘာသာ ခံတိုက်တဲ့နည်းက ခံတိုက်မှ ဖြစ်မှာ။

မေး။ ။ တရုတ်နိုင်ငံရဲ့သဘောထားကရော မြန်မာစစ်အစိုးရ အပေါ် ဘယ်လို ရှိတယ်လို့ ယူဆနိုင်ပါသလဲ။

ဖြေ။ ။ တရုတ်ကတော့ ဗမာကို ပိုက်လိုင်းနှစ်လိုင်းနဲ့ လည်ပင်းကို လည်စင်း ပေးထား ရသလို ဖြစ်နေတယ်လေ။ သူ ဘယ်လောက် အတိုင်းအတာ အထိ သည်းညည်းခံမလဲ။ ပိုက်လိုင်းကို အပျက်ခံမလား၊ ပိုက်လိုင်း အပျက်ခံပြီးတော့ ဘယ်ဘက်က ရပ်မလဲ။ အစောကြီး ကတည်းက ဗမာပြည်သူတွေ ဘက်က၊ အမှန်တရား ဘက်က ရပ်ခဲ့ရင် တနေ့ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ အန်အယ်လ်ဒီ အစိုးရသာ ရှိခဲ့ရင်လည်း ဒီပိုက်လိုင်း နှစ်လိုင်းကို ခွင့်ပြုမှာပဲ။

Ref: ခေတ်ပြိုင်

Read More...

Thursday, September 17, 2009

နမ္မတီး သကြားစက်ကို KIO ၀ယ်ယူ

Wednesday, 16 September 2009 18:05 အေးလဲ့

ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်ရှိ နမ္မတီး သကြားစက်ကို အပစ်ရပ် အဖွဲ့အစည်း တခု ဖြစ်သည့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)က ကျပ်ငွေ သိန်း သုံးထောင်ဖြင့် အင်္ဂါနေ့တွင် ဝယ်ယူ လိုက်ကြောင်း KIO နှင့် နီးစပ်သူ တဦးက ပြောသည်။

သိန်းပေါင်းများစွာ အကုန်အကျခံပြီး ၀ယ်ယူခဲ့သော်လည်း အကျိုးအမြတ် များစွာ မရသည့် လုပ်ငန်းဖြစ်သည်ဟု အကဲခတ်များက ပြောသည်။

အစောပိုင်းကာလများတွင် သကြားစက်ရုံ လည်ပတ်မှု အားကောင်းခဲ့ သော်လည်း နောက်ပိုင်းတွင် စီမံအုပ်ချုပ်မူ အားနည်းခြင်းကြောင့် သကြားအထွက်နှုန်း ကျဆင်းခဲ့ကြောင်း ကချင် စာနယ်ဇင်း သမားတဦးက ပြောသည်။

“အစပိုင်းကတော့ တော်တော်လေး ကောင်းကောင်း လည်ပတ်တယ်၊ လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး အခြေအနေ အမျိုးမျိုးကြောင့် ကျသွားတယ်၊ အဓိက ကတော့ စီမံ အုပ်ချုပ်တဲ့ အပိုင်းမှာ ကျသွားတယ်” ဟု ကချင်သတင်းဌာန Kachin News Group ၏ အယ်ဒီတာ လဖိုင် နော်ဒင်းက ပြောသည်။

ကျပ်ငွေ သိန်း သုံးထောင်ကို တလုံးတခဲတည်း ပေးချေခြင်း မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်အနည်းငယ်က စတင်ပြီး အရစ်ကျ ငွေပေးသွင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သကြားစက်ရုံ လည်ပတ်ရေးကို KIO ၏ စီးပွားရေး အဖွဲ့တခုဖြစ်ပြီး စီးပွားရေးသမားများ ရှယ်ယာ ထည့်ဝင်ထားသည့် ဘူဂါ (Buga) ကုမ္ပဏီ လီမိတက်က တာဝန်ယူခဲ့သည်။

ဘူဂါကုမ္ပဏီသည် ကြံမှ ထွက်သည့် ထုတ်ကုန်ပစ္စည်းများ အနက် သကြား တမျိုးတည်းကိုသာ ထုတ်လုပ်ခွင့် ရထားခြင်း ဖြစ်သည်။

ကြံပင်မှ ရရှိနိုင်သော ထုတ်ကုန်များ ဖြစ်သည့် စက္ကူ၊ ပရိဘောဂ၊ ဘီယာ စသည်တို့ကို ထုတ်လုပ်ရန် အာဏာပိုင်တို့ထံမှ ခွင့်ပြုချက် မရသဖြင့် ဘူဂါ ကုမ္ပဏီအတွက် တွက်ခြေ မကိုက်သည့် လုပ်ငန်း ဖြစ်ကြောင်း သိရသည်။

နမ္မတီး သကြားစက်သည် ယခင်က နိုင်ငံပိုင် စက်ရုံ ဖြစ်သော်လည်း အာဏာပိုင်တို့က ၁၉၉၉ ခုနှစ်တွင် ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

စက်ရုံဝယ်ယူသည့် သတင်းနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့ရှိ KIO ရုံးသို့ ဆက်သွယ် မေးမြန်း သော်လည်း တာဝန်ခံ ဖြေကြားမည့်သူ မရှိဟု ရုံးဝန်ထမ်း တဦးက အကြောင်း ပြန်ကြားခဲ့သည်။

KIO က ၀ယ်ယူလိုက်သည့် နမ္မတီး သကြားစက်သည် သက်တမ်း ၅၆ နှစ်ရှိပြီဟု သိရသည်။

KIO တွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) အမည်ရှိ စစ်ရေးအဖွဲ့ ရှိပြီး ၁၉၉၄ ခုနှစ်တွင် မြန်မာ့ တပ်မတော်နှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ယခုအခါ ကျောက်စိမ်းတွင်း၊ ရွှေတွင်း၊ သစ်ထုတ်လုပ်ရေး၊ နယ်စပ် ကုန်သွယ်ရေး စသည့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။

Ref: ဧရာဝတီ

Read More...

ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု သံဃာ့ အဖွဲ့ချုပ်မှ မိန့်ကြား

မင်းနိုင်သူ / ၁၆ စက်တင်ဘာ ၂၀၀၉

ယခုရက်ပိုင်းများအတွင်း သံဃာတော်များအား ဖမ်းဆီးစစ်မေးခြင်း၊ ဘုန်းကြီး ကျောင်းတိုက်များအား လုံခြုံရေးချ စောင့်ကြည့်ခြင်းများ လုပ်နေသော်လည်း လာမည့် သီတင်းကျွတ် လပြည့်နေ့မှ စကာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဟု သံဃာ့ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နိုင်ငံခြားရေးရာ တာဝန်ခံ ဆရာတော် အရှင်ပါရမီ ခန္တီက ခေတ်ပြိုင်သို့ မိန့်ကြားသည်။

“စစ်အစိုးရရဲ့ ထင်ရာလုပ်နေတဲ့ လုပ်ရပ်တွေကို ဦးဇင်းတို့ သံဃာ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြင်းထန်စွာ ကန့်ကွက်ပြီး၊ သံဃာတော်တွေကို ဆက်လက် စော်ကားပြီး သံဃာတော်တွေ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် စစ်အစိုးရ အနေနဲ့ ကြီးစွာသော ဆုံးရှုံးမှုကြီးနဲ့ ရင်ဆိုင်ရမယ်လို့ အသိပေးချင်ပါတယ်” ဟု အထက်ပါ သံဃာတော်က မိန့်သည်။

တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့၏ ကြေညာချက် ထွက်လာပြီးနောက် နအဖ စစ်အစိုးရက သံဃာတော်များအား မျက်ခြည်မပြတ် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“တခြားမြို့ကြီးတွေမှာ မပြောနဲ့၊ ကျနော်တို့လို နယ်မြို့တွေမှာတောင် ကျေးရွာတွေကနေ မီးသတ် (၃) ယောက် မြို့ပေါ် ပို့ပေးရမယ် ဆိုပြီး မြို့နယ်မီး သတ်စခန်းမှာ လူစုပြီး စစ်သင်တန်း ပေးတယ်။ နောက် ဘုန်းကြီးကျောင်းတွေ၊ သံဃာတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့် ခိုင်းနေတယ်။ သူတို့ရဲ့ စားဝတ်နေရေးကို မြို့နယ် မယက က တာဝန် ယူထားတယ်”ဟု တောင်တွင်းကြီးမြို့ခံ တဦးက ပြောသည်။

ရေနံချောင်းမြို့ ရွှေစေတီကျောင်းတိုက်မှ လက်ထောက်ဆရာတော် ဦးဝါယမကို နအဖ စစ်အစိုးရက သြဂုတ် (၂၇) ရက်တွင် ဖမ်းဆီးခဲ့ပြီး ရန်ကုန် ငါးထပ်ကြီး ဘုရားမှ ဆရာတော် အရှင်ဃောသိတ ကိုလည်း ထိုင်ဝမ်နိုင်ငံမှ ပြန်လာစဉ် လေဆိပ်၌ပင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ ဆရာတော်များအပါအ၀င် ယခုလပိုင်းအတွင်း ခေါ်ယူစစ်မေး ခံရသော သံဃာတော် (၈) ပါးရှိနေပြီဟု သတင်းရထား ကြောင်း သံဃာ့ အဖွဲ့ချုပ်မှ အရှင်ပါရမီခန္တီက မိန့်သည်။

အရှင်ပါရမီခန္တီက “ဒီလုပ်ရပ်တွေဟာ စစ်အစိုးရအနေနဲ့ ဘုရားသားတော် အရှင်သူမြတ်တွေကို စော်ကားနေတဲ့ လုပ်ရပ်တွေပါပဲ။ ဘုရားသားတော်တွေကို စော်ကားနေတာဟာ မြတ်စွာဘုရားရှင်ကို စော်ကား နေတာနဲ့ အတူတူပါပဲ။ ဒါ့အပြင် မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး စနစ်ကြီးဟာလည်း ကိုယ်ထင် ရာစိုင်းပြီး လုပ်နေတဲ့ အတွက် တရားမျှတမှု မရှိကြောင်း သက်သေ ပြနေတာပါပဲ” ဟု မိန့်သည်။

မြို့နယ်သံဃာ့နာယက၊ မယက၊ ရဲမြို့နယ်မှူး၊ မြို့နယ် သာသနာရေးမှူး၊ မြို့နယ်သတင်း တပ်ဖွဲ့မှူး၊ စရဖ၊ နယ်ထိန်းနှင့် ကျောင်းထိုင် ဆရာတော် အချို့ပါဝင်သော သံဃာ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကို နအဖစစ်အစိုးရက ဖွဲ့စည်း နေကြောင်းလည်း အရှင်ပါရမီခန္တီက မိန့်သည်။

ယခုရက်ပိုင်းများအတွင်း သံဃာ့လှုပ်ရှားမှုများအား စောင့်ကြည့်ရန် နအဖ စစ်အစိုးရက စွမ်းအားရှင်များ စုဆောင်းနေပြီး ၎င်းတို့အတွက် ကုန်ကျစရိတ်ကို တရားမ၀င် လုပ်ငန်းရှင်များထံမှ တောင်းယူနေသည်ဟု မန္တလေးမြို့ခံ စာနယ်ဇင်း သမားတဦးက ပြောသည်။

၎င်းက “လုံခြုံရေးကို ကျွေးဖို့ ရန်ပုံငွေကို ပြင်ဦးလွင် အတက်လမ်းမှာ ရှိတဲ့ ဓာတ်ဆီဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ချဲဒိုင်တွေ၊ ရဲသိပ္ပံ နားမှာရှိတဲ့ အနှိပ်ခန်းတွေ ဆီကနေ တဆိုင်ကို အနည်းဆုံး (၅) သောင်းကနေ (၃) သိန်းအထိ တောင်းနေတယ်” ဟု ပြောသည်။

မန္တလေးမြို့ရှိ တောင်ခွင်မင်းကြီး ကျောင်းတိုက်၊ မိုးတားတိုက်၊ မန္တလေးတောင်ခြေ၊ မန္တလေးတက္ကသိုလ်အနီးတ၀ိုက်နှင့် သံဃာ့တက္ကသိုလ်တို့အနီးတွင် လုံခြုံရေးများ ချထားကြောင်း သိရသည်။

ထိုကဲ့သို့ လုံခြုံရေးတင်းကျပ်မှုများရှိသော်လည်း သံဃာတော်များအနေဖြင့် ဆောင်ရွက်ရန်ရှိသည်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အရှင်ပါရမီခန္တီက မိန့်ကြားသည်။

“ဦးဇင်းတို့ ရှေ့ဆောင်ဆရာတော် တွေဖြစ်တဲ့ ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရ၊ ဦးတိလောက ဉာဏ-ပီ-ကေ၊ အရှင် ဂမ္ဘီရတို့လို သံဃာ အာဇာနည်တွေ ဆောင်ရွက်သွားတဲ့ လမ်းစဉ်တွေ အတိုင်း မြန်မာပြည်ကြီး စစ်ဘီလူးများ လက်မှ လွတ်မြောက်အောင် ဘုရားသားတော် သံဃာ တော်တွေမှ ဆောင်ရွက်နေတာကို မြန်မာပြည် အတွင်းရှိ တိုင်ရင်းသား ပြည်သူများ အားလုံးမှ သံဃာ့ကံဆောင်သပိတ်ကို အမျိုးသားရေးလှုပ်ရှားမှုကြီးအသွင်ဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း ပြည်တွင်းရှိ သံဃာတွေကိုယ်စား မိန့်ကြား အပ်ပါတယ်” ဟု အရှင်ပါရမီခန္တီက မိန့်သည်။

၂၀၀၇ ခု စက်တင်ဘာ ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲတွင် သံဃာတော်များအား စစ်အစိုးရက ပစ်ခတ် နှိမ်နင်းခဲ့ပြီး သံဃာတော်နှင့် သီလရှင်များအား ဖမ်းဆီး ထောင်ချခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

ရန်ကုန်တိုင်းရဲမှူး အပြောင်းအလဲ ဆက်ကြေးပုံစံပါ ပြောင်းလဲ

NEJ / ၁၆ စက်တင်ဘာ ၂၀၀၉

ရန်ကုန်တိုင်းရဲမှူး ရဲမှူးကြီးဝင်းနိုင်နေရာတွင် ရဲမှူးကြီးအောင်နိုင်သူ တာဝန် ယူပြီးနောက် တိုင်းအတွင်း တရားမဝင် လုပ်ငန်းများမှ ဆက်ကြေး ကောက်ယူမှုပုံစံ ပြောင်းလဲလာကြောင်း ပုံမှန် ဆက်ကြေး ပေးနေရသူများက ပြောသည်။

ဗဟန်းမြို့နယ်မှ ဘောလုံးပွဲ လောင်းကစားဒိုင် တဦးက ၎င်းအနေဖြင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို နဂိုက တလကျပ် (၂) သိန်း ပေးနေရရာမှ ယခုရဲမှူးကြီး အသစ် ပြောင်းလာပြီးနောက် ကျပ် (၃) သိန်း တောင်းခံလာကြောင်း ပြောသည်။

ဒဂုံမြို့နယ်၌ အနှိပ်ခန်းဖွင့်လှစ်ထားသူတဦးက “ကျနော်တို့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို တလ ပုံမှန် (၆) သိန်းလောက် ပေးရတယ်။ အခု ရဲမှူးကြီးအသစ် ပြောင်းတော့ ဈေးနှုန်းလည်း ပြောင်းမယ် ပြောတယ်။ နောက် အနှိပ်ခန်းနဲ့ ပြည့်တန်ဆာ ကိစ္စ ရောလုပ်တဲ့ လုပ်ငန်းတွေကိုတော့ လောလောဆယ် ပြည့်တန်ဆာ ကိစ္စတွေ နားထားဖို့ ညွှန်ကြားထားတယ်။ ကျနော်တို့ကတော့ ရိုးရိုး အနှိပ်ခန်းပဲ ဆိုတော့ ကိစ္စမရှိဘူး။ ဆက်လုပ်ပါလို့ ပြောထားတယ်” ဟု ရှင်းပြသည်။

