..............................

Wednesday, March 2, 2011

မှတ်ပုံတင်မူရင်း မပါသူများ နေပြည်တော်ဝင်ခွင့်မရှိ

စည်သူ
Tuesday, 01 March 2011

အနယ်နယ် အရပ်ရပ်မှ လာသူများအား မှတ်ပုံတင် မူရင်း မပြနိုင်ပါက နေပြည်တော်သို့ အ၀င်မခံဘဲ ပြန်လွှတ် နေကြောင်း သိရသည်။

“ကျနော်စီးလာတဲ့ ကားပေါ်မှာ အမျိုးသမီး တယောက်က မှတ်ပုံတင် မူရင်း ပါမလာလို့ နေပြည်တော် ထဲကို ၀င်ခွင့် မပြုဘူး။ စီလမ်းဆုံက စစ်ဆေးရေး ဂိတ်မှာပဲ နေခဲ့ရတယ်။ မှတ်ပုံတင် မိတ္တူ ပြတော့လည်း မရဘူးတဲ့။ တကယ်ဆိုရင် မှတ်ပုံတင် မူရင်းနဲ့မှ နေပြည်တော်ထဲ ၀င်ခွင့်ပြုမယ် ဆိုရင်လည်း ကြိုတင်ကြေညာ သင့်ပါတယ်” ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မှ နေပြည်တော်သို့ သွားခဲ့သည့် ခရီးသွားတဦးက ပြောသည်။

ယခင်က နေပြည်တော်သို့ လာရောက်သူများ အနေဖြင့် ခရီးသွားခွင့် ထောက်ခံစာ၊ မှတ်ပုံတင် မိတ္တူ၊ ကျောင်းသားကတ်ဖြင့် သွားလာခွင့် ရှိသော်လည်း ယခု နောက်ပိုင်းတွင် မှတ်ပုံတင် မူရင်းကိုသာ ယူဆောင် ခဲ့ရမည်ဖြစ်ကြောင်း ယာဉ်လိုင်းများမှ သိရသည်။

“ကျနော်တို့ကိုလည်း နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ပြောထားတယ်။ မှတ်ပုံတင် မူရင်းမပါဘဲ မိတ္တူတို့၊ ထောက်ခံစာတို့၊ ကျောင်းသား ကတ်တို့နဲ့ ၀င်လာခဲ့ရင် ယာဉ်လိုင်း ပိတ်တဲ့ အထိ အရေးယူမယ်လို့ ပြောထားတယ်” ဟု ယာဉ်လိုင်း တလိုင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

သို့သော် တချို့သော ခရီးသည်များမှာ လက်မှတ်ဝယ်စဉ်က မှတ်ပုံတင်မူရင်း ပါရှိသော်လည်း ကားပေါ် တက်သည့် အချိန်တွင် မှတ်ပုံတင် မူရင်းကို ယူဆောင် မလာသည့် ဖြစ်ရပ်များလည်း ရှိနေကြောင်း သိရသည်။

“တချို့ ခရီးသည်တွေက နားမလည်တော့ လက်မှတ် ၀ယ်တုန်းသာ မှတ်ပုံတင်မူရင်း ယူလာတာ။ တကယ် ခရီးသွားတော့ ပါမလာ ကြဘူး။ ပျောက်မှာ စိုးလို့ ဆိုပြီး ခရီးသွား ထောက်ခံစာတို့၊ မှတ်ပုံတင် မိတ္တူတို့ပဲ ယူလာကြတယ်” ဟု ယာဉ်လိုင်း တာဝန်ရှိသူ တဦးက ပြောသည်။

ထိုကဲ့သို့ မှတ်ပုံတင် မူရင်းများ ယူဆောင်စေခြင်းသည် နေပြည်တော်တွင် လတ်တလော ကျင်းပ နေသည့် လွှတ်တော် အစည်း အဝေးများ လုံခြုံရေး အတွက်ဟုလည်း သိရသည်။

မကြာသေးမီက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ဗုံးကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် နေပြည်တော်တွင် လုံခြုံရေး အစီအမံများ ပိုမို ချထားကြောင်း ဒေသခံများက ပြောသည်။

“ည ညဆို ရဲကား အစီး နှစ်ဆယ်လောက် ကင်းလှည့်နေတာ တွေ့ရတယ်” ဟု နေပြည်တော် ဒေသခံ တဦးက ဆိုသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့