..............................

Friday, August 6, 2010

စစ်သားက အိုင်အယ်လ်အိုကို တိုင်ကြား

စိုးမိုး
၀၅ သြဂုတ် ၂၀၁၀

ခရီးသွားရင်း စစ်တပ်က အဓမ္မအနိုင်ကျင့် ရိုက်နှက်ကာ စစ်သားအဖြစ် စုဆောင်း ခံရကြောင်း အမှတ် (၈) ရွှေဘို လေ့ကျင့်ရေး တပ်မှ တပ်သား တဦးက အပြည်ပြည် ဆိုင်ရာ အလုပ်သမားများ အဖွဲ့ (အိုင်အယ်လ်အို) သို့ ယနေ့ တိုင်ကြား လိုက်သည်။

အသက် (၃၄) နှစ်ရှိ တပ်သား ကိုဝင်းသန်းက ၎င်းခရီးသွားနေစဉ် စစ်တပ်က ရိုက်နှက် ဖမ်းဆီးပြီး စစ်သား လေ့ကျင့်ရေး တပ်တွင်း ပို့ဆောင်ခံရသည့် အတွက် အဓမ္မ လုပ်အားပေး ခိုင်းစေမှုဖြင့် အိုင်အယ်လ်အိုသို့ ၎င်း၏ မိသားစုမှတဆင့် တိုင်ကြားခြင်း ဖြစ်သည်။

“သူက ကလေးစစ်သားတော့ မဟုတ်ဘူးပေါ့။ အသက် (၃၄) နှစ်ဆိုတော့။ ဒါပေမယ့် အဓမ္မ စစ်သားစုဆောင်း ခံရတာ ဆိုတော့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ တိုင်လို့ရတယ်။ အခုပဲ အိုင်အယ်လ်အိုကို တိုင်စာ ပို့လိုက်ပါပြီ” ဟု ကလေးစစ်သားနှင့် အဓမ္မ လုပ်အားပေး ကိစ္စ ဆောင်ရွက်နေသည့် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေဦးအေးမြင့်က ပြောကြားသည်။

မကွေးတိုင်း ဒိုက်ဦးမြို့နယ်မှ ကလေး (၂) ယောက်အဖေ ကိုဝင်းသန်းက မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ အစ်မ ဖြစ်သူထံ အသွား ကျောက်ဆည် ဘူတာတွင် တပ်မ (၄၄) စစ်သား စုဆောင်းရေး တပ်မှ စစ်သားများက ၀ိုင်းဝန်း ရိုက်နှက်ပြီး ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်ဟု ကိုဝင်းသန်း မိသားစုက ပြောသည်။

“အဆက်အသွယ် ပြတ်သွားတာ (၂) လောက်ကြာတာပေါ့။ နောက်မှ တပ်က ထွက်လာတဲ့ တယောက်နဲ့ သူက မှာလိုက်တာ။ သူ အမှတ် (၈) ရွှေဘို စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရောက်နေတယ် ဆိုတော့မှ သူ့ကို သွားတွေ့ရတာ” ဟု ကိုဝင်းသန်း၏ မိခင်က ဆိုသည်။

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များနှင့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ကိစ္စ မအောင်မြင်သည့် အပြင် လက်ရှိ ကေအန်ယူနှင့် တိုက်ပွဲများ ဖြစ်နေသည့် စစ်အစိုးရ စစ်တပ်က အသက် မပြည့်သေးသည့် ကလေးစစ်သား စုဆောင်းမှုများ အပြင် ယခုအခါ အသက်ပြည့်ပြီး လူလတ်ပိုင်း ခရီးသွားများကိုပါ အဓမ္မ ရိုက်နှက် ခေါ်ဆောင်ကာ စစ်သား စုဆောင်းလာခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့