..............................

Friday, May 27, 2011

မြန်မာအစိုးရအပေါ် ဒဏ်ခတ်ဥပဒေ သက်တမ်းတိုးရေး ဆီးနိတ်အမတ်များ တောင်းဆို

ကြာသပတေး, 26 မေ 2011

မြန်မာစစ်အစိုးရကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ် အရေးယူထားတဲ့ ၂၀၀၃ ခုနှစ် ဥပဒေတရပ်ကို နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကွန်းနဲလ် (Mitch McConnell) နဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဒိုင်ယန်း ဖိုင်းစတိုင်းန် (Dianne Feinstein) တို့ အပါအ၀င် အထက်လွှတ်တော်အမတ် ၄ ဦး ပူးတွဲပြီး မေလ ၂၆ ရက်၊ ကြာသပတေးနေ့က အမေရိကန် အထက်လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။

၂၀၀၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ အဲဒီတုန်းက အမေရိကန် သမ္မတ ဂျော့ဂ်ျ ဒဗလျူ ဘုရှ် (George W.Bush) က လက်မှတ်ရေးထိုးပြီး အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်မှုနှင့် ဒီမိုကရေစီ ဥပဒေလို့ ဆိုရမယ့် Burmese Freedom and Democracy Act ကို သက်တမ်းတိုးပေးဖို့ အဲဒီ အထက်လွှတ်တော် အမတ်တွေက တင်ပြခဲ့တာပါ။

မြန်မာအစိုးရအပေါ် ဒဏ်ခတ် အရေးယူထားတာကို ဘာ့ကြောင့် သက်တမ်းတိုးသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး မစ္စတာ မက်ကွန်းနဲလ်က အထက်လွှတ်တော်ကို တင်ပြတဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှု မရှိတာ၊ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အများစု အနိုင်ရခဲ့တာ၊ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး အပါအ၀င် ကိစ္စရပ် အားလုံးကို စစ်တပ်ထောက်ခံမှု မပါဘဲ လွှတ်တော်တွေ အနေနဲ့ ဘာမှလုပ်လို့ မရတာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဆက်ပြီး အကျဉ်းချထားတာ၊ ဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ အိုးအိမ်စွန့် ထွက်ပြေးရသူတွေ သိန်းနဲ့ချီပြီး ရှိနေသေးတာ၊ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှုတွေ ပိုတိုးလာတာ စတဲ့ အချက်တွေကို ထောက်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင် ဆောင်ရွက်နိုင်သလဲ ဆိုတာအပေါ်မှာ စိုးရိမ်မှု ရှိနေတာကိုလည်း မစ္စတာ မက်ကွန်းနဲလ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ သိသာထင်ရှားတဲ့ လုပ်ရပ်တွေကြောင့် မိမိတို့ အရူးလုပ်တာ မခံရသင့်ကြောင်း၊ အဲဒါတွေဟာ အစိုးရက ဘယ်လို အုပ်ချုပ်မယ် ဆိုတာတွေ၊ သူ့ရဲ့လူထုကို ဘယ်လို ပြုမူဆက်ဆံမယ် ဆိုတာတွေ၊ ကျန်တဲ့ ကမ္ဘာကြီးနဲ့ ဘယ်လို ထိတွေ့ဆက်ဆံမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်တာမဟုတ်ဘဲ နိုင်ငံတကာရဲ့ ဒဏ်ခတ် အရေးယူမှု အောက်ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားတာ သက်သက်ပဲ ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် မက်ကွန်းနဲလ်က ဝေဖန်ပြောဆိုပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်တဲ့အထိ ဒဏ်ခတ် အရေးယူမှုကို ဆက်ပြီး ချမှတ်ထားသင့်တယ်လို့ မိမိ ယုံကြည်ကြောင်း သူက ထောက်ခံ တင်ပြခဲ့ပါတယ်။

အဲဒီဥပဒေအရ ဒဏ်ခတ် အရေးယူထားတာတွေထဲမှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံဆီ တင်သွင်းခွင့်ကို ပိတ်ပင် တားမြစ်တာ၊ မြန်မာခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ထိန်းချုပ်တာ၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာငွေကြေး အဖွဲ့အစည်းတွေက မြန်မာအစိုးရကို ငွေချေးတဲ့ကိစ္စ အမေရိကန်က မထောက်ခံရဘူးလို့ တားမြစ်တာ၊ မြန်မာတာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့ ကန့်သတ်တာ၊ မြန်မာအစိုးရ ခေါင်းဆောင်တွေအတွက် ကြားခံလုပ်ပေးဖွယ်ရှိတဲ့ ဘဏ်ငွေစာရင်းတွေ အသုံးပြုမှုကို ကန့်သတ်တာတွေ ပါဝင်ပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အဓိပ္ပာယ် ပြည့်ဝတဲ့ လုပ်ဆောင်မှုတွေ မြန်မာအစိုးရက မလုပ်သေးသရွေ့ ဒီအရေးယူမှုတွေ ဆက်ရှိနေမှာ ဖြစ်တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကွန်းနဲလ်က ပြောထားပါတယ်။

Ref: VOA News

Read More...

သတင်းထောက်များ လွတ်မြောက်ရေးလှုပ်ရှားမှု ကျင်းပမည်

ယုယမိုး
Thursday, 26 May 2011

အကျဉ်းကျခံ မြန်မာသတင်းထောက်များ လွတ်မြောက်ရေး လှုပ်ရှားမှုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ည၌ Free Burma VJ အဖွဲ့နှင့် ပြင်သစ် နိုင်ငံပါရီမြို့ အခြေစိုက် နယ်စည်မခြား သတင်းထောက်များ အဖွဲ့ (RSF) တို့ ပူးပေါင်း ကျင်းပမည် ဖြစ်သည်။

ယနေ့သည် နာဂစ်မုန်တိုင်းအပြီး မိဘမဲ့ ဖြစ်သွားသော ကလေးငယ် များအကြောင်း (Orphans of Burma's Cyclone) မှတ်တမ်း ဗီဒီယို ရိုက်ကူးမှုဖြင့် အစိုးရက ဖမ်းဆီး ထောင်ချခဲ့သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ ရုပ်သံ သတင်းထောက် တဦးဖြစ်သူ ကိုငွေစိုးလင်း၏ မွေးနေ့လည်း ဖြစ်သောကြောင့် ၎င်းအတွက် မွေးနေ့ ဆုတောင်းပွဲကိုပါ တပါတည်း ကျင်းပမည်ဟု သိရသည်။

ကိုငွေစိုးလင်း ပါဝင်ရိုက်ကူးခဲ့သော အဆိုပါမှတ်တမ်း ရုပ်ရှင်သည် လန်ဒန်အခြေစိုက် Rory Peck Trust ၏ ဆု ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေများ ဆိုးရွားနေဆဲဖြစ်ကြောင်း နိုင်ငံတကာက သတိပြုမိစေရန် ယခုကဲ့သို့ အကျဉ်းကျခံ စာနယ်ဇင်းသမားများ လွတ်မြောက်ရေး လှုပ်ရှားမှု ကျင်းပရခြင်း ဖြစ်ကြောင်း Free Burma VJ အဖွဲ့မှ Geraldine May က ဧရာဝတီကို ပြောသည်။

Free Burma VJ သည် သတင်းထောက်များ လွတ်မြောက်ရေး လှုပ်ရှားမှု ဆောင်ရွက် နေသည့် အဖွဲ့အစည်းတခု ဖြစ်ပြီး ရုပ်သံ သတင်းထောက် ၁၇ ဦးကို မြန်မာ အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသည် ဟု ၎င်းအဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြ ထားသည်။

“ကိုငွေစိုးလင်းရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဂုဏ်ယူပါတယ်။ သူနဲ့အတူ တခြား ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်ဖို့ ကျမတို့ လုပ်ဆောင် သွားမယ်လို့ ရည်ရွယ်ပြီး သူ့မွေးနေ့မှာ အခုလို လှုပ်ရှားမှု တခု ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု Geraldine May က ဆိုသည်။

ကိုငွေစိုးလင်းအား အမှတ်ရ ဂုဏ်ပြုသည့် အနေဖြင့် ယနေ့ ကျင်းပမည့် လှုပ်ရှားမှုပွဲတွင် Orphans of Burma's Cyclone မှတ်တမ်း ရုပ်ရှင်ကို ပြန်လည် ပြသမည် ဖြစ်ကြောင်း၊ တခြား အကျဉ်းကျ ခံနေရသည့် သတင်းထောက်များ လွတ်မြောက်ရေး လှုပ်ရှားမှု များကိုလည်း DVB ၏ Free Burma VJ Campaign ကော်မတီက ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ DVB သတင်းဌာနခွဲ၏ တာဝန်ရှိသူ ဦးတိုးဇော်လတ်က ပြောသည်။

“ကိုငွေစိုးလင်းရဲ့ အသက် ၃၀ ပြည့် မွေးနေ့ပွဲကို ထောင်ထဲမှာ မကျင်းပနိုင်တဲ့ အတွက် ကျနော်တို့က ဂုဏ်ပြုကျင်းပ ပေးတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း DVB ရုပ်သံ သတင်းထောက်များ အကြောင်း ရိုက်ကူး ထားသည့် Burma VJ ရုပ်သံ မှတ်တမ်း သည်လည်း ၂၀၀၉ ခုနှစ်အတွက် အော်စကာ ဆုပေးပွဲတွင် ဆန်ခါတင် အဆင့်အထိ ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသည် ဘီလာရုစ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ တာမင်နစ္စတန် နိုင်ငံများ ကဲ့သို့ပင် သတင်း လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဖိနှိပ်ချုပ်ချယ်သည့် နာမည်ပျက် စာရင်းဝင် ဖြစ်ကြောင်း မေလ ၃ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့တွင် အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့သည့်။

မြန်မာနိုင်ငံတွင် ကိုငွေစိုးလင်း အပါအ၀င် သတင်းသမား ၂၆ ဦးနှင့် နိုင်ငံရေး အကျဉ်းသား ၂၀၆၁ ဦးကို အစိုးရက ဖမ်းဆီး ထားသည်ဟု လူ့အခွင့်အရေး အဖွဲ့ တဖွဲ့ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားသည်။

အကျဉ်းကျ ခံနေရသည့် သတင်းထောက်များအား လွတ်မြောက် စေချင်သကဲ့သို့ မီဒီယာ လောကရှိ သတင်း သမားများ အားလုံး အဖမ်းအဆီး မခံရစေရန် ကာကွယ် စောင့်ရှောက်ပေးသည့် အဖွဲ့အစည်းများ၊ လှုပ်ရှားမှုများ မဖြစ်မနေ လိုအပ် နေသည်ဟု ကိုငွေစိုးလင်း၏ လုပ်ဖော်ကိုင်ဘက် တဦးဖြစ်သူ ဗီဒီယို သတင်းထောက် ကိုဇက်က ပြောသည်။

“ကျနော်တို့ မီဒီယာသမားတွေဆိုတာ အကြမ်းဖက်သမားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေလည်း မဟုတ်ပါဘူး။ ပြည်သူတွေ ရင်ဆိုင် နေရတဲ့ ဒုက္ခတွေ အဖြစ်အပျက်တွေကို သတင်းပေး တင်ပြသူတွေ ဖြစ်ပေမယ့် အခုလို ဖမ်းဆီး ထောင်ချ ခံနေရတဲ့ အပြင် မကြာသေးခင်က လျှော့ပေါ့ပြစ်ဒဏ် ပေးတဲ့အခါမှာလည်း သတင်းထောက်တွေက အမေ့ခံ ဖြစ်နေရပါတယ်” ဟု သူကဆိုသည်။

ဆက်လက်၍ ၎င်းက ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ အနေနှင့် သတင်းသမားများအား ကာကွယ် စောင့်ရှောက် ပေးနိုင်သည့် အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန် လုပ်ဆောင်သင့်သည်ဟု ပြောသည်။

Ref: ဧရာဝတီ်

Read More...

KIA နယ်မြေအနီးမှ အစိုးရတပ်များ ဆုတ်ခွာ

ဟိန်းသူ
Thursday, 26 May 2011

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအနီး နယ်ကျွံလာသော မြန်မာ အစိုးရ တပ်များ နောက်ပြန် ဆုတ်သွားကြောင်း သိရသည်။

၎င်းတို့၏ နယ်မြေအနီးမှ တပတ်အတွင်း ဆုတ်ခွာပေးရန် မေလ ၁၉ ရက်နေ့က စာရေးသား တောင်းဆိုပြီး နောက်ပိုင်း ထိုသို့ ထွက်ခွာ သွားခြင်း ဖြစ်သည်ဟု KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ယနေ့ ဧရာဝတီကို ပြောသည်။

“ရှေ့တန်း အနီးကပ် လှုပ်ရှားနေတဲ့ တပ်တွေ ပြန် နောက်ဆုတ်ပေးတာ ရှိတယ်။ တင်းမာမှုတွေ လျော့သွားတဲ့ သဘော ရှိတယ်” ဟု ဦးလနန်က ရှင်းပြသည်။

KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ အနီးမှ ဆုတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

KIA တွင် စစ်သည် အင်အား တသောင်း ၀န်းကျင် ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စခန်း ချထားသည်ဟု သိရသည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြားလျက် ရှိသည်။

နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

ဤအတောအတွင်း KIA ကို “သောင်းကျန်းသူ” အဖွဲ့ဟု အစိုးရပိုင် သတင်းစာများတွင် မကြာခဏ သုံးနှုန်း ဖော်ပြသည် အထိ နှစ်ဘက် ဆက်ဆံရေး ဆိုးရွားလျက် ရှိသည်။

Ref: ဧရာဝတီ်

Read More...

သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံသို့ ရောက်ရှိ

ရန်ပိုင်
Thursday, 26 May 2011

သမ္မတ ဦးသိန်းစိန်သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ တရုတ်နိုင်ငံသို့ ယနေ့ ရောက်ရှိသွားသည်။ သမ္မတ အဖြစ် တာဝန် ယူပြီး ပထမဆုံး သွားရောက်ခဲ့သည့် ပြည်ပခရီး ဖြစ်သည်။

ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမို တိုးမြှင့်ရန် ရည်ရွယ်သည်ဟု တရုတ် အစိုးရ၏ ဆင်ဟွာ သတင်းတွင် ယနေ့ ဖော်ပြထားသည်။

နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းနှင့် နီးစပ်သူများ၏ အဆိုအရ နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်များ အပြင် အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ တရုတ်စစ်သင်္ဘောများ မြန်မာ ဆိပ်ကမ်းတွင် ဆိုက်ကပ်နိုင်ရေးကိုလည်း သမ္မတ ဦးသိန်းစိန်၏ ယခု ခရီးစဉ်အတွင်း ထည့်သွင်း ဆွေးနွေးလိမ့်မည်ဟု သိရသည်။

ထိုသင်္ဘောများသည် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကတိုက်တို့မှ ထွက်ရှိသည့် ရေနံများ သယ်ယူနေသည့် တရုတ် သင်္ဘောများကို ပင်လယ်ဓားပြများ ရန်မှ ကာကွယ် စောင့်ရှောက်လျက်ရှိသည်။

စစ်သင်္ဘောများ ဆိုက်ကပ်ခွင့် ပြုရေးကို ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံ၏ ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်က မြန်မာ အစိုးရသစ်ကို အဆို ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသည့် ရခိုင်ကမ်းလွန်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဖောက်လုပ် နေသည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းတို့ လုံခြုံမှု ရှိရေးကိုလည်း လိုလား နေသည်ဟု စစ်ရေး လေ့လာသူများက ဆိုသည်။

ပိုက်လိုင်းတည်ဆောက်ရေးကို ၂၀၁၃ ခုနှစ်တွင် အဆုံးသတ်မည်ဖြစ်ပြီး အရှေ့ အလယ်ပိုင်းနှင့် အာဖရိက တိုက်မှ သယ်ယူ လာသည့် ရေနံများကို ထိုပိုက်လိုင်းမှတဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်မည် ဖြစ်သည်။

ထို့ပြင် တရုတ်အစိုးရက ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းပေါ်ရှိ လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်း တခုတွင် ပါဝင် ပတ်သက် နေသည်ဟု ရမ်းဗြဲကျွန်း ဒေသခံတဦးထံမှ သိရသည်။

“လေယာဉ်ကွင်း ဆောက်တဲ့ နေရာမှာ တရုတ်အလုပ်သမားတွေပဲ အလုပ် လုပ်ရတယ်၊ ပြီးခဲ့တဲ့နှစ်တုန်း ကလည်း တရုတ် စစ်ဘက် အမှုထမ်းတွေကို တွေ့နေရတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်ရေတပ်သည် ယခင်က ပစိဖိတ်သမုဒ္ဒရာတွင်သာ လှည့်လည် သွားလာနေသော်လည်း အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ ပါကစ္စတန်၊ အီရန်၊ သီရိလင်္ကာ၊ မြန်မာ စသည့် နိုင်ငံများတွင် ရေတပ် အခြေစိုက် စခန်းများ တည်ဆောက်နိုင်ရန် ကြိုးစား နေသည်ဟု စစ်ရေး လေ့လာသူ တချို့က သုံးသပ်သည်။

ယမန်နေ့က ထုတ်ပြန်သည့် ဆင်ဟွာသတင်းတပုဒ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ၀မ်ကျုံးရင်က သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် နှစ်နိုင်ငံ အကြား ဆက်ဆံရေး ထပ်မံ တိုးမြှင့်ရန် မဟာဗျူဟာ ကျကျ ဆောင်ရွက်မည်ဟု ပြောဆိုကြောင်း ဖော်ပြထားသည်။

နှစ်နိုင်ငံအကြား ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စသည့် ကဏ္ဍများတွင် စာချုပ် ၁၅ ခုခန့် ချုပ်ဆိုထားပြီး တရုတ်သည် မြန်မာနိုင်ငံ အတွက် အကြီးဆုံး ကုန်သွယ်ဖက်နှင့် ရင်းနှီးမြုပ်နှံမှု အများဆုံး နိုင်ငံဖြစ်သည်။

တရုတ် ကွန်မြူနစ်ပါတီ၏ ပေါလစ်ဗျူရို အဖွဲ့ဝင် ကျာချင့်လင်က ဦးသိန်းစိန်အစိုးရ အဖွဲ့ကို ပြီးခဲ့သည့် ဧပြီ လဆန်းပိုင်းတွင် သွားရောက် တွေ့ဆုံခဲ့သည်။ အစိုးရသစ်ကို ပထမဆုံး သွားရောက် တွေ့ဆုံခဲ့သည့် နိုင်ငံတကာမှ ခေါင်းဆောင်ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

မလာဒစ်ရှ်ကို ကုလစစ်ခုံရုံးရေး လွှဲပေးရေး ၇ ရက်အတွင်း ဆောင်ရွက်မည်

ကြာသပတေး, 26 မေ 2011

ဆယ်နှစ်ကျော်ကြာအောင် ထွက်ပြေး တိမ်းရှောင်နေတဲ့ ဆာဘီးယား ထိပ်တန်း ဗိုလ်ချုပ်ကြီး ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ကြာသပတေးနေ့ အစောပိုင်းမှာ ဖမ်းဆီး ခဲ့ပြီးတဲ့နောက် ဘဲလ်ဂရိတ် မြို့တော်က ဆားဘီးယား စစ်ရာဇ၀တ် ပြစ်မှုဆိုင်ရာ တရားခုံရုံးဆီ ပို့လိုက်ပါတယ်။

The Hauge မြို့မှာ အခြေစိုက်တဲ့ စစ်ရာဇ၀တ် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂ တရားခုံရုံးကနေ အလိုရှိနေတဲ့ မလာဒစ်ရှ်ကို ဆာဘီးယား မြောက်ပိုင်း ကျေးရွာတခုက တရားရုံးဆီ ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ လူတွေကို အစုအဝေးလိုက် သတ်ပစ်မှု၊ ၁၉၉၀ ပြည့်နှစ် အစောပိုင်း ကာလတွေတုန်းက ဖြစ်ခဲ့တဲ့ ဘော့စနီးယား ပဋိပက္ခအတွင်း ဆာ့ဘ်လူမျိုး မဟုတ်တဲ့ လူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အပါအ၀င် စစ်ရာဇ၀တ်မှုတွေနဲ့ The Hague တရားခုံရုံးက သူ့ကို အလိုရှိနေတာ ဖြစ်ပါတယ်။

မလာဒစ်ရှ်ကို The Hague တရားခုံရုံးဆီ လွှဲပြောင်းပေးဖို့ လိုအပ်ချက်တွေ အားလုံးနဲ့ ကိုက်ညီခြင်း ရှိ၊ မရှိ ဆိုတာကို ဆာဘီးယန်း တရားခုံရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ဖို့ရာ ၇ ရက်ထက်ပိုပြီး မကြာဘူးလို့ ဆာဘီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားခုံရုံးကို မလာဒစ်ရှ်က အသိအမှတ် မပြုဘဲ သူဟာ စုံစမ်း စစ်ဆေး ခံရဖို့အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ခိုင်မာမှု မရှိဘူးလို့ သူ့ရဲ့ရှေ့နေဖြစ်သူ မီလိုစ် ဆယ်လ်ဂျစ်ခ်ျ (Milos Saljic) က တရားသူကြီးတွေကို ပြောခဲ့ပါတယ်။

Ref: VOA News

Read More...

Thursday, May 26, 2011

စစ်ရာဇ၀တ်ခုံရုံးက အလိုရှိသူ မလာဒစ်ရှ် ဖမ်းမိပြီ

ကြာသပတေး, 26 မေ 2011

ယူဂိုဆလားဘီးယားနိုင်ငံ နှစ်ခြမ်း ကွဲသွားပြီးနောက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း တာဝန်ထမ်းခဲ့တဲ့ ဘော့စနီးယား ဆာ့ဘ် တပ်ဖွဲ့တွေရဲ့ တပ်မှူးဟောင်း စစ်ရာဇ၀တ်မှုနဲ့ အလိုရှိနေသူ ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ဖမ်းဆီးမိပြီလို့ ဆာဘီးယား သမ္မတ ဘောရစ်စ် တာဒစ်ရှ် (Boris Tadic) က ကြေညာသွားပါတယ်။

မစ္စတာ မလာဒစ်ရှ်ကို ဆာဘီးယား နိုင်ငံထဲမှာ ဖမ်းဆီးမိတယ်၊ သူ့ကို ကုလသမဂ္ဂ စစ်ရာဇ၀တ်မှု ရုံးဆီကို လွှဲပြောင်း ပေးအပ်ဖို့ စတင် လုပ်ဆောင် နေပြီလို့လည်း သမ္မတက ပြောပါတယ်။

ဆာဘီးယားဟာ သူ့ရဲ့ မကြာခင်ကမှ ရှိခဲ့တဲ့ သမိုင်းထဲမှာ နောက်စာမျက်နှာ တခုကို ပိတ်လိုက်နိုင်ပြီ၊ နိုင်ငံမှာ အပြည့်အ၀ ပြန်လည် ပေါင်းစည်းရေး ဖြစ်ပေါ်ဖို့ တလှမ်းပိုပြီး နီးကပ် သွားပြီလို့လည်း သမ္မတက ဆိုပါတယ်။

အသက် ၆၉ နှစ်အရွယ် စစ်ခေါင်းဆောင်ဟောင်းကို ရှာတွေ့ဖို့ ဘာကြောင့်များ ဒီလောက် အချိန်တွေ အများကြီး ကြာခဲ့ရလဲ ဆိုတာအတွက် စုံစမ်း စစ်ဆေးမှုတွေ လုပ်မယ်လို့လည်း သမ္မတက ကတိပေးပါတယ်။ သမ္မတ ဘောရစ်စ် တာဒစ်ရှ်က …

“ဆာဘီးယားနိုင်ငံက The Hague မြို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့လို့ ၀ရမ်းပြေး မလာဒစ်ရှ်ကို အခုလို လက်ရ ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မဟာဗျူဟာနဲ့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ကြသူတွေ အားလုံးက သူ့ကို အမိအရ ဖမ်းနိုင်လိမ့်မယ် ဆိုတာကို အစဉ်အမြဲ ယုံကြည် ခဲ့ကြတာပါ။”

ယူဂိုဆလားဘီးယား နိုင်ငံဟောင်းမှာ ဖြစ်ပွားတဲ့ စစ်ရာဇ၀တ်မှုတွေအတွက် ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ အထူး ခုံရုံးက ဘော့စနီးယားနိုင်ငံ ဆာရာယေဗို (Sarajevo) မြို့ကို ၀င်စီးထားတဲ့ ၃ နှစ်တာ ကာလအတွင်း ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇ၀တ်မှု တွေနဲ့ ဘော့စနီးယား နွယ်ဖွား မွတ်ဆလင် အမျိုးသားနဲ့ ကောင်လေး ၈,၀၀၀ ကို သတ်ဖြတ် ခဲ့တာအတွက် သူ့ကို တရားစွဲခဲ့တာပါ။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ ဖြစ်ပွားတဲ့ ရာဇ၀တ်မှုတွေထဲမှာ အဲဒီ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုက အဆိုးရွားဆုံး ပြစ်မှု ဖြစ်ပါတယ်။

ဘော့စနီးယားစစ်ပွဲ ပြီးသွားတဲ့ နောက်မှာတော့ စစ်ရာဇ၀တ်မှုနဲ့ တရားစွဲခံရပြီး လွတ်မြောက် နေတဲ့ အဓိကပုဂ္ဂိုလ် ၃ ဦး ရှိရာမှာ မစ္စတာ မလာဒစ်ရှ်က တယောက် အပါအ၀င် ဖြစ်ပါတယ်။

Ref: VOA News

Read More...

