..............................

Friday, July 23, 2010

ပြည်သူတွေ ကြံ့ခိုင်ရေးကို မဲမပေးချင်

ဦးဇော်ဝင်းလှိုင်
ကြာသပတေး, 22 ဇူလိုင် 2010

၂၀၁၀ ရွေးကောက်ပွဲမှာ လူထုအနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲမပေးလိုကြတဲ့အတွက် တခြား ဒီမိုကရေစီ အရေး လိုလားတဲ့ နိုင်ငံရေး ပါတီတွေကို မျှော်လင့် စောင့်စားနေကြတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးတဲ့ နေရာမှာ စစ်အစိုးရက ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွဲလို့ ကျန်တဲ့ နိုင်ငံရေးပါတီတွေ နယ်တွေကို အရောက်နည်းတဲ့ အတွက် ဒေသခံတွေက နိုင်ငံရေးပါတီတွေ သူတို့ဒေသမှာ လာရောက် မဲဆွယ် စည်းရုံးကြဖို့ မျှော်လင့်နေတယ်လို့ နိုင်ငံရေးပါတီ တချို့က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ ကော်မရှင်က သတ်မှတ်ထားတဲ့ ပါတီဝင် အရေအတွက် ပြည့်ရေးနဲ့ တခြား ဘဏ္ဍာရေး အခက်အခဲတွေကို ဖြေရှင်း နေကြရတာကြောင့် နယ်တွေကို သွားပြီး ထင်သလောက် မဲဆွယ်စည်းရုံးခြင်း မလုပ်နိုင် ကြသေးဘဲ ဖြစ်နေတာပါ။

အထူးသဖြင့် လူထုအနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲမပေးချင်ကြတဲ့ အတွက် အခုလို ဒီမိုကရေစီအရေး လိုလားတဲ့ နိုင်ငံရေးပါတီတွေ သူတို့ထံ လာရောက် စည်းရုံးကြဖို့ မျှော်လင့်နေကြတာလို့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ကိုယ်တိုင် လုပ်ဆောင်နေတဲ့ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“ကျနော်တို့သွားတဲ့၊ ရောက်တဲ့ မြို့နယ်တွေ ခပ်များများပေါ့၊ အဲဒီမှာ ပါတီတွေက စည်းရုံးရေး ဆင်းတဲ့လူတွေ တော်တော် နည်းသေးတယ်။ ဘယ်သူ့တွေ့ရလဲ ဆိုတော့ အထူးသဖြင့်ကတော့ ကြံ့ခိုင်ရေးပဲ တွေ့ရတယ်။ ကြံ့ခိုင်ရေးလည်း စနစ်တကျ စည်းရုံးတာတွေ ဘာတွေ သိပ်မရှိဘူး။ ကျနော်တို့ တွေ့ရ သလောက်ကတော့ အိမ်တွေကို ဆင်းသွားတယ်၊ လူနာမည် စာရင်းတွေ မေးပြီးတော့ အဲဒါတွေက သူတို့ ကြံ့ခိုင်ရေး ဆိုပြီးတော့ ထည့်လိုက်တယ်။ မလိမ့်တပတ် လုပ်သွားတာလောက်၊ အဲဒါမျိုး စည်းရုံးရေးမျိုးပဲ ရှိတယ်။ ဆိုင်းဘုတ်တွေ ဘာလေးတွေတော့ ရှိတာပေါ့။

“ဒါပေမဲ့ တခြားပါတီတွေက စည်းရုံးရေး သိပ်မလုပ်ကြသေးဘူး။ အထူးသဖြင့် ပါတီတွေက ဘာလုပ်နေကြလဲ ဆိုတော့ ပါတီဝင် ၁,၀၀၀ ရရှိရေး အတွက် စုတာတို့ ဘာတို့ ဒီလောက်ပဲ ရှိသေးတာ တွေ့တယ်။ သိပ်ပြီးတော့ မတွေ့သေးဘူး။ အဲတော့ လူတွေက ဘာပြောလဲဆိုတော့ ပရိသတ်တွေကို ကျနော်တို့ တွေ့တော့ သူတို့က ကြံ့ခိုင်ရေးကို မဲမပေးချင်ဘူး၊ မဲမပေးချင်တော့ ကျန်တဲ့ နိုင်ငံရေးပါတီတွေ လာပြီး ပြိုင်စေချင်တယ်၊ ဘယ်သူမှလည်း မလာကြသေးဘူး။ အဲဒါမျိုးတွေပဲ တွေ့တယ်ပေါ့။ အဲတော့ မြန်မြန်လာကြပါ၊ မြန်မြန်ပြိုင်ကြပါ၊ ကျနော်တို့က ခင်ဗျားတို့ကို မဲပေးချင်နေတာပါ၊ ဆိုတော့ ကျနော်တို့ကလည်း အခက်အခဲကတော့ ဘဏ္ဍာရေး အခက်အခဲပါ။ ဘဏ္ဍာရေး အခက်အခဲသာ မရှိဘူးဆိုရင် ကျနော်တို့ အများကြီး အခုကတည်းက ကိုယ်စားလှယ်တွေ ရွေးပြီး ဖြစ်နေလောက်ပြီ။”

နယ်တွေကို လိုက်လံ စည်းရုံးရေး ဆင်းနေတဲ့ နိုင်ငံရေးပါတီတွေ နောက်ကို ထောက်လှမ်းရေးနဲ့ အာဏာပိုင်တွေက တကောက်ကောက်နဲ့ နောက်ယောင်ခံ လိုက်နေတဲ့အတွက် လူထုအနေနဲ့ မဲဆွယ် စည်းရုံးတာတွေကို လာရောက် နားထောင်ကြဖို့ ကြောက်လန့်တဲ့ အဖြစ်မျိုးနဲ့လည်း ရင်ဆိုင် ကြရတယ်လို့ ဦးသုဝေက ဆက်ပြောပြပါတယ်။

“သူတို့ကို မြင်တဲ့အခါကြတော့ ကြောက်တာပေါ့။ ရဲရဲတင်းတင်း မဆွေးနွေးရဲကြဘူး။ သူတို့ကလည်း လာတာက သတင်း လိုချင်လို့ လာတယ်လို့ ပြောတာကိုး။ သူတို့ကို ခိုင်းချင်တာ ခိုင်းရအောင်လို့ လာတယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ လာတယ် ပြောတာပေါ့။ သို့သော် ကျနော်တို့က သူတို့ကို လူတွေက တွေ့တဲ့အခါကြတော့ အဟန့်အတားရှိတယ်၊ အနှောင့်အယှက်ရှိတယ်၊ ဖြစ်တယ်၊ ဒါလောက်ပါပဲ။”

တဘက်က နိုင်ငံရေးပါတီတွေ အခက်အခဲရှိအောင် အာဏာပိုင်တွေက လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ သူတို့ ထောက်ခံထားတဲ့ နိုင်ငံရေးပါတီ ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကတော့ ငွေအလုံးအရင်းနဲ့ မဲဆွယ် စည်းရုံးမှုတွေ နိုင်ငံအနှံ့ လုပ်ဆောင်နေပါတယ်။

“သူတို့ကတော့ သက်ဆိုင်ရာနဲ့ နီးစပ်တဲ့လူတွေ၊ သူတို့အဖွဲ့တွေဆိုတော့ လွယ်တာပေါ့၊ အခက်အခဲ မရှိဘူးပေါ့။ ငွေလည်း ရှိတယ်၊ အာဏာလည်း ရှိတယ်၊ အခွင့်အရေးလည်း ရှိတယ်။ အဲဒါတွေရှိတော့ သူတို့က တပန်းသာတယ်။ ဒါပေမဲ့ ကျနော်တို့ နယ်တွေ ဆင်းသွားတဲ့အခါမှာ လူထုက ကောင်းကောင်းသိတယ်၊ ဒီလိုအခက်အခဲတွေကို ကျနော်တို့ပါတီကို လုပ်တယ်ဆိုရင် သူတို့က မကြိုက်လေပေါ့။ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေကို မကျေနပ်လေပေါ့။ အဲဒီတော့ ဒီလို အခက်အခဲတွေ များများတွေ့လေ၊ ကျနော်ထင်တာကတော့ လူထုက ကျနော်တို့ကိုပဲ မဲပေးလေ ဖြစ်လိမ့်မယ်ထင်တယ်။ ပိုလာမှာပဲ၊ အခွင့်အရေးက ပိုကောင်းလိမ့်မယ် ထင်တယ်၊ သူတို့မှာ ငွေရှိလို့၊ အာဏာရှိလို့ ကြောက်စရာမလိုဘူး ထင်တာပဲ။ လူထုမဲ ကျနော်တို့ ရမှာပါ။”

နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ အဲဒီလို အခက်အခဲ၊ အတားအဆီးတွေနဲ့ ရင်ဆိုင်နေကြရပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာရှိတဲ့ နိုင်ငံခြားဘာသာ အထူးပြု တက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူ ၂,၀၀၀ လောက်ကို ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းက မဲဆွယ်စည်းရုံးရေးစကား ပြောခဲ့တာမှာ လာမယ့် ရွေးကောက်ပွဲကျရင် စစ်တပ်ကနေ သွေးထွက်သံယို ဖြစ်တာမျိုး မလိုလားဘူး၊ အာဏာသိမ်းတာမျိုး မလိုလားဘူး၊ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးပါတီတွေကို မဲပေးကြပါလို့ ပြောင်ပဲ စည်းရုံး ပြောကြားသွားတယ်လို့ ကျောင်းသားတချို့က ပြန်ပြောကြပါတယ်။

တချိန်တည်းမှာပဲ သူတို့ကို မဲပေးရင် ပျက်နေတဲ့လမ်းတွေ ကောင်းသွားအောင် ပြင်ပေးမယ်ဆိုပြီး ရန်ကုန် တ၀ိုက်မှာ ကြံ့ခိုင်ရေး ပါတီက လိုက်လံစည်းရုံး မဲဆွယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ် အတွက်တော့ လူထုထံမှာ လိုက်လံ တောင်းဆို နေတယ်လို့ ဆိုပါတယ်။

စစ်အစိုးရ အာဏာပိုင်တွေ၊ ၀န်ကြီးတွေ ကိုယ်တိုင်က သူတို့ပါတီကို ထောက်ခံကြဖို့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေနဲ့ ဘယ်လိုပဲ မဲဆွယ် စည်းရုံး နေကြပေမဲ့ လူထုကတော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို မဲမပေးချင်ဘူးလို့ ပြောဆို နေကြတဲ့ အကြောင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေတဲ့ နိုင်ငံရေး ပါတီတွေက ပြောကြပါတယ်။

Ref: VOA News

Read More...

ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထု တက်ကြွစွာပါဝင်

Thursday, 22 July 2010 17:49

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီ SNDP က သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကော်မတီ ရုံးခွဲဖွင့်လှစ်ရာ မိမိဆန္ဒအရ ဒေသခံလူထု ကိုယ်တိုင်ရုံးသို့သွားရောက် လျှောက်ထား ပါဝင်ကြကြောင်း ကြားသိရပါသည်။
ဂျူလိုင် ၂၁ ရက် နံနက်ပိုင်းက ကျင်းပေသော ကျားဖြူပါတီ မိုးနဲမြို့နယ် ကော်မတီရုံးဖွင့်ပွဲနှင့် ပါတီအလံ-ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား၌ ကော်မတီဥက္ကဋ္ဌ စိုင်းစောလုံ (၄၀ နှစ်)မှ ဖွင့်လှစ် ပေးခဲ့သည်။

“တခြားမြို့တွေထက် ပြည်သူထောက်ခံအားပေးမှုပိုရတယ်။ ဘာကြောင့်လဲ့ဆိုတော့ အများစုက ကိုယ်တိုင် ရုံးလာပြီး ပါတီဝင်အဖြစ် လျှောက်ခဲ့ကြတယ်။ တခြားမြို့တွေမှာ ကော်မတီဝင်နဲ့ ပါတီဝင်တွေ ရဖို့အတွက် ရပ်ကွက်အလိုက် ကျေးရွာအလိုက် လိုက်လံ စည်းရုံးရတယ်။ အခုဆိုမြို့နယ်ကော်မတီပါတီဝင် အမာခံ အယောက် ၅၀ ကျော်ပြီ” ဟု သျှမ်းပြည် တောင်ပိုင်းရောက် ကျားဖြူပါတီဝင် တစ်ဦးကပြောပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ ထင်ပေါ် စန်းပွင့်မှုကြောင့် ကိုယ်စားလှယ်လောင်းများမှာ အရည်အချင်း မရှိသော်လည်း ပါတီနာမည်မြင်ရုံ သိရုံဖြင့် ပြည်သူများ မဲပေးကြကြောင်း၊ ယခုထိုအခြေအနေမျိုး မဟုတ်တော့သဖြင့် ကိုယ်စားလှယ်လောင်း ရွေးရာတွင် အခက် အခဲရှိနိုင်ကြောင်း ပင်လုံမြို့ခံ ကျားဖြူပါတီဝင် တစ်ဦးက ဤကဲ့သို့ပြောပြပါသည်။

“၁၉၉၀ တုန်းကအခြေအနေနဲ့မတူတော့ အရည်အချင်းရှိပြီး အများလက်ခံနိုင်တဲ့ နာမည်ကောင်းရ အမာခံ ကိုယ်စားလှယ်လောင်း ရဘို့ အခက်အခဲ ကြုံနိုင်တယ်”

မိုးနဲမြို့တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP နှင့် ပြည်ခိုင်ဖြိုးပါတီ USDP နှစ်ပါတီသာ စည်းရုံးလှုပ်ရှား လျက်ရှိသည်။

စိုင်းစောလုံသည် နမ့်ဇန်မြို့မှ မိုးနဲမြို့ ပေါ်မိန်းရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်တွင်လည်း နိုင်ငံရေးပါဝင် လှုပ်ရှားခဲ့ဖူးသူ ဖြစ်သည်။

အလားတူပင် သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့၌ မြို့နယ်ကော်မတီဖွဲ့စည်းပြီး ဖြစ်သော်လည်း မြို့နယ်ရုံးခွဲ မဖွင့်ရ သေးကြောင်း သိရှိရသည်။

“ကြံ့ဖွတ်ပါတီလဲ အသင်းဖျက်သိမ်းပြီးနောက်ပိုင်း အင်အားနည်းလာပါပြီ။ ဆန္ဒမပါဘဲ အတင်းဝင်ခိုင်းထားတဲ့ ပြည်သူတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ ၀န်ထမ်းတွေလဲ မပါတော့ဘူးလေ။ ပါတီဝင် လျှောက်လွှာဖြည့်ပြီး ရုံးမှာ သွားတင်မှဘဲ ပါတီဝင် ဖြစ်တော့မယ်။ ဒါကြောင့်ကြံ့ဖွတ် ပါတီဟာ လူအား ငွေအား သြဇာ အရှိဆုံးဖြစ်ပြီး နအဖက ကျောထောက်နောက်ခံ ပေးထားတော့ တပြည်လုံး သူတို့ဘဲ အနိုင်ရနိုင်တယ် ဆိုတဲ့ သတင်းထွက်နေသလို သိပ် မကြောက်ရတော့ပါဘူး” ဟု နိုင်ငံရေး စောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

စစ်အစိုးရကိုဒဏ်ခတ်မှု သက်တမ်းတိုးရေး အထက်လွှတ်တော်အတည်ပြု

မခင်ဖြူထွေး
ကြာသပတေး, 22 ဇူလိုင် 2010

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူတဲ့ ဥပဒေတရပ်ကို မနေ့က အမေရိကန် အထက်လွှတ်တော်မှာ ထောက်ခံမဲ ၉၉ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ ထောက်ခံ အတည်ပြု ခဲ့ကြပါတယ်။ အမေရိကန် သမ္မတ ဘရက် အိုဘားမား လက်မှတ် ရေးထိုးပြီးရင်တော့ ဒီဥပဒေကို တရားဝင် သက်တမ်း တိုးနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီဥပဒေကို ခုလို သက်တမ်း တိုးလိုက်တာပါလဲ၊ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျနဲ့ နှစ်ပေါင်းများစွာ ကျူးလွန်နေတဲ့ မြန်မာ စစ်အစိုးရကို ဒဏ်ခတ်တဲ့ အနေနဲ့ ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ အထက်လွှတ်တော်က တခဲနက် ထောက်ခံ အတည်ပြုခဲ့ကြတာပါ။

မြန်မာစစ်အစိုးရ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲတွေဟာ တရားမျှတ လွတ်လပ်ပြီး အများပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှာ မဟုတ်တဲ့အတွက် ဒီ အတုအယောင် ရွေးကောက်ပွဲတွေကို လက်မခံဘူးဆိုတာကို အမေရိကန် ပြည်ထောင်စုက ပြသတဲ့ အနေနဲ့ ခုလို စီးပွားရေး ဒဏ်ခတ်မှုဥပဒေ သက်တမ်းတိုးဖို့ အရေးကြီးတဲ့ အချိန်ဖြစ်တယ်လို့ ဒီဥပဒေ ချမှတ်နိုင်ရေး အဓိက ကြိုးပမ်းခဲ့သူ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲလ် (Mitch McConnell) က မနေ့က အထက်လွှတ်တော်မှာ အခုလို ပြောသွားခဲ့ပါတယ်။

“နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရဟာ အဓိပ္ပာယ်မရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ် ရေးဆွဲ အတည်ပြုပြီး အတုအယောင် ရွေးကောက်ပွဲတွေကျင်းပဖို့ ဆက်ပြီး ကြိုးစား နေတုန်းပါပဲ။ ဒီရွေးကောက်ပွဲတွေကို ဘယ်လို အချိန်မှာပဲ ကျင်းပကျင်းပ သံသယဖြစ်စရာ အကြောင်းတချို့ကတော့ ရှိနေပါတယ်။ ပထမ အချက်ကတော့ ဒီမိုကရေစီ ခေါင်းဆောင် နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ထိန်းသိမ်းထားတဲ့ ကိစ္စပါ။ အခု ဖွဲ့စည်း အုပ်ချုပ်ပုံသစ် အောက်မှာ ဘယ်လို အစိုးရမျိုးမှာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လှုပ်ရှားနိုင်ခွင့် မရှိအောင် မြန်မာ စစ်ခေါင်းဆောင်တွေက တားမြစ် ထားပါတယ်။ ဒုတိယအချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို သူ့ရဲ့ နိုင်ငံရေးလုပ်ငန်းတွေ လှုပ်ရှားလို့မရအောင် ကန့်သတ် ထားတဲ့ကိစ္စပါ။ နောက် တတိယ အချက်ကတော့ စစ်အစိုးရ လက်ကိုင် ရွေးကောက်ပွဲ ကော်မရှင်ကနေ မကြာသေးခင်တုန်းကပဲ ရွေးကောက်ပွဲ စည်းရုံး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်မဲ့တဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တာပါ။ ဥပမာ - ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေဖြစ်တဲ့ လူထုစုဝေးမှုတွေ လုပ်တာ၊ အလံ လွှင့်ထူကိုင်ဆောင်တာ၊ ကြွေးကြော်သံ တိုင်တာတွေကို သူတို့က ကန့်ကွက် ထားတာမျိုးတွေပါ။”

ရွေးကောက်ပွဲမတိုင်ခင် သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မတွေ့ရသလို နောက်ပိုင်းမှာ အခုထက်ပိုပြီး လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေ မြန်မာ စစ်အစိုးရဘက်က လုပ်လာနိုင်ဖွယ်ရှိတာကလဲ စိုးရိမ်စရာ အခြေအနေမှာ ဖြစ်တယ်လို့ အထက် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲလ်က ပြောသွားခဲ့ပါတယ်။

“မြောက်ကိုရီးယားကနေ တရားမ၀င် လက်နက်တွေ သယ်ယူခဲ့တယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေ အပါအ၀င် မြောက်ကိုရီယားနဲ့ မြန်မာ နိုင်ငံတို့အကြား ဆက်သွယ်မှုတွေ လုပ်နေတဲ့ အကြောင်းတွေကို ပြီးခဲ့တဲ့ လပိုင်းတွေထဲက စပြီး သတင်းတွေ ထွက်နေခဲ့တာပါ။”

ဒီလို အခြေအနေတွေကြောင့် အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရဖို့ မြန်မာစစ်အစိုးရ လိုချင်တဲ့အတိုင်း အမေရိကန် ပြည်ထောင်စုက ဘယ်လိုမှ အသိအမှတ် မပြုသင့်ဘူးလို့လဲ သူက ပြောပါတယ်။

မကြာခင်မှာ မြန်မာနိုင်ငံကို ခုလို စီးပွားရေးအရ ဒဏ်ခတ်မှုတွေ လုပ်စရာ မလိုတော့မယ့် အချိန်တခု ရောက်လာဖို့ မျှော်လင့်တဲ့ အကြောင်းလဲ မစ္စတာ မက် ကောနဲလ် က ပြောခဲ့ပါတယ်။

“မြန်မာစစ်အစိုးရကို ဒဏ်ခတ်အရေးယူစရာ မလိုတော့မယ့်အချိန်တခု မကြာခင်မှာ ရောက်လာဖို့ ကျနော် မျှော်လင့်ပါ တယ်။ ၁၉၉၀ ပြည့်လွန် အစပိုင်းနှစ်တွေက တောင်အာဖရိကနိုင်ငံမှာ ဖြစ်ခဲ့သလိုမျိုး မြန်မာ နိုင်ငံသားတွေလဲ အစိုးရရဲ့ ဖိနှိပ်မှုတွေ အောက်က လွန်မြောက်ပြီး လွတ်လပ်ခြင်း အရသာကို ခံစားကြရမှာပါ။ ဒါပေမဲ့ မကြာသေးခင် အချိန်တွေအထိ ဖြစ်ပျက်နေတာတွေကို ကြည့်မယ် ဆိုရင်တော့ မြန်မာစစ်အစိုးရဟာ အာဏာကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်နေတုန်းပဲ ဖြစ်သလို အမေရိကန်အစိုးရရဲ့ ရည်ရွယ်ချက်တွေကို အန္တရာယ်ပြုတဲ့ နိုင်ငံခြားရေး မူဝါဒတွေကိုလဲ ချမှတ် ဆောင်ရွက်နေတုန်းပါပဲ။”

Kentucky ပြည်နယ်ရဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် အထက်လွှတ်တော်မှာ မနေ့က ပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအက် လို့ခေါ်တဲ့ မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ်တဲ့ ဥပဒေကို အမေရိကန် ပြည်ထောင်စုမှာ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ ဒီပဲယင်း အရေးအခင်း ဖြစ်ပွားခဲ့အပြီး မြန်မာစစ်အစိုးရကို ပိုပြီးတော့ ပြင်းထန်တဲ့ ဖိအားပေးတဲ့ အနေနဲ့ ၂၀၀၃ ခုနှစ်ကစပြီး ဒီဥပဒေကို ပြဌာန်းခဲ့တာပါ။

ဒီဥပဒေထဲမှာတော့ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို တားမြစ်တာ၊ မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံတကာ ငွေကြေး ဘဏ်တွေကနေ ချေးငွေနဲ့ တခြား အထောက်အပံ့တွေ မယူနိုင်အောင် ပိတ်ပင်တာ၊ အမေရိကန် ဘဏ်တွေနဲ့ ပတ်သက်နေတဲ့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ အပြင် စစ်အစိုးရနဲ့ သူ့တို့ မိသားစုတွေကို အမေရိကန်နိုင်ငံထဲ ၀င်ရောက်ခွင့်ဗီဇာ ပိတ်ပင်တာတွေ ပါဝင်ပါတယ်။

အခုလို မြန်မာစစ်အစိုးရကို စီးပွားရေးအရ ပြင်းပြင်းထန်ထန် ပိတ်ဆို့ ဒဏ်ခတ်တဲ့ ဒီဥပဒေကို သက်တမ်းတိုးဖို့ ထောက်ခံခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံကို ဒဏ်ခတ်မှုတွေ အလုပ်မဖြစ်ဘူးလို့ အရင်က ဝေဖန် ပြောဆိုခဲ့ပြီးတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်ပြီး မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ ဗာဂျီးနီးယား ပြည်နယ်ရဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် Jim Webb လဲ ပါဝင်ပါတယ်။

ခုလို မြန်မာစစ်အစိုးရကို ဒဏ်ခတ်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အထက်လွှတ်တော်မှာ တခဲနက် ထောက်ခံ ခဲ့တာကို အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့နဲ့အတူ မြန်မာ့ အရေး လှုပ်ရှားသူတွေကလဲ ကြိုဆို ခဲ့ကြပါတယ်။

Ref: VOA News

Read More...

