..............................

Friday, March 18, 2011

Civil Society ဆိုရာဝယ်

Thursday, March 17, 2011

နိဒါန်း

နိုင်ငံရေးနဲ့ လူမှုရေး သိပ္ပံပညာရှင်များက paradigm of social orderမှာ မဏ္ဍိုင် သုံးမျိုး ရှိတယ်လို့ ရှုမြင် သုံးသပ် ထားကြပါတယ်။ ဒီသုံးမျိုးကတော့ နိုင်ငံတော် (The state)၊ ဈေးကွက် (The Market) နဲ့ အရပ်ဘက် လူ့ အဖွဲ့အစည်း (The Civil Society) တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဈေးကွက်ကို ပထမ မဏ္ဍိုင်နဲ့ ဒုတိယ မဏ္ဍိုင်လို့ သတ်မှတ်ကြတဲ့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းကို ကျတော့ တတိယ မဏ္ဍိုင် လို့ သတ်မှတ် ကြပါတယ်။ Civil society ဆိုတဲ့ သဘောတရားကို လူမှု ဖွဲ့စည်းပုံ အမျိုးမျိုးမှာ အဓိပ္ပာယ် ဖွင့်ဆို ထားကြပြီး၊ အထူးသဖြင့် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အကြားက ဆက်နွယ်မှုတွေမှာ အကျိုး သက်ရောက်မှု ရှိတဲ့ သဘောတရား တခုအဖြစ် ယူဆ ထားကြပါတယ်။ Civil society သဘောတရားကို အထင်ရှားဆုံး ကိုယ်စားပြု ဖော်ဆောင်တဲ့ အဖွဲ့ အစည်းတွေ ကတော့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (non-government organizations or NGOs) တွေပဲ ဖြစ်ပြီး၊ အန်ဂျီအိုတွေကို (civil society organizations or CSOs) တွေအဖြစ်လဲ သတ်မှတ် ခေါ်ဆို ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အရပ်ဘက် လူ့အဖွဲ့အစည်း (civil society) ဆိုတဲ့ သဘောတရားနဲ့ နိုင်ငံတော် အစိုးရတွေ အပေါ် သက်ရောက်မှု တွေဟာ ၂၁ ရာစု၊ ကမ္ဘာ့ လူ့ အဖွဲ့အစည်းရဲ့ ထင်ရှားတဲ့ ပြယုဂ်တွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတော်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း ကြားက ဆက်နွယ်မှု ဆိုင်ရာ သဏ္ဍာန်များ (State – Civil Society Relational Models) လေးမျိုးကို အခြေခံပြီး၊ civil society သဘောတရားကို ရှုမြင် သုံးသပ်ပုံနဲ့ အကောင်အထည်ဖော် ဆောင်ရွက် ပုံတွေ ကွဲပြားပါတယ်။ ဒီလေးမျိုးကတော့ ထိပ်တိုက် ရင်ဆိုင်မှုပေါ်မှာ အခြေခံတဲ့ confrontational model ၊ ပူးပေါင်း ဆောင်ရွက်ခြင်း အပေါ်မှာ အခြေခံတဲ့ collaborative model ၊ ထိပ်တိုက် ရင်ဆိုင်ခြင်း- ပူးပေါင်း ဆောင်ရွက်ခြင်း မရှိပဲ သီးခြား ရပ်တည်မှုပေါ်မှာ အခြေခံတဲ့ autonomous model၊ ကြားဝင် စေ့စပ် ဖြေရှင်းခြင်း အပေါ်မှာ အခြေခံတဲ့ mediational modelတို့ပဲ ဖြစ်ပါတယ်။

Confrontational Model of Civil Society
ဆယ့်ခုနစ်ရာစုနဲ့ ဆယ့်ရှစ်ရာစု ကာလတွေမှာ ဥရောပမှာ modern state system ဆိုတဲ့ အတွေး အခေါ်တွေ ထွန်းကား လာခဲ့ပါတယ်။ အကြွင်းမဲ့ အာဏာ ကျင့်သုံးမှု စနစ်၊ ဘုရင် စနစ်တွေနဲ့ အပြိုင် ပေါ်ထွက်လာ ခဲ့တဲ့ ဒီ အတွေးအခေါ်တွေ ထဲမှာ အရပ်ဘက် လူ့အဖွဲ့အစည်း (civil society) ဆိုတဲ့ သဘောတရား ကလဲ စတင် ပေါက်ဖွား လာပါတယ်။ နိုင်ငံရေး တွေးခေါ် ပညာရှင်တွေ ဖြစ်တဲ့ Montesquieu နဲ့ Kant တို့ရဲ့ ရေးသားချက်တွေ ထဲမှာ အရပ်ဘက် လူ့အဖွဲ့အစည်း ဆိုတာကို အုပ်ချုပ်သူတွေရဲ့ အကြွင်းမဲ့ အာဏာကို ထိန်းညှိ စစ်ဆေးဖို့ လိုအပ်တဲ့ မဏ္ဍိုင်တခု အနေနဲ့ ရည်ညွှန်း ထားကြပါတယ်။ အဲဒီအချိန် ကာလက အစပြုပြီး ဥရောပ နိုင်ငံရေး ဒဿနိကရဲ့ Liberal tradition တခုလုံးမှာ အရပ်ဘက် လူ့အဖွဲ့အစည်း ဆိုတာကို ထိပ်တိုက် ရင်ဆိုင်ခြင်း အသွင် သဏ္ဍာန်နဲ့ အဓိပ္ပာယ် ဖွင့်ဆို ခဲ့ကြပါတယ်။

Neo-conservative tradition မှာလဲ civil society ဆိုတာကို နိုင်ငံတော်နဲ့ ဆန့်ကျင်ဘက် အနေနဲ့ သုံးသပ်ပြီး၊ ဈေးကွက် လုပ်ငန်း ဆောင်တာတွေရဲ့ နိုင်ငံရေး မပါသော မဏ္ဍိုင် အဖြစ် သတ်မှတ်ထားကြပါတယ်။ ဆိုရှယ်လစ် ပညာရှင် တယောက်ဖြစ်တဲ့ Vaclav Havel ကလဲ civil society ဆိုတာ နိုင်ငံရေး ဆန့်ကျင်ခြင်း ဒိုမိန်း (domain of anti-politics) ဖြစ်ပြီး၊ နိုင်ငံတော်နဲ့ အရပ်ဘက် လူ့အဖွဲ့ အကြားက ဆက်နွယ်မှုဟာ ဆန့်ကျင်ဘက် ဆက်နွယ်မှု လို့ ဆိုခဲ့ပါတယ်။ နိုင်ငံရေးပညာရှင် Ernest Gellner နဲ့ Şerif Mardin ဆိုသူတို့ကလဲ civil society ဆိုတာ နိုင်ငံတော်ရဲ့ လူ့အဖွဲ့အစည်းပေါ် ထိန်းချုပ်မှုတွေကို ထိန်းညှိပေးဖို့ ပေါ်ထွက် လာတဲ့ counter-balancing mechanism လို့ ဆိုခဲ့ကြပါတယ်။

ဒီလို ထိပ်တိုက် ရင်ဆိုင်ခြင်း၊ ထိန်းညှိပေးခြင်း ဆိုင်ရာ Confrontational Model ကို အခြေခံပြီး Civil Society အားကောင်း လာအောင် ပြုလုပ်တဲ့ အန်ဂျီအို အဖွဲ့ အစည်းတွေ ယနေ့ ကမ္ဘာမှာ အများအပြား ရှိပါတယ်။

Autonomous Model of Civil Society

၂၀ ရာစုနှောင်းပိုင်းမှာ ထိပ်တိုက်ရင်ဆိုင်ခြင်း အတွေးအခေါ်က နိုင်ငံတော်နဲ့ civil society ကို ဆန့်ကျင်ဘက် အနေနဲ့ သတ်မှတ်မှု အပေါ်မှာ အခြေခံပြီး၊ anti-statist ideological agenda အပေါ်မှာ အခြေခံ ထားတယ်လို့ ရှုမြင် သုံးသပ် သူတွေလဲ ပေါ်ထွက် လာခဲ့ပါတယ်။ Civil Society ဟာ နိုင်ငံတော်နဲ့ ကွဲပြား ခြားနားတာ မှတ်ပေမယ့် နိုင်ငံတော်ကို ဆန့်ကျင်တာ မဟုတ်ပဲ ကိုယ်ပိုင်သီးခြား ရပ်တည်တဲ့ မဏ္ဍိုင် တခုသာ ဖြစ်တယ်လို့ Robert Hefner, Keith Tester, David Anderson, Jean Cohen နဲ့Andrew Arato စတဲ့ civil society theorists တွေက ဆိုခဲ့ကြပါတယ်။

Charles Taylor, Larry Diamond, Gordon White, John A. Hall နဲ့ He Baogang စတဲ့ နိုင်ငံရေး ပညာရှင်များ ကလဲ ဒီအဆိုကို လက်ခံ ခဲ့ကြပါတယ်။ Civil Society ဆိုတာ နိုင်ငံတော်ရဲ့ လွှမ်းမိုး ချုပ်ကိုင်မှုက လွတ်ကင်းတဲ့ လွတ်လပ်သော အစုအဖွဲ့များ ပါဝင်နေတဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်ကြောင်း Charles Taylor က ဆိုခဲ့ပါတယ်။ Hall ကလဲ လူ့ အဖွဲ့အစည်းက နိုင်ငံတော်ရဲ့ ပါဝင် ပတ်သက်မှု မရှိပဲ မိမိတို့ ဘာသာ သီးခြား စုဖွဲ့မှု ‘societal self-organization’ ဟာ civil society ရဲ့ သွင်ပြင် လက္ခဏာ တရပ်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ Baogang ကတော့ civil society တည်ရှိမှု ဆိုတာကို သက်ဆိုင်ရာ နိုင်ငံရဲ့ လူ့အဖွဲ့အစည်း တွင်းမှာ ပေါ်ထွက် နေတဲ့ အသင်းအပင်း တွေဟာ နိုင်ငံတော်ရဲ့ လွှမ်းမိုး ချုပ်ကိုင်မှု ဘယ်လောက် ကင်းသလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာ နိုင်ကြောင်း ဆိုထား ခဲ့ပါတယ်။

Autonomous Model of Civil Society သဘောတရား တွေကို လူမှုရေး အသင်းအဖွဲ့တွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ကြတဲ့ အဖွဲ့အစည်း များစွာက လက်ခံ ကျင့်သုံးနေ ကြပါတယ်။ သို့ပေမယ့် ဒီသဘော တရားတွေဟာ neo-conservative paradigm မှာ အခြေခံတဲ့ civil society ဆိုတာ depoliticized sphere ဆိုတဲ့ အမြင်ကိုတော့ ဆန့်ကျင်ပါတယ်။ လူထု အခြေပြု နိုင်ငံရေး လှုပ်ရှားမှု တွေနဲ့ ပတ်သက်တဲ့ voluntary social movements paradigm အယူ အဆတွေနဲ့ ပိုပြီး ဆက်နွယ်မှု ရှိပါတယ်။

Collaborative Model of Civil Society

၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု ကနဦးပိုင်း ကာလတွေမှာ ကမ္ဘာ့ နိုင်ငံ တော်တော် များများက နိုင်ငံတော် အစိုးရတွေဟာ ပြည်သူ့ အကျိုးစီးပွားကို ဦးတည်တဲ့ ဒီမိုကရေစီ အစိုးရတွေ ဖြစ်လာကြပါတယ်။ ဒီလို ပြောင်းလဲမှု တွေနဲ့အတူ နိုင်ငံတော်နဲ့ ထိပ်တိုက် ရင်ဆိုင်ခြင်းပေါ် အခြေတည်တဲ့ confrontational model နဲ့ သီးခြား ရပ်တည်တဲ့ autonomous model တွေအပြင် ပူးပေါင်း ဆောင်ရွက်ခြင်း အပေါ် အခြေတည်တဲ့ collaborative model ကိုလဲ ပညာရှင် အများစုက ဦးစားပေး တင်ပြ လာကြပါတယ်။ civil society ရဲ့ နိုင်ငံရေးရှုထောင့် (political dimension) ကို အာရုံစိုက်ခြင်း မရှိပဲ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး စတဲ့ မူဝါဒရေးရာ တွေမှာ နိုင်ငံတော်နဲ့ Civil Society Organizations တွေ ပူးပေါင်း ပါဝင်သင့်တယ် ဆိုတဲ့ ဒီအယူအဆတွေဟာ civil society ဆိုတာကို depoliticized sphere အဖြစ် ရှုမြင်တဲ့ neo-conservative paradigm အပေါ်မှာ အခြေ တည်တယ်လို့ ဆိုနိုင်ပါတယ်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ မူဝါဒတွေကို ကျယ်ကျယ် ပြန့်ပြန့် အကောင် အထည် ဖော်ဆောင်တဲ့ အခါမှာ ဒီမိုကရေစီ အစိုးရ မဟုတ်တဲ့ အာဏာရှင် အစိုးရတွေနဲ့ အဆင် အပြေဆုံးလို့ ယူဆရတဲ့ အတွက် collaborative model ကို နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ WHO, UNESCO, UNDP အဖွဲ့ အစည်းတွေ အပါအ၀င် Civil Society Organizations တော်တော် များများက အသုံးပြုကြ ပါတယ်။ Civil Society ဆက်လက် ရှင်သန် ရပ်တည်နိုင်မှုကို အထောက်အကူ ပေးနိုင်ဆုံး model တရပ်အနေနဲ့ သတ်မှတ် ထားကြပါတယ်။ အရေးကြီးဆုံး အချက်ကတော့ ဒီ Model ကို အာဏာရှင် နိုင်ငံတွေမှာ အသုံးပြုမယ့် အန်ဂျီအို အဖွဲ့တွေ (အထူးသဖြင့် အဖွဲ့ငယ် လေးတွေ) အနေနဲ့ civil society ဆိုတာကို depoliticized sphere အဖြစ် ကနဦး ရှုမြင်ထားဖို့ လိုပါတယ်။ collaborative model ကို အသုံးပြုပြီးမှ political dimension ကို ထည့်သွင်း လာခဲ့ရင်တော့ အာဏာရှင် အစိုးရနဲ့ ပြဿနာ တက်ရင်တက်၊ မတက်ရင်လဲ အာဏာရှင် အစိုးရရဲ့ အာဏာ တည်မြဲရေး အသုံးချခံ လက်ကိုင် ဒုတ်တွေ ဖြစ်သွား တတ်ပါတယ်။

Mediational Model of Civil Society

တချို့ ပညာရှင်တွေကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း ဆိုတာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း ကြားက စေ့စပ် ဆွေးနွေးရေးကို လုပ်ဆောင် ပေးမယ့် mediating sphere အနေနဲ့ သတ်မှတ် ကြပါတယ်။ နိုင်ငံရေး ပညာရှင် Norton က နိုင်ငံတော်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း ကြားမှာ mediating structure လိုအပ်ချက်ကို civil society က ဖြည့်ဆည်း ပေးနိုင်တယ်လို့ အဆိုပြုခဲ့ပါတယ်။ Sunar ဆိုသူကလဲ အတင်းအကြပ် တိုက်တွန်းခြင်း၊ ချုပ်ခြယ်ခြင်း စတာတွေ မပါတဲ့ စုဖွဲ့မှု ကြားခံ ဒိုမိန်းတခု အနေနဲ့ civil society ကို သတ်မှတ် နိုင်ကြောင်း ဆိုခဲ့ပါတယ်။ Mediational Model ကို လက်ခံ ကျင့်သုံးတဲ့ အန်ဂျီအို အဖွဲ့အစည်း တွေက အရပ်ဘက် လူ့အဖွဲ့အစည်း ဆိုတာကို နိုင်ငံတော် (state) နဲ့ လူ့အဖွဲ့အစည်း (Society) တို့နဲ့ သီးခြား ရှိနေတဲ့ ကြားခံ စေ့စပ် ဆွေးနွေးရေး sphere တခုအနေနဲ့ သတ်မှတ် ထားကြပါတယ်။

အငြင်းပွားမှုများ

အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society)နဲ့ Civil Society Organizations (CSOs) တွေအဖြစ် ပါဝင်နေတဲ့ အန်ဂျီအို အဖွဲ့အစည်း တွေနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်တွေနဲ့ အငြင်းပွားမှုတွေ အများအပြား ရှိပါတယ်။ ထင်ရှားတဲ့ အမြင်တွေကတော့

(၁) အန်ဂျီအိုလုပ်ရင် နိုင်ငံရေးမလုပ်ရဘူး။
ဒီအမြင်က Collaborative Model of Civil Society အပေါ်မှာ အခြေခံပြီး ပေါ်ထွက် လာတာ ဖြစ်ပါတယ်။ Confrontational Model နဲ့ Autonomous Model တွေအပေါ်မှာ အခြေခံပြီး အတိုက်အခံ နိုင်ငံရေးနဲ့ လူထု အခြေပြု နိုင်ငံရေးကို ဖော်ဆောင်နေတဲ့ အန်ဂျီအိုတွေ အများကြီး ရှိပါတယ်။

(၂) နိုင်ငံရေးမလုပ်ပဲ လူမှုရေးအလုပ်တွေ၊ အန်ဂျီအိုအလုပ်တွေ လုပ်နေတယ်။
ဒီအမြင်က အန်ဂျီအိုအလုပ် ဆိုတာကို depoliticized sphere အနေနဲ့ ရှုမြင် သုံးသပ်ချက် ကနေ ပေါ်ထွက် လာတာ ဖြစ်ပါတယ်။ နိုင်ငံရေး ပါဝင် ပတ်သက်မှု (political participation) ဆိုတာမှာ ပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲနဲ့ လွှတ်တော်တွေမှာ ပါဝင် ပတ်သက်တဲ့ conventional politics ဆိုင်ရာ ပါဝင် ပတ်သက်မှု ဆိုတာ ရှိသလို၊ တော်လှန်ရေးတွေ၊ လူထုလှုပ်ရှားမှု၊ စည်းရုံးရေး အသွင် ဆောင်တဲ့ လူထု အခြေပြု နိုင်ငံရေး လုပ်ငန်း ဆောင်တာတွေမှာ ပါဝင် ပတ်သက်တဲ့ contentious politics ဆိုင်ရာ ပါဝင် ပတ်သက်မှု ဆိုတာလဲ ရှိပါတယ်။ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုမှာ နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေပဲ ပါဝင် ဦးဆောင်ရုံနဲ့ လူထု လှုပ်ရှားမှုတွေ ပေါ်ထွက်လာခြင်း မရှိနိုင်ပါ။ တပ်ဦးကျွှံတဲ့ မအောင်မြင်သော တော်လှန်ရေး တွေပဲ ပေါ်ထွက် လာနိုင်ပါတယ်။ လူထုနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ တော်လှန်ရေး အဖွဲ့ အစည်းတွေ တသားတည်း ဖြစ်လာမှသာ အောင်မြင်မှု အလားအလာ ကောင်းတဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက် လာနိုင်ပါတယ်။ ဒီအတွက် လူထုကို လှေကားချ စည်းရုံးနိုင်ဖို့ အန်ဂျီအို အလုပ်တွေ၊ Civil Society အားကောင်း လာအောင် ချဲ့ထွင်မှုတွေ ကိုလဲ politicized sphere အနေနဲ့ အကောင်အထည် ဖော်ဆောင်ရမှုတွေ ရှိတတ်ပါတယ်။



(၃) အန်ဂျီအိုတွေ အာဏာရှင်တွေနဲ့ ပေါင်းလုပ်နေကြတယ်။

Collaborative Model ကို အခြေခံပြီး ဖွဲ့စည်းတဲ့ အန်ဂျီအိုတွေက အာဏာရှင် အစိုးရ တွေနဲ့ မဖြစ်မနေ အလုပ် တွဲလုပ်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီလို တွဲလုပ် ကြတာကို အပြစ်မြင်စရာ မရှိပါ။ သို့ပေမယ့် ဒီလို တွဲလုပ်တဲ့ အခါ depoliticized sphere အနေနဲ့ သတ်မှတ်ပြီး တွဲလုပ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း များကိုတော့ အာဏာရှင် အစိုးရတွေက လက်ကိုင်ဒုတ် အဖြစ် အသုံး မချရဲကြပါဘူး။ Constructive engagement ပြုလုပ်နိုင်တယ် ဆိုတဲ့ တံခါးလေးကို ဖွင့်ထား ပေးရုံလောက်ပါပဲ။ သို့ပေမယ့် စာနယ်ဇင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဖွဲ့ငယ် လေးတွေကိုတော့ လက်ကိုင်ဒုတ် အဖြစ် အသုံးချ နိုင်အောင် ကြိုးပမ်းလေ့ ရှိကြပါတယ်။ အထူးသဖြင့် အာရှနဲ့ အရှေ့ အလယ်ပိုင်း ဒေသတွေမှာ အာဏာရှင်တွေ ကိုယ်တိုင်က collaborative Model ကို အခြေခံမယ့် အန်ဂျီအို အဖွဲ့ငယ် လေးတွေကို နောက်ကွယ်ကနေ ကြိုးကိုင် ဖွဲ့စည်းထားလေ့ ရှိကြောင်း ပညာရှင်တွေက လေ့လာ တွေ့ရှိ ခဲ့ကြပါတယ်။ သို့ပေမယ့် အန်ဂျီအို အားလုံးကိုတော့ အာဏာရှင်တွေနဲ့ ပူးပေါင်း လုပ်နေတဲ့၊ အာဏာရှင် လက်ကိုင်ဒုတ်တွေ အဖြစ် သတ်မှတ်လို့ မရနိုင်ပါ။

နိဂုံး

နိဂုံးချုပ်ဆိုရရင် Civil Society အားကောင်းမှုဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ဖြစ်စဉ် (democratization) ရဲ့ ဒုတိယပိုင်း ဖြစ်တဲ့ ဒီမိုကရေစီ စနစ် ရှင်သန် ခိုင်မာမှု (democratic consolidation) အတွက် အရေးကြီးတဲ့ အချက်တချက် ဖြစ်ပါတယ်။ paradigm of social order ရဲ့ မဏ္ဍိုင်ကြီး တခုလဲ ဖြစ်ပါတယ်။ ဒါကြောင့် Civil Society အားကောင်းလာအောင် အကောင်အထည် ဖော်ဆောင်ချက် တွေမှာ ရှုထောင့် တမျိုးတည်း ကနေ တကြောင်းဆွဲ အမြင်နဲ့ မကြည့်ပဲ၊ ရှုထောင့် စုံကနေ သုံးသပ် ဆန်းစစ်မှု ပြုလုပ်ရန် အရေးကြီး ပါတယ်။ ကွဲပြားခြားနားတဲ့ Model တွေကို ကိုင်စွဲပြီး အငြင်းပွား နေကြတာထက်၊ မိမိကိုင်စွဲ အသုံးပြုနေတဲ့ Model ပေါ် အခြေခံပြီး လုပ်ငန်းစဉ်တွေ အောင်မြင်စွာ အကောင်အထည် ပေါ်လာရေး ကိုသာ အာရုံ စိုက်သင့်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။


Diamond L. (1994) “Rethinking Civil Society: Toward Democratic Consolidation”, Journal of Democracy, July

Kumar, K. (1993) “Civil Society: An Inquiry into the Usefulness of an Historical Term”, British Journal of Sociology, vol. 44, pp. 375-95

Havel, V. (1988) “Anti-political Politics”, in Civil Society and the State: New European Perspectives, ed. John Keane, London and New York: Verso, pp. 381-98.