ပန်းပဲတန်းမြို့နယ်ရှိ လမ်းဘေးတွင် တရားမဝင် ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူ တဦးကလည်း ၎င်းအနေဖြင့် ဌာနဆိုင်ရာ စုစုပေါင်း (၁၁) ဦးခန့်ကို လစဉ် ဆက်ကြေး ပေးရကြောင်း၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တလကို ကျပ် (၂,ဝဝဝ) ကောက်ကြောင်း၊ ယခု ရဲမှူးကြီး ပြောင်း၍ ဆက်ကြေးပမာဏ တိုးမည် ပြောဆိုသော်လည်း ပမာဏ မည်မျှတိုးမည် ဆိုသည်ကို မသိသေးကြောင်း ပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ ရဲသတင်း တပ်ဖွဲ့များ၊ စရဖများ အပါအဝင် အာဏာပိုင် အဖွဲ့အစည်း အသီးသီးသည် ရန်ကုန်တိုင်း အတွင်းရှိ တရားမဝင် လုပ်ငန်းများမှ ဆက်ကြေး ကောက်ခံနေကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ၊ နိုက်ကလပ်၊ ကာရာအိုကေဘား၊ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဘောလုံးပွဲ လောင်းကစားဒိုင်၊ ချဲထီဒိုင်၊ ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူများ၊ ပုံနှိပ် လုပ်ငန်းရှင်များ စသဖြင့် ဥပဒေနှင့် ငြိစွန်းပြီး စီးပွား ရှာနေသူများထံမှ ပုံမှန် ဆက်ကြေး ကောက်ခံလေ့ ရှိကြသည်။

ဆက်ကြေးကောက်သည့် အဖွဲ့များအနက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးသို့ ပေးရသည့် ဆက်ကြေးငွေမှာ အမြင့်ဆုံး ဖြစ်ပြီး ရန်ကုန်တိုင်း ရဲမှူးကြီး ဝင်းနိုင်သည်လည်း မြို့နယ်ရဲမှူးတို့၏ ကတော်များမှ တဆင့် လာဘ်ငွေယူသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ်(၃) နှစ် ကျခံသွားရခြင်း ဖြစ်သည်။

၎င်းနေရာကို ရဲမှူးကြီးအောင်နိုင်သူ တာဝန် ဆက်ယူပြီးနောက် ယခုကဲ့သို့ ဆက်ကြေး ပမာဏ အပြောင်းအလဲ သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, September 16, 2009

စစ်လည်းမဟုတ်၊ ငြိမ်းချမ်းရေးလည်း မဟုတ်တဲ့ နယ်စပ် ဒေသ

ရဲဘော်ဖိုးသံချောင်း
၁၄ စက်တင်ဘာ ၂၀၀၉

ပြီးခဲ့တဲ့ ကိုးကန့် အရေးအခင်းမှာ နအဖ စစ်အစိုးရက အစွယ်ဖြဲပြခဲ့ပြီ။ သေနတ် ဖောက်ပြခဲ့ပြီ။

ဒါဟာ ငြိမ်းအဖွဲ့တွေကိုသာမက တတိုင်းပြည်လုံးကိုပါ သတိပေး ခြိမ်းခြောက် လိုက်တာ ဖြစ်တယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ အိမ်နီးနားချင်း နိုင်ငံများနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း များကိုလည်း ကြားလိုက်ကြရဲ့ မဟုတ်လားလို့ မေးနေတဲ့ အလားပါပဲ။

နအဖ အခုလို ကိုးကန့်က MNDAA ကို အပြတ်ချေမှုန်းတဲ့ အထိ လုပ်လိုက်တာဟာ သူတို့ စီစဉ်တဲ့ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံတဲ့ အကြောင်းရင်း တခုတည်းကြောင့် ပြောရင် နအဖစကားကို အလွယ်နဲ့ ယုံကြည်ရာ ကျပါလိမ့်မယ်။ တကယ်က ဒီနေ့ အပစ်ရပ် အဖွဲ့တွေထဲမှာ ဦးဖုန်ကြားရှင်တို့ လိုပဲ လက်မခံနိုင်ဘူးလို့ ပြောနေတဲ့ တခြား အဖွဲ့အစည်း ကြီးငယ်တွေ မနည်း ရှိနေပါသေးတယ်။

နောက်အကြောင်းပြချက်တခုဖြစ်တဲ့ လက်နက်စက်ရုံ ကိစ္စဟာလည်း တော်တော် ရယ်စရာကောင်းတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။ တရုတ် ဗမာ နယ်စပ်က တချို့ ငြိမ်းအဖွဲ့အစည်း တွေမှာ လက်နက် ခဲယမ်း ထုတ်လုပ်တဲ့ စက်ရုံ ငယ်လေးတွေ ရှိတတ်တယ်။ ရှိတယ် ဆိုတာကို နအဖ မသိတာ မဟုတ်ပါဘူး။ အဲဒီ အဖွဲ့အစည်းတွေကလည်း ဗြောင်သာ ထုတ်မပြောတာ သိပ်ဖုံးကွယ် ထားကြတာ မဟုတ်ပါဘူး။ နောက်ပြီး ဒီစက်ရုံးတွေ တည်ရှိနေတာဟာ နှစ်ပေါင်းကို ကြာလှပါပြီ။ ဒါ့အပြင် ပြောဖြစ်အောင် ပြောရမယ့် အချက်တခုက နဝတနဲ့ ဒီအဖွဲ့တွေ အပစ်အခတ် ရပ်စဲရေး ဆိုတာကို လုပ်ခဲ့ကြတုန်းက လက်နက်ခဲယမ်း မစုဆောင်းရ၊ မထုတ်လုပ်ရလို့ သဘောတူညီချက် မရှိခဲ့ပါဘူး။ အခုမှ သူတို့ရဲ့တပ်တွေကို ပြင်ဆင်ပြီးပြီ ဆိုတော့မှ ဒီကိစ္စကို လက်ညှိုးထိုးပြပြီး ရမယ်ရှာတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး။ ဒီအကြောင်းပြချက်ကတော့ ပိုလို့တောင် ရီစရာ ကောင်းပါတယ်။ ဒီဒေသတွေမှာ ဗိုလ်ခင်ညွန့်နဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လိုက်ပြီးမှ မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ အရေအတွက်အရ၊ အရည်အသွေးအရ၊ အမျိုးအစားအရ အကုန်တိုးပွား လာတယ်ဆိုတာ ကမ္ဘာ အသိပါ။ ဒါကို စစ်အစိုးရက မသိကျိုးနွံ ပြုထားသလို ထောက်လှမ်းရေး အပါ စစ်တပ် တချို့ဟာလည်း ဒီလုပ်ငန်းတွေကို မှီပြီး ဝင်ငွေ ကောင်းနေခဲ့ကြတာပါ။ ဒါပေမယ့် ၂၁ ရာစုဝင်ပြီးနောက်ကစပြီး ဒီဒေသတွေမှာ မူယစ်ဆေးဝါး ထုတ်လုပ်မှု ကျဆင်းသွားတယ် ဆိုတာလည်း ကမ္ဘာက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ နအဖ စစ်အစိုးရဟာ ဦးဖုန်ကြားရှင်တို့ မူးယစ်ဆေးဝါး လှိုင်လှိုင် ထုတ်နေတုန်းက သူတို့ရဲ့ “အမျိုးသားညီလာခံ” မှာ တိုင်းရင်းသား ခေါင်းဆောင်ကြီးလို့ ဖူးဖူးမှုတ် ဗန်းတင်ထားခဲ့တာကို ဘယ်သူက မေ့ပါ့မလဲ။ နောက်ပြီး အခု ဦးဖုန်ကြားရှင်တို့ကို ဗကပထဲကနေ ခွဲထွက်စေတုန်း ကရော၊ အခု ဖြိုခွဲ တိုက်ခိုက်တဲ့ အခါမှာရော နအဖ စစ်အစိုးရဟာ လားရှိုးမှာ မူးယစ် ဆေးဝါး ရာဇာကြီးတွေကို တမင်ပင့်ဖိတ် အကြံဉာဏ်တွေ ယူခဲ့တယ်ဆိုတာ ကမ္ဘာက မသိဘူးမှတ်လို့လား။

ဒီတခါ နအဖက ဦးဖုန်ကြားရှင်တို့ရဲ့ ခေါင်းပေါ်ကိုဖြတ်ပြီး သေနတ် ဖောက်ပြလိုက်တာဟာ သေသေချာချာ၊ စေ့စေ့စပ်စပ် စီမံ ပြင်ဆင်ခဲ့တဲ့ တပြည်လုံး၊ တကမ္ဘာလုံး ကြားအောင် တမင် ပစ်ဖောက်လိုက်တဲ့ သေနတ်သံလို့ပဲ နားလည်ရပါတယ်။ သူတို့နဲ့ မတူသူတွေကို သေနတ်စာ ကျွေးမယ်လို့ ဖော်ပြလိုက်တာ ဖြစ်သလို သူတို့ရဲ့နောက်လိုက် သဗ္ဗနံ ပေါင်းစုံကိုလည်း “ယ-ရက်” နီးပြီလို့ တပ်လှန့် အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ တပါတည်း “မင်းတို့ရဲ့နောက်မှာ သေနတ်ရှိတယ်၊ လုပ်ချင်တာသာ လုပ်ကြ” လို့ ကျားစွယ် တိုက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စကို အခုလို တတိုင်းပြည်လုံး နိုင်ငံရေးနဲ့ ဆက်စပ်လိုက်တော့ ထပ်တွေ့ရတဲ့ အချက်တခုက ဒီကိစ္စ ဖြစ်ပေါ်တဲ့ အချိန်ကာလ ပါပဲ။ ယက်တောကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ် ထပ်ချတာတွေ ပြီးစီးသွားတဲ့ နောက်မှာ ဖြစ်ပေါ်လာခြင်းပါပဲ။ တပြိုင် နက်တည်း မဖြစ်ဘူးဆိုတာ သတိပြုရပါမယ်။ ကြပ်ပြေးက ဒါရိုက်တာ စီစဉ် ညွှန်ကြားနေတဲ့ အတိုင်း အစီအစဉ်တကျ ဖြစ်ပေါ်နေတာချည်း ဖြစ်ပါတယ်။ ပြည်မတလှည့်၊ ပြည်နယ်တလှည့်၊ လက်နက် မကိုင်သူတွေ တလှည့်၊ လက်နက်ကိုင်သူတွေ တလှည့် တလှည့်စီ သွေးတိုး စမ်းနေတာရဲ့ နောက်ကွယ်မှာ ဘာရည်ရွယ်ချက် ရှိတယ်ဆိုတာ သေသေချာချာ စဉ်းစားသင့်ပါတယ်။ တပါတည်းမှာ နောက်ခြေလှမ်းရဲ့ ပစ်ကွင်းဟာ ဘာဖြစ်မလဲ ဆိုတာလည်း တွေးတောသင့်ပါတယ်။ ဝဖြစ်မလား၊ မုန်းလား ဖြစ်မလားဆိုပြီး လွယ်လွယ် စဉ်းစားလို့ မဖြစ်ပါဘူး။ နအဖဟာ ထင်မထားတဲ့ ပစ်မှတ်တွေ ဖော်ထုတ်တတ်တယ် ဆိုတာကို သတိပြုရပါမယ်။

သေချာတာကတော့ သူတို့အနေနဲ့ ဒီနေရာ၊ ဒီအဆင့်မှာတင် ရပ်ထားလို့ မရပါဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ သူတို့ရဲ့ လမ်းပြ မြေပုံအတွက် ခလုတ်ကန်သင်း မှန်သမျှကို ရှင်းရပါတော့မယ်။ အနုနည်းနဲ့ ရရင်ရ၊ မရရင် ဦးဖုန်ကြားရှင်တို့ကို လုပ်သလို အကြမ်းနည်းနဲ့ ရှင်းပါ လိမ့်မည်။ ရွေးကောက်ပွဲ ဆိုတာ အာဏာ ပြဿနာ ဖြစ်ပါတယ်။ နအဖ စစ်ဗိုလ်ချုပ်တွေဟာ အာဏာနဲ့ ပတ်သက်ရင် နည်းနည်းမှ ဟန်မဆောင်ဘူး ဆိုတာ အားလုံး သိကြပြီးသားပါ။

အခု သူတို့ဟာ ဝနဲ့မိုင်းလားကို မတိုက်ဘူးလို့ပြောတယ်။ ဒါပေမယ့် သံချပ်ကာ ကားများ အပါအဝင် အင်မတန် များပြားတဲ့ တပ်ပေါင်းစုံကို အဲဒီဒေသတွေကို လာဆိုင် ထားတယ်။ ခြိမ်းခြောက် ထားတယ်။ ပြန်မဆုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်ရာမှာ ဆိုင်းငံ့ တနှစ်ခွဲလို့ လုပ်ထားလိုက်တာနဲ့ တူလိုက်လေလို့ တွေးမိတယ်။ ဒါ့အပြင် ကချင် ပြည်နယ်မှာလည်း နအဖတပ်တွေက အားဖြည့် နေရာယူပြီး ဖြစ်နေတယ်။ ဒီလို အနေအထားကို မြင်ရတော့ တကယ်လို့သာ တတိုင်းပြည်လုံးမှာ လှုပ်ရှားမှုကြီး တခုခု ပေါ်ပေါက်ခဲ့ရင်၊ ဒါမှမဟုတ် နအဖဘက်ကနေ လူထု ဖိနှိပ်ရေး လှုပ်ရှားမှုကြီး တခုလုပ်ခဲ့ရင် နအဖအစိုးရဟာ သူတို့ တပ်တွေကို ဒီလိုပဲ ချထားမှာ၊ ငြိမ်းအဖွဲ့တွေကို ရင်ဆိုင် ထိန်းချုပ်ထားမှာပဲလို့ တွေးမိစရာ ဖြစ်နေတယ်။ နအဖအစိုးရ အနေနဲ့ မုန်းလားနဲ့ဝကို မတိုက်ဘူးလို့ ပြောတယ် ဆိုတာကို နအဖရဲ့သတင်းစာတွေ၊ အသံလွှင့်ရုံ၊ ရုပ်မြင်သံကြား တို့ကနေ မဖော်ပြဘူးဆိုတဲ့ အချက်ဟာလည်း သတိထားစရာပါ။ သူတို့ဘက်က ဒါကို တရားဝင် ကတိ အာမခံချက် မဖြစ်အောင် တမင် လုပ်ထားတဲ့ သဘောလို့ ယူဆစရာ ဖြစ်နေပါတယ်။ တဖက်မှာကျတော့လည်း “ဝတို့၊ မုန်းလား တို့ကိုသာ တိုက်ရင် “လက်နက်ကြီးတွေနဲ့ တိုက်လေယာဉ်တွေ သုံးမယ်” လို့ တရား မဝင်ပြောဆို သတင်းလွှင့် နေပါတယ်။

ဒီနေ့ ဗမာပြည်နိုင်ငံရေးကို ပြန်ကြည့်လိုက်တော့လည်း နအဖဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးမှာလည်း “စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်း မဟုတ်” ဆိုတဲ့ လိပ်ခဲတည်းလည်း အနေအထားပဲ ထိန်းသိမ်း ထားတာပါ။ အချိန်မရွေး ချေမှုန်းပစ်မယ့် ခြိမ်းခြောက်မှုကို စစ်အစိုးရက တရားဝင် ထုတ်မပြောပေမယ့် လူတိုင်း ခံစားမိနေပါတယ်။
နအဖ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူလူထုနဲ့ အတိုက်အခံ အမျိုးမျိုးကို ‘ကုတ်ပေါ်ဓားဝဲ’ အနေအထားမျိုး တောက်လျှောက် ဖြစ်နေအောင် တဖက်မှာ ဖန်တီးထားပြီး တဖက်မှာ သူတို့ကိုယ်တိုင် ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် နယ်ဆင်း စည်းရုံးတာတွေ အပါ ခြေလှမ်း အမျိုးမျိုးကို ကြိတ်လှမ်း နေကြပါတယ်။ ပြည်တွင်း နိုင်ငံရေးကို အဓိကထားတယ် ဆိုရင် နအဖရဲ့ ခြေလှမ်းတွေကို မျက်ခြည် မပြတ် စောင့်ကြည့်တာ၊ ဖော်ထုတ်တာ၊ ဆန့်ကျင်တာတွေ တောက်လျှောက် လုပ်နေရမှာပါ။

ကိုးကန့်အဖြစ်အပျက်ကိုကြည့်ပြီး တရုတ်သဘောထားက ဘယ်လို၊ အမေရိကန် သဘောထားက ဘယ်လို၊ အာဆီယံ သဘော ထားက ဘယ်လို ဆိုတာတွေ တွက်နေလို့ ခရီးမပေါက်ပါဘူး။ နအဖရဲ့ သဘောထားက ဘယ်လို၊ နအဖရဲ့ အကြံအစည်က ဘယ်လို၊ ဒါကြောင့် ငါတို့က ဘယ်လို ဆိုတာမျိုးကို တိတိပပ စဉ်းစားရ၊ ပြင်ဆင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

“တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာက ရှင်း နေတာပဲ”