မြန်မာသင်္ဘောသား ၂၁ ဦး ပြန်လွတ်ပြီ

ဦးကျော်အောင်လွင်
ကြာသပတေး, 22 ဇူလိုင် 201

ဆိုမာလီ ပင်လယ်ဓားပြတွေက ၄ လကျော် ပြန်ပေးဆွဲထားတဲ့ မြန်မာသင်္ဘောသား ၂၁ ဦးဟာ ကျန်းကျန်း မာမာနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြန်လွတ် လာကြပြီလို့ သင်္ဘောကုမ္ပဏီက ပြောပါတယ်။ ကုမ္ပဏီ အနေနဲ့ ဒီသင်္ဘောသားတွေရဲ့ ရပိုင်ခွင့် အပြည့်အ၀ ရရှိအောင် လုပ်ပေးဖို့တော့ မြန်မာသင်္ဘောသား အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း နေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က စုံစမ်း မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းတုန်းက မြန်မာသင်္ဘောသား ၂၁ ဦးပါတဲ့ နော်ဝေပိုင် UBT Ocean သင်္ဘောကို ဆိုမာလီ ပင်လယ် ဓားပြတွေက ဓားစာခံအဖြစ် ဖမ်းဆီး ထားခဲ့တာ အခုတော့ သင်္ဘောနဲ့အတူ သင်္ဘောသားတွေ အားလုံး ပြန်လွတ်မြောက် လာကြပါပြီ။ သူတို့တွေ အခြေအနေ ကောင်းတဲ့အကြောင်း သင်္ဘော ကုမ္ပဏီဖြစ်တဲ့ စင်ကာပူ အခြေစိုက် နောတစ်တန့်ခ် (Nautictank) ကုမ္ပဏီက ပြောပါတယ်။

“သင်္ဘောသားတွေ အားလုံး အခြေအနေ ကောင်းကြတယ်ဆိုတာ ကျနော် အတည်ပြုချက် ပေးနိုင်ပါတယ်။ သူတို့အားလုံး ကျန်းမာရေး အခြေအနေတွေ ကောင်းကြတယ်၊ အားလုံးပဲ စိတ်ချရတဲ့ အနေအထားမှာ ရှိနေတယ်၊ သူတို့ရဲ့ မိသားစုတွေနဲ့ အမြန်ဆုံး ပြန်တွေ့နိုင်အောင် ကျနော်တို့ စီစဉ်နေပါတယ်၊ လောလောဆယ် သူတို့ သင်္ဘောပေါ်မှာပါ၊ စိတ်ချရပါတယ်။” လို့ နောတစ်တန့်ခ် သင်္ဘောကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဒ်ဝပ် အိုင်ရွန် ပြောခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောသားတွေရဲ့ လုံခြုံရေးအတွက် တခြား သတင်း အချက်အလက်တွေကိုတော့ မပေးနိုင်ဘူးလို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်သူရကတော့ အခုလို အချိန်ကြာကြာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာ သင်္ဘောသားတွေရဲ့ ရပိုင်ခွင့်တွေကို သင်္ဘောကုမ္ပဏီ ဘက်က အပြည့်အ၀ ပြန်ပြီး မပေးမှာကို စိုးရိမ်နေပါတယ်။

“သင်္ဘောသားတွေကို ခန့်တဲ့ ကုမ္ပဏီတွေ ကိုယ်တိုင်က လုပ်သင့်လုပ်ထိုက်တဲ့ အရာလေးတွေ လုပ်ဖို့ ကျနော်တို့ ကုမ္ပဏီတွေကို တိုက်တွန်း ထားတယ်။ အဲဒီမှာ အရေးအကြီးဆုံး အချက်က ကုမ္ပဏီက သူတို့ရဲ့ ကုန်တွေကို အန္တရာယ်ရှိတဲ့၊ ပင်လယ် ဓားပြတွေရှိတဲ့ လမ်းကြောင်းပေါ်ကို သွားမယ်ဆိုရင် သင်္ဘောသားတွေ ဘက်က ရွေးချယ်ပိုင်ခွင့် ရှိရမယ်။ ကျနော်တို့ရဲ့ ရပိုင်ခွင့်က ဒီလမ်းကြောင်း အတွက် လိုက်ပါဆောင်ရွက်ခွင့် မပြုနိုင်တဲ့ အကြောင်း လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့် ရှိရမယ်။ ကိုယ့်ရဲ့အလုပ်ကို မဆုံးရှုံးဘဲနဲ့ ရွေးချယ်ပိုင်ခွင့် ရှိတဲ့ဟာကို ကုမ္ပဏီတွေက ခွင့်ပေးရမယ်။ ဒါက မဖြစ်ခင် တားဆီးတာပေါ့။

“အကယ်၍ ဖြစ်သွားပြီဆိုရင်လည်း များသောအားဖြင့် ကျနော်တို့ မြန်မာသင်္ဘောသားတွေ တချို့က ကုမ္ပဏီတွေရဲ့ တင်းမာတဲ့ အမိန့်တွေ အောက်မှာသာလျှင် အလုပ် လုပ်ရတာများတော့ ကျနော်တို့မှာ ရွေးချယ်ပိုင်ခွင့် နည်းတဲ့ အခါမျိုးကျရင် ဒီသင်္ဘောသား တွေရဲ့ စိတ်နေစိတ်ထားသည် နဂိုမူလ ပုံမှန်အနေအထားရဲ့ အခြေအနေမျိုး ဖြစ်လာအောင် တွေ့ကြုံရတဲ့ အန္တရာယ် ကြီးမှာဆိုရင် သူတို့ဟာ တစုံတရာ အတိုင်းအတာအားဖြင့် ထိခိုက်မှုတွေ ရှိတဲ့ဟာကို ကုမ္ပဏီ အနေနဲ့ရော၊ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ရော ၀ိုင်းဝန်းပြီးတော့၊ ပြီးရင် အစိုးရပိုင်း အနေနဲ့ရော ရှေ့ဆက်ပြီးတော့ သူတို့ ပုံမှန် အနေအထားနဲ့ ဖြစ်ဖို့ ပြန်လည် မွေးမြူပေးဖို့ ဆိုတဲ့ အပိုင်းကိုလည်း တာဝန်ယူကြဖို့ ကျနော်တို့ အကြံပြုတာတွေ ရှိပါတယ်။”

ဆိုမာလီ ပင်လယ်ဓားပြတွေရဲ့ လက်ထဲမှာ မြန်မာသင်္ဘောသားတွေ အခုလို အဖမ်းခံခဲ့ရတာဟာ ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ အရင် အကြိမ်တွေ တုန်းကလည်း ပြန်လွတ်မြောက်လာခဲ့ကြတဲ့ မြန်မာ သင်္ဘောသားတွေကို သင်္ဘော ကုမ္ပဏီတွေဘက်က နစ်နာကြေး ပေးတာ၊ ရသင့်တဲ့ ခံစားခွင့်တွေကို တိတိကျကျ ပေးတာမျိုးတွေ မလုပ်ခဲ့တဲ့ အတွက်လည်း အခုတခေါက် သင်္ဘောသားတွေ အတွက် စိုးရိမ်မှုတွေ ရှိနေတာပါ။ သင်္ဘောကုမ္ပဏီတွေက သင်္ဘောသားတွေရဲ့ ဘ၀နဲ့ အသက်ထက် သူတို့ရဲ့ သင်္ဘောနဲ့ သင်္ဘောပေါ်မှာပါတဲ့ ကုန်ပစ္စည်းတွေကိုပဲ အဓိက ထားတတ် ကြတယ်လို့လည်း ဆိုပါတယ်။

အခု ပြန်ပေးဆွဲခံခဲ့ရတဲ့ သင်္ဘောဟာ ITF ခေါ် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နဲ့ သင်္ဘောသား တွေရဲ့ အခွင့်အရေးဆိုင်ရာ စာချုပ် ချုပ်ထားတဲ့သင်္ဘော မဟုတ်တဲ့ အတွက်လည်း မြန်မာ ပင်လယ်ပျော်များ သမဂ္ဂဘက်က စိုးရိမ်မှုတွေ ရှိနေတာပါ။

“အခု သင်္ဘော UBT Ocean ဆိုရင် ITF နဲ့ စာချုပ် ချုပ်ထားတဲ့သင်္ဘော မဟုတ်ဘူး။ ITF က ကျနော်တို့လို သမဂ္ဂတွေ ဖွဲ့ထားတဲ့ အဖွဲ့ချုပ် ဆိုတာကလည်း သူတို့ဆီမှာ စံချိန်စံညွှန်းနဲ့ ညီတဲ့ စာချုပ်ရှိတယ်။ ကုမ္ပဏီနဲ့ ချုပ်ထားတဲ့ အထဲမှာ ဒီကိစ္စသည် အရေးကြီးတဲ့ အတွက် သူတို့ရဲ့ ကုမ္ပဏီက ဒီအချက်ကိုတော့ လိုက်နာရမယ် ဆိုတဲ့ဟာ ကျနော်တို့နဲ့ ချုပ်ထားထား၊ မချုပ်ထားထား ဒီအချက်က အင်မတန် သင်္ဘောသားတွေအတွက် သူတို့ရဲ့ ရပိုင်ခွင့်ဖြစ်တယ် ဆိုတဲ့ အချက်ကို ကျနော်တို့ အမြဲတမ်း ကုမ္ပဏီကို သတိပေး မီးမောင်း ထိုးတာပေါ့လေ။”

မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ ပြောသွားတာ ဖြစ်ပါတယ်။

UBT Ocean သင်္ဘောဟာ ပြီးခဲ့တဲ့ မတ်လတုန်းက အိန္ဒိယ သမုဒ္ဒရာ မာဒါဂတ်စကာ ကမ်းရိုးတန်းမှာ ခုတ်မောင်းနေတုန်း ပြန်ပေး ဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မြန်မာအလုပ်သမားများကို ဆိုင်ကယ်လိုင်စင် ထုတ်မပေးရန် ဆန္ဒပြ

ဘစောတင်
Thursday, July 22, 2010

ထိုင်းနိုင်ငံ ရနောင်မြို့မှ ထိုင်း ဆိုင်ကယ် တက္ကစီသမားများ ဦးဆောင်၍ လူ ၁၀၀၀ ခန့်က မြန်မာရွှေ့ပြောင်း အလုပ် သမားများကို ဆိုင်ကယ်မောင်း လိုင်စင်များ ဆက်လက်ထုတ်ပေးခြင်း မပြုရန် သက်ဆိုင်ရာ အာဏာပိုင်များသို့ ဆန္ဒပြ တောင်းဆို ခဲ့ကြကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာ အလုပ်သမားများကို ယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်းသည် လူမှောင်ခိုမှု၊ မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် ယာဉ်တိုက်မှု စသည်တို့ကို ပိုမိုလုပ်ဆောင်ရန် အားပေးသည်နှင့် တူ သည်ဟု ဆိုကာ ဇူလိုင်လ ၂၀ ရက်နေ့က ရနောင်းခရိုင် ကုန်လမ်းသယ်ယူ ပို့ဆောင်ရေးရုံး ရှေ့တွင် ဆန္ဒပြ တောင်းဆို ခြင်းဖြစ်ကြောင်း The Nation သတင်းစာတွင် ပါရှိသည်။

“အခု မြန်မာပြည်သားတွေ ဆိုင်ကယ်စီးခွင့်ရသွားတော့ ကျနော်တို့ ဆိုင်ကယ်တွေကို မစီးတော့ဘူး။ သူတို့ အချင်းချင်း ပဲ စီးကြတယ်။ သူတို့ပါ တက္ကစီ ဆွဲကြတယ်။ ဒါဟာ ကျနော်တို့ရဲ့ စီးပွားရေးကို ထိခိုက်စေတယ်။ ပြီးတော့ သူတို့ လူမျိုးတွေကို ခေါ်တင်ပြီး လူပို့တာတွေ လုပ်ကြတယ်။ ဒါကြောင့် ကျနော်တို့က ယာဉ်မောင်းလိုင်စင် ထုတ်ပေးတာကို ရပ်ပစ်ဖို့ တောင်းဆိုတာ”ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ တဦးဖြစ်သည့် ဖိစုန်ချိုင်းက ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြခေါင်းဆောင် တဦးဖြစ်သူ စနော်နာကလည်း မြန်မာအလုပ်သမားများကို လိုင်စင် ထုတ်ပေးခြင်းသည် ထိုင်း တက္ကစီ သမားများ၏ စီပွားရေးကို ထိခိုက်စေသည့် အပြင် ရပိုင်ခွင့်များကိုပါ ခွဲဝေ ပေးနေရခြင်း ဖြစ်သည်ဟုဆိုကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

ထိုင်းတက္ကစီသမားများနှင့် ဒေသခံများက ယခုကဲ့သို့ တောင်းဆိုခြင်းမှာ တရားမျှတမှု မရှိကြောင်း၊ ဆိုင်ကယ်စီးသူ မြန်မာများမှာ ၂ နိုင်ငံ အာဏာပိုင်များ သဘောတူညီချက် အရ သတ်မှတ်ထားသော ဥပဒေအရ လိုင်စင်များဖြင့် စီးကြခြင်း ဖြစ်ကြောင်း၊ အကယ်၍ ဥပဒေ ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူပြီး တားဆီးနိုင်ကြောင်း ရနောင်းမြို့မှ မြန်မာနိုင်ငံသား ဆိုင်ကယ်ပိုင်ရှင် အမျိုးသမီး တဦးက ဆိုသည်။

ရနောင်းတွင် လက်ရှိ ဆိုင်ကယ်စီးသူ မြန်မာနိုင်ငံသား အနည်းဆုံး ၂၀၀ ခန့်ရှိသည်ဟု သိရသည်။

မြန်မာပြည် ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက “တချို့ကိစ္စတွေမှာ ဒေသခံတွေရဲ့ အခွင့်အရေးကို ထိပါးတာလည်း ရှိတတ်တယ်လေ။ လူတိုင်းတော့ ဆိုင်ကယ် မဝယ်နိုင်လောက်ဘူးဗျ။ မြန်မာတွေ ထိုင်းမှာ စီးပွား ရှာနေခိုက်မှာ ထိုင်းဥပဒေကိုတော့ လိုက်နာရမှာပေါ့ဗျာ” ဟု ပြောသည်။

ဒေသခံ တက္ကစီသမားများက ဤသို့ ဆန္ဒပြ ကန့်ကွက်သည်ကို ကြိုဆိုကြောင်း၊ ထိုင်းလမ်းသရဲများကို ပိုက်ဆံပေးကာ ရန်ရှာ ခိုင်းသည်ထက် စာလျှင် တော်သေးသည်ဟု ထင်ကြောင်း၊ ထိုင်းတက္ကစီ သမားများ စွပ်စွဲသကဲ့သို့ အချင်းချင်း အခကြေးငွေဖြင့် ပို့ဆောင် ပေးမှုများလည်း ရှိနိုင်ကြောင်း၊ တချို့ ထိုင်းဆိုင်ကယ် တက္ကစီများက လုယက်ခြင်း၊ အမျိုးသမီးများကို ထိပါး နှောင့်ယှက်ခြင်းများ ရှိ၍ မြန်မာ အချင်းချင်း လက်သိပ်ထိုး အငှား လိုက်မောင်းပေးခြင်းလည်း ရှိကြောင်း ဦးမြင့်ဝေက ဆက်လက် ပြောကြားသည်။

ဆိုင်ကယ်ဝယ်စီးသူ မြန်မာနိုင်ငံသား ကိုအချိုင်က “ယာယီပတ်စ်ပို့ လုပ်ထားတဲ့ ကျနော်တို့ ဒုက္ခကလည်း မသေးဘူးဗျ။ ဘာလုပ်လုပ် အပြောခံရတယ်။ ကျနော်တို့က ဥပဒေက ခွင့်ပြုလို့ ဝယ်စီးတာဗျာ” ဟု ပြောသည်။

ရနောင်းခရိုင် ကုန်လမ်းသယ်ယူ ပို့ဆောင်ရေးရုံးမှ အရာရှိ မစ္စ ချူတီနန့် ဆရီယာနန့် က ထိုင်းဆိုင်ကယ် တက္ကစီ သမားများ၏ တောင်းဆိုချက်ကို လာမည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ဆွေးနွေးသွားမည်ဟု အကြောင်းပြန်ထားကြောင်း သိရသည်။

၁၉၉၄ ခုနှစ်က ပြဋ္ဌာန်းထားသော ထိုင်းနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဥပဒေအရ ဗီယက်နမ် ဒုက္ခသည်များ၊ ဗီယက်နမ် ကွန်မြူနစ် ပါတီမှ နုတ်ထွက်လာသူများနှင့် မိသားစုများ၊ တရုတ်ဖြူ ကူမင်တန် စစ်တပ်မှ အရာရှိများနှင့် အဖွဲ့ဝင်ဟောင်းများကို မော်တော်ဆိုင်ကယ် ဝယ်ယူခွင့်နှင့် စီးနင်းခွင့် ပြုထားကြောင်း သိရသည်။

ယင်းဥပဒေအရ မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း အကျုံးဝင်သဖြင့် ဆိုင်ကယ် ဝယ်ယူစီးနင်းခွင့် ရှိကြောင်း မစ္စ ချူတီနန့် ဆရီယာနန့် ကဆိုသည်။

ချင်းမိုင်မြို့မှ ယာယီပတ်စ်ပို့ ကိုင်ထားသူ မြန်မာ ၃ ဦးသည် ဆိုင်ကယ်ဝယ်ထားပြီးမှ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး ရုံးက ယာဉ်မောင်း လိုင်စင် ထုတ်မပေးသဖြင့် အဆိုပါရုံးမှ ဝန်ထမ်းတချို့ကို ဥပဒေ ချိုးဖောက်သည်ဟု ဆိုကာ ထိုင်း တရားရုံးတခုတွင် တရား စွဲဆိုထားကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်

ဝီရ
၂၂ ဇူလိုင် ၂၀၁၀

ပြည်တွင်း တက္ကသိုလ်အသီးသီးတွင် ပါရဂူ၊ မဟာဘွဲ့ ကျမ်းပြု သင်တန်းသားများ အနေဖြင့် သတ်မှတ်ထားသည့် အဆင့်မြင့် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအောင်မြင်မှ ဘွဲ့ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

ပညာသင်နှစ် (၂၀၁၀ - ၂၀၁၁) မှစ၍ ဖြေဆိုရမည့် Test of English as a Foreign Language for Advance Study (TEFLAS) စာမေးပွဲတွင် ရမှတ် (၅၅၀) ကျော်မှ အောင်မြင်မည်ဖြစ်ပြီး သတ်မှတ်ရမှတ် မပြည့်မချင်း ထပ်မံ ဖြေဆိုရမည် ဖြစ်ကြောင်း မဟာ ဝိဇ္ဇာတန်းဘွဲ့ အတွက် ကျမ်းပြုနေသူ ကျောင်းသားတဦးက ပြောသည်။

၎င်းက “နိုင်ငံတကာ စံသတ်မှတ်ချက်ဖြစ်တဲ့ TOEFL စာမေးပွဲနဲ့ အလားတူပါပဲ။ TOEFL ကလည်း (၅၅၀) ရမှတ်ရှိမှ ပြည်ပ တက္ကသိုလ်တွေက လက်ခံတယ်လေ။ ဒါပေမယ့် ဒီက သင်တန်းသားတွေက ဒါကို အောင်နိုင်ပါ့မလားပေါ့ ညည်းနေကြတယ်။ ပြည်တွင်းက တက္ကသိုလ် ပညာရေးမှာ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ဘယ်လောက် တတ်ကြသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိ ဆုံးပဲလေ။ အင်္ဂလိပ်စာ မေဂျာက လူတွေတောင် လွယ်တာမဟုတ်ဘူး” ဟု ပြောကြားသည်။

လက်ရှိအခြေအနေအရ ကျမ်းပြုသူများအကြား အဆိုပါအင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲကို သတ်မှတ်စံ ရမှတ်အတိုင်း အောင်မြင်ရန် လွယ်ကူမည် မဟုတ်ကြောင်း အဆိုပါ ကျမ်းပြုနေသူ ကျောင်းသားက ပြောသည်။

“ဒီလိုစာမေးပွဲကို သင်တန်းတပတ်ပေးပြီး ဖြေခိုင်းတာဆိုတော့ အောင်ဖို့လမ်းမမြင်ဘူး။ ဒါပေမယ့် ကြိုးစား ကြည့်ရမှာပဲလေ။ ဒီနှစ် Master ယူဖို့ များလာတာက ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့် ပေးတာကြောင့်လည်း ပါတယ်။ အများစုက ပုဂ္ဂလိကကျောင်းမှာ ဝင်ငွေကောင်းတဲ့ အလုပ်ရနိုင်ဖို့ အနီးစပ်ဆုံး ပြည်တွင်းမဟာဘွဲ့၊ ပါရဂူဘွဲ့ တခုခုကို ရအောင် ကြိုးစား ချင်လာကြတယ်။ ကျနော် အပါအဝင်ပေါ့။ အခုလို အင်္ဂလိပ်စာစစ်ရင် ကျနော့်အတွက်တော့ အနည်းဆုံး တနှစ်လောက်တော့ အချိန်လိုမယ် ထင်တယ်” ဟု ၎င်းက ပြောသည်။

ယခု ပညာသင်နှစ်တွင် ပြည်တွင်းတက္ကသိုလ်များ၌ ပါရဂူဘွဲ့၊ ဝိဇ္ဇာ၊ သိပ္ပံနှင့် မဟာသုတေသန ကျမ်းပြုတန်း တက်ရောက် နေသူပေါင်း (၄,၀၀၀) ခန့်ရှိကြောင်း အဆင့်မြင် ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ တက္ကသိုလ်များတွင် ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ မြန်မာစာ၊ သမိုင်း၊ ပထဝီ၊ သတ္တဗေဒေ၊ ဘူမိဗေဒ၊ စီးပွားရေးဆိုင်ရာ အထူးပြု ပါရဂူဘွဲ့၊ မဟာဘွဲ့များ ဖွင့်လှစ်ထားရှိသည်။

“ပြည်တွင်းမှာ တက်နေတဲ့ Ph.D. (ပါရဂူ)၊ Master တန်းက လူအများစုက ဝန်ထမ်း အလုပ်က တဖက် အသက်ကြီး သမားတွေ ဖြစ်နေကြပြီလေ။ တချို့ဆို မိသားစုတွေနဲ့ ဘာနဲ့ဆိုတော့ ပြည်ပမှာ Master တက်ဖို့ ကြိုးစားနေတဲ့ လူတွေထက် အားနည်းပါတယ်။ ရမှတ် (၅၅၀) ဆိုတာ အင်္ဂလိပ်စာ သင်တန်းကို နှစ်ချီတက်ခဲ့ပြီးမှ ဖြေကြတဲ့ စာမေးပွဲလေ” ဟု ပါရဂူဘွဲ့အတွက် သင်တန်းတက်နေသူ အသက် (၄၁) နှစ်ရှိ ကျောင်းဆရာတဦးက ပြောသည်။

အဆိုပါ အင်္ဂလိပ်စာကျွမ်းကျင်မှု စာမေးပွဲအား လာမည့် ဇူလိုင်လ (၂၃) ရက်နှင့် (၃၀) ရက်နေ့တို့တွင် တကြိမ်စီ စတင်ကျင်းပသွားမည်ဖြစ်ပြီး အဖြေလွှာများကို အမျိုးသားအင်္ဂလိပ်စာဌာနက စစ်ဆေးပေးမည်ဖြစ်ကြောင်း သင်တန်းသားများက ပြောဆိုကြသည်။

မြန်မာစစ်အစိုးရ၏ တရားဝင် ထုတ်ပြန်စာရင်းအရ မြန်မာတနိုင်ငံလုံးတွင် တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီအရေအတွက် (၁၅၉) ခု ရှိလာပြီး အာဆီယံနိုင်ငံ ဒေသအတွင်း နိုင်ငံများတွင် အရေအတွက် အများဆုံးဖြစ်သော်လည်း နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်ကျောင်းများတွင် မပါဝင်ချေ။

တနိုင်ငံလုံးတွင် တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမအင်အား (၁၄,၉၉၂) ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၀၉ ခုနှစ် စာရင်းတွင် ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့

