..............................

Thursday, April 30, 2009

အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း

ကိုဝိုင်း
ဧပြီလ 29 2009

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက် နေ့များ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေး အဖွဲ့များနှင့် အလုပ် အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီပါတီ ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုံညီ အစည်းအဝေး အပြီး ထွက်ပေါ်လာသည့် အန်အယ်ဒီ၏ ရွှေဂုံတိုင်လမ်း အမည်ရှိ ကြေညာစာတမ်းကို တင်ပြလိုက်ပါသည်။


စုံညီ အစည်းအဝေးတွင် စည်းရုံးရေးဆိုင်ရာ စာတမ်းကို ဦးဆောင်ရေးဆွဲ တင်သွင်းသူ ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ အတိုင်ပင်ခံ လုပ်ငန်းအဖွဲ့ဝင် ဦးအုံးကြိုင်က မဇ္ဈိမ သတင်းထောက် ကိုဝိုင်းကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်ပါသည်။

-------------------------------

ယနေ့ စုံညီအစည်းအဝေးအပြီးတွင် တက်ရောက်သူအားလုံးမှ အများဆန္ဒနှင့် အညီ ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ရပ်တည်ချက်များကို ဖော်ပြထားသော - ရွှေဂုံတိုင်ကြေငြာစာတမ်း -

ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံကို ပြည်သူလူထု အပေါင်း မျှော်မှန်းထားသည့် အတိုင်း ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်သွားရေး ကြိုးပမ်းရာတွင် လက်ငင်း ကြုံတွေ့နေရသော နိုင်ငံရေး အကြပ်အတည်းများ အားလုံးကို ဖြေရှင်းနိုင်ရန် ရည်ရွယ်လျက် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေး အဖွဲ့ဝင်များ၊ ယနေ့ထက်တိုင် အဖွဲ့ချုပ်နှင့် အတူတကွ ရပ်တည်နေကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အနောက် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် တင်ပြခြင်း၊ အခြေအနေ အရပ်ရပ်ကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးရာတွင် ပြဿနာအားလုံး ပြေလည် သွားစေရေး အကောင်းဆုံး နည်းလမ်းဖြစ်သော တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်လာစေရေး အတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည့် အစီအစဉ်များကို အများသဘော တူညီကြသည့် အလျောက် ပြည်သူလူထုအား အသိပေးနိုင်ရန် ဤ ရွှေဂုံတိုင် ကြေငြာစာတမ်းကို ထုတ်ပြန် ကြေငြာလိုက်သည်။

အဖွဲ့ချုပ်သည် နိုင်ငံ၏ ပြည်သူလူထုအကျိုးကို ရှေ့ရှုလျက် လက်ငင်းကြုံတွေ့ နေရသော နိုင်ငံရေး အကျပ်အတည်းများ ဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် သုံးသပ်ပြင်ဆင်ရေး၊ တိုင်းရင်းသား လူမျိုးများအားလုံး အခွင့်အရေး တန်းတူညီမျှမှုကို အခြေခံသည့် စစ်မှန်သော ပြည်ထောင်စုကြီး တည်ဆောက်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး တို့သည် လက်ငင်းဖြေရှင်းရမည့် အဓိက ပြဿနာများဖြစ်သည်ဟု ယူဆသည်။ ဤကိစ္စများအပေါ် အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ -

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်ပြင်ဆင်ရေး။

ဒီမိုကရေစီ နိုင်ငံတော်အသစ်တရပ် တည်ဆောက်ရန် ဒီမိုကရေစီမူများ အပေါ် အခြေခံသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် လိုအပ်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အာဏာတည်ခြင်း မရှိသေးသော ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) တွင် ဒီမိုကရေစီ အခြေခံ မူဝါဒများနှင့် မကိုက်ညီသည့် အချက်များ ပါဝင်နေသည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးများ အပါအဝင် ပြည်သူအပေါင်း (…..) ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာစေရန် အထူးလိုအပ်သည်။

(ဂ) စည်းရုံးရေး။

တိုင်းရင်းသားလူမျိုးများတစ်စုတစ်ဝေးတည်း နေထိုင်လျက်ရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးအားလုံး အခွင့်အရေး တန်းတူညီမျှမှု၊ တဦးပေါ်တဦး ဖြူစင်သောစေတနာ ထားနိုင်မှုတို့ကို အခြေခံသော ညီညွတ်မှု တည်ဆောက်ရမည်။ (…..) ရေခံမြေခံ ကောင်းတွင်သာ စစ်မှန်သော ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးနိုင်ပေမည်။ ထို့ကြောင့် နိုင်ငံရေးပါတီများ အားလုံး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရှိရမည်။ သို့ဖြစ်ရာ ၂ဝဝ၃ ခုနှစ် မေလ ၃၁ ရက်နေ့မှ စတင်ကာ ယာယီဟုဆိုပြီး ချိတ်ပိတ်ထားခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ ရုံးများ၊ မြို့နယ် စည်းရုံးရေး အဖွဲ့ရုံးများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ (ရုံး) များကို အမြန်ဆုံးဖွင့်ပေးရန် လိုအပ်သည်။

(ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေး။

ယနေ့ကာလတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) နှင့်အညီ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စီစဉ်ဆောင်ရွက်ရန် အထူး လိုအပ်နေသည်။ သို့မှသာ ဒီမိုကရေစီ၏ အစဉ်အလာ ကောင်းများကို ထိန်းသိမ်းရာ ရောက်ပေမည်။ သို့မဟုတ်ပါက နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီ အနေဖြင့် မိမိပြဋ္ဌာန်းထားသော ဥပဒေကို မိမိကိုယ်တိုင် ချိုးဖောက်ရာ ရောက်ရှိ နေပေလိမ့်မည်။

(င) တွေ့ဆုံဆွေးနွေးရေး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို (၁၉၈၈) ခု ကတည်းကစ၍ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေး လိုအပ်ချက်အရ ပြောင်းလွယ်ပြင်လွယ် သဘောထားဖြင့် ဆောင်ရွက်နိုင်စွမ်း ရှိသည်ဆိုသော အချက်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြား ထားခဲ့ပြီးဖြစ်သည်။

“မြန်မာပြည်သူလူထုအတွက် အကျိုးပြုမယ့် ရလဒ်ကောင်းရဖို့ဆိုရင် ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်သာ ပြောင်းသာစွာနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ မကြာခဏ ပြောထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို တွေ့ဆုံ ဆွေးနွေးတာဟာ အဖွဲ့ချုပ် ကောင်းစားဖို့ ဦးတည် ဆွေးနွေးမှုမျိုး မဖြစ်သင့်သလို အာဏာပိုင်များ ကောင်းစားဖို့ ဦးတည် ဆွေးနွေးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ မြန်မာပြည်သူ လူထု ကောင်းစားရေးအတွက် ဦးတည်ရလိမ့်မယ်” ဟု ပြောထားပြီးဖြစ်သည်။

သို့ဖြစ်ရာ လက်ငင်းကြုံတွေ့နေရသော ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန် တွေ့ဆုံ ဆွေးနွေးပွဲများ မဖြစ် မနေ ကျင်းပရေး စီစဉ် ဆောင်ရွက်ပါရန် အဖွဲ့ချုပ်က ရိုးသားဖြူစင်စွာ စိတ်ကောင်းစေတနာဖြင့် ထပ်မံ တိုက်တွန်းလိုက်သည်။

အဖွဲ့ချုပ်က မျှော်မှန်းထားသော ဆွေးနွေးပွဲ အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ကြိုတင်စည်းကမ်း သတ်မှတ်ထားခြင်း မရှိသော တွေ့ဆုံဆွေးနွေးပွဲကို ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ အပြန်အလှန် လေးစားမှုနှင့် အမျိုးသား ပြန်လည် သင့်မြတ်မှုကို အခြေခံထားသည့် တွေ့ဆုံ ဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပရန်

(၂) ဆွေးနွေးပွဲများတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများ အားလုံး တန်းတူညီမျှ အခွင့်အရေးများ ရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ကို ပြန်လည် သုံးသပ်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ရေး၊ နောင်လာမည့် ရွေးကောက်ပွဲများ အရေး၊ လက်ရှိ ပြည်သူလူထု ဘဝ အခြေအနေများ တိုးတက် ကောင်းမွန်လာစေရေး စသည်တို့ ပါဝင်သည်။

(၃) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့ လွှတ်တော်တွင် အတည်ပြုချက် ရယူခြင်းဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုရာရောက်အောင် စီစဉ်ရမည်။

(၄) လွှတ်တော်က အတည်ပြုပြီးဖြစ်သော သဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေး လမ်းကြောင်းအတိုင်း သက်ဆိုင်သူများ အားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက် ဖော်ဆောင်သွားရန် တို့ ဖြစ်သည်။

(စ) နောင်ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲဆိုင်ရာ သဘောထား။

အဖွဲ့ချုပ်သည် ဖော်ပြပါ (…) ပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းခြင်းဖြင့်သာ ရေရှည် တည်တံ့မည့် နိုင်ငံရေး တည်ငြိမ်မှု၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီ အနေဖြင့် တွေ့ဆုံ ဆွေးနွေးဖြေရှင်း ပြေလည်ရေးဆီသို့ မျက်နှာ မမူဘဲလျက် နောင်လာမည့် ရွေးကောက်ပွဲကို တဖက်သတ် အစီအစဉ်ဖြင့် ကျင်းပခဲ့လျှင် အဖွဲ့ချုပ်က မည်သို့ ရပ်တည်သွားမည် ဆိုသည်ကို ပြည်သူလူထုအား အသိပေးရမည် ဖြစ်သည်။

ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲကို ဖြတ်သန်းရမည့် မှတ်တိုင်တခု ဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထားသည်။ အဖွဲ့ချုပ်သည် ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်။ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူလူထုနှင့် တသားတည်း ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက နောင် ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိ အစီအစဉ်ဖြင့် တဖက်သတ် ကျင်းပမည် ဆိုပါက -

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက် မရှိ ပြန်လွှတ်ပေးလျှင်

(၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်

(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ် လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး မျှော်မှန်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူး ကိစ္စတရပ် အနေဖြင့် အလေးထား စဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။

Ref: မဇ္ဈိမ

Read More...