Tuesday, 15 September 2009 17:23

ဦးဖုန်ကြားရှင်သည် တရုတ်မြန်မာနယ်စပ်ရှိ ကိုးကန့် ဒေသကို နှစ်ပေါင်း ၂၀ ကြာ ဦးဆောင်ခဲ့သူ ဖြစ်သည်။ သြဂုတ်လ ၈ ရက်နေ့တွင် စစ်အစိုးရ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ဦးဖုန်ကြားရှင်၏ နေအိမ်ကို ၀င်ရောက် ရှာဖွေရန် ကြိုးပမ်းရာမှ ကိုးကန့် တပ်ဖွဲ့များ နှင့် ထိပ်တိုက် တွေ့ပြီး ပဋိပက္ခ စတင်ခဲ့သည်။ သြဂုတ်လကုန် ပိုင်းတွင် စစ်အစိုးရတပ်များ ကိုးကန့်ဒေသကို ၀င်ရောက် တိုက်ခိုက်ရာမှ ၃ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဧရာဝတီနှင့် ဆက်သွယ် မေးမြန်းရာတွင် ဦးဖုန်ကြားရှင်က တိုက်ပွဲ ဖြစ်ပွားရခြင်း အကြောင်း၊ တရုတ်နိုင်ငံ၏ သဘောထား၊ မူးယစ်ဆေးဝါး၊ လက်နက်စက်ရုံ၊ နယ်ခြားစောင့်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ အနာဂတ် စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။

မေး။ ။ ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ပြောပြပါဦး။ အခြေအနေတွေက စိုးရိမ်နေရ တုန်းပဲလား၊ မကြာခင် တည်ငြိမ် အေးချမ်းလာမယ်လို့ ထင်သလား။

ဖြေ။ ။ ကိုးကန့်ဒေသမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သိချင်တယ်ဆိုတော့ ကောင်းတာပေါ့။ နိုင်ငံတကာ အသိုင်းအ၀ိုင်း နဲ့ ကိုးကန့်ဒေသ၊ ကိုးကန့်လူထုကို ဂရုစိုက်တဲ့ သူတွေကို ကျနော်တို့ကလည်း အခြေအနေတွေကို ရှင်းပြချင်ပါတယ်။

သြဂုတ်လ ၈ ရက်နေ့မှာ အဖြစ်အပျက်က စစ်အစိုးရက ဆင်ခြေပေးပြီး လုပ်ခဲ့တာပဲ။ ဟိုး အရင် ကတည်းက စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အကောက် ကြံခဲ့တာပဲ။ လူမျိုးစု အငယ်တွေကို အနိုင်ကျင့်နေတာပဲ။ ဒါဟာ လူမျိုးကြီးဝါဒပဲ။ အစုလိုက် အပြုံလိုက် သတ်တာပဲ။ ကျနော်တို့ရဲ့ ကိုးကန့် ပြည်သူတွေ ထပ်ပြီးတော့ ထိခိုက်မှာ စိုးလို့ ကျနော်တို့ တပ်တွေ ကိုးကန့် ဒေသကနေ ဆုတ်ပေးလိုက်တယ်။ ဒီလိုမျိုး ကျနော်တို့ မဖြစ်စေချင်ပါဘူး။ ထို့အတူပဲ ကိုးကန့် ဒေသနဲ့ လူထုကို ဂရုတစိုက်ရှိတဲ့ နိုင်ငံတကာကလည်း ဒီလို ဖြစ်စေချင်မှာ မဟုတ်ပါဘူး။

အခုဆိုရင် ကိုးကန့်မှာ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးနေတယ်။ ကိုးကန့် ဒေသခံတွေရဲ့ အခြေအနေကလည်း တော်တော်လေးကို မကောင်းဘူး။ စစ်အစိုးရ တပ်က ကိုးကန့်ဒေသကို ရောက်တာ ၁၀ ရက်လောက်ပဲ ရှိဦးမယ်နော်၊ စစ်သားတွေက လုတယ် ယက်တယ်၊ မုဒိမ်းကျင့်တယ်၊ ပြီးတော့ အရပ်သားတွေကို သတ်တယ် ဆိုတဲ့ သတင်းတွေ အများကြီး ကြားနေရပြီ။

လူတွေက အိမ်ပြန်မလာရဲကြသေးဘူး။ တရုတ်တွေပိုင်တဲ့ ဆိုင်တွေဆိုရင်လည်း အများအားဖြင့် အဖျက်ခံရ ဒါမှမဟုတ် အလုခံရတယ်။ တကယ့်ကို အကြီးအကျယ် ဒုက္ခရောက်တာပဲ။ ပြီးခဲ့တဲ့ လတွေအတွင်း ကြီးပွား တိုးတက်တဲ့ ကိုးကန့်ဒေသ အခြေအနေတွေဟာ အခုဆိုရင် လုံးဝ မရှိတော့ဘူး။ လူတွေက တကယ့်ကို စိတ်ဓာတ် ကျနေကြပြီ။

ကျနော် ပြောခဲ့သလိုပေါ့၊ လူမျိုးကြီးက လူမျိုးငယ်တွေကို နှိပ်ကွပ်ချင်တယ်။ ဒီ ပဋိပက္ခကြောင့် ကိုးကန့် လူထုရဲ့ စိတ်မှာ ဒဏ်ရာ အကြီးအကျယ် ရသွားပြီ။ စစ်ပွဲက ကြာဦးမယ်၊ ပြီးဖို့ဆိုတာတော့ မဖြစ်နိုင်သေးဘူး။

မေး။ ။ ဦးဖုန်ကြားရှင်က ၁၉၈၉ မှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့တယ်၊ ခုတော့ သဘောတူညီချက်က ပျက်သွားပြီ။ ပြီးခဲ့တဲ့ တိုက်ပွဲတွေက ဘာကြောင့် ဖြစ်လာတာလဲ၊ စစ်အစိုးရက ခင်ဗျားကို ဘာကြောင့် ဖမ်းဖို့ ကြိုးစားရတာလဲ။

ဖြေ။ ။ ၁၉၈၉ ခုနှစ် မတ်လမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သဘောတူခဲ့တာ ကိုးကန့်တွေပဲ။ အဲဒီနှစ်နဲ့ နောက်ပိုင်း နှစ်တွေမှာ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ကြတယ်။ ဒါနဲ့ပဲ နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခကြီးတွေ အဆုံးသတ်သွားတာ မဟုတ်လား။

ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့ အနှစ် ၂၀ အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်တာကို ရပ်ဆိုင်း တော့မယ်လို့ နိုင်ငံတကာကို ကတိပေးနိုင် ခဲ့တဲ့ ပထမဦးဆုံးသော အဖွဲ့က ကိုးကန့်အဖွဲ့ပါ။ ၂၀၀၂ ခုနှစ်မှာဆိုရင် ကျနော်တို့ ဒေသတခုလုံး ဘိန်းမစိုက်ရေး ဆိုတာကို အောင်အောင် မြင်မြင် လုပ်နိုင်ခဲ့တယ်။ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆောင်ရွက်ချက်တွေ၊ အောင်မြင်မှုတွေကိုလည်း ကုလသမဂ္ဂ ကရော နိုင်ငံတကာကပါ အသိအမှတ် ပြုကြတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့၊ တရုတ်နိုင်ငံ အစိုးရ၊ နိုင်ငံတကာ အထောက်အပံ့ပေးရေး အေဂျင်စီတွေရဲ့ အကူအညီနဲ့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး စီမံကိန်းတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ကြံ၊ လက်ဖက်၊ သစ်ကြားသီး နဲ့ တခြား သီးနှံတွေ စိုက်တယ်။ ကျနော်တို့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးက အရမ်းကို ဖြစ်ထွန်း အောင်မြင်ပါတယ်။

တဖြည်းဖြည်းနဲ့ ကျနော်တို့ ဒေသမှာ ဆင်းရဲတွင်းကနေ လွတ်လာကြတယ်။ ဒါတွေကိုတော့ အားလုံး သိကြပါတယ်။ ဒါပေမယ့် စစ်အစိုးရက တနိုင်ငံလုံးကို ထိန်းချုပ်ချင်တာ။ အပစ်ရပ် အဖွဲ့တွေကို တိုက်ခိုက်ချင်တာ။

မေး။ ။ စစ်အစိုးရတပ်တွေက လောက်ကိုင်မြို့ကို သိမ်းပြီးတဲ့အခါမှာ စစ်အစိုးရ စာနယ်ဇင်းတွေ ကနေ ဦးဖုန်ကြားရှင်ဟာ တရားမ၀င် လက်နက်စက်ရုံ နဲ့ မူးယစ်ဆေးဝါး လုပ်ငန်း လုပ်နေတယ်လို့ အဆက်မပြတ် ထုတ်လွှင့်လာတယ်။ ဒီလို စွပ်စွဲတာတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ မြန်မာပြည်မှာ စစ်မှန်တဲ့ အစိုးရတရပ် မရှိသေးဘူး။ စစ်တပ်ဆိုတာက အစိုးရကို ကိုယ်စား မပြုဘူး။ ၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာ စစ်တပ်က အာဏာကို ဆက်ကိုင်ထားတာပဲ။ အဲဒီကတည်းက မြန်မာပြည်မှာ အစိုးရတရပ် ကောင်းကောင်း မွန်မွန် မပေါ်သေးဘူး။ စစ်အုပ်စုက သူတို့ကိုယ်သူတို့ ရွေးကောက် ခံထားရတဲ့ အစိုးရလို့ မပြောဘူး။ နိုင်ငံတကာကလည်း သူတို့ကို ရွေးကောက် ခံထားရတဲ့ အစိုးရလို့ အသိအမှတ် မပြုဘူး။ ခုချိန်ထိ မြန်မာပြည်ဟာ စစ်အုပ်စုက ဖွဲ့ထားတဲ့ ယာယီ ကောင်စီတခု စီမံခန့်ခွဲနေတဲ့ နိုင်ငံတခု ဖြစ်နေတုန်းပဲ။ ဒီကောင်စီကို န၀တ လို့ ခေါ်တယ်၊ ခုတော့ နအဖ လို့ ပြောင်းထားတယ်။ မြန်မာ့ တပ်မတော်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပဲ။ ဒါဆို နိုင်ငံကို ကိုယ်စား မပြုဘူးပေါ့။

၁၉၈၉ မှာ နိုင်ငံ ငြိမ်းချမ်း သာယာရေးအတွက် ကျနော်တို့ ကိုးကန့်တွေက စစ်အုပ်စုရဲ့ ကောင်စီကို ချဉ်းကပ်ခဲ့တာပါ။ နိုင်ငံ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့၊ ပြည်သူတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့ပါ။ အနှစ် ၂၀ လုံးလုံး ကျနော်တို့ စစ်အုပ်စုကို ယုံကြည် ခဲ့ကြတာပါ။ နိုင်ငံရေးအရ ကျနော်တို့ တောင်းဆိုတာက အပြောင်းအလဲ မရှိပါဘူး၊ ဗဟို အစိုးရကို ထောက်ခံတယ်၊ ငြိမ်းချမ်းရေး နဲ့ တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ဆောင်မယ်၊ တိုင်းရင်းသား တန်းတူ ညီမျှရှိရေးကို ထိန်းသိမ်းမယ်၊ တမျိုးသားလုံး ညီညွတ်မှုကို ထိန်းသိမ်းမယ်၊ ကိုးကန့်ပြည်သူတွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့ အကောင်းဆုံး လုပ်ဆောင်မယ်။ ကျနော်တို့ ဘယ်တုန်းကမှ နိုင်ငံကနေ ခွဲထွက်တာမျိုး မလိုလားခဲ့ဘူး။ မြန်မာပြည်က တိုင်းရင်းသားတွေ ကြားထဲမှာ ကိုးကန့်တွေကို အသိအမှတ် ပြုဖို့ ဆိုတာကိုပဲ လိုပါတယ်။

မေး။ ။ တိုက်ပွဲကာလအတွင်း အသေအပျောက် ဘယ်လောက် ရှိခဲ့သလဲ။

ဖြေ။ ။ ကိုးကန့်ပြည်သူတွေပဲ အများဆုံး ဆုံးရှုံးရတာပေါ့ဗျာ။ တိုက်ပွဲ ဖြစ်တုန်းက ကိုးကန့် တပ်ဖွဲ့ဝင် ၁၄ ယောက် ကျတယ်လို့ သိရတယ်။ စစ်အစိုးရတပ်က ပစ်လို့ သေကြရတဲ့ အရပ်သား အရေအတွက် ကိုတော့ ကျနော်တို့ မသိပါဘူး။ ဥပမာ တချို့ မိုက်မဲတဲ့ ကောင်လေးတွေက သစ္စာဖောက် ပယ်စောက်ချိန်ရဲ့ တပ်ထဲကို ၀င်ကြတယ်။ တိုက်ပွဲတွေ ဖြစ်တော့ စစ်အစိုးရ တပ်တွေရဲ့ ရှေ့ကနေပြီး ကျနော်တို့ကို တိုက်ရတယ်။ ဒီကောင်လေးတွေက သူတို့ကလည်း ကိုးကန့်တွေပဲ ဆိုတော့ ကိုယ့်အချင်းချင်း မသတ်ချင်ဘူးလို့ ပြောတယ်၊ ငြင်းတယ်။ ဒီတော့ စစ်အစိုးရတပ်က ဒီကောင်လေးတွေရဲ့ လက်နက်တွေကို လွှင့်ပစ် လိုက်ပြီးတော့ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်။ သြဂုတ်လ ၂၇ ရက်နေ့ နေ့ခင်းပိုင်းမှာ ကိုးကန့် လူငယ်လေးတွေ ၂၃ ယောက် တချိန်တည်းမှာ အသတ်ခံရတယ်။

မေး။ ။ စစ်အစိုးရက ခင်ဗျားတို့ တဖွဲ့ထဲကိုရွေးပြီး ဘာကြောင့် တိုက်ရတာလဲ။ မူးယစ်ဆေး နဲ့ လက်နက် ကိစ္စမှာ ခင်ဗျားတို့ ပါဝင်တယ် ဆိုတဲ့ စွပ်စွဲချက်အပြင် တခြား အကြောင်းအရာများ ရှိနေလို့လား။

ဖြေ။ ။ ပြီးခဲ့တဲ့လထဲမှာ ကျနော်တို့ ထင်မထားတာတွေ အများကြီး ဖြစ်ခဲ့တယ်။ ကိုးကန့် တပ်ဖွဲ့က တရားဝင် အပစ်ရပ် ထားတဲ့ အဖွဲ့ တဖွဲ့ပဲ။ ကျနော်တို့မှာ ရှိတဲ့ လက်နက်တွေက ဗမာပြည် ကွန်မြူနစ် ပါတီကနေ ရထားတာ ဟောင်းနေပြီ။ တော်တော်များများက ပြင်ဖို့ လိုတယ်။ လက်နက်တွေပြင်တဲ့ စက်ရုံ တခုရှိရမယ်။ ဒီစက်ရုံရှိတယ် ဆိုတာကိုလည်း ကိုးကန့်ဒေသမှာ ရှိတဲ့ နအဖ အရာရှိတွေ အကုန်လုံး သိကြပါတယ်။ စက်ရုံကိုလည်း သူတို့ အရင်တုန်းက ရောက်ဖူးပါတယ်။ ခုတော့ သူတို့က ဒီစက်ရုံကိုပဲ ရမယ်ရှာပြီးတော့ ကျနော်တို့ကို ၀င်တိုက်တာပါ။ ဒါကြောင့် ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာက ရှင်းနေတာပဲ။ သူတို့က ကိုးကန့်နဲ့ တခြား တိုင်းရင်းသား တပ်ဖွဲ့တွေကို ဖျောက်ပစ်လိုက် ချင်တယ်၊ ပြီးတော့ သူတို့ရဲ့ “စည်းလုံး ညီညွတ်တဲ့” နိုင်ငံတော်ကြီး ပေါ်ပေါက်အောင် လုပ်မယ်ပေါ့ဗျာ။ စစ်အစိုးရက ကိုးကန့် တပ်ဖွဲ့တွေကို တင်မကဘူး၊ တခြားတပ်ဖွဲ့ တွေကိုလည်း အကြောင်း အမျိုးမျိုးပြပြီး ၀င်တိုက်မယ် ဆိုတာ ရှင်းနေတာပဲ။ စွပ်စွဲချင်ရင်တော့ အပြစ်တခုခုကို ရှာပြီပေါ့။ မြန်မာ့တပ်မတော်က ဒီနိုင်ငံမှာ အင်အား အကြီးဆုံး လက်နက်ကိုင် အဖွဲ့ပဲ။ ဘယ်လက်နက်ကိုင် အဖွဲ့ကို မဆို သူတို့ ချေမှုန်းလိုက်လို့ ရတယ်။ ဘယ်အပစ်ရပ် အဖွဲ့ကို ဖြစ်ဖြစ် မူးယစ်ဆေး လုပ်တယ်၊ စက်ရုံရှိတယ် စသဖြင့် စွပ်စွဲနိုင်တယ်။

