..............................

Saturday, June 5, 2010

ကမ္ဘာနှစ်ခု ကြားက ရတနာနတ်မယ်

May 2, 2010

မကြာသေးခင်က ထွက်တဲ့ သြစတြေးလျ အရှေ့ပိုင်း Griffith University ရဲ့ Review journal အမှတ်စဉ် 27 မှာ ရေးထားတဲ့ Between Two Worlds ဆိုတဲ့ စာတပုဒ်ကို ဆရာမ ဒေါ်ကြည်မေကောင်း ဘလော့မှာပေးတဲ့ လင့်တွေက တဆင့် ဖတ်လိုက်မိတယ်။

အဲဒီ ဂျာနယ်လေးက တခါထုတ်ရင် ခေါင်းစဉ် Theme တခု အောက်မှာ ဝိုင်းရေး ကြတာမျိုးလေးပါ။ အဲဒီ အမှတ်စဉ် ၂၇ ကလည်း food အစားအစာ အကြောင်းပါ။ တော်ရုံဆိုလည်း အဲဒီ ခေါင်းစဉ် အောက်မှာ ကိုယ်တို့လို လူတွေ အတွက် ဒီ လောက် စိတ်ဝင်စားစရာ ကောင်းမယ့် စာမျိုး ပါလာမယ်လို့ ထင်စရာ အကြောင်း သိပ်မရှိဘူးလေ။ တွေ့မယ့် တွေ့လိုက် တော့ ဗမာလူမျိုးတွေ အတော် စိတ်ဝင်စားတဲ့ အမျိုးသမီး တယောက် အကြောင်း ဖြစ်နေတယ်။

မင်းဆွေ မင်းမျိုး ကုန်းဘောင်ဆက်လည်းဖြစ်၊ ပုံပြင် ဆန်ဆန် လျှို့ဝှက် သည်းဖို ဆန်ဆန်၊ နားစွန် နားဖျား ကြား ခဲ့ရဖူးတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းကြီးရဲ့ ဇနီးဟောင်း တယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ ရတနာနတ်မယ်ရဲ့ တပိုင်း တစ ပုံ ရိပ် တချို့ကို သူမရဲ့ အီတာလျံ တက်စကန်နီ တောစာ ပုံစံ ကျွေးမွေး တည်ခင်းတဲ့ နေ့လည်စာ ဝိုင်းလေး တခုမှာ နောက် ခံထားပြီး ရေးထားတာပါ။


ရတနာနတ်မယ်


အဲဒီ စာလေးကို စိတ်ဝင်တစား ဖတ်ရင်း တချို့ အချက်လေးတွေကို ရွေးပြီး ဝေမျှချင်စိတ် ဖြစ်လာ မိတယ်။ ဝေမျှ ချင်တယ် ဆိုတာလည်း ဘာအကျိုးပြု၊ ဘာဝါဒ ဖြန့်မှ မဟုတ်ဘူး ဆိုတာ ရှင်းပါတယ်။ လူ့သဘာဝ ဒီလို အကြောင်းလေး တွေကို သိချင် စိတ်ဝင်စားတာ မဆန်းလို့မို့ ဗမာပြည်က စာအုပ်တွေမှာ မောင်သန်းဆွေ (ထားဝယ်) ရေးတဲ့ မင်းဆွေ မင်း မျိုးတွေ အကြောင်း စိတ်ဝင်တစား လိုက်ဖတ်ရသလိုမျိုးပဲ ဆိုပါတော့လေ။

ဒီဆောင်းပါး အရတော့ ဆောင်းပါးရှင် ကိုယ်တိုင်က ရောမကနေ တဆင့် အီတလီရဲ့ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်တဲ့ Florence မှာ နေထိုင်တဲ့ Ms June Rose Bellamy ခေါ် ရတနာနတ်မယ် ရဲ့ Associazione Culturale Arte e Gastronomia Orientale လို့ ဆိုင်းဘုတ် ချိတ်ဆွဲထားတဲ့ အိမ်လေးကို အလည်အပတ် ရောက်သွားပုံနဲ့ စ ထားပါ တယ်။ သူ့ ဆောင်းပါးလေးက အီတာလျံ အစားအသောက် အကြောင်းလေးတွေ သူမ ချက်ပုံ ပြုတ်ပုံလေးတွေ တပိုဒ်၊ သူမ ရဲ့နောက်ခံ ဇာတ်ကြောင်းလေးတွေ တပိုဒ်နဲ့ တကယ့် ပြဇာတ်ဆန်ဆန်လေး ရေးထားတာပါ။ အဲဒီ အထဲမှာမှ သူမ ကိုယ် တိုင် ဖွင့်ဟပြောပြတဲ့ တချို့ စကားလေးတွေဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။

တကယ်တော့ ဗမာ့သမိုင်းမှာ ခေတ်မီသူ၊ ပြုပြင်ပြောင်းလဲလိုသူလို့ လူသိများ ထင်ရှားတဲ့ ကနောင်မင်းသားကြီးရဲ့ မြစ် တော်တယောက် အနေနဲ့တင် သူမဘဝက စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါပြီ။ အင်ဂလို ကပြား ဖြစ်တာ၊ ချောတာလှတာ ခေတ်ဆန်တာ နောက်ဆုံး ဗမာပြည်က နာမယ်ကျော် အာဏာရှင်ကြီးနဲ့ လက်ထပ် လိုက်တာ ဆိုတဲ့ အချက်တွေကတော့ ထပ်ဆင့်ပိုကဲပြီး ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားရတော့တာပါပဲ။

သူတို့ မိသားစုရဲ့ အရွယ် အပိုင်းအခြား ပုံရိပ်တွေကို တွက်ချက် ခန့်မှန်းကြည့်တော့ သူမရဲ့ မိခင် လင်းပင် မင်းသားကြီးရဲ့ သမီးတော် ထိပ်တင် မလတ်က အသက် ၃၄ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးတယ်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန် တယောက်နဲ့ လက်ထပ်တယ်၊ သားလေး ၂ယောက် ရတယ် စသဖြင့် အရွယ်တွေ အရိပ်တွေကို အရင် ပုံဖော်ကြည့်မိ တယ်။

ဧည့်သည်အတွက် ချက်ပြုတ်၊ စကားလက်ဆုံကြရင်း နံရံမှာ ချိတ်ဆွဲထားတဲ့ နန်းဆန်ဆန် ဝတ်စုံတွေနဲ့ အဘိုးအဘွား မိ သားစုပုံတွေကနေ သူမရဲ့ နောက်ခံ ဘဝတွေ၊ သူမ အဖေအကြောင်းတွေကို စိတ်ပါ လက်ပါ ပြောပြနေတဲ့ ရတနာ နတ် မယ်ဟာ သူမအတွက် အိမ်မက်ဆိုး ဖြစ်ခဲ့တဲ့ ဦးနေဝင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ သိပ်အများကြီး ပြောချင်ပုံ မရဘူးလို့ ဆိုထားတယ်။

အဲဒီ အချက်တွေထဲမှာမှ သူမ ရဲ့ အမေထိပ်တင်မလတ်ဟာ ဖခင် ဖြစ်သူ လင်းပင် မင်းသားကြီး ပြည်ပြေးဘဝနဲ့ အိန္ဒိယမှာ နေထိုင်ခဲ့ကြတဲ့အခိုက် အထက်တန်းလွှာ အသိုင်းအဝိုင်းနဲ့ ဝင်ဆံ့ခဲ့ပြီး (အရှေ့တိုင်း တိဗက် တောင်တန်း နိုင်ငံ တခုဆီက) အိမ်ရှေ့ မင်းသားတပါးနဲ့ စေ့စပ် ကြောင်းလမ်းတဲ့ အထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ လက်ထပ်ပွဲ မတိုင်ခင် ရက်အနည်းငယ် အလိုလေးမှာ မင်းသား အဆိပ်ခတ် ခံခဲ့ရလို့ လွဲခဲ့ရတဲ့ အကြောင်းလေးကလည်း လွမ်း သလိုလို ဆန်းသလိုလို။

ဖတ်နေရင်း မျက်လုံး ကျယ်သွားပြန်တာက သူမရဲ့အဖေ ငယ်စဉ်က ကြီးပွားရာ ကြီးပွားကြောင်း သြစတြေးလျတိုက် တကြော ခြေဆန့်ရင်း Kalgoorlie ရွှေတောအထိ ရောက်ခဲ့ ငွေရှာခဲ့တယ် ဆိုတဲ့ စာကြောင်းလေးပါ ။

( စကားချပ် ---- Kalgoorlie ဆိုတာ မြို့တော်နဲ့ အတော်လှမ်းတဲ့ လက်ရှိ ကိုယ်နေထိုင်နေတဲ့ ရွှေတွင်း မြို့ကလေး တခု မို့ပါ။ လွန်ခဲ့တဲ့နှစ် ၁ဝဝ ကျော်လောက်က ရွှေကြောကြီးတွေ အကြီးအကျယ် ပေါ်လို့ တကမ္ဘာလုံးက လူတွေ ရွှေလာရှာခဲ့တဲ့ နေရာတခု ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ကမ္ဘာ့တောင်ခြမ်းမှာ အကြီးဆုံး ရွှေတွင်းကြီး ရှိနေလေရဲ့)

အဲဒီမှာ မစ္စတာ ဘယ်လာမီ တယောက် အသက်ကြီးမှရတဲ့ သမီးလေးကို သူငယ်ငယ်က ကြီးပြင်းခဲ့တဲ့ သြစတြေးလျ တိုက်ကြီးရဲ့ ရေမြေ သဘာဝတွေအကြောင်း ကာဂူးလီဆိုတဲ့ ရွှေတွင်းမြို့လေးက ထူးဆန်းလှတဲ့ အဖြူရောင် ကတ္တဝါကြီး တွေ အကြောင်း၊ မြန်မာပြည်က ကြက်တူရွေး အစိမ်းလေးတွေနဲ့ ယှဉ်ပြီး ပြောပြနေတဲ့ ပုံကိုလည်း မြင်ယောင် ကြည့်မိ တယ်။

နောက်တော့ ဒုတိယ ကမ္ဘာစစ်ဖြစ် ဂျပန် ဝင်လာတဲ့အခါ သူတို့မိသားစု အိန္ဒိယကို စစ်ပြေးတဲ့ အကြောင်းတွေ သာသနာ ပြုကျောင်း ဆရာမတွေက သွေးနှော ကလေးမလေးကို နှိမ်ပုံ၊ အရက်ခွဲ ပုံတွေ၊ ပြန်ရွဲ့လို့ ကျောင်းက အထုတ်ခံရပုံတွေ။ ဂျပန်တွေ ပြန်ထွက်သွားတော့ ၁၄ နှစ် သမီး မှာ မိသားစုလိုက် ဗမာပြည် ပြန်လာကြပြီး မေမြို့မှာ အခြေချ နေထိုင်တာတွေ စတဲ့ အကြောင်းတွေကို တခြား စာအုပ်တွေထဲက အချက်အလက်တွေနဲ့ အစီစဉ်တကျ တွဲစပ်ပြီး တင်ပြထားပုံက စာရေးသူ ဟာ June Rose တည်ခင်းတဲ့ အထူး စပါယ်ရှယ် ယုန်သဲချေ အစာသွပ်ဟင်းထက် သူမ အကြောင်းတွေကိုသာ စိတ်ဝင် စားနေခဲ့လို့သာပေါ့။

သူမရဲ့ ယောက်ျားဆန်ပုံ သွက်လက်ချက်ခြာပုံ အကြောင်း မိသားစုပိုင် ကားစုတ်ကလေးကို ကိုယ်တိုင် အင်ဂျင်နှိုးပုံကို မြင် ခဲ့ရတဲ့ မိသားစု မိတ်ဆွေ တယောက်ရဲ့ မှတ်တမ်း အပိုင်းအစလေး ကိုလည်း ထည့်ရေးထားသေးတယ်။ နောက်တခါ ဗမာ ပြည်မှာ စစ်ပြီးခေတ်က ဟိုးလေး တကြော် စိတ်ဝင်စားခဲ့ကြတဲ့ Purple Plain ရုပ်ရှင်မှာ ဟောလိဝုဒ် မင်းသား ဂရေဂရီပတ် နဲ့ တွဲဖက် သရုပ်ဆောင်ဖို့ ဦးစွာ သဘောတူခဲ့သူ ဖြစ်ကြောင်းလည်း သိလိုက်ရတယ်။ အဲဒီ မှာ ဗမာ့ ယဉ်ကျေးမှုနဲ့ မလျော် တဲ့ ထုတ်လုပ်သူဘက်က တောင်းဆိုချက်တွေကြောင့် သူမဘက်က ဖျက်သိမ်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီ နောက်မှသာ ဝင်း မင်းသန်းနဲ့ သဘောတူပြီး ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးခဲ့တာ ဖြစ်ပါလိမ့်မယ်။

နောက်တော့ အီတာလျံ လူမျိုး WHO ဝန်ထမ်း ဆရာဝန်နဲ့ အိမ်ထောင်ကျရင်း လွတ်လပ်ရေး ရခါစ မြန်မာ့ နိုင်ငံရေး မငြိမ်မသက် လှိုင်းတွေကြား ကွန်မြူနစ်တွေက သူ့ အမျိုးသားကို ပြန်ပေး ဆွဲသွားပုံကိုလည်း ပြန်ပြောင်း ပြောပြထား သေး တယ်။ ပြန်ပေးသမား ကွန်မြူနစ်တွေဟာ ခေတ်ပညာတက် ကျောင်းသားဟောင်းတွေ ဖြစ်တာ၊ သူတို့ မိသားစုကို ကောင်း ကောင်း မွန်မွန် ရှင်းပြဆက်ဆံခဲ့တာ၊ နောက်တော့ သူ့ အမျိုးသား ပြန်လွတ်လာတဲ့နောက် မြန်မာ အစိုးရကလည်း သူတို့ ကို နိုင်ငံက ခွာဖို့ အကြံပေးတာကြောင့် သူ့အမျိုးသား တာဝန်ကျရာ နိုင်ငံရပ်ခြားတွေမှာ လိုက်ပါ နေထိုင်ရင်း အီတလီမှာ အခြေချ ခဲ့ကြတယ်။

ဦးနေဝင်းနဲ့ ဇာတ်လမ်း စခဲ့ပုံကိုတော့ ခပ်ပါးပါးလေးပဲ ပြောပြထားတယ်။ သူ့ အမျိုးသားနဲ့ ကွာရှင်း ပြတ်စဲလိုက်ပြီး သား လေး ၂ ယောက် နဲ့ အတူ အီတလီမှာပဲ နေထိုင်နေတဲ့ တလျှောက် ၁၉၆၂ ခုနှစ် နောက်ပိုင်း ဦးနေဝင်း လက်ထက်မှာ မြန် မာပြည်ဟာ အထီးကျန် ဆန်လာတာ ဆင်းရဲလာတာ တွေကို မျက်ခြေမပြတ် သိမြင်နေခဲ့ပြီး သူ့ဖခင် မေမြို့မှာ ဆုံးတော့ လည်း ခဏတဖြုတ် ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်တခေါက် သူ့ မိခင် နာမကျန်း ဖြစ်တဲ့ အချိန်မှာတော့ မြန်မာသံရုံးက ဗီဇာ ထုတ်မပေးတော့ဘူး။ အဲဒီမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးနေဝင်းရဲ့ဇနီး ကစ်တီ ဘသန်းနဲ့ အထက်တန်းလွှာ အသိုင်း အဝိုင်း တကြော ရင်းနှီးခဲ့ဖူးတဲ့ အလျောက် ဦးနေဝင်းဆီကို သံကြိုးရိုက် အကူအညီ တောင်းရာကနေ အဆက်အသွယ် ရခဲ့ ပြီး သိပ်မကြာခင် ၁၉၇၆ မှာ လက်ထပ်လိုက်ကြတယ်။ အဲဒီ လက်ထပ်ပွဲက ခပ်ရိုးရိုးသာ ဖြစ်ခဲ့ကြောင်းကိုလည်း ‘It was not one of those lavish things’ လို့ သူမက ဆိုတယ်။

ဦးနေဝင်းက ဘာကြောင့် ရတနာ နတ်မယ်ကို လက်ထပ်ခဲ့သလဲ၊ ရတနာနတ်မယ်လို့ အသိများတဲ့ June Rose ကလည်း ဘာကြောင့် ဦးနေဝင်း ရဲ့ လက်ထပ်ခွင့်ကို လွယ်လွယ် ကူကူ လက်ခံခဲ့သလဲ ဆိုတာ ကာယကံရှင်များသာ အကြောင်းမှန် ကို သိနိုင်မယ် ဖြစ်ပေမယ့် ဒီဆောင်းပါးလေးထဲက သူမရဲ့ စကား တချို့ကတော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့တာ အမှန် ပါပဲ။ ဘယ်သူ့ကိုမှ တိုင်တည်ခြင်း မရှိတဲ့ မေးခွန်း ဆန်ဆန် အဖြေ မပါတဲ့ စကားတချို့က ရည်မှန်းထားတာတွေကို ကျမ ဆောင် ရွက်နိုင်ခဲ့သလား၊ တခုခု ပြီးမြောက်ခဲ့သလား တဲ့။

အဲဒီအကြောင်းတွေ ရောက်လာတဲ့ အခါမှာတော့ စိတ်လှုပ်ရှားနေဟန် ရှိတဲ့ June Rose ဟာ နေ့လယ်စာ တည်ခင်းခဲ့တဲ့ ပန်းကန်တွေကို ပန်းကန်ဆေးကန်ထဲ အသံ မြည်အောင် ထည့်လိုက်တယ်။ ဝိုင် အစား ဘီယာတလုံးကို ဆွဲယူလိုက်ရင်း “ဗမာလူမျိုးတွေ ပါးစပ်ဖျားမှာ ချိုချဉ် တခုလို တမြုံ့မြုံ့နဲ့ ပြောကောင်းနေခဲ့မယ့် သူ့ ဇာတ်လမ်း” ကို ရယ်သွမ်းသွေး လိုက် သေးတယ်။

လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေး တော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ် ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။

နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင် မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ် တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။

၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။

“ဦးနေဝင်း နဲ့ ရက် ၁ဝဝ” ဆိုတဲ့ စာအုပ်ဟာ အဲဒီခေတ် သံတမန် လောကမှာ တီးတိုး ရေပန်းစားခဲ့ပေမယ့် အဲဒီ နေ့လယ်မှာ တော့ မိဘ ဘိုးဘွားတွေနဲ့ ကြီးပြင်းခဲ့တဲ့ အကြောင်းတွေက လွဲရင် အာဏာရှင်ကြီးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရေးဖို့ စိတ်ကူး မရှိပါဘူးလို့ သူမက ငြင်းဆို ခဲ့တယ်။


အီတလီမှာ အချက်အပြုတ် သင်တန်းကျောင်း ဖွင့်ထားတဲ့ ရတနာနတ်မယ် သို့မဟုတ် June Rose Bellamy

လတ်တလောမှာ အီတာလျံနဲ့ အရှေ့တိုင်း အစားအစာ အချက်အပြုတ် သင်တန်းကျောင်းကို ဖွင့်လှစ် ထားပြီး မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန်အလည် ရောက်ခဲ့သေး တယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သူမရဲ့ ဧည့်ခန်းမှာ တခမ်းတနား ချိတ်ဆွဲထားတဲ့ အဖြူ အမည်း မိသားစုပုံတွေရဲ့ ဘေးက မြန်မာပြည်ကျေးရွာ တခုက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတခုရဲ့ ရောင်စုံ ဓာတ်ပုံနဲ့ ဆက်စပ် ကြည့်ရင်း တချိန်က ရတနာနတ်မယ် ဆိုတဲ့ ကနောင်မင်းရဲ့ မြစ်တော် အသက် ၇၇ နှစ် အရွယ် အမျိုး သမီးကြီး အကြောင်း တွေးနေမိပါတယ်။ ။

Original article : Between Two Worlds

Ref: မကေဘလော့

Read More...

Friday, June 4, 2010

နအဖစစ်အုပ်စုကို တရားစွဲခြင်း

ဂါမဏိ
၀၃ ဇွန် ၂၀၁၀

နအဖစစ်အုပ်စုကို တရားစွဲ အရေးယူဖို့နဲ့ပတ်သက်ပြီး သဘောတရားအရ ကြည့်ရင်တော့ အဓိက နည်းလမ်း (၆) မျိုး ရှိနေပါတယ်။ အဲဒါတွေကတော့ …

(၁) နိုင်ငံတကာတရားရုံး ICJ ကနေ မလိုက်နာလို့မရတဲ့ စီရင်ချက် ချစေခြင်း၊
(၂) နိုင်ငံတကာတရားရုံး ICJ ကနေ သဘောထားအကြံပြုချက် ချစေခြင်း၊
(၃) နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကနေ စီရင်ချက် ချစေခြင်း၊
(၄) အရေးပေါ် သီးသန့်ခုံရုံးတည်ထောင်ပြီး မလိုက်နာလို့မရတဲ့ စီရင်ချက် ချစေခြင်း၊
(၅) ပြည်ပနိုင်ငံတခုရဲ့တရားရုံးတခုကနေ စီရင်ချက် ချစေခြင်း၊
(၆) မြန်မာနိုင်ငံတွင်း တရားရုံးတခုကနေ စီရင်ချက် ချစေခြင်းတို့ ဖြစ်ပါတယ်။

ပထမနည်းလမ်း (၅) ခုက နိုင်ငံတကာတရားရေးလမ်းကြောင်းတွေ ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်း တခု သို့မဟုတ် တခြား နိုင်ငံ တနိုင်ငံကနေ အစချီရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ နောက်ဆုံး နည်းလမ်းကတော့ ကိုယ့်ပြည်တွင်း တရားရုံးတွေမှာပဲ ကိုယ့်အစိုးရကို နိုင်ငံတကာ သဘောတူညီချက် ဖောက်ဖျက်မှု သို့မဟုတ် နိုင်ငံ့ ဥပဒေ ချိုးဖောက်မှုနဲ့ တရား ပြန်စွဲဖို့ဖြစ်ပြီး အလားအလာ မရှိဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။

၁။ နိုင်ငံတကာတရားရုံး ICJ ဟာ ကုလသမဂ္ဂရဲ့ အဓိကတရားရေးအဖွဲ့ဖြစ်ပြီး နိုင်ငံတွေအကြား တရားရေးဆိုင်ရာ အငြင်းအခုံ တွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ ဖြေရှင်း ဆုံးဖြတ် ပေးရပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဌာနတွေက မေးမြန်း တင်ပြလာတဲ့ ဥပဒေရေးရာ ပြဿနာတွေ အပေါ်မှာလည်း သဘောထား အကြံပြုချက် ပေးရပါတယ်။

နိုင်ငံတကာ့တရားရုံးမှာ တရားဆိုင်ရင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ICJ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို လက်မှတ် ထိုးထားတဲ့ ကုလ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေပဲ တရားပြိုင်ခွင့် ရှိပါတယ်။ ဒါ့အပြင် တရားပြိုင် နှစ်နိုင်ငံစလုံးက တရားရုံး ဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ သဘောတူဖို့ လိုပါတယ်။ ဒါမှမဟုတ် ဖောက်ဖျက်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံတကာ စာချုပ်ထဲမှာ ICJ အဆုံးအဖြတ်ကို ခံယူရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အခြေအနေ ရှိဖို့လိုပါတယ်။

တရားပြိုင်နှစ်ဘက်က ICJ မှာ စာနဲ့ရော နှုတ်နဲ့ရော လျှောက်လဲချက်ပေး စစ်ဆေးခံပြီးရင် တရားရုံးက စီရင်ချက်ချပါတယ်။ စီရင်ချက်ဟာ အပြီးအပြတ် ဖြစ်ပါတယ် (အထက်ဆင့်ကို အယူခံစရာမရှိပါ)။ နှစ်ဘက်စလုံး မဖြစ်မနေ လိုက်နာ ကျင့်သုံးရပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်ကတည်းက ICJ ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်လို့ ကတိပြု လက်မှတ် ထိုးထားတာ ဖြစ်တဲ့အတွက် တရားရုံး အဆုံးအဖြတ်ကို မလိုက်နာဘဲနေတာ အင်မတန် ရှားပါတယ်။ တရားပြိုင်နှစ်ဘက်မှာ တဘက်က တရားရုံးကို လာဖို့ ပျက်ကွက်ရင်လည်း အမှုကို ဆက်စစ်နိုင်ပါတယ်။ တရားရုံးပြင်ပမှာ နှစ်ဘက်ညှိနှိုင်းပြီး ကြေအေးလို့လည်း ရပါတယ်။ တရားရုံး ဆုံးဖြတ်ချက်ကို မလိုက်နာရင်တော့ လုံခြုံရေး ကောင်စီက တရားရုံး စီရင်ချက် အတိုင်းဖြစ်အောင် ကိုင်တွယ် အရေးယူခွင့် ရှိပါတယ်။

အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သားကိစ္စ၊ လယ်ယာမြေသိမ်းယူမှုကိစ္စတွေကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ရဲ့ သဘောတူ စာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ILO အဖွဲ့ဝင်လည်းဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်တဲ့ တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ တရားရုံးကတော့ မြန်မာပြည်မှာ အဓမ္မ လုပ်အားပေး ရပ်စဲဖို့၊ ကလေးစစ်သား ရပ်စဲဖို့တွေ အမိန့်ပေး ဆုံးဖြတ်ပါလိမ့်မယ်။

ဒါမှမဟုတ် တိုင်းရင်းသားနယ်မြေတွေမှာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ရွာမီးရှို့မှု၊ အဓမ္မ အိုးအိမ်မဲ့စေမှုတွေနဲ့ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင် ယုတ်မာမှုတွေကြောင့် နိုင်ငံတကာ လူသားချင်း စာနာရေးဥပဒေ၊ စစ်ပွဲဆိုင်ရာ ဂျီနီဗာစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ဒီစာချုပ်တွေ လက်မှတ် ထိုးထားတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ ICJ ဟာ လူပုဂ္ဂိုလ်တွေကို အရေးယူတာတော့ မရှိဘဲ ဖောက်ဖျက်မှုတွေ ရပ်တန့်ဖို့ အမိန့်ချနိုင်ပါတယ်။ ဒါကိုလိုက်နာဖို့ လုံခြုံရေး ကောင်စီက ကြပ်မတ် ရမှာဖြစ်ပါတယ် (ဒါပေမယ့် လုံခြုံရေးကောင်စီထဲမှာ တရုတ်က ဗီတိုသုံး ကန့်ကွက်ရင် ICJ စီရင်ချက် အလကား ဖြစ်သွားနိုင်ပါတယ်၊ တဘက်က ကြည့်ရင်တော့ ICJ စီရင်ချက်ကို ဗီတို သုံးတဲ့နိုင်ငံဟာ ကမ္ဘာမှာ အင်မတန် သိက္ခာ ကျသွားမှာလည်း ဖြစ်ပါတယ်)။