ရှမ်းစော်ဘွားများ အာဏာစွန့်ပြီး နှစ်ပေါင်း ၅၀ အကြာ

မေကျော်
ဧပြီလ 29 2009

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန် အတွက် ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ရှမ်းစော်ဘွားများ အားလုံးက စော်ဘွား အာဏာကို စွန့်လွှတ်ခဲ့ပါသည်။ သို့သော် ယင်းသို့ စွန့်လွှတ်ပြီး နှစ်ပေါင်း ၅၀ ကြာ ယနေ့တိုင် သူတို့ မျှော်လင့် ယုံကြည်ခဲ့သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်မလာခဲ့။ စော်ဘွား အာဏာစွန့်သည့် အနှစ် ၅၀ ပြည့်နေ့ နှင့် ပတ်သက်၍ ရှမ်းသံတော်ဆင့် သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ရှမ်းအမျိုးသား တဦးဖြစ်သူ ဦးစိန်ကြည်နှင့် ဆက်သွယ် မေးမြန်းထားပါသည်။

၁။ စော်ဘွားတွေ ဘာကြောင့် အာဏာ စွန့်ခဲ့တာလဲ။

အဲဒီတုန်းက ရှမ်းပြည်မှာ ရှမ်း အပါအဝင် ပအိုဝ့်၊ ပလောင်၊ ဝ၊ ဓနု စသဖြင့် သက်ဆိုင်ရာ စော်ဘွားနယ်တွေ ရှိတယ်။ အားလုံး ၃၄ နယ်ပေါ့။ အဲဒီတုန်းက ၅၉ ခုနှစ်ဆိုတော့ ဦးနုက ဦးနေဝင်းကို အိမ်စောင့် အစိုးရ အဖြစ် ခဏ အာဏာလွှဲပေးထားတဲ့ အချိန်။ ဖဆပလ အာဏာလုနေ ကြတဲ့ အချိန်ပေါ့။ အဲဒီ အချိန်မှာလည်း ရှမ်းပြည် အစိုးရ ရှိတာကိုး။ အဲဒီကမှ နောက် ဒီမိုကရေစီ ကျကျ အုပ်ချုပ်မယ့် ရှမ်းပြည် အစိုးရ အဖြစ် နောင်အနာဂတ်မှာ ပေါ်ပေါက်လာဖို့ စော်ဘွားတွေ နယ်ရှင် ပယ်ရှင်တွေ အုပ်ချုပ်တဲ့ စနစ်ကနေ လူထု အစိုးရ ဒီမိုကရေစီ အစိုးရ လက်ထဲကို အာဏာလွှဲပြောင်းတဲ့ သဘောကူးပြောင်းတာ။ အနှစ်သာရက အဲဒါ ဆိုချင်တယ်။

နောက်ပိုင်းတော့ မဟာဗမာ စိတ်ဓာတ်ရှိတဲ့ စစ်အုပ်စု ဗိုလ်နေဝင်းက ဖြစ်ဖြစ် တခြားသမိုင်းကြောင်း ကောင်းကောင်း မသိတဲ့သူတွေကဘဲ ဖြစ်ဖြစ် ရှမ်းနဲ့ ဗမာ၊ ရှမ်း အချင်းချင်း သွေးကွဲအောင် လုပ်လာတယ်။ စော်ဘွားတွေက ပအိုဝ့်၊ ပလောင်၊ ဝ စတဲ့ တိုင်းရင်းသားတွေနဲ့ တိုင်းပြည်ကို ဗမာအစိုးရ နဲ့ ဗမာ အာဏာပိုင်တွေ လက်ထဲ ရောင်းစားလိုက်တယ်လို့ ပြောလာတယ်။ ဒီဖားတပိုင်း ငါးတပိုင်း ပြည်ထောင်စု ကနေ တန်းတူ ညီမျှတဲ့ တရားမျှတတဲ့ ပြည်ထောင်စု ဖက်ဒရယ် ပြည်ထောင်စု တခု အဖြစ် ကူးပြောင်းနိုင်အောင် နယ်ရှင် ပယ်ရှင်တွေ အုပ်ချုပ်တဲ့ စော်ဘွားစနစ်ကနေ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရ လက်ထဲကို အာဏာလွှဲပြောင်း ပေးလိုက်တယ်လို့ ကျနော်တို့ နားလည်တယ်။

အာဏာစွန့်လွှတ်ဖို့ စစ်အာဏာနဲ့ တစိတ်တပိုင်း နောက်ကွယ်ကနေ ဖိအားပေးတာတွေ ရှိချင် ရှိနေနိုင်တာပေါ့။ ခြိမ်းချောက်တာတွေ ရှိခဲ့တယ်လို့လဲ ကြားရတာတွေ ရှိပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်က စော်ဘွားတွေရဲ့ အနာဂတ် မျှော်မှန်းချက် ကတော့ နယ်ရှင် ပယ်ရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းဖို့ဘဲ။

စော်ဘွားတွေနဲ့ သာမန်အရပ်သားတွေရဲ့ ဆက်ဆံရေး ကရော ဘယ်လိုရှိခဲ့ ပါသလဲ။

ဆက်ဆံရေး ကတော့ တခြား နယ်ရှင် ပယ်ရှင် ပဒေသရာဇ် တိုင်းပြည်တွေနဲ့ တချို့နေရာတွေမှာ ကွာမယ်။ တချို့နေရာတွေမှာ တူမှာပေါ့။ ဒါပေမယ့် အရှင်သခင်နဲ့ တိုင်းသူပြည်သားဆိုတာ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံ လူတန်းစား နှစ်ရပ်ကတော့ အဲဒီပုံစံ ရှိတာပေါ့။ ဒါပေမယ့် တိုင်းပြည် ငြိမ်သက် အေးချမ်းမှု၊ သခိုး ဓားပြ ကင်းမဲ့မှုတွေက အခုခေတ်ထက် အများကြီး သာတယ်။

ဘာကြောင့် စော်ဘွားဆိုတဲ့ နယ်ပိုင်အုပ်ချုပ်ရေးဟာ ဒီလောက်တောင် သက်တမ်းကြာရှည် တည်မြဲလာခဲ့တာလဲ။

အဲဒီ ခေတ်ကာလကကို နောက်ကြောင်းပြန်ပြီး သုံးသပ် ရမယ်ဆိုရင်တော့ လုံးဝ ဥဿုံ ရာနှုန်းပြည့် မဟုတ်ပေမယ့် အခု ခေတ်နဲ့ စာလို့ ရှိရင် တရားမျှတမှုတို့၊ အေးချမ်းသာယာမှုတို့ ၊ လွတ်လပ်စွာ သွားလာ လုပ်ကိုင် စားသောက်နိုင်မှုတို့ တစိတ်တပိုင်း ရှိလို့သာ ဒီစော်ဘွား စနစ်က၊ ပဒေသရာဇ် စနစ်က သက်ဆိုးရှည်တာလို့ တစိတ်တပိုင်း ပြောနိုင်တာပေါ့ဗျာ။

စော်ဘွားခေတ်ကုန်ဆုံးသွားခြင်းအားဖြင့် ရှမ်းပြည်သူတွေအပေါ် ဘယ်လို ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်စေခဲ့သလဲ။

ကောင်းကျိုး ဆိုတာက ခေတ်မီ ပညာတတ်တွေ မြို့နေ လူတန်းစားတွေ နိုင်ငံရေး အခြေခံ ရှိတဲ့ သူတွေ ကတော့ ဒီမိုကရေစီ စနစ်ကို တဆင့်ပြီး တဆင့် ကူးပြောင်းနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပေါ့။

