..............................

Thursday, March 3, 2011

ကော့ကရိတ်မြို့ လူထုကို ဒီကေဘီအေ ဆက်ကြေးကောက်မယ်လို့ နအဖ က ဝါဒဖြန့် ခြိမ်းခြောက်

March 2, 2011

ဒီကေဘီအေ တပ်မှူးတွေ ဓါတ်ပုံနဲ့အတူ တွေ့ရင်အကြောင်းကြားပေဖို့ စကခ ၁၂ ဖုန်းနံပါတ်ပါတဲ့ ကြော်ငြာ စာတွေကို မတ်လ ၁ ရက်နေ့က ကော့ကရိတ်မြို့နေရာ အတော်များများမှာ ကပ်ထားတာ တွေ့ရတယ်လို့ ကုန်သည်တွေ ထံမှတဆင့် ကြားသိ ရပါတယ်။

ကော့ကရိတ်မြို့က ကပ်ထားတဲ့ စာတွေကို တွေ့ခဲ့တဲ့ ကုန်သည်တဦး ပြောပြတာကတော့ …

“ကျနော်တို့တွေ့ခဲ့တာ ကော့ကရိတ် ၇ ရပ်ကွက်မှာ၊ သူတို့ကပ်ထားတဲ့ ပုံတွေက ပြန်တိုက်တဲ့ ဒီကေဘီအေ အဖွဲ့က ဗိုလ်မှူး ကျော်သက်နဲ့ ဗိုလ်မှူးဆန်းအောင် တို့ရဲ့ ပုံတွေပါ၊ ဒီနှစ်ယောက်ကို တွေ့ရင် စကခ ၁၂ ကို အ ကြောင်းကြားဘို့ ဖုန်းနံပါတ် တခုလည်းပါ ပါတယ်။ ရေးထားတဲ့ စာတွေ ကတော့ဗျာ ဒီအဖွဲ့တွေဟာ ငတ်နေပြီ လူထုဆီက အတင်း ခြိမ်းခြောက်ပြီး ဆက်ကြေး ကောက်တာ လုပ်လိမ့်မယ် ဘာညာပေါ့နော်။ အဲဒီလောက်ပါပဲ” လို့ ပြောပြသွားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ဗိုလ်မှူးကျော်သက် ကို မေးမြန်ကြည့်တဲ့ အခါမှာတော့ ..

“အဲဒီလိုလုပ်တဲ့ သူတို့ ရည်ရွယ်ချက်က ကျနော်တို့ လူထုကို ကျနော်တို့နဲ့ မဆက်စပ်အောင် လုပ်တာပါ။ ကျနော်တို့ ဘက်က ကိုယ့်လူထုကို ခြိမ်းခြောက်ဘို့ အနိုင်ကျင့်ဘို့ မလိုပါဘူး။ ကျနော်တို့ လူထုက မထောက်ခံဘူး၊ လူထုက မချစ်ဘူး။ နအဖကို ထောက်ခံတယ် ဆိုရင် ကျနော်တို့ တော်လှန်ရေး နှစ်ပေါင်း ၆၀ ကျော် ဘယ်လိုလုပ် ရပ်တည် နိုင်မှာတုန်း။ နအဖ စစ်အပ်စု ကသာ လူထုကို တလျောက်လုံး အနိုင်ကျင့် လာခဲ့တာဖြစ်လို့ လူထု ထောက်ခံတာတို့ လူထုက ချစ်တာတို့ ဘယ်တုန်းကမှာ ခံစားဘူးခဲ့တာ မဟုတ်ဘူး။ ကျနော်တို့ မာနယ်ပလော တိုက်ပွဲတုန်းက တပ်ပျက်ပြီး သံလွင်မြစ်ထဲမှာ ကစဥ့်ကလျား ပြေးနေကြတဲ့ နဝတ တပ်တွေကို တွေ့ရာ လူထုက သုတ်သင် ချေမှုန်း လိုက်တာဖြစ်တယ်။ အခု သူတို့ ဓါတ်ပုံတွေနဲ့ စာကပ်တယ် ဆိုတာကလဲ လူထု အနေနဲ့ ကျနော်တို့ကို မကူညီအောင် နအဖ က လူထုကို ခြိမ်းခြောက်တာသာ ဖြစ်တယ်” လို့ ရှင်းပြ သွားပါတယ်။

ဒီကေဘီအေနဲ့ နအဖတို့ တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ ၈ နေ့ မြဝတီမြို့ထဲ တိုက်ပွဲ တုန်းကလည်း မြဝတီမြို့က လူထုပိုင် ပစ္စည်းတွေကို ဒီကေဘီအေ တပ်ဖွဲ့တွေက လုယက်တာ၊ မီးရှို့တာ၊ ဖျက်ဆီး ခဲ့တာတွေ မလုပ်ခဲ့တဲ့ အပြင် မြို့တွင်း တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာကိုပဲ လူထုတချို့က ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေရဲ့ အခက်အခဲ တွေကိုတောင် ဝိုင်းဝန်း ဖြေရှင်း ပေးခဲ့တာ တွေကို ဒေါနမြေက ဖြန့်ချိတဲ့ မြဝတီတိုက်ပွဲ မှတ်တမ်း ရုပ်သံမှာ ဖေါ်ပြ ထားတာ တွေ့ရှိခဲ့ရပါတယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့