..............................

Friday, April 6, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၃)

ဟန်လင်း
April 5, 2012
ဘယ်လိုအချိုးမျိုးနဲ့လျှော့ကြမှာလဲ

စစ်ရဲ့သဘောတရားကို ထိုးစစ်၊ ခံစစ် ၊ခွာစစ်လို့ဆိုပြီး အပိုင်းခွဲခြားဖေါ်ပြလေ့ရှိပါတယ်။ မြန်မာ့ တပ်မတော် စစ်အာဏာရှင် ဟောင်း ဦးနေ၀င်း တယောက် နောက်တက် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အဖြုတ်ခံခဲ့ရတာဟာ နောက်ကြောင်း လုံခြုံမှု အားနည်းခဲ့လို့ ခွာစစ်မှာ ညံ့ခဲ့လို့ပါ။ သူ့လက်ရင်း လူတချို့ကို နောက်ချန်ထားပြီး အာဏာလွှဲပေးခဲ့ပေမဲ့ တပ်မတော်ရဲ့ အချိုး အစားကို လိုအပ်သလို ပြင်ဆင်မပေးသွားခဲ့နိုင်ပါဘူး။ ဒါကြောင့်လည်း တပ်ထဲက နောက်တက်ဗိုလ်ချုပ်တွေ ချက်ခြင်း အာဏာ ထက်လာပြီး ဦးနေ၀င်း လက်ရင်း လူတွေကို အစားထိုးကာ ဗိုလ်နေ၀င်း အာဏာစက် အဖျက်ခံခဲ့ရတာပါ။ ၁၉၈၈မှ ၂၀၀၆ထိ တပ်ရင်း ၁၆၈ ရင်းမှ ၅၀၄ ရင်းဖြစ်အောင် ၃ ဆကျော်အင်အားတိုးလာအောင် န၀တ- နအဖ တို့ တိုးချဲ့လိုက် တော့ ယခင်တပ်မှူးဟောင်းအတော်များများ အငြိမ်းစားပေးခြင်း ခံခဲ့ရပါတော့တယ်။

ဒါကြောင့် ခေတ်တခုအပြောင်းမှာ တပ်မတော်ရဲ့အချိုးအစားပြောင်းလဲမှုဟာ သိပ်ပြီးအရေး ပါလှပါတယ်။ ပါတီစုံ ဒီမိုကရေစီ၊ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ၊ လမ်းပြမြေပုံ (၇) ချက်တို၊ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ၊၂၀၁၀ လွှတ်တော်နဲ့ အစိုးရသစ် ဆိုတာ အပြင် အနောက်အုပ်စုနဲ့ သံတမန် ဆက်ဆံရေးများ ပြန်လည် ကောင်းလာပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်ကို စစ်သည်အင်အား ဆက်တိုးချဲ့ နေစရာ လိုသေးရဲ့လား။

လိုအပ်တယ်လို့ဆိုတဲ့ အကျိုးဆက်ကြောင့် စစ်တပ်နဲ့စစ်ဗိုလ်ချုပ်တွေကိုပိုပြီးများပြား၊ နေရာရလာစေတာ ဖြစ်ပြီး ဒီအတွက် ပြည်သူတွေရဲ့ ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေကို ဖဲ့ပေးလိုက်ရတာ ဖြစ်ပါတယ်။ ရှင်းအောင်ပြောရမယ် ဆိုရင် မြန်မာပြည်မှာ စစ် သား တယောက် တိုးလာဖို့ ကုန်ကျစရိတ်ဟာ အရပ်သား ၀န်ထမ်း မူပြအဆင့် ကျောင်းဆရာ(၃)ဦးစာနဲ့ ညီမျှပြီး အနည်းဆုံး ကျေးလက်က မူလတန်းလေး တကျောင်းကို ဆက်မဖွင့်ဘဲ ပိတ်ပစ်ရမယ့်ပုံပါ။ ဒါကြောင့် စစ်သည်အင်အား အတိုးဟာ အရပ်ဖက် ၀န်ထမ်း အင်အား အလျော့ ဖြစ်တယ်လို့ ဆိုရမှာပါ။

အခုကိုပဲ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို ထည့်မတွက်ဘဲ မဖြစ်နိုင်တော့သလို တပ်မတော်သား ၄၅၀,၀၀၀ အတွက် လွှတ်တော်၂ရပ်မှာ တပ်မတော်ထဲကအရာရှိ (၁၆၆)ဦးနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ (၂၁၇)ဦး စုစုပေါင်း ၃၈၅ ဦးကို စစ်ဆင်ရေးထဲကနေ ဖယ်ထုတ်ပြီး လွှတ်တော်တွင်းနဲ့အုပ်ချုပ်ရေးကဏ္ဍတွေမှာ တာဝန်တွေပေးထားနေရပါပြီ။ ဒါကလည်း ဘယ်ဒီမိုကရေစီနိုင်ငံတွေမှာမှ မတွေ့မြင်နိုင်တဲ့ စည်းကမ်းရှိသော မြန်မာ့ဒီမိုကရေစီစနစ်ကြီးပါ။ ဒီအဆင့်ကနေ ပြီး နောင် ဒီမိုကရေစီ စစ်စစ် နိုင်ငံတော် သစ်ကြီးသို့ ဆက်ပြီးချီ တက်ကြ ဦးမယ်ဆိုရင်တော့ တပ်မတော်ရဲ့အချိုးအစားကို ပြင်မလား တပ်မတော်နဲ့ပြည်သူ တသားတည်းမဖြစ်အောင် ဟန့်တားနေတဲ့ အယူအဆမှားတွေ သြ၀ါဒ ဆောင်ပုဒ်ဟောင်း တွေ ကို ပြင်မလားဆိုတဲ့ လမ်းကြောင်းတခုကို ကျနော်တို့ အမြန်ဆုံးရွေးချယ်ရပါလိမ့်မယ်။

တပ်နဲ့ ပြည်သူတသားတည်းဖြစ်နေရင် အရပ်ဖက်စစ်ဖက်ကိုယ်စားလှယ်ဆိုပြီး ဘာမှခွဲခြားနေစရာမလိုပါ။ တိုင်းပြည်စီးပွား ရေးနဲ့ နိုင်ငံရေးတွေ လုံခြုံကောင်းမွန်စေချင်ရင် တိုင်းပြည်မှာ ဟန်ချက်ညီညီတိုးတက်စေချင်ရင် စစ်တပ်ရဲ့အချိုးအစားတွေ ကို မုချ ပြုပြင်ကြရမှာပါ။ ဂုဏ်သိက္ခာရှိတဲ့ လစာ၊ စရိတ် ချီးမြှင့်ငွေများနဲ့ အစဉ်လာကောင်းတဲ့ တပ်မတော်သားဘ၀နဲ့ တပ်မတော်ကြီးကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့လိုနေပါပြီ။ မလောက်မငှလို့ လူထုဆီ အနိုင်ကျင့်စားရတဲ့စစ်သည်၊ လာဘ်ယူပြီး မိသားစုဘ၀ဖြေရှင်းနေရတဲ့ ၀န်ထမ်းမျိုးတွေ လာမယ့် ဒီမိုကရေစီခေတ်မှာ ဆက်ပြီး ရှိမနေသင့်တော့ပါဘူး။

ပြီးခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်၁၉၇၄ခုနှစ်တုန်းက ပြည်သူ့စစ်ပွဲမဟာဗျူဟာဆိုတာဟာ တိုင်းပြည် လူဦးရေ ၂၅ သန်း လောက်ရဲ့ ၂၅%၊ တနည်းအားဖြင့် လူ ၆၂၅,၀၀၀ လောက်ကို စစ်တပ် အဖြစ် ဖွဲ့စည်းထားပြီး ကျန်ပြည်သူတွေ ကိုလည်း အရံ စစ်အင်အား အဖြစ် အသုံးပြုမယ့် စီမံကိန်းပါ။ သောင်းကျန်းသူတွေ အမြန်ဆုံး အမြစ်ပြုတ်အောင် လူ ၄ ယောက်မှာ တယောက်နှုန်းကို စစ်သားလုပ်ခိုင်း၊ ကျန်တဲ့ လူတွေကိုပါ စစ်ယန္တရားကြီးထဲ ဆွဲထည့်ပြီး ဦးနေ၀င်းက အတင်းမောင်းထဲ့ လိုက်တဲ့အခါ ဖြတ်လေးဖြတ် စီမံကိန်း ဆိုတဲ့ ရလဒ်တခု ပေါ်ထွန်းခဲ့ပြီး ဘေးထွက် ဆိုးကျိုးတွေအဖြစ် တိုင်းပြည်သာ ဖွံ့ဖြိုးမှု နိမ့်(LDC)စာရင်း ၀င်သွားပြီး မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်နဲ့ မဆလတို့ ခေတ်လည်း နိဋ္ဌိတံ ခဲ့ရဖူးပါတယ်။ ဒါက တိုင်းပြည်ရဲ့ စီးပွားရေး၊လူဦးရေ၊ တပ်မတော်နဲ့ ရန်/ငါအချိုးအစားတွေကိုမချိန်ညှိပဲ စစ်ထိပ်သီးကြီးတွေ အတင်းအဓမ္မ ပြုခဲ့ တဲ့ ရလဒ်ပါ။

နောက်တခုကတော့ ဒီဖက်ခေတ် န၀တ နအဖ တို့ခေတ်က စစ်ရေးအမြင်နဲ့ တပ်မတော်အချိုးအစားစီမံမှုပါ။ ဗိုလ်စော မောင်၊ဗိုလ်သန်းရွှေ တို့ လက်ထက်မှာ ပုန်ကန်တော်လှန်တဲ့ လက်နက်ကိုင်အဖွဲ့အားလုံးနီးပါး နယ်စပ်ရောက်ကုန်ပြီး၊ ပြည် တွင်းက ၈လေးလုံးလို လူထုလှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ဖက်အင်အားစုတွေလည်း စစ်အာဏာရှင်ကိုတန်ပြန်ဖို့ နယ်စပ် မှာ သွားရောက် ပူးပေါင်း လှုပ်ရှားစဉ်မှာ ဖြစ်ပေါ်လာတဲ့ နယ်စပ်မှာပဲ စစ်နယ်မြေ ထိန်းချုပ်ကန့်သတ်ချုပ်ငင်ထားရေး ဆိုတဲ့ စစ်ရေးအမြင်ပါ။ ဒါ့ကြောင့် စစ်ပွဲအများစုဟာ ပြည်တွင်းမှာမဟုတ် နယ်စပ်မှာပဲ ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် န၀တ-နအဖ တို့ခေတ် စစ်ခေါင်းဆောင် တို့ရဲ့စဉ်းစားမှုမှာ ပြည်ပရန် ဆိုတာထက် နယ်စပ်က ရန်သူ ထိန်းချုပ်ထားရေးကို အဓိက ထားခဲ့ တဲ့ စစ်ရေးအမြင်ပါ။

၁၉၈၈ခုနှစ် ခြေလျင်တပ်ရင်း ၁၆၈ရင်း လူအင်းအား တသိန်းရှစ်သောင်းကျော်ကနေ ၂၀၀၀ခုနှစ် တပ်ရင်း ၄၆၂ ရင်း၊ ၂၀၀၇ ခုနှစ် တပ်ရင်း ပေါင်း ၅၀၄ ရင်း ထိုမှသည် စစ်သည် ၆ သိန်းနီးပါး အထိ တိုးချဲ့ခဲ့ပြီး ၂၁ရာစုသစ်ရဲ့ခေတ်သစ် ပြည်သူ့ စစ်ပွဲသေနင်္ဂ ဗျူဟာကို အကောင်အထည် ဖေါ်ကြ ပြန်ပါတော့တယ်။ ကြည်းတပ် အတွက်သာမက ရေတပ်နဲ့ လေတပ်တို့ကို မဖြစ်စလောက် တိုးချဲ့တာ လက်နက် အသစ်များ ၀ယ်ယူတပ်ဆင်တာ၊ ၁၉၉၇ ခုနှစ်တုန်းက အထွေထွေ ဗျူဟာမြောက် ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့တာတို့အပြင် ပြည်သူ့စစ်၊ မီးသတ် ၊ကြက်ခြေနီ၊ ကြံ့ဖွံ့ စွမ်းအားရှင်တို့ပါ စည်းရုံး ဖွဲ့ စည်းပြီး တိုင်းရင်းသား လက်နက်ကိုင် ပုန်ကန်မှုတွေနဲ့ ပြည်ပကျူးကျော်ရန်ကို တုံ့ပြန်နိုင်ဖို့ နအဖတို့ ကြိုးပမ်း ခဲ့ကြပါတယ်။

ပြောချင်တာက စစ်အာဏာရှင်၂ ဆက်အောက်မှာ ပြည်သူ့စစ်ပွဲနဲ့ ခေတ်သစ်ပြည်သူ့စစ်ပွဲသေနင်္ဂဗျူဟာများချပြီး အကောင် အထည်ဖေါ်ရင်း စစ်တပ်အင်အားတွေ တိုးပြီးရင်းတိုးလာခဲ့ပုံတွေပါ။ ပြည်သူ့ထောက်ခံမှု ပြည်သူ့ဆန္ဒမပါ ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်မရှိခဲ့တဲ့ အတိတ်သမိုင်းက စစ်တပ်ထူထောင်ခဲ့ပုံမျိုးတွေလည်း ဒီကနေ့မလိုအပ်တော့သလို နောင်လည်း ထပ်ပြီး မဖြစ်ပေါ်သင့်တော့ပါ။

စီးပွားရေးပိုစစ်ရေးချိုဆိုတဲ့အခင်းအကျင်းအတိုင်း ဒီကနေ့ စစ်ထိပ်သီးနိုင်ငံကြီးတွေတောင် စစ်တပ်အင်အားကိုလျှော့ချ၊ ထုတ်လုပ်ရေးကိုမြှင့်တင်၊ အလုပ်အကိုင်ရရှိရေးနဲ့ ဆင်းရဲချမ်းသာကွာဟမှုလျှော့ချရေးတွေ လုပ်နေတဲ့ကာလပါ။ အမေရိ ကန်နဲ့ တရုပ်အပြင် အာရှတိုက်တွင်း စစ်အင်အားအကြီးဆုံး စီးပွားရေးကျားတကောင်ဖြစ်တဲ့ ဗီယက်နမ်လိုနိုင်ငံမှာတောင် သူ့စစ်အင်အားကိုလျော့ချနေပါပြီ။ ဗီယက်နမ်ရဲ့ နောက်က (အရေအတွက်အရ) ဒုတိယ လိုက်နေတဲ့ မြန်မာ့တပ်မတော် ကရော ရှိရင်းစစ်တပ်အင်အားကို မလျှော့ချသင့်ဘူးလားဆိုတာကို စဉ်းစားစရာပါ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်လည်း ယခင်နှစ် စစ်တပ်အတွက် ဘတ်ဂျက်လျာထားငွေ(၂၃.့၆%)၊ ကျပ်ငွေ၁၁၀၁ ဘီလီယံ (သို့မဟုတ်) အမေရိကန် ဒေါ်လာ သန်း(၂၀၀၀)ကျော်လောက်ကို အစိုးရသစ်မဖွဲ့စည်းခင်၂၀၁၁ခုနှစ် ဇန္န၀ါရီ ၂၇ရက် နေ့က သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီလို သုံးစွဲခွင့်ရခဲ့တာတောင် မလောက်ခဲ့တာမို့ တပ်မတော်ဟာ လက်ရှိအစိုး ရသစ် ဘတ်ဂျက်ထဲကနေ ကျပ်ငွေ ၉၁.၆၉ဘီလီယံကို ထပ်ပြီး တောင်းခံခဲ့ရပါသေးတယ်မဟုတ်ပါလား။ လာမယ့် ၂၀၁၂-၁၃ ခုနှစ်အတွက် တိုင်းပြည်မှာ ရသုံးဘတ်ဂျက်လိုငွေ ကျပ်သန်းပေါင်း ၂သောင်း ကျော်ရှိနေတဲ့အချိန်မှာ ကာကွယ်ရေး ၀န်ကြီးဌာန အသုံးစရိတ် လျာထားငွေက ကျပ်သန်းပေါင်း တသန်းတစ်သိန်းကျော်ဆိုတော့ ဒီနှစ်ထပ်ခွင့်ပြုရရှိမယ့် (၁၄.၈) % သော ဘတ်ဂျက်ကိုပဲ ရှိမြဲလူအင်အား ၅သိန်းနီးပါစာ အတွက် ဖြေရှင်းပေးနိုင်ဖို့သာ ဗိုလ်ချုပ်ကြီးတွေ အရင်ဆုံး စဉ်း စားကြရမှာပါ။ ခေတ်မီ တပ်မတော်ဖြစ်လာရေး ဆိုတာကိုတော့ ခဏလေး မေ့ထားလိုက်ပါဦး၊၊

အိမ်နီးခြင်း ထိုင်းနိုင်ငံတောင် သူ့လူဦးရေ(သန်း၇၀)နီးပါးရှိရာမှာ သူ့စစ်တပ်အင်အား ကို(၃သိန်း)မှာ ကြည်းတပ်က ၂သိန်း နီးပါးလောက်နဲ့ပဲ ဖွဲ့ထားတာပါ။ ကျန်ဘင်္ဂလားဒေ့ရှ် က စစ်တပ်အင်အားနဲ့ လူဦးရေအချိုးအစားကလည်း (လူဦးရေသန်း ၁၆၀မှာ စစ်သည်(၄၅၀,၀၀၀) မျှသာ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာကတော့ စစ်တပ်နဲ့တိုင်းပြည်လူဦးရေအချိုးအစား (၅၈) သန်း အချိုး (၅)သိန်းဖြစ်လို့ နေတာကလည်း တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အဟန့်အတားကြီးတခုပါပဲ။ ကျနော်တို့ တိုင်းပြည်လူဦးရေမှာ အစိုးရ၀န်ထမ်း ၁၃%ကျော်စာရင်းထဲမှာ စစ်အင်အားသက် သက်(၄)သိန်းကျော်ဖြစ်နေတာကို မဖြစ် မနေလျှော့ချပြီးမှသာ မှန်ကန်တဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်အောက်မှာသာ မြန်မာပြည်ဟာ ရှေ့ဆက် တိုးတက်နိုင်ပါလိမ့် မယ်။

Read More...

NLD နဲ့လက်တွဲ ဆောင်ရွက်မယ်လို့ ဦးသိန်းစိန်ပြော

2012-04-05

ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်တွဲ လုပ်ဆောင် သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ တိုင်းပြည် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အန်အယ်လ်ဒီနဲ့ လက်တွဲ ဆောင်ရွက် သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်နေစဉ် ဂျပန် သတင်းဌာန NHK နဲ့ တွေ့ဆုံ မေးမြန်းစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့တာပါ။

မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့ဆိုရင် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို တဖြည်းဖြည်းချင်း လျော့ချ သွားမယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

အဲဒီလို ပိတ်ဆို့ အရေးယူမှုတွေ လျော့ချဖို့အတွက် အာဆီယံအဖွဲ့ကလည်း မြန်မာအစိုးရဘက်က ရပ်တည်ပြီး အနောက် နိုင်ငံတွေကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဒီလကုန်ပိုင်းလောက်မှာ သမ္မတ ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဂျပန်နိုင်ငံက နိုင်ငံရပ်ခြား အကူအညီ ODA ပြန်ပေးနိုင်ရေး အတွက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

Ref: RFA News

Read More...

