..............................

Saturday, February 7, 2009

စီးပွားဦးမော့ရေးအစီအစဉ် အထက်လွှတ်တော်မှာ ယာယီသဘောတူ

07 February 2009

ငွေ အကြီးအကျယ် သုံးစွဲမယ့် အမေရိကန် စီးပွားရေးဦးမော့လာရေး အစီအစဉ်ကို အထက်လွှတ်တော်အတွင်း အခြေအတင် ဆွေးနွေး နေကြတာ အပေးအယူတည့်ပြီး ကနဦး သဘောတူညီမှု ရရှိသွားပြီ ဆိုတဲ့သတင်းများ ထွက်ပေါ်လာပါပြီ။ ဒေါ်လာ ဘီလီယံ ၇၈၀ သုံးစွဲရေး အပေးအယူ တည့်သွားတာ ဖြစ်တယ်လို့ အမည်မဖော်တဲ့ ဒီမိုကရက်တစ် သတင်းရပ်ကွက်ကို ကိုးကားကာ သောကြာနေ့ ညနေပိုင်းက အဲဒီလို သတင်းထွက်လာတာပါ။

သောကြာနေ့ အစောပိုင်းမှာ သမ္မတ ဘားရက် အိုဘားမား က အမေရိကန်တွေ အလုပ်ပြုတ်နေကြတဲ့အချိန် ဒီ စီးပွားရေး ဦးမော့စေမယ့် ဥပဒေကြမ်း အတည်ပြုရေး အချိန်ဆွဲနေတာ ခွင့်မလွတ်နိုင်သလို တာဝန်မဲ့ရာလည်း ကျတယ်ဆိုပြီး ခပ်မြန်မြန် အတည်ပြုရေး တိုက်တွန်း ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွားရေး စတင်ကျဆင်း ကတည်းက အလုပ်က ထွက်ရသူ သုံးသန်းခြောက်သိန်း ရှိသွားပြီ။ အဲဒါကြောင့် အကျပ်အတည်းကလည်း ကြီးထွားလာနေပြီ၊ ကပ်ဆိုက်မယ့် အခြေအနေကို ဦးတည်သွားနေပြီ၊ အဲဒါကြောင့် အလျင်အမြန် လုပ်ဆောင်ကြရမယ်လို့ သောကြာနေ့က အိမ်ဖြူတော်မှာ တိုက်တွန်းခဲ့ပါတယ်။

သဘောထား ပျော့ပြောင်းတဲ့ ရီပါပလစ်ကန် အမတ်များက ဒီမိုကရက်တစ် အမတ်များနဲ့ စေ့စပ် ဆွေးနွေးကြပြီး အပေးအယူ တည့်သွားတာဖြစ်လို့ မဲခွဲတဲ့ အခါမှာ ရီပါပလစ်ကန် ဘက်က ကန့်ကွက်မဲ နည်းသွားလိမ့်မယ်လို့ ဆိုကြပါတယ်။

Ref: VOA News

Read More...

ဂမ်ဘာရီ ခရီးစဉ်အတွင်း တိုးတက်မှုမပြတဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ဝေးတဲ့ထောင်ပို့

06 February 2009

နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေကို ပြသတဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာမျိုးလို လုပ်ရပ်တွေကို ပြသဖို့ လိုတယ်လို့ အတိုက်အခံနိုင်ငံရေး အသိုင်းအ၀န်းက ပြောဆိုနေချိန်မှာပဲ နောက်ထပ် ပြစ်ဒဏ် စီရင်တာတွေ၊ စီရင်ခံရပြီးသူတွေကိုလည်း မိသားစုနဲ့ဝေးရာ ထောင်တွေကို အာဏာပိုင်တွေက ဒီကနေ့အထိ ရွှေ့ပြောင်းနေတုန်းပါပဲ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း မနေ့တုန်းကပဲ အစိုးရနဲ့ အတိုက်အခံတွေကြား စေ့စပ်ဆွေးနွေးတာတွေ ချက်ခြင်းလုပ်ဖို့ တိုက်တွန်းလိုက်ချိန်မှာ အခုလို လုပ်ဆောင်မှု တွေကိုလည်း တွေ့နေရတာပါ။ ဒါဟာဆိုရင် စစ်အစိုးရဖက်က နိုင်ငံရေးအရ အပြောင်းအလဲတွေ လုပ်ဆောင်ရမယ့် အစား သဘောထား တင်းမာမှုကို ပြသနေတာလို့ အတိုက်အခံတွေက မြင်ကြပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အခုနောက်ဆုံးကတော့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ရန်ကုန် အင်းစိန်ထောင်မှာ ထိန်းသိမ်း ထားရာကနေ မိသားစုနဲ့ ဝေးလံတဲ့ ထောင်တွေကို ရွှေ့ပြောင်းလိုက်လို့ ဒါဟာ စစ်အစိုးရဖက်က သဘောထား မပြောင်းလဲသေးတာကို ပြသရာ ရောက်နေတယ်လို့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောဆို လိုက်တာပါ။ အခုတပတ် ထဲမှာပဲ မြန်မာ့ နိုင်ငံရေး ကြားဝင် စေ့စပ်ပေးဖို့ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ ရောက်လာခိုက် နိုင်ငံရေး တိုးတက်မှု ရှိတယ်ဆိုတဲ့ လက္ခဏာကို ပြသတဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အထူးကိုယ်စားလှယ်နဲ့ တွေ့ခဲ့တဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက တိုက်တွန်းထားတဲ့ ကြားကမှ ဒီလို လုပ်လိုက်တာဟာ ဟာ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ရမယ့်အစား ဖိနှိပ်မှုတွေကိုသာ တိုးလုပ်နေတာပဲလို့ အဲန်အယ်လ်ဒီ ပါတီက ပြောလိုက်တာပါ။

“ကျနော်တို့အမြင်တော့ ခုချိန်ထိ တင်းမာနေတယ်။ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဆက်လက် ဖိနှိပ် နေတယ်လို့ပဲ မြင်ပါတယ်။ နှစ်ရှည် ထောင်ဒဏ်ချတယ်၊ ထောင်တွေကို အဝေး ပို့တယ်။ မိသားစုတွေ ဆက်သွယ်ရ ခက်အောင်လို့။ ပြစ်ဒဏ်ကို အမျိုးမျိုး ပိုပြီးတော့ ထိခိုက်အောင် ပြစ်ဒဏ်တမျိုးကနေ တယောက်ကို အပြစ်ပေးရင် ကျန်တဲ့သူတွေကို အပြစ်ရသလို ဒုက္ခတွေရောက်အောင် လုပ်နေတဲ့သဘောပဲ ရှိပါတယ်။”

အဲန်အယ်လ်ဒီပါတီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ပါ။ ဒီလို နယ်ထောင်တွေကို ရွှေ့ပြောင်းလိုက်တဲ့ နေရာမှာ မိသားစုတွေအဖို့ လက်လှမ်း မမှီနိုင် ဖြစ်ကြရသလို၊ ဒီအထဲက တချို့ဆိုရင်လည်း မိသားစုဝင် တဦးချင်းကို နယ်တနယ်စီ ပို့လိုက် တာမျိုးတွေလည်း ရှိခဲ့လို့ ပိုလို့ အခက်ကြုံ ကြရတာပါ။ အခုနောက်ဆုံး ပြောင်းရွှေ့လိုက်တဲ့အထဲက ဒေါ်စန်းစန်းတင်၊ ကိုချစ်ကိုလင်း၊ မနိုးနိုး တို့ဟာ ဆိုရင်လည်း မိသားစုတစုထဲက ဖြစ်ကြပေမယ့်လို့ တကွဲတပြား ပို့ဆောင်တာ ခံခဲ့ရသလို၊ အခုဆိုရင် သူတို့ မိသားစုဝင်တွေထဲက ၅ ဦးဟာ ထောင်ဒဏ် အပြစ်ပေးခံနေရပြီး အားလုံးဟာလည်း တနယ်စီ ရောက်နေလို့ သောက ရောက်နေရသူကတော့ သူတို့ရဲ့ သားချင်း တဦးဖြစ်သူ ဒေါ်စုစုကြည် ဖြစ်ပါတယ်။

“အန်တီ သတင်းကြားတာပေါ့နော်။ ကြားတော့ အန်တီ သွားစုံစမ်းတယ် ချက်ခြင်းပဲပေါ့နော်။ အဲဒီမှာ ချစ်ကိုလေး ကို ပခုက္ကူကို ပြောင်းတယ်တဲ့။ ဒေါ်စန်းစန်းတင် ကို မတ္ထီလာ၊ နိုးနိုး ကို မတူပင်၊ တနယ်စီကို ပို့ပစ်လိုက်တာ။ နောက် နှစ်ယောက်က ကျော်စွာဌေး က ဗန်းမော် မှာ၊ သမီး သက်သက်အောင် က မြင်းခြံမှာ ပို့လိုက်တယ်။ အန်တီ တော်တော်ကို စိတ်ညစ်နေတယ်။ ဘာလုပ်ရမှန်းကို မသိဘူး ဖြစ်နေတယ်။ ပခုက္ကူ လိုက်ရမယ်။ ပခုက္ကူ ပြန်လာပြီးရင် တခါ မိတ္ထီလာ လိုက်ရမယ် နော်၊ နောက်တော့တခါ ပြန်လာပြီး မအူပင် လိုက်ရမယ်။ အဲဒီလိုတွေ တခေါက်စီ ပြန်လာပြီး ပြန်လိုက်နေရတော့ တလလုံးမှာ ဘယ်အချိန် သွားပြီးတော့ နားမလဲ။ ဒါ မိသားစုကို တနယ်ထဲ ထားပေးလို့ချင်ရင် ပို့ရတာ အဆင်ပြောတာပေါ့။ ဒီ ရန်ကုန်မှာ အင်းစိန်မှာပဲ ထားတော့ရော ဘာဖြစ်လို့လဲ။ ဘာလုပ်နိုင်လို့လဲ။ ဟုတ်တယ်မဟုတ်လား သူတို့လည်း ဖမ်းလည်း ဖမ်းထားပြီးပြီ။ ဒီနေ့တနေ့လုံး အန်တီလေ ခေါင်းတွေနောက်ပြီးတော့ ငိုချင်တယ်။ ငိုလို့လည်း မရတော့ဘူး အန်တီမှာ။ စိတ်ဆင်းရဲတာပေါ့နော်။ ဒီ ၅ ယောက်စလုံးကို ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ဟာကို။ ဖိုးသူတော် လဲသွားရင် သူတို့က ပိုကြိုက်တာပေါ့။ အန်တီက ဖိုးသူတော်ကိုး။ ဒါပေမယ့် အန်တီ မလဲအောင်တော့ ကြိုးစားထားပါတယ်။ တောင်ဝှေးတွေက အကုန် လဲကုန်ပြီ ဆိုတော့။ အန်တီကလည်း မလဲအောင်လို့ ကြိုးစားရမှာပဲ။ သူတို့ ဘယ်နေရာရောက်ရောက် သွားမှာပဲ။ အန်တီကလည်း ကြိုးစားပြီး လုပ်မှာပဲ။”

အခုနောက်ဆုံး နယ်ထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ဟာဆိုရင် ၂၀၀၇ ခုနှစ် ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆိုမှုတွေ၊ သံဃာတော်တွေရဲ့ မေတ္တာပို့ ဆုတောင်းပွဲတွေ နောက်ပိုင်း ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူတို့ကို နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်အောင် လုပ်တယ်၊ ဆူပူမှုတွေနဲ့ ပတ်သက်တယ် စတာတွေ အပါအ၀င်၊ စွပ်စွဲချက် အများအပြားနဲ့ ထောင်ဒဏ် ၉ နှစ်ကနေ ၁၁ နှစ် အထိ အပြစ်ပေး ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီအထဲမှာမှ တချို့ဟာဆိုရင်လည်း စွပ်စွဲချက် တခုတည်းကို ထပ်တလဲလဲ တပ်ပြီး နှစ်ရှည်ထောင်ဒဏ် ချခံခဲ့ရသူတွေလည်း ပါပါတယ်။

တကယ်တော့ မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံတုန်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အဲန်အယ်လ်ဒီ ပါတီက မြန်မာနိုင်ငံမှာ တရားဥပဒေ ကင်းမဲ့နေတယ်၊ တရားစီရင်ရေးမှာ မမျှမတ လုပ်တာတွေ ရှိနေတယ် ဆိုပြီးတော့လည်း အထူးကိုယ်စားလှယ်ကို ပြောခဲ့တာပါ။ မစ္စတာဂမ်ဘာရီ ရဲ့ ခရီးစဉ် အဆုံးသတ်နေ့၊ မြန်မာစစ်အစိုးရရဲ့ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့၊ ၀န်ကြီးချုပ် စတဲ့ပုဂ္ဂိုလ်တွေနဲ့လည်း ပြောဆိုကြတဲ့ နေရာမှာတော့ မြန်မာ စစ်အစိုးရဖက်က သူတို့ဟာ ပြီးခဲ့တဲ့ နှစ်အတွင်း နိုင်ငံရေး အကျဉ်းသား ၉,၀၀၀ ကျော်ကို လွှတ်ပေးခဲ့တယ်၊ တရားစီရင်မှု တွေမှာလည်း ဥပဒေနဲ့အညီ မျှမျှတတ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်ဆိုပြီး တုန့်ပြန်ခဲ့တာပါ။ အဲန်အယ်လ်ဒီပါတီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကတော့ မြန်မာနိုင်ငံက တရားစီရင်ရေး စနစ်ဟာ လွတ်လပ်မှုမရှိ ဖြစ်နေဆဲ လို့ ပြောပါတယ်။

