..............................

Saturday, March 27, 2010

တပ်မတော်သားများအတွက် ပြည်သူသာ အမိ အဖ ဖြစ်စေလို

မြင့်မောင်
သောကြာနေ့၊ မတ်လ ၂၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ၁၉၆၂ နှစ်ကတည်းက စစ်တပ်ကြီးစိုးလာခဲ့သော မြန်မာနိုင်ငံတွင် မနက်ဖြန်ဆိုလျှင် ၆၅ နှစ်မြောက် တပ်မတော်နေ့ ကျရောက်တော့မည် ဖြစ်ပြီး နေပြည်တော်တွင် ကျင်းပမည် ဖြစ်သည်။

လက်ရှိ စစ်အစိုးရ လက်အောက်တွင် တပ်မတော်နေ့ အခမ်းအနားသည် နိုင်ငံ၏ အကြီးကျယ်ဆုံး၊ ငွေကုန်ကြေးကျ အများဆုံး အခမ်းအနား ဖြစ်လာနေသည်။

မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ စစ်သားဘဝကို မြတ်နိုးသူ၊ မြန်မာ့တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ ယနေ့ တပ်မတော်အပေါ် သုံးသပ်ချက်များကို ဖတ်ရှုရမည်ဖြစ်သည်။

မေး။ မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လားဆိုတာ တချက်လောက် ရှင်းပြပေးပါ။ တပ်မှူးဟောင်း တယောက်အနေနဲ့ ဘယ်လို ခံယူထားလဲဆိုတာ သိချင်လို့ပါ။

''စပြီးတော့ ဖြစ်လာတာက ဖက်ဆစ်တော်လှန်ရေး နေ့ပါ။ ဟိုတုန်းက တပ်တွေ ဖွဲ့ကာစကတော့ မထင်ရှား သေးဘူးပေါ့။ နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ တပ်ထဲမှာ ဖက်ဆစ်တော်လှန်ရေး ဆိုပြီးတော့ ကျင်းပလာတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ဖက်ဆစ် တော်လှန်းရေးနေ့ တပ်တွေထွက်တဲ့ အသွင်သဏ္ဍာန်ကို ဆောင်ပြီးတော့ကာ၊ မီးဒုတ်တွေဘာတွေနဲ့ စစ်ကြောင်းတွေက လှည့်ပြီးတော့ကာ ရွှေတိဂုံ အနောက်ဘက်မှာ ရှိတဲ့ ကျူးကျော် အိမ်တွေကို ဖျက်ပြီးတော့၊ မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန်က အဲဒီနေရာကို ရှင်းပြီးတော့ အဲဒီနေရာကို တော်လှန်ရေးပန်းခြံ ဆိုပြီး လုပ်တယ်။ ဟိုတုန်းက တော်လှန်ရေး ပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောပြီးတဲ့နောက်၊ အဲဒီက နေပြီးတော့ စပြီး ချီတက်တာကို အမှတ်အသား အနေနဲ့၊ ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကြောင်းတွေက မြို့ထဲကနေ တော်လှန်ရေး တိုင်းတွေ၊ ပြည်နယ်တွေက တပ်တွေလို နာမည်တပ်ပြီးတော့၊ စစ်ကြောင်းတွေ လုပ်ပြီး ချီတက်လာကြတယ်။ နောက်နှစ်မှာကျ မီးဒုတ်တွေ မပါတော့ဘူးပေါ့။ မီးဒုတ်တွေပါရင် မီးအန္တရာယ် ရှိတယ် ဆိုပြီးတော့ မပါတော့ဘဲ နောက်ပိုင်းမှာ စစ်ရေးပြ အခမ်းအနားတွေ ဖြစ်ပေါ်လာတယ်။ အဲဒီတုန်းက ဖက်ဆစ် တော်လှန်းရေးပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီး နောက်ပိုင်းကျတော့ ဖက်ဆစ် တော်လှန်ရေးနေ မဟုတ်တော့ဘူးပေါ့။ ဒီဟာကို ၂၇ ရက်နေ့က စစ်သည်တွေ ချီတာကို အကြောင်းပြုပြီး တပ်မတော်နေ့လို့ ပြောင်းလိုက်တယ်။ အဲဒီကျလို့ရှိရင် တပ်ထဲမှာ စစ်ရေးပြ အခမ်းအနားတွေ ကျင်းပပြီး၊ တပ်မတော်နေ့ ဆိုပြီး လုပ်လာတာတွေ ရှိတယ်''

''ကျနော် မှတ်မိသေးတယ်၊ တော်လှန်ရေးကောင်စီ တက်လာတဲ့ အချိန်မှာ တပ်မတော်သားတွေဆီ ဆန္ဒတွေဘာတွေ မေးတော့ကာ ကျနော့်အနေနဲ့ ဆန္ဒပြုခဲ့တာတွေ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ တပ်မတော်နေ့ အခမ်းအနား လုပ်တာကတော့ လုပ်ပါ။ တပ်မတော်နေ့ ဆိုတာက ရှိရမှာပဲ။ တပ်မတော်သားတွေ ဂုဏ်ပြုတဲ့နေ့။ သို့သော် အဲဒီနေ့ဟာ တပ်မတော်ထဲမှာ အခမ်းအနား ကျင်းပတာလောက်ပဲ ကောင်းတယ်။ တကယ့် နေ့ထူးနေ့မြတ်က လွတ်လပ်ရေးနေ့။ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးနေ့ဟာ အထွဋ်အမြတ်နေ့ ဖြစ်တယ်။ အထွဋ်အမြတ်နေ့မှာ တပ်မတော်သားတွေ အနေနဲ့ စစ်ရေးပြ အခမ်းအနားလည်း လုပ်၊ ပြည်သူပြည်သားတွေ ဘက်ကလည်းပဲ၊ ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ လည်းပဲ ပြည်သူနဲ့ တပ်မတော် အတူတကွ ချီတက်တဲ့ အခမ်းအနားတွေ လုပ်ပါ ဆိုပြီးတော့ အကြံဥာဏ်တွေလည်း ကျနော်တို့ ပေးခဲ့ဖူးတယ်''

''အဲဒါက မထိရောက်ဘဲ နောက်ပိုင်းမှာ တပ်မတော်နေ့ဆိုပြီး ဒီနေ့အထိ လုပ်လာတာပဲ။ အဲဒီနေ့မှာ အခမ်းအနား ကျင်းပပြီး တပ်ထဲမှာရှိတဲ့ စစ်သည်တော်များ အားလုံးအတွက် စစ်သွေးစစ်မာန်၊ ဇာတိသွေး ဇာတိမာန် တက်ကြွဖို့ အခမ်းအနား လုပ်တာပါ။ ဟိုတုန်းက အကြံပေးခဲ့ဖူးတာက လွတ်လပ်ရေးနေ့မှာပဲ အဓိက ထားပြီးတော့ကာ တပ်မတော်သားတွေ အားလုံး ပါဝင်ဆင်နွှဲဖို့ ပြောခဲ့ပေမယ့်၊ တချို့က တပ်မတော်နေ့လို့ သတ်မှတ်ပါ။ အဲဒီနေ့မှာ တပ်ထဲမှာ သူတို့ဘာသာသူတို့ ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ်ပွဲတွေ လုပ်လို့ရှိရင် ဖြစ်နိုင်ပါတယ်ဆိုပြီး သဘောတူညီမှုတွေ ရှိခဲ့ဖူးတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှာ စစ်ရေးပြ အခန်းအနားတွေနဲ့ပဲ လုပ်လာခဲ့တာ အခုထိပဲ။ အခုကျ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်မှာ အကြီးကျယ်ဆုံး လုပ်တဲ့ သဘော ရှိတဲ့အတွက် စစ်ရေးပြ အခမ်းအနားကို အကြောင်းပြုပြီး လုပ်လာတဲ့အတွက် တပ်မတော်နေ့ ဆိုပြီး တွင်ကျယ်လာတာပါပဲ''

''တကယ်စင်စစ်က မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်နေ့ကို အားလုံး ချီတက်ပြီး ထွက်ကြတဲ့ အတွက်ကြောင့်မို့၊ ထွက်တဲ့ တပ်တွေကလည်း သူတို့ဟာသူတို့ အမှတ်တရအနေနဲ့ ကျင်းပတဲ့ အတွက်ကြောင့်မို့လို့ ဖက်ဆစ် တော်လှန်ရေးနေ့ပါ။ ဖက်ဆစ် တော်လှန်နေ့က အမည် နာမ အနေနဲ့က အမှန်အကန်ပါပဲ။ သို့သော် စစ်သည်တော်သားများ အားလုံးအနေနဲ့ တပ်မှူးအကြီး အငယ်တွေအနေနဲ့ အားလုံး အဆင့်ဆင့်က အစဉ်အလာလိုဖြစ်ပြီး ပြောဆို လုပ်ကိုင် လာတာကတော့ ဒီနေ့အချိန်ထိ အခမ်းအနားတွေကို အကြီးအကျယ် လုပ်ပြီးတော့ တပ်မတော်နေ့ဆိုပြီး ဖြစ်လာတာပေါ့''

မေး။ ဖက်ဆစ်တော်လှန်ရေးခေတ် နောက်ပိုင်းကာလ တပ်မတော်သားတွေနဲ့ လက်ရှိ တပ်မတော်သားတွေ ဘယ်လို ကွာခြား တာမျိုးတွေ ရှိလဲခင်ဗျ။

“သိပ်ပြီးတော့ ကွာခြားတာပေါ့ကွာ၊ ဟိုတုန်းက တပ်မတော်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က အင်မတန် ကောင်းမြတ်တဲ့ စံနမူနာကောင်းတွေ ပြသွားခဲ့တယ်။ သူ ဖက်ဆစ် တော်လှန်ရေး ပြီးတဲ့အခါကျ တပ်ကို ပြန်ဖွဲ့တဲ့ အခါမှာ ဂန္ဓီ စာချုပ်အရ တပ်ကို ပြန်ဖွဲ့စည်းတယ်။ အရာရှိတွေနဲ့ ပတ်သက်လို့ ရွေးချယ်ခန့်ထားပြီး နောက်ပိုင်းမှာ သူကိုယ်တိုင်က တပ်မတော်ထဲမှာ မနေတော့ဘဲနဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ဖဆပလ ပါတီ အဖွဲကြီးထဲမှာ သွားပြီးတော့ ဗမာ့ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ဆက်လက် ကြိုးပမ်းတဲ့ ဥစ္စာက တပ်မတော်နဲ့ နိုင်ငံရေး (နိုင်ငံရေးဆိုတာက ပါတီ နိုင်ငံရေးကို ပြောတာပေါ့လေ)၊ နိုင်ငံရေး ဆိုတာက ပြည်သူလူထု အားလုံးနဲ့ တပ်မတော် သားတွေက နိုင်ငံရေးရဲ့ ဇာတ်ကောင်တွေ ဖြစ်တယ်။ နိုင်ငံရေးရဲ့ သတ္တဝါတွေဖြစ်တော့ နိုင်ငံရေးဆိုတာက ရှိရမှာပဲ၊ ကင်းမှာ မဟုတ်ဘူး”

“သို့သော်လည်း တပ်မတော်ဟာ ပါတီနိုင်ငံရေးနဲ့ တပ်မတော် ကင်းကင်းရှင်းရှင်း နေရမယ်ဆိုတာကို ဗိုလ်ချုပ် အောင်ဆန်းက ပြခဲ့တယ်လေ။ ဒီအစဉ်အလာကို ထိန်းဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက် အသက်စွန့်ပြီး နောက်ပိုင်းမှာလည်း တပ်မတော်ကို ဆက်လက် တာဝန်ယူတဲ့ ပုဂ္ဂိုလ် အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်ပေါ့ဗျာ။ အဲဒီအခါမှာလည်းပဲ ဒီအရှိန်အဝါနဲ့ ဆက်လက်ပြီး အကောင်အထည် ဖော်ဖို့အတွက် တပ်မတော် ညီလာခံတခုကို ပထမဆုံးအကြိမ် ကျင်းပတယ်။ တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်းကို ရေးခဲ့တယ်။ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို တို့တတွေက အသက်ပေးပြီး ကာကွယ်ကြရမယ်။ အဲဒီဟာကို ကာကွယ်ဖို့ အကြောင်းချင်းရာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတယ်''

''အဲဒီမှာ ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ကာကွယ်ရေး ဦးစီချုပ် စာတမ်းတစောင်ကို ဖတ်ပြတယ်။ အဲဒီဖတ်ပြတဲ့ စာတမ်းက ဘာလဲဆိုတော့ - တို့တပ်မတော်အနေနဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ရှေ့ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ အခုရှိနေတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အသက်ပေးပြီး တို့တတွေ ကာကွယ်ကြရမယ်။ နောင်သောအခါမှာ အခြေခံဥပဒေအပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ နိုင်ငံတော် တည်ဆောက်ရေး တို့တတွေ လုံးပမ်းကြရမယ်။ ဒါကြောင့်မို့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ ဥပဒေအချက်အလက်တွေကို ဖောက်ဖျက်ကျူးလွန်တာရှိသော် ငါကိုယ်တိုင် မထောက်မညှာ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမယ်။ ဒါကြောင့်မို့ ဒါကို မင်းတို့အားလုံး ဆွေးနွေးပြီးရင် ဒီဟာကို လက်မှတ်ထိုးကြပါ ဆိုတဲ့အတွက် ဒီဟာကို ၁၉၄၇ ခုနှစ် နိုင်ငံတော် အခြေခံဥပဒကို ကျနော်တို့ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် ထောက်ခံအားပေးပြီး လက်မှတ်ထိုးခဲ့တယ်။ အဲဒါက ဗမာ့တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်း ထုတ်ခဲ့တာ''

''ပထမဦးဆုံး ရွေးကောက်ပွဲတုန်းက ပါတီနိုင်ငံရေးနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ဖြစ်အောင်ဆိုပြီးတော့ ရွေးကောက်ပွဲတို့ ဘာတို့ လုပ်တဲ့အခါမှာလည်း ပါတီပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စစ်သည်စစ်သားများက ပါဝင်မှု မရှိဘဲနဲ့၊ မိမိတပ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်းများကို မပတ်သက်ဘဲနဲ့၊ နောက်ပြီး သွားရောက်ပြီးတော့ သူတို့အတွက် ပြောပေးခြင်း၊ ဟောပေးခြင်း၊ ဆော်သြပေးခြင်း၊ လိုက်လံပြီး ကူညီဆောင်ရွက်ပေးခြင်း စသဖြင့် ပါဝင် ဆက်နွယ်ပြီးတော့ လုပ်လို့မရအောင် ကင်းကင်းရှင်းရှင်း ဖြစ်အောင် အမိန့်တွေ ထုတ်ထားတဲ့အတွက် တိတိကျကျပဲ လိုက်နာခဲ့ကြရတယ်''

''အခုကျတော့ တဖြည်းဖြည်း ပတ်သက်ပြီး သံယောဇဉ်တွေက ရှိခဲ့တာကိုး။ သံယောဇဉ်ရှိတဲ့အပေါ် မူတည်ပြီး၊ လိုက်နာပြီးတော့ ဆောင်ရွက်ပေးခြင်းအားဖြင့် နောက်ဆုံး တပ်က နိုင်ငံရေးထဲမှာ တဖြည်းဖြည်း အထူးသဖြင့် ပါတီနိုင်ငံရေးထဲမှာ တပါတီ၊ တဖွဲ့၊ လူတဦး အကျိုးစီးပွား အကျိုးငှာ အသုံးချခံလိုက်ရတဲ့ ဘဝကို ရောက်သွားတဲ့ဟာမျိုး ဖြစ်ခဲ့တာပေါ့။ အခုတော့ ဒီအခြေအနေ အတိုင်းပဲ ဖြစ်သွားတာပေါ့လေ။ နိုင်ငံတော်မှာ နဂိုမူလက ဆောင်ပုဒ်က ရှိပြီးသား “ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ” ၊ “ပြည်သူသာလျှင် မိမိတို့၏ အင်အားစု” ဖြစ်တယ်။ ဒီပြည်သူတွေမှာလည်း တပ်မတော်သားတွေ ပါဝင်ခဲ့တာပဲ။ အဓိကဖြစ်တဲ့၊ မိဘတွေဖြစ်တဲ့ ပြည်သူတွေဟာ တကယ်ပဲ တပ်မတော်သားတွေရဲ့ အမိအဖ ဖြစ်ရမယ်ဆိုတာ တပ်မတော်သားတွေရဲ့ ဦးနှောက်ထဲမှာ ကိန်းအောင်းအောင် လုပ်ခဲ့တာပဲ''

''အခု ဒီလိုမဟုတ်တော့ဘူး၊ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ၊ အားလုံးက ဘယ်လို အတွေးအခေါ် ဖြစ်သွားလဲဆိုတော့ ညောင်ညိုပင်ကြီးရဲ့ အရိပ်ဟာ ပြည်သူလူထု တရပ်လုံးရဲ့ အရိပ်ပဲလေ။ ဒါပေမဲ့ အဲဒီ အရိပ်ကြီးကို ဝင်ရောက်ပြီးတော့ လာတဲ့ တပ်မတော်က သူတို့အနေနဲ့လည်း သူတို့ကိုယ် သူတို့၊ သူတို့အရိပ်လို့ ထင်ပြီးတော့ ဒီအရိပ် အာဝါသအောက်မှာ နေရတာကို မေ့လျော့နေပြီး သူတို့ဟာသူတို့ သီးခြားရပ်တည်တဲ့ အရိပ်ဖြစ်တယ် ဆိုတဲ့ အနေနဲ့ လုပ်ကိုင် သွားနေတဲ့ သဘောတွေကတော့ မှန်ကန်လှတယ်တော့ မဟုတ်ဘူး။ အဲဒီဟာရဲ့ သဘောကတော့ ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေအားလုံး တွေ့မြင်နေရတဲ့ အတိုင်းပါပဲ။ အဲဒီလို ဖြစ်သွားတဲ့ သဘောရှိနေတော့ တကယ်စစ်မှန်တဲ့ အရင်တုန်းက တွေးခေါ်ခဲ့တဲ့၊ ပြည်သူတို့ရဲ့ ကြားထဲမှာ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင် သွားရမယ်ဆိုတဲ့ ဟာကိုတော့ ပြန်ရောက်လာအောင် လုံပမ်းကြိုးစားဖို့ အကုန်လုံးမှာ တာဝန်ရှိကြတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်''

မေး။ တပ်မတော်သားတွေ လိုက်နာရမယ့် စစ်သည်တော်များ ကျင့်ဝတ်ကို ဒီကနေ့ခေတ် စစ်သည်တော်တွေ လိုက်နာ ဆောင်ရွက်မှု ရှိမရှိနဲ့ပတ်သက်ပြီး ပြောပြပါဦးခင်ဗျ။

“အဓိက တပ်မတော်သားတွေက ''ပြည်သူတွေအပေါ်မှာ ရေလိုလလို ကျင့်ရမယ်'' ဆိုတဲ့ဟာက တပ်မတော်သားတွေက ပြည်သူလူထု အပေါ်မှာ အေးမြတဲ့ သဘော ပေးရမှာ ရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတော်နဲ့ ပတ်သက်လို့ ဖြစ်လာတဲ့ ''ရန်သူအပေါ်မှာတော့ နေလိုမီးလို ကျင့်ရမယ်'' ဆိုတာတွေ ရှိတယ်။ ပြည်သူလူထုဟာ ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲ။ အမိအဖတွေက ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲနဲ့ သေသေချာချာ အမြင်ကောင်းတွေ မြင်ပြီးတော့ သွားဖို့တော့ လိုတာပေါ့’'

''ဟိုအရင်တုန်းက စစ်သည်တော် ကျင့်ဝတ် ၆ဝ ဆိုပြီး ရေးထားတာ ရှိတယ်။ ရဲဘော်တယောက်ချင်း ကျင့်ရမယ့် ကျင့်ဝတ်၊ ရဲဘော် အချင်းချင်းအပေါ် ကျင့်ရမယ့် ကျင့်ဝတ်၊ ပြည်သူပြည်သားတွေ အပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်၊ ရန်သူပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်ဆိုတာတွေ ရှိတယ်။ ဒါတွေက ၆ဝ ရှိခဲ့တာပဲ။ ဒီနောက်ပိုင်း ကျတော့ကာ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်မယ် ဆိုတော့ကာ တချို့ အချက်အလက်တွေကို ဖြည့်ပြီးတော့ ရေးတာတွေလည်း ရှိတယ်။ တချို့ နေရာတွေမှာလည်း ထပ်ဖြည့်တာတွေ ရှိတယ်။ ဆိုတော့ကာ စစ်သည်တော် ကျင့်ဝတ်က အရင်တုန်းက စစ်သည်တော် ၆ဝ မဟုတ်တော့ဘဲ တော်တော်များများ ဖြစ်ကုန်ကြမယ် ထင်ပါတယ်။ ဒီကြားထဲမှာလည်း ကြွေးကြော်သံတွေကလည်း အများကြီး ရှိတယ်။ အားမာန် ၁ဝ ချက်၊ ခွန်အား ၁ဝ ချက်တို့ ဘာတို့ဆိုတဲ့ ကြွေးကြော်သံတွေက တော်တော်ကို များတယ်။ နှစ်လည်း ကြာလာပြီဖြစ်တဲ့ အတွက် တော်တော်များများ အသေးစိတ် မသိတော့ဘူး''

''အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဟာတွေကတော့ ပြည်သူတွေနဲ့ တသားတည်း၊ ပြည်သူတွေသည် အမိ၊ ပြည်သူတွေသည် အဖ ဖြစ်တဲ့အတွက် မိဘသဖွယ် ထားရတဲ့ ပြည်သူတွေအပေါ်မှာ သားကောင်းတယောက် စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်ဖို့ဆိုတဲ့ အဓိကဟာကို ရေးထားတဲ့ ကိစ္စဖြစ်တယ်။ အခုဟာက အဲဒီလို မဟုတ်တော့ဘူး။ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖဆိုတာတွေကို တချို့နေရာမှာ ကြားတယ်။ အပေါ်ကနေပြီးတော့ တပ်မှူးကြီးများက လုပ်ဆောင် ပေးနေတဲ့အတွက် စစ်သည်တော်များက အောက်မှာ စားရသောက်ရနေရ ဖွံ့ဖြိုးနိုင်ပြီးတော့ အပြင်က လူထုနဲ့ မတူဘဲနဲ့ ပိုပြီးတော့ စားရသောက်ရ ပြည့်စုံအောင် စားရသောက်ရ ဖြစ်တဲ့အတွက် အထက်အဆင့်ဆင့်သော ဗိုလ်ကြီးတွေအပေါ်မှာ အင်မတန် အားကိုးစရာ ဖြစ်တယ်ဆိုတဲ့ အကြောင်း ပြောဆိုသုံးစွဲလာတာတွေ ရှိလာတယ်။ အဲဒီ အတွေးအခေါ်တွေ ကတော့ မကောင်းတဲ့ အတွေး အခေါ်တွေ ဖြစ်တယ်။ ဒါက အရင်တုန်းက ထားရှိခဲ့တဲ့ သဘော သဘာဝတွေနဲ့ ပြောင်းပြန်ဖြစ်လာတဲ့ အနေအထားတွေ ဖြစ်လာပါတယ်''

မေး။ တပ်မတော်သားတွေအတွက် ရသင့်ရထိုက်၊ ခံစားသင့် ခံစားထိုက်တဲ့ အခွင့်အရေးတွေကို တပ်မတော်တွင်းမှာ ဘယ်လို ဆောင်ရွက်ပေးတာမျိုးတွေ ရှိခဲ့ပါသလဲ။

''တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းကောင်းအနေနဲ့ ဝန်ထမ်းကောင်းအဖြစ် တာဝန် ထမ်းဆောင်ရမှာပေါ့။ ကျွမ်းကျင်တဲ့ သူတွေက ကျွမ်းကျင်သလို၊ စစ်သည်တော်လည်း စစ်သည်တော်အလျောက်၊ ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းကောင်း အလျောက်ပေါ့။ တပ်မတော်သားတွေ အနေနဲ့ ဝန်ထမ်းကောင်းပဲ။ သူလည်း ကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးကို ဆောင့်ရွက်ရမှာပေါ့။ အလားတူပဲ ဟို .. ထိပ်ပိုင်းရောက်နေတဲ့ သူတွေကလည်း၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ အတိုင်းအတာ ကြီးမားတဲ့အတွက် ကာကွယ် စောင့်ရှောက်မှာ ဖြစ်တာပဲ။ အဲဒီလို ကာကွယ် စောင့်ရှောက်တဲ့ အတွက် သူကျွမ်းကျင်တဲ့ ကာယ၊ ဥာဏ၊ ဝီရိယအားအတွက် နိုင်ငံတော်ကရတဲ့ အခွန်အတုတ်တွေ ထဲက သူတို့အတွက် လုံလောက်တဲ့၊ နေနိုင်ထိုင်နိုင်တဲ့ အခြေအနေဖြစ်အောင် ထိုက်သင့်အားလျှော်စွာ နေနိုင်ထိုင်နိုင်အောင် နိုင်ငံတော်က ထောက်ပံ့ ကူညီပေးဖို့ လိုတယ်။ စစ်သည်တော်တွေနဲ့ ပတ်သက်တဲ့ ဇနီးသားမယား မိသားစုလည်း သူတို့ ရွပ်ရွပ်ချွံချွံ လုပ်ဆောင်တဲ့အတွက် ထိုက်သင့်အားလျော်စွာ ခံစားစံစားနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေကနေ အချိုးကျ ပေးထားတာ ရှိတယ်။ စစ်မြေပြင်မှာ ထိမှု၊ ခိုက်မှု၊ ရှမှု အားလုံးကိုလည်း သူတို့ကို ထိုက်ထိုက်တန်တန် လုံးဝ ခံစားဖို့အတွက် ဆောင်ရွက်ပေးထားတာပဲ”