အဓိကအားနည်းချက်နောက်တခုကတော့ ICJ မှာ အမှုဆိုင်တာ အနည်းဆုံး (၂) နှစ် ကြာနိုင်တဲ့အတွက် တရားစွဲပေးတဲ့ နိုင်ငံက အဲသလောက် ဇွဲရှိရှိ စိတ်ဓာတ်ရှိရှိနဲ့ အချိန်ကုန် ငွေကုန်ခံ လုပ်ပါ့မလား စဉ်းစားစရာပါပဲ။

၂။ ဒုတိယနည်းလမ်းဖြစ်တဲ့ ICJ ကနေ သဘောထားအကြံပြုချက် ချစေတာကိုတော့ ကုလသမဂ္ဂ ပင်မ အဆောက်အအုံ ငါးခုနဲ့ (ILO အပါအဝင်) လက်အောက်ခံ အေဂျင်စီ (၁၆) ခုကပဲ တောင်းဆိုခွင့် ရှိပါတယ်။ အထွေထွေ ညီလာခံနဲ့ လုံခြုံရေး ကောင်စီတို့က “မည်သည့် ဥပဒေရေးရာ ပြဿနာကို မဆို” အကြံဉာဏ် တောင်းခံနိုင်ပြီး အထူးပြု အေဂျင်စီတွေ ကတော့ မိမိလုပ်ငန်း အဝန်းအဝိုင်းနဲ့ ဆိုင်တဲ့ ဥပဒေရေးရာ ပြဿနာကိုပဲ အကြံဉာဏ် တောင်းခံခွင့် ရှိပါတယ်။ အကြံဉာဏ်လို့ ဆိုတဲ့အတိုင်း မလိုက်နာမဖြစ် binding မဟုတ်ပါဘူး။ လိုက်လုပ်ချင်လုပ် မလုပ်ချင်လည်း နေလို့ရပါတယ်။ ICJ ရဲ့ သဘောထား အကြံပြုချက်ဟာ ဥပဒေကြောင်းအရ အင်မတန် သြဇာကြီးတဲ့ အတွက် မလိုက်နာတဲ့ နိုင်ငံဟာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ချိုးဖောက်နေကြောင်း ကမ္ဘာမှာ ပွင့်ကျသွားမှာဖြစ်ပြီး တခြားနိုင်ငံတွေက အဲဒီနိုင်ငံအပေါ် ပိုပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ် လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည် ကိစ္စမှာတော့ တရုတ်နဲ့ ထိုင်းက ဒဏ်ခတ်ပိတ်ဆို့မှု မလုပ်ရင် သိပ် အကျိုးမထူးနိုင်ပါ။

မြန်မာပြည်က အဓမ္မလုပ်အားပေးကိစ္စနဲ့ပတ်သက်ပြီး ILO က ICJ ဆီက သဘောထားအကြံပြုချက် တောင်းနိုင်သလို လူသားချင်း စာနာရေးကိစ္စ၊ လူမျိုး သန့်စင်ရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ ယူနက်စကို၊ WHO ၊ ILO ၊ FAO တို့က သဘောထား အကြံပြုချက် တောင်းနိုင်ပါတယ် (ယူနီဆက်ဖ်၊ လူ့အခွင့်အရေးကောင်စီ၊ ဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ၊ UNDP ၊ UNODC မူးယစ်ဆေးရုံး၊ ICRC တို့မပါ)။ ဒီလိုမတောင်းခံခင် ကိုယ့်အဖွဲ့အစည်းထဲမှာ အများသဘောတူ ဆုံးဖြတ်ချက် အရင်ချဖို့ လိုပါတယ်။ ILO ကတော့ ဒီနည်းလမ်းကို တော်တော်လေး လေ့လာ ဆန်းစစ်ထားပါတယ်။

၃။ တတိယနည်းလမ်းဖြစ်တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ ကုလသမဂ္ဂနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ ခုံရုံးဖြစ်ပါတယ်။ ဒီတရားရုံးက နိုင်ငံတွေကို အမှုစစ်တာမဟုတ်ဘဲ ၂၀၀၂ ခု ဇူလိုင် (၁) ရက်နေ့ နောက်ပိုင်းမှာဖြစ်တဲ့ ကျူးကျော်စစ်ပြုမှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်မှုနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်သူ လူပုဂ္ဂိုလ်တွေကို အမှုစစ်တာ ဖြစ်ပါတယ်။ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပြောအတိုင်းဆိုရင် ဘယ်အာဏာရှင်၊ ဘယ်စစ်အုပ်စု၊ ဘယ်စစ်တပ်မှ လူ့အခွင့်အရေးတွေကို အဟန့်အတားမရှိ ချိုးဖောက်နေတာမျိုး မဖြစ်နိုင်အောင် ICC ကို ထူထောင်ထားတာ ဖြစ်ပါတယ်။ ICC ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းဖြစ်တဲ့ ရောမ စာချုပ်မှာ ICC ကိုင်တွယ်နိုင်တဲ့ ပြစ်မှုတွေကို တိတိကျကျ ဖွင့်ဆို ထားပါတယ်။

ICC ရဲ့ အကြီးဆုံးပြဿနာက အမေရိကန်ပြည်ထောင်စုက လက်မှတ်မထိုးထားတာဘဲ ဖြစ်ပါတယ်။ နောက်ပြဿနာကြီး တခုကတော့ မြန်မာ နိုင်ငံကလည်း လက်မှတ် မထိုးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတရားရုံးဟာ မြန်မာပြည်အပေါ် တရားစီရင်နိုင်ခွင့် မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ICC အဖွဲ့ဝင် နိုင်ငံတခုခုကဖြစ်စေ၊ ICC ရှေ့နေကြီးက ဖြစ်စေ၊ ကုလလုံခြုံရေး ကောင်စီကဖြစ်စေ၊ မြန်မာပြည် အရေးဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်နေတယ် သို့မဟုတ် ခြိမ်းခြောက်နေတယ်လို့ ဆုံးဖြတ်ပြီး ICC က ကိုင်တွယ် ဆုံးဖြတ်ဖို့ ‘ညွှန်း’ ပေးနိုင်ပါတယ်။ အဲသလိုဆိုရင်တော့ ICC ဟာ ရောမစာချုပ် လက်မှတ် မထိုးထားတဲ့ နိုင်ငံကိုလည်း တရား စစ်ဆေး စီရင်နိုင်ပါတယ်။ ဒါပေမယ့် ICC ဟာ ကုလသမဂ္ဂ လက်အောက်ခံ မဟုတ်တဲ့အတွက် လုံခြုံရေး ကောင်စီက ညွှန်းတိုင်း တရားစွဲအမှုစစ်ဖို့ တာဝန်ရှိတာတော့ မဟုတ်ပါဘူး။

လုံခြုံရေးကောင်စီဟာ နိုင်ငံတခုက တာဝန်ရှိသူတွေကို ICC ကိုတင် တရားစွဲဖို့အတွက် စုံစမ်းရေး ကော်မရှင်တခု တည်ထောင်ပြီး အဲဒီလူတွေဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြောင်း အခိုင်အမာ သက်သေ ထူပြရပါတယ်။ အဲသလို သက်သေထူပြပြီးမှ ICC ကို လွှဲလို့ရပါတယ်။ ဒါကြောင့် စုံစမ်းရေး ကော်မရှင်ဖွဲ့မဖွဲ့ လုံခြုံရေးကောင်စီတွင်းမှာ ဗီတိုနဲ့ မကန့်ကွက်ဘဲ ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုပါတယ်။ (လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ပြီး အတွင်းရေးမှူးချုပ်က ကော်မရှင်ကို ဖွဲ့စည်းပေးရတာဖြစ်ပါတယ်။) ဆူဒန်ကိစ္စမှာ ကော်မရှင်သက်တမ်းကို (၃) လ သတ်မှတ်ခဲ့ပါတယ်။

ရောမစာချုပ်ကို လက်မှတ်ထိုးမထားတဲ့ ဆူဒန်နိုင်ငံရဲ့သမ္မတ ဘာရှီယာကို တရားစွဲတဲ့ကိစ္စမှာ လုံခြုံရေး ကောင်စီရဲ့ စုံစမ်းရေး ကော်မရှင်က ညွှန်းပေး လိုက်တာကို ICC က လက်ခံစစ်ဆေးပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ICC ရဲ့ ဆုံးဖြတ်ချက်ကို ဆူဒန်က ပြောင်ပြောင် တင်းတင်း အာခံနေတဲ့အတွက် ဆူဒန်သမ္မတ ဘာရှီယာကို ICC အနေနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်တဲ့ အဆင့်ပဲ ရှိနေသေးပြီး ဘာရှီယာက စွဲချက်ကို လက်မခံဘဲ အတိအလင်း အာခံနေတာကတကြောင်း၊ သူသွားလည်တဲ့ တခြားနိုင်ငံတွေက ဖမ်းမပေးတာက တကြောင်းကြောင့် တရားရုံးတင် အမှုစစ်တဲ့အဆင့် မရောက်နိုင်သေးပါဘူး။ လုံခြုံရေး ကောင်စီကလည်း ဘာရှီယာ တရားရုံး ရောက်အောင် မကိုင်ပေးပါဘူး။

ICC ကို မညွှန်းခင် စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လုံခြုံရေးကောင်စီထဲ ဆုံးဖြတ်ရာမှာ တရုတ်ရဲ့ဗီတို ကြုံနိုင်သလို (ဆူဒန်ကိစ္စမှာ တရုတ်နဲ့ ရုရှက ကန့်ကွက်မဲ မပေးဘဲ ကြားနေမဲပေးလို့ စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ခဲ့ပါတယ်) ICC က တရားစွဲဖို့ ဆုံးဖြတ်ပြီး နောက်မှာလည်း တကယ် တရားရုံးရောက်အောင် အကြပ်ကိုင်ရာမှာ တရုတ်ဗီတိုနဲ့ တွေ့နိုင်ပါသေးတယ်။ ဒါ့အပြင် အမေရိကန် ကိုယ်တိုင်က ICC အဖွဲ့ဝင်မဟုတ်၊ ICC ကို မထောက်ခံတဲ့ အပြင် ဆူဒန်ကိစ္စ တစ်လစ်ကြီးဖြစ်နေတာ တွေ့ထားတဲ့အတွက် ICC မှာတင်ဖို့ သိပ်စိတ်ပါမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဆူဒန်လိုအမှုမျိုး နောက်ထပ်ညွှန်းဖို့ အလားအလာ နည်းနေပါတယ်။ ဒါ့အပြင် ICC မှာ အမှုတင်တာ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ဥပမာ - ကွန်ဂိုအမှုဆိုရင် ၂၀၀၄ မှာ စလက်ခံခဲ့ပေမယ့် အခုထိ မပြတ်သေးပါ။

၎။ စတုတ္ထနည်းလမ်းဖြစ်တဲ့ အရေးပေါ်သီးသန့်ခုံရုံး ad-hoc tribunal သို့မဟုတ် အထူးတရားရုံး special court ဖွင့် စစ်ဆေး စီရင်တာကို ICC မပေါ်ခင်က ရဝမ်ဒါ၊ ယူဂိုဆလားဗီးယား (ဆားဘီးယား)၊ ချတ်ဒ်၊ ဆီယာရာလီယွန်း၊ လိုင်ဘေးရီးယား၊ အရှေ့တီမော နိုင်ငံတို့က စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုတွေအတွက် ကျင့်သုံးခဲ့ပါတယ်။ ICC တည်ထောင်ပြီး နောက်ပိုင်းတော့ အရေးပေါ် သီးသန့်ခုံရုံး ဖွဲ့စစ်တာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ မပြတ်သေးတဲ့ အမှုတွေကို ဆက်စစ်နေတာပဲ ရှိပါတယ်။

သီးသန့်ခုံရုံးဖွင့် စစ်ဆေးဆုံးဖြတ်တာကို ILO ကနေ အလုပ်သမား အခွင့်အရေးဘက်က လုပ်နိုင်သလို ကုလ လုံခြုံရေး ကောင်စီကနေ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုဘက်တွေကလည်း လုပ်နိုင်ပါတယ်။ ပြဿနာတခုက ဒီလို သီးသန့်ခုံရုံးဖွင့်ဖို့ အချိန် အကြာကြီး ယူရတာဖြစ်ပါတယ်။ စရိတ်စကလည်း ကြီးတဲ့အတွက် ကုလ အဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင် ထောက်ပံ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငွေအကုန်မခံနိုင်လို့၊ အကုန်မခံချင်လို့ အထူးခုံရုံးဖွင့်ဖို့ သဘောမတူတာလည်း ရှိလာနိုင်ပါတယ်။

ဒီခုံရုံးတွေဟာ လူပုဂ္ဂိုလ်တွေအပေါ် စီရင်ဆုံးဖြတ်နိုင်ပြီး စီရင်ချက်က မလိုက်နာမနေရ binding ဖြစ်ပါတယ်။ စကတည်းက လုံခြုံရေး ကောင်စီ သဘောတူညီချက်နဲ့ ထူထောင်တာ ဖြစ်လို့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ လုံခြုံရေး ကောင်စီက အရေးယူ ဒဏ်ခတ် ပိတ်ဆို့တာတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေး ကောင်စီမှာ ဗီတိုနဲ့ တိုးရင် ဒီလို သီးသန့်ခုံရုံး ပေါ်မလာနိုင်ပါဘူး။ (ILO ခုံရုံးကတော့ လုံခြုံရေး ကောင်စီကို ဖြတ်စရာ မလိုပါ။)

၅။ ပဉ္စမနည်းလမ်းဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်တခုခုက တရားရုံးမှာ တရားစွဲတာကို အဲဒီနိုင်ငံရဲ့ အမျိုးသားဥပဒေ အရရော နိုင်ငံတကာ ဥပဒေ အခြေခံမူတွေ အရပါ လုပ်နိုင်ပါတယ်။ ဒါကို ပင်လယ် ဓားပြမှုတွေမှာ ကျင့်သုံးနေပြီဖြစ်သလို စစ်ရာဇဝတ် မှုတွေနဲ့ လူသားမျိုးနွယ် ဆန့်ကျင်ရေး ပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း အသုံးများလာပြီ ဖြစ်ပါတယ်။ ချီလီ အာဏာရှင်ဟောင်း ပီနိုရှေးကို ဒီနည်းနဲ့ ကိုင်ခဲ့ကြပါတယ်။ ဒီနည်းလမ်းရဲ့ အားနည်းချက်ကတော့ သက်ဆိုင်ရာ အာဏာရှင်ဟာ အဲဒီပြည်ပနိုင်ငံကို ရောက်နေဖို့လိုပြီး အဲသလို ရောက်မနေဘဲ တရားစွဲရင် ဘာမှ အကျိုးမထူးပါဘူး။ ဒါ့ပြင် အချုပ်အခြာ အာဏာ ပြဿနာတွေ၊ တရားစွဲ ခံရတဲ့နိုင်ငံက တရားစွဲတဲ့နိုင်ငံကို လက်စားချေတာတွေလည်း ဖြစ်လာနိုင်လို့ နိုင်ငံတွေက သိပ်မလုပ် စေချင်ကြပါဘူး။ နအဖ ခေါင်းဆောင်ကို တရားစွဲဖို့ ကတော့ အိန္ဒိယနိုင်ငံ လာလည်တုန်း အိန္ဒိယတရားရုံးမှာ တရားစွဲတာ၊ ကုလသမဂ္ဂ အစည်းအဝေး လာတက်တုန်း အမေရိကန် တရားရုံးမှာ တရားစွဲတာ လုပ်နိုင်စရာ အကြောင်းရှိပါတယ်။ ဒါပေမယ့် တဘက်မှာ သံတမန် ကင်းလွတ်ခွင့်တွေ ပေးထားတဲ့ ထုံးစံကလည်း ရှိနေတော့ လက်တွေ့ တရားစွဲနိုင်ဖို့ မလွယ်လှပါဘူး။ အဓိကအားဖြင့် မိမိပြည်တွင်းမှာ လွတ်ငြိမ်း ချမ်းသာခွင့် ရအောင် လုပ်ထားတဲ့ အာဏာရှင်‘ဟောင်း’တွေကို အပြစ်ပေးဖို့တော့ ဒီနည်းလမ်းက အင်မတန် သင့်တော်လှပါတယ်။

၆။ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ပြည်တွင်းတရားရုံးမှာ တရားစွဲစစ်ဆေးဖို့ကတော့ ဒေသန္တရ အာဏာပိုင် အဆင့်မှာ မစုစုနွေး အမှုနိုင်သွားတာ ရှိဖူးပေမယ့် လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နအဖ ထိပ်သီးတွေကို တရားစွဲဖို့ ကြိုးပမ်းချက်တွေ ကြည့်ရင်တော့ ဖြစ်နိုင်ခြေ အင်မတန် နည်းနေပါတယ်။

ဒီကနေ့ မြန်မာပြည်က အာဏာရှင်တွေကို ဥပဒေကြောင်းအရ အရေးယူဖို့ လုပ်ကြရာမှာ တချို့က (အလုပ်သမား အခွင့်အရေး၊ အဓမ္မလုပ်အားပေး၊ ILO တို့နဲ့ ဆက်စပ်ပြီး) ICJ က သဘောထားအကြံပြုချက်ချတာကို လိုလားနေကြသလို တချို့ကတော့ (စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် ဆန့်ကျင်ရေးပြစ်မှု၊ လူမျိုးတုံး သုတ်သင်မှုတို့အပေါ်) လုံခြုံရေးကောင်စီက ICC ကို ညွှန်းဖို့ စုံစမ်းရေး ကော်မရှင် ဖွဲ့တာကို လိုလားနေကြပါတယ် (ဆူဒန်ဥပမာအရ တရားစွဲတဲ့အဆင့် ပဲရနိုင်ပြီး အမှုစစ် စီရင်ချက်ချတဲ့ အဆင့် မဖြစ်နိုင်ပါ)။ ဖြစ်နိုင်ချေ မဖြစ်နိုင်ချေ အားကောင်းချက် အားနည်းချက်တွေကတော့ အထက်မှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။ နှစ်မျိုးစလုံးကတော့ အဓိကအားဖြင့် ပြည်တွင်း၊ တပ်တွင်းနဲ့ နိုင်ငံတကာမှာ နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်း သွားစေနိုင်ပါတယ်။ ငပွကြီး တရုတ်ရှိနေသရွေ့ ဒီ့ထက် ပိုမမျှော်လင့်နိုင်ပါ။ စိတ်ကူးယဉ် အလွဲတွေ၊ မျှော်လင့်ချက် အမှားတွေ မရှိဖို့လိုပါတယ်။ ဒါပေမယ့် နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျသွားရင်တော့ ၁၉၈၇ ခုတုန်းက အဆင်းရဲဆုံး နိုင်ငံအဆင့် LDC ဖြစ်သွားခဲ့လို့ (ရှစ်လေးလုံးအထိ) ဂယက်ရိုက်ခဲ့သလိုမျိုး ထပ်ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မြန်မာပြည်က နအဖစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ် ဆန့်ကျင်ရေးပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုး သန့်စင်ရေး လူမျိုးဖြုတ်ရေးပြစ်မှုတွေ အဆုံးသတ်ပြီး စစ်အာဏာရှင်တွေကို တကယ်တမ်း အပြစ်ပေးနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ အတ္ထာဟိ အတ္ထနော နာထော မိမိကိုယ်သာ အားကိုးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့သာ ရှိပါတော့တယ်။ ။

ရည်ညွှန်း ။ ။ Sarah Vuylsteke ပြုစုတဲ့ “မြန်မာနိုင်ငံမှ အဓမ္မလုပ်အားပေးပြဿနာကို ကိုင်တွယ်ရန် တရားရေးနည်းလမ်းများ”

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံ တက်ရန် ပြင်ဆင်

သန်းထိုက်ဦး
Thursday, June 03, 2010

ဒေါ်အောင်ဆန်း စုကြည်နှင့် ရှေ့နေဖြစ်သူများသည် အထူးအယူခံ တက်ရန်အတွက် ပြစ်မှုဆိုင်ရာ လျှောက်လဲချက်များကို ယနေ့ ဆွေးနွေးခဲ့ကြောင်း ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းက ဆိုသည်။

ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ နေ့လယ် ၁၂ နာရီ ကျော်မှ ၃ နာရီ အထိ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်နေမှု အတွက် တားဝရမ်း ထုတ်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဦးတိုက် လျှောက်ထားခြင်းကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ် လိုက်ရာ အယူခံ ဆက်တက် ထားသည့် ကိစ္စများ ကိုလည်း ဆွေးနွေး ခဲ့ကြောင်းလည်း ၎င်းဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်နှစ် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ် တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲ ခံခဲ့ရသည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့တွင် လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်များကို တင်သွင်းခြင်း ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ကြယ်ငါးပွင့် သင်္ဘောသား ထက်ဝက်နီးပါး နုတ်ထွက်

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်သို့ ရောက်ရှိသွားသော ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ထက်ဝက် နီးပါးမျှ ဖြစ်သော သင်္ဘောသား ၅၅ဝ ခန့်သည် ယခုလ ၁ ရက်နေ့မှ စတင်၍ အလုပ် ထွက်သွားကြပြီး လစာ ပိုမိုကောင်းမွန်သော နိုင်ငံခြား သင်္ဘောလိုင်းများတွင် အလုပ် ရှာကြမည်ဖြစ်သည်။

တပ်မတော် ဘဏ္ဍာရေးရှာဖွေမှုအတွက် ထူထောင်ထားသော ဦးပိုင်က ပြည်တွင်း၊ ပြည်ပ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ကိုင်နေသော ကြယ်ငါးပွင့် သင်္ဘောလိုင်းကို လွှဲယူအပြီး နှစ်လအကြာ သင်္ဘောသား ၁၂၂၇ ဦးအနက် အနည်းဆုံး ၅၅ဝ ဦး နုတ်ထွက် သွားကြသည်။

’’ဝန်ထမ်းဟောင်းတွေကို ဆန္ဒသဘောထား တောင်းခံပြီးတော့ ဆက်လုပ်မယ့်လူကို ဆက်ခန့်ပါတယ်။ ဆက်မလုပ်တဲ့လူကို ထွက်ခွင့် ပေးလိုက်ပါတယ်’’ ဟု ကြယ်ငါးပွင့် အဆင့်မြင့် အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့အထိ သင်္ဘောကုန်းပတ်ဌာနမှ ဝန်ထမ်း ၃၅ဝ နုတ်ထွက်သွားခဲ့ပြီး အင်ဂျင် ဌာနမှ ၂ဝဝ ဦး အလုပ် ထွက်သည်။

နုတ်ထွက်လိုကြောင်း ဆန္ဒပြုသည့် ဝန်ထမ်းများ၏ CDC (Continuous Discharge Certificate) များကို ရန်ကုန်တိုင်း ဒေါပုံမြို့ရှိ သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာန (SECD) သို့ ယနေ့တွင် အပြီးသတ် လွှဲပြောင်းမှု ပြုလုပ်မည်ဟု သိရသည်။ CDC တွင် သင်္ဘောသား တဦး၏ သက်တမ်းတလျှောက် လုပ်ကိုင်ခဲ့သည့် သင်္ဘော အမျိုးအစား၊ လုပ်သက် အတွေ့အကြုံနှင့် ကပ္ပတိန်တို့၏ မှတ်ချက်များ ပါရှိသည်။

ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် လက်ရှိအချိန်တွင် နိုင်ငံခြားသွား ကုန်တင်သင်္ဘော ၉ စီးနှင့် ကမ်းရိုးတန်းသွား သင်္ဘော ၁၆ စီး ပိုင်ဆိုင်သော်လည်း ၁၃ စီးသာ ပြေးဆွဲရန် စီစဉ်ထားသည်။

ဦးပိုင်အုပ်ချုပ်မှုအောက် ရောက်လာပြီးနောက် ဝန်ထမ်းများကို ထိန်းထားနိုင်ရေး ကြိုးပမ်းမှုအဖြစ် ကြယ်ငါးပွင့်က သင်္ဘော အုပ်စု ၄ စုခွဲ၍ လစာတိုးမြှင့်ပေးရန် စီစဉ်လျက် ရှိသည့်ကြားကပင် နုတ်ထွက်ကြခြင်းလည်း ဖြစ်သည်။

အုပ်စု - ၁ တွင် နိုင်ငံခြား ခရီးဝေးသွား ကုန်တင်သင်္ဘောများဖြစ်သော ကိုကိုးကျွန်း၊ ကျောက်ဖြူ၊ ကျိုင်းတုံတို့ ပါရှိသည်။ အုပ်စု - ၂ တွင် နိုင်ငံခြား ခရီးတိုသွား သင်္ဘောများဖြစ်သော ထားဝယ်၊ မာန်အောင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့ ပါဝင်သည်။ အုပ်စု - ၃ တွင် မော်လမြိုင်၊ စစ်တွေ၊ Ocean Brave တို့ ပါဝင်သည်။ အုပ်စု - ၄ တွင် ကမ်းရိုးတန်းသွား ပြည်တွင်းခရီးစဉ်သုံး မြစ်ကြီးနားနှင့် တောင်ကြီးတို့ ပါဝင်သည်။

အုပ်စု ၁ သင်္ဘော၌ အမြင့်ဆုံး ကပ္ပတိန်နှင့် Chief Engineer တို့အား လစာငွေ အမေရိကန်ဒေါ်လာ ၅ဝဝဝ၊ အုပ်စု ၂ တွင် ကန်ဒေါ်လာ ၄၇ဝဝ ၊ အုပ်စု ၃ တွင် ကန်ဒေါ်လာ ၃၅ဝဝ နှင့် အုပ်စု ၄ တွင် မြန်မာကျပ်ငွေ ၇ သိန်းခွဲပေးရန် လစာနှုန်းထား အသစ်ကို ဇွန် ၁ ရက်နေ့မှ စတင်၍ သတ်မှတ်ထားသည်။

သို့သော် ယင်းလစာငွေနှုန်းသစ်သည်ပင် နိုင်ငံတကာ သင်္ဘောလိုင်းကြီးများနှင့် နှိုင်းယှဉ်ပါက နည်းပါး နေသေးသည်ဟု သင်္ဘောသားများက ပြောသည်။

နိုင်ငံပိုင် စီမံခန့်ခွဲမှုအောက်တွင် ရှိခဲ့စဉ်က ကာလကြာရှည်စွာ အရှုံးပေါ်ခဲ့ပြီး ဝန်ထမ်းများ ပိုလျှံနေခဲ့သလို မေလကတည်းက စတင်၍ လူသစ် စုဆောင်းမှုများ ပြုလုပ်ထားသဖြင့် ယခုကဲ့သို့ အစုလိုက် အပြုံလိုက် နုတ်ထွက်မှု ဖြစ်သော်လည်း မထိခိုက်ဟု ကုန်းပတ် ဌာနအရာရှိက ပြောသည်။

ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း အရှည် ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) တွင် အနောက်ဘက် ရခိုင်ပြည်နယ်မှ တောင်ဘက် တနင်္သာရီတိုင်း အထိ ခရီးသည်နှင့် ကုန်ပစ္စည်း ပို့ဆောင်ခြင်း လုပ်ငန်းများကို တာဝန် ယူထားသည်။

ထို့ပြင် အရှေ့ဖျား ခရီးစဉ်အဖြစ် ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ တောင်ကိုရီးယား၊ အရှေ့တောင်အာရှ ခရီးစဉ်အဖြစ် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အနောက်ဘက် ခရီးစဉ်အဖြစ် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ယူအေအီးနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတို့ရှိ ဆိပ်ကမ်းများသို့ ကုန်စည်များ ပို့ဆောင်ပေးနေသည်။

Ref: မဇ္ဈိမ

Read More...

