..............................

Friday, February 25, 2011

တော်လှန်ရေးအောင်ရာသောအကြောင်းများ

February 24, 2011

ဂါမဏိ

လွန်ခဲ့တဲ့ ၃၂ နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အီရန်တော်လှန်ရေး အောင်ပွဲ ခံကြောင်း ကြေညာ လိုက်ပါတယ်။ အမေရိကန် ကျောထောက် နောက်ခံ ပေးထားတဲ့ ရှားဘုရင်က ထွက်ပြေး သွားပြီ၊ စစ်တပ်ကလဲ ခေါင်းပြုတ် သွားပြီ၊ ဆိုတော့ ခေတ်သစ်တခု ပေါက်ဖွားတော့မယ် အခြေအနေ။

ဒါပေမဲ့ အများ သိကြတဲ့အတိုင်း အီရန်မှာ နောက်ပိုင်း ဖြစ်လာတာတွေက အခု အီဂျစ်၊ ကျူနီးရှား၊ လစ်ဗျား ပြည်သူတွေ မျှော်မှန်း နေသလို ဖြစ်မလာခဲ့ပါဘူး။ ဘယ်လိုပဲ ရှိပစေ၊ ၁၉၇၉ အီရန် တော်လှန်ရေးဟာ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး တော်လှန်ရေး တခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ အာရပ်ကမ္ဘာက အပြောင်းအလဲတွေမှာ အီရန်တော်လှန်ရေးက အသုံးဝင်တဲ့ သင်ခန်းစာ တချို့ ပေးနေပါတယ်။

သင်ခန်းစာ ၁၊
တော်လှန်ရေး ဆိုတာ အချိန်ယူရတယ်

အီရန်နိုင်ငံရဲ့ ရေနံမြို့တော် အဘာဒန်မှာ ရုပ်ရှင်ရုံ မီးလောင်လို့ လူ ၄၀၀ သေသွား ခဲ့တာဟာ အီရန် တော်လှန်ရေးရဲ့ ကနဦး မီးပွားစ အဖြစ် ဒီကနေ့မှာ ယေဘုယျ သတ်မှတ် ထားကြပါတယ်။ အဲဒီနေ့ အဲဒီရက်ကနေ တော်လှန်ရေး အောင်ပွဲခံကြောင်း ကြေညာတဲ့ ဖေဖော်ဝါရီ ၁၂ ရက်အထိ တနှစ်နဲ့ တလ ကြာပါတယ်။

ဒီ ၁၃ လအတွင်းမှာ နွေရာသီချစ်ချစ်တောက် နေပူအောက်၊ ဆောင်းရာသီ အရိုးကွဲမတတ် အေးတဲ့ ဆီးနှင်းမိုးအောက် ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြတယ်၊ ဆန္ဒပြသမားတွေ ပစ်သတ် ခံရတယ်၊ ဒီ ဆန္ဒပြအုံကြွမှု တွေဟာ အစောပိုင်း မှာတော့ မီဒီ ယာတွေမှာ ပါပေမဲ့ နောက်ပိုင်းတော့ နိုင်ငံတကာ မီဒီယာက အရေး မလုပ်တော့ပါဘူး။ နိုင်ငံတကာ သတင်းမှာ ရိုးသွားလို့ မထည့်ပေမဲ့ ဆန္ဒပြ စုဝေးပွဲတွေဟာ ဆက်ဖြစ်ခဲ့ပြီး ကြီးထွား လာခဲ့ပါတယ်။ ပြည်သူတွေက ဇွဲနဘဲနဲ့ ဆက်နွှဲကြပါတယ်။ စွန့်လွှတ် စတေး ထားတာတွေ အနစ်နာ ခံထားတွေက စစ်အစိုးရကို မှောက်လှန်ပစ်ဖို့ တွန်းအားတွေ ပေးနေခဲ့ပါတယ်။

အီဂျစ်မှာလဲ တောင်းဆိုချက်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲလာပြီး အုံကြွမှုကြီးရဲ့ တကယ့် ရည်မှန်းချက် ဟာ ရှင်းလာ ပါတယ်။ ဒါကတော့ ဟိုတစဒီတဖဲ့ ပြဿနာတွေ ရှင်းပေးဖို့ မဟုတ်၊ စနစ် တခုလုံး ဖယ်ရှားပစ်ဖို့ ဆိုတာပါပဲ။ ဒါကြောင့် မူဘာရတ် ထွက်ပြီး စစ်တပ်လက်ထဲ အာဏာ ရောက်သွားတာဟာ စနစ် အပြောင်းအလဲ regime change မဖြစ်သေးပါ ဘူး။ စနစ်တခုလုံး ပြောင်းဖို့ဆိုတာ အချိန် ရှည်ကြာတဲ့ ဖြစ်စဉ်ဖြစ်ပြီး အမြော်အမြင်၊ စည်းရုံး ဖွဲ့စည်းမှု၊ ဇွဲရှိမှု တို့ လိုအပ်ပါ တယ်။

