..............................

Wednesday, March 2, 2011

စစ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှု ရပ်စဲရေး ကမ္ဘာအနှံ့ရှိ ကရင်များ တောင်းဆို

Tuesday, 01 March 2011

စစ်အစိုးရက ကရင်ပြည်သူများအား တိုက်ခိုက်နေမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ အမြန်ဆုံး ရပ်စဲရေး အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် နိုင်ငံတကာ အစိုးရများက ပူးပေါင်း ဆောင်ရွက်ရန် ကမ္ဘာ တ၀န်းရှိ ကရင် တိုင်းရင်းသား ၈၄၀၀၀ က လက်မှတ်ထိုး တောင်းဆိုသည့် လှုပ်ရှားမှု တခုကို မကြာသေးခင်က ပြုလုပ် လိုက်သည်။

ယင်း လှုပ်ရှားမှုကို ကရင်အမျိုးသား အစည်းအရုံး(KNU) က ဦးဆောင်ခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ ကရင် တိုင်းရင်းသား အဖွဲ့ ၃၀ ပါဝင်ကြောင်း နှင့် ပထမဆုံး အကြိမ် ဖြစ်ကြောင်း KNU က ပြောသည်။

အဆိုပါ ကရင်တိုင်းရင်းသားများ လက်မှတ်ထိုးတောင်းဆိုချက် မိတ္တူများကို ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကမ်ရွန်း ၊ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂီးလ်လာ့ဒ် အပါအ၀င် ဂျပန်၊ နော်ဝေး၊ ဂျာမနီ၊ ဒိန်းမတ်၊ ဆွီဒင် နှင့် ကနေဒါ စသည့် နိုင်ငံကာ အစိုးရများထံသို့ ပေးပို့ကြောင်းလည်း သိရသည်။

ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် KNU ၏ ထုတ်ပြန်ချက်တွင်“စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက် တာတွေကို ခံနေရတဲ့ သာမန် ကရင် တိုင်းရင်းသား ပြည်သူတွေက ကုလသမဂ္ဂကို မေတ္တာရပ်ခံ တောင်းဆိုတာပါ”ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် က ပြောဆိုထားသည်။

၎င်းက ဆက်လက်ပြီး“ဗမာ စစ်အစိုးရ စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ် ရာဇ၀တ် မှုတွေကို ကျူးလွန် ခဲ့တာဟာ အချိန် ကြာမြင့်ခဲ့ပါပြီ” ဟုလည်း ဆိုသည်။

ကရင်ပြည်နယ်အတွင်း စစ်အစိုးရက ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းများနှင့် လူ့အခွင့်အရေး ချိုးဖောက် နေခြင်းများကို ရပ်ဆိုင်း သွားစေရန် အတွက် မစ္စတာ ဘန်ကီမွန်း အနေဖြင့် ၎င်း၏ အာဏာကို သုံး၍ ဖိအားပေး ဆောင်ရွက်ရန် တောင်းဆိုကြောင်းလည်း KNU ထုတ်ပြန်ချက်၌ ပါရှိသည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံတကာရှိ သက်ဆိုင်ရာအစိုးရများကလည်း စစ်အစိုးရ အနေဖြင့် မြန်မာ ပြည်တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ပြန်လည် ပေါ်ထွန်းရေးများ အတွက် တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန်၊ ထိုမှတဆင့် ပြီးပြည့်စုံသည့် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်၍ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးများ ပြုလုပ်ရန် အတွက် မစ္စတာ ဘန်ကီမွန်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်း ထားသည်။

KNU ထုတ်ပြန်ချက်၌ ကရင်အရပ်သား ပြည်သူများအပေါ် အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ လုယက်မှု၊ ခြိမ်းခြောက်မှု၊ ရပ်ရွာ အိုးအိမ် လယ်ယာမြေ သီးနှံများ ဖျက်ဆီးမှု၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုများ အပါအ၀င် အမျိုးသမီးနှင့် ကလေးငယ်များကို စနစ်တကျ မတရားပြု ကျင့် နှိပ်စက်ခြင်းများအား ဆယ်စုနှစ် များစွာ စစ်အစိုးရ က ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသတွင် လွန်ခဲ့သည့် ၁၅ နှစ် အတွင်း ကျေးရွာပေါင်း ၃၆၀၀ ကျော် ဖျက်ဆီး ခံခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီကာလတွင် ကရင်ပြည်နယ်၌ အရပ်သား ၁၈ ဦး အသတ် ခံရပြီး ၃၈ ဦး နှိပ်စက် ညှဉ်းပန်း ခံရကြောင်း၊ အရပ်သား ၅၂ ဦး အကြောင်းမဲ့ ဖမ်းဆီး ခံရပြီး ၂၃၃၆ ဦး အဓမ္မ လုပ်အားပေး ခိုင်းစေ ခံရကြောင်း၊ အိုးအိမ် စာသင် ကျောင်းများနှင့် ဘုရားရှိခိုး ကျောင်းများ အပါအ၀င် အဆောက်အအုံပေါင်း ၁၉၈ ခု ဖျက်ဆီး ခံခဲ့ရကြောင်း၊ လယ်ယာမြေနှင့် စိုက်ပျိုးခြံပေါင်း ၁၄၆ ခု ဖျက်ဆီး ခံခဲ့ရပြီး အရပ်သား ၃၀၀၀ မှာ ရပ်ရွာ စွန့်ခွာ၍ တောတောင်များထဲ၌ ရှောင်တိမ်း ပုန်းအောင်း နေထိုင် ခဲ့ရကြောင်း KNU စစ်တမ်းအရ သိရသည်။

၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲသည် ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း တည်ငြိမ်ရေးများ အတွက် တိုးတက်မှု မဖြစ်ပေါ် စေခဲ့ကြောင်း၊ အခြေခံ ပြဿနာများ ဖြစ်သည့် တိုင်းရင်းသား လူမျိုးများ တန်းတူမှု နှင့် လူ့အခွင့်အရေး ပြဿနာများကို ဖြေရှင်း မပေးနိုင်ကြောင်း KNU က ထုတ်ပြန် ပြောဆိုထားသည်။

ထိုရွေးကောက်ပွဲပြုလုပ်ရန် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် စစ်အစိုးရ အာဏာ ဆက်လက် တည်မြဲရေး အတွက်သာ ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစု အခွင့်အရေး ကာကွယ်ရေးများ အတွက် မည်သို့မျှ အာမခံချက် ပေးမထားကြောင်း၊ တိုင်းရင်းသား လူမျိုးစုများ အနေဖြင့် ဆိုးဝါးစွာ ခြိမ်းခြောက် ခံနေရခြင်း ဖြစ်ကြောင်းလည်း KNU ကပြောဆိုသည်။

ရွေးကောက်ပွဲကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့များက စတင်၍ ကရင်ပြည်နယ် အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ နှင့် စစ်အစိုးရ တပ်များ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံ ဒုက္ခသည် ၂၀၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဖြစ်ပြီး စစ်ပြေး ဒုက္ခသည် ၁၀၀၀၀ ခန့် ထိုင်းနိုင်ငံ ဘက်တွင် ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ကလည်း မြန်မာ စစ် အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက် မှုများကြောင့် အိမ်နီးချင်း နိုင်ငံများဆီ ဒုက္ခသည်များ ထွက်ပြေး လာရသည့် အတွက် ဒေသတွင်း ၀န်ထုပ် ၀န်ပိုးဖြစ်ရကြောင်း မကြာသေးခင်က ဝေဖန် ပြောဆို ထားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့