လူရာသွင်းပြီး အသိပေးပြောကြားရင်ပဲ ကျေနပ်ပါတယ်

လူထုစိန်ဝင်း
Monday, 02 April 2012

အခုတလော ရာသီဥတုက ပူသလားမပြောနဲ့ လူဟာကုန်းပေါ် ပစ်တင်ခံရတဲ့ငါးလို ဟောဟဲ လိုက်နေတယ်။ ဒီထဲမှာ မီးကလည်း နေ့ပျက်လိုက် ညပျက်လိုက် ဖြစ်နေပြန် လေတော့ အောက်ဆီဂျင်ဘူး အသေးနဲ့တင် မလောက်တော့လို့ ယောက်ျား ကြီးနှစ်ယောက် မနည်း မ ရတဲ့ ဧရာမ ဘူးအကြီးပါ မှာထားရတယ်။

လာလိုက်ပျက်လိုက်ကြာလာတော့

လူနေအိမ်နဲ့ မတူတော့ဘူး။ ဆေးရုံနဲ့ တူလာတယ်။ အပြင်က လေကိုယူပြီး အောက်ဆီဂျင် ခွဲထုတ်ပေးတဲ့ စက်က နှစ်လုံး ထားရတယ်။ နေ့တစ်လုံး ညတစ်လုံး။ မီးပျက်တဲ့ အခါနဲ့ ရေချိုးခန်း သန့်စင်ခန်း ၀င်တဲ့အခါ အတူသယ်သွားဖို့ ဆိုင်က မှာရတဲ့ အောက်ဆီဂျင် ဘူးသေး တစ်လုံးကလည်း သီးသန့် ထားရတယ်။ နှစ်ရက်တစ်ခါ မှာရတယ်။ အခုရက်ပိုင်းကျတော့ မီးက ခါတိုင်းနှစ်တွေကို အလှည့်ကျ ပေးတယ်လို့ ကြေညာ မထားပေမယ့် နေ့ရောညပါ နေ့တိုင်းပျက်တယ်။ တစ်ခါတလေ သိပ်အကြာကြီး မဟုတ်ဘဲ ပျက်လိုက် လာလိုက်၊ လာလိုက် ပျက်လိုက် ခဏခဏဖြစ်ပြီး တစ်ခါတလေ ကျတော့ နှစ်နာရီ သုံးနာရီ ကြာချင်လည်း ကြာသွားတယ်။ အဲဒီတော့ အောက်ဆီဂျင်ဘူး အကြီးရော အသေးပါ မှာရတော့တယ်။

သမီးလေးကို သတိရတယ်

အသေးကလည်းမမှာ မဖြစ်ဘူး။ နေ့တိုင်း ရေချိုးခန်းဝင်တဲ့အခါ ဘူးအသေးမှ သယ်သွားနိုင်တာ။ အိပ်ရာဘေးမှာ အောက်ဆီဂျင် ဘူးကြီး ဘူးသေးတွေ၊ အောက်ဆီဂျင် စက်တွေအပြင် အသက်ရှု ချောင်အောင် နေ့စဉ်ဆေးထည့်ပြီး နှာ ခေါင်းအုပ် ရှုရတဲ့စက်၊ သွေးတိုး နှလုံးခုန်တိုင်းတဲ့ စက်၊ သွေးထဲက အောက်ဆီဂျင် တိုင်းတဲ့စက်၊ နိုင်ငံခြားရောက် သမီးသမားတော်မလေး ကိုယ်တိုင် လုပ်ပုံ ကိုင်ပုံတွေ အသေအချာ သင်ပြပြီးပေးထားခဲ့တဲ့ အသက်ရှု လေ့ကျင့်ခန်းလုပ်တဲ့ ကိရိယာစတဲ့ စတဲ့ စက်ပစ္စည်း ကိရိယာတွေနဲ့ ၀ိုင်းဝိုင်း လည်ဖြစ်နေတယ်။ သမီး သမားတော်မလေးက နိုင်ငံခြားက သတိရလို့ ဖုန်းဆက်တဲ့ အခါတိုင်း အသက်ရှု လေ့ကျင့်ခန်း လုပ်တဲ့နည်းထက် ကောင်းတာ ဘာမှမရှိဘူး။ မှန်မှန်လုပ်ပါနော်လို့ တဖွဖွမှာနေကျ။ ဒီပစ္စည်းကို ကိုင်လိုက်တိုင်း သမီးလေးကို သတိရ လွမ်းဆွတ်ရတယ်။

လူရွှင်တော်ပြက်လုံး

တရားရှင်မဟုတ်လေတော့ အသက်ကြီးလေ လွမ်းစရာတွေက ပိုများလေ ဖြစ်လာတယ်။ အတ္တကို ပယ်ခွာပြီး အနတ္တကို ရှုမြင်ရမယ့် အစား အစွဲအလန်းတွေ သံယောဇဉ်တွေက ပိုကြီး ပိုများလာတယ်။ အသက်ကြီးလေ လွမ်းစရာတွေပို များလေ ဖြစ်လာတယ်။ မီးပျက် သွားတော့လည်း မနှစ်က ဒီအချိန်ကို ပြန်လွမ်း မိလိုက်တယ်။ မနှစ်က တစ်နှစ်လုံး မီးမဖြတ်ဘူး။ နေ့ရော ညပါပေးတယ်။ မိုးကလည်း အဆက်မပြတ်လှလေတော့ သိပ်ပြီး အပူဒဏ် မခံလိုက်ရဘူး။ ဒီနှစ်တော့ အရင့်အရင် နှစ်တွေကလို အေဘီစီ အုပ်စု သုံးစုခွဲပြီး အလှည့်ကိုပေးတဲ့ စနစ် ဒီလကုန်မှာ စတော့မယ်လို့ ဂျာနယ်ထဲ ရေးထားတာ ဖတ်လိုက်ရတယ်။ သတင်းစာတွေ ထဲမှာတော့ ဟိုနေရာက မဂ္ဂါဝပ် ဘယ်လောက် ထွက်တယ်။ ဒီနေရာက မဂ္ဂါဝပ် ဘယ် လောက်ထွက်တယ်။ ဒီနားက ဘယ်လောက် ဟိုနားက ဘယ်လောက် ထွက်တယ်စသဖြင့် စသဖြင့် ရေးထားတာတွေ တွေ့နေရသေးတယ်။ အိမ်တွေသာ မီးမလာတာ သတင်းစာတော့ ကိုင်လိုက်ရင်တောင် ဓာတ်လိုက်နေတယ် ဆိုတဲ့ လူရွှင်တော် ပြက်လုံးကို သွားသတိရ လိုက်တယ်။

ကုန်းအော်ပစ်လိုက်ချင်

မီးအကြောင်းစပြီး စဉ်းစားလိုက်တော့ မြန်မာလူမျိုးတွေ သိန်းပေါင်းသုံးဆယ်၊ လေးဆယ်လောက် ထိုင်းနိုင်ငံထဲ သွား အလုပ်လုပ် နေကြတယ် ဆိုတဲ့အကြောင်းက ခေါင်းထဲ ရောက်လာပြန်တယ်။ ထိုင်းနိုင်ငံက မြန်မာပြည်က ဓာတ်ငွေ့တွေနဲ့ စက် မှုလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ပြီး ကြီးပွား ချမ်းသာနေတယ်။ ဒီတော့ ဓာတ်ငွေ့ပိုင်ရှင် မြန်မာတွေက သူတို့ဆီသွားပြီး အလုပ်ကြမ်းတွေ လုပ်နေကြရတယ်။ ဂုတ်သွေး (ကုပ်သွေး)စုပ်ချင်တိုင်း စုပ်ပြီး အနိုင်ကျင့်ချင်တိုင်း ကျင့်တာခံရတယ်။ ရင်နာစရာ သိပ် ကောင်းတယ်။ တွေးလေ တွေးလေ အရိုးထိအောင်နာပြီးကမ္ဘာတုန်အောင် ကုန်းအော်ပစ်လိုက်ချင်တယ်။

ကျောက်မီးသွေးနဲ့ မောင်းမှာလား

ဂျာနယ်တွေ ဖတ်မိရင် ပိုဆိုးတယ်။ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိုးပျံရထား လမ်းဖောက်မယ့် စီမံကိန်း၊ မြေအောက်ရထား လမ်းဖောက်မယ့် စီမံကိန်းတွေပါ ထည့်သွင်းစဉ်းစားနေတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက အထူးစိတ်ဝင်စား ကြတယ် ဆိုတာတွေဖတ်ပြီး လျှပ်စစ်မီး လုံလောက်အောင် အရင်ကြံဆပါဦး။ ကျန်တာတွေ ဖြည်းဖြည်းမှ စဉ်းစားကြပါလို့ ပြောခွင့်ရရင် ပြောချင်တယ်။ မိုးပျံရထားကို ဘာနဲ့ မောင်းမှာလဲ။ ရှေးကလို ထင်းခြမ်းကြီးတွေနဲ့ ကျောက်မီးသွေးတွေနဲ့ မောင်းမှာလား။ နိုင်ငံခြား ကုမ္ပဏီတွေကတော့ သူတို့ ပစ္စည်းတွေ ရောင်းရ၊ သူတို့လူတွေ အလုပ်ရမှာ ဆိုတော့ စိတ်ဝင်စား ကြမှာပေါ့။ အကြွေးပေါ်မှာ အကြွေးဆင့်မယ့် ကိစ္စမျိုးတွေကိုတော့ ရှောင်ကြ ပါရှားကြပါလို့ တောင်းပန်ပါရစေ။

အရှိကိုအရှိအတိုင်း

ဆောက်ဖြစ်မှ ကျောင်းဒကာ ဆိုတာလို လုပ်ဖြစ် မလုပ်ဖြစ် ဆိုတာက နောက်မှ။ အခု လောလောဆယ်တော့ လူတွေ သဘော တွေ့သွားမှာပဲ ဆိုတဲ့ လုပ်နည်း လုပ်ဟန်တွေကို စနစ်ဟောင်းနဲ့ အတူ ထားပစ်ခဲ့ဖို့ ကောင်းပါပြီ။ လက်ကိုင် တယ်လီဖုန်း တစ်လုံးရှိရုံနဲ့ ကမ္ဘာကြီး တစ်ခုလုံးကို လက်ဖ၀ါးပေါ် တင်ကြည့်သလို ကြည့်နိုင်တဲ့ ခေတ်မှာ အညာအလှိုင်းတွေ၊ အလိမ် အကောက်တွေနဲ့ အလုပ် မဖြစ်တော့ဘူး။ ဘာကိစ္စဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်နဲ့ အရှိကို အရှိအတိုင်း ပြောလိုက်တာဟာ အကောင်းဆုံးပဲ။ ၀ါဒ ဖြန့်ချိရေးတို့၊ စိတ်ဓာတ် စစ်ဆင်ရေးတို့၊ 'မက်ခီယာဗယ်လီ' နည်းစနစ်တို့ ဆိုတာတွေဟာ လူတွေ အသိဉာဏ်ရေချိန် မြင့်တဲ့ခေတ်မှာ အသုံး မ၀င်တော့ပါဘူး။

လက်ခံဖို့အသင့်

ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းသာ ပြောပါ။ ကျွန်တော်တို့က လက်ခံဖို့ အသင့်ပါပဲ။ နွေရာသီ ရေခန်းလို့ ရေအား လျှပ်စစ် ထုတ်လုပ်မှု ကျတယ်။ ဒါကြောင့် ခွဲတမ်းနဲ့ ပေးမှ ဖြစ်တော့မယ်လို့ အမှန်အတိုင်း ပြောလိုက်ပါ။ ကျွန်တော်တို့က အင်ဗာတာတွေ၊ မီးစက်တွေ အသင့်ပြင်ထား ကြပါမယ်။ ကျွန်တော်တို့ကို လူရာသွင်းပြီး အသိပေး ပြောကြားတယ် ဆိုရင်ပဲ ကျွန်တော်တို့က ကျေနပ် နေကြတာပါ။

Ref: EMG News

Read More...

အသုံးချခံနေရခြင်းကို ကိုယ်တိုင်သိဖို့လိုကြောင်း ဆရာမဂျူး ပြော

ရဲမင်း
ကြာသပတေးနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ ဂျာနယ်များတွင် ပါရှိသည့် စီးပွားရေးကြော်ငြာများနှင့် ရုပ်သံ ကဏ္ဍများတွင် အမျိုးသမီး များအား မည်သို့ အသုံးချ နေသည်ကို အမျိုးသမီးများ ကိုယ်တိုင် သတိထား သင့်ကြကြောင်း စာရေးဆရာမ ဂျူး က ပြောသည်။

ရန်ကုန်မြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ‘မီဒီယာထဲမှ အမျိုးသမီးများ’ (Women in Media Forum) ဆွေးနွေးပွဲ နောက်ဆုံးနေ့ ကြာသပတေးနေ့တွင် ဆရာမက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အမျိုးသမီးတွေက မီဒီယာကို ဘယ်လို အသုံးချနေသလဲ၊ အမျိုးသမီးတွေကို မီဒီယာက ဘယ်လို အသုံးချနေသလဲ။ ဒါကို အမျိုးသမီးတွေ ကိုယ်တိုင် သိဖို့လိုတယ်။ ကြည့်တဲ့ ပရိသတ်လည်း သိဖို့လိုတယ်။ နောက် ကိုယ်တိုင် ပါဝင်တဲ့ အမျိုးသမီး ကိုယ်တိုင်လည်း သိဖို့လိုတယ်” ဟု ဂျူး က ပြောဆို သတိပေးသွားသည်။

Creative Media House (CMH)၊ Yangon Film School(YFS) နှင့် Local Print Media တို့ ကမကထပြု စီစဉ်ပြီး ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲ နောက်ဆုံးနေ့သို့ ပြည်တွင်းမှ အမျိုးသမီး သတင်းထောက်များ၊ စာရေးဆရာမများ၊ အနုပညာရှင်များနှင့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများ စုစုပေါင်း ၃ဝ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မီဒီယာလောကအတွင်းမှ အမျိုးသမီးများ ကြုံတွေ့နေရမှုများကိုလည်း ပြည်တွင်း အမျိုးသမီး သတင်းထောက်များက အတွေ့ အကြုံများ ဖလှယ်ကြရာ ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်မှ မအေးသူစံကလည်း သူမ ကြုံတွေ့ခဲ့ရသည့် ရုပ်ရှင် မင်းသမီး ထက်ထက်မိုးဦးနှင့် အမှုအကြာင်း ပြောပြခဲ့သေးသည်။

မအေးသူစံမှာ အင်တာဗျူးမေးခွန်းကြောင့် သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦး၏ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု ကို ခံခဲ့ရပြီး တရားပြန်လည် စွဲဆိုခဲ့ရာ ရန်ကင်းမြို့နယ် တရားရုံးက ထက်ထက်မိုးဦးအား ဒဏ်ငွေ တထောင် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

KNU ကိုယ်စားလှယ်များအား မိတ်ဆက်ဧည့်ခံပွဲလုပ်

ကိုပေါက်
ကြာသပတေးနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ကရင် အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ အာဏာပိုင်များ မိတ်ဆက်ဧည့်ခံပွဲတခုကို ကြာသပတေးနေ့ ညနေ ခြောက်နာရီခွဲက ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။

သောကြာနေ့ မနက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြမည့် နှစ်ဖက်ကိုယ်စားလှယ်များအပြင် အနောက်နိုင်ငံ သံအရာရှိ များနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ကြကြောင်း KNU ကိုယ်စားလှယ် အဖွဲ့မှ ပြောခွင့်ရ နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။

“ထွေထွေထူးထူးတော့ မရှိပါဘူး။ မိတ်ဆက် တွေ့ဆုံပွဲလေးပဲ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးတချို့ရယ်၊ စင်္ကာပူ၊ အမေရိကန်နဲ့ အီးယူ နိုင်ငံတချို့က သံတမန် ဧည့်သည်တွေရယ်၊ ရန်ကုန် တဝိုက်က ကရင်အမျိုးသား ခေါင်းဆောင် တွေရယ် တက်ရောက် ကြပါတယ်” ဟု ပြောသည်။

အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးခင်ရီ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြို့တော်ဝန်နှင့် တိုင်းအစိုးရ အဖွဲ့ဝင်များ တက်ရောက်ပြီး KNU ကိုယ်စားလှယ်အဖွဲ့အား အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် မူတူးဆေးဖိုးတို့ ဦးဆောင် ပါဝင်ကြသည်။ ထို့ပြင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ကရင် တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံတကာ အဲန်ဂျီအိုများနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ၂၅ဝ ခန့် တက်ရောက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ပြောသည်။

သောကြာနေ့ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်းနှင့် ဦးခင်ရီတို့အပြင် အခြား ဝန်ကြီးများလည်း တက်ရောက်ဖွယ် ရှိပြီး ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

KNU ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး သဘောထား ဖလှယ်ရန် စီစဉ် ထားကြောင်းလည်း နော်မေဦးမုတြော် က ပြောသည်။

“အခု ကျမတို့ KNU က လုပ်နေတဲ့ ကိစ္စတွေပါပဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အတွက်က NLD ကလည်း ရပ်တည်မှု တခု ဖြစ်တယ်။ ကျမတို့ KNU က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စကားပြောနေတယ် ဆိုတော့ သဘောထားတွေ ဖလှယ်ဖို့၊ ပိုသိအောင်လို့ မိတ်ဆက်ပဲ ဖြစ်ပါတယ်” ဟုပြောသည်။

ယခင်က NLD နှင့် စာရေးဆက်သွယ်မှုများ ရှိခဲ့သော်လည်း ယခု ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ထဲတွင် NLD အပေါ် မျှော်လင့်ထားမှုနှင့် ပတ်သက်၍ “ဘယ်လောက်ထိ ပါဝင် ပေးနိုင်မလဲ ဆိုတာကတော့ NLD ကို ကျမတို့ မေးရမှာပဲ။ ဒါပေမယ့် NLD ကို ပါဝင်သင့်တယ်လို့ ကျမတို့ မြင်တယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လူတဦး တယောက် အဖွဲ့အစည်းတခုရဲ့ တာဝန်လည်း မဟုတ်ဘူး။ သူတို့ပါ ပါမှဖြစ်မယ်။ လက်လှမ်း မီသလောက် လိုက်ပြီး ဆွေးနွေးတာပါပဲ” ဟု နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။

NLD အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတရပ်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက် သွားမည်ဟု တင်ပြထားပြီး တတ်နိုင်သည့် ဘက်မှ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းထားသည်။

ဇန်နါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် အပစ်အခတ်ရပ်စဲရေးအတွက် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ် မူတူးဆေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ် အဖွဲ့တို့ လက်မှတ် ရေးထိုးခဲ့ပြီး အသေးစိတ် အချက် အလက်များကို ထပ်မံဆွေးနွေးရန်အတွက် ယခုတကြိမ် ထပ်မံတွေ့ဆုံကြခြင်း ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် တနင်္လာနေ့တွင် ပဲခူးတိုင်းအတွင်းသို့ သွားရောက်ကာ အင်္ဂါနေ့တွင်မှ ဘားအံသို့ ပြန်လည် ထွက်ခွါကြမည် ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးလမ်းကြောင်းသစ် ဖွင့်ဖို့ EU စိတ်ထက်သန်

ဒေါ်ခင်မျိုးသက်
ကြာသပတေး, 05 ဧပြီ 2012

မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအောင်မြင်မှုအတွက် EU ဥရောပ သမဂ္ဂက မြန်မာ ပြည်သူတွေနဲ့ တကွ သမ္မတကို ချီးကျူး ဂုဏ်ပြုလိုက်သလို မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး လမ်းကြောင်းသစ် ဖွင့်ဖို့ပါ စိတ်အား ထက်သန်နေတယ်လို့ ပြောကြားလိုက်ပါ တယ်။ ဒါ့အပြင် ဥရောပ ကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေးရာ အကြီးအကဲလည်း ဖြစ်တဲ့ Catherine Ashton ကက်သရင်းအက်ရှ်တန်ဟာ ဧပြီလကုန်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့လည်း ရှိနေပါတယ်။

အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာကြားဖြတ်ရွေးကောက်ပွဲ အေးအေးချမ်းချမ်းကျင်းပခဲ့တဲ့အတွက် EU ဥရောပသမဂ္ဂက ချီးကျူး ဂုဏ်ပြုကြောင်း ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေးရာ အကြီးအကဲလည်းဖြစ် ဥရောပ ကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ လည်းဖြစ်တဲ့ Catherine Ashton ရဲ့ပြောခွင့်ရပုဂ္ဂိုလ် မစ္စ်မာဂျာကိုစီ ဂျန်စစ် Maja Kocijancic က VOA ကိုပြောပါတယ်။

“ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ Catherine Ashton က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့တာမို့ မြန်မာနိုင်ငံသား တွေကို ဂုဏ်ပြု လိုက်ပါတယ်။ ဒီလို ရွေးကောက်ပွဲကျင်းပပေးခဲ့တဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ ကိုလည်း ချီးကျူး လိုက်ပါတယ်။ ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းနေမှုတွေ အတွက် ဆက်လက် ပံ့ပိုးပေးနေမှာ ဖြစ်သလို မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆက်ဆံရေး လမ်းကြောင်းသစ်ဖွင့်ဖို့ပါ စိတ်အားထက်သန် နေတယ်လို့လည်း ပြောပါတယ်”

