..............................

Thursday, March 3, 2011

တိုက်လေယာဉ် ပထမအသုတ် မတ်လတွင် ရောက်မည်

စိုင်းဇွမ်ဆိုင်း
Wednesday, 02 March 2011

မြန်မာ့လေတပ်တွင် အသုံးပြုရန် ရုရှား နိုင်ငံမှ မှာယူထားသော MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ အနက် ပထမ အသုတ် မတ်လ အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိ လာမည်ဖြစ်သည်။

ရုရှားနိုင်ငံမှ မှာယူထားသော တိုက်လေယာဉ်များမှာ MiG-29B အမျိုးအစား ၁၀ စီး၊ MiG-29SE တယောက်စီး ၆ စီးနှင့် အမောင်းသင် ၂ ဦးစီး ၄ စီး ဖြစ်ကြောင်း၊ ၎င်းတို့ အတွက် ကျသင့်သည့် တန်ဖိုးမှာ ယူရို သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၅၅၃ သန်း) ခန့် ရှိကြောင်း Flightglobal အွန်လိုင်း သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းသို့ ဝယ်ယူမှုများသည် မြန်မာ့လေတပ်တွင် MiG-29 လေယာဉ်များ အသုံးပြုမှုကို တိုးမြှင့်ရန် ဖြစ်သည် ဟုလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

MiG တိုက်လေယာဉ်များကို ရုရှားကုမ္ပဏီတခု ဖြစ်သည့် လူခိုဗစ်စီ ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လေယာဉ်များ အတွက် လေယာဉ် ကိုယ်ထည်များ၊ အပိုပစ္စည်းများကို ၁၉၈၀ နှစ်များ ကတည်းက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

တိုက်လေယာဉ်များကို ဝယ်ယူခဲ့ရာတွင် နည်းပညာပိုင်းဆိုင်ရာ တပ်ဆင်မှုများ၊ အထောက် အပံ့များနှင့် Phazotron N-019 အမျိုးအစား ရေဒါများကိုပါ လေယာဉ်တွင် တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ယခု ရောက်ရှိလာမည့် MiG-29 တိုက်လေယာဉ်များ ဝယ်ယူရန် ၂၀၀၉ ခုနှစ်ကုန်ပိုင်း တွင် သဘော တူခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ် တွင်လည်း ယင်းအမျိုးအစား တိုက်လေယာဉ် ၁၂ စင်းကို မြန်မာ့ လေတပ်အတွက် ဝယ်ယူ ခဲ့သေးသည်။

၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တိုက်ချင်းပစ် ဒုံးကျည် အပြင် တခြား ဒုံးကျည်များ တပ်ဆင် နိုင်သည့် တရုတ် နိုင်ငံထုတ် K-8 အမျိုးအစား လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို လေ့ကျင့် သင်တန်းပေးရန်နှင့် စစ်ဆင်ရေးများတွင် အသုံးပြုရန် ဝယ်ယူခဲ့သည်။

တိုက်လေယာဉ်များသာမကဘဲ Antonov-148 (An-148) အမျိုးအစား ခရီးသည်တင် လေယာဉ် ၂ စီးကို ရုရှားနိုင်ငံ United Aircraft Corporation မှ လည်းကောင်း၊ MA-60 အမျိုးအစား ကုန်တင်လေယာဉ် ၃ စီးကို China National Aero-Techonology Import and Export Coporation မှ လည်းကောင်း စစ်အစိုးရက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ် ခဲ့ဖူးသည်။

လာမည့် ဘတ်ဂျက်နှစ်တွင် စစ်အစိုးရက နိုင်ငံ့ဝင်ငွေ၏ လေးပုံ တပုံနီးပါးကို ကာကွယ်ရေးနှင့် စစ်ရေး အသုံး စရိတ် အတွက် အသုံးပြုမည်ဟု သတင်းများလည်း ထွက်ပေါ် နေသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့