..............................

Friday, March 4, 2011

အမ်အိုင်ဂျီ - ၂၉ နဲ့ အကျိုးနည်းတော့မည်

Monday, 28 February 2011

ဂါမဏိ

၂၀၀၁ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တုန်းက ယိုးဒယား - ဗမာ စစ်ပွဲ အတွင်း ယိုးဒယား လေတပ်ရဲ့ (အမေရိကန်လုပ်) အက်ဖ် - ၁၆ တိုက်လေယာဉ် တွေရဲ့ အရသာကို ခပ်စပ်စပ်ကလေး မြည်းလိုက်ရလို့ တပ်ချုပ်ကြီးနဲ့ ဒု တပ်ချုပ်ကြီး တို့ဟာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ပြီး အက်ဖ် - ၁၆ ကို ယှဉ်နိုင်မယ့် စစ်လေယာဉ်ကို အသည်းအသန် လိုက်ရှာ ဝယ်ခဲ့ပါတယ်။ ဒါနဲ့ဘဲ ၂၀၀၈ ခုနှစ်မှာ ရုရှား နိုင်ငံဆီက အမ်အိုင်ဂျီ -၂၉ အဟောင်းတွေကို ပွဲစားကြီး တေဇ အကျိုးနဲ့ (၂၂) စီး စတင် ရောက်ရှိ လာခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ နောက်ထပ်အစီး (၂၀) ဝယ်ခဲ့ရာ (၁၂) စီး ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ရှေ့ပြေး ၀င်လာတဲ့ လေယာဉ် (၁၂) စီး မှာ MiG-29 B အမျိုးအစား(၁၀)စီး နဲ့ MiG-29 UB အမျိုးအစား လေ့ကျင့်ရေး နှစ်ယောက်မောင်း (၂) စီး ဖြစ်ပြီး စုစုပေါင်း (၁၂) စီး ဖြစ်ပါတယ်။ ဒလခ မှာ (၆) စီးနဲ့ လကသ မှာ (၆) စီး (B-5 စီး+ UB 1 စီး) ခွဲထား ပါတယ်။ အဆိုပါ (၁၂) စီးတွင် လက်နက်အစုံ ပါရှိတဲ့ လေယာဉ်ဟာ (၆) စီးသာ ပါရှိပြီး အဲဒီ (၆) စီးထဲမှာ တောင်မှ HMS စနစ်ပါတဲ့ လေယာဉ်က (၃) စီးစာသာ ပါပါတယ်။ အဆိုပါ လေယာဉ်များဟာ မြေပြင် ရေဒါတွေနဲ့ ပေါင်းစပ် တိုက်ပွဲဝင်နိုင်မှု အဆင်ပြေခြင်း မရှိကြောင်း တွေ့ရှိရပါတယ်။ အဲဒီလို လေယာဉ်တွေမှာ လက်နက်အစုံ ပစ္စည်းအစုံ ပါမလာတာတွေ ဖြစ်နေပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ ရေဒါဖျက်စက် radar-jamming device မပါလာတာ တဝက်ကျော် ရှိနေလို့ ထပ် ဝယ်တပ်ရပါတယ်။

အမ်အိုင်ဂျီ -၂၉ ကို ရုရှားနိုင်ငံ (ယခင်က ဆိုဗီယက်ပြည်ထောင်စု) မှာ ၁၉၇၇ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ကော်မရှင် ရခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် လေယာဉ် သက်တမ်း နှစ် ၃၀ လောက် ရှိနေပြီ ဖြစ်ပါတယ်။ ရုရှား နိုင်ငံကလည်း အမ်အိုင်ဂျီ -၂၉ ကို မွမ်းမံ ထိန်းသိမ်းတာ အဆင့်မြှင့်တာတွေ မလုပ်တော့ဘဲ အက်စ်ယူ -၂၇ နဲ့ အမ်အိုင်ဂျီ - ၃၁ တို့ကိုဘဲ အလေးပေး အဆင့်မြှင့် တာတွေ လုပ်နေ ပါတော့တယ်။

