..............................

Wednesday, March 2, 2011

မန္တလေး ဓာတ်ဆီဈေး ကျပ် ၁၅ဝဝ တက်

သဲသဲ |
အင်္ဂါနေ့၊ မတ်လ ၀၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မန္တလေး ပြင်ပဓာတ်ဆီပေါက်ဈေးမှာ ရက်ပိုင်းအတွင်း ကျပ် ၁၅ဝဝ ခန့် အထိ တက်သွားကြောင်း မြို့ခံများနှင့် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များက ပြောသည်။

တဂါလံ ကျပ် ၃၃ဝဝ မှ ၄၈ဝဝ အထိ ခုန်တက်သဖြင့် မှောင်ခို ဈေးကွက်တွင် ပြန်ရောင်းရန် အတွက် မော်တော် ကားများမှာ နာရီနှင့် ချီ၍ စောင့်ဆိုင်း ဝယ်ယူသဖြင့် အချို့ ဆိုင်များမှာ ခွဲတမ်းပြည့် မရောင်းနိုင်ဘဲ ဖြစ်ကုန်သည်။

“ခင်စောမူတိုင်ကနေ တနင်္လာနေ့မှာ မနက် ၆ နာရီကနေ ၁၁ နာရီအတွင်း တပတ်ကို တရက်၊ ၁ဝ ဂါလံ ထုတ်ပေးတာ။ ဒီနေ့ သွားထုတ်တော့ ၁ဝ ဂါလံ မရဘူး၊ ၆ ဂါလံပဲ ရတယ်။ ဆိုင်ဈေးက ၂၅ဝဝ ပေါ့” ဟု ယာဉ်ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။ ပြင်ပ မှောင်ခို ဈေးကွက်တွင် ပြန်ရောင်းပါက တဂါလံ ကျပ် ၄၃ဝဝ ရသည်ဟု ဆိုသည်။

ဓာတ်ဆီသုံး ကားများသာမက ဆိုင်ကယ်များလည်း တိုးဝှေ့ တန်းစီကာ ဝယ်ယူနေကြသည်။

“ခင်စောမူဆီတိုင်မှာဆို တန်းစီကြတာ ၂ မိုင်လောက် ရှိမယ်။ ဒါတောင် ရွေ့နေတာနော်။ ဆိုင်ကယ်ဆိုရင် မိန်းကလေးက အတင်း တိုးကြတော့ မှန်ကွဲ၊ မီးလုံးကွဲလို့ ရန်ဖြစ်ကြတယ်” ဟု ဆိုင်ကယ်ပိုင်ရှင် တဦးက ပြောသည်။

ယနေ့ မှောင်ခိုဈေးကွက်တွင် ဓာတ်ဆီတဂါလံမှာ ၄၈ဝဝ ကျပ်၊ ဒီဇယ် ၅၂ဝဝ ကျပ်နှင့် အောက်တိန်းဆီမှာ ၃၉ဝဝ ကျပ် ရှိကြောင်း မန္တလေး ပြင်ပ ဆီဈေးကွက်မှ စုံစမ်းသိရသည်။ ပုဂ္ဂလိက ဆီဆိုင် ဈေးနှုန်းမှာမူ ဓာတ်ဆီကို အစိုးရ သတ်မှတ်ဈေး ၂၅ဝဝ ကျပ် ဖြင့် တရက်လျှင် ၄ ဂါလံနှုန်း ရောင်းချနေပြီး၊ ဒီဇယ်မှာ တဂါလံ ၄၂ဝဝ ကျပ် ဖြစ်သည်။

“မြန်မာ့စွမ်းအင်က သူတို့ (ဆိုင်) ကို ၂၃၅ဝ ကျပ်နဲ့ ခွဲတမ်း ပေးတယ်။ သူတို့က ဂါလံ ၅ဝ ဒီနေ့ ရောင်းပေးတယ်၊ အဲဒါကုန်ရင် ထပ် မရောင်းပေးဘူး။ ဘောက်ဆာ မရောက်သေးဘူး၊ ဆီကုန်ပြီဆိုပြီး လုပ်တယ်။ ပြီးရင် ဈေးပိုရတဲ့ ပေပါ သမားတွေကို ဒိုင်လျှိုနဲ့ ရောင်းတယ်” ဟု သိပ္ပံလမ်းရှိ ဆီလုပ်ငန်းရှင် တဦးက မဇ္ဈိမကို ပြောသည်။

ရေနံထုတ်လုပ်ရာ အရှေ့အလယ်ပိုင်း နိုင်ငံများ၏ လတ်တလော နိုင်ငံရေး မငြိမ် သက်မှုများကြောင့် ရေနံစိမ်း ဈေးနှုန်း တပေပါလျှင် ဒေါ်လာ ၁ဝဝ ခန့်အထိ ဈေးမြင့်ရာမှ လောင်စာဈေးများ ခုန်တက်ရကြောင်း လေ့လာ သုံးသပ် သူများက ဆိုသည်။

စစ်အစိုးရက စက်သုံးဆီလုပ်ငန်းများကို ပုဂ္ဂလိကလက်တွင်းသို့ ပြီးခဲ့သည့်နှစ် ဇွန်လ အတွင်း လွှဲပြောင်း ခဲ့သော်လည်း ဈေးနှုန်း အတက်အကျကို လုပ်ငန်းရှင် များကသာ ဈေးညှိ ထိန်းချုပ် ထားသည်။

ရန်ကုန်တွင် ဒီဇယ်တဂါလံ တရားဝင် ရောင်းဈေးမှာ ကျပ် ၄ဝဝဝ ဖြစ်ပြီး၊ သယ်ယူ ပို့ဆောင်ခ ထပ်ဆောင်း သောကြောင့် မန္တလေးတွင် ဈေးပို မြင့်ကြောင်း စက်သုံးဆီ ဖြန့်ဖြူးသူ လုပ်ငန်းရှင် တဦးက ပြောဆိုသည်။

ဆီကန်များတွင် လက်ကျန်လောင်စာဆီ နည်းနေပြီး၊ မြန်မာနိုင်ငံသို့ တင်ပို့သည့် ဆီသင်္ဘောများ ဆိုက်ရောက် နိုင်ခြင်း မရှိသေးသဖြင့် တရားဝင် ဆီဆိုင်များနှင့် ပြင်ပပေါက်ဈေး ကွာဟမှု မြင့်မား လာသည်ဟု ဆိုသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရမှ လောင်စာဆီဈေး ၅ ဆခန့် မြင့်တက်ခဲ့ရာမှ ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး၊ ရန်ကုန်တွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သေးသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့