ဝီရ
၂၂ ဇူလိုင် ၂၀၁၀

ဧရာဝတီတိုင်း မအူပင်မြို့နယ် တောင်ဘက်တွင် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းက အလား အလာကောင်းသော ရေနံနှင့် သဘာဝဓာတ်ငွေ့ တွင်းကြီးတတွင်း တွေ့ရှိထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ၀န်ထမ်းတဦးက ပြောကြားသည်။

၎င်းက “မအူပင်မြို့ တောင်ဘက်က ရေနံရှာဖွေရေးအတွက် အလတ်စားတူးစက်တွေ စမ်းသပ်ပြီးတူးတာ အိုးဘိုကုန်းမှာ သဘာဝ ဓာတ်ငွေ့ အများကြီး ရှိနိုင်တဲ့ တွေ့ရှိချက်တွေ ရထားတယ်။ အခု အဲဒီတွင်းကို စက်ကြီးတွေနဲ့ ဆက်တူးဖို့ စနေပါပြီ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုရေနံသဘာဝဓာတ်ငွေ့တွင်းမှ ပမာဏ မည်မျှ ထွက်ရှိနိုင်ကြောင်း ပြောကြားခြင်း မရှိသော်လည်း ပြည်တွင်းအတွက် သုံးစွဲသွားရန် ရည်ရွယ် ထားကြောင်း အဆိုပါ ဝန်ထမ်းက ပြောသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ တွေ့ရှိရာ မအူပင် (တောင်) ဒေသ ပေနက်အစမ်းတွင်း အမှတ် (၁) လုပ်ငန်းခွင်သို့ စွမ်းအင်ဝန်ကြီး ဦးလွန်းသီ ပြီးခဲ့သည့် ဇူလိုင် (၁၈) ရက်တွင် သွားရောက် ကြည့်ရှုခဲ့ကြောင်း ဇူလိုင် (၂၀) ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

ယခု အသစ်တွေ့ရှိရာ ကုန်းတွင်းပိုင်းဒေသ ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်နေရာသည် ရန်ကုန်မြို့မှ (၃၅) မိုင်သာ ကွာဝေးကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ဦးဆောင်၍ ကုန်းတွင်းပိုင်း ရေနံ ရှာဖွေရေးလုပ်ငန်းများကို ဘူမိဗေဒ ပြောင်းလဲမှုအပေါ် အခြေခံ၍ မြန်မာပြည် အလယ်ပိုင်း၊ ပြည်နှင့် ဧရာဝတီ လွင်ပြင်များရှိ မြစ်ဝှမ်း၊ ချိုင့်ဝှမ်း (၁၄) နေရာတွင် ရေနံ စမ်းသပ်ရှာဖွေမှုများ လုပ်ကိုင်လျက် ရှိသည်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် သဘာဝဓာတ်ငွေ့ လုပ်ကွက်များဖြစ်သော ရဲတံခွန်နှင့် ရတနာလုပ်ကွက်များမှ ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝ ဓာတ်ငွေ့ပမာဏ ကုဗပေ သန်း (၁,၀၀၀) ကျော် ရောင်းချ နေသော်လည်း ပြည်တွင်း အတွက်မူ (၁၀) ပုံ (၁) ပုံသော ကုဗပေ သန်း (၁၁၀) သာ အသုံးပြုနေသည်။

မြန်မာစစ်အစိုးရသည် ကုန်းတွင်းပိုင်း ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်ပေါင်း (၁၁) ခု၊ ကမ်းလွန်လုပ်ကွက် (၃၁) ခုတို့ကို နိုင်ငံတကာ ကုမ္ပဏီများနှင့် လုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှု အများဆုံးနိုင်ငံတို့အနက် အဆင့် (၁၃) ၌ တည်ရှိပြီး နိုင်ငံခြား ကုမ္ပဏီများနှင့် သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရေး စာချုပ်ပေါင်း (၄၆) ရပ် ချုပ်ထားသည်။

ကမ်းလွန်ရေနံမြေသစ်များကို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, July 22, 2010

၂ဝဝ၈ ဖွဲ့စည်းပုံကို ဝေဖန်သဖြင့် The Voice ၂ ပတ် ရပ်ဆိုင်းခံရ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၁ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝေဖန်သုံးသပ်ထားသည့် ဆောင်းပါးကြောင့် The Voice ဂျာနယ် ပုံနှိပ် ထုတ်ဝေခွင့် ၂ ပတ် ရပ်ဆိုင်းခံရကြောင်း ယင်းဂျာနယ်နှင့် နီးစပ်သည့် ပြည်တွင်း အယ်ဒီတာ တဦးက ပြောသည်။

စာပေစိစစ်ရေး ဆင်ဆာလွတ်ပြီးမှ ဈေးကွက်အတွင်း ဖြန့်ချိခဲ့သည့် ယခုလ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်ပါ ဆောင်းပါးရှင် အောင်ထွဋ္ဋ်၏ “Concept နှင့် Process” ခေါင်းစည်းဖြင့် ဆောင်းပါးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိပ္ပာယ် လွဲမှားစေကြောင်း တရားရုံးချုပ်၏ အကြောင်းပြ ညွှန်ကြားချက်ကြောင့် စာပေ စိစစ်ရေးက ပြန်လည် အရေးယူ ပိတ်ပင်ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဆောင်းပါးက အခြေခံဥပဒေဆိုင်ရာနဲ့ ပတ်သက်လို့ အဓိပ္ပာယ် လွဲမှားစေနိုင်တယ် ဆိုတဲ့ အကြောင်းပြတယ်လို့ ပြောတယ်။ ခေါ်ပြောတာ မနေ့က။ တပတ်ပဲ ပိတ်ဖို့ အသနားခံစာ တင်တာကို မရဘူးလို့ ပြောတယ်” ဟု ပြည်တွင်း အယ်ဒီတာက မဇ္ဈိမကို ပြောသည်။

“စာပေစိစစ်ရေးက ခွင့်ပြုပြီးသား ဆောင်းပါးပဲ။ ဒါပေမဲ့ အထက်ကနေ အမိန့်နဲ့ ပိတ်တယ်ဆိုပြီး တရားရုံးချုပ်က ဒီအခြေခံ ဥပဒေဆိုင်ရာနဲ့ ပတ်သက်ပြီး မှားယွင်း နေတယ်လို့ ပြောတာပဲ” ဟု သူက ဆက်ပြောသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ဒုညွန်ကြားရေးမှူးထံ ဆက်သွယ် မေးမြန်းရာတွင်လည်း ဒုညွန်မှူး အစည်းအဝေး တက်ရောက် နေကြောင်းနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဖြေဆိုပိုင်ခွင့် မရှိကြောင်း တာဝန်ရှိသူ တဦးက ပြောသည်။

ဆောင်းပါးရှင် အောင်ထွဋ္ဋ်သည် ရန်ကုန်အခြေစိုက် Living Color မဂ္ဂဇင်းနှင့် The Voice ဂျာနယ်တို့ကို ထုတ်ဝေနေသည့် ဒေါက်တာ နေဝင်းမောင်ဖြစ်ပြီး ယခင်က ၂ဝဝ၈ ခု ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲကို ထောက်ခံသည့် အာဘော်များကို ရေးသားနေသူဖြစ်သည်။

“Concept နှင့် Process” ဆောင်းပါးကို နိုင်ငံခြားသတင်းထောက် တဦးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်း ဆွေးနွေး ထားသည်ကို အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။

ဆောင်းပါးထဲတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဥပဒေသစ်တခု ပြဋ္ဌာန်းရန် ရွေးချယ်ခံအမတ် ၄၉၈၊ တပ်မတော်ခန့် အမတ် ၁၆၆၊ ပေါင်း ၆၆၄ ၏ တဝက်ဖြစ်သော ၃၃၃ မဲ လိုအပ်ပြီး သမ္မတတွင် ဗီဒိုအာဏာ မရှိဟု ပါရှိသည်။

သမ္မတ လက်မခံနိုင်သော ဥပဒေတရပ်ကို လွှတ်တော်နှစ်ရပ်က ပြဋ္ဌာန်းမည်ဆိုလျှင် “တပ်မတော် ခန့် အမတ် ၁၆၆ မဲ ထောက်ခံမှု မရရှိနိုင်၍” ရွေးချယ်ခံအမတ် ၄၉၈ ဦး၏ မဲများအနက် ၃၃၃ မဲ လိုအပ်သည့်သဘော ဖြစ်သည်ဟု ရှင်းပြထားပြန်ရာ တပ်မတော်ခန့် အမတ်များသည် သမ္မတကို ထောက်ခံမည့်သူများသာ ဖြစ်မည်ဟု အဓိပ္ပာယ် သက်ရောက်နေသည်။

ထို့ပြင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ လုပ်ပိုင်ခွင့်များထဲမှ ဗီတိုအာဏာကိုဖယ်ပြီး ယင်းအစား သမ္မတ စိတ်ကြိုက် လူ “၂၅ ရာခိုင်နှုန်း” ခန့်အပ်ခွင့် ပြုမည်ဆိုလျှင် လက်ခံနိုင်သော်လည်း မြန်မာနိုင်ငံကဲ့သို့ “ဒီမိုကရေစီ အသွင် ကူးပြောင်းဆဲ နိုင်ငံ” အတွက်မူ အတိုင်းအတာ တခု အထိသာ လက်ခံနိုင်မည်ဟု ရေးသား ထားသည်ကိုလည်း ဖတ်ရှုရသည်။

ယခုနှစ် မေလအတွင်းကလည်း 7 day news ဂျာနယ် သတင်းထောက်က သရုပ်ဆောင် ထက်ထက်မိုးဦးကို တရားစွဲဆိုသော သတင်း ဖော်ပြခဲ့သည့် အတွက် The Voice ဂျာနယ်ကို စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ထုတ်ဝေခွင့် တပတ် ရပ်ဆိုင်းခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

ထောင်ဆိုတာကတော့ လူ့ပြည်က အပယ်ဘုံ တဘုံပါပဲ

Wednesday, July 21, 2010

ဦးဝင်းထိန်သည် စစ်တက္ကသိုလ် အပတ်စဉ် ၅ သင်တန်းဆင်း ဗိုလ်ကြီးဟောင်း တဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက် ခဲ့ဖူးသူ ဖြစ်သည်။ ၁၉၈၈-၈၉ နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အထက် မြန်မာပြည်၊ အောက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ် များတွင် ပါဝင်ခဲ့သည်။ ဦးဝင်းထိန်ကို ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက စတင် ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ထောင်ထဲတွင် အနှစ် ၂၀ ကျော်နေခဲ့ရသည်။ ကသာထောင်မှ နေ၍ ဇူလိုင် ၁၅ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့သည့် ဦးဝင်းထိန်ကို ဧရာဝတီ သတင်းထောက် စိုင်းဇွမ်ဆိုင်းက ဆက်သွယ် မေးမြန်း ထားသည်များကို ဖော်ပြ လိုက်ပါသည်။

မေး။ ။ ဦးဝင်းထိန် အခု မီဒီယာတွေမေးတာ တော်တော် ဖြေနေရမယ် ထင်တယ်။

ဖြေ။ ။ ဖြေရတာကတော့ အပ်ချည် တစကို ဆွဲထုတ်သလို ဖြစ်နေတာပေါ့။ ကျနော့် မိန်းမကတော့ လုံးဝ သဘော မတူဘူး။

မေး။ ။ ထောင်ထဲမှာ နေခဲ့ရတုန်းက ကြုံခဲ့ရတဲ့ အနေအထား၊ အစားအသောက်တွေ၊ ဆေးဝါးတွေ ရရှိမှုနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။ ။ ၁၉၈၉ ကနေပြီး ၉၅ အထိက အဲဒါ ၅ နှစ်ခွဲ၊ ၉၆ ကနေပြီးတော့ မကြာသေးခင်က အထိ ၁၄ နှစ်နဲ့ ၂ လ ထောင်ထဲမှာ နေခဲ့ရတယ်။ မြင်းခြံထောင်မှာ၊ မန္တလေးထောင်မှာ၊ မိတ္ထီလာထောင်မှာ နေခဲ့ရတယ်။ နောက်ဆုံးလွှတ်လိုက် တာကတော့ ကသာ ထောင်ကပေါ့။ ထောင်ထဲမှာကတော့ အမျိုးမျိုး ကြုံခဲ့ရတာပဲ။ စောစောပိုင်းက ဆိုရင် ထမင်း မဝတာမျိုးတွေတော့ ရှိခဲ့ဖူးတယ်။ ကိုယ်ကတော့ အဲဒီ မဝတဲ့ ဒဏ်ကို ခံခဲ့ရပြီး ထိခဲ့တာပေါ့။ နောက်ပိုင်းတော့ အဲဒီပြဿနာ မရှိတော့ပါဘူး။ ကိုယ်ကလည်း အစားသောက် များများ မစားတော့ ပြဿနာ သိပ် မရှိဘူး။ နှိပ်စက်တာတို့ ဘာတို့တော့ အခုနောက်ပိုင်း သူတို့ သိပ် မလုပ်ကြတော့ဘူး။ နည်းနည်း ပညာ ပြတာလေးလောက်ပဲ ရှိတာပေါ့။ ထူးထူးခြားခြားတော့ သူတို့ သိပ်မလုပ် ကြတော့ဘူး။ အပေါ်ကလည်း တားတယ်နဲ့ တူပါတယ်။

မေး။ ။ ဘယ်အချိန်လောက်အထိ အဲဒီလို နှိပ်စက်ညှဉ်းပမ်းမှုတွေ ရှိခဲ့ပါသလဲ။

ဖြေ။ ။ ၁၉၉၉ လောက်အထိတော့ ရှိဖူးတယ်။

မေး။ ။ ဦးဝင်းထိန်အနေနဲ့ ဒီတခေါက်လွတ်လာတာက လွတ်ရက်စေ့လို့လား။

ဖြေ။ ။ အဲဒီ သဘော ပါပဲ။

မေး။ ။ ၂၀၀၈ မှာတုန်းက ဦးဝင်းထိန် တခေါက် ပြန်လွတ်ခဲ့သေးတယ်နော်။ ဘာဖြစ်လို့ ပြန်ဖမ်းတာပါလဲ။

ဖြေ။ ။ ကျနော့် အထင်ပြောပြမယ်နော်။ ကျနော်က ဒီနေရာမှာ ပြောချင်တာကတော့ ထောင်က ထွက်လာတဲ့ လူတယောက်ဟာ တပတ်နှစ်ပတ်၊ တလနှစ်လ စိတ်က ပုံမှန် ပြန်မဖြစ်ဘူး။ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေရှိတယ်၊ စကားပြောတာ မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်း မှားမယ်၊ ဒီ သဘောလေးကတော့ တော်တော် သဘော ပေါက်ထားမှ ဖြစ်မယ်။

ကျနော့်ကို ၂၀၀၈ စက်တင်ဘာ ၂၃ မှာလွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တော့ ကသာက ဧရာဝတီ တည်းခိုခန်းမှာ တည်းတယ်။ တည်းတော့ သူတို့က နောက်တနေ့မှာ သင်္ဘောနဲ့ ကျနော့်ကို မန္တလေး၊ အဲဒီနောက်မှာ ရန်ကုန် ပို့ပေးမယ်လေ။ အဲဒီတော့ ကျနော်လည်း အိမ်နဲ့ တယ်လီဖုန်းတွေ ဆက်သွယ်၊ စိတ်ကတော့ ဝမ်းသာ ကျေနပ်နေတာပေါ့။ မမျှော်လင့်ဘဲနဲ့ သတင်းဌာန တခုက ဝင်လာတဲ့ အခါမှာတော့ ကျနော်က စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောလိုက်တယ်။ တရားဥပဒေ အရ လူတွေကို ၆၅ နှစ်၊ အနှစ် ၁၀၀ ချတာ၊ အဲဒါ ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတဲ့ ကိစ္စ၊ နောက်ပြီးတော့ နိုင်ငံရေးမှာ တဘက်စောင်းနင်း လုပ်ပြီးတော့ မျှမျှတတ မရှိဘဲနဲ့ လုပ်ချင်သလို လုပ်တဲ့ကိစ္စ။ နောက် ကျန်းမာရေး စောင့်ရှောက်မှု ညံ့တဲ့ ကိစ္စ၊ အဲဒါတွေ ပြောလိုက်တယ်။ ပြောလိုက်တော့၊ နောက်နေ့ကျတော့ ရဲမှူးကြီး တယောက်က လာပြီးတော့ ခဏလောက် လိုက်ခဲ့ပါဆိုပြီး ထောင်ထဲ ပြန်ပို့လိုက်တယ်။

မေး။ ။ အဲဒါပြီးသွားတော့ ထောင်ထဲက တရာရုံးမှာ ပြန်စစ်သေးလား။

ဖြေ။ ။ ဘာမှ မစစ်တော့ဘူး။ အဲဒီတုန်းက ၁၄ နှစ် မပြည့်သေးဘူးလေ၊ ထောင်ထဲမှာ ၁၄ နှစ်ပြည့်တော့ လည်း မလွှတ်သေးဘူး။ နောက် ၂ လ ဆက်ထားတာ။

မေး။ ။ အဲဒါဆို ဦးဝင်းထိန်က အမိန့်ချထားတဲ့ ပြစ်ဒဏ်ထက် ပိုပြီး နေခဲ့ရတာလား။

ဖြေ။ ။ အဲဒီလို ယူဆလို့ ရပါတယ်။

မေး။ ။ ဦးဝင်းထိန် ထောင်ထဲမှာ နေရတုန်းက NLD ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ ဆီက အားပေးတဲ့ စာတွေ ဘာတွေကော ရဖူးပါသလား။

ဖြေ။ ။ အဲဒါကတော့ အာဏာပိုင်တွေက ခွင့်မပြုဘူး။ အိမ်ကတော့ တလတခါ လာတယ်၊ စားစရာတွေ ပို့ပေးတယ်၊ နောက် ဖတ်စရာ ဂျယ်နယ်တို့၊ စာအုပ်တို့ သွင်းပေးတယ်။

မေး။ ။ ဦးဝင်းထိန်လို စစ်တပ်အရာရှိ တယောက်အနေနဲ့ ဘယ်လိုဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဖြစ်ခဲ့တာပါလဲ။

ဖြေ။ ။ NLD ဖွဲ့တဲ့အချိန်မှာ ကျနော်က တပ်မှာ မရှိတော့ဘူး။ တပ်က ထွက်သွားပြီးပြီ။ အဲဒီအချိန်မှာ ကျနော်တို့ ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ မေတ္တာ ရပ်ခံချက် အရ နိုင်ငံရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီးတော့ ကူပါဆိုတာနဲ့ ဒေါ်အောင်ဆန်း စုကြည် ဆီမှာ မြဲသွားတာပေါ့။ ၁၉၈၈၊ ၈၉ မှာ အထက်ဗမာပြည်၊ အောက်ဗမာပြည် စည်းရုံးရေး ခရီးစဉ်မှာ ပါခဲ့တယ်။ ပါပြီးတော့မှ ၈၉ မေ မှာ ရွေးချယ် တင်မြှောက်ခံရတဲ့ ပုဂ္ဂိုလ်တွေ အစည်းအဝေး လုပ်မယ် ဆိုပြီးတော့ တတိုင်းတပြည်လုံး ဖိတ်လိုက်တဲ့ အခါမှာ သူတို့က အဲ့ဒီအဖွဲ့တွေ အကုန်လုံး အကျဉ်းချုပ် ချတဲ့သူ ချတယ်၊ အကျယ်ချုပ် ချတဲ့သူ ချတယ်။ အဲဒီအချိန်မှာ ကျနော့်ကို ဖမ်းလိုက်တာပေါ့။ ၁၉၈၉ ဇန်နဝါရီလ ၂၀၊ အဲဒီကနေပြီးတော့ ကျနော် ၉၅ အထိ နေခဲ့ရတယ်။

မေး။ ။ အခု စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲရယ်၊ ဒေါက်တာသန်းငြိမ်းတို့ရဲ့  NDF ပါတီရယ်ကို ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ရွေးကောက်ပွဲ ကိစ္စကတော့ ကျနော်တို့က မှတ်ပုံ မတင်ဘူးဆိုတော့ ပြောစရာ မလိုတော့ဘူး၊ ပြီးသွားပြီလေ။ ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့ကလည်း လုပ်ပိုင်ခွင့် ရှိပါတယ်၊ လုပ်ကြပါ။ ကျနော်တော့ မပတ်သက် ချင်တော့ဘူး။ မပတ်သက်ဘူးပေါ့။

မေး။ ။ ဦးဝင်းထိန် တယောက်တည်း အနေနဲ့ကော ဘာတွေ ဆက်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါသလဲ။

ဖြေ။ ။ ကျနော် လောလောဆယ်တော့ ကျန်းမာရေးအတွက် ဆေးစစ်တာတွေ လုပ်ရမယ်။ နှလုံးရောဂါ ရှိတယ်၊ အစာအိမ်ရောဂါ ရှိတယ်၊ နောက်ပြီး သွေးတိုးလည်း ရှိတယ်၊ အရိုးကျည်းပေါင်း တက်တော့ ဆေးက တရက်ကို ၈ မျိုးလောက် သောက်ရတယ်။ အဲဒါပြီးတော့မှ ထောင်ထဲမှာ ကျန်ခဲ့တဲ့ ဘဝတူတွေ အတွက် လူမှုရေး အထောက်ပံ့တွေ လုပ်မယ် အားပေးတာတို့၊ တချို့ ဆိုလည်း တတ်နိုင်သလောက် ပိုက်ဆံတွေ ကူတာတို့ အဲဒါတွေ လုပ်ပေးမယ်။

မေး။ ။ ဦးဝင်းထိန် အနေဲ့ ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေကို စကားလုံး တလုံးတည်းနဲ့ အဓိပ္ပာယ်ပေါ်အောင် ပြောပါဆိုရင် ဘယ်လို ပြောမလဲ။

ဖြေ။ ။ အဲဒါကတော့ ဦးနိုင်းနိုင်းကို ကိုးကားရတော့ မှာပဲ။ ထောင်ဆိုတာကတော့ လူ့ပြည်က အပယ်ဘုံ တဘုံပါပဲ ခင်ဗျာ။

Ref: ဧရာဝတီ်

Read More...

