..............................

Friday, March 4, 2011

ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

Thursday, 03 March 2011

အောင်လင်းထွဋ် 

လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့တူသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံမှာ ထည့်သွင်း ဆွေးနွေးခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးထားတဲ့ ဥပဒေကို ၂၀၀၈ အခြေခံ ဥပဒေမှာ ဘာကြောင့် ထည့်သွင်း ခဲ့ရပါသလဲ။ ဘယ်သူကိုမှ မတိုင်မပင်ဘဲနဲ့ ကော်မရှင် အဖွဲ့ဝင် ဦးသောင်းညွန့် (ဥပဒေပညာရှင်နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်) ကို သူ့အခန်းထဲ ခေါ်ပြီး ဘာဖြစ်လို့ ရေးခိုင်း ရပါသလဲ။

ဘုရားတရား ကြည်ညိုတဲ့ ဦးသောင်းညွန့် ငါးပါးသီလကံကို ချိုးဖောက်ခဲ့ရလို့ စိတ်မကောင်း ဖြစ်ခဲ့ရတဲ့ အကြောင်း နေပြည်တော် အတွင်းစည်းထဲက သတင်းတွေ ကျနော့်ထံ ရောက်လာခဲ့ပါတယ်။

(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၄၊ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ၊ အပိုဒ် ၄၄၅ မှာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် နဝတနှင့် နအဖတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင် တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရလို့ ဖော်ပြထားပါတယ်။)

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ကျနော် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မြန်မာသံရုံးမှာ တာဝန် ထမ်းဆောင်နေစဉ် ကာလက အဖြစ် အပျက်လေး တခုကို သွားပြီး သတိရမိပါတယ်။ ၂၀၀၁ ခုနှစ်တွင်းက သံရုံးအမှုထမ်း တဦး မြန်မာနိုင်ငံကနေ အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

ဒီသံတမန်က ကျနော့်အတွက်၊ အထက်က ဗိုလ်မှူးအတွက် အရေးတကြီး သတင်း စုံစမ်းဖို့ ညွှန်ကြားချက် ပေးလိုက်တယ်လို့ ပြောတော့ ဘာလဲလို့ ကျနော်က မေးမိတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ အထိ စဉ်းစား နေတာ ရှိမရှိ သိချင်တယ်၊ အမြန်စုံစမ်းပြီး အကြောင်း ပြန်ပေးပါလို့ ညွှန်ကြား လိုက်ကြောင်း ပြောပါတယ်။ ကျနော် ပြုံးမိလိုက်တယ်။

သြော် … ကိုယ်ခံရမှာကျတော့ ကြောက်တတ် လိုက်တာ၊ သူတပါးတွေကျတော့ “အပြတ် ရှင်းပစ်လိုက်၊ အစိတ်သားတောင် မချန်နဲ့၊ ကုလား၊ လူမှမဟုတ်တာ၊ အမြင့်ဆုံး ထောင်ဒဏ် ချလိုက်” ဆိုပြီး အမိန့်တွေ ပေးနေတဲ့ ဗိုလ်ချုပ်မှူးကြီးရယ်။

အဲဒီအချိန်က ကမ္ဘာမှာ ယူဂိုဆလားဗီးယား သမ္မတဟောင်း မီလိုဆီဗစ်၊ လိုက်ဗေးရီးယား သမ္မတဟောင်း ချားလ် တေလာ၊ ကမ္ဘောဒီးယား အာဏာရှင်ဟောင်း ပိုပေါ့၊ ဆူဒန်သမ္မတ ဘတ်ရှီးယားတို့ နိုင်ငံတကာ တရားရုံးမှာ အမှု ရင်ဆိုင်နေချိန် ဖြစ်လို့ သူ့အလှည့်များ ဘယ်တော့ ရောက်မလဲ ဆိုတာကို စိုးရိမ်လို့ စုံးစမ်း ခိုင်းလိုက်တယ် ဆိုတာ ကျနော် နားလည် လိုက်ပါတယ်။