သင်ခန်းစာ ၂၊
အခိုင်အခန့်တပ်စွဲထားတဲ့ အာဏာရှင်စနစ်တွေဟာ အေးအေးသက်သာ ဆင်းမသွားတတ်

အီဂျစ်မှာ ၃ ပတ်လောက် အုံကြွလိုက်ပြီးနောက် မူဘာရတ်ဟာ တကယ် ထွက်သွား တာလား၊ မထွက်သေး ဘူးလား မသိ သေးပါဘူး။ ထူးခြားတာက မူဘာရတ်ဟာ အီဂျစ် နိုင်ငံထဲမှာဘဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။ ထွက်သွားတဲ့ သမတ တွေ၊ ခေါင်းဆောင်တွေဟာ ကျူနီးရှား သမတပြုတ် ဘင်အလီ လို နိုင်ငံ့အပြင်ကို ပြေးမသွားမချင်း တကယ် ‘ထွက်’ တာလို့ ပြောမရ သေးပါဘူး။ “ရှားဘုရင်ကို သတ်ပစ်” လို့ တောက်လျှောက် ကြွေးကြော်သံတွေ အော်နေတဲ့ကြားက ရှားဘုရင်ဟာ တနှစ်လောက် ကုတ်ကပ် နေသွားပါတယ်။ မူဘာရတ်လိုပဲ ရှားဘုရင်ကလဲ လက်ရှိ အစိုးရထဲကနေ ဝန်ကြီးချုပ်ကို ဖယ်ပြီး စိတ်ချရတဲ့ မျက်နှာသစ် တယောက်နဲ့ ကြားဖြတ် အစိုးရ ဖွဲ့ဖို့ ကြိုးစား ခဲ့ပါသေးတယ်။

ရှားဘုရင်ဟာ ဝန်ကြီးချုပ် ၃ ယောက်ကို ပွဲထုတ်ခဲ့ပါတယ်၊ ပထမ တယောက်က ဒီမိုကရေစီ နာမည် ရှိတဲ့သူ၊ ဒုတိယက ဗိုလ်ချုပ်ကြီး တယောက်၊ နောက်ဆုံးလူက အီရန်နိုင်ငံရဲ့ မျိုးနွယ်စုကြီးတခု ခေါင်းဆောင်လဲဖြစ်၊ အဓိက အတိုက်အခံ ပါတီ ခေါင်းဆောင်လဲ ဖြစ်တဲ့လူပါ။ (အဲဒီအချိန်မှာ အတိုက်အခံပါတီက အခွံပဲ ရှိပါတော့တယ်။)

လမ်းမပေါ်ကပြည်သူတွေက အဲဒါတွေ ဘယ်သူ့ကိုမှ လက်မခံပါ။ အီဂျစ် ဒုသမတ အိုမာဆူလေမန် လိုပဲ ရှားဘုရင် လက်သပ် ခေါ်ထားတဲ့ ခေါင်းဆောင်တွေက မဖြစ်စလောက် လိုက်လျောမှု လေးတွေ ပေးပြီး တဖက်က ခြိမ်းခြောက် တာတွေလုပ် ကြပါတယ်။ “လူတွေ အိမ်ပြန်ကြတော့၊ စစ်တပ်က အခြေအနေကို ထိန်းထားပြီ၊ စစ်တပ်က စိတ်မရှည်တော့ ဘူးနော်၊ အနောက်တိုင်း ပုံစံ ဒီမိုကရေစီက ဒို့အရှေ့အလယ်ပိုင်းနဲ့ မသင့်တော်ဘူး” စသဖြင့်ပေါ့။