“တရားဥပဒေစိုးမိုးရေး ရှုထောင့်ကကြည့်မယ်ဆိုရင် ပြစ်ဒဏ်တခုကို အကြိမ်ကြိမ်အခါခါ အပြစ်ပေးခွင့် မရှိဘူး။ ဒါပေမယ့် ဒီဟာတွေလည်း အယူခံမှာ သက်ဆိုင်ရာရှေ့နေတွေက ပြောကြမှာပဲ။ ခြုံပြီးတော့ပြောရင်တော့ ကျနော်တို့ ဒီလောက် ပြစ်ဒဏ်တွေ ပေးနေတာကတော့ မျှတမှု မရှိဘူးလို့ပဲ ယူဆပါမယ်။ တခု - အဲဒီမှာ ၀န်ကြီးပြောလိုက်တာက သူတို့နဲ့ မဆိုင်ဘူး။ တရားရုံးနဲ့ပဲ ဆိုင်တယ် ဆိုတဲ့သဘော ပြောလိုက်တာ၊ ဒါက တရားဥပဒေ စိုးမိုးရေး ရှိမယ်။ တရားစီရင်မှုက လွတ်လပ်မှု ရှိမယ်ဆိုရင်တော့ ဒီသဘောက မှန်တာပေါ့။ အခုဟာက ရှေ့နေလည်း ၀င်လို့မရ၊ ၀င်ခွင့်ရရင်လည်း တိုင်ပင်ခွင့်မရ။ ဒီလိုအခက်အခဲတွေ အများကြီး ရှိနေတာဟာ တရားမျှတမှု မရှိတဲ့သဘောပါ။”

အဲန်အယ်လ်ဒီပါတီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ပါ။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ မှတ်တမ်းတွေအရ ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ရှိနေတာပါ။ ဒီအထဲမှာဆိုရင်လည်း ငြိမ်းချမ်းစွာ နိုင်ငံရေး လှုပ်ရှားကြသူတွေ၊ ရဟန်း သံဃာတော်တွေနဲ့ ဒီလူတွေအတွက် ဥပဒေ အကျိုးဆောင်ပေးသူ ရှေ့နေတွေလည်း အပါအ၀င် ဖြစ်ပါတယ်။

Ref: VOA News

Read More...

ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေး ကျင်းပ

ဖနိဒါ
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 06 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ သုံးရက်ကြာကျင်းပမည့် ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃာ့ အစည်းအဝေးကြီး မန္တလေးမြို့တွင် ယနေ့ စတင်နေပြီ ဖြစ်သည်။

၁၇ ကြိမ်မြောက် အစည်းအဝေးကြီးကို ရွှေကျင်ဂိုဏ်းဝန်ဆောင် သံဃာတော်များ၊ ဆရာတော်ကြီးများဖြင့် မန္တလေး တောင်ခြေရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မ ကြီးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

''ရွှေကျင်ဂိုဏ်းတွင်းက ပြဿနာတွေ၊ လုပ်ငန်းဆောင်တာတွေကို ဆွေးနွေးကြတယ်။ ဒီက ဆုံးဖြတ်ချက်အတိုင်း အတည်ပြုချက် ယူတယ်။ တချို့ကိစ္စတွေဆို မြို့နယ်တင်ပဲ ဆုံးဖြတ်လို့ မရဘူးလေ။ ဘယ်ကျောင်းမှာ ဘယ်သူ ပြန်ထိုင်သင့်တယ်၊ ဘယ်အမှုက ဘယ်သူ လုပ်သင့်တယ် ဆိုတာတွေ၊ လိုအပ်တဲ့ စည်းကမ်းတွေ ပြန်ချမှတ်တာပါ" ဟု မဟာဝိသုဒ္ဓါရုံ တိုက်သစ်မှ ဦးဇင်းတပါးက မဇ္ဈိမကို မိန့်ဆိုသည်။

အစည်းအဝေးသို့ သီတဂူ ဆရာတော် အရှင် ဉာဏိဿရလည်း တက်ရောက်လာရာ ရွှေကျင်ဂိုဏ်းနှင့် နိုင်ငံတော်အား အကျိုးပြုသဖြင့် ဂုဏ်ထူးဆောင် ဘွဲ့လက်မှတ်တခု ချီးမြှင့်မည်ဟု ဦးဇင်းက မိန့်သည်။

"ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ ဂိုဏ်းအကျိုးပြု ပုဂ္ဂိုလ်တွေကို အသိအမှတ်ပြုမယ်။ သီတဂူဆရာတော်ကိုတောင် ရွှေကျင်ဂိုဏ်းနဲ့ နိုင်ငံတော်ကို အကျိုးပြုတဲ့အတွက် ဂုဏ်ထူးဆောင်ဘွဲ့ တခုခု ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ကြားတယ်။ သီတဂူ ဆရာတော်ရဲ့ ပြခန်းလည်း ဖွင့်တယ်" ဟု ဦးဇင်းက ဆိုသည်။

အစည်းအဝေးကျင်းပရာသို့ သွားရာလမ်းမရှိ မုခ်ဦးနံဘေးတွင် " သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ" ဟု ရေးသားဖော်ပြထားသည်။

"သူတော်ကောင်းဆိုတာ တယောက်နဲ့ တယောက်ပေါ် နားလည်၊ သနားကြင်နာတတ်မယ်။ မေတ္တာရှိမှ ငြိမ်းချမ်းမှု ရမှာကိုး။ ကမ္ဘာကြီးမှာ အပူမီး တိုက်နေတာတွေ ကြည့်ပြီး ဒီကမ္ဘာပေါ်မှာ သူတော်ကောင်းတွေသာ ရှိနေရင် ဘယ်လောက် ငြိမ်းချမ်းမလဲဆိုတဲ့ အနေအထားမျိုးနဲ့ ရေးထားတာဖြစ်တယ်။ လူတွေ ငြိမ်းချမ်းရေး ရအောင်လို့ပါပဲ။ သူတော်ကောင်းတရား ထွန်းတောက်ပါစေ၊ အသိအတရား ရှိကြပါစေ၊ နားလည်မှု ရှိကြဖို့ ရေးထားတာပဲ"ဟု ဦးဇင်းက ရှင်းပြသည်။

ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်သူ လူများစုနေထိုင်သည့် မြန်မာနိုင်ငံ၌ မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ် (၁၈၆၀)တွင် ပထမ ရွှေကျင် ဆရာတော် ဥုးဇာဂရ အမှူးရှိသည့် ရွှေကျင်တိုက် ၅ တိုက် သံဃာများကို ပဉ္စမ သင်္ဂါယနာတင်သည့် မင်းတုန်းမင်းကြီးက သီးခြား သံဃာဂိုဏ်းအဖြစ် စတင်အသိအမှတ်ပြု ကိုးကွယ်ခဲ့သည်။

၁၂၈၂ (၁၉၂၀)ခုနှစ်တွင် ပထမဆုံးအကြိမ် ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့သည်။

ရွှေကျင်ဂိုဏ်းသည် ပြည်နယ်နှင့် တိုင်းအချို့ရှိ မြို့နယ် ၁၇၃ မြို့နယ်တွင် ကျောင်းပေါင်း ၃၁၈၁ ကျောင်းရှိပြီး ရဟန်းတော် ၂၂ဝ၄ဝ ပါးနှင့် ကိုရင်ပေါင်း ၂၇၃၂၅ ပါး ရှိကြောင်း ရွှေကျင်ဂိုဏ်း ဗဟိုဌာနချုပ် မဟာဝိသုဒ္ဓါရုံ တိုက်သစ်မှ ဝါဆိုသံဃာ စာရင်းအရ သိရသည်။

Ref: မဇ္ဈိမ

Read More...

အယ်ဒီတာနှင့် သတင်းထောက် ပြန်လွတ်

နန်းဒေ၀ီ
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 06 2009

နယူးဒေလီ (မဇ္စျိမ)။ ။ အင်းစိန်ထောင်တွင် နှစ်လကျော်ကြာ ထိန်းသိမ်းခံရပြီးနောက် News Watch အပတ်စဉ်ထုတ် သတင်းဂျာနယ် အယ်ဒီတာနှင့် သတင်းထောက်မှာ ယခုအပတ်အတွင်း အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့သည်။

တရားသူကြီးများ လာဘ်စားသည့်အကြောင်း ဂျာနယ်က ရေးသားဖော်ပြရာတွင် ပုဒ်မအသုံးအနှုန်း မှားယွင်း ဖော်ပြမှုကြောင့် အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုမနောထွန်းကို နိုဝင်ဘာလ အစောပိုင်းက ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် အမှု ဆိုင်ခဲ့ရသည်။

" တရားရုံးက လာဘ်စားနေတယ်ဆိုပြီး သတင်းရေးတယ်။ အဲဒါကို ဘယ်လို ဥပဒေ ပုဒ်မနဲ့ အရေးယူလို့ ရတယ်ဆိုတဲ့ quotes (ကိုးကားချက်) ကိုတော့ တရားရေးရာ စာစောင်ထဲကနေ ကိုးကားထားတယ်။ ကိုးကားတဲ့ ပုဒ်မ အသုံးအနှုန်းက မှားသွားတယ်။ ဒါကြောင့် …တရားရုံးကို မထီမဲ့မြင် ပြုတယ်ဆိုပြီးတော့" ဖမ်းဆီး တရားစွဲခံရသည်ဟု News Watch နှင့် နီးစပ်သည့် အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

သူက ဆက်ပြီး " အမှု အသွားအလာအရ အမှုတင် မရဘူးဖြစ်နေတော့ ရုံးထုတ်အချိန်ယူပြီး နောက်ဆုံး ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တယ်" ဟု ပြောသည်။

ဦးခင်မောင်အေးနှင့် ကိုမနောထွန်းသည် News Watch စတင်ထုတ်ဝေကတည်းက လုပ်ကိုင်ခဲ့ကြသည်။ သူတို့ကို အလုပ် ပြန်ခန့်ရေးအတွက် ဂျာနယ်တိုက်က စဉ်းစားနေဆဲ ဖြစ်ကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။

Ref: မဇ္စျိမ

Read More...

KIA ထိန်းချုပ်ရာမြို့ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံရ

မျိုးကြီး
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 06 2009

ရွှေလီ (မဇျွိမ) ။ ။ ကချင် လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်ရာ တရုတ်နယ်စပ်ရှိ မိုင်ဂျာယန်မြို့သည် ယမန်နေ့ကစ၍ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းအချို့ ပြတ်တောက်နေသည်။

ယခင်က ကျေးလက်တောရွာလေး အဖြစ်မှ ယခုအခါ မြို့ငယ်အဆင့်အထိ ဖွံ့ဖြိုးလာခဲ့သည့် KIA တပ်မဟာ (၃) ဌာနချုပ် ထိန်းချုပ်ရာ မိုင်ဂျာယန်သည် တရုတ်ပြည် ယူနန်ပြည်နယ် ကျန်းဖုန်းမြို့နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး တရုတ်ဘက်မှ လျှပ်စစ်မီးကို ရယူသုံးစွဲနေခြင်း ဖြစ်သည်။


မကြာသေးခင်က ၎င်းမြို့တွင် ဖွင့်ထားသည့် လောင်းကစားဝိုင်းများသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံသား လူငယ်များအား ပြန်ပေးဆွဲ ခံထားရကြောင်း သတင်းများ ထွက်လာအပြီး ယခုလို ဖြတ်တောက်ခံရခြင်း ဖြစ်သည်။

"တရုတ်အစိုးရက ပြန်လွှတ်ပေးဖို့ လာရှာရင်းနဲ့ တချို့ဟာက မတွေ့ဘူး ဖြစ်သွားတာ။ လာရှာတဲ့သူ မတွေ့ဘူး ဆိုတော့ အဲဒါလိုက်ရှာပြီး အမြန် လုပ်ခိုင်းထားတာ။ အဲဒါ မရတော့ မီးတွေဘာတွေ ဖြတ်မယ်ဆိုတော့၊ မနေ့ကမှ စဖြတ်တာ'' ဟု ဒေသခံတဦးက ပြောသည်။

ပြန်ပေးဆွဲမှုဖြစ်ချိန်တွင် မြန်မာစစ်တပ်က မြို့တွင်းသို့ ထိန်းချုပ် စောင့်ကြပ်ခဲ့သော်လည်း လွန်ခဲ့သည့် တပတ်ခန့်က ပြန်ထွက်သွားကာ၊ မိုင်ဂျာယန်နှင့် ၅ မိုင်ခန့် ဝေးသည့်နေရာတွင် စခန်းချထားသည်။

ပြန်ပေးဆွဲဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် လောင်းကစားဝိုင်းများအား အာဏာပိုင်များက ပိတ်ပစ်ခဲ့သည်။

အပိတ်ခံထားရသည့် ဖုန်းလိုင်းအချို့ ဆိုသည်မှာ လောင်းကစားရုံများနှင့် ဆက်စပ်နေသည့် တရုတ်ပြည်တွင်းပြော နံပတ် ၁၁ လုံးပါ လက်ကိုင်ဖုန်း အချို့ဖြစ်သည်။

Ref: မဇျွိမ

Read More...