ကျနော်လည်း ဝတ်ကျေတန်းကျေပဲ လောလောဆယ် အခြေ အနေမှာတော့ အမေရိကန် နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဝါရှင်တန်ဒီစီက ပင်တဂွန် စစ်ဌာနချုပ်နဲ့ နယူးယောက်က World Trade Center အတိုက် ခံနေရလို့ မြန်မာနိုင်ငံကို စိတ်မဝင်စား နိုင်သေးဘူးလို့ သတင်း ပြန်ပို့ ပေးခဲ့ရတယ်။

စက်တင်ဘာ ၁၁ အရေးခင်းဟာ ဗိုလ်ချုပ်မှူးကြီးအတွက် ဝမ်းသာစရာ ဖြစ်ခဲ့ရတယ်။ ဘယ်လောက် ဝမ်းသာသလဲ ဆိုရင် တခြား နိုင်ငံတွေက ခေါင်းဆောင် အသီးသီး အမေရိကန် သမ္မတ ဂျော့ ဘုရှ်ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ အသီးသီး ပို့နေကြတဲ့ အချိန်၊ ကျနော်တို့က ပို့ဖို့တင်ပြတော့ ဟိုလိုလို ဒီလိုလို လုပ်ပြီး အချိန် အတော်ကြာသည် အထိ မပို့ဘူး။ နောက်ဆုံး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန Burma Desk က သံရုံးကို မေးလို့ မြန်မာနိုင်ငံကို ပြန်ပြောတော့မှ မပို့ချင်ပို့ချင်နဲ့ ဗိုလ်ချုပ်မှူးကြီးက ပို့လိုက်တယ်။

ဗိုလ်ချုပ်မှူးကြီး ဘာဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရသလဲ ဆိုရင် ပြည်သူ လူထု အပေါ်မှာ ရက်ရက် စက်စက် လုပ်ခိုင်းခဲ့တဲ့ အပေါ် သူကိုယ်တိုင် တာဝန် မယူရဲလို့ပဲ။ သူ တိုက်ရိုက်၊ သွယ်ဝိုက် အမိန့် ပေးခဲ့တာတွေကို ပြောရရင်တော့ ၁၉၉၃ ခုနှစ် ဧပြီလမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော နယ်မြေမှာ ရိုဟင်ဂျာ ၄၀၀ ကျော်ကို ရှင်းပစ်ဖို့ အဲဒီအချိန်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းမြင့် (နောင် အတွင်းရေးမှူး ၃၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့်) ကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့် ပေးခဲ့တယ်။

အဲဒီတုန်းက ရိုဟင်ဂျာ သောင်းကျန်းသူတွေက ဘူးသီးတောင် မောင်းတော နယ်မြေမှာ တနေ့တည်းမှာ မိုင်း ၁၈ လုံးခွဲပြီး ဝင်ရောက် ပစ်ခတ်ခဲ့လို့ စစ်တပ်က ပြန်ပြီး စစ်ဆင်ရေး လုပ်တဲ့ အခါ သူပုန်ရော အရပ်သားပါ စုစုပေါင်း လူ ၄၀၀ ကျော် အရှင် ဖမ်းဆီးရမိတယ်။ စစ်ရုံးချုပ်ကို သတင်းပို့တော့ “ကုလား၊ လူမှမဟုတ်တာ ရှင်းပစ်” လို့ အမိန့်ပေးခဲ့တယ်။

၁၉၉၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမျိုးသား ညီလာခံက ထွက်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက NLD ကို အကြီးအကျယ် ဒေါသထွက်ပြီး NLD ဆိုရင် ဆွေမျိုး အစဉ်အဆက် ကြောက်သွားအောင် နည်းမျိုးစုံနဲ့ အကျပ် အတည်းဖြစ်အောင် လုပ်ဖို့ ထောက်လှမ်းရေးကို ခိုင်းစေခဲ့တယ်။

၁၉၉၆ ခုနှစ်ထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာရှိတဲ့ စစ်တပ် အင်အားတွေကို သုံးပြီး ရွာတွေရွှေ့ခိုင်းတာမှာ မလိုက်နာရင် အစိတ်သား (၂၅ ကျပ်သား) ဝမ်းဗိုက်ထဲက ကလေးတောင် မချန်နဲ့လို့ အပြတ်ရှင်းဖို့ အမိန့်ပေးခဲ့တယ်။