''ထိုက်သင့်အားလျော်စွာ သုံးဆောင်ပြီးရင် နောက်ဆုံး တပ်မတော်က အနားယူပြီး အပြင်ရောက်တဲ့ အခါမှာလည်း သူတို့ရဲ့ နေထိုင်စားရေး သောက်ရေး၊ ရှင်သန်ရေး အတွက်ကိုလည်းပဲ တိုင်းပြည်ကနေ ပြန်လည် ထောက်ပံ့နိုင်တဲ့ အစီအမံ ကောင်းတွေ ရှိထားတာပဲ။ အဲဒီ ရှိထားတဲ့ အတိုင်းအတာ အလျောက်မှာပဲ ခံစားစံစား သွားတာက အမှန်ပဲ။ ဒီလိုမှ မဟုတ်ဘဲ၊ မိမိ ရသင့် ရထိုက်တာ မဟုတ်ဘဲ ပိုလျှံပြီးတော့ ကိုယ်ကျိုးအတွက်၊ တဦးတယောက်အတွက်၊ မိသားစုအတွက် ရှိသင့်ရှိထိုက်တဲ့ အထောက်အပံ့နဲ့ ပိုပြီးတော့ လောဘတက်ပြီး ယူဆောင်နေတာ ဖြစ်လာရင်တော့ အင်မတန်မှ မကောင်းတဲ့ အယူအဆ၊ အလေ့အထ၊ အကျင့်အကြံတခု ဖြစ်လာမယ်။ ဖြစ်လာတယ်ဆိုရင် တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တွေ သုံးရစွဲရတဲ့ အပိုင်းမှာ သူတို့ကို ပိုမိုပြီး အများအစား ပေးပြီးတော့ လူမှုရေးဖြစ်တဲ့ ပြည်သူလူထု တရပ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားရရှိတဲ့ အခွင့်အရေးက နည်းပါးပြီးတော့ အထောက်အပံ့ နည်းလာမယ်။ အားအင် နည်းလာလို့ရှိရင် နောင်တပ်မတော်မှာ တာဝန် ထမ်းဆောင်ရမယ့် အင်အားကို ပြန်ဖြည့်ဖို့ အတိုင်းအတာကျရင် အားအင်ချိနဲ့တာ ဖြစ်လာမယ့် အတိုင်းအတာ ဖြစ်တယ်''

''အဲဒါကို မြင်ပြီးတော့ အရှည်ကို စဉ်းစားတဲ့အနေနဲ့ တပ်မတော်မှာ ဝင်လာပြီးရင် သူတို့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကူညီထောက်ပံ့ပေးပြီး သူတို့ တာဝန် ထမ်းဆောင်နေစဉ် အတွင်း၊ စစ်ဘက်မှာ တာဝန် ထမ်းဆောင်နေစဉ် အတွင်း၊ နောက်ပြီး စစ်ဘက်မှာ အနားယူချိန်အတွင်း ဒါတွေကို ကောင်းကောင်းမွန်မွန် သတ်မှတ်ထားတဲ့ အတွင်းမှာသာလျှင် ဖြည့်ဆည်းအောင် ဆောင်ရွက်ကြဖို့ လိုတယ်။ သူတို့ အပြင်ရောက်တဲ့ အခါမှာလည်း နိုင်ငံတော် အတွင်းမှာရှိတဲ့ အစားအသောက်၊ ကုန်ပစ္စည်းဈေးနှုန်း စတဲ့ ဒါတွေကလည်းပဲ အားလုံး ညီမျှအောင် ဆောင်ရွက်ပေးမှု လုပ်ဆောင်မယ် ဆိုရင်တော့ ဒီပြဿနာတွေက ပြေလည်စရာတွေ ရှိတာပေါ့”

မေး။ တပ်မတော်သားအတွင်းမှာ အထက်အောက် ကွာဟမှုတွေ များလာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

''အတိုင်းအတာတခုထိ ခွဲခြားသတ်မှတ်ပေးထားတွေ ရှိတာပေါ့။ သို့သော်လည်းပဲ အရာရှိရယ်လို့ ဖြစ်လာရင် အပေါ်ပိုင်း၊ ထိပ်ပိုင်းကိုး။ အခု အခြေအနေကို ကြည့်ရတာက အခွင့်ထူးခံချင်တဲ့ အနေအထား ရှိလာတာတွေ များတယ်။ သို့သော်လည်းပဲ တိုင်းပြည် တခုမှာ စည်းလုံး ညီညွတ်မှုနဲ့ တပ်မတော်သား တခုလုံး ညီညီညာညာ ဖြစ်ရမယ် ဆိုလို့ရှိရင်တော့ သူ့ဟာသူ ပေးထားတဲ့ အခွင့်အရေးကောင်းတွေ မျှမျှတတ အချိုးအစားနဲ့ အောက်ဆုံးအဆင့်မှာ ရှိနေတဲ့ စစ်သည်တော်နဲ့ အထက်ဆုံးမှာ ရှိနေတဲ့ စစ်သည်တော်များ ရတဲ့ လစာနဲ့တကွ ရရှိမှု နှုန်းထားက သိပ်ပြီးတော့ ကွာခြားမှုမျိုး မဖြစ်သင့်ဘူး ဆိုတာကိုတော့ အရင်တုန်းက အတွေးအခေါ် ရှိခဲ့ဖူးတာပေါ့။ အဲဒီလို ဖြစ်ဖို့တော့ ကြိုးစားဖို့ လိုတာပေါ့''

မေး။ တပ်သားအဆင့်မှာ ရှိတဲ့ မိသားစုတွေက ရတဲ့ လစာနဲ့ မလောက်ငလို့ တခြားလုပ်ငန်းတွေ လုပ်နေရတယ်။ တပ်မတော်သား ဇနီးသည်တချို့ ခန္ဓာကိုယ်ရောင်းစားရတဲ့ အဖြစ်မျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အရာရှိတွေရဲ့ မိသားစုဝင် တွေကျ ချမ်းသာနေကြတယ်။ အဲဒီလို တပ်တွင်းမှာ ကွာခြားမှုတွေ ဖြစ်နေတဲ့အပေါ်မှာ ဘယ်လို ထိန်းသိမ်း ကာကွယ်သင့်တယ်လို့ ထင်လဲခင်ဗျ။

''အခုဟာက ပြောဆိုသံတွေ ကြားလည်း ကြားနေရတယ်။ မြင်လည်း မြင်နေရတယ်။ တွေ့လည်း တွေ့နေရတယ်။ ကွာခြားတာတွေ ရှိနေတယ်။ အမှန်က ဘယ်လိုဖြစ်ရမလဲဆိုတော့ အပြင်မှာ ပင်စင် ယူသွားပြီးလို့ရှိရင်၊ အငြိမ်းစား ယူသွားပြီးလို့ ရှိရင် သူတို့ဟာသူတို့ ထိုက်သင့်အားလျော်စွာ ရပ်တည်နိုင်အောင် ဆိုလို့ရှိရင် အပြင် စီးပွားရေး အနေအထားက ကောင်းဖို့လိုတယ်။ စီးပွားရေး အနေအထားက အားလုံး မျှမျှတတ စားနိုင်တဲ့ အနေအထား ဖြစ်ဖို့လိုတယ်။ အခုဟာက ဒီလို မဟုတ်တော့ဘဲနဲ့ အပြင်မှာ စားရေး သောက်ရေးနဲ့ ပတ်သက်ပြီး အင်မတန် ကျပ်တည်းနေတဲ့ ဟာကို အကြောင်း ပြုပြီးတော့ကာ အောက်ခြေ အောက်လက်မှာရှိတဲ့ ဝင်ငွေနဲ့ မလုံလောက်လို့၊ မညီမျှလို့၊ မမျှတလို့တွေ ရှိနေတယ်။ ဒါပေမဲ့ အစိုးရက လစာတွေကို တိုးပြီးပေးတာက ၄ နှစ် တခါလောက် လုပ်တယ်။ သို့သော် အဲဒီလို လုပ်ပင်လုပ်ငြားသော်လည်းပဲ မပြည့်မီဘူး''

''ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစစအရာရာရော၊ စီးပွားရေး အခြေအနေ အရရော ပိုမို ကောင်းမွန်လာတဲ့ အခြေအနေအထားမှာ မရှိတဲ့ အတွက်ကြောင့် ဒီလိုပြဿနာတွေက တောက်လျောက် ဖြစ်နေမှာပဲ။ အထက်ပိုင်း ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့လည်း ဒီဟာကို ကြည့်ပြီးတော့ - တို့ အပြင်ကို ရောက်ခဲ့လို့ရှိရင် တို့ လက်ရှိနေရတဲ့ အခြေအနေကနေ ပိုမို ဆုတ်ယုတ်ပြီး နေရမလားဆိုပြီး၊ အကုန်လုံးကိုတော့ မဆိုလိုဘူး၊ တချို့ပုဂ္ဂိုလ်တွေက လုံးပမ်းရင်းနဲ့ ချမ်းသာတဲ့ အပိုင်းက သိပ်ပြီး ချမ်းသာ၊ မချမ်းသာတဲ့ အပိုင်းက မချမ်းသာ၊ သိပ်ပြီး ဒုက္ခရောက်တဲ့ အပိုင်းက ဒုက္ခရောက်၊ အဲဒီလိုပဲ မညီမညာ ဖြစ်ကုန်တဲ့အပိုင်း ဖြစ်တယ်။ အပြင်မှာ စီးပွားရေးကိစ္စနဲ့ ပတ်သက်တဲ့ အရာအားလုံး၊ စစ်သည်တော်တွေ ရရှိမယ့် အခွင့်အရေးတွေ အားလုံး၊ တတ်နိုင်သမျှ တိုးတက် ကောင်းမွန်အောင် လုပ်ကိုင် ဆောင်ရွက်ပေးသွားမယ် ဆိုရင် ဒီကွာဟမှုက တဖြည်းဖြည်း အခြေအနေကောင်းကို ဦးတည် သွားလိမ့်မယ်လို့တော့ ထင်တာပေါ့။ ဒါပေမဲ့ ဒီပုံစံအတိုင်းက ဒီလမ်းကို မမြင်သေးဘူးဆိုတဲ့ သဘောရှိတယ်''

မေး။ တပ်မှူးဟောင်းတယောက်အနေနဲ့ တပ်မတော်သားတွေနဲ့ ပြည်သူတွေကို ဘယ်လို ပြောပြ ချင်တာတွေ ရှိပါသလဲ။

''စစ်မှူးထမ်းလုပ်တယ်ဆိုတာ အင်မတန်ကို တိုင်းပြည်အတွက်၊ တိုင်းသူပြည်သားတွေအတွက် အသက်အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ် ပေးရမယ် ဆိုတဲ့ မူတွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာ ဖြစ်တယ်။ မွန်မြတ်တဲ့ အလုပ်လုပ်ရမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာပဲ ကောင်းတယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့၊ စစ်သည်တော်များ လုပ်ရမယ့် အပိုင်းတွေမှာ ဒီလိုအခြေအနေမျိုး မဟုတ်ဘဲနဲ့ ကျန်တဲ့ တခြားကိစ္စ အဝဝတွေမှာ စိတ်ပါဝင်စားမှု ရှိလို့ရှိရင် မူလ ရည်ရွယ်ချက်တွေ ကတော့ အထမြောက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်လာတာပေါ့။ အဲဒါကြောင့် စစ်သည်လုပ်ငန်းကို မိမိကြိုက်နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက်၊ ကြိုက်နှစ်သက်တဲ့ လုပ်ငန်းအောင်မြင်အောင် သီးခြား ဝန်ထမ်းကောင်းဖြစ်ဖို့၊ လုပ်ဖို့တော့ လိုတာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ လာတယ်ဆိုကတည်းက ရည်ရွယ်ချက်ကိုက မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတယ်ဆိုရင် မကောင်းဘူး''

''ဒီဝန်ထမ်းလုပ်ငန်းဟာ တခြားတခြားသော အဖွဲ့အစည်းတွေနဲ့ မတူဘဲနဲ့ ထူးခြားတဲ့ အဖွဲ့အစည်းဖြစ်လို့ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိငြားသော်လည်းပဲ ကိုယ်ရသင့်ရထိုက်တဲ့ အတိုင်းအတာ ရပြီးတော့၊ အနစ်နာခံပြီးတော့ လုပ်ဆောင် သင့်တယ်။ တပ်ထဲမှာ ဝင်ကတည်းက ဆင်းရဲမယ်၊ အနစ်နာခံမယ်၊ ဒါတွေက နဂိုမူလအရ လုပ်ငန်းသဘောသဘာဝ ပါလာပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီး အနစ်နာခံမယ်၊ ကိုယ်ကျိုးစွန့်မယ်ဆိုတဲ့ စသဖြင့် ဟာတွေက ပြန်လည်ပြီး ရှိလာဖို့အတွက် လုပ်ကိုင်သွားကြဖို့ လိုတယ်။ အဲဒီကျမှာသာလျှင် တဖြည်းဖြည်း အားကိုးရာ ဖြစ်မယ်။ အခုကြည့်ရတာက လူအင်အားတွေ သိပ်ပြီး တိုးပြုနေတာထက် အရည်အချင်း အင်အား ထပ်တိုးဖို့လိုတဲ့ သဘောသဘာဝတော့ ရှိတယ်''

Ref: မဇ္ဈိမ

Read More...

နယ်ခြားစောင့်တပ် လက်မခံကြောင်း မွန်ပြည်သစ် ထပ်မံဆုံးဖြတ်

ဝီရ/ ၂၆ မတ် ၂ဝ၁ဝ

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မြန်မာစစ်အစိုးရက တောင်းဆိုထားသည့် ကိစ္စကို မွန်ပြည်သစ် ပါတီက ယခင် ဆုံးဖြတ်ချက် အတိုင်း လက်မခံဘဲ ပယ်ချရန် ထပ်မံ ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က “Border Guard ပြောင်းဖို့ ကိစ္စကို လက်မခံဘူးလို့ အခု ကျင်းပနေတဲ့ အစည်းအဝေးမှာ တညီတညွတ်တည်း ထပ်ပြီး အတည်ပြု ဆုံးဖြတ်တာ ဖြစ်တယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်က ဘာမှ မပြောင်းပါဘူး။ အခု စုံညီ အစည်းအဝေးမှာ အရင်က အတိုင်းပဲ ထပ်ဆုံးဖြတ်ခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပါတီရှေ့လုပ်ငန်းစဉ်များအတွက် ရေးချောင်းဖျားရှိ ၎င်းတို့၏ ဗဟိုဌာနချုပ်၌ ပြီးခဲ့သည့် မတ်လ (၁၈) ရက်မှစ၍ ယနေ့အထိ ဗဟို ကော်မတီ အစည်းအဝေး ကျင်းပနေဆဲဖြစ်ပြီး ယင်းအစည်းအဝေး ပြီးဆုံးပါက သက်ဆိုင်ရာ စစ်အစိုးရ အရာရှိထံ အကြောင်းကြားသွားမည်ဟု နိုင်ခြေးမွန်က ပြောသည်။

စစ်အစိုးရအနေဖြင့် နယ်ခြားစောင့်တပ် အစီအစဉ်ကို မဖြစ်မနေ အကောင်အထည် ဖော်ပါက ရရှိထားသော ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေသည် စိုးရိမ်စရာ အနေအထားသို့ ရောက်သွားနိုင်သည်ဟု မွန်ပြည်သစ်က ကြေညာထားသည်။

မွန်ပြည်သစ် ဗဟိုအလုပ်အမှုဆောင်တဦးက “ပြီးခဲ့တဲ့ မတ် (၁၆) ရက်က ကျနော်တို့ ဒု-ဥက္ကဋ္ဌနဲ့ ရတခ (အရှေ့တောင်တိုင်း စစ်ဌာနချုပ်) တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ တွေ့တုန်းက နယ်ခြားစောင့်တပ် ကိစ္စကို လက်မခံရင် ပါတီရဲ့ တပ်ဖွဲ့ကို ခင်ဗျားတို့ စိတ်ကြိုက် ဘယ်လို ပြောင်းချင်သလဲ ဆိုတာ တင်ပြပါ။ ဘာလို့လဲဆိုတော့ ဒီဗမာပြည် တောင်ဘက်ပိုင်းမှာ မွန်ပြည်သစ် တဖွဲ့တည်း ရှိတာတဲ့။ ဒါကြောင့် နယ်ခြားစောင့်တပ် ကိစ္စဟာ ခင်ဗျားလက်ထဲမှာပဲ ရှိပါတယ်ဆိုပြီး ပါတီရဲ့ တပ်ဖွဲ့ကို အသွင်ပြောင်းဖို့ တိုင်းမှူး ပြောတာကိုလည်း ကျနော်တို့ လက်မခံနိုင်ဘူးလို့ ပြောခဲ့ပြီးသားပါ။ ပါတီအနေနဲ့က ကြုံတွေ့လာမယ့် အတားအဆီး အားလုံးကို ဒီရပ်တည်ချက်နဲ့ပဲ ရင်ဆိုင်သွားမှာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် မွန်အမျိုးသားများ အတွက် ဘဝ အာမခံချက် မရှိဘဲ ပါတီနှင့် ၎င်း၏တပ်ဖွဲ့ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အား တပ်ခွဲထားခြင်း၊ ဖျက်သိမ်းခြင်းကို လက်ခံလိမ့်မည် မဟုတ်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး ပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ၊ အနာဂတ် အစိုးရသစ်တို့အား ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ နောက်ဆုံး ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာသွားရန် မွန်ပြည်သစ်က မြန်မာ စစ်အစိုးရအား တောင်းဆိုထားသည်။

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ခြေးမွန်က “အခု အစည်းအဝေးမှာ အသေးစိတ် မသိရသေးပါဘူး။ အရင်က ဆုံးဖြတ်ချက် အတိုင်းပဲ ပါတီက ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး အစည်းအဝေးမှာ ထူးထူးခြားခြား ဆုံးဖြတ်တာမျိုး မရှိပါဘူး။ အရင်ကအတိုင်းပါပဲ” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

စစ်အစိုးရက ဖျက်သိမ်းထားသော ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့က ထပ်မံ အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

တရားခံက တပ်မတော်

မြင့်မောင်
သောကြာနေ့၊ မတ်လ ၂၆ ရက်

၆၅ နှစ်မြောက် တပ်မတော်နေ့ အကြိုတွင် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှသည် ၁၉၉ဝ ခုနှစ် အစောပိုင်း ကာလများ ထိအောင် အဓိက နိုင်ငံရေးပြိုင်ဘက် အင်အားစုများ ဖြစ်သော ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့၏ အမြင်များကိုလည်း စုစည်း တင်ပြထားရာ ယခု အင်တာဗျူးတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်း၏ တပ်မတော်အပေါ် အမြင်ကို ဆက်သွယ်မေးမြန်း တင်ပြထားသည်။

မေး။ မနက်ဖြန်မှာ မြန်မာအစိုးရက တပ်မတော်နေ့ဆိုတဲ့ အမည်နဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို တုံ့ပြန် ပြောဆိုချင်လဲ ခင်ဗျ။

''မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်းရေးနေ့ ဆိုတာ လူတိုင်း သိကြပါတယ်။ အဲဒါကို စစ်အစိုးရတွေကနေ စပြီးတော့၊ ဗိုလ်နေဝင်း လက်ထက်ကနေ စပြီးတော့ သူ့တို့ တပ်မတော်နေ့ အဖြစ် လုယူထားတာ ဖြစ်တယ်။ တကယ်ကျတော့ ဒီတပ်မတော်ဟာ ဖက်ဆစ် ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်နဲ့၊ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဆိုလို့ရှိရင် အများကြီး ကွာသွားပြီ။ အဲဒီတုန်းက မျိုးဆက်တွေနဲ့လည်း အများကြီး ကွာသွားပြီ။ အစဉ်အလာတွေလည်း လုံးလုံး စွန့်လွှတ်လိုက်ပြီ လို့လည်း ပြောလို့ ရပါတယ်''

''မောင်ပိုင်စီးပြီးတော့ ပြည်သူလူထု အထွဋ်အမြတ်ထားတဲ့ နေ့တနေ့ကို ပြည်သူတွေ အပေါ်မှာ သတ်ဖြတ်နေတဲ့၊ ညှဉ်းဆဲနေတဲ့ တပ်မတော်ကို ဂုဏ်ပြုတဲ့နေ့ အဖြစ် ပြောင်းလဲလိုက်တာဟာ မြန်မာပြည်သူ လူထုတွေနဲ့ ဖက်ဆစ် တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်သားတွေ၊ ပြည်သူတွေကို စော်ကားလိုက်တာလို့ ကျနော် ပြောချင်ပါတယ်။ ဒီဟာလိုပဲ တခြားသမိုင်းနဲ့ ပတ်သက်ပြီးတော့ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အစ၊ နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) က သူတို့ ကပြောင်းကပြန် လုပ်ထားခဲ့တဲ့ ဟာတွေက အများကြီး ရှိတယ်။ တနေ့ကျရင် အားလုံး လှန်ပစ်ရမယ်။ အားလုံး တည့်မတ် ယူရမယ်လို့တော့ ကျနော် မြင်ပါတယ်''

မေး။ တပ်မတော်ကို စပြီး သန္ဓေတည်ခဲ့တဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ဒီကနေ့ တပ်မတော်ရဲ့ အခြေအနေဟာ ဘယ်လို ကွာဟချက်တွေ၊ ကွာခြားချက်တွေ ဖြစ်နေတယ်လို့ ပြောနိုင်မလဲ ခင်ဗျ။

''အရင်တုန်းက တပ်မတော်က ပြည်သူလူထုကို ကယ်တင်ဖို့အတွက်၊ ပြည်သူလူထုကို ဖိနှိပ်တဲ့ ဖက်ဆစ် နယ်ချဲ့ကို မောင်းထုတ်ဖို့ အတွက်၊ လိုအပ်ရင် ချေမှုန်းပစ်ဖို့ အတွက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဟာက အဲဒါနဲ့ ပြောင်းပြန်။ နယ်ချဲ့ ဖက်ဆစ်ကို တိုက်တာလည်း မရှိ၊ ကိုယ့်ပြည်သူ လူထုကို နှိပ်စက်နေတဲ့ တပ်မတော် ဖြစ်နေပါတယ်။ အရင်တုန်းက တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုကြီးက သွေးစည်း ညီညွတ်ခဲ့ကြတယ်။ တိုင်းပြည် စည်းလုံး ညီညွတ်ရေးအတွက် တပ်မတော်က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ အခု ကျတော့ တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုက မရှိတော့ဘူး။ ဒီတပ်မတော်လည်း ပြည်သူလူထု သွေးစည်း ညီညွတ်မှုကို ဖျက်ဆီးနေတဲ့၊ သွေးခွဲပေးနေတဲ့ တပ်မတော် ဖြစ်နေပါတယ်''

မေး။ တပ်မတော်ဟာ နိုင်ငံတော်အာဏာကို ဒီကနေ့ ထိန်းသိမ်းထားရတဲ့ အဖြစ်ဟာ ဘယ်လိုလုပ်ပြီး ပေါ်ပေါက် လာတာလဲခင်ဗျ။ နိုင်ငံရေး နောက်ခံလေး ပြောပြ စေချင်ပါတယ်။

“ဒီတပ်မတော်ဟာ ပြည်တွင်းစစ် ဖြစ်လာတဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေး) ထဲက ဆိုရှယ်လစ်တွေကို တပ်ထဲမှာ ရှိတဲ့ ဗိုလ်နေဝင်းတို့ အုပ်စုတို့က နေပြီးတော့ ပြည်တွင်းစစ်ကို မဖြစ်ဖြစ်အောင် လုပ်ပြီးတော့ တောထဲကို မောင်းပို့လိုက်တဲ့ အခါကျတော့၊ ဒီကနေ့ ကျောင်းသားတွေ တောခိုရတဲ့ အဖြစ်မျိုး ရောက်အောင်၊ ဒီလမ်း ရောက်အောင် တမင် တွန်းပို့လိုက်တာ ဖြစ်တယ်။ ဖြစ်လာတဲ့အခါ ပြည်တွင်းစစ် ဆိုတော့ ပြည်သူတွေ ကြားထဲမှာ ပစ်ရတဲ့အတွက် တပ်မတော်ဟာ ပြည်သူတွေကို နှိမ်နှင်းတာတွေ ဖြစ်လာတယ်။ အဲဒီလိုနဲ့ ဖဆပလ အစိုးရ လက်ထက်မှာ စစ်တပ်နဲ့ စစ်အုပ်စု၊ ဆိုလိုတာကတော့ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုရဲ့ အင်အားက တဖြည်းဖြည်း တန်ခိုးထွားလာတယ်။ သူတို့က လက်နက် ကိုင်ထားတာ ဖြစ်နေတော့ ကျန်တဲ့ ဖဆပလ ထဲက ခေါင်းဆောင်တွေဟာ တဖြည်းဖြည်းနဲ့ သူတို့ကို မယှဉ်နိုင်ဘူး ဖြစ်လာတယ်။ စစ်အုပ်စုက တဖြည်းဖြည်းနဲ့ အင်အားကြီးလာပြီး ၁၉၅၈ ခုနှစ်မှာ ပထမဆုံး အာဏာ သိမ်းတာ လုပ်လာခဲ့တယ်။ အဲဒီကစပြီးတော့ သူတို့က အာဏာရဲ့ အရသာကို သိသွားပြီးတော့ ချက်ချင်းပဲ ၁၉၆ဝ ခုနှစ်မှာ အာဏာ ပြန်အပ်ပေးတယ်။ ဘာမှ မကြာဘူး တနှစ်၊ ၂ နှစ် အတွင်း ဖြစ်တဲ့ ၁၉၆၂ ခုနှစ်မှာ အာဏာ ပြန်သိမ်းယူခဲ့တာ ဒီနေ့အထိပဲ။ အာဏာကို သူတို့က အုပ်စီးမယ်။ တိုင်းပြည်ရဲ့ အကောင်းဆုံးဖြစ်တဲ့ ဘဏ္ဍာ အရင်းအမြစ်၊ သဘာဝ သယံဇာတ အရင်းအမြစ် အားလုံးကို သူတို့ပဲ ခံစားမယ်။ သူတို့ပဲ အဓိက ခွဲဝေ သုံးစွဲမယ်ဆိုတဲ့ ပေါ်လစီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်''

မေး။ နိုင်ငံတကာမှာတော့ တိုင်းပြည်ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ အတွက်ပဲ တပ်မတော်ကို ထားချင်ကြ ပါတယ်။ အဲဒီအမြင်တွေနဲ့ မြန်မာပြည်ရဲ့ အနေအထားကရော ကိုက်ညီမှု ရှိပါရဲ့လားဗျ။

“တပ်မတော်ဆိုတာက လက်နက်ကိုင်ထားတဲ့ သူတွေဟာ နိုင်ငံရေး အဆောက်အအုံနဲ့ ကင်းအောင်နေတာ ကောင်းပါတယ်။ အဲဒီ ၂ ခု ရောထွေးသွားလို့ ရှိရင် ဘယ်တိုင်းပြည်မဆို ဒုက္ခ ရောက်တတ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထု ဒုက္ခ ရောက်တတ်ပါတယ်။ ဒါမျိုးတွေက တချို့တိုင်းပြည်တွေမှာ တွေ့တတ်ပါတယ်။ ဒါမျိုးတွေက ကြာရှည် မရှိပါဘူး။ ကာလတိုတခု ဖြစ်တယ်။ ဗမာပြည်မှာသာ ကမ္ဘာ့သမိုင်း စံချိန်တင်လောက်တဲ့ ရာစုနှစ်တဝက် ကျိုးတော့မယ်။ တပ်မတော်ရဲ့ အာဏာသိမ်းခဲ့တဲ့ သက်တမ်း နောက်နှစ်ဆို ကျိုးတော့မယ်။ ဒါမျိုးက မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာ။ တိုင်းပြည်နာဖို့၊ လူထုနာဖို့၊ အိမ်နီးနားချင်း နိုင်ငံတွေ နစ်နာတဲ့အဖြစ်လည်း ရောက်ပါတယ်''

