..............................

Wednesday, August 4, 2010

ရွေးကောက်ပွဲ ဒီဇင်ဘာလ ဖြစ်နိုင်မလား

နရီလင်းလက်
Tuesday, August 03, 2010

ဒီဇင်ဘာလ၌ နိုင်ငံတော်ဆိုင်ရာ အရေးကြီးသည့်ပွဲ ကျင်းပရန် ရှိသောကြောင့် လုံခြုံရေး ဆိုင်ရာများ ပြင်ဆင်ထားရန် ပြီးခဲ့သည့် တနင်္လာနေ့က ပြုလုပ်ခဲ့သည့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အစည်း အဝေးတွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချူပ်ကြီး မြင့်ဆွေက မှာကြားခဲ့ကြောင်း သိရသည်။

အာဏာပိုင်များ အနေနှင့် ယင်းကဲ့သို့ လုံခြုံရေး ဆိုင်ရာ ပြင်ဆင် ခိုင်းခြင်းသည် ဒီဇင်ဘာလ အတွင်း ရွေးကောက်ပွဲ ပြုလုပ်ရန် ဖြစ်နိုင်ကြောင်း အစည်းအဝေး တက်ရောက် ခဲ့သည့် စစ်ဘက်ဆိုင်ရာ အရာရှိကြီး တဦးက ဆိုသည်။

နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ဒုတိယ ဗိုလ်ချူပ်ကြီး မြင့်ဆွေ ဦးဆောင်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ရန်ကုန်မြို့တွင် ပြုလုပ်လေ့ရှိပြီး ပြည်ထဲရေး ၀န်ကြီးဌာနမှ အရာရှိများ၊ ရဲ အထူး သတင်းတပ်ဖွဲ့၊ ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ အရာရှိများ တက်ရောက် ကြောင်း သိရသည်။

“နှစ်ဆန်းပိုင်းမှာလုပ်ခဲ့တဲ့ အစည်းအဝေးတုန်းက ရွေးကောက်ပွဲကို ၁၀ လပိုင်းထဲမှာ ကျင်းပဖို့ ရှိတယ်ဆိုပြီး လုံခြုံရေးပြင် ဆင်ခိုင်းခဲ့တယ်။ ဒါပေမယ့် အခု ထပ်ပြီးလုပ်တဲ့ အစည်းအဝေးမှာ လာမယ့် ဒီဇင်ဘာမှာ နိုင်ငံတော်ဆိုင်ရာ ပွဲတခု လုပ်ဖို့ ရှိတဲ့ အတွက် လုံခြုံရေး ထပ်ပြင်ဆင်ထားဖို့ မှာသွားတယ်”ဟု စစ်ဘက်ဆိုင်ရာ အရာရှိကြီးက ပြောဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပမည်ဟု သတင်းများထွက်ပေါ် နေသော်လည်း ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ပါတီများ မဲဆွယ် စည်းရုံးခွင့် ရက်ပေါင်း ၉၀ ရရှိမည်ဆိုပါက အောက်တိုဘာလတွင် ကျင်းပရန် မဖြစ်နိုင်ကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်ကြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်သူများအား ဖြိုခွင်းရာတွင် အဓိက တာဝန်ယူ ခဲ့သူ ဖြစ်ပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ ယုံကြည်အားကိုးမှု ၊ တာဝန် ပေးအပ်မှုများကို ရရှိထားသူဖြစ် ကြောင်း၊ တချို့ ကိစ္စများတွင် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေ ၏ အကြံဉာဏ်များ ယူရကြောင်း နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ အရာရှိ က ပြောသည်။

စစ်အစိုးရက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကို ဖွဲ့စည်းကာ ရွေးကောက်ပွဲ ၀င်ရောက်ရန် ပြင်ဆင် ထားသည်။ USDP ပါတီကို လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော စစ်ခေါင်းဆောင် ၀န်ကြီးများဖြင့် ဖွဲ့စည်းခဲ့သည်။

စစ်အစိုးရက ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောဆိုနေသော်လည်း နေ့ရက် အတိအကျကိုမူ ထုတ်ဖော်ပြောဆို ခြင်း မရှိသေးပေ။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့