..............................

Tuesday, August 3, 2010

ထိုင်း ကုန်ပစ္စည်းများ ဈေး ၂ ဆတက်

ခိုင်သွယ်
Monday, August 02, 2010

ထိုင်း-မြန်မာ နယ်စပ် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းနေသဖြင့် ပြည်တွင်း ဈေးကွက် အတွင်း ထိုင်းနိုင်ငံဖြစ် လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းများ ဈေးနှုန်း ၂ ဆခန့် မြင့်တက်လာပြီး စားသောက်ကုန် တချို့မှာ ပစ္စည်း ပြတ်လပ်လျက်ရှိကြောင်း သိရှိရသည်။

“ပစ္စည်းသစ် ထပ်မ၀င်တာလည်း ပါတယ်။ ရှိပြီးသား ပစ္စည်းတွေကိုလည်း ဈေးမြှင့်လိုက်ကြတဲ့ အတွက် ဈေးတွေက ၂ ဆလောက် ဖြစ်ကုန်တယ်။ ပစ္စည်းသစ် ထပ်မ၀င်ရင်တော့ ဈေးဆက်တက်ဦးမှာပေါ့” ဟု ထိုင်းအလှကုန် ပစ္စည်းများကို မင်္ဂလာဈေးသို့ တင်သွင်းသည့် ကုန်သည်တဦးက ပြောသည်။

ထိုင်းနိုင်ငံထုတ် အလှကုန်များနှင့် လူသုံးကုန်ပစ္စည်းများသည် လွန်ခဲ့သော ဇူလိုင်လ တတိယပတ် ၀န်းကျင်မှစပြီး ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ ယခင် ထိုင်းနိုင်ငံထုတ် ကျပ် ၄၀၀၀ တန် Body Lotion ကို ကျပ် ၇၅၀၀၊ ကျပ် ၆၀၀၀ တန် အင်္ကျီကို ကျပ် ၁၂၀၀၀ စသည်ဖြင့် ဈေးနှုန်းမြှင့် ရောင်းချလျက် ရှိကြောင်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာရှိ ထိုင်းကုန်ပစ္စည်း အရောင်းဆိုင်များမှ သိရှိရသည်။

ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး ထိုင်းတံဆိပ် ဟင်းခပ် ကြက်သားမှုန့်နှင့် အချိုမှုန့်များအား သက်ဆိုင်ရာက ကျန်းမာရေးနှင့် ညီညွတ်မှု မရှိဟု အကြောင်းပြကာ ညောင်ပင်လေးဈေး၊ မင်္ဂလာဈေးနှင့် သိမ်ကြီးဈေးရှိ စားသောက်ကုန် အရောင်းဆိုင်များမှ လိုက်လံ သိမ်းဆည်းလျက်ရှိပြီး ဆိုင်တင် ရောင်းချခြင်း မပြုရန် နှုတ်မိန့်ဖြင့် တားမြစ် ထားသည်ဟု သိရသည်။

“ဆိုင်မှာတင်ထားတဲ့ ပစ္စည်းတွေအားလုံးကိုလည်း သိမ်းသွားတယ်။ နောက်ထပ်လည်း အသစ်တင် မရောင်းရဘူးလို့ ပြောသွားတယ်။ ဘာကြောင့် ဆိုတာတော့ သေချာမပြောပါဘူး” ဟု ညောင်ပင်လေးဈေးမှ စားသောက်ကုန် ဆိုင်ရှင်တဦးက ဆိုသည်။

“ယိုးဒယား ကြက်သားမှုန့် ဂရမ် အထုပ်ကြီးတထုပ်ကို ၁၆၀၀ ကျပ်ဈေးနဲ့ ၀ယ်သုံးနေကြတာပါ။ အခု အထုပ်ကြီး တွေက ဘယ်မှာမှ ၀ယ်လို့ မရတော့လို့ အထုပ်သေး ဂရမ် ၂၀၀ ထုပ် တထုပ်ကို ကျပ် ၁၀၀၀ ဈေးပေးပြီး ၀ယ်ခဲ့ရတယ်။ အရင်က အဲဒီ ဂရမ် ၂၀၀ ထုပ်တွေက တထုပ်ကို ၅၅၀ ပဲ ရှိတယ်” ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတဦးက ပြောပြသည်။

ပြည်တွင်းဈေးကွက်တွင် တရုတ်ပစ္စည်းများ ဈေးနှုန်း သက်သာသဖြင့် အခြေခံ လူတန်းစားနှင့် လူလတ် တန်းစားများ အများဆုံး ၀ယ်ယူ အသုံးပြု ကြသောကြောင့် ဈေးကွက် ဝယ်လိုအား အများဆုံး ရရှိထားပြီး ထိုင်းပစ္စည်းမှာမူ ဒုတိယ ရောင်းအား အများဆုံး နိုင်ငံခြားဖြစ်ပစ္စည်း ဖြစ်လျက်ရှိကြောင်း ကုန်သည်များက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ချစ်ကြည်ရေး တံတားကို ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ ပိတ်ထားခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် မြဝတီ ကုန်သွယ်ရေးဇုန်၌ ကုန်အဝင်အထွက် ဆောင်ရွက်မှု ထပ်မံ ပိတ်ခဲ့သောကြောင့် ထိုင်းပစ္စည်းများ ဈေးတက်ခြင်း၊ ကုန်စည် ပြတ်လပ်ခြင်းများ ထပ်ဖြစ်နိုင်ကြောင်း သိရသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ရှိပြီး ထိုင်းနိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့