..............................

Thursday, March 3, 2011

တပ်ပြေးများ ထိုင်းနိုင်ငံဘက် ရောက်လာ

Wednesday, 02 March 2011

ကရင်ပြည်နယ် မြ၀တီခရိုင် သင်္ကန်းညီနောင် တပ်နယ်မှ နအဖ တပ်ဖွဲ့ဝင်၂ ဦးသည် မိသားစု ၀င်များနှင့်အတူ ယမန်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေး ရောက်ရှိလာသည်။

ထွက်ပြေးလာသူ၂ ဦးမှာ သင်္ကန်းညီနောင် တပ်နယ်ရှိ (စကခ) ၁၉ လက်အောက်ခံ ခလရ ၆၁ တပ်ရင်းမှ ကိုယ်ပိုင်အမှတ် (တ/၂၆၆၈၈၁) ဒု တပ်ကြပ် ကျော်မျိုးသူ ၂၇ နှစ်နှင့် ကိုယ်ပိုင်အမှတ် (တ/၄၁၇၂၉၆) တပ်သား အောင်ကျော်မိုး ၁၉ နှစ် တို့ဖြစ်ပြီး မဲဆောက်မြို့ရှိ ပြည့်သူ့ စေတနာ့ ၀န်ထမ်း အသင်း (PVA)သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

နအဖ တပ်အတွင်း ကြီးနိုင်ငယ်ညှဉ်း မတရားဖိနှိပ်မှုများကို မခံနိုင်သောကြောင့် တပ်ကိုစွန့်ခွာ ထွက်ပြေးရခြင်း ဖြစ်သည် ဟု ယခု ထွက်ပြေး လာသူများက ပြောသည်။

ဒု တပ်ကြပ် ကျော်မျိုးသူ က“တပ်မှာက ဖိနှိပ်မှုအတော့ကို ဆိုးတယ်၊ ရဲဘော်ရဲဘက်စိတ် ဆိုတာက တပ်ထဲမှာ မရှိတော့ဘူး၊ ကြီးနိုင် ငယ်ညှဉ်းပဲ၊ အထက် အရာရှိကနေ စပြီး အကြပ်တွေ အထိ၊ အောက်ခြေ ရဲဘော်တွေ ဆိုရင် လူလိုသူလို သူတို့မဆက် ဆံဘူး၊ ရှေ့တန်းမှာဆို ပိုဆိုးတယ်၊ သတ်ကွင်းထဲ ရဲဘော်တွေကို အတင်း တိုးခိုင်းတာတွေ၊ မိုင်းကွင်းထဲ တိုးခိုင်းတာတွေက အစ အမိန့် ဆိုပြီး အတင်း တက်ခိုင်းတယ်၊ ဒီထက်မက ဆိုးတဲ့ ပြဿနာတွေ အများကြီး ရှိသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။

နအဖ တပ်အတွင်း ဒု တပ်ကြပ်တဦး၏ လစာမှာ ကျပ် ၄ သောင်း ၇ ထောင်ဖြစ်သော်လည်း ဘဏ်စုငွေ ၃ ထောင်ကို မဖြစ် မနေ ဖြတ်တောက်သည့် အပြင် အခြား သာရေး နာရေး အမည်ခံ ခေါင်းစဉ်များ ဖြင့်လည်း ဖြတ်သဖြင့် လစာ၏ ၃ ချိုး ၁ ချိုးခန့် ပုံမှန် ဖြတ်တောက် ခံရကာ မိသားစု ၀မ်းရေးနှင့် ရှေ့ရေး အတွက် တပ်ကို စွန့်ခွာရခြင်း ဖြစ်သည်ဟုလည်း ဒု တပ်ကြပ် ကျော်မျိုးသူ က ပြောဆိုသည်။

မိသားစုဝင် ၃ ဦးရှိသည့် ဒုတပ်ကြပ် ကျော်မျိုးသူနှင့်အတူ လိုက်ပါလာသည့် အိမ်ထောင်သည် တပ်သား အောင်ကျော်မိုး ကလည်း သာမန် အရပ်သား အဖြစ် နေထိုင်လိုသဖြင့် ဇနီးသည်နှင့် အတူ တပ်ကို စွန့်ခွာလာခြင်း ဖြစ်သည်ဟု ပြောသည်။

၎င်းကလည်း"တပ်ထဲမှာရဲဘော်တွေရဲ့ဘ၀က ရှေ့တန်းမှာဆိုရင်အသေခံပြီး တိုက်နေရတယ်၊ ကျနော်တို့နဲ့ အတူ ဖလူး တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ကျန်ခဲ့တဲ့ မိသားစုတွေကို တပ်က ဘာအကူအညီမှ ပေးတာ မရှိဘူး၊ ဒါကိုလည်း အားလုံး သိကြပါတယ်၊ အပြင်လောကမှာ ဆိုရင်လည်း အရပ်သားတွေက စစ်သားဆိုရင် သိတ်ပြီးတော့ အလေး ပေးတာတွေ မေတ္တာ ထားတာတွေ မရှိသလောက်ဘဲ၊ ဒါကြောင့် တပ်ထဲက ထွက်လာတာ ဖြစ်တယ်”ဟု ဆိုသည်။

အဆိုပါစစ်သည် ၂ ဦးကို အကူအညီပေးထားသည့် PVA အသင်း၏တာဝန်ခံ ဦးသိန်းဆန်း က “ဒုက္ခရောက်လာတဲ့ လူတွေကို ကူညီပေးတာ ဖြစ်တယ်၊ စစ်သား ဖြစ်စေ၊ အရပ်သား ဖြစ်စေ ကူညီပေးပါတယ်၊ လူမှုရေးအဖွဲ့ ဖြစ်တဲ့အတွက် လူသားခြင်း စာနာစိတ်နဲ့ အကူအညီ ပေးတာဖြစ်ပါတယ်"ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အထက် အရာရှိများ၏ မဆင်မခြင် လုပ်ရပ်များကြောင့် အောက်ခြေရဲဘော် အများစုမှာ ထိခိုက်သေကြေ မှုများနှင့် ရင်ဆိုင် ကြရသဖြင့် စိတ်ဓာတ်ကျကာ တပ်မှ ထွက်ပြေးမှုများ နေ့စဉ်နီးပါး ရှိသည်ဟု ဒုတပ်ကြပ် ကျော်မျိုးသူ က ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလမှစ၍ ယနေ့အထိ ကရင်ပြည်နယ် အတွင်းရှိ စစ်မြေပြင်များမှ နည်းမျိုးစုံဖြင့် တပ်ကို စွန့်ခွာ ထွက်ပြေး ရောက်ရှိ လာသည့် နအဖ တပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိပြီဟု ကရင် အမျိုးသား အစည်းအရုံး(KNU) နှင့် DKBA အဖွဲ့ တာဝန် ရှိသူများက ပြောသည်။

ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဆိုပါ DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှ စတင်၍ ကရင်ပြည်နယ် အတွင်းရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့