အခု အီဂျစ်ပြည်သူတွေလိုဘဲ ၁၉၇၉ တုံးက အီရန်ပြည်သူတွေအတွက် အဓိက ကျတာက ဘယ်သူက ခေါင်းဆောင် တက်လုပ် နေတာဖြစ်ပစေ၊ အကျင့်ပျက် ခြစားနေတဲ့ ရေပေါ်ဆီ အထက်လွှာ အစိုးရ စနစ်ကို ဖယ်ရှားပစ်ဖို့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရှားဘုရင် ထွက်ပြေးတဲ့ အထိ ဆန္ဒပြပွဲတွေကို ဇွဲနဘဲကြီးကြီးနဲ့ ဆက်လုပ် ခဲ့ကြပါတယ်။ ဒီလိုနဲ့ တည်ဆဲ အထက်လွှာ စုလစ်မွန်းချွံ ပြသဒ်တဆောင်လုံးကို လုံးဝ ဖြိုချပစ်နိုင် ခဲ့ပါတယ်။

သင်ခန်းစာ ၃၊
စစ်တပ်ကို မယုံရ

ဒီကနေ့ အီဂျစ်နိုင်ငံနဲ့မတူတာက ဟိုတုံးက ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အင်အား အကြီးဆုံး ဖြစ်ခဲ့တဲ့ အီရန် စစ်တပ်ဟာ လူထုကို ပစ်သတ်ဖို့ ဝန်မလေး ခဲ့ပါဘူး။

၁၉၇၈ ခု အောက်တိုဘာလ သောကြာနေ့လူသတ်ပွဲဟာ လူထုတွေကို စစ်တပ်က ကျည်ဆံ အစစ်နဲ့ ပစ်သတ်ခဲ့တဲ့ အရေး အခင်း အများအပြား ထဲက တခုပဲ ဖြစ်ပါတယ်။ အီဂျစ် တပ်မတော်ကတော့ အခုထိ အဲသလို ဗြောင်အတိအလင်း သတ်ဖြတ်တာ မရှိသေးပေမဲ့ အကြမ်းဖက် လာနိုင်တဲ့ အန္တရာယ်က လမ်းမပေါ်က ပြည်သူတွေအပေါ် တောက်လျှောက် ရှိနေပါတယ်။

အခု အစိုးရကို ထိန်းချုပ်ထားတဲ့ အီဂျစ်စစ်တပ်က တည်ငြိမ်ရေးကို တအား ပြောနေပါတယ်၊ လူထု စုဝေးပွဲတွေ ဆက်လုပ်နေရင် ဝရုန်းသုန်းကား ဖြစ်မယ်လို့ သတိပေးတဲ့ သဘော ဖြစ်ပါတယ်။ အီရန် နိုင်ငံမှာတုံးကတော့ စစ်တပ်က အဲသလို ကြေညာချက်တွေ ထုတ်ပေမဲ့ ဆန္ဒပြသမားတွေက ဆက်လက် တိုက်ပွဲ ဝင်ကြပါတယ်။ သွေးမြေ ကျမှုတွေရှိပေမဲ့ ဆန္ဒပြ သမားတွေဟာ စစ်တပ်အပေါ် ဒေါသပြောင်း မလှည့်၊ ဒေါသ မပေါက်ကွဲကြလို့ နောက်ဆုံးမှာ စစ်သားတွေ ခြေကုန်လက် ပန်းကျ ဒူးထောက် သွားပါတော့တယ်။

သေနတ်ပြောင်းတွေထဲ ပန်းတွေထိုးထည့်ခဲ့ကြ၊ လူထုတွေ၊ စစ်သားမိသားစုတွေ၊ စစ်သား မိတ်ဆွေတွေ၊ စစ်သား အိမ်နီး ချင်းတွေက လမ်းမတွေပေါ် ချီတက်လာတဲ့ စစ်သားတွေကို ဖက်နမ်းကြ၊ ဝိုင်းဖွဲ့ စကားပြောကြ၊ ရပ်ထားတဲ့ တင့်ကားတွေ ပေါ် ကြွေးကြော်သံ နဖူးစည်း တံခွန်တွေ ချိတ်ဆွဲကြ၊ တင့်ကား ကိုယ်ထည်ပေါ် ကြွေးကြော် သံတွေမှုတ် ဆေးနဲ့ ဖြန်းကြ၊ တင့်ကားတွေ စစ်ကားတွေပေါ် ပိုစတာတွေ ကပ်ကြ လုပ်ခဲ့ကြပါတယ်။

