..............................

Friday, January 28, 2011

တူနီရှား လူထု အုံကြွမှု အပိုင်း (၃) အင်တာနက်၊ ဒီမိုကရေစီ နှင့် အီဂျစ်

January 26, 2011

တူနီရှား နိုင်ငံ မှ ကျောင်းသား၊ပြည်သူများ ဦးဆောင်ဆန္ဒပြ၍ အာဏာရှင် သမ္မတ ဘင်အလီကို ဖြုတ်ချ နိုင်ခဲ့ခြင်းသည် အာရပ် ကမ္ဘာရှိ အာဏာရှင် လက် အောင်မှ ပြည်သူများ သာမက မြန်မာနိုင်ငံ မြောက် ပိုင်း ကချင်ပြည်နယ် မြစ်ကြီး နား မြို့မှ တက္ကသိုလ် ကျောင်းသား အထိ ရိုက်ခတ်သည်။

တူနီရှား နိုင်ငံ၏ လူထုတော်လှန် ရေးသည် တွစ်တာ နှင့် ဖေ့ဘွတ် တွင် စတင်ခဲ့ခြင်းကြောင့် Twitter Revolution သို့ မဟုတ် စံပယ်ငုံ တော်လှန်ရေး ဟု လည်း ခေါ်သည်။ တူနီရှားတွင် အာဏာရှင် ဘင်အလီ နိုင်ငံမှ ခွေးပြေးဝက်ပြေး ထွက်ခွာ သွားပြီးနောက် အာဏာရှင် နှင့် ပုလင်းတူ ဗူးဆို့  ၀န်ကြီးချုပ် မိုဟာမက် ဂူနော့ချီက ဦးဆောင်ပြီး ကြားဖြတ် အစိုးရ အဖွဲ့ကို ဖွဲ့သည်။ နိုင်ငံရေး အကူအပြောင်း တွင် အတွေ့အကြုံ ရှိရန်ဟု ဆိုကာ ယခင်အစိုးရ အဖွဲ့ဟောင်းမှ နိုင်ငံရေး စားဖားကြီး များကို အစိုးရ အဖွဲ့ထဲတွင် ပြန်လည် ထည့်သည်။

အတိုက် အခံ လေးယောက် လောက်ကို အရေးမပါသည့် ၀န်ကြီး ရာထူး နေရာများ ပေးသည်။ ၂၄ နာရီ မပြည့်မှီပင် ထိုဝန်ကြီး လေးယောက် လည်း ရာထူးမှ နှုတ်ထွက်သည်။ ပြည်သူများက လူစု ၍ “လွတ်မြောက်ရေးလှည်း တပ်တော်စု” ဆိုပြီး မြို့ တော် တူနစ်သို့ နေ့ရော ညပါ ချီတက်သည်။

နိုင်ငံ၏ ဆန္ဒပြမှု သတင်း ကို အချိန် နှင့် တပြေးညီ ထုတ် လွှင့်ပေးသည့် ဟန်နီဘော ရုပ်သံကို ကြားဖြတ် အစိုးရက ပိတ်ပြီး ၊ ရုပ်သံ ပိုင်ရှင်ကို ဖမ်းလိုက်သည်။ တူနီရှား ပြည်သူ တို့၏ ဆန္ဒပြမှု က ပိုမို ကြီးထွားလာသည်။

ဆန္ဒပြ သူများ ဘက်က ရဲ အရာ ရှိ များ၊ မီးသတ် အရာရှိများ နှင့် ယခင် သမ္မတ အစောင့်တပ်များ ပူးပေါင်း ခဲ့သည်။

နောက် တစ်နေ့ တွင် တူနီးရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရစ်ချဒ် အာမာ ကိုယ်တိုင် စစ်တပ်သည် ပြည်သူတို့၏ တော်လှန် ရေးကို အကာအကွယ် ပေးကြောင်း ပြောကြား ခဲ့သည်။ ဆန္ဒပြမှု များအတွင်း ကျဆုံးခဲ့သူများ ကို အလေးပြုပြီး ပြည်သူများ က ဆက် လက် ဆန္ဒပြနေမှု အား ရပ်တည်ထောက် ခံရုံသာမက လက်ကိုင် စကား ပြောစက် ဖြင့် မိန့်ခွန်းပါ ပြောကြား ခဲ့သည်။

အာဏာရှင် ဘင်အလီ ၏ အပေါင်းအပါ များ အစိုးရ အဖွဲ့အတွင်း ဆက်လက် တည်ရှိ နေမှုကို စစ်တပ်က ဗြောင် ဆန့်ကျင်ပြီး ပြည်သူများ ဘက်မှ ရပ်ခံခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ ထိပ်တန်း အာဏာရှင် လစ်ဗျား ခေါင်းဆောင် ကဒါဖီ က ပင် တူနီရှား နိုင်ငံ၏ လူထုတော်လှန်ရေးသည် ကြောက် စရာ ကောင်းသည် ဟု ပြောသည်။ တူနီရှား ရုပ်သံ နာဆမ်နှင့် ပြောကြားရာတွင် ဘင်အလီ ကို သူ့နိုင်ငံဉ် ခိုလှုံခွင့် အတွက် ငြင်းဆန် ခဲ့သည်။
“ကျုပ်က သည်သကောင့်သား ဘင်အလီ ကို ခိုလှုံ ခွင့်ပေးရင် တူနီရှား ပြည်သူတွေ အကျိုးကို ဆန့်ကျင်သလို နေမှာပေါ့ ” ဟု ဆိုသည်။

တူနီရှား နိုင်ငံ၏ လူထု အုံကြွှမှု အစသည် အင်တာနက် လူမှု မီဒီယာ များ ဖြစ်သည့် Face Book ၊ Twitter နှင့် Youtube တို့ ကြောင့်ဖြစ်သည်။ ဆိုရှယ် မီဒီယာများသည် တစ်ချိန်က မော်စီတုန်း ပြောခဲ့သည့် ” နိုင်ငံရေး အာဏာဆိုတာ သေနတ် ပြောင်းဝက လာတာ ဆိုသောစကား ကို ချေဖျက် လိုက်ပြီ ဖြစ်သည်။

အီဂျစ် ပြည် သူ ထု အုံကြွှမှု ၂၀၁၁

အီဂျစ် နိုင်ငံ ၏ အာဏာရှင် ဟူစနီ မူဘာရက် ရာထူးမှ နှုတ်ထွက် ရန် အီဂျစ် ပြည်သူများက ဇန်န၀ါရီလ ၂၅ ရက်နေ့ မှ စ၍ မြို့တော် ကိုင်ရို၊ အလက်ဇန္ဒီယား ၊ ဆူးအက်၊ ဂီဇာ၊ တန်တာ နှင့် မိုနိုဖီယာ အပါအ၀င် မြို့ပေါင်း နှစ်ဆယ်ကျော် မှာ စတင် ဆန္ဒပြ ခဲ့ကြသည်။

ဇန်န၀ါရီ လ ၆ ရက်နေ့ က ရဲတပ်ဖွဲ့ က နှိပ်စက် ညှင်းပန်းပြီး အသတ် ခံရသည့် အသက် ၂၈ နှစ် အရွယ် လူငယ် ခါလက် မိုဟာမက် ရှိခ် ကို အကြောင်းပြုပြီး တော်လှန်ရေး စတင် ခဲ့သည်။ တော်လှန်ရေး ကိုလည်း Face Book ရှိ ခါလစ် ရှိတ် စာမျက်နှာတွင်ပင် လူစု ပြီး စတင် ခဲ့ခြင်း ဖြစ်သည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့ တွင် လူငယ် ခြောက် ဦးက မြို့တော် ကိုင်ရို နှင့် အလက်ဇန္ဒြီယား တွင် မိမိ ကိုယ်ကို မီးရှိုပြီး ဆန္ဒပြ ခဲ့သေးသည်။

လက်ရှိအီဂျစ်နိုင်ငံတွင်ဖြစ်ပေါ်နေသောအကျင့်ပျက်ခြစားမှုများ၊ ပြည်သူကို ရက်စက်စွာ စစ်ဆေး နှိပ်စက်မှုများ၊ တိုးမြင့်လာနေသော အလုပ်လက်မဲ့ ပြသနာများကြောင့် လူထု အုံကြွှမှု စခဲ့ရသည်။

အင်တာနက်လှုမှုကွန်ယက်များ မှ တစ်ဆင့်တင်ပြခဲ့သောကြောင့် အီဂျစ်ပြည်သူ ၉၀၀၀၀ ကျော် ဆန္ဒပြု လက်မှတ် ရေးထိုးကြပြီး အစိုးရဆန့် ကျင်သည့် လမ်းပေါ်တက် ဆန္ဒပြမှု ဖြစ်ပွား ခဲ့သည်။

အင်တာနက်လှုမှုကွန်ယက်များကို အသုံးပြုပြီး တက်ကြွသော အစိုးရဆန့်ကျင် ဆန္ဒ ပြသူများက အသုံးပြုပြီး အဓိက ကျသော ကိုင်ရိုလမ်းမကြီးပေါ်တွင် စုရုံး ဆန္ဒပြနိုင်ခဲ့ကြသည်။

အထူးရဲအမြောက်အများအမြောက်အများကိုအသုံးပြုပြီး ဆန္ဒပြသူများကို နှိမ်းနှင်းရန် လက်ရှိ အီဂျစ် အစိုးရက ဆောင်ရွက် စီမံခဲ့သည်။ ယနေ့ မနက်စောစောတွင် ကိုင်ရို အထူး နှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ဆန္ဒပြသူ ၃ဦး သေဆုံးခဲ့ရပြီး၊ ဆန္ဒပြသူ အချို့ အဖမ်း ခံခဲ့ရသည်။ ဆန္ဒပြသူများမှ အထူး ရဲတပ်ဖွဲ့ဝင်များကို ခဲများ၊ ပုလင်းခွံများဖြင့် ပစ်ပေါက် ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် အချို့ ထိခိုက် ဒါဏ်ရာရရှိခဲ့သည်။

တူးနီးရှားမှစတင်ခဲ့သောတော်လှန်ဆန္ဒပြမှုမှသည် အလုပ်လက်မဲ့ပြသနာနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒါဏ် ခံနေကြသော အာရပ် နိုင်ငံများ ဖြစ်ကြသော အယ်ဂျီးရီးယား၊ မော်ရိုကိုနှင့် ယီမင် နိုင်ငံများသို့ပါ ဆန္ဒပြမှုများ ကူးစက် သွားခဲ့ရသည်။

လက်ရှိဆန္ဒပြမှုဖြစ်ပွားနေသောနိုင်ငံများ မှာ ကမ္ဘာ့အကျင့်ပျက်မှု အစိုးရများ စာရင်းတွင် အဆိုးဆုံး ပါရှိသော မြန်မာ နိုင်ငံနိုင်ကဲ့သို့သော နိုင်ငံများ ဖြစ်နေကြသည်။

ယီမင်

ယီမင် နိုင်ငံတွင် လည်း အခြား အာရပ် နိုင်များ ဖြစ်သည့် အယ်(လ)ဂျီးရီးယား၊ တူနီးရှား အီဂျစ် တို့ နည်းတူ တက္ကသိုလ် ကျောင်းသားများ က ဦးဆောင်ပြီး ဆန္ဒပြ ခဲ့ကြသည်။

Ref: Freedom News Group

Read More...

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မြန်မာစစ်အစိုးရကို ဖိအားပေး

ဒေါ်လှလှသန်း
ကြာသပတေး, 27 ဇန်နဝါရီ 2011

ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ UPR ခေါ် လူ့အခွင့်အရေး မှတ်တမ်းတွေကို သုံးသပ်တဲ့ ၉ ကြိမ်မြောက် ညီလာခံမှာ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို လေ့လာသုံးသပ်ပြီး အကြံဉာဏ်တွေ ပေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြ ပေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ UPR ခေါ် လူ့အခွင့်အရေးမှတ်တမ်း ပြန်လည် သုံးသပ်တဲ့ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်း မှတ်ရာနဲ့ ပတ်သက်လို့ ခုခံကာကွယ် ပြောဆိုဖို့ မြန်မာ စစ်အစိုးရရဲ့ ကိုယ်စားလှယ် အဖွဲ့ကို ဒုတိယ ရှေ့နေချုပ် ဒေါက်တာ ဦးထွန်းရှိန် ခေါင်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေး ခံစားခွင့်ကို အာမခံချက် ပေးထားတယ်လို့ အခုလို တင်ပြသွားပါတယ်။

“ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ဒီညီလာခံမှာ တင်ပြဖို့ လာရောက်ခြင်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အရ မြန်မာ နိုင်ငံသားတွေကို ပေးထားတဲ့ ရပိုင်ခွင့်တွေ အကြောင်း တင်ပြဖို့ ဖြစ်ပါတယ်။ အခြေခံ လူ့အခွင့်အရေး အပိုင်းဖြစ်တဲ့ အပိုင်း ၈ မှာ အခြေခံ လူ့အခွင့်အရေး မူတွေက တခြားနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေနဲ့ တန်းတူ ပေးထားပါတယ်။ တရား ဥပဒေရေး အရလည်း ဘက်လိုက်မှုကင်းပြီး တရား မျှတမှုရှိဖို့ အာမခံချက် ပေးထားပါတယ်။”

ဂျီနီဗာ အခြေစိုက် မြန်မာစစ်အစိုးရရဲ့ အမြဲတမ်း ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင် ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အခြေခံပြီး ဒီမိုကရေစီ ဖော်ဆောင်ရာမှာ လမ်းပြမြေပုံရဲ့ အချက် ၆ ချက်ဖြစ်တဲ့ လွှတ်တော်သစ်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရဲ့ တရားမျှတမှုနဲ့ လွတ်လပ်မှု ကိုလည်း သူက အခုလို တင်ပြသွားပါတယ်။

“စုစုပေါင်း လွှတ်တော်အမတ် ၃,၀၆၉ ယောက်တို့ဟာ နိုင်ငံရေးပါတီ ၃၇ ခုအပြင် တသီးပုဂ္ဂလ ထဲက ကိုယ်စားလှယ် တွေလည်း ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ မဲရုံတွေကိုသွားပြီး မဲပေး ခဲ့ကြပါတယ်။ မဲမပေးဖို့ အတွက် အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေလည်း ရှိခဲ့ပေမဲ့ မဲပေးနိုင်သူ လူဦးရေရဲ့ ၇၅.၂၆% က မဲပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ မရှိခဲ့သလို အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတွေလည်း မရှိခဲ့ပါဘူး။”

အမေရိကန် အထူးသံကိုယ်စားလှယ် မစ်စ် အိုင်လင်း ချမ်ဘာလိန် ဒိုနာဟိုး (Ms. Eileen Chamberlain Donahoe) ကတော့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အခုလို တုံ့ပြန် သွားပါတယ်။

“နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ သိပ်ကို စိတ်ပျက် မိပါတယ်။ အဲဒီ ရွေးကောက်ပွဲ တွေဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိသလို နိုင်ငံတကာက ကန့်သတ်ထားတဲ့ စံနှုန်းတွေနဲ့လည်း မကိုက်ညီပါဘူး။ ရွေးကောက်ပွဲ ဖော်ဆောင်မှုဟာလည်း ချို့ယွင်းချက်တွေ လွန်ကဲနေပြီး အခြေခံ လူ့အခွင့်အရေး တွေလည်း ချုပ်ချယ် ကန့်သတ် ထားတာ ဖြစ်ပါတယ်။

“မြန်မာစစ်အစိုးရရဲ့ လက်ရှိ ခေါင်းဆောင်တွေ အာဏာတည်မြဲရေးကိုပဲ အာမခံချက် ရရှိအောင် လုပ်ဆောင် ပေးခဲ့တယ်လို့ မြင်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ယုံကြည်ကိုးစားမှု မရှိသလို ရွေးကောက်ပွဲ ဥပဒေ တွေဟာလည်း မတရားပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဗြောင်ကျကျပဲ ဘက်လိုက်တဲ့ အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်ခွင့် မရခဲ့ကြပါဘူး။” လို့ မစ်စ် ဒိုနာဟိုးက ထောက်ပြသွားပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရကိုလည်း အကြံပေးရာမှာ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင်ပါတီ အဖြစ် အသိအမှတ် ပြုပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် NLD အပြင် တခြား တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အုပ်စုတွေနဲ့ ဖော်ဆောင်ဖို့လည်း အမေရိကန် ကိုယ်စားလှယ်က တိုက်တွန်း သွားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အထူးသံကိုယ်စားလှယ်ဖြစ်တဲ့ ပီတာ ဂွတ်ဒါဟမ် (Peter Gooderham) ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အခုလို ထုတ်ဖော် ပြောကြား သွားပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် စိုးရိမ်မကင်း ဖြစ်မှုတွေ၊ ဥပဒေမဲ့ မတရား ဖမ်းဆီးမှုတွေ၊ အတင်း အဓမ္မ ရွှေ့ပြောင်းခိုင်းမှုတွေ၊ ကလေးစစ်သား စုဆောင်းမှုတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက် ညှဉ်းပန်းမှုတွေ၊ တိုင်းရင်းသားတွေ အပေါ် နှိပ်ကွပ်မှုတွေနဲ့ ကရင် တိုင်းရင်းသားတွေ အပါအ၀င် တခြား တိုင်းရင်းသားတွေ အပေါ် စစ်တပ်က လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေကို ရပ်တန့်ပေးပါ။”

လက်ရှိ အာဆီယံ အသင်းကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ အထူးသံ မစ္စတာ အမ် အန်ရှော (Mr. M Anshor) ကတော့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမှာ အုပ်စုအားလုံးတို့ ပါဝင်နိုင်ဖို့ တိုက်တွန်းခဲ့ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရကို အခုလို အကြံ ပေးသွားပါတယ်။

“လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် အပါအ၀င် လွတ်လပ်တဲ့ သတင်း မီဒီယာတွေကို အာမခံချက် ရရှိဖို့ အတွက် ပြည်တွင်း ဥပဒေတွေကို ပြင်ဆင်ပေးပါ၊ လူ့အခွင့်အရေး အဖွဲ့ကို တသီး ပုဂ္ဂလတွေနဲ့ ဖွဲ့စည်းပြီး ယုံကြည် ကိုးစားမှု အဆင့် ရရှိအောင် မြှင့်တင်ပါ။ နိုင်ငံသားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးတွေ ခံစားခွင့်ရအောင် ဖော်ဆောင်ပါ။ အာဆီယံနဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ ဆက်ဆံရေး မြှင့်တင်ပါ။”

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြဲတမ်း ကာကွယ် ပြောဆိုနေတဲ့ တရုတ် နိုင်ငံကတော့ အနောက် နိုင်ငံက ချမှတ် ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ တိုက်တွန်းခဲ့ပြီး မြန်မာ စစ်အစိုးရကို ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အခုလို တိုက်တွန်း သွားပါတယ်။

“တရုတ်အစိုးရ အနေနဲ့ မြန်မာအစိုးရကို အကြံပေးလိုတာကတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူ့အခွင့် အရေး ဆွေးနွေးပွဲတွေ၊ သင်တန်းတွေကို ကျင်းပ ပေးဖို့ ဆိုတာပါပဲ။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင် ၄၇ နိုင်ငံတို့က အခုလို လူ့အခွင့်အရေး အခြေ အနေတွေကို အလှည့်ကျ သုံးသပ်တဲ့ စနစ်ကို ၂၀၀၆ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တွေကို အခုလို တင်ပြ ဆွေးနွေးခွင့် ရတဲ့ အတွက်ကြောင့်လည်း ဒီချိုးဖောက်မှုတွေ ရပ်တန့်ဖို့ မြန်မာ စစ်အစိုးရကို ကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ ဖိအားပေးခွင့် ရတာလည်း ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ရှုမြင်ကြပါတယ်။


Ref: VOA News

Read More...

အီဂျစ်အစိုးရ ဆန့်ကျင် ဆန္ဒပြမှု အရှိန်မြင့်လာ

ကြာသပတေး, 27 ဇန်နဝါရီ 2011

သောကြာနေ့ ၀တ်ပြုဆုတောင်းပွဲ အပြီးမှာ ဆင်နွှဲဖို့ စီစဉ်ထားတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အီဂျစ် နိုင်ငံက Muslim Brotherhood လို့ခေါ်တဲ့ အကြီးမားဆုံး အတိုက်အခံ အုပ်စုက ပူးပေါင်း ပါဝင်မယ်လို့ ပြောလိုက် ပါတယ်။

သမ္မတ မူဘာရက် (Hosni Mubarak) ရဲ့ နှစ် ၃၀ ကြာ အုပ်ချုပ်ရေး အဆုံးသတ်ဖို့ အတိုက်အခံ အဖွဲ့ငယ်တွေ က ဦးဆောင်တဲ့ ဆန္ဒပြပွဲ တွေဟာ ပြီးခဲ့တဲ့ ၃ ရက် အီဂျစ်နိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွား ခဲ့ပါတယ်။

အစိုးရက ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဘာမှ အရေးယူ ဆောင်ရွက်မှု မရှိခဲ့တာ ရက် အတော် ကြာလာခဲ့တာ ကြောင့် အခုလို ပူးပေါင်း ပါဝင်မှာ ဖြစ်တယ်လို့ Muslim Brotherhood အဖွဲ့က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ပြောထားတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က စခဲ့တဲ့ မငြိမ်မသက်မှုတွေမှာ လူ ၅ ယောက် သေဆုံးခဲ့ပြီး လူ ၈၀၀ လောက် ထိန်းသိမ်း ခဲ့တယ်လို့ အစိုးရက ပြောကြား ပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ အဖမ်းခံရသူ ၂,၀၀၀ ကျော်တယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်းမှာတော့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီရဲ့ ယခင် အကြီးအကဲလည်း ဖြစ်ခဲ့တဲ့ မိုဟာမက် အယ်လ်ဘာရာဒီ (Mohamed ElBaradei) က ကိုင်ရိုမြို့ကို ပြန်သွား ခဲ့ပါတယ်။ သူဟာ အီဂျစ်နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ခေါင်းဆောင်နေရာကို ရရှိ လာနေပါတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက် နည်းလမ်းတွေနဲ့ မနှိမ်နင်းဖို့ သူက အီဂျစ်အစိုးရကို သတိပေး လိုက်ပါတယ်။

Ref: VOA News

Read More...