မေး။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ စစ်တပ်က နိုင်ငံတော် အာဏာကို ဆက်ထိန်းထား ရအောင်လို့ ရေးဆွဲထားတာလို့ ပြောကြပါတယ်။ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

“ဟုတ်ပါတယ်။ ဒီ ရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ထိန်းထားတာက အလွယ်တကူ မဟုတ်ဘူး။ သူက တရားဝင် ဖြစ်သွားမယ်။ ဆွေစဉ်မျိုးဆက်နဲ့ ဖြစ်နိုင်လို့ရှိရင် ကမ္ဘာတိုင် ထိန်းသွားဖို့လုပ်တာ ဖြစ်ပါတယ်။ သူတို့ ဒီဟာကို လုပ်တဲ့ဟာက သာမန် မဟုတ်ဘူး။ ပြင်ဆင်ပြီးလို့။ ပြင်ဆင်တာက ဗိုလ်ခင်ညွန့် လက်ထက်ကတည်းက လမ်းပြမြေပုံချပြီး ပြင်ဆင်လာတာက အကြာကြီးပဲ။ အနှစ် ၂၀ နီးပါး ပြင်ဆင်ပြီးတော့ လုပ်လာတဲ့ ကိစ္စဖြစ်တယ်။ ဒီလိုလုပ်တဲ့ဟာက သူတို့ ပိုင်ပြီဆိုပြီး လုပ်တာဖြစ်တယ်။ သူတို့ အားနည်းလို့ နောက်ဆုတ်တာ မဟုတ်ဘူး။ (တချို့က အဲဒီလို လျှောက်ပြောနေတာရှိလို့)။ သူတို့အားနည်းလို့ နောက်ဆုတ်လိုက်တာ မဟုတ်ဘူး။ သူတို့ ပြင်ဆင်ပြီးလို့ အပြတ်လုပ်တာ ဖြစ်တယ်။ အပြတ်လုပ်တာက အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တခုလုံးကို အညွန့်ချိုးဖို့၊ နိုင်ငံရေး အညွန့်ချိုးဖို့ ကြိုးစားတာ ဖြစ်တယ်။ ဒီ ၂ ခု အညွန့်ကျိုးလို့ ရှိရင် ဗမာပြည် ပြည်သူလူထုကြီးရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေလည်း အညွန့်ကျိုးသွားမယ် ဆိုတာကို မျှော်လင့်ပြီးတော့၊ ယူဆပြီးတော့ စီမံကိန်းကျကျ လုပ်လာတာ ဖြစ်တယ်'

မေး။ တပ်တော်ရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော် ခေါင်းဆောင်တွေကို ဘာများ မှာကြားချင်ပါသလဲ။

“တပ်မတော် ခေါင်းဆောင်ဆိုတာကလည်း တပ်မတော်တွင်းမှာရှိတဲ့၊ ရိုးသားတဲ့၊ ပြည်သူလူထု အပေါ်မှာ သံယောဇဉ် ရှိတဲ့ အဆင့်အသီးသီးက တပ်မှူးတပ်သား အားလုံးကို ပြောချင်တာကတော့ ဒီနေ့ ဗမာပြည်ကြီးဟာ သူတို့လည်း သိတယ်၊ သူတို့လည်း မြင်နေတယ်၊ အင်မတန်ကိုမှ အခြေအနေ ဆိုးနေပါပြီ။ နိုင်ငံတကာမှာ ဆင်းရဲရုံတင်မက ဂုဏ်သိက္ခာလည်း ကျနေပါပြီ။ အဲဒါအတွက် တရားခံက တပ်မတော်လို့ လုံးလုံးလျားလျား ဖြစ်နေပါတယ်။ အဲဒီအခြေအနေ ကနေ ပြန်လည် ပြောင်းလဲနိုင်ဖို့ ကြိုးစားကြပါလို့ ကျနော့် အနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်''


Ref: မဇ္ဈိမ


Read More...

တော်လှန်ရေးနေ့အကြို ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးပန်ကြားချက်

March 27, 2010

Read More...

မမေ့နိုင်သော ပုံရိပ်များ - ၁

မောင်မိုး
March 27, 2010

၂၀၀၅ ခုနှစ်လောက်ကပေါ့ဗျာ။ ကျွန်တော် အဲဒီတုန်းက တပ်မမှူး တစ်ယောက်ရဲ့ ယာယီကိုယ်ရေး အရာရှိ လုပ်နေတဲ့ အချိန်ပေါ့။ ယာယီလို့ ပြောရခြင်း အကြောင်းအရင်းက ဒီလိုပါ။ အဲဒီမတိုင်ခင်က ကျွန်တော်က တပ်ရေးဗိုလ်ကြီး တာဝန် ထမ်းဆောင်နေတာဗျ။ တပ်ရေးဗိုလ်ကြီးဆိုတော့ တော်တော်ကို စိတ်ပျက်ငြီးငွေ့ဖွယ်ရာ ကိစ္စတွေကို မနက် မိုးလင်းကနေ မိုးချူပ် စိတ်ဆင်းရဲခြင်း များစွာနဲ့ လုပ်နေရတာ။ မင်္ဂလာ မရှိတဲ့ နေ့ရက်များ လို့တောင် ပြောချင်ပါတယ်။ မနက်မိုးလင်းလို့ တပ်ရင်းမှူးဆီကို သွားရင် "ငါ ... -ီး ဆိုတာနဲ့ နိဒါန်း ဖွင့်ပြီးအဆဲခံ၊ ညဘက် တစ်နေ့တာ ပြီးစီးမှုနဲ့ နောက်တစ်နေ့အတွက် တပ်ရင်းမှူးရဲ့ သြ၀ါဒနာခံရပြီး "ငါ.... -ီး "ဆိုတဲ့ အဆဲ စကားတွေနဲ့ တစ်နေ့တာ ကုန်ဆုံးရပါတယ်။ အဆဲမခံရတဲ့နေ့က လက်ချိုးရေလို့တောင် ရပါတယ်။ ဒီတပ်ရေးဗိုလ်ကြီး ဘ၀မှာ ကျွန်တော်က တော်တော်စိတ်ကုန်ပြီး တပ်မတော်ကနေ နှုတ်ထွင်ခွင့် တင်လိုက်မိတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ နှုတ်ထွက်စာက အပေါ်ထိမရောက်ဘဲ တပ်မမှူးဆီမှာ သွားပြီး သောင်တင်နေတယ်။ တင်ရခြင်း အကြောင်းအရင်း က...။

တပ်မမှူးက ကျွန်တော့်ကို တော်တော်လေး ချစ်တယ်။ ချစ်ရတဲ့ အကြောင်းအရင်းက သူ့တပ်မမှာ တပ်သစ်တွေကို ကျွန်တော်က တပ်ရင်းမှူးတွေ မရှိဘဲ ပေးတဲ့တာဝန် အတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လို့ပါပဲ။ တင်းမာ ခက်ထန်ပြီး စကားကြော မရှည်တဲ့ တပ်မမှူးကို ကျွန်တော်တို့ အားလုံး ဖြုံပြီး ထုံသွားလောက်အောင် ကြောက်ရပါတယ်။ သူ့မှာက သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်။ သူ့သားက ကျွန်တော့်ထက် ငယ်ပေမယ့် အရွယ်ချင်း သိပ်မကွာလို့ သူငယ်ချင်းတွေလို ဖြစ်နေကြတယ်။ ဒါပေမဲ့ "ငါ..တပ်မမှူးသား" ဆိုတဲ့ မာန်မာနလုံးဝ မရှိဘူး။ ပေါင်းလို့သင်းလို့ အဆင်ပြေတယ် ဆိုပါတော့ဗျာ။ ကျွန်တော်က အဲဒီတုန်းက ၂၄ နှစ်လောက်ပဲ ရှိဦးမယ်။ အသက်ငယ်သေးတော့ တစ်ခါတစ်လေ လူငယ်ဘာဝ ဘီယာဆိုင်သွားတာ၊ ကာရာအိုကေ သွားတာတို့ ရှိပါတယ်။ ဒါပေမဲ့ ယူထားရတဲ့ တာဝန်က တပ်ရေးဗိုလ်ကြီး ဆိုတော့ မကြီးချင်လည်း မောင်ကြီးဖြစ်နေတဲ့ အချိန်ပါပဲ။ မနက် ၄း၃၀ လောက်ကတည်းက လုပ်လိုက်ရတဲ့ တပ်ပိုင်းဆိုင်ရာ ဦး၊ ရေး၊ ထောက် လုပ်ငန်းတွေ ည ၁၁း၀၀ နာရီ လောက်မှ ပြီးစီးတယ်။ နောက်ပြီး တပ်ရင်းမှူးကလည်း ခပ်ဆိုးဆိုး အရာရှိဆိုတော့ ကျွန်တော်နဲ့က သိပ်ပြီး အဆင် မပြေဘူး။ ကျွန်တော်က ပြောစရာရှိရင် တဲ့ထိုး ပြောတတ်တာကို သူက မကြိုက်ဘူး။ ဒါမှားနေတယ် ဆိုရင်မှားတယ်ပဲ။ မှန်တယ်ဆိုရင် မှန်တယ်ပဲ။ တပ်ရင်း ရံပုံငွေရှာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်ရင်းမှူးရဲ့ မူမမှန်တဲ့ လုပ်ရပ်တွေကို တပ်ရေးဗိုလ်ကြီး ပီသစွာနဲ့ ငြိမ်မနေဘဲ ထောက်ပြဝေဖန်လို့ ကျွန်တော့်ကို သိပ်ပြီး အမြင်မကြည်ပါဘူး။ တပ်ရင်းမှာရှိတဲ့ ရဲဘော်၊ ဆရာတွေကတော့ ကျွန်တော့်ကို ချစ်ကြတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ အကျိုး စီးပွားအတွက် ကျွန်တော်က အမြဲတန်း ရှေးရှုလို့ပါပဲ။ အခြားအဆင့် စစ်သည်ဆိုတာမျိုးက သူတို့အပေါ် ၁ ကျပ်ဖိုးလောက် ကောင်းပြရင် သူတို့က ၁၀၀ ဖိုးလောက် ပြန်ကောင်းပြတယ်။ ဒါဟာ ရိုးသားပွင့်လင်းတဲ့ ဆက်ဆံမှုအဖြစ် ကျွန်တော် တာဝန်ကျရာ တပ်တွေတိုင်းမှာ ကြုံခဲ့ရတယ်။

တပ်ရေးဗိုလ်ကြီးတစ်ယောက်အနေနဲ့ အလုပ်ပင်ပန်းတာရယ်၊ တပ်ရင်းမှူးနဲ့ အစေးမကပ်တာရယ်၊ နောက်ထပ် အကြောင်းတွေရယ်ကြောင့် ကျွန်တော် တပ်မတော်ကို စိတ်ကုန်နေတာတွေကို တပ်မမှူးက နားလည်ပေးတယ်။ နားလည်ပေးတယ် ဆိုတာက အထက်မှာ ကျွန်တော်ရေးခဲ့တဲ့ အကြောင်းအရာတွေက အခြေခံပါပဲ။ အဲဒါနဲ့ပဲ ကျွန်တော့်ကို သူ့တပ်မကို ခေါ်ပြီး ယာယီကိုယ်ရေး အရာရှိ PSO လုပ်ခိုင်းတယ် ဆိုပါတော့ဗျာ။ ဒီကြားထဲမှာ သူအားရင် အားသလို ကျွန်တော့်ကို ဖျောင်းဖျတယ်။ တပ်မတော်အတွင်းက နမူနာယူစရာ၊ ရှောင်စရာ အချက်လေး တွေကို ပြောပြတယ်။ တပ်မမှာရှိတဲ့ အရာရှိတွေကတော့ တော်တော်ကို အံ့သြနေကြတယ်ဗျ။ တပ်မမှူးက စကားတစ်ခွန်းကို ၃ မိနစ်ပြည့်အောင် ပြောချင်တာမဟုတ်ဘူး။ နောက်ပြီး ကျွန်တော်က တပ်ရင်းမှူးရဲ့ သတင်းပို့ လံကြုတ် ဇာတ်လမ်းတွေအရ ခပ်ဆိုးဆိုး အရာရှိဖြစ်တယ်လို့ နာမည်ကြီးနေတာကြောင့် တပ်မက အရာရှိတွေ မျက်စိ လည်နေကြတယ်ပေါ့ဗျာ။ ဒီကောင် ဘာကောင်လဲပေါ့။ ဒါပေမဲ့ ပြဿနာတော့ မရှိပါဘူး။ ကျွန်တော်ကတော့ ပိုနေမြဲ ကျားနေမြဲပါပဲ။ ကြီးသူကိုရိုသေ၊ ငယ်သူကို လေးစားဆိုတဲ့ ဆုံးမစကားနဲ့အညီ နေပါတယ်။

ကျွန်တော် တပ်မမှူးနဲ့နေရတာ ပျော်တယ်ဆိုပေမယ့် ကျွန်တော့်စိတ်ခံစားချက် တွေကတော့ ပျောက်မသွားပါဘူး။ ဒါကို တပ်မမှူးက သိပါတယ်။ ကျွန်တော့်ရဲ့ အကြံတွေကို နည်းမျိုးစုံနဲ့ လိုက်ဖျက်ပါတယ်။ ဒါကြောင့် သူသွားလေရာ ခေါ်တော့တာပဲ။ အထူးသဖြင့် တပ်စစ်ထွက်တဲ့ အခါမျိုးမှာပါ။ တပ်စစ်သွားတယ် ဆိုတာက တပ်မအတွင်း မှာရှိတဲ့ တပ်ရင်းတွေ၊ ရှေ့တန်း စခန်းတွေကို ( ၆ ) လ တစ်ခါ သွားစစ်ရတာပါ။ အဲဒီမှာရှိတဲ့ တပ်ပိုင်းဆိုင်ရာ လုပ်ငန်းတွေ၊ စစ်ဆင်ရေး ဆိုင်ရာ လုပ်ငန်းတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ သွားပြီး ကြီးကြပ်ရတယ် ဆိုပါတော့ဗျာ။ ခရီးသွားရတာကတော့ တောက်လျှောက်ပါပဲ။ တပ်တွေကများတော့ ဆက်တိုက်ဆိုသလို ခရီးထွက်ရ ပါတယ်။

အဲဒီမှာ တပ်တွေရဲ့ လုပ်ထုံးလုပ်နည်းမမှန်တာတွေ၊ တရားလက်လွတ်ဖြစ်ကြတာတွေ၊ ကိုယ်ကျိုး ရှာနေကြတာ တွေကို ကျွန်တော် သွားတွေ့မိတယ်။ ဒီဖြစ်စဉ်တွေဟာ တပ်တွေ အားလုံးမှာ သွားတူနေကြပါတယ်။ ဒါဟာ ဘာကြောင့်လည်း ဆိုတာ ကျွန်တော် သွားပြီးတွေ့တယ်။ တပ်တွေအနေနဲ့ ဒါကို ဘယ်လိုမှ ပြေလည်အောင် မဖြေရှင်း နိုင်ဘူး။ တပ်မမှူး အနေနဲ့လည်း မဖြေရှင်းနိုင်ပါဘူး။ ဆူဆဲမာန်မဲပြီး ထိုးကြိတ်တာလောက်နဲ့ပဲ အရေးယူခဲ့ပါတယ်။ လုပ်ထုံး လုပ်နည်းအရ အရေးယူလိုက်မယ် ဆိုရင် တပ်မှာ တပ်ရင်းမှူး လုပ်ချင်တဲ့သူ ရှိတော့မှာ မဟုတ်ဘူး။ အဲဒါ မှန်ပါသလားလို့ တပ်မမှူးကို ထမင်းစားနေတုန်း မေးလိုက်မိတော့ တပ်မမှူး ထမင်းနင်သွားလို့ ရေနဲ့မျောချတာကို စဉ်းစားမိတိုင်း ရယ်ချင်ပါတယ်။ တကယ်လည်း အဲဒီနေ့က ကျွန်တော်တို့ ရယ်ပွဲ ကျသွားကြပါတယ်။ တပ်မမှူးက ပြုံးပြုံးကြီးနဲ့ "ဟေ့ကောင်..မင်းဒီစကားတွေကို ငါနဲ့မှပြောနော်" လို့ ပြန်ပြီး ချေပရှာပါတယ်။

ယနေ့အချိန်မှာတော့ ကျွန်တော် လိုလားတောင့်တအပ်သော ဘ၀မျိုးကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူဆိုတာက လိုအင် ဆန္ဒတွေ ပြီးပြည့်စုံတယ်လို့မှ မရှိတာဗျာ။ လိုအပ်နေတာတွေ အများကြီးရှိနေဆဲပါ။ ကျွန်တော့် တပ်မမှူးကြီးလည်း ဒီနေ့အချိန်ထိ တပ်မမှူးတာဝန်ကို ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော့်အပေါ်မှာ သားတစ်ယောက်လို၊ ညီငယ် တစ်ယောက်လို ဆိုဆုံးမပြီး ခွင့်လွှတ်နားလည်ခဲ့တဲ့ တပ်မမှူးကြီး အကြောင်းကို ဒီနေ့အထိ သတိရနေဆဲပါ။ လိုအပ်ချက်တွေကို ဖြည့်ဆည်း သင်ကြားပေးခဲ့တဲ့ ကျေးဇူးတွေကြောင့် ကျွန်တော့်မှာ ၀မ်းစာ ပြည့်ခဲ့ရပါတယ်။ ဒါတွေကတော့ ကျွန်တော့်ရဲ့ အတိတ်ကို နည်းနည်းလေး ဖွင့်ဟပြတာပါ။ ရည်ရွယ်ချက် ကတော့ ဒီနေ့ တပ်မတော်အတွင်းက ညီငယ်များနဲ့ တပ်မတော် အကြောင်းကို ဗဟုသုတ ရလိုသူများအတွက် ရည်ရွယ်ပါတယ်။ နောက်ပိုင်းမှာလည်း တပ်မတော်ထဲက အတွေ့အကြုံ တစ်ချို့ကို ကြုံကြိုက်တိုင်းရေးဖြစ်သွားမှာပါ။

Ref: မောင်မိုး

Read More...

မမေ့နိုင်သော ပုံရိပ်များ - ၂

မောင်မိုး
March 27, 2010


ဒီပို့စ်ကို မမေ့နိုင်သော ပုံရိပ်များ (၂) အဖြစ် ဆက်ရေးလိုက်ပါတယ်။ ဒါပြီးရင်လည်း နောက်ရေးနိုင်ဖို့ ကြိုးစားပါမယ်။ ကြိုးစားမယ် ဆိုတာက အချိန်အခါအရ ရေးဖြစ် မရေးဖြစ်ဆိုတာ ရှိလာဦးမှာဖြစ်လို့ စကား ပလ္လင်ခံထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စာစီစာကုံးလို အဖွင့်တွေ အအုပ်တွေလို သဘောမထားဘဲ သည်းခံပြီး ဖတ်ကြပါလို့ပဲ မေတ္တာရပ်ခံ လိုက်ပါတယ်ဗျာ။
-----------

ကျွန်တော်ရဲ့တပ်မတော်သားဘ၀ နောက်ဆုံးနေ့ရက်များဟာ အင်မတန်စိတ်ပင်ပန်းပြီး အလုပ်တာဝန်တွေ များပြားလှတဲ့ ကာလ တစ်ခုပဲဖြစ်ပါတယ်။ တပ်မတော် အတွင်းမှာ တပ်ရင်း တပ်ဖွဲ့ အသစ်တွေ အဆမတန်တိုးချဲ့နေတဲ့ ကာလလည်းဖြစ်လို့ လူမအား စိတ်မနားရတဲ့ ကာလတွေပါပဲ။ အုပ်ချူပ်မှုကိစ္စ၊ စစ်ဆင်ရေးကိစ္စတွေကို တပ်မမှာ ရှိတဲ့ လူအင်အားနဲ့ အလျင်မှီအောင် မနည်း လုံးပမ်းပြီး လုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်နေရတဲ့ အချိန်ပါ။ ကျွန်တော်က တပ်မမှူးရဲ့ ကိုယ်ရေး အရာရှိဆိုတော့ တပ်မမှူးနဲ့ အောက်ခြေအဖွဲ့ တွေကို ပေါင်းကူးဆက်သွယ်ပြီး ဆက်စပ်ပေးရပါတယ်။ ဒီတော့အောက်ခြေက ဘယ်လိုလိမ်တယ်၊ ညာတယ်၊ တပ်မမှူးက ဘာတွေလုပ်တယ်၊ ဘာတွေ စဉ်းစားနေတယ် ဆိုတာတွေကို အတွင်းကျကျ သိရပါတယ်။

တစ်ရက်မှာတော့ ကျွန်တော်တို့ တပ်မရဲ့နယ်မြေထဲမှာ တပ်ရင်းအသစ်တစ်ရင်း ဖွင့်ဖို့အတွက် တပ်ရင်းမှူးဦးစီး အဖွဲ့ တစ်ဖွဲ့ဟာ ယာယီ စခန်းချပြီး တပ်တည်ဆောက်ရေး လုပ်ငန်းတွေ လာလုပ်နေကြပါတယ်။ တပ်တည်ဆောက်ရေး ဆိုတာကလည်း အရင်ဦးဆုံး ဒေသထွက် သစ်ဝါးတွေနဲ့ ယာယီ အဆောက်အဦးတွေ အကုန် ဆောက်ရတာပါ။ သူတို့တပ်က ကျွန်တော်တို့တပ်မ လက်အောက်ခံ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်က ဒီလို တပ်သစ်ဖွင့်တဲ့ အတွေ့အကြုံ တော်တော်များများ ရှိခဲ့တာကြောင့် အဲဒီတပ်ရင်းမှူးကို လိုအပ်တာတွေ ကူညီပေးပါတယ်။ အဲဒီ တပ်ရင်းမှူးအသစ် ခမျာမှာ ဗထူးတိုက် ခိုက်ရေး ကျောင်းကနေ တပ်ရင်းမှူး သင်တန်းပြီးပြီးချင်း တပ်သစ်ဖွင့်ဖို့ တာဝန် ပေးခံလိုက်ရတာပါ။ သဘောက တော့ "တပ်ရင်းမှူးလုပ်ချင်လား။ ရော့...တပ်သစ်သွားဖွင့်"၊ "အခြေအနေကြည့်မယ်" ဆိုတဲ့သဘောပါ။ တပ်သစ် ဖွင့်တယ်ဆိုတာ အင်မတန် ပင်ပန်းပါတယ်။ ကကကြည်းက နေပြီးတော့ တပ်သစ်ဖွင့်ဖို့ အတွက် မြေနေရာနဲ့ ဖွဲ့စည်းပုံ တစ်ခုပဲ ချပေးလိုက်တာပါ။

အဲဒီမြေနေရာဆိုတာကလည်း တောထူထူ၊ တောင်မြင့်မြင့်၊ လူမရောက် ခွေးမပေါက်တဲ့ နေရာတွေပါဗျာ။ တပ်ရင်း တစ်ရင်းမှာ ရှိရမယ့် အိုးခွက် ပန်းကန်ကနေ လက်နက်ခဲယမ်း၊ မော်တော် ကားအထိ ကိုယ့်ဟာကိုယ် သက်ဆိုင်ရာ စစ်လက်နက် ပစ္စည်းတပ်တွေမှာ လိုက်ထုတ်ရပါတယ်။ လူအင်အား ကလည်း တပ်အသီးသီးက မကောင်းကျောင်းပို့၊ မလိုချင်တဲ့ လူတွေကို စုပြီး တပ်သစ်အတွက် ထည့်ပေးလိုက်ကြတာ ပါပဲ။ တပ်ရင်းမှူး အသစ်တွေခမျာ အမြဲတမ်း တပ်ရင်းမှူး ဖြစ်ရသေးတာ မဟုတ်ပါဘူး။ ခေတ္တ တပ်ရင်းမှူး အဆင့်ပဲ ခန့်အပ်ထားတာကြောင့် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို စာရွက်ပေါ် အရောက် မခံဘဲဖြေရှင်း ကြရပါတယ်။ ဒါမှလည်း သူတို့မျှော်လင့်တဲ့ တပ်ရင်းမှူးဘ၀ကို ပိုင်ဆိုင်နိုင်မှာပါ။ ခေတ္တ တပ်ရင်းမှူး အဆင့်မှာတင် ယနေ့ တပ်မတော်ရဲ့ သဘောထားအမှန်ကို သိမြင်သွားတဲ့ တပ်ရင်းမှူးတွေလည်း မနည်းပါပေဘူး။

ကျွန်တော်တို့တပ်မအနီးမှာ လာဖွင့်ထားတဲ့ တပ်ရင်းရဲ့မြေနေရာကို ဘယ်သူက ရွှေဥာဏ်တော် စူးရောက်ပြီး ရွေးချယ်ခဲ့လည်း မသိပါဘူး။ ဖြစ်နိုင်တာကတော့ "တိုင်း" က ဂျီဝမ်း (G1) ဖြစ်ဖို့ များပါတယ်။ ရွေးလိုက်တဲ့ မြေနေရာက သဲဆန်တဲ့ မြေဖြစ်ပြီးတော့ ယူကလစ်ပင်တွေ အုံ့ဆိုင်း နေပါတယ်။ ယူကလစ်ပင်တွေကတော့ ယာယီ အဆောက် အဦးအတွက် အသုံးဝင်လို့ ထားပါတော့။ ဒါပေမဲ့ မြေကြီးက ဘယ်လောက်တူးတူး ရေ မထွက်ပါဘူး။ အ၀ိဝီတွင်းတူးလည်း မထွက်ပါဘူး။ တပ်ရင်းမှူး အသစ်ခမျာ ချွေးပျံနေပါတယ်။ တစ်နေ့တစ်နေ့ ရေအတွက်ပဲ စဉ်းစားနေရတာပေါ့ ခင်ဗျာ။ လောလောဆယ်လိုအပ်တဲ့ ရေကို ကားနဲ့ အဝေးကြီးကနေပြီး သယ်နေရတော့ မလိုအပ်ဘဲ ငွေကုန်၊ အချိန်ကုန် ဖြစ်တာပေါ့ဗျာ။ အမှန်မှာ တပ်ရင်း မြေနေရာ ရွေးချယ်တယ် ဆိုတာက ရေနဲ့ လမ်းပန်း ဆက်သွယ်ရေးကို ဦးစားပေး-၁ ဆိုပြီး စဉ်းစားရပါတယ်။ နောက်မှ လျှပ်စစ်မီး၊ မြို့ရွာတွေနဲ့ ဆက်သွယ်ရေးပေါ့ဗျာ။ ဒီအကြောင်း တွေကို ကျွန်တော့် တပ်မမှူးကိုပြောပြတော့ တပ်မမှူးက " မင်းအသာနေစမ်းပါ။ ဘာဆက်ဖြစ်မယ် ဆိုတာ စောင့်ကြည့်နေ" လို့ ကြိတ်ပြီးဆူပါတယ်။ ဒီကြားထဲမှာ တိုင်းမှူးကိုယ်တိုင် ဆင်းလာပြီးတော့ ရေကိစ္စကို ဖြေရှင်းပေး ပါတယ်။ ဖြေရှင်းတယ် ဆိုတာက သူ့ရဲ့ ဦးစီးအရာရှိတွေကို ဆဲတာပါ။ အစကတည်းက မရွေးသင့်တဲ့ နေရာကို ရွေးချယ်ခဲ့တယ်။ အခုတော့ ဘယ်လိုလုပ်မလဲ ဆိုပြီး ဦးစီးအရာရှိတွေကို ကောင်းကောင်း ပေးတော့တာပဲ။ အစကတော့ ကျွန်တော် ကောင်းကောင်း နားမလည်သေးပါဘူး။ တိုင်းမှူးကြီး ဘာဖြစ်လို့ ဒီလောက် ဒေါသ ထွက်နေရတာလဲ ဆိုတာကို။ သိပ်မကြာပါဘူး။ ကျွန်တော် တိုင်းမှူးကြီး ဒေါသထွက်ရခြင်း အကြောင်းအရင်းကို သိလာရပါတယ်။