နောက်ပိုင်း အခြေအနေက တမျိုးတဖုံ ဖြစ်လာတယ်။ စော်ဘွားတွေ အာဏာစွန့်ခဲ့ အချိန်ကာလ ၃ -၄ နှစ် အတွင်းမှာ တချို့ ပြည်သူလူထု အထူးသဖြင့် ကျေးလက်နေ ပြည်သူတွေ စနစ်ဟောင်းထဲမှာ ကျင်လည်ခဲ့ကြတဲ့ သူတွေကတော့ ငါတို့မှာ အရှင် သခင် မရှိတော့ဘူး။ တိုင်းတပါးက လာပြီး အုပ်ချုပ်တော့မယ်။ ငါတို့ အရှင်သခင်က မျှော်မှန်းထားတဲ့ အတိုင်း ဖြစ်လာမလား။ ကောင်းလာမလား ဆိုးလာမလား မရေမရာ ဖြစ်နေကြတဲ့ အချိန်ပါ။

အခု အချိန်ကျတော့ ရော အာဏာစွန့်ခဲ့ ရတာနဲ့ ပတ်သက် ပြီးတော့ ဘယ်လိုများ ဖြစ်နေကြ ပါသလဲ။

လုံးဝ နောင်တရတာပေါ့ဗျာ။ မဆလ ခေတ် ဒီဘက်ပိုင်းပေါ့။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းပေါ့။ မှန်းချက်နဲ့ နှမ်းထွက်က မိုးနဲ့ မြေ၊ ဆီနဲ့ ရေ ကွာသွားတာပေါ့ဗျာ။

ရှမ်းပြည်မှာ စော်ဘွားတွေအချင်းချင်း ဘယ်လိုမျိုး ဆက်စပ်အုပ်ချုပ်မှုတွေ လုပ်ခဲ့သလဲ။

အခု ခေတ်စကားနဲ့ ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး၊ အချင်းချင်း ပဍိပက္ခ ဝင်မစွက်ရေးတို့ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် မှီခိုမှုတို့၊ အပြန်အလှန် ယုံကြည်မှုတို့ အပြန်အလှန် ထောက်ကူ ပံ့ပိုးမှုတို့ကို အခုခေတ်လို ပါးစပ်နဲ့ တဖွဖွ မပြော မရေးပေမယ့် အဲဒီခေတ် တုန်းက သူတို့ လက်တွေ့ အကောင်အထည် ဖော်နိုင်တယ်လို့ ထင်တယ်။

သူတို့က အချင်းချင်း မကျူးကျော်ရဘူး။ တခါတလေ ပဍိပက္ခ ပြဿနာရှိရင် ရှိမယ်။ ဒါပေမယ့် အားလုံးကို ခြုံလိုက်ရင် ပြည်နယ် တခုနဲ့တခုက ဒီ၃၄ ပြည်နယ်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်တယ်။ ရှမ်းပြည်ထဲမှာ ပြည်ထောင်စု ရှမ်းပြည် အဖြစ် အဲဒီတုန်းက ငြိမ်းငြိမ်းချမ်းချမ်း အတူ ပူးပေါင်းနေနိုင်ခဲ့တယ်။

စော်ဘွားကတဆင့် မြို့ပြနဲ့ ပြည်ထောင်စု အုပ်ချုပ်ရေးတွေအတွင်း ဘယ်လို ခေါင်းဆောင် တွေအဖြစ် ပေါ်ပေါက်ခဲ့ဖူးလဲ။

ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ဆိုရင် တကယ် စစ်မှန် သန့်စင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို မျှော်မှန်းခဲ့တဲ့ ပုဂ္ဂိုလ်ဘဲ။ ဒါကြောင့်မို့ တချို့ အချင်းချင်း အမြင်ကျဉ်းတယ်လို့ ပြောကြတဲ့ လုံးဝလွတ်လပ်ရေး လိုချင်တဲ့ တချို့ ရှမ်းတွေ လူပုဂ္ဂိုလ်တွေ အဖွဲ့တွေက ရှိခဲ့တယ်။ အခုတော့ နည်းသွားပါပြီ။

နောက် ဦးနုခေတ်က နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူခဲ့တဲ့ မိုးမိတ် စော်ဘွား စဝ်ခွန်ချို တို့လိုပေါ့။ သူတို့ ကတော့ တကယ့်စစ်မှန်တဲ့ တန်းမီတဲ့ ပြည်ထောင်စု တည်ထောင်မယ်ဆိုပြီး အဲဒီတုန်းက ဗမာခေါင်းဆောင်တွေကို ယုံယုံကြည်ကြည် ပူးပေါင်းခဲ့တာကိုးဗျ။

လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီစနစ်အောက်မှာ ပြည်ထောင်စုအစိုးရက စော်ဘွားတွေ အပေါ် ဘယ်လို သဘောထားခဲ့လဲ။

အဲဒီ ကဏ္ဍကတော့ ကျနော်ထင်တယ် အခန်းကဏ္ဍ ၃- ၄ ခုရှိချင်ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တချို့ ဗမာနိုင်ငံရေး ခေါင်းဆောင်တွေက စော်ဘွားတွေကို တန်းတူစွာ ဆက်ဆံတယ်။ တခြား ပြည်နယ်ခေါင်းဆောင် တွေကိုရောပေါ့ လေးလေးစားစား ဆက်ဆံတာတွေ ရှိတယ်။ အတူ ပူးပေါင်း နေထိုင်လိုတဲ့ တန်းတူညီမျှမှု ရှိတဲ့ ပြည်ထောင်စု ကို တည်ဆောက်လိုတဲ့ တချို့ ဗမာခေါင်းဆောင်တွေ ရှိသလို တချို့တွေကျတော့ နည်းသည် ဖြစ်စေ များသည် ဖြစ်စေ မဟာလူမျိုးကြီး ဝါဒရှိတဲ့ ဗမာခေါင်းဆောင်တွေရဲ့ သဘောထားက တမျိုးရှိမှာပေါ့။

ဘယ်ဘက်ကများ ပိုများနိုင်မလဲ။

ဦးနုခေတ်ကတော့ ဘယ်ဟာနည်းတယ် များတယ် ဆိုတာကတော့ ဆုံးဖြတ်ရခက်ပါတယ်။ ဦးနု ကိုယ်တိုင် ကတော့လဲ ကျနော်တို့ တောင်ပေါ်သား ပြည်နယ်သား ပြည်နယ် ခေါင်းဆောင် တွေရဲ့ သုံးသပ်ချက် အရတော့ သူက ယေဘူယျ တလျှောက်လုံး သုံးသပ်ရင်တော့ မျှတတယ်ပေါ့။ နောက်ပိုင်းမှာ သူက ဗလောင်းဗလဲ ဖြစ်လာတဲ့ အပိုင်းတွေ ရှိတယ်။ သူက ရပ်တည်မှု သိပ်မခိုင်တဲ့ အပိုင်းတွေ တွေ့လာရတယ်။ နောက်ပိုင်းမှာ တွေ့လာတာ။ ဒါပေမယ့် ဦးဘဆွေတို့ ဦးကျော်ငြိမ်း တို့ကျတော့ ဗမာပဲ ဦးဆောင်တဲ့ ပြည်ထောင်စုမျိုး အကိုကြီး ပုံစံမျိုးပေါ့ တန်းတူတဲ့ မျှတတဲ့ ပုံစံနဲ့ ဆက်ဆံပေမယ့် စိတ်နေစိတ်ထား နည်းတယ်လို့ သူတို့က ပြောကြတယ်လေ။

စော်ဘွားစနစ်နဲ့ အုပ်ချုပ်တုန်းက ပြည်မနဲ့ ဘာတွေများ ကွာခြားပါသလဲ။

ဖွံဖြိုးတိုးတက်မှု ပညာရေး၊ ကျန်းမာရေး ကဏ္ဍမှာတော့ ပြည်မနဲ့ စာလို့ရှိရင် အများကြီး ခေတ်နောက်ကျ တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ အင်္ဂလိပ် ခေတ်ကတည်းက ပါလီမန် ဒီမိုကရေစီခေတ် မှာဘဲ ဖြစ်ဖြစ် ခုချိန်ထိ မြေပြန့် ဒေသမှာ လုပ်တဲ့ ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေး Infrastructure ( အခြေခံ အဆောက်အဦ ) က ပြည်နယ်ထက် ဦးစားပေး တယ်လို့ ပြည်နယ်သားတွေက ကျနော်အပါအဝင် အဲလို ခံစားရတာကိုး။

ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာ စော်ဘွားအုပ်ချုပ်ရေးနဲ့ မဆိုင်ဘူးလို့များ ဆိုလိုချင် ပါသလား။