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရေး အလွယ်တကူ မဖြစ်နိုင်

နော်ရှိုး
ကြာသပတေး, 27 ဇန်နဝါရီ 2011

မြန်မာစစ်အစိုးရအပေါ် အနောက်နိုင်ငံ အစိုးရတွေက စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ ကိစ္စကို ရုပ်သိမ်း ပေးရေးနဲ့ ပတ်သက်ပြီး မကြာသေးခင်က ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေကြား တောင်းဆိုမှုတွေ ရှိသလို ပြီးခဲ့တဲ့အပတ် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ အင်ဒိုနီးရှားမှာ တွေ့ကြတဲ့ အခါမှာလည်း ထပ်မံ တောင်းဆို ခဲ့ကြပါတယ်။ မြန်မာ စစ်အစိုးရ အပေါ် ပိတ်ဆို့ ဒဏ်ခတ် ထားတာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရတွင်းမှာ လက်ရှိ ဘယ်လို သဘောထားတွေ ရှိနေပါသလဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး နော်ရှိုးက စုံစမ်းမေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ် နိုင်ငံတကာက ထားရှိတဲ့ မူတွေနဲ့ ပတ်သက်ပြီး ဒီနောက်ပိုင်း အများက အာရုံ စိုက်နေတဲ့ ကိစ္စ တခုက မြန်မာ စစ်အစိုးရ အပေါ် အနောက် နိုင်ငံတွေက ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ ကိစ္စပါ။ ဒီအပေါ်မှာလည်း အမြင်တွေက အမျိုးမျိုး ရှိနေကြပါတယ်။ စစ်အစိုးရ ကတော့ မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျတာ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့်လို့ အပြစ် ဖို့ပါတယ်။ ဒါကို တချို့က မြန်မာနိုင်ငံ စီးပွားရေး ပြဿနာက ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် မဟုတ်ဘဲ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတာကြောင့် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်ထိန်းထားသင့်တယ်လို့ ပြောပါတယ်။

တဘက်မှာ တချို့က ပိတ်ဆို့ဒဏ်ခတ်မှုဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှေ့ဆက်သွားဖို့ အဟန့် အတား ဖြစ်တယ်၊ ပိတ်ဆို့ ဒဏ်ခတ်မှုဟာ အပြောင်းအလဲ အတွက် ထိရောက်မှု မရှိဘူးဆိုပြီး ရုပ်သိမ်း သင့်တယ်လို့ တောင်းဆို နေကြပါတယ်။

မကြာသေးခင်က ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေက ပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ တိုင်းရင်းသား ဒေသတွေမှာ ကုန်သွယ်ရေး၊ နည်းပညာ ဖွံ့ဖြိုးရေးတွေ အတွက် အခက်အခဲ ဖြစ်စေတယ် ဆိုပြီး ရုပ်သိမ်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ တခါ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ ပြီးခဲ့တဲ့အပတ် အင်ဒိုနီးရှားမှာ တွေ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာ၊ ရွေးကောက်ပွဲ ကျင်းပခဲ့တာဟာ တိုးတက်မှုဖြစ်တယ် ဆိုတာကို ထောက်ပြပြီး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆို ခဲ့ပါတယ်။

ဒီတော့ ဒီ ပိတ်ဆို့ ဒဏ်ခတ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ လက်ရှိ သဘောထား ဘယ်လိုရှိသလဲ ဆိုတာကို သိရအောင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့ အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်း (Joseph Yun) ကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အမေရိကန်က မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်တာနဲ့ ပတ်သက်ပြီး ပြောဆို သံတွေ အမျိုးမျိုး ရှိနေပါတယ်။ တချို့ကျတော့လည်း အမေရိကန် အစိုးရ အနေနဲ့ ဘယ်အခြေအနေမျိုး ရှိပြီဆိုရင် ပိတ်ဆို့ ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးမယ် ဆိုပြီး သတင်း မီဒီယာတွေထဲမှာ ရေးတာကိုလည်း တွေ့ရပါတယ်။ ဒါကို ဘယ်လို တုံ့ပြန်ချင် ပါသလဲ။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ တရားဝင် တုံ့ပြန်တာ မရှိသေးပါဘူး။ စဉ်းတော့ စဉ်းစား ရပါလိမ့်မယ်။ ပိတ်ဆို့ ဒဏ်ခတ်မှု တခုစီကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို လွှတ်တော်နဲ့ ဆုံးဖြတ်ရမှာပါ။ ဒါကို ဆောင်ရွက်ရတာ အင်မတန် ခက်ခဲ ရှုပ်ထွေးတဲ့ ကိစ္စပါ။ ပိတ်ဆို့ ဒဏ်ခတ်မှု ကလည်း တခုတည်း မဟုတ်ဘူး ဆိုတော့ တခုခုလုပ်ဖို့ ဆိုရင် လွှတ်တော်မှာ အဆင့်ဆင့် ဆွေးနွေး ငြင်းခုံရဦးမှာ ဖြစ်သလို သမ္မတဆီက ညွှန်ကြားချက်လည်း လိုပါတယ်။ အင်မတန် ရှုပ်ထွေးတဲ့ ကိစ္စပါ။ ဒီအချက်တွေ ပြည့်မီရင် ရုပ်သိမ်းပေးမယ်လို့ လွယ်လွယ်နဲ့ ပြောလို့မရပါဘူး။”

လာမယ့် တနင်္လာနေ့၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ကျရင် ပထမဦးဆုံး လွှတ်တော်ခေါ်တော့မယ် ဆိုတော့ အခုလို အပြောင်း အလဲ ဖြစ်လာမယ့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း သစ်ကိုရော အမေရိကန် အစိုးရ အနေနဲ့ ဘယ်လို ဆက်လက် ကိုင်တွယ်ဖို့ သဘောထား ရှိပါသလဲ။

“အစိုးရသစ်တော့ မဖွဲ့ရသေးဘူး ထင်ပါတယ်။ တနင်္လာနေ့ကျရင် ပါလီမန်ခေါ်မယ်ဆိုတာ သိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လက်ရှိ အမေရိကန် အစိုးရ သွားနေတဲ့ ဖိအားပေးတာရော၊ ထိတွေ့ ဆက်ဆံတာရော တပြိုင်တည်း လုပ်တဲ့ မူကိုပဲ ဆက်ပြီး ကျင့်သုံး သွားဦးမှာပါ။ ပိတ်ဆို့ ဒဏ်ခတ်မှု ချမှတ် ထားနေတဲ့ တချိန်တည်းမှာပဲ အရင်နှစ်က လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) သွားခဲ့တယ်။ နောက် ကျနော်သွားတယ်။ အာဆီယံနဲ့လည်း ကျနော်တို့ကြား ရှိခဲ့တဲ့ အစည်းအဝေးတွေတိုင်း ဆွေးနွေး ဖြစ်ပါတယ်။”

အဲဒီလို သမ္မတ အိုဘားမား အာဏာရလာတဲ့ အခါမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သုံးသပ်ထားတယ် ဆိုတဲ့ မူအပေါ်မှာ ပြန်ပြီး သုံးသပ်ဖို့ ပြောဆို နေသံတွေလည်း ကြားနေရပါတယ်။ အဓိက ထောက်ပြကြတာက သမ္မတ အိုဘားမား ပြန်လည် သုံးသပ်ထားတဲ့ မူမှာ အချိန် သတ်မှတ်ချက် မရှိဘူး၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ အခါ ဘယ်အချိန်မှာ လွှတ်ပေးရမယ် ဆိုတဲ့ အချက်တွေ မပါဘူးဆိုပြီး ထောက်ပြကြပါတယ်။ အခု မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူတွေမှာ အမေရိကန် အစိုးရ အနေနဲ့ ပြန်လည် သုံးသပ်တာတွေ ရှိနေပါသလား။

“အချိန်တိုင်း ဘယ်အချိန်မှာမဆို ကျနော်တို့က ကျနော်တို့ရဲ့မူကို အမြဲ ပြန်လည် သုံးသပ် တတ်ပါတယ်။ ဒီမူကို အကောင်ထည်ဖော် ဆောင်ရွက်နေတာ လက်ရှိ အခြေအနေနဲ့ ဆီလျော်မလား၊ မဆီလျော်ဘူးလား ဆိုတာ အမြဲ ဆန်းစစ်ပါတယ်။ နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု ရှိမရှိ အမြဲ ဆန်းစစ်တာက ကျနော်တို့ရဲ့ လုပ်နေကြ စံချိန်စံနှုန်း ဖြစ်ပါတယ်။”

ဒါနဲ့ တဆက်တည်းမှာပဲ မစ္စတာယွန်းက ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး ပထမဦးဆုံး အဆင့်မြင့် အမေရိကန် အရာရှိတဦး အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့် ရရှိခဲ့တယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ အခါမှာ အမေရိကန် အစိုးရ အနေနဲ့ ဘယ်လို သဘောထားရှိတယ် ဆိုတာကို ပြောခဲ့ပါသလဲ၊ ဒေါ်အောင်ဆန်းစုကြည် ကရော မစ္စတာယွန်းကို ဘာတွေများ ပြောခဲ့ပါသလဲ။

“ကျနော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်လို့ပါ။ ယေဘုယျအားဖြင့် လက်ရှိ အခြေအနေ အပေါ် သူ့ရဲ့ အမြင် ဘယ်လိုရှိသလဲ ဆိုတာ သိချင်လို့ပါ။ တခြား အသေးစိတ်ကိုတော့ ကျနော် မပြောချင် သေးပါဘူး။”

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တခြား စစ်အစိုးရ အရာရှိတွေနဲ့ တွေ့တဲ့ အခါရော ဘာတွေများ ဆွေးနွေး ဖြစ်ခဲ့ပါသလဲ။

“ကျနော်တို့ ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ပွင့်လင်းတဲ့ သံတမန် ဆက်ဆံရေး ဖလှယ်မှု ဖြစ်ပါတယ်။ ဒီလောက်ပဲ ကျနော် ပြောပါရစေ။”

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်း ပြောသွားတာ ဖြစ်ပါတယ်။

သူပြောသွားတဲ့ အတိုင်းပဲ အမေရိကန် အစိုးရ အနေနဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေး ကိစ္စကို ဆောင်ရွက်ဖို့ အတွက် အဆင့်ဆင့် ဆွေးနွေး ငြင်းခုံကြရဦးမှာ ဖြစ်ပါတယ်။ တောင်အာဖရိက နိုင်ငံကို ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ ကိစ္စ ပြန်ကြည့်မယ် ဆိုရင်လည်း မစ္စတာ မင်ဒဲလား အာဏာရလာပြီး ၂ နှစ်ပတ်ဝန်းကျင်လောက်မှ ပိတ်ဆို့ ဒဏ်ခတ်မှုကို ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်တာမို့ မြန်မာ စစ်အစိုးရ အပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဘယ်အချိန် ရုပ်သိမ်းမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

နအဖအရာရှိနှင့်တပ်သား အပြန်အလှန်ပစ်သတ်

Thursday, 27 January 2011

မြောက်ပိုင်း SSA နယ်မြေနှင့် ကပ်လျက်လှုပ်ရှားသည့် နအဖ အရာရှိနှင့် တပ်သား အပြန်အလှန် ပစ်ခတ်ရာ ဗိုလ်ကြီးနှင့် တပည့် ဖြစ်သူ ရဲဘော် တပ်သား သေဆုံးကြောင်း စုံစမ်း သိရှိရပါသည်။

“ကင်းစောင့်ပြီးပြန်လာတဲ့ ရဲဘော် ဘာကို မကျေနပ်ထားတာလဲ မသိဘူး။ ပြန်ရောက် လာတော့ အရာရှိ တချို့နဲ့ မြေပုံ ကြည့်နေတဲ့ စစ်ကြောင်းမှူးကို စပစ်တာ။ အဲဒီဗိုလ်ကြီးလဲ ဘယ်ဘက်လက်နဲ့ မျက်ခုံး တဖက်မှာ ထိသွားတယ်” - ဟု အဆိုပါ တပ်နှင့် နီးစပ်သူ တဦးက ပြောပြပါသည်။

၂၀၁၁ ဂျန္န၀ါရီ ၂၅ ရက် ၁၅း၃၀ နာရီတွင် ရဲဘော်သိန်းဇော် ဆိုသူက ကင်းစောင့် တာဝန် ပြီးဆုံးပြီး တပ်စခန်းတွင်း ပြန်ဝင်လာ ခဲ့ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်မြတ်စိုးနှင့် အရာရှိအချို့ မြေပုံ ကြည့်နေသည်ကို တွေ့သည်နှင့် ရဲဘော် သိန်းဇော် က စစ်ကြောင်းမှူးအား MA 1 နှင့် ပစ်ခတ် ခဲ့သောကြောင့် ဗိုလ်ကြီး အောင်မြတ်စိုး လက်မောင်း၌ ထုတ်ချင်းပေါက် ဖောက်ဝင်သွားကြောင်း နီးစပ်သည့် ဆေးဝန်ထမ်း တဦးကလည်း ဤကဲ့သို့ ပြောပြပါသည်။

“အဲ့မှာရှိနေတဲ့ စစ်သားတွေ ရဲဘော် သိန်းဇော်ကို သေနတ်ချိန်ပြီး လက်နက်ချဖို့ အော်ဟောက်ကြ အဲဒီ အချိန်မှာ ဗိုလ်ကြီး အောင်မြတ်စိုးက ပစ္စတို ထုတ်ပြီး ပစ်ထည့် လိုက်တော့ အရှိုက်ထိ ပွဲချင်းပြီး သေတာဘဲ” - ဟု ဆို၏။

အခင်းဖြစ်ပွားပြီး ထိုနေ့ည ၂၀း၀၀ နာရီ တွင် စစ်ကြောင်း တခုလုံး မိုင်းနောင်သို့ တပ်ရုပ် ပြန်သွား ခဲ့သည်ဟု ဆို၏။

မိုင်းနောင် အခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ကြီးအောင်မြတ်စိုး ဦးဆောင်သော စစ်ကြောင်းသည် ဒေသခံ လူထုအား မတရား ညှင်းပမ်း နှိပ်စက်မှု အပြင် ကြက်၊ ၀က်၊ ဘဲ၊ နွားများ မကြာခဏ ဆင့်ဆို ခဲ့သည်ဟု ဆို၏။

တိုက်ပွဲအတုများလည်း ဖန်တီး၏။ အပတ်စဉ်၊ လစဉ် အစီရင်ခံစာ၌လည်း အထက်သို့ အကြောင်း အမျိုးမျိုး မရိုးနိုင်အောင် လိမ်လည် အစီရင်ခံ တင်သည်ဟုလည်း ၎င်းနှင့် နီးစပ်သည့် အသိုင်း အ၀ိုင်းက ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဝန်ကြီးများ ရာထူးမှမထွက်ဘဲ လွှတ်တော်တက်မည်

ခင်ဦးသာ
Thursday, 27 January 2011

စစ်အစိုးရအဖွဲ့၌ လက်ရှိတာဝန် ထမ်းဆောင် နေကြသော အစိုးရ အဖွဲ့ဝန်ကြီးများသည် လက်ရှိရာထူးများကို မနုတ်ထွက်ဘဲ လွှတ်တော် တက်ကြမည်ဟု သိရသည်။

“ရက်က နီးကပ်နေပြီဆိုတော့ ဒီအတိုင်းပဲ လွှတ်တော်တက်ကြမှာပါ။ လာမယ့် အစိုးရ သစ်အတွက်တော့ ဖွဲ့စည်းပုံ အတိုင်းပဲသွားမှာပါ” ဟု ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ဧရာဝတီကို ပြောသည်။

ဦးခင်ရွှေသည် စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့်အပြင် လာမည့်အစိုးရသစ်အတွက် သမ္မတရာထူးနေရာ တစ်ပြေးနေသော စစ်အစိုးရ၏ နံပါတ် ၃ အဆင့်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သူလည်းဖြစ်သည်။

လွှတ်တော်မတိုင်မီ လက်ရှိဝန်ကြီးများအားလုံးသည် ရာထူးများစွန့်လွှတ်၍ လွှတ်တော်တက်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ကြားဖြတ်အစိုးရသစ်တရပ် ပေါ်လာမည်ဟုလည်း အတည်မပြုနိုင်သော သတင်းများ ထွက်နေသည်။

သို့ရာတွင် ဦးခင်ရွှေက “လတ်တလောမှာတော့ ကြားဖြတ်အစိုးရ ပေါ်မယ့် အသံမကြားသေးပါဘူး” ဟု ဆိုသည်။

နှစ်ပေါင်း ၂၂ နှစ်တာ ကာလအတွင်း ပထဆုံး ခေါ်ယူမည့် လွှတ်တော်အား ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို နေပြည်တော်၌ ကျင်းပမည် ဖြစ်သည်။

လာမည့် အစိုးရသစ်တွင် သူရဦးရွှေမန်းသည် သမ္မတ ရာထူး တစ်ပြေးနေသကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်များထဲမှ ဦးခင်ရွှေသည်လည်း ဒုတိယ သမ္မတ တဦးအဖြစ် သတင်းများထွက်ပေါ် နေခြင်းအပေါ် ဦးခင်ရွှေက “ဒါတွေက နိုင်ငံတော်က လုပ်ဆောင်ရမယ့် ကိစ္စတွေပါ။ ကျနော်က စီးပွားရေးသမားဆိုတော့ ဒီရာထူးတွေထက် စီးပွားရေးကိုပဲ ပိုပြီး စိတ်ဝင်စား ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော်မတိုင်မီ နောက်ဆုံးအစည်းအဝေးကို နေပြည်တော်၌ မနက်ဖြန်တွင် ကျင်းပမည်ဟု သိရသည်။

ထိုအစည်းအဝေးမှ လွှတ်တော်အတွက် တာဝန်ယူမည့် ရာထူးများ၊ အစိုးရသစ်အတွက် တာဝန်များကို ရွေးချယ်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက “ပါတီရဲ့ အစည်းအဝေးက ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြမှာပါ။ ကျနော်လည်း သေသေချာချာ တော့မသိသေးဘူး” ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီ၏ အစည်းအဝေးသို့ ရွေးကောက်ခံ ပါတီဝင်ကိုယ်စားလှယ် အားလုံး တက်ရောက်ကြမည်ဟု သိရသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် လွှတ်တော်တက်ရမည့် ကိုယ်စားလှယ်များသည် ယနေ့မှစ၍ ၂၉ ရက်နေ့အထိ နေပြည်တော်သို့ ရောက်ရှိသတင်းပို့ပေးရမည် ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအလိုက် သတ်မှတ်ချိန် အတိအကျ သတင်းပို့ရမည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို သက်ဆိုင်ရာ ဒေသ မြို့တော်များ၌ ကျင်းပမည် ဖြစ်သည်။

နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေးများတွင် ဒုတိယ သမ္မတ ၃ ဦးအဖြစ် စစ်တပ်ကိုယ်စားလှယ် တဦး၊ ရွေးကောက်ခံ အရပ်သားများထဲမှ ၂ ဦးတို့ကို ရွေးချယ်ကြမည်ဖြစ်ပြီး လွှတ်တော်၏ သဘာပတိ၊ ဥက္ကဋ္ဌ ရာထူးများကိုလည်း ရွေးချယ်ကြမည် ဟု ဦးခင်ရွှေကပြောသည်။

ဒုတိယ သမ္မတ ၃ ဦးထဲမှ တဦးအား သမ္မတ အဖြစ် တင်မြှောက်ရမည်ဖြစ်ပြီး သမ္မတသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအမြင် ရှိရမည် ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဆိုထားသည်။

Ref: ဧရာဝတီ်

Read More...

မင်းတြားကြီး သန်းရွှေနဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၂)

Wednesday, 26 January 2011

ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဆိုတာ ယဉ်ကျေးတဲ့ လူအဖွဲ့ အစည်းတိုင်းရဲ့ပြဋ္ဌာန်းချက်ပါ။ ဒါပေမယ့် စစ်ထောက်လှမ်းရေးမှူး ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အပါအ၀င် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တွေကို လာဘ်စားမှု၊ အာဏာ အလွဲသုံးစား လုပ်မှုတွေနဲ့ စွပ်စွဲလို့ ဖမ်းဆီးအပြီး တပ်မတော် ထိပ်တန်း ခေါင်းဆောင် နံပါတ် ၃ နေရာကို အရှင်မွေးတော့ နေချင်း ညချင်းကြီးကာ ရောက်လာသူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း က ဒီစကားကို ပြောတော့ လူတွေက ကောက်ချက်ချကြတယ်။ “အပြောကတော့ ရွှေမန်း” တဲ့။ အခုလာမယ့် အစိုးရ အသစ်မှာလည်း သမ္မတလား၊ လွှတ်တော် ဥက္ကဋ္ဌလား။ ရှေ့တန်းက သတင်း ပြေးနေပါတယ်။ ဘာပဲဖြစ်ဖြစ် ပစ္စည်း ဥစ္စာ ပိုင်ဆိုင်မှုကတော့ အတိအလင်း ကြေညာရမှာပါ။ ကြေညာသည် ဆိုဦးတော့ အပြော လောက်နဲ့တင် မပြီးပါ။ မှတ်ကျောက် အတင် ခံဖို့တော့ လိုပါတယ်။ အခုထက်ထိတော့ သူရ ဦးရွှေမန်းကို အက ကတော့ ချိုမိုင်မိုင် လောက်ပဲလို့ ပြောဆို သံတွေသာ ဆူညံနေရဲ့။

သူရ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)

၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကြီးကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းတုန်းက ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင် သူပုန်တွေကို တိုက်ရာမှာ အစွမ်း ပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူး ဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ် မှာ ဗိုလ်မှူးချုပ် အဆင့် တိုးမြှင့်ခံရပြီး ရန်ကုန် လုံခြုံရေးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူး ဖြစ်လာတယ်။ နောက်တနှစ် အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အနောက်တောင်တိုင်း တိုင်းမှူး ဖြစ်လာပြီး နအဖ စစ်ကောင်စီရဲ့ ယာယီ အဖွဲ့ဝင် ဖြစ်လာတယ်။ ၂၀၀၀ ပြည့်နှစ် မှာတော့ ဗိုလ်ချုပ် အဖြစ် ရာထူး တိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်း လိုက်နာပြီး အောင်မြင်အောင် အကောင်အထည် ဖော်ပေးတတ်တဲ့ သူရ ဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက မျက်စိ ကျသလို ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက် ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင် ပြုစု တတ်တော့ အရှင် မွေးတော့ နေ့ချင်း ကြီးတော့တာပါပဲ။ ဒေါ်ခင်လေးသက် အောက်သက် ကြေပုံကတော့ ဗိုလ်ချုပ်မှူးကြီး မြေးအစဉ် အဆက်ကို ထိန်းပေး ခဲ့သလို၊ သမီးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှု ကိစ္စတွေကို မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့ အတွင်းသိ တချို့ကတော့ ပြောကြတယ်။

တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက် အဆင့်နဲ့ လုပ်စရာ မလိုတဲ့ ကိစ္စတွေပါ။ ဒါပေမယ်လည်း ယောက်ျား တက်လမ်း၊ ဘ၀ တက်လမ်း အတွက် မောင်တထမ်း မယ်တရွက် ဆိုသလို အစွမ်းကုန် စွမ်းဆောင် ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန် ချထားခြင်း ခံရပြီး တပ်မတော် သမိုင်းမှာ တခါမှ မရှိဘူး သေးတဲ့ ရာထူးအသစ် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး အဖြစ် ခန့်ထားခြင်း ခံရပါတယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ဘယ်မျှ ရှိတယ် ဆို တာ တိတိကျကျ မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး တို့ရဲ့ အမိန့်တွေကို အကောင်အထည်ဖော် ကြီးကြပ်ရတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ဆိုကြတယ်။ ဒါပေမယ့် တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလို့ အားလုံး က သိကြတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိ ယုံသလဲဆိုတော့ တပ်အပေါ် သြဇာအရှိဆုံး တယောက် ဖြစ် တဲ့ စစ်တပ်ကို ပိုက်ဆံ ရှာပေးနေရတဲ့ ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် စစ်ထောက်ချုပ် ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အေးနဲ့ တွဲပြီး၂၀၀၈ မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူဖို့ မြောက်ကိုရီးယားကို စေလွှတ်ခြင်း ခံခဲ့ရတယ်။

ဗိုလ်ချုပ်ကြီး ရွှေမန်းကလည်း တပ်အသိုင်းအ၀န်း အတွင်းမှာ လူရှိန်အောင် စမတ်ကျကျ နေတတ်တယ်၊ အနေအထိုင် ဟော့ဟော့ ရမ်းရမ်းမရှိ၊ အသောက်အစားကလည်း လူကြီး လူကောင်း ဆန်ဆန်။ တပ်ထဲမှာဆိုရင် တခြားဗိုက်ပူ ဗိုလ်ချုပ်တွေနဲ့ မတူဘဲ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနဲ့ သူ့ကို စမတ်ကျတယ်ဆိုပြီး အမှတ်ပေးကြတယ်။ ဘယ်လောက်တောင် စမတ်ကျသလဲ ဆိုရင် တခြား ဗိုလ်ချုပ်တွေလို မိန်းမ ကြိုက်တတ် တာကိုတောင် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး မသိဘူးလို့ ပြောရမယ်။

စစ်သား စစ်ဗိုလ်ဆိုတာ မိန်းမကိစ္စနဲ့ မကင်းတာ ဓမ္မတာပါပဲ၊ ဒါပေမယ့် သူ့ရှေ့က မျိုးချစ် ဗိုလ်ချုပ်ကြီးတွေနဲ့ မတူတာကတော့ သူရ ဦးရွှေမန်း က နိုင်ငံတကာ အမြင် ပိုရှိတယ်လို့ ဆိုရမယ်။ နီးစပ်သူတွေရဲ့ အဆိုအရတော့ ဦးရွှေမန်းဟာ ပြည်တွင်း ဖြစ်ထက် ထိုင်းနဲ့ အနောက်တိုင်း သူတွေကိုမှ ပိုပြီး အာသီသ ရှိသတဲ့၊ ဆက်သွယ်ရေး လမ်းကြောင်းကတော့ သူ့သား အောင်သက်မန်းရဲ့ ဆရာ ဦးတေဇ ပါပဲ၊ အဲပုဂံ နဲ့ ဘန်ကောက်က သွားပင့်လာပြီး ရန်ကုန်က ထိပ်တန်း ဟိုတယ်ကြီးတွေမှာ ပျော်ပါးသတဲ့။

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့ အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါး စိုက်ပျိုးရေးနဲ့ နိုင်ငံခြားတင်ပို့ရေး ကဏ္ဍတွေမှာ ခေတ် မီ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံ စီးပွားထက် စာရင် မိသားစု အကျိုးစီးပွားက ပိုများနေမလားပဲ။ တကယ်တမ်း လည်း သူရဦးရွှေမန်း အနောက်တောင် တိုင်းမှူး ဖြစ်စဉ် တုန်းကတည်းက သားကြီး သြရသ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့် လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်း ဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။

အောင်သက်မန်းရဲ့ ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခု အချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာ လုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီ တင်သွင်း ရောင်းဝယ်ခြင်း လုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။ နီးစပ်သူ တယောက်ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။

မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ် လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက် အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။

တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက် အသွယ် ကောင်းကောင်း ရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာ ကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့ သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။ ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ ပုဂ္ဂလိက ပိုင်ပြုရေး၊ နိုင်ငံ စီးပွား စီမံခန့်ခွဲမှုကို လူတွေက ခနဲ့ကြတယ်။ “အဖေနှင့် သားများ ကုမ္ပဏီ” တွေ ကြီးစိုးတဲ့ ခေတ်တဲ့။ အာဏာရှိတဲ့ အဖေတွေက သားသမီးတွေကို ကုမ္ပဏီ ထောင်ခိုင်းပြီး လုပ်ပိုင်ခွင့် လိုင်စင်တွေ ဖောဖောသီသီ ချပေးမှတော့ ဒီမိသားစုတွေမှ မကြီးပွားရင် ဘယ်သူ ကြီးပွားတော့မှာတုန်းတဲ့။

လတ်တလောပြီးဆုံးသွားပြီဖြစ်တဲ့ နအဖ စစ်ကောင်စီရဲ့ အစည်းအဝေးက ထွက်လာတဲ့ သတင်းအရ သူရ ဦးရွှေမန်း လွှတ်တော် ဥက္ကဋ္ဌ တာဝန် ယူရမယ်လို့ ဆိုတယ်။ လွှတ်တော် ဥက္ကဋ္ဌ ကြီး အနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှု စာရင်းကို ကြေညာတဲ့အခါ “ကျနော့် သားတွေ ပိုင်တာ ကျနော်ပိုင်တာ မဟုတ်ဘူး”လို့ အရူးကွက် နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။ ။

နောက်လာမယ့် အပိုင်း (၃) မှာ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟ သူရ တင်အောင်မြင့်ဦး အကြောင်း တင်ပြ ပါဦးမယ်။ စောင့်မျှော် အားပေးကြပါကုန်။

Ref: ဧရာဝတီ်

Read More...