၂၀၀၈ ခုနှစ်ထဲမှာ ရုရှားလေတပ်က အမ်အိုင်ဂျီ -၂၉ ၊ (၂) စီး ပျက်ကျ ခဲ့ပြီးနောက် အမ်အိုင်ဂျီ -၂၉ တွေကို ပျံသန်းခွင့် ပိတ်လိုက် ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အမ်အိုင်ဂျီ -၂၉ အားလုံးကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး အစီး (၁၀၀) လောက်ကိုဘဲ ပျံသန်းခွင့် ပေးခဲ့ပါတယ်။ အဓိက ပြဿနာက အမ်အိုင်ဂျီ -၂၉ တွေဟာ စတင် ထုတ်လုပ် ကတည်းက အမြီးပိုင်းမှာ သံချေးကိုက် လှိုက်စားပြီး အက်ကွဲမယ့် အလားအလာ ရှိခဲ့တာ ဖြစ်ပါတယ်။ အခု မြန်မာပြည်ကို ရောင်းတဲ့ လေယာဉ်တွေမှာ ဒီ ချို့ယွင်းချက်ကို ပြုပြင်ပြီး မပြီး ဆိုတာ ကတော့ စီးကြည့်လို့ ပျက်ကျမှ သိနိုင်ပါတယ်။

အရှေ့ဂျာမဏီမှာ ကွန်မြူနစ်စနစ် ပြိုကွဲသွားပြီး အနောက် ဂျာမဏီနဲ့ ပြန်ပေါင်းသွားတဲ့ အခါ အရှေ့ ဂျာမဏီ၊ ဂျာမန် လေတပ်မှာ ရှိတဲ့ အမ်အိုင်ဂျီ -၂၉ တွေကို အမေရိကန် သိပ္ပံ ပညာရှင်တွေ ၁၉၉၁ ခုနှစ်မှာ လေ့လာခွင့် ရခဲ့ပါတယ်။ အဲဒီမှာ တွေ့ရှိတာက အမ်အိုင်ဂျီ-၂၉ ဟာ တာတို လေယာဉ် စီးချင်းထိုးရာမှာ အမေရိကန်ထုတ် အက်ဖ် - ၁၅ ထက် သာတယ်၊ အမြန်နှုန်းနိမ့်မှာ ထိန်းသိမ်း ကိုင်တွယ်ရ ပိုကောင်းတယ်လို့ ကောက်ချက် ချခဲ့ပါတယ်။ အဓိက အားကောင်းချက်က လေယာဉ်မှူး ဦးထုပ်မှာ တပ်ဆင်ထားတဲ့ လက်နက်ဆိုက် (ပစ်မှတ်ချိန်ခွက်) Helmet Mounted Weapons Sight (HMS) ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆိုက်ဟာ မျက်စိ မြင်ကွင်းထဲ ရှိသမျှ ပစ်မှတ်တွေကို (၄၅ ဒီဂရီ စောင်းတာတောင်) မလွဲစတမ်း ချိတ်နိုင်စွမ်း ရှိပါတယ်။ အမေရိကန် လေယာဉ်တွေ ကတော့ ရှေ့တည့်တည့် မှန်ပြူတင်း မြင်ကွင်း ကျဉ်းကျဉ်းလေး ထဲက ပစ်မှတ်တွေကိုဘဲ ချိတ်နိုင်ပါတယ်။ ၂၀၀၃ ခုနှစ်ကျမှ အမေရိကန်က HMS စနစ်ကို တီထွင် တပ်ဆင် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗမာပြည်ကို ရောင်းတဲ့ အမ်အိုင်ဂျီ -၂၉ အားလုံးမှာ ဒီဆိုက် ပါမပါ မသေချာပါ။ အီလက် ထရွန်းနစ် ပစ္စည်းတွေ ပါမလာတာ အတော်များတယ်လို့ သိရပါတယ်။

