..............................

Tuesday, March 1, 2011

လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ လွှတ်တော်က အကြောင်းမပြန်သေး

ခင်ဦးသာ
Monday, 28 February 2011

နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနှင့် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဆိုပြုလွှာကို နိုင်ငံရေးပါတီ တချို့က လွှတ်တော်၌ တင်သွင်းထား သော်လည်း ယနေ့အထိ အကြောင်းပြန်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။

ယင်း အဆိုပြုလွှာကို ယခုလဆန်းပိုင်းက ကျင်းပသော လွှတ်တော် အစည်း အဝေးများသို့ တင်သွင်း ထားသည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

“နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေးနဲ့ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ဆိုပြီး သီးသန့်စီ တင်တာပါ။ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ထဲမှာတော့ ပြည်ပရောက် အတိုက်အခံတွေ အားလုံး ပါတာပေါ့” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

နေပြည်တော်၌ လွှတ်တော် အစည်းအဝေး တက်ရောက် နေကြသော ကိုယ်စားလှယ်များ ကမူ ၎င်း အဆိုပြုလွှာအား ပယ်ချ လိုက်ပြီး ဖြစ်သည်ဟု ပြောဆို နေကြသည်။

“ဒီအဆိုပြုလွှာက ၂၀၀၈ ဖွဲ့စည်းပုံပါအတိုင်း တင်တာမို့လို့ ပယ်ချ၊ မချဆိုတာ တရားဝင် ပြောလို့ မရသေးပါဘူး” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

NDF ကဲ့သို့ပင် ပြည်ပ နိုင်ငံအသီးသီးသို့ ရောက်ရှိနေသော အတိုက်အခံ နိုင်ငံရေး သမားများ အပါအဝင် မြန်မာ နိုင်ငံသားများ နိုင်ငံတွင်းသို့ လွတ်လပ်စွာ ပြန်လာ နိုင်ရေး အတွက် နိုင်ငံရေး ပါတီ ၁၁ ခုက ကြေညာချက် ထုတ်၍ ယမန်နေ့က ထပ်မံ တောင်းဆို လိုက်သည်။

“ပြည်ပ နိုင်ငံသား ခံယူထားသူပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံသား လက်မှတ် ကိုင်ထားသူပဲ ဖြစ်ဖြစ်ပေါ့၊ ကိုယ့်နိုင်ငံကို ပြန်လာရင် လွတ်လပ်စွာ နေထိုင်နိုင်ခွင့်၊ သွားလာ လှုပ်ရှားခွင့်တွေ ရအောင် တောင်းဆို ရတာပါ” ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီကို ပြောသည်။

ထို့အတူ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး ကိစ္စများ ကိုပါ ကြေညာချက်၌ တောင်းဆို ထားသည်။

အစိုးရသစ်သည် မတ်လအတွင်း တရားဝင် အာဏာလွှဲပြောင်း ယူတော့မည် ဖြစ်သောကြောင့် အစိုးရ သစ်၏ လုပ်ထုံး လုပ်နည်း အတိုင်း လွတ်ငြိမ်း ချမ်းသာခွင့် ပေးလေ့ရှိရာ ထို လွတ်ငြိမ်း ချမ်းသာခွင့် များထဲတွင် နိုင်ငံရေး အကျဉ်းသား များနှင့် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ပါဝင်နိုင်စေရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဦးသုဝေက ပြောသည်။

“အစိုးရသစ် အနေနဲ့ ဒီလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် သူ့တို့ အတွက် အများကြီး ဂုဏ်တက် စေမှာ ဖြစ်သလို၊ နိုင်ငံတကာ မျက်နှာစာ မှာလည်းပဲ အမြင် ကောင်းစေတဲ့ အစိုးရသစ် ဖြစ်မယ် ဆိုတာတွေကို ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဦးနေ၀င်း အစိုးရသည် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီး ၁၉၆၃ နှစ်တွင် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေး ပါတီများ၊ လူပုဂ္ဂိုလ်များနှင့် ဆွေးနွေး၍ လွတ်ငြိမ်း ချမ်းသာခွင့် ပြုခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ ထုတ်ပြန်၍ ပြည်ပရောက် နိုင်ငံရေး အတိုက် အခံများ၊ သေဒဏ်ချမှတ် ခံထားရသော နိုင်ငံရေး အတိုက်အခံ အင်အားစုများ၊ နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့သည်ဟု ဦးသုဝေက ရှင်းပြသည်။