စစ်တပ်နှင့်ပတ်သက်သည့် ပါတီကို မဲထည့်ရန် ဒုပညာရေးဝန်ကြီး ပြော

ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၁ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်တပ်နှင့် ပတ်သက်သည့် ပါတီများကို မဲထည့်ရန် ဒုတိယ ပညာရေးဝန်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းက ရန်ကုန်တိုင်း ကမာရွတ်မြို့ရှိ နိုင်ငံခြားဘာသာ အထူးပြု တက္ကသိုလ် UFLY တွင် ယမန်နေ့က ပြောဆိုခဲ့ကြောင်း သိရသည်။

ပညာရေးဌာနမှ အရာထမ်း ၁ဝ ဦးခန့်နှင့်အတူ ဒုပညာရေးဝန်ကြီး ရောက်ရှိလာကာ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ဆရာ၊ ဆရာမများနှင့် ကျောင်သားကျောင်းသူ စုစုပေါင်း လူဦးရေ ၂ဝဝဝ ကျော်ကို မဲဆွယ် စည်းရုံးသွားခြင်း ဖြစ်သည်။

“လာမယ့် ရွေးကောက်ပွဲကျရင် စစ်တပ်ကနေပြီးတော့ သွေးယိုသံယိုဖြစ်တာမျိုး လုံးဝ မလိုလားဘူး။ အာဏာ သိမ်းတာမျိုး မလိုလားဘူး။ အဲဒီတော့ အခုရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ပတ်သက်နေတဲ့ ပါတီတွေကို စဉ်းစားထားကြပါ၊ မဲပေးကြပါလို့ ပြောတယ်” ဟု နိုင်ငံခြားဘာသာ အထူးပြု တက္ကသိုလ်မှ မဟာတန်း တက်ရောက်နေသူ ကျောင်းသူတဦးက မဇ္ဈိမကို ပြောသည်။

“မဲပေး မမှားဖို့လိုတယ်၊ မပြိုကွဲသွားဖို့လိုတယ်။ တိုင်းရင်းသား ပြည်ထောင်စုကြီး မပြိုကွဲဖို့၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု အတွက် တစုတခဲထဲနဲ့ စစ်တပ်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း ပါတီတွေကို အားပေးဖို့၊ မဲပေးဖို့လိုတယ်တဲ့” ဟု ဒုတိယနှစ် ကျောင်းသူ တဦးကလည်း မဇ္ဈိမကို ပြောပြသည်။

ယခုလ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သောကြောင့် ကျောင်းပိတ်ခဲ့သော်လည်း ထိုနေ့တွင် ကျောင်းမှနေ၍ ကျောင်းသား အများ အပြားကို ၂ဝ ရက်နေ့တွင် ဟောပြောပွဲ ရှိသဖြင့် နံနက် ၉ နာရီ မတိုင်ခင် ကျောင်းသို့ အချိန်မီ လာရောက်ရန် ဖုန်းဖြင့် အကြောင်းကြားမှုများ ပြုလုပ်ခဲ့သည်။ ယမန်နေ့ ကျောင်းတက်ချိန်တွင်မူ ကျောင်းသား အားလုံးမှာ ဆွေးနွေးပွဲ ပြုလုပ်မည့် ဘွဲ့နှင်းသဘင် ခန်းမသို့ သွားရောက်ကြရသည်။

“ကျမတို့က ၉ နာရီမှာ ခန်းမကို အရောက်သွားရတယ်။ ဘာတွေ ဆွေးနွေးမလဲဆိုတာ မသိကြဘူး။ ပညာရေးနဲ့ ပတ်သက်တာပဲ ပြောမယ် ထင်တယ်။ အခမ်းအနား စလာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တာကို ပြောမယ်လို့ သူ (ဝန်ကြီး) က စပြောတာ။ ၉ နာရီခွဲကနေ ၁ဝ နာရီခွဲထိကို သူတယောက်ပဲ တောက်လျှောက် ပြောသွားတာ’’ ဟု မဟာတန်း တက်နေသူ ကျောင်းသူက ပြောသည်။

အခမ်းအနား အစီအစဉ်များမှာ ၃ ခုသာ ထားရှိပြီး၊ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ရွေးကောက်ပွဲအကြောင်း ဟောပြောခြင်းနှင့် အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခြင်းတို့သာ ဖြစ်သည်။

ဟောပြောပွဲတွင် ဗိုလ်မှူးချုပ်အောင်မျိုးမင်းသည် ၁၉၉ဝ ရွေးကောက်ပွဲနှင့် ယခုနှစ် ရွေးကောက်ပွဲသည် မတူညီကြောင်း ပြောဆို ခဲ့သေးသည်။

“၉ဝ ရွေးကောက်ပွဲတုန်းက တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ကို မဲမပေးရေး ဆိုတဲ့ အခါကျတော့ လူတွေက NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ကို မဲပေးကြတယ်။ အဲဒီတော့ NLD က တောင်ပြည့် တန်းပြည့်နဲ့ အနိုင်ရသွားတယ်တဲ့” ဟု မဟာတန်းမှ ကျောင်းသူကပင် ပြောပြသည်။

စစ်တပ်နှင့်ပတ်သက်သည့် ပါတီအမည်များကို ဒုဝန်ကြီးက အတိအကျ ထည့်သွင်း ပြောဆိုသွားခြင်း မပြုသော်လည်း ကျောင်းသားများ ကမူ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကို ရည်ညွှန်းခြင်းသာဖြစ်ကြောင်း ပြောဆိုကြသည်။

UFLY တက္ကသိုလ်သည် ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်လာခဲ့ရာ ယခုအချိန်တွင် ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ရုရှား၊ ကိုရီးယား၊ တရုတ်၊ အင်္ဂလိပ်နှင့် မြန်မာစကားပြောများကို ၃ နှစ်ကြာ တက်ရောက်သင်ယူကာ ဒီဂရီဘွဲ့ ရယူနိုင်သလို၊ တက္ကသိုလ်ဘွဲ့ရများ အနေဖြင့်လည်း အင်္ဂလိပ်စာ ဝင်ခွင့်စာမေးပွဲ အောင်မြင်ပါက အချိန်ပိုင်း သင်ယူကာ အောင်လက်မှတ် ရယူနိုင်သည်။

ကျောင်းတွင် ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်းနှင့် အိန္ဒိယ အစရှိသည့် နိုင်ငံတကာမှ ကျောင်းသားများလည်း မြန်မာစကား တက်ရောက် သင်ယူမှုများ ရှိနေကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

ရွှေတိဂုံ အရှေ့ဘက်မုခ် ကျောင်းတိုက်တချို့ ဖယ်ပေးရမည်

ခင်ဦးသာ
Wednesday, July 21, 2010

ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်ရှိ ကျောင်းတိုက် တချို့တွင် သီတင်းသုံး နေကြသော ရဟန်း သံဃာတော်များကို ဇူလိုင်လ ၂၅ ရက်နေ့ နောက်ဆုံး ထား၍ ကျောင်းတိုက်များမှ ဖယ်ရှား ပေးရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ရှားရမည့် ကျောင်းများမှာ ရွှေင်္ဟသာ ပိဋကတ် ကျောင်းတိုက်၊ ညောင်တုန်း ပိဋကတ် ကျောင်းတိုက်၊ ဒေါ်လှဆင် ပိဋကတ် ကျောင်းတိုက် စသည့် ကျောင်းတိုက်များနှင့် အနီးရှိ လူနေတိုက်တာ အဆောက်အုံ တချို့တို့ ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

အဆောက် အအုံများမှာ ဟောင်းနွမ်းနေ၍ ပြင်ဆင်ရန် ဖယ်ရှားပေး ရမည် ဖြစ်ကြောင်း၊ သတ်မှတ် ရက်တွင် ဖယ်ရှား မပေးပါက ရွှေတိဂုံ စေတီတော် ဂေါပက စည်းမျဉ်းအရ လည်းကောင်း၊ တည်ဆဲ ဥပဒေအရ လည်းကောင်း အရေးယူ သွားမည်ဟု ဇူလိုင် လဆန်းပိုင်းတွင် ပေးပို့သည့် ညွှန်ကြားစာ၌ ဖော်ပြထားသည်ဟု ဆရာတော် တပါးက မိန့်ကြားသည်။

ရပ်ကွက်သား တဦးက “ဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေကြတဲ့ ဘုန်းကြီးတွေ အကုန်လုံးကို အမြန်ဆုံး ဖယ်ရှားပေးဖို့ရယ်၊ ကျနော်တို့ ရပ်ကွက်က လူနေတဲ့တိုက်က လူတွေလည်း ဆင်းပေးဖို့ လာပြောထားတယ်။ လူတွေက ကြိုက်တဲ့ အချိန် ပြောင်းလို့ ရပေမယ့် ဘုန်းကြီးတွေက ၀ါတွင်းဆိုတော့ ပိုပြီး အခက် တွေ့နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကျောင်းတိုက်များတွင် ကျောင်းထိုင်ဆရာတော်များ အပါအ၀င် သံဃာတော် ၁၀ ပါး ၀န်းကျင်စီနှင့် သာမဏေများ သီတင်း သုံးနေသည့် အပြင် တပည့် ဒါယကာများလည်း နေထိုင်ကြကြောင်း၊ သံဃာများ သီတင်းသုံးလာသည်မှာ နှစ်ပေါင်း ၆၀ ခန့် ရှိပြီဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော် တပါးက မိန့်ကြားသည်။

“ဘုန်းဘုန်း ဒီကျောင်းမှာ သီတင်းသုံးလာတာ နှစ်ပေါင်း ၆၀ ရှိပြီ။ ဟောင်းနေပြီ ဆိုပေမယ့် နှစ်ပေါင်း ၇၀၊ ၈၀ လောက် ကောင်းကောင်း နေလို့ရသေးတယ်။ ပျက်စီး ယိုယွင်းနေတာ ဘာမှ မရှိသေးဘူး။ လတ်တလောကြီး ဖယ်ရှားခိုင်းတာ ဆိုတော့ အကုန် ဒုက္ခ တွေ့နေကြတယ်” ဟု အဆိုပါ ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ရွှေတိဂုံဘုရားဝန်းကျင်ရှိ အဆောက်အအုံအများစုမှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သော်လည်း ပြုပြင်ရန် လိုအပ်ပါက ပြုပြင်၍ နေထိုင် ကြကြောင်း၊ ဖယ်ရှား ပေးရခြင်းမျိုး မရှိခဲ့ဘူးကြောင်း၊ လူနေ အိမ်များကိုသာ ဖယ်ရှားမှုမျိုး ရှိခဲ့ကြောင်း ဗဟန်း ၂ လမ်း ရပ်ကွက်သား တဦးက ပြောသည်။

ယခု ဖယ်ရှားခိုင်းသည် ပိဋကတ်ကျောင်းတိုက်များမှာ မြန်မာ သက္ကရာဇ် ၁၂၉၅ ခုနှစ် ၀န်းကျင်က ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဇွန်လတုန်းကလည်း တခါလာပြီး ဖယ်ရှား ခိုင်းသေးတယ်။ အဲဒီတုန်းက ပြောတာ ပိုဆိုးတယ်။ ဒီတခါတော့ ဖယ်ရှားပေးမယ် ဆိုရင် ပိုက်ဆံ သိန်း ၃၀ ကျပ် ပေးမယ် ပြောတယ်။ ဘုန်းဘုန်းတို့က ငွေမလိုဘူး၊ သီတင်းသုံးဖို့ နေရာရရင် တော်ပြီ”ဟု ကျောင်းထိုင် ဆရာတော် တပါးက မိန့်ကြားသည်။

ရဟန်းသံဃာများအား နောက်ဆုံးဖယ်ရှားခိုင်းသည့်ရက်မှာ ၀ါဆိုကာလ မတိုင်မီ နောက်ဆုံးရက် ဖြစ်နေ၍ ပိုမိုအခက် တွေ့နိုင်ကြောင်း၊ အာဏာပိုင်များက သီတင်းသုံးမည့် နေရာ စီစဉ်မပေးဘဲ မိမိတို့သွားလိုရာ သွားနိုင်သည်ဟု ပြောကြောင်း ရွှေ့ပေးရမည့် ကျောင်းတိုက် တခုမှ ကပ္ပိယ တဦးက ပြောသည်။

ထိုကျောင်းတိုက်များမှ မပြောင်းရွှေ့ရရေး အတွက် သက်ဆိုင်ရာ မြို့နယ် သံဃနာယက အဖွဲ့၊ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့၊ တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သို့ တောင်းဆို တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း ဆရာတော်တပါးက မိန့်ကြားသည်။

အဆိုပါ ကျောင်းတိုက်များနှင့် အနီးတ၀ိုက်ကို အာဏာပိုင်များက ရယူလိုခြင်းမှာ သီရိလင်္ကာနိုင်ငံသို့ ရောင်းချရန် စီစဉ်နေခြင်း ကြောင့် ဖြစ်ကြောင်း၊ ကျောင်းတိုက် တခု၏ တန်ဖိုးမှာ ကာလပေါက်ဈေး အနည်းဆုံး ကျပ်သိန်း ၃ ထောင်ဝန်းကျင် ရှိကြောင်း စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မည် ဆိုပါက “ဤအဆောက်အအုံသည် အန္တရာယ်ရှိ အဆောက်အအုံဖြစ်၍ နေထိုင်ရန်မသင့်” ဟု ဆိုင်းဘုတ်တင်လေ့ ရှိသော်လည်း ယခု ဖယ်ရှားခိုင်းသည့် အဆောက်အအုံများတွင် ယင်းသို့ကြောညာ အသိပေးထားခြင်း မရှိကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

တံတားပြန်ဖွင့်ရေး ဆွေးနွေးရန် ထိုင်းအဖွဲ့ မြန်မာသို့သွားမည်

ရဲရင့်
၂၁ ဇူလိုင် ၂၀၁၀

နားလည်မှုလွဲမှားခြင်းကြောင့် မြန်မာဘက်က ပိတ်လိုက်သည့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရန် ထိုင်းကုန်သွယ်ရေး ဒု-၀န်ကြီး ဦးဆောင်သည့် ထိုင်းစီပွားရေး လုပ်ငန်းရှင်များ ပါဝင်သော အဖွဲ့တဖွဲ့သည် လာမည့် သောကြာနေ့တွင် မြန်မာနိုင်ငံ နေပြည်တော်သို့ သွားရောက်မည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်နှင့်ပတ်သက်၍ ထိုင်းကုန်သွယ်ရေး ဒု-၀န်ကြီး နိုင်အလုံကောန်ဖွန်လဗွတ်က ယနေ့ မဲဆောက်သို့ ရောက်ရှိစဉ် ဒေသခံ သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးက “ချစ်ကြည်ရေးတံတားပိတ်တဲ့အတွက် ထိုင်းဘက်ကကုန်သွယ်ရေးမှာ နစ်နာမှုတွေရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော် နေပြည်တော်ကို မသွားခင်မှာ ဒီကအခြေအနေတွေကို အရင် လာကြည့်တာဖြစ်တယ်။ ဒီကပြီးမှ မြန်မာနိုင်ငံကို သွားရောက် ဆွေးနွေးရင် ပိုပြီးတော့ အဆင်ပြေသွားမယ်” ဟု ပြောသည်။

ယခုကဲ့သို့ တဖက်နှင့်တဖက် ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ တံတား ပိတ်လိုက်ခြင်းသည် နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်သည့် အတွက် အလားတူဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားခြင်း မရှိရန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

“သောကြာနေ့ကျရင် ထိုင်းစီးပွားရေးလုပ်ငန်းရှင် အဖွဲ့တခုနဲ့အတူ နေပြည်တော်ကိုသွားပြီး မြန်မာ အစိုးရ၀န်ကြီးဌာနတွေ၊ မြန်မာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေး ကိစ္စတွေကို ဆွေးနွေးမှာဖြစ်တယ်” ဟု ၀န်ကြီး နိုင်အလုံကောန်က ပြောသည်။

ဝန်ကြီးသည် ထိုင်းဘက်မှ အငြင်းပွားဖွယ်ရာ ကမ်းထိန်းနံရံတည်ဆောက်နေသည့် ထိုင်းဘက်ခြမ်း ထာ့အာရွာရှိ အမှတ် (၁၀) လှေဂိတ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ သောင်ရင်းမြစ်ခြားသည့် အဆိုပါလှေဆိပ်၏ မြန်မာ ဘက်ခြမ်းတွင် မြ၀တီခရိုင် ကျောက်ဖျာအမှတ် (၄) ရပ်ကွက် တည်ရှိသည်။

ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ထိုင်းဘက်မှ နှစ်နိုင်ငံနယ်စပ်မျဉ်း သောင်ရင်းမြစ်တွင် ကမ်းထိန်းနံရံ တည်ဆောက် ခဲ့သည်ကို ကန့်ကွက်သည့် အနေဖြင့် မြန်မာဘက်က ထိုင်းကုန်ပစ္စည်း တင်သွင်းမှုကို ယခုလ (၁၈) ရက်မှ စတင်ကာ ပိတ်ပင်ခဲ့သည့် အပြင် ချစ်ကြည်ရေး တံတားကိုလည်း မည်သည့် ခြွင်းချက်မှ မထားဘဲ လုံးဝ ပိတ်လိုက်ခြင်း ဖြစ်သည်။

ယခုလဆန်းပိုင်းမှ စတင်ကာ မြ၀တီခရိုင်အာဏာပိုင်များက အကြောင်းပြချက် မပေးဘဲ (၄) ကြိမ်ခန့် ချစ်ကြည်ရေး တံတားကို ဖွင့်ချီ ပိတ်ချီ ပြုလုပ်ခဲ့ရာမှ ယခုလ (၁၈) ရက်နေ့မှစ၍ အကြမ်းဖက်မှု အန္တရာယ်ရှိသည်ဟု အကြောင်းပြကာ မြန်မာဘက်မှ တံတားကို အချိန်ပြည့် ပိတ်လိုက်ခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှု အများဆုံးလမ်းကြောဖြစ်သည့် မဲဆောက် - မြ၀တီ ကုန်သွယ်ရေး လမ်းကြောမှ တဆင့် မြန်မာဘက်သို့ လစဉ် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း ဘတ်သန်း (၄) ထောင်ခန့် တရားဝင် တင်ပို့လျက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း၏ မှတ်တမ်းများအရ သိရသည်။

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား (၁) ရက်ပိတ်လျှင် ထိုင်းဘက်မှ ဘတ်ငွေသန်း (၆၀) ခန့် ထိခိုက်နစ်နာမှု ရှိသည်ဟု ထိုင်းဘက်က ပြောဆိုသည်။

Ref: ခေတ်ပြိုင်

Read More...

ရွေးကောက်ပွဲ ကျင်းပမည့်ရက် မသိသေးဟု ဦးဉာဏ်ဝင်းပြော

ရန်ပိုင် Wednesday, July 21, 2010

ရွေးကောက်ပွဲကို မည်သည့် နေ့ရက်တွင် ကျင်းပမည် ဆိုသည်ကို မသိရှိကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ပြောဆိုလိုက်သည်။

“ဒီကိစ္စတွေကို ကျနော်တို့ နိုင်ငံခြားရေး ဌာနက မသိပါဘူး။ ဒီလို ပြောဆိုဖို့ ရွေးကောက်ပွဲ ကော်မရှင်မှာသာ တာဝန် ရှိပါတယ်” ဟု ပြောကြောင်း AP သတင်းဌာနက ဖော်ပြသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက် လာသည့် နိုင်ငံခြားရေး ၀န်ကြီးများက စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် အားလုံး ပါဝင်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်လည်း မြန်မာ ကိုယ်စားလှယ် ဦးဉာဏ်ဝင်းကို တိုက်တွန်း ပြောဆိုကြောင်း အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ဆိုသည်။

“မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အာဆီယံက စိုးရိမ်တဲ့အကြောင်း ၀ိုင်းပြောကြတာ နားငြီး လောက်တယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် မြန်မာရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကောင်းကျိုးဆိုးကျိုးမှန်သမျှ အာဆီယံ အဖွဲ့ကြီး အပေါ်တွင် ရိုက်ခတ်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဖြစ်ပေါ်လာမည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို လိုလားကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကို အာဆီယံ ဝန်ကြီးများက အသိပေး ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုအစည်းအဝေး အပြီးတွင် နိုင်ငံခြားရေး ၀န်ကြီးများက စာပိုဒ်ရေ ၇၃ ပိုဒ် ပါဝင်သည့် ပူးတွဲကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။

သို့သော် ထိုစာပိုဒ်များတွင် မြန်မာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ် တရားမျှတပြီး အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရေးသည် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တည်ငြိမ် တိုးတက်ရေးအတွက် အရေးကြီးသည်ဟု ရေးသား ထားသည့် စာပိုဒ် တပိုဒ်သာပါရှိပြီး မြန်မာ့နိုင်ငံရေးတွင် အရေးကြီးသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး စသည့်အချက်များ မပါဝင်ပေ။

အာဆီယံ အဖွဲ့ကြီးအနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာရေး အဖွဲ့ စေလွှတ်ရန်လည်း မြန်မာ စစ်အစိုးရကို တောင်းဆို ခဲ့ကြောင်း သိရသည်။

စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဂျော့ရိုးကမူ လေ့လာသူများ စေလွှတ်ရေးနှင့် ပတ်သက်၍ မြန်မာ အစိုးရအပေါ် ပြင်းပြင်း ထန်ထန် ဖိအားပေး သွားမည်ဟု ပြောသည်။

“မြန်မာ့ ပြည်တွင်းရေး ဆိုပေမယ့် လေ့လာရေးအဖွဲ့ စေလွှတ်ရေးကို ကျနော်တို့ အတော်ကို ပြင်းပြင်း ထန်ထန် ပြောခဲ့ပါတယ်” ဟု ဂျော့ရိုး က ဆိုသည်။

နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက နေပြည်တော်ရှိ စစ်ခေါင်းဆောင်များကို ပြန်လည်တင်ပြ ပါလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောသည်။

သို့သော် ထိုသို့ တောင်းဆိုချက်များသည် တဦးချင်းအနေဖြင့်သာ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် မပါရှိပေ။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလာဂါဝါ က“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ မလေ့လာ သေးဘဲနဲ့ ဆုံးဖြတ်ချက် မချချင်ဘူး၊ အဓိကကတော့ မြန်မာပြည်သူတွေ ဒီရွေးကောက်ပွဲ အပေါ်မှာ ဘယ်လို သဘောထားလဲ ဆိုတာက အရေးကြီးတယ်”ဟု ဆိုသည်။

အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

Wednesday, July 21, 2010

ဦးဝင်းတင်နဲ့ မေးခွန်းများ

၂၀၁၀ ရွေးကောက်ပွဲဥပဒေအပြင်က အင်န်အယ်ဒီပါတီ
မိုးမခ
ဇူလိုင် ၂၀၊ ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ငြင်းပယ်လိုက်တဲ့ အင်န်အယ်ဒီ ပါတီဟာ မတ်လ ၂၉ နောက်ပိုင်းမှာ မိမိ ရပ်တည်ချက်ဖြင့် မိမိ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နိုင်သေးရဲ့လား ဆိုတဲ့ မေးခွန်း …

ကျနော်တို့ကတော့ ပါတီရဲ့ ပါတီဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပြန်လည် ထိတွေ့တာ၊ တွေ့ဆုံ ဆွေးနွေးတာ၊ ခရီးတွေ ထွက်တာ၊ အဲသည်လိုမျိုး လည်ပတ်မှုတွေ ပိုပြီး လုပ်နေရတယ်။ အဲတာတွေနဲ့ အလုပ်တွေ များနေတယ်လို့ ပြောရင် ရတယ်။ အထူးသဖြင့်ကတော့ အရင်တုံးကထက် ပိုပြီးတော့ ပါတီက ခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေဟာ နယ်တွေ၊ ဒေသတွေကို ပိုပြီး ခရီးတွေ သွားဖြစ်လာတယ် လို့ ဆိုရမယ်။

၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ဆက်လက်မပြုလုပ်တဲ့ အင်န်အယ်ဒီပါတီဟာ စစ်အစိုးရရဲ့ လက်ရှိဥပဒေများအရ နိုင်ငံရေး ပါတီတရပ်လို့ မသတ်မှတ်နိုင်တော့တဲ့ အတွက် ဒီဖက်ကာလတွေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ တားမြစ် ကန့်သတ်မှုတွေနဲ့ ကြုံတွေ့နေရပြီလား …

အခုအချိန်မှာတော့ဖြင့် သူတို့က ဘယ်လိုလုပ်လာမလဲဆိုတာကို မတွေ့ရသေးပေါ့ဗျာ။ သူတို့ဘောင်ထဲက မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေက အသံဗလံလေးတွေ ထွက်လာနေတော့ နှစ်ဖက် ရန်ဖြစ်နေရမှာ စိုးလို့လား ဘာလားတော့ မသိဘူးပေါ့။ အကန့်အသတ်တွေ လုပ်လာတာမျိုးတော့ မတွေ့ရဘူး။ စောင့်တော့ ကြည့်နေတာ တွေတော့ ရှိတာပေါ့။ လူထုနဲ့ ထိတွေ့မှုဟာ ယခင်ကထက် ပိုမိုပြီး ရှိလာတယ်လို့ ပြောချင် ပြောလို့ရတယ်။

လူထုနဲ့ ထိတွေ့မှုတွေ ပိုပြီး ရှိလာတယ် ဆိုတာက ဘာတွေများပါလဲ။

နေရာ ဒေသနဲ့ အောက်ခြေက ပါတီဝင်တွေ၊ လူတွေနဲ့ ပိုပြီး ထိတွေ့မှုတွေ လုပ်လာနိုင်တယ်။ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်လာနိုင်တယ်။ လူကြီးတွေကလည်း ခရီးတွေ ထွက်ပြီးတော့ လူငယ်တွေ၊ အခြေခံ အဖွဲ့တွေနဲ့ တွေ့ကြ ဆုံကြတာမျိုး လုပ်လာတယ်။ တလောက ကရင်ပြည်နယ် သွားတယ်၊ မော်လမြိုင် သွားတယ်။ ရခိုင်သွားဖို့လည်း လုပ်နေတယ်။ ကချင်တို့ ချင်းတို့လည်း သွားပြီးပြီ၊ မန္တလေးတို့၊ စစ်ကိုင်းတို့ အပါအ၀င်ပေါ့ကွာ။ ရှမ်းပြည်လည်း တောင်ပိုင်း မြောက်ပိုင်းလည်း သွားတယ်။ မကြာခင် တနလာင်္ရီဘက်ကို သွားကြမယ်။

