..............................

Monday, September 12, 2011

ဂဒါဖီ ခြေကုပ်စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

စနေ, 10 စက်တင်ဘာ 2011

လစ်ဗျားနိုင်ငံမှာ မိုမာဂဒါဖီကို သစ္စာခံတဲ့တပ်ဖွဲ့တွေရဲ့ နောက်ဆုံးကျန်နေတဲ့ ခြေကုပ် စခန်းတွေ ထဲက တခုကို နေတိုး တပ်ဖွဲ့ရဲ့ နောက်ခံ ပံ့ပိုးမှုတွေနဲ့ လက်ရှိ အသွင် ကူးပြောင်းရေး အစိုးရ တပ်ဖွဲ့တွေက တိုက်ခိုက် နေကြပါပြီ။ ဘနီဝါလစ်ဆိုတဲ့ သဲကန္တာရမြို့ကို အသွင် ကူးပြောင်းရေး တပ်ဖွဲ့တွေက သောကြာနေ့ ကတည်းက စတင် ၀င်ရောက် တိုက်ခိုက်နေတာ မနေ့တုန်း ကတော့ ဂဒါဖီ သစ္စာခံ တပ်တွေဘက်က အပြင်းအထန် ပြန်ခုခံ ခဲ့ကြပါတယ်။

နေတိုးတပ်ဖွဲ့တွေဘက်က လေကြောင်းကနေ ဂျက်လေယာဉ်တွေနဲ့ ကူညီ တိုက်ခိုက်ပေးနေပြီး အသွင် ကူးပြောင်းရေး တပ်ဖွဲ့တွေ ဘက်ကလည်း အိမ်တွေ တအိမ်ပြီး တအိမ် ၀င်ရောက် စီးနင်းပြီး ကဒါဖီ သစ္စာခံ လက်ဖြောင့် သေနတ် သမားတွေကို ရှာဖွေ ခဲ့ကြပါတယ်။ တိုက်ပွဲတွေ ဆက်ပြီး ရှိနေသေးတယ် ဆိုပေမဲ့လည်း သူတို့တွေ အောင်ပွဲနဲ့ နီးလာနေပြီလို့ အသွင် ကူးပြောင်းရေး တပ်ဖွဲ့တွေက ပြောနေပါတယ်။

အဲဒီ ဘနီဝါလစ် မြို့နားမှာရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် အဲလီးဇဘက် အားရော့တ် (Elizabeth Arrott) ပြောပြတာက သူမြင်နေရတဲ့ နေရာကနေ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တဲ့ အသံတွေကို ကြားနေရတယ်လို့ ဆိုပါတယ်။ အသွင် ကူးပြောင်းရေး ကောင်စီ NTC ဘက်က ပြောတာကတော့ သောကြာနေ့တုန်းက အဲဒီမြို့ အပြင်ဘက်မှာ ဂဒါဖီ သစ္စာခံတွေ ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး နောက်ပိုင်း အသွင် ကူးပြောင်းရေး တပ်တွေ အဲဒီ ဘနီဝါလစ်မြို့ကို ၀င်တိုက် ခဲ့ကြတာပဲလို့ ဆိုပါတယ်။

မနေ့က စနေနေ့ကို နောက်ဆုံးထားပြီး လက်နက်ချဖို့ အသွင်ကူးပြောင်းရေး ကောင်စီကနေ ဂဒါဖီရဲ့ တပ်ဖွဲ့တွေကို ရာဇသံ ပေးထားတာပါ။ ဂဒါဖီရဲ့ဇာတိမြို့ အပါအ၀င် တခြား မြို့တော်တော်များများမှာ မနေ့တုန်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ကြတယ်လို့ အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြားက ပြောပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့