ဥပမာ ရှမ်းပြည်နယ် အထူးဒေသ ၄ ခုရဲ့ မူးယစ်ဆေးဝါး အခြေအနေကို ပြောရမယ် ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုံစမ်း စစ်ဆေးမှုတွေ အရ ဒီဒေသမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်သွားပြီဗျာ။ ဒါပေမယ့် စစ်အစိုးရ ထိန်းချုပ်တဲ့ နေရာတွေမှာ ဆိုရင် ဘိန်းခင်းတွေက မူပေါင်း ၂၅၀ ၀၀၀ ကျော် (၆၆၇ စတုရန်းမီတာနှင့် ညီမျှသည့် တရုတ်နိုင်ငံသုံး အတိုင်းအတာ) ရှိတယ်။ ဒါက စစ်အစိုးရရဲ့ လုပ်နည်း လုပ်ဟန်တွေပဲ။ သူတို့ ဒီလို လုပ်နေကြတာပဲ။

မေး။ ။ ကိုးကန့်တပ်ဖွဲ့အပါအ၀င် အပစ်ရပ်အဖွဲ့တွေက စစ်အစိုးရဲ့ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို လက်မခံကြဘူး။ ဘာကြောင့် ဒီအစီအစဉ်ကို လက်မခံတာလဲ။ စစ်အစိုးရဆီကနေ ဘယ်လိုမျိုး သဘောတူညီချက်တွေ ရချင်တာလဲ။

ဖြေ။ ။ ကျနော်တို့က နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စည်းမျဉ်း စည်းကမ်းတွေက အရမ်းကို တင်းကျပ်တယ်။ ဥပမာဗျာ အသက် ၅၀ အထက် အရာရှိတွေကို အနားပေးလိုက်ရမယ်၊ သူတို့ကိုယ်တိုင် လုပ်ကိုင်ရှာဖွေ စားသောက်ရမယ်။ ဒေသ အုပ်ချုပ်ရေးပိုင်း အရေးပါတဲ့ အရာရှိ နဲ့ တပ်မှူးတွေကို စစ်အစိုးရက ခန့်ထားမယ်။ ဒီ ကမ်းလှမ်းချက်တွေက ဘယ်အပစ်ရပ် အဖွဲ့တွေအတွက် မဆို လက်ခံနိုင်စရာ မရှိဘူး။ ဒေသခံတွေ အတွက်လည်း မသင့်တော်ဘူး။ ကျနော်တို့ လိုချင်တာက ရိုးရိုးလေးပါ၊ ကိုးကန့်ပြည်သူတွေကို ကာကွယ်ဖို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ လိုချင်တယ်။

မေး။ ။ ကိုးကန့် နဲ့ တခြား တိုင်းရင်းသားအဖွဲ့တွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး မကျေနပ်ကြဘူးလို့ သိရတယ်။ ဒီ အခြေခံ ဥပဒေအကြောင်း ဘာပြောစရာ ရှိသလဲ။

ဖြေ။ ။ ၂၀၀၈ ခုနှစ် စစ်အစိုးရ အဆိုပြုတဲ့ အခြေခံ ဥပဒေ ဆိုတာက စစ်အစိုးရ အကျိုးအမြတ်ရှိဖို့ နဲ့ အာဏာ အတွက်ပဲလေ။ လူမျိုးစုငယ်တွေရဲ့ အခွင့်အရေးကို အဲဒီထဲမှာ ပြဌာန်းထားတာ မတွေ့ရဘူး။ ဒီနိုင်ငံထဲက ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ ဒီလို အခြေခံ ဥပဒေမျိုးကို ကျနော်တို့ ဘယ်လို လက်ခံနိုင်မှာလဲ။ အခြေခံ ဥပဒေကို အတည်ပြုတဲ့ နေရာမှာလည်း တခြားနိုင်ငံကလူတွေ မသိလိုက်တာတွေ အများကြီး ဖြစ်ခဲ့တယ်။ ဥပမာ ပြောရရင် ကိုးကန့်ရွာတချို့မှာ စစ်အစိုးရက ဆန္ဒခံယူပွဲလုပ်ဖို့ အရာရှိတွေ ပို့လိုက်တယ်။ ဒေသခံတွေက ၀င်မပါချင်တဲ့ အခါကျတော့ အစိုးရ အရာရှိတွေက မဲတွေကို သူတို့ကိုယ်တိုင် ရေးခြစ်ပြီး ပေးလိုက်ကြတယ်။ ကန့်ကွက်မဲ ရာနဲ့ချီ ပေးလိုက်တဲ့ရွာတွေ ရှိတယ်။ ဒါပေမယ့် အဖြေထွက်လာတော့ ထောက်ခံမဲ ၃၀၀၀ ကျော်ရတယ်ဆိုပြီး ထွက်လာတယ်။ အဲဒီနည်းနဲ့ အခြေခံ ဥပဒေကို အတည် ပြုလိုက်တာပဲ။

မေး။ ။ ဗကပ နဲ့ အရင်တုန်းက ပူးပေါင်းခဲ့ပြီး ၁၉၈၉ မှာ ဦးဖုန်ကြားရှင်ရဲ့ ခေါင်းဆောင်မှုနဲ့ အောင်မြင်စွာ ခွဲထွက် နိုင်ခဲ့တယ်။ ဘေကျင်းမြို့တော်ကို သွားခဲ့ပြီး တရုတ် အရာရှိတွေနဲ့လည်း နီးစပ်မှု ရှိခဲ့တယ်။ လက်ရှိ အချိန်မှာတော့ တရုတ်နိုင်ငံက စစ်အစိုးရနဲ့ နီးစပ်မှု ရှိသလို နယ်စပ်က တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း နီးစပ်မှု ရှိနေတယ်။ ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ အနေအထားကို ဘာပြောစရာရှိသလဲ။ တရုတ်အစိုးရဆီက အကူအညီ ရသလား။ သူတို့မထောက်ခံတော့မှာကို စိုးရိမ်နေသလား။ သူတို့ဆီက အကာအကွယ် ရသလား။

ဖြေ။ ။ စစ်အစိုးရက စီစဉ်ခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ ပဋိပက္ခ နဲ့ နောက်ပိုင်း တိုက်ပွဲတွေ အတွင်း တရုတ်အစိုးရ ကျနော်တို့ကို မကူညီပါဘူး။ အကာ အကွယ်ပေးဖို့၊ ခိုလှုံခွင့်ပေးဖို့ တရုတ်အစိုးရကို ကျနော်တို့ မပြောနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကိုးကန့်တွေဟာ တရုတ်လူမျိုးတွေ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေ တရုတ်နိုင်ငံဘက် ထွက်ပြေးကြတော့ ဒေသခံ အာဏာပိုင်တွေက သူတို့ကို တော်တော်လေး ဂရုတစိုက်ရှိပါတယ်။ ဒီအတွက်ကြောင့်တော့ ကျနော်တို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်။

မေး။ ။ ကိုးကန့် ပဋိပက္ခနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို ဘာပြောချင်ပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာ ဘာပဲ ဖြစ်နေပါစေ ကျနော်တို့ဟာ တရုတ် တိုင်းရင်းသားတွေပါ၊ ကျနော်တို့ရဲ့ ဇစ်မြစ်က တရုတ် နိုင်ငံမှာပါ။ ဒါကို ကျနော်တို့ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှိတဲ့ တရုတ် လူမျိုးတွေရဲ့ အခွင့်အရေး အတွက် ကျနော်တို့ ဆက်ပြီး တိုက်ပွဲ ၀င်သွားမှာပါ။

မေး။ ။ မြန်မာပြည် နဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ် အလားအလာကို ဘယ်လို မြင်သလဲ။

ဖြေ။ ။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောရရင် ဒါဟာ တော်တော်ကို ရှုပ်ထွေးတဲ့ကိစ္စပဲ။ မြန်မာပြည်မှာ လူထုက ရွေးကောက် တင်မြှောက်တဲ့၊ လူထုကို ကိုယ်စားပြုတဲ့ အစိုးရတရပ် မရှိဘူး ဆိုရင် မြန်မာပြည်မှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ်ကတော့ ကောင်းမှာ မဟုတ်ဘူး။

မေး။ ။ နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေဆီကနေ နိုင်ငံရေးအရ၊ စစ်ရေးအရ ကျောထောက် နောက်ခံ ပေးတာ၊ အကူအညီ ပေးတာတွေ ရခဲ့သလား။ အားလုံး ညီညွတ်မှု ရနေကြသလား ဒါမှမဟုတ် စုစည်းမှု ရအောင် လုပ်ဖို့ အခက်အခဲတွေ တွေ့နေကြတာလား။

ဖြေ။ ။ ဟိုတုန်းကတည်းက တရုတ်မြန်မာနယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေဟာ တဖွဲ့နဲ့တဖွဲ့ ဆက်ဆံရေး ကောင်းကြပါတယ်၊ အကူအညီ ပေးကြပါတယ်။ ကျနော်တို့ ကြုံခဲ့ရတာတွေ၊ ကြုံရဦးမှာတွေက အတူတူပါပဲ။ ဒါပေမယ့် ဆက်သွယ်ရေး အခက်အခဲကြောင့် ကျနော်တို့ရဲ့ စုစည်းမှုက သိပ်ပြီးတော့ အားမကောင်းပါဘူး။ ဒီအချက်ကို စစ်အစိုးရက အခွင့်အရေး အဖြစ် အသုံးချလိုက်လို့ ကိုးကန့်ဒေသက စစ်အစိုးရ ချုပ်ကိုင်မှုအောက် ရောက်သွားတာပါ။

မေး။ ။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ ရှိတဲ့ ဦးဖုန်ကြားရှင်ရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေ၊ ရင်းနှီး မြှုပ်နှံမှုတွေ နဲ့ စီးပွားရေး လုပ်ငန်းတွေ ဆုံးရှုံးသွားမှာကို မစိုးရိမ်ဘူးလား။

ဖြေ။ ။ လောလောဆယ်တော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျနော့်ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်အစိုးရက သိမ်းယူထားပါတယ်။ တရုတ်နိုင်ငံမှာ ရှိတဲ့ ကျနော့်ရဲ့ ပိုင်ဆိုင်မှုတွေ၊ စီးပွားရေး လုပ်ငန်းတွေကိုလည်း တရုတ် အာဏာပိုင်တွေက ထိန်းသိမ်း လိုက်ပါတယ်။ ကျနော် စိတ်သောက ရောက်ရုံကလွဲလို့ ဒီပြဿနာကို ကျနော် ရှင်းလို့ မရပါဘူး။

မေး။ ။ အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ စစ်အစိုးရ တပ်က အရာရှိတွေ၊ ရဲဘော်တွေက တရုတ်နိုင်ငံသား တွေကို အနိုင်ကျင့်နေတယ် ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတော့ စစ်အစိုးရဟာ တရုတ်နိုင်ငံရဲ့ ရုပ်သေး မဟုတ်ဘူးဆိုတဲ့ သဘောလား။

ဖြေ။ ။ ကိုးကန့်ဒေသပဋိပက္ခကို စစ်အစိုးရက ဖန်တီးခဲ့တဲ့ အကြောင်းရင်းတွေ ရှိတယ်။ ပထမအချက်က စစ်အစိုးရက အမေရိကန်၊ အိန္ဒိယ နဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်ချင်နေတယ်၊ အထူးသဖြင့် အမေရိကန်နဲ့ ပေါ့ဗျာ။ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းဖို့ အတွက် စစ်အစိုးရက သူတို့ဟာ တရုတ်အစိုးရရဲ့ လက်ဝေခံ မဟုတ်ပါဘူး ဆိုတာကို သိပ်ပြီးတော့ သက်သေပြချင်နေတာ။ ဒါကြောင့် ကိုးကန့်ဒေသကို တိုက်တာပဲ။

သူတို့က တရုတ်အစိုးရ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုလည်း စမ်းကြည့်ချင်ပုံ ရပါတယ်။ ကိုးကန့်နဲ့ တရုတ် လူမျိုးတွေက ဆွေမျိုး တွေပဲလေ။ ကိုးကန့်တွေက အခြေခံအားဖြင့် တရုတ်တွေပဲ၊ တရုတ် လူမျိုးတွေရဲ့ အစိတ်အပိုင်း တခုပဲ။ စစ်အစိုးရက အရာသွင်းတာ မဟုတ်တဲ့ အတွက် မြန်မာပြည်က တရုတ်တွေက ဆယ်စုနှစ်ပေါင်း အတော်ကြာအောင် အနှိမ်ခံနေရတယ်။

မြန်မာ အမျိုးသား အစိုးရ အသိအမှတ်ပြုတာ ခံရဖို့ ၁၉၄၇ ခုနှစ်မှာ လုပ်တဲ့ အစည်းအဝေး ကြောင့်သာ ဒီဒေသမှာ နေထိုင်တဲ့ တရုတ်တွေကို ကိုးကန့် လို့ ခေါ်ခဲ့ကြတာပဲ။ တကယ်တမ်း ပြောရရင်တော့ ကိုးကန့်တွေ ဆိုတာ တရုတ်တွေပဲပေါ့။

၁၉၆၇ ခုနှစ် တရုတ်မြန်မာအရေးအခင်းဆိုတာ မနေ့တနေ့က ဖြစ်ခဲ့ သလိုပါပဲ။ ဒီကနေ့အထိ မြန်မာပြည်မှာ နေတဲ့ တရုတ်တွေက သူတို့ဟာ တရုတ်ဖြစ်ကြောင်း မကြေညာရဲကြ သေးဘူး။ ၁၉၈၉ မှာ ကိုးကန့် တပ်ဖွဲ့ကို ဖွဲ့စည်း တည်ထောင်လိုက်တဲ့ အခါမှာ မြန်မာပြည်မှာ ရှိတဲ့ တရုတ်တွေက ဒီတပ်ဖွဲ့အပေါ် မျှော်လင့်ချက် ထားခဲ့ကြတယ်။ ခုတော့ အဲဒီ မျှော်လင့်ချက်က ရေစုန်မျောပြီပေါ့။

ဒုတိယအချက်ကတော့ စစ်အစိုးရတပ်တွေ ကိုးကန့် ဒေသထဲ တပ်စွဲထားတာ ၁၀ နှစ် ကျော်သွားပြီ။ ဒေသ အခြေအနေတွေကို သူတို့ ကောင်းကောင်း သိထားတယ်။ ကိုးကန့်ဒေသ အတွင်းရေး တွေကိုပါ သိသွားကြတာ။ ဒါကြောင့် သူတို့က သစ္စာဖောက် ပယ်စောက်ချိန် နဲ့ ဝေချောက်ရင်း (Wei Chaoren) တို့ကို မွေးလိုက်တာပဲ။ ရလဒ်ကတော့ ကိုးကန့် အဖွဲ့ထဲမှာ တိုက်ပွဲတွေ မဖြစ်ခင်ကတည်းက ကွဲပြဲ ကုန်တာပဲ။ ပယ်စောက်ချိန် နဲ့ ဝေချောက်ရင်း တို့က လူထုကို သစ္စာဖောက်ပြီး စစ်အစိုးရဆီမှာ အညံ့ခံသွားကြတာပဲ။

တတိယအချက်ကတော့ ဒီအချိန်မှာ စစ်အစိုးရက ကိုးကန့်ဒေသကို ချုပ်ကိုင် ထားလိုက်ပြီ၊ တရုတ်အစိုးရက ဘယ်လို တုံ့ပြန်သလဲ ဆိုတာလည်း စစ်အစိုးရက ရှင်းရှင်းလင်းလင်း သိသွားပြီ။ ဒီတော့ နောက်ထပ် လှမ်းမယ့် ခြေလှမ်းကတော့ နယ်စပ်မှာ ရှိတဲ့ လူနည်းစု အဖွဲ့အစည်းတွေကို ချေမှုန်းရေး ဆိုတဲ့ သူတို့ရဲ့ မူဝါဒကို အကောင်အထည် ဖော်ဖို့ပဲ။ မြန်မာ စစ်အစိုးရက ရိုင်းရိုင်းစိုင်းစိုင်း၊ ကြမ်းကြမ်းတမ်းတမ်း လုပ်ပါလိမ့်မယ်၊ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပါပြီ။

မေး။ ။ ဦးဖုန်ကြားရှင် အခု ဘယ်မှာ ပုန်းရှောင်နေပါသလဲ။

ဖြေ။ ။ ကျနော်က ကိုးကန့် ဒေသမှာ နှစ်ပေါင်း အတော်ကြာအောင် လုပ်ကိုင် နေထိုင်ခဲ့တာပါ။ မြန်မာပြည်က မြို့ကြီး ပြကြီးတွေကို ခရီးထွက် လည်ပတ်ဖို့ အခွင့်အရေး မရခဲ့ဘူး။ ကျနော့်မှာ အခု အချိန်တွေ အများကြီး ရှိလာပြီမို့ မြန်မာပြည်ထဲက မြို့ကြီးတွေကို သွားပြီး လည်ပတ်နေပါတယ်။ ကျနော်တို့ နိုင်ငံဟာ အင်မတန် သာယာလှပပါတယ်၊ လူထုကို ကိုယ်စားပြုတဲ့၊ နိုင်ငံကို ဖွံ့ဖြိုးအောင်လုပ်မယ့် အစိုးရမျိုးနဲ့ ထိုက်တန်တယ်လို့ ကျနော် ခံစားရပါတယ်။ လောလောဆယ်တော့ ကျနော် ကိုးကန့်ဒေသကို မပြန်သေးပါဘူး။ ။

Ref: ဧရာဝတီ

Read More...