မြန်မာနိုင်ငံက ဧပြီတရက် ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတာတွေ့ရသလို ဒီရွေးကောက်ပွဲ အတွက် သွားရောက် လေ့လာခွင့် ရခဲ့ပေမယ့် နိုင်ငံတကာ စံနှုံးနဲ့အညီ စံနစ်တကျလေ့လာခွင့် မရခဲ့ဘူးလို့ ဆိုပါ တယ်။ ဒါပေမယ့် ရွေးကောက်ပွဲဟာ အရင် ရွေးကောက်ပွဲတွေနဲ့ မတူသလို မြန်မာနိုင်ငံရဲ့ မကြာခင်လတွေ အတွင်း နိုင်ငံရေး အကျဉ်းသား အများအပြား လွှတ်ပေးတာ၊ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာလို အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကြောင့် EU အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကောင်းတဲ့ တုံ့ပြန်မှုတွေလုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“EU နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာနိုင်ငံအတွက် ဆုပေးဖို့ထက် ဘယ်လိုကူညီနိုင်မယ်ဆိုတာကို အဓိကထား ပြောနေ ကြပါတယ်။ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ တွေ့နေရတာမို့ ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီတွေ ကုန်သွယ်ရေး လုပ်ငန်း လုပ်ဆောင်ဖို့ တွေအပြင် အခုလက်ရှိ တားမြစ် ပိတ်ပင်ထားတာတွေထဲက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့ အဓိက လိုအပ်မယ့် ကိစ္စတွေမှာ ပြန်စဉ်းစားဖို့ ဧပြီ လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် EU နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ထိပ်သီး အစည်းအဝေးမှာ ဆုံးဖြတ်ကြဖို့ ရှိပါတယ်”

မြန်မာနိုင်ငံအပေါ် EU က ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေထဲက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှု တချို့ကို ပြန်လည် ရုပ်သိမ်းပေးတာ လိုမျိုး လျှော့ချပေးမှုတွေကို မကြာသေးခင်ကပဲ EU ကလုပ်ဆောင်ခဲ့ တာမို့ ဘယ်လို တားမြစ်မှုမျိုးတွေကို ထပ်ပြီး ရုပ်သိမ်းပေးဖို့ ရှိပါလဲ။

“မြန်မာနိုင်ငံအတွက် တားမြစ်ပိတ်ပင်ထားမှု လုပ်ထားတာ တော်တော်ကျယ်ပြန့်ပါတယ်။ လက်နက်ရောင်းဝယ်မှု တားမြစ် ပိတ်ပင် ထားတာက အစ သတ္ထုတူးဖော်ရေးနဲ့ သစ်တောထုတ်လုပ်ရေး ကဏ္ဍတွေအပြင် ဖွံ့ဖြိုးမှု အကူအညီတချို့မှာပါ တားမြစ် ထားတာပါ။ နောက် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ဒီမိုကရေစီထွန်းကားရေးနဲ့ပတ်သက်ပြီး အနှောက်အယှက်ဖြစ်စေသူ အတော်များများ အတွက်ပါ ပိတ်ပင်မှုတွေ ချထားတာပါ။ ဒီတားမြစ်ထားမှုတွေ အတွက် စဉ်းစားမှာဖြစ်တဲ့ အပြင် မြန်မာနိုင်ငံကို EU ရဲ့ ကုန်သွယ်ဘက် နိုင်ငံအဖြစ် ထားဖို့သင့်မသင့်ပါ EU နိုင်ငံခြားရေး ၀န်ကြီးတွေ သုံးသပ်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံ အတွက် ဒဏ်ခတ် အရေးယူမှု အားလုံးကို လျှော့ချပေးမလား၊ တချို့တ၀က် ဖြေလျှော့ပေးမလား ဆိုတာ ဆွေးနွေး ကြမှာပါ”

ဥရောပသမဂ္ဂက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ဧပြီလကုန်ရက်ပိုင်းမှာ ဥရောပ သမဂ္ဂရဲ့အကြီးအကဲ တဦးဖြစ်တဲ့ Catherine Aston ဟာ မြန်မာနိုင်ငံကိုသွားရောက်ဖို့ စီစဉ် ထားတယ်လို့လည်းပြောပါတယ်

“ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ Catherine Ashton ဟာ ဧပြီလကုန်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။ EU နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ဧပြီလ ၂၃ရက် အစည်းအဝေးအပြီးမှာသွားမှာ ဖြစ်ပါတယ်။”

ဥရောပသမဂ္ဂက ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ မြန်မာနိုင်ငံ စီးပွါးရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို ကျင်းပပေးခဲ့ပြီး ဥရောပသမဂ္ဂရဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒေးဗစ် လစ်ပ်မန် ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။

Ref: VOA News

Read More...

ပိတ်ဆို့မှု ရုပ်သိမ်းရင် ပေါင်းစည်းမှု အလားအလာကောင်းဟု ဦးသိန်းစိန်ပြော

ခင်စိုးဝင်း
ကြာသပတေး, 05 ဧပြီ 2012

မြန်မာ စစ်အစိုးရ အဆက်ဆက်က လူ့အခွင့်အရေး ချိုးဖောက်မှု တွေကြောင့် မို့လို့ အနောက် နိုင်ငံတွေက စီးပွားရေး၊ ဘဏ္ဍာရေး နဲ့ ပြည်ဝင်ခွင့် တွေကို ပိတ်ဆို့ထားတွေ လျှော့ပေါ့ ပေးမယ် ဆိုရင် မြန်မာနိုင်ငံ မှာ အမျိုးသား ပြန်လည် ပေါင်းစည်းမှု အတွက် အလားအလာ ကောင်းတွေ ဖြစ်ပါတယ် လို့ သမ္မတ ဦးသိန်းစိန် က ပြောဆိုခဲ့ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့ မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံ အတွင်း မြန်မာ အပေါ် ပိတ်ဆို့မှု တွေ ချက်ခြင်း ရုပ်သိမ်းပေးဖို့ အာဆီယံ ခေါင်းဆောင်တွေ က တောင်းဆိုလိုက်ပြီး တဲ့ နောက် သမ္မတ ဦးသိန်းစိန်က အခုလို တုန့်ပြန်လိုက်တာပါ။

မြန်မာ သမ္မတ ဦးသိန်းစိန် က ကြားဖြတ်ရွေးကောက်ပွဲ ထမြောက် အောင်မြင်ခဲ့ ပြီးတဲ့ နောက် ပိတ်ဆို့မှု တွေ ရုပ်သိမ်းရေး တောင်းဆိုချက် တွေနဲ့ ပတ်သက်ပြီးတော့ အားရ ကျေနပ်တယ် လို့ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့ မှာ အခုလို ပြောဆိုသွားပါတယ်။

“နောက်ကျတဲ့ အကြောင်းအရင်း ကလည်း မြန်မာ နိုင်ငံပေါ်မှာ တားဆီးရေး ပိတ်ဆို့မှု တွေ နှစ်ပေါင်း ၂၀ ကျော် လောက် ရှိနေတဲ့ အတွက် ကြောင့် ကျနော်တို့ ရဲ့ စီးပွားရေးဟာ တိုးတက် သင့်သလောက် မတိုးတက် ပါဘူး။ အခုတော့ တားဆီးမှုတွေ ဖြေလျှော့သွား မယ်ဆိုရင်တော့ ဘာဘဲ ဖြစ်ဖြစ် ကျနော်တို့ ဒါဟာ ပေါင်းစည်း နိုင် ဖို့ အတွက် အလားအလာ ကောင်းတွေ ကျနော်တို့ ရလာမှာ ဖြစ်ပါတယ်။”

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်းပစ်စူဝမ် ကလည်း အာဆီယံအတွင်း လတ်တလော ဖြစ်ပေါ် ပြောင်းလဲ မှုတွေ နဲ့ ပတ်သက်ပြီး အခုလို သုံးသပ်လိုက်ပါတယ်။

“အရင်တုန်းက ဆိုရင် မြန်မာ နိုင်ငံနဲ့ ပတ်သက်လာရင် ဘယ်လို အချိန်အခါမှာ ဘဲ ဖြစ်ဖြစ်၊ ပူးပေါင်း ဆောင်ရွက်မှု တွေ မှာဘဲ ဖြစ်ဖြစ် သိပ်ကို သတိထား ဂရုစိုက်ပြီး တော့ သိမ်သိမ်မွေ့မွေ့ ကြိုးစားပြီး ကိုင်တွယ်ခဲ့ ရတာပါ။ အခုတော့ ရှေ့လျှောက် ပြီးတော့ အဖွဲ့ဝင် ဘယ်နိုင်ငံ မဆို ပါဝင်တဲ့ အခါဘဲ ဖြစ်ဖြစ်၊ မပါဝင်တဲ့ အခါဘဲ ဖြစ်ဖြစ် လုပ်ငန်းစဉ်တွေ နဲ့ ပုံစံချတာထက် ပူးပေါင်း ဆောင်ရွက်မှု မှာ ဘယ်လို လုပ်ကြမလဲ ဆိုတာကို အာရုံ စိုက်လာ နိုင်ပြီ ပေါ့လို့ ပြောသွားပါတယ်။”

တစ်ဆက်တည်းမှာဘဲ မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးတယ် ဆိုတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ ကလည်း မြန်မာ့ ကြားဖြတ် ရွေးကောက်ပွဲ ကနေ နိုင်ငံရေး ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်၊ နောက် တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် ရှေ့ဆက် တွန်းအားပေး သွားနိုင်မှာ ဖြစ်တယ် လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟုန်လေး က အခုလို ပြောပါတယ်။

“မြန်မာ နိုင်ငံကို ပိတ်ဆို့ အရေးယူထားတဲ့ နိုင်ငံတွေက ပိတ်ဆို့မှု တွေကို ရုပ်သိမ်းပေးဖို့ ဆောင်ရွက်တာကို တရုတ်နိုင်ငံက ကြိုဆိုပါတယ်။ သက်ဆိုင်ရာ နိုင်ငံ အားလုံး အနေနဲ့ မြန်မာ နိုင်ငံ အပေါ် ပိတ်ဆို့မှု တွေ အားလုံးကို အပြည့်အဝ အဖြစ်နိုင်ဆုံး အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ် လို့ ပြောသွားပါတယ်။”

Ref: VOA News

Read More...

ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး အတွက် ရန်ကုန်တွင် ဆက်ဆွေးနွေး

သင်းသီရီ
ကြာသပတေး, 05 ဧပြီ 2012

အပစ်ရပ်ရေးအပါအ၀င် ငြိမ်းချမ်းရေးတွေ အတွက် KNU ကရင် အမျိုးသား အစည်းအရုံး ဘက်က တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ထဲက ၆ချက်ကို အဓိက ထားပြီး ရန်ကုန်မှာ ဆွေးနွေးဖို့ရှိတယ်လို့ ကရင် KNU ဖက်က တာဝန်ရှိသူက ပြောပါတယ်။

ပြည်နယ်အဆင့်မှာ ဆက်ဆွေးနွေးဖို့ ကျန်နေသေးတဲ့အချက်တွေကို ပြည်ထောင်စုအဆင့်အဖြစ် ဆွေးနွေးဖို့ အတွက် ရန်ကုန်ကို ရောက်နေတဲ့ KNU အဖွဲ့ နဲ့ လည်း ဒီကနေ့ ည ရန်ကုန်မှာ ညစာစားပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။

အပစ်ရပ် ငြိမ်းချမ်းရေး တွေ အတွက် အစိုးရ နဲ့ ဆွေးနွေးနေတဲ့ ကရင် KNU အဖွဲ့ဟာ ဧပြီလ ၄ ရက်နေ့ မှာ ဖားအံ နဲ့ ပြည်နယ် အဆင့် ဆွေးနွေးမှုတွေ အပြီး ဧပြီလ ၅ ရက် နေ့မှာ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဖို့ ရန်ကုန်ကို ရောက်လာ ကြတာဖြစ်ပါတယ်။ မနက်ဖြန် ဧပြီလ ၆ ရက် နေ့မှာတော့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နဲ့ ပြည်နယ် အဆင့်မှာ မပြီးပြတ်သေးတဲ့ ဆွေးနွေးမှု တွေကို ဆက်လက် ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စု အဖြစ် ဆွေးနွေးမှု မှုတွေမှာတော့ KNU ဘက်က မူအားဖြင့် တောင်းဆိုထားတဲ့ အချက် ၁၁ ထဲက အချက် ၆ ချက် လောက်ကို အဓိက ဆွေးနွေးဖို့ ရှိတယ် လို့ ကေအန်ယူ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စောရော်ဂျာခင်က မြန်မာပိုင်း ကို ပြောပါတယ်။

“ဆွေးနွေးပွဲက မနက်ဖြန်က စမယ်။ ၁၁ ချက် မူအားဖြင့် လက်ခံထားတာ အဲဒါ အသေးစိတ် ဆွေးနွေးဖို့ ကျနော်တို့ လာတယ်။ အခြေအတင်တော့ ရှိတော့ ရှိမှာပေါ့။ ပထမဦးဆုံး ဒီကို code of conduct ပေါ့။ နှစ်ဘက် လိုက်နာရေး စည်းကမ်းချက်တွေ အဲဒါကို ကျနော်တို့ အရင် စဆွေးနွေးမယ်။ ခြောက်ချက်ထဲ က လေးချက် က လူထု နဲ့ ပတ်သက်တဲ့ ကိစ္စပေါ့၊ ခုနှစ်ချက် ကတော့ demarcation နဲ့ ပတ်သက်တာရယ်၊ နောက်ပြီးတော့ Liaison office ကျနော်တို့ ဖွင့် ဖို့ ကိစ္စရယ်။ ဒါဘဲရှိပါတယ်။ ကျနော် ထင်တာတော့ အခုဟာက ညှိနှိုင်း တဲ့ အဆင့်ဘဲ ရှိနေသေးလို့ အပြတ်တော့ ပြောလို့ မရသေးပါဘူး။”

ဒါကတော့ ကေအန်ယူ အဖွဲ့ရဲ့ ဗိုလ်မှူးကြီး စောရော်ဂျာခင် ပြောပြခဲ့တာပါရှင်။ ရန်ကုန်ရောက် နေတဲ့ ကေအန်ယူ အဖွဲ့ကို မြန်မာ အစိုးရ ရဲ့ ငြိမ်းချမ်းရေး အဖွဲ့က စီစဉ်ပြီးတော့ ရန်ကုန်က ဆီဒိုးနား ဟိုတယ်မှာ ဧပြီလ ၅ ရက် နေ့ ညက အထူးညစာ စားပွဲ တစ်ခု လုပ်ပါတယ်။ အစိုးရ ထဲက တာဝန်ရှိတဲ့ ဝန်ကြီး တစ်ချို့ ကရင် နိုင်ငံရေး ပါတီ တွေ နဲ့ အတူ တခြားနိုင်ငံရေး အင်အားစု တွေ၊ တခါ သံရုံးဝန်ထမ်းတွေ နဲ့ သတင်းသမားတွေ နဲ့ ဆိုရင် ဧည့်သည် ၂၀၀ နီးပါးလောက် ရှိတယ် လို့ ဒီ ညစာ စားပွဲ ကို တက်နေတဲ့ ကရင် ပြည်သူ့ ပါတီက ဦးစောဆေးဝါး က ပြောပါတယ်။

“ကျနော် တို့ အခု ဆီဒိုးနားမှာ ရောက်နေတယ်။ ဒီ Ballroom မှာလေ။ ငြိမ်းချမ်းရေးမှာ တော့ မီးရထား ဝန်ကြီး ဦးအောင်မင်း က ဦးစီးတာပေါ့။ အဲဒီမှာ ဝန်ကြီး ဦးခင်ရီ ဆိုတာ ပါလာပါတယ်။ ဝန်ကြီး အပိုင်းမှာတော့။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေလည်း လာပါတယ်။ ဒီဘက် အစိုးရ ပိုင်းပေါ့နော်။ တခြား ဟိုဥစ္စာတွေ အများကြီးလာပါတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အားလုံး လာကြပါတယ်။ ကေအန်ယူ အပိုင်းက တော့ စီဖိုးရာ ပါတယ်လေ။ နော်မေဦးပါတယ်။ စောထူးထူးလေး ပါတယ်။ ဗိုလ်ချုပ် မူတူးဆေးဖိုး ပါတယ်။ သံတမန်တွေလည်း ပါတယ်။ သတင်းထောက်တွေလည်း ပါတယ်။ အများကြီးပါပဲကွာ။”

သမိုင်းဝင် ဒီတွေ့ဆုံမှုတွေကနေ ပြီးတော့ ထာဝရ တည်တံ့ပြီးတော့ ခိုင်မြဲတဲ့ ငြိမ်းချမ်းမှု တွေ ရဖို့ကို ကရင်လူထုကော မြန်မာ နိုင်ငံ ကပါ တကယ်လိုလား နေတယ် ဖြစ်တယ်လို့လည်း ဦးစောဆေးဝါး က သုံးသပ်ပါတယ်။

“ခါတိုင်းတော့ ဒို့လည်း တခါမှ မပါဝင်ခဲ့ ဖူးဘူးလေ။ ဒါပေမဲ ဒီတစ်ခေါက် ကတော့ ကရင် ပြည်သူ လူထုတွေ လည်း အကုန်ပါဝင် ပြီးတော့ ကူညီ အားပေးရမယ့် အနေအထား ရှိတဲ့ အတွက် ပိုပြီးတော့လည်း စိတ်ချရတယ်၊ ယုံကြည်ရတယ်၊ နွေးထွေးတာပေါ့ကွာ။ ပိုပြီးတော့လည်း မျှော်လင့်ချက် အများကြီး ထားပါတယ်။ ဘယ်လောက် အထိ မျှော်လင့်ထားလဲ ဆိုတော့ ဒို့က အလားအလာ တော်တော်ကောင်းတယ် လို့ဘဲ ပြောရမယ်လေ။ ဘာဖြစ်လို့လည်း ဆိုတော့ နိုင်ငံတော် ရဲ့ မူဝါဒ၊ နိုင်ငံရေး ပေါ်လစီက လည်း အပြောင်းအလဲ ဖြစ်တဲ့ ဟာ နဲ့ သွားကြုံကြိုက်တော့ အစိုးရ ရဲ့ ပေါ်လစီ နဲ့ ကေအန်ယူ ရဲ့ ပေါ်လစီက နည်းနည်း နီးစပ်လာတယ် ပေါ့လေ။ အဲဒါကြောင့် ညှိနှိုင်း လို့ ရမယ့် အလားအလာ ရှိမယ် လို့ ယုံကြည်ပါတယ်။”

ကရင်ပြည်သူ့ ပါတီက ဦးစောဆေးဝါး ပါရှင်။

ဧပြီလ ၆ ရက်နေ့မှာတော့ ရထား ပို့ဆောင်ရေး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့နဲ့ ကရင် ကေအန်ယူ အဖွဲ့ က ရန်ကုန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ရက်တွေမှာတော့ ကရင် ကေအန်ယူ အဖွဲ့ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်း စုကြည် နဲ့ အတူ တခြား နိုင်ငံရေး အဖွဲ့တွေ ကို တွေ့ဆုံ ဖို့ ရှိသလို ပဲခူးတိုင်း အတွင်း က ကျောက်ကြီးမြို့  နဲ့ တနင်္သာရီ တိုင်း အတွင်းက ထားဝယ် မြို့ တွေ လည်း သွားရောက် လေ့လာဖို့ စီစဉ် ထားပြီး ရန်ကုန်မှာ ၁၁ ရက် နေ့ အထိ နေမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Wednesday, April 4, 2012

မြန်မာ့ပြုပြင်မှုအတွက် အမေရိကန်တုံ့ပြန်ဖို့ ဆွေးနွေးနေ

မခင်ဖြူထွေး
အင်္ဂါ, 03 ဧပြီ 2012

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ်အားလုံးနီးပါး အနိုင် ရခဲ့တဲ့ တနင်္ဂနွေနေ့က ကြားဖြတ် ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံး သွားခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေအပေါ် အမေရိကန် ဘက်ကလည်း ရှေ့ဆက် တုံ့ပြန်မှုတွေ လုပ်သွားဖို့ ဆွေးနွေးမှုတွေ လုပ်နေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ ဘယ်လို တုံ့ပြန်မှုမျိုးတွေ ဖြစ်မလဲဆိုတာ ခုချိန်မှာ မပြောနိုင်သေးပေမဲ့ မြန်မာအစိုးရ ဘက်က ပြုပြင်ဆောင်ရွက်မှုတွေနဲ့ အညီ အမေရိကန် ဘက်ကလည်း တုံ့ပြန်သွားမှာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က မနေ့က နိုင်ငံခြားရေး ဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

“ကျမတို့အနေနဲ့ အစိုးရအတွင်းပိုင်း ဆွေးနွေးမှုတွေလုပ်နေပါတယ်။ အမေရိကန်နဲ့ အလားတူတဲ့ တုံ့ပြန်မှုတွေ လုပ်သွား နိုင်ဖွယ် ရှိတဲ့ ကျမတို့ရဲ့ မဟာမိတ်တွေ၊ အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင်တွေ၊ အီးယူ ဥရောပ သမဂ္ဂတို့နဲ့လည်း ဆွေးနွေး တိုင်ပင်မှုတွေ လုပ်နေပါတယ်။”

နိုင်ငံခြားရေးဝန်ကြီးကလင်တန် အီစတန်ဘူးလ်မြို့က အစည်းအဝေးအတွင်းပြောခဲ့သလိုပဲ မြန်မာအစိုးရ အနေနဲ့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့အပေါ်မှာ မြန်ဆန် ထိရောက်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ပြီး ရွေးကောက်ပွဲ စနစ် ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့အတွက် သိပ်ကို အရေးကြီးပါတယ်၊ ဒါမှသာ ထင်သာမြင်သာရှိမှု အပါအ၀င် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေကို ပြည့်မီလာမှာဖြစ်တယ်လို့လည်း ပြောခွင့်ရအမျိုးသမီး Nuland က ပြောသွားပါတယ်။

“နောက်တကြိမ် ရွေးကောက်ပွဲတွေ စီစဉ်ကျင်းပနိုင်တဲ့အထိ မြန်မာနိုင်ငံရဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် ပြောင်းလဲဖြစ်ထွန်းသွားဖို့ ကျမတို့ မျှော်လင့်ထားပါတယ်။ နောက်တကြိမ် ရွေးကောက်ပွဲက ၂၀၁၅ ခုနှစ်မှာ ကျင်းပဖို့ စီစဉ်ထားတာလို့ ထင်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland ပြောသွားတာဖြစ်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲတွေ တရားမျှတမှု ရှိမရှိဆိုတာကို စောင့်ကြည့်ပြီး မြန်မာအပေါ် ချမှတ်ထားတဲ့ မူဝါဒ အပြောင်းအလဲတွေ လုပ်ကောင်း လုပ်မယ်ဆိုပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အချက်ပြ ပြောဆိုထားတာဖြစ်ပါတယ်။ တချိန်တည်းမှာလည်း အခု ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တခုတည်းကိုပဲ ကြည့်ပြီး မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ဖို့မသင့်ကြောင်းနဲ့ နောက်သုံးနှစ်ကြာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အချိန်အထိ အခြေအနေတွေကို စောင့်ကြည့်ပြီးတော့မှ ဆုံးဖြတ်ဆောင်ရွက်သင့်တဲ့ အကြောင်း ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်ရှင်။

Ref: VOA News

Read More...