ဒီလိုပါ။ ကာကွယ်ရေးဦးစီးချူပ်ဟာ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲက အပြန် တိုင်းခန်း လှည့်လည်မယ်ဆိုတဲ့ အကြောင်း၊ လိုအပ်တဲ့ လုံခြုံရေးကို ကျွန်တော်တို့ တပ်မက တာဝန်ယူဖို့ ကြေးနန်း ၀င်လာပါတယ်။ တိုင်းခန်း လှည့်လည်စဉ် အခု အသစ်ဖွင့်ထားတဲ့ တပ်ရင်းရဲ့ တည်ဆောက်မှု လုပ်ငန်း တိုးတက်မှု အခြေအနေကို စစ်ဆေးဖို့ ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းမှူးက ရေကိုမထွက် ထွက်အောင် တစ်နေ့တစ်နေ့ ဆူလိုက်၊ ဆဲလိုက်နဲ့ ဖြစ်နေ တာပဲလို့ သဘောပေါက်ရ ပါတော့တယ်။ ဒီကြားထဲ ကျွန်ဝယ်ရာ အဆစ်ပါဆိုသလို ကျွန်တော်တို့ တပ်မမှာလည်း ဒီခရီးစဉ်ကြောင့် လုံခြုံရေး တာဝန်၊ ဧည့်ခံ ကျွေးမွေးရေး တာဝန်နဲ့ ရဟတ်ယာဉ်ကွင်း ဖောက်လုပ်ရေး တာဝန်တွေကို တိုင်းမှူးက ပေးလာပါတယ်။ (ဒီအကြောင်း နောက်မှ ရေးပါမယ်။) ဒီလိုနဲ့ ကာကွယ်ရေးဦးစီးချူပ် ရောက်လာ ပါတော့တယ်။ ။

တပ်ရင်းအနီးမှာရှိတဲ့ကုန်းမြင့်မြင့်မှာ မဏ္တာန်ထိုးပြီး သူ့ကို ဧည့်ခံရတာပေါ့ဗျာ။ သူထိုင်ဖို့ ခုံတစ်လုံးပဲ ချပေးရပါတယ်။ ကျန်တဲ့ လူကြီး ဆိုသူများ ကတော့ မိုးတိုးမတ်တပ်နဲ့ သစ်တစ်ပင်အောက်မှာ၊ ၀ါးတစ်ပင် အောက်မှာ အဆင်ပြေသလို နေကြပေါ့ဗျာ။ ကာကွယ်ရေး ဦးစီးချူပ်က ကုန်းပေါ်ကနေ မှန်ပြောင်းကြီးနဲ့ တပ်ရင်း တည်ဆောက်မှုကို ကြည့်လိုက်တဲ့ အခါမှာ ကြိုးစားပမ်းစား အလုပ် လုပ်နေကြတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်နဲ့ မြေကြီးပေါ်ကနေ မိုးပေါ်ကို ၁၅ ပေလောက် ပန်းထွက်နေတဲ့ ရေလုံးကြီးကို အားရပါးရ မြင်ရမှာပါ။ တိုင်းမှူးကြီး ကလည်း တပ်သစ် တည်ဆောက်ရေး အတွက် ဘယ်လို လုပ်ထားပါတယ်။ ဘာတွေ စီမံနေပါတယ် ဆိုပြီး မစားရ၀ မခန်း အနားကနေပြီး လက်ကလေး ဘေးကပ်ပြီး မျက်နှာကို ဇီးရွက်က အဖေခေါ်လောက်အောင် ငယ်ပြထား တော့တာပဲ။ ကျွန်တော်က ဒီတပ်သစ် တည်ဆောက်ရေးမှာ ကိုယ်နဲ့ မဆိုင်ပေမဲ့ တိုင်းမှူးကြီး တင်ပြနေတာတွေနဲ့ တကယ် ဖြစ်နေတာတွေကို သိတာပေါ့ဗျာ။ ကျွန်တော်က စားပွဲထိုး ခေါင်းဆောင်ဆိုတော့ အကုန် ကြားနေရတာပါ။ နောက်တော့ တပ်ချူပ်ကြီး ဆိုသူလည်း စားစရာရှိတာစား၊ သူပြောချင်တာတွေ ပြောပြီး ပြန်သွားပါတယ်။

(၆) လလုံးလုံးရေမထွက်တဲ့ မြေကြီးက နေ့ချင်းညချင်း ရေတွေ ပန်းထွက်လာတာ ဒီလူကြီး ဘုန်းကံရှိလို့တော့ မဟုတ်ပါဘူး။ အဖြစ်က ဒီလိုပါ။ တိုင်းမှူးခမျာ တပ်ချူပ်ကြီးက လာတော့မယ်၊ ရေက မထွက်သေးဘူး ဖြစ်နေလို့ မျောက်မီးခဲ ကိုင်မိသလို ဖြစ်နေရာကနေ ဘယ်သူက မြှောက်ပေးလိုက်တယ် မသိပါဘူး။ ရေတူးတဲ့ ကိစ္စကိုရပ်ပြီး တိုင်းနယ်မြေထဲက မီးသတ်ကားတွေကို ဆင့်ခေါ် ပါတော့တယ်။ နောက်ပြီး မီးသတ်ကားတွေကို တပ်ချူပ်ကြီး မမြင်နိုင်မယ့်နေရာမှာ ထားပြီး မီးသတ်ပိုက်တွေကို မြောင်းတူးပြီး မြေမြုပ်ပါတယ်။ ရေတွင်း တူးတဲ့နေရာအထိ ရောက်အောင်ပေါ့ဗျာ။ မီးသတ် ပိုက်ခေါင်းကိုတော့ မြေပေါ်မှာ ဖော်ထားလိုက်တယ်။ ပြီးတော့ တပ်ချူပ်ကြီး ရောက်ပြီဆိုတာနဲ့ မီးသတ်ကားတွေက ရေတွေ လွှတ်တော့တာပဲ။ အများအမြင်မှာတော့ တကယ် ရေထွက် ကောင်းတဲ့ မြေနေရာပဲလို့ ထင်ချင်စရာပါ။ လိမ်တဲ့သူနဲ့ အလိမ်ခံရတဲ့ သူတွေ ကွက်တိကျလို့ တော်သေးတာပေါ့။ မဟုတ်ရင်တော့ တိုင်းမှူးကြီးရဲ့ ဘ၀က မတွေးရဲ စရာပါပဲ။ အခုလည်း အဲဒီ တိုင်းမှူးကြီး ရှိပါသေးတယ်။ တစ်ခြား တိုင်းတစ်ခုမှာပါ။ ဒီလိုပါပဲ။ တပ်မတော်အတွင်းမှာ အထက်ပိုင်းနဲ့ အောက်ခြေပိုင်းတွေက တစ်ယောက်နဲ့ တစ်ယောက် လိမ်နေကြတာပါပဲ။ ဖြစ်စဉ်အမှန်ကို တင်ပြရင်လည်း လူကြီးလုပ်သူက ဥပဒေအတိုင်း အရေးယူတာမျိုး မရှိလေတော့ သူ့အဆင့်နဲ့သူ လိမ်နေကြတာချည်းပါပဲ။ အခု ထိပ်ပိုင်း ရောက်နေတဲ့ သူတွေလည်း သိသိကြီးနဲ့ အလိမ် ခံနေကြတာပါပဲ။ ငါ့လက်ထက် ရောက်ရင် ပြင်လိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ဓာတ် မရှိကြတာလား၊ မသိချင်ယောင် ဆောင်နေကြတာလား မသိပါဘူး။ ဒါမှမဟုတ် အဲဒီလိုနေမှ ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းရာ ရောက်တယ်လို့ မှတ်နေကြလား မသိပါ။ ကျွန်တော်ကတော့ အဲလိုလူတွေကြောင့် ရယ်ရအခက် ငိုရအခက်ဖြစ်ကာ သက်ပြင်းကြီးကို ဖြေးဖြေးချရင်း သြော်..ဒီလိုရှိပါလားလို့ပဲ ကိုယ့်ဟာကိုယ် နှစ်သိမ့်လိုက်မိပါတယ်။ ကဲ...ဒီလောက်ပါပဲ ဗျာ။ ဖြစ်စဉ်တစ်ခုကို ရေးပြတယ်လို့ပဲ သဘောထားလိုက်ပါ။


Ref: မောင်မိုး

Read More...

Friday, March 26, 2010

လူထုဦးစိန်ဝင်း NLD, ရွေးကောက်ပွဲတို့ကို သုံးသပ်ဝေဖန်

24 March 2010

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း ကို ဦးကျော်ဇံသာ ဆက်သွယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလို အခြေအနေမှာ ဘာတွေလုပ်သင့်၊ သူ့ရဲ့ NLD နဲ့ ရွေးကောက်ပွဲ အပေါ်ထားရှိတဲ့ အမြင်တွေကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေကို လူတော်တော်များများ လက်မခံကြပါဘူး။ ဒီတကြိမ်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု တခဲနက်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဘယ်လို ဆုံးဖြတ် သင့်တယ်လို့ ဆရာထင်ပါသလဲ။

ဦးစိန်ဝင်း ။ ။ ဘယ်လို ဆုံးဖြတ်သင့်တယ်ဆိုတာကိုတော့ ကျနော့် အလုပ်မဟုတ်တဲ့ အတွက် ကျနော် မပြောနိုင်ပါဘူး။ ကျနော်က ဘယ်လို ဆုံးဖြတ်သင့်တယ် ထင်သလဲဆိုတဲ့ အမေးကိုတော့ ဖြေလို့ရတယ်။ အနှစ် (၂၀) လုံးလုံး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်လာတဲ့ လူတယောက် အနေနဲ့ အနှစ် (၂၀) လုံး NLD လုပ်ခဲ့တာက အစိုးရ စိတ်ဆိုးမယ့် ကိစ္စ၊ အစိုးရ မကြိုက်တဲ့ ကိစ္စတွေ သူဘာမှ မလုပ်ဘူး။ အစိုးရ လုပ်စေချင်တာဘဲ လုပ်မယ်ဆိုပြီး သူက ရပ်တည်ခဲ့တာ။ အဲဒါကြောင့် အခုလည်း အစိုးရ လုပ်စေချင်တဲ့ အတိုင်း သူ့ပါတီကို မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲ ၀င်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာရဲ့ ယူဆချက်က ရွေးကောက်ပွဲ မ၀င်ချင်ဘူးလို့ ထင်ပါသလား။

ဦးစိန်ဝင်း ။ ။ ၀င်သင့်မ၀င်သင့်လို့ ကျနော်က မပြောချင်ဘူး။ ကျနော်မှာ သူကိုပြောပိုင်ခွင့် မရှိဘူး။ သတင်းသမား တယောက် အနေနဲ့က ဖြစ်ပျက်နေတဲ့ သတင်းတွေပေါ်မှာ ကျနော်က ဝေဖန် သုံးသပ်တာဘဲ လုပ်နိုင်တယ်။ သူအနေနဲ့ ၀င်လိမ့်မယ်လို့ဘဲ ကျနော်က ပြောတယ်။ ရွေးကောက်ပွဲဝင်တဲ့ လူတွေကိုလည်း ကျနော်က မှားတယ်၊ မှန်တယ်လို့ ကျနော်မှာ ပြောပိုင်ခွင့် မရှိဘူး။ ဒါလူတဦးချင်းစီရဲ့ ကိုယ်ပိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ဖြစ်တယ်။ အဲဒါကြောင့် ကျနော်က ဘယ်ပါတီကိုမှ ရွေးကောက်ပွဲဝင်လို့ အပြစ် မတင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဆရာက NLD ကို စစ်အစိုးရ အကြိုက် လိုက်လုပ်တယ်ဆိုတဲ့ အချက်ကိုတော့ ထောက်ပြ ဝေဖန်တယ်။

ဦးစိန်ဝင်း ။ ။ ဟုတ်ပါတယ်။ ဒါက ကျနော်တို့ သတင်းသမားရဲ့ အလုပ်။

ဦးကျော်ဇံသာ ။ ။ စစ်အစိုးရက NLD ကို ရွေးကောက်ပွဲ ၀င်စေချင်တယ်လို့ ထင်ပါသလား။ တကယ်တော့ NLD မ၀င်လေ ကောင်းလေ။ စစ်အစိုးရက သူတို့ လိုချင်တဲ့လူတွေက NLD မပါရင် နိုင်မယ်လို့ တမင် ဒီလို အကွက်ဆင်တယ်လို့ မဖြစ်နိုင်ဘူးလား။

ဦးစိန်ဝင်း ။ ။ ကျနော်ကတော့ အဲဒီလို မယူဆဘူး။ NLD ကို အစိုးရ ကိုယ်တိုင်ကလည်း ၀င်စေချင်တယ်လို့ ကျနော် ယူဆတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အစိုးရက ဒီနေ့ အစိုးရက ပိုက်ဆံလည်း မလိုဘူး၊ ရာထူး အာဏာလည်း လက်ရှိဖြစ်တယ်။ သူမှာ upper hand စင်ပေါ်ကလူဘဲ။ သူလိုချင်တာ တခုပဲရှိတယ်။ Legitimacy ပဲ သူလိုချင်တယ်။ အဲဒီ တရားဝင် ဖြစ်တည်မှု legitimacy ရဖို့ အတွက်ဆိုရင် NLD ရွေးကောက်ပွဲဝင်ဖို့ လိုပါတယ်။ NLD ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် ကမ္ဘာတခုလုံးလည်း အသိအမှတ်ပြုကြမှာ မဟုတ်ဘူး။ သူလိုချင်တဲ့ legitimacy ကို ရမှာ မဟုတ်ဘူး။ ဒါကြောင့် အစိုးရကတော့ ရွေးကောက်ပွဲ ၀င်စေချင်တယ်လို့ ကျနော်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ NLD ရွေးကောက်ပွဲဝင်လို့ ၁၉၉၀ ရွေးကောက်ပွဲလို ပြန်လည်း အနိုင်ရခဲ့ရင် ဒီ ဖွဲ့စည်းပုံကို သူတို့ ပြုပြင်နိုင်စရာ အကြောင်း မရှိဘူးလား။

ဦးစိန်ဝင်း ။ ။ မရှိဘူးခင်များ။ ဘာကြောင့်လည်းဆိုတော့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲထားတာကိုက ဒီ ဖွဲ့စည်း အုပ်ချုပ်ပုံကို ပြင်ချင်လို့ရှိရင် ၇၅% အထက် ထောက်ခံမှ ရမယ်။ စစ်တပ်က ၂၅% အမာခံ ရှိနေပြီဖြစ်တယ်။ တခြား သူ့ကို ထောက်ခံမယ့် ကြံဖွံ့တို့လို၊ သူရဲ့ cronies စီးပွားရေး သမားတွေကလည်း ၀င်အရွေးခံကြအုန်းမှာ ဆိုတော့ ဘယ်လိုမှ ပြင်ဆင်လို့ ရနိုင်စရာ အကြောင်း မရှိပါဘူး။ နောက်တချက်က NLD ရွေးကောက်ပွဲ ၀င်ရင်လည်း ကျနော်က နိုင်မယ်လို့ မထင်ဘူး။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် တကယ်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ အဓိက ရပ်တည်နေတယ် ဆိုရင် မှားမယ် မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ၀င်မယ်မ၀င်ဘူး ပြတ်ပြတ်သားသား ပြောကြားသင့်တယ်လို့ ဆရာ မထင်ဘူးလား။ အခု ဒေါ်အောင်ဆန်းစုကြည် က ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ် ဆိုတာကို ဆရာ ဘယ်လို ပြောလိုပါသလဲ။

ဦးစိန်ဝင်း ။ ။ ကျနော်ကတော့ ဒီကိစ္စဟာ အင်မတန် သေရေးရှင်ရေး အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ပါတီရဲ့ ရပ်တည်ရေး အတွက် နောက်ဆုံးအဆင့် ဖြစ်တယ်။ အဲဒီတော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြည့်အ၀ တာဝန်ရှိတယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဒီကိစ္စမှာ သူဆုံးဖြတ်မှ ဖြစ်မှာပါ။ သူ့ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ပါတီက ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်မယ် ဆိုရင် NLD အောက်ခြေထု လူထုက လက်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ လက်ရှိ NLD ခေါင်းဆောင်မှုတွေကို ပြည်သူလူထုက လုံးဝ အယုံအကြည် မရှိတော့ပါဘူး။ တော်တော်လေး စိတ်ကုန် နေကြပါပြီ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင်ပြီး ဆုံးဖြတ်သင့်တယ်ပေါ့။

ဦးစိန်ဝင်း ။ ။ ဟုတ်ပါတယ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုံးဖြတ်ရပါမယ်။ သူ ဆုံးဖြတ်မှ ပြည်သူလူထုက လက်ခံမှာ။ NLD အောက်ခြေတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် ဆိုရင်တော့ ဘာမဆို လက်ခံမှာဘဲ။ အခုရှိနေတဲ့ CEC (Central Executive Committee) တွေ၊ CC (Central Committee) တွေကို ပြည်သူလူထုက အယုံအကြည် မရှိပါဘူး။ NLD အောက်ခြေတွေကလည်း အယုံအကြည် မရှိပါဘူး။ ဒါကြောင့်မို့ သူတို့ ဆုံးဖြတ်ချက်နဲ့လည်း မပြီးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီတခါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ သူမှာ ဘာအခက်အခဲတွေ ရှိနေလို့ သူကိုယ်တိုင် မဆုံးဖြတ်ဘဲ ပါတီက ဆုံးဖြတ်ပါလို့ ပြောသလဲ။ ဆရာ ဘယ်လိုတွက်ပါသလဲ။

ဦးစိန်ဝင်း ။ ။ သူကတော့ ပါတီဝင် ကောင်းတယောက်အနေနဲ့ ပါတီအများစု ဆုံးဖြတ်တာကို နားခံမယ်ဆိုတဲ့ ပါတီဝင်ကောင်း တယောက်ရဲ့ ကျင့်ဝတ်ကို ပြချင်တာလို့ ကျနော်ယူဆပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ဒီလို လုပ်လို့ မရတော့ဘူး။ သူကိုယ်တိုင် အတိအကျဝင်ပြီး ဆုံးဖြတ်မှ ဖြစ်မှာပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ကျနော်တို့ အရှေ့ကို နည်းနည်းမျှော်ကြည့်ရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် ပါတီက ဖျက်သိမ်းခံရမယ့် အခြေအနေ ရှိပါတယ်။ အဲဒီတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ပြည်သူကို ဘယ်လို ဦးဆောင်ပြီးတော့ နိုင်ငံရေး ရှေ့တိုးအောင် လုပ်နိုင်မယ့် အလားအလာ ရှိပါသလဲ။

ဦးစိန်ဝင်း ။ ။ ဗမာနိုင်ငံရေး လှုပ်ရှားမှုမှာ အနှစ် (၂၀) ကာလမှာ NLD က မရှိသလိုပါဘဲ။ NLD ရှိနေတယ်လို့ကို ပြည်သူလူထုက မသိဘူး။ ပြည်တွင်းမှာ တိုင်းရင်းသားတွေနဲ့ ကျနော်တို့ တိုက်ပွဲတွေ ဖြစ်နေတယ်၊ ကိုးကန့်တွေ အတိုက်ခံရတယ်။ ဒါလည်း NLD က သူနဲ့ မဆိုင်သလို နေတာဘဲ။ ခလေးစစ်သားတွေ မိဘရင်ခွင်က ခေါ်ပြီး စစ်သားတွေ လုပ်ခိုင်းတယ်။ ဒါကိုလည်း NLD က မသိသလို နေတာဘဲ။ လယ်သမားတွေရဲ့ လယ်တွေကို အသိမ်းခံရပြီးတော့ လယ်သမားတွေ ထောင်ကျတယ်။ ဒါကိုလည်း NLD က မသိသလို နေတာဘဲ။ အခုလည်း အလုပ်သမား ဆန္ဒပြပွဲတွေ ကိစ္စတွေလည်း NLD က သူနဲ့ မဆိုင်သလို နေတာဘဲ။ အဲဒီတော့ NLD ရှိခြင်း မရှိခြင်းက ဗမာနိုင်ငံရေး ဖြစ်စဉ်မှာ အခုအချိန်မှာ ဘာမှ အရေးမပါတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ကျနော်တို့ သတင်းသမားတွေ၊ မီဒီယာသမားတွေက NLD ရဲ့  လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ လူတချို့ရဲ့ ပြောကြားဝေဖန်မှုကို ထင်ဟပ်ပြီးတော့ အဲဒီလို ဖော်ပြတဲ့အခါတိုင်း ကျနော်တို့ကို တချို့က ပြန်ပြောကြပါတယ်။ NLD ရပ်တည်ရေး သိပ်အရေးကြီးတာကို ခင်များတို့ နားမလည်းဘူးလား၊ ဒီအချိန်မှာ ခင်များတို့ ဒီစကား ပြောရ ကောင်းမလားဆိုပြီး အမြဲတမ်း ဝေဖန်တာ ခံရပါတယ်။ ဒီလိုလူတွေကို ဘယ်လိုတုံ့ပြန် ရှင်းပြသင့်ပါသလဲ။

ဦးစိန်ဝင်း ။ ။ ကျနော် အခုနပြောသလိုပါဘဲ။ နိုင်ငံရေးမပါဘဲနဲ့ ရပ်တည်နေတယ် ဆိုတာ အသက်မရှိတဲ့ လူသေကောင်ကြီးပါဘဲ။ ဘာမှ မထူးပါဘူး။ အရေးကြီးတာက ရပ်တည်ဖို့ မဟုတ်ဘူး။ နိုင်ငံရေးဘဲ။ အခု အနှစ် (၂၀) အတွင်း NLD က ဘာမှ မလုပ်ပါဘူး။ ကျနော် တလောက ပြောခဲ့သလို ပဲခူးက ဦးအေးမြင့်လို့ လူပုဂ္ဂိုလ် တဦးတယောက်လောက်တောင် NLD က တိုင်းပြည် အကျိုးကို မသယ်ပိုးခဲ့ပါဘူး။ နောက်တခါ မဖြူဖြူသင်း လို အမျိုးသမီး တယောက်လို လူတွေရဲ့ ဒုက္ခတွေကို ကယ်တင် ပေးခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။ ဒါကြောင့် NLD က တည်ရှိနေတာကို ပြည်သူလူထုက သိကို မသိတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ NLD ကို တကယ်လို့ ရွေးကောက်ပွဲ မ၀င်လို့ ဖျက်သိမ်းခံရရင် NLD ရဲ့ အခန်းကဏ္ဍ လုံးဝ ချုပ်ငြိမ်းသွားပြီးလို့ ဆိုရမှာပေါ့။

ဦးစိန်ဝင်း ။ ။ NLD ကတော့ ချုပ်ငြိမ်းသွားတယ်လို့ ပြောလို့မရဘူး။ အခုလက်ရှိ ရှိနေတဲ့ CEC ဒီ ပုဂ္ဂိုလ်တွေကတော့ ချုပ်ငြိမ်း သွားမှာဘဲ။ သူတို့ရဲ့ နိဂုံးဘဲ ဖြစ်သွားမယ်။ နိုင်ငံရေး ရှိနေသရွေ့ ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွေး ကာလပတ်လုံး NLD ကတော့ ရှိနေမှာဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့က ခွဲလို့မရပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် က ဆက်လျက်ရှိနေမယ့် သဘောပေါ့။

ဦးစိန်ဝင်း ။ ။ ဟုတ်ပါတယ်။ ကျနော် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒေါ်အောင်ဆန်း စုကြည်မှတပါး ဒီနေ့ ဗမာပြည်သူ လူထုကို ဦးဆောင်နိုင်တဲ့လူ၊ ဒေါ်အောင်ဆန်းစုကြည်မှတပါး တပ်မတော်နဲ့ ပြည်သူလူထုကို ရင်ကြားစေ့အောင် ဆောင်ရွက်နိုင်တဲ့လူ ဗမာပြည်မှာ ဘယ်သူမှ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ တချို့က NLD သာ အဲဒီလို တရားဝင် ရပ်တည်ခွင့် မရတော့ရင် NLD အနေနဲ့ underground သွားရလိမ့်မယ်။ တနည်းအားဖြင့် လျှို့ဝှက်လုပ်ငန်းတွေ၊ မြေအောက် လုပ်ငန်းတွေနဲ့ လှုပ်ရှားရမယ်လို့ ဆိုကြပါတယ်။ အဲဒီကိစ္စမှာ အကြမ်းဖက်တဲ့ ကိစ္စတွေများ ပါလာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက် မူဝါဒနဲ့ လုံးဝဆန့်ကျင် နေတာပေါ့။

ဦးစိန်ဝင်း ။ ။ NLD ကို အဲဒီလို ဇွတ်အတင်းမြေအောက် တွန်းပို့တဲ့ အပြောအဆိုမျိုးတွေ ကိုတော့ ကျနော်က ရှောင်ကြဉ် စေချင်တယ်။ ပါတီမှတ်ပုံတင် မရှိတာနဲ့ မြေအောက်ကို ရောက်သွားတာမျိုးက မဖြစ်နိုင်ပါဘူး။ ၈၈ မျိုးဆက်သစ် ကျောင်းသားများ သူတို့မှာ ပါတီလည်း မရှိပါဘူး။ မရှိပေမယ့် သူတို့ဟာ တရားဝင် ရပ်တည်ပြီးတော့ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်သွားကြတာပါဘဲ။ အဲဒီတော့ ပါတီ မှတ်ပုံမတင်တာနဲ့ မြေအောက်ရောက်သွား၊ လက်နက်ကိုင် တိုက်ပွဲတွေ ဆင်နွှဲလိမ့်မယ် ဆိုတာမျိုး မျှော်မှန်းတာမျိုးတွေ မပြောစေချင်ဘူး။ အဲဒါဆိုရင် ၁၉၄၇ ခုနှစ်က ကွန်မြူနစ်တွေကို ဖဆပလ ဆိုရှယ်လစ်တွေက တောထဲကို မောင်းထုတ် လိုက်သလိုမျိုး NLD ကို မောင်းထုတ်သလို ဖြစ်သွားပါလိမ့်မယ်။

Ref: VOA News

Read More...