Mardin, S. (1995) “Civil Society and Islam”, in Civil Society: Theory, History and Comparison, ed. John Hall Cambridge: Polity

Mbogori, E. and Chigudu, H. (1999) “Civil Society and Government: A Continuum of Possibilities”, in Civil Society at the Millennium, West Hartford, Conn.: Kumarian Press in cooperation with CIVICUS

Norton, A. (1995) “Introduction”, in Civil Society in the Middle East, ed. Andrew Richard Norton, vol. I, Leiden: E.J. Brill

Richter, M. (1998) “Montesquieu and the Concept of Civil Society”, The European Legacy, vol.3, no. 66, pp. 33-41

Seligman, A. (1992) The Idea of Civil Society, New York: Free Press

Serrano, I. (1994) Civil Society in the Asia-Pacific Region, Washington D.C.: Civicus

Taylor, C. (1990) “Modes of Civil Society”, Public Culture, vol. 3. no. 1, p. 111

White, G. (1994) “Civil Society, Democratization and Development (I): Clearing the Analytical Ground”, Democratization, vol. 1, no. 3, p. 379

Ref: ခင်မမမျိုး

Read More...

လူသုံးမျိုး

လူထုစိန်ဝင်း

'မြန်မာလူမျိုးက နှစ်ယောက်ရှိရင် နှစ်ဂိုဏ်းကွဲတယ်။ သုံးယောက်ရှိရင် သုံးဂိုဏ်းကွဲတယ်။ ဘယ်တော့မှ မညီညွတ်ဘူး။ ဒါကြောင့် မတိုးတက်တာ 'နိုင်ငံရေး အလုပ်ကို မနှစ်မြို့တဲ့ လူစားများရဲ့ ပါးစပ်က အမြဲတမ်း ကြားရလေ့ ရှိတဲ့စကား ဖြစ်တယ်။

မြန်မာမှာ မကွဲတာ မရှိတဲ့
သူတို့စကား ခိုင်မာစေဖို့အတွက် ကွန်မြူနစ်တွေလည်း ကွဲတယ်။ ပြည်သူ့ ရဲဘော်လည်း ကွဲတယ်။ ဆိုရှယ်လစ်လည်း ကွဲတယ်။ ဖဆပလလည်း ကွဲတယ်။ ပထစလည်း ကွဲတယ်။ အဲဒီ မတိုင်ခင်က ဂျီစီဘီအေလည်းကွဲ၊ သခင်တွေလည်းကွဲ၊ မကွဲဖူးတဲ့ အဖွဲ့အစည်း တစ်ခုမှကို မြန်မာပြည်မှာ မရှိဘူးလို့ ဆက်ပြောချင် ပြောပါလိမ့်ဦးမယ်။ ဘယ်သူတွေက အဲဒီလို ပြောကြ တာလဲလို့ ကြည့်လိုက်ရင် အများစုဟာ ဘယ်ခေတ် ဘယ်အခါမှာမှ အများအရေးကို ပါဝင် ဆောင်ရွက်လေ့ မရှိဘဲ ကိုယ့်အရေး ကိုယ့်မိသားစုအရေး တစ်ခုတည်းကိုသာ အလေးထား လုပ်ဆောင်လေ့ ရှိသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။

သက်သက်ရမယ်ရှာတာ
တကယ်တော့ ဒီလူတွေဟာ အများအကျိုး၊ ရပ်ကျိုး ရွာကျိုး သူတို့ မလုပ်တာကို ခုခံ ကာကွယ်ဖို့ အတွက် သက်သက်မဲ့ ရမယ်ရှာပြီး ပြောကြတာ ဖြစ်တယ်။ လူ့လောကမှာ ရုပ်ချင်း ခွဲမရအောင် တူတယ် ဆိုတာသာရှိပြီး စိတ်သဘောထားချင်း တစ်ထပ်တည်း တစ်သားတည်း ကျအောင် တူတယ်ဆိုတာ မရှိဘူး။ ဒါ သဘာဝတရား ဖြစ်တယ်။ ရုပ်ချင်းတူတဲ့ အမြွှာချင်းတောင်မှ စိတ်ချင်း အတော်တူပေမယ့် အားလုံး တစ်သားတည်း ကျအောင် တူတာတော့ မဟုတ်ဘူး။ မတူတဲ့ နေရာတွေလည်း ရှိသေးတယ်။ မိဘနဲ့ သားသမီးလည်း အလားတူပဲ။ စရိုက် မတူတာတွေ ရှိသလို အကြိုက် မတူတာတွေလည်း ရှိတယ်။ ဒါဟာ လူ့လောကရဲ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝပဲ။ လူ့ဘုံ လူလောကဆိုတာ မတူတဲ့လူတွေ အတူတွဲပြီး မတူတဲ့ အတွေးအခေါ် အယူအဆတွေကို တစ်ဦးချင်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ကြ ကိုင်ကြရင်းက တဖြည်းဖြည်းချင်း တိုးတက် ဖွံ့ဖြိုးလာခဲ့တာ ဖြစ်တယ်။

စစ်မဖြစ်ဖူးတဲ့ နိုင်ငံမရှိ
မြန်မာလူမျိုးတွေမှ သူများထက် ထူးပြီးကွဲကြတာ မဟုတ်ဘူး။ မညီမညွတ်ဖြစ်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ ရှိသမျှ နိုင်ငံတိုင်း၊ လူမျိုးတိုင်း မကွဲဖူးတဲ့ နိုင်ငံ၊ စစ်မဖြစ်ဖူးတဲ့ နိုင်ငံ တစ်ခုမှ မရှိပါဘူး။ တိုးတက် ထွန်းကားနေတဲ့ နိုင်ငံကြီးတွေ မှာလည်း အယူအဆ မတူ ကွဲပြားကြလို့ သူ့ပါတီ ကိုယ့်ပါတီ ဆိုပြီး သီးခြား ခွဲထောင်ထားကြ တာပဲ။ ဂျပန်နိုင်ငံရဲ့ သက်တမ်း အရှည်ဆုံး အာဏာရ ပါတီကြီး ဖြစ်ခဲ့တဲ့ အယ်လ်ဒီပီ ပါတီဆိုရင် ပါတီ တစ်ခုတည်းမှာကို သီးခြား အုပ်စုကွဲတွေ တစ်ဒါဇင်လောက် တရားဝင် တည်ရှိနေတာ ဖြစ်တယ်။

လူလားမမြောက်သေးလို့
ကွဲကြ၊ ပြဲကြတယ် ဆိုတာက အယူအဆချင်း၊ ယုံကြည်ချက်ချင်း မတူလို့ မဟုတ်ဘူး။ ဦးနှောက် လူလား မမြောက် သေးလို့နဲ့ နိုင်ငံရေး မရင့်ကျက်သေးလို့ ဖြစ်တာ။ လူလားမြောက် ရင့်ကျက်ပြီဆိုရင် အမြင်အယူအဆ မတူတာဟာ လူ့သဘာဝ ပဲလို့ နားလည်ပြီး သည်းခံနိုင်တယ်။ အတူတွဲပြီး လုပ်နိုင် ကိုင်နိုင်တယ်။ လူ့ဘုံ လူ့လောက ဆိုတာ မတူတဲ့လူတွေ အတူတွဲပြီး မတူတဲ့ အတွေးအခေါ် အယူအဆတွေကို တစ်ဦးချင်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ကြ ကိုင်ကြရင်းက တဖြည်းဖြည်းချင်း တိုးတက် ဖွံ့ဖြိုးလာခဲ့တာ ဖြစ်တယ်။

ထင်းစည်းဥပမာ
တစ်သွေးတစ်သားတည်း ပေါင်းစည်း ညီညွတ်တယ်။ ရေကိုသားလို့ အကြား မထင်သလို ပေါင်းစပ်တယ် ဆိုတာတွေက စကား အဖြစ် ပြောတာ သက်သက်ပဲ။ ထင်းစည်း တစ်စည်းလို စည်းလုံး ညီညွတ်တယ် ဆိုတဲ့ ပုံဆောင် စကားကမှ လူ့လောကမှာ သဘာဝ ကျစွာ ဖြစ်နိုင်တဲ့ ပေါင်းစည်း ညီညွတ်ရေး ဖြစ်တယ်။ ထင်းစည်း တစ်စည်းမှာ အမျိုးအစား မတူတဲ့ အတိုအရှည် မညီတဲ့ ထင်းချောင်းတွေကို ကြိုးတစ်ချောင်းနဲ့ စုပြီး စည်းထားလိုက်တာ ဖြစ်တယ်။ ပေါင်းစည်းထားတဲ့ အတွက် လိုရာ အရပ်ရောက်အောင် သက်သက်သာသာ လွယ်လွယ်ကူကူနဲ့ သယ်ပိုး သွားနိုင်တယ်။ အလွယ်တကူ ကျိုးပဲ့မသွားဘူး။

ဘုံအကျိုးစီးပွားအတွက်
လူ့လောက ဆိုတာလည်း အတူတူပဲ။ အသွေးအရောင်၊ အမျိုးအနွယ် မတူ ကွဲပြားခြားနားတဲ့ လူအများ အပြားဟာ တူညီတဲ့ ပန်းတိုင် တစ်ခုကို ရောက်ဖို့ အတွက် ဘုံ အကျိုးစီးပွား ဆိုတဲ့ ကြိုးနဲ့ စုစည်းပြီး ခရီးသွားနေတာ ဖြစ်တယ်။ တူညီတဲ့ ပန်းတိုင်ဆို တာကတော့ အေးချမ်း သာယာပြီး လူတိုင်းလူတိုင်း မတောင့်မတ၊ မကြောင့်မကြ လွတ်လွတ်လပ်လပ် နေထိုင်နိုင်တဲ့ သာယာရွှေပြည် ဖြစ်ပါတယ်။ အဲဒီ သာယာ ရွှေပြည်ကို ရောက်ရင် လူမျိုးမရွေး ဘာသာမရွေး အသားရောင် မရွေး လူသား အားလုံး ခံစားရမှာ ဆိုတော့ ကိုယ်လည်း ခံစားရမယ်။ သူလည်း ခံစားရမယ်ပေါ့။ အဲဒီလို ခံစားချင်စိတ်က ဘုံအကျိုးစီးပွား ဖြစ်ပါတယ်။ လူ့ အဖွဲ့အစည်း အတွင်းက ညီညွတ်ရေး ဆိုတာ တူညီတဲ့ ဘုံအကျိုးစီးပွား တစ်ခုအတွက် ပူးတွဲနေထိုင် လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်တယ်။

ဒီမိုကရေစီကျင့်စဉ်
ဘုံအကျိုးစီးပွားတူရင် တွဲလုပ်တယ်။ မတူရင် တွဲမလုပ်ဘူး။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာ လုပ်တယ်။ ဒါသဘာဝပဲ။ ဘာမှ မထူးဆန်းဘူး။ အပြစ် ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်က ကိုယ်ကြိုက်တဲ့ လမ်းက သွားသလို၊ သူလည်း သူကြိုက်တဲ့ လမ်းက သွားပါစေ။ ဒါလူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။ ကိုယ့် အခွင့်အရေးကို ကိုယ်မြတ်နိုးသလို သူလည်း သူ့အခွင့်အရေးကို တန်ဖိုး ထားမှာပဲ။ ဒါကို နားလည် သဘောပေါက်ပြီး သူ့အခွင့်အရေး ကို တန်ဖိုးထား လေးစားတာ။ သူ့အခွင့်အရေး၊ သူ့စိတ်ကြိုက် အသုံးချတာကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးတာဟာ ဒီမိုကရေစီ ကျင့်စဉ် ဖြစ်တယ်။

လူသုံးမျိုး
ဒီလိုပြောတဲ့အတွက် အားလုံးဟာ မိတ်ဆွေဖြစ်တယ်။ ရန်သူ မရှိဘူးလို့ ပြောတာ မဟုတ်ဘူး။ လူ့ အဖွဲ့အစည်း အတွင်း လူကောင်း၊ လူဆိုး၊ လူယုတ်မာ ဆိုတာကတော့ ဘယ်ခေတ် ဘယ်အခါ မဆို ရှိနေတာပဲ ဖြစ်တယ်။ လူကောင်းကို မိတ်ဆွေ အဖြစ် သဘောထားရမယ် ဆိုတာကတော့ ပြောစရာ မလိုဘူး။ လူတိုင်းသိတယ်။ လူဆိုးကျတော့ ခွဲခြား စဉ်းစားစရာ ရှိတယ်။ တချို့က အရက်သေစာ သောက်စား မူးယစ်တဲ့သူ၊ လောင်းကစား အလွန်အကျွံ လုပ်သူကို လူဆိုးလို့ ခေါ်တယ်။ သူ့ဟာသူ ကြိုက်လို့ စွဲလို့ သောက်တယ်။ လောင်းကစားတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး ဆိုတဲ့ သူမျိုးကိုတော့ မိတ်ဆွေအဖြစ် မပေါင်းသင်း ချင်ရင်တောင် ရန်သူအဖြစ် သဘောထားပြီး ရှောင်ဖယ် နေစရာတော့ မလိုဘူး ထင်ပါတယ်။

အမှားကိုမြင်လို့ ပြုပြင်ရင်
တချို့ ဆင်းရဲလွန်းလို့ ကြံမိကြံရာ ကြံရင်းနဲ့ ခါးပိုက်နှိုက်ဖြစ်၊ သူခိုး ဖြစ်သွားတာမျိုး ရှိတယ်။ သူတို့ဟာ လူဆိုးတော့ လူဆိုးပဲ။ ဒါပေမဲ့ မတရား နိုင်ထက်စီးနင်းနဲ့ နှိပ်စက်ညှဉ်းပန်း မလုပ်ဘူး။ သူတစ်ပါး သားပျို သမီးပျိုကို ထိပါးစော်ကား မပြုဘူး ဆိုရင်တော့ လူယုတ်မာလို့ ခေါ်တဲ့အဆင့် မရောက်သေးဘူးလို့ ဆိုချင်တယ်။ သူတို့ အမှားကိုသိလို့ နောင်တတရားရ ပြုပြင်တယ် ဆိုရင် ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ရမယ်။ ပြုပြင် ပေါင်းသင်းသင့်သူကို ပေါင်းသင်းနိုင်တယ်။ ရှေးခေတ်ရှေး အခါက နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြ ဂိုဏ်းကြီးတောင် နောက်ဆုံးကျတော့ ဖက်ဆစ် တော်လှန်ရေးကြီးထဲ ပါဝင်လာပြီး တိုင်းပြည်ရဲ့ အဖိုးတန် သားကောင်း သမီးကောင်းတွေ ဖြစ်လာခဲ့ကြတဲ့ သာဓက ရှိပါတယ်။

ငတေမာပြီးရော
တချို့ကျတော့ သောက်စားမူးယစ် မရှိဘူး။ လောင်းကစား မလုပ်ဘူး။ ဓားပြလည်း မတိုက်ဘူး။ ဒါပေမဲ့ ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုတဲ့စိတ်နဲ့ တစ်ရွာလုံး ငတ်ပြီး သေချင်သေ ငါ့စပါးကျီထဲက စပါးတွေတော့ ထုတ်ရောင်း မပေးနိုင်ဘူး ဆိုပြီး လူတွေ တစ်ယောက်ပြီး တစ်ယောက် သေသွားတာကို ငုတ်တုတ် ထိုင်ကြည့်နေနိုင်တယ်။ တချို့က နိုင်တုန်း ဖိထောင်းထားမယ် ဆိုတဲ့စိတ်နဲ့ အားနည်း သူတွေကို နိုင်ထက်စီးနင်း ညှဉ်းပန်းနှိပ်စက် တတ်တယ်။ တချို့ကျတော့ မသိ နားမလည်သူတွေကို လိမ်ညာ လှည့်စားပြီး ကိုယ်ကောင်းစားဖို့ ဂုတ်သွေး စုပ်တတ်တယ်။ တချို့က သူတော်ကောင်း ဟန်ဆောင်ပြီး လူမသိအောင် မတော်မတရား အလုပ်တွေ လုပ်တတ်တယ်။

မောရုံသာ အဖတ်တင်
ဒီလူစားမျိုးတွေကိုတော့ လူဆိုး ဓားပြထက်တောင် ကြောက်စရာ ကောင်းလို့ လူယုတ်မာ ဆိုတဲ့ စကားလုံးနဲ့ပဲ ထိုက်တန်တယ်။ ဘယ်တော့ ဘယ်အခါမှ အပေါင်းအသင်း မလုပ်အပ်သူတွေ ဖြစ်တယ်။ ရန်သူအဖြစ် ပြတ်ပြတ် သားသား သတ်မှတ်ပြီး ခေါင်း မဖော်နိုင်အောင် ရှုတ်ချပစ်ရမယ်။ အားနာနေလို့ မဖြစ်ဘူး။ ညှာတာ ထောက်ထားဖို့ မတန်ဘူး။ လူယုတ်မာတွေက မေတ္တာ တရားကို ဘယ်တော့မှ တန်ဖိုးထားတာ မဟုတ်ဘူး။ တရားဟောနေရင် မောရုံသာ အဖတ် တင်ပါလိမ့်မယ်။


Ref: EMG News

Read More...

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၅ ၏ အကာအကွယ်ကို မရနိုင်သော နအဖ ကျူးလွန်ထားသည့် ပြစ်မှုများ

Mar 15th, 2011


၂၀၁၀ခုနှစ်၊ နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်ပိုင်းနှင့် လွှတ်တော်များ ကျင်းပနေသည့် အချိန်များတွင် နအဖ သည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ – ၄၄၃အရ ဥပဒေများကို ဆက်တိုက် ပြဌာန်း လာသည်ကို တွေ့ရသည်။ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေကို နှစ်စဉ် များသော အားဖြင့် မတ်လ (၂၀) ရက်နေ့ နောက်ပိုင်းတွင်မှ ထုတ်ပြန်လေ့ ရှိသော်လည်း၊ ယခုနှစ်တွင် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ကတည်းက နိုင်ငံတော် ပြန်တမ်းဖြင့် ထုတ်ပြန် ထားသည်ကို တွေ့ရသည်။ ယင်းသို့ ထုတ်ပြန် ကြေငြာရာတွင်လည်း ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၃ တွင် “ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အကောင်အထည် ဖေါ်ရေးအတွက် ကြိုတင် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဆောင်ရွက်ပေးရန် ပြဌာန်း ပေးထားသည့် အလျောက်” ဆိုသည်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုလျက် ဥပဒေများကို ရေးဆွဲ ပြဌာန်းနေခြင်း ဖြစ်ကြောင်း တွေ့ရှိသည်။

နိုင်ငံတော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြဌာန်းခြင်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အကောင် အထည် ဖေါ်ရေးအတွက် န.အ.ဖ အနေဖြင့် ကြိုတင် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်း ဟုတ်သည်/မဟုတ်သည် ဆိုသည်မှာ အငြင်း ပွားစရာ ပြဿနာ ဖြစ်သည်။ မြန်မာ နိုင်ငံတွင် စစ်တပ်မှ အာဏာ သိမ်းပြီးနောက်ပိုင်း န.၀.တ၊ န.အ.ဖ အစိုးရ လက်ထက်တွင် -

(၁) ၁၉၈၉ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၈/၈၉ အဖြစ် (၂၂.၃.၁၉၈၉) ရက်နေ့တွင် လည်းကောင်း၊

(၂) ၁၉၉၀ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၄/၉၀ အဖြစ် (၁၅.၃.၁၉၉၀) ရက် နေ့တွင်လည်းကောင်း၊

(၃) ၁၉၉၀ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၅/၉၀ အဖြစ် (၂၉.၃.၁၉၉၀) ရက်နေ့တွင် လည်းကောင်း၊

(၄) ၁၉၉၁ခုနှစ် နောက်ထပ် နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၁ အဖြစ် (၁၉.၃.၁၉၉၁) ရက် နေ့တွင်လည်းကောင်း၊

(၅) ၁၉၉၁ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၄/၉၁ အဖြစ် (၂၈.၃.၁၉၉၁) ရက်နေ့တွင် လည်းကောင်း၊

(၆) ၁၉၉၂ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၂ အဖြစ် (၂၆.၃.၁၉၉၂) ရက် နေ့တွင်လည်းကောင်း၊

(၇) ၁၉၉၂ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၄/၉၂ အဖြစ် (၂၀.၃.၁၉၉၂) ရက်နေ့တွင် လည်းကောင်း၊

(၈) ၁၉၉၃ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၂/၉၃ အဖြစ် (၂၅.၃.၁၉၉၃) ရက် နေ့တွင်လည်းကောင်း၊

(၉) ၁၉၉၃ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၃ အဖြစ် (၂၉.၃.၁၉၉၃) ရက်နေ့တွင် လည်းကောင်း၊

(၁၀) ၁၉၉၄ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၂/၉၄ အဖြစ် (၂၄.၃.၁၉၉၄) ရက် နေ့တွင်လည်းကောင်း၊

(၁၁) ၁၉၉၄ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၄ အဖြစ် (၂၈.၃.၁၉၉၄) ရက်နေ့တွင် လည်းကောင်း၊

(၁၂) ၁၉၉၅ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၂/၉၅ အဖြစ် (၂၄.၃.၁၉၉၅) ရက် နေ့တွင်လည်းကောင်း၊

(၁၃) ၁၉၉၅ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၅ အဖြစ် (၂၉.၃.၁၉၉၅) ရက်နေ့တွင် လည်းကောင်း၊

(၁၄) ၁၉၉၆ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၉၆ အဖြစ် (၂၅.၃.၁၉၉၆) ရက် နေ့တွင်လည်းကောင်း၊

(၁၅) ၁၉၉၆ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၄/၉၆ အဖြစ် (၂၉.၃.၁၉၉၅) ရက်နေ့တွင် လည်းကောင်း၊

(၁၆) ၁၉၉၇ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၇/၉၇ အဖြစ် (၂၅.၃.၁၉၉၇) ရက် နေ့တွင်လည်းကောင်း၊

(၁၇) ၁၉၉၇ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၈/၉၇ အဖြစ် (၂၉.၃.၁၉၉၇) ရက်နေ့တွင် လည်းကောင်း၊

(၁၈) ၁၉၉၈ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၅/၉၈ အဖြစ် (၂၈.၃.၁၉၉၈) ရက် နေ့တွင်လည်းကောင်း၊

(၁၉) ၁၉၉၈ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၆/၉၈ အဖြစ် (၃၀.၃.၁၉၉၈) ရက်နေ့တွင် လည်းကောင်း၊

(၂၀) ၁၉၉၉ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၁/၉၉ အဖြစ် (၁၀.၃.၁၉၉၉) ရက် နေ့တွင်လည်းကောင်း၊

(၂၁) ၁၉၉၉ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၂/၉၉ အဖြစ် (၃၀.၃.၁၉၉၉) ရက်နေ့တွင် လည်းကောင်း၊

(၂၂) ၂၀၀၀ပြည့်နှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၀၀ အဖြစ် (၁၆.၃.၂၀၀၀) ရက် နေ့တွင်လည်းကောင်း၊

(၂၃)၂၀၀၀ပြည့်နှစ်၊ နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၄/၀၀ အဖြစ် (၂၈.၃.၂၀၀၀) ရက်နေ့တွင် လည်းကောင်း၊

(၂၄) ၂၀၀၁ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၀၁ အဖြစ် (၁၆.၃.၂၀၀၁) ရက် နေ့တွင်လည်းကောင်း၊

(၂၅) ၂၀၀၁ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၄/၀၁ အဖြစ် (၂၈.၃.၂၀၀၀) ရက်နေ့တွင် လည်းကောင်း၊