တခါသုံး FEC ၅၀ တန် ဖုန်းကတ် မှတ်ပုံတင်မိတ္တူပြ ဝယ်ရ

Wednesday, 25 May 2011

ထူးကုမ္ပဏီ၏ လက်ခွဲ E-Lite ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အကျိုးတူပူးပေါင်းပြီး ပြန်လည် ထုတ်လုပ် ရောင်းချနေသော တခါသုံး FEC ၅၀ တန် CDMA 450 မိုဘိုင်းလ်ဖုန်း ကတ်များကို လုံခြုံရေး အကြောင်းပြချက်ကြောင့် မှတ်ပုံတင် မိတ္တူ ပေးမှသာ ရောင်းချပေးကြောင်း သတင်းရရှိသည်။

ထူးကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တခါသုံး FEC ၂၀ တန် GSM မိုဘိုင်းလ်ဖုန်းကတ်နှင့် FEC ၅၀ တန် တခါသုံး CDMA 450 MHz ဖုန်းကတ်များကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလမှစ၍ FEC ၂၀ တန် တခါသုံး ဖုန်းကတ်ရောင်းချမှုကို လုံးဝ ရပ်ဆိုင်းခဲ့သည်။ FEC ၅၀ တန် တခါသုံး ဖုန်းကတ်များကိုမူ ပြန်လည် ထုတ်လုပ် ရောင်းချ ခဲ့သော်လည်း မှတ်ပုံတင်မိတ္တူ ပေးအပ်မှသာလျှင် ရောင်းချပေးကြောင်း ဗဟန်းမြို့နယ် ပုလဲကွန်ဒိုရှိ E-Lite ရုံးချုပ်မှ ဈေးကွက် မြှင့်တင်ရေး အကြီးတန်း အရာရှိတဦးက ပြောသည်။

“၀ယ်သူရဲ့ ဖုန်းနံပါတ်နဲ့ မှတ်ပုံတင် မိတ္တူကို မှတ်တမ်းတင်ထားရတယ်။ လုံခြုံရေးကြောင့်ပါ။ အဝေးထိန်း စနစ်နဲ့ တခါသုံး မိုဘိုင်းလ်ဖုန်း သုံးပြီး ဗုံးခွဲတာမျိုး ဖြစ်လာမှာ စိုးရိမ်တာကြောင့် မြန်မာ့ ဆက်သွယ်ရေးက တခါသုံး ဖုန်းကတ် သုံးတဲ့ သူတွေရဲ့ မှတ်ပုံတင် မိတ္တူကို ရယူဖို့ ညွှန်ကြားထားလို့ပါ” ဟု တာမွေမြို့နယ်မှ E-Lite ဆိုင်ခွဲ ၀န်ထမ်းတဦးက ရှင်းပြသည်။

တခါသုံး FEC ၅၀ တန် ဖုန်းကတ်များကို မြန်မာကျပ်ငွေဖြင့် ၀ယ်ယူမည်ဆိုလျှင် ဖုန်းကတ်တကတ် အတွက် ကျပ် ၄၈၀၀၀ သတ်မှတ် ရောင်းချကြောင်း သိရသည်။

“FEC တဒေါ်လာကို ၈၁၀ ပဲရှိတယ်။ FEC ၅၀ ဆိုရင် ၄၀၅၀၀ ပဲကျတယ်။ ဒါပေမယ့် မြန်မာငွေနဲ့ ၀ယ်မယ်ဆိုရင် ဖုန်းကတ် တကတ်ကို ၄၈၀၀၀ ကျတာဆိုတော့ သုံးတဲ့သူတွေက FEC လဲပြီး လာဝယ်ကြတယ်။ FEC နဲ့ ၀ယ်ရင် ၇၅၀၀ သက်သာတယ်” ဟု စမ်းချောင်းမြို့နယ် E-Lite ဆိုင် ၀န်ထမ်းက ပြောသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ငွေကျပ် ငါးသိန်းနှုန်းဖြင့် GSM၊ CDMA မိုဘိုင်းလ်ဖုန်းများကို အများပြည်သူ အား သုံးစွဲခွင့် ပြုထား သော်လည်း ငွေကြေး မတတ်နိုင်သူများက FEC ၅၀ တန် တခါသုံး ဖုန်းကတ်များကို ၀ယ်ယူသုံး စွဲနေကြကြောင်း၊ FEC ၅၀ တန် ဖုန်းကတ်များသည် နိုင်ငံတ၀န်း သယ်ဆောင် အသုံးပြုနိုင်ကြောင်း သိရသည်။

FEC ၅၀ တန် တခါသုံးဖုန်းကတ်၏ သက်တမ်းသည် ၃ လဖြစ်ပြီး ဖုန်းခေါ်ဆိုမှုအတွက် တမိနစ်လျှင် ကျပ် ၃၀၀ ကျော် ကျသင့်မည် ဖြစ်သည်။ ဖုန်းခေါ်ဆိုမှု အတွက်သာ သီးသန့် အသုံးပြုလျှင် အချိန် တနာရီခွဲခန့်သာ အသုံးပြုနိုင်ပြီး အထွက်ခေါ်ဆိုမှု မပြုဘဲ အ၀င်အတွက်သာ အသုံးပြုလျှင် ၃လ သက်တမ်း ကုန်သည်အထိ သုံးစွဲနိုင်သည်။

ရန်ကုန် ပန်းဆိုးလမ်းမကြီး အလယ်ဘလောက်ရှိ Mobile Shopping Mall ရှေ့တွင် တခါသုံး CDMA ဖုန်း ကတ် အရောင်းအ၀ယ် ဈေးကွက်တခု ဖြစ်ထွန်းနေပြီး ပွဲစားများသည် ဖုန်းကတ်များကို E-Lite ဆိုင်ခွဲများမှ FEC နှင့်ဝယ်ယူကာ မြန်မာငွေ ၄၈၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချကြကြောင်း၊ အဆိုပါဈေးကွက်တွင်မူ တခါသုံး ဖုန်းကတ် ၀ယ်ယူပါက မှတ်ပုံတင် မိတ္တူပေးရန် မလိုအပ်ကြောင်း သိရှိရသည်။

“ဖုန်းကတ်တကတ် ရောင်းရရင် ငွေ ၇၅၀၀ မြတ်တယ်။ တချို့လူတွေက E-Lite ဆိုင်ခွဲတွေမှာ တခါသုံးကတ် သွားဝယ်ရင် မှတ်ပုံတင် မိတ္တူ ပေးရမှာစိုးလို့ ဒီဈေးကွက်မှာ လာဝယ်တယ်။ ဒီဈေးကွက်မှာက မြန်မာငွေနဲ့ပဲ ရောင်းတယ်။ မှတ်ပုံတင် မလိုဘူး။ ဖုန်းကတ် လိုသလောက် ရောင်းပေးတယ်” ဟု ပန်းဆိုးလမ်းမပေါ်တွင် တခါသုံး မိုဘိုင်းလ်ဖုန်းကတ် အရောင်းအ၀ယ် ပြုလုပ်နေသူ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် အော်တိုတယ်လီဖုန်းလိုင်း အရေအတွက် ၂၂၉၇၄၁၉ လိုင်းရှိပြီး လာမည့် ၅ နှစ်အတွင်း GSM
မိုဘိုင်းလ်ဖုန်းလိုင်း အရေအတွက် သန်း ၃၀ အထိ တိုးမြှင့်မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တရားဝင် သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာအတိုက်အခံများကို NGO များ မကူညီရန် ထိုင်းဖိအားပေး

Wednesday, 25 May 2011

မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို အားပေးကူညီမှုများ မပြုလုပ်ကြရန် ထိုင်းနိုင်ငံ မဲဆောက်ဒေသ အခြေစိုက် အစိုးရ မဟုတ်သည့် NGO အဖွဲ့များအား တာ့ခ် ခရိုင်ဝန်က တနင်္လာနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး သတိပေး ပြောကြား လိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ မြို့ပိုင်ရုံးတွင်ပြုလုပ်သည့် ထိုင်း အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ အပါအ၀င် မဲဆောက် အခြေစိုက် လှုပ်ရှားနေသည့် NGO အဖွဲ့အစည်း ၂၀ ခန့်နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် တာ့ခ်ခရိုင်ဝန် နိုင် စမာ့လွိုင်ဖာ့က ပြောကြားခြင်း ဖြစ်သည်။

၎င်းက“NGO တွေ အနေနဲ့ ကိုယ့်အလုပ်ကို ရိုးရိုးသားသားလုပ်ကိုင်ကြဖို့ ပြောချင်တယ်၊ မြန်မာအတိုက်အခံ အဖွဲ့တွေကို အားပေး ကူညီတာတွေ မလုပ်ကြဖို့ သတိပေးချင်တယ်၊ တချို့ NGO တွေက မြန်မာ အတိုက်အခံ တွေကို အားပေး ကူညီမှု လုပ်နေတာတွေကို မလုပ်ကြဖို့ ပြောချင်ပါတယ်”ဟု ဆိုသည်။

အစည်းအဝေးတွင်ခရိုင်ဝန်က ယခုလ ၁၁ ရက်နေ့က မဲဆောက်အနီးရှိ မဲ့ကစာရွာတွင် မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုသို့ ပေးပို့မည့် တပ်ဖွဲ့ အမှတ် တံဆိပ်ပါ စစ်ယူနီဖောင်း အစုံ ၃၀၀ နှင့် အမှတ်တံဆိပ်ပါ စစ်သုံး စွပ်ကြယ်လက်တို အင်္ကျီ ၂၆၂ ထည်ကို ထိုင်းနယ်ခြားစောင့်တပ် က ဖမ်းဆီး ရရှိမှုကိုလည်း ရည်ညွန်းကာ ထည့်သွင်း ပြောကြားခဲ့သည်။

ခရိုင်ဝန်၏အဆိုအရ မဲဆောက်ဒေသအတွင်း အခြေစိုက်ကာ ဒုက္ခသည်စခန်းအတွင်း လုပ်ကိုင်နေသည့် NGO အဖွဲ့ ၂၀ ခန့်ရှိပြီး အခြား ပြင်ပတွင် လုပ်ကိုင်နေသည့် NGO အဖွဲ့မှာ ၆၀ ခန့်ရှိသည်ဟု သိရသည်။

သတိပေးထားသည့်အတိုင်း လိုက်နာခြင်းမရှိသည့် NGO အဖွဲ့အစည်းများမှာ အရေးယူခြင်း ခံရမည်ဟု အစည်းအဝေး အပြီးတွင် နိုင် စမာ့လွိုင်ဖာ့က ဒေသခံ သတင်း ထောက်များကို ပြောကြားသည်။

မြန်မာဒုက္ခသည်များနှင့် ပတ်သက်၍လည်း ဒုက္ခသည်များ စခန်းအပြင်ထွက်ကာ သစ်ခုတ်ခြင်း၊ မူးယစ် ဆေးဝါးများ ရောင်း ၀ယ် သုံးစွဲခြင်းများကို တွေ့ရှိပါက ဒုက္ခသည် အဖြစ်မှ ပယ်ဖျက်ပြီး အရေးယူ ခံရမည်ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာအတိုက်အခံ ခေါင်းဆောင်တဦးက“ထိုင်းနယ်စပ်မှာ သွားလာလှုပ်ရှားနေတာမှန်ပေမယ့် ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ ကို ထိခိုက်စေမယ့် အနေအထား တွေကိုတော့ ဘယ်အဖွဲ့ကမှ မလုပ်ပါဘူး၊ မြန်မာဘက်မှာ လတ်တလော ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ အခြား ကိစ္စတွေကို မြန်မာ အတိုက်အခံ အဖွဲ့တွေက ထိုင်းနယ်မြေကို အသုံးချပြီး လုပ်နေတယ်လို့ မြန်မာနယ်ခြား ကော်မတီ ကနေတဆင့် ထိုင်းဘက်ကို အရေးဆို တိုင်ကြား တာတွေရှိတယ်၊ အခုဖြစ်တဲ့ ကိစ္စကလည်း ပတ်သက် ဆက်နွယ် မှုတွေရှိတယ်၊ ပြောရရင်တော့ မြန်မာဘက်က ဖိအား ပေးလို့”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းအစည်းအဝေးသို့ ထိုင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ထိုင်း စစ်တပ်၊ ထိုင်းရဲ၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊ နယ်ခြား စောင့် တပ်ဖွဲ့နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၊ ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်း အသင်း(TBBC) အပါအ၀င် NGO အဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာ ဒုက္ခသည် စခန်းများမှ စခန်းဥက္ကဌများ တက်ရောက် ခဲ့ကြသည်။

Ref: ဧရာဝတီ်

Read More...

အစာငတ်ခံ နိုင်ငံရေး အကျဉ်းသား အခြေအနေ HRW အနီးကပ်စောင့်ကြည့်

ဒေါ်ခင်မျိုးသက်
ဗုဒ္ဓဟူး, 25 မေ 2011


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မေလ ၂၂ ရက်နေ့ကစလို့ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုချက် ၆ ချက်ကို တောင်းပြီး အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို အနီးကပ် သေချာ စောင့်ကြည့် သွားမယ်ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ဒီနေ့ ပြောဆို လိုက်ပါတယ်။ အခု အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၇ ယောက်ကိုလည်း အင်းစိန်ထောင်မှာရှိတဲ့ စစ်ခွေးတိုက်ကို မနေ့ကစပြီး ပို့ဆောင်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPPB က အတည်ပြု ပြောဆိုခဲ့သလို ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ထောင်ပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

မြန်မာအစိုးရသစ် အဖွဲ့ရဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တဲ့ နောက်ပိုင်း အင်းစိန် အကျဉ်း ထောင်ထဲမှာ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ ထောင်အာဏာပိုင်တွေက တုံ့ပြန်မှု မရှိတဲ့အတွက် အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသား ၂၇ ဦးလောက် ရှိနေပြီဆိုတဲ့ သတင်းတွေ ရနေသလို ဒီလို ဆန္ဒပြသူတွေကို စစ်ခွေးတိုက်ထဲ ပို့တာလို အပြစ်ဒဏ် ပေးတာတွေ ရှိလာတာမို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးက စိုးရိမ် စိတ်ပူမှုနဲ့အတူ အနီးကပ် စောင့်ကြည့်နေတယ်လို့ Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ဖိလစ် ရောဘတ်စန်က ပြောပါတယ်။

“အခု အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အဖွဲ့ရဲ့ တုံ့ပြန် လုပ်ဆောင်မှုတွေကို ကျနော်တို့ သေသေချာချာ စောင့်ကြည့်နေပါတယ်။ အခုရထားတဲ့ သတင်းတွေအရ ၂၇ ဦး အစာငတ်ခံ ဆန္ဒပြနေတာမို့ သူတို့အတွက် သိပ်ကို စိတ်ပူပါတယ်။ အခုဆိုရင် သီးခြား ခွဲထားတဲ့နေရာမှာ တိုက်ပိတ် ခံနေရတာနဲ့ နယ်ဝေး အကျဉ်းထောင် ပို့တာလို ပြစ်ဒဏ်ပေး ခံရတာတွေ ရှိနေပါတယ်။

“အရင် မြန်မာစစ်အစိုးရ အနေနဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က တောင်းဆိုခဲ့တဲ့ အကျဉ်းသား ရပိုင်ခွင့် တွေကို မထီမဲ့မြင် ဂရုမစိုက် လုပ်ခဲ့တဲ့အတွက် အခု ဒီလိုအပ်ချက်တွေကို အကျဉ်းသားတွေက ထပ်ပြီး တောင်းနေရတာပါ။ ဒီတောင်းဆိုတဲ့ အကျဉ်းသားတွေကို အခုလို ပြစ်ဒဏ်ပေးတာကို ကြည့်ရင် အစိုးရသစ် အဖွဲ့ဟာ အရင် စစ်အစိုးရ ပုံစံအတိုင်း လုပ်နေတာမို့ မကြာခင်ကမှ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို ထားတဲ့အတိုင်း မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေတွေ အတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းဖို့ အရေးတကြီး လုပ်သင့်ပြီ။” လို့ ပြောသွားတာ ဖြစ်ပါတယ်။

ထိုင်းအခြေစိုက် AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ မြန်မာနိုင်ငံ ကလည်း ဒီအကျဉ်းသား တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ AAPPB အဖွဲ့ တာဝန်ခံတဦး ဖြစ်တဲ့ ကိုဘိုကြည်ကို အစာငတ်ခံ ဆန္ဒပြသူတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေကို သိရအောင် မေးကြည့်ပါတယ်။

“အခု ကျနော်တို့ သိရသလောက်က အစာငတ်ခံ ဆန္ဒပြနေတဲ့ အထဲက ၇ ယောက်ကို စစ်ခွေးတိုက်ကို ပို့လိုက်တယ်လို့ သိရတယ်။ စစ်ခွေးတိုက် ဆိုတာက ပုံမှန်အားဖြင့် ပြစ်ဒဏ်ဆိုပြီး သူတို့ လုပ်လေ့ရှိတယ်။ အဲဒါဆိုရင် ပုံစံမောင်းတာတို့၊ ရိုက်တာနှက်တာတို့ ရှိလာနိုင်တယ်။ အဲဒီတော့ ဒီလူတွေရဲ့ ကျန်းမာရေးရော၊ အသက်အန္တရာယ်ရော ကျနော်တို့ အတော်လေး စိုးရိမ်ပါတယ်။

“အခု ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး နောက်ပိုင်းမှာဆိုရင် နယ်ဝေး အကျဉ်းထောင်တွေကိုလည်း ပြောင်းလေ့ရှိတယ်။ အဲဒီအတွက် မိသားစုတွေ အနေနဲ့ကလည်း အခုဆိုရင် သူတို့သားသမီးတွေ ဘယ်ထောင်ကို ပြောင်းမလဲ၊ အင်းစိန်ထောင်မှာပဲ ရှိသေးသလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေပါတယ်။”

AAPPB ရဲ့ သဘောထားကို သိပါရစေ၊ ဒီအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့။

“တကယ်တမ်းဆိုရင်တော့ အခု တောင်းဆိုတယ်ဆိုတဲ့ အချက်တွေက အကျဉ်းသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး တောင်းဆိုရုံနဲ့တော့ အကျဉ်းသားတွေကို ရိုက်တာ၊ မတရားသဖြင့် နှိပ်စက် ညှဉ်းပန်းတာတွေ၊ နယ်ဝေးထောင်တွေ ပို့တာတွေတော့ မလုပ်သင့်ဘူး။ နောက် သူတို့ တောင်းဆိုနေတဲ့ အခြေခံ တောင်းဆိုချက်တွေကို လိုက်လျောသင့်တယ်။

“အဲဒါက ဘာကိုပြသလဲဆိုတော့ လက်ရှိ ရှိနေတဲ့ ဦးသိန်းစိန် အစိုးရက ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းတဲ့ အခါမှာ ညင်ညင် သာသာနဲ့ ကိုင်တွယ် ဖြေရှင်းတယ်ဆိုတာ ပြသရာ ရောက်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အရင် နအဖ အစိုးရနဲ့ အတူတူပဲ၊ ပြဿနာတွေကို ညင်ညင်သာသာနဲ့ ကိုင်တွယ် ဖြေရှင်းတာမျိုး မလုပ်ချင်ဘူး၊ တခုခုဖြစ်တိုင်း အကြမ်းဖက်တဲ့ ပုံစံမျိုးနဲ့ ဖြေရှင်းမယ်ဆိုရင် တိုင်းပြည်အနာဂတ် အတွက်လည်း ကောင်းတဲ့ အနာဂတ် မဟုတ်ဘူး။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သွားနေပါတယ်လို့ ကျနော်တို့အတွက် ယုံကြည်ဖို့ အရမ်းခက်သွားလိမ့်မယ်။”

အကျဉ်းသားတွေ အခုတောင်းနေတဲ့ တောင်းဆိုမှုတွေဟာ အာဏာပိုင်တွေဘက်က မလိုက်လျော ရလောက်အောင် ခက်ခဲ နေပါလား။

“ဒီတောင်းဆိုချက်တွေက ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ တကယ်တမ်းဆို တောင်းဆိုစရာ မလိုဘဲကို ဒါတွေက ပြည့်စုံအောင် လုပ်ပေးရမှာ ဖြစ်တယ်။ ဒါက အကျဉ်းထောင် အာဏာပိုင်တွေဘက်က ပျက်ကွက်လို့၊ ဒါမှမဟုတ် လာဘ်ပေး လာဘ်ယူတွေ ဖြစ်နေလို့ ဒီလိုမျိုး ဆန္ဒပြတယ်ဆိုတဲ့ အဆင့်အထိ ရောက်လာရတာပါ။ တကယ်တမ်းဆို ဒီအဆင့်ထိ ရောက်လာစရာ အကြောင်း မရှိဘူး။”

ကိုဘိုကြည် ပြောပြသွားတာ ဖြစ်ပါတယ်။

အခုလို အစာငတ်ခံ ဆန္ဒပြနေသူတွေနဲ့ တကွ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုနေသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက်ပြီး စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ US Campaign အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

Ref: VOA News

Read More...

ဂဒါဖီ အာဏာစွန့်တဲ့အထိ အမေရိကန်နဲ့ ဗြိတိန် ဖိအားပေးသွားမည်

ဗုဒ္ဓဟူး, 25 မေ 2011

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) က ပြည်သူတွေကို တိုက်ခိုက်နေတာတွေ မရပ်သရွေ့၊ အာဏာကို မစွန့်သရွေ့ စစ်ဆင်ရေးတွေကို ဆက်ပြီး လုပ်သွားမယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) တို့က ပြောလိုက်ပါတယ်။

လန်ဒန်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ခေါင်းဆောင် ၂ ဦးရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့ကြတာပါ။

သမ္မတ အိုဘားမားက ဗြိတိသျှ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်တွေကို ဒီကနေ့ မိန့်ခွန်း ပြောခဲ့ ပါသေးတယ်။ ကမ္ဘာတ၀န်း လုံခြုံရေးအတွက် ဆောင်ရွက်မှုတွေမှာ ဥရောပဟာ အမေရိကန်နဲ့အတူ အဓိက နေရာက လုပ်သွားဖို့ ကိစ္စ ပြောဆိုခဲ့ပါတယ်။ လစ်ဗျားခေါင်းဆောင် ဂဒါဖီကို ဖိအားပေးတာတွေ လျှော့သွားမှာ မဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

ဗြိတိန်အနေနဲ့ကလည်း ဖိအားတွေ ပိုပေးဖို့ နည်းလမ်းအားလုံးကို ကြည့်ပြီး လုပ်ဆောင်သွားမယ်လို့ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန် ၂ နိုင်ငံလုံးရဲ့ ရည်ရွယ်ချက်ကတော့ လစ်ဗျားပြည်သူတွေ အနေနဲ့ သူတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင် ရွေးချယ် နိုင်ကြဖို့ပဲလို့ ခေါင်းဆောင် ၂ ဦးက ဆိုပါတယ်။

လစ်ဗျားမှာ မစ္စတာ ဂဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး တွေက နောက်ဆုံးမှာ အောင်မြင် လိမ့်မယ်၊ ဒါပေမဲ့ လုပ်ငန်းစဉ်တွေ ကတော့ ဖြည်းဖြည်းနဲ့ မှန်မှန် သွားလိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန် ၂ နိုင်ငံဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆာ့ဒ် (Bashar al-Assad) ကိုလည်း ဖိအားတွေ ပိုပြီး ပေးသွားမယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်း ဒေသက နိုင်ငံတွေနဲ့ မြောက်အာဖရိက နိုင်ငံတွေက ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေ အတွက် အဓိက ကျတဲ့ စီးပွားရေး လုပ်ငန်းစဉ် တခုနဲ့ နိုင်ငံရေးအရ အားပေးမှုတွေ လုပ်သွားဖို့ ကိစ္စတွေကို အခုတပတ် အတွင်း ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် စက်မှု အင်အားကြီး ၈ နိုင်ငံရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ သမ္မတ အိုဘားမားနဲ့အတူ တွန်းအားပေး ပြောဆို သွားကြမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံတွေဘက်က လွတ်လပ်ရေး အတွက် ကြိုးပမ်း နေကြတဲ့ သူတွေဘက်က ရပ်တည်သွားကြဖို့ သဘော တူထားကြတယ်လို့လည်း ဆိုပါတယ်။

Ref: VOA News

Read More...