ဦးဝင်းတင်၏ ထောင်ဋီကာ

ခက်ထန်
Monday, March 22, 2010

မြန်မာစာပေ လောက၌ နှစ် ၅၀ ကျော် ပျောက်ကွယ် နေခဲ့သော ထောင်စာပေ၊ အကျဉ်းသား ဘဝစာပေ၊ နရသိန် အဖြစ်ဆိုးစာပေ ဟင်းလင်း ကွက်လပ်တွင် အားဖြည့်ရန် ဆိုသည်မှာ “ဘာလဲဟဲ့ လူ့ငရဲ” ကို ရေးရခြင်း၏ အာသီသ ဖြစ်သည်။ ဆိုသည့် အတိုင်းပင် ဦးဝင်းတင်၏ ထောင်တွင်း ရက် ၇၀၀၀ ကျော် ပုံဖော်ချက်က စစ်အာဏာရှင်ခေတ် နရသိန်၏ သရုပ်သကန်ကို ပေါ်လွင်စေသည်။

၂၀၁၀ မတ်လ ၅ ရက်နေ့တွင် အပြီးသတ် ရေးထားသော ထို ထောင်ဋီကာမှာ ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်းအမှတ် အဖြစ် မတ်လ ၁၂ ရက်နေ့တွင် ထုတ်ဝေ ခြင်းလည်း ဖြစ်သည်။

“ဦးဝင်းတင်ဟာ သူနစ်နာ ခံစားနေရ တာတွေကို ပြောတာထက် သူတပါး နစ်နာ ခံစားနေ ရတာတွေကို ပိုပြောပြတယ်” ဟု ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာပီညဲရိုးက သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောဖူးသည်။ ထိုအချက်သည်လည်း ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” တွင်လည်း ထင်ဟပ်နေသည်။

အနှစ် ၂၀ ကာလ အတွင်း သူခံစား ခဲ့ရသော ကာယဒုက္ခ၊ စိတ္တဒုက္ခများကို နည်းနည်းသာ ပြောပြီး ထောင်တွင်း မတရားမှုများ၊ အာခံမှုများ၊ အကျဉ်းသား အချင်းချင်း ရိုင်းပင်း ကူညီမှုများ၊ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများ၊ ထောင်ကျဖော်များ အကြောင်းနှင့် ထောင်တွင်း အမြင်မတော် ထော်လော် ကန့်လန့် မှန်သမျှကို ကွက်ကွက် ကွင်းကွင်းပင် ရေးထားသည်။

အခြား အကျဉ်းသားများနှင့် ဆက်ဆံခွင့် မပေးဘဲ နှစ်ပေါင်းများစွာ ခွဲခြား လှောင်ပိတ်ထားသောကြောင့် “ထောင်ထဲက ဖြစ်ရပ် ဖြစ်စဉ်တွေ အသေးစိတ် မသိ” ဟု ဆိုသည့်တိုင် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုများသည် ဦးဝင်းတင် ဖော်ပြသမျှနှင့်ပင် သိနားလည်ရန် လုံလောက်နေပေပြီ။

ဦးဝင်းတင်၏ လူ့ငရဲသည် ထောင်ကို ကြောက်ရွံ့ တွန့်သွားရေးမဟုတ်။ ထောင်ကို ထီမထင်ရေး၊ ထောင်မကြောက်ရေး ဖြစ်သည်။ “ထောင်ထဲက ထွက်လာခဲ့တယ်၊ အပြင်ရောက်တော့လည်း ထောင်ကိုပဲ ရောက်နေရ ပြန်ပါပကောလား၊ ထောင်ကြီးတာနဲ့ သေးတာပဲ ကွာတယ်”ဟု အနှစ် ၂၀ အကြာမှ ပြန်တွေ့ရသော အပြင်လောက မြန်မာပြည်ကြီးကို သုံးသပ်သည်။ တပြည်လုံး “ကိုကိုးကျွန်း” ဖြစ်နေပြီဟု မြင်သည်။

လူ့ငရဲကို ၁၉၈၉ ခုနှစ် အသက် ၆၀ အရွယ်တွင် ထောင်ထဲသို့ စဝင်သွားပြီးနောက် ဖြစ်ပေါ်လာသော ခံစားမှု၊ တွေးတောမှု၊ စိတ်ပဋိပက္ခများမှ စထားသည်။ ငါဘယ်လို ပြုံးမလဲ၊ မုန်းမလဲ၊ ရုန်းမလဲ၊ ဝုန်းမလဲ၊ ဆုံးမလဲ၊ သုဉ်းမလဲ၊ ငါဘယ်လို ကြံမလဲ၊ ဖန်မလဲ၊ ခံမလဲ၊ လှန်မလဲ၊ ညံမလဲ၊ ထန်မလဲ၊ နှံမလဲဟု လူလုပ် ငရဲထဲသို့ ရောက်ပြီးနောက် မာန်တင်းသည်။ ရင်ကော့သည်။

စစ်ကြောရေးနှင့် ပတ်သက်၍ ပြန်ပြောမနေချင်တော့ဟု ဦးဝင်းတင်က ပြည်ဖုံးကားချသည်။ “တိရစ္ဆာန်ထက် ပိုမို ရိုင်းပျရက်စက်၊ ကျင့်ပျက် ကြမ်းကြုတ်စွာ စစ်မေး ညှဉ်းပန်း နှိပ်စက်ကြတယ်” ဟုသာ လိုရင်းတိုရှင်း သရုပ်ဖော်သည်။

လူထုအပေါ် ဥပဒေမဲ့ နှိပ်စက်ကလူ ပြုသူ အာဏာပိုင်များကို ဘယ်လို သဘောထားမည်လဲဟု ဆင်ခြင်သည်။ ရှစ်လေးလုံး ကာလ အတွင်းက ဦးနုပြောခဲ့သည့် ချေ ၂ ချေကို ဦးဝင်းတင်က ဆွဲထုတ်ပြသည်။ လက်စားချေနှင့် သင်ပုန်းချေ။ ဘယ်ချေကို လက်ခံကြမလဲဟု မေးခွန်းထုတ်သည်။

ရေရှည်တွင် စိတ်ခိုင်မာမှု ဦးမကျိုးစေရေးအတွက် မကျိုးပဲ့ရေးတရား သုံးပါးကို ချမှတ်သည်။ စိတ်ဓာတ် မကျိုးပဲ့စေနဲ့၊ ကျန်းမာရေး မကျိုးပဲ့စေနဲ့၊ စုဖွဲ့မှု မကျိုးပဲ့စေနဲ့။ ထောင်ကျနေခြင်းသည် အချိန် လေလွင့် ကုန်ဆုံးစေခြင်း မဟုတ်၊ “အရေးတော်ပုံတပ်သား”အဖြစ် အမှုထမ်းနေခြင်း ဖြစ်သည်ဟု ဦးဝင်းတင်က ယူဆသည်။ ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်းဟု သုံးသပ်သည်။

ထောင်တွင်း ပါတီစွဲ၊ အယူစွဲတွေ ကိုယ်စီရှိသည်။ ယင်းမှ ပေါ်ပေါက်လာသော အငြင်းပွားစရာ၊ သဘော မတူနိုင်သည်များကို လူမှုရေးအရ ခင်မင်အောင် ပြုပြီး အရင်ညှိရပုံကိုလည်း စိတ်ဝင်စားဖွယ် သိရသည်။ အကျဉ်းကျ နိုင်ငံရေး သမားများ၏ လူမှုဆက်ဆံရေး၊ အယူအဆ ဆက်ဆံရေးကို မြင်ရသည်။

ထောင်ဘာသာဗေဒကိုလည်း ဦးဝင်းတင်က မလွတ်အောင် မှတ်တမ်းတင်သည်။ အကျဉ်းဦးစီး (အကစ) သည် အကြမ်းဖက် ဦးစီးဌာန၊ အူကြောင်ကြောင် ဦးစီးဌာန၊ အကျိုးရှာ ဦးစီးဌာန၊ အကုန်နှိုက် ဦးစီးဌာနဟူ၍ ဝိဂြိုဟ်ပြုထားသည်။

အကျဉ်းသားတို့၏ စိတ်အခြေအနေ၊ ကျွမ်းကျင်မှုကို လိုက်ပြီး “ကြောင်” အမျိုးမျိုးကိုလည်း နာမည် တပ်ပြသည်။ “လွတ်ကြောင်” ဆိုသည်မှာ လွတ်ခါနီး ကြောင်သောသူ၊ လွတ်မည်ထင်၍ ကြောင်သောသူ၊ လွတ်လွတ် မလွတ်လွတ် လွတ်မည့် အကြောင်း ပြောကြောင်သူ၊ တောင်ကြွက် ဟု အမည်ပေးထားသည်က လွတ်မည့်ရက် တွက်ပြီး ကြောင်သော “တွက်ကြောင်”၊ ဘောင်ကြုတ်ဟု ခေါ်သော “ဘုတ်ကြောင်”လည်း ရှိသည်။

အကျဉ်းကျ နိုင်ငံရေးသမားများနှင့် ပြင်ပမှ မိသားစု၏ ရင်နာဖွယ် ဆက်ဆံရေးကိုလည်း မြင်ရသည်။ မိခင်၊ ဇနီး၊ အစ်မ၊ ညီမ၊ တူမ၊ သမီး စသည့် မျှဝေ ခံစားဘက်များကိုလည်း မလွတ်စေရ။ “နိုင်ငံရေး သယံဇာတ ရင်းမြစ်တွေ”ဟု ဦးဝင်းတင်က ဂုဏ်ပြုသည်။ အိမ်ထောင်သက် နှစ် ၄၀၊ ထောင်ဝင်စာ တွေ့ရသည်မှာလည်း နှစ် ၄၀ ဟု ပြောသော ဘိုးတော်ခင်ဝင်း၏ ဇနီး အကြောင်းလည်း ပါသည်။ အဖေကို မမြင်ဖူးသဖြင့် တွေ့သမျှ ထောင်ဝန်ထမ်းကို အဖေခေါ်မိသော သမီးလေးကို အမေဖြစ်သူက ရိုက်သည်။ အဖေအစစ်နှင့် တွေ့သောအခါ ထပ်ရိုက်မည်စိုး၍ အဖေဟု မခေါ်သည့် မိသားစု၏ အဖြစ်မှာလည်း ရင်နင့်စရာ ဖြစ်သည်။ မျှဝေ ခံစားဘက်များ မရှိလျှင် နိုင်ငံရေး အကျဉ်းသားများ အဖို့ “တော်လှန်-မာန်-ဉာဏ်-သတ္တိ” များ ခမ်းခြောက် ပျောက်ဆုံးမည်ဟု ထောက်ပြသည်။

ဘီလ်ရစ်ချတ်ဆန်၊ ပါမောက္ခ ပီညဲရိုး နှင့် ကင်တာနားတို့၏ ဆောင်ရွက်ချက်များ ကိုလည်း ထောင်တွင်း ဆင်းရဲဒုက္ခ လျှော့နည်းရေး အကျိုး မဖြစ်လာသဖြင့် ဦးဝင်းတင်က ထေ့ငေါ့သည်။ သူတို့မေးမြန်း ပြန်သွားပြီးနောက်လည်း ထမင်းသည် “ခွေးအန်ဖတ်” ဖြစ်မြဲ၊ ညဘက်တွင် ခြင်ကိုက်မြဲဟု သရော်သည်။ ထောင်ထဲတွင် စာမဖတ်၊ စာမရေး၊ သီချင်းမဆိုရ ပိတ်ပင်ထားသဖြင့် မျိုးဖြုတ် သတ်ဖြတ်မှု (Genocide) ကဲ့သို့ပင် အသိဉာဏ် မျိုးတုံးပြီး နလပိန်းတုံး ဖြစ်အောင် လုပ်နေမှု (Intelectocide) ဟု စကားသစ်တွင်၍ ဦးဝင်းတင်က ဘီလ်ရစ်ချတ်ဆန်ကို ပြောခဲ့သည်။

သွားတချောင်းမှ မရှိသဖြင့် မနူးမနပ် ကြမ်းတမ်းသော လုံးတီးဆန်ကို အာဟာရ အလို့ငှာ ရှစ်နှစ်လုံးလုံး သွားဖုံးနှင့် ကြိတ်ခဲ့ရသည်ကို အစာမကြေသလို ကမ္ဘာမကြေဘူးဟု ကမ္ပည်းထိုးထားသည်။

ထောင်ထဲတွင် တီဗီ၊ ကောဇောသွင်းပြီး ထောင်အာဏာပိုင်များနှင့် ထမင်းအတူစားသူ သူဌေးကြီး မောင်ဝိတ်၊ တိုင်းပြည် တိုးတက် စေချင်တယ် ဟု ပြောသော အာဏာရှင် ဦးနေဝင်း၏မြေး အေးနေဝင်း၊ အကုန်လုံး ဝင်ဆံ့အောင် ပေါင်းတတ်သော ဘိုးတော်ခင်ဝင်း၊ ဦးဝင်းတင်၏ ကဗျာကို ကြိုက်လှ၍ အင်္ဂလိပ် ဘာသာပြန်ပြီး ထောင်ထဲတွင် ရွတ်ပြသူ ဒေါက်တာခင်ဇော်ဝင်း၊ ထောက်လှမ်းရေး နားရွက်ကို တံတွေးစွတ်သော ထောင်ဖောက်ဟီးရိုး မြင့်အောင်၊ ထောင်ကျော်ပြေးသော ကျွဲကြီးမှသည် ထောင်ဆေးရုံတွင် ဟင်းချက်ရောင်းသော အကျဉ်းသား တိုနီခါးအထိ သူမြင်ရသလောက်ကို ဦးဝင်းတင်က ရေးပြသည်။

ထောင်တွင်း အလုပ်ခိုင်းမှုများကို “အလုပ်ဆိုနိုး ဘုတ်ဆိုနိုး”ဟု အာခံခဲ့သည်။ “နိုးသံခြေကျင်း နိုးထမင်း” ဟုလည်း ဆန့်ကျင် ခဲ့ကြသည်။ ထောင်အာဏာပိုင်များ ဘာပြောပြော ဟားတိုက်ရယ်သည့် “ဟားတိုက်ပွဲ” လုပ်သည့် တရုတ် လူငယ်တယောက် အစ ပျောက်သွားပုံကိုလည်း မှတ်တမ်း တင်ထားသည်။

ထောင်တွင်း လက်ရေးစာစောင်များ ဖြန့်ကြသည်။ “ကြက်တူရွေး”ဟု နာမည်ဝှက် ပေးထားသော ရေဒီယိုများ ခိုးသွင်းကြသည်။ ထောင်တွင်း အခွင့်အရေး ချိုးဖောက် ခံရမှုများကို စာမျက်နှာ ၁၀၀ ခန့်ပါ အစီရင်ခံစာရေးပြီး အပြင်သို့ ထုတ်ကြသည်။ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများကို ရင်တမမ ဖတ်ရသည်။

ရှည်လျားလှသော အထီးကျန် လှောင်ပိတ်ကာလအတွင်း ၁၂ နှစ်သား အရွယ်တွင် စခဲ့ပြီး ၁၉ နှစ်သား အရွယ်တွင် မြုပ်နှံပစ်ခဲ့သည့် ဦးဝင်းတင်၏ ကဗျာဗီဇက ပြန်နိုးထလာသည်။

“ကုန်ချင်သလောက် ကုန်စမ်း
တစ်ရက်ကုန်မလား တစ်သက်ကုန်မလား
တစ်လကုန်မလား တစ်ဘဝကုန်မလား
တစ်နှစ်ကုန်မလား တစ်ခေတ်ကုန်မလား
….........
…..........
တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်လား။

မှားလိုက်တဲ့ အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ”
(ကျားရဲငါ ကဗျာမှ)

ကဗျာများကလည်း မာကြောမှုကို ထင်ဟပ်နေသည်။ ၁၉၉၀ တွင် ကဗျာရှည်ကြီးများ ရေးခဲ့သည်။ ကဗျာ ပြဇာတ် ရှည်ကြီးများလည်း ပါသည်။ ကဗျာရှည်ကြီးများကို လနှင့်ချီ၍ အခန်းနီးချင်းများကို ရွတ်ဆိုပြခဲ့သည်။ “ယမမင်း ငါ” ကဗျာတွင် ငရဲကို အာဏာရှင်များအတွက် တထပ်တိုး၍ ငရဲကြီးကိုးထပ် လုပ်ခဲ့သည်။ “ကိုးထပ်ငရဲကို ဂျိုးမကပ်တဲ့ အိုး (Tefloncoated) လုပ်မယ်” ဟု ကြိမ်းဝါးသည်။

နံရံ၊ ပလတ်စတစ် စသည်များပေါ်၌ ရေးခဲ့သည့် ဦးဝင်းတင်၏ ကဗျာများလည်း “ပျောက်သောကဗျာ ကြာရင်မေ့” ဖြစ်ကုန်သည်လည်း ရှိသည်။

ထောင်မှတ်တမ်း နိဂုံးမသတ်မီ ၂၀၀၈ အခြေခံဥပဒေကို ကန့်ကွက်ကြောင်း၊ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက် ဆုပ်ကိုင်ကြောင်း ဦးဝင်တင်က ထည့်ရေးထားသေးသည်။ “စစ်ကျွန်ခေတ်တွင် လူရာမဝင်လို” ဟု စိတ်ပျက်စကား ဆိုသည်။

ကျနော်တို့ စာနယ်ဇင်းသမား ပေါက်စ ဖြစ်စဉ် ဝါရင့် အယ်ဒီတာကြီးများက ဦးဝင်းတင် ဘာသာပြန်သော “ကွိ” ကို ဖတ်ဖြစ်အောင် ဖတ်ဟု တိုက်တွန်းကြသည်။ “ကွိ” သည် ကျင့်ဝတ်ကို အလေးအမြတ်ထားသော သတင်းစာသမား တယောက် အကြောင်း ဖြစ်သည်။ ယခုလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးသမား လုပ်ချင်လျှင် ဦးဝင်းတင်၏ ခေတ်သစ် ထောင်ဋီကာ ဖြစ်သော “ဘာလဲဟဲ့ လူ့ငရဲ” ကို ဖတ်ဟု ဆိုကြပါလိမ့်မည်။ ။

Ref: ဧရာဝတီ်

Read More...

ယုံကြည်မှု ကင်းမဲ့တဲ့ ရွေးကောက်ပွဲ

Thursday, March 25, 2010

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ သွားခဲ့သည်။ ၁၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်သော အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသား ခေါင်းဆောင်များအပြင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်လည်း တွေ့ခဲ့သူ ဖြစ်သည်။

ကာ့တ် ကမ်းဘဲလ်ကို ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်က တွေ့ဆုံပြီး စစ်အစိုးရ၏ မကြာသေးမီက ထုတ်ပြန် လိုက်သော ရွေးကောက်ပွဲ ဥပဒေ၊ အမေရိကန်၏ အရေးယူ ပိတ်ဆို့ရေး၊ မြန်မာ - မြောက်ကိုရီးယား ဆက်ဆံရေး၊ အာဆီယံ၏ အနေအထား၊ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု၊ အိမ်နီးချင်း အင်အားကြီး နိုင်ငံများ၏ အခန်း ကဏ္ဍတို့နှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းခဲ့သည်။

မေး။ ။ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန် ကြေညာခဲ့တယ်။ အဲဒီ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အများ ယုံကြည်လေးစားတဲ့ အတိုက်အခံခေါင်းဆောင် အတော်များများနဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ဟာ လာမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့် မရှိပါဘူး။ ဒီအပေါ်မှာ အမေရိကန် အစိုးရရဲ့ တုံ့ပြန်မှုက ဘယ်လိုပါလဲ။

ဖြေ။ ။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို နိုင်ငံရေး ပါဝင်ဆောင်ရွက်မှုကနေ ဖယ်ထုတ်ထားတာမို့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ကျနော်တို့ အရမ်း စိတ်ပျက်မိပါတယ်။ ဒီဥပဒေက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မပါနိုင်အောင် တားမြစ် ထားတာကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဥပဒေအရ သူ့ပါတီမှာ သူ ပါတီဝင် မဖြစ်နိုင်တော့ဘူး။ ဒီလို ဥပဒေ ထုတ်ပြန်တာဟာ လမ်းကြောင်းအမှားကို ဦးတည်စေတဲ့ ခြေလှမ်း တလှမ်းပါပဲ။ ဒီဥပဒေတွေက မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ပြီးသား အခြေအနေကို ပိုပြီး ဆိုးရွားစေပါတယ်။

မေး။ ။ အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အဲဒီ ရွေးကောက်ပွဲကို အများက ယုံကြည် လက်ခံလိမ့်မယ်လို့ ယူဆနိုင်ပါသလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဟာ သူနဲ့ သူ့ပါတီရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံနဲ့ ကိုယ်စားလှယ်လောင်းတွေက ချမှတ်မယ့် ဆုံးဖြတ်ချက်တွေကိုလည်း ကျနော်တို့ အလေးထားပါတယ်။ ကျနော်တို့ရဲ့ သဘောထားက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားအတိုက်အခံ ခေါင်းဆောင်တွေ အပါအ၀င် ကိုယ်စားလှယ် လောင်းတွေအားလုံး ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး သူတို့ဘာသာ ဆုံးဖြတ်နိုင်တဲ့ အခွင့်အလမ်း ရှိဖို့ပါပဲ။ စစ်အစိုးရအနေနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ သူတွေကို ရွေးကောက်ပွဲကနေ တားမြစ် ဖယ်ထုတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ မချမှတ်သင့်ပါဘူး။ အခု ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကတော့ ဒီမိုကရေစီ ဖြစ်စဉ်ကို မထီလေးစားပြု သလို ဖြစ်နေပါတယ်။ ပြီးတော့ ဒီဥပဒေကြောင့် လာမယ့် ရွေးကောက်ပွဲတွေဟာလည်း အများရဲ့ ယုံကြည်စိတ်ချမှု ကင်းမဲ့နေပါ လိမ့်မယ်။

မေး။ ။ စစ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းတာ အောင်မြင်မှု မရှိဘူးလို့ ဘန်ကောက် သတင်းစာ ရှင်းလင်းပွဲ တခုမှာ မစ္စတာ ကမ်းဘဲလ် ပြောခဲ့ပါတယ်။ ဒါဟာ တကယ်ပဲ မှန်တယ်ဆိုရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ စစ်အစိုးရကို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ တိုးမြှင့်သွားဖို့ ရှိပါသလား။

ဖြေ။ ။ ပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဘောင်ထဲက အရေးကြီးတဲ့ အစိတ်အပိုင်း တခုဖြစ်ပါ တယ်။ ဒါနဲ့ပတ်သက်ပြီး လူသိရှင်ကြား ကျနော်တို့ ထုတ်ပြောပြီးပါပြီ။ ပြီးတော့ စစ်အစိုးရကိုလည်း တကယ်လို့ အခြေအနေက တောင်းဆိုလာခဲ့ရင် ဒဏ်ခတ် အရေးယူမှုတွေ တိုးမြှင့် လုပ်ဆောင်သွားမယ် ဆိုတဲ့အကြောင်း ကျနော်တို့ ရှင်းရှင်း လင်းလင်း ပြောထားပါတယ်။

ကျနော်တို့ စစ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ အပြန်အလှန် ဆွေးနွေးမှုဆိုတာက တဦး တယောက်ရဲ့ အကျိုးစီးပွား အတွက် မဟုတ်ပါဘူး။ စစ်အစိုးရနဲ့ ဆက်စပ် ဆောင်ရွက်မှုဟာ ရေရှည်လုပ်ရမယ့် ခက်ခဲတဲ့ လုပ်ငန်းစဉ် တခုမှန်း အစကတည်းက ကျနော်တို့ သိပါတယ်။ အထူးသဖြင့် ဒီနှစ်လို ရွေးကောက်ပွဲ အခင်းအကျင်းနဲ့ဆိုရင် ပိုပြီးတော့တောင် ခက်ခဲ နိုင်ပါသေးတယ်။ အခုလောလောဆယ် ဘာလုပ်မယ်ဆိုတာ ကျနော်တို့မှာ အစီအစဉ်မရှိပါဘူး။ ဒါကြောင့် စစ်အစိုးရနဲ့ ထပ်မံ တွေ့ဆုံနိုင်ဖို့ ကျနော်တို့ လမ်းဖွင့်ထားပါတယ်။ ပြီးတော့ မြန်မာပြည်ကို နောက်တခေါက် ထပ်သွားနိုင်ဖို့ အတွက်လည်း စစ်အစိုးရနဲ့ ဆွေးနွေး နေပါတယ်။

မေး။ ။ မကြာသေးခင်က အာရှခရီးစဉ်မှာ မြန်မာပြည်ကို မသွားပါလား၊ ဘာဖြစ်လို့လဲ။

ဖြေ။ ။ မြန်မာပြည်ကို သွားနိုင်ဖို့အတွက် မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

မေး။ ။ စစ်အစိုးရဟာ ဖိနှိပ်အုပ်ချုပ်မှုကို အဆင့်မြှင့်ဖို့နဲ့ တရားဝင်လုပ်နိုင်ဖို့ နိုင်ငံတကာရဲ့ သဘောထား အမြင်တွေကို အသုံးချတဲ့ နေရာမှာ ကျွမ်းကျင်တယ်လို့ လူသိများပါတယ်။ စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲ မကျင်းပခင်မှာ အတိုက်အခံနဲ့ သေသေချာချာ စကားပြောနိုင်ဖို့ ဘယ်လို လက်တွေ့ကျတဲ့ နည်းတွေနဲ့ ဗိုလ်ချုပ်ကြီးတွေကို တိုက်တွန်းနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်အဖြစ် ရှိနေသေးတာကတော့ စစ်အစိုးအရက အတိုက်အခံနဲ့ တိုင်းရင်းသား အင်အားစု တွေအပါအ၀င် သက်ဆိုင်သူအားလုံးနဲ့ အမှန်တကယ် တွေ့ဆုံ စကားပြောမှုပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရောက်ဖို့ လူသိရှင်ကြား ဖြစ်စေ၊ သီးသန့်ဖြစ်စေ စစ်အစိုးရကို ကျနော်တို့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာလည်း မြန်မာပြည်နဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့သဘောထားအမြင်တွေကို ရှင်းရှင်းလင်းလင်း သိအောင် ဆောင်ရွက်သွားမှာပါ။