၁၉၉၈ ခုနှစ် မေလမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ် ကြည်မင်း (ရေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် မြင့်ဆွေ (လေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် သူရမြင့်အောင် (စစ်ရေးချုပ်ဟောင်း)၊ ဗိုလ်မှူးကြီး ဇော်မင်း (အမှတ် ၁ လျှပ်စစ် ဝန်ကြီး) တို့ကို ခရစ္စတီးကျွန်းမှာ အပြစ်မဲ့အရပ်သား အမျိုးသား၊ အမျိုးသမီး၊ ကလေး ၈၁ ယောက်တို့ကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်။ အဲဒီခရစ္စတီးကျွန်းမှာ ကျနော်ကိုယ်တိုင် ရှိနေတာကြောင့် သက်သေ ထွက်ဆိုနိုင်ပါတယ်။

၂၀၀၃ ခုနှစ် ဒီပဲရင်းကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဒေါ်အောင်ဆန်း စုကြည်ကို လုပ်ကြံဖို့ ဗိုလ်ချုပ် စိုးဝင်း (ဝန်ကြီးချုပ်ဟောင်း)၊ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး) တို့ကို ခိုင်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး ဟောင်းများ၊ တပ်မတော် အရာရှိများ၊ ရဲ အရာရှိများက သက်သေ ထွက်ဆိုနိုင်ပါတယ်။ ဒါတွေက ကျနော် သိတာတွေပါ။ တခြား လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ ပြည်သူ လူထုတွေ သိတာ အများကြီး ရှိပါလိမ့်ဦးမယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဘုရားသားတော်တွေကို သတ်ဖြတ်ညှင်းဆဲ တဲ့ ကိစ္စ ကတော့ ကမ္ဘာကျော် ကိစ္စတခုပါ။ ဒီလို မတရားပြစ်မှုတွေ အများကြီး ကျူးလွန်ထားတဲ့ အတွက်ကြောင့်လည်း နိုင်ငံတကာ တရားရုံးကို အရမ်း ကြောက်ခဲ့တာ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား တင်ပြတဲ့ စုံးစမ်း စစ်ဆေးရေး အဖွဲ့သာ မြန်မာ နိုင်ငံအတွင်း ဝင်ရောက် စစ်ဆေးခွင့် ရမယ်ဆိုရင် ဒီထက်ပိုပြီး အကြောင်းစုံကို သိနိုင်မှာပါ။

ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခိုးကြောင် ခိုးဝှက်နဲ့ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးထားတဲ့ ဥပဒေအား ၂၀၀၈ အခြေခံဥပဒေမှာ ထည့်ခဲ့တယ် ဆိုတာကို အသိ ပေးလိုက်ပါတယ်။

ဒါပေမယ့် “စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးဟာ အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်ဖြစ်တဲ့ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန် အရှိဆုံးပါ၊ ရှောင်လို့ မရဘူးဆိုတာကို သတိ ပေးလိုက်ပါတယ်”။

ယနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အာဏာရှင် တိုင်းပြည်တွေနဲ့ မြန်မာပြည်ရဲ့ အခြေအနေကို နှိုင်းယှဉ် ကြည့်မယ် ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီလို ရက်စက် ယုတ်မာတဲ့ လူစားမျိုးပါ။ ဒီလို လူမျိုးကိုလည်း မြန်မာ့ တပ်မတော်အနေနဲ့ လစ်ဗျား တပ်မတော်ကဲ့သို့ ဆက်လက် သစ္စာ မခံသင့်တော့ပါဘူး။

မြန်မာ့တပ်မတော်အတွင်းက လူစွမ်းကောင်းများ ထွက်ဖို့ လိုနေပါပြီ။ မြန်မာ ပြည်သူတွေ ဘက်က ရပ်တည်ရမယ့် အချိန်ကို ရောက်နေပါပြီ။ ပြည်သူ လူထုနဲ့ ပူးပေါင်းပြီး အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုကို လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့ မိသားစုလို နိုင်ငံတကာ စစ်ခုံရုံး ပို့ပြီး အရေးယူနိုင်ရေး ဝိုင်းဝန်း ကြိုးစားကြပါ စို့လို့ တိုက်တွန်း လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မိသားစုကို ဥပဒေအရ လုံးဝ (လုံးဝ) လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ပါ။ ။

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့