တရုတ်က စစ်အစိုးရကို သံလက်သီးတပ်ပေးမည့် အနေအထားဟု ဦးဝင်းတင်ပြော

NEJ / ၀၃ ဇွန် ၂၀၁၀

တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် မြန်မာနိုင်ငံသို့လာရောက်သည့်အတွက် မြန်မာ့ဒီမိုကရေစီရေး ကိစ္စတွင် အကျိုး သက်ရောက်မှု၊ ရောင်ပြန်ဟပ်မှု တစုံတရာမျှ မရှိနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

“ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ သူတို့ ဘာမှ လုပ်ပေးမှာလည်း မဟုတ်ဘူး။ သူတို့ရဲ့ သြဇာလည်း ရှိမှာမဟုတ်ဘူး။ သူတို့က နေပြီးတော့ ဒီမိုကရေစီ အယောင်ပြ လုပ်တဲ့ဟာတွေ ဒို့လုပ်လို့ရတယ်။ တရုတ်ပြည်မှာ ဘယ်လိုလုပ်လို့ရတယ် ဆိုတာမျိုးတွေကို မြန်မာ အစိုးရက မကျင့်သုံးဘူး။ အဲဒါကတော့ သေချာပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်သည် မြန်မာနိုင်ငံသို့ (၂) ရက်ခရီးစဉ်အဖြစ် ဇွန် (၂) ရက်တွင် ရောက်ရှိခဲ့ပြီး ယနေ့ နေပြည်တော်သို့ သွားရောက်ကာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ကိုလည်း တွေ့ဆုံရန် ရှိသည်ဟု ရန်ကုန်မှ လာသော သတင်းများအရ သိရသည်။

တရုတ်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း စွမ်းအင်လုပ်ငန်းများ၊ စီးပွားရေးနှင့် ကုန်သွယ်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး သဘောတူညီချက် လက်မှတ် ရေးထိုးရန် ရှိသည်ဟုလည်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ယင်းသို့ တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာရောက်မှုသည် စီးပွားရေး ကိစ္စများအပြင် ရှေ့လာမည့် (၁) နှစ်၊ (၂) နှစ်အတွင်း တရုတ်ပြည်တွင် ခေါင်းဆောင်မှု အပြောင်းအလဲက မြန်မာနိုင်ငံ အပေါ် ရိုက်ခတ်လာမည့် ပုံသဏ္ဌာန်၊ မြန်မာနိုင်ငံ အပြောင်းအလဲက တရုတ်ပြည်နှင့်ပြန်လည် ထိစပ်လာမည့် ပုံသဏ္ဌာန်များကိုလည်း အရိပ်အကဲ ကြည့်မည့် သဘော ပါမည်ဟု ဦးဝင်းတင်က ခန့်မှန်းသည်။

“ရွေးကောက်ပွဲအလွန်ကာလမှာ အများကြီးကို အပြောင်းအလဲတွေ နိုင်ငံရေးအခြေအနေ ပတ်ဝန်းကျင် သစ်တွေက ပေါ်လာမယ်။ ဒါထင်ရှားတယ်။ ပေါ်ပေါက်လာမယ့် နိုင်ငံရေး အနေအထားတွေကို သူတို့သိတယ်။ အဲဒါသိတဲ့အတွက် လျှော့လိုက်၊ ပြောင်းလိုက်၊ ပြင်လိုက်လို့ မလုပ်ပါဘူး။ အန်အယ်လ်ဒီ အနေနဲ့ကတော့ လက်အိတ်မစွပ်ဘဲ လက်သီးထိုးရမယ့် အနေအထားမျိုးဖြစ်တဲ့ အချိန်မှာ စစ်အစိုးရကို တရုတ်အစိုးရက နေပြီးတော့ လုပ်ပေးမယ့်ဟာက လက်အိတ်တင်မကဘူး သံလက်သီး တပ်ပေးမယ့် အနေအထားမျိုးလို့ ကျနော်က ယူဆတယ်” ဟု ၎င်းက ပြောသည်။

တရုတ်အစိုးရအနေဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပြီးနောက်ပိုင်း နိုင်ငံရေးတည်ငြိမ်မှု political stability ဆိုသည့် စကားလုံးများကို သုံးစွဲလာခဲ့ကြောင်း၊ သို့သော် တရုတ်အစိုးရ အနေဖြင့် ပြောလာသည့် အတိုင်း (၃) နှစ်မက အချိန်ကြာခဲ့သော်လည်း ဘာမှ အကောင်အထည် မပေါ်ခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “တရုတ်အစိုးရကနေ တရုတ်သံအမတ်ကြီးက ၀မ်ကြားပေါင် မလာခင် အကြိုထုတ်တဲ့ ကြေညာချက်ထဲမှာလည်း ဒီစကားလုံး ပါတယ်။ ဒါပေမယ့် ဘာမှ တရုတ်က နိုင်ငံရေးတည်ငြိမ်မှု အတွက် လုပ်ပေးတာ မဟုတ်ဘူး။ အခုဆို အန်အယ်လ်ဒီကို နိုင်ငံရေးပင်မ ရေစီးကြောင်း ထဲကနေ ထုတ်လိုက်တဲ့ အဆင့်အတန်းထိ ရောက်လာတယ်။ ဒါတွေကို ကြည့်ရင် တရုတ်ပြောတဲ့ တည်ငြိမ်မှု မရှိဘူးဆိုတာ ပြတယ်” ဟု ပြောသည်။

အကယ်၍ မြန်မာစစ်အစိုးရအနေဖြင့် တရုတ်အစိုးရပြောသည့် နိုင်ငံရေးတည်ငြိမ်မှုကို လုပ်မည်ဆိုပါက နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု ဆိုသည်မှာ ဖြစ်မြောက်နိုင်ကြောင်း၊ သို့သော် စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရန် စေတနာ မရှိခြင်းသည် အခက်အခဲ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက် ပြောကြားသည်။

“တရုတ်အစိုးရအနေနဲ့လည်း တကယ်စေတနာရှိရင် စီးပွားရေးလုပ်ငန်းတို့ ဒီမိုကရေစီ အရိပ်အယောင်ပြတဲ့ ဟာမျိုးတွေလောက် လုပ်နေလို့ကတော့ ဘာမှ မထူးဘူး။ လုပ်ရမယ့်ဟာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲလို ဟာမျိုး၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ဖြစ်တယ်။ ဘာမှလည်း အဓိပ္ပာယ်ရှိတဲ့ အနေအထားမျိုး ရောက်အောင် မလုပ်ဘူး။ ကျနော်ကတော့ ၀မ်းကြားပေါင်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မျှော်လင့်ချက် မထားဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုး ရလဒ်တွေကိုလည်း ဘာမှ မမျှော်လင့်ဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုးသက်ရောက်မှု ဆိုတာတွေလည်း ဘာမှ ရှိလိမ့်မယ် မဟုတ်ဘူးလို့ သဘောထားတယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို အရေးယူပြီ

တက်လူ / ၀၃ ဇွန် ၂၀၁၀

သတင်းထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုပြုလုပ်ခဲ့သည့် ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို ရန်ကင်းမြို့နယ် တရားရုံးက ပြစ်မှု ကျင့်ထုံးပုဒ်မ ၂၀၄ (၁) အရ ယနေ့ အရေးယူလိုက်ကြောင်း ဆဲဗင်းဒေး သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံက ပြောသည်။

၎င်းက “အမှုနဲ့ပတ်သက်ပြီးတော့ ဒီနေ့ တရားရုံးက နေပြီးတော့ မြို့နယ်တရားသူကြီး ဦးနေအောင်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၂၃ / ၅၀၆) ပထမပိုင်းအရ အရေးယူလိုက်ပြီလို့ ပြောပါတယ်” ဟု ဆိုသည်။

ပုဒ်မ (၃၂၃) သည် နာကျင်စေမှုဖြစ်ပြီး ပုဒ်မ (၅၀၆) ပထမပိုင်းသည် ခြိမ်းခြောက် ပြောဆိုမှုဖြစ်ကြောင်း သိရသည်။

ထက်ထက်မိုးဦးက တရားရုံးသို့ လာရောက်ခြင်း မရှိသည့်အတွက် သမ္မန်စာ ဆင့်ခေါ်ထားကြောင်း၊ (၃) ကြိမ်အထိ မလာရောက်ပါက တရားဥပဒေအတိုင်း ဆက်လုပ်သွားမည် ဖြစ်ကြောင်း မအေးသူစံက ပြောသည်။

အမှုကို ဇွန်လ (၁၇) ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားပြီ မအေးသူစံဘက်မှ အကျိုးဆောင်ရှေ့နေမှာ တရားရုံးချုပ်ရှေ့နေ ဦးသန်းထွန်းအောင် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တရားရုံးရောက်ရသည့်အဖြစ်နှင့်ပတ်သက်၍ မအေးသူစံက “ကျမတသက်နဲ့တကိုယ် ဒီလိုမျိုး ရုံးရောက်လောက်တဲ့ အထိတော့ မမျှော်လင့်မိပါဘူး။ ကျမတို့ သတင်းထောက် အလုပ်ဆိုတာ ဒီလိုရုံးတွေ ဂတ်တွေနဲ့တော့ နီးစပ်တယ် ပြောရမှာပေါ့။ အခုလိုမျိုး တရားရုံးကို ရောက်ရတယ်ဆိုတာလည်း ကျမအနေနဲ့ ကြားထဲက နေပြီးတော့ စာပေနဲ့စာနယ်ဇင်း၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက နေပြီးတော့ သူနဲ့ကျမကို ကြားဝင် ညှိနှိုင်းပေးတယ်။ ကျမဘက်ကလည်း ကျမ လိုက်လျောနိုင်တဲ့ အတိုင်းအတာကို ပြောလိုက်တယ်ပေါ့။ သူ့ဘက်က လိုက်လျောခြင်း မရှိတဲ့အတွက် တရားဥပဒေ လမ်းကြောင်းတခုပဲ ရှိတော့တဲ့အတွက် ဒီလမ်းကြောင်းကိုပဲ ဆက်လုပ်ရမယ့်ပုံစံ ဖြစ်သွားတာပါ” ဟု ပြောဆိုသည်။

ပြီးခဲ့သည့်လ (၁၉) ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ဂျွန်ဆင်စ် ဘေဘီ အလှကုန် ပရိုမိုးရှင်းပွဲပြုလုပ်ရာ Ball Room တွင် မင်းသမီး ထက်ထက်မိုးဦးအား 7Day News ဂျာနယ် မှ မအေးသူစံက အင်တာဗျုး ပြုလုပ်ပြီးနောက် မေးသော မေးခွန်းအပေါ် မကျေမနပ် ဖြစ်ကာ ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုလုပ်ခဲ့သည့် အပေါ် ရန်ကင်းမြို့နယ်တရားရုံးတွင် သတင်းထောက် မအေးသူစံက ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

“သူ့ရဲ့ တုံ့ပြန်မှုကတော့ ကျမခံစားရသလောက် အရမ်းကို တာဝန်မဲ့လွန်းတယ်လို့ ထင်ပါတယ်” ဟု မအေးသူစံက ပြောသည်။

ပုဒ်မ (၃၂၃) အရ ထောင်ဒဏ် (၁) နှစ်နှင့် ငွေဒဏ် (၁,၀၀၀) ကျပ်၊ ပုဒ်မ (၅၀၆) အရ ထောင်ဒဏ် (၂) နှစ် ချမှတ်နိုင်ကြောင်း ဥပဒေရေးရာကိုကိုးကားပြီး ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေတဦးက ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

နျူကလီးယား အရေးကြောင့် ဂျင်မ် ဝက်ဘ် ခရီးစဉ် ရွှေ့ဆိုင်း

Thursday, June 03, 2010

အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်သည် ဇွန်လ ၄ ရက် နေ့တွင် မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်ကို ရုတ်တရက် ရွှေ့ဆိုင်း လိုက်သည်။

ယင်းသို့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ခြင်းမှာ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားနှင့် နျူကလီးယား အရေး ဆက်ဆံမှုများ ရှိနေသောကြောင့် ဖြစ်သည်ဟု မစ္စတာ ဂျင်မ် ဝက်ဘ်၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် အထက် လွှတ်တော် နိုင်ငံခြားရေး ကော်မတီ၏ အရှေ့အာရှနှင့် ပဖိစိတ်ရေးရာ ကော်မတီခွဲ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် သည် ကိုရီးယားနှင့် ထိုင်းနိုင်ငံ တို့သို့ အလည်အပတ် ရောက်ရှိ ပြီးနောက် မြန်မာပြည် ခရီးစဉ်ကို ဆက်လက် လာရောက်ခြင်း မရှိဘဲ ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်သည်။

“မြန်မာနှင့် မြောက်ကိုရီးယားသည် သံသယရှိဖွယ် နျူကလီးယား သင်္ဘောနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ ထိုအရေး ကိစ္စများကို မရှင်းလင်းဘဲ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်လျှင် အမျှော်အမြင် ကင်းမဲ့ပြီး အကျိုးယုတ်ရာ ကျမည်ဟု ယုံကြည်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော် ပြောကြားခဲ့သည်။

၄၇ မျက်နှာရှိ အစီရင်ခံစာတစောင်ကို အေပီသတင်းဌာနက မေလ ၂၇ ရက်နေ့တွင် ကိုးကားဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။

“တရားမ၀င် လက်နက် ဖြန့်ချိဖို့နဲ့ သယ်ဆောင်ဖို့အတွက် မြောက်ကိုးယားက ပြည်ပ အခြေစိုက် ဥပဒေ ပြင်ပက အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာလည်း တွေ့ရတယ်” ဟု ကျွမ်းကျင်သူများက အစီရင်ခံစာတွင် ထောက်ပြထားသည်။

မစ္စတာ ဂျင်မ် ဝက်ဘ်က မြန်မာနှင့် အမေရိကန်အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးရေး အတွက် သမ္မတ အိုဘားမား အစိုးရ ကိုလည်း တိုက်တွန်းထားသည်။

“အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာပြည်အကြား ဆက်ဆံရေးတခုလုံးနဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ် အမြန်ဆုံး စေလွှတ်ရန် အလေးအနက် အကြံပြု တိုက်တွန်းလိုပါတယ်” ဟု ထုတ်ပြန် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှ မဟာဗျူဟာ ချိန်ခွင်လျှာ မျှရေးနှင့် အမေရိကန်-မြန်မာ နှစ်နိုင်ငံ အစိုးရ ဆက်ဆံရေး ပိုမို ပွင့်လင်း လာစေရန် တွေ့ဆုံ ဆွေးနွေးရေး ဆက်လုပ်မှ ဖြစ်မည်ဟု ယုံကြည်ကြောင်းလည်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလက အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ကိစ္စပြောဆိုရာတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းက ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) ကို လိုက်နာမည်။ သို့ သော် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စောင့်ရှောက် ရမည့် တာဝန်လည်း ရှိသည် ဟု ပြန်လည် ပြောကြားခဲ့ဖူးသည်။

Ref: ဧရာဝတီ်

Read More...

မုံရွာဈေးမီး ကျပ်သိန်း ၁၆ဝဝ ကျော် ဆုံးရှုံး

မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မုံရွာမြို့ရှိ ချင်းတွင်း ရတနာဈေးသစ်ကြီးတွင် ယနေ့နံနက်ပိုင်း၌ ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း မီးလောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်ပေါင်း ၁၆၅၆ သိန်း ဖြစ်ကြောင်း မုံရွာ ဗဟို မီးသတ်အဆိုအရ သိရသည်။

ကြာသာပတေးနေနံနက် ၃ နာရီခွဲမှ စတင်၍ နံနက် ၁ဝ နာရီခွဲအထိ မီးလောင်မှုတွင် ငါးပိ၊ ငါးခြောက်၊ ရွှေဆိုင်၊ အထည်ဆိုင်၊ ဖိနပ်ဆိုင်နှင့် စားသောက်ကုန်များ ရောင်းချသော ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

“အပြီးသတ် ငြှိမ်းတာက ၁ဝ နာရီ ၃ဝ မှာပါ။ ဈေးက နှစ်ထပ်ဈေး၊ မီးလောင်တာကတော့ အပေါ်ထပ်က ၁၅၃ ခန်း၊ အောက်ထပ်က ၂၅၃ ခန်း စုစုပေါင်း ၄ဝ၆ ခန်း လောင်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၁၆၅၆ ဖြစ်ပါတယ်” ဟု မုံရွာ ဗဟိုမီးသတ်မှ တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

"ပစ္စည်းတွေက ဘယ်လိုမှ ထုတ်ယူလို့ မရတော့ဘူးဗျ။ ဝင်ပေါက်နေရာတွေကလည်း လောင်တယ်။ ညပိုင်းလည်း ဖြစ်တယ်ဆိုတော့ အကုန်လောင်တော့တာပဲ" ဟု ဈေးအနီး နေထိုင်သူတဦးက မဇ္ဈိမကို ဆိုသည်။

ဈေးကြီးသည် မြို့လယ်ခေါင် လမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းမ အရှေ့ဘက် (အလယ်ရပ်) နှင့် အနောက်ဘက် (ဘုရားကြီးရပ်ကွက်) တွင် အပိုင်းနှစ်ပိုင်းခွဲကာ တည်ဆောက်ထားပြီး ဆိုင်ခန်းပေါင်း ၁ဝဝ၆ ခန်း ရှိသည်။ မီးလောင်မှုမှာ အရှေ့ဘက်ရုံသာ ဖြစ်သော်လည်း ယခုအခါ အနောက်ဘက် ဈေးရုံကိုပါ ပိတ်ထားလိုက်သည်။

မီးလောင်ရာသို့ မုံရွာမြို့အနောက်ဘက် ဆားလင်းကြီးနှင့် ပုလဲ၊ တောင်ဘက်ရှိ မြင်းမူ၊ မြောက်ဘက်ရှိ အလုံမြို့တို့မှ မီးသတ်ကားများလည်း လာရောက်ရာ မီးသတ်ကားပေါင်း ၃၉ စီး ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရသည်။

ယခုသတင်းပေးပို့သည့် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအထိ မီးကြွင်းမီးကျန်များကို ဆက်လက် ငြှိမ်းသတ် ရှင်းလင်းဆဲဖြစ်သည်။

လျှပ်စစ်ဝါယာရှော့ ဖြစ်ရာမှ လောင်ကျွမ်းကြောင်း ဈေးလုံခြုံရေးများက ယုံကြည်နေပြီး၊ ဗဟို မီးသတ်ကလည်း အင်ဗာတာမှ စတင် လောင်ကျွမ်းကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဈေးကြီးများ မကြာခဏ မီးလောင်လေ့ရှိရာ ယခုနှစ်အတွင်း၌ပင် မေလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း မင်္ဂလာဈေး ၄ ထပ်မြောက်နှင့် ခေါင်မိုးပေါ်ရှိ ဆိုင်ခန်း စုစုပေါင်း ၈၄၅ ခန်း မီးလောင်ခဲ့ရာ ကျပ်သိန်းပေါင်း ၂ သိန်းကျော် ဆုံးရှုံးခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင် ရန်ကုန် သင်္ကန်းကျွန်းဈေးတွင် ဆိုင်ခန်း ၆၅၁ ခန်း မီးလောင်ခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

နော်ဝေးဝန်ကြီး နာဂစ်ဒေသ လှည့်လည်

ကျော်ခ
ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ နော်ဝေးနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်က မြန်မာနိုင်ငံဆိုင်ရာ ကုလ ကိုယ်စားလှယ်နှင့်အတူ နာဂစ်ဆိုင်ကလုံး မုန်တိုင်းသင့် ဒေသသို့ သွားရောက် လေ့လာခဲ့သည်။

၃ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ မေ ၃၁ ရက် နေ့က ရောက်ရှိလာသော မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်နှင့် အဖွဲ့သည် လွန်ခဲ့သည့် ၂ နှစ်ကျော်က နာဂစ်မုန်တိုင်း တိုက်ခတ်ရာ ဒေသများကို လှည့်လည် ကြည့်ရှုအပြီး နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးမောင်မောင်ဆွေတို့နှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်က နာဂစ်မုန်တိုင်းသင့်ရာဒေသကို လေယာဉ်ပေါ်မှ ကြည့်ရှုခဲ့ပြီး ကွမ်းခြံကုန်း မြို့နယ်နှင့် ကျိုက်လတ် မြို့နယ်တို့မှ ကျေးရွာ ၃ ရွာကို သီးသန့် သွားရောက်ခဲ့သည်ဟု ခရီးစဉ်တွင် အတူ လိုက်ပါသွားခဲ့သော အကူညီပေးရေး အဖွဲ့တခုမှ တာဝန်ခံ တဦးက ပြောသည်။

“ပျက်ဆီးဆုံးရှုံးမှုတွေကို နော်ဝေနိုင်ငံက သိပါတယ်။ သေသွားတဲ့ သူတွေ အသက်ပြန်ရှင်လာဖို့ အတွက် မတတ် နိုင်ပေမယ့် အသက်ရှင် ကျန်ခဲ့သူတွေအတွက် ထူထောင်ရေး လုပ်ငန်းတွေကို ပြည့်စုံအောင် အတတ်နိုင်ဆုံး ကူညီ သွားပါမယ်” ဟု နော်ဝေ ဝန်ကြီးက ကျေးရွာသားများကို ပြောကြားသွားကြောင်း ကုလသမဂ္ဂ ဌာနကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မေ ၂ ရက်နေ့နှင့် ၃ ရက်နေ့ ၂ဝဝ၈ ခုနှစ်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတောင်ပိုင်း တို့ကို နာဂစ် ဆိုင်ကလုံး မုန်တိုင်း တိုက်ခိုက်ရာ လူ ၁၄ဝဝဝ သေဆုံးပြီး လူဦးရေ ၂.၄ သန်း အခြေ ပျက်ပြားသွားရသည်။

ကွမ်းခြံကုန်း မြို့နယ်တွင် ငါးဖမ်းလုပ်ငန်းမှ ငါးဖမ်း ကိရိယာပိုင်ဆိုင်မှုနှုန်းသည် နာဂစ်မဖြစ်မီက ၁၅.၈ ရာခိုင်နှုန်း ပိုင်ဆိုင် ခဲ့သော်လည်း မုန်တိုင်းပြီးနောက်၂.၇ ရာခိုင်နှုန်းသာ ကျန်တော့ကြောင်း နာဂစ် ကူညီရေး လုပ်ဆောင်နေသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ TCG က ထုတ်ပြန် ထားသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများဖြစ်ခဲ့သည့် ဒေသအသီးသီးအတွက် အဆောက်အဦနှင့် အသက်မွေး ဝမ်းကြောင်း လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍ အသီးသီးအတွက် ၂ဝဝ၉-၂ဝ၁၁ အတွင်း နာဂစ်အလွန် ပြန်လည် ထူထောင်ရေး အတွက် စုစုပေါင်း ဒေါ်လာ ၆၉၁ သန်း လိုနေသော်လည်း ယခုအထိ သန်း ၁၈ဝ သာ ရရှိ သေးကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံကော်ပိုရေးရှင်း ဖွဲ့ပေးမည်

မြတ်ခိုင်ဦး / ၀၃ ဇွန် ၂၀၁၀

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားများအတွက် အသက်အာမခံ လျော်ကြေးငွေ ပေးအပ်ရန် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခု တည်ထောင်ခွင့် ပြုတော့မည်ဖြစ်သည်။

ယမန်နေ့က ပြုလုပ်သော နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် ထိုင်း အလုပ်သမား ဝန်ကြီး ဌာနက ယင်းသို့ ချမှတ် လိုက်ခြင်းဖြစ်ကြောင်း အစိုးရ သတင်းအေဂျင်စီတွင် ဖော်ပြသည်။

အလုပ်သမားလစာ၏ (၀.၂) ရာခိုင်နှုန်းမှ (၁) ရာခိုင်နှုန်းအထိ အလုပ်ရှင်က ပေးအပ်ရမည်ဖြစ်သော အသက်အာမခံ ငွေကြေးဖြင့် ရွှေ့ပြောင်း အလုပ်သမားများ အတွက် အာမခံ လျော်ကြေးငွေ ပေးအပ်နိုင်ရန် တသီးပုဂ္ဂလ ကော်ပိုရေးရှင်း တခုကို မကြာခင် ခွင့်ပြု ဖွင့်လှစ် ပေးသွားတော့မည်ဖြစ်သည်။