Friday, February 6, 2009

မစ္စတာဂမ်ဘာရီခရီး စာရင်းရှင်းတမ်း (ဆောင်းပါး)

ရဲဘော်ဖိုးသံချောင်း / ၅ ဖေဖော်ဝါရီ ၂၀၀၉

လက်ဗလာဝင်ရောက်လာတဲ့ မစ္စတာဂမ်ဘာရီတော့ လက်ဗလာနဲ့ ပြန်သွားပြန်ပြီ။

လက်ဗလာပြန်သွားရပေမယ့် လာကတည်းက လက်ဗလာလာသူမို့ သူကတော့ ဘာမှမရှုံးဘူး။ ပါးစပ်ပဲစိုက်ရတာ။ ပါးစပ်အစာ (ပြန်အစီရင်ခံစရာ) ရရင် သူ့အတွက် စရိတ်ကျေပြီ။

အလားတူပဲ နဂိုကတည်းက ဒီမိုကရေစီဗလာဖြစ်နေတဲ့ ဗမာပြည်သားတွေ အဖို့ ဗလာပဲရလိုက်ပါတယ်။

စာရင်းချုပ်လိုက်တော့ ဘယ်သူတွေကမြတ်လို့ ဘယ်သူတွေကရှုံးသလဲ။

ပြန်ကြည့်လိုက်ရင် ကုလသမဂ္ဂအတွင်းရေးမှူးရဲ့အထူးသံတမန်ဆိုတာတွေ လာလိုက်တဲ့ အကြိမ်တွေ များပဲများလှပြီဆိုတာ တွေ့ရမှာပါ။ ဘဝသံသရာ ရထားကြီးလိုပဲ တယောက်ဆင်း တယောက်တက်၊ ကုလသမဂ္ဂ အတွင်းရေးမှူးတွေလည်းပြောင်း၊ သူတို့ရဲ့ အထူးသံတမန်တွေလည်းပြောင်း။ မပြောင်းတာက ဗမာပြည်ရဲ့အခြေအနေ။ ပြည်သူတွေရဲ့ဘဝ။ ဓာတ်ပြားဟောင်းကြီးနဲ့ ငိုချင်းချနေရတဲ့ ဗမာပြည်ပြည်သူ တွေရဲ့ဘဝ။ နအဖစီစဉ်တဲ့အတိုင်းနေ၊ သွား၊ တွေ့၊ ပြော၊ အကုန် လိုက်လုပ်နေရတဲ့ အထူးသံတမန်ဟာ ဘယ်သူ့ကို ကိုယ်စားပြုတာလဲ ဆိုတာတောင် စဉ်းစားရမလိုဖြစ်နေပါပြီ။

မစ္စတာဂမ်ဘာရီရဲ့ ဒီတခါလာတဲ့ ခရီးစဉ်ဟာ နှစ်ဖက်ရင်ကြားစေ့ပေးဖို့လို့ ဆိုပါတယ်။ ကြားလို့ကောင်းလှပါတယ်။ ဒါပေမယ့် ဒီနိုင်ငံကို သူတခေါက်လာတိုင်း နှစ်ဖက်ဟာ ပိုပိုနီးလာသလား၊ ဝေးဝေးသွားသလား ပြန်စဉ်းစားရမလို ဖြစ်နေပါတယ်။ လက်တွေ့အနေအထားက ကုလသမဂ္ဂ သံတမန် တခေါက်လာတိုင်း၊ ဗိုလ်သန်းရွှေတယောက် “အတွေ့မခံဘူး” ဆိုပြီး တခါမာန် တခါတင်း လိုက်ရတိုင်း၊ ကြာရင် ဗိုလ်သန်းရွှေ တက်နေမှာတောင် စိုးရပါတယ်။ မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီကို အတွေ့မခံဘူးဆိုတဲ့အခါမှာတော့ နအဖနဲ့ သူတို့ရဲ့ အလိုတော်ရိတွေဟာ ဒေါ်စုကို အကြီးအကျယ် တိုက်ခိုက်ပြောဆိုခဲ့ကြပါတယ်၊ ဒါပေမယ့် ဗိုလ်သန်းရွှေက အခေါက်တိုင်းမှာ မတွေ့ဘူးဆိုတာကျတော့ လေသံတောင်မဟဝံ့ပါဘူး။

ဒီကြောင့်မို့ အကြိမ်ကြိမ်လာနေတဲ့ မစ္စတာဂမ်ဘာရီလိုလူဟာ သင်ခန်းစာမယူရော့လေသလားလို့ တွေးစရာဖြစ်နေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးတွေရော သင်ခန်းစာမယူလေရော့သလား။ သူတို့အနေနဲ့ နှစ်ဖက်ရပ်တည်ချက်တွေကို ပိုသိရတာဟာ အမြတ်ပဲလို့ ပြောကောင်းပြောပါလိမ့်မယ်။

တကယ်က နှစ်ဖက်စလုံးဟာ လက်ရှိရပ်တည်ချက်တွေကို လွန်ခဲ့တဲ့ (၁၈) နှစ်လောက် ကတည်းကစပြီး အပြောင်းအလဲမရှိ ရပ်တည်ခဲ့ကြတာပါ။ ဒါကိုပဲ “အော်- ဒီနှစ်လည်းမပြောင်းကြသေးဘူး” လို့ ကောက်ချက်ချပြီး ပြန်သွားရတယ်ဆိုတာမျိုးနဲ့ ဗမာပြည်နိုင်ငံရေးကို စမ်းသပ်ခန်းထဲက ယုန်ကလေး၊ ပူးကလေးလို အသုံးချတာ ခံမနေသင့်တော့ပါဘူး။

တခြားနိုင်ငံတွေအဖို့က လက်ရှိစစ်အစိုးရပုံစံကနေ အရပ်သားအစိုးရပုံစံကို တကယ်ပြောင်း မပြောင်းဆိုတာ အရေးမကြီးပါဘူး။ ကြည့်ရတာ သဏ္ဌာန်လောက်ပြောင်းရင်တောင် ကျေနပ်မယ်ဆိုတဲ့ အစိုးရတွေလည်း မနည်းဘူးထင်ပါတယ်။ အီးယူက အီတလီနိုင်ငံ သံအမတ်က ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့တယ်ဆိုတာကို သတိထားသင့်ပါတယ်။ သူတို့အနေနဲ့ နအဖရဲ့စရိုက်အကျင့်ရော၊ ရပ်တည်ချက်သဘောထားတွေကိုပါ ကောင်းကောင်းသိပါတယ်။ သူတို့ဟာ ဗမာပြည်သူတွေကို မစာနာတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူမှ ကိုယ့်နိုင်ငံအရေးလို သဘောမထားနိုင်ပါဘူး။ ဒါဟာ ပကတိအခြေအနေပါ။ ဒီကြားထဲကပဲ ဘယ်နိုင်ငံ၊ ဘယ်ခေါင်းဆောင်ကဖြင့် ဗမာပြည်နဲ့ပတ်သက်ပြီး ဘာပြောပြန်ပြီဆိုတာတွေကို ရှေ့တန်းတင်ဖော်ထုတ်၊ ပြောဆိုကြ၊ တဆက်တည်းမှာ စိုးရိမ်ကြ၊ အားတက်ကြ၊ မျှော်လင့်ကြ၊ ဗမာပြည်သားတွေကို “ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ပေးပါ” ဆိုတဲ့ ပုံပြင်တွေနဲ့ ချွေးသိပ်နေတာ မတရားဘူးလို့ ထင်ပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ ဒီတခေါက်ခရီးမှာ အားလုံးအာရုံစိုက်သင့် ကိစ္စတရပ်၊ သဘောထားတခုလည်း ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ နအဖက ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုတာပါပဲ။ ဒါဟာ ဒီပုဂ္ဂိုလ်နှစ်ယောက်အပေါ် စစ်အစိုးရက အငြိုးအတေးကြီးတယ်ဆိုတာလောက် မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွေးခွဲဖို့၊ ခြိမ်းခြောက်ဖို့၊ အချိန်မရွေးအရေးယူနိုင်ဖို့ ဖဲတချပ် ချန်ထားတယ်ဆိုတာကို ပြနေတာဖြစ်ပါတယ်။

နောက်အချက်တချက်က နအဖဟာ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးသံတမန်တွေလာတိုင်း ဘယ်မှာမှ လူတောမတိုးတဲ့ သူတို့ရဲ့ နောက်လိုက်ခွေးတွေကို ပွဲထုတ်ဝါဒါဖြန့်ခွင့်ရနေပါတယ်။ ဒါဟာ သူတို့ရဲ့ရွေးကောက်ပွဲအတွက် ကြော်ငြာဖြန့်တာလို့ ဆိုနိုင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီ အင်အားစုတွေကိုလည်း “တွေ့လား” လို့ မေးငေါ့ပြနေတာဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းကိုတော့ နအဖဗိုလ်ချုပ်တွေက မျက်စိထဲတောင် မထားဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

ဗမာပြည်အရေးကို နိုင်ငံတကာဇာတ်ခုံပေါ်ရောက်စေတယ်ဆိုတိုင်း အကောင်းချည်းမဟုတ်ဘူးဆိုတာကို ဒီအခြေအနေတွေက သက်သေပြနေပါတယ်။ ဗမာနိုင်ငံသားတွေရဲ့ သေရေးရှင်ရေးကို သူတို့က စားလို့ သောက်လို့ ကောင်းရုံ၊ မင်းတိုင်းကျေ လုပ်နေကြတာဖြစ်ပါတယ်။ ဒီကြားထဲမှာ နအဖအဖို့ကျတော့ ဒါတွေဟာ သူတို့ ဖြစ်စေချင်တဲ့ အချိန်ဆွဲခြင်းဖြစ်လာပြီး အချောင် အမြတ်ရနေပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နအဖကို ဘယ်သူမှမကြိုက်တာတော့အမှန်ပါပဲ။ ဒါပေမယ့် ဒီကိစ္စအတွက် ဘယ်သူမှ ကိုယ့်အကျိုးစီးပွားကို အထိခိုက်ခံမှာမဟုတ်ပါဘူး။ အလွန်ဆုံး လေသံလေးပစ်လိုက်၊ ဒေါ်လာစလေး ပစ်လိုက် လောက်ပဲဖြစ်မှာပါ။ ဒါဟာ သူတို့ကို အပြစ်တင်တာမဟုတ်ပါဘူး။ ဒါတွေကို သိုက်စာလုပ်ပြီး ပေးနေတဲ့လူတွေနဲ့ သိုက်စာလိုဖတ်ရှု မျှော်မှန်းနေကြသူတွေကိုသာ မဖြစ်သင့်ကြောင်း ပြောလိုတာဖြစ်ပါတယ်။

တကယ်က ဒီနေ့ နိုင်ငံတကာအခြေအနေမှာ ကုလသမဂ္ဂဟာ သိပ်စွမ်းဆောင်နိုင်တာမဟုတ်ပါဘူး။ ကမ္ဘာ့နေရာအနှံ့အပြားမှာ ကုလသမဂ္ဂက ဝင်စေ့စပ်တယ်ဆိုတာတွေဟာ တိုးလိုးတန်းလန်းချည်းဖြစ်ပါတယ်။ ကောင်းတဲ့အဖြေထွက်ပြီး ပြီးပြတ် သွားတယ်ဆိုတာ (၁ဝ) ရာခိုင်နှုန်းတောင် မရှိလောက်ပါဘူး။ ပါလက်စတိုင်း၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ ပြည်သူတွေဟာ အသက်ကို ဖက်နဲ့ထုပ်ပြီး ဒုက္ခပင်လယ်ထဲမှာ မျောနေရှာကြတာ ကြာပဲကြာလှပါပကော။ ဒီဂျာအေးသူ့အမေရိုက်ဇာတ်လမ်းတွေထဲမှာ ဗမာပြည်အရေးကို ထည့်မထား သင့်တော့ပါဘူး။ ဗမာပြည်ပြည်သူတွေအနေနဲ့ လော်ဘီတွေကို မျှော်ရည်နေမယ့်အစား တော်ပြီလို့ ပြောကြရမယ့်အချိန်ကို ရောက်လာပြီထင်ပါတယ်။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

......

Read More...

ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာ ဂျိုလီ မြန်မာဒုက္ခသည်စခန်း သွားရောက်

05 February 2009

အမေရိကန်နိုင်ငံ ဟောလိဝုဒ်က ကမ္ဘာကျော် ရုပ်ရှင် သရုပ်ဆောင်လည်းဖြစ်၊ ကုလသမဂ္ဂ အဖွဲ့ရဲ့ ချစ်ကြည်ရေး ဂုဏ်ထူးဆောင် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ မင်းသမီး အိန်ဂျလီနာ ဂျိုလီ (Angelina Jolie) နဲ့ ခင်ပွန်းသည်ဘရက်ဒ် ပစ်တ် (Brad Pitt) တို့ ဗုဒ္ဓဟူးနေ့က ထိုင်း-မြန်မာနယ်စပ်က ကရင်နီဒုက္ခသည် စခန်းကို သွားရောက်လည်ပတ်ခဲ့ပြီး ထိုင်းအစိုးရ အနေနဲ့ ဒုက္ခသည်တွေကို စခန်းထဲမှာ ထိန်းချုပ်ကန့်သတ်ထားမယ့်အစား ပိုမို လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ တောင်းဆို လိုက်ပါတယ်။ စခန်းထဲက မသန်မစွမ်း ဖြစ်နေသူတွေ၊ ကလေးငယ်တွေနဲ့ တွေ့ဆုံပြီး လိုအပ်တဲ့ အကူအညီတွေ တင်ပြဖို့လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အိန်ဂျယ်လီနာ ဂျိုလီရဲ့ ဒုက္ခသည်စခန်းကိုသွားခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကရင်နီ ကန္တာရ၀တီ သတင်းဌာနက အယ်ဒီတာ ကိုဖယ်ထူးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“သူက ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှာ မနေ့က နေ့လယ်ပိုင်းလောက် ရောက်လာတယ်။ ရောက်လာတော့ သူက စခန်းထဲမှာရှိတဲ့ မသန်မစွမ်း လူတွေနဲ့ တွေ့တယ်၊ ကလေးငယ်တွေနဲ့ တွေ့တယ်။ အဲဒီလိုတွေ့တော့ အထောက်အကူပစ္စည်း လိုအပ်မှုရှိလား၊ အကယ်၍ လိုမယ်ဆိုရင် ကျမကိုပြောပြပါ၊ ကျမ တတ်နိုင်သလောက် ကူညီပေးမယ်လို့ သူပြောတယ်။

“ဒါပေမယ့် အထဲက ဆရာမတွေက သူ့ကိုပြန်ပြောတယ်၊ ကျမတို့ လိုအပ်မှုရှိတယ်၊ အကယ်၍ အထောက်အပံ့ပစ္စည်း ထပ်ပြီး ပံ့ပိုး ပေးနိုင်မယ်ဆိုရင် မသန်မစွမ်း ကလေးတွေအတွက် အများကြီး အထောက်အကူဖြစ်မှာပဲလို့ ပြောတယ်။ သူကတော့ အတတ်နိုင်ဆုံး ဖြစ်အောင် ကျမကူညီပေးမယ်လို့ ပြောသွားတယ်လို့ ပြောတယ်။

“နောက် မိဘမဲ့ဘော်ဒါဆောင် ကျောင်းတကျောင်းကို သွားလည်သေးတယ်လို့ ပြောတယ်။ အဲဒီမှာလည်း ကလေးတွေနဲ့ သွားတွေ့တယ်၊ စကားပြောတယ်။ အဲလိုမျိုးတော့ သူလုပ်သွားတယ်။ ဒါပေမယ့် တကယ့် စခန်းတာဝန်ရှိတဲ့ လူနဲ့ သူ စကားတော့ မပြော လိုက်ရဘူး၊ တွေ့လည်း မတွေ့ဘူး။

“တခြား တွေ့တဲ့လူတွေလည်းရှိတယ်။ သူသွားတဲ့လမ်းမှာတွေ့တဲ့ ဒုက္ခသည်တွေဆိုလည်း သူ ထိုင်ပြီး စကားပြောတယ်။ ကြည့်သွားတယ်။ ဒီစခန်းက အခြေအနေ ဘယ်လိုရှိလဲ၊ လေ့လာသွားတဲ့သဘောပေါ့။ သူ ဘာဖြစ်လို့လာလည်လဲ၊ သူ့ခရီးစဉ် ဘာရှိလဲလို့ ကျနော်မေးကြည့်တော့ သူက ထူးထူးခြားခြား မရှိပါဘူး၊ လာလည်တာပါပဲလို့ ပြောတယ်။”

အိန်ဂျယ်လီနာ ဂျိုလီနဲ့အတူ ထိုင်းအာဏာပိုင်တချို့နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးက ကိုယ်စားလှယ် တွေလည်း ပါလာတယ်လို့ ဆိုပါတယ်။

စခန်းထဲမှာ ဒုက္ခသည်ပေါင်း ၁၀,၀၀၀ ကျော် ရှိနေတာရယ်၊ ကြိုတင်အကြောင်းကြား ထားခြင်း မရှိတာရယ်ကြောင့် သူမ လာတာကို လူတော်တော်များများ မသိလိုက်ကြဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အိန်ဂျယ်လီနာ ဂျိုလီ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းကို သွားရောက်လည်ပတ်တုန်းကလည်း အခုလိုပဲ တွေ့စရာ ရှိတဲ့သူတွေကိုသာ တွေ့ပြီး ပြန်သွားတဲ့အတွက် သူမ စခန်းထဲမှာရှိနေတုန်း လူ သိပ်မသိလိုက်ဘူးလို့ ကိုဖယ်ထူးက ပြောပါတယ်။

ဟောလိဝုဒ်က နာမည်ကြီးမင်းသမီးတယောက် အခုလို ဒုက္ခသည်စခန်းကို လာလည်တဲ့အတွက် ဒုက္ခသည်တွေကို စိတ်ဓာတ်ရေးရာအရ အားပေးရာ ရောက်တယ်လို့ ကိုဖယ်ထူးက ပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ သူက နာမည်ကြီး ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး တယောက် အနေနဲ့ လာတဲ့အတွက် ဒုက္ခသည်တွေက ဒုက္ခသည် အနေနဲ့ သူတို့ အားငယ်နေမယ်၊ စိတ်ဆင်းရဲနေမယ်ဆိုရင် သူလာလည်သွားတဲ့အတွက် စိတ်ဓာတ် ရေးရာအရ အားပေးရာ ရောက်ပါတယ်။ သူကလည်း အရမ်းနာမည်ကြီးပြီး ကျနော်တို့ဆီ လာလည်သွားသေး တာပဲ၊ တဖက်မှာလည်း ဒီဒုက္ခသည်တွေက ပီတိ ခံစားရတာလည်း ရှိရင်ရှိမှာပေါ့။”

ကန္တာရ၀တီ သတင်းဌာနက အယ်ဒီတာ ကိုဖယ်ထူး ပြောပြသွားတာ ဖြစ်ပါတယ်။

အိန်ဂျယ်လီနာ ဂျိုလီ ဒုက္ခသည်စခန်းထဲကို သွားလည်တုန်း တွေ့ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးဟာ စခန်းထဲမှာပဲ မွေးပြီး ကြီးပြင်းလာရတယ် ဆိုတာကို သိလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်မိတဲ့အကြောင်း အိန်ဂျယ်လီနာ ဂျိုလီ ပြောတာကို ကုလ သမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကိုးကားဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေဟာ သူတို့ရဲ့ နေရပ် မြန်မာနိုင်ငံကို ပြန်ခွင့် မရကြတဲ့ အတွက် ထိုင်းအစိုးရ အနေနဲ့ ပိုမို လွတ်လပ်ခွင့် နဲ့ အဆင့်မြင့် ပညာ သင်ကြားခွင့်တွေပေးဖို့၊ နောက် သူတို့အတွက် အန္တရာယ် ရှိနေသမျှ ကာလ ပတ်လုံး ဒီဒုက္ခသည်တွေကို ထိုင်းအစိုးရ အနေနဲ့ နေရပ် အတင်းအကျပ် ပြန်မပို့ဖို့ တွေကိုလည်း အိန်ဂျယ်လီနာ ဂျိုလီက တောင်းဆိုခဲ့ပါတဲ့ အကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Ref: VOA News

.....

Read More...

Thursday, February 5, 2009

အန်အယ်လ်ဒီကို စစ်အစိုးရ ရာဇသံပေး လူထုအတွက် အကောင်းဆုံးကို အန်အယ်လ်ဒီ တောင်းဆို

မင်းနိုင်သူ/ ၅ ဖေဖော်ဝါရီ ၂၀၀၉

ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်လေးစားပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို အသိအမှတ် ပြုရမည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ပြည်သူလူထု ထောက်ခံထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပျက်ပြားအောင်၊ ထိခိုက်အောင် လုပ်ဆောင်လာမှု မှန်သမျှကို ဆန့်ကျင် ဖယ်ရှားသွားမည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီအား ခပ်တင်းတင်း ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး ခေတ်ပြိုင်က မေးမြန်းရာ ပြည်သူလူထု၏ ဆန္ဒကို အမှန်တကယ် လေးစားလျှင် ပြည်သူများ တခဲနက်မဲပေး ရွေးချယ်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အဘယ့်ကြောင့် အသိအမှတ် မပြုသနည်းဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါဖွဲ့ စည်းပုံအခြေခံဥပဒေကို နအဖစစ်အစိုးရက နာဂစ် ဖြစ်ပြီးစအချိန် ၂၀၀၈ မေလအတွင်း နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများကို လက်မခံဘဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး (၉၂.၄၈) ရာခိုင်နှုန်း ထောက်ခံခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော် အန်အယ်လ်ဒီက အဆိုပါ အခြေခံဥပဒေကို ပြန်သုံးသပ်ပေးရန် စစ်အစိုးရထံ တောင်းဆိုထားသည်။

“ကျနော်တို့ ပြန်လည်သုံးသပ်ရေးမူနဲ့ နအဖလုပ်နေတာတွေ နီးစပ်ပါ့မလား ဆိုတော့ ရှေ့ အလားအလာ သုံးသပ်ရမှာ ခက်ပါတယ်။ အခု ပြောသွားတဲ့ အထဲမှာကိုက တရားမျှတမှု မရှိတာတွေ အများကြီးပါနေတယ်။ ပြည်သူ့ဆန္ဒကို လေးစားတယ်ဆို ပြည်သူတွေ ရွေးကောက်ထားတဲ့ ၁၉၉၀ ရလဒ်ကို ဘာဖြစ်လို့ အသိအမှတ် မပြုတာလဲ။ ကျနော်တို့က ဒီလို ပြန်ပြောချင်ပါတယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အန်အယ်လ်ဒီအနေဖြင့် တောင်းဆိုထားချက်များ ရနိုင်မည့် အသွင်လက္ခဏာ မတွေ့ရကြောင်း၊ သို့သော် တိုင်းပြည်နှင့် လူထုအတွက် အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးကို တောင်းဆို ထားခြင်းကြောင့် ထိုအတိုင်းသာ ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း၊ မရခဲ့လျှင် မည်ကဲ့သို့ လုပ်ဆောင်သွားမည် ဆိုသည့် မူဝါဒဆိုင်ရာ ကိစ္စများကို ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။

အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စနှင့်စပ်လျဉ်း၍ ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ထိပ်တိုက်တွေ့ရမယ့် သဘောတောင် ဖြစ်နေတယ်ပေါ့။ အစိုးရကလည်း ဒီ ဥပဒေကိုကိုင်ပြီး ရွေးကောက်ပွဲ လုပ်မယ်။ ရွေးကောက်ပွဲ ပျက်အောင် လုပ်တဲ့သူတွေကို အရေးယူသွားမယ် ဆိုတာတွေက ဂမ်ဘာရီ မလာခင် ကတည်းက ပြောဆို လုပ်ကိုင်ပြနေတာပဲ။ ဖွဲ့စည်းပုံ ကန့်ကွက်တဲ့ သူတွေကို ဖမ်းတာဆီးတာတွေ လုပ်ခဲ့တာပဲကိုး။ တင်းတင်းကျပ်ကျပ် လုပ်တာကို တွေ့ရတယ်လေ။၂၀၁၀ ရွေးကောက်ပွဲကို နှောင့်ယှက်တယ်လို့ ယူဆရင် အစိုးရကတော့ ဖမ်းဆီး ထောင်ချနေမှာပဲ။ အခုလည်း နှစ်ရှည် ထောင်ဒဏ်တွေ ချနေတာပဲလေ။ ဆိုတော့ အဲဒီအချိန်ကျတော့ အန်အယ်လ်ဒီဘက်က (၅) သောင်း၊ (၁) သိန်း ဖမ်းချင်ဖမ်းကွာ ဆိုပြီးတော့ ဆန္ဒပြမယ့်လူ ရှိသလား မရှိဘူးလား။ သူတို့ ကန့်ကွက်ပွဲ အောင်နိုင်ဖို့ရာက အနည်းဆုံး လူတသောင်းလောက် ထောင်ကျ ခံရဲတဲ့သူ ရှိသလား။ ဒါပဲ။ အဲဒီပေါ်မှာ တည်နေတယ်လေ။ အစိုးရ ဆိုတာကတော့ သူ့လက်ရှိအာဏာကို လက်မလွှတ်ချင်တာ သဘာဝပဲ” ဟု သုံးသပ်ပြောဆိုသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံ လာရောက်ရေး ကိစ္စမှာလည်း အခြေအနေနှင့် အချိန်အခါပေါ် မူတည်သည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီအား ပြောခြင်းသည် မြန်မာ စစ်အစိုးရဘက်က ဘန်ကီမွန်းကို လက်ခံလိုခြင်း မရှိ ဆိုသည့် သဘောဖြစ်ကြောင်း ရန်ကုန် နိုင်ငံရေးသမား အချို့က ယူဆသည်။

ဂမ်ဘာရီအား နအဖပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်ဆန်း၏ ရှင်းလင်း ပြောဆိုချက်များကို ချုပ်ကြည့်လျှင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂမ်ဘာရီ၏ ကမ်းလှမ်းချက်များကို အနုနည်းဖြင့် ငြင်းပယ်ခဲ့သလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခွင့် တောင်းထားသည့် အန်အယ်လ်ဒီကိုလည်း ရာဇသံပေးသည့် သဘောဆောင်သည်ဟု အတိုက်အခံ အချို့က ယူဆသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီထောင်ခွင့်၊ စည်းရုံးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်များ ကျယ်ကျယ်ပြန့်ပြန့် ရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် မည်သည့်လတွင် ကျင်းပမည်၊ ရွေးကောက်ပွဲ ဥပဒေကို မည်သည့်အချိန် ထုတ်ပြန်ပေးမည် စသည်တို့ကိုမူ ဖြေကြားသွားခြင်း မရှိပေ။

Ref: ခေတ်ပြိုင်

Read More...