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၂)

ဟန်လင်း
April 4, 2012
အပစ်တွေသာရပ်ခဲ့ရင်ဖြင့်

တပြည်လုံးအပစ်တွေရပ်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာ့ တပ်မတော်ရဲ့နေမြဲ အင်အား( ၄၅၀,၀၀၀) ကျော်ကြီးကို ဆက်ပြီး ထားရှိသင့် မသင့်ဆိုတဲ့ ကိစ္စ အပေါ် ဆွေးနွေး ကြည့်ရအောင်ပါ။

လွတ်လပ်ရေးမရမီကာလ 1146 လို့အတိုကောက် အမည်ပေးထားတဲ့ ၁ရက်၁လ ၁၉၄၆ ခုနှစ် မှာ မြန်မာ့ တပ်မတော် အဖြစ် အင်္ဂလိပ်တို့ စတင် ဖွဲ့စည်း ပေးခဲ့စဉ်က မြန်မာ ၆ ရင်း၊ ကချင် ၃ ရင်း၊ ကရင်နဲ့ချင်း ၂ ရင်းစီ၊ ဂေါ်ရခါး တရင်းနဲ့ ချင်း တောင်တန်း တပ်ရင်း တရင်းတို့ ဆိုပြီး စစ်ဌာနချုပ်တိုင်း ၂ ခုနဲ့ တပ်ရင်း စုစုပေါင်း ၁၅ ရင်း လောက်ပဲ ရှိခဲ့တာပါ။ ဗမာ့ သေနတ်ကိုင် တပ်ရင်း ၆ ရင်းနဲ့ အတူ လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် တပ်ရင်း တချို့ပါ ပူးတွဲပြီး ဗမာ့ တပ်မတော်ကို ဖွဲ့စည်းပေးခဲ့တာ တွေ့ရပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကတော့ စစ်သည် အင်အား တစ်သန်းနဲ့ စစ်လေယာဉ် အစီး ၅၀၀ လောက် ရှိတဲ့ အင်အားပြည့် တပ်မတော်ကြီးကို တည်ဆောက်ဖို့ မျှော်မှန်းခဲ့ကြောင်း သမိုင်းမှတ်တမ်း တချို့အရ သိရပါတယ်။ အဲဒီအချိန်တုံးက တိုင်းပြည်ရဲ့ လူဦးရေ သန်း (၂၀) လောက်တောင် မရှိသေးပေမဲ့ ဖြစ်ပေါ်လာမယ့် တပ်မတော် အပေါ်မှာ ပြည်သူတွေ ဘယ်လောက် အားတက်သရော ထောက်ပံ့မှု ရှိကြသလဲ ဆိုတာကို ခန့်မှန်း နိုင်ပါတယ်။

၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးရလိုက်တာနဲ့ထပ်တူ ပြည်တွင်းစစ်မီးလည်း ထတောက်ခဲ့ပြီး အာဏာရ အစိုးရက တပ်ရင်းတွေ ကို ဆက်တိုက် တိုးချဲ့ လာခဲ့ရာ လွတ်လပ်ရေး ရပြီး ၁၉၅၀ စု လွန်နှစ်တွေမှာ အစိုးရ တပ်ရင်းပေါင်း (၅၂) ရင်း လောက် ဖြစ်လာ ခဲ့ပါတယ်။ တပ်ရင်းတရင်း စစ်သည် အင်အား ၇၅၀ လောက် ဖွဲ့စည်းပုံနဲ့ မြန်မာ့ တပ်မတော်ဟာ ၁၉၆၀ မှ ၁၉၈၀ ခုနှစ်တွေ အထိ ထိထိ ရောက်ရောက် စစ်ဆင်နွဲ နိုင်ခဲ့ကြပါတယ်။ နောင်မှာလည်း တပ်ရင်းတရင်း လူ ၈၂၆ ယောက် ဖွဲ့စည်းပုံမျိုးနဲ့ တိုးချဲ့ပြီး ဖွဲ့စည်းဖို့ကိုတောင် စဉ်းစား ခဲ့ကြပါသေးတယ်။ တကယ်တော့ မြန်မာ့ တပ်မတော်ဟာ လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွား လာတဲ့ တပ်မတော်၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ထူထောင်လာတဲ့ တပ်မတော် ဖြစ်သလို အင်္ဂလိပ်တို့ ဆီက တိုက်ရည် ခိုက်ရည်နဲ့ နည်းစနစ်များ ဂျပန်တို့ထံမှ ရဲစွမ်း သတ္တိတွေနဲ့ ပေါင်းစပ်ပြီး ကျင့်ဝတ် စည်းကမ်းနဲ့ ဥပဒေများ ရေးဆွဲလို့ ဖွဲ့စည်း တည်ဆောက် ထားခဲ့တာပါ။

၁၉၈၈ခုနှစ်မတိုင်မီအထိ မြန်မာ့တပ်မတော်တွင်းမှာ စစ်သည်အင်အား ၂ သိန်းနီးပါး (၁၈၄,၀၂၉) ယောက် ရှိခဲ့သလို တပ်မတော် တခုလုံးနဲ့ စစ်သည်တိုင်းရဲ့ စားဝတ်နေမှု မချို့ငဲ့ခဲ့ပါဘူး။ ထောက်ပံ့ ဖြေရှင်းလို့ ပေးနိုင်ဆဲပါ။ အဲဒီကာလက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေဖက် က စုစုပေါင်း အင်အား ၄ သောင်း ထက် မကျော်ပါဘူး။

မဆလခေတ်နှောင်း ၁၉၈၈မှ ၂၀၀၆ခုနှစ်အထိ တပ်ရင်း ၁၆၈ ရင်းမှ ၅၀၄ ရင်း(ဒါပေမဲ့ တပ်ရင်း ၂၂၀ မှာ လူ ၂၀၀-၃၀၀ ရှိပြီး ကျန် ၂၈၄ ရင်းလောက် လူအင်အား ၂၀၀ တောင် မပြည့်ကြပါဘူး)။ တပ်မတော်တခုလုံးရဲ့ စစ်သည်အင်အား၎သိန်း ကျော် အထိ ဖြစ်လာချိန်မှာ ပုန်ကန်တော်လှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံရဲ့အင်အားက အရင်အတိုင်း ထက် ထူးမများခဲ့တာမို့ ပြည်တွင်းက သောင်းကျန်းသူ နှိမ်နင်းဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာ့စစ်တပ်အင်အားတွေတိုးချဲ့နေ တာဟာ သိပ်ပြီးတော့မဆီလျော်ပါဘူး။ ၁၉၉၅ ခုနှစ်မှာ စစ်အင်အား ၄၉၂,၀၀၀ လောက်ရှိပြီး နောင်အင်အား ၅သိန်းထိ တိုးချဲ့မယ်လို့တောင် စစ်အုပ်စုထိပ်သီးတွေက ကြေညာခဲ့ဖူးသေးတာပါ။

နအဖတို့ပြောနေကျ ပြည်ပရန်ကာကွယ်ဖို့ရာ ဆိုရင်လည်း ဗီယက်နမ်နိုင်ငံလို ပြည်ပ ကျူးကျော် လာသူ ကမ္ဘာ့ ထိပ်သီး အမေ ရိကန် ပြင်သစ်တို့နဲ့ နှစ်ရှည်စစ်ပွဲကြီးမျိုး ဆင်နွှဲနိုင်ပါ့မလားဆိုတာ တွေးကြည့် ကြရအောင်ပါ။

မြန်မာ့မြေပေါ်ကို တရုပ်ဖြူကျူးကျော်ခံရတဲ့ ကာလ ၁၉၄၉မှသည် ၁၉၆၀ ခုနှစ် ပိုင်းတွေ အထိ မြန်မာ့ စစ်တပ်မတော် အနေနဲ့ ပြည်သူ့စစ်ပွဲ မဟာဗျူဟာ တခုကို စတင်ချမှတ် ကျင့်သုံး ခဲ့ဖူးပါတယ်။ ကျူးကျော်လာသူတွေကို နယ်စပ်မှာတင် လူထု ပူး ပေါင်း ပါဝင်မှုနဲ့ အချိန်ကာလ တခု ၃-၄ လလောက် ဟန့်တားထားပြီး နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့ အကူအညီယူ ဖြေရှင်းကြ မယ်ဆိုတဲ့ စဉ်းစားချက်ပါ။ ဂျာမဏီ ကျူးကျော်စစ်ကို ဟန့်တား အောင်မြင့်ခဲ့တဲ့ ဆွစ်ဇာလန်၊ ယူဂိုစလားဗီးယား၊ ချက်၊ အရှေ့ ဂျာမဏီ စတဲ့ နိုင်ငံက အတွေ့အကြုံတွေပေါ် အခြေတည်ပြီး ၁၉၅၀ခုနှစ် နောက်ပိုင်းမှာ စစ်ရုံးချုပ်က ဒုဗိုလ်မှူကြီး မောင် မောင် ဦးစီးရေးဆွဲခဲ့တဲ့ သေနင်္ဂဗျူဟာပါ။ ဒီသေနင်္ဂဗျူဟာအတိုင်း တရုပ်ဖြူ ကျူးကျော်မှု ခုခံရေးမှာ နဂါးနိုင် စစ်ဆင်ရေး အဖြစ် စသုံးခဲ့ပေမဲ့ အဆင်မပြေဖြစ်ပြီး နဂါးရှုံး စစ်ဆင်ရေးလို့သာ နံမည် တွင်ခဲ့ရပါတယ်။

ကိုယ့်နံဘေးကတရုပ်၊အိန္ဒိယလို အိမ်နီးချင်းအင်အားကြီး နိုင်ငံကြီးတွေ အပေါ် လုံးဝ အပြတ်အသတ် အနိုင်ယူနိုင်မှာ မဟုတ် မှန်း သိပေမဲ့ အဲဒီ သေနင်္ဂ ဗျူဟာကိုပဲ ကနေ့အထိ မြန်မာ့ တပ်မတော်မှာ အဖန်ဖန် ပြန်လည်ပြုပြင် စိုက်ထူ ကျင့်သုံးခဲ့ကြ ပါတယ်။ မြန်မာ့ စစ်ခေါင်းဆောင်တို့ရဲ့ ပြည်သူ့စစ်ပွဲ သေနင်္ဂဗျူဟာ ထိထိရောက်ရောက် အသုံးချနိုင်တဲ့ အောင်မြင်ခဲ့ချက် ကိုတော့ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမ နေရာ ၂ ခုလောက်မှာပဲ တွေ့ရပါတယ်။ ဒါကလည်း တဖက် အဖွဲ့အစည်း တွေရဲ့ စစ်ရေး နိုင်ငံရေး လမ်းစဉ်မှားတွေ အောက်မှာ လူထုနဲ့ကင်းကွာ အင်အား ချိနဲ့နေတုန်း စာမျက်နှာ(၁၂၄) မျက်နှာပါ ဗိုလ်မှူးကြီး ကြည်ဝင်း တင်ပြတဲ့ သောင်းကျန်းသူ ချေမှုန်းရေး ပြည်သူ့စစ် မဟာဗျူဟာ စာတမ်းပါ အတိုင်း ကျင့်သုံးနိုင်ခဲ့လို့ပါ။

ရေနဲ့ငါး ပမာလို ဖြစ်နေတဲ့ တော်လှန်သူပုန်တပ်တွေကို ပြည်သူက မထောက်ပံ့ နိုင်အောင် ကျေးလက်က လူထုနဲ့ ရွာတွေ ရွှေ့ခိုင်းတဲ့ စီမံချက်မို့ ဖြတ်လေးဖြတ်လို့ အမည် တွင်ခဲ့ဖူးပါတယ်။ ဒီသေနင်္ဂ ဗျူဟာအတိုင်း ၁၉၈၈ လွန် ဒီဖက်ခေတ်တွေ အထိ နယ်စပ်ရှိ တိုင်းရင်းသား ဒေသတွေမှာ မြန်မာ စစ်အုပ်စု ဆက်လက် စွဲကိုင် ကျင့်သုံးကြတဲ့ အခါမှာတော့ တခြား နိုင်ငံတွေဖက် ၀င်ရောက် ခိုလှုံခဲ့တဲ့ ပြည်တွင်းစစ်ဘေး ဒုက္ခသည်တွေ၊ ပြည်တွင်းစစ်မီး (၆၃) နှစ်ကာလနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ သာ မြန်မာ့ သမိုင်းမှာ အဖတ်တင်ခဲ့ပြီး မြန်မာ့ တပ်မတော်လည်း နံမည်ပျက် ကျန်ခဲ့ပါတယ်။

၁၉၆၇ခုနှစ် တရုပ်-မြန်မာ အဓိကရုဏ်း ဖြစ်တုန်းကလည်း မြန်မာစစ်တပ် တုပ်တုပ်မှ မလှုပ်ဝံ့ခဲ့ သလို အနောက် အုပ်စုရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ထူပြောလာတဲ့ ဒီဘက်ခေတ် ထဲမှာလည်း စစ်အမိန့်ပေး ကွပ်ကဲမှု ဌာနချုပ်ရုံးနဲ့ အစိုးရ ရုံးတွေကို မြန် မာပြည်အလယ်ပိုင်း တောင်တန်းတွေ ဖက်နား ကပ်နေတဲ့ ကြပ်ပြေးကို ရွှေ့ပြစ်ခဲ့တာ ဒီသေနင်္ဂဗျူဟာထဲက စီမံချက်အတိုင်း အကောင်အထည် ဖေါ်ခဲ့ကြတာပါ။ ပြည်ပရန်ကို ဘယ်တုံးကမှ လုံးဝ ချေမှုန်း တိုက်ခိုက်နိုင်တဲ့ အစွမ်းအစ မရှိခဲ့ဘူး ဆိုတာ ကို မြန်မာ စစ်ဗိုလ်ချုပ်တိုင်း ကိုယ့်အကြောင်းကိုယ် သိနေကြပါတယ်။ ပြည်ပ အန္တရာယ် ပြည်ပ ကျူးကျော်ရေး သမားနဲ့ နယ်ချဲ့တွေလို့ မီဒီယာနဲ့ လေလှိုင်းထဲမှာ တောက်လျှောက် အသံကောင်းဟစ်ခဲ့ပြီး တကယ်လို့များ ပြည်ပရန် တစုံတရာ ဖြစ်လာခဲ့ ရင်တောင် ခုခံစစ်ပဲ ဆင်ဖို့ ဗိုလ်ချုပ်တွေ စိတ်ကူး ခဲ့ကြတယ်ဆိုတာ တွေ့ရပါတယ်။

ဒါကြောင့်လည်း သောင်းကျန်းသူချေမှုန်းဖို့ တပ်မတော်တင်အားကြီးထွားအောင် တည်ဆောက် ရတာပါလို့ ဆိုခဲ့ရင် အလုပ် မဖြစ်ခဲ့ပုံတွေကို အောက်ခြေရဲဘော် စစ်သား အဆင့်လောက်ကတောင် သိကြပါတယ်။ မအောင်မြင်ခဲ့ လို့လည်း ငြိမ်းချမ်း ရေး၊ အပစ်ရပ်ရေး ဆိုတာမျိုးကို ဒီကနေ့ထိ အထပ်ထပ် လုပ်ဆောင် နေရတာပါ။ စစ်ရေးနည်းနဲ့ ဖြေရှင်းလို့သာ ပြီးခဲ့မယ် ဆို ရင် နှစ်(၂၀)ကျော် အချိန်ယူပြီး ဆွေးနွေး နေစရာ ဘယ်လိုပါ့မလဲ။ န၀တ-နအဖ စစ်အုပ်စုရဲ့ သက်တမ်း (၂၃ )နှစ်တာ ကာ လ အတွင်း ဒီကနေ့အထိ ဆို အပစ်ရပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ ၂ ကြိမ် ရှိခဲ့ပါပြီ။ ၁၉၉၀အလွန်က အပစ်ရပ် ငြိမ်း ၁၃ ဖွဲ့နဲ့တကြိမ်။ အခု ၂၀၁၀-၂၀၁၂ တွေထိ လက်ဟောင်း/လက်ကျန် အပစ်ရပ်၊ ခွဲထွက် လက်နက်ချ စတဲ့အဖွဲ့ပေါင်း ၃၀ နီးပါး လောက်နဲ့လည်း ထပ်ပြီး ဆက်ဆွေးနွေး နေရတုန်းပါပဲ။

တကယ်တော့ ပြည်သူ့စစ်ပွဲ သေနင်္ဂဗျူဟာဆိုတာမျိုးဟာ ပြည်သူ တွေကို ကိုယ်စားပြု နိုင်တဲ့ အစိုးရတွေ သာလျှင် ဖေါ် ဆောင်နိုင်တဲ့ သေနင်္ဂဗျူဟာတခုပါပဲ။ ပြည်သူ မထောက်ခံတဲ့ အစိုးရ၊ ပြည်တွင်း လူထု ကိုယ်တိုင်လည်း ရှစ်လေးလုံးလို လူထု အုံကြွမှုတွေ ၊၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုတွေ ဖြစ်လာတဲ့ အခါမှာတော့ စစ်အုပ်စုက ကျင့်သုံးတဲ့ ပြည်သူ့ စစ်ပွဲ သေနင်္ဂဗျူကြီးဟာ ဘယ်လိုနည်းနဲ့မှ အလုပ် မဖြစ်နိုင်တော့ပါဘူး။ နိုင်ငံရေး ပြဿနာကြောင့် ပေါ်ပေါက်လာရတဲ့ တိုင်းရင်းသား တော်လှန် ပုန်ကန်မှုတွေကို နိုင်ငံရေးနည်းအရ မဖြေရှင်းဘဲ စစ်ရေး သက်သက် အမြင်နဲ့ ပြည်တွင်းက လူထုကို လူထုအားနဲ့ ပြန်ဆန့်ကျင်ခိုင်းလို့ ရနိုင်ပါ့မလား။ စစ်ဗိုလ်ချုပ်ကြီးတွေက ပြည်သူကို ယုံယုံကြည်ကြည် လက်နက် တပ်ဆင် ပေးရဲ ပါ့မလား၊ တွေးတောင် မတွေးဝံ့စရာပါ။

