..............................

Thursday, March 3, 2011

ပုဂ္ဂလိက ကုမ္ပဏီများ ၀န်ထမ်းလစာတိုးရန် စီစဉ်

နရီလင်းလက်
Wednesday, 02 March 2011

အစိုးရ၀န်ထမ်းလစာ တိုးမြင့်သည်နှင့် အညီ ပုဂ္ဂလိက ကုမ္ပဏီကြီးများ၏ ၀န်ထမ်း လစာများ ကိုလည်း တိုးရန် စီစဉ် နေသည်ဟု သိရသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ထူထောင်ထားသော အေးရှားဝေါလ်၊ မက်စ်မြန်မာ ၊ ထူးကုမ္ပဏီ ၊ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီ ၊ Alpine ကုမ္ပဏီ စသည့် နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းတွင် အဓိက တာဝန်ယူ တည်ဆောက် နေသည့် ကုမ္ပဏီကြီးများ ၊ အာဏာပိုင်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ ထူထောင် ထားသည့် ကုမ္ပဏီကြီးများရှိ ၀န်ထမ်း လစာများ တိုးမည်ဖြစ်သည်ဟု ပုဂ္ဂလိက ကုမ္ပဏီ အသိုင်း အ၀ိုင်းက ပြောသည်။

“အေးရှားဝေါလ် ဆိုရင် ဌာနတွေ အများကြီးရှိသလို စီမံကိန်းအလိုက် မြို့တွေမှာ ၀န်ထမ်း အင်အားတွေက အများကြီးလေ။ ပြီး ခဲ့တဲ့ တပတ်လောက်က စပြီး လူစာရင်းနဲ့ လုပ်သက်နှစ်တွေ ဘယ်လောက် ရှိလဲကို စာရင်းကောက် နေတယ်”ဟု အေးရှားဝေါလ် ရေအားလျှပ်စစ် စီမံကိန်း အင်ဂျင်နီယာ တဦးက ပြောသည်။

၎င်းက ဆက်၍“လစာတိုးပေးဖို့ အတွက် စာရင်းကောက်တာလို့ ပြောတယ်။ အခြေခံ ၀န်ထမ်းက အစ ၀န်ထမ်း အကုန်လုံး လစာ တိုးမယ် ကြားတယ်။ ဒါပေမယ့် လုပ်သက်နှစ်ပေါ် မူတည်ပြီး တိုးတဲ့ ပမာဏ ကွာခြားတာတော့ ရှိမယ်”ဟု ပြောသည်။

မည်သည့်လမှ စတင်၍ လစာတိုးမည်ကိုမူ တိတိကျကျ မသိရသေးဟုလည်း အဆိုပါ အင်ဂျင်နီယာက ဆိုသည်။

ရွေးကောက်ပွဲမတိုင်မီ နေပြည်တော်တွင် ပြုလုပ်သွားသည့် အထူးစီမံကိန်းများ အကောင် အထည် ဖော်ရေး အစည်းအဝေး တွင် အာဏာပိုင်များက တက်ရောက် ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဆောက်လုပ်ရေး ကုမ္ပဏီ ၆၃ ခုကို ၀င်ရောက် လာမည့် နိုင်ငံခြား ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရန် ၀န်ထမ်းလစာ နှုန်းများတိုးမြှင့်ပေးရန် ပြောဆိုခဲ့သည်ဟု နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

“အဲဒီတုန်းက နေပြည်တော်အဆောက်အအုံတွေကို မြန်မြန်ပြီးစီးအောင် လုပ်ဖို့ အပြင် ထူးခြားတာ တခုကို ထည့်ပြော သွားတယ်၊ နောက်ပိုင်းမှာ ပြည်ပ ရင်းနှီးမြှပ်နှံမှုတွေကို လက်ခံလို့ ၀င်လာရင် အဲဒီကုမ္ပဏီမှာ လစာ အခြေခံ ကျပ် ၁ သိန်း ပေးနေပြီး ပြည်တွင်း ကုမ္ပဏီက ၄-၅ သောင်း ဖြစ်နေလို့ မရဘူး ဆိုပြီး ပြောခဲ့တယ်။ ဒါကြောင့်လည်း ပြည်တွင်း ကုမ္ပဏီတွေ အင်အားကြီးအောင် တခုခုဆို ပုဂ္ဂလိက ကိုပဲ လုပ်ပိုင်ခွင့်တွေ ချပေးနေတာ ဆိုပြီး ပြောသွားဖူးတယ်။ ဒီအတိုင်း အကောင် အထည်ဖော်ပြီး လူကြီးတွေ ကျေနပ်အောင် လုပ်ပေးတော့ သူတို့ အတွက်လည်း လုပ်ငန်း အလားအလာ ကောင်းမယ်။ အာဏာပိုင်တွေ ဘက်ကလည်း အစိုးရ လစာ တခုတည်း တိုးတာ မဟုတ်တော့ဘူး ဆိုပြီး ပြန်ပြောလို့ ရသွားတာပေါ့” ဟု တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