ထိပ်တန်း အစိုးရ ရာထူးအပြောင်းအလဲ

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 04 2009 16:54 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ၀န်ထမ်းရွေးချယ်လေ့ကျင့် ဥက္ကဌရာထူးအပါအ၀င် ထိပ်တန်း ရာထူးအချို့ အပြောင်းအလဲ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရပ်ကွက်များက ပြောသည်။

ပြည်သူ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာ သန်းညွှန့်နှင့် ပညာရေး ဒုဝန်ကြီး ဦးမျိုးညွှန့်တို့ ရာထူးမှ အနားယူ သွားပြီဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်သူကို ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဥက္ကဌအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်သည်။ ဤရာထူးမှာ ၀န်ကြီးရာထူးနှင့် တန်းတူအဆင့်ဖြစ်သည်။

ဦးကျော်သူသည် သမတဟောင်း ဦးမောင်မောင်၏ သားဖြစ်ပြီး သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဥက္ကဌလည်းဖြစ်သည်။ နာဂစ် မုန်တိုင်းဒဏ်သင့် ဒေသများတွင် ကူညီထောက်ပံ့ရေးနှင့် နိုင်ငံတကာ အထောက်အပံ့များ ကွပ်ကဲရေး အတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

ဖြစ်လာနိုင်သည့် ၀န်ကြီးအဖွဲ့အပြောင်းအလဲနှင့် ပတ်သက်၍ မဇ္ဈိမက ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သလို ယခုလက်ရှိ အချိန်တွင် နှုတ်ထွက်ပြီးသွားသူ အချို့ကို စတွေ့ လာရသည်။

ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောလွင်တို့ ရာထူးမှ နှုတ်ထွက်ပြီးဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဂမ်ဘာရီနှင့်စခဲ့သည့် ၂၀၀၉ ပွဲဦးထွက် နိုင်ငံရေး (သုံးသပ်ချက်)

သတင်းထောက် ဟန်တင်အောင်/ ၄ ဖေဖော်ဝါရီ ၂၀၀၉

(၄) ရက်ကြာ မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်း လျှပ်တပြက် တွေ့ခွင့် ရသည်မှလွဲပြီး မယ်မယ်ရရ ထောက်ပြစရာမရှိဘဲ နိဂုံးချုပ်သွားသည်။

စစ်အစိုးရကို ကြံဖန်ကျေးဇူးတင်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် တွေ့ခွင့်ပေးသည့် အချက်ဖြစ်သည်။ သို့သော် ဂမ်ဘာရီနှင့် မတွေ့မီ (၁၅) မိနစ်သာ တွေ့ခွင့်ပေးခြင်းသည် တိုင်းပြည်အရေး ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် မတိုင်ပင်နိုင်ရန် ညစ်ပတ်သည့် စိတ်ဓာတ်မျိုးဖြင့် တွေ့ခွင့်ပေးခြင်း ဖြစ်သည့်အတွက် စစ်အစိုးရအား ကျေးဇူးမတင်ထိုက်ဟု ဆိုရပါမည်။

ဂမ်ဘာရီ၏ ၂၀၀၉ နှစ်ဆန်းပိုင်း ခရီးစဉ်ကို အနှစ်ချုပ်ကြည့်လျှင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းက ဂမ်ဘာရီအား အလေးထား တင်ပြခဲ့သည်။ သို့သော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကမူ မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု၊ စစ်ခေါင်း ဆောင်များကို ဗီဇာဒဏ်ခတ်မှုတို့ ရုပ်သိမ်းမှသာ မြန်မာ့နိုင်ငံရေး တည်ငြိမ်မည်ဟု ဂမ်ဘာရီအား အကျပ်ကိုင်သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ စကားအရဆိုလျှင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု မရုပ်သိမ်းသရွေ့ မြန်မာ့နိုင်ငံရေး မတည်မငြိမ် ဖြစ်နေမည် ဆိုသည့်သဘော ပြောလိုက်ခြင်းဖြစ်သည်။ တနည်းပြောရလျှင် အစိုးရဘက်က စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးမူကို လက်ကိုင်ထားပြီး အန်အယ်လ်ဒီဘက်က နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးမူကို လက်ကိုင်ထားသည်။ ထိုအစွန်းနှစ်ဘက်မှာ တခုနှင့်တခု ဆက်စပ်မှု မရှိသည့်အတွက် ဂမ်ဘာရီ အလျှော့အတင်း လုပ်ဖို့မလွယ်။

ဤတွင် စစ်အစိုးရအပေါ် ဘာကြောင့် အမေရိကန်က စီးပွားရေး ဒဏ်ခတ်ရသလဲ ပြန်ကြည့်ရန်လိုသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီက အနိုင်ရပါလျက် စစ်အစိုးရက အာဏာမလွှဲသည့် အတွက် အမေရိကန်အစိုးရက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ အဖွဲ့ကြီးက ဒဏ်ခတ်ပိတ်ဆို့ ထားခြင်းမဟုတ်။ ထို့ကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ့အရေးစေ့စပ်ဖို့ တာဝန်ပေးထားသည့် ဂမ်ဘာရီကို အမေရိကန် စီးပွားရေးပိတ်ဆို့မှု ရုပ်အောင် စစ်အစိုးရ တစာစာ ပြောနေခြင်းသည် မယောင်ရာ ဆီလူးသည့်ကိန်း ဖြစ်နေသည်။

အမေရိကန်အစိုးရဘက်ကမူ စီးပွားရေးပိတ်ဆို့မှုကို ရာသက်ပန်လုပ်ဖို့ ရည်ရွယ်ချက်မရှိ။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီ နည်းကျကျ ရွေးကောက် တင်မြှောက်ထားသော အစိုးရအနေဖြင့် အခြေအနေ အရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာ ရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေ ပြဋ္ဌာန်းချက်များကို အမေရိကန် သမ္မတအနေဖြင့် ရုပ်သိမ်းနိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာ လွှဲပြောင်း ပေးရန်အတွက် ဒီမိုကရေစီ အင်အားစုများနှင့် သဘောတူညီမှု တရပ် ရယူခြင်း၊ နိုင်ငံတကာ မူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူချက်ပါ အချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ မြန်မာနိုင်ငံကို ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။

အမေရိကန်အစိုးရပြောသည့်အတိုင်း စစ်အစိုးရဘက်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလျှင် အမေရိကန် ပိတ်ဆို့မှုတွေ ပြန်ရုတ်သိမ်းဖို့ လမ်းပွင့်သွားသည့် သဘောဖြစ်သည်။ သို့သော် အန်အယ်ဒီဘက်က ဂမ်ဘာရီကို တင်ပြသည့် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးကို စစ်အစိုးရဘက်က လိုက်လျောမည့်ပုံ မရှိသည့်အတွက် မြန်မာ့နိုင်ငံရေးမှာ တဘက်ပိတ် လမ်းသဖွယ် ဖြစ်နေသည်။ ထွက်ပေါက်မရှိ။

သေချာသည့်အချက်မှာ မြန်မာ့နိုင်ငံရေး ထွက်ပေါက်မရှိဖြစ်နေချိန်တွင် စစ်အစိုးရက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းအောင်လုပ်ပြီး နိုင်ငံရေး စီးပွားရေး အမြတ်ထုတ်ရန် ကြံစည်နေခြင်း ဖြစ်သည်။

အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလျှင် မူးယစ်ဆေးကိစ္စ၊ ငွေမဲ ကိစ္စတို့ကြောင့် အမေရိကန် ဒဏ်ခတ်ထားသည့် ဘဏ်တွေ၊ စီးပွားရေး လုပ်ငန်းတွေ ပြန်ခေါင်းထောင်လျှင် နအဖခေါင်းဆောင်တွေ ကြီးပွားတော့မည်။ စစ်တပ်နှင့် နိုင်ငံခြား ဖက်စပ်လုပ်ငန်းများ ပြန်ခေါင်းထောင်မည်။ အမေရိကန်က စီးပွားရေး ဖွင့်မပေးလည်း ၂၀၁၀ ရွေးကောက်ပွဲကို မနိုင် နိုင်အောင်လုပ်ပြီး ရုပ်သေး အရပ်သား အစိုးရဖွဲ့ပြီး စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်အောင် လုပ်ပြီး ဒိထက်ချမ်းသာအောင် လုပ်နိုင်သည်။ ဘယ်ဘက်ကမျှ ရှုံးဖို့လမ်းမရှိ။

အန်အယ်လ်ဒီဘက်ကကြည့်တော့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် ဘန်ကီမွန်း မြန်မာနိုင်ငံ မလာထိုက်ဟု ဂမ်ဘာရီကို ထောက်ပြသည်။ ဂမ်ဘာရီ၏ (၄) ရက်ကြာ ခရီးစဉ်သည် ဘန်ကီမွန်း မြန်မာနိုင်ငံ လာဖို့ သင့်မသင့် ဂမ်ဘာရီက ချိန်ဆသည့် ခရီးဟု ဆိုလျှင် စစ်အစိုးရ၏ သဘောထားကြောင့် ဘန်ကီမွန်း မလာဖြစ်ဖို့ များနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်းမှာ ထိုဥပဒေကို အန်အယ်လ်ဒီက ပြန်သုံးသပ်စေလိုသည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်ရန် မဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီကို ၂၀၀၈ ခု မတ်လ၌ တိတိလင်းလင်း ပြောခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အန်အယ်လ်ဒီ ဘက်က မျှော်လင့်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်သုံးသပ်ရေးမှာ အကောင်အထည် ပေါ်နိုင်ရန် အကြောင်း မရှိတော့ပေ။

ချုပ်ရလျင် ဂမ်ဘာရီနှင့် ပွဲဦးထွက်ခဲ့သည့်၂၀၀၉ နှစ်ဆန်းပိုင်း မြန်မာ့နိုင်ငံရေးမှာ ဘေထိ ဆိုသည်နှင့် တပ်လန် သွားခဲ့ပေပြီ။

Ref: ခေပြိုင်

Read More...

