..............................

Wednesday, August 4, 2010

ကန့်သတ်ဥပဒေများကို သုံးသပ်ရန် လိုအပ်ဟု အန်ဒီအက်ဖ်ခေါင်းဆောင် ပြောကြား

ဝီရ
၀၃ သြဂုတ် ၂၀၁၀

အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲတရပ် ဖြစ်မြောက်စေရန် အုပ်ချုပ်သူ စစ်အစိုးရ အဆက်ဆက်က ပြဋ္ဌာန်း ထားသော ကန့်သတ် အမိန့် ဥပဒေများကို ဥပဒေပညာရှင် တို့က ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲ ဝင်ခွင့်ရရေးအတွက် အသနားခံစာ တင်ပြရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်း ကြားမှုနှင့် ပတ်သက်၍ နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ် နှစ်ရှည်ကျခံခဲ့ရသူ အန်ဒီအက်ဖ် ပါတီဝင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

၎င်းက “ထောင်ဒဏ်လည်း အပြည့်ခံခဲ့ရပြီးပြီလေ။ ပြစ်ဒဏ်ပြည့်သွားလို့ လွတ်လာကြတယ်။ သာမန်လူ တယောက် အနေနဲ့ နိုင်ငံသားတိုင်း ရသင့်တဲ့ အခွင့်အရေးတွေကို ကန့်သတ်သလို အခုဖြစ်ရပ်က ပြနေတယ်။ ဒါ့အပြင် အနှစ် (၂၀) ကျော်လာပြီ ဖြစ်ပေမယ့် မဝင်ရဘူးလို့ ကန့်သတ်ထားဆဲ ဖြစ်တယ်။ အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ တရပ် ဖြစ်လာဖို့ဆိုရင် တချို့သော ဥပဒေတွေကို ပယ်ဖျက်သင့်တာ ပယ်ဖျက်သွားဖို့ လိုတယ်။ ဒီလို ဥပဒေမျိုးတွေရဲ့ သက်ရောက်မှု ဘယ်လောက် ရှိသလဲ ဆိုတာ ပညာရှင်တွေက စူးစမ်း လေ့လာပြီး ပြန်သုံးသပ်သွားဖို့ လိုအပ်နေပြီလို့ ကျနော် ပြောချင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ (၁၂၁၊ ၁၂၂၊ ၁၂၄) တို့ဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ဖူးသူ လက်ရှိ အန်ဒီအက်ဖ် ခေါင်းဆောင်များ ဖြစ်သော ဒု-ဥက္ကဋ္ဌ ဦးတင်အောင်၊ ဦးခင်မောင်ဆွေ၊ ဦးသာဆိုင်နှင့် ဦးစိန်လှဦးတို့ (၄) ဦးသည် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိကြောင်း၊ အသနားခံစာ တင်ရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြီးခဲ့သည့် ဇူလိုင် (၃၀) ရက်တွင် နေပြည်တော်၌ ခေါ်ယူ တွေ့ဆုံ ပြောကြားခဲ့သည်ဟု သိရသည်။

အသနားခံစာတင်ပြရန် တောင်းဆိုခြင်းခံရသူ အန်ဒီအက်ဖ် ခေါင်းဆောင် (၄) ဦးစလုံးသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ရွေးကောက် ခံရသည့် အန်အယ်လ်ဒီ ပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ခေါ် နဝတ စစ်အစိုးရက အာဏာ လွှဲပြောင်း မပေးခြင်းကြောင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် ကြိုးပမ်းစဉ်က ၎င်းတို့ (၄) ဦးလည်း ပါဝင်ခဲ့၍ အဆိုပါအမှုဖြင့် တရား စွဲခံခဲ့ရခြင်း ဖြစ်သည်။

