..............................

Friday, August 6, 2010

တာရာမင်းဝေ ၃ နှစ်ပြည့် အဖွဲ့ချုပ်ခေါင်းဆောင်များ တက်ရောက်

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံကျော် ကဗျာဆရာနှင့် စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း ၃ နှစ်မြောက် ဆွမ်းကျွေးပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ ယနေ့ တက်ရောက်ခဲ့သည်။

NLD ခေါင်းဆောင် ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၊ ဒေါ်မေဝင်းမြင့်၊ မဖြူဖြူသင်းနှင့် လူငယ် ခေါင်းဆောင်များ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက်ရှိ တာရာမင်းဝေ၏ မိခင် ဒေါ်လှကြည် နေအိမ်၌ ယနေ့နံနက် ပြုလုပ်သည့် အရုဏ်ဆွမ်းကျွေးပွဲသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“ကိုတာရာမင်းဝေဆိုတာက တိုင်းပြည်မှာ ထင်ရှားတဲ့ စာပေပညာရှင်၊ စာရေးဆရာ ဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်လည်း ဖြစ်တယ်။ သူ့ရဲ့ သားချင်းတွေကလည်း နိုင်ငံရပ်ခြားမှာ လှုပ်ရှား လုပ်ကိုင်နေတဲ့ နိုင်ငံရေး မိသားစု ဖြစ်တယ်။ ဒါကြောင့် တက်ရောက်ဖြစ်တာပါ” ဟု NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

အခမ်းအနားသို့ NLD အဖွဲ့ဝင်များ အပြင် ၈၈ မျိုးဆက်ကျောင်းသားများ၊ စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ သစ္စာနီ၊ စာရေးဆရာ မျိုးကိုမျိုးနှင့် ဝေမှူးသွင်တို့ အပါအဝင် လူပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့သည်။

သို့သော် တာရာမင်းဝေ၏ ဇနီး စာရေးဆရာမ မနော်ဟရီနှင့် သားဖြစ်သူ မောင်ခေတ်နေတို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

“သူဟာ နိုင်ငံရေးအကျဉ်းသား တယောက်ဖြစ်ခဲ့ပြီး ထောင်က ထွက်လာတဲ့နောက်ပိုင်းမှာ ကြိုးစားလိုက်တာ နိုင်ငံကျော် စာပေ ပညာရှင်တယောက်၊ စာရေးဆရာ တယောက် ဖြစ်သွားခဲ့တယ်။ လူငယ်တွေအနေနဲ့ သူ့လိုပဲ အားထုတ်ဖို့ ကောင်းတယ်။ ကြိုးစားရင် ဖြစ်မြောက်နိုင်တယ် ဆိုတာကို လမ်းပြခဲ့တယ်” ဟု ဦးဝင်းတင်က ပြောသည်။

“သူဟာ မြန်မာ့ဒီမိုကရေစီရေးမှာ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ သမိုင်းကြောင်းတွေ အများကြီး ရှိပါတယ်။ ဒီနေ့ ဒီအချိန်မှာ သူသာရှိနေရင် ပြည်သူအတွက် ဘယ်လို ကဗျာမျိုးလေးတွေများ ရေးဖွဲ့ လေမလဲဆိုပြီး သတိရနေမိပါတယ်” ဟု တာရာမင်းဝေ၏ သူငယ်ချင်းတဦးက ပြောသည်။

သူက ဆက်ပြီး ’’ထောင်ကလွတ်လာပြီးနောက်ပိုင်း စာပေလောကထဲကို နစ်ဝင်သွားပေမယ့် နိုင်ငံရေး လောကနဲ့ ကင်းပြတ် မသွားဘူး။ ကဗျာပဲရေးရေး၊ ဝတ္ထုပဲရေးရေး ကျနော်တို့ တိုင်းပြည်ရဲ့လူမှုဘဝ၊ ပြည်သူတွေရဲ့ လူမှုဘဝတွေကို ထင်ဟပ်စေတဲ့ အရေးအသားတွေ အများကြီး တွေ့ရတယ်။ နိုင်ငံရေးလောက,က လူတွေနဲ့လည်း ကင်းကွာသွားခြင်း မရှိဘူး’’ ဟု ပြောသည်။

တာရာမင်းဝေ၏ အမည်ရင်းမှာ ချစ်ညီညီ ဖြစ်သော်လည်း လူသိများထင်ရှားသော နာမည် တစ်ခုမှာ ရွှေဘုန်းလူ ဖြစ်သည်။ သူ့ကို အဖဦးကျော်ရှိန် (သတင်းထောက်) နှင့် အမိဒေါ်လှကြည်တို့က ၁၉၆၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။

မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်ဖြစ်ပြီး အကိုဖြစ်သူမှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် US Campaign For Burma အဖွဲ့၏ မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင် ဖြစ်သည်။

ရန်ကုန် တက္ကသိုလ် (လှိုင်) တွင် အင်္ဂလိပ်စာ အဓိကဖြင့် တက်ရောက်နေစဉ် ၈ လေးလုံး အရေးတော်ပုံကြီး၌ ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တွင် ဦးဆောင် ပါဝင်ခဲ့သည်။

၁၉၉ဝ ခုနှစ်တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရကာ အင်းစိန်ထောင်၊ သရက်ထောင်နှင့် သာယာဝတီ ထောင်တို့တွင် အကျဉ်းချ ခံခဲ့ရသည်။ ၁၉၉၄ နှစ်ဦးပိုင်းတွင် ပြန်လွတ်လာပြီး စာပေလောကတွင် လုံးချင်း ဝတ္ထုပေါင်း ၆ဝ ကျော် အပါအဝင် ဝတ္ထုတိုများ၊ ကဗျာများကို ကွယ်လွန်ချိန်အထိ ရေးဖွဲ့ခဲ့သည်။

တာရာမင်းဝေသည် ယင်းကလောင်အမည်ကို မခံယူမီ ရွှေဘုန်းလူ အမည်ဖြင့် ကဗျာများ ရေးသားခဲ့ရာ “ကျောင်းဖွင့်ချိန်” နှင့် “ကျောင်းသားအတ္ထုပ္ပတ္တိ” ကဗျာများမှာ ထင်ရှား ကျော်ကြားသည်။ ထို့ပြင် မောင်ဓား၊ ဦးဦးအံ့ဖွယ်၊ မောင်ယော၊ စန်တီယာဂို ကလောင်ခွဲများဖြင့်လည်း စာပေဝေဖန်ရေး ဆောင်းပါးများ၊ စာပေရေးရာ သီဝရီများ ရေးသားခဲ့သည်။

ထို့အပြင် ပန်းချီဆွဲခြင်း၊ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ညွန်းများနှင့် သီချင်းများလည်း ရေးစပ်ခဲ့သူ ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် စာပေဂျာနယ် မဂ္ဂဇင်း၌ ဖော်ပြခဲ့သော “အာလူးစားသူများ” ဝတ္ထုတိုဖြင့် ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့သည်။

တာရာမင်းဝေသည် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဝတ္တု၊ ကဗျာ၊ ဆောင်းပါးများ လစဉ်ရေးသားနေဆဲ လူနံပါတ် (၁၃) ဝတ္တုတို စုစည်းမှုနှင့် နက္ခတ်ရစ်သမ် အမည်ရှိ ကဗျာစာအုပ်ကို ထုတ်ဝေရန် စီစဉ်နေဆဲအချိန် ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့