(၂၆) ၂၀၀၂ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၄/၀၂ အဖြစ် (၁၂.၃.၂၀၀၂) ရက် နေ့တွင်လည်းကောင်း၊

(၂၇) ၂၀၀၂ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၅/၀၂ အဖြစ် (၂၆.၃.၂၀၀၂) ရက်နေ့တွင် လည်းကောင်း၊

(၂၈) ၂၀၀၃ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၅/၀၃ အဖြစ် (၁၅.၃.၂၀၀၃) ရက် နေ့တွင်လည်းကောင်း၊

(၂၉) ၂၀၀၃ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၆/၀၃ အဖြစ် (၂၈.၃.၂၀၀၃) ရက်နေ့တွင် လည်းကောင်း၊

(၃၀) ၂၀၀၄ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၂/၀၄ အဖြစ် (၁၇.၃.၂၀၀၃) ရက် နေ့တွင်လည်းကောင်း၊

(၃၁) ၂၀၀၄ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၃/၀၄ အဖြစ် (၃၀.၃.၂၀၀၃) ရက်နေ့တွင် လည်းကောင်း၊

(၃၂) ၂၀၀၆ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၁/၀၆ အဖြစ် (၂၂.၃.၂၀၀၆) ရက် နေ့တွင်လည်းကောင်း၊

(၃၃) ၂၀၀၆ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၄/၀၆ အဖြစ် (၂၈.၃.၂၀၀၆) ရက်နေ့တွင် လည်းကောင်း၊

(၃၄) ၂၀၀၇ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၀၇ အဖြစ် (၂၂.၃.၂၀၀၇) ရက် နေ့တွင်လည်းကောင်း၊

(၃၅) ၂၀၀၇ ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၄/၀၇ အဖြစ် (၂၉.၃.၂၀၀၇) ရက်နေ့တွင် လည်းကောင်း၊

(၃၆) ၂၀၀၈ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် – ၃/၀၈ အဖြစ် (၂၀.၃.၂၀၀၈) ရက် နေ့တွင်လည်းကောင်း၊

(၃၇) ၂၀၀၈ ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ်-၄/၀၈ အဖြစ် (၂၄.၃.၂၀၀၇) ရက်နေ့တွင် လည်းကောင်း၊

စသည်အားဖြင့် ထုတ်ပြန်ခဲ့သည်။ (နှစ်အလိုက် လိုအပ်သည့် ဥပဒေများကို ထပ်မံ ဖေါ်ပြပါမည်။) ဘဏ္ဍာရေးနှစ် အလိုက် အရသုံး ဆိုင်ရာစာရင်းနှင့် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးတို့ အတွက် ထုတ်ပြန်ခြင်းဖြစ်ရာ အထူးသဖြင့် ဘဏ္ဍာရေးနှစ်စ၊ ဧပြီလ(၁)ရက်နေ့တွင် စတင် အကျိုး သက်ရောက်မည့် ဥပဒေများကို မတ်လ နှောင်းပိုင်းနှင့် မတ်လကုန် ပိုင်းတွင်သာ ထုတ်ပြန်လေ့ ရှိသည်မှာ အစဉ်အလာ ဖြစ်သည်။ သို့ရာတွင် ယခုနှစ်တွင် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာငွေ ရ/သုံး ဥပဒေကို ဖေဖေါ်ဝါရီလ အတွင်း စောလျင်စွာ နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်း ဖေါ်ပြထားခြင်းနှင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၃အရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အကောင်အထည် ဖေါ်ရာတွင် န.အ.ဖ အနေဖြင့် ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဖြစ်၊ ယင်းဥပဒေကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

ယင်းဥပဒေကို ထုတ်ပြန်ရာတွင် န.အ.ဖ အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ပုဒ်မ – ၄၄၃ အရ ပေးအပ်သည့် လုပ်ပိုင်ခွင့်ကို အသုံးပြုခြင်းသည် ဥပဒေ သဘောအရ အငြင်း ထွက်သည့် ပြဿနာ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၁၁ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်အမှတ် – ၄/၀၃/၂၀၁၁ တွင် ပြည်သူ့ ဘဏ္ဍာငွေကို ဥပဒေနှင့်အညီ ခွဲဝေသုံးစွဲရန်ကိစ္စမှာ ပြည်သူ့ လွှတ်တော်မှ ဥပဒေ အဖြစ် ပြဌာန်းမှသာ ဆီလျော်မည် -ဟု အတိအလင်း ထုတ်ပြန် ကြေငြာထားသည်။

န.အ.ဖ အနေဖြင့် ၄င်းတို့စိတ်တိုင်းကျ ရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်ပိုင်း၊ ၄င်းတို့ ဖြစ်ချင်သော သဘော ဆန္ဒများနှင့် ကိုက်ညီစွာ တင်းကြပ်သော စည်းမျဉ်း စည်းကမ်းများဖြင့် လွှတ်တော်များကို ခေါ်ယူ ကျင်းပနေသည့် တိုင်အောင် အခြား တဖက်တွင် ဥပဒေများကို တခုပြီးတခု ထုတ်ပြန်နေခြင်းမှာ မည်သည့် အတွက်ကြောင့်နည်း။ မေးခွန်း ထုတ်စရာ ဖြစ်လာပါသည်။

န.အ.ဖ ဘက်မှစဉ်းစားပါလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၃ ပြဌာန်းချက် အရ ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ဆင်ခြေကန်စရာ ရှိသည်မှန်သော်လည်း၊ ယင်းပြဌာန်းချက် အရ သည်ပင်လျှင် နိုင်ငံတော် ဘဏ္ဍာငွေ ရ/သုံး ဥပဒေ ပြဌာန်းခြင်းသည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အကောင်အထည် ဖေါ်ရေးအတွက် ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် မဟုတ်။ ကျင်းပလျက် ရှိသည့် လွှတ်တော်များမှ နိုင်ငံတော် ဘဏ္ဍာငွေ ရ/သုံး ဥပဒေ ပြဌာန်းနိုင်ရေး အတွက် လွှဲအပ်ရန်နှင့် ပံ့ပိုး ကူညီရန်သာ ဖြစ်သည်။ ယင်းသို့ လွှဲအပ်ခြင်းနှင့် ပံ့ပိုး ကူညီခြင်းသည် သာလျှင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ-၄၄၃၊ ပြဌာန်းချက်ကို ကျင့်သုံးခြင်း မည်ပေရာ န.အ.ဖမှ ဘဏ္ဍာငွေ ရ/သုံးဥပဒေနှင့် အခြားသော ဥပဒေများကို ပြဌာန်း ထုတ်ပြန်ခြင်းမှာ ပုဒ်မ-၄၄၃ ပြဌာန်းချက်ကို မိမိအကျိုးစီးပွားနှင့် ယှဉ်တွဲ အသုံးချခြင်း မည်ပေလိမ့်မည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ – ၄၅၃ အရ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ စကားရပ် များကို အနက် အဓိပ္ပာယ် ဖွင့်ဆိုရာတွင် တည်ဆဲ စကားရပ်များ အနက် အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေကို ကိုးကားရမည်ဟု ပြဌာန်း ထားသော်လည်း – ဥပဒေ တရပ်သည် များသောအားဖြင့် အငြင်းထွက် ပြဿနာများ ပေါ်ပေါက် လာခြင်းမှာ ယေဘုယျကျသည့် ပြဌာန်းချက်ဖြစ်ခြင်း၊ စကားရပ်ကို ရှင်းလင်း တိကျစွာ အဓိပ္ပာယ် ဖွင့်ဆိုမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် ပုဒ်မ ၄၄၃ ကဲ့သို့သော အငြင်းထွက် ပြဿနာများကို ဖန်တီးပေးသည့် ပြဌာန်းချက်မျိုးကို နိုင်ငံ တနိုင်ငံအတွက် အလွန် အရေးကြီး၍ အခြေခံ အကျဆုံးဖြစ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲတွင် ပြဌာန်း ထားခြင်းက အဆိုပါ နိုင်ငံအတွက် အလွန်ကြီးလေးသော အန္တရာယ်ကို ကျရောက် စေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဖျက်သိမ်းရမည့် ပြဌာန်းချက် ဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၅ပြဌာန်းချက်သည်လည်း အထူး သတိပြုသင့်သည့် ပြဌာန်းချက် ဖြစ်သည်။ ပုဒ်မ – ၄၄၅ ပြဌာန်းချက်မှာ “ပြည်ထောင်စု မြန်မာနိုင်ငံ တော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့် ပြန်တမ်းများ၊ ကြေငြာချက်များ ကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့် များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရ။” ဟူသော ပြဌာန်းချက်ပင် ဖြစ်သည်။ ယင်း ပြဌာန်းချက်သည် ပုဒ်မ – ၄၄၃ နှင့် တဆက်တည်း ပြဌာန်းချက်ပင် ဖြစ်သည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ လူထု ဆန္ဒခံယူပွဲ မကျင်းပခင် ကာလတွင် န.၀.တ၊ န.အ.ဖ က ပြဌာန်းထားသည့် ဥပဒေများ၊ ယင်းနောက် ဖွဲ့စည်းပုံဥပဒေ ပုဒ်မ – ၄၄၃ ကို အသုံးချလျက် ပြဌာန်းထားသော ဥပဒေများကို နောင်တက်လာမည့် အစိုးရက ဆက်ခံရမည် ဟူ၍ ပြဌာန်းထားခြင်း ဖြစ်သည်။ ပုဒ်မ – ၄၄၃ကို အသုံးချ၍ ဥပဒေများ ပြဌာန်းလျက် ပုဒ်မ – ၄၄၅ ပြဌာန်းချက်အရ ဆက်ခံခိုင်းခြင်းပင် ဖြစ်သည်။

န.၀.တ၊ န.အ.ဖ လက်ထက် ပြဌာန်းထားသည့် ဥပဒေများအနက် အထက်တွင် နှစ်စဉ်အလိုက် ပြဌာန်း ထားသည့် နိုင်ငံတော် ဘဏ္ဍာငွေ အရ / အသုံးဆိုင်ရာ ဥပဒေ နိုင်ငံတော် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေများနှင့်၊ ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင် ထုတ်ပြန်ထားသည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ၊ ၂၀၁၁ မတ်လ (၃) ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေး တတိယနေ့တွင် ဖွဲ့စည်း အတည်ပြုခဲ့သည့် ပြည်သူ့ ငွေစာရင်း ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ စသည်တို့ကို ပေါင်းစပ် စဉ်းစားရန် လိုအပ်သည်။

ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းအတည်ပြုထားသည့် ပြည်သူ့ငွေစာရင်း ကော်မတီတွင်

၁။ ဦးစိုင်းသီဟကျော် – မိုင်းရယ်မဲဆန္ဒနယ်

၂။ ဦးမန်းမောင်မောင်ဉာဏ် – ပန်းတနော်မဲဆန္ဒနယ်

၃။ ဒေါ်တင်နွယ်ဦး – မြောက်ဒဂုံမဲဆန္ဒနယ်

၎။ ဦးခွန်မောင်သောင်း – ပင်လောင်းမဲဆန္ဒနယ်

၅။ ဦးခွန်လိန်း – ဖလမ်းမဲဆန္ဒနယ်

၆။ ဦးသူရိန်ဇော် – ကော့ကရိတ်မဲဆန္ဒနယ် (ဥက္ကဌ)

၇။ ဦးမောင်တိုး – မင်းလှမဲဆန္ဒနယ် (အတွင်းရေးမှူး)

၈။ ဦးစိုးမြင့် – ညောင်လေးပင်မဲဆန္ဒနယ်

၉။ ဦးကြည်သာ – ဂွမဲဆန္ဒနယ်

၁၀။ ဦးအောင်မြသန်း – ညောင်တုန်းမဲဆန္ဒနယ်

၁၁။ ဦးဟောက်ခန့်မန် – တွန်းဇံမဲဆန္ဒနယ်

၁၂။ ဦးအောင်လင်းလှိုင် – ဘုတ်ပြင်းမဲဆန္ဒနယ်

၁၃။ ဒေါက်တာဝင်းမြင့် – လှိုင်မဲဆန္ဒနယ်

၁၄။ ဒေါ်မိယဉ်ချမ်း – ကျိုက်မရောမဲဆန္ဒနယ်

၁၅။ ဦးမိုးဇော်ဟိန်း – ကသာမဲဆန္ဒနယ် စသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသည်။

ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်များထဲမှ အရေးကြီးသည့် တာဝန်တရပ်မှာ ပြည်ထောင်စု အစိုးရ၏ အသုံး စာရင်းနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရာတွင် ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုသောငွေကို သတ်မှတ် ထားသည့် ကိစ္စ အတွက်သာလျှင် သုံးစွဲခြင်းရှိ/မရှိ။ စည်းမျဉ်း စည်းကမ်းနှင့် အညီ သုံးစွဲခြင်း ရှိ/မရှိ။ ခွင့်ပြုသည့် ရည်ရွယ်ချက် အတိုင်း ထိရောက်မှန်ကန်စွာ သုံးစွဲခြင်း ရှိ/မရှိ တို့ကို စိစစ်ရမည့် တာဝန် ဖြစ်သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ကို ခန့်အပ်နိုင်ရေးအတွက် န.အ.ဖ သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ – ၄၄၃ ကို အသုံးချကာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြဌာန်းထားသည်။ ယင်းဥပဒေ၏ ပုဒ်မ – ၃၉ တွင် ဤဥပဒေပါ ပြဌာန်းချက်များသည် ကာကွယ်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ခြင်း မရှိစေရဟူ၍ ပြဌာန်းထားသည်။ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ တာဝန်များအနက် -

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသား လွှတ်တော် အစည်း အဝေးတွင် ဖြစ်စေ နိုင်ငံတော်၏ အရ အသုံးစာရင်းများ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါ အားလျော်စွာ တင်ပြခြင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များအရ၊ နိုင်ငံတော်၏ အရ/ အသုံး စာရင်းများကို စစ်ဆေးခြင်း၊ အရ/အသုံး ခန့်မှန်းခြေ ငွေစာရင်းပါ ရငွေများကို ပြည့်ဝစွာ ရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အရ/အသုံး ခန့်မှန်းခြေ စာရင်းပါ သုံးစွဲ ခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြု/မပြု စစ်ဆေးခြင်း စသည်အားဖြင့် တာဝန်များ ထမ်းဆောင်ရမည် ဖြစ်သည်။ ဘဏ္ဍာရေးနှစ် တနှစ်၏ ရ/သုံး ဆိုင်ရာ ဥပဒေအရ ရ/သုံးစာရင်းတွင် ကာကွယ်ရေး အတွက် ပါရှိသော်လည်း စာရင်းစစ်ချုပ် ဥပဒေအရ ကာကွယ်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ခြင်း မရှိစေရ ဆိုသည့် ပြဌာန်းချက်မှာ န.အ.ဖ အနေဖြင့် ၄င်းတို့၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် အလို့ငှာ ထည့်သွင်း ပြဌာန်းထားခြင်း ဖြစ်ကြောင်း ထင်ရှားသည်။

စာရင်းစစ်ချုပ်ဥပဒေအရ ၁၉၈၈ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၅ ကို ရုတ်သိမ်း ထားသည်။ သို့ရာတွင် ၁၉၈၈ ခုနှစ် ဥပဒေအမှတ် – ၅ စာရင်းစစ်ချုပ် ဥပဒေ၏ ပုဒ်မ – ၃ (က) ပြဌာန်းချက် ဖြစ်သည့် စာရင်းစစ်ချုပ်၏ တာဝန်တရပ် ဖြစ်သည့် – နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ အစိုးရအဖွဲ့၊ ၀န်ကြီးဌာန၊ အစိုးရဌာန၏ ဆောင်ရွက်ချက်များသည် ပြည်သူ လူထုအတွက် အကျိုးသက်ရောက်မှု ရှိ/မရှိ စစ်ဆေး၍ သက်ဆိုင်ရာသို့ တင်ပြရခြင်းနှင့် ရ/သုံး မှန်းခြေ ငွေစာရင်းပါ သုံးခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြု/မပြု စစ်ဆေးခြင်း စသည့် တာဝန်များကို န.၀.တ၊ န.အ.ဖ လက်ထက် စာရင်းစစ်ချုပ် တာဝန် ထမ်းဆောင်ခဲ့သူက ၂၀၁၀ န.အ.ဖ ဥပဒေအမှတ် – ၂၃ အရ ပေါ်ပေါက်လာမည့် စာရင်းစစ်ချုပ် ထံသို့ ၄င်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို လွှဲပြောင်း ပေးအပ်ရမည် ဖြစ်သည်။ ယင်းသို့ဆိုလျှင် န.၀.တ၊ န.အ.ဖ လက်ထက်တွင် သုံးစွဲခဲ့သည့် နိုင်ငံတော် ဘဏ္ဍာငွေများနှင့် စပ်လျဉ်း၍လည်း ပေါ်ပေါက်လာသည့် လွှတ်တော်များတွင် ရှင်းလင်းတင်ပြရန် လိုအပ်သည်/မလိုအပ်သည် ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

* န.၀.တ၊ န.အ.ဖ အုပ်ချုပ်ဆဲကာလတွင် နိုင်ငံတော် ရ/သုံးစာရင်းကို ၀န်ကြီးဌာန အလိုက် မည်သည့် မူဝါဒများနှင့် ခွဲဝေ သတ်မှတ် သုံးစွဲပါသနည်း။
* ယင်းသို့ခွဲဝေသုံးစွဲခြင်းများသည် ပြည်သူလူထုအကျိုး အတွက် သက်ရောက်မှု ရှိ/မရှိ။
* ရ/သုံးမှန်းခြေငွေစာရင်းပါ သုံးခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြုခြင်း ရှိ/မရှိ။
* ရန်ကုန်မြို့တော်မှ ပျဉ်းမနားမြို့တော်သို့ ပြောင်းရွှေ့ခြင်းမှာ မည်သည့် မူဝါဒအရ ပြောင်းရွှေ့ခြင်းနှင့် ထိုသို့ ပြောင်းရွှေ့၊ မြို့တော်သစ် တည်ဆောက်ရာတွင် မည်သည့် ဘဏ္ဍာငွေများကို သုံးစွဲ၍၊ ထိုသို့သုံးစွဲသည့် ဘဏ္ဍာငွေ များကိုလည်း မည်သူတို့ အပ်နှင်းသည့် အခွင့်အာဏာအရ သုံးစွဲသနည်း။ စသည် ……….

စသည်အားဖြင့် န.၀.တ၊ န.အ.ဖ အုပ်ချုပ်ခဲ့သည့် ကာလတလျှောက် ဘဏ္ဍာရေးနှစ် တနှစ်ချင်းစီ အလိုက် ပေါ်ပေါက် လာသည့် လွှတ်တော်များတွင် တင်ပြရန် တာဝန်သည် ယခင် စာရင်းစစ်ချုပ်နှင့် ယခင် စာရင်းစစ်ချုပ်မှ တာဝန် လွှဲပြောင်းပေးသည်ကို လက်ခံပြီး ဖြစ်သည် ဆိုပါက ယခု စာရင်းစစ်ချုပ်တို့၏ တာဝန်ပင်ဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် လည်းကောင်း၊ ၂၀၁၁ခုနှစ်၊ အောက်တို ဘာလ ၂၈ ရက်နေ့တွင် ပြဌာန်း လိုက်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတွင် လည်းကောင်း မဖြစ်မနေ ထည့်သွင်း ပြဌာန်းရမည့် ပုဒ်မ တရပ်မှာ – န.၀.တ အာဏာ သိမ်းသည့် အချိန်မှစတင်ကာ န.အ.ဖ မှ ပြည်ထောင်စု အစိုးရထံသို့ အာဏာ လွှဲပြောင်းပေးသည့် အချိန်အထိ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် အလိုက် စာရင်းစစ်ချုပ် အဖြစ် နောက်ဆုံး တာဝန် အပ်နှင်း ခံရသူသည် ပေါ်ပေါက်လာသော လွှတ်တော်များတွင် ၈၉ – ၉၀ ဘဏ္ဍာရေးနှစ်မှ ၂၀၀၉ – ၂၀၁၀ ဘဏ္ဍာရေးနှစ်အထိ န.၀.တ၊ န.အ.ဖ အစိုးရနှင့် ၀န်ကြီး ဌာနများ၏ လုပ်ဆောင်ချက်များ၊ ဘဏ္ဍာငွေကြေး သုံးစွဲမှုများသည် မှန်ကန်မှုရှိ/မရှိ၊ ပြည်သူ လူထုအတွက် အကျိုးရှိ/မရှိ စသည်တို့ကို ရှင်းလင်း တင်ပြရမည် ဆိုသည့် ပြဌာန်းချက်ပင်ဖြစ်သည်။

ယင်းသို့ တင်ပြမှသာလျှင် ပြည်သူ့ငွေစာရင်းကော်မတီက စာရင်းစစ်ချုပ်၏ တင်ပြချက်များကို စစ်ဆေး နိုင်မည် ဖြစ်သည်။ န.၀.တ၊ န.အ.ဖ အစိုးရ နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတို့၏ ဘဏ္ဍာငွေကြေး အလွဲသုံးစားမှုများ ပေါ်ပေါက် လာပါကလည်း အရေး ယူနိုင်မည် ဖြစ်သည်။ န.၀.တ၊ န.အ.ဖ သည် စစ်အစိုးရ ဖြစ်သောကြောင့် စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ် ခဲ့စေကာမူ ဘဏ္ဍာငွေ ဆိုသည်မှာ နိုင်ငံတော်ပိုင် ပြည်သူ့ ဘဏ္ဍာငွေကြေးများပင် ဖြစ်သည်။ ယင်း ဘဏ္ဍာငွေကြေးများကို တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးပြုနိုင်စေရေး ရည်ရွယ်ချက်ဖြင့် သုံးစွဲခြင်း မဟုတ်ဘဲ အာဏာ တည်မြဲရေး အတွက် သော်လည်းကောင်း၊ ကိုယ်ကျိုး အသုံးပြုရေး အတွက်သော်လည်းကောင်း၊ အများပြည်သူက ရွေးချယ် ခန့်အပ်သည့် ကိုယ်စားလှယ်များ၏ အဆုံး အဖြတ် အားဖြင့်သာ ဆောင်ရွက်နိုင်မည့် နိုင်ငံတော်အဆင့် စီမံကိန်းများကို အစိုးရအဖွဲ့ အစည်းတစ်ရပ်၊ ၀န်ကြီးဌာန တစ်ခုတည်း၏ အဆုံးအဖြတ်ဖြင့် ဘဏ္ဍာငွေကြေးများ သုံးစွဲလျှင် သော်လည်းကောင်း၊ စစ်ဆေးရမည့် တာဝန်မှာ စာရင်းစစ်ချုပ်၏ တာဝန် ဖြစ်သည်။

န.၀.တ၊ န.အ.ဖ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည်မှာ နှစ်ပေါင်း (၂၀)ကျော် ကြာမြင့်ခဲ့သည်။ ယင်းနှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များကို လွှတ်တော်များတွင် တက်ရောက် လာသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအား မေးခွန်းများမေးခွင့် ပြုရုံလောက်နှင့် လုံလောက်သည်ဟူ၍ မှတ်ယူလို့ မရသကဲ့သို့၊ တက်ရောက် ကြရသည့် ကိုယ်စားလှယ်များ အနေဖြင့်လည်း န.၀.တ၊ န.အ.ဖ ရှုပ်ခဲ့သည့် အရှုပ်ထုပ်မှန်သမျှ မိမိတို့ ခေါင်းပေါ်တွင် ကျရောက်လာတော့မည် ဟူသည့် အသိစိတ်ကို အမြဲနှလုံးသွင်း နေကြရမည်ဖြစ်သည်။