၁၉၉၇ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုထဲက ခွဲထွက်လာတဲ့ မော်လ်ဒိုးဗား နိုင်ငံဆီက အမ်အိုင်ဂျီ -၂၉ (၁၄) စီးကို အမေရိကန်က ဝယ်ခဲ့ပါတယ်။ ဒီလေယာဉ်တွေမှာ ရေဒါ ဖျက်စက် တပ်ဆင် ထားပြီး နျူကလီးယား လက်နက် တင်ဆောင် နိုင်ပါတယ်။ အမေရိကန်ဟာ ဒီလေယာဉ်တွေကို တစ်စစီ ဖြုတ်ပြီး အားကောင်းချက် အားနည်းချက် လျှို့ဝှက်ချက် အားလုံးကို အိတ်သွန် ဖာမှောက် လေ့လာ နိုင်ခဲ့ပါတယ်။ ဒါကြောင့် နောင်မှာ အမ်အိုင်ဂျီ -၂၉ စစ်လေယာဉ် တွေကို တန်ပြန် ချေမှုန်းဖို့ နည်းလမ်းတွေ ဗျူဟာတွေချမှတ်၊ လက်နက် ပစ္စည်း ကိရိယာတွေ တီထွင် တပ်ဆင် နိုင်ခဲ့ပါတယ်။

ဒီကနေ့ထိ စစ်ပွဲတွေမှာ အမ်အိုင်ဂျီ -၂၉ ရဲ့ စွမ်းဆောင်ရည် သမိုင်းကို ကြည့်လိုက်ရင် အားရစရာ မရှိပါဘူး။

- ၁၉၈၀ ကနေ ၁၉၈၈ ခုအထိ ဖြစ်ခဲ့တဲ့ အီရန် - အီရတ် စစ်ပွဲမှာ အဆင့် အမြင့်ဆုံး စစ်လေယာဉ် အဖြစ် အီရတ်က မီးရတ်ဂ်ျ -၂၀၀၀ နဲ့ အမ်အိုင်ဂျီ -၂၉ တွေ သုံးခဲ့ပြီး အီရန်က အက်ဖ် - ၁၄ တွေနဲ့ တိုက်ခဲ့ပါတယ်။ အီရန်က အဆင့်နိမ့်တဲ့ အက်ဖ် - ၄၊ အက်ဖ် - ၅ တွေကိုလဲ သုံးခဲ့ပြီး အီရတ်ကတော့ အမ်အိုင်ဂျီ -၂၁၊ အမ်အိုင်ဂျီ -၂၃၊ အက်စ်ယူ -၂၀၊ အက်စ်ယူ - ၂၂၊ မီရတ်ဂ်ျ အက်ဖ် - ၁ တွေ ကိုလဲ သုံးခဲ့ပါတယ်။ အီရတ်ဘက်က အမ်အိုင်ဂျီ - ၂၉ (၄) စီး ထိခဲ့ပေမဲ့ လေယာဉ် စီးချင်း ထိုးရာမှာ ကျတာ မဟုတ်ဘဲ ကွင်းမှာတင် ဖျက်ဆီး ခံရတာ ဖြစ်ပါတယ်။ တခြား စစ်လေယာဉ် တွေတော့ နှစ်ဖက်စလုံးမှာ အတော်များများ ထိခဲ့ကြပါတယ်။

- အဲဒီ အီရန် - အီရတ် စစ်ပွဲအတွင်း ရဟတ်ယာဉ် စစ်ပွဲမှာတော့ အီရန်ရဲ့ (အမေရိကန်လုပ်) အေအိပ်ခ်ျ - ၁ ဆူပါ ကော်ဘရာ ရဟတ်ယာဉ်တွေနဲ့ အီရတ်ရဲ့ (ရုရှားလုပ်) အမ်အိုင် - ၂၅ (ဗမာပြည်ကို ရောင်းပေးတဲ့ အမ်အိုင် - ၂၄ နဲ့ အတူတူ) လေကြောင်း တိုက်ပွဲမှာ ၁၉၈၀ စက်တင်ဘာလတွင် အမ်အိုင် - ၂၅ (၂ ) စီး၊ ၁၉၈၁ ဧပြီလမှာ အမ်အိုင် - ၂၅ ( ၂ ) စီး ပျက်ကျ သွားပါတယ်။

- ၁၉၉၁ အီရတ် - အမေရိကန် ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန် အက်ဖ် - ၁၅ တိုက်လေယာဉ် တွေက အီရတ် အမ်အိုင်ဂျီ - ၂၉ (၂ ) စီးကို ပစ်ချနိုင်ခဲ့ပါတယ်။

- ၁၉၉၆ အောက်တိုဘာလမှာ ဂရိနိုင်ငံနဲ့ တူရကီနိုင်ငံ ပဋိပက္ခ ဖြစ်ရာမှာ ဂရိ လေတပ်မှ (ပြင်သစ်လုပ်) မီးရတ်ဂ်ျ ၂၀၀၀ တိုက်လေယာဉ်က တူရကီ လေတပ်ရဲ့ အက်ဖ် - ၁၆ ကို ပစ်ချ နိုင်ခဲ့ပါတယ်။

