..............................

Thursday, August 5, 2010

နိုင်ငံကူးလက်မှတ်အသစ်များ စတင်ထုတ်ပေး

မြတ်ခိုင်ဦး
၀၄ သြဂုတ် ၂၀၁၀

ယခုနှစ်အစောပိုင်းကတည်းက ကြေညာထားခဲ့သော bar code စနစ်သုံး မြန်မာနိုင်ငံကူးလက်မှတ် အသစ်များကို ယခု ရက်ပိုင်းမှ စ၍ ဘန်ကောက်ရှိ မြန်မာသံရုံးမှ စတင် ထုတ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်းမှစတင်၍ ဘန်ကောက်ရှိ မြန်မာသံရုံးသို့ မိမိကိုင်ဆောင်ထားသော နိုင်ငံကူး လက်မှတ်၏ သက်တမ်းတိုးခြင်း၊ စာအုပ် စာမျက်နှာကုန်၍ အသစ် လဲလှယ်လို၍ သွားရောက်သူများအား အဆိုပါနိုင်ငံကူး လက်မှတ်အသစ်ကို ပြုလုပ် ပေးနေခြင်း ဖြစ်သည်။ အဆိုပါ စာအုပ်အသစ် ပြုလုပ်ခြင်း ကာလသည် (၁၄) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလမှစတင်၍ နိုင်ငံကူးလက်မှတ်အသစ်များအား သံရုံးအသီးသီးမှ ပြောင်းလဲထုတ်ပေးမည်ဟု ကြေညာ ထားခဲ့သော်လည်း မပြုလုပ် နိုင်ခဲ့သေးဘဲ ယခုရက်ပိုင်း အတွင်းမှ စတင်၍ ထုတ်ပေး နေခြင်းဖြစ်သည်။

မေလအတွင်းက သွားရောက်သက်တမ်းတိုးသူတဦးက “ကျနော်တို့သွားလုပ်တုန်းက မရသေးဘူး။ ကျနော်တို့ကို ဘာညွှန်ကြားချက်မှ မလာသေးပါဘူး ဆိုပြီး back date နဲ့ လုပ်ပေးလိုက်တယ်” ဟု ဆိုသည်။

ထိုသို့သွားရောက်လဲလှယ်ရာတွင် (က) နိုင်ငံကူးလက်မှတ်မူရင်းနှင့် စာမျက်နှာအားလုံး၏ မိတ္တူများ၊ (ခ) (၁.၅ × ၂.၀) လက်မ အရွယ်အစား ဓာတ်ပုံ (၃) ပုံ၊ (ဂ) လက်ရှိလအထိ အခွန် ဆောင်ထားသော ပြေစာ မိတ္တူ၊ (ဃ) ကျောင်းသားဖြစ်လျှင် ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာနှင့် ကျောင်းသား ကတ်မိတ္တူ (သို့) မှီခိုသူဖြစ်ပါက ၎င်း အမှီခိုခံရသူ၏ အခွန်ပြေစာ လက်မှတ် (သို့) အလုပ် လုပ်ကိုင်နေပါက အလုပ်လုပ်ကြောင်း ထောက်ခံစာ (အလုပ်ခန့်စာ)၊ (င) ဘတ်ငွေ (၄,၀၀၀) တို့ ပေးဆောင်ရမည် ဖြစ်သည်။ ယခင်က (၃) နှစ်ကာလအတွက် စာအုပ်သက်တမ်း တိုးမည်ဆိုပါက ဘတ်ငွေ (၄,၀၀၀)၊ (၁၀) နှစ်ပြည့် (သို့) စာမျက်နှာ ကုန်ဆုံး၍ စာအုပ်အသစ် လုပ်မည်ဆိုပါက ဘတ်ငွေ (၁၂,၀၀၀) ပေးဆောင်ရသည်။

အဆိုပါ စာအုပ်အပြောင်းအလဲကို မဖြစ်မနေ လုပ်ရမည်ဖြစ်ကြောင်း သံရုံးတွင် စာကပ်ထားသည်ဟု သိရသည်။ သင်္ဘောသားများမှ လွဲ၍ ကျန်သည့် မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ၏ စာအုပ် သက်တမ်းသည် (၃) နှစ် (၁) ကြိမ် တိုးမြှင့်ရမည်ဖြစ်ပြီး၊ သင်္ဘောသားများမှာ သက်တမ်း (၅) နှစ်ရရှိမည် ဖြစ်သည်။

ကိုယ်တိုင်သွားရောက် လုပ်ဆောင်ခဲ့သူတဦးက “ဘာလဲမသိဘူး၊ ထပ်ထည့်ထားတာပဲ ဆိုတော့ စက်နဲ့ ဖတ်လို့ ရတယ်ပေါ့၊ ကျန်တာ အရင်အတိုင်းပဲ၊ ဘယ်ညာ လက်မ လက်ဗွေကို သူတို့ စက်ကလေးမှာ နှိပ်ရတယ်” ဟု ဆိုသည်။

အဆိုပါ လက်ဗွေများကို စက်ဖြင့်ဖတ်၍ရရန် ထည့်သွင်းသွားမည်ဖြစ်ပြီး ကိုင်ဆောင်သူ လက်မှတ်လည်း မှတ်တမ်းသွင်း ပါရှိမည်ဖြစ်သည်။ အဆိုပါ အမှတ်အသား အားလုံးသည် Digital စနစ်အဖြစ် လက်ခံစစ်ဆေး၍ ရနိုင်မည် ဖြစ်သည်။ အဆိုပါ အပြောင်းအလဲ ကာလအတွင်း ယခင် နိုင်ငံကူးလက်မှတ် အဟောင်းအား ကာယယကံရှင်မှ ကိုင်ဆောင်ထားခွင့် ရှိကာ ဗီဇာသက်တမ်း မကုန်ဆုံးသေးသည် အထိ ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့