Thursday, January 27, 2011

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၂)

January 20, 2011

တင်ကျော်ကျော်စိုး။ ။

တူနီးရှား နိုင်ငံ၏ သမိုင်းကြောင်း

နိုင်ငံကာတွင် နာမည် သိပ်မကြီး လှသော်လည်း ကမ္ဘာကျော် Star Wars ရုပ်ရှင် ဇာတ်ကားများ၊ English Patient၊ Sahara စသည့် ဇာတ်ကားများ မှာ တူနီးရှား နိုင်ငံတွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အာဖရိက နှင့် အာရပ်ကမ္ဘာ မှ လွဲ၍ အခြား နိုင်ငံများ တွင် မူ တူနီးရှား နိုင်ငံ သည် လူသိများခြင်း သိပ်မရှိသည့် မြောက်အာဖရိက နိုင်ငံတစ်ခု ဖြစ်သည်။ ကာသေ့ ယဉ်ကျေးမှု ၏ ဘူမိနက်သန် နေရာ ဖြစ်သောကြောင့် ယခုတိုင် ကာသေ့ မြို့ပြ နိုင်ငံ၏ ယဉ်ကျေးမှု အမွေ အနှစ် များကို ယူနက် စကို၏ စောင့်ရှောက်မှုဖြင့် တွေ့ရှိနိုင်သည်။ နိုင်ငံသာ ငယ်သော်လည်း ကာသေ့ မြို့ပြ ယဉ်ကျေးမှု အမွေ အနှစ် များကို ရှုမျှော်မဆုံး တွေ့နိုင်သည်။

ဘီစီ ၁၁၀၀ တွင် ဖိုနီးရှန်း လူမျိုး တို့  အာဖရိက မြောက် ပိုင်း တွင် အခြေချ ခဲ့ရာမှ ကာသေ့ မြို့ပြ နိုင်ငံများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဘီစီ ၁၄၆ တွင် ရောမတို့ ကျူးကျော် ခံရပြီးနောက် နာမည်ကျော် တတိယ ပြူးနစ် စစ်ပွဲ (Battle of Carthage ၁၄၉ ဘီစီ ) ဖြစ်ပွားပြီးနောက် ကာသေ့ တို့၏ အဆောက်အဦများ ယဉ်ကျေးမှု များမှာ ရောမ အင်ပါယာ လက်အောက် ကျရောက်ကာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။


ရောမခေတ် မတိုင်မှီက နိုင်းမြစ်ဝှမ်း နှင့် မြေထဲပင် လယ်အကြား နေထိုင်ပြီး အာဖရိက မြောက်ပိုင်းတွင် ကျင်လည် ကျက်စားသည့် ဘာဘာလူမျိုး တို့သည် ယခု တူနီရှန်း တို့၏ ဘိုးဘေး ဘီဘင်များ ဖြစ်သည်။ (ပြင်သစ်ဘောလုံးသမား ဇီဒန်း သည် ဘာဘာ လူမျိုး ဖြစ်သည်)

ခရစ် သက္ကရာဇ် ၆၀၀ တွင် အာရပ် တို့  တူနီးရှားကို သိမ်းသွင်း ပြီး နောက် ဘာဘာတို့ ကစဥ့်ကလျှား ဖြစ်သွားခဲ့ရ ပြန်သည်။ ၁၆၀၀ တွင် အော်တိုမန် အင်ပါယာ လက်အောက်သို့ ကျရောက် သွားခဲ့သည်။

၁၈၈၃ ခုနှစ် တွင် ပြင်သစ် တို့က တူနီရှား နိုင်ငံကို သိမ်းပိုက် ခဲ့သည်။ ၁၉၃၄ ခုနှစ် တွင် ဟာဘစ် ဘိုဂီဘာက နီယို ဒေါ်စတာ ပါတီကို တည်ထောင်ပြီး တူနီးရှား နိုင်ငံအား ပြင်သစ် လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်း ခဲ့သည်။

၁၉၅၆ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် တူနီရှား နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။ လွှတ်လပ်ရေး ကြိုးပမ်းမှု၏ ခေါင်းဆောင် ဟာဘစ် ဘိုဂီ ဘာက ၀န်ကြီးချုပ် အဖြစ် တာဝန်ယူသည် ။ နောက် တစ်နှစ်တွင် ဘုရင် စနစ်ကို ဖျက်သိမ်း ပြီးနောက် ဘိုဂီဘာ သမ္မတ ဖြစ်လာသည်။]

၁၉၈၀ ပြည့်လွန် နှစ် များ တွင် PLO အပါအ၀င် ပါလက် စတိုင်း လွတ်မြောက်ရေး အဖွဲ့အစည်း များကို ပါလက်စတိုင်းတွင် အခြေစိုက်ခွင့် ပေးသည်။ ပါလက်စတိုင်း ခေါင်းဆောင် ယာဇာ အာရဖတ်သည် တူနီးရှားတွင် နှစ်အတန်ကြာ နေထိုင်ခဲ့သည်။

၁၉၈၅ တွင် အစ္စရေး ကွန်မန် ဒို များက မြို့တော် တူနစ်ရှိ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ (PLO) ဌာနချုပ်ကို ၀င်ရောက် စီးနင်းရာ လူခြောက်ဆယ်ကျော် သေဆုံး ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် ၀န်ကြီးချုပ် ဘင်အလီ က သမ္မတ ဖြစ်သူ ဟာဘစ် ဘိုဂါဘီသည် နိုင်ငံကို အုပ်ချုပ် နိုင်စွမ်း မရှိတော့ဟု အကြောင်းပြကာ အာဏာ သိမ်းယူခဲ့သည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် အမေရိကန် ၏ အကြမ်းဖက် တိုက်ဖျက်ရေး စစ်ပွဲဉ် အမေရိကန် လေယာဉ်များ ဆင်းသက်ခွင့်ကို တူနီရှား နိုင်ငံတွင် ခွင့်ပြုထားပြီး အမေရိကန် နှင့် ဆက်ဆံရေး ကောင်းခဲ့သည်။

တူနီရှား အစိုးရသည် သတင်းစာ ဆရာ တော်ဖစ် ဘန် ဘရခ် အပါအ၀င် သတင်းစာ ဆရာ ရှစ်ဦး ခန့်ကို ထောင်သွင်း အကျဉ်း ချထားခဲ့သည်။ တူနီရှား အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှု များနှင့် အစိုးရက အကျင့်ပျက် ချစားခြင်း ကို အမေရိကန်က လစ်လျူရှု ထားသည် ဟု ဝေဖန် မှုများ ရှိခဲ့သည်။

၂၀၀၉ ခုနှစ် တွင် ဘင်အလီ သည် ငါးကြိမ်မြောက် သမ္မတ အဖြစ် အရွေးခံရပြီးနောက် ပြည်သူတို့၏ မကျေနပ်မှုများ စတင်ခဲ့သည်။

တူနီးရှား နိုင်ငံ၏ ယဉ်ကျေးမှု

အနောက်ယဉ်ကျေးမှု ကို နိုင်ငံတွင်း ခွင့်ပြုထားသည် တစ်ခုတည်းသော အာရပ် နိုင်ငံဖြစ်သည့် တူနီရှားတွင် အမျိုးသမီးများ မှ အစ္စလာမ် ဘာသာဝင်တို့၏ ဓလေ့ဖြစ်သည့် ဘာကာ ခေါ် မျက်နှာဖုံးများ တပ်ဆင်ရခြင်း မရှိပါ။ မြေထဲ ပင်လယ် ကမ်းခြေ အာဖရိက နိုင်ငံ ငယ်လေးသည် ဥရောပ နိုင်ငံများနှင့် မခြား လူမှုရေး လွတ်လပ်မှု ရှိသည်။ ပြင်သစ် ဘောလုံး အကျော်အမော် ဘားသက်ဇ် ၊ ဖက်ရှင် အကျော်အမော် ဒိုနာ တယ်လာဗက်ဆက်ချီ တို့၏ ဇိမ်ခံအိမ် အကောင်းစားများလည်း တူနီရှားတွင် ရှိသည်။

သို့သော် …….နိုင်ငံရေး၊ စီးပွားရေး များကတော့ လွတ်လပ်မှုမရှိ ၊ နိုင်ငံ အာဏာကို ၁၉၈၇ ခုနှစ် ကတည်းက အာဏာသိမ်းပြီး ရယူလာသည့် သမ္မတ ဇင်အယ် အဘီဒင်း ဘင်အလီ က အုပ်ချုပ်သည်။ ဘင်အလီသည် တူနီရှား နိုင်ငံကို ပြင်သစ် ကိုလိုနီ လက်အောက်မှ လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့သူ သမ္မတ ဟာဘစ်ဘော်ဂီဘာ ကို ဖြုတ်ချပြီး အာဏာသိမ်း ခဲ့သူ ဖြစ်သည်။ အာဏာရပြီး နောက်တွင် ၎င်း၏ အာဏာကို တည်မြဲအောင် လုပ်ပြီး အတိုက်အခံများ ကို ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်သည်။ နောက်ပိုင်းတွင် သတင်းစာ ဆရာများ ၊ဘလောက်ဂါများ၊ ပညာရှင်များ ကိုပါ ဖမ်းဆီး ထောင်ချခဲ့သည်။

၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတွင်း လွတ်လပ်စွာပြောဆိုခွင့်များ ကို ပိုမို ချုပ်ချယ်ကန့်သတ် လာသည်။ ဘလောက်ဂါ များ ကို ဖမ်းဆီးထောင် ချခဲ့ပြီး နှိပ်စက် ညှင်းပန်း မှုများ ပြုလာခဲ့သည်။ တူနီရှား အစိုးရ အဖွဲ့သည် လာဘ်စားမှု များမှ ပိုမို ဆိုးရွားလာပြီး ၂၀၀၉ ခုနှစ်တွင် ဘင်အလီ ၏ ဇနီးဖြစ်သူ လိုင်လာ ဘင်အလီက ဆွစ်ဘဏ် နှင့် ဂျာမဏီဘဏ် တို့တွင် ဒေါ်လာ သိန်း ၈၀၀ ကျော် အပ်နှံခဲ့သည် ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

တူနီရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ် ဂိုဒက် က တူနီရှား သမ္မတ ဘင်အလီ ၏ ဆွေမျိုး မိသားစု ကို “ကွေဇိုင်း မာဖီးယား” ဟု ခေါ်ဆို ခဲ့သည်။ ဘင်အလီ ၏ ပထမ အိမ်ထောင် မှ သားသမီး များသည် တူနီရှား နိုင်ငံ၏ ပင်လယ် ကမ်းခြေ များတွင် ဟိုတယ် နှင့် ရီဆော့ များကို ပိုင်ဆိုင်သည်။ ၎င်း၏ ယောက်ဖ ဆခ်ခါ မာတာရီသည် ဇိုင်တိုနာ ရေဒီယို နှင့် ရုပ်သံကို ပိုင်သည်။ ဘင်အလီ ၏ ဆွေမျိုးများသည် တူနီးရှား နိုင်ငံတွင် အဖိုးတန် အိမ်များ အလုံး ၁၀၀ ထက်မနည်း ပိုင်ဆိုင်ပြီး နိုင်ငံ၏ အိမ်ခြံမြေ လုပ်ငန်း ကို လက်ဝယ်ကြီး လုပ်ထား သည်။ မြို့တော် တူနစ် ရှိ ကာသေ့ နိုင်ငံတကာ ကျောင်း ကို ဘယ်(လ)ဂျီယန် ကုမ္ပဏီ တစ်ခုသို့  ဒေါ်လာ တစ်သန်းခွဲဖြင့် ရောင်းချသည်။

ဘင်အလီ၏ ယောက်ဖ တစ်ဦးသည် ဗဟိုဘဏ်၏ ရှယ်ယာ အများစုကို ပိုင်ဆိုင်ပြီး ကိုယ်ပိုင်ဘဏ် တစ်ခု ရှိကာ ဆွစ်ဇာလန် နိုင်ငံ ရိုဒူဟွန်တွင် ဒေါ်လာ လေးသန်းကျော်တန် အိမ်နှင့် ကိုယ်ပိုင် ပြင်သစ်လုပ် Falcon 9000 Jet လေယာဉ် တစ်စီးရှိသည်။

တူနီရှား ပြည်သူများ မှာ ၂၀၀၈ ခုနှစ် အမေရိကန် စီးပွားပျက်ကပ် ဂယက်ကြောင့် အလုပ်အကိုင်များ ရှားပါး လာပြီး ပို၍ ဆင်းရဲတွင်း နက်လာကြသည်။ တိုင်းသူ ပြည်သား များမှာ ဆင်းရဲတွင်း နက်သော်လည်း ဘင်အလီ နှင့် မိသားစုက အနောက်တိုင်း သံတမန်များကို ပြင်သစ် နိုင်ငံမှ မှာယူထားသည့် ၀ိုင် အကောင်းစား များဖြင့် တည်ခင်း ဧည့်ခံသည်။ သံအမတ် များကလည်း အလွန် သဘောကျသည် ပြင်သစ် နိုင်ငံခြားရေး ၀န်ထမ်းများ ဆိုလျှင် တူနီရှား နိုင်ငံတွင် သံဝန်ထမ်း အဖြစ် စေလွှတ်ခြင်း ခံရလျှင် အလွန် သဘောကျသည်။

အုံကြွှမှု ၏ နိဒါန်း

၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ ၁၇ ရက်နေ့တွင် အသက် ၂၆ နှစ် အရွယ် မိုဟာမက် ဘူဇာဇီ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသည့် ပြည်သူတို့၏ ဒေါသသည် ဘူဇာဇီ၏ ကိုယ်ပေါ်မှ မီးတောက် ကဲ့သို့ ဟုန်းကနဲ တောက်လောင်သည်။

ထိုနေ့တွင် ပင် ဘူဇာဇီ မီးရှို့ ဆန္ဒပြသည့် ဓာတ်ပုံများ ၊ ဗီဒီယို များအား တူနီရှန်း ဘလောက်များတွင် ဖော်ပြ ထားသောကြောင့် အခြား မြို့များ တွင်လည်း ပြည်သူများ က မော်တော်ကား တာယာများကို မီးရှို့ ပြီး ဆန္ဒပြကြသည်။

မီးရှို့ ဆန္ဒပြမှု ဖြစ်ပေါ်ပြီးနောက် ဆစ်ဒီ ဘိုဇီ မြို့ငယ်လေးတွင် လူ ၄၀ ကျော်မှ စတင်ကာ လမ်းပေါ်ထွက် ဆန္ဒပြမှု စတင်ပြီး နောက် အခြား မြို့များသို့ ကူးစက် သွားခဲ့သည်။

ပြည်သူ တို့၏ တောင်းဆိုမှု မှာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဖြစ်သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် အစိုးရ အဖွဲ့ မှ ဖွံ့ဖြိုးရေး ၀န်ကြီးက ဆစ်ဒီ ဘိုဇီ မြို့ငယ်သို့ သွားရောက်၍ အလုပ်အကိုင် နေရာများ အတွက် ဒေါ်လာ ၁၀ သန်း အကုန် အကျခံကာ ဖန်တီးပေးမည် ဟု စီစဉ် ခဲ့သော်လည်း ဆန္ဒပြမှုများမှာ အခြား တူနီးရှား မြို့များ ဆီသို့ ကူးစက် သွားသည်။

ဒီဇင်ဘာ လ ၂၁ ရက်နေ့ တွင် အသက် ၂၂ အရွယ်ရှိ လူငယ် တစ်ဦးက မိမိ ကိုယ်ကို သတ်သေ ဆန္ဒပြမှု ထပ်မံ ပေါ်ပေါက် ခဲ့ပြီးနောက်တွင် တူနီးရှား တောင်ပိုင်း မြို့များ သို့ပါ ဆန္ဒပြမှု စတင် ကူးစက်သည်။

နိုင်ငံအလယ် ပိုင်း ရှိ မြို့တစ် ခု ဖြစ်သော မန်ဇယ် ဘိုဇီယန်း တွင် အသက် ၁၈ နှစ် အရွယ် ဆန္ဒပြသူ မိုဟာမက် အာမာရီ ကို ရဲတပ်ဖွဲ့က ပစ်သတ် ခဲ့ပြီး အသက် ၄၄ နှစ် အရွယ်ရှိ ချောကီ အယ်ဟာဇီ ကိုလည်း ပစ်သတ် ခဲ့သည်။

အစိုးရ၊ လုံခြုံရေး အဖွဲ့များ နှင့် ဒေသခံ အာဏာပိုင် များက ဆန္ဒပြသူများသည် တိုင်းပြည် စီးပွားရေးကို အထိနာ အောင် လုပ်သူများ ဖြစ်သောကြောင့် ဖြို ခွဲမှုများ ပြုလုပ်မည်ဟု သတိပေးကာ ပစ်ခတ်မှုများ ပြုလုပ်သော်လည်း ကျောင်းသားများ၊ ရှေ့နေ များနှင့် အတိုက်အခံ ခေါင်းဆောင် များက ဦးဆောင်ပြီး ဆန္ဒပြ သောကြောင့် ပြည်သူများ ပါဝင်လာရာ လူထု အုံကြွှမှု အသွင် ဆောင်လာခဲ့သည်။

ခရစ္စမတ် နေ့တွင် တူနီးရှား နိုင်ငံ၏ အကြီးဆုံးသော အတိုက် အခံ ပါတီ ဖြစ်သည့် Progressive Democratic Party မှ ခေါင်းဆောင် များက ဦးဆောင်ပြီး လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြရာ ပြည်သူများ က အားတက် လာပြီး ဆစ်ဖစ် မြို့တွင် ဆန္ဒပြသူများက ရဲများ ၏ သေနတ်များ ကို ၀င်ရောက် လုကြသည်။

အခြား မြို့ငယ်များ တွင်မူ စစ်တပ် နှင့် လုံခြုံရေး အဖွဲ့များ ကို ပြန်လည် ပစ်ခတ်ကြရာ လက်နက်ကိုင် အဖွဲ့များက ပြန်လည် ပစ်ခတ်သော် လည်း ဆန္ဒပြမှု များက နေ့ရော ညပါ အားကောင်းလာသည်။

နာမည်ကျော် တူနီးရှား ရှေ့နေ Abderrahman Ayedi ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး နှိပ်စက် ညှင်းပန်းသည့် သတင်း ထွက်လာသည့် အခါ ပြည်သူများက ရဲစခန်းကို ၀ိုင်းပြီး အေဒီကို ကယ်ဆယ်ခဲ့သည်။

အယ်(လ) ဂျီးယား နှင့် နယ်စပ်ခြင်း ကပ်နေသည့် မြို့တော် တာလာတွင် ဆန္ဒပြမှု ဖြစ်ပွားပြီး နောက်တွင် ရဲတပ်ဖွဲ့က သက်ကြီးရွယ်အို အမျိုးသမီး နှစ်ဦးကို ပစ်သတ်သည့် အခါ အုံကြွှမှုမှာ မြို့တော်တူနစ် သို့ပါ ကူးစက် သွားသည်။

ဇန်န၀ါရီ လ ၄ ရက်နေ့တွင် တူနီးရှား ရှေ့နေများ ကောင်စီ၊ အတိုက်အခံ ပါတီနှင့် ကျောင်းသားများ က အထွေထွေ သပိတ် တိုက်ပွဲ ဆင်နွှဲရန် ကြေငြာပြီး နောက် မြို့တော် တူနစ် တွင် ပြည်သူများက လမ်းပေါ် ထွက်၍ ဆန္ဒပြကြသည်။

တူနစ် အပါအ၀င် တူနီရှား နိုင်ငံ တစ်ခု လုံး ဘင်အလီ ကို အုံကြွှ တွန်းလှန် ရာတွင် စီးပွားရေး လုပ်ငန်းရှင် များက ထောက်ပံ့ကူညီမှု များ ပြုလုပ်ခဲ့သည်။

၂၀၁၁ ခုနှစ် နှစ်သစ်ကူးနေ့ ဇန်န၀ါရီလ ၁ရက်နေ့ အထိ ဆန္ဒပြသူ ၅၀ ကျော်ခန့် အသက် ဆုံးရှုံးခဲ့ပြီး လူ ၂၀၀ ကျော်ကို ဖမ်းဆီး ထားသည်။ ဆန္ဒပြသူများ ကို စစ်တပ် နှင့် ရဲတပ်ဖွဲ့များ က ပစ်ခတ် ခဲ့သော်လည်း မြို့တော် တူနီးရှား တွင် နေ့ရော ညပါ ဆက်လက် ဆန္ဒ ပြခဲ့ကြသည်။

ဇန်န၀ါရီလ ၄ ရက်နေ့တွင် တူနီရှား ကွန်ပြုတာ ကျွမ်းကျင်သူများက အစိုးရ ၀ဘ်ဆိုတ် များကို တိုက်ခိုက် မှုများ စတင် ပြုလုပ်ခဲ့သဖြင့် အစိုးရ ၀ဘ်ဆိုတ် လေးဆယ်ကျော် ပိတ်လိုက်ရသည်။

တူနီးရှား ပုဂ္ဂလိက ရုပ်သံ Nessma TV က အစိုးရ အမိန့် ကို ငြင်းဆန်ပြီး ပြည်သူများ ၏ ဆန္ဒပြမှု များကို အချိန်ပြည့် ထုတ်လွှင့် ခဲ့ရာ ဆန္ဒပြမှု မှာပိုမို အားကောင်းလာပြီး ကမ္ဘာ က သိလာခဲ့သည်။

ကိုးကား၊ အယ်(လ)ဂျာဇီးယား၊ ဘီဘီစီ၊ ဂါဒီးယန်း၊ ၀ီကီပီဒီးယား ၊ ၀ီကီလိခ် ၊ အာရပ်နှင့် တူနီးရှား ဘလောက်များ။

Ref: Freedom News Group

Read More...

အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးသစ်အတွက် စိုက်ပျိုးမြေ ဧကများစွာသိမ်းဆည်း

Wednesday, 26 January 2011

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တိုးချဲ့ဆဲ ကာလိ မြို့နယ်ခွဲသစ်၌ အသစ်တိုးချဲ့မည့် အရှေ့ အလယ်ပိုင်း စစ်တိုင်း ဌာနချုပ်ရုံး တည်ဆောက်ရေး အတွက် ကျေးလက်မြေယာ ဧကရာချီ ဈေးနှိမ်သိမ်းဆည်း နေကြောင်း ဒေသခံများပြောပြချက် အရ သိရပါသည်။

တပ်မဟာ ၇ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ပိုင်းနှင့် ဝင်ဆန့်သူ တဦးက - “အရှေ့အလယ်ပိုင်း စစ်တိုင်းသစ်က ခိုလမ်မှာ မဟုတ်ဘူး။ ကွန်ဟိန်းမြို့နဲ့ နမ့်ပန်ချောင်း အရှေ့ဘက် ကာလိမှာဘဲ သတ်မှတ်လိုက်ပြီတဲ့။ အခု ဇောက်ချ တည်ဆောက်နေပြီ၊ တောင်သူ ၄ဝ ဦး လောက် ပိုင်ဆိုင်တဲ့ စိုက်ပျိုးမြေ ဧက ၃ဝဝ နီးပါးဈေးနှိမ်/လျော်ကြေးပေးပြီး သိမ်းယူတယ်။ သီးနှံ စိုက်နေရင် တဧက ကျပ် ၂ သိန်း၊ သီးနှံ စိုက်မထားရင်တော့ ၁ သိန်း ပေးတယ်၊ ပိုက်ဆံ မယူလဲ အလကား သိမ်းမှာဘဲ” - ဟု ဆို၏။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တိုးချဲ့ဆဲ ကာလိ မြို့နယ်ခွဲသစ်၌ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုးချဲ့ တည်ဆောက်ရန် ဗိုလ်မှူးချုပ် မြတ်ထွန်းဦးမှ ဒီဇင်ဘာ ၃၁ အစည်းအဝေး ခေါ်ယူကာ ဆုံးဖြတ်ခဲ့ကြောင်း၊ ၁ဝ ရက်မှစ၍ တည်ဆောက်ရေး စတင် လာခဲ့ကြောင်း၊ ဝမ်းရေး အတွက် စိုက်ပျိုးမြေ မရှိတော့သည့် ဒေသခံ ကျေးလက် တောင်သူ အများအပြား ထိုင်းနိုင်ငံသို့ အလုပ်ရှာ ထွက်သွားကြသဖြင့် မြို့တခုလုံး ဆိတ်ငြိမ်နေကြောင်း၊ အရောင်း အဝယ်လည်း မဖြစ်တော့ကြောင်း - ဒေသခံ တဦးက ပြောပြပါသည်။

“တပ်တည်ဆောက်ဖို့ လုပ်အား အဓမ္မ စေခိုင်းတာတော့ မရှိသေးဘူး၊ ကာလိမြို့တွင်း ပြောတာနော်၊ ကျေးလက်ဘက်တော့ မသိဘူး၊ သူတို့ တည်ဆောက်ရေးမှာ အလုပ်သမား တရာကျော် ငှားထားတယ်။ တနေ့ လုပ်အားခ အမျိုးသမီးဆို ၂၅ဝဝ ကျပ်၊ အမျိုးသားဆို ၃ဝဝဝ ကျပ် ရတယ်။ အရင်တုန်းက အမျိုးသား/သက်ကြီးပိုင်း တွေလဲ နေ့စား အလုပ်သမား အဖြစ် လက်ခံတယ်။ ဒီအပတ်ထဲမှာတော့ အမျိုးသားဆို မယူဘူး။ အသက်အရွယ် ကောင်းတဲ့ အပျို အမျိုးသမီးတွေဘဲ ယူတယ်။ အုပ်၊ သဲ၊ သစ်၊ မြေတူး/သယ်တဲ့ အလုပ်ပေါ့” - ဟု ဒေသခံ နောက်တဦးက ပြောပါသည်။

ကာလိမြို့နယ်ခွဲတွင် တာ့ကော့်သံလွင်တံတား လုံခြုံရေးတပ် ခလရ ၂၉၆ က လုံခြုံရေး ယူပေးပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အပြင်၊ တိုးချဲ့ ခြေလျင် တပ်ရင်းသစ် ခလရ ၁၅၁ အတွက် တပ်စခန်း၊ အထက်တန်းကျောင်း၊ မြို့နယ်ခွဲ အထွေထွေ အုပ်ချုပ် ရေးရုံး၊ ဌာန ဆိုင်ရာရုံးများ အသီးသီးနေ့စဉ် ရက်ဆက် တည်ဆောက်နေကြာင်း ကြားသိရပါသည်။

“မြို့နယ်ခွဲ ဥက္ကဌ က ဦးအေးကိုသက်တဲ့၊ အသက် ၂၈ နှစ်ဘဲ ရှိသေးတယ်၊ ရဲမှူးက နိုင်နိုင်ငြိမ်းတဲ့။ သူတို့ အပါဝင် ဝန်ထမ်းတွေ အားလုံးက နေပြည်တော်ကနေ လာတာချည်းဘဲ” - ဟု လည်း ပြောပြပါသည်။

မြို့နယ်ခွဲသစ်၊ စစ်တိုင်းရုံးသစ် တည်ဆောက်ရေး လုပ်ငန်းအပြင် ကာလိမှ မြောက်ဘက်ရှိ မိုင်းဇန် (မိုင်းရှူးမြို့နယ်) မြို့နယ်ခွဲသစ်သို့ (ကာလိ-ဟိုပန်-မိုင်းဇန်) ကားလမ်း လည်းတိုးချဲ့ တည်ဆောက်နေကြောင်း ဒေသခံများက ပြောပါသည်။

(ယခင်သျှမ်းပြည်တပ်မတော် တပ်မဟာ ၇ ) ထိန်းချုပ်စဉ်က ကာလိကျေးရွာအုပ်စုသည် ကုန်သည် ပွဲစားများ ခရီးသွား ဧည့်သည်များဖြင့် မြို့ကဲ့သို့ လူစည်ကား သိုက်မြိုက်ပြီး ကူးသန်း ရောင်းဝယ်ရေး အချက်အခြာ ဖြစ်ခဲ့ကြောင်း၊ ယခု အခါမှာမူ ကျေးလက် ကုန်စိမ်းသည်လောက်နှင့်သာ ခြောက်ကပ် နေတော့ကြောင်း ထိုင်းနယ်စပ်သို့ တိမ်းရှောင် ရောက်ရှိခဲ့သည့် စိုက်ပျိုးမြေ သိမ်းဆည်းခံရသူ ဒေသခံများက ပြောပြပါသည်။

ကာလိမြို့ခွဲနယ် အတွင်း စစ်အင် အားသစ် ရောက်ရှိ ဖြည့်တင်း အခြေချခြင်း မရှိသေးသော်လည်း နအဖ စစ်ယာဉ်တန်း များက ဂျန္နဝါရီ 22/01/2011 တွင် 10 စီး၊ 24/01/2011 တွင် 10 စီးအပြည့် ကလေးစစ်သား/ ရဲဘော်သစ်များ ကာလိကို ဖြတ်သန်း၍ သံလွင် အရှေ့ခြမ်းသို့ ပို့ဆောင်သည်ကို တွေ့ရကြောင်းလည်း ဒေသခံများက ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

လူ့အခွင့်အရေး ချိုးဖောက်မှု တိုးပေမဲ့ မြန်မာလူထု နိုးကြားမှု ပိုရှိလာ

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 26 ဇန်နဝါရီ 2011

မြန်မာနိုင်ငံမှာ အမျိုးသား လူ့အခွင့်အရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့တာ ၁၀ နှစ် ကျော်ခဲ့ပေမဲ့ မြန်မာနိုင်ငံတွင်း လူ့ အခွင့်အရေး ချိုးဖောက် မှုတွေဟာ အရင်ကထက် ပိုဆိုးဝါး လာနေတယ်လို့ မြန်မာ့အရေး၊ လူ့အခွင့်အရေး လှုပ်ရှား သူတွေက တုံ့ပြန်ပါတယ်။ ဒါပေမဲ့ တဘက်မှာတော့ မြန်မာ လူထု အကြားမှာ လူ့အခွင့်အရေး နိုးကြားမှု အရင်ထက် ပိုလာတယ်လို့ သုံးသပ်ပါတယ်။ အခု ဇန်န၀ါရီလ ၂၇ ရက်နေ့ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို နိုင်ငံတကာက ပထမဆုံး သုံးသပ်တဲ့ UPR အစည်းအဝေး ကျင်းပမှာဖြစ်လို့ မြန်မာ စစ်အစိုးရ ဘက်ကရော လူ့အခွင့်အရေး လှုပ်ရှား သူတွေကပါ ဒီအတွက် ကြိုတင် အစီရင်ခံစာတွေ တင်သွင်း ခဲ့ကြပါတယ်။ အသေးစိတ်ကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းပြီးနောက် လုပ်ထုံးလုပ်နည်းသစ်အရ တနိုင်ငံချင်း လူ့အခွင့်အရေး အခြေအနေ တွေကို သုံးသပ် ဆွေးနွေး ကြရာမှာ အခုလာမယ့် ဇန်န၀ါရီ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံ အတွက် ပထမဆုံး အကြိမ် အလှည့် ကျပါတယ်။ နိုင်ငံ ကိုယ်စားလှယ် အသီးသီးက မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို မြန်မာ ကိုယ်စားလှယ်ကို ၀ိုင်းဝန်းမေးမြန်း အကြံပြုကြမှာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံ ဘက်က ပထမဆုံး အကြိမ် လူ့အခွင့်အရေး အစီရင်ခံစာကို လူ့အခွင့်အရေး ကောင်စီထံ တင်သွင်း ထားပါတယ်။ အခြား လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးက ဒီအစည်းအဝေး အတွက် ကြိုတင်ပြီး အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရ အစီရင်ခံစာထဲမှာတော့ နိုင်ငံတကာက စွပ်စွဲခံထားရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ် မှုတွေကို ရှင်းလင်း ချေပထားတာမျိုး မရှိဘဲ နိုင်ငံတွင်း လူ့အခွင့်အရေး တိုးတက်မှု အတွက် ဥပဒေ ပြဋ္ဌာန်းမှုတွေ၊ တရားရေးကဏ္ဍ လုပ်ဆောင်ချက်တွေကို အလေးပေး ဖော်ပြပါတယ်။ ပြည်ထဲရေး ၀န်ကြီး ဦးဆောင်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မတီကိုလည်း ၂၀၀၀ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

NCGUB အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်း ကတော့ ဒီကော်မတီ ဖွဲ့ခဲ့တာ ၁၀ နှစ် ကျော်ပေမဲ့ ဘာရလဒ်မှ မထွက်ခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုး လာတယ် လို့တောင် ပြောပါတယ်။

“ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုက နေပြီးတော့ ဒီကော်မတီကို တိုင်ကြား ခဲ့တာတွေရော၊ အရေး ယူတာတွေရော တခါမှ မတွေ့ရဘူး။ သူတို့ အစီရင်ခံစာ ထဲမှာလည်း ဥပမာ တိုင်စာ ဘယ်နှစ်ခု ရောက်ပြီးတော့ အဲဒီ တိုင်စာ ဘယ်နှစ်ခုကို စုံစမ်း စစ်ဆေးပြီးတော့ ဘယ်လိုမျိုး ဥပဒေကြောင်း အရ အရေးယူမှု လုပ်ပါတယ် ဆိုတာလည်း မပါဘူး။ အမှန်တော့ ဒီလိုမျိုး အဖွဲ့အစည်းမှာ အစိုးရခန့်တဲ့ သူတွေချည်းပဲ မဟုတ်ဘဲနဲ့ လူထု လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ၊ လွတ်လပ်တဲ့ ဥပဒေပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ဖွဲ့စည်း သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

ပြည်တွင်းမှာ ရှိနေတဲ့ လက်ရှိ တည်ဆဲဥပဒေတွေ အရရော ဘယ်လောက်အထိ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အကာ အကွယ် ပေးနိုင်လဲခင်ဗျ။

“လက်ရှိ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုရဲ့ အခြေခံ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ တရား ဥပဒေတွေကလည်း တပုံ တခေါင်း ရှိနေတာပေါ့။ Electronic Act တို့၊ ကိုယ့်သာသာကိုယ် အီးမေးလ် ပို့တာတောင် လွတ်လွတ်လပ်လပ် မပို့ရဘဲ နိုင်ငံရေးနဲ့ လူ့ အခွင့်အရေးနဲ့ ပတ်သက်လာရင် ကန့်သတ်တာတို့၊ လူ့ အခွင့်အရေးကို တကယ် ကျင့်သုံးမယ်ဆိုရင် ဒီ ဥပဒေတွေနဲ့တော့ ကျိန်းသေပေါက် ဆန့်ကျင်မှာပဲ။”

လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ တုန်းကဆိုရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြောတာဆိုတာ၊ နောက်တခုက နိုင်ငံတကာကလည်း ပြောတာဆိုတာ တော်တော်လေး အားနည်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာပဲပြောပြော ပြောလာတယ်၊ ဆိုလာတယ်၊ နောက်တခုက မြန်မာနိုင်ငံတွင်းမှာလည်း အစိုးရရဲ့ အစီရင် ခံစာတွေမှာရော၊ စစ်အစိုးရ ကိုယ်တိုင် လုပ်တဲ့ ပုံစံအရရော နိုင်ငံတကာနဲ့ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်လာတယ်လို့ မြင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါတွေက တိုးတက်လာတဲ့ လက္ခဏာလို့ မြင်လို့ရလား။

“တဘက်မှာတော့ လူ့အခွင့်အရေး အခြေအနေတွေက ပိုပြီးတော့ ဆိုးလာတာ တွေ့ရပါတယ်။ အဓိက အကြောင်း ၂ ခုကြောင့်ပေါ့။ တခုကတော့ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေး ဆန္ဒကြောင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုတွေ၊ ဒါတွေကို ချုပ်ချယ် ကန့်သတ်လို့ ဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ။ နောက်တခုကတော့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် အခွင့်အရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ စာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ ကိုယ့်လူမျိုး ကိုယ် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ကာကွယ်ဖို့တွေ၊ ဒါတွေကို ဖိနှိပ်တဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး အခြေအနေတွေပေါ့။

“ပြည်သူလူထု အပိုင်းကတော့ အများကြီး တိုးလာတယ်။ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ တကယ်ကို စွန့်စွန့်စားစားနဲ့ အနစ်နာခံပြီး လုပ်နေတဲ့သူတွေ ရှိတယ်။ ILO လို ရုံးတွေမှာ တကယ်ကို သွားရောက်ပြီးတော့ ဆက်သွယ် တိုင်ကြား ပေးပြီးတော့ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်နေတဲ့သူတွေ ရှိတယ်။ လူ့ အခွင့်အရေးဆိုင်ရာ ပညာပေးမှု တွေကိုလည်း ဖိနှိပ်ချုပ်ချယ် ကန့်သတ်တဲ့ ကြားက လုပ်ကိုင် နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါဟာ အင်မတန် ကောင်းတဲ့ အလားအလာပါ။

“ကျနော်တို့ အနေနဲ့ နိုင်ငံတကာ တရားဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားတွေ၊ UN ကို တင်ပြမှုတွေ လုပ်ရပေမဲ့ တကယ်တမ်း ကတော့ ပြည်သူ လူထုဟာ ကိုယ့်ရဲ့ လူ့အခွင့်အရေးကို ကိုယ့်ဘာသာကိုယ် ကာကွယ် ကြရမှာပါ။ နိုင်ငံတကာ ဥပဒေတွေနဲ့ နိုင်ငံတကာ ယန္တရားတွေက တစိတ်တပိုင်း အားဖြင့်၊ အကန့်အသတ် အားဖြင့်တော့ ကျနော်တို့ကို အကူအညီ ပေးနိုင်တယ်၊ အကာအကွယ် ပေးနိုင်တယ်။ သို့သော်လည်း တကယ်တမ်းက ကိုယ့်ရဲ့ မွေးရာပါ လူ့အခွင့်အရေး တွေကို ကိုယ့်ဘာသာကိုယ် ကာကွယ် စောင့်ရှောက် ကြရမှာပဲ ဖြစ်ပါတယ်။”

စစ်အစိုးရက လူ့အခွင့်အရေး ကောင်စီကို တင်သွင်းမယ့် အစီရင်ခံစာ ထဲမှာတော့ လက်ရှိ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ လူ့အခွင့်အရေး ကာကွယ်မှုဆိုင်ရာ အချက် အလက်တွေကို ထည့်သွင်း ဖော်ပြပါတယ်။ အခု အစီရင်ခံစာ ကိုလည်း အစိုးရ တာဝန်ရှိသူတွေ အပြင် အခြား လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တိုင်ပင် ဆွေးနွေးပြီး ပြုစု ရေးသားခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေထဲမှာ လက်ရှိအားဖြင့် ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ စာချုပ်နှစ်ခုကိုပဲ အဓိက လက်မှတ် ထိုးထားတာပါ။ အစီရင်ခံစာ ထဲမှာတော့ ကုလသမဂ္ဂ မျက်နှာစာကို အသုံးပြုပြီး အင်အားကြီး နိုင်ငံတွေက နိုင်ငံရေး ဖိအားတွေ ပေးနေတာကြောင့် မြန်မာ အပါအ၀င် တတိယ နိုင်ငံတွေရဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေကို ထိခိုက်စေတယ်လို့လည်း မြန်မာ စစ်အစိုးရက ဖော်ပြ ထားပါတယ်။


Ref: VOA News

Read More...

ယခင်ဦးပိုင် ယခုမောင်ပိုင် အကြောင်း တစေ့တစောင်း...

Wednesday, January 26, 2011


မြန်မာ့စီးပွားရေး လုပ်ငန်းတွေကို လက်ဝါးကြီး အုပ်ထားတဲ့ ဦးပိုင်ရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တင်အေးရဲ့ ချမ်းသာသမျှ ဆိုပြီး GRW မှ အတွင်းသိ ပေးပို့လာတာကို အားလုံးသိအောင် ဖော်ပြ လိုက်ရပါတယ်...

ကိုဒီမို ဘလော့(ဂ်)မှာ ဦးပိုင်အကြောင်းပါလို့ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး အကြောင်းနဲ့ အောက်ခြေ စစ်သည်တွေရဲ့ ဘဝတွေ အကြောင်း ရေးသား ပေးပို့ လိုက်ရပါတယ်။ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အေးလောက် မပြောနဲ ဦးပိုင်က အစွယ် အပွားတွေတောင် ချမ်းသာတာ။ ဦးတင်အေးအိမ်မှာ သူတို့ လက်ထဲမှာ သိန်း ၃ သောင်း အထက်ရှိတယ်။ တစ်နေ့ တစ်သိန်း သုံးတယ်ထား တစ်နှစ် သိန်း ၃၆၀နဲ့ နှစ်တစ်ရာကျော် ထိုင်စားလို့ရတယ်..။ သိန်း ၃ သောင်းကျော်နော် စဉ်းစားသာကြည့် သူတို့ကို နိုင်ငံတော်က ပေးထားတဲ့ ကားတင်ပဲ သိန်း၂ ထောင်ကျော် တန်တယ်..။ သူတို့ စီးဖို့ပေါ့နော် အဲ့လိုမျိုး လိုင်စင်ဆို သူတို့ပဲရတာ။ လန်ခရုဆာလို အဖြူတွေ. ဦးတင်အေးက သား၂ ယောက် သမီးတစ်ယောက်လေ...။ မိန်းမနာမည်က ဒေါ်ကြည်ကြည်အုန်း ..။ သားအငယ် ဥက္ကာအေးက အရင်တိုင်မှုး PSO ခု တော့ ဗိုလ်မှုးပေါ့..။ နောက်အကိုကြီးက ဇော်မင်းအေး သူလည်း စီးပွားရေးသမားပဲ..။ ဒါပေမယ့် နာမည် မထွက်ဘူး ရွှေမန်းသားတွေ လိုတော့...။ အဲ့တော့ တွက်ကြည့်ပေါ့..။ .. ကား၊ စိန်၊ အိမ်.. သိန်း ၃ သောင်း အထက်ရှိတယ်။ ဦးတင်အေးတို့ အဆင့်ဆိုရင်... နှစ်တရာ စားမကုန်ဘူး.. အခုခေတ် အလုပ်လုပ်တဲ့ သာမန် သူဋ္ဌေးတွေတောင် သိန်းကို ထောင်ဂဏန်းတော့ ရှိတယ်လေ။ နည်းနည်း ပိုချမ်းသာရင် သောင်းဂဏန်းရှိမယ်..။ သူတို့က အလကားရတဲ့ ငွေတွေက သိန်းကို သိန်းချင်း ထပ်နေတာ..။

အိမ်ကနေ စတွက်ကြည့်ရအောင် ဦးတင်အေးတို့နေတဲ့ ရန်ကုန်က မီးမပြတ်တဲ့ ဗိုလ်ချုပ်ရွာ အကျယ် ပေ ၁၀၀ ပတ်လည်.. အိမ်တွေရဲ့ ဈေးက သိန်း ၅ထောင် လောက်တော့ ရှိတယ်။ ကဲ ကား တွက်ကြည့်ရအောင် နိုင်ငံတော်က ပေးထားတဲ့ လောလောဆယ် ပြန်ရောင်းလို့တော့ မရတဲ့ လန်ခရုဆာလို အဖြူကားက အနည်းဆုံး သိန်း ၂၀၀၀ နီးပါးရှိတယ်..။ သူတို့ အိမ်မှာရှိတဲ့ ကားတွေ ကြည့်ရအောင် ဇူဇူကီးလေ. လက်ရှိ အနည်းဆုံး ၂၀၀ နဲ့ တွက် အိမ်တိုင်း ရှိတယ်။ ဗိုလ်ချုပ် အဆင့်တွေရတဲ့ ပရာဒို သိန်း ၂ ထောင်နဲ့တွက် ဆလွန်း အကောင်းစား သိန်း ၁ ထောင်တန် ရှိတယ်။ အနည်းဆုံး ၄ စီးနဲ့ တွက်လိုက်တယ်.......။ နေ့စဉ် အန်တီကြီးတွေ ၀တ်သော အရာများ နားကပ် သိန်း ၄၀၀ လက်စွပ် သိန်း ၂၀၀ ဆွဲသီး သိန်း ၇၀ လက်ကောက် သိန်း ၅၀ ဒါနေ့စဉ် ၀တ်တာကို တွက်ပြတာနော်...။ ဒါလက်ရှိ မြင်ရတာကို တွက်ပြတာ..။ မမြင်ရတဲ့ အတွင်းပစ္စည်း ဘယ်လောက်ရှိမယ် ဆိုတာ စဉ်းစားကြည့်..။

ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ကို ဖမ်းတုန်းက ရွှေချောင်းတွေ ဒေါ်လာတွေ ဖမ်းမိတာ အားလုံး အသိပဲလေ..။ လက်ရှိ နအဖ ခေတ်မှာ သာမန် စီးပွားရေး လုပ်နေပါပီ ဆိုတဲ့ ကားစီးနေတဲ့ သူဌေး တစ်ယောက်မှာ သိန်း ၁ ထောင်နဲ့ပဲ တွက်ပြီး သူတို့မှာ ရှိတာတွေကို တွက်ကြည့်တာလေ...။ သူရရွှေမန်းတို့ ဆိုရင်တော့ သိန်းကို သိန်းချင်း ထပ်နေတာ..။ ဗိုလ်ချုပ်ကြီးတွေ ချမ်းသာတာကို ကြည့်ပြီး ဗိုလ်ချုပ်တွေရော ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေပါ ချမ်းသာချင်ပြန်ရော.. အဲ့တော့ ၀န်ထမ်းတွေထဲက ပေးနိုင်သူကို နေရာပေးရော..။ စားရတဲ့ နေရာပေးတော့ မတရားတာ လုပ်ရော ..၀န်ကြီးဌာနတွေမှာ ၀န်ကြီးထက် ဒုဝန်ကြီးတွေ ကပိုဆိုးတယ်။ အဲ့ဒီတော့ ဘယ်လိုလုပ် ကောင်းတော့မလည်း ဒီနိုင်ငံ။

ကဲမြင်သလောက် ပြောကြရအောင် ပြီးခဲတဲ့နှစ် တောင်ကြီး သင်္ကြန်မှာ အရှေ့ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်း မဏ္ဍပ်က အစည်ဆုံးပေါ့ ..။ ရန်ကုန်က အဆိုတော်တွေ နဲ့ စည်လို့ ကားလို့ အဆိုတော်တွေ အလကားတော့ မဆိုကြပါဘူး...။ အာဇာနည် ၃ ရက် သိန်း ၁၀၀ နီးပါး ရှင်းရတယ်..။ ၃ရက်ကို သိန်း (၃၀) နီးပါး အဆိုတော် တွေလည်းပါတယ်..။ တောင်ကြီးလို နေရာမှာ သကြီန် အတွက်ကို သိန်း ၅၀၀ ကနေ ၁၀၀၀ အတွင်း သုံးတယ်.။ ဘယ်က ပိုက်ဆံလည်း အဲ့ဒါ ...စပွန်ဆာတွေ ဆီက ဆိုရင် လည်း စပွန်ဆာဘ ယ်သူက အလကား ပေးမလည်း။ ခုထိ တောင်ကြီးဘက်မှာ သစ်ခိုးထုတ်တဲ့ လမ်းတွေ ဘိန်းလမ်းကြောင်းတွေက ရှိနေတုန်းပဲ။

ကဲ အဲ့လို့ ပိုက်ဆံတွေ အကုန်ခံပြီး ပျော်ပွဲရွှင်ပွဲတွေကို စစ်တပ်ထဲမှာ ဖိနပ် တောင် သားသမီးကို မဆင်နိုင်တဲ့ စစ်သားတွေ မိသားစုတွေ.... ဆေးကုဖို့ မရှိလို့ ကင်ဆာနဲ့ ဆုံးကြတဲ့ မိသားစုတွေ၊ ကျောင်းမတတ်နိုင်လို့ ကျောင်းထွက် ထင်းခွေရတဲ့ သူတွေဟာ သူတို့ အတွက် လိုအပ်ချက်တွေ အများအတွက် .. လိုအပ်တာတွေ မသုံးပဲ တပျော်တပါး မလိုအပ်တဲ့ နေရာမှာ သုံးနေကြတာ နားမလည်နိုင်ဘူး။ စစ်သားမိန်းမတွေ မလောက်ငှလို့ ညဘက်ထွက် ညဥ့်ငှက် လုပ်နေကြသူတွေ အများကြီးပဲ။ တစ်ခါက တပ်ထဲကို စာရင်းစစ် လာမယ်ပြောလို့ စာရင်းစစ်တွေ အတွက် လိုအပ်ရင် ကျွန်မတို့ကိုပဲ ခေါ်ပါလို့ ပေါ်တင်ပြောတဲ့ စစ်သား မိန်းမလေး တွေကို မြင်ဘူးလို့ပါ..။

ဒါကလောလောဆယ် သိသမျှ ပါးပါးလေး ရေးသားလိုက်တာပါ..။ ဒီထက် ဆိုးတာတွေ အများကြီး ရှိပါသေးတယ်..။ အခုမကြာခင် တရားမဝင် စားနေတာကနေ နောက်တစ်ပတ်လောက် ကြာရင် တရားဝင် ဥပဒေနဲ့ စားနိုင်တော့မယ်လေ..။ လွှတ်တော်ထဲ ၁၀ ရာခိုင်နှုန်းတောင် မပြည့်ချင်တဲ့ အတိုက်အခံတွေလည်း ပြည်သူ့ အတွက်ပဲ ဖြစ်လာမလား ကိုဒီမိုရေးသလို အများလို အနည်းစားခြေပဲ ဖြစ်ပြီး အလိုတူ အလိုပါ ကြံရာပါတွေပဲ ဖြစ်မလား ဆိုတာ အားလုံး စောင့်ကြည့်ကြတာပေါ့ ကိုဒီမိုရေ... နောက်အချိန်ရရင် ထပ်ပြီးပို့ပေး လိုက်ပါဦးမယ်..။

လေးစားစွာဖြင့်

GRW အတွင်းသိ...။


Ref: ဒီမိုဝေယံ

Read More...