ဦးခင်မောင်ဆွေက “အသနားခံစာကို အမြန်ဆုံး တင်နိုင်ဖို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ ဆွေးနွေး နေပါတယ်။ ဒါပေမယ့် ဝင်ပြိုင်ခွင့် ပြုမလား၊ မပြုဘူးလား ဆိုတာ မသေချာပါဘူး။ မရခဲ့ဘူး ဆိုရင်တော့ လွတ်လပ်မှု၊ တရားမျှတမှု စတဲ့အချက်တွေနဲ့ ဒီရွေးကောက်ပွဲဟာ ဆန့်ကျင် သွေဖည် သွားနိုင်တယ်” ဟု ပြောသည်။

၎င်းတို့တင်ပြရမည့် အသနားခံစာတွင် အမျိုးသားရင်ကြားစေ့ရေးအတွက် စစ်အစိုးရနှင့် လက်တွဲ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ နိုင်ငံတော် အကြည်အညို ပျက်စေရန် အလားတူ ပတ်သက်မည် မဟုတ်ကြောင်း စသည့် အဓိက ခံဝန်ချက် (၂) ရပ်လည်း ပါရှိရမည်ဖြစ်ပြီး ကော်မရှင် ဥက္ကဋ္ဌမှတဆင့် အထက်သို့ ဆက်လက် ဆွေးနွေးရမည်ဖြစ်၍ အန်ဒီအက်ဖ် ခေါင်းဆောင်တို့က မျှော်လင့်ချက် သိပ်မထားကြောင်း သိရသည်။

“ကော်မရှင်ဥက္ကဋ္ဌက အသနားခံစာကို စိစစ်ပြီး အထက်ကို ဆက်တင်ပြရဦးမယ်ဆိုတော့ သိပ်မမျှော်လင့်ဘူး။ ဒါပေမယ့် တဖက်မှာ အန်ဒီအက်ဖ် ပါတီက ကျနော်တို့ နာမည်တွေနဲ့ နိုင်ငံရေး မှတ်ပုံတင်ခွင့် ကျထားပြီးသား ပါတီဖြစ်တယ်။ ပါတီထဲက ဆက်လုပ်လို့ရတဲ့ တာဝန်ကနေ ဒီမိုကရေစီ ထွန်းကားရေးအတွက် ကျနော်တို့ ဆက်လုပ်သွားမှာပါ” ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) သည် ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်နေ့ ကတည်းက ပါတီ မှတ်ပုံတင်ခွင့် ကျခဲ့ပြီးဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူသတိပေး ပြောကြားခဲ့သည့် ဥပဒေသည် ၁၉၉၁ ခုနှစ် လွှတ်တော် အမတ်များ အတွက် ထုတ်ပြန် ထားခြင်းဖြစ်ပြီး နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု၊ သတင်း ထိန်ချန်မှုတို့ဖြင့် ပြစ်မှု ထင်ရှားခဲ့လျှင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရပ်တည်ပိုင်ခွင့် မရှိကြောင်း၊ အဆိုပါ ဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌လည်းကောင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ပြဋ္ဌာန်းချက် ဥပဒေ၌ လည်းကောင်း ဖော်ပြထားရှိခြင်း မရှိ၍ အန်ဒီအက်ဖ် အနေဖြင့် ဥပဒေကြောင်းအရ လျှောက်လဲ သွားရန် ရှိကြောင်း သိရသည်။

အန်ဒီအက်ဖ်ပါတီသည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်ရှိ ဒဂုံလွင်လမ်းမ၌ ပါတီ၏ ဌာနချုပ်ကို သြဂုတ် (၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းနှင့် ပြည်နယ်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် (၁၀၀) ခန့် ရရှိထားပြီဟု သိရသည်။

နအဖစစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၆) ပါတီရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်လျှောက်ထားသည့် ပါတီများ စိစစ် ဆောင်ရွက်လျက် ရှိကြောင်း သြဂုတ် (၃) ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

သို့သော် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ (၄၀) အနက် ရွေးကောက်ပွဲ ကော်မရှင်သို့ အင်အားစာရင်း တင်ပြပြီးသည့် နိုင်ငံရေးပါတီ (၁၀) ခုသာ ရှိသေးကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့