နိုင်ငံရေးအကျဉ်းသား ကူညီသူများ ခြိမ်းခြောက်ခံရ

NEJ/ ၄ ဖေဖော်ဝါရီ ၂၀၀၉

နိုင်ငံရေးမှုဖြင့် အကျဉ်းကျနေသူများကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပါက ဖမ်းဆီးအရေးယူ ထောင်ချမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်နေကြောင်း ခြိမ်းခြောက်ခံရသူ၏ ဇနီးတဦးက ပြောသည်။

၎င်းက “ကျမယောက်ျားဟာ ၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းတုန်းက ဒါရိုက်တာ ကိုသူရခေါ် ဇာဂနာ ဦးဆောင်တဲ့ သံဃာတော်တွေကို ဆွမ်းကွမ်း ကပ်လှူရေးအဖွဲ့မှာ တတပ်တအား ပါဝင်ခဲ့တယ်။ အဓိက ငွေလှူတာပါ။ နောက်ပိုင်း ကိုသူရကို ဖမ်းဆီးပြီးနောက် ကျမယောက်ျားလည်း ခေါ်ယူစစ်ဆေးခံရတယ်။ ဒါပေမယ့် အဖမ်းတော့ မခံရပါဘူး။ ခု ကိုသူရကို ထောင် (၅၉) နှစ်ချ၊ မြစ်ကြီးနားထောင်ကို ပို့လိုက်ပြီးနောက်ပိုင်း ခေါ်ခေါ်ပြီး စစ်ပြန်တယ်။ အခု အဓိက စစ်တာက ကိုသူရ မိသားစုကို ငွေကြေး ရုပ်ဝတ္တု ကူညီတာ ရှိသလားပေါ့။
ကူညီခဲ့တယ်ဆိုရင် အရင် ၂ဝဝ၇ ခုနှစ်က ဆွမ်းကပ်ရာမှာ ပါတဲ့ အမှုနဲ့ ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချတာ ခံရမယ်။ လောလောဆယ် ဗီဒီယို ရိုက်တာ၊ ရုပ်ရှင်ရိုက်တာ၊ ကြော်ငြာရိုက်တာ စတဲ့ လုပ်ငန်းတွေမှာလည်း ကန့်သတ်တာ ခံရမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ဒါနဲ့ ကျမတို့ မိသားစု ကိုသူရတို့ မိသားစုနဲ့ ဘယ်လောက်ရင်းနှီးရင်းနှီး ကိုသူရ သတင်းကိုမေးဖို့ ဖုန်းတောင် မဆက်ရဲဘူး” ဟု ပြောသည်။

အဆိုပါကိစ္စ ကိုသူရနှင့် ရင်းနှီးသည့် ရုပ်ရှင်ဗီဒီယိုနယ်မှ လုပ်ဖော်ကိုင်ဖက် အချို့ကို ဆက်သွယ်ကြည့်ရာ မှန်ကန်ကြောင်း ပြောပြသည်။

ရုပ်ရှင်သရုပ်ဆောင် တဦးကမူ ၎င်းကို ခြိမ်းခြောက်ရုံမက ကိုသူရ မိသားစု၏ လှုပ်ရှားမှုများကို သတင်းပေးရန် စည်းရုံးခြင်းမျိုးလည်း ခံရကြောင်း၊ သို့သော် ၎င်းအနေဖြင့် တသက်လုံး အဆိုပါကိစ္စမျိုး လုပ်မည် မဟုတ်ကြောင်း ပြောသည်။

နိုင်ငံရေးပြစ်မှုဖြင့် နှစ်ရှည်ပြစ်ဒဏ် ခံခဲ့ရဖူးသည့် ဝါရင့်သတင်းစာဆရာကြီး တဦးကမူ “နအဖ စစ်အစိုးရဟာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ ကိုသူရခေါ် ဇာဂနာ အပါအဝင် နာဂစ်အရေး ကူညီ ကယ်ဆယ်သူတွေကို မတရားသဖြင့် ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း အဲဒီ တက်ကြွ လှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေဟာ ဦးကျိုးမသွားဘဲ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် ခဲ့ကြတဲ့အတွက် နယ်စွန်နယ်ဖျား ထောင်တွေကို ပို့ခဲ့ပြန်ကြောင်း၊ ဒါလည်း မိသားစုဝင်တွေ ကြောက်ရွံ့ နောက်တွန့်တာ မရှိသေးတဲ့အတွက် ထောင်ဝင်စာ ပိတ်ပင်တဲ့အထိ ညစ်ပတ်မိုက်မဲစွာ လုပ်ဆောင်လာကြောင်း၊ အခု အကူအညီပေး သတင်းမေးတဲ့ လူတွေကို ခြိမ်းခြောက်တာအထိ ကမ်းကုန်အောင် လုပ်လာကြောင်း၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်တွင်းပြည်ပ ပြည်သူတွေအားလုံးက အခုလို မတရား အကျဉ်းချခံထားရတဲ့ နိုင်ငံရေး သမားတွေကို အဖက်ဖက်က အားပေး ကူညီထောက်ပံ့သင့်ကြောင်း” ဝေဖန်ပြောဆိုသည်။

အန်အယ်လ်ဒီ ပါတီကမူ ပြီးခဲ့သည့်အပတ်က ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် တောင်းဆို လှုပ်ရှားကြရန် ပန်ကြားချက် ထုတ်ပြန်ထားသည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, February 4, 2009

ဂမ်ဘာရီ မြန်မာပြည်ခရီးစဉ် အဆုံးသတ်

မုံပီး
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 03 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အထူးသံတမန် အီဗရာဟင် ဂမ်ဘာရီသည် သူ၏ စစ်အစိုးရ အုပ်စိုးနေသော မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ၄ ရက်ကြာ ခရီးစဉ်ကို အင်္ဂါနေ့က အဆုံးသတ်လိုက်ပြီ ဖြစ်သည် ဟု သတင်းရပ်ကွက်များက ပြောကြားပါသည်။

မစ္စတာဂမ်ဘာရီ၏တာဝန်မှာ တွေ့ဆုံဆွေးနွေးမှုမှတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိရန် တွန်းဆော်ပေးရေး ဖြစ်သော်လည်း မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် ဘာမှ အကျိုးရလဒ်မရှိဘဲ လက်ဗလာသက်သက် ဖြင့် အင်္ဂါနေ့က သူ၏ ခရီးစဉ်ကို အဆုံးသတ်လိုက်ရပြီ ဖြစ်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ဖြည့်စွက်ပြောကြားပါသည်။

"သူ့တာဝန်ဘာမှမအောင်မြင်ဘဲ လက်ချည်း ဗလာသက်သက် ပြန်သွားရပြီလို့ ကျနော်ပြောရမှာဘဲ" ဟု ဂမ်ဘာရီ ၏ခရီးစဉ်ကို စောင့်ကြည့် လေ့လာနေသော အဆိုပါ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောကြားပါသည်။

နိုင်ဂျီးရီးယားလူမျိုးသံတမန်ကြီး၏တာဝန်မှာ အားလုံးပါဝင်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အကောင် အထည် ဖော်ရန်နှင့် စီးပွါးရေး ဆွေးနွေးပွဲ (ဖိုရမ်) တရပ်ထူထောင်ရေးအတွက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော်ကို လွှတ်ပေးရေးကိစ္စ မြန်မာ စစ်ခေါင်းဆောင်များအား နားချရန်ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂပြဿဿနာဖြေရှင်းရေးသမားကြီးသည် သူ၏ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း အပါ အဝင် စစ်အစိုးရဝန်ကြီးအများအပြား၊ စစ်အစိုးရလိုလားသောအဖွဲ့အစည်းများဖြစ်သည့် ယခင်ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုအေးလွင်ခေါင်းဆောင်သည့် ၈၈ မျိုးဆက်သစ် လူငယ်နှင့် ကျောင်းသားအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် လှုပ်ရှားနေသော အခြား အဖွဲ့အစည်းအများအပြားကို တွေ့ဆုံခဲ့ပါသည်။

စစ်အစိုးရဝန်ကြီးများနှင့်တွေ့ဆုံကာ အဆုံးသတ်ခဲ့ရသော သူ၏ခရီးစဉ်အတွင်း အရေးအပါဆုံး ဖြစ်ရပ်မှာ ထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) များနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

မစ္စတာဂမ်ဘာရီသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမပါတီ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များကို ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ပထမဆုံးအကြိမ်အဖြစ် အတူတကွ တွေ့ဆုံနိုင်ခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များကသူတို့၏ မူဝါဒများနှင့် စပ်လျဉ်း၍ မိမိတို့၏ ရပ်တည်ချက် ယခင်အတိုင်း မပြောင်းမလဲ ရှိကြောင်း မစ္စတာဂမ်ဘာရီကို ပြောကြားခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြား ပြောဆိုခဲ့ခြင်းမရှိဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောကြားပါသည်။

"ဒီခရီးစဉ်နဲ့ပတ်သက်လို့ သုံးသပ်ပြောကြားဘို့၊ ခရီးစဉ် မအောင်မြင်ဘူးလို့ နိဂုံးချုပ် ကောက်ချက်ချဘို့ ဆိုတာ စောပါ သေးတယ်၊ ကုလသံတမန် ကလဲ ကျနော်တို့ကို ဘာမှ ကတိပေးသွားတာ မဟုတ်ပါဘူး၊ သူက ကျနော်တို့ခေါင်းဆောင် တွေပြောတာကို နားထောင်ရုံ နားထောင်သွားတာပါ" ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။

NLD ခေါင်းဆောင်များက ထိုသို့တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ပြန်လည်သုံးသပ်ရေး နှင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို လက်ခံအသိ အမှတ်ပြုရေး ကိစ္စများသည် မြန်မာ စစ်ခေါင်းဆောင်များနှင့် သူတို့တွေ့ဆုံနိုင်ရန်အတွက် အနိမ့်ဆုံး စည်းကမ်းချက်များ ဖြစ်ကြောင်းဖြင့် ထပ်လောင်း အတည်ပြု ပြောကြား လိုက်ကြပါသည်။

ထိုသို့တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ ပျက်စီးကျဆုံးနေသော တရားရေးစနစ် နှင့် စပ်လျဉ်း၍ သူစိုးရိမ် ပူပန်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။ "မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာ ကို သင့်တော်တဲ့ တရားစီရင်မှု မရှိဘဲ နှစ်ရှည် ထောင်ဒဏ်တွေပေးတာက ထင်ထင်ရှားရှား ပြသနေပါတယ်" ဟု ဒေါ်စု ကပြောကြားခဲ့ကြောင်း ဦးဥာဏ်ဝင်းကပြောပါသည်။

မစ္စတာဂမ်ဘာရီသည် အင်္ဂါနေ့တွင် မြန်မာစစ်အစိုးရ၏ တောတွင်းတွင် တည်ဆောက်ထားသော မြို့တော်သစ် နေပြည်တော်သို့ သွားရောက်လိမ့်မည်ဟု တနင်္လာနေ့က ကောလဟလများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့တနေ့လုံး ရန်ကုန်မြို့တွင်သာ ရှိနေပြီး လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လှုပ်ရှားနေကြသည့် စစ်အစိုးရလိုလားသော အဖွဲ့အစည်း အများအပြားနှင့်သာ တွေ့ဆုံခဲ့ရပါသည်။

NLD ကသဘောတူညီချက်မပေးခဲ့သဖြင့် စီးပွါးရေးဆွေးနွေးပွဲ (economic forum) တရပ် တည်ထောင်ရေးကိစ္စ မယ်မယ်ရရ ရလဒ်တခုကို မစ္စတာဂမ်ဘာရီ ရမသွားခဲ့ကြောင်းဖြင့် ရန်ကုန်မြို့ရှိ သတင်းရပ်ကွက်က ပြောပါသည်။

"စီးပွါးရေးဖိုရမ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လက်ရှိစီးပွါးရေး အခြေအနေကို ဖော်ပြတဲ့ သတင်း အချက်အလက် ကျနော်တို့မှာ ဘာမှမရှိတာမို့ ဒီကိစ္စမှာ သဘောထား ပေးစရာ ဘာမှမရှိပါဘူးလို့ NLD ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်" ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။

Ref: မဇ္ဈိမ

Read More...

ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းပေးဖို့ ဂမ်ဘာရီကို စစ်အစိုးရ ပြော

04 February 2009

မြန်မာနိုင်ငံက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်အာဏာရှင်တွေကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေး ကြားဝင် စေ့စပ်ပေးတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ သူ့ရဲ့ဆောင်ရွက်မှု မအောင်မမြင် ဖြစ်ခဲ့ပြန်ပြီး ဒီတကြိမ်လည်း လက်ဗလာနဲ့ မြန်မာနိုင်ငံက မနေ့က ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။


ရန်ကုန်ကနေ စင်ကာပူကို မနေ့ညနေက မထွက်ခွာခင် မစ္စတာဂမ်ဘာရီဟာ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုကို တွေ့ချင်ရင် နိုင်ငံတကာက ချမှတ်ထားတဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပြီး စစ်အစိုးရ ခေါင်းဆောင်တွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားတာတွေကိုလည်း ပယ်ဖျက်ပေးဖို့ လိုတယ်လို့ မစ္စတာ ဂမ်ဘာရီကို ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားတဲ့အကြောင်း မြန်မာစစ်အစိုးရ ရုပ်မြင်သံကြားမှာ ကြေညာ ဖတ်ကြား သွားခဲ့ပါတယ်။

တနင်္လာနေ့ကတော့ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဂမ်ဘာရီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု ခံရရေးဟာ အနာဂတ် စစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လိုအပ်ချက် ဖြစ်နေဆဲပဲလို့ မစ္စတာဂမ်ဘာရီကို ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုနေပါတယ်။

၎ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာဂမ်ဘာရီဟာ ဗိုလ်မှူးချုပ်ကျော်ဆန်း ဦးဆောင်တဲ့ မြန်မာ စစ်အစိုးရရဲ့ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီဟာ နေပြည်တော်ကို လာရောက်ဖို့ ဖိတ်ကြားခြင်း မခံခဲ့ရဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တခြား စစ်ကောင်စီဝင် ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေနဲ့လည်း တွေ့ဆုံခွင့် မရခဲ့ဘဲ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Tuesday, February 3, 2009

အာရှရောက် ကုလအတွင်းရေးမှူးချုပ်ကို ဂမ်ဘာရီ မကြာမီ အစီရင်ခံမည်

02 February 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး မလွတ်မချင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) အနေနဲ့ မြန်မာနိုင်ငံကို မလာသင့်သေးဘူးလို့ ကုလသမဂ္ဂ အထူးသံတမန်ကို ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်မှာ အမျိုးသားသင့်မြတ်ရေး စကားဆိုပွဲ တိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) နဲ့ တနင်္လာနေ့မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင် ၅ ယောက်ပါ တက်ရောက်တဲ့ အဲဒီဆွေးနွေးပွဲကို အစိုးရဂေဟာမှာ တနင်္လာနေ့က ပြုလုပ်တာဖြစ်ပြီး တနာရီကျော် ကြာပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရအမျိုးသမီးက မစ္စတာဘန်ကီမွန်း မြန်မာပြည်ကို မကြာခင် သွားရောက်မယ်၊ မသွားရောက်ဘူးဆိုတာ မသိသေးဘူး၊ ဒါပေမယ့် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံများသို့ ခရီးစဉ်အတွင်း မစ္စတာဂမ်ဘာရီက သွားရောက်တွေ့ဆုံပြီး သူ့ခရီးနဲ့ပတ်သက်လို့ မစ္စတာဘန်ကီမွန်းကို အစီရင်ခံလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

အစိုးရနဲ့ သဘောထားကွဲလွဲသူ ၂၅၀ ကျော်ကို ကြီးလေးတဲ့ထောင်ဒဏ်များ ပေးတဲ့အတွက်ရော၊ သူတို့ဘက်က အမှုလိုက်ကြတဲ့ ရှေ့နေတွေကို ဖမ်းဆီးတဲ့အတွက်ပါ ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင်ဝေဖန်လိုက်ကြောင်း အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

မြန်မာနိုင်ငံသို့ ၄ ရက်တာခရီးစဉ် အစအဖြစ် စနေနေ့မှာ မြန်မာပြည်ကို ရောက်ရှိသွားတဲ့ မစ္စတာဂမ်ဘာရီဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး ကျန်းမာရေးဝန်ကြီး၊ လူထုဆန္ဒခံယူပွဲ ကျင်းပရေးတာဝန်ခံ စသူတို့နဲ့ တွေ့ဆုံတယ်လို့လည်း ဆိုပါတယ်။

၂၀၀၈ ခုနှစ် သူ မြန်မာပြည်သို့ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်ရော၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကပါ မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့ပြီး အခုတခေါက် သူ့ရဲ့ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရမရ မသိရသေးပါဘူး။

Ref: VOA News

Read More...

