..............................

Tuesday, March 1, 2011

အင်းစိန်ဗုံးကွဲမှု ၅ ဦးထက်မနည်း ဒဏ်ရာရ

Monday, 28 February 2011

အင်းစိန်မြို့နယ်၊ ကမ်းနားလမ်း၊ အောင်ဇေယျ အိမ်ရာရှေ့ရှိ ကွမ်းယာဆိုင် တဆိုင်တွင် ယမန်နေ့ည ၇ နာရီကျော်က ဖြစ်ပွားသော ဗုံး ပေါက်ကွဲမှုကြောင့် လူ ၅ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိသည်။

ဗုံးခွဲသူသည် ကွမ်းယာဆိုင်တွင် ကွမ်းဝယ်ယူရင်း ဗုံးပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် ဗုံးခွဲသူသည် ခြေထောက် ပြတ်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး ဗုံး ခွဲသူနှင့်အတူ ရှိနေသည့် ဆယ်ကျော်သက် အရွယ် ကလေးငယ် တဦးမှာလည်း ဒဏ်ရာ ပြင်းထန်ကြောင်း၊ သေဆုံးသူ မရှိသော်လည်း ဒဏ်ရာ ပြင်းထန်သူများမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း သိရှိရသည်။

အင်းစိန်ဒေသခံများ၏ အဆိုအရ ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်သွားသော နေရာသည် လူစည်ကားသော နေရာ မဟုတ်ခြင်းကြောင့် ဒဏ်ရာရသူ နည်းပါးခြင်း ဖြစ်ကြောင်း၊ ပေါက်ကွဲမှု အသံ အလွန် ကျယ်လောင်ကြောင်း သိရသည်။

“ဗုံးပေါက်တဲ့ အသံက ပြင်းတယ်၊ ကျယ်တယ်။ အဲဒီနေရာက လူသိပ်မစည်လို့ လူစည်တဲ့နေရာ ဆိုရင် လူတွေ အများကြီး ထိခိုက်နိုင်တယ်” ဟု ဒေသခံတဦးက ရှင်းပြသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် ညဦးပိုင်း အချိန်များတွင် ရန်ကုန်မြို့၏ ကားလမ်းမကြီးများကို ပိတ်ပင်ပြီး စစ်တပ်၊ ရဲ၊ မီးသတ်၊ ကြံ့ခိုင်ရေးများ ပါဝင်သော ပူးပေါင်းအဖွဲ့များက လုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တချို့ မြို့နယ်များတွင် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ကွင်းဆက်များကို ဖော်ထုတ်နိုင်ပြီဖြစ်ပြီး ချိတ်ဆက် နေသော ဖောက်ခွဲရေး သမားများကို အပူတပြင်း လိုက်လံ ရှာဖွေ ဖမ်းဆီးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။

“စစ်ဆေးမှုတွေလုပ်နေပါပြီ။ လတ်တလော စစ်ဆေးမှုတွေအရတော့ ဒီဖောက်ခွဲမှုနဲ့ ဆက်စပ်တဲ့ ကွင်းဆက် တရားခံတွေကို အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။ ဖောက်ခွဲရေး သမားတွေကို ပြည်ပ ပြည်ပြေး အဖွဲ့တွေက စေလွှတ်တာပါ” ဟု အမည် မဖော်လိုသော ရဲအရာရှိ တဦးက ပြောသည်။

ယမန်နှစ် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ အခင်း ဖြစ်ပွားရာနှင့် ဖြစ်ပွားပြီးနောက် စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာ ရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ရန်ကုန် သင်္ကြန် ဗုံးပေါက်ကွဲပြီး တရက်ခြားတွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံး ၁၀ လုံးကျော် ပေါက်ကွဲခဲ့သည်။

၂၀၁၀ အတွင်း နိုင်ငံအနှံ့ ရှစ်နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၁ ဒါဇင်ကျော်နှင့် ဒဏ်ရာရသူ ၁၉၀ နီးပါး ရှိကြောင်း သိရသည်။

စစ်အစိုးရသည် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပါက ပြည်ပအခြေစိုက် အစိုးရ ဆန့်ကျင်သော အဖွဲ့အစည်း များက ဆောင်ရွက်သည်ဟု ပြောဆို စွပ်စွဲလေ့ ရှိသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့