- ၁၉၉၉ ကိုဆိုဗိုစစ်ပွဲမှာ နေတိုး အဖွဲ့ဝင် ဒိန်းမတ်လေတပ်မှ အက်ဖ် - ၁၆ က ယူဂို ဆလားဗီးယား လေတပ်ရဲ့ အမ်အိုင်ဂျီ -၂၉ တစ်စီးကို ပစ်ချခဲ့သလို အမေရိကန် လေတပ်က အက်ဖ် - ၁၆ တစ်စီးကလည်း အမ်အိုင်ဂျီ - ၂၉ တစ်စီးကို ပစ်ချ နိုင်ခဲ့ပါတယ်။ အမေရိကန် လေတပ်က အက်ဖ် - ၁၅ လေယာဉ်တွေ ကလဲ အမ်အိုင်ဂျီ - ၂၉ (၄) စီးကို ပစ်ချခဲ့ပါတယ်။ ဒါကြောင့် ကိုဆိုဗို စစ်ပွဲအတွင်း စုစုပေါင်း အမ်အိုင်ဂျီ - ၂၉ (၆) စီး လေယာဉ်ချင်း ပစ်ချတာ ခံခဲ့ရပါတယ်။

- ၁၉၉၉ ခု ဖေဖော်ဝါရီလအတွင်းက အီသီယိုးပီးယား - အီရီထရီးယား စစ်ပွဲမှာ အီသီယိုးပီးယား နိုင်ငံက (ရုရှား လုပ်) အက်စ်ယူ - ၂၇ တိုက်လေယာဉ်တွေက အီရီထရီးယား လေတပ်ရဲ့ (ရုရှားလုပ်) အမ်အိုင်ဂျီ - ၂၉ တိုက် လေယာဉ် (၄) စီးကို ပစ်ချ ခဲ့ပါတယ်။ အတည် မပြုနိုင်တဲ့ သတင်း တစ်ခုကတော့ အက်စ်ယူ - ၂၇ တွေကို ရုရှားလူမျိုး ကြေးစား စစ်သားတွေက မောင်းပြီး အမ်အိုင်ဂျီ - ၂၉ တွေကိုတော့ ယူကရိန်းလူမျိုး ကြေးစား စစ်သားတွေက မောင်းတယ်လို့လဲ ဆိုပါတယ်။

- ၂၀၀၁ ခု စက်တင်ဘာလမှာ ဆီးရီးယားလေတပ် အမ်အိုင်ဂျီ - ၂၉ (၂ စီး) ကို အဇ္ဇရေး လေတပ် အက်ဖ် - ၁၅ (၂ ) စီးက လက်ဘနွန်နိုင်ငံ ကမ်းခြေပေါ်မှာ ပစ်ချ ခဲ့တယ်လို့ သတင်း ထွက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အနည်းဆုံး အက်ဖ် - ၁၆ အစီး (၆၀) ရှိပြီး ဘင်္ဂလားဒေ့ရှ် လေတပ်မှာတော့ အမ်အိုင်ဂျီ - ၂၉ ဘဲ အကောင်းဆုံး ရှိပါတယ်။ ထိုင်းကြည်းတပ်မှာ အေအိပ်ခ်ျ - ၁ ရဟတ်ယာဉ် (၁၀) စီးလောက်ရှိပြီး အေအိပ်ခ်ျ - ၁ ထက် ပိုအဆင့်မြင့်တဲ့ အပါချီ အေအိပ်ခ်ျ - ၆၄ ရဟတ်ယာဉ်တွေ ဝယ်ယူဖို့ ရှိနေပါတယ်။