ဒီတော့ ဆန့်ကျင်ဖက်လူထုကို တပ်အင်အားနဲ့ မြို့ရွာတိုင်းမှာ ထာဝရ ထိန်းချုပ်ထားဖို့ အတွက် စစ်အုပ်စုက အဓိကထားပြီး စဉ်းစား ရပါတော့တယ်။ ဒါကြောင့်မို့လည်း နကိုရှိနေတဲ့ တပ်ရင်းတွေထဲက လူ ၃၀ လောက် ဆွဲထုတ်။ ဒီလူအင်အား ၃၀ လောက်ကိုပဲ တပ်ရင်းအမှတ်တခု အသစ်တပ်ပေး။ အဲဒီလူတွေနဲ့ တပ်ရင်းစခန်းသစ်တခု ထပ်တည်ဆောက်ခိုင်း၊ နောက် တဖက်ကလည်း လူအင်အားအသစ်တွေကို အတင်း ဖမ်းဆီးစုဆောင်းပြီး ဒီတပ်သစ်တွေ အသက်ဝင်လာအောင် လုပ်ရပါ တော့တယ်။ ဒါကြောင့် န၀တ-နအဖ ခေတ် တပ်ရင်းတရင်းကို ရှိရင်း လူအင်အား(၃၀၀)လောက်နဲ့ ဖွဲ့စည်းဖို့ ဖြစ်ပေါ်လာ တာပါ။ လက်တွေ့မှာတော့ တပ်ရင်းတခု လူ ၃-၄ ရာ မဆိုထားနဲ့ (၁၅၀ ) လောက် ဖြစ်အောင်တောင် မနည်းကြီး ရှာကြံပြီး စု နေရတဲ့ အဖြစ်ပါ။ ဒီကြားထဲ တပ်ပြေးလို ကိစ္စများကလည်း တမှောင့်ပါ။

အရေအတွက်အင်အား ဖေါင်းပွနေရုံနဲ့ တဖက်ရန်သူကို ခြိမ်းခြောက်လို့ မရပါဘူး။ ပြည်တွင်းက လက်နက်မဲ့ ပြည်တွေကိုသာ အနိုင်ကျင့် ခြောက်လှန့် လို့ပဲ ရပါလိမ့်မယ်။ ဒါကြောင့်မို့ မြန်မာ့ တပ်မတော်ကြီးကို ဖွဲ့စည်း တည်ဆောက်နေတာလား၊၊ ပြည် သူ အပေါ် စိုးမိုးချုပ်ကိုင်နိုင်ဖို့ ပဲလား၊ ဆိုတာ ပြန်တွေး မြင်ကြည့်ကြပါအုန်း၊ တပ်တွေ တိုးချဲ့ခဲ့တဲ့ မြန်မာ့ စစ်အုပ်စုရဲ့စဉ်းစား ချက်တွေနဲ့ တပ်မတော်က အစဉ်အဆက် စွဲကိုင်လာတဲ့ ပြည်သူ့စစ်ပွဲ သေနင်္ဂဗျူဟာတွေ အလုပ်မဖြစ်တာကို လက်ရှိ စစ် ဗိုလ်ချုပ်သစ်တိုင်း ကောင်းကောင်းကြီး နမူနာ ယူသင့်ကြပါပြီ။ တိုက်ပွဲ နိဂုံးချုပ်တွေကြည့်ပြီး ရန်/ငါ ၂ ဖက် ထိခိုက်ကျဆုံးမှု တွေလောက်နဲ့ မဟာဗျူဟာတွေ အောင်မြင်နေတယ်လို့ ယူဆနေသမျှ တိုင်းပြည်နဲ့လူထု စစ်နွံထဲ ဘယ်လောက်နစ်နေ သလဲဆိုတဲ့ အမှန်တရားကို သိမြင်လာနိုင်မှာ မဟုတ်ပါဘူး။

ဒီကနေ့ စစ်ဆင်ရေးပုံစံတွေ၊ စစ်နည်းပညာတွေနဲ့ စစ်ရေးအမြင်တွေက ပြောင်းလဲ နေပါပြီ။ လူလှိုင်း သဏ္ဍန် စစ်ဆင်ရေးမျိုးနဲ့ အင်အားသုံးပြီး စစ်တိုက်ဖို့ကို တရုပ်တို့တောင် မစဉ်းစား ကြတော့ပါဘူး။ အာဖဂန်နဲ့ အီရတ် စစ်ပွဲတွေမှာဆို မောင်းသူမဲ့ လေယာဉ်နဲ့ ခရုစ် ဒုံးကျည်တွေကိုပဲ သုံးခဲ့တာ လူစွမ်းအား ရင်းမြစ် မဆုံးရှုံးစေဖို့ပါ။ မြန်မာပြည်မှာ မနေ့တနေ့က ဖြစ်ပွားတဲ့ ငြိမ်းအဖွဲ့တွေနဲ့စစ်ပွဲမှာ ၂၀၁၁ ခုနှစ် တနှစ်ထဲနဲ့ စစ်သည် သောင်းချီ အဆုံးရှုံးခံပြီး စစ်ဆင်ခဲ့တာဟာ ခေတ်သစ် ဗမာ့ တပ်မတော် စစ်ဗိုလ်ချုပ် ကြီး
တွေရဲ့ တကိုယ်ကောင်းဆန် ရူးမိုက်မှု သက်သက်မျှသာ ဖြစ်ပါတယ်။

တကယ်တော့ ဦးနေ၀င်းရဲ့ မဆလခေတ်မှသည် န၀တ-နအဖတို့ခေတ် တလျောက်လုံး ပြည်သူ့ စစ်ပွဲ သေနင်္ဂဗျူဟာကို စွဲကိုင် ကျင့်သုံး ခဲ့ကြတယ်လို့ပဲ ပြောရမှာပါ။ သေနင်္ဂဗျူဟာ အလွဲတခုကို စုံကိုင်ပြီး မျိုးချစ်စိတ်ဓါတ် ရှင်သန်ရေးနဲ့ ပြည်ပရန်ကို အကြောင်းပြလို့ မြန်မာ့ တပ်မတော်အတွင်း လူအင်အားသစ်တွေ အဓမ္မ စုဆောင်းလိုက်တဲ့ အခါ တကယ်တန်း ဖြစ်လာတာ ကတော့ ပြည်သူတွေကို ဖိနှိပ် အနိုင်ကျင့်ဖို့ တပ်အင်အားကြီး တခုကို တမင်သက်သက် တည်ဆောက်ခဲ့တာပဲ ဖြစ်နေပါ တော့တယ်။


Read More...

ပြည်ထောင်စုလွှတ်တော်တွင် NLD ကိုယ်စားလှယ် ၆.၄% ရှိမည်

မျိုးသန့်၊ ကိုပေါက်
အင်္ဂါနေ့၊ ဧပြီလ ၀၃ ရက် ၂၀၁၂

မဇ္ဈိမသတင်းဌာန ။ ။ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိမှု ရလဒ်များအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အင်္ဂါနေ့ ညနေတွင် အပြီးသတ် ကြေညာ လိုက်ပြီးနောက် တွက်ချက်ရရှိသည့် စာရင်းများအရ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ် ၆.၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်၏ အင်္ဂါနေ့ကြေညာချက်အရ အနိုင်ရရှိသူ ငါးဦးတွင် NLD ကိုယ်စားလှယ် သုံးဦး ထပ်မံ ပါဝင်လာသည်။

ပြည်သူ့လွှတ်တော်အတွက် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီနှင့် စစ်ကိုင်းတိုင်း မင်းကင်း မြို့နယ် တို့မှ ဒေါ်ခင်မွှေးလွင်တို့ အရွေးချယ်ခံရပြီး စစ်ကိုင်းတိုင်း အမျိုးသား လွှတ်တော် အမှတ် ၃ အတွက် ဒေါက်တာမြင့်နိုင် က NLD ကိုယ်စားလှယ်များ အဖြစ် အရွေးချယ် ခံရခြင်း ဖြစ်သည်။

တနင်္လာနေ့က ထုတ်ပြန်သည့် ကော်မရှင်၏ ကြေညာချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်မြေ ၃၅ နေရာ၊ အမျိုးသား လွှတ်တော် သုံးနေရာနှင့် တိုင်းဒေသကြီး လွှတ်တော် နှစ်နေရာတို့တွင် NLD က အနိုင် ရရှိထားပြီး ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီသည် ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသား လွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင် ရခဲ့သည့် အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးမှာ NLD သို့ ကူးပြောင်းလာ၍ NLD အတွက် အမျိုးသား လွှတ်တော် အမတ်နေရာ ၅ နေရာ ရရှိမည် ဖြစ်သည်။

ထို့ကြောင့် NLD ၏ လွှတ်တော်အမတ် စုစုပေါင်းမှာ ၄၄ ယောက်ရှိနေသည်။

ထို NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦးအနက် နှစ်ဦးမှာ ပဲခူးနှင့်ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် များတွင် တက်ရောက် ကြမည်ဖြစ်ပြီး ကျန် ၄၂ ဦးသာ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် တက်ရောက်ကြမည်
ဖြစ်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေအရ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦး ရှိရမည် ဖြစ်သော်လည်း လက်တွေ့တွင်မူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၃၂ ဦးသာ ရှိနေမည် ဖြစ်သည်။

လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အနေဖြင့် ၆၅၆ ဦး ရှိမည် ဖြစ်သည်။

ထို့ကြောင့် အသစ်ခေါ်ယူမည့် ပြည်ထောင်စုလွှတ်တော်တွင် NLD လွှတ်တော် ကိုယ်စားလှယ် ၄၂ ဦးမှာ ၆.၄ ရာခိုင်နှုန်း အဖြစ် ပါဝင် ကိုယ်စားပြု နေမည် ဖြစ်သည်။

ကော်မရှင်၏ အင်္ဂါနေ့ ထုတ်ပြန်ကြေညာချက်အရ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ တွင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစိုင်းစံမင်း က လည်းကောင်း၊ စစ်ကိုင်းတိုင်း အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၇ တွင် ကြံ့ခိုင်ရေး ပါတီမှ ဦးတင်မြ ကလည်းကောင်း အသီးသီး အနိုင်ရရှိသွားကြသည်။

Ref: မဇ္ဈိမ

Read More...

ကြားဖြတ်ရွေးကောက်ပွဲအား ၈၈ နှင့် NCUB ကြိုဆို၊ ဗကပ အကြံပြု

ကိုပေါက်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ ကြေညာချက်ဖြင့် သဘောထားများ ထုတ်ပြန် ကြရာတွင် ပြည်တွင်းမှ ၈၈ မျိုးဆက် ကျောင်းသားများ၊ ထိုင်း-မြန်မာ အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB နှင့် တရုတ်-မြန်မာ နယ်စပ်ရှိ ဗကပ တို့လည်း ပါဝင်သည်။

“ယခုရွေးကောက်ပွဲရလဒ်သည် ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် ယုံကြည် အားကိုးမှုကို ပြသခြင်း” ဖြစ်ကြောင်း အင်္ဂါနေ့ထုတ် ၈၈ ကျောင်းသားများက ရှုမြင်ပြီး “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အောင်မြင်မှု အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း” လည်း ဖော်ပြပါရှိသည်။

NCUB ၏ ‘ကြားဖြတ်ရွေးကောက်ပွဲမှ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆီသို့’ ခေါင်းစဉ်တပ် ကြေညာချက် တွင်မူ တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ရလဒ်အား “လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြု”လိုက်ပြီး ငြိမ်းချမ်းရေး အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ အတွက် နောက်တဆင့် တက်လှမ်းနိုင်မည့် အနေအထားသို့ ရောက်ရှိလာပြီဟု ဆိုသည်။

ဦးသိန်းစိန် အစိုးရ အနေဖြင့် “နိုင်ငံအဝှမ်း အပစ်အခတ် ရပ်စဲရေး လုပ်ရန်နှင့် တနိုင်ငံလုံးလွှမ်းခြုံသည့် လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ခြင်း” များ လုပ်ရန် NCUB က အင်္ဂါနေ့ထုတ် ကြေညာချက်တွင် တိုက်တွန်းထားသည်။

ထို့အပြင် နိုင်ငံတကာ အကူအညီပေးသူများနှင့်ပတ်သက်၍ “လူထုအနေဖြင့် ချက်ချင်း အလုပ်အကိုင် ရရှိစေမည့် နိုင်ငံ ဖွံ့ဖြိုးမှုအတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း” ကိစ္စရပ်များနှင့် “ပြည်တွင်းရေကြောင်းလမ်းနှင့် မီးရထားလမ်း စနစ်များ ခိုင်မာအောင် တည်ဆောက်ခြင်း” များအတွက် အကူအညီ ပေးသည့်ကြောင်းလည်း NCUB မှ အင်္ဂါနေ့ထုတ် ကြေညာချက်မှာပင် အကြံပြု ထားသည်။

NCUB ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ်များ၊ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒီမိုကရက်တစ် အတိုက်အခံများဖြင့် စုပေါင်း ဖွဲ့စည်းထားသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အနေဖြင့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲမှ “ရဲရင့်တဲ့ ပြည်သူ၊ စစ်အာဏာရှင်ကို မုန်းတီးတဲ့ ပြည်သူရဲ့ ဆန္ဒကို အထင်အရှား မြင်လိုက်ရပါတယ်”ဟု သဘောထား ထုတ်ပြန်ထားသည်။

ဗကပ အနေဖြင့် အုပ်စိုးသူ အစိုးရအဆက်ဆက်နှင့် နှစ်ပေါင်း ၇ဝ နီးပါး ဆက်ဆံခဲ့ဖူးသဖြင့် NLD အနေဖြင့်လည်း သတိထား လျှောက်လှမ်း သွားစေလိုကြောင်း ပြောရေး ဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း က ဆိုသည်။

“အခု နိုင်လိုက်တာဟာ လွှတ်တော်ထဲမှာ အများစု မဟုတ်သေးတဲ့အတွက် ဗိုလ်သိန်းစိန်တို့က ကြည်ကြည်ဖြူဖြူ လက်ခံလို့ ရတယ်။ ဒါပေမယ့် နောက်ရွေးကောက်ပွဲ ကျရင် ပြဿနာက အဲလို မဟုတ်တော့ဘူး။ အဲလိုမဖြစ်အောင် စစ်အစိုးရဟာ တခုခု လုပ်လာ နိုင်တယ်။ အခြေခံ ဥပဒေကလည်း သူတို့ကို လုပ်ချင်တာလုပ်ဖို့ ခွင့်ပြုထားတော့ အဲဒါတွေကို သတိပြုရမယ်လို့ ကျနော်တို့က အကြံပေးတာပါ” ဟု မဇ္ဈိမကို ပြောသည်။

ယခု ကျင်းပပေးလိုက်သည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အနောက် နိုင်ငံများအား ဆွဲဆောင်နိုင်ရန် အတွက် ဖြစ်ကြောင်းလည်း သူက ပြောသည်။

“ဘာကြောင့်လဲဆို လွှတ်တော်ထဲမှာ သိပ်ကို ကြီးမားတဲ့ အများစုကြီးကို သူတို့က ပိုင်ပိုင်နိုင်နိုင် ရထားပြီး ဖြစ်တယ်။ အဲတော့ အကုန်လုံးကို ဖြစ်သင့်တဲ့ အတိုင်းပဲ လွှတ်ပေးထားလိုက်ပြီးတော့ နာမည်ကောင်း ယူလိုက်တဲ့ ဟာမျိုးလို့ပဲ ပြောချင်ပါတယ်။ တနည်းပြောရရင် ဗိုလ်သိန်းစိန်တို့အတွက်ကတော့ သူတို့ရည်မှန်းချက် အောင်မြင် သွားတယ်လို့ ပြောလို့ရပါတယ်” ဟု ရဲဘော်ဖိုးသံချောင်း က ပြောသည်။

NLD အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်းမှ ဆောင်ရွက်သွားမည် ဆိုသည်ကို မဆန့်ကျင် သော်လည်း “၆ ရာခိုင်နှုန်း အခြေ အနေနဲ့တော့ လွှတ်တော်တွင်း လုပ်ငန်းတခုတည်းနဲ့ လုံးဝမဖြစ်နိုင်ပါဘူး။ တခြား နည်းနာတွေနဲ့ ပေါင်းစပ်မှ၊ ဒါမှမဟုတ်ရင် လွှတ်တော်ထဲမှာ ကိုယ်က အများစု ရလာအောင် လုံးပမ်းမှ။ အဲဒါကလည်း စစ်အာဏာရှင်များက ခွင့်ပြုကောင်းမှ ခွင့်ပြုပါလိမ့်မယ်။ အဲဒါကြောင့် နည်းနာပေါင်းစုံ ပေါင်းစပ်ရမယ်လို့ ထင်ပါတယ် ခင်ဗျ” ဟု ဗကပ ၏ သဘောထားကို ထင်ဟပ် ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

Read More...

ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်က ၄၃နေရာ အနိုင်ရ

သင်းသီရိ
အင်္ဂါ, 03 ဧပြီ 2012

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်ဖို့ ကျန်နေသေးတဲ့ (၅) နေရာရဲ့ အနိုင်အရှုံး စာရင်းကို ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန် ကြေငြာလိုက်ပြီမို့ ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ် အကုန်လုံးရဲ့ စာရင်းတွေ ထွက်လာပြီ ဖြစ်ပါတယ်၊ လစ်လပ် မဲဆန္ဒနယ်တွေမှာ NLD ကအများစု အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲတွင်း မသမာမှု ရှိခဲ့တာတွေကို အသေးစိတ် ပြန်လည် စစ်ဆေးပြီး လိုအပ်ရင် တိုင်ကြား တာတွေ လုပ်မယ်လို့ NLD ပါတီက ပြောပါတယ်၊ ဒီအခြေအနေ တွေကိုတော့ မသင်းသီရိက ပြောပြပေးမှာပါ၊

လစ်လပ် မဲဆန္ဒနယ်တွေရဲ့ ရွေးကောက်ပွဲ ရလဒ် အဖြေတွေထဲက ကျန်နေသေးတဲ့ ၅ နေရာရဲ့ အဖြေတွေကို ဒီကနေ့ ညနေ ၆ နာရီက ထုတ်ုပြန် လိုက်ပြီမို့ မဲဆန္ဒနယ် ၄၅ နေရာစလုံးရဲ့ ကိုယ်စားလှယ်တွေ စာရင်းတွေ ထွက်လာပါပြီ၊ လစ်လပ်နေရာ ၄၅ နေရာမှာ ၄၄ နေရာ ယှဉ်ပြိုင်ခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၄၃ နေရာ အနိုင်ရပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ၁နေရာ၊ ရှမ်း ကျားဖြူပါတီက ၁ နေရာစီနဲ့ အနိုင် ရသွားပါတယ်၊ ဒီစာရင်းဟာလည်း NLD က ကြိုတင် ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်း ဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်၊

“အားလုံး NLD က ၄၄ နေရာဝင်တဲ့ နေရာမှာ ၄၃ နေရာ အနိုင်ရပါတယ်။ ရှမ်းမြောက်က အမျိုးသား လွှတ်တော် လားရှိုး နယ်မြေအတွက် ပါဝင်ယှဉ်ပြိုင်တဲ့ အဲဒီနေရာမှာတော့ ကျားဖြူပါတီကို ရှုံးပါတယ်။ မှန်ပါတယ်။ ကျနော်တို့ ၄၃ နေရာ နိုင်ပါတယ်။”