လက်ရှိ အခြေအနေတွင် လစာနှုန်း တိုးမြှင့်ပေးသည်ထက် ရှားပါးစရိတ် ၊ ကျန်းမာရေး စရိတ် ၊ ခရီးစရိတ် ကဏ္ဍများတွင် တိုးပေးနိုင်ရန် စီစဉ် နေသည်ဟုလည်း ၎င်းက ဆိုသည်။

“သူတို့ပြောသလို လိုက်တိုးဖို့ဆိုတာလုပ်ငန်း ၄ ၊ ၅ ခုလောက်ပိုင်နေပြီး ၀င်ငွေ နည်းပေါင်းစုံနဲ့ ရနေတဲ့ ကုမ္ပဏီတွေပဲ တိုးနိုင်မှာ၊ အစိုးရ ၀န်ထမ်းတွေ၊ ကုမ္ပဏီကြီးတွေ လိုက်တိုး နိုင်ရင်တောင် ကုမ္ပဏီ အသေးစား လေးတွေက ၀န်ထမ်းတွေ ကြားထဲက ဒုက္ခ ရောက်မှာပေါ့” ဟု မက်စ်မြန်မာ ကုမ္ပဏီ စာရင်းဌာနမှ အရာရှိ တဦးက ပြောသည်။

အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်သတ်မှတ်ထားသော စည်းကမ်းချက်များတွင် ကုမ္ပဏီ ၀န်ထမ်း လစာသည် အစိုးရ လစာထက် မကျော်ရဟု ပါရှိကြောင်း ၎င်းက ဆိုသည်။


မက်စ်မြန်မာ အရာရှိကဆက်၍“လောလောဆယ် ဘတ်ဂျက်ကို ချိန်နေရတာပေါ့၊ ကုမ္ပဏီကြီးတွေတိုင်း မှာတော့ တနှစ်စာ တွက်ချက် ထားတာတွေ ရှိတယ်။ တယောက်တည်း တိုးတာ မဟုတ်ဘူး။ တလတည်း တိုးတာ မဟုတ်တော့ ချိန်ရတာတွေနဲ့ ကုမ္ပဏီ ၀င်ငွေ အင်အားတောင့်မှ ဖြစ်မှာလေ။ ဒီတော့ ဘယ်လောက် ရာခိုင်နှုန်းစီ တိုးမယ် ဆိုတာတော့ တိတိကျကျ မသတ်မှတ် ရ သေးဘူး။ အခြေခံ ကတော့ ၀န်ထမ်းရဲ့ လုပ်သက်ပေါ် မူတည်ပြီး ရတဲ့ အချိုးတွေက ပြောင်းလဲမယ်”ဟု ပြောသည်။

“လစာအနေနဲ့ ကျော်ပေးလို့ မရတော့ ခေါင်းစဉ် အမျိုးမျိုးတပ်ပေးရတာပေါ့။ အစိုးရ ၀န်ထမ်းလစာ တက်ရင် ကုမ္ပဏီတွေက လည်း ရှားပါး စရိတ် ဆိုပြီး အမည်ခံ တက်ပေးကြတယ်။ အရင်က တက်တုန်းကလည်း ဒီလိုပဲ ပေးတာဆိုတော့ အတွေ့အကြုံတော့ ရှိတယ်။ မတိုးပေးလို့ ကလည်း မရဘူးလေ။ အပြင်မှာ ဈေးတွေက အကုန် တက်နေတော့ လိုက်မညှိ ပေးနိုင်ရင် ပြဿနာ ရှိတယ်။ အခု လတော့ မသေချာဘူး။ ဧပြီလ လောက်မှ စတိုးလောက်မယ်” ဟု Alpine ကုမ္ပဏီ ၀န်ထမ်းရေးရာ ဌာနမှ ၀န်ထမ်း တဦး က ပြောသည်။

မကြာမီဖြစ်ပေါ်လာမည့် အစိုးရအသစ်က ၀န်ထမ်းများကို အာဆီယံနှုန်းထားနှင့် အညီ လစာများ ပေးမည် ဖြစ်ပြီး အစိုးရ ဝန်ထမ်း လစာများကို ဧပြီလကုန်မှ စတင်၍ နဂိုရှိရင်းစွဲ လစာထက် ၃.၈ ဆခန့် တိုးမြှင့် ပေးတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါ သတင်း ထွက်ပေါ်ပြီးနောက်ပိုင်း ဆန်၊ ဆီမှစ၍ အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက် သွားသည်။


Ref: ဧရာဝတီ်

0 comments:

အပေါ်သို့