အစီအစဉ်အရ ကော်မတီခွဲများသည် တပတ်အတွင်း အာမခံကုမ္ပဏီတခုခုကို ရှာဖွေ၍ လိုအပ်သော အချက်အလက် မှတ်တမ်းများကို နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီ၏ နောက်အပတ် အစည်းအဝေးတွင် တင်ပြရမည် ဖြစ်သည်။

ဤအာမခံလျော်ကြေးငွေသည် ထိုင်းအလုပ်သမားများ ရရှိခံစားရသော လူမှုဖူလုံရေး ရန်ပုံငွေနှင့် သက်ဆိုင်ခြင်း မရှိဘဲ ရွှေ့ပြောင်း အလုပ်သမားများ အတွက် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခုမှ သီးခြားတာဝန်ယူ လုပ်ကိုင်ရမည်ဖြစ်ကာ လျော်ကြေး ပေးအပ်မည် မပေးအပ်မည် ဆိုသည်ကို အဆိုပါ ကော်ပိုရေးရှင်းမှ ဆုံးဖြတ်ပိုင်ခွင့် ရှိမည် ဖြစ်သည်။

အလုပ်သမားမှ တောင်းခံလာလျှင် ပေးအပ်မည့် စံချိန်စံညွှန်း ကိုက်မကိုက် ဆိုသည့် ကိစ္စအတွက်မူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက “ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေလည်း ထိခိုက် နစ်နာတယ် ဆိုတာကို မီဒီယာတွေက တော်တော် ကျယ်ကျယ်ပြန့်ပြန့် တင်ပြတာတွေ ရှိတော့ ဒါကို အရေးတယူ စဉ်းစားလာရတာ ဖြစ်မယ်” ဟု ဆိုသည်။

တရားဝင်ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံလျော်ကြေးငွေ ပေးအပ်ရေး ကော်ပိုရေးရှင်းတခု ထူထောင်ပေးမည်ဟု ထိုင်း အစိုးရက ဆုံးဖြတ်လိုက်သည့် တချိန်တည်းတွင်ပင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလုပ် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများကို တိုင်းပြည်အတွင်းမှ ဖမ်းဆီးပြန်ပို့ရေး အစီအစဉ်ကိုလည်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ နောက်ဆုံးထား လုပ်ဆောင် သွားမည်ဟု သိရသည်။

တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးပြန်ပို့ရေးအတွက် ထိုင်း ဒု-၀န်ကြီးချုပ်က အထူးတပ်ဖွဲ့များ ဖွဲ့စည်းရန် သဘော တူခဲ့ပြီးဖြစ်ကာ အဆိုပါ ဖမ်းဆီးရေး လုပ်ငန်းစဉ်အတွက် သုံးစွဲရန် အလုပ်ရှင်ထံမှ အလုပ်သမားခွန် အဖြစ် တရားဝင် အလုပ်သမား တဦးလျှင် ဘတ်ငွေ (၂,၄၀၀) ကောက်ခံသွားမည် ဖြစ်သည်။

စာရင်းဇယားများအရ ၂၀၀၉ ခုနှစ်အတွင်း တရားမဝင်အလုပ်သမား ခန့်ထားမှုအတွက် အလုပ်ရှင်ပေါင်း (၁,၅၁၈) ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီး ခံရသူပေါင်းမှာ (၁၁,၄၃၆) ဦးရှိသည်။

ယခုနှစ် ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ အလုပ်လုပ်ခွင့် ဘတ်သက်တမ်း ဆက်ရမည်ဖြစ်သော ရွှေ့ပြောင်း အလုပ်သမားများ အနက် ဦးရေ (၃၀၀,၀၀၀) ကျော်သည် တရားမဝင် အလုပ်သမားများ အဖြစ်သို့ ကူးပြောင်း ရောက်ရှိ သွားကြသည်။

ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်၏ ကုန်ကျငွေစရိတ်ကို မတတ်နိုင်ခြင်းနှင့် အဆိုပါ လုပ်ငန်းစဉ်အား ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိမှုများကြောင့် ဖြစ်သည်ဟု အလုပ်သမားရေး အဖွဲ့များမှ ထုတ်ဖော်ပြောဆိုသည်။

အထူးသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နိုင်ငံသား စိစစ်မှုခံယူပြီး ယာယီ နိုင်ငံကူး လက်မှတ်ဖြင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရမည်ဟု ဆိုသော်လည်း ၎င်းတို့ အများစုသည် အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဆက်လက် ၀င်ရောက် နေကြဆဲဖြစ်ကာ ယမန်နေ့ကပင် မြန်မာအမျိုးသမီး (၄၆) ဦးအား ရနောင်းမြို့အနီး ထိုင်းရေပိုင်နက် ပင်လယ်ပြင်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, June 3, 2010

လူသိရှင်ကြားတောင်းပန်ရန် ထက်ထက်မိုးဦး ငြင်းဆန်

NEJ / ၀၂ ဇွန် ၂၀၁၀

7day news ဂျာနယ်မှ သတင်းထောက် မအေးသူစံအား ကိုယ်ထိလက်ရောက် ကျုးလွန်မှုအတွက် လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်ရန် မင်းသမီး ထက်ထက်မိုးဦးက ငြင်းဆန်လိုက်သည်။

7day news ဂျာနယ်မှ သတင်းထောက် မအေးသူစံအား ကိုယ်ထိလက်ရောက် ကျုးလွန်သည့် ကိစ္စကြောင့် သတင်းထောက်ဘက်မှ ရန်ကင်းမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ကာ တရား စွဲဆိုထားသည်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြားဝင်စေ့စပ်ပြီး ထက်ထက်မိုးဦးအား သတင်းထောက်ကို လူသိရှင်ကြား တောင်းပန်ပေးရန် ညှိနှိုင်းပြောဆိုမှုအပေါ် မင်းသမီးက ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးမြင့်သိန်းဖေတို့အပါအ၀င် လူကြီးတွေက တောင်းပန်ဖို့ပြောတယ်၊ သူက ငြင်းနေတယ်၊ တရား စွဲထားတဲ့အတွက် တရားဥပဒေအရ ရင်ဆိုင်မယ်လို့ပဲ ပြောတယ်။ ဒီကိစ္စဟာ အမှိုက်ကစပြီး ပြဿဒ်ကို မီးလောင် ဆိုတာမျိုး ဖြစ်ရင်တော့ ခက်မယ်” ဟု မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ဝင် တဦးက ပြောသည်။

မေလ (၂၆) ရက်နေ့၌ ထက်ထက်မိုးဦးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ခေါ်ယူ တွေ့ဆုံခဲ့သည့် အပေါ် ထက်ထက်မိုးဦးက ယင်းသို့ ငြင်းဆန်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့ဘက်ကလည်း အေးသူစံနဲ့ မေ (၂၃) ရက်နေ့က တွေ့တယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနဲ့ စာနယ်ဇင်း (၂) ဖွဲ့စလုံးက သတင်းထောက်ကို ထက်ထက်မိုးဦးက လူသိရှင်ကြား တောင်းပန်ရင် သတင်းထောက်က တရားရုံး အမှုကို ပိတ်ပေးမယ် ဆိုတာမျိုးပေါ့။ အဲဒီလိုသာ ထက်ထက်မိုးဦးက မလုပ်ရင် သတင်းထောက်ရဲ့ သဘော ဆိုတာကိုလည်း စာပေနှင့် စာနယ်ဇင်းက အတွင်းရေးမှူးသစ် ဦးကိုကို (စက်မှု) က တရားဝင် စာအမှတ် ၁/၂၀၁၀ နဲ့ တရားဝင် ထုတ်ပြန်တဲ့ စာမှာလည်း ပါတယ်လေ” ဟု စာပေနှင့် စာနယ်ဇင်း အဖွဲ့ဝင်တဦးက ပြောသည်။

ထိုသို့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ဆုံးဖြတ်ပေးမှုကို ထက်ထက်မိုးဦးက လက်မခံသည့် အတွက် ၀မ်းနည်းစွာ ရှုတ်ချကြောင်း ကြေညာချက်ကို အဆိုပါအဖွဲ့က မေ (၃၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက “ထက်ထက်မိုးဦးကိစ္စ သူတို့ ညှိနှိုင်းပေးတယ်။ ဒါကို ထက်ထက်မိုးဦးက လက်မခံတော့ စာနယ်ဇင်းအဖွဲ့က ကြေညာချက်ထုတ်ပြီး ရှုတ်ချလိုက်တာ။ ကြေညာချက်ထဲမှာ ထက်ထက်မိုးဦးကို လွန်စွာ ရိုင်းပျခဲ့တယ်။ လူမှုရေးအရ ဖြေရှင်းပေးတာကို လုံးဝ လိုက်လျောမှု မရှိ ဆိုတာတွေပါ ထည့်ရေးထားတယ်။ တကယ်ဆို ထက်ထက်မိုးဦး အနေနဲ့ သူ့ဘာသာသူ တရားဥပဒေအရပဲ ဖြေရှင်းမယ်ဆိုတာ သူ့လုပ်ပိုင်ခွင့်ပဲ။ ခုလို ကြေညာချက်ထုတ် ရှုတ်ချတာမျိုး မလုပ်သင့်ဘူး။ တကယ်တော့ အစိုးရက ခန့်ထားတဲ့ စာပေနဲ့ စာနယ်ဇင်းဥက္ကဋ္ဌ ဦးတင်ခ၊ ကိုကို (စက်မှု)၊ မြတ်ခိုင်၊ ဒေါက်တာ တင်ထွန်းဦးတို့ အုပ်စုအနေနဲ့ အနုပညာရှင်တွေကိုရော၊ သတင်းထောက်တွေ အယ်ဒီတာတွေကိုပါ သူတို့ သြဇာ နာခံလာအောင် လုပ်လိုက်တာလို့ပဲ မြင်တယ်” ဟု ပြောသည်။

အခြား သတင်းစာဆရာ တဦးကလည်း ယခုကဲ့သို့ ထင်ရှားကြော်ကြားသည့် အနုပညာသည်နှင့် သတင်းထောက် ပြဿနာ ဖြစ်ကြခြင်းသည် နိုင်ငံတကာတွင်လည်း အဆန်းတကြယ် မဟုတ်ကြောင်း၊ ပြဿနာ ဖြစ်လာပါက တရားရုံးကနေ ဖြေရှင်းနိုင်သကဲ့သို့ မီဒီယာများမှ တဆင့်လည်း လွတ်လပ်စွာ တင်ပြခွင့် ရကြကြောင်း ပြောသည်။

၎င်းက “အခု မြန်မာပြည်တွင်းမှာ ဖြစ်နေတာက ဒီလို သတင်းလေးကိုတောင် လွတ်လပ်စွာ ဖော်ပြခွင့်ပေးဖို့ နေနေသာသာ လုံးဝ ပိတ်ပင်ထားတယ်။ ဒါတင်မက ကနဦး ခွင့်ပြုချက်နဲ့ ဖော်ပြခဲ့တဲ့ ဂျာနယ်တွေကိုလည်း ဂျာနယ်ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခိုင်းပြီး အပြစ်ပေး အရေးယူတာမျိုး လုပ်ခဲ့တယ်။ အခုတခါ စာပေနဲ့ စာနယ်ဇင်းအဖွဲ့က သူတို့ဘာသာသူတို့ တရားရုံးသဖွယ် ဆောင်ရွက်လာပြန်တယ်” ဟု ပြောသည်။

လူမှုရေးအရ အမှန်တကယ် ညှိနှိုင်းပေးသည်ဆိုပါက ညှိနှိုင်းပေးမှုအား လက်မခံပါက လက်မခံသည့် အတိုင်း ထားရုံသာဖြစ်ပြီး တရားရုံး ဖြေရှင်းချက်ကို စောင့်ရမည်ဖြစ်ကြောင်း၊ ယခုလုပ်ရပ်သည် စစ်အစိုးရ စာပေစိစစ်ရေး၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့များ အနေဖြင့် လိုရင် လိုသလို၊ မလိုရင် မလိုသလို လုပ်သည့် လုပ်ရပ်မျိုးသာ ဖြစ်ကြောင်း အဆိုပါ သတင်းစာဆရာက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်များက သတင်းလိုက် ဓာတ်ပုံရိုက်သည့် The Voice ဂျာနယ် သတင်းထောက် တယောက်ကို စီးပွားရေး လုပ်ငန်းရှင် တဦးနှင့် အပေါင်းအဖော်များက ဝိုင်းဝန်း ရိုက်နှက်မှုမျိုး ဖြစ်ခဲ့ဖူးသော်လည်း ဖြစ်စဉ်ကို သတင်းရေးသားခွင့် မရရုံသာမက စာပေနှင့် စာနယ်ဇင်း အဖွဲ့ကလည်း ဝင်ရောက် ဖြေရှင်းပေးခြင်းမျိုး မရှိခဲ့ပေ။

အလားတူ သတင်းထောက်များ နှောင့်ယှက် စော်ကားခံရမှု များစွာ၌လည်း မည်သို့မျှ ဝင်ရောက်ပြောဆို ကြေညာချက် ထုတ်ပေးခြင်းမျိုး မရှိခဲ့ပေ။

ယခုကြေညာချက်ထုတ်ပြီး နောက်နေ့တွင် စာပေနှင့်စာနယ်ဇင်းအဖွဲ့က သတင်းထောက် မအေးသူစံကို ခေါ်ပြီး သတိပေးချက်နှင့် ဆုံးမသြဝါဒများ ပေးခဲ့ကြောင်းလည်း သိရသည်။

7day news ဂျာနယ်မှ သတင်းထောက် အေးသူစံက ထက်ထက်မိုးဦးနှင့် အင်တာဗျုးရန် ဖုန်းဆက်ချိန်းဆိုရာ ပြီးခဲ့သည့် မေ (၁၉) ရက်တွင် ဆီဒိုးနားဟိုတယ်၌ ပြုလုပ်မည့် Johnson’s Baby Lotion ကုန်ပစ္စည်း အရောင်းမြှင့်တင်ပွဲတွင် တွေ့ဆုံရန် ထက်ထက်မိုးဦးက ချိန်းဆိုမှုကြောင့် သတင်းထောက် အေးသူစံက သွားရောက် တွေ့ဆုံ မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းရာတွင် ထက်ထက်မိုးဦးက မကြိုက်သော မေးခွန်းများပါဝင်သည့် အတွက် မင်းသမီးက သတင်းထောက်အား ထွက်သွားရန် နှင်ထုတ်ခဲ့ကြောင်း၊ သတင်းထောက်က ယင်းကို ပြန်လည်တောင်းပန်၍ ထွက်ခွာခဲ့ကြောင်း၊ ခေတ္တခဏ အကြာတွင် ထက်ထက်မိုးဦးက သူနှင့် ရင်းနှီးသော Perfect မဂ္ဂဇင်းမှ မခင်သက်ဦးအား 7Day News ဂျာနယ်သတင်းထောက် မအေးသူစံကို ခေါ်ခိုင်းကာ ဆီဒိုးနားဟိုတယ် ballroom ရှေ့ လူမြင်ကွင်းတွင် ကာယကံမြောက် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်အတွက် 7 Day News ဂျာနယ်သတင်းထောက်က ရန်ကင်း ရဲတပ်ဖွဲ့စခန်းသို့ အမှုဖွင့်ပေးရန် တိုင်ကြားခဲ့ပြီး ရန်ကင်း တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း၊ အမှုကို ဇွန်(၃) ရက်တွင် ချိန်းဆိုထားကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ဝမ်ကျားပေါင်နှင့် ဗိုလ်ချုပ်မှူးကြီး ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

ကိုထွေး
Wednesday, June 02, 2010

မြန်မာ နိုင်ငံသို့ ယနေ့ ရောက်ရှိ လာသည့် တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်သည် ၂၀၁၀ ရွေးကောက်ပွဲနှင့် စွမ်းအင်ကဏ္ဍ ရင်းနှီး မြှပ်နှံမှုများကို အဓိကထား၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေးနွေး နိုင်ဖွယ် ရှိကြောင်း သိရသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသား များကို ဆက်လက် ထိန်းသိမ်း ထားပြီး ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်ဟု နိုင်ငံတကာ၏ ဝေဖန်ခံနေ ရချိန်တွင် မစ္စတာ ၀မ်ကျားပေါင်က အများယုံကြည် လက်ခံသော ရွေးကောက်ပွဲ ဖြစ်လာရေး အတွက် ဆောင်ရွက်ရန် နည်းလမ်းများကို ပေးနိုင်ကြောင်း လေ့လာသူများက ဆိုသည်။

တရုတ် နိုင်ငံသည် မြန်မာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အကာအကွယ် ပေးလေ့ရှိ သဖြင့် မြန်မာပြည်၏ ရွေးကောက်ပွဲသည် တရုတ် အတွက် အရေးပါလျက် ရှိသည်။

ပြီးခဲ့သောနှစ်က စစ်အစိုးရ ခေါင်းဆောင်များ၏ မြောက်ကိုရီးယားသို့ တိတ်တဆိတ် သွားရောက်ရာတွင်လည်း တရုတ်အစိုးရက စီစဉ် ပေးခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ရန်ကုန်မြို့ရှိ ၀ါရင့် နိုင်ငံရေး သမား တဦးဖြစ်သူ သခင်ချန်ထွန်းက “မြန်မာပြည်သာ အစိုးရ ပြောင်းလဲပြီး တရားဝင်အစိုးရ တက်လာရင် မြန်မာပြည် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ အပေါ် တရုတ်ပြည်သူတွေရဲ့ သဘောထားကလည်း တိုးတက် လာနိုင်တယ်” ဟု ပြောသည်။

မစ္စတာ ၀မ်ကျားပေါင်က စစ်အစိုးရကို ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရရေး တိုက်တွန်း နိုင်သကဲ့သို့ တရုတ်နှင့် အာဆီယံ နိုင်ငံများမှ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာသူများကို လက်ခံရန်လည်း တိုက်တွန်းနိုင်ကြောင်း နယ်စပ်ဒေသ တည်ငြိမ်ရေး အတွက် ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့နှင့် ပတ်သက်၍လည်း ဆွေးနွေးနိုင်ကြောင်း သိရသည်။

မေ လ ၃၀ ရက်နေ့က အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ကလည်း မြန်မာပြည်သို့ သွားရာက်မည့် တရုတ် ဝန်ကြီးချုပ်ထံ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး၊ နယ်စပ်ဒေသ မတည်ငြိမ်မှု၊ ဒေသတွင်း စေ့စပ် ညှိနှိုင်းမှုနှင့် သံတမန်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည့် အချက် ၄ ချက်ကို ဆွေးနွေး အကြံပြုထားသည့် အိတ်ဖွင့် ပေးစာ တစောင် ကိုလည်း ပေးပို့ခဲ့သည်။

တရုတ်နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံခြင်းမရှိဘဲ တပါတီ စနစ်ကို ကျင့်သုံးသော်လည်း ၂၀၀၅ ခုနှစ်မှ စတင်၍ ရွေးကောက်ပွဲ ကျင်းပသည့် ပါကစ္စတန်၊ ကာဇက်စတန်၊ အီသီယိုးပီးယားနှင့် ဆူဒန်နိုင်ငံများသို့ စောင့်ကြည့် လေ့လာသူများကို စေလွှတ်ခဲ့ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ အပြုသဘော ဆောင်သော မှတ်ချက်များကိုသာ ပေးခဲ့သည်။

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် တွေ့ဆုံရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် စီစဉ်ထားသဖြင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့များ လာရောက်ရန် လိုအပ်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

ဤခရီးစဉ်သည် ၁၆ နှစ်တာကာလ အတွင်း ပထမဆုံးသော ၀န်ကြီးချုပ်အဆင့် ခရီးစဉ်ဖြစ်ပြီး ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို တိုးမြှင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ye Dabo ၏ အဆိုကို ကိုးကား၍ ဆင်ဟွာ သတင်းတရပ်တွင် ရေးသားထားသည်။

တရုတ်ဝန်ကြီးချုပ် ခရီးစဉ် မတိုင်မီ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မြန်မာ- တရုတ် သံတမန် ဆက်ဆံရေး နှစ်( ၆၀)ပြည့် အထိမ်းအမှတ် ငွေကျပ် ၁၀၀ တန် တံဆိပ်ခေါင်းသစ်ကို မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး စခန်းများ၌ ဇွန်လ ၈ ရက်နေ့တွင် စတင် ရောင်းချမည်ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာက ထုတ်ဖော် ကြေညာသည်။

မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သည့် တရုတ်အဆင့်မြင့် အရာရှိမှာ ၂၀၀၉ ဒီဇင်ဘာတွင် လာရောက်ခဲ့သည့် တရုတ် ဒုတိယ သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဖြစ်သည်။ ရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံစဉ် တရုတ်အနေ ဖြင့် မြန်မာနိုင်ငံကို နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်မှုများ မြင်လိုသည်ဟု ပြောကြားခဲ့ဖူးသည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဦးသိန်းလွင်ကလည်း “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း စီးပွားရေး ပူးပေါင်းမှုနဲ့ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ လုပ်ငန်းတွေကို ပိုမို ဆောင်ရွက်နိုင်မှာပါ” ဟု တရုတ်နိုင်ငံထုတ် China Daily ကို ပြောကြားခဲ့သည်။

စွမ်းအင်၊ ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍရပ်များ တရုတ်ကုမ္ပဏီများ အနေဖြင့် ပိုမိုရင်းနှီးမြှပ်နှံ နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ နှင့် ရေနံ ဝယ်ယူမည့် တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့ ပိုက်လိုင်းများ တည်ဆောက်သွားရန် သဘောတူညီခဲ့သည်။ တနှစ်လျှင် သဘာဝ ဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ၊ ရေနံစည် ၄ဝဝ ဝဝဝ တင်ပို့မည် ဟု ဆိုသည်။

သို့သော်လည်း လက်ရှိ အခြေအနေတွင် တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေး အရောင်းအ၀ယ်မှာ အနည်းငယ် အေးနေကြောင်း၊ တရုတ် ၀န်ကြီးချုပ် ခရီးစဉ်ပြီး ပါက နယ်စပ်ကုန်သွယ်ရေး ပိုပြီး အလားအလာ ကောင်းလာနိုင်ကြောင်း၊ တရုတ်-မြန်မာ နယ်စပ်မှ စီးပွားရေး လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်ကလည်း တရုတ်ကုန်ကို မှီခိုနေရတော့ နယ်စပ်အတွက် ပိုကောင်းလာနိုင်တာပေါ့၊ နှစ်နိုင်ငံ ဆက်ဆံရေး ကလည်း နှစ် ၆၀ ကျော်လာခဲ့ပြီ ဆိုတော့ လုပ်ငန်းကိုင်ငန်းကို နည်းနည်း စနစ်တကျ လုပ်မယ်လို့ ထင်တာပေါ့၊ ပိုပြီးတော့ အားပေးလိမ့်မယ်လေ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် စီမံကိန်း များတွင် စုစုပေါင်း ဒေါ်လာ ၁.၃၃ ဘီလီယံ ရင်းနှီး မြှုပ်နှံထားသည်။

ထိုင်း၊ ဗြိတိန်၊ စင်ကာပူနိုင်ငံများ ပြီးလျှင် တရုတ်သည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် အများဆုံး ရင်းနှီး မြှုပ်နှံသည့် နိုင်ငံ ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များ၊ သတ္တုများ၊ ကျွန်းသစ် နှင့် အဖိုးတန် ကျောက်မျက် ရတနာများ တရုတ်နိုင်ငံသို့ တင်ပို့သည်။ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အဝတ်အထည်နှင့် ဆေးဝါးများကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။

မြန်မာစစ်အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် မေ ၂၈ မှ ဇွန် ၃ အထိ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယားနှင့် မြန်မာ ၄ နိုင်ငံ ခရီးစဉ် သွားရောက်မည် ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ဂျပန်ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်သွားပြီ

ဗုဒ္ဓဟူး, 02 ဇွန် 2010

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက်စခန်းကို ပြောင်းရွှေ့ဖို့ မဲဆွယ် လှုပ်ရှားစဉ်က ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက် မပေးနိုင်တဲ့ အတွက် နှုတ်ထွက်တဲ့အကြောင်း ၀န်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) က ကြေညာ လိုက်ပါတယ်။

နှစ်ပေါင်း ၅၀ နီးပါး ဆက်တိုက်ဆိုသလို အစိုးရအဖြစ် အုပ်ချုပ်လာတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ လက်ထဲကနေ လွန်ခဲ့တဲ့ ၉ လ ကပဲ ဂျပန်ဝန်ကြီးချုပ် ဟတိုယာမ ရွေးကောက်ပွဲတွေနဲ့ တခဲနက် အနိုင်ရလာခဲ့တာပါ။ ဒါပေမဲ့လည်း ပါတီရန်ပုံငွေ အရှုပ်တော်ပုံ ပြဿနာတွေ၊ ၀န်ကြီးချုပ်ရဲ့ ဦးဆောင်မှု အရည်အချင်းအပေါ် သံသယတွေကြောင့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ဒီမိုကရက်ပါတီ ရေပန်းစားမှုတွေမှာ ထိခိုက်မှုတွေ ကြုံလာရတာ ဖြစ်ပါတယ်။

အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက် စခန်းကို ပြောင်းရွှေ့ဖို့ ပျက်ကွက်ခဲ့တဲ့ နောက်မှာလည်း ၀န်ကြီးချုပ်ကို လူကြိုက်များ လက်ခံတဲ့နှုန်းဟာ ၁၇% အထိ ကျဆင်းသွားခဲ့တာပါ။

ဝန်ကြီးချုပ်က သူနဲ့အတူ ပါတီရဲ့ ဒုတိယ အကြီးအကဲဖြစ်တဲ့ အိချီရို အိုဇာဝါ (Ichiro Ozawa) လည်း နှုတ်ထွက်မှာ ဖြစ်တဲ့အကြောင်း ဒီကနေ့ တိုကျိုမြို့က ဒီမိုကရက် ပါတီဝင်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် နှုတ်ထွက်သွားတဲ့ အတွက် သူ့ရဲ့ပါတီဟာလည်း ရှေ့လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ မရေမရာ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။

Ref: VOA News

Read More...