“၁၉၈၀ တုန်းကဆိုရင် ၀န်ကြီးချုပ်ဟောင်း ဦးနုတို့လို ပုဂ္ဂိုလ်မျိုးတွေ၊ တသက်တကျွန်း ကျခံ နေရသူတွေ၊ သေဒဏ် ပေး ခံထားရသူတွေ ထဲက ဆိုရင်လည်း သခင်စိုးနဲ့ တခြား သူတွေကိုပါ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာမျိုးတွေ ရှိခဲ့တယ်။ အခုလည်း အဲဒီလို ဖြစ်လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

၎င်းကိုယ်တိုင် အတိုက်အခံ ဖြစ်ခဲ့ပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့သောကြောင့် ပြည်တော် ပြန်ခဲ့ရကြောင်းလည်း ဦးသုဝေက ဆိုသည်။

ပြည်ပနိုင်ငံသား အဖြစ် ခံယူ ထားသူများကိုလည်း မိမိနိုင်ငံသား အဖြစ် ပြန်လည် ခံယူလိုပါက လွတ်လပ်စွာ လုပ်ဆောင် ပေးနိုင်ရန် အတွက် ကြေညာချက်၌ ရေးသားထားကြောင်း၊ ၎င်း၏ ဇနီးသည်လည်း ထိုင်းနိုင်ငံတွင် နေထိုင်နေသည့် နိုင်ငံမဲ့သူ အဖြစ်မှ မြန်မာ နိုင်ငံသား အဖြစ် ပြန်လည် ခံယူထားသူ ဖြစ်ကြောင်း ဦးသုဝေက ဆိုသည်။

ကြေညာချက် ထုတ်ခဲ့သည့် အတိုက်အခံ နိုင်ငံရေး ပါတီ ၁၁ ခုတွင် ဒီမိုကရက်တစ် ပါတီ ( မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ(ဒီငြိမ်း)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP)၊ ချင်းအမျိုးသား ပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ကရင် တိုင်းရင်းသားများ ပါတီ စသည်ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ကြသော နိုင်ငံရေး ပါတီများ ပါဝင်သည်။

ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးအင်အားစု များကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ပေါက်လာသော အစိုးရသည် စစ်တပ် လွှမ်းမိုး ထားသော ယခင် အစိုးရသာ ဖြစ်၍ ထူးခြားသော အပြောင်းအလဲများ ဖြစ်မလာနိုင် သေးကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များကို စောင့်ကြည့်ပြီး မှသာ မိမိနိုင်ငံသို့ ပြန်ကြမည် ဖြစ်ကြောင်း ပြောဆိုသည်။

ပြည်ပနိုင်ငံအသီးသီး၌ နိုင်ငံရေး အတိုက်အခံအင်အားစုများ၊ တရားဝင် နေထိုင်သူများ၊ တရားမ၀င် နေထိုင်သူများ စုစုပေါင်း ၄ သန်းကျော် ရှိ၍ မြန်မာနိုင်ငံ၏ လက်ရှိ လူဦးရေနှင့် အချိုးချပါက ၁၅ ဦးလျှင် တဦးသည် ပြည်ပ၌ ရောက်ရှိနေသောကြောင့် မြန်မာနိုင်ငံ၏ လူသားအရင်း အမြစ် ဆုံးရှုံးမှု ကြီးမားသည်ဟု ဦးသုဝေ ကထောက်ပြသည်။

ပြည်ပရှိ အဖွဲ့အစည်း တခုသည်လည်း ပြည်တွင်းသို့ ၀င်ရောက်၍ လွတ်လပ်စွာ နေထိုင် လိုကြောင်း အဆိုပြုလွှာ တစောင်ကို အစိုးရထံ တင်ပြ ထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့