ပါတီမှ ခွဲထွက်အဖွဲ့ဝင်ကို မွန်ကာကွယ်ရေးတပ်မှ သေနတ် ဖြင့် လုပ်ကြံ

Tue 15 Sep 2009, IMNA

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် ဗိုလ်ချုပ်ဟောင်း နိုင်အောင်နိုင် အဖွဲ့ဝင်အား လုပ်ကြံ ပစ်ခတ်သူမှာ မွန်ကာကွယ်ရေး တပ်မှ ဖြစ်သည်ဟု မွန်ပြည်သစ် ပါတီဝင်တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူက ၄င်းတို့ လုပ်ကြံမခံရမီတွင် သေနတ်ကိုင်ထားသည့် မွန် ကာကွယ်ရေးတပ် (MDF) မှ အဖွဲ့ဝင်များကို မြင်တွေ့ ခဲ့သည်ဟု မော်လမြိုင်မြို့ ဆေးရုံးကြီးတွင် လူနာကြည့်ခဲ့သော အထက်ပါ မွန်ပြည်သစ် ပါတီဝင်က ဆက်ပြောသည်။

မွန်ကာကွယ်ရေးတပ် (MDF) မှ နိုင်အောင်နိုင်အဖွဲ့ဝင် နိုင်အဗိုင်နှင့် နိုင်ချစ်စိန် နှစ်ဦးကို သံဖြူဇရပ် မြို့အဝင် ခလရ (၆၂) တပ်ရင်းရှေ့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်မှာ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ ၄င်းတို့သည် ယခုအချိန်တွင် မော်လမြိုင် ဆေးရုံတွင် ဆေးကုသ ခံယူနေသည်။

မွန်ကာကွယ်ရေးတပ်ဖွဲ့သည် မွန်ပြည်သစ်ပါတီမှ အနားယူထားသည် ပါတီဝင်များ ဖြစ်ပြီး၊ လက်ရှိ ၄င်းအဖွဲ့သည် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ကြားမှာ လှုပ်ရှားနေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ၄င်းအဖွဲ့ထဲတွင် အဓိက အဖွဲ့ဝင် သုံးဦးသာရှိသည်ဟု ခရိုင်အဆင့် မွန်ပြည်သစ်ပါတီ ကော်မတီဝင် တစ်ဦးက ပြောသည်။

မွန်ကာကွယ်ရေးတပ်ဖွဲ့မှ လုပ်ကြံသူတွေမှာ နိုင်သန်းလွင်နှင့် နိုင်သူရဝင်းမြင့်တို့ပါဝင်ပြီး၊ ၄င်းတို့ ကိုင်ဆောင်ထားသည့် သေနတ်သည် မွန်ပြည်သစ် ပါတီ စစ်သားဟောင်းမှ ကိုင်ဆောင်သည့် သေနတ် ဖြစ်ကြောင်းလည်း သိရသည်။

၎င်းသေနတ် မည်သို့မည်ပုံဖြင့် မွန်ကာကွယ်ရေးတပ်ဖွဲ့ လက်ထဲသို့ ရောက်ရှိ သွားသည်ကို မော်လမြိုင်ခရိုင်မှ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက စစ်သားဟောင်းကို စစ်ဆေး မေးမြန်းစုံစမ်း နေဆဲဖြစ်သည်။

မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးကလည်း ယခုလို မွန်အချင်းချင်း ပဋိပက္ခဖြစ်အောင် မြန်မာ စစ်အစိုးရ ပြုလုပ်တာလဲ ဖြစ်နိုင်သည်ဟု သုံးသပ် ပြောဆိုသည်။

မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ကို ဦးဆောင်သော နိုင်အောင်နိုင်သည် ယခင်က မွန်ပြည်သစ် ပါတီတွင် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ဦးဆောင်သော စစ်ဦးစီးချုပ် တစ်ဦးဖြစ်ပြီး၊ ၂၀၀၈ ခုနှစ်တွင် ၄င်း၏အဖွဲ့ဝင် အချို့နှင့်အတူ မွန်ပြည်သစ် ပါတီမှ ခွဲထွက်ခဲ့သည်။

လွန်ခဲ့သည့်ဧပြီလကလည်း မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင် နိုင်မင်းနောင် လုပ်ကြံ ခံခဲ့ရပြီး၊ လုပ်ကြံသူများကို မော်လမြိုင် မြို့ပေါ်မှ ရဲအဖွဲ့တို့က ဖမ်းဆီးလိုက်သည်။ ၄င်း လုပ်ကြံသူတို့သည် မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့မှ ခွဲထွက်သော နိုင်အောင်ချမ်း အဖွဲ့မှ ဖြစ်သည်။ သို့သော် ဖမ်းဆီးရမိသူကို မွန်ပြည်သစ် ပါတီမှ တစ်စုံတစ်ရာ စစ်ဆေး မေးမြန်းခွင့် မရရှိပါ။

ထိုနည်းတူ မေလတုန်းကလည်း မွန်ပြည်သစ်ပါတီ ကော်မတီဝင် နိုင်ရာဇာအား အမည်မသိ သေနတ်သမား တစ်စုက ကားပေါ်မှ ခြောက်ချက်တိတိ ပစ်ခတ်ခဲ့သော်လည်း တစ်စုံတစ်ရာ ဒဏ်ရာ မရရှိကြောင်း သိရသည်။ နိုင်ရာဇာအား မည်သူမည်ဝါ လုပ်ကြံသည်ကို ယခုချိန်ထိ စုံစမ်း သိရှိခြင်း မရှိပါ။

Ref: မွန်သတင်းအေဂျင်စီ

Read More...

တရုပ်အစိုးရဘယ်သူ့ဖက်ရပ်တည်သလဲ - အပစ်ရပ်များ မေးခွန်းထုတ်

အင်္ဂါနေ့၊ 15 စက်တင်ဘာလ 2009

ကိုးကန့်အရေးအခင်း မဖြစ်ခင်အနေအထားအားလုံး ခြုံကြည့်ပါက “တရုပ်ပြည်အစိုးရ ဘယ်သူ့ဖက် ရပ်တည်နေလဲ” ဟူသည့် အချက် မေးခွန်းထုတ်စရာ ဖြစ်လာသည်ဟု အမည်မဖေါ်လိုသည့် အပစ်ရပ် ခေါင်းဆောင်များက ပြောပါသည်။

“အရင်တုန်းက တရုပ်ပြည်အစိုးရက အပစ်ရပ်တွေဘက် ရပ်တည်ပေးသလို ဖြစ်တယ်။ ဒါပေမယ့် ကိုးကန့်အရေး အခင်းကို ပြန်ကြည့်မယ် ဆိုရင်တော့ ပီကင်းအစိုးရ မဟုတ်ရင် ယူနန်ပြည်နယ် အစိုးရ အနေအထားက သံသယ ဖြစ်ဖွယ် မေးခွန်းထုတ်ဖွယ် ဖြစ်လာတယ်” - ဟု ထိုခေါင်းဆောင်က ပြော၏။

ကိုးကန့်အရေးအခင်းနှင့် ပတ်သက်ဆက်နွယ်ပြီး အခြေအနေများ အားလုံး ခြုံငုံ ကြည့်မည်ဆိုလျှင် -
(၁) စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးလာမည့် ဒုက္ခသည်တွေ အတွက် နေရာ ကြိုတင် ပြင်ဆင်ထားခြင်း။
(၂) မြန်မာ အစိုးရစစ်တပ်နှင့် အပစ်ရပ်အဖွဲ့တို့ တိုက်ခိုက်မှု ဖြစ်လာခဲ့ပါက တရုပ်နယ်ခြား လုံခြုံရေး တပ်များ နယ်ခြားမျဉ်းမှ မီတာ ၃၀၀-၅၀၀ အထိ နောက်ဆုတ်ပေးရန် မြန်မာ တပ်မတော် တောင်းဆို ချက်အတိုင်း တရုပ်စစ်တပ်တို့ လုပ်ဆောင်ခဲ့ခြင်း။
(၃) ဖုန်ကြားရှင်းဘက်မှ ကူညီတိုက်ခိုက်ရန် ၀ က ကြိုးစားသော်လည်း ၃-၄ ရက် အချိန်ယူ စောင့်ကြည့်ရန် တရုပ်က ဟန့်တားခြင်းကြောင့် နောက်ဆုံး ကိုးကန့်တို့ ကျဆုံး သွားခဲ့ရခြင်း။
(၄) တရုပ်ပြည်အတွင်းရှိ ဖုန်ကြားရှင်း ပိုင်ဆိုင်သည့်တိုက်တာ အိုးအိမ် ကား ပစ္စည်း ရွှေငွေ အားလုံး တရုပ်အစိုးရ လိုက်လံ သိမ်းဆည်းခြင်း။
(၅) ဖုန်ကြားရှင်း တပ်ဖွဲ့ဝင်များကို ၀ နှင့် မိုင်းလား အဖွဲ့တို့ လက်ခံထားခဲ့လျှင် စစ်အစိုးရထံ ပြန်လည် လွှဲအပ်ပေး ရန်တရုပ်က ပြောကြားခြင်း။
(၆) တရုပ်နယ်စပ် ဘဏ်များ၌ အပစ်ရပ်အဖွဲ့များ အပ်နှံထားသည့် ငွေများကို ၄ - ၅ သောင်း အထက် သွားရောက် ထုတ်ယူခဲ့လျှင် ဆိုင်ရာ အာဏာပိုင်များက ငွေထုတ်ရခြင်း အကြောင်းရင်းတို့ကို စစ်ဆေး မေးမြန်းခြင်း။

“အဲဒီအချက်တွေကို ကြည့်မယ်ဆိုရင် တရုပ်အစိုးရ ရပ်တည်ချက်က မေးခွန်းထုတ် စရာ အမှန်တကယ် ဖြစ်လာတယ်” - ဟု အမည် မဖေါ်လိုသည့် အပစ်ရပ်ခေါင်းဆောင် တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

တရုပ်ပြည် အနောက်တောင်တကျောရှိ ကချင်(KIO)၊ ကိုးကန့်(MNDAA)၊ ၀ (UWSA )၊ မိုင်းလား (NDAA ) တို့ ထိန်းချုပ် နယ်မြေသည် တရုပ်ပြည်အဖို့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လုံခြုံအေးချမ်းရေး နှင့် ကမ္ဘာ့ အင်အားကြီး ၀ါဒ ချဲ့ထွင်ပြိုင်ဆိုင်ရေး အတွက် အထူး အရေးပါသည်ဟု - သျှမ်းပြည်ဖွဲ့စည်းပုံ အခြေခံမူကြမ်း ရေးဆွဲရေး ကော်မရှင် ဥက္ကဌ စ၀်ခင်းဆိုင်က မြင်ပါသည်။ “မြောက်ကိုးရီးယားက တရုပ်ပြည်အတွက် အရေးပါသလိုပါပဲ” - ဟု ပြောသည်။

အခြားတဖက်တွင် နိုင်ငံတကာပဋိပက္ခလေ့လာရေး အဖွဲ့ ICG က တရုပ်ပြည်သည် ပြီးခဲ့သည့် သြဂတ်စ်လက ကိုးကန့် တပ်ဖွဲ့အား နအဖ စစ်တပ်မှ ၀င်တိုက်မည့် အစီအစဉ်၊ ကြိုတင် အကြောင်းမှု တစုံတရာ မရခဲ့ကြောင်း ၁၄/၉/၀၉ ထုတ် အစီရင်ခံစာတွင် ရေးသားခဲ့ပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Tuesday, September 15, 2009

ဦးသုဝေရဲ့ ဒီမိုကရက်တစ် ပါတီသစ် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ဆင်

15 September 2009

မြန်မာပြည်မှာ ရှေ့နှစ် ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ၀င်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေး ပါတီသစ်တခု ဖွဲ့စည်းတဲ့အခါ လွတ်လပ်ရေး ရပြီး လူထုက ရွေးကောက် တင်မြှောက် ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုနဲ့ ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေတို့ရဲ့ သမီးများ ပါဝင်ကြမယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ ၂၀၀၄ ခုနှစ်မှာ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးသုဝေက ဥက္ကဋ္ဌ၊ ဦးရဲထွန်း ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ဒီမိုကရေစီ ပါတီမှာ ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ ဦးဗဆွေရဲ့သမီး ဒေါ်နေရီဗဆွေ၊ ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ ပါဝင်ကြမယ်လို့ ရန်ကုန်က လာတဲ့ သတင်းများမှာ ပါရှိပါတယ်။

စစ်အစိုးရက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေများ ကြေညာပြီးမှသာ နိုင်ငံရေး ပါတီများ ဖွဲ့စည်း မှတ်ပုံတင်နိုင်ကြမှာ ဖြစ်ပါတယ်။ စစ်အစိုးရက ဘယ်တော့ ကြေညာမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီမိုကရေစီနည်းအရ ပြည်သူလူထုက ရွေးကောက် တင်မြှောက် ထားတဲ့ ၀န်ကြီးချုပ် ဦးနု ဦးဆောင်တဲ့ အစိုးရကို ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်း ဖြုတ်ချပြီးတဲ့နောက် မြန်မာနိုင်ငံကို အုပ်စိုးလာခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရက ရှေ့နှစ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ် အာဏာမြဲရေး အတွက် လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ဆန်းစစ်သူ တချို့က ဝေဖန်ကြပါတယ်။

၁၉၉၀ ခုနှစ်မှာ စစ်အစိုးရက ကြီးမှူးပြီး ရွေးကောက်ပွဲ ကျင်းပတာ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင် ရရှိလိုက်တာကို အာဏာ လွှဲပြောင်းပေးခြင်း မရှိဘဲ စစ်တပ်က ဆက်လက် အုပ်ချုပ် နေခဲ့ပါတယ်။

Ref: VOA News

Read More...