အထူးသဖြင့် န.၀.တ၊ န.အ.ဖ လက်ထက် သုံးစွဲခဲ့သည့် ဘဏ္ဍာငွေကြေးများနှင့် စပ်လျဉ်းသော ပြည်သူ့ငွေ စာရင်း ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံးတို့သည် တိတိ ကျကျ စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည်။ ယင်းကဲ့သို့ စုံစမ်း စစ်ဆေးခြင်းများကို ပြုလုပ် လာနိုင်သည့် ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် အတွက် န.အ.ဖ အနေဖြင့် လွှတ်တော်များ၏ လုပ်ပိုင်ခွင့် အာဏာများကို အပ်နှင်းခြင်း မရှိသေးမီ ဥပဒေများကို တခုပြီးတခု ပြဌာန်း ကာကွယ်နေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။

သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ – ၄၄၅ တွင် ပြဌာန်းထားသည်မှာ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင် တဦးဦး သို့မဟုတ် အစိုးရ အဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရား စွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ ဟု ပြဌာန်း ထားခြင်းဖြစ်သည်။ တာဝန်အရ ဆောင်ရွက်ချက် ဟူသော စကားရပ်ကို မည်ကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆိုမည်နည်း။ နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများကို အလွဲသုံးစား လုပ်ခြင်း၊ ရ/သုံး မှန်းခြေထက် ကျော်လွန်သုံးစွဲခြင်း၊ ပြည်သူ့ အကျိုးစီးပွားနှင့် ဆန့်ကျင်သည့် ကိစ္စရပ်များတွင် ဘဏ္ဍာငွေကြေးများ သုံးစွဲခြင်း စသည့် လုပ်ရပ်များသည် တာဝန်အရ ဆောင်ရွက်သည်ဟူသော စကားရပ်တွင် အကြုံးဝင်မှု မရှိပါ။

ပြစ်မှုတရပ်ရပ်ကို ကျူးလွန်ခြင်းသည် အထက်လူကြီး၏ တာဝန်ပေးအပ်ချက် အရ ကျူးလွန် ရပါသည် ဟူ၍ အကြောင်း ပြရုံ သက်သက်ဖြင့် ကင်းလွတ်ခွင့် ရနိုင်မည်မဟုတ်။ ထို့ကြောင့် န.၀.တ၊ န.အ.ဖ လက်ထက် မိမိ အထက် အရာရှိတို့၏ အကာ အကွယ်ကို ရယူလျက်၊ ငွေကြေး အလွဲသုံးစားမှု ကျူးလွန်ခြင်း၊ အစိုးရကိုယ်တိုင် နိုင်ငံတော် ဘဏ္ဍာ ငွေကြေးများကို အလွဲသုံးစား ပြုလုပ်ခြင်းတို့ကို ဖေါ်ထုတ်ရမည့် တာဝန်သည် ပြည်သူ့ငွေစာရင်း ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သမိုင်းပေး တာဝန် ဖြစ်ပြီး၊ န.၀.တ၊ န.အ.ဖ အနေဖြင့်လည်း ၄င်းတို့သည် တာဝန်အရ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ပြစ်မှုများ ကျူးလွန် ထားသည်ဆိုပါက ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၅ ၏ အကာ အကွယ်ကို ရရှိနိုင်မည် မဟုတ်ကြောင်း ရေးသား လိုက်ရပါသည်။

စောကျော်ကျော်မင်း

၁၅.၃.၂၀၁၀

]Ref: ABMA

Read More...

မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အချိန်ပြည့် ခန့်အပ်နိုင်ရေး ကုလ စဉ်းစားမည်

ဒေါ်လှလှသန်း
ကြာသပတေး, 17 မတ် 2011

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် တဦး အမြန်ဆုံး ခန့်အပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက သတင်း မီဒီယာကို ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အနေနဲ့ ဒီကိစ္စကို လက်ခံ သဘောပေါက်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ ပြောခွင့်ရသူက ကြာသပတေးနေ့က သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြ ပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) အနေနဲ့ မြန်မာ နိုင်ငံရေးရာကို နက်နက် နဲနဲ စောင့်ကြည့် လေ့လာသွားနိုင်မယ့် အချိန်ပြည့် တာဝန် ယူနိုင်မယ့်သူကို ခန့်အပ်ရင် မြန်မာနိုင်ငံရဲ့ အခြေအနေ မှန်ကို တိတိကျကျ သိမှာဖြစ်တဲ့ အတွက် အမြန်ဆုံး အချိန်ပြည့် အကြံပေး ပုဂ္ဂိုလ်တဦးကို ခန့်အပ်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာကို မကြာသေးမီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ခု၊ ဇန်န၀ါရီလကစလို့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ရာထူးက နှုတ်ထွက်ခဲ့ပြီး ဒါဖောဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းတွေကို လွှဲပြောင်း တာဝန် ယူခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့နေရာမှာ အတွင်းရေးမှူးချုပ်ရဲ့ ရုံးဝန်ထမ်း အရာရှိချုပ်လည်း ဖြစ်တဲ့ အိန္ဒိယ နွယ်ဖွား မစ္စတာ ဗီဂျေး နမ်ဘီယာ (Mr Vijay Nambiar) ကို ပူးတွဲ တာဝန်ယူဖို့ လွှဲပြောင်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နက်စာကီး (Martin Nesirky) က အခုလို တိုက်တွန်းချက် တွေကို နားလည် သဘောပေါက်တဲ့ အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကုလသမဂ္ဂ အနေနဲ့ မကြာခဏပဲ ပြောကြားခဲ့ပြီးပါပြီ။ ထင်ရှားလှတဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တဲ့ အပြင် အတွင်းရေးမှူး ချုပ်ရဲ့ မြန်မာ့ မိတ်ဆွေများ အဖွဲ့ဝင်နိုင်ငံ တချို့ကလည်း ဒီလိုမျိုး အကြံဉာဏ်တွေကို ပေးခဲ့ဖူးပါတယ်။ အတွင်းရေးမှူးချုပ် အနေနဲ့ အခုလို တဘက်က ပေးလာတဲ့ အကြံဉာဏ်တွေကို လက်ခံ သဘောပေါက်ပြီး စဉ်းစား သုံးသပ်ပေးမှာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် (Kofi Annan) လက်ထက်က မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် ၂၀၀၆ ခုနှစ်က စတင် တာဝန် ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ဂမ်ဘာရီ အနေနဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် ကြားဝင် ဆောင်ရွက်ပေးရာမှာ အောင်မြင်မှု မရရှိခဲ့လို့ ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၀ မှာ သူနှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း လက်ရှိ သူ့နေရာမှာ ပူးတွဲ တာဝန်ထမ်းဆောင်နေသူ မစ္စတာ ဗီဂျေး နမ်ဘီယာဟာ မြန်မာနိုင်ငံကို ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲတွေ အပြီး ပထမဦးဆုံးအကြိမ် သွားရောက်ခွင့် ရခဲ့ပါတယ်။ ထိုစဉ် နေအိမ် အကျယ်ချုပ်က လွတ်မြောက်စဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာစစ်အစိုးရ အရာရှိတွေနဲ့လည်း သူ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

မစ္စတာ နမ်ဘီယာ အနေနဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ အောင်မြင်တဲ့ ထူးခြားမှုတွေ မရရှိခဲ့ပါဘူး။ ဒါကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ဗြိတိန် သံအမတ်ကြီး မာ့ခ် လီယာ ဂရန့် (Mark Lyall Grant) အပါအ၀င် တခြားအဖွဲ့ဝင် နိုင်ငံအချို့တို့က အတွင်းရေးမှူးချုပ် အနေနဲ့ အချိန်ပြည့် အကြံပေး ပုဂ္ဂိုလ်တဦး ခန့်အပ်ဖို့ ဆွေးနွေး အကြံပေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်တဦး အချိန်ပြည့် ခန့်အပ်နိုင်ဖို့ အရေးကြီးတဲ့ အကြောင်း ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ ကုလသမဂ္ဂ ရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက အခုလို သုံးသပ်ပါတယ်။

“ဒီနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေက တော်တော်လေး အကွေ့အပြောင်းမှာ ရှိနေပါတယ်။ တဘက်မှာလည်း ရွေးကောက်ပွဲ အပေါ်မှာ ပြည်သူလူထုက မကျေနပ်မှု ရှိနေတယ်။ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ပါလီမန်မှာလည်း ပြည်သူ လူထုရဲ့ အကျိုးစီးပွား အတွက် လိုအပ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ့် အလားအလာတွေကို သိပ်မတွေ့ ကြဘူးပေါ့။ ဒီအပေါ်မှာ နိုင်ငံရေးအရ အုံကြွမှုတွေ အများကြီး ဖြစ်ပေါ် လာနိုင်တယ်။

“တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား အခွင့်အရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်ရေး နည်းနဲ့ ဖြေရှင်းတဲ့ အတွက် အခုဆိုရင် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုတွေကလည်း ပျက်မယ့် သဘောမျိုး ရှိနေတယ်။ တိုက်ပွဲတွေလည်း စပြီး ဖြစ်ပေါ်နေတယ်။ ဆိုတော့ ဒီလို အနေအထားမျိုးမှာ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံမှာ အင်အားစု အားလုံး ပါဝင်တဲ့ အသွင် ကူးပြောင်းရေး တခု ဖြစ်တယ်လို့ ပြောနေရုံလောက်နဲ့တော့ မလုံလောက်ဘူး။

“မစ္စတာ နမ်ဘီယာ သွားပြီးတော့ အကြံပြုခဲ့တာတွေ ရှိတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း ဆွေးနွေး ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ဒါတွေက အကောင်အထည် ပေါ်မလာတော့ ဒါတွေကို ဆက်တိုက် အကောင်အထည် ဖော်ဖို့အတွက် မြန်မာနိုင်ငံက ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေရော၊ လက်ရှိ စစ်တပ် ခေါင်းဆောင်တွေ နဲ့ရော အိမ်နီးချင်း နိုင်ငံတွေနဲ့ပါ တေ့တေ့ ဆိုင်ဆိုင် ဆွေးနွေးဖို့ လိုတယ်။ ဒီအတွက် အချိန်ပြည့် လုပ်ဆောင်နိုင်တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် တယောက် ခန့်အပ်ဖို့ အမြန်ဆုံး လိုအပ် နေပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အချိန်ပြည့်တဦး ခန့်အပ်ဖို့ လိုအပ်တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဒေါက်တာ သောင်းထွန်း ပြောခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ရော့စ်ဒန်ကလေ အာမခံ ပယ်ချခံရ

သဲသဲ
ကြာသပတေးနေ့၊ မတ်လ ၁၇ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ) ။ ။ သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ၏အမှု အာမခံရရေး လျှောက်ထား ချက်ကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးမှ ကြာသပတေးနေ့တွင် ပယ်ချ လိုက်သည်။

မစ္စတာဒန်ကလေကို စွဲဆိုထားသည့် ပုဒ်မ ၅ ခု အနက်၊ လူဝင်မှုကြီးကြပ်ရေး ပုဒ်မနှင့် နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါး တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈ တို့မှာ အာမခံ မရနိုင်သော အမှုများ ဖြစ်သည် ဆိုကာ တရားရုံးက ဆုံးဖြတ်ကြောင်း မြန်မာတိုင်းမ်၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဝေလင်းက ဆိုသည်။

“အခြေအနေကြည့်ပြီး အာမခံအတွက် အယူခံတက်ရင်လည်း တက်ပါမယ်။ မရသေးခင်တော့ အထဲက နေပဲ အမှု ရင်ဆိုင် နေရမှာပေါ့”ဟု မစ္စတာ ဒန်ကလေ၏ ရှေ့နေ တဦးဖြစ်သူ ဦးမင်းစိန်က ပြောသည်။

ကြာသပတေးနေ့ ကြားနာမှုတွင် ဆရာဝန်တဦးနှင့် တရားလို သက်သေ ခြံစောင့် ဝန်ထမ်း တဦးကို တရားရုံးမှ စစ်ဆေးခဲ့သည်။ ဆရာဝန်မှာ တရားလို မခိုင်ဇာ ကို ရဲမှ စစ်ဆေးခဲ့စဉ်က မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိကို ဆေးမှတ်တမ်း ယူခဲ့သူ ဖြစ်ကြောင်း ဦးမင်းစိန်က ဆိုသည်။ အမှုကို ယခုလ ၂၃ ရက်နေ့တွင် ထပ်မံ ချိန်းဆို လိုက်ပြီး မှုခင်း ဆရာဝန်ကို စစ်ဆေးမည်ဖြစ်သည်။

တရားခွင်သို့ သြစတြေးလျနိုင်ငံ သံအမတ်ကြီးလည်း လာရောက်ခဲ့သည်။ အင်းစိန် ထောင်တွင် ချုပ်နှောင် ထားသည့် မစ္စတာ ဒန်ကလေမှာ ထောင်တွင်း ကောင်းမွန်စွာ နေရပြီး ကျန်းမာစွာ ရှိကြောင်း မြန်မာတိုင်းမ်း တာဝန်ရှိသူများက ပြောသည်။

မစ္စတာဒန်ကလေမှာ အရေးပေါ် ပြဋ္ဌာန်းချက် လဝက ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာကို နာကျင်အောင် လုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့် ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် တရား ရင်ဆိုင် နေခြင်းဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

DKBA စစ်ဆင်ရေး သတင်းကြောင့် မြဝတီမြို့ခံများ တိမ်းရှောင်

Thursday, 17 March 2011

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိုင်း - မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ စစ်ဆင်ရေး ပြုလုပ်မည် ဆိုသည့်သတင်း ထွက်ပေါ် နေသဖြင့် မြို့ခံများ ဘေးကင်း လုံခြုံရာသို့ ရှောင်တိမ်း နေကြသည်ဟု သိရသည်။

မြ၀တီမြို့ခံ တဦးက “DKBA ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က ဝင်တိုက်မယ် ဆိုတော့ ထိုင်းဘက်နဲ့ ကော့ကရိတ် ဘက်ကို ရှောင်တာ ရှိသလို၊ မြို့ပြင် ဘက်ကိုလည်း ရှောင်နေကြတယ်။ အာဏာပိုင်တွေ ကတော့ ဒီသတင်း မဟုတ်ဘူး၊ ကောလာဟလလို့ ရပ်ကွက်ထဲ လိုက်ပြောနေတယ်။ ဒါပေမယ့် ရှောင်နေတဲ့ အထဲမှာ သူတို့ ဆွေမျိုး သားချင်းတွေ ရှေ့ဆုံးကပဲ” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲ သတင်းများကြောင့် မြဝတီမြို့၌ ကျီးလန့်စာစား ဖြစ်နေချိန်တွင် ထိုင်းဘက်ခြမ်း နယ်ခြားမျဉ်း အနီးရှိ သုဿန်တွင် ပြုလုပ်သော ဈာပနမှ ပစ်ဖောက်သည့် မီးကျည် အသံများကြောင့် မြို့ခံများ ထိတ်လန့်ကာ တမြို့လုံး အသွားအလာ မရှိဘဲ ငြိမ်သက် နေသည်ဟု သူက ဆိုသည်။

DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူး ဆန်းအောင်က “ဒီနေ့ စစ်ဆင်ရေး ရှိတာ ဟုတ်တယ်။ ကျနော်တို့ တပ်ဖွဲ့တွေ မြို့ကို ၀ိုင်းထားပေမယ့် ဒီရက်တွေမှာ မိုးတအား ရွာနေတာကြောင့် စစ်ဆင်ရေးကို အဟန့်အတား ဖြစ်မှာစိုးလို့ ဒီနေ့တော့ မလုပ်ဖြစ်ပါဘူး။ ဒီစစ်ဆင်ရေးက နအဖ ရဲ့ ယန္တရား ကိုပဲ အဓိက တိုက်မှာ ဖြစ်တဲ့ အတွက် အရပ်သားတွေ စိုးရိမ်ဖို့ မလိုဘူး။ ဒါပေမယ့် သတိနဲ့တော့ သွားလာဖို့ လိုတယ်” ဟု ပြောသည်။

DKBA တပ်မဟာ ၅ အဖွဲ့သည် ၁၀ တန်း ကျောင်းသားများ စာမေးပွဲပြီးသည့် ရက်ပိုင်းအတွင်း မြ၀တီမြို့ကို ထိုးစစ် ဆင်မည် ဆိုသည့် အကြောင်း မြို့ခံများ သိရှိစေရန် ကြိုတင် ပြောကြား ထားပြီး ဖြစ်သည်ဟုလည်း ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း DKBA အဖွဲ့သည် မြ၀တီ - ကော့ကရိတ် ကားလမ်းပေါ်ရှိ တောင်သုံးလုံး ဒေသ အနီးတွင် နအဖ တပ်စခန်းများကို ၀င်ရောက် ပစ်ခတ်ခဲ့သည့် အတွက် နအဖ တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သည်ဟု မြ၀တီမြို့ခံ ယာဉ်မောင်း တဦးကပြောသည်။

DKBA အဖွဲ့သည် ဆက်လက်ရပ်တည်ရန် ဘဏ္ဍာငွေ မရှိတော့သဖြင့် မြ၀တီမြို့ကို ၀င်ရောက် တိုက်ခိုက်ပြီး ပြည်သူများ ထံမှ ဓားပြတိုက် လုယက်ရန် အစီအစဉ် ရှိသည်ဟု မြ၀တီခရိုင် အစိုးရ အာဏာပိုင်များက ခရိုင် အတွင်း သတင်းဖြန့် ထားသည်ဟု သိရသည်။

မြဝတီမြို့ခံ ယာဉ်မောင်းက “မြ၀တီခရိုင်နဲ့ ကော့ကရိတ်ခရိုင် နှစ်ခုကို DKBA နဲ့ KNU (ကရင်အမျိုးသား အစည်းအရုံး) က ဘယ်အချိန် ၀င်တိုက်တိုက် ရတဲ့ အနေအထား ရှိတာကို လူထုက သိထားတယ်။ သူတို့မှာ အတွေ့အကြုံနဲ့ အဆက် အသွယ်တွေက ရှိပြီးသား ဆိုတော့ အရင် ရှောင်ထားတာ အလကား မဖြစ်ဘူးဆိုတာ သိနေကြတယ်။ မြ၀တီနဲ့ ကော့ကရိတ် လမ်းကိုတောင် လုံခြုံရေး မပေးနိုင်တဲ့ အာဏာပိုင်တွေကို လူထုက အယုံအကြည် မရှိတာ ရှေ့မှာ နမူနာတွေ အများကြီး ရှိခဲ့တယ်” ဟုပြောသည်။

DKBA အဖွဲ့က မြ၀တီမြို့ စစ်ဆင်ရေးကို အကောင်အထည် ဖေါ်မည့် စစ်ရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင် သွားမည်ဟု ပြောထားပြီး မြ၀တီ ခရိုင်အာဏာပိုင်များ ဘက်မှ မြို့တွင်း လုံခြုံရေးအတွက် ပုံမှန်ထက် တပ်အင်အားများ တိုးမြှင့် ချထားကြောင်း၊ ခရိုင်အတွင်း တပ်လှန့် ထားကြောင်း ကရင် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့မှစ၍ နအဖ တပ်နှင့် DKBA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘက်သို့ ထွက်ပြေးခဲ့ကြ ရသည်။

Ref: ဧရာဝတီ်

Read More...

NLD နဲ့ NDF ခေါင်းဆောင်တွေ တွေ့ဆုံ

ကျော်ကျော်သိန်း
ကြာသပတေး, 17 မတ် 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် ၂ ဦးနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ NDF ပါတီနဲ့ ပတ်သက် တာတွေကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်တစား မေးမြန်း ခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ NDF ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ကနေ ခွဲထွက်သွားတဲ့ NDF ပါတီ ခေါင်းဆောင် ၂ ယောက်နဲ့ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်မှာ မတ်လ ၁၇ ရက် ညနေပိုင်းက တွေ့ဆုံခဲ့တာပါ။ ဦးတင်ဦး နေအိမ်မှာ ဖြစ်ပေမဲ့ တွေ့ဆုံပွဲမှာ ဦးတင်ဦး မပါဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဦးဝင်းထိန် ပါဝင်ခဲ့ပြီး NDF ပါတီဘက်က ဦးခင်မောင်ဆွေနဲ့ ဒေါက်တာ သန်းငြိမ်းတို့ ပါဝင်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို အစည်းအဝေးလို့ ခေါင်းစဉ် မတပ်ဘဲ သာမန်တွေ့ဆုံပွဲ အဖြစ်ပဲ ဦးခင်မောင်ဆွေက ပြောခဲ့ပါတယ်။

“ကျနော်တို့ NLD တုန်းက ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို ရှင်းပြတာရယ်၊ ကျနော်တို့ ပါတီ NDF ရဲ့ အကြောင်း အရာတွေ သူသိချင်တာတွေ မေးတာ ဖြေရပါတယ်။ ပြီးတော့ လွှတ်တော်ထဲမှာ ကျနော်တို့ NDF ရဲ့ လုပ်နိုင် ကိုင်နိုင်ချေတွေ ဘယ်လောက်ရှိလဲ ဆိုတာကို မေးတာလည်း ဖြေရပါတယ်။ အဲဒီလောက်ပါပဲဗျ။ ကျန်တာကတော့ အလာပ သလာပ ရှေးဟောင်း နှောင်းဖြစ်တွေရော၊ ဒီလောက်ပါပဲ။”

NDF ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အခုတကြိမ် တွေ့ဆုံတာဟာ ဒုတိယ အကြိမ် ဖြစ်ပြီး ပထမ အကြိမ် တုန်းကတော့ နိုင်ငံရေး ကိစ္စတွေ၊ ပါတီကိစ္စတွေ ဘာမှမပါဘဲ သာမန် လူမှုရေး ကိစ္စတွေပဲ ပြောဆို ခဲ့ကြတယ်လို့ ပြောခဲ့ ဖူးပါတယ်။ အခုတကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က NDF ပါတီနဲ့ ပတ်သက်လို့ ပိုပြီး စိတ်ဝင်တစား မေးမြန်းခဲ့သလို တွေ့ဆုံပွဲ အပေါ် အားရ ကျေနပ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“သူကလည်း သိချင်တယ်ဗျ၊ ကျနော်တို့ ပါတီတွင်းကိစ္စနဲ့ ပတ်သက်ပြီး သူကလည်း သိချင်စရာတွေ ဖြစ်လာတာကိုး။ လွှတ်တော်ထဲမှာ ပြောတာ ဆိုတာတွေ ကြားနေတာကိုး။ ရယ်စရာ မောစရာတွေနဲ့ ကျနော်တို့ကို နောက်တာလည်း ရှိတာပေါ့။ နောက်တာလည်း ရှိတယ်၊ အပြစ်တင်တာလည်း ရှိတာပေါ့ဗျာ။ အရမ်းကောင်းပါတယ်။ ကျနော်တို့ ခေါင်းဆောင်ပဲဗျာ။

