..............................

Friday, August 6, 2010

ဗိုလ်ချုပ်မှူးကြီး ရန်ကုန်တွင် ရှောင်တခင် ကျန်းမာရေး စစ်ဆေး

Thursday, August 05, 2010

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် ယမန်နေ့ညနေ က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင် အထူးကု ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။

ပန်းလှိုင်ဆေးရုံဝင်းအတွင်း လုံခြုံရေး အရာရှိများနှင့် ကားများ အပြည့်ချထားသည့် အပြင် အာဏာပိုင်များသာ စီးလေ့ရှိသည့် တန်ဖိုးကြီး ကားများ ရပ်ထားသည်ကို ယမန်နေ့ ညကတည်းက တွေ့မြင်ရကြောင်း ပြည်တွင်း သတင်းထောက်များက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပန်းလှိုင်အထူးကုဆေးရုံးအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်၍ ညဘက် အိပ်မပျော်သည့် ရောဂါ စွဲကပ်နေကြောင်း၊ သို့ရာတွင် ပန်းလှိုင် ဆေးရုံ ၌ ကုသမှုခံယူရခြင်း အကြောင်းအရင်းကိုမူ မသိရှိရသေးချေ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ တခြားသော မျက်မြင် သက်သေများ၏ ပြောဆိုမှုများ လည်း ရှိနေသည်။

မကြာသေးမီက သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဗုဒ္ဓဂယာ မြန်မာ ဘုန်းတော် ကြီး ကျောင်းတိုက်၌ ကျင်းပသော ၀ါဆိုသင်္ကန်း ကပ်လှူပွဲ သွားရောက်စဉ် လမ်းလျှောက် နိုင်သော်လည်း အထိုင်အထ ပြုလုပ်ရန် ခက်ခဲသောကြောင့် လိုက်ပါသူများ၏ အကူအညီ ယူခဲ့ရကြောင်း ယင်းအလှူပွဲသို့ ကြွရောက်ခဲ့သည့် ရဟန်းတော် တပါးက မိန့်ကြားသည်။

၂၀၀၆ ခုနှစ် ဒီဇင်ဘာလကုန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်း၏ မိသားစု ဆရာဝန် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့် အပါအ၀င် မိသားစုနှင့်အတူ စင်္ကာပူ နိုင်ငံသို့ ကျန်းမာရေး စစ်ဆေး ကုသရန်အတွက် ရက်သတ္တ ၂ ပတ်ကြာ သွားရောက် ခဲ့ရသေးသည်။ ဗိုလ်ချုပ်မှူးကြီးတွင် အူလမ်းကြောင်း ကင်ဆာ ရှိနေသောကြောင့် ယင်းသို့ သွားရောက် ကုသရ ခြင်းဖြစ်ကြောင်း အတည် မပြုနိုင်သော သတင်းများ အရ သိရသည်။

ရောဂါအား ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ဆရာဝန်များက ပြောသော်လည်း ဗိုလ်ချူပ်မှူးကြီး က ခွဲစိတ် ကုသမှုကို လက်ခံခဲ့ ခြင်း မရှိကြောင်းလည်း သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့