တခြား တိုင်းရင်းသား အဖွဲ့များလည်း အတိုက်ခံရမည် ဟု ဖုန်ကြားရှင် သတိပေး

Monday, 14 September 2009 17:43 ဧရာဝတီ


ကိုးကန့်ဒေသကို မူးယစ်ဆေး နှင့် လက်နက်စက်ရုံ အကြောင်းပြပြီး ၀င်ရောက် တိုက်ခိုက် ခဲ့သော စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း အကြောင်း အမျိုးမျိုးပြပြီး ၀င်ရောက် တိုက်ခိုက် တော့မည်ဟု ယူဆကြောင်း တိမ်းရှောင်နေသည့် ကိုးကန့် အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်က ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်က အင်အား အတောင့်တင်းဆုံး လက်နက်ကိုင် အဖွဲ့ ဖြစ်သောကြောင့် မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုမဆို ချေမှုန်းနိုင်မည်ဟု ဦးဖုန်ကြားရှင်က ဆိုသည်။

“စစ်အစိုးရက ကိုးကန့်ဒေသကို ချုပ်ကိုင် ထားလိုက်ပြီ၊ တရုတ် အစိုးရက ဘယ်လို တုံ့ပြန်သလဲ ဆိုတာလည်း စစ်အစိုးရက ရှင်းရှင်း လင်းလင်း သိသွားပြီ။ ဒီတော့ နောက်ထပ် လှမ်းမယ့် ခြေလှမ်းကတော့ နယ်စပ်မှာ ရှိတဲ့ လူနည်းစု အဖွဲ့အစည်းတွေကို ချေမှုန်းရေး ဆိုတဲ့ သူတို့ရဲ့ မူဝါဒကို အကောင်အထည် ဖော်ဖို့ ဖြစ်ပါတယ်” ဟု ဦးဖုန်ကြားရှင်က ဧရာဝတီနှင့် သီးသန့် ဆက်သွယ် မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

ဦးဖုန်ကြားရှင်က သူ လောလောဆယ် ရောက်ရှိနေသည့် နေရာကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

ကိုးကန့်ဒေသတွင် ရှိသော လက်နက်ပြင်ဆင်သည့် စက်ရုံသို့ ယခင်က အစိုးရ အရာရှိများ သွားရောက် လည်ပတ် ဖူးသော်လည်း ယခုမှ ထိုအချက်ကို ဆင်ခြေပေးကာ ၀င်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“မြန်မာစစ်အစိုးရက ရိုင်းရိုင်းစိုင်းစိုင်း၊ ကြမ်းကြမ်းတမ်းတမ်း လုပ်ပါ လိမ့်မယ်၊ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီ” ဟု ဦးဖုန်ကြားရှင်က ဆိုသည်။

စစ်အစိုးရက အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးချဲ့ လိုသဖြင့် ၎င်းတို့သည် တရုတ် အစိုးရ၏ သြဇာခံ မဟုတ်ကြောင်း ပြသရန် ကိုးကန့် ဒေသကို ၀င်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟုလည်း ဦးဖုန်ကြားရှင်က သူ၏ အမြင်ကို ပြောသည်။

သြဂုတ်လကုန်ပိုင်းက ၃ ရက်ကြာ ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများ အပြီးတွင် မြန်မာ့ တပ်မတော်က ထိုဒေသကို ထိန်းချုပ် ထားလိုက်သည်။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကပင် မြန်မာ့ တပ်မတော်က ကိုးကန့် ဒေသအတွင်း အခြေစိုက် တပ်စွဲ ထားထားပြီး ဖြစ်သောကြောင့် နယ်မြေ စိုးမိုးမှု၊ ကျွမ်းကျင်မှု ရှိသည် ဟူသော အချက်ကိုလည်း ဦးဖုန်ကြားရှင်က ထောက်ပြသည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ကိုးကန့် ဒေသတွင် မြန်မာ့ တပ်မတော်က လုယက်မှု၊ မုဒိမ်းမှု၊ အရပ်သားများကို သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည် ဟူသော သတင်းများကို ကြားရသည်ဟု ဦးဖုန်ကြားရှင်က ပြောသည်။

တိုက်ပွဲများအပြီးတွင် ကိုးကန့်ဒေသကို ထိန်းချုပ် လိုက်သော စစ်အစိုးရက ဦးဖုန်ကြားရှင် နှင့် ကိုးကန့် ခေါင်းဆောင် ၃ ဦးသည် ဥပဒေ ချိုးဖောက်သူများ ဖြစ်ကြောင်း၊ အသစ် ပေါ်ပေါက်လာသည့် ကိုးကန့်ဒေသ ယာယီ ဦးစီးကော်မတီ နှင့် လက်တွဲ သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့သော်လည်း ဦးဖုန်ကြားရှင်ကမူ အသစ်ဖွဲ့လိုက်သည့် အဆိုပါ ကိုးကန့် ကော်မတီ၏ ခေါင်းဆောင်များသည် လူထုကို သစ္စာဖောက်ပြီး စစ်အစိုးရထံ အညံ့ ခံလိုက်သူများ ဖြစ်သည်ဟု ပြောကြားလိုက်သည်။

ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ ခေါင်းဆောင် ဦးပယ်စောက်ချိန် က စစ် အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောတူသည်ဟု ယခု ရက်ပိုင်းအတွင်း ထုတ်ဖော် ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ထားသည့် စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ပြောင်းကြရန် အဆက်မပြတ် ဖိအားပေးလျက် ရှိသည်။

ဦးဖုန်ကြားရှင်က ၎င်းတို့အနေဖြင့် တပ်များ အသွင်ပြောင်းရေး အစီအစဉ်ကို ဆန့်ကျင်ခြင်း မရှိသော်လည်း စည်းမျဉ်း စည်းကမ်းများကို သဘောတူခြင်း မရှိဟု ဆိုသည်။

“ဥပမာဗျာ အသက် ၅၀ အထက် အရာရှိတွေကို အနားပေးလိုက် ရမယ်၊ သူတို့ ကိုယ်တိုင် လုပ်ကိုင် ရှာဖွေ စားသောက်ရမယ်။ ဒေသ အုပ်ချုပ်ရေးပိုင်း အရေးပါတဲ့ အရာရှိ နဲ့ တပ်မှူးတွေကို စစ်အစိုးရက ခန့်ထားမယ်။ ဒီ ကမ်းလှမ်း ချက်တွေက ဘယ် အပစ်ရပ် အဖွဲ့တွေအတွက် မဆို လက်ခံနိုင်စရာ မရှိဘူး” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံရှိ သူ၏ ပိုင်ဆိုင်မှုများကို စစ်အစိုးရက သိမ်းယူလိုက် သကဲ့သို့ တရုတ်နိုင်ငံရှိ သူ၏ ပိုင်ဆိုင်မှုများ၊ စီးပွားရေး လုပ်ငန်းများကိုလည်း တရုတ်အာဏာပိုင်တို့က ထိန်းသိမ်း လိုက်သည်ဟု ဦးဖုန်ကြားရှင်က ရှင်းပြသည်။

ဦးဖုန်ကြားရှင်သည် တိုက်ပွဲများဖြစ်ပွားချိန်မှ စပြီး ယခု အချိန်အထိ ၀ တိုင်းရင်းသား တပ်ဖွဲ့များ ထိန်းချုပ် ဒေသတွင် ခိုလှုံနေသည် ဟူသော သတင်းများ ထွက်ပေါ်လျက် ရှိသည်။ သို့သော်လည်း သူက ထိုအချက်ကို ငြင်းဆိုလိုက်သည်။

“ကျနော့်မှာ အခု အချိန်တွေ အများကြီး ရှိလာပြီမို့ မြန်မာပြည်ထဲက မြို့ကြီးတွေကို သွားပြီး လည်ပတ်နေပါတယ်” ဟု ဦးဖုန်ကြားရှင်က ပြောသည်။

ဤအတောအတွင်း ကိုးကန့်ဒေသသို့ ပြန်ရန် အစီအစဉ်မရှိဟု ဆိုသည်။

Ref: ဧရာဝတီ

Read More...

ဒေါ်စုအမှု အယူခံ ကြားနာပွဲ ကိုယ်တိုင် တက်ရောက် ခွင့် ငြင်းပယ် ခံရ

14 September 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ခဲ့တဲ့ အပေါ် အယူခံ ၀င်ထားတာမှာ လာမယ့် ၁၈ ရက်နေ့ ရန်ကုန်တိုင်း တရားရုံး ကြားနာပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် နားထောင်ဖို့ တင်ပြခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့် မပြုခဲ့ပါဘူး။ ကိုယ့်အမှု ကြားနာတာကို နားထောင်ခွင့် ဆိုတာဟာ အခြေခံ အခွင့်အရေး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းပြီး တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လို ပြစ်မှုမျိုးကိုမှ မကျူးလွန်တဲ့ အတွက် အပြစ်မရှိတဲ့ အကြောင်း တိုင်းတရားရုံးမှာ အယူခံတင် လျှောက်ထား ခဲ့တာပါ။ ဒီလျှောက်ထားချက်ကို တိုင်းတရားရုံးက လက်ခံခဲ့ပြီးတဲ့နောက် ကြားနာ စစ်ဆေးဖို့အတွက် စက်တင်ဘာလ ၁၈ ရက်နေ့ကို ရုံးချိန်း ပေးထားပါတယ်။ ဒီကြားနာပွဲကို သူကိုယ်တိုင် တက်ရောက် နားထောင်ခွင့် ဒေါ်အောင်ဆန်းစုကြည်က တောင်းခံခဲ့တာကို အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူးလို့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ နောက်ဆုံးတွေ့ တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်စရာ ကိစ္စတွေ ကျနော့်ကို လမ်းညွှန်တယ်။ အဲဒီ လမ်းညွှန်နဲ့ အညီ ကျနော် ဆောင်ရွက်နေပါတယ်။ အခု ပထမဆုံး ဆောင်ရွက်ချက် ကတော့ ၁၈ ရက်နေ့၊ ၁၀ နာရီ၊ အမှုကြားနာမယ့် တိုင်း တရားရုံးကို ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် တက်ရောက် ကြားနာချင်တယ်။ အဲဒါကို ဆောင်ရွက်ပေးပါလို့ ကျနော့်ကို ညွှန်ကြားတယ်ပေါ့။ အဲဒါကို ကျနော် အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိန်းသိမ်းထားမှုမှာ တာဝန်ရှိတယ်လို့ မြင်တဲ့ သတင်းတပ်ဖွဲ့ကို ကျနော် စာတင်ပါတယ်။ စာတင်တဲ့ နေ့ကတော့ ပြီးခဲ့တဲ့ သောကြာနေ့ကပါ။”

သောကြာနေ့မှာ တင်ပြခဲ့ပြီးတဲ့နောက် စနေနေ့ညနေ ၃ နာရီမှာ ရဲ အထူး သတင်း တပ်ဖွဲ့က ဦးဉာဏ်ဝင်းကို ခေါ်ယူတွေ့ဆုံပြီး ဒီကိစ္စဟာ သူတို့နဲ့ မဆိုင်ဘဲ တရားရုံးနဲ့သာ ဆိုင်တဲ့အတွက် တရားရုံးမှာ လျှောက်ထားဖို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်း စုကြည်ကို ထိန်းသိမ်းထားတဲ့ ကာလမှာ တာဝန်ရှိသူတွေ ကသာ ဒါကို ခွင့်ပြုရမှာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ပြန်လည် မဖြေကြားတဲ့ အတွက် တောင်းဆိုချက်ကို ငြင်းပယ်လိုက်တာလို့ ဦးဉာဏ်ဝင်းတို့က ယူဆပါတယ်။ အခုလို ရဲအထူး သတင်းတပ်ဖွဲ့က ငြင်းပယ်လိုက်ပြီးတဲ့နောက် နောက်ထပ် ဆက်တင်ပြဖို့ရာ အချိန် နည်းပါးနေသလို ရုံးရှေ့ကို ရောက်ဖို့အတွက် တရားရုံးက ကန့်သတ်ထားတာ မရှိဘဲ ငြင်းပယ်လိုက်တာလို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

ကိုယ်နဲ့ပတ်သက်ပြီး တရားရုံးမှာ စစ်ဆေးကြားနာတာကို နားထောင်ခွင့် ဆိုတာဟာ အခြေခံ အခွင့်အရေး ဖြစ်ပါတယ် လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဥပဒေကြောင်းအရတော့ ရိုးရိုးလေးပဲဗျ။ သူက ဒါဟာ ဘယ်သူမဆို မိမိရဲ့အမှုကို မိမိ စိတ်ဝင်စားစွာ ကြားနာခွင့်၊ ဒီဥစ္စာက အခြေခံ အခွင့် အရေးပဲလေ။ ကျနော် အဲလိုမြင်ပါတယ်။ ဒီအကြောင်းလည်း ကျနော်တို့ ပြောခဲ့ပါတယ်။”

ဦးဉာဏ်ဝင်းကို ရဲအထူးသတင်းတပ်ဖွဲ့က ခေါ်ယူ တွေ့ဆုံပြီး အကြောင်းပြန်တဲ့ နေ့ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို ဒီတပ်ဖွဲ့ကပဲ ခေါ်ယူ မေးမြန်းတဲ့ နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါပေမယ့် ကိစ္စရပ်နှစ်ခု အဆက်အစပ် မရှိပါဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တော (John William Yettaw) က သူ့သဘောနဲ့သူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲ ရေကူး ၀င်လာပြီးတဲ့နောက် နေအိမ် အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ် ခံခဲ့ရပါတယ်။ မစ္စတာယက်တောကိုတော့ လူသားချင်း စာနာ ထောက်ထားမှု အခြေခံနဲ့ဆိုပြီး အထက်လွှတ်တော် အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ဥပဒေကြောင်းအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အပြစ်မရှိတဲ့ အတွက် ဥပဒေ အတိုင်း ဆုံးဖြတ်ရင် လုံးဝ လွတ်မြောက်မယ်လို့ ရှေ့နေတွေက ယုံကြည်ထားကြ ပါတယ်။

“ကျနော်တို့က ရှေ့နေတွေအဖြစ်နဲ့ ဥပဒေ ရှုထောင့်က အမြင်ကတော့ လုံးဝ လွတ်မြောက်ရေး ရရှိလိမ့်မယ်လို့ ကျနော် ဒီလို မျှော်လင့်တယ်။ ကျန်တဲ့ အစိတ်အပိုင်း၊ နိုင်ငံရေး ဘာညာ ဒါကတော့ ရှိမယ်။ အဲဒါကို ခြုံငုံပြီးတော့ ကျနော် မပြောနိုင်ဘူး။ ကျနော် ပြောနိုင်တာက ရှေ့နေ တယောက် အနေနဲ့ ဥပဒေ ရှုထောင့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုကျူးလွန်ခြင်း မရှိတဲ့အတွက် လွတ်မြောက်လိမ့်မယ်လို့ ကျနော် ဒီလိုမျှော်လင့် ထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလက်ရှိ ချမှတ်ထားတဲ့ ကန့်သတ်ချက် တွေမှာ ဆရာဝန် တွေ့ခွင့်နဲ့ ဧည့်သည်တွေ့ခွင့်လို တချို့ အချက်တွေဟာ ရှင်းရှင်းလင်းလင်း မရှိတဲ့ အတွက် ဒါတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းချက် တောင်းခံဖို့ ပြင်ဆင်နေပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဆီ တင်ပြ သွားမယ်လို့လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသွားပါတယ်။


Ref: VOA News


Read More...

ဘက်ပြောင်း ကရင်တပ်မတော် ဗိုလ်ကြီးဟောင်း ခြုံခို တိုက်ခိုက်ခံရ၍ သေဆုံး

ဒွန် တယ်လ်နီဝင်
တနင်္လာနေ့၊ စက်တင်ဘာလ 14 ရက် 2009 ခုနှစ်

မဲဆောက် (မဇ္ဈိမ)။ ။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဗိုလ်ကြီးဟောင်း တဦးသည် ၎င်း၏ ယခင် မိခင် တပ်ရင်း၏ ခြုံခို တိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့သည်ဟု KNLA သတင်း ရပ်ကွက်များက ပြောသည်။ အဆိုပါ ဗိုလ်ကြီးဟောင်းသည် စစ်အစိုးရ ဘက်သို့ ဘက်ပြောင်းသွားခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က စစ်အစိုးရ တပ်ဘက်သို့ ကူးပြောင်း ဝင်ရောက်သွားခဲ့သူ ဗိုလ်ကြီး တာဘောသည် KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၂၀၁ ၏ ခြုံခို တိုက်ခိုက် ခံရမှုကြောင့် ယခုလ ၅ ရက်နေ့က သေဆုံးသွားခြင်း ဖြစ်သည်။

KNLA အရာရှိဟောင်း ဖြစ်သူကို ပြီးခဲ့သည့်နှစ်က တရားဝင်အားဖြင့် စစ်အစိုးရက ကေအန်အယ်လ်အေ ခွဲထွက်အဖွဲ့ ဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA နှင့် ပူးတွဲ တိုက်ခိုက်ရန် တာဝန်ပေးထားခဲ့သည်။

မူလ ဗိုလ်ကြီး ရာထူးကိုပင် ဆက်လက် ရရှိထားသော်လည်း KNLA နှင့် မြန်မာစစ်တပ် နှစ်ဖက်စလုံးက သူ၏ ဘက်ပြောင်း ဝင်ရောက်ဝင်မှုကို အရေးပါသည်ဟု မယူဆ ခဲ့ကြပေ။

ဤသို့ ကူးပြောင်းသွားပြီးနောက် သူ၏ KNLA တပ်ရင်း ၂၀၁ စခန်းဟောင်း ဖြစ်သော ဝါးလေခီး စခန်း၏ ခံစစ် နေရာ ယူထားမှုများကို DKBA နှင့် နအဖ သို့ သတင်းပေးခဲ့သည်။ ထို့နောက် ဤစခန်းကို DKBA နှင့် မြန်မာစစ်တပ် ပူးတွဲတပ်ဖွဲ့ များက ယခုနှစ် အစောပိုင်းတွင် ဝင်ရောက် စီးနင်း သိမ်းပိုက်ခဲ့သည်။