၉ဝ ပြည့် ရွေးကောက်ပွဲနေ့ NLD ကျင်းပမည်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ ၂၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အနိုင်ရရှိခဲ့သော်လည်း အာဏာလွှဲပြောင်းမခံရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က မကြာခင်က လွတ်လာသော နိုင်ငံရေး အကျဉ်းသားများကို ကြိုဆိုပွဲ အပါအဝင် “၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲနေ့ အထိမ်းအမှတ်” အခမ်းအနား တခုကို မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်နေသည်။

ထောင်ဒဏ်တနှစ် ကင်းလွတ်ခွင့်ဖြင့် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅ဝ ခန့်ကို ကြိုဆိုမှု အပါအဝင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်သော စာတမ်းများ ဖတ်ကြားမှုကို ရန်ကုန်မြို့ NLD ရုံးချုပ်၌ ပြုလုပ်မှာဖြစ်သည်။

စာတမ်းများတွင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို NLD ပါတီ ဘာကြောင့် ဝင်ခဲ့သလဲ ဆိုသည့် စာတမ်းကို NLD က ဖတ်ကြားကာ၊ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို ဘာကြောင့် မဝင်ရလဲ စာတမ်းကို ကိုဖြိုးမင်းသိန်းက ဖတ်ကြားရန် စီစဉ်ထားသည်။ ထို့ပြင် ၁၉၉ဝ နှင့်၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာနှင့်ပတ်သက်၍ တိုင်းရင်းသားများအမြင်ကို ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ စိုင်းစောအောင်က ဟောပြောမှာ ဖြစ်သည်။

“၉ဝ ခုနှစ် ရွေးကောက်ပွဲဟာ ဘာကြောင့် ယှဉ်ပြိုင်သင့်တယ်၊ ဘာကြောင့်ဝင်ပြိုင်ခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို ရှင်းလင်းသလို၊ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ဒီရွေးကောက်ပွဲ ၂ ခုကို ယှဉ်တွဲပြမယ့် အခမ်းအနားပွဲ ဖြစ်လို့ ကျနော်က အဲဒီစာတမ်းကို ရွေးချယ်ခဲ့တာပါ” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၏ ဥက္ကဋ္ဌဟောင်း ဖြစ်ခဲ့သူ ဦးဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောဆိုသည်။

မေလ ၂၇ ရက်၊ ၁၉၉ဝ ပြည့်နှစ်တွင် အာဏာသိမ်းစစ်အစိုးရက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့သည်။

ထိုရွေးကောက်ပွဲတွင် ပါလီမန်အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် NLD က အနိုင်ရခဲ့သော်လည်း အာဏာ လွှဲပေးရန် စစ်အစိုးရက ငြင်းဆန်ခဲ့သည်။

“၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို နှစ်ပေါင်း ၂ဝ တိတိ နည်းအမျိုးမျိုးနဲ့ နှိပ်ကွပ်ပြီး ပပျောက်အောင် လုပ်တဲ့ အခါမှာ အဆင့်ဆင့် လူတွေကို ဖမ်းလိုက်တယ်၊ ပြန်လွှတ်လိုက်တယ်၊ အကျယ်ချူပ်တွေချတယ်၊ အကျဉ်းချုပ်တွေ ချတယ်၊ နယ်ချူပ်တွေ ချတယ်။ အခုချိန်ထိ NLD ကို ရက်ရက်စက်စက် နှိပ်ကွပ်ခံခဲ့တဲ့ အနေအထား။ ဆိုတော့ ဘယ်လိုလုပ်ပြီး မေ့ပျောက်လို့ရမှာလဲ” ဟု NLD အထွေထွေ အတွင်းရေးမှူး၏ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် စစ်အစိုးရက စိတ်ကြိုက်ရေး အခြေခံဥပဒေကို ဦးတည်ကာ ရွေးကောက်ပွဲလုပ်ပြန်ပြီး NLD ဝင်မပြိုင် လိုအောင် ကန့်သတ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

စာနယ်ဇင်းသမား ၂ ဦး လျှော့ပေါ့မှုဖြင့် ပြန်လွတ်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မေလ ၂၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ သမ္မတ ဦးသိန်းစိန်၏ လျှော့ပေါ့ထောင်ဒဏ် အမိန့်ဖြင့် နိုင်ငံတဝှန်းရှိ အကျဉ်းသား ၁၄၆ဝဝ ခန့် ပြန်လွှတ် ပေးခဲ့ရာတွင် စာနယ်ဇင်းသမား ၂ ဦးလည်း ပါဝင်လာကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းနှင့် မိသားစု ဝင်များထံမှ စုံစမ်း သိရှိရသည်။

၄၄ နှစ်အရွယ် ၈၈ မျိုးဆက်ကျောင်းသားဖြစ်သူ ကဗျာဆရာ စာရေးဆရာ ဦးလူတင်ဝင်း နှင့် ၆၅ နှစ် အရွယ် မြန်မာ့ အလင်း အင်္ဂလိပ်ပိုင်းမှ ဝါရင့် သတင်းထောက် ဦးသောင်းဝင်းဗိုလ်တို့ မေလ ၁၇ ရက်နေ့တွင် လွတ်မြောက် လာခဲ့သည်။

ဦးလူတင်ဝင်းသည် ၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နှင့် လူစုလူဝေး ဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၁၄၅၊ ၁၄၇ ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရာ တနင်္သာရီတိုင်း မြိတ်ထောင်မှ ပြန်လွတ်လာသည်။

ပြန်လွတ်လာသော်လည်း ရန်ကုန်သို့ မရောက်သေးသဖြင့် ဆက်သွယ်၍ မရသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် လာမှုကို စောင့်ကြည့်နေသူ အကျဉ်းသားဟောင်းတဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန် ဆူးလေမီးပွိုင့်အနီး လုံခြုံရေးတပ်ဖွဲ့က ရှာဖွေ စစ်ဆေးစဉ် ဦးလူတင်ဝင်း၏ ခါးကြား၌ ထိုးထားသည့် “၈၈ သဘောထား” အမည်ရှိ စာအုပ် တွေ့ရှိခဲ့သဖြင့် အဖမ်းဆီး ခံခဲ့ရသည်။

မြန်မာ့အလင်း သတင်းဌာနမှ ဝါရင့်သတင်းထောက် ဦးသောင်းဝင်းဗိုလ်မှာ ပဲခူးတိုင်း သာယာဝတီထောင်မှ လွတ်မြောက် လာကြောင်း မိသားစုဝင် တဦးက ပြောသည်။

သူ့ကို ၂ဝဝ၈ ဇူလိုင် ၈ ရက်နေ့တွင် သမီးဖြစ်သူ ဗီအိုအေသတင်းထောက် မအေးအေးမာ၏ မိတ်ဆွေ၊ သူငယ်ချင်း များနှင့် ဆက်သွယ်ခြင်း အပြင် သမီးကို သတင်းပေးသည်ဟု အာဏာပိုင်များက စွပ်စွဲကာ မတရား အသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

စာနယ်ဇင်းသမား တဦးအနေဖြင့် ရပ်တည်ခဲ့ပြီး ခရီးသွားဆောင်းပါးများ ရေးသားခဲ့ကာ နိုင်ငံရေး လှုပ်ရှားမှုတွင် မပါဝင်ခဲ့ကြောင်း မိသားစုဝင် တဦးက ပြောသည်။

အလားတူ နော်ဝေးအခြေစိုက် ဒီဗီဘီသတင်းထောက်ဖြစ်ကာ ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသူ ကိုငွေလင်းစိုး၏ အကိုဖြစ်သည့် ကိုအောင်ထွန်းမြင့်လည်း မေလ ၁၂ ရက်နေ့ကတည်းက ရခိုင်ပြည်နယ် စစ်တွေထောင်မှ လွတ်ရက် စေ့သဖြင့် လွတ်မြောက် လာကြောင်း မိခင်ဖြစ်သူ ဒေါ်သိန်းအေးက ပြောသည်။

သူ့ကို ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၌ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မဲရုံကို ဓာတ်ပုံရိုက်သည်ဟု ဆိုကာ ဖမ်းဆီး ခဲ့သော်လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတဝှန်း အကျဉ်းထောင်များတွင် အကျဉ်းကျနေသူ စာနယ်ဇင်းသတင်းသမားများ ၂၂ ဦး၏ စာရင်းကို မဇ္စျိမက စုံစမ်းထားခဲ့ရာ လက်ရှိတွင် အနည်းဆုံး ၂ ဦး လွတ်မြောက်လာခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းကျခံနေရသူ ၂ဝ၆၁ ဦး ရှိရာမှ မေလ ၁၆ ရက်နေ့တွင် ဦးသိန်းစိန်အစိုးရ ထုတ်ပြန်သည့် ပြစ်ဒဏ် လျှော့ပေါ့မှုတွင် လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား ၅ဝ ကျော် လွတ်မြောက်လာခဲ့သည်။

သမ္မတက သေဒဏ်ကျခံနေရသူများကို တသက်တကျွန်းသို့လည်းကောင်း၊ ကျန်အကျဉ်းသား အားလုံးကို ထောင်ဒဏ် တနှစ်သို့လည်းကောင်း လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

Wednesday, May 25, 2011

စာပေစံနှစ်မျိုး

လူထုစိန်ဝင်း

လွန်ခဲ့တဲ့ လေးငါးနှစ် လောက်က အနောက်နိုင်ငံ တက္ကသိုလ်ကြီး တစ်ခုမှာ မြန်မာစာ သင်ကြားပေး နေတဲ့ နိုင်ငံခြားသား ပါမောက္ခ တစ်ယောက်နဲ့ စာပေကိစ္စ တစ်ခု ဆွေးနွေးခဲ့ ရပါတယ်။ သူပြုစု ရေး သားနေတဲ့ မြန်မာစာပေ အကြောင်း အကျဉ်းချုပ် စာအုပ်ထဲမှာ ပါစေချင်တဲ့ စာရေးဆရာများနဲ့ ၀တ္ထု များ စာရင်းလေး တစ်ခုကိုလည်း ထုတ်ပြပါတယ်။ မြန်မာ စာပေနဲ့ သူ့ခေတ် သူ့အခါက မြန်မာလူငယ် များ အပေါ် တစ်နည်းနည်းနဲ့ သြဇာ သက်ရောက်မှု ပြုနိုင်တဲ့ စာရေးဆရာများနဲ့ ၀တ္ထုများကို စဉ်းစားရ သလောက် ရွေးထုတ်ထားတာ လို့လည်း ပြောပြပါတယ်။

ပညာရှင်ရဲ့စာရင်း
ပညာရှင် တစ်ယောက် ရွေးထုတ်ထားတာ ဖြစ်ကြောင်း စာရင်း ကြည့်လိုက်တာနဲ့ သိသာပါတယ်။ မပါ သင့်မပါ ထိုက်တာမျိုး လုံးဝကို မပါပါဘူး။ ဒါပေမယ့်လို့ စာရင်းထဲမှာ ဆရာဗန်းမော် တင်အောင်နဲ့ သူ့ ၀တ္ထုတွေ အကြောင်း မပါတာကိုတော့ အံ့သြရတယ်။ ပညာရပ် ဆိုင်ရာ နယ်ပယ်က လူသူ လေးစားမှု ခံရတဲ့ ပညာရှင် တစ်ယောက် ဖြစ်တာကြောင့် မေ့လျော့ ကျန်ရစ်တာတော့ ဖြစ်နိုင်ဖွယ် မရှိဘူး။ အကြောင်းရင်းကို မေ့ကြည့်ဖို့ သင့်တယ် ယူဆပြီး မေးလိုက်ပါတယ်။ မြန်မာစာပေ အပေါ် တစ်နည်း နည်းနဲ့ သြဇာ သက်ရောက်မှု ပြုနိုင်ခြင်း ဆိုတဲ့ သူကိုယ်တိုင် သတ်မှတ်ထားတဲ့ စံအရ ပြောမယ်ဆိုရင် ဆရာ ဗန်းမော် တင်အောင်လောက် သြဇာ လွမ်းမိုးနိုင်တဲ့ စာရေးဆရာ အတော်ရှားတဲ့ အကြောင်း စစ်ပြီးခေတ် နောက်ပိုင်း လူငယ်လူရွယ် အများစုဟာ ဗန်းမော်တင်အောင်ရဲ့ စာတွေဖတ်ပြီး အသိဥာဏ် နိုးကြားပွင့်လင်း လာခဲ့ကြတာ ဖြစ်ကြောင်း၊ လူငယ် အများစုရဲ့ ဘ၀ကို ပုံသွင်း ထုဆစ်ပေးခဲ့သူ တစ်ဦး လိုပင် ဖြစ်ကြောင်း၊ သူ့စာရင်းထဲ ပါတဲ့ နာမည်ကျော် စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ကလောင် နာမည်ပင်လျှင် ဗန်းမော် တင်အောင်ရဲ့ ၀တ္ထုထဲက ဇာတ်ကောင် တစ်ယောက်ကို စွဲလမ်းပြီး ခံယူခဲ့တာ ပါလို့ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ကိုယ်တိုင် ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်တဲ့ အကြောင်း ရှည်ရှည်လျားလျား ရှင်းပြခဲ့ မိပါတယ်။ ပြီးတော့ ၀တ္ထုရေး ဆရာများ ထဲမှာ ဗန်းမော် တင်အောင်လောက် လူကြီး လူငယ်မရွေး ချစ်ခင် လေးစားခံရသူ ဒီနေ့ထိ တစ်ဦး တစ်ယောက်မှ မရှိသေးတဲ့ အကြောင်းလည်း အလေးအနက် ပြောကြားခဲ့တယ်။

စာပေရှုထောင့်ကသာကြည့်
မိတ်ဆွေ ပါမောက္ခက ပြောခဲ့တာတွေကို သူလည်း သိရှိရုံမက သဘောလည်း တူပါတယ်။ ဗန်းမော် တင်အောင်ရဲ့ သြဇာ အင်မတန် ကြီးပါတယ်။ စစ်ပြီးခေတ် လူငယ် ကျောင်းသားတွေနဲ့ စာရေးဆရာ တွေထဲမှာ ဗန်းမော် တင်အောင်ရဲ့ သြဇာနဲ့ ကင်းလွတ်သူ ဆိုလို့ အာဏာရ အစိုးရ အ၀န်းအ၀ိုင်းက လူတချို့သာ ရှိတယ် ဆိုတာလည်း သူသိပါတယ်။ ဒါပေမယ့်လို့ စာပေကို လေ့လာတဲ့ အခါမှာ စာရေး ဆရာ ရေးသားခဲ့တဲ့ စာများ၊ ၀တ္ထုများကိုသာ ဖတ်ပြီး စာပေရှုထောင့် ကသာ လေ့လာ အကဲဖြတ်ရပါတယ်။ ဆရာဗန်း မော်တင်အောင် သြဇာကြီးတယ် ဆိုတာက နိုင်ငံရေး ဘက်မှာသာ ဖြစ်တယ်။ စာပေ အနေနဲ့ ၀တ္ထုတို ၀တ္ထုရှည် တို့ရဲ့ ကြန်အင် လက္ခဏာ များနဲ့ အကဲ ဖြတ်ရာမှာတော့ အားနည်းပါတယ်။ ဒါကြောင့် ချန်ထား ခဲ့တာပါလို့ ရှင်းပြပါတယ်။

လူကြီးလူကောင်းလို
ဒါ့အပြင် သူက မြန်မာနိုင်ငံမှာ စစ်ပြီးခေတ် နောက်ပိုင်း စာပေ ဝေဖန်ရေးနဲ့ စာပေ အကဲဖြတ်ရေးလုပ် ကြရာမှာ နိုင်ငံရေး ရှုထောင့်က အမြင်ကို အထူး အလေးထားကြတာကို တွေ့ရတယ်။ အနောက် နိုင်ငံ များမှာတော့ နိုင်ငံရေး အမြင်ကို ထည့်သွင်း မစဉ်းစားဘဲ စာပေအမြင်၊ စာပေစံနဲ့သာ လေ့လာအကဲ ဖြတ်ကြပါတယ်လို့ ဆက်ပြီး ပြောပါတယ်။ အဲဒီနောက်တော့ ဒီကိစ္စကို စကား ဖြတ်ပြီး တခြား “ထွေလာကေလာ” များကိုသာ ဆက်ပြီး ပြောဖြစ် ကြပါတော့တယ်။ ဘာကြောင့် စကား ဖြတ်လိုက်ကြ တာလဲ ဆိုတော့ ဒီကိစ္စကို ဆက်ပြော နေလို့လည်း အကျိုး ထူးလာစရာ မရှိ ဘူးဆိုတာ နှစ်ယောက် စလုံး သိနေကြလို့ပါပဲ။ ခင်မင် ရင်းနှီးခဲ့ကြတာ နှစ်ပရိစ္ဆေဒတွေ ကြာလှပြီ ဆိုတော့ သူ့အကြောင်း ကိုယ်သိသလို ကိုယ့်အကြောင်းကိုလည်း သူက ကောင်းကောင်းသိ နေတာကိုး။ ဒီတော့လည်း လူကြီး လူကောင်း တွေလို “သဘော မတူတာကို သဘောတူကြသည်” (agree to disagree) နဲ့ပဲ ရပ်လိုက်ကြ တာပေါ့။

ဘ၀ချင်း မတူရင် အမြင်ချင်း မတူ
သူနဲ့ ကိုယ်နဲ့ကြားမှာ သဘော မတူတာကို ညှိနှိုင်းလို့ ဘယ်လိုမှ ရနိုင်စရာ အကြောင်း မရှိပါဘူး။ ဒါ ကြောင့် ဆက်မဆွေးနွေး တော့တာ ဖြစ်တယ်။ အကြောင်းအရာ တစ်ခုကို လေ့လာ သုံးသပ်ကြရာမှာ ရပ်တည်တဲ့ နေရာချင်း တူမှ၊ ရှုထောင့်ချင်း တူနိုင်ပြီး မြင်တာချင်း တူနိုင်ပါတယ်။ သူနဲ့ ကိုယ်နဲ့က ရပ် တည်တဲ့ နေရာချင်းကိုက လုံးလုံးကြီး မတူတဲ့ နေရာတစ်ခုစီ ဖြစ်နေပါတယ်။ သူက စီးပွားရေး အရ ထိပ်တန်း ရောက်အောင် တိုးတက်ပြီး ဖြစ်တဲ့ တိုင်းပြည်ကြီး တစ်ပြည်မှာ နေထိုင်သူ ဖြစ်တယ်။ သူနေ ထိုင်ရာ ပတ်ဝန်းကျင် ကလည်း “ဆင်စွယ် ရဲတိုက်ကြီးများ” ပတ်ဝန်းကျင်လေ။ သူ့မှာ စားဝတ်နေရေး ရှေ့ရေးနောင်ရေး အပူအပင် အကြောင့်အကြ ဘာတစ်ခုမှ မရှိဘူး။ ဒီတော့ သူက ကမ္ဘာကြီးတစ်ခုလုံး ကို “ဂလိုဘယ်” အမြင်နဲ့ ကြည့်နိုင်စွမ်း ရှိတယ်။ အနုပညာကို အနုပညာအမြင် သက်သက်နဲ့ စာပေ ကို “စာပေစံ” သက်သက်နဲ့ သုံးသပ်နိုင်တဲ့ အခြေအနေ ရှိတယ်။ သူ့အမြင်၊ သူ့ရှုထောင့်၊ သူ့သုံးသပ် ပုံကို မှားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူ ရပ်တည်နေတဲ့ နေရာကနေပြီး ကြည့်ရင် ဘယ်သူ မဆို ဒီလိုပဲကြည့်၊ ဒီလိုပဲ သုံးသပ်မှာပါပဲ။ ဒါဟာ သဘာဝ ကျပါတယ်။

ဂလိုဘယ်ထက်လိုကယ်က အရေးကြီး
ကိုယ်ကကျတော့ သူနဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေတဲ့ အနေအထားမှာ ရပ်တည်နေသူ ဖြစ်တယ်။ ကိုယ့်နိုင်ငံက အခုအချိန်မှာ စက်မှု နိုင်ငံကြီးတွေလို ဖြစ်လာနိုင်ဖို့ ကျားကုတ် ကျားခဲ ကြိုးစား နေရဆဲ အဆင့်မို့ အစစအရာရာ ပြည့်စုံတယ် ရယ်လို့ ရှိသေးတာ မဟုတ်ဘူး။ ပူပင်ကြောင့်စရာ တွေ ကလည်း ရှိသေးတယ်။ ဒီတော့ ဘယ်မှာ စိတ်အေးလက်အေးနဲ့ “စိန်ခြူး ကြာညောင်” လုပ်နေနိုင် မှာလဲ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး၊ ကိုယ့်အရေး ကိုယ့်ကိစ္စဆိုတဲ့ “လိုကယ်” ရေးတွေကိုတောင် ပြီးပြည့်စုံအောင် မဖန်တီးနိုင် သေးတာ “ဂလိုဘယ်” ရေးကို ဘယ်လို တွေးပြီး ဘယ်လို မြင်မှာလဲ။ နောက်ပြီး တော့ စာပေတို့ အနုပညာတို့လို ကြည့်မြင် သုံးသပ်တဲ့ အခါမှာလည်း လတ်တလော လိုအပ်ချက် အရ “ပြည်ထဲရေးနဲ့ ၀မ်းရေး” အတွက် ဘယ်လောက် အထောက်အကူ ပြုသလို၊ နိုင်ငံသူ နိုင်ငံသားများ အတွက် ဘယ်လို မျက်စိဖွင့် နားဖွင့် လုပ်ပေးသလဲ၊ ဘယ်ထိ အကျိုးကျေးဇူး ဖြစ်ထွန်းစေ သလဲဆိုတာ တွေကိုသာ ဦးစားပေးပြီး ကြည့်ကြရ မှာပဲလေ။ “တိုင်းကားပြည်ရေး” ထက်တော့ ဘယ်ဟာကမှ ပို အရေးမကြီး နိုင်ပါဘူး။ လွမ်းရေးတို့ ဆွမ်းကျွေးတို့ ဆိုတာက တတ်နိုင်သူတွေရဲ့ အလုပ်ပါ။ နွားခြေရာ ခွက်ကလေးထဲ ကြည့်တယ်ပြောပြော၊ တောကျ လိုက်တာလို့ပဲ ဆိုဆို ကျွန်တော်တို့ အတွက်တော့ လောလောဆယ် ကာလမှာ “လိုကယ်” က “ဂလိုဘယ်” ထက် ပိုအရေးကြီးပါတယ်။ အင်တာနက် ထက် အိမ်တိုင်းစေ့၊ လျှပ်စစ်မီး ၂၄ နာရီ ရဖို့က ပိုအရေးကြီး ပါတယ်။

သြဇာ အသက်ရောက်ဆုံး စာရေးဆရာ
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ အခြေအနေနဲ့ လိုအပ်ချက် အရ “လိုကယ်” အမြင်ရှုထောင့်ကပဲ ကြည့်လိုက် ရင်တော့ သူ့ခေတ်၊ သူ့အခါက မြန်မာ စာပေနဲ့ မြန်မာလူငယ်များ အပေါ် သြဇာ အသက်ရောက်ဆုံး စာရေးဆရာဟာ ဗန်းမော်တင်အောင် ကလွဲပြီး ဘယ်သူမှ မရှိဘူးလို့ပဲ ဆိုချင်ပါတယ်။ ငါးဆယ်ခုနှစ်နဲ့ ခြောက်ဆယ်ခုနှစ်များ အတွင်းက တိုးတက်တဲ့ လူငယ်များ အဖြစ် သတ်မှတ်ခဲ့ကြတဲ့ ကျောင်းသား လူငယ်တွေနဲ့ စာသမား၊ ကဗျာ သမားတွေ၊ လက်ဝဲ၀ါဒီများလို့ ကင်ပွန်းတပ် ခံခဲ့ရသူတွေ အားလုံး လောက် နီးပါးဟာ ကားလမတ်တို့၊ လီနင်တို့ စာအုပ်တွေ ဖတ်ပြီး ဆိုရှယ်လစ် ၀ါဒတွေ ကွန်မြူနစ် ၀ါဒ တွေ သိလာကြရတာ မဟုတ်ပါဘူး။ ဗန်းမော်တင်အောင် ဒဂုန်တာရာ၊ မြသန်းတင့်၊ လင်းယုန်နီ၊ အောင်လင်းစတဲ့ စာရေးဆရာတွေ ရေးတဲ့ စာတွေဖတ်ပြီး သိလာ ခဲ့ကြရတာ တိုးတက်တဲ့ လူငယ်တွေ ဖြစ်လာ ကြရတာပါ။ “ဂလိုဘယ်”တွေ အတွက် ရှိတ်စပီး ယားတို့၊ ဘားနတ်ရှောတို့၊ တော်လ်စတွိုင်းတို့ တတွေ တန်ဖိုး ရှိသလိုပဲ။ ကျွန်တော်တို့ “လိုကယ်”တွေ အတွက်လည်း ဆရာ ဗန်းမော်တင်အောင်ဆို တာ တန်ဖိုးဖြတ်လို့ကို မရနိုင်တဲ့ စာပေ ပညာရှင်ကြီး တစ်ယောက် ဖြစ်ကြောင်း သောင်းထိုက်ဗဟိုက ကြားတဲ့အောင် ကြော်ငြာမောင်း ခတ်လိုက်ရပါတယ်ဗျား။

လူထုစိန်ဝင်း

(ပေဖူးလွှာ မဂ္ဂဇင်း၊ ဇန်န၀ါရီလ ၂၀၁၁)

Read More...