ထိုင်းသို့ ခိုးဝင်သည့် မြန်မာ အမျိုးသမီးများ ဖမ်းဆီးခံရ

သန်းထိုက်ဦး Wednesday, June 02, 2010

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ရေပိုင်နက် အတွင်း လှေဖြင့် တရားမ၀င် ရောက်ရှိ လာသော မြန်မာနိုင်ငံသား အမျိုးသမီး ၄၆ ဦးကို အာဏာပိုင်များက ယနေ့ ဖမ်းဆီး လိုက်သည်။

အဖမ်းခံရသူ အမျိုးသမီးများသည် အသက် ၂၀ မှ ၂၅ နှစ် အရွယ်ရှိကြပြီး ရနောင်းမြို့သို့ လှေဖြင့် ဦးတည် သွားနေရာမှ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းသို့ စုံစမ်း မေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက “ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို တရားစွဲဖို့ တရားရုံးကို ခေါ်သွားပြီ”ဟု ၎င်းက ဆိုသည်။

ယင်း အမျိုးသမီး များကိုလည်း တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လှေမောင်းသူ မြန်မာ နိုင်ငံသား ဟု ယူဆရသူ ၂ ဦးကိုလည်း လူကုန်ကူးမှုဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း ထိုင်းသတင်း ဖော်ပြချက်များအရ သိရှိရသည်။

ယနေ့ တနေ့တည်းမှာပင် ထိုင်း အာဏာပိုင်များက ချင်းရိုင်ခရိုင် ချင်းစန်မြို့နယ်တွင် မြန်မာနိုင်ငံသားများ အပါအ၀င် လာအိုနှင့် ကိုရီးယား လူမျိုး ၈၂ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းဘာသာဖြင့် ရေးသား ထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

အဖမ်းခံရသူများကို တယ်ခိုခန်း၊ စားသောက်ဆိုင်၊ ကာရာအိုကေ ဆိုင်များကို စီမံချက်ဖြင့် လိုက်လံ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး လာအို လူမျိုး ၄၇ ဦး၊ မြန်မာပြည်သား ၃၀ နှင့် ကိုရီးယား လူမျိုး ၅ ဦးတို့ကို ဖမ်းမိခဲ့သည်ဟု အဆိုပါ မန်နေဂျာ သတင်း၌ ရေးသားထား သည်။

ထို့အပြင် အဖမ်းခံရသူများကို ထိုင်းအာဏာပိုင်များက စစ်ဆေးမေးမြန်း၍ မယ်ဆိုင်မြို့ လူဝင်မှု ကြီးကြပ်ရေး(လ၀က)မှ တဆင့် ၎င်းတို့၏ မူယင်းနိုင်ငံသို့ ပြန်ပို့မည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို
နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ် ရေးထိုး ခဲ့သည်။

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ဘက်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှု ဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသော အဖွဲ့များက ပြောသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, June 2, 2010

မလေးရှား အန်အယ်ဒီအဖွဲ့ဝင် ထောင်ဒဏ် ၅ နှစ် ချမှတ်

မြင့်မောင်|
အင်္ဂါနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (မလေးရှားဌာနခွဲ) တွင် အဖွဲ့ဝင် ဖြစ်ဖူးသူ ကိုသန်းမြင့်အောင်ကို သင်္ကန်းကျွန်းမြို့နယ် တရားရုံးက တရားမဝင် နယ်စပ် ဖြတ်ကျော်မှုနှင့် တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုတို့ဖြင့် ထောင်ဒဏ် ၅ နှစ် ယနေ့ ချမှတ်လိုက်သည်။

မြန်မာနိုင်ငံတွင်းသို့ နယ်စပ်မှ ဖြတ်ကျော်မှု လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှု (၁၇/၁) ထောင်ဒဏ် ၃ နှစ် သီးခြားစီကျခံရန် တရားသူကြီး ဒေါ်ညွှန့်ညွှန့်ဝင်းက ချမှတ်လိုက်ခြင်း ဖြစ်သည်။

“သူ့အီမေးလ် ဖွင့်ကြည့်ပြီးတော့ အဲဒီထဲက အထောက်အထားတွေ အရ မလေးရှား NLD L/A မှာ ဝင်ရောက် လှုပ်ရှားခဲ့တဲ့ သက်သေခံတွေ၊ အချက်အလက် အထောက်အထားတွေက ခိုင်လုံနေတယ်” ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

အသက် ၃၁ နှစ်အရွယ် ကိုသန်းမြင့်အောင်သည် စစ်အစိုးရက အတိုက်အခံများကို ထောင်သွင်း အကျဉ်းချရာတွင် တွင်ကျယ်စွာ သုံးနေသော နိုင်ငံတော် အကြည်ညို ပျက်စေသော သတင်း အချက်အလက်များ အင်တာနက်မှ တဆင့် ဖြန့်ဝေမှု အီလက်ထရောနစ် အက်ဥပဒေ ၃၃ (က) ဖြင့်လည်း စွဲဆိုခံထားရပြီး ဇွန် ၄ ရက်နေ့တွင် တာမွေမြို့နယ်ရှိ အရှေ့ပိုင်း ခရိုင်ထပ်မံ အမှု ရင်ဆိုင်ရမှာ ဖြစ်သည်။

ကိုသန်းမြင့်အောင်မှာ မလေးရှားနိုင်ငံသို့ ပြန်လည်သွားရောက် အလုပ်လုပ်ရန် နိုင်ငံကူး လက်မှတ် လျှောက်ထားစဉ် မတ်လ ၄ ရက်နေ့က တာမွေမြို့နယ် ဘတ်စ်ကား မှတ်တိုင်တခုတွင် ရဲများက ဖမ်းဆီးခဲ့သည်။

ရဲက ဗုံးဖောက်ခွဲမှု တခုတွင်ပါ ပတ်သက်သည်ဟု သံသယရှိကာ သူကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စမ်းချောင်းမြို့ ပဒုမ္ပာပန်းခြံအတွင်း လူအသေအပျောက် မရှိသည့် ဗုံးပေါက်ကွဲမှု မတ်လ ၃ ရက် နေ့က ဖြစ်ပွားရာ ကိုသန်းမြင့်အောင် လက်ချက်ဟု ရဲက စွပ်စွဲခဲ့ရာက အထောက်အထား မပြနိုင်သဖြင့် စွဲချက် ပျက်ပြယ်သွားသည်။

ကိုသန်းမြင့်အောင်သည် မလေးရှားနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှသည် ၂၀၀၈ ခုနှစ် နှောင်းပိုင်းအထိ သွားရောက် အလုပ် လုပ်ကိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) တွင် အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည်ဟု စုံစမ်း သိရှိရသည်။

Ref: မဇ္ဈိမ

Read More...

လမ်းတွင် ငွေတောင်းသည့် ရဲ ပိုများပြားလာ

Wednesday, 02 June 2010

တရုတ် - မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် လုံခြုံရေး ရဲကင်းများ တိုးမြှင့်လာရာ ကား ထော်လာဂျီနှင့် ဆိုင်ကယ်သမား များထံမှ တရားမ၀င် ငွေတောင်းယူသည့် ရဲတပ်ဖွဲ့ဝင် ဦးရေ ပိုတိုးလာကြောင်း လိုင်းဆွဲနေသည့် ကားသမားများ အဆိုအရ သိရသည်။

အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတားကြီး ရွာကြီး မှန်သမျှတွင် ရဲကင်း လုံခြုံရေး ချထားခြင်း ဖြစ်ပြီး သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မှ မန္တလေး အထိ လမ်းတစ်လျှောက်တွင် ငွေတောင်းသည့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်း ရှိကြောင်း သိရသည်။

တရားဝင် ကုန်စစ်ဆေးရေး စခန်းများ အနေဖြင့် မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုံ ၊ ရေပူ နှင့် ၁၆ မိုင် တို့တွင်သာ ထားရှိသော်လည်း ရဲကင်းများက ဂျူတီလက်မှတ် စစ်ဆေးခြင်း ကုန်စစ်ဆေးခြင်းများ ပြုလုပ်ပြီး ငွေတောင်းယူကြောင်း ကားသမား တစ်ဦးက ဆိုသည်။
တရားဝင်ဂျူတီ ကုန်ကားများအား စစ်ဆေးသည့်အခါ စာရွက်စာတမ်းနှင့်ကုန် ကိုက်ညီနေသော်လည်း ရဲများ၏ ငွေတောင်း ယူခံရခြင်းမှ မလွတ်ကင်းကြောင်း သူကဆိုသည်။

“တရားဝင်ဂျူတီဆောင်ထားတဲ့ကားပေါ့ဆိုရင် ကားဆရာ ခင်ဗျားဘာတွေ တင်လာသလဲ ပြအုံး ဂျူတီစာရွက် တောင်းကြည့်တယ်ဗျာ စာရွက်စာတမ်း စစ်ကြည့်လို့ အကုန်စုံတယ် ဆိုရင်တောင်မှ စားဖို့သောက်ဖို့ ပေးခဲ့ပါအုံးပေါ့ အနည်းဆုံး ၅၀၀၀ ပေါ့ဗျာ တရားဝင် ဂျူတီ မဆောင်တဲ့ ထော်လာဂျီတို့ ဆိုင်ကယ်တို့ဆိုရင် လာစမ်းပဲ ဘယ်လောက်ဆိုတာ” ဟု ဆိုသည်။

ထင်ရှားသည့် ရဲကင်းများမှာ မူစယ် အ၀င် / အထွက် အေးရှားဝေါလ်ဂိတ် ၊ လားရှိုးအ၀င်/ အထွက် အေးရှား ဝေါလ်ဂိတ် ၊ သိန်းနီတံတား၊ သီပေါတံတား၊ ကျင်တီတံတား၊ ပြင်ဆာရဲကင်း၊ ၀က်ဝံရဲကင်း၊ နောင်ချို မူးယစ်ဂိတ် တို့ဖြစ်ကြောင်း သိရသည်။

ကားသမားများက တစ်နိုင်တစ်ပိုင် တရားမ၀င် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများလည်း ရှိရာ ပစ္စည်းပေါ်မူ တည်၍ ငွေတောင်းယူကြောင်း သိရသည်။

“စစ်ဆေးရေး ဂိတ်တွေ မသိအောင် သယ်သွားတာမျိုးလည်း ရှိတယ် တောင်းတာကတော့ အစားစားပေါ့ ရဲကင်း ရှိရင် ရဲကင်းက ထွက်လာတယ် ပိုက်ဆံတောင်းပြီဆို ၅၀၀၀ ပေးလိုက်တယ် ဆိုရင် ဒါငါတို့ အတွက်ပဲ ရှိသေးတယ် စခန်းမှူးအတွက် လုပ်ပါအုံး မြို့နယ်မှူး အတွက် လုပ်ပါအုံး အဲဒါမျိုးတွေပေါ့ အုပ်စုလိုက် အုပ်စုလိုက် အနည်းဆုံးက ၃ /၄ ယောက် ထွက်တောင်းတယ် နောင်ချို မူးယစ်ဂိတ်က ၅ သောင်း အထက်ပဲ ” ဟု ဆိုသည်။

ထိုသို့ တရားမ၀င်ငွေတောင်းယူမှုများကြောင့် ကားသမားများ အနေဖြင့် လမ်းခရီး ကြန့်ကြာ၍ စိတ်အနှောက် အယှက် ဖြစ်ရကြောင်း ဆိုကြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Tuesday, June 1, 2010

ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး သေဆုံး

မင်းသက်
တနင်္လာနေ့၊ မေလ ၃၁ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော်အမြန်လမ်းတွင် ကားဘီးပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားသည့်အတွက် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးဖြစ်သူ သေဆုံးမှု မေလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

မောင်ဆက်နိုင်လင်း (ခ) ဖိုးတီလုံး အသက် ၁ နှစ်နှင့် ၄ လသည် အမှတ် ၁ မင်္ဂလာဒုံ ဆေးရုံကြီးတွင် စနေနေ့ည ၇ နာရီကျော်တွင် ကွယ်လွန်သွား၍ ယနေ့ နေ့လယ်တွင် ရေဝေး သုသာန်တွင် သဂြိုဟ်ခဲ့သည်။

မြို့တော်ဝန်၏ သားဖြစ်သူ ဗိုလ်ကြီး ဇော်ဇော်အောင်နှင့် သူ၏ဇနီး ဒေါ်ခင်ဆွေရီတို့မှာလည်း ထိခိုက် ဒဏ်ရာ ပြင်းထန်၍ အမှတ် ၁ တပ်မတော် ဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ရသည်။

နံရိုးများကျိုးသွားကာ မျက်နှာ၊ ခြေ၊ လက်နှင့် မျက်လုံးတို့ ထိခိုက် ဒဏ်ရာများ ရရှိသွား၍ ပတ်တီးများ စည်းနှောင်ထားသော ဗိုလ်ကြီး ဇော်ဇော်အောင်မှာ တွန်းလှည်းဖြင့် နာရေးသို့ လာရောက်ခဲ့သည်ကို တွေ့ရကြောင်း ရန်ကုန် စည်ပင် ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော်ဝန်နှင့် သူ၏ဇနီး ဒေါက်တာ ဒေါ်ခင်ဆန်းနွယ်တို့က ကား ၁ စီး၊ ဗိုလ်ကြီးဇော်ဇော်အောင် မိသားစုက ကား ၁ စီးဖြင့် ပြန်လာကြစဉ် တိမ်းမှောက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

လူ ၄၀၀ မဲရုံတစ်ခုထားမည်ဟု နမ့်ခမ်း ကြံ့ဖွံ့ပြော

Monday, 31 May 2010

မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်များ ကြေငြာခြင်း မရှိသေးချိန်တွင် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကြံ့ဖွံ့အသင်းက မဲထည့်နိုင်သူ လူဦးရေ ၄၀၀ လျှင် မဲရုံ တစ်ရုံထား ရှိမည်ဟု ဒေသတွင်း လှည့်လည်ပြော ကြားနေကြောင်း သိရသည်။
မေလ နောက်ဆုံး အပတ်က စတင်ခဲ့သည့် ကြံ့ဖွံ့အသင်း၏ နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာများ စည်းရုံးရေး ခရီးစဉ်တွင် ကျေးရွာ အာဏာ ပိုင်များကို မဲရုံကိစ္စနှင့် ပတ်သက်၍ ထိုသို့ ပြောကြားခဲ့ကြောင်း ကြံ့ဖွံ့အသင်းဝင် တစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“မေလ ၁၉ ရက်နေ့က စပြီးရွာတွေစည်းရုံးရေးဆင်းနေတာလေ အခုချိန်ထိပေါ့ မဲရုံ တည်ဆောက် တာတွေကို ကျေးရွာ အာဏာပိုင်တွေနဲ့ ပြောတယ် ရွာတစ်ရွာမှာ မဲထည့်တဲ့လူ ၄၀၀ ရှိရင် မဲရုံတစ်ရုံပေါ့ ၈၀၀ ရှိရင် ၂ ရုံထားရမယ်ပေါ့ ” ဟု သူက ဆိုသည်။

ထိုသို့ လူဦးရေ အကန့်အသတ်ဖြင့် မဲရုံများထားလျှင် အချို့ကျေးရွာများတွင် မဲရုံ ၂ ရုံမှ ၃ ရုံအထိ ထားရှိရမည်ဖြစ်ပြီး မဲရုံများလေလေ အာဏာပိုင်များ ဘက်မှ မဲလိမ်ရန် အခွင့်အလမ်း သာလေလေ ဖြစ်နိုင်ကြောင်း အကြားအမြင်များသည့် ဒေသခံတစ်ဦးက ဆိုသည်။

“အခုလို မဲရုံများများထားတော့ နအဖဘက်က မဲလိမ်လို့ပိုကောင်းတာပေါ့ စောင့်ကြည့်ဖို့ဟာလည်း အခက် အခဲရှိတယ်။ မဲသယ်တဲ့ ရွေ့တဲ့ နေရာ ဒီကြားထဲအမျိုးမျိုး လှည့်လို့ရတယ်ဗျာ။ ကျွန်တော့် အထင်ပြောရရင် ဒီရည်ရွယ်ချက်နဲ့ လုပ်တာ ဖြစ် နိုင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုတုန်းက လိုပဲ သူတို့စိတ်ကြိုက် လုပ်သွား မှာပဲ” လို့ ၄င်းဒေသခံက သုံးသပ်သည်။

နအဖစစ်အာဏာပိုင်များ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေအရ ကော်မရှင်သည် မဲဆန္ဒနယ် အကျယ် အ၀န်းကို ရွေးကောက်ပွဲ မကျင်းပမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ကော်မရှင်အဖွဲ့ခွဲက ထပ်ဆင့် ကြေငြာရမည်ဟု ဖေါ်ပြ ထားသည် ။

ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ယနေ့အထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးချိန်တွင် လူမှုရေးအသင်း အမည်ခံ ထားသော ကြံ့ဖွံ့အသင်းက မဲရုံကိစ္စများ ဆောင်ရွက်နေခြင်းမှာ ဥပဒေအရ တရားဝင်မှု မရှိကြောင်း သူက ဆက်ပြောသည်။

နမ့်ခမ်းကြံ့ဖွံ့အသင်းအနေဖြင့် မေ ၁၉ ရက်နေ့မှ စ၍ အသင်းဝင်အင်အား စုဆောင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် နေရာ နမ့်ခမ်းမြို့ပေါ်ရပ်ကွက် တစ်ခုလျှင် အယောက် ၅၀ မ၀င်မနေရ စနစ်ဖြင့် စုဆောင်းနေကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

နအဖရဲ့ရွေးကောက်ပွဲကြီး ရောက်လာတော့မယ်တဲ့လား

ရဲဘော် ဖိုးသံချောင်း
၀၁ ဇွန် ၂၀၁၀

ဒီတလောလုပ်နေတဲ့ နအဖစစ်ထိပ်သီးတွေရဲ့ လေးလပတ် အစည်းအဝေးပြီးရင် သူတို့ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပိုမို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိလာရမယ်လို့ ယူဆရပါတယ်။ တိုင်းမှူး အသီးသီးဟာ ကိုယ့်နယ်မြေအတွင်း ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု အခြေအနေတွေ၊ သူတို့ရဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရနိုင်မှု အခြေအနေ၊ တခြား အင်အားတွေရဲ့ အခြေအနေ စတာတွေကို တင်ပြ ဆွေးနွေး ကြမယ်လို့လည်း ယူဆရပါတယ်။ ဒီအထဲမှာ တခြား ဘယ်ပါတီတွေကို တည်ထောင်ခွင့်ပေးမယ်၊ မပေးဘူး ဆိုတာတွေလည်း ပါဝင်မှာမုချပါပဲ။ တဆက်တည်း ဒီအချက်တွေအပေါ် မူတည်ပြီး ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာမယ့် သဘော ရှိပါတယ်။

လောလောဆယ်မှာတော့ နအဖဟာ ပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ရှိခွင့် လျှောက်ထားသူတွေ ထဲက ကချင် ပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေး ပါတီနဲ့ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ကို တည်ထောင်ခွင့် မပေးသေးဘဲ ထစ်ထားတာ တွေ့နေရပါတယ်။ ဒါဟာ အဲဒီတိုင်းရင်းသား နယ်မြေတွေမှာ သူတို့ကြံ့ဖွံ့အနေနဲ့ ဘယ်လောက်ပဲ ညစ်ညစ် မနိုင်မှန်း သေချာနေလို့ ညစ်ထားတာ။ လျှောက်လွှာ တင်ထားသူတွေ စိတ်ပျက်ပြီး ပြန်ရုပ်သိမ်းသွားအောင် စောင့်နေတာပဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီး အဲဒီ ပါတီထောင်ခွင့် လျှောက်ထားတာတွေကို ပယ်ဖျက်နိုင်ဖို့ အကြောင်းပြစရာ ရှာနေ၊ စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဲဒီအဖွဲ့တွေ စိတ်ပျက်မပျက် မသိရပေမယ့် နဂိုက ရွေးကောက်ပွဲဝင်မဟဲ့လို့ ခါးတောင်းကျိုက်၊ လက်မောင်းပင့် စောင့်နေကြတဲ့ တချို့ ပါတီတွေနဲ့ လူတွေကတော့ ဗိုလ်သိန်းစိန်နဲ့ ကြံ့ဖွံ့ ထွက်လာကတည်းက ခေါင်းငိုက်စိုက် ကျသွားကြတာ တွေ့ရပါတယ်။ သူတို့ဟာ ရှုံးမှာ သေချာနေတဲ့ ရွေးကောက်ပွဲ အတွက် ငွေတွေ အများကြီး သုံးရမှာကို လက်နှေး နေကြပါတယ်။ ဒါ့အပြင် စပေ့စ်ဆိုတဲ့ အသံတွေလည်း အပြော နည်းသွားတာ သတိထားမိ ပါတယ်။ ဒီအခြေအနေတွေ အတိုင်းဆိုရင် ကြံ့ဖွံ့က ပြိုင်ဘက်မရှိ အနိုင်ရမယ့် နေရာတွေ အများကြီး တွေ့လာရဖို့ ရှိပါတယ်။

ဒါတွေနဲ့တဆက်တည်း အခုတလော အပြောများလို့ အကြားများရတာကတော့ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဘာခြားနားသလဲ ဆိုတဲ့ ကိစ္စပါပဲ။ ဒီအထဲမှာ အခုလုပ်မယ့် ရွေးကောက်ပွဲက ပိုကောင်းတယ်၊ ပိုလွတ်လပ် ပွင့်လင်းမယ်လို့ ပြောတဲ့အသံ မကြားရသလောက်ပါပဲ။ ဒီရွေးကောက်ပွဲကို ရှေ့နေ လိုက်ချင်သူတွေတောင်မှ ကောက်ကောက်ထဲက ကွေးကွေးရှာဆိုတဲ့ အပြောမျိုး ပြောနေတာကို သတိထားမိ ကြမှာပါ။

နှိုင်းစရာမလိုတဲ့ ကိစ္စနှစ်ခုကို နှိုင်းတယ်ဆိုတာ သိနေပေမယ့် ပြောတဲ့သူတွေ ပြောနေကြတော့ အချက်အလက်တချို့ ထောက်ပြချင်လာ မိပါတယ်။

ဒီရွေးကောက်ပွဲနှစ်ခုဟာ အခြားနားကြီးခြားနားပါတယ်ဆိုတာကို ထောက်ပြစရာ အချက်တွေ အများကြီး ရှိတဲ့ထဲက အဓိက အကျဆုံး အချက်ကို ထောက်ပြရရင် နအဖ ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံပါပဲ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းက ရွေးကောက်ပွဲပြီးလို့ နိုင်ခဲ့ရင် ကိုယ့်ဟာကိုယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြမယ် ဆိုတဲ့ (ဗိုလ်စောမောင် ပြောတဲ့စကား) မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ရွေးကောက်ပွဲမှာ ကျတော့ နိုင်တဲ့လူတွေဟာ နအဖစိတ်ကြိုက် ရေးဆွဲ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတဲ့ လှောင်ချိုင့်ထဲကို ခုန်ဝင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံရဲ့ ကျေးကျွန်ဖြစ်ရုံမက သမိုင်းတရားခံလည်း ဖြစ်မှာပါ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်မှာ အကန့်အသတ်တွေ ကြေညာထားတာ မရှိပါဘူး။ ဒါပေမယ့် ဒီတခါ ရွေးကောက်ပွဲရဲ့ နောက်ပိုင်းမှာတော့ နအဖရဲ့ ဖွဲ့စည်းပုံ ဥပဒေက ထူးခတ်သလို ခတ်ထားပါတယ်။

အရေးကြီးတဲ့ နောက်ခြားနားချက်တခုကတော့ ၁၉၉ဝ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့တိုက်ပွဲအရှိန်၊ အောင်ပွဲအသီးအပွင့် အဖြစ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။ စစ်အစိုးရ အနေနဲ့ ကျင်းပလိုစိတ်မရှိဘဲ ကျင်းပရတာ ဖြစ်ပါတယ်။ လူထုကြီးဟာ ဘာမှ ထပ်စည်းရုံးဖို့ မလိုလောက်အောင် စည်းလုံး ညီညွတ်နေပါတယ်။ နိုင်ငံရေး ပါတီတွေဟာ ဆိုရင်လည်း တစညကို အနိုင်ရရင်ပြီးရော ဆိုပြီး မဲမကွဲအောင် အနစ်နာခံ ရှောင်ပေးတာတွေ ရှိခဲ့ပါတယ်။ အခု ဒီတခါ ရွေးကောက်ပွဲကျတော့ နအဖက သူ့စိတ်ကြိုက် ပြင်ဆင်ပြီး သူ့ဆန္ဒနဲ့သူ ကျင်းပတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူထုရဲ့ တက်ကြွမှုဆိုတာ သုညအောက် ရောက်နေပြီး အတိုက်အခံ တွေကိုလည်း သွေးကွဲအောင် လုပ်ထားပါတယ်။

နောက်တခုက ကြံ့ဖွံ့ပါတီဝင်ပြိုင်မယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ကြံ့ဖွံ့နဲ့ ၁၉၉ဝ တုန်းက တစညကို တတန်းတည်းထားလို့ မဖြစ်ပါဘူး။ ဟိုတုန်းက တစညဟာ နန်းကျသွားတဲ့ စစ်အုပ်စုကို ကိုယ်စားပြုတာ ဖြစ်ပါတယ် (ဗမာပြည်က စစ်အုပ်စုတွေရဲ့ သမိုင်းအရဆိုရင် အာဏာနဲ့ ကင်းကွာသွားတဲ့ အရင် စစ်အုပ်စု ထိပ်သီး ဆိုသူတွေဟာ ဘာမှအာဏာ မရှိကြရုံမက အာဏာရ စစ်အုပ်စုက ရမ်းတဲ့အခါ ကိုယ့်ကို ယမ်းချေးမပန်းအောင် ရှောင်နေရတာပါ)။ သူတို့ရဲ့ လက်ထဲမှာရှိနေတာဟာ မဆလ ပါတီဆီက အမွေရထားတဲ့ ဥစ္စာ ပစ္စည်းနဲ့ လူထုမုန်းတီးမှုသာ ဖြစ်ပါတယ်။ အာဏာအခွင့်အရေး မရှိပါဘူး။ ဒီနေ့ နအဖရဲ့ ကြံ့ဖွံ့ကျတော့ နအဖက ပုံပေးထားတဲ့ ဓနနဲ့ ရုပ်ဝတ္ထုအပြင် ဝန်ကြီးချုပ် အာဏာကိုင်ထားသူ ကိုယ်တိုင်က ပါဝင်တဲ့အပြင် နောက်ကွယ်မှာ ကြံ့ဖွံ့ အနိုင်ရဖို့အတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ နအဖ အစိုးရ တဖွဲ့လုံးနဲ့ စစ်တပ်ကြီး ရှိနေပါတယ်။