စစ်တပ်ဆိုတာ အရေးထားလောက်တဲ့ လူသတ်အား၊ လက်နက်ပစ်အား ရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အခု အီဂျစ် စစ်တပ်ဟာ ဟိုလိုလို ဒီလိုလို လုပ်နေပါတယ်။ ဒီဘက် လိုက်မလိုလို ဟိုဘက် ပြန်မလိုလို လက္ခဏာတွေ ပြနေပါတယ်၊ ဒါဟာ အန္တရာယ် အလားအလာ ရှိတဲ့ အချိန် ဖြစ်ပါတယ်။ လူငယ်ရဲဘော်တွေ ဆန္ဒပြ သမားတွေနဲ့ ပေါင်းတဲ့ သတင်းတွေ တော့ ကြားရပါတယ်။ စစ်အင်အားကြီး ရှေ့မှောက်မှာ ငြိမ်းငြိမ်းအေးအေး နေပြတာဟာ ဆန္ဒပြသူတွေ လက်ထဲက အကောင်းဆုံး လက်နက် ဖြစ်နိုင်ပါတယ်။ လျစ်လျူရှု နင်းချေပစ်လို့ မဖြစ်တဲ့ လက်နက် ဖြစ်ပါတယ်။

သင်ခန်းစာ ၄၊
သပိတ်တွေဟာ အောင်ပွဲအတွက် သော့ချက်

အီဂျစ်မှာ နောက်ဆုံးရက်သတ္တပတ်အတွင်း အနိုင်အရှုံး အမှတ်တွေ ပြောင်းသွားစေတဲ့ ဖြစ်ပေါ်မှု ကတော့ လစာ တိုးရေး နဲ့ အလုပ်သမား အခွင့်အရေး အတွက် စက်ရုံ အလုပ်သမားတွေက ပြည်နယ် မြို့တော် အများအပြားမှာ သပိတ်မှောက်ခဲ့ တာတွေ ဖြစ်ပါတယ်။

အီရန်နိုင်ငံတုံးကလဲ ရေနံမြေတွေမှာစပြီး တပြည်လုံးပျံ့သွားတဲ့ အလုပ်သမား သပိတ်တွေဟာ အစိုးရ ဒူးထောက်သွား စေဖို့ အချက်အခြာ ကျခဲ့ပါတယ်။ ရေနံဆီနဲ့ ဓာတ်ငွေ့ ပြတ်လပ် သွားတဲ့အတွက် ဓာတ်ဆီဆိုင် တွေမှာ တန်းအရှည်ကြီး စီ ရတာတွေ ဖြစ်ခဲ့ပါတယ်။ နေရာ တော်တော်များများမှာ ဓာတ်ဆီရဖို့ ၄၈ နာရီကြာ တန်းစီရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ညလုံး ပေါက် ကားထဲမှာ၊ ကားအောက်မှာ၊ ဆိုင်ကယ်အောက်မှာ၊ တွန်းလှည်းတွေ အောက်မှာ အိပ်စောင့် ခဲ့ကြရပါတယ်။ တဖက်မှာတော့ စစ်တပ်နဲ့ အထက်လွှာ ရေပေါ်ဆီ အသိုင်းအဝိုင်းကတော့ ဓာတ်ဆီတွေ ရနေပြီး ကားတွေရှင်းနေတဲ့ လမ်းတွေပေါ် ခတ်ကြွားကြွား မောင်းနေကြပါတယ်။ အဲဒါကြောင့် လူထုတွေက ပိုစိတ်နာ ပြတ်သား လာပါတယ်။

သပိတ်တွေဟာ ပြတ်တောင်းပြတ်တောင်းနဲ့ စက်ရုံတွေ၊ စက်မှုဇုံတွေကို ပျံ့သွားပြီး အရေးပါတဲ့ လျှပ်စစ် ဓာတ်အားပေး ရုံတွေကို ရောက်သွားတဲ့ အခါ လျှပ်စစ် လုပ်သားတွေက တရက်ကို ၄ နာရီ သပိတ်မှောက် မီးဖြတ် ပစ်ပါတယ်။ မီးဖြတ်တဲ့ အချိန်က အစိုးရ ရုပ်မြင်သံကြားလိုင်း ညဖက် သတင်းကြေညာချိန် ဖြစ်တဲ့ အတွက် ဗျူဟာမြောက် တိုက်ကွက် ဖြစ်သွားပါတယ်။ အီရန် ပြည်သူတွေဟာ ဖယောင်းတိုင်မီးနဲ့ ညစာ စားရပြီး သတင်းတွေကို ရေဒီယိုကပဲ ရပါတော့တယ်။ ရေဒီယို ဆိုတော့ ဘီဘီစီ ပေါ့။