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း

ဦးသားညွန့်ဦး အင်္ဂါ, 24 မေ 2011

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လူ့အဖွဲ့အစည်း တရပ်ကို ခွဲခြား ပစ်လိုက်တာပဲလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို ထောက်ပြပြီး ပြောသွားပါတယ်။ ကနေဒါနိုင်ငံ ကွေးဗက်မြို့မှာ ပြုလုပ်နေတဲ့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားတာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မေလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေတဲ့ ဒီ နိုင်ငံတကာ ညီလာခံကို ကမ္ဘာအ၀ှမ်းက ပညာရှင်တွေ၊ အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ တက်ရောက်နေပြီး ဖွင့်ပွဲ အစနေ့မှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗွီဒီယို မိန့်ခွန်းကို ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီလိုဖြစ်ရပ် တခုချင်းဟာ လူ့အဖွဲ့အစည်းကို ခွဲခြား ပစ်လိုက်တာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ မိန့်ခွန်းမှာ ပြောသွားပါတယ်။

“ကျမတို့နိုင်ငံမှာတော့ ငြိမ်းချမ်းစွာ နေထိုင်လိုသူတွေ၊ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ လိုလားတဲ့ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက် သဖွယ် အသုံးပြု နေပါတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာပါ။ တိုင်းရင်းသား လူမျိုးစုတွေကို ခြိမ်းခြောက် အကျပ်ကိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်း တွေက ဒါကို စစ်လက်နက် သဖွယ် အသုံးပြုပါတယ်။

“ကျမ ယူဆတာကတော့ အခုလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တခုတိုင်းဟာ ကျမတို့ တိုင်းပြည် အတွင်းမှာရှိတဲ့ ပြည်သူတွေ၊ လူ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမျိုးတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြားမှာ ခွဲခြား ပစ်လိုက်ပါတယ်။ ဒါကြောင့် ဒါတွေကို လုံးဝ အဆုံးသတ်ပစ်ဖို့ ကျမတို့ လုပ်နိုင်သလောက် လုပ်ကြ ရပါလိမ့်မယ်။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တယ်ဆိုတဲ့ နေရာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာမျိုး၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေဟာ အဆိုးဆုံး ဖြစ်ပေမဲ့ အမျိုးသမီးတွေ အပေါ် စိတ်ပိုင်းဆိုင်ရာ ချိုးနှိမ်မှုဟာလည်း အကြမ်းဖက်မှု မြောက်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟာ ကမ္ဘာအ၀ှမ်းမှာ ဖြစ်နေတာပါ။ ဒီလို အကြမ်းဖက်တဲ့ နေရာမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက် တာမျိုး သက်သက် မဟုတ်ပါဘူး၊ အမျိုးသမီးတွေ စိတ်ဓာတ် ဖိစီးလာအောင် လုပ်တာမျိုး၊ အမျိုးသမီး တွေရဲ့ အသိဉာဏ်ကို ချိုးနှိမ် စော်ကားတာမျိုး၊ အမျိုးသမီးတွေကို ခွဲခြားတတ်တဲ့ လူမှု အသိုင်းအ၀ိုင်း တခုလုံးရဲ့ အကြမ်းဖက်မှု မျိုးတွေ ရှိပါတယ်။”

အမျိုးသမီးတွေရဲ့ ယုံကြည်ချက် စိတ်ဓာတ်ကို ချိုးနှိမ်တယ်ဆိုတဲ့ နေရာမှာတော့ မြန်မာနိုင်ငံက အမျိုးသမီး နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စကိုပါ ထည့်သွင်း ပြောသွားပါတယ်။ ရာနဲ့ချီတဲ့ ဒီအမျိုးသမီးတွေဟာ မိမိတို့ ယုံကြည်ချက်ကို ဆုပ်ကိုင်မိလို့ အခုလို အကျဉ်းချ ခံနေကြရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“သူတို့အားလုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှု အတိုင်း ဆောင်ရွက် နေကြသူတွေပါ။ ဒီအမျိုးသမီးတွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာဖို့ အားလုံး တတ်စွမ်းသမျှ လုပ်ဆောင် ပေးစေချင်ပါတယ်။ ကျမတို့ဟာ မြန်မာပြည်ကြီး ငြိမ်းချမ်း စေချင်ပါတယ်။ ကမ္ဘာကြီးလည်း ငြိမ်းချမ်း စေချင်ပါတယ်။”

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို စဉ်းစားတဲ့ အခါမှာ ကျူးလွန်တဲ့လူရော နစ်နာခံစားရသူ အမျိုးသမီး များပါ တကယ်တော့ သားကောင်တွေ ဖြစ်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအတွက်လည်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အဆုံးသတ်နိုင်ဖို့ ဆိုရင် အမျိုးသမီးတွေ ကိုတင် မဟုတ်ဘဲ အမျိုးသားတွေကိုပါ ပညာပေးရေး လုပ်ရမယ်လို့ ပြောပါတယ်။

“အမျိုးသားတွေကို မှန်မှန်ကန်ကန် ပညာပေးမယ်၊ အမျိုးသမီးတွေကိုလည်း မှန်မှန်ကန်ကန် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်လာအောင် အရည်အသွေး မြှင့်တင် ပေးမယ်ဆိုရင် လူ့အဖွဲ့အစည်း တရပ်မှာ တကယ့်ကို လက်တွဲဘက်တွေ ဖြစ်လာပြီး ကမ္ဘာကြီးဟာလည်း မှန်ကန်တဲ့ဘက်ကို ရောက်လာ ပါလိမ့်မယ်။”

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံကို Nobel Women Initiative အဖွဲ့ကြီးက ဦးဆောင် ပြုလုပ်တာဖြစ်ပြီး ဒါဟာ တတိယ အကြိမ်မြောက်လို့ သိရပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲတွေ၊ ပဋိပက္ခတွေအတွင်း အကြမ်းဖက် ခံနေရတဲ့ အမျိုးသမီးတွေ အခြေအနေကို အဓိက မီးမောင်းထိုး ဆွေးနွေးကြတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

Ref: VOA News

Read More...

စာရေးဆရာ အောင်သင်းပြောတဲ့ မြန်မာ့ပညာရေး

မျိုးသန့်
အင်္ဂါနေ့၊ မေလ ၂၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆရာအောင်သင်းသည် ၁၉၅၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသား တဦးဖြစ်ပြီး၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် နည်းပြ၊ ၁၉၆၅ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် မြန်မာစာဌာန၏ လက်ထောက် ကထိက အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အလွတ်ပညာသင် အထက်တန်း ကျောင်းများတွင် မြန်မာစာ နည်းပြအဖြစ် သင်ကြား ပို့ချပေးခဲ့သည်။

ဆရာသည် ပညာရေးနှင့် ပတ်သက်သည့်ဆောင်းပါးများ လူငယ်များတိုးတက်ရေးအတွက် စာပေများ စသည့် စာအုပ်၊ ဆောင်းပါးများ စုစည်းမှုနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။ ဆရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး လူငယ် ပြုပြင်ရေး စာပေများ ရေးသားနေဆဲ ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအနှံ့ လူငယ်ပြုပြင်ရေး စာပေ ဟောပြောပွဲ များကိုလည်း လိုက်လံ ဟောပြောနေသည်။

ဆရာဖြတ်သန်းခဲ့သည့် ရန်ကုန် တက္ကသိုလ် ပညာရေးအခြေအနေ၊ လက်ရှိဖြစ်နေသည့် မြန်မာ့ပညာရေး၊ ပညာရေး ဝန်ထမ်းများ လာဘ်စားမှုအပေါ် ဆရာအမြင်၊ ယခု အစိုးရအပေါ် ဆရာ၏ ပညာရေး သုံးသပ်ချက်၊ အနာဂတ် ပညာရေး မျှော်မှန်းချက်၊ ပြည်တွင်းပြည်ပ လူငယ်များ အပေါ် ဆရာ၏ ဆုံးမစကားများ စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။

(မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ်လည်း ဖြစ်သည်။)

ပထမဆုံး မေးချင်တာက ဆရာတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အခြေအနေနဲ့ ပညာရေးဌာနတွေ အကြောင်း ပြောပြပေးပါ။

“ပညာရေးဌာနမှာ အရင်တုန်းက Senate ရှိတယ်၊ Council ရှိတယ်။ Senate နဲ့ Council က ဆုံးဖြတ်တာ။ သမ္မတတို့ ဝန်ကြီးချုပ်တို့က နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး ဘက်က။ ဘာမှ တက္ကသိုလ်ကို ပြောခွင့်မရှိဘူး။ သူက ထောက်ပံ့ ပေးရတာပဲ ရှိတယ်။ တက္ကသိုလ်က သူ့ရန်ပုံငွေနဲ့ သူ သူ့အုပ်ချုပ်ရေးနဲ့ သူ။ ကျနော်တို့ ရန်ကုန် တက္ကသိုလ်ထဲမှာ ကိုယ်ပိုင်ဆေးရုံ ရှိခဲ့တယ်၊ ကိုယ်ပိုင် မြူနီစီပယ်လို ဟာမျိုး ရှိတယ်၊ အလုပ်သမား တန်းလျားတွေ ရှိခဲ့တယ်။ ကျနော်တို့ကို Senate က ပြဋ္ဌာန်းတယ်၊ Council က အုပ်ချုပ်တယ်။ ဒီလိုသွားခဲ့တာ အစိုးရက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ အင်္ဂလိပ် အုပ်ချုပ်တဲ့ လက်ထက်မှာတောင် ဘုရင်ခံက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ ခင်ဗျားပြန်စဉ်စားရင် သိလိမ့်မယ်။ ၁၉၂ဝ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့တော့ ဘုရင်ခံက ကန့်ကွက်ခဲ့တာပဲ။ ဒါပေမဲ့ ရမယ့်မရဘဲနဲ့”

၁၉၆၂ မတိုင်ခင်က အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဖတ်မှတ် ဖူးပါတယ်။ အခုကျတော့ ပြောင်းပြန် ဖြစ်နေတဲ့ အနေအထားလို့ ပြောကြပါတယ်။ ဘာ့ကြောင့်ပါလဲ။

“ပညာရေးစနစ်က ပျက်သွားတာက နိုင်ငံရေးစနစ်ကြောင့် ပျက်သွားတာ။ ဘာ့ကြောင့်လဲ ဆိုတော့ အဲဒီ ပညာရေးရဲ့ အပေါ်ကို အစိုးရက လွှမ်းမိုး သွားတယ်။ အမှန်က အစိုးရသည် သူ့ပေါ်လစီနဲ့ သူသွား။ အဲဒီ ပေါ်လစီနဲ့ ကိုက်အောင် ပညာရေး ကလုပ်။ အထက်တန်း ထိအောင်ကတော့ ပညာရေး ဝန်ကြီး ဌာနအောက် ထားလိုက်တော့။ တက္ကသိုလ်ရဲ့ အထက်ဘက်မှာ အရင်တုန်းက ဝန်ကြီးချုပ်ကတောင် မလွှမ်းမိုးနိုင်ဘူး၊ သမ္မတ ကတောင် မပြောနိုင်ဘူး”

အခုခေတ် လူငယ်တွေ လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိဘူးလို့ ညည်းကြပါတယ်။ ဒီကျောင်းသားတွေကို ဆရာ ဘာပြောချင်ပါလဲ။


“အဲဒါတော့ ကျနော်ပြောချင်တာက လွတ်လပ်ခွင့်ဟာ ပေးသင့်တဲ့နေရာတွေမှာ ပေးကိုပေးသင့်တယ်။ လွတ်လပ်စွာ ဖွံ့ဖြိုးခွင့် ပေးတာဟာ သူတို့ကို လွတ်လပ်စွာ အော်ဟစ်ကြွေးကြော်ခွင့်၊ သူပုန်ထခွင့် ပေးတာမဟုတ်ဘူး။ အဲဒီဥစ္စာကို ပညာရှင်တွေက နားကို လည်ရမယ်၊ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း နားလည်ရမယ်။ ငါတို့ လွတ်လပ်နေခြင်းသည် အစိုးရကို ပုန်ကန်ဖို့ မဟုတ်ဘူး၊ အစိုးရကို ဖီဆန်ဖို့ မဟုတ်ဘူး၊ ငါတို့ပညာရေးကို လွတ်လပ်စွာ တောင်းဆိုခွင့်သာလျှင် ဖြစ်တယ်”

လူငယ်တွေ ပညာတပိုင်းတစနဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ ဒါဟာ ပြည်တွင်းမှာ ပညာရေး အခြေအနေ နိမ့်ကျနေတာကြောင့်လား။

“ပညာရေး နိမ့်ကျမှုကြောင့် မဟုတ်ဘူးဗျ။ ကျနော်ပြောမယ် ကိုယ့်တိုင်းကိုယ့်ပြည်ထဲမှာ အခွင့်အလမ်း ရှားပါးတာ ရှိတယ်။ အဲဒါကျတော့ ကျနော် မပြောတတ်တော့ဘူး။ အဲဒါကျတော့ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်၊ စီးပွားရေးနဲ့လည်း ဆိုင်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ သိပ်ကွာတာ မဟုတ်ဘူး။ တိုင်းပြည်တပြည်မှာ နိုင်ငံရေးကို ကြည့်ပြီးတော့ စီးပွားရေးကို လုပ်ရတာ။ အဲဒီနှစ်ခုလုံး မကောင်းလို့ သော်လည်းကောင်း၊ ကောင်းလို့သော်လည်းကောင်း တခုခု ညံ့လို့ ဒီလို ဖြစ်နေတာပေါ့ဗျာ၊ ဒါပဲရှိတာပေါ့ဗျာ”

အစိုးရဲ့ ပညာရေး အသုံးစရိတ်ပေါ်မှာလည်း သိပ်နည်းလွန်းတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ ဆရာကော ဘယ်လိုထင်ပါသလဲ။

“ကျနော် တခုပဲပြောမယ်။ မိသားစုတစုမှာ ကျန်းမာရေးစရိတ်က ပထမဆုံး၊ ဒုတိယက ပညာရေး၊ ကိုယ့်သားသမီး ကျန်းမာရေးနဲ့ ပညာရေးထက် အရေးကြီးတာ မိဘတွေမှာ မရှိဘူး။ အဲဒီတော့ မိသားစုမှာရှိတဲ့ မိဘနှစ်ပါးက သားသမီးရဲ့ ပညာရေးနဲ့ ကျန်းမာရေး အတွက်ကို တကယ့်ကို ရက်ရက်ရောရော၊ ကိုယ်ထမင်းတလုတ် လျှော့စားပြီးတော့ သို့မဟုတ်ရင် ကိုယ်လုံချည် တထည် လျှော့ဝတ်ပြီးတော့ ထောက်ပံ့ရင် အဲဒီမိသားစု ကြီးပွားတာပဲ။ တိုင်းပြည် တပြည်မှာလည်း အဲဒီလိုပဲ ကျန်းမာရေးနဲ့ ပညာရေးကို ရန်ပုံငွေ ဘယ်လောက် ထားသလဲ၊ ဘတ်ဂျက် ဘယ်လောက်ပေးသလဲ၊ ဒီအပေါ်မှာ မူတည်တာပဲ။ သူတို့ (အစိုးရ) ဘယ်လောက် ပေးသလဲ ကျနော်မသိဘူး”

ပညာရေးအခြေအနေ နိမ့်ကျမှုနဲ့ တခြား ဆိုးတဲ့အခြေအနေတွေဟာ အစိုးရစီမံခန့်ခွဲမှု ညံ့တာကြောင့်လို့ ဝေဖန်ကြတဲ့ အပေါ်မှာကော။

“ကောင်းပြီ။ ကျနော် လူငယ်တွေကို မင်း .. ငါနဲ့ ပြောလေ့ရှိတယ်။ မင်းဒီစနစ်ကြီးကို မကြိုက်ဘူး။ ဒီပညာရေး စနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်း မကျေနပ်ဘူးလို့ ပြောတယ်။ အဲဒီတော့ မင်း ပြောင်းနိုင်လား၊ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တနည်းနည်းနဲ့ တိုးတက်အောင် လုပ်ပေါ့။ အဖျင်းဆုံး စာဖတ်နေရမယ်၊ ဆည်းပူးနေရမယ်။ တဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်း ဆည်းပူးရမယ်။ အဲဒီတော့ မင်းဘဝမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟိုအပြစ်တင် ဒီအပြစ်တင်နဲ့ဆိုတော့ မင်းဘာသာမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်”

သင်ကြားရေစနစ်တွေမှာ ကလေးဗဟိုပြုသင်ကြားရေးစနစ်၊ ဆရာဗဟိုပြု သင်ကြားရေး စနစ် ဆိုပြီးတော့ ပြောကြ ဆိုကြပါတယ်။ ဆရာကကော ဘယ်သင်ကြားရေး စနစ်ကို အလေးပေးလဲ။

“တကယ့်ပညာရေးမှာ အကောင်းဆုံးက တခုတည်း ကျနော်ပြောမယ်။ ဘုရားက သူက သင်ပေးတာ မဟုတ်ဘူး။ သူက မေးသွားတာ။ ဘုရားရဲ့ သင်ကြားရေး စနစ်ကိုလည်း ခင်ဗျား .. သေချာကြည့်ပါ။ သူက မေးသွားတာ ချည်းပဲ။ သူကနေပြီးတော့ ဒါကို ကျက်၊ ဒါကိုမှတ်လို့ ပြောတာ မဟုတ်ဘူး။ ဤအရာကို သင်မည်သို့ ယူဆသနည်း၊ ဒါကို သွားတာ ဆိုခရေးတီးရဲ့ သင်ကြားနည်း ကလည်း ဒီအတိုင်းပဲ။ နောက်ပြီးတော့ ပညာရေး သီဝရီတွေထဲမှာလည်း ကလေးတွေကို ဒီဟာမှတ်၊ ဒီဟာမှတ်လို့ ပြောတာ မဟုတ်ဘူး။ သူ့စဉ်းစားဉာဏ်ကို နှိုးပေးရတာ။ သူ့ဘာသာသူ စဉ်းစားတတ်အောင် လုပ်ပေးရတာ။ ကလေးကို စဉ်းစားတတ်အောင် လုပ်ပေး တတ်လေလေ၊ ကလေးစဉ်းစားလေလေ အဲဒီဆရာ အောင်မြင်လေလေပဲ။ ကျနော်တော့ အဲဒီလို သဘောပေါက်တယ်”

သင်ကြားမှု သင်ယူမှု အထောက်အကူ ပစ္စည်းတွေကကော။

“အဲဒီ ပစ္စည်းကိရိယာပေါ့ဗျာ။ မူလတန်းလိုဟာမျိုးမှာတော့ သိပ်အရေးမကြီးပေမယ့် အထက်တန်းလို ဟာမျိုးကျတော့ ဥပမာ ကျနော်တို့ သိလောက်တော့ ဘာမှမရှိဘူး။ ပန်းချီကားချပ်တောင် ကောင်းကောင်း မရှိဘူး။ ရုပ်ပုံကား ချပ်တောင် ကောင်းကောင်း မရှိဘူး။ ဒါ ကျနော် သိသလောက်ပြောတာ။ ကျောင်းကြီးတွေတော့ ရှိချင်ရှိမှာပေါ့။ နယ်တွေမှာတော့ ဘာမှမရှိဘူး”

ပညာရေးဌာနတွေ ကျောင်းတွေမှာ လာဘ်စားမှုတွေကို ရန်ကုန်အစိုးရက တလောက ထုတ်ဖော် တယ်လို့ ကြားပါတယ် အဲဒီ အပေါ်မှာကော။

“ဒါက သက်ဆိုင်ရာ ဆရာ/ဆရာမတွေရဲ့ ပညာရေးမှာ လာဘ်စားမှုခေါ်တာပေါ့။ အတန်းတင်ပေးတာ အဆင့် ၁/၂/၃ ပေးတာ၊ ကျောင်းဝင်ခွင့် တောင်းတာ၊ အဲဒါမျိုးတွေ အများကြီးပေါ့။ အဲဒါတွေက ပျက်စီးနေတာ တော်တော်ကြာပြီ။ အခုလို လုပ်လိုက်တယ် ဆိုတာ ကျနော်တော့ တကယ်ဝမ်းသာတယ်။ အဲဒီတော့ ဌာနတွေရဲ့ လာဘ်စားမှုတွေထဲမှာ ပညာရေးနဲ့ ကျန်းမာရေး လာဘ်စားမှုလောက် ဆိုးတာ တခုမှ မရှိဘူးလို့ ကျနော်က ပြောချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တိုင်းပြည်တပြည်ရဲ့ အခြေခံ အုတ်မြစ်က ကျန်းမာရေးနဲ့ ပညာရေးပဲ”

ဆရာ ပညာရေးမှာ တာဝန်ယူခဲ့တုန်းကကော ဒီအခြေအနေတွေ ရှိခဲ့လား။

“အရင်တုန်းကတော့ ၇ တန်းဆိုပါတော့။ ကိုယ့်ကျောင်း ကိုယ်မစစ်ရဘူး၊ ကျောင်းချင်း လဲစစ်ရတယ်။ ခရိုင်ချင်း လဲစစ်ရတယ်။ ကျနော်ဆို အလယ်တန်းပြ လုပ်တုန်းက ရေနံချောင်းက အဖြေလွှာကို ကျနော်စစ်ရတာ။ အခုဟာက ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တာ လုပ်လိုက်ကြတာ ပေါ့ဗျာ။ ဆိုတော့ ကျနော်က ရေနံချောင်းက ဆိုတော့ အဖြေလွှာတွေက ဘယ်သူမှန်း ဘယ်ဝါမှန်းကို မသိဘူး။ ကျနော်က တောင်တွင်းကြီးက။ အဲဒီတော့ ဆရာ၊ ဆရာမ လာဘ်စားတာတွေက ဖော်လို့ကို မရဘူး။ ကျနော်က အရှိကို အရှိအတိုင်း စစ်ပေးလိုက်တာပဲ။ နောက်တော့ သက်ဆိုင်ရာ ပညာရေး အရာရှိကနေ moderate လုပ်တာပေါ့။ ဘယ်လောက်ဆို အောင်ပေးသင့်တယ်၊ ဘယ်လောက်ဆို ကျတယ်ပေါ့။ သူတို့ဘာသာသူတို့ လုပ်ကြတယ်။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တိုင်း လုပ်နေကြတာကိုးဗျ”

တိုင်းဒေသကြီး အစိုးရတွေအပေါ်မှာ ပညာရေး၊ ကျန်းမာရေး တိုးတက်လာဖို့ ဘယ်လောက်ထိ မျှော်မှန်းလို့ ရနိုင်လဲ။

“အခုတော့ဖြင့် ကျနော်မှန်းတာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အရင်ကနဲ့ မတူတော့ဘူး တိုင်းဒေသကြီး တွေမှာ သူ့ဘာသူ ဝန်ကြီးချုပ်တွေ ရှိတယ်။ အဲဒီဝန်ကြီးချုပ် တွေက အဲဒီ ပညာရေး၊ ကျန်းမာရေးမှာ အစွမ်းကုန် ကြိုးစား လာကြလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ တိုင်းပြည်တပြည်ရဲ့ အခြေခံမှာ အရေးကြီးဆုံး အချက်က ကျန်းမာရေးနဲ့ ပညာရေး။ အခု ပညာရေးကို စလုပ်နေပြီ။ ကျန်းမာရေးကိုလည်း တော်တော်များများ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ထားတယ်”

ပြည်ထောင်စု အစိုးရအပေါ်မှာကော။

“ကျနော့် စိတ်ထဲမှာ ကျနော် အမှန်အတိုင်းပြောတာ အခု အစိုးရ လုပ်တဲ့ဟာတွေကို အများကြီး ကျနော် မျှော်လင့်ချက် ထားတယ်။ ကျနော် သိပ်ကိုမျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်တယ်။ ဒေသ ဖွံ့ဖြိုးရေးတွေ၊ ကျေးလက် ဖွံ့ဖြိုးရေးတွေ၊ ဆင်းရဲသူ ပပျောက်ရေးတွေ အခု တော်တော့်ကို ကျယ်ကျယ် လောင်လောင် ဆွေးနွေးကြတယ်။ အရင်တုန်းက အဲဒါမျိုး သိပ်မကြားခဲ့ဖူးဘူး။ အခု နေပြည်တော် ဆိုပါတော့ဗျာ၊ ဌာနချုပ်ကနေစပြီး စိတ်ဝင်စားတော့၊ နယ်တွေမှာရှိတဲ့ ဒေသကြီး ဝန်ကြီးချုပ်တွေကအစ သူတို့တွေက အကုန်လုံး လှုပ်ရှားတက်ကြွ ပါဝင်လာကြလိမ့်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ သူတို့ချင်းလည်း အပြိုင်အဆိုင် လုပ်လိမ့်မယ်လို့ ထင်တယ်။ ဒီလိုမှ အစွမ်းအစ မပြုဘူးဆိုရင် ပြုတ်ပေါ့ဗျာ .. ဒါပဲ။ တတ်နိုင်တယ် ကျုပ်မပြောတတ်ဘူး”

ပညာ ပညာလို့ ပြောနေကြတာ ဒီပညာ ဆိုတဲ့ စကားလုံးကို ဆရာဘယ်လို အဓိပ္ပာယ် ဖွင့်လဲ။


“ပညာဆိုတာ ခင်ဗျားပြောသလို ကျုပ်လည်းပဲ မမေးရင် သိတယ်၊ မေးရင် မသိတော့ဘူးဆိုတာ ကျနော်လည်း ကျန်ခဲ့တဲ့ လေးငါး ဆယ်နှစ်လောက်ကမှ သဘောပေါက်တယ်။ သိင်္ဂသူ့သမီးကျောက်စာမှာ ဆုတောင်းလေး တခုပါတယ်။ ရေးထားတာ ဘာလဲဆိုတော့ .. ငါလည်းတဲ့ ပညာမရှိသော မိုက်သော မဖြစ်ဟူ၍တဲ့။ ပညာရှိသော အကြောင်းကို သိသောသူ ဖြစ်ရလို၏ဆိုတာ ပညာရှိတယ်ဆိုတာ အကြောင်းကို သိတာပဲ”