“အခုလည်း ကျနော်တို့က တွေ့တဲ့အခါမှာ နိုင်ငံရေး အရရော၊ လူမှုရေး အရရော အားလုံး ခင်ခင်မင်မင် ဖွဲ့ဖွဲ့ စည်းစည်း ရှိပါတယ်၊ ပြောရဆိုရတာ။ သူလည်း တော်တော်များများကြီး နားလည် နေပါတယ်။ အားလုံးရဲ့ အခြေအနေကို ခြုံငုံပြီး သိနေပါတယ်။ အင်အား အပေါ်ကို နားလည်လာလေ ကျနော်တို့ အပေါ်ကို ပိုပြီး အမြင်ရှင်း လာလေပေါ့။ ပြီးတော့ သဘောပေါက်တာကို သိရတဲ့အတွက် ကျနော် ၀မ်းသာစရာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က မလွတ်မြောက်ခင် လေးမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲပြီး ဦးခင်မောင်ဆွေ တို့က ခွဲထွက် သွားပြီးတော့ NDF ပါတီကို ထူထောင် ခဲ့တာပါ။ အဲဒီ အချိန်တုန်းက နှစ်ဘက် အကြား အပြန်အလှန် စကားစစ်ထိုး တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။

အခုအခြေအနေမှာတော့ NLD က ရွေးကောက်ပွဲ မ၀င်တဲ့ အတွက် မြန်မာ စစ်အစိုးရရဲ့ ဥပဒေအရ တရားဝင် နိုင်ငံရေး ပါတီ တခုအဖြစ် ဆက်ရှိ မနေတော့ဘဲ NDF ကတော့ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် တွေလည်း ရှိနေတဲ့ တရားဝင် နိုင်ငံရေး ပါတီတခု ဖြစ်ပါတယ်။ NLD အနေနဲ့ ပါတီ တရားဝင် ရပ်တည်ရေး ကိစ္စ မြန်မာ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ဟာ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေကို ချိုးဖောက်တယ် ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုန် လုံခြုံရေးကောင်စီ ချမှတ်

ကြာသပတေး, 17 မတ် 2011

လစ်ဗျားနိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ် လိုက်ပါပြီ။ ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ မရှိနဲ့ ဆုံးဖြတ်ချက် ၁၉၇၃/၂၀၁၁ ကို ချမှတ် လိုက်တာပါ။ ဘရာဇီး၊ တရုတ်၊ ဂျာမဏီ၊ အိန္ဒိယနဲ့ ရုရှားတို့က မဲ မပေးခဲ့ကြပါဘူး။ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက အဆိုကို တင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကဒါဖီရဲ့ တပ်တွေက ဗုံးကြဲနေတဲ့အတွက် အရပ်သားတွေကို အကာ အကွယ်ပေးဖို့ လစ်ဗျား နိုင်ငံ အပေါ်မှာ မပျံသန်းရ ဇုန်ကို သတ်မှတ်ဖို့ လိုအပ်တာ မှန်သမျှ လုပ်ပိုင်ခွင့် ပေးမယ့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ထဲမှာ ဘယ်နိုင်ငံခြား တပ်မှ လစ်ဗျား နိုင်ငံကို သိမ်းပိုက်ဖို့ ခွင့်ပေးမထားပါဘူး။

ဒီဆုံးဖြတ်ချက်ကို ဗြိတိန်၊ ပြင်သစ်နဲ့ လက်ဘနွန် နိုင်ငံတွေက အမေရိကန်နဲ့ အာရပ် အဖွဲ့ချုပ်တို့ရဲ့ ထောက်ခံမှုနဲ့ ကမကထ ပြုခဲ့တာပါ။ ကာတာနဲ့ ယူအေအီး နိုင်ငံတို့က ဒီဆုံးဖြတ်ချက်ကို ထောက်ခံမယ်လို့ အာရပ် သံတမန်တွေက ပြောခဲ့ကြပါတယ်။

လစ်ဗျားနိုင်ငံအပေါ် စစ်ရေးအရ အရေးယူရင် မြေထဲပင်လယ် ဒေသမှာ ရေကြောင်း လေကြောင်း သွားလာ နေကြတဲ့ ယာဉ်မှန်သမျှ အန္တရာယ် ကြုံရနိုင်တယ်လို့ လစ်ဗျား နိုင်ငံတော်ပိုင် ရုပ်မြင် သံကြားက သတိပေး လိုက်ပါတယ်။ ဒီနေရာတွေမှာ သွားလာနေတဲ့ အရပ်ဘက် စစ်ဘက် ယာဉ်တွေဟာ လစ်ဗျားရဲ့ တန်ပြန်ထိုးစစ် ပစ်မှတ်ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက် မချမီ နာရီ အတော်ကြာကြာတုန်းက လစ်ဗျားနိုင်ငံ အရှေ့ပိုင်းက ဘန်ဂါဇီမြို့က သူပုန်တွေ အနေနဲ့ လက်နက် ချရင်ချ၊ ဒါမှမဟုတ် အစိုးရက စီးနင်း တိုက်ခိုက်မှာကို ရင်ဆိုင်လို့ မိုမာ ကဒါဖီ (Moammar Gadhafi) က သတိပေး လိုက်ပါတယ်။

Ref: VOA News

Read More...

လွှတ်တော် ခေတ္တနား

မျိုးသန့်
ကြာသပတေးနေ့၊ မတ်လ ၁၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေပြည်တော်တွင် ကျင်းပလျက်ရှိသော လွှတ်တော် အစည်းအဝေး များကို ကြာသပတေး နေ့မှ စတင်၍ ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း လွှတ်တော် အမတ်များထံမှ စုံစမ်း သိရသည်။

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ကြာသပတေးနေ့မှစတင် ရပ်နားပြီး မတ်လ ၂၁ ရက်နေ့တွင်သာ ပြန်လည် စတင်မှာဖြစ်သည်။

လွှတ်တော်အစည်းအဝေးများ ရပ်နားရခြင်းမှာ နေပြည်တော်တွင် သာသနာရေးဌာနမှ ဦးစီး ကျင်းပသည့် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ရှိနေခြင်းကြောင့်ဟု ပြည်သူ့ လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးက ပြောသည်။ ထို ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ နေပြည်တော်ရောက် အမတ်များ သွားရောက်ရန် တရားဝင် ဖိတ်ကြားခြင်း မရှိသော်လည်း သွားရောက်လိုက သွားနိုင်သည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော် အမတ်များ၏ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးနှင့် ပတ်သက်သည့် မေးခွန်းများကို ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်က ပြန်လည် ဖြေကြားရာတွင် လမ်းပန်း ဆက်သွယ်ရေးကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဝင်းခိုင်၏ ရာသီအလိုက် သီးနှံများ လွတ်လပ်စွာ စိုက်ပျိုး ထုတ်လုပ် ရောင်းချခွင့်ရှိ/မရှိ မေးခွန်းကို လယ်/ဆည်ဝန်ကြီး ဦးဌေးဦးက ထူးခြားသည့် အခြေ အနေများရှိပါက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဖြေရှင်း ပေးမည်ဟု ဖြေကြားခဲ့သည်။

ထို့နောက် ပင်စင်စားများ လစာတိုးပေးရေး အဆိုကို ဦးစိုးဝင်းက တင်ပြ ဆွေးနွေးရတွင် ဘဏ္ဍာရေး ဝန်ကြီး ဦးလှထွန်းက သင့်လျော်သော အချိန်အခါတွင် ဆောင်ရွက် ပေးသွားမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဦးအောင်ဇင်၏ ထွက်ကုန်သီးနှံများကို တည်ငြိမ်သောဈေးရရှိရေး သင့်တင့်သော ထိန်းသိမ်းခ သတ်မှတ်၍ အစိုးရနှင့် ပုဂ္ဂလိကတို့ထံ တရားဝင် အပ်နှံ ထားခွင့်ပြုရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရေး အဆိုကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းက ပြန်လည် ဆွေးနွေးရာတွင် သိုလှောင်ရုံများ အလုံအလောက် မရှိခြင်း၊ တောင်သူ လယ်သမားများ၏ ယုံကြည်စိတ်ချ အားထားမှု တည်ဆောက်ရန် အချိန်များစွာ လိုအပ်ခြင်း တို့ကြောင့် ထိုအဆိုကို ဆောင်ရွက်ရန် မသင့်ကြောင်း ငြင်းဆိုခဲ့သည်။

အမျိုးသားလွှတ်တော်ဘက်တွင်လည်း ချင်းပြည်နယ်မှ ဦးပေါ်လျှံလွင်၏ ချင်းပြည်နယ် အတွင်း ချင်းအမျိုးသား ဆရာဝန်များ ပိုမိုချပေးရေး အဆိုကို ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က ဆောင်ရွက်ဆဲ ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ထို့အပြင် ကျန်းမာရေးကဏ္ဍတွင် အားနည်းနေသည့်အတွက် ဘုတ်အဖွဲ့တခု ဖွဲ့စည်းဆောင်ရွက်ရေး ဦးစတီဗင် သာဘိတ်၏ အဆိုကို ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်က ပြန်လည် ဆွေးနွေးရာ အမျိုးသား ကျန်းမာရေး ကော်မတီမှ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများနှင့် ပတ်သက်၍ ပြည်သူများ၏ ကျန်းမာရေး အသိပညာများ နိုးကြားအောင် ပညာပေး အစီအစဉ်များ ဆောင်ရွက် ပေးလျက်ရှိကြောင်း ဖြေကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုး၏ စက်သုံးဆီ မှောင်ခို ရောင်းဝယ်မှုနှင့် ပတ်သက်သည့် မေးခွန်းကို စွမ်းအင်ဝန်ကြီး ဦးလွန်းသီက ပြန်လည် ဖြေကြားရာတွင် တရားမဝင် လမ်းဘေး ဆီဆိုင်များ လျော့နည်း ပပျောက်စေရန် ဆောင်ရွက်လျက် ရှိသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

တရုတ် ထိပ်တန်းခေါင်းဆောင် မလာမီ အစိုးရသစ် အမြန်ဖွဲ့မည်

ရန်ပိုင်
Thursday, 17 March 2011

နေပြည်တော်တွင် ပြုလုပ်နေသည့် လွှတ်တော် အစည်းအဝေးများကို အပြီးသတ်ကာ လာမည့် ရက်ပိုင်အတွင်း အစိုးရ သစ်ကို စတင်ဖွဲ့စည်း တော့မည်ဟု နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူများ အဆိုအရ လာမည့် ဧပြီလ ၂ ရက်နေ့တွင် တရုတ် ကွန်မြူနစ် ပါတီ၏ ထိပ်တန်း ခေါင်းဆောင် ကျာချင်လင်း (Jia Qinglin) မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် ဖြစ်ကြောင်း၊ ယင်း တရုတ်ထိပ်တန်း ခေါင်းဆောင်နှင့် ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရ အဖွဲ့သစ်ကို တွေ့ဆုံရန် အတွက် ဖြစ်နိုင်ကြောင်း သိရသည်။

ထို့အပြင် အစိုးရအဖွဲ့ဟောင်း၏ ဘဏ္ဍာရေးနှစ်သည်လည်း ယခု မတ်လကုန်လျှင် ပြီးဆုံးမည် ဖြစ်ပြီး အစိုးရ သစ်၏ ဘဏ္ဍာရေး ဆိုင်ရာ အသုံး စရိတ်များကို ဧပြီလတွင် စတင် လည်ပတ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် မစ္စတာ ကျာချင်လင်းသည် တရုတ် ကွန်မြူနစ် ပါတီ၏ ပေါ်လစ်ဗျူရို အဖွဲ့တွင် တဦး အပါအ၀င်ဖြစ်ပြီး ယခု ခရီးစဉ်သည် မြန်မာပြည်၏ အရပ်သား အစိုးရသစ်ကို လာရောက် တွေ့ဆုံကာ ချီးကျူးခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

တရုတ်အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိပြီး စီးပွားရေး ကဏ္ဍတွင် သာမက စစ်ရေး ဆက်ဆံမှုများလည်း ရှိနေရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်ရက်ပိုင်းက လာရောက် လည်ပတ်ခဲ့ကြောင်း စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် အများစု အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲအပြီး ၂ ရက်အကြာတွင် တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဒု သမ္မတ ဇီကျန်ပင်းတို့က ရွေးကောက်ပွဲတွင် အနိုင်ရ ရှိခဲ့သည့်အတွက် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

အစိုးရသစ်ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် လွှတ်တော်အစည်းများကို လွန်ခဲ့သည့် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင် ကျင်းပခဲ့ရာ ယခုဆိုလျှင် ၁ လခွဲနီးပါး ကြာမြင့်နေပြီဖြစ်ပြီး သမ္မတ အဖြစ် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ ဒုသမ္မတအ ဖြစ် စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ရှမ်းအမျိုးသား ဒေါက်တာ စိုင်းမောက်ခမ်းတို့အား ခန့်အပ်ထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းမှာ ပြည်သူလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ယဉ်ကျေးမှု ၀န်ကြီး ဦးခင်အောင်မြင့်က ဆောင်ရွက်သည်။ လွှတ်တော် အစည်း အဝေးများသည် များသောအားဖြင့် အချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်သောကြောင့် ၁၅ မိနစ် လွှတ်တော်ဟုပင် ရေးသား ပြောဆို ခံရသည်။

တရုတ်အစိုးရသည် လက်ရှိ စစ်အစိုးရနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းများကို လုပ်ကိုင်နေပြီး ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေများကို တရုတ် နိုင်ငံသို့တင်ပို့ ရေး စီမံကိန်းများကို သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် သဘောတူ လက်မှတ်များ ရေးထိုးပြီးဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

Thursday, March 17, 2011

မြန်မာမှာ လူထုတော်လှန်ရေး ဖြစ်နိုင်မှာလား

ထွန်းထွန်း
အင်္ဂါနေ့၊ မတ်လ ၁၅ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံမှာ ၈၈၈၈ လူထုအုံကြွမှုမျိုး တဖန်ပြန်လည် ပေါ်ပေါက်နိုင်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သြဇာကြီးသော ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်၊ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနှင့် ထိုင်းအခြေစိုက် ဗဟုဖွံ့ဖြိုးမှု အဖွဲ့မှ ဦးအောင်သူငြိမ်း တို့ကို မဇ္ဈိမက မေးမြန်းထားသည်။

ဦးဝင်းတင်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ဖိနှိပ်မှုများ၊ မတရား ခေါင်းပုံဖြတ်မှုများ အပြင် ပြည်သူလူထု ဆင်းရဲတွင်း နက်နေခြင်းများက လူထုအုံကြွမှု ဖြစ်ပေါ်စေမည့် အချက်များဟု သုံးသပ်သည်။ ထို့ပြင် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အာဏာရှင်ဖြုတ်ချရေး လူထုအုံကြွမှု ဂယက်များသည်လည်း အင်အားတခုအဖြစ် တည်ရှိနေသည် ဟု ဆိုသည်။

သို့သော် ယခင်က NLD ခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခင်မောင်ဆွေ ကမူ လူထု အုံကြွမှု ဖြစ်ပေါ်ရန် အလားအလာ နည်းနေသည်ဟု ဆိုသည်။ လူထု အုံကြွမှုများကို စစ်အစိုးရက ဖိနှိပ်ခဲ့သည့် အတွက် ယခုလို သုံးသပ်ကြောင်းနှင့် လူထု အနေဖြင့် အသက်စွန့် လှုပ်ရှားရန်မှာ မဖြစ်နိုင်သေးကြောင်း သူက ပြောဆိုသည်။

ထိုင်းအခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ ဦးအောင်သူငြိမ်းကမူ အသစ်ဖြစ်ပေါ်နေသည့် လွှတ်တော်အတွင်း ပြောင်းလဲမှု တစုံတရာ ဖြစ်ပေါ်လာရန် ပြည်သူများက စောင့်ကြည့်နေပြီး၊ ပြောင်းလဲမှု မရှိလျှင် ပါလီမန်ပြင်ပ နိုင်ငံရေးကို ဦးတည် သွားနိုင်သည်ဟု သုံးသပ်သည်။


မြန်မာပြည်မှာ လူထုအုံကြွမှု ပြန်ဖြစ်နိုင်မယ်လို့ ယူဆပါသလား။ ဖြစ်နိုင်တယ်ဆိုရင် ဘာကြောင့်၊ မဖြစ်နိုင်ဘူး ဆိုရင် ဘာကြောင့် ဆိုတာလေး ရှင်းပြပေးပါခင်ဗျ။

ဦးဝင်းတင်

“အခု မြန်မာပြည်က လူတွေကို ကြည့်မယ်ဆိုရင် ဆင်းရဲတဲ့ အနေအထားမှာ ရှိနေကြပြီ။ အခု ရန်ကုန် မြို့လယ်က ချမ်းသာနေတဲ့ လူတွေကို ကြည့်ပြီး အမျိုးမျိုး ပြောနေတာကိုး။ နယ်တွေကို မပြောနဲ့ တကယ် ရန်ကုန်ထဲမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့ နေရာတွေမှာ ဆင်းရဲတဲ့သူ များနေတာကို တွေ့တယ်။ ဆင်းရဲတယ် ဆိုတာ တော်တော့ကို ဆင်းရဲတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီတော့ စီးပွား ချွတ်ခြုံကျမှုဟာ လူထုအုံကြွမှု ဖြစ်ပေါ်ဖို့ အတွက် ဖြစ်တတ်တယ်လို့ ကျနော်က သုံးသပ်တယ်။ အခု မြန်မာပြည်မှာက ထားစရာ မရှိတဲ့သူနဲ့ စားစရာ မရှိတဲ့သူလို ဖြစ်နေတယ်”

“နောက်တခုကတော့ မတရားမှုတွေပေါ့။ မတရားမှု ဆိုတာ လူလူချင်း ဆက်ဆံတဲ့ နေရာမှာ မတရားတာ၊ အနိုင်ကျင့်တာ၊ ဗိုလ်ကျတာ။ ဒီလို မတရားမှုတွေက မြန်မာပြည် တပြည်လုံး နေရာအနှံ့ ဖြစ်နေတယ်။ နောက်ပြီး ဒီမတရား မှုတွေကို ကိုယ်တိုင်လည်း ခံစားရတယ်။ နောက်ပြီး တခြားသူတွေ ခံစား နေရတာ ကိုလည်း မီဒီယာ တွေကနေ တဆင့် လူတွေက သိလာကြတော့ အုံကြွ ပေါက်ကွဲမှုဆိုတာ အချိန်မရွေး ဖြစ်နိုင်တယ်ဗျ”

“အဲဒါတွေအပြင်ကို နောက်ထပ် Sector တခုက ဘာလဲဆိုရင် အခု အရှေ့ အလယ်ပိုင်းမှာ ဖြစ်တဲ့ ကိစ္စတွေ ပေါ့ဗျာ။ အီဂျစ်တို့၊ တူရကီတို့မှာ ဖြစ်တဲ့ ကိစ္စတွေ။ အဲဒီကိစ္စတွေက ကျနော်တို့ရဲ့ မြန်မာပြည်ကို ဂယက် ရိုက်လာတယ်ပေါ့။ ဒီနေ့ခေတ်မှာ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ဖြစ်နေတယ် ဆိုတဲ့ အခါကျတော့ တခုနဲ့ တခု ဆက်စပ်နေတယ်”

“ဒီအခြေအနေတွေ အားလုံးကို သုံးသပ်တဲ့ အခါကျတော့ ကျနော်တို့ အတွက်တော့၊ မြန်မာ ပြည်မှာတော့ ဒီဂယက်တွေ ကတော့ ပေါ်နေပြီ။ တရုတ်ပြည်မှာတောင် ပေါ်နေတာ၊ မြန်မာပြည် ကတော့ ပိုပေါ်တော့မှာ ပေါ့ဗျာ။ ဆိုတော့ အဲဒီလို အခြေအနေ တွေကြောင့် မြန်မာပြည်မှာ လူထု အုံကြွမှု ပေါ်ပေါက်နိုင်တဲ့ အနေ အထားတွေ အများကြီး ရှိနေတယ်လို့ ကျနော် သုံးသပ်တာ ဖြစ်ပါတယ်”

ဦးခင်မောင်ဆွေ

“ဖြစ်နိုင်ဖို့ကတော့ သိပ်ကို နည်းပါတယ်ခင်ဗျ။ ပါလီမန်က ထွက်လာမယ့် ဟာတွေက ဘာတွေ ဖြစ်ဦး မလဲလို့ ဝေဝေဝါးဝါးလည်း ဖြစ်နေတယ်။ ပြီးတော့ ကျနော်တို့နိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံ ဆိုတော့ မွတ်စလင် နိုင်ငံတွေနဲ့တော့ အတွေးအခေါ် ကွာတယ်ဗျ။ အဲဒါ တချက်ပေါ့။ လူ့အသက်ကို စွန်ဖို့၊ လွယ်လွယ်ကူကူ စွန့်ဖို့ဆိုတာ ခက်ပါတယ်”

“နောက်ပြီးတော့ အာဏာရှင်နိုင်ငံတွေမှာ ဖြစ်နေတဲ့ ဒီလူထု လှုပ်ရှားမှုတွေဟာ နှစ်ပေါင်း ၃ဝ အတွင်းမှာ တခါမှ အခုလို များများစားစား၊ ဆူဆူပူပူ မရှိခဲ့ဖူးဘူး။ မြန်မာ နိုင်ငံမှာက အများဆုံး ဖြစ်တဲ့ နိုင်ငံလေ။ ဒါတောင်မှ ဖြစ်လာတဲ့ ဆူပူမှုတွေကို နှိမ်နင်း ခံရတာလည်း ရှိနေတော့ကာ ပြည်သူကလည်း အများကြီး သတိထားပုံ ပေါ်တယ်။ အဲဒီတော့ ဖြစ်ချင်လည်း ဖြစ်မှာပေါ့လေ။ ဖြစ်ဖို့တော့ အခွင့်အရေး သိပ်နည်းတယ်လို့ ကျနော် ထင်တယ်”

“နောက် မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကလည်းပဲ စီးပွားရေးပဲ မျှော်မှန်းနေတဲ့ အခါကျတော့ နိုင်ငံမှာ ဆူဆူပူပူ ဖြစ်မယ်ဆိုရင် စီးပွားရေး အခွင့်အလမ်းတွေ ထိခိုက်မှာ စိုးတဲ့ အခါကျတော့ ဒါတွေက သိပ်ပြီး အားပေး ချင်တဲ့ပုံ ရှိမှာ မဟုတ်ဘူးလို့ ယူဆစရာ အကြောင်း ရှိပါတယ်။ မြန်မာ လူထုဟာ သိပ်ကို ခံစားနေရပြီ၊ အခုလို ဆင်းရဲ မွဲတေနေပြီ။ သို့သော်လည်း လမ်းမပေါ် ထွက်ရလောက်အောင် အခြေအနေ မပေးသေးဘူးလို့ ကျနော် တွက်ပါတယ်”

ဦးအောင်သူငြိမ်း

“ကျနော်တို့ဆီမှာ လူထုအုံကြွမှု မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ဘူး ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ ရေခံမြေခံတွေက အတော်များများ ရှိတယ်။ အခုဖြစ်တဲ့ အရှေ့ အလယ်ပိုင်း ကိစ္စတွေကို ပြန်ကြည့်တဲ့ အခါကျတော့ လူတွေက သူတို့ရဲ့ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ထိပါးခံရတဲ့ အနေအထား၊ မကျေနပ်တာတွေ ပါတယ်။ နောက်တခါကျတော့ အစိုးရပိုင်းမှာ လာဘ်စားနေတဲ့ အကျင့်ပျက် ခြစားနေတဲ့ ကိစ္စတွေ ပါတယ်။ နောက်တခါကျတော့ လူတွေက အထွေထွေ ကျပ်တည်းမှုတွေ ပါတယ်။ နောက် လူတန်းစား သိပ်မညီမျှမှုတွေ ပါတယ်ပေါ့နော်။ ဆိုတော့ ဒီအခြေအနေတွေ ပြန်ကြည့်ရင် ကျနော်တို့ တိုင်းပြည်မှာလည်း ဒါတွေက ဖြစ်နေတယ်ဗျ”

