..............................

Wednesday, August 4, 2010

တရုတ်လုပ် စစ်ကား အစီး ၂၀ ခန့် မြန်မာစစ်တပ် လွဲပြောင်းယူ

Tuesday, 03 August 2010

မြန်မာစစ်တပ်က တရုတ်ထံမှ အပေါ့စား စစ်ထရပ်ကား အစီး ၂၀ ခန့်ကို သြဂုတ်လ ၁ ရက်နေ့တွင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကျယ်ဂေါင် - မူစယ် နယ်စပ်ဂိတ်မှ တဆင့် လွဲပြောင်း ယူခဲ့ကြောင်း တရုတ်နယ်စပ် ဒေသခံ မျက်မြင်များ အဆိုအရ သိရသည်။

IVECO တံဆိပ်အမျိုးအစား ၄ ဘီးတပ် အလေးချိန် ၂ တန်ခန့်ရှိ အဆိုပါ စစ်ယာဉ်များသည် ဂျူလိုင် ၂၉ ရက်နေ့က တရုတ် နယ်စပ် ရွှေလီမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့နောက် တရုတ်ဘက်ကမ်း ကျယ်ဂေါင်မြို့မှတဆင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ဘက်သို့ မောင်းနှင် ထွက်ခွာ သွားကြောင်း သိရသည်။

ကိုယ်တိုင်မြင်တွေ့ရသူ တစ်ဦးက “ကားဘော်ဒီတွေ မပါဘူး ဖရိန်ကြီးပဲ၊ သစ်သား သေတ္တာတွေ တင်ထားတယ်၊ ၂၉ ရက်နေ့က ဟိုင်းဝေးလမ်း အတိုင်းရွှေလီကို မောင်းလာတာ ကားခေါင်းပုံစံက အပြားအရှည် အစီး ၂၀ လောက်ရှိတယ် ဖရိမ်ပေါ်မှာ ကားခေါင်းတွေ တစ်စီးပေါ်တစ်စီးထပ်ပြီး ၃ စီး ၄ စီး အတွဲလိုက် တင်မောင်းလာတာ ” ဟု ပြောသည်။

ရွှေလီ၌ အဆိုပါ စစ်ယာဉ်များ ၂ ရက်ခန့်ထားပြီး နောက်တစ်ရက်တွင် မောင်းနှင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ “စစ်ကားတွေ ရွှေလီဘယ်နားမှာ ထားမှန်းတော့ မသိဘူး ရွှေလီ ကုန်သွယ်ရေး ဂိတ်နားမှာ ခဏ ရပ်လာရပ်တာတွေ့တယ် အဲ ဒီကနေ နေ့လည်ပိုင်း လောက်မှာ ကျယ်ခေါင်ကိုမောင်းပြီး မူစယ်ဘက်ထွက်သွားတာ” ဟု နောက်ထပ် မျက်မြင် တစ်ဦးက ပြောသည်။

မြန်မာစစ်တပ်အသုံးပြုရန် အတွက် FAW , DongFeng , IVECO စသည့် တံဆိပ် အမျိုးအစားပါ တရုတ်လုပ် စစ်ထရပ်ကား အမြောက် အများကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ၀ယ်ယူခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်မှ ၀ယ်ယူခဲ့သော တရုတ်လုပ်ကားတစ်စီး၏ တန်ဘိုးသည် ကားအမျိုးအစားအလိုက် အနည်းဆုံး မြန်မာငွေ ကျပ်သိန်း ၁၀၀ ခန့်နှင့် ညီမျှသော တရုတ်ယွမ်ငွေ ၆ သောင်းမှ ယွမ်ငွေ ၂ သိန်းအထက် အထိ တန်ဖိုးရှိနိုင်ကြောင်း ကား ကျွမ်းကျင်သူများ အဆိုအရ သိရသည်။

မြန်မာစစ်တပ်က တရုတ်ကားကုမ္ပဏီများထံမှ ကားဝယ်ယူရာတွင် တန်ဖိုးကျသင့်ငွေကို ပစ္စည်းဖြင့် လဲလှယ်၍ အရစ်ကျ ပေးချေသည့် စနစ်ဖြင့် ၀ယ်ယူခြင်းဖြစ်ကြောင်း အကြားအမြင် များသူများက ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့