ဒီကနေ့ ကြေငြာခဲ့တဲ့ ၅နေရာက ပြည်သူ့ လွှတ်တော်နေရာ အတွက် ကျွန်းစုမြို့နယ် မှာ NLD ပါတီက ဒေါ်တင်တင်ရီ၊ မင်းကင်း မြို့နယ် မှာ NLDက ဒေါ်ခင်မွှေးလွင်၊ အမျိုးသား လွှတ်တော် အတွက် စစ်ကိုင်း အမှတ် (၃) အတွက် NLD က ဒေါက်တာမြင့်နိုင် နဲ့ စစ်ကိုင်း အမှတ် (၇) မှာတော့ ပြည်ခိုင်ဖြိုး က ဦးတင်မြ နဲ့ ရှမ်းမြောက် အမှတ် (၃) မှာတော့ ကျားဖြူပါတီ ဖြစ်တဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ဦးစိုင်းစံမင်း အနိုင် ရကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တရားမဲ့ ပြုကျင့်မှု ရှိခဲ့လို့ တိုင်ကြားမယ် ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ရက်ပေါင်း ၂၁ ရက်အတွင်း ငွေကျပ် ၁၀ သိန်း နဲ့ နိုင်ငံရေး ပါတီတွေက တိုင်ကြားနိုင်သလို မဲရုံတွေမှာ ဖြစ်တဲ့ မသမာမှု တွေကိုတော့ ရဲအရေးပိုင်တဲ့ အမှုတွေ အဖြစ်လည်း တိုင်ကြားခွင့် ရှိပါတယ်။ NLD ပါတီကတော့ ရွေးကောက်ပွဲ အတွင်း မသမာမှု ရှိခဲ့တဲ့ အခြေအနေတွေကို အသေအချာ ပြန်လည်စီစစ်ပြီး တိုင်ကြားဖို့ သင့်မသင့် ဆိုတာကို စဉ်းစား ဆုံးဖြတ်မယ် လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ံကျနော်တို့ Facts တွေကို အသေးစိတ်ပြန် မှတ်တမ်းတင်နေပါတယ်။ လိုအပ်တဲ့အခါ ကျရင်တော့ ကျနော်တို့ တင်ပါ့မယ်။ တင်ဖို့တော့ လောလော ဆယ်တော့ မရှိသေးဘူး။ လိုအပ်ရင် တင်မှာပါ။ ရွေးကောက်ပွဲ ဥပဒေမှာ Criminal Case ဖြစ်ပြီးတော့ အဲဒါကို ရဲအရေး ပိုင်တယ်လို့ သတ်မှတ်တာ ရှိတယ်။ အဲဒီဟာနဲ့ အကျုံး ၀င်တာတွေ ကျနော်တို့မှာ ရှိပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ တခု ဖြစ်ဖို့ ကျနော်တို့ကလည်း ပူးပေါင်း ပါဝင်တဲ့အနေနဲ့ ကျနော်တို့ ဒါကို ချင့်ချိန်ပါ့မယ်။ Facts တွေကို အကြောင်း အရာတွေကို ကျနော်တို့ စုပေါင်းနေပါတယ်။”

မဲစာရင်းထဲမှာ မပါလို့ မဲမပေးကြရတဲ့ ပြဿနာတွေက မဲပေးတဲ့ နေရာတိုင်းလိုလိုမှာ ကြုံခဲ့ရ တဲ့ ပြဿနာ ဖြစ်ခဲ့ပြီးတော့ မဲဆန္ဒ ဖြတ်ပိုင်းတွေမှာ ဖယောင်းတွေ သုတ်ထားလို့ မင်ခြစ်မရ ဖြစ်တယ် လို့ ပြောဆိုချက် အတော်များများ ထွက်လာတာ လည်း ရှိပါတယ်၊ ဒါပေမဲ့ ရှမ်းပြည်မြောက်ပိုင်းခရိုင် မဲဆန္ဒနယ်မှာ ဒီလြိုပဿနာမျိုး မရှိခဲ့သလို ဒီရက်ထိတော့ ကော်မရှင်ကို မသမာမှုတွေ အတွက် တိုင်ကြား တာလည်း မရှိဘူးလို့ ရှမ်းပြည်မြောက်ပိုင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ဆွေ က ပြောပါတယ်၊

“မရှိဘူးဗျ၊ ဒီမှာတော့ နိုင်ငံရေးပါတီတွေ တော်တော်ကောင်းတယ်၊ အေးလည်း အေးတယ်ဆိုတော့ Complaint တက်တာ တခုမှ မရှိဘူး။ အဲဒီ ခြစ်မရတာ ဘာ ညာ အဲဒါမျိုးတွေလည်း မရှိဘူး။ ကျနော့် နယ်ထဲမှာတော့ လုံးဝ မရှိဘူး။

ရှမ်းပြည် မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ပြောတာပါရှင်၊ အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတဦးကလည်း နိုင်ငံရေး ပါတီတွေဟာ ၂၁ ရက်အတွင်းမှာ တိုင်ကြားခွင့် ရှိနေတာမို့ ဒီနေ့ထိတော့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ မှာ မဲဆန္ဒနယ် အများဆုံးကို အနိုင်ရသွားတဲ့ NLD ပါတီကတော့ လာမယ့် စနေနေ့ ဧပြီလ ၇ ရက်နေ့မှာ ရန်ကုန် NLD ရုံးချုပ်မှာ ရွေးချယ်ခံ ကိုယ်စားလှယ်လောင်း အားလုံး တွေ့ဆုံပြီး ဆွေးနွေးပွဲတခု လုပ်မယ်လို့ NLD ပါတီက ပြောပါတယ်။

Ref: VOA News

Read More...

နိုင်ငံခြားငွေ နှုန်းရှင်လဲလှယ်မှု စတင်ကျင့်သုံး

မမိုးဖြူ
အင်္ဂါ, 03 ဧပြီ 2012

မြန်မာနိုင်ငံမှာ ပြည်တွင်းသုံး ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်တဲ့ စနစ်ကို နှစ်ပေါင်း များစွာ စစ်တပ် လွှမ်းမိုးတဲ့ အစိုးရ သတ်မှတ် ထိန်းချုပ်လာတဲ့ နှုန်းသေစနစ် ကနေ ဈေးကွက်နဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် နှုန်းရှင်စနစ်ကို ပြောင်းလဲ ကျင့်သုံး လိုက်ပါ တယ်။ အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာ မှာ မြန်မာကျပ်ငွေကို အရင် ပုံသေ သတ်မှတ် ထားတဲ့ နှုန်းကနေ တဒေါ်လာ ၈၁၈ ကျပ်နှုန်း နဲ့ သတ်မှတ် လိုက်ပါတယ်။ ဒီစနစ်အရ နေ့စဉ် ငွေကြေး ဈေးကွက် လေလံနှုန်း အရ နှုန်းရှင်ကို သတ်မှတ်မှာ ဖြစ်ပါတယ်။

တနင်္လာနေ့က ခွင့်ပြုချက် ရထားတဲ့ ပုဂ္ဂလိကဘဏ် ၁၁ခုကြားမှာ ငွေလဲနှုန်း လေလံ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် အစိုးရဘဏ် ၃ ခုကိုလည်း ဒီ လေလံပွဲမှာ ပါဝင် ခွင့်ပြုမယ်လို့ သိရပါတယ်။ ကြီးမားတဲ့ ငွေကြေး မတည်ငြိမ်မှု မဖြစ်ရလေအောင် အခါ အားလျော်စွာ ဗဟိုဘဏ်က ဈေးကွက်မှာ ၀င်ရောက် ပါဝင် ပတ်သက်ခွင့် ရှိမှာလည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

အချုပ်ခန်း ဖောက်ပြေးလို့ ရဲကပစ်ခတ်ရာ ၂ ဦးသေ၊ ၈ ဦးဒဏ်ရာရ

2012-04-03

ကချင်ပြည်နယ် မိုးညင်းမြို့နယ် ရဲစခန်းရှိ အချုပ်ခန်းထဲက တရားခံတွေဟာ မနေ့ မနက်ပိုင်းက ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ ၀င်တွေက ပစ်ခတ် ဟန့်တားခဲ့ရာ ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိတယ်လို့ သတင်း ရရှိပါတယ်။

မိုးညင်းရဲစခန်းရှိ အမျိုးသား အချုပ်ခန်း ၃ အတွင်းက တရားခံတွေဟာ ဧပြီ ၂ ရက်နေ့ မနက် ၂ နာရီကျော် ခန့်မှာ အချုပ်ခန်း ဖောက်ထွက်ဖို့ ကြိုးစားခဲ့တာကို တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေ သိရှိသွားပြီး ဟန့်တားပေမယ့် တားဆီး မရတဲ့အတွက် သေနတ်နဲ့ ပစ်ခတ် တားခဲ့ရတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"သူတို့ ထွက်ပြေးချင်လို့  မီးအရင်ရှို့တာလေ၊ မီးရှို့တော့ အစိုးရပစ်လိုက်တာပေါ့၊ သေတာက နှစ်ယောက်တဲ့၊ ကျန်တဲ့ ၈ ယောက်က ဆေးရုံ တက်နေတယ်"

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်နဲ့ နီးစပ်သူ တစ်ဦးကတော့ ရဲစခန်းအတွင်း သစ်သားဖျက်သံ ကြားရလို့ တာဝန်ကျ ရဲကင်းမှူးက ကြည့်ရှု့ စစ်ဆေးခဲ့ရာ အချုပ်တံခါး သစ်သားတန်း တွေကို ဖျက်ဆီးပြီး အချုပ်ခန်း အပြင်ကို တရားခံတချို့ ရောက်နေတာ တွေ့လို့ ၀ိုင်းတားခဲ့ရာ မရတာကြောင့် သေနတ် ၅ ချက် မိုးပေါ်ထောင်ဖောက် ချောက်လန့် ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အချုပ်သား တရားခံတွေက တားမရဘဲ စောင်တွေ အ၀တ် အစားတွေ မီးရှို့ကြတဲ့ အတွက် နောက်ထပ် သေနတ် ၅ ချက် ထပ်ပစ်ခဲ့ရာ တစ်စုံတစ်ရာ ငြိမ်သက် မသွားတာကြောင့် နောက်ထပ် သေနတ် ၇ ချက် ဆက်တိုက် ပစ်ခတ်ခဲ့ရာက အခုလို သေဆုံး ဒဏ်ရာ ရခဲ့ကြတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ခရိုင်ရဲစခန်းကို ဆက်သွယ်လို့ မရတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကို ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ကျ ၀န်ထမ်း အမျိုးသမီး တစ်ဦးက မသိရှိကြောင်း ပြောပါတယ်။

ပစ်ခတ်ဟန်တားမှုကြောင့် သေဆုံးခဲ့ရသူတွေဟာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထားတဲ့ အသက် ၃၇ နှစ်အရွယ် အောင်မြင့်သန်းနဲ့ လက်နက်မှုနဲ့ ဖမ်းဆီး ခံထားရတဲ့ အသက် ၃၅ နှစ်အရွယ် မောင်ဇော်တို့ နှစ်ဦးဖြစ်ပြီး၊ ဒဏ်ရာရသူ ၈ ဦးကတော့ မိုးညင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသ နေရကြောင်း သိရပါတယ်။

ဒဏ်ရာရတဲ့သူတွေ အခြေအနေနဲ့ ပတ်သက်ပြီး မိုးညင်းပြည်သူ့ဆေးရုံကြီးကို ဆက်သွယ် မေးမြန်းရာ တာဝန်ကျ ဆရာမ တစ်ဦးက ပြောပိုင်ခွင့် မရှိကြောင်း ပြောပါတယ်။

မိုးညင်းရဲစခန်းက အချုပ်ခန်း ၅ ခန်းမှာ အမျိုးသား တရားခံ ၁၀၀ ကျော်နဲ့ အမျိုးသမီး တရားခံ ၃၀ ခန့် ရှိပြီး အချုပ်ခန်း ဖောက်ထွက်ဖို့ ကြိုးစားခဲ့တဲ့ အချုပ်ခန်း ၃ မှာ တရားခံ ၇၀ ခန့်ရှိတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေး အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Ref: RFA News

Read More...

KNU နှင့် အစိုးရ ပြည်ထောင်စု အဆင့်ဆွေးနွေးမည်

မျိုးသန့်
အင်္ဂါနေ့၊ ဧပြီလ ၀၃ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို သောကြာနေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု KNU ၏ ပြန်ကြားရေး တာဝန်ခံနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်မေဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် “အပစ်အခတ် ရပ်ဆိုင်းဖို့အတွက် ပဏာမ သဘော တူညီချက်တွေကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်ဖို့ အတွက် ဘာတွေ လိုမလဲဆိုတာ ဆွေးနွေးသွားမှာပါ” ဟု နော်မေဦး က ပြောသည်။

KNU နှင့် အစိုးရတို့ကြား အပစ်ရပ်ရေးအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပဏာမ သဘောတူညီချက် ၁၁ ချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်တွင် အပြစ်အခတ် ရပ်စဲရန်၊ နှစ်ဘက်လုံး ငြိမ်းချမ်းရေး ပြောဆို မှုများနှင့် တိုးတက်မှုများ အတွက် ပူးပေါင်း လုပ်ဆောင်ရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် စသည့် အချက်များ ပါဝင်သည်။

KNU ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် KNU က တောင်းဆို ခဲ့သော်လည်း အစိုးရဘက်မှ တပ်များ ရုပ်သိမ်းပေးခြင်း မရှိသေးဟု နော်မေဦးက ဆိုသည်။

“တိုက်ပွဲတွေဖြစ်နေတာ မရှိပေမယ့် အပြောင်းမလဲ ကြီးကြီးမားမားကြီးတော့ မရှိပါဘူး။ ဒါ့အပြင် ဆိုးဆိုးရွားရွား အခြေ အနေလည်း ဖြစ်မနေပါဘူး တိုက်ပွဲ ဖြစ်သလိုမျိုးပေါ့။ ကရင်ရွာတွေမှာ အစိုးရရဲ့ တပ်တွေရှိနေတုန်းပဲ၊ စစ်ဒေသ ဆိုတာ သေနတ်တွေ အမြဲတမ်း တဒုန်းဒုန်းနဲ့ ပစ်နေမှ မဟုတ်ဘူး” ဟု မဇ္ဈိမကို ရှင်းပြခဲ့သည်။

သောကြာနေ့ ဆွေးနွေးပွဲသို့ KNU ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါ၊ အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန်တို့နှင့်အတူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၂၁ ဦး လိုက်ပါ သွားမည်ဟုလည်း သိရသည်။

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ကရင်ပြည်နယ် အတွင်းရှိ အစိုးရတပ်မှ စစ်ဌာနချုပ်များမှ တပ်မှူးများ၊ ဦးအောင်မင်းဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ကရင် လူထုနှင့်လည်း တွေ့ဆုံရန် ရှိသည်။

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၆ ရက် ၇ ရက်နေ့များတွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင်၊ နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင် ဆွေးနွေးနိုင်ရန် စီစဉ်လျက်ရှိပြီး “နိုင်ငံရေး အဖွဲ့အစည်း တွေရဲ့ ရပ်တည်မှု သဘောထား၊ သူတို့တွေနဲ့ ဘယ်လို နေရာမျိုးတွေမှာ အင်အား ဖြည့်ပြီးတော့ အလုပ် လုပ်လို့ရမလဲ။ ဒီဟာတွေကို ကျမတို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ချင်ပါတယ်။ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ ကျမတို့ အားလုံး စုပေါင်းပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ချင်ပါတယ်” ဟု နော်မေဦးက မဇ္ဈိမကိုပြောသည်။

KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို အစိုးရမှ လွှတ်ပေးခြင်းသည် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွက် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုကို ရရှိစေပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲ ဝင်ခဲ့သည့် NLD ပါတီမှ အမတ်များ လွှတ်တော်တွင်း ဝင်ရောက်ခွင့် ရရှိခြင်းကလည်း ငြိမ်းချမ်းရေး အတွက် အထောက်အကူ ဖြစ်စေမည်ဟုလည်း KNU ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တဦးဖြစ်သူ နော်မေဦးက ယူဆသည်ဟု လည်း မဇ္ဈိမကိုပြောသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, April 3, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၁)

ဟန်လင်း
April 3, 2012

အပြောင်းအလဲများနဲ့ တပ်မတော်

အမေရိကန်သမ္မတအိုဘားမားရဲ့ ၂၀၁၂ခုဇန္န၀ါရီ၂၄ရက်နေ့ အောက်လွှတ်တော် နိုင်ငံ အခြေပြု မိန့်ခွန်းမှာ မြန်မာ့ အပြောင်း အလဲ ကဏ္ဍကို ဟောဒီလိုလေး မှတ်ချက် ပေးသွားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ စတင် နေပါပြီ။ ဒီလိုပြောင်းလဲမှုတွေ စတင်နေတာဟာ မျှော်လင့်ချက် ရောင်ခြည်သစ် တခု ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။ စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲ သွားပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စက်ဟီလာရီ ကလင်တန် မြန်မာနိုင်ငံ ကို ရောက်လာခဲ့သလို သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ရော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဆွေး နွေးခဲ့ပြီးနောက်၊ မြန်မာ့ အပြောင်းအလဲတွေကို ထပ်ဆင့် ထောက်ခံချက်တွေ အသီးသီး ပေးခဲ့ကြပါတယ်။

ဒါပေမယ်လို့ ပြောင်းလာတဲ့အခြေအနေတွေအောက်မှာတော့ တိုင်းပြည်က လူထုလည်း လက်ငင်းမှာ အဆင် မပြေသေး၊ တပ်မတော် သားတွေ ခမျာလည်း မူလအတိုင်း မလောက်ငပဲ ရှိလို့နေဆဲ၊ နကို အနေအထားတိုင်း နေမြဲ ငတ်ဆဲပါပဲ။ သမ္မတ ဦးသိန်းစိန်ကတော့ ဆင်းရဲ မွဲတေမှု ပပျောက်ရေးတဲ့၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ၀န်ထမ်း လစာတွေ အနည်းဆုံး တယောက် ကျပ် (၁)သိန်း အခြေခံထိ တိုးပေးဖို့ ဆိုထားကြပေမဲ့ လာမယ့် ဘဏ္ဍာနှစ် ၂၀၁၃-၁၄ လောက်မှ ဖြစ်လာမယ့် အကြောင်း ဘဏ္ဏာအခွန် ၀န်ကြီးက အချက်အလက် အကိုးအကားတွေနဲ့ ထပြီး ကန့်ကွက်ခဲ့လို့ တပ်မတော်သားတွေ ခမျာ လစာတိုးဖို့ မမျှော်မှန်း ၀ံ့တော့ပါဘူး။ ကုန်ဈေးနှုံးနဲ့ အခွန်အခတွေ နောက်က လိုက်တက် မလာဖို့သာ ကျိတ်ပြီး ဆုတောင်း နေကြရပါတယ်။

စစ်သည်တွေကို လစာတိုးမပေးတော့ အရင်လို ရှေ့တန်းနဲ့နောက်တန်း တပ်ရင်းအထိုင် နယ်မြေက လူထု ဆီကနေပြီး အနိုင်ကျင့် လုယက်လို့ စားဝတ် နေရေးတွေ ဆက်ဖြေရှင်း နေရဦးမှာပဲလား။ ဒါဆိုရင်တော့ ဒီကနေ့ အပြောင်းအလဲ ဆိုတာ ကြီးက ဘာအဓိပ္ပါယ် ရှိဦးမှာလဲ။ ငတ်နေတဲ့ တပ်မတော်က နေပြီး ခေတ်မီ တပ်မတော် တရပ် ဖြစ်လာဖို့ ဆိုတာ ရေပေါ်အရုပ် ရေးသလိုပဲ ဖြစ်နေမှာပါ။ ခေတ်မီ တပ်မတော်တရပ် အသာ ထားပါအုန်း၊ စစ်သားတွေရဲ့မပြေလည် မလုံလောက်၊ ငတ်နေတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ အရင်ဆုံး လုပ်ပါအုန်း။

ဆိုဗီယက်နိုင်ငံမှာ စနစ်ပြောင်းပြီး အာဏာရှင်စနစ် ပြိုကျသွားတဲ့အခါ ငတ်နေတဲ့စစ်သည်နဲ့ အရာရှိတွေဟာ လက်နက်၊ စစ်ပစ္စည်းတွေ တင်မက လေယာဉ်ပျံတွေ၊ ဒုံးကျည် တွေကိုတောင် ရောင်းချပြီး ၀မ်းရေး ဖြေရှင်းခဲ့ကြတာ ကြားဖူးပါတယ်။ တပ်မတော်တွင်းက စစ်သည်တယောက် ရတဲ့လစာက ကျပ်ငွေ ၃၅,၀၀၀ ကျော်။ ဒီကြားထဲမှာ ဦးပိုင်အစုငွေ၊ မဖြစ်မနေ ဘဏ်အပ်စုငွေ၊ တပ်ရင်း စိုပြေရေးစတဲ့ ခေါင်းစဉ်တွေ အောက်မှာ အထက် ဌာနကနေ ငွေပြန်ဖြတ်ယူ နေလေတော့ တကယ် တန်းမှာ ရဲဘော်တယောက်ရတဲ့လစာ ကျပ်ငွေ ၂ သောင်းလောက်သာ အိမ်ပြန်ပါပြီး ဒီငွေလေးနဲ့ မိသားစုတွေကို ကျွေးမွေး ဖို့ဆိုတာ ဘယ်နည်းနဲ့မှ အဆင်မပြေနိုင်ပါဘူး။ အဲဒီလို အားနည်းချက်ကြောင့်လည်း လူထုဆီကနေ အနိုင်ကျင့် လုယူ စားသောက် ဖြေရှင်းမှုဟာ စစ်တပ်ရဲ့ တရားဝင်ထုံးစံကြီးတခုလို ဖြစ်လာ နေခဲ့ရတာပါ။