အဓိကရှင်းလင်းရတဲ့ မေးခွန်းတွေ ဆွေးနွေးချက်တွေက ဘာလဲ။

များများစားစား ရှည်ရှည်ဝေးဝေးတွေ ပြောနေရတာမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတခု၊ နိုင်ငံရေးအင်အားစု တခုအနေနဲ့ အင်န်အယ်ဒီဟာ ဆက်လက် တည်ရှိနေတယ်။ သေသွားတာ မဟုတ်ဘူး။ ယခင်ကတည်းက ပါတီဟာ နိုင်ငံရေးပါတီ တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မှတ်ပုံ တင်ထားခဲ့တာဖြစ်တယ်။ အဲသည်လိုမျိုး ပါတီဟာ ဆက်လက် ရပ်တည်နေတယ်။ အခု ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီ မှတ်ပုံတင် ဥပဒေတွေက မတရားတဲ့ အတွက် လက်မခံနိုင်လို့ အဲသည်မှာ ထပ်မံ မှတ်ပုံ မတင်တာ ဖြစ်တယ်။ အခုလည်းပဲ တရားဥပဒေ ဘောင်ထဲကနေပြီးတော့ မတရားတဲ့ ဥပဒေတွေ၊ လုပ်ရပ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့တွေက တရားစွဲဆိုတဲ့ အလုပ်တွေ ဆောင်ရွက်နေတယ်။ ဒါက တခု။ နောက်ပြီးတော့ - ပါတီကို ပြန်လည် ဖွဲ့စည်းတာတွေ ဘာတွေ လုပ်ဖို့က အရေးမကြီးဘူး။ အခုအချိန်မှာ ပါတီဝင်တွေ၊ မိတ်ဆွေတွေ ပြန်လည် စုစည်းမိကြဖို့၊ ပြန်လည် တွေ့ဆုံမိကြဖို့၊ အရင်တုံးက မလုပ်နိုင်ခဲ့တာတွေကို အခုချိန်မှာ ပြန်လည် လုပ်ကိုင်နေကြရတာ ဖြစ်တယ် ဆိုတာကို ပြောပြရတာ ဖြစ်တယ်။ Party Consolidation ပေါ့ကွာ။ ဒါက တခု ရှင်းပြရတာ ဖြစ်တယ်။ နောက်ပြီးတော့ ပါတီဝင်တွေ၊ မိတ်ဆွေတွေဘက်က သူတို့ ဒေသတွေမှာ ရှိနေ ကြုံနေရတဲ့ အခြေအနေတွေ၊ အကြောင်းအရာတွေကို ပြောပြ ရှင်းလင်းပြကြတာမျိုးတွေ ရှိတယ်။ ဒါမျိုးတွေ ဖြစ်ပါတယ်။

ပြည်သူလူထုက အင်န်အယ်ဒီရဲ့ ယခုလက်ရှိ ရပ်တည်ချက်ကို ဘယ်လို့ တုန့်ပြန်ကြသလဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ကို သူတို့က သဘောကျတယ်ပေါ့ကွာ။ ထောက်ခံတယ်။ ခုဆိုရင် ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ပါတီတွေတောင် အော်နေကြရပြီ။ တစည အပါအ၀င် အခု ရွေးကောက်ပွဲကို ၀င်ပါမယ်ဆိုတဲ့ ပါတီတွေတောင် အော်နေကြရပြီ။ ဒါဟာ အင်န်အယ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ သဘောဆိုတာကို ပြောလာကြတာ မျိုးပေါ့။

ဒါပေမယ့် ပါတီမှာ အခုလက်ရှိ အခြေအနေမှာကော အခက်အခဲတွေ မရှိဘူးလား။

ဒါပေမယ့် - အခက်အခဲတွေကတော့ ရှိနေတာပေါ့။ အခုလိုမျိုး ဆုံးဖြတ်ချက်ကြီးတခု၊ ရပ်တည်ချက်ကြီး တခုကို ထုတ်ဖော် ပြသလိုက်ရတယ် ဆိုတာက အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ဖိအားတွေ အများကြီး ကြားထဲကနေ ဆောင်ရွက် လိုက်ရတာဖြစ်တယ်။ အခုလို အပြောင်းအလဲကြီး တခုကို ရွေးချယ် ဖြတ်သန်းလိုက်ရတော့ အဖွဲ့အစည်း တခုအနေနဲ့၊ ပါတီ တခုအနေနဲ့ ယိုင်သွားလိုက်ရင် ပြိုသွားတတ်တယ်။ ဒါတွေကို ကျော်ဖြတ်ရတယ်။ အသေးအမွှား အခက်အခဲ လေးတွေလည်း အများကြီးပေါ့ကွာ။ ဒီလိုပါပဲ။

အသေးအမွှားအခက်အခဲလေး တခုလောက်ပဲ ပြောပြပါဦး။

ပါတီတခု အဖွဲ့အစည်းတခုအနေနဲ့ ဆက်လက် ရပ်တည်နေရတယ် ဆိုတော့ အနည်းဆုံး ပါတီကို ၀င်ထွက် သွားလာ နေသူတွေကို ဧည့်ခံရတာတွေ၊ ဧည့်သည်တွေကို ကျွေးမွေးရတာတွေ ရှိနေရတာပေါ့ကွာ။ အနည်းဆုံးတော့ အဖွဲ့အစည်း တရပ်မှာ ၀င်ထွက် သွားလာနေသူတွေ အတွက် ဧည့်ဝတ် ကျေပွန်ရတယ်။ အနည်းဆုံးတော့ နေ့ခင်း ထမင်းစားချိန်ဆိုရင် ချဉ်ပေါင်ဟင်းလေးနဲ့ ငပိကြော်လေးနဲ့တော့ ကျွေးမွေး ဧည့်ခံနိုင်အောင်တော့ လုပ်ရတာပေါ့။ ခရီးစာရိတ်တို့ ဘာတို့ ဆိုရင်လည်း အားလုံးက မျှဝေပြီး ခံကြရတာတွေ လုပ်ရတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အပင်ပန်းခံပြီးတော့ ဘတ်စကားတွေ ဘာတွေ အပင်ပန်းခံ စီးပြီးတော့ သွားကြပေါ့ကွာ။ အဲသလိုမျိုးလေးတွေ လို့ ပြောရမှာပေါ့။ အဲသည်တော့ အခု ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် တချို့ပါတီတွေက လူတွေက ကားတွေ ဘာတွေနဲ့ သွားလာ နေချိန်မှာ ငါတို့ တွေကတော့ ခြေကျင် သွားနေကြရတာမျိုး အခက်အခဲလေးတွေ ရှိတာပေါ့ကွာ။ ဒီလောက်ပါပဲ။

အခုလိုမျိုး ဆရာတို့က ခိုင်ခိုင် ရပ်တည်နိုင်ပြီ လို့ ဆိုတယ်။ အဲသည်အတိုင်း ဆရာတို့ ဆက်လက် ရပ်တည် သွားနိုင်ပါ့မလား။ ဆက်လက် တောင့်ခံနိုင်မယ်လို့ ပြောနိုင်သလား။

ခုချိန်မှာ လူထုက အင်န်အယ်ဒီ ရပ်တည်ချက်ကို ထောက်ခံတယ်။ အင်န်အယ်ဒီ ပါတီဝင်တွေ၊ မိတ်ဆွေတွေ ကလည်း စိတ်ဓာတ် တက်ကြွလျက် ရှိတယ်။ ဒီဟာကို ကျနော်တို့က ဆက်လက် ထိန်းသိမ်း သွားနိုင်ဖို့ပဲ။ အနီးကပ်ဆုံး အချိန်ဇယား တခုကို ပြောရမယ် ဆိုရင် - အနည်းဆုံး ရှေ့ ၆ လ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ့် အချိန်တို့၊ သူတို့ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန် တို့က ၆ လလောက် ကြာမယ်။ ပြီးနောက် အဲသည်ရဲ့ နောက် ၆ လ လောက် ရှိတယ်။ ၁ နှစ်လောက် ရှိတယ်။ အနည်းဆုံး အဲသည်အချိန်မှာ ဆက်လက်ပြီး Sustain လုပ်သွားရမှာ ဖြစ်တယ်။ ခုချိန်မှာ နယ်တွေသွားတဲ့အခါ မြို့နယ်တွေမှာ ဘယ်ပါတီဝင်မှ၊ ဘယ်စည်းကော်မီတီမှ ပျက်တယ်လို့ မရှိဘူး။ ၁၄ ၊ ၅ ယောက် လုပ်နေတဲ့ နယ်မြေတွေ မှာတောင်မှ ၁ ယောက် ၁ လေလောက် ထွက်သွားတာပဲ ရှိတယ်။ ပြောရရင် ဦးခင်မောင်ဆွေတို့ ပြောနေတဲ့ မြို့နယ် ၅၀ တို့ ဘာတို့ ဆိုတာတွေက ဘယ် အင်န်အယ်ဒီ ပါတီတွေမှ ပါတာမဟုတ်ဘူး။ သူတို့ဖာသာ သူတို့ရှာတဲ့ အပြင်လူတွေနဲ့ ပြောတာ ဖြစ်တယ်။ ဒါကြောင့် အခုလို အခြေအနေမှာတောင်မှ လူထုက အင်န်အယ်ဒီကို နားလည်တယ်၊ ထောက်ခံတယ်။ ဒါကို ဆက်လက် ရှိနေတယ် ဆိုတာ ထင်ရှားတယ်။

ဒါဆိုရင် အယင်တုံးက စစ်အစိုးရ ကန့်သတ်ထားတဲ့ ပါတီနိုင်ငံရေး စည်းကမ်းတွေ ဥပဒေတွေအတွင်းက၊ အောက်ကနေပြီး အင်န်အယ်ဒီဟာ သူ့ကိုယ်သူ Sustain (ထိန်းသိမ်းရေး၊ ရှင်သန်ရေးတွေ) လုပ်ခဲ့ပြီးပြီ၊ အခုကျတော့ - စစ်အစိုးရရဲ့ အလိုကျ ပါတီ အဖြစ်ကနေ လွတ်မြောက်ပြီးတော့ ဘယ်လိုမျိုး ရှင်သန်ရေး၊ ထိန်းသိမ်းရေးတွေ လုပ်နေတဲ့ ပါတီ ဖြစ်တယ်လို့ ပြောနိုင်သလဲ။

၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိမ်းသိန်းခဲ့ပြီးနောက်မှာ ပါတီဟာ စစ်အစိုးရအလိုကျ ပါတီရှင်သန်ရေးနဲ့ ရပ်တည် ခဲ့ရတယ်လို့ ပြောနိုင်တယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ အခုလိုမျိုး ရပ်တည် လိုက်တယ်။ ဒါဟာ စစ်အစိုးရ အလိုကျ ပါတီ ရှင်သန်ရေးကနေ “ပြည်သူအလိုကျ ဒီမိုကရေစီလမ်းကျ” ပါတီ ရှင်သန်ရေးလို့ ပြောချင်ပါတယ်။ ပါတီဟာ မသေဘူး၊ ပါတီ မသေအောင်လုပ်နိုင်တယ်။ ဆက်ပြီးတော့ လုပ်နေရမယ်။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေ၊ စည်းမျဉ်းတွေကနေ ရုန်းထွက်ပြီး ရပ်တည်လိုက်တဲ့ ပါတီဟာ ပိုပြီးတော့ ရှင်သန်နိုင်ရမယ်၊ ထိန်းသိမ်းနိုင်ရမယ် ဖြစ်တယ်။

အဲသည်လို ရပ်တည် လိုက်နိုင်တဲ့ အင်န်အယ်ဒီ ပါတီကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ကြံစည် ကြိုးစားနေကြတဲ့ အကြပ်အတည်း တွေ့နေတဲ့ နိုင်ငံရေး ပါတီတွေကို အကူအညီ ပေးရမယ်။ ရှေ့က ဦးဆောင်မှု ပေးရမယ်လို့ သဘောထားမျိုးနဲ့ မီဒီယာ အင်တာဗျုးမှာ ဆရာ့ကို မေးကြတယ်။ အဲဒါကကော ဆရာတို့ အလုပ်ပဲလား။

တကယ်တမ်းကတော့ အခုလိုမျိုး ပါတီကို ပြည်သူလူထု အလိုကျ၊ ဒီမိုကရေစီလမ်းကျ ရပ်တည်ပြီး မသေအောင် ကြိုးစား ထိန်းသိမ်း နေရတဲ့ အချိန်မှာ မီဒီယာ အင်တာဗျူးမှာ မေးလာတာက အခုလိုမျိုး အခြေအနေမှာ အင်န်အယ်ဒီကို ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက ၀ိုင်းရံ ကြမယ်ဆိုရင် ဘယ်လိုလဲ ဆိုတာမျိုး - ပြောချင်တာကတော့ သေမှတော့ လွမ်းသူ့ ပန်းခွေ ပို့ပြီးတော့ ၀ိုင်းရံတာမျိုး မလုပ်နဲ့၊ အခုအချိန်မျိုး ပါတီ အသက်ရှင်နေတုံးမှာ သပြေပန်းနဲ့ ၀ိုင်းရံဖို့ အကောင်းဆုံးပဲ လို့ ပြောချင်တယ်။ နောက်တခုကတော့ - ကျနော်တို့ ပြောနေတဲ့၊ ကျနော်တို့ ပြတဲ့ လမ်းက အရင်ကတည်းက ပြောခဲ့ပြီးသား၊ ထုတ်ပြန် ထားပြီးသားဖြစ်တယ်။ တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာဖို့ပဲ ဖြစ်တယ်။ ဒါကို ဦးဆောင်မှုပေးပြီး အဖြေရှာ ပေးနိုင်တာက ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ ဒီအတွက် အဲသည် ရပ်တည်ချက်အတိုင်း ပါတီကို ထိမ်းသိန်း ရှင်သန်နိုင်အောင် ဆောင်ရွက်နေတယ်။ အဲသည်လို ပါတီကို ရှင်သန်အောင် ပြုလုပ်နေတဲ့ ကာလမှာ နိုင်ငံရေးကို အခြေခံတဲ့ လုပ်ငန်းတွေ၊ လူမှုရေး လုပ်ငန်းတွေ လုပ်နေတယ်။ နာဂစ်ဒေသ ကူညီ ထောက်ပံ့ရေးတွေ၊ ပဲခူးနဲ့ အခြားနယ်တွေ ရေရရှိရေးတွေ၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုတွေကို အားပေး ကူညီမှုတွေ လုပ်နေတယ်။ နယ်အသီးသီးမှာ ဥပဒေ အထောက်အကူ အဖွဲ့တွေ ရှိတယ်။ ရှေ့နေ မရှိရင်တောင်မှ အင်န်အယ်ဒီက လူတွေက ၀ိုင်းပြီး ကူညီပေးမယ်။ ရှေ့နေတွေနဲ့ ဆက်သွယ်ပြီး တိုင်ပင် ဆွေးနွေးပေးမယ်။ ဒါတွေ လုပ်ကိုင်နေရတယ်။ အိပ်ခ်ျအိုင်ဗီ လူနာတွေ မိသားစုတွေကို ပြုစု စောင့်ရှောက်တာတွေ လုပ်နေတယ်။ လူထုနဲ့ ထိတွေ့မှုတွေ လုပ်နေတယ်။ ဒါတွေက သူတို့ရဲ့ ဥပဒေ စည်းမျဉ်းတွေ အရ ပါတီမရှိဘူး ဆိုရင်တောင်မှ အဲသည် အလုပ်တွေဟာ ဆက်ရှိနေအောင်၊ ဆက်ပြီး ရှင်သန်ပြီး လုပ်ကိုင် နေနိုင်အောင် လုပ်နေရတာ ဖြစ်တယ်။

နိုင်ငံတကာကကော အခုအချိန်မှာ အင်န်အယ်ဒီရဲ့ ရပ်တည်ချက်ကို ဆက်လက် အသိအမှတ်ပြုပြီး တွေ့ဆုံ ဆက်ဆံ နေတာမျိုးတွေ တွေ့နေရတယ်။ ဒါက ဆရာတို့ ရပ်တည်ချက်ဟာ မှန်ကန်တယ် ဆိုတာကို သက်သေပြချက် တခု ဖြစ်တယ်လို့ ပြောနိုင်သလား။

အဲသလို ပြောချင်လည်း ပြောလို့ရပါတယ်။ အရင်ကတည်းက တွေ့ဆုံ ဆက်ဆံနေကြ နိုင်ငံတကာက သံတမန်တွေ၊ အဖွဲ့အစည်း တွေကလည်း ပုံမှန် ဆက်လက်ပြီး တွေ့ဆုံ ကြတာမျိုးတွေ ရှိတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေကို မေးမြန်း စုံစမ်းတယ်။ ဒါက ကျနော်တို့ဟာ သာမန် လူမှုရေး အဖွဲ့အစည်း တရပ်အဖြစ် ပြောင်းလဲပြီး ရပ်တည် လိုက်ပြီလို့ အများက ယူဆ လိုက်တယ်သာ ဆိုလို့ရှိရင် အခုလိုမျိုး ဆက်ဆံရေးတွေလည်း ရှိနေမှာ မဟုတ်ဘူးဆိုတာ ထောက်ပြချင်တယ်။ နိုင်ငံရေး အဖွဲ့အစည်း တရပ်အဖြစ် ဆက်လက် ရှင်သန်နေဖို့ ထင်ရှားတယ်လို့ ပြောချင်ပါတယ်။

အဲသည်နေရာမှာ တခုဖြည့်ပြီး ပြောချင်တာက - စစ်အစိုးရက သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့ ၂၀၁၀ ရွေးကောက်ပွဲကို ချမှတ်တယ်။ နိုင်ငံရေး ပါတီတွေ ထောင်တယ်။ ပါတီ ထောင်ကြဖို့ကိုလည်း ဖိတ်ခေါ်တယ်။ အဲသည်နေရာမှာ အဲသည် လမ်းကြောင်းက မှန်ကန်တယ်၊ ထိရောက်တယ်၊ ပြည်သူလူထု အလိုကျဖြစ်တယ်၊ ဒီမိုကရေစီ နည်းလမ်းကျတယ်သာ ဆိုရင် နိုင်ငံတကာက ချမှတ် အရေးယူထားတဲ့ ပိတ်ဆို့မှုတွေ၊ တားဆီး ကန့်သတ်မှုတွေဟာ အခု ၃ လ၊ ၄ လ အတွင်းမှ လျော့ကျ သွားရမယ်။ ဒါပမယ့် အခုအချိန်မှာ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှု ဆိုတာတောင် သက်တမ်း တိုးလိုက်ပြီ ဖြစ်တယ်။ ဒါက လက်ရှိ နိုင်ငံရေး အခြေအနေအရ ဖြစ်ပေါ်လာရတာ ဖြစ်တယ်။ စစ်အစိုးရ စွပ်စွဲလေ့ရှိသလို အင်န်အယ်ဒီက သွေးထိုး လှုံ့ဆော် တောင်းဆိုလို့ ဖြစ်ရတယ် ဆိုတာမျိုး အခုအချိန်မှာ စစ်အစိုးရ ပြန်လှန် ချေပလို့ မရတော့ဘူးလို့ ပြောလို့ရမယ် ထင်တယ်။

မှန်ပါတယ်။ ကျနော်တို့ဖက်က တောက်လျောက် ရပ်တည်ပြီး လုပ်ကိုင်နေကြတာ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဦးဆောင်မှု ပေးတယ် ဆိုတာက မတရားတဲ့ ဥပဒေတွေ၊ စည်းကမ်း နည်းလမ်းတွေကို တာဝန်အရ ဆန့်ကျင်ရမယ်၊ မလိုက်နာဘဲ နေရမယ် ဆိုတဲ့ အခြေခံအချက် တခုဖြစ်တယ်။ အခု ၂၀၀၈ အခြေခံဥပဒေဟာ တရားမျှတမှု မရှိဘူး၊ အဲဒါကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဆိုတာကို လက်မခံနိုင်ဘူး၊ မလိုက်နာနိုင်ဘူး။ ဒါကို ကျနော်တို့က ဆန့်ကျင်တယ် မလိုက်နာနိုင်ဘူးလို့ ထုတ်ဖော်တယ်၊ ရပ်တည်တယ်။ ဒါပါပဲ။ နိုင်ငံတကာက အရေးယူတာ၊ တောင်းဆိုတာတွေကလည်း နအဖ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို သူတို့နည်း သူတို့ သဘောထားအရ လက်မခံနိုင်လို့ ထွက်ပေါ်လာတယ်ဆိုတာ ထင်ရှားတယ်လို့ ပြောနိုင်ပါတယ်။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်။ ကျနော်တို့ကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မို့လို့ အရေးယူ ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ရတယ်လို့ လက်ညိုးထိုးစရာ မရှိပါဘူး။

အဲသည်လိုမျိုး အခြေခံပြီး ဆက်ပြီးပြောမယ် ဆိုရင် - ၂၀၀၈ အခြေခံဥပဒေလည်း ရှိပြီ၊ ၂၀၁၀ ရွေးကောက်ပွဲလည်း ဥပဒေ ပြဋ္ဌာန်ထားပြီးပြီ၊ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေလည်း ရှိနေပြီ။ အဲသည် သူတို့ရဲ့ သတ်မှတ်ချက်တွေ၊ ဘောင်တွေ အတွင်းမှာ အင်န်အယ်ဒီလည်း မရှိဘူး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်လည်း မပါလာတော့ဘူး၊ ယခင်က နိုင်ငံရေး အငြင်းပွားမှုတွေ၊ အရေးယူ ဆောင်ရွက် မှုတွေကိုလည်း အခု ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းက ချန်ထားရစ်ခဲ့ပြီ ဆိုရင် - ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချပြီး ဖမ်းထားစရာ လိုတော့လို့လဲ။ လက်ရှိ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး လိုက်ရတော့မှာပေါ့လို့ စစ်အစိုးရကို ကျနော်တို့ဖက်က ထောက်ပြလို့ ရနိုင်မလား။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ကနေပြီးတော့ သတ်မှတ်ထားတဲ့ အချိန်မှာ လွတ်မြောက်ရမှာ ဖြစ်တယ်။ (၂၀၁၀ နိုဝင်ဘာလတွင် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးသည်ဟု သတင်းများတွင် ရေးထားသည် - မိုးမခ) ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တယ် ဆိုတာဟာ ကျနော် မီဒီယာတွေမှာ ပြောဖူးပါတယ်။ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ လွတ်မြောက် လာတယ် ဆိုတာက ပန်းပွင့် တပွင့်လောက် ပွင့်တယ် ဆိုတာမျိုးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ် ဆိုတာက တလောကလုံးမှာ ရှိတဲ့ ပန်းတွေ၊ သစ်ပင်တွေ အားလုံးဟာ မိုးရွာချလိုက်လို့ အားလုံး စိမ်းလန်းစိုပြေ နိုးထလာတာမျိုး ဖြစ်လိမ့်မယ်။ ပြည်သူလူထု ဖက်က စိတ်အား တက်ကြွမှုတွေ၊ နိုင်ငံရေး နိုးကြားမှုတွေဟာ ဘာနဲ့ နှိုင်းယှဉ်လို့ မရအောင် ပွင့်လန်းလာတဲ့ အချိန်ဖြစ်မယ်။ အဲသည်က နေပြီးတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် လမ်းကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြောချင်တယ်။

တိုင်းပြည်အတွက် အဖြေရှာနိုင်မယ် ဆိုတာက အင်န်အယ်ဒီ လက်ရှိ ကိုင်စွဲထားတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးပဲလား ဆရာ။ တပ်မတော် အတွင်းမှာရှိတဲ့ တပ်မတော်သားတွေ၊ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ လက်နက်ကိုင်ပြီး အကြမ်းဖက် ဖြေရှင်းရေးတွေထက်၊ မတရားတဲ့ တဖက်သတ် ဥပဒေ အာဏာတွေ သုံးစွဲပြီး ဖိနှိပ် ဖြေရှင်းရေးတွေထက် အားလုံး အတူတကွ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာကြရေး သာလျင် အသင့်မြတ်ဆုံး ဖြစ်တယ်ဆိုတာကို ဆရာတို့က ဆက်လက်ပြီး ကိုင်စွဲ သွားမှာလား။