၁၉၉ဝ ပြည့်နှစ်ဆီတုန်းက ရှစ်လေးလုံးတိုက်ပွဲကြီးရဲ့ အရှိန်အဝါတွေ တဟုန်းဟုန်းတောက်နေဆဲ ဖြစ်တဲ့အလျောက် ဒီမိုကရေစီ လေထုဟာ လူထူအကြားမှာ ရှင်သန် ဖွံ့ဖြိုးနေဆဲဖြစ်ပြီး အဲဒီတုန်းက အမျိုးသား ဒီမိုကရေစီ အပါအဝင် နိုင်ငံရေး အင်အားစုတွေကို စော်ကား မော်ကားပြောရဲတာ၊ နဝတ အစိုးရကို ကာကွယ် ရေးသားပြောဆိုတယ် ဆိုတာတွေဟာ မရှိသလောက်ဖြစ်ပါတယ်။ ဒါပေမယ့် အခု အခါမှာတော့ သစ္စာဖောက်-ခြံကူး ပေါင်းစုံအပြင် အကျိုးအမျိုးမျိုးကို မျှော်ကိုးနေသူတွေဟာ နအဖဘက်ကနေ သဘောတရား ခင်းပေးတာ၊ ဆင်ခြေဆင်လက် ရှာပေးတာ၊ နအဖက မကြိုက်သူတွေကို ဆဲရေး တိုက်ခိုက်တာတွေ လုပ်နေကြပါတယ်။ ဒါ့အပြင် ၁၉၉ဝ ပြည့်နှစ် ဆီတုန်းက ပြည်ပနိုင်ငံတွေ၊ အစိုးရတွေဆီက အယူအဆ ရှုပ်ထွေးစရာ ပြောဆို လုပ်ကိုင်တာတွေ မတွေ့ရသလောက် ဖြစ်ပြီး အခုတော့ အန်ဂျီအို အမျိုးမျိုးက အယူအဆ အမျိုးမျိုး ပြောနေတာတွေ ရှိသလို နိုင်ငံခြားရေးဝန်ကြီး ပေါင်းစုံ၊ အမတ်ပေါင်းစုံ ကလည်း သဘောထားတွေ အမျိုးမျိုး ဖော်ပြနေကြပါတယ်။

ဒီလိုအခြေအနေတွေအောက်မှာ တကောင်ထဲပြိုင်တဲ့ မြင်းလိုဖြစ်မယ့် ကြံ့ဖွံ့ပါတီအဖို့ မဆလလို လွှတ်တော်ထဲမှာ လွှမ်းမိုးဖို့ ဆိုတာ ဘာမှ မခက်ပါဘူး။ သူတို့မျက်နှာ ထူရင် ထူသလောက် အမတ်နေရာ ရယူလို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထု အနေနဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်၊ ရွေးကောက်ပွဲရလဒ် စတာတွေနဲ့ပတ်သက်လို့ ဘာမှ စိတ်ဝင်စားစရာမလို၊ ဂရုစိုက်စရာ မလိုပါဘူး။ မဆလ ခေတ်တုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြီးလို့ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုပြီး နောက်မှ အလုပ်သမားတွေကို သတ်တာ၊ ဦးသန့် အရေးအခင်းလို ရမ်းကားတာ စတာတွေ ပေါ်လာတယ်ဆိုတာ မမေ့သင့်ပါဘူး။ စစ်အာဏာရှင်တွေရဲ့ စိတ်နေသဘောထားကို အရပ်ဝတ် လဲလိုက်တာနဲ့ ပြောင်းသွားလိမ့်မယ် ထင်တဲ့လူလောက် နုံအတာ လောကမှာ မရှိတော့ပါဘူး။ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထု အတွက် တိုက်ပွဲဂွင် (ခွင်) မဟုတ်ပါဘူး။ ဒင်းတို့ရဲ့ စားခွက်လုပွဲ သက်သက်သာ ဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

တိုင်းပြည်လည်း နာလှပြီ

မြင့်မောင်
တနင်္လာနေ့၊ မေလ ၃၁ ရက် ၂၀၁၀ ခုနှစ်

(ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲယင်း အတွေ့အကြုံ )

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာ အထက် မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်း မိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ် ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။

ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ် စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်များ၊ စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။

ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၇ဝ ထက်မနည်း သေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။

သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်ဆိုးတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ပြောဆိုချက်များ တင်ပြလိုက်ရပါသည်။

ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု

ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်ကစပြီး စည်းရုံးရေးထွက်တဲ့ အချိန်တုန်းက အတားအဆီး၊ အပိတ်အပင်တွေ လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာကျ ပိုပြီးတော့ လုပ်လာတာကို တွေ့ရတယ်။ အထူးသဖြင့် ဘယ်မှာများလဲ ဆိုတော့။ စတာက မြစ်ကြီးနားက စပြီးတော့ စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ ဘာတို့က ကားနောက်ကနေ လိုက်အော်တာတို့၊ ကိုယ်ကို ထိတာပုတ်တာတို့ကတော့ ရှိတာပေါ့။ ဗန်းမော်ဝင်တုန်းကလည်း အဲဒီလိုပဲ။ နောက် မိုးကုတ်ဝင်တော့ကာ သိပ်ပြီး လိုက်လာတာ မတွေ့ရဘူး။ မိုးကုတ်ရောက်တော့ မိုးကုတ်သူ မိုးကုတ်သားတွေက တခဲနက် ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး ဆုတောင်းကြတယ်။ အဲဒီလို အောင်မြင်ပြီးတော့ လာတာကို တားစီးချင်တဲ့၊ ပိတ်ဆို့ချင်တဲ့ သဘောတွေက ပြင်းထန်လာတဲ့ သဘောတွေ ရှိတယ်။

ဘယ်မှာစဖြစ်လဲဆိုတော့ မိုးကုတ်ကနေ သပိတ်ကျင်းကို ထွက်လာတဲ့အချိန်မှာ နည်းနည်းလေး ညနေပိုင်း စောင်းသွားတော့ ဒေါ်အောင်ဆန်းစုကို လာပြီး ကြိုဆိုတဲ့ လူအုပ်ကြီးကလည်း များတယ်။

သတင်းတွေကတော့ ရတယ်။ စာရွက်တွေနဲ့လည်း ရတယ်၊ လူကိုယ်တိုင်လာပြီး သတင်း ပို့တာတွေလည်း ရတယ်။ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဒုတ်တွေ၊ ဓားတွေ၊ လောက်လေး (ဘတ်ခွ) တွေနဲ့ လာပြီး နှောင့်ယှက်ဖို့ ရှိတယ်။ လမ်းမှာ လာတဲ့ လူတွေကတော့ လောက်လေးတွေနဲ့ ပစ်တာခတ်တွေတော့ စပြီး ဖြစ်နေပြီ။ လာတဲ့ လူတွေက လမ်းမှာ စစ်တာ ဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးက ညနေပိုင်းမှာ လူ ၄ဝဝဝ၊ ၅ဝဝဝ လောက်ရှိတယ်။ အောင်မြင်သွားတယ်။

ကျနော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။ ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျနော်တို့ကားကို ရှေ့နဲ့နောက်နဲ့ ပိတ်ပြီးတော့ အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ် အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မ စုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။

သူတို့က ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။ ကျနော်တို့ ကားတွေကို အတင်းပဲ သွားပါသွားပါ ပြောတယ်။ သူတို့က သွားပါသွားပါ ပြောပေမယ့် ရှေ့က ပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကို မှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီ ကားကြီးတွေကလည်း နောက်ကနေ အော်ရင်း လိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက် ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။ ခေါင်မိုးတွေကိုလည်း မှန်တယ်။

ပစ်လိုက်တဲ့ လောက်လေးဆံက ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကို အမှုဖွင့်ဖို့ ပြောတဲ့ အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကို ရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့ အခါကျတော့ ကျနော်က ပြောတာက ပထမ FIR လာပြီးဖွင့်ရင် တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရား စွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်က ကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့ ရဲစခန်းမှူးတွေက လိုက်လာပြီးတော့ အမှုဖွင့်တယ်။

အမှုဖွင့်နေစဉ် အတွင်းမှာ ကားတစီး ဝင်လာတယ်။ ကားပေါ်မှာ ပတ်တီး စည်းထားတဲ့ လူတယောက် ပါတယ်လို့ ရဲတယောက်က လာပြောတော့ ပြာပြာသလဲ ထသွားတယ်။ ဘာဖြစ်လို့ ပြာပြာသလဲ ထသွားလဲ ဆိုတော့ ဒဏ်ရာရတဲ့လူက ကြံ့ဖွတ်ထဲတယောက် လောက်လေးခွမှန်လို့ ပတ်တီးစည်းပြီးတော့ လာတိုင်တာ။ ဒီမှာ တိုင်နေတဲ့ တိုင်ချက်က မပြီးသေးဘူး၊ ကမန်းကတန်း ထသွားပြီးတော့ ဟိုဘက်က တိုင်ချက် သွားဖွင့်တာတို့၊ ဘာတို့ လုပ်တယ်။

ဒီဘက်မှာက တိုင်ချက်ဖွင့်တာကိုတော့ ကျန်တဲ့လူနဲ့ ပြီးအောင် လုပ်လိုက်တာပေါ့လေ။ ဆိုလိုတာက ဘာပြောချင်လဲ ဆိုတော့ အဲဒီအဖွဲ့အစည်းက ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ ဆိုရင် ဝန်ထမ်းလောက၊ အထူးသဖြင့် ရဲတို့၊ အုပ်ချုပ်ရေး အပိုင်းက လူတွေက တော်တော်ကို ကြောက်တဲ့သဘော ရှိတယ်။ ဒီကိစ္စကို မေးကြည့်တော့ ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုတဲ့ လူတွေကို သူတို့က ကားနဲ့ ဖြတ်သွားရင်းနဲ့ အပေါ်ကနေပြီးတော့မှ လောက်လေးခွတွေ၊ ခဲတွေနဲ့ ပစ်တယ်။ အောက်ကကောင်တွေက မခံချင်တာနဲ့ နေရာမှာရှိတဲ့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ပြန်ပစ်လို့ မှန်သွားတယ်လို့ ပြောတာပါ။

အဲဒီညက တော်တော်ကို မှောင်သွားတော့ ဘဘကတော့ တော်တော်ကို စိုးရိမ်တယ်။ စဥ့်ကူးအထွက်နဲ့ ခြေတောက်ပေါက် အသွားမှာ လမ်းမှာ ရိုက်ကြမလား ဆိုပြီးတော့ စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက ဆိုးဆိုးရွားရွား ဖြစ်နေလို့ပါ။ ဒါပေမဲ့ စဥ့်ကူးမှာရှိတဲ့ အမျိုးသမီး အဖွဲ့တွေရော၊ ယောက်ျား တချို့ကရော၊ သံဃာတော်ကရော ခြေထောက်ပေါက်ကို သန်းခေါင် အချိန်လောက်မှာ လိုက်ပို့ကြတယ်။

ခြေထောက်ပေါက်မှာ တရားပွဲ လုပ်တော့လည်း လူတွေက အုပ်လိုက် လာကြတာပဲ။ အဲဒီလာတဲ့ အခါမှာ တားတာဆီးတာ၊ ခရာတွေမှုတ် ဘာတွေမှုတ်နဲ့၊ လူထုက မကျေမနပ် ဖြစ်နေကြတယ်။ အဲဒီမှာ ဘဘတို့ ပြောရတယ်၊ လမ်းနဲ့ ပတ်သက်ပြီးတော့ အကျယ်ကြီး ပေးထားတာပဲ ဘာဖြစ်လို့ ဒီကားတွေက မသွားဘဲ၊ မလာဘဲနဲ့ ဘာဖြစ်လို့ ခရာမှုတ်နေရတာလဲလို့ ပြောလိုက်တော့မှ ခရာသံ တိပ်သွားတယ်။ တရားပွဲတွေ ဘာတွေ လုပ်ပြီးတော့ ဘဘတို့ မတ္တရာကို ထွက်လာတယ်။ မတ္တရာ ထွက်လာတဲ့ အချိန်မှာ အလားတူပဲ ဖြစ်တယ်။ မတ္တရာ လမ်းမှာတော့ အနှောင့်အယှက် မရှိဘူး။

ဘာဖြစ်လို့လဲဆိုတော့ လူတွေက နောက်ကနေ တပါထဲ ပါလာခဲ့တယ်။ မတ္တရာရောက်တော့ နေလည်စာ စားပြီးတော့ လူအုပ်ကြီးက အဖွဲ့ချုပ်ကြိုဆိုတဲ့ တိုက်ရှေ့မှာ ခြံဝင်းကြီး ရှိတယ်။ ခြံဝင်းထဲမှာ လူတွေက ပြည့်နေတယ်။ ခုနတုန်းက လိုက်လာတဲ့ လူတွေက အဲဒီလူအုပ်ထဲ ဝင်ပြီးတော့ အသံချဲ့စက်တွေ ဖွင့်တယ်၊ သံပုံးတွေ တီးပြီးတော့ ခုနကပြောခဲ့တဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်တယ်။ လူတွေက မကျေနပ်ဘဲ သူတို့နဲ့ ကတောက်ကဆ ဖြစ်ပြီးတော့ အဲဒီနားမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေ၊ ဘုန်းကြီးတွေ ဆင်းလာပြီးတော့ သူတို့ကို လိုက်တားတယ်။ ထော်လာချီကားပေါ်က ဘုန်းကြီးတွေကို လောက်လေးခွနဲ့ လိုက်ပစ်တယ်။

အော်တဲ့လူတွေက ဘုန်းကြီးတွေလည်း ရောက်လာတော့ သူတို့လည်း အကုန်လုံး ထွက်ပြေးကြတယ်။ မတ္တရာ ထွက်လာပြီးနောက် တလမ်းလုံးက အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ မန္တလေးရာက်တော့ တရက်၊ ၂ ရက်နေတော့ ဘာမှမဖြစ်ဘူး။ မန္တလေးက ထွက်တဲ့အချိန် မေလ ၂၉ ရက်နေ့မှာ မုံရွာဘက်ကို ထွက်တယ်။ မုံရွာဘက်ကို ထွက်တော့ မြင်းမူအရောက်မှာ သတင်းရတယ်။

အဖွဲ့ချုပ်က ဘာပြောလဲဆိုတော့ မုံရွာဘက်မှာ လူတစု စုပြီးတော့ ရိုက်မယ်ပြုမယ်နဲ့ လူစုနေကြတယ်လို့ အဲဒီလို ပြောတယ်။ ပြောတဲ့ အခါကျတော့ ရန်ကုန်မှာရှိတဲ့ အဖွဲ့ချုပ်က ခေါင်းဆောင်တွေကလည်း ဒီသတင်းရတယ်။ ဘဘက ဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်တယ်၊ ဦးအောင်ရွှေကလည်း ဘဘကို ခေါ်ဖို့ ကြိုးစားရင်းနဲ့ နှစ်ယောက်ဆုံတယ်။ ခုနကပြောသလို သတင်းရတယ်။ သတင်းရတဲ့အတွက် သက်ဆိုင်ရာ အကြီးအကဲ တွေကိုတော့ သတင်းပို့ထားပြီးပြီ။ ခင်ဗျားတို့ သွားတဲ့အခါ သတိထားသွားပါ၊ စသဖြင့် အဲဒီလို ပြောတယ်။

ဘဘကလည်း ဒီမှာရှိတဲ့ လုံခြုံရေး အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထား ပြီးပြီ။ တတ်နိုင်သလောက် လုံခြုံရေး စောင့်ရှောက်ဖို့ ပြောထားတယ်။ အဲဒီလို ပြောပြီးတော့ မြင်းမူကနေ စထွက်ကြတယ်။ အဲဒီကနေ စထွက်တဲ့ အချိန်ကစပြီး အော်တာတွေ ဘာတွေလည်း ပါတယ်။ မုံရွာမရောက်ခင် မြို့ဝင်မှာကတည်းက လူအုပ်က အများကြီး ဖြစ်နေပြီ။

နေရာတနေရာမှာ ဆန့်ကျင်ဘက် အော်မယ့်သူရော၊ အော်ရုံတင်မကဘူး နှောင့်ယှက်ဖို့ တော်တော် ကြမ်းကြမ်း တမ်းတမ်း နှောင့်ယှက်ဖို့ ပြင်နေတဲ့ လူ ၄-၅-၆ဝ လောက်က လမ်းအကွေ့လေးနားမှာ ဆန့်ကျင်ဖို့၊ ပြုဖို့ နည်းနည်းလေး အကြမ်းဖက်ချင်တဲ့ သဘော သူတို့ အမူအရာတွေက မကောင်းဘူး။ ကျနော်တို့ကို ဘယ်သူက စောင့်ရှောက်လဲ ဆိုတော့ မုံရွာက လူငယ်တွေလည်း ပါတယ်။ မြို့လူထုလည်း ပါတယ်။ နောက် မုံရွာက သံဃာတော်တွေရော၊ မန္တလေးဘက်က လိုက်လာတဲ့ သံဃာတွေလည်း ပါတယ်။ ဆိုတော့ သူတို့ ဝိုင်းဝန်းပြီးတော့ အတားအဆီး အပိတ်အပင် လုပ်လိုက်တဲ့အခါ ဘာမှ မဖြစ်သွားဘူး။ အဲဒီအချိန်မှာ မှောင်စပြုနေပြီ။ အဲဒီကနေ လာလိုက်တာ ဆိုင်းဘုတ်တင်မယ့် နေရာကို ည ၈ နာရီ နီးပါးလောက်မှာ ရောက်တယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူထုက လာရောက် ထောက်ခံကြိုဆိုတဲ့ အထဲမှာ မိုးကုတ်နဲ့ မုံရွာက အများဆုံး ဖြစ်တယ်။ မုံရွာအဝင်မှာ မှောင်နေတဲ့အတွက် ဖယောင်းတိုင်တွေ ထွန်းပြီး လိုက်ကြတဲ့ သူတွေက အများကြီးပဲ။ အဲဒီမှာ အဖွဲ့ချုပ်ရုံး ရောက်တယ်။ အဖွဲ့ချုပ်ရုံးမှာ ဆိုင်းဘုတ် တင်ပြီးတော့ကာ မုံရွာ အဖွဲ့ချုပ်က စည်းရုံးရေး ပုဂ္ဂိုလ်တွေကို ဖမ်းချုပ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ ဗဟိုကတော့ ကျနော်တို့က အမိန့်ရတယ်။ မြို့နယ်က သက်ဆိုင်ရာ မယကကို ခွင့်မတောင်းဘူး ဆိုပြီးတော့ ဖမ်းချုပ်တယ်။

အဲဒီဟာတွေကို ရှင်းရလင်းရတာ လုပ်ပြီးတော့၊ ပြေလည်တော့ သွားတယ်။ ဘဘတို့က ဗဟိုက အမိန့်စာနဲ့ လာတဲ့အတွက် ပြောလည်တော့ သွားပြီ။ ဒါပေမဲ့ အဲဒီမှာစပြီး ပဋိပက္ခလေးတော့ ရှိနေကြပြီ။ တည်းတဲ့ အိမ်ရောက်တော့ ၁၁ နာရီလောက် ရှိပြီ။ အဲဒီမှာ လူငယ်ဖွဲ့စည်းပုံအရ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ လုပ်တဲ့အချိန်မှာ အောက်မှာက သင်္ကန်းဝတ် တချို့က တကာမကြီး တွေ့ချင်လို့ ဆင်းခဲ့ပါတို့ ဘာတို့ပေါ့လေ။ နောက်ပြီး တရားဟောပါပေါ့လေ။ ဘုန်းကြီးတို့ စောင့်နေပါတယ် ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတယ်။ ခဏသွားပြီးတော့ ပြေလည်အောင် လုပ်ပေးပါ ဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ဘဘ ဆင်းသွားတယ်။ ဆင်းသွားတဲ့ အခါကျတော့ သူတို့ကို တွေ့တယ်။ သူတို့ အမူအရာက မကောင်းဘူး။ ရန်လိုတဲ့ အမူအရာ ဖြစ်နေတယ်။

ဘုန်းကြီးအစစ်တော့ မဟုတ်ဘူး။ သင်္ကန်းဝတ်ထားတဲ့ လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အမူအရာက ရန်မူတဲ့ အမူအရာတွေ ဖြစ်နေတော့ ဘဘက တောင်းပန်တယ်၊ ရှစ်ခိုးပြီးတော့ အရှင်ဘုရား ညဥ့်လည်း နက်ပါပြီ၊ တကာမကြီးလည်း အလုပ်က မပြီးသေးပါဘူး။ တနေ့လုံးလည်း ပင်ပန်း နွမ်းနယ်လှပါတယ်။ ဒါပြီးရင်လည်း နည်းနည်းနားဖို့ လိုပါတယ်။ ဆရာတော် အနေနဲ့ မနက် အာရုံဆွမ်း ဘုန်းပေးပြီးတော့ ပြန်ကြွလာလို့ ရှိရင်လည်း တကာမကြီးကို တွေ့နိုင်ပါတယ်လို့ လျှောက်ထားတယ်။

မတွေ့နိုင်ဘူး၊ မပြန်နိုင်ဘူး။ ဒီနေ့ည ဒီတကာမကြီးကို မတွေ့ရရင် ကျုပ်မပြန်ဘူး။ ခေါ်လာခဲ့၊ ဆင်းပေးပါ။ တပည့်တော်က ခေါ်ပြီး ဆင်းခိုင်းလို့ မရဘူး။ အပေါ်မှာ သူ အလုပ်လုပ်နေတယ်။ ပြီးရင် သူ အနားယူပါမယ်။ အလုပ်လုပ်ရင် ည ၁၂ နာရီ၊ ၁ နာရီထိ ရောက်သွားမယ်။ သူအိပ်ချိန်က ၂ နာရီ၊ ၃ နာရီလောက်ပဲ ရှိမယ်။ ဆရာတော် သံဃာတော် အရှင်မြတ်များ အနေနဲ့ ကျောင်းကို ပြန်ပြီး အေးအေးဆေးဆေး ကြွပါ။ ပြီးတော့မှ တရေးတမော အိပ်ပြီးတာ့မှ ပြန်လာပါပြောတာကို မရဘူး။ ပူညံပူညံ လုပ်နေတဲ့အခါမှာ ဘေးနားမှာရှိတဲ့ လူတွေက ရပ်ကြည့် နေကြတာပေါ့။ တခြားတဖက်မှာရှိတဲ့ လူငယ်တွေက ကျောင်းသားတွေ ရောက်လာ ကြတယ်။ သူတို့ကလည်း အဲဒီလို ဘုန်းကြီးတွေ လုပ်နေတာကို မကြိုက်ဘူး။ မကြိုက်တဲ့ အမူအရာကို လူအုပ်က ပြတဲ့ အခါကျမှ သူတို့က ယောင်ချာ၊ ယောင်ချာနဲ့ ပြန်သွားကြတယ်။ စိတ်ထဲမှာတော့ သိနေတယ်။ မနက်ဖြန်တော့ တခုတခုတော့ လုပ်မှာပဲဆိုတာ သိနေတယ်လေ။

တကယ်တမ်းကျတော့ ဘေးကနေ လုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထပ်ထပ် ရနေကြတယ်။ ဒါနဲ့ မုံရွာကနေ ထွက်တော့ လိုက်ပို့တဲ့ လူအုပ်က မနည်းဘူး။ သံဃာတော်တွေရော၊ မုံရွာက ကျောင်းသားတွေရော၊ မန္တလေး စစ်ကိုင်းဘက်က ပါလာတဲ့ အမျိုးသမီးအဖွဲ့တွေရော ကားတန်းတွေက အရှည်ကြီးပေါ့။ အဲဒီမှာ ရှေ့ဆက် တော်တော်လေး သွားတဲ့ အခါကျတော့ ဘုတလင်လောက် ရောက်ခါနီးတော့ ဘာသိလဲဆိုတော့ နောက်က လိုက်လာတဲ့ ကားတွေကို ဖမ်းတယ်၊ ဆီးတယ်၊ တားတယ်၊ ပိတ်တယ်တွေ လုပ်တယ်လို့ ကြားတယ်။

အဲဒီနောက် ကားတွေက ပါမလာဘူး။ ကားတော်တော်များများက ပါလာတယ်။ အမြှီးပိုင်းလေး လောက်တော့ ကျန်ခဲ့တယ်။ ဘုတလင်မှာ အစည်းအဝေးလုပ်တယ်။ လူငယ်တွေ ဖွဲ့စည်းတာတွေ လုပ်တယ်။

ပြီးသွားတဲ့အခါ နောက်အဖွဲ့တွေ မလာသေးတဲ့ အတွက်ကြောင့် သွားခေါ်ဖို့ လူလွှတ်လိုက်တဲ့ အခါကျတော့ ဘဘတို့ ရှေ့ဆုံးက လမ်းပြတဲ့ ကားကို ပြန်လွှတ်လိုက်တယ်။ အဲဒီကားလည်း ပြန်မလာဘူး။ အဲဒီမှာ အခြေအနေကတော့ သိပ်မကောင်းတော့ဘူး။ နည်းနည်းတော့ အဖမ်းအဆီး၊ အချုပ်အနှောင်တွေက များနေပြီ။ ဘုတလင်မှာ အားလုံးပြီးသွားတဲ့ အချိန်မှာ ၄ နာရီခွဲ ရောက်ပြီ။