မေး။ ။ တစတစ တိုးမြင့်လာနေတဲ့ မြောက်ကိုးရီးယားနဲ့ မြန်မာ ဆက်ဆံရေးကိစ္စ၊ ပြီးတော့ မြောက်ကိုးရီးယား နိုင်ငံကနေ မြန်မာ နိုင်ငံကို နျူကလီးယား နည်းပညာတွေ လွှဲပြောင်းပေးနိုင်တယ် ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ အတော်လေး ရှိနေကြ ပါတယ်။ ဒီကိစ္စတွေက ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ မစ္စတာ ကမ်းဘဲလ် အနေနဲ့လည်း ဒီကိစ္စကို စစ်အစိုးရနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတွေဆီက ဘယ်လို အာမခံချက်မျိုး ရရှိခဲ့ပါသလဲ။ နျူကလီးယား နည်းပညာ လွှဲပြောင်းမှု သဘော သဘာဝနဲ့ ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စု အစီရင်ခံစာပါ တချို့အစိတ်အပိုင်းတွေကို ဆွေးနွေးပေးနိုင်ပါသလား။

ဖြေ။ ။ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မနှစ်က မီဒီယာတွေကနေ အစီရင်ခံစာ အတော်များများ ထွက်လာ တာကို ကျနော်တို့ သိပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ (United Nations Security Council Resolution – UNSCR 1874) အတိုင်း လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားနဲ့ ဆက်သွယ်ဆောင်ရွက်မှုတိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက် ၁၇၁၈ နဲ့ ၁၈၇၄ အတိုင်း အပြည့်အ၀နဲ့ ရှင်းရှင်းလင်းလင်း အကောင်းအထည်ဖော်ဖို့ အရေးကြီးတယ်လို့ စစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့အခါမှာ ဗိုလ်ချုပ်ကြီးတွေကို ကျနော်တို့ သတိပေး ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၁၈ နဲ့ ၁၈၇၄ ပါ လိုက်ပါ ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့နေရာမှာ အားလုံးရှင်းရှင်းလင်းလင်း သိအောင် ဆောင်ရွက်ကြ လိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။

မေး။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ ဖြစ်စေ အာဆီယံ တခုလုံးနဲ့ ဖြစ်စေ စေ့စပ် ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံက ဘယ်လို အတားအဆီးမျိုး ဖြစ်စေပါသလဲ။

ဖြေ။ ။ မြန်မာပြည် ပြဿနာက အမေရိကန်ပြည်ထောင်စု အတွက်ရော အာဆီယံ အဖွဲ့အစည်းတွက်ပါ စိန်ခေါ်ချက် တခုဖြစ်ပါ တယ်။ ဒါပေမယ့် ကျနော်တို့က အာဆီယံနဲ့ ဒီထက် ပိုနက်ရှိုင်းတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ရည်ရွည်ထားပြီး ဖြစ်တာမို့ မြန်မာ ပြည် ပြဿနာက ကျနော်တို့နဲ့ အာဆီယံ ဆက်ဆံရေးမှာ အဟန့်အတား ဖြစ်တာမျိုးကို အဖြစ်ခံမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတခု ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစစ်အစိုးရကို နိုင်ငံတွင်းမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် အကောင်အထည်ဖော်ဖို့ ဖိအားပေးရာမှာ အာဆီယံဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ ကျနော်တို့
မြင်ပါတယ်။

မေး။ ။ မစ္စတာ ကမ်းဘဲလ် အနေနဲ့ လူ့အခွင့်အရေး၊ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီအခွင့်အရေးတွေ အတွက် လှုပ်ရှားနေသူတွေ ဘက်မှာ အမြဲတမ်း ရပ်တည်နေတယ် ဆိုတာကို ဒေသတွင်းက လုပ်ဖော် ကိုင်ဖက်တွေသိအောင် မီဒီယာတွေမှာ ပြောတာတွေ အပြင် အခြား ဘယ်လိုနည်းတွေနဲ့ အသိပေးပါမလဲ။

ဖြေ။ ။ လူ့အခွင့်အရေး၊ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေဘက်က ရပ်တည်ရေးဟာ ကျနော်တို့ နိုင်ငံခြားရေး မူဝါဒရဲ့ အခရာ အဖြစ် ရှိခဲ့တာ ကြာပါပြီ။ ကျနော်တို့ အဲဒီအတိုင်းပဲ ဆက်လက် ရပ်တည်သွားမှာပါ။

မေး။ ။ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ထောက်ခံတဲ့ အင်္ကျီအနီဝတ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဘန်ကောက်မြို့မှာ ဖြစ်နေတာကြောင့် ချုလာလောင်ကွန်း တက္ကသိုလ်မှာ မစ္စတာ ကမ်းဘဲလ် စကားပြောမယ့် အစီအစဉ်ကို ဖျက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည် မငြိမ်ဖြစ်နေမှုအပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ လက်ရှိအခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ သဘောထား မတိုက်ဆိုင်မှုတွေကို အကြမ်းဖက် ဖြေရှင်းတာမျိုး မဟုတ်ဘဲ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေကနေ တဆင့် ကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ယူဆပါတယ်။ သင့်တော်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်ဖို့ကိုလည်း ကျနော်တို့ ထိုင်းအစိုးရကို အားပေး တိုက်တွန်း ထားပါတယ်။

မေး။ ။ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေဟာ မြန်မာပြည်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ဆက်ရှိနေကြပါတယ်။ ဂျပန်က မြန်မာနိုင်ငံကို အများဆုံးလှူတဲ့ အလှူရှင်နိုင်ငံတခု ဖြစ်ပြီး တရုတ်ကတော့ စီးပွားရေးအရ အင်အားကြီးလာတဲ့ နိုင်ငံပါ။ အိန္ဒိယကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ အဖိနှိပ်ဆုံး အစိုးရတရပ်ကို ဆက်ပြီး ထောက်ခံ အားပေးနေကြပါတယ်။ အဲဒီ နိုင်ငံတွေကို ဘာများ ပြောချင်ပါသလဲ။ ပြီးတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သူတို့ဆီက လေးနက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေရော ရပါရဲ့လား။

ဖြေ။ ။ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ရည်မှန်းချက်ပန်းတိုင် အတူထားပြီး လုပ်ကိုင် ဆောင်ရွက်ကြတဲ့ နေရာမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ ကုလသမဂ္ဂနဲ့ အခြား နိုင်ငံတွေနဲ့ပါ ခိုင်မာတဲ့ ဆက်ဆံရေး ထားရှိပြီး ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ တန်ဖိုး ထားပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲမှာ တာဝန်သိသိ ပါဝင်လာနိုင်ဖို့ အတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းကို ဖိအားပေးနိုင်ဖို့ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ ဆက်စပ် ဆောင်ရွက်မှုတွေကို ကျနော်တို့ တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ မြန်မာပြည်ကို ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် မြင်တွေ့လိုတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အဖိနှိပ်ခံ ပြည်သူလူထု၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ တိုင်းရင်းသားတွေကို ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ ငြိမ်းချမ်း သာယာဝပြောပြီး ဒီမိုကရေစီ ထွန်းကားတဲ့ မြန်မာနိုင်ငံ ဖြစ်လာရေးကို ကျနော်တို့ ထောက်ခံအားပေးပါတယ်။ ကျနော်တို့မူဝါဒက ဒီရည်မှန်းချက် ပန်းတိုင်ကို ဆက်လက် ထောက်ခံအားပေး ဖို့နဲ့ အဲဒီ ရည်မှန်းချက် ရောက်အောင် ဆောင်ရွက်ကြသူတွေကိုလည်း ဆက်လက် ထောက်ခံအားပေးဖို့ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ အများနည်းတူ အခွင့်အရေးတွေ ရသင့်ပါတယ်။

မေး။ ။ အမေရိကန်ပြည်ထောင်စုနဲ့ ပိုပြီး ခင်မင်နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ တိုးမြှင့် ဆောင်ရွက် လိုကြတဲ့ တပ်မှူး တွေနဲ့ အစိုးရ အရာရှိတွေ ကိုရော ဘာများ ပြောချင်ပါသေးသလဲ။

ဖြေ။ ။ အစိုးရပိုင်းနဲ့ တပ်မတော်ထဲက သူတွေကို ပြောလိုတာကတော့ ဒီမိုကရေစီရေးအတွက် အတိုက်အခံ ပြုနေသူတွေနဲ့ တိုင်းရင်းသားတွေကို ပြောချင်တာနဲ့ အတူတူ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်း သာယာဝပြောပြီး ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတခုအဖြစ် မြင်တွေ့လိုပါတယ်။ ပြီးတော့ အဲဒီ ရည်မှန်းချက် ရောက်အောင် ဆောင်ရွက်ကြသူတွေနဲ့လည်း ကျနော်တို့ အတူ ရှိနေမှာဖြစ်ပါတယ်။ ။

Ref: ဧရာဝတီ်

Read More...

ဖက်ဆစ်တော်လှန်ရေး၊ Force - ၁၃၆ … ဗိုလ်ချုပ်အောင်ဆန်းနှင့် ကြေးနန်းနှစ်စောင်

မင်းဟန်
ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၄ ရက် ၂၀၁၀

(၂ဝ၁ဝ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၅ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သို့…..)

(က)
ပထမတွင် ….ဖက်ဆစ်တော်လှန်ရေးကြီးအား မတ်လ ၂၅ ရက်နေ့တွင် စတင်ရန် ဗိုလ်ချုပ်အောင်ဆန်းက သတ်မှတ်ထား၏။

သို့သော်…. အင်္ဂလိပ်စစ်တပ်များအား ခုခံတိုက်ခိုက်ရန်၊ ဂျပန်စစ်ဌာနချုပ်က ဗမာ့တပ်မတော်ကို၊ ‘စစ်အမိန့်’ ထုတ်ပြန် ပေးခဲ့သည့် အတွက် …ပထမ သတ်မှတ် ထားခဲ့သောရက်အား ပြင်ဆင်ခဲ့ကြရသည်။ မတ်လ ၂၅ ရက်မှ…. ဧပြီလ ၂ ရက်နေ့သို့ ပြောင်းလဲလိုက်၏။

တော်လှန်မည့်နေ့ ‘ဒီ ဒေး’ အပြောင်းအလဲ ရှိသကဲ့သို့ …စစ်တိုင်း ၁ ၏ စစ်ရေးခေါင်းဆောင်နှင့် နိုင်ငံရေးခေါင်းဆောင် အပြောင်းအလဲများလည်း ရှိ၏။

မတ်လ ၂၅ ရက်နေ့တွင်မူ ….. တပ်မတော်နှင့် တော်လှန်ရေးအား ဆန့်ကျင်ပြီး ဂျပန်တို့နှင့် ပူးပေါင်းလိုသည့် ဗိုလ်မှူးရန်နိုင် (ရဲဘော်သုံးကျိပ်ဝင်၊ ဒေါက်တာ ဘမော်၏ သားမက်) ၏ သတင်းပေးမှုကြောင့် ဂျပန် စစ်ဘက်ဌာနက သိရှိသွားပြီး တပ်မတော်၏ လှုပ်ရှားမှုများအား အရေးယူ စုံစမ်းလာ၏။ ပဲခူးရှိ တိုင်း ၄ တွင် လက်နက်များ သိမ်းယူမည်အထိ အခြေစိုက်လာ၏။ ဤတွင် ….. တပ်မတော်အနေနှင့် ဖက်ဆစ် တော်လှန်ရေးအား လက်ဦးမှု ရယူနိုင်ရန် အတွက် …. တော်လှန်ရေး စတင်မည့် ရက်နှင့် အချိန်အား အရေးပေါ် ပြောင်းလဲ သတ်မှတ်လိုက်ရ၏။ ဖက်ဆစ်တော်လှန်ရေးကြီး စတင်မည့် နေ့ရက်…

‘ဒီ-ဒေး’ ကား …၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်….။ စတင်မည့်အချိန် ‘န-နာရီ’ က … ၁၉းဝဝ နာရီ…။

(ခ)
၁၉၄၅ ခုနှစ် ၊ မတ်လ ၃၁ ရက်…။
မင်းတုန်းမြို့နယ်၊ ကစွန်းမြောင်ရွာ…လယ်တဲ…။

ဗိုလ်ချုပ်အောင်ဆန်း၏ ဗဟိုစစ်ဦးစီးဌာနချုပ်အား ကံမမြို့နယ် ပုဏ္ဍားရွာတွင် အခြေစိုက်ထားပြီး၊ ဗိုလ်မှူးအောင်၏ တိုင်း ၇ တိုင်း စစ်ဌာနချုပ်က …. မင်းတုန်းမြို့နယ် ကစွန်းမြောင် ရွာအနီးရှိ လယ်တဲငယ် တခုတွင် ယာယီ အခြေပြုထားသည်။ ပုဏ္ဍားရွာနှင့် ကစွန်းမြောင် ရွာများက ခြေလျင်ခရီးနှင့် ၄ မိုင် ခရီးမျှသာဝေး၏။

ဖက်ဆစ်တော်လှန်ရေး မစတင်မီကတည်းမှပင် ဆင်းမလားရောက် ဗြိတိသျှများနှင့် ဖဆပလသည် အဆက်အသွယ် ရရှိထားခဲ့၏။ ဖက်ဆစ် တော်လှန်ရေးအတွက် အိန္ဒိယရှိ သခင်သိန်းဖေ (စာရေးဆရာ သိန်းဖေမြင့်) ၏ အဆက်အသွယ်ဖြင့် ဖဆပလ နှင့် Force - ၁၃၆ အကြား စစ်ရေးအရ အပြန်အလှန် ဆက်သွယ်မှု ရှိနေ၏။ ကြိုးမဲ့ ကြေးနန်း ဆက်သွယ်ရေး တပ်သားများအား Force - ၁၃၆ မှ လေထီးနှင့် ဖက်ဆက်တော်လှန်ရေး စစ်တိုင်းကြီးများတွင် ချပေး၏။ စစ်တိုင်းများ အားလုံးတွင်မူ မဟုတ်…။ ဗိုလ်မှူးအောင်၏ တိုင်း ၇ တွင် ရှိ၏။ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့ အခြေပြုထားသည့် ပဲခူးရိုးမ အရှေ့ခြမ်းတွင် ရှိ၏။ မြစ်ဝကျွန်းပေါ်ရှိ တိုင်း ၂ တွင် ရှိ၏။ တိုင်း ၂ တွင်က …. သခင်စိုးနှင့် ဗိုလ်မှူးကြီးနေဝင်းတို့ တာဝန်ယူကြ၏။ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ဗဟို စစ်ဦးစီးဌာနချုပ်တွင်က မရှိ….။ တိုင်း ၇ နှင့်တွဲ၍ သုံးရသည်။

မတ်လ ၃၁ ရက်နေ့၊ နံနက်မှာပင် ဗိုလ်ချုပ်တို့ တိုင်း ၇ စစ်ဌာနချုပ်ရှိရာ မင်းတုန်းမြို့နယ်၊ ကစွန်းမြောင်ရွာ အနီးရှိ လယ်တဲတခုသို့ ရောက်ရှိလာကြ၏။ ဗိုလ်ချုပ်နှင့်အတူ…. ဗိုလ်မှူးမင်းခေါင် (ရဲဘော်သုံးကျိပ်ဝင်) ဗိုလ်မှူးထွန်းအုံ (မြူနီစပယ်မင်းကြီး၊ အငြိမ်းစား)၊ ဗိုလ်မှူးစမိုက် (ဗိုလ်မှူးကြီး လှအောင်) ၊ ဗိုလ်မှူးဖိုးကွန်း (ပြည်သူ့ရဲဘော်၊ အငြိမ်းစား၊ ဆိုဗီယက် သံအမတ်ကြီး) တို့လည်း လိုက်ပါလာကြသည်။

တပေါင်းနွေ၏ မွန်းတည့်နေက ပူပြင်းလွန်းလှ၏။ အပူရှိန်ကြောင့် သက်ကယ်မိုးသည် တဖျစ်ဖျစ်နှင့် မြည်နေ၏။ ညိုခြောက် နေသည့် ရိုးပြတ်တောအား ဖြတ်၍ တိုက်ခတ်လာည့်လေကား…. လေပူ….။ တဲအရှေ့ရှိ လက်ပံပင်အို ညီနောင်က တပင်လုံး အပွင့် နီနီရဲရဲများနှင့် အနီရောင် ချယ်ထား၏။ လေပူအဝှေ့ကြောင့် လက်ပံပွင့်တို့က လေဟုန်စီး၍ မြေသို့ ဝဲ၍ …ဝိုက်၍ သက်ဆင်းနေကြ၏။ မြေပြင် ပင်ရင်းတွင်လည်း ရဲရဲ…။

တဲအတွင်း၌က …. ဗိုလ်ချုပ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးစိန်မှန်၊ ဗိုလ်မှူးထွန်းအုံ၊ ဗိုလ်မှူးမင်းခေါင်နှင့် သခင်တင်မြတို့ ထိုင်နေကြ၏။ ဗိုလ်ချုပ်သည် Force - ၁၃၆ ၏ တပ်ဖွဲ့မှူးမှ သူ့ထံသို့ ပေးပို့လိုက်သည့် ကြေးနန်စာအား ဖတ်နေသည်။ ကြေးနန်စာအား ဖတ်ရင်း ဗိုလ်ချုပ်သည် ‘ဟန်းကော’ အတွင်းမှ ရေနွေးကြမ်းပူပူအား တခွက်ပြီး တခွက် သောက်၍နေ၏။ ကြေးနန်စာအား ဖတ်နေသည့် ဗိုလ်ချုပ်၏ မျက်နှာသည် …. တင်းမာမှုများနှင့် …။ တင်းမာနေသော ဗိုလ်ချုပ်၏ မျက်နှာက …. တည်တည် ငြိမ်ငြိမ်ပင် …ဒေါသမထွက်…။

(ဂ)
Force - ၁၃၆ က (ဖဆပလ) အား ဖက်ဆစ်တော်လှန်ရေးတွင် သူတို့၏ ပြောက်ကျားတပ်၊ သတင်းပေး အဆင့်နှင့်သာ ဆက်ဆံချင်၏။ ဖက်ဆစ်ဝင်ရိုးတန်း အင်အားစုအား စစ်ရေးအရ မဟာမိတ်ပြု၍၊ တော်လှန် တိုက်ပွဲဝင်နေသည့် ဖက်ဆစ် တော်လှန်ရေး ပြည်သူ့ တပ်မတော်အဖြစ် (ဖဆပလ) အပေါ် သဘောမထားလို..။ ပြီးလျှင် … လေထီးနှင့် ချပေးထားသည့်၊ ကြိုးမဲ့ ကြေးနန်း ဆက်သွယ်ရေး စက်များကိုလည်း Force - ၁၃၆ နှင့်သာ ဆက်သွယ်ရမည်။ အခြား စစ်တိုင်းများနှင့် အချင်းချင်း မဆက်သွယ်ရဟူ၍ ကန့်သတ်ထား၏။ လက်နက်နှင့် ခဲယမ်း မီးကျောက်များအား ဖက်ဆစ် တော်လှန်ရေးအတွက် လေထီးနှင့် ချပေးမည့် အစီအစဉ်ကိုလည်း ဖက်ဆစ် တော်လှန်ရေးကြီး စတင်သည့် အချိန်အထိ မချသေး…။ ဤတွင် … တိုင်း ၇ ၏ ဒုတိယ စစ်ရေးခေါင်းဆောင် ဗိုလ်မှူးစိန်မှန် ပေါက်ကွဲလေ၏။ မဟာမိတ်တပ်များအား ‘ငါ ’ နှင့် ကိုင်တုတ်ဖူး၏။

“ဒီမအေပေးတွေဆီက လက်နက်မရရော ဂျပန်ကို မတိုက်နိုင်တော့ဘူးလား။ ရှိတဲ့လက်နက်နဲ့ ဂျပန်တွေ ဖင်သနီ လန်ကုန်အောင် တိုက်ပြမယ်။ ဂျပန်တင်မကဘူး ဒင်းတို့ကိုပါ တိုက်ပြမယ်။ … နယ်ချဲ့သမားတွေ”

ဗိုလ်ချုပ်သည် ကြေးနန်းစာအား အပြန်ပြန်အလှန်လှန် ဖတ်၏။ ပြီးလျှင် …. အနီးတွင် ထိုင်နေသည့် ဗိုလ်မှူးစိန်မှန်အား…။
“ကဲ… အားလုံး ကြားရအောင် ဒီကြေးနန်းကို ဗိုလ်စိန်မှန်က ဖတ်ပြလိုက်စမ်းပါ”…ဟု ဗိုလ်ချုပ်က လက်အတွင်းမှ ကြေးနန်းစာအား ဗိုလ်မှူးစိန်မှန်သို့ လှမ်း၍ပေး၏။

ကြေးနန်စာက ….မတ်လ ၃၁ ရက်နေ့တွင် တိုင်း ၇ စစ်ဒေသသို့ ဗိုလ်ချုပ်တို့ ရောက်ရှိနေသည့် အကြောင်းအား Force - ၁၃၆ သို့ ဗိုလ်ချုပ်ကိုယ်တိုင် အကြောင်းကြားခဲ့သည့် ကြေးနန်းစာအပေါ် Force - ၁၃၆တပ်ဖွဲ့မှူးမှ ဗိုလ်ချုပ်ထံသို့ အကြောင်းပြန်လာသည့် ကြေးနန်းစာ ဖြစ်သည်။ ဗိုလ်မှူးစိန်မှန်က ….ဗိုလ်ချုပ်လှမ်းပေးသည့် ကြေးနန်အား အသံမြှင့်၍ ဖတ်ပြ၏။

“Major General Aung San (Self Styled)”…
“မေဂျာဂျင်နရယ်ဟု မိမိကိုယ်မိမိ ဘွဲ့ပေးထားသူ အောင်ဆန်း…”

ဗိုလ်မှူးစိန်မှန်သည် ကြေးနန်းစာ၏ ပထမတကြောင်းအား ဖတ်ပြီး… ဆက်၍ မဖတ်။ ရပ်လိုက်၏။ ပြီးလျှင် …. ဒေါသနှင့် …။

“ဒါဟာ ကျနော်တို့ကို စော်ကားတာပဲ ဗိုလ်ချုပ်။ ဒီကောင်တွေ လူပါးကို ဝတယ်။ ကျနော်တို့ကို သူတို့ရဲ့ ကျွန်တွေပဲလို့ ထင်နေတုန်းပဲနဲ့ တူတယ်”

အားလုံးက … Force - ၁၃၆ ၏ ကြေးနန်းတွင် ရေးထားသည့် ပထမဆုံးစာကြောင်းကြောင့်၊ မခံမရပ်နိုင်ဖြစ်၍ နေကြ၏။ မကျေနပ်ကြ…။

“ဗိုလ်ချုပ်ကို ဒီလို အမည်တပ်ရေးတာဟာ ဗိုလ်ချုပ်ကို ပုဂ္ဂိုလ်ရေးအရ စော်ကားကာတာတင် မဟုတ်ဘူး။ ကျနော်တို့ရဲ့ တော်လှန်ရေးကိုရော…။ တမျိုးသားလုံးကိုပါ စော်ကားရာကြတာပဲ”။ သခင်တင်မြက ဝင်ပြော၏။

“ ကဲပါလေ ဆုံးအောင်ဖတ်ပြီးမှ ထင်မြင်ချက် ပြောကြတာပေါ့။ ဆက်ဖတ်စမ်းပါ”

ဗိုလ်ချုပ်က …စကားစအား ဖြတ်၍ ဆက်ဖတ်ရန် အမိန့်ပေး၏။ ဗိုလ်မှူးစိန်မှန်သည် အံတတြိတ်ကြိတ်နှင့် ကြေးနန်းအား ဆက်၍ဖတ်၏။

“သင့်ထံမှ ကြေးနန်းကို လက်ခံရရှိသည်။ လက်ဖတင်နယ်ကာနယ် ကရူးအား ဖြူးအနောက်တွင် လေထီးနှင့် ချပေးပြီး ယခု သခင်သန်းထွန်းနှင့် အတူရှိနေသည်။ A.F.O နှင့် ပူးတွဲဆောင်ရွက်မည့် တပ်ဖွဲ့ Force - ၁၃၆ မှ အရာရှိ အားလုံးကို ကာနယ်ကရူးက အုပ်ချုပ်လိမ့်မည်။ ဂျပန်အား ထိရောက်စွာ တိုက်ခိုက်ရေးအတွက် A.F.O လက်အောက်ရှိ သင်အုပ်ချုပ်နေသော လက်နက်ကိုင်တပ် အားလုံးသည် မဟာမိတ် စစ်ဌာနချုပ်၏ စစ်အမိန့် ညွှန်ကြးချက်များကို လိုက်နာ ဆောင်ရွက်သင့်သည်။ သင်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော မင်းဘူး၊ မကွေး၊ သရက်ဒေသများရှိ သင်တို့၏ လက်နက်ကိုင် တပ်များသည် ဂျပန်များကို ထိရောက်စွာ တိုက်နိုင်မည်မဟုတ်။ သို့ကြောင့် ဤဒေသရှိ သင်၏ တပ်များကို ပြည်၊ သာယာဝတီ၊ အင်းစိန် မီးရထားလမ်း တလျှောက်သို့ အမြန်ဆုံး ပြောင်းရွှေ့၍ မဟာမိတ် စစ်ဌာနချုပ်၏ ညွှန်ကြားမှုအောက်တွင် ဂျပန်ကို စစ်ဆင်ရန် ဖြစ်သည်။ သင်၏ တပ်များအားလုံး ထိုဒေသသို့ ရောက်ပါက ကျွန်ုပ်တို့ထံမှ ဆက်သွယ်ရေး အရာရှိများနှင့် လိုအပ်သော ဆက်သွယ်ရေး ကိရိယာများကို လေထီးဖြင့် ချပေးမည်။ သင်တို့ လိုအပ်သော လက်နက်ခဲယမ်း၊ ဆေးဝါးနှင့် စစ်ပစ္စည်းများ ထောက်ပံ့ရေးကို ဆက်သွယ်ရေးအရာရှိများက ဆောင်ရွက်ပေးလိမ့်မည်။ သင်၏ သဘောထား အကြောင်းပြန်ပါ”

ကြေးနန်းက ဤတွင် ဆုံးပြီ….၊ အားလုံး၏ ရင်အတွင်းမှ ဒေါသမီးအပူက … တပေါင်းနွေနှင့် အပြိုင်…။ ဗိုလ်ချုပ်သည် သူ၏ တပ်မှူးများအား ဝေ့၍ကြည့်ပြီး…. တည်တည်ငြိမ်ငြိမ်နှင့်ပင် စကားအား ဆို၏။

