..............................

Tuesday, August 3, 2010

အာဏာရှင်ဟောင်း ဦးနေဝင်းပုံ ပြန်လည်ဖော်ပြခွင့်ရ

မျိုးဝင်းဇော်
၀၂ သြဂုတ် ၂၀၁၀

ပြည်တွင်းထုတ် ဂျာနယ် မဂ္ဂဇင်းများတွင် နာမည်နှင့် ရုပ်ပုံဖော်ပြခွင့်ပါ ပိတ်ပင် ခံထားရသည့် အာဏာရှင်ဟောင်း ဦးနေဝင်း၏ ပုံနှင့် အမည်ကို စစ်အစိုးရက ပြန်လည် ဖော်ပြခွင့် ပေးလာကြောင်း သိရသည်။

ပြည်တွင်း သတင်းအယ်ဒီတာတဦးက “အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ပုံကို တနင်္လာနေ့ထုတ် မော်နီတာ ဂျာနယ် မျက်နှာဖုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲလျက် ဓာတ်ပုံ ဖော်ပြထားတယ်။ ဦးနေဝင်းရဲ့ အမည်ကိုရော ဓာတ်ပုံတွေကိုပါ သူ မကွယ်လွန်ခင် ၂ဝဝ၂ မတိုင်ခင် ကတည်းက ဖော်ပြခွင့် ပိတ်ပင်ထားတယ်။ ခုလို ဓာတ်ပုံကို ဂျာနယ်မျက်နှာဖုံးမှာ ဖော်ပြခွင့် ပေးတာ ဒါ ပထမဦးဆုံး အကြိမ်ပဲ” ဟု ပြောသည်။

အဆိုပါ ဓာတ်ပုံသည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဧပြီ (၅) ရက်နေ့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ အတွက် တရားဟောရန် လယ်ဝေးသို့ ရောက်ရှိစဉ်က ဗိုလ်မှူးအဆင့်ရှိ ဗိုလ်နေဝင်းနှင့် တွေ့ဆုံစဉ် ရိုက်ကူးထားသည့် သမိုင်းဝင် ဓာတ်ပုံ ဖြစ်သည်။

မော်နီတာဂျာနယ် စာမျက်နှာ (၄) တွင်လည်း ၁၉၇၁ ခုနှစ်ထုတ် အိုးဝေဂျာနယ်၌ ဖော်ပြထားသည့် သခင် ကြည်ရှိန်၏ ဗိုလ်ချုပ်နှစ်ဦး လယ်ဝေးတွင် ဆုံခဲ့စဉ်က ဆိုသည့် ဆောင်းပါးဟောင်း တပုဒ်ကိုလည်း ပြန်လည် ဖော်ပြထားသည်။

အာဏာရှင်ဟောင်း ဦးနေဝင်း၏အမည်ကို စတင် ဖော်ပြခွင့်ပေးခြင်းသည် ပြီးခဲ့သည့်လက ထုတ်ဝေသည့် ၁၉၉၇ ခုနှစ် ဝန်ကြီး ဘဝမှ အတင်းအကျပ် အငြိမ်းစားပေး ဖယ်ရှားခံခဲ့ရသည့် ဒု-ဗိုလ်ချုပ်ကြီး ထွန်းကြည် ရေးသား ပြုစုသည့် နှစ် (၅ဝ) ကျော် ကိုယ်တွေ့များ ပထမတွဲ (၁၉၄၂-၁၉၇၈) ဖြစ်ကြောင်း ပြည်တွင်း သတင်း အယ်ဒီတာ တဦးက ပြောသည်။

အဆိုပါ စာအုပ်တွင် ဦးနေဝင်း သမ္မတ ရာထူးယူထားခိုက် အင်ဒိုနီးရှား သမ္မတ ဆူဟာတိုနှင့် အတူ ပုဂံကို လာရောက် လည်ပတ်မည့် ခရီးစဉ်တွင် စာရေးသူ လုံခြုံရေး ယူရပုံ အကြောင်းများ ပါဝင်သည့် အပြင် မြောက်ပိုင်းတိုင်း တိုင်းမှူး တာဝန် ထမ်းဆောင်နေသည့် ဖယ်ရှားခံရသော ဗိုလ်ချုပ်ကြီးစောမောင် အမည်ကိုပါ ဖော်ပြခွင့် ပြုထားကြောင်း၊ ယင်း မတိုင်ခင်ကမူ နိုင်ငံရေး အဘိဓာန် ပြုစုရာ၌ပင် ဦးနေဝင်း နာမည်ကို ချန်လှပ်ခဲ့ရကြောင်း ၎င်းက ပြောသည်။

အာဏာရှင်ဟောင်း ဦးနေဝင်း၏ အမည်ကို တားမြစ် ပိတ်ပင်ခြင်းသည် မြန်မာနိုင်ငံ သတင်းစာ သမိုင်းတွင် စံပြုလောက်စရာ ဖြစ်ကြောင်း၊ ၂ဝဝ၂ ဒီဇင်ဘာ (၅) ရက် ဦးနေဝင်း ကွယ်လွန်ချိန်က နောက်နေ့ထုတ် သတင်းစာ နာရေးကဏ္ဍကို နှစ်မျိုး ရိုက်နှိပ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း အတွက် ထုတ်သည့် သတင်းစာ၌ ဦးနေဝင်း နာရေးသတင်းတို ထည့်သွင်းပြီး ကျန် မြန်မာပြည် အရပ်ရပ်သို့ ဖြန့်ဖြူးသည့် သတင်းစာတွင်မူ နာရေးသတင်း ကြော်ငြာကို ဖော်ပြခြင်း မပြုဘဲ ဂါးဒီးယန်း သတင်းစာ ကြော်ငြာကို ထည့်သွင်း ရိုက်နှိပ်ခဲ့ကြောင်း ကြေးမုံ သတင်းစာ အယ်ဒီတာဟောင်း တဦးက ပြောသည်။

၎င်းက “ဦးနေဝင်းကွယ်လွန်တာကို ရန်ကုန် ဧရိယာကလွဲရင် တနိုင်ငံလုံးက ပြည်သူတွေရော၊ တပ်ရင်း တပ်ဖွဲ့ အသီးသီးက တပ်မတော် သားတွေကိုရော မသိစေလို၍ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ အာဏာရှင်ဟောင်း၏ အမည်၊ ဓာတ်ပုံများ ပြန်လည် ဖော်ပြခွင့် ပြုလာခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှ ဝါရင့် သတင်းစာ ဆရာကြီး တဦးက “စစ်တပ်ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ဖယ်ရှား နှိပ်ကွပ် ခံခဲ့ရသူတွေဟာ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ အပြီးမှာ သူတို့အတွက် အခွင့်အလမ်းလေးများ ရလေမလား ဆိုပြီး လက်ရှိ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အသနား ခံချင်နေကြတဲ့ သဘောရှိတယ်။ ဒါကို ဗိုလ်ချုပ်သန်းရွှေကလည်း သဘောကျပုံရတယ်” ဟု ပြောသည်။

ယခုလပိုင်းများအတွင်း ဗိုလ်ချုပ်ဟောင်းများ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိတို့ တန်းစီ ထွက်လာပြီး ယခင်က ဖယ်ရှားခံရသည့် ဗိုလ်ချုပ်ထွန်းကြည်၊ အတွင်းရေးမှူး (၃) ဗိုလ်ချုပ်ဝင်းမြင့်တို့ အကြောင်းကိုလည်း ပြန်ပြီး ပွဲထုတ်လာကြောင်း အဆိုပါ သတင်းစာ ဆရာကြီးက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့