တချို့က ကျနော့်ကို ပြောကြပါတယ်။ တောက်လျောက် အဖြစ်အပျက်တွေ၊ ဖြစ်ရပ်တွေကို ကြည့်လိုက်မယ် ဆိုရင် တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတာကို မျှော်လင့်ချက် ထားစရာ မကောင်းတော့ဘူး။ ဒါကို အယုံအကြည် မရှိတော့ဘူးလို့ ပြောကြတယ်။ ဒါက အခြေအနေတွေကို ကြည့်ပြီး ထင်ဟတ်ပြီး ပြောကြတာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က မူအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး သာလျင် လမ်းဖြစ်တယ် လို့ ရပ်တည်ထားပြီး ဖြစ်တယ်။ ဒါကို ကျနော်တို့ကို စွန့်လွှတ်တယ်လို့ ပြောလို့မရဘူး။ အဲသည် တောင်းဆိုချက်ကိုမှ မတောင်းတော့ဘူး ဆိုရင် နိုင်ငံရေး အင်အားစု တရပ်အနေနဲ့ ဘာကို သွားတောင်းတော့မှာလဲ။ တွေ့ဆုံ ဆွေးနွေးကြရေးကို နိုင်ငံတကာကလည်း တောင်းဆိုတယ်။ ကုလသမဂ္ဂမှာလည်း တောင်းဆို နေကြတာပဲ။ တွေ့ဆုံ ဆွေးနွေးရေး ကို ဆောင်ရွက်ကြမှ သာလျင် ခုနက ကိစ္စတွေဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ အရေးကိစ္စတွေကို အားလုံးက သာတူညီမျှ တရားမျှတစွာ အဖြေရှာနိုင်ကြမှာ ဖြစ်တယ်။ တွေ့ဆုံ ဆွေးနွေးရေးသာ လမ်းပွင့်မယ်သာ ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ရေး၊ တိုင်းရင်းသား အရေး၊ ရွေးကောက်ပွဲကိစ္စတွေအပြင် အင်န်အယ်ဒီ ရပ်တည်မှုတွေကို အစစ အရာရာ ဖြေရှင်းနိုင်မယ်ဆိုတာ လို့ ကျနော်တို့က ပြောနေတာ ဖြစ်တယ်။

အဲသည်မှာ ကရင်ပြည်နယ်ဖက် ခရီးထွက်ရင်းနဲ့ ဆရာတော်ကြီး တပါးနဲ့ ဆွေးနွေးခဲ့တော့ ဆရာတော်ကြီးက ဦးဝင်းတင်တို့ ပြောတဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ် ဆိုတာက သာမန်လူတွေ နားမလည်နိုင်ဘူး ဆိုရင် ဘုန်းကြီးတို့သုံးတဲ့ ဓမ္မနည်းနဲ့ ဖြေရှင်း ကြမယ်လို့ ပြောရင် မကောင်းဘူးလား လို့ ဆွေးနွေးပါတယ်။ အဲသည်တော့ ကျနော်က ပြန်လျှောက်တာက ဟုတ်ပါတယ် ဘုရား၊ ဘယ်အသုံး အနှုံးကို သုံးသုံးပါ။ မြန်မာပြည်မှာက တပည့်တော် ဆိုရင်လည်း နှစ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းကျခံရတယ်။ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ရှိနေတယ်။ ပစ်တာ ခတ်တာတွေ ရှိနေတယ်။ ဒါဟာ တိုင်းပြည်မှာ အဓမ္မနည်းနဲ့ အုပ်ချုပ်နေလို့ ဖြစ်ရတာ ဖြစ်တယ်။ အဲဒါရဲ့ ဆန့်ကျင်ဖက် ဓမ္မနည်းနဲ့ ချိုချိုသာသာ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေး အဖြေရှာကြတာ အကောင်းဆုံး ဖြစ်တယ်လို့ အရှင်ဘုရားတို့ကလည်း တိုက်တွန်း ပေးကြပါလို့၊ ဟောပြောဆုံးမ ကြပါလို့ ကျနော်တို့ဖက်က ပြန်ပြီး ဆွေးနွေးခဲ့ပါတယ်။

နောက်ပြီးတော့ ဒီနည်းလမ်းကို ရွေးချယ်တယ်ဆိုတာ ငြိမ်းချမ်းတဲ့နည်း၊ အဖြေတွေ့မယ့်နည်းလို့ ပြောရတာက ဒီဖက်က ဆွေးနွေးမယ့် သူတွေက ထိုက်တန်တဲ့ လူတွေ၊ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့အစည်းတွေ ရှိနေလို့ ပြောရတာ ဖြစ်တယ်လို့ ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ လူပုဂ္ဂိုလ်သက်သက် မဟုတ်ဘူး။ ပြည်သူတွေက ထောက်ခံတယ်၊ တိုင်းရင်းသားတွေက လက်ခံတယ်၊ နိုင်ငံတကာက အသိအမှတ် ပြုထားပြီးသား ခေါင်းဆောင်တဦး ဖြစ်တယ်။ ဒါ့အပြင် ကျနော်တို့ဆီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အဖွဲ့အစည်းဆိုတာ မူတွေ၊ ရပ်တည်ချက်တွေနဲ့ တလျောက်လုံး ရှင်သန်နေတာ ဖြစ်တယ်။ ပြင်ဆင် ထားတာတွေ ရှိနေတယ်။

တပ်မတော်ဖက်ကလည်း လုံးလုံးကြီး သည်လမ်းကြောင်းကို ဆန့်ကျင်နေတာ မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကြည်ကို ခန့်အပ်ထားပြီးသား ဖြစ်တယ်။ လမ်းဖောက် ထားတာပဲ။ သူ့ကို ဆက်သွယ်ရေး ၀န်ကြီးလို့ အမည် ပေးထားတာထက် ယူနီတီ ၀န်ကြီးလို့သာ ဆိုလိုက်ရင် တိုင်းရင်းသားတွေ အားလုံးနဲ့ အင်န်အယ်ဒီနဲ့ တိုင်းပြည် တခုလုံးနဲ့ ဆိုင်တဲ့ သဘောတောင် ဖြစ်သွားနိုင်သေးတယ်။ တခါးကို ဖောက်ထားပေမယ့် သော့ခတ်ပြီး ပိတ်ထားတာကတော့ တပိုင်းပေါ့။ ဒါပေမယ့် တပ်မတော်က လက်နက်အားကိုးတဲ့ နည်းတွေနဲ့ မဖြစ်ဘူးဆိုတာ သူတို့ သိပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို ဒီဖက်က တရုတ်တို့ အာဆီယံတို့ ကိုယ်တိုင်ကလည်း ပြောဆိုနေရပြီ ဖြစ်တယ် လို့ ပြောချင်တယ်။

နောက်ဆုံး တနေ့မှာ တပ်မတော် အခြေခံ အင်အားစုတွေ သာမက တပ်မတော် ခေါင်းဆောင် အင်အားစု အများစုက တိုင်းပြည် အကျိုးစီးပွားအတွက် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးသာ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်ဆိုတာကို ယုံကြည် လာကြမယ်၊ ဆောင်ရွက် လာကြမယ် ဆိုတာကို ကျနော်တို့က လမ်းဖွင့်ထားတဲ့ သဘောနဲ့ ဆက်လက် တောင်းဆို ကိုင်စွဲနေရမှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

Ref: မိုးမခ

Read More...

စွမ်းအင်ဝန်ကြီးဌာန ရုံးချုပ် အေးရှားဝေါလ်ကို လွှဲပြောင်း

ရန်ပိုင် Tuesday, July 20, 2010

ရန်ကုန်မြို့ ပြည်လမ်း မပေါ်ရှိ ယခင် စွမ်းအင်ဝန်ကြီးဌာန ရုံးချုပ်၏ အဆောက် အအုံနှင့် မြေနေရာကို အေးရှားဝေါလ် ကုမ္ပဏီက မကြာသေးမီက လွှဲပြောင်း ရယူခဲ့ကြောင်း စစ်အစိုးရနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“အတွင်းရေးမှူး (၁) အမိန့်နဲ့ တိုက်ရိုက်ချတာ၊ စတီဗင်လောတို့ မက်စ် ဇော်ဇော်တို့က အတွင်းရေးမှူး (၁)ရဲ့ လူရင်းတွေ၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသား တေဇာစောဦးက အဲဒီ ကုမ္ပဏီမှာ ရှယ်ယာ ၀င်ထားတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် အေးရှားဝေါလ်ကုမ္ပဏီသည် နေပြည်တော် လေဆိပ် တည်ဆောက်ခွင့် လုပ်ငန်းများကိုလည်း တခြားသော ပြိုင်ဘက် စီးပွားရေး လုပ်ငန်းရှင်များကို ကျော်လွန်၍ လုပ်ကိုင်ခွင့် ရထားသည်ဟု ၎င်းက ဆက်ပြောသည်။

အေးရှားဝေါလ်ကုမ္ပဏီသည် မြန်မာ့လေကြောင်းလိုင်း (MAI) မှ ဦးစီး၍ တာဝန်ယူ လုပ်ကိုင်နေသည့် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် ၀င်ငွေရှိသည့် ရန်ကုန်လေဆိပ်ရှိ ၀န်ဆောင်မှု လုပ်ငန်းများကိုလည်း မကြာသေးမီက လွှဲပြောင်း ယူခဲ့သည်။

လက်ရှိအခြေအနေတွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်လိုသူများသည် ကုန်သွယ်မှုဆိုင်ရာ မူဝါဒကောင်စီ ဥက္ကဋ္ဌ နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း(MEC) ၏ ဥက္ကဋ္ဌ ရာထူများကို ရယူထားသည့် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး နှင့် အဆင်ပြေရန် လိုအပ်သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း ပြောသည်။

“အခုအချိန်မှာတော့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ ဆိုတာ တပ်မတော် အပေါ်မှာသာ သြဇာ ရှိချင်ရှိမယ်၊ စီးပွားရေး ပိုင်းမှာတော့ အတွင်းရေးမှူး (၁) လောက် သြဇာ မရှိတော့ဘူး”ဟု ၎င်းကဆိုသည်။

ထို့အပြင် စစ်အစိုးရ နေပြည်တော်တွင် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မြေကွက်များ ချထားပေးခြင်း များတွင်လည်း ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၏ ခွင့်ပြုချက် ယူရသည်ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ဆက်ပြောသည်။

ကုန်သွယ်မှုဆိုင်ရာ မူဝါဒကောင်စီသည် သွင်းကုန်ထုတ်ကုန် လုပ်ငန်းလိုင်စင်များနှင့် ကားတင်သွင်းခွင့် ပါမစ်များကို စိစစ် အတည်ပြု ပေးရပြီး ယခင်က ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးမှ ကိုင်တွယ်ကြောင်း သိရသည်။

ယခုအခါ အေးရှားဝေါလ် ကုမ္ပဏီသည် လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ၊ ရန်ကုန်ဆိပ်ကမ်း တိုးချဲ့ရေး စီမံကိန်းနှင့် နိုင်ငံအတွင်းရှိ အဝေးပြေး ကားလမ်းမကြီးများ ဖောက်လုပ်ရေးနှင့် ပြုပြုင် ထိန်းသိမ်းရေး၊ လမ်းတံတားကြေး ကောက်ခံမှု လုပ်ငန်းများ နှင့် ရေကြောင်း ကုန်သွယ်မှု၏ အဓိက အချက်အချာဖြစ်သည့် အလုံ ဆိပ်ကမ်းနှင့် သီလ၀ါ ဆိပ်ကမ်းကိုလည်း လုပ်ကိုင်ခွင့် ရထားသည့် အပြင် နိုင်ငံတ၀န်းရှိ ရေအားလျှပ်စစ် စီမံကိန်းများတွင် တည်ဆောက်ရေး လုပ်ငန်းကြီးများ လုပ်ကိုင်ခွင့် ရထားသည်။

အေးရှားဝေါလ်ကုမ္ပဏီကို ပိုင်ဆိုင်သူ ဦးထွန်းမြင့်နိုင် (ခ) စတီဗင်လောမှာ ယခင်က ဘိန်းဘုရင်ဟု နာမည်ကြီးခဲ့သည့် ကိုးကန့် ကာကွယ်ရေး ခေါင်းဆောင်ဟောင်း လော်စစ်ဟန် ၏ သားဖြစ်ပြီး ထို မူးယစ်ဆေးဝါး လုပ်ငန်းမှ ရရှိထားသည့် ငွေမည်းများကို ယင်းလုပ်ငန်း များတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်၍ ငွေဖြူ အဖြစ် ငွေကြေး ခ၀ါချမှုများ ပြုလုပ်ပြီး စစ်အစိုးရကို အဓိက ကျောထောက် နောက်ခံ ပေးသူများတွင် ပါဝင်ကြောင်း သိရသည်။

ထိုကြောင့် အမေရိကန်အစိုးရ နှင့် ဥရောပ သမဂ္ဂတို့မှ စီးပွားရေး ပိတ်ဆို့မှု စာရင်းတွင် အေးရှားဝေါလ်ကုမ္ပဏီ နှင့် ဦးထွန်းမြင့်နိုင် တို့ပါဝင်သည်။

စစ်အစိုးရသည် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး စက်ရုံများ၊ စီမံကိန်းကြီးများနှင့် အဆောက် အအုံများကို ပုဂ္ဂလိကပိုင် စတင် ပြုလုပ်ခဲ့သည့် အပြင် မကြာသေးမီကလည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကို ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်များ စတင် ခွင့်ပေးခဲ့သည်။

Ref: ဧရာဝတီ်

Read More...

စက်မှု (၁) ၀န်ထမ်းများ ရှေ့ရေး ရေရာမှု မရှိ

အောင်ထက်
၂၀ ဇူလိုင် ၂၀၁၀

စက်မှု (၁) ၀န်ကြီးဌာန၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစက်ရုံ (ပြင်ထိန်း) ၏ လုပ်ငန်း အရပ်ရပ်အား (နေပြည်တော်) စက်မှု ညွှန်ကြားမှု ဦးစီးဌာနမှ လွှဲပြောင်းရယူမည်ဟု သတင်း ထွက်ပေါ်နေသဖြင့် ၀န်ထမ်းများ စိတ်သောက ရောက်နေကြကြောင်း သိရသည်။

ဝန်ထမ်းများ သိရှိစေရန် တရားဝင်ညွှန်ကြားချက် ထုတ်ပြန်ခြင်း မပြုသေးသော်လည်း အဆိုပါ သတင်းသည် ၀န်ထမ်းများ အတွင်း ပျံ့နှံ့လျက် ရှိသည်ဟု ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းစက်ရုံ ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “ပြင်ထိန်းမှာ ၀န်ထမ်း (၄၀၀) ကျော်ရှိတယ်။ အဲဒီ ၀န်ထမ်းတွေရဲ့ တ၀က်ကိုပဲ စက်မှုညွှန်ကြားမှုက ခေါ်မယ်။ ကျန်တ၀က်ကို တခြား စက်ရုံတွေဆီ ခွဲပို့မယ်လို့ပြောတယ်။ ဒါဆိုရင် နယ်စက်ရုံတွေ ရောက်မယ့် ၀န်ထမ်းတွေ နုတ်ထွက်စာ တင်ကြမှာပဲ” ဟု ပြောသည်။

ထို့အပြင် စက်မှုညွှန်ကြားမှု ဦးစီးဌာနလက်အောက် ရောက်ရှိသွားပါက နေပြည်တော်၌ သွားရောက် တာဝန် ထမ်းဆောင်ရမည် ဖြစ်ခြင်းကြောင့် ၀န်ထမ်းအချို့ နုတ်ထွက် ကြလိမ့်မည်ဟုလည်း သိရသည်။

ယခုလောလောဆယ် စက်မှု (၁) စက်ရုံတို့၏ လတ်တလော အခြေအနေမှာ ပြင်ဆင်မှု စရိတ်မရှိဘဲ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ လည်ပတ် နေရကြောင်း၊ ယခင်ကဆိုလျှင် စက်မှု (၁) ပိုင် စက်ရုံများ၏ စက်ကိရိယာပိုင်း ပြင်ဆင်မှု အရပ်ရပ်ကို မြန်မာ့ အထွေထွေနှင့် ပြုပြင် ထိန်းသိမ်းရေး စက်မှုလုပ်ငန်း (ထွေထိန်း) မှ ချုပ်ကိုင် ထားရှိကာ ပြင်ထိန်းသို့ လုပ်ငန်း ချပေးကြောင်း၊ ယခု ပြင်ထိန်းသို့ လုပ်ငန်းများ ချပေးခြင်း မရှိတော့သည်မှာ ၂၀၁၀ ဘတ်ဂျက် ကာလကတည်းက ဖြစ်ကြောင်း ၀န်ထမ်းတို့ထံမှ သိရသည်။

ထို့အပြင် စက်ရုံများတွင် နှစ်စဉ် ကုန်ချောလက်ကျန် များနေခြင်း၊ ဈေးကွက်တွင်း ယှဉ်ပြိုင်နိုင်စွမ်း အားနည်းခြင်းတို့ သည်လည်း စက်မှု (၁) ၀န်ကြီးဌာန၏ ကျဆုံးခန်း ဖြစ်သည်ဟု စီးပွားရေး ပညာရှင်အချို့က သုံးသပ် ပြောဆိုမှုများ ရှိခဲ့သည်။

ဝန်ထမ်းတဦးက “စက်မှု (၁) အလှကုန် ပစ္စည်းစက်ရုံရဲ့ မဉ္ဇူရေမွှေး တပုလင်း (၂,၀၀၀) ကျပ်၊ ပြင်ထိန်း ဖိနပ်စက်ရုံရဲ့ သားရေ ဖိနပ် တရန် (၆,၀၀၀) ကျပ်၊ (ပုံဆန်း) စက်ဘီးတစီး (၆၀,၀၀၀) ကျပ် ဆိုတာတွေဟာ နိုင်ငံခြား ပစ္စည်းတွေထက် တန်ဖိုး မြင့်နေတယ်။ နောက်ပြီး စက်မှု (၁) ထုတ် အပ်ချုပ်စက်ကို ပြင်ဆိုင်တွေက လက်ခံပြီး ပြင်မပေးဘူး။ ဒီလို အရည်အသွေးက အားနည်း၊ တန်ဖိုးက မြင့်တော့ ၀ယ်လိုအား ကျလာတယ်။ စက်ရုံတွေမှာ ကုန်ချောလက်ကျန် များလာတယ်” ဟု ပြောသည်။

ထို့ကြောင့် ပြင်ထိန်းစက်ရုံမှ အင်ဂျင်နီယာများအပြင် အခြားဌာနများကို ညှိနှိုင်းဝယ်ခိုင်းပြီး ကုန်ချောလက်ကျန်ပြတ် စာရင်းရှင်းတမ်း ပြနေရသည်ဟု ထိုဝန်ထမ်းက ရှင်းပြသည်။

အခြား စက်ရုံဝန်ထမ်းတဦးကလည်း “စက်မှု (၁) ထုတ် ဗိုက်တာစုံ အားဆေးတဘူး (၅,၀၀၀) ကျပ်။ တရက် (၆) လုံးနှုန်းနဲ့ ၁၅ ရက်ပဲ သောက်ရတော့ တနေ့ အားဆေးဖိုး (၃၀၀) ကျပ် ရှိနေတယ်။ ရေညှိစိမ်း ပလူဗီမင်ဆိုလည်း တနေ့အလုံး (၂၀) သောက်မှ အာနိသင် ပြည့်ဝတယ် ပြောတယ်။ ဒီတော့ ၀န်တာလည်းကျဉ်း၊ စရိတ်လည်း သက်သာတဲ့ နိုင်ငံခြား အားဆေးတွေကို တလုံး (၁၅၀) ကျပ်ပေးပြီး ပြည်တွင်းက သုံးနေကြတယ်” ဟု ပြောသည်။

စက်မှု (၁) ၀န်ကြီးဌာနသည် လာမည့်နှစ်အတွင်း စက်မှု (၂) ၀န်ကြီးဌာနနှင့် ပူးပေါင်းကာ စက်မှုဝန်ကြီးဌာန တခုတည်းအဖြစ် ရပ်တည်မည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

ထို့အတွက် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသည် ၎င်း၏ ၀န်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားတခုလုံးကို ယခုကတည်းက ဖျက်ဆီးနေသည်ဟု ၀န်ထမ်းများအတွင်း ဝေဖန်မှုများ ရှိနေသည်။

စက်မှု (၁) ၀န်ကြီးဌာနပိုင် စက်ရုံ (၃၅) ရုံအား ရောင်းချ/ငှားရမ်းမည်ဟု ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ ပြီးခဲ့သည့် ၂၀၁၀ ဇန်န၀ါရီ လကုန်ခန့်က လေလံ ခေါ်ယူခဲ့သည်။

အဆိုပါ စက်ရုံများထဲမှ စက်ရုံအနည်းငယ်သာ ရောင်းချ/ငှားရမ်းပြီး ဖြစ်ရာ ယင်းစက်ရုံတို့၏ ၀န်ထမ်းများကို စက်မှု (၁) ပိုင် အခြား စက်ရုံများသို့ ခွဲဝေ ပို့ဆောင်နေရသည်ဟုလည်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ပြည်သူ့စစ်ဖွဲ့ရေးနှောင့်နှေးနေသည့် သျှမ်းတပ်အပေါ်တိုင်းမှူး ဒေါသထွက်

Tuesday, 20 July 2010

ပြည်သူ့စစ် အသွင်ပြောင်းရေး လက်ခံထားသော်လည်း လက်တွေ့တွင် ပြည်သူ့စစ် မဖွဲ့နိုင်သေးသည့် အပစ်ရပ် သျှမ်းပြည် တပ်မတော် (မြောက်ပိုင်း) အပေါ် အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် (ရမခ) တိုင်းမှူးက စိတ်ဆိုး ဒေါသထွက် နေသည်ဟု လားရှိုးမြို့ခံ ၀န်ထမ်းတစ်ဦးက ဆိုသည်။

သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အနေဖြင့် ပြည်သူ့စစ်ဖွဲ့ရေး နှောင့်နှေးရခြင်းမှာ ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့ တစ်ခု ဖြစ်သော တပ်မဟာ (၁) က အဆိုပါ အသွင်ပြောင်းရေးကို လက်မခံသောကြောင့် ဖြစ်သည်။

သျှမ်းတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးလွယ်မောင်းကိုယ်တိုင် ပြည်သူ့စစ်ဖွဲ့ရေး လက်ခံခဲ့ရာ ယနေ့ဆိုလျှင် ၄ လခန့် အချိန်ကြာ လာသည့် တိုင်အောင် ပြည်သူ့စစ် တပ်ရင်းတစ်ရင်းမှ မဖွဲ့သေးသည့် အပေါ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က ဦးလွယ်မောင်းအား ဖိအားပေး ပြောဆိုနေကြောင်း ၎င်းအပစ်ရပ် အသိုင်းအ၀ိုင်းက သိရသည်။

“တိုင်းမှူးက ဦးလွယ်မောင်းနဲ့တွေ့တဲ့ အခါဆိုရင်တော့ ပြည်သူ့စစ်ပြောင်းဖို့လက်မခံတဲ့ တပ်မဟာ (၁) မှူးဗိုလ်ချုပ် ပန်ဖ ကို သူ့ဆီ အရောက် ခေါ်လာဖို့ ဖိအားပေး ပြောတာတွေ ရှိတယ် ဦးလွယ်မောင်း အနေနဲ့လည်း ခေါ်ပေးဖို့ ဆိုတာ မလွယ်ဘူးလေ သူတို့ တပ်မဟာ ၁ ကို သွားပြီးပြီပဲ ဟိုကမှ ပြည်သူ့စစ် အသွင်ပြောင်းဖို့ လက်မခံတာ ” ဟု ၎င်းအဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ အခြေစိုက် ရမခကွပ်ကဲမှုအောက် နယ်မြေအတွင်း၌ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ယနေ့အထိ ငြင်းဆန်နေဆဲဖြစ်သည်။

အဆိုပါ အဆင်မပြေမှုများဖြင့် ကြုံတွေ့နေရသော တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်သည် အရပ်ဘက် ဋ္ဌာနဆိုင်ရာ များနှင့် တွေ့ဆုံရာတွင် စိတ်ဆိုး ဒေါသထွက်၍ ဆူပူကြိမ်းမောင်း တတ်ကြောင်း သိရသည်။

“အခုတစ်လော ဋ္ဌာနဆိုင်ရာတွေဆီရောက်ရင် တိုင်းမှူးက ဘာမဟုတ်တာလေးနဲ့ အရမ်း အော်ငေါက်နေတယ် သူ ဦးလွယ်မောင်းတို့ အဖွဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ ကိစ္စတွေ အဆင် မပြေတာကြောင့် ကသိကအောက် ဖြစ်နေတယ်လို့ သိရတယ်” ဟု ၀န်ထမ်း က ဆိုသည်။