မဆိုင်ဘူးလို့ ပြောနိုင်တယ်။ စော်ဘွားကလည်း သူတို့တတ်နိုင် သလောက် သူတို့ လုပ်တာဘဲ။ သူတို့ ပြည်သူလူထု ကြီးပွားချမ်းသာဖို့၊ ပညာရေး၊ ကျန်းမာရေးတွေ ကောင်းကောင်း အဆင့်မီလာအောင် သူတို့ ကလည်း ရည်မှန်းချက် ရှိတာဘဲ။ ဒါပေမယ့် သူတို့ လုပ်နိုင်တဲ့ အပိုင်းက တချို့စော်ဘွားက နည်းနည်း လုပ်နိုင်တယ်။ တချို့ စော်ဘွားက များများ လုပ်နိုင်တယ်။ သူ့အတိုင်း အတာနဲ့သူတော့ ကွာမှာပေါ့။

ထူးခြား ထင်ရှားဆုံး ဖြစ်တဲ့ ရှမ်းစော်ဘွားတွေက ဘာကြောင့် အဲဒီလို ထူးခြားထင်ရှားခဲ့ ရတာလဲ။

လွတ်လပ်ရေး မရခင် ဒုတိယ ကမ္ဘာစစ် ပြီးတဲ့ အချိန်က စပြီးတော့ နာမည်ကြီးလာတာ ကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အတူ ကျဆုံးခဲ့တဲ့ မိုင်းပွန်စော်ဘွား စဝ်စံထွန်းတို့ ၊စဝ်ရွှေသိုက်တို့ စဝ်ခွန်ချိုတို့ပေါ့ ။ မိုင်းပွန် စော်ဘွားတို့ မိုးနဲ စော်ဘွားတို့ပေါ့။ သိန္နီ စော်ဘွားတို့ပေါ့။

အင်္ဂလိပ် ခေတ်ကတည်းက သူတို့က လူဝင်ဆံ့တာပေါ့။ လူရာဝင်တာပေါ့။ တခြား နယ်တွေက နယ်မြေ ဒေသ မကြီးတဲ့ စော်ဘွားတွေကတော့ သူတို့ Background အပေါ်မူတည်ပြီးတော့ ဗမာပြည်ဖြစ်ဖြစ် ရှမ်းပြည် အဝန်းအဝိုင်းထဲက နိုင်ငံရေး လောက လူမှုရေးလောက ဖြစ်ဖြစ် ဝင်ဆံ့တာတော့ သူတို့က မျက်နှာငယ်တယ်လို့ ခံစားရရင် ခံစားရမှာပေါ့ အဲဒီတုန်းက။

စော်ဘွား အုပ်ချုပ်ရေးကို မလိုလားလို့ ပုန်ကန်ထကြွမှုတွေ ရှိခဲ့ပါသလား။

ရှိခဲ့ပါတယ်။ ပအိုဝ့် အမျိုးသားတွေပေါ့။ ကျနော် ကတော့ လူမျိုးရေး အရ အမျိုးသားရေး အရ မမြင်ဘူး။ ပအိုဝ့်က ရှမ်းကို တော်လှန်ပုန်ကန်တာ မဟုတ်ဘူး။ နိုင်ငံရေး အရ ပြောရမယ် ဆိုရင်တော့ ပဒေသရာဇ် စနစ်ကို မကြိုက်လို့ သက်ဦးဆံပိုင် ရေရှင် မြေရှင် စနစ်ကို သူတို့က ပြောင်းပစ်ချင်တယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ တော်လှန်ရေး လုပ်ခဲ့တယ်လို့ ကျနော် မြင်တယ်။

စော်ဘွား အုပ်ချုပ်မှု အာဏာ သက်ရောက်မှု အားကောင်း ခဲ့ပါသလဲ။ ဘာကြောင့် ပါလဲ။

အထူးသဖြင့် ကတော့ တရုတ်ပြည်မှာ မော်စီတုန်း ခေါင်းဆောင်တဲ့ ကွန်မြူနစ် ပါတီ အနိုင်ရပြီးတဲ့နောက် ရှမ်းပြည်ထဲကို ကူမင်တန် တရုတ်ဖြူတွေ အလုံးအရင်းနဲ့ ဝင်လာတာကိုး။ သူတို့ က လူသူ လက်နက် အင်အားပိုတောင့်တယ်။ စော်ဘွားပုံစံက အရင် ဘုရင်တွေ ပုံစံဘဲ အုပ်ချုပ်နေတော့ သူတို့က လူသူ လက်နက် မပြည့်စုံဘူး။ ပြည်ပက ဝင်လာတဲ့ တိုင်းတပါးသား တရုတ်ဖြူနဲ့ စာရင်တော့ အများကြီး ကွာတာပေါ့။ အဲတော့ တရုတ်ဖြူ စခန်းချတဲ့ နေရာ တွေဆိုရင် အထူးသဖြင့် ရှမ်းအရှေ့ပိုင်းပေါ့ ကျိုင်းတုံနယ်တို့ ရှမ်းပြည် အရှေ့မြောက်ပိုင်းတို့ တရုတ်ဖြူ ကြီးစိုးတဲ့ နေရာတွေမှာ တော့ စော်ဘွား အာဏာမသက်ရောက်ဘူး။ မထိရောက် ဘူးလို့ ပြောနိုင်တာပေါ့။

နောက်တခုက တရုတ်ဖြူတပ်တွေကို တိုက်ထုတ်ဖို့ ဦးနုက ပြည်ထောင်စု တပ်တွေပေါ့ ဗမာတပ်တွေပေါ့ စေလွှတ်လိုက်တယ်။ ၁၉၅၂ ခုနှစ် ကတည်းကပေါ့ အဲဒီဗမာ စစ်တပ်တွေ အခြေစိုက်တဲ့ မြို့တွေကတော့ စော်ဘွား အာဏာလျော့ကျ သွားတယ်လို့ ပြောနိုင်တာပေါ့။

လက်ရှိ စော်ဘွားတွေရဲ့ ဆွေစဉ်မျိုးဆက်တွေရဲ့ အနေအထားက ဘယ်လိုရှိပါသလဲ။

ကျနော် သိသလောက်တော့ စော်ဘွား သားသမီး အတော်များများဟာ ဗိုလ်နေဝင်း ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း ပြည်ပကို ရောက်သွားကြတာများတယ်။ မဆလ ခေတ်ဦးပိုင်းကပေါ့။ အဲဒီ မတိုင်ခင် ကလည်း သွားကြပါတယ်။ အများအားဖြင့်ကတော့ ပညာတော်သင်ပေါ့ ဗျာ။ ပညာတတ်ပြီးမှ ကိုယ့်တိုင်းပြည် ကိုယ့်နယ်မြေ အကျိုးဆောင်ရွက်နိုင်အောင် သွားကြတာ ခပ်များများ ပါပါတယ်။ ဥပမာ သီပေါ စော်ဘွား စဝ်ကြာဆိုင် တို့လိုပေါ့။ သူ့ကို ဗိုလ်နေဝင်းက မတ်လထဲမှာ အာဏာသိမ်းတဲ့နှစ်မှာ အစဖျောက်ပြစ်လိုက်တာဘဲ။ အဲလိုနောက်ပိုင်း ဗိုလ်နေဝင်းက အာဏာသိမ်းတော့ အကုန်လုံးကို သူက ချုပ်ကိုင် လိုက်တော့ တပါတီ အာဏာရှင် ဖြစ်သွားတော့ ခပ်များများကတော့ မလာတော့ဘူးလေ။ မလာတော့ဘူး ဆိုတာက ပြန်လာရင်လည်း ဗိုလ်နေဝင်း စည်းရုံးမှုအောက်မှာ ခေါင်းငုံ့ခံနေရမှာ။ သူတို့ ခိုင်းတဲ့ အတိုင်းလုပ်နေရမှာ။ စော်ဘွား စနစ် ပဒေသရာဇ် စနစ်လည်း မရှိတော့ဘူး ဆိုတော့ သူတို့လည်း ချိန်ဆကြည့်မှာပေါ့။ ပြည်ပမှာနေပြီး ကိုယ့်အမျိုးသားအရေး အတွက် ဒီမိုကရေစီ အရေးအတွက် လုပ်တာနဲ့ ပြည်တွင်းပြန်ပြီး လုပ်တာနဲ့ ဘယ်ဟာ ပိုပြီး လုပ်နိုင်မလဲ ဆိုတာ သူတို့ စဉ်းစားမှာပေါ့။

နောက်ပိုင်းမှာ သူတို့ ပြည်ပမှာ အခြေစိုက် နေသွားကြတာရှိပါတယ်။ ဒါပေမယ့် အခု နဝတ နအဖ ခေတ်မှာတော့ ပြန်ပေါ်လာကြပါတယ်။ ကိုယ့် အမျိုးသားအရေး အတွက် ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်လာကြတဲ့ စော်ဘွား မျိုးနွယ်တွေ စော်ဘွားသား သမီးတွေ အများကြီး ရှိပါတယ်။

ရှမ်းအမျိုးသားတွေရဲ့ သမိုင်းတန်ဖိုး ဖြစ်တဲ့ စော်ဘွားနန်းတွေ၊ အဆောက်အဦတွေ အနေအထားက ဘယ်လိုရှိပါသလဲ။