ပြည်သူလူထုနဲ့တပ်မတော်သားတွေ အားလုံးရဲ့ ဘ၀အခြေအနေ ပြောင်းမလာသေးပေမဲ့ ပြည်ပ အရင်းအနှီး တွေကတော့ ပြည်တွင်းကို စပြီး လှိမ့်ဝင် လာနေပါပြီ။ အာစီယံ ဆက်စပ် ကုန်သွယ် စီးပွားရင်းနှီးမြှုပ်နှံမှု လမ်းမကြီးလည်း ပွင့်လာ နေပါပြီ။ ပြည်တွင်း အလုပ်အကိုင်တွေနဲ့ အတူ ပြည်ပထွက် လုပ်ကိုင်ခွင့်တွေလည်း ပိုပွင့် လာနေပါပြီ။ တပ်ထဲက ပိုလျှံဝန်ထမ်းတွေကို ရွှေးနုတ်ပြီး ပြည်တွင်းနဲ့ပြည်ပက လုပ်ငန်းတွေထဲမှာ လုပ်ကိုင်ဖို့ နေရာ ချခွင့် ပြုမယ်ဆိုရင် အနည်းဆုံးတော့ စစ်သည်မိသားစု လိုက် ချောင်လည်လာကြမယ့် အပြင် နီးစပ်ရာ ဆွေမျိုး တချို့ကိုတောင် ကူညီ နိုင်ပါလိမ့်ဦးမယ်။ ဒါမှလည်း သမ္မတကြီး ပြော ပြောနေတဲ့ ဆင်းရဲ မွဲတေမှုတွေ တဖက်တလမ်းက လျော့ကျ သွားနိုင်သလို တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်ရေး ကဏ္ဍလည်း လိုက်ပြီး မြင့်တက်လို့ လာမှာပါ။ ဒါပေမဲ့ လုပ်သက်စေ့ပြီး စာချုပ်သက်တမ်း ပြည့်တဲ့ စစ်သည်တွေတောင် တပ်က ထွက်ခွင့် မရသေးတာကို ကြည့်ရင် စစ်သည်အင်အား အများကြီးနဲ့ ဖွဲ့တည်၊ မလုံလောက်တဲ့ ထောက်ပံ့မှု၊ ညံ့ဖျင်းတဲ့ အုပ်ချုပ်စီမံမှု မျိုးတွေနဲ့ပဲ အာဏာမက် ဗိုလ်ချုပ်ကြီး တချို့က အစဉ်လာ ကောင်းတဲ့ မြန်မာ့တပ်မတော်ကြီးကို မျိုးချစ်စိတ်မျက်မှန်စိမ်း တပ် ပြီး အတင်းရှေ့သို့ ခရီးဆက်ခိုင်းချင် နေတော့ ခက်ပါတယ်။

တပ်မတော်နဲ့စစ်သားတိုင်းရဲ့ကုန်ကျစရိတ်ကို တိုင်းပြည်အခွန်ထမ်းပြည်သူတွေကပဲ တာဝန်ယူဖြေရှင်း ပေးနေ ရတာပါ။ ဒါကြောင့် ပြည်သူတွေ ကိုယ်တိုင် ချောင်လည်ပါမှ တပ်မတော်လည်း ပြေလည်လာနိုင်မှာပါ။ ကိုယ့်အချင်းချင်း စစ်ခင်းရင်း စစ် စားရိတ်စားခ ဒဏ်ကို ပိနေတဲ့ တိုင်းပြည်က စစ်တပ် တိုင်းဟာ ဘယ်လိုနည်းနဲ့မှ ခေတ်မီ တပ်မတော် ဖြစ်မလာ နိုင်ပါဘူး။ ပြည် တွင်းစစ်လည်းမရှိ စီးပွားရေး ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်က စစ်တပ်တွေကိုပဲ ခေတ်မီ တပ်မတော်များ အဖြစ် တွေ့မြင်ရမှာပါ။

ရန်သူပေါပြီးမိတ်ဆွေရှားပါးတဲ့ မြောက်ကိုရီးယားလိုတိုင်းပြည်မှာ ခေတ်မီတပ်မတော်ကြီးတခု ဖြစ်လာအောင် အာဏာရှင် သားအဖ တွေက ဖြစ်ညှစ်ပြီး ထူထောင်လိုက်ကြတဲ့ အခါ ပြည်သူတွေသာ ထမင်း ငတ်ကုန်ပါတော့တယ်။ တာဝေးနဲ့တာ လတ်ပစ် ဒုံးကျည်တွေ၊ နူကလီယား စွမ်းအင်တွေသာ ပိုင်ဆိုင်လာခဲ့ပြီး တိုင်းပြည်ဖွံ့ဖြိုးဖို့ စက်မှု ထုတ်ကုန် လုပ်ငန်းတွေ ဖက် မှာတော့ အားနည်း ခဲ့ရပါတယ်။ နောက်ဆုံး တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ အစပ် စစ်မဲ့ဇုံ အနီး ချစ်ကြည်ရေးအရ လာ တည်ဆောက် ထားတဲ့ တောင်ကိုရီးယားပိုင် ကေဆွန်စက်မှုဇုံမှာ လုပ်ကိုင်နေတဲ့ မြောက်ကိုရီးယား လုပ်သား တသောင်း ကျော်ရဲ့ ၀င်ငွေတွေကိုတောင် မြောက်ကိုရီးယား အစိုးရ ဖြတ်ယူ သုံးစွဲနေခဲ့ရတဲ့ အဖြစ်ပါ။ အဟာရ ချို့တဲ့နေတဲ့ မြောက် ကိုရီးယား ကလေးငယ်တွေရဲ့ ပုံရိပ်တွေလည်း မြောက်ကိုရီးယား ဒုံးကျည်တွေနဲ့ အတူ ကမ္ဘာကျော် ခဲ့တာပါပဲ။ ဒါကြောင့်အင်အား ၄ သိန်းကျော်ပြီး မပြည့်စုံတဲ့ စစ်ဝတ်တန်ဆာ၊ မလုံလောက်တဲ့ လစာနဲ့ ထောက်ပံ့မှု တွေကြောင့် မနိုင်ဝန် နှစ်ရှည် ထမ်းနေခဲ့ရတဲ့ မြန်မာ့ တပ်မတော်ကြီိးကို ဒီကနေ့ ခေတ်သစ်မှာ ပြုပြင် ပြောင်းလဲပြီး လိုအပ်တဲ့ အချိုးအစားအတိုင်း ဖြစ်စေဖို့ အမြန် စီစဉ်သင့်ပြီ လို့ ပြောနေတာပါ။

ခေတ်မီတပ်မတော်တရပ်အနေနဲ့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ စစ်ရေးဖက်မှာ အရည်သွေးအရ မြင့်မား သင့်ပြီး၊ ကြည်း၊ ရေ၊ လေ၊ တပ်တွေရဲ့ အချိုးအစားနဲ့ စစ်ဆင်နိုင် စွမ်းရည်တွေလည်း ဒေသတွင်း အတိုင်းအတာအရ နှိုင်းယှဉ်ပြီး ဘက်စုံက ညီမျှ နေသင့်ပါတယ်။ တပ်မတော်ရေနဲ့ တပ်မတော် လေတို့ အတွက် လိုအပ်တဲ့ ဒေါ်လာ ၂၀၀ လောက်တန် စက်ပစ္စည်း အစိတ်အပိုင်းလေး တခုကိုတောင် အထက်ဌာန အဆင့်ဆင့် တင်ပြ တောင်းခံပြီး ခွင့်ပြုချက် ကျလာမှသာ ပြန်တပ်ဆင် နေကြရတယ်ဆိုရင် ခေတ်မီ လက်နက်နဲ့ စွမ်းရည်မြင့် ရေတပ်၊ လေတပ်ကြီးတွေ ဖြစ်လာဖို့ အတော်ကြီး အလှမ်းဝေး နိုင်ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာနဲ့ ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ အတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက်ကိစ္စ အငြင်းပွားတုံးက မြန်မာ့ တပ်မတော်ရေက စစ်ရေယာဉ်တွေ ဘင်္ဂလားဒေ့ရှ် ရေယာဉ်တွေနဲ့ ပုခုံးချင်း မယှဉ်နိုင်ခဲ့တဲ့ အဖြစ်ကိုလည်း မြန်မာ့တပ် မတော်သားတိုင်း အမြဲ သတိရနေကြပါတယ်။

၂၀၀၁ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်း တာချီလိတ်ဖက်က ထိုင်းနဲ့နယ်စပ်ပြသနာမှာလည်း ထိုင်းဖက်က F-16 တိုက်လေယာဉ် တွေရဲ့ စွမ်းပကားကို ထိတ်လန့် ခဲ့ရဖူးပြီးနောက် ရုရှားနိုင်ငံကနေ MIG-29 လေယာဉ်တွေ ကသောကမျော ၀ယ်ဖို့ စဉ်းစား ခဲ့ရတဲ့ အဖြစ်တွေ အားလုံးဟာ မြန်မာ့ တပ်မတော်အနေနဲ့ ကြည်းတပ် တခုတည်းကိုပဲ မတရားတိုးချဲ့ နေခဲ့ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေပါ။ လူများတိုင်းလည်း ပွဲမစည်သလို မြန်မာ့ တပ်မတော်ကြီးကို အရေအတွက် ကနေ အရည်အချင်း သို့ ပြောင်းလဲပေးနိုင်ဖို့ လိုနေပါပြီ။

အခုကျင်းပနေတဲ့ လွှတ်တော်ထဲမှာ တပ်မတော်ပြုပြင်ပြောင်းလဲဖို့နဲ့ လူထု တပ်မတော် တရပ် ဖြစ်လာဖို့ သင်္ကန်းကျွန်း မဲဆန္ဒနယ် အမတ် ဦးသိန်းညွန့်နဲ့၊ ရခိုင်အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီအမတ် ဦးအေးမောင်တို့ ၂ ဦးက တင်ပြခဲ့တာ တွေ့ရပါတယ်။ တကယ်တော့ လွှတ်တော်ထဲမှာ ဒီလို ကိစ္စတွေကို ပြောဆိုရမယ့် တာဝန်ရှိတဲ့ တပ်မတော်ထဲက ကိုယ်စားလှယ်တွေ အများကြီး ရှိနေပါတယ်။ သူတို့ ပြောရမှာပါ၊ ဒါပေမဲ့ မပြောကြပါဘူး၊ အဲဒီတော့ ဒီတပ်မတော်သား ကိုယ်စားလှယ်တွေက တပ်မတော်သား တွေရဲ့ နေထိုင်စားသောက်မှု ဘ၀တွေ တိုးတက် ကောင်းမွန်ဖို့ တွေကို ကိုယ်စားပြု ပြောပေးဖို့ လွှတ်တော်ထဲ လာတာလား၊ ဒါမှမဟုတ် ရှေ့တန်း စစ်မြေပြင်ကလို ဗိုလ်ချုပ်ကြီးတွေ အမိန့်ပေး ခိုင်းစေတဲ့ အတိုင်း လွှတ်တော်ကို စစ်မြေပြင်လို အမိန့်နာခံကြဖို့ လာထိုင် နေကြတာလား ဆိုတာကိုတော့ သဲသဲကွဲကွဲ သိသင့်ပြီလို့ မြင်ပါတယ်။

ဒါကြောင့် လွှတ်တော်ထဲမှာတုပ်တုပ်လေးမျှ မလှုပ် ငုတ်တုပ်ထိုင်ငိုက်ပြီး တပ်မတော် အခြေအနေ မှန်နဲ့ တပ်မတော် ကောင်းရာ ကောင်းကြောင်း တစက်လေးကိုမှ တင်ပြရမှန်း မသိတဲ့၊ မတင်ပြနိုင်ကြတဲ့ တပ်မတော် ကိုယ်စားပြုသည် ဆိုသော ၂၅% သော အမတ်တွေကို ကျနော်တို့ ဆက်ပြီး လိုအပ် နေပါဦးမလား ဆိုတာဟာ စစ်သည်တိုင်း အတွက် စဉ်းစားစရာ တွေပါ။


Read More...

“ခေတ်သစ်ကြီးရဲ့ အစလို့ပဲ ကျမတို့ မျှော်လင့်ပါတယ်”

တနင်္လာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ယခုအချိန်သည် ခေတ်သစ်တခု၏ အစဟု မျှော်လင့်ပါကြောင်း တနင်္ဂနွေနေ့ ကြားဖြတ်
ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့အပြီး အသစ်စက်စက် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က တနင်္လာနေ့တွင် ပြောကြား လိုက်သည်။

“ဒါဟာ ခေတ်သစ်ကြီးတခုရဲ့အစလို့ ကျမတို့ မျှော်လင့်ပါတယ်” ဟု ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်သို့ ရောက်ရှိလာသော ရာပေါင်းများစွာသော လူထုကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့သည့် ၄၅ နေရာအနက် နေရာ ၄ဝ ၏ ရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က တနင်္လာနေ့တွင် ထုတ်ပြန်ရာ NLD က နေရာ ၄ဝ လုံး အနိုင်ရရှိထားသည်ဟု ဆိုသော်လည်း NLD ကမူ ၎င်းတို့ ၄၃ နေရာ အနိုင် ရရှိပြီးဖြစ်ကြောင်း တရားဝင် မဟုတ်သေးသော ရလဒ်များကို အခြေခံကာ ပြောဆိုထားသည်။

ဤရွေးကောက်ပွဲကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က သူတို့ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို အလျှင်အမြန် ရုပ်သိမ်း လာဖွယ် ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆင်းရဲမွဲတေမှုဒဏ်ကိုခံနေရသော နိုင်ငံမှလူပေါင်းသန်း ၆ဝ အတွက် အပြောင်း အလဲများ
ဖြစ်ပေါ်လာအောင် ဆောင်ရွက် ပေးနိုင်လိမ့်မည်ဟု မျှော်လင့် ထားကြသည်။

“ကျနော်တို့ အလုပ်လိုချင်တယ်၊ မီးလိုချင်တယ်၊ ရေလိုချင်တယ်။ အခုက သိပ်ဒုက္ခ ရောက်တယ်။ ဒေါ်စုက သိပ်သြဇာ ကြီးတယ်။ ဒီတော့ ကျနော်တို့ နိုင်ငံကို ပြောင်းလဲလာ အောင်လုပ်နိုင်မှာပဲ” ဟု လမ်းဘေးတွင် အဝတ်အထည် ရောင်းချသူ ကိုသိန်းတန်က တနင်္ဂနွေနေ့ က ပြောသည်။

တနင်္လာနေ့က NLD ရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စုက “အခုက စပြီး ကျမတို့ နိုင်ပြီလို့ မစဉ်းစား ရဘူး။ တာဝန် ထမ်းဆောင်ဘို့၊ အလုပ်လုပ်ဘို့အတွက် အစလို့ပဲ တွေးရမယ်” ဟု ပါတီမှ ရွေးကောက် တင်မြှောက် ခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ်များကို သတိပေး ပြောကြားခဲ့သည်။

အကျင့်ပျက်ခြစားသော ဝန်ကြီးများကို မိမိ၏ ဝန်ကြီးအဖွဲ့မှ မဖယ်ရှားနိုင်ခဲ့ခြင်းကြောင့် လည်းကောင်း၊ အောက်ခြေနှင့် အလယ်အလတ် အဆင့်ရှိ အုပ်ချုပ်ရေး ယန္တရားအတွင်း ရှိနေသော ကြိုးနီစနစ်ကို မဖယ်ရှား နိုင်ခဲ့ခြင်း ကြောင့်လည်းကောင်း ယခုကဲ့သို့ မဲဆန္ဒရှင် အများစုက အာဏာရပါတီကို ကြားဖြတ် ရွေးကောက်ပွဲတွင် မဲမပေးခဲ့ကြခြင်း ဖြစ်ကြောင်း အကဲခတ်အချို့က သုံးသပ် ပြောဆို နေကြသည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အမာခံနယ်မြေဖြစ်သော နေပြည်တော်တွင်ပင် NLD ကို ရှုံးနိမ့်ခဲ့ရသည်။ သမ္မတ ဦးသိန်းစိန် ရွေးကောက် တင်မြှောက် ခံခဲ့ရသော ဇမ္ဗူသီရိ မဲဆန္ဒနယ် အပါအဝင် နေပြည်တော် ၄ နေရာလုံးတွင် NLD က အနိုင် ရရှိသွားကြောင်း ကော်မရှင်က ထုတ်ပြန် ကြေညာ လိုက်သည်။

အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအကြား ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်နေသော ဦးညိုအုန်းမြင့် ကမူ NLD အနေဖြင့် ကြံ့ခိုင်ရေးပါတီနှင့် သင့်မြတ်စွာ ဆက်ဆံသင့်ကြောင်း ပြောသည်။

“စစ်ရေးအမြင်နဲ့ကြည့်ရင်တော့ ခုလို အပြတ်အသတ်နိုင်တာဟာ နှစ်ပေါင်း ၅ဝ ကျော် အာဏာရယူထားခဲ့တဲ့ အစိုးရ အတွက် ခြိမ်းခြောက်မှု တရပ်ပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အာဏာရပါတီကို ပြေပြေလည်လည်ဘဲ ဆက်ဆံ ချဉ်းကပ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျနော်တ ကယ့်ကို စိုးရိမ်ပါတယ်။ အာဏာရပါတီထဲက လက်ရှိခေါင်းမာသူတွေ တကယ့်ကို ကြောက်သွားမှာ စိုးရိမ် မိပါတယ်။ ဒါဟာ သူတို့အတွက် အခုကနေ ၂ဝ၁၅ ခုနှစ်အထိ အလွန် စိုးရိမ်စရာ ကိစ္စတရပ် ဖြစ်နေမှာပဲ” ဟု ဦးညိုအုန်းမြင့်က ဆိုသည်။

ဤအတောအတွင်း အခြားပုဂ္ဂိုလ်များကမူ ယခုအခြေအနေကို ရှေ့တွင် ရရှိလာမည့် အခွင့်အလမ်းများ အဖြစ် ရှုမြင် နေကြသည်။

“ဒါဟာ မြန်မာနိုင်ငံအတွက်တော့ လာမယ့် အာရှရာစုမှာ လက်တွဲပါဝင်နိုင်ဘို့ ရှည်လျားတဲ့ ဖြစ်စဉ်ကြီးရဲ့ အစပါပဲ” ဟု ကမ္ဘောဒီးယား အခြေစိုက် Leopard Capital တည်ထောင်သူ နှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဒေါက်ဂလပ်စ် ကလေတန် က ပြောဆို လိုက်သည်။ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းသွားသည်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ဒေါ်လာသန်း ၁ဝဝ ရံပုံငွေ တရပ် ရှာဖွေရန် ဤကုမ္ပဏီက စီစဉ်ဆောင်ရွက်နေ သည်ဟု သူက ဘလွန်းဘတ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

“အခုရွေးကောက်ပွဲကို လက်ခံလိုက်ပြီဆိုတာနဲ့ ပိတ်ဆို့အရေးယူမှုကို ဆက်ထားဘို့ဆိုတာ အကျိုးအကြောင်းပြ စရာ သိပ်မရှိတော့ပါဘူး” ဟုလည်း သူက ဆက်လက် ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ သူထမ်းဆောင်ရမည့် လွှတ်တော်တာဝန်များ အပေါ်သာ အာရုံစိုက် လုပ်ဆောင်လျက် ရှိသည်။

“ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အခြားပါတီတွေအနေနဲ့ ကျမတို့နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိလာအောင် ကျမတို့နဲ့ ပူးပေါင်း ဆောင်ရွက် လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ခြုံငုံ သုံးသပ် ထားသော အစီရင်ခံစာ တရပ်ကို နောက်ပိုင်းတွင် ထုတ်ပြန်သွား မည်ဟုလည်း ပြောဆိုခဲ့ သည်။

