..............................

Saturday, August 7, 2010

ထိုင်း-မြန်မာပြဿနာများ မပြေလည်သေး၍ မဲဆောက်-မြ၀တီတံတား ပြန်ဖွင့်ရေး နှောင့်နှေး

ရဲရင့်
၀၆ သြဂုတ် ၂၀၁၀

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ရန် လနှင့်ချီ ကြာမြင့်ဦးမည်ဟု မြ၀တီခရိုင် အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးက ပြောသည်။

၎င်းက “ဒီတံတားဖွင့်ဖို့ကတော့ ဗိုလ်ချုပ်ခင်ဇော် ပြောပုံအရဆိုရင် လနဲ့ချီပြီး ကြာဦးမယ်။ သောင်ရင်းမြစ်ထဲမှာ ထိုင်းဘက်က ကမ်းထိန်းနံရံ ဆောက်တဲ့ ကိစ္စက ထိုင်းနဲ့ရှင်းလို့ မပြီးသေးဘူး။ ဒီကေဘီအေ ပြဿနာ၊ နောက်ပြီး နယ်စပ် လုံခြုံရေး ပြဿနာကိုလည်း ပြီးပြတ်အောင် လုပ်မယ်ဆိုတော့ တံတားဖွင့်မယ့် ကိစ္စက နောက်ဆုံး ဦးစားပေး ဖြစ်သွားပြီ” ဟု ပြောသည်။

မြ၀တီသို့ရောက်ရှိနေသည့် ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်း၌ ချစ်ကြည်ရေး တံတားနှင့် နယ်စပ်မျဉ်း တလျှောက် အခြေအနေများကို လိုက်လံ စစ်ဆေး ကြည့်ရှုခဲ့သည်။

ဗိုလ်ချုပ်ခင်ဇော်၏ ခရီးစဉ်အတွင်း မြ၀တီခရိုင်အတွင်းရှိ ဒီကေဘီအေတပ်ဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် ကိစ္စကိုလည်း အပြီးအပြတ် လုပ်ဆောင် သွားလိမ့်မည်ဖြစ်ကြောင်း၊ ၎င်း၏ ခရီးစဉ် မစတင်မီကပင် ကော့ကရိတ်၊ မြ၀တီမြို့တို့ရှိ ကရင်ငြိမ်း အဖွဲ့များ၏ ရုံးနှင့်ဂိတ်များတွင် လွှင့်ထူထားသည့် ကရင်အမျိုးသား အလံများကို ဖြုတ်သိမ်းရန် အမိန့်ပေးခဲ့သဖြင့် ဖြုတ်သိမ်း ပေးခဲ့ရကြောင်း ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ တပ်မှူးတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ကရင်ငြိမ်းအဖွဲ့များအားလုံး တပ်စခန်းများမှလွဲ၍ ပြင်ပတွင် စစ်ဝတ်စုံဖြင့် လက်နက်များ ကိုင်ဆောင်ကာ သွားလာခြင်း မပြုရန် မြန်မာစစ်တပ်မှ ကန့်သတ် လိုက်သည်ဟုလည်း ၎င်းက ပြောကြားသည်။

ဗိုလ်ချုပ်ခင်ဇော်နှင့် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ ဦးဆောင်သည့်အဖွဲ့သည် ယမန်နေ့နံနက် (၁၁) နာရီခန့်တွင် မြ၀တီမြို့သို့ လာရန် ကော့ကရိတ်မှ အထွက် အောက်ဗိုလ်တဲနှင့် စော်ဟဲတံတား အကြားတွင် ကေအန်ယူ တပ်မဟာ (၆) မှ ထောင်ထားသည့် ရှေ့ထွက်မိုင်းကွဲ၍ စစ်သည် (၂) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကော့ကရိတ်မြို့ အခြေစိုက်တပ်ကို ကိုးကား၍ မြို့ခံ အစိုးရ၀န်ထမ်း တဦးက ပြောကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးချုပ်ဆာထူးဝေါ်ကမူ “ကော့ကရိတ်မြို့ နားမှာ ကျနော်တို့ တပ်တွေ မရှိဘူး။ ဒီကေဘီအေနဲ့ နအဖဖြစ်နေတဲ့ မကျေလည်မှု လို့ပဲ ထင်တယ်” ဟု ပြောဆိုသည်။

ဗိုလ်ချုပ်ခင်ဇော် လိုက်ပါလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရသည့်နေရာတွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ည၌ ဒီကေဘီအေ တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့သည်ဟု ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မှူးတဦးက ပြောသည်။

ယခုအခါ မြ၀တီခရိုင်အတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး လှေဆိပ်များတွင်လည်း ထိုင်းဘက်ကမ်းမှ လာသူများအား လုံးဝ ကမ်းတက်ခွင့် မပြုသည့်အပြင် ကမ်းစပ်တွင်လည်း လုံခြုံရေး တပ်ဖွဲ့ အင်အားများ တိုးမြှင့်ချထားသည်ဟု မြ၀တီမြို့ခံများက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့