၁၄ ရက်ကြာ အဝိုင်းခံထားရပြီးနောက် KNLA တပ်များက ဝါးလေခီး စခန်းမှ ဧပြီလ ၂၈ ရက်နေ့တွင် ဆုတ်ခွာ ပေးလိုက်သည်။ ထိုတိုက်ပွဲတွင် အများအပြား သေကြေ ဒဏ်ရာရခဲ့သည်။

ဗိုလ်ကြီးဟောင်း တာဘောသည် မြေမြှုပ်မိုင်းများ နင်းမိပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ သူသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော KNLA က ခြုံခို တိုက်ခိုက် ခံရစဉ် အတွင်း ပထမမိုင်း တလုံးကို နင်းမိပြီးနောက် နောက်ထပ် တလုံးကိုပါ ဆက်တိုက် နင်းမိခဲ့ခြင်း ဖြစ်သည်။ KNU သည် စစ်အစိုးရကို နှစ်ပေါင်း ၆၀ ကျော် ဆန့်ကျင် တိုက်ပွဲ ဝင်နေသည့် သက်တမ်း အရှည်ဆုံး လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

သေဆုံးခဲ့သူသည် တိုက်ပွဲ ဖြစ်ပွားနေစဉ် စစ်မြေပြင်တွင် သွေးလွန် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု KNLA သတင်း ရပ်ကွက်များက ဆိုသည်။ ထို့အပြင် ဤတိုက်ပွဲတွင် အခြား မြန်မာစစ်သား နှစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး၊ တဦးမှာ နောက်ပိုင်းတွင် အဆိုပါ ဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲသည် ကရင်ပြည်နယ် ကနဲလေးဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဝါးလေခီး၊ အုံးဖန်မဲ ဒုက္ခသည် စခန်းနှင့် ထိုင်းနိုင်ငံ တောင်ဘက် နယ်စပ်မြို့ မဲဆောက်အကြား တောတောင် ထူထပ်သောနေရာ ဖြစ်သည်။

ယခုလို သေဆုံးသွားသည့်အတွက် မြန်မာစစ်တပ် ကရော၊ DKBA ကပါ ငိုကြွေးကြလိမ့်မည် မဟုတ်ဟု KNLA တပ်မှူး ဗိုလ်မှူးကြီး နဒါးမြက ပြောသည်။ "သူတို့ ဘာမှ ဂရုမစိုက်ပါဘူး'' ဟု သူက ပြောသည်။

''ဒါ နောက်ထပ် ကရင်တယောက် သေတာပဲလေ။ သူတို့ မျက်စိထဲမှာ ကျနော်တို့ချင်း တိုက်နေကြတာ ကြည့်လို့ ကောင်းတာပေါ့'' ဟု ဗိုလ်မှူးကြီး နဒါးမြက ပြောသည်။

ယခုအခါ စစ်မြေပြင်တွင် ရှိနေသော ဗိုလ်မှူးကြီး နဒါးမြက ယခင် အပတ်က KNU ဒုဥက္ကဌ ဒေးဗစ်သာကဘော ပြောသွားသော DKBA ခေါင်းဆောင်များ အတွင်း စိတ်ဝမ်း ကွဲပြားမှုများ ဖြစ်နေသည်ဟူသော စကားကို တနင်္လာနေ့က ထောက်ခံ ပြောကြားခဲ့သည်။

''ဒါမှန်တယ်။ KNU ကို အပြတ် ရှင်းပစ်ပြီးရင် နောက်တခါ သူတို့ အလှည့်ပဲ ဆိုတာ သူတို့ သဘောပေါက်တယ်။ သူတို့ ပိုပြီး ပါးနပ်ဖို့ လိုတာပေါ့။ သေချာတာပေါ့'' ဟု သူက ပြောသည်။

ဇွန်နှင့် ဇူလိုင်လများအတွင်း KNLA တပ်မဟာ ၇ နယ်မြေများ ဆုံးရှုံး ခဲ့ရပြီးနောက် တပ်မဟာ ၅ နယ်မြေကို အလျင်အမြန်ပင် ချီတက် သိမ်းပိုက် ကြလိမ့်မည်ဟု KNLA တပ်မှူးများက မျှော်လင့် ထားခဲ့ကြသည်။ သို့သော် သောင်ရင်းမြစ်၏ တဖက်ကမ်း မဲဆရင်းမြို့အနီး KNLA တပ်မဟာ ၅ နယ်မြေကို ယခုထိ ဝင်ရောက် တိုက်ခိုက်ခြင်း မရှိသေးပေ။

တပ်မဟာ ၇ သည် KNLA တွင် အင်အားအချိနဲ့ဆုံး တပ်ဖွဲ့ဖြစ်ကြောင်းနှင့် ယခင် ဗိုလ်မှူးချုပ် ထိန်မောင် ခွဲထွက်ပြီး KNU-KNLA ငြိမ်းချမ်းရေး ကောင်စီအဖြစ် ၂၀၀၆ ခုနှစ်တွင် ဖွဲ့စည်း ထူထောင်လိုက် ကတည်းက ချာလပတ် ရမ်းနေခဲ့ခြင်း ဖြစ်သည်ဟု သာကဘောက လွန်ခဲ့သောအပတ်က ပြောသည်။

ငြိမ်းချမ်းရေးကောင်စီပိုင် ကားများမှာ ယခင်က အဖွဲ့နာမည်များ ရေးသားပြီး ရဲတင်းစွာ မဲဆောက်မြို့ အတွင်း မောင်းနှင် ခဲ့ကြသော်လည်း ယခုအခါ ထိုင်း အာဏာပိုင်များကို ကြောက်ရွံ့ရ၍ ထင်သည်၊ အဖွဲ့အမည်များ ရေးသားထားခြင်း မရှိတော့ဘဲ မောင်းနှင် နေသည်ကိုသာ တွေ့ရသည်ဟု အကဲခတ်အချို့က ပြောသည်။

ယခုနှစ် အစောပိုင်းကလည်း ထိုင်းနိုင်ငံက ကေအန်အယ်လ်အေ တပ်မှူးများနှင့် ကေအန်ယူ ခေါင်းဆောင်ပိုင်းကို ထိုင်းနိုင်ငံတွင် မနေထိုင်ရန် တောင်းဆိုခဲ့သည်။ ယခင်က ထိုင်းစစ်တပ် အရာရှိကြီးများနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့သော ဤတိုင်းရင်းသား တပ်မတော်အပေါ် ဖိအားများ တိုးမြှင့် ပေးအပ်လာခဲ့ခြင်း ဖြစ်သည်။

မကြာသေးခင်လများအတွင်း KNLA သည် မြန်မာစစ်တပ်နှင့် DKBA ပူးတွဲ တပ်ဖွဲ့များ၏ စစ်ရေး ထိုးစစ်များကို ခံခဲ့ရသည်။ ယင်းသည် စစ်အစိုးရက သူတို့ကို အပြတ်ရှင်းရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အချို့သော အကဲခတ်များက ပြောဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီများထံမှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိကတည်းက KNU က လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အခွင့်အရေး ပိုမို ရရှိရေးအတွက် စစ်အစိုးရ အဆက်ဆက်ကို လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Monday, September 14, 2009

မြန်မာပြည်သူတွေအတွက် မလိုအပ်တဲ့ 'ရွေးကောက်ပွဲ'

(ဦးဝင်းတင်)

မကြာသေးခင်က အထက်လွှတ်တော်အမတ် ဂျိမ်းဝက်ဘ် ကျနော့် တိုင်းပြည်ကို အလည်အပတ် သွားခဲ့တာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အကျဉ်းကျ ခံနေရတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ တွေ့ဆုံ စကားပြောခဲ့တာ တွေအပေါ် လူတွေက အများကြီး အာရုံ စိုက်ခဲ့ကြပါတယ်။ ဝက်ဘ်က မြန်မာပြည်ရဲ့ အုပ်စိုးသူ အာဏာပိုင်တွေနဲ့ အဓိပ္ပာယ်ရှိရှိ တွေ့ဆုံ ဆွေးနွေးချင်တာကို ကျနော် နားလည်ပါတယ်။ ကံမကောင်း အကြောင်း မလှတာကတော့ သူ့ကြိုး ပမ်းချက်တွေဟာ ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ထိခိုက် နစ်နာစေပြီး မှားယွင်းတဲ့ အကြောင်းအရာပေါ်မှာ အလေးထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအကြောင်းအရာကတော့ ရေရှည် နိုင်ငံရေး မဟာဗျူဟာရဲ့ အစိတ်အပိုင်းတခု အဖြစ် ပါဝင်ဆင်နွှဲဖို့ ဝက်ဘ်က ကျနော်တို့ကို စဉ်းစားစေချင်တဲ့ ရှေ့နှစ် "ရွေးကောက်ပွဲ" အလားအလာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက စီစဉ်ထားတဲ့ ဟန်ပြ ရွေးကောက်ပွဲဟာ ကျနော်တို့ ပြည်သူလူထုတွေ လိုလားနေတဲ့ လွတ်လပ်ရေးကို သရော်မော်ကားလုပ်ပြီး စစ်အာဏာရှင် စနစ်ကို ထာဝရ တည်တန့်အောင် လုပ်သွားမှာ ဖြစ်ပါတယ်။

ကျနော်တို့ဆီက နောက်ဆုံးကျင်းပခဲ့တဲ့ လွတ်လပ် တဲ့ရွေးကောက်ပွဲမှာ မြန်မာ ပြည်သူတွေဟာ မဲဆန္ဒ အပြတ် အသတ်နဲ့ စစ်တပ် အုပ်စိုးမှုကို ပယ်ချခဲ့ပြီး ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို လွှတ်တော်နေရာ ၈၀ ရာခိုင်နှုန်း နှင်းအပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ချုပ်ကို အစိုးရဖွဲ့ခွင့် ပေးဖို့ စစ်အုပ်စုက ငြင်းဆန်ခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲ ပြီးနောက် ၁၉ နှစ် အတွင်းမှာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွသူတွေဟာ တရားမျှတမှု၊ တဦးချင်းအခွင့် အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ မြန်မာပြည်သူ အားလုံးကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ အစိုးရ ပုံသဏ္ဍာန် တို့ကို ငြိမ်း ချမ်းစွာတောင်းဆို ဖော်ပြနေရင်း အကျဉ်းချမှု၊ ခြိမ်းခြောက်မှု၊ ညှဉ်းပန်း နှိပ်စက်မှုနဲ့ အသက်ဆုံးပါးမှု တို့ကို ကြုံခဲ့ရပါတယ်။

အဖွဲ့ချုပ်ဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီရေး တိုက်ပွဲကို တခါမှ မရပ်နားခဲ့ သလို စစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံပြီး ငြိမ်းချမ်း ရေးနဲ့ အပြန်အလှန် လေးစားရေး အခြေခံပေါ်မှာ မြန်မာပြည်ရဲ့အချက်အချာ နိုင်ငံရေး ပြဿနာ လူမှုရေး ပြဿနာတွေ ကိုင်တွယ် ဖြေရှင်းနိုင်မယ့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ဖို့လည်း တောက်လျှောက် ကြိုးပမ်းခဲ့ပါတယ်။ ဒီကိစ္စနှစ်ရပ်ဟာ ဆက်စပ်နေတာကို လုံးဝ သံသယမရှိပါနဲ့။ မြန်မာနိုင်ငံဟာ တချိန်တခါက အာရှတိုက်ရဲ့စပါးကျီကြီး ဖြစ်ခဲ့ပါတယ်။ ဒီ ကနေ့မှာတော့ စစ်အစိုးရရဲ့ စီးပွားရေး အဖျက် ပေါ်လစီတွေနဲ့ စစ်အာဏာ ထိန်းထားနိုင်ဖို့ ဖိနှိပ် အုပ်ချုပ် နေတာကြောင့် ဆင်းရဲတွင်း နက်နေတဲ့ ဗယုတ်သုက္ခ တိုင်းပြည် ဖြစ်နေပါပြီ။

စစ်အစိုးရဟာ ဟန်ပြ "ရွေးကောက်ပွဲ" ကတဆင့် သူ့ကိုယ်သူ တရားဝင်မှု မျက်နှာဖုံး တပ်ဖို့ ကြိုးပမ်းနေပြီး "စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ" ကို လာမယ့်နှစ်မှာ ထူထောင်မယ်လို့ ကြွေးကြော် နေပါတယ်။ ၂၀၀၈ ခု မေလမှာ ဧရာမလေမုန် တိုင်းကြီးတခုက ဗမာပြည်ကို ထောင်းထောင်းချေ၊ လူတသိန်းကျော် အသက် ဆုံးစေခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ စစ်အစိုးရက ရယ်စရာကောင်းတဲ့ လုပ်ဇာတ်တခု သုံးပြီး၊ စစ်အာဏာကို ရာသက်ပန် ဦးထိပ်ထားမယ့် အခြေခံ ဥပဒေကို မဲဆန္ဒရှင် ၉၃ ရာခိုင်နှုန်းက ထောက်ခံကြောင်း ကြေညာ ခဲ့ပါတယ်။ အဲဒီအခြေခံ ဥပဒေဟာ အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း မရှိလှတဲ့ "နိုင်ငံခြား အဆက်အသွယ်" ရှိသူတွေကို အစိုးရ ရာထူးမယူစေဖို့ တားမြစ်ထားပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒီမိုကရေစီ လှုပ်ရှုား တက်ကြွသူတွေ အာဏာ မရနိုင်အောင် ကျယ်ကျယ် ပြန့်ပြန့် တားမြစ် ပိတ်ပင်ထားတဲ့ ပြဋ္ဌာန်းချက် တွေထည့်သွင်း ထားပါတယ်။

တချို့သော နိုင်ငံတကာလေ့လာ စောင့်ကြည့်သူတွေက ရှေ့နှစ်မှာ လုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေကို အခွင့် အလမ်း တခုအဖြစ် မြင်နေကြပါတယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့အခြေခံဥပဒေမှာ ချမှတ်ထားတဲ့ စည်းကမ်းချက်များ အရ ရွေးကောက်ပွဲဟာ အတုအယောင်ပဲ ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်သူ သန်းပေါင်း များစွာတို့ ချီတက်လှုပ်ရှုား၊ အဖမ်းအဆီး ခံ၊ နှိပ်စက်ညှဉ်းပန်း ခံ၊ အသက်ဆုံးပါး ခံ တိုက်ပွဲ ဝင်ခဲ့ကြတဲ့ ဒီမိုကရေစီ အခြေခံမူတွေကို ကျနော်တို့ တိုင်းပြည်အတွက် လွတ်လပ်မှု ဆောင်ကျဉ်းလာဖို့ နည်းနည်းလေးမှ မျှော်လင့်ချက် မရှိတဲ့ ဖြစ်စဉ်တခုထဲ သွားပါဝင်ခြင်း အားဖြင့် မစွန့်လွှတ် နိုင်ပါဘူး။

အဖွဲ့ချုပ်ရဲ့တောင်းဆိုချက်တွေဟာ ကျိုးကြောင်း ဆီလျော် တရား မျှတပါတယ်။ ဧပြီလတုံးက ကျနော်တို့ဟာ နောက်ထပ် ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပြီး စစ်အုပ်စုနဲ့ ထိတွေ့ ဆက်ဆံဖို့ အားပေး တိုက်တွန်းရင်း နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့၊ အခြေခံ ဥပဒေကို အပြည့်အစုံ ပြန်လည် သုံးသပ်ဖို့၊ အဖွဲ့ချုပ်ရုံးခန်းတွေ ပြန်ဖွင့်ခွင့် ပေးဖို့နဲ့ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်တွေ ပေးဖို့ တောင်းဆို ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့တကွ တခြား လှုပ်ရှားတက်ကြွသူ ၂၀၀၀ ကို ဆက်လက် အကျဉ်းချ၊ တိုင်းရင်းသား တွေကို အကြီးအကျယ် ထိုးစစ်ဆင် တိုက် ခိုက်ပြီး ဒီမိုကရေစီကို လည်ပင်းညှစ် နှိပ်ကွပ်မယ့် စည်းကမ်းချက်တွေ အတင်း တိုးမြှင့်ကြပ်မတ်တဲ့ လုပ်ရပ်နဲ့ တုံ့ပြန် လိုက်ပါတယ်။