စစ်အစိုးရ နောက်ဆုံး လေးလပတ် အစည်းအဝေး ပြီးဆုံး

ရန်ပိုင်
Wednesday, 26 January 2011

စစ်အစိုးရရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ်နေတဲ့ လေးလပတ် အစည်းအဝေး ဒီကနေ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်၊ ဒီလေးလပတ် အစည်းအဝေးဟာ လွှတ်တော် မတိုင်မီ စစ်အစိုးရရဲ့ နောက်ဆုံးလို့ ပြောလို့ရတဲ့ အစည်းအဝေးပါ။

လေးလတကြိမ် ကျင်းပတဲ့ အစည်းအဝေးမှာ အစိုးရ ၀န်ကြီးဌာနတွေရဲ့ အခြေအနေ တွေ ရှေ့လုပ် ငန်းစဉ်တွေ တင်ပြကြတဲ့ အပြင် စစ်တပ် အတွင်းက ရာထူး အတိုးအလျော့ အပြောင်းအလဲ တွေကို ဆုံးဖြတ်ပေးတဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။

အစည်းအဝေးတက်ခွင့်ကိုတော့ အစိုးရ ၀န်ကြီးဌာနက ၀န်ကြီးတွေ အပြင် စစ်ဖက်ဆိုင်ရာက အရာရှိကြီးတွေ အောက်ဆုံး တပ်မမှူး အဆင့်၊ စကခမှူး အဆင့်ကနေ အမြင့်ဆုံး တိုင်းမှူး ဗိုလ်ချုပ်တွေ၊ ကထစမှူးတွေ အားလုံး တက်ရတဲ့ပွဲပါ။ ဒီပွဲပြီးရင် တပ်က တပ်မမှူးတွေက မိမိတို့ အောက်က တပ်ရင်း အသီးသီးကို ရှင်းလင်းမှု လုပ်ရ ပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ နောက်ဆုံး အစည်းအဝေးမှာတော့ နောင်ဖွဲ့စည်းမယ့် အစိုးရမှာ ဘယ်သူတွေပါ မယ်ဆိုတာကို တပ်မှူးတွေကို အသိပေး ချပြခဲ့တယ်လို့ သိရတယ်၊ ဒါပေမယ့် သမ္မတ ဘယ်သူဖြစ်မယ်ဆိုတာ ကိုတော့ မပြောပြခဲ့ဘူးလို့ သိရပါတယ်။

အရင်ဝန်ကြီးတွေထဲကတော့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ အမှတ်(၂) လျှပ်စစ်ဝန်ကြီး ဦးခင်မောင်မြင့်၊ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့်တို့ကတော့ အရင်နေရာမှာ ဆက်လက် ကျန်ရှိ နေမယ်လို့လည်း ပြောဆိုနေကြတယ်။

အတွင်းရေးမှူး(၁) သီဟသူရ ဦးတင်အောင်မြင့်ဦးကတော့ ဒု သမ္မတလို့ အသံ ထွက်လာသလို သူရ ဦးရွှေမန်း ကတော့ လွှတ်တော် ဥက္ကဋ္ဌပဲ လွှတ်တော် ခေါ်ဖို့အတွက် ဗိုလ်မှူးကြီးတွေကို လွှတ်တော်ရုံး ညွှန်ချုပ်ရာထူး ပေးပြီး ရုံးအဖွဲ့ ဖွဲ့ပြီး လုပ်နေတယ်လို့ ဆိုတယ်။

ဒါပေမယ့် တခုထူးခြားတာကတော့ ပျောက်နေတဲ့ ရာထူး တွေဖြစ်တဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီး စတဲ့ ဒီ လေးနေရာကိုတော့ တိုင်းမှူးတွေက လုံးဝ ထုတ် မပြောကြဘူး၊ စီးပွားရေး အသိုင်းအ၀န်းက မေးမြန်း တဲ့ သူတွေကို စောင့်ကြည့်ပါလို့ပဲ ပြန်လည် ဖြေကြားပါတယ်။

ဝန်ကြီးတွေက အရွေးချယ်ခံစရာ မလိုဘူး ကြိုက်တဲ့သူကို သမ္မတ က ခန့်ပိုင်ခွင့်ရှိတယ်လို့ အခြေခံ ဥပဒေက ဆိုတယ်၊၊ အလားတူပဲ သမ္မတကိုလည်း လွှတ်တော်အတွင်း ရောက်လာမယ့် ပြည်သူ့ လွှတ်တော်က ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ် တဖွဲ့၊ အမျိုးသား လွှတ်တော်က ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ် တဖွဲ့၊ အဲဒီလွှတ်တော် နှစ်ရပ်မှာ ပါဝင်နေတဲ့ တပ်မတော်သား ကိုယ်စား လှယ်တဖွဲ့၊ အဖွဲ့သုံးဖွဲ့က ရွေးချယ်ရမှာ ဖြစ်ပါတယ်။

သမ္မတ လောင်း အမည်စာရင်း တင်သွင်းခံရသူဟာ လွှတ်တော်အမတ် ဖြစ်စရာ မလိုဘူးလို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ထည့်သွင်း ထားတယ်။

ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးဟာ နိုင်ဖဲကိုကိုင်၊ နိုင်မြင်းကို စီးထားတယ်လို့ ဆိုကြပါတယ်။

အားလုံး စိတ်ဝင်စားတာကတော့ ဗိုလ်ချုပ်မှူးကြီး ဘယ်လဲ ဘာလဲ ဆိုတာကိုပဲ၊ တပ်ထဲက တိုင်းမှူးတွေက ဒီလို ထုတ် မပြောရဲကြ တာဟာ နံပါတ် ၀မ်းက နံပါတ်ဝမ်းပါပဲ ဖြစ်နေလို့လား ဆိုတဲ့ သို့လော သို့လော အတွေးတွေ စစ်အစိုးရ အသိုင်းအ၀န်းထဲမှာ ဖြစ်ပေါ် နေပါတယ်။


Ref: ဧရာဝတီ်

Read More...

NLD ကို တရားဝင် အသိအမှတ်ပြုရန် အမေရိကန် အဆင့်မြင့် သံတမန်တောင်းဆို

နရီလင်းလက်
Wednesday, 26 January 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို တရားဝင်ပါတီ အဖြစ် အသိအမှတ် မပြုလျှင်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးလျှင် အမေရိကန် အစိုးရ အနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် စဉ်းစားမည် မဟုတ်ကြောင်း အမေရိကန် အဆင့်မြင့် သံတမန်တဦးက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းက အင်ဒိုနီးရှား အခြေစိုက် ဂျာကာတာပို့စ် သတင်းစာကို အင်္ဂါနေ့က အထက်ပါအတိုင်းပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၁ အတွက် အာဆီယံ ဥက္ကဌ ဖြစ်သည်။

ဂျိုးဇက် ဝိုင် ယွန်းက မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားခြင်းကို ရုတ်သိမ်းရန် မစဉ်းစားမီ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရန်၊ နိုင်ငံနှင့် အ၀န်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည့် အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် ပြောခဲ့သည်။

ဂျိုးဇက် ဝိုင် ယွန်း၏ ပြောကြားချက်သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံ အပေါ် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပေးရေး ပြောဆိုပြီး တပတ်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများတွေ့ဆုံရာ၌ “မနှစ်က မြန်မာပြည်မှာ ကျင်းပ သွားတဲ့ ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ ကိစ္စတွေအပေါ်မှာ အပြုသဘော ဆောင်ပြီး တုန့်ပြန် သွားသင့်တယ်” ဟု ပြောခဲ့ကြကြောင်း ဂျာကာတာပို့စ် သတင်းစာတွင် ပါရှိသည်။

ဂျာကာတာပို့စ် သတင်းစာအရ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်း ပေးရန် ပြောကြားရာတွင် အမေရိကန် အစိုးရ၏ တောင်းဆိုချက်များကို ထုတ်ဖော် ပြောဆို ခဲ့သေးကြောင်း သိရသည်။

“အာဆီယံ ၀န်ကြီးတွေ တောင်းဆိုတာ သိပ်ကိုကောင်းတဲ့ တောင်းဆိုချက်ပါ။ ဒါကို မြန်မာအစိုးရက လေးလေး နက်နက် သဘောထားပြီး စစ်စစ်မှန်မှန် အကောင်အထည် ဖော်သင့်တယ်လို့ ကျနော် ထင်ပါတယ်” ဟု ဂျိုးဇက် ဝိုင် ယွန်းက သတင်းစာကို ပြောသည်။

ထို့အပြင် နိုင်ငံတကာ တောင်းဆိုချက်များအတိုင်း မြန်မာအစိုးရက လိုက်လျောမှသာလျှင် အမေရိကန် အစိုးရဘက်မှ ကောင်းမွန်သည့် တုန့်ပြန်မှုကို မျှော်လင့်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က အမေရိကန်နိုင်ငံ ၀ါရှင်တန်တွင် အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့် ရှိသူ ပီ ဂျေ ခရိုးလေးအား သတင်းထောက်များက မြန်မာနိုင်ငံ စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ရုတ်သိမ်းရန် အမေရိကန် အစိုးရ အနေနှင့် အစီအစဉ်ရှိ မရှိ မေးမြန်းရာတွင် ၎င်းက ရုတ်သိမ်းရန် အခြေအနေ မရှိသေးကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

သူက ဆက်လက်၍ အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုများသည် မြန်မာအစိုးရနှင့် ၎င်းတို့၏ အပေါင်းအပါ စီးပွားရေး အုပ်စုများကိုသာ ပစ်မှတ်ထား၍ ချမှတ်ထားခြင်း ဖြစ်ပြီး မြန်မာပြည်သူလူထုအပေါ် မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

“မြန်မာပြည်သူလူထုရဲ့အရေးကို အမှန်တကယ်စိုးရိမ်ကြောင့်ကြ စိတ်တွေ ရှိပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ စီးပွားရေး အခြေအနေက မြန်မာအစိုးရမှာပဲ လုံးဝဥဿုံတာဝန်ရှိတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာပြည်တွင် ရှိသည့် သယံဇာတပစ္စည်းများကို မတရား ခိုးယူ ဖြုန်းတီးနေသူများမှာ စစ်အစိုးရ ခေါင်းဆောင်များသာ ဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှုများ ပြုလုပ်နေသည်မှာလည်း မြန်မာ စစ်ခေါင်းဆောင်များသာ ဖြစ်ကြောင်း သူကပြောသည်။

“ကျနော်တို့ဘက်က စီးပွားရေးပိတ်ဆို့နေတာက မြန်မာပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ် ပြုပြင် ပြောင်းလဲနိုင်ဖို့၊ အကျဉ်း သားတွေ လွတ်လာဖို့၊ စစ်အစိုးရက စပြီး ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲ တရပ်ကို စပြီး အကောင်အထည် ဖော်ဖို့ပါ။ ဒါတွေအားလုံး အတွက် စစ်အစိုးရကို ဖိအားပေးဖို့ ရည်ရွယ်ချက်နဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်ထိန်းထားတာပါ” ဟု ၎င်းကဆိုသည်။

ဂျိုးဇက် ဝိုင် ယွန်းသည် NLD ပါတီကို စစ်အစိုးရက အသိအမှတ်ပြုရန် တိုက်တွန်းပြောဆို နေသော်လည်း NLD ၏ ရှေ့နေများက ပါတီ ဖျက်သိမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ တနင်္လာနေ့က အထူး အယူခံအတွက် နေပြည်တော်တွင် လျှောက်လဲချက်များ တင်ခဲ့ရသည်။ သို့သော် တရားရုံးက မည်သည့် ဆုံးဖြတ်ချက်မှ မချခဲ့ပေ။ ။


Ref: ဧရာဝတီ်

Read More...

NLD ရပ်တည်ရေးအမှု ၂၈ ရက်နေ့ အမိန့်ချမည်

မျိုးသန့် |
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပါတီဆက်လက်ရပ်တည်ရေး အထူးအယူခံ လျှောက်ထားသည့် အမှုကို ယခုလ ၂၈ ရက်နေ့တွင် အမိန့် ချမည်ဟု သိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ အကျိုးဆောင် ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ပါတီရပ်တည်ရေး နောက်ဆုံးအဆင့် အထူးအယူခံတင်သွင်းခြင်းကို နေပြည်တော် တရား ရုံးချုပ်က ယခုလ ၁၃ ရက်နေ့တွင် လက်ခံခဲ့ကာ၊ ၂၄ ရက်နေ့တွင် နှစ်ဖက်ကြားနာခဲ့ပြီးနောက် ရန်ကုန် တရားရုံးချုပ် ကြိုတင်အသိပေး စာရင်းတွင် စီရင်ချက် ချမည့်အကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။

“ဒီနေ့ ရန်ကုန် တရားရုံးချုပ်က ကြိုတင်သတိပေးစာရင်းမှာ ကပ်ထားတာက အဲဒီအမှုကို ဒီလ ၂၈ ရက်နေ့ ၁ဝ နာရီ နေပြည်တော် တရားရုံးချုပ်မှာ အမိန့်ချမယ် ဆိုပြီးတော့မှ စာကပ် ထားပါတယ်” ဟု ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။

ကြိုတင်အမှုခေါ်စာရင်းတွင် မည်သည့်အမှုကို လက်ခံသည်/ပယ်သည်၊ မည်သည့်အမှုကို အမိန့် ချပြီးပြီဟူသည့် သတိပေး ချက်များသာ သာမန်အားဖြင့် ကပ်လေ့ရှိပြီး အမှုတခုကို မည့်သည့်နေ့ အမိန့်ချမည်ဟု မကပ်တတ်သဖြင့် ထူးခြားသည်ဟု ဆိုသည်။

သူက “ဒီလိုကြိုတင်အမှုခေါ်စာရင်းနဲ့ ထုတ်ပြန်တယ်ဆိုတာ ဒါထူးခြားတယ်ပေါ့ဗျာ။ တခြား ဘယ်အမှုမှ ဒီလို ကြိုတင်ပြီးတော့ အမိန့် ချမယ်လို့ ကြိုတင် အသိပေးတဲ့ဟာ ကျနော်တော့ တခါမှ မကြုံဖူးဘူး။ ဒီအမှုတခုပဲ ကြုံဖူးတယ်။ ဘယ်နေ့ဘယ်ရက် အမိန့်ချမယ် ဆိုပြီးတော့ ဒီလိုစာရင်းထုတ် ကြေညာတာက ဒီတခါပဲ ကျနော် ကြုံဖူးတာပေါ့။ ထူးခြားတယ်ပေါ့” ဟု ပြောဆိုသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည့် NLD သည် ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်၍ ပါတီ မှတ်ပုံ မတင်သဖြင့် တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ကြောင်း ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ကြေညာအပြီး NLD အထွေထွေအတွင်းရေမှူး ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ပါတီ အဖြစ် ဆက်လက် တည်ရှိခွင့် ရှိကြောင်း ပထမအကြိမ် အယူခံ တင်သွင်းခဲ့သည်။ သို့သော် အယူခံကို နေပြည်တော် တရားရုံးချုပ်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပယ်ချခဲ့သေးသည်။

ယခုလ ၂၈ ရက်နေ့တွင် ချမှတ်မည့် အမိန့်အတွက် ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးကျော်ဟိုးနှင့် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်တို့ နေပြည်တော် တရားရုံးချုပ်သို့ သွားရောက် ကြားနာမည်။

Ref: မဇ္ဈိမ

Read More...

Wednesday, January 26, 2011

DKBA နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ KNU နှင့် ပူးပေါင်း

Tuesday, 25 January 2011

ကရင်ပြည်နယ် မြ၀တီခရိုင် တောင်အုပ်ရွာ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့် တပ် အမှတ် (၁၀၁၉) မှ တပ်ခွဲမှူးတဦး အပါအ၀င် တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်များနှင့် အတူ ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၇) သို့ ယမန်နေ့က လာရောက် ပူးပေါင်းခဲ့သည်။

KNU နှင့် လာရောက် ပူးပေါင်းသည့် DKBA နယ်ခြားစောင့် တပ်ခွဲမှူး စောနေဘလူးထူး က “DKBA ခေါင်းဆောင် တွေက သူတို့ ကိုယ်ကျိုး အတွက် ကျနော်တို့ကို နအဖဆီ တဖက်လှည့်နဲ့ ရောင်းလိုက်ပြီး နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်။ သူတို့သာ ကြီးပွား ချမ်းသာသွားပြီး အောက်ခြေ ရဲဘော်တွေ ကတော့ နအဖ ကျွန်ဖြစ်နေတာပဲ အဖတ်တင်တယ်။ ကိုယ့်အမျိုးသားရေး အတွက် ဘာမှ လုပ်ပိုင်ခွင့် မရှိတော့တဲ့ အပြင် အခု ကရင် အချင်းချင်း ပြန်တိုက် နေရတယ်။ ဒါ့ကြောင့် KNU နဲ့ ပြန်လာပေါင်းတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

လာရောက် ပူးပေါင်းသည့် အဆိုပါတပ်ဖွဲ့ဝင် ၁၇ ဦးအနက် ၁၆ ဦးသည် KNU တပ်မဟာ ၇ နှင့် အတူ တိုက်ပွဲဝင်ရန် ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်ရှိ မာနယ်ပလော ဒေသသို့ မကြာမီ ရက်ပိုင်းအတွင်း ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

KNU တပ်မဟာ ၇ မှ ဗိုလ်ကြီး မျိုးမင်းသူက “ပြန်လည် ပူးပေါင်းလာသူတွေရဲ့ ဆန္ဒအတိုင်းပဲ အကူအညီ ပေးပါတယ်။ သာမန် အရပ်သားလို နေချင်လည်း ရတယ်။ တပ်ထဲမှာပဲ ပြန်လုပ်ချင်လည်း ရတယ်။ သူတို့ သဘောဆန္ဒ အတိုင်းပါပဲ” ဟု ပြောသည်။

ယခုနှစ်ဆန်းမှ စ၍ KNU တပ်မဟာ (၇) သို့လာရောက်ပူးပေါင်းသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် (၂၆) ဦး အထိ ရှိနေပြီ ဖြစ်ပြီး လာရောက် ပူးပေါင်းသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် မာနယ်ပလော တိုက်ပွဲမှ ထွက်ပြေး လာသည့် အကျဉ်းသား ပေါ်တာ၂၉ ဦး တို့ကို အကူ အညီများ ပေးခဲ့သည်ဟု ဗိုလ်ကြီးမျိုးမင်းသူက ဆက်လက် ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

လူ့အခွင့်အရေးတိုးတက်ဖို့ အာဏာရှင် အစိုးရများကို ဖိအားပေးဖို့ လိုအပ်

2011-01-25

လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ပြောင်းလဲလာဖို့ ဆိုရင် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရတွေ အနေနဲ့ အာဏာရှင် အစိုးရတွေကို ထိရောက်တဲ့ ဖိအားတွေ ပေးကြဖို့ လိုအပ်တယ်လို့ ဇန်နဝါရီ ၂၄ ရက် မနေ့က ထုတ်ပြန်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (HRW) ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံစာက တိုက်တွန်းလိုက်ပါတယ်။

မနှစ်က လူ့အခွင့်အရေး အခြေအနေတွေကို ကြည့်ရင် ဥဇဘက်ကစ္စတန်၊ တပ်ခ်မန်နစ္စတန်နဲ့ အာဖရိက တိုက်က အာဏာရှင် နိုင်ငံတွေ အပေါ် အနောက်နိုင်ငံတွေရဲ့ ပျော့ပျောင်းတဲ့ ဆက်ဆံရေးမူဝါဒဟာ သက်ဆိုင်ရာ အစိုးရ တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို မတားဆီး နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး HRW ရဲ့ မူဝါဒရေးရာ ညွန်ကြားရေးမှူး Tom Malinowski က RFA ကို အခုလို ပြောပါတယ်။

လူ့အခွင့်အရေး အခြအနေကို ပြောမယ်ဆိုရင် တချို့နိုင်ငံတွေက တိုးတက်လာပေမဲ့ တချို့ နိုင်ငံတွေက မတိုးတက် ပါဘူး။ မြန်မာ နိုင်ငံက အခြေအနေ ဆိုရင် ရေဒီယို သောတရှင်တွေက ပိုပြီးတောင် သိနေမှာပါ။ စစ်အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ စနစ်အတွက် အထောက်အကူ မဖြစ်ခဲ့ပါဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပေမဲ့ အဓိက အပြောင်းအလဲ ဖြစ်လာဖို့ စစ်အစိုးရက ဆက်လက် လုပ်ဆောင်တာ မတွေ့ရ ပါဘူးလို့ သူက ပြောသွားပါတယ်။

လူ့အခွင့်အရေး မြှင့်တင်ရေး အနောက်နိုင်ငံတွေရဲ့ကြိုးပမ်းချက် အထူးသဖြင့် ဥရောပသမဂ္ဂရဲ့ အခန်း ကဏ္ဍမှာ အားနည်း ချက်တွေ အများကြီး ရှိနေတယ်ဆိုတာ ဒီနှစ် အစီရင်ခံစာက အဓိက ထောက်ပြ ထားပါတယ်လို့ Tom Malinowski က ဆိုပါတယ်။

HRW ရဲ့ ၂၁ ကြိမ်မြောက် နှစ်ပတ်လည် အစီရင်ခံစာမှာ နိုင်ငံပေါင်း ၉၀ ကျော်က လူ့အခွင့်အရေး အခြေ အနေ တွေကို သုတေသနပြု မှတ်တမ်းတွေနဲ့ ဖော်ပြ ထားပါတယ်။

Ref: RFA News

Read More...

