..............................

Friday, August 6, 2010

စစ်တိုင်းမှူး ရွှေလီချိုင့်ဝှမ်းဒေသ တပ်စခန်းများအား အချိန်ယူစစ်ဆေးနေ

Thursday, 05 August 2010

လားရှိုး ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် သြဂုတ်လ ၂ ရက်နေ့ ကတည်းက မူစယ် မြို့၌ ရောက်ရှိ နေထိုင်လျက် ရှိပြီး ရွှေလီ ချိုင့်ဝှမ်းဒေသဟု ခေါ်သော မူစယ် ခရိုင်အတွင်းရှိ နအဖ တပ်စခန်းများကို ယနေ့ အထိ လှည့်လည် စစ်ဆေးနေကြောင်း စစ်ဘက် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

ဒေသအတွင်းရှိ တပ်စခန်းများစစ်ဆေးရန် မူစယ်တွင် ရက်သတ္တတစ်ပတ်အထိ တိုင်းမှူးနေထိုင်မည် ဖြစ်ကြောင်း စစ်ဘက် နှင့် နီးစပ်သူက ဆိုသည်။

“တိုင်းမှူး မူစယ်မှာရောက်နေတာ ၄ ရက်ရှိပြီ နောက်ထပ် ၃ ရက်နေအုံးမယ် သူနဲ့အတူ ကွတ်ခိုင် ဗျူဟာမှူး ပါလာတယ် တပ်စခန်းတွေ လိုက်စစ်နေတယ်” ဟု နီးစပ်သူက ဆိုသည်။

ယနေ့နံနက် ၁၀ နာရီခန့် နမ့်ခမ်းမြို့သို့ ရောက်ရှိစစ်ဆေးနေပြီး ယမန်နေ့က ဒေသအတွင်းရှိ မုံးစီး ၊ တာပါးနှင့် နမ့်ဖတ် ကာ တပ်စခန်းများသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရက်သတ္တတစ်ပတ်ခန့် ကြာသည်အထိ တပ်စခန်းများအား အချိန်ယူ စစ်ဆေးနေခြင်းမှာ ၂၀၁၀ အတွင်း ကျင်းပမည် ဆိုသည့် ရွေးကောက်ပွဲ လုံခြုံရေးအတွက် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်ဖွယ်ရှိကြောင်း လေ့လာသူများက ဆိုသည်။

လွန်ခဲ့သည့်လကုန်ပိုင်းက နမ့်ခမ်းမြို့နယ် အတွင်းရှိကျေးရွာများ၌ နအဖ၏၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုံ့ဆော်စာ များ ဖြန့်မှုနှင့် ဆက်စပ်ဖွယ် ရှိကြောင်း ဒေသတွင်းက လာသည့် သတင်းများအရ သိရသည်။

လတ်တလောတွင် မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံတွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်း မျက်မြင်ဒေသခံ တစ်ဦးက ပြောရာ ၌ တွင် “ ၁၀၅ မိုင် ဂိတ်မှာတော့ ရဲတွေ အင်အား တော်တော်တိုးပြီး ချထားတယ်၊ ညဆိုရင် သူတို့က ဆိုင်ကယ်တွေနဲ့ ရောက် လာတာလေ၊ အိပ်ရာလိပ်တွေ အများကြီးတွေ့ရတယ် အယောက် ၅၀ လောက်ရှိမယ် ” ဟု ဆိုသည်။

တရုတ်နယ်စပ်အနီး အဆိုပါဒေသအတွင်း ကချင်ပြည်လွပ်လပ်ရေးတပ်မတော် နှင့် သျှမ်းပြည် တပ်မတော် (တောင်ပိုင်း) ကဲ့သို့သော လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားလျက် ရှိသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့