ဒီတော့ နိုင်ငံတကာမိသားစုတွေက ဘယ်လို အခန်းကဏ္ဍတွေ ကနေ အကျိုးရှိရှိ ပါဝင် ပတ်သက်ကြမှာလဲ။ ပထမဦးဆုံး ကတော့ ဂျိမ်းဝက်လို တာဝန်ရှိ လူကြီးတွေက တရုတ်ပြည်နဲ့ လှည့်ခြောက်တာကို စွန့်လွှတ် ရပ်တန့်ဖို့ ဖြစ်ပါတယ်။ တရုတ်ကို ကန့်သတ် ထိန်းချုပ်ဖို့ မြန်မာ စစ်အစိုးရနဲ့ လက်တွဲစို့ ဆိုတဲ့ သူ့လေသံဟာ ခေတ်နောက်ကျပြီး လက်တွေ့ မကျ တဲ့ အယူအဆပေါ် အခြေခံထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီလို အယူအဆ တွေကို ပယ်ချပြီး ဂျိမ်းဝက်ကို “ကျမတို့က ဘယ်သူ့ကို ဖြစ်ဖြစ် အကြောက် တရားတွေ စိုးရိမ် ကြောင့်ကြစိတ်တွေ အခြေခံပြီး ဆက်ဆံမှာ မဟုတ်ဘူး။ ဘယ်သူ့မဆို ဆက်ဆံမှာဖြစ်တယ်။ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ အားလုံးနဲ့ ရင်းရင်းနှီးနှီး တန်းတူညီမျှ ဆက်ဆံမှာ ဖြစ်တယ်။ ကျမတို့ဟာ ကိုယ့်အိမ်နီးချင်းကို ကိုယ်ရွေးချယ်နိုင်ခွင့် ရှိတာ မဟုတ်လို့ တရုတ်နိုင်ငံနဲ့ ကောင်း မွန်တဲ့ဆက်ဆံရေး လိုအပ်တယ် ဆိုတာကို နားလည်တယ်” လို့ပြောခဲ့ပါတယ်။

ဒုတိယအချက်ကတော့ အဖွဲ့ချုပ်ကိုယ်တိုင်က တခြားနိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့ အစည်းတွေကို စစ်အုပ်စုနဲ့ ထိတွေ့ ဆက်ဆံဖို့ အားပေး တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ဒီနိုင်ငံတကာ မိသားစုတွေက ဗမာ စစ်ခေါင်းဆောင်တွေကို ကျနော် တို့တတွေရယ် တိုင်းရင်းသားအဖွဲ့ တွေရယ်နဲ့ ထိတွေ့ ဆက်ဆံအောင် တိုက်တွန်း ဖြောင်းဖြပေးဖို့ ထိတွေ့ ဆက်ဆံစေချင် တာ ဖြစ်ပါတယ်။ ခုချိန်မှာ အမေရိကန်နဲ့ တခြား နိုင်ငံ တော်တော်များများက ဗမာပြည်ကို ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားပါတယ်။ ဒါဟာ သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြစ်ပြီး ကျနော်တို့ အားလုံး အလွန် တန်ဖိုးထားတဲ့ ဒီမိုကရေစီ တန် ဖိုးတွေအတွက် သူတို့တွေက ဖြစ်သင့်ဖြစ်ထိုက်စွာ အတူတကွ သွေးစည်း ရပ်တည်နေတာ ဖြစ်ပါတယ်။ အကယ်၍သာ စစ်အစိုးရက အဖွဲ့ချုပ်နဲ့တကွ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ စစ်မှန်တဲ့ ထိတွေ့ဆက်ဆံရေးကို ဆောင်ရွက်မယ်၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ်၊ တိုင်းရင်းသား လူနည်းစုတွေအပေါ် တိုက်ခိုက် ပစ်ခတ်တာတွေ ရပ်စဲမယ်၊ ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင် တည်ဆောက်ဖို့ လိုအပ်တဲ့ ခြေလှမ်းတွေ လှမ်းလာမယ်ဆိုရင် အခုရှိနေတဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ သင့်တော်တဲ့ အချိန်တွေမှာ ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ကျနော်တို့ခံယူချက်အပေါ် ဘယ်လိုမှ တွေဝေ သံသယ စိတ်တွေ မပွားကြပါနဲ့။ အဖွဲ့ချုပ်ဟာ ဗမာပြည်သူ လူထုကြီး တိုက်ပွဲ ဝင်ရယူနေတဲ့ လွတ်လပ်ရေးကို အဓမ္မလုယူမယ့်၊ ရှင်လမ်းမရှိအောင် ချို့ယွင်းပျက်စီး နေတဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ သွေးကြောင် တွေဝေစွာနဲ့ ဒူးထောက်ပါဝင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ထိတွေ့ ဆက်ဆံဖို့ အမြဲ အသင့်ရှိပါတယ်၊ ဒါပေမဲ့ ကျနော်တို့ အသက်သွေး ချွေးတွေ ဘဝတွေ အများကြီး စွန့်လွှတ် ရင်းနှီးခဲ့ပြီးတဲ့ ဒီမို ကရေစီ တန်ဖိုးတွေ ဆွတ်ခူး ရယူနိုင်ရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲဖို့ ဆိုရင်တော့ အသင့် ရှိတာထက်တောင် ပိုပါတယ်။

ဦးဝင်းတင်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ အဖွဲ့ချုပ် စတင် တည်ထောင်သူတဦး၊ ၁၉၈၉ မှ ၂၀၀၈ အထိ နိုင်ငံရေး အကျဉ်းသား) စက်တင်ဘာ ၉ ရက် ၂၀၀၉ ။ ဝါရှင်တန်ပို့စ် သတင်းစာ

ဂါမဏိ (ဘာသာပြန်သူ)

Read More...

ကေအိုင်အိုက လူထုထံမှ ရန်ပုံငွေကောက်ခံ ဒေသခံ လူထု ပိုမိုစိုးရိမ်မှု ဖြစ်ပွား

ခိုင်လင်း / ၁၁ စက်တင်ဘာ ၂၀၀၉

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့ နယ်မြေများ အတွင်း မကြာသေးမီ ရက်ပိုင်းက စ၍ လူထုထံမှ စစ်စရိတ် ရန်ပုံငွေ (ဆက်ကြေး) ကောက်ခံ နေသကဲ့သို့ မြို့ပေါ်နေ တပ်ဖွဲ့ဝင်မိသားစုများ နေရာ ရွှေ့ပြောင်းမှု ရှိနေ၍ ကေအိုင်အိုနှင့် နအဖအကြား စစ်ဖြစ်တော့မလား ဆိုသည့် စိုးရိမ်မှုများ တိုးလာနေသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ (၂၄) ရက်တွင် စစ်အစိုးရနှင့် ကေအိုင်အို အကြား အပစ်ခတ် ရပ်စဲရေး ပြုလုပ်ပြီး နောက်ပိုင်း ကေအိုင်အို တပ်ရင်း တပ်ဖွဲ့များက ဒေသအတွင်း စစ်စရိတ် ရန်ပုံငွေများ ကောက်ခံခြင်း မပြုတော့ဘဲ နေခဲ့ရာမှ ယခုမှ စတင် ကောက်ခံလာခြင်း ဖြစ်သည်ဟု ကေအိုင်အို အဖွဲ့နှင့် နီးစပ်သူ ဖားကန့် ဒေသခံ တဦးက ပြောသည်။

၎င်းက “နာမည်ရှိတဲ့ ကျောက်သူဌေးတွေ ဆီမှာ ကေအိုင်အို တပ်ဖွဲ့က ကောက်နေတာ။ ဖားကန့်၊ ဆိုင်းတောင်ထဲက ကုမ္ပဏီတွေ၊ ပိုက်ဆံရှိတဲ့ သူတွေဆီက ကောက်နေတာ။ အသိ တယောက်ဆို ငွေ (၄) သိန်းနဲ့ ဆန် (၄) တင်း တနေ့ကပဲ ပေးလိုက်ရတယ်။ ဟိုတုန်းကလို မှော်ထဲသွားတဲ့ လမ်းတွေမှာ ဂိတ်တွေဖွင့်ပြီး တရားဝင်တော့ မကောက်သေးဘူး” ဟု ပြောသည်။

၁၉၉၄ ခုနှစ် အပစ်ခတ်ရပ်စဲရေး မပြုလုပ်ခင်က ကေအိုင်အို အဖွဲ့သည် ဖားကန့် ကျောက်စိမ်းတွင်း သွားရာ လမ်းများတွင် ဂိတ်များ ဖွင့်၍လည်းကောင်း၊ ကျောက်စိမ်းတွင်း၊ ရွှေတွင်းများတွင် လည်းကောင်း၊ ကေအိုင်အို တပ်ရင်းတပ်ဖွဲ့ နယ်မြေ အနီးရှိ ဆန်စက်၊ ဆီစက် ပိုင်ရှင်များသို့လည်းကောင်း အခွန်ငွေ ကောက်ခံမှုများ လုပ်ခဲ့သည်။

အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်တွင် ပြည်သူများအား ဝန်ထုပ် ဝန်ပိုး ဖြစ်စေမည့် လုပ်ရပ်များ ရှောင်ကြဉ်ရန် ဆိုသည့် နားလည် သဘောတူညီချက် ရှိခဲ့၍ ဆက်ကြေး ကောက်ခံခြင်း ရပ်ဆိုင်းထားရာမှ ယခုကဲ့သို့ ပြန်လည် ကောက်ခံနေခြင်း ဖြစ်သည်။

ကေအိုင်အိုအဖွဲ့အား ထောက်ခံအားပေးနေသည့် စီးပွားရေး လုပ်ငန်းရှင်များ၏ ရန်ပုံငွေ ကူညီ ထောက်ပံ့မှုများသာ ဖြစ်သည်ဟု အမည်မဖော်လိုသည့် ကေအိုင်အို အရာရှိက ပြောသည်။

၎င်းက “ကျနော်တို့မှာ တရားဝင်ကောက်တာမျိုး လုပ်ခွင့် မရှိပါဘူး။ သူတို့ သဘောနဲ့ သူတို့ လာလှူတာ ဖြစ်ပါလိမ့်မယ်။ အတင်းအကျပ် သဘော မရှိပါဘူး။ ကျနော်တို့ဆီမှာ အကောက်ခွန်ဌာန ရှိတယ်လေ။ ကုန်သွယ်ရေး လုပ်တဲ့ခါ အကောက်ခွန် ဌာနက ကောက်တာမျိုးပဲ ရှိပါတယ်၊ နိုင်ငံတော် အစိုးရပိုင်းကလည်း ခွင့်ပြုထားပါတယ်” ဟု ပြောသည်။

ယမန်နှစ်အစောပိုင်းက ကချင်အမျိုးသား စီးပွားရေးသမားများ ထံမှ အလှူငွေ လျှို့ဝှက် ကောက်ခံခြင်းမျိုး ရှိခဲ့ပြီး ဗမာ၊ ရှမ်း တို့ ထံမှလည်း ယခု ငွေကောက်နေခြင်း ဖြစ်ကြောင်း ဖားကန့် ဒေသခံက ပြောသည်။

၎င်းက “အခုကတော့ ကေအိုင်အေက ဆက်ကြေးငွေလည်း ကောက်လာ၊ မြစ်ကြီးနားမှာ ရှိတဲ့ ကေအိုင်အို မိသားစုတွေလည်း တရုတ် နယ်စပ်ဘက်ကို ရွှေ့နေ၊ သူတို့ ကလေးတွေကို စာသင်ကျောင်းတွေ ကပါ နုတ်ပြီး ဒီတရုတ်ဘက် ရွှေ့နေကြတာ ဆိုတော့ ဘယ်နေ့ တိုက်ကြမလဲ ဆိုပြီး စောင့်ကြည့်နေရတော့တာ။ အရပ်သားတွေက ပစ္စည်းတွေ တရုတ်ဘက် ရွှေ့ကြတာလည်း ဒီလို ကိစ္စတွေကြောင့် ဖြစ်နေတာ” ဟု ပြောသည်။

ယခုလ (၉-၁ဝ) ရက်များတွင် မြစ်ကြီးနားမြို့၌ စစ်ဖက်ရေးရာ အရာရှိချုပ် ဒု - ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကေအိုင်အို ကိုယ်စားလှယ်များ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အတွက် ဆွေးနွေးပွဲများ ပြုလုပ်နေပြီး ယခု အကြိမ်သည် ၂ဝဝ၉ ခုနှစ်၊ ဧပြီနောက်ပိုင်း (၇) ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုဖြစ်သည်။

နအဖဘက်က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် တစိုက်မတ်မတ် ပြောဆို နေသကဲ့သို့ ယခုလ (၅) ရက်နေ့၌ ကေအိုင်အို ထိန်းချုပ်ရာ၊ လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည့် ကချင် လူထု အစည်းဝေးက နယ်ခြားစောင့်တပ် အစား ကချင်ဒေသ ကိုယ်ပိုင် အုပ်ချုပ်ရေး တပ်အနေဖြင့်သာ လက်ခံရန် ဆုံးဖြတ်ထား၍ ထွက်ပေါ်လာမည့် ဆွေးနွေးပွဲ ရလဒ်အပေါ် ဒေသခံများ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

Ref: ခေတ်ပြိုင်

Read More...

Sunday, September 13, 2009

ဦးဝင်းတင် ပြန်လွတ်လာပြီ

စနေနေ့၊ စက်တင်ဘာလ 12 ရက် 2009 ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဝင်းတင်ကို ညနေ ၄ နာရီတွင်ပင် သတင်းရဲ တပ်ဖွဲ့က ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။

မနက်က လာရောက်ဖမ်းဆီးသွားခဲ့သော ရန်ကင်းမြို့နယ် ကျောက်ကုန်း ရပ်ကွက် တပင်ရွှေထီး လမ်းရှိ နေအိမ်သို့ပင် ရဲက ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က နံနက် ၁၀ နာရီခန့်တွင် အသက် ၈၀ အရွယ် သြဇာ တိက္ကမရှိ အန်အယ်ဒီ ခေါင်းဆောင် လက်ရှိ နေထိုင်ရာ ငယ်သူငယ်ချင်း ဦးအုန်းထွန်း၏ နေအိမ်သို့ လာရောက်၍ ”အနည်းငယ် မေးမြန်းစရာ ရှိသည်” ဆိုကာ အောင်သပြေ စစ်ကြောရေး စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

လာရောက် ခေါ်ဆောင်သည့်အချိန်တွင် ဦးဝင်းတင်၊ အိမ်ရှင် ဦးအုန်းထွန်းနှင့် အခြား မိတ်ဆွေ တဦးတို့ ရှိနေကြသည်။

နှလုံးခုန်စက် ထဲ့ထားရသူ သတင်းစာ ဆရာဟောင်းကြီးသည် ဝါရှင်တန်ပို့စ် သတင်းစာတွင် စက်တင်ဘာလ ၉ ရက်နေ့က An 'Election' Burma's People Don't Need မြန်မာ လူထုတို့ မလိုသည့် ရွေးကောက်ပွဲ ဟူသော ခေါင်းစဉ်ဖြင့် စစ်အစိုးရက ကျင်းပမည် ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆောင်းပါး တပုဒ်ကို ရေးသားခဲ့သည်။

စစ်အစိုးရက အငြင်းပွားဖွယ်ရာ အခြေခံဥပဒေကို လူ ၁ သိန်း ၃ သောင်းကျော် သေကြေခဲ့သော နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် အတည်ပြုပြီး ဆက်လက်၍ ရွေးကောက်ပွဲ လုပ်ရန် စီစဉ်ထားသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် စစ်အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင်တို့ တွေ့ဆုံ ဆွေးနွေးရန် ဦးဝင်းတင်က တောက်လျောက် တောင်းဆိုထားသည်။

သူ၏ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲတွင် ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခု နိုဝင်ဘာလကမှ လွတ်မြောက် ခဲ့သူလည်း ဖြစ်သည်။

အနစ်နာခံ စွှန့်လွှတ်ဝံသူဟု လူငယ်များအကြားနှင့် စစ်အစိုးရ အရာရှိ အချို့ကပင် အသိအမှတ်ပြု ခံရသူ ဦးဝင်းတင် ထောင်မှ လွတ်မြောက် လာသော အခါတွင် အိမ်ငှား၍ မရရန် အာဏာပိုင်များက နှောက်ယှက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် ကြုံခဲ့ရသည်

တကိုယ်ရေသမားဖြစ်သူ ဦးဝင်းတင်က ငှားလို၍ စုံစမ်းသော အိမ်များ၏ အိမ်ရှင်များကို အာဏာပိုင်များက သတိပေးမှု ပြုလုပ်သဖြင့် ငှားလိုသူများ လက်တွန့် သွားကြသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့