သမ္မတနေရာ ဦးရွှေမန်း တစ်ပြေး

မျိုးသိဏ်း |
အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ နေပြည်တော်မှလာသော အထူးသတင်းတရပ်အရ လာမည့် လွှတ်တော်တွင် စစ်ဘက်မှ တင်သွင်းမည့် ဒု သမ္မတ နေရာအတွက် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း အလားအလာ အကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။

အရပ်သားဝေစုတွင် အမတ်နေရာ အများဆုံး ရထားသော စစ်တပ် ကျောထောက် နောက်ခံ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ပြည်သူ့ လွှတ်တော်မှ တင်သွင်းသော ဒုသမ္မတ အဖြစ် ရွေးလိမ့်မည်ဟု သီးခြား သတင်းရပ်ကွက် တခုက ပြောသည်။

တိုင်းရင်းသားပါတီများက ဒုသမ္မတ တနေရာ တောင်းဆိုနေသော်လည်း အမျိုးသား လွှတ်တော်က စီးပွားရေး လုပ်ငန်းရှင် တဦးကို ဒုသမ္မတ တင်မြောက်ရန် ကြံ့ဖွံ့ဘက်က လျာထားသည်ဟုလည်း ပြောသည်။

သို့သော် ပြည်နယ်နှင့် တိုင်းအချို့တွင် တိုင်းရင်းသား အမတ်များကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်နိုင်လိမ့်မည်ဟု ပါရှိသည်။

ကြံ့ဖွံ့မှာ ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် ၅၇ ရာခိုင်နှုန်း လွှမ်းမိုး ထားသဖြင့် ကြံ့ဖွံ့ ထောက်ခံသူမှာ ဒုသမ္မတနှင့် သမ္မတ ဖြစ်လိမ့်မည်။

ဒုသမ္မတ ၃ ယောက်အနက် သမ္မတဖြစ်ရန် အလားအလာ အကောင်းဆုံးမှာ သူရဦးရွှေမန်း ဖြစ်ပြီး တပ်မတော်တွင်း သူ့ကို ထောက်ခံမှု အားကောင်း နေသည်ဟုလည်း စစ်တပ် သတင်းရပ်ကွက် တခုက ပြောသည်။

နံပါတ် ၂ စစ်ခေါင်းဆောင် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အနား ယူမည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ လွဲ၍ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် စစ်တပ် ခေါင်းဆောင်များ အငြိမ်းစား ယူရမည့် အသက်ကို ပြန်လည် ပြဋ္ဌာန်း လိမ့်မည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး မြင့်အောင်နှင့် ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့ကို ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေး ဦးစီးချုပ် ရာထူးများ လျာထားပြီး ဖြစ်သော်လည်း မည်သည့်အချိန် တရားဝင် လွှဲပြောင်းမည် မသိနိုင်ဘဲ ဖြစ်နေသည်။

အလားတူပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သည့်နေရာ ဆက်ကိုင်ထားမည်ဆိုသည်ကို စစ်ဘက် အကဲခတ်များ အပါအဝင် တပ်တွင်း အရာရှိကြီး များပင် မပြောနိုင် ဖြစ်နေသည်။

အများစုထင်ကြေးတွင် ဗိုလ်ချုပ်မှူးကြီးရာထူးကို ဆက်ကိုင်ထားပြီး ကာကွယ်ရေး ဦးစီးချုပ်သစ် ထက် ရာထူး အမြင့် ယူ၍လည်းကောင်း၊ ကြံ့ဖွံ့ နာယက အဖြစ်လည်းကောင်း ဆက်ကိုင် နိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

ကြိုတင် ရေးဆွဲထားသည့် စစ်မှုမထမ်းမနေရ စနစ်ကိုလည်း လွှတ်တော်က အတည်ပြုရန် တပ် ကိုယ်စားလှယ်များ တင်ပြ သွားလိမ့်မည်ဟု စစ်တပ် အရာရှိတဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း လာမည့်လွှတ်တော်အတွင်း အာဏာခွဲဝေမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချသွားမည်ဟု သတင်းရင်းမြစ်က ဆိုသည်။

စီးပွားရေးမြို့တော် ရန်ကုန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမှ ကြံဖွံ့ ကိုယ်စားပြု အနိုင် ရထားသည့် ဦးမြင့်ဆွေ (ယခင် ကစထမှူးဟောင်း ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ) ကို ယာယီ အတည်ပြု ထားကြောင်းလည်း သတင်း ရင်းမြစ်က ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ချင်းပြည်နယ်သို့ NLD ဆန်လှူ

ရန်ပိုင် Tuesday, 25 January 2011

ကြွက်အန္တရာယ်ကြောင့် အငတ်ဘေး ကြုံနေသည့် ချင်းပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးစီးပြီး ယနေ့ ဆန်လှူဒါန်းကြောင်း NLD ကပြောသည်။

NLDပါတီမှ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)၊ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်တို့က ဦးဆောင် ပြီး ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ ၅၀ ကို ငွေကျပ် သိန်း ၂၁၀ တန်ဖိုးရှိ ဆန်အိတ်ပေါင်း ၁၂၅၀ ဝေငှ မည် ဖြစ်သည်ဟု ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်ကပြောပြသည်။

“ကန်ပက်လက် အာဏာပိုင်ကို ဝေမယ့်ရွာနဲ့ လူဦးရေ စာရင်းပေးပြီးပြီ၊ ခွင့်မပြုသေးဘူး၊ ဒီနေ့တော့ မပြုလည်း ဝေရမှာပဲ”ဟု ၎င်းက ဆိုသည်။

ယမန်နေ့ကတည်းက ဝေငှရန်စီစဉ် ထားသော်လည်း ကန်ပက်လက်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီက ဝေငှ ခွင့် မပေးသေးကြောင်း၊ ရာသီဥတုအခြေအနေလည်း ကောင်းမွန်သည့် အတွက် ယနေ့တွင် ဝေငှမည်ဖြစ်ကြောင်း၊ တခြားသောမြို့ နယ်များကိုလည်း ဝေငှရန် လေ့လာမှုများ ပြုလုပ်နေကြောင်း ဦးအုန်းကြိုင်က ဆက်လက် ပြောပြသည်။

အလားတူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးနေဖူးဗဆွေ၊ ဇိုမီး အမျိုးသား ကွန်ဂရက် မှ ဦးအင်ဇာခိုင်၊ NLD ပါတီမှ ကိုအေးမင်းစိုး တို့က ဦးဆောင်ပြီး မြောက်ပိုင်း ထန်တလန်မြို့နယ် လူဦးရေ ၇၅၀ ခန့်ရှိသည့် ကျေးရွာ ၂ ရွာအတွက် ကျပ်သိန်း ၃၀ တန်ဖိုးရှိ ဆန် အိတ်များ ဝေငှခြင်းနှင့် ဖလမ်း မြို့နယ်တွင် ကျပ်သိန်း ၆၀ ခန့်အကုန်အကျခံ၍ သောက်သုံးရေ ရရှိရေး ဆောင်ရွက်မှုများကို ပြု လုပ်နေကြောင်း လည်း သိရသည်။

စစ်အစိုးရက ချင်းပြည်နယ်တွင် အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း များကြောင့် ချင်း တိုင်းရင်းသား အများစုသည် အိန္ဒိယ၊ မလေးရှားနှင့် အမေရိကန် ပြည်ထောင်စု တို့တွင် ဒုက္ခသည်များအဖြစ် သွားရောက် နေထိုင်နေရသည်။

၂၀၀၈-၂၀၀၉ ခုနှစ်က ချင်းပြည်နယ်တွင် သီးနှံစိုက်ခင်းများကို ကြွက်များ ဖျက်ဆီးခဲ့သဖြင့် စားနပ် ရိက္ခာ ရှားပါးသည် အထိ ဆိုးရွား ခဲ့သည်။

NLD ပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီထပ်မံ မှတ်ပုံတင်ခြင်း မပြုသောကြောင့်၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် က တရားဝင် ရပ်တည်ခွင့် မရှိကြောင်း ကြေညာခဲ့သော်လည်း လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ ပါတီ ရပ်တည်ခွင့်နှင့် ပတ်သက်ပြီး စစ်အစိုးရ၏ နေပြည်တော် တရားရုံးချုပ်တွင် ကြားနာ စစ်ဆေးမှုများကို ရင်ဆိုင် နေရကြောင်း၊ ယမန်နေ့ကလည်း ပါတီ ရှေ့နေကြီး ဦးဉာဏ်ဝင်း၊ ဦးကျော်ဟိုးတို့က နေပြည်တော်သို့ သွားရောက်ပြီး ပါတီရပ်တည်ခွင့် အတွက် လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

ထိုအမှုကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံး ယာယီတာဝန်ခံက ပါတီ ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဝင်းထိန်၊ ဦးအုန်းကြိုင်တို့အား ယနေ့နံနက်ပိုင်းက လာရောက် တွေ့ဆုံ မေးမြန်းခဲ့သည်ဟု ဦးအုန်းကြိုင်က ဆက်လက်ပြောသည်။

Ref: ဧရာဝတီ်

Read More...

KIO နှင့် KNO သဘောထားပြန်ညှိပြီး

ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင် အမျိုးသားအခွင့်အရေး ရရှိရေးအတွက် ပြည်တွင်းမှ နယ်ခြားစောင့်တပ် ပြောင်းလဲရေး လက်မခံသည့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် ပြည်ပ အခြေစိုက် KNO အဖွဲ့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည်။

၁၂ နှစ်ကြာ နိုင်ငံရေးလှုပ်ရှားမှုများတွင် အပြိုင်အဆိုင် သဘောလုပ်ဆောင်မှုများ ရှိခဲ့ပြီး ကချင် လူထု အကြား မတူညီသည့် သဘော ကွဲလွဲမှုများ မရှိစေရန် ထိပ်ပိုင်း ခေါင်းဆောင်များ ယခုလ ၂၁ ရက်နှင့် ၂၂ ရက်များတွင် တွေ့ဆုံကာ သဘောတူ လက်မှတ် ထိုးရကြောင်း ဒုဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်းက ပြောသည်။

“အရင်ကတော့ မတူညီတဲ့အချို့အပိုင်းတွေ ရှိတယ်ခင်ဗျ၊ နှစ်ဖွဲ့ ယှဉ်ပြိုင်ပြီးလုပ်တဲ့ အနေအထားမျိုး ဖြစ်လို့ရှိရင် မတူညီတဲ့ သဘောမျိုးလို သူများအမြင်မှာ မရှင်းသလို ဖြစ်ခဲ့တာတွေ ရှိတယ်။ ဒီလို မဖြစ်အောင် အမျိုးသား အရေးမှာ အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ သဘောထား ပြန်ညှိနှိုင်းတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

KIO အနေဖြင့် လက်လှမ်းမမီနိုင်သည့် လုပ်ငန်းများကို KNO က နိုင်ငံရေးအရ နိုင်ငံတကာနှင့် ဆက်သွယ် နိုင်ရေး အတွက် တည်ထောင် ခဲ့သော်လည်း နောက်ပိုင်းတွင် KIO နှင့် KNO အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာသဖြင့် ပြန်လည် နားလည်မှု ယူခြင်းဟု ဆိုသည်။

လက်တွေ့ မည်သည့်လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ချက် မချရသေးသော်လည်း တခြား တိုင်းရင်းသားနှင့် ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အတူ ပူးပေါင်းကာ မြန်မာပြည် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရန် လုပ်ဆောင် သွားမည်ဟု သိရသည်။

ထိုသဘောတူညီမှု စာချွန်လွှာ Memorandum of Understanding- MOU တွင် အမျိုးသားရေးကို အတူလက်တွဲ ဆောင်ရွက် သွားရန်၊ တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေးအတွက် နိုင်ငံရေး ဖြေရှင်းသွားရန်၊ ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားများ ပါဝင်သည့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေး ကြိုးပမ်းသွားရန် သဘောတူခဲ့ကြသည်။

KNO ကို ကချင်လူထု လွတ်လပ်ရေးနှင့် လူ့အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီ ရရှိရေး စသည့် ရည်ရွယ်ချက်များနှင့် ၁၉၉၉ ဇန်နဝါရီ ၉ ရက်တွင် ကချင် ကျောက်စိမ်း လုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။

အဓိကအားဖြင့် စစ်အစိုးရ ပြုလုပ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြမှုများ၊ ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်း ဆန့်ကျင်ရေးများကို နိုင်ငံတကာရောက် ကေအန်အို အဖွဲ့များ ဦးဆောင် လှုပ်ရှားကြသည်။

KNO က ကချင်အမျိုးသားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရေးမူကို ချမှတ်၍ အခြား ဒီမိုကရေစီ လိုလား သူများနှင့် တခြား တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အတူ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာရေး နိုင်ငံတကာနှင့် ဆွေးနွေး တင်ပြသည်ဟု KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ် လရော်က ပြောသည်။

“ကချင်အမျိုးသား လူထုအားလုံးကိုယ်စားပြုပြီးတော့ စစ်အစိုးရအောက်မှာ ဖြစ်ပျက်နေတာ တွေကို နိုင်ငံတကာ သိအောင် တင်ပြတယ်။ ဒုက္ခဖြစ်နေတဲ့ အခြေအနေ ကနေ လွှတ်မြောက်ဖို့ ဆိုတာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို မြန်မာပြည်မှာ လုပ်နိုင်မှ အေးချမ်း နိုင်မယ် ဆိုတာတွေ အဓိက တင်ပြ ပြောဆိုတာပါ”ဟု ပြောသည်။

နိုင်ငံတကာရောက်ရှိနေသော ကချင်ဒုက္ခသည်များ၏ အခြေအနေ အခက်အခဲများကို စောင့်ကြည့်နေပြီး အကယ်၍ ဒုက္ခ ရောက်နေသူ ကချင် ဒုက္ခသည်များအတွက် KNO က UNHCR ကို စာရေး အကြောင်းကြားကာ ကူညီ ဖြေရှင်းပေးခဲ့သည်။ မနှစ် ဇွန်လက မလေးရှားနိုင်ငံ ဒုက္ခသည်စခန်းမှ ရိုးမေးနီးယားနိုင်ငံ ရောက်ရှိသွားသော ကချင်ဒုက္ခသည် ၃၈ ဦးအရေးကိုလည်း ဖြေရှင်း ပေးခဲ့ကြောင်း ထုတ်ပြန်ချက်များ ပေါ်ထွက်ခဲ့သည်။

အမျိုးသားရေးကို ပူးပေါင်းဆောင်ရွက်သွားရန် ကေအိုင်အို ဒုဗိုလ်ချုပ်ကြီး အင်ဘန်လအောင်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂေါင်ရီ ဇော်ဆိုင်း၊ ဗဟို ကော်မတီ အဖွဲ့ဝင် ဦးလဖိုင်လနှင့် ကေအန်အို နာယက ဦးဟိုဝါလဂျာ၊ ဥက္ကဋ္ဌ ဦးဘောမ်ဝမ်လရော်နှင့် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လထော် နော်လောန်တို့ ၆ ဦး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

စစ်အစိုးရက KIO ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မလုပ်သည့်အတွက် ယခင် ၁၉၉၄ မတိုင်မီ ကာလသို့ ရောက်သွားမည်ဟု ပြောဆို ခဲ့ပြီးနောက် ကေအိုင်အိုကို “သောင်းကျန်းသူများ အဖွဲ့”ဟု စွတ်စွဲ ပြောဆိုခဲ့သည်။

အမေရိကန်၊ ဂျပန်၊ သြစတေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်၊ တရုတ်နှင့် ထိုင်း စသည့် နိုင်ငံများတွင် KNO အဖွဲ့များ ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ စစ်အစိုးရနှင့် KIO အကြား ဆက်ဆံရေး ပြတ်တောက်ခဲ့ရာ ယနေ့ထိ ထူးခြားသည့် အခြေအနေ မရှိသေးပေ။

၁၉၆၁ ဖေဖော်ဝါရီ ၅ တွင် ကချင်တမျိုးသားလုံး တန်းတူအခွင့်အရေး ရရှိရန် ကချင်ကျောင်းသား ဇော်တူးနှင့် ဇော်ဆိုင်း တို့ ဦးဆောင်ကာ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှု ပေါ်ပေါက်ခဲ့သည်။

လာမည့် နှစ် ၅ဝ ပြည့် ကချင်တော်လှန်ရေးနေ့ကို ဇင်းမယ်တွင် ကျင်းပသွားမည် ဖြစ်သည်။ အခြား နိုင်ငံ အသီးသီး တွင်လည်း နှစ်စဉ် ကျင်းပခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

ပုဂ္ဂလိကပိုင် ပြုလုပ်မှုကြောင့် မြန်မာ့စီးပွားရေး စစ်တပ်ထိန်းချုပ်မှု ခိုင်မြဲ

Ron Corben's Report in Burmese
အင်္ဂါ, 25 ဇန်နဝါရီ 2011


မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေရဲ့ တစိတ်တပိုင်းအဖြစ် စစ်အစိုးရက နိုင်ငံပိုင်ပစ္စည်း အတော် များများကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်း ရောင်းချ ပေးနေတယ်လို့ သိရပါတယ်။ ဒီရောင်းချမှုဟာ နိုင်ငံပိုင် ပစ္စည်းတွေကို စစ်အစိုးရ နောက်လိုက် စီးပွားရေး သမားတွေ လက်ထဲ ပြောင်းပေးလိုက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ထိန်းချုပ် ထားတာထက် မပိုဘူးလို့ ဝေဖန်သူတွေက မှတ်ချက် ချပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ရွန်ကော်ဘန် (Ron Corben) သတင်းနောက်ခံ ဆောင်းပါး ပေးပို့ထားတာကို မမိုးဖြူက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ စစ်အစိုးရရဲ့ စီးပွားရေး လက်ဝါးကြီးအုပ် ချယ်လှယ်ခံထားရတဲ့ နိုင်ငံဖြစ်ပြီး အာရှမှာ အဆင်းရဲဆုံး တိုင်းပြည်တွေ ထဲက တခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရ ကတော့ တိုင်းပြည် ပိုင်ဆိုင်မှုရဲ့ ၉၀% လောက်ကို ရောင်းစားတာမျိုး အပါအ၀င် စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ မကြာသေးခင်က တိုင်းပြည်က ပိုင်ဆိုင်တဲ့ လေဆိပ်တွေ၊ အဆောက် အဦးတွေ၊ ဓာတ်ဆီဆိုင်နဲ့ သင်္ဘောဆိပ်နဲ့နီးတဲ့ မြေကွက်ကြီးတွေ အပါအ၀င် စီးပွားရေး ပိုင်ဆိုင်မှုပေါင်း ၄၀၀ ကျော်ကို အစိုးရက ထုတ်ရောင်းလိုက်ပြီလို့ ရန်ကုန်က သတင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

ကမ္ဘောဒီးယား အခြေစိုက် Leopard Capital ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်ဂလပ်စ် ကလေတန် (Douglas Clayton) က ပြည်သူပိုင် အခန်းကဏ္ဍကနေ ပုဂ္ဂလိကပိုင် လုပ်တာဟာ စီးပွားရေးအရ ပိုပြီး ထိရောက်မှုရှိတဲ့ ခြေလှမ်းတခု လှမ်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီလို စီးပွားရေး ပြုပြင်ပြောင်းလဲမှုကနေ နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ အရှိန် ပိုရလာ ပါလိမ့်မယ်။”

ဒါပေမဲ့ တချို့ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူတွေကတော့ အခုလို ပုဂ္ဂလိကပိုင် လုပ်တာဟာ လက်ရှိ စစ်အစိုးရရဲ့ အာဏာကို ထိန်းချုပ်ထားဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းသာ ဖြစ်တယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ အမြင်အရ အခု ပုဂ္ဂလိကပိုင် ပေးလိုက်တဲ့ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေဟာ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲကို ရောက်သွားတာသာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

သြစတြေးလျ မက်ကွာရီ တက္ကသိုလ် (Macquarie University) က စီးပွားရေး ပညာရှင် အဲလစ်စန် ဗစ်ကရီ (Alison Vicary) ကတော့ အခုလို ဝေဖန် သုံးသပ်ပါတယ်။

“နိုင်ငံပိုင် ပစ္စည်းတွေ ပုဂ္ဂလိက ကဏ္ဍကို အကြီးအကျယ် ရောင်းချပေးနေတာဟာ ရွေးကောက်ပွဲ မတိုင်ခင်က စစ်အစိုးရကို ထောက်ခံ အားပေးခဲ့တဲ့ စီးပွားရေး သမားတွေကို အစိုးရက ပြန်ကြည့်တဲ့ သဘောပါပဲ။ ဥပမာ နိုင်ငံပိုင် လေယာဉ်ကွင်းကို ရောင်းပေး လိုက်တာဟာ စစ်အစိုးရနဲ့ နှစ်ပေါင်းများစွာ တကြိတ်တည်း တဉာဏ်တည်း လုပ်ခဲ့တဲ့ စီးပွားရေး သမားတွေကို ပါပဲ။ ဒါကြောင့် စစ်အစိုးရ အနေနဲ့ ဒီစီးပွားရေး သမားတွေကို အိတ်ထဲထည့် စည်းရုံးထားဖို့ လုပ်တယ် ဆိုတာကတော့ ထင်ရှားပါတယ်။ နောင် အနာဂတ်မှာ စီးပွားရေး စီမံခန့်ခွဲဖို့ ဆိုတာက နောက်ကိစ္စတခုပါ။”

အခုလို ရောင်းလိုက်တဲ့ နိုင်ငံပိုင် ပစ္စည်းတွေကို ၀ယ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေထဲမှာ စစ်တပ်ရဲ့ အငြိမ်းစား လစာ ရန်ပုံငွေ တွေကို ချုပ်ကိုင် ထားတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလို၊ နိုင်ငံပိုင်ပစ္စည်း ရောင်းလို့ရတဲ့ ရန်ပုံငွေတွေကို ကြီးကြပ်ရတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်လို စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းကြီးတွေပါ ပါနေတယ်လို့ တချို့ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူတွေက ထောက်ပြ ဝေဖန်ကြပါတယ်။

“အခုလုပ်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်မှုတွေက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို စစ်အစိုးရနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်တွေ အပါအ၀င် စစ်အစိုးရ နောက်လိုက် စီးပွားရေး သမားတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်လာအောင် ပြောင်းလိုက်တာပါပဲ။”

မြန်မာနိုင်ငံအကြောင်း ရေးသားနေတဲ့ ဘာတေးလ် လင့်တနာ (Bertil Lintner) ကလည်း ဒီပုဂ္ဂလိကပိုင် လုပ်မှုတွေဟာ စစ်ခေါင်းဆောင် တွေနဲ့ နောက်လိုက်တွေ အတွက်ပဲ ဆိုတာ ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လမ်းဖွင့် ပေးလိုက်တယ်လို့တော့ ယူဆပါတယ်။

“စီးပွားရေး အခွင့်အလမ်းသစ်တွေ ပေါ်လာပြီလို့ လူတွေက ပြောနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေက သိပ်ကို ဆိုးနေတာကြောင့် ပြုပြင် ပြောင်းလဲမှုတွေတော့ လုပ်ဖို့ လိုပါလိမ့်ဦးမယ်။”

ဟောင်ကောင်မှာရှိတဲ့ တရားမ၀င် ငွေလွှဲပြောင်းမှု နှိမ်နင်းရေး အကြံပေးအဖွဲ့က ပီတာ ဂယ်လို (Peter Gallo) ကတော့ အခုလို ပုဂ္ဂလိကပိုင် လုပ်ပေမဲ့လည်း နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်မယ်ဆိုရင် သတိကြီးကြီးထားဖို့ လိုမယ်လို့ သတိပေးလိုက်ပါတယ်။

“လက်တွေ့ပြဿနာကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေပါပဲ။ ဒီမိုကရေစီ နည်းကျ တင်မြှောက်တဲ့ အစိုးရ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်လို့ ကတော့ နိုင်ငံတကာ ပြစ်တင် ရှုတ်ချတာကို ခံရမှာပါ။”

လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒက်ဘီ စတော့တ်ဟာ့တ် (Debbie Stothard) ကတော့ ဒီပြောင်းလဲမှုတွေဟာ မြန်မာပြည်သူ အများစုရဲ့ ဘ၀တိုးတက်ဖို့ ဘာမှ လုပ်မပေးနိုင်ပါဘူးလို့ ရှင်းရှင်းလင်းလင်း အခုလို မှတ်ချက်ချပါတယ်။

“မြန်မာပြည်က ပြည်သူ အများစုဟာ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ သောက်ရေ၊ အခြေခံ ကျန်းမာရေးနဲ့ ပညာရေး ခံစားခွင့်တွေ ဘာမှ မရှိကြပါဘူး။ အခုလို ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့ နောက်လိုက်တွေရဲ့ ပိုင်ဆိုင်မှု အဖြစ် ပြောင်းလိုက်တာဟာ ခုနပြောတဲ့ အခြေခံ အခွင့်အရေး မရတဲ့ ပြည်သူ အများစုအတွက် ဘာအကျိုးမှ မရှိပါဘူး။”

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးတာနဲ့ ရွေးကောက်ပွဲ ကျင်းပ တာတွေဟာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု တချို့ကို လုပ်တာဖြစ်တယ်လို့ အာဆီယံ ခေါင်းဆောင်တွေက ယူဆပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော် အကျဉ်းထောင်တွေ ထဲမှာ ဆက်ရှိနေတဲ့ အချက်နဲ့ စစ်အစိုးရက စီးပွားရေးကို ဆက်ပြီး လက်ဝါးကြီး အုပ်ထားတဲ့ အချက်တွေကြောင့် အာဆီယံက ပြောတဲ့ ပြုပြင်ပြောင်းလဲမှု တချို့ ဆိုတာဟာ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေး ဖြစ်ဖို့ တကယ့် လက်တွေ့မှာ အများကြီး လိုနေပါသေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြ သုံးသပ်ကြပါတယ်။

Ref: VOA News

Read More...