“ဒီမှာ ကိုယ်တို့ ဂျပန်ကို ထချတာဟာ သူတို့အလိုကို လိုက်လျောဖို့၊ သူတို့က အသိအမှတ်ပြုတာကို ရချင်လို့ မဟုတ်ဘူး။ တိုင်းပြည် လွတ်လပ်ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်အဖြစ် ကိုယ်တို့ ဆန္ဒအလျောက် ဂျပန်ကို ထတော်လှန်ကြတာပဲ။ အဲဒီတော့ သူတို့က ကိုယ်တို့ကို အသိအမှတ်မပြုချင်၊ လေးလေးစားစား မဆက်ဆံချင်လည်း ပြဿနာ မဟုတ်ပါဘူး။ ကိုယ်တို့အဖို့ ပြည်သူလူထုကို စည်းရုံးနိုင်သလောက် ပြည်သူလူထုနဲ့အတူ ဂျပန်ကို ချနိုင်သလောက် ကမ္ဘာက ကိုယ်တို့ရဲ့ ကြိုးပမ်းမှုကို အသိအမှတ် ပြုလာမှာပဲ။ ဒီအင်္ဂလိပ်တွေကိုလည်း သိပ်မမျှော်လင့်နဲ့။ သူတို့ဟာ နယ်ချဲ့ သမားတွေဆိုတာလည်း မမေ့နဲ့။ ကဲ .. သူတို့ဆီကို ကိုယ်တို့ရဲ့ သဘောထား အမြန်ဆုံး ပြန်ပို့ရမယ်။ အဲဒီကြေးနန်း အခုပဲ ရေးလိုက်မယ်”

ဗိုလ်ချုပ်၏ စကားဆုံးသည်နှင့် တဲအတွင်း၌ ခဏငယ်မျှ တိတ်ဆိတ်၍သွား၏။ ဗိုလ်ချုပ်သည် ‘ဟန်းကော’ အတွင်းမှ ရေနွေးကြမ်းပူပူအား ငှဲ့၍ သောက်၏။ ပြီးလျှင် …. စာရွက်လွတ် တရွက်ပေါ်၌ ကြေးနန်းစာအား ချ၍ရေး၏။

“မှ
မေဂျာဂျင်နရယ်အောင်ဆန်း
စစ်ခေါင်းဆောင်
ဖ တ ပ လ အဖွဲ့ချုပ်
မြန်မာနိုင်ငံ။

သို့
စစ်သေနာပတိ
မဟာမိတ် စစ်ဌာနချုပ်
အရှေ့အာရှတောင်ပိုင်း

သင်တို့ထံမှ ပေးပို့သော…. နေ့စွဲပါ ကြေးနန်းကို ရရှိပါသည်။ ဂျပန်အား ထိရောက်စွာ တိုက်ခိုက်ရေးအတွက် မင်းဘူး၊ မကွေး၊ သရက် ဒေသများရှိ ကျွန်ုပ်တို့ တပ်များအားလုံး ပြည်၊ သာယာဝတီ၊ အင်းစိန် ဒေသများသို့ ပြောင်းရွှေ့၍ စစ်ဆင် တိုက်ခိုက်ပါ ဟူသော သင်တို့၏ အကြံပေးချက်ကို လက်မခံနိုင်ပါ။ ပြည်၊ သာယာဝတီ၊ အင်းစိန် ဒေသများတွင် ကျွန်ုပ်တို့ အုပ်ချုပ်မှုအောက်ရှိ ဗမာ့ အမျိုးသား တပ်မတော်မှ တပ်ရင်းအချို့နှင့် ပြောက်ကျားတပ်အချို့ တပ်ဖြန့် စစ်ဆင်လျက်ရှိပါသည်။ ဖ တ ပ လ အဖွဲ့ချုပ်မှ ချမှတ်ထားသော စစ်ဆင်ရေး အစီအစဉ်အတိုင်း ဂျပန်ဖက်ဆစ်များကို ကျွန်ုပ်တို့ တပ်များက တိုက်ခိုက်ရင်း သင်တို့၏ မဟာမိတ် တပ်များနှင့် စစ်မျက်နှာများတွင် ပူးတွဲ တိုက်ခိုက်သွားလိုသည်။

သို့ကြောင့် မြန်မာနိုင်ငံပေါ်မှာ ဖက်ဆစ်ဂျပန်များကို ထိရောက်စွာ စစ်ဆင် တိုက်ခိုက်ရေးအတွက် လိုအပ်သော စစ်ရေး အစီအစဉ်များကို သင်တို့နှင့် ညှိနှိုင်းရေးဆွဲရန် သင်တို့ထံမှ ဆက်သွယ်ရေး အရှာရှိ တယောက် ကျွန်ုပ်ထံ အမြန် ပို့ပေးစေလိုသည်။ လောလောဆယ်အားဖြင့် သင်တို့ ပေးမည်ဟု ကတိပြုထားသော လက်နက် ခဲယမ်းနှင့် ဆေးဝါး စစ်ပစ္စည်းများကို ကျွန်ုပ်တို့ ညွှန်ပြသည့် နေရာများသို့ အမြန်ဆုံး ချပေးစေလိုသည်။

လက်နက်ခဲယမ်းကို အမြန်ဆုံး လေထီးနှင့်ချပေးရမည့်တပ်များနှင့် ဒေသမှာ
(၁) ဗိုလ်ကြီးစိန်ဝင်း ခေါင်းဆောင်သော တပ်ရင်း ၆ ၊ မင်းတုန်းအရှေ့ဒေသ။
(၂) ဗိုလ်ကြီးစန်းယု ခေါင်းဆောင်သော တပ်ရင်း ၂ ၊ မင်းတုန်း ပတ်ဝန်းကျင်ဒေသ။
(၃) ဗိုလ်ကြီးမိုးညို ခေါင်းဆောင်သော စက်မှုလက်မှု တပ်ရင်း၊ မင်းဘူးဒေသ။
(၄) ဗိုလ်မင်းလွင် အုပ်ချုပ်သော တိုင်း ၇ ဌာနချုပ်၊ ကင်းတပ်ခွဲ
အမြန်အကြောင်းပြန်ပါ။ ဗိုလ်ချုပ်သည် သူ၏ကြေးနန်းအား အဆုံးသတ်လိုက်၏။
လေအသွေ့ကြောင့်….တဲအရှေ့ရှိ လက်ပံပင်ညီနောင်မှ လက်ပံပွင့်တို့က …. လေဟုန်စီး၏။ ဝေလည်း ရဲရဲ….။ ကြွေလည်း ရဲရဲ…..။

“… ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ်၊ ဘဝသစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မိသည်
အနီထဲမှ ကြယ်ဖြူပွင့် … ”

(ဒဂုန်တာရာ၏… မတ်လတော်လှန်ရေးကဗျာမှ)

အညွှန်း။ ။ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (ဆဋ္ဌမတွဲ)

Ref: မဇ္ဈိမ

Read More...

ဝ ဒေသ စစ်ရေး စိုးရိမ်မှုဖြစ်

သန်းထိုက်ဦး
Thursday, March 25, 2010

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းတွင် စီးပွားရေး လုပ်ငန်း ရှင်တချို့နှင့် ကြေးရတတ် တချို့က စစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ဒေသကနေ ထွက်ခွာ နေကြောင်း သိရသည်။

ယခု တပတ်အတွင်း UWSA ဒေသများတွင် ရှိသော ၀န်ထမ်းများကို စစ်အစိုးရ အာဏာပိုင်များက နေရပ်သို့ ပြန်ရန် တိုက်တွန်း ထားသည့် အတွက် စစ်ဖြစ်မည်ဟု ထင်မြင်ချက်များ ရှိနေသောကြောင့် ယင်းသို့ ထွက်ခွာနေ ကြခြင်း ဖြစ်သည်ဟု တရုတ် မြန်မာ နယ်စပ် သတင်း ရပ်ကွက်များက ပြောသည်။

တချို့စီးပွားရေး လုပ်ငန်းရှင်များသည် ၀ တိုင်းရင်းသားများ ဖြစ်ပြီး လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် နေရပ်သို့ ပြန်နေကြသည်ဟု ဆိုသည်။

နေပြည်တော်ရှိ အမည်မဖော်လိုသူ ၀န်ထမ်းတဦးက “ဘာအတွက် ပြန်ခေါ်တယ်ဆိုတာ မသိဘူး၊ ပြန်လာတဲ့ လူတွေရဲ့ စာရင်းတွေကို လုပ်နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်း ၀န်ထမ်းများကို နေရပ်ပြန်ခိုင်းခြင်းနှင့် ပတ်သက်ပြီး မသိရှိရသော်လည်း UWSA တပ်ဖွဲ့များကို စစ်အစိုးရက စစ်ရေးအရ ခြိမ်းခြောက် နေခြင်းသာ ဖြစ်သည်ဟု တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

UWSA နှင့် မိုင်းလား ဒေသများတွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) အပါအ၀င် ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO ) နှင့် တချို့ အစိုးရ မဟုတ်သော NGO အဖွဲ့များ ရှိကြောင်း သိရသည်။

စစ်အစိုးရက ယခုအခါ ကချင် လွတ်မြောက်ရေး အဖွဲ့(KIO) နှင့် UWSA ဒေသ တလျှောက်တွင် စစ်အင်အား ခန့်မှန်းခြေ (၇၀၀၀၀) ကျော် တိုးချဲ့၍ စစ်ရေး ပြင်ဆင်ထားကြောင်း ဧရာဝတီ သတင်းဌာနက စုံစမ်း သိရှိရသည်။

UWSA တပ်မဟာ ၄၁၈ ထိန်းချုပ်ဒေသ အနီးတွင် တပ်မ ၃၃နှင့် တပ်မ ၇၇ တို့ကို အင်အားဖြည့်ထားပြီး လာရှိုး၊ တန့်ယန်းနှင့် မိုင်းရှူး မြို့နယ်များတွင် တပ်မ ၇၇ နှင့် ၉၉ ၊ သံလွင်မြစ် အနောက်ဘက် မော်ဖ ဒေသတွင် တပ်မ ၅၅ နှင့် ဒေသခံ တပ်များနှင့် ပြည်သူ့စစ်များ ကိုလည်း အင်အား ဖြည့်ထားကြောင်း နယ်စပ်ဒေသ သတင်းများအရ သိရသည်။

စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ယခု အခြေအနေမှာ ပွင့်လင်းရာသီ ကုန်ဆုံးခါနီး ဖြစ်ကြောင်း၊ မိုးများသည့် မုတ်သုံရာသီတွင် စစ်ဆင်ရေး လုပ်မည် ဆိုပါက စစ် အစိုးရတပ်များ အနေဖြင့် အခက်အခဲ ရှိကြောင်း၊ UWSA တပ်ဖွဲ့ အနေဖြင့် ထိပ်တိုက် ရင်ဆိုင်မှုမျိုးကို ပြုလုပ်မည် မဟုတ်ဘဲ ပြောက်ကျား တိုက်ခိုက်သည့် မဟာဗျူဟာကို အသုံးပြုနိုင်သည့် အတွက် စစ်ပွဲမှာ ကြာရှည်နိုင်ကြောင်း တရုတ် မြန်မာနယ်စပ်ရှိ စစ်ရေး အကဲခတ်များက ဆိုသည်။

စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲ ဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန်အထိ ကချင်ပြည်သစ် တပ်မတော် NDA-K ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁နှင့် ကချင် ကာကွယ်ရေး တပ်မတော် (KAD) တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Ref: ဧရာဝတီ်

Read More...

Thursday, March 25, 2010

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံထွက်ဗူးသီးနှင့် ၂၀၁၀”

March 24, 2010

(၂၃-၃-၂၀၁၀) နေ့ နေ့လည်ပိုင်းကNLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်ပြီး NLD ရဲ့ပြောရေး ဆိုခွင့် ရှိသူလည်းဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းဟာ ရှေ့နေကြီး ဦးကြည်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဦးဉာဏ်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် (၃) နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NLD ရုံးကို ညနေ(၄)နာရီကျော်မှာ ပြန်လည် ရောက်ရှိခဲ့ပါတယ်။

NLD ရုံးမှာ သတင်းထောက်အ ချို့နဲ့တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများကို ပြန်လည် ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေး ကောက်ပွဲကော်မရှင် ဥပဒေများအပေါ် ဝေဖန်ပြောကြားလိုက်ပြီး NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ရေး ရွေးကောက်ပွဲဝင်ရေး ကိစ္စများရပ်အပေါ် (၂၉.၃.၂၀၁၀)နေ့မှာ ပြုလုပ်မယ့် ဗဟိုဦးစီး အစည်းအဝေးမှာ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ကြဖို့ သဘောထား ပေးခဲ့ပါသည်။

ထူးခြားတာကတော့ အဲဒီနေ့မှာပဲ… ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ တဆင့် ဗဟိုအမျိုးသမီး အဖွဲ့ဝင်များ အတွက် သူမ၏ ခြံထွက် ဗူးသီးကြီး တလုံးကိုပါ လက်ဆောင် ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ဒီလို ပေးလိုက်ခြင်းအပေါ် ဗဟိုအမျိုး သမီးအဖွဲ့က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဆောင်ဟာ “ဗူးဆိုရင် ဖရုံ မသီးဘူး”ဆို တဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီမှတ်ပုံတင်ရေး ဥပဒေအပါအဝင် ကော်မရှင် ဥပဒေများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် ၎င်း ရွေးကောက်ပွဲကိုလည်း မဝင်ဘူး၊ ပါတီကိုလည်း မှတ်ပုံမတင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပဲ ပြောဆိုလိုက်တာပဲ” လို့ အဓိပ္ပါယ်ကောက်ယူကြပြီး အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်လို့ ခိုင်လုံ တိကျသော သတင်းရပ်ကွက်မှ ကြားသိရပါသည်။

Ref: A.B.M.A

Read More...

လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေး

24 March 2010


မြန်မာနိုင်ငံမှာ စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ စိတ်ဝင်စားမှုရှိတယ် ဆိုတာကို ပြသဖို့အတွက် လုံခြုံရေးကောင်စီ စည်းဝေးပွဲ ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ဦးဆောင် တောင်းဆိုခဲ့ကြတဲ့ အတွက် မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေး သင့်မသင့် ဒီကနေ့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။ ဒါဟာဆိုရင် အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲ မကျင်းပခင် တရက်အလိုမှာ အခုလို ကျင်းပမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အတိုက်အခံ အင်အားစုတွေ ပါဝင်ခွင့် မရအောင် ချုပ်ချယ် ကန့်သတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့အရေးကို အမြန်ဆုံး စည်းဝေးပွဲ ခေါ်ယူ ကျင်းပပေးဖို့ ဗြိတိန်၊ ပြင်သစ်၊ သြစတြီးယားနဲ့ အမေရိကန် ပြည်ထောင်စုတို့က လိုလားနေကြတာပါ။

မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့အတွက် ဗြိတိသျှ အစိုးရက စတင် အဆို တင်သွင်းလာတာ ဖြစ်ပြီး မကြာခင် နာရီပိုင်းအတွင်း ဆွေးနွေးဖြစ်ကြတော့မယ့် အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှအစိုးရ ကိုယ်စားလှယ်ရုံးက သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဟားရီးယက်တ် ခရော့စ် (Harriet Cross) က ဗွီအိုအေကို ပြောပါတယ်။

“ဒီစည်းဝေးပွဲ ကျင်းပဖို့အတွက် ဗြိတိသျှ အစိုးရက အဆိုတင်သွင်းခဲ့တာဖြစ်ပြီး နောက် ၂ နာရီလောက် အကြာမှာ စကြ ပါတော့မယ်။ ဒါဟာ လုံခြုံရေးကောင်စီရဲ့ တရားဝင် တိုင်ပင် ညှိနှိုင်းတဲ့ စည်းဝေးပွဲပါ။”

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာပဲ မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာက လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေး လုပ်ဆောင်ကြဖို့ ဗြိတိသျှအစိုးရ အနေနဲ့ အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားမယ့် အကြောင်း ဗြိတိသျှ ပါလီမန်မှာ နိုင်ငံခြားရေး ၀န်ကြီးက အဆို တင်သွင်းခဲ့ပါတယ်။ ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကိုယ်တိုင်က ဒီကိစ္စကို လိုလိုလားလား ရှိတဲ့အကြောင်း ဟားရီးယက်တ် ခရော့စ်က ဆက်ပြောပါတယ်။

“ဟုတ်ပါတယ်၊ မြန်မာစစ်အစိုးရအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေး လုပ်ဆောင်ဖို့ လိုလားတဲ့ အကြောင်း ၀န်ကြီးချုပ် ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ပြောထားပြီးသားပါ။”

ဗြိတိသျှအစိုးရရဲ့ ဒီ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ အရေးယူရေး အဆိုပြုချက်ကို ထောက်ခံတဲ့ အကြောင်း ပြင်သစ်နိုင်ငံကလည်း အစောပိုင်းမှာ အလွတ်သဘော ပြောထားပြီး ဖြစ်ပါတယ်။

မနက်ဖြန် ကြာသပတေးနေ့မှာတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) အနေနဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲကို ကုလသမဂ္ဂမှာ ခေါ်ယူကျင်းပဖို့ စီစဉ်ထားတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီဆားစ်ကီး (Martin Nesirky) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေ စည်းမျဉ်းတွေ စစ်အစိုးရက ထုတ်ပြန်ခဲ့တာ အပါအ၀င် မြန်မာနိုင်ငံ အတွင်းမှာ ပြောင်းလဲမှုတွေ အတော်လေး ဖြစ်ပေါ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံအတွင်းမှာ ပြောဆို ဆွေးနွေးမှုတွေ အများအပြား ထွက်ပေါ် လာနေတာကြောင့် အခုချိန်ဟာ မြန်မာ့အရေး ဆွေးနွေးဖို့ သင့်တော်တဲ့ အချိန်ကောင်း ဖြစ်ပါတယ်။”

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများ အဖွဲ့ထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ အပါအ၀င် အာရှနဲ့ ဥရောပတိုက်က နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်ပါတယ်။

ဒီကနေ့ အလွတ်သဘော ကျင်းပမယ့် မြန်မာပြည်ဆိုင်ရာ လုံခြုံရေးကောင်စီ စည်းဝေးပွဲက မြန်မာ့အရေးကို လုံခြုံရေး ကောင်စီမှာ တရားဝင် ထည့်သွင်း ဆွေးနွေးဖြစ်ဖို့ အတွက် ဆုံးဖြတ်ချက် ကျမယ်၊ မကျဘူး ဆိုတာတော့ အတိအကျ မသိနိုင်သေးပါဘူး။

ဒါပေမဲ့ မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ အာဂျင်ဒါတခု၊ ဆွေးနွေးမယ့် အကြောင်းအရာတခု အနေနဲ့ တရားဝင် ထည့်သွင်း ဆွေးနွေးမှာကို တရုတ်နိုင်ငံက မလိုလားဘူးဆိုတဲ့ သတင်းတွေကတော့ ထွက်နေပါတယ်။ ဒီအလွတ်သဘော ဆွေးနွေးပွဲကနေ မြန်မာပြည်နဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက် တစုံတရာ မချကြဘူး ဆိုရင်တော့ သူ့အနေနဲ့ မကန့်ကွက်ဘူးလို့ တရုတ်ဘက်က ပြောလာတဲ့အတွက် ဒီကနေ့ ကျင်းပမယ့် အလွတ်သဘော စည်းဝေးပွဲ ဖြစ်ပေါ်ခဲ့တာပါ။

မြန်မာပြည်အရေးဟာ နိုင်ငံတကာ လုံခြုံရေးကို ထိခိုက်ခြင်း မရှိဘူး၊ ပြည်တွင်းရေး သက်သက်သာ ဖြစ်တယ်လို့ တရုတ်တို့ဘက်က လက်ခံထားဆဲပါ။ ဒါကြောင့်လည်း မြန်မာ စစ်အစိုးရအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူမယ့် ကိစ္စ မှန်သမျှကို တရုတ်နိုင်ငံက ကန့်ကွက်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း တရုတ်၊ မြန်မာ နယ်စပ်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ပြီး တရုတ်နိုင်ငံထဲ မြန်မာပြည်ဘက်က ၀ ဒုက္ခသည်တွေ ထွက်ပြေး သွားခဲ့ကြတဲ့ သာဓက ရှိခဲ့တာကြောင့် အလားတူ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာမှာကို တရုတ်ဘက်က စိုးရိမ်ပြီး လုံခြုံရေး ကောင်စီမှာ စစ်အစိုးရအပေါ် ထားတဲ့ တရုတ်နိုင်ငံရဲ့ သဘောထား ပြောင်းလဲလာမလား ဆိုတဲ့ ထင်မြင် ယူဆမှုတွေလည်း ထွက်ပေါ်နေပါတယ်။

အခုလည်း တရုတ်၊ မြန်မာ နယ်စပ်နဲ့ ထိုင်း၊ မြန်မာ နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ အပစ်ရပ်အဖွဲ့တွေက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရရဲ့ ဖိအားပေး တောင်းဆိုမှုအပေါ် သဘောတူညီမှု မရနိုင်တဲ့အတွက် မြန်မာ စစ်အစိုးရတပ်တွေ နယ်စပ် ဒေသတွေမှာ တိုးချဲ့ချထားဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာနေပါတယ်။

အခုနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခွင့် မရနိုင်တဲ့ ကန့်သတ် ချုပ်ချယ်တဲ့ ဥပဒေတွေကို စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ အပေါ် ပြည်တွင်း ပြည်ပက ဝေဖန် ကန့်ကွက်မှုတွေ အရှိန်အဟုန် မြင့်လာချိန်မှာ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့အရေးကို စည်းဝေးပွဲ ခေါ်ယူကျင်းပတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

စစ်ကြောင်း၏ ပွိုင့်ထိုး မဖြစ်ဖို့ - တြိဂံတိုင်းမှူးထံ လားဟူ ပြည်သူ့စစ်တောင်းဆို

Wednesday, 24 March 2010

ယခုလအတွင်း သျှမ်းပြည်တပ်မတော်နှင့် ဖြစ်သည့်တိုက်ပွဲတိုင်း နအဖ စစ်ကြောင်း၌ လားဟူ ပြည်သူ့စစ် တပ်ဖွဲ့ ပွိုင့်ထိုးပေး နေရသောကြောင့် - ‘နောက်နောင် နအဖ စစ်ကြောင်း၏ ပွိုင့်ထိုးအဖြစ် မထွက်ခိုင်းဖို့’- လားဟူပြည်သူ့စစ် တပ်ဖွဲ့က တြိဂံတိုင်းမှူးထံ တောင်းဆိုလိုက်ပါသည်။

“ကျနော်တို့က ပြည်သူဘဲ၊ ရာနှုန်းပြည့် စစ်သားမှ မဟုတ်တာ၊ အခုဟာက စစ်ကြောင်း ကင်းလှည့်တိုင်း ရှေ့ပြေး (ပွိုင့်ထိုး) ခိုင်းနေတော့ မဖြစ်သေးပါဘူး၊ သူတို့ကိုယ်စား သေခိုင်းတဲ့သဘော” - ဟု မိုင်းဖြတ်မြို့နယ် လားဟူ အမျိုးသား တဦးက ပြောပါသည်။

ယခုလ ၁၆ ရက်မှ ၁၉ ရက်အထိ သုံးကြိမ်တိတိ ဖြစ်ပွားသော နအဖ စစ်ကြောင်းနှင့် သျှမ်းပြည်တပ်မတော် အမှတ် ၁ စစ်ဒေသ တိုက်ပွဲ၌ လားဟူပြည်သူ့စစ် တပ်ဖွဲ့ကသာ ပွိုင့်ထိုးဖြစ်နေသဖြင့် ထိုသို့ ပွိုင့်ဦး မထွက်ခိုင်းရန် တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးထံ တောင်းဆိုခြင်းဖြစ်သည်။

“၁၉ ရက်နေ့တုန်းက မိုင်းဖြတ်မြို့နယ် မိုင်းပတ် ကျေးရွာအုပ်စု နမ့်ပိန်းရွာ (ရွာပျက်) နားမှာ SSA နဲ့ ဖြစ်တဲ့ တိုက်ပွဲက လားဟူပြည်သူ့စစ် ပွိုင့်ထိုးပေးရလို့ တဦးအပြင်းအထန် ဒဏ်ရာရသွားတယ်။ ကံကောင်းလို့ မသေတာ” - ဟု အမည် မဖေါ်လိုသည့် လားဟူပြည်သူ့စစ် တဦးက အတည်ပြု ပြောဆိုပါသည်။

အဆိုပါတိုက်ပွဲတွင် နအဖ စစ်တပ် ခမရ ၃၂၉ မိုင်းဖြတ် ဗိုလ်မှူး စိုးမြင့် ဦးဆောင်သည့် နယ်လှည့်စစ်ကြောင်း အတွက် နမ့်ယုန်း ပြည်သူ့စစ်တပ်ဖွဲ့ ဂျဆေးပိုက ပွိုင့်ထိုးပေးခဲ့ရသည်ဟု ဆို၏။

သျှမ်းပြည်တပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တဦးကလည်း ယခုလအတွင်း နအဖ စစ်တပ်နှင့်တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား ခဲ့ကြောင်း၊ တိုက်ပွဲတိုင်း၌ လားဟူပြည်သူ့စစ် တပ်ဖွဲ့နှင့်သာ ပွဲဦးတွေ့ဆုံ တိုက်ခိုက်ရကြောင်း ဤကဲ့သို့ ပြောပြ ပါသည်။

“လားဟူပြည်သူ့စစ်ကို သူတို့အစား သေကြေစေတဲ့သဘော၊ သျှမ်းပြည်သား အချင်းချင်း တိုက်ခိုက်သတ်ဖြတ် တာကိုဘဲ သူတို့က လိုလားတယ်”

မိုင်းဖြတ်မြို့နယ် အခြေစိုက် နမ့်ယုမ်း လားဟူပြည်သူ့စစ် တပ်ဖွဲ့သည် သံလွင်အရှေ့ခြမ်း၌ အင်အား အတောင့်တင်းဆုံး တဖွဲ့ဖြစ်သည်။

ယခုလ မိုင်းဖြတ်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများမှာ မတ် ၁၆ နှင့် ၁၇ ရက်နေ့က လွယ်ဆမ်ဆောက် တောင်ကြော၌ နှစ်ကြိမ်၊ မတ် ၁၉ ရက် နမ့်ပိန်းရွာ (ရွာပျက်) ၌ တကြိမ်ဖြစ်သည်။

ထို့အတူ မတ် ၁ ရက် နေ့ကလည်း သံလွင်အနောက်ခြမ်း မိုင်းပန်မြို့နယ် ၀မ့်မိုက်ကွမ်း ရွာအနီး တိုက်ပွဲ၌ နအဖ တပ်သား ၃ ယောက် ကျဆုံးသကဲ့သို့ မတ်လ ၁၃ ရက် သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်အတွင်း တိုက်ပွဲ၌ ဗိုလ်မှူးတယောက် အပါအ၀င် ဗမာစစ်သည် ၂၁ ယောက် သေသည်ဟု ဆို၏။

Ref: သျှမ်းသံတော်ဆင့်

Read More...