သို့သော် သမ္မတ ဦးသိန်းစိန်၏ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်အနေဖြင့် လွှတ်တော်အမတ် နေရာအားလုံး၏ ၈ဝ% ကျော် ကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း ရှိနေဦးမည်ဖြစ်သည်။

ရွေးကောက်ပွဲကို စောင့်ကြည့်အကဲခတ်ရန်အတွက် အမေရိကန်၊ EU နှင့် အိမ်နီးချင်း နိုင်ငံများမှ သတင်းထောက် များကို မြန်မာ နိုင်ငံက အကန့်အသတ်ဖြင့် ဖိတ်ကြားခဲ့သည်။ ယခု ကြားဖြတ် ရွေးကောက်ပွဲများသည် “အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးပါသော အချိန် ဖြစ်သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံ အပေါ် ထားရှိသော မူဝါဒများကို သေသေချာချာ ပြန်လည် လေ့လာသုံးသပ်သင့်ပြီ” ဖြစ် ကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ကက်သရင်း အက်ရှတန်က မတ်လ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲ မသမာမှုများ၊ လိမ်လည်မှုများ တနင်္ဂနွေနေ့တွင် ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့ရလိမ့်မည်ဟု ထင်ထား ခဲ့ကြ သော်လည်း အသေးအဖွဲ တချို့တလေမှအပ ထင်သလောက် ဖြစ်မလာခဲ့ကြောင်း တွေ့ရသည်။ အကဲခတ် အများအပြားကမူ ယခု ကြားဖြတ် ရွေးကောက်ပွဲသည် အာရှစံချိန်နှင့် ကြည့်လျှင် အံ့အားသင့်စရာ ကောင်းလောက်အောင် သန့်ရှင်းမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။

ထိုအတောအတွင်း နိုင်ငံ့ခေါင်းဆောင်အများအပြားနှင့် အကဲခတ်များကမူ သမိုင်းတွင်မည့် မဲပေးမှုအပေါ် အဆိုး အကောင်း ဝေဖန် ပြောကြားရန် ချိန်ဆဆဲ ရှိကြသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ ရွေးကောက်ပွဲသည် “လွတ်လပ်၊ မျှတ၍ ထင်သာ မြင်သာ ရှိသော” ရွေးကောက်ပွဲ ဖြစ်ကြောင်း အာဆီယံ ထိပ်သီးအစည် အဝေး မတိုင်မီ ဖနွမ်းပင်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက သတင်းပေးပို့ထားသည်။

အေပီသတင်းဌာန၏ သတင်းပေးပို့ချက်တွင်မူ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် စူဝမ်က ရွေးကောက်ပွဲ မဲလာထည့်သူဦးရေ များပြား သည်ဟု အကဲခတ်များက သတင်း ပေးပို့လာကြောင်း၊ အင်ဒီနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ က မြန်မာ နိုင်ငံတွင် မကြာသေးမီ ကာလများက ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ သည် `နောက်ကြောင်းပြန်လှည့်´ တော့မည် မဟုတ်ကြောင်း ယခု ရွေးကောက်ပွဲများက နောက်ထပ် အာမခံ ပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။

ယခု ရွေးကောက်ပွဲကို အရေးပါသော ရှေ့သို့ တိုးတက်မှုကြီးတရပ်ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဘော့ကား က တနင်္လာနေ့က ပြောဆို လိုက်သည်။

“ရွေးကောက်ပွဲတွေဟာ တကယ့်ကို စစ်မှန်တယ်ဆိုတာ သိရတာနဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးဘို့ ကျနော်တို့ စဉ်းစား သွားမှာဖြစ်ပါတယ်” ဟု သူက ပြောဆိုလိုက်သည်။ သို့သော် ယခုထက်ထိ မြန်မာနိုင်ငံတွင် စာအုပ် စာတန်းများ အပေါ် ဖိနှိပ် ချုပ်ချယ်သည့် ဥပဒေများ ရှိနေဆဲဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများလည်း ဆက်လက် ချုပ်နှောင် ခံထားရဆဲ ဖြစ်ကြောင်းကိုလည်း သူက သတိပေး ပြောဆိုလိုက်သည်။

“ခုလို ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးဘို့ စဉ်းစားဆောင်ရွက်တာဟာ မြန်မာဘက်က ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ လုပ်လာတာနဲ့ အချိုးညီပဲ ဖြစ်ပါလိမ့်မယ်။”

အရှေ့တောင် အာရှနိုင်ငံများ၊ အမေရိကန်နှင့် ဥရောပ တို့နှင့်ဆွေးနွေးပြောဆိုပြီးမှသာ ထိုကိစ္စများကို ဆက်လက် ဆောင်ရွက်မှာ ဖြစ်သည်ဟုလည်း ဘော့ကား က ပြောဆိုသွားသည်။

ယခု ရွေးကောက်ပွဲများ ပြီးနောက် နွားတင်းကုပ် ဟု ချစ်စနိုးခေါ်ကြသော NLD ရုံးချုပ် သည် ကမ္ဘာသိ အတိုက်အခံ ဒေါ်အောင်ဆန်း စုကြည်နှင့် သူမပါတီအတွက် သင်္ကေတ သစ်တခု ဖြစ်လာတော့မည် ဖြစ်သည်။ အာရှနိုင်ငံများသို့ သွားရောက်ကြသော ကမ္ဘာလှည့် ခရီးသည်များ အတွက် အရေးတကြီး သွားရောက် ကြည့်ရှုရမည့် နေရာ တနေရာ ဖြစ်လာခဲ့ပြီဟု ဝေါစထရိဂျာနယ် သတင်းထောက် ပက်ထရစ်ဘာထရာ က သတင်းပေးပို့ ထားသည်။

“ထိုင်းက ပင်လယ်ကမ်းခြေတွေကို သွားရင် ဒီကိုကော ဘာလို့ မလာရမှာလဲဗျာ” ဟု ဘယ်လ်ဂျီယံ လူမျိုး ခရီးသည် အသက် ၂၄ နှစ် အရွယ် ဗင်ဒင်ဘရွတ် က ဒေါ်အောင်ဆန်း စုကြည် အမှတ်တရ ပြက္ခဒိန်နှင့် တီရှပ်များကို ရွေးချယ် ဝယ်ယူရင်း ပြောကြား လိုက်သည်။ ထိုအထဲတွင် သူမရုပ်ပုံနှင့် “ကျမ အားလုံးကို မေတ္တာထားပါတယ်” ဟူသော စာတန်းပါ တီရှပ်တထည်လည်း ပါဝင်သည်။

စားပွဲပေါ်တွင် ဒေါ်စုပုံပါ တီရှပ်များ၊ ပိုစတာများ၊ သော့ချိတ်များ၊ ဘေ့စ်ဘော ဦးထုပ်များ၊ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင် ထားသော ဒေါ်စုပုံများ အပြည့်အလျှံ ရှိနေသည်။ ထူးခြားသည်မှာ ဧပြီလ ၂ ရက်နေ့ထုတ် အစိုးရ သတင်းစာ မြန်မာ့အလင်းတွင် ဒေါ် အောင်ဆန်း စုကြည်အကြောင်း သော်လည်းကောင်း၊ NLD အကြောင်းသော် လည်းကောင်း ရေးသား ဖော်ပြထားခြင်း မရှိပေ။ အစိုးရ အဖွဲ့ဝင် အရာရှိကြီးများ မဲပေးနေပုံ များကိုသာ ဖော်ပြ ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုမှစ၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းမှ အသစ် စက်စက် NLD အမတ်များကို စည်းရုံး လေ့ကျင့်သည့် အလုပ်သို့ ပြောင်းလဲ လုပ်ဆောင် ရတော့မည် ဖြစ်သည်။ တချိန်တည်းတွင် လက်ရှိ အစိုးရ ရာထူးကြီးများ ရယူ ထားကြသည့် ဗိုလ်ချုပ်ဟောင်းများနှင့် သူတို့အကြား ရှိနေသည့် အတွေးအခေါ် ကွာဟာမှု ကိုလည်း ပေါင်းကူးတံတား ထိုးပေးဘို့ ကြိုးပန်းရဦးမည် ဖြစ်သည်။ လွှတ်တော်တွင်း အတိုက်အခံများ အတွက် စိတ်ဓါတ် အသစ်နှင့် အာရုံ စူးစိုက်စရာ အသစ်ကို သူမက ဆောင်ကြဉ်း လာမည် ဖြစ်သည်။

စီးပွါးရေးမြို့တော် ရန်ကုန်မြို့မှ ၄ နာရီကြာ ကားမောင်းသွားရသည့် နေပြည်တော်တွင် နေထိုင်ရန် ဒုတိယ အိမ်တလုံး ကို သူမ ရှာဖွေ နေကြောင်းဖြင့် သတင်းထောက်များကို တနင်္လာနေ့က သူမက ပြောကြားခဲ့သည်။

“ကျမမှာ ခွေးလေးတကောင် ရှိတာကိုလည်း မမေ့ကြပါနဲ့။ သူ့ကို ကျမနဲ့အတူ ခေါ်သွားရမှာပါ” ဟု ရယ်ရွှန်း ပြောရှာသည်။

သူ့သားငယ် ကင်မ်က လက်ဆောင်ပေးခဲ့သော ခွေးကလေး တိုက်ချိတို သည် နေပြည်တော်တွင် လူအများ စိတ်ဝင်စား စရာ အထူးအဆန်း ဖြစ်လာ လိမ့်မည်ဟု ရိုက်တာ သတင်းထောက် အင်ဒရူးမာရှယ် က ရေးသားထားသည်။ နေပြည်တော်သည် ယခု အချိန်ထိ နိုင်ငံခြားသံရုံးများ ပြောင်းရွှေ့ခြင်း မရှိသေးသည့် အတွက် အလွန်ငြီးငွေ့ဖွယ် ကောင်းပြီး ဒေါ်စု လွှတ်တော်သို့ ရောက်ရှိ လာသည့်အတွက် ထိုကိစ္စမှာလည်း အပြောင်းအလဲများ ပေါ်ပေါက်လာဖွယ် ရှိနေပါသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်စု ငြိမ်းချမ်းရေးကိစ္စ ဦးစားပေးသင့်ကြောင်း တိုင်းရင်းသားများပြော

ဖနိဒါ
တနင်္လာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်သူ့လွှတ်တော် အမတ်တဦး ဖြစ်လာတော့မည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသား ဒေသများရှိ ငြိမ်းချမ်းရေး ပြဿနာများကို ဦးစားပေး ဖြေရှင်းသင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင် များက တိုက်တွန်း လိုက်သည်။

အရေးပါသည့် လွှတ်တော်အမတ်တဦး အနေဖြင့် လွှတ်တော်တွင်း လုပ်ကိုင်စရာ ကိစ္စများစွာ ရှိမည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်း စုကြည်က တိုင်းရင်းသား အရေးကို မေ့ထားမည် မထင်ကြောင်း၊ သို့သော် ယင်းကိစ္စကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက် လာစေရန်အတွက် တိုက်တွန်း သွားမည်ဟု ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး က ပြောသည်။

“ဒေါ်စုက ကျနော်တို့ တိုင်းရင်းသားအရေးကို မေ့မယ်လို့ မထင်ဘူး။ အခြေအနေက တိုင်းရင်းသားအရေးကို ပစ်ထားလို့ မရနိုင်ဘူး။ သူ ပစ်ထားလို့ မရအောင်လည်း ကျနော်တို့ တွန်းအားပေးရမှာ” ဟု မဇ္ဈိမကို ပြောသည်။

ယခုနှစ်ဆန်းကမှ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဦးခွန်ထွန်းဦးက တိုင်းရင်းသားအရေးကိစ္စသည် နိုင်ငံ အတွက် အရေးကြီးဆုံး အချိန် ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေးလုပ်ငန်း သုံးခုအဖြစ် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အခြခံဥပဒေ ပြင်ဆင်ရေး တို့ကို ပြည်သူ လူထုထံ တင်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၄ နေရာ ပြိုင်သည့် အနက် ၄၃ နေရာ အနိုင် ရရှိထားပြီး ရှမ်းပြည်နယ် ကလောမြို့နယ် နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ ကဲ့သို့သော တိုင်းရင်းသား ဒေသများတွင်ပါ အနိုင် ရခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ အစိုးရနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများအကြား နှစ်ပေါင်း များစွာက မဖြေရှင်း နိုင်ခဲ့သည့် ငြိမ်းချမ်းရေး ပြသာနာအား ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင် ပေးနိုင်လိမ့်မည်ဟု တိုင်းရင်းသား များက ယုံကြည် အားကိုးကြောင်း ပြသခြင်း ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တဒေါင့်တနေရာမှ ပါဝင်လာမည်ဟု ယုံကြည်ကြောင်း လည်း UNFC အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“သူက တိုင်းရင်းသားတွေအပေါ် ဆက်စပ်မှုရှိတယ်။ စေတနာလည်း ရှိတော့ သက်ဆိုင်ရာ လွှတ်တော် ခေါင်းဆောင် တွေက သူ့ကို တာဝန်ပေးမယ်လို့ ယုံကြည်တယ်။ သူ လုပ်လိမ့်မယ်လို့ ယုံကြည်တယ်”ဟု နိုင်ဟံသာက မဇ္စျိမကို ပြောသည်။

ထို့အပြင် “၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်တဲ့အနေရာမှာ အများကြီး အထောက်အကူ ပေးနိုင်မယ်လို့ ယုံကြည်တယ်။ တိုင်းရင်းသား အင်အားစု တွေနဲ့ နားလည်မှုရှိတယ်။ အဲဒီအပေါ်မှာ သူ့ကို ထောက်ခံတယ်။ သူဘယ်ထောက်ထိ လုပ်နိုင်မလဲ ဆိုတော့ အစိုးရ ဘယ်လောက်ထိ ခွင့်ပြုမလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်” ဟု ပြောသည်။

အစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ကချင်ခေါင်းဆောင် တဦးကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖခင်ကဲ့သို့ တိုင်းရင်းသား အရေးကို ဦးစားပေးမည်ဟု ယူဆကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးမှာ နံပါတ်တစ် ဖြစ်သင့်ကြောင်း ပြောကြားသည်။

“ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တာတွေကို နောက်က ခေါင်းဆောင်တွေ ဘယ်သူမှ လိုက်မလုပ်ဘူး။ ခု (သူ့)သမီး လက်ထက် ပြန်ဖော်ဆောင်မယ် ဆိုရင် သမိုင်းပေး တာဝန် ကျေပွန်တာပဲ။ ပထမဆုံး တိုင်းရင်းသား ငြိမ်းချမ်းရေး ကိစ္စ လုပ်ပေးဖို့၊ ပြီးမှ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့တွေ လုပ်ရင် ကောင်းမယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စက အရေးကြီးဆုံးပဲ။ ပြီးမှ ဒီမိုကရေစီအရေး ဆက်လုပ် စေချင်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်တွင်း ဆောင်ရွက်မည့် လမ်းပြမြေပုံ (Roadmap) ရေးဆွဲကာ တိုင်းရင်းသား အရေးကို အမြန်ဆုံး ဆောင်ရွက် ပေးစေလိုကြောင်း လည်း အဆိုပါ ကချင်ခေါင်းဆောင်က ပြောသည်။

၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များသည် လွတ်လပ်ရေး ရယူရာတွင် တောင်းတန်းနှင့် ပြည်မ မခွဲခြားဘဲ တန်းတူ အခွင့်အရေးအတွက် ပြည်မ-တောင်တန်း ပူးပေါင်းရေး ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။

ရွှေ့ဆိုင်းထားသည့် ကချင်ပြည်နယ် မဲဆန္ဒနယ်သုံးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် KIO အဖွဲ့နှင့် ညှိနှိုင်း ဆွေးနွေးလိုကြောင်း NLD ထုတ်ပြန်ချက်ကို KIO က ကြိုဆိုခဲ့သော်လည်း ယခုချိန်ထိ နှစ်ဘက် တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

Ref: မဇ္ဈိမ

Read More...

အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးစာရင်း ထုတ်ပြန်

မျိုးသန့် | တနင်္လာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာ ၄ဝ တွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တနင်္လာနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်ပြန် ကြေညာလိုက်သည်။

၎င်းထုတ်ပြန်ကြေညာချက်အရ နေရာ ၄ဝ လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်များ အနိုင် ရရှိခဲ့ပြီး
ပြည်သူ့ လွှတ်တော် အတွက် ၃၅ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၃ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် အတွက် ၂ နေရာတို့ ဖြစ်ကြသည်။

ထုတ်ပြန်ကြေညာချက်များအရ "ယင်းပုဂ္ဂိုလ်များသည် ၎င်းတို့နှင့် ယှဉ်တွဲပါ လွှတ်တော် မဲဆန္ဒနယ်များ၏ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြောင်း ကြေညာလိုက်သည်"ဟု ကော်မရှင် ကြေညာချက်တွင် ဖေါ်ပြပါရှိ သည်။ ကျန် ၅ နေရာမှ ရလဒ်များကို မကြာမီ ရက်ပိုင်းအတွင်း ကောမရှင်မှ တရားဝင် ထုတ်ပြန် ကြေညာဖွယ်ရှိသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်း



Ref: မဇ္ဈိမ

Read More...

ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ် အမှတ် ၃ မှာ ကျားဖြူပါတီ (SNDP) အနိုင်ရ

2012-04-03

ဧပြီလ ၁ ရက်နေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် လစ်လပ်နေရာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီ SNDP က အနိုင်ရရှိကြောင်း လာရှိုးရှိ ကျားဖြူ ပါတီဝင်များကို ကိုးကားပြီး ရှမ်းသတင်းဌာနက ဖော်ပြထားပါတယ်။

ှမ်းပြည်နယ်မြောက်ပိုင်း၊ မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် လားရှိုး၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ ကွမ်းလုံ ငါးမြို့နယ်က မဲစာရင်းပေါင်းအရ ကျားဖြူပါတီ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ဦးစိုင်းစံမင်းက NLD ပါတီအား ၁၅၂၆ မဲအသာဖြင့် အနိုင်ရရှိသွားပြီလို့ ဆိုပါတယ်။

ကျားဖြူပါတီရဲ့ မဲရရှိမှုမှာ ၄၇၂၂၆ မဲဖြစ်ပြီး NLD ပါတီမှာ ၄၅၇၀၀ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၄၅၂၉၆ မဲ၊ ကိုးကန့်ပါတီက ၁၇၈၇၄ မဲ၊ လားဟူပါတီက ၆၃၀၆ မဲ အသီးသီး ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

Monday, April 2, 2012

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က ၄၄ နေရာလုံး အနိုင်ရ

တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ ပြီးစီးသွားသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရပါသည်။

Read More...

မြန်မာရွေးကောက်ပွဲ အမေရိကန် ကြိုဆို

တနင်္ဂနွေ, 01 ဧပြီ 2012

ဒီကနေ့ ကျင်းပသွားတဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန် ပြည်ထောင်စုက ချီးကျူးစကား ပြောကြား လိုက်ပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောကြား လိုက်တာပါ။

အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီကနေ့ ကျင်းပသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန် ကြေညာချက် မလုပ်သေးပေမဲ့ အာဆီယံနဲ့ ဥရောပ သမဂ္ဂတို့က ဒီကနေ့ ပြောသွားခဲ့ကြသလိုပဲ ရွေးကောက်ပွဲ အေးအေးချမ်းချမ်း ပြီးစီး သွားတာကို ကြိုဆိုကြောင်း ဒဲရက်မစ်ချဲလ်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဒီကနေ့ ကျင်းပသွားတဲ့ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တူရကီနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးရီးယားနိုင်ငံ မိတ်ဆွေများ စည်းဝေးပွဲအတွင်း ထည့်သွင်း ပြောကြား သွားတာကိုလည်း ဒဲရက်မစ်ချဲလ်က အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ မဲပေးခဲ့ကြတဲ့ ပြည်သူတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပြီး အမေရိကန်နိုင်ငံ အနေနဲ့ ယေဘုယျအားဖြင့် ဒီကနေ့ ရွေးကောက်ပွဲကို ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေး ပြုပြင်ပြောင်းလဲမှု တွေကို ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောသွားတယ်၊” - လို့ ဒဲရက်မစ်ချဲလ် က ပြောသွားတာပါ။

ဒီကနေ့ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ တရားဝင် သဘောထား ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံထဲက အချက်အလက်တွေကို စုစောင်းပြီးမှပဲ ထုတ်ပြန်မယ်လို့ ဒဲရက်မစ်ချဲလ် က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့