“အကြောင်းအကျိုးမသိတဲ့ သူဟာ လူ့ဘဝမှာ မအောင်မြင်နိုင်ဘူး။ တိုင်းပြည်တခုရဲ့ ခေါင်းဆောင်ဟာ ပညာမတတ်ရင် အဲဒီတိုင်းပြည် ဒုက္ခရောက်တယ်။ ဆွေမျိုးတမျိုးထဲမှာ ခေါင်းဆောင်လုပ်နေတဲ့ ဖခင်ဖြစ်စေ၊ ဘကြီးဖြစ်စေ၊ အဖိုးဖြစ်စေ ဦးဆောင်နေတဲ့သူက အကြောင်းအကျိုးကို ဆင်ခြင်နိုင်စွမ်း မရှိရင် တမျိုးလုံးပြုတ်ပဲ .. ဒါပဲ။ အောက်တန်းကျသွားတာပဲ .. ဒါပဲ။ အဲဒီအထဲကမှ အကြောင်းအကျိုး ဆင်ခြင်နိုင်တဲ့သူက ခေါင်းဆောင်ဖြစ်မယ်။ ကမ္ဘာ့နိုင်ငံတွေ ဖွံ့ဖြိုးတယ်ဆိုတာ ခေါင်းဆောင်က အကြောင်းအကျိုး သိလို့ပေါ့”

အချိန်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး လူငယ်တွေကို ဆုံးမစကား ပြောပေးပါဦး။

“ကျနော် စာတွေထဲလည်း ထည့်ရေးတယ်၊ ဟောပြောပွဲတွေမှာလဲ ပြောတယ်။ အရင်ကတော့ ဒီလောက် မပြောဘူး။ ဘဝ ဆိုတာဘာလဲ၊ မွေးတာနဲ့ သေတာရဲ့ ကြားကာလ မမွေးခင် ဘဝမဖြစ်ဘူး မွေးမွေးချင်း သေသွားရင် ဘဝမရှိဘူး။ အဲဒီကြားကာလ ကြားကာလ ဆိုတာ အချိန်ပဲ။ အဲဒီတော့ ဘဝကို အချိန်နဲ့ ဖွဲ့စည်းထားတယ်။ အချိန်ကို တန်ဖိုး ထားတာဟာ ဘဝကို တန်ဖိုး ထားတာပဲ။ ဘဝကို တန်ဖိုး မထားရင် အလကား အသုံးမကျတဲ့ ဘဝ ဖြစ်သွားမယ်။ အသုံးမကျရင် လောကမှာ အမှိုက်ပဲ။ အမှိုက်ဆိုတာ အသုံးမကျတဲ့ ပစ္စည်း .. ဒါပဲ။ အဲဒီတော့ ကလေးတွေကို ကျနော်ပြောတယ် မင်းဟာ အသုံးမကျတဲ့ အကောင် ဖြစ်ချင်သလား၊ အမှိုက်ဖြစ်ချင်လား။ ဖြစ်ချင်ရင် ဖြစ်သလိုနေ အောက်တန်းကျဖို့က ကြိုးစားနေဖို့ မလိုဘူး၊ ငါကွ .. တနေ့ အောက်တန်းကျရမယ်လို့ ကြိမ်းနေဖို့ မလိုဘူး”

လူငယ်နဲ့ တာဝန်ဆိုတဲ့ စကားလုံးအပေါ်မှာကော။

“ကျနော်ပြောချင်တာက မွေးလာပြီဆို တာဝန်ရှိတယ် အဖျင်းဆုံး အဖေအမေကို လုပ်ကျွေးဖို့ တာဝန်ရှိတယ်။ လူငယ်တွေ တာဝန်မဲ့ စကားပြောတာ ကျနော် မကြိုက်ဘူး။ ဒီအစိုးရကို လုပ်ကျွေးရမယ် ဘာညာ မဟုတ်ဘူး။ ကိုယ့်တာဝန်တွေက မွေးရာပါ တာဝန်တွေ ရှိတယ်။ အဲဒီအတွက်တော့ စွမ်းဆောင်နိုင်အောင် လုပ်ရမှာပေါ့။ အစိုးရကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ဆဲချင်ဆဲနေ ဒါမှမဟုတ် ထောက်ခံချင် ထောက်ခံ။ သို့သော် ကိုယ့်ဘဝပေးတာဝန် ကျနေရာက်လာတဲ့ တာဝန်ကို သူ ရုန်းကန်ရမှာပဲ။ အဲဒီတာဝန်တောင် မဲ့နေရင်တော့ လူဖြစ်လာတာ မကောင်းပါဘူး”

ပြည်ပရောက် မြန်မာလူငယ်တွေကို ဘာများပြောချင်ပါသလဲ။

“မင်းတို့ဟာ မိဝေး ဖဝေးတွေ၊ မင်းတို့ကိုယ်မင်းတို့ မထိန်းသမျှ ကာလပတ်လုံး ထိန်းပေးမယ့်လူ မရှိဘူး။ အဲဒါ ပြောချင်တယ်။ နောက်တချက်က မင်းတို့ကိုယ်မင်းတို့ ထိန်းဖို့ အတွက်က သတ္တိကောင်းဖို့ လိုတယ်။ သတ္တိဆိုတဲ့ ဟာက တနေ့ ငါကြီးပွားရမယ် ဆိုတဲ့ အဓိဋ္ဌာန်ကို ခိုင်နေအောင်ထားတာ။ ငါ့ဘဝကိုငါ အရှုံးမခံဘူး၊ ငါ့ဘဝကိုငါ ဒီ့ထက် တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန် ချဖို့လိုတယ်။ အဲဒီဥစ္စာကို ခိုင်နေအောင် ထိန်းထားတဲ့ဟာက သတ္တိပဲ။ ထိုးဝံ့ ခုတ်ဝံ့မှ သတ္တိမဟုတ်ဘူး။ ခံဝံ့တာလည်း သတ္တိပဲ။ အဲဒီသတ္တိကို ကိုယ့်စိတ်ကို ပြန်ပြန်ပြီးတော့ ထိန်းယူပါ။ ဥပမာ ဆိုပါတော့ အောင်သင်းပေါ့၊ အောင်သင်း စိတ်ဓာတ်မကျနဲ့ ဘယ်သူမဆို ဒီလိုဖြစ်တာပဲ မင်းခံလိုက်စမ်း၊ ကိုယ့်ကိုယ်ကို အားပေးလို့။ ပြောချင်တာက မင်းတို့ဟာ မိဝေးဖဝေး ရောက်နေတာလို့ မင်းတို့မှာ အနီးကပ် အားပေးမယ့်လူ မရှိဘူးလို့ ငါ အားပေးတယ်ဆိုတာ လေထဲက အသံနဲ့ပဲ အားပေးနိုင်တာ။ တကယ့်တကယ် ကျတော့ မင်းကိုယ်မင်း အားပေးမယ့် သူက မင်းပဲရှိတယ်။ အဲဒီတော့ မင်းသတ္တိရှိသလား၊ သတ္တိရှိရင် မင်းကိုယ်မင်း နိုင်နင်းအောင် ထိန်းပါ။ ကိုယ့်ကိုယ်ကို အောင်နိုင်အောင် ထိန်းခြင်းသည် အကြီးဆုံးသော သတ္တိဖြစ်တယ်။ အဲဒီသတ္တိနဲ့ ထိန်းသွားကြပါ။ မင်းအတွက် အခွင့်အရေးဟာ တနေ့မှာ တံခါး လာခေါက်လိမ့်မယ် ဆိုတာ ယုံပါ”

မြန်မာပြည်ထဲက ကျောင်းသူ၊ ကျောင်းသားလေးတွေကိုကော။

“သူတို့ကို ပြောချင်တာက သတ္တိဆိုတာ ခုနက ပြောခဲ့ပြီ။ အဲဒီသတ္တိက ရိုးရိုးပဲ။ အဲဒီသတ္တိက ရေရှည်ခံရင် ဇွဲလို့ခေါ်တယ်။ ဥပမာ ဆိုပါတော့ .. ကျောင်းတက်တယ်၊ လွယ်အိတ် အသစ်နဲ့ လုံချည်အသစ်နဲ့ စာအုပ်အသစ်နဲ့ ဒီနှစ်တော့ အပြတ်ချမယ်၊ ဒါ .. ကျောင်းသားတိုင်း ရှိတယ်။ စာအပြတ်တွယ်မယ်၊ ဘယ်အချိန်ထိ စာကြည့်မယ်၊ အကုန်လုံး သူတို့မှာ Target ရှိတယ်။ ဒါပေမဲ့ တရက် နှစ်ရက် တပတ်နှစ်ပတ် အဲဒီတော့ ဟိုဟာသွား ကစားချင်တာနဲ့ ဟိုနားသွားချင်တာနဲ့ ကျောင်းစာ မကြည့်မိတာနဲ့ ၃ လကျော်ပြီး၊ ၄ လ ၅ လထိ ခံပြီဆိုရင် အဲဒီကောင် ဇွဲကောင်းတယ်။ ဒါပေမဲ့ ၅ လထိအောင် ဇွဲကောင်းတယ်ဆိုတဲ့ ကျောင်းသား သိပ်နည်းတယ် ဆိုတာ ကျနော် ပြောချင်တယ်။ ရာခိုင်နှုန်း ပြောရရင် ၁ဝ % မရှိဘူး။ အဲဒီတော့ ကြာရှည်ခံတဲ့ သတ္တိကောင်းတဲ့ ၁ဝ% ထဲမှာ မင်းပါပါစေလို့ အဲဒီကလေးတွေကို ရည်ညွှန်းပြီးတော့ ကျနော် တိုက်တွန်းလိုက်ပါတယ်”

ဟုတ်ကဲ့ တခြား ဖြည့်ပြောချင်တာ ပြောပါဦးဆရာ။

“အခု ခင်ဗျားကတဆင့် ပြောတာတွေက တိုင်းပြည် ပုန်ကန်ဖို့လည်း မဟုတ်ဘူး၊ ဆူပူဖို့လည်း မဟုတ်ဘူး၊ မကျေမနပ်လည်း မဟုတ်ဘူး။ ကျနော့်စိတ်ထဲမှာ ပကတိ ရှိတဲ့အတိုင်း တကယ်ရိုးသားစွာ ပြောတာ။ ခုန ပြောတဲ့ အစိုးရကို မျှော်လင့်တယ်ဆိုတာလည်း တကယ်ပြောတာ။ လူငယ်တွေအတွက် သတိပေးတယ် ဆိုတာလည်း တကယ် သတိပေးတာ။ အစိုးရ ဘယ်လိုဖြစ်နေနေ ကိုယ်တတ်နိုင်လား၊ အေး … မတတ်နိုင်ရင် ကိုယ့်အားတော့ ကိုယ်ကိုးရမှာပေါ့”

Ref: မဇ္ဈိမ

Read More...

မြန်မာ ၁၀၀ ကျော် ထိုင်းတွင် ရောင်းစားခံရ

ဘစောတင်
Tuesday, 24 May 2011

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တရားဝင် အလုပ်လုပ်ရမည် ဟူသော မက်လုံးကို ယုံမိသဖြင့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှ အလုပ်သမား ရာနှင့်ချီ၍ ယခုလအတွင်း ရောင်းစား ခံလိုက်ရသည်ဟု သိရသည်။

ငါးဖမ်းလုပ်ငန်းသို့ ရောက်သွားသူ တချို့က မိသားစုနှင့် အဆက်အသွယ် ပြန်ရသော်လည်း လွတ်မြောက်လာခြင်း မရှိသေးကြောင်း မဲဆောက် အခြေစိုက် ပြည်သူ့  စေတနာ့ဝန်ထမ်း အသင်းမှ ဗဟိုကော်မတီဝင် ကိုသိန်းဆန်းက ဧရာဝတီသို့  ပြောသည်။

“လွန်ခဲ့တဲ့အပတ်က အရောင်းစားခံရတဲ့ လူတွေရဲ့ ဆွေမျိုးသားချင်းတွေက ကျနော်တို့  အဖွဲ့ကို လာတိုင်တယ်။ ဒါကြောင့် ကျနော်တို့ အဖွဲ့ က လိုက်စုံစမ်းတော့ အခု သိထားသလောက် အမျိုးသမီးရော အမျိုးသားပါ ဆိုရင် တရာကျော် ရှိတယ်” ဟု ကိုသိန်းဆန်းက ဆိုသည်။

ရောင်းစားခံရသူတဦး၏ ဖခင်ဖြစ်သူ ဦးနိုင်ဦးက ၎င်း၏သားသည် ဘန်ကောက်မြို့အနီး၊ ချွန်ဘူရီခရိုင် အချောင်မြို့ ချောင်းစပယ်လမ်း ဝေလာဦး တံတားအနီး လှေနံပတ် (၇) တွင် ရောက်ရှိနေသည်ဟု ဆိုသည်။

“ကျနော့သား မင်းမင်းဦး ဖုန်းဆက်လာလို့ အခု သူတို့ဟာ ချွန်ဘူရီမှာ ရောင်းစား ခံထားရကြောင်း သိရတာပါ” ဟု သူက ပြောသည်။

ထိုဒေသသို့ ရောက်သွားသူများမှာ ကိုမင်းမင်းဦး အပါအ၀င် အမျိုးသား ၅၉ ဦး ရှိသည်ဟု ဆိုသည်။

ရောင်းစားခံထားရသူများထဲတွင် ညီတော်စပ်သူ တဦးပါဝင်သော ကိုခိုင်မင်းထွန်းက “ယောက်ျားတွေကို လှေဆိပ်မှာ ရောင်းစား လိုက်တယ်။ မိန်းမတွေကိုတော့ ဘယ်မှာ ရောင်းစား ထားလဲ မသိရဘူး” ဟု ပြောသည်။

သက်ဆိုင်ရာ ဆွေမျိုးသားချင်းများသည် အမှုမှန်ပေါ်ရေး၊ လူပွဲစားများကို အရေးယူနိုင်ရေး အတွက် ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ထံသို့  ပွင့်ပွင့်လင်းလင်း တိုင်ကြားသင့်ကြောင်း ကိုသိန်းဆန်းက ပြောသည်။

နှစ်နိုင်ငံ အာဏာပိုင်တို့က လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရန် ၂၀၀၉ ခုနှစ်ကပင် သဘောတူထားပြီး ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာပြည်သား အလုပ်သမား ၂ သန်းခွဲမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး အဖွဲ့ အစည်းများက ခန့်မှန်းကြသည်။ အများစုမှာ တရားမ၀င် နေထိုင် လုပ်ကိုင်ကြသူများ ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူများ ပြစ်ဒဏ်ပေးခံရ

လင်းသန့်
Tuesday, 24 May 2011

ရန်ကုန် အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေကြသော နိုင်ငံရေး အကျဉ်းသားများ၏ တောင်းဆိုချက် များကို မလိုက်လျော သည့်အပြင် တချို့ကို ပြစ်ဒဏ်တိုက်သို့ပို့၍ တချို့ကို ထောင်ပြောင်းရွှေ့ကာ လူစုခွဲလိုက်ကြောင်း သတင်း ရရှိသည်။

အစာငတ်ခံ ဆန္ဒပြသူများထဲမှ တချို့ကို စစ်ခွေးတိုက်သို့ ပို့၍အရေးယူပြီး တချို့ကို ယနေ့ နံနက် စောစောက ထောင်ပြောင်း ရဲကားများနှင့် ထုတ်သွားကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။

မေလ ၁၆ ရက်နေ့က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာ အမိန့် ထုန်ပြန်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၂၂ ဦးသည် မေလ ၁၈ ရက်နေ့ စနေနေ့မှ စတင်ကာ အကျဉ်းသား အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များ တောင်းဆိုခဲ့ရာ ထောင် အာဏာပိုင်များက မည်သို့မျှ မတုန့်ပြန်သောကြောင့် ၎င်းတို့ အထဲမှ ၁၇ ဦးက အစာငတ်ခံ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ထောင်တွင်း ဆန္ဒပြသူ နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ဒဏ် ၃ နှစ်မှ ၅၇ နှစ်ထိ ချမှတ်ခံထားရသည့် ပြည်တွင်း နိုင်ငံရေး တက်ကြွ လှုပ်ရှားသည့် အဖွဲ့များမှဖြစ်သည်။

၎င်းတို့သည် ထောင်တွင်း နေရာထိုင်ခင်း ကောင်းမွန်စွာရရှိရေး၊ အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး အပါအဝင် အချက် ၆ ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“သူတို အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာက အန္တရာယ်အရမ်းများတော့ သူတို့ အသက်အန္တရာယ်အတွက် စိုးရိမ်တယ်။ အစိုးရ သစ်ကလည်း အစာငတ်ခံ ဆန္ဒပြတာမျိုးကို လိုက်လျောမှာ မဟုတ်ဘူး။ ခပ်မြန်မြန် ဖြိုးခွင်း ပစ်လိုက်ဖို့ စီစဉ်မှာ ပဲဆိုတာ ကျနော်တို့ မျှော်လင့် ထားပြီးသားပါ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သည့် ကိုတိုးကျော်လှိုင်က ပြောသည်။

ထောင်တွင်းတိုက်ပွဲတွင် အမြင့်မားဆုံးသော အစာငတ်ခံဆန္ဒပြမှုကို လုပ်ဆောင်သူများအား ယခင် စစ်အစိုးရ လက်ထက် ထောင်အာဏာပိုင် များက စစ်ခွေးတိုက်ပို့ခြင်း၊ တိုက်များခွဲကာ လူစုခွဲခြင်း၊ ဒေါက်ခြေကျင်းခတ်ခြင်း၊ ရိုက်နှက်ပြစ်ဒဏ် ပေးခြင်းနှင့် ထောင်ပြောင်းခြင်းများ လုပ်လေ့ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း အစာငတ်ခံဆန္ဒပြမှုနှင့် ပတ်သက်ပြီး ပြည်တွင်းရှိ လူငယ်ကွန်ရက် ဦးဆောင် သူများက အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) မှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း၊ ICRC တာဝန်ရှိသူ များကလည်း အကျဉ်းထောင်အတွင်း ပြန်လည် ၀င်ရောက် ကြည့်ရှုခွင့်အတွက် အစိုးရသစ်ကို ချဉ်းကပ်ကာ ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ဆိုကြောင်း ကိုတိုးကျော်လှိုင်က ပြောသည်။

ICRC အဖွဲ့သည် ၁၉၉၉ ခုနှစ်တွင် အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများသို့ ၀င်ရောက်၍ လုံခြုံရေးအရ ထိမ်းသိမ်း ထားသူများ (နိုင်ငံရေး အကျဉ်းသားများ) အပါအ၀င် အကျဉ်းသားများကို တွေ့ဆုံ လေ့လာခွင့်များ ရရှိခဲ့သည်။ သို့သော် လည်း ၂၀၀၆ ခု နှောင်းပိုင်းမှ စတင်ကာ အကျဉ်းထောင်များသို့ ၀င်ရောက် လေ့လာခွင့်ကို စစ်အစိုးရက ကန့်သတ် ပိတ်ပင်ခဲ့သည်။

အဆိုပါကိစ္စအသေးစိပ်သိလို၍ အင်းစိန်ထောင်အာဏာပိုင်များထံ ဧရာဝတီက တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း တစုံတရာ တုန့်ပြန် ဖြေကြားရန် ငြင်းဆိုခဲ့သည်။

အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲတွင် ပါဝင်သော နိုင်ငံရေးအကျဉ်းသားမိသားစုဝင် တဦးကလည်း “သူတို့ အတွက် ကျမတို့ အရမ်း စိုးရိမ်တယ်။ အခု ကျမတို့ ထောင်ကို သွားစုံစမ်းမယ်။ ကျမတို့ မိသားစုတွေက အခု သူတို့ကို ဘယ်ထောင်တွေ ပို့လိုက်သလဲ ဆိုတာလဲ စုံစမ်းနေတယ်။ လူချင်းအမြန်တွေ့ရမှ ကျမတို့ သူတို့ အခြေအနေ အသေးစိပ် ကိုသိနိုင်မယ်။ အခုတော့ ဘယ်လို အရေးယူထားတယ် ဆိုတာကို ဘာမှ မသိရသေးဘူး”ဟု ပြောသည်။

ယခုအစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက စစ်ခွေးတိုက်ပို့၍ တိုက်ပိတ် ပြစ်ဒဏ်ခတ်ခြင်း၊ ထောင်ပြောင်းရွှေ့ခြင်းများနှင့် ပတ်သက်ပြီး ၄င်းတို့၏ ကျန်းမာရေး အတွက် စိုးရိမ်ပူပန်မိကြောင်းနှင့် ကြေညာချက် တစောင် အသေးစိပ် ထုတ်ပြန်ရန်လည်း ရှိကြောင်း နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေးအသင်း AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

Ref: ဧရာဝတီ

Read More...

အဖမ်းခံရသူမှာ KIA အဖွဲ့ဝင် မဟုတ်ဟု ငြင်းဆို

ဖနိဒါ
အင်္ဂါနေ့၊ မေလ ၂၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ က ဖမ်းဆီးခဲ့သည့် ၅၆ နှစ်အရွယ် ဦးဇော်အောင်မှာ ၎င်းတို့၏ ပြည်သူ့စစ် အဖွဲ့ဝင် မဟုတ်ကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ KIO အရာရှိ ဦးလနန်က ငြင်းဆို လိုက်သည်။

ယခုလ ၂၁ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် ယုဇနမြိုင်ရွာ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ မပခ လက်အောက်ခံ တပ်ဖွဲ့ တဖွဲ့က ဝင်ရောက်ရှင်းလင်းရာ ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ KIO ၏ စစ်တပ်ဖြစ်သော KIA မှ ပြည်သူ့စစ် အဖွဲ့ဝင် ဦးဇော်အောင်ကို ဖမ်းဆီး ရမိကြောင်း အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားမှုကို တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

ဖောက်ခွဲရေးပစ္စည်းများမှာ ပီပီစီပိုက် အပြာရောင်ဖြင့် ပြုလုပ်ထားသော အရှည် ၄ လက်မ၊ အချင်း ၂ လက်မရှိ ဒေသန္တရ ပလတ်စတစ် မိုင်း အလုံး ၃ဝ၊ ပေ ၁၁ဝ အရှည်ရှိ နှစ်ပင်လိမ် ဝိုင်ယာကြိုးတခွေ၊ နင်းခလုတ် ၅ ခုနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သတင်းစာတွင် ပါရှိသည်။

“ဒီပုဂ္ဂိုလ်က အဲဒီတဲအိမ်မှာနေတဲ့ ရိုးရိုးသားသား ယာသမားပါ။ ကျနော်တို့ အဖွဲ့ဝင်လည်း မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ ပစ္စည်းကတော့ ကျနော်တို့ရဲ့ တပ်ရင်း ၁၁ ဧရိယာ တဝိုက်မှာဆိုတော့ ကျနော်တို့ ပစ္စည်းတွေ အရေးပေါ် အတွက် နေရာတကာမှာ ချထားတာ ရှိတာကော၊ အဲဒီမှာသွားရင်း မိသွားတာ နေမှာပါ။ တကယ်ဆို သူက ခြံလုပ်နေတဲ့ ယာသမားပါ။ ဦးဇော်အောင် ဆိုတာက ကျနော်တို့ တပ်ဖွဲ့ဝင် လုံးဝ မဟုတ်ပါဘူး” ဟု ဦးလနန်က မဇ္ဈိမကို ပြောသည်။

“စစ်အစိုးရက ကျနော်တို့ကို အဖျက်သမား၊ သောင်းကျမ်းသူအဖွဲ့ဆိုပြီးတော့ ဖော်ညွှန်းချင်တဲ့ သဘော ဖြစ်ပါလိမ့်မယ်” ဟုလည်း သူက ထင်ကြေးပေးသည်။ KIO လက်အောက်၌ ပြည်သူ့စစ်အဖွဲ့ဝင်များ ရှိသော်လည်း ဦးဇော်အောင်ကဲ့သို့ အသက်အရွယ်များ အထိ မပါဝင်ဘဲ၊ အများစုမှာ လူငယ်များသာ ဖြစ်သည်ဟု ဆိုသည်။

ဦးဇော်အောင်သည် မြစ်ကြီးနားမြို့နယ် နိုင်ကလူ(ကချင်လို ဒယ်ကလူ) ကျေးရွာမှဖြစ်ပြီး တောင်ယာ လုပ်ကိုင်သူ ဖြစ်သည်။

သို့သော် KIO ၏ တပ်ရင်း ၁၁ နယ်မြေအတွင်း ဖြစ်ပွားခဲ့သဖြင့် ခဲယမ်းမီးကျောက်များမှာမူ KIA ပိုင်ပစ္စည်း ဟုတ် မဟုတ်ကို အတိအကျ မပြောနိုင်ဟု ဦးလနန်က ပြောသည်။

ဦးဇော်အောင်ကို မပခ သို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက KIO ထံ အကြောင်းကြားလာ သဖြင့် သိရှိခဲ့ရခြင်း ဖြစ်သည်။

“ သူ့ကို စစ်ယူနီဖောင်း ဝတ်ခိုင်းတယ်၊ နောက်တော့ ဝက်ချည်သလိုချည်ပြီး၊ ဖမ်းချုပ်ပြီးတော့ ထော်လာဂျီမှာ ပစ်တင်ပြီးတော့ တပ်ထဲ ခေါ်သွားတယ်လို့ ပြောတယ်” ဟု ဒေသခံများ ပြောဆိုချက်ကို ဦးလနန်က မဇ္ဈိမကို ပြန်ပြောပြသည်။

မေလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားအနောက်ဘက် KIO တပ်ရင်း ၁၁ နယ်မြေအတွင်း မပခ လက်အောက်ခံ ခလရ ၁၂၁ တပ်ဖွဲ့သည် KIO ချထားသည့် မိုင်းကို နင်းမိခဲ့ရာ၊ အထိတ်တလန့်ဖြင့် သေနတ်ပစ် ဖောက်မှု ဖြစ်ပွားခဲ့သည်။

ထို့နောက် မပခ လက်အောက်ခံ ခလရ ၂၉၊ ၃၇ နှင့် ၁၂၁ တို့၏ တပ်သား ၂ဝဝ ခန့်သည် KIO တပ်ရင်း ၁၁ နယ်မြေ အတွင်း မိုင်းရှင်းလင်းရေး အတွက် သွားလာနေကြောင်းနှင့် KIO တပ်များ လှုပ်ရှားမှုကို တင်းကျပ်လိုကြောင်း ဦးလနန်က ပြောသည်။

နှစ်ဖက်တင်းမာရာမှ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ခံများက ပစ္စည်းများကို တရုတ်ဘက်သို့ ပို့ဆောင် နေကြသည်ဟု လိုင်ဇာမြို့ခံ တဦးက ဆိုသည်။

နယ်ခြားစောင့်တပ် လက်မခံသော KIO ကို ၂ဝ၁ဝ ခုနှစ် အောက်တိုဘာမှစ၍ သောင်းကျမ်းသူဟု စစ်အစိုးရက ခေါ်ဝေါ် သုံးစွဲကာ သတင်းစာများတွင် ဖော်ပြလာခဲ့သည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU အကြမ်းဖက် သောင်းကျန်းသူများသည် မွန်ပြည်နယ် ရေး-သံဖြူဇရပ် ကားလမ်းမှ ခရီးသည်တင် မှန်လုံကား ၅ စီးကို ပစ်ခတ်ရပ်တန့်စေ၍ ဆက်ကြေး ကောက်ခံခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဖမ်းဆီး သွားသည်ဟု အင်္ဂါနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုစွပ်စွဲချက်သည် လက်တွေ့ကြုံတွေ့ခဲ့ရသည့် ဒေသခံများ၏ ယုံကြည်လောက်သည့် သက်သေ အထောက် အထားများ မရှိသဖြင့် တဖက်သတ် စွပ်စွဲချက်ဟု KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောသည်။

“ကျနော်တို့ တပ်မဟာ ၆ နယ်မြေမှာ အရင်ကျိုင်းတုံတို့မှာ စစ်ရေးလုပ်ရှားမှု လုပ်ထားတဲ့အပေါ် ရန်သူ (အစိုးရ) ကတော့ ကျနော်တို့ ဝင်လာနိုင်မယ့် လမ်းကို ပိတ်ထားတယ် ဆိုတော့ ဒီကားလမ်းကြီးပေါ်မှာ ဓားပြလို့ စွပ်စွဲတဲ့ အချက်က ဖြစ်နိုင်ချေ အလွန် နည်းပါတယ်။ တဖက်သတ် စွပ်စွဲချက်ပဲ။ အဓိကတော့ တခြား ယုံကြည်လောက်တဲ့ လူထုဆီက သတင်းမရတော့ ဘာမှ မသိရဘူး။ ဒါပေမဲ့ ကျနော်တို့ ပေါ်လစီထဲမှာ ဒီလို ညွှန်ကြားချက်တွေ လုပ်ဖို့တော့ မရှိဘူး” ဟု သူက ဆိုသည်။


Ref: မဇ္ဈိမ

Read More...