လေကြောင်းစစ်ဆင်ရေးကို အသက်မွေးဝမ်းကျောင်း ပညာအဖြစ် လေ့လာ တတ်မြောက် ထားတဲ့ ဝါရင့် မြန်မာ့ တပ်မတော် (လေ) တပ်မှူးကြီးတွေ၊ လေယာဉ်မှူးကြီး တွေဟာ လေတပ် ခေတ်မှီ တိုးတက်ရေး၊ အမေရိကန် အက်ဖ် - ၁၆ တွေကို ပုခုံးချင်းယှဉ် ချေမှုန်းနိုင်ရေး အတွက် အမ်အိုင်ဂျီ - ၂၉ တွေ မဝယ်ဘဲ အက်စ်ယူ - ၂၇ သို့မဟုတ် မီးရတ်ဂ်ျ -၂၀၀၀ တွေကို ဝယ်စေ ချင်ကြပါတယ်။

ဒါပေမဲ့ လေယာဉ်အကြောင်း၊ လေကြောင်း တိုက်ပွဲအကြောင်း နကန်း တစ်လုံးမှ မသိတဲ့ တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီး တို့ဟာ မျက်မျက်ကလေး စားရတဲ့ လက်နက် ပွဲစားက မျက်မျက်ကလေးကျွေး ရိုက်စား သွားတာကို ကျေကျေနပ်နပ် ခံယူ အားပေးပြီး ပစ္စည်းမစုံ ဂိုဒေါင်အောင်း အမ်အိုင်ဂျီ - ၂၉ အဟောင်းတွေကို ဝယ်ချ လိုက်တာ ဖြစ်ပါတယ်။

တခြားဝယ်ထားတဲ့ ခေတ်မှီ လက်နက်တွေနဲ့ ပတ်သက်လို့ ပြောရရင် နအဖ တပ်ချုပ်ကြီးတို့ အားထား နေတဲ့ ၁၅၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီး တွေဟာ ၁၉၈၈ ခု အင်ဂိုလာ စစ်ပွဲတုံးက တောင်အာဖရိက တပ်တွေ သုံးခဲ့ရာမှာ ထိရောက်ခဲ့ပြီး ကျူးဘား - အင်ဂိုလာ တပ်တွေကို ဟန့်တားနိုင်ခဲ့ပေမဲ့ တွဲဖက်ရမယ့် လေကြောင်း အသာစီးရမှု မရှိခဲ့လို့ တောင်အာဖရိက ထိုးစစ် တန့်သွားခဲ့ရပြီး အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ရပါတယ်။

အီရန် - အီရတ်စစ်ပွဲမှာလဲ အီရတ်တွေရဲ့ ၁၅၅ မမ တွေကြောင့် အီရန်တပ် ထိုးစစ်ရပ် နောက်ဆုတ် သွားခဲ့ပါတယ်။ ဒါပေမဲ့ လေကြောင်း အသာစီး မရှိတော့ အီရတ် မြေပြင်တပ်တွေ အီရန် နိုင်ငံထဲ ဝင်မသိမ်း နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပင်လယ်ကွေ့ စစ်ပွဲမှာ အီရတ် ဟောင်ဝစ်ဇာ အမြောက်တွေဟာ အမေရိကန်ရဲ့ လေကြောင်း စိုးမိုးမှုအောက်မှာ ထိရောက်မှု ကျဆင်းပြီး နောက်ဆုံးမှာတော့ အမေရိကန် အထူးတပ် (ကွန်မန်ဒို) တွေရဲ့ လက်ထဲ ကျဆင်းခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာတော့ ၁၅၅ မမ ဟောင်ဝစ်ဇာ အနည်းဆုံး အလက် ၃၂၀ ကျော် ရှိနေပါတယ်။

ဒါကြောင့် တပ်မတော်တိုးတက်ဖို့၊ နိုင်ငံကို တကယ် ကာကွယ်နိုင်ဖို့ ဆိုရင် အမြင် ကျယ်ကျယ်နဲ့ တစ်ခုလုံး လွှမ်းခြုံတဲ့ စစ်ရေး အမြင်ရှိဖို့ လိုပါတယ်။ စစ်ရေးမှာ ကြည်း - ရေ - လေ လွှမ်းခြုံဖို့ သာမက စစ်ရေးနဲ့ နိုင်ငံရေး - စီးပွားရေး -ပညာရေး တဆက် တစပ်တည်း မြှင့်တင်နိုင်မှ ၂၁ ရာစု ကမ္ဘာကြီးမှာ ခန့်ခန့်ညားညား ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

Ref: စည်းလုံးခြင်းရဲ့အင်အား

0 comments:

အပေါ်သို့