နိုင်ငံရေးပါတီတွေကို အစဉ်အလာအရ ဖြိုခွဲဖျက်ဆီးနေတဲ့ စစ်အုပ်စု

ရဲဘော်ဖိုးသံချောင်း
၂၄/ မတ် ၂၀၁၀

အမျိုးသားဒီမိုကရေစီပါတီဟာ မကြုံစဖူးစမ်းသပ်မှုတရပ်ကို ဖြတ်သန်းနေရပါတယ်။ ဒါကို ကျန်တဲ့ မိတ်ဖက် ပါတီတွေက သံယောဇဉ် ကြီးစွာနဲ့ စောင့်ကြည့် နေကြပါတယ်။ တဖက်မှာလည်း တခြား ပါတီအတွင်းရေးကို ဝင်မပြောသင့်တာမို့ နှုတ်ကို တင်းတင်းစေ့ပြီး အကောင်းဆုံး အဖြေ ထွက်လာပါစေလို့ပဲ အောက်မေ့ နေကြပါတယ်။

စိတ်ရင်းဖြောင့်မှန်တဲ့၊ နိုင်ငံရေးအရ ရိုးသားတဲ့၊ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးပါတီတွေ အင်အားစုတွေဟာ ဒီချုပ်ရဲ့ အနေအထားကို စာနာ သဘောပေါက် ကြပါတယ်။ အလားတူပဲ ဒီအဖွဲ့ချုပ်ကို ဇလားထဲ သွန်းလောင်းသလို ဆန္ဒမဲတွေ ပုံလောင်းခဲ့၊ အောခဲ့ကြတဲ့ ပြည်သူ လူထုကလည်း စိုးရိမ်ကြီးစွာနဲ့ စောင့်ကြည့် နေကြပါတယ်။ ဒီချုပ်အနေနဲ့ ဒီတကွေ့ကို ချောမွေ့စွာ ဖြတ်သန်း နိုင်ပါစေလို့ပဲ အားလုံးက ဆန္ဒပြုနေကြတာပါ။

ဒါပေမယ့် ဆန္ဒဆိုတာဟာ လက်တွေ့ မဖြစ်သေးတဲ့ဟာကို ခေါ်တာပါ။

လောလောဆယ် လက်တွေ့မှာ တွေ့မြင်နေရတာ တခုကတော့ နအဖ ဗိုလ်ချုပ်တွေဟာ တဝက်တပျက် အောင်မြင်ပွဲမျိုးကို လက်မခံနိုင်ဘူး ဆိုတာ ဖြစ်ပါတယ်။ တနည်းပြောရရင် စေ့စပ်တယ်၊ ပြေအေးတယ် ဆိုတဲ့ အဖြေမျိုး၊ ရလဒ်မျိုး၊ ခုခေတ်မှာ အပြောများနေတဲ့ win-win နှစ်ဖက်နိုင် အဖြေမျိုးကို သူတို့က လက်မခံနိုင်ပါဘူး။ သူတို့ကချည်းနိုင်မှ၊ တဖက်ကို အလဲထိုးနိုင်တဲ့ အဖြေမျိုး၊ ရလဒ်မျိုးပဲ ရချင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆွေးနွေးပွဲ လုပ်တယ်၊ စကားပြောကြတယ် ဆိုရင် ကြိုတင် စည်းကမ်း သတ်မှတ်တာ (pre-condition) ကို ဘယ်တော့မှ လက်မခံပါဘူး။ ဒါပေမယ့် ဒီနေရာမှာ ထောက်ပြစရာ ရှိတာက ဒီ ဗိုလ်ချုပ်တွေဟာ သူတို့အပေါ် ကြိုတင် စည်းကမ်း သတ်မှတ်တာကိုသာ မကြိုက်တာ၊ သူများတွေ အပေါ်တော့ အမြဲ သတ်မှတ်ချက်တွေနဲ့ နှောင်တုပ်ပြီးမှ ဆက်ဆံတာပါ။ သူတို့ဟာ တဖက်သားဆီက ဘယ်တော့မဆို အကြွင်းမဲ့ လက်နက်ချတာ (unconditional surrender) ကိုပဲ လိုချင်တာ ဖြစ်ပါတယ်။ ဒီတခါ သူတို့ ထုတ်ပြန်လာတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ကြည့်ရင် အဲဒီလို သဘောထားတွေကို မမြင်ချင်အဆုံး တွေ့ရပါမယ်။ စစ်အုပ်စု လိုလားတဲ့ စေ့စပ်မှု ဆိုတာဟာ ၁၉၅၈ ခုနှစ် အာဏာ သိမ်းပွဲတုန်းက ဦးနုဆီကို အာဏာ သွားတောင်းတော့ ဦးနုက“စေ့စပ်” ပြီး အာဏာ လွှဲပေးလိုက်တာမျိုး၊ တပ်နဲ့လက်နက်တွေ အပ်ပြီး သံအမတ်ရာထူး လက်ခံတဲ့ စေ့စပ်မှုမျိုးသာ ဖြစ်ပါတယ်။ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ဖြည်းဖြည်းချင်း ပြုပြင်သွားဖို့” စေ့စပ်တာမျိုးကို မလုပ်ရေးချ မလုပ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။

မြန်မာပြည်သမိုင်းမှာ စစ်အုပ်စုက ဖြိုခွဲလို့ပြိုကွဲခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ များလှပါပြီ။ ဖဆပလ အဖွဲ့ကြီး ကွဲရာမှာ တပ်ထဲက ဗိုလ်ချုပ်တွေရဲ့ ခြေရာလက်ရာတွေ မကင်းသလို တိုင်းရင်းသား အဖွဲ့အစည်းတွေ (လက်နက်ကိုင်သူရော လက်နက် မကိုင်သူတွေအပါ)၊ လူထုလူတန်းစား အဖွဲ့အစည်းတွေ၊ သံဃာတော်တွေ၊ ရေးရရင် စာရင်းက ကုန်နိုင်ဖွယ်ရာ မရှိပါဘူး။ အထဲမှာ သူ့လူတွေ ထည့်ပြီးဖြိုခွဲတာ၊ အပြင်ကနေ ဖိအားပေး ခြိမ်းခြောက်ပြီးဖြိုခွဲတာ၊ နည်းမျိုးတွေစုံလို့ပါပဲ။ ဒီအထဲက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖြိုခွဲဖို့ လုပ်ခဲ့တာဆိုရင် စတင် တည်ထောင်ကတည်းက စခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။ ဗိုလ်အောင်ကြီးလို ပထမမျိုးဆက် စစ်အုပ်စု ဝင်ဟောင်းတွေကနေ ‘တတ်သိ’ တွေကို ဖယ်ရှားဖြိုခွဲတာလည်း ဖြတ်သန်းခဲ့ရ၊ အခုလို ဥပဒေနဲ့ အကျပ်ကိုင် ဖြိုခွဲတာလည်း ကြုံရလို့ မှတ်တမ်း တင်ရပါတော့မယ်။ ဒါပေမယ့် ဒီတခါ နအဖရဲ့ လုပ်ရပ်ကတော့ အားလုံးထဲမှာ အဆိုးဆုံးဖြစ်တယ်လို့ ပြောရပါမယ်။ ဒီတချီမှာတော့ သူတို့ဟာ မသိမသာ၊ လက်သည်မပေါ်အောင် သပ်လျှိုတာ၊ ဖြိုခွဲတာ မဟုတ်တော့ဘဲ ပြောင် ကမ္ဘာသိ လုပ်တော့တာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖ စစ်အုပ်စုဟာ ဖြိုခွဲရေး စီမံကိန်းကနေ ဖျက်သိမ်းရေး စီမံကိန်းဆီ လှမ်းတက်တဲ့ ခြေလှမ်းလို့ ဆိုရပါတော့မယ်။

ဒီလိုတဖက်မှာ ဖိနှိပ်မှုတွေပြင်းလာ၊ တဖက်မှာတော့ အမတ်ဖြစ်မယ်၊ ဝန်ကြီးဖြစ်မယ်ဆိုတဲ့ မြှူဆွယ်မှုတွေ များလာနေတဲ့ အခြေအနေ အောက်မှာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မြန်မာ့ နိုင်ငံရေးဇာတ်ခုံမှာ ခြံကူးတာ၊ ဘက်ပြောင်းတာတွေ၊ ပင်ကိုယ် အသွေးအရောင်ကို ဖော်ပြလာတာတွေ၊ အမျိုးမျိုး စတွေ့လာနေရပါပြီ။ ဒီအကွေ့မှာ ရှိပ်စပီးယားရဲ့ ဂျူးလိယက်စ်ဆီဇာ ပြဇာတ် ထဲကလို “ဘရူးတပ်စ်-မင်းလဲပါသကိုး” ဆိုတဲ့ မျှော်လင့်မထားတဲ့ သစ္စာဖောက်တွေကို တွေ့ရရင်လည်း အံ့သြစရာ မရှိပါဘူး။ ဒါကြောင့် ဒီတပွဲမှာ သူ့စည်း ကိုယ့်စည်း ခွဲဖို့ဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ တချိန်တည်းမှာ ကိုယ့်အင်အားကို ကြီးသထက် ကြီးအောင်လုပ်၊ သူ့အင်အားကို သေးသထက်သေးအောင် လုပ်ရမယ့်အချိန် ဖြစ်တယ် ဆိုတာကိုလည်း ဘယ်သူမှ ငြင်းမှာ မဟုတ်ပါဘူး။ ကြားထားသင့်တဲ့ လူကိုကြားထား၊ ဥပက္ခာပြုသင့်တဲ့ လူကိုဥပက္ခာပြု လုပ်ရပါမယ်။ အားလုံးကို နအဖဘက်ချည်း တွန်းပို့ပေးတာ မလုပ်သင့်ဘူး ထင်ပါတယ်။

ဒီနေရာမှာ သူနဲ့ကိုယ်လို့ပြောတာဟာ နအဖနဲ့ပြည်သူကိုပြောတာဖြစ်ကြောင်း ထပ်ပြောလိုပါတယ်။ ဒါကြောင့်မို့ နအဖရဲ့ ဘေးမှာ ရပ်တည်တဲ့ အင်အား အရေအတွက် နည်းသထက် နည်းအောင် ကြံဆရပါမယ်။ ဒါဖြင့် ဘယ်လိုလူကို နအဖနဲ့ တသားတည်း ရပ်သူဆိုတာ ဘာစံနဲ့ တိုင်းမလဲဆိုတာကို စဉ်းစားရပါတယ်။ ရွေးကောက်ပွဲဝင်သူ ဒို့ရန်သူ၊ ရွေးကောက်ပွဲမှာ မဲပေးသူ ဒို့ရန်သူလို့ သတ်မှတ်လိုက်ရင် ရန်သူ အဝန်းအဝိုင်းဟာ သိပ်ကျယ်သွားနိုင်ပါတယ်။ ကိုယ်နဲ့ အလုံးစုံ တူညီတဲ့လူမှ ကိုယ့်လူ၊ ကိုယ့်မဟာမိတ်လို့ သဘောထားလို့ မဖြစ်ပါဘူး။ တချို့ကိုနားလည်ယူတာ၊ ခွင့်လွှတ်တာ၊ ကြားသဘောထားတာတွေ လုပ်ရမှာပါ။

ဒါကြောင့်မို့ ဒီတပွဲမှာ အဓိကထားရမယ့် စံ၊ ဒါမှမဟုတ် စည်းဟာ နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအပေါ်မှာ ဘယ်လို သဘောထားသလဲ ဆိုတာ ဖြစ်သင့်ပါတယ်။ ရွေးကောက်ပွဲဝင်ရေး မဝင်ရေး ပြောရာမှာ အဲဒီဖွဲ့စည်းပုံ အကြောင်းကို ထည့်မပြောလို့ မဖြစ်ပါဘူး။ ဒီဖွဲ့စည်းပုံအောက်မှာ တည်ရှိနေတဲ့ လွှတ်တော်တရပ်ဟာ ရုပ်သေး လွှတ်တော်ထက်တောင် ဆိုးတဲ့ ညောင်နှစ်ပင် ညီလာခံသာသာ လွှတ်တော်ဖြစ်မှာပါ။

မြန်မာပြည်နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာရာမှာ အနှစ် (၂ဝ) ကျော် တရားမရှိ၊ ဓားမရှိ အုပ်စိုးခဲ့တဲ့ နဝတ-နအဖ စစ်ဗိုလ်ချုပ်တွေဟာ စစ်အာဏာရှင် အစိုးရတွေဖြစ်တယ် ဆိုတာလောက်ကိုတောင်မှ အသိအမှတ် မပြုတဲ့ လူတွေဟာ အဲဒီဖွဲ့စည်းပုံကို စုံလုံးမှိတ် လက်ခံကြရုံမက ရှေ့နေလိုက်၊ အကာအကွယ်တောင် ပေးနေကြပါတယ်။ ဒီလိုအချိန်မှာ မြန်မာပြည်သူတွေကို ရွေးကောက်ပွဲညီမျှခြင်း ဒီမိုကရေစီ၊ စစ်အာဏာရှင်တွေကို အထိန်းအကွပ်မရှိ အုပ်စိုးခိုင်းထားတာထက်၊ လွှတ်တော်တရပ် ရှိနိုင်ရင် တစုံတရာ ထိန်းကွပ်နိုင်တယ် ဆိုတဲ့ စကားမျိုးပြောနေသူဟာ သူကိုယ်တိုင် ဘာမှနားမလည်လို့၊ ဒါမှမဟုတ် သိလျက်နဲ့ ညာနေတာသာဖြစ်ပါတယ်။

ဒီလိုရှုပ်ထွေးပွေလီနေတဲ့အချိန်မှာ တွေ့နေရတဲ့ လုပ်ရပ်တခုက ကိုယ့်အချင်းချင်းရဲ့ အက်ကြောင်းတွေကို လိုက်စမ်းတာ၊ ရှာတာ၊ တွေ့ရင်နှဲ့တာတွေ ဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြားလူ၊ သမာသမတ်ရှိသူ၊ ဘက်မလိုက်သူ ဆိုတာမျိုးပြောပြီး ဒီချုပ်အပါ ပြည်သူလူထု အင်အားတွေကို သွေးတိုးစမ်းနေ၊ နှဲ့နေတာတွေလည်း တွေ့နေရပါတယ်။ ဒါဟာ ဘယ်သူ့အကြိုက် ဖြစ်စေလို့၊ ဘယ်သူ့ကို အကျိုးပြုတယ်ဆိုတာ ရှင်းနေတာပါ။ ဒါပေမယ့် မြန်မာပြည် ပြည်သူလူထု အပေါ်မှာ မယုံတဲ့၊ အနာဂတ်ကို မယုံတဲ့၊ စစ်အုပ်စုရဲ့ အင်အားကို အထင်ကြီးလာတဲ့ တချို့လူတွေဟာ အခုအခါမှာ ကြားနေတယ်ဆိုတဲ့ အချိုးမျိုး ချိုးလာနေကြတာ တွေ့ရပါတယ်။ ဒါတောင် နအဖရဲ့ ရွေးကောက်ပွဲဟာ လုပ်မပြီးသေးပါဘူး။ လုပ်များပြီးသွားလို့ နအဖအစိုးရက သူတို့ကိုယ်သူတို့ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ အုပ်စိုးနေတဲ့အစိုးရ” လို့ ကြေညာလာရင် အဲဒီ “ကြားနေ” ပုဂ္ဂိုလ်များ ဘယ်လိုပြောကြဦးမလဲ မသိပါဘူး။ မမေ့ကြသင့်တဲ့ အချက်တချက်က ဒီနေ့လိုအခြေအနေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နအဖက မတော်မတရား ဖျက်ဆီးနေတာကို ဘယ်လို သဘောထားသလဲ၊ ဘယ်လိုတုံ့ပြန်သလဲ ဆိုတာဟာ ဒီချုပ်အဖွဲ့ဝင် မဟုတ်တဲ့ တခြား နိုင်ငံရေး သမားများနဲ့ နိုင်ငံရေး အင်အားစုတွေကိုလည်း မှတ်ကျောက်တင်လိမ့်မယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခက်အခဲတွေက ကြီးပါတယ်။ ပြည်သူလူထုမှတပါး တခြားဘယ်သူမှ သူတို့ကို မကယ်နိုင် ပါဘူး။ သူတို့သမိုင်းမှာ အောင်မြင်မှု အရဆုံး ဆိုတာဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ဖြစ်ပြီး အဲဒါဟာ ပြည်သူလူထုရဲ့ ဝိုင်းဝန်း ထောက်ခံမှုကြောင့် ရခဲ့တာဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

ဝ နယ်မြေရှိ အမှုထမ်းတွေ အမြန်ဆုံး ထွက်ခွာဖို့ မြန်မာအစိုးရ ညွှန်ကြား

24 March 2010


တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေး အဖွဲ့တခုဖြစ်တဲ့ ၀တပ်ဖွဲ့က ရွေးကောက်ပွဲတွေ မကျင်းပမီ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲ ဖွဲ့စည်းဖို့ စစ်အစိုးရက တောင်းဆိုထားတာကို လက်မခံတာကြောင့် တင်းမာမှုတွေ ကြီးထွား လာနေတာနဲ့အမျှ ဒေသတွင်းမှာရှိတဲ့ ၀န်ထမ်းတွေကို အာဏာပိုင်တွေက အမြန်ဆုံး ထွက်ခွာဖို့ ညွှန်ကြားလာတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ တင်းမာမှုတွေကြောင့် စစ်ပွဲတွေ ဖြစ်တော့မလားဆိုပြီး ဒေသခံတွေကြား စိုးရိမ် ပူပန်တာတွေ ရှိသလို ဒါဟာ မြန်မာ အာဏာပိုင်တွေက ခြိမ်းခြောက်မှုတခု အဖြစ်နဲ့လည်း အကဲခတ်တွေက သုံးသပ် နေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဘက်က ဒီရက်ပိုင်းအတွင်းမှာ ၀ နယ်မြေမှာရှိတဲ့ အစိုးရ ၀န်ထမ်းတွေကို အမြန်ဆုံး ထွက်ခွာသွားဖို့ အတွက် ထူးထူးခြားခြား ညွှန်ကြားလာပါတယ်။ ဒါဟာ ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ခေါ် ၀ တပ်ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲပြီး နှစ်၂၀ အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် ညွှန်ကြားလာတာ ဖြစ်ပြီး ဒေသခံတွေက စစ်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ ပန်ဆန်းနဲ့ နီးစပ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနက ဦးစိန်ကြည်က ပြောပါတယ်။

“တမြန်နေ့ ၂၂ ရက်နေ့ ည ၁၁ နာရီလောက်မှာ စပြီးတော့ ကြားတယ်တဲ့။ အဲဒီအချိန်က လားရှိုး၊ တန့်ယန်းက ညွှန်ကြားချက်တွေ၊ အမိန့်တွေ လာတယ်တဲ့။ အဲဒါက ပန်ဆန်းထဲမှာရှိတဲ့ နအဖရဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေ အားလုံး ၂ ရက်အတွင်း အကုန်လုံး ပြန်ရမယ်ပေါ့။ အဲဒါကြောင့် မနေ့က ၂၃ ရက်လည်း တချို့တ၀က် ပြန်ပြီ။ ဒီနေ့ ၂၄ ရက် အပြီးအစီး ပြန်ရမယ်။ နောက်ပြီးတော့ NGO တွေလည်း ပြန်ရမယ်။ NGO တွေရော UN အဖွဲ့အစည်းတွေရော အကုန်လုံးပေါ့။ အဲလိုမျိုး တရက် နှစ်ရက်အတွင်း အပြီးပြန်ရမယ်ဆိုတဲ့ ပုံစံမျိုးက အရင် ဒီအနှစ် ၂၀ ကာလပေါ့ တခါမှ မရှိခဲ့ဖူးဘူးလေ။ တချို့ပြောတာတော့ အခြေအနေ သိပ်မကောင်းဘူး၊ တိုက်ပွဲတွေ ဘာတွေ ဖြစ်လေမလား စိုးရိမ်တာတွေ ရှိတာပေါ့။”

ဒီလိုပြန်ခိုင်းရာမှာလည်း သင်္ကြန်ကာလအတွင်း တလခွင့်ပေးပြီး ပြန်ခိုင်းတာလို့ ပြောဆိုသူတွေ ရှိသလို အပြီးပြန်ခိုင်းတာလို့ ပြောဆိုသူတွေလည်း ရှိနေတယ်လို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ ၀ဒေသ အားလုံးက ပညာရေး ၀န်ထမ်းတွေကို လစာအပြည့်နဲ့ ခွင့် ၃ လ၊ ကျန်းမာရေးဌာနနဲ့ အခြား ၀န်ထမ်းတွေကိုတော့ လစာအပြည့်နဲ့ ခွင့် ၁ လပေးပြီး နှစ်ပတ်အတွင်း ၀ဒေသက ထွက်ခွာခိုင်းတယ်လို့ ကြားရကြောင်း ပြောပါတယ်။

အခုလို ၀န်ထမ်းတွေကို ထွက်ခွာခိုင်းနေချိန်မှာ စစ်ရေးအရ ပြင်ဆင်မှုတွေလည်း ရှိနေတယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

“နောက်တခုက သံလွင်မြစ် တလျှောက်မှာ ၀ထိန်းချုပ်နယ်မြေနဲ့ မျက်နှာချင်းဆိုင် အနောက်ဘက်ကမ်းမှာ ဆိုရင် ပြည်သူ့စစ် ၇ ဖွဲ့၊ ၈ ဖွဲ့ကို နအဖတပ်က တပ်စခန်းတွေ ဘာတွေ လုပ်ခိုင်းတယ်။ ခံကတုတ်ကျင်းတွေ ဘာတွေ တူးခိုင်းတယ်။ အသင့်အနေအထားမှာ နေဖို့ စောင့်ကြည့်ခိုင်းတာတွေ ဘာတွေ လုပ်တယ်တဲ့။”

တဆက်တည်းမှာပဲ မြန်မာစစ်အစိုးရဘက်က လားရှိုးမှာ ပေါ်တာဆွဲနေတယ်၊ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်ဘက်မှာ လက်နက်ကြီးတပ်တွေ စေလွှတ်နေတယ်၊ ကျိုင်းတုံမြို့မှာ ရုရှားလုပ် MIG-29 တိုက်လေယာဉ်တွေ လေ့ကျင့် ပျံသန်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဦးအောင်ကျော်ဇောကတော့ ဒီလို ၀န်ထမ်းတွေ ပြောင်းရွှေ့ခိုင်းတာနဲ့ စစ်ရေးအရ လှုပ်ရှားပြင်ဆင်နေတဲ့ သတင်းတွေဟာ အပစ်ရပ် တိုင်းရင်းသား တပ်ဖွဲ့တွေ အတွင်းမှာ တည်ငြိမ်မှု မရှိအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဗမာအစိုးရက သူတို့တိုက်မယ်ဆို ကိုးကန့်တိုက်သလိုပါပဲ၊ ဘာမှပြောစရာ မလိုဘူး၊ ဘာဝန်ထမ်းတွေမှ ဖယ်ပေးစရာ မလိုဘူး၊ သူတို့ ၀င်တိုက်လို့ ရတယ်။ နည်းနာကတော့ ခြိမ်းခြောက် ထိန်းချုပ်ပေါ့ဗျာ။ ခြိမ်းခြောက်တဲ့အတွက် ကိုယ့်ဒေသ ကာကွယ်ရေးစစ်ကို ပြင်ဆင်ရတယ်။ အဲတော့ ကြာရှည်ပြင်ဆင်ရတဲ့ အခါမှာ ဒေသပိုင်းရဲ့ စားဝတ်နေရေး ဖူလုံမှုကလည်း အကန့်အသတ်ရှိတဲ့ အခါကျတော့ တစုံတရာ အခက်အခဲ ဖြစ်လာနိုင်အောင် သူ ဖန်တီးတာ ဖြစ်တယ်။

“နောက် ၀နယ်စပ်ကြားမှာ ရှိတဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ပျက်စီးအောင် ကြိုးစားတာ ဖြစ်တယ်။ သူက သတင်းတွေ မျိုးစုံလွှင့်မယ်။ သူ့ရဲ့ ရည်မှန်းချက်ကတော့ နယ်စပ်ဒေသမှာရှိတဲ့ သူတို့ပြောတဲ့ Border Guard ကို ယာယီ လက်မခံသေးတဲ့ အဖွဲ့အားလုံးရဲ့ နေထိုင်မှုဘ၀၊ လူမှုရေးဘ၀၊ စီးပွားရေးဘ၀ အားလုံးကို ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ ဆိုက်ဝါး (Psy-war) ပါပဲ။”

မြန်မာစစ်အစိုးရဘက်က စစ်ရေးအရ ပြင်ဆင်တာတွေ ရှိနေချိန်မှာ ၀တပ်ဖွဲ့ဘက်ကလည်း သူတို့ တပ်ဖွဲ့ဝင်တွေအပြင် ပြည်သူ့စစ်တွေကိုပါ ဖွဲ့စည်း လေ့ကျင်တာတွေ လုပ်နေတယ်လို့ ၀တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မြန်မာစစ်အစိုးရဘက်ကတော့ ဒီလို စစ်ရေးအရ တင်းမာမှုတွေ ရှိနေတယ် ဆိုတာကို တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။

ဝတပ်ဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ၀တပ်ဖွဲ့ခေါင်းဆောင် ဦးပေါက်ယူချန်းနဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်တို့ ဖေဖော်ဝါရီ နောက်ဆုံးပတ် အတွင်းက တန့်ယန်းမြို့မှာ နောက်ဆုံး ဆွေးနွေးခဲ့ကြပြီး အခုချိန်ထိ ပြီးပြတ်တဲ့ သဘောတူညီချက်တော့ မရသေးပါဘူး။

ဒီလို နှစ်ဘက် တင်းမာမှုတွေ ရှိနေချိန်မှာ တရုတ် ဗဟိုလုံခြုံရေးဌာနက ကိုယ်စားလှယ်အဖွဲ့ဟာ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ယခုအပတ်အတွင်း နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဝတပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ ဒီလအကုန်လောက်မှာ ၀တပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရအကြား ထပ်မံဆွေးနွေးမယ်လို့ သတင်းရထားကြောင်း ပြောကြပါတယ်။

Ref: VOA News

Read More...

အပေါ်သို့