၅ နာရီလောက်မှာ ဘုတလင်က ထွက်လာတယ်။ လမ်းမှာရှိတဲ့ ရွာတွေက ကြိုတာတို့၊ ပန်းကုံးဆွတ်တာတို့ လုပ်တာတွေ ရှိသလို တချို့နေရာတွေက ၁ဝဝ-၁၅ဝ လောက်ရှိတဲ့ လူတွေက တလျှောက်လုံး မပြတ်ဘူး၊ ရှိနေကြတယ်။ တချို့ရွာတွေက တရားဟောခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရား မဟော နိုင်တော့ပါဘူး။ လာကြိုတဲ့ လူတွေကို လက်ကလေးပြပြီး ပြန်နှုတ်ဆက်ပြီး လာခဲ့တဲ့ အချိန်မှာ စိုင်ပြင်ကြီးဆိုတဲ့ နေရာကို ရောက်တယ်။ အဲဒီကို ရောက်တဲ့အချိန်က သိပ်မမှောင်သေးဘူး၊ အလင်းရောင် ရှိတယ်။

ဘယ်အချိန်လောက် ရှိမလဲဆိုတော့ ည ၆ နာရီခွဲလောက် ရှိမယ်။ အလင်းရောင် ကျန်သေးတော့ အဲဒီကို ဝင်လိုက်တယ်။ ဝင်လိုက်ရတဲ့ အကြောင်းအရင်း တခြားမဟုတ်ဘူး။ စိုင်ပြင်ကြီးရွာကို ကိုဝင်းမြင့်အောင် ဒီပဲယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ သူက အဖမ်းခံထားရတယ်။ သူ့မိသားစုတွေကို အားပေးစကား ပြောဖို့ ဝင်လိုက်တယ်။ ဝင်လိုက်တဲ့ အချိန်မှာ အပြင်မှာ လူအုပ်ကြီးက အများကြီး ရောက်လာတယ်။

လူကတော့ ၄-၅ဝဝဝ လောက် ရှိမယ်။ တချို့ကလည်း သူတို့ကားနဲ့ သူတို့ ဆိုင်ကယ်တွေနဲ့ လိုက်လာကြတယ်။ ပြန်ခါနီးကျတော့ ထွက်လို့ မရဘူး။ ပြောရဟောရ တောင်းပန်ရ လုပ်ရသေးတယ်။ စကားပြောတဲ့ အချိန်မှာ အချိန်လေးက ရသွားတော့ ထွက်တဲ့အချိန်က မှောင်စပြုနေပြီ။ စိုင်ပြင်ကြီးက ထွက်လာတဲ့အချိန်က မှောင်စပြုနေပြီ။ ထွက်တဲ့အချိန်မှာ လမ်းပြတဲ့ ကားက မုံရွာဘက် ပြန်သွားတာ ပြန်မလာတော့ ဒေသခံ လမ်းပြ ဂျစ်ကားလေးက ရှေ့က မောင်းပြီးတော့ နောက်ကလိုက်တဲ့ ဘဘကား (တောင်းအေစ့်) က ရှေ့ဖြစ်သွားတယ်။

ဘဘကားနောက်က ဒေါ်အောင်ဆန်းစုကြည်ကား၊ နောက်က မန္တလေး စစ်ကိုင်း မုံရွာတို့က လိုက်ပို့တဲ့ ကားတွေဗျာ။ စိုင်ပြင်ကြီး အထွက်မှာ ကားက တခါရပ်တာ တွေ့လိုက်ရတယ်။ ကျနော်ကလည်း ရပ်စောင့်နေတယ်။ တခါ ပြန်ထွက်လာတော့ ကျည်ရွာကို ရောက်တယ်။ ကျည်ရွာမှာ တခါရပ်တယ်။ ကျည်ရွာမှာ ရပ်တဲ့ အချိန်မှာ နည်းနည်းလေး ကြာတယ်။ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် ကြာမယ်ထင်တယ်။ ဘဘက ကားကို ရပ်စောင့်တယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်လာပြီး မကြာဘူး သူ့ကားကို ရပ်လိုက်တယ်။ ဘဘတို့ ကားလည်း ရပ်လိုက်တယ်၊ သိပ်မကြာဘူး။ ဒေါ်အောင်ဆန်းစုကြည် နောက်က လိုက်လာတဲ့ ကားတွေ ရောက်လာတယ်။

ကလေးတွေက မော်တော်ဆိုင်ကယ်နဲ့ ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့က အုပ်ကြီးလိုက် ရောက်လာတယ်။ ကျည်ရွာမှာ ရှိနေတဲ့ ကားတွေကို နောက်က လိုက်လာတဲ့ ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့လူတွေ သေကုန်ပြီ၊ အဘတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေက ကျနော်တို့ကားနဲ့ ဒေါ်အောင်အောင်ဆန်းစုကြည် ကားကို ဝိုင်းပြီးတော့ လုံခြုံရေး ယူပေးတယ်။

ဘဘကို ကားပေါ်က မဆင်းဖို့ ပြောတယ်။ ဘဘလည်း မဆင်းဘဲ မနေနိုင်ဘူး။ လိုက်သွားပြီးတော့ ဒေါ်အောင်ဆန်း စုကြည်ကို ကြည့်ရဦးမယ်။ အခြေအနေသိအောင် ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့နေရာကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည် ကားနဲ့ ဘဘကား ရပ်ထားတဲ့ နေရာနဲ့ ကိုက်၂ဝ-၂၅ လောက် ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ပေါ့။ သူက အလယ်ခန်းမှာ ရှိတယ်။ ဘဘက ကားဘေး ရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီးလို့ ပြောတော့ သူ သိတယ်။

ဘဘက အန္တရာယ်ဖြစ်နေတယ် ဆိုတော့ သူ့ကားကို သွားစေချင်တယ်။ ကားကို ဒီပဲယင်းဘက်ကို မောင်းစေချင်တယ်။ ကျနော်က သွားခိုင်းတာကို သူက မသွားဘူးလို့ ပြောတယ်။ နောက်က အရိုက်အနှက် ခံနေရတဲ့သူတွေ၊ သူ့ကို ကြိုဆိုတဲ့ လူတွေကို ရိုက်တာနှက်တာတွေကို သူ လက်မခံဘူး။ ဒါကြောင့်မို့ ဒီလူတွေနဲ့ အတူ သူ နေမယ်။ မသွားဘူးဆိုပြီး ပြောတယ်။ စိတ်ထဲမှာတော့ သိပ်စိုးရိမ် သွားတာပေါ့ဗျာ။ မသွားရင်တော့ ဒုက္ခ များလိမ့်မယ်ဆိုပြီး၊ နောက်ပိုင်းက အခြေအနေသိအောင် ကြည့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာ ဘာမြင်လဲ ဆိုတော့ မီးအနီရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့ မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုး ထားတာက မီးက အဖြူရောင်ပေါ့။ အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲ အော်ကြဟစ်ကြနဲ့ ကမ္ဘာပျက် သလိုပါပဲ။ လမ်းဘေးက ဖုံတွေကလည်း ထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေ မြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့ နီးနေပြီဆိုတော့ ပြန်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတွေ အားလုံးပြော ပြတယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူး ပြောနေတဲ့အချိန်မှာ လှမ်းကြည့်လိုက်တော့ နောက်က ကားတကားကို စပြီး ရိုက်နေပြီ။ ရိုက်တဲ့ အသံတွေ စပြီး ကြားနေရပြီ။ ဝုန်းဝုန်းနဲ့ ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယ ကားကိုလည်း ရိုက်နေပြီ။ ဒေါ်အောင်ဆန်စုကြည်ကား (Double Cap) ရဲ့ တံခါးပေါက်ထိပ်နားကို ရောက်လာတော့၊ ကိုတိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့ လူငယ်က ကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့ သဘော ရှိတယ်။

အဲဒီအချိန်မှာ ကိုတိုးက အော်လိုက်တယ်။ ဘာ အော်လိုက်လဲဆိုတော့ ဒီကားဟာ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊ ဘဘကလည်း မင်သက် မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ ဟေ့ကောင်တွေ မလုပ်နဲ့၊ မရိုက်နဲ့ဆိုပြီး ကုန်းအော်တယ်။ အော်နေတဲ့ အချိန်မှာ စက္ကန့်ပိုင်း လေးလောက်တော့ ရပ်သွားတယ်။

သင်္ကန်းဝတ် ရွယ်သူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ် ဒုတ်နဲ့ သူတို့က ရှေ့ကဗျာ။ နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ် လူလတ်ပိုင်းတွေ။ သူတို့က ပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာက ဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေ ချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယအကြိမ် ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။ နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ် ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။

ဘဘက ဒုတ်လွတ်တဲ့ နေရာကို နည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်က ရိုက်တာပဲဆိုပြီး ရှောင်လိုက်တဲ့ အခါ ဘဘ လဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ် လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဘောနပ်ရှေ့ရောက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားတယ်။ ကျနော်ကတော့ အဲဒီလို ထွက်သွားတဲ့ အချိန်မှာ သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ရိုက်တော့ ရိုက်တယ် မထိဘူးပေါ့။ သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ဝမ်းသာ သွားမိတယ်။

ဘဘက ဘဘကားဆီ အပြေးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် ကားကို ရိုက်ရင်းရိုက်ရင်း လိုက်သွားတော့ မမီဘူး။ သူတို့ပါးစပ်က ဆဲတာဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့ လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကတော့ ဘဘ စီးလာတဲ့ကားကို လှည့်ပြီးတော့ ရိုက်တာပေါ့နော်။

ဘဘကားကလည်း မောင်းထွက်သွားတော့ မမီလိုက်ဘူး။ ဘဘက ကိုက် ၁၅ ကိုက်လောက်မှာ ကျန်ရစ်ခဲ့ပြီးတော့ ဘဘကား ထွက်သွားတယ်။ အဲဒီကောင်တွေက မော်တော်ကားကို မမီတဲ့ အခါကျတော့ ဆဲဆိုပြီးတော့ ပြန်လာကြတယ်။ ရိုက်တဲ့ သင်္ကန်းဝတ်တဲ့ ကောင်တွေနဲ့ နောက်က ညာသံပေးပြီး လုပ်ခိုင်းတဲ့ သူတွေက ပြန်လာကြတယ်။

ကျနော်က လမ်းရဲ့ ညာဘက်ဘေးနားမှာ ငြိမ်ပြီးတော့ နေရတယ်။ သဘောက ညဆိုတော့ မမြင်ဘူး။ လွတ်ရင် ဒီပဲယင်းဆီ ပြေးမယ်ဆိုပြီး ပြင်ထားတယ်။ သူတို့ ဘဘနဲ့ အလှမ်းဝေးတဲ့ နေရာလည်း ရောက်ရော ဒီပဲယင်းဘက်ကို ပြေးတာပဲ။ မောလို့ရှိရင် လမ်းလျှောက်လိုက်၊ အမောလေးဖြေလိုက်၊ ပြေးလိုက်လုပ်တယ်။

ဒီပဲယမ်းဘက်ကို ပြေးလာတဲ့ အချိန်မှာ နောက်ဘက်က အော်သံတွေ ကြားတယ်။ မန်း ၁ ဒီကိုလာစု၊ မန်း ၂ ဟိုဘက်မှာစု ဆိုတဲ့ အသံတွေ ကြားနေရတယ်။ မန်း ၁၊ မန်း ၂ ဆိုတာက မန္တလေးက ခေါ်လာတဲ့ အကောင်တွေပဲလား ဆိုပြီး စဉ်စားစရာ ဖြစ်သွားတယ်။ အဲဒီဟာ ကြားပြီးနောက်မှာ ရှေ့မှာ လူတယောက် တွေ့တယ်။ ရှေ့မှာတော့ ဒီကောင်တွေ မရှိသေးဘူးဆိုတာ သိထားတယ်။ ရှေ့မှာ တွေ့ရတဲ့ လူတွေ ငါတို့ဆီဘက်က လွတ်သွားတဲ့ လူတွေ ဖြစ်နိုင်တယ်ဆိုပြီး လှမ်းမေးလိုက်တော့ ခင်ဦးမြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်နဲ့ တွေ့တယ်။ ကျနော် ခြေကျင်းဝတ် လည်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လွတ်သွားတယ်။ သူတို့ လှမ်းရိုက်တာကို ရှောင်လိုက်တဲ့အတွက် ဒုတ်နဲ့ ထိုးမိတာ ဖြစ်တယ်။ ပါးစပ်မှာ ကွဲသွားတယ်။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲနေတာပဲ။

ဒေါက်တာဝင်းအောင် သွားတွေ၊ ဘာတွေ ပျက်စီးသွားတယ်။ ကျနော်မှာ ဖိနပ်မပါတော့ သူ့ဖိနပ်တွေ ဘာတွေ ချွတ်ပေးတယ်။ နှစ်ယောက်အတူတူ သွားတဲ့အခါ ရှေ့နည်းနည်းလေး ရောက်တဲ့အခါမှာ ၉ နာရီ ထိုးသံ ကြားရတယ်။ အဲဒီ နာရီအသံကြားပြီး မကြာခင်မှာ ဒီပဲယင်း တပ်ကနေ ပုဒ်မ ၁၄၄ ထုတ်သံကို ကြားလိုက်ရတယ်။ အဲဒီကနေ ဆက်သွားတဲ့ အခါကျ မန္တလေးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကို တွေ့တယ်။

မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားပေါ်မှာ ရပ်တုန်းက ကိုတိုးအောင်၊ ညာဘက်က ကျနော်၊ ကျနော်နဲ့ ကပ်ပြီး ရပ်နေတဲ့သူက ဦးတင်အောင်ရဲ့ဘေးက မန္တလေးက ကလေးလေး။ အဲဒီကလေးလေးက သနားစရာ ကောင်းပါတယ်။ သူ့ကို လူကြီးတွေက ရိုက်မယ်လုပ်တော့ အကိုတို့ရယ် ကျနော့်ကို မရိုက်ပါနဲ့ ကျနော်က ကျောင်းသားလေးပါ။ ကျနော်က မိဘကို လုပ်ကျွေးနေတာပါ။ ကလေး သဘာဝအတိုင်း ပြောတာ၊ တောင်းပန်နေတာ ကျနော် ကြားယောင်နေမိတယ်။ အဲဒီကနေ ဆက်ပြီးသွားတော့ ဘဘတို့ဘက်က ကားမီးက လင်းလိုက်၊ မှိတ်လိုက်၊ လင်းလိုက်ဆိုတော့၊ ကျနော်တို့ စိတ်ထဲမှာ ထင်တာက ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီးတော့ ကျန်တဲ့လူတွေက သူ့လူကို သူ စောင့်ခေါ်နေတယ် ထင်ပြီးတော့ ဘဘတို့ မြန်မြန် သွားကြတယ်။ ဟိုလည်းရောက်ရော၊ အနားလည်း ရောက်ရော၊ ကားတွေက မီးတွေဖွင့်လိုက်တဲ့ အခါကျတော့ ဘဘတို့ကို မီးနဲ့ ထိုးထားသလိုဖြစ်ပြီး မီးတွေ လင်းနေတယ်။

ဘဘတို့ကို ရိုက်ဖို့ ဆင်းလာကြတယ်။ ဘဘတို့အနား ရောက်လာတော့ ဘဘက အော်ပြောလိုက်တယ်။ ဟိုက ငါတို့ကို ရိုက်လို့ ငါတို့က အသက်လုပြီးတော့ ထွက်ပြေးလာတယ်။ မင်းတို့က ဒီကနေ ပိတ်ပြီးတော့ လုပ်မယ်ဆိုတော့ကာ မင်းတို့နဲ့ ပတ်သက်ပြီး ငါတို့ ဘာလုပ်လို့လဲ။ ငါတို့မှာ ဘာလက်နက်များ ပါလို့လဲ။

မင်းတို့နဲ့ ငါတို့က ဘာဖြစ်လို့လဲလို့ ပြောလိုက်တော့ တန့်သွားတယ်။ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ခဏနေဦး။ သူတို့ကို မေးကြည့်ရဦးမယ်။ အကောင် နှစ်ကောင် သုံးကောင်လောက်က ပြောတယ်။ ခုနတုန်းက ကားတစီး ဖြတ်သွားတယ်။ အားလုံး ပိတ်ဆို့ထားတဲ့ အတားအဆီးကိုလည်း၊ အတင်းတိုက်ပြီးတော့ ထွက်သွားတယ်။ တချို့လူတွေ ထိခိုက်ဒဏ်ရာ ရတယ်။ တချို့ကို ဆေးရုံပို့ရတယ်။

ကျုပ်တို့လူတွေကို သေအောင်လုပ်တဲ့အတွက် ချရမယ်၊ နှက်ရမယ်လို့ အဲဒီလိုပြောတယ်။ ငါတို့က ဟိုက အသက်လု ပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်လို့ ဘဘက ပြောတယ်။ ခေါင်းဆောင် လုပ်တဲ့သူက ခင်ဗျား ဘယ်သွားချင်လဲ ဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။

အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်က ရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာ နိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေ ညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေ အော်နေကြတဲ့ အချိန်မှာ ခေါင်းဆောင် လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊ လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့ ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက သူတို့ဟာ အဖွဲ့အစည်း တခုခုက သင်တန်းပေးထားတဲ့ သူတွေလား။ တပ်ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ရဲထဲကပဲလား ဆိုတာကို စဉ်းစားနေမိတယ်။

ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့ ကောင်ရဲ့ အမိန့်ဟာ ကွပ်ကဲမှု အနေအထားအရ လိုက်နာမှု ရှိတယ်။ ချက်ချင်း ပြောတဲ့အခါ ချက်ချင်း ရပ်သွားတာတွေ၊ မသွားနဲ့ဆို မသွားတာတွေ၊ ရပ်ဆို ရပ်တာတွေကို သတိထား ကြည့်မိတော့ ဒါဟာ အဖွဲ့အစည်း တခုအနေနဲ့ လာလုပ်တာပဲလို့ အောက်မေ့တယ်။ အဲဒီလို တွေးရင်းနဲ့ ကားသံတွေ ကြားတယ်။

သူတို့ လူတွေထဲက အော်သံတွေ ကြားတယ်။ ရှေ့မှာ လူကြီးတွေ လာတယ်ပြောတဲ့ အချိန်မှာ ကားတွေ ဝင်လာတယ်။ ဘဘတို့ကို မေးနေတဲ့ အကောင်က ပြန်သွားတယ်။ ဟိုမှာပဲ စကားတွေဘာတွေ ပြောနေတော့ ဘဘတို့က ထိုင်နေတယ်။ ခဏနေတော့ ဘဘတို့အထဲက ဦးပေါခင်က အခြေအနေက ဘာမှ မထူးဘူး၊ လူကြီးတွေ လာတယ်လို့လည်း ပြောတယ်။ အဲဒီအချိန်မှာ နည်းနည်းလေးတော့ အခြေအနေ အေးသွားတယ်။ ကျနော့်အနားကနေ အခြေအနေလေး ချောင်းကြည့်လိုက်ဦးမယ် ဆိုပြီး သွားကြည့်တယ်။ သူကြည့်ပြီး ပြန်လာပြောတယ်။ ဟုတ်တယ်။ အခုလာတဲ့ အထဲမှာ ရဲအဖွဲ့က လူကြီးတွေလို့ ထင်ရတယ်။

သူတို့ကို မေးစမ်းနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ပြန်ပြီး ပို့ပေးဖို့နဲ့ ဒီမှာရောက်တဲ့ လူတွေကိုလည်း လုံခြုံတဲ့ နေရာပို့ဖို့ ပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့ နောက်တခေါက် ပြန်သွားတယ်။ ဟိုက လူကြီးတယောက်က လိုက်လာပြီးတော့ ဘဘတို့ကို ဒီပဲယင်းကို ပို့ပေးမယ်။ သူတို့က လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေ ခင်ဗျားတို့ကို ကျနော်တို့ လိုက်ပို့ပေးမယ် ဆိုပြီးတော့ ကောင်းပြီဆိုပြီး လက်ခံလိုက်တယ်။ နည်းတနည်းတော့ ယုံကြည်မှုလေးတော့ ဖြစ်သွားတာပေါ့။ ကျကျနန စည်းလေးကမ်းလေးနဲ့ ပြောတာလေးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ လိုက်မယ်ဆိုပြီး ပြောလိုက်တယ်။

ဘဘတို့ လုပ်မယ် ပြောတော့ တပ်ကြပ်လေး နှစ်ကောင်ကို ထည့်လိုက်တယ်။ အဲဒီမှာ ကားမောင်းမယ်ဆိုပြီး မီးထွန်းလိုက်တော့ လမ်းဘေးတဘက် တချက်တွေမှာ လူ ၅ဝ အုပ်၊ ၁ဝဝ အုပ်လေးတွေက ဒုတ်တွေနဲ့ ရှိသေးတယ်ဗျာ။ ဟိုဘက်ဒီဘက် ပိတ်ပြီးတော့ ညှပ်ပူးညှပ်ပိတ်လုပ်တဲ့ သဘောတော့ ပေါ်တာပေါ့လေ၊ ဟိုဘက်ဒီဘက်က ၅ဝ စီ - ၁ဝဝ စီ၊ လမ်းတဖက် တချက်မှာ ၂ ဖွဲ့လောက် တွေ့တယ်။

အဲဒါ လွန်သွားတဲ့ အခါကျတော့ လမ်းဘေး တဖက်တချက်မှာ မိန်းမကြီး ၂ဝ လောက် ရှိတယ်။ သူတို့က ထမီတိုတိုနဲ့။ အပေါ်က မျက်နှာပေါ်မှာ တဘက်စတွေ ပေါင်းထားတဲ့ မိန်းမတွေက သူတို့က ဘာအော်လဲဆိုတော့ ပုဆိန်ရိုးတွေ ခွေးတွေ ပြေးပြီ၊ ရှူးရှူးနဲ့ ရယ်ကြမောကြ ဟားတိုက်ကြ လုပ်ကြတယ်ဗျာ။ သဘောကတော့ ခေါ်လာတဲ့ လူတွေကို လုပ်ခိုင်းတာပဲ။ တကယ်တော့ အောက်တမ်းကျတာပေါ့ဗျာ၊ ဘဘ စိတ်ထဲမှာတော့ အဲဒီမိန်းမတွေက တော်တော် အောက်တမ်းကျတဲ့ မိန်းမတွေလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။

အဲဒီလို့နဲ့ ဒီပဲယင်းကို ရောက်တယ်။ ဘဘတို့ကို မယက ရုံးမှာ ထားတယ်။ မယက ရုံးမှာ ထားရင်းနဲ့ ခဏလောက် နေတော့ ဒိုင်နာကားတစီး ဝင်လာတယ်။ ခြံစည်းရိုးမှာ မီးတိုင်တွေ ထွန်းထားတာပေါ့ဗျာ။ ဝင်လာတဲ့ ဒိုင်နာကားက အမှောင်ရိပ်ထဲကို ထိုးပြီးရပ်လိုက်တော့ ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ အမှောင်ရိပ်ကနေ အသီးသီး ဝင်သွားကြတယ်၊ အဲဒီ ပုံစံ။ ဘယ်လို့လဲဆိုတော့ သူတို့က အင်္ကျီ လက်ပြတ် ဝတ်ထားတယ်။ ပုဆိုးတိုတို ဝတ်တယ်။ သူတို့လက်ထဲမှာ ဘာမှတော့ ကိုင်ထားတာ မတွေ့ရဘူး။

ကားပေါ်မှာ ထားခဲ့တာ ဖြစ်နိုင်တယ်။ ၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ တွဲပြီးတော့ ရုံးနောက်ထဲကို ဝင်သွားကြတယ်။ သဘောကတော့ဗျာ၊ ဒီနေရာက ည နေရာ ယူခိုင်းပြီးတော့၊ ဒီနေရာမှာ အသုတ်လိုက် ရောက်လာတဲ့ လူ၊ တာဝန်ခံတဲ့သူ ရောက်လာတဲ့ သဘောပေါ့ဗျာ။ အဲဒီလို လုပ်မယ့်ကိုင်မယ့် သူတွေကို အဲဒီနေရာတင် ထားပြုပြီးတော့ လုပ်ခိုင်းတဲ့ သဘောလို့ ကောက်ချက် ချရတာပေါ့၊ အဲဒီကနေ ဘယ်ပို့လိုက်လဲ ဆိုတော့ ဒီပဲယင်း ရဲစခန်းကို ပို့လိုက်တယ်။ ရဲစခန်းမှာ ခဏ ထိုင်ခိုင်းပြီးတော့၊ တယောက်က ရဲစခန်းမှူးနဲ့ စကားပြောပြီးတော့ ဘဘတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာပေါ့။