စော်ဘွားနန်းတွေ အဆောက်အဦးတွေ ကတော့ နအဖ ဗမာ စစ်အုပ်စုရဲ့ လက်ခုပ်ထဲမှာ ရှိနေတာဘဲ။ သူတို့ ပြုသမျှ နုနေရတာပေါ့။ ဥပမာ- အရင်က နိုင်ငံခြား ခရီးသည်တွေ ဝင်ထွက်ခွင့် ရှိတဲ့ သီပေါစော်ဘွားဟော် ဆိုရင် လုံးဝချိတ်ပိတ် ပစ်လိုက်ပြီ။ အဲဒီ ဟော်နန်ကိုစောင့်တဲ့ SNLD ဥက္ကဌ ခွန်ထွန်းဦးရဲ့ ဦးရီးတော် တော်ကိုလည်း ထောင်ချ ပစ်လိုက်တာဘဲ။ နောက် ကျိုင်းတုံဟော်ဆိုရင်လည်း ဖျက်ပစ်ပြီးတော့ ၉၁ ခုနှစ်မှာ။ အခုဆိုရင် ဟိုတယ် လုပ်ပစ်လိုက်တာဘဲ။ အရင်က ညောင်ရွှေစော်ဘွားဟော် ဆိုရင်လည်း အခု ဗုဒ္ဓပြတိုက် လုပ်ပစ်လိုက်တာဘဲ။

မျိုးချစ် ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ လူတွေကတော့ နှမြောတယ်၊ စိတ်နာတယ်၊ ယူကြုံးမရ ဖြစ်တယ် အဲဒါတွေ ရှိတာပေါ့။ နည်းတာ များတာ တိမ်တာ နက်တာ ဘဲ ကွာမှာပေါ့။

ဒီကနေ့အချိန် စစ်အုပ်ချုပ်ရေးနဲ့ စော်ဘွားအုပ်ချုပ်ရေး ဘယ်ဟာကို ရှမ်းအမျိုးသားတယောက်နဲ့ လိုလားသလဲလို့ မေးရင် ဘယ်လို ဖြေဆိုချင်ပါသလဲ။

ဒီလို လူ့အခွင့် အရေး၊ ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝ ရှိတဲ့ တိုင်းပြည်ကို မရောက်နိုင်တာခြင်း အတူတူ ခုန စနစ် ၂ ခု ယှဉ်လိုက်လို့ ရှိရင် စော်ဘွား စနစ်ကိုဘဲ လိုလား ကြမှာပေါ့။ ခပ်များများ ကတော့။ ကျနော့် အဖြေနဲ့ သိပ်မကွာကြဘူးလို့ ကျနော် သုံးသပ်တယ်လေ။

ဒီနေ့က ရှမ်းစော်ဘွားတွေ အာဏာစွန့်တဲ့နေ့ ဆိုတော့ ဘယ်လို လှုပ်ရှားမှုတွေများ ဆောင်ရွက် ကြပါသလဲ။

မရှိပါဘူး။ ဒါပေမယ့် နောက်လူငယ်တွေ သတိပေးဖို့ သမိုင်းကြောင်းကို လေ့လာဖို့၊ အမှတ်ရစေဖို့၊ မမေ့ဖို့ ဆောင်းပါးတို့ သုံးသပ်ချက်တို့ ရေးတာဘဲရှိပါတယ်။

စစ်တပ်က လွှမ်းမိုး အုပ်ချုပ်တဲ့ စနစ်က တဖြည်းဖြည်းနဲ့ နည်းသွားပြီလေ ကမ္ဘာမှာ။ အဲဒီ တိုင်းပြည်တွေ ကမ္ဘာမှာ နည်းနည်းသွားပါပြီ။ ကျနော်တို့ အနှေးနဲ့ အမြန်တော့ အတိုက်အခံ အဖွဲ့တိုင်း လိုလား တောင့်တတဲ့ တန်းတူမှု၊ မျှတမှု၊ လွတ်လပ်မှု ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို မရောက်မချင်းတော့ ဒီစစ်အုပ်စု ကြီးစိုးနေတဲ့ ကာလပတ်လုံးကတော့ ဘယ်လူတန်းစား ဘယ်လူထုမဆို ဘယ်ပြည်နယ် မဆို ဒီဘဝဆိုးကတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

Ref: မဇ္ဈိမ

Read More...

ဘိုကလေးတွင် စပါးများ ပိုးကျ နွေစပါး အထွက် နှုန်း ထက်ဝက် ကျဆင်း

NEJ /၂၉ ဧပြီ ၂၀၀၉

ယခုနှစ်တွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ နွေစပါးအထွက်နှုန်း တ၀က် လျော့ကျကြောင်း ဘိုကလေးမြို့နယ်၊ ညီနောင်ဝ ကျေးရွာအုပ်စုရှိ လယ်သမားများက ပြောသည်။

ယခင်နှစ်က တဧကလျှင် တင်း (၁၀၀) ထွက်သော်လည်း ယခုနှစ်တွင် နွေစပါး အထွက် နှုန်းမှာ တင်း (၅၀) သာ ရှိကြောင်း ဒေသခံများက ပြောသည်။


“ကျနော်တို့ ဘိုကလေးမှာက မိုးစပါးနဲ့ နွေစပါး နှစ်သီးစား စိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ နာဂစ်မတိုက်ခင်က နွေစပါးတွေ သိမ်းပြီးသွားတာ ဖြစ်တယ်။ ဒီနှစ် နွေစပါးကတော့ တ၀က်ကျတယ် ခင်ဗျ” ဟု ညီနောင်ဝကျေးရွာရှိ လယ်ဧက (၁၃) ဧကပိုင် လယ်သမားဦးမြင့်က ပြောသည်။

ညီနောင်ဝကျေးရွာအုပ်စုတွင် ညီနောင်ဝရွာ၊ ရေနက်ချောင်းရွာ၊ ကဇင်ချောင်းရွာ၊ သဘော့ကုန်းရွာ၊ ညီနောင်လေးရွာ၊ ထုံးဘူးကွဲရွာ၊ ကျားရွာ၊ ဦးမှုန်စုရွာ၊ ဘုတ်တလုပ်ရွာ၊ ကျောင်းစုရွာ ဟုရှိပြီး ယင်းရွာများမှာ နွေစပါးအထွက်နှုန်းကို အားထား၍ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြကြောင်း သိရသည်။

အဆိုပါရွာများတွင် စပါးစိုက်ပျိုးမြေဧက စုစုပေါင်း (၂,၂၀၀) ကျော်ခန့်ရှိကြောင်း၊ ယခုနှစ်တွင် စပါးများကို ပိုးကိုက်သဖြင့် လုံးဝလျော့ကျသွားကြောင်း၊ စပါးများကိုစားသော အဆိုပါ စပါးပိုးမျိုးကို တခါမှ မတွေ့ဖူးကြောင်း ကျောင်းစုရွာရှိ အသက် (၇၀) ကျော်အရွယ် လယ်သမားကြီး ဦးအောင်လှက ပြောသည်။

၎င်းက “ကျတဲ့ပိုးက ဒေသအခေါ်တော့ (ဖြုတ်) လို့ ခေါ်ပါတယ်။ အရင်က တခါမှ မကျခဲ့ဖူးဘူး။ အဲဒီဖြုတ်က စပါးနို့ရည် တည်ပြီးတော့ ခန်းတော့မယ့်အချိန်လောက်မှာ စပါးရဲ့ အောက်ခြေကနေပြီးတော့ ခဲတော့မလို ဖြစ်နေတဲ့ နို့ရည်တွေကို စုပ်ပြီးတော့ သောက်ပစ်လိုက်တာပဲ။ စပါးတွေ ၀ါလာတယ်၊ မှည့်ပြီထင်ရတယ်။ ဘယ်ဟုတ်မလဲ အဝေးကကြည့်ရင် ၀ါနေတာ၊ အနားသွားကြည့်တော့မှ ပိုးကိုက်နေတာ” ဟု အ၀ါရောင်သမ်းနေသော လယ်ကွင်းကို လိုက်ပြရင်း ခေတ်ပြိုင်သို့ ရှင်းပြသည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ယခုနှစ်တွင်မှ မကြုံစဖူး စပါးများ ပိုးကျ၍ အထွက်နှုန်း လျော့ကျသည့်အတွက် လယ်သမားများ အရှုံးပေါ်ရသည်ဟုလည်း ဒေသခံလယ်သမားများက ပြောသည်။

လယ်သမားများသည် အရှုံးပေါ်သဖြင့် လယ်စိုက်ရန်အတွက် အတိုးဖြင့်ချေးထားသည့် ငွေများကို စပါးပေါ်ချိန်တွင် ပြန်မဆပ်နိုင် ဖြစ်နေကြသည်ဟုလည်း ကျောင်းစုရွာမှ လယ် (၁၀) ဧကကျော် ပိုင်သူ တဦးကပြောသည်။