Tuesday, May 24, 2011

တော်လှန်စစ်

May 23, 2011

ခင်မမမျိုး

နိဒါန်း
တော်လှန်စစ်တွေဟာ ပြည်တွင်းပဋိပက္ခတွေအပေါ်မှာ အဓိက အခြေ ခံပါတယ်။ လူမျိုးရေး တန်းတူညီမျှမှု မရှိတာတွေ၊ ၀ါဒ ကွဲပြားမှု ညှိနှိုင်း လို့မရတာတွေနဲ့ အာဏာရှင် စနစ် ကျင့်သုံးမှု တွေကြောင့် တော်လှန်စစ်တွေ ဖြစ်ပွား လာရပါတယ်။ တော်လှန်ရေး တွေမှာ တူနီးရှား၊ အန်ဂိုလန်၊ ကွန်ဂို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားဆိုပြီး၊ သက်ဆိုင်ရာ လူမျိုးအလိုက်၊ ၀ါဒအ လိုက် ကွဲပြားမှုတွေ ရှိပေမယ့်၊ မပြောင်းလဲတဲ့ မဟာဗျူဟာ အခြေခံ အချက်ကတော့ တော်လှန်စစ် ဆိုတာ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ အုပ်ချုပ်ရေး အာဏာကို စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေက စစ်တပ်၊ ရဲနဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ်ထားတာ ဖြစ်တဲ့ အတွက် တော်လှန်စစ်မှာ စစ်တပ်နဲ့ ရဲအဖွဲ့တွေနဲ့ ရင်ဆိုင် တိုက်ခိုက်ရတာတွေ ရှိ သလို၊ စစ်တပ်နဲ့ ရဲအဖွဲ့ကို တော်လှန်ရေး သမားတွေနဲ့ ပူးပေါင်းလာအောင် စည်းရုံး လှုံ့ဆော် ရတာတွေလဲ ရှိပါတယ်။ အာဏာရှင်တွေ ကြိုးကိုင် ထားတဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားကို ယိုင်လဲအောင် ပြုလုပ်ပြီး၊ တိုင်းပြည်အတွက် သင့်လျော်မယ့် အုပ်ချုပ်ရေး ယန္တရားနဲ့ အစားထိုး နိုင်ရေးဟာ တော်လှန်စစ်ရဲ့ အဆုံးသတ် ပန်းတိုင်ပဲ ဖြစ်ပါတယ်။

တော်လှန်ရေး၊ အာဏာသိမ်းခြင်းနှင့် သူပုန်ထခြင်း
နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ယာယီရည်မှန်းချက်ဖြင့် ဖြစ်စေ၊ ရေရှည်ရည်မှန်းချက်ဖြင့် ဖြစ်စေ ရယူရာမှာ နည်းလမ်း သုံးခု ရှိပါတယ်။ ပထမ တခုကတော့ တော်လှန်ရေး (Revolution) နည်းလမ်းနဲ့ ဖြစ်ပါတယ်။ တော်လှန်ရေး ဆိုတာက ပေါက်ကွဲမှု အရှိန် ပြင်းပြင်းနဲ့ အုပ်ချုပ်ရေး အာဏာကို ပြည်သူလူထုက စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ တခါတရံမှာ ရုတ်ခြည်း ဖြစ်ပေါ်လာတတ်ပြီး အရှိန် အဟုန်လည်း ပြင်းထန် တတ်ပါတယ်။ တော်လှန်ရေးတိုင်းဟာ ကြိုတင်ပြင်ဆင် ပြီးမှ စီမံချက်နဲ့ ပေါ်ထွက်လာမယ် ဆိုတော့ မသတ်မှတ်နိုင်ပါဘူး။ တခါတရံမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်မှာ လဲ ရုတ်ခြည်း ထဖြစ် သွားတတ်ပါတယ်။ တော်လှန်ရေး မပေါ်ပေါက်ခင်မှာ တော်လှန်ရေး ပေါ်ပေါက်နိုင်သော အခြေ အနေ (Revolutionary situation) ရှိနေ တတ်ပေမယ့် တော်လှန်ရေး တရပ်ဟာ ဘယ်အချိန်မှာ၊ ဘယ်လို အခြေအနေ မျိုးနဲ့ ဖြစ်ပေါ်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ သေချာတပ်အပ် မပြောနိုင်ကြပါဘူး။

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေး၊ ၁၉၁၁ ခုနှစ် တရုတ်တော်လှန်ရေး၊ ၁၉၁၇ ခုနှစ် ရုရှားတော်လှန် ရေးနဲ့ ၁၉၅၆ ခု နှစ် ဟန်ဂေရီ တော်လှန်ရေးတွေဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ လူထုက စတင်လိုက်တဲ့ တော်လှန်ရေးတွေ ဖြစ်ပါတယ်။ တော်လှန်ရေး ဆိုတာကို ခေါင်းဆောင်က စတင်ရမယ်လို့ အချို့က ယူဆပြီး၊ ယခင် တော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေကို တော်လှန်ရေး ခေါ်ဖို့ တောင်းဆို တတ်ကြပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ဆက်တိုက် ဖြစ်နေချိန် တွေမှာသာ ဒီလို လုပ်ဆောင်လို့ ရနိုင်ပေမယ့်၊ လူထုနဲ့ တော်လှန်ရေး ရေချိန် မညီချိန်တွေမှာ ဒီလို တော်လှန်ရေး Timing ပေးမှုတွေ လုပ်ရင် တော်လှန်ရေး ကျွံသွား တတ်ပါတယ်။ နောက်ဆက်တွဲ တော်လှန်ရေးတွေ ပြတ်တောက် သွားတတ်ပါတယ်။

တော်လှန်ရေးရဲ့ အခြေခံသဘောတရားအရ လူထုတော်လှန်ရေးတွေ စတင်လာချိန်မှာ တိုက်ပွဲထဲက ခေါင်းဆောင် တွေ ပေါ်ထွက်လာလေ့ ရှိပါတယ်။ ဒီခေါင်းဆောင်တွေဟာ ရှေ့ပိုင်းတော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေ လဲ ဖြစ်နိုင်သလို၊ ခေါင်းဆောင်သစ် တွေလဲ ဖြစ်နိုင်ပါတယ်။ မန်ချူး မျိုးဆက်ကို တော်လှန်ရေးနဲ့ အဆုံးသတ် ခဲ့စဉ်တုန်း က ဒေါက်တာ ဆွန်ယက်ဆင်က အင်္ဂလန်မှာ ရှိနေခဲ့ပါတယ်။ Romanovs ကျရှုံးချိန်တုန်းက လီနင်က ဆွစ်ဇာလန်မှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှု ဆိုတာကို ပြည်တွင်း ခေါင်းဆောင်၊ ပြည်ပရောက် ခေါင်းဆောင်၊ ၀ါရင့်ခေါင်း ဆောင်၊ ၀ါနု ခေါင်းဆောင် စသဖြင့် ကြိုတင် ခွဲခြား သတ်မှတ်လို့ မရနိုင်ပါဘူး။ ရုတ်ခြည်း ပေါ်ထွက်လာတဲ့ တော်လှန် ရေးတွေက ခေါင်းဆောင်တွေကို ရွေးချယ် သတ်မှတ် သွားစမြဲပါ။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ ဒုတိယနည်းလမ်းကတော့ အာဏာသိမ်းခြင်း (plot) ဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရ အဖွဲ့ ခေါင်းဆောင်များကိုပဲ ပစ်မှတ်ထားတာ ဖြစ်တဲ့အတွက် ဒီနည်းလမ်းမှာ အများပြည်သူ ပါဝင် မှု မလိုအပ်ပါဘူး။ ကြိုတင် ပြင်ဆင်မှုတွေ အများအပြား လိုအပ်ပေမယ့်၊ လက်တွေ့ လှုပ်ရှားမှုမှာတော့ မြန်ဆန် တိကျဖို့ လိုအပ်ပါတယ်။ အာဏာ သိမ်းပွဲဟာ လောင်းကစားပွဲလို သဘောသဘာဝ ရှိတာကြောင့် အရှုံး၊ အနိုင်ကို တိတိကျကျ ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။ အာဏာသိမ်းမှုမှာ အာဏာရှင်စနစ် ယန္တရားအတွင်းက ခေါင်းဆောင်အချင်းချင်း အာဏာ သိမ်းမှု၊ လုပ်ကြံ သတ်ဖြတ်မှုတွေ ရှိသလို၊ သူပုန်တွေက အစိုးရ အဖွဲ့ ခေါင်းဆောင်တွေကို လုပ်ကြံ သတ်ဖြတ်ပြီး အာဏာ သိမ်းမှုတွေလဲ ရှိနိုင်ပါတယ်။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ တတိယနည်းလမ်းကတော့ သူပုန်ထခြင်း (insurgency) ဖြစ်ပါတယ်။ မတရားတဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖြိုချနိုင်ဖို့ အဆုံးသတ် ပန်းတိုင် ချမှတ်ပြီး၊ ရည်မှန်းချက် အဆင့်ဆင့်နဲ့ လက်နက် ကိုင်ပြီး တော်လှန် ပုန်ကန်ရတာ ဖြစ်တဲ့အတွက် သူပုန်ထ တော်လှန်ခြင်းဟာ အချိန် အတိုင်းအတာ တခုအထိ ကြာ တတ်ပါတယ်။ တရုတ်ပြည်မှာ (၁၉၂၇) ခုနှစ်ကနေ (၁၉၄၉) ခုနှစ်အထိ ၂၂ နှစ်ကြာခဲ့ပြီး၊ ဂရိ မှာ ငါးနှစ်၊ အင်ဒိုချိုင်နား မှာ ကိုးနှစ်၊ အယ်ဂျီးရီးယားမှာ ရှစ်နှစ်ခန့် ကြာခဲ့ပါတယ်။ သူပုန် ထခြင်းကတော့ တော်လှန်ရေးလို ရုတ်ခြည်း ပေါ်ထွက် လာတာ မဟုတ်ပါဘူး။ ကနဦး ခေါင်းဆောင်တွေ ပေါ်ထွက်လာပြီးမှ လူထုက လှုပ်ရှားလာတာ ဖြစ်ပါတယ်။ လူထုက လှုပ်ရှားပြီးမှ ခေါင်းဆောင် ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် သူပုန်ထပြီး ပုန်ကန် တော်လှန်တဲ့ အခါ ခေါင်း ဆောင်တွေရဲ့ အခန်းကဏ္ဍက အလွန် အရေးကြီးပါတယ်။

အတွေးအခေါ်နှင့် ယုံကြည်ချက်
နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ဖြိုချဖယ်ရှားနိုင်ရေးကို ဦးတည်ပြီး၊ တော်လှန်စစ်ကို တော်လှန်ရေး သမားတွေက စတင်ရတာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်နေရာကနေ စတင် တော်လှန်မယ် ဆိုတာကို တော်လှန်ရေး သမားတွေ က စီမံချက်တွေ ချမှတ်ပြီး၊ အကောင်အထည် ဖော်ဆောင်ကြပါတယ်။ တော်လှန်စစ် စတင်ချိန်မှာ အုပ်ချုပ်ရေးအာ ဏာကို တရားသော နည်းဖြင့် ဖြစ်စေ၊ မတရားသော နည်းဖြင့် ဖြစ်စေ ရယူထားတဲ့ အစိုးရ တရပ်မှာ သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ အုပ်ချုပ်ရေး၊ တရားဥပဒေ ပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် ရှိမှု၊ အုပ်ချုပ်ရေး ယန္တရားများကို ထိန်းချုပ်ထားနိုင်မှု၊ စစ်တပ်နဲ့ ရဲကို အမိန့်ပေး စေခိုင်းနိုင်မှု၊ နိုင်ငံတော် ဘဏ္ဍာများကို ခွဲဝေ အသုံးပြုနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေးကို ထိန်းချုပ်နိုင်မှု၊ ကုန်ထုတ်လုပ်ရေးကို အသုံးပြုနိုင်မှု၊ သတင်းနဲ့ စာနယ်ဇင်းကို ထိန်းကျောင်းအသုံး ပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိနေတတ်ပါတယ်။ တော်လှန်ရေး သမားတွေ ဘက်မှာတော့ ဒီလို သိသာ ထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။

သို့ပေမယ့် တော်လှန်ရေးသမားတွေ ဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။ တော်လှန်ရေး အတွေးအခေါ်နဲ့ တော်လှန်ရေး ယုံကြည်ချက် ဆိုတဲ့ အားသာချက် နှစ်ရပ်ကိုပဲ တော်လှန်ရေး သမားတွေဘက်က ပိုင်ဆိုင် ထားပါတယ်။ ဒါကြောင့် တော်လှန်စစ်မှာ အတွေးအခေါ် တိုက်ပွဲက အလွန်ပဲ အရေးကြီးပါတယ်။ အတွေး အခေါ်တွေ ရှုပ်ထွေးေ၀၀ါးနေရင် တော်လှန်စစ် အောင်နိုင်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကို ရန်သူကလဲ တွေ့မြင်ပြီး အတွေးအခေါ် စစ်မျက်နှာကို ထိုးနှက်လေ့ ရှိပါတယ်။ ဒါကြောင့် တော်လှန်ရေး ခေါင်းဆောင်တွေဟာ အတွေးအခေါ် ရှုပ်ထွေးတဲ့ ကာလတွေမှာ အင်အားပြိုလဲမှု မဖြစ်အောင် စနစ်တကျ စည်းရုံး ထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။

တော်လှန်စစ်မှာ ယုံကြည်ချက်ကလဲ အရေးကြီးပါတယ်။ တော်လှန်ရေး အခြေခံ ရည်မှန်းချက်တွေ အပေါ်မှာ စွဲစွဲမြဲမြဲ ယုံကြည်ချက် ရှိပါမှ၊ ရည်မှန်းချက် မပြည့်ခင် အချိန်အထိ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် ထားနိုင် မှာ ဖြစ်ပါတယ်။ တော်လှန်ရေး သမားဆိုတိုင်း၊ တော်လှန်ရေး ဖြတ်သန်းမှု ရှိတိုင်း ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ် ကိုင်ထားမည့်သူလို့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ပါဘူး။ တော်လှန်ရေး ရထားကြီး ဖြတ်သန်းခဲ့တဲ့ ဘူတာစဉ် တလျှောက်မှာ ရထားပေါ်က ခုန်ချသွားသူတွေ ရှိသလို၊ ကြားဘူတာတွေ ကနေမှ တက်လာ သူတွေလဲ ရှိနိုင်ပါတယ်။ အဓိက ကတော့ ယုံကြည်ချက် ခိုင်မာဖို့ပါပဲ။ တုတ်၊ ဓား၊ သေနတ်တွေကို အားမတန်လို့ ချချင် ချထားရမယ်၊ လက်ခြေ တွေကို တုပ်နှောင်ထားလို့ မလှုပ်နိုင်ပဲ ဖြစ်ချင်ဖြစ်မယ်၊ ရင်ထဲက ယုံကြည်ချက်ကို ဆုပ်ကိုင် ထားသရွေ့ ရန်သူကို မရှုံးသေးပါဘူး။ တော်လှန်စစ်မှာ တော်လှန်ရေး အတွေးအခေါ်နဲ့ ယုံကြည်ချက် ခိုင်မာပြတ်သားသူ ဆယ်ယောက်ဟာ တော်လှန်ရေးကို ပုဂ္ဂလိက အခွင့်အလမ်း၊ ခံစားချက်တွေနဲ့ လုပ်ဆောင်သူ အယောက် တထောင်ထက် ပိုပြီး တန်ဖိုး ရှိပါတယ်။

ပြည်သူသာ အခရာ
တော်လှန်စစ်ရဲ့ အရှုံးအနိုင်ကို ပြည်သူလူထုက အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် လူထုစည်းရုံးရေး လုပ်ငန်းစဉ် တွေကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ လူထုက တော်လှန်စစ်ကို ထောက်ခံမှသာ အောင်ပွဲရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အာဏာကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ လူထုထောက်ခံမှု ရှိဖို့ လိုအပ်ပါတယ်။ ပြည်သူ့အာဏာ မဖြစ်သရွေ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေမှာ ပြည်သူလူထုနဲ့ အစိုးရ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရေး အာဏာအတွက် တရားမျှတစွာ ယှဉ်ပြိုင်နိုင်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးမှာ အနှောင့်အယှက် အတားအဆီးဖြစ်တဲ့ အာဏာရှင် စနစ်နဲ့ ရွေးကောက်ပွဲ အယောင်ပြ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေကို တော်လှန်စစ်နဲ့ တိုက်ဖျက်ကြတဲ့ အခါမှာ လူထုထောက်ခံမှု ရရှိဖို့ လိုအပ်ပါတယ်။

လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို အကောင်အထည် ဖော်ဆောင်ခြင်းဖြင့် လူထုနဲ့ တော်လှန်ရေး တသားတည်း ဖြစ်အောင် ပြုလုပ်လေ့ ရှိကြပါတယ်။ ဒါကို သိမြင်တဲ့ အာဏာရှင် အစိုးရတွေကလဲ သက်ဆိုင်ရာ ကဏ္ဍအလိုက် အရပ်ဘက် လူ့အဖွဲ့အစည်း အဖွဲ့တွေ (Civil Society Organizations) တွေ ဖွဲ့စည်းပြီး၊ အာဏာရှင် စနစ်ကို ထောက်ခံသူတွေ များပြားလာအောင် လုပ်ယူလေ့ရှိ တတ်ပါတယ်။

ဒါကြောင့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူများကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) ဆိုတာကို လူထု ထောက်ခံမှု ရယူရေး စစ်မြေပြင် (battleground for population support) လို့ သတ်မှတ် ထားကြပါတယ်။ တော် လှန်စစ်ရဲ့ ရေခံမြေခံကို Civil Society စစ်မြေပြင်ကနေ တဆင့် တည်ဆောက်ယူလို့ ရနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာရပ်ကမ္ဘာရဲ့ တော်လှန်ရေး ဖြစ်ပွားရာ မှာ နိုင်ငံတိုင်းမှာ Civil Society အားကောင်းခြင်း ဆိုတဲ့ တော်လှန်စစ် ရေခံ မြေခံ ရှိထားကြောင်း ပညာရှင်တွေက လေ့လာ တွေ့ရှိခဲ့ကြပါတယ်။

နိုင်ငံရေးစစ်
တော်လှန်စစ်ရဲ့ instrument of war က နိုင်ငံရေး ဖြစ်တဲ့အတွက် တော်လှန်စစ်တိုင်းဟာ နိုင်ငံရေးစစ် (political war) ပဲ ဖြစ်ပါတယ်။ တော်လှန်စစ်မှာ လက်နက်ကိုင် တော်လှန်ရေး အင်အားစုပဲ ရှိလို့ မရနိုင်ပါဘူး။ ပါတီတခု (သို့မ ဟုတ်) ပါတီပေါင်းစုံ စုဖွဲ့ထားတဲ့ ညွန့်ပေါင်း အဖွဲ့အစည်း (သို့မဟုတ်) ညွန့်ပေါင်း အစိုးရ တရပ်ဆိုတဲ့ political establishment တရပ် ရှိဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက အဆိုပါ political establishment ရဲ့ military wing (သို့မဟုတ်) တပ်ပေါင်းစုတွေ အနေနဲ့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ political establishment မရှိပဲ လက်နက်ကိုင် တော်လှန်ရေး အင်အားစုပဲ ရှိနေရင် (သို့မဟုတ်) political establishment နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အောင်ပွဲရဖို့ ခဲယဉ်းပါတယ်။

political establishment ဆိုရာမှာလဲ တရုတ်ပြည်မှာကဲ့သို့ တပါတီတည်းက ဦးဆောင်တိုက်ပွဲ ၀င်တာမျိုး မဟုတ်ပဲ၊ မဟာမိတ် တပ်ပေါင်းစုတွေ အနေနဲ့ စုစည်းမှု ရှိနေရင်၊ တိုက်ပွဲကာလ နိုင်ငံရေး ဘုံရည်မှန်းချက် ရှိမှသာ အင်အားဖြစ် နိုင်ပါတယ်။ ရန်သူရဲ့ စေ့စပ်မှုကို ဘယ်လို အခြေခံ အကြောင်းတရားတွေ အောင်နိုင်ပြီးမှ လက်ခံမယ်ဆိုတဲ့ အချက် ကို ကြိုတင် သဘောတူ ညှိနှိုင်း ထားနိုင်မှသာ တော်လှန်စစ်ကို အင်အား ဖြစ်စေမယ့် မဟာမိတ် တပ်ပေါင်းစု ဖြစ်လာမှာ ပါ။ တဖွဲ့က တိုက်လိုက်၊ တဖွဲ့က စေ့စပ် ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်၊ တဖွဲ့က လက်နက်ချလိုက် ဖြစ်နေတဲ့ တပ်ပေါင်းစု တော်လှန်စစ်ဟာ ဘယ်သောအခါမှ အောင်မြင်မှာ မဟုတ်ပါ။ တော်လှန်စစ်ဟာ နိုင်ငံရေးစစ် ဖြစ်တဲ့အတွက်၊ တိုက်ပွဲ ကာလ နိုင်ငံရေး ဘုံရည်မှန်းချက်ကို ညှိနှိုင်း ချမှတ်နိုင်မှသာ တပ်ပေါင်းစုတွေ ဦးဆောင်တဲ့ တော်လှန်စစ် အောင်မြင်မှာ ဖြစ်ပါတယ်။

တော်လှန်စစ် သဏ္ဌာန်
နိုင်ငံရေးအတွေးအခေါ်နဲ့ တော်လှန်ရေးသဘောတရားတွေပေါ်မှာ အခြေခံပြီး တော်လှန်စစ်ရဲ့ မဟာဗျူဟာ သဏ္ဌာန် (strategic pattern) တွေ ကွဲပြား ခြားနားပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေး အများစုမှာတော့ တော်လှန်စစ် သဏ္ဌာန်က ပါတီထောင်ခြင်းနဲ့ အစပြုပါတယ်။ နိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး မြေပေါ် (သို့မဟုတ်) မြေအောက် ပါတီတရပ်ကို ခိုင်ခိုင်မာမာ စုဖွဲ့ တည်ထောင်ဖို့ လိုအပ်ပါတယ်။ ဒီပါတီမှာ လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်လာ အောင် စည်းရုံး လှုံ့ဆော်ဖို့ လိုအပ်ပါတယ်။ တတ်သိ ပညာရှင်များနဲ့ တက္ကသိုလ် ကျောင်းသားများဟာ ပါတီတရပ်ရဲ့ ardour လဲဖြစ်၊ brain လဲ ဖြစ်တဲ့အတွက် ပညာတတ်တွေ ပေါင်းစည်း ပါဝင်လာအောင် ပါတီ ခေါင်းဆောင်များက ကြိုး ပမ်းကြရမှာ ဖြစ်ပါတယ်။