တိုးချဲ့မည့် အရှေ့အလယ်ပိုင်း စစ်တိုင်းအတွင်း ခံတပ်ကြီးများ တည်ဆောက် - ဒေသခံလူထု နေရပ်မှ ထွက်ပြေး

Tuesday, 25 January 2011

သျှမ်းပြည်အလယ်ပိုင်းမြို့နယ်ခွဲသစ်များတိုးမြင့်ထား သည့် ဒေသ/ တိုးချဲ့ အရှေ့အလယ်ပိုင်း စစ်တိုင်းသစ် ဒေသ အတွင်း နအဖ ခံတပ်ကြီးများ အခိုင်အမာ တည်ဆောက် မှုအတွက် ကျေးလက် လူထုပိုင် လယ်ယာ ခြံမြေများ ဧကရာနှင့် ချီအဓမ္မ အသိမ်း ခံရခြင်း/စစ်ဘေး စစ်ဒဏ်စိုးရိမ် ကြခြင်း တို့ကြောင့် ဒေသခံများ ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် နေကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

“မိုင်းရှူးတောင်ဘက် မြို့နဲ့ကပ်ရက် လွယ်ဇင်းတောင်မှာ လုပ်တာလေ။ ဒီဇင်ဘာလလယ် ကတည်းကဘဲ။ ရပခ တိုင်းမှူးနဲ့ ဗိုလ်ချုပ် မောင်အေးတို့ လာကြည့်ပြီး ပြန်သွား ကတည်းက လုပ်နေတာ။ ခံတပ်တွေ ကတုတ်ကျင်းတွေ အခိုင်အမာ ကွန်ကရစ်နဲ့ လုပ်တာလေ။ လက်နက်ကြီး ထားမယ်လို့လဲ သတင်း ထွက်တယ်။ ၃ လ အပြီး လုပ်ရမယ်ဆို တော့ တောင်ကြီးဖက်က ဆောက်လုပ်ရေး အလုပ်သမား အယောက် ၄၀- ၅၀ ထပ်ခေါ်ရတယ်။

အဓမ္မလုပ်အားခိုင်းတာ တွေလဲ ရှိသလိုလို ကြားရတယ်။ အဲဒါကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ကြတာ ဖြစ်ပါတယ်” ဟု အမည် မဖော်လိုသည့် တောင်ကြီး- ကျိုင်းတုံ ကားသမား တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တာချီလိတ်-မယ့်ဆိုင်လမ်းမှ ထိုင်းနိုင်ငံသို့ ခိုးဝင်သူများ ရှိသကဲ့သို့ ဟိုမိန်း-မယ့်ဟောင့်ဆောင် လမ်းမှ ဝင်သူများ လည်းရှိပြီး ယခင်လများထက် ယခုလအ တွင်း ပိုမိုများပြား ကြောင်း တာချီလိတ်မှ ကားသမား တဦးက - “မိမိအဆက် အသွယ်နဲ့ ထိုင်းကို ဝင်နေကြတာ၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ် ကျေးသီးမြို့နယ်က ရွာသားတွေ ခပ်များများ။

တာချီလိတ်-မယ်ဆိုင် လမ်း၊ မိုင်းတုံ - ပုံပါကျင် - နောင်အုပ် - ချင်းဒေါဝ်လမ်း ဘက်လဲ တနေ့ တနေ့ ဆယ်ဂဏန်း ထိုင်းထဲကို ဝင်နေကြတယ်။ လုပ်အားပေး၊ ချောဆွဲ၊ လမ်းပြအဖြစ် ခေါ်တာတွေ၊ သျှမ်းသူပုန်ကို ဆက်သွယ် ကူညီတယ် ဆိုပြီး ဖမ်းဆီး ရိုက်နက်တာတွေလဲ ရှိတော့ ဘဝ လုံခြုံရေး၊ ဝမ်းရေးအတွက် ထွက်ပြေးနေကြတာ” - ဟု ဆို၏။

အဆိုပါ မိုင်းရှူးလွယ်ဇင်းတောင်သည် မဆလခေတ်ဦးက ခလရ ၉၉ တပ်စိုက်ပြီး ဗကပ ခေတ် ၁၉၇၀ ကျော်ခန့်က ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တပ်မ ၇၇ တပ်မမှူး ဖြစ်စဉ် အခြေချခဲ့ဖူး၏။ ၁၉၇၀ နောက်ပိုင်း မည်သည့် တပ်မျှ မထိုင်တော့ဘဲ ၁၉၉၀ မိုင်းရှူးရတနာ ခေတ်မှသာ ရပခ လက်အောက်ခံ တပ်ရင်းများ အလှည့်ကျ စခန်းချ အခွန်ကောက်ခဲ့ရာမှ ယခုတိုင်ဖြစ်သည်။

မိုင်းရှူးမြို့ လွယ်ဇင်းတောင်အပြင် မိုင်းဇန်ရွာကြီးအနီး၌လည်း နအဖ တပ်စခန်းကြီး တိုးချဲ့ တည်ဆောက် နေသည်ဟု မိုင်းရှူး အာဏာပိုင်များနှင့် နီးစပ်သူ တဦးက ပြောပြသည်။

“မိုင်းဇန်မှာ အရင်တုန်းက ကားလမ်းဘေးက လွယ်ကောင်းမူးတောင်မှာ တပ်ဆောက်မယ် ပြင်ကြ သေးတယ်။ ဒါပေမယ့် အဲ့မှာ စခန်းချတဲ့ စစ်သား တွေက မကြာခဏ နာမကျန်း / သေကြေကြတော့ အဲ့မှာ တပ်မဆောက်ရဲဘဲ လွယ်ဆုံ တောင်ဘက်ကို ပြောင်းတာ” ဟု ၎င်းက ပြောသည်။

မြို့နယ်ခွဲတိုးချဲ့စီမံကိန်း၌ ပါဝင်သည့်အရှေ့အလယ်ပိုင်းတိုင်း ဌာနချုပ် အဖြစ် လျာထားသော ကွန်ဟိန်းမြို့နယ် ကာလိ မြို့နယ်ခွဲ၏ အရှေ့မြောက် ဘက် ၁ မိုင်ကျော်အကွာ တွင်လည်း နအဖတပ် အသစ် တည်ဆောက်လျက် ရှိကြောင်း ကာလိမှ လာသော သတင်းအရ သိရသည်။

“ကာလိ အရှေ့မြောက်ဘက် ၁ မိုင်ကျော်အကွာ ကာလိ-လွယ်ဖာအသွားလမ်း မှာဆောက်မှာ။ နောက်ပြီး ပြည်သူ့စစ် အသွင် ပြောင်းလိုက်တဲ့ သျှမ်းတပ် ထိန်းချုပ်နယ်မြေထဲ ဖြစ်နေပြန်တော့ လူတွေက မနေချင်ကြဘူး။ စစ်မှု မထမ်းမနေရ ဥပဒေကြောင့်လဲ ပါတယ်” ဟု ဆိုပါသည်။

သျှမ်းပြည်မြောက်ပိုင်းတွင်လည်း ယခင်က PSLA ပလောင်တပ်၊ ကချင် KIA / KDA တပ်နှင့် သျှမ်း SSNA တပ်တို့ ထိန်းချုပ် လှုပ်ရှားခဲ့ဖူးသော နမ့်တူ၊ မိုင်းမော်၊ မိုင်းယင်၊ မိုင်းဝီး၊ နမ့်ခမ်း အသွား လမ်းဟောင်းကိုလည်း ဆင်းရွှေလီလမ်းဟု အမည်တွင်ကာ စစ်ရေး မဟာဗျူဟာ လမ်းအဖြစ် ချဲ့ထွင်မွမ်းမံ ကျောက်ခင်းနေကြောင်း သိရပါသည်။


Ref: သျှမ်းသံတော်ဆင့်

Read More...

Monday, January 24, 2011

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ်

လူထုစိန်ဝင်း

လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထ မဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်း ဂျာနယ်ပေါင်း ၆၀ လောက် ရှိတယ်။

အခါမလပ်စောင့်ကြည့်
သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထ မဏ္ဍိုင်ထဲ ထည့်သွင်းမထား ဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထ မဏ္ဍိုင်ထဲ ပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရား စီရင်ရေး ဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ လုပ်ရပ်တွေကို နေ့စဉ် အခါမလပ် စောင့်ကြပ် ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံ တင်ပြတဲ့ တာဝန်ကို ထမ်းဆောင် နေရတဲ့ အတွက်ဖြစ်တယ်။ ဒါကြောင့် သတင်းစာနဲ့ သတင်း မီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာ ဖြစ်တယ်။

ဘ၀ချင်းမတူ
စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးမ၀င်ဘူးလို့ဆိုတဲ့ အတွက် ကျန်တဲ့ဟာတွေက အလကားပဲ အသုံး မကျဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ နိုင်ငံတိုင်း၊ လူမျိုးတိုင်း အတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစား ကဏ္ဍများ အရေးကြီးသလို ဖျော်ဖြေရေးလည်း လိုအပ်တယ်။ ဒါပေမယ့် အဲဒီကဏ္ဍများရဲ့ သဘာဝက အဓိက မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြပ် ကြည့်ရှုတဲ့ ‘watch dog’ သဘာဝ မဟုတ်ဘူး။ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းတွေကသာ စောင့်ကြည့်ပြီး ပြည်သူကို အစီရင်ခံ တင်ပြတဲ့ အလုပ်ကို လုပ်တာဖြစ်လို့ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်တာဖြစ်တယ်။

လူသူတော်ကောင်းကြီးတွေ
စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားတဲ့အတွက် သတင်းမီဒီယာအလုပ်ဟာ အင်မတန်မှကို တာဝန် ကြီးတယ်။ နိုင်ငံသားတိုင်း လိုက်နာ ကျင့်ကြံရတဲ့ နိုင်ငံသား ကျင့်ဝတ်အပြင် အင်မတန် တင်းကြပ်တဲ့ သတင်းသမား ကျင့်ဝတ် တွေကိုလည်း လိုက်နာ စောင့်ထိန်းရတယ်။ သတင်းသမား ကျင့်ဝတ်တွေကို အတိအကျ အမှန်အကန် လိုက်နာ စောင့်ထိန်းနိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ အလွန့်အလွန် ဖြူစင်တဲ့ ပုဂ္ဂိုလ် တစ်ယောက်လို့ သတ်မှတ် နိုင်ပါလိမ့်မယ်။ ဆရာ ဂျာနယ်ကျော် ဦးချစ်မောင်လို၊ ဆရာ လူထုဦးလှလို ပုဂ္ဂိုလ်များဟာ လူတွေကြားမှာ အင်မတန် ရှားတဲ့ လူသူတော်ကောင်းကြီးတွေပါ။ အင်မတန် ထူးချွန် ထက်မြက်တဲ့ သတင်းစာ ဆရာကြီးများလည်း ဖြစ်ကြတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးက ဒီခေတ်မှာ ရှားတယ်။ ကမ္ဘာမှာကို ရှားတာ။ တော်သူတွေ ပေါပါတယ်။ တော်လည်းတော်ပြီး လူ သူတော်ကောင်း ကြီးတွေလို့လည်း ခေါ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့ တွေ့ဖို့ မလွယ်ပါဘူး။

လူတော်ဆိုတာ
လူတော်လူကောင်းလို့ပြောတဲ့အခါမှာ အကျယ်ဝိတ္တာရချဲ့ပြီး ပြောဖို့ နည်းနည်းတော့ လိုအပ်တယ်။ လူတော် ဆိုတာနဲ့ ပတ်သက်လို့ ကတော့ ပြောစရာ မရှိပါဘူး။ ပညာရပ် နယ်ပယ် တစ်ခုခုမှာ ထူးထူးချွန်ချွန် ကျွမ်းကျင် တတ်မြောက် ထားသူကို လူတော်လို့ ခေါ်ကြတာပါပဲ။ နိုင်ငံ လူမျိုး ကွဲပြားခြားနားမှု မရှိ၊ စံနှုန်း တစ်ခုတည်းပါပဲ။ တောင်အာဖရိက နိုင်ငံသား နှလုံး အစားထိုး ခွဲစိတ်ကုသမှု လုပ်ခဲ့တဲ့ ဆရာဝန်ကြီး ခရစ္စတီယန်ဘားနာ့ဒ်ဟာ အမေရိကန် ရောက်တော့လည်း နှလုံးခွဲစိတ်ကုသ ဆရာဝန်ကြီး အဖြစ် အသိအမှတ် ပြုကြတာပါ။ အင်္ဂလန်က တွေးခေါ်ပညာရှင်ကြီး ဘာထရန်ရပ်ဆဲလ်ကို ကမ္ဘာ တစ်ခုလုံးကလည်းတွေး ခေါ်ပညာရှင်ကြီး အဖြစ် လေးစားကြပါတယ်။

လူကောင်းဆိုတာ
လူကောင်းဆိုတာကျတော့ ပြောစရာနည်းနည်း ရှိလာတယ်။ ဘာကြောင့်လဲ ဆိုတော့ လူကောင်းလို့ သတ်မှတ်တဲ့ နှုန်းစံက လူမျိုး တစ်မျိုးနဲ့ တစ်မျိုး၊ နိုင်ငံ တစ်ခုနဲ့တစ်ခု မတူကြလို့ ဖြစ်တယ်။ အလွယ်ဆုံး ဥပမာပေးရရင် အရက်ကိစ္စကို ပြချင်တယ်။ အရက်သောက်တာကို ကမ္ဘာ့ လူမျိုးတိုင်းလိုလိုက အပြစ်ကြီး တစ်ခုလို့ မယူဆကြတော့ဘူး။ အရက် သောက်တတ်လို့ လူကောင်း မဟုတ်ဘူးလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာ လက်ခံကျင့်သုံးတဲ့ မြန်မာ လူမျိုးတွေကတော့ အရက် သောက်တာကို အပြစ်ကြီး တစ်ခု၊ သီလ ပျက်ယွင်းမှု တစ်ခုလို့ သဘောထားတယ်။ အရက်သောက်သူကို လူကောင်းလို့ မမြင်နိုင်ကြဘူး။ ဘုရားဂေါပက ရွေးရင် တခြား စာရိတ္တပိုင်းမှာ ဘယ်လောက်ပဲ ကောင်းကောင်း၊ အရက်သေစာ သောက်စားသူ ဆိုရင် ၀င်ရောက် အရွေးခံခွင့်တောင် မရှိပါဘူး။ ဂေါပက အဖွဲ့တိုင်းရဲ့ စည်းမျဉ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြ ထားကြတယ်။

တောင်ပေါ်မြေပြန့်ခြားနားမှု
ဒါပေမဲ့ မြန်မာပြည်မှာလည်း တောင်ပေါ်နဲ့မြေပြန့် မတူတာမျိုးတော့ ရှိသေးတယ်။ မြေပြန့် သားတွေက အရက် သောက်တာကို သီလ ပျက်ယွင်းမှု အဖြစ် ရှုမြင်ပေမယ့် အလွန် ချမ်းအေးတဲ့ တောင်ပေါ် ဒေသတွေမှာတော့ ဒီလို မမြင်တော့ဘူး။ အအေးဒဏ်ကို ကာကွယ်ဖို့ လူကြီး လူငယ် ကျားမ မရွေး အရက်သောက်ကြတယ်။ အနောက် နိုင်ငံတွေမှာလည်း ဒီလို ကွဲပြားမှုတွေ ရှိကြတာပဲ ဖြစ်တယ်။ အင်္ဂလိပ် ဘောလုံး သမားတွေ အိမ်ထောင်ဖက် အပေါ် သစ္စာ မစောင့်မှုကြောင့် ပြဿနာ ဖြစ်ရတဲ့ သတင်းတွေ အမြဲမပြတ် သတင်းစာတွေမှာ ဖတ်နေရတယ်။ အင်္ဂလိပ်တွေက ဒီကိစ္စကို တော်တော် ရေးကြီးခွင်ကျယ် သဘောထားတယ်။ ပြင်သစ် ဘောလုံး လောကမှာတော့ ဒါမျိုးတွေကို သတင်းစာတွေက ရေးကြီးခွင်ကျယ် လုပ်ပြီး ရေးလေ့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြင်သစ်နိုင်ငံမှာက အိမ်ထောင်ဖက် အပြင် ချစ်သူ(Lover) ထားတာမျိုးက မဆန်းတော့တဲ့ ကိစ္စအဖြစ် သဘောထားကြလို့ ဖြစ်တယ်။ ယောက်ျား၊ မိန်းမ ဘယ်သူမဆို 'ချစ်သူ' ထားကြတာပဲလို့ ပြောလေ့ရှိတယ်။

မတားပါဘူး
အတိအကျ အခိုင်အမာပြောချင်တာ တစ်ခုတော့ရှိတယ်။ မြန်မာလူမျိုး အဖြစ်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေသမျှ ကာလ ပတ်လုံး မြန်မာ လူမျိုးတို့ရဲ့ ရိုးရာ အစဉ်အလာ ဓလေ့ ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို စောင့်ထိန်း လိုက်နာရမယ် ဆိုတဲ့ အချက်ဖြစ်တယ်။

မျက်စိရှက်လို့
အထက်မှာပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင် ကိစ္စမှာလည်း နိုင်ငံနဲ့ လူမျိုး အလိုက် ကွဲပြား ခြားနားတဲ့ နှုန်းစံတွေ ရှိကြတယ်။ သတင်းသမား ဆိုတာ အဖြစ်မှန်၊ သတင်းမှန်ကို အတိအကျ အမှန်အကန် ရေးသား တင်ပြရတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ လူမျိုးရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှု အလိုက် ခြားနားချက်တော့ ရှိကြတယ်။ မှုခင်း သတင်းတစ် ပုဒ်ကို ဖော်ပြရာမှာ အနောက် နိုင်ငံများ က မှုခင်း ကျူးလွန်သူရော၊ ကျူးလွန် ခံရသူကိုပါ နာမည် လိပ်စာ အတိအကျ ဖော်ပြလေ့ရှိတယ်။ ဂျပန်နိုင်ငံမှာတော့ သတင်း မီဒီယာ အများစုက နာမည်နဲ့ လိပ်စာနေရာမှာ ကွက်လပ်ထား ဖော်ပြကြတယ်။ အနောက်နိုင်ငံ သတင်းစာတွေမှာ မျက်နှာဖုံး သတင်း အဖြစ် အသားပေး ဖော်ပြလေ့ ရှိတဲ့ သတင်းတစ်မျိုး ဆိုရင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ရေးသား ဖော်ပြဖို့ ဆိုတာထား။ ဖတ်ရမှာတောင် မျက်စိရှက်လို့ ကျော်ဖတ် သွားရတယ်။

စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်လို့ မကြာခဏလာမေးကြတဲ့ လူငယ်တွေကို မြန်မာနိုင်ငံမှာ စာနယ်ဇင်း သမားကောင်း တစ်ယောက် အခေါ်ခံရဖို့က နိုင်ငံခြားမှာထက် ပိုခက်တဲ့ အကြောင်း အမြဲ ပြောပြဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရိပ် ကြီးမားတဲ့ နိုင်ငံဖြစ်တော့ မြန်မာတွေက 'သီလ' ပိုင်းကို သိပ်အလေးထားတဲ့ အတွက် ဖြစ်တယ်။

သာသနာပြုနဲ့တူတဲ့အလုပ်
အရက်သောက်တာကြောင့် စာနယ်ဇင်းသမားကောင်း မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ အရက် လုံးဝ မသောက်ပေမယ့် တခြား နည်းမျိုးစုံနဲ့ ပျက်စီးနေတဲ့ စာနယ်ဇင်း သမားတွေလည်း အများကြီး ရှိပါတယ်။ အဓိက အကျဆုံးကတော့ စာနယ်ဇင်း သမား အလုပ်ကို ခုတုံးလို အသုံးချပြီး ကိုယ်ကျိုးစီးပွား ရှာတဲ့ အလုပ်မျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ စာနယ်ဇင်း အလုပ်ဆိုတာ သာသနာပြု လုပ်ငန်းနဲ့တူတဲ့ မွန်မြတ်တဲ့ အလုပ်ဖြစ်တယ်၊ ကိုယ်ကျိုးရှာ သမားများနဲ့ လုံးဝ မအပ်စပ်တဲ့ အလုပ်ဖြစ်တယ်လို့ပဲ ဆိုလိုက် ချင်ပါတယ်။

Read More...

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၁)

January 14, 2011

Tunisia Uprising Episode N0 1. (Must Read)

-သမ္မတဘင်အလီက သမ္မသက်တမ်း ကုန်ဆုံးချိန်တွင် ပြန်လည်အရွေးခံမည် မဟုတ်ဟုဆို

-စားသောက်ကုန်များကို ဈေးလျှော့ပေးပြီး၊ သတင်းလွတ်လပ်ခွင့်ကို ပြန်လည် ဖော်ဆောင်ပေး

-တူနီးရှား ပြည်သူများ နိုင်ငံအနှံ့ အုံကြွှ မှု စတင်

-တူနီရှား နိုင်ငံ ၏ ဘလောက်ဂါများက အုံကြွမှုကို ပိုမို အရှိန် မြှင့်တင်ပေး

-တူနီးရှား နိုင်ငံ လူထု အုံကြွမှု အတွင်း လူ သုံးဆယ် နီးပါး သေးဆုံး

-အာရပ် နိုင်ငံ များ ၏ ပြည်သူ လူထုံ အုံကြွှမှု များ ပြန်လည် အားကောင်းလာ

အယ်(လ)ဂျီးရီယား နဲ့လစ်ဗျား နိုင်ငံ ကြားက နိုင်ငံငယ်လေး တစ်ခု ဖြစ်တဲ့ တူနီးရှား နိုင်ငံဟာ မြောက်အာဖရိက တိုက်မှာ အသေးဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံရဲ့ မြို့တော် တူနစ်ကတော့ သာယာလှပတဲ့ မက်ဒီတာရေးနီးယန်း ပင်လယ်ကမ်းခြေမှာ ရှိတာကြောင့် ကမ္ဘာလှည့် ခရီးသွား တွေကို တခြား မြောက်အာဖရိက နိုင်ငံတွေ လိုပဲ ဆွဲဆောင် ထားနိုင်ပါတယ်။

နိုင်ငံရဲ့မြို့တော် တူနစ်ကနေ မော်တော်နဲ့ မြေထဲပင်လယ်ကို ဖြတ်သန်း သွားရင် ဆယ်နာရီလောက် အကြာမှာ ပြင်သစ် နိုင်ငံပိုင် ကျွန်းတစ်ခုခု ဒါမှ မဟုတ် အီတလီ နိုင်ငံ ကမ်းခြေကို ရောက်ရှိပါတယ်။

တူနီရှား နိုင်ငံမှာ ၁၉၈၇ ခုနှစ် ကတည်း က အာဏာရရှိလာတဲ့ အသက် ၇၄ နှစ် အရွယ် ရှိ ဇင်အယ် အဘီဒင်း ဘင် အလီက အာဏာရှင် ဆန်ဆန် အုပ်ချုပ် လာခဲ့ပါတယ်။

တူနီးရှား နိုင်ငံကို ပြင်သစ် တို့အုပ်ချုပ် စဉ်မှာ စစ်ထဲ ၀င်ပြီး တော်လှန်ရေး လုပ်ခဲ့တဲ့ ဘင်အလီ ဟာ ၁၉၈၇ နိုဝင်ဘာ ၇ ရက် မှာ အနောက်တိုင်း ဆန်ဆန် ပြုပြင် ပြောင်းလဲမှုကို လိုလားတဲ့ ကျေးဇူးရှင် ဖြစ်သူ သမ္မတ ဟာဘစ်ဘော့ ဂီဘာနဲ့ သူ့ရဲ့ သားဖြစ်သူ တူနီးရှား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ရာထူးက ဖယ်ရှားပြီး အာဏာ သိမ်းခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ အတိုက်အခံ တွေကို ထောင်သွင်း အကျဉ်းချမှုတွေ ရှိလားပြီး သတင်းထောက် တွေ၊ ဘလောက်ဂါတွေ ကို ဖမ်းဆီး အပြစ်ပေးကာ ပိုမို နှိပ်ကွပ် လာခဲ့ပါတယ်။ နိုင်ငံရဲ့ အထင်ကရ နေရာတွေတိုင်းမှာ သူ့ရဲ့ ဓာတ်ပုံ ပိုစတာကြီးတွေ ချိတ်ဆွဲ ထားတဲ့ ဘင်အလီဟာ သူ့ရဲ့ ၂၃ နှစ်တာ အာဏာ ချုပ်ကိုင်ထားတဲ့ သက်တမ်း အတွင်း ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ နှောင်းပိုင်းက စလို့ နိုင်ငံ အတွင်းမှာ မငြိမ် သက်မှုတွေ စတင်ခဲ့ပါတယ်။

အသက်၂၆ နှစ် အရွယ်ရှိ တက္ကသိုလ်ဘွဲ့ရ မိုဟာမက် ဘူဇာဇီ ရဲ့ လမ်းဘေးမှာ ရောင်းတဲ့ သစ်သီး ဗန်းကို အာဏာပိုင်တွေက ခွင့်ပြုချက် ယူပြီး မရောင်းလို့ဆိုပြီး အကြောင်းပြကာ သိမ်းဆည်း ခဲ့ပါတယ်။ တစ်နေ့စာ တစ်နေ့ရင်းပြီး ၀မ်းစာ ရှာရတဲ့ ဘွဲ့ရ ကျောင်းသား ဘူဇာဇီ က သူ့ရဲ့ သစ်သီးဗန်း အသိမ်းခံရပြီး နောက်မှာတော့ ဆန္ဒပြတဲ့ အနေနဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ မြို့တော် အုပ်ချုပ်ရေးရုံး အရှေ့မှာ သူ့ကိုယ်သူ မီးရှို့ပြီး ဆန္ဒပြ ခဲ့ရာကနေ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဆီဒီဘိုရ်ဇဒ် မှာ လူ ၁၀၀ ကျော်လောက်နဲ့ စတင် ဆန္ဒပြကြတာမှာ အခုလို မငြိမ်မသက် မှုတွေ ပေါ်ပေါက် လာခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို မငြိမ်မသက် မှု တွေဟာ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ မြို့တော် တူးနစ်ကို ကူးစက်ခဲ့ပြီး ဘင်အလီက စစ်တပ်၊ ရဲ တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကို ဖြိုခွဲခဲ့ပါတယ်။ ရက် နှစ်ဆယ်ကျော် ဆန္ဒပြမှုမှာ အစိုးရက သေဆုံး သူ ၂၃ ဦး ရှိတယ်လို့ ဆိုပြီး တက္ကသိုလ် ကျောင်း သားတွေက လေးဆယ် ကျော်တယ်လို့ ဆိုပါတယ်။ နိုင်ငံတ၀ှမ်းမှာ ညမထွက်ရ အမိန့်တွေ ထုတ်ပြန် ခဲ့ပေမယ့် ဆန္ဒပြမှုတွေ ဆက်လက် အားကောင်း လာတာကြောင့် ………..