“နိုင်ငံရေးတိုးတက်မှု မရှိဘဲ ဘန်ကီမွန်း မလာသင့်” ဒေါ်စုတိုက်တွန်း

02 February 2009

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ကို ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေရှိမှ မြန်မာနိုင်ငံဆီ လာသင့်တယ်၊ မြန်မာစစ်အစိုးရဘက်က အနည်းဆုံးအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အကြောင်း အန်န်အယ်လ်ဒီပါတီက ပြောပြပါတယ်။ အလားတူပဲ မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရမယ်ဆိုတဲ့ သဘောထားကို ပြောခဲ့ပါတယ်။ အကြောင်းစုံကို အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံကြတဲ့နေရာမှာ နိုင်ငံရေးအရ အခြေခံကျကျ တိုးတက်မှုတွေ လိုနေသေးတဲ့အကြောင်း အတိုက်အခံဘက်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်လည်း လာဖို့ရှိနေတဲ့နေရာမှာ နိုင်ငံရေးအရ လက်ဆုပ်လက်ကိုင် တိုးတက်မှုရှိတယ်ဆိုတာကို ပြနိုင်ဖို့လိုတဲ့အကြောင်း ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာတခုမှာ ၁ နာရီခွဲလောက်ကြာတဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း အန်န်အယ်လ်ပါတီက ပြောခဲ့တာပါ။ ကိုယ်တိုင်လည်း နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အနိမ့်ဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့လို ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေရှိဖို့ ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကိုလာမယ်၊ လာချင်တယ်။ အဲဒီလိုလာတဲ့အခါ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု တစုံတရာရှိရင် လာမှာ။ အဲတော့ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးရပ်တည်ချက် ၄ ချက်ထဲက ၄ ချက်စလုံး၊ ဒါမှမဟုတ် ၃ ချက်၊ ၂ ချက်၊ ၁ ချက်ပေါ့လေ၊ အဲဒီလို တခုခုအပေါ်မှာ မူတည်ပြီးတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုဆိုပြီး ယူဆနိုင်စရာ ဘယ်ဟာရှိမလဲဆိုပြီး မေးပါတယ်။ အဲဒီလိုမေးတဲ့အခါ ကျနော်တို့အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကော်မတီ ဖွဲ့စည်းရေး၊ ပြည်သူ့လွှတ်တော် ခေါ်ယူရေး၊ တွေ့ဆုံဆွေးနွေးရေး။ ဒီအချက် ၄ ချက်ထဲက ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ဆောင်ရွက်ခဲ့ရင် ဒါဟာ သိသာထင်ရှားတဲ့၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုလို့ ယူဆနိုင်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။”

ဒီလိုပဲ နိုင်ငံရေးအရ တိုးတက်မှုတွေ ပြဖို့လိုတယ်လို့ ဆိုလိုက်တာကတော့ အခုတခေါက် အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီပဲ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်တချို့ပါ ဖမ်းဆီးခံထားရတဲ့ SNLD ပါတီ ဗဟိုကော်မတီဝင်တချို့နဲ့ မစ္စတာဂမ်ဘာရီတို့ ဒီကနေ့ မိနစ်ပိုင်းလောက် တွေ့ခွင့်ရတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေလုပ်ဖို့ စတာတွေ လိုတဲ့အကြောင်း ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

“အတိုက်အခံခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ ဒုတိယတချက်က နအဖစစ်အစိုးရ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်အောင် ဆောင်ရွက်ပေးဖို့၊ တခါ ဒီတွေ့ဆုံဆွေးနွေးရေး မလုပ်ဘဲနဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်အတိုင်း တဖက်သတ် ဆောင်ရွက်သွားမယ်ဆိုရင် တိုင်းရင်းသားပြည်သူတရပ်လုံး လက်ခံနိုင်တဲ့ နိုင်ငံရေးပြေလည်မှုမျိုး လုံးဝရနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေး မလုပ်လို့ရှိရင် ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို SNLD အနေနဲ့ စဉ်းစားခြင်းမပြုနိုင်ဘူးဆိုတဲ့ အချက်တွေကို တင်ပြဆွေးနွေးတယ်။”

ဒီလို အန်န်အယ်လ်ဒီပြီးရင် ဒုတိယအကြီးဆုံး အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ SNLD ပါတီနဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တဲ့အပြင် အန်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ၅ ဦးတို့နဲ့ ဒေါ်အောင်ဆန်းစုကြည် သီးခြားဆွေးနွေးခွင့်ရခဲ့တာ၊ အထူးကိုယ်စားလှယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီဝင်တွေ အတူတကွ ဆွေးနွေးခွင့်ရခဲ့တာတွေ ရှိခဲ့တာမို့ အရင်အခေါက်တွေနဲ့မတူတဲ့ ထူးခြားမှုတချို့အဖြစ် အန်န်အယ်လ်ဒီပါတီကတော့ ရှုမြင်ခဲ့တာပါ။

“ကျနော်တို့ စီအီးစီကတော့ တော်တော်ကျေနပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခွင့်လည်းရတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ကိုယ်တိုင်မြင်တွေ့ရတော့ အတော်လေးကျေနပ်ပါတယ်။ နောက်တခုက ဒီနေ့တွေ့ဆုံတဲ့ အခင်းအကျင်းနဲ့ ပတ်သက်ရင် တိုးတက်မှု၊ ဒါမှမဟုတ်ရင်လည်း ပြောင်းလဲမှုလို့ ပြောနိုင်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒါက ခုနပြောသလို စီအီးစီအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မစ္စတာဂမ်ဘာရီနဲ့ ဆွေးနွေးခွင့်၊ တွေ့ဆုံခွင့်ရတယ်။ အဲဒီလို မတွေ့ဆုံခင်မှာလည်း အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေချည်းပဲ ဆွေးနွေးခွင့်ရတယ်။ ဒါတွေက အခင်းအကျင်း ပြောင်းလဲမှုရှိနေတယ်လို့ မြင်ပါတယ်။”

SNLD ပါတီကတော့ အထူးကိုယ်စားလှယ် လာတဲ့အခါတိုင်း အစိုးရနဲ့နီးစပ်တဲ့ ဒါမှမဟုတ်ရင်လည်း အစိုးရကို လိုလားတယ်ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့သာ တွေ့ဆုံလေ့ရှိတာမို့လည်း အခုတကြိမ်ကြမှသာ တွေ့ခွင့်ရတဲ့အပေါ် ကျေနပ်အားရစရာအဖြစ် အပြည့်အ၀တော့ မဆိုနိုင်ဘူးလို့ ပြောပါတယ်။

“အထူးကျေနပ် အားရလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မစ္စတာဂမ်ဘာရီကလည်း ကျနော်တို့ SNLD ရဲ့ တင်ပြချက်၊ ဆွေးနွေးချက်တွေကို သူ့အနေနဲ့ မှတ်သားပြီးတော့မှ မစ္စတာဘန်ကီမွန်းကိုလည်း တင်ပြမယ်၊ နောက်တခါ နအဖ ဗိုလ်ချုပ်မှူးကြီးထံကိုလည်း တင်ပြဆွေးနွေးမယ်။ သူ့အနေနဲ့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိစကားတခုတော့ ပြောသွားပါတယ်။ အဲဒီအပေါ်တော့ မျှော်လင့်ချက်ထားလို့ ရပါတယ်။”

SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် ပြောပြသွားတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့နေရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်တချို့နဲ့လည်း တွေ့ဆုံတာတွေရှိခဲ့သလို အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး စတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့လည်း မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးက ပြောပါတယ်။ မနက်ဖြန်မှာတော့ မစ္စတာဂမ်ဘာရီဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ဖို့ ရှိနေပြီးတော့ သူ့ရဲ့ ၄ ရက်ကြာခရီးစဉ် အဆုံးမသတ်မီ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ လုပ်သွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

Ref: VOA News

Read More...

Monday, February 2, 2009

ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေသည်ဟု အေပီ ပြော

တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 02 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီတို့ တွေ့ဆုံ ဆွေးနွေးနေပြီ ဖြစ်ကြောင်း အစိုးရ အရာရှိတဦး အပြောကို ကိုးကား၍ အေပီသတင်းက ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂမ်ဘာရီတို့ မတ်လ ၂၀၀၈ ခုနှစ်က ဆွေးနွေးစဉ် ရန်ကုန်မြို့ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေးနွေး နေခြင်းဖြစ်သည်ဟု ဆိုသည်ဟု ရန်ကုန်မှလာသော အေပီသတင်းက ဖော်ပြထားသည်။

ကြားဝင်စေ့စပ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်သော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် စစ်အစိုးရနှင့် အတိုက်အခံ နိုင်ငံရေးပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ စားပွဲဝိုင်းဆွေးနွေးရေး ဖြစ်ပေါ်အောင် မစွမ်းဆောင်နိုင်သေးသဖြင့် ကုလကိုယ်စားလှယ်သည် ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့ရသည်။

သောင်မတင်ရေမကျဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာစေရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း၏ အထူးသံတမန်သည် ယခုအကြိမ်နှင့်ဆိုလျှင် ၇ ကြိမ်မြောက် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်းဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

၇ ကြိမ် ၇ လီ


ကာတွန်း ဟန်လေး (ဧရာဝတီဝက်ဘ်ဆိုက်)

Read More...

Sunday, February 1, 2009

လူထုကိုခေါင်းဆောင်မယ့်သူတွေဟာ လူထုကို နားလည်ရမယ်

တလောကရေဒီယိုအင်တာဗျူးတခုမှာ အဖွဲ့အစည်းတခုက တာဝန်ရှိသူတဦးကို သူတို့မှာ ဘာအစီအစဉ်တွေရှိသလဲလို့ မေးတော့သူက သူတို့ရဲ့ အစီအစဉ်တွေကို ပြောပါတယ်။ ဒီနောက်- မေးတဲ့သူက အဲဒီ အစီအစဉ်တွေ အောင်မြင်မယ်လို့ ယူဆပါ သလားလို့ ထပ်မေးတော့ အဲဒီတာဝန်ရှိသူက ဒါကတော့ လူထုအပေါ် တည်တာပဲ၊ လူထုကို စောင့်ကြည့်ရမှာပဲလို့ ဖြေတာ ကြားလိုက်ရပါတယ်။

သူပြောပုံက သူ့ဖက်ကတော့ တာဝန်ကျေပြီ။ အဲဒီအတိုင်း လူထုက လိုက်လုပ်ရင် အောင်မြင်မှာပဲ၊ မအောင်မြင်ရင် လူထုရဲ့ တာဝန်ဖြစ်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ နားထောင်ရင်း တုန်လှုပ်သွားမိပါတယ်။ လုပ်ငန်းစဉ်တခု၊ လမ်းစဉ်တရပ်ကို လူထုက လိုက်နာ အကောင်အထည်ဖော်တာ မလုပ်ရင် ဒါဟာလူထုရဲ့ တာဝန်ပဲလို့ သုံးသပ်တာမျိုးကိုအရင် သခင်စိုး ပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း ၆ဝကျော် ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်။ ပြောတဲ့ လေသံချင်းတော့ မတူဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့အဓိပ္ပာယ်က အတူတူပါပဲ။ တနည်းပြောရရင် ကိုယ်ချမှတ်တဲ့ လုပ်ငန်းစဉ် မှန်မမှန်ဆိုတာ အရေး မကြီး၊ လိုက်လုပ်တဲ့ လူမှာ စွမ်းရည်ရှိမရှိက အရေးကြီးတယ်လို့ ဆိုတာပါ ဖြစ်ပါတယ်။