ကျစ်လျစ်ခိုင်မာတဲ့ ပါတီတရပ်က ပေါ်ပေါက်လာပြီးချိန်မှာ တပ်ပေါင်းစု (United Front) ပေါ်ထွက် လာရေး အတွက် မဟာမိတ် ဆက်ဆံရေး တည်ထောင်ဖို့ လိုပါတယ်။ တပ်ပေါင်းစု ဆိုတာ ခေါင်မိုးချင်း ထိစပ်တာ ဖြစ်ပါတယ်။ ခိုင်ခိုင်မာ မာ အုတ်မြစ် ချထားတဲ့ အကာအရံ ရှိတဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးချင်း ထိစပ်မှသာ အကျိုးရှိပါတယ်။ အုတ်မြစ် မရှိ၊ အကာအရံမရှိဘဲ ခေါင်းမိုးတွေပဲ လိုက်ထိစပ်နေလို့ ကတော့ ခေါင်မိုးရောင်စုံ မြေမှာ ဖြန့်ခင်းထားသလိုပဲ ဖြစ်ပြီး၊ တော်လှန်စစ် အတွက် အကျိုးရှိမယ့် အင်အားကို ဖြစ်ထွန်းစေနိုင်မှာ မဟုတ်ပါဘူး။ တပ်ပေါင်းစု ပေါ်ထွက်လာရေးဟာ အရေးကြီးပေမယ့် တပ်ပေါင်းစု ပေါ်ထွက်ရုံနဲ့ အောင်ပွဲကို မဆောင်ကျဉ်း နိုင်ပါဘူး။ Minimum Common Programme ကို တပ်ပေါင်းစုအကြား ကြေလည်အောင် ချမှတ်နိုင်မှာသာ အောင်ပွဲရရေး အတွက် အထောက်အကူ ဖြစ်ပါတယ်။

တပ်ပေါင်းစုတွေ ရှိလာတဲ့အခါမှာတော့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ မြို့ပြပြောက်ကျား နဲ့ Movement Warfare တွေကို အဆုံးသတ် အောင်ပွဲ ရရှိချိန်အထိ အကောင်အထည် ဆက်လက် ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ တော်လှန်စစ်မှာ အဆုံးသတ် အောင်ပွဲ ရရှိဖို့အတွက် အရေးကြီးဆုံး နောက်ဆုံး အချက်ကတော့ psychological superiority ပဲ ဖြစ်ပါတယ်။ ပန်းတိုင် မရောက်ခင် တက်မ ထောင်တတ်တဲ့ ဓလေ့တွေကို ဖျောက်ဖျက်နိုင်ဖို့ လိုအပ်ပါ တယ်။ အဆုံးသတ် အောင်ပွဲဟာ အာဏာရှင် (သို့မဟုတ်) အာဏာရှင် ကြိုးကိုင် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖြို ဖျက်ပြီး၊ သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားကို ယာယီဖြစ်စေ အစားထိုးနိုင်မှ ရရှိမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးယန္တရား မပြိုခင်နဲ့ ပြိုကျပြီး အချိန်တွေမှာ အာဏာရှင်တွေဘက်က စေ့စပ်ဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှု (negotiation and peace offers) တွေ ပေါ်ထွက် လာတတ်ပါတယ်။ တဘက်ရန်သူရဲ့ time buying မဖြစ်စေဖို့ ဂရုစိုက်ရန် အလွန် အရေးကြီးပါတယ်။ တူနဲ့ ရိုက်ခွဲရတဲ့ ရေခဲတုန်းတခုကို နေပူပူမှာ အချိန်အတိုင်းအတာ တခုအထိ ချထားလိုက်ရင် ရိုက်ခွဲဖို့မလိုပဲ အလိုလို အရည်ပျော် ကျသွား တတ်ပါတယ်။ တော်လှန်စစ်မှာလဲ ရန်သူက time buying မလုပ်သွားအောင် သတိပြုဖို့ လိုပါတယ်။

နိဂုံး
နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတွေ ရောထွေးပြီး (separation of powers) အားနည်းနေချိန် (သို့မဟုတ်) မတရားမှုဟာ ဥပဒေဖြစ်ချိန် (သို့မဟုတ်) လွတ်လပ်ပြီး တ ရားမျှတသော ရွေးကောက်ပွဲတွေ မရှိချိန် (သို့မဟုတ်) လူမျိုးရေး တန်းတူညီမျှမှု မရှိချိန် (သို့မဟုတ်) ပြည်သူ့အာ ဏာကို မတရား ရယူ ခံထားရ ချိန်တွေမှာ တော်လှန်စစ်တွေ ပေါ်ထွက် လာတတ်ပါတယ်။ တော်လှန်ရေးရဲ့ အဆုံးသတ် ပန်းတိုင်က အုပ်ချုပ်ရေး ယန္တရားကို ဖြိုချပြီး၊ သင့်လျော်မယ့် ယန္တရားတခုကို ယာယီဖြစ်စေ၊ ရေရှည်ဖြစ်စေ အစား ထိုးနိုင်ရေးဖြစ်ပြီး၊ တော်လှန်စစ် အောင်မြင်ရေးဟာ အတွေးအခေါ်နှင့် ယုံကြည်ချက် ခိုင်မာမှု၊ ပြည်သူလူထုကို စည်း ရုံးနိုင်မှုနဲ့ political establishment တည်ရှိမှုတို့ အပေါ်မှာ မူတည်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

Ref: နေ့သစ်

Read More...

ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခဲ့သော်

ရဲဘော်ဖိုးသံချောင်း

တနင်္လာနေ့၊ မေလ ၂၃ ရက် ၂၀၁၁

တလောတုန်းက ဒေါ်အောင်ဆန်းစုကြည်က သူမကြာမီ နယ်ဆင်းမယ်လို့ ကြေညာ သွားပါတယ်။ နိုင်ငံရေး ခေါင်းဆောင် တယောက် နယ်ဆင်းတာ ဘာများ ဆန်းလို့လဲလို့ မေးကောင်း မေးလာနိုင်ပါတယ်။ ဟုတ်ပါတယ်၊ တခြားနိုင်ငံ၊ တခြား အခြေအနေမှာဆိုရင် ဘာမှ မဆန်းပါဘူး။ ဒါပေမဲ့ ဒါဟာ ဗမာပြည် ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် နယ်ဆင်းမယ် ဆိုတဲ့ အချိန်ဟာ အရပ်ဝတ် စစ်အစိုးရ တက်လာကာစ အချိန် ဖြစ်တဲ့အပြင် ဒီပဲယင်း အရေးအခင်း ရှစ်နှစ်ပြည့် ကာလနဲ့လည်း တိုက်ဆိုင်နေတော့ စဉ်းစားစရာတွေ၊ ပြောစရာတွေ ဖြစ်လာပါတယ်။

သေချာတာတခုက ဒေါ်စုသာခရီးထွက်လိုက်ရင် ဗိုလ်ချုပ်တဖြစ်လဲ ဦးသိန်းစိန်ရဲ့ အစိုးရက ဘာလုပ်မလဲ ဆိုတာဟာ သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေလို တဇောက်ကန်း လုပ်မလား၊ သူတို့ရဲ့ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အနက် ဖွင့်ပြမလား၊ ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ကြည့်နေမလား၊ ရင်တမမ စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်လာမှာကတော့ သေချာပါတယ်။ နောက်ပြီး ဗိုလ်ချုပ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းရဲ့ တကယ့် အနှစ်သာရ ကိုလည်း ကမ္ဘာက မြင်လာရစရာ ရှိပါတယ်။

ဗိုလ်ချုပ်ဦးသိန်းစိန်ရဲ့ အရပ်ဝတ်စစ်အစိုးရဟာ ၂ဝဝ၃ မေ ၃ဝ တုန်းကလို မလုပ် လေဘူးလို့ ထင်ရပေမယ့် အာဏာ ရကာစ ကြံ့ဖွတ်တွေက နည်းသဏ္ဌာန် မျိုးစုံနဲ့ “ဆန္ဒပြ” တာလောက်တော့ ဖြစ်နိုင်သေးတယ်လို့ ယူဆရပါတယ်။ ဒေသခံ ကြံ့ဖွတ်တွေက အစိုးရ အလိုကျ လက်စွမ်းပြ မျက်နှာလုပ်တာ ဖြစ်နိုင်သလို ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေက “ဥပဒေအရ” လုပ်ဆောင် ပြတာတွေလည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အကော်ဒီယံလို ဥပဒေကလည်း ဆွဲလိုဆွဲ၊ စေ့လိုစေ့ လုပ်လို့ရတာကိုး။ တွေးကြည့် လိုက်ရင်တော့ သူတို့ အုပ်စိုးသူများဘက်က လုပ်လာနိုင်စရာ တွေက အများကြီး ရှိပါတယ်။ အာဏာ ရသူနဲ့ အာဏာမဲ့သူ ယှဉ်လိုက်ရင် အာဏာရသူ ဘက်က ရွေးချယ်စရာ ပိုများလေ့ ရှိတယ်ဆိုတဲ့ တရားအတိုင်းပါပဲ။ အရပ်ဝတ် စစ်အစိုးရက မလုပ်လေဘူးလို့ တွက်မိတာကြောင့် ခံလိုက်ရတယ်ဆိုရင် သမိုင်းက ကိုယ့်ကို အပြစ် တင်လာနိုင်စရာ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပြောခဲ့ပြီဆိုတော့ နယ်ခရီးကိုထွက်ကိုထွက်ရတော့မှာပါ။ နောက်ဆုတ်လို့ မဖြစ်တော့ ပါဘူး။ ကိုယ့်ဘက်က အဘက်ဘက် ပြင်ဆင်ပြီးမှ သွားတာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သတိပေါ့လို့တော့ မဖြစ်ပါဘူး။ တချိန်ထဲမှာ စဉ်းစားရမှာက ဒီလို ကြိုကြေညာ ထားတဲ့အတွက် အစိုးရဘက်က ပြင်ဆင်ချိန် ကောင်းကောင်း ရသွားတယ် ဆိုတာပါပဲ။

တဆက်ထဲ ဒီခရီးကြောင့်ဗမာပြည်နိုင်ငံရေးနယ်ပယ်က အစိုးရမဟုတ်တဲ့အင်အားစုတွေအထဲမှာ မတူတဲ့ အမြင်တွေ အမျိုးမျိုး ပေါ်လာ နိုင်ပါတယ်။ ပုစဉ်းလှံဖျားနား ကျီးကန်း ချေးပါတာမျိုး ရှိနိုင်သလို ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ကြည့်ပြီး ဝေဘန်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဘေးထိုင် ဘုပြော တာတွေကတော့ မုချ ပေါ်လာမှာပါ။

ဒါဖြင့် အရပ်ဝတ်အစိုးရထဲမှာရော မတူတဲ့အမြင်တွေ ပေါ်မလာနိုင်ဘူးလား။ ဒီပဲယင်း အရေးအခင်း အပြီး မကြာခင်မှာ ဗိုလ်ခင်ညွန့် ပြုတ်သွား ခဲ့တာကို ပြန်စဉ်းစား လိုက်ရင် တန်ပြန် အကျိုး သက်ရောက်မှုတွေ မရှိနိုင်တာ မဟုတ်၊ ရှိနိုင်တယ်လို့ ဆိုရမှာပါ။ အမှန်ပဲ ရာထူး ဌာနန္တရ ရကာစ ပုဂ္ဂိုလ်များ ကတော့ ပြောဝံ့၊ လှုပ်ဝံ့မယ် မထင်ရပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ဦးသိန်းစိန် အနေနဲ့ ဘာလုပ်မယ် ဆိုတာ အပေါ် အများကြီး မူတည်ပါတယ်။ သူ့နောက်က ဗိုလ်သန်းရွှေတို့က ဘာညွှန်ကြားမလဲ ဆိုတာကိုလည်း ထည့်စဉ်းစား ရပါလိမ့်မယ်။

တကယ်တမ်းသာ ဒီခရီးထွက်ဖြစ်တယ်ဆိုရင် အစိုးရသစ်က ဒီပဲယင်းတုန်းကလို မလုပ်အောင် နိုင်ငံရေး အဖွဲ့အစည်း အားလုံးက ဆန္ဒတွေ ဖော်ပြသင့်ပါတယ်။ ကိုယ်နဲ့တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ နိုင်ငံသားတဦးရဲ့ ဒီမိုကရေစီ အခွင့်အရေးကို ကာကွယ်ရမယ့် တာဝန်ကို နိုင်ငံရေး အဖွဲ့အစည်းနဲ့ နိုင်ငံရေး သမား ဆိုသူတွေက ခေါင်းရှောင်လို့ မဖြစ်ပါဘူး။ နအဖရဲ့ ရွေးကောက်ပွဲကို ဝင်တုန်းက ဒါဟာ နအဖပေးတဲ့ “ဒီမိုကရေစီ အခွင့်အရေး” ကို ခံစားခဲ့ကြတယ် ဆိုသူတွေဟာ ဒီလို အရေးအခင်း ကြုံလာရင် ဒီမိုကရေစီ ဘက်က ရပ်ပါ့မလား စောင့်ကြည့်ရပါမယ်။

ပြောရရင် ဗမာပြည်နိုင်ငံရေးမှာ စစ်အာဏာရှင်စနစ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင် တိုက်ပွဲ ဝင်ခဲ့ကြသူတွေ အဖို့ ဒီအရပ်သား စစ်အစိုးရက ဘာလုပ်လာမယ် ဆိုတာကို အတိအကျ မပြောနိုင်ပေမယ့် သတိကြီးကြီး ထားရကောင်းမှန်းတော့ သိကြပါတယ်။ ပြောရရင် တဖက်နဲ့ တဖက်က ရာစုနှစ် တဝက်နီးပါး ရင်ဆိုင် ခဲ့ကြတာ ဆိုတော့ နှစ်ဖက်စလုံးဟာ အံခွ နေတယ်လို့တောင် ဆိုနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ငါညံ့လို့ ခံလိုက်ရတာမျိုး ဖြစ်ရင်တော့ ဖြစ်တဲ့ဘက်က ခံပေရော့ ဖြစ်ပါလိမ့်မယ်။

၂ဝဝ၃ တုန်းက ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လူထုကိုအားကိုး၊ လူထုနဲ့အတူ ချီတက်ခဲ့တာ မှန်ပေမယ့် ဗိုလ်သန်းရွှေ တို့ရဲ့ ရက်စက် ယုတ်မာ နိုင်စွမ်းဟာ သာမန်လူ မှန်းဆနိုင်တာထက် အဆပေါင်းများစွာ ပိုနေတာနဲ့ ကြုံခဲ့ရပါတယ်။ ဒီတခါမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အဲဒီသင်ခန်းစာကို ယူထားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သင်ခန်းစာ ဆိုတဲ့ အထဲမှာ အရေးကြီးတဲ့ တခုက လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက NLD အင်အားထု တခုတည်းနဲ့ ရင်ဆိုင်ခဲ့ တာဟာ မလုံလောက်ဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ၂ဝဝ၇ သံယာ့ အရေးတော်ပုံမှာ သံဃာတော်တွေချည်း လှုပ်ရှားတာ မလုံလောက်ဘူး ဆိုတာ တွေ့ခဲ့ရပါပြီ။ ဒါကြောင့် တခုခု လုပ်မယ်ဆိုရင် ကျန်တဲ့ အင်အားစုတွေ၊ ပြည်သူ လူထုတွေပါ ပါလာအောင် ဘယ်လို လုပ်မယ်ဆိုတဲ့ စဉ်းစားမှု အမြဲ ရှိသင့်ပါတယ်။

အခုလိုဗိုလ်ချုပ်ဦးသိန်းစိန်ရဲ့အရပ်ဝတ်စစ်အစိုးရကို ကြိုတင် အသိပေးထားသလို ဖြစ်နေတော့ သူ့ဘက်က ပြင်ဆင်
နေမယ် ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ သူ့အကွက်ထဲ ဝင်လာပြီလို့ တွက်နေကောင်းလည်း တွက်နေ ပါလိမ့်မယ်။ ဒါဖြင့် ကိုယ့်ဘက်ကရော။ အရပ်ဝတ် စစ်အစိုးရ ဘက်က အရင် ဒီပဲယင်း တုန်းကလို ခြေကျွံ လက်ကျွံ ဖြစ်လာရင် ကိုယ့်အကွက် ထဲကို ဝင်လာတာပဲလို့ ဖြစ်အောင် မပြင်ဆင်နိုင်ဘူးလား။ ဗိုလ်ချုပ် ဦးသိန်းစိန် တို့ကို မဟုတ်တယုတ် မလုပ်ဝံ့အောင် ကိုယ်က ကြိုတင် အကြပ်ကိုင်နိုင်တဲ့ နည်းတွေ မရှိဘူးလား။

ဗမာပြည်နိုင်ငံရေးရဲ့ထူးခြားချက်ကိုမေ့လို့ မဖြစ်ပါဘူး။ ဗမာပြည်မှာက အုပ်စိုးသူနဲ့ အတိုက်အခံ တို့ဟာ တန်းတူ အားပြိုင် နေကြတာ မဟုတ်ပါဘူး။ အဘက်ဘက်မှာ မတရား ချုပ်ခြယ်ခံနေရတဲ့ အတိုက်အခံတွေ အနေနဲ့ စစ်ရေးမှာ လိုပဲ လှုပ်ရှား မှုတခုကို ကိုယ်ပိုင်တဲ့ ခွင်ထဲမှာ အကောင်အထည် ဖော်တာ၊ အသေအချာ ပြင်ဆင်တာ၊ အလျင်အမြန် လှုပ်ရှားတာ စတာတွေ လုပ်ရမယ်လို့ ထင်ပါတယ်။

Ref: မဇ္ဈိမ

Read More...

၁၉၈၈ နောက်ပိုင်း တရုတ် - မြန်မာ ဆက်ဆံရေး ကစားပွဲ - အပိုင်း (၁)

ရော်နီညိမ်း
စနေ, 21 မေ 2011

တပ်မှူးတပ်သား ပြောစကား (၀၆၁)

လာမယ့် မေလ (၂၆) ရက်နေ့မှာ၊ မြန်မာအစိုးရသစ်ရဲ့ သမ္မတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို သမ္မတဖြစ်ပြီး ပထမဆုံးအကြိမ် သွားရောက်တော့မှာ ဖြစ်ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးကို ဆွေမျိုး ပေါက်ဖေါ် ဆက်ဆံရေး အဖြစ် နှစ်ဘက်လုံးက လူသိရှင်ကြား ပြောဆို နေကြပေမယ့်၊ ကန့်လန့်ကာ နောက်ကွယ်မှာ တဘက်နဲ့ တဘက် မရိုးသားကြဘူးလို့၊ ထောက်လှမ်းရေး အရာရှိဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ပြောပြ ထားတာကို၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ် တင်ဆက် ထားပါတယ်

ဦးရော်နီညိမ်း ။ ။ ဦးအောင်လင်းထွဋ် ခင်ဗျား၊ တရုတ်နိုင်ငံကို မြန်မာနိုင်ငံက သမ္မတသစ် ဦးသိန်းစိန် မကြာခင်မှာ သွားတော့မယ်။ အရင်ကလည်း သူဟာ ၀န်ကြီးချုပ် ဘ၀နဲ့ ခဏခဏ သွားဘူးပါတယ်။ ကျနော်တို့ က ပြန်ကြည့်တဲ့ အခါမှာ၊ တရုတ်-မြန်မာ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်အတွင်း၊ ၁၉၉၀ ရွေးကောက်ပွဲ မှာတုန်းကတော့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင် ရရှိသွားတာကို လာပြီးတော့ ပထမဆုံး အားပေးချီးကျူး စကားပြောခဲ့သူဟာ တရုတ် သံအမတ်ကြီး ဖြစ်တယ် ဆိုတာကို၊ မြန်မာ့ နိုင်ငံရေး လောက တခုလုံးက ခုထက်ထိ မမေ့နိုင်ကြသေးဘူး။ အဲဒီ အနေအထားကနေ ဘယ်လိုတွေ အပြောင်းအလဲတွေ ဆက်တိုက် ဆက်တိုက်၊ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဖြစ်လာခဲ့သလဲ ဆိုတာကို၊ ဗိုလ်မှူးက အဲဒီအချိန်က ကကလှမ်း (ကာကွယ်ရေး ၀န်ကြီးဌာန၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး) ကကကြည်း (ကာကွယ်ရေး ဦးစီးချုပ်-ကြည်း ရုံး) မှာ ရှိနေ ခဲ့တာကြောင့်၊ အဲဒီအချိန်မှာ ဗိုလ်မှူးတို့ ဘယ်လိုမြင်လဲ ခင်ဗျ၊ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးကစား ကွက်ကို။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တရုတ်ကတော့ အဓိက ကတော့၊ စီးပွားရေးမျက်စေ့နဲ့ ကြည့်တာပါပဲ။ တကယ် ပဲ၊ ရွေးကောက်ပွဲမှာ နိုင်တဲ့ ပါတီကို အာဏာ လွှဲပေးမယ် ဆိုပြီးတော့မှ၊ ခေါင်းဆောင်လုပ်တဲ့ ဗိုလ်ချုပ်ကြီးစော မောင်ကိုယ်တိုင်က၊ ပြောခဲ့တာပဲ ဗျာ။ ကျနော် ဒီဘက်(၀ါရှင်တန်ဒီစီမှ မြန်မာသံရုံး) ရောက်တဲ့ အခါမှာ၊ ၂၀၀၁ ခုနှစ်လောက်မှာ အဲဒီအချိန်က ဟူကျင်းတောင်က တရုတ် ဒုသမ္မတ အနေနဲ့ အမေရိကားကို လာလည်တာ ရှိပါ တယ်။ သူ့တပည့်တွေနဲ့ ကျနော်တို့နဲ့ တွေ့တဲ့အခါမှာ၊ သူတို့ သဘောထားတွေကို တီးခေါက် ကြည့်တဲ့ အခါမှာ၊ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ အပေါ်မှာ၊ နိုင်ငံရေး တည်ငြိမ်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ စီးပွားရေး လုပ်ဖို့ပဲ စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရပဲ တက်တက်၊ ဘယ်ပါတီပဲ တက်တက် တရုတ်က လက်ခံမယ်၊ လို့ပြောကြပါတယ်။ ကျနော်က မေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ ဘယ်လိုမြင်လဲလို့ ဆိုတဲ့ အခါကျတော့၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း သူတို့က အကောင်းမြင်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ကို ဝေဖန်တာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် တက်လာရင်လည်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နဲ့ လုပ်နိုင် ကိုင်နိုင်တယ် ဆိုတဲ့ အနေအထားမျိုးတွေ ပြောခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒုသမ္မတ ဟူကျင်းတောင်နဲ့ ပါလာတဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့၊ ကျနော်တို့နဲ့ (မြန်မာ) သံအမတ်ကြီး အိမ်မှာ တခါ တွေ့ခဲ့ကြတာ ရှိပါတယ်။ နောက် တခါ ၀ါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးမှာ ထောက်လှမ်းရေးလို အဖွဲ့အစည်းမျိုး၊ ကျနော်တို့လို အဖွဲ့တွေ ရှိပါတယ်။ သူတို့နဲ့ နှစ်ခါသုံးခါလောက် ဟော်တယ်တွေမှာ တွေ့ပြီး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး စကားစမြည် ပြောခဲ့ ဘူးလို့၊ အခု ဒါကို ကျနော် ပြန်ပြောနိုင်တာပါ။

ဦးရော်နီညိမ်း ။ ။ နောက်တခုက ရေဒီယိုအင်တာဗျူး တခုမှာ ကျနော်တို့ကို ပြောပြဘူးတာ ရှိပါတယ်။ ၁၉၉၀ ကျော် လာတဲ့ အခါမှာ၊ တကြိမ်တခါမှာ၊ ဗိုလ်မှူးတို့က ထိုင်ဝမ် ထောက်လှမ်းရေး အဖွဲ့ကို မိလိုက်တယ်။ နည်းနည်းနောနော ပိုက်ကွန် အဖွဲ့ကြီး မဟုတ်ဘူး။ ဒါပေမယ့်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်နဲ့၊ ဘာမှ မလုပ်ပဲ ဒီအတိုင်း ထားရတယ်၊ ဆိုတာ။ အဲဒါကို အခု နောက်တခေါက် ပြန်ပြီး ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟုတ်ပါတယ် ခင်ဗျ။ အဲဒါကလည်း၊ ခုနကကိစ္စတွေနဲ့ ပြန်ဆက်ပြီး ပြောရရင်၊ ၁၉၉၀ ရွေးကောက်ပွဲ နိုင်သူတွေကို အာဏာလွှဲ မပေးတော့ဘူး ဆိုတဲ့ အချိန်အခါမှာ၊ တရုတ်က မြန်မာအစိုးရ အပေါ်မှာ၊ အခြေအနေ စောင့်ကြည့်တဲ့ အနေအထားမျိုးတွေ ရှိလာပါတယ်။ နောက်ပိုင်းမှာ၊ အားလုံး သိတဲ့ အတိုင်းပဲ ဗိုလ်ချုပ်ကြီး သန်းရွှေ တက်လာ ကတည်းကိုက၊ တရုတ်နဲ့ ပတ်သက်ပြီးတော့ရော အမေရိကန်နဲ့ ပတ် သက်ပြီးတော့ရော၊ သူက ကြွေးကြော်ခဲ့တာက၊ တရုတ်ဆိုရင်လည်း “ငါတို့ တရုတ်ကိုချစ်လို့ ပေါင်းနေတာ မဟုတ်ဘူး။ မလွှဲသာလို့ ပေါင်းနေတာကွ” ဆိုတာပါ။ အဲဒီလို ကြွေးကြော်သံ မျိုးတွေ ရှိခဲ့ပါတယ်။ တရုတ် ဆန့်ကျင်ရေးပေါ့။ သူ ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ တပ်မမှူး (အမှတ် (၈၈) ခြေမြန်တပ်မ) ဖြစ်တဲ့ အချိန်ထိ ကို၊ တရုတ်က ထောက်ခံနေတဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ တပ်တွေနဲ့ တိုက်ခဲ့ရတာကိုး။ သူတင် မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကြီး မောင်အေးရော၊ နှစ်ယောက်စလုံးပါ။