“နောက်တခုကကျတော့ လူတွေက အပြောင်းအလဲကို မျှော်လင့်နေတယ် ဆိုတာ ကျနော်တို့ တနိုင်ငံလုံး သေချာ တယ်ပေါ့။ ဒါပေမဲ့ အခုဖြစ်လာတဲ့၊ ပါလီမန်ထဲမှာ ဖြစ်နေတဲ့ ဆွေးနွေးပွဲတွေ၊ အပြောင်းအလဲ တွေက ဘယ်လောက်ထိ သူတို့ရဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်း ပေးနိုင်မလဲပေါ့။ ဒါ မျှော်လင့်ချက် မရှိတော့ဘူး ဆိုရင်လည်း လူတွေက ပါလီမန်ပြင်ပ နိုင်ငံရေး ဘက်ကို ပြန်လှည့်လာနိုင်တဲ့ သဘောလည်း ရှိပါတယ်’’

လူထုအုံကြွမှုဖြစ်ဖို့အတွက် ဘယ်လိုအချက်က အခြေခံအချက်လို့ မြင်ပါသလဲ။

ဦးဝင်းတင်

“ဆင်းရဲတွင်းနက်နေတဲ့ လူထုရဲ့ အခြေအနေ၊ နောက် လူထုရဲ့ ပတ်ဝန်းကျင်မှာ မတရား ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ပိုင်စိုးပိုင်နင်း လုပ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ မတရား ခိုင်းစေမှုတွေ၊ လယ်ယာမြေတွေ သိမ်းခံရတာဗျာ။ အလုပ်သမား တွေကို လုပ်ခမပေး ဘာမပေး ဖြစ်ရတာတွေ စသဖြင့် အများကြီးပေါ့ဗျာ”

ဦးခင်မောင်ဆွေ

“အဲဒါကတော့ စာအုပ်ကြီးထဲမှာ ရှိတဲ့ဟာတွေပါ။ ပေါက်ကွဲမှု ဆိုတာက အမှိုက်ကစ ပြဿဒ်မီး လောင်တာပဲ။ လူတွေရဲ့ ခံစားချက်ကို သိပ်ထိခိုက် လွန်းရင် ဖြစ်မှာပေါ့။ ပြည်သူလူထုက သိပ်ပြီးတော့ ခံနိုင်ရည် စွမ်းရည် မြင့်မားတယ်ဗျ။ ဒါက ဗုဒ္ဓဘာသာတွေ ဖြစ်တာလည်း ပါမှာပေါ့ဗျာ”

“နောက်ပြီးတော့ ဟိုတုန်းက ကုန်ဈေးနှုန်းတွေ တက်တုန်းက ဘယ်လောက် ခံရတယ်ဆိုတာ ခင်ဗျား သိမှာပါ။ ဘဲဥကို တနေ့ နှစ်လုံးစားတဲ့ သူက တနေ့ကို တခြမ်းတောင် မဟုတ်တော့ဘူး။ တစိတ်ပဲ စားပြီး နေနေကြတဲ့ မြန်မာ ပြည်သူတွေကို သွားပြီးတော့ကာ အများကြီး မျှော်လင့်လို့ မရဘူးလို့ ထင်ပါတယ်။ သို့သော်လည်း ဖြစ်နိုင်ခြေ မရှိဘူး၊ ရှိတယ်ဆိုတာ ကျနော် အပ်ကျမတ်ကျ ပြောလို့ မရပါဘူး။ ပေါက်ကွဲချိန်ကျ ပေါက်ကွဲတာကိုး။ သို့သော် အခွင့်အရေးကတော့ အလွန်နည်းပါတယ်”

ဦးအောင်သူငြိမ်း

“အဓိကကတော့ လူထုအုံကြွမှုတွေ ကြည့်လိုက်လို့ရှိရင် သေချာပြင်ဆင် လှုံ့ဆော်ပြီးတော့ ခေါ်တယ်။ ဒါပေမဲ့လည်း ဖြစ်ချင်မှ ဖြစ်တာမျိုးပေါ့။ ဒါပေမဲ့ မျှော်လင့် မထားဘဲနဲ့ အခြေအနေတွေ ပေါင်းစုံလာတော့ အုံကြွ ပေါက်ကွဲမှုတွေ ဖြစ်တာမျိုးလည်း ရှိတာပေါ့။ အဲဒီတော့ အတိအကျတော့ ပြောလို့ ခက်ပါတယ်”

လူထုအုံကြွမှုဖြစ်ပေါ်ဖို့ ဘယ်လိုလူတန်းစားက အရေးကြီးဆုံးလို့ ထင်ပါသလဲဗျ။

ဦးဝင်းတင်

“အထူးသဖြင့် အဓိက အကျဆုံးကတော့ ကျနော်တို့ မြန်မာပြည်က အတွေ့အကြုံမှာတော့ အမြဲတမ်း ဒီ ပညာတတ် ပေါ့ဗျာ။ ပညာတတ်လို့ပဲ ပြောရမှာပေါ့။ ကျောင်းသားတို့ ဘာတို့ ဆိုတဲ့ ကျောင်းသား အင်အားစု တွေဟာ အဓိက အကျဆုံးပါဘဲ။ ဟိုးလွန်ခဲ့တဲ့ ၁၉၂ဝ ကျောင်းသား သပိတ်တို့ ဘာတို့ကနေ အစပေါ့ဗျာ။ သပိတ် တလျှောက်လုံး ဟာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှု အားလုံးဟာ ကျောင်းသားလူငယ် ခေါင်းဆောင်မှုက အဓိကပဲ။ ကျောင်းသား လူငယ်ဆိုတဲ့ နောက် ဘာပဲပြောပြော ပညာတတ်တွေလို့ ပြောလို့ ရပါတယ်။ ဒါက တပိုင်းပေါ့။ ဒါက အလွန့်အလွန်ကို အရေးကြီးတဲ့ တပ်ဦးက အင်အားစုပေါ့”

ဦးခင်မောင်ဆွေ

“အခြေခံလူတန်းစားတွေရဲ့ဘဝ မပြည့်စုံဘူး၊ ထွက်ပေါက် မရှိတော့ဘူး၊ စားစရာလည်း မရှိတော့ဘူး၊ ဘာမှ မျှော်လင့်ချက်လည်း မရှိတော့ဘူး ဆိုရင် ပေါက်ကွဲ ကြတာပေါ့ဗျာ။ မြန်မာ နိုင်ငံမှာတော့ လူလတ် တန်းစားမှာ ပါနေတဲ့ ကျောင်းသားတွေက စခဲ့တာ ဆိုတော့ သမိုင်းမှာ အထင်အရှား ရှိခဲ့တာပဲ။ ကျောင်းသားတွေလည်း အခု ဘယ်လို နေတယ်ဆိုတာ ခင်ဗျားတို့ မှန်းလို့ ရပါတယ်။ တကယ်ကော လူထုအုံကြွမှု လိုပြီလား၊ မလိုဘူးလားဆိုတာလည်း ရှိပါတယ်။ ဒါကို တထိုင်တည်းနဲ့ ပြောလို့မရဘူး”

ဦးအောင်သူငြိမ်း

“ကျနော်ထင်တာကတော့ အဓိကကတော့ဗျာ… မကျေနပ်တဲ့ လူစုလူဝေး ပေါ့နော်။ ဘာလို့ ဆိုတော့ ဒီဥစ္စာက အရေးကြီးတယ်ဗျ။ နောက်တခုက ကျတော့ ကျနော်ထင်တယ်… လူလတ် တန်းစားက အဓိက အားဖြင့်တော့ ဒီကိစ္စတွေမှာ ဦးဆောင်ကြတာ။ Opinion လူစားလို့ ခေါ်တာပေါ့။ သူတို့က အမြင်ရှိတယ်၊ ကျန်တဲ့ သူတွေကို ရှင်းပြနိုင်တယ်၊ ချပြနိုင်တယ်၊ ဦးဆောင်နိုင်တယ် စသဖြင့် ဒီလို အနေအထားတွေ ကျတော့ ကျနော်တို့ဆီမှာ လူထုအုံကြွမှုတွေက အဲဒါမျိုးမှာ ပေါင်းစပ်တာမျိုး ဖြစ်တတ်တာပေါ့”

လူထုအုံကြွမှု အောင်မြင်နိုင်ဖို့ သော့ချက်ကကော။

ဦးဝင်းတင်

“အဓိကအကျဆုံး သော့ချက်လို့ ကျနော်ထင်တာကတော့ လူထုပါဖို့ ပဲဗျ။ လူထုပါဖို့ ဆိုတာ ကတော့ ဥပမာ ၈၈ တုန်းက လူထုပါလို့ ဖြစ်တာ။ လူထုမပါရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ ရပ်ကွက်တွေ၊ ရပ်ကွက်တွေ တိုင်းမှာ ပါတီယူနစ်တွေ ရှိတယ်။ နောက်ပြီး အဖွဲ့အစည်းတွေ ရှိတယ်။ ဒီအဖွဲ့အစည်းတွေ ဘယ်လောက်ပဲ ရှိရှိ တကယ့်ကို အုံကြွမှုလည်း ပေါ်လည်းလာကော လူထု တရပ်လုံး ထွက်လာတာ။ လူထုဆိုတဲ့ နေရာမှာ ခုနကပြောသလို ကျောင်းသား လူငယ်တင် မကတော့ဘူး။ အလုပ်သမား၊ လယ်သမားတို့၊ မြို့နေ လူတန်းစားတွေ ပါလာတယ်။ ရပ်ကွက်ထဲက လူတွေ ထွက်လာတယ်။ ဒါက ပါဝင်တဲ့ နေရာမှာ အရေးကြီးတဲ့ အင်အားစုဟာ လူထုလို့ ပြောလို့ ရတယ်။ လူထု ပါလာပြီ ဆိုရင်တော့ ဒီလူထုအုံကြွမှု၊ လှုပ်ရှားမှုဟာ အောင်မြင်နိုင်တဲ့ အလားအလာ ရှိတယ်”

ဦးခင်မောင်ဆွေ

“ခင်ဗျား ထိုင်းကို ကြည့်ပါလားဗျ၊ အခု လစ်ဗျားကို ကြည့်ပါလားဗျာ။ နိုင်ငံမှာ ရှိနေတဲ့ ကာကွယ်ရေး အဖွဲ့ အစည်းတွေပေါ့။ ကာကွယ်ရေး အဖွဲ့အစည်းတွေက ဘယ်ဘက်က ပါသလဲ၊ ဘယ်နေရာမှာ နေသလဲ၊ ကြားမှာ နေသလား။ အုပ်ချုပ်သူ လူတန်းစာက ဘယ်လောက် မှားယွင်းနေသလဲ၊ ပြည်သူတွေက ဘယ်လောက် မှန်ကန်ပြီးတော့ မှန်ကန်စွာ ဒီဟာကို သယ်ဆောင် နိုင်သလဲဆိုတဲ့ အခြေခံအချက်တွေ လိုတာပေါ့ဗျာ”

“ပြည်သူတရပ်လုံး ပါဝင်နိုင်တဲ့ လှုပ်ရှားမှုသာလျှင် အောင်မြင်နိုင်တာပေါ့။ ဒီလို အစိတ် အပိုင်း တချို့သာ ပါဝင် လာရုံနဲ့တော့လည်း ဒီကိစ္စကြီး တခုလုံးကို မှောက်လှန် ကြည့်ဖို့ ဆိုတာလည်း သိပ် မလွယ်လှပါဘူး”

ဦးအောင်သူငြိမ်း

“အဓိကကတော့ ကျနော်ထင်တယ် အချက်တွေက တော်တော်များပါတယ်။ အဓိက ကတော့ နိုင်ငံတကာ အခြေ အနေလည်း ပါတယ်၊ နောက် ကိုယ့်လူထုဘက်က ဘယ်လောက် အင်အား စုစည်း မိသလဲဆိုတဲ့ အချက်လည်း ပါတယ်။ နောက်တခါ ခေါင်းဆောင်မှုလည်း အရေးကြီးပါတယ်။ နောက် ဘယ်လိုမျိုး မဟာဗျူဟာ ကျင့်သုံးမှာလဲပေါ့”

“အထူးသဖြင့်ကတော့ အုပ်ချုပ်သူဆီမှာရှိတဲ့ စစ်တပ်အပိုင်းပေါ့ဗျာ။ စစ်တပ်တို့၊ ရဲတို့ စသဖြင့် ဒီလို လက်နက်ကိုင် အဖွဲ့အစည်းတွေက ဆန္ဒပြတဲ့ သူတွေဘက်ကို လာပေါင်းမလားပေါ့။ ဒီအချက်လည်း အရေးကြီးတယ်”

မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးအတွက် အဓိကအချက်က ဘာလို့ သုံးသပ် နိုင်သလဲ။


ဦးဝင်းတင်

“အလွယ်ဆုံး၊ အဓိက အကျဆုံးအချက်ကတော့ ဒီစစ်အာဏာရှင်တွေ မရှိအောင်၊ စစ်အာဏာရှင် ပြုတ်ကျအောင် ဒီစနစ်ဆိုး ကို ပြည်သူလူထုရဲ့ အုံကြွမှုတို့၊ လူထု အုံကြွမှုတို့နဲ့ ရိုက်ချိုးနိုင်ဖို့ပဲ။ အဲဒါက အဓိကပဲလို့ ကျနော်တို့ ပြောလို့ ရနိုင်ပါတယ်။ ဒီမိုကရေစီ စနစ် ဖြစ်ထွန်းဖို့ အတွက်ကို ဒီမိုကရေစီ စနစ်နဲ့ ကြိုးစားတဲ့ နေရာမှာ လူထု အုံကြွမှုတွေက ဒီမိုကရေစီ နည်းနဲ့ လူတွေရဲ့ လှုပ်ရှားမှုပဲ”

“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စမှာ အရေးကြီး ဆုံးက ဘာလဲ ဆိုတော့ စစ်အာဏာရှင်တွေ ဆိုတဲ့ အုပ်ချုပ်သူ အဖွဲ့အစည်းပေါ့… ပါတီဖြစ်ရင် ဖြစ်မယ်၊ စစ်တပ်ဖြစ်ရင် ဖြစ်မယ်၊ လူတစုကို ကိုယ်စားပြုတဲ့ အာဏာရှင်တွေ ဖြစ်ရင် ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအာဏာရှင်တွေ၊ အာဏာရှင် စနစ်ကို ဖယ်ရှား နိုင်ခြင်းသာလျှင် ဒီမိုကရေစီ အောင်မြင်ရေး အတွက် လမ်းစဖြစ်မယ်”

“အာဏာရှင်ကို မတိုက်ဝံ့ရင် ဒီမိုကရေစီတိုက်ပွဲဆိုတာက ကျနော်ထင်တယ်… လူတွေ လမ်းပေါ်မှာ ဆန္ဒပြရုံ လောက်ပဲ ရှိမှာပဲ။ အဲဒီကနေ ဘာမှ တက်လာမှာ မဟုတ်ဘူး”

ဦးခင်မောင်ဆွေ

“အဓိက အကျဆုံးအချက်ကတော့ ကျနော်တို့ ထောင်ထဲ မရောက်ခင်တုန်း ကတော့ ဒီ စစ်အစိုးရကို ဖြုတ်ချဖို့ပဲ ပေါ့ဗျာ။ အခုက စစ်အစိုးရ မဖြုတ်ချ နိုင်ဘူးလေ။ မရနိုင်တဲ့ အပြင် သူကတောင်မှ ပြောင်းပြီးတော့ လွှတ်တော် ခေါ်ပြီးတော့ နောက်အစိုးရ ဖြစ်သွားပြီဗျာ။ အဲဒီလိုဆိုတော့ ကျနော်တို့ သွားရမှာက စစ်အစိုးရ ဖြုတ်ချဖို့ သက်သက်ချည်း လုပ်မှာလား၊ သို့မဟုတ် အခြေခံ ဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လွှတ်တော်က တဆင့် ဖြည်းဖြည်းချင်းပဲ စီးပွားရေး ဒီမိုကရေစီရအောင် ထူထောင်ပြီးတော့ တဖြည်းဖြည်းချင်း ဒီမိုကရေစီ လမ်းကြောင်း ရောက်အောင်ပေါ့ဗျာ၊ ပြည်သူလူထု မနစ်နာဘဲနဲ့ သွားတဲ့ လမ်းကြောင်းကို ယူမလား ဆိုတဲ့ ဟာကို နိုင်ငံရေးသမား အားလုံး၊ နိုင်ငံရေးပါတီ အားလုံး၊ ပါဝင်နေတဲ့ State holder အားလုံးက ရွေးချယ်ရမယ့် ကိစ္စ ဖြစ်ပါတယ်”

“မြန်မာနိုင်ငံအဖို့ကတော့ ဆင့်ကဲဖြစ်စဉ်နဲ့ ပြောင်းလဲတဲ့ဘက်ကို သွားနေတာတော့ ကျနော်တို့ မြင်နေရတာ ပဲဗျာ။ အခုက စစ်အစိုးရက ဆုတ်သွားပြီလေ။ ဆုတ်သွားတဲ့ စစ်အစိုးရ ဖြုတ်ချဖို့ ဆိုတာ မရှိတော့ဘူးဗျာ။ ဖြုတ်ချချင်တယ် ဆိုလည်း စိတ်ကူးယဉ်ပဲ ဖြစ်မယ်။ အဲဒီတော့ တကယ် လက်တွေ့ကျတဲ့ ဟာကို စဉ်းစားပြီးတော့ ဒီပွဲမှာ နွှဲပြီး၊ ဒီတပွဲမှာ မအောင်မြင်ရင် နောက် ၅ နှစ်တိုင်အတွင်းမှာ ကျနော်တို့ ပြည်သူတွေ ရွေးချယ်တဲ့ လွှတ်တော်ကြီး ဖြစ်လာအောင်၊ အမှန်အကန် လွှတ်တော်ကြီး ဖြစ်လာအောင် ဝိုင်းဝန်း ကြိုးပမ်းခြင်းဖြင့်သာ ဒီ ဒီမိုကရေစီကို ဖြည်းဖြည်းချင်း သွားနိုင်မယ့် အခွင့်အလမ်းရမှာပဲ”

ဦးအောင်သူငြိမ်း

“ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတာမျိုး ကတော့ အကုန်လုံး ပြောနေတာပေါ့။ လက်ရှိ စစ်အစိုးရက ရွေးကောက်ပွဲတွေ လုပ်ပြီးတော့ သူတို့လည်း ဒီမိုကရေစီ သွားမယ်လို့ ပြောနေတာပဲ။ ကျန်တဲ့ အတိုက်အခံ အင်အားစုတွေ ကလည်း ဒီမိုကရေစီ သွားမယ်လို့ ပြောနေတယ် ပေါ့ဗျာ။ ဆိုတော့ အဲဒီ အနေအထားမှာ အကုန်လုံး ညှိနှိုင်းပြီးတော့ တူညီတဲ့ လမ်းကြောင်း ရှာနိုင်လို့ ရှိရင်တော့ အကောင်းဆုံးပေါ့”

“ကျနော်တို့ တိုင်းပြည်မှာက တဖက်နဲ့ တဖက်က အားယူပြီး အပြိုင်အဆိုင်လုပ်တဲ့ နိုင်ငံရေး မျိုးက ဆက်ရှိနိုင်တဲ့ အလား အလာမျိုး ရှိပါတယ်”

Ref: မဇ္ဈိမ

Read More...

Supermoon ကြောင့် ငလျင်နှင့် ရေကြီးမှု ဖြစ်နိုင်

ထွန်းထွန်း
ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ Supermoon အမည်ရ လနှင့် ကမ္ဘာ နီးကပ်မှု မတ်လ ၁၉ ရက်နေ့တွင် ဖြစ်ပေါ်သည့် အခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း ဖြစ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ပြောသည်။

ကမ္ဘာမြေနှင့် အနီးဆုံးအဖြစ် ၃၅၆၅၇၇ ကီလိုမီတာ (မိုင်ပေါင်း ၂၂၁၅၆၇) သို့ လ’ရောက်မည် ဖြစ်သဖြင့် ရူပဗေဒ ပညာရပ် အရ ဆွဲအားပြင်းမှု ဖြစ်ပေါ်ပြီး ရေကြီးခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“ကမ္ဘာနဲ့ လနဲ့ နီးလာရင် ရူပဗေဒသဘောအရ ဓာတ်ဆွဲအားကတော့ အများဆုံးဖြစ်မယ့် အနေအထားပဲ။ ဓာတ်ဆွဲအား အများဆုံး ဖြစ်ရင် ဒီလို နက္ခတ်ဂြိုဟ်တွေ ပေါ်မှာ အမှီ ပြုပြီးတော့ဖြစ်တဲ့ ရာသီဥတု ဖြစ်စဉ်တွေက ရှိတာပဲလေ။ ဥပမာ ရေတက်တာတို့၊ လှိုင်းကြီးတာတို့၊ ငလျင်လှုပ်တာတို့ ဆိုတော့ ဒါလေးတွေကလည်း သူ့ဟာသူ လှုပ်ချင်နေတာကိုး။ ဒီလို ဖြစ်လာရင်တော့ အကုန် ထလှုပ်မှာပေါ့” ဟု ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ကမ္ဘာနှင့် လ အကွာအဝေးသည် ပုံမှန်အားဖြင့် ၃၈၄၄ဝ၅ ကီလိုမီတာ (၂၃၈၈၅၈ မိုင်) ရှိရာမှ ၂၇၈၂၈ ကီလီုမီတာ (၁၇၂၉၂ မိုင်) အထိ ပိုမို နီးကပ်လာမည်။ ယခုနီးကပ်မှုမှာ ၂-၃ နှစ်လျှင် တကြိမ် ဖြစ်လေ့ရှိသော်လည်း Supermoon ဖြစ်စဉ်ဟု ခေါ်ဆိုနိုင်သည့် အဆင့်မရှိခဲ့ပေ။

“အနီးဆုံးဆိုတာ ကျနော်တို့ သိသလောက်ကတော့ ဒါ အခုမှ ဖြစ်တာလည်း မဟုတ်ဘူးလေ။ လဆိုတာ ဘဲဥပုံ ပုံစံနဲ့ သွားနေတာပေါ့။ အဲဒီတော့ ကမ္ဘာနဲ့ အနီးဆုံး တခါရှိမယ်၊ အဝေးဆုံး တခါရှိမယ်။ အခုတခါတော့ အနီးဆုံး တခါဖြစ်တယ်ပေါ့” ဟု မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

မြန်မာနိုင်ငံ၌ ရာသီဥတု အပြောင်းအလဲများ ဖြစ်နေသော်လည်း Supermoon ဖြစ်စဉ်ကြောင့်ဟု အတိအကျ မပြောနိုင် သေးကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

“လနဲ့ ကမ္ဘာနီးတာတော့ ကျနော်တို့လည်း ကြားပါတယ်၊ သတင်းဌာနတွေ မှာလေ။ အဲဒီဟာ Effect ဟုတ် မဟုတ်တော့ မဆုံးဖြတ် တတ်ပါဘူး။ ” ဟု အကြီးတန်းအရာရှိက ပြောဆိုသည်။