ဓာတ်ပုံများ — အယ်(လ)ဂျာဇီးယား၊ အေအက်(ဖ)ပီ၊ ဂါးဒီးယန်း


Ref: Freedom News Group

Read More...

စစ်တပ်နှင့် အမိန့်နာခံမှု - အပိုင်း (၁)

ရော်နီညိမ်း
စနေ, 22 ဇန်နဝါရီ 2011

တပ်မှူးတပ်သား ပြောစကား (၀၄၄)

ကမ္ဘာ့နိုင်ငံတွေက စစ်တပ်တွေနဲ့ အမိန့်နာခံမှု အကြောင်းကို မြန်မာ့ တပ်မတော်ရဲ့အမိန့်နာခံမှုနဲ့ ယှဉ်တွဲပြီး၊ ဒီ သီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၁)” ခေါင်းစဉ်နဲ့ စီစဉ်တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ကမ္ဘာပေါ်က စစ်တပ်တိုင်းမှာ မရှိမဖြစ် လိုအပ်ချက် တစ်ခုကတော့ အထက်က ပေးအပ်တဲ့ အမိန့်ကို နာခံလိုက်နာ ဆောင်ရွက်ခြင်းပါ။ ရန်သူနဲ့ ရင်ဆိုင် တိုက်ခိုက် နေကြချိန်မှာ ဘယ်လောက်ပဲ ရန်သူရဲ့ ကျည်ဆံ မိုးတွေ ရွာသွန်း နေပါစေ၊ စစ်သည်တွေဟာ အထက်က အမိန့်အတိုင်း ရန်သူ့ တောင်ကုန်းကို လှံစွပ် တက်ထိုးဆို တက်ထိုး ကြပါတယ်။ ရန်သူရဲ့ ပစ်ကွင်းထဲကို အတင်းဝင် ရန်သူနဲ့ လုံးထွေး တိုက်ခိုက် ကြပါတယ်။ ရန်သူရဲ့ သင်္ဘောကြီးပေါ်ကို မိမိရဲ့ တိုက်လေယာဉ်နဲ့ ဦးစိုက်ထိုးချ တိုက်ခိုက်ခဲ့ကြတဲ့ ခါမိခဇဲ (Kamikaze) ခေါ် အသေခံ ဂျပန် တိုက်လေယာဉ်မှူး တွေလည်း ဒုတိယ ကမ္ဘာစစ်မှာ ပေါ်ထွက် လာခဲ့ပါတယ်။ ဒါဟာ စစ်မြေပြင်မှာ အထက်က အမိန့်ကို တသွေမတိမ်း နာခံပြီး တိုက်ကြ ခိုက်ကြရတဲ့ စစ်သားဘ၀ရဲ့ လေ့ကျင့်ထားတဲ့ ပြုမူ ဆောင်ရွက် ချက်တွေပါ။ ရန်သူနဲ့ သူသေ ကိုယ်သေ တိုက်ခိုက် နေရတယ် ဆိုတဲ့ အခြေအနေ ပေါ်မှာ အနိုင်မခံ အရှုံးမပေး လိုတဲ့ စိတ်ဓါတ်၊ ငါ့တပ်မတော် ငါ့တိုင်းပြည်အတွက် ငါ့ အသက်ကို စွန့်လွှတ်မယ် ဆိုတဲ့ စိတ်ဓါတ်၊ အဲဒီ စိတ်ဓါတ်တွေနဲ့ အထက်က အမိန့်ကို နာခံပြီး အသက်ကို စွန့်လွှတ် အသေခံ လုပ်ကိုင် ဆောင်ရွက် သွားကြတဲ့ အစဉ်အလာတွေ ကမ္ဘာ့ နိုင်ငံအသီး သီးက တပ်မတော်တွေမှာ ရှိကြပါတယ်။ ၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲ တိုက်ခိုက်ခံရမှု အတွက် မြောက်ကိုရီးယား သူလျှိုတွေကို လက်ရ ဖမ်းဆီးစဉ်က သေမယ်ဆိုတာ သိလျှက်နဲ့၊ အမိန့်ကို တသွေမတိမ်း လိုက်နာပြီး အသက်စွန့်လွှတ် လုပ်ဆောင် သွားကြတဲ့ မြန်မာ့ တပ်မတော်သား တွေရဲ့ လုပ်ရပ်ကို အဲဒီဖြစ်စဉ်မှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ သံလျင်မြို့ ခလရ(၉၀)က တပ်သားဟောင်း ဦးထွန်းလင်းက ၂၀၁၀ ခုနှစ် ဗီအိုအေ မြန်မာပိုင်းရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍတစ်ခုမှာ အခုလို ပြောပြခဲ့ပါတယ်။

ဦးထွန်းလင်း။ ။ ကျနော်တို့ကို တခါထဲ သူတို့ မှတ်ပုံတင် စာအုပ်ခေါ်မယ် ထင်ပါတယ်၊ စာအုပ်ကြီး အကြီးကြီး ပေါ့ဗျာ၊ အဲဒီအထဲမှာ ကျနော်တို့ ကိုယ်ပိုင် နံပါတ်တွေ၊ နံမည်တွေ၊ နေရပ် လိပ်စာတွေ အဖေအမေ နံမည်တွေ၊ သွေးအမျိုးအစားတွေ၊ တကယ်လို့ ကျဆုံးခဲ့ရင် အမွေစား အမွေခံအတွက် ဘယ်သူ့ကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး ဘာ ညာ ..အဲဒါတွေ ဖြည့်တယ်ပေါ့ဗျာ။ ဖြည့်ပြီးတော့မှ briefing ပေးတာ။ “အခု မင်းတို့ ရန်သူ သွားရှာရမယ်။ ရှာတဲ့အခါ မှာ ဆူးတွေ့လည်း နင်း၊ ကျားတွေ့လည်း တိုး၊ မြေကြီး တစ်လက္မ မကျန်အောင် နင်းရှာ။ တွေ့လို့ရှိရင် အရှင်ရအောင် ဖမ်း၊ တို့တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ပြန်ဆည်ဖို့ တို့ရဲဘော်တွေရဲ့ အသက်နဲ့ စတေးသင့်ရင် စတေးရမယ်။ ဒါပေမယ့် ရန်သူ ဒဏ်ရာရတာ မလိုချင်ဘူး” တဲ့။ “ရန်သူကို အရှင်ဖမ်းရမယ်”တဲ့။ အဲဒီလို အမိန့် အပြတ် ပေးတယ်။ အမိန့် ပေးပြီးတာနဲ့ သူတို့က တစ်စီး၊ ကျနော် တို့က တစ်စီးပေါ့ဗျာ၊ ရဟတ်ယာဉ်ပေါ်ကို တက်တယ်။ တက်ပြီးတော့ ကျနော်တို့ကို ရွှေတိဂုံဘုရားကို သုံးပတ် ပတ်ပြီး ပျံပေးတယ်။ ကျနော် တို့ကို အမှန်ကတော့ သရဏဂုံ တင်တဲ့ သဘောပေါ့။ နောက် အမိန့်က ဘာပြန်လာလဲ ဆိုတော့ “မရဘူး လူကြီးတွေ စိတ်ဝင်စားတယ်။ အခု လောလောဆယ် စက်နဲ့ကို ထိုင်ပြီး လူကြီးတွေ စောင့်နေကြတယ်။ ၀င်ဖမ်းပါ၊ ၀င်လုံးပါ။” အရှင် ၀င်လုံးခိုင်းတာ။ အဲဒီအချိန်တုန်းက service အရင့်ဆုံး ရဲဘော်ကြီးက ပေါ့ဗျာ ..နော်။ “ဘယ်အစွန်က သုံးယောက် အသင့်ပြင်”လို့ သူက အမိန့်ပေးတယ်ဗျ။ အဲဒီအချိန်မှာ ဘယ်ဘက် အစွန်မှာ ရှိနေတဲ့ သုံးယောက်က သေနတ်ကို ဘေးချပြီးတော့၊ ရှေ့ကို တစ်ယောက် တစ်လှမ်းစီ တိုးလိုက်တယ်။ အဲဒါ ကို ကျနော်တို့ လှမ်းတွေ့လိုက် တယ်။

အဲဒီအချိန်မှာ သူကနေ လက်ခုပ်တီးပြီး “စ” လို့ အမိန့်ပေးလိုက်တဲ့ အချိန်မှာ ရဲဘော် သုံးယောက်က “ကျား” ဆိုပြီး အော်တဲ့ အသံနဲ့ ပြေးသွားတယ်။ နောက် “ ဂျိမ်း” ဆိုတဲ့ ပေါက်ကွဲသံ ထွက်လာတယ်။ နောက် မီးခိုးလုံးကြီးနဲ့ အဲဒီ မြင်ကွင်း တခုလုံးကို ဖုံးသွားတယ်။ ကျနော်တို့ဆီက သုံးယောက်က အဲဒီမှာ ဖရိုဖရဲ လဲနေပြီပေါ့ဗျာ၊ အဲဒီမှာ နောက်သုံးယောက် အဆင်သင့်ပြင် ဆိုတော့ ကျနော်တို့ သုံးယောက် အဲဒီလိုပဲ သေနတ် ချပြီးတော့ ရှေ့တစ်လှမ်း တက်ပေါ့ ဗျာ။ နောက် သူက အမိန့်ပေးတော့ ကျနော်တို့က “ကျား” ဆိုပြီး ၀င်လုံးတာပေါ့။ ဒါပေမယ့် ကံကောင်းချင် တော့ အဲဒီအချိန်မှာ သူ ပစ်လိုက်တဲ့ လက်ပစ်ဗုံးက သူကိုယ်တိုင်လည်း ထိထားတော၊့ အဲဒီ ကင်မင်ချူး (ဗိုလ်ကြီးအဆင့်ရှိ မြောက်ကိုးရီးယား သူလျှို) က သူ ကျနော်တို့ကို ပစ်စရာ လက်ထဲမှာ ဘာမှ မရှိတော့ဘူး ပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့ ၀င်လုံးတော့ မိပြီပေါ့ဗျာ။ သုံးယောက်က ကျ သွားတာပေါ့နော်။ ဒီ ရဲဘော်တွေ ကျတာတော့ ဒါကတော့ ထုံးစံကတော့ ကျနော်တို့ အမြဲတမ်း ရှေ့တန်းမှာလည်း ဒီလိုပဲ ကျနေကြတာပါ ပဲ။ ဒါပေမယ့် မတူတာ တစ်ခုကတော့၊ လက်နက်ရှိတဲ့ ရန်သူကို ကိုယ့်လက်နက်ကို ဘေးချပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုး အတွက် အမိန့်ကို ကျနော်တို့က ဦးထိပ် ထားပြီးတော့ ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားတာ ဖြစ်တဲ့ အတွက်ကြောင့်မို့၊ အရမ်း စိတ်ထဲမှာတာ့ မကောင်းဘူးပေါ့ နော်။ အဲဒီ အချိန်မှာတော့ ကျနော်တို့ တော်တော်ကို ခံစားရပါတယ်။ ကျနော်တို့က ဖြေပါတယ်။ ပြန်ဖြေပါတယ်။ ကျနော်တို့က မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာအဓိဌာန် (၄)ချက်ကို ဆိုရတယ်ဗျ။

“ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် ကျဆုံးလေပြီးသော ရဲဘော်တို့၏ သစ္စာကို စောင့်သိ ရိုသေ ပါမည်။ ငါ့အား အထက်မှ ပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန် ပြုပါ၏။ ”

ဆိုပြီးတော့ ကျနော်တို့က မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာ ဆိုရတယ်။ ကျနော်တို့ ဒီသစ္စာကို စောင့်ပြီးတော့ ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုး အတွက် ကျနော်တို့ တပ်မတော်အတွက် ကျနော်တို့ အသက်တွေပေး ကျနော်တို့ ခန္ဓာကိုယ်တွေ စတေး၊ ဘ၀တွေ စတေးပြီး လုပ်ခဲ့တာပါ။ ကျနော်တို့က အဲဒီအချိန်မှာ ကိုယ့်ရဲဘော် ကျဆုံးတာတော့ စိတ်ထဲ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ သိလိုက်တာက ကိုယ့်နိုင်ငံကို လာတဲ့ ဧည့်သည်ကို လာပြီးတာ့ စော်ကားတဲ့၊ ကိုယ့်နိုင်ငံကို လာပြီး သိက္ခာကျအောင် လုပ်တဲ့ လူတွေကို ကျနော်တို့ ကိုယ့်အသက်နဲ့ လဲပြီး တော့ ဒီကောင်တွေကို ရအောင် ဖမ်းလိုက်တယ် ဆိုတာတော့ ကျနော်တို့ ဂုဏ်ယူတယ်ပေါ့၊ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ စိတ်ထဲမှာ အဲဒီလိုတော့ ရှိတယ်ပေါ့ နော်။

You’re beautiful သီချင်း။ ။ My life is brilliant. My love is pure. I saw an angel. Of that I'm sure.

She smiled me on the subway. She was with another man. But I won't lose any sleep on that, 'cause I've got a plan.

You're beautiful, you’re beautiful; you’re beautiful, it's true. ……………

ဦးရော်နီညိမ်း။ ။ You're beautiful ဆိုတဲ့ ဒီကမ္ဘာကျော် သီချင်းကလေးကိုတော့ ဒီနေ့ခေတ် လူငယ်လူလတ်တွေ သိကြမှာပါ။ You're beautiful အပါအ၀င် သီချင်းများစွာနဲ့ ကမ္ဘာ့ ဂီတလောကမှာ ထင်ရှား ကျော်ကြားလာခဲ့သူ ဗြိတိသျှ အဆိုတော် James Blunt ဟာ အဆိုတော် မဖြစ်မီက ဗြိတိသျှ တပ်မတော်(ကြည်း)မှာ တာဝန် ထမ်းဆောင်ခဲ့ သူပါ။ အင်္ဂလန် Bristol တက္ကသိုလ်မှာ လူမှုဗေဒ Sociology ဘာသာရပ်နဲ့ သိပ္ပံ (ဂုဏ်ထူး) ဘွဲ့ ရယူခဲ့တဲ့ James Blunt ဟာ ဗြိတိသျှ တပ်မတော်မှာလည်း လေးနှစ် စစ်မှုထမ်းဖို့ အတွက် တော်ဝင် Sandhurst စစ်တက္ကသိုလ် (RMAS - The Royal Military Academy Sandhurst) မှာ ဗိုလ်သင်တန်း တက်ခဲ့ပါတယ်။ သူဟာ စစ်မှုထမ်း ဘ၀မှာ ကျရာနေရာကို သွားရောက် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ အရှေ့ ဥရောပ ယူဂိုဆလားဗီးယား နိုင်ငံထဲက ကိုဆိုဗို ဒေသမှာ ဒေသ ခံ အယ်(လ်)ဘေးနီးယား တိုင်းရင်းသားတွေကို ဆားဗီးယား စစ်တပ်က ဖိနှိပ် ညှင်းပန်း သတ်ဖြတ် နေတာကြောင့် မြောက်အတ္တ လန္တိတ်စစ်စာချုပ် NATO(North Atlantic Treaty Organization) တပ်ဖွဲ့ ၀င်တွေက ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေ အဖြစ် ကိုဆိုဗိုအယ်(လ်) ဘေးနီးယား ဒေသခံတွေကို အကာအကွယ် ပေးနေသလို ရုရှ တပ်မတော်ရဲ့ တပ်ဖွဲ့တွေကလည်း ရှေးရိုး အစဉ်အလာ မဟာမိတ် ဖြစ်တဲ့ ယူဂိုဆလား ဗီးယားနိုင်ငံထဲက ဆားဗီးယား စစ်တပ်ကို NATO တပ်တွေရဲ့ ချေမှုန်းခြင်း မခံရအောင် အကာအကွယ် ပေးဖို့ ကုလသမဂ္ဂရဲ့ သဘောတူညီချက်နဲ့ ကိုဆိုဗိုကို ရောက်ရှိ နေခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်က ကိုဆိုဗိုဒေသ NATO သံချပ်ကာရှေ့ပြေး ကင်းထောက် တပ်ဖွဲ့ရဲ့ တပ်မှူး ငယ် အသက်(၂၅) နှစ်ပဲ ရှိသေးတဲ့ ဗိုလ်ကြီး James Blunt ရဲ့ တပ်ဟာ အင်အား (၃၀၀၀၀) ရှိတဲ့ NATO တပ်ဖွဲ့တွေရဲ့ ရှေ့ကနေ ကိုဆိုဗိုဒေသ ပရစ္စတီးနား (Pristina) မြို့တော်ကို ချီတက် နေပါတယ်။ တပ်ဦးက ဗိုလ်ကြီးJames Blunt ရဲ့ တပ်ဖွဲ့ Pristina မြို့ကို မရောက်သေးခင်မှာ ရုရှား တပ်ဖွဲ့တွေက Pristina နိုင်ငံတကာ လေဆိပ်ကို ကြိုတင် ရောက်ရှိ သိမ်းပိုက် ထားကြပါတယ်။ အဲဒီအချိန်မှာ ရှေ့ဆုံးက point တပ်ဖွဲ့ရဲ့ တပ်မှူး ဗိုလ်ကြီး James Blunt ဆီကို ရေဒီယို ဆက်သွယ်ရေး စက်က တဆင့် NATO တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ကြယ်လေးပွင့်ရ အမေရိကန် ဗိုလ်ချုပ်ကြီး Wesley Clerk ဆီကနေ တိုက်ရိုက် ပေးအပ်တဲ့ အမိန့်တစ်ရပ် ရောက်ရှိ လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Wesley Clerk ဆီက သူရရှိ ခဲ့တဲ့ အမိန့်ကို အခုအခါမှာတော့ အဆိုတော် James Blunt က ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ ၁၄ ရက်နေ့ ဘီဘီစီ ရေဒီယို Channel 5 (Live) နိုင်ငံရေးကဏ္ဍ အစီအစဉ် တင်ဆက်တဲ့ John Pienaar နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ပြောပြခဲ့ပါတယ်။

James Blunt ။ ။ ကျနော့်ရဲ့တပ်က Pristina နိုင်ငံတကာ လေဆိပ်က အင်အား(၂၀၀) လောက် ရှိတဲ့ ရုရှတပ်ကို အနိုင် တိုက်ပြီး လေယာဉ်ကွင်းကို သိမ်းယူဖို့ ဗိုလ်ချုပ်ကြီး Wesley Clark ရဲ့ တိုက်ရိုက် အမိန့်ကို ကျနော် ရခဲ့ပါတယ်။ “ရုရှတွေကို ချေမှုန်းပစ်” ဆိုတဲ့ သူ့ရဲ့ အမိန့် က ရေဒီယို ဆက်သွယ်ရေး စက်ထဲကနေ ထွက်လာ ခဲ့ပါတယ်။ ကျနော့်ရဲ့ ရှေ့ပြေး point တပ်ဖွဲ့ရဲ့နောက်မှာ ကပ်နေတာက လေထီးတပ်ရင်း တစ်ရင်း ပါ။ အဲဒီ နောက်မှာတော့ သံချပ်ကာကားတွေ၊ တင့်ကားတွေ၊ စစ်ကား အမျိုးမျိုးတွေနဲ့ ကျနော်တို့ ချီတက်လာခဲ့တဲ့ လမ်းမကြီး တလျှောက် နောက် ကိုပြန်ကြည့်လိုက်ရင်၊ လက်နက် အပြည့်အစုံနဲ့ NATO တပ်တွေ အင်အား (၃၀၀၀၀) လောက် သူ့တပ် အမျိုးအစားနဲ့ သူ၊ တမျှော်တခေါ်ကြီး ရှိနေ ပါတယ်။ တပ်ဦးကတော့ ကျနော့်ရဲ့ တပ်ပေါ့၊ သွေးရိုးသားရိုး မဟုတ်တဲ့ စစ်မိန့်ကို ကျနော်ရခဲ့တာပါ။ ကျိန်းသေပေါက် တတိယ ကမ္ဘာစစ်ကြီး ဖြစ်သွားနိုင်တဲ့ အမိန့်ပါ။ ဒီလေယာဉ်ကွင်းကို သိမ်းပြီး ရုရှတွေအပေါ် အပေါ်စည်းရယူဖို့ ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ ပေးတဲ့ အမိန့်ပါ။

ဦးရော်နီညိမ်း။ ။ ဒီအမိန့်ကို မနာခံရင် စစ်ခုံရုံးကို ရောက်သွားနိုင်တာကို သူ သိရှိပြီးတော့၊ ဒီအမိန့်အတိုင်း နာခံပြီး လိုက်နာ ဆောင်ရွက် ခဲ့ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ သူ ဘယ်လို တွေးတော ဆင်ခြင်ခဲ့ပါသလဲလို့ James Blunt ကို မေးတဲ့ အခါမှာတော့ သူက အခုလို ဖြေဆိုခဲ့ ပါတယ်။

James Blunt ။ ။ ပြောရမယ်ဆိုရင် အခြေအနေတွေကတော့ ရှုပ်ထွေးနေတာပေါ့ ဗျာ၊ ကျနော့်ရဲ့ တပ်က၊ တိုက်ချင် ခိုက်ချင်နေကြတဲ့ ရုရှစစ်သား (၂၀၀) လောက်ရဲ့ သေနတ် ပြောင်းဝအောက် ရောက်နေတဲ့ အနေအထားပါ။ ဒီ လေယာဉ်ကွင်းကို ရရင် NATO တပ်တွေ Pristina မှာ လက်မထောင်ပြီး ဇိမ်ကျကျ တပ်ချ ထားနိုင်ပြီပေါ့ ဗျာ။ ဒီလို နိုင်ငံရေး အမြတ်ထုတ် နိုင်အောင် တပ်ဦးက ကျနော့်ရဲ့ တပ်က ပေးအပ်လာတဲ့ အမိန့်အတိုင်း အကောင်အထည် ဖော်ရမယ်ပေါ့။ လက်တွေ့မှာ ဒီအမိန့်အတိုင်း လိုက်လုပ်လိုက်လို့ ကတော့ တတိယ ကမ္ဘာစစ်ကြီး ဖြစ်သွားနိုင် တယ်လို့ ကျနော်တွေးမိတယ်။ ဒါကြောင့်လည်း အမေရိကန် ဗိုလ်ချုပ်ကြီးက ပေးအပ်လာတဲ့ အမိန့်တာဝန်ကို ကျနော်တို့ စောဒက တက်ခဲ့ရတာ ပေါ့။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက်သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်း ဗီအိုအေ မြန်မာပိုင်း အစီအစဉ်ရဲ့ “တပ်မှူးတပ် သား ပြောစကား” ကဏ္ဍမှာ “စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၂)” ကို ဆက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ် စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

Ref: VOA News

Read More...

အပေါ်သို့