သပိတ်တွေဟာ လှုပ်ရှားမှုကြီးတခုလုံးအတွက် ကျောရိုးဖြစ်သွား ခဲ့ပါတယ်။ တချိန်ထဲမှာ သပိတ် သမားတွေကလဲ ဆန္ဒ ပြပွဲတွေထဲ ဝင်ပါ နိုင်ခဲ့ကြပါတယ်။ ဒါဟာ တော်လှန်ရေး လှုပ်ရှားမှုကြီးကို စိတ်ဓာတ်ရေး အင်အားရော၊ စီးပွားရေးအင်အားပါ ပေးလိုက်တာ ဖြစ်ပါတယ်။ အခု အီဂျစ်ပြည်သူတွေလိုဘဲ ဟိုတုံးက အီရန် ပြည်သူတွေ ကလဲ အာဏာရှင်စနစ် ဖယ်ရှားနိုင်ဖို့ ဆိုရင် ယာယီ ဒုက္ခမျိုးစုံခံဖို့ အသင့် ရှိခဲ့ပါတယ်။

သင်ခန်းစာ ၅၊
နိုင်ငံပိုင်မီဒီယာ ဘက်ပြောင်းမှုဟာ အရေးပါတဲ့ အောင်မြင်မှု

အီဂျစ်နိုင်ငံမှာ ပုန်ကန်ထကြွမှုဟာ ခေတ်နဲ့အညီ ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဟာ ဘလော့တွေ တွီတာတွေ ကနေ စခဲ့ပြီး ဖေ့စ်ဘွတ်က်၊ တိုက်ရိုက် အင်တာနက် ရုပ်သံလွှင့်ချက် webcast၊ လက်ကိုင်ဖုံး တို့ကတဆင့် အရှိန်အဟုန် ကြီးလာပါ တယ်။ မူဘာရတ်က အင်တာနက်နဲ့ လက်ကိုင်ဖုံးတွေ ပိတ်ပစ် လိုက်တာတောင် အဆင့်မြင့် နည်းပညာ ဆက်သွယ်ရေး တွေ ဆက်လုပ် နိုင်ခဲ့ပါတယ်။

၁၉၇၉ အီရန်တော်လှန်ရေးတုံးက ဒါတွေမရှိခဲ့ပါဘူး။ ကက်ဆက် တိတ်ခွေတွေ ကိုပဲ အဓိကအားကိုး တွင်ကျယ် ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ ချုပ်ကိုင်ထားတဲ့ မီဒီယာအရွေ့အပြောင်းက တော်လှန်ရေး အခြေအနေကို ပြပေးပါတယ်။ အီရန်ရဲ့ နိုင်ငံပိုင် ခေဟန် သတင်းစာနဲ့ အက်တယ်လာအာ့တ် သတင်းစာတွေမှာ ရှားဘုရင် ဓာတ်ပုံတွေကို လူထုက လမ်းမ တွေပေါ် မီးရှို့နေတဲ့ ပုံတွေ ပါလာတဲ့ အခါမှာတော့ အစိုးရရဲ့ ချုပ်ကိုင်မှု ပျယ်သွားပြီဆိုတာ သိနိုင်ပါပြီ။

အီဂျစ်က နိုင်ငံပိုင် အယ်လ်အာရမ်သတင်းစာမှာလဲ အခု နောက်ဆုံးပတ်မှာ သတင်းတွေကို ပိုပြီး မျှမျှတတ ရေးလာတာ တွေ့ရပါတယ်။ လူထုတွေ တိုက်ပွဲဝင် တောင်းဆိုတဲ့ လွတ်လပ်ခွင့် ပေါင်းစုံထဲမှာ လွတ်လပ်စွာ ပြောဆိုခွင့် နဲ့ လွတ်လပ် စွာစုဝေးခွင့် ရလာတာဟာ တကယ့်အောင်ပွဲရဲ့ ပထမဆုံး လက္ခဏာတွေ ဖြစ်ပါတယ်။