Supermoon ဖြစ်စဉ်မျိုးမှာ ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလ အစောပိုင်းကလည်း ဖြစ်ပေါ်ခဲ့ပြီး ထိုဖြစ်စဉ် မပေါ်မီ နှစ်ပတ်အလို ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၌ အင်ဒိုနီးရှား၌ ငလျင်ဖြစ်ပေါ်ခဲ့ပြီး ဆူနာမီလှိုင်းများ ပေါ်ထွက်ခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းများအရ မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း သိရသည်။

“မိုးက ရွာတုန်းပဲ။ တခါမှ မအေးဘူးတဲ့ အအေးမျိုးနဲ့ အေးနေတာ။ လူတိုင်း ခိုက်ခိုက်တုန် နေကြတယ်။ အိမ်တံခါး ပေါက်ဆို မဖွင့်ရဲ လောက်ကို ဖြစ်နေတာ၊ အေးတာများ။ အပြင် ထွက်ရမှာတောင် ကြောက်တယ်။ ” ဟု ရန်ကုန်မြို့သူတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတဝှန်း၌ မတ်လကုန်အထိ တနာရီလျှင် လေတိုက်နှုန်း ၃၅ မိုင် ပြင်းအားအထိ ရှိနိုင်သည့် လေပြင်း မုန်တိုင်းများ တိုက်ခတ်ကာ ထစ်ချုန်းမိုးများ ရွာသွန်းဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက မြန်မာ့အလင်း သတင်းစာတွင် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

တိုကျိုရှိ နိုင်ငံခြားသားများ ဘေးလွတ်ရာ စတင်တိမ်းရှောင်

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 16 မတ် 2011

ဂျပန်နိုင်ငံမှာ နျူကလီးယား အကျပ်အတည်း ဆိုးဝါးလာပေမဲ့ နျူကလီးယား အန္တရာယ် ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဇုန်အပြင်ဘက် ကင်းလွတ်ဇုန်တွေ ထဲမှာ ရှိနေသူတွေ အတွက်တော့ ရေဒီယို သတ္တိကြွမှု အန္တရာယ် မရှိပါဘူးလို့ ဂျပန် အစိုးရကတော့ အာမခံနေပါတယ်။ ဒါပေမဲ့ ယုံယုံကြည်ကြည် လက်ခံသူ မရှိသလောက်ပါပဲ။ မြို့တော် တိုကျိုကနေ နျူကလီးယား စိုးရိမ်ချက်ကြောင့် နိုင်ငံခြားသားတွေရော ဂျပန်တချို့ပါ ဘေးလွတ်ရာကို ရွှေ့ပြောင်း နေကြပါတယ်။ မြန်မာ နိုင်ငံသား အချို့လည်း ဒီအထဲမှာ အပါအ၀င် ဖြစ်ပါတယ်။ တိုကျိုမှာ ကျန်နေသူတွေ အဖို့တော့ နျူကလီးယား စိုးရိမ်ချက် အပြင် စားရေးသောက်ရေး ပြဿနာတွေကိုပါ ရင်ဆိုင်နေရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း အိပ်ရာထချိန်မှာ ဂျပန်လူမျိုးတွေဟာ ပိုပြီးဆိုးဝါးတဲ့ သတင်းတွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ငလျင်နဲ့ ဆူနာမီကြောင့် ထိခိုက်ခဲ့တဲ့ နျူကလီးယား စက်ရုံမှာ ရေဒီယို ဓာတ်သတ္တိကြွမှု တိုးမြင့် လာနေသလို ဓာတ်ပေါင်းဖို အဆောက်အဦး တခုကနေ အဖြူရောင် မီးခိုးမှုန်တွေ အုံမှိုင်း ထွက်နေတာကို မြင်ခဲ့ကြရတယ်လို့ တိုကျိုကနေ ဗွီအိုအေ သတင်းထောက် မာတင် ၀ီလီယမ်စ် (Martyn Williams) က သတင်းပေးပို့ခဲ့ပါတယ်။

ဒီအတွက် လူအချို့ကတော့ အတော့်ကို စိုးရိမ်ပူပန်နေကြပါတယ်။ တိုကျို မီးရထား ဘူတာမှာတော့ လူအုပ် အချို့ကို တွေ့ရပြီး သူတို့ဟာ မြို့တော် တိုကျိုနဲ့ နျူကလီးယား စက်ရုံရှိရာ ဒေသတွေကနေ ဝေးရာ အနောက်ဘက်ခြမ်းကို ကျည်ဆံ အမြန်ရထားတွေနဲ့ ခရီးသွား နေကြပါတယ်။ ဒီအထဲမှာ ဆာတိုရှီ မာကီရှီမာ (Satoshi Makishima) လည်း အပါအ၀င် ဖြစ်ပါတယ်။ သူ့ရဲ့ရည်းစားဖြစ်သူ၊ နောက် သူမရဲ့ ကြောင်လေးနဲ့ အတူ သူတို့သုံးဦးဟာ ဂျပန်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့တော် အိုဆာကာဘက်ကို သွားနေတာပါ။

နျူကလီးယား ပြဿနာတွေကြောင့် အလွန်တရာ စိတ်လှုပ်ရှား ပူပန်နေကြောင်းနဲ့ အစိုးရရော အဲဒီ နျူကလီးယား စက်ရုံရဲ့ စွမ်းအင် ကုမ္ပဏီကပါ ပြောနေတဲ့ အခြေအနေတွေဟာ လက်တွေ့ ဖြစ်ရပ်ရဲ့ ၈၀% လောက်ပဲ အမှန် ပြောနေတာလို့ သူက ပြောသွားပါတယ်။

တိုကျိုမှာနေတဲ့ နိုင်ငံခြားသားတွေ အတော်များများလည်း တိုင်းပြည်က ထွက်ခွာ နေကြပါပြီ။ ဥရောပ နိုင်ငံသား တွေရော တရုတ် နိုင်ငံသားတွေပါ သက်ဆိုင်ရာ နိုင်ငံ သံရုံး အကူအညီတွေနဲ့ ပြန်ကုန်ကြပါပြီ။ တိုကျိုမှာရှိတဲ့ နိုင်ငံခြားသံရုံး အတော် များများကတော့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဂျပန် အာဏာပိုင်တွေရဲ့ အရေးယူ ကိုင်တွယ်မှုတွေ၊ သတိပေးချက်တွေဟာ မှန်ကန် တိကျပါတယ်လို့ ကျွမ်းကျင်သူတွေက ယူဆတယ်လို့ အမေရိကန်နဲ့ ဗြိတိန် သံရုံးတို့ကတော့ ပြောနေပါတယ်။ ဒါပေမဲ့လည်း တိုင်းပြည်တွေမှာ ကျန်ခဲ့တဲ့ မိသားစုတွေကတော့ စိုးရိမ်နေကြပါတယ်။

တိုကျိုမှာရှိတဲ့ အမေရိကန်သံရုံးဆီကို ဂျပန်ရောက် အမေရိကန် နိုင်ငံသားတွေရော အဝေးက သူတို့ မိသားစုတွေ ကပါ ဖုန်းဆက် မေးမြန်းတာတွေကို ကိုင်တွယ် နေရတယ်လို့ အမေရိကန် သံမှူးကြီး ပေါလ် ဖစ်ဇ်ဂျရယ်လ်ဒ် (Paul Fitzgerald) က ပြောပါတယ်။

“လူတွေက သူတို့ စိုးရိမ်ချက်တွေနဲ့ ဖုန်းတွေခေါ်ကြပါတယ်။ ဒီအခြေအနေမှာတော့ စိုးရိမ်စရာ ရှိတယ် ဆိုတာပဲ ပြောနိုင်ပါတယ်။ ဒီထက် ဆိုးလာတဲ့ အခြေအနေတော့ မတွေ့ရ သေးပါဘူး။”

လက်ရှိ အခြေအနေ အပေါ်မှာတော့ နိုင်ငံတွေရဲ့ တွက်ချက်မှုက မတူညီပါဘူး။ ပြင်သစ်နိုင်ငံက သူ့နိုင်ငံ သားတွေ ကယ်ထုတ်ဖို့ လေယဉ် လွှတ်လိုက်ပါတယ်။ သြစတြေးလျ နိုင်ငံကတော့ သူ့နိုင်ငံသား တွေကို မလိုအပ်ရင် တိုကျို ဧရိယာကနေ ထွက်ခွာကြဖို့ တိုက်တွန်း ထားပါတယ်။ ဒါပေမဲ့လည်း ဒါဟာ နျူကလီးယား စိုးရိမ်ချက်ကြောင့်တော့ မဟုတ်ဘဲ အပျက် အစီးတွေနဲ့ နောက်ထပ် ငလျင် စိုးရိမ်ရတာကြောင့် ဖြစ်တယ်လို့ သြစတြေးလျက ပြောပါတယ်။

တိုကျိုမှာရှိတဲ့ မြန်မာနိုင်ငံသားအချို့ နေရပ်ပြန်ဖို့ စီစဉ်တာတွေ ရှိတယ်လို့ သိရသလို မပြန်လိုသူ အချို့ကတော့ တိုကျိုကနေ အခြား ဂျပန်နိုင်ငံတွင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွာ နေကြတယ်လို့ တိုကျိုမှာရှိတဲ့ ကိုဘုန်းမြင့်ထွန်းက ပြောပါတယ်။

“အိုဆာကာဘက်ကို နည်းနည်းရှောင်ကြတယ်။ အိုဆာကာတို့၊ နာဂိုယာတို့ဘက်၊ ငလျင် နည်းနည်း လွတ်တဲ့ နေရာတွေကို။ တချို့ မြန်မာတွေဆိုရင် မနေ့က ကျနော် သိရသလောက် စင်ကာပူတို့၊ မကာအို ဘက်တို့ ရှောင်ကြတယ်။ ဘန်ကောက်တို့ ဘာတို့လည်း ထွက်ကြတယ်လို့ ပြောတယ်ဗျ။ ဒီနျူကလီးယား ဓာတ်ပေါင်းဖို မီးလောင်နေတဲ့ ဟာကလည်း နံပါတ် ၄ ဓာတ်ပေါင်းဖိုက မီးလောင်တာ မငြှိမ်း နိုင်သေးဘူး ဆိုတော့ အဲဒီ အတွက်ကြောင့်လည်း လူတွေက တော်တော် စိတ်လှုပ်ရှား နေကြတယ်။ ပြီးတော့ မနေ့ညက ငလျင် တခါလှုပ်တယ်၊ ညသန်းခေါင်က တခါလှုပ်တယ် ဆိုတော့ မနေ့ကညနေ ကျနော် ကိစ္စတခုနဲ့ အပြင် ထွက်ကြည့်တဲ့ အချိန်မှာ လူတွေ တော်တော် နည်းသွားတာ တွေ့ရတယ်။”

အဲဒီတော့ အရေးပေါ် အခြေအနေ တခုခု ဖြစ်လာရင်ရော ကိုဘုန်းမြင့်ထွန်းတို့ရော တခြား မြန်မာတွေရော ဘယ်လို စဉ်းစားမိကြလဲ၊ အခြေအနေက၊ တိုကျိုကနေ ထွက်ဖို့။

“ကျနော်တို့က တိုကျိုကနေထွက်ဖို့ လ၀ကမှာ နိုင်ငံကို ပြန်ဝင်ဖို့ ဗီဇာလျှောက်ရတဲ့ နေရာမှာ တော်တော်လေးကို ခက်ခဲနေတယ်။ ဘာကြောင့်လဲ ဆိုရင် လ၀ကမှာ ည ၁၁ နာရီလောက် ကတည်းက လူအယောက် ၅၀ လောက် တန်းစီနေတာ တွေ့ရတော့၊ မနက် ၉ နာရီမှဖွင့်မယ့် လ၀ကမှာ ည ၁၁ နာရီကတည်းက လူအယောက် ၅၀ လောက် တန်းစီ နေတယ်ဆိုတော့ မနက်ကျရင် ဘယ်လောက်တောင် ဖြစ်မလဲဆိုတာ တွက်ကြည့်ရင် တော်တော်လေးတော့ ခက်ခဲနေတယ်ပေါ့။ ဂျပန်ပြည်က ထွက်ဖို့တောင်မှ။”

ဒါက ပြန်ဝင်ဖို့အတွက် တန်းစီကြတာပေါ့၊ Re-entry ဆိုတာက။ အကယ်၍ ဒီအတိုင်း ထွက်သွားရင်ရော ထွက်လို့ရလား။

“ဒီအတိုင်းထွက်သွားရင်တော့ ထွက်လို့ရတယ်။ ဒါပေမဲ့ ပြန်ဝင်လာဖို့ အတွက်ကိုတော့ တော်တော် ခက်ခဲ သွားလိမ့်မယ်၊ ထွက်သွားလို့ရှိရင်။”

အစိုးရကတော့ လူတွေကို အစားအစာတွေ၊ ဓာတ်ဆီတွေ အလုံအလောက် ရှိတဲ့အတွက် အလု အယက် ၀ယ်ယူ စုဆောင်းတာမျိုး မလုပ်ဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့လည်း ကုန်တိုက်တွေမှာတော့ စားစရာတွေ ရောက်လာတာနဲ့ ချက်ချင်း ၀ယ်ယူ ကြတာကြောင့်ရော သယ်ယူ ပို့ဆောင်ရေး ခက်တာကြောင့်ရော စားစရာတွေ ပြတ်လပ် နေပါတယ်။ ဓာတ်ဆီ ဆိုင်တွေမှာလည်း ဓာတ်ဆီဝယ်ဖို့ တန်းစီ နေရပါတယ်။

အခြေအနေတွေဟာ စိုးရိမ်စရာမရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကြဖို့ အာဏာ ပိုင်တွေ ဘက်က သတိပေး နေပေမဲ့လည်း လူ အတော်များများ ကတော့ အာဏာပိုင်တွေဘက်က သတင်း အပြည့်အစုံ မဖော်ပြဘဲ အမှောင် ချထားတယ်လို့ မြင်တဲ့ သူကလည်း မြင်နေကြပါတယ်။ နိုင်ငံရပ်ခြား တွေကလည်း သူတို့ နိုင်ငံသားတွေကို အရေးပေါ် ကယ်ထုတ်နိုင်ဖို့ စီမံနေကြပါတယ်။ ဒါကြောင့်လည်း တိုကျိုမှာ စိုးရိမ်မှုတွေက ပိုကြီးကြီးလာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ပုဂ္ဂလိကပိုင်ပြုမှု ငွေခ၀ါချရေး အတွက် ဖြစ်နေ

ရန်ပိုင်
Wednesday, 16 March 2011

စစ်အစိုးရက လေလံတင် ရောင်းချနေသည့် နိုင်ငံပိုင် အဆောက် အအုံများနှင့် မြေကွက်များကို စီးပွားရေး လုပ်ငန်းရှင်များက ငွေကြေး ခ၀ါချမှု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် မတန်တဆ ဈေးများပေးကာ အလုအယက် ၀ယ်ယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ၂၁ရက်နေ့ အစိုးရ သတင်းစာတွင် ၀န်ကြီးဌာန ၁၅ ခုပိုင် စီးပွားရေး လုပ်ငန်း ၇၆ ခုမှ အဆောက် အအုံနှင့် မြေ နေရာများကို လေလံတင် ရောင်းချရန် ကြေညာခဲ့ရာ စီးပွားရေး လုပ်ငန်း ရှင်ကြီးများက ဈေး အဆမတန် ပေးကာ ၀ယ်ယူ ကြကြောင်း၊ ထိုသို့ ၀ယ်ယူခြင်းမှာ တရားဝင် စီးပွားရေးလုပ်ငန်းမှ ရရှိထားသည့် ငွေဖြစ်ကြောင်း သက်သေပြစရာ မလိုဘဲ ၀ယ်ယူသည့် တန်ဖိုး အပေါ်တွင် အစိုးရအား အခွန်ငွေ ၁၅ ရာခိုင်နှုန်း ပေးဆောင်ခြင်းဖြင့် တရားဝင် ငွေကြေး(၀ါ) ငွေဖြူဟု အသိအမှတ် ပြုခံရမည် ဖြစ်သည့် အတွက် ဖြစ်ကြောင်း ရန်ကုန်မြို့ခံ စီးပွားရေး သမားတဦးက ဧရာဝတီ ကို ပြောသည်။

“အခွန် ၁၅ ရာခိုင်နှုန်း ဆောင်လိုက်ရင် နာမည်ပေါက်ဖြစ်ပြီ၊ ရောင်းမယ့်နေရာ တွေက နေရာ ကောင်းတွေ ဆိုတော့ ဈေးပိုပေးရလည်း တွက်ခြေ ကိုက်တယ်”ဟု ၎င်းက ဆိုသည်။

ရောင်းချသည့် ၀န်ကြီးဌာနပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခုတွင် ရန်ကုန်မြို့နှင့် တခြားသော နေရာများရှိ စက်ရုံများ၊ ကုန်သိုလှောင်ရုံများ၊ စီးပွားရေး အရ အချက်အချာ ကျသည့် နေရာများတွင် တည်ရှိသည့် ပြည်သူပိုင် သိမ်းထားသော နေရာများ ပါဝင်သည်။

စစ်အစိုးရနှင့် ဆက်စပ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အေးရှားဝေါလ် ကုမ္ပဏီ၊ မက်စ်မြန်မာ ကုမ္ပဏီ၊ ထူး ကုမ္ပဏီများ က အလုအယက် ၀ယ်ယူနေရာ ပြီးခဲ့သည် မတ်လ ၁ ရက်နေ့က ဖွင့်လှစ်သည့် နောက်ဆုံး လေလံပွဲတွင် အဆောက် အအုံနှင့် မြေ ကွက်များစွာကို စစ်အစိုးရ အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦးနှင့် နီးစပ်သူ ဘိန်းဘုရင် လော်စစ်ဟန် ၏ သား စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီက ရရှိ သွားသည်ဟု ရန်ကုန်မြို့ခံ စီးပွားရေး သမားက ဆက်လက်ပြောပြသည်။

ယခု နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသာက တာဝန်ယူ လုပ်ကိုင်နေကြောင်း သိရသည်။

ယင်းအဆောက်အအုံများကို လေလံတင်ရောင်းချရာတွင် ဈေးပြိုင် အိတ်ပိတ်တင်ဒါစနစ်ဖြင့် မည်သူမဆို လွတ်လပ်စွာ ယှဉ်ပြိုင် ၀ယ်ယူနိုင်ပြီး ၀င်ရောက် ယှဉ်ပြိုင်လိုသူသည် လျှောက်လွာ တစောင်လျှင် ငွေကျပ် ၁သောင်းနှင့် စပေါ်ငွေအဖြစ် ငွေကျပ် သိန်း ၁၀၀ တင်ရသည်ဟု စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းက ပြောသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူတဦး အဆိုအရ မည်သူမဆို လွတ်လပ်စွာ ယှဉ်ပြိုင် ၀ယ်ယူနိုင်သည် ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့် နှင့် ဦးစိုးသာ၏ သား အောင်စိုးသာ တို့သည် လေလံ ရရှိရေးတွင် အရေးပါကြောင်း သိရသည်။

“နေရာကောင်းလိုချင်ရင် ၀န်ကြီးသား အောင်စိုးသာကို ပြောလိုက်ရုံပဲ၊ ဒါဆို သွင်းဈေးဘယ်လောက်၊ သူတို့ သားအဖ အတွက် ဘယ်လောက် ဆိုပြီး ခွင်ရိုက်လိုက်တာ”ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ အောင်စိုးသာနှင့် သဘောတူညီမှု ရလျှင် လေလံစာရင်းတွင် ပါဝင်နေသည့် ကြိုက်နှစ်သက်ရာ နေရာကို တခြားသူ တဦး တယောက်မျှ မ၀ယ်ယူနိုင်ရန် လေလံစာရင်းမှ ပယ်ဖျက်ကြောင်း ၀န်ကြီး ဦးစိုးသာ က တရားဝင် စာထုတ်ပြန်ပေးပြီး သဘော တူညီ ထားသူအား ရောင်းချပေးသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူက ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီး၏ မြေး နေရွှေသွေးအောင်မှာမူ နိုင်ငံပိုင် အဆောက်အအုံများ ၀ယ်ယူနိုင်ရန် ၎င်းအား လာရောက် ပြောဆို ထားသည့် စီးပွားရေးလုပ်ငန်းရှင်များ အတွက် အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦးအား တိုက်ရိုက်ပြောဆို၍ ရယူပေးကြောင်း လည်း ၎င်းက ဆိုသည်။

နေရွှေသွေးအောင် ကိုယ်တိုင်ပင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အမှတ်(၁) စက်မှုဝန်ကြီး ဌာန၊ ရန်ကင်း မြို့နယ် အတွင်းရှိ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ အဏုမြူ စွမ်းအင် ဦးစီးဌာန၊ အမှတ်(၂) စက်မှုဝန်ကြီး ဌာန၊ အခွန်လွတ်ဈေး စသည့် နေ ရာများကို ရယူထားကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ဧဒင် ဆောက်လုပ်ရေးနှင့် မြန်မာ့ ရှေ့ဆောင် ဘဏ် လုပ်ငန်းရှင် ဦးချစ်ခိုင်နှင့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင် တို့ကမူ အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦး အား ချဉ်းကပ်၍ ၎င်းတို့ လိုချင်သည့် နိုင်ငံပိုင် နေရာများနှင့် ၀န်ကြီးဌာနများကို လေလံစာရင်းတွင် ထည့်သွင်းပေးရန် ငွေကြေးပေး ၍ ပြုလုပ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူက က ပြောပြသည်။

ယခုအခါ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၁)၊ အင်းလျားလမ်းနှင့် ဥယျာဉ် လမ်းထောင့်ရှိ တဧကခွဲခန့် ကျယ်ဝန်းသည့် မြေ ကွက်ကို တပေပတ်လည်လျှင် ငွေကျပ် ၃ သိန်းဈေးဖြင့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က လည်းကောင်း၊ ဆူးလေဘုရား အနီးရှိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနပိုင် အထပ် ၁၅ ထပ်ခန့် ပါရှိသော အမှတ် (၇၃/၇၅) Yangon Commerical Tower အား ဦးတေဇ၏ ထူးကုမ္ပဏီက ငွေကျပ် သိန်း ၇သောင်း ဖြင့်လည်းကောင်း ၀ယ်ယူခွင့် ရရှိသွားသည်ဟု သိရ သည်။

ပြန်ကြားရေး ၀န်ကြီးဌာနပိုင် အမှတ် ၃၂၁ ဗိုလ်ချုပ်အောင်ဆန်းလမ်း ကျောက်တံတားမြို့နယ်ရှိ ဘုရင့် ရုပ်ရှင်ရုံကို ရုပ်ရှင် မင်းသမီး ဒေါ်ဝါ၀ါဝင်းရွှေက ကျပ်သိန်း ၅၅၀၀၀ ဖြင့် ၀ယ်ယူကာ တရုတ်လူမျိုး ကျောက်သူဌေး တဦးအား ကျပ်သိန်း ၈၀၀၀၀ ဖြင့် ပြန်လည် လက်လွှဲ ရောင်းချလိုက်ပြီး ဆုထူးပန် ရုပ်ရှင်ရုံကိုလည်း ရရှိထားသည်ဟု ရန်ကုန်မြို့ခံ စီးပွားရေး သမားက ပြောသည်။

ထို့အပြင် ပြည်လမ်း ၉ မိုင်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဆောက်အအုံ နှင့် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ အဆောက်အအုံ တချို့ကို ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းသူဌေး ရန်ချန်းဝင်း(ခ) ဦးစိန်ဝင်း ရရှိသွားသည်ဟု ရန်ကုန်အခြေ စိုက် ခရော်နီကယ် အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် ရောင်းချပြီး နေရာများတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာ ကဇာတ်ရုံ နှင့် အားကစားကွင်း ပါရှိကြောင်းလည်း ဖော်ပြထားသည်။

အတည်မပြုနိုင်သောသတင်းများအရ အေးရှားဝေါလ် ကုမ္ပဏီက စမ်းချောင်း ပဒုမ္မာက ဇာတ်ရုံနှင့် အားကစား ကွင်းကို ကျပ် သိန်းပေါင်း ၅ သိန်းဖြင့် ၀ယ်ယူသွားခြင်း ဖြစ်သည်ဟု သိရသည်။

၁၉၈၉ ခုနှစ်က ကိုးကန့်၊ ၀၊ မိုင်းလား အစရှိသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခဲ့ဖူးသည် ဆိုသော အပစ်အခတ် ရပ်စဲရေး ပြုလုပ် ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၏ စီးပွားရေး လုပ်ငန်းများ၊ ရင်းနှီး မြှုပ်နှံမှုများ ကိုလည်း တရားဝင် ငွေကြေး ဖြစ်ကြောင်း သက်သေပြစရာ၊ အခွန်ဆောင်စရာ မလိုအပ်ဘဲ စစ်အစိုးရက ခွင့်ပြုခဲ့ဖူးသည်။

ထိုသို့ နိုင်ငံပိုင် ပစ္စည်းများအား ယာယီဝယ်ယူပြီး အမြတ်အစွန်းရရှိရေး အတွက် လက်ပြောင်း လက်လွှဲ သဘော ပြန်လည် ရောင်းချမှု များရှိနေသည့် အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်မည့် စက်ရုံ၊ အိုးအိမ်၊ မြေကွက်များကို ဈေးအများ ဆုံးပေးမည့် သူများထက် ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် ၀န်ဆောင်မှု လုပ်ငန်းများ အမှန်တကယ် လုပ်ကိုင်မည့် သူကိုသာ ရွေးချယ် ချထားပေးသင့်သည်ဟု ပြည်တွင်းထုတ် Weekly Eleven စာစောင်တွင် မကြာသေးမီက အကြံပြု ရေးသားထားသည်ကို တွေ့ရသည်။

Ref: ဧရာဝတီ်

Read More...