ဘဘကိုကျတော့ အမှုစစ်တဲ့ ရုံးခန်းရှေ့နားက သံဇကာ ကာထားတဲ့ အခန်းမှာ ထားတယ်။ ဘဘနဲ့အတူ ပါလာတဲ့ လွှတ်တော်ကိုယ်စား ၃ ယောက်ကိုတော့ အချုပ်ခန်းထဲ ထည့်တယ်။ သူတို့ကို မလုပ်နဲ့ မလုပ်ပါနဲ့ သူတို့နဲ့ ကျနော်က အတူတူ လာခဲ့တာပါပြောတော့ သူတို့က မလုပ်ပါဘူး။ သူတို့ကို အပြင်မှာပဲ အိပ်ခိုင်းမှာပါ။ သူတို့အတွက် လုံခြုံအောင်လို့ပါ ဆိုပြီးတော့ ဘဘလည်း ခုနက ပြောခဲ့တဲ့ အခန်းထဲ ရောက်သွားတယ်။ သူတို့ကိုလည်း အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်မိုးလင်းတဲ့ အခါကျတော့ ကားတစီး ဝင်လာတယ်။ ဒိုင်နာကား ဖင်ထိုးပြီးတော့ ဝင်လာတော့ ဒဏ်ရာရတဲ့ မန္တလေးက ကိုလှဦး၊ နောက်တယောက်က ကျနော့်ကား မောင်းတဲ့ ကိုအောင်စိုးဗျာ။ ကိုအောင်စိုးက ဘယ်သူ့ကို တွဲချလာလဲဆိုတော့ ကိုတိုးလွင်။ ကိုတိုးလွင်ရဲ့ တကိုယ်လုံးမှာလည်း သွေးတွေ ရဲနေတယ်။ ခေါင်းမှာလည်း သွေးတွေ စီးပြီးတော့ ရဲရဲနီနေတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယူတဲ့ ကိုတိုးလွင်က အများဆုံး အရိုက်ခံရတာ ဖြစ်တယ်။ ဆေးဝါး ကုသခွင့်လည်း မပေးပါဘူး။ အကျဉ်းစခန်းထဲ ထည့်တယ်ပေါ့။ မနက်ပိုင်းကျတော့ အဖွဲ့ချုပ်ရုံးတွေကို ချိတ်ပိတ် လိုက်တဲ့အကြောင်း မီရာ သတင်းတွေနဲ့ ပြတာပေါ့ဗျာ။ သူတို့က ဘဘတို့ မြင်အောင် ပြတာပေါ့ကွာ။ ဒီလိုမျိုး ဖြစ်လို့ အဖွဲ့ချုပ်ရုံးတွေကို ပိတ်လိုက်ရပါတယ် ဆိုပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ပိတ်တာပေါ့။ နေ့ခင်းမှာ ဘဘက အိုက်လို့ ရေချိုးချင်တာပေါ့။ မိသားစုတွေနေတဲ့ ဘားတိုက်တွေနောက်က လက်လှုပ်တွင်းမှာ သွားချိုးရတာပေါ့။ သွားချိုးတော့ ဘာကြားလဲဆိုတော့ အိမ်ထောင်လိုင်းမှာ နေတဲ့ ဝန်ထမ်းတွေ အချင်းချင်း မနေ့က အဖြစ်အပျက်တွေကို ပြန်ပြောတဲ့ ဟာတွေ ကြားတယ်။

ဘယ်လိုကြားလိုက်လဲ ဆိုတော့ ငါမှာလည်းကွာ ရိုက်ရမယ့်ဟာက အမျိုးသမီးတွေက ငါတို့ ရိုက်မယ်ဆိုတော့ အော်လိုက်တာကွာ၊ အကိုကြီးရယ် မလုပ်ပါနဲ့ဆိုပြီး ဝိုင်းပြီး အော်ကြဟစ်ကြ၊ ငိုကြရယ်ကြနဲ့ကွာ။ ငါ့မှာက ရိုက်ရတော့မလို၊ ရယ်ရတော့မလို ဖြစ်နေတယ်ကွာ။ ဒါပေမဲ့ သူတို့က စပ်စပ်ကလေး လုပ်လွှတ်လိုက်တော့ အော်လိုက်ကြတာများကွာ ဆိုပြီး၊ ပြီးတော့မှ ရယ်မောသံတွေပေါ့ဗျာ၊ ဟားဟား ဟီးဟီးပေါ့ဗျာ။

အော် လက်စတက်တော့ ညက လုပ်တဲ့ အသိုင်းအဝိုင်းက လူတွေက ဒီကကောင်တွေပဲ ထင်တယ်။ ဒီလိုတော့ မှန်းလို့ ရတာပေါ့ဗျာ။ အဲဒီလို သဘောတွေလည်း ရှိတာပေါ့ဗျာ။ ကျနော်လည်း အဲဒီကနေ ပြန်လာပြီးတော့ FIR ဖွင့်ပြီးတော့ တိုင်ချက်တွေဘာတွေ ပေးခဲ့သေးတယ်ဗျာ၊ အဲဒီည အိပ်ပြီး နောက်တနေ့မှာ ကျနော်တို့ အားလုံးကို ခွဲပြီးတော့ ပို့တယ်။ တချို့လည်း ဘယ်ခွဲပို့လဲ ဆိုတာကတော့ မသိရဘူး ခေါ်သွားတာပဲ။ ကျနော်က သူတို့နဲ့ အတူတူ လိုက်မယ်ဆိုပြီး ပစ္စည်းလေး ယူပြီး ထွက်တော့ ကျနော် မလိုက်ရဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း မလိုက်ရဘူး။

ဘဘတို့ကို တနေရာပို့မယ်ဆိုပြီး ၁ ရက်နေ့ ၃ နာရီမှာ ပို့လိုက်တယ်။ ပို့လိုက်တော့ ဘယ်ရောက်သွားလဲ ဆိုတော့ ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားတော့တယ်။

ဘဘတို့ ရောက်တော့ ပထမဦးဆုံး တွေ့ရတာက ဆရာဝန်ပေါ့။ ဆရာဝန်က လာပြီး ဘာရောဂါတွေ ရှိသလဲပေါ့ဗျာ၊ မေးတာပေါ့။ ဘဘက ရောဂါရှိသမျှကို ပြောပြတယ်။ ခြေထောက်မှာလည်း သွေးကြောထုံး ရောဂါ ရှိတယ်။ သွေးတိုးနည်းနည်း ရှိတယ်။ နောက်ပြီးတော့ ဂေါတ်လည်း ရှိတယ်၊ ဆီးချိုလည်း နည်းနည်း ရှိတယ်။ သူတို့လည်း မှတ်တမ်း တင်ထားတာပေါ့ဗျာ။ ဆေးရုံက ဆရာဝန်က ကလေးမြို့က လာတာဗျာ။ ကလေးမြို့က ဆေးရုံက ကလေးထောင်ကို တယောက် လွှဲထားပေးတယ်။ အဲဒီဆရာဝန်က ဆေးတွေဘာတွေ စစ်ဆေးတယ်။ ကျနော်တို့ ရှိစဉ်ကာလအတွင်းမှာ လာပြီးတော့ စစ်ဆေးတာတွေ လုပ်ပေးပါတယ်။

နောက်ပြီးတော့ သူတို့ လူကြီးတွေက မှာလိုက်ပါတယ်။ ဘဘတို့ အားလုံးအတွက် လိုချင်တာရှိရင်၊ စားချင်တာ ရှိရင် မှာပါ၊ သူတို့ အကုန် လုပ်ပေးပါမယ် လို့တော့ ပြောတယ်။ သူတို့ဆီက ကြက်သွန်တို့၊ ကြာဇံတို့ လိုအပ်တဲ့ ပစ္စည်းတွေ လာပေးတယ်။ ဘဘအနေနဲ့ တောင်းတာပြုတာ မလုပ်ဘူး။ နေ့ကြီးရက်ကြီး အခါကြီးတွေ ကျပြန်တော့လည်း ကျနော်တို့ အဖွဲ့သားလေးတွေနဲ့ လာပြီး လုပ်ကိုင်ပေးတဲ့ ကလေးတွေ စားဖို့ကတော့ စမူဆာလေး ဘာလေးညာလေး ၃ဝဝ ဖိုး၊ ၄ဝဝ ဖိုးလောက်ကတော့ မှာဖူးတယ်။

အဲဒါကိုတာ့ ဘဘက ပိုက်ဆံပေးမယ်လို့ ပြောတော့ သူတို့က ပိုက်ဆံမယူဘူး။ တချို့ကိစ္စတွေနဲ့ ပတ်သက်လို့ ဘဘက ပိုက်ဆံပေးတယ်။ ဥပမာ - ထမင်းနဲ့ ပတ်သက်တဲ့ ထမင်းချိုင့် သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့၊ ရေပုလင်းနဲ့ ပတ်သက်လို့ ရေသန့်ဘူးလေး ဘာလေးတွေအတွက် ပိုက်ဆံပေးတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံ ပေးတာတွေနဲ့ ပတ်သက်လို့ တခုမှ မယူပါဘူး။ လိုချင်တာရှိရင် မှာပါ၊ သူတို့လူကြီးက မှာတယ်ပြုတယ်လို့ ပြောတယ်။

တပတ်နှစ်ပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည်က ပို့လိုက်တဲ့ အားရှိမယ့် အစားအသောက်တွေနဲ့ ဘူးတွေခွက်တွေ ရဖူးပါတယ်။ နှစ်ကြိမ် သုံးကြိမ်လောက် ရဖူးတယ်။ နောက်မှ တော်တော်လေး ကြာတဲ့ အခါကျမှ ခြင်ထောင်လေး ဘာလေး ပေးတယ်။ အောက်ခင်းဖို့ပြုဖို့ ပေးတယ်။ ကျနော်က ရောက်ရောက်ချင်း တောင်းတာကတော့ ကုတင် အမြင့်လေး တောင်းတယ်။ ဒါတော့ မပေးပါဘူး။ ကျနော်က အခင်းနဲ့ အိပ်ရတယ်။

အဲဒီလိုနေရင်းနဲ့ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ကျတော့ မနက်မနက်တိုင်း နှုတ်ဆက်တော့၊ အသံ မကြားရတဲ့ အခါကျတော့ ဘဘ မေးကြည့်တော့ သူတို့ ရွှေ့သွားပြီလို့ ပြောတယ်၊ ဘဘ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်များ ပို့လိုက်သလဲဆိုပြီးတော့ စိတ်ပူတာပေါ့။ ကျနော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်ကို မေးကြည့်တော့ သူတို့ကို ကောင်းကောင်းမွန်မွန်၊ ကားနဲ့ လာခေါ်တာတွေ တွေ့လိုက်ရတယ်။ သူတို့ကို ရွှေဘိုထောင်တို့၊ မန္တလေးထောင်တို့ ပို့လိုက်တယ် ထင်တာပေါ့။ နောက်မှာပဲ သိလိုက်ရတယ်၊ လွှတ်လိုက်ပြီ ဆိုတာ သိလိုက်ရတယ်။

ဘဘကို ဖော်ဖော်ဝါရီလ ၁၃ရက်နေ့ ညတည်းက ပလပ်စတစ်အိပ်တွေ လာပေးတယ်။ မနက်ဖြန်ကျရင် အဘကို တနေရာ ပို့ဖို့ရှိတယ်။ ဘဘကလည်း ဘယ်ကို ပို့မလဲ မေးကြည့်တော့ သူတို့လည်း မသိဘူးလို့ ပြောတယ်။ ဘဘစိတ်ထင် အင်းစိန်ကိုများ ပို့မလား၊ ဘဘ စိတ်ထင်နေမိတယ်။ လေယျာဉ်ပျံက မန္တလေးကနေ ရန်ကုန် ရောက်တော့ မင်္ဂလာဒုံက လူတွေ လာကြိုပြီး၊ ကျနော့်ကို ၁ဝ (က) နဲ့ အိမ်မှာ အကျယ်ချုပ် ကျတယ်။ အဲဒါနဲ့ ၆ နှစ်ပေါ့။ လွတ်လာတာ မကြာသေးဘူးပေါ့ဗျာ။

သင်ပုန်းချေရေး ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း

ဘဘ အပြင်ရောက်တဲ့အခါ ပထမဆုံးအကြိမ် ကြားတာက အင်းစိန်ထောင်ကို ရောက်သွားတယ်လို့ ကြားတယ်။ နောက်တော့ အိမ်ချုပ် ချထားတယ်လို့ ကြားတယ်။ အဲဒီတုန်း မစ္စတာ အစ္စမေးလ်လာတဲ့ အချိန်နဲ့ ကိုက်နေတယ်။ လူကြီးတွေက တွေ့ဖို့ ခေါ်တယ်ပြောတော့ ဘဘတို့ လိုက်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီအချိန်က ညောင်နှစ်ပင် ညီလာခံကလည်း ခေါ်မယ် လုပ်နေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်မှူးကြီး သန်းထွန်းတို့၊ ပြည်ထဲရေး ဝန်ကြီး ကိုတင်လှိုင်တို့၊ ကိုကျော်ကျော်ဝင်းတို့ လာတွေ့တယ်။

အဓိပ္ပာယ်ကတော့ လာတွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဘက်က ဒီပဲယင်းနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို သူ့ကို ဘာမှ မပြောဘူး။ သင်ပုန်းချေတဲ့ သဘောကို ပြောလိုက်တယ်။ တဖက်က ဘာလုပ်ပေးဖို့ လိုလားလဲ ဆိုတော့ကာ၊ ညောင်နှစ်ပင် ညီလာခံတက်ဖို့ ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသမားတွေကို လွှတ်ပေးဖို့၊ အဖွဲ့ချုပ် မြို့နယ်မှာရှိတဲ့ ရုံးတွေကို ဖွင့်ပေးပြီးတော့ လုပ်ရိုးလုပ်စဉ် စည်းရုံးရေး ကိစ္စတွေကို ငြိမ်းချမ်းစွာနဲ့ လုပ်နိုင်ရန် ခွင့်ပြုဖို့၊ နောက်တခုက အဖွဲ့ချုပ်က ညီလာခံ ကိုယ်စားလှယ်ကို မိမိအဖွဲ့ချုပ် အနေနဲ့ ရွေးချယ်ခွင့် ပေးဖို့၊ နောက်တခု ကတော့ အခုလက်ရှိ ညီလာခံ ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပဲဖြစ်ဖြစ်၊ ညီလာခံ မခေါ်ခင်မှာဖြစ်စေ၊ ခေါ်ပြီးဖြစ်စေ ညှိနှိုင်းဆွေးနွေးဖို့၊ တွေ့ဆုံ ဆွေးနွေးဖို့ဆိုတဲ့ ဟာတွေကို ဘဘတို့က ပြောတယ်။ ခုနက လာပြောတဲ့ သူတွေက ပြန်သွားတယ်။

ဟိုဘက်က လာပြန်ပြောတယ်။ အမတို့ဘက်က ဒီပဲယင်းကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောတော့ဘူး၊ သင်ပုန်းချေမယ်လို့ ပြောတဲ့အခါ ဟိုဘက်က သူတို့လူကြီးက အရမ်း ဝမ်းသာတယ်လို့ ပြောတယ် အမရေဆိုပြီး လာပြောတယ်။ အမတို့ ဘက်က စီစဉ်စရာရှိတာ ဆက်ပြီး စီစဉ်ပါလို့ ပြောတယ်။ ဘဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ဘဘတို့ဘက်က ညောင်နှစ်ပင် ညီလာခံကို တက်ရောက်နိုင်တဲ့ အနေအထားဖြစ်တော့ တက်မယ် ဆိုပြီးတော့ အုပ်စုနှစ်ခု ခွဲလိုက်တယ်။ ညီလာခံမှာ ဥက္ကဋ္ဌကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ တက်မယ်။

အရင်တုန်းက တက်ခဲ့တဲ့ အသက်အရွယ် ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေက ပြန်လာ၊ လူလတ်ပိုင်းက လူတွေ ပြန်တက်၊ ဥပဒေ ဆွဲတာတွေကို နားထောင်၊ ရေးစရာ ရှိတာတွေကို ရေးသားမှတ်သားလာ၊ ညီလာခံ ပြီးတဲ့အချိန်က ရုံးချိန်ဆိုရင် ရုံးမှာ တွေ့မယ်။ ရုံးချိန်မဟုတ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့မယ်။

တနေ့လုံး လုပ်ခဲ့တဲ့ ညီလာခံ ကိစ္စတွေကို ပြောကြမယ် ဆိုကြမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး နားထောင်၊ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေး၊ ဆုံးဖြတ်၊ အတည်ပြုပြီးလို့ရှိရင် အဲဒီညီလာခံ တက်တဲ့ လူတွေက ပြောဖို့ဆိုဖို့ အစီအစဉ်တွေလုပ်၊ ဘာညာပေါ့လေ။ နောက် ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေခဲ့မယ့် ဘဘတို့ တတွေက ကျန်ခဲ့မယ်။ လွတ်လာတဲ့ အထဲက ဦးဝင်းတင်၊ ဒေါက်တာသန်းငြိမ်းတို့၊ ဒေါ်မေဝင်းမြင့်တို့ စသဖြင့် လွတ်လာတဲ့ ပုဂ္ဂိုလ်တွေထဲက ညီလာခံ တက်ခိုင်းသင့်သူတွေကို တက်ခိုင်းပြီးတော့ ဦးဝင်းတင်နဲ့ ကျနော်တို့က အတူတကွ ပြောတဲ့ဆိုတဲ့ ဟာတွေကို နားထောင်ပြီးရင် တွေ့ဆုံ ဆွေးနွေးပြီးတော့ ရေးကြ ခြစ်ကြဖို့ပေါ့ဗျာ။ လွတ်တဲ့အထဲမှာ ကိုကျော်စန်းတို့၊ ဗိုလ်ဝင်းထိန်တို့ စသည်အားဖြင့် နာမည်တွေကတော့ တော်တော်များများ ပြောပါတယ်။ အဲဒါမျိုး အဖွဲ့ ၂ ဖွဲ့ ခွဲလိုက်တယ်။ ညီလာခံတက်မယ့် အထဲမှာ ဦးအောင်ရွှေ ခေါင်းဆောင်မယ့် အဖွဲ့နဲ့ နောက်မှာ ကျန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်မယ့် အဖွဲ့၊ ၂ ဖွဲ့ လုပ်မယ်လို့ စီမံထားတယ်။

ညီလာခံ ဖွင့်ဖို့ နှစ်ရက်လောက်အလို ထင်တယ်။ ကျနော်တို့ကို ခေါ်လို့သွားတယ်။ သူတို့ဘက်က လာသွားတယ်။ အမရေ ဒါနဲ့ ပတ်သက်တာကတော့ အစီအစဉ်ကတော့ အဲဒီအတိုင်း မဖြစ်ဘူး။ အမတို့ တက်မယ်ဆိုရင် ဒီအတိုင်းပဲ တက်ပါ ဆိုပြီးတော့ ပြောတယ်။ သဘောကတော့ ပထမဆုံး စီမံတဲ့ ကိစ္စကတော့ သူတို့ လူကြီးတယောက် နေမှာပေါ့။ အဲဒီလို ခွင့်မပြုဘူး၊ သဘော မတူဘူးဆိုတာက တခြား လူကြီးတယောက် ဖြစ်မှာပေါ့။ အဲဒီလိုပဲ ဘဘတို့က အောက်မေ့တာပေါ့နော်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာကတော့ ကျမတို့က ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့ အားလုံးကို သင်ပုန်းချေထားတယ်။ ပြောလည်း မပြောဘူး၊ ဆိုလည်း မဆိုဘူး။ ကျမတို့ဘက်က ခံထားရတဲ့ အကျဉ်းကျ ခံနေရတဲ့ ပုဂ္ဂိုလ်တွေ၊ အရိုက်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အသက်မသေခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ နစ်ဆုံးရှုံးမှုတွေ အားလုံးကို ကျမတို့ ဘက်သားတွေကို ပြေလည်အောင် ပြောရမယ့် ကိစ္စ၊ ကျမ အန္တရာယ်ကို စွန့်ပြီးတော့ ပြောရမှာပါ ဆိုပြီးတော့ သူတို့ကို ပြန်ပြီး ပြောလိုက်တယ်။

ညီလာခံကို တက်ဖို့၊ မတက်ရင် အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စ အဝဝဟာ အဖွဲ့ချုပ်ရဲ့ တာဝန်ဖြစ်တယ်။ ဆိုလိုတာ ကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း ပါတယ်ပေါ့ဗျာ။ အဲဒီတော့ မတက်ဘူး။ ဒီနေ့ အတိုင်းအတာက သိတဲ့အတိုင်းပဲ မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး။ အခြေအနေ အရပ်ရပ်ဟာ အဲဒီ အချိန်တိုင်း ထိခိုက်ခဲ့တာ အမှန်ပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့ ရှေ့ဆက်ပြီး မိမိတို့အဖွဲ့ချုပ် စိတ်ဓာတ်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်လက် အောင်မြင်သည် အထိ ကြိုးစား သွားမယ်ဆိုတာကို သန္နိဋ္ဌာန် ချထားတယ်။

ဘဘတို့ ဖြစ်ပျက်ခဲ့ကိစ္စ အဝဝကိုလည်း ပြည်သူလူထု တရပ်လုံး တိုင်းရင်းသား အားလုံး၊ အဲဒီထဲမှာ တပ်မတော်သားတွေ အပါအဝင် ပြည်သူသားလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဖြစ်တဲ့အတွက် တပ်မတော် သားတွေကလည်း ပြည်သူပြည်သားက မွေးဖွားတဲ့ သားသမီးဖြစ်တဲ့ အားလျော်စွာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျနော်တို့ဟာလည်း အောင်မြင်သည်အထိ ဆောင်ရွက်ရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လာတဲ့ အဖွဲ့ချုပ် ဖြစ်တဲ့အတွက် အဖွဲ့ချုပ်ဟာ အဲဒီ စိတ်ဓာတ်နဲ့ ရှင်သန်နေတာမို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဝင်တွေ အပေါ်မှာ ပြည်သူ ပြည်သားများ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး၊ တပ်မတော်သားတွေ အားလုံး ဝိုင်းဝန်းပြီးတော့ စာနာ ထောက်ထားပြီးတော့ နားလည်မှုရှိပြီး ဝိုင်းဝန်း ဆောင်ရွက်ပေးဖို့ ပြောချင်တော့တယ်။

တွေ့ဆုံဆွေးနွေးမှု

ဒီလို တိုက်တာခိုက်တာတွေတော့ မကောင်းဘူး။ ဘယ်သူလုပ်လုပ် ဘဘအနေနဲ့ကတော့ မကြိုက်ဘူး။ ဒါက အဖြေမှ မဟုတ်ပဲဗျာ။ အဖြေက တယောက်နဲ့ တယောက် ယုံကြည်မှု ရဖို့ရာအတွက် စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးဖို့ပဲဗျာ။ အဲဒီဟာပဲ။ သူတို့ လုံပမ်းနေတာက ပါတီထောင်ကတည်းက အဆင့်လိုက် အဆင့်လိုက် မပြတ် တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့အတွက် လုပ်ခဲ့တယ်။ ဒါတင် မကသေးဘူး။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်နယ်တိုင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားများ စုဝေးပြီးတော့ လွှတ်တော်သဘောနဲ့ သူတို့အစိုးရ ရပ်တည်နေတဲ့ ဒီဖက်တို (တရားမဝင်) အစိုးရကနေ၊ တရားဝင် အစိုးရဖြစ်အောင် လွှတ်တော်ကနေ သဘောတူ ခွင့်ပြုပြီးတော့ တရားဝင် အစိုးရအဖြစ် ကြေညာပေးဖို့ ဒီလို လုပ်ခဲ့တာပဲ။ သူတို့ ဆက်ပြီးတော့ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျနော်တို့ ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲကို ဂုဏ်ပြုဖို့၊ အသိအမှတ်ပြုဖို့ပဲ။ ဒါပဲ ကျနော်တို့က ပြောနေတာပဲ။ အသိအမှတ်ပြု ဂုဏ်ပြု လိုက်တယ်ဆိုရင် သမိုင်းမှာ အစဉ်အလာကောင်းတွေ ဖြစ်သွားမှာပေါ့။ ၉ဝ ခုနှစ် ရလဒ်ကောင်းတွေ ရှိရဲ့သားနဲ့ ထပ်မံပြီးတော့ ရွေးကောက်ပွဲသစ် လုပ်မယ်၊ ရလဒ်သစ် လုပ်မယ် ဆိုတာကတော့ သမိုင်းမှာ မကောင်းဘူးဗျာ။ အင်မတန် သမိုင်းမှာ အရုပ်ဆိုးတဲ့ ဟာကြီးဗျာ။

အရုပ်ဆိုးတဲ့ ဟာကြီး ဖြစ်တာကို နောင်လာနောက်သားတွ အတွက် မကောင်းသော ပညာပေးမှု၊ မကောင်းသော သင်ခန်းစာလို့ ကျနော်တို့က ယူဆထားတဲ့အတွက် မလုပ်ကောင်းဘူးဗျာ။ နောင်မှာလည်း လုပ်စရာရှိတဲ့ လုပ်ငန်း အဝဝကို ဘာပဲလုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားတာကိုပဲ အားပေးချင်တယ်။ ကျနော်ပြောသလို ဒီပဲယင်းဟာမျိုး အကြမ်းဖက်မှုတွေက ဒီမှာ နှစ်ပေါင်း ၆ဝ ကျော် ရှိပြီဗျာ။ တယောက်နဲ့တယောက် အပြန်အလှန် စကားစစ်ထိုးမှုတွေက တော်လောက်ပြီဗျာ၊

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေက ချွတ်ချုံကျနေပြီ။ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ ကယ်တင်ရမယ့် ကိစ္စမှာ ဟိုဘက်က အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့၊ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ အထောက်အခံ အများဆုံးဖြစ်တဲ့ ကျနော်တို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပွဲဝိုင်းမှာထိုင်ပြီး လျှော့နိုင်သလောက်တွေ လျှော့ပြီးတော့၊ အပေးအယူတွေ လုပ်မယ်ဆိုရင် ဖြစ်ပါတယ်ခင်ဗျာ။ ဘဘကတော့ အဲဒီလိုပဲ မြင်တယ်။

သူတို့မှာ လက်နက်တွေ ရှိလို့၊ ငွေတွေ ရှိလို့၊ ပါးစပ်မှာ အာဏာတွေ ရှိလို့ လုပ်တဲ့ဟာတွေကလည်း အမှန် မဟုတ်ဘူးဗျာ။ အကြမ်းဖက်မှု လုပ်လို့ ပြန်ပြီး တုံ့ပြန်တယ် ဆိုတာလည်း အဖြေ မဟုတ်ဘူးဗျာ။ ဘယ်တော့မှ မပြီးဘူးဗျာ။ ပြီးနိုင်တဲ့ ကိစ္စကတော့ ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အဘက်ဘက်က ကျရှုံးနုံနဲ့နေတဲ့ ဟာကို ပြန်ပြီး မတ်လာအောင် လုပ်ဖို့ဟာကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ ကြားလူမပါဘဲ အေးအေးဆေးဆေး တွေ့ပြီးတော့ အပေးအယူ လုပ်လိုက်ပြီးတော့ လျှော့တန်တာတွေ လျှော့လိုက်ရင် ဖြစ်ပါတယ်ဗျာ။ ဘဘအနေနဲ့ အသက်အရွယ် ကြီးလာပြီဆိုတော့ တိုင်းပြည်မှာ တိုးတက် ကောင်းမွန်ပြီးတော့ အေးအေးချမ်းချမ်း ဖြစ်သွားတာကို မြင်ချင်တယ်ဗျာ၊ ဒါပဲ။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့