သင်ခန်းစာ ၆၊
တော်လှန်ရေးအောင်ပွဲကို နှစ်နဲ့ချီထိန်းထား

ပျော်ရွှင်နေတဲ့လူအုပ်ကြီးတွေ လမ်းမတွေပေါ်ကနေ အိမ်ပြန်သွားပြီး နှစ်အတော် ကြာတဲ့ အထိ တော်လှန်ရေးကို ဆက်ကာကွယ် ထားဖို့ လိုပါတယ်။ နို့မဟုတ်ရင် အာဏာရှင် အုပ်စုတွေဟာ အားပြန်မွေး လူပြန်စုပြီး ဒီမိုကရေစီ အဆောက် အ အုံတွေကို အသုံးချ နေရာ ပြန်ယူနိုင်ပါတယ်။ အကျင့်ဟောင်း စရိုက်ဟောင်းတွေ ပြန်ပေါ်လာနိုင်တယ်။ စိတ်ထား မကောင်းတဲ့ အိမ်နီးချင်းတွေ သို့မဟုတ် နိုင်ငံကြီးတွေကလဲ ဝင်စွက် လာနိုင်ပါတယ်။

ယူကရိန်းနိုင်ငံက ၂၀၀၄ ခု လိမ္မော်ရောင်တော်လှန်ရေးဟာ အခုဆိုရင် နောက်ပြန် ဆုတ်သွားပါပြီ။ တော်လှန်ရေး ခေါင်းဆောင် ဒီမိုကရေစီ အုပ်စုအတွင်း ဂိုဏ်းတိုက်ပွဲ တွေနဲ့ အရည်အချင်း ညံ့ဖျင်းမှုတွေကြောင့် ၂၀၀၄ တော်လှန်ရေးမှာ ဖြုတ် ချခံရသူက အခုနောက်ဆုံး ရွေးကောက်ပွဲမှာ မဲခိုးစရာ မလိုဘဲ အာဏာ ပြန်ရလာခဲ့ပါပြီ။ ဥရောပသမဂ္ဂ ဝင်ရေးနဲ့ တခြား စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ၊ ဗျူရိုကရေစီ ယန္တရား လျှော့ချရေးတွေ တဖက်က လုပ်ပြပြီး တဖက်မှာတော့ သခင်ဟောင်း ရုရှားကို ပင်လယ်နက် ရေတပ်စခန်း ချခွင့် နောက် ၂၅ နှစ်ပေး၊ လိမ္မော်ရောင် ခေါင်းဆောင် အမျိုးသမီး ဝန်ကြီးချုပ်ဟောင်း ကို တရားစွဲ၊ တခြား ခေါင်းဆောင်တွေ ထောင်ချ၊ မီဒီယာတွေကို ကန့်သတ် လုပ်လာပါတယ်။

အီရန်တော်လှန်ရေးမှာတော့ လူဟောင်းတွေ အာဏာပြန်မရပေမဲ့ အကျင့် ဟောင်းတွေက တော်လှန်ရေး ခေါင်းဆောင် တွေကို တိုက်စား သွားလို့ အီရန်ရဲ့အနာဂတ်ဟာ မှုံမှိုင်း သွားခဲ့တာ ဖြစ်ပါတယ်။

နိုင်းမြစ်ပေါ်ကလှိုင်းလုံးဟာ အောင်နိုင်တဲ့ပုံ ပေါက်နေပေမဲ့ အခုထိတော့ အပြောင်း အလဲကို အာမခံ ပေးထားတာ နည်းနည်း ပါးပါးဘဲ ရှိပါသေးတယ်။ လူထုတွေဟာ အောင်ပွဲခံပြီး ပျော်ရွှင်မြူးတူး နေကြပေမဲ့ အရင် ဗိုလ်ချုပ်တွေပဲ နေရာ မြဲနေပါတယ်။ တကယ့် အောင်သီး အောင်နှံတွေ ဆွတ်ယူနိုင်ဖို့ဆိုရင် အီရန်ရဲ့ အတိတ် ဇာတ်လမ်းကို နည်းယူပြီး အီဂျစ်ရဲ့ အနာဂတ်ကို ထွန်းပြောင် စေနိုင်ကောင်းပါရဲ့။

ဂါမဏိ
(ရည်ညွှန်း။ ကိမ်းဘရစ်တက္ကသိုလ် နိုင်ငံရေးနှင့်နိုင်ငံတကာလေ့လာရေးဌာနကထိက ဒေါက်တာရိုဇန်းဖာမန်ဖာမေယန် ၏ ၂၀၁၁ ဖေဖော်ဝါရီ ၁၄ ရက် အယ်လ်ဂျာဇီးရားသတင်းဌာန ဆောင်းပါး နှင့် ဖေဖော်ဝါရီ ၂၃ ရက်ထုတ် ဝါရှင်တန်ပို့စ် သတင်းစာ)

Ref: နေ့သစ်


0 comments:

အပေါ်သို့