၎င်းက “အခုက အထွက်နှုန်း မရှိတဲ့အတွက် ပြန်မဆပ်နိုင် ဖြစ်နေကြတယ်။ ဒီနှစ် စပါးစိုက်တဲ့အခါ တဧကကို ကုန်ကျငွေက (၂) သိန်းလောက် ရှိတယ်။ အခု စိုက်လို့ရတဲ့ စပါးကိုရောင်းတော့ တဧကကို (၂) သိန်းခွဲတောင် အနိုင်နိုင်။ စိုက်တဲ့ စပါးအမျိုးအစားက (အချွန်) လို့ ခေါ်တယ်၊ ဘေးကျား မဟုတ်ဘူး။ ဒါကြောင့် စပါးဈေးက မရဘူး။ ကျနော်တို့က အချွန်စပါးကို ဈေးနှုန်းအားကိုးပြီးတော့ စိုက်ရတာ မဟုတ်ဘူးလေ၊ အထွက်နှုန်းကို အားကိုးရတာလေ။ အခုလို အထွက်နှုန်း မရတော့ ဆိုးတာပေါ့” ဟု ပြောသည်။

အစိုးရအာဏာပိုင်များအနေဖြင့် ပိုးကျသော လယ်များအတွက် ပိုးသတ်ဆေး စီစဉ် ပေးခြင်း မရှိကြောင်း၊ မိုးစပါး ရာသီအတွက် ပြင်ဆင်ကြရမည့် အချိန် ရောက်နေကြောင်း ညီနောင်ဝ ကျေးရွာအုပ်စုမှ လယ်သမားများက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, April 29, 2009

အန်အယ်လ်ဒီ စုံညီအစည်းအဝေး စတင် ပြည်နယ် နှင့် တိုင်း (၄) ခု က ဆွေးနွေး

မင်းနိုင်သူ /၂၈ ဧပြီ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီစုံညီအစည်း အဝေးကို ယနေ့ စတင်ပြီး ကချင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် ပြည်နယ်နှင့် တိုင်းတို့မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့က တင်ပြသော စာတမ်းကို ပြန်လည်ဆွေး နွေးသွားကြကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“ပြန်လည်ဆွေးနွေးသွားကြတာတွေကတော့ အများကြီးပဲ။ စည်းရုံးရေး အကြောင်းအရာနဲ့ ပတ်သက် တာတွေရော၊ နိုင်ငံရေး အကြောင်းအရာနဲ့ ပတ်သက်တာတွေရော ပြန်လည် ဆွေးနွေး သွားကြပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေ နအဖ စစ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးနိုင်မှု ရှိမရှိ၊ အဲဒါတွေကို အဓိကထား ဆွေးနွေး သွားကြတာပေါ့။ မနက်ဖြန် ဆွေးနွေးမှုတွေ အပြီးမှာမှ တစုံတရာ သဘောထား ထုတ်ပြန်ချက် ပေးနိုင်မယ်” ဟု ၎င်းက ပြောသည်။


ယနေ့ဆွေးနွေးခဲ့ကြသော ပြည်နယ်နှင့်တိုင်းများသည် ဗဟို အလုပ်အမှုဆောင် အဖွဲ့မှ တင်ပြသော အစီရင်ခံစာ (၃) ရပ်အပေါ်တွင် ပြန်လည်တုံ့ပြန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲမစတင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ သဘောထား အစီရင်ခံစာကို ဦးသိန်းညွန့် ကလည်းကောင်း၊ ပါတီစည်းရုံးရေး ဆိုင်ရာ အစီအရင်ခံစာကို ဦးအုံးကြိုင်က လည်းကောင်း၊ နိုင်ငံရေးဆိုင်ရာ အစီရင်ခံစာကို ဒေါက်တာ သန်းငြိမ်းက လည်းကောင်း အသီးသီး ဖတ်ကြား တင်ပြခဲ့ကြောင်း သိရသည်။

“ပြည်နယ်နှင့်တိုင်းတွေက စည်းရုံးရေးအဖွဲ့ဝင် ထဲက တဦးနဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲက တဦးစီက ပြန်လှန် ဆွေးနွေးတယ်။ မရှင်းတဲ့ အချက်တွေ ပြန်မေးတယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့က ပြန်လည် ဖြေကြား ပေးခဲ့တယ်” ဟု ဦးအုံးကြိုင်က ပြောသည်။

အဆိုပါ အန်အယ်လ်ဒီပါတီ စုံညီအစည်းအဝေးသို့ ပြည်နယ်နှင့် တိုင်းများမှ စည်းရုံးရေး အဖွဲ့ဝင် (၆၃) ဦး၊ လွှတ်တော် ကိုယ်စားလှယ် (၉၃) ဦး၊ ဗဟိုလူငယ် (၃) ဦးနှင့် ဗဟို အမျိုးသမီး (၃) ဦးတို့ အပြင် စီအာပီပီ ကိုယ်စား လှယ်များ၊ ၀ါရင့် နိုင်ငံရေး သမားကြီးများနှင့် သံတမန်များပါ တက်ရောက်ခဲ့ကြသည်။

အာဏာပိုင်များဘက်မှလည်း ရဲများ၊ လုံထိန်းများ၊ အရပ်ဝတ် လုံခြုံရေးများဖြင့် စောင့်ကြည့်မှုများ ရှိခဲ့ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

လူသတ်မှုကျူးလွန်သူ လေတပ်ဗိုလ်ကြီးကို ဖမ်းဆီးရမိ

NEJ /၂၈ ဧပြီ ၂၀၀၉

ပြီးခဲ့သည့် ဧပြီလဆန်းက ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင် လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈)၊ (၄) လွှာ ယာဘက်ခြမ်း အခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံ (၂) ဦးအနက် တဦးဖြစ်သူ လေတပ် ဗိုလ်ကြီး ဖုန်းဇော်အေးကို ဖမ်းဆီး ရမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ကမာရွတ် ရဲစခန်းမှ အမည် မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဧပြီ (၁၅) ရက် သင်္ကြန်အကြတ်နေ့ တုန်းက ပြည်လမ်းအမှတ် (၄၃၇) မှာ ဖွင့်ထားတဲ့ Summer Palace ဟိုတယ် မန်နေဂျာက ကျနော်တို့ စခန်းကို ဖုန်းဆက်တယ်။ သူတို့ဆီမှာ လူတယောက် တည်းခိုခန်းခ မပေးဘဲ တည်းနေတာ လာစစ် ပေးပါလို့ ဆိုတယ်။ ကျနော်တို့ ဟိုတယ်ကို ရောက်ပြီး သိပ်မကြာဘူး။ လူတယောက် ဟိုတယ် အပေါ်ထပ်ကနေ ခုန်ချတယ်။ အောက်ထပ်က အဖီထုတ်ထားတဲ့ အမိုးပေါ်ကို ပြုတ်ကျပြီး ခြေထောက် ကျိုးသွားတယ်။ ဒါနဲ့ သူ့ကို သွားမေးကြတယ်။ နောက် ဆေးရုံပို့ပြီး စစ်ကြည့်တော့ မင်္ဂလာဒုံ လေတပ်စခန်းက ဗိုလ်ကြီးတယောက် ဖြစ်နေတယ်။ သူပြောတာတွေ ရှေ့နောက် မညီတာနဲ့ ဆက်ပြီး စစ်လိုက်တာ ဗိုလ်တစ်ထောင် လမ်းသွယ် (၄)၊ နှစ်လောင်းပြိုင် လူသတ်မှုက လူသတ်သမား ဖြစ်နေတာ သိရတယ်။ ခု သူ့ကို စစ်တပ်က လာလွှဲယူသွားပြီ” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ (၂) ရက်က ဗိုလ်တစ်ထောင်လမ်းသွယ် (၄) အပြင်က သော့ခတ် ထားသည့် တိုက်ခန်း တခန်းမှ အပုပ်နံ့ ထွက်လာ၍ လူများက ရဲကို အကြောင်းကြားခဲ့ရာမှ လူသတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အသတ်ခံရသူများမှာ အသက် (၄၆) နှစ်အရွယ် သင်္ဘောအရာရှိ ဦးခင်မောင်လေးနှင့် ရွှေပြည်သာတွင် နေထိုင်သည့် အငြိမ်းစား ဗိုလ်မှူးချုပ် ကျော်ဝင်း၏ သမီး အသက် (၄၄) နှစ်အရွယ် ဒေါ်အေးအေးဝင်း ခေါ် ဒေါ်မြတ်သီရိခင် ဖြစ်ပြီး မတ်လ (၃၀) ရက် ညက အသတ်ခံရကြောင်း သိရသည်။

ဖမ်းဆီးမိသူ ဗိုလ်ကြီးဖုန်းဇော်အေးသည် ဦးခင်မောင်လေး၏ တူတော်သူဖြစ်ပြီး မကြာခဏ ဦးလေးဖြစ်သူထံ လာရောက်လေ့ ရှိကြောင်း၊ အခင်းဖြစ်ပွားသည့် နေ့က ငွေချေးရာမှ အချင်းများကြပြီး အဖော် တယောက်နှင့် အတူ သတ်သွားသည်ဟု ယူဆရကြောင်း အိမ်နီးနားချင်းများက ပြောကြသည်။