ဒါ့အပြင် ဒီတလောမှာ စက်တင်ဘာ သံဃာ့အရေးအခင်း ပြီးတဲ့နောက်ပိုင်း အတော်ကြာကြာ မကြားရတဲ့ “ဗမာပြည်က လူထုတွေဟာ ကြောက်နေကြတယ်”ဆိုတဲ့စကားလည်း အတော်လေး ပြန်ကြားလာရပါတယ်။ တချို့များဆိုရင် အနောက်နိုင်ငံသား တွေပြောတဲ့ လေကိုလိုက်ပြီး ဗမာပြည်က လူထုမို့ပေါ့၊ တခြားနိုင်ငံက လူထုသာ ဆိုလို့ကတော့ ဒီလိုဖိနှိပ်နေရင် ပေါက်ကွဲထွက်တာ ကြာလှပြီဆိုတဲ့ စကားမျိုးတွေတောင် ပြောကြပါတယ်။ ဒီလိုအပြောတွေနဲ့ ပြောင်းပြန်၊ ပြည်တွင်းက အသံတချို့ကတော့ လူတွေဟာ သေမထူး၊ နေမထူးဖြစ်နေပြီ၊ ဘာမှ မကြောက်တော့ဘူး၊ ခေါင်းဆောင်မှု မရှိလို့ လို့ပြောတာကြားရပါတယ်။

အရေးတော်ပုံတရပ်၊ တော်လှန်ရေးတရပ် အခက်အခဲနဲ့ ရင်ဆိုင်လာရပြီဆိုရင် ဟိုလူ့အပြစ်တင်၊ ဒီလူ့ အပြစ်တင်လုပ်ကြတာ မဆန်းဘူးလို့တောင် ပြောနိုင်ပါတယ်။ ဘာမှ မဝေဖန်လိုပါဘူး။ ဒါပေမဲ့ ပြည်သူလူထုကို အပြစ်တင်တာကျတော့ မဝေဖန်လို့ မဖြစ်ပါဘူး။ ကိုယ်က ကျည်ဆံ မပြောနဲ့ ဒုံးပျံနဲ့ လှမ်းပစ်တောင် မထိနိုင်တဲ့ နေရာမှာနေပြီး ဟိုမှာသေနတ်ပြောင်းထိပ် နေရသူတွေကို ကြောက်တယ် လို့ပြောတာဟာ မတရားလွန်းရာ ကျပါတယ်။ သေစရာရှိတော့ လူထုက သေရတာပါ။

ခေါင်းဆောင်မှု အတတ်ပညာမှာ အရေးကြီးဆုံးက လူထုအခြေအနေကို နားလည်တာနဲ့ လူထု လက်ခံနိုင်တဲ့၊ လူထုလိုက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တရပ် ချမှတ်ဖို့ဖြစ်ပါတယ်။ လူထုက အကောင်အထည် မဖော်ရင် ဘာမှဖြစ်မလာပါဘူး။ အဝေးကနေ ကွန်ပြူတာတခု၊ အသံလွှင့်ချက်တခုနဲ့ လူထုလှုပ်ရှားမှုကြီးကို ထိန်းချုပ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ လူထုထဲမှာဆင်း၊ လူထုနဲ့ အတူ တိုက်ပွဲဝင်ရပါမယ်။ ကိုယ်တိုင်မသွားနိုင်ရင် သွားနိုင်တဲ့လူတွေဆင်း၊ အမြုတေ အင်အားအဖြစ်မြုပ်နှံ၊ အချိန်တန်ရင် တိုက်ပွဲဖော် စသဖြင့် လုပ်ရပါတယ်။ မြေအောက်လုပ်ငန်း ဆိုတာ ငွေရှိရင်ဖြစ်တာပဲ ဆိုတာမျိုး သဘောထားလို့ မဖြစ်ပါ။ ငွေလိုအပ်ပါတယ်။ များလေကောင်းလေပါ။ ဒါပေမဲ့ ငွေနဲ့ ဝယ်ရတဲ့ မြေအောက်ကေဒါနဲ့ တွဲလုပ်ဖို့ ဆိုရင်တော့ လူတိုင်းအနည်းဆုံး နှစ်ခါ စဉ်းစားကြမှာပါပဲ။

တချို့သော ခေါင်းဆောင်(လို့ ကိုယ့်ကိုယ်ကို ထင်နေသူ)တွေဟာ ကိုယ့်ကိုယ်ကို ကယ်တင်ရှင်လို့ ထင်နေကြပါတယ်။ ဒါဟာ အဆိုးဆုံးပါပဲ။ ကိုယ့်ကိုယ်ကို လူထုအထက်ကလို့ ထင်တဲ့လူဟာ တကယ်သာ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာရင် လူထုရဲ့ အထက်မှာနေမှာ၊ လူထုထက်ပိုပြီး အခွင့်ထူးတွေ ခံစားမှာ သေချာပါတယ်။ ခေါင်းဆောင်ဟာ လူထုထက် စာပိုဖတ်ထားတာ၊ အဆက်အသွယ် ပိုကောင်းတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီလိုကြောင့်မို့ လူထုကို အနုံအ-အတွေလို့ ထင်ရင် မှားပါတယ်။ အရေးအကြီးဆုံး အချက်က အရာ ကိစ္စတွေ၊ အထူးသဖြင့် အရေးတော်ပုံတွေ၊ တော်လှန်ရေးတွေရဲ့ အနိုင်အရှုံးကို လူထုကြီးက အဆုံးအဖြတ်ပေးတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို မမေ့ဖို့ပါပဲ။ လူထုမပါရင် ဘာမှဖြစ်မလာပါဘူး။ အောင်ပွဲဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ဒါကြောင့်မို့ အောင်ပွဲကို ပြည်ပအကူအညီက ယူလာပေးမယ်လို့ ယူဆမျှော်လင့်ပြီး ကိုယ့်နိုင်ငံကလူထုကိုတော့ စမ်းသပ်ခန်းထဲက ယုန်လို၊ ပူးလို သဘောထား လုပ်ကိုင်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ နောင်မှာ ရှင်းရခက်တဲ့ ပြဿနာတွေ သယ်လာတဲ့လူ အဖြစ် ကိုယ်ဟာသမိုင်း တရားခံတောင် ဖြစ်သွားနိုင်ပါတယ်။

လူထုနဲ့ကေဒါ၊ လူထုနဲ့ခေါင်းဆောင်တို့ အကြား မတူတာတွေကိုလည်း သဘောပေါက်ရပါမယ်။ လူထုဟာ နိုင်ငံရေးလုပ်ငန်း တခုတည်းကိုသာ အဓိက လုပ်နေတဲ့လူတွေ မဟုတ်ဘူးဆိုတာ မမေ့ သင့်ပါဘူး။ သူတို့အနေနဲ့ စားဝတ်နေရေးအတွက် လုံးပမ်းရသလို ကျောင်းသား ဆိုရင်လည်း ပညာရေးအတွက် လုံးပမ်းရ စသဖြင့် အဓိက လုပ်နေတဲ့ လုပ်ငန်းတွေ ကိုယ်စီ ရှိကြပါတယ်။ ကေဒါ၊ နိုင်ငံရေးသမား၊ နိုင်ငံရေး ခေါင်းဆောင် ဆိုတာကတော့ နိုင်ငံရေးလုပ်ငန်းကို အဓိကထား လုပ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူများထက် နိုင်ငံရေးအသိလည်း ပိုမြင့်တယ်လို့ ယူဆထားရတဲ့ လူတွေဖြစ်ပါတယ်။ ဒီတော့လူထုကို ကေဒါ၊ နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်တို့လို အချိန်မရွေး ထ’တိုက် နိုင်ရမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ခေါင်းဆောင်ရဲ့ တာဝန်ဟာ လူထုရဲ့ အခြေ အနေကိုသိရှိပြီး လူထု လိုက်ပါနိုင်မယ့် အချိန်၊ အဆင့်၊ တိုက်ပွဲသဏ္ဍာန် တို့ကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။

ခေါင်းဆောင်ဟာ လူထုကို ဆရာလုပ်ဖို့ မဟုတ်ပါ။ ကိုယ်က လူထုထက်ပိုသိတာ၊ ပိုတတ်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့လူထု မှာလည်း ကိုယ့်ထက်သိတာ၊ တတ်တာတွေ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါ။ ကိုယ့်ကိုသူတို့က သိဖို့ထက် ကိုယ်ကသူတို့ကို သိဖို့က ပို အရေးကြီးတယ်၊ ပိုလိုအပ်တယ် ဆိုတာလည်း သတိထား သင့်ပါတယ်။ သူတို့ကို ဆရာမလုပ်ခင် သူတို့ဆီမှာ တပည့်ခံသင့်ပါတယ်။ သူတို့ ကိုယ့်ကိုယုံဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ ဘယ်သူမှ ကိုယ်မယုံတဲ့လူရဲ့ ညွှန်ကြားချက်ကို လက်မခံပါဘူး။

နောက်ပြဿနာတခုက ခေါင်းဆောင်မှု (ခေါင်းဆောင်ကိုယ်တိုင်လို့ မဆိုတာသတိပြုပါ)ဟာ ခေါင်းဆောင်ရမယ့် အချိန်မှာ ခေါင်းဆောင်ရမယ့် နေရာကို သင့်တော်တဲ့ သဏ္ဍာန်နဲ့ ရောက်ရှိနေဖို့ ဖြစ်ပါတယ်။ ခေါင်းဆောင်မှုဟာ နည်းသဏ္ဍာန်မျိုးစုံနဲ့ လူထု ဆီကိုရောက်ပါတယ်။ ကိုယ်တိုင်လည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်က တာဝန်ပေးထားသူလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်တခြား နည်းနာတွေ နဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ လူထု လိုအပ်နေတဲ့အချိန်မှာ ဘာတွေကို ဘယ်လို လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ စိတ်ဓာတ် အချိန်မှီ ရောက်သွားဖို့ အရေးကြီးပါတယ်။

ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးတုန်းက စက်တင်ဘာလ၂၉ရက်နေ့မှာ အရေအတွက်ထောင်ပေါင်း များစွာရှိတဲ့လူထုကြီးဟာ ဒီ့ အရင်နေ့တွေတုန်းကလိုပဲ သံဃာတော်တွေ ထွက်လာမယ်ထင်လို့ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်း လမ်းတို့မှာ စုဝေး ရောက်ရှိနေကြပါတယ်။ ဒါပေမဲ့ အခြေအနေက အဲဒီအရင် တညကပဲ သံဃာတော်တွေကို ကျောင်းတွေပိတ်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့လို့ သူတို့ဟာ ဆန္ဒပြ ထွက်မလာနိုင်တော့ပါဘူး။ နေ့ခင်း ၁နာရီ၊ ၂နာရီလောက်ကျတော့ စောင့်ဆိုင်းနေတဲ့ လူထုကြီးဟာ သောင်းဂဏန်း ဖြစ်သွားပါပြီ။ တကယ်လို့သာ အဲဒီတုန်းက ခေါင်းဆောင်မှု ပေါ်လာခဲ့ရင်၊ အနည်းဆုံးလူ ၄-၅ယေက် ကနေ သံဃာတော်တွေတော့ ဘယ်လိုဖြစ်ကုန်ပြီ၊ လူတွေဆက် တိုက်ပွဲဝင်ကြစို့ ဆိုတာမျိုး လှုံ့ဆော် ဦးဆောင်ခဲ့ရင် လူထုကြီးဟာ မုချနောက်က ပါလာမှာပါပဲ။ ဒါပေမဲ့အခုတော့ ဘယ်ခေါင်းဆောင်မှုမှ ပေါ်မလာလို့ လူထုကြီးဟာ တက်တခေါက်ခေါက်နဲ့ ပြန်သွား ခဲ့ကြပါတယ်။

ဒါက ပြနေတာက ခေါင်းဆောင်မှုနဲ့ လူထုဆက်စပ်မှုပြဿနာကို သေချာ လေးလေးနက်နက် လေ့လာ ဖြေရှင်းရမယ် ဆိုတာပါပဲ။ ဒီတာဝန်ကို ခေါင်းဆောင်မှုဖက်က ထမ်းဆောင်ရမှာပါ။ စားဝတ်နေရေးနဲ့ လုံးချာ လိုက်နေတဲ့ လူထုက ဒါတွေကိုလေ့လာဖို့၊ ဖြေရှင်းဖို့ အချိန်လည်းမရှိ၊ တခြား အချက်အလက် တွေလည်း မရှိပါဘူး။ ဒါတွေကိုမဖြေရှင်းပဲ လူထုကိုပဲ မေးငေါ့အပြစ်တင်နေလို့ ကတော့ နီရို ဘုရင်ရဲ့ လုပ်ရပ်နဲ့ ကွာလှမှာ မဟုတ်ပါဘူး။

ရဲဘော်ဖိုးသံချောင်း

Read More...

အပေါ်သို့