ဦးရော်နီညိမ်း ။ ။ အရှေ့မြောက်ခြမ်းတို့ အရှေ့ဘက်ခြမ်းတို့မှာ၊ တိုက်ပွဲတွေ ၀င်ခဲ့ဘူးတဲ့၊ မြန်မာ့ တပ်မတော်သား အကုန်လုံးမှာ၊ တရုတ်နဲ့ ပတ်သက်လို့၊ ဒီခံစားချက်မျိုး ရှိမယ် ထင်ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ဒီ ခံစားချက်တွေ ရှိပါတယ်။ (ဗမာပြည် ကွန်မြူနစ် ပါတီ၏ တပ်ဖွဲ့များ ဖြစ်ခဲ့သည့် ‘၀’ တပ်၊ ကိုးကန့် တပ်များနှင့်) ငြိမ်းချမ်းရေး လုပ်ဖို့ ကိစ္စမှာလည်း၊ ဒီလိုပဲ၊ အဲဒီအချိန် တုန်းက ဗိုလ်ချုပ်စောမောင်တို့၊ ဗိုလ်ချုပ် ခင်ညွန့်တို့၊ သူတို့ ဦးနေ၀င်းကို ပြောပြီးတော့၊ ဦးနေ၀င်းဆီက green light ရလို့၊ သူတို့ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်လိုက် ကြတာကိုး။ အဲဒီလိုမျိုး အခြေခံ စိတ်ဓါတ် ရှိတဲ့အတွက် ကြောင့်၊ ၁၉၉၄ ခုနှစ်မှာ ဖြစ်ခဲ့တာ တခုက၊ အဲဒီအချိန်က လားရှိုး ထောက်လှမ်းရေး (၉) တပ်မှူးက၊ ဗိုလ်မှူးတင် မောင်ဋ္ဌေးပါ။ အဲဒီအချိန်မှာ လားရှိုးက AD ဂိတ်မှာ၊ တရုတ် လူမျိုးတယောက်ကို ဆက်သွယ်ရေး စက်တွေနဲ့ အတူ ဖမ်းမိ လိုက်တာ ရှိပါတယ်။ သူလျှိုတွေသုံးတဲ့ ဆက်သွယ်ရေး စက်မျိုးနဲ့ ဖမ်းမိ လိုက်တယ်။ အဲဒီတရုတ် ဟာ ဒီလို ပစ္စည်းတွေ ပါလာတယ် ဆိုပြီး၊ ကကလှမ်းကို သတင်းပို့တယ်၊ ရန်ကုန်ကို ပို့လိုက်ဆိုပြီး၊ ကကလှမ်း က ထောက်လှမ်းရေး (၉)ကို ညွှန်ကြား လိုက်ပါတယ်။ အဲဒီတရုတ်ကို ရန်ကုန် ရောက်တဲ့အခါ interrogation (စစ်ကြောရေး) လုပ်လိုက်တဲ့ အခါ၊ သူတို့ဟာ ထိုင်ဝမ် ထောက်လှမ်းရေးရဲ့ spy ပေါ့ဗျာ၊ သူလျှို တယောက်ဖြစ် ပြီးတော့၊ တရုတ်နိုင်ငံရဲ့ သတင်းတွေကို ယူနေတဲ့ ကောင်တွေ ဖြစ်ပါတယ်။ သူ့ကို ဆက်ပြီး ဖေါ်ထုတ်လိုက်တဲ့ အခါမှာ မန္တလေးမှာ ဆက်ဖမ်းလို့ ရတယ်။ လားရှိုးဘက်မှာ ဆက်ဖမ်းလို့ ရတယ်။ ဟိုဘက် ကွတ်ခိုင် ဘက်မှာ ဆက်ဖမ်းလို့ ရတယ်။ အားလုံး အတွဲလိုက် (၉) ယောက်လောက်၊ ကွန်ယက်တခု ပိုက်ကွန် တခုကို ကျနော်တို့ ဖေါ်ထုတ် နိုင်ခဲ့ပါတယ်။ အကြီးဆုံးကောင်က ရန်ကုန်ကဗျ။ အဲဒီအချိန်မှာ ဒီကောင်က၊ သမိုင်း လမ်းဆုံနားမှာ နေတယ်။ အယောင်ပြ ထားတာက၊ electronic ဆိုင်မျိုးကို၊ ဒီကောင်က ဖွင့်ထားတယ်။ ထိုင်ဝမ် ထောက်လှမ်းရေးက ပေးထားတဲ့ သူ့ရဲ့ အဆင့်က၊ Colonel ဖြစ်ပါတယ်။ သူ့နံမည် တရုတ်လိုတော့၊ ကျနော် မေ့နေပြီ။ မြန်မာနံမည်က ၀င်းနိုင်။ ဆိုတော့၊ ထိုင်ဝမ် ထောက်လှမ်းရေးရဲ့ ဗိုလ်မှူးကြီးဝင်းနိုင် ပေါ့။ အဲဒီ အချိန်တုန်းက၊ သူက မကြာမကြာ ထိုင်ဝမ်နဲ့ သွားသွားလာလာ လုပ်နေတဲ့ လူပါ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ဒီကိစ္စကို ဘယ်လို ဆက်ပြီး အရေးယူလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ သူတို့က မြန်မာပြည်နဲ့ မြန်မာ အစိုးရနဲ့ ပတ်သက်ပြီး၊ ဘာမှ သတင်း ထောက်လှမ်းတာ မရှိဘူး ခင်ဗျ။ အထူးသဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တ၀ိုက်က သတင်းတွေကို၊ ထိုင်ဝမ်ကို သူတို့ ပြန်ပို့ပေးရတဲ့ အနေအထားမျိုး ရှိတယ်။ ဒီလို စစ်ကြော ရရှိချက်တွေကို ကျနော်တို့က အထက်ကို တင်ပြတယ်။ ဗိုလ်ချုပ် ခင်ညွန့်က ဗိုလ်ချုပ်ကြီး သန်းရွှေကို ဆက်ပြီး တင်ပြတယ်။ အဲဒီအခါကျ၊ ကျနော်တောင် အံ့သြသွားတယ်။ ဘာဖြစ်လို့လဲ အံ့သြသွားလဲ ဆိုတော့၊ ကျနော်တို့ကို အများက ထင်ကြတယ်၊ ကျနော်တို့ကို တရုတ်ရဲ့ တပည့် တရုတ်ရဲ့ သြဇာခံလို့၊ ပြောနေကြတာကိုး။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး သန်းရွှေဆီက မှတ်ချက်ကို ကျနော်တို့ ပြန်သိရတာက၊ သူပြောတာက “ဒီ ထိုင်ဝမ်ကောင်တွေက၊ ငါတို့ကို ဒုက္ခပေးတာ မဟုတ်ဘူး၊ သူတို့ကို ပြန်လွှတ်ပေးလိုက်၊ ပြီးတော့ သူတို့ရတဲ့ တရုတ် ပြည်မကြီးရဲ့ သတင်းကို၊ ငါတို့ကိုလည်း ပေးခိုင်း” ဆိုပြီးတော့မှ၊ ကျနော်တို့ ထောက်လှမ်းရေး သဘောနဲ့ ပြောရင် double agent (နှစ်ဘက်ချွန်သူလျှို) လုပ်ခိုင်းတဲ့၊ မှတ်ချက်ကို ချခဲ့တယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ တရုတ်အစိုးရရဲ့ ထောက်လှမ်းရေး မဟုတ်တောင်မှ၊ သူတို့ကို သတင်းပေးနေတဲ့ လူတွေ၊ မြန်မာပြည် ထဲမှာ အများကြီး ရှိနေတာပဲ။ ထိုင်ဝမ် ထောက်လှမ်းရေး အဖွဲ့ တဖွဲ့ကို၊ မြန်မာ အစိုးရက မိသွားခဲ့တာကို၊ တရုတ်အစိုးရ ဘက်က တနည်းတနည်းနဲ့ မသိနိုင်ဘူးလား၊ မသိသွားဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မသိနိုင်ဘူး ခင်ဗျ။ ဒီကိစ္စက ကျနော်တို့ ကကလှမ်းမှာ၊ လူတိုင်း မသိဘူး ခင်ဗျ။ အဲဒီအချိန် အဲဒီအခါက ဒီကိစ္စကို လုပ်နေတဲ့သူ တယောက် နှစ်ယောက်လောက် သိတယ်ဗျာ။ မှတ်မှတ်ရရ ဗျာ၊ ကျနော်သတိ ထားမိတာက၊ အဲဒီအချိန်က Colonel (G.S.) စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း)က၊ အခု သမ္မတ ကြီးလုပ်နေတဲ့ ဦးသိန်းစိန် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဒါဆိုရင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ အဲဒီအချိန်က စစ်အစိုးရက၊ ထိုင်ဝမ် ထောက်လှမ်းရေး တွေကို ထပ်ဆင့် အသုံးချပြီး၊ တရုတ်ပြည် ယူနန်ပြည်နယ်ထဲမှာ တရုတ်အစိုးရ ဘာတွေလုပ် နေသလဲ ဆိုတာကို၊ ထပ်ဆင့် ထောက်လှမ်း နေတဲ့ အလုပ်ကို၊ ဗိုလ်မှူးတို့က လုပ်နေကြတဲ့ သဘောပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဒီလို ပြောလို့ မရဘူးလား။ မြန်မာ အစိုးရနဲ့ တရုတ်အစိုးရ တို့က တကယ်တမ်း လည်ပင်းဖက် ပုခုံး ဖက်ထားကြတာက၊ ဟန်ပြကောင်းရုံပဲ၊ တကယ်တမ်းက တယောက်နဲ့တယောက် သူ့အိပ် ထဲမှာ ဘာရှိလဲ၊ ကိုယ့်အိပ်ထဲမှာ ဘာရှိလဲ၊ ချောင်းနေကြတဲ့ သဘော၊ ရှိမနေဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန် အဲဒီအခါက၊ အဲဒီလို ရှိနေတာကတော့၊ အမှန်ပါပဲ ခင်ဗျ။ တရုတ်ကလည်း….

ဦးရော်နီညိမ်း ။ ။ အခုကော၊ ဒီအတိုင်းပဲ ဖြစ်မနေဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အခုလည်းပဲ ဒီအတိုင်း ဖြစ်တော့ဖြစ်တယ်၊ ဒါပေမယ့် မြန်မာအစိုးရက တရုတ် အစိုးရရဲ့ အောက်မှာ၊ အတော်လေးကို ခံနေရပြီ ခင်ဗျ။ တရုတ်ကို သွားသွား ကစားရင်းနဲ့ မြန်မာက ခံနေရ တာ။ တရုတ်ကလည်း သူတို့ အကြောင်းကို သိသွားပြီလေဗျာ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ခုနက ထိုင်ဝမ်ထောက်လှမ်းရေးတွေက၊ နောက်ဆုံး ဘယ်လို ဖြစ်သွားလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နောက်ပိုင်း တောက်လျှောက်မှာ၊ အဲဒီ ၀င်းနိုင်ဆိုတဲ့ ပုဂ္ဂိုလ်ကို၊ အဲဒီ အဲဒီအခါ တုန်းက တပ်မတော် ထောက်လှမ်းရေး အကူတပ်က၊ သူတို့က ထိန်းထားတယ် ခင်ဗျ။ ကျနော် အမေရိကားကို ထွက်လာတဲ့ အထိ၊ သူ့ရဲ့ ဖိုင်တွေရော၊ report (အစီရင်ခံစာ) တွေရော၊ ကျနော်တို့ (ကကလှမ်း) ရုံးမှာ ကျန်ခဲ့ ပါတယ်။

ဦးရော်နီညိမ်း ။ ။ လူတွေက ရော။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ လူတွေလည်း၊ နောက်ပိုင်းမှာ ဘယ်လိုဆက်ဖြစ်လဲ ကျနော် မပြောတတ်ဘူး။ ကျနော်တို့ အဖွဲ့တွေ ပြုတ်သွားပြီးတဲ့ နောက်ပိုင်းမှာပေါ့။

ဦးရော်နီညိမ်း ။ ။ အဲဒီလိုတော့ ဖြစ်ခဲ့တယ်ပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီလို ဖြစ်ခဲ့တာကိုတော့၊ ကျနော်ကိုယ်တိုင် ဒီကိစ္စမှာ ကိုင်တွယ် ပါဝင်ခဲ့ရလို့၊ ကျနော် ပြောတာပါ။

ဦးရော်နီညိမ်း ။ ။ ဒါဆို တယောက်နဲ့တယောက် ဟန်ပြပြောနေသလို ဆွေမျိုးပေါက်ဖေါ် ရင်းနှီးချစ်ကြည် မှု မဟုတ်ပဲနဲ့၊ ဖြစ်နေကြတာပေါ့။ အဲဒီတော့ မြန်မာ အစိုးရက ခံနေရတဲ့ ဘက်ကို၊ ဘယ်လို ရောက်လာလဲ ခင် ဗျ။ ကိုယ်က သွားပြီး ကစားပေမယ့်၊ တဖြည်းဖြည်း ကိုယ်က ခံလာရတဲ့ အနေအထားကို၊ ဘယ်လိုရောက်လာ ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီလိုမျိုးတွေ တရုတ်ကို သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) က၊ သွားသွားလုပ် တယ် ခင်ဗျ။ အဲဒီအချိန် အဲဒီအခါ တုန်းကတော့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်က သူ့ကိုယ်သူ ဟုတ်လှပြီ၊ လည်လှပြီလို့ ထင်နေတာပေါ့ ခင်ဗျာ။ အဲဒီလောက် အထိကို သူ့ကိုယ်သူ ဘ၀င်တွေ မြင့်ခဲ့တဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ကလည်း အချဉ်တော့ မဟုတ်ဘူး။ မြန်မာပြည်မှာ အဲ့ဒီအချိန်က ဘာ income (၀င်ငွေ) မှ မရှိသေးဘူး။ မူးယစ်ဆေးဝါး ပိုက်ဆံ (လက်နက်ကိုင် မူးယစ်ဆေးဝါး ရာဇာများ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေအစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး၊ မူးယစ်ဆေးဝါးမှ ရရှိနေသော ငွေများနှင့် ကုမ္ပဏီကြီးများ၊ ဘဏ်ကြီးများ၊ လေကြောင်းလိုင်းများ မြန်မာနိုင်ငံတွင် တရားဝင်ထူ ထောင်ကြပြီး၊ ငွေမည်းများကို ငွေဖြူအဖြစ် လျှော်ဖွပ်ကြ ရာမှ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရထံလည်း အခွန်ငွေ၊ ၄င်းတို့၏ လုပ်ငန်း လည်ပတ်ငွေများ အဖြစ် ၀င်လာ ကြသည့်၊ ငွေဖြူများ) ကို မှီခိုရတာ ရှိတယ်။ သစ်ရောင်းလို့ ရတာ ရှိတယ်။ ကျန်တဲ့ ငါးတို့ ရေထွက်ပစ္စည်းတို့ ရောင်းလို့ ရတာတွေ ၀င်ငွေ နည်းနည်း ပါးပါးပဲ ရှိတယ်။ အဲဒီအချိန်မှာမှ၊ ဗိုလ်ချုပ်ကြီး စောမောင် လက်ထက်က၊ စစ်ပစ္စည်းတွေ (အမေရိကန်ဒေါ်လာ) two billions (သန်းပေါင်းနှစ်ထောင်) ဖိုး ၀ယ်ထားခဲ့တာတွေကို၊ တရုတ် က အကြွေးတောင်းတယ် ခင်ဗျ။ အားလုံးကို မဆပ်ခိုင်းပေမယ့်၊ အတိုးကို ဆပ်ခိုင်းတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ အဲဒီအချိန်က အတိုးလည်း မပေးနိုင်ဘူး။ တရုတ် ဆိုတာကလည်း၊ စီးပွားရေးသမား ဆိုတော့၊ အတိုးတောင် မပေးနိုင်တဲ့ အခါကျတော့၊ ကဂျီကဂျောင် ကျရော ခင်ဗျ။ ပူညံပူညံ ဖြစ်တာတွေ၊ အဲဒီအချိန်က ရှိခဲ့ပါတယ်။ တရုတ်ဆီက စစ်ပစ္စည်း two billions ဖိုး ၀ယ်လိုက်တဲ့ ဟာတွေကလည်း၊ အစုတ်တွေချည့်ပဲ။ လေယာဉ်ပျံတွေကော၊ တင့်ကားတွေကော၊ တော်တော်များများက အစုတ်တွေ ချည့်ပါပဲ။

ဦးရော်နီညိမ်း ။ ။ မြန်မာပြည်ကို တရုတ်သမ္မတကျန်ဇီမင်း ရောက်လာခဲ့တယ်။ အဲဒီတုန်းက စပြီး၊ မြန်မာ အစိုးရနဲ့ တရုတ် အစိုးရတို့ သဘောတူညီ မှုတွေ၊ MOU (memorandum of understanding - နားလည်မှုစာ ချွန်လွှာ) တွေ၊ အရေအတွက် တော်တော်များများ စပြီး၊ လက်မှတ်တွေ ထိုးလာခဲ့တယ်၊ ၁၉၈၈ ခုနှစ် နောက် ပိုင်းမှာ။ အဲဒါတွေလည်း ကျနော်တို့ တွေ့ခဲ့ရပါတယ်။ အဲဒီ အချိန်အခါရော၊ ဗိုလ်မှူးက မှီလိုက်လား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ အဲဒီဇာတ်လမ်းကို ကျနော်ပြောရရင်၊ ၁၉၉၆ခုနှစ်မှာ ဒီဇာတ် လမ်းက စခဲ့ပါတယ်။ ၁၉၉၆ ပြီးတော့ ၁၉၉၇မှာ၊ အမေရိကန် အပါအ၀င် အနောက် ဥရောပ နိုင်ငံတွေ အပါအ ၀င်၊ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဖြစ်လာတာ ရှိတယ်။ နောက်တခု သတိထား မိပါလိမ့်မယ်။ အဲဒီ အချိန်ကျမှ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး၊ လူ့အခွင့်အရေးတို့၊ forced labor (အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း) တို့၊ ကလေးစစ်သား ကိစ္စတို့ ဆိုတာတွေ က၊ အဲဒီ ၂၀၀၀ ခုနှစ် မတိုင်ခင်လောက် အတွင်းမှာမှ ကုလသမဂ္ဂမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါတွေ ဖြစ်လာတဲ့ အခါကျတော့၊ အနောက်နိုင်ငံတွေ ထဲကလည်း သူ့ (ဗိုလ်ချုပ် မှူးကြီးသန်းရွှေ) ကို၊ ကယ်မယ့်လူ မရှိတော့ဘူး။ ဘာလို့လဲ ဆိုတော့၊ စီးပွားရေး ပိတ်ဆို့တာတို့၊ ၀ိုင်းပြီး pressure (ဖိအား) ပေးတာ တို့တွေ ရှိလာပြီ။ အဲဒီအချိန်အခါမှာ၊ သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) တရုတ်ကို ပြေးပြီး ကပ်ရတဲ့၊ အနေအထားမျိုး ရောက်သွား ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ၊ အားလုံး သိကြပါတယ်၊ မြန်မာ နိုင်ငံကို ASEAN ထဲ ၀င်ဖို့ ဘာတို့ ကိစ္စတွေမှာ၊ တရုတ်ရဲ့ အကြံပေးချက်တွေလည်း တစိပ်တပိုင်း ပါပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီ ၁၉၉၇ ခုနှစ်နောက်ပိုင်း နိုင်ငံတကာက အနောက်အုပ်စုက၊ ပြင်းပြင်း ထန်ထန် အရေးယူ ပိတ်ဆို့ ဒဏ်ခတ်တာတွေ လုပ်လိုက်တဲ့ အခါမှာ၊ တရုတ်ဘက်ကို ပိုပြီးရွေ့သွားတဲ့ တရုတ်ကို အားကိုးလာရတဲ့ သဘောကို၊ စလာတာလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်အခါမှာ၊ ကျနော်တို့ အဖွဲ့ (ထောက်လှမ်းရေးအဖွဲ့) တွေ အနေနဲ့ သိလိုက်ပြီ။ သူ ဒီလို လုပ်နေရင်၊ အနောက်အုပ်စု ကလည်း ဖိအားတွေ တောက်လျှောက် ပေးလာတဲ့ အခါမှာ၊ တရုတ်ဘက်ကို ရောက်သွားမယ် ဆိုတာ။ ဒါက မှန်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီအခါကျတော့၊ ဒီ အမေရိကန်တို့ တရုတ်တို့ အိန္ဒိယတို့ ကြားမှာ၊ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရက၊ သွားသွားပြီး ကစားနေတာဟာ၊ နောက်ဆုံး ရလဒ်က ဘယ်လို ဖြစ်လာလဲ ခင်ဗျ။ အခုလက်ရှိ စစ်ခေါင်းဆောင်တွေ အတွက် ဘယ်လို သင်ခန်းစာ ယူစရာ ဖြစ်နေပါလဲ ခင်ဗျ။ အခု စစ်ခေါင်းဆောင်တွေက၊ ပြောမယ် ဆိုရင်တော့၊ အခုအချိန်ထိ နိုင်ငံရေးနဲ့ ပတ်သက်လို့ သံတမန် ရေးနဲ့ ပတ်သက်လို့၊ ရှေ့က လူဟောင်းတွေ လုပ်သွားသမျှ၊ သူတို့က ခံရမယ့် သဘောမှာ ရှိနေတယ်။ သူတို့ ကတော့ လောလောဆယ်မှာ၊ ပြစ်မျိုးမှည့်မထင် အနေအထားမှာပဲ ရှိသေးတယ်။ ဒါပေမယ့် အခု သူတို့ တချက် မှားသွားရင်တော့၊ ရှေ့ကလူတွေ လုပ်သွားတဲ့ ဟာတွေက၊ သူတို့ရဲ့ အမှား ဖြစ်သွားမယ့် အနေအထား လည်း ရှိနေတယ်။ အဲဒီတော့ ဒါတွေကို ဗိုလ်မှူး ဘယ်လိုမြင်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရှေ့က ဖြစ်ခဲ့တဲ့ ဥစ္စာတွေကို၊ အခု လက်ရှိစစ်ခေါင်းဆောင်တွေ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအ၀င်၊ ကျန်တဲ့ အောက်က စစ်ခေါင်းဆောင်တွေ အနေနဲ့၊ ဗိုလ်ချုပ်ကြီး သန်းရွှေတို့ ဗိုလ်ချုပ်ကြီး မောင်အေးတို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့၊ နောက် ဗိုလ်ချုပ်ကြီး ရွှေမန်းတို့ အဖွဲ့တွေ၊ ဘာတွေ လုပ်ခဲ့ကြတယ် ဆိုတာကို၊ သူတို့ ဂဃနဏ သိပုံ မပေါ်ပါဘူး။ တရုတ်နဲ့ ပတ်သက်ပြီး ကျနော် ဆက်ပြောချင်တာက၊ ခုန ၂၀၀၁ ခုနှစ်မှာ ကိုရော်နီပြောတဲ့ တရုတ် သမ္မတ ကျန်ဇီမင်းက မြန်မာပြည် လာတယ်။ လာတဲ့အခါမှာ၊ ရေအား လျှပ်စစ်တို့ စီမံကိန်းတွေ အပြင်မှာ၊ တော်တော် များများ သူတို့ (စစ်အစိုးရ) လက်မှတ်ရေးထိုး ပေးလိုက်ရတာ တွေ ရှိတယ်။ ပထမ အမေရိကန်က ယူနိုကော်လ် (UNOCAL ရေနံကုမ္ပဏီ) တို့၊ ပြင်သစ်က တိုတယ်လ် (TOTAL ရေနံကုမ္ပဏီ) တို့က တူးလို့ရတဲ့ gas (သဘာဝဓါတ် ငွေ့)ကို ယိုးဒယားကို ရောင်းခဲ့တယ် ဗျာ။ ဒါတွေ ကနေ ပိုက်ဆံရတာကို မျှော်ကိုးပြီးတော့မှ၊ ကျန်ဇီမင်း လာတဲ့အချိန်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက၊ အဲဒီ အချိန်အခါကျမှ မြန်မာနိုင်ငံထဲမှာ စတင်ရတဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့၊ ထောက်လှမ်းရေး အရာရှိ ဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့၊ ဆက်သွယ်မေးမြန်းပြီး တင်ဆက် ပေးခဲ့တာပါ ခင်ဗျာ။ ရှေ့သီတင်း ပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဦးအောင်လင်းထွဋ်နဲ့ ပြောစကားတွေကို ဆက်ပြီး တင်ဆက် ပေးသွားပါမယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။


Ref: VOA News

Read More...

အပေါ်သို့