ယခုမှုခင်းနှင့် ပတ်သက်၍ သတင်းထောက်များနှင့် ရဲမှုခင်း သတင်းထုတ်ပြန်ရေး အဖွဲ့ တွေ့ဆုံစဉ် သတင်းထောက်များ၏ မေးမြန်းချက်ကို တာဝန်ရှိသူများက တရားခံတဦး မိပြီ ဆိုသည်မှ လွဲပြီး အခြား ပြောဆိုခြင်း မပြုသကဲ့သို့ သတင်း ရေးသားရန်လည်း လုံးဝ ခွင့်မပြုကြောင်း သိရသည်။

ယခု ပြစ်မှုကျူးလွန်သူသည် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ စစ်အရာရှိ တယောက်ဖြစ်နေခြင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်တော်စပ်သူ ဗိုလ်မှူးချုပ် သိန်းနိုင်၏ တပ်မှ ဖြစ်နေခြင်းတို့ကြောင့် လုံးဝ သတင်းဖော်ပြခွင့် ပြုမည်မဟုတ်ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်သတင်းထောက် တဦးက သုံးသပ်သည်။

အင်းလျားလမ်း (၅) လောင်းပြိုင် လူသတ်မှုတွင်လည်း ထိပ်တန်း စစ်အရာရှိတဦး၏ သားတဦး ပါဝင်ပတ်သက်နေ၍ မည်သည့်အခါမှ သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း စစ်အစိုးရ ထိပ်ပိုင်း အာဏာပိုင်များနှင့် နီးစပ်သူ စစ်အရာရှိကြီးတဦးက ပြောကြားခဲ့သော်လည်း ထိပ်တန်းခေါင်းဆောင် မည်သူ၏ သားဖြစ်သည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

Ref: ခေတ်ပြိုင်

Read More...

KNU ဝေါ်လေခီးစခန်း သိမ်းပိုက်ခံရ

ကရင်သတင်းစဉ်
ဧပြီ ၂၉၊ ၂၀၀၉

ကရင်အမျိုးသား အစည်းအရုံး (KNU)၏ ဝေါ်လေခီးတပ်စခန်းကို ယနေ့ မနက်ပိုင်းတွင် ဒီကေဘီအေနှင့် နအဖတပ်များက သိမ်းပိုက်လိုက်သည်ဟု ၎င်းတပ်ရင်း၏ တပ်ခွဲမှူးတဦးက ပြောသည်။

(၂ဝ၁)တပ်ရင်း၊ တပ်ခွဲ(၁)မှူး ဗိုလ်နာ့ကြီးက “ဒီနေ့မနက် ၈နာရီခွဲ ကျော်ကျော်လောက်မှာ စခန်းကို သူတို့ သိမ်းလို့ ရသွားတယ်။ မနေ့ကတည်းက အဆက်မပြတ် တိုက်ပွဲဖြစ်နေတာ။ ထိုင်းရွာသားတွေကို ထိမှာ စိုးလို့ ကျနော်တို့လည်း ရှောင်ပေးလိုက်တယ်လေ” ဟု ကရင်သတင်းစဉ်ကို အတည်ပြုပြောဆိုသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် နအဖနှင့် ဒီကေဘီအေဘက်မှ (၁ဝ)ဦး ထိုင်းရွာသားတဦး လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ပြီး ရွာသူ ရွာသား ၄ဝဝ ခန့်ကို ၎င်းတို့ရပ်ရွာမှ ပြောင်းရွှေ့ နေရာချထားပေးသည်ဟု သိရသည်။

ဝေါ်လေခီးစခန်းကို သိမ်းပိုက်လိုက်သည့် ဒီကေဘီအေ (၉ဝ၆)၊ (၉ဝ၇)၊ (၉၉၉)၊ (၃၃၃)၊ (၅၅၅) တပ်ဖွဲ့ဝင်များနှင့် နအဖတပ်မှ စစ်ကြောင်း နှစ်ကြောင်းသည် ယခုလ (၅)ရက်နေ့ကတည်းက ထိုးစစ် ဆင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Ref: မိုးမခ

Read More...

Tuesday, April 28, 2009

လူရွှင်တော် ဇာဂနာ ထောင်ပြင်ထုတ် ဆေးစစ်ခွင့်ရ

NEJ /၂၇ ဧပြီ ၂၀၀၉

ယနေ့မွန်းလွဲပိုင်းက သရုပ်ဆောင် ဒါရိုက်တာ မောင်သူရခေါ် လူရွှင်တော် ဇာဂနာကို မြစ်ကြီးနား အကျဉ်းထောင်မှ ထောင်ပြင်ဆေးရုံသို့ ထုတ်လာပြီး ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင် တဦးက ပြောသည်။

မိသားစုဝင်တဦးက “မွန်းလွဲပိုင်းမှာ ထောင်ထဲကနေ ဗင်ကားတစီးနဲ့ မြစ်ကြီးနား ဆေးရုံကို ခေါ်ထုတ်လာတယ်။ နောက် အထူးကု ဆရာဝန်တွေနဲ့ ဆေးစစ်တာခံတယ်။ နောက် သိပ်မကြာဘူး။ ထောင်ထဲကို ပြန်ခေါ်သွားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဖြေကိုတော့ မကြာခင် သိရလိမ့်မယ်” ဟု ပြောသည်။


ကိုဇာဂနာသည် ထောင်တွင်းတွင် အသည်းရောင်အသားဝါ၊ နှလုံးနှင့် အခြားရောဂါများ ရရှိကာ သတိလစ် မေ့မျောသည် အထိ ဖြစ်ခဲ့ပြီး နောက်ပိုင်း ထောင်ဝင်စာ သွားတွေ့သည့် ခယ်မ မငြိမ်းက ကိုဇာဂနာအတွက် လိုအပ်သည့် ဆေးဝါးနှင့် အသုံး အဆောင်များကို ထောင်ပြင်ပမှ ဝယ်ယူ ပို့ပေး နေခဲ့ရကြောင်း၊ နောက်ပိုင်း ကိုဇာဂနာ၏ ကျန်းမာရေး အခြေအနေ ကောင်းမလာ၍ ထောင်ပြင်ထုတ်ပြီး ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ လုပ်ခွင့်ပေးရန်၊ ဆရာဝန်ကြီးများနှင့် ကုသခွင့်ပေးရန် ထောင် အာဏာပိုင်မှ တဆင့် ပြည်ထဲရေး ဝန်ကြီးအထိ အဆင့်ဆင့် တင်ပြခဲ့ကြောင်း၊ မြစ်ကြီးနားထောင်တွင် ထောင်ဆေးရုံ မရှိသည့်အပြင် ဆရာဝန်ပင် မရှိဘဲ ကျန်းမာရေး ကိစ္စများကို ဆေးမှူး တဦးကသာ တာဝန်ယူထားကြောင်း အဆိုပါ မိသားစုဝင်က ပြောသည်။

ထို့ပြင် ထောင်တွင်း၌ ဆေးဝါး ထောက်ပံ့မှုလည်း မရှိ၍ လိုအပ်သမျှ ဆေးဝါးမှန်သမျှ ထောင်ပြင်ပမှ မိသားစုများကပင် ဝယ်ယူ ဖြည့်တင်း ပေးနေရကြောင်း အဆိုပါ မိသားစုဝင်က ပြောပြသည်။

Ref: ခေတ်ပြိုင်

Read More...

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အရာရှိတဦး တိုက်ပွဲတွင် ကျဆုံး

ဒယ်နီယယ် ပီဒါဆင်
ဧပြီလ 27 2009

မဲဆောက် (မဇ္ဈိမ)။ ။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ဝါးလေခီး စခန်းကို တိုက်ခိုက်နေသည့် ၂ ပတ်ကြာ တိုက်ပွဲအတွင်း ယခုနောက်ဆုံး ကျဆုံးခဲ့သူများမှာ မြန်မာစစ်တပ်မှ တပ်သား ၂ ဦးနှင့် ကရင် တပ်မတော်မှ ဗိုလ်မှူးကြီး စောဂျေး ဖြစ်သည်။

၃ ဦးလုံးမှာ စနေနေ့ညက ကျဆုံးခဲ့ကြခြင်း ဖြစ်သည်။

KNLA ဗိုလ်မှူးကြီးစောဂျေးမှာ တောနက်ထဲတွင် ထောင်ထားသော တိုက်မိုင်းကြိုးကို နင်းမိ၍ ကျဆုံးသွားခဲ့ပြီး၊ မြန်မာစစ်သား ၂ ဦး သေဆုံးရသည့် အကြောင်းရင်းကိုမူ ယခုချက်ချင်း မသိရသေးပါ။