ဂျပန်မှာ ရေဒီယို ဓာတ်သတ္တိကြွရောင်ခြည် အန္တရာယ် ပိုကြီးမားလာနိုင်

ဗုဒ္ဓဟူး, 16 မတ် 2011

ဂျပန်နိုင်ငံမှာ လောင်ကျွမ်းနေတဲ့ နျူကလီးယားစက်ရုံက ထွက်လာမယ့် ရေဒီယို ဓာတ်သတ္တိကြွမှု အဆင့်တွေက အလွန် ပြင်းထန် လိမ့်မယ်လို့ အမေရိကန် နျူကလီးယားရေး ကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။

ဂျပန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ လောင်ကျွမ်းနေတဲ့ နျူကလီးယား စက်ရုံကနေ အနည်းဆုံး ကီလိုမီတာ ၈၀၊ မိုင်နဲ့ ဆိုရင် မိုင် ၅၀ လောက် အကွာအဝေးမှာ နေကြဖို့၊ ဘေးကင်းရာကို ပြောင်းရွှေ့ ထားကြဖို့ တိုကျို မြို့တော်မှာရှိတဲ့ အမေရိကန် သံရုံးက သတိ ပေးနေပါတယ်။

ဂျပန်အစိုးရကတော့ သူ့နိုင်ငံသားတွေကို မီးလောင်နေတဲ့ ဖူကူရှီးမား ဒိုင်းအိချိ နျူကလီးယား စက်ရုံကနေ ကီလိုမီတာ ၃၀ အထိ ဝေးအောင်နေကြဖို့ သတိပေး နေတာပါ။

ဝါရှင်တန်ဒီစီက အမေရိကန် နျူကလီးယား စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် အကြီးအကဲ ဂရက်ဂိုရီ ဂျက်ကိုက နျူကလီးယား စက်ရုံ တ၀ိုက်မှာ ရိုက်ခတ်လာမယ့် ရေဒီယို ဓာတ်သတ္တိ ကြွမှုတွေက အလွန် ပြင်းထန် လာနိုင်တယ်၊ နျူကလီးယား စက်ရုံတခုမှာ လောင်ကျွမ်းနေတဲ့ နျူကလီးယား လောင်စာချောင်းတွေကို အေးအောင် ငြှိမ်းသတ်ဖို့ ရေပြတ်သွားတဲ့ သဘော ရှိနေပြီ၊ တခုခုဖြစ်လာရင် ပြုပြင်ဖို့အတွက် အခြေအနေက သိပ်ကို ခက်ခဲသွားပြီလို့ ဆိုပါတယ်။

သုံးပြီးသား နျူကလီးယား လောင်စာချောင်းတွေ တောင်မှ သီတင်းပတ်တွေ၊ လတွေနဲ့ချီပြီး အပူရှိန် ပြင်းထန် နေတာလို့ အမေရိကန် နျူကလီးယား ကော်မရှင် အကြီးအကဲက အမေရိကန် အောက်လွှတ်တော် အမတ်တွေကို မနေ့ကပဲ ပြောခဲ့တာပါ။

အခြေအနေတွေက သိပ်ပြီး ဆိုးလာနေတယ် ဆိုပေမဲ့လည်း နျူကလီးယား စက်ရုံထဲမှာ အရေးပေါ် ဂျပန် အလုပ်သမား ၅၀ လောက်ကတော့ တတ်စွမ်းသမျှ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ အခုချိန်ထိ ကြိုးစား နေကြတုန်းပါ။

ဂျပန်နိုင်ငံမှာ အစားအသောက်၊ လောင်စာနဲ့ ရေတွေ ပြတ်တောက် လာနေပါတယ်။ အရေးပေါ် စခန်းတွေမှာ အိမ်ယာ မဲ့သွားတဲ့ လူတွေနဲ့ ပြည့်နေတာပါ။ တချို့နေရာမှာ လူတွေ မဆန့်အောင် ဖြစ်နေပါတယ်။

နောက်ဆက်တွဲ ငလျင်တွေကလည်း ဆက်ပြီး လှုပ်နေပါတယ်။ မနေ့တုန်းကလည်း နှင်းတွေ အကြီးအကျယ် ကျလာလို့ အဲဒီဒေသမှာ အနွေးဓာတ် ရဖို့ကလည်း အခက်အခဲ ကြုံနေရပါတယ်။

ဂျပန် ကြက်ခြေနီအသင်းက လုပ်အားပေး ၂,၀၀၀,၀၀၀ ကျော်က ဒုက္ခသည်တွေကို အကူအညီ ပေးနေ ကြတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။ နိုင်ငံတကာ ကိုလည်း ၀ိုင်းပြီး အကူအညီ ပေးကြဖို့ ကမ်းလှမ်း ထားပါတယ်။

Ref: VOA News

Read More...

အင်တာနက် ဖုန်းမခေါ်ရန် ဆက်သွယ်ရေး ပိတ်ပင်

အောင်မြတ်စိုး၊ ဖနိဒါ |
ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆ ရက် ၂၀၁၁

ဘန်ကောက်၊ ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် အင်တာနက်မှ တဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှု (VOIP) များကို ပိတ်ပင်မှု တင်းကြပ်ရန် ကြေးနန်းနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားချက်များ ထုတ်ပြန် လိုက်သည်။

Skype, Gtalk, Pfingo, VZO မှတဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်မှုကြောင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တရားဝင် နိုင်ငံခြားခေါ်ဆိုမှုများ ကျဆင်းကာ နိုင်ငံခြားဝင်ငွေ ထိခိုက်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး ဦးတင့်လွင်၏ မတ်လ ၂ ရက်နေ့ ရက်စွဲပါ ညွှန်ကြားစာတွင် ဖော်ပြပြီး VOIP ခေါ်ဆိုမှုများ ပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဟု ပါရှိသည်။

ညွှန်ကြားစာကို နိုင်ငံတဝှန်းရှိ အများပြည်သူသုံး အင်တာနက်ဆိုင်များ public access center (PAC) ကို ချုပ်ကိုင် ထားသည့် Myanmar Info-Tech Corp. Ltd ကုမ္ပဏီ ဥက္ကဋ္ဌထံ ပေးပို့ခဲ့ရာ ကုမ္ပဏီကလည်း မတ်လ ၁ဝ ရက်နေ့တွင် တရားဝင် စာထုတ်ကာ ထပ်ဆင့် ညွှန်ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် Skype နှင့် Pfingo အသုံးပြု၍ နိုင်ငံရပ်ခြားသို့ ဖုန်းခေါ်ဆိုမှု အများဆုံး ဖြစ်ကြောင်း အင်တာနက် ဆိုင်ရှင်များက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး၏ နိုင်ငံတကာဖုန်း International Direct Dialing - IDD ခေါ်ဆို နှုန်းထားများမှာ FEC ဖြင့် တွက်ချက် ပေးဆောင် ရသည့်အပြင် အင်တာနက် VOIP ဖုန်းများထက် အဆများစွာ ပိုမိုဈေးနှုန်းမြင့်မား နေခြင်းကြောင့် အင်တာနက်ဖုန်းများကို လူထုက ပိုမို အသုံးပြု လာကြသည်။

အစိုးရ ဆက်သွယ်ရေး ဖုန်းဖြင့် အမေရိကန်သို့ ခေါ်ဆိုပါက ပထမ တမိနစ်အတွက် FEC ၄.၅ ဒေါ်လာ (မြန်မာကျပ်ငွေ ၄ဝဝဝ ခန့်) ၊ ထိုင်းနိုင်ငံသို့ ခေါ်ဆိုပါက FEC ၁.၄ ဒေါ်လာ (မြန်မာကျပ်ငွေ ၁ဝဝဝ ကျော်) အသီးသီး ကျသင့်မည်ဖြစ်ပြီး အင်တာနက် ဆိုင်များတွင် VOIP စနစ်သုံး ခေါ်ဆိုပါက အမေရိကန်သို့ တမိနစ် ၁ဝဝ ကျပ်၊ ထိုင်းနိုင်ငံသို့ တမိနစ် ၅ဝ ကျပ် ခန့်သာ ကျသင့်သည်။

ပြီးခဲ့သည့်နှစ်က ပုံမှန်ခေါ်ဆိုခထက် ပိုမိုသက်သာသည့် ကြိုတင်ငွေပေး စနစ်သုံး ဂျီအက်စ်အမ် ဖုန်းကတ်များ ဆက်သွယ်ရေးမှ ထုတ်ရောင်း ခဲ့သေးသည်။ သုံးစွဲသူ များခဲ့သော်လည်း နိုဝင်ဘာ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ကြိုတင်ငွေပေး စနစ်သုံး ဖုန်းကတ်များ ရောင်းချခြင်းကို စစ်အစိုးရက ပြန်လည် ထိန်းချုပ်ခဲ့သည်။

VOIP မသုံးရန် မြန်မာ့ဆက်သွယ်ရေး၏ ညွှန်ကြားချက် အွန်လိုင်းတွင် ပျံနှံနေသော်လည်း တရားဝင် အကြောင်းကြားစာ ပေးပို့ခြင်း မရှိသေးကြောင်း အင်တာနက် ဆိုင်များက ပြောသည်။

မြန်မာနိုင်ငံတွင် အများပြည်သူ သုံးစွဲခွင့်လျှောက်ထားနိုင်သည့် အင်တာနက် ဆားဗစ်လုပ်ငန်း ISP ၂ ခုရှိပြီး ရတနာပုံ တယ်လီပို့တ်နှင့်၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ ဖြစ်သည်။

ယခု ကြေငြာချက်ကြောင့် အင်တာနက်ဆိုင်များအနေဖြင့် များစွာ ဝင်ငွေထိခိုက်မည် မဟုတ်ပဲ အသုံးပြုသူ များသာ အဓိက ထိခိုက် နစ်နာနိုင်ကြောင်း အလုံမြို့နယ်မှ အင်တာနက် ဆိုင်ရှင်တဦးက ပြောသည်။

" ဖုန်းတွေကို မခေါ်ရတော့ဘူး ဆိုရင်လဲ Gtalk အချင်းချင်း၊ Skype အကောင့်အချင်းချင်း အချိန်းအချက် လုပ်ပြီး ပြောလာကြမှာပဲ ထင်တယ်။ ဖုန်း တိုက်ရိုက် ခေါ်မရတော့ အွန်လိုင်း တက်လာမယ့်အချိန် စောင့်ပြီး သုံးရတာမျိုးတွေ ဖြစ်လာမယ်။ ဒီမှာက ကော်နက်ရှင်လည်း မကောင်းတော့ သုံးတဲ့သူတွေ အချိန်ကုန် လူပင်ပန်း ပိုပြီး ဖြစ်ကြမှာပေါ့" ဟု သူက ပြောသည်။


Ref: မဇ္ဈိမ

Read More...

ဝ တပ် နှစ်ချုပ် အစည်းအဝေး ကျင်းပ

သန်းထိုက်ဦး
Wednesday, 16 March 2011

နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်များ ယခုရက်ပိုင်း အတွင်း တိုက်ပွဲများ ဖြစ်ပွား နေချိန်တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်၌ သက်ဆိုင်ရာ ဌာနအလိုက် နှစ်ချုပ် အစည်း အဝေးကို ကျင်းပနေသည်။

အစည်းအဝေးကို UWSA ဌာနချုပ် တည်ရှိသော ပန်ဆန်းမြို့တွင် ၎င်းတို့၏ ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် တပ်မှူးများ အပါ အ၀င် ဌာနအလိုက် ကိုယ်စားလှယ်၂၀၀ ကျော် တက်ရောက်ပြီး ယမန်နေ့မှ စတင်၍ ၃ ရက်ခန့် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

UWSA အနေဖြင့် နောက်တက်လာမည့် အစိုးရသစ်နှင့် နိုင်ငံရေးအရ တွေ့ဆွေးနွေးရေး၊ စစ်အစိုးရက ကျင့်သုံး နေသော ဖြတ်လေးဖြတ် ကာကွယ်ရေး အစီအစဉ်နှင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ရေး မဟာမိတ် ဖွဲ့စည်းရေး စသည့် အကြောင်း အရာများကို ဆွေးနွေးနိုင်ကြောင်း တရုတ် - မြန်မာ နယ်စပ် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇော က ဧရာဝတီ သို့ ပြောသည်။

UWSA တပ်ဖွဲ့ဝင်များ အစည်းအဝေး ကျင်းပနေချိန်တွင် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် တန့်ယန်း မြို့နယ်၌ နအဖ တပ်နှင့် SSA-N တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

တန့်ယန်းမြို့နယ် အတွင်းသို့ ရောက်ရှိနေသော စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ နှင့် မန္တလေးတိုင်း မိထ္တီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများက SSA-N ထိန်းချုပ်ထားသော ဒေသအတွင်းသို့ ၀င်ရောက်လာသော ကြောင့် ၎င်း တပ်များနှင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နအဖ စစ်အစိုးရ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့သည် ယခုအခါ တန့်ယန်း အခြေစိုက် တပ်များနှင့် ပူးပေါင်း၍ ယင်း ဒေသများတွင် စစ်အင်အား တိုးချဲ့ထားသည်။

အတည်မပြုနိုင်သော တန့်ယန်းဒေသခံများ၏ ပြောပြချက်အရ ယခုရက်ပိုင်း နအဖ စစ်အစိုးရနှင့် SSA-N တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် UWSA တပ်ဖွဲ့ဝင်များက ကူတိုက် ပေးခဲ့ကြောင်း ကြားသိရသည်။ ယင်းတိုက်ပွဲများတွင် SSA-N တပ်သား တချို့ ဒဏ်ရရရှိသည်ဟု ကြားသိ ရသော်လည်း နအဖ ဗိုလ်ကြီး အဆင့်ရှိသူတဦး အပါအ၀င် တပ်သား ၈ ဦး ကျဆုံးခဲ့သည်။

စစ်ရေးလေ့လာသူများ အဆိုအရ ယခုကျင်းပနေသော UWSA နှစ်ချုပ် အစည်း အဝေးတွင် ရှမ်းပြည်နယ်တွင် လတ်တလော ဖြစ်ပွား နေသော စစ်ရေး ပဋိပက္ခများကိုလည်း ဆွေးနွေးနိုင်ခြင်း ရှိသကဲ့သို့ SSA-N ခေါင်းဆောင် တချို့ကလည်း စည်းဝေးနေကြောင်း သိရသည်။

UWSA ဌာနချုပ် လက်အောက်ခံ ရဲတပ်ဖွဲ့များက တရုတ်နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းများကို ပြီးခဲ့သည့် ဖောဖော်ဝါရီ လဆန်းပိုင်းက စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ယမန်နေ့က UWSA ဌာနချုပ်မှ ပြန်လည် ရောက်ရှိလာသူ သတင်းထောက် တဦးက ပြောသည်။

ထို့အပြင် UWSA ထိန်းချုပ် ဒေသများတွင် ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရန် လုံခြုံရေး တင်ကျပ် ထားကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ် ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှူန်းရန် စစ်အစိုးရ ခေါင်းဆောင်များက ယခုလဆန်းပိုင်းမှ စတင်၍ ညွှန်ကြားထားကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။

၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့အပေါ် ဗိုလ်ချုပ်ကြီး နေဝင်း၏ မဆလ ခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင် ကျင့်သုံးခဲ့သည်။

ယင်း ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အရင်း အမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ်မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။

UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေတွင် ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားသည်။

ယင်းအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထိုမြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။

စစ်အစိုးရ၏ ဒု ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်နှင့် UWSA ကိုယ်စားလှယ်တချို့တို့ ပြီးခဲ့သည့်နှစ် သြဂုတ်လက ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌ နယ်ခြားစောင့် တပ်ဖွဲ့ စည်းရေးနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ UWSAသည် ၎င်းတို့ ၏ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။

UWSA တပ်ဖွဲ့ အပါအ၀င် မိုင်းလား တပ်ဖွဲ့(NDAA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန် ထားသည်။ စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ်ဧပြီလ ကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ် အစိုးရ ၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာ့ဘောလုံး တိုးတက်ရေးအတွက် ကူညီမည်ဟု FIFA ပြော

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA က အကူ အညီများ ထပ်မံ ပံ့ပိုးပေးမည်ဟု FIFA ဥက္ကဋ္ဌ ဆက်ပ် ဘလတ္တာ Sepp Blatter က ရန်ကုန် ဆီဒိုးနား ဟိုတယ်၌ အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်တွင် ဆောက်လုပ်ထားသည့် Goal Project II ဘောလုံး အကယ်ဒမီကျောင်း ဖွင့်ပွဲအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ဘလတ္တာက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ဆီက တခုခုနဲ့ တင်ပြတောင်းဆိုရင် သူတို့ဘက်က လာရောက် စစ်ဆေးပြီး လိုအပ်တာ ကူညီမယ်လို့ ပြောတယ်” ဟု MFF ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က မဇ္ဈိမကို ပြောသည်။

မစ္စတာ ဘလတ္တာသည် ယခုလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက မန္တလေးရှိ ဘောလုံး အကယ်ဒမီ ကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီး မန္တလေးတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင်၊ မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်နှင့် တွေ့ဆုံ ခဲ့သလို အကယ်ဒမီကျောင်း တည်ဆောက်ထားမှုနှင့် ကျောင်းရှိ လူငယ် ဘောလုံးသမားများ၏ လေ့ကျင့်မှုတို့ကို ကြည့်ရှုခဲ့သည်။

ထို့နောက် သုဝဏ္ဏဘောလုံးကွင်း ထိုင်ခုံများ တိုးချဲ့ဆောက်လုပ်မည့် ပန္နက်တင်ပွဲသို့ တက်ရောက် ခဲ့ပြီး၊ MFF ရုံးသို့ သွားရောက်ကာ ည ၈ နာရီတွင် ဆီဒိုးနား ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယနေ့မနက်ပိုင်းတွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တနာရီကြာ တွေ့ဆုံခဲ့ကာ၊ နေပြည်တော် လေဆိပ်မှ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ထွက်ခွါသွားသည်။

FIFA အနေဖြင့် မြန်မာနိုင်ငံကို အခြားနိုင်ငံများနည်းတူ အားကစား ဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍ နှစ်စဉ် အမေရိကန် ဒေါ်လာ ၂ သိန်းခွဲ ပေးအပ်ကြောင်း ဦးစိုးမိုးကျော်က ပြောသည်။

၂ဝဝ၁ ခုနှစ်တွင် FIFA က ဘောလုံးကွင်းများ ပြုပြင်ရန်နှင့် MFF ရုံး တည်ဆောက်ရန် Goal project I အဖြစ် စတင် ချပေးခဲ့ပြီး၊ ၂ဝဝ၄ ခုနှစ်တွင် Goal project II အဖြစ် ယခု ဖွင့်လှစ်ခဲ့သည့် မန္တလေး အကယ်ဒမီ ကျောင်းအတွက် ထပ်မံ ချပေးခဲ့သည်။

ထို့နောက် အကယ်ဒမီကျောင်းများတွင် သင်ကြားနေသည့် လူငယ်များအတွက် Goal project III အဖြစ် ချပေးခဲ့သလို လူဦးရေ ၂ သောင်းဆံ့ သုဝဏ္ဏ ဘောလုံးကွင်းကို ဦးရေ ၃ သောင်းခွဲဆံ့ရန် ပြုပြင်ရေး အတွက် Goal project IIII အဖြစ် ချပေးခဲ့ပြီး ဖြစ်သည်ဟု ဦးစိုးမိုးကျော်က ပြောသည်။

စီမံကိန်း တခုစီအတွက် အမေရိကန်ဒေါ်လာ ၄ သိန်းနှုန်းဖြင့် FIFA က MFF သို့ ထုတ်ပေးခဲ့ပြီး၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဘောလုံး အကယ်ဒမီ တည်ဆောက်ရန် Goal project 5 အဖြစ် အဆို ထပ်တင်ထားသည်။

MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်လာပြီးနောက် ၂ဝဝ၉ ခုနှစ်တွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ စုစည်းကာ မြန်မာနေရှင်နယ်လိဂ် MNL ကို စတင် တည်ထောင်ခဲ့ကြသည်။

သို့သော် ၂ဝဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘောလုံး အဆင့်သတ်မှတ်ချက် အဆင့် ၁၄ဝ ရှိခဲ့ရာမှ ၂ဝ၁၁ ခုနှစ်တွင် အဆင့် ၁၆၁ သို့ ကျဆင်းသွားပြီး၊ အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား၏ အောက်တွင် ရှိနေသည်။

၂ဝ၁၃ ဆီးဂိမ်းအမီ နေပြည်တော်တွင် ဆောက်လုပ်နေသည့် နိုင်ငံတကာအဆင့်မီ ဇေယျာသီရိနှင့် ဇမ္ဗူသီရိ ဘောလုံးကွင်းများ၊ မန္တလေးရှိ Goal Project II ဘောလုံး အကယ်ဒမီကျောင်း စသည်တို့ကို ဦးဇော်ဇော်ပိုင် Max Myanmar ကုမ္ပဏီက ကန်ထရိုက်ယူ ဆောက်လုပ်ခွင့် ရထားသည်။


Ref: မဇ္ဈိမ

Read More...

အပေါ်သို့