..............................

Monday, August 2, 2010

ရွှေတိဂုံစေတီတော်အနီး လုံခြုံရေးများချထား

တက်လူ
၃၀ ဇူလိုင် ၂၀၁၀

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရွှေဝါရောင်သံဃာ့အရေးအခင်း ဖြစ်ပေါ်မည်ကို စိုးရိမ်၍ ရွှေတိဂုံ စေတီတော် အနီး တ၀ိုက်တွင် လုံခြုံရေးများ ချထားကြောင်း ရန်ကုန်မြို့ခံ မျက်မြင်များက ပြောသည်။

ရွှေတိဂုံစေတီ အရှေ့ဘက် စောင်းတန်းအနီးရှိ ညောင်တုန်း ပိဋကတ်တိုက်၊ ဒေါ်လှဆင် ပိဋကတ်တိုက်၊ ရွှေဟင်္သာ ပိဋကတ်တိုက်တို့မှ သံဃာတော်များကို ရွှေတိဂုံ ဘုရား ဂေါပကအဖွဲ့က နှင်ထုတ်ကာ တိုက်များကို ချိတ်ပိတ်လိုက်ပြီးသည့် နောက်ပိုင်းတွင် ယင်းသို့ လုံခြုံရေးများ တိုးမြှင့် ချထားခြင်းဖြစ်သည်။

“ပိဋကတ်တိုက်က သံဃာတော်တွေကို ပြောင်းရွှေ့ခိုင်းတာနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာလို ဖြစ်မှာစိုးလို့ ကြိုတင် လုံခြုံရေး ချထားတာဖြစ်တယ်။ ဘုန်းကြီးတွေကို လျှော့တွက်ထားလို့ မရဘူး” ဟု ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် လူကြီးတဦးက ပြောသည်။

အဆိုပါ ပိဋကတ်တိုက် (၃) တိုက်အပါအ၀င် ရွှေတိဂုံစေတီ အရှေ့ဘက်စောင်းတန်းအနီး ပိဋကတ်တိုက် (၆) တိုက်မှ သံဃာတော်များနှင့် တိုက်ပိုင်ရှင်တို့၏ ဆွေမျိုးများကို ဇွန်လ (၃ဝ) ရက် နောက်ဆုံးထား၍ ကျောင်းတိုက်မှ ထွက်ခွာသွားကြရန် ရွှေတိဂုံ ဂေါပကအဖွဲ့က ညွှန်ကြားခဲ့ကာ ဇူလိုင်လ (၂၅) ရက်နေ့တွင် အပြီး ပြောင်းရွှေ့ခိုင်းခဲ့ခြင်း ဖြစ်သည်။

“ရွှေတိဂုံစေတီဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်အစစ်တွေ ကိန်းဝပ်တော်မူတဲ့ နေရာဖြစ်တယ်။ အဲဒီလို စေတီ ပရ၀ုဏ်အနီးမှာ ရဲတွေက လက်နက်တွေ ကိုင်ပြီးတော့ လုံခြုံရေး ယူနေတာ အမြင် မတော်ဘူးပေါ့ဗျာ။ ပြီးတော့ ဘုရားဖူး တွေလည်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်လေ” ဟု ဘုရားအရှေ့မုခ် အနီးတွင် ဂိတ်ထိုးရပ်နားသည့် တက္ကစီ ကားမောင်းသူတဦးက ပြောသည်။

ယခုပြောင်းရွှေ့ရသော ကျောင်းတိုက်များမှ သံဃာများနှင့် ရွှေတိဂုံစေတီ ခြေတော်ရင်းရှိ အခြား ကျောင်းတိုက်များမှ သံဃာတော်များမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြ ဖူးသည်။

စစ်အစိုးရသည် အဆိုပါ ကျောင်းတိုက်မြေနေရာများအား သီရိင်္လကာ အစိုးရနှင့် တရုတ် အစိုးရတို့ထံ ရောင်းချရန် ရည်ရွယ်ချက် ရှိသည်ဟု သိရကြောင်းလည်း ပြောင်းရွှေ့ရသော ဘုန်းကြီး ကျောင်းတိုက်များနှင့် နီးစပ်သည့် ဒကာ တပည့်များက ပြောကြားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့