ဝါးလေခီးစခန်း တိုက်ပွဲမှာ ကြာမြင့်လှပြီဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာ သေဆုံးမှုများမှာ နယ်မြေ စိုးမိုးရေး တိုက်ပွဲအတွင်း လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် မဟုတ်ဘဲ အဓိကအားဖြင့် မြေမြှုပ်မိုင်းနှင့် ထောက်ချောက် ဗုံးများကြောင့် သေဆုံး ဒဏ်ရာ ရခဲ့ကြခြင်း ဖြစ်ပြီး စိတ်ဓာတ်ရေးရာ အရ တုန်လှုပ် ချောက်ချားအောင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယခု အခြေအနေတွင် ဝါးလေခီးစခန်းကို KNLA က ထိန်းချုပ် ထားနိုင်ဆဲဖြစ်ပြီး မြန်မာစစ်တပ်မှာ စိန်ပြောင်း တကမ်းအကွာ ၅ မိုင်အဝေး တောင်ကုန်းမြင့်ပေါ်တွင် နေရာယူထားသည်။

ဤနေရာ ၂ ခုအကြား စပ်ကြားနယ်မြေမှာမူ ပြောက်ကျား စစ်သည်များ၏ နယ်မြေဖြစ်ပြီး အင်အားအနည်းငယ် ပါဝင်သော လှည့်ကင်းများ၊ ကင်းထောက်ခြင်းများကို ပြုလုပ်နိုင်သည်။

၃ ရက်ကြာ နှိုင်းယှဉ်ချက်အားဖြင့် ငြိမ်သက်နေခဲ့သော တိုက်ပွဲသည် ယမန်နေ့က အဆုံးသတ်သွားပြီး၊ မြန်မာစစ်တပ် အနေဖြင့် ဤစခန်းသိမ်း တိုက်ပွဲတွင် ရရှိခဲ့သော များပြားလှသည့် အသေအပျောက် အကျအဆုံးများကို ပြန်ထေမိ နိုင်ခဲ့သည်။

မြန်မာစစ်တပ်မှ ဒဏ်ရာရရှိသူများကို မြဝတီဆေးရုံတွင် တင်၍ ကုသပေးလျက် ရှိသည်ဟု သိရသည်။

ယမန်နေ့ညက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) သို့မဟုတ် မြန်မာစစ်အစိုးရ တပ်များနှင့် ယင်းတို့၏ စစ်ရေးမဟာမိတ် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) ပူးပေါင်း တပ်ဖွဲ့များသည် KNLA ၏ အဓိကစခန်းကို တိုက်ခိုက်ရန် ရှေ့တိုး ချီတက် လာခဲ့ကြသည်။

“တိုက်ပွဲက အခုဖြစ်နေတုန်းပဲ။ ဆက်လည်း ဖြစ်ဦးမယ်။ ကျနော်တို့ လူတယောက် မနေ့ညက ကျဆုံးခဲ့တယ် (ဗိုလ်မှူးကြီးစောဂျေးကို ရည်ညွှန်းသည်)” ဟု အကြီးတန်း တပ်မှူးတဦးက တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ပြောကြားသည်။

စခန်းကို KNLA က သိမ်းပိုက်ထားဆဲဖြစ်ပြီး၊ စခန်းပတ်ဝန်းကျင်တွင် ထောက်ချောက်ဗုံးများ၊ မြေမြှုပ် မိုင်းများကို နှစ်ဖက်စလုံးက တိုး၍ ထောင်လျက်ရှိပြီး၊ တိုက်မိုင်းများကိုလည်း ဆင်ထားသည်ဟု ဗိုလ်မှူးကြီး နဒါးမြက တနင်္ဂနွေနေ့ နံနက်ပိုင်းက ပြောသည်။

“ဒီမှာတော့ တကယ့်ကို ရှုပ်ထွေးနေတာပဲ” ဟု သူက ပတ်ဝန်းကျင် မြေအနေအထားကို ရည်ညွှန်း ပြောကြားသည်။ နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင်များ အတွက် လှုပ်ရှားသွားလာရန် အလွန် ခက်ခဲ ကြမ်းတမ်းသော အနေအထားတွင် ရှိသည်။ “ကျနော်တို့ စခန်းကို ဆက်ထိန်းထားတုန်းပဲ။ ဆက်တိုက်သွားမယ်” ဟုလည်း သူက ပြောသည်။

KNLA တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ ဝါးလေခီးစခန်းကို တိုက်ခိုက်နေသည့် တိုက်ပွဲသည် ဧပြီလ ၁၂ ရက်နေ့ကတည်းက စတင် ဖြစ်ပွားနေခဲ့သည်။

နှစ်ဖက်စလုံး မည်သည့်ဘက်မျှ အသာစီး မရသေးဘဲ နှစ်ဘက်စလုံးတွင် အထိအခိုက် အကျအဆုံး အများအပြား ရှိခဲ့သည်။ လက်နက် ကိရိယာများ ကောင်းမွန်စွာ တပ်ဆင်ထားပြီး ကြာရှည်စွာ ထိုင်ထားခဲ့သော ဤစခန်းကို ကာကွယ်နေသော KNLA တပ်ဖွဲ့များ ဘက်တွင်မူ အထိအခိုက် အကျအဆုံးများစွာ သက်သာသည်ဟု မျှော်လင့်ရသည်။

Ref: မဇ္ဈိမ

Read More...

ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက်

NEJ /၂၇ ဧပြီ ၂၀၀၉

တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်က ထိုင်းနိုင်ငံအတွင်း ဝင်ရောက် ပစ်ခတ်သဖြင့် ထိုင်းစစ်သား (၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ထိုင်းရွာသား (၃၀၀) ခန့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) နယ်မြေ အတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး တပ်စခန်းအား သိမ်းပိုက်နိုင်ရေးအတွက် ဒီကေဘီအေတပ်ရင်း (၉၀၇) မှ အင်အား (၅၀) ခန့်သည် ယနေ့နံနက် (၁၀) နာရီခန့်၌ ထိုင်းနိုင်ငံအတွင်းမှ ပတ်၍ဝင်တိုက်ရန် ထိုင်းနယ်မြေထဲ ဝင်ရောက်စဉ် ထိုင်းစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။


အဆိုပါတိုက်ပွဲတွင် ထိုင်းစစ်သည် (၂) ဦး ဒဏ်ရာရပြီး မြန်မာဘက်ခြမ်းရှိ ဘုရင့်နောင် တောင်ကုန်းရှိ နအဖစစ်တပ်မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးရာ ထိုင်းဘက်ခြမ်းရှိ ဖားဒီးထိုင်းရွာအတွင်း လက်နက်ကြီး (၄) လုံး ကျရောက်ပေါက်ကွဲပြီး ရွာသားတဦး ဒဏ်ရာရရှိသွားကာ ရွာသား (၃၀၀) ခန့်မှာ ရွာပြင်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်။

မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့်အကွာ မြန်မာဘက်ခြမ်းတွင် တည်ရှိသည့် တပ်ရင်း (၂၀၁) စခန်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး တည်ရှိပြီး ကပ်လျက် ထိုင်းဘက်ခြမ်းတွင် ဖားဒီးရွာ တည်ရှိသည်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ယခုလောလောဆယ်တွင် မြန်မာဘက်ခြမ်း နယ်စပ်မျဉ်းအနီး တပ်စွဲထားပြီး ထိုင်းဘက်ခြမ်း၌ ထိုင်းစစ်တပ်က တပ်အင်အား တိုးမြှင့်ထားသောကြောင့် ယနေ့ညဘက်တွင် ထူးခြားမှု တစုံတရာ ရှိနိုင်သည်ဟု ထိုင်းလုံခြုံရေး အရာရှိတဦးက ပြောသည်။

တပ်ရင်း (၂၀၁) မှ အရာခံဗိုလ် စောထီးခုက “ဒီကေဘီအေက ကျနော်တို့ စခန်းကိုတိုက်တာ လဆန်း ကတည်းက ဖြစ်တယ်။ အခုတော့ အကြံကုန်ပြီး ကျနော်တို့ကို ထိုင်းဘက်ကနေ ဝင်ပိုင်းဖို့ ကြိုးစားရာကနေ တိုက်ပွဲဖြစ်တာပါ။ အခြေအနေအရ ဒီည သူတို့ ကျနော်တို့ကို ဆက်တိုက်ဖို့ ရှိနိုင်တယ်။ ကျနော်တို့ ဘက်ကလည်း အရံသင့်ပဲ" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေတပ်ရင်း (၉၀၇) သည် နအဖလက်နက်ကြီး အကူပစ် တပ်ဖွဲ့ဝင်များ ခြံရံကာ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ယခုလဆန်း (၄) ရက်နေ့မှ စတင် ထိုးစစ်ဆင်ခဲ့ သော်လည်း ယနေ့ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒေသ ဒူးပလာယာ ခရိုင်ကို ဒီကေဘီအေ ဘက်မှ ကလို့ထူးဘော ဒေသဟု ခေါ်ပြီး ဒေသတွင်း မဟာဗျူဟာကျသည့် ဝေါလေခီး တပ်စခန်းကို သိမ်းပိုက်နိုင်ရေး အတွက် အပြင်းအထန် ကြိုးစားလျက်ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့