ယခုအခါ ပြည်သူ့စစ်ဖွဲ့စည်းရေး လက်ခံထားသော ဦးလွယ်မောင်း ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့ တွင်လည်း တပ်ပြေးမှုများ မကြာခဏ ဖြစ်ပေါ်နေသည်။

“အခုက ဦးလွယ်မောင်း ပြည်သူ့စစ်ဖွဲ့ဖို့ စာရင်းသွားပေးထားတဲ့သူတွေတောင်မှ ဟိုဘက်နဲ့ပေါင်းလိုက် ဒီဘက်နဲ့ ပေါင်းလိုက် ထွက်ပြေး နေတာ သူ (ဦးလွယ်မောင်း) ကိုယ်တိုင် အခက်အခဲ ဖြစ်နေတယ် ” ဟု နီးစပ်သူက ဆိုသည်။

ထို့အပြင် ပြည်ပသို့ တိမ်းရှောင်သူ မြန်မာစစ်တပ်မှ Missile ဒုံးကျည်လက်နက် ပညာရှင် ဗိုလ်မှူး စိုင်းသိန်းဝင်း က မြောက်ကိုးရီးယားနှင့် မြန်မာစစ်တပ် ပူးပေါင်း လုပ်ကိုင်နေသော နျူးကလီယား လက်နက်နှင့် Missile ဒုံးကျည် စီမံကိန်းများအား ပြည်ပ မီဒီယာများသို့ လွန်ခဲ့သည့်လက ထုတ်ဖေါ် ပြောကြားပြီးနောက် စစ်တိုင်းမှူးများ နေပြည် တော်သို့ ခရီးသွားရာတွင် တင်းကြပ် ထားကြောင်း စုံစမ်းသိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ရေကာတာသည် ရေဒါစခန်း တိုးချဲ့ရေး ဖြစ်နိုင်ကြောင်း စောင့်ကြည့်သူများ သုံးသပ်

နှောင်းလှိုင်
အင်္ဂါနေ့, 20 ဇူလိုင်လ 2010

မြန်မာစစ်အစိုးရမှ ကရင်နီပြည် ဖာဆောင်းမြို့နယ်တွင် ဆောက်လုပ်နေသည့် ရေကာတာသည် ရေဒါစခန်း တိုးချဲ့ တည်ထောင်နိုင်ရန် အတွက် ဖြစ်နိုင်ကြောင်း ကရင်နီနိုင်ငံရေး လေ့လာ စောင့်ကြည့်သူနှင့် သတင်း အချက်အလက်များ စုဆောင်း သုတေတနပြုသော အဖွဲ့က ဆိုသည်။

ကရင်နီပြည်တွင် တိုးချဲ့တည်ဆောက်လာမည့် ရေဒါစခန်းများသည် ရေအားလျပ်စစ် အချိန်ပြည့် အသုံးပြုရန် လိုအပ်ပါကြောင်း ကရင်နီပြည်နယ် နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တဦးက ပြောသည်။

၎င်းက “စစ်အစိုးရသာ အမှန်တကယ် ဖာဆောင်းမြို့ကို လျှပ်စစ်မီး သုံးစေချင်ရင် မော်ချီး ရေအားလျှပ်စစ် စက်ရုံကနေ သွယ်တန်းလို့ ရပါတယ်။ အခု ဖာဆောင်းနားက ရေအားလျှပ်စစ် စီမံကိန်း အသေးတခုဟာ ရေဒါစခန်း အတွက်သာ ဖြစ်တယ်လို့ သိထားပါတယ်” ဟု ပြောသည်။

ဖာဆောင်းမြို့နယ်ရှိ သံလွင်မြစ်နှင့် နန့်ပန်ချောင်းတို့ ဆုံရာ နေရာ၌ ရေကာတာ တည်ဆောက်ရန် စစ်အစိုးရနှင့် တရုတ်တို့ ပူးပေါင်းကာ ပြီးခဲ့သည့် လမှ စတင်၍ အဆောက်အဦး ပစ္စည်းများ စုဆောင်းခြင်းနှင့် တိုင်းထွာခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။

စစ်အစိုးရတပ် တပ်မ (၅၅) အခြေစိုက်ထားရာ နေရာများ ဖြစ်သော ဖာဆောင်း၊ ရွာသစ်နှင့် လွိုင်ကော်မြို့ အနီးတို့တွင် ရေဒါစခန်းများ တည်ထောင်နိုင်ရန် စစ်အစိုးရက အကြမ်းအားဖြင့် သတ်မှတ်မှုများ ရှိထားခဲ့ကြောင်း ကရင်နီနိုင်ငံရေး လေ့လာသူက ပြောသည်။

“အရင်က ဖယ်ခုံမြို့အခြေစိုက် (စစ်ဗျူဟာ ကွပ်ကဲမှူး ဌာနချုပ်) စကခ (၇) မှာပဲ ရေဒါတခု ထားရှိတယ်လေ။ အခုနောက်ပိုင်းမှာ ပျဉ်းမနား နေပြည်တော်မြို့သစ်အပြီး ပြည်ပလေကြောင်း ရန်ကို ကာကွယ်ရေးအတွက် နေပြည်တော်နဲ့ အနီးဆုံး နယ်စပ် ထွက်ပေါက်တွေမှာ ရေဒါစခန်းတွေကို တိတ်တဆိတ် တည်ဆောက်ဖို့ စစ်အစိုးရက ကြိုးပမ်းနေတယ်လို့ သိထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်အစိုးရသည် ပျဉ်းမနားရှိ နေပြည်တော်မြို့သစ်နှင့် ၎င်းတို့ လုံခြုံရေးနှင့် လေကြောင်း ကာကွယ်ရေးအတွက် ရေဒါစခန်း လိုအပ်နေသကဲ့သို့ ကရင်နီ ပြည်နယ်သည်လည်း မြို့သစ်နှင့် နီးကပ်သည့်အတွက် လေကြောင်း ကာကွယ်ရေးကို ဦးတည်နေခြင်း ဖြစ်နိုင်သည်ဟု ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေး သုတေတနပြု အစုအဖွဲ့ KDRG ဒါရိုက်တာ တော်ရယ်ပိုးက ပြောသည်။

၎င်းက “ဖြစ်နိုင်တယ်ပေါ့ အဲလို ဖြစ်နိုင်ချေရှိတယ်။ ဒီကယားပြည်နယ် အတွင်းမှာ လှိုင်ခေါင်းတွေလည်း တူးနေသလား ဆိုတဲ့ ကောလဟာလ သတင်းတွေလေ ကြားထားတယ် ဆိုတော့ အဲဒီဟာနဲ့အတူ ခုနပြောတဲ့ ရေဒါစခန်း ဆိုတာလည်း နေပြည်တော်နဲ့ တွက်ရင် နီးနီးလေးပေါ့နော်။ သူတို့ အဲဒီ ပတ်ဝန်းကျင်ကို လုံခြုံရေးသဘောနဲ့ သူတို့ ထားထားတာမျိုး အဲလိုတွေးပြီးတော့ ဆက်စပ်ယူလို့ ရတာပေါ့” ဟု ပြောသည်။

စစ်အစိုးရ ရေဒါစခန်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ဒေသခံပြည်သူများက မသိရှိသေးကြောင်း၊ ရေဒါစခန်း တည်ရှိမည့် နေရာများ၏ နယ်မြေဧရိယာ ၀န်းကျင်များတွင် လုံခြုံရေး တိုးမြှင့်မှုနှင့် တပ်စခန်း တိုးချဲ့ချထားမှုတို့ကို ပိုမို လုပ်ဆောင်သွားမည်ဟု သိရသည်။


Ref: ကန္တာရဝတီတိုင်းမ်

Read More...

နိုင်ငံရေးစာအုပ် တွေ့ရှိမှုဖြင့် ကလေးငယ်တဦး အဖမ်းခံရ

သန်းထိုက်ဦး
Tuesday, July 20, 2010

ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သော “Freedom From Fear” စာအုပ်နှင့် ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ် တို့ကို လက်ဝယ် တွေ့ရှိမှုဖြင့် အသက် ၁၄ နှစ်အရွယ်ရှိ ကလေး တဦးကို အာဏာပိုင်များက ယမန်နေ့တွင် ဖမ်းဆီးထားကြောင်း သိရသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်မှ ဦးစံသိန်း၏သား မောင်နေလင်းသည် အဆိုပါ စာအုပ်များကို မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့သို့ ပါဆယ်ဖြင့် ပို့ရန် အသွားတွင် တောင်ဥက္ကလာပမြို့နယ်ရှိ ပါရမီ ရွှေမန်းသူ ကားဂိတ်၌ အဖမ်းခံရခြင်း ဖြစ်ကြောင်း အမည် မဖော်လိုသူ လူငယ် တဦးက ဧရာဝတီသို့ ပြောသည်။

“ဦးဝင်းတင် ရေးတဲ့ ဘာလဲဟဲ့ လူ့ငရဲ စာအုပ်က ၆ အုပ်၊ နောက် ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ Freedom From Fear ဆိုတဲ့ စာအုပ်က ၅ အုပ်၊ အဲဒါတွေကို မိလို့ ကလေးကို ဖမ်းထားတယ်”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီး ခံထားရသော ကလေးငယ်ကို မည်သည့် နေရာတွင် ထိန်းသိမ်း ထားကြောင်း မသိရဘဲ ယခုအထိ ပြန်လည် လွတ်မြောက် လာခြင်း မရှိသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။

“ပြန်လွတ်လာတယ်လို့ မကြားသေးဘူး။ သူတို့က ဒီကလေးကို နှိပ်စက် ညှဉ်းပန်းပြီးတော့ နောက်ဆက်တွဲ သတင်းတွေကို စုံစမ်း စစ်ဆေးမှာကို စိုးရိမ်တယ်”ဟု ၎င်းက ပြောဆိုသည်။

“Freedom From Fear” စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ် အဲရစ်က တည်းဖြတ်၍ ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေသည်။ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” အမည်ဖြင့် ဒေါက်တာ အောင်ခင်က မြန်မာ ပြန်ဆိုခဲ့သည်။

“ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်း အမှတ် အဖြစ် ယခုနှစ် မတ်လ ၁၂ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့သည်။

ထိုစာအုပ်တွင် အနှစ် ၂၀ ကာလ အတွင်း ဦးဝင်းတင်ခံစား ခဲ့ရသော ကာယဒုက္ခ၊ စိတ္တဒုက္ခများကို ဖော်ပြထားပြီး ထောင်တွင်း မတရားမှုများ၊ အာခံမှုများ၊ အကျဉ်းသား အချင်းချင်း ရိုင်းပင်း ကူညီမှုများ၊ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများ၊ ထောင်ကျဖော်များ အကြောင်းနှင့် ထောင်တွင်း အမြင်မတော်မှုများကို ရေးသားထားသည်။

“ဘာလဲဟဲ့ လူ့ငရဲ” ကို ဒီမိုကရက်တစ် မြန်မာ့ အသံ က ထုတ်ဝေပြီး AAPP က ဖြန့်ချိပေးခြင်း ဖြစ်သည်။


Ref: ဧရာဝတီ်

Read More...

ထိုင်း-မြန်မာ နယ်စပ်တံတား ဆက်တိုက်ပိတ်၊ ကုန်ဈေးနှုန်းတက်

Tuesday, July 20, 2010

ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို မြန်မာ အာဏာပိုင်များ ဘက်မှ ၃ ရက်ကြာ ဆက်တိုက် ပိတ်ထား သောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ ယနေ့အထိ ပိတ်ထား သောကြောင့် ထိုင်း-မြန်မာ ၂ ဘက်စလုံးတွင် နစ်နာမှုများ ရှိသည်ဟု ကုန်သည်များက ပြောသည်။

“အရင်တခေါက်ကတော့ ထိုင်းဘက်ခြမ်းက ကမ်းပါးပြိုမှာစိုးလို့ ကျောက်တွေချပြီး တမံလုပ်တာကို မကျေနပ်လို့ ပိတ်တယ် ပြောတယ်။ ဒီတခါတော့ အကြောင်းပြချက် မရှိဘဲ ပိတ်ထားတာ။ ထိုင်းဘက်က ကုန်ကားတွေ ဒီဘက် တံတားထိပ်မှာ ပုံနေတယ်။ မြန်မာဘက်က ပုစွန်ကားတွေ၊ စားသောက်ကုန် ကားတွေလည်း လာလို့ မရဘူး” ဟု မြန်မာကုန်သည် ဦးတင်မြင့်က ဧရာဝတီသို့ ပြောသည်။

မြစ်ရေစီးကြောင်း တိုက်စားမှုကို ကာကွယ်ရန် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ရေစီးကြောင်းက မြန်မာဘက် ကမ်းပါးကိုသာ တိုက်စားလေ့ရှိသဖြင့် မြန်မာ အာဏာပိုင်များက မကျေမနပ် ဖြစ်လေ့ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ထိုင်း၏ ယင်းသို့ တာတမံ တုပ်မှုကို မကျေနပ်၍ တံတားကို ပိတ်ထားခဲ့ကြောင်း၊ ထိုင်းက မြန်မာတို့ အနေဖြင့် မိမိဘာသာ မိမိ တမံ တည်ဆောက်သင့်သည်ဟု ပြောကြောင်း၊ မတည်ဆောက် နိုင်ပါက ထိုင်းက ကူညီ ပြုလုပ်ပေးမည်ဟု ကမ်းလှမ်းသဖြင့် တံတားကို ပြန်ဖွင့်ပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ဒီလိုပိတ်လိုက်တော့ အခု ကုန်စည်ဈေးတွေက တက်နေပြီ။ အဓိက စားသောက်ကုန်တွေ ဈေးတက် သွားတယ်။ တပတ်လောက်သာ ပိတ်ရင် အခြေအနေ အတော် ဆိုးသွားနိုင်တယ်” ဟု မြ၀တီမြို့မှ ကုန်သည် တဦးက ပြောသည်။

ဈေးတက်သွားသည့် အဓိက စားသောက်ကုန်များမှာ ဆီ၊ ဆန်၊ အချိုမှုန့် စသည်တို့ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တင်သွင်းသည့် ဆီ ၅ ကီလိုဂရမ် တပုံးလျှင် ယခင်က ၅၇၀၀ ကျပ်ရှိရာမှ ယခုရက်ပိုင်းတွင် ကျပ် ၆၀၀၀ သို့ တက်သွားကြောင်း၊ အချိုမှုန့် အထုပ်ကြီး တထုပ်လျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ နီးပါးသို့ တက်သွားကြောင်း သိရသည်။

ဆန်ကြမ်း ၅၀ ကီလိုဂရမ် တအိတ်လျှင် ထိုင်းဘတ် ၅၀၀ နှင့် ၆၀၀ အတွင်းရှိရာမှ ဘတ် ၈၀၀ အထိ တက်သွားကြောင်း မြဝတီ မြို့ခံများက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် ပိတ်ဆို့မှုကြောင့် ရန်ကုန်တွင်လည်း ကုန်ဈေးနှုန်းများ တက်လာကြောင်း သိရသည်။ “ရန်ကုန်မှာ မြဝတီ နယ်စပ်ဂိတ် ပိတ်တာနဲ့ ကုန်ပစ္စည်း လှောင်တဲ့သူတွေက ဈေးနှုန်း ချက်ချင်း မြှင့်ကြတယ်။ အထူးသဖြင့် မသုံးမဖြစ် ကုန်ပစ္စည်းတွေကို ဈေးကစားကြတယ်။ ကုန်ဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီက ဘာမှ ဆောင်ရွက်ပေးတာ မရှိသေးဘူး” ဟု ရန်ကုန်မြို့မှ ကုန်သည်ကြီး တဦးက ပြောသည်။

တနေ့တာ သွားလာခွင့် လက်မှတ်ဖြင့် လာရောက်ကြသော မြန်မာများလည်း မြဝတီဘက် အခြမ်းသို့ ပြန်ကူး၍ မရသဖြင့် ကမ်းနားဈေးတွင် အဆင်ပြေသလို အိပ်စက် ကြရသည်ဟု သိရသည်။ အလားတူ မြ၀တီသို့ ယာယီ ပတ်စ်ပို့ လုပ်ရန် သွားသူ များမှာလည်း တံတား ပိတ်ထားသောကြောင့် အခက်အခဲ ဖြစ်နေရသည်ဟု ဆိုသည်။

ချစ်ကြည်ရေးတံတားကို ပိတ်ထားသည့်အပြင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိန်းချုပ်ထားသည့် ဂိတ်များကိုလည်း မြန်မာအာဏာပိုင်များက ပိတ်ခိုင်း ထားသည်ဟု သိရသည်။

သို့သော် DKBA က ထိန်းချုပ်ထားသည့် သုညဂိတ်၊ ကိုးသုံးလုံးဂိတ်တို့တွင် တာဝန်ကျသူများက ယခင်ပေးရသည် ထက် ဖြတ်ကျော်ခ ၈ ဆ တိုးတောင်းကာ နယ်စပ်ဖြတ်ကူးခွင့် ပေးနေသည်ဟု မြဝတီမြို့ခံ တဦးက ပြောသည်။

“အရင်က ၂၀၀ ကျပ်ပေးရတာကို အခု ၁၅၀၀ ကျပ်ပေးရတယ်။ ဒါက လူချည်းသက်သက်ပဲ။ ဈေးသည်၊ ကုန်သည်တို့ ဆိုရင် ၆ ထောင်ကျပ် ပေးရတယ်။ လှေခ မပါသေးဘူး။ လှေခက ဘတ် ၂၀။ ထိုင်းဘက်ကို ရောက်ရင် ထိုင်း လဝက ကို ဘတ် ၂၀ ထပ်ပေးရတယ်”ဟု အဆိုပါ မြဝတီမြို့ခံက ပြောသည်။

မြဝတီမြို့တွင် ဆိုင်ကယ် ကယ်ရီပြေးဆွဲသူ တဦးကလည်း ယခု ရက်ပိုင်းအတွင်း ခရီးသည် အဆင်းအတက် ပြတ်လပ် နေသဖြင့် အလုပ်မဖြစ်ဟု ဆိုသည်။

တံတားမပိတ်မီက မြဝတီဘက်သို့ ရောက်နှင့်နေသည့် ထိုင်းကုန်စည်များ သည်လည်း သင်္ကန်းညီနောင် ဂိတ်ကို ဖြတ်ကျော်၍ မြန်မာပြည်ထဲသို့ ဝင်၍ မရဘဲ ဖြစ်နေသည်ဟု မြဝတီမှ ရဲဝန်ထမ်းတဦးက ပြောသည်။

“အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း လာပြီးနောက်ပိုင်း မြဝတီမြို့မှာ အစစ်အဆေးတွေ များတယ်။ အခုဆိုရင် ထိုင်းပစ္စည်းတွေ တင်လာတဲ့ ကားတွေကို အထဲကို ပေးမသယ်ဘူး။ သင်္ကန်းညီနောင်မှာ တားထားတယ်။ ထိုင်းပစ္စည်း မပါဘဲဆိုရင် သွားလို့ရတယ်”ဟု ၎င်းက ဆိုသည်။

ကုန်သည်တဦးက “တနေ့ကို ထိုင်းကနေ မြန်မာဘက်ကို ဘတ် ၁၇ သန်းကနေ သန်း ၂၀ ဖိုးအထိ တင်သွင်း နေတယ် လို့ မြန်မာဘက်က တရားဝင် ထုတ်ပြန်ထားတာ ရှိတယ်။ ပြီးတော့ ထိုင်းတွေက ဒီလို တင်ပို့ဖို့ အခွန်တွေအားလုံး ဆောင်ထားတာ ဆိုတော့ စဉ်းစားကြည့်ပါ။ ၃ ရက်ဆိုရင် ထိုင်းဘတ် သန်း ၆၀၊ မြန်မာငွေ သိန်း ၁ သောင်း ၈ ထောင် ကျော်ဖိုးလောက် ဖြစ်နေပြီ”ဟု ရှင်းပြသည်။

သို့သော် ထိုင်းသတင်းဌာနများက ဤသို့ တံတားပိတ်ထားမှုကြောင့် ထိုင်းကုန်သည်များ တရက်လျှင် ဘတ်သန်း ၁၀၀ ခန့်အထိ နစ်နာလျက် ရှိကြောင်း ရေးသား ဖော်ပြထားသည်။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ အနက် ချစ်ကြည်ရေးတံတား တည်ရှိရာ မဲဆောက်မြို့သည် ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ် တခုဖြစ်ပြီး မြန်မာနိုင်ငံမှ ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်နှင့် ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့် တိရစ္ဆာန်များ အပါအဝင် ကျောက်စိမ်းအထိ တင်ပို့ကြကြောင်း ကုန်သည်များက ပြောသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်းနိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, July 20, 2010

အာဇာနည်နေ့အထိမ်းအမှတ် အလံတဝက်လွှင့်ထူရန် ပျက်ကွက်

ဝီရ
၁၉ ဇူလိုင် ၂၀၁၀

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီသော အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဇူလိုင် (၁၉) ရက်နေ့၌ ဝမ်းနည်းသည့် အထိမ်းအမှတ်ဖြင့် နိုင်ငံတော် အလံ တဝက် လွှင့်ထူသည့် အစဉ်အလာကို အစိုးရရုံး၊ ဌာနများ၊ မယက ရုံးများက လိုက်နာခြင်း မရှိတော့ကြောင်း ရန်ကုန်မြို့ခံများ ထံမှ သိရသည်။

“ဒီနေ့မှာ ဘယ်ရုံးဌာနပဲဖြစ်ဖြစ် (နိုင်ငံတော်) အလံတဝက် လွှင့်ထားရမယ်ဆိုတဲ့အမိန့် ရှိပြီးသားပါ။ ဒါပေမယ့် ရန်ကုန်က အစိုးရ ဌာနတွေရဲ့ အလံတွေက တိုင်ထိပ်မှာ ဒီအတိုင်း ပုံမှန် လွှင့်ထားကြတာ မမြင်ချင် အဆုံးပဲ။ ဒီနေ့မှာ မြို့တော် ခန်းမမှာတောင် အလံအပြည့် ထူထားတယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

နိုင်ငံတော်အလံကို တိုင်တဝက်တွင် လွှင့်ထူထားခြင်း မရှိသည့်အတွက် ရှုမြင်သူတိုင်း ဒေါသဖြစ်ရကြောင်း အဆိုပါ ရန်ကုန်မြို့ခံက ဆိုသည်။

“ဒီနေ့ အလံတဝက် လွှင့်မထားတဲ့ ရုံးတွေထဲမှာ မြို့နယ်ရဲစခန်းတွေ၊ ပြီးတော့ ရန်ကုန်တိုင်း တရားရုံးရယ်၊ ကမ်းနားလမ်း တလျှောက်က ရုံး၊ ဌာနတွေ အားလုံး လိုလိုပဲ။ မလွှင့်လည်း ရတယ်ဆိုပြီး ဒါ သက်သက်မဲ့ လုပ်တာ” ဟု ရန်ကုန်မြို့တွင်း ပိုင်းသို့ ရောက်ရှိခဲ့သူ တက္ကသိုလ် ကျောင်းသား လူငယ်တဦးက ပြောသည်။

ယနေ့၌ ယင်းကဲ့သို့ တိုင်ထိပ်၌ နိုင်ငံတော်အလံ လွှင့်ထူထားသည့် အထဲတွင် ဗဟန်းမြို့နယ်၊ တာမွေ အဝိုင်းအနီး၊ ခြောက်ထပ်ကြီး ဘုရားရှိ ရွှေဂုံတိုင်ဆေးခန်း၊ မြေနီကုန်းရှိ ဒဂုံ အရောင်းစင်တာ စသည့် ပုဂ္ဂလိက ဌာနများစွာလည်း ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ အစိုးရရုံးဌာနများက အလံတဝက် လွှင့်ထူခြင်း မရှိခဲ့သည်မှာ ယခင်နှစ်များတွင် ရှိခဲ့သော်လည်း ယခုနှစ်ကဲ့သို့ ထင်သာ မြင်သာသည့် အဖြစ်မျိုး မဟုတ်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောဆိုသည်။

အာဇာနည်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာစစ်အစိုးရ၏ သတင်းစာများတွင် ကဗျာ၊ ဆောင်းပါးများ ယနေ့ ဖော်ပြခြင်း မရှိသည့်အတွက်လည်း ဝါရင့် စာရေးဆရာတဦးက ဝေဖန်လိုက်သည်။

၎င်းက “အာဇာနည်နေ့ဆိုတာ လူတွေရဲ့စိတ်ထဲမှာ ကိန်းအောင်းမှု မရှိတော့အောင် တမင်သက်သက် ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်နေတာ ဖြစ်တယ်။ အစိုးရရုံးတွေ အလံမထောင်ဘူး။ ဘာဖြစ်သွားလို့လဲ။ အရေးယူတယ် ဆိုတာ ဝေးရောပဲ။ ဒါကြောင့် လူတွေ မေ့သွားအောင် တမင်ကို လုပ်ကြံတာ။ အခုဆို အစိုးရ ဝန်ထမ်းတွေ ကိုယ်တိုင်က ဒီနေ့ နားရက် ရတာထက် ပိုမသိတော့ဘူး။ မထူးတော့သလို ဖြစ်လာကြတယ်။ ဒါတွေ အားလုံးဟာ စစ်အစိုးရရဲ့ ပယောဂ မကင်းဘူးဆိုတာ နားလည်သင့်တယ်” ဟု ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

ဦးတင်ဦး နေအိမ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် စကားဝိုင်း ကျင်းပ

ကြည်ဝေ Monday, July 19, 2010

၆၃ ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူလက်တွဲ အလုပ် လုပ်ခဲ့ကြသော ခေါင်းဆောင် ဟောင်းများ၊ ၀ါရင့် နိုင်ငံရေး သမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒီမိုကရေစီ အင်အားစုများ၊ လူငယ်များ တက်ရောက်သော အာဇာနည် စကားဝိုင်းနှင့် ဟောပြောပွဲကို ကာကွယ်ရေး ဦးစီးချုပ်ဟောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဌ ဦးတင်ဦး နေအိမ်တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့သည်။

“ဘဘတို့အနေနဲ့ အခုလို အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေးပြီး ကုသိုလ် ကောင်းမှု လုပ်ပြီး အမျှဝေ ပေးတာ၊ ပြီးတော့ စကားဝိုင်းလေး၊ ဟောပြောပွဲလေး လုပ်တယ်ဆိုတာ အာဇာနည်နေ့ရဲ့ လေးနက်မှု ပျောက်ပျက် မသွားဖို့ကို အဓိကထားပြီး လုပ်တာပါ” ဟု ဦးတင်ဦးက ၎င်း၏ နေအိမ်တွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ပြောဆိုသည်။

NLD အနေနှင့် ၁၉၈၉ ခုနှစ်ကတည်းက အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး ကျဆုံး သွားသော အာဇာနည် ခေါင်းဆောင် ကြီးများအတွက် ကုသိုလ်ပြု အမျှဝေခြင်းကို နှစ်စဉ် ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်ရှိ ၎င်း အဖွဲချုပ်ရုံးတွင် နှစ်စဉ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ မဝင်ဟု ဆုံးဖြတ်ပြီး ပါတီမှတ်ပုံ မတင်ခဲ့သောကြောင့် မေလ ၆ ရက်နေ့က ပါတီ မှတ်ပုံတင် သက်တမ်း ကုန်ဆုံးသွားခဲ့ရာ အာဇာနည်နေ့ အခမ်းအနားကို ဦးတင်ဦး နေအိမ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“နှစ်တွေကြာသွားပြီ ဆိုပေမယ့် ဒီအခမ်းအနားက တရေးတယူ ပြုလုပ်ရမယ့် အခမ်းအနားပဲ ဟိုတုန်းကဆို အာဇာနည်နေ့ အခမ်းအနားကို လေးလေးနက်နက် ထားပြီး လုပ်ကြပါတယ်။ အခုလိုတော့ မဟုတ်ဘူးပေါ့” ဟု အာဇာနည် ဦးဘ၀င်း၏ ဆွေမျိုး မိသားစုဝင် တဦးက ပြောပြသည်။

အာဇာနည်ကြီးများ ကျဆုံးခဲ့သော ၁၉၄၇ ခုနှစ်မှ ၁၉၈၈ ခုနှစ် မတိုင်ခင်အထိ အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် အခမ်းအနား တခုအဖြစ် သတ်မှတ်ပြီး လေးလေးနက်နက် ကျင်းပပေးခဲကြောင်း၊ အာဇာနည် မိသားစု ၀င်များကိုလည်း ဂရုတစိုက်နှင့် အလေးအနက်ထား ဖိတ်ကြားခြင်း၊ လေးလေးစားစား ဆက်ဆံခြင်း၊ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် နိုင်ရေးအတွက် အကြိုအပို့ ယာဉ်များနှင့် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ပြောပြသည်။

“ဟိုတုန်းကဆိုရင် အာဇာနည်နေ့ ဥသြသံကြားရင် ရင်ထဲကို ဘယ်လိုကြီးမှန်း မသိဘူး။ ၀မ်းနည်းပြီး ငိုချင်သလိုလို ဖြစ်ကြတာ၊ ကျမတို့တင် မကဘူး လူတိုင်းပဲလေ။ လူတွေကလည်း ဥသြသံ ကြားတာနဲ့ ရောက်ရာနေရာမှာ ရပ်ပြီး အလေးပြု ကြတယ်။ အခုတော့ ဒီအကျင့်တွေကိုလည်း ဖျောက်ဖျက် ပစ်လိုက်ကြပါပြီ” ဟု မိုင်းပွန် စော်ဘွားကြီးနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောဆိုသည်။

အာဇာနည် ၉ ဦး ကျဆုံးခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် နောက်ပိုင်း နှစ်စဉ် အာဇာနည်နေ့တိုင်း နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် စက်ရုံ အလုပ်ရုံ များက ဥသြဆွဲသည်နှင့် တပြိုင်နက် လူအများက ဥသြသံကြားရာ နေရာတွင် ရပ်ကာ ၁ မိနစ်ခန့် ငြိမ်သက်စွာ အလေးပြု ကြကြောင်း၊ သို့ရာတွင် ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်တွင်မူ အဆိုပါ အစဉ်အလာများ မရှိတော့ဘဲ အစိုးရဌာန များတွင်လည်း အာဇာနည်နေ့ ဆွမ်းကပ် အလှူအတန်းပြု အမျှပေးဝေခြင်းများ ပြုလုပ်ခွင့် မရှိတော့ကြောင်း၊ ကျောင်းသူ ကျောင်းသား များကိုလည်း အာဇာနည်နေ့ မမေ့စေရေး အတွက် အာဇာနည်နေ့ အထိန်းအမှတ် စာစီစာကုံး ပြိုင်ပွဲများ၊ ကဗျာရွတ် ပြိုင်ပွဲများ မကျင်းပ စေတော့ကြောင်း၊ အာဇာနည်ကုန်းတွင် ပြုလုပ်သော အာဇာနည်နေ့ အခမ်းအနားကိုပင် ပြီးစလွယ် ကျင်းပသည်ကို မြင်ရကြောင်း အာဇာနည်မိသားစု ၀င်များက ပြောဆိုဝေဖန်ကြသည်။

“စစ်အစိုးရက အာဇာနည်နေ့ကို မှေးမှိန်အောင်လုပ်နေတယ်။ အာဇာနည်နေ့မှာ ကျနော်တို့ ရပြီးသား အခွင့်အရေး တွေတောင် ဒီအစိုးရက ဆုံးရှုံးအောင် လုပ်နေပါတယ်။ ဒါကို ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့၊ လုပ်ပေးနိုင်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်” ဟု တိုင်းရင်းသား ခေါင်းဆောင် ဦးကျင်ရှင်းထန်က အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်ပြီး သုံးသပ် ဝေဖန်သည်။

မြန်မာနိုင်ငံကို လွတ်လပ်ရေးရရန် ကျိုးပမ်းပေးခဲ့သော အမျိုးသားခေါင်းဆောင်၊ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသဖြင့် အာဇာနည်နေ့ အခမ်းအနားကို မတက်ရောက် နိုင်ခဲ့ပေ။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည် ကြီးများ၏
ကျဆုံးသောနေ့ ဖြစ်သကဲ့သို့ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကို ဒီမိုကရေစီရရှိရေး တိုက်ပွဲ ၀င်ခဲ့ကြသည့် ကျောင်းသား လူငယ်များအား စစ်အစိုးရက နှိမ်နင်း တိုက်ခိုက်သော နေ့တနေ့ ဖြစ်သည့်အတွက် ထိုနေ့တွင် သေဆုံး သွားသူများ၊ ထောင်ဒဏ် အပြစ်ပေးခံရသူများ အတွက်လည်း အာဇာနည်နေ့ပင် ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ဦးသန်းထွန်းက ပြောသည်။

“မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ကြီးတွေကို အလေးပြုရမယ့် နေ့ဖြစ်သလို၊ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသူ ကျောင်းသားတွေကိုလည်း အလေးပြုရမှာပါ” ဟု သူက ဆိုသည်။

ဦးတင်ဦးနေအိမ်တွင် ကျင်းပသော အာဇာနည်နေ့ ဟောပြောပွဲသို့ တက်ရောက် လာကြသည့် တိုင်းရင်းသား ခေါင်းဆောင်များ၊
ဒီမိုကရေစီ ခေါင်းဆောင်များနှင့် အမျိုးသား NLD အဖွဲ့ဝင် စုစုပေါင်း ၁၀၀ ကျော်ခန့် ရှိပြီး ဦးတင်ဦး နေအိမ်နှင့် အနီးတ၀ိုက် ရွှေတောင်ကြား၊ ဘောဂလမ်းအနီး တ၀ိုက်တွင် အရပ်ဝတ်ရဲများက တက်ရောက်သူများအား မှတ်တမ်း တင်လျက် ရှိသည်ကို တွေ့ရသည်။ ထို့ပြင် စွမ်းအားရှင်များ၊ ယူနီဖောင်းဝတ် လုံထိန်း ၃၀၀ ခန့်သည်လည်း ရဲကားများ၊ စစ်ကားများ၊ ဒိုင်နာ ကားများဖြင့် စောင့်ကြည့် လျက်ရှိကြောင်း တွေ့မြင်ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ သခင်မြ၊ မိုင်းပွန်စော်ဘွားစ၀်စံထွန်း၊ မန်းဘခိုင်၊ ဦးဘချို၊ ဦးရာဇာတ်၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး အာဇာနည်ခေါင်းဆောင် ၉ ဦးတို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရန် ကြိုးပမ်းနေစဉ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာ၇ီ ၃၇ မိနစ်တွင် လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖို့ အာဆီယံ တိုက်တွန်း

ဦးသားညွန့်ဦး
တနင်္လာ, 19 ဇူလိုင် 2010

အခုကျင်းပနေတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်း နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး အတွင်း လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တွန်းအားပေး ပြောဆိုမှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင် ချဉ်းကပ် ဆက်ဆံမယ် ဆိုတဲ့ အာဆီယံရဲ့ မူသဘောအတိုင်း တိုးတိုးတိတ်တိတ် ဖျောင်းဖျ ပြောဆိုဖွယ် ရှိတယ်လို့လည်း လေ့လာသူတွေက ခန့်မှန်းပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

အခု ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးအတွင်း ဒေသအတွင်းက မြောက်ကိုရီးယားနဲ့ မြန်မာ့အရေး ကိစ္စတွေကို ဆွေးနွေးဖွယ် ရှိပါတယ်။ မြောက်ကိုရီးယား နျူကလီးယား ကိစ္စနဲ့ တောင်ကိုရီးယား သင်္ဘော နှစ်မြုပ်ခံရတဲ့ အပေါ် အာဆီယံတွေ သဘောထား ထွက်လာစရာ ရှိသလို မြန်မာနိုင်ငံမှာ ဒီနှစ်ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အာဆီယံရဲ့ တညီတည်း အသံကိုလည်း ညှိနှိုင်းဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်နေတဲ့ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဖန်ယာကင်း (Phan Gia Khiem) ကတော့ မြန်မာ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ ကျနော်တို့ မျှော်လင့် ထားပါတယ်။”

ဗီယက်နမ်နိုင်ငံက အခုလို အပြုသဘော ပြောခဲ့ပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင် အခုရှိနေတဲ့ နိုင်ငံရေး အခြေအနေအရ ဒါဟာ လွတ်လပ်မျှတမှု ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ အနောက် နိုင်ငံကြီးတွေကတော့ မြန်မာ အစိုးရကို ဝေဖန်နေတာတွေ ရှိပါတယ်။ အာဆီယံ အသင်းထဲက နိုင်ငံတွေ အကြားမှာကို မြန်မာနဲ့ ပတ်သက်လို့ မတူညီတဲ့ သဘောထား အမျိုးမျိုး ရှိနေတာကြောင့် အာဆီယံ အတွင်းမှာ တိုးတိုးတိတ်တိတ် သဘောထား ညှိရမယ့် အခြေအနေ ရှိတယ်လို့ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

“ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးက ပြီးခဲ့တဲ့လပိုင်းက ပြောထားတာ ရှိပါတယ်။ ဒီရွေးကောက်က အတုအယောင်ကြီး ဖြစ်တယ်လို့ ပြောထားတယ် ဆိုတော့ Lead လုပ်တဲ့ ဗီယက်နမ် အနေနဲ့ ပြောလိုက်ပေမဲ့ အာဆီယံ တခုလုံးက ဒီသဘောထား မရှိဘူး ဆိုတာတော့ ကျနော်တို့ နားလည်လို့ ရပါတယ်။”

အခု ၂၀၁၀ ရွေးကောက်ပွဲကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အလှည့် အပြောင်းလို ဖြစ်နေတဲ့ အခါကြတော့ အာဆီယံက တလျှောက်လုံး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြုသဘော ချဉ်းကပ်မှု၊ ချဉ်းကပ်မှုနဲ့ ပြောနေတာ အခုအချိန်မှာရော တကယ် တခုခု ထိထိရောက်ရောက် ဘာပြောနိုင်မယ်လို့ ယူဆလဲခင်ဗျ။

“အခု ကျနော်မြင်တာကတော့ ဟိုးအရင်တုန်းက အာဆီယံ ၀င်ခါစမှာလည်း အာမခံခဲ့တယ်၊ ဒါပေမဲ့ ပြောင်းလဲမှု မလုပ်ခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ယိုးဒယားနိုင်ငံက ဒေါက်တာ ဆူရင် ပစ်ဆူဝန် (Dr. Surin Pitsuwan) တို့ အာဆီယံ အတွင်းရေးမှူး ဖြစ်လာတဲ့ အချိန်မှာတော့ သူတို့ ပိုပြီးတော့ လက်တွေ့ကျတဲ့ သဘောထားတွေ ပြောလာတယ်။ တိုးတိုးတိတ်တိတ် ပြောလာတာတော့ ကျနော်တို့ သိတယ်။ အိမ်နီးချင်း နိုင်ငံဆိုတော့ အပြုသဘောတော့ ပြောနေရမှာပေါ့။ စစ်ထဖြစ်လို့တော့ မရဘူးပေါ့။

“သို့သော်လည်း Politically မှာ သူတို့ နောက်ကွယ်မှာ ပြောနေတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ ဒီ့အပြင် နအဖက နျူကလီးယား လုပ်ဖို့ ကြိုးစားနေတဲ့ ကိစ္စကို အာဆီယံ အစိုးရတွေ တော်တော်လေး လန့်ပြီး သတိထားနေတယ် ဆိုတာတော့ ကျနော်တို့ သတိထားမိတယ်။”

အခု ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ အထူးသဖြင့် အနောက်နိုင်ငံတွေ အမေရိကန်တို့၊ ဗြိတိန်တို့ကတော့ ပြတ်ပြတ် သားသား ပြောထားတာ ရှိပါတယ်။ ဒီအခြေအနေ အတိုင်းဆိုရင် အများလက်ခံနိုင်မယ့် ရွေးကောက်ပွဲရလဒ်၊ တရားဝင်မှုရှိမှာ မဟုတ်ဘူးလို့ သူတို့ ပြောနေတယ်။ ဒါပေမဲ့ အာဆီယံကတော့ အခုထက်ထိ မပြောသေးဘူး။ အဲတော့ အခု အခြေအနေအတိုင်း သွားမယ့် ရလဒ်နဲ့ ပတ်သက်လို့ရော အာဆီယံက ဘယ်လို သဘောထားမယ်လို့ ယူဆပါသလဲ။

“အိမ်နီးချင်းနိုင်ငံတွေက ပိုသိပါတယ်။ ပွင့်လင်းမှု ရှိသလား၊ အားလုံးကို တန်းတူရည်တူပေးပြီး နိုင်ငံရေး စည်းရုံးခွင့် ရှိသလားဆိုတဲ့ ကိစ္စတွေမှာ၊ အခု အောက်ခြေမှာ ဖြစ်နေတဲ့ အနေအထားပေါ့၊ ကြံ့ဖွံ့က ပြောင်းလာတဲ့ ပါတီက ဘယ်လောက်အထိ လုပ်ပိုင်ခွင့် ရှိသလဲ၊ လာပြီး မှတ်ပုံတင်တဲ့ ပါတီတွေတောင် ဘာမှ လုပ်ခွင့်မရှိဘူးဆိုတဲ့ အနေအထားကိုတော့ အိမ်နီးချင်းနိုင်ငံတွေ အားလုံး သိနေကြတယ်။ အမေရိကန်တို့၊ အင်္ဂလန်တို့လို အဝေးကြီးကနေ အကျယ်ကြီး အော်လို့ မရပေမဲ့ အနီးကပ်ပြီး ဖိအားပေးနေတယ် ဆိုတာတော့ ကျနော် ထပ်ပြီး ပြောချင်ပါတယ်။”

အခုလာမယ့် သောကြာနေ့ကျရင်တော့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုတို့ ပါဝင်တဲ့ အာဆီယံဒေသ လုံခြုံရေး အစည်းအဝေး (ARF) မှာလည်း မြန်မာကိစ္စကို နိုင်ငံခြားရေး ၀န်ကြီးတွေ ဆွေးနွေးကြမယ့် အလားအလာ ရှိပါတယ်။ ARF ပြီးရင် ထုတ်ပြန်မယ့် ပူးတွဲကြေညာချက် မူကြမ်း ဗီယက်နမ်နိုင်ငံက ပြုစုထားရာမှာတော့ မြန်မာနိုင်ငံ ရေရှည် တည်ငြိမ်ရေးနဲ့ အလားအလာ ကောင်းတွေအတွက် အခုလာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးတယ် ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။ ဒါကြောင့် အခု အာဆီယံ အစည်းအဝေး ကာလ အတွင်းမှာတော့ မြန်မာ့ အရေးကိစ္စကို အိမ်နီးချင်း နိုင်ငံတွေဘက်က တစုံတရာတော့ တိုးတိုးတိတ်တိတ် ဖိအား ပေးကြလိမ့်မယ်လို့ ယူဆရပါတယ်။

Ref: VOA News

Read More...

သျှမ်းပြည်မှ နိုင်ငံရေးပါတီ ၁၅ ခု ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

Friday, 16 July 2010

နအဖစစ်အုပ်စုဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ သျှမ်းပြည် တ၀ှမ်းလုံးမှ နိုင်ငံရေးပါတီ ၁၅ ပါတီထက် မနည်း ၀င်ရောက် ယှဉ်ပြိုင်ရန် ရှိကြောင်း လက်ရှိ နောက်ဆုံး သတင်းများအရ စုံစမ်း သိရှိရပါသည်။

“အခုကျနော်တို့ သိရသလောက်ဆို ရှမ်းပြည် ဒေသခံ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီက ၁၀ ခု ရှိတယ်၊ အဲထဲက ကချင်ပါတီက မှတ်ပုံတင် မကျသေးဘူး။ နောက်ကျန်တဲ့ ပါတီတွေကတော့ သျှမ်းပြည်ထဲက မဟုတ်တဲ့/ တခြားက လာတဲ့ ပါတီတွေ ဖြစ်တယ်”- ဟု အမည်မဖေါ်လိုသည့် လားရှိုး ဒေသခံ တဦးက ပြောပါသည်။

သျှမ်းပြည်တွင်းမှမဟုတ်သော တခြားမှလာသည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ် ရေးပါတီ၊ အမျိုးသား ဒီမိုကရက်တစ် အင်အားစု၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ နှင့် ပြည်ထောင်စု အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်တို့ ဖြစ်သည်ဟု ဆို၏။

“ကြံ့ဖွတ်ပါတီက သန်းရွှေစစ်အုပ်စု ကျောထောက်နောက်ခံပြုတဲ့ ပါတီဖြစ်တယ်၊ လူအား ငွေအားနဲ့ အာဏာ အရှိဆုံးပါတီ -လုပ်ချင်တာ လုပ်နေတယ်၊ ပါတီဝင်တွေကို အဓမ္မ ခေါ်ယူတယ်၊ ရံပုံငွေဆိုလဲ တိုင်းပြည်ပိုက်ဆံကို တိုက်ရိုက် ယူသုံးတယ်လို့ ကြားတယ်။ တစည ပါတီကလဲ အဲဒီအတိုင်းဘဲ ကြံ့ဖွတ်လောက်တော့ ပေါ်ပေါ်ထင်ထင် မလုပ်ဘူး၊ သူ့ခေတ်က မဆလ ခေတ်ဆိုတော့ ခေတ်လွန် သွားပြီပေါ့နော်” - ဟု သျှမ်းပြည်တောင်ပိုင်းမှ အမျိုးသားရေး လှုပ်ရှားနေသူ တဦးက ပြောပါသည်။

ထို့ပြင်NLD ခွဲထွက် ဒေါက်တာသန်းငြိမ်း ဦးဆောင် အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ပင်လုံညီလာခံ တက်ရောက်ခဲ့သူ ရပလ အဖွဲ့အ၀င် ၀ါရင့် သျှမ်းနိုင်ငံရေးသမားကြီး (အသက် ၈၀ ကျော်) ဦးရွှေအုန်း (ကင်ဆာရောဂါ ခံစားနေရသူ၊ ကျန်းမာရေး အခြေအနေအရ နယ်လှည့် ခရီးထွက် ခြင်းရပ်နားထားရ) ဦးဆောင်သည့် ပြည်ထောင်စု ဒီမိုကရေစီ ပါတီဖြစ်ပြီး ပြည်ထောင်စု အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်မှာမူ နအဖ စစ်အုပ်စု နှင့် နီးစပ်သူဟု နာမည်ကျော်သည့် (၈၈ ကျောင်းသားနာမည်ခံ) အေးလွင် က ဦးဆောင်ကြောင်း ကြားသိရပါသည်။

“အဲဒီ အေးလွင်ဆိုတဲ့ ပုဂ္ဂိုလ်က ဦးခွန်ထွန်းဦး နဲ့ သျှမ်းခေါင်းဆောင် အဖမ်းမခံရခင် ၂၀၀၅ နှစ်ဆန်းပိုင်း သျှမ်းပြည် အတိုင်အပင်ခံ ကောင်စီဖွဲ့ဖို့ အစည်းအဝေးမှာ သူက ဗွီဒီယိုနဲ့ ဓါတ်ပုံ ကင်မရာမင်း၊ နအဖကို အစီရင်ခံ သတင်းပို့တာ သူပဲလို့ အများက ယူဆထားတယ်၊ အခု သျှမ်းပြည်မှာ လာရောက် ယှဉ်ပြိုင်မှာကလဲ သူကိုယ်တိုင် ဦးဆောင်မယ်လို့ သတင်းကြားထားတယ်” - ဟု တောင်ကြီးသား တဦးက ပြောပါသည်။

သျှမ်းပြည်တိုင်းရင်းသားများအား ကိုယ်စားပြုသည့် တိုင်းရင်းသားနိုင်ငံရေး ပါတီများမှာ -- Inn National Development Party (INDP) အင်း အမျိုးသား တိုးတက်ရေးပါတီ၊/ Kayan National Party (KDP)ကယန်း အမျိုးသားပါတီ၊ Ko Kang Democracy and Unity Party (KDUP) ကိုးကန့် ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊Pa-O National Party (PNO) ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ Taaung (Palaung) National Party (PNP) တအောင်း(ပလောင်) အမျိုးသားပါတီ၊ Shan National Democratic Party (SNDP) သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(ကျားဖြူပါတီ)၊Wa Democratic Party (WDP) ၀ ဒီမိုကရက်တစ်ပါတီ၊ Wa National Union Party (WNUP) ၀ အမျိုးသား ညီညွတ်ရေး ပါတီနှင့် ခွင့်ပြုမိန့်မကျသေးသည့် Northern Shan State Development Party (NSSPP) သျှမ်းပြည်မြောက်ပိုင်း ဖွံ့ဖြိုး တိုးတက်ရေးပါတီ (သျှမ်းပြည်မြောက်ပိုင်